10/17/15

FB စွပ်စွဲချက်နဲ့ အထိန်းသိမ်းခံရသူ ကချင်အမျိုးသား ပက်ထရစ်ကွမ်ဂျာလီ 
 ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကာကွယ်ရေး ဦးစီးချုပ်ကို သရော်တဲ့ ဓာတ်ပုံတချို့တင်ခဲ့တဲ့အတွက် ဖမ်းဆီးမှုတွေ လုပ်ခဲ့တာကြောင့် ဖေ့စ်ဘုတ် သုံးစွဲသူတွေကြား စိုးရိမ်မှုတွေတိုးလာနေပါတယ်။ ဒါပေမယ့်လည်း ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားတွေ ရေးသားပြောဆိုကြသလို၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို သရော်ဝေဖန်ရေးသားမှုတွေရှိနေပေမယ့် သူတို့တွေကိုတော့ ဘာကြောင့် အရေးမယူတာလဲဆိုတဲ့ မကျေ မနပ်အသံတွေ ထွက်လာနေပါတယ်။ အကြောင်းစုံကိုတော့ နန်းလောင်ဝ် က မေးမြန်း တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ စစ်တပ်ကို လှောင်ပြောင် တဲ့ ဓာတ်ပုံတင်ခဲ့သူ ၂ ယောက်ကို ဖမ်းဆီး အရေးယူမှုတွေဖြစ် လာတာကြောင့် မြန်မာနိုင်ငံ ထဲက ဖေ့စ်ဘုတ် သုံးစွဲသူတွေကြား စိုးရိမ်မှုတွေ ရှိလာနေပါတယ်။ ဒါပေမယ့်လည်း မုန်းစကားတွေဖြန့် တာတွေ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ဆိုင်တဲ့ ဝေဖန်ရေးသားမှုတွေ၊ လှောင်ပြောင် သရော်တဲ့ ဓာတ်ပုံ၊ အတိုက်အခံ ပါတီတွေကို ဝေဖန်တိုက်ခိုက်တဲ့ စာသားတွေ၊ ဓာတ်ပုံတွေကို သန်းနဲ့ချီတင်နေကြပေမဲ့လည်း စစ်တပ်နဲ့ဆိုင်တဲ့ ဝေဖန်ရေးလုပ်ခဲ့သူတွေကို ဘာကြောင့် ဖမ်းဆီးရတာလဲဆိုတဲ့ မေးခွန်းတွေ ဖေ့စ်ဘုတ် သုံးစွဲ သူတွေကြား ပြောဆို စရာတွေဖြစ် လာနေတာကို ဒါန-ရှေ့ဆောင်မြန်မာ ရဲ့ ဥက္ကဋ္ဌ ကိုချမ်းငြိမ်းအောင်က VOA ကို ခုလိုပြောပါတယ်။

" တခြားသော Anonymous အကောင့်အတုတွေနဲ့ User မမှန်တဲ့သူတွေ ကို လျှောက်ပြီး Share ထားတယ်။ တဖက်လူကို ပုတ်ခတ်တဲ့ ဟာတွေကိုကျတော့ ဘာမှ အရေးတယူ မလုပ်ဘူးဆိုတဲ့ Screenshot ထားတဲ့ ဓာတ်ပုံတွေ Screenshot ရိုက်ထားတာတွေ၊ ပြီးတော့ အတိုက်အခံပါတီကို ထိခိုက်အောင် ရေးထားတဲ့ဟာတွေ ပြီးတော့ ဒီ မဘသ တို့ မျိုးစောင့်နဲ့ပတ်သက်တဲ့ဟာတွေ ပြီးတော့ တခြား ဘာသာရေးကို ထိခိုက်အောင် လုပ်ထားတဲ့ ပုံတွေကိုကျတော့ အရေးယူခြင်း မရှိဘူးပေါ့နော်။ တချို့ဆိုရင် သက်ဆိုင်ရာ လူကြီးတွေရဲ့ အနွယ်တွေဖြစ်တယ်။ သူတို့ရဲ့သားသမီးတွေရှိမယ်။ သူတို့ရဲ့ အမျိုးသမီးတွေဖြစ်မယ်။ ကတော်တွေကျတော့ Share တာတွေကျတော့ ဘာမှ အရေးမယူဘူးလားဆိုပြီး အဲ့လိုမျိုး Screenshot ရိုက်ပြီး တောက်လျောက် တင်နေတဲ့ဟာတွေကျတော့ ကျနော်တို့ Facebook တခွင်မှာတော့ လက်ရှိကြုံတွေ့နေရပါတယ်။"

ဒီကိစ္စနဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု မရှိတဲ့ သဘောဆိုပြီး လူတွေကြားပိုပြီး ပြောဆိုမှုတွေဖြစ် လာတဲ့အပြင် လှောင်ပြောင်တဲ့ ကာတွန်းတွေရေးပြီး သူတို့တွေရဲ့ ဆန္ဒတွေ ထုတ်ဖော် လာတာမျိုးတွေရှိတယ်လို့ ကိုချမ်းငြိမ်းအောင်က ဆိုပါတယ်။ ဒီလိုသာ ဖမ်းဆီးမယ် ဆိုရင် လူတဖက်သားကို ထိပါးစော်ကားတဲ့ပုံတွေကိုတော့ ဘာကြောင့် အရေးမယူသလဲ ဆိုပြီင်္း ပြောဆိုမှုတွေ ရှိလာတာကို တွေ့လာရတယ်လို့ဆိုပါတယ်။


ဖမ်းဆီးခြင်းခံရသူ မချောစန္ဒီ
ရန်ကုန်မြို့ခံ ကိုနေမျိုးအောင်ကတော့ ခုလိုမြင်ပါတယ်။

"အေးပေါ့။ တွန့်သွားတဲ့သဘောပေါ့။ တွန့်သွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ အချင်းချင်းကြားမှာတောင် ပြောနေကြတာ။ ဒါတွေ မလုပ်ကြနဲ့တော့ သူများတွေကတော့ တချို့လူတွေကတော့ အကောင့်အတုတွေနဲ့ ရှယ်တဲ့သူလည်း ရှယ်ကြမှာပေါ့နော်။ သိသလောက် ကိုယ့်သူငယ်ချင်း အသိမိတ်ဆွေတွေထဲမှာဆို သိပ်တောင် မတွေ့တော့ဘူး။ အရင်တုန်းက ဒီအချိန်ဆို ရေးကြ ရှယ်ကြတဲ့သူတွေတောင်မှ မတွေ့ကြတော့ဘူး။"

ဒီလိုဖမ်းဆီးလိုက်တဲ့အပေါ် တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် လို့ ပြည်သူတွေကြား မေးခွန်း ထုတ်စရာ ထုတ်လာတာကို ကိုချမ်းငြိမ်းအောင်က ဆိုပါတယ်။

ဒီလို အပြန်အလှန် ရေးသားနေကြတာ အများကြီးရှိသလို မီဒီယာကို အကြောက်တရား နဲ့ သုံးစွဲနေသူတွေကြား မှာတော့ စိုးရိမ်မှုတွေရှိလာတယ်လို့ ကချင် တိုင်းရင်းသူ မယိမ်းမျှော်က ခုလိုပြောပါတယ်။

" ဒီမြင်နေရတာကတော့ Share တဲ့ သူတွေကတော့ ထပ်ပြီးတော့ Share နေကြတယ်။ နောက်ထပ် ဒီ့ထက်ပိုပြီးမှ ဆိုးတဲ့ပုံတွေကို combine လုပ်ပြီးမှ လုပ်ပြီးမှ ထပ်ပြီးတော့မှ တင်နေတဲ့အနေအထားမျိုးတွေလည်း တွေ့ရတာပေါ့။  တချို့တွေကကျတော့ လူနည်းစုက ကျတော့လည်း နည်းနည်း တွန့်သွားတာပေါ့နော်။ ဒီဥပဒေနဲ့ပတ်သက်ပြီး သေချာ နားမလည်ဘူး။ နဂိုကတည်းကလည်း ဒီဆိုရှယ်မီဒီယာကို အကြောက်တရားနဲ့ သုံးနေရတဲ့အနေအထားမျိုး ရှိတဲ့ Users တွေအနေနဲ့ကတော့ သူတို့ရှယ်ထားတဲ့ ပို့စ်တွေကို ပြန်ဖြုတ်လိုက်တဲ့ အနေအထားမျိုးတွေ တယောက်နဲ့တယောက် မေးကြတာမျိုးတွေ ဒီလိုမျိုး ပို့စ် မဟုတ်တာတောင်မှ တူညီတဲ့ပို့စ်လိုမျိုး တင်တာမျိုး ဥပမာ Users တချို့ဆိုလည်း အချင်းချင်းတွေ လှမ်းမေးကြတာပေါ့နော်။ ချက်ဘောက်စ်ကနေပြီးတော့ ငါရှယ်ထားတာတွေကို တရားဥပဒေနဲ့ မီဒီယာဥပဒေနဲ့ ငြိနိုင်သလား။ မငြိနိုင်သလား စသဖြင့် ဒါမျိုးလေးတွေ အချင်းချင်းတွေ ချက်ဘောက်စ်ကနေ ဆွေးနွေးတယ်။ တိုင်ပင်တယ်။ ဒီလိုမျိုး နည်းနည်းစိုးရိမ်တယ်အဆင့်။ ထိတ်လန့်တဲ့အဆင့်တော့ မဟုတ်ဘူးပေါ့နော်။ စိုးရိမ်မှုတွေ ရှိလာတဲ့သူ Users တချို့လည်း တွေ့ရတယ်။"

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဖေ့ဘုတ်သုံးစွဲ သူတွေများ လာတဲ့ မြန်မာနိုင်ငံ မှာ ပြည်သူတွေဟာ သတင်းလွပ်လပ်ခွင့််ရလာတယ်ဆိုပြီး ၀မ်းသာအားရ နဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးကြပြောကြ၊ သတင်းတွေ ဖလှယ်ကြ တာမျိုးတွေကို တွင်တွင်ကျယ်ကျယ်သုံးစွဲလာကြတာပါ။ ဒါပေမယ့်လည်း ဒီလို ရေးသားပြောဆိုမှုတွေ ကို တင်နေတဲ့လူတွေအများကြီးထဲ့မှာမှ ဒီလူ၂ ယောက်ကို ခုလို ဖမ်းဆီး အရေးယူ လိုက်တာ ဟာ ဖေ့ဘုတ် သုံးစွဲသူတွေကို စောင့်ကြည့်နေတဲ့ အုပ်စုတစု ရှိတာ သေချာနေ တာကို ပြသလိုက်တာဖြစ်တယ် လို့ မယိမ်းမျှော်ကပြောပါတယ်။

ဒီိလိုပြောဆိုမှုတွေ၊ ဖမ်းဆီးအရေးယူမှုတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ၀န်ကြီးဌာနကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

တပ်မတော်က အသစ် ပြောင်းလဲလိုက်တဲ့ အစိမ်းနုရောင် ၀တ်စုံသစ် ကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အ၀တ်အစား အရောင်နဲ့ နှိုင်းယှဉ်ပြီး လူမှုကွန်ယက် Facebook စာမျက်နှာမှာ တင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ဧရာဝတီတိုင်း မအူပင်မြို့က မချောစန္ဒီထွန်း ခေါ် ချစ်သမီးကို အောက်တိုဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒါတင်မက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကို လှောင်ပြောင် သရော် ထားတဲ့ ဓာတ်ပုံကို Facebook လူမှုကွန်ယက်မှာ တင်တဲ့ကိစ္စနဲ့ ကိုပက်ထရစ် ကွမ်ဂျာလီကို အောက်တိုဘာလ ၁၄ ရက်နေ့တုန်းက ဖမ်းဆီးလိုက်တာလည်းဖြစ်ပါတယ်။

နန်းလောင်ဝ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ
မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံ သားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ

မြန်မာပတ်စ်ပို့ ကိုင်ထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင် မဲ ပေးနေကြရာမှာ အခက်အခဲ မျိုးစုံ နဲ့ ရင်ဆိုင်နေရတယ်လို့ စင်္ကာပူ နဲ့ တောင် ကိုရီးယား နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။ စင်္ကာပူနဲ့ တောင် ကိုရီးယား နိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အထိ ကြိုတင်မဲ ပေးခွင့်ပြု ထားပေမယ့် အချိန်လုံလောက်မှု မရှိဘူးလို့ ပြောကြ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်း အောင်က တင်ပြပါမယ်။

တောင်ကိုရီးယားနဲ့ စင်္ကာပူနိုင်ငံတွေမှာ အောက်တိုဘာ ၁၅ ရက် ကြာသပတေးနေ့က စလို့ တနင်္ဂနွေနေ့ထိ ကြိုတင် မဲပေးခွင့် ရနေကြပါပြီ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မြန်မာသံရုံးမှာတော့ မဲစာရင်းမှာ ပါပေမယ့် လက်တွေ့မှာ မဲပေးခွင့် မရဘူးဆိုတဲ့ပြသနာနဲ့ ရင်ဆိုင်နေရတယ်လို့ ပူချွန်းမှာ နေထိုင်သူ ကြိုတင်မဲ စစ်တမ်း ကောက်ယူရေးအဖွဲ့က ကိုဝင်းလှိုင် က ပြောပါတယ်။

"ကိုရီးယားကနေ ကြိုတင်မဲပေးပိုင်ခွင့် စာရင်းထုတ်ပြန်လိုက်တဲ့အချိန်မှာ ကျနော် စာရင်းပါမလာဘူးပေါ့နော်။ ဘာကြောင့် ကျနော်တို့စာရင်း မပါလာရတာလဲ ကျနော်တို့က ပုံစံ(၁၅)လည်း တင်လိုက်တယ်။ ပြည်တွင်းက ထုတ်ပြန်တဲ့ မဲစာရင်းမှာလည်း ပါတယ်။ ပြီးလို့ရှိရင် စင်ကာပူကနေ ထုတ်ပြန်လိုက်တဲ့ တကမ္ဘာလုံးမှာရှိတဲ့ ပြည်ပရောက် မဲဆန္ဒရှင်စာရင်းထဲမှာလည်း ပါပြီးတော့ ဘယ်လိုကြောင့်မို့ ကိုရီးယားက ထုတ်ပြန်တဲ့ မဲစာရင်းထဲမှာ ဘာကြောင့်မို့ မပါကြတာလဲ ဆိုတဲ့ ပြသနာ က အခုအချိန်မှာ ကိုရီးယားမှာ တော်တော်လေးကို ကျယ်ကျယ်လောင်လောင် ဖြစ်တယ်ပေါ့လေ။ "
စင်္ကာပူနိုင်ငံမှာလည်း အလားတူ ပြသနာမျိုး ကြုံနေရတယ်လို့ စင်္ကာပူမြန်မာသံရုံးမှာ မဲသွားပေးခဲ့တဲ့ မမေကျော်စိုးညွန့်က ပြောပါတယ်။

" အန်တီကြီး တယောက် သူကကျတော့ မဲပေးချင်တယ်။ စာရင်းက အကုန်ပါတယ်။ စာရင်းပါတော့ အထဲကို ဝင်သွားပေးတော့ သူ့အတွက် မဲမပါဘူး။ သူ့ကို ဒီကို စင်ကာပူကို ပို့တဲ့အထဲမှာ မပါဘူး။ သူ့မဲစာရင်းက တခြားနိုင်ငံ ပါသွားတဲ့သဘောပေါ့။ ပါသွားတော့ သူသည် ဒီမှာ မဲပေးလို့မရတော့ဘူး။ နောက်တချက် က ရွေးကောက်ပွဲကော်မရှင်က ပြန်ပို့လိုက်တဲ့ မဲစာရင်းတွေ အကုန်လုံးက ကျမတို့ တကမ္ဘာလုံးက သူတွေရဲ့ မဲစာရင်းတွေကို ပြန်ပို့လိုက်တာ။  စင်ကာပူတင်မဟုတ်ဘူး။ ကိုရီးယားလည်း ဒီမဲစာရင်းပဲ UK လည်း ဒီမဲစာရင်းပဲ ပို့တာ။ အလွဲလွဲအချော်ချော်တွေနဲ့ ရောက်လာတာ။"

ဒီလို မဲပေးခွင့် မရတဲ့ အခက်အခဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မြန်မာသံရုံးက ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးလို့ ကိုဝင်းလှိုင်က ပြောပါတယ်။
" ဆိုးလ်မြို့ကိုမေးတော့ သူတို့က ပထမတော့ ပြည်တွင်းရွေးကောက်ပွဲ ကော်မရှင် အပေါ်မှာပဲ လွှဲချတယ်။ သူတို့သည် နိုင်ငံခြားရေးဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စကို သူတို့ မသိပါဘူး။ ပြည်တွင်း ရွေးကောက်ပွဲကော်မရှင်ကိုပဲ မေးကြပါဆိုပြီး ထုတ်ပြန်လိုက်တဲ့အချိန်မှာ ဘာပဲပြောပြော မဲပေးခွင့်မရှိတဲ့ ညီအကိုတွေ အားလုံးက ဝေါ ဝေါ ဆိုပြီး ဆူညံပွက်လောရိုက် သံရုံးက တင်ထားတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကော်မန့်တွေ အကုန် ဝိုင်းရေးကြတယ်။ အဲ့တာကြောင့်မို့လဲ သံရုံးရဲ့ ဖေ့စ်ဘွတ်ခ်က ပြုတ်ကျသွားပြီးတော့ ကျနော်တို့ ကိုရီးယားမှာ ကြိုတင်မဲပေးပိုင်ခွင့်မရှိတဲ့သူတွေကို စာရင်းပြုစုပြီးတော့ ကျနော်တို့ ရွေးကောက်ပွဲကော်မရှင်ကို သူတို့  တင်ပြပါမယ်။ ဒါပေမဲ့လည်း မဲပေးပိုင်ခွင့် ရခြင်း မရခြင်းက ရွေးကောက်ပွဲ အပေါ်မှာပဲ မူတည်ပါတယ် ဆိုပြီးတော့ ကျနော်တို့ကို အဲ့လိုမျိုး ပြောထားတယ်။ ဒါပေမဲ့ အဲ့တာက တရားဝင် ထုတ်ပြန်ထားတာမဟုတ်ပါဘူး။ "

စင်္ကာပူနိုင်ငံ မြန်မာသံရုံးမှာတော့ အချိန် မလုံလောက်တဲ့ အခက်အခဲရှိသလို မဲပြား အမျိုးအစား အစုံအလင် မပါတဲ့ပြသနာတွေလဲရှိတယ်လို့ မမေကျော် စိုးညွန့် က ပြောပါတယ်။
" မိုးမလင်းခင်ကတည်းက သွားစောင့်တာတောင် လူတွေက တစ်ရာ၊ နှစ်ရာ အရှေ့မှာ အများကြီးရှိနေပြီးသား။  ၉နာရီမှ ရုံးခန်းဖွင့်တာကိုး။ တကယ် အထဲကို ဝင်ရပြန်တော့လဲ မဲစာရွက် အရမ်းများတဲ့အတွက် သူတို့လည်း ရှာရတာ အဆင်မပြေဘူး။ တော်တော်လေး ကြာတယ်။ အဲ့မှာ တော်တော်လေး စောင့်လိုက်ရ တယ်။ အားလုံး ၄နာရီလောက် စောင့်လိုက်ရတယ်။ စောင့်လိုက်ရတဲ့အခါကျတော့ ကိုယ့်ရှေ့မှာ ရှိတဲ့သူတယောက်က ဘာဖြစ်လဲဆိုတော့ အလုံမြို့နယ်က ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော် တွေ့ပြီ။ တိုင်းဒေသကြီးလွှတ်တော် ရှာမတွေ့ဘူး။ ရှာမတွေ့တော့ သူတို့က ဘာပြောလဲဆိုတော့ ဒီတိုင်းဒေသကြီးလွှတ်တော်ကို မတွေ့ရင် မထည့်ပါနဲ့တော့တဲ့ ဒီနှစ်ခုပဲ ထည့်လိုက်ပါတော့လို့ ပြောတယ်။ ကိုယ်မဲပေးခွင့်ရရက်သားနဲ့ မပေးရဘူးဆိုရင် ဒါ ကိုယ့်အခွင့်အရေးကို ကိုယ်ပိတ်ပင်တာလို့။ "
တောင်ကိုရီးယား နိုင်ငံမှာလဲ အလုပ်ကခွင့်ယူရတဲ့ အခက်အခဲ ဝေးလံတဲ့နေရာကနေ သံရုံးကို လာရတဲ့ အခက်အခဲတွေကြားကနေ မဲလာပေး ကြပေမယ့် မဲပြားအမျိုးအစား မစုံလင်တဲ့ အခက်အခဲတွေ ရှိနေတယ်လို့ ကိုဝင်းလှိုင်က ပြောပါတယ်။

"မနေ့တုန်းက ကြိုတင်မဲ လာပေးတဲ့သူ အယောက် ၄၀ နီးပါး ရှိတယ်ပေါ့နော်။ အဲ့ဒီ့အထဲမှာမှ ကျနော်တို့ကို လာပြီးတော့ သတင်းပို့တဲ့ ညီအကို တယောက်ရှိတယ်။ သူက မဲပြား နှစ်ပြား ပဲ ပေးခဲ့ရတဲ့အတွက်ကြောင့်မို့လို့ ဆိုးလ်မြန်မာသံရုံးထဲမှာ ရှိတဲ့ တာဝန်ရှိသူတယောက်ကို ပြောလိုက်တဲ့အတွက်ကြောင့်မို့လို့ သူတို့က အဲ့ဒီ့တယောက်ရဲ့ နာမည်ရယ် စာရင်းရယ်ကို ယူထားလိုက်တယ်ပေါ့။  ယူထားလိုက်ပြီးတော့ တကယ်လို့ အဲ့ဒီ့ကြိုတင်မဲပြားက ပြန်ရောက်လာတယ်ဆိုရင် ဆက်သွယ်ပြီးတော့ ပေးခိုင်းမယ်ဆိုပြီး အဲ့လိုပြောပါတယ်။
နောက်တခုက ကျနော့်အမျိုးသမီးက ကရင်တိုင်းရင်းသူဖြစ်တယ်။ ဒီနေ့ သူမဲသွားပေးပါတယ်။ မဲသွားပေးပေမဲ့လည်း အမျိုးသား လွှတ်တော် ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ပဲ ပေးခဲ့ရပါတယ်။  ကရင်တိုင်းရင်းသားနဲ့ဆိုင်တဲ့ လွှတ်တော်အတွက် သူ မဲမပေးခဲ့ရပါဘူး။ အဲ့ဒီ့အတွက်ကိုလည်း ဘာပဲပြောပြော အားလုံးက  နစ်နာဆုံးရှုံးနေရတယ်ပေါ့လေ။"

စင်္ကာပူမှာ မဲပေးခွင့်ရဖို့ ပုံစံ(၁၅)လျှောက် ထားခဲ့သူ နှစ်သောင်းခွဲကျော် ရှိပြီး၊ တောင်ကိုရီးယား နိုင်ငံမှာတော့ မဲပေးခွင့်ရှိသူ ၃ ထောင့် ရှစ်ရာ နီးပါးရှိပါတယ်။ သူတို့အားလုံး မဲပေးခွင့်ရဖို့ အခက်အခဲရှိနေတာကြောင့် မဲပေးနိုင်မယ့်ရက် တိုးပေးဖို့ သံရုံးကို အကြံပြု တိုက်တွန်းနေကြပါတယ်။
ကိုဉာဏ်ဝင်းအောင် တင်ပြခဲ့တာပါ။
မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ
မဲပေးဖို့စောင့်ဆိုင်းနေကြတဲ့ စင်ကာပူရောက်မြန်မာနိုင်ငံသားများ။ သတင်းဓာတ်ပုံ- စလုံးပေ့ခ်ျ
အခုလို စင်္ကာပူနိုင်ငံရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ မြန်မာသံရုံးရှေ့ မှာ သောကြာနေ့ ညဦးကတည်းက သွားရောက်ပြီး ညလုံးပေါက် တန်းစီစောင့်ဆိုင်းနေတဲ့ လူတန်းကြီး ဟာ ထောင်ကဏန်းလောက်ရှိနေပါတယ်။

ကြိုတင်မဲ ပေးမယ့် မြန်မာနိုင်ငံသားလူဦးရေ နှစ်သောင်းကျော်ရှိနေတာကြောင့် သတ်မှတ်ထားတဲ့ အောက်တိုဘာလ (၁၅)ရက်နေ့ကနေ (၂၁)ရက်နေ့အတွင်း ကြိုတင်မဲတွေ အမှီပေးနိုင်ရေး အခုလို လူတွေထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေကြ တာဖြစ်တယ်လို့ ကိုယ်တိုင်မဲပေးဖို့ စောင့်ဆိုင်းနေသူ မအိသက်မွန်ကပြောပါတယ်။
ညလုံးပေါက်တန်းစီစောင့်နေကြတဲ့အခြေအနေကို VOA မြန်မာပိုင်းက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ မအိသက်မွန်က အခုလိုစပြောပါတယ်။

" သမီးတို့ ဒီကို ရောက်တာ စင်ကာပူအချိန်ည ၁၂နာရီလောက်ရှိပြီ။ ဒါပေမဲ့ အရှေ့မှာ လူ ၄၊ ၅၀၀ လောက် ရှိနေပြီ။ တခြားသူတွေမေးကြည့်တော့ သူတို့က ၉နာရီလောက်ကတည်းက တန်းစီနေကြတာတဲ့။ အခုတန်းစီနေတာ လူအယောက် တစ်ထောင်ကျော်နေပြီရှင့်။ အကုန်လုံးက အိပ်နေကြတယ်။ ရာသီဥတုကလည်း အရမ်းပူတယ် စင်ကာပူက။ ဒါပေမဲ့ ရေတွေ လာဝေတဲ့ စေတနာ့ရှင်တွေတော့ ရှိတယ်ရှင့်။ "

မေး။    ။ ဟုတ်ကဲ့။ အခု တစ်ထောင်ကျော်နေပြီဆိုတော့ ဘာကြောင့် အခု အဲ့လောက်ကြီး တကူးတက လာမဲပေးကြတာလဲရှင့်။
" ဘာဖြစ်လို့လဲဆိုတော့ စင်ကာပူမှာ မြန်မာတွေ အရမ်းများလို့။ တစ်ရက်ကို အများဆုံး အယောက် ငါးထောင်လောက်ပဲ Vote လို့ရတာရှင့် လူက နှစ်သောင်း၊ နှစ်သောင်းခွဲလောက်ရှိမယ်။ စင်ကာပူမှာက အဲ့တာ မလောက်မှာစိုးလို့ ကိုယ် မVote ရမှာစိုးလို့ လာတန်းစီနေကြတာရှင့်။

မေး။    ။ အခု ညတန်းစီစောင့်ပြီး အိပ်နေကြတော့ စင်ကာပူ ရဲတွေဘက်က ဘာတွေ လုပ်ပေးတာရှိပါလဲရှင့်။
" သံရုံးက ရဲတွေ၊ စင်ကာပူက ရဲတွေကို Permission တော့ တောင်းထားတယ်။ ညလုံးပေါက် တန်းစီဖို့ကို ပြောထားတယ်။ အဲ့တာကြောင့် ခုနတုန်းကတောင် ရဲတွေ လာသေးတယ်။ သူတို့ကို ကိုယ်စားလှယ်က ပြောလိုက်တဲ့အချိန်မှာ သူတို့က နားလည်ပြီးတော့မှာ ထွက်သွားပေးလိုက်တယ်။"

မေး။    ။ အဲ့တော့ သံရုံးဘက်ကရော မဲလာပေးတဲ့သူတွေ အပေါ်မှာ ဆောင်ရွက် ချက်တွေ ဘယ်လိုကြားရလဲ။ ဘယ်လိုမြင်ရလဲရှင့်။
"အခုလောလောဆယ်တော့ မဆိုးဘူးလို့ ပြောလို့ရတယ်ရှင့်။ အစီအစဉ်ကျကျပေါ့။ ဘယ်နေရာကို ဘယ်ကောင်တာကိုသွားပေါ့။ ဘယ်မဲကို ယူ ပြီးလို့ရှိရင် လျှိ့ဝှက်အခန်းထဲ သွားပြီး အမှန်ခြစ်ရတာ။ ပြီးတော့မှ သက်ဆိုင်ရာ ပုံးတွေထဲကို ထည့်ရတာ။ အဆင်တော့ပြေပါတယ်။ စနစ်တကျရှိပါတယ်။"
အခုလိုမြန်မာသံရုံးမှာ ကြိုတင်မဲတွေပေးနေ တာကို စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ၊ သတင်းထောက်တွေအနေနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခွင့်မရဘူးလို့ မအိသက်မွန်ကပြောပါတယ်။ 

ကိုဉာဏ်ဝင်းအောင်, အင်ကြင်းနိုင်

ကုလားကိုကုလားလို့ မခေါ်ပါနဲ့
ပြောရုံနဲ့ ဒေါသူပုန်တွေထ
ဆွပေး မြှောက်ပေးကြ
ကြောက်ဆေးတွေကျွေးပြီး
ချောက်ပြေးသွားတဲ့သူတွေခင်ဗျား…။
မျက်စိကိုဖြဲထားပြီး ရဲရဲကြည့်
အသဲထဲထိပြေးဝင်လာတဲ့ရခိုင်သား
သင်တို့ထင်ကြေးတွေ အကုန်မှား
ယုံလား မယုံလား သံသယတွေပွား
အမေစုရဲ့မေတ္တာနဲ့ သစ္စာတရား
ပြည်သူတရပ်လုံးရဲ့ အသဲကြား
တိုးဝင်သွားတာ လုပ်အုပ်ကြီးကသက်သေပါ…။
လက်နက်အားကိုး အာဏာတန်ခိုးနဲ့
ကြီးစိုးလာတဲ့ ခင်ဗျာတို့ရဲ့ ဗုံးကျည်ဆန်ဟာ
ပြည်သူနောက်ခံမရှိလို့
သိသိသာသာ အ-သွားရမှာ…။
လူထုမေတ္တာကိုခံယူထားတဲ့အမေစု
လူထုကိုမေတ္တာပေးထားတဲ့ဒေါ်စုကို
အဖေါ်ဓပြုနေတဲ့လူထုက ဒုနဲ့ဒေး
စုထားပေးဖို့မလို နေ့စားကြေးလဲပေးမထားဘဲ
သူတို့သဘောထားနဲ့သူတို့
တအားပြေး အားပေးလာကြတာကွယ်
လူပင်လယ်ကြီး စုစည်းပေးထားသလိုပါပဲဟယ်…။
မေတ္တာတရားဟာ ကမ္ဘာသူကမ္ဘာသား
လူအများအကြိုက်မို့ ခင်ဗျားတို့ကြိုက်မကြိုက်
အရေးမစိုက် အလိုက်အထိုက်တော့သိထားပေးပါ
မေတ္တာတရားသာ အောင်ပွဲခံရမှာ…။

တက္ကသိုလ်ဘုန်းကြွယ်(၁၆-၁၀-၁၅)

[youtube src="gVNH1_UTu9Q"/]
တောင်ဥက္ကလာသားတစ်ယောက်ပြည်သူ့လွှတ်တော်မဲပေးခွင့်မရလို့အရမ်းခံပြင်းနေပါသည်။
ရွေးကောက်ပွဲကော်မရှင်ဘယ်လိုတာဝန်ယူပေးမှာလဲ???
အောင်သိန်းလင်းအတွက်မဲခိုးနေတာလား???

 ရန်ကုန်မြို့ ၃၆ လမ်းမှာရှိတဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးမှာ ဒေါက်တာ ညိုညိုသင်း ကို သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။ Photo: Tun Myint/RFA
 ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရာမှာ နှောင့်ယှက်တားဆီးမှုတွေ ခံနေရကြောင်း ရန်ကုန်မြို့ ဗဟန်းမြို့နယ်မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း က ပြောပါတယ်။

ရန်ကုန်မြို့မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ အတွက် ဗဟန်းမြို့နယ်မှာ မဲဆွယ်တဲ့အခါ ဗီနိုင်းပိုစတာတွေ ဖျက်ဆီးခံရတာတွေရှိတယ်လို့ ဒေါက်တာညိုညိုသင်း က ပြောပါတယ်။

"စက်တင်ဘာလ ၂၆ ရက်နေ့ကစပြီးတော့ ကျမတို့ရဲ့မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေအပေါ်မှာ အနှောက် အယှက်ပြုတာတွေ၊ ဗီနိုင်းတွေနေရာအနှံ့အပြား ချိတ်ထားတဲ့ဟာတွေကို ညအချိန်မတော်ပေါ့နော် လူခြေတိတ် တဲ့အချိန်မှာ ဆွဲခွါတာတွေ၊ ဖျက်ဆီးတာတွေ နောက်တစ်ခါ ဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခုဆိုလို့ရှိရင် ပျက်စီးသွား တဲ့အထိ ဖျက်ဆီးခံရတာတွေ ဒါတွေရှိလာခဲ့ပါတယ်"

ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနဲ့ အာဇာနည်လမ်းထဲမှာ စိုက်ထူထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ဗီနိုင်း ပိုစတာ ၂ဝ ခန့် ဖျက်ဆီးဖြုတ်ချခံခဲ့ရတာကို ရွေးကောက်ပွဲကော်မရှင်နဲ့ ဗဟန်းမြို့နယ် ရဲစခန်းကို အောက်တိုဘာလ ၁၄ ရက်နေ့က တိုင်ကြားထားတယ်လို့ ဒေါက်တာညိုညိုသင်း အောင်နိုင်ရေး ကော်မတီက ပြောပါတယ်။

ဒါ့အပြင် ဗဟန်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ဘက်ပါတီကြီးတစ်ခုရဲ့ မဲဆွယ်စည်းရုံးရေး စာအုပ်မှာ ဒေါက်တာညိုညိုသင်းနဲ့ ပတ်သက်ပြီး မမှန်ကန်ပဲ ရေးသားထားတဲ့ အချက်တွေ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒေါက်တာ ညိုညိုသင်းက အခုလို မဲဆွယ်စည်းရုံးရေးမှာ နှောင့်ယှက်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူတွေ က နှောက်ယှက်တယ်ဆိုတာ ထုတ်မပြောလိုသေးဘူးလို့လည်း ပြောသွားပါတယ်။

RFA Burmese
http://www.rfa.org/burmese


 မကြာမီကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် တောင်ကုတ် ဟောပြောပွဲတွင် မြို့လုံးကျွတ်နီးပါး အားပေးခဲ့ကြောင်း သတင်းရရှိသည်။

မြို့လုံးကျွတ်နီးပါးအားပေးမှုနှင့် ပတ်သက်၍ တောင်ကုတ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ထင်မထားပါဘူး အိမ်တွေမှာလူတောင် ကျန်ရဲ့လားမသိပါဘူး မျော်လင့်ထားတာထက် ပိုပီးအားပေးကြတယ်”ဟု The Ladies သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က "ရောက်တာနောက်ကျတဲ့ အတွက် တောင်းပန် ပါတယ်။ စိတ်ရှည်လက်ရှည်စောင့်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ။ကျွန်မ တောင်ကုတ်ကို မရောက်တာ ၂၀၀၂ ကတည်းကဆို ၁၃ နှစ်လောက် ရှိပါပြီ ။ ၂၀၀၂ လောက်က တောင်ကုတ် ကိုရောက်တဲ့ အချိန်မှာ အင်မတန်မှ အခက်အခဲတွေကြားထဲကရောက်လာခဲ့ပေမယ့် မြို့သူမြို့သားတွေက စိတ်ဓာတ်အပြည့်နဲ့ အားပေးခဲ့တာကို ခုချိန်ထိ မမေ့ပါဘူး ။ ဒါကြောင့် ကျေးဇူးတင်တယ်လို့ ပြောပါရစေ ။ ဟိုဘက်က နေပူထဲမှာ ထိုင်နေသူတွေကိုလည်း အထူးကျေးဇူး တင်ကြောင်း ပြောပါရစေ ။ အရိပ်ထဲမှာ ထိုင်ရတာနဲ့ နေပူထဲမှာ ထိုင်ရတာ မတူပါဘူး ။ ပူတဲ့နေရာမှာထိုင်ရတာနဲ့ အရိပ်ထဲထိုင်ရတာ ဘယ်လောက် ကွာခြားလဲ ။ ဒါကြောင့် ကျွန်မတို့ဟာ ပြောင်းလဲချင်တယ် ဆိုတာ ပြည်သူ လူထုတွေအရိပ်အောက်ကိုရောက်အောင်ပြောင်းလဲချင်တာဖြစ်ပါတယ် ။ ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံဖြစ်ပါတယ် ။ ကျွန်မ ဘယ်ပဲရောက်ခဲ့ရောက်ခဲ့ ပြည်သူလူထုတွေဟာ အတူတူပဲဖြစ်ပါတယ် ။ ပြည်သူတွေဟာ ဘယ်မှာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း လုံလုံ ခြုံခြုံနဲ့ နေချင်ကြတာပဲ ။ဒီလို နေနိုင်ဖို့ဆိုတာ အားလုံးအတူတူ ၀ိုင်းဝန်းကြိုးစား မှ နေနိုင်ကြမှာဖြစ်တယ် ။" ဟု ပြောကြားခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်သည် အစဉ်အဆက် တစိုက်မတ်မတ်အနစ်နာခံ လုပ်ဆောင်ခဲ့သူဖြစ်၍ လက်ခံနိုင်ကြောင်း ဆိုင်ကယ်ကယ်ရီ လုပ်ငန်းလုပ်ကိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

ရခိုင်ပါတီကို မဲပေးချင်သော်လည်း တကယ်တမ်း မှန်မှန်ကန်ကန် လုပ်နိုင်သည်မှာ NLD သာ ရှိကြောင်း ယင်းကြောင့် NLD ပါတီကိုသာ မဲပေးမည်ဖြစ်ကြောင်း တောင်ကုတ်အထိ လိုက်ပါလာသည့် သံတွဲဒေသခံ တက္ကသိုလ်ကျောင်းသားတစ်ဦးက The Ladies သို့ ပြောဆိုခဲ့သည်။

ယခင်အချိန်အထိ အနစ်နာခံလုပ်ဆောင်လာခြင်းကြောင့် မည်သူပြောပြော NLDကိုသာ မဲပေးမည်ဖြစ်ကြောင်း ကိုင်းရှည်ရွာမှ အသက် ၅၇ နှစ်အရွယ်အမျိုးသမီးကြီးတစ်ဦးက လည်း The Ladies သို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ် လုံခြုံရေးမှာလည်း စိုးရိမ်စရာ မရှိကြောင်း ၊ ရဲတပ်ဖွဲ့ဝင်များစွာကလည်း လိုက်လံစောင့်ရှောက်ခဲ့ကြသည်။ သံတွဲလေဆိပ်သို့ ရောက်ရှိစဉ် ဒေသခံများစွာက ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။

လူဦးရေ အလွန်ခေါင်ပါးသည့် သံတွဲ တောင်ကုတ်လမ်း တစ်လျောက် မှာပင် ရွာသူရွာသားများက လမ်းဝဲယာတစ်လျောက် ကြိုဆိုမှုများကို အံ့သြမိသည်ဟု ပြည်တွင်းမှ နိုင်ငံခြားသတင်းဌာနမှ တစ်ဦးက ၄င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ပုံများဖြင့် ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ တောင်ကုတ်မြို့ဟောပြောပွဲ အပြီးတွင် သံတွဲမြို့  သို့ ပြန်လည်သွားရောက် ညအိပ်နားနေမည် ဖြစ်ပြီး မနက်ဖြန် အောက်တိုဘာ (၁၇) ရက်နေ့တွင် သံတွဲမြို့တွင် လည်းကောင်း ဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

ထို့နောက် ဂွမြို့နယ်မှ တစ်ဆင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့သို့ သွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

သတင်း - ဆောင်းဖြူ ၊ ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies





ယနေ့မနက် ၉း၄၅နာရီတွင် သံတွဲမြို့ ဒိုးတောင်ကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ စတင်ဟောပြောခဲ့ပြီး ၁၀း၁၀တွင် ပြီးဆုံးခဲ့သည်။

သံတွဲမြိုခံများနှင့် အနီးနားရှိရွာများမှပြည်သူများက သုံးဘီးဆိုင်ကယ် (တုတ်တုတ်) များ၊ ကားများ ၊ မော်တော်ဆိုင်ကယ်များနှင့်လာရောက်ကြပြီး သံတွဲမြို့ စွန်တွင် တည်ရှိသည့် ဒိုးတောင်ကွင်းသို့ ခြေကျင်လျေက်သူများလည်းရှိသည် ကွင်းလုံးပြည့်လျံသည်အထိ ဒေသခံပြည်သူများက အားပေးခဲ့ကြသည်။

သတင်း- ဆောင်းဖြူ
ဓာတ်ပုံ -ဆောင်းဖြူ ၊ Afryu San
The Ladies News Journal
https://www.facebook.com/News.TheLadies



 သံရုံးရှေ့က မဲစာရင်း


ယနေ့ဂျပန်ရှိ မြန်မာသံရုံးမှာ မနက်၈နာရီကစပြီး ကြိုတင်မဲပေး
နေပြီး မဲမရိုးသားမှု မသမာမှု တွေဖြစ်ပေါ်နေပါတယ်။
အဲဒီအထဲမှာ မဲပေးခွင့်မရသူ ၊ ၂မဲ ၁မဲပဲပေးခွင့်ရခဲ့သူတွေ ၊ မဲပေးခွင့်ပုံစံ၁၅ တင်ထားပြီး မဲပေးခွင့်မရသူတွေကိုလဲ အတော်များများတွေ့ခဲ့ရသလို ပုံစံ၁၅လင်မယား၂ယောက်အတူတူတင်ပြီး မိန်းမကမဲပေးလို့မရခဲ့တာ ယော်ကျာ်းကမဲပေးခွင့်စာရင်းထဲပါမလာတာ သူငယ်ချင်းတွေစုပြီးတပြိုင်နက်တည်းစာတိုက်ကနေမဲပေးခွင့်တင်တာ ၁ယောက်ပဲမဲပေးခွင့်ရခဲ့တာ စတဲ့ပြသာနာတွေ ၊တောင်ဥက္ကလာပမြို့နယ်အတွက် အားလုံးမဲ၂နေရာအတွက်ပဲပေးခွင့်ရ ကြံဖွံ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးအောင်သိန်းလင်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော်အတွက် မဲစာရွက်ကိုသံရုံးကမပေးဘူး။ မဲရုံမှူးလက်မှတ်မပါတာတွေ စာအိတ်ပြဲနေတာတွေ အစွန်းအထင်းပါတဲ့သူတွေလဲရှိနေပါတယ်။ နယ်ကနေ ရထားတညလုံးစီးလာပြီး အင်းစိန်မဲဆန္ဒနယ်အတွက် ၁မဲပဲပေးခွင့်ရခဲ့တဲ့ အမတယောက်လဲ စိတ်ပျက်လက်ပျက်နဲ့ နယ်ပြန်သွားတာကိုတွေ့ခဲ့ရ။

ယနေ့-တိုကျို ကြိုတင်မဲပေးရာတွင် ထူးခြားဖြစ်စဉ် တောင်ဥက္ကလာမြို့နယ် မဲဆန္ဒရှင်များ မဲပြည့်စုံစွာ ပေးခွင့်မရရှိပါ၊

Posted by Aung Tun Lin on Friday, October 16, 2015

တိုကျို သံရုံးတွင် ပုံစံ၁၅ တင်ပြီး မဲစာရင်းတွင်မပါရှိခဲ့ပါ

Posted by Aung Tun Lin on Friday, October 16, 2015

မဲဆန္ဒရှင်တစ်ဦးတည်း၏ မဲဆန္ဒနယ် နံပါတ်များ ကွဲပြားမတူညီခြင်း ဘာကြောင့်လဲ?(တိုကျို)

Posted by Aung Tun Lin on Friday, October 16, 2015

တောင်ဥက္ကလာမြို့နယ် မဲဆန္ဒရှင်များ မဲပြည့်စုံစွာ မပေးခဲ့ရပါ( တိုကျို )

Posted by Aung Tun Lin on Friday, October 16, 2015
(ဂျပန်စံတော်ချိန် မနက်၁ဝ
နာရီ သံရုံးရှေ့မှာ စုစည်းရသမျှ) စုစည်းပေးသူ ကိုမျီုးမင်းဆွေ

အောက်တိုဘာလ ၁၇ ရက် ၊ ရခိုင်ပြည်နယ် သံတွဲမြို့တွင်ကျင်းပသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏
ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲအတွက် ဟောပြောပွဲ စင်မြင့်ကိုရခိုင်ပြည်နယ် သံတွဲဒေသခံများက ဒိုးတောင်ကွင်းတွင်ပြင်
ဆင်ပေးထားပြီး လာရောက်နားထောင်ကြသည့် ရခိုင်တိုင်းရင်းသားဒေသခံများက မနက် ၇နာရီကပင် ကြိုတင်ရောက်နေကြသည်။ ဟောပြောပွဲကို မနက် ၉း၃၀တွင်စတင်သည်။

Photo - NLD ,Saw Phoe Kwar
The Ladies News Journal

နေပြည်တော်၌ အောက်တိုဘာ ၁၅ ရက်တွင်ကျင်းပသည့် တနိုင်ငံလုံးပစ်ခတ် တိုက်ခတ်မှုရပ်စဲရေးသဘော တူညီချက်စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲအပြီး မြန်မာနိုင်ငံအ၀ှမ်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား များကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

''ကျွန်တော်တို့လည်း NCA လက်မှတ်ရေးထိုးပွဲနဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေလွှတ်မယ်ဆိုပြီး သတင်းကြား တာပဲ။ မနက်က အင်းစိန်ထောင်ဝ တာဝန်ကျတဲ့လူတွေနဲ့ အထဲက ထောင်ဝင်စာသွားတွေ့တဲ့ လူတွေရဲ့ ပြောပြချက်အရ ဒီနေ့တော့ လွှတ်ဖို့အစီအစဉ်မရှိတော့ဘူးတဲ့။ မနက်ဖြန် မနက်ပိုင်းလောက် လွှတ်နိုင်တယ်လို့ ပြောတယ်။ လွှတ်မှာတော့ သေချာတယ်လို့ ကြားရတယ်။ အတိအကျတော့ မသိရဘူး။ အင်းစိန်ထောင်ထဲက အကျဉ်းသားတွေသွားတွေ့တဲ့ အမေတွေက ပြောတာပါ။ တာဝန်ရှိတဲ့ လူတွေသွားမေးတော့ သူတို့မကြားမိ ဘူး။ မနက်ဖြန်လောက်ဆိုရင်တော့ လွှတ်နိုင်တယ်လို့ပြောတာပဲ''ဟု တကသ ကျောင်းသား ကိုဖိုးသားက ပြော သည်။

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွှတ်ပေးမည့်အကျဉ်းသားများတွင် အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ တကသ ကျောင်းသားများနှင့် ကိုနေမျိုးဇင်၊ ကိုဝေဠုစသည့် ပုဂ္ဂိုလ်များ ပါဝင်မည်ဟု သိရကြောင်း ၎င်းက ပြောသည်။

နိုင်ငံတော်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့က အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးတည်ပြီး သင့်မြတ်လိုစိတ်၊ ငြိမ်းချမ်းလိုစိတ် အပြည့်အ၀ရှိသည်ဆိုပါက NCA လက်မှတ်ရေးထိုးပြီးချိန်တွင် အမှန်တကယ် လုပ်ရမည့်အလုပ်တခုမှာ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဖြစ်ကြောင်းနှင့် လွှတ်ပေးရန်အတွက်လည်း အပြည့်အ၀ မျှော်လင့်ထားကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်က ပြောသည်။

''အစ်ကိုတို့ နိုင်ကျဉ်းကလူတွေ မနေ့ကလည်း သွားစောင့်တယ်။ ဒီနေ့လည်း စောင့်နေတယ်။ ဒီနေ့ စုံစမ်းသိရှိရသလောက် ထောင်ဝင်စာမ၀င်သေးဘူးလို့ သိရတယ်''ဟု ၎င်းက ပြောသည်။

(NCA) လက်မှတ်ရေးထိုးပွဲအထိမ်းအမှတ် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့်သတင်းကြောင့် ရန်ကုန်မြို့ အင်းစိန်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ဂိတ်ရှေ့တွင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာသမား ၂၀ ခန့် လည်း သတင်းရယူရန် စောင့်ဆိုင်းနေကြောင်း သိရသည်။
''မနက် ၁၀ နာရီကတည်းက ဒီရှေ့ရောက်နေတာ။ အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုလို့ ကိုယ့်သတင်း သမား အချင်းချင်းအသိ ပေးပြောကြတာနဲ့ ရောက်လာတာ။ တချို့ဆို မနက် ၇ နာရီကတည်းက ရောက်နေတယ်လို့ သိရတယ်''ဟု ရုပ်သံ သတင်းထောက်တဦးက ပြောသည်။

အကျဉ်းဦးစီးဌာနရှေ့တွင် ထောင်ဝင်စာသွားရောက်ခဲ့သူ အမျိုးသမီးတဦးကလည်း ၎င်းလေ့လာသိရှိရ သလောက် အင်းစိန်ထောင်အတွင်း ထူးခြားမှုတစုံတရာ မရှိကြောင်းနှင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဆိုပါက ၀မ်းသာပါကြောင်း ပြောသည်။
''မနက်ကတည်းက မီဒီယာသမားတွေ ရောက်နေတာတွေ့လို့ အစ်ကိုတို့တောင် အံ့သြနေတာ။ အစ်ကိုတို့တော့ ဘာမှ မကြားမိဘူး''ဟု အကျဉ်းဦးစီးဌာန ဂိတ်တာဝန်ကျ ၀န်ထမ်းတဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့စာရင်းမှအရ နိုဝင်ဘာ ၁၀ ရက်အထိ မြန်မာနိုင်ငံအကျဉ်းထောင် အသီး သီးတွင် နိုင်ငံရေးအကျဉ်းသား ၁၁၂ ဦး၊ တရားရင် ဆိုင်နေရသူ ၄၆၀ ဦး စုစုပေါင်း ၅၇၂ ရှိနေကြောင်းသိရပြီး အပစ်ရပ်စဲရေးစာချုပ် (NCA) စာချုပ် မရေးထိုးမီနှင့် နိုဝင်ဘာ ၈ ရက် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိလွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့နှင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တို့က စက်တင်ဘာ ၂၈ တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

လင်းလင်းအောင်၊ မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အောက်ပါ ပုံထဲက လူငယ်လေးတွေဟာ အိမ်ခြေရာခြေမရှိ အလေ
နတ်တောတွေမဟုတ်ကြဘူးနော်။ စင်ကာပူနေလူရည်သန့် မြန်မာ
ပညာတတ် လေးတွေ။ သူတို့လေးတွေ ဘာ့အတွက်ကြောင့်
လေထဲဖုံထဲ ပလက်ဖောင်းမှာ လာအိပ်နေကြရပါသလဲ ။သည်လို
လူငယ်လေးများ၏ နှလုံးသားကို ဒါးနဲ့ခွဲရက်ပါသလား။
စင်္ကာပူ နိင်ငံ ရောက် မြန်မာ တွေ မဲပေဖိးု့  ညအိပ် စောင့် နေကြပုံဖြစ်ပါတယ်။ သူတို့  ထဲက ၉ ၉ ရာခိုင်နှုန်း ဟာ NLD ကိုမဲ ပေးကြမယ်ဆိုပါတယ်။ အခု စာရေးနေချိန်မှာ ညအိပ် တန်းစီနေသူ ၈၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။ မဲပေး ဖို့ ညအိပ် စောင့် တာ တခါမှမကြားဘူးဘူး။
စင်္ကပူရောက်လူငယ်တွေ အနေနဲ့ ကိုယ် တိုင်း ပြည် ကိုဘယ်လောက်ကောင်းစားစေချင်သလဲ
ဆိုတာ အဲ့ဒါသာ ကြည့်ပေတော့ဗျာ ။

သံမန် တလင်းကို ကြောခင်း ပြီး ဒေါ်စုကိုမဲ ပေးဖို့  သူတို့ စောင့်နေတာ ပါ။ ဦးသိန်းစိန် အစိုးရအနေနဲ့ ဒါကို နားလည် သဘောပေါက်ပြီး လူကြီးလူကောင်း ပီပီ သသ နဲ့ဒေါ်စုကိုလက်ဆွဲ နှုတ်ဆက်ပြီး အာဏာ လွဲပေး တာကို မြင်ခြင်တယ်ဗျာ။ သူဟာ အရှုံးသမားမဟုတ်ပဲ တကယ် ကြည်ညို စရာဖြစ်သွားမှာ ။
ကျနော်ဟာ ဒေါ်စုကို သမတ ဖြစ်တာ မြင်ချင်သလို ၊ ဦးသိန်းစိန်ကိုလဲ လူကြီးလူကောင်း State man အဖြစ် နဲ့ မြင်ခြင်တယ်။ ဒီလူငယ်တွေ က တသက်လုံး သမတ ဦးသိန်းစိန်ကို ဂုဏ်ယူကြမှာပါ။ သမတဦးသိန်းစိန် ဟာ အရှုံး သမားမဟုတ်ဘူး။
အနိင်သမားပဲ ဆိုတာ သိစေချင်တယ်ဗျာ။

ဒါက ဒီမိုကရေစီရဲ့ အနစ်သာရပါ။

Moethee Zun

[youtube src="rUGGR0CP6Sc"/]
စင်ကာပူရောက်မြန်မာတွေ မဲပေးဖို့ မြန်မာသံရုံးရှိရာ St Martin's Drive မှ အဓိကလမ်းမကြီးဖြစ်တဲ့ Tangling Road တလျောက် ညအိပ်တန်းစီနေကြပုံ ဗီဒီယိုမှတ်တမ်း @ 4 am 17-10-2014

credit - kyaw swar min

စင်္ကာပူ သံရုံး ရှေ့တွင် မဲပေးရန် တန်းစီနေကြသော လူတန်းကြီးကား တစ်ကီလ်ုမီတာ ခန့် ရှည်လျားနေပြီး မနေ့ကထက် ပို ရှည်လျားနေကြောင်း စင်္ကာပူ သတင်းထောက်များက ဆိုပါတယ်၊

လုပ်အားပေးသူများကလည်း ရေသန့်ဗူးများ လိုက်လံဝေငှခြင်း နဲ့ သံရုံးအတွင်း တွေ့ ကြုံ.နိုင်မှု အခြေအနေများကို တဦးချင်းစီ လိုက်လံ ရှင်းလင်း ပြောပြလျက် ရှိနေပါတယ်။

အချို့ဆို ည သန်းကောင်ထဲက ရောက်ရှိ နေရာယူနေကြတာ ဖြစ်ပါတယ်၊
စင်္ကာပူရှိ မြန်မာ စုစုပေါင်း နှစ်သောင်းကျော်က ကြိုတင်မဲပေးဘို့ စာရင်းပေးသွင်းထားတာ ဖြစ်ပြီး ပထမနေ့မှာ စုစုပေါင်း မဲ ၁၈၇၇ မဲ ထည့်နှိုင်တယ်လို့ သတင်းရပါတယ်၊

သံရုံး အဆိုအရ မဲထည့်ဘို့ မူလ က သုံးနေရာ သတ်မှတ်ထားခဲ့ပေမယ့် ၇ နေရာအထိ တိုးမြှင့် ပေးခဲ့တယ်လို့ ဆိုပါတယ်၊

မဲထည့်နိုင်ဘို့ အောက်တိုဘာ ၁၅ ကနေ ၁၈ အထိ ရက်သတ်မှတ်ပေးထားပြီး မနက် ၉ နာရီ ခွဲကနေ ညနေ ၄ နာရီ ခွဲ အထိ မဲပေးဘို့ သတ်မှတ်ထားပါတယ်။ ပထမနေ့က နောက်ဆုံးမှ ထည့်ရသူ ပြန်တဲ့ အချိန်က ည ၆ နာရီ ခွဲ လို့ ဆိုပါတယ်။

စင်္ကာပူတွင် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ဖီလစ်ပိုင် အားလုံးသော နိုင်ငံများမှ လာရောက် အလုပ်လုပ်ကိုင်နေကြသူတွေဟာ ထိုင်းက လွဲရင် မြန်မာထက် အရည်အတွက် ပိုများပါတယ်၊ သူတို့နိုင်ငံ အသီးသီးမှာလည်း ရွေးကောက်ပွဲ အတွက် အခုလို မဲထည့်ဘို့ ရှိပေမယ့် ဒီလို လူတန်းရှည်ကြီးနဲ့ မြို့လည်ကောင်မှာ ဖြစ်ပျက်သွားရလောက်အောင် မဖြစ်ခဲ့ပါဘူး၊

ဒါကို ကြည့်ပြီး မြန်မာအစိုးရက ရှက်ရကောင်းမှန်း မသိ၊ ဘယ်လို အစဉ်ပြေအောင် လုပ်ပေးရမလဲ စဉ်းစားနိုင်စွမ်းလည်း မရှိ ဖြစ်နေတာ သိသာတဲ့ အတွက် စင်္ကာပူ အပါအ၀င် အခြားနိုင်ငံသားတွေကတော့ အဓိပ္ပါယ် အမျိုးမျိုးပါတဲ့ မျက်လုံးများနဲ့ အကြည့်ခံရဘို့ ရှိနေပါတယ်။

ပေဖြစ်တုံးတော့ ခံထားကြပါ ရောင်ရင်းတို့ရေ၊

စင်္ကာပူမှာ မတောင့်မတ နေရပါလျက်နဲ့ တိုင်းပြည်အပြောင်းအလဲ အတွက် ဒီလောက်အာသီသ ပြင်းပြနေကြတာကို ကြည့်ပြီး ကိုယ်တိုင် အထုအထောင်း ခံနေရတဲ့ အမိ မြန်မာပြည်မှ လည်း နမူနာယူပြီး အပင်ပန်း အဆင်းရဲခံ သတ္တိရှိရှိ နဲ့ စည်းကမ်းသေ၀တ်စွာ မဲ ထည့် ဖြစ်အောင် ထည့်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

ကိုးကား၊ ၊ Channel NewsAsia (Singapore)

HSW
BrainWave ဉာဏ်လှိုင်း

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် သံသယနှင့် မျှော်လင့်ချက် တစ်ဝက်စီနှင့် မျှော်
လင့်နေရသည့် အခြေအနေ တစ်ခုအဖြစ်ပင် ဖြစ်ကြောင်း ၈၈ မျိုးဆက် (ငြိမ်းချမ်း
ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ဆိုသည်။

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ ကန်ရှေ့ရပ်ကွက် ဟုတ်ကြန့်ဘုံကျောင်းခန်းမ၌
အောက်တိုဘာ ၁၄ ရက်က ပြုလုပ် ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား
ပြု ရှမ်းပြည်နယ် ကိုယ်စားလှယ်လောင်းများအား မိတ်ဆက် အပ်နှံခြင်း အခမ်းအနား
တွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည် ။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သေချာတာ တစ်ခုက ဒီကနေ့ ကျွန်တော်တို့မျှော်
လင့်နေတဲ့ ရွေးကောက်ပွဲဟာ သံသယတစ်ဝက်၊ မျှော်လင့်ချက် တစ်ဝက်နဲ့ ဒီရွေး
ကောက်ပွဲကို မျှော်လင့်နေရတဲ့ အခြေအနေတစ်ခုပဲ” ဟု ကိုဂျင်မီက ပြောသည်။

အခမ်းအနားတွင် NLD နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း
လူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့က အမှာစကားများ ပြောကြားခဲ့ရာ ပါတီ
ဝင်များနှင့် စိတ်ပါဝင်စားသူ ၂၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

ရွေးကောက်ပွဲ ပြုလုပ်ခြင်းသည် မူလကတည်းကပင် ၁၀၀ ရာခိုင်နှုန်း လုပ်ရခြင်း မ
ဟုတ်ဘဲ လွှတ်တော်၏ ၇၅ ရာခိုင်နှုန်းသာ လုပ်ရသဖြင့် မျှတမည်ဟု မထင်မိသော်
လည်း ရွေးကောက်ပွဲကို အားလုံး ဖြတ်သန်းသွားရမည်သာ ဖြစ်၍ ရှိသမျှခွန်အားဖြင့်
တက်နှင့် လက်နှင့် ရုန်းမည်ဆိုပါက အရွေ့တစ်ခု ရနိုင်မည်ဆိုသည့် စိတ်ဓာတ်ဖြင့်
မဲဆန္ဒရှင်များကို တိုက်တွန်းနေရခြင်းဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဟောပြောခဲ့သည်။

NLD ၏ နာယက ဦးတင်ဦးကလည်း ကိုယ်စားလှယ်လောင်းများအား ပြည်သူထံအပ်
နှံကြောင်းနှင့် ပြည်သူလူထု၏ အကျိုးကျေးဇူးအတွက် လုပ်သည့် နေရာတွင်လည်း
အဖွဲ့ချုပ်က ကြေညာချက် ထုတ်ထားသည့် မူများအတိုင်း ထိရောက်အောင် လုပ်
ဆောင်သွားနိုင်မည့် ပုဂ္ဂိုလ်များ ဖြစ်ပေါ်လာအောင် အပ်နှံပေးလိုကြောင်းကိုလည်း
ပြောကြားခဲ့သည် ။

“ပြည်သူလူထုက ပြောင်းလဲချင်နေတာ အခုမှ မဟုတ်ပါဘူး။ စောစောကတည်းက
ပြောင်းလဲ ချင်နေတာပါ။ ပြည်သူလူထု တစ်ရပ်လုံးက အမှန်တကယ် ပြောင်းလဲနေ
ချင်တာပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ပတ်သက်တာ အားလုံးကို အဓိက
ခိုင်မာအောင် လုပ်နိုင်ဖို့အတွက် ရသင့်ရထိုက်တဲ့ ရှိသင့်ရှိထိုက်တဲ့ စည်းလုံးညီညွတ်
မှု၊ ယုံကြည်မှုကို လုပ်နိုင်ဖို့ကလည်း အရေးကြီးတာမို့လို့ ဆောင်ရွက်နိုင်တဲ့ နေရာကို
ပို့ပေးပြီး ဆောင်ရွက်သွားနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကို ပို့ပေးနိုင်ခွင့်
ရှိကြပါစေ”ဟု ဦးတင်ဦးက ပြောသည် ။

နာယက ဦးတင်ဦးနှင့် ၈၈ ပွင့်လင်းမှ ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့သည် အောက်တိုဘာ
လ ၁၂ ရက်နေ့မှ စတင်ကာ ပင်းတယ၊ ရွာငံ၊ ရပ်စောက်၊ ကလော၊ အောင်ပန်း၊ ညောင်ရွှေမြို့နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြု
လုပ်ခဲ့ကြောင်း သိရသည် ။

သတင်း-MMK
The Ladies News Journal


လူမျိုးရေး ဘာသာရေးများနှင့် ပတ်သတ်၍ လူတစ်စုက စံနစ်တကျ ဝါဒဖြန့်နေ၍ သတိထားကြရန် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကပြောသည် ။

တောင်ကုတ်မြို့နယ် ကိုင်းရှည်ဘောလုံးကွင်းတွင် ယနေ့ညနေ ကပြု လုပ်သောဟောပြောပွဲ၌ဒေသခံတစ်ဦး၏ လူမျိုးရေးနှင့်ပတ်သတ်သော အမေးကိုဖြေကြားရာတွင်ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည် ။

"ဒီမိုကရေစီ အစိုးရ ဆိုတာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လုပ်လို့မရပါဘူး ။ လူမျိုးရေး ကိစ္စတွေကိုနိုင်ငံရေး အရစည်းရုံးတာ ဥပဒေကို ချိုးဖောက်တာပဲ ။ အဲလို စည်းရုံးမူတွေကို အရေးယူ ရမှာဖြစ်ပေမယ့် ဘာလို့အရေးမယူ တာလဲဆိုတာ အဖြေရှာကြပါလို့တိုက်တွန်းချင်ပါတယ် " ဟု ၄င်းကပြောသည် ။

ထို့ပြင်ပြည်သူလူထု ကိုသိက္ခာရှိရှိ ဘဝတွင် ရပ်တည်နိုင်သည့် အခွင့်အရေး သာပေးချင် သည်ဟု ၄င်းကပြောသည် ။

ယနေ့ပြုလုပ်သောဟောပြောပွဲ တွင် တက်ရောက် လာသည့်ဒေသခံ များက ဘင်္ဂါလီ အရေးနှင့် ပတ်သတ်၍ အများစုမေးမြန်း ခဲ့ကြခြင်းနှင့် ပတ်သတ်၍၄င်းက "ဒီနေ့ကျွန်မကိုမေးတဲ့မေးခွန်းတော်တော် များများ ဟာ ပြည်သူတွေကိုကြောက်အောင် မုန်းတီးစိတ်တွေ ကိုဆွပြီး စည်းရုံးနေတယ်လို့မြင်တယ် ။အဲဒါကျွန်မတို့ပြည်သူအတွက်မဟုတ်ဘဲ လူအုပ်စုတစ်စု အနိုင်ရရေး အတွက် စဉ်းစားပြီး မသမာတဲ့ အဖွဲ့အစည်းတွေရဲ့စည်းရုံးမူတွေပဲ။အဲဒါကိုထောက်ခံရင်နိုင်ငံအများကြီးနစ်နာမယ် "ဟု ၄င်းကပြောကြားခဲ့သည် ။
တောင်ကုတ်မြို့နယ်တွင်ပြုလုပ်သော ဟောပြောပွဲတွင် လူဦးရေတစ်သောင်းခွဲခန့်တက်ရောက်ခဲ့သည် ။

MZW
ဓါတ်ပုံ -အောင်နိုင်စိုး (ကစ္ဆပ)
.
Credit : Popular

သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသောကျောင်းသားများနှင့် ၀န်းရံပြည်သူများ အားအမြန်ဆုံး လွှတ်ပေးရန်ကျောင်းသားမိဘများ လက်မှတ်ထိုး၍ သမ္မတဦးသိန်းစိန်ထံ စာပို့တောင်း ဆိုသွားမည်ဖြစ်ကြောင်း ဖမ်းဆီးခံကျောင်းသူ မဖြိုးဖြိုးအောင်၏ ဖခင်ဒေါက်တာနေ၀င်းက အောက်တို ဘာ ၁၃ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် ဆန်္ဒထုတ်ဖော်ခဲ့သည့် အတွက် သာယာဝတီ အကျဉ်း ထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသား များနှင့်ဝန်းရံပြည်သူ များအမှုသည် ၇ လပြည့်သည့် တိုင်အောင် အမှုစစ် ဆေး သည့်အခြေအနေတွင်သာ ရှိနေသေးသဖြင့် ဖမ်းဆီးခံကျောင်းသား မိဘများက ယခုကဲ့သို့တောင်းဆိုခြင်း ဖြစ် သည်။…

““ဒီနေ့ရုံးချိန်းမှာလက်ပံတန်း အကြမ်းဖက်ခံရမှု ၇လပြည့် အထိမ်းအမှတ် အဖြစ် ကျောင်းသားတွေရယ်၊ ကျောင်း သားမိဘတွေရယ် လက်ပတ်မည်းတွေ တပ်ဆင်ကြတယ်ပေါ့။ ပြီးတော့ ကျောင်းသားမိဘတွေစုပြီးတော့ လက် မှတ်ထိုးတောင်းဆိုမှာပါ။ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူတွေကို အမြန်ဆုံးလွှတ်ပေးဖို့ပေါ့။ သမ္မတဦးသိန်း စိန်ဆီကိုစာတင်မှာပါ။ စာတင်တယ်ဆိုတာက တောင်းဆိုတာပါ။ အသနားခံတာ မဟုတ်ပါဘူး။ ကျွန်တော် ကတော့ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ လွှတ်ပေးသင့်တယ် လို့ ယူဆ ပါတယ်””ဟု ဖမ်းဆီးခံ ကျောင်းသူမဖြိုးဖြိုးအောင်၏ဖခင် ဒေါက်တာနေ၀င်းက မြန်မာသံတော်ဆင့်သို့ ပြော သည်။

လက်ပံတန်းအကြမ်းဖက်ခံရမှုတွင် ဖမ်းဆီးခံရသည့် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၏ အမှုတွဲများ ပဲခူး တိုင်းဒေသကြီး တရားလွှတ်တော်ရုံး သို့ ရောက်ရှိနေသည့်အတွက် အမှုမစစ်ဆေး ဖြစ်ဘဲ ၂၂ ကြိမ်မြောက် ရုံး ချိန်းကို အောက်တိုဘာ၂၀ရက်သို့ ချိန်းဆိုထားသည်။

ထို့ပြင် တရားလွှတ်တော် ရှေ့နေဒေါ်ခင်ခင်ကျော်နှင့် ဖမ်းဆီးခံကျောင်းသား ကိုသန်းထိုက်တို့အား သာယာဝတီ မြို့နယ်တရားသူကြီး ဦးချစ်မြတ်က တရားလိုပြုကာ ၀တ္တရားနှောင့်ယှက်မှု ပုဒ်မ၂၂၈ဖြင့် တရားစွဲဆိုထားသော အမှု အခြေအနေနှင့်ပတ်သက်၍ ဒေါ်ခင်ခင်ကျော်က ယခုကဲ့သို့ ပြောကြားခဲ့သည်။

““ဒီနေ့က တရားသူကြီးဦးချစ်မြတ်ကို စစ်ဆေးတယ်။ ကျွန်မအမှုကို လိုက်ပါဆောင်ရွက်ပေး တဲ့ မြန်မာနိုင်ငံရှေ့ နေများကွန်ရက်က ဆရာဦးကြီးမြင့်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၃/၂ အရ တရားရှင်လွှတ်ပေးဖို့ ဒီနေ့ရုံးတော်မှာ လျှောက်ထားပါတယ်။ လျှောက် ထားရတဲ့အကြောင်းကတော့ တရား လွှတ်တော်ရှေ့နေ တစ် ယောက် ဖြစ်တယ်။ တရားလွှတ်တော်ရှေ့နေကို တရားစွဲရင်ဘားကောင်စီ အက်ဥပဒေမှာ အကြောင်းကြားရတယ်။ ပြီးမှစုံစမ်း စစ်ဆေးမှုတွေ လုပ်ရမှာပေါ့။ အဲဒါတွေပြီးမှတရားစွဲလို့ရတယ်ပေါ့။ သာယာဝတီမြို့နယ် တရားသူကြီးဦးချစ်မြတ်က ဘားကောင်စီကိုလဲတိုင်ကြားထားခြင်း မရှိဘူး။ တိုက်ရိုက်စွဲ ဆိုတာဖြစ်တဲ့အတွက် ခုလို တရားစွဲတာက မှားယွင်းနေတယ်။ ဒါ့ကြောင့် ၂၅၃/၂ အရလွှတ်ပေးဖို့လျှောက် ထားပါတယ်””ဟု တရား လွှတ်တော် ရှေ့နေဒေါ်ခင်ခင်ကျော်က စက်တင်ဘာ ၁၄ ရက်တွင် မြန်မာသံတော် ဆင့်သို့ ပြောသည်။

အဆိုပါအမှုကို အောက်တိုဘာ ၂၁ရက်သို့ ချိန်းဆိုထားပြီး ယင်းနေ့တွင် ဒေါ်ခင်ခင်ကျော် အားပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၂၅၃/၂အရတရားရှင်လွှတ်ပေးရန် လျှောက်ထားချက်ကို လျှောက်လဲချက်ကြားနာမည် ဖြစ် သည်။ ထို့ပြင် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးကို တောင်းဆိုသော ကိုဇေယျာလွင် နှင့် ကိုပိုင်ရဲ သူတို့၏ ၁၀ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သူ ရဲဘက်ဆိုင်ရာမှ ကျောက်တံတားမြို နယ်မှူး အား ၂၇ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးတွင်ရုံးထုတ်မည်ဖြစ်သည်။

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

တရုတ်ပြည် ကွန်မြူ နစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေး ဌာနက ရခိုင်အမျိုးသား ပါတီ Arakan National Party ခေါင်းဆောင် ဒေါက်တာ အေးမောင်ကို ပြီးခဲ့တဲ့ ဂျူ လိုင်လက တရုတ်ပြည်ရှိ Fujian နဲ့ Guizou ပြည်နယ်များသို့ အလည် အပါတ်လာရောက်ဘို့ ဖိတ်ကြားခဲ့တဲ့ အတွက် သွားရောက်ခဲ့ပါတယ်။ ဒါဟာ ဒုတိယအကြိမ် သွားရောက်ခဲ့ခြင်းပါ။

အဆိုပါ ဌာနမှ အရာရှိများက မိမိတို့ ကွန်မြူ နစ် ပါတီ အနေနဲ့ မြန်မာပြည်ရှိ နိုင်ငံရေး ပါတီတွေထဲက သုံးပါတီ ဖြစ်တဲ့ UNDP, NLD နဲ့ ANP နဲ့သာ ဆက်ဆံခဲ့တာ ဖြစ်ပြီး ANP အနေနဲ့ လိုချင်တာ ပြော ကြိုက်တာရစေမယ် လို့ ကမ်းလှမ်းခဲ့တယ်လို့ ဒေါက်တာအေးမောင်က ရိုက်တာ သတင်းဌာနနဲ့ အမ်းမြို့ နယ်မှာ ပြု လုပ်တဲ့ အင်တာဗျုး မှာ ပြောကြားခဲ့ပါတယ်။

ဒါကို ကြည့်ရင် တရုတ်အနေနဲ့ မြန်မာနိုင်ငံရေးကို မျက်ခြေ မပြတ်စောင့်ကြည့်နေပြီး အခုလည်းANP က ရခိုင်တခုလုံးကို သိမ်းမယ့် အရေး မြင်နေပြီ ဖြစ်တဲ့အတွက် ချည်းကပ်လာနေခြင်း ဖြစ်ပါတယ်။

တရုတ်က ကျောက်ဖြူ ကနေ ယူနန်ပြည်နယ်အထိ ဖေါက်ထားတဲ့ သဘာဝဓါတ်ငွေ့ နဲ့ ရေနံ ပိုက်လိုင်းကို ရော အိန္ဒိယ သမုဒ္ဒရာထွက်ပေါက် အဖြစ် ရခိုင်ကို အကာအကွယ် ပေးလိုပြီး အမေရိကန်တွေ ခြေရှုပ်နေတဲ့ မလက္ကာ ရေလက်ကြားက စိတ်မချရလို့ပါ။ အခုလည်း ပိုပြီး စိတ်ချရအောင် ထိုင်း စစ်အစိုးရနဲ့ပေါင်းပြီး ထိုင်းကို ဖြတ်ဖေါက်လုပ်မယ့် ဒေါ်လာ ၂၈ ဘီလီယံ ကုန်ကျမယ့် Kra တူးမြောင်းကိစ္စ ပြန် အစဖေါ်လာနေပါပြီ။

ဒေါက်တာ အေးမောင်ကတော့ ဒေသ ဖွံ့ဖြိုးရေးအတွက် အမေရိကန် ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ စင်္ကာပူ ဖြစ်ဖြစ် ဘယ်သူလာလာ ကြို ဆိုမယ်လို့ ဆိုပါတယ်။ သူအနေနဲ့ တရုတ်ကမ်းလှမ်းမှုကို ဘာမှ မတုန့်ပြန်ခဲ့ပေမယ့် ရခိုင်ဒေသ အတွက် လယ်ထွန်စက် နဲ့ အခြားစက်ပစ္စည်းများလိုအပ်နေပြီး ကျောင်းသားများမတွက် ပညာသင်ဆုရရှိရေးတော့ မျော်လင့်တယ် ဆိုပါတယ်။

ဒေါက်တာအေးမောင် ရည်မှန်းချက်က ကောင်းတယ်လို့ ဆိုရပေမယ့် တရုတ် စီမံကိန်း အများစုမှာ ဒေသခံများ အလုပ်ရရှိဘို့ မသေခြာပါဘူး။ တရုတ်က သူ့ အလုပ်သမားတွေ တပြုံတပင်ကြီး မ ချလာပြီး ထမင်းချက်ပါ မကျန် လာရောက် လုပ်ကိုင်နေကြလို့ ဖြစ်ပါတယ်။

တရုတ်က လာမည့် နှစ်ပေါင်း ၂၀ အတွင်း ရခိုင်ဒေသမှာ ဒေါ်လာ သန်းပေါင်း ၁၀၀ ဘီလီယံ အထိ ရင်းနှီးမြှုပ်နှံသွားဘို့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် အမေရိကန် အနေနဲ့ တရုတ် လက်ဦးမှု ရယူပြီး ဖြစ်တဲ့ ရခိုင်ကို ၀င်မလာနိုင်ပဲ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး တင်းမာမှုတွေကို မီးထိုးသထက်ထိုးပြီး နောက်ဆုံးမှာ မူဆလင် သောင်းကျန်းမူတွေ ဖြစ်လာတဲ့ အထိ မီးမွှေးလိုတာတော့ အမှန်ပါပဲ။ ဒါမှသာ တရုတ်ရဲ့ အရှိုက်ကို ထိုးသလို ဖြစ်ပြီး သောင်းကျန်းမှုတွေကြောင့် ဘာမှ လုပ်ကိုင်လို့ မရတဲ့ အနေအထားကို လိုလားပါတယ်။

ရွေးကောက်ပွဲမတိုင်မီမှာ အမေရိကန် သမ္မတရဲ့ အမျိုးသား လုံခြုံရေး ဒုတိယ အကြံပေး Mr. Ben Rhodes ရောက်ရှိလာမယ်လို့ ဧရာဝတီ သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ လူဦးရေ ရဲ့ ၇၈% က ဆင်းရဲတွင်းထဲက မတက်နိုင်သေးကြောင်း ၂၀၁၄ မှာ ထုတ်ပြန်တဲ့ ကမ္ဘာဘဏ် စာရင်းဇယားများအရ သိရပါတယ်။

တရုတ်က မြန်မာလက်ရှိ အစိုးရကို ထောက်ခံနေခြင်းဟာ အကျိုး မရှိ၊ မရေရာ တော့ဘူးဆိုတာ မြစ်ဆုံ စီမံကိန်းမှာ ခံလိုက်ရပြီး ကထဲက ကောင်းကောင်း သဘောပေါက်နေပြီ ဖြစ်လို့ မြန်မာအပေါ် အရင်ကလို ပြည်တွင်းရေး ၀င်မစွက်ဟု နေလို့မရတော့ပဲ သိသိသာသာ ပြောင်းလဲလာနေတာ ဖြစ်ပါတယ်။

ကိုးကား။ ။ Reuters News Agency

HSW

 ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အောက်တိုဘာလ ၁၆ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးဟောပြောစဉ်။ Photo: Kyaw Htoon Naing/RFA
 ဘာသာရေး၊ လူမျိုးရေးနဲ့ ပြောဆိုစည်းရုံးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို မကြည့်ဘဲ ပြည်သူတွေကို အကြောက်တရားတွေနဲ့ စည်းရုံးတာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ မယုံကြည်ကြ ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မဲဆွယ်စည်းရုံးရေးဟောပြောပွဲမှာ တက်ရောက်သူတစ်ဦးက ဒေါ်အောင် ဆန်းစုကြည် အနိုင်ရရင် ဘာသာခြားတွေ လွှမ်းမိုးလာမလားဆိုပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည် က ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒါဖြစ်သွားမယ် ဟိုဟာဖြစ်သွားမယ် ဟိုဟာတွေ လွှမ်းမိုးသွားမယ် ဒီဟာတွေ လွှမ်းမိုးသွားမယ် ဆို ပြီးတော့ ပြည်သူတွေကို ခြိမ်းခြောက်ပြီးတော့ ပြည်သူတွေရဲ့ ကြောက်စိတ်တွေကို ဆွပြီးတော့ ပြည် သူတွေရဲ့ မုန်းတီးစိတ်ကို ဆွပြီးတော့ စည်းရုံးနေတယ်လို့ ကျမမြင်ရပါတယ်၊ အဲဒီဟာက နိုင်ငံရဲ့အနာဂတ် အတွက် လုံးဝစဉ်းစားမှုမရှိတာလို့ ကျမမြင်ပါတယ်၊ ကျမတို့ရဲ့ ပြည်သူတွေအကျိုးအတွက် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့အုပ်စု နိုင်ဖို့အတွက်ကိုပဲ စဉ်းစားပြီးတော့ ဒီလိုမသမာတဲ့နည်းတွေနဲ့ စည်းရုံးတဲ့ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ယုံကြည်ပြီး ထောက်ခံမိမယ်ဆိုရင် ကျမတို့နိုင်ငံဟာ ဒုက္ခအများကြီးရောက်နိုင် ပါတယ်လို့ ကျမသတိပေးပါရစေ”

ဒါ့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးစနစ်ကိုလည်း ပြောင်းလဲပစ်ရမယ်လို့ ပြောပါတယ်။

သံတွဲကနေ တောင်ကုတ်မြို့ကို လာရာလမ်းမှာ လမ်းတွေဆိုးလွန်းတဲ့အတွက် ကားစီးရတာနဲ့မတူဘဲ မြင်းစီးရ သလိုဖြစ်နေကြောင်း၊ သံတွဲမြို့မှာ တွေ့ရတာဟာလည်း ဆင်းရဲချမ်းသာကွာမှု ကြီးမားလွန်းတာကိုတွေ့ ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အန်အယ်လ်ဒီအနေနဲ့ တခြားပါတီတွေလို မဲဆွယ်စည်းရုံးရာမှာ ကတိမပေးနိုင်ကြောင်း၊ ပြည်သူတွေအားလုံး အလုပ်လုပ်နိုင်ပြီး တိုးတက်ဖို့အတွက် ပြည်သူအားလုံးခံစားနိုင်မယ့် အခွင့်အလမ်းတွေ ဖန်တီးပေးသွားမယ် လို့ ပြောပါတယ်။

အန်အယ်လ်ဒီသာ အနိုင်ရမယ်ဆိုရင် ဘယ်ပါတီဝင်တွေကိုမှ ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ လူတိုင်းကို တပြေးညီဆက်ဆံသွားမယ်လို့လည်း ပြောလိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

;[youtube src="j-wxQer9jJ8"/]
အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ပြောကြားသော အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင်၏ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်း







အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ သို့  ရောက်ရှိလာပြီး မွန်းလွဲ ၃ နာရီမှာ ဒေသခံပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။ 

သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
 https://www.facebook.com/NLDParty



ရခိုင်ပြည်နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်ဖြစ်ရောက်ရှိလာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရခိုင်ပြည်သူများမှ ကြိုဆိုကြစဉ်။