10/16/15
နွေခေါင်ခေါင်နေ့လည်ခင်း ပကတိငြိမ်သက်နေစဉ် လေပြေလေးတစ်ချက်သုတ်လိုက်၍ သစ်ရွက်လေးများ လှုပ်ခတ်သံကြားလိုက်ရပြီး သွေးပျက်ခြောက်ခြား ကြောက်ရွံထိတ်လန့်သူများရှိသည်ဆိုသည်မှာ အပိုမဟုတ်။ ယခုလတ်တလော မြန်မာ့နိုင်ငံရေးလောက၌ ထိုထိုသောသူများကို တစ်ပြည်လုံးရှိပြည်သူများက ဘွားခနဲ့တွေ့လိုက်ရသောကြောင့်ပင်။
UEC ဥက္ကဋ္ဌ၏ အောက်တိုဘာ ၁၃ နံနက်ပိုင်းက အဓိကနိုင်ငံရေးပါတီ ၁၀ ခုကိုခေါ်ပြီး ရွေးကောက်ပွဲရွှေ့ဆိုင်းရန် သင့်မသင့်ခေါ်တွေ့ပြောသည့် ကိစ္စကိုကြည့်ပြီး မည်သူတွေ အကြောက်တရားလွှမ်းနေသည်ကို ပြည်သူတို့မြင်လိုက်ရ၍ဖြစ်သည်။ စစ်အာဏာရှင်အုပ်စုထဲတွင် အာဏာကိုလက်မလွတ်လိုသူများ မည်မျှထိများပြားနေသည်ကိုလည်း ခန့်မှန်းကြည့်နိုင်ပါသည်။
ရွေးကောက်ပွဲအကြို မဲဆွယ်ကာလအခြေအနေကလည်း ပြောစရာမလိုလောက်အောင် ရှင်းလင်းပြတ်သားကြည်လင်လွန်းလှသည်။ ကျောင်းသားသမဂ္ဂသင်္ကေတ ခွပ်ဒေါင်းအလံက တစ်နိုင်ငံလုံးအနှံ့ မကြည့်ချင်သော်လည်း မျက်နှာလွှဲမရ။ လွှဲလိုက်တိုင်း အရပ်ဆယ်မျက်နှာ ခွပ်ဒေါင်းချည်းသာ။
သွေးပျက်နေသူများအဖို့ ကြံမိကြံရာ ဖြစ်နိုင်၏ မဖြစ်နိုင်၏ပင် မစဉ်းစားနိုင်တော့ဘဲ ရွေးကောက်ပွဲရွှေ့ဖို့ကြိုးစားလာကြခြင်းပင်။ မပြိုင်ခင်ကတည်းက ရှုံးတော့မှာပေါ်လွင်နေပြီမို့ ကမူးရှူးထိုးဖြစ်နေကြမှန်း သိသာလွန်းလှသည်။ ပြောမိပြောရာတွေပြောကြ။ ပြီးမှမှားမှန်းသိကြ လျှောချကြရ။ လုပ်မိလုပ်ရာတွေလုပ်ခဲ့ကြ ပြီးမှမှားမှန်းသိကြ နှစ်ဘက်ညှိနှိုင်းဖို့ကြိုးစားကြရနှင့် အာဏာရပါတီအနေဖြင့် အတော့ကိုပုံပျက်လှသည်။
အခု ရွေးကောက်ပွဲရက်ရွှေ့ဖို့ ပထမပြောပြီးမှ အရင်အတိုင်းပဲလုပ်မည်ဆိုပြီးပြင်ပြော။ စသည်ဖြင့် ဂဏှာမငြိမ်သည့် UEC ဥက္ကဋ္ဌကြီးမှာ မိမိ၏တက်ယောင်ကားအရည်အချင်းများကို မခြွင်းမချန် အစွမ်းကုန်ပြသနေသည့်နှယ်။
မူလက ဤသို့ဟုတ်ပုံမရ။ သူတို့ မေမြို့ပွဲကျောင်းထွက်များ တက်ခဲ့သည့် လုပ်နေကျအလုပ်ဖြစ်သည့် ရန်သူရှာဖို့ Searching fire လုပ်ခဲ့ရာမှ တစ်တိုင်းပြည်လုံးက ဝိုင်းသမ မေတ္တာပို့ကြနှင့် အတော်ဆူပွက်သွားခဲ့သလို လူသိန်းချီသေခဲ့ရသည့် နာဂစ်တုန်းက လူမဆန်စွာနှင့် ၂၀၀၈ ဖွဲ့စည်းပုံကို ဇွတ်အတည်ပြုခိုင်းခဲ့သည့် ဖြစ်ရပ်နှင့် ပြန်ထောက်လိုက်မှ ကိုယ့်အခြေမဟန်မှန်းသိပြီး ချက်ချင်း ပြန်လျှောချလိုက်ရခြင်းဖြစ်ရာ ဒီတစ်ချီတော့ဖြင့် တော်ပါပေ့ UEC ဥက္ကဋ္ဌကြီးရေဟုသာပြောရပါတော့မည်။
ရွေးကောက်ပွဲအခြေအနေကလည်း အာဏာရပါတီအနေဖြင့် ပြည်သူကြားထဲမဲဆွယ်စည်းရုံးဖို့နေနေသာသာ၊ အလံတလူလူလွှင့်ဖို့နေနေသာသာ စည်းရုံးရေးဆင်းသည့်ကားများပင် ဖြေးဖြေးသက်သာ အနှေးမမောင်းနိုင်တော့ဘဲ လူကြားထဲအမြန်ဖြတ်ပြေးမောင်းသည့်အဆင့်သာ ရှိပါတော့သည်။
သူတို့ရဲ့မဲဆွယ်စည်းရုံးပုံလေးတွေကိုလည်း မိတ်ဆွေများသိပြီးဖြစ်ပေမယ့် အနည်းငယ်လောက်ရေးပါဦးမယ်။ အာဏာရပါတီရဲ့ ဒုဥက္ကဋ္ဌဆိုသူက ‘‘အိုဘားမား နှစ်ကြိမ်လာတော့ နှစ်ကြိမ်အနမ်းခံရတာပေါ့’’လို့ြေ့ပာတာမျိုး၊
နောက်တစ်ဦးက ပေါက်ပန်းသေးစကားတစ်ခုထပ်ပြောခဲ့ပြန်ပါတယ်။ ပြောကြားခဲ့သူကလည်း ကြံ့ဖွတ်ပါတီ ဗဟိုအလုပ်အမှုဆောင် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူပဲ ဖြစ်ပါတယ်။ ‘‘ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းတွေပဲ လွှမ်းရမယ်။ .. အနီဆိုတာ အာဇာနည် ဗုံးခွဲတာသွားကြည့်’’လို့ ပြောခဲ့တာမျိုး၊ ပြည်ထောင်စုဝန်ကြီးဆိုတဲ့သူကလည်း သူ့ကိုမဲထည့်ပါ ဒေသခံတွေကိုခြောက်လစာ အလကားထောက်ပံ့ကျွေးမွေးပါ့မယ်ဆိုတာမျိုး၊ နောက်တိုင်းဒေသကြီးဝန်ကြီးတစ်ပါးကလည်း ခင်ဗျားတို့ သားသမီးတွေ ပညာအများကြီးတက်စရာမလိုပါဘူး။ တစ်တန်း နှစ်တန်းအောင်ရင်ရပြီ။ ပညာအရည်အချင်းတစ်တန်း နှစ်တန်းအောင်ရုံနဲ့အလုပ်လုပ်လို့ရတဲ့ ကုမ္ပဏီတွေထောင်ပေးမယ်လို့ ပြောသွားတာမျိုး၊ နောက်ဝန်ကြီးတစ်ဦးကတော့ ကုလားကြီးယူထားပြီးမှ အင်္ဂလိပ်ကြီးယူထားပြီးမှ ပန်ချာပီကြီးယူထားပြီးမှ အမျိုးချစ်ပါတယ်ပြောရင် မယုံကြပါနဲ့ဆိုပြီးမဲဆွယ်စည်းရုံးတာတွေ တွေ့ခဲ့ရတယ်။ မဲဆွယ်စည်းရုံးမှုကမောက်ကမတွေကို ရေးမယ်ဆို ရေးကုန်မှာမဟုတ်ပါဘူး။ သူတို့တွေဟာ အောက်တန်းစားစကားလုံးတွေပဲသုံးပြီး မဲဆွယ်စည်းရုံးတက်တယ်။ တကယ်ကိုယ်စွမ်းဉာဏ်စွမ်း အရည်အချင်းပြည့်ပြည့်ဝဝနဲ့ မဲဆွယ်စည်းရုံးနိုင်တဲ့သူ တစ်ယောက်မှမတွေ့ရပါဘူး။ ဒီကြားထဲ ထီးတို့၊ ယပ်တောင်တို့၊ ဒံပေါက်ထုတ်တို့တင်မက ကျောက်ဖရုံသီးတောင် မနေရပါဘူး။ အို...စုံလို့...စုံလို့...။
ပို၍ဆိုးသည်မှာ သမ္မတ၊ ကာချုပ်၊ UEC ဥက္ကဋ္ဌတို့၏စကားများက တစ်ကျောင်းထဲထွက်များပီပီ ညီလွန်းလှသည်။ ပြည်သူတို့အတွက်ညီခြင်းမဟုတ်။ အဘအတွက်ဖြင့် အသက်ပင်သေသေဆိုသလို ညီခြင်းမျိုးဖြစ်နေခြင်းအပြင် လက်ရှိဝန်ကြီး ဝန်ကလေးများ၊ လွှတ်တော် ဒုဥက္ကဋ္ဌများ၊ ရေးရာကော်မတီဝင်များဆိုသည့် အာဏာရပါတီမှခေါင်းဆောင်များနှင့် စစ်တပ်မှ ပူပူနွေးနွေးကူးပြောင်းလာပြီး လုံချည်ပင်မြဲအောင် မဝတ်တက်သေးသည့် ဗိုလ်ချုပ်လူထွက်များ၏ မဲဆွယ်စကားများက ရွေးကောက်ပွဲမှာ မိမိပါတီအနိုင်ရဖို့ပြောနေသည်လား၊ ကျုပ်တို့ပါတီကိုတော့ဖြင့် ရွေးမနေကြနဲ့တော့ဟုပင် ပြောနေသည့်အလားဆိုသည်ကို ကိုယ့်ဘာသာကိုယ်ပင် သိကြပါရဲ့လားဟု မေးရတော့မည့်အခြေသို့ပင်ရောက်နေပါပြီ။
သို့သော်လည်း ကိုယ့်လုပ်ရပ်များအပေါ် ပြန်သုံးသပ်နေရသူတို့သာ အသိဆုံးဖြစ်ပါလိမ့်မည်။ ပြည်သူတို့မျက်နှာမကြည့်သော၊ ပြည်သူ့ခံစားမှုကို သိသိကြီးနှင့် ပစ်ပယ်သောသူများအတွက် ပြည်သူများအတွက် တုံ့ပြန်မှုမှာ ပြည်သူတို့လိုလားသော ခုံရုံးများမရရှိသေးလျှင်သော်မှ ယခု နိုဝင်ဘာ ၈ ရွေးကောက်ပွဲကျလျှင်တော့ဖြင့် သိကြပါလိမ့်မည်။ မဝေးသေးသော ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်နမူနာများကိုကြည့်ပြီးမှသာ ပြည်သူတို့အပေါ်ဆက်ဆံသင့်ပေသည်။ ယခုမူ ထိုသို့မဟုတ် စစ်တစ်ပိုင်းအစိုးရ၏ ဘရိတ်ပေါက်သောရထားကြီးမှာ အဆုံးမဲ့ချောက်ကမ်းပါးကြီးသို့ ဦးတည်နေပြီဖြစ်ကြောင်း ပြည်သူတို့ကတော့ဖြင့် မြင်နေရပြီဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရရေးအတွက် ထိုရထားပေါ်တွင် ကာယကံရှင်များဖြစ်သော စစ်တပ်၊ ပါတီ၊ လွှတ်တော်၊ အစိုးရအဖွဲ့ဝင်များ၏ ခပ်တုံးတုံးခေါင်းများဖြင့် အကြိတ်အနယ် ဆန်ကောလောက်မှ ဇောက်မနက်သောအကြံများ အပြန်အလှန်ဖလှယ်ကြကာ ဘယ်တော့မှမနိုင်သော၊ လူလဲကစားပါသော်လည်း တစ်ဖက်အသင်းနောက်မှသာ အမြဲလိုက်ကစားနေရသော၊ အမြဲရှုံးပွဲဆက်နေရသော NLD ချေမှုန်းရေးဗျူဟာကြီးကို ခင်းကျင်းရင်းဖြင့်...။
သို့သော် ကိုယ့်လူများက ကျားကျားမီးယပ်ပဲဆိုသည့်အပေါက်မျိုး၊ ရေဘူးပေါက်တာမလိုချင် ရေပါတာပဲလိုချင်သည်ဆိုသည့်အပေါက်မျိုး ချိုးနေကြ၍ ကိုယ်စီးသည့်ရထား ချောက်ထဲကျမည့်အရေးကိုပင် ကျကျဘာဖြစ်လဲဆိုသည့်ပုံစံမျိုးဖြင့် ယခုလို မဲဆွယ်ပွဲကာလကို ဖြတ်သန်းနေကြသည်ဖြစ်ရာ ကြောက်လွန်လွန်းလို့ ကြောင်သွားပြီလားဟုပင် မေးရတော့မည်ဖြစ်ပါကြောင်း.....။
**********************************
လေးစားစွာဖြင့်
Ko Soe Win
တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့။ (အောက်တိုဘာလ ၁၅၊ ၂၀၁၅) နေပြည်တော်။
တနိုင်ငံလုံးအပစ်ရပ် လက်မှတ်ထိုးတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့။ (အောက်တိုဘာလ ၁၅၊ ၂၀၁၅) နေပြည်တော်။
နေပြည်တော်မှာ အောက်တိုဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်လို့ နိုင်ငံတကာ ပညာရှင်တွေက ဒါဟာ အပြည့်အ၀ ကောင်းမွန်တဲ့ သဘောတူညီချက် မဟုတ်သေးဘူး လို့ သုံးသပ် ပြောဆိုကြပါတယ်။ ဒီသဘောတူညီချက်ဟာ အရေးပါတဲ့ သဘောတူညီချက်ဖြစ်ပေမယ့် လက်နက်ကိုင် အဖွဲ့အစည်းအားလုံး မပါဝင်နိုင်တဲ့ ကိစ္စ အပါအ၀င် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) အဖွဲ့အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်နိုင်တာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပညာရှင်တွေက သူတို့ရဲ့ အမြင်သဘောထား အမျိုးမျိုးကို ထုတ်ဖော် ပြောဆို လာကြတာမှာ လက်မှတ် ထိုးနိုင်တဲ့ အတွက် ကောင်းမွန်တဲ့ သဘောဆောင်ပေမယ့် လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ တပြိုင်ထဲ လက်မှတ်မထိုးနိုင်သေးတဲ့အတွက် အပြည့်အ၀ ကောင်းမွန်တဲ့ သဘောတူညီချက် မဟုတ်သေးဘူး ဆိုပြီး ပြောဆိုကြတာ ဖြစ်ပါတယ်။
CSIS - နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သုတေသီ Phong Nguyen ကတော့ ဒီသဘောတူညီချက်ဟာ ကောင်းတာနဲ့ သိပ်မကောင်းလှတဲ့ အချက် ၂ ချက် ဒွန်တွဲနေတယ်လို့ သုံးသပ်ပါတယ်။
“ အားလုံးပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေး ထိုးနိုင်တော့မယ်ဆိုပြီး အစိုးရက အရင်က အချိန်ကန့်သတ်ချက်တွေ ချမှတ်ခဲ့ပေမယ့် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ပြီးတဲ့နောက် အခု နောက်ဆုံး လက်မှတ် ထိုးလိုက်တဲ့ အတွက် ဒါဟာ ကောင်းမွန်တဲ့ အောင်မြင်ချက်လို့ ကျမ မြင်ပါတယ်။ ဒါကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလို့ ခေါ်နိုင် မခေါ်နိုင်တော့ ကျမ မသိပါဘူး၊ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ဒါဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပထမအဆင့် ဖြစ်ပါတယ်။ တဖက်မှာလည်း ဒီလက်မှတ်ထိုးပွဲမှာ တခြား လက်နက်ကိုင် အဖွဲ့အစည်းလေးတွေ အများအပြား ပါဝင်ပေမယ့် အဓိက လက်နက်ကိုင် အဖွဲ့အစည်းကြီးဆိုလို့ KNU ကရင်အမျိုးသားအဖွဲ့အစည်း တခုသာ ပါပါတဲ့အတွက် အားလုံးက မျှော်လင့်ထားချက်တွေအတိုင်း ဖြစ်မလာခဲ့ပါဘူး။”
George Town တက္ကသိုလ်က ပါမောက္ခ David Steinburg ကလည်း ဒါဟာ ကောင်းမွန်တဲ့ အစပျိုးမှုဖြစ်တယ်လို့ သုံးသပ်ပါတယ်။ “ ဒါဟာ အရေးပါတဲ့ ပထမ ခြေလှမ်းတရပ်လို့ ကျနော်ထင်ပါတယ်။ ဒါဟာ အဖြေမဟုတ်သေးပေမယ့် အဖြေရနိုင်ဖို့အတွက် ဦးတည်နေတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်တာ မဟုတ်ဘဲ အဖွဲ့ (၈) ဖွဲ့နဲ့ ထိုးနိုင်တာဟာလည်း အောင်မြင်တခုပါပဲ။”
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီး လက်မှတ်ထိုးလိုက်ကြပေမယ့် ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားမလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ ပါမောက္ခ Steinburg က ပြောပါတယ်။ ဥပမာ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ဖော်ဆောင်မယ်လို့ ပြောဆိုနေကြပေမယ့် ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာ အတိအကျ ဖော်ပြထားခြင်း မရှိဘူးလို့ ဆိုပါတယ်။
“ ဖက်ဒရယ်ပြည်ထောင်စုစံနစ်နဲ့သွားကြမယ်လို့ပြောတယ်၊ ဒါပေမယ့် ဘယ်လို ဖက်ဒရယ်မျိုးလဲဆိုတာကို အတိအကျ ပြောဆိုထားတာမျိုး မတွေ့ရသေးဘူး။ မတူညီတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လိုပုံစံနဲ့ ဆက်ဆံသွားမှာလဲ၊ ဘယ်ဒေသဆိုင်ရာ ဥပဒေပြုအဖွဲ့က ဦးစားပေး ကိုင်တွယ်မှာလဲဆိုတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လဲ လိုပါလိမ့်မယ်။”
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်
ဒီ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်တာဟာ အရေးပါတဲ့ အချက်ဖြစ်သလို သူ့အောက်က စစ်တပ်အရာရှိတွေရဲ့ ထောက်ခံမှုဟာလည်း အရေးပါတယ်လို့ပါမောက္ခ Steinburg က ပြောပါတယ်။
“ စစ်တပ်က ဒီသဘောတူညီချက်ကို ထောက်ခံမှ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ဒီသဘောတူညီချက် တည်တန့်ဖို့အတွက် အောက်ခြေ ဒေသခံ အရာရှိတွေ ရဲ့ ထောက်ခံမှုဟာ အင်မတန် အရေးကြီးပါတယ်။ အဲဒါကတော့ မေးခွန်းထုတ်စရာကို မလိုပါဘူး။ တိုင်းဒေသတွေက စစ်ဦးစီးတွေက ဒီသဘောတူညီချက် ကို ထောက်ခံပါ့မလား၊ ဒီသဘောတူညီချက်ကို သူတို့အနေနဲ့ လေးစား လိုက်နာပါ့မလား၊ အပစ်ရပ်ဒေသတွေက ဒေသခံတွေကို သူတို့ ဘယ်လို ဆက်ဆံမလဲ ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်လို့တော့ ကျနော်လဲ အတတ် မပြောနိုင်ဘူး။ သက်ဆိုင်ရာ ဒေသအသီးသီးက ကိစ္စတွေမှာ ပြင်ဆင်စရာလေးတွေ အများကြီး ကျန်နေပါသေးတယ်။”
မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်း တည်ရှိလာခဲ့တဲ့ လူမျိုးစု တခုနဲ့တခုအကြား တန်းတူညီမျှမှု မရှိတဲ့ကိစ္စဟာ အဓိက ပြဿနာဖြစ်ပြီး အဲဒီလို တန်းတူညီမျှ မရှိရင် အနာဂတ်မှာလည်း တိုင်းရင်းသားပြဿနာဟာ ဆက်ရှိနေလိမ့်ဦးမယ်လို့ ပါမောက္ခ Steinburg က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီးတန်း သံတမန်ဟောင်း Priscilla Clapp ကလည်း ဒီသဘောတူညီချက် ရေရှည် တည်တန့်ဖို့ အစိုးရနဲ့ တပ်မတော်အပေါ်မှာ မူတည်နေတယ်လို့ သုံးသပ်ပါတယ်။
 “ ဒီသဘောတူညီချက် ရှေ့ဆက်သွားနိုင်ဖို့အတွက် အစိုးရအပေါ်မှာ အများကြီး တာဝန်ရှိပါတယ်၊ အထူးသဖြင့်တော့ တပ်မတော်အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီအစိုးရလက်ထက်မှာတော့ ရှေ့ဆက်လုပ်နိုင်တော့မှာ မဟုတ်ပါဘူး၊ နောင်တက်လာတဲ့ အစိုးရလက်ထက်ကျမှပဲ ဆက်လုပ်နိုင်တော့မယ်ဆိုတာက သိသာ ထင်ရှားနေပါတယ်။”
တဖက်မှာ ဒီသဘောတူညီချက် ရေရှည်တည်တန့်တယ်၊ မတည်တံ့ဘူး ဆိုတဲ့နေရာမှာ နိုင်ငံရေး၊ စီးပွားရေး စတဲ့ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်မှု အပေါ်မှာလည်း အများကြီး မူတည်နေပြီး အချိန်ကာလအားဖြင့်လည်း အတော်ကြာလိမ့်ဦးမယ်လို့ Priscilla Clapp က ပြောပါတယ်။
တိုင်းရင်းသား လက်နက်အဖွဲ့အစည်း အားလုံး မပါဘဲ သမ္မတ ဦးသိန်းစိန် အစိုးရက ရွေးကောက်ပွဲမတိုင်ခင်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးနိုင်အောင် တက်သုတ်ရိုက် ဆောင်ရွက်တာဟာ နိုင်ငံရေးအရ အမြတ်ထွက်လိုတဲ့အတွက် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတဲ့ ဝေဖန် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့တော့ အတိုင်းအတာတခုအထိ မှန်ကန်မှု ရှိနိုင်တယ်လို့ CSIS - နိုင်ငံတကာ မဟာဗြူဟာလေ့လာရေး တတ်သိပညာရှင်များအဖွဲ့က သုတေသီ Phong Nguyen က ပြောပါတယ်။
“ တစိတ် တပိုင်းအနေနဲ့ ဒီအစိုးရဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ သမိုင်း အမွေအနှစ်အဖြစ် ထားခဲ့ချင်တဲ့သဘောရှိတယ်လို့ ကျမထင်ပါတယ်။ သမ္မတဦးသိန်းစိန်ကလည်း ဒါကို အမွေအနှစ်အဖြစ် ထားခဲ့ချင်တယ် ဆိုတာ ရေဒီယိုမိန့်ခွန်းတွေမှာလည်း တိတိလင်းလင်း အကြိမ်ကြိမ် ပြောထားပြီးဖြစ်ပါတယ်။ တဖက်မှာလည်း တချို့ပြောနေကြ သလို နိုင်ငံရေးအမြတ်ထုတ်ဖို့ဆိုတဲ့ကိစ္စက ဒီသဘောတူညီချက် မရ ရအောင်လုပ်ဖို့ နောက်ကွယ်ကနေ တွန်းအားပေးနေတဲ့ အချက်ဖြစ်တယ်ဆိုတာလည်း မှန်ပါတယ်။”
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီး ရက်ပေါင်း ၉၀ အကြာမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်ရမယ်လို့ သတ်မှတ်ထားတဲ့ အတွက် နောက်တက်မယ့် အစိုးရက ဘယ်သူဖြစ်မယ်ဆိုတာ မသိနိုင်သလို အဲဒီ အစိုးရကို စစ်တပ်က ထောက်ခံမလား ၊ မထောက်ခံဘူးလားဆိုတဲ့ အချက်ကဟာလည်း အခုချိန်မှာ မသိနိုင်ဘူးလို့ Phong Nguyen က ပြောပါတယ်။
နိုင်ငံတကာက အသိသက်သေတွေနဲ့ နိုင်ငံရေးပါတီပေါင်း ၉၂ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ ဒီ လက်မှတ်ထိုးပွဲမှာ မပါသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နောက်ပိုင်းမှာ ပါဝင်လို့ ရတယ်လို့ သမ္မတ ဦးသိန်းစိန် အစိုးရက ပြောထားပါတယ်။
VOA
http://burmese.voanews.com/content/international-experts-response-to-nca-in-myanmar/3009276.html
မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို စောင့်ထိန်း သူဖြစ်ကြောင်းပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီနေ့ မုဒုံမြို့ မြို့မ ၁ရပ်ကွက်က မီတာ ၄၀၀ အားကစားကွင်းမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်အပါအ၀င် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး မဲဆွယ်စည်းရုံးရာမှာ ၀န်ကြီးချုပ် ဦးအုန်းမြင့်က ပြောခဲ့တာဖြစ်ပါတယ်။
"ကျနော်က အမျိုးကိုစောင့်လို့ မုဒုံသူ ဒေါ်စန်းစန်းကို ယူပြီးတော့ သမီးတစ်ယောက် သားသုံးယောက် မွေးခဲ့ပါ တယ်၊ PHD၊ Engineer၊ Master Computer တွေ မွေးထုတ်ပြီးတော့ အမျိုးကိုဆက်စောင့်ဖို့ မြန်မာနိုင်ငံထဲကပဲ ထပ်မံယူပြီးတော့ မြေးယောက်ျားလေးယောက် မွေးခဲ့ပါတယ်၊ သူတို့လူတွေလည်း နိုင်ငံခြားသူ နိုင်ငံခြားသားကို မယူကြပါဘူး၊ ကိုယ့်ရဲ့မွန်ပြည်နယ်သား မြန်မာနိုင်ငံသားကိုပဲ ယူကြပြီးတော့ အမျိုးကိုစောင့်ထိန်းခဲ့ကြပါတယ် "
ဒါ့အပြင် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ ပြောခဲ့ ပါတယ်။
မဲဆွယ်ဟောပြောပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လွင်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း ဒေါက်တာလှသိန်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသက်ထွေးတို့ တက်ရောက်ခဲ့ပါတယ်။
မဲဆွယ်ပွဲကို မုဒုံမြို့နယ် ရွာပေါင်း ၄၀ကျော်က ဒေသခံ ၂ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
မုဒုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားပါတီ စတဲ့ ပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
ဒီအတောအတွင်း မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မဲစည်းရုံးရေးတဲ့အခါ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာ မေးဖို့လိုအပ်ပြီး အဲဒီအဖြေပေါ် မူတည်ပြီးမဲပေးကြဖို့ မွန်ပြည်နယ် မြစေတီရဲကျောင်း စာသင်တိုက်ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ကြားလိုက်ပါတယ်။
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှာ ဒီနေ့ကျင်းပတဲ့ မျိုးစောင့်ဥပဒေကြိုဆိုပွဲ အခမ်းအနားမှာ ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ကြားခဲ့တာဖြစ်ပါတယ်။
"အကယ်၍များ မျိုးစောင့်ဥပဒေကိုဖျက်မယ့် ပုဂ္ဂိုလ်တွေ ပါတီတွေကို အယောင်ယောင်အမှားမှားနဲ့ မဲသွားပေးလိုက်မိရင် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တာနဲ့ မတူသွားဘူးလား၊ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ မတူသွားဘူးလား၊ ဒါကြောင့် ဒီနယ်မှာလာပြီးတော့ မဲဆွယ်တာပဲဖြစ်ဖြစ် မိန့်ခွန်းပြောတာပဲဖြစ်ဖြစ် ပါတီအစိုးရဖွဲ့ရင် မျိုးစောင့်ဥပဒေကို ဖျက်မှာလား တည်တံ့အောင်လုပ်မှာလား မေးခွင့်ရှိတယ်၊ အဲ့လိုမေးမှ ဖျက်တဲ့ပါတီလား ဖျက်တဲ့ပုဂ္ဂိုလ်လား၊ တည်တံ့အောင်လုပ်မယ့်ပါတီလား တည်တံ့အောင်လုပ်မယ့်ပုဂ္ဂိုလ်လားလို့ သဲသဲကွဲကွဲသိရမယ်"
လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉၂ ပါတီထဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ ပါတီနှစ်ခုကသာ မျိုးစောင့်ဥပဒေကို ထောက်ခံတယ်လို့ ပြောရ မှာဖြစ်ကြောင်းလည်း ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ပါတယ်။ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားကို သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့က ရဟန်းရှင်လူ ၃ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က မျိုးစောင့်ဥပဒေလေးခုဖြစ်တဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/ohnmyint-election-campaign-10152015134328.html
nca-naypyitaw-620.jpg နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်စင်တာ ၂ မှာ အောက်တိုဘာလ ၁၅ ရက်နေ့ကကျင်းပတဲ့ NCA လက်မှတ်ရေးထိုးပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို သမ္မတ ဦးသိန်းစိန် နှုတ်ဆက်နေစဉ်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ဒီကနေ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခြင်းဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု ရေရှည်လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအပြီးမှာ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ထုတ်ပြန်လိုက်တာဖြစ် ပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေကို စစ်ရေးအရ အရေးယူတာတွေပြုလုပ်ခြင်းဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ထိခိုက်စေနိုင်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို အမေရိကန်ပြည်ထောင်စုက အတိအလင်းချီးကျူးကြောင်း၊ ဒီကနေ့ လက်မှတ်ရေးထိုးပွဲမှာ အချို့အဖွဲ့အစည်းတွေ မပါနိုင်တာကို သတိပြုမိသလို၊ အဲဒီအဖွဲ့အစည်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း နားလည်သဘောပေါက်ကြောင်း၊ ကျန်နေသေးတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို တိုက်တွန်းကြောင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်တွေဆင်နွှဲနေတာ၊ အဲဒီနေရာတွေက ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေရသူ ၁ သိန်းကျော်ထံ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ရောက်ရှိဖို့ ခက်ခဲနေတဲ့အပေါ် စိုးရိမ်ကြောင်း၊ သူတို့အတွက် လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေ အမြန်ဆုံးပေးအပ်နိုင်ဖို့ အရေးကြီးကြောင်း အဲဒီထုတ်ပြန်ချက်မှာပါရှိပါတယ်။
RFA
http://www.rfa.org/burmese/news/us-welcomes-nca-signing-10152015130001.html
 သာယာဝတီမြို့နယ် တရားရုံးကို တွေ့ရစဉ်။ Photo: Kyaw Zaw Win/RFA
 သာယာဝတီအကျဉ်းထောင်အတွင်း တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်တာကြောင့်ဆိုပြီး တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခံထားရတဲ့ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးကို သာယာဝတီမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ လကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။
ချုပ်ရက်တွေကို ထည့်သွင်းခံစားစေဆိုပြီး တရားသူကြီးက အမိန့်ချလိုက်တဲ့အတွက် ချုပ်ရက်က ၃ လ ရှိနေပြီဖြစ်တာကြောင့် ထပ်ပြီးအကျဉ်းကျစရာမရှိတော့ဘူးလို့ တရားရုံးကို သွားရောက်ခဲ့တဲ့ သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက ပြောပါတယ်။
"ထောင်ဒဏ် နှစ်လ၊ ချုပ်ရက်ကို ခံစားခွင့်ပြုသည်ဆိုတော့ ချုပ်ရက်က အဲဒီ့အမှုဖြစ်တုန်းက သုံးလရှိပြီဆိုတော့ ပြီးသွားပြီ"
ပြီးခဲ့တဲ့ ဇွန်လ ၃ဝရက်နေ့က တရားရုံးချိန်းအပြန် ထောင်ဝန်ထမ်းတွေက စစ်ဆေးတဲ့အခါ ကျောင်းသားနဲ့ ဝန်းရံသူ ၇ ဦးဖြစ်တဲ့ ကိုအောင်မြင့်ဟန်၊ ကိုရန်ပိုင်စိုး၊ ကိုသန်းထိုက်၊ ကိုခန့်အောင်၊ ကိုကျော်စွာလင်း၊ ကိုကျော်ကျော်ထွန်းနဲ့ ကိုဟိန်းဇော်လင်းတို့ဟာ ထောင်ထဲကို ဆေးလိပ်နဲ့ ကွမ်းယာတွေ ယူဆောင်လာတာကို စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဇွန်လ ၃ဝ ရက်နေ့ကနေ ဇူလိုင်လ ၁၃ရက်နေ့အထိ တိုက်ပိတ် ပြစ်ဒဏ်ပေးခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့မှာတော့ သာယာဝတီအကျဉ်းထောင် အရာရှိက တားမြစ်ပစ္စည်းသွင်းယူမှု ပုဒ်မ ၄၂ နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
အဲဒီပြစ်မှုကိုကျူးလွန်ရင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၆ လနဲ့ ငွေဒဏ် ၂ဝဝ ချမှတ်နိုင်တယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီး။ 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း NLD အနေနဲ့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ဆောင်ရွက် ထားတယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌက ပြောပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေ အနေနဲ့ ပူးပေါင်းပြီး ခရီးစဉ် အတွင်း ဆူပူမှုတွေမဖြစ်အောင် ထိန်းသိမ်းသွားမယ်လို့ NLD ကပြောပါတယ်။ ရခိုင်ပြည်နယ် သံတွဲ ၊ တောင်ကုတ်၊ ဂွမြို့တွေဆီ မဲဆွယ် စည်းရုံးရေး သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အခြေအနေတွေ အကြောင်း ရခိုင်ပြည်နယ် သံတွဲကို ရောက်နေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက ပြောပြပေးမှာပါ။
မနက်ဖြန် အောက်တိုဘာလ (၁၆) ရက်နေ့မှာ ရခိုင်ပြည်နယ် ကို ရောက် လာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားမယ်လို့ သံတွဲခရိုင် NLD ဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောပါတယ်။
“ လုံခြုံရေးကို ကျနော်တို့တော်တော်ကြီးကို တင်းတင်းကျပ်ကျပ် လုပ်ထားပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ် ကတော့ ခုနကလည်း အမေရိကန်သံရုံးက လှမ်းမေး တယ်ပေါ့နော်။ စိုးရိမ်စိတ်ကတော့ ရှိပါတယ်။ စိုးရိမ်တာကတော့ အထူးစိုးရိမ် တာပေါ့နော်။ ဒါပေမယ့် ဖြစ်လာတယ်ဆိုတဲ့ ပြဿနာ ကြီးကြီးမားမား မဖြစ်လာအောင် ထိန်းထားရမယ်လေ။ တကယ်လို့ ပြဿနာ ကြီးကြီးမားမားဖြစ်လာခဲ့ရင် ထပ်ပြီးတော့ ကိုယ့်ပြည်မှာ အမဲစက်တခု ထပ်ပြီးတော့ စွန်းသွားရင် ပိုပြီးတော့ ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုတ်၊ ရခိုင်ပြည်သူပြည်သားတွေ အားလုံး ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မျှော်လင့်နေတယ်။ ဘာလို့လဲဆိုတော့ အခုရွေးကောက်ပွဲ campaign ကာလ ရောက်လာတဲ့ အခါမှာ နိုင်ငံရေး ရေချိန် တော်တော်လေး တက်လာတာကိုတွေ့ရတာပေါ့နော်။ အဲဒါကြောင့် စိုးတော့ စိုးရိမ်တယ်။ ကြီးကြီးမားမားပြဿနာလည်း မဖြစ်ဘူးလို့ ထင်ပါတယ်။”
အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လည်း ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဦးဝင်နိုင်က ဆက်ပြောပါတယ်။
“အာဏာပိုင်တွေဘက်ကလည်း ရပ်မိရပ်ဖတွေနဲ့တွေ့ဆုံပြီးတော့ ဒီလိုပြဿနာမျိုးတွေ မဖြစ်ရအောင်၊ ဒါမျိုးတွေ လုပ်နိုင်ခြေ ရှိခဲ့ရင်လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ မဖြစ်အောင် ထိန်းပြီး သူတို့ကလည်း ပြောဆိုထားတာ ရှိပါတယ်တဲ့။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အနီးကပ်လုံခြုံရေးအဖွဲ့တွေအပြင် ဒေသ NLD အဖွဲ့ဝင် အင်အား (၇၀၀) ကျော်နဲ့ လည်း လုံခြုံရေး တင်းတင်းကျပ်ကျပ် ဆောင်ရွက် သွားမယ်လို့ သံတွဲခရိုင် NLD က ပြောပါတယ်။
ဒါ့အပြင် သံတွဲမြို့ အတွင်း စီတန်း လှည့်လည်တာနဲ့ ဆူပူအကြမ်းဖက်မှုတွေ မလုပ်ကြဖို့ သံတွဲမြို့ အထွေထွေ အုပ်ချုပ်ရေးမှုးရုံးက ဒီကနေ့ ရက်စွဲနဲ့ ဒေသန္တရ အမိန့်ကြေညာ ချက်တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ ဒီကြေညာချက် ဟာ အောက်တိုဘာလ (၁၅) ရက်နေ့ ကနေ နိုဝင်ဘာလ (၁၁) ရက်နေ့ထိ အကျုံးဝင်မှာဖြစ်ပါတယ်။
ဘာသာရေး လူမျိုးရေး မတူညီမှုတွေ အကြား အကဲဆတ်တဲ့ ရခိုင်ပြည်နယ် ဒေသ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူးစိုးရိမ်နေကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်အတွက် ရှေ့ပြေးရောက် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနီးကပ်လုံခြုံရေးအဖွဲ့ကို ဒီကနေ့ တောင်ကုတ်မြို့ ကို သွားတဲ့ လမ်းမှာ အုပ်ချုပ်ရေး ၀န်ထမ်းတွေက သတိပေးတားဆီးခဲ့တယ်လို့ လုံခြုံရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ လင်းလင်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာ Facebook မှာဖော်ပြခဲ့ပါတယ်။
လုံခြုံရေးအဖွဲ့သားတွေထဲက တချို့ကို အစ္စလာမ်ဘာသာဝင်တွေလို့ သတင်းလွှင့် ထားတာကြောင့် သတိနဲ့သွားနိုင်ဖို့ အသိပေးပြောကြားတာသာဖြစ်တယ်လို့ လုံခြုံရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် အောက်တိုဘာလ (၁၆)ရက်နေ့မှာ တောင်ကုတ်မြို့မှာ မဲဆွယ် စည်းရုံး ဟောပြော မှာဖြစ်ပြီးတော့ အောက်တိုဘာလ (၁၇) ရက်နေ့မှာ သံတွဲမြို့၊ အောက်တိုဘာလ (၁၈) ရက်နေ့မှာ ဂွ မြို့တွေမှာ မဲဆွယ်စ ည်းရုံး ဟောပြောပွဲတွေ ပြုလုပ်သွားမှာဖြစ်ပြီးတော့ ဂွ မြို့ကနေ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ ကို ကားလမ်းကနေ သွားရောက်ဖို့ စီစဉ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဆိုးလ်​မြို့​တော် ​မြန်​မာ ​သံ​ရုံး​က ​မဲ​ပေး​မယ့်​နေ့ ​မ​နက်​မှ ​မဲ​စာ​ရင်း ​ထုတ်​ပြန်
တောင်​ကို​ရီး​ယား ​နိုင်​ငံ ​ဆိုးလ်​မြို့​တော်​က ​မြန်​မာ ​သံ​ရုံး​က ​ကြို​တင်​မဲ ​စ​တင် ​ပေး​ရ​မယ့်​နေ့​မှ ​မဲ​ဆ​န္ဒ​ရှင် ​စာ​ရင်း ​ထုတ်​ပြန်​တာ​ကြောင့် ​မဲ​စာ​ရင်း​ထဲ ​ပါ​မ​ပါ ​စစ်​ဆေး​နိုင်​ဖို့ ​က ​ပ​ထ​မ​ဆုံး ​အ​ခက်​အ​ခဲ ​ဖြစ်​တယ်​လို့ ​မြန်​မာ ​သံ​ရုံး​နဲ့ ​ပူး​ပေါင်း​ပြီး ​ပြည်​ပ​ရောက် ​မြန်​မာ ​နိုင်​ငံ​သား​များ ​မဲ​ပေး​နိုင်​ဖို့ ​လှုံ့​ဆော်​ရေး ​ကော်​မ​တီ​က ​ကို​ဝင်း​လှိုင်​က ​ပြော​ပါ​တယ်။
သံ​ရုံး​မှာ​ကပ်​ထား​တဲ့ ​စာ​ရင်း​မှာ ​ကိုယ့်​နာ​မည် ​ပါ​လေ​မ​လား​လို့ ​လာ​ကြည့်​သူ​တွေ​ထဲ​က ​တ​ချို့​က ​နာ​မည်​ပါ​ပြီး ​မဲ​ဝင်​ပေး​နိုင်​ခဲ့​ပေ​မဲ့ ​တ​ချို့​က​တော့ ​မ​ပေး​ဘဲ ​ပြန်​သွား ​ကြ​ရ​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။
ဒါ့​အ​ပြင် ​မဲ​လက်​မှတ်​တွေ​မှာ ​တံ​ဆိပ်​တုံး ​ပါ​ပေ​မဲ့ ​သက်​ဆိုင်​ရာ ​မဲ​ရုံ​မှူး​တွေ​ရဲ့ ​လက်​မှတ်​တွေ ​ပါ​မ​လာ​တာ​တွေ​ရှိ​နေ​ပါ​တယ်။
အဲ​ဒီ​လို ​အ​မျိုး​အ​စား​ကို ​ပယ်​မဲ ​အ​ဖြစ် ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​က ​ကြေ​ညာ​ထား​တာ ​ဖြစ်​ပါ​တယ်။
ဒါ့​အ​ပြင် ​လွှတ်​တော်​သုံး​ရပ်​စ​လုံး ​အ​တွက်​အ​ပြည့် ​မဲ​မ​ပေး​ခဲ့​ကြ​ရ​သူ​တွေ​လည်း ​ရှိ​တဲ့ ​အ​တွက် ​အဲ​ဒီ ​ကိ​စ္စ​တွေ​ကို ​ရွေး​ကောက်​ပွဲ ​ကော်​မ​ရှင်​နဲ့ ​ပြန်​ညှိ​ပြီး ​မှန်​ကန်​အောင် ​စီ​စဉ်​ပေး​ဖို့ ​သူ​တို့ ​ကော်​မ​တီ​က ​သံ​ရုံး​နဲ့ ​ဆွေး​နွေး​ခဲ့​တယ်​လို့​လည်း ​ကို​ဝင်း​လှိုင်​က ​ပြော​ပါ​တယ်။
ကြို​တင်​မဲ​ပေး​နိုင်​မယ့် ​ရက်​ကို ၄ ​ရက် ​သတ်​မှတ်​ထား​ပေ​မဲ့ ​တောင်​ကို​ရီး​ယား​မှာ ​မဲ​ပေး​ဖို့ ​လျှောက်​ထား​သူ ၆၃၀၀ ​ကျော်​ထဲ​က ​မဲ​ပေး​ခွင့် ​ရှိ​သူ ၃၇၈၈ ​ယောက်​စ​လုံး ​ဒီ​ရက်​အ​တွင်း ​မဲ​ပေး​နိုင်​ဖို့​က​တော့ ​ဖြစ်​နိုင်​မယ် ​မ​ထင်​ဘူး​လို့ ​သူ​က​ဆို​ပါ​တယ်။
စင်​ကာ​ပူ​နိုင်​ငံ​မှာ ​သော​ကြာ​နေ့​က ​မဲ​ပေး​ခဲ့​တဲ့ ​မ​မေ​ကျော့​ရှင်း​က ​လည်း ​ပ​ထ​မ​နေ့ ​မ​နက် ၈ ​နာ​ရီ​က​နေ ​စ​တင် ​တန်း​စီ​ခဲ့​တာ ၁၁ ​နာ​ရီ ​ခွဲ​မှ ​မဲ​ပေး​ခဲ့​ရ​တယ်​လို့ ​ပြော​ပါ​တယ်။ ​တ​ချို့​က ​မ​နက် ၆ ​နာ​ရီ ​က​တည်း​က ​မဲ​ပေး​ဖို့ ​တန်း​စီ​နေ​ခဲ့​တာ​လို့​လည်း ​သူ​က ​ပြော​ပါ​တယ်။
မဲ​ပေး​မယ့်​သူ​တွေ ​အ​ဖို့ ​သူ​တို့ ​မဲ​ပေး​ရ​မယ့် ​ဆ​န္ဒ​နယ်​အား​လုံး ​အ​တွက် ​စာ​ရင်း​တွေ ​အ​ပြည့်​အ​စုံ ​ပါ​မ​လာ​တာ​တွေ ​ရှိ​နေ​တဲ့ ​အ​တွက် ​သတ်​မှတ်​ရက် ​အ​တွင်း ​ပြီး​အောင် ​မဲ​ပေး​နိုင်​မယ် ​မ​ထင်​ဘူး​လို့ ​လည်း ​သူ​က ​ပြော​ပါ​တယ်။
သက်​ဆိုင်​ရာ ​သံ​ရုံး​တွေ​မှာ ​မဲ​ပေး​ခွင့်​ရ​ဖို့ ​လျှောက်​ထား ​ကြ​သူ ​မြန်​မာ ​နိုင်​ငံ​သား​တွေ ​အောက်​တို​ဘာ ၁၈ ​ရက်​နေ့ ​အ​ထိ ၄ ​ရက်​ကြာ ​ကြို​တင်​မဲ​တွေ ​ပေး​နိုင်​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
 ဦးအောင်မင်းသည် ရှာတောမြို့နယ်ထဲတွင် ကျေးရွာရှိအိမ်တိုင်းကို ဆန်အိတ်များ လိုက်လံဝေမျှပေးနေသည့်အပြင် ကျောင်းတက်နေသော ကလေးငယ်များအတွက် မိုးကာအင်္ကျီများကိုလည်း လာရောက်ပေးသွားကြောင်း သိရသည်။
ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ကိုယ်စားလှယ်များ ရှားတောသို့ စည်းရုံးရေးဆင်းသည့်အချိန်တွင် ဦးအောင်မင်းကို မဲဆွယ်ခဲ့သည့် ပစ္စည်းထောက်ပံ့မှုများကို မြင်တွေ့ကြရကြောင်းကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့မှ ဒီးမော့ဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါ်ဆိုဖာနီးယာက ပြောသည်။
၎င်းက “ ရှားတောကို စည်းရုံးရေးဆင်းတဲ့ အချိန်ကျတော့ ဦးအောင်မင်းက ရွာသားတွေကို ဆန်အိတ်တွေဝေပေးနေတာ တွေ့တယ်ပေါ့နော ”ဟု ပြောသည်။
နောက်ပိုင်းတွင် SKY NET နှင့် ဆိုလာပြား တရွာတခုစီ နှင့် အိမ်ထောင်စု လူဦးရေပေါ်မူတည်၍ ဆန်အိတ်များ လာရောက်ပေးဦးမည်ဟု ၁၁ရက်နေ့တွင် ရှားတောတွင်လာရောက်ပြောဆိုသွားသည်။
ရှားတောမှ ဒေသခံများက ဒေါတနောကျေးရွာမှ သေးလဲရွာအထိ ဦးအောင်မင်းကို လမ်းဖောက်ပေးဖို့တောင်းဆိုထားသည်ဟု ဆိုသည်။ လမ်းများဖောက်လုပ်ဖို့ ဦးအောင်မင်းမှ ဘတ်ဂျက်များထုတ်ပေးမည်ဟုလည်း သိရသည်။
ရှားတောမြို့နယ် ဒေါတနောကျေးရွာမှ ဦးအောင်မင်းကို ခန်းမဆောင်ဆောက်လုပ်ရန် တောင်းထားကြကြောင်း သိရသည်။ ဘတ်ဂျက်ချပေးမည်ဟု ဦးအောင်မင်းပြန်ဖြေကြားသည့်အတွက် ယခုတွင် ခန်းမဆောင်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးအပိုင်းမှ ကော်မတီများက စီမံကိန်းများဆွဲနေကြပြီ ဖြစ်ကြောင်း သိရပါသည်။
ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံးတွင် မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။
ရွေးကောက်ပွဲကာလအတွင်း တပ်မတော်မှ ကယားပြည်နယ်တွင်း မဲရုံ ၃၂ ရုံလုံခြုံရေးထားရှိမည်ဖြစ်ရာ ရှားတောမြို့နယ်အတွင်း တပ်မတော်မှ မဲရုံ (၃)ရုံလုံခြုံရေးယူမည်ဟု ကော်မရှင်ထံမှ သိရသည်။
ရှားတောမြို့နယ်တွင် တပ်မ ၅၅ လက်အောက်ခံ ၂ ရင်းနှင့် ဒကစ လက်အောက်ခံ ၁ ရင်း ၊ နယ်ခြားစောင့်တပ် ၁ ခွဲရှိသည်။
မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
ဦးအောင်မင်းရှားတောခရီးစဉ်တွင် မြင်တွေ့ရစဉ်
 ဗမာစကားမတတ်သည့် ကယားပြည်နယ်ရှားတောမြို့နယ်ဘက် ဒေသခံပြည်သူများကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မဲဆွယ်စည်းရုံးရေးအတွက် ကယားဘာသာစကားပြန်တစ်ဦးနှင့် နောက်လိုက် ကယားလူငယ် ၅ ဦးခန့်အပ်ထားလျက်ရှိသည်ဟု ရှားတောမြို့မှ ကယားအမျိုးသားလူငယ်တစ်ဦးဖြစ်သည့် ခူးဗျားရယ်က ပြောပါသည်။
၎င်းက “လူတစ်ယောက်ကိုသူခန့်ထားတယ်။ သူ့လစာက နှစ်သိန်းရတယ်လို့ပြောတယ်။ ကျန်တာလဲ မုန့်ဖိုးတွေဘာတွေ ထပ်ရမယ်ဆိုရင် သုံးသိန်းလေးသိန်းမကဘူး ထပ်ရတာပေါ့။ တခြားလူတွေလည်း အတည်တော့မရှိဘူး။ သူ့သားကနေတဆင့်မုန့်ဖိုးတွေပေးတာ။” ဟု ပြောသည်။
ရှားတောမြို့ပေါ်တွင် ဦးအောင်မင်း၏ အိမ်တစ်လုံးငှားထားပြီး ၎င်းနောက်လိုက် ကယားလူငယ်များကို ထားရှိကာ မကြာခဏဆိုသလို လာရောက်ကာ မုန့်ဖိုး နှစ်သောင်းသို့မဟုတ် သုံးသောင်း ပေးသွားသည်ဟု သိရသည်။ ကယားဘာသာစကားပြန်ကို တစ်လလျှင် လစာအဖြင့် နှစ်သိန်းဟု ပြောဆိုထားပြီး မဲဆွယ်ခရီးစဉ်များတွင် ပုံမှန် ငွေများပေးလျက်ရှိသည်ဟု ဒေသခံများထံမှ ကြားသိရသည်။
လက်ရှိ တက္ကသိုလ်ကျောင်းတွင် ပညာသင်ကြားနေသည့် ရှားတောမြို့နယ် ဒေသခံ အမျိုးသားလူငယ်တစ်ဦးက “ ကယားစကားမတတ်ဘဲနဲ့ ဒီပြည်နယ်ရဲ့အကျိုးဘယ်လိုဆောင်ရွက်မလဲ။ ဒေသခံတွေအတွက် ဘာလုပ်ပေးနိုင်မလဲ မပြောနဲ့ သူဒေသခံတွေနဲ့ ဘယ်လိုစကားပြောမလဲ။ ကိုယ်စားလှယ်လောင်းနဲ့ မဲဆန္ဒရှင်အကြားမှာ ပွဲစားမလိုဘူး။ လွှတ်တော်မှာ အမတ်နေရာရဖို့ ကယားပြည်နယ်မှာ ပြိုင်မဲ့ ဦးအောင်မင်းရဲ့ မဲဆန္ဒရှင်တွေအပေါ် ဖမ်းစားနိုင်မဲ့ ပေါလစီကဘာလဲ။” ဟု ပြောသည်။
ကယားပြည်နယ် ရှားတောမြို့နယ်အတွင်းတွင် ကယားလူမျိုးအများဆုံးနေထိုင်ကြပြီး ဗမာစကားပြောတတ်သူ မြို့ပေါ်ရောက် လူငယ်အနည်းငယ်မျှသာရှိသည်။ ဦးအောင်မင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်မည့် ရှားတောတစ်မြို့နယ်လုံးတွင် မဲဆန္ဒပေးနိုင်သူ လေးထောင်ခန့်သာရှိပြီး မဲဆန္ဒနယ် အမှတ် (၇)သည် ပျှမ်းမျှ ၂ ထောင်ခန့်သာ ရှိနိုင်မည်။
မူအက်စတာ
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
အဲ​ဒီ ​အ​စီ​အ​စဉ်​တွေ​နဲ့ ​ပတ်​သက်​ပြီး ​သ​မ္မ​တ ​အို​ဘား​မား​က ​မ​ကြာ​မီ​မှာ ​ထုတ်​ပြန် ​ပြော​ဆို​ဖို့ ​ရှိ​ပါ​တယ်။ ​သ​မ္မ​တ ​အို​ဘား​မား ​ရာ​ထူး​သက်​တမ်း ​ကုန်​ဆုံး​တဲ့ ၂၀၁၇ ​ဇန်​န​ဝါ​ရီ​မှာ ​တပ်​ဖွဲ့​ဝင် ​အင်​အား ၅ ​ထောင့် ၅ ​ရာ​ကို ​အာ​ဖ​ဂန် ​နိုင်​ငံ​အ​တွင်း ​ဆက်​လက် ​ထား​ရှိ​သွား​ဖို့​လည်း ​အဲ​ဒီ ​အ​စီ​အ​စဉ်​တွေ​ထဲ​မှာ ​ပါ​ဝင်​လာ​ဖွယ် ​ရှိ​ပါ​တယ်။
မူ​လ ​အ​စီ​အ​စဉ်​အ​ရ ​လာ​မယ့်​နှစ် ၂၀၁၆ ​အ​ကုန်​မှာ ​အာ​ဖ​ဂန် ​နိုင်​ငံ​ထဲ​က ​အ​မေ​ရိ​ကန် ​သံ​ရုံး ​အ​စောင့် ​တပ်​ဖွဲ့​ဝင် ​အ​နည်း​ငယ်​မှ ​အ​ပ ​ကျန်​တပ်​ဖွဲ့​ဝင်​တွေ ​အား​လုံး​ကို ​ရုပ်​သိမ်း​ဖို့ ​စီ​စဉ် ​ထား​တာ​ပါ။
ဒါ​ပေ​မယ့် ​အာ​ဖ​ဂန် ​နိုင်​ငံ​ထဲ​မှာ ​တာ​လီ​ဘန်​တွေ​ရဲ့ ​ခြိမ်း​ခြောက်​မှု ​ကြီး​ထွား ​လာ​တာ​ကြောင့် ​အ​မေ​ရိ​ကန် ​တပ်​ဖွဲ့​တွေ ​ပို​မို ​ချ​ထား​ဖို့ ​လို​နေ​တယ်​လို့ ​အ​မေ​ရိ​ကန် ​စစ်​တပ်​က ​ပြော​ပါ​တယ်။
အ​ခု ​လက်​ရှိ ​အာ​ဖ​ဂန် ​ထဲ​မှာ ​အ​မေ​ရိ​ကန် ​တပ်​သား ၉ ​ထောင့် ၈ ​ရာ ​ရှိ​ပါ​တယ်။ ​အာ​ဖ​ဂန်​ရောက် ​အ​မေ​ရိ​ကန် ​တပ်​မှူး ​တစ်​ယောက်​က ၂၀၁၆ ​အ​လွန်​အ​ထိ ​တပ်​ဖွဲ့​တွေ ​ဆက်​လက် ​ထား​ရှိ​သွား​မှ ​ဖြစ်​လိမ့်​မယ်​လို့ ​ပြီး​ခဲ့​တဲ့ ​အ​ပတ်​က ​ပြော​ခဲ့​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese
ရွေးကောက်ပွဲ နီးလာလေလေ အာဏာကို လက်မလွှတ်လိုသူတွေ အတွက် အလုပ်များလေလေ ဖြစ်သည် ။ ငါးနှစ်လုံးလုံး ယခင်စစ်အစိုးရ ခေတ်အတိုင်း ထင်ရာစိုင်းချင်သလို စိုင်းခဲ့သူများ နေမထိထိုင်မသာ ဖြစ်လာကြသည်။ ယခင် စစ်အစိုးရ အမွေခံ ဝန်ကြီးဟောင်း ၊ ဗိုလ်ချုပ်ဟောင်း အများစုသာ ပါဝင်သည့် အာဏာရပါတီနှင့် အစိုးရ အဖွဲ့သည် နိုင်ငံတကာနှင့် စီးပွားရေး ပိတ်ဆို့မှုများဒဏ်မှ လွတ်မြောက်ရန် သတင်းစာ လွတ်လပ်ခွင့် ပေးလိုက်ရသောကြောင့် နှစ်ပေါင်း ၅၀ အတွင်း ပုဂ္ဂလိက သတင်းစာများ ၏ ဝေဖန်မှုကို အခံရဆုံး အစိုးရနှင့် ပါတီဖြစ်လာခဲ့သည် ။
စစ်ခေါင်းဆောင်ဟောင်းများ အတွက်ကတော့ မီဒီယာကနေ ကြိုက်သလိုသာ ဝေဖန်ပါစေ မဖြုံရေးချ မဖြုံပါ ။ သူတို့ကပင် မီဒီယာအချို့နှင့် တက်ကြွလှုပ်ရှားသူများကို တရားစွဲ ထောင်ချ အပြစ်ပေးလိုက်ကြသေးသည် ။ NLD ပါတီ၏ ကြွေးကြော်သံ "ပြောင်းလဲချိန်တန်ပြီ" ဆိုသည်ကိုတောင် သူတို့က သံယောင်လိုက်ကာ ဆင်တူယိုးမှား လုပ်ချင်သေးသည် ။ အပြောင်းအလဲပေါင်း များစွာ ဖော်ဆောင်ပေးခဲ့သည့် "အဘ" ကို မဲပေးကြရန် ပြော ဆိုနိုင်ကြသေးတာကို မြင်ရကြားရသည့်အတွက် မပြောင်းလဲ နိုင်သေးသည့် စိတ်ဓာတ်ဟောင်းများကို ဩချယူရမည်ဖြစ်သည် ။
တစ်သက်လုံး မရိုးသားခဲ့သူများ ၊ တိုင်းပြည်နှင့် ဒေသအတွက် ဘာတစ်ခုမှ လှည့်မကြည့် ခဲ့သူများ ၊ မိမိအာဏာ တည်မြဲရေးမှလွဲ၍ ဘာတစ်ခုမှ ထိထိရောက်ရောက် မလုပ်ခဲ့ သူများ ရွေးကောက်ပွဲ နားနီးလို့ နောက်ဆုံး ၂ လ ရောက်တော့မှ ကမန်းကတန်း ဆန်တွေ ၊ ဆီတွေ ထဝေကြသည် ။ တီဗီထဲတွင် လွှင့်နေသည့် နိုင်ငံတော်အဆင့် ဖွင့်ပွဲများ တွင် တွေ့ရာလူကို လက်ထဲ ငွေစက္ကူ အထပ်လိုက်ကိုင်၍ မုန့်ဖိုးဆိုပြီး လျှောက်ပေးသည် ။ မှတ်ပုံတင် အခမဲ့ လုပ်ပေးသည်ဆိုသော အာဏာလက်ရှိဖြင့် အမတ်လောင်းတစ်ဦးပင် ပါသေးသည် ။ တကယ်ဆို စစ်ရေးရော အုပ်ချုပ်ရေး အတွေ့အကြုံပါ အတိုင်းထက်အလွန် သာနေသည့် အာဏာလက်ရှိ ပါတီခေါင်းဆောင်တွေ ဒီထက်မက တိုင်းပြည်အတွက် အပြောင်းအလဲကို အာမခံချက် ပေးသင့်သည်မှာ အမှန်ပင် ။
တကယ်တော့ သူတို့ကိုယ်သူတို့ မေ့သွားသည်ဆိုခြင်းက ပိုမှန်ပါလိမ့်မည် ။ အာဏာရှင် က မွေးဖွားပေးခဲ့သော ခေါင်းဆောင်သစ်များပီပီ ခိုင်းတာမှလွဲ၍ ဘာမှမလုပ်ရဲ ။ မတော် မှားသွားမှဖြင့် ချက်ချင်း အရပ်သားစစ်စစ်အဖြစ် ဘဝပြောင်းသွားနိုင်သည် ။ ပြည်သူ့ အကျိုးအတွက် ၊ အများအတွက် မလုပ်ရဲရာကနေ နှစ်ပေါင်းများစွာ ကြာသောအခါ မလုပ်တတ် မကိုင်တတ်သည့် အဆင့်အထိ ရောက်သွားသည် ။ ထိုနည်းတူစွာပင် အုပ်ချုပ်ခံ ပြည်သူအပေါင်းသည်လည်း ရက်စက်သော စစ်အစိုးရ အဆက်ဆက်၏ နှိပ်ကွပ်မှုများကြောင့် မေ့လျော့ထားရတာတွေ များလွန်းပါသည် ။
သမိုင်းကို မေ့ထားလိုက်ပြီး ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်လိုက်မည်ဆိုလျှင် ဒီကနေ့ အာဏာရနေသော အစိုးရသည် ဒီမိုကရေစီနည်းဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကြီး ကနေတစ်ဆင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့အစိုးရလို့ ဆိုနိုင်သည် ။ ကိုယ်တိုင်ကိုယ်ကျ မဲရုံကို လာထည့်သူတွေရဲ့ မဲတွေကို ရေတွက်ရင်း ပဏာမ ရလဒ်ကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရသော စစ်ဗိုလ်ဟောင်း မဟုတ်သော ကိုယ်စားလှယ်လောင်းတွေ မနက်လည်း မိုးလင်းရော ဘယ်က ရောက်လာမှန်းမသိသည့် ကြိုတင်မဲတွေ ကနေ ပြောင်းပြန်ရလဒ်ကို နောက်ဆုံးပိတ်အဖြစ် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်လိုက်လို့ ဝမ်းနည်း ပက်လက် ဖြစ်ခဲ့ရသည့် လွန်ခဲ့သော ၅ နှစ်က အဖြစ်အပျက်ပေါင်း များစွာကို မေ့ထား လိုက်မည်ဆိုလျှင် လက်ရှိ လွှတ်တော်ကြီးသည် ပြည်သူ့လွှတ်တော်ကြီး ဖြစ်သည် ဟု ပြောနိုင်ပါသည် ။
နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး အလောင်းကောင်တွေ မျောချင်တိုင်း မျောပါနေသည့် အချိန် ၊ နေစရာမရှိ စားစရာ နတ္ထိနှင့် သေကွဲရှင်ကွဲ အကွဲကွဲ အပြားပြားဖြစ်သူ မိသားစု သိန်းချီနေသော ကာလ တွင် နိုင်ငံတကာနှင့် ပြည်တွင်း ကယ်ဆယ်ရေး လုပ်ငန်းများကို ဦးစားပေးအဖြစ် ခွင့်မပြုဘဲ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်ခဲ့သည်ကို မေ့ထား လိုက်မည် ဆိုလျှင် မဲပေးခွင့်ရှိသူ အားလုံး၏ ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် ဒီမိုကရေစီ နည်းကျကျ အတည်ပြုထားခဲ့သည်ဟု ပြောလို့ရသည် ။
အခြေခံဥပဒေ ရေးဆွဲရန်အတွက် ရည်ရွယ်ထားသော အမျိုးသားညီလာခံကြီးတွင် စစ်အစိုးရ စိတ်တိုင်းကျ ရွေးချယ်ထားသည့် ညီလာခံ ကိုယ်စားလှယ်များသာ အများစုအဖြစ် ပါဝင် သည်ကို မေ့ထားလိုက်မည်ဆိုလျှင် ၂၀၀၈ အခြေခံဥပဒေသည် မြန်မာနိုင်ငံသား အားလုံး၏ အကျိုးအတွက် ရည်ရွယ်၍ ရေးဆွဲထားသည်ဟု ပြောလို့ရသည် ။
အမျိုးသားညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံရေးဆွဲရာ၌ အခြေခံရမည့် မူအဖြစ် တပ်မတော် သည် အမျိုးသားနိုင်ငံရေး၏ ဦးဆောင်ကဏ္ဍတွင် ပါဝင်စေရမည်ဟု စစ် အာဏာရှင် ခေါင်းဆောင်ကြီးများ ကိုယ်တိုင် ချမှတ်ပေးခဲ့သည်ကို မေ့ထားလိုက်လျှင် ၂၀၀၈ အခြေခံဥပဒေသည် ချို့ယွင်းချက် အနည်းငယ်မှအပ ရွေးကောက်ပွဲ ဝင်စရာ မလိုသည့် ၂၅ ရာခိုင်နှုန်း တပ်မတော်သား ကိုယ်စားလှယ်များနှင့် လိုက်ဖက်သော ဥပဒေဟု ပြောနိုင်သည် ။ ၁၉၉၃ ခုနှစ်မှ စတင်သော အခြေခံဥပဒေ ရေးဆွဲသည့် အမျိုးသား ညီလာခံသည် ၂၀၀၇ စက်တင်ဘာတွင်မှ ပြီးစီးသည့်အတွက် မလိုအပ်ဘဲ အချိန်ဆွဲ ကာ ပြည်သူအပေါင်းနှင့် နိုင်ငံတကာသို့ လှည့်စားမှု ၁၄ နှစ်နီးပါး ကြာမြင့်ခဲ့သည် ကို မေ့ထားနိုင်လျှင် အခြေခံဥပဒေအသစ်သည် အချိန်အတော်ယူကာ စေ့စေ့စပ်စပ် ရေး ဆွဲခဲ့သည်ဟု ချီးကျူးရမည်ဖြစ်သည် ။
၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့က မဆလအစိုးရထံမှ အုပ်ချုပ်ရေးအာဏာကို သိမ်းယူ ခဲ့သော ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် နဝတအမည်ဖြင့် အဖွဲ့သည် တပ်မတော် အစိုးရ ဖြစ်သည် ။ ၁၉၉၀ မေလတွင် ပြည်လုံးကျွတ် အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပြုလုပ် ပေးခဲ့သော်လည်း ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ၏ ရလဒ်ဖြစ်သော ပြည်သူ့ကိုယ်စားလှယ်များကို လွှတ်တော် ခေါ်ယူခွင့် မပေးခဲ့သည် ကို မေ့ထားနိုင်သည်ဆိုလျှင် တပ်မတော်အစိုးရသည် ကတိအတိုင်း ရွေးကောက်ပွဲ ကျင်းပပေးနိုင်သည့် လက်နက်ကိုင် အစိုးရ ဖြစ်သည်ဟု မှတ်ယူနိုင်သည် ။
ရွေးကောက်ပွဲ အနိုင်ရပါတီကို အာဏာလွှဲပေးမပေးနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူရေး
နိုင်ငံရေး တင်းမာမှုများ အရှိန်မြင့်နေသည့် ၁၉၉၂ ခုနှစ် ဧပြီလ သင်္ကြန်အပြီးတွင် စစ်တပ် အတွင်းမှ လက်အောက်ငယ်သား အရာရှိကြီးများ စုပေါင်း၍ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နဝတ အဖွဲ့ဝင်များက တပ်တွင်း အာဏာသိမ်းခဲ့သည်ကို မေ့လျော့ထားမည်ဆိုလျှင် တပ်မတော် သည် အထက်အမိန့်အတိုင်း လုပ်ကိုင် ဆောင်ရွက်လေ့ရှိသော အဖွဲ့အစည်းဖြစ်သည်ဟု မှတ်ယူရမည် ဖြစ်ပါသည် ။
၁၉၉၀ ပြည့်နှစ် မတိုင်မီက နိုင်ငံခြားတိုင်းပြည်များ သွားရောက် အလုပ်လုပ် ကိုင်နေသော မြန်မာများ အနည်းအကျဉ်းသာ ရှိခဲ့သော်လည်း ယနေ့ လက်ရှိကာလတွင် သိန်းပေါင်းများစွာသော အလုပ်လုပ်ကိုင်နိုင်သည့် မြန်မာများ နိုင်ငံရပ်ခြားတွင် အလုပ် သွားလုပ်နေကြရသည်ကို မေ့ထားလျှင် စစ်အစိုးရနှင့် စစ်အစိုးရအမွေခံ အရပ်သားအစိုးရ လက်ထက် ၂၇ နှစ်တာ ကာလအတွင်း ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖော် ထုတ်ပေးနိုင်ခဲ့သည်ဟု အစိုးရပိုင် သတင်းစာများတွင် ရေးသားသည်ကို ယုံကြည် လက်ခံရပါမည် ။
သမိုင်းဝင်ပုဂ္ဂိုလ်များ မွေးထုတ်ပေးခဲ့သော တက္ကသိုလ်ကျောင်းကြီးများကို မကြာခဏ ဆူဆူပူပူ လုပ်တတ်သော လူငယ်များစုဝေးရာ နေရာအဖြစ် သတ်မှတ်ကာ ပိတ်ပင် ခဲ့သည်မှာလည်း စစ်ရေးအမြင်ဖြင့် တစ်ဖက်သတ်ကြည့်သော စစ်ခေါင်းဆောင်များ၏ ထင်ရှားသော လုပ်ရပ်များအတွင်း တစ်ခုအပါအဝင် ဖြစ်သည် ။ အမည်အမျိုးမျိုးဖြင့် တက္ကသိုလ် ကျောင်းသစ်ပေါင်းများစွာ နိုင်ငံအနှံ့ တည်ဆောက်ဖွင့်လှစ်ရင်း နိုင်ငံတော်၏ အနာဂတ် မျိုးဆက်သစ်များကို ကျောင်းသွားရာ လမ်းမပေါ်တွင် နာရီပေါင်းများစွာ ကုန်ဆုံးအောင် မြို့စွန်နယ်ဖျား၌ ကျောင်းတက်စေခဲ့သည့် စစ်ဗိုလ်ချုပ်များ၏ ပညာရေးနှင့် စစ်ရေးအမြင်ကို မေ့ထားလိုက်မည်ဆိုလျှင် ဘွဲ့ရကျောင်းသား အရေအတွက်ဖြင့် တိုင်းတာသည့် ပညာရေးမူဝါဒ မှန်ကန်သည်ဟု လက်ခံပေးရပါလိမ့်မည် ။
သမိုင်းဆိုသည်မှာ မေ့ပျောက်အောင် လုပ်ထားလို့ ရကောင်းရနိုင်သော်လည်း အချိန် အတိုင်းအတာ တစ်ခုအထိသာ ရပါလိမ့်မည် ။ အကြောင်းပြချက်များကို တစ်ဖက်သတ် ပေးနိုင်သော်လည်း အပြန်အလှန် ဆွေးနွေးခွင့်တွေ ရလာသောအခါ အမှန် တို့သည် အမှားဇာတ်လမ်းများအဖြစ် သမိုင်းစစ် သမိုင်းမှန်များအသွင် တစ်ဖန်ပြန်ပေါ် လာကာ နောက်လူများအတွက် သင်ခန်းစာများအဖြစ် မားမားမတ်မတ် ကျန်ရစ်ပါလိမ့်မည် ။
မြန်မာ့သမိုင်းတွင် အမှောင်ခေတ်ပေါင်းများစွာ ရှိခဲ့သည် ။ အမှောင်ခေတ် ကုန်ဆုံးသောအခါ ပညာခေတ်သို့ တစ်ဖန်ပြန်ရောက်ရစမြဲပင် ဖြစ်သည် ။ အမှောင်ခေတ်တွင် တိုးတက်မှု မှန်သမျှ ဆုံးရှုံးခဲ့ရသော်လည်း အမှောင်ကုန်ဆုံး အလင်းရောက်သောအခါ ပညာသည်တို့နှင့် အမျိုးကောင်းသားတို့၏ စုပေါင်းအားဖြင့် နိုင်ငံတော်ကြီးကို တစ်ဖန်ပြန်လည် တင့်တယ်အောင် ဆောင်ရွက်နိုင်ပါလိမ့်မည် ။
မြန်မာလူမျိုးတို့သည် ပျော်ရွှင်မှုကို အလွန်အမင်း နှစ်သက်တတ်ကြသည် ဟု မြန်မာ့ ယဉ်ကျေးမှုကို လေ့လာသူ အနောက်တိုင်းသားတို့က ရေးသားခဲ့ကြသည်ကို ဖတ်ခဲ့ရသည် ။ အမှန်တွင်မူ ပျော်ရွှင်မှုကို နှစ်သက်ကာ ပျော်ပျော်ရွှင်ရွှင် နေတတ်ကြသလို နာကြည်း ခါးသီးဖွယ်ရာတို့ကိုလည်း မေ့လွယ် ပျောက်လွယ်ကြသည် ။ နာစရာရှိသည်တို့ကို ကာယကံရှင်များမှအပ အခြားသူများက အလွယ်တကူ မေ့ပျောက်ပစ်ကြလေသည် ။
ထို့ကြောင့်ပင် အမှောင်ခေတ် ကုန်ဆုံးခါနီး ရောင်နီသန်းလာသော အချိန် အလင်းရောင် မသဲကွဲသောကာလ အာဏာရှင်တို့၏ နောက်ဆုံး တံတိုင်းဖြစ်သည့် ၂၀၀၈ အခြေခံဥပဒေ၏ ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲရက် မတိုင်မီအထိ နာကျင်စွာမျိုသိပ်ထား ခဲ့ရင်း မေ့သလိုဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရနိုင်အောင် အနည်းအကျဉ်း တို့ထိမိပါသည် ။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်မီအထိ မေ့ထားခဲ့ရသည့် ယူနီဖောင်းဝတ် စစ်ခေါင်းဆောင်များနှင့် ခေါင်းပေါင်း ၊ တိုက်ပုံဝတ် အငြိမ်းစား အာဏာရှင်များ၏ အတိတ်က လုပ်ရပ်များကြောင့် စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အထွေထွေဖြင့် မြန်မာ တစ်နိုင်ငံလုံး နာလန် ပြန်မထူနိုင်အောင် ဖြစ်ခဲ့ရသည်များကို ပြန်ပြောင်း အမှတ်ရမိပါသည်။
တိုင်းပြည်အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်မည့် သူများကို လူကိုမကြည့် ပါတီကိုသာ ကြည့်ကာ ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ (ကိုလိုနီခေတ်မှ လွတ်လပ်ရေးခေတ်သို့ အညင်သာဆုံး အပြောင်းအလဲ) တုန်းက တိုင်းပြည် အတွက် အမှန်တကယ် အလုပ်လုပ်မည့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်ကို တစ်ခဲနက် ထောက်ခံခဲ့ကြသလို ယခုလည်း ၂၇ နှစ်လုံးလုံး စစ်အာဏာရှင်စနစ်အောက်မှာ ကြံ့ကြံ့ခံ ရပ်တည်လာခဲ့သော အဖွဲ့ချုပ်နှင့် ကမ္ဘာ့အဆင့် ခေါင်းဆောင်ကိုသာ အားပေးထောက်ခံ အမှန်တံဆိပ်တုံး ရိုက်နှိပ်ပေးရပါလိမ့်မည် ။
အမှန်တကယ်လည်း "ပြောင်းလဲဖို့ အချိန်တန်ပြီ" မှာကြာခဲ့ပြီ ဖြစ်သည် ။ သမိုင်းကို သာ မေ့လျော့ချင် မေ့လျော့ပါလိမ့်မည် ။ စစ်ခေါင်းဆောင် အဟောင်းအသစ် အသီးသီး၏ ၁၉၆၂ ခုနှစ်မှစတင်၍ အသွင်မျိုးစုံ ၊ ပုံသဏ္ဍန်အဖုံဖုံ ဖန်ဆင်းကာ တိုင်းပြည်ကိုအုပ်ချုပ် မင်းလုပ်ရင်း မှားယွင်းသော စီမံခန့်ခွဲမှု ပုံစံအမျိုးမျိုးဖြင့် ဆင်းရဲတွင်း နက်သည်ထက် နက်အောင် လုပ်ခဲ့ပုံတို့ကို ဒီကနေ့ထိတိုင် ခံစားနေရသူ ပြည်သူအပေါင်းမှာ အသည်းနာ မဆုံးနိုင်အောင် ဖြစ်နေဆဲပင်ဖြစ်ပါ၏ ။ အာဏာရှင် လောင်းရိပ် မကင်းသည့် မည်သည့်ပါတီ အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်လောင်းကို မဆို အစိုးရဖွဲ့ခွင့်ကို မဆိုထားနှင့် လွှတ်တော် အတွင်းသို့ပင် အရောက်မခံနိုင်သည်မှာ နိုဝင်ဘာ ၈ ရက်နေ့တွင် အဆုံးအဖြတ်ပေးရမည့် အနာဂတ်အရေးပင် ဖြစ်ပါတော့သည်။
__________________________________
လှမျိုးထွန်း
Photo.EMG
အောက်တိုဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်ခဲ့သော အသိပေးချက်
တရားဝင် စာရင်းများအရ ပြည်ပရောက် မြန်မာအများစု ရှိနေသော ထိုင်းနှင့် မလေးရှားတို့တွင် ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူ ရာဂဏန်းသာ ရှိကြောင်း သက်ဆိုင်ရာ မြန်မာသံရုံးများ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၁၅ ရက် (ယနေ့) တွင် ထိုင်းနိုင်ငံရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများအနက် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများနှင့် ပတ်သက်သော အသိပေး ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ ထိုကြေညာချက်အရ မဲပေးပိုင်ခွင့်ရှိသူ ၅၆၁ ဦးသာ ရှိကြောင်း သိရသည်။ ချင်းမိုင် ကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်အရမူ ကြိုတင်မဲ ပေးခွင့်ရှိသူ ၄၃ ဦးသာ ရှိပါသည်။ ထို့အပြင် ကြိုတင်မဲပေးရမည့် ရက်ကို အောက်တိုဘာ ၁၇ တစ်ရက်တည်းသာ သတ်မှတ်ခဲ့ပါသည်။
ထို့အတူ မလေးရှား နိုင်ငံတွင်လည်း မလေးရှားရောက် မြန်မာများအနက် ကြိုတင်မဲထည့်ခွင့်ရသူ ၄၄၃ ဦးသာ ရှိကြောင်း သိရသည်။ ကြိုတင်မဲ ပေးရမည့် နေ့ရက်ကိုလည်း ထိုင်းတွင်ပေးရမည့် အောက်တိုဘာ ၁၇ ရက်ကိုသာ သတ်မှတ်ခဲ့သည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ရလာဒ်များအရ ပြည်ပသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၂၀၂၁၉၁၀ ဦးရှိပြီး ထိုအထဲမှ ၇၀ ဒသမ ၂ ရာခိုင်နှုန်းသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသူများ ဖြစ်ကာ ၁၅ ရာခိုင်နှုန်းမှာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေသူများ ဖြစ်သည်။ စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသူ ဦးရေမှာ ၃ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိပြီး စင်ကာပူတွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ ၂၀၀၀၀ ကျော်နှင့် နှိုင်းယှဉ်ပါက ထိုင်းနှင့် မလေးရှားတွင် ကြိုတင်မဲပေးခွင့်ရသူ အရေအတွက်မှာ အဆမတန် ကွာဟနေပါသည်။
သန်းခေါင်စာရင်း ရလာဒ်များ အရပင် ပြည်ပသို့ ရောက်ရှိနေသူများအနက် အများစုမှာ မွန်ပြည်နယ်မှ ဖြစ်ပြီး ၄၂၇၀၀၀ ဦး၊ ကရင်ပြည်နယ်က ဒုတိယ အများဆုံးဖြစ်ပြီး ၃၂၃၀၀၀ ဦး၊ ရှမ်းပြည်နယ်မှ ၂၃၆၀၀၀ ဦးက တတိယ အများဆုံး ဖြစ်ကြောင်း သိရသည်။
ခန့်မှန်းတွက်ချက် မှုများအရ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ငါးသန်းနီးပါး ရှိနေပြီး အများစုမှာ မဲပေးခွင့် ဆုံးရှုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။
"ကြိုတင်မဲပေးတဲ့ ကိစ္စက ရွေးကောက်ပွဲ ကော်မရှင်က လုပ်တာ ပြည့်စုံမှု မရှိဘူး။ ပြီးတော့ စနစ်ကလည်း ရှုပ်ထွေးတော့ အလုပ်သမားတွေဘက်က စိတ်ဝင်စားမှု သိပ်မရှိတာ တွေ့ရတယ်။ ထိုင်းတစ်နိုင်ငံလုံး မှာတောင်မှ ကြိုတင်မဲပေးဖို့ လျှောက်ထားတာ ရာဂဏန်းလောက်ပဲ ရှိတယ်။ နေရပ်ပြန်ပြီး မဲပေးဖို့ ကျတော့လည်း ရက်အတော်ကြာမှာ ဆိုတော့ လုပ်ဖို့ အဆင်မပြေဘူး။ ခွင့်ရဖို့ မလွယ်ဘူး။ အလုပ်ရှင်ကလည်း ခွင့်ပြုမှရမယ်။ ခရီးစရိတ်တွေကလည်း ရှိသေးတယ်" ဟု ထိုင်းနိုင်ငံ မြန်မာရွှေ့ပြောင်း အလုပ်သမား ကွန်ရက်မှ ဒါရိုက်တာ ကိုစိန်ဋ္ဌေးက ပြောကြားခဲ့ပါသည်။
Eleven Media Group
ပြည်ပတွင် ကြိုတင်မဲများ ပေးကြရာ၌ မြန်မာသံရုံးများဘက်က မရိုးသားသော လုပ်ရပ်များကို ကြုံတွေ့ နေရပါတယ်။
- မဲဘယ်လို ပေးရမယ်ဆိုတာကို ပြည့်စုံသော ရှင်းလင်းပြောဆိုမှု မရှိခြင်း၊
- ပေးရမည့် မဲအရေအတွက်ကို အပြည့်ထုတ်မပေးခြင်း၊ (အမျိုးသားလွှတ်တော် ပြည်သူ့ လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့ အတွက် မဲ ၃ မဲ အပြည့်ပေးရမည် ဖြစ်ပြီး၊ တိုင်းရင်းသားကိုယ်စားလှယ်အတွက် မဲပေးရန်ရှိပါက မဲ နောက်ထပ် ၁ မဲ၊ စုစုပေါင်း ၃ မဲ (သို့ ) ၄ မဲ ထုတ်ပေးရမည် ဖြစ်သည်ကို မသိချင်ယောင်ဆောင်ကာ တစ်မဲ နှစ်မဲသာ ထုတ်ပေးခြင်း)။
- ကြီးကြပ်သူ၏ လက်မှတ်များ မထိုးသော မဲများ ရရှိခြင်း၊
- မဲပေးစာရင်းတွင် အမည်ပါရှိသော်လည်း မဲပေးရမည့်စာရွက်များ မရောက်ရှိဟုဆိုကာ မဲပေးခွင့် ငြင်းပယ်ခံရခြင်း။
အစရှိသည့် မရိုးသားသော လုပ်ရပ်များ ရင်ဆိုင်ကြုံတွေ့ နေရပါသည်။
ကြိုတင်မဲပေးရသော မြန်မာပြည်သူပြည်သားများအနေဖြင့် မိမိတို့  ကြုံတွေ့ ရသော အခြေအနေများအား မှတ်တမ်းမှတ်ရာများဖြင့် ၀ိုင်းဝန်းဖော်ထုတ်ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
မဲပေးခဲ့မှုအတွေ့ အကြုံများကို ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ထောက်ကူပြု အဖွဲ့ (စင်္ကာပူနိုင်ငံ) မှ ယခုလို မျှဝေထားပေးပါတယ်။
ပြည်ပရောက် မြန်မာများ ကြိုတင်မဲပေးခြင်း အတွေ့ အကြုံ -
- မဲထည့်ထားတဲ့ စာအိပ်ကို ပိတ်တဲ့ အခါ ကော်သေချာကပ်ပါ။
- စာအိပ်က တိုတယ်၊ မဲလက်မှတ်ကို ၃ ခေါက်ခေါက် ထည့်မှ အဆင်ပြေပါတယ်။
- မဲလက်မှတ်က အနည်းဆုံး ၃ မဲ၊ တိုင်းရင်းသား ကိုယ်စားလှယ်ရှိရင် ၄ မဲ ပြည့်အောင် တောင်းယူကြပါ။
- မြို့ နယ်ကော်မရှင်ခွဲတံဆိပ်တုံး၊ မဲရုံတာဝန်ခဲလက်မှတ်၊ မြို့ နယ်တာဝန်ခံတဆိပ်/ အမည် ပါမပါ စစ်ပါ။
- မဲလက်မှတ်တွေအားလုံး အဝါရောင်တမျိုးတည်း ဖြစ်ပါတယ်
- လွှတ်တော် ၃ ရပ်အတွက် လက်မှတ်ထိပ်မှာ ဥပမာ - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်၊ ရန်ကုန်တိုက်ဒေသကြီး ပြည်ထောင်စုလွှတ်တော် စသည်ဖြင့် ခွဲခြားကာ ခေါင်းစဉ်တပ်ထားပါတယ်။ ခေါင်းစဉ်ရဲ့အောက်မှာ မြို့ နယ် နဲ့  မဲဆန္ဒနယ်မြေ အမှတ်တို့  ပါရှိရပါမယ်။
Niknayman
တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ထိုးပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းရေးဟာ နောက်ပြန် လှည့်စရာ မရှိဘဲ ရှေ့ဆက် သွားဖို့ပဲ ရှိတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်ပါတယ်။ ဒီနေ့လက်မှတ်ရေးထိုးပွဲမှာမပါဝင်သေးတဲ့ အဖွဲ့တွေ အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေမှာ ပါဝင် လာနိုင်ဖို့ ကိုလည်း လုပ်ဆောင်ပေးမယ်လို့လည်းပြောဆိုလိုက်ပါတယ်။ လက်မှတ်မ ထိုးနိုင်သေးတဲ့ နောက်ထပ် တိုင်းရင်းသားတွေ ပါဝင်လာနိုင်ဖို့ တပ်မတော်အနေနဲ့ အင်အားသုံးနည်းထပ် ညှိနှိုင်း အဖြေရှာနည်းကိုသာ သုံးဖို့နဲ့ စစ်ရေးတွေ ကို လျော့ ချပေးဖို့ အတွက် ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး ကလည်း တောင်းဆိုလိုက်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း က မေခကပေးပို့ထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ထိုးပွဲ အခမ်းအနားမှာ သမ္မတကြီးက တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ဟာ အရေးကြီးတဲ့ အပိုင်းတခုဖြစ်ပြီး ဒီသမိုင်းရဲ့ အောင်မြင်မှု ကျဆုံးမှုတွေကို အစိုးရနဲ့ တိုင်းရင်းသားတွေပါ အတူတကွ တာဝန်ခံရမှာ ဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အခုရ လာတဲ့ ငြိမ်းချမ်းရေးကို နောက်ကြောင်း ပြန်လှည့်မှာ မဟုတ် ကြောင်းလည်း အခုလိုပြောဆိုလိုက်ပါတယ်။
“ကျွန်တော်တို့ရဲ့ သမိုင်းတန်ဖိုးက NCA ကို ဘယ်နှစ်ဖွဲ့ လက်မှတ်ရေးထိုးတယ် ဆိုတာထက် အားလုံး လက်ခံထားတဲ့ သဘောတူညီချက်တွေကို ဘယ်လောက် ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်လဲ ဆိုတဲ့ မှတ်ကျောက် အပေါ်မှာ အခြေခံပါလိမ့်မယ်။ NCA လက်မှတ်ရေးထိုးပြီး ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက ရှေ့ကို ဆက်သွားဖို့ပဲ ရှိပါတယ်။ နောက်ပြန် လှည့်စရာ မရှိပါဘူး။
ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ပတ်သတ်ပြီး သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုခဲ့ပါသေးတယ်။
“တိုက်ပွဲတွေ လျှော့ချ ရပ်ဆိုင်းနို်င်ဖို့ “ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေး ကော်မတီ (JMC)” ကို ဖွဲ့စည်းပြီး ထိန်းသိမ်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခ အလွန်ဒေသတွေမှာ နိုင်ငံတကာ အထောက်အကူ တွေ၊ လူထု အကျိုးပြုတဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲများကို အကောင်အထည်ဖော် သွားမှာ ဖြစ်ပါတယ်။”
ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ခုလုပ်ဆောင်မှုဟာ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ဖို့ လျှောက်လှမ်းရမယ့် ခရီးရှည်တခု အတွက် ပထမဆုံးခရီးတခုသာဖြစ်ကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေသေးကြောင်း၊ လက်မှတ်ရေး ထိုးနိုင်တာမရှိသေးတဲ့ အဖွဲ့တွေနဲ့ပတ်သတ်ပြီးလည်း သူက အခုလိုတောင်းဆို ခဲ့ပါတယ်။
“လက်တလော ပါဝင်လက်မှတ် ရေးမထိုးနိုင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော်အနေနဲ့ အင်အားသုံးတဲ့နည်းထက် ညှိနှိုင်းအဖြေရှာတဲ့နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆို တိုက်တွန်းလိုပါတယ်။”
ဒီလက်မှတ်ရေးထိုးပွဲအပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အခုလိုသုံးသပ်ပါတယ်။
“တကယ်လို့သာ သူတို့တွေက သဘောတူညီချက်တွေ ကို ကောင်းကောင်းမွန်မွန် အကောင်အထည်ဖော်တယ် ဆိုရင်တော့ ဒီNCA ကို နောက်ထပ် အခြားအဖွဲ့တွေ ကလည်း လာပြီးတော့မှ ဆက်ပြီးတော့ လက်မှတ်ရေး ထိုးကြ မှာပေါ့နော်။ ကောင်းကောင်း အကောင်အထည် မဖော်နိုင်ဘူး၊ နောက်ပြီးတော့ အစိုးရဘက် ကလည်း တိုက်ခိုက်မှုတွေ ရပ်စဲအောင် သူ့အနေနဲ့ မလုပ်နိုင်ဘူး ဆိုရင်တော့ ဒါက ကောင်းတဲ့ရလဒ် ရလာမှာမဟုတ်ဘူး။”
ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ဥက္ကဋ္ဌ ဒေါက်တာ မနာမ်တူးဂျာကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အပေါ် ခုလိုပြောပါတယ်။
“ဒါက ပဏာမ အစပြုတာပဲလို့ ကျနော်ယူဆတယ်။ ဒါပထမ ခြေလှမ်းပေါ့ဗျာ။ ဒါ အရေးကြီးတဲ့ အဆင့်တဆင့်ဖြစ်တယ်။ ဖြေးဖြေးချင်းပေါ့နော်”
ဒီလက်မှတ်ထိုးပွဲကို အစိုးရဘက်က သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတများ ဖြစ် တဲ့ ဒေါက်တာ စိုင်းမောက်ခမ်း နဲ့ ဦးဉာဏ်ထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ၊ ဒုတပ်ချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် အပါအ၀င် စုစုပေါင်း ၈ ဦး ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။
တိုင်းရင်းသားများဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံးမှ (KNU) ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးနန်လျန်ထန် ၊ ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ ၊ ရခိုင်အမျိုးသား လွတ်မြောက် ရေး ပါတီ (ALP) ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင် ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC ) ဗိုလ်ချုပ်ကြီး စောဌေးမောင် နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားပွယ် တို့ တက်ရောက် လက်မှတ်ထိုးခဲ့ပါတယ်။
နိုင်ငံတကာ အသိသက်သေတွေအနေနဲ့ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ နဲ့ အိန္ဒိယနိုင်ငံမှ ကိုယ်စားလှယ်များလည်း တက်ရောက် ပြီး ပြည်တွင်း အသိသက်သေတွေ အနေနဲ့ ပြည်တွင်း နိုင်ငံရေး ပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ်များ တက်ရာက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးခွန်ထွန်းဦးတို့ကတော့ NCA လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါပေမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စား ဗဟိုအလုပ်မှုဆောင်ဦးဝင်းထိန် တက်ရောက်ခဲ့ပါတယ်။ အခု NCA လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့ ၈ ဖွဲ့ဟာ အောက်တိုဘာလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ အစိုးရနဲ့ စစ်ရေးကော်မတီ၊ နိုင်ငံရေး ကော်မတီများ ဖွဲ့စည်းရန် အစည်းအဝေး ပြုလုပ် သွားမှာဖြစ်တယ်လို့ တိုင်းရင်းသားအဖွဲ့တွေကပြောပါတယ်။
မေခ/ VOA
http://burmese.voanews.com/content/nca-will-not-go-backward/3007299.html
တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား။ အောက်တိုဘာ ၁၅၊ ၂၀၁၅။
တနိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား။ အောက်တိုဘာ ၁၅၊ ၂၀၁၅။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ခုကြား တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် NCA လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အပေါ် ကြိုဆိုတဲ့တချိန်တည်းမှာ ပါဝင်မှု ပိုမိုအားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တရပ် အကောင်အထည် ဖော်နိုင်တဲ့အထိ ဆက်လက် ကြိုးပမ်းသွားဖို့ အမေရိကန်နိုင်ငံခြားရေး ဌာနက တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ NCA လက်မှတ် ရေးထိုးပွဲမှာ ပါဝင်ခဲ့ကြတဲ့သူ အားလုံးအနေနဲ့ စာချုပ်ပါ စာသား၊ အနှစ်သာရ တို့နဲ့အညီ လိုက်ပါဆောင်ရွက်ဖို့ တိုက်တွန်းသလို၊ ပါဝင် လက်မှတ် ရေးထိုးခြင်း မရှိသေးတဲ့ အဖွဲ့တွေနဲ့ အပြု သဘောဆောင် တွေ့ဆုံ ဆွေးနွေးမှုတွေပြုလုပ်ပြီး အခုထက်ပိုပြီး အားကောင်းတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် တရပ် ဖော်ဆောင်သွားဖို့ တိုက်တွန်းကြောင်း နိုင်ငံခြားရေး ဌာန ပြောခွင့် ဂျွန်ကာဘီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်ဆင်မှုတွေ ဆက်ရှိနေတဲ့ အခြေအနေနဲ့ အဲဒီဒေသတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သိန်းကျော် အတွက် လူသားချင်းစာနာမှု အကူအညီတွေ ထောက်ပံ့ပေးနိုင်ဖို့အရေး အခက်အခဲတွေ ရှိနေသေးတဲ့ အပေါ်မှာ စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွေ ကို အနီးကပ်စောင့်ကြည့်နေပြီး ဆက်လက် အားပေးသွားမယ့် အကြောင်းလည်း မစ္စတာကာဘီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နဲ့ အနောက်နိုင်ငံတွေ အများစုပါဝင်တဲ့ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ PSG ကလည်း NCA လက်မှတ်ရေးထိုးမှုကို ကြိုဆိုလိုက်ပြီး ဒီကနေ့ လက်မှတ်ရေးထိုးခြင်းမရှိသေးတဲ့ အဖွဲ့အစည်းတွေပါ ပါဝင်လာဖို့ ဦးတည်တဲ့ လမ်းကြောင်းတွေကို ဖော်ဆောင်သွားဖို့နဲ့ ယုံကြည်မှု တည်ဆောက်ရေး ဆက်လက်ကြိုးပမ်းသွားဖို့ တိုက်တွန်းလိုက်ပါတယ်။
အားလုံးပါဝင်ပြီး ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ PSG အဖွဲ့က မျှော်လင့်ကြောင်းလည်း PSG အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အလားတူ ဗြိတိန်နိုင်ငံကလည်း NCA လက်မှတ်ရေးထိုးနိုင်တဲ့အပေါ် ကြိုဆိုကြောင်းနဲ့ ဒီစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ ပစ်ခတ်မှုတွေ ပြန်လည် စတင်နိုင်တဲ့ အန္တရာယ် ဆက်ရှိနေတာကြောင့် လက်နက်ကိုင် အဖွဲ့အားလုံးက အကြမ်းဖက်မှုတွေကို တညီတညွတ်တည်း ရှောင်ရှားကြဖို့နဲ့ အကူအညီလိုအပ်သူတွေထံကို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့ အရေးကြီးတဲ့အကြောင်း ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
VOA
http://burmese.voanews.com/content/state-department-welcome-the-nca-agreement/3007257.html
 zayyarthaw-campaign-620.jpg စက်တင်ဘာလ ၂၁ ရက်နေ့က ဇမ္ဗူသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဖြိုးဇေယျာသော် မဲဆွယ်စည်းရုံနေတာကို တွေ့ရစဉ်
နေပြည်တော်ကောင်စီနယ်မြေမှာ နေထိုင်ကြတဲ့ အစိုးရဝန်ထမ်း မိသားစုတွေနေအိမ်ကို ရွေးကောက် ပွဲ အောင်နိုင်ရေးအတွက် ပါတီတွေ မဲမဆွယ်ရဘူးဆိုပြီး နေပြည်တော် ကောင်စီအုပ်ချုပ်ရေးပိုင်းက ကန့်သတ်လိုက်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ပါတီတစ်ခုနဲ့ တစ်ခု ပြဿနာတက်မှာ စိုးရိမ်တဲ့အတွက် အရင်ကတည်းက တစ်အိမ်တက်ဆင်း မဲဆွယ်ခွင့်မပြုထားဘူးလို့ နေပြည်တော်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်ထက်ကျော် က ပြောပါတယ်။
"သူတို့အနေနဲ့ လုံခြုံရေးအရ ကန့်သတ်နယ်မြေအဖြစ်နဲ့ သက်မှတ်လိုက်တာပေါ့နော် ပြဿနာပေါ် မှာစိုးလို့လေ၊ မိသားစုဝန်းထဲကိုသာ မစည်းရုံးရဘူး နေပြည်တော်ကောင်စီလုပ်တာပါ ကျွန်တော်တို့လုပ်တာမဟုတ်ပါဘူး အရင်ကတည်းက Door to Door က မပေးပါဘူး၊ ပါတီတစ်ခုနဲ့တစ်ခု ပြဿနာတက်မှာစိုးလို့လေ"
နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမဲဆန္ဒနယ်မြေကနေ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဖြိုးဇေယျာသော်က အစိုးရဝန်ထမ်းအိမ်ရာဖြစ်တဲ့ ပညာသိဒ္ဓိရပ်ကွက်မှာ မဲဆွယ်စည်းရုံးစဉ်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မဲမဆွယ်ဖို့ ဖုန်းနဲ့လှမ်းပြော တားမြစ်တာခံခဲ့တယ်လို့ သိရပါတယ်။
အစိုးရရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေမှာ မြို့နယ် ၈ ခုရှိပြီး အစိုးရဝန်ထမ်းအများဆုံး နေထိုင်တာ လည်း ဖြစ်ပါတယ်။ နေပြည်တော်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မြန်မာအမျိုးသားကွန်ဂရက် ပါတီစတဲ့ ပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/naypyaitaw-campaign-executive-10152015071900.html
ဝန်ထမ်းအိမ်ရာတွေမှာ မဲမဆွယ်ဖို့ နေပြည်တော်မှာ NLDအမတ်လောင်း တာ...
ဝန်ထမ်းအိမ်ရာတွေမှာ မဲမဆွယ်ဖို့ နေပြည်တော်မှာ NLDအမတ်လောင်း တားမြစ်ခံရ(ရုပ်/သံ)“မဲထည့်ရမယ့်ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာပါတီတွေရဲ့ သတင်းအချက်အလက်ကို ရရှိပိုင်ခွင့်ရှိတယ်၊ အဲ့ဒီတော့ ဒီသတင်းအချက်အလက် ရရှိပိုင်ခွင့်ကို ပိတ်ပင်ခြင်းသည် ၀န်ထမ်းတွေကို လူအဖြစ်တောင်မသတ်မှတ်တဲ့ အစိုးရတစ်ရပ်လို့ ကျွန်တော့အနေနဲ့ ဝေဖန်ရလိမ့်မယ်ဗျ”(ဦးဖြိုးဇေယျာသော်)(ရိုက်ကူး - မင်းမင်း၊ မဇ္ဈိမသတင်းဌာန)
Posted by Mizzima - News in Burmese on Wednesday, October 14, 2015
[youtube src="9_Ks21cASxY"/]
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံတွေ အများဆုံး မေးမြန်းကြတာဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြစ်တယ်လို့ စည်းရုံးရေးဆင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
RFA
[youtube src="Tf-HvZSqqSc"/]
တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါ ဒေသခံတွေ အများဆုံး မေးမြန်းကြတာဟာ ဘာသာရေးနဲ့ပတ်သက်တဲ့ မေးခွန်းတွေဖြစ်တယ်လို့ စည်းရုံးရေးဆင်းခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေက ပြောပါတယ်။
RFA
ဒေါ်အောင်ဆန်းစုကြည် ရောက်မလာခင် ၁ ရက်အလိုတွင် သံတွဲမြို့  နယ်အတွင်း ပုဒ်မ ၁၈၈ ထုတ်ပြန်ကြောင်းကို ဈေးများ ဆိုင်များ ရပ်ကွက်များတွင် ယနေ့ မနက်မှ စတင်ပြီး အုပ်ချုပ်ရေး တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် လိုက်လံကြေငှာခဲ့ကြောင်း သံတွဲမြို့ရောက် The Ladies သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ ညနေ တောင်ကုတ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ သံတွဲမြို့ တောင်ကုတ်မြို့  အပါအ၀င် မြို့  နယ် ၁၈ မြို့ နယ်တွင် ပုဒ် ၁၈၈ ကို ထွေအုပ်ရုံးမှ ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။ အကြောင်းအရာကို ထွေအုပ်ရုံးသို့သာ ဆက်သွယ်မေးမြန်းပါရန် အဆိုပါ ရဲအရာရှိက ပြောကြားခဲ့သည်။
ထိုသို့ ထုတ်ပြန်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ဖြစ်နိုင်ကြောင်း သံတွဲမြို့ မှ NLD ပါတီဝင် တစ်ဦးက ပြောကြားသည်။
" အခုလို ထုတ်ပြန်လိုက်တာကြောင့် ဒေသခံတွေအတွက် ပိုပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်ပေါ်စေပါတယ်၊ ကျနော်တို့လည်း ခရီးစဉ်အတွက် အရေးပေါ် လုပ်ကိုင်စရာတွေ ရှိတာတွေ လုပ်ဖို့ရာ အခက်အခဲ ဖြစ်စေပါတယ်" ဟု The Ladies News Journal အား ပြောကြားခဲ့သည်။
မောင်နိုး
The Ladies News Journal