10/06/15


 လာမယ့် ငါးနှစ်အတွင်းမှာ မြို့နယ်၊ မြို့ပြ အုပ်ချုပ်ရေးတွေကို အစိုးရ အုပ်ချုပ်ရေး ကနေ ပြည်သူတွေ ကနေရွေးချယ်တဲ့ မြို့နယ် ကောင်စီ၊ ကျေးရွာကောင်စီ တွေ ကနေ အုပ်ချုပ်နိုင်အောင် လုပ်ဆောင်ပေးမယ်လို့ သမ္မတ ကပြောဆိုလိုက်ပါတယ်။ ဒီလို လုပ်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်မှုတွေကို လည်း လုပ်ဆောင်မယ်လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီလို ပြောဆိုမှု အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကဝေဖန်လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံ ကို ဗွီအိုအေမြန်မာပိုင်းကမေခက ပေးပို့ထားပါတယ်။

ဒီကနေ့ သမ္မတက ပြည်သူတွေကို လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလိုပြောဆို သွားတာဖြစ်ပါတယ်။

“လာမယ့် ၅ နှစ်အတွင်းမှာ မြို့နယ်မြို့ပြအုပ်ချုပ်ရေးများကို အစိုးရ အုပ်ချုပ်ရေး ကနေ ပြည်သူများက ရွေးချယ်ပေးတဲ့ ပြည်သူ့ကိုယ်စားလှယ်များပါဝင် ဖွဲ့စည်းတဲ့ Township Council, City Council များအဖြစ် ဖွဲ့စည်းပြီး ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှု အစား၊ ပြည်သူ့ အုပ်ချုပ်မှု ယန္တရားအဖြစ် ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ဖြည့်စွက်ပြင်ဆင် သွားဖို့ ရည်ရွယ်ထားပါတယ်။ ပြည်သူ့အုပ်ချုပ်ရေး ယန္တရား ဖြစ်မှသာ လျှင် ပြည်သူများရဲ့ လူမှု၊ စီးပွား လိုအပ်ချက်များ ကို ဖြည့်ဆည်းပေးနိုင်မှာ လည်းဖြစ်ပါတယ်။”

ဒီလရဲ့ လစဉ်မိန့်ခွန်းမှာ သမ္မတပြောခဲ့တာပါ။

ဒီလိုပြောဆိုတာနဲ့ ပတ်သတ်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း ကတော့ လက်ရှိ သမ္မတဦးဆောင်တဲ့ သူတွေရဲ့ ပြုပြင်ပြောင်းလဲရေးက အားရကျေနပ်ဖွယ် မရှိကြောင်း၊ ဒီလိုထုတ်ဖော်ပြောဆိုမှု က မေးခွန်းထုတ်စရာတွေ ရှိတယ်လို့ အခုလိုပြောပါတယ်။

“ဒီအစီအစဉ်ကို သမ္မတအနေနဲ့ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ပြောတာလား နိုင်ငံတော် သမ္မတ တယောက် အနေနဲ့ပြောတာလား ဆိုတာ မေးခွန်းထုတ်စရာရှိပါတယ်။ နောင်လာမယ့် ၅ နှစ်မှာ ဘယ်သူ၊ ဘယ်ပါတီ အစိုးရဖွဲ့နိုင်မယ်၊ ဘယ်သူသမ္မတဖြစ်မလဲဆိုတာကို မသိနိုင်တဲ့ အခြေအနေမျိုးမှာ နောက် ၅ နှစ်သက်တမ်းမှာ ဖော်ဆောင်မယ့် အစီအစဉ်နဲ့ ပက်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးပြောကြားတယ် ဆိုတဲ့နေရာမှာ နည်းနည်း စဉ်းစားစရာ အချက်လေးတွေ ရှိတယ်လို့ မြင်တယ်။”

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစိန်ကျော်လှိုင်ကတော့ လာမယ့်ရွေးကောက်ပွဲ မှာ မဲရဖို့အတွက် မက်လုံးပေးမှု တခုသာဖြစ် နိုင်ကြောင်း၊ပြီးခဲ့တဲ့ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေ အတွက် ပြည်သူတွေဘက်က ယုံကြည် လက်ခံဖို့ ခက်ခဲတယ် လို့ ပြောပါတယ်။

“ဒီထွေအုပ်ဆိုတဲ့ ယန္တရားမှာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေပြီးတော့ သွားနေတယ်။ စစ်တပ်က ထွက်လာတဲ့ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ အရပ်သားထဲ ကနေပြီးတော့ ခရိုင်ထွေအုပ်တို့ မြို့နယ်ထွေအုပ်တို့ ဆိုတာမရှိဘူး၊ ပြည်နယ် အစိုးရတွေ တိုင်းဒေသကြီး အစိုးရတွေရဲ့ အတွင်းရေးမှူးတွေကို ပြန်ကြည့်လိုက်လို့ ရှိရင်လည်း ဗိုလ်မှူးကြီးအဆင့်တွေပဲ။ စစ်အစိုးရ အုပ်ချုပ်တဲ့အတွက်ကြောင့် လူတွေက မကြိုက်ဘူး။ ဘာကြောင့် ပြီးခဲ့တဲ့ ၅ နှစ်က မပြင်သလဲ ဆိုတာ မေးခွန်း ထုတ်စရာတွေ ရှိနေတယ်။ အဲတော့ လက်ရှိအုပ်ချုပ်နေတဲ့ ယန္တရားသည် ဘယ်လိုဖြစ်နေသလဲ ဆိုတော့ တိုင်းဒေသကြီး ပြည်နယ်တွေက အစိုးရ အဖွဲ့ တွေက ရွေးကောက် တင်မြှောက်ခံရတဲ့သူတွေ မဟုတ်ဘူး။ ခုနက စစ်ပြန်တွေက။ သူတို့က Civil Servant တွေဖြစ်သွားပြီ ။ ၀န်ထမ်းတွေဖြစ်သွားပြီ ။ ၀န်ကြီးချုပ်သည် ၀န်ကြီးတွေသည် တိုင်းဒေသကြီးမှာ ပြောင်းနေမယ်လို့ သူတို့ကိုယ်၌ကိုယ်က ဘာဖြစ်နေမလဲဆိုတော့ ၀န်ထမ်းတွေ အနေနဲ့ ကျန်ရစ်မယ် ဆိုတော့ ဒါဟာနောက်အစိုးရ သက်တမ်းတွေမှာ တော်တော်ကြီးကို ထိန်းချုပ်ပြီး လုပ်ကိုင်ရမယ့် အနေအထားမျိုးဖြစ်နေတယ်။ ဒီ သမ္မတရဲ့ပြောဆိုချက် ဘယ်လောက် မှန်မလဲ ဆိုတာကတော့ ပြည်သူလူထုက သံသယရှိမှာ အမှန်ဖြစ်တယ်။”

ဒီကနေ့ပြောခဲ့တဲ့ လစဉ်ရေဒီယို မိန့်ခွန်းမှာ သမ္မတက လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီးလည်း ခုလိုပြောဆိုခဲ့ပါသေးတယ်။

“ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အစွန်းကုန် ကြိုးပမ်းကြတဲ့ နည်းတူ လိုက်နာရမယ့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်များကို လိုက်နာကြဖို့နဲ့ အပြန်အလှန်လေးစားမှုရှိရှိ ယှဉ်ပြိုင်ကြဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်များကိုလည်း ပြည်သူများရဲ့ ဆန္ဒအမှန်ဖြင့် သဘောထားကြီးစွာ လက်ခံနိုင်ကြဖို့ အရေးကြီးကြောင်း တိုက်တွန်းလို ပါတယ်။ ပြည်သူများအနေနဲ့ ဒီရွေးကောက်ပွဲရဲ့ အရေးပါမှုကို သိရှိနားလည်ပြီး မိမိတို့ မဲပေးရွေးချယ်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အရည်အချင်း၊ အရည်အသွေး၊ အကျင့်စာရိတ္တ၊ စိတ်ရင်းစေတနာနဲ့ ရည်မှန်းချက်များကို လက်တွေ့ကျကျ စဉ်းစားချင့်ချိန်ပြီး ဆန္ဒမဲပေးကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။”

လက်ရှိမှာ မြို့နယ်၊ ကျေးရွာ၊ မြို့ပြထွေအုပ်တွေကို ပြည်သူက တိုက်ရိုက်ရွေးချယ်တယ် ဆိုပေမယ့် ဆုံးဖြတ်နိုင်မယ့်နေရာ တွေမှာ ပြည်သူတွေ ခန့်နိုင်ခြင်းမရှိပါဘူး။ အစိုးရဘက်ပိုင်းကနေ ဆုံးဖြတ် နိုင်မယ့်နေရာတွေအတွက် တိုက်ရိုက်ခန့် ထားနေတာဖြစ်ပါ တယ်။ ဒီပြင်မြို့နယ်၊ ကျေးရွာ၊ မြို့ပြထွေအုပ် အဖွဲ့အစည်း ဟာပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိပြီး အစိုးရပိုင်းက တာဝန် ယူထားတာဖြစ်ပါတယ်။ဒီစနစ်ကိုပြောင်းလဲကာ ပြည်သူကနေအုပ်ချုပ်နိုင်မယ့်စနစ်ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားမယ်လို့ သမ္မတ ကပြောဆိုခဲ့တာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


အ​ခု​နှစ် ​အ​တွက် ​ရူ​ပ​ဗေ​ဒ ​နို​ဘယ်​ဆု​ကို ​ဂျ​ပန်​က ​တာ​ကာ​အာ​ကီ ​ကာ​ဂျီ​တာ Takaaki Kajita ​နဲ့ ​က​နေ​ဒါ​က ​အာ​သာ ​မက်​ဒေါ​နယ် Arthur B McDonald ​တို့ ​နှစ်​ဦး​က ​ပူး​တွဲ ​ရ​ရှိ​သွား​ပါ​တယ်။

သူ​တို့ ​နှစ်​ဦး​ဟာ ​စ​ကြ​ဝ​ဠာ​ရဲ့ ​နေ​ရာ​တိုင်း​မှာ ​ရှိ​နေ​တဲ့ ​နျူ​ထ​ရီ​နို ​ခေါ် ​အက်​တမ်​အောက် ​အ​မှုန်​တစ်​မျိုး​ရဲ့ ​သ​ဘော ​သ​ဘာ​ဝ​နဲ့ ​ပတ်​သက်​ပြီး ​တွေ့​ရှိ​ချက် ​အ​သစ်​တွေ ​ဖော်​ထုတ် ​နိုင်​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။

နျူ​ထ​ရီ​နို ​အ​မှုန်​တွေ​ဟာ ​နေ​ရာ​တိုင်း​မှာ ​အ​လျှံ​ပယ် ​တွေ့​နေ​ရ​တဲ့ ​အက်​တမ်​အောက် ​အ​မှုန်​တွေ ​ဖြစ်​ပြီး ​ဒြပ်​ထု ​မ​ရှိ​သ​လောက် ​နီး​နီး ​ဖြစ်​ကာ၊ ​တ​ခြား ​အ​ရာ​တွေ​နဲ့ ​တုံ့​ပြန် ​ဆက်​သွယ်​မှု​လည်း ​ရှား​ပါး​တဲ့ ​အ​တွက် ​သူ​တို့​ကို ​လေ့​လာ​ဖို့ ​အ​လွန် ​ခက်​ခဲ​ပါ​တယ်။

မ​စ္စ​တာ ​တာ​ကာ​အာ​ကီ ​ကာ​ဂျီ​တာ​နဲ့ ​မ​စ္စ​တာ ​အာ​သာ ​မက်​ဒေါ​နယ်​တို့ ​နှစ်​ဦး​ဟာ ​နျူ​ထ​ရီ​နို ​လေ့​လာ​တဲ့ ​အ​ဖွဲ့ ၂ ​ဖွဲ့​ကို ​ဂျ​ပန်​နဲ့ ​က​နေ​ဒါ​မှာ ​ကိုယ်​စီ ​ဦး​ဆောင် ​ခဲ့​ကြ​သူ​တွေ ​ဖြစ်​ပါ​တယ်။

သူ​တို့​ရဲ့ ​စမ်း​သပ် ​လေ့​လာ​မှု​တွေ​က​နေ ​နျူ​ထ​ရီ​နို ​အ​မှုန်​တွေ​မှာ ​ဒြပ်​ထု ​ရှိ​တယ် ​ဆို​တာ ​ဖော်​ထုတ် ​နိုင်​ခဲ့​ကြ​တာ​ပါ။ ​ဒြပ်​ထု​တွေ​ရဲ့ ​အ​တွင်း​အ​ကျ​ဆုံး ​အ​ပိုင်း​က ​ဆောင်​ရွက်​ပုံ​တွေ ​အ​ကြောင်း ​ကျွန်ုပ်​တို့ ​သိ​ရှိ ​နား​လည် ​ထား​ချက်​တွေ​ကို ​သူ​တို့​ရဲ့ ​တွေ့​ရှိ​ချက်​က ​ပြောင်း​လဲ ​စေ​ခဲ့​တယ်​လို့ ​နို​ဘယ်​ဆု ​ရွေး​ချယ်​တဲ့ ​ဆွီ​ဒင် ​သိ​ပ္နံ ​အ​ကယ်​ဒ​မီ​က ​ပြော​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

Photo: Kyaw Zaw Win/ RFA ( အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၆ ရက်နေ့က ရန်ကုန်မြို့ ၃၂ လမ်းမှာ ကျင်းပနေစဉ် )
 လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူအခွင့်အရေး ရရှိဖို့ အာမခံတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ ၃၂ လမ်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောခဲ့တာပါ။

"ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တနိုင်ငံလုံးမှာမဲဆန္ဒအများစုနဲ့ အစိုးရ ဖွဲ့နိုင်ရင် အဓိကကျတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူနည်းစု၊ လူများစုမဟုတ်ပဲနဲ့ တန်းတူညီတူ ဆက်ဆံပြီးတော့မှ တန်းတူအခွင့်အရေးရဖို့ ကျနော်တို့ NLD ကအာမခံ ပါတယ် ဆိုတာကို ကျနော်ပြောကြားချင်ပါတယ်"

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က
မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ လိုသလို မဲဆန္ဒရှင်စာရင်း အမှားတွေကိုလည်း စောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ ပြောပါတယ်။

"မဲဆန္ဒရှင် တစ်ဦးချင်းဟာ ကိုယ့်နာမည်မဲစာရင်းမှာပါဖို့၊ ဟုတ်ပြီ မဲစာရင်းပါတယ်ဆိုရင် မဲထည့်ဖြစ်အောင်ထည့်ဖို့၊ မဲထည့်တဲ့နေရာမှာစေ့စပ်သေချာစွာထည့်ဖို့၊ ဒါတစ်ဦးချင်း ကိစ္စ၊ ငါမဲပေးတာလောက်ပဲတိုင်းပြည်တွက်လုပ်နိုင်မယ် ဆိုတဲ့လူတွေအတွက်၊ ဒုတိယအဆင့်ကဘာလဲဆိုတော့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက မဲစာရင်းတွေမှာ သေတဲ့သူကပါ၊ မသေတဲ့သူကမပါ၊ အဲ့လောက်မဲစာရင်းတွေမှားနေတာ ဘာရည်ရွယ်ချက်နဲ့မှားသလဲ၊ အဲ့ဒါတွေဘယ်အချိန်မှာ၊ ကောက်ပြီးဘယ်သူကသုံးမလဲဆိုတာ ကျနော်တို့စောင့်ကြည့်ဖို့လိုတယ်"

ဒီကနေ့ ဟောပြောပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ပန်းပဲတန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးသန်းနိုင်ဦး နဲ့ ဒေါ်စိုးပပလှိုင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေ တို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးရိုက်နှိပ်ပြီး ဆန္ဒမဲပေးရတဲ့ပုံစံကိုလည်း သရုပ်ပြခဲ့ပြီး တက်ရောက်လာသူတွေကလည်း မဲပေးပုံပေးနည်းကို အကြိုလေ့ကျင့် ခဲ့ကြပါတယ်။

ဟောပြောပွဲကို လူဦးရေ ၅ဝဝ လောက် တက်ရောက်ခဲ့ပြီး အရင်က ဆူးလေဘုရားလမ်း ဗဟိုမီးသတ်ရှေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာကို ခွင့်မပြုတဲ့အတွက် ၃၂ လမ်းအောက်လမ်းထဲကို ပြောင်းရွှေ့ကျင်းပခဲ့ရတာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 လူကြမ်းကောင်းလို့ မင်းသမီး ဇာတ်နာပြီး ပြည်သူတွေ အားပေး ထောက်ခံ လာခြင်း ဖြစ်တယ် ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦးက ပြောသည်။

 အဆိုပါကိစ္စနှင့် ပတ်သက်ပြီး အောက်တိုဘာ ၆ရက်က ပန်းဘဲတန်းမြို့နယ် အောက် ဘလောက် တွင် ကျင်းပသည့် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးပွဲနှင့် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူထံအပ်နှံသည့် အခမ်းအနား တွင် ပြောခြင်းဖြစ်သည်။

ဦးတင်ဦးက " အရင်ကဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုပြီး သိချင် လိုတွေ သူ့ကိုတွေ့ချင်တာ ဖြစ်တယ်။ အခုခါကျတော့ သူ့ရဲ့ဒီမိုကရေစီရေးကြိုးပမ်းမူတွေ ကို လူထုက နားလည်လာတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲကလိုပြောရရင် လူကြမ်းကောင်းလို့ မင်းသမီး ဇာတ်နာပြီး လူကြိုက်များလာတာဖြစ်တယ်"ဟု ပြောသည်။

အဆိုပါအခမ်းအနားတွင် ပြည်သူလူထုအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလနီးမှ တစ်ဖက်ကမက်လုံးပေး စည်းရုံးသမျှကို ယူပြီး ဒီမိုကရေစီအပြောင်းအလဲအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးရန်တိုက်တွန်းခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင်လင်းလူ့အဖွဲအစည်း) မှ ဦးမင်းကိုနိုင်နှင့် ဦးမြအေးတို့က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောခြင်း ၊ပန်းဘဲတန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက မိတ်ဆက် စကားပြောခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies

Photo:Kyaw Lwin Oo/ RFA ( ဦးပိုင်ကုမ္ပဏီရဲ့လက်ရှိ ဥက္ကဌ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးကို တွေ့ရစဉ် )
တခြားပါတီမှာ သမ္မတလောင်းကို ထုတ်ဖေါ်မပြောနိုင်သေးကြောင်းနဲ့ ပြည်ခိုင်ဖြိုး ပါတီက သမ္မတလောင်းအဖြစ် လက်ရှိပြည်ခိုင်ဖြိုးပါတီဥက္ကဌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကိုပဲ တင်မြှောက်မှာဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး က ပြောပါတယ်။

မနေ့က တနင်္သာရီမြို့နယ် ပဝကျေးရွာမှာ ပြုလုပ်တဲ့ မဲဆွယ်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းအဖြစ် ဘယ်သူ့ကို ရွေးချယ်ထားလဲဆိုတာကို တက်ရောက်လာတဲ့ ဒေသခံတစ်ဦးက မေးမြန်းရာမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။

"သမ္မတလုပ်မယ့်သူကတော့ ပါတီဥက္ကဌပေါ့ဗျာ၊ အဲ့လိုမျိုးတခြားပါတီကိုမေးကြည့်ပါ၊ သူတို့ကို သမ္မတလုပ်နိုင်မယ့်သူကိုပြောနိုင်တဲ့ပါတီရှိရင် ကျနော်တို့ကိုပြပါ၊ ကျနော်တို့ ပါတီအနိုင်ရရင် ဖြစ်လာမယ့် သမ္မတဟာ ပါတီဥက္ကဌပဲ၊ ပြည်ခိုင်ဖြိုးပါတီကအနိုင်ရလို့ ကတော့ ဒီသမ္မတဟာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဆိုတာကတော့ မြေကြီးလက်ခတ် မလွဲဘူး"

ဦးခင်ဇော်ဦးဟာ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး ကစထမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို တနင်္သာရီတိုင်းမှူးအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။ သူဟာ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တည်ထောင်ခဲ့တဲ့ ဦးပိုင်ကုမ္ပဏီရဲ့လက်ရှိ ဥက္ကဌလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အဲဒီမဲဆွယ်ပွဲမှာ လာမယ့် ရွေးကောက်ပွဲမှာ ၇ဝ ရာခိုင်နှုန်းကျော် အနိုင်ရရှိမယ့် ပါတီကသာ အစိုးရဖွဲ့နိုင်မှာဖြစ်ပြီး တပ်မတော်နဲ့ အဆင်ပြေတဲ့သူသာ သမ္မတဖြစ်နိုင် မယ်လို့လည်း ပြောခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် ဦးခင်ဇော်ဦး၊ အမျိုးသားလွှတ်တော် အတွက် ဦးသန်းမြင့်၊ တိုင်းဒေသကြီး အမှတ် ၁ အတွက် ဦးအေးအောင်နဲ့ တိုင်းဒေသကြီး အမှတ် ၂ အတွက် ဦးထင်ပေါ်တို့ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မနေ့က မဲဆွယ်ဟောပြောပွဲကို ဒေသခံ ၃ဝဝ လောက်တက်ရောက်ခဲ့ပါတယ်။

တနင်္သာရီမြို့နယ်မှာ ရပ်ကွက် ၂ ခု၊ ကျေးရွာအုပ်စု ၁၉ ခုရှိပြီး မဲပေးခွင့်ရှိသူ ၅ သောင်းကျော်ရှိပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 အောက်တိုဘာလ ၆ ရက် ၂၀၁၅

 သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲအတွင်း ယနေ့မနက်ပိုင်းက အစိုးရစစ်တပ်နှင့် သျှမ်းပြည်တပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရ သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်နှင့် အစိုးရစစ်တပ် မိုင်းပန်အခြေစိုက် ခမရ ၅၂၀ နှင့် ခလရ ၁၁၇ တို့အကြား တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။

“ မိုင်းနောင်အရှေ့ဘက် ၅ မိုင်အကွာ နမ့်ပန်ချောင်းကမ်းဘေး တာ့ဆမ် ပူး အောက်ဘက်က တာ့ခမ့်ကူးတို့ဆိပ်အနီးမှာဖြစ်တာ။ ကွန်ကောက် အုပ်စုဝင် ဝမ့်နောင်ခိတ် နားပေ ရွာ ဝမ့်တူယားရွာ နားမှာဖြစ်တာ။ ၈ နာရီခွဲမှာ စတင်ပစ်ခတ်တယ်။ ပစ်ခတ်သံတော့သိပ်မကြာပါဘူး” ဟု မိုင်းနောင်မှဒေသခံများကပြောသည်။

ထိခိုက်သေဆုံးမှုတော့ မသိရှိရသေးပေ။

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ဝမ့်ဟိုင်းဌာနချုပ် အနီးဝန်း ကျင် ဒေသ များ၌ အစိုးရတပ်များ ပိုမိုများပြားအင်အားဖြည့်တင်းလာ ရာ မိုင်းရယ်မြို့နယ် နှင့် ကျေးသီးမြို့နယ်ကြားရှိ နမ့်ပုတ် တပ်စခန်းတွင်လည်း မိုင်းပန်မြို့အခြေစိုက် စကခ ၁၇ လက်အောက်ခံ ခမယ ၅၇၅ က လာရောက် အစားထိုးနေထိုင်ကြောင်းလည်း သိရသည် ။

ထို့အပြင် လဲချားမြို့ နယ် အရှေ့မြောက်ဘက် စလိုင်းခုံ ၌ စစ်ကြောင်း တကြောင်း ၊ ကွန်ဟိန်း - ကာလိ ဘက်မှ အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်း တကြောင်း ဝမ့်ဟိုင်းဌာနချုပ်ဘက် ဦးတည်နေသည်ဟု လည်း သိရသည် ။
အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တပြည်လုံးအပစ်ရပ်ရေးလက်မှတ်ရေးထိုးရေး အတွက် ဆွေးနွေးနေစဉ်အတွင်း ထိုသို့တိုက်ပွဲဖြစ်ပွါးခဲ့ သည်။

အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဆိုသည့် တပ်ဖွဲ့များသည် SSPP/SSA အပါအဝင် ကချင် KIA ၊ ကရင်နီ KNPP ၊ မွန် MNSP တို့ပါဝင်သည့် တပ်ဖွဲ့ ၁၀ ဖွဲ့ရှိသည် ။ ထို့အထဲတွင် မပါဝင်သည့် မိုင်းလား နှင့် ၀ တို့လည်း လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်ထားသည့် တပ်ဖွဲ့များဖြစ်သည် ။

မြောက်ပိုင်းသျှမ်းပြည်တပ်မတော် အမည်ရ SSPP/SSA သည် ၂၀၁၂ ခု ဂျန္နဝါရီ ၂၈ ရက် က မြန်မာအစိုးရ နှင့် ပြည်နယ် (ပဏာမ)အဆင့် ၊ ပြည်ထောင်စု အဆင့် အပစ်ရပ် လက်မှတ် ရေးထိုးထားသည့် အင်အားကြီး သျှမ်းလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ ဖြစ်သည် ။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese

(ဒေါ်ခင်လှရီနှင့် မဲဆွယ် စည်းရုံးရေးခရီး)
စစ်တွေ၊ အောက်တိုဘာ ၎

ရခိုင်လူထု အထူးစိတ်ဝင်စားနေသည့် အမ်းမြို့နယ် ပြည်နယ် လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် ပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မာင်အုန်းနှင့် ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ (ANP) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်လှရီသည် သူမ၏ မဲဆွယ်စည်းရုံးကို အောက်တိုဘာ လ ၄ ရက်နေ့က စတင်လိုက်ပြီဟု သတင်း ရရှိသည်။

“ကျွန်တော်တို့ရဲ့ ပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ် ကိုယ်စား လှယ်လောင်း ဒေါ်ခင်လှရီရယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးကျော်သန်းလှိုင် ရယ် ဒီနေ့ ကစုကိုင်းအုပ်စုနဲ့ ဒလက်အုပ်စုကို မဲဆွယ် စည်းရုံးရေး စဆင်းပါပြီ”ဟု ရခိုင်အမျိုးသားပါတီ အမ်းမြို့နယ် ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်မင်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီသည် အမ်းမြို့နယ် မဲဆန္ဒနယ်မြေတွင် အနိုင်ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေရာ ကျေးရွာများအားလုံးသို့ သွားရောက်ပြီး မဲဆွယ်စည်းရုံးသွားမည်ဟု သိရသည်။

“ကျွန်မအနေနဲ့ လူထုယုံကြည်မှုကိုတော့ ရထားပါပြီ။ ရခိုင်ပြည်နယ်ပြောင်းလဲပြီး ဖွံ့ဖြိုး တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သဘောတရားတွေနဲ့ ဟောပြောနေပါတယ်။ အခုတစ်ခေါက်ဆိုရင်တော့ အမ်းမြို့နယ်ထဲမှာ လူထုနဲ့ထိတွေ့မှုက ၁၀ ခေါက်မြောက်ဖြစ်ပါတယ်။ အောင်နိုင်ရေးက ပထမဦးဆုံး အကြိမ် ဖြစ်ပါတယ်။ စည်းရုံးရေးကတော့ ရေလွှမ်းခံရပြီး တောက်လျှောက် ဆင်းခဲ့ပါပြီဟု” အမ်းမြို့နယ် ပြည်နယ်လွှတ်တော် အမှတ် (၁) မဲဆန္ဒနယ်မြေတွင် ၀င်ရောက်အရွေးခံမည့် ဒေါ်ခင်လှရီက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဒေါ်ခင်လှရီမှ သူမ အနေဖြင့် ပြည်သူလူထုနှင့် ဆက်ဆံမှုကို သုံးသပ်၍လည်းကောင်း၊ ပြည်သူလူထု ထောက်ခံကြိုဆိုမှုကို ကြည့်၍လည်းကောင်း နိုင်မည်ဟု အပြည့်အ၀ယုံကြည်ကြောင်း ပြောဆိုသည်။

“ကျွန်တော်တို့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရှောက်ခြုံကျေးရွာ မှာ ဟောပြောဖို့ စီစဉ်ထားပါတယ်။ ဟောပြောတဲ့နေရာ မှာ ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) မှာဝင်ပြိုင်မယ့် ဒေါ်ခင်လှရီနဲ့ ပြည်သူ့ လွှတ်တော်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးကျော်သန်းလှိုင်တို ဖြစ်ပါတယ်”ဟု ဦးဇော်မင်း ကပြောသည်။

အောက်တိုဘာလ ၈ရက်နေ့မှ ၁၀ ရက်နေ့ထိ ဗဟိုအောင်နိုင်ရေးကော် မတီမှ ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ဦးခိုင်ပြည်စိုးနှင့် တို့ လာရောက် အားဖြည့် ဟောပြောမည်ဟု သိရသည်။

စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews


  မွန်ပြည်နယ်တွင် နေထိုင်သူများ အနေဖြင့် မွန်အမျိုးသားပါတီကို မဲပေးသင့်ကြောင်း မော်လမြိုင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် မွန်အမျိုးသားပါတီမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း မိနွယ်နွယ်လင်း (ခ) ဒေါ်အေးသန်းက မဲဆွယ်စည်းရုံးစဉ် ပြောကြားလိုက်သည် ။

မွန်အမျိုးသားပါတီသည် မွန်ပြည်နယ်တွင် နေထိုင်သော တိုင်းရင်သား လူမျိုးအားလုံးကို ကိုယ်စားပြု ဖွဲ့စည်းထားသည့် ပါတီဖြစ်၍ “အိမ်ရှင်သာ အိမ်ပြင်မည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမည့် ပါတီဖြစ်သည့်အတွက် မွန်ပြည်နယ်တွင် နေထိုင်သူများ အနေဖြင့် မွန်အမျိုးသားပါတီကို မဲပေးရန် မော်လမြိုင်မြို့၌ မဲဆွယ်ခဲ့ခြင်းဖြစ်သည် ။

“ကျွန်မတို့ စွဲကိုင်ထားတာက ဒီပြည်နယ်အတွင်းမှာ နေထိုင်တဲ့ လူမျိုးအားလုံးသည် မွန်ပြည်နယ်ရဲ့ အရိပ်ကိုခိုတယ် ။ မွန်ပြည်နယ်အပေါ်မှာ ကြီးပွားတယ် ။ သူတို့ရဲ့ ဘဝတွေလည်း တိုးတက်ကြီးပွား လာကြတယ် ။ မွန်ပြည်နယ်က ကျွေးတဲ့ ထမင်းကို သူတို့စားတယ် ။ မွန်ပြည်နယ်မှာ သူတို့ဟာ အသက်ရှင် ၊ ဒီရေသောက်ပြီး ကြီးလာတဲ့ သူတွေက မွန်ပါတီတွေကို မဲပေးသင့်တယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း မိနွယ်နွယ်လင်း (ခ) ဒေါ်အေးသန်းက ပြောသည် ။
ထို့ပြင် မွန်အမျိုးသားပါတီ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ မွန်ပြည်နယ်တွင် နေထိုင်သော ပြည်သူ အားလုံးအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပြည့်အဝ ရရှိစေရန် ၊ တန်းတူညီမျှရရှိရေး ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေး စသည့်အချက်များ ရရှိရေးအတွက် ဖြစ်ကြောင်း သိရသည် ။

မွန်အမျိုးသားပါတီသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ အနေဖြင့် အဖွဲ့အစည်းများ ဖွဲ့စည်းပြီး ပြည်သူများထံသို့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည် ။

မွန်အမျိုးသားပါတီသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မြို့နယ်အားလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး မွန်လူမျိုးများ နေထိုင်သော အခြားဒေသများဖြစ်သည့် ကရင်ပြည်နယ်တွင် ဘားအံ ၊ ကော့ကရိတ် ၊ မြဝတီ ၊ ကြာအင်းဆိပ်ကြီး ၊ တနသာင်္ရီတိုင်းတွင် ရေဖြူမြို့နယ် နှင့် ကော့သောင်းမြို့နယ် တို့တွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည် ။
မွန်အမျိုးသားပါတီသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ်မြေ ၁၇ ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


 လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ အိုပဲလ် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒထုတ်ဖော် မှုနှင့် ပတ်သက်၍ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ် များ ညနေ လေးနာရီခွဲတွင် ညှိနှိုင်းဖျန်ဖြေရေးရုံး၌ ညှိနှိုင်း ဆွေးနွေး ပေးသွားမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေး ငွေ သတ်မှတ်ရေး အမျိုးသားကော်မတီမှ အလုပ်သမား ကိုယ်စားလှယ် ဦးဝင်းဇော်က The Ladies သို့ ပြောသည် ။

အထည်ချုပ် စက်ရုံ အလုပ်သမားများ ဆန္ဒ ထုတ်ဖော် ရခြင်းမှာ စနေနေ့ နေ့တစ်ဝက် အလုပ်ဆင်းရာတွင် လုပ်ခ တစ်ရက်စာ ရရှိရမည် ဖြစ်သော်လည်း နေ့ တစ်ဝက်ခသာ ပေးခြင်းကြောင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း စက်ရုံ အလုပ်သမ တစ်ဦးက The Ladies သို့ပြောသည် ။

“အဓိကပြဿနာက အနည်းဆုံး အခကြေးငွေ စနေနေ့ကို လေးနာရီပဲ အလုပ်ဆင်းတဲ့ အတွက် လေးနာရီခပဲ ပေးမယ် ။ သို့သော် ဥပဒေမှာ ပါတာက လေးနာရီဆင်းလည်း တစ်ရက်ခ ပေးရမယ် ။ အဲဒီအပေါ်မှာ အလုပ်ရှင်နဲ့ အလုပ်သမား အငြင်းပွားမှုဖြစ်တာ ။ အဲဒီတော့ ကျွန်တော်က ဒါအနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးက အလုပ်သမား ကိုယ်စားလှယ် ။ အဲဒီတော့ ဒီဥပဒေကို ကျွန်တော်တို့ ထုတ်တာဖြစ်တဲ့အတွက် ကျွန်တော်က ဒါကိုလာပြီး ရှင်းပြတာ ။ ရှင်းပြတော့ စနေနေ့သည် နေ့တစ်ဝက် ဖြစ်တဲ့အတွက် တစ်ရက်ခရမယ် ။ ၁၂ နာရီနောက်ပိုင်းမှာ ဆင်းထားတာတွေ အိုတီဆင်းထားရင် အိုတီခရမယ် ။ အိုတီခ ၁ နာရီကို ၉၀၀ ရမယ် ။ အဲဒါတွေကို ကျွန်တော်တို့က လာပြီးရှင်းပြတယ် ။ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေးရုံးမှာ ညှိနှိုင်း ဆွေးနွေးပေးမယ် ။ အားလုံး သဘောတူတယ်ဆို စာချုပ်မယ် ။ လုပ်ငန်းခွင် ပြန်ဝင်ကြမယ်” ဟု ဦးဝင်းဇော်က ပြောသည် ။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်လိုက်သည့် စာတွင် အလုပ်ချိန်သည် စနေနေ့ကို တစ်နေ့လုံး ဆင်းမှသာ ၃,၆၀၀ ကျပ်ပေး မည်ဖြစ်ပြီး လေးနာရီသာ ဆင်းပါက ၁,၈၀၀ သာပေးမည်ဟု ထုတ်ပြန် လိုက်ခြင်းကြောင့် အလုပ်သမားနှင့် အလုပ်ရှင်ကြား မှားယွင်းမှု ဖြစ်ပွားရခြင်းဖြစ်ကြောင်း အမှန်တကယ်တွင် စနေနေ့တွင် လေးနာရီ အလုပ်ဆင်းသော်လည်း တစ်ရက်လုပ်အားခ ရရှိမည်ဖြစ်ပြီး အလုပ်ချိန် လေးနာရီ ကျော်လွန်ပါက အိုတီ တွက်ချက်ပေးရမည်ဟု ဥပဒေ တွင် ဖော်ပြထားကြောင်း ဦးဝင်းဇော်က ဆက်လက် ပြောဆိုသည် ။

စက်ရုံအလုပ်သမားများ အနေဖြင့် အလုပ်သမား ခေါင်းဆောင်အား အလုပ်မှ ထုတ်ပယ် ခဲ့ခြင်းကြောင့် အလုပ်သမား ခေါင်းဆောင် မရှိကြောင်း ၊ အလုပ်သမားများဘက်က အလုပ်ရှင်နှင့် တွေ့ဆုံရန် ကိုယ်စားလှယ် ဆယ်ဦးကို ရွေးချယ်ရာတွင် အခက်အခဲ ရှိနေကြောင်း ၊ အလုပ်သမား ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပါက အလုပ်ဖြုတ်ခံရနိုင်ခြင်းကြောင့် ဆောင်ရွက်လိုခြင်း မရှိကြောင်းကိုလည်း တွေ့ရှိခဲ့ရသည် ။

သတင်း / ဓာတ်ပုံ - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies


 တနင်္သာရီတိုင်းဒေသကြီး မြိတ်စက်မှုဇုန်ရှိ အိန္ဒိယနိုင်ငံသားပိုင် မြိတ်အထပ်သား စက်ရုံက အလုပ်သမား ၁၇ဝ ကျော်ဟာ နိုင်ငံတော်ကသတ်မှတ်ထားတဲ့ တစ်ရက်လုပ်ခ ၃၆ဝဝ မပေးတာကြောင့် ဒီနေ့မနက်ပိုင်းမှာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပါတယ်။

မြိတ်ခရိုင်အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနနဲ့ အလုပ်ရှင်တွေ့ဆုံပြီး ညှိနှိုင်းခဲ့ရာ အဆင်ပြေသွားခဲ့ပါတယ်။ အလုပ်သမားတွေဟာ အရင်က တစ်လကို လုပ်အားခအဖြစ် ကျပ် ၄၅ဝဝဝ သာရရှိပြီး အချိန်ပိုကြေးမှာလည်း တစ်နာရီကို ကျပ်တစ်ရာကျော်သာ ရရှိတယ်လို့သိရပါတယ်။

Photo: Kyaw Lwin Oo/ RFA
RFA Burmese
https://www.facebook.com/RFA-Burmese



ဒါ ဘယ်သူများလဲ သိရင် ပြောကြပါအုံး

************************************
ယနေ့(၆-၁၀-၂၀၁၅)ရက်နေ့ နံနက် ၀၇:၀၀အချိန်ခန့်တွင် မန္တလေးခရိုင် ပုသိမ်ကြီးမြို့ ရန်ကင်းတောင် အတက်လမ်းတွင် လမ်းလျှောက်သူများက မသင်္ကာဖွယ် ခရီးဆောင် အိတ်တစ်လုံးတွေ့ရှိကြောင်း ရာအိမ်မှူးထံသတင်းရရှိသဖြင့် ရဲစခန်းသို့ အကြောင်းကြားခဲ့ပါသည်။

တာဝန်ရှိသူများ ရောက်ရှိ စစ်ဆေးရာ အလျား ၂ပေ/ အနံ တစ်ပေခွဲ/အမြင့် ၁၀လက်မရှိ ဘီးတပ် လက်တွန်းခရီးဆောင်အိတ်(တရုပ်နိုင်ငံလုပ် Nanxiangတံဆိပ်)အတွင်း ဖေါ်ပြပါဓာတ်ပုံအတိုင်း ခွေခေါက်၍
ထည့်ထားပြီး အလောင်းအား စစ်ဆေးရာ တွင် ဦးခေါင်းဝဲဘက်ချိုစောင်းတွင် နှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတစ်ချက် ထိပ်တည့်တည့် ဖူးယောင်ဒဏ်ရာ တစ်ချက် နှုတ်ခမ်းတွင် ဖူးယောင်ဒဏ်ရာ တစ်ချက် တွေ့ရှိရပါသည်။

အလောင်းမှာ တောင့်တင်းစ ပြုနေပြီး အသက်(၄၀)ခန့်ဟု ယူဆရ ရင်ဘတ်တွင် ငါးရုပ် ဘုရင်ရုပ်
ယာဘက်လက်မောင်းတွင် ကနုတ်ပန်း လက်ဖျံတွင် အိမ်မြှောင်ရုပ် ဝဲဘက်လက်မောင်းတွင်ပန်းပွင့်များပါသော ကနုတ်ပန်းများ၊ ကျောက်ကုန်းတွင် ငှက်ရုပ်နှင့် နဂါးရုပ်ခြေသလုံးတွင် အင်းကွက်ပုံသဏ္ဏာန် ဆေးမင်ကြောင်များထိုးထားပါသည်။

စုံစမ်းစစ်ဆေးမှုများ စတင်နေပြီး မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါသည်။

မိမိပတ်ဝန်းကျင်တွင် အသတ်ခံရသူအား သိရှိနိုင်ခြင်းရှိမရှိ ဝိုင်းဝန်းစုံစမ်းပေးကြပါရန်နှင့် သိရှိသူရှိပါ 02 57749 ပုသိမ်ကြီးရဲစခန်းဖုန်း(တာဝန်မှူး)သတင်းပို့ပေးကြပါရန်

ဦး ထွန်း's post in မန္တလေး သတင်း ပုံရိပ်များ
https://www.facebook.com/groups/mandalaynewsimage/


 တိုင်းရင်းသား လက်နက်ကိုင်တချို့နဲ့ မြန်မာအစိုးရတို့ကြား အပစ်ရပ်ရေး စာချုပ် လက်မှတ်ရေးထိုးတာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသိသက်သေ အဖြစ် လက်မှတ်ထိုးပေးဖို့ နှစ်ဘက်တို့က လိုလားနေကြပါတယ်။ တိုင်းရင်းသားတို့ဘက်က လိုလားရင် အပစ်ရပ်စာချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်ရေးထိုးလိုတဲ့ ဆန္ဒရှိပေမယ့် ခိုင်မာတဲ့ အပစ်ရပ်ရေး ဖြစ်ဖို့လိုအပ်တယ်လို့လည်း ထောက်ပြ ထားပါတယ်။ အသေးစိတ်ကို မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ကြား အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်မှာ အပစ်ရပ်ရေး လက်မှတ်ရေး ထိုးတာမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးပေးဖို့ အစိုးရဘက်ကရော တိုင်းရင်းသားတို့ ဘက်ကပါ လိုလားနေကြတာပါ။ အပစ်ရပ်ရေး သဘောတူထားတဲ့ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ANP ကိုယ်စားလှယ် ဒေါ်စောမြရာဇာလင်းက အခုလို ပြောပါတယ်။

“နှစ်ဘက်စလုံးကတော့ လိုလိုလားလားရှိတယ်လို့ ကျမတို့ တွေ့ရပါတယ်။ အစိုးရဘက်နဲ့ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဆွေးနွေးတဲ့အခါမှာ ပြည်တွင်းအသိသက်သေတွေကို စဉ်းစားတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို အရင်ဆုံးထည့်ပြီးတော့ စဉ်းစားကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါဝင်လာမှုဟာလည်း အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ အစိုးရဘက်ကလည်း လိုလားတယ်၊ ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပါဝင်မှုကို လိုလားတာမို့လို့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမှုကို ကျမတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အဆိုပြုတာဖြစ်ပါတယ်။”

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ဘက်က လိုလားချက်ရှိရင် အပစ်ရပ်ရေး စာချုပ်မှာ အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးပေးဖို့ သဘောထားရှိပေမယ့် ခိုင်မာတဲ့ အပစ်ရပ်ရေးစာချုပ် ဖြစ်စေ ချင်တယ်လို့ ပြောထားတဲ့ အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“တကယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော၊ တိုင်းရင်းသားပါတီတွေရောက လိုလားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်မှတ်ထိုးဖို့ ဝန်မလေးဘူး၊ သို့သော် တချက်တော့ရှိတယ်။ ဘာလဲဆိုရင် အဲဒီထိုးလိုက်တဲ့လက်မှတ်ဟာ အဲဒီထိုးလိုက်တဲ့စာချုပ်ဟာ ခိုင်မာရမယ်၊ စာချုပ်ချုပ်ပြီး ပျက်တဲ့- အလွယ်တကူပျက်တတ်တဲ့စာချုပ်မျိုး မဖြစ်ရဘူးဆိုတဲ့ဟာကို ကျနော် အဲဒီမှာ ပြောပြပါတယ်။”

ဒါပေမယ့်လက်ရှိ ကာလမှာက ရွေးကောက်ပွဲကာလဖြစ်ပြီး အစိုးရ အကူးအပြောင်းကာလ ဖြစ်နေတဲ့အတွက် အပစ်ရပ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲ ဦးဆောင်မှု အခန်းကဏ္ဍ၊ အားလုံးပါဝင်နိုင်မှု အခန်းကဏ္ဍနဲ့ လက်တွေ့ဖြစ်နိုင်ခြေတွေကို အဓိကထားပြီး စဉ်းစားကြဖို့ကိုလည်း NLD ဘက်က တိုက်တွန်းခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေရဲ့ ပြဿနာနဲ့ပတ်သက်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်၊ နိုင်ငံကိုလည်း ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်အောင် ရည်ရွယ်ချက်ထားတယ်ဆိုတဲ့ …ရှိခဲ့တယ်။ ဒီအတိုင်းပဲ ကျနော်တို့ တသွေမတိမ်းဘဲ ရပ်တည်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့၊ အဲဒီတော့ ဖက်ဒရယ်ဆိုတာကို ပြောတာလည်း ကျနော်တို့ ပထမဦးဆုံးပဲ။ ဒါကြောင့်မို့လို့ ငြိမ်းချမ်းရေးလည်း လိုလားတယ်။ စာချုပ် ချုပ်မယ်ဆိုရင်လည်း ကြိုဆိုလက်ခံရမယ့်သဘောရှိတယ်။ သို့သော် ရွေးကောက်ပွဲနဲ့ သိပ်ပြီးတော့ အလုပ်များနေတဲ့အချိန်မှာ အစည်းအဝေးလုပ်ဖို့ကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အဲဒါတစ်ချက်၊ နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲပြီး တဲ့နောက်မှာ ဘယ်သူနိုင်မလဲဆိုတာလည်းမသိသေးဘူး၊ နိုင်ပြီးရင်လည်း ဘယ်လိုနည်းနဲ့အာဏာလွှဲမယ်ဆိုတဲ့ဟာလည်း မသိသေးတော့ - transition period - အင်မတန်အလုပ်များတဲ့အချိန်၊ အဲဒီအချိန်မှာ ငြိမ်းချမ်းရေးဦးစားပေးမယ်ဆိုရင် ဘယ်သူက ဦးဆောင်လုပ်မှာလဲ၊ အစိုးရကပဲလုပ်မှာပဲလား၊ ဒီပုဂ္ဂိုလ်တွေကပဲလုပ်မှာပဲလား။ …….ဒါကြောင့်မို့လို့ စဉ်းစဉ်းစားစားလုပ်သင့်တယ်လို့ ကျနော်တင်ပြခဲ့တာ။”

ဒါ့အပြင် လက်ရှိ မြန်မာအစိုးရက မတရားအသင်း ကြေညာထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်ရေးမှာ နိုင်ငံရေး ပါတီတွေ ပါဝင် ပတ်သက်လာရင် တည်ဆဲဥပဒေအရ အာမခံချက်ရှိမရှိဆိုတာနဲ့ တည်ဆဲဥပဒေတွေနဲ့ ငြိစွန်းမယ့်အရေးကိုလည်း ထောက်ပြခဲ့တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။ အပစ်ရပ်အပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေး တနလာင်္နေ့မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီတို့ကြား အလွတ်သဘောဆွေးနွေးပွဲမှာ မြန်မာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တို့ကြား အရင်ချုပ်ဆိုထားတဲ့ အပစ်ရပ်ရေးစာချုပ်တွေ ပျက်ပြယ်ခဲ့ကြတာတွေကိုလည်း ထောက်ပြပြီး အခု ချုပ်ဆိုမယ့် အပစ်ရပ်ရေး စာချုပ်ရဲ့ခိုင်မာမှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးကို အဓိကထားကြဖို့ NLD က တိုက်တွန်းထားပါတယ်ရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


# NLD အစိုးရဖွဲ့နိုင်ရင် တိုင်းပြည်အတွက် ဘာတွေ လုပ်မှာလဲ၊ တိုင်းပြည်စီးပွားရေးတိုးတက်ဖို့ ဘယ်လို အစီအမံတွေ၊ မူဝါဒတွေ ချမှတ်ထားသလဲဆိုတာကို ဆရာ မြသူအောင်က ဆန်းစစ် ထားပါတယ်။ #

ဘယ်လိုအစိုးရမျိုးကို ရွေးချယ်မလဲ
----- ----- ----- ----- -----
လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲမှတဆင့် ပြည်သူ့အာဏာကို လွှဲပြောင်းရယူပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်မည့် အစိုးရအဖွဲ့ကို ရွေးချယ်ရတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်ကြမည့် ပါတီအသီးသီးအနေဖြင့် မိမိတို့၏ မူဝါဒရည်မှန်းချက်များနှင့် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြ၍ ပြည်သူလူထုထံမှ ထောက်ခံမဲ တောင်းခံနေကြသည်။ ပြည်သူများအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းသာယာ၍ တရားဥပဒေစိုးမိုးပြီး ပြည်သူလူထု၏ လူမှုစီးပွားရေးဘ၀ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည့် အစိုးရမျိုးရရှိအောင် ရွေးချယ်ရပေမည်။ ထိုသို့ ရွေးချယ်ရာတွင် အစိုးရဖွဲ့နိုင်ရေးအတွက် နေရာအများစုရရှိရန် မဲဆန္ဒနယ်အားလုံးနီးပါးတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး)နှင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (ဒီချုပ်)တို့ကို အလေးထားလေ့လာသုံးသပ်ရန် လိုပါသည်။

ပြည်ခိုင်ဖြိုးပါတီမှာ လက်ရှိအာဏာရပါတီဖြစ်ပြီး လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အစိုးရသက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုး၏ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ပြည်သူများ၏ အဓိကလိုလား ချက်နှစ်ရပ်ဖြစ်သော (၁) တိုင်းပြည် တည်ငြိမ်အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ (၂) ပြည်သူလူထု၏ လူမှုစီးပွားရေးဘ၀ တိုးတက်ဖွံ့ဖြိုးရေးနှင့်ပတ်သက်သည့် အခြေအနေများကို လေ့လာကြည့်ပါက ယေဘုယျအားဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်သည်။

တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကိုကြည့်လျှင် လုယက်တိုက်ခိုက်သတ်ဖြတ်သည့် ဒုစရိုက်မှုများ တိုးလာနေသည်ကို တွေ့ကြရသည်။ ရဲတပ်ဖွဲ့ဝင်များပင် သတ်ဖြတ်ခံရသည့် အဖြစ်မျိုး ကြုံတွေ့လာရသည်။ မကောင်းမှုဒုစရိုက်၏ မြစ်ဖျားခံရာမှာ ဆင်းရဲနွမ်းပါးမှုဖြစ်ကြောင်း ရှင်တော်မြတ်ဗုဒ္ဓဟောကြားခဲ့သည်ဟု မှတ်သားမိပါသည်။ ဒုစရိုက်မှုများ တိုးပွားလာရခြင်းသည် ပြည်သူလူထု၏ စားဝတ်နေရေး ဘ၀ကျပ်တည်းမှု၏ ပြယုဂ်ပင် ဖြစ်သည်။ လယ်မဲ့ယာမဲ့ တောင်သူလယ်သမား တိုးများလာသည်၊ လူများစု၏ စားဝတ်နေရေး ပိုမိုကျပ်တည်းလာသည်။ တဖက်တွင် ငွေကို လေလိုသုံးနိုင် ဖြုန်းနိုင်သည့် လူနည်းစုအလွှာတခု ပေါ်ပေါက်လာသည်။ နိုင်ငံ့ ဓနရင်းမြစ်များကို တရားမျှတမှု မရှိသော နည်းလမ်းဖြင့် လက်တဆုပ်စာ လူတစုက ထိန်းချုပ်ထားသည်။ ခြုံငုံသုံးသပ်ရလျှင် တိုးတက်ပြောင်းလဲမှုအချို့ ရှိသော်လည်း ပြည်သူအများစုအတွက် အမှန်တကယ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပြောပလောက်ဖွယ် တိုးတက်ပြောင်းလဲမှု မရှိဟုဆိုနိုင်ပါသည်။

လွန်ခဲ့သော သြဂုတ်လ ၂၁ ရက်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးက 'စီးပွားရေးဆိုတဲ့အထဲမှာ တကယ်တော့ ခရိုနီဆိုတဲ့ဥစ္စာရှိကိုရှိရမယ်'ဟု ဆိုပါသည်။ ပြည်ခိုင်ဖြိုးပါတီကို ဦးဆောင်နေသူများအနက် တဦးဖြစ်သည့် ဦးဌေးဦး၏ စကားသည် ပါတီက ဦးတည်သည့် စီးပွားရေးစနစ်ကို ဖော်ပြနေသည်ဟု ဆိုနိုင်ပါသည်။

အထက်ဖော်ပြပါ ပြည်သူလူထု၏ လိုလားချက်များကို ဖြည့်ဆည်းပေးရန် ဒီချုပ်မှာ လုပ်ဆောင်ပေးနိုင်သည့် အခွင့်အာဏာ ရရှိဖူးခြင်း မရှိပါ။ အမျိုးမျိုးသော အခက်အခဲနှင့် ဖိနှိပ်မှု အသွယ်သွယ်ကြား ၂၇ နှစ်ကျော် ရုန်းကန်လှုပ်ရှား ရပ်တည်နေခဲ့ရသည်။ ယခုအခါ ပြည်သူလူထု၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဒီချုပ်ဦးဆောင်သော အစိုးရ ဖွဲ့နိုင်ရေးအတွက် ပြည်သူလူထုထံက ထောက်ခံအားပေးရန် မေတ္တာရပ်ခံရင်း ဒီချုပ်၏ မူဝါဒသဘောထားနှင့်လုပ်ငန်းစဉ်များကို တင်ပြထားသည် ကို တွေ့ရပါသည်။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက် မကဲရလေအောင် မူဝါဒလမ်းစဉ်များကို လေ့လာဆန်းစစ်ရန်လိုပါသည်။
ဒီချုပ်၏ စီးပွားရေးမူဝါဒ သဘောထားနှင့် ဦးစားပေးအစီအစဉ်တွင် အဓိကအားဖြင့် မဏ္ဍိုင်ကြီးခြောက်ရပ်ပါရှိသည်ကို လေ့လာတွေ့ရှိရသည်။

ပထမ မဏ္ဍိုင်မှာ ပြည်သူ့ဘဏ္ဍာကို ကောင်းမွန်ထိရောက်စွာ အမြော်အမြင်ရှိရှိ အသုံးချရေးဖြစ်သည်ကို တွေ့ရပါသည်။ ရာစုနှစ်ဝက် နီးပါးပြည်သူ့ဘဏ္ဍာကို အလွန်အကျွံသုံးစွဲ၊ ဖြုန်းတီးခဲ့သည့် အမြော် အမြင်မဲ့မှုများကို အဆုံးသတ်ဖယ်ရှားမည်ဟု ဆိုပါသည်။ မလိုအပ်သည့် နေရာများတွင် ကြွားဝါသုံးစွဲမှု၊ အလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှု၊ ပြည်သူ့ဘဏ္ဍာများကို လွဲမှားစွာ ခွဲဝေချထားသုံးစွဲမှုများကြောင့် ပညာရေး အဆင့်အတန်း နိမ့်ပါးမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းမှု၊ ပုဂ္ဂလိက ကဏ္ဍတွင် အရင်းအနှီးမလုံလောက်မှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုစသည့် ဆိုးကျိုးများနှင့် ကြုံရသည်။ ဒီချုပ်၏ ပြည်သူ့ဘဏ္ဍာကို အမြော်အမြင်ရှိရှိ အသုံးချရေးမှာ အမှန်တကယ် လိုအပ်လျက်ရှိပြီး အမြန်ဆုံးဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းတခုဖြစ်သည်။ ဒီချုပ်အနေဖြင့် ဘဏ္ဍာငွေများ ပိုမိုရရှိအောင် ကောင်းမွန်စွာ စုစည်းပြီး မှန်ကန်သောဦးစားပေး အစီအစဉ်များဖြင့် အကျိုးရှိရှိထိရောက်စွာ ခွဲဝေသုံးစွဲခြင်းဖြင့် ပြည်တွင်း စုစုပေါင်းဝယ်လိုအားတိုးပြီး အလုပ်အကိုင် အခွင့်အလမ်း တိုးပွားလာစေမည်ဟု ဆိုပါသည်။ အခွန်အကောက်မှ ရငွေများ တိုးမြင့်လာအောင် ဆောင်ရွက်ရာတွင် စီးပွားရေးတိုးတက်မှုအတွက် အဟန့်အတားနှင့် အများပြည်သူအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ၀င်ငွေမြင့်မားစွာ ရရှိသူများထံမှ သင့်လျော်မျှတသော အခွန် များရရှိအောင် ဆောင်ရွက်သွားမည်ဟု ဆိုပါသည်။ အခွန်တိမ်းရှောင်မှု၊ အကျင့်ပျက်ခြစားမှု၊ အခွန်စီမံအုပ်ချုပ်မှုနှင့် စည်းကြပ်ကောက်ခံမှုဆိုင်ရာ ချွတ်ယွင်းအားနည်းချက်များကို လျော့နည်းပပျောက်သွားအောင် ဆောင်ရွက်မည်ဟု ဆိုပါသည်။ အရက်နှင့် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် ကုန်စည်များအပေါ် ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့် စည်းကြပ်ခြင်းဖြင့်လည်း အခွန်ဝင်ငွေ တိုးမြင့်လာစေနိုင်သည့်အပြင် အစိုးရနှင့် ပြည်သူများအတွက် မလိုအပ်သည့် အပိုကုန်ကျစရိတ်များ သက်သာနိုင်စေပါသည်။

တဖက်တွင် ၀င်ငွေတိုးမြင့်ရအောင် ဆောင်ရွက်ပြီး မလိုလားအပ်သော အသုံးစရိတ်များကို လျှော့ချ၍ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ ဖွံ့ဖြိုးရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အရည်အသွေးမြင့်မား လာစေရန် ထိရောက်စွာ ပိုမိုခွဲဝေသုံးစွဲမည်ဟု ဆိုပါသည်။

ဒီချုပ်သာ အစိုးရဖွဲ့နိုင်ပါက နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းများတွင် ပြည်သူများ ပါဝင်ခွင့်ရှိသည့် ဘတ်ဂျက်စနစ်ကို ကျင့်သုံးမည်ဟု ဆိုပါသည်။ ပြည်သူများအနေဖြင့် ပြည်သူ့ဘဏ္ဍာများကို မည်သို့စုစည်းသုံးစွဲမည်ကို သိရှိခွင့်နှင့် ပါဝင်ဆွေးနွေးခွင့်မှာ အခြေခံအကျဆုံး ပြည်သူ့ဒီမိုကရေစီဖြစ်၍ ကြိုဆိုရမည့် အစီအစဉ်ပင် ဖြစ်သည်။ ဘတ်ဂျက်ရေးရာကိစ္စများတွင် ပြည်သူများပါဝင်ခွင့်ရှိစေခြင်းဖြင့် ပြည်သူလူထု၏ လိုအပ်ချက်နှင့် ပြည်သူ့ဝန်ဆောင်မှုများ အတတ်နိုင်ဆုံး ကိုက်ညီမှုရှိအောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။ ပြည်သူများ ပါဝင်နိုင်ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ အချိန်မီ သိရှိလေ့လာနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးမည်ဟု ဆိုပါသည်။

ထို့အပြင် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုများကိုဖြေလျှော့ပြီး ဘဏ္ဍာရေးလုပ်ပိုင်ခွင့်နှင့် တာဝန်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးရန် စီစဉ်ဆောင်ရွက်မည်ဟု ဆိုပါသည်။ အထူးသဖြင့် သဘာဝသယံဇာတမှ ရငွေများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေပြီး မျှတစွာခွဲဝေခံစားခွင့်ရှိစေမည်ဟု ဆိုပါသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို ကျင့်သုံးမည်ဟု ဆိုလိုရာရောက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကို လွန်စွာ အထောက်အကူဖြစ်စေနိုင်ပါသည်။ ထို့အပြင် ရေရှည် တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူဖြစ်စေရန် သဘာဝသယံဇာတမှ ရငွေများဖြင့် သီးသန့်ဖွံ့ဖြိုးရေးရန်ပုံငွေ တရပ်ထူထောင်သွားမည်ဟု ဆိုပါသည်။ အနာဂတ်မျိုးဆက်သစ်များအတွက် ၀မ်းမြောက်ဖွယ်ဖြစ်သည်။

ဒီချုပ်၏ ဒုတိယမဏ္ဍိုင်မှာ တရားဥပဒေစိုးမိုးပြီး ပွင့်လင်းမြင်သာသော၊ တာဝန်ယူတာဝန်ခံမှုရှိသော၊ အဂတိကင်းသော ကျစ်လျစ်ထက်မြက်ထိရောက်သော၊ အုပ်ချုပ်ရေးယန္တရားဖြစ်ပေါ်လာရေး ဖြစ်သည်။ တရားဥပဒေစိုးမိုးပြီး ပွင့်လင်းမြင်သာသော၊ တာဝန်ယူတာဝန်ခံသော၊ အဂတိကင်းသော၊ ကျစ်လျစ်ထက်မြက် ထိရောက်သော အုပ်ချုပ်ရေးယန္တရားဖြစ် ပေါ်လာစေရန်နှင့် ဖွဲ့စည်းတည်ဆောက်ပုံနှင့် အလေ့အထများကို ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံတော်တိုးတက်သာယာရေးအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည်။ သို့သော် လက်ရှိဖောင်းပွနေသော ၀န်ကြီးဌာနများ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်းရေးတွင် ပို လျှံဝန်ထမ်းများအရေး ကိုင်တွယ်ရန်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ ကြီးမားသော စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။ ထို့အပြင် ရာစုနှစ်ဝက်နီးပါး အသားကျလာသော မလုပ်မရှုပ်မပြုတ် အယူအဆများ၊ အမိန့်ပေးမှလုပ်သော အလေ့အကျင့်နှင့် ရေဘူးပေါက်တာမလို၊ ရေပါတာ သာလိုသည်ဆိုသည့် အယူအဆများနှင့် စနစ်တကျ ယဉ်ကျေးမှု သဖွယ်ဖြစ်နေသော အကျင့်ပျက်ခြစားမှုများကို ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပါ။ ဒီချုပ်က အဂတိကင်းစင်သော လူ့အသိုက်အ၀န်းဖြစ်အောင် ဖော်ဆောင်မည်ဟု ကြွေးကြော်သည်။ ကြွေးကြော်သံကို စနစ်တကျ စီစဉ်ဆောင်ရွက်ရန် လိုပါသည်။ ဒီချုပ် ကိုယ်စားလှယ်လောင်းများမှာ မိမိတို့၏ ပိုင်ဆိုင်မှုကို ကြေညာထားကြသူများဖြစ်သည့်အလျောက် ပိုင်ဆိုင်မှုကို ကြေညာရန် အကျောက်အကန် ငြင်းဆိုသူများထက် ပိုမိုယုံကြည်ထိုက်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။

တတိယမဏ္ဍိုင်မှာ လယ်ယာကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး ဖြစ်သည်။ အချိန်တိုအတွင်း လက်ရှိနိုင်ငံ့စီးပွားတိုးတက် ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် အကောင်းဆုံးနှင့် အလားအလာအရှိဆုံးကဏ္ဍမှာ လယ်ယာပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍကို လျစ်လျူရှုထားခဲ့သည်မှာ ရာစုနှစ်ဝက်ပင်ကျော်ခဲ့ ပြီဖြစ်သည်။ ဒီချုပ်က လယ်ယာမြေပြဿနာများကို တရားမျှတမှုရှိစေရန် ကိုင်တွယ်ဖြေရှင်းပြီး လယ်ယာမြေအသုံးချပိုင်ခွင့် လုံခြုံအာမခံချက်ရှိအောင် ဆောက်ရွက်ပေးမည်ဟု ဆိုပါသည်။ လယ်ယာအပါအ၀င် မြေအသုံးချခွင့် အခွင့်အလမ်းရယူခြင်း၊ ထိန်းသိမ်းခြင်းနှင့် လွှဲပြောင်းပေးခြင်းတို့နှင့် စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူစွာ ထင်သာမြင်သာရှိအောင် ဆောင်ရွက်ပေးမည်ဟု ဆိုပါသည်။ လက်ရှိ ထွန်ယက်စိုက်ပျိုးနေသော မြေယာများနှင့် ဖော်ထုတ်နိုင်သည့် မြေရိုင်းများကိုဖော်ထုတ်၍ မြေယာများကို ထိရောက်စွာ အသုံးချနိုင်ရေး၊ သီးနှံအထွက်နှုန်း တိုးမြှင့်ရေးနှင့် လယ်ယာကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကူညီပံ့ပိုးမည်ဟု ဆိုပါသည်။

ထို့အပြင် ကျေးလက်ဒေသနေ ပြည်သူများ၏ ၀င်ငွေတိုးတက်ရေးအတွက် ကျေးလက်ဒေသ ထုတ်လုပ်မှုစွမ်းရည် တိုးတက်ကောင်းမွန်ပြီး ဈေးကွက်ဝင်သီးနှံများ ထုတ်လုပ်ရေးကို အားပေးပံ့ပိုးခြင်း၊ ကျပန်းနှင့် လယ်မဲ့ယာမဲ့များအတွက် ရာသီမရွေးအလုပ်အကိုင်ရရှိနိုင်မည့် ကျေး လက်အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖန်တီးပေးခြင်း၊ လယ်ယာနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သည့် သွင်းအားစုများ ရရှိအောင် စီစဉ်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဟု ဆိုပါသည်။ လယ်ယာစီးပွားကုန်သွယ်လုပ်ငန်းများ ဖြစ်ထွန်းတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး သတင်းအချက်အလက်ရရှိရေး အပါအ၀င် ထိရောက်သော အခြေခံအဆောက် အအုံများ တိုးတက်ဖွံ့ဖြိုးအောင် အားပေးကူညီပံ့ပိုးသွားပြီး လယ်ယာကဏ္ဍ ဦးဆောင်သော တိုးတက်မှုနှင့် ချိတ်ဆက်၍ စက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးကို အားပေးဆောင်ရွက်မည်ဟု ဆိုပါသည်။

စတုတ္ထမဏ္ဍိုင်မှာ တည်ငြိမ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက် ထူထောင်ရေးဖြစ်သည်။ မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးတွင် အရင်းအနှီး ရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရသည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်နေပြီ ဖြစ်သည်။ အထူးသဖြင့် တောင်သူလယ်သမား များအတွက် ချေးငွေလုံလောက်စွာရရှိနိုင်သည့် တရားဝင်ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများမရှိဘဲ ပြင်ပမှ အဆမတန်မြင့်မားသော အတိုးနှုန်းများဖြင့် ချေးငှားနေကြရသည်။ ငွေကြေး အရင်းအနှီးလိုအပ်နေသည့် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများနှင့် အိမ်ထောင်စုများအတွက် ငွေကြေးလိုအပ်ချက်ကို သင့်တင့်လျောက်ပတ်သည့် အတိုးနှုန်း၊ သတ်မှတ်ချက်များဖြင့် ဖြည့်ဆည်းပေးရန် လိုအပ်နေပါသည်။ ထိုလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးကို ဒီချုပ်က ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး ဗဟိုဘဏ်ကို အမှန်တကယ် သီးခြားလွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည်ဟု ဆိုပါသည်။ ခိုင်မာသော ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့် ငွေကြေးဈေးကွက် ပေါ်ထွန်းရေးမှာ လိုအပ်သော အရင်းအနှီးများ စုဆောင်းခွဲဝေရေးတွင် အလွန်အရေးပါသည့်အလျောက် ဦးစားပေးဆောင်ရွက်သင့်သည့် လုပ်ငန်းတခုဖြစ်ပါသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုကို အားပေးဖိတ်ခေါ်သည့်နည်းတူ ပြည်တွင်း စုဆောင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးကို အလေးထားပြီး ပဉ္စမမဏ္ဍိုင်အဖြစ် အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးအတွက် နည်းပညာနှင့် ငွေရေးကြေးရေးဆိုင်ရာ အခွင့်အလမ်းကောင်းများ ရရှိနိုင်အောင် ဆောင်ရွက်ပေးမည်ဟု ဆိုပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးကို တိုးတက်ဖွံ့ဖြိုး စေသော၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သော၊ ပြည်ပတင်ပို့မှုကို အလေးထားသော၊ အုပ်ချုပ်မှုနှင့် နည်းပညာလွှဲပြောင်းပေးနိုင်သော ပြည်ပအရင်းအနှီးများ စီးဝင်လာရေးကို အလေးထား ဆောင်ရွက်မည်ဟု ဆိုပါသည်။ နှစ်ဦးနှစ်ဖက်အကျိုးရှိစေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် အခြေအနေများ ဖန်တီးပေးမည်ဖြစ်ပြီး ပြည်တွင်းဥပဒေ စည်းမျဉ်းစည်းကမ်း၊ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး 'စံနှုန်း'များနှင့် ကိုက်ညီပြီး လူမှုရေးတာဝန်ယူ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများကို ခွင့်ပြုအားပေးမည်ဟု ဆိုသည်။

ဆဋ္ဌမ မဏ္ဍိုင်မှာ သဘာဝအရင်းအမြစ်များ ထုတ်ယူသုံးစွဲမှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးသည့်ဒေသများကို ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် မြေ၊ ရေ၊ လေ ညစ်ညမ်းထိခိုက်မှုများကို လျှော့ချရေး ဖြစ်သည်။
ဒီချုပ်၏ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များမှာ အရေးတကြီး ဆောင်ရွက်ရန် အမှန်တကယ်လိုအပ်နေသော လုပ်ငန်းများဖြစ်သည့်အပြင် အခြေခံကျကျ ချဉ်းကပ်ပြီး အရှိတရားပေါ် အခြေခံထားသည့် ကြောင်းကျိုးခိုင်လုံသော အမြင်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မှန်ကန်သော မူဝါဒလက်နက်ဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည့်အပြင် ပြည်သူ့လိုအင်ဆန္ဒကို အလေးထားပြီး ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူပေါင်းဆောင်ရွက်မှုကိုရရှိအောင် ဆောင်ရွက်ရန် လိုပါသည်။

မြသူအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

TPP နိုင်ငံများနဲ့ တခြား ကမ္ဘာ့ကုန်သွယ်ရေး သဘောတူညီချက်များ 
 အမေရိကန်ပြည်ထောင်စုနဲ့ ပစိဖိတ်ရပ်ဝန်း ၁၁ နိုင်ငံတို့ကြား လွတ်လပ်စွာ ကုန်သွယ်ခွင့် နောက်ဆုံးအဆင့် သဘောတူညီချက်ကို တနင်္လာ မနေ့တုန်းက ရယူနိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးရဲ့ ထက်ဝက်နီးပါးရှိတဲ့ ပစိဖိတ်သမုဒ္ဒရာနိုင်ငံတွေကြား ကုန်သွယ်ရေး အဟန့်အတားတွေကို လျှော့ချသွားမှာဖြစ်သလို အခွန်လျှော့ချတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

TPP လို့အတိုကောက်ခေါ်တဲ့ ပစိဖိတ်သမုဒ္ဒရာ တဖက်တချက်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လွှတ်တော်က အတည် ပြု ပြဌာန်းပေးဖို့ အချိန်ယူရဦးမှာဖြစ်ပေမယ့် ပစိဖိတ်နိုင်ငံတွေနဲ့ အခုလို သဘောတူညီမှု ရလိုက်တာဟာ သမ္မတအိုဘားမားအတွက် သူ့ နိုင်ငံခြားရေး မူဝါဒထဲကအဓိကအောင်မြင်မှုတရပ် ဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ဟာ အမေရိကန်တွေရဲ့စံတန်းဖိုးကို ထင်ဟပ်စေသလို အမေရိကန် အလုပ်သမားတွေ ခံစားထိုက်တဲ့ အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းခွင့်ကိုလည်း ဖန်တီးပေးရာရောက်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဒါ့အပြင် ကမ္ဘာ့စီးပွားရေးနဲ့ပတ်သက်တဲ့ စည်းမျည်းတွေကို တရုတ်လို နိုင်ငံမျိုးကရေးဆွဲဖို့ အမေရိကန်က ခွင့်မပြုနိုင်ဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။ အလုပ်သမားတွေကို အကာကွယ်ပေးထားမယ့် ဒီ စည်းမျည်းတွေကို အမေရိကန်ကသာ ရေးဆွဲသင့်တယ် လို့လည်း သမ္မတက ဆိုပါတယ်။ TPP စာချုပ်ဟာ တရုတ်ရဲ့ဒေသတွင်း စီးပွားသြဇာကြီးထွားမှုကို တန်ပြန်လိုတဲ့သဘောလို့ ပညာရှင်တွေက သုံးသပ် ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကလည်း ဒီ သဘောတူညီမှုဟာ TPP မှာပါတဲ့ နိုင်ငံတွေအားလုံးအတွက် အမြော်အမြင်ကြီးတဲ့ ပေါ်လစီ တရပ် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီသဘောတူညီမှု ရရှိရေးအတွက် (၇)နှစ်ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ အသေးစိတ် အချက် အလက်တွေကိုတော့ ထုတ်ပြန်ကြေညာဖို့ ကျန်ရှိနေပါတယ်။ အခြေခံအားဖြင့် မော်တော်ကား၊ ဆေးဝါးနဲ့ နို့ထွက်ပစ္စည်းတွေအပါအဝင် ကုန်စည်နဲ့ ဝန်ဆောင်လုပ်ငန်း အများအပြားအပေါ် ဒီသဘောတူညီမှုဟာ အခွန်ငွေတွေနဲ့ ကုန်သွယ်ရေး အတား အဆီးတွေကို လျှော့ချ ပေးမှာဖြစ်ပါတယ်။ သမ္မတ အိုဘားမားအနေနဲ့ ဒီ သဘောတူညီမှုကို ရက်ပေါင်း ၉၀ အတွင်း လက်မှတ်ရေးထိုးရမှာဖြစ်ပြီး အတည်ပြုချက် ယူဖို့ လွှတ်တော်ထံ တင်ပြရမှာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့အပါအဝင် သြစတြေးလျား ဘရူနိုင်း ကနေဒါ ချီလီ မလေးရှား မက္ကဆီကို နယူးဇီလန် ပီရူး စင်္ကာပူနဲ့ ဗီယက်နမ်တို့ ဒီသဘောတူညီမှုမှာ ပါဝင်ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေး နိုင်ငံဖြစ်တဲ့ တရုတ်ကတော့ ဒီ သဘောတူညီမှုမှာ မပါဝင်ပဲ သူ့ကိုယ်ပိုင် စီးပွားရေး စနစ်ကို လိုက်နာကျင့်သုံး ဆုံးဖြတ်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဖြစ်ခဲ့တဲ့ ရေကြီးမှုကို တွေ့ရစဉ် (Credit: Reuters) 
 မြန်မာနိုင်ငံမှာ ​ရေကြီးမှုတွေ ​ဖြစ်ပေါ်ခဲ့တဲ့အတွက် ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးမှာ ​တိုးတက်မှု ​အနည်းငယ်သာ ​ရှိမယ်လို့ ​ကမ္ဘာ့ဘဏ်က ​ခန့်မှန်းထားပါတယ်။

အရင်တုန်းကတော့ ​၂၀၁၅-၂၀၁၆ ​ခုနှစ် ​အတွင်း ​မြန်မာနိုင်ငံရဲ့ ​စီးပွားရေးက ​၈.၅% ​တိုးတက်လာမယ်လို့ ​ခန့်မှန်းပေမယ့် ​ရေကြီးမှု ​ဖြစ်ပေါ်ပြီးနောက် ​၆.၅ ​% ​လောက်သာ ​တိုးတက်မှု ​ရှိမယ်လို့ ​ကမ္ဘာ့ဘဏ်က ​ခန့်မှန်းထားတာပါ။

ဇူလိုင်နဲ့ ​သြဂုတ်လအတွင်းမှာ ​ဖြစ်ခဲ့တဲ့ ​ရေကြီးမှုကြောင့် ​လူပေါင်း ​၁၀၀ ​ကျော် ​သေဆုံးခဲ့ရသလို ​စိုက်ပျိုးမြေဧက ​တစ်သန်းနီးပါး ​ရေနစ်မြုပ်ခဲ့ရပါတယ်။

အခုအချိန်အထိ ​တချို့ဒေသမှာ ​အကူအညီတွေ ​ရရှိဖို့ ​စောင့်ဆိုင်းနေဆဲ ​ဖြစ်ပါတယ်။

စီးပွားရေး ​တိုးတက်မှုအနည်းငယ်သာ ​ရှိပေမယ့် ​အလယ်အလတ် ​ကာလအတွက် ​စီးပွားရေး ​တိုးတက်မှုက ​ဆက်လက်ကောင်းမွန်မယ်လို့ ​ခန့်မှန်းထားပါတယ်။

လူမှုရေး၊ ​နိုင်ငံရေးနဲ့ ​ဆက်စပ်တဲ့ ​စိန်ခေါ်မှုတွေနဲ့ ​စီးပွားရေး ​ကဏ္ဍမှာ ​စိန်ခေါ်မှုတွေ ​ရှိပေမယ့်လည်း ​ရင်းနှီးမြုပ်နှံသူတွေက ​မြန်မာအပေါ် ​ယုံကြည်စ ​ပြုလာသလို ​စားသုံးသူတွေလည်း ​များလာတယ်လို့ ​ဆိုပါတယ်။

ဒီနှစ်ကနေ ​နောင်နှစ် ​ဇူလိုင်လအထိ ​ငွေကြေးဖောင်းပွဲမှု ​၁၀% ​ရှိနိုင်တယ်လို့လည်း ​ကမ္ဘာ့ဘဏ်က ​ခန့်မှန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

voter-lists-ygn-620.jpg ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုမှာ မဲစာရင်းစစ်နေသူတချို့ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် ၈ မြို့နယ်မှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ ကျူးကျော်နေထိုင်သူတွေ ၃သိန်းလောက် မပါဝင်သေးကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင်က ပြောပါတယ်။

အဲဒီလို ရွှေ့ပြောင်းနေထိုင်သူတွေက ပုံစံ ၃-က နဲ့ သက်ဆိုင်ရာ ရပ်ကျေးကော်မရှင်ရုံးခွဲတွေဆီကို လျှောက်ထားရမှာဖြစ်ပေမယ့် အခုချိန်ထိ လျှောက်တဲ့သူနည်းနေသေးတယ်လို့ ခရိုင်ကော်မရှင် ဥက္ကဌ ဦးအောင်ခိုင် က ပြောပါတယ်။

"လူတွေက စိတ်မဝင်စားဘူးလေ၊ မဲပေးဖို့စိတ်မဝင်စားဘူး၊ ၃-က နဲ့ လျှောက်တယ်ဆိုတာက သူတို့က လက်လုပ်လက်စားနဲ့ နေ့လုပ်နေ့စား ညလုပ်ညစား သွားနေကြတဲ့သူတွေလေ၊ အဲတော့ စနေ တနင်္ဂနွေအတွင်းမှာလည်း သူတို့မရှိဘူးဆိုတော့ သူတို့ရဲ့မဲစာရင်းလည်း လာမကြည့်နိုင်ဘူး၊ မဲပေးဖို့လည်း သူတို့မှာစိတ်ဝင်စားမှု သိပ်မရှိကြဘူး၊ အဲတော့ လာပြီးပြင်တဲ့လူအရေအတွက်က တအားနည်းတာပေါ့၊ တစ်ခရိုင်လုံး မဲပေးခွင့်ရှိတဲ့လူဆိုရင် ခုလက်ရှိထုတ်ပြန်တာ ၁၃ သိန်းကျော်ရှိတယ်၊ သူတို့ပါမှ ၁၅ သိန်းပတ်ဝန်းကျင် ၁၆ သိန်းဖြစ်သွားမယ်၊ သူတို့မပါရင် ၁၃ သိန်းကျော်ကျော်လောက်နဲ့ ဖြစ်သွားမှာပေါ့နော်"

ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး စတဲ့ မြို့နယ် ၈ မြို့နယ်ပါဝင်ပြီး အဲဒီမြို့နယ် ၈ခုမှာ ၂ပတ်ကြာထုတ်ပြန်ခဲ့တဲ့ မဲပေးခွင့် ရှိသူစာရင်းမှာ ၁ ဒသမ ၃သန်းကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီမြို့ နယ် ၈မြို့နယ်ထဲက လှိုင်သာယာမြို့နယ်မှာဆိုရင် စက်ရုံ၊ အလုပ်ရုံတွေများတာကြောင့် ရွှေ့ပြောင်းလုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေ ၂သိန်းနီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ၊ ကျူးကျော်နေထိုင်သူတွေမှာ ပုံစံ ၆၆/၆ လို့ခေါ်တဲ့ အိမ်ထောင်စုစာရင်းမရှိတာကြောင့် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်တွေမပါခဲ့ဘဲ ရက်ပေါင်း ၁၈၀ နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာနဲ့အတူ ပုံစံ ၃-ကမှာ ဖြည့်စွက်လျှောက်ထားမှသာ နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲနေ့မတိုင်ခင် တစ်ပတ်အလိုမှာ ထုတ်ပြန်မယ့် မဲပေးခွင့်ရှိသူစာရင်းမှာ ပါဝင်မှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ လူဦးရေ ၇သန်းကျော်ရှိပြီး မဲပေးခွင့်ရှိသူ ၅သန်းကျော်ရှိတယ်လို့ ကော်မရှင်ရဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖြိုးမင်းသိန်းကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနဲ့ ၈ ဦးက အသရေဖျက်မှုနဲ့ တရားစွဲဆိုသွားမယ်လို့ ပါတီရဲ့ အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/ygn-voter-lists-error-10052015114359.html

dassk-banmaw-620.jpg အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို အောက်တိုဘာလ ၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ဗန်းမော်မြို့ သိမ်တော်ကြီးဘုရားမှာ လူထုကိုဟောပြောစဉ်Photo: Kyaw Myo Min/RFA
မြန်မာနိုင်ငံ နယ်ခြားဒေသတွေမှာ အခုလိုအခြေအနေတွေ ဆိုးဝါးနေတာဟာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့အတွက်ကြောင့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ မဲဆွယ်ဟောပြောပွဲမှာ အခုနှစ်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေအရေးနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီလိုဖြေကြားလိုက်တာပါ။

"ကျမတို့နိုင်ငံဟာ လွတ်လပ်ရေးရရှိတုန်းက ဦးဆောင်ခဲ့တဲ့ ကျမတို့ခေါင်းဆောင်တွေဟာ အမြော်အမြင်ကြီး ပါတယ်၊ ဒီလိုအင်အားကြီးတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီးနှစ်ခုစလုံးနဲ့ အဆင်ပြေအောင်လို့ ကျမတို့ ခေတ်အဆက် ဆက်နေခဲ့ပါတယ်၊ ကိုယ့်နိုင်ငံကို ကိုယ်သေသေချာချာ စည်းမျဉ်းစည်းကမ်းအရရော သံတမန်ရေးရာအရရော ကျမတို့ပါဝင်ခဲ့ပါတယ်၊ အခုနောက်ပိုင်းမှာတော့ ကျမမြင်တာကတော့ တရားဥပဒေစိုးမိုးရေး မရှိတဲ့အခါကျတော့ နယ်စပ်မှာဖြစ်ချင်တိုင်းဖြစ်နေတာပဲလို့ ကျမကပြောရတော့မှာပဲ၊ ကျမတို့ဟာ ကျမတို့အိမ်နီးချင်းနိုင်ငံတွေနဲ့ အဆင်ပြေအောင်နေရမယ်၊ ဒါပေမဲ့ ကျမတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ကျမတို့ပြည်သူလူထုရဲ့ အခွင့်အရေးတွေ တရားဥပဒေစိုးမိုးရေးနဲ့ ကျမတို့က သေသေချာချာကာကွယ်ထားရမယ်လို့ ကျမပြောချင်ပါတယ်"

ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးနဲ့ လူမှုရေးစတဲ့ ပုံစံနှစ်မျိုးနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြည်သူအချင်းချင်းကြားမှာလည်း အပြန်အလှန်လေးစား နားလည်မှုတွေနဲ့ ငြိမ်ချမ်းရေရအောင် တစ်တပ်တစ်အား ပူးပေါင်းလုပ်ဆောင်ရမှာဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ လက်နက်ကိုင်အဖွဲ့တွေကြောင့် ပြည်သူတွေစိုးရိမ်သောက ရောက်နေကြရတဲ့ အခြေအနေတွေကိုလည်း ဒေသခံတွေက မေးမြန်းခဲ့ကြပါတယ်။

ဒီကနေ့ ဟောပြောပွဲကို ရွေကူ၊ ဗန်မော်၊ မန်စီ၊ မိုးမောက်စတဲ့မြို့နယ်တွေက ဒေသခံတစ်သောင်းကျော် တက်ရောက်ခဲ့ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း မနက်ဖြန်မှာတော့ မိုးမောက်မြို့မှာ မဲဆွယ်ဟောပြောပွဲပြုလုပ်မှာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-speech-bamaw-10052015114025.html



ပဲခူးတိုင်း တောင်ငူမြို့မှာ အောက်တိုဘာလ ၄ ရက်နေ့က တပ်မတော်သားတ ဦးက ၉ နှစ်အရွယ် စတုတ္ထတန်းကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ခဲ့ပါတယ်။

ဥာဏ်ထွန်းအောင်အမည်ရတဲ့ ပြစ်မှုကျူးလွန်သူဟာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်သားတဦးဖြစ်ပြီး အဲဒီနေ့ညနေ ၅ နာရီအချိန် အဆိုပါကျောင်းသူ နေအိမ်မှာ တဦးတည်း ရှိနေချိန် အိမ်ရှေ့ရေနုတ်မြောင်းအနီးက သစ်ပင်အောက်ကို ခေါ်ဆောင် အဓမ္မပြုကျင့်ခဲ့တာလို့ သိရှိရပါတယ်။

အိမ်ပြန်ရောက်ချိန်မှာ မိန်းမကိုယ်မှသွေးတွေယိုစီးနေတာကို တွေ့ရပြီး ဖခင်က မေးချိန်မှာ ပြောပြခဲ့တဲ့အတွက် တောင်ငူမြို့နယ်မြေရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။ အောက်တိုဘာလ ၄ ရက်နေ့ ညနေမှာ တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူပြီး စွပ်စွဲခံရသူကို မြို့သစ် နယ်မြေရဲစခန်းမှာ (ပ)၈၆/၂၀၁၅ ပုဒ်မ ၃၇၆ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။

ပြစ်မှု ကျူးလွန်သူဟာ အဲဒီကျောင်းသူနဲ့ အစ်မတ၀မ်းကွဲတော်စပ်သူရဲ့ခင်ပွန်းဖြစ်ပါတယ်။

သတင်းဓာတ်ပုံ – ကိုသားကြီး(DVB)ဒီဗွီဘီ
http://burmese.dvb.no/archives/114816

ယခုတလော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးသော ကားများ၊ လူတန်းများကို မကြာခဏတွေ့ရသည်။ အချို့ကားများမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ခေါ်) NLD ပါတီ၏ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံး လှုံ့ဆော်သည့်ကားများဖြစ်သည်။ အချို့ကားများ၊ အချို့လူများမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဖြစ်သည်။ အချို့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စည်းရုံးရေးဆင်းလာခြင်း ဖြစ်သည်။ အချို့ လူများကတော့ ကိုယ်နှစ်သက်သောပါတီမှ လူများမဟုတ်လျှင် နှာခေါင်းရှုံ့သည်၊ မကြားတကြား ဆဲသည်၊ လှောင်ပြောင်ဟားတိုက်သည်၊ တုတ်ဖြင့် ထွက်ရိုက်ချင်သူများပင် ရှိသည်။ ခဲနှင့်ပေါက်ချင်သူ၊ ခွေးနှင့်ရှုးတိုက်ချင် သူများလည်းမရှားပေ။ ကိုယ်နှင့်မတူ ကိုယ့်ရန်သူဆိုသောသဘောကို ကျင့်သုံးကြသည်။ အချို့အိမ်များက ခြံဝတွင် စာရေးထားသည်။

''ဤအိမ်သည် NLD ကိုသာ မဲပေးမည်ဖြစ်ပါသဖြင့် မည်သည့်ပါတီမှ လာရောက်စည်းရုံးရန်မလိုပါ''တဲ့။ အတော်ပြတ်သားသောအိမ်ဖြစ်သည်။ အချို့ကလည်း ကြေညာချက်ထုတ်သည်။ ''ပြည်ခိုင် ဖြိုးကျေးရွာ''ဟူသတည်း။ ပြည်ခိုင်ဖြိုးကျေးရွာဟူသဖြင့် အခြားနိုင်ငံရေးပါတီများ ၀င်ရထွက်ရ ခက်သွားသည်။ တရွာလုံးသည် တပါတီစနစ်ဖြစ်သွားသည်။ တကယ် တရွာလုံး ကြံ့ခိုင်ရေးပါတီတွေချည်းပဲလား၊ အခြား ပါတီဝင်တွေ၊ ဘယ်ပါတီမှ မယုံသူတွေရော မရှိနိုင်ဘူးလားဟု တွေးနေမိသည်။ ဧရာဝတီတိုင်းဘက်တွင် ရေဘေးကယ်ဆယ်ရေးလုပ်စဉ်က ကြုံခဲ့ရတာကို သွားသတိရမိသည်။ ရေမြုပ်နေသောကျေးရွာတရွာသည် ပြည်ခိုင်ဖြိုးရွာဟု ဆိုင်းဘုတ်တပ်ထား၏။ ထိုရွာသည်လည်း ရေမြုပ်နေသည်။ သို့သော် အလှူရှင်များသည် စက်လှေများဖြင့် ထိုရွာဘေးမှ ဖြတ်သွားကြသော်လည်း ထိုရွာထဲသို့မ၀င်ရောက်ဘဲ အခြားရွာများသို့သာ သွားရောက်လှူဒါန်းတာများသည်။ အပြန်ခရီးတွင် စက်လှေမောင်းဆရာက သူတို့ရွာကို အလှူရှင်မရောက်သဖြင့် ဘာမှမရပါ၊ ၀င်ရောက်လှူပါဦးဟု ပြောသည်။ ခင်ဗျားတို့ရွာက ဘယ်ရွာလဲပြပါဆိုသဖြင့် စက်လှေဆရာကပြရာ အလာခရီးတွင်တွေ့ခဲ့ရသော ပြည်ခိုင်ဖြိုးရွာ ဖြစ်နေသည်။ ထိုအခါလာရောက် လှူသူများက ''ခင်ဗျားတို့က ပြည်ခိုင်ဖြိုးရွာလို့ ဆိုင်းဘုတ်ချိတ်ထားတော့ ဒုက္ခဖြစ်ရင် ပြည်ခိုင်ဖြိုးပါတီက လာကယ်လိမ့်မယ်ထင်ပြီး လူတွေက ဘာမှဝင်မလှူကြတာနေမှာပေါ့''ဟု ၀ိုင်းပြောကြသည်။ ထိုအခါ စက်လှေမောင်းသူက။
''ဆရာတို့ရယ် ဒီဆိုင်းဘုတ်က ရွာကကျေးရွာအုပ်ချုပ်ရေးမှူး ကပ်ခိုင်းလို့ ကျုပ်တို့ကလည်း ဘာမှန်းညာမှန်းမသိဘဲ ကပ်ထားတာပါ အလှူရှင်တွေ အဲဒီဆိုင်းဘုတ်ကြောင့် မလာဘူးဆိုရင် ရွာပြန်ရောက်တဲ့ အခါ ပြန်ခွာခိုင်းလိုက်ပါ့မယ်ဗျာ''ဟု ရိုးသားစွာဖွင့်ဟလေ၏။ ရွာတရွာတွင် ပါတီတခု၏တံဆိပ်ကပ်ခံရခြင်းဖြင့် ကောင်းကွက်ရော ဆိုးကွက်ရော ရှိပေမည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲတွင် ပြည်သူလူထုကို တအိမ်တက်ဆင်း လိုက်လံစည်းရုံးနေသောမြင်ကွင်းကို တွေ့သောအခါ အခြားလူများ ဘယ်လိုနေမည်မသိသော်လည်း ကျွန်တော် ကတော့ အလွန် သဘောကျနှစ်ခြိုက်မိသည်။ အဘယ့်ကြောင့်နည်း။ မည်သည့်နိုင်ငံရေး ပါတီမဆို၊ မည်သည့်အဖွဲ့အစည်းမဆို ပြည်သူလူထုကို လေးလေးစားစားနှင့် လူရာသွင်း၍ စည်းရုံးသောစနစ်ဟူသမျှသည် လူထုကိုအနိုင့်အထက်ပြုမူ၍ မလာမနေရ မထောက်ခံမနေရ၊ ခေါ်ယူခဲ့ သောအစည်းအဝေးကြီးများထက်စာလျှင် သာလွန်ကောင်းမွန်သော ကြောင့်ဖြစ်သည်။

မှတ်မိကြပါဦးမည်၊ ၁၉၈၈ နှင့် ၂၀၁၀ ကြားကာလများတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကြီးခေတ်က လူထုအစည်းအဝေးများကို နိုင်ငံတော်စရိတ်နှင့် မကြာခဏ ကျင်းပပြုလုပ်ခဲ့ကြသည်။ ထိုအစည်းအဝေးများတွင် တအိမ်တယောက် မလာမနေရ စနစ်ကို ကျင့်သုံးကြသည်။ အစည်းအဝေးပွဲ၏အကြောင်းအရာမှာ ပြည်ပအားကိုး ပုဆိန်ရိုး၊ အဆိုးမြင်ဝါဒီများဖြစ်သော NLD ပါတီနှင့် ၎င်းပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားကြောင်း ရှုတ်ချပြောဆိုကြခြင်း ဖြစ်သည်။ နှုတ်သီးကောင်းလျှာပါး မိန်းမ၊ ယောကျာ်းအချို့သည် အဆိုတင်သူက တင်၊ ထောက်ခံသူက ထောက်ခံ၊ လူထုကိုကြွေးကြော်သံများ တိုင်ပေးသူက တိုင် စသည်ဖြင့် ထင်သလိုပြုမူခဲ့ကြသည်။ ပြည်သူလူထု၏ သဘောထားနှင့်အမြင်ဆိုသည်ကို တပြားသားမှ ဂရုစိုက်ခဲ့သူများမဟုတ်။ ပြည်သူလူထုက လမ်းပေါ်ထွက်၍ ဒီမိုကရေစီရေးဆန္ဒပြတောင်းဆိုမှုများ ဖြစ်လာလျှင်လည်း လူဆိုးလူမိုက်များကို လက်ပတ်နီများ ပတ်ပေးကာ စွမ်းအားရှင်ဟု အမည်တပ်လျက် ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့ဖူးသည်။ ဤကဲ့သို့ မယဉ်ကျေးသောနိုင်ငံရေးရာသီဥတုမှ ပြည်သူလူထုကို အနုနည်းဖြင့် စည်းရုံးရမှန်းသိသည့်ခေတ်သို့ ရောက်လာတာကို ကျွန်တော် သဘောကျသည်၊ ၀မ်းသာသည်။ လူတို့ ယဉ်ကျေးလာခြင်းကို ၀မ်းသာခြင်း၊ ထောက်ခံခြင်းဖြစ်သည်။ ပါတီကိုထောက်ခံခြင်းကား မဟုတ်ပေ။ ပြည်သူလူထုကို မျက်နှာချိုသွေးကာ မဲတောင်းရကောင်းမှန်း သိလာသည့်လုပ်ရပ်ကို ထောက်ခံခြင်းဖြစ်သည်။

သို့သော် ယခင်အကျင့်ဟောင်းများပြန်ပေါ်လာသော လုပ်ရပ်များကိုလည်း တွေ့နေရဆဲဖြစ်သည်။ သာပေါင်းမြို့တွင် ဒီချုပ်ပါတီ၏ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ် ဖျက်ဆီးခံရသည်။ နန့်စန်မြို့နယ်တွင် ဒီချုပ်ဆိုင်း ဘုတ် ၂၆ ခု ဖျက်ဆီးခံရမှုသည် နှစ်လကျော်ကြာသည့်တိုင် လက်သည် မပေါ်သေးပေ။ မြောင်းမြတွင်တော့ NLD ပါတီ၏မဲဆွယ်စည်းရုံးရေး ခရီးစဉ်သို့လိုက်ပါလာသောလူငယ်တဦးကို လူသုံးဦးကရိုက်နှက်ပြီး သုသာန်အတွင်း ပစ်ထားမှုဖြစ်ပွားခဲ့သည်။ ဆားလင်းကြီး၌ ပြည်ခိုင်ဖြိုးပါ တီဝင်တဦး နှောင့်ယှက်၍ ဒီချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေးအခမ်းအနား ရုပ်သိမ်းခဲ့ရဟူသော သတင်းများထွက်လာသည်။ ခင်ဦးမြို့နယ် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းအောင် မဲဆွယ်စည်းရုံးရေးဆင်းလာသောကားကို ကြံ့ခိုင်ရေးအလံများ လွှင့်ထူထားသော နေအိမ်အတွင်းမှ လူနှစ်ဦးထွက်လာပြီး တဦးက ကားကိုတားကာ၊ နောက်တဦးက ပုဆိုးလှန် ဖင်ကုန်းပြီး ကပြသည့်သတင်း ဖေ့ဘုတ်မှာ တက်လာသည်။ ပြည်ခိုင်ဖြိုး၊ NLD ပါတီရွေးကောက်ပွဲဆိုင်းဘုတ်များ ဖျက်ဆီးခံရသည့် သတင်းများလည်း ကြားရသည်။ မည်သူကလုပ်သည်ဖြစ်စေ လူကြီးလူကောင်းမဆန်သော ဥပဒေမဲ့လုပ်ရပ်များကို ဥပဒေဘက်တော်သားဟု ခေါ်သော ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်သူ့ရဲများက ထိထိရောက်ရောက် တားဆီးဖို့လိုသည်။ ထိုသို့ မဟုတ်ပါက မြန်မာ့နိုင်ငံရေးသမိုင်းတွင် အရုပ်ဆိုးအကျည်းတန်ခဲ့ရသော ၁၉၅၆ မင်းလှ လေးလောင်းပြိုင် လူသတ်မှု၊ ရှမ်းပြည်နယ်မှ လွှတ်တော်အမတ်ဦးအောင်သာ သတ်ဖြတ်ခံရမှု၊ ၁၉၆၀ ရွေးကောက်ပွဲတွင် ငါန်းဇွန်မြို့နယ်၌ တရားခံမပေါ်သော လူသတ်မှုများကဲ့သို့ ရွေးကောက်ပွဲနှင့်ဆက်နွှယ်သော ရာဇ၀တ်မှုများ ထပ်မံဖြစ်ပွားအောင် ထိုင်စောင့်နေသလိုရှိမည်။ ဥပဒေအထက်တွင် မည်သူမျှမရှိဘူးဆိုလျှင် အစိုးရသည် ပြတ်ပြတ်သားသားအရေးယူဖို့ လိုပါသည်။

ရပ်ကွက်ထဲတွင် NLD ပါတီဝင်လူငယ်များ တအိမ်ဝင်တအိမ်ထွက် မဲစာရင်းပညာပေးလုပ်ငန်းများ လုပ်နေကြတာတွေ့တော့ ဆိုက်ကားဆရာတဦးက ပြောသည်။
“NLD နိုင်တော့ ငါတို့က ဘာရမှာလဲ၊ ဆန်ရမှာလား၊ ဆီရမှာ လား၊ ဘာပေးမှာလဲ၊ ငါကတော့ တန်ဖိုးရှိတဲ့ ငါ့မဲတပြားကို အလကား မပေးနိုင်ဘူး၊ ပိုက်ဆံပေးတဲ့ပါတီကိုပဲထည့်မယ်''ဟု ကြုံးဝါးသည်။ ထိုမေးခွန်းသည် ကျွန်တော့်နားထဲကမထွက်နိုင်ဘဲ လက်ဖက်ရည်ဆိုင်မှ အိမ်အထိပြန်ပါလာသည်။ သူမေးသော မေးခွန်းဖြစ်သည့် NLD နိုင်ရင် ဘာရမှာလဲဆိုတာ လူတွေ မေးသင့်သည်။ မေးထိုက်သည့် မေးခွန်းဖြစ် သည့် အမေးရှိမှ အဖြေရှိမည်။ အဖြေရှိမှ အမြင်ရှင်းမည်ဖြစ်သည်။ ကျွန်တော်လည်း NLD ပါတီဝင်မဟုတ်သဖြင့် သူတို့ကိုယ်စား ဖြေစရာမလို၊ ကိုယ့်အဖြစ်ကိုသာ ကိုယ်ချိန်ထိုး၍ အဖြေထုတ်မိပေ၏။

ရွေးကောက်ပွဲတွင် NLD နိုင်သောအခါ ကျွန်တော့်အိမ်သို့ ဆန်တအိတ်လည်း ရောက်လာမည်မဟုတ်ပါ၊ အမေထွားပဲဆီသန့်တပုံးလည်း လက်ဆောင်အဖြစ် ရောက်လာမည်မဟုတ်ပါ၊ ကျွန်တော်တို့ နေထိုင်ရန်အတွက် တက္ကသိုလ်ရိပ်သာလမ်းအိမ်ကြီးထဲမှမြေများကို ၁၀ ပေခန့်ပိုင်းဖဲ့၍လည်း ပေးကမ်းကြမည် မဟုတ်ပါ။ မဲဆန္ဒရှင်တဦးလျှင် ဒေါ်လာငွေ မြိုးမြိုးမြက်မြက်လည်း ရကြမည်မဟုတ်ပါ။ မဲထည့်သောနေ့ ညနေစာအတွက် ဘဲကင်များလည်း အိမ်တိုင်းအိမ်တိုင်းသို့ ရောက်လာနိုင်မည် မဟုတ်ပါ။ ထိုအရာများသည် ခဏတာရရှိလိုက်မည့် ရုပ်ဝတ္ထုပစ္စည်းများဖြစ်သည်။ မည်သည့်ပါတီကမျှလည်း မြန်မာတပြည်လုံးရှိ မဲဆန္ဒရှင်အားလုံးကို စားမကုန်သောက်မကုန်သော စည်းစိမ်ကို ပေးစွမ်းနိုင်မည်မဟုတ်ပါ။ NLD သည်ပို၍ပင် ထိုသို့ပေးနိုင်စွမ်း ဓနဥစ္စာရှိမည် မဟုတ်ပါ။ သို့သော် ပြည်သူလူထုရနိုင်မည့် အရာဝတ္ထုတခုရှိသည်။ ထိုအရာသည် ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးတွင် နှစ်ပေါင်းများစွာ ပျောက်ကွယ်မှေးမှိန်နေသည့် 'မျှော်လင့်ချက်'ဆိုသော အရာဖြစ်သည်။ NLD နိုင်၍အစိုးရဖွဲ့နိုင်ခဲ့လျှင် မြန်မာတပြည်လုံးတွင်သာမက နိုင်ငံခြားသို့ရောက်နေသော မြန်မာနိုင်ငံသားအားလုံး နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော မျှော်လင့်ခြင်းများအားလုံး ရင်ထဲတွင် အသီးသီးပြန်လည် ထွန်းလင်းလာပါလိမ့်မည်။ ကျွန်တော်သည် NLD ခရေဇီမဟုတ်၊ အမေစု ဘာလုပ်လုပ်မှန်သည်ဟု မျက်စိမှိတ်ထောက်ခံသူတဦးမဟုတ်၊ NLD တက်လာလျှင် ဒေးဗစ်ကော့ပါးဖီးလ်းမျက်လှည့်ပြလိုက်သလို ဥုံဖွဆိုပြီး ပဒေသာပင်မြေက ပေါက်လိမ့်မည်ဟု မိုက်မိုက်မဲမဲ မျှော်ကိုးနေသူ တယောက်မဟုတ်။ သို့သော် Frozen ဆိုသော ကာတွန်းရုပ်ရှင်ထဲကလို တနိုင်ငံလုံးရေခဲဖြစ်ကာ အေးခဲနေသောအရာအားလုံး ကျိန်စာပြယ်သဖြင့် ပြန်လည်အရည်ပျော်ကာ မူလအတိုင်း စိမ်းစိမ်းစိုစို ဖြစ်လာသကဲ့သို့ မြန်မာနိုင်ငံသားတိုင်း၏ ရင်ထဲအသည်းထဲ၌ မျှော်လင့်ချက် ရောင်ခြည်များ ပြန်လည်ရှင်သန်လာပေတော့မည်။ နိုင်ငံခြားတွင်ကျွန်ခံနေရသော မြန်မာအလုပ်သမားများ၊ သယံဇာတကျိန်စာမိနေရသော တောသူတောင်သားများ၊ မြေသိမ်းယာသိမ်းခံ ယာသမား လယ်သမားများ၊ အကျဉ်းစံနေရရှာသော နိုင်ငံရေးအကျဉ်းသမားများ၏မိသားစုများ၊ ချွတ်ခြုံကျနေသော ပညာရေးစနစ်တွင် ကျင်လည်နေရသူများ၊ ဥပဒေစိုးမိုးရေးကို မျှော်လင့်နေသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်စေချင်သူများ တိုင်းသူပြည်သားအားလုံးတွင် တိုင်းပြည်ဒီ့ထက်ကောင်းတော့မည်ဟူသော မျှော်လင့်ခြင်းတွေ ဝေစည်လာတော့မည်။

ထိုအရာအားလုံးဖြစ်ရမည်ဟု မဆိုလို၊ ဖြစ်ချင်လည်းဖြစ်မည်။ ဖြစ်ချင်မှလည်းဖြစ်မည်။ သို့သော် ယခင်အစိုးရအဆက်ဆက် လုံးဝမဖြစ်ခဲ့သောအရာများသည် ယခုအခါ ဖြစ်ကောင်းဖြစ်လာတော့မည်ဆိုသော မျှော်လင့်ချက်ကိုတော့ မြန်မာပြည်သူပြည်သားအားလုံး မလွဲမသွေရရှိ မည်ဖြစ်သည်။ ခေတ်အဆက်ဆက် လျစ်လျူရှုခံခဲ့ရသော ပြည်သူလူထု၏ရပိုင်ခွင့်များ မျှော်လင့်ခွင့်ရရှိလာမည်ဖြစ်သည်။ မိမိအမျိုးထဲတွင် စစ်ဗိုလ်ချုပ်တဦးဦးမရှိသည်နှင့် အရာရာ မျက်နှာငယ်ရကာ အောက်ကျနောက်ကျဖြစ်ခဲ့ရသော နိုင်ငံရေးစနစ်တခု နိဂုံးချုပ်ခြင်းကပင် ပြည်သူလူထုအတွက် အကြီးမားဆုံးရရှိလိုက်သော လက်ဆောင်ထူးကြီး ဖြစ်တော့မည်။ ဒါသည် ရွှေတွေ၊ ငွေတွေမရလိုက်သော်လည်း ပြည်သူလူထုက လိုလားနေသော အရာများဖြစ်သည်။ လူကို လူလိုဆက်ဆံသောစနစ်တခုကို ပြည်သူလူထုက လိုလားနေခြင်းဖြစ်သည်။ ထိုစနစ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကအုပ်ချုပ်သော ၂၀၁၀-၂၀၁၅ ငါးနှစ်တာကာလကလည်း မပေးစွမ်းနိုင်၊ ၁၉၇၄ မှ ၁၉၈၈ အထိအုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (ယခုအခါ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ) လည်း မပေးစွမ်းနိုင်၊ ၁၉၈၈ မှ ၂၀၁၀ အထိအုပ်ချုပ်ခဲ့သော န၀တ၊ နအဖ စစ်အစိုးရအဖွဲ့များလည်း မစွမ်းဆောင်နိုင်။ ၁၉၆၂ မှ ၁၉၇၄ အထိ အုပ်ချုပ်ခဲ့သော တော်လှန်ရေးကောင်စီကလည်း မတတ်နိုင်။ သူတို့ စွမ်းဆောင်နိုင်ခဲ့သည်မှာ အာဏာရအသိုင်းအ၀ိုင်းဘက်မှ အဘက်ဘက် အသာစီးရပြီး တိုင်းသူပြည်သား၊ ရဟန်းရှင်လူ ကျောင်း သားများဘက်မှ အရာရာနိမ့်ကျခဲ့ရသောစနစ်ဖြစ်သည်။ ကွန်မြူနစ်စနစ်လို လူတိုင်းချမ်းသာရမည်ဆိုသော မဖြစ်နိုင်သည့်မက်လုံးမျိုးကို မျှော်လင့်သည်မဟုတ်။ လူကိုလူချင်း လေးလေးစားစား ဂုဏ်သိက္ခာရှိရှိ ဆက်ဆံတတ်သော ပြည်သူနှင့်တသားတည်းရှိမည့် အစိုးရမျိုးကို လူထုက လိုလားနေခြင်းဖြစ်သည်။ ပြောင်းလဲချိန်တန်ပြီဆိုတာတော့ဟုတ်ပြီ ဘာကိုပြောင်းလဲချင်တာလဲဟုမေးခဲ့သော လက်ရှိအစိုးရမှ ပုဂ္ဂိုလ်တဦး၏ မေးခွန်းကိုကြည့်ခြင်းဖြင့် သူတို့အဖွဲ့သည် ပြည်သူလူထု၏ ခံစားချက်ကို ယခုအထိ နားမလည်သေးကြောင်း ထင်ရှားသည်။ ကျွန်တော်တို့ လိုချင်သည်မှာ သနားသဖြင့် စွန့်ကြဲသော ထမင်းတလုတ်မဟုတ်၊ ငါးမျှားချိတ်မှငါးစာလို လိုချင်တာရှိသဖြင့် ထိုးကျွေးသောလက်ဆောင်များ မဟုတ်၊ ယာဂုထမနဲအိုးကြီးကွဲကာမှ စွန့်ကြဲလေသော ဒါနမဟုတ်၊ လူထုကလိုချင် သောအပြောင်းအလဲမှာ ခေါင်းဆောင်များ၏ မောက်မာသောစိတ်ဓာတ်များ အဆုံးသတ်ရေးဖြစ်သည်။ နှစ်ပေါင်းများစွာ ပျောက်ဆုံးခဲ့သော လူ့ဂုဏ်သိက္ခာကို ပြန်လည်ရယူလိုရေးဖြစ်သည်။ စစ်သားမှ တိုင်းပြည်ကို ချစ်သည်၊ အရပ်သားများသည် အလကားဖြစ်သည်ဆိုသော စိတ်ဓာတ် အယူအဆမျိုးကို ဖျက်သိမ်းလိုခြင်းဖြစ်သည်။ ဤသည်ကား ပြည်သူလူထုလိုလားနေသော အပြောင်းအလဲဖြစ်သည်။ ထိုမျှော်လင့်ချက်ကို NLD က သယ်ဆောင်လာမည်ဟု ကျွန်တော်တို့ ယုံကြည်သည်။
ငါးနှစ်ကြာသောအခါ NLD က လူထုလိုလားမှုကို အကောင်အထည်မဖော်နိုင်လျှင် အကောင်အထည်ဖော်နိုင်မည့်ပါတီကို ပြောင်းလဲရွေးချယ်ရုံပဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေသော ပုံစံခွက်ထဲမှ ရုန်းထွက်လိုခြင်းသည် မြန်မာမဲဆန္ဒရှင်အတော်များများ၏ဆန္ဒဖြစ်သည်။ ပြည်သူလူထု လိုလားသောပါတီတက်လာလျှင် ပြည်သူ့အစိုးရ၊ ပြည်သူ့အုပ်ချုပ်ရေးဖြစ်မည်၊ ထိုအခါ ပြည်သူလူထုမလိုလားသောကိစ္စများကို တားဆီးနိုင်ပေမည်၊ ပြည်သူလိုလားသောကိစ္စများကို အကောင် အထည်ဖော်နိုင်ပေမည်။ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာနများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးထားသည့်စနစ်ဖြစ်သဖြင့် NLD သည် စင်းလုံးချောတော့ လုပ်နိုင်ချင်မှလုပ်နိုင်မည်။ သို့သော် သူတတ်နိုင်သလောက် အကောင်းဆုံးလုပ်မည်ဟု မျှော်လင့်ရပေသည်။ အဓိကအကျဆုံးအချက်မှာ ၀န်ကြီးချုပ်ဦးနုလက်ထဲမှ ဗိုလ်ချုပ်ကြီးနေ၀င်းအာဏာသိမ်းလိုက်သည့် ၁၉၆၂ မတ်လ ၂ ရက်မှစ၍ မြန်မာနိုင်ငံတွင်ပျောက်ကွယ်ခဲ့သည့် အရပ်သားအစိုးရစစ်စစ်ကို ပြည်သူလူထုက မျှော်လင့်နေခြင်းပင်ဖြစ်သည်။

ထိုမျှော်လင့်ချက်ပြည့်ဝဖို့ အခွင့်အရေးသည် လာမည့် ၂၀၁၅ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မည်သူနိုင်မလဲ ဟူသောအဆုံးအဖြတ်သည် အဓိကကျပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကနိုင်လျှင် စစ်ဗိုလ်ချုပ်ဟောင်းများ ဆက်လက်အုပ်ချုပ်ပါလိမ့်မည်။ ယခင်ပုံစံ အုပ်ချုပ်ရေး၊ ယခင်ပုံစံဥပဒေပြုရေး၊ ယခင်ပုံစံ တရားစီရင်ရေးများကို ပြန်မြင်ရဖို့ရှိပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကနိုင်၍ အစိုးရဖွဲ့လျှင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ မဆလအဖွဲ့ဝင်ဟောင်းများ အုပ်ချုပ်ကြပါလိမ့်မည်။ NLD နှင့် တိုင်းရင်းသားပါတီများနိုင်လျှင် အရပ်သားအများစုပါဝင်သော အစိုးရအဖွဲ့သည် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာနိုင်ပါသည်။ ထိုအခါ အရပ်သားပညာတတ်များသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သည့်ပညာတွင် စစ်ဗိုလ်ချုပ်များထက်သာမသာကို မျက်ဝါးထင်ထင် အကဲခတ်ခွင့် ငါးနှစ်တိတိ ရပါလိမ့်မည်။ တပ်မတော်၏ပူးပေါင်းဆောင်ရွက်မှုသာရရှိပါက NLD သည် တိုင်းပြည်ကောင်းအောင်လုပ် နိုင်မည်ဟု ပြည်သူလူထုက မျှော်လင့်နေပါသည်။ ထို့ကြောင NLD ပါတီ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မည်သူမျှ ရွှေတွေ၊ ငွေတွေ၊ ဆီတွေ၊ ဆန်တွေတော့ ရရှိလာမည်မဟုတ်ပါ။ ထိုအရာများသည် ဘယ်အစိုးရတက်တက် မိမိလုံ့လ၊ ၀ီရိယအစွမ်းဖြင့် ရှာဖွေစားသောက်ရ မည့်အရာတွေဖြစ်သည်။ ထိုအရာများကို တိုင်းသူပြည်သားများသည် ခံစားသုံးဆောင်ဖူးပါ၏။ အားလုံးပျောက်ဆုံးနေသော အရာတခုကိုတော့ ကျွန်တော်တို့ ရနိုင်ပါလိမ့်မည်။ ထိုအရာမှာ မျှော်လင့်ခြင်းနှင့် လူ့ဂုဏ်သိက္ခာဖြစ်ပေသည်။ ဥပမာအားဖြင့် တဖက်ပိတ် (Dead End) လမ်းထဲတွင် နှစ်ပေါင်းများစွာ ချောင်ပိတ်မိနေရာမှ Y ပုံသဏ္ဌာန် လမ်းဆုံလမ်းခွတခုကို မြင်ခွင့်ရလိုက်ခြင်းဖြစ်ပေ၏။ ထိုလမ်းခွဆုံနှစ်ခုတွင် ပို၍ကောင်း သောလမ်းကြောင်းတခုတော့ သေချာပေါက်ရှိပေလိမ့်မည်။ လမ်းပိတ်ထဲတွင် ထိုင်နေတာထက်စာလျှင် မျှော်လင့်ခြင်းလမ်းသစ်ဆီသို့ လျှောက်လှမ်းလိုက်တာက ပို၍လူပီသမည်ဟု ကျွန်တော်ထင်ပါသည်။ ဒါသည် ကျွန်တော်တို့အားလုံး ရရှိမည့်အမြတ်ဖြစ်ပါသည်။

သရ၀ဏ် (ပြည်)

 minaunghlaing-620.jpg မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ အောက်တိုဘာလ ၅ ရက်နေ့က တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေ အတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ်

တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ဓါတုလက်နက်တွေ အသုံးပြုနေတယ် ဆိုတဲ့ ပြောဆိုမှုတွေဟာ မဟုတ်မှန်ကြောင်း တပ်မတော်မှာ ရှိလည်း မရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီကနေ့ မွန်ပြည်နယ် မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ တက္ကသိုလ်တွေနဲ့ အခြေခံပညာ ကျောင်းတွေအတွက် ကွန်ပျူတာတွေ လှူဒါန်းပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့အပေါ်မှာ စွပ်စွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုမှ တိုက်ခိုက်နေတဲ့အပေါ်မှာ ဓါတု လက်နက်တွေ သုံးတယ်ဆိုတာလည်း လုံးဝမဟုတ်ပါဘူး၊ ရှိလည်း မရှိပါဘူး၊ မကြာသေးခင်ကာလ ကျနော်ကို အနောက်နိုင်ငံ သံအမတ်ကြီးတစ်ယောက်က ကျနော့်ကိုလာပြီးတွေ့ပါတယ်၊ ကျနော့်ကို မေးပါတယ်၊ ခင်ဗျားတို့ ဆီမှာ ဓါတုဗေဒ အဆိပ်သင့်လက်နက်တွေရှိတယ်လို့ သုံးနေတယ်လို့ပြောတယ်၊ အဲ့ဒါဘယ်လိုမှတ်ချက်ပေး ချင်သလဲ မေးတဲ့အခါမှာ ခင်ဗျားကြိုက်သလို စုံစမ်းလို့ရတယ် ဆိုတော့ ကြိုက်သလိုလုပ်ပါလို့ ခင်ဗျားသံသယ ရှိတဲ့နေရာ ကျနော်ကိုပြပါ၊ ကျနော်အကုန်လုံးပြဖို့ အဆင့်အသင့်ရှိတယ်၊ သို့သော်လည်းပဲ လျှို့ဝှက်အပ် တဲ့နေရာအတွက် ကျနော်တို့တွေက ပြလို့တော့မရဘူး၊ ကျန်တဲ့ဟာတွေ ခင်ဗျားတို့ကို အသိပေးမယ်လို့ ကျနော်ကပြောတယ်"

ဓါတုလက်နက် မပြန့်ပွားဖို့အတွက် တပ်မတော်အနေနဲ့ ပါဝင်လက်မှတ်ထိုးဖို့ ဆောင်ရွက်နေပြီး ဓါတုလက်နက် အသုံးပြုမှုမရှိကြောင်း ကုလသမဂ္ဂကိုလည်း တရားဝင် ပြောကြားထားပြီး ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လွန်ခဲ့တဲ့ ၁၉၈ဝ ခုနှစ်လောက်က ဓါတုလက်နက်ထုတ်လုပ်ဖို့ သုသေတန ပြု လုပ်ခဲ့ပေမယ့် ၁၉၈၈ ခုနှစ် မတိုင်ခင်ကတည်းက အဲ့ဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အနုမြူ လက်နက်တွေဝယ်ဖို့ တပ်ဆင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာလည်း မှားနေကြောင်း တပ်မတော်အနေနဲ့ စိတ်ကူးစိတ်သန်း မရှိကြောင်းလည်း ပြောပါတယ်။ အနုမြူ နည်းပညာဟာ လူသားတွေအကျိုး အတွက်သာ ဖြစ်ရမယ်ဆိုတဲ့ သဘောထားမျိုးသာ တပ်မတော်မှာရှိကြောင်းလည်း ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အစိုးရဌာနဝန်ထမ်း ၈ဝဝ ကျော်နဲ့ တွေ့ဆုံ ခဲ့ပြီး ကျောင်းသုံးကွန်ပျူတာတွေကို ကျပ်သိန်း ၁၇ဝဝ ကျော်ဖိုး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မော်လမြိုင်မြို့ ပြည်နယ်ခန်းမမှာ တက္ကသိုလ်ကျောင်းတွေနဲ့ အခြေခံကျောင်းတွေအတွက် ကွန်ပျူတာတွေ လာရောက်လှူဒါန်းရင်း ငြိမ်းချမ်းရေးကိစ္စအပြင် တပ်မတော်အပေါ် စွပ်စွဲပြောဆိုမှုတွေဟာ မမှန်ကန်ကြောင်း ပြောခဲ့ပါတယ်။RFA သတင်းထောက် မဝေမာထွန်း ကောက်နှုတ်တင်ပြထားပါတယ်။

Posted by RFA Burmese on Monday, October 5, 2015
RFA
http://www.rfa.org/burmese/news/army-minaunghlaing-mawlamyine-speech-10052015074203.html

နိုဘဲလ်ဆေးပညာဆု ကော်မဝင်ဝင်များ သတင်းစာရှင်းလင်းပွဲ။ (အောက်တိုဘာ ၅၊ ၂၀၁၅)
 ဒီနှစ်တွက် ပထမဆုံး နိုဘဲလ်ဆုကို ဒီကနေ့ စတင် ကြေညာလိုက်ပါပြီ။ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာရှိတဲ့ နိုဘဲလ်ကော်မတီကနေ ဆေးဘက်ဆိုင်ရာ နိုဘဲလ်ဆုကို အိုင်ယာလန်၊ ဂျပန်နဲ့ တရုတ်နိုင်ငံ တို့က သိပ္ပံပညာရှင်တွေကို ပေးအပ်လိုက်တာပါ။

ကပ်ပါးသန်ကောင်ကြောင့်ဖြစ်တဲ့ ရောဂါပိုးကို ကုသနိုင်တဲ့ ကုထုံးတခုကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် အိုင်ယာလန်နိုင်ငံက William Campbell၊ ဂျပန်နိုင်ငံက Satoshi Omura တို့ကို ပေးအပ်တာဖြစ်ပြီး တရုတ်နိုင်ငံက Tu Youyou ကိုတော့ ငှက်ဖျားရောဂါ ဝေဒနာသည်တွေကြား သေဆုံးမှုနှုန်း သိသိသာသာ လျော့ကျစေတဲ့ ဆေးတမျိုး ရှာဖွေတွေ့ရှိမှုနဲ့ ပေးအပ်တာပါ။ သူတို့သုံးဦးက ဒီနှစ် ဆေးဘက်ဆိုင်ရာနိုဘဲလ်ဆုကို ပူးတွဲ ရရှိကြတာဖြစ်ပါတယ်။ ဒီလူသုံးဦးရဲ့ ဆေးဘက်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေဟာနှစ်စဉ် လူ သန်းပေါင်း ရာနဲ့ချီ ခံစားနေရတဲ့ ရောဂါတွေကို တိုက်ဖျက်နိုင်အောင် လူသားတွေအတွက် အစွမ်းထက်တဲ့ နည်းလမ်းတွေ ရှာဖွေပေးလိုက်နိုင်တာဖြစ်တယ်လို့ နိုဘဲလ်ကော်မတီက ပြောပါတယ်။ ဒီရှာဖွေတွေ့ရှိချက်တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို တိုး တက်ကောင်းမွန်လာစေပြီး ရောဂါဒဏ်ခံစားရမှုကို အကြီးအကျယ် လျှော့ချပေးနိုင်တယ်လို့လည်း ကော်မတီက ပြောပါတယ်။

Campbell ဟာ လတ်တလော အမေရိကန် အရှေ့ဘက်ခြမ်း New Jersey ပြည်နယ် Madison မြို့မှာရှိတဲ့ Drew တက္ကသိုလ်က ဂုဏ်ထူးဆောင် သုတေသီတဦး ဖြစ်ပါတယ်။ Omura ကတော့ ဆေးဝါးသိပ္ပံ နဲ့ ဓာတုဗေဒပညာရပ်တွေနဲ့ ပါရဂူဘွဲ နှစ်ခု ရထားတဲ့ ဂျပန် Kitasato တက္ကသိုလ်က အငြိမ်းစား ပါမောက္ခတဦး ဖြစ်ပါတယ်။ Tu Youyou ကတော့ တရုတ်နိုင်ငံ တိုင်းရင်းဆေးတက္ကသိုလ်က အကြီးအကဲ ပါမောက္ခတဦးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com


 ထိုင်းနိုင်ငံရဲ့အထင်ကရတက္ကသိုလ်ကြီးဖြစ်တဲ့ ချုလာလောင်ကောင်းတက္ကသိုလ်မှ ဘွဲ့ရခဲ့သူက အမှိုက်ကားမောင်းသမားဖခင်ရဲ့ ကျေးဇူးဂုဏ်ကို အသိအမှတ်ပြုတဲ့အနေနဲ့ ရှိခိုးကန်တော့နေတဲ့ဓါတ်ပုံကို သူ့ရဲ့ဖေ့ဘုတ်ပေါ် တင်ခဲ့တယ်။ သူ့ဖခင်အကြောင်းကို အခုလိုလည်း ရေးသားထားပါတယ်။

“ငယ်ငယ်တုန်းက အဖေကြောင့် အခါခါ ရှက်စိတ်ဖြစ်မိတယ်။ ငါ့အဖေက ဘာလို့ သူများတွေရဲ့အဖေတွေလို ရဲဝတ်စုံ၊ စစ်သားဝတ်စုံတွေ မ၀တ်ရတာလဲ။ ကြီးလာတဲ့အခါမှ အဖေနဲ့ ကျွန်တော့်မှာ တူညီတဲ့ စိတ်ကူးအိပ်မက်တခု ရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ အဖေဟာ ကျောင်းသားဘ၀ကို ၄ တန်းနဲ့ အဆုံးသတ်ခဲ့ရတယ်။ သူဖြစ်ချင်တာ သူ့သားကို ပညာတက်မြောက်အောင် သင်ကြားပေးဖို့ဖြစ်တယ်လို့ အဖေ ပြောဖူးတယ်။ အဲဒီတုန်းက ကျွန်တော်က စစ်သားဖြစ်ချင်ခဲ့တာ။ သို့သော် ကျွန်တော် စစ်သား မဖြစ်ခဲ့ဘူး။ (ဒါနဲ့ပတ်သက်လို့) အဖေ ဘာမှမဖြစ်ဘူးလို့ထင်ခဲ့ပေမယ့် သူ ကျိတ်ပြီး ငိုကြွေးခဲ့တယ်ဆိုတာကို နောင်မှာ သိခဲ့ရတယ်။


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းထွက်တော့ အောင်စာရင်းကြည့်ဖို့ဆိုပြီး အဖေ ခွင့်တရက်ယူခဲ့တယ်။ အဲဒီတုန်းက အဖေဟာ ၀မ်းသာလွန်းလို့ မျက်ရည်မကျအောင် မနည်းထိန်းခဲ့ရတာ မှတ်မိနေသေးတယ်။ ကျွန်တော်တို့ မိသားစုလေးအတွက်တော့ တကယ့်ကို ၀မ်းသာဂုဏ်ယူဖြစ်ခဲ့ရတဲ့ အခါသမယလေးပါပဲ။ ကျွန်တော် စတုတ္ထနှစ်ရောက်တော့ အဖေကမေးတယ်။ သူ့လိုလူကို အဖေတော်ရတာ ခြိုးခြံချွေတာပြီး သုံးစွဲရတဲ့အတွက် ရှက်တဲ့စိတ် ဖြစ်သလားတဲ့။ ကျွန်တော် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ အစစအရာရာမှာ ကူညီပံ့ပိုးပေးတဲ့ ဒီလိုဖခင်မျိုးရှိတာ အဖေ့ကို ကျွန်တော် ကျေးဇူးတင်တယ်။ ကျွန်တော်တို့ရဲ့အောင်မြင်မှုနဲ့အတူ အဖေ ပျော်ရွှင်ပါစေ။ ရှက်စရာမလိုတော့ဘူး အဖေ။ ကျွန်တော် အဖေ့အတွက် ဂုဏ်ယူတယ်”လို့ ကာယကံရှင်ရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

ရည်ညွှန်း - ဘန်ကောက်ပို့စ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


 နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်မြို့နယ် အပါအဝင်ဖြစ်တဲ့ လဟယ်မြို့မှာ လက်ရှိအာဏာရ ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေး ကာလတွေမှာ လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုတွေ လုပ်နေတယ်လို့ NLD ပါတီဝင်တွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ကြံ့ခိုင်ရေးပါတီ အနေနဲ့တော့ NLD ပါတီရဲ့ပြောဆိုချက်တွေဟာ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးထားပါတယ်။

နာဂတိုင်းရင်းသားအများစု နေထိုင်တဲ့ လဟယ်မြို့မှာ လာမယ့်ရွေးကောက်ပွဲကြရင် အင်အားကြီး ပါတီနှစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီနဲ့ NLD ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မဲဆွယ်စည်းရုံးကာလတွေမှာ လက်ရှိအာဏာရပါတီအနေနဲ့ လူမျိုးရေးနဲ့ ပတ်သက်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်လို့ လဟယ်မြို့ NLD ပါတီဝင်တွေက ဆိုပါတယ်။

 “တဖက်ပါတီကနေပြီးတော့ လွှတ်တော်အမတ်လောင်းတွေက သူတို့လူတွေ လွှတ်ထားပြီးတော့ ရွာကြီးတွေမှာပေါ့နော်၊ NLD နိုင်ရင် စစ်ဖြစ်မယ်ပေါ့၊ စစ်ဆိုတာ ကျနော်တို့ဒေသတွေမှာ အင်မတန်မှ ကြောက်တာကို၊ နောက်ပြီးတော့ NLD နိုင်ရင် အာဏာလွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ဆိုတယ်။ သူတို့ဆိုလိုတာက ၁၉၉၀ တုန်းက ရွေးကောက်ပွဲအခြေအနေကို သူတို့အနေနဲ့ အဲဒီတုန်းကလည်း အာဏာ မလွှဲ ပေးဘူး။ အခုလည်း စစ်တပ်က အာဏာလွှဲပေးမှာ မဟုတ်ဘူးဆိုပြီးတော့၊ ဒါပေမယ့် ကျနော်တို့က ဒါကိုလည်း ပြန်ရှင်းပြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအခြေအနေတုန်းကနဲ့ အခုလက်ရှိအခြေအနေ လုံးဝမတူပါဘူးလို့။ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနေဦးဆောင်ပြီးတော့ ရွေးကောက်ပွဲဖြစ်တယ်။ အခုကျတော့ ဒါ တရားဝင် ၂၀၀၈ အခြေခံဥပဒေအရပေါ်လာတဲ့ အစိုးရတရပ်ကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကျင်းပတာဖြစ်တယ်။ အဲဒါကြောင့်မို့ လုံးဝ အာဏာလွှဲမှာဖြစ်တယ်။ အဲလိုလုပ်ခြင်းဟာ ကျနော်တို့ ပြည်သူတွေကို စော်ကားနေတာပဲဆိုပြီးတော့ ကျနော်တို့ ဒီလိုပြန်ပြောပါတယ်။”

လဟယ်မြို့ တိုင်းဒေသသကြီး (၂) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးကယ်ပြောပြသွားတာပါ။

ကြံ့ခိုင်ရေးပါတီကတော့ အတိုက်အခံပါတီရဲ့ပြောဆိုချက်တွေဟာ လဟယ်မြို့ USDP ပါတီ အလုပ်အမှုဆောင် ဦးကျော့နား က မဟုတ်မှန်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော် တယောက်တည်းအမြင်နဲ့ပြောရမယ်ဆိုရင် သူတို့ဟာ ယှဉ်ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တာကြောင့်မို့လို့ သူတို့ရဲ့ အနိုင်အရှုံးဆိုတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ စိန်ခေါ်မှုတရပ်အနေနဲ့ တွေ့တာလည်းဖြစ်မယ်။ သို့မဟုတ် ကိုယ့်ထက် အားသာချက်တခု အနေနဲ့တွေ့ရှိတာဖြစ်ရင်လည်းဖြစ်မယ်။ ကျနော် ဒီလိုပဲခံယူတယ်။”

မေး။ ။ သူတို့ရဲ့ပြောဆို တုံ့ပြန်မှုတွေကရော တကယ်ပဲ USDP ပါတီအနေနဲ့ ငြင်းချက်ထုတ်နိုင်ရဲ့လား။

ဖြေ။ ။ ကျနော်တို့ ထုတ်နိုင်ပါတယ်။ ကျနော်တို့ပါတီရဲ့ တဦးတယောက်အနေနဲ့ပြောခဲ့ရင်တောင်မှာ ကျနော်တို့ ဥပဒေအရ ငြိစွန်းလာမယ်ဆိုရင် ပြောခဲ့တဲ့လူက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်။

မေး။ ။ USDP ပါတီအနေနဲ့ရော ဒီလိုမျိုး မဲစွယ်စည်းရုံးမှုတွေမလုပ်ဘူးဆိုတာ ပြတ်ပြတ်သားသားပြောဆိုနိုင်ရဲ့လား။

ဖြေ။ ။ ကျနော် ပြတ်ပြတ်သားသားပြောဆိုနိုင်ပါတယ်။

မဲဆွယ်စည်းရုံးစဉ်မှာ လူမျိုးရေး၊ ဘာသာရေးနဲ့ လူတစ်ဦးချင်း ဒါမှမဟုတ် လူအများကို ထိခိုက်စေနိုင်တဲ့ရေးသားဟောပြောမှုတွေ မလုပ်ရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ လဟယ်မြို့က NLD ပါတီကတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းထက် ကျော်လွန်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရတော့ အလုပ်တွေအရမ်းများနေတော့ ရွေးကောက်ပွဲ အလွန်ကာလမှာ ဖြစ်ဖို့ ပိုများမယ် ထင်တယ်။ ဒါပေမယ့် ဒီကြားထဲမှာလည်း ကျနော်တို့ အခွင့်သာရင် သာသလို ကျနော်တို့ လုပ်ဖို့ရှိပါတယ်။

လဟယ်မြို့ တိုင်းဒေသကြီး ၁ မဲဆန္ဒနယ် NLD ကိုယ်စားလှယ်လောင်းဦးလော်ယုံဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့။ ဘယ်လို ပုံစံမျိုးတွေ လုပ်ဖို့ ရှိသလဲ။

ဖြေ။ ။ ကျနော်တို့က ဥပဒေ ကြောင်းအရပဲသွားမှာပါ။ ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ တင်မှာပါ။

မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၆ဝ အတွင်း တစ်ချို့နေရာတွေမှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှုတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ထိထိရောက်ရောက် အရေးယူမှုတွေ သိပ်မတွေ့ရသေးပါဘူးခင်ဗျာ။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com





 အောက်တိုဘာလ ၅ ရက်နေ့ ယနေ့မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမှ ဗန်းမော်မြို့သို့ ထွက်ခွါလာရာ မွန်းလွဲ ၃ နာရီက ဗန်းမော်မြို့ လေဆိပ်ကို ရောက်ရှိခဲ့သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဗန်းမော်ပြည်သူလူထုမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။







NLD ဥက္ကဋ္ဌ ဗန်းမော်မြို့တွင် အောင်နိုင်ရေး မိန့်ခွန်းဟောပြော (ဓါတ်ပုံ)
**************************************************
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့မှ ပြန်လည်ထွက်ခွါခဲ့ပြီး မွန်းလွဲ၃ နာရီတွင် ဗန်းမော်မြို့သို့ရောက်ရှိခဲ့သည်။ သိမ်မဟာစေတီတော်မြတ် ဘုန်းတော်ကြီးကျောင်းတွင် ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီးနောက် မွန်းလွဲ ၄ နာရီတွင် ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်းဟောပြောခဲ့သည်။
National League for Democracy
https://www.facebook.com/NLDParty

ကချင်ပြည်နယ် ရှေ့တန်းသို့ တက်လာသော အစိုးရစစ်သားများ
  တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး လက်မှတ်ရေးထိုးရန် ကျဆုံးပြီးနောက် မြန်မာအစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ ရေလမ်း ရထားလမ်းဖြင့် သယ်ပို့နေပါသည်။

တပ်မ(၅၅) စစ်သားများ တင်ဆောင်ထားသော သင်္ဘော(၂)စီး ယမန်နေ့ည စစ်ကိုင်းတိုင်း ကချင်ပြည်နယ် နယ်စပ် ရွှေကူ ဧရာဝတီမြစ်ဆိပ်ကမ်းသို့ ဆိုဒ်ရောက်လာကြောင်း လေ့လာသူများပြောသည်။

၎င်း သဘောင်္(၂)စီးနှင့် စစ်သားများ ယနေ့ ကချင်ပြည်နယ်သို့ ဆက်လက်ထွက်ခွာသွားခြင်း ရှိ မရှိ မသိရ သေးပါ။

ပြီးခဲ့သော သုံးရက်ကလည်း မြစ်ကြီးနားမြို့သို့ ရထားဖြင့် အစိုးရစစ်သားများ သယ်ပို့ခဲ့ကြောင်း ဒေသခံများဆိုသည်။

ယခုချိန် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲဖြစ်ပွားနေသော ကချင်ပြည်နယ်တောင်ပိုင်း မံစီမြို့ ပတ်ဝန်းကျင်မှာ အစိုးရတပ် လက်နက်ကြီးများ ထပ်ဖြည့်ထားခြင်းနှင့် စစ်မြည်းများ ကား(၄)စီးဖြင့် လွန်ခဲ့သောအပတ်အတွင်း သယ်ပို့ထားခဲ့သည်ဟု KIA အရာရှိများပြောသည်။
 
ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအ၀င် အဓိက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များမှ NCA စာချုပ် လက်မှတ်ရေးထိုးရန် “အဆင်သင့် မဖြစ်သေးဟု” ဆိုပြီး လွန်ခဲ့သောအပတ်က ငြင်းဆန်ခဲ့သည်။

မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က လက်မှတ်မထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်မှတ်မထိုးသောကြောင့် ဆိုပြီး ထိုးစစ်ဆင်မှာ မဟုတ်ကြောင်း ယမန်နေ့ မြန်မာသတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ယခုနောက်ဆုံး အစိုးရ စစ်အင်အား အလုံးအရင်း ကချင်ပြည်နယ်သို့ သယ်ပို့မှုသည် KIO အား ထပ်မံ ထိုးစစ်ဆင်ရန် ပြင်ဆင်မှု ဖြစ်နိုင်ပြီး အမြဲတမ်း အစိုးရ၏ ‘အပြောနှင့် အလုပ်’ တခြားစီဖြစ်နေကာ ယုံ၍မရကြောင်း KIO အရာရှိများဆိုသည်။

Kachinnews
http://kachin.kachinnews.com



 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပြည်တော်ပြန် မိုင်းဖုန်း ဆရာတော်မှ တာချီလိတ်မြို့သို့ ရောက်ရှိခိုက် အပူဇော်ခံလိုကြောင်း ၊ ဂူအောင်း ကျင့်နေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်ပါက ဂူထဲက ထွက်တွေ့မည်ဟု မိန့်ကြားကြောင်း တာချီလိတ် NLD ရုံးမှ သိရှိရသည် ။

"ဆရာတော်က သူ့ကပ္ပိယနဲ့ တစ်ဆင့် ပြောလိုက်တာ ။ အမေစုလာရင် သူတွေ့ချင်တယ်လို့ မိန့်လိုက်တာ ။ ဆရာတော်အခု ဂူအောင်းကျင့်နေတာ အမေစုလာရင် ဂူထွက်လာမယ်တဲ့" ဟု တာချီလိတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး ဆောင်ရွက်မည့် ပါတီဝင် ကိုသက်မိုးထွေးက ပြောသည် ။

မိုင်းဖုန်း ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဥာဏသံဝရအား NLD အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖူးမြော်နိုင်ရန် တာချီလိတ် မဟာမြတ်မုနိ ဘုရားကြီးကျောင်းနှင့် ဆရာတော်၏ ကျောင်းဖြစ်သော မိုင်းဖုန်း ကျောင်းတို့အား စီစဉ်ထားသော်လည်း အပြီးသတ် ဆုံးဖြတ်မှု မရှိသေးကြောင်း သိရသည် ။

တာချီလိတ်မြို့၌ အောက်တိုဘာ ၂၀ ရက် (သို့) ၂၁ ရက်နေ့တွင် မဲဆွယ် စည်းရုံးရေး ဟောပြောမည့် အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် ပါတီဝင်အင်အား ၃၀၀ ခန့်ဖြင့် စီမံဆောင်ရွက်ထားကြောင်း သိရသည် ။

ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် နေရာအား တာချီလိတ် မြို့လယ်ရှိ ရှမ်းရိုးမကွင်းအား ပြုလုပ်နိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များနှင့် ညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်းနှင့် ခွင့်ပြုချက်မရရှိပါက မြို့အ၀င်ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အစည်းမှ ပိုင်ဆိုင်သော ရှမ်းကွင်းအတွင်း ဟောပြောရန် စီစဉ်ထားကြောင်း သိရသည် ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှာ တာချီလိတ်သို့ ၁၉၉၉ ခုနှစ်တွင် နောက်ဆုံးတစ်ကြိမ် ရောက်ရှိခဲ့ပြီး မကာဟိုခမ်း ရပ်ကွက်အတွင်း ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


|| လှမျိုးထွန်း ||

ရွေးကောက်ပွဲ နီးလာလေလေ အာဏာကို လက်မလွှတ်လိုသူတွေ အတွက် အလုပ်များလေလေ ဖြစ်သည် ။ ငါးနှစ်လုံးလုံး ယခင်စစ်အစိုးရ ခေတ်အတိုင်း ထင်ရာစိုင်းချင်သလို စိုင်းခဲ့သူများ နေမထိထိုင်မသာ ဖြစ်လာကြသည်။ ယခင် စစ်အစိုးရအမွေခံ ဝန်ကြီးဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အများစုသာ ပါဝင်သည့် အာဏာရပါတီနှင့် အစိုးရအဖွဲ့သည် နိုင်ငံတကာနှင့် စီးပွားရေး ပိတ်ဆို့မှုများဒဏ်မှ လွတ်မြောက်ရန် သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရသောကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပုဂ္ဂလိက သတင်းစာများ၏ ဝေဖန်မှုကို အခံရဆုံး အစိုးရနှင့် ပါတီဖြစ်လာခဲ့သည် ။

စစ်ခေါင်းဆောင်ဟောင်းများ အတွက်ကတော့ မီဒီယာကနေ ကြိုက်သလိုသာ ဝေဖန်ပါစေ မဖြုံရေးချ မဖြုံပါ ။ သူတို့ကပင် မီဒီယာအချို့နှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲ ထောင်ချ အပြစ်ပေးလိုက်ကြသေးသည် ။ NLD ပါတီ၏ ကြွေးကြော်သံ "ပြောင်းလဲချိန်တန်ပြီ" ဆိုသည်ကိုတောင် သူတို့က သံယောင်လိုက်ကာ ဆင်တူယိုးမှား လုပ်ချင်သေးသည် ။ အပြောင်းအလဲပေါင်း များစွာ ဖော်ဆောင်ပေးခဲ့သည့် "အဘ" ကို မဲပေးကြရန် ပြောဆိုနိုင်ကြသေးတာကို မြင်ရကြားရသည့်အတွက် မပြောင်းလဲ နိုင်သေးသည့် စိတ်ဓာတ်ဟောင်းများကို ဩချယူရမည်ဖြစ်သည် ။

တစ်သက်လုံး မရိုးသားခဲ့သူများ ၊ တိုင်းပြည်နှင့် ဒေသအတွက် ဘာတစ်ခုမှ လှည့်မကြည့်ခဲ့သူများ ၊ မိမိအာဏာ တည်မြဲရေးမှလွဲ၍ ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ခဲ့သူများ ရွေးကောက်ပွဲ နားနီးလို့ နောက်ဆုံး ၂ လ ရောက်တော့မှ ကမန်းကတန်း ဆန်တွေ ၊ ဆီတွေ ထဝေကြသည် ။ တီဗီထဲတွင် လွှင့်နေသည့် နိုင်ငံတော်အဆင့် ဖွင့်ပွဲများတွင် တွေ့ရာလူကို လက်ထဲ ငွေစက္ကူ အထပ်လိုက်ကိုင်၍ မုန့်ဖိုးဆိုပြီး လျှောက်ပေးသည် ။ မှတ်ပုံတင် အခမဲ့ လုပ်ပေးသည်ဆိုသော အာဏာလက်ရှိဖြင့် အမတ်လောင်းတစ်ဦးပင် ပါသေးသည် ။ တကယ်ဆို စစ်ရေးရော အုပ်ချုပ်ရေး အတွေ့အကြုံပါ အတိုင်းထက်အလွန် သာနေသည့် အာဏာလက်ရှိ ပါတီခေါင်းဆောင်တွေ ဒီထက်မက တိုင်းပြည်အတွက် အပြောင်းအလဲကို အာမခံချက် ပေးသင့်သည်မှာ အမှန်ပင် ။

တကယ်တော့ သူတို့ကိုယ်သူတို့ မေ့သွားသည်ဆိုခြင်းက ပိုမှန်ပါလိမ့်မည် ။ အာဏာရှင်က မွေးဖွားပေးခဲ့သော ခေါင်းဆောင်သစ်များပီပီ ခိုင်းတာမှလွဲ၍ ဘာမှမလုပ်ရဲ ။ မတော် မှားသွားမှဖြင့် ချက်ချင်း အရပ်သားစစ်စစ်အဖြစ် ဘဝပြောင်းသွားနိုင်သည် ။ ပြည်သူ့အကျိုးအတွက် ၊ အများအတွက် မလုပ်ရဲရာကနေ နှစ်ပေါင်းများစွာ ကြာသောအခါ မလုပ်တတ် မကိုင်တတ်သည့် အဆင့်အထိ ရောက်သွားသည် ။ ထိုနည်းတူစွာပင် အုပ်ချုပ်ခံ ပြည်သူအပေါင်းသည်လည်း ရက်စက်သော စစ်အစိုးရ အဆက်ဆက်၏ နှိပ်ကွပ်မှုများကြောင့် မေ့လျော့ထားရတာတွေ များလွန်းပါသည် ။

သမိုင်းကို မေ့ထားလိုက်ပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်လိုက်မည်ဆိုလျှင် ဒီကနေ့ အာဏာရနေသော အစိုးရသည် ဒီမိုကရေစီနည်းဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကနေတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့အစိုးရလို့ ဆိုနိုင်သည် ။ ကိုယ်တိုင်ကိုယ်ကျ မဲရုံကို လာထည့်သူတွေရဲ့ မဲတွေကို ရေတွက်ရင်း ပဏာမရလဒ်ကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရသော စစ်ဗိုလ်ဟောင်း မဟုတ်သော ကိုယ်စားလှယ်လောင်းတွေ မနက်လည်း မိုးလင်းရော ဘယ်က ရောက်လာမှန်းမသိသည့် ကြိုတင်မဲတွေကနေ ပြောင်းပြန်ရလဒ်ကို နောက်ဆုံးပိတ်အဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်လို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည့် လွန်ခဲ့သော ၅ နှစ်က အဖြစ်အပျက်ပေါင်း များစွာကို မေ့ထားလိုက်မည်ဆိုလျှင် လက်ရှိ လွှတ်တော်ကြီးသည် ပြည်သူ့လွှတ်တော်ကြီး ဖြစ်သည်ဟု ပြောနိုင်ပါသည် ။

နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အလောင်းကောင်တွေ မျောချင်တိုင်း မျောပါနေသည့် အချိန် ၊ နေစရာမရှိ စားစရာနတ္ထိနှင့် သေကွဲရှင်ကွဲ အကွဲကွဲ အပြားပြားဖြစ်သူ မိသားစု သိန်းချီနေသော ကာလတွင် နိုင်ငံတကာနှင့် ပြည်တွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေးအဖြစ် ခွင့်မပြုဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်ခဲ့သည်ကို မေ့ထားလိုက်မည်ဆိုလျှင် မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီ နည်းကျကျ အတည်ပြုထားခဲ့သည်ဟု ပြောလို့ရသည် ။

အခြေခံဥပဒေ ရေးဆွဲရန်အတွက် ရည်ရွယ်ထားသော အမျိုးသားညီလာခံကြီးတွင် စစ်အစိုးရ စိတ်တိုင်းကျ ရွေးချယ်ထားသည့် ညီလာခံ ကိုယ်စားလှယ်များသာ အများစုအဖြစ် ပါဝင်သည်ကို မေ့ထားလိုက်မည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံသား အားလုံး၏ အကျိုးအတွက် ရည်ရွယ်၍ ရေးဆွဲထားသည်ဟု ပြောလို့ရသည် ။

အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံရေးဆွဲရာ၌ အခြေခံရမည့် မူအဖြစ် တပ်မတော်သည် အမျိုးသားနိုင်ငံရေး၏ ဦးဆောင်ကဏ္ဍတွင် ပါဝင်စေရမည်ဟု စစ်အာဏာရှင် ခေါင်းဆောင်ကြီးများ ကိုယ်တိုင် ချမှတ်ပေးခဲ့သည်ကို မေ့ထားလိုက်လျှင် ၂၀၀၈ အခြေခံဥပဒေသည် ချို့ယွင်းချက် အနည်းငယ်မှအပ ရွေးကောက်ပွဲ ဝင်စရာမလိုသည့် ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် လိုက်ဖက်သော ဥပဒေဟု ပြောနိုင်သည် ။ ၁၉၉၃ ခုနှစ်မှ စတင်သော အခြေခံဥပဒေ ရေးဆွဲသည့် အမျိုးသားညီလာခံသည် ၂၀၀၇ စက်တင်ဘာတွင်မှ ပြီးစီးသည့်အတွက် မလိုအပ်ဘဲ အချိန်ဆွဲကာ ပြည်သူအပေါင်းနှင့် နိုင်ငံတကာသို့ လှည့်စားမှု ၁၄ နှစ်နီးပါး ကြာမြင့်ခဲ့သည်ကို မေ့ထားနိုင်လျှင် အခြေခံဥပဒေအသစ်သည် အချိန်အတော်ယူကာ စေ့စေ့စပ်စပ် ရေးဆွဲခဲ့သည်ဟု ချီးကျူးရမည်ဖြစ်သည် ။

၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့က မဆလအစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို သိမ်းယူခဲ့သော ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နဝတအမည်ဖြင့် အဖွဲ့သည် တပ်မတော်အစိုးရ ဖြစ်သည် ။ ၁၉၉၀ မေလတွင် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ် ပေးခဲ့သော်လည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ပြည်သူ့ကိုယ်စားလှယ်များကို လွှတ်တော် ခေါ်ယူခွင့် မပေးခဲ့သည်ကို မေ့ထားနိုင်သည်ဆိုလျှင် တပ်မတော်အစိုးရသည် ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်သည့် လက်နက်ကိုင် အစိုးရ ဖြစ်သည်ဟု မှတ်ယူနိုင်သည် ။

ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးမပေးနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေး
နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်နေသည့် ၁၉၉၂ ခုနှစ် ဧပြီလ သင်္ကြန်အပြီးတွင် စစ်တပ်အတွင်းမှ လက်အောက်ငယ်သား အရာရှိကြီးများ စုပေါင်း၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နဝတအဖွဲ့ဝင်များက တပ်တွင်း အာဏာသိမ်းခဲ့သည်ကို မေ့လျော့ထားမည်ဆိုလျှင် တပ်မတော်သည် အထက်အမိန့်အတိုင်း လုပ်ကိုင် ဆောင်ရွက်လေ့ရှိသော အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည် ။

၁၉၉၀ ပြည့်နှစ် မတိုင်မီက နိုင်ငံခြားတိုင်းပြည်များ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာများ အနည်းအကျဉ်းသာ ရှိခဲ့သော်လည်း ယနေ့ လက်ရှိကာလတွင် သိန်းပေါင်းများစွာသော အလုပ်လုပ်ကိုင်နိုင်သည့် မြန်မာများ နိုင်ငံရပ်ခြားတွင် အလုပ် သွားလုပ်နေကြရသည်ကို မေ့ထားလျှင် စစ်အစိုးရနှင့် စစ်အစိုးရအမွေခံ အရပ်သားအစိုးရ လက်ထက် ၂၇ နှစ်တာ ကာလအတွင်း ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားသည်ကို ယုံကြည်လက်ခံရပါမည် ။

သမိုင်းဝင်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့သော တက္ကသိုလ်ကျောင်းကြီးများကို မကြာခဏ ဆူဆူပူပူ လုပ်တတ်သော လူငယ်များစုဝေးရာ နေရာအဖြစ် သတ်မှတ်ကာ ပိတ်ပင်ခဲ့သည်မှာလည်း စစ်ရေးအမြင်ဖြင့် တစ်ဖက်သတ်ကြည့်သော စစ်ခေါင်းဆောင်များ၏ ထင်ရှားသော လုပ်ရပ်များအတွင်း တစ်ခုအပါအဝင် ဖြစ်သည် ။ အမည်အမျိုးမျိုးဖြင့် တက္ကသိုလ် ကျောင်းသစ်ပေါင်းများစွာ နိုင်ငံအနှံ့ တည်ဆောက်ဖွင့်လှစ်ရင်း နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များကို ကျောင်းသွားရာ လမ်းမပေါ်တွင် နာရီပေါင်းများစွာ ကုန်ဆုံးအောင် မြို့စွန်နယ်ဖျား၌ ကျောင်းတက်စေခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ ပညာရေးနှင့် စစ်ရေးအမြင်ကို မေ့ထားလိုက်မည်ဆိုလျှင် ဘွဲ့ရကျောင်းသား အရေအတွက်ဖြင့် တိုင်းတာသည့် ပညာရေးမူဝါဒ မှန်ကန်သည်ဟု လက်ခံပေးရပါလိမ့်မည် ။

သမိုင်းဆိုသည်မှာ မေ့ပျောက်အောင် လုပ်ထားလို့ ရကောင်းရနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုအထိသာ ရပါလိမ့်မည် ။ အကြောင်းပြချက်များကို တစ်ဖက်သတ် ပေးနိုင်သော်လည်း အပြန်အလှန် ဆွေးနွေးခွင့်တွေ ရလာသောအခါ အမှန်တို့သည် အမှားဇာတ်လမ်းများအဖြစ် သမိုင်းစစ် သမိုင်းမှန်များအသွင် တစ်ဖန်ပြန်ပေါ်လာကာ နောက်လူများအတွက် သင်ခန်းစာများအဖြစ် မားမားမတ်မတ် ကျန်ရစ်ပါလိမ့်မည် ။

မြန်မာ့သမိုင်းတွင် အမှောင်ခေတ်ပေါင်းများစွာ ရှိခဲ့သည် ။ အမှောင်ခေတ် ကုန်ဆုံးသောအခါ ပညာခေတ်သို့ တစ်ဖန်ပြန်ရောက်ရစမြဲပင် ဖြစ်သည် ။ အမှောင်ခေတ်တွင် တိုးတက်မှုမှန်သမျှ ဆုံးရှုံးခဲ့ရသော်လည်း အမှောင်ကုန်ဆုံး အလင်းရောက်သောအခါ ပညာသည်တို့နှင့် အမျိုးကောင်းသားတို့၏ စုပေါင်းအားဖြင့် နိုင်ငံတော်ကြီးကို တစ်ဖန်ပြန်လည် တင့်တယ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည် ။

မြန်မာလူမျိုးတို့သည် ပျော်ရွှင်မှုကို အလွန်အမင်း နှစ်သက်တတ်ကြသည်ဟု မြန်မာ့ယဉ်ကျေးမှုကို လေ့လာသူ အနောက်တိုင်းသားတို့က ရေးသားခဲ့ကြသည်ကို ဖတ်ခဲ့ရသည် ။ အမှန်တွင်မူ ပျော်ရွှင်မှုကို နှစ်သက်ကာ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသလို နာကြည်း ခါးသီးဖွယ်ရာတို့ကိုလည်း မေ့လွယ် ပျောက်လွယ်ကြသည် ။ နာစရာရှိသည်တို့ကို ကာယကံရှင်များမှအပ အခြားသူများက အလွယ်တကူ မေ့ပျောက်ပစ်ကြလေသည် ။ ထို့ကြောင့်ပင် အမှောင်ခေတ် ကုန်ဆုံးခါနီး ရောင်နီသန်းလာသော အချိန် အလင်းရောင် မသဲကွဲသောကာလ အာဏာရှင်တို့၏ နောက်ဆုံး တံတိုင်းဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေ၏ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲရက် မတိုင်မီအထိ နာကျင်စွာမျိုသိပ်ထားခဲ့ရင်း မေ့သလိုဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရနိုင်အောင် အနည်းအကျဉ်း တို့ထိမိပါသည် ။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်မီအထိ မေ့ထားခဲ့ရသည့် ယူနီဖောင်းဝတ် စစ်ခေါင်းဆောင်များနှင့် ခေါင်းပေါင်း ၊ တိုက်ပုံဝတ် အငြိမ်းစား အာဏာရှင်များ၏ အတိတ်က လုပ်ရပ်များကြောင့် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အထွေထွေဖြင့် မြန်မာတစ်နိုင်ငံလုံး နာလန် ပြန်မထူနိုင်အောင် ဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရမိပါသည် ။

တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် သူများကို လူကိုမကြည့် ပါတီကိုသာ ကြည့်ကာ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ (ကိုလိုနီခေတ်မှ လွတ်လပ်ရေးခေတ်သို့ အညင်သာဆုံး အပြောင်းအလဲ)တုန်းက တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကို တစ်ခဲနက် ထောက်ခံခဲ့ကြသလို ယခုလည်း ၂၇ နှစ်လုံးလုံး စစ်အာဏာရှင်စနစ်အောက်မှာ ကြံ့ကြံ့ခံ ရပ်တည်လာခဲ့သော အဖွဲ့ချုပ်နှင့် ကမ္ဘာ့အဆင့် ခေါင်းဆောင်ကိုသာ အားပေးထောက်ခံ အမှန်တံဆိပ်တုံး ရိုက်နှိပ်ပေးရပါလိမ့်မည် ။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အမည်ဖြင့် အုပ်ချုပ်သောအခါက နိုင်ငံအကြီးအကဲနှင့် အစိုးရအဖွဲ့ဝန်ကြီး ရာထူးများတွင် စစ်ဗိုလ်ချုပ်ဟောင်းများကို အငြိမ်းစားယူစေ၍ အရပ်ဝတ်ဖြင့်သာ ရာထူးထမ်းဆောင်စေခဲ့သည် ။ ၁၉၈၈ ခုနှစ် နှောင်းပိုင်း နဝတအမည်ဖြင့် အာဏာသိမ်းခဲ့သော အစိုးရအဖွဲ့တွင် စစ်ဗိုလ်ချုပ်များ ယူနီဖောင်းဝတ် သေနတ်ခါးချိတ်ကာ တိုင်းပြည်အတွက် အရေးပါသော မူဝါဒပေါင်းများစွာကို ချမှတ်ခဲ့သည် ။

ယခင်က အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးသော်လည်း လူမှုဘဝဖူလုံသည့် အကာအကွယ်များကြောင့် မိသားစုများ အေးချမ်းစွာ စုစုစည်းစည်း နေနိုင်သော်လည်း စစ်အုပ်ချုပ်ရေး နောက်ပိုင်း မတန်တဆ ဖောင်းပွလာသော ငွေကြေးကြောင့် မိသားစုဝင် အားလုံးနီးပါး အလုပ်လုပ်ကိုင်မှ စားနိုင်သောက်နိုင်သော အနေကျပ် အသေကျပ်ခေတ်ကို မသိချင်ယောင်ဆောင်မည် ဆိုပါက စက်ရုံအလုပ်ရုံနှင့် စီးပွားရေး လုပ်ငန်းသစ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့သော စစ်ခေါင်းဆောင်များ၏ စီမံခန့်ခွဲမှုကို မှတ်တမ်းတင်ထားနိုင်ပါသည် ။

အမှန်တကယ်လည်း "ပြောင်းလဲဖို့ အချိန်တန်ပြီ" မှာကြာခဲ့ပြီ ဖြစ်သည် ။ သမိုင်းကိုသာ မေ့လျော့ချင် မေ့လျော့ပါလိမ့်မည် ။ စစ်ခေါင်းဆောင် အဟောင်းအသစ် အသီးသီး၏ ၁၉၆၂ ခုနှစ်မှစတင်၍ အသွင်မျိုးစုံ ၊ ပုံသဏ္ဍန်အဖုံဖုံ ဖန်ဆင်းကာ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ရင်း မှားယွင်းသော စီမံခန့်ခွဲမှု ပုံစံအမျိုးမျိုးဖြင့် ဆင်းရဲတွင်း နက်သည်ထက်နက်အောင် လုပ်ခဲ့ပုံတို့ကို ဒီကနေ့ထိတိုင် ခံစားနေရသူ ပြည်သူအပေါင်းမှာ အသည်းနာ မဆုံးနိုင်အောင် ဖြစ်နေဆဲပင်ဖြစ်ပါ၏ ။ အာဏာရှင် လောင်းရိပ် မကင်းသည့် မည်သည့်ပါတီ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်လောင်းကို မဆို အစိုးရဖွဲ့ခွင့်ကို မဆိုထားနှင့် လွှတ်တော်အတွင်းသို့ပင် အရောက်မခံနိုင်သည်မှာ နိုဝင်ဘာ ၈ ရက်နေ့တွင် အဆုံးအဖြတ်ပေးရမည့် အနာဂတ်အရေးပင် ဖြစ်ပါတော့သည် ။

လှမျိုးထွန်း
The Ladies News Journal ပါ ဆောင်းပါး
https://www.facebook.com/News.TheLadies