10/22/15


 အောက်တိုဘာ ၂၂ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့လယ် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးအနက် ၂ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ခိုလမ်စစ်ဆေးရုံသို့ ပို့ဆောင်စဉ် ခိုလမ်အရောက်တွင် တဦးသေဆုံးကြောင်း သိရသည်။

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂ မှူး အမိန့်ဖြင့် ဒဏ်ရာရသူ အသက် ၇၅ နှစ်အရွယ် မယ်ထောက်လိတ် နှင့် အသက် ၁၂ အရွယ် ၆ တန်း ကျောင်း သူ နန်းခမ်းခင်တို့ နှစ်ဦးအား မိုင်းရှူးပြည်သူ့ဆေးရုံမှ ခိုလမ် စစ်ဆေးရုံသို့ လိုင်းကား နှစ်စီးဖြင့်သွားရောက်သယ်ယူလာစဉ် မယ်ထောက်လိတ် က သေဆုံးသွားသည်ဟု သိရသည်။

“ဓါတ်မှန်ရိုက်ကြည့်တာတော့ မတွေ့ရဘူး။ ဒါပေမယ့် မယ်ထောက်လိတ်က အသက်ရှူကျပ် တယ်၊ ရင်အောင့်တယ်ပြော တယ်၊ သွေးအားလည်းကျ တယ်။ ညက သွေးသွင်းရတယ်။ တပုလင်းမကုန်သေးဘူး။ဒီမနက်ေ တာ့ သွေးသွင်းကြီးတန်းလန်းနဲ့ ဗင်ကားက လာသယ် သွားတယ်၊ လိုက်ပို့ဖို့ ဒီမှာလဲ ဝန်ထမ်းမလုံလောက်ဘူး။ ထောက်ခံစာနဲ့ပဲ လူနာလွှဲ လိုက် ရတယ်။ ခိုလမ်အရောက်မှာဘဲ ဆုံးသွားတယ်လို့ကြားတယ်” - ဟု ကျန်းမာရေး ဝန်ထမ်း အသိုင်း အဝိုင်းက သျှမ်းသံတော်ဆင့် သို့ အတည်ပြုပါသည်။

မယ်ထောက်လိတ်သည် အသက်အရွယ်နှင့် မလိုက်အောင် ဆေြး မှစ်၊ ဆေးဥများ ရှာရောင်းခြင်း၊ ပိန်းရွက်များခူး၍ ပေါင်းရောင်းခြင်းများဖြင့် ဝမ်းစာရှာနေသူတဦးဖြစ်သည်။

အလားတူ ဒဏ်ရာပြင်းထန်သည့် ၆ တန်းကျောင်းသူ နန်းခမ်းခင် ကလည်း အဆင်ပြေသည့် မိသားစု မဟုတ်ကြောင်း၊ ဖခင်မှာ တရုတ်နယ်စပ်ဘက် အလုပ်သွားလုပ်ကြောင်း ကြားသိရ သည်။

“မိသားစု က ပိုက်ဆံမလုံလောက်တော့ ဒီကလူတွေငွေစုတယ်။ နမ့်ခုံး အဖွဲ့ကလဲ ထောက် ပံ့လာတယ်၊ သေဆုံးသွားတဲ့ မယ်ထောက်လိတ်က ခိုလမ်ကို မသွားချင်ဘူး ။ သေမယ်ဆိုရင် အိမ်မှာဘဲ သေပါရစေတဲ့။ ဒါပေမ ယ့် အာဏာပိုင်တွေက စီစဉ်ပေးလိုက် တယ်ဆိုတော့ သူလဲမတတ်နိုင်ရှာဘူး” - ဟု ကူညီထောက် ပံ့ မှုတွင်ပါဝင်သည့် အမှတ် ၂ ရပ်ကွက်သား စိုင်းမောင်းလျှံ က ပြောသည်။

မိုင်းရှူး၊ မိုင်းစန် ဗုံးပေါက်ကွဲမှုသည် ရှုပ်ထွေးမှု ပိုမိုကြီးထွားလာစေရန် တတိယ လက်သည် ဖြစ်နိုင်သည်ဟု မိုင်းရှူးဒေသခံ တချို့က သုံးသပ်သည်။
အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအား အစိုးရတပ်မတော် မှ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်သည့် အချိန် နှင့်လည်းတိုက်ဆိုင်နေသည်။

ဓါတ်ပုံ- သေဆုံးသွားသည့် မယ်ထောက်လိတ်
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ကြိုတင်မဲပေးရာမှာ အများစုက NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးထားတယ်လို့ အွန်လိုင်းပေါ်မှာ ပြောင်ပြောင်တင်းတင်း ပြောထားကြတဲ့အတွက် စင်္ကာပူနိုင်ငံက လာမယ့် ကြိုတင်မဲတွေကို ကမောက်ကမဖြစ်အောင် လုပ်လို့မရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မင်္ဂလာဖားစည်အောင်မြေကွင်းမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာဖြစ်ပါတယ်။

"စင်္ကာပူမှာရောက်နေတဲ့ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ ၁၈ ရက်နေ့ကနေစပြီးတော့ သံရုံးမှာ ကြိုတင်မဲတွေပေးရပါတယ်၊ အဲ့ဒီတော့ ကြိုတင်မဲတွေကို ဘယ်လိုဘယ်ပုံနဲ့ပေးရတယ်၊ ဘယ်လိုအလွဲအချော်တွေရှိတယ်ဆိုတာကို ကျမတို့ရဲ့ စင်္ကာပူက နိုင်ငံသူ နိုင်ငံသားတွေက အွန်လိုင်းမှာတင်ထားတာကြောင့်မို့လို့ အားလုံးသိနိုင်နေပါပြီ၊ နောက်ပြီးတော့ လည်း ရဲရဲရင့်ရင့်နဲ့ NLD ကို မဲပေးပါတယ်ဆိုပြီးတော့ ပြောခဲ့တဲ့သူတွေကလည်း ဗြောင်ပဲပြောထားတော့ စင်္ကာပူကလာတဲ့ ကြိုတင်မဲတွေကို ကမောက်ကမဖြစ်အောင် လုပ်ဖို့ဆိုတာ ၂ဝ၁ဝ တုန်းကလို လွယ်တော့မှာမဟုတ်ပါဘူးလို့ ပြောပါရစေ"

စင်္ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကစပြီး စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ သံရုံးမှာ ကြိုတင်မဲတွေကို သွားရောက်ပေးနေကြရပြီဖြစ်ကာ ကြိုတင်မဲပေးခွင့်ရှိသူ နှစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
ကြိုတင်မဲပေးရာမှာ မဲစာရင်းထဲမှာ နာမည်မပါလို့ မဲမပေးလိုက်ရသူတွေရှိခဲ့သလို မဲပေးခွင့်ရသူတွေကလည်း မဲလက်မှတ် အပြည့်အစုံမရကြတဲ့ အခက်အခဲတွေ၊ အလွဲအချော်တွေ ကြုံတွေ့ကြရတယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ တင်ထားကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတုန်းက ကယားပြည်နယ်ထဲက မဲဆန္ဒနယ်တစ်ခုမှာ မဲပေးပိုင်ခွင့်ရှိသူ သုံးထောင်ကျော်လောက်ရှိရာမှာ ကြိုတင်မဲက သုံးထောင်နဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက အနိုင်ရခဲ့တဲ့ သာဓကရှိခဲ့ကြောင်း သူ ကယားပြည်နယ်ခရီးစဉ် သွားရောက်ခဲ့စဉ်က သိခဲ့ရတာကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ ကျိုင်းတုံမြို့က လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ဒေသခံပြည်သူ ငါးထောင်ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


“ကျွန်တော် ညအိပ်နေတာ သူတို့ ပစ်သတ်ခံခဲ့ရတဲ့အခန်းမှာပါ။ ဒီအိမ်ကြီးမှာ သူတို့တွေရှိနေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ် . . .”

၂၀၀၈ ခုနှစ်က နိုင်ငံကျော် ၅ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့သော စိမ်းလဲ့ကန်သာလမ်း ခြံအမှတ် ၁၂၆ ၌ အဆင့်မြင့် စားသောက်ဆိုင်ကြီးတခုဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါ နေအိမ်တွင် ၂၀၀၈ မတ် ၃ ရက်နေ့က မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သမီး ဒေါ်စန်းစန်းမြင့် (အသက် ၅၈ နှစ်) ၊ သားမက် စော်ဘွားနွယ်ဝင် ဦးစ၀်ကြည်ဖ (၆၀ နှစ်) ၊ မြေးနှစ်ဦး ဒေါ်မြစန္ဒာ (၃၆ နှစ်) ၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်အကူ မအယ်ဖော (၁၅ နှစ်) စုစုပေါင်း ၅ ဦးတို့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပြီး တရားခံများကို ယနေ့ထက်ထိ မဖော်ထုတ်နိုင်သေးကြောင်း သိရသည်။ အမှုကို စုံစမ်းစစ်ဆေးခဲ့စဉ်ကာလအတွင်း အစိုးရက ယာယီချိတ်ပိတ်ထားခဲ့သော အဆိုပါ နေအိမ်ကြီးတွင် ယခုကဲ့သို့ Royal Legacy အမည်ဖြင့် နိုင်ငံတကာအဆင့်မီ အနောက်တိုင်းနှင့် အိန္ဒိယအစားအသောက်ဆိုင် ဖွင့်လှစ်မည်ဆိုသော သတင်းထွက်ပေါ်လာရာ အများပြည်သူက အထူး စိတ်ဝင်စားလျက်ရှိသည်။

ယင်းနှင့်ပတ်သက်၍ “အဲဒီအမှုက အမှုကြီးဖြစ်နေတယ်။ ပြီးတော့ ဒါက နိုင်ငံတကာကလည်း စိတ်ဝင်စားတယ်။ ကျွန်တော်တို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က စီအိုင်ဒီကို လွှဲလိုက်ပြီ။ သမာရိုးကျဆိုရင်တော့ အမှုရင်ဆိုင်ဆဲဖြစ်တဲ့ အိမ်ခြံမြေပေါ်မှာ ဒီလိုလုပ်လို့ မရနိုင်ဘူးလေ။ ဒါပေမယ့် တရားခံကို ရှာတာက ရှာတာပဲ၊ ဒါက တကဏ္ဍ၊ ပိုင်ဆိုင်မှုရှိတာက တကဏ္ဍ။ ကျွန်တော့်အမြင် ပြောတာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ် က News Watch သို့ ပြောသည်။

စီအိုင်ဒီမှ တာဝန်ရှိသူတဦးက ၎င်းနေအိမ်ကို တရားရုံးမှ ပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အတည်ပြုပြောကြားသော်လည်း မည်သည့်အချိန်က မည်သူ့ထံလွှဲပြောင်းပေးခဲ့သနည်းဆိုသည်ကို မဖြေကြားခဲ့ချေ။

“အဲဒါက အခင်းဖြစ်ပြီးလို့ ဒို့က ပိုင်ရှင်တွေကို ပြန်လွှဲပေးပြီးပြီ။ ပြန်လွှဲပေးပြီဆိုတော့ ပိုင်ရှင်တွေက သူတို့မှာသူတို့ ကြိုက်တာလုပ်လို့ရပြီလေ။ ဒို့က လွှဲတာတော့မဟုတ်ဘူး။ တရားရုံးကနေပြီးတော့ ပိုင်ဆိုင်ခွင့်ရှိတဲ့ ဘယ်သူတွေပိုင်ဆိုင်ခွင့်ရှိလဲ ဘာညာဆိုတာကို သူတို့မှာ သူတို့ အမွေဆိုင်ပေါ့ကွယ်။ လွှဲပြီးသွားတော့ သူတို့ပိုင်ပစ္စည်းဖြစ်တဲ့အတွက် သူတို့စိတ်ကြိုက်လုပ်ပိုင်ခွင့်ရှိတယ်။ တဖက်က အမှုကြောင်းအရတော့ တရားခံတွေကို ဖမ်းမိဖို့ကျတော့ လက်ရှိအထိ စုံစမ်းဆဲပါပဲ။ ပိုင်ရှင်ကို လွှဲလိုက်တဲ့ နှစ်ကိုတော့ကိုယ်တို့ မမှတ်မိတော့ဘူး။ ညီလေး သိချင်ရင်တော့ ပိုင်ရှင်ကို မေးကြည့်မှရမယ်”ဟု စီအိုင်ဒီမှ တာဝန်ရှိသူက News Watch သို့ ပြောကြားခဲ့သည်။

မိုးကုတ်ဦးမြမောင် မိသားစုတွင် အနီးစပ်ဆုံး ဆွေမျိုးအဖြစ် သေဆုံးသူ ဒေါ်မြစန္ဒာ၏ ခင်ပွန်း ဦးသုဇော်ဆိုသူ ကျန်ရစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီး နောက်ပိုင်း ဦးသုဇော်သည်လည်း ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသေးသည်။

အဆိုပါ ခြံနှင့်အိမ်တွင် စားသောက်ဆိုင်ဖွင့်ခွင့် မည်သို့မည်ပုံ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍ Royal Legacy မှ တာဝန်ရှိသူများထံ မေးမြန်းသော်လည်း ဆိုင်ရှင်၏သားဖြစ်သူ ရှီဗာပင်ရန်နူးက အသေးစိတ်ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်ခဲ့သည်။

“ပိုင်ရှင်က ကျွန်တော့်အဖေပါ။ နာမည်က မစ္စတာ JD။ ခင်ဗျား မေးတဲ့ ဥပဒေကြောင်းဆိုင်ရာ ကိစ္စရပ်တွေကို မဖြေပေးနိုင်တာ စိတ်မကောင်းပါဘူး”ဟု ၎င်းက ပြောသည်။

“ဒီအမှုကို ကျွန်တော်လည်း သိပါတယ်။ သူတို့ ဘယ်သူတွေဆိုတာ မသိပေမယ့် တကယ့်ကို စိတ်မကောင်းစရာပါ။ ဒါပေမယ့် ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ သေဆုံးသွားသူတွေက သူတို့အိမ်ကို အခုလို အများအတွက် အသုံးကျအောင် အသုံးချလိုက်တာကို ပျော်ရွှင်နေကြတယ်။ ကျွန်တော်တို့ကလည်း သူတို့အတွက် နေ့တိုင်းဆုတောင်းပေးတယ်။ ခြံထောင့်မှာ သူတို့အတွက် နတ်ကွန်းထားပေးထားပါတယ်။ ကျွန်တော် ညအိပ်နေတာ သူတို့ ပစ်သတ်ခံခဲ့ရတဲ့အခန်းမှာပါ။ ဒီအိမ်ကြီးမှာ သူတို့တွေရှိနေသေးတယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူတို့က ကျွန်တော်တို့ကို အကာအကွယ် ပေးထားတယ်။ တရားခံတွေ မမိသေးတာကတော့ ကျွန်တော်ထင်တယ် (မြန်မာနိုင်ငံ) ရဲတပ်ဖွဲ့က သူတို့ဘာလုပ်ရမယ်ဆိုတာ သူတို့ သိပါတယ်။ သူတို့မှာ အဲဒီလိုလုပ်ဆောင်နိုင်စွမ်းလည်း အပြည့်ရှိပါတယ်”ဟု Royal Legacy မှ တာဝန်ရှိသူ ဟိန္ဒူဘာသာဝင် မစ္စတာ မာနူး စီရိုဟီ က ပြောကြားခဲ့သည်။

Royal Legacy စားသောက်ဆိုင်ကို နိုဝင်ဘာလ အစောပိုင်းတွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ခြံအ၀င်ဝ၌ “126” ကော်ဖီဆိုင်ကို ဖွင့်လှစ်ထားသည်။ စားသောက်ဆိုင်ဖွင့်လှစ်ရန်အတွက် နေအိမ်ကြီးကို ပြုပြင်မွမ်းမံထားပြီး နေအိမ်၏အဓိက၀င်ပေါက်တံခါးကို အိန္ဒိယနိုင်ငံမှ တင်သွင်းလာသော နှစ် ၃၀၀ ကျော် သက်တမ်းရှိ အိန္ဒိယဟန် တံခါးမကြီးတပ်ဆင်ထားရာ ၎င်းတံခါးမကြီးမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ကြေးရှိသည်ဟု မစ္စတာ ရှီဗာ က ပြောကြားသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် ဓည၀တီ (က) ရပ်ကွက်တွင် ဖြစ်ပွားခဲ့သော တပ်မတော်သားတဦးမှ အဓမ္မကျင့်သည်ဆိုသည့် မိန်းကလေးငယ် ရန်ကုန် ရန်ကင်းဆေးရုံကြီးတွင် အောက်တို ဘာလ ၂၁ ရက် မွန်းလဲ ၁နာရီ ၅ မိနစ်အချိန်တွင် အဟာရချို့တဲ့ ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

မိန်းကလေးငယ်သေဆုံးသွားရခြင်းမှာ နဂိုကတည်းက ရှိနေသည့် အဟာရချို့တဲ့ ရောဂါကြောင့် သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး ယင်းမိန်းကလေးငယ်၏ ရုပ်အလောင်းအား အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန် ရေဝေးသုဿန်တွင် မီးသဂြိုလ်ပြီးစီးသွားပြီဖြစ်သည်။ မိန်းကလေး၏ ကျန်းမာရေးအတွက် လိုက်လံဆောင်ရွက်ပေး နေသော ရခိုင်လူမှုအဖွဲ့ အစည်းများမှ အမှုမှန်ပေါ်ပေါက်အောင် ဆက်လက်ကြိုးပမ်းမည် ဖြစ်ကြောင်း သိရသည်။

၎င်း ၈ နှစ်အရွယ်မိန်းကလေးငယ်အား စစ်တွေပြည်သူ့ဆေးရုံကြီးမှတဆင့် ရန်ကုန်မြို့ ရန်ကင်းကလေးအထူးဆေးရုံကြီးသို့ အောက်တိုဘာလ ၉ ရက်နေ့တွင်ပို့ဆောင်ပြီး ဆေးကုသမှုကို ခံယူနေစဉ် နဂိုရောဂါအခံ အဟာရ ချို့တဲ့သောရောဂါဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောင်လေး

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


 စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ယင်းမာပင်ခရိုင်အတွင်းသို့ ဆောင်းပါးရေးသားသူ ကလောင်အမည် "ငါးမင်းဆွေ" လာရောက်၍ နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား နှိုင်းယှဉ်ကာ ၎င်း၏အမြင်များအား ဖော်ပြထားသည့် ဆောင်းပါးနှစ်ပုဒ်ကို အောက်တိုဘာလ ဒုတိယအပတ်အတွင်းက ဖြန့်ဝေခဲ့ကြောင်း ဒေသခံအသိုင်းအ၀ိုင်းထံမှ သိရသည်။

ငါးမင်းဆွေက ၎င်းရေးသားသော “ငါးမင်းဆွေကိုဖမ်းကြပါ”နှင့် “တိုးတက်ပြောင်းလဲခြင်း၊ ဆုတ်ယုတ် ပြောင်းလဲခြင်း၊ အမှန်တကယ်ပြောင်းလဲခြင်း” ဆိုသည့် ဆောင်းပါးနှစ်ပုဒ်ကို လက်ကမ်းစာရွက်များဖြင့် မုံရွာမြို့နှင့် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်က ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့လည်း ဘာရယ်လို့ မသိလိုက်ဘူး။ ကားလေးနဲ့ အိမ်ပေါက်ရောက်လာပြီး စာတွေ ဝေ သွားတာ” ဟု ပုလဲမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

၎င်း၏ဆောင်းပါးအတွင်း ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၄၃ နှစ်အရွယ်ထိ ပြည်သူများနှင့်အတူ ဆိုးတူ ကောင်းဖက်မနေထိုင်ခဲ့ဘဲ၊ နိုင်ငံသားတို့အကျိုးအတွက် ဘာတစ်ခုမှ မလုပ်ဆောင်ပေးခဲ့ဘဲ ရှစ် လေးလုံးအရေးတော်ပုံမှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အရှိန်အဝါဖြင့် ကျိန်းသေပေါက်အနိုင်ရမည်၊ အာဏာရမည်ဟု တွက်ချက်ကာ ၁၉၈၈ ခုနှစ်တွင် NLD ပါတီကို ထူထောင်ခဲ့ကြောင်း၊ အကျယ်ချုပ်ဘဝ၌ မိမိအိမ်တွင် ကောင်းစွာနေထိုင် စားသောက်ခဲ့ရပြီး အနောက်နိုင်ငံများက ဖူးဖူးမှုတ်ထားကြကာ ငြိမ်းချမ်းရေးနိုဘယ်ဆုအပါအဝင် ဆုပေါင်းတစ်ရာကျော်ပေးခဲ့ကြသဖြင့် ဆုကြေးငွေ အမေရိကန် ဒေါ်လာသန်းချီ၍ ရရှိခဲ့ကြောင်း စသည်များပါဝင်သည်။

“ပြည်သူတွေစဉ်းစားနိုင်အောင် ကျွန်တော်သိသလောက် အတွေ့အကြုံ၊ အယူအဆတွေကို ဖြန့်ဝေ ပေးတာပါ။ ဘယ်ပါတီကို မဲထည့်ပါ၊ ဘယ်ပါတီကို မဲမထည့်ပါနဲ့လို့ ရေးထားတာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ စဉ်းစားပြီးထည့်ကြပါ” ဟု ဖုန်းဖြင့်ဆက်သွယ်မေးမြန်းမှုအပေါ် ငါးမင်းဆွေက ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှာ တပ်မတော်သားတစ်ဦးဖြစ်ခဲ့ပြီး တပ်မတော်သားဘဝတွင် နိုင်ငံတော်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကာ အသက်မသေခဲ့သဖြင့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှ နိုင်ငံတော် သမ္မတဖြစ်လာကြောင်း၊ လောက်ကိုင်စစ်မြေပြင်၌ တိုက်ပွဲများကြားပိတ်မိနေသော ဗမာတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီဝင်များက သက်စွန့်ကြိုးပမ်းကယ်ထုတ်ခဲ့ပြီး ကျွေးမွေးစောင့်ရှောက်ကူညီထားကြောင်း စသည်များ ပါဝင်သည်။

“ ဒေါ်အောင်ဆန်းစုကြည် ရခိုင်မှာ ပြောသွားတဲ့စကားနဲ့ ပြောရရင် အဲ့လူကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီ တဲ့ကိစ္စတွေကို ဆောင်ရွက်နေတဲ့ လူတစ်ဦးဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်နေတဲ့ လူတစ်ယောက်က တစ်နိုင်ငံလုံး သွားလာနေနိုင်တယ်ဆိုတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု ကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ် ”ဟု ပုလဲမြို့နယ် NLD ပါတီဝင်တစ်ဦးက ပြောသည်။

" သူရေးသလိုဆိုရင် အစိုးရအဆက်ဆက်မှာ အုပ်ချုပ်သူလူတန်းစား ဘယ်ဗိုလ်ချုပ်တွေကရော ပြည်သူနဲ့တစ်သားတည်းရှိခဲ့လို့လား၊ ဒေါ်အောင်ဆန်းစုကြည်သွားတဲ့နောက် လိုက်ပြီး ဒီလိုစာတွေလိုက်ဝေနေတာ ၊ အလကားသွားပုပ်လေလွင့်လိုက်ရေးပြီးပွဲဆူအောင်လုပ်နေတာ" ဟုငါးမင်းဆွေ ဝေထားသည့် ဆောင်းပါးစာရွက်ကို ရရှိထားသူ ဒေသခံကျောင်းဆရာတစ်ဦးကပြောသည်။

ငါးမင်းဆွေသည် အဆိုပါလက်ကမ်းစာစောင်များကို ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ဖြန့်ဝေခဲ့ပြီးဖြစ်ကာ ဆက်လက်၍လည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အလားတူစာမျိုးကို မြို့နယ် ၁၅ မြို့နယ်ခန့်သို့ ဖြန့် ဝေခဲ့ဖူးကြောင်းကိုလည်း သိရသည်။ ရှစ်လေးလုံးအရေးအခင်းပြီးဆုံးချိန် စစ်အစိုးရလက်ထက်တွင်
ငါးမင်းဆွေရေသားသည့်ဆောင်းပါးများကို အစိုးရသတင်းစာများတွင်ဖော်ပြခဲ့ကြာသည်။

သတင်း-MMK
ဓာတ်ပုံ -Soe July
The Ladies News Journal
https://www.facebook.com/News.TheLadies


 ကယားပြည်နယ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်မည့် လူထုအခြေပြု အဖွဲ့များက ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် အမည်းနယ်မြေဟုသတ်မှတ်ထားခဲ့ကြပြီး မဲရုံမဖွင့်နိုင်ခဲ့သည့်နယ်မြေနှင့် စစ်တပ်တွင်းရှိမဲရုံများတွင် လေ့လာစောင့် ကြည့်သွားမည်ဟု သိရသည်။

ယခင်ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှု မျိုးမဖြစ်ရလေအောင် အမည်းရောင်နယ်မြေ ဟု သတ်မှတ်ခံထားရသည့် နေရာ၊ အထူးသဖြင့် စစ်တပ်မှ မဲထည့်နိုင်မည့် မဲရုံများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသမီး အဖွဲ့ KnWO မှ မမီးမီးက ပြောသည်။

“ဘောလခဲက ရေနီပေါက်အုပ်စု လို့ပြောရမှာလား ။အဲဖက်မှာက ဦးစိုးသိန်းတို့ ၀င်ပြိုင်တယ်လေ။ အဲ ဖက်က မဲရုံတွေကိုတော့ သေချာစောင့်ကြည့်သွားမယ်။ ပြီးတော့ ဘယ်လိုမျိုးနေရာမှာ အဓိက စောင့်ကြည့်သွားမလဲဆိုတော့ စစ်တပ်က ပေးနိုင်မယ့် မဲရုံတွေပေါ့နော်။ အဲလိုနေရာတွေမှာပေါ့။ တခြားရပ်ကွက်ထဲမှာ ပေးမယ့် မဲရုံတွေထက် စစ်တပ်ထဲမှာ လုပ်မယ့် မဲရုံတွေကို ပိုပြီး ဦးစားပေး စောင့်ကြည့်ဖို့ပေါ့။” ဟု မမီးမီးက ပြောသည်။


လာမည့်နိုဝင်ဘာလ ရွေးကောက်ပွဲအတွက် ကယားပြည်နယ်တွင် ရာဇာဝင်၊သမိုင်းဆိုးရှိခဲ့သော မြို့နယ်အသီးသီးရှိ မဲရုံများကို အဓိက စောင့်ကြည့်သွားရန် အစီအစဉ်ထားရှိကြောင်း ဒါနရှေ့ဆောင်မြန်မာမှ မစန္ဒာဝင်းက ပြောသည်။

“ ရာဇ၀င်နည်းနည်းရှိနေတဲ့ သမိုင်းရှိနေတဲ့ မဲရုံလေးတွေကို ရွေးချယ်မှာပါ။ အဲလို မဲရုံမျိုးကို အဓိကစောင့်ကြည့်သွားမှာပေါ့။ လေ့လာသူအချင်းချင်းမတိုက်ဆိုင်တဲ့ မဲရုံမျိုးကို ကျမတို့က ရွေးချယ်သွားမှာပါ။” ဟု မစန္ဒာဝင်းက ပြောသည်။

မဲရုံစောင့်ကြည့်လေ့လာရာတွင် လွိုင်ကော်၊ ဘောလခဲ၊ဖားဆောင်း၊ ဒီမောဆို၊ဖရူဆို မြို့နယ်တို့တွင် လေ့လာစောင့်ကြည့်ရာအဆင်ပြေနိုင်သော်လည်း ဆက်သွယ်ရေး အခက်အခဲရှိနေသေးသော ရှားတောနှင့် မယ်စဲ့မြို့နယ်တွင် အရေးပေါ်ဆက်သွယ်ရေးအတွက် အခက်အခဲရှိနေသည်ဟု ဆိုပါသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်အဖွဲ့များသည် လက်ရှိတွင် နေရာအတိအကျ ရွေးချယ်ထားခြင်းမရှိသေးသော်လည်း အောက်တိုဘာလကုန် နိုဝင်ဘာလတွင် လေ့လာစောင့်ကြည့်သူများ အားလုံး မျက်နှာစုံညီအစည်းအဝေးလုပ်ကာ နေရာ ဒေသ ရွေးချယ်သွားမည်ကြောင်းသိရပါသည်။
ကယားပြည်နယ်တွင် မဲ ရုံ စုစုပေါင်း (၂၂၉) ရုံ ရှိသည့်အနက် မဲရုံ (၂၅)ရုံမှာ စစ်တပ်တွင်းတွင်ထားရှိမည်ဖြစ်ပြီး (၃၂) ရုံမှာ လည်း တပ်မတော် အကူအညီဖြင့် ဆောင်ရွက်သွားရန်ရှိကြောင်းသိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်အတွင်း မြို့နယ်တိုင်းတွင် အမဲနယ်မြေများအဖြစ်သတ် မှတ်ထားသော မဲဆန္ဒနယ်မြေများရှိခဲ့ကြပြီး လုံခြုံရေးကန့်သတ်ချက်ကြောင့် ကျေးရွာအုပ်စု ၂၇ အုပ်စု မဲရုံမဖွင့်နိုင်ခဲ့ပေ။

ရွေးကောက်ပွဲနေ့တွင် မဲရုံနှင့် ဝေးသောနယ်စပ်ဒေသ ၊ ယခင် အမဲနယ်မြေဟုသတ်မှတ်ထားသည့် နယ်မြေများတွင် လုံခြုံရေးရဲတပ်ဖွဲ့များက တပ်မတော်အင်အားနှင့် ပူးပေါင်းပြီး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ကယားပြည်နယ်တွင်မဲဆန္ဒရှင်စာရင်း (၂)သိန်းခွဲကျော်ရှိပြီး ဒါနရှေ့ဆောင် မြန်မာ၊ Kayah State Youth Network , KnWO , Level up , People Alliance for Cradible Election ၊ ကယန်းအမျိုးသမီးအစည်းအရုံး (၁၀)ဦးနှင့် အခြားလူငယ်အသင်းအဖွဲ့များလည်း လေ့လာစောင့်ကြည့်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးဝေအောင်
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

တာချီလိတ်မြို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းမှာ အောက်တိုဘာလ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရွေးကောက် ပွဲအောင်နိုင်ရေး စည်းရုံးဟောပြောစဉ်။ Photo:Kyaw Zaw Win/RFA
 ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရှမ်းပြည်နယ်ကို ခရီးထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မနေ့က တာချီလိတ်မြို့ လေဆိပ်မှာ ကချင်၊ အခါ၊ ရှမ်း၊ မြန်မာ စတဲ့လူမျိုးပေါင်းစုံ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

ဟောပြောပွဲကို တာချီလိတ်မြို့က ရှမ်းစာပေနှင့် ယဉ်ကျေးမှုကွင်းမှာ မွန်းလွဲပိုင်းမှာ စတင်ခဲ့ပါတယ်။

ဟောပြောပွဲမှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့က မိမိတို့ နိုင်ငံသားတွေ သူများနိုင်ငံမှာ သွားရောက်လုပ်ကိုင်ရတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

"နိုင်ငံရပ်ခြားကိုသွားပြီးတော့ ဗဟုသုတရှာတယ်ဆိုတာ မှန်ကန်ပါတယ်၊ ဒါပေမဲ့ ကိုယ့်နိုင်ငံမှာ အလုပ်မရနိုင်လို့ တခြားနိုင်ငံသွားရတယ်ဆိုတာတော့ မဖြစ်သင့်ပါဘူးလို့ ကျမပြောချင်ပါတယ်"

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေး မတူဘူးလို့ ပြောဆိုနေကြတာကိုလည်း တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။

"ပါတီနိုင်ငံရေးနဲ့ အမျိုးသားနိုင်ငံရေးဆိုတာ မတူဘူးဆိုပြီးတော့ ဝါဒဖြန့်ချိကြပါတယ်၊ တကယ်တော့ ပါတီနိုင်ငံရေးဆိုတာ လက်တွေ့ကျကျလုပ်တဲ့ နိုင်ငံရေးပါပဲ၊ ကိုယ်ကနေပြီးတော့ အာဏာကိုင်ထားလို့ ကိုယ့်ကိုကိုယ် အမျိုးသားနိုင်ငံရေးလုပ်ပါတယ်လို့ သက်မှတ်လို့မရပါဘူး၊ ပြည်သူမပေးတဲ့ အဏာကို ကိုင်ထားတာဟာ ဘာမှအမျိုးသားနိုင်ငံရေးနဲ့ မဆိုင်ပါဘူးလို့ ကျမပြောချင်ပါတယ်"

အခမ်းအနားလာရောက်တဲ့ တာချီလိတ်ဒေသခံတစ်ဦးဖြစ်သူ ဒေါ်အုန်းလှ က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့အတွက် မျော်လင့်ချက်ပါပဲလို့ RFA ကို ပြောဆိုခဲ့ပါတယ်။

"အခုဒီလက်ရှိအစိုးရမှာ သူတို့ဆင်းရဲသားပြည်သူလူထုကို ကြည့်ခဲ့တာ အစ်ကိုမြင်ဖူးလား၊ တွေ့ဖူးလား၊ ခရိုနီအုပ်စုတွေပဲ သူတို့ ပိုင်ရာဆိုင်ရာတွေပဲ သူတို့ကောင်းစားသွားတာ၊ ဒါအမှန်အတိုင်းပြောတာ ကျမတို့ရင်ထဲမှာလည်း ခံစားချက်အများကြီးရှိတယ်၊ လုပ်ပိုင်ခွင့်ရှိလို့ သူတို့လုပ်နေကြတယ်၊ ကျမတို့ လုပ်ပိုင်ခွင့်မရှိဘူး၊ ကျမတို့မြို့ခံတွေက အမေစုကို မျှော်လင့်နေတယ်ဆိုတာက ကျမတို့မှာ အားကိုးမရှိ ဘူးဖြစ်နေတယ်၊ အမေစုတက်လာရင် တစ်မျိုးတစ်ဖုံပြောင်းလဲလာလိမ့်မယ်၊ ဆင်းရဲသားပြည်သူလူထု ကို ပြန်ပြီးတော့ကြည့်ပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပြီးတော့ အားလည်းကိုးတယ် လေးလည်းလေး စားတယ်၊ ဒါကြောင့်မို့လို့လည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတာပါတယ်"

ဒေါ်အောင်ဆန်းစုကြည်ရဲ့ဟောပြောပွဲကို တာချီလိတ်မြို့ခံတွေ အပါအဝင် မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယောင်း စတဲ့ဒေသတွေက ရဟန်းနဲ့ပြည်သူ သုးံထောင်ခန့် တက်ရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက် ၇ နာရီမှာ တာချီလိတ်ကနေ မိုင် ၁ဝဝ ဝေးတဲ့ ကျိုင်းတုံကို ကားနဲ့သွားမှာဖြစ်ပြီး၊ လမ်းတဝက်မှာရှိတဲ့ မိုင်းဖြတ်မှာ ခေတ္တရပ်နား ဟောပြောမှာဖြစ်ပါတယ်။  ကျိုင်းတုံမှာ စည်းရုံးဟောပြောပြီးနောက် ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အခြေစိုက် နောင်ရှောင်ပညာရေးကွန်ရက်က လာမယ့်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မြို့နယ် ၆ ခုက မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်ပါတီကို မဲပေးမလဲဆိုတာ စစ်တမ်းကောက်ယူခဲ့ပါတယ်။

ကောက်ယူရရှိခဲ့တဲ့ အချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးမယ့်ရာခိုင်နှုန်းက အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese






 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ ၂၂ ရက်နေ့ ယနေ့နံနက် တာချီလိတ်မြို့မှ ထွက်ခွါလာရာ နံနက် ၈နာရီ ၃၀ မိနစ်တွင် မိုင်းဖြတ်မြို့သို့ ရောက်ရှိခဲ့ပြီး ဒေသခံ ပြည်သူများအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။

 သတင်း - ဓါတ်ပုံ ။ ။ National League for Democracy
https://www.facebook.com/NLDParty


 ရန်ကုန်၊ အောက်တိုဘာ ၂၁

 ရခိုင်ပြည်နယ် စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ စစ်သား တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရပြီးနောက် ရန်ကုန်မြို့သို ဆေးကုသရန် ယူဆောင်လာသော အသက် (၈) နှစ်အရွယ် မိန်းခလေးငယ် သည် အောက်တိုဘာလ ၂၁ ရက် နေ့လယ် တစ်နာရီ ငါးမိနစ်တွင် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံတွင် သေဆုံးသွားခဲ့သည်။

“ အထူးကြတ်မတ် ကုသနေတဲ့ ကြားထဲက သေဆုံးသွားတာ ဖြစ်ပါတယ်။ ကလေးဒီကို ရောက်တာ နောက်ကျသွားပါတယ်။ကျွန်မတို့ လည်းအတက်နိုင်ဆုံးကြိုးစားပြီးကုသခဲ့ပါတယ်” ဟုရန်ကင်း ဆေးရုံ အထူးကြပ်မတ်ဆောင်မှ တာဝန်ကျ ဆရာဝန် ဒေါက်တာ သန်းသန်းနုမှ နိရဉ္စရာသတင်းဌာသို့ အတည်ပြု ပြောကြားသည်။

သေဆုံးသူ မိန်းခလေးငယ်မှာ မဌေးဌေးစံ (၈) နှစ်ဖြစ်ပြီး နာတာရှည် ရောဂါ ခံစားနေရသူ တစ်ဦးဟု သိရသည်။ သူမအား စက်တင်ဘာလ ၂၂ ရက်နေ့က တပ်ရင်း ၃၅၄ မှ စစ်သား တစ်ဦး၏ အဓမ္မပြုကျင့်ခြင်းကို ခံခဲ့ရသည်ဟု မိသားစုများက ပြောသည်။

၎င်းကလေးငယ်အား စစ်တွေမှ တဆင့် ရန်ကုန်သို့ယူဆောင်လာပြီး ရန်ကင်း ကလေးဆေးရုံ၌ တက်ရောက် ကုသနေရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

သူမ သေဆုံးမှုမှာ သူမခံစားနေရသော နာတာရှည် ရောဂါကြောင့်လား (သို့မဟုတ်) အဓမ္မပြုကျင့်ခံရခြင်းေ ကြာင့် သေဆုံး သွားခြင်းလား ဆိုသည်ကို ဆေးရုံမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

သူမ ဆေးရုံတက် ကုသနေစဉ် လိုက်ပါ ကူညီ ဆောင်ရွက်ပေးနေသော ရခိုင် လူငယ်များ အဖွဲ့မှ ကိုဖိုးသားကို ဆက်သွယ် မေးမြန်းရာတွင်လည်း “ အလောင်းကို အအေးခန်းကို ပို့ထားပါတယ်။ ရေဝေးကို ပို့ဆောင်ဖို့ အလုပ်နေပါတယ်။ မနက်ဖြန် သဂြိုင်္လ်သွားမှာပါ။ ဒီကလေး နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တော်တော် အလုပ်များနေပါတယ်။ အသေးစိပ်ကိုနောက်မှပြောလို့ ရမယ်ဗျာ” ဟု ပြောဆိုသည်။

သူမအား အောက်တိုဘာလ ၂၂ ရက်နေ့ မနက် ၁၀ နာရီခန့် တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

အဓမ္မပြုကျင့်သူဟု စွပ်စွဲခံထားရသူ စစ်သားအား အခုအခါ တပ်မတော်မှ ထိန်းသိမ်းထားပြီး မူးယစ်သောက်စားမှု၊ တာဝန်ပျက်ကွက်မှု၊ တပ်မတော်အား ဂုဏ်သိက္ခာ ညှိးနွမ်းစေမူတို့ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။ ယင်းအမှုများကို စီရင်ချက်ချပြီးနောက်ပိုင်းမှ အရပ်ဘက် တရားရုံးသို့ လွဲပြောင်းကာ အဓမ္မမှုနှင့် ဆက်လက် တရားစွဲ သွားမည်ဟု သိရသည်။

ဝဏ္ဍခွာညို
Arakan State
https://www.facebook.com/NarinjaraNews

ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​က ​တပ်​မ​တော်​သား ​တွေ​ကို ​ခေါ်​ယူ​တွေ့​ဆုံ
တပ်​မ​တော် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ် ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင်​က ​နေ​ပြည်​တော် ​တိုင်း ​စစ်​ဌာ​န​ချုပ်​က ​အ​ရာ​ရှိ ​နဲ့ ​တပ်​မ​တော်​သား​တွေ​ကို ​အောက်​တို​ဘာ​လ ၂၀ ​ရက်​နေ့​က ​တွေ့​ဆုံ ​အ​မှာ​စ​ကား ​ပြော​ခဲ့​ရာ​မှာ ​လာ​မယ့် ​ရွေး​ကောက်​ပွဲ ​မဲ​ပေး​မှု​နဲ့ ​ပတ်​သက်​လို့ ​ညွှန်​ကြား ​ခဲ့​ပါ​တယ်။

စစ်​တပ် ​အ​ပေါ်​စာ​နာ​သူ၊ ​အ​မျိုး ​ဘာ​သာ​ကို ​ကာ​ကွယ် ​စောင့်​ရှောက်​သူ၊ ​ပြည်​ပ ​သြ​ဇာ​ခံ ​မ​ဟုတ်​သူ​တွေ​ကို​သာ ​မဲ​ပေး​ဖို့ ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​က ​ပြော​ခဲ့​တာ​ဟာ ​ဒေါ်​အောင်​ဆန်း ​စု​ကြည်​ကို ​ရည်​ရွယ် ​ပြော​တာ ​ဖြစ်​နိုင်​တယ်​လို့ ​ပြည်​တွင်း​မှာ ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ယူ​ဆ ​ပြော​ဆို​နေ​ကြ​ပါ​တယ်။

နိုင်​ငံ​ရေး ​ဆောင်​ပါး​တွေ​ရေး​တဲ့ ​ရန်​ကုန်​က ​စာ​ရေး​ဆ​ရာ ​ဦး​ခမ်း​ဝင်း​က​လည်း ​ဒါ​ဟာ ​ဒေါ်​အောင်​ဆန်း ​စု​ကြည်​နဲ့ ​အန်​အယ်လ်​ဒီ ​ပါ​တီ​ကို ​မဲ​မ​ပေး​ဖို့ ​ညွှန်​ကြား​တာ ​ဖြစ်​နိုင်​တယ်​လို့ ​ပြော​ပါ​တယ်။

တပ်​မ​တော်​ရဲ့ ​အ​ကြီး​အ​ကဲ​က ​ပြော​ဆို ​ညွှန်​ကြား​တာ​တွေ​ကို ​သူ့ ​တပ်​သား​တွေ​က ​ငြင်း​ဆန်​နိုင်​ဖို့​တော့ ​ခက်​နိုင်​တယ်​လို့ ​သူ​က ​ပြော​ပါ​တယ်။

အ​ခု​လို ​ရွေး​ကောက်​ပွဲ ​နီး​လာ​ချိန်​မှာ ​တပ်​မ​တော် ​ကာ​ကွယ်​ရေး ​ဦး​စီး​ချုပ်​က ​သူ့​တပ်​သား​တွေ​ကို ​ခေါ်​ယူ ​ညွှန်​ကြား​တာ​ဟာ ​သူ​လို​ချင်​တဲ့ ​လမ်း​ကြောင်း​ကို ​ရောက်​အောင် ​ဖိ​အား ​ပေး​တာ ​ဖြစ်​နိုင်​သ​လို ​သူ​တို့ ​လို​ချင်​တဲ့ ​လမ်း​ကြောင်း ​က​နေ ​လွဲ​ချော်​ပြီး ​တ​ခြား ​ပါ​တီ​ကို ​ထောက်​ခံ​တဲ့ ​အင်​အား​စု​တွေ ​တပ်​ထဲ​မှာ ​ပေါ်​ပေါက်​တယ်​လို့ ​ယူ​ဆ​တဲ့ ​အ​တွက်​လည်း ​ဖြစ်​နိုင်​တယ်​လို့ ​စာ​ရေး​ဆ​ရာ ​ဦး​ခမ်း​ဝင်း​က ​သုံး​သပ်​ပါ​တယ်။

တပ်​မ​တော် ​အ​နေ​နဲ့​က ​သ​မိုင်း ​တ​လျှောက်​လုံး​မှာ ​သူ​တို့ ​လို​လား​တဲ့ ​ပါ​တီ ​တစ်​ခု​ခု​ဘက်​က​ပဲ ​ရပ်​တည်​ခဲ့​တာ​တွေ​ရှိ​ခဲ့​ပြီး ​စစ်​တိုက်​တဲ့ ​နည်း​နဲ့ ​ရပ်​တာ၊ ​လူ​ထု​ရဲ့ ​ဒီ​မို​က​ရေ​စီ ​တောင်း​ဆို​တာ ​တွေ​ကို ​ချိုး​ဖျက်​တဲ့​နည်း​နဲ့ ​ဒါ​မှ ​မ​ဟုတ် ​အုပ်​ချုပ်​ရေး ​ယ​န္တ​ရား​နဲ့ ​ဖိ​နှိပ်​ပြီး ​ရပ်​တည်​ခဲ့​တာ​ရှိ​ခဲ့​တယ်​လို့ ​သူ​က ​ပြေ​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese

ရွေးကောက်ပွဲနီးလာချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှု ရှိ - မရှိ အမေရိကန်အောက်လွှတ်တော်မှာ ကြားနာစစ်ဆေး (၂၁ အောက်တိုဘာ ၂၀၁၅)
ရွေးကောက်ပွဲနီးလာချိန်မှာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ တိုးတက်မှု ရှိ - မရှိ အမေရိကန်အောက်လွှတ်တော်မှာ ကြားနာစစ်ဆေး (၂၁ အောက်တိုဘာ ၂၀၁၅)

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေဆဲ ဆိုပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး စိုးရိမ်စရာတွေ ရှိနေဆဲ အခြေအနေတွေကို အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ဆွေးနွေးကြားနာခဲ့ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရရဲ့ မူဝါဒတွေဟာ အောင်မြင်မှုရှိတယ်လို့ မကြာခဏ ပြောဆိုနေပေမဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကန့်သတ်မှုတွေ ရှိနေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာကိုလည်း ဥပဒေပြု အမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

ရှေ့လထဲ ရွေးကောက်ပွဲတွေ ကျင်းပတော့မယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အောက်လွှတ်တော်မှာ ဆွေးနွေးကြားနာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံမှာ မကြာသေးခင်နှစ်တွေ တုန်းက အပြောင်းအလဲတွေနဲ့အတူ အမေရိကန်အစိုးရက ထိတွေ့ဆက်ဆံလာခဲ့တဲ့ မူဝါဒတွေဟာ လက်တွေ့ ကျရဲ့လား ဆိုတာကိုလည်း ရီပတ်ဘလစ်ကန်လွှတ်တော်အမတ် Steve Chabot တို့လို ဥပဒေပြုအမတ်တွေက မေးခွန်းထုတ်ခဲ့ကြတာပါ။

“အမေရိကန် အစိုးရက ကျနော်တို့ရဲ့ ဆက်ဆံရေးသစ်၊ မြန်မာနိုင်ငံသစ်ဟာ အောင်မြင်မှုတခု အဖြစ် ပြသဖို့ ကြိုးစားနေပါတယ်။ ကျနော်ထင်ပါတယ် အပြုသဘောပြောမယ်ဆိုရင်တောင် အပြတ်ပြောနိုင်တဲ့ အခြေအနေမျိုးမှာ မရှိသေးပါဘူး။ ပြဿနာတွေ ကြီးကြီးမားမား ရှိနေတဲ့အထဲမှာ ရိုဟင်ဂျာအရေးလည်း ပါပါတယ်။ ကျနော်အနေနဲ့ ဝေဖန်ရမယ်ဆိုရင်တော့ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ လက်တွဲအလုပ်လုပ်ဖို့ စိတ်အားထက်သန်နေတာပဲ ဖြစ်ပါ တယ်။ ပြုပြင်ပြောင်းလဲရေး ကတိတွေအတိုင်း ဆောင်ရွက်တာမျိုးကိုလည်း ထင်ထင်ရှားရှား သက်သေမပြနိုင်သေးပါဘူး။ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိနေဆဲဖြစ်ပြီး၊ ဒါတွေဟာလည်း စစ်တပ်နဲ့ပတ်သက်နေပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ကိစ္စမျိုးတွေပါ။”

အားလုံးပါဝင်ခွင့်မရှိဘဲ ကန့်သတ်မှုတွေကြားက ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာ၊ ရိုဟင်ဂျာမူဆလင်တွေကို တိုင်းရင်းသား အဖြစ် မြန်မာအစိုးရက လက်မခံဘဲ ခွဲခြားဆက်ဆံတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရနိုင်သေးတာ၊ ငြိမ်းချမ်းစွာ နိုင်ငံရေးလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီး အရေးယူထားတာတွေကိုလည်း အဓိကဆွေးနွေး ကြားနာခဲ့ကြပါတယ်။ သီတင်း ၃ ပတ်လောက်သာ ကျန်တော့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းလောက် မဲပေးခွင့် မရမဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း အောက်လွှတ်တော် အာရှနဲ့ပစိဖိတ် နိုင်ငံခြားရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ Matt Salmon က မေးခွန်းထုတ်ခဲ့ပါတယ်။

“မနေ့တနေ့ကပဲ ကြားရတဲ့သတင်းအရ ခန့်မှန်းချေ မြန်မာနိုင်ငံသား ၄ သန်းလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့် မရဘူးလို့ သိရပါတယ်။ ဒါဟာ တရားဝင် မဲပေးခွင့်ရှိသူ ၃၃ သန်းခွဲထဲမှာ ၁၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ကျနော့်အနေနဲ့ကတော့ ဒီရွေးကောက်ပွဲဟာ အများက ယုံကြည်လက်ခံနိုင်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာမှာလားဆိုတာ ဘယ်လိုများ ဆန်းစစ် အကဲဖြတ်ထားသလဲဆိုတာ သိချင်ပါတယ်။ ဒါဟာမြန်မာပြည်သူတွေက ရွေးကောက်ပွဲကို လက်ခံသလားဆိုတဲ့ အပေါ်မှာ လုံးဝမူတည်နေတယ်လို့ ကြားပါတယ်။ လေ့လာအကဲခတ် သိလာရတဲ့ အပေါ်မှာ ကျနော်တို့ တခုခုဆုံးဖြတ်မယ်လို့လည်း ကြားပါတယ်။ ဒါနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ တကယ်လို့သာ ရွေးကောက်ပွဲဟာ ကျနော်တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘူးဆိုရင်ရော ဘာလုပ်မှာလဲ။”

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နဲ့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID ဒုတိယအကြီးအကဲ Jonathan Stivers တို့ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်က စိန်ခေါ်မှုတွေကို အမေရိကန် အစိုးရတာဝန်ရှိသူတွေအနေနဲ့ သတိပြုမိတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ မမြင်သလို လုပ်နေမှာတော့ မဟုတ်ကြောင်း၊ နောက်တက်လာမယ့် အစိုးရကိုလည်း အမေရိကန်က ဆက်လက် ကူညီသွားမှာဖြစ်ပြီး၊ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူဒဏ်ခတ်မှုတွေ ထပ်ပြီး လျှော့ချဖို့ဆိုတာဟာ ဖြစ်စဉ်တခုလုံးပေါ် မူတည်တယ်လို့လည်း ၀န်ကြီး Russel က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် သတိထားရမယ့် စိန်ခေါ်မှုတွေကိုလည်း အနီးကပ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ အခုလို ဖြေကြားသွားခဲ့ပါတယ်။

“အခြေခံအားနည်းချက်တွေ ရှိနေတယ်ဆိုတာကို ကျနော်တို့ ခေါင်းထဲမှာ အမြဲထည့်ထားပါတယ်။ လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်ကိုယ်စားလှယ်တွေက နေရာယူထားတာဟာ ဘယ်လိုမှ တရားမျှတမှုမရှိပါဘူး၊ White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ မဲပေးခွင့်မရတာဟာလည်း တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ နိုင်ငံရေးပါတီတွေက ဒီချို့ယွင်းချက်တွေ ရှိနေတယ်ဆိုတဲ့ အသိနဲ့ပဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။ ကျနော်တို့ အနေနဲ့လည်း မြင်တွေ့ ကြားသိရတာတွေအပေါ် အခြေခံပြီး အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တခြား နိုင်ငံရေးပါတီတွေ၊ ပြီးတော့ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ပြောဆိုမှုတွေအပေါ် အခြေခံပြီး ဆန်းစစ်အကဲဖြတ်သွားမှာပါ။ ဒီအထဲမှာ IFES၊ IRI၊ NDI၊ ကာတာစင်တာ၊ အီးယူရွေးကောက်ပွဲ စောင့်ကြည့်ရေး စတဲ့ အဖွဲ့တွေ ပါဝင်ကြတာဟာလည်း ဒီနေရာမှာ အရေးကြီးပါတယ်။ ပြည်တွင်းက ထောင်နဲ့ချီတဲ့ ရွေးကောက်ပွဲ စောင့်ကြည့်သူတွေရဲ့ ပြောဆိုချက်တွေကိုလည်း ကျနော်တို့က နားထောင်သွားမှာပါ။ မြန်မာသတင်းမီဒီယာတွေနဲ့ မြန်မာပြည်သူတွေရဲ့ ပြောဆိုချက်တွေလည်း နားထောင်ပြီးတော့ ကျနော်တို့အနေနဲ့ ချင့်ချိန် အကဲဖြတ် သွားမှာပါ။”

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေအပေါ် ဆက်ဆံမှုတွေကို အထူး စိုးရိမ်မိသလို၊ ရွေးကောက်ပွဲရက်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်စေနိုင်တဲ့ အမုန်းစကား ပြန့်ပွားမှုကိုလည်း ၀န်ကြီး Russel က သတိပေးသွားခဲ့ပါတယ်။ မြန်မာ့အရေး အောက်လွှတ်တော် ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Joe Crowley ကလည်း - လာမယ့်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ တကယ့်ဆန္ဒအမှန်ကို အကောင်အထည် ဖော်ပေးနိုင်လိမ့်မယ်ဆိုတဲ့အပေါ် သံသယရှိနေတာပါ။

“ဒီရွေးကောက်ပွဲက မြန်မာပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒတွေကို ဖော်ထုတ်နိုင်မယ်လို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်က လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို နေရာယူထားဦးမှာပါ။ ဒါတွေကို ပြောင်းလဲပစ်ဖို့ လိုပါတယ်။ ဒါကိုလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းစကားပါးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရီပတ်ပလစ်ကန်ရော၊ ဒီမိုကရက် ပါတီ ၂ ရပ်စလုံးကပါ - ဒါတွေ ပြောင်းလဲဖို့လိုအပ်တယ်လို့ သဘောတူ လက်ခံထားကြပါတယ်။”

ဒါ့အပြင် အောက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဌ Ed Royce ကလည်း - မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အမည်မဲစာရင်းမှာ ထည့်သွင်းဖို့ အမေရိကန် ဘဏ္ဍာရေးဌာနကို တောင်းဆိုခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့က ၀ါရှင်တန်မှာ ကျင်းပခဲ့တဲ့ ကြားနာပွဲမှာတော့ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားနေတဲ့ United to End Genocide အဖွဲ့ မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ U.S. Campaign for Burma တို့က တာဝန်ရှိသူတွေလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူ့အခွင့်အရေးအရ နောက်ပြန်ဆွဲတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ကြပါတယ်ရှင်။

VOA
http://burmese.voanews.com/content/burma-us-hearing/3017504.html

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ကျင်းပတဲ့ မဲဆွယ်စည်းရုံးရေးဟာပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကို စက်တင်ဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးဟောပြောပွဲကို မြို့နယ် အားကစားကွင်းမှာ ခွင့်ပြုခဲ့တဲ့ ခန္တီးမြို့နယ် အားကစားဦးစီး မှူးနဲ့ ဒုတိယဦးစီးမှူးအပါအ၀င် ၇ ဦးကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး ညွှန်ကြားရေးမှူးနဲ့ တိုင်းဒေသကြီး အားကစားဦးစီးမှူးတို့က နှစ်ရက်ကြာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ဟောပြောပွဲကို ဂုဏ်ယူဝမ်းမြောက်စွာ ခွင့်ပြုပါကြောင်းဆိုပြီး စာထုတ်တာကို ဘာကြောင့် အဲဒီလိုအသုံးအနှုန်းသုံး တာလဲဆိုပြီး စစ်ဆေးမေးမြန်းတယ် လို့ ဟောပြောပွဲကို ခွင့်ပြုခဲ့တဲ့ မြို့နယ်အားကစားဦးစီးမှူး ဦးဝင်းမင်းဇော် က ပြောပါတယ်။

"အဓိကအားကစားဝင်းဖြစ်တဲ့အတွက် အားကစားဦးစီးမှူးနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းတွေကိုခေါ်ပြီးတော့ စစ်ဆေးမေးမြန်းတယ်၊ ထွက်ဆိုချက်တွေယူတယ်၊ မှန်ကန်ကြောင်းလက်မှတ်ထိုးပေးရတယ်၊ နောက်ပြီးတော့ လွှတ်တော်ရဲ့ညွှန်ကြားရေးမှူးကတော့ လုပ်လာတဲ့သက်တန်းမှာ ဒီလိုမျိုးခွင့်ပြုတာတော့မကြုံဘူးသေး ဘူးပေါ့၊ ရိုးရိုးတန်းတန်းခွင့်ပြုတာလောက်ပဲပေါ့လေ၊ ကျနော်လည်းစာလုံးကို ပြန်စီရတာ၊ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ဆိုတာလေးကိုပြန်စီရသေးတယ်၊ ကျနော်အနေနဲ့ ပြန်အဖြေပေးလိုက်တာက လာရောက်ဟောပြောမည့် ပုဂ္ဂိုလ်က လွှတ်တော်ထဲမှာတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်ဖြစ်ခြင်း၊ နိုင်ငံသိ၊ ကမ္ဘာသိ၊ ဒီလိုပုဂ္ဂိုလ်မျိုးက လာရောက်ဟောပြောမှာဆိုတော့ ကိုယ့်အနေနဲ့ဂုဏ်ယူဝမ်းမြောက်မိတယ်ပေါ့၊ ဒါကြောင့်ဒီအသုံးအနှုန်းလေးကို ထည့်ရေးမိပါတယ်"

ဒါ့အပြင် အားကစားကွင်း ၀င်ပေါက်ဟာ ကားတွေ ၀င်ထွက်လို့မရတာကြောင့် ဟောပြောပွဲနေ့မှာ ခြံစည်းရိုးကို ဖျက်ပြီး ၀င်ပေါက်လုပ်ခဲ့တာကိုလည်း စစ်ဆေး ခဲ့တယ်လို့ သိရပါတယ်။ အဲဒီခြံစည်းရိုးတွေကို ပြန်ပြုပြင်ပေး တယ်လို့လည်း သိရပါတယ်။

စစ်ဆေးမေးမြန်းခံရသူ ၇ ဦးထဲမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ ၇ ဦးရဲ့ ထွက်ဆို ချက်တွေကို တိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် တိုင်းအစိုးရအဖွဲ့ထံ တင်ပြပြီးနောက်မှ ဆုံးဖြတ်ချက်ချမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က ခန္တီးမြို့ အားကစားကွင်းမှာ ဟောပြော ခဲ့တာဖြစ်ပါတယ်။

အဲဒီဟောပြောပွဲရက်မတိုင်ခင်မှာ တိုင်းဒေသကြီးအစိုးရက အားကစားကွင်းမှာ ဟောပြောပွဲ ကျင်းပခွင့် မပေးနိုင်ကြောင်း အကြောင်းကြားခဲ့ပြီးနောက် မှ ပြုလုပ်ခွင့်ပြုတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/stadium-officer-dassk-campaign-rally-10212015134130.html

sspp-ssa-620.jpg ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းရှူးမြို့နယ်ထဲမှာ အစိုးရတပ်မတော်နဲ့ ရှမ်းပြည် မြောက်ပိုင်းတပ်တွေ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမယ်ဆိုရင် အဲဒီမြို့နယ် ထဲက မဲရုံတွေကို လုံခြုံရတဲ့နေရာတွေဆီ ပြောင်းရွှေ့ဖို့ စဉ်းစားရ မယ်လို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
မိုင်းရှုးမြို့နယ်ထဲက တာဆန်ပူးနဲ့ ဝမ်ဆော့ကျေးရွာတွေအနီးမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်နေပြီး ကော်မ ရှင်အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးနိုင်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရှမ်းပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်က ဒုတိယညွှန်ကြားရေးမှူး ဦးသန်းလွင်မြင့် က ပြောပါတယ်။

"ဒီနေရာဒေသတွေမှာ လုံခြုံရေးကိုတော့အပြည့်အဝထားပြီးဆောင်ရွက်ဖို့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော် မတီကနေလည်းဆောင်ရွက်နေတာတွေ ရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ကတော့ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူမဲပေးလို့ရအောင်တော့ ကျနော်တို့ကဆောင်ရွက်နေတာလေးတွေရှိပါတယ်၊ တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေမယ်ဆိုရင်တော့ နောက်ဆုံးလုပ်နိုင်တဲ့အနေအထားကတော့ မဲရုံတွေ ကိုရွှေ့ပြောင်းထားရမယ့် သဘော သက်ရောက် သွားပါလိမ့်မယ်၊ ဆက်လက်ပြီး တိုက်ပွဲတွေက ပြင်းထန်နေမယ်ဆိုရင်"
မိုင်းရှူးမြို့နယ်မှာ မဲရုံပေါင်း ၃၄ ရုံရှိပြီး မဲဆန္ဒရှင် ငါးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဲရုံလုံခြုံရေး အတွက် သက်ဆိုင်ရာရဲဝန်ထမ်းတွေအပြင် တပ်မတော်က အင်အားထပ်ဖြည့်ပေးဖို့ ရွေးကောက်ပွဲလုံခြုံရေးဆိုင် ရာကော်မတီထံ တင်ပြထားတယ်လို့ ပြောပါတယ်။

တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး အဲဒီဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ရင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် အရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာ ဒါမှမဟုတ် အဲဒီတိုက်ပွဲဖြစ်တဲ့နေ ရာတွေမှာ ရွေးကောက်ပွဲ မကျင်းပတော့ ဘဲ ပယ်ဖျက်နိုင်တဲ့အထိ လုပ်ဆောင်နိုင်ကြောင်း လည်း ပြောပါတယ်။
မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်တစ်ဝိုက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့ကတည်းက အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ ရက် ၂၀ နီးပါးရှိပြီဖြစ်ကာ စစ်ဘေးကြောင့် တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် သုံးထောင်နီးပါးရှိနေပြီလို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/doubtful-elections-battle-10212015124757.html

 sspp-ssa-620.jpg ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက SSPP/SSA တပ်တွေအခြေစိုက်တဲ့ မိုင်းရှုးမြို့နယ်ထဲကစခန်းတွေကို မြန်မာအစိုးရ တပ်တွေက ဒီနေ့မနက်မှာ လက်နက်ကြီးတွေ ပစ်ပြီးထိုးစစ်ဆင်နေလို့ SSPP/SSA တပ်တွေဘက်က တာဆန်ပူး တပ်စခန်း ကိုဆုတ်ခွာပေးလိုက်ပြီး၊ ဒေသခံရွာသားတွေလဲထွက်ပြေးနေရတယ်လို့ သိရပါတယ်။

အခုရက်ပိုင်းဖြစ်နေတဲ့ နှစ်ဘက်တိုက်ပွဲတွေအတွင်း SSA အဖွဲ့ဘက်က ၅ ယောက်ကျဆုံးပြီး ၁၅ ယောက်ဒဏ်ရာရ ထားသလို၊ အစိုးတပ်ဘက်မှာလဲ အထိ အခိုက်အကျအဆုံးများလိမ့်မယ်လို့ SSPP/SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

အခုလိုအခြေအနေကြောင့် SSA ကိုယ်စားလှယ်တစ်ဦးကဝန်ကြီးဦးအောင်မင်းတို့နဲ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံဆွေးနွေးတဲ့အခါ မြန်မာ့တပ်မတော်ဘက်က အစိုးရအဖွဲ့ထံ အကြောင်းပြထားတဲ့ အချက်တွေက လက်တွေ့နဲ့ ကွဲလွဲနေတဲ့အတွက် အဖြစ်မှန်တွေရေးထားတဲ့စာတစောင်ကို ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဆီ ဒီနေ့ပို့လိုက်တယ်လို့ ဗိုလ်မှူး ကြီးစိုင်းလက RFA ကို ပြောပါတယ်။

"ဦးအောင်မင်း၊ ဦးသိန်းဇော်တို့က တပ်ကအထက်ကိုတင်တဲ့အချက်ထဲမှာ ကျနော်တို့ သူတို့သွားတဲ့ လမ်းကြောင်းကို ပိတ်ဆို့တယ်၊ အဟန့်အတားလုပ်တယ်၊ နယ်မြေကျော်ပြီးတော့ စခန်းလုပ်တယ်၊ နောက် တပ်စခန်းကိုဝင်ရောက်ပစ်ခတ်တယ် ဆိုတဲ့ အချက်တွေပါတယ်လေ၊ အဲ့ဒီအချက်တွေက ကျနော်တို့လည်း နယ်မြေကျော်ပြီး စခန်းဆောက်တာမဟုတ်ဘူး၊ ကျနော်တို့တပ်တွေလွှတ်ပြီးတော့ ပစ်ခတ်တာလည်း မဟုတ်ဘူး၊ အဲ့ဒီဖြစ်စဉ်တွေမမှန်ကန်တဲ့အကြောင်းတွေ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ် ဒုတိယ ဥက္ကဌဖြစ်တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဆီ ဒီစာကိုတင်လိုက်တာ၊ ကျနော်တို့လည်းဒီနေ့အစည်းဝေးထိုင် ပြီးတော့ စာတစ်စောင်ပို့လိုက်ပါတယ်"

တိုက်ပွဲဖြစ်နေတဲ့နေရာဟာ SSPP/SSA ရဲ့ ဝမ့်ဟိုင်းဌာနချုပ်နဲ့ ၁၀ မိုင်အကွာ လောက်မှာဖြစ်ပြီး၊ အဲဒီနေရာ ဟာ တောင်ပိုင်းအဖွဲ့နဲ့မြောက်ပိုင်းအဖွဲ့တို့ ဆက်သွယ်နိုင်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ အခုအခြေအနေမှာ တဘက်ကဆွေးနွေးတဲ့ နည်းကျင့်သုံးပြီး၊ တဘက်ကနေ မတရားတဲ့တိုက်ခိုက်မှုတွေကို ခုခံစစ်အနေနဲ့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ SSPP/SSA အဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို လောလောဆယ်မှာ ဝမ့်ဟိုင်းဌာနချုပ်လုံခြုံရေးတပ်တွေက စောင့်ရှောက်ပေးထားတယ် လို့ ပြောပါတယ်။ SSPP/SSA အဖွဲ့ဟာ အရင်စစ်အစိုးရ နဲ့အပစ်ရပ်ခဲ့ပေမယ့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပြီး၊ အခုတစ်ကြိမ် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ အဆင်သင့် မဖြစ်သေးတဲ့ အဖွဲ့တွေ ထဲမှာ ပါဝင်နေပါတယ်။

RFA
http://www.rfa.org/burmese/news/battle-fiercely-shan-sspp-ssa-10212015120801.html

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရေးအပါအ၀င် ၂ နိုင်ငံ ဆက်ဆံရေး အပြည့်အ၀ ပုံမှန်ပြန်ဖြစ်လာရေးအတွက် နိုဝင်ဘာ ရွေးကောက်ပွဲက အဓိက အရေးပါသည့် တိုင်းတာမှုတစ်ခု ဖြစ်သည်ဟု သမ္မတ အိုဘားမား၏ အမျိုးသား လုံခြုံရေးဆိုင်ရာ လက်ထောက်အကြံပေး ဘန်ရို့ဒ်က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်နေပါက ၀ါရှင်တန်က ထိတွေ့ ဆက်ဆံမှု ပိုမိုပြုလုပ်မည့် မူဝါဒကို ကျင့်သုံးမည်ဟု မစ္စတာရို့ဒ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိတွေ့ ဆက်ဆံမှုများတွင် ပိတ်ဆို့မှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ခြင်းနှင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရန် ကူညီထောက်ပံ့ခြင်းတို့ ပါဝင်သည်ဟု ဆိုသည်။

၂၀၁၁ တွင် စစ်အာဏာရှင်စနစ်မှ အရပ်သားတစ်ပိုင်း အစိုးရ အုပ်ချုပ်ရေး ပြောင်းလဲခဲ့ပြီးနောက် နိုင်ငံအနေဖြင့် မည်မျှ ရှေ့ဆက်နိုင် ခဲ့သည်ကို နိုဝင်ဘာ ရွေးကောက်ပွဲက စမ်းသပ်မှုတစ်ခု ဖြစ် သည်။ မြန်မာနိုင်ငံ၏ အရပ်ဘက် အုပ်ချုပ်ရေး ပြောင်းလဲမှုအား နိုင်ငံခြား မူဝါဒ အောင်မြင်မှုအဖြစ် မှတ်ယူထားသည့် အိုဘားမား အစိုးရ အတွက် နိုဝင်ဘာ ရွေးကောက်ပွဲက မည်မျှ အရေးကြီးကြောင်း မစ္စတာရို့ဒ်၏ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်က ဖော်ပြလျက်ရှိသည်။

ရွေးကောက်ပွဲမှာ အလွန်အရေးကြီးသည့် အချိန်အခါဖြစ်ကြောင်း အမေရိကန်က ရှင်းလင်းစွာ ရှုမြင်ထားသည်ကို ပြသရန် မစ္စတာ အိုဘားမား က စေလွှတ်ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာရို့ဒ်က ဆိုသည်။ ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူလူထု၏ ဆန္ဒကို ထင်ဟပ်နိုင်ရမည်ဟု မစ္စတာရို့ဒ်က ပြောကြားသည်။

မစ္စတာရို့ဒ်သည် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ တွေ့ဆုံရာတွင် ဘာသာရေး တင်းမာမှု မြင့်တက်လာခြင်း အပါအ၀င် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမေရိကန်၏ စိုးရိမ်မှုများကို အသိပေးပြောကြားခဲ့သည်ဟု ဆိုသည်။ အစိုးရနှင့် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုမည်ဟု ကတိပြုခဲ့ကြောင်း မစ္စတာရို့ဒ် က ပြောကြား သည်။ ရွေးကောက်ပွဲရလဒ်ကို မလေးစားခြင်းသည် နောက်ကြောင်းပြန် လှည့်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြပြီး အမေရိကန်က မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို ရာစုနှစ်ဝက်မျှ အုပ်ချုပ်ခဲ့သည့် စစ်အာဏာရှင်စနစ် အဆုံးသတ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့မှုအချို့ ရုပ်သိမ်းပေးခဲ့သည်။ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ထောက်ခံခဲ့သော်လည်း ယခင် စစ်အာဏာရှင်များနှင့် ဆက်နွယ်မှုရှိသည့် လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီ ၂၀၀ ကို အမည်စာရင်းသွင်းထားခြင်း အပါအ၀င် ပိတ်ဆို့မှုအချို့ကို ဆက်လက်ထားရှိသည်။

ထိုပိတ်ဆို့မှုများက အမေရိကန် စီးပွားရေး လုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အခက်အခဲဖြစ်စေပြီး နိုင်ငံရေး မရေရာမှုများ ဖြေရှင်းနိုင် ချိန်အထိ ရှိနေမည်ဖြစ်သည်။

မစ္စတာရို့ဒ်က “နိုဝင်ဘာ ၈ ရက်ပြီး သွားရင်တောင် လုပ်ငန်း မပြီးသေး ပါဘူး” ဟု ပြောကြားသည်။ ရွေးကောက်ပွဲ ပြီးပါက အစိုးရသစ်နှင့် စစ်တပ် အပါအ၀င် နိုင်ငတွင်း အခြားအဖွဲ့အစည်းများ နားလည်မှု တည်ဆောက်ရန် ၀ါရှင်တန်က လိုလားသည်ဟု မစ္စတာရို့ဒ်က ပြောကြားခဲ့သည်။

KHTun

Ref - WSJ

The Ladies News Journal

မဲစာရင်းများမှားယွင်းမှုများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ယူ၊ တာဝန်ခံပေးရေး ပြည်မြို့၌ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူအား မိနစ်ပိုင်းအတွင်းမှာပင် ရဲတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို အောက်တိုဘာလ ၂၁ ရက်နေ့နံနက်ကိုးနာရီခွဲခန့်က ပြည်မြို့၏၊ ဗိုလ်ချုပ် အောင်ဆန်းမြင်းစီးကျောက်ရုပ်အနီးမှ စတင်ရန် ရွေးကောက်ပွဲကော်မရှင်အားတောင်းဆိုရေးသား ထားသည့်ဗီနိုင်းပိုစတာများအားထမ်း၍ လမ်းလျှောက်လာစဉ်မိနစ်ပိုင်းအတွင်းမှာပင် နယ်မြေခံ မြို့မအမှတ်(၂) စခန်းမှူးနှင့်ရဲတပ်ဖွဲ့ ရှစ်ဦးခန့်တို့က ဆန္ဒထုတ်ဖော်သူအား ပိတ်ဆို့ဖမ်းဆီးကာ ဗီနိုင်းများကို ဖြုတ်သိမ်းခြင်းတို့ကို ပြုလုပ်ပြီး ကားပေါ်သို့ဆွဲတင်ကာ အဆိုပါရဲစခန်းသို့ချက်ချင်းခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

“ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်လောလောဆယ်တော့သူ့ကို အမှုမဖွင့်ဘူး သူ့သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးကိုလှမ်းခေါ်မယ် သူကို့ခံဝန်ထိုးခိုင်းပြီးပြန်ထည့်လိုက်မှာပါ အမှုမဖွင့်ပါဘူးလမ်းပိတ်ဆို့မှုလည်း မဖြစ်တဲ့အတွက် ဒီအချိန်မှာရွေးကောက်ပွဲအတွက်အဖျက်အမှောက်တွေကို တင်းတင်းကျပ်ကျပ် တားဆီးလုပ်ဆောင်ရမဲ့အချိန်မို့လုပ်ရတာပါ မလိုလားအပ်တဲ့ပြသာနာတွေ မဖြစ်ရေးကြိုတင်လုပ်ရတာ ဖြစ်ပါတယ်” ဟု မြို့မ အမှတ်(၂) ရဲစခန်းမှဦးမျိုးမြင့်ကပြောသည်။

ဆန္ဒပြတောင်းဆိုထားသည့် ဗီနိုင်းပိုစတာနှစ်ခုတွင် နိုင်ငံတကာအထောက်ပံ့များနဲ့ ပြည်သူ့ဘဏ္ဍာတွေအပြည့် သုံးထားတဲ့ရွေး/ကော် ၃၀% (လုံးဝ) လက်မခံ၊ အပြည့်အ၀တာဝန်ယူပေး၊ ပြည်သူတစ်ဦးမဲပေးခွင့်ဆုံးရုံုးခြင်း၊ မဲအလွဲသုံးစားလုပ်ပါကပြည်သူလူထုရဲ့ဒဏ်ခတ်မှု ကြိမ်းသေခံရမည် ရွေးကော်ဥက္ကဌနဲ့အဖွဲ့ဘက်လိုက်မှု ချက်ခြင်းရပ်၊ ရွေးကောက်ပွဲဥပဒေနဲ့အညီအရေးယူပေး၊ မိကောင်းဖကောင်း သားသမီးမှန်လျှင်မရိုးမသားလုံးဝ မလုပ်ဘူးဟုရေးသားထားသည်။

“ဆန္ဒစပြနေတုန်းလေးပဲရှိသေးတယ်။ ရဲတွေ လာဖမ်းပြီးကားနဲ့ စခန်းကိုခေါ်သွားတယ်။ ကျွန်တော်တို့ သတင်းထောက်တွေ လိုက်သွားတော့ရဲစခန်းထဲကို ၀င်ခွင့်မပေးဘူး။ အခြားလူတွေကိုတော့ ၀င်ခွင့်ပေးတယ်။ စခန်းမှူးက စခန်းထဲကနေပြီးတော့ အမှုမဖွင့်ပါဘူး။ အုပ်ချုပ်ရေးမှူးကို ပြန်ထည့်ပေးလိုက်မှာလို့ဖြေပေးတယ်။ တော်တော်ကြာကြာထပ်စောင့် နေကြတော့ သတင်းထာက်အားလုံးကိုယ်စား ဆိုပြီးတစ်ယောက်ပဲ အချက်လက်လာယူပါလို့ပြောတယ်။ ဖမ်းဆီးခံရသူနဲ့လည်းတွေ့ခွင့်မရခဲ့ပါဘူး” ဟု မြို့ခံသတင်းထောက် ကိုသီဟလွင်ကပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့သူမှာ ပြည်မြို့နယ်၊ တဲကုန်းကျေးရွာအုပ်စု၊ ဆင်ပိုက်ကျေးရွာမှ အသက်လေးဆယ့်ရှစ်နှစ် အရွယ်ရှိ ဦးတင်ဌေးဝင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ- ဝေလင်း(ပြည်)
.
Credit : Eleven Media Group
ဓါတ်ပုံ - Myanmar Pressphoto Agency

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံနံဘေး၌ သပိတ်စခန်းဖွင့် ဆန္ဒပြခဲ့သည့် မိကျောင်းကန် ပြည်သူ ၁၃ ဦးအား ကျောက်တံတားမြို့နယ် တရားရုံးက အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ် လေးလစီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိကျောင်းကန် သပိတ်စခန်းဖွင့် ပြည်သူများအနက် တစ်ဦးဖြစ်သည့် ကိုမောင်မောင်မှာ တရားရုံးချိန်းများကို လာရောက်ခြင်းမရှိဘဲ တိမ်းရှောင်နေသည့်အတွက် အောက်တိုဘာ ၁၄ ရက်တွင် ၎င်းအား ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေး အဖြစ် သတ်မှတ်ခဲ့ပြီး ကျန်မိကျောင်းကန် ပြည်သူ ၁၃ ဦးက ၎င်းတို့ ရရှိထားသည့် ကိုယ်ပိုင်ခံဝန်များကို ရုတ်သိမ်းကာ ယင်းနေ့တွင်ပင် အဖမ်းခံခဲ့သည်။ ထိုသို့ အဖမ်းခံခဲ့သည့်အတွက် ၎င်းတို့၏ ချုပ်ရက်များအား အမိန့်ထဲမှ ထုတ်နုတ်ခံစားခွင့် ရရှိကြောင်း မိကျောင်းကန် ပြည်သူများ၏ ရှေနေ့ဒေါ်သဇင်အေး၏ ပြောကြားချက်အရ သိရသည်။

ထောင်ဒဏ်လေးလ ချမှတ်ခံခဲ့ရသည့် ဒေါ်စောသိန်းက “သူများတွေကိုတော့ တစ်လပဲချပြီး မိကျောင်းကန်သားတွေကို လေးလချတာ မကျေနပ်ပါဘူး။ အဘိုး အဘွားတွေက ဒီအချိန်မှာ တရားစခန်း ၀င်နေတဲ့အချိန် ထောင်ကို ၀င်နေရတယ်ဆိုတာကို လုံးဝ ကန့်ကွက်တယ်” ဟု ဆိုသည်။

သိမ်းဆည်းခံ မြေယာများ ပြန်လည် ပေးချေရန် တောင်းဆိုခဲ့သည့်အတွက် ထောင်ဒဏ် လေးလချမှတ်ခြင်းကို ခံခဲ့ရသည့် မိကျောင်းကန် ပြည်သူများက ၎င်းတို့မှာ ထောင်ကျနေသဖြင့် အခြားသူများ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးခွင့် မရှိသည့်အတွက် ပြည်သူများကို ကူညီပေးမည့် အစိုးရ၊ တရားဥပဒေ စိုးမိုးမှုရှိသည့် အစိုးရနှင့် မြေယာမဲ့ ပြည်သူများ လွတ်မြောက်အောင် လုပ်ဆောင်ပေးမည့် အစိုးရကိုသာ မဲပေးကြရန် အချုပ်ကားပေါ် မတက်ခင် ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့တွေကို ထောင်လေးလစီ ချမှတ်တယ်။ ကျွန်တော်တို့တွေက တရား ဥပဒေအရ ထောင်ဒဏ်ချမှတ် အရေးယူတာကို ခံခဲ့ရပြီးပြီ။ ၁၉၉၀/၉၁ ခုနှစ်က ကျွန်တော်တို့ မြေယာတွေကို မတရား သိမ်းဆည်းခဲ့တဲ့ စစ်အစိုးရကိုကျကော ဘယ်သူမှ တရားစွဲ အရေးယူမယ့်သူ မရှိဘူး။ တရားဥပဒေအရ မြေယာ ဆုံးရှုံးခဲ့တဲ့ ပြည်သူတွေ အကုန်လုံးကို ဖြေရှင်း ညှိနှိုင်းမှု တစ်စုံတစ်ရာ မရှိခဲ့ရင် နောက်အစိုးရ တက်ရင်တောင် ဆန္ဒပြ တောင်းဆိုသွားမယ်” ဟု ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် မိကျောင်းကန် ပြည်သူတစ်ဦးက ပြောကြားသည်။

တရားရုံးချိန်းများကို လာရောက်ခြင်း မရှိသည့်အတွက် တရားခံပြေးအဖြစ် သတ်မှတ်ခြင်း ခံထားရသည့် ကိုမောင်မောင်အား မျက်ကွယ် အမိန့်ချမှတ်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ မိကျောင်းကန် ပြည်သူများ၏ ရှေ့နေဖြစ်သူ ဒေါ်သဇင်အေးက “တရားခံပြေးအဖြစ် ကြေညာထားတဲ့ တစ်ဦးက သူတို့နဲ့ သီးသန့်စီ ဖြစ်သွားပါပြီ။ နောက်ဖမ်းမိခဲ့ရင်လည်း သီးသန့်ပဲ အစစ်ခံရလိမ့်မယ်။ သူတို့နဲ့ မဆိုင်တော့ဘူး” ဟုဆိုသည်။

အဆိုပါ မိကျောင်းကန် သပိတ်စခန်း ဖွင့်ပြည်သူများသည် ၁၉၉၀/၉၁ ခုနှစ်များတွင် သိမ်းဆည်းခံထားရသည့် ၎င်းတို့၏ မြေယာများ ပြန်လည် ရရှိရန်အတွက် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံဘေးတွင် သပိတ်စခန်းဖွင့် ဆန္ဒပြ တောင်းဆိုနေစဉ် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် စည်ပင် ရဲဝန်ထမ်းများနှင့် အရပ်ဝတ်များက ရက်ပေါင်း ၃၄၀ မြောက်နေ့၌ သပိတ်စခန်းအား လာရောက် ဖြိုခွင်းခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ သပိတ်စခန်း ဖြိုခွင်းခံခဲ့ရပြီးနောက် မိကျောင်းကန် ပြည်သူ ၁၄ ဦးအား ကျောက်တံတား တရားရုံးက ပုဒ်မ-၁၈ နှင့် လသာစည်ပင်သာယာ တရားရုံးက စည်ပင်သာယာ ဥပဒေ ပုဒ်မ-၆၈ ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မိကျောင်းကန် ပြည်သူများကို ကျောက်တံတားမြို့နယ် တရားရုံးက ပုဒ်မ-၁၈ အတွက် ထောင်ဒဏ်လေးလစီ ချမှတ်ခဲ့သော်လည်း လသာ စည်ပင်တရားရုံးတွင်မူ လာမည့် အောက်တိုဘာ ၂၆ ရက်တွင် ထောင်ထုတ်ဝရမ်းဖြင့် အမိန့်ချမှတ်ခံခဲ့ရသည့် မိကျောင်းကန် ပြည်သူ ၁၃ ဦးကို ရုံးထုတ် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
Writer:
ရှိုင်းလင်းအောင်
Eleven Media Group

ရှိုင်းလင်းအောင်

ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင်းရှိ ကျေးရွာများသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အောင်နိုင်ရေး မဲဆွယ်စည်းရုံး ဟောပြောပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မြင်းများစီးနင်းကာ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းကြိုဆိုမှုကို အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ရှစ်နာရီခန့်က မြို့နယ်အောင်နိုင်ရေးရုံးသို့ မြင်းများစီးကာ လာရောက်ကြိုဆိုခဲ့ကြခြင်းဖြစ်ပြီး NLD ပါတီမှ ဒေသတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မြင်းအလှပြယာဉ်လေးများဖြင့် တင်ဆောင်ကာ အနောက်လက်ခုပ်ပင်၊ မြရွာ၊ ကုန်းသာလင်း၊ သဲဖြူ တို့တွင်လိုက်လံ မဲဆွယ်စည်းရုံးသွားမည်ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ကျွန်တော်တို့ ဒီလိုလုပ်တာမှာ ဒေသခံတွေကော ပါတီဝင်တွေပါ ပါဝင်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ NLD ပါတီ နိုင်စေချင်တဲ့ ဆန္ဒရယ် တိုင်းသူပြည်သူတွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ ပြီးတော့ မြင်းတွေစီးပြီး ကြိုဆိုမှုကလည်း ဒီဘက်နယ်မှာ ဘယ်သူမှ မလုပ်သေးဘူးဆိုတော့ အခုလို စီစဉ်လိုက်တာပါ” ဟု မြရွာကျေးရွာမှ ဦးထွန်းထွန်းဇော်က ပြောသည်။

အဆိုပါ မြင်းစီးကြိုဆိုမှုမှာ ပြည်ခရိုင်တွင်း၊ ပထမအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြင်း ၂၂ ကောင်၊ အလှပြမြင်းယာဉ် နှစ်စီးတို့ ပါဝင်ခဲ့ကာ ပြည်မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကျောက်ရုပ်တွင် ၀ိုင်းပတ်စီးနင်း အလေးပြုမှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Eleven Media Group

စစ်ကိုင်းတိုင်း ခင်ဦးမြို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးနှင့် ကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲအား အောက်တိုဘာ ၂၁ ရက် နံနက် ၈ နာရီအချိန်ခန့်မှ စတင်ပြုလုပ်ခဲ့ပြီး ခင်ဦးမြို့ အရှေ့ဘက် မြို့အ၀င်မှ စတင်ကာ မြို့အတွင်း လှည့်လည်ခဲ့ပြီး ခင်ဦးမြို့ခံများ အပါအ၀င် မြို့နယ်အတွင်းရှိ ဒေသခံများ ၀န်းရံထောက်ခံ အားပေးခဲ့ကြသည်။

ယင်းအပြင် ခင်ဦးမြို့အတွင်း အောင်နိုင်ရေး လှည့်လည်ပြီး မြို့နယ် အတွင်းရှိ ကျေးရွာအချို့သို့ပါ အောင်နိုင်ရေး လှည့်လည်ခဲ့ပြီး ကျေးရွာ များရှိ ဒေသခံများမှလည်း အားပေး ထောက်ခံမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ခင်ဦးမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေး လှည့်လည်ရာတွင် ကားအစီးရေ ၂၀၀ ကျော်ခန့်၊ ဆိုင်ကယ် အစီးရေ ၅၀၀ ၀န်းကျင်ခန့်ဖြင့် လှည့်လည်ခဲ့ကြပြီး မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင် အောင်နိုင်ရေးလှည့်လည်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရသည်။

Eleven Media Group

 dassk-poster-620.jpg ဒေါ်အောင်ဆန်းစုကြည် ကို ပုတ်ခတ်ရေးသားထားတဲ့ ပိုစတာကို တွေ့ရစဉ်
[youtube src="vTcXFMl8gZc"/]
မန္တလေးမြို့က နေရာ ၃ခုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိသားစုဝင်တွေရဲ့ ဓာတ်ပုံတွေပါတဲ့ ဗီနိုင်းပိုစတာတွေ ချိတ်ဆွဲခဲ့တာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း ရွေးကောက်ပွဲကော်မရှင်နဲ့ မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားသွားမယ်လို့ အန်အယ်လ်ဒီပါတီ တိုင်းတာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့က မန္တလေး ကျုံးဘေးမှာ အဲဒီပိုစတာကို ချိတ်ဆွဲထားတာဖြစ်ပြီး ပိုစတာမှာ ဒေါင်းယောင်ဆောင်သောကျီးမ ဆိုတဲ့စာသားအပြင် ပုတ်ခတ်တိုက်ခိုက်တဲ့ စာသားတွေကိုလည်း ရေးသားထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌ ဦးရွှေလှ က အခုလို ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အောင်ဆန်းစုကြည်ကို ဗီနိုင်းပုံတွေနဲ့ကပ်ပြီး သရေပျက်အောင် လုပ်ဆောင်တာတွေ၊ နောက်ဘာသာရေးနဲ့ ပတ်သက်ပြီး ပုတ်ခတ်ပြောဆိုတာတွေပေါ့၊ အဲဒါတွေနဲ့ ပတ်သက်လို့ ကျနော်တို့ သက်ဆိုင်ရာမြို့နယ်က အောင်နိုင်ရေးအဖွဲ့တွေက သက်ဆိုင်ရာကော်မရှင် ရုံးတွေရယ် ရပ်ကွက်ရုံးတွေရယ် ရဲစခန်းတွေရယ် ဒါကို စုံစမ်းစစ်ဆေးအရေးယူပေးဖို့ တိုင်ကြားခိုင်း ထားပါတယ်"

အဲဒီပိုစတာတွေကို ဘယ်သူတွေ ချိတ်ဆွဲသွားတယ်ဆိုတာကို မသိရှိသေးကြောင်းနဲ့ ပိုစတာတွေကို အန်အယ်လ်ဒီပါတီဝင်တွေက ဖြုတ်ယူခဲ့တာလို့ သိရပါတယ်။

အဲဒီပိုစတာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်ဓာတ်ပုံ ၅ ပုံနဲ့ အမေရိကန်သမ္မတအိုဘားမားနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံ ၁ ပုံ လည်း ပါရှိပါတယ်။

ဒါ့အပြင် အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ထိန်းသေးပါရဲ့လား ဆိုတဲ့ စာတန်းနဲ့ နိုင်ငံအတွက် အန္တရာယ်ကြီးတယ် ဆိုတာကို သတိပြုကြဖို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပုတ်ခတ်ရေးသားထားတဲ့ လက်ကမ်းစာစောင်တွေကို လူတစ်စုက ဖြန့်ဝေခဲ့တဲ့အတွက် ကော်မရှင်ထံ တိုင်ကြားထားရတယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-poster-mdy-10212015084543.html

Myanmar Voters filling on ballots informations and signs to vote in embassy, Washington D.C (October 17, 2015./Photo from Myanmar Embassy website)
Myanmar Voters filling on ballots informations and signs to vote in embassy, Washington D.C (October 17, 2015./Photo from Myanmar Embassy website)

ကြိုတင်မဲလက်မှတ်တွေပြန်ရရှိဖို့ ရွေးကောက်ပွဲကော်မရှင် နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်နေတယ် ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်ကြောင့် နိုင်ငံရပ်ခြားမှာ ကြိုတင်ဆန္ဒမဲ မပေးလိုက်ရသူတွေ ဘက်က သူတို့မဲတွေ ပြန်ထည့်နိုင်ရေး မျှော်လင့်နေကြပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ အနီးအဝေး အကွာဝေးပေါ်မှာ မူတည်ပြီး အချိန်အခက်အခဲတွေ ရှိနေတာကြောင့် ပြည်ပနိုင်ငံအားလုံးမှာ မဲတွေပြန်ထည့်နိုင်ရေး တပြေးညီ ဆောင်ရွက်ပေးလို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ ပြောဆိုချက်အပေါ်မှာ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံရောက် ကြိုတင်မဲမပေးလိုက်ရတဲ့ သူတွေရဲ့ တုံ့ပြန်ချက်တွေ ဘယ်လိုရှိသလဲဆိုတာကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။

မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ ပြည်ပနိုင်ငံတွေက မြန်မာသံရုံးတွေမှာ ကြိုတင်မဲ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းထောက်တွေကို ရှင်းပြခဲ့တာပါ။ စင်္ကာပူလို မြန်မာနိုင်ငံ အနီးအနားမှာရှိတဲ့ နိုင်ငံတွေက မဲစာရင်းနာမည်မှာ ပါနေလျက်နဲ့ မဲလက်မှတ်မရလို့ မပေးလိုက်ရသူတွေအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲတွေပြန်ပို့ပေးနိုင်တယ်လို့ ဦးတင်အေး က ပြောပါတယ်။ ဒါပေမဲ့ ဝေးတဲ့နိုင်ငံတွေဘက်ကို ပို့ပေးဖို့ သူတို့အနေနဲ့ အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စု မြန်မာသံရုံးမှာ စနေနေ့က လွှတ်တော်တခုအတွက်ပဲ ကြိုတင်မဲပေးခွင့်ရခဲ့သူ မြန်မာနိုင်ငံသားတဦးက သူ့ရဲ့အမြင်ကို အခုလို ပြောပါတယ်။

“သူတို့ ဒီ မဲပြည့်စုံအောင် မရတဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေအတွက်ကို ပြန်ပြီးတော့ အချိန်မီအောင် စီစဉ်ပေးမယ်ဆိုတဲ့အချက်ကို ကျနော် ကြိုဆိုပါတယ်။ ဒါပေမဲ့ ဝေးလံတဲ့နေရာမှာရှိတဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေအတွက်ကတော့ မသေချာဘူးဆိုတော့ ဝေးလို့ အချိန်မီအောင် မပို့ပေးနိုင်ဘူးဆိုရင်တော့ မျှတမှု မရှိဘူး ဆိုတာမျိုး ဖြစ်သွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပို့မယ်ဆိုရင်လည်း အချိန်ကတော့ အကန့်အသတ်တော့ရှိတယ်။ ဒါပေမဲ့ ပို့မယ်ဆိုရင်လည်း ဘယ်လိုပဲဖြစ်ဖြစ် အမြန်ချောပို့လုပ်ငန်းတွေလည်း ရှိနေတဲ့အတွက် ဒီလို ဝေးလံတဲ့ အမေရိကားတို့လို၊ ဥရောပလို နိုင်ငံတွေကိုလည်း အချိန်မီအောင် ပို့မယ်ဆိုရင်လည်း ပို့လို့ ရသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တော့ ရှိတာပေါ့နော်။ အဲတော့ ကျနော်ကတော့ မျှော်လင့်ထားတယ်။ ကျနော်တို့ဆီကိုလည်း ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားတာပေါ့နော်။”

ကြိုတင်မဲစာရင်း မှားယွင်းတဲ့ပုံစံ အမျိုးမျိုးတွေ ရှိနေတယ်လို့လည်း ၀ါရှင်တန် မြန်မာသံရုံးမှာ အမျိုးသားလွှတ်တော်အတွက်ပဲ မဲပေးခွင့်ရခဲ့တဲ့ မအိအိအေး က ပြောပါတယ်။

“တောင်ဥက္ကလာပမြို့နယ်ဆိုလို့ ပေးတာ ကျမရယ်၊ နောက် အမျိုးသားတဦးရယ်၊ ၂ ယောက်ပဲရှိတယ်။ ၂ ယောက်ပဲရှိတာ ပေးရမယ့် မဲက မစုံဘူးပေါ့နော်။ အဲဒါ သူကပြောတော့ သူတို့ဝန်ထမ်းတွေ ကိုယ်တိုင်မှာတဲ့ မဲ မရဘူးတဲ့။ ပုဇွန်တောင်မြို့နယ်တခုလုံး မဲ မပါလာဘူး။ အဲဒါနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲလို့ ကျမက မေးတယ်။ အဲဒါ သူတို့လည်း အကြောင်းကြားထားပါတယ်ပေါ့နော်။ အခုတော့ ဒီ နှစ်ခုပဲရှိတယ်။ သူတို့ အကြောင်းကြားထားတယ်။ သူတို့သိရရင်တော့ အကြောင်းပြန်ပေးမယ်ပေါ့နော်။ အဲဒါနဲ့ ကျမကလည်း အိုကေ ဆိုပြီးတော့ ကျမရဲ့ မဲကို ယူပြီးတော့ စစ်လိုက်တဲ့အခါကျတော့ တိုင်းဒေသကြီးလွှတ်တော်မဲက မှားနေတယ်။ ကိုယ်ပေးရမယ့် ကိုယ်စားလှယ်လောင်းမဟုတ်တော့ ကျမ အဲဒီဟာကို ယူပြီးတော့ မဲပေးလိုက်တယ်ဆိုရင် အဲဒီမဲက ပယ် မဲ ဖြစ်သွားမှာဖြစ်တယ်။ အဲဒါနဲ့ ဒါကတော့ မှားနေတယ်၊ ကျမ ပေးလို့မရဘူး။ ပေးလိုက်ရင်လည်း ပယ်မဲဖြစ်မယ်။ သံရုံးက သူတို့မသိကြဘူး။ အဲဒါဆိုရင်လည်း အမအနေနဲ့ တမဲပဲ ပေးသွားပါပေါ့နော်။ အဲဒါဆိုရင် ကျမကို ကျန်တဲ့ ၂ မဲအတွက် ဘယ်လိုလုပ်ပေးနိုင်မလဲ။ သံရုံးကို ကျမမေးတယ်။ သံရုံးက ဘာပြောသလဲဆိုတော့ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ ဒါပေမဲ့ ဘယ်တော့လဲဆိုတာ သူတို့ အတိအကျ ဘာမှ မပြောနိုင်ဘူးပေါ့နော်။ အားလုံးကတော့ ဒီလိုဖြစ်နေတယ်ပေါ့နော်။ ကော်မရှင်ဘက်ကရော အကုန်လုံးက အတွေ့အကြုံ အားနည်းတယ်ပေါ့။ အားနည်းတဲ့အတွက်ကြောင့်မို့လို့ အမှားအယွင်းတွေ ဒီလိုဖြစ်လာတယ်ပေါ့နော်။ အဲ့လိုမျိုးပြောပါတယ်။ ကြိုတင်မဲပေးခဲ့တာတော့ ကျမ က အမျိုးသားလွှတ်တော်တခုပဲ ပေးရတော့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါက်တာ မြတ်ဉာဏစိုး ကို ပေးခဲ့ပါတယ်။”

အင်္ဂလန်နိုင်ငံ မြန်မာသံရုံးမှာလည်း လွှတ်တော်နေရာသုံးနေရာအတွက် တနေရာပဲ မဲပေးခွင့်ရခဲ့တဲ့ ကိုဧရာထွန်းကလည်း ကြိုတင်မဲတွေပေးတဲ့နေရာမှာ အခြားနိုင်ငံတွေလိုပဲ စာတိုက်ကနေ ပေးတဲ့ စနစ်နဲ့ လွယ်ကူအောင် လုပ်ပေးတဲ့နည်းလမ်းတွေမျိုး ဘာကြောင့် ရွေးကောက်ပွဲကော်မရှင်နဲ့ မြန်မာသံရုံးတွေက အသုံးမပြုသလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

“သူတို့ နဂိုကတည်းက ဒါကို စနစ်တကျ မလုပ်ထားတာပဲလေ။ ကျနော်ဆိုရင် ဒီကနေ ကျနော် အဝေးကြီးသွားရတာ။ လန်ဒန်နဲ့ ကျနော်နေတဲ့ မြို့နဲ့ဆိုရင် မိုင် ၂၀၀ ကျော်ဝေးတယ်။ အသွားအပြန်ဆိုရင် မိုင် ၄၀၀ လောက်လေ။ အလုပ်လုပ်ရမယ့်ရက်ကို အလုပ်ဖျက်ပြီးတော့ သွားရတာပေါ့နော်။ ဟိုရောက်တဲ့အခါကျတော့ မဲပြား တပြားထဲ ရတယ်ပြောတယ်။ အဲဒီမှာ ဟို သံရုံးက လူတွေကိုလည်း အပြစ်မမြင်ပါဘူး။ မဲပြားတပြားထဲရပြီးတော့ အခု သူတို့ ပေးခွင့်ရှိတယ်ဆိုတော့ အဲဒီ မဲပြား တပြား၊ နှစ်ပြား ပေးလို့ရတဲ့သူတွေ သံရုံးက စနစ်တကျ စာရင်းကောက်ထားတာလည်း မရှိဘူး။ ဥပမာ - စာရင်းကောက်ထားတာ ရှိရင်တော့ ကျနော်တို့လို အဝေးက လူတွေအတွက် သူတို့ ဘယ်လိုလုပ်ပေးမလဲ။ စာတိုက်ကနေ ပေးပို့တာတွေ လုပ်ရင် တော်တော်လွယ်တဲ့ကိစ္စကို ဘာကြောင့် အဲဒီလိုတွေ ခက်ခက်ခဲခဲတွေ ဖြစ်နေသလဲ ကျနော်လည်း နားမလည်ဘူး။”

ကြိုတင်မဲတွေ ပြန်ပြီးပေးနိုင်ရေး ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်အပြည့်ရှိတယ်လို့ မဲစာရင်းမှာမပါလို့ မဲမပေးနိုင်တဲ့ ကာလီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့မှာ နေထိုင်တဲ့ ကိုကောင်းထက် က ပြောပါတယ်။

“ဒီမဲပြားတွေကို ပြည်သူတွေလက်ထဲ ရောက်အောင်ပေးမယ်ဆိုတဲ့ဟာက သူတို့တာဝန်၊ အတွေ့အကြုံ ရှိရှိ မရှိရှိ ဒါ အတတ်နိုင်ဆုံး လုပ်ပေးရမှာပေါ့နော်။ ပြည်သူတဦးချင်းဆီ ပြည်ပမှာပဲရောက်နေ ပါစေ၊ ပြည်တွင်းထဲမှာပဲ ဖြစ်နေပါစေ ပြည်သူတဦးချင်းစီ မဲထည့်ခွင့်ရအောင် သူတို့ လုပ်ပေးရမှာ။ ဒါ ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ပဲ။”

မြန်မာနိုင်ငံတွင်းမှာ ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလ (၂၉) ရက်နေ့မှာ စတင်ပေးရမှာ ဖြစ်ပါတယ်။ အင်္ဂါနေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီကိုယ်စားလှယ်တွေ တွေ့ဆုံပွဲမှာ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပြီး ရလဒ်ကို နှစ်ပတ်အတွင်း ကြေညာမှာ ဖြစ်တယ်လို့ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/oversea-burmese-voters/3016332.html

[youtube src="8R4AZlZdu64"/]
 အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်း ဟောပြောသော ရွေးကောက်ပွဲအောင်နိုင်ရေးမိန့်ခွန်း...
ရိုက်ကူး။ ။ ကိုစိုးထွန်းနိုင် ( ကောင်းဆက်လင်း )

ကြာမြင့်ချိန်။ ။ (၆၄)မိနစ် (၅၆)စက္ကန့်
Tachileik News Agency


"ကျွန်မတို့ ရွေးကောက်ပွဲ ၀င်တယ်ဆိုတာဟာ အစိုးရ လုပ်ချင်လို့ ၀င်တာပဲ၊ ဒီနိုင်ငံကို စနစ်ပြောင်းမှ တိုးတက်မယ်၊ စနစ်ပြောင်းဖို့ ဆိုတာဟာ အစိုးရပြောင်းဖို့ လိုတယ်၊ အစိုးရ မပြောင်းပဲနဲ့တော့ စနစ်ပြောင်းမှာ မဟုတ်ဘူး၊ အစိုးရပြောင်းဖို့ ဆိုတာဟာ ကျွန်မတို့ အဖွဲ့ချုပ် ရွေးကောက်ပွဲမှာ ပြတ်ပြတ် သားသား နိုင်ဖို့လိုပါတယ်.."ဟု အောက်တိုဘာလ(၂၁)ရက် နေ့လည်ပိုင်းက တာချီလိတ်မြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။

ပါတီစည်းရုံးရေးနှင့် ပတ်သက်၍"ကျွန်တော် တစ်ယောက်တည်း လုပ်ပေးပါ့မယ်၊ ကျုပ်တို့ အဖွဲ့တစ်ခုတည်း လုပ်ပေးပါ့မယ်ဆို ဘယ်တော့မှ မယုံနဲ့ အဲ့ဒါဖြစ်နိုင်တာလည်း မဟုတ်ဘူး၊ စည်းရုံးပုံ စည်းရုံးနည်းကို ကြည့်ပြီးတော့ ဘယ်ပါတီကို ထောက်ခံသင့်တယ် ဆိုတာကို ပြည်သူတွေ ဆုံးဖြတ်ကြပါ"ဟု ဆက်လက် ပြောကြားသည်။

"၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လှည့်ပတ်သွားပြီး စည်းရုံးရေး လုပ်တဲ့အခါမှာ တစ်ချို့ပုဂ္ဂိုလ်တွေ ပါတီတွေက မသမာတဲ့ နည်းတွေနဲ့ ဥပဒေကို ချိုးဖောက်ပြီးတော့ အောက်တန်းကျကျ စည်းရုံးရေးတွေ လုပ်နေတယ် ဆိုတာကို ကျွန်မတို့ ကြားရပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ ကော်မရှင်ကို တင်ပြထား တာတွေရှိတယ်၊ အခုထက်ထိတော့ ကော်မရှင်က ထိထိရောက်ရောက် အရေးယူတာတွေ မတွေ့သေးဘူး.."ဟု ထုတ်ဖော် ပြောဆိုသွားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့မှ တဆင့် အောက်တိုဘာလ (၂၁)ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိလာတာဖြစ်ပြီး၊ အောက်တိုဘာလ(၂၂)ရက်နေ့တွင် မိုင်းဖြတ် နှင့် ကျိုင်းတုံတို့တွင်လည်း ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူထုဟောပြောပွဲ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net

ရု​ရှား​ရဲ့ ​စစ်​ရေး ​အ​ကူ​အ​ညီ​အ​တွက် ​ကျေး​ဇူး​တင်​ကြောင်း ​သ​မ္မ​တ ​အာ​ဆတ် ​ပြော​ခဲ့။
 ဆီး​ရီး​ယား ​သ​မ္မ​တ ​ဘာ​ရှား ​အယ်လ် ​အာ​ဆတ်​ဟာ ​ဆီး​ရီး​ယား ​ပြည်​တွင်း​စစ် ​စ​တင်​ခဲ့​တဲ့ ၂၀၁၁ ​နောက်​ပိုင်း ​ပ​ထ​မ​ဆုံး ​ပြည်​ပ ​ခ​ရီး​အ​ဖြစ် ​ရု​ရှား ​နိုင်​ငံ ​မော်​စ​ကို​မြို့​ကို ​သွား​ရောက် ​ခဲ့​တယ်​လို့ ​သိ​ရ​ပါ​တယ်။

ထင်​မှတ် ​မ​ထား​ဘဲ ​ရုတ်​တ​ရက် ​သွား​ရောက်​ခဲ့​တဲ့ ​အဲ​ဒီ ​ခ​ရီး​စဉ် ​အ​တွင်း ​သ​မ္မ​တ ​အာ​ဆတ်​ဟာ ​ရု​ရှား ​သ​မ္မ​တ ​ဗ​လာ​ဒီ​မာ ​ပူ​တင်​နဲ့ ​တွေ့​ဆုံ ​ဆွေး​နွေး ​ခဲ့​ပါ​တယ်။

သ​မ္မ​တ ​အာ​ဆတ်​က ​ရု​ရှား​ရဲ့ ​စစ်​ရေး ​အ​ကူ​အ​ညီ​သာ ​မ​ရ​ခဲ့​ရင် ​သူ့​အ​ဆို ​ဆီး​ရီး​ယား​မှာ ​အ​ကြမ်း​ဖက်​မှု ​အ​န္တ​ရာယ်​ကို ​တား​ဆီး​နိုင်​မှာ ​မ​ဟုတ်​ဘူး​လို့ ​ပြော​ခဲ့​ပါ​တယ်။

ဆီး​ရီး​ယား ​နိုင်​ငံ​အ​တွင်း ​သ​မ္မ​တ ​အာ​ဆတ် ​အ​စိုး​ရ​ကို ​တိုက်​ခိုက်​နေ​တဲ့ IS ​အ​စ္စ​လာ​မ္မစ် ​နိုင်​ငံ​အ​ဖွဲ့ ​စစ်​သွေး​ကွှေ​တွ​နဲ့ ​တ​ခြား ​စစ်​သွေး​ကွှ ​အုပ်​စု​တွေ​ကို ​ရု​ရှား​က ​လေ​ကြောင်း ​တိုက်​ခိုက်​မှု​တွေ ​ပြီး​ခဲ့​တဲ့ ​လ​က ​ပြု​လုပ်​ခဲ့​ပါ​တယ်။

သ​မ္မ​တ ​ပူ​တင်​က ​ရု​ရှား ​အ​နေ​နဲ့ ​ဆီး​ရီး​ယား​မှာ ​စစ်​ရေး ​အ​ကူ​အ​ညီ​သာ ​မ​က​ဘဲ ​နိုင်​ငံ​ရေး ​အ​ဖြေ ​တစ်​ခု ​ရ​ဖို့​ပါ ​ကူ​ညီ ​ပေး​သွား​မယ်​လို့ ​သူ​တို့ ​နှစ်​ဦး ​တွေ့​ဆုံ​ရာ​မှာ ​ပြော​ခဲ့​ပါ​တယ်။

ဆီး​ရီး​ယား ​သ​မ္မ​တ ​အာ​ဆတ်​က ​မော်​စ​ကို​ကို ​အ​င်္ဂါ​နေ့ ​ည​နေ​ပိုင်း​က ​သွား​ရောက်​ခဲ့​တာ ​ဖြစ်​ပေ​မယ့် ​သူ့​ခ​ရီး​စဉ် ​ပြီး​ဆုံး​ပြီး ​ဒ​မာ့​စ​ကတ် ​မြို့​ကို ​ပြန်​ရောက်​ပြီး​ချိန် ​ဗု​ဒ္ဓ​ဟူး ​နေ့​ကျ​မှ ​သ​တင်း ​ထုတ်​ပြန်​ခဲ့​တာ ​ဖြစ်​ပါ​တယ်။

BBC Burmese
http://www.bbc.com/burmese


 အောက်တိုဘာ ၂၁ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက်အနီး ဗုံးတလုံးပေါက်ကွဲရာ ကိုရင် ၂ ပါး၊ အဖွားအိုတဦးနှင့်အသက် ၁၂ အရွယ် မိန်းလေးငယ်တဦး ထိခိုက်ဒဏ်ရာရှိ သည်ဟုသိရသည်။

အောက်တိုဘာ ၂၁ ရက် ၂၀၁၅ ညနေ ၄ နာရီကျော်အချိန် မိုင်းရှူးမြို့ မြို့လယ်ကျောင်းတိုက် နှင့် သျှမ်းစာပေ ယဉ်ကျေးမှု ရုံးအနီး ဗုံးပေါက်ကွဲရာ၊ ထိုနေရာအနီးသွားလာသည့် ကိုရင်လေး နှစ်ပါး၊ အသက် ၇၅ နှစ်ရှိ မယ့်ထောက်လိတ် နှင့် စိုင်းစံညွှန့်၊ နန်းနွန်း တို့၏ သမီး အသက် ၁၂ နှစ်ရှိ ၆တန်းကျောင်းသူ နန်းခမ်းခင် တို့ ထိခိုက်ဒဏ်ရာ ရရှိသည်ခြင်းဖြစ်သည်။

အမည်မဖေါ်လိုသည့် ကျန်းမာရေးဝန်ထမ်းတဦးက - “ဒဏ်ရာတွေက ဝမ်းဗိုက်၊ ခြေထောက်တွေမှာ။ သွေးတော့တော်တော်ထွက်တယ်။ ဒဏ်ရာအပြင်းဆုံးက ဟိုကောင်မလေး နန်းခမ်းခင် ။ စိတ်ပူရတယ်သူက ” - ဟု ပြောသည်။

အဖွားမယ်ထောဝ်လိတ်က ခါးတွင်လည်းကောင်း၊ ကိုရင်တပါးက ဦးခေါင်း၊ နောက်တပါးက ခြေထောက် တွင်လည်းကောင်း၊ နန်းခမ်းခင်က ဝမ်းဗိုက် နှင့် နားရင်းတို့တွင် ဗုံးစများ ဝင်သွားသည်ဟုသိရသည်။

အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မြို့နယ်ရဲစခန်းကို ဖုန်းခေါ်သော်လည်း မရရှိခဲ့ပေ။

“မွှန်းလွှဲ ၂ နာရီ ၃ နာရီတုန်းက ဒီရပ်ကွက် (၁) နားက စစ်သားတစုက နမ့်မော်နိုင်းခေါဝ် ရေတွင်းမှာ ရေလာချိုးတာ။ သူတို့ ပြန်သွားပြီးတော့ ပေါက်ေ တာ့တာဘဲ။ ပေါက်ကွဲတဲ့နေရာက သျှမ်းစာပေရုံးနဲ့ မြို့လယ်ကျောင်း အနီး ဘဲလေ” - ဟု အမှတ် ၁ ရပ်ကွက်နေ သည့် အမည်မဖေါ်လို သူတဦး က ပြောသည်။

ရပ်မိရပ်ဖ တဦးဖြစ်သူက ယခု ဗုံးပေါက်ကွဲမှုသည် တတိယလက်သည်ဖြစ် နိုင်ကြောင်း၊ ဗုံးပေါက် ကွဲမှုကြောင့် အစိုးရတပ်လုံခြုံရေးပိုမိုတိုးမြင့် လာ ဖွယ်ရှိကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် သွားရောက် အကူ အညီပေးနေသည့်အလှူရှင်များအား ပိုမို စစ်ဆေးလာနိုင်ဖွယ် ရှိကြောင်း ပြော သည်။

မိုင်းရှူးမြို့လယ်တွင် ဗုံးပေါက်ကွဲသကဲ့သို့ ယမန်နေ့က မိုင်းစန်မြို့ ရဲစခန်း အနီးတွင်လည်း ထို့နည်းတူ ဗုံးပေါက်ကွဲခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရှိသူမရှိကြောင်း မိုင်းစန်မြို့ခံ စိုင်းဩကြီး ကပြောသည်။

ဓါတ်ပုံ- ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ မိုင်းရှူးဒေသခံများ
သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 အောက်တိုဘာလ 21 ရက် 2015 ခုနှစ်

 တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၁ ရက် ယနေ့နံနက်ပိုင်း ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြား ဟူးဖြတ်ဒေသ ကျေးရွာများသို့ အစိုးရတပ်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်။

အစိုးရ တပ်မ(၉၉) စစ်ကြောင်းများမှ မံပုန်(Man Pung)နှင့် ၀ယော့(Wa Yaw)ကြား ဟူးဖြတ်(Huhpyet) နှင့် မံကောင်းရွာ(Man Kawng) ရွာများသို့ နံနက်ပိုင်း ၉ နာရီခန့်မှာ နက်လက်ကြီး စတင်ပစ်ခတ်ပြီး နေ့လည်ပိုင်းမရောက်မီ ရပ်နေကြောင်း ရွာသားများ ကချင်သတင်းဌာန KNG ကို ပြောသည်။

အစိုးရတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားများ ထိခိုက်သေဆုံးမှု ရှိ မရှိ မသိရသေးပါ။

နှစ်ရက်မတိုင်မီ အောက်တိုဘာ ၁၉ ရက် နေ့လည်ပိုင်းမှာလည်း ၎င်းတပ်မ(၉၉)စစ်ကြောင်းနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် တအောင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့ကြား ဟူးဖြတ်(Huhpyet)နှင့် မံပုန် (Man Pung)ကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့်ကို ကူညီခဲ့သည်ဟုဆိုသော ရှမ်းပြည်မြောက်ပိုင်းမှ KIA တပ်မဟာ(၄)နှင့် TNLA တို့ လက်နက် ဖြုတ်သိမ်းရမည်ဟု သြဂုတ်လ က သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

နေပြည်တော်အစိုးရနှင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ် မရေးထိုးသေးသော အဓိက တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များတွင် KIO/KIA နှင့် PSLF/TNLA ပါဝင်သည်။

တိုက်ပွဲ ပဋ္ဋိပက္ခဖြစ်ပွားသော တိုင်းရင်းသားဒေသများမှ အပြစ်မဲ့ပြည်သူများသည် အစိုးရတပ်၏ လုပ်ရိုးလုပ်စဉ်အတိုင်း ရန်သူကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခံရခြင်း၊ အမျိုးသမီးများ မုဒိမ်းကျင့် သတ်ဖြတ်ခံရခြင်း၊ မိသားစုပိုင် ဥစ္စာပစ္စည်းများ လုယူဖျက်ဆီးခံရခြင်းနှင့် အခြားသော လူ့အခွင့်အရေးခြိုးဖောက်မှု အမျိုးမျိုးခံနေရပါသည်။

၂၀၁၁ ခုနှစ် သမ္မတဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရသစ် တက်လာသော်လည်း ပဋ္ဋိပက္ခဖြစ်ပွားသော နေရာမှ တိုင်းရင်းသားအမျိုးသမီးနှင့်ရွာသားများပေါ် တပ်မတော်၏ လူ့အခွင့်အရေးခြိုး ဖောက်ခဲ့သော အမှုများ တရားမျှတမှုရရှိရေးကိစ္စမှာ အစိုးရက ကြိုးပမ်းဆောင်ရွက်ခြင်း မရှိသေးပါ။

 ကချင်သတင်းဌာန
http://kachin.kachinnews.com


  အောက်တိုဘာလ 21 ရက် 2015 ခုနှစ်

 ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ချင်းအမျိုးသားတပ်ဦး (CNF) ဆက်ဆံရေးရုံး၌ အောက်တိုဘာ ၁၉ ရက်နေ့၊ ည ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာတွင် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်းနှင့် ဗုံးပေါက်ကွဲမှုတွင် လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကိစ္စအပေါ် တီးတိန်မြို့ နယ်ဆက်ဆံရေးရုံး တာဝန်ခံ ဦးမာန်နိုးက "ဘာကြောင့် လုပ်တယ်။ ဘယ်သူက လုပ်တယ်ဆိုတာ ပြောဖို့က တော်တော်လေးခက်နေတယ်။ ကျွန်တော်တို့ လည်း ရုံးမှာတော့ ညစောင့်မရှိဘူးလေ။ မနေ့ည ၁၁ နာရီ ၁၅ မိနစ် လောက်မှာတော့ ဗုံးက နှစ်ဆင့် ဆက်ပြီး ပေါက်သွားတာပေါ့။ သူတို့က နှစ်နေရာ လုပ်တာကိုး။ အပြင်ကနေ အုတ်နံရံကို ဖောက်ပြီး အဲဒီမှာ ယမ်းကို ကပ်ပြီး ထောင်ထားတာဆိုတော့ အဲဒီက ပေါက်ကွဲမှု ကနေတဆင့် အထဲကိုတော့ ဝင်တာပေါ့။ ပျက်စီးမှုတွေ နည်းနည်းပါးပါးရှိတယ်ပေါ့။ လက်လုပ်ဗုံး အမျိုးအစားပါပဲ"ဟု ပြာသည်။

တီးတိန်မြို့တွင် ဆက်ဆံရေးရုံးစတင်ဖွင့်လှစ်သည့် အချိန်ကလည်း ဒေသခံအချို့မှ ကန့်ကွက်မှုများ ရှိခဲ့ပြီး ယခုလို ချင်းအမျိုးသား ဆက်ဆံရေးရုံးပေါက်ကွဲမှုနှင့် ပတ်သတ်၍ ချင်းပြည်နယ်မြို့နယ် ရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ရာ "ထိခိုက်မှုတော့မရှိပါဘူး။ အခုဖြစ်စဉ်ကို စုံစမ်း စစ်ဆေးနေတုန်းဆိုတော့ အသေးစိတ်မသိနိုင်သေး"ဟု တာဝန်ကျရဲတစ်ဦးက ပြောသည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မိမိတို့၏ဆက်ဆံရေးရုံးကို ယခု ဒုတိယအကြိမ် ဗုံးကွဲမှုကို မြို့နယ်ရဲစခန်း၊ ကိုယ်တိုင်ကြားထားပြီး စရဖ၊ အထူးစုံစမ်း စစ်ဆေးရေးနှင့် မြို့နယ်အုပ်ချပ်ရေးကို အကြောင်းကြားထားပြီးဖြစ်သည်ဟု သိရသည်။

ချင်းပြည်နယ်တီးတိန်မြို့နယ်တွင် ချင်းအမျိုးသားတပ်ဦးဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၄ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ ည၈နာရီခွဲတွင် တစ်ကြိမ်ဗုံးပေါက် ကွဲမှုဖြစ်ပြီး၊ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ကြိမ်မြောက် ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦးသည် ၎င်းတို့၏ ဆက်ဆံရေးရုံးများကို ချင်းပြည်နယ်ရှိ တီးတိန်၊ ထန်တလန် နှင့် မတူပီ စသည်တို့တွင် ဖွင့်လှစ်ထားလျှက်ရှိသည်။

 ချင်းဝေါလ်
http://chinworld.info


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သော တပ်မတော်သားတဦးမှ အသက်ရှစ်နှစ်အရွယ် မိန်းကလေးတဦးကို အဓမ္မပြုကျင့်မှုတွင် အဓမ္မပြုကျင့်ခံရသူ မိန်းကလေးသည် ယနေ့ အောက်တိုဘာ ၂၁ နေ့လယ် ၁ နာရီ ၅ မိနစ်အချိန်က ရန်ကုန် ရန်ကင်းကလေးဆေးရုံတွင် ကွယ်လွန်ဆုံးပါးသွားကြောင်း သတင်းရရှိသည်။

 အဆိုပါ မိန်ကလေး၏အမည်မှာ မဌေးဌေးစံဖြစ်ပြီး အောက်တိုဘာ ၂၂ မနက် ၁၀ နာရီတွင် ရေဝေးသုဿန်၌ မီးသဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျုးလွန်သူတပ်မတော်သားအား စစ်ဘက်ဆိုင်ရာ တရားရုံးတွင် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


“မနက်ပိုင်းကတွေ့လို့ ဖြုတ်သိမ်းပြီး NLD ပါတီကို အကြောင်းကြားလိုက်တာ။ တနိုင်ငံလုံးမှာ “ရဲ”နေတာဆိုတော့ ပုတ်ခတ်တာလို့ ထင်တယ်. . ."

မန္တလေးမြို့တွင် မြို့နယ် ၂ ခု၌ ဒေါင်းယောင်ဆောင်သော ကျီးမ ဟူသော စာသားနှင့် ဓါတ်ပုံများပါရှိသည့် ဗီနိုင်း များချိတ်ဆွဲခဲ့ရာတွင် ရဟန်းစီး ဘိနပ်တရံ ထားရှိခဲ့ခြင်းကြောင့် သံဃာများနှင့် အထင်အမြင်လွဲမှားအောင်လုပ် ဆောင်ခြင်းဖြစ်ပြီး ကော်မရှင်သို့ အကြောင်းကြား သွားမည်ဖြစ်ကြောင်း မန်းတိုင်း NLD အောင်နိုင်ရေးဥက္ကဌ ဦးရွေလှက ပြောသည်။

အောင်မြေသာစံမြိုနယ်၊ ၂၆-လမ်းကျုံးဘေးသံဇကာတွင် တချပ်နှင့် မဟာအောင်မြေမြို့နယ်၊ လမ်း ၄၀၊ ၆၉ လမ်း×လမ်း ၇၀ မဟာမြိုင်ရပ်ကွက်၊ ထနောင်းပင်တွင် ကပ်ထားသည့် ဗိနိုင်းတချပ်ဖြစ်ပြီး ၄င်းအနီးရဟန်း စီးဖိနပ်တရံ တွေ့ရှိရသည်ဟုဆိုသည်။

“ရဟန်းစီးဖိနပ်တရံချထားတော့ မြို့ပေါ်သံဃာများနဲ့ အထင်အမြင်လွဲအောင်၊ အမုန်းပွားအောင် တမင် အ ကွက်ဆင်တာလို့ မြင်တယ်။ လက်ရှိဖြစ်နေတာက ပါတီဆိုင်းဘုတ်အဖျက်ခံရတာ ပိုစတာအဖျက်ခံရတာ၊ အဖွဲ့ ချုပ်ကို ထိပါးပုတ်ခတ်ရေးသားတာတွေကို ကော်မရှင်ကို အကြောင်းကြားသွားမယ်”ဟု ၄င်းကပြောသည်။

မဟာမြိုင်မှ ဗီနိုင်းကိုတွေ့ရှိခဲ့သူကပြောရာတွင် "မနက်ပိုင်းက တွေ့လို့ ဖြုတ်သိမ်းပြီး NLD ပါတီကို အကြောင်းကြားလိုက်တာ။ တနိုင်ငံလုံးမှာ “ရဲ”နေတာဆိုတော့ ပုတ်ခတ်တာလို့ ထင်တယ်"ဟု ဆိုသည်။

ပါတီအပေါ် အထင်အမြင်လွဲစေမည့် စာသားများချိတ်ဆွဲခြင်းအား သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ် ရဲစခန်းကို အကြောင်းကြားပြီး အရေးယူဆောင်ရွက်ရန်မှာ ရဲအရေးမပိုင်ခြင်းနှင့် ယခုဖြစ်စဉ်တွင် ချိတ်ဆွဲသွား သူကို တိတိကျကျ ထုတ်ဖေါ်နိုင်ခြင်းမရှိသေး၍ အမှုဖွင့်ရန် အခက်အခဲက်ရှိနိုင်သည်ဟု ဆိုသည်။

“မဟာမြိုင်က ဗိနိုင်းကို လူငယ်တယောက်တွေ့ပြီး အကြောင်းကြားလာလို့ အဲဒီဗီနိုင်းကို သိမ်းထား။ ထူးတာက ဗီနိုင်းချိတ်တဲ့နေရာနားမှာ ဘုန်းကြီးစီးဖိနပ်တရံ ချထားတယ်။ ဆရာတော်တွေကိုလည်း လျှောက်ထားပြီးပါပြီ။ ပထမအဆင့် အကြောင်းကြားမယ်”ဟု NLD ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်လောင်း ဦးဇော်ဇော်အောင်က ပြောသည်။

၎င်းတို့အနေဖြင့် အဆိုပါ ဗီနိုင်းကိစ္စအား ဖွင့်မဖွင့်ကို အမှုဆောင်အဖွဲ့နှင့် တိုင်ပင်မည်ဖြစ်ကြောင်း၊ မဟာမြိုင် ၂ ရပ်ကွက်မှ ဗီနိုင်းမှာ ညပိုင်းအချိန်က ပြုလုပ်ခဲ့သည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


(၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၂၀ရ က်) (မောင်ကျော်စွာ)

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ရက်အချို့(၁၈ရက်)သာ လိုပါတော့တယ်။

ထိုရွေးကောက်ပွဲ၌ လွတ်လပ်ပါ့မလား၊ သန့်ရှင်းပါ့မလား၊ တရားမျှတပါ့မလား။ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပြောင်းပေးပါ့မ လား ဆိုတဲ့မေးခွန်းတွေ အဆက်မပြတ် ပေါ်ထွက်နေပါတယ်။ ဒီမေးခွန်းတွေဟာ အပေါ်ယံမှာ ဖြစ်ပေါ်နေတဲ့ သံသယ မဟုတ်ပါ။ သမိုင်းကြောင်းအခြေခံ၊ လက်တွေ့အတွေ့အကြုံ အချက်အလက်တွေပေါ်ကနေ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာတဲ့ မယုံကြည်မှု ဖြစ် ပါတယ်။

မယုံကြည်မှုကို သမိုင်းကြောင်းကနေ စပြောရရင် “၁၉၉၀ ရွေးကောက်ပွဲရလဒ်”ဟာ အထင်ရှားဆုံး သာဓကဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ (NLD)ပါတီဟာ တောင်ပြိုင်ကမ်းပြို အနိုင်ရခဲ့ပေမယ့် အာဏာလွှဲပြောင်းပေးခြင်း မခံရဘဲ ရွေးချယ်ခံလွှတ် တော်ကိုယ်စားလှယ်များဟာ ထောင်ချခံရသူခံရ၊ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေသူသေရ၊ အဓမ္မနှုတ်ထွက်ခိုင်းခံရသူခံရ၊ ပြည်ပ ရောက်သူရောက်နဲ့ ကစဥ့်ကလျားဖြစ်ခဲ့ရတယ်။ ဒီလိုလုပ်ရပ်တွေကို ထိုစဉ်ကအုပ်စိုးခဲ့တဲ့ (နဝတ-နအဖ) စစ်အစိုးရက ပြုလုပ်ခဲ့ တာပါ။ နောက်ဆုံးမှာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ခဲ့တယ်။

ဒါဟာ စစ်အစိုးရက သူတို့ကိုယ်တိုင် ကြီးကြပ်ကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ အဲဒီရွေးကောက်ပွဲကနေ ရရှိလာတဲ့ရလဒ်ကို သူတို့ကိုယ်တိုင် ပြန်လည်ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဒီလို သမိုင်းအမည်းစက် ကြီးကြီးမားမားရှိထား၊ ကြုံထားခဲ့ဖူးတဲ့အ တွက် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီဟာ အာဏာရရှိနိုင်ပါ့မလားဆိုတဲ့ မယုံကြည်မှုဟာ ထုနဲ့ထည်နဲ့ရှိနေတာ ဖြစ်ပါ တယ်။

ဒီလိုမယုံကြည်မှုကို ပိုမိုခိုင်မာအားကောင်းလာစေတဲ့ အချက်အလက်တွေကလည်း အများအပြားရှိနေပါတယ်။ အဲဒီထဲက ပထမ ဦးဆုံးအချက်က “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)”ရဲ့ ဖွဲ့စည်းထားမှုပါပဲ။

(UEC)ကို လက်ရှိ ဦးသိန်းစိန် အစိုးရစိတ်ကြိုက် ဖွဲ့စည်းထားတာပါ။ ဒါ့အပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးဟာ ယခင် (နအဖ) စစ်အစိုးရထိပ်သီးဟောင်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်နေပြီး ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သလို ကြံ့ခိုင်ရေးပါ တီကနေ ရွေးချယ်ခံခဲ့တာ (တံတားဦးမြို့နယ်) လွှတ်တော်အမတ်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒီလို နောက်ခံရှိနေတဲ့သူကို (UEC) ဥက္ကဋ္ဌအဖြစ် ခန့်ထားတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဓိရုပ်ကို ထိခိုက်စေပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပါ့မလား၊ တရားမျှတပါ့မလား။ သန့်ရှင်းပါ့မလား၊ ဘက်လိုက်မှုကင်းပါ့မလား၊ သူ့ပါတီ၊ သူ့စစ်တပ်၊ သူ့အုပ်စုတွေဘက်ကို မျက်နှာလိုက်မှာပဲ၊ ဘက်လိုက်မှာပဲဆိုတဲ့ သံသယနဲ့မယုံကြည်မှုကို သဘာဝကျစွာပဲ ပေါ်ပေါက်စေပါ တယ်။ ဒီလို သံသယနဲ့ မယုံကြည်မှုတွေဟာ အကြောင်းအချက်မဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါ။ ကော်မရှင်ဥက္ကဋ္ဌရဲ့ ပုဂ္ဂိုလ်ရေးနဲ့ နောက်ခံအကြောင်းအချက်များအပေါ်ကနေ သဘာဝကျစွာ ပေါ်ပေါက်လာတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီလိုသမိုင်းကြောင်း၊ ပုဂ္ဂိုလ်ရေးဆက်နွယ်မှု အကြောင်းအချက်တွေကို (UEC) ဥက္ကဋ္ဌရဲ့ လတ်တလော လုပ်ကိုင်ဆောင်ရွက်မှု တွေ၊ ရှင်းလင်းပြောဆိုနေမှုတွေ၊ ထုတ်ပြန်ကြေညာချက်တွေနဲ့ ဆက်စပ်လိုက်တော့ သံသယနဲ့ မယုံကြည်မှုဟာ ကြီးမားသထက် ကြီးမားပြီး ကျယ်ပြန့်သည်ထက် ကျယ်ပြန့်နက်ရှိုင်းလာပါတယ်။

ပထမအကြိမ် အခြေခံမဲစာရင်းတွေ မှားတယ်။
ဒုတိယအကြိမ် မဲစာရင်းတွေ ထပ်မံ ထုတ်ပြန်တော့ ပိုပြီး မှားပြန်တယ်။ ဒါဟာ အချိန်၊ ငွေကြေး၊ နည်းပညာနဲ့ ပြည်တွင်းပြည်ပ ပံ့ပိုးမှုတွေ အလျှံပယ်ရနေတဲ့ကြားကနေ အရုပ်ဆိုးအကျည်းတန်စွာ ပေါ်ပေါက်လာတဲ့ အမှားအယွင်းတွေဖြစ်ပါတယ်။ ဒီလိုအမှား တွေဟာ “ကွန်ပြူတာကြောင့် – ဆော့်ဖ်ဝဲကြောင့်” လို့ စက်ကရိယာကို အပြစ်ပုံချပါတယ်။ တကယ်တော့ ဒီအချက်က (UEC) စီမံခန့်ခွဲမှုစွမ်းရည် မရှိတာကို အခိုင်အမာ ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ ကော်မရှင်ဟာ ပက်ကျိလမ်းသွားသလို အရာရာနဲ့ အကြောင်းကြောင်း ဖြစ်နေပါတယ်။

ဒီကြားထဲမှာ(UEC)က ကြီးမှူးတဲ့ “ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂/၂၀၁၅)” ကနေ ရွေးကောက်ပွဲနေ့ရက်ကို “ရွှေ့ဆိုင်းမလား”ဆိုတဲ့ ကိစ္စပေါ်ပေါက်လာတဲ့အခါမှာ နဂိုရှိနေတဲ့ သံသယနဲ့ မယုံကြည်မှုဟာ ပို လို့ပိုလို့ ခိုင်မြဲလာစေပါတယ်။ (UEC)မှာ ဘယ်လိုအကြံအစည်တွေ၊ ဝှက်ဖဲတွေရှိနေသလဲဆိုတဲ့ မေးခွန်းတွေကလည်း အုံနဲ့ကျင်း နဲ့ ပေါ်ထွက်လာစေပါတယ်။

ဒါ့အပြင် အခုနောက်ဆုံးပေါ်ထွက်လာတဲ့ ပြည်ပသံရုံးတွေမှာ “ကြိုတင်မဲ”ပေးရာမှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်တွေက မဲဆန္ဒရှင် ပြည် သူတွေရဲ့ (UEC)အပေါ် နဂိုရှိနေတဲ့ သံသယနဲ့ မယုံကြည်မှုကို ထပ်မံ မီးထိုးပေးနေပြန်ပါတယ်။ မဲပေးခွင့်ရှိသူတွေ အကြောင်း အမျိုးမျိုးနဲ့ မဲပေးခွင့်မရရှိအောင် တမင်ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေတာလို့ ကောက်ချက်ချနေပါတယ်။

သံရုံးတွေမှာ အခုလတ်တလောကြုံရတဲ့ “ကြိုတင်မဲ”ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌက “ကြိုတင်မဲက သံရုံးတွေကို ဒုက္ခ ပေးမိတယ်”လို့ ပါးစပ်ကနေ လွယ်လွယ်ကလေး ပြောသွားပါတယ်။ တကယ်တော့ သူနဲ့သူ့ကော်မရှင်ရဲ့ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စ ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခုတော့ သက်ဆိုင်ရာသံရုံးတွေက ဝတ်ကျေတန်းကျေ လုပ်သလိုလို ပြောဆိုသွားပါတယ်။ ဒါ့အပြင် (UEC)က ပြည်ပမီဒီယာတစ်ခုရဲ့ အသံလွှင့်ချက်နဲ့ပတ်သက်ပြီး ရန်ထောင်တဲ့ ထုတ်ပြန်ချက် ထုတ်လိုက်တာပါပဲ။ ကြံ့ဖွံ့ပါတီခေါင်းဆောင်များရဲ့ မဲဆွယ်ဟောပြောနေမှုတွေထဲမှာ ကော်မရှင်က ထိန်းသိမ်းကြီးကြပ်ပေးရမယ့် တာဝန်ရှိနေပေမယ့် မသိသလို မကြားသလိုလုပ်နေပါတယ်။ ကချင်ပြည်နယ်မှာ (NLD) ပါတီရုံးနဲ့ပစ္စည်းတွေ ဖျက်ဆီးခံရတာနဲ့ ပတ်သက်လို့လည်း ထိရောက်မြန်ဆန်တဲ့ အရေးယူဆောင်ရွက်မှု နှောင့်နှေးလွန်းတာ၊ ကိုကိုးကျွန်းသို့ သွားရောက်မဲဆွယ်ရေး ကိစ္စတွေမှာ တမင်နှောင့်နှေးကြန့်ကြာနေစေတာ၊ ဖြူးမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြတ်နုခိုင်ကို ချက် ချင်းဖမ်းဆီးထောင်ချပစ်တာ စတဲ့ လက်တွေ့ထဲက အချက်အလက်တွေကြောင့်လည်း (UEC) ဥက္ကဋ္ဌနဲ့ (UEC)အပေါ် ပိုပြီး အယုံ အကြည် ကင်းမဲ့စေပါတယ်။

ဒီလိုအချက်အလက်တွေ ထုနဲ့ထည်နဲ့ စုပုံလာမှုတွေကြောင့် အရပ်ဖက်အဖွဲ့အစည်းများက စုပေါင်းပြီး လက်ရှိ (UEC) ဖျက်သိမ်း ပေးဖို့နဲ့ ကော်မရှင်သစ်ဖွဲ့စည်းပေးဖို့ တောင်းဆိုလာနေတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့ရက် နီးကပ်လာလေလေ ညစ်ပတ်မှုတွေကလည်း ပုံစံမျိုးစုံနဲ့နယ်ပယ်ပေါင်းစုံကနေ ပေါ်ပေါက်လာလိမ့်မယ်လို့ ကြိုတင်မျှော်တွေးထားရပါမယ်။ ဒါ့အပြင် ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲရလဒ်၊ ရွေးကောက်ခံကိုယ်စားလှယ်တွေရဲ့ ကံကြမ္မာဟာ (UEC) လက်ထဲမှာရှိတဲ့ စီရင်ဆုံးဖြတ်ပိုင်ခွင့်ဖြစ်နေပါတယ်။

ဒါကြောင့် အစိုးရနဲ့ (UEC)ဟာ မီးကုန်ယမ်းကုန် ညစ်ပတ်လာပြီဆိုရင် ၂၀၁၅၊ နိုဝင်ဘာ ၈ရက်နေ့ကို အစိုးရနဲ့ (UEC) ရဲ့ ပူးပေါင်း ညစ်ပတ်ယုတ်မာမှုကြီးကို ဆန့်ကျင်ဆန္ဒပြတဲ့ လူထုလှုပ်ရှားမှုကြီးအဖြစ် ပြောင်းလဲပစ်ရပါလိမ့်မယ်။ အခုဆိုရင် ဒီလှုပ်ရှားမှုကြီးရဲ့ ကနဦး အရေးဆိုမှုတွေဟာ ပြည်ပနိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာသံရုံးတွေရှေ့မှာ စတင် ပေါ်ပေါက်နေပါပြီ။

(မောင်ကျော်စွာ)
ကေအိုင်စီ - KIC
http://kicnews.org


 နောက်လတွင် ကျင်းပမည့် မြန်မာနိုင်ငံ၏ ၂၅ နှစ်တာကာလအတွင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတွင် ကိုထွန်းလင်းနှင့် မြန်မာနိုင်ငံသား လေးသန်းခန့်မှာ ရွေးကောက်ပွဲတွင်ပါဝင် မဲပေးခွင့်မရကြချေ။ အသက် ၃၃ နှစ်အရွယ် ကိုထွန်းလင်းကဲ့သို့ ပြည်ပတွင် အလုပ်လုပ်ကိုင်နေကြသော သူများမှာ မဲစာရင်းတွင် မှတ်ပုံတင်ခွင့်မရကြချေ။ သို့သော် မဲစာရင်းမှားယွင်းမှုများနှင့် တိုင်းရင်းသားလူမျိုးစုများ အကြမ်းဖက်မှုများကြောင့် မဲဆန္ဒနယ်မြေများ ဖျက်သိမ်းထားမှုများကြောင့် လာမည့် ရွေးကောက်ပွဲ၏ အများ ယုံကြည်လက်ခံနိုင်မှုမှာလည်း ထိခိုက်စရာဖြစ်နေသည်။

''အစိုးရဟာ မြန်မာနိုင်ငံသားအားလုံး ဘယ်နေရာပဲရောက်နေပါစေ မဲပေးခွင့်ရအောင် လိုအပ်တဲ့အရာတွေ လုပ်မပေးခဲ့ဘူးလို့ ကျွန်တော်ထင်တယ်''ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အာရှဌာနခွဲ၏ လက်ထောက် ဒါရိုက်တာ ဖီလ်ရောဘတ်ဆန်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ သမိုင်းတွင် အဓိက မှတ်တိုင်တခု ဖြစ်နေသည်။ မြန်မာနိုင်ငံ ၏ အာဏာရကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကို အပြတ်အသတ်ရှုံးနိမ့်မည်ဟု မျှော်လင့်ရသည်။ သို့သော်လည်း ဘန်ကောက်မြို့မှ အနောက် တောင်ဘက် မိုင် ၃၀ အကွာတွင်ရှိသော မဟာချိုင်ရှိ ထိုင်းငါးဖမ်းဆိပ်ကမ်းဒေသမှ လူဦးရေ ၃၀၀,၀၀၀ နီးပါး ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားအင်အားစုများမှာမူ မဲဆန္ဒရှင်မှတ်ပုံတင်ရေးကိစ္စတွင် မတိကျမရေရာသော အခြေအနေရှိနေကြကြောင်း ပြောဆိုသံများ ကြားနေရသည်။

မြန်မာအစိုးရကိုယ်စားလှယ်များကလည်း ယင်းမြို့သို့လာရောက်၍ မြန်မာများ မဲပေးခွင့်ရှိကြောင်း လာရောက် ပြောဆိုမှုမရှိခဲ့ချေ။ မြန်မာရွှေ့ပြောင်းလုပ်သားများကလည်း ပြီးခဲ့သော တနင်္ဂနွေနေ့က ဘန်ကောက်သို့ သွားရောက်၍ မဲပေးရန် သွားရောက်ခဲ့ကြစဉ်က ၎င်းတို့ကိုင်ဆောင်ထားသော ယာယီပတ်ပို့စ်များဖြင့် မဲမပေး နိုင်ကြောင်းကို မသိခဲ့ကြချေ။

ပြည်ပတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သန်းအနက် ၃၄၀၀၀ သာလျှင် မဲပေးခွင့်ရရန် အချိန်မီ မှတ်ပုံတင်နိုင်ခဲ့ကြောင်း အစိုးရက ပြောခဲ့သည်။ မြန်မာနိုင်ငံရှိ ရေလွှမ်းမိုးမှုဒဏ်ခံရသော အချို့ဒေသများတွင်လည်း မဲဆန္ဒပေးနိုင်မည့် အခြေအနေမရှိနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ မဲဆန္ဒမပေးနိုင်သည့် အရေအတွက် မည်မျှရှိကြောင်း ခန့်မှန်းရန် မလွယ်ကူဟု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရ ပုဂ္ဂိုလ်တဦးက ပြောခဲ့ဖူးသည်။ လေ့လာသူများကလည်း အရေအတွက် အတိအကျ ပြောဆိုရန် မဖြစ်နိုင်သော်လည်း မဲပေးရန် အခက်အခဲရှိသူ လူလေးသန်းခန့် ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ တနိုင်ငံလုံး စုစုပေါင်း မဲပေးခွင့်ရှိ သူ ၃၃ ဒသမ ၅ သန်းအနက် ယခုကဲ့သို့ မဲမပေးနိုင်သည့် ပုဂ္ဂိုလ်မှာ ၁၀ ရာခိုင်နှုန်း ရှိနေသည်။ ဤကဲ့သို့ မဲပေးနိုင်ခွင့် ဆုံးရှုံးမှုများနှင့် မဲစာရင်းမှားယွင်းမှုများကြောင့် ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတမှုရှိရန် မဖြစ်နိုင်ကြောင်း ရှမ်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင် စိုင်းအိုက်ပေါင်းက ဝေဖန်ပြောကြားခဲ့သည်။

Ref; Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


 မြန်မာနိုင်ငံတွင် မသိသူ မရှိလောက်သည့် ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ခဲ့ သည့် နေအိမ်ကို အဆင့်မြင့် စားသောက်ဆိုင်တစ်ခု အဖြစ် ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ငါးလောင်းပြိုင် လူသတ်မှုမှာ တက္ကသိုလ်ရိပ်သာလမ်းသွယ် ဖြစ်သည့် စိမ်းလဲ့ကန်သာလမ်းပေါ်တွင် တည်ရှိသည်။ အခင်းဖြစ်ပွားရာနေရာသည် လူကုံထံရပ်ကွက်တွင် တည်ရှိခြင်း၊ ဖြစ်ပွားချိန်မှာ စစ်အစိုးရ အုပ်ချုပ်နေ ချိန်ဖြစ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေသည့် နေအိမ်နှင့် အမေရိကန်သံရုံးတို့ တည်ရှိသဖြင့် လုံခြုံရေးအလွန်တင်းကြပ်သည့် တက္ကသိုလ် ရိပ်သာလမ်း၏ လမ်းသွယ် တစ်ခုတွင် ဖြစ်ပွားခဲ့ခြင်း၊ အိမ်ဖော် အပါအ၀င် မိသားတစ်စုလုံးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်း တို့ကြောင့် အဆိုပါ လူသတ်မှုမှာ တစ်နိုင်ငံလုံး၏ အာရုံကို ဖမ်းစားနိုင် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခင်းဖြစ်ပွားရာ အိမ်ကြီးရခိုင်၏ လက်ရှိပိုင်ရှင်မှာ မြန်မာနိုင်ငံသား အိန္ဒိယလူမျိုး ဟိန္ဒိုဘာသာဝင် တစ်ဦးဖြစ်ပြီး ယခုဖွင့်လှစ်မည့် စားသောက်ဆိုင် ကို ရှေးဟောင်း အိန္ဒိယ ရဲတိုက်ကြီး သဖွယ် ပြင်ဆင် ထားခြင်း ဖြစ်သည်။

ဆိုင်၏ ဒီဇိုင်းမှာ ၁၈၅၇ ခုနှစ် ကာလက ဒီဇိုင်းပုံစံမျိုး ဖန်တီးထားကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားခဲ့ကြောင်း သိရသည်။ အ၀င်ဝ တံခါးဝက နှစ် ၅၀၀ သက်တမ်းရှိသည့် နံသာဖြု သစ်မွှေးသားနဲ့ပြုလုပ်ထားပြီး ကန် ဒေါ်လာ တစ်သန်းခန့် တန်ဖိုးရှိကြောင်း ဆိုင်ပိုင်ရှင်က ပြောကြားခဲ့သည်။

ခြံ၏ အကျယ်အ၀န်းမှာ ပွိင့် ဖိုး ဧကရှိပြီး ခြံထဲမှာ အိန္ဒိယစတိုင် ရွက်ဖျင်တဲ ပုံစံ ၄-၅ လုံး ရှိသည်။ အဆောက်အဦးထဲဝင်သွားပါက အရာအားလုံးကို အိန္ဒိယစတိုင် ပြင်ဆင်ထားသည်။

အဆိုပါ အိမ်ကြီးကို လက်ရှိပိုင်ရှင်မှ လွန်ခဲ့သည့် သုံးနှစ်လောက်က တရားဝင် ၀ယ်ယူခဲ့ပြီး ငွေကြေး တော်တော်များများ အကုန်အကျ ခံပြီး ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - မြတ်သူအောင်၊ မင်းအိုက်ခ်

သတင်းရင်းမြစ် - မြတ်သူအောင်
The Ladies News Journal
https://www.facebook.com/News.TheLadies