09/28/15



လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိသည်ဟုယူဆသဖြင့် လွတ်လပ်စွာရေး၏။ မည်သူ့ကိုမှသာစေ၊ နာစေမရှိ၊ အငြိုး အတေးမရှိ၊ အပေးအယူမရှိ။ မည်သည့်နိုင်ငံရေးပါတီဝင်မှ မဟုတ်သဖြင့် စိတ်ရှင်းပေ၏။ တိုင်းပြည်မျက်နှာ ကိုသာ ထောက်၍ဆိုပါမည်။ အကြောင်းကား မည်သူ့ကို တိုင်းပြည်ခေါင်းဆောင်တင်ကြမှာလဲဆိုသော ပြဿနာ ဖြစ်သည်။

သိကြသည့်အတိုင်း မကြာမီတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး လာပေတော့မည်။ ထိုရွေး ကောက်ပွဲ၏ အနိုင်အရှုံးရလဒ်ပေါ်မူတည်၍ နိုင်ငံတော်သမ္မတ၊ တယောက်ပေါ်ပေါက်လာပေမည်။ ထို့နောက် သမ္မတ၏အစီအမံနှင့် အစိုးရအဖွဲ့ပေါ်လာမည်။ တိုင်းပြည်ကို ၂၀၁၆ နှစ်ဆန်းမှ ၂၀၂၀ နှစ်ကုန်အထိ ထိန်း ကျောင်းမောင်းနှင်သွားမည့် အစိုးရယန္တရားပေါ်ပေါက်လာပေမည်။ ထိုအခါ ကျွန်တော်တို့သည် ဘယ်လိုအစိုးရ မျိုးကို လိုချင်သနည်း၊ ဘယ်လိုခေါင်းဆောင်မျိုးကို လိုချင်သလဲဆိုတာ ကိုယ့်ဘာသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ တွေဝေနေ၍မဖြစ်၊ ရေသာခိုအချောင်လိုက်နေ၍မဖြစ်၊ ရောယိမ်းလိုက်ဘသား ယိမ်းလိုက်နေ၍ မဖြစ်၊ သတ္တိနည်းနေ၍မဖြစ်၊ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်း မသိလုပ်နေလို့မဖြစ်။

ခေါင်းဆောင်ကောင်းမှ အစိုးရကောင်းမည်၊ အစိုးရကောင်းမှ တိုင်းပြည်ကောင်းမည်ဆို သည်ကို ဘာမှသယံဇာတမရှိသည့် ကျွန်းနိုင်ငံငယ်လေး စင်ကာပူက သက်သေပြခဲ့ပြီ။ အစိုးရဆိုးလျှင် ပြည်သူ ထမင်းငတ်မည်ဆိုသည်ကို မြောက်ကိုရီးယားနိုင်ငံက သက်သေပြခဲ့ပြီ။ ထိုအခါ မြန်မာနိုင်ငံသည်လည်း အရေး ကြီးသော ရွေးချယ်မှုကို ပြည်သူများနှင့် နိုင်ငံရေးပါတီများ ပြုလုပ်ရတော့မည့်အချိန်ဖြစ်သည်။ ကျွန်တော်တို့ ရွေးချယ်ပုံကောင်းလျှင် နောင်လာနောက်သားများ အနာဂတ်ကောင်းမည်ဖြစ်ပြီး ကျွန်တော်တို့ရွေးချယ်ပုံညံ့ လျှင် ကလေးသူငယ်မှစကာ လူငယ်လူရွယ်များ၏အနာဂတ်သည် ကျွန်တော်တို့လူဖြစ်ခဲ့ရသောဘ၀တွေလိုပင် ကြမ်းတမ်းခက်တရော်ပေဦးတော့မည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လောလောဆယ်၌ ပါတီကြီးနှစ်ရပ်ကြီးစိုးနေသည်။ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အတိုက်အခံအင်အားစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့ ဖြစ် သည်။ ထိုနှစ်ဖွဲ့သည် ပွဲမ၀င်ခင်က အာဏာလက်ခမောင်းခတ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ရွေးကောက်ပွဲ ဟူသော ကွင်းကြီးထဲတွင် တပြည်လုံးအတိုင်းအတာနှင့် ကျားနှင့်ဆင်(ခွပ်ဒေါင်းနှင့် ခြင်္သေ့) ရင်ဆိုင်တွေ့ခြင်း ကား ပထမဆုံးအကြိမ်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု တွေ့ခဲ့သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)နှင့် N.L.D ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတွင် N.L.D အပြတ် အသတ်အနိုင်ရရှိခဲ့သည်။ သို့သော် န၀တအစိုးရက အာဏာလွှဲမပေးသဖြင့် N.L.D အစိုးရမဖွဲ့နိုင်ခဲ့ချေ။ ၂၀၁၀ ရွေး ကောက်ပွဲတွင် ရင်ဆိုင်ရာတွင်လည်း ကြံ့ခိုင်ရေးနှင့်ယှဉ်ပြိုင်ရန် N.L.D မပါဝင်ခဲ့သဖြင့် ကြံ့ခိုင်ရေးနှင့် NDF ပါတီသာ အဓိကရင်ဆိုင်ခဲ့ရသည်။ လက်ရှိ စစ်ခေါင်းဆောင်များ၏ အထောက်အပံ့များ တိုက်ရိုက်ရရှိခြင်း၊ ပါတီ ၀င်လူအင်အား ငွေအင်အား၊ ၀င်ရောက်ယှဉ်ပြိုင်သော အမတ်လောင်းအင်အားလုပ်ပိုင်ခွင့်အင်အားတို့ အပြတ် အသတ်သာသဖြင့် ၂၀၁၀ တွင် ကြံ့ခိုင်ရေး အပြတ်အသတ်အနိုင်ရခဲ့သည်။ ဒါတောင် NDF နှင့် ပြိုင်ရသော မဲဆန္ဒနယ်များတွင် ကြိုတင်မဲများ လိုသလောက်ရောက်လာခြင်းက ပြောစမှတ်ဖြစ်ခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည် NLD နှင့်ကြံ့ခိုင်ရေးအကြိုအားစမ်းကြသော ရွေးကောက်ပွဲဖြစ်သည်။ ကြံ့ခိုင်ရေးတနေရာမှ မနိုင်ဘဲ မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့၏။ သို့သော် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာကိုသာ ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းဖြစ်၍ တနိုင်ငံလုံးပါဝင်သော အထွေထွေရွေးကောက်ပွဲတခုမဟုတ်ခဲ့ပေ။ NLD နိုင်သော်လည်း လွှတ်တော်ထဲတွင် ကြံ့ခိုင်ရေးအမတ်များနှင့် တပ်မတော်သားအမတ်များက စီးမိထားပြီဖြစ်သည်။

၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအများစု နိုင်ခဲ့မည်ဆိုလျှင် (သို့မဟုတ်) ၂၆ ရာခိုင်နှုန်းနိုင်ခဲ့၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပူးပေါင်းခဲ့ မည်ဆိုလျှင် မြန်မာနိုင်ငံ၏သမ္မတသည် ဦးသိန်းစိန်သော်လည်းကောင်း (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တပ်မှထွက်၍ သမ္မတတက်လုပ်ခြင်းသော်လည်းကောင်း ဖြစ်လာပေမည်။ သို့မဟုတ် တပ်မတော်မှ ခါတော်မီအငြိမ်းစားယူကာ ရွေးကောက်ပွဲဝင်နွှဲကြသော ဗိုလ်ချုပ်ကြီးဟောင်းတဦးဦး သမ္မတဖြစ်လာနိုင်ခြေရှိပါ၏။

မည်သူသမ္မတဖြစ်စေ ကြံ့ခိုင်ရေးပါတီနိုင်ခဲ့လျှင် ဖြစ်လာမည့်သမ္မတသည်အရပ်သားထဲမှ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်လူထွက်အသစ်ကျပ်ချွတ်သော်လည်းကောင်း၊ စစ်ဗိုလ်ချုပ် လူထွက်ငါးနှစ်သားသော်လည်းကောင်း ဖြစ်ကြမည်မှာ မြေကြီးလက်ခတ် မလွဲနိုင်သော ဟောကိန်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီနိုင်လျှင် ဖြစ်လာမည့် သမ္မတသည် အရပ်သားထဲမှလုံးဝမဟုတ်နိုင်သည်ကတော့ ဗေဒင်မေးစရာမလို သွေးထွက်အောင်မှန်မည့် ဟောကိန်းဖြစ်သည်။ သေချာသည်၊ ကြံ့ခိုင်ရေးနှင့်တပ်မတော်သားကိုယ်စားလှယ်များ၏ မဟာမိတ်အင်အားဖြင့် တက်လာသူသည် မည်သို့မှအရပ်သားတယောက်မဖြစ်နိုင်၊ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုသမ္မတတင်သလို ဒုသမ္မတလောက်သာ အရပ်သားအယောင်ပြ ဒုသမ္မတဖြစ်ကောင်းဖြစ်မည်။ အဓိကသမ္မတကတော့ ကမ္ဘာ ပျက်ချင်သာပျက်လိမ့်မည် သူတို့သာ မဲပေးရွေးချယ်ခွင့်ရခဲ့လျှင် အရပ်သားသမ္မတကိုတင်မြှောက်ဖို့ တပ်မတော် တွင်လည်းကောင်း၊ ကြံ့ခိုင်ရေးပါတီတွင်လည်းကောင်း လုံးဝအစီအစဉ်မရှိတာသေချာသည်။
N.L.D နိုင်လျှင် အရပ်သားသမ္မတ တက်ချင်လည်းတက်မည်၊ သူရဦးတင်ဦးတို့လို စစ်ဗိုလ်ချုပ်ဟောင်းတဦးကို သမ္မတအရာတွင် ထားချင်ထားလိမ့်မည်၊ ဦးဝင်းထိန်လိုလူမျိုးကို သမ္မတနေရာမှာထားချင်လည်းထားလိမ့်မည်။ ဦးဝင်းထိန်၏ တပ်မတော်ရာထူးသည် ငယ်နေသဖြင့် N.L.D မှ သမ္မတတင်မြှောက်ချင်မှလည်း တင်မြှောက် မည်။ အရပ်သားပညာတတ်သမ္မတအဖြစ် အဖြစ်သင့်ဆုံးလူဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မရှိအောင် ပိတ်ပင်ထားပြီးဖြစ်ရာ N.L.D နိုင်ခဲ့လျှင် ပါတီဝင်ထဲမှ သင့်တော်ရာ အရပ်သားသမ္မတလောင်းကို လည်းကောင်း (သို့မဟုတ်) ဦးခွန်ထွန်းဦးစသော မဟာမိတ်တိုင်းရင်းသားပါတီထဲမှ ထိုက်တန်သူတဦးကိုလည်း ကောင်း ရွေးချယ်နိုင်ပါသည်။ မည်သို့ပင်ရှိစေ N.L.D နိုင်လျှင် အရပ်သားသမ္မတတက်လာနိုင်ခြေသည် ရာခိုင်နှုန်း ၈၀ ရှိနေနိုင်ပါသေး၏။
ထိုအခါ ကျွန်တော်တို့သည် မည်သည့်သမ္မတမျိုးကိုလိုချင်သနည်းဟု ဆန်းစစ်ရပေမည်။ မှန်ရာကို အားမနာ စတမ်းပြောရလျှင် ပြည်သူလူထုသည် စစ်တပ်မှလာသောခေါင်းဆောင်များကို စိတ်ကုန်နေသည်မှာ ကြာပေပြီ။

အနာဂတ်မြန်မာနိုင်ငံ၏ခေါင်းဆောင်ကို မည်သူ့ကိုရွေးရွေး တပ်မတော်မှလာသူ တယောက်တော့ မဖြစ်စေချင် ပါ။ အဘယ့်ကြောင့်နည်း။ အကြောင်းရှိပါသည်။ ပထမအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မ တော်သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွင် အသာစီးယူထားတာ တော်တော်များနေလေသည်။ ပြည်သူလူထု ဘက်က အရပ်သား ပြည်သူ့အာဏာမှာ မဆိုသလောက်သာရှိသည်။ ထိုအထဲကမှ သမ္မတသည် စစ်တပ်မှလာသူဖြစ်လျှင် စစ်အာဏာရှိပြီးသားကို စစ်အာဏာထပ်ဆင့်လျက် စစ်အပေါ်စစ်ကဲကာ ဒီမိုကရေစီ အယောင်ပြ စစ်အာဏာရှင် နိုင်ငံတော်ဖြစ်သွားမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဒီမိုကရေစီအယောင်ပြဟု ပြောရခြင်းမှာ ပြည်သူလူထု၏ အသက်စည်းစိမ်အိုးအိမ်သည် စစ်ခေါင်းဆောင်များရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအောက်တွင် မလုံခြုံ၍ဖြစ်သည်။

စစ်သားကပြည်သူလူထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ သည် တန်းပြည့်စစ်မှုထမ်းနေချိန်မဟုတ်စေကာမူ (စစ်တိုက်နေသော ရှေ့တန်းနယ်မြေ မဟုတ်စေကာမူ)ခံရသူ အရပ်သားသည် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ စစ်ဘက်တရားရုံးတွင်သာ စီရင်ပိုင်ခွင့်ရှိ သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား၍ ဖြစ်သည်။ အရပ်ဘက်တွင် ကျူးလွန်သော လူသတ်မှု၊ လူသေစေမှု၊ မတရားချုပ်နှောင်မှု၊ မုဒိမ်းမှုစသည်တို့ကို အရပ်ဘက်တရားရုံးတွင် တရားစွဲခွင့်မရှိခြင်းသည် ပြည်သူလူထု၏ ဥပဒေကြောင်းအရ နစ်နာဆုံးရှုံးမှုကြီးဖြစ်သည်။ စစ်ဘက်တရားရုံး၏ တရားစီရင်မှုအသေးစိတ်ကိုလည်း အရပ် သားများနှင့် မီဒီယာများ တက်ရောက်နားထောင် သိရှိခွင့်မရဘဲ ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၃(ခ)တွင် ပါရှိသဖြင့် ကာကွယ်ရေးဦးစီးချုပ် သည် တရားစီရင်ရေးမဏ္ဍိုင်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်တို့ ထက် မြင့်မားသောအာဏာကို ရယူထားနိုင်ခြင်းဖြစ်နေပါသည်။ ထိုသို့ မြင့်မားသော တရားလွန်အာဏာကိုရယူ ထားပြီးနောက် သမ္မတသည်လည်း တပ်ကလာသူဖြစ်သည်ဆိုလျှင် တပ်ပေါ်တပ်ဆင့်ကာ စစ်အာဏာရှင်နိုင်ငံပဲ ပေါ်ပေါက်လာပေမည်။ ထိုအချက်သည် တိုင်းပြည်နောင်ရေးအတွက် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ မည်သူ့ကိုမုန်း၍ မည်သူ့ကိုဖား၍ ပြောနေခြင်းမဟုတ် ၅၁ သန်းသော ပြည်သူလူထုအပေါ် ကျရောက်လာမည့် နိုင်ငံရေးဘေးဒုက္ခဆိုးကြီးကို ထောက်ပြဝေဖန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လောလောဆယ်ပြင်၍ မရသေး သည့် စကြ၀တေးမင်းသဖွယ်ဖြစ်တော်မူသော ကာချုပ်၏ တရားလွန်အာဏာကို မပြင်ဆင်နိုင်သေးသည့်အချိန် တွင် တပ်မှလာသည့် စစ်ဗိုလ်ချုပ်တယောက် သမ္မတဖြစ်မည့်အရေးကို နိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းဝန်း မဲပေးတိုက်ဖျက်သင့်ပေသည်။ ဆိုရလျှင် တပ်မတော်နှင့် စည်းဝါးရိုက်ကာ တသားတည်းဖြစ်နေသော ပါတီကို မဲပေးမိလျှင် ကာချုပ်နှင့်သမ္မတ ညှပ်၍တိုက်သော ပြင်းထန်သော စစ်အုပ်ချုပ်ရေးပုံစံမျိုးသာ ရောက်ရှိလာပေ မည်။ ထိုပုံစံကိုလည်း ၂၀၁၀ မှ ၂၀၁၅ အတွင်း ပထမအကြိမ် အမြည်းသဘောနှင့် ကြုံခဲ့ရပြီးပြီ ဖြစ်သည်။

စစ်ဗိုလ်ချုပ်များကို နိုင်ငံတော်သမ္မတမဖြစ်စေလိုသော နောက်တချက်မှာ တပ်မတော်သားများသည် စစ်တပ် စည်းမျဉ်းဖွဲ့စည်းပုံစနစ်အရ အမိန့်ပေး၊ အမိန့်ခံစနစ်နှင့် အသားကျနေသူများ ဖြစ်သည်။ အထက်အမိန့် နာခံမှု ကိုသာ အဓိကထားတတ်သူများဖြစ်ရာ သူတို့သည် အထက်ကခိုင်းမှ လုပ်တတ်သည်။ အထက်အမိန့်မရဘဲ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ဘာမှမလုပ်တတ်။ အမိန့်အရလုပ်ရာတွင် ခိုင်းသလောက် အမိန့်ပေးသလောက် သာလုပ်တတ်သည်၊ ခိုင်းတာထက်ပိုပြီးလည်းမလုပ်တတ်၊ ခိုင်းတာထက် လျော့ပြီးလည်းမလုပ်တတ်၊ ခိုင်း သလောက်ကိုသာ ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာလိုချင်တယ်ဟူသော သြ၀ါဒဖြင့် တိတိကျကျ တသဝေမတိမ်း ဆောင်ရွက်တတ်သည်။ ဥပမာအားဖြင့် လွှတ်တော်ထဲတွင် မဲခွဲကြသောအခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ယိမ်းတိုက်ထားသလို တညီ တညွတ်တည်း မဲပေးကြခြင်းကိုကြည့်၍ ပင်ကိုဥာဏ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အမိန့်ပေး၊ အမိန့်ခံစနစ်ဖြင့် မဲပေးကြခြင်းဖြစ်ကြောင်းတွေ့ နိုင်ပေသည်။ ထိုဓလေ့သည် စစ်တပ်ထဲတွင် စစ်တိုက်ကြသောအခါ အသုံးဝင်သော်လည်း နိုင်ငံတော်ကို ဦးဆောင်အုပ်ချုပ် ကြသောအခါ အလုပ်မဖြစ်တာတွေ့ရသည်။ တိုင်းသူပြည်သားများက လိုချင်သော ခေါင်းဆောင်မှာ သူများ အမိန့်ပေးမှ လုပ်တတ်သော ခေါင်းဆောင်မဟုတ်၊ မိမိ၏ကိုယ်ပိုင် ဥာဏ်နှင့်ချင့်ချိန်၍ ပိုလုပ်စရာရှိလျှင် ပိုလုပ် တတ်သော၊ လျှော့လုပ်စရာရှိလျှင် လျှော့လုပ်တတ်သော၊ အရာရာကိုပညာဥာဏ်ဖြင့် ဆုံးဖြတ်ဦးဆောင်တတ် သည့် လီကွမ်ယုလို အရပ်သား ပညာတတ်ခေါင်းဆောင်ကို ဖြစ်သည်။ ခြွင်းချက်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လို၊ ဂျော့ဝါရှင်တန်လို၊ သာလွန်မင်းတရားကြီးလို စစ်ဘက်ရော၊ အရပ်ဘက် အုပ်ချုပ်ရေးရော ကျွမ်းကျင်သူများ ရှိနိုင်ပါ၏။ သို့သော် မြန်မာနိုင်ငံ၌ ထိုလိုခေါင်းဆောင်များမှာ ထပ်၍မတွေ့ဖူးအောင် အလွန်ရှားပါးသည်ဟု ပြောရမည်ဖြစ်သည်။

လူသည် ဘက်စုံတော်ဖို့ဆိုသည်မှာ မမျှော်လင့်ကောင်းသော ကိစ္စဖြစ်သည်။ စစ်တိုက်တာတော်သူက စီးပွား ရေးတွင် တော်ချင်မှတော်မည် (ဥပမာအဖြစ် တပ်မတော်မှ နိုင်ငံတော်အာဏာကို ၁၉၆၂ မှစကာ ချုပ်ကိုင်ပြီး နောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံသို့ သက်ဆင်းသွားခြင်း၊ အာဆီယံ ၁၁ နိုင်ငံတွင် ဘိတ်ဆုံးနီးပါးသို့ ရောက်နေခြင်း၊ ပညာရေးစနစ် ချွတ်ခြုံကျသွားခြင်း စသည်တို့ကို ကြည့်နိုင်သည်)။ ဆေးပညာ တော်သူက အင်ဂျင်နီယာပညာတွင် ရချင်မှရမည်။ ငါတို့အားလုံးတော်သည် အားလုံးတတ်သည်ဟုထင်နေပါက ရူးသွပ်မှုတခုသာ ဖြစ်ပေလိမ့်မည်။ တဖန်အရပ်သားများသည် စစ်ရေးနားမလည်သဖြင့် သမ္မတမလုပ်သင့်ဟု ယူဆပါကလည်း မှန်မည်မဟုတ်၊ ပြီးခဲ့သောရက်ပိုင်းက တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစစ်ရေးတင်းမာမှု များဖြစ်စဉ်က တောင်ကိုရီးယားနိုင်ငံမှ အရပ်သားအမျိုးသမီးသမ္မတသည် စစ်ရုံးချုပ်တွင် ကိုယ်တိုင်ရောက်ရှိ ကွပ်ကဲနေသည်ကို သတင်းများတွင် တွေ့ရပါသည်။ အရပ်သားအမျိုးသမီးက နိုင်ငံကာကွယ်ရေးကိုစနစ်တကျ လုပ်ဆောင်ကွပ်ကဲနိုင်တာတွေ့ရပေသည်။ အရပ်သားတိုင်း အလကားဟူသော အထင်အမြင်သေးသည့်အယူ အဆမှာ LDC လုပ်ခံထား ရသော အယူအဆသာဖြစ်သည်။ မမှန်ကန်နိုင်ပေ။

တဖန် အတိုက်အခံပါတီဖြစ်သော N.L.D ပါတီကိုပြန်ကြည့်ကြပါစို့။ သူတို့နိုင်၍အစိုးရဖွဲ့နိုင်ခဲ့လျှင်ပင် သူတို့ ပါတီမှ တပ်မတော်မှ အရာရှိဟောင်းများကိုပင် သမ္မတလောင်း မတင်မြှောက်စေချင်ပေ။ ကျွန်တော်တို့ နိုင်ငံကို ဆင်းရဲတွင်းမှ ဆွဲထုတ်၍ ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင်သော အခြေခံကောင်းများချပေးနိုင်သော အရပ်သားပညာတတ် ခေါင်းဆောင်တယောက်ကိုသာ (ယောက်ျားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) လိုချင်ပါသည်။ ကျွန်တော်တို့နိုင်ငံကို ခေါင်းဆောင်မည့်သူသည် ကမ္ဘာကလက်ခံသော ခေတ်ပညာတခုခုကို ပေါက်ပေါက် မြောက်မြောက်တတ် စေချင်ပါသည်။ အိုင်တီနည်းပညာကို နားလည်တတ်ကျွမ်းသူဖြစ်စေချင်ပါသည်။ (ထိုဆန္ဒ သည် မြန်မာပြည်တ၀ှမ်းလုံးရှိ လူဝင်မှုကြီးကြပ်ရေးရုံးများ၊ အစိုးရဘဏ်များ၊ အခွန်ဦးစီးရုံးများ၊ စာတိုက်များ၊ ရဲစခန်းများ အခြားဌာနဆိုင်ရာများတွင် မှတ်တမ်းမှတ်ရာများကို စက္ကူဖိုင်လ်များတွဲကာ မြွေရေခွံအိတ်များ၊ သစ်သားဖိုင်တွဲများ၊ တောင်လိုပုံသောစာရွက်စာတမ်းများဖြင့် သိမ်းဆည်းထားကြပုံကိုမြင်တိုင်း ပေါ်လာသော စိတ်ကူးဖြစ်သည်)။
အိုင်တီနည်းပညာဆိုသည်မှာ ကျောင်းများ၊ ရုံးများတွင် ဟန်ပြအဖြစ် ကွန်ပျူတာနှစ်လုံး၊ သုံးလုံးလောက်ထား ခြင်းဟု ထင်နေသူများနိုင်ငံကို ဦးဆောင်နေသမျှ မြန်မာနိုင်ငံသည် ကမ္ဘာ့နောက်ဆုံးခပ်ဝေးဝေးတွင် ဖွတ်ကျော ပြာစုကာ ကျန်ရစ်နေမည်ဖြစ်သည်။ ထို့ကြောင့် အလွန်အသက်ကြီးသော သမ္မတမျိုးကိုလည်း ကျွန်တော်တို့မလို ချင်ပါ။ တတနိုင်လျှင် မြန်မာနိုင်ငံ၏ သမ္မတသစ်သည် အသက် ၄၀ နှင့် ၇၀ ကြားသာဖြစ်သင့်ပါသည်။ အသက် အရွယ်ငယ်လွန်းသောအခါ အတွေ့အကြုံနုနယ်ခြင်းကို တွေ့နိုင်သလို အသက်အရွယ်ကြီးလွန်းခြင်းသည် နိုင်ငံ တော်အတွက် အားသွန်ခွန်စိုက်အလုပ်မလုပ်နိုင်ခြင်း၊ အသစ်ပေါ်ပေါက်လာသော နည်းပညာများကို နားမလည် သည့်အတွက် လက်ခံအသုံးချရန် ငြင်းဆန်ရှောင်လွဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံတကာဗဟုသုတရှိသူ လည်း ဖြစ်စေချင်ပါသည်။ နိုင်ငံတကာတွင် ကျည်ဆန်ရထားပြေးဆွဲနေကြချိန်တွင် ရန်ကုန်မြို့ပတ်ရထား အချိန်မမှန်ခြင်း၊ ရထားအစင်းလိုက် ပျောက်သွားခြင်းများကို ရှက်ရကောင်းမှန်းသိသူများဖြစ်စေချင်ပါသည်။ နောက်ဆုံး အရေးအကြီးဆုံးအချက်မှာ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်သက်သက် အလုပ်လုပ်ပေးလိုသော စာရိတ္တမျိုးရှိသူ။ မှတ်ကျောက်တင်ဝံ့သူကို ကျွန်တော်တို့နိုင်ငံ၏ ခေါင်းဆောင်ဖြစ်စေလိုပါသည်။ မိမိနှင့်မိမိအမျိုး အသိုင်းအ၀ိုင်းကောင်းစားရေးအတွက် လုပ်သွားကြသော မြင်ဖူးပြီးသားခေါင်းဆောင်များကို လူထုသည် မမြင် ချင်ကြတော့ပါ။

အတိုချုပ်၍ပြောရလျှင်
- စစ်တပ်မှမဟုတ်သောသူ
- ပညာတတ်သူ
- အကျင့်စာရိတ္တကောင်းသူ
- ကျန်းမာရေးကောင်းသူ
- နိုင်ငံတကာအဆင့်တွေးခေါ်တတ်သူ
ကို အနာဂတ်မြန်မာနိုင်ငံ၏ သမ္မတဖြစ်စေချင်ပါသည်။ ဒါမှသာ တိုင်းပြည်ဆင်းရဲတွင်းမှ ရုန်းထနိုင်ပါမည်။ ထိုခေါင်းဆောင်မျိုးတင်မည်ဟု ယုံကြည်ရသောပါတီကိုသာ တနိုင်ငံလုံးစုပြုံထောက်ခံရပါမည်။ ဒီပုတ်ထဲကဒီပဲ များကိုရွေးကောက်တင်မြှောက်လိုက်ပါလျှင် နောက်ထပ် ငါးနှစ်မဆိုထားနှင့် နောက်ထပ် ငါးကမ္ဘာကြာသည် အထိ မြန်မာပြည်သည် လူမွဲဘ၀မှ နာလန်ထနိုင်မည်မဟုတ်ပါကြောင်း။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

သတင်းစာဆရာ၊ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး-ပျဉ်းမနား (ယာ) ဓာတ်ပုံ-ရန်နိုင် (ဗွီအိုအေ)
သတင်းစာဆရာ၊ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး-ပျဉ်းမနား (ယာ) ဓာတ်ပုံ-ရန်နိုင် (ဗွီအိုအေ)

မြန်မာနိုင်ငံရဲ့ဝါရင့်အားကစားကလောင်ရှင် သတင်းစာဆရာကြီး ခင်မောင်ထွေး (ပျဉ်းမနား) ဟာ ဒီကနေ့ စက်တင်ဘာလ ၂၇ ရက်၊ လူကြီး ရောဂါနဲု့ ရန်ကုန်မြို့ ရွှေဂုံတိုင်အထူးကုဆေးရုံ (SSC)မှာ ကွယ်လွန်သွားပါတယ်။ ခင်မောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ အားကစား တိုးတက်ရေးဆောင်းပါးတွေကို စဉ်ဆက်မပြတ်ရေးသားခဲ့သလို VOA ရဲ့အစီအစဉ်မှာ သုံးသပ်ချက်တွေကို ပေးခဲ့သူဖြစ်ပါတယ်။

ဦးခင်းမောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ဘောလုံးအဖွဲ့ချုပ်မှာ အမှုဆောင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်။ အတွေ့အကြုံ ရင့်ကျက်တဲ့ သတင်းစာဆရာကြီးဦးလည်းဖြစ်တဲ့ ဦးခင်မောင်ထွေးကို ဆုံးရှုံးလိုက်ရတာနဲ့ပတ်သက်လို့ တက်လမ်းအားကစားဂျာနယ်တိုက်ရဲ့ အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က VOA ကို ခုလိုပြောပါတယ်။

“ကျနော်တို့ မြန်မာအားကစား စာပေလောကအတွက် အင်မတန်ကြီးမားတဲ့ သမိုင်းစာအုပ်တစ်အုပ် ဆုံးရှုံးသွားသလိုပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဆရာကြီးဦးခင်မောင်ထွေးက သူကိုယ်နှိုက်ကလည်း ငယ်စဉ်ဘဝတုန်းက အားကစားသမားတစ်ဦး ဖြစ်ခဲ့သလို နောက်ပိုင်းမှာ သူက ဗိုလ်တထောင်သတင်းစာမှာ အားကစားကလောင်ရှင်လည်းဖြစ်တယ်၊ နောက်တခါ ဦးသိန်းဖေမြင့်ရဲ့လက်အောက်မှာ သူ သတင်းတော်တော်များများပေါ့နော်၊ ဟိုခေတ်တုန်းက ဂျာနယ်လစ်ပေါ့ အလုပ်လုပ်ခဲ့တယ်။ အလုပ်လုပ်ခဲ့ပြီးတော့ ဗိုလ်တထောင် သတင်းစာက retired ယူပြီးတဲ့နောက်ပိုင်းမှာလည်း သူက ကျနော်တို့ ဗမာပြည်မှာပေါ်ထွန်းလာတဲ့ အားကစားဂျာနယ်တွေမှာ အခု ကွယ်လွန်တဲ့အချိန်အထိ အဆက်မပြတ် ဆောင်းပါးတွေ၊ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက်၊ မြန်မာ့အားကစားတိုးတက်ရေးအတွက် ဆောင်းပါးမြောက်များစွာ ရေးသားခဲ့ပါတယ်။ ဒါဟာ ကျနော်တို့အားကစားစာပေလောကအတွက် တော်တော်လေး ကြီးမားတဲ့ဆုံးရှုံးမှု တခုလို့ ထင်ပါတယ်။”

ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ မြန်မာ့ဆှိုရှယ်လစ်ခေတ်ကတည်းက အစိုးရ သတင်းစားတွေမှာ သတင်းဆောင်းပါးတွေကို ဆက်တိုက် ဆိုသလို ရေးသားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ဒီကနေ့ခေတ်လောက်ပွင့်လင်းလွပ်လပ်မှုမရှိသေးတဲ့ သတင်းလောကမှာ နိုင်ငံရေးနဲ့ ဆိုင်တဲ့သတင်းရေးသားမှုတွေကိုကန့်သတ်ထားချိန်မှာလည်း ဦးခင်မောင်ထွေးဟာ သတင်းစာ၊ ဂျာနယ်တွေမှာ အားကစား ဆောင်းပါးတွေကို ဆက်တိုက်ရေးသားနေခဲ့တာပါ။ မကွယ်လွန်ချိန်ထိလည်း အားကစားသုံးသပ်ချက်တွေကို ရေးသားခဲ့သူဖြစ်ပါတယ်။ သတင်းမီဒီယာပွင့်လင်းမှု အချို့ ရှိလာတဲ့ ဒီကနေ့ခေတ်မှာ သတင်းလောကနဲ့ ပြတ်တောက်သွားခဲ့တဲ့ မျိုးဆက်တွေအတွက် ရှေ့မီ နောက်မီဖြစ်တဲ့ ဝါရင့်သတင်းစာ ဆရာကြီး ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ သတင်းလောကအပေါ် ကောင်းတဲ့အကျိုး ဖြစ်ထွန်းစေခဲ့တယ်လို့လည်း ဦးချစ်ဝင်းမောင်က ခုလိုပြောပါတယ်။

“ဆရာကြီး ဦးခင်မောင်ထွေးသည် အလွန် အတွေ့အကြုံရင့်ကျက်တဲ့၊ ကျန်နေရစ်ခဲ့တဲ့ သတင်းစာဆရာတစ်ဦးလည်းဖြစ်တယ်။ အားကစား ကလောင်ရှင်တစ်ဦးသာမကဘူး၊ သူက သတင်းစာဆရာတစ်ဦးလည်းဖြစ်တဲ့အတွက်ကြောင့် သူက ရှေ့ပိုင်းမှာ ကျနော်တို့မမီလိုက်တဲ့ ဗိုလ်တထောင်တို့၊ ကြေးမုံတို့၊ ဆရာကြီးဦးအောင်ဗလတို့ခေတ်က သတင်းစာခေတ်က အတွေ့အကြုံတွေနဲ့ သူတို့က သတင်းစာသမားဘဝကို ဖြတ်သန်းခဲ့ဖူးတာဖြစ်တဲ့အတွက်ကြောင့် ဒီနေ့ခေတ်ကြားထဲမှာ ဦးနေဝင်းလက်ထက်မှာ ကျနော်တို့ဂျာနယ်လစ်မျိုးဆက် ပြတ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ မီဒီယာမထွန်းကားဘူး။ သတင်းစာဆရာတွေ ပျောက်ကွယ်သွားတဲ့အခြေအနေမျိုးမှာ ဒီဘက်ခေတ် သတင်းသမားလူငယ်လေးတွေ ပေါ်လာတဲ့အချိန်မှာ သူက အများကြီး ပြသနိုင်တယ်။ ညွှန်ကြားနိုင်တယ်၊ နောက်တခုက ပညာတွေ အများကြီးပေးနိုင်တယ်။ အတွေ့အကြုံတွေပြောပြနိုင်တယ်။ အထူးသဖြင့်တော့ အားကစားနဲ့ပတ်သက်လို့ရှိရင် ဟိုတုန်းကအတွေ့အကြုံတွေ၊ ဒီနေ့ မျက်မှောက်ခေတ်အတွေ့အကြုံတွေကို အများကြီး ပေးဝေနိုင်တဲ့ဆရာကြီးတစ်ဦး ဖြစ်ပါတယ်။”

ဆရာဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာ Eleven Media Group ကထုတ်ဝေတဲ့ မြန်မာဘောလုံးသမိုင်းမှတ်တမ်း စာအုပ်ကိုပြုစုရာမှာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး ၂ဝဝ၇ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တဲ့ တက်လမ်းအားကစားဂျာနယ်မှာလည်း ကွယ်လွန်သွားချိန်ထိ အားကစားသတင်းဆောင်းပါးတွေကို အပတ်စဉ် မပြတ် ရေးသားနေသူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့အရွယ်မှာ ဦးခင်မောင်ထွေး (ပျဉ်းမနား) ဟာအသက် (၈၅ ) ရှိပြီး ဇနီးနဲ့ သားသမီး ၆ ယောက်ကျန်ရစ်ခဲ့ပါတယ်ရှင်။

နန်းလောင်ဝ်/VOA
http://burmese.voanews.com/content/newspaper-and-sport-journalist-khin-maung-htway-obit-/2981192.html


မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်နှင့် ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင် စာရင်းမှားယွင်းမှုမှာ သံသယဖြစ်ဖွယ် ကောင်းနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည် ။

နေပြည်တော်တွင် စက်တင်ဘာလ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိသည့် Election and Ethnic Conference တွင် ဦးဝင်းထိန်က မဲဆန္ဒရှင် မှားယွင်းမှုနှင့် ပတ်သက်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည် ။

“မဲစာရင်းဆိုတာ ရိုးရိုးရှင်းရှင်း ဖြစ်ရမှာပါ ။ လွယ်လွယ်ကူကူလည်း ကြည့်ခွင့်ရမှပါ ။ အခုအချိန်ထိ ဘာကြောင့် မှားယွင်းနေသေးတာလဲ ။ နားမလည်ဘူး ။ အမှားတွေ လုပ်နေတယ်လို့ပဲ သံသယ ဝင်စရာဖြစ်နေပါတယ်” ဟု ဦးဝင်းထိန်က ပြောသည် ။

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် နောက်ဆုံးစာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ရပ်ကွက်နှင့် ကော်မရှင်ရုံးများတွင် ကြေညာထားပြီး အဆိုပါ စာရင်းများတွင် လည်း အမှားများ များပြားနေကြောင်း မဲဆန္ဒရှင် အသိုင်းအ၀ိုင်းမှ သိရသည် ။


“ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲ တရားမျှတဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ဦးဝင်းထိန်က ပြောသည် ။

မဲဆန္ဒရှင် နောက်ဆုံးစာရင်း မှားယွင်းမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲမပေးရသူ မရှိစေရေး သက်သေခံ လက်မှတ်များကို မကြာမီအချိန်အတွင်း ထုတ်ပေးသွားမည်ဟု ဆိုသည် ။

“မဲစာရင်းမှာ ပြည်သူတွေက သွားကြည့် စရာတောင်မလိုဘူး ။ မဲဆန္ဒရှင်စာရင်းတွေကို စီဒီကူးပေးပြီး ပါတီတွေကို ပို့ပေးပြီးပါပြီ ။ သူတို့က တစ်အိမ်တက်ဆင်း လုပ်ပေးရမှာ ။ အဲ့ဒီလို လုပ်ဆောင်ပြီးရင် မဲမပေးရ မရှိစေရအောင် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားပါ့မယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည် ။

ထို့အပြင် အွန်လိုင်းပေါ်တွင် မဲစာရင်း ကြည့်ရှုနိုင်ရေးအတွက် ယခင်ဝက်ဘ်ဆိုက်အစား အသစ်ပြန်လည် ပြင်ဆင်ရန်ရှိကြောင်း ၊ ရေဘေးသင့်ခဲ့သည့် ဒေသအချို့ကိုလည်း မဲစာရင်း ကပ်ထားသည့်ရက်ကို ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင်စာရင်းတွင် မပါသေးသူများကို လက်ရေးဖြင့် ရေးထည့်ပေးရန်နှင့် အပိုပါဝင်သူများကို ဆော့ပင်ဖြင့်ခြစ်ပြီး ပယ်ခွင့်ကို တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရပ်ကွက် ၊ ကျေးရွာကော်မရှင်များကို လုပ်ပိုင်ခွင့် ပေးလိုက်ကြောင်း သိရသည် ။


“ကော်မရှင်က ပေးထားတဲ့ ကွန်ပျူတာဆော့ဝဲနဲ့ အဆင်မပြေရင် အဆင်ပြေတဲ့ ကွန်ပျူတာဆိုင်မှာ လုပ်လို့ရတယ် ။ နောက်ဆုံး မမီနိုင်တော့ရင် ဘောပင်သာ ဆောင်ထားပြီး မပါသေးတဲ့သူတွေအတွက် လက်နဲ့သာ ရေးဖြည့်ပေးလိုက်တော့။ ပြည်သူတွေ နိုင်ငံသား အခွင့်အရေးမဆုံးရှုံးဖို့ ၊ မဲစာရင်းပါဖို့ပဲ အရေးကြီးတယ် ။ သေတဲ့ လူနာမည်ပါနေရင်လည်း ဆော့ပင်အပြာနဲ့သာ ခြစ်ပစ်လိုက်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည် ။

ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များသည် မဲစာရင်း မှန်ကန်စေနိုင်ရန် မဲစာရင်းမပါသေးသဖြင့် လျှောက်ထားသူများကို စာရင်းပြင်ဆင်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပို့ပေးထားသည့် ကွန်ပျူတာ ဆော့ဝဲထဲ ထည့်ရိုက်သော်လည်း စာရွက်ထုတ်သည့်အခါ ပါမလာခြင်း ၊ ပိုနေသည်များကို ဖျက်ထုတ်သော်လည်း စာရွက်ထုတ်သည့်အခါ ပြန်လည် ပါဝင်လာခြင်းများကြောင့် မဲစာရင်း မှန်ကန်ရေး အခက်အခဲ ဖြစ်နေခြင်းများအတွက် ကော်မရှင်ဥက္ကဋ္ဌက ယခုကဲ့သို့ မဲစာရင်းအချိန်မီ မှန်ကန်နိုင်ရန် အဆင်ပြေသည့် နည်းလမ်းဖြင့် လုပ်ဆောင်ရန်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

လာမည့် ရွေးကောက်ပွဲသည် အရေးကြီးသည့်အတွက် အစကတည်းက ရပ်ကွက် ၊ ကျေးရွာအဆင့်အထိ ကော်မရှင်အဆင့်ဆင့်ကို သတိကြီးစွာဖြင့် ခန့်အပ်ခဲ့ပြီး သင်တန်းအဆင့်ဆင့်လည်း ပေးထားပြီး မိမိတို့၏ ဂုဏ်သိက္ခာ မကျရန်နှင့် ပြည်သူများ ပျော်ရွှင်နိုင်ရန် မဲစာရင်းအချိန်မီ မှန်ကန်နိုင်ရေး ဖြစ်သမျှနည်းဖြင့် လုပ်ပေးကြပါရန် ပုသိမ်မြို့ ၊ အမှတ် ၃ ရပ်ကွက် ကော်မရှင် အတွင်းရေးမှူး ဦးလွမ်းမိုးမြင့်က ပြောသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies

မကွေးမြို့က NLD မဲဆွယ်တဲ့မြင်ကွင်းများ
ပြည်ခိုင်ဖြိုးပါတီက အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေအတွက် ဦးလှဆွေ၊ ပြည်သူ့လွှတ်တော်နေရာအတွက် မကွေးတိုင်းဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဝင်းမြင့်မောင်တို့ ဝင်ရောက်အရွေးချယ်ခံမည့် ဂန့်ဂေါမြို့နယ် တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို မဲမပေးကြဖို့ တိုက်တွန်းစာရွက်များ ဖြန့်ဝေမှုများ ရှိနေကြောင်း သတင်းရရှိပါသည်။

စက်တင်ဘာလ ၂၁ ရက်နေ့က ကန်ရွာအုပ်စု၊ မြောက်ခရမ်းရွာ၏ ဘုန်းကြီးကျောင်းမှ ဖြန့်ဝေ ခဲ့သည့်အတွက် ဂန့်ဂေါခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန်ရွာအုပ်စု ရဲစခန်းမှာ အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။

ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၈ (ဂ) အရ လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြုပြီး ဆန္ဒမဲပေးရန် ဒါမှမဟုတ် ဆန္ဒမဲမပေးရန် ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာခြင်းတွေကို မလုပ်ဖို့ တားမြစ်ထားသည်။

စာရွက်ဖြန့်ဝေသူ နှစ်ယောက်ကို ကန်ရွာအပိုင် ရဲစခန်းမှာ ပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်ထားကြောင်း ဂန့်ဂေါခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ သိရသည်။ ပြစ်မှုထင်ရှားပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေ ကျပ်တစ်သိန်းဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ခံရနိုင်ကြောင်း သိရသည်။

မောင်နိုး

The Ladies News Journal

voter-lists-620.JPG ကျေးရွာတစ်ရွာမှာ မဲစာရင်းကြည့်နေသူတချို့ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး ဟသာင်္တခရိုင်မှာ မဲပေးခွင့်ရှိသူဦးရေ ရှစ်သိန်းကျော် ရှိတဲ့အထဲက လူပေါင်း လေးသောင်းလောက်က မဲစာရင်းလာကြည်ပြီး လာကြည့်သူတွေထဲက ၄ ထောင်ကျော်ရဲ့ စာရင်းတွေ မှားယွင်းနေတယ်လို့ ဟသာင်္တခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင် က ပြောပါတယ်။

အဲဒီ မဲစာရင်းမှာ မှားယွင်းနေသူတွေရဲ့စာရင်းကို ပြန်လည် ပြင်ပေးနိုင်ဖို့ ပြန်လည်လျှောက်ထားကြတယ်လို့ ဦးဝင်းမောင် က ပြောပါတယ်။

ဒါ့အပြင် ဟသာင်္တခရိုင်အတွင်းက ရေကြီးခဲ့တဲ့အတွက် ဟသာင်္တ၊ အင်္ဂပူ၊ ဇလွန်၊ မြန်အောင် မြိုနယ် လေးခုကို မဲစာရင်းကြေငြာချိန်ရက်တွေလည်း ထပ်တိုးပေး ထားပါတယ်။ မစစ်ဆေးရသူတွေ ရှိသေးရင် လာရောက်ကြည့်ရှု ပြီး မှားယွင်းမှု တွေတွေ့ရင်လည်း ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

အင်္ဂပူမြို့နယ်ကို ဒီလ စက်တင်ဘာ ၃ဝ ရက်နေ့အထိနဲ့ ကျန်တဲ့ ၃ မြို့နယ်ကို အောက်တိုဘာ ၄ ရက်နေ့ အထိ ထပ်တိုးခွင့်ပြုထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပထမအကြိမ် မဲစာရင်းကြေငြာခဲ့စဉ်က လာရောက်ကြည့်ရှုသူ ၂ သိန်း ကျော်ရှိခဲ့ပြီး အခုဒုတိယ အကြိမ် မဲစာရင်းကြေငြာချိန် မှာ ရေကြီးနစ်မြုပ် မှုတွေကြောင့် မဲစာရင်းလာရောက်ကြည့်ရှုမှု နည်းပါးနေတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/hinthada-voters-lists-errors-09272015112635.html

 panwah-bgf-1002-620.JPG မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်လက်အောက်ခံ အစိုးရရဲ့နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားတဲ့ ကချင်ပြည်နယ်အထူးဒေသ (၁) ဋ္ဌာနချုပ်တည်ရှိတဲ့ ပန်ဝါမြို့ကိုတွေ့ရစဉ်

ကချင်အထူးဒေသ ( ၁ ) ထာဝရငြိမ်းချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းကို အရေးယူပေးဖို့ အဲ့ဒီဒေသတွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြား လိုက်ပါတယ်။

မြစ်ကြီးနားခရိုင် ချီဖွေနဲ့ဆော့လော်မြို့တွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ NLD ပါတီရဲ့လွှတ်တော် ကိုယ်စား လှယ်လောင်း ၇ ဦးက ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပုဒ်မ ၅၇ နဲ့အရေးယူဖို့ အမှုဖွင့်တိုင်ကြားလိုက်တာ ဖြစ် တယ်လို့ NLD ပါတီရဲ့ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ဦး က ပြော ပါတယ်။

"ကျနော်တို့ရွေးကောက်ပွဲ ဥပဒေမှာပါတယ်၊ အသက် ၁၈ နှစ်ပြည့်ပြီး သူတိုင်းမဲပေး ပိုင်ခွင့်ရှိတယ်၊ နောက် ပြီးတော့ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ပိုင် ခွင့်ရှိတယ်၊ အဲ့ဥပဒေတွေကို ဦးဇခုန်တိန့်ယိန်းက ချိုးဖောက်တဲ့အတွက်ကြောင့် အရေးယူ ဆောင်ရွက်ပေးဖို့တင်ပြရခြင်းဖြစ်ပါတယ်၊ ဒီကော်မရှင်ကနေ၊ ဒီအစိုးရ ကနေဒါတွေကို ရွေးကောက်ပွဲလုပ်ပါမယ်ဆိုပြီး သူကကြေညာထားတာ၊ တကယ်လို့ သူကရွေးကောက်ပွဲမလုပ် ဘူးဆိုရင် ကျနော်တို့ဒါတွေကို တိုင်စရာအကြောင်းမရှိဘူး "

ကချင်အထူးဒေသ ( ၁ )နယ်မြေဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက ရွာတချို့၊ ချီဖွေနဲ့ ဆော့လော်မြို့နယ် အတွင်းက ရွာတွေမှာ မဲဆွယ်စည်းရုံးမှု မလုပ်ဖို့ ဦးဇခုန်တိန့်ယိန်း လက်မှတ်ရေးထိုးပြီး ပြီးခဲ့တဲ့ စက်တင် ဘာ ၂၂ ရက်နေ့ က ပန်ဝါမြို့မှာ NLD ကိုယ်စားလှယ်လောင်းတွေကို အကြောင်းကြားစာပေးခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အဲ့ဒီဒေသဘက်မှာ မဲဆွယ်စည်းရုံးရေးသွား ရောက်ခဲ့တဲ့ လီဆူ အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လော်ဝေါ်အမျိုးသား စည်းလုံးညီညွှတ်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စား လှယ်တွေကိုလည်း မဲဆွယ် စည်းရုံးရေးမလုပ်ဖို့ ထာဝရငြိမ်းချမ်းရေး အဖွဲ့တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်အထူးဒေသ ( ၁ )ခေါင်းဆောင်ဦးဇခုန်တိန့်ယိန်းကို လာမဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကျရင် မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်းက အကြောင်းကြားထားပါတယ်။

ပန်ဝါမြို့အခြေစိုက် ကချင်ပြည်နယ် အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းဟာ လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ် သလို လာမယ့်ရွေးကောက်ပွဲမှာလည်း ချီဖွေ၊ ဆော့လော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်သုံးခု အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မြေ အမှတ် ၅ မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိပါတယ်။

RFA
http://www.rfa.org/burmese/news/candidates-action-against-kachin-09272015110404.html

nld-27-anniversary-620.jpg ရန်ကုန်မြို့ ဗဟန်းမြို့နယ် NLD ရုံးချုပ်မှာ စက်တင်ဘာလ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ အန်အယ်လ်ဒီပါတီ ၂၇ နှစ်မြောက် အခမ်းအနားမှ နာယက သူရဦးတင်ဦးကို တွေ့ရစဉ်
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ် လက်တွေ့ကျကျ ပြုလုပ်ပေးနိုင်တဲ့ နိုင်ငံရေးပါတီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ထောက်ခံ အားပေးကြဖို့ NLD တည်ထောင်တဲ့ ၂၇နှစ်မြောက် နေ့ အခမ်းအနားမှာ ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

အန်အယ်လ်ဒီပါတီ တည်ထောင်တဲ့ ၂၇ နှစ်မြောက် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က NLD ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်ကို ဗဟိုကော်မတီဝင် ဒေါ်မေဝင်းမြင့်က အခမ်းအနားမှာ အခုလို ပြောပါတယ်။

"နိုင်ငံရေးအပြောင်းအလဲကို အမှန်တကယ်လက်တွေ့ကျကျ ပြောင်းလဲပေးမည့် နိုင်ငံရေးပါတီမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှတစ်ပါး အခြားမရှိနိုင်ပေ၊ အဘယ်ကြောင့်ဆိုသော် အမြော်အမြင်ရှိပြီး အားကောင်းသောခေါင်းဆောင်၊ တောင့်တင်းခိုင်မာသော လူထုချစ်ခင်မှုရှိသည့်ပါတီ၊ ပြည်သူလူထုနှင့် တသားတည်း ကျသော ဒီမိုကရေစီမူဝါဒလမ်းစဉ် စသည့်မွန်မြတ်သောအရည်အချင်းနှင့် ဂုဏ်ရည်တို့ နှင့်ထပ်တူကျသည့် နိုင်ငံရေးပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တစ်ဖွဲ့တည်း သာရှိသည်"

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကတဆင့် အမျိုးသားလွတ်လပ်ရေးနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ကြိုးပမ်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝ၁၅ ရွေးကောက်ပွဲကနေ အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံအပြောင်းအလဲအတွက် ကြိုးစားနေကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပါတီတွေ ယှဉ်ပြိုင် တဲ့ နေရာတချို့မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုကျွန်းမဲဆန္ဒနယ်မှာ စည်းရုံးရေးဆင်းဖို့အတွက် ကျွန်းကိုရောက်အောင် မနည်းကြိုးပမ်းခဲ့ရသလို တိုင်းရင်းသားဒေသ တချို့မှာလည်း မဲဆွယ်စည်းရုံးရေးအတွက် အခက်တွေ့နေကြောင်း သိရပါတယ်။

ဒီအခမ်းအနားကို ၈၈မျိုးဆက်ငြိမ်းချမ်းရေနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ ၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံတကာသံရုံးတွေက သံတမန်တွေ တက်ရောက်ကြပါတယ်။

RFA
http://www.rfa.org/burmese/news/nld-celebrates-27-anniversary-09272015103813.html

တအောင်းဝ် TNLA တပ်သားများ။ 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေး စာချုပ် အပြီးသတ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်နေပါတယ်။ ဒီစစ်ရေး တင်းမာမှုတွေကြောင့် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် နယ်မြေတွင်း ပါတီစည်းရုံးရေးလှုပ်ရှားမှုတွေကို လက်နက်ကိုင် အဖွဲ့တွေဘက်က ပိတ်ပင်မှုတွေနဲ့ အတူ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုံခြုံရေးက စိုးရိမ်စရာ အနေအထားမှာ ဖြစ်နေပါတယ်။ တိုင်းရင်းဒေသတွေက ပိုတိုးလာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေအတွက် အခက်အခဲ ဒုက္ခတွေကြုံတွေ့နေရတဲ့အခြေအနေ အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပလောင်အပါအဝင် တိုင်းရင်းဒေသအချို့မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲဖြစ်တဲ့အကြိမ်ရေ များလာနေပြီး စစ်ရေးတင်းမာမှုအရှိန်ကမြင့်တက်လာနေပါတယ်။ လက်ရှိတိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ကို ချန်လှပ်ပြီးတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်ကို လက်မှတ်မထိုးဘူးလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကလည်း ဒီကနေ့ ကြေညာလိုက်ပါတယ်။ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA ပြောခွင့်ရ မိုင်းအိုက်ကျော်က-

“အပစ်ရပ်ဖို့ကတော့ ၁၅ ဖွဲ့နဲ့အရင်ထိုးမယ်၊ ကျန်တဲ့အဖွဲ့တွေ နောက်မှလိုက်ထိုး။ တချို့ကျတော့ ထိုးလို့မရသေးဘူး-တဲ့။ သူတို့က သဘောထားတွေ အမျိုးမျိုး ဆက်ရှိနေသေးတယ်။ ဘယ်အဖွဲ့ပဲကျန်ကျန် တိုက်ပွဲက ဆက်ဖြစ်နေလို့ရှိရင်တော့ -အစိုးရကတော့ - သူ့ရဲ့နာမည်ကိုက ‘တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး’-လို့ ခေါ်တယ်။ ဒါပေမယ့် တချို့အဖွဲ့တွေကျတော့ ကျန်ခဲ့မယ်။ ဒါဆိုရင်တော့ တိုက်ပွဲတွေက တောက်လျှောက်ဖြစ်လာမယ်၊ တောက်လျှောက်ဖြစ်လာလို့ရှိရင်တော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး စာချုပ်လို့ မခေါ်နိုင်တော့ဘူး။”

ရှမ်းပြည်နယ်အတွင်းမှာလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ SSA တောင်ပိုင်းတပ်နဲ့ အစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို မြန်မာတပ်ဘက်ကလည်း စစ်အင်အားတွေ တိုးချဲ့လာနေလို့ နယ်မြေအတွင်းမှာ စစ်ရေးတင်းမာမှုအရှိန်ကမြင့်နေဆဲ အနေအထားမှာဖြစ်နေတယ်လို့ SSA တောင်ပိုင်းတပ်က ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“အစိုးရတပ်နဲ့ ကျနော်တို့တပ်ကတော့ တိုက်ပွဲတွေဖြစ်ဖို့ တိုက်ခိုက်ဖို့က ရာခိုင်နှုန်းများတယ်-လို့ ကျနော်တို့ အဲလို သုံးသပ်နိုင်ပါတယ်။ ကျေးလက်ဒေသမှာ စစ်ကြောင်းတွေ၊ တိုက်ကင်းတွေ မြို့ပြမဟုတ်တဲ့နေရာမှာ လှု့်ရှားနေတာကို ကျနော်တို့ တွေ့ရပါတယ်။ စစ်ကြောင်းထွက်လာတာ ပိုများတယ်။ နယ်မြေလုံခြုံရေး၊ နယ်မြေရှင်းလင်းရေးအတွက်လည်း စီမံချက်နဲ့ ပက်ထရို (Patrol) လှည့်နေတာ ပိုများလာတာကို ကျနော်တို့ တွေ့ရတယ်။ အဲဒါကြောင့် ကျနော်တို့တပ်တွေနဲ့ တောထဲမှာ တိုးမိဆုံမိပြီးတော့ တိုက်ပွဲဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ လူကြီးပိုင်းက အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေကြတယ်။ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာလည်း ကျနော်တို့ အပစ်အခတ်ရပ်စဲရေးတွေ သုံးကြိမ်တိုင်တိုင် လုပ်ခဲ့ပြီးပြီ။ သဘောတူညီချက်တွေလည်း သုံးဆယ့်တစ်ချက်တောင် ရခဲ့ပြီးပြီ။ သို့သော်လည်းပဲ ဒီနေ့ထက်ထိ တိုက်ပွဲပေါင်း ၂၀၀ လောက်နီးပါး ကျနော်တို့ ဖြစ်ခဲ့ရတယ်။ ယနေ့ထက်ထိ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ NCA ထိုးဖို့ဆိုတာက အသင့်ဖြစ်ပါပြီလို့လည်း ပြောပါတယ်။ ….ဆိုတော့ အပစ်အခတ်ရပ်စဲရေးလည်း လက်မှတ် ထိုးမယ်၊ ထိုးမယ်ဆိုပြီးပြောနေတဲ့ကြားမှာပဲ တိုက်ပွဲတွေကလည်း ဖြစ်ဖြစ်လာတယ်ဆိုတော့ နင်တို့တပ်သားတွေရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့အနေအထားတော့ ရှိပါတယ်လို့ ပြောလို့ရပါတယ်။”

မြန်မာတပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီနဲ့ မိုင်းခေါင် ဒေသတွေမှာတော့ နယ်မြေအတွင်း အစိုးရတပ်ဘက်က လုံခြုံရေးတင်းကျပ်ထားပါတယ်။ ဒါကြောင့် သွားလာရေးခက်ခဲနေတဲ့ စစ်ဘေးရှောင်ဒေသခံပြည်သူတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကူအညီတောင်းခံဖို့ ကြိုးစားနေကြတယ်လို့ မိုင်းခေါင် ကျေးရွာတာဝန်ခံ ဦးဇဘောင်နော်ကပြောပါတယ်။

“အခုထိ လက်နက်ကြီးတော့ ထုတ်တုန်း၊ အခု နည်းနည်းထူးခြားလာတာကတော့ ကျနော်တို့ မိုင်းခေါင်အုပ်စုရဲ့ ရပ်ကွက်- အင်ခါနန်- လို့ ပြောပါတယ်။ အဲဒီရပ်ကွက်ကလူတွေက နေလို့မရတော့ဘူး။ အစိုးရစစ်တပ်ဘက်က မောင်းထုတ်ပြီးမှ အိမ်ကို တစ်ယောက်မှ မလာနဲ့ပေါ့-အဲလိုမျိုး ပြောနေပါတယ်။ အဲဒီမှာ မိုင်းထောင်ထားပါတယ်။ နွားတွေထွန်တဲ့နေရာမှာ မိုင်းထောင်ထားပါတယ်။ အဲဒါကြောင့် ရွာသားတွေကို အဲဒီကို မလာခိုင်းစေချင်တဲ့အလားအလာ ဖြစ်နေတယ်။ အခု လေတုံးကို သွားခွင့်မပြုတဲ့အနေအထားဖြစ်နေတယ်။ လေတုံးကိုသွားတဲ့လူ မျက်နှာမမြင်ချင်ဘူး-လို့ အဲလိုမျိုး ပြောပြီးမှ သူတို့က ပစ်သတ်လိုက်မယ်ဆိုပြီးမှ အဲလိုအနေအထားဖြစ်နေပါတယ်။ အဲဒါကြောင့် တအားတင်းမာနေတဲ့ အခြေအနေ ဖြစ်တယ်။ အုပ်ချုပ်ရေးမှူးရော၊ နာယကအဖွဲ့အစည်းတွေရော၊ ဘုန်းကြီးတွေရော၊ ဘာသာရေးသုံးဖွဲ့က ဆုံပြီးမှ အခု အစည်းအဝေးထိုင်နေပါတယ်။ အဲဒါ စစ်တပ်ကနေ ဘက်နက် ဆင်းမထိုးပေးဖို့၊ ရွာမှာ လက်နက်ကြီးမထိုးဖို့၊ ပြီးတော့ရွာမှာ ရမ်းပြီးမှ မပစ်ဖို့၊ အဲဒါတွေ ကျနော်တို့က ဒီမှာတာဝန်ကျတဲ့ တပ်ရင်းမှူးတွေကို ကျနော်တို့က အသနားခံဖို့အတွက် စီစဉ်နေပါတယ်။ မနက်ဖြန်….ဖို့အတွက် စီစဉ်ထားပါတယ်။ အဲဒါ အခြေအနေကတော့ နည်းနည်းတင်းမာလာမယ့် အခြေအနေ ဖြစ်နေတယ်။”

ဒီလိုမျိုးတိုင်းရင်းသားနယ်မြေတွေထဲက စစ်ရေးတင်းမာနေဆဲအခြေအနေတွေကြောင့် ဒေသတွင်းလုံခြုံရေးစိုးရိမ်ရလို့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးတွေ မလုပ်ဖို့ ဆက်ပြီးတော့ တားမြစ်ထားဆဲအနေအထားဖြစ်တယ်လို့လည်း RCSS/SSA တောင်ပိုင်းတပ်က ဗိုလ်မှုးကြီး စိုင်းလ က ပြောပါတယ်။

တအောင်းပလောင်အဖွဲ့အနေနဲ့ကတော့ ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့၂၀၁၅ ရွေးကောက်ပွဲကို မထောက်ခံပေမဲ့လို့ နယ်မြေထဲမှာ နိုင်ငံရေးပါတီတွေ လာရောက် မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေကို ကန့်ကွက်မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမဲ့လို့ လူမျိုးတမျိုးနဲ့တမျိုး ပဋိပက္ခ ဖြစ်စေမယ့် ပလောင်လူမျိုးကို နှိမ့်ချပုတ်ခတ်စော်ကားတဲ့အသုံးအနှုံးနဲ့ ဟောပြောမှုတွေကိုတော့ လက်ခံမှာမဟုတ်ဘူးလို့ တအောင်း ပလောင်ဝ်တပ်ဘက်က ပြောပါတယ်။

ဒါကြောင့် အစိုးရဘက်က ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကြား တနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA အပြီးသတ်ချုပ်ဆိုနိုင်ရေး ငြိမ်းချမ်းရေးကြိုးပမ်းချက်က အောင်မြင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပဖို့ပြင်ဆင်နေတဲ့ လာမယ့်၂၀၁၅ ရွေးကောက်ပွဲမှာ စစ်ရေးတင်းမာနေတဲ့ တိုင်းရင်းဒေသတွေမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိပါ့မလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.