10/02/15

dr-tuujar-620.jpg  
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာ ကို အောက်တိုဘာလ ၁ ရက်နေ့က တွေ့ရစဉ်

ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ပြောကြားမယ့်စကားတွေကို သူ့အနေနဲ့ စောင့်ကြည့်လေ့လာ မယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ပြောကြားလိုက်ပါတယ်။

ဒေါက်တာမနမ်တူးဂျာကို မြစ်ကြီးနားမြို့က သူ့ရဲ့နေအိမ်မှာ RFA က တွေ့ဆုံမေးမြန်းရာမှာ သူက အခုလိုပြောကြား ခဲ့တာပါ။

"ကျနော်က သူ့ကိုမလာနဲ့လိုလည်း ပြောလို့မရဘူးလေ၊ ဒါက ဒီမိုကရေစီခေတ်ရောက်တယ် ဆိုတဲ့အခါကျတော့ သူ့ပါတီကိစ္စ သူလုပ်စရာရှိတာလုပ်မှာပဲ၊ ဒါပေမဲ့ သူ့ရဲ့လာပုံလာနည်းကို ကျနော်စောင့်ကြည့်မယ်၊ သူ့လာပုံလာ နည်း ပြောပုံပြောနည်းတွေက သူက ကချင်ပြည်နယ်ကို လက်ဝါးကြီးအုပ်ချင်နေတဲ့ ပုံစံမျိုးဆိုလို့ရှိရင် ကျနော် လက်မခံဘူး၊ ကချင်ပြည်နယ်မှာရှိတဲ့ ပါတီတွေနဲ့ သဟဇာတဖြစ်မယ်၊ အပေးအယူမျှမျှတတ လုပ်ဆောင်သွား ချင်တဲ့ ဆန္ဒရှိရင်ဆိုရင် ကျနော်တို့လက်တွဲလို့ရတယ်၊ ဒီကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပေါ်မှာ မူတည်တယ်လို့ ပြောချင်တယ်"

ဒါ့အပြင်သူက လက်ရှိပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအကြား သဘောထားကြီးဖို့လိုကြောင်း၊ နှစ်ဘက်စလုံးအနေနဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့လိုကြောင်းလည်းပြောကြားလိုက်ပါတယ်။

RFA
http://www.rfa.org/burmese/news/dr-tuuja-watched-dassk-speech-10012015120706.html

 sd-620 ပဒိုနော်စီဖိုးရာစိန် ခေါင်းဆောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ကို ဇူလိုင်လ ၃ ၇က်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ရစဉ်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးနိုင်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်းဖို့ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ SD ကို ဖျက်သိမ်းလိုက် ပြီဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့တာဝန်ဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်း NCA ပါ အချက်တွေကို ဆွေးနွေးဖို့ဖြစ်ပြီး အဲဒီတာဝန်ပြီးဆုံးသွားတာကြောင့် ဖျက်သိမ်းလိုက်ပြီလို့ ကရင်အမျိုးသား အစည်းအရုံးအထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

"လော်ခီးလာမှာ ကျန်တဲ့အချက် ၁၃ ချက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ NCCT ညှိနှိုင်းလို့ ရလာတဲ့ အတည်ပြုမူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေးကနေပြီးတော့ ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်စရာ ၁၃ ချက်ရှိတယ်ဆိုတဲ့အပေါ်မှာ SD ကို အပြီးသတ်ညှိနှိုင်းဖို့ သွားပြီးတာဝန်ပေးလိုက်တယ်၊ သွားညှိ လို့ပြီးသွားပြီလေ၊ သူ့အခန်းကဏ္ဍဘယ်ကနေ ဆုံးသွားသလဲဆိုတော့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၅ ဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင် သမ္မတနဲ့ သွားတွေ့တဲ့နောက်ပိုင်းမှာ သူ့တာဝန်ကပြီးသွားတဲ့အတွက်ကြောင့် တာဝန်ဖျက်သိမ်းတဲ့သဘောပေါ့"

ပြီးခဲ့တဲ့ စက်တင်ဘာလက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တိုင်းရင်းသားအဖွဲ့၅ ဖွဲ့က ခေါင်းဆောင်တွေ၊ SD အဖွဲ့က ကိုယ်စားလှယ် ၃ ဦးတို့ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံးပါဝင်ဖို့ ဆွေးနွေးခဲ့ပေမယ့် သဘောတူညီမူမရခဲ့တဲ့အတွက် SD အဖွဲ့ တာဝန်ပြီးဆုံးသွားပြီလို့ သိရပါတယ်။

ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ကိုတော့ နိုင်ငံရေးမူဘောင်ရေးဆွဲရေး ၊ နှစ်ဘက်လိုက်နာရမယ့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးတို့အတွက် ဆက်လက်ထားရှိဦးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက် နေ့ကနေ ၃၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပြီး အဖွဲ့ ၁၀ ဖွဲ့က အားလုံးပါဝင်မှ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/senior-delegation-team-cancel-10012015121137.html

voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ၉သောင်းနီးပါးလောက် ပိုနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ပြောပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ အရင်ကနေထိုင်ပြီး တခြားမြို့နယ်ကို ပြောင်းရွှေ့သွားပေမယ့် အိမ်ထောင်စုစာရင်းတွေ မပြောင်းကြတဲ့အတွက် အခုလို စာရင်းတွေမှာ ပိုနေတာဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးခင်မောင်ကျော်က ပြောပါတယ်။

"ဒီ့ပြင်နေရာက ဆွဲပြီးထည့်ထားတာ မဟုတ်ဘူးခင်ဗျ၊ တိုးတဲ့လူထည့်ထားတာလည်း မဟုတ်ဘူး၊ အဲဒီ့မှာ လူမနေပေမယ့် အိမ်ထောင်စုစာရင်းတွေ ကျနေတဲ့အတွက် ထည့်ထားတာပါ၊ ဘာကြောင့်ဖြစ်ရသလဲဆိုတော့ လဝကနဲ့ ပတ်သက်ရင် ပြည်သူလူထုက အဲဒီ့ရုံးကိုသွားပြီးဆောင်ရွက်မှ ဖြစ်တဲ့စနစ်ဖြစ်ပါတယ် ခင်ဗျ၊ သူကပြောင်းမယ်ဆိုရင်လည်း ကိုယ်တိုင် အိမ်ထောင်စုစာရင်းကို ပြောင်းတဲ့နေရာမှာ လျှောက်ထားနိုင်ဖို့အတွက် က ပုံစံ ၁ဝ ဆိုတာ ကိုယ်တိုင်သွားယူရပါတယ်၊ သေတယ်ဆိုရင်လည်း ကိုယ်တိုင်သွားပြီးတော့ လျော့ရပါတယ်၊ အိမ်ထောင်စုစာရင်းက ၁၉၈၉ တည်းကစလုပ်တော့ ခုချိန်အထိတော့ နှစ် ၂ဝ ကျော်တယ်ခင်ဗျ၊ အထူး သဖြင့်တော့ တောင်ဥက္ကလာက အဝင်အထွက်များတဲ့သဘောပေါ့"

အဲဒီမြို့နယ်မှာ မဲပေးခွင့်ရှိသူဦးရေ ၁ သိန်း ၇ သောင်းရှိပြီး အဲဒီထဲမှာ ၉ သောင်းလောက်က အမှန်တကယ်နေထိုင် သူတွေမဟုတ်ဘဲ ပိုနေတာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပမယ့်နေ့ မတိုင်ခင်တစ်ပတ်အလိုမှာ မဲပေးခွင့် သက်သေခံလက်မှတ်တွေကို လိုက်လံဖြန့်ဝေပြီး ပိုနေတဲ့စာရင်းတွေကို စီစစ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် မြို့နယ် ၁၄ ခုမှာ မဲပေးခွင့်ရှိသူဦးရေ ၁ ဒသမ ၂ သန်းကျော် ရှိနေပါတယ်။

RFA
http://www.rfa.org/burmese/news/south-oakkalar-voter-lists-10012015113542.html

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ လုပ်ဖို့ ၃၈ ရက် လိုချိန်မှာ အခြေခံ မဲစာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။ မဲစာရင်း နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တဲ့ စာရင်း ဖြစ်မလာတာဟာ ရွေးကောက်ပွဲအတွက် သံသယဖြစ်စရာပါ။

အာဏာရှင်တွေ ကြီးစိုးတဲ့ ဒါမှမဟုတ် အာဏာကို လက်မလွှတ် ချင်သူတွေ အားကောင်းတဲ့ နိုင်ငံတွေမှာ ‘ဟန်ပြဒီမိုကရေစီ’ ဖော်ဆောင်တဲ့အခါ ရွေးကောက်ပွဲကို ကြားခံ အသုံးချလေ့ ရှိပါတယ်။ ဒီအခါ ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပါတယ်။

ရွေးကောက်ပွဲ မသမာမှု လုပ်ကြတဲ့အချိန်မှာ အသုံးပြုလေ့ရှိတဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက ပေးထားတဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး ပြောင်ပြောင်တင်းတင်း လုပ်ဆောင်တာပါ။ နောက်တစ်ခုက ပေးထားတဲ့ ဥပဒေအတိုင်း ဘောင်ထဲက လုပ်တယ်လို့ အထင်ရောက်စေတဲ့ နည်းလမ်းကို အသုံးပြုပြီး ကျင့်ဝတ်ပိုင်း ဆိုင်ရာအရ လက်မခံနိုင်တဲ့ ပုံစံမျိုးကို အသုံးပြုတာဖြစ်ပါတယ်။

ဘယ်လို နည်းလမ်းကိုပဲ အသုံးပြုသည်ဖြစ်စေ သူတို့ရဲ့ ဦးတည်ချက်က နှစ်ခုပဲရှိပါတယ်။ တစ်ခုက ကိုယ်အလိုရှိတဲ့ ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ပိုရအောင် လုပ်တာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက ပြိုင်ဘက် ကိုယ်စားလှယ်တွေကို ဆန္ဒမဲ ရရှိမှု နည်းအောင်လုပ်တာပါ။ ဒီလို လုပ်တဲ့အခါ ဦးတည်ချက် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လုပ်လေ့ရှိသလို တစ်ခုချင်းစီကို အားပြု လုပ်ဆောင်တာလည်း ရှိပါ တယ်။

‘ဟန်ပြဒီမိုကရေစီ’အတွက် ရွေးကောက်ပွဲကို ကြားခံပြီး ရွေးကောက်မသမာမှု လုပ်လိုသူတွေရဲ့ ဦးတည်ချက် ပြည့်မြောက်ဖို့အတွက် အလွယ်ကူဆုံးနဲ့ လှည့်ဖြားမှု အလုပ်နိုင်ဆုံးက မဲဆန္ဒရှင် စာရင်း ဖြစ်ပါတယ်။

မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု ရှိနေချိန်မှာတောင် ရွေးကောက်ပွဲ မသမာမှုတွေကို လုပ်နိုင်ပါတယ်။ အဲဒီအချိန်မှာ လုပ်နိုင်တဲ့ မသမာမှုကိုလည်း အဆင့်နှစ်ဆင့် အသုံးပြုပြီး လုပ်ပါတယ်။ ပထမဆင့်က မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ လွတ်လပ်စွာ မဲပေးမှုကို တားဆီး တာနဲ့ လုံးဝ မဲပေးခွင့် မပြုနိုင်အောင်လုပ်တာ ဖြစ်ပါတယ်။ ဒုတိယဆင့်က ရွေးကောက်ပွဲ ရလဒ် ပြောင်းလဲသွားစေမယ့် နည်းလမ်းကို အသုံးပြုတာပါ။ ၂၀၁၀ ပြည့်နှစ်က မြန်မာ နိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အဲဒီ နည်းလမ်း နှစ်ရပ်ထဲက ဒုတိယနည်းလမ်းကို အသုံးပြုခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။

ဒါကြောင့် အခုလို မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိဘူး၊ မဲပေးပိုင်ခွင့် ရှိသူတွေ စာရင်းမှာ ပါဝင်ခြင်း မရှိဘူးဆိုတာနဲ့ ‘ဟန်ပြ ဒီမိုကရေစီ’ ခေါင်းစွပ် ၀တ်ချင်သူတွေ အားသာမှု ရမှာ သေချာပါတယ်။

၂၀၀၀ ပြည့်လွန် နောက်ပိုင်း အိန္ဒိယ အပါအ၀င် မြန်မာရဲ့အိမ်နီးနိုင်ငံတွေ၊ ဒေသတွင်း နိုင်ငံတွေမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတိုင်း အငြင်းပွား ဖွယ်ရာတွေ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ ဟာလည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေကြားမှာ နာမည်ဆိုးနဲ့ ကျော်ကြား ခဲ့ပါတယ်။ ဒီအတိုင်းပဲ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း သံသယ စာရင်းကနေ သူတို့ ပယ်ဖျက်ခြင်း မပြုခဲ့ပါဘူး။

ကမ္ဘာမှာ ရွေးကောက်ပွဲ မသမာမှု လုပ်ခြင်းနဲ့ ပတ်သက်ပြီး နာမည်ဆိုးနဲ့ အကျော်ကြားဆုံးနိုင်ငံက ဇင်ဘာဘွေ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ကမ္ဘောဒီးယား နိုင်ငံပါ။

■ မူဂါဘီနှင့် အဆင့်ငါးဆင့်

ပြီးခဲ့တဲ့နှစ်တွေမှာ အာဏာကို ဆက်လက် ချုပ်ကိုင်ဖို့အတွက် ဇင်ဘာဘွေသမ္မတ ရောဘတ်မူဂါဘီ လုပ်ခဲ့တဲ့ အဆင့်ငါးဆင့် ရှိပါတယ်။

ပထမဆင့်က အကြံအဖန် လုပ်နိုင်တဲ့ အစီအစဉ်တွေကို ကြိုတင် ပြင်ဆင် ခဲ့တာဖြစ်ပါတယ်။ ဒါကို ၂၀၁၃ ခုနှစ်မှာ လုပ်ခဲ့တဲ့ ဇင်ဘာဘွေ ရွေးကောက်ပွဲမှာ တွေ့ရပါတယ်။ သူ့ကို ထောက်ခံသူတွေရှိတဲ့ နယ်မြေတွေမှာ မဲဆန္ဒရှင် မှတ်ပုံတင်မှုကို ကြိုလုပ်ထားပြီး နှစ်လအကြာမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာလိုက်တာပါ။ ဒီလို လုပ်ခြင်းအားဖြင့် တစ်နိုင်ငံလုံးမှာရှိတဲ့ မဲဆန္ဒရှင်တွေ အားလုံး မှတ်ပုံတင်ဖို့ အခက် တွေ့သွားပါတယ်။

မဲဆန္ဒရှင် မှတ်ပုံတင်မှုဆိုတာ မြန်မာမှာ လုပ်နေတဲ့ အခြေခံ မဲစာရင်း ပြုစုခြင်း ပုံစံမျိုးပါပဲ။ မြန်မာမှာတော့ အခြေခံ မဲစာရင်း ပြုစုခြင်းကို ၂၀၁၄ ခုနှစ် နိုဝင်ဘာမှ စတင်ပါတယ်။ လေးကြိမ်ခွဲပြီး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် နောက်ဆုံးအကြိမ် ထုတ်ပြန်ပြီးချိန်အထိ မှန်ကန်တိကျတဲ့ မဲစာရင်း ထွက်မလာပါဘူး။ အချိန်တော့ ကြိုယူခဲ့တယ်။ ဒါပေမဲ့ မှန်ကန် တိကျတဲ့ စာရင်း ထွက်မလာတာက သာမန် လွဲချော်မှုလို့ ယူဆလို့ မရတော့ပါဘူး။

မူဂါဘီ လုပ်ခဲ့တဲ့ ဒုတိယဆင့်က နိုင်ငံပိုင် မီဒီယာတွေကို ထိန်းချုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဇင်ဘာဘွေက နိုင်ငံပိုင် မီဒီယာတွေက ရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးနဲ့ ပတ်သက်တာကို ဖော်ပြတယ်ဆိုတဲ့ အမြင် ရောက်အောင် ဖော်ဆောင်ခဲ့ပါတယ်။ လက်တွေ့မှာတော့ ဖော်ပြခဲ့တဲ့ သတင်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းက အတိုက်အခံပါတီ မကောင်းကြောင်းတွေပဲ ဖြစ်ခဲ့ပါတယ်။

တတိယဆင့်က တရားရုံးတွေမှာ ကိုယ့်လူတွေကို ခန့်ထားတာ ဖြစ်ပါတယ်။ ဒီလို ခန့်ထားခြင်းအားဖြင့် ရွေးကောက်ပွဲ မသမာမှု ပေါ်လာပြီဆိုရင် သူ့ဘက်လိုက်နိုင်အောင် ကြိုတင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ခုံအဖွဲ့တွေနဲ့ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို သမ္မတက ခန့်အပ်ထားပါတယ်။

ဇင်ဘာဘွေမှာ မူဂါဘီ အသုံးပြုခဲ့တဲ့ စတုတ္ထဆင့်က ရွေးကောက်ပွဲမှာ မဲလိမ်တာတော့ လုပ်မယ်။ ဒါပေမဲ့ အမှန်တကယ် နိုင်တယ်လို့ ယုံကြည်အောင် လှည့်ဖြားတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ၂၀၁၃ ခုနှစ် ရွေးကောက် ပွဲမှာ ၆၁ ရာခိုင်နှုန်းနဲ့ နိုင်တယ်ဆိုတဲ့ ရလဒ် ထွက်လာပါတယ်။ ဒီနေရာမှာ ၂၀၀၈ ခုနှစ်ကထက် မဲပိုရခဲ့တာကို ငြင်းလို့ မရပါဘူး။ ဘာကြောင့် မဲပိုရခဲ့သလဲဆိုရင် တိုင်းရင်းသား လူမျိုးစုတွေနဲ့ လူမည်းတွေကို လုပ်ပိုင်ခွင့် ပေးပြီး ဆွဲဆောင်ခဲ့သလို မဲဆန္ဒရှင်တွေ မှတ်ပုံတင်ရေး လုပ်ငန်းစဉ် (အခြေခံ မဲဆန္ဒရှင် စာရင်းပုံစံ)ကို ထိန်းချုပ်ပြီး အမြတ်ထုတ် နိုင်ခဲ့လို့ ဖြစ်ပါတယ်။

ပဉ္စမဆင့်က အကြမ်းဖက် နည်းလမ်းသုံးတာကို ရှောင်ရှားခဲ့တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ပါဘူး။ ဒီလို မဖြစ်အောင် လုပ်ခဲ့တဲ့ နည်းလမ်းနှစ်ခု ရှိပါတယ်။ ပထမတစ်ခုက သူမွေးထားတဲ့ လူငယ် ပြည်သူ့စစ်တွေနဲ့ သူ့ပါတီ ထောက်ခံသူတွေကို ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယ နည်းလမ်းက အရပ်ဘက် အဖွဲ့အစည်း ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေကို ရွေး ကောက်ပွဲ မတိုင်ခင်မှာ ဖမ်းဆီး ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

မြန်မာနဲ့ ဇင်ဘာဘွေရဲ့ ပုံစံ ထပ်တူကျချင်မှ ကျပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာမှာတော့ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၈ဦး ရှိပြီး နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် တရား ရင်ဆိုင်နေရသူ ၄၅၉ ဦး ရှိနေပါပြီ။ စက်တင်ဘာလထဲမှာပဲ နိုင်ငံရေး လှုပ်ရှားသူ ၁၆ ဦး အဖမ်းခံခဲ့ရပြီး ဒီထဲက နှစ်ဦး အကျဉ်း ချခံရပါတယ်။

ဇင်ဘာဘွေက မူဂါဘီလို နောက်တစ်ဦးက ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန် ဖြစ်ပါတယ်။ သူကလည်း ရွေးကောက်ပွဲ မသမာမှု နည်းလမ်းကိုသုံးပြီး ကမ္ဘောဒီးယားကို နှစ်ပေါင်း ၃၀ ကြာ ချုပ်ကိုင်ခဲ့ပါတယ်။

■ ဟွန်ဆန်ရဲ့ နည်းလမ်း

ကမ္ဘောဒီးယား ရွေးကောက်ပွဲကလည်း ၂၀၁၃ ခုနှစ်မှာပဲ လုပ်ခဲ့တာပါ။

အမျိုးသားလွှတ်တော် ၁၂၃ နေရာကို မဲပေးခွင့်ရှိသူ ၉ ဒသမ ၆ သန်း မဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက တိကျတဲ့ လူစာရင်း မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း ကမ္ဘောဒီးယားမှာ တိကျတဲ့ လူဦးရေစာရင်း တရားဝင် ကောက်ယူခဲ့ခြင်း မရှိပါဘူး။ ဒီအတွက် ခန့်မှန်းခြေ စာရင်းပဲ ရပါတယ်။

ဒါကြောင့်ပဲ ခန့်မှန်းခြေ စာရင်းကို ၀န် ကြီးချုပ် ဟွန်ဆန်က အခွင့်ကောင်း ယူခဲ့ပါတယ်။ ပထမအချက်က မဲဆန္ဒရှင်တွေဟာ ကွဲပြားတဲ့ နာမည်ကိုသုံးပြီး ကိုယ်နဲ့သက်ဆိုင်မှု ရှိတဲ့ နာမည်တွေနဲ့ မဲပေးနိုင်တဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဘယ်သူဘယ်ဝါ သတ်မှတ်ဖို့ ခက်ခဲတဲ့အချက်က တစ်ဆင့် ဗီယက်နမ်က ရွှေ့ပြောင်းလာသူတွေ မဲပေးပိုင်ခွင့်ရှိသူ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ကမ္ဘောဒီးယား အတိုက်အခံ ပါတီဖြစ်တဲ့ အမျိုးသား ကယ်တင်ရေးပါတီ (CNRP) က မဲဆန္ဒရှင် စာရင်းမှာ ၁ ဒသမ ၂ သန်းကနေ ၁ ဒသမ ၃ သန်းရှိတဲ့ အမည်တွေကို ဖြုတ်ခဲ့ရတယ်လို့ ထုတ်ပြောပါတယ်။

ကမ္ဘာဒီးယားမှာ ဖြစ်ခဲ့တဲ့ နောက်ထပ် အငြင်းပွားဖွယ် တစ်ခုက မဲပေးပြီး ဖြစ်ကြောင်း မှတ်သားတဲ့ နေရာမှာ အသုံးပြုတဲ့ မင်အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ မင်တွေက သာမန်အားဖြင့် ဖျက်မရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူတွေက အသေးစိတ် စစ်ဆေးတဲ့အချိန်မှာ အဲဒီမင်ဟာ အစွန်းချွတ်ဆေး (ဒါမှမဟုတ်) သံပရာရည် သုတ်ပြီး အခြောက်ခံလိုက်တဲ့အခါ အရောင်ပြယ်သွားတာကို တွေ့ခဲ့ကြပါ တယ်။ ဒီနည်းလမ်းကို သုံးတယ်ဆိုတာနဲ့ မဲ ဆန္ဒရှင်တစ်ဦးဟာ တစ်ကြိမ်ထက်မက မဲပေးနိုင်ဖို့ ဖြစ်သွားပါတယ်။

မြန်မာရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာလည်း လေဆာ တံဆိပ်တုံး နှိပ်ပြီး မဲပေးရမှာ ဖြစ်ပါတယ်။ မဲပေးပြီးတဲ့အခါ လက်သန်းကို မင်တို့ပြီး မှတ်သားမှာ ဖြစ်ပါတယ်။ အဲဒီ မင်ရဲ့ အရည်အသွေး အသေးစိတ် စစ်ဆေးချက်တွေ ထွက်မလာသေးပါဘူး။ အကယ်၍ ကမ္ဘောဒီးယားမှာ အသုံးပြုတဲ့ မင်အမျိုးအစား ပုံစံ ဖြစ်နေရင် တစ်ကြိမ်ထက်မက မဲပေးသူတွေ ရှိလာပါမယ်။

ဒါ့အပြင် လေဆာတံဆိပ်တုံးနဲ့ ပတ်သက်လို့လည်း အသေးစိတ် စစ်ဆေးချက်တွေ မထွက်သေးပါဘူး။ ဒီအချိန်မှာပဲ ရွေးကောက်ပွဲမှာ အသုံးပြုမယ့် လေဆာတံဆိပ်တုံးနဲ့ ပုံစံတူ တံဆိပ်တုံးတွေကို အပြင်မှာ အပ်နှံ လုပ်ခိုင်းသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

၂၀၁၃ ခုနှစ် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာတော့ ခန့်မှန်းခြေ မဲဆန္ဒရှင် စာရင်း၊ ရွှေ့ ပြောင်းနေထိုင်သူတွေရဲ့ မဲပေးမှု၊ မဲပေးရာမှာ အသုံးပြုခဲ့တဲ့ မင် လှည့်ဖြားမှုတွေနဲ့ အမတ်နေရာ ၆၈ နေရာနိုင်အောင် ဟွန်ဆန်က လုပ်ခဲ့ပါတယ်။

■ မြန်မာနှင့် သံသယဖြစ်ဖွယ်

ရွေးကောက်ပွဲ မသမာမှုနဲ့ မဲလိမ်၊ မဲခိုးမှု လုပ်တဲ့ နိုင်ငံ အများစုမှာ အသုံးပြုတဲ့ နည်းလမ်းတွေ တူညီလေ့ ရှိပါတယ်။ အခြေခံအားဖြင့် မဲဆန္ဒရှင် စာရင်း ဒါမှမဟုတ် မဲဆန္ဒရှင် မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွေမှာ ရှုပ်ထွေးအောင် လုပ်တာ ဖြစ်ပါတယ်။

အခု မြန်မာနိုင်ငံမှာလည်း အခြေခံ မဲဆန္ဒရှင် စာရင်း တည်ငြိမ်မှု မရှိသေးပါဘူး။

နောက်တစ်ချက်က ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ရွေးကောက်ပွဲ မသမာမှု လုပ်ခဲ့တဲ့ နိုင်ငံတွေမှာ အာဏာကို လက်မလွှတ်ချင်သူတွေက သူတို့ရဲ့ အနိုင်ရမှုကို အပြတ် အသတ် ဖြစ်အောင် မလုပ်ပါဘူး။ တရား မျှတမှုရှိစွာ အနိုင်ရတယ်လို့ နိုင်ငံတကာက ယူဆနိုင်အောင် လုပ်ခဲ့ပါတယ်။ ဇင်ဘာဘွေမှာ မူဂါဘီက ၆၁ ရာခိုင်နှုန်းပဲ နိုင်အောင် လုပ်ခဲ့သလို ကမ္ဘောဒီးယားမှာ ဟွန်ဆန်က ၁၂၃ နေရာမှာ ၆၈ နေရာပဲ နိုင်အောင် လုပ်ခဲ့ပါတယ်။ ဆိုလိုတာက အနိုင် သေချာနိုင်မယ့် ပမာဏ လောက်ပဲ မဲလိမ်၊ မဲခိုးမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ၂၀၁၅ ခုနှစ် မြန်မာ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲညစ်မှု ရှိခဲ့ပြီဆိုရင် ဒီလိုလုပ်နိုင်တဲ့ ပမာဏက အနိုင်ကို သေချာ စေရုံလောက်ပဲ ဖြစ်ပါလိမ့်မယ်။ (ဘယ်ဒေသတွေမှာ ဘယ်လိုတွေ လုပ်နိုင်သလဲဆိုတဲ့ အချက်တွေကို နောက်ပိုင်းမှာ ဆက်ရေးပါမယ်)

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ တုန်းကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ခြေဖျက်ချင်တာကြောင့် အနိုင်ကို သေချာစေတဲ့ ပမာဏထက် ပိုတဲ့ အပြတ်အသတ် ပုံစံဖြစ်အောင် လုပ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လွှတ်တော် နှစ်ရပ်ပေါင်း ၄၉၈ နေရာ ရှိတဲ့အထဲမှာ အတိုက်အခံတွေ ဘက်က ၁၅၀ နဲ့ ၂၀၀ အကြား အနိုင်ရနိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက ခန့်မှန်းခဲ့ပါတယ်။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ နေရာမှာ ၂၅၉ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (ပြည်ခိုင်ဖြိုး) ပါတီက အနိုင်ယူခဲ့ပါတယ်။ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာမှာ ၁၂၉ နေရာကို ပြည်ခိုင်ဖြိုးက ယူခဲ့ပါတယ်။ လွှတ်တော် နှစ်ရပ်ပေါင်း ၃၈၈ နေရာ ယူခဲ့တာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုး အနေနဲ့ လွှတ်တော်နှစ်ရပ်ပေါင်း ၂၅၀ ကနေ ၃၀၀ လောက်အထိပဲ ယူပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ပေါင်းရင် ၄၁၆ နေရာကနေ ၄၆၆ နေရာလောက်မယ်။ ဒီလောက်ဆိုရင် စိတ်ချရတဲ့ အနေအထား ရှိနိုင်ပေမယ့် ဒီလိုမဖြစ်ခဲ့ပါဘူး။ ပျမ်းမျှအားဖြင့် အနိုင်သေချာစေတဲ့ နေရာတွေ အပြင် နောက်ထပ် နေရာ ၁၀၀ နီးပါးမှာ ကြိုတင်မဲ အကူအညီနဲ့ ရုပ်ပျက်ဆင်းပျက် အနိုင်ရအောင် လုပ်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ပြန်ကြည့်ရင် ပြည်ခိုင်ဖြိုးက ပြည်သူ့ လွှတ်တော်အတွက် ထည့်ဝင်မဲ ၉ ဒသမ ၇ သန်းကျော် ရခဲ့ပါတယ်။ ကြိုတင်မဲ ၃ ဒသမ ၅ သန်းကျော် ထည့်ဖြည့်ပြီး ပြည်သူ့ လွှတ်တော်အတွက် မဲပေးမှု ၅၈ ဒသမ ၄၁ ရာခိုင်နှုန်း ရအောင် လုပ်ခဲ့ပါတယ်။

ဒီအတိုင်းပဲ အမျိုးသား လွှတ်တော်မှာ ဆန္ဒမဲ ၁၆ ဒသမ ၂၆ သန်းရခဲ့ပါတယ်။ အနိုင် သေချာတဲ့ မဲ ရခဲ့ခြင်းပါ။ ဒါပေမဲ့ ကြိုတင်မဲ ၂ ဒသမ ၇ သန်းကျော် ထပ်ပေါင်းပြီး အမျိုးသား လွှတ်တော်အတွက် မဲပေးမှု ၈၇ ဒသမ ၆၂ ရာခိုင်နှုန်းရအောင် ပုံဖော်ခဲ့ပါတယ်။

အခု ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း ရွေးကောက်ပွဲ မသမာမှုတွေ ဖြစ်လာပြီဆိုရင် နေရာ ၁၀၀ နီးပါးလောက်နဲ့ မဲအရေအတွက် သန်းဂဏန်းလောက်ကို မသမာမှု လုပ်တာတွေ ရှိလာနိုင်ပါတယ်။

လက်ရှိအနေအထားအရ လွှတ်တော်နှစ်ရပ်ပေါင်း ၄၉၈ နေရာမှာ ပြည်ခိုင်ဖြိုးက နေရာ ၁၀၀ နီးပါး နိုင်ခြေရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က နေရာ ၃၃၃ နေရာနဲ့အထက် အနိုင်ရဖို့ ပြင်ဆင် နေပါတယ်။ ပါတီ တစ်ခုတည်းက နေရာ ၃၃၃ နေရာနဲ့ အထက်နိုင်မှ ကိုယ်လိုလားတဲ့ သမ္မတ ရွေးနိုင်မှာ ဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးအနေနဲ့ နေရာ ၁၀၀ နီးပါး နိုင်မယ်၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦးနဲ့(ပေါင်းပြီး) ၂၆၆ ဦး ဖြစ်နေမယ်ဆိုရင် သူတို့ လိုလားတဲ့ သမ္မတတင်ဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ဒါကြောင့် သူတို့အနေနဲ့ နေရာ ၂၀၀ အထက် နိုင်အောင် လုပ်လာနိုင်ခြေ ရှိပါတယ်။

အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မှာ NLD အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေက နေရာ ၂၀၀ နဲ့ ၂၅၀ ကြားပဲ အနိုင်ရခဲ့မယ်၊ တိုင်းရင်းသားပါတီတွေက နေရာ ၁၀၀ အနိုင်ရမယ် ဆိုရင်တောင် သမ္မတ ရွေးချယ်ခွင့်အတွက် အခက်အခဲတွေ့မှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ မဲဆန္ဒရှင်စာရင်း မှားယွင်းမှုရဲ့ အကျိုးဆက် သံသယ ဖြစ်စရာတွေ ရှိလာပါတယ်။

■ လှိုင်သာယာ ဥပမာ

ရှင်းရှင်း ပြောရရင်တော့ အခုဖြစ်နေတဲ့ မဲစာရင်း မှားယွင်းမှုတွေဟာ အရင်ဖြစ်ခဲ့တဲ့ ကြိုတင်မဲထက် ဆိုးပါတယ်။

အခြေခံ မဲစာရင်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ပထမဆုံးအကြိမ် ထုတ်ပြန်တုန်းက အမှား များခဲ့တယ်။ ဒါကိုသိလို့ အမှားပြင်မှုတွေ လုပ်ကြတယ်။ ရာခိုင်နှုန်း ၈၀ လောက်ထိ မှန်သွားနိုင်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးအကြိမ် ပြန်ထုတ်ချိန်မှာ မဲစာရင်းကို ပထမ ပုံစံအတိုင်း မဟုတ်ဘဲ လူနာမည်၊ လမ်းနာမည်တွေနဲ့ ပုံစံ ပြောင်းလိုက်တယ်။ မဲစာရင်း သွားကြည့်သူတွေ ရှာရခက်ပြီး မျက်စိ ရှုပ်ကုန်တယ်။ ကိုယ့်နာမည် ပါ၊ မပါ၊ ကိုယ်ပြင်ထားတာ ပြင်၊ မပြင် ဒါကိုပဲ အာရုံ စိုက်နိုင်ပါတော့တယ်။ ဒီအချိန်မှာ လူပိုတွေ ထွက်လာတာကို လူအများစုက သတိမထား နိုင်တော့ပါဘူး။

ဒီလိုဖြစ်သွားတာကို တစ်ဦးချင်း၊ တစ်ယောက်ချင်း ကြည့်ရင် မသိသာပေမယ့် အားလုံးကို ခြုံကြည့်လိုက်ရင် ထင်ထင်ရှားရှား မြင်လာပါလိမ့်မယ်။ အခု ထုတ်ထားတဲ့ မဲစာရင်းမှာ လူပို ဘယ်နှသန်း ပါသွားပြီလဲ။ ဘယ်သူမှ မသိနိုင်တော့ဘူး။ ဒီလိုပုံစံနဲ့ဆို မဲလိမ်၊ မဲခိုးမှုတွေ လုပ်လို့ရသွားပြီ။

ဥပမာအနေနဲ့ လှိုင်သာယာကိုပဲ ကြည့်လိုက်ပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ထုတ်ပြန်တဲ့အခါ လှိုင်သာယာ မြို့နယ်မှာ ၂၉၀၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။ အဲဒီလူတွေထဲမှာ ခန့်မှန်း လူဦးရေ ၁၅၀၀၀၀ လောက်က လှိုင်သာယာမှာ မနေတော့တဲ့ ရွှေ့ပြောင်းတွေ ဖြစ်နေတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဆိုတယ်။ ဒါဆိုရင် အမှန်တကယ် မဲပေးသူက ၁၄၀၀၀၀ ပဲရှိပြီး လူပိုက ၁၅၀၀၀၀ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအချိန်မှာပဲ မဲစာရင်းထဲ မပါဘဲ လှိုင်သာယာမှာ နေထိုင်နေတဲ့ မဲပေးပိုင်ခွင့်ရှိသူ ၁၅၀၀၀၀ နီးပါး ထပ်ရှိနေတယ်။ သူတို့တွေက ဒေသဆိုင်ရာ အာဏာပိုင်တွေကို လွန်ဆန်ဝံ့သူတွေ မဟုတ်ပါဘူး။

ရွေးကောက်ပွဲနေ့ ရောက်တဲ့အခါ အမှန်တကယ် နေထိုင်ခြင်း မရှိဘဲ မဲစာရင်းမှာ ပါနေတဲ့ လူပိုတွေ အစား မဲစာရင်း မပါဘဲ အပြင်မှာ ရှိနေတဲ့လူတွေက ဆန္ဒမဲပေးခွင့် သက်သေခံ လက်မှတ်တွေ ကိုင်ပြီး မဲသွားပေးရင် ဘယ်လိုလုပ်မလဲ။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ လှိုင်သာယာမြို့နယ်ရဲ့ မဲရလဒ်တွေမှာ ပါတီ တစ်ခုတည်းက အပြတ်အသတ် မရှိခဲ့ဘူး။ အဲဒီတုန်းက လှိုင်သာယာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း ရှစ်ဦး ၀င်ပြိုင်ခဲ့တယ်။ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်က ၃၃ ရာခိုင်နှုန်းရပြီး ကပ်နိုင်ပါတယ်။ သူ့နောက်မှာ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ကိုယ်စားလှယ်လောင်းက ၂၆ ရာခိုင်နှုန်းနဲ့ ကပ်လိုက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ်လောင်းက ၂၁ ရာ ခိုင်နှုန်းရခဲ့ပါတယ်။

ဒီလို ဆန္ဒမဲ ပြတ်သားမှု မရှိခဲ့တဲ့ နယ်မြေတစ်ခုမှာ လူပိုတွေ အများကြီးပါနေတဲ့ မဲစာရင်းနဲ့ဆို မဲလိမ်၊ မဲခိုးမှု လုပ်ချင်သူတွေအတွက် အကောင်းဆုံးဖြစ်လာမယ်။ လှိုင်သာယာဟာ မဲလိမ်၊မဲခိုးတာ လုပ်ဖို့ အကောင်း ဆုံးနေရာတစ်ခုပါပဲ။

နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်း ကမောက်ကမဖြစ်မှုဟာ ဆော့ဖ်ဝဲ အပြောင်းအလဲ၊ ဆော့ဖ်ဝဲ အမှားကြောင့်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြောခဲ့တယ်။ ဒါက လက်ခံနိုင်စရာမရှိဘူး။ အမှန်တော့ လေ့လာစောင့်ကြည့်သူတွေ သက်သေရှာလို့မရအောင် လူပိုတွေ ထည့်ပေးလိုက်သလိုပဲ ဖြစ်ခဲ့ပါတယ်။

သေချာတာကတော့ မဲစာရင်းမှာ လူပိုတွေ ဘယ်လောက်ပါနေလဲဆိုတာ အသေးစိတ် မစစ်နိုင်တော့ပါဘူး။ နိုင်ငံရေးပါတီတွေလည်း မစစ်နိုင်တော့ဘူး။ လေ့လာ စောင့်ကြည့်သူတွေလည်း မစစ်နိုင်တော့ဘူး။ စစ်ဖို့ ပြင်တဲ့အချိန်မှာ သတ်မှတ်ရက် ကုန်သွားပြီ။ နောက်တစ်ကြိမ် ပြန်ထုတ်မယ့် အချိန်က ရွေးကောက်ပွဲ မတိုင်မီ တစ်ရက်အလို နိုဝင်ဘာ ၇ ရက်ဆိုတော့ ဘာမှလုပ်မရတော့ပါဘူး။

ပထမအကြိမ် မဲစာရင်းထုတ်ပြန်မှုမှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ မှားခဲ့မယ်။ ပြင်ကြတဲ့အတွက် အမှား ၁၀ ရာ ခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းပဲ ရှိတော့မယ်။ ဒီလောက်ပဲ ကျန်တော့ချိန်မှာ စာရင်းမှန်ကို ကိုင်ထားပြီး ၃၀ ရာခိုင်နှုန်းပဲ အာမခံမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအေးပြောခဲ့တာက မှန်နေတဲ့ မဲစာရင်းတွေကို ဖြုတ်ချဖို့ တမင်လုပ်ခဲ့တာလို့ စွပ်စွဲပါမယ်။ ဒီစွပ်စွဲချက်ကို ငြင်းဆန်မယ်ဆိုရင် မဲစာရင်းအမှန် ၁၀၀ ရာခိုင်နှုန်းအတွက် အာမခံ ပေးဖို့လိုပါလိမ့် မယ်။ ဒီလို အာမခံတယ် ဆိုရင်တော့ စွပ်စွဲတာကို ပြန်ရုပ်သိမ်းပေးပါမယ်။

မဲစာရင်းကို ၃၀ ရာခိုင်နှုန်းပဲ အာမခံချက်ပေးတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့တော့ ဘယ်ရွေးကောက်ပွဲမှ လုပ်လို့မရတော့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတကာ၊ နိုင်ငံရေးပါတီတွေ၊ လေ့လာ စောင့်ကြည့်သူတွေ အနေနဲ့ သေချာ စဉ်းစားဖို့လိုပါတယ်။ အခု မဲစာရင်းနဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ပါဘူး။

အကောင်းဆုံးကတော့ မဲစာရင်း ၉၀ ရာခိုင်နှုန်းလောက်မှ မှန်အောင် မလုပ်နိုင်ဘူးဆိုရင် ဥက္ကဋ္ဌဦးတင်အေး နုတ်ထွက်လိုက်ပါ။ ဒါမှမဟုတ် ရွေးကောက်ပွဲကို အချိန်တစ်လ ရွှေ့ဆိုင်းပြီး အနည်းဆုံး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးပါ။ မှန်ကန်တဲ့ မဲစာရင်းဖြစ်အောင် အချိန်တစ်လနဲ့ လုပ်ပေးနိုင်တယ်လို့ ပြောထားတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။

ဒါကြောင့် ဦးတင်အေးအနေနဲ့ ဥက္ကဋ္ဌ တာဝန်က နုတ်ထွက်မလား၊ ရွေးကောက်ပွဲ ကိုအချိန်တစ်လရွှေ့ဆိုင်းပြီး ၉၀ ရာခိုင်နှုန်း အာမခံတဲ့ မဲစာရင်းကို ပြန်ထုတ်ပေးမလား။ ဒါမှမဟုတ်ရင် သမ္မတဦးသိန်းစိန်က ဘယ်လို တာဝန်ယူမလဲ။

ဆက်ရေးပါဦးမယ်။

Eleven Media Group

ယနေ့ မြန်မာနိုင်ငံက အစစ်အမှန် အပြောင်းအလဲ တစ်ခုကို တောင်းဆိုနေသည်။ အခု အနေအထားက အဆိုးရွားဆုံး အခြေအနေမှာ ရောက်နေသည်။ ဆင်းရဲမွဲတေမှုမှာ ချန်ပီယံ။ မဖွံ့ဖြိုး မတိုးတက်တာကို စာရင်းကောက်ရင် ဘိတ်ချေး။ ကျန်းမာရေး စောင့်ရှောက်မှုက အောက်ဆုံးနားမှာ။ ပညာရေး အဆင့်အတန်းက အောက်တန်း။ ဥပဒေ စိုးမိုးမှုက သုည။ တန်းတူညီမျှမှုက ကင်းမဲ့။ ဒီမိုကရေစီက ဆိတ်သုဉ်း။ လူ့အခွင့်အရေး နတ္ထိ။ နိုင်ငံ တကာနှင့် ယှဉ်တော့ နောက်ကျ။ မုဒိမ်းမှု လူသတ်မှု လုယက်မှုတို့ စသည့် ရာဇ၀တ်မှု အရှိန်က မြင့်မား။ မလုံခြုံမှုက ထိပ်တန်း။
မြန်မာပြည်သူတို့ အတွက် ဘယ်မှာရှာရှာ အကောင်းကို မတွေ့။
မြန်မာနိုင်ငံက သဘာဝ သယံဇာတများ ပေါကြွယ်ဝသည် ဆိုပြီး အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့တာ ဖြစ်သည်။

သို့သော်လည်း သဘာဝ သယံဇာတများဖြစ်သည့် သစ်တောများ၊ သတ္ထုသိုက်များသာ ပြောင်သလင်း ခါသွားခဲ့သည်။ တိုင်းသူ ပြည်သားများမှာ အရောင်မွဲသထက်မွဲ၊ မှိန်သထက် မှိန် ဖြစ်လာသည်။ ဖွတ်သထက်ညစ် ဖြစ်လာသည်။
ပြည်သူတို့ မွဲနေချိန်မှာ ဘယ်သူတွေက ပြောင်ပြောင်ယောင်ယောင် ရှိလာသလဲ ဆိုတာကိုလည်း ပြည်သူ အားလုံးက သိနေခဲ့သည်။

ဒါကြောင့်ပဲ မြန်မာပြည်သူတို့က သည်အခြေအနေကို ပြောင်းချင်သည်။ မပြောင်းမဖြစ် ပြောင်းချင်ကြသည်။ သည်တော့ ရွေးကောက်ပွဲကို အပြည့်အ၀ ယုံကြည် စိတ်ချတာ မဟုတ်သော်လည်း ရွေးကောက်ပွဲအတွက် အားတက်သရော ၀ိုင်းဝန်း လုပ်ဆောင်ကြသည်။ လှုပ်ရှားကြသည်။
အားလုံးက တက်တက်ကြွကြွ။
ရွေးကောက်ပွဲမှာ ယှဉ်ပြိုင် ရွေးချယ် မဲပေးရမည့် ပါတီကြီးများကိုလည်း စေ့ငုကြည့်ကြ ဝေဖန်ကြတာတွေ ကြားနေရသည်။ ပြည်သူတွေက ယခု ရွေးကောက်ပွဲမှာ မှန်မှန်ကန်ကန် ရွေးချယ် မဲပေးခဲ့လျှင် တိုင်းပြည် အပြောင်းအလဲ ဖြစ်နိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့်။

အဲသည်မှာ အမှားမှား အယွင်းယွင်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေသည့် မဲစာရင်းများနှင့် ပြည်သူတို့ ထိပ်တိုက် တွေ့ရသည်။ မဲစာရင်း ပြုစုထားလိုက်သည်မှာ ရစရာမရှိ။ တစ်ပြည်လုံးမှာလိုလို သောက်သောက်လဲ မှားယွင်းမှုတွေကို တွေ့နေရသည်။ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ အများစုမှာ နေ့စဉ်လိုလို မဲစာရင်း အမှားများအကြောင်းသာ အချင်းချင်း ဖလှယ်နေကြရသည်။ မဲစာရင်းအမှန်ဖြစ်ရေးကို မိမိ မဲဆန္ဒနယ်မှာ ကိုယ်တိုင် ကိုယ်ကျသွားပြီး ပြင်ဆင်ပေးဖို့ တောင်းဆိုနေရသည်။
အမှန်တော့ မဲစာရင်းများ မှန်ကန်ရေး၊ တရားမျှတ လွတ်လပ် သန့်ရှင်းသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးတို့ ဆိုသည်က အစိုးရက တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်သည်။ မိမိတာဝန်ကို ပိုင်ပိုင်နိုင်နိုင် ယူနိုင်အောင် ကြိုးစားရမည့် အစား ပြည်သူလူထုကို မဲစာရင်း ကြည့်ပြီး ပြင်ဆင်ရန် တိုက်တွန်း နေရသည်။ ပြည်သူလူထုကမူ အစဉ်အလာမပျက် ကိုယ့်ဝန် ကိုယ်ထမ်းကာ အစိုးရတာဝန် မကျေသမျှ မိမိဘာသာ ကြိုးစား ဖြေရှင်းပြီး တာဝန်ယူသည့် ရိုးရာမပျက် အလုပ် လုပ်နေကြရသည်။

မုန်တိုင်းဒဏ်ထိလည်း မိမိတို့အချင်းချင်း အားပေးကြ ကူကြဖေးမကြ တစ်ယောက်နှင့် တစ်ယောက် ထူကြ။
ကိုယ့်ရပ်ကွက်ထဲ ကိုယ့်ရွာထဲ ကိုယ့်လမ်းကိုယ်ရှင်း ကိုယ်ထူကိုယ်ထ လုပ်ခဲ့ကြတာလည်း မနည်းပြီ။
ရာဇ၀တ်မှုနဲ့ ခိုး ဆိုး လု သတ်များ လွှတ်လိုက်ပြီ ဆိုတော့လည်း တစ်ဦးနှင့် တစ်ဦး သတင်းပေးကြ၊ ကာကွယ်ရေး နည်းလမ်းများ လမ်းညွှန်ကြနှင့် အစိုးရ အပြည့်အ၀ မယူသည့် တာဝန်ကို လွှဲယူနေကြရသည်။

ယခုလည်း မဲစာရင်းကိစ္စ။
မဲစာရင်း အမှားများ ဖြစ်ပေါ်လာသည်နှင့်အမျှ ပြည်သူတို့ ကြားမှာ အသိတစ်ခု ရှိလာနေသည်။
အရွယ်ရောက်သူတိုင်း မဲပေးခွင့် ရှိကို ရှိရမည် ဆိုတာပဲ ဖြစ်သည်။
ပြည်သူလူထု တစ်ရပ်လုံးလုံး လိုလိုက အချင်းချင်း သတိပေးကြ၊ လှုံ့ဆော်ကြ၊ မဲစာရင်းသွားကြည့်ကြ၊ မဲစာရင်း အမှားတွေ များနေတယ် သတိထားကြ၊ မဲစာရင်း အမှားတွေ အမြန်သွားပြင်ကြ၊ မဲစာရင်း အမှန်ဖြစ်အောင် ပြင်ကြဆိုပြီး ဗျို့ဟစ် နှိုးဆော်နေကြရသည်။

ပြည်သူလူထု၏ အင်အား၊ တက်ကြွမှုတို့နှင့် ပေါင်းစပ်ထားသော လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့ရွေးချယ်မှု၊ ပြည်သူ့ဆန္ဒတို့ကို အားရပါးရ ဖော်ပြဖို့ စိုင်းပြင်းနေကြပြီ။ ပြည်သူ့အင်အားကို ဘာနှင့်ဖျက်လို့မှ ရနိုင်တော့မည် မဟုတ်ဟု ပြည်သူတို့က ကြွေးကြော်နေကြပြီ။
__________________________________

ပြည်သူ့အရေးဂျာနယ်၊ အတွဲ - ၂၊ အမှတ် - ၅၃၊ အယ်ဒီတာ့အာဘော် ...

တရားရုံးထုတ်စစ်ဆေးမှုကို လုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်များ။
တရားရုံးထုတ်စစ်ဆေးမှုကို လုံခြုံရေးယူနေတဲ့ရဲတပ်ဖွဲ့ဝင်များ။

ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲ့ ရဲအင်အား ၅၀ ရာခိုင်နှုန်းကို လုံခြုံရေးအနေနဲ့ အသုံးပြုသွားမယ်လို့ ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။ ဒီအပြင် ရန်ကုန်တိုင်းဒေသကြီး အတွက် အထူးရဲ အင်အား ၆၀၀၀ နီးပါးအသုံးပြုမယ် လို့လည်း ပြောဆိုလိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါတယ်။

ဒီကနေ့ကျင်းပခဲ့တဲ့ ၅၁ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ခုလိုပြောဆို လိုက်တာပါ။ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲအကြိုကာလ၊ မဲဆွယ်ကာလ၊ မဲပေးကာလနဲ့ ရွေးကောက်ပွဲလွန်ကာလဆိုပြီး ကာလ ၄ ခုခွဲကာ လုံခြုံရေး ရယူဖို့ရှိ တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဒုတိယရဲမှူးကြီး ဝင်းဗိုလ်က ဗွီအိုအေ ကိုပြောပါတယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေး ဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ပတ်သတ်ပြီး သူကိုခုလိုပြောပြတာပါ။

“ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲအနေနဲ့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲဖြစ်စေချင်ပါတယ်။ လုံခြုံရေး စီမံချက်နဲ့ ပက်သက် လာရင်လည်း စည်း ၅ စည်း ဆိုတာရှိပါတယ်။ မဲရုံနဲ့ မဲရုံ ပရိဝုဏ်အတွင်း လုံခြုံရေးဆောင်ရွက်ဖို့ကို အထူးရဲများ ခန့်ထားဆောင်ရွက်တာရှိပါတယ်။ မဲရုံရဲ့ အတွင်းစည်း အနီးစည်း၊ အပြင်စည်း၊ အဝေးစည်း တွေကို သက်ဆိုင်ရာ စခန်းမှူး၊ မြို့နယ်မှူး၊ ခရိုင်တပ်ဖွဲ့မှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ စည်းအမျိုးမျိုးနဲ့ သက်မှတ်ထားတာရှိပါတယ်။ ဒီအပေါ်မှာ လက်ရှိ ကျနော်တို့ ရဲတပ်ဖွဲ့ဝင်များရဲ့ ၅၀ ရာခိုင်နှုန်း အင်အားကိုတော့ ရွေးကောက်ပွဲမှာ အသုံးပြုမယ်လို့ ယာထားပါတယ်။”

ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် အသုံးပြုမယ့် အထူးရဲတွေနဲ့ပတ်သတ်ပြီး အရှေ့ပိုင်းခရိုင် ရဲမှူး မြင့်ထွေးက ခုလိုဗွီအိုအေကို ပြောကြားခဲ့တာပါ။

“အောက်တိုဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လ။ တစ်လ စာကို လစာ နှစ်ကြိမ်ထုတ်မယ်၊ သူတို့ကို ကျနော်တို့က ၂၀ ရက်ကနေ ၃၀ ရက်ကို သင်တန်းပေးမယ်။ ကျနော်တို့ လက်ရှိလည်း သူတို့ကို သင်တန်းပေးဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ကျနော်တို့ နည်းပြအနေနဲ့ သင်တန်းတွေပေးနေတာဖြစ်ပါတယ်။ ကျနော်တို့ အောက်တိုဘာ ၁၅ ရက် ခန့်တာနဲ့ သူတို့ကို သင်တန်းပေးမှာပါ။ မဲရုံနဲ့ပက်သက်ပြီး ဘာလုပ်ရမလဲ။ ဘယ်လိုတွေဆောင်ရွက်ရမလဲ ၊ မဲရုံနဲ့ ပက်သက်တဲ့ လွတ်တော် ဥပဒေတွေက ဘာတွေ၊ နည်းဥပဒေတွေက ဘာတွေ ဆိုတာ ရှင်းပြမှာပါ။ ၁၅ မှာ စခန့်မှာပါ။ ၂၀ မှာ ကျနော်တို့သင်တန်းပေးမှာပါ။ မဲရုံရဲ့လုံခြုံရေးကိုတော့ အထူးရဲနဲ့ထားပြီးတော့ ၊ ကျန်တဲ့ မဲသယ်ပို့တာတို့ နယ်မြေလုံခြုံရေးကိုတော့ လက်ရှိတပ်ဖွဲ့ဝင်တွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။”

လာမယ့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို အထူးသတိထား လုပ်ဆောင်မယ်လို့လည်း ဒီကနေ့ကျင်းပတဲ့ရဲတပ်ဖွဲ့နေ့မှာ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ပြောပါတယ်။ လုံခြုံရေးအတွက် လုပ်ဆောင်မယ့် အစီစဉ်တွေနဲ့ပတ်သတ်ပြီး ဝန်ကြီးချုပ်ဦးမြင့်ဆွေက ရဲတပ်ဖွဲ့နေ့အခမ်းအနားမှာ ခုလိုပြောဆိုခဲ့တာပါ။

“မဲဆွယ်စည်းရုံးရေးကာလဟာ လုံခြုံရေးအရ အရေးအကြီးဆုံးကာလ တစ်ခုဖြစ်ပြီး မဲဆွယ်စည်းရုံးရာမှာ ပါတီအဖွဲ့အစည်း တခုနဲ့တခု ၊ ကိုယ်စားလှယ် တဦးနဲ့တဦး မလိုလားအပ်တဲ့ ပြဿနာများ ဖြစ်ပေါ်လာနိုင်တဲ့အပြင် လူမျိုးရေး၊ ဘာသာရေးတို့ကို အကြောင်းပြုပြီး ပဠိပက္ခ အသွင်ဆောင်တဲ့ လှုပ်ရှားမှုများဆောင်ရွက်လာနိုင်သည်။ အထွေထွေရွေးကောက်ပွဲ အောင်မြင်အောင်ကျင်းပနိုင်ရေးကို ထိခိုက်လာနိုင်တဲ့ အတွက် နယ်မြေသတင်းများ ထောက်လှမ်းရယူကာ ကြိုတင်ကာကွယ် တားဆီးမှုများ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မသမာသူများက ဖောက်ခွဲ ပစ္စည်းများကို မပြုလုပ်လာနိုင်စေရေးအတွက် ဧည့်စာရင်းစစ်ဆေးခြင်း ၊ ယဉ်ဆို့ စစ်ဆေးခြင်းကိုလည်း အရှိန်မြင့်တင်ဆောင်ရွက်သွားဖို့ ပြောကြားလိုပါတယ်။”

လာမယ့် ရွေးကောက်ပွဲအတွက် လက်ရှိ ဝန်ကြီးဌာန ရဲ့ဖွဲ့စည်းပုံ အတိုင်း ရဲအင်အား အပြည့် မရှိတဲ့ အတွက် ရွေးကောက်ပွဲကာလ အတွက်အသုံး ပြုဖို့ ရွေးကောက်ပွဲ အထူးရဲတွေကို ကာလတို ခေါ်ယူတာဖြစ်ပါတယ်။ မဲရုံလုံခြုံရေး နဲ့ အမှားအယွင်း မရှိစေရေး တွေအတွက် အသုံးပြုမှာဖြစ်ပါတယ်။ အထူးရဲ ဝတ်စုံကိုတော့ လက်ရှိ ရဲယူနီဖောင်း အတိုင်းပဲလို့ လော လော ဆယ်သတ်မှတ် ထား မှာဖြစ်တယ်လို့ ရဲမှုးမြင့်ထွေးကပြောပါတယ်။

ဒီအထူးရဲတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် အောက်တိုဘာကနေ နိုဝင်ဘာ အထိ ၁လကြာ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး တလလျှင် အခြေခံလစာ ၁ သိန်း ၂ သောင်းကျပ် နဲ့ နေ့တွက် စရိတ်အဖြစ် တရက်လျှင် ၁၀၀၀ ကျပ် ခံစားခွင့် ရှိမှာပါ။ ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲ ကာလမှာ တစ်နိုင်ငံလုံးအနှံ့က မဲရုံလုံခြုံရေးတာဝန်ယူဖို့အတွက် အထူးရဲ ၂သောင်းကျော် ခန့်အပ် တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ မဲဆန္ဒရှင် ၅ သန်းနီးပါး ရှိပြီး မဲရုံပေါင်း ၅၅၀၀ ကျော် ရှိပါတယ်။ ဖွင့်လှစ်မယ့် မဲရုံတွေ တိုင်းကို ရွေးကောက်ပွဲ အထူးရဲက တာဝန်ယူမှာဖြစ်ပြီး မဲသယ်ပို့မှုနဲ့ နယ်မြေလုံခြုံရေးအတွက် အမြဲတမ်း ရဲဝန်ထမ်းတွေကိုပါ လုံခြုံရေး ချထားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

မေခ/VOA
http://burmese.voanews.com/content/myanmar-police-said-they-are-respinsible-for-the-securit-during-election-/2986992.html

တရုတ်နိုင်ငံတောင်ပိုင်း Guangxi ပြည်နယ်မှာ တနေ့တည်း ဗုံးဖောက်ခွဲမှု ဒါဇင်နဲ့ချီ ဖြစ်ပွားခဲ့။
 တရုတ်နိုင်ငံတောင်ပိုင်း Guangxi ပြည်နယ်မှာ တနေ့တည်း ဗုံးဖောက်ခွဲမှု ဒါဇင်နဲ့ချီ ဖြစ်ပွား ခဲ့ပြီး တရက် အကြာ ဒီကနေ့မှာလည်း နောက်ထပ် ဖောက်ခွဲမှုတခု ထပ်ဖြစ်ခဲ့ပါတယ်။ မနေ့က နေရာ အတော်များများမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေ အတွင်းမှာ လူ ၇ ယောက်ထက် မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာတွေ ရခဲ့ကြတာပါ။

အခုနောက်ဆုံး ဖောက်ခွဲမှုကတော့ Liuzhou မြို့က Liucheng ရပ်ကွက်မှာရှိတဲ့ ၆ ထပ်တိုက် တခုမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းမှာ ဖော်ပြထားပါတယ်။ ဗုံးဖောက်ခွဲမှုနဲ့ သံသယရှိထားသူဟာ Wei မိသားစုက အသက် ၃၃ နှစ်အရွယ် အမျိုးသားတဦး ဖြစ်တယ်လို့ Liuzhou မြို့က အာဏာပိုင်တွေ ပြောဆိုတာကို ကိုးကားပြီး အစိုးရသတင်းစာက ဖော်ပြပါတယ်။

ဖောက်ခွဲသူဟာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အချင်းများမှုတခုကနေ ဒါကို မကျေနပ်လို့ လက် တုံ့ပြန်တဲ့ အနေနဲ့ ဖောက်ခွဲခဲ့ပုံ ရတယ်လို့လည်း ဖော်ပြ ထားပါတယ်။ သံသယရှိသူကို ဖမ်းဆီး ထိန်းသိမ်းထား သလားဆိုတာတော့ သေချာ မသိရသလို၊ ဘာကြောင့် သူ ခုလို ဖောက်ခွဲခဲ့တာလဲ ဆိုတဲ့အပေါ်မှာလည်း အာဏာပိုင်တွေက အတည်ပြု မပြောသေးပါဘူး။

မနေ့က ပေါက်ကွဲမှုတွေဟာ ကုန်တိုက်၊ ကုန်စုံဆိုင်၊ အကျဉ်းထောင်၊ ရထားဘူတာရုံ၊ ဆေးရုံတရုံနဲ့ လေဟာပြင်ဈေးတခု အပါအ၀င် နေရာပေါင်း ၁၃ နေရာမှာ ဖြစ်ခဲ့တာလို့ ဒေသခံ လူထုလုံခြုံရေးဌာနက အတည်ပြုပါတယ်။ ပါဆယ်ဗုံးတွေကြောင့် ဒီပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပုံရတယ်လို့ အစိုးရအာဘော် ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

လူမှုဆက်သွယ်ရေး အင်တာနက်စာမျက်နှာတွေမှာ တင်ထားတဲ့ ဓာတ်ပုံတွေမှာ အဆောက်အဦးတလုံး တစိတ်တပိုင်း ပြိုကျ ပျက်စီးနေပြီး လမ်းပေါ်မှာ ကားတွေ ဇောက်ထိုးမိုးမျှော်ဖြစ်နေတာတွေနဲ့ ဖောက်ခွဲခံရတဲ့ ဈေးဆိုင်တခုရဲ့ ကျန်တဲ့ မျက်နှာစာ ဖြစ်ပုံ ရတဲ့ပုံတွေကို တွေ့ရပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာ သံဃာတော်များ
မန္တလေးတိုင်း ​အမရပူရမြို့ ​မဟာကန္ဓာကျောင်းတိုက် ​ဆရာတော် ​ဦးသူရိယက ​မဘသ ​ဘုန်းကြီး ​တချို့နဲ့ ​မဘသ ​ဗဟိုတို့ကနေ ​ပြည်သူတွေကို ​ဇဝေဇဝါ ​ဖြစ်အောင် ​ဘာသာရေးကို ​နိုင်ငံရေးလက်နက်အဖြစ် ​သုံးပြီး ​ဟောပြောစည်းရုံးတဲ့အပေါ် ​ရှုတ်ချကြောင်း ​ထုတ်ပြန်ခဲ့ပါတယ်။

ဒီမနက်မှာပဲ ​ထုတ်ပြန်တဲ့ ​လူထုသို ​အသိပေးခြင်း ​ဆိုတဲ့ ​ကြေညာချက်ထဲမှာ ​မဘသကနေ ​ဘာသာရေးကို ​အသုံးချပြီး ​ဒေါ်အောင်ဆန်းစုကြည်နဲ့ ​NLD ​ကို ​ပုတ်ခတ်နေတာက ​မလုပ်ထိုက်တဲ့ ​အလုပ်အဖြစ်လို့ ​မြင်တဲ့အတွက် ​အပြင်းအထန် ​ကန့်ကွက်ရတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ ​ပြောတိုင်းမယုံပဲ ​ပြည်သူကိုသာ ​အကျိုးပြုမယ့် ​NLD ​ပါတီကိုသာ ​ရွေးချယ်ကြဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။

အခုလောလောဆယ် ​မဘသ ​အဖွဲ့က ​NLD ​သာ ​အာဏာရရင် ​မွတ်စလင်နိုင်ငံ ​ဖြစ်မယ်ဆိုပြီး ​ပြောဆိုမှုတွေ ​ရှိနေပါတယ်။

NLD ​ကို ​ထောက်ခံသူတွေကလည်း ​မွတ်စလင်တွေ ​များပြားနေတာက ​NLD ​ကြောင့်မဟုတ်ပဲ ​လက်ရှိအစိုးရကနေ ​နေထိုင်ခွင့်ပေးလို့ ​များပြားရတာ ​ဆိုပြီး ​တုန့်ပြန်နေကြပါတယ်။

တဆက်တည်းမှာပဲ ​NLD ​ပါတီရဲ့ ​နာယက ​ဦးတင်ဦးဟာ ​မနေ့တုန်းက ​မန္တလေးမြို့ ​မစိုးရိမ်ကျောင်းတိုက်က ​ဆရာတော် ​ဦးဝီရသူနဲ့ ​တွေ့ဆုံခဲ့ပါတယ်။

ဦးဝီရသူက ​ပြည်သူချစ်တဲ့ ​NLD ​ပါတီကနေ ​ပြည်သူ ​ချဉ်တဲ့ ​NLD ​ပါတီမဖြစ်အောင် ​လုပ်ဆောင်ဖို့ ​မိန့်ကြားလိုက်ပါတယ်။

NLD ​ရဲ့ ​တောင်းဆိုမှုတွေကို ​မကန့်ကွက်လိုပေမယ့် ​၅၉ ​(စ) ​လို ​ဥပဒေကို ​ပြင်ဆင်ဖို့ ​ကြိုးစားတာကို ​ကန့်ကွက်တယ်လို့ ​ပြောပါတယ်။

၅၉ ​(စ) ​လုံးကတော့ ​နိုင်ငံခြားသား ​မိသားစုဝင်ရှိသူတွေကို ​သမ္မတ ​ဖြစ်ခွင့် ​ပိတ်ပင်ထားတဲ့ ​ဥပဒေဖြစ်ပြီး ​အဲဒီ ​ဥပဒေကြောင့် ​ရွေးကောက်ပွဲမှာ ​NLD ​ပါတီ ​အနိုင်ရရင်တောင် ​ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ​သမ္မတ ​ဖြစ်ခွင့်မရှိတဲ့ ​ဥပဒေမျိုး ​ဖြစ်ပါတယ်။

ဦးဝီရသူကတော့ ​အဲဒီ ​ဥပဒေက ​နိုင်ငံရဲ့ ​အချုပ်အခြာနဲ့ ​အမျိုးသား ​လုံခြုံရေးအတွက် ​အကာအကွယ်ပေးထားတာကြောင့် ​အဲဒီ ​ဥပဒေမျိုးကို ​ဆက်ထားလိုတာလို့ ​မိန့်ပါတယ်။

ဒါပေမဲ့ ​လွှတ်တော်မှာ ​ရှိနေတဲ့ ​စစ်တပ်တွေ ​နောက်ပိုင်းမှာ ​လွှတ်တော်ထဲ ​မနေသင့်ဘူးဆိုတာကတော့ ​NLD ​နဲ့ ​အမြင်တူကြောင်းလည်း ​မိန့်ကြားခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို မဲဆွယ်စည်းရုံး ဟောပြောခွင့်မပြုကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က မနေ့ညက အကြောင်းပြန်လိုက်ပြီး မနောကွင်းဝင်ပေါက် သုံးခုကို သော့ခတ်ပိတ်လိုက်ပါတယ်။

မနောကွင်းမှာ ဟောပြောပွဲစင်မြင့် ဆောက်ဖို့အတွက် အရင်ကပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို ဒီနေ့မနက် သယ်ယူဖို့အတွက် အထဲကိုဝင်ခွင့်မပေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ် အောင်မြင်ရေးတာဝန်ခံ ဒေါ်ကြူကြူသန်းက ပြောပါတယ်။

"ကျမတို့အနေနဲ့ကတော့ မနောကွင်းကို သုံးခွင့်မပြုဘူးလို့ ထုတ်ပြန်လိုက်တဲ့စာကို ကျမတို့လိုက်နာတယ်နော်၊ သော့ခတ်လိုက်တာဟာလည်း အစိုးရိမ်လွန်ပြီးတော့ သော့ခတ်တယ်ဆိုရင်လည်း ကျမတို့ ဘာမှအပြစ်ပြောစရာမရှိဘူး၊ ဟောပြောစင်မြင့်တည်ဆောက်ဖို့အတွက် ဒီအထဲကပစ္စည်းတွေကို သယ်ယူသွားရမယ့်ကိစ္စဟာ ကျမတို့ကို တံခါးတောင်မဖွင့်ပေးနိုင်ဘူးဆိုတဲ့ အဖြစ်ကတော့ ဘယ်လိုဖြစ်လို့ ကော်မရှင်ဟာ ဒီလိုဆုံးဖြတ်ပြီး ဒီလိုလုပ်နိုင်တာလဲဆိုတာ စဉ်းစားလို့တောင် မတတ်တော့ပါဘူး"

မနောကွင်းတံခါးတွေကို မနေ့ညက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက်သော့ခတ်လိုက်တာလို့ ယူဆရကြောင်း ကချင်လူမျိုးများရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလဂျိုင်ဟောင်းခေါင် က ပြောပါတယ်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက အရာရှိတွေကတော့ မိမိတို့ကို အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားထားတာ မရှိကြောင်းနဲ့ မနောကွင်းထဲမှာ လုံခြုံရေးအတွက် အရင်ကလည်း ရဲတပ်ဖွဲ့တွေ ရှိတယ်လို့ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးကို RFA က ဖုန်းနဲ့ ဆယ်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။

အခုလို မနောကွင်းမှာ ဟောပြောပွဲ ပိတ်လိုက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောပွဲကို မနောကွင်းရဲ့လမ်းအနောက်ဘက်ခြမ်းမှာရှိတဲ့ မနောအားကစားကွင်းမှာ ပြုလုပ်ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

အဲ့ဒီနေရာဟာ မိုးရေတွေဝပ်ပြီး ရွှံ့ဗွက်တွေရှိတဲ့ကွင်းဖြစ်ပါတယ်။
အရင်က မနောကွင်းမှာ ဟောပြောပွဲကျင်းပဖို့အတွက် ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မတီက အန်အယ်လ်ဒီပါတီကို ခွင့်ပြုခဲ့ပေမယ့် ကချင်ပြည်နယ်အစိုးရက မနောကွင်းမှာ မဲဆွယ်စည်းရုံးဟောပြောခွင့် မပြုဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြီး တားမြစ်လိုက်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အောက်တိုဘာလ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ မိုးညှင်း၊ ဗန်းမော်၊ မိုးမောက် စတဲ့မြို့တွေမှာ မဲဆွယ်စည်းရုံးဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

ရုရှားနိုင်ငံပိုင် Sukhoi SU-24 လေယာဉ် (Credit: AFP)
ဆီးရီးယားနိုင်ငံက ​အကြမ်းဖက်တွေကို ​တိုက်ခိုက်ရင်း ​အမေရိကန်နဲ့ ​ရုရှားတပ်တွေအကြား ​ပစ်ခတ်မှုတွေ ​မဖြစ်အောင် ​ပူးပေါင်းလုပ်ဆောင်ကြဖို့ ​အမေရိကန်နဲ့ ​ရုရှားတို့ ​သဘောတူခဲ့ကြပါတယ်။

ရုရှားက ​ဆီးရီးယားနိုင်ငံမှာ ​ဝေဟင်အကြမ်းဖက်မှုတွေ ​လုပ်ပြီးနောက်ပိုင်း ​အမေရိကန်နဲ့ ​ရုရှားတို့ ​အခုလို ​တွေ့ဆုံပြီး ​သဘောတူညီမှု ​ရယူတာပါ။

တဖက်နဲ့ ​တဖက် ​မှားယွင်းပစ်ခတ်မှုတွေ ​မဖြစ်ရအောင် ​အမေရိကန် ​ဦးဆောင်တဲ့ ​ညွှန့်ပေါင်းတပ်နဲ့ ​ရုရှားတပ်အကြား ​ဆက်သွယ်မှုလုပ်ပြီးမှ ​ပစ်ခတ်ကြဖို့ ​သဘောတူခဲ့ကြပါတယ်။

သဘောတူညီမှု ​မရခင်တုန်းက ​ရုရှားကနေ ​IS ​တပ်စခန်း ​၈ ​ခုကို ​တိုက်ခိုက်ခဲ့တယ်လို့ ​ရုရှားက ​ပြောပေမယ့် ​ရုရှား ​တိုက်ခိုက်မှု ​လုပ်ခဲ့တဲ့ ​နေရာမှာ ​IS ​တပ်တွေ ​မရှိဘူးလို့ ​အမေရိကန်က ​ပြောလိုက်ပါတယ်။

ရုရှားရဲ့ ​တိုက်ခိုက်မှုကြောင့် ​ပြည်သူတွေ ​သေဆုံးရတယ် ​ဆိုတဲ့ ​သတင်းတွေလည်း ​ထွက်ပေါ်နေပါတယ်။ ​ဗုံးကျဲမှု ​မလုပ်ခင် ​တစ်နာရီအကြာမှ ​ရုရှားဘက်က ​အသိပေးတာတွေ ​လုပ်တာကလည်း ​ပရော်ဖယ်ရှင်နယ် ​မဆန်ဘူးလို့လည်း ​အမေရိကန်က ​ဝေဖန်လိုက်ပါတယ်။

ရုရှားက ​IS ​ကို ​မတိုက်ပဲ ​ဆီးရီးယား ​သူပုန်တွေကို ​ပစ်မှတ်ထား ​တိုက်ခိုက်မှာကိုလည်း ​အနောက်တိုင်းနိုင်ငံတွေက ​စိုးရိမ်နေကြပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


 ကယားပြည်နယ်ရှိ တပ်ဧရိယာတွင်း မဲရုံ(၂၅)ရုံထားရှိမည်ဖြစ်ပြီး တပ်တွင်း နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံး ဟောပြောခွင့်မရှိ ၊ တပ်ဧရိယာပြင်ပတွင်သာ ခွင့်ပြုထားသည်ဟု ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းပြောသည်။

“ကျနော်တို့ ကယားမှာ တပ်တွင်းမှာမဲရုံ (၂၅)ရုံ ထားမှာဖြစ်တယ်။ ဒီတပ်တွင်း မှာရှိတဲ့ မဲရုံ (၂၅)ရုံကို ကိုယ်စာလှယ်လောင်းတွေ ၀င်ပြီး မဲဆွယ်လို့မရပါဘူး။ တပ်အပြင်မှာပဲ မဲဆွယ်လို့ ရမယ်။” ဟု ဦးကျော်ဆန်းဝင်းက ပြောသည်။

တပ်တွင်းရှိ မဲဆန္ဒရှင်များကို သက်ဆိုင်ရာရာဝန်ရှိသူများ သို့မဟုတ် တပ်ရင်းမှူးများထံ ခွင့်ပြုမိန့်တောင်းခံပြီး မဲဆွယ်ခွင့်ပြုစေလိုကြောင်း လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) မှ လွိုင်ကော်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစောပိုလေးက ဆိုသည်။

“တပ်ထဲမဲဆွယ်ခြင်းနဲ့ ပတ်သက်ပြီးတရားဝင်ထုတ်ပြန်ကြေညာခြင်းတော့ မရှိဘူးပေါ့။ ဒါပေမယ့် သက်ဆိုင်ရာတပ်ရင်းတပ်မှူးဖြစ်ဖြစ် အကြာင်းကြားပြီးတော့ သူတို့ ခွင့်ပြုမိန့်ရရင်တော့ မဲဆွယ်လို့ရတယ်ဆိုတဲ့ ဟာ တော့ကြားရတယ်လေ။အဲတော့ သူတို့ ကျနော်တို့ တရားဝင်ခွင့်တောင်းပြီး တော့ သူတို့ ရဲ့  ခွင့်ပြုမိန့်ကိုလည်း ရယူပြီးမှ ၀င်ချင်တယ်။။အခုလောလောဆယ်တော့ တပ်တွင်းမှာ မဲဆွယ်ဖို့က အခက်အခဲတော့ရှိတယ်။” ဟု ဦးစောပိုလေးက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး တပ်တွင်းမဲဆွယ်နိုင်ရန် ပါတီကိုယ်စားလှယ်လောင်းများက တပ်ပိုင်းဆိုင်ရာ တာဝန်ခံများ တရားဝင်ခွင့်ပြုချက်တောင်းဆိုသွားမည်ဖြစ်သော်လည်း အခက်အခဲရှိနိုင်ကြောင်း ကယားလူမျိုးစုဒီမိုကရေစီပါတီ ဥက္ထဌ ၊ ဒီမောဆိုမြို့နယ် အမျိုးသားလွတ်တော်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဦးစောဒယ်နီယယ်က ဆိုသည်။

“တပ်တွင်းမဲဝင်ဆွယ်ဖို့ မလွယ်ပါဘူး…တပ်ထဲမှာ ကျနော်တို့ လည်း မဲဆွယ်လို့လည်းမရဘူးး။မဲဆွယ်ဖို့ တောင်းလို့လည်းရမှာမဟုတ်ဘူး။မဲရုံတောင်မှ တပ်အပြင်ကိုထုတ်ပေးဖို့ သူတို့ ကတိပေးရဲ့သားနဲ့ မထုတ်ပေးဘူး။တပ်ထဲမှာ မဲဆွယ်ဖို့ဆိုတာ အင်မတန်ခက်ပါတယ်။ သူတို့ ခွင့်ပြုရင်တော့ ကျနော်တို့ က ၀င်တာပေါ့။ကျနော်တို့ က ဘာလို့ မ၀င်ရဲမှာလဲ။ဝင်ရဲပါတယ်။”ဟု ဦးစောဒယ်နီယာက ပြောသည်။

ကယားပြည်နယ်တွင် မဲရုံ(၂၂၉)ရုံ ရှိသည့်အနက် မဲရုံ(၂၅)ရုံသည် တပ်တွင်းတွင် ထားရှိမည်ဖြစ်ပြီး မဲရုံ(၃၂)ရုံကလည်း တပ်မတော်မှ အကူအညီဖြင့် လုံခြုံရေး ယူသွားမည်ဖြစ်ကြောင်း သိရပါသည်။

ကယားပြည်နယ်တွင် မဲဆန္ဒရှင် (၁၇၂၁၀၀)ဦး ရှိပြီး ၄င်းထဲတွင် တပ်တွင်းရှိ မဲဆန္ဒရှင်များ (၆၀၀၀)ကျော်ရှိကြောင်းသိရပါသည်။

ကယားပြည်နယ်တွင် ဒေသကွပ်ကဲရေးစစ်ဌာနချူပ်လက်အောက်ခံတပ်ရင်း ၁၀ ရင်း ၊ စစ်ကွပ်ကဲရေး ဌာနချုပ်လက်အောက်ခံတပ်ရင်း ၄ ရင်း ၊ တပ်မ ၅၅ လက်အောက်ခံတပ်ရင်း ၇ ရင်း ၊ နယ်ခြားစောင့်တပ် ၂ ရင်း ၊ အမြောက်တပ် စုစုပေါင်း ၂၄ ရင်းရှိသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes


မြန်မာနိုင်ငံ၌ ယခုနှစ်ကြုံတွေ့ခဲ့ရသည့် ရေလွှမ်းမိုးမှုမှာ ဆယ်စုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပြီး လူ ၁.၆ သန်းခန့် ထိခိုက်ခံစားခဲ့ရကာ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ လယ်မြေအများစုအပါအ၀င် စိုက်ပျိုးမြေဟက်တာ လေးသိန်းနီးပါး ရေလွှမ်းခဲ့ပြီး ငါးကန်များ၊ တိရစ္ဆာန်မွေးမြူရေးခြံများလည်း ရေလွှမ်းမိုးခံရကာ ပျက်စီးဆုံးရှုံးမှုများ ကြုံခဲ့ရသည်။ မုတ်သုန်မိုးအားကောင်းမှုနှင့် အပူပိုင်း ဆိုင်ကလုံးမုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ရေလွှမ်းမိုးမှုများက နေအိမ်များ၊ လမ်းများနှင့် တံတားများကို ပျက်စီးစေခဲ့သည်။


ရေလွှမ်းမိုးမှုဖြစ်ပေါ်စေခဲ့သည့် အကြောင်းရင်းများတွင် သစ်တောပြုန်းတီးမှုက အကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟု မြန်မာနိုင်ငံတွင် တာဝန်ကျနေသော အာရှဖွံ့ဖြိုးရေးဘဏ်မှ ကျွမ်းကျင်သူ ပီတာဘရင်ဘယ်က ပြောကြားသည်။ “ရေလွှမ်းမိုးမှုကိုကြည့်မယ်ဆိုရင် အနည်းဆုံး တောင်တန်းဒေသတွေ၊ သစ်တောပြုန်းတီးနေတဲ့ ဒေသတွေမှာ ရေလွှမ်းမိုးမှုဟာ သစ်တောပြုန်းတီးမှုကြောင့် သက်ရောက်မှု ပိုကြီးမားပါတယ်။ ဒါက ထင်သာမြင်သာတွေ့ရတာပါ” ဟု ပီတာဘရင်ဘယ်ကဆိုသည်။


ကုလ၏ အစားအစာနှင့် စိုက်ပျိုးမွေးမြူရေးအဖွဲ့ချုပ်မှ အဆိုအရ မြန်မာနိုင်ငံသည် ၂၀၁၀ မှစ၍ နှစ်စဉ် သစ်တောဟက်တာ ငါးသိန်းလေးသောင်းကျော် ပြုန်းတီးနေရသဖြင့် အကျပ်အတည်းတစ်ခု ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရသည့် လူမှုအဖွဲ့အစည်းများမှာ တဖြည်းဖြည်း ပြန်လည်ကုစားနိုင်လာပြီဖြစ်သဖြင့် သစ်တောပြုန်းတီးမှု၏ သက်ရောက်မှုကို အာရုံစိုက်ဖြေရှင်းရန် လုပ်ဆောင်နေသည်ဟု နိုင်ငံတကာ ကြက်ခြေနီဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံ ရေလွှမ်းမိုးမှု ကူညီထောက်ပံ့ရေး မန်နေဂျာ ရစ်ချတ်ကာဆာဂရန်ဒီက ဆိုသည်။

လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီ၏ အဆိုအရ တရားဝင်သစ်တင်ပို့မှု ပိတ်ပင်ထားသော်လည်း မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ နှစ်စဉ် တရားမ၀င်သစ်တင်ပို့မှုမှာ တစ်နှစ်လျှင် ကုဗမီတာ ကိုးသိန်းနီးပါး ရှိနေပြီး ဆယ်စုနှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။ သစ်တောပြုန်းတီးမှုကြောင့် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တ္တရာယ်များ ကြုံတွေ့လျှင် ဆုံးရှုံးမှု မြင့်မားနိုင်သည်ဟု ကုလသမဂ္ဂက သတိပေးထားသည်။ သစ်တောများမှာ နိုင်ငံ၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အစားအစာနှင့် အသက်မွေးဝမ်းကျောင်း လုံခြုံရေးတို့အတွက် အဓိကကျပြီး အရေးပါသော ဇီဝမျိုးကွဲများကို ထိန်းသိမ်းပေးသည်ဟု FAO က ပြောကြားသည်။

The Ladies News Journal
https://www.facebook.com/News.TheLadies

 ကချင်ပြည်နယ်အတွင်းမှာ အစိုးရတပ်သားတချို့ ကင်းလှည့်နေစဉ်။ Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်အတွင်း အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အစိုးရတပ်က မန်စီမြို့တွင်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရပ်တန့်ဖို့ မြို့လူထု၊အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့ပေမဲ့၊ အစိုးရတပ်က ဆက်လက် ပစ်ခတ်နေတယ်လို့ မန်စီမြို့ခံတွေက ပြောပါတယ်။

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ စက်တင်ဘာလ၂၅ ရက်နေ့က စာပေးပို့ခဲ့ပေမဲ့၊ စက်တင်ဘာ ၃ဝ ရက် နေ့အထိ မန်စီမြို့တွင်း နေရာ ၄ နေရာကနေ KIA ဘက်ကို ဆက်လက်ပစ်ခတ်နေတာလို့ သိရပါတယ်။ အထူးသဖြင့် မြို့လယ်ဘုရားကုန်းကနေ လှမ်းပစ်နေတာဖြစ်တယ်လို့ အရပ်ဘက်လူမူအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အရပ်သားအကာအကွယ်ပေးရေးအဖွဲ့က ကိုအောင်မျိုးဆန်း က ပြောပါတယ်။

"မြို့တွင်းဘုရားကုန်းကနေ လက်နက်ကြီးတွေမပစ်ပေးဖို့အတွက် ကျနော်တို့လက်မှတ်ထိုးပြီး ဝန်ကြီးချုပ်ဆီ စာတင်တယ် အဲ့ဒါတွေတော့ရှိတယ်၊ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိတော့ ဘာမှပြန်ပြီး ကျနော်တို့ကို အကြောင်းပြန်လာတာတော့မရှိသေးဘူး တောက်လျှောက်ပစ်နေတယ်ပေါ့နော်၊ ဆိုတဲ့အခါ တစ်ဘက်မှာဒေသ ခံတွေရဲ့ စိုးရိမ်မှုတွေကလည်း တော်တော်ရှိတယ်ဗျ၊ ကျနော်တို့ကိုယ်တိုင် လက်နက်ကြီးပစ်တဲ့ဘေးမှာ သွားနေ ခဲ့တယ်ပေါ့နော်၊ လက်နက်ကြီး တစ်ချက်တစ်ချက်ပစ်လိုက်ရင် ဘေးမှာရှိတဲ့အိမ်တွေက တကယ်လို့များ အလုံး တစ်ရာ နှစ်ရာသာပစ်လိုက်ရင်တော့ ပြိုကျနိုင်တဲ့အခြေအနေရှိတယ်"

အစိုးရတပ်က ဘုရားကုန်းကနေ ပစ်ခတ်နေတာကို အရပ်သားကာကွယ်ရေးအဖွဲ့က မှတ်တမ်းတင်ထားရာမှာ စက်တင်ဘာလ ၃ဝ ရက်နေ့က အချက်ပေါင်း ၄ဝ ကျော် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၃ဝ ရက်နေ့က မြို့နဲ့ ၂ ဖါလုံခန့်အကွာ လုံဂျာပုံမှာလည်း ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိပါတယ်။

ဒီအတွင်း အစိုးရဘက်က ထုတ်ပြန်ချက်အရ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တိုက်ပွဲ လေးကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်အရာရှိတစ်ဦးကျဆုံးပြီး စစ်သည်လေးဦး ဒဏ်ရာရရှိသလို၊ ဆွန်ဂျာနယ်မြေအတွင်း မိုင်းဖြစ်စဉ် လေးကြိမ်နဲ့ ထိတွေ့မှုခြောက်ကြိမ်ဖြစ်ပွားခဲ့ရာမှာ တပ်မတော်ဘက်က သုံးဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

RFA Burmese
http://www.rfa.org/burmese


 ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒုတိယအကြိမ် UPR လို့ခေါ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ပုံမှန် ပြန်လည် သုံးသပ် စိစစ်မှုမှာ မြန်မာအစိုးရအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ အဆုံးသတ်စေရေးအတွက် ခိုင်မာတဲ့ ခြေလှမ်းတွေ ယူမယ်ဆိုတာကို ကတိပေးသင့်တယ်ဆိုပြီးတော့ ထိုင်းအခြေစိုက် Fortify Rights အဖွဲ့ကြီးက စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ကိုဝင်းမင်းက ဆက်ပြောပြပါမယ်။

ဒီ Fortify Rights အဖွဲ့ခေါင်းဆောင် Matthew Smith က နိုဝင်ဘာလဆန်းမှာလုပ်မယ့် ကုလသမဂ္ဂရဲ့ UPR ခေါ် ပုံမှန်လူ့အခွင့်အရေးသုံးသပ်တဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဘက်ကလည်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို ဦးဆောင်တက်ရောက်ပြီး အစိုးရလူ့အခွင့်အရေး အစီရင်ခံစာ ဦးဆောင်တင်သွင်းမယ်လို့ ကြားတာမို့ အခုလို အချိန်မီ ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။ မစ္စတာ Smith ကပဲ လက်ရှိ ရွေးကောက်ပွဲနည်းလာချိန်မှာ သူ အခု အထူးစိုးရိမ်မိတာကို

“ကျနော်ထင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာ အကြမ်းဖက်မှုတွေဖြစ်လာဖို့ အန္တရာယ် ကြီးကြီးမားမားကို ရှိနေပါတယ်။ အဲဒီအတွက် တချို့ ဒေသခံအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ကံဆိုးစွာပဲ အခု ရွေးကောက်ပွဲလုပ်ငန်းစဉ်ထဲမှာ ပြဿနာတွေ အများကြီးနဲ့ မသမာမှုတွေ ရှိနေပါတယ်။”

ဒါ့အပြင် ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဿနာတွေအကြောင်း သူက အခုလို ဆက်ရှင်းပြပါတယ်။

“ကျနော်တို့ စိုးရိမ်ပါတယ်။ သက်ဆိုင်ရာ လူစုတချို့အပေါ် နိုင်ငံရေးအရ အခွင့်အလမ်းတွေ လုံးဝ ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒီထဲမှာ မူဆလင်ဘာသာဝင်တွေ မဲပေးခွင့်ဆုံးရှုံးတာ၊ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးမှာတွေ ပါပါတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသတချို့က ဒေသခံတွေအနေနဲ့ အထူးသဖြင့်တော့ တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေကပေါ့နော်။ သူတို့အတွက် ဒီရွေးကောက်ပွဲ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ဖယ်ထားခံရတာမျိုးလည်း ပါပါတယ်။”

တကယ်တော့ အခုလာမယ့် ရွေးကောက်ပွဲမှာ အရင် အစိုးရပါတီ ပြည်ခိုင်ဖြိုးကနေ အနိုင်ရခဲ့တဲ့ မူဆလင်ကိုယ်စားလှယ် ဦးရွှေမောင်လည်း ကိုယ်စားလှယ်အဖြစ်ကနေ အပယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မူဆလင်ဘာသာဝင် ၅ သိန်းကျော်လည်း မဲပေးခွင့် ဆုံးရှုံးသွားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြောနေပါတယ်။ ဒီစိုးရိမ်ချက်တွေအပေါ် မစ္စတာ Smith က ဆက်ပြီး

“ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပေါ် အထူးကို စိုးရိမ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးကို တိုးတက်လာအောင် လုပ်ပေးတာ မရှိသေးတဲ့အတွက် အထူးစိုးရိမ်တာပေါ့ဗျာ။ အထူးသဖြင့်တော့ လာမယ့် ရွေးကောက်ပွဲကာလမှာ အခြေအနေတွေ မတရားပိုဆိုးလာနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။”

တကယ်တော့ အခုလို အခြေအနေတွေ ဆိုးပေမဲ့ တိုးတက်လာတဲ့ အခြေအနေတွေရော မြင်မိပါသလားလို့ မေးရာမှာ မစ္စတာ Smith က

“အသေအချာရှိပါတယ်။ မှတ်လောက်သားလောက်အောင်ကို တိုးတက်လာတာတချို့ ရှိပါတယ်။ တနိုင်ငံလုံးမှာ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တွေ အရင်ထက် ပိုရလာပါတယ်။ အရပ်သားအဖွဲ့တွေအနေနဲ့ အရင်မလုပ်နိုင်တာတွေ အခု လုပ်ခွင့် အများကြီး ရလာပါတယ်။”

အဲဒီတော့ အခုလာမယ့် လူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ အခြေအနေတွေ ဆက်တိုးတက်လာဖို့ မျှော်လင့်ပါသလားလို့ မေးရာမှာတော့

“ကျနော်တို့ မျှော်လင့်ထားပါတယ်။ အခုလာမယ့် နိုဝင်ဘာ ၉ ရက်ကျရင် ဂျနီဗာမှာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတွေအပေါ် ဆွေးနွေးကျတဲ့ အခါကျရင်ပေါ့လေ အဲဒီမှာ အခုဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြေရှင်းနိုင်ဖို့ကို ကျနော်တို့ဘက်ကလည်း အသေးစိတ်နည်းလမ်းတွေကို အကြံပြုထားပါတယ်။ ဒီထဲမှာ ရခိုင်၊ ကချင်၊ ရှမ်းနဲ့ တနိုင်ငံလုံးမှာ ဖြစ်နေတဲ့ ပြဿနာတွေ ပါပါတယ်။”

မစ္စတာ Smith က ဆက်ပြီး အခု ဒီပွဲမှာ ဦးဆောင်တက်လာမယ့် ဗိုလ်ချုပ်ကြီး ကိုကို အနေနဲ့ အရင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပေမဲ့လည်း အခုတော့ နိုင်ငံတကာက အကြံပြုတဲ့ နည်းလမ်းတွေကို ပူးပေါင်းဆောင်ရွက်ပေးသင့်တယ်လို့ ဆက်ပြောခဲ့ပါတယ်ခင်ဗျာ။

ကိုဝင်းမင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

၁....။
ခုတလော မျိုးစောင့်ဥပဒေ ထောက်ခံပွဲ အခမ်းအနားတွေနဲ့ အတူ
ဆရာတော်တချို့ရဲ့ ..
မျိုးစောင့်ဥပဒေကို ထောက်ခံတဲ့ ပါတီကို မဲပေးကြပါ ဆိုတဲ့ အသံတွေဟာ
ထွက်ပေါ်လာခဲ့သလို..
မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးလိုက်ရုံ
မျိုးစောင့်ဥပဒေကို လက်ခံလိုက်ရုံနဲ့ အဲဒီပါတီကို မဲပေးရတော့မှာလား ဆိုပြီး
မေးလာတဲ့ မေးခွန်းတွေကိုလည်း နေရာတိုင်းမှာ ကြားလာရပါတယ်။

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးတာ..
မျိုးစောင့်ဥပဒေကို ထောက်ခံတာဟာ
ဘာသာ သာသနာကို စောင့်ထိန်းပြီး
အမျိုးကို စောင့်ရှောက်ခြင်း ဖြစ်တယ်ဆိုတဲ့
ဆရာတော်တချို့ရဲ့ ပြောဆိုမှု့တွေဟာလည်း
အခမ်းအနားတိုင်းလိုလိုမှာ ရှိခဲ့ကြတော့..
အဲဒီ ဆရာတော်တွေပြောတဲ့
အမျိုးဘာသာ သာသနာတော်ကို စောင့်ရှောက်တဲ့ ပါတီဟာ
ဘယ်ပါတီများ ဖြစ်မလဲဆိုပြီးလည်း စုံစမ်းရပါတော့တယ်။
..............
.
၂...။
မန္တလေး
မစိုးရိမ်ကျောင်းတိုက် ၊ မြတောင် ကျောင်းတိုက်နဲ့ မိုးကောင်းကျောင်းတိုက်တွေကို
မ မြ မိုး စစ်ဆင်ရေး အမည်တပ်။
ရန်သူ့စခန်းကုန်းကို တက်သိမ်းသလို..
ကျားထိုးပြီးတော့မှ တွေ့သမျှ သံဃာတွေကို ဖမ်းဆီးခဲ့ကြပြီး
အဲဒီအထဲမှာ မစိုးရိမ်သမိုင်းတလျှောက် ထင်ရှား ကြော်ကြားခဲ့တဲ့
မစိုးရိမ်တိုက်သစ်က နာယက ဆရာတော်ကြီး ဥိးရာဇဓမ္မ၊
မစိုးရိမ်တိုက်ဟောင်း ဆရာတော်ကြီး ဦးကောဝိဒနဲ့
တိပိဋက ဆရာတော် ဦးသုမဂ်လ လက်ာရတို့လည်း
လူဝတ်လဲ ခံရပြီး ထောင်နန်းစံခဲ့ရတယ်။
အဆိုးဆုံးကတော့..
လူဆိုး လူမိုက်တွေလို စာရင်းသွင်းပြီးမှ
ရဲဘက်စခန်းတွေကိုပါ ပိုခဲ့တာပါပဲ။
အရမ်းအေး အရမ်းချမ်းလွန်းတဲ့ ကချင်ပြည်နယ်က
ကြိမ်ခရန်ခ ရဲဘက်စခန်းမှာ သံဃာတော် အပါး ၄၂ ပါးတိတိ
အလုပ်ကြမ်း လုပ်ခဲ့ကြရပြီး ဆိုးရွားပြင်းထန်လွန်းတဲ့ ဒဏ်တွေကြောင့်
ခင်မကန်တိုက်ဆရာတော် ဦးဓမ္မ အပါအဝင် ဆရာတော် သံဃာတော် ၁၂ ပါး
ပျံလွန်တော်မူခဲ့ကြရပါတယ်။

၃.....။
၂၀၀၇ ရွှေဝါရောင် အရေးအခင်းကိုတော့..လူတိုင်း မှတ်မိကြမှာပါ။
တနိုင်ငံလုံးက ပြည်သူတွေ ဒုက္ခမျိုးစုံ ခံစားနေရတဲ့ အတွက်
ဆရာတော် သံဃာတော်တွေကနေ မေတ္တာသုတ် ရွက်ဖတ်ခဲ့ကြတဲ့ အချိန်အခါ သမယပါ။
ဒါပေမယ့်လည်း..
အာဏာအတွက်ပဲ ကြည့်ခဲ့တဲ့သူတွေကြောင့်
သံဃာတော်တွေ သွေးမြေကျခဲ့ရသလို၊ ထောင်ကျတဲ့သူကျ၊
ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ရတဲ့ ဆရာတော်တွေလည်း အများအပြား။
ဒကာ ဒကာမတွေအတွက် ..
နိုင်ငံအတွက် ..
လုပ်ဆောင်ရင်း အသက်စွန့်သွားရတဲ့
ဆရာတော်တွေလည်းရှိခဲ့ကြပါတယ်။
ဒါကြောင့်လည်း
မြန်မာအစိုးရဟာ ဗုဒ္ဓဘာသာဝင်တွေလားလို့ နိုင်ငံတကာက လူတွေက
မေးမြန်းရတဲ့အထိ ကမ္ဘာကျော်ခဲ့ရပါတယ်။

၎.....။
သိမ်တော် ဆိုတာဟာ သာသနာတော်အတွက်
ဘယ်လောက် အရေးကြီးတယ်..
ဘယ်လောက် အရေးပါတယ်ဆိုတာ..သံဃာတော်တိုင်း သိကြသလို
ဗုဒ္ဓဘာသာဝင်တိုင်းလည်း သိကြတဲ့ ကိစ္စတွေပါ။
လယ်တီဆရာတော် ဘုရားကြီးဆိုတာကလည်း..
သာသနာတော်မှာ နေတဆူ လတဆူလို ထင်ရှားခဲ့တဲ့ ဆရာတော်ကြီးပဲ ဖြစ်ပါတယ် ။
ဒီလို ဆရာတော်ကြီး သတင်းသုံးခဲ့တဲ့ သိမ်တော်ကို ဖြိုချ ဖျက်ဆီးခဲ့ရုံမက
အနားမှာ ရှိတဲ့ စေတီကိုပါ မချန် အပိုင်းပိုင်းဖြစ်အောင် လုပ်ခဲ့ကြတဲ့သူတွေ..။
ဆရာတော်ကြီးရဲ့ သိမ်တော်နဲ့ စေတီတော်ကို ဖြိုချမှာစိုးရိမ်ခဲ့တဲ့
ဆရာတော် သံဃာတော်တွေကို သေရာပါ မီးလောင်ဒဏ်ရာတွေ ရတဲ့အထိ
လုပ်ခဲ့တဲ့ သူတွေလည်း မြန်မာ့သမိုင်းမှာ အထင်အရှား ရှိခဲ့ကြပါတယ်။

၅....။
သံဃာတော်တွေ သီတင်းသုံးဖို့ဆိုရင်..
မိမိတို့ပိုင်တဲ့မြေကိုတောင် လှူဒါန်းပြီး ကျောင်းဆောက်လုပ်ပေးတတ်ကြတာ
ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ပါ။
ဒါပေမယ့်လည်း အလိုရမက် ကြီးသူ တချို့ကတော့
နေပြည်တော်အရပ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အမိန့်အာဏာနဲ့ဖယ်ခိုင်းပြီး
ကျောင်းထိုင်ဆရာတော်တွေကို ဖမ်းဝရမ်းထုတ်
ထောင်ချခဲ့တဲ့ အဖြစ်ဟာလည်း
ဗုဒ္ဓဘာသာတိုင်းပြည်ဖြစ်တဲ့ မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ် ။

၆....။
နိုင်ငံတိုင်းလိုလိုမှာ မိမိတို့လူမျိုးနဲ့ နိုင်ငံခြားသားတွေနဲ့ ပြဿနာဖြစ်ကြပြီဟေ့ဆိုရင်
တာဝန်ရှိသူ အသီးသီးဟာ..
မိမိတို့ လူမျိုးဖက်ကို အပြည့်အဝ ကာကွယ်ပေးတတ်ကြပါတယ်။
ဒါဘာလို့လဲ။
အမျိုးကိုချစ်လို့ပါ။
မြန်မာပြည်မှာတော့..
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမှာ
တိုင်းတစ်ပါးသားတွေကိုသာ ကာကွယ်ပေးခဲ့ရင်း
ကိုယ့်လူမျိုးကို ကိုယ်ပြန်သတ်တဲ့ လူတွေကြောင့်
မြန်မာလူမျိုး စစ်စစ် တစ်ယောက်ဟာ သေပွဲဝင်ခဲ့ရသလို
အမျိုးကိုချစ်တဲ့စိတ်ကြောင့် ဒီကိစ္စကို မကျေနပ်ကြပဲ
တရုတ်သံရုံးကို ဆန္ဒပြသူတွေပါ ထောင်ချခံခဲ့ရပါတယ်။

၇...။
ငါ့အသက် ၈၀ ကျော်။
ဒီအိမ်မှာ ငါနေလာခဲ့တာလည်း နှစ်ပေါင်း လေးဆယ်ကျော်နေပြီလို့ ပြောတဲ့
ဲအဘွားအိုကိုတောင် အလွတ်မပေးပဲ ထောင်ချခဲ့တာကလည်း
မြန်မာပြည်မှာပါ။

၈....။
တစ်ကယ်တော့..
ဒီလို ပြစ်မှု့အားလုံးကို ကျူးလွန်ခဲ့တဲ့ အုပ်စုဟာ တစ်ခုတည်းဖြစ်နေသလို..
အမျိုးဘာသာ သာသနာအတွက် စိတ်ချရပါတယ် ဆိုပြီး
ဆရာတော်တချို့ ၊ တဖွဲ့တဖွဲ့ရဲ့ ထောက်ခံမှု့ကို ရနေတဲ့ ပါတီကလည်း ဒီပါတီပါပဲ။

ဒီနေရာမှာ ပြောချင်တာက
ဥပဒေ တစ်ခု ပြဋ္ဌာန်းလိုက်ရုံ
အဲဒီဥပဒေကို ထောက်ခံလိုက်ရုံနဲ့
မိမိတို့လူမျိုးကို ရက်စက်ခဲ့တာ ၊ အမှန်တကယ် မစောင့်ရှောက်ခဲ့ပဲ ဖိနှိပ်ခဲ့တာ
ဘာသာ သာသနာတော်ကို စော်ကားခဲ့တာတွေ အားလုံး ကျေသွားပြီတဲ့လား။
သမိုင်းကို မေ့ပျောက်ပစ်ပြီး ဒီလူတွေကို
အမျိုးဘာသာအတွက် ထောက်ခံပေးရမှာလား။

ဥပဒေ ပြဋ္ဌာန်းပေးပါတယ်လို့ ပြောရအောင်ကလည်း
ခုခေတ်ကြီးထဲမှာ လူအများစုကတော့
အမိန့်နဲ့ ငွေနောက်ကိုသာလိုက်နေကြတာ..
ဥပဒေ အတိုင်း ဆောင်ရွက်ဖို့ သတိမရနိုင်တော့တဲ့
အခြေအနေတွေဖြစ်နေတာ လူတိုင်းသိကြပါတယ်။
ဥပဒေရှိပြီး ဥပဒေအတိုင်း မလိုက်နာရင် ဒါမှမဟုတ်
ဥပဒေဝန်ထမ်းတွေကိုယ်တိုင်က ဥပဒေချိုးဖောက်နေရင်
ဘယ်လောက်ကောင်းတဲ့ဥပဒေဖြစ်ဖြစ်
ဘယ်လိုဥပဒေမျိုးကိုပဲ ထုတ်ထုတ်
ဆင်းရဲသားပြည်သူတွေအတွက် ဘယ်လိုမှ အသုံးမဝင်နိုင်ဘူးဆိုတာလည်း
အမှန်တရားပါ။

ဥပဒေတွေအရ..
လူမသိ သူမသိ ဖြစ်မယ့် ကိစ္စမျိုးကို အသာထားလို့
တနိုင်ငံလုံး သိတဲ့ မူးယစ်ဆေးတွေ ကွန်တိန်နာ အစီးလိုက်မိတာတောင်
ပိုင်ရှင်မဲ့ ပါလို့ လုပ်လို့ရနေတဲ့ ခေတ်ကြီးမှာ
ဘာသာ သာသနာကို ကာကွယ်ဖို့ ဆိုပြီး ပြဋ္ဌာန်းမယ့် မျိုးစောင့်ဥပဒေ ကရော
လက်ရှိပုံစံမျိုးတွေနဲ့ တကယ်ပဲ အမျိုးကို စောင့်ရှောက်နိုင်မှာလားဆိုတာ
လူတိုင်း စဉ်းစားမိမယ် ထင်ပါတယ် ။

တကယ်တော့..
ဘယ်လို ဥပဒေတွေပဲ ထုတ်ထုတ်
လက်ရှိအစိုးရရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းမှု့နဲ့ ကိုယ်ကျိုးရှာမှု့တွေကြောင့်
နိုင်ငံအတွင်း အလုပ်အကိုင်တွေ ရှားပါးပြီး ပြည်သူတွေ.စားဝတ်နေရေး
မပြေလည်တာကို ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရပါဘူး ။

တချိန်က ဇာတိ ပုည ဂုဏ်မာနတွေ တက်ကြွပြီး
သခင်မျိုးဟေ့ ဒို့ဗမာဆိုပြီး အော်ခဲ့ကြတဲ့ သူတွေဟာ
ခုအချိန်မှာတော့..
ပြည်ပနိုင်တွေဆီကို လူဦးရေ သန်းနဲ့ချီအောင် ထွက်ပြီးမှ
အဲဒီနိုင်ငံက လူတွေ မလုပ်ချင်တဲ့ အလုပ်တွေကို မျက်နှာအောက်ချ လုပ်နေကြရတာ
မိသားစုနဲ့ဝေးကွာပြီး ဒုက္ခမျိုးစုံကို ခံစားနေကြရတာတွေဟာလည်း
အစိုးရရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းခဲ့မှူ့ ရလာဘ်တွေပါပဲ။

အဆိုးဆုံးကတော့
စီပွားရေး အဆင်မပြေမှု့ရဲ့နောက်ကွယ်ကနေ တရုတ်ကို ရောင်းစားခံနေရတဲ့
အမျိုးသမီးငယ်လေးတွေ တရုတ်မယား ဖြစ်ကုန်ရတာ..။
ထိုင်းနိုင်ငံက အနိုပ်ခန်းတွေနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေမှာ.
လုပ်ကိုင်နေရတဲ့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝဟာ.မလွတ်မြောက်နိုင်သေးတာ..။
ဒီလိုလူတွေ တနေ့တခြား များပြားလာနေတာ.. ။
ရန်ကုန်မြို့ကြီးနဲ့ အခြားနယ်မြို့လေးတွေပါ မကျန်
ငွေရဖို့ အတွက် တည်းခိုခန်း အသီးသီးမှာ ခန္ဓာကိုယ် ရောင်းစားနေကြတဲ့
သူတွေရဲ့ အဖြစ်တွေ ပိုပြီး တိုးပွားလာနေတာ.. ။
နောက်ဆုံး ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလို့
ပြည်ပထွက်ပြီး အိမ်ဖော်လုပ်နေကြရတဲ့ မြန်မာ့သမီးပျိုလေးတွေ ရဲ့ဘဝ
မလွတ်မြောက်နိုင်သေးတာ....
ဒါတွေကိုရော မျိုးစောင့်ဥပဒေ ပြဌာန်းယုံနဲ့ ကာကွယ်နိုင်ပါ့မလားဆိုတာ
လူတိုင်းသိပါတယ်။

တိုင်းတစ်ပါးမှာ အလုပ် လုပ်နေရင်း အိမ်ထောင်ရှိပြီးသားသူတွေနဲ့
မှားယွင်းနေကြတာကိုရော မျိုးစောင့်ဥပဒေက စောင့်ရှောက်နိုင်ပါ့မလား။

လက်မထပ်ပဲ အတူတူ နေုကြတဲ့ အဖြစ်အပျက်တွေဟာလည်း
တိုင်းတပါးမှာ မမြင်ချင်အဆုံး ဖြစ်နေတာကို ပြည်ပရောက်ဖူးသူတိုင်း
သိကြပါတယ်။

ဆရာတော်တချို့.. အရမ်းစိုးရိမ်တဲ့ ဘာသာခြားတွေနဲ့ လက်ထပ်တဲ့ ကိစ္စတွေဟာလည်း စီးပွားရေး မပြေလည်မှု့တွေရဲ့ နောက်ကွယ်..
နိုင်ငံတွင်းမှာသာမက
ပြည်ပနိုင်ငံတွေမှာ ဆိုရင် ပိုပြီးအဖြစ်များနေတာကိုရော
မျိုးစောင့်ဥပဒေ ထုတ်လိုက်ရုံ ထောက်ခံလိုက်ရုံနဲ့ကာကွယ်ပေးနိုင်ပါ့မလား။

မျိုးစောင့်ဥပဒေကို ပြဋ္ဌာန်းပေးတဲ့ အစိုးရကရော
ဒီလို အဖြစ်မျိုးတွေ ပပျောက်သွားအောင် တကယ်လုပ်ပေးနိုင်ပါ့မလား။

တကယ်တော့..
ဒီလို ဒုက္ခပေါင်းစုံက လွတ်မြောက်ဖို့ ဆိုတာ
နိုင်ငံကို တိုးတက်လာအောင် အမှန်တကယ် လုပ်ပေးနိုင်မယ့်သူ..။
ပြည်သူတွေအပေါ်မှာ ကိုယ်ချင်းစာစိတ်နဲ့
ရင်ဝယ်သားလို အုပ်ချုပ်ပေးမယ့်သူ။
ပြဋ္ဌာန်းထားတဲ့ ဥပဒေအပေါ်မှာ
ဘက်လိုက်မှု့ မရှိပဲ ဆုံးဖြတ်ရင်းနဲ့ တရားဥပဒေ စိုးမိုးမှု့ရှိအောင် ဆောင်ရွက်ပေးနိုင်မယ့်သူ။
နိုင်ငံတကာကရော ပြည်သူကပါ သူ့ရဲ့ အရည်အချင်းကို အသိအမှတ်ပြုပြီး
ပြည်သူကရွေးကောက်တင်မြှောက်ပေးမယ့် ခေါင်းဆောင်ကောင်း
လိုအပ်နေတာပါ ။
တကယ်လည်း ....
ဒီလို ခေါင်းဆောင်ကောင်းကို ပြည်သူတွေကရွေးကောက် တင်မြှောက်မှသာ
တိုးတက်လာနိုင်မှာပါ။

ဒါပေမယ့်လည်း
နိုင်ငံတိုးတက်ဖို့ အတွက် ..
ပြည်သူ ပြည်သားတွေ အလုပ်အကိုင်ပေါများလာဖို့အတွက်..
စားဝတ်နေရေး ပြေလည်လာစေဖို့အတွက်..
ကိုယ်ကျိုးမကြည့်ပဲ လူမျိုးအတွက်ပဲ ကြည့်မယ့် အရည်အချင်းရှိတဲ့ လူမျိုးကို
မဲထည့်ပေးပါ မပြော။

မျိုးစောင့်ဥပဒေကို ရွေးကောက်ပွဲနီးမှ နိုင်ငံရေးမှာ အသုံးချဖို့အတွက်
ပြဋ္ဌာန်းလိုက်တဲ့သူတွေ..(ဒီလူတွေဟာလည်း..
ဘာသာ သာသနာအပေါ်နဲ့ လူမျိုးအပေါ်မှာပါ
ရက်စက်ယုတ်မာခဲ့တဲ့သူတွေ ၊ နိုင်ငံကို ဆင်းရဲတွင်းထဲ ဆွဲချခဲ့တဲ့သူတွေ ) ကို
မဲပေးပါလို့
ဆရာတော် တချို့က ပြောနေကြခြင်းဟာ..
ဆရာတော်တွေအနေနဲ့..
ပြည်သူတွေရဲ့ ဘဝကို မသနားလို့လား..။
ပြည်သူတွေကို ဒုက္ခတွင်းထဲမှာပဲ ဆက်ရှိနေစေချင်လို့လား။
ဘာကြောင့်များ ..
အာဏာရှင်တွေကို သက်ဆိုးရှည်ဖို့..
ကြိုးစားပေးနေကြတာလဲဆိုတာ.တွေးနေရင်း..
ပြည်သူတချို့ရဲ့ ..
မဘသ ကန်တော့ဆွမ်းဆိုတဲ့ အထိ ဖြစ်လာရတာတွေကိုလည်း
မြင်နိုင်ကြပါစေ ။

ဘုန်းထက်ကြယ်။