10/24/15
 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ ၂၄ ရက်နေ့ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ကော့မှုးမြို့နယ် မှော်တော ကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပြည်သူလူထုအား ရွေးကောက်ပွဲ အောင်နိုင်ရေး မိန့်ခွန်း ဟောပြောခဲ့သည်။
 သတင်း - ရုပ်/သံ - ဓါတ်ပုံ ။ ။National League for Democracy
အဖွဲ့ချုပ်ဥက္ကဋ္ဌ၏ ကော့မှုးမြို့နယ် မှော်တောတွင်ဟောပြောသော မိန့်ခွန်း
Posted by National League for Democracy on Friday, October 23, 2015
 ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်တစ်ခုက အလုပ်သမားတချို့ကို တွေ့ရစဉ်။ Photo: RFA
 ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန် ( ၄ ) မှာရှိတဲ့ Lucky Shoes ဖိနပ်စက်ရုံမှာ အချိန်ပိုခိုင်းစေမှုတွေ ရှိပြီး အချိန်ပိုကြေးမပေးတာကြောင့် အလုပ်သမား ၃ဝဝ လောက်က မနေ့က ဆန္ဒပြနေကြပါတယ်။
အရင်က ထုတ်လုပ်ပေးနေကျ ဖိနပ်အရေအတွက်ထက်ပိုပြီး လုပ်ခိုင်းတာတွေ ရှိနေသလို အလုပ်ချိန် ၈ နာရီကျော် သွားတာကို အချိန်ပိုကြေးမပေးတဲ့အတွက် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမား မစန္ဒာအောင်က ပြောပါတယ်။
"အလုပ်သမားတွေကို အတင်းအဓမ္မခိုင်းနေတယ်လေ၊ ဖိနပ်အရံအရေအတွက် ဝန်ထမ်းတွေက ၂ဝ လောက်ပဲ လုပ်နိုင်တယ်ဆိုရင် အလုပ်ရှင်က ၃ဝ ရအောင်လုပ် မရဘူးဆိုရင် မပြန်ရဘူး၊ အရံအရေတွက်ပြည့်အောင်လုပ် မပြန်တဲ့အချိန်နာရီကို အချိန်ပိုကြေးပေးပါဆိုတော့လည်း အလုပ်ရှင်ကမပေးဘူး၊ အဲ့ဒီလိုမပေးလို့ ဝန်ထမ်းတွေ ကပြန်မယ်ဆိုရင် နောက်နေ့အလုပ်ဆင်းရင် သတိပေးလက်မှတ်ထိုးခိုင်းတယ်၊ ဝန်ထမ်းတစ်ယောက်က လုပ်နိုင်တဲ့အတိုင်းအတာအထိလုပ်မှာပေါ့၊ သူ့ရဲ့ခွန်အားနဲ့ သူကြိုးစားပမ်းစားလုပ်တယ် မခိုမကပ်ပဲနဲ့ လုပ်လိုက်တဲ့အရံအရေအတွက်ကိုပဲ ဝန်ထမ်းတွေကလုပ်ချင်တယ်၊ သူတို့ဘက်ကမဖြစ်နိုင်တဲ့ အရံအရေ အတွက်ကို မတောင်းဆိုပဲနဲ့ အဲ့ဒီအရံအရေအတွက် နှုန်းထားတွေကို လျော့ချပေးဖို့တောင်းဆိုကြတာပါ"
ဒါ့အပြင် တစ်ရက် လုပ်အားခ ကျပ် ၃၆ဝဝ သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလကုန်ကစပြီး အလုပ်သမားတွေ ကို အရင်ပေးနေကျဖြစ်တဲ့ လုပ်သက်ကြေး၊ ထောက်ပံ့ကြေး၊ ရှားပါးစရိတ် စတာတွေကို မပေးတော့တဲ့အတွက် အရင်လိုပြန်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။
Lucky Shoes ဖိနပ်စက်ရုံဟာ ပြည်တွင်းမှာပဲ ဖြန့်ချိရောင်းချတာဖြစ်ပြီး အလုပ်သမားအားလုံးနီးပါးက ဆန္ဒပြနေ ကြတာဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
၂၀၀၄ဖေဖော်ဝါရီတွင် ဟားဗတ် တက္ကသိုလ်ကျောင်းသား မက်ခ်ဇူ ကာဘတ်က အတန်းဖော်အချင်း ချင်းဆက် သွယ်ရန်စတင်အသုံး ပြုတီထွင်ခဲ့သော ဖေ့စ်ဘွတ်ခ် သည် ဆယ်စုနှစ်တစ်ခုကြာပြီး သည့်နောက် မြန်မာနိုင်ငံတွင် ထောင်နှုတ်ခမ်းနင်း၍ အသုံးပြုရ သောအရာတစ်ခု ဖြစ်လာတော့ သည်။
မြန်မာနိုင်ငံတွင်ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ပထမဆုံးအမှုဖွင့်တိုင်ကြားမှုတစ်ခု အောက်တိုဘာ၅ရက်က စတင်ဖြစ်ပွားခဲ့သည် ။ ဆက်တိုက်ဆိုသလိုပင် ဖေ့စ်ဘွတ်ခ်ပေါ်တင်သည့် ဓာတ်ပုံနှင့်စာသားကိုအကြောင်းပြု၍ ၁၄ရက်မပြည့်မီမှာပင်အမှုဖွင့်ခံရသူ ခုနစ်ဦးအထိရှိလာခဲ့သည်။
ဖေ့စ်ဘွတ်ခ်အသုံးပြုနေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)
ပထမဆုံး အမှုမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စော်ကားခြင်းကြောင့်ဖြစ်ပြီးယင်းအမှုအပါအ၀င်တပ်ကိုစော်ကား ခြင်းကြောင့်အမှုဖွင့်ခံထားရသူသုံးဦးထိ ရှိနေကာသုံးဦးစလုံးမှာ ဖမ်းဆီးစစ်ဆေးခံနေရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံကို ခြေဖြင့်နင်းထားသည့်ပုံကိုစက်တင်ဘာ ၃၀ရက်က Zaw Myo Nyunt အမည်ဖြင့်ဖေ့စ်ဘုတ်ခ်ပေါ်ဖြန့်ဝေခဲ့သူအမျိုးသားတစ်ဦးသည် အောက်တိုဘာ၆ ရက်ညတွင်မရမ်းကုန်းမြို့နယ်၌ ဖမ်းဆီးခံခဲ့ရသည်။
ဒုတိယတစ်ဦးကတော့ ထူးခြားသည်။ အဖမ်းခံရသူမှာမိန်းကလေးတစ်ဦးဖြစ်ပြီး အဖမ်းခံရသည့်နေရာမှာ တရားစခန်းတစ်ခုဖြစ်သည်။ အဖမ်းခံရသည့်အကြောင်းရင်းက အစိမ်းနုရောင် ရုံးတက်ယူနီဖောင်းအသစ်ဝတ်ဆင်ထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဓာတ်ပုံနှင့် အစိမ်းနုရောင်ထဘီဝတ်ဆင်၍ မိန့်ခွန်းပြောနေသော ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံကို ယှဉ်တွဲဖော်ပြ ကာ ‘‘အဲ့သလောက် အမေ့ကို ချစ်ကြရင်လည်း အမေ့ထဘီစ ခေါင်းမှာပတ်ထားပါတော့လားဗျာ’’ဟုလည်းကောင်း၊ ‘‘အမေစုဝတ်တဲ့ ထဘီအရောင်ကို ကြိုက်တဲ့သူတို့ ချုပ်ဝတ်ကြလေပြီ’’ ဟုလည်းကောင်းရေးသားခဲ့ခြင်းကြောင့် ဖြစ်သည်။
အဆိုပါ မချောစန္ဒီထွန်း(ခ) ချစ်သမီးအကောင့်ပိုင်ရှင်ကို အောက်တိုဘာ ၁၂ ရက်ကတရားစွဲဆိုခဲ့ပြီး မအူပင်မြို့တွင် အောက်တိုဘာ ၁၃ ရက်နေ့က ချက်ချင်းရုံးထုတ်ခဲ့သည်။
တတိယသားကောင်မှာ တပ်မတော်အဆင့်မြင့် အရာရှိတစ်ဦး၏ ဓာတ်ပုံကို ခြေထောက်ဖြင့်နင်းကာ ဓာတ်ပုံရိုက်၍ လူမှုကွန်ရက်ပေါ် ဖြန့်ဝေခဲ့ သည်ဟုဆိုကာ တရားစွဲဆိုခံထားရသည့် ကချင်တိုင်းရင်းသားဦးခွန်ဂျာလီဖြစ်သည်။ ဦးခွန်ဂျာလီကို အောက်တိုဘာ ၁၄ ရက် ညပိုင်းက ရန်ကုန်မြို့လှိုင်မြို့နယ် (၁၀)ရပ်ကွက်ရှိ၎င်း၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များလာရောက်ခေါ်ဆောင်သွားကာ ထိန်းသိမ်းခံခဲ့ရပြီး အောက်တိုဘာ ၁၅ရက်တွင် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး အာမခံပင်မရပေ။
‘‘ဒီပို့စ်ကို ကျွန်တော်ရှဲလ်တာ မဟုတ်ပါဘူး။ ကျွန်တော်ဘာမှ လည်းမသိပါဘူး။ ကျွန်တော့်အနေနဲ့ ကြည့်ရင်တော့ မတရားပါဘူး’’ဟု ဦးခွန်ဂျာလီက လှိုင်မြို့နယ်တရားရုံးအထွက်တွင် ပြောကြားခဲ့သည်။
သူ၏ပြောစကားမှာ ဖေ့စ်ဘွတ်ခ်သုံးစွဲသူများအတွက် သတိပေးခေါင်းလောင်းသံ ဖြစ်သည်။ကိုယ်ကလစ်နှိပ်သည်ဖြစ်စေ၊ မနှိပ်သည်ဖြစ်စေ ကိုယ့်wallပေါ်တွင်ပေါ်နေသည့်အကြောင်းအရာများ အပေါ်တွင်ကိုယ်တာဝန်ယူရတော့မည့် သဘော ဖြစ်သည်။ သူ၏ ဖြစ်ရပ်အပြီးတွင်Tag တွဲခြင်း သည်းခံပါဟု သဘောဆောင် သောပို့စ်အမြောက်အမြား ဖေ့စ်ဘွတ်ခ်တစ်ခွင်လွင့်ပျံခဲ့သည်။
ချောစန္ဒီထွန်း(ခ) ချစ်သမီးနှင့်ဦးခွန်ဂျာလီတို့နှစ်ဦး၏ အမှုများကိုပလပ်ပြီး အမြန်ဆုံးလွှတ်ပေးရန်နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP -B)က အောက်တိုဘာ၁၇ ရက်တွင် တောင်းဆိုခဲ့သည်။ AAPP-B ၏ထုတ်ပြန်ချက်တွင် အစိုးရတစ်ရပ်အနေဖြင့် တပ်မတော်အနေဖြင့် ပြည်သူတို့၏အသံကို နားစွင့်ရန်လိုအပ်ကြောင်းနှင့်သည်းခံစိတ်ရှည်သော အစိုးရတစ်ရပ်ဖြစ်အောင် ကြိုးစားပြုမူရန်လည်း လိုအပ်ကြောင်း တိုက်တွန်းထားသည်။
အောက်တိုဘာ ၁၅ရက်က ဝါရှင်တန်ဒီစီ၌ ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ဦးခွန်ဂျာလီနှင့် မချောစန္ဒီထွန်းတို့ကိုဖမ်းဆီးခြင်းအား အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း မီဒီယာများက ဖော်ပြကြသည်။
သို့သော် အောက်တိုဘာ ၁၆ ရက် ညပိုင်းကပင်လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်တွင် နာမည်တူအကောင့်အတုဖွင့်ခံရပြီး ယင်းအကောင့်တုမှ အစိုးရ အရာရှိဟောင်းများနှင့် အစိုးရ အရာရှိများအားဆဲဆိုခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ဒေါပုံမြို့နယ်တွင် နေထိုင်သည့် အသက် (၂၈) နှစ်အရွယ် ကိုလူဇော်စိုးဝင်းကို ဒေါပုံမြို့နယ်ရဲစခန်းမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်သည်။ ဆင်းမ်ကတ်များ ကျပ်၁၅၀၀ဖြစ်သွားသည့်အကျိုးဆက်အဖြစ် အိမ်တွင် ကွန်ပျူတာပင်မရှိသူအများစုမှာ မိုဘိုင်းဖုန်းမှ တစ်ဆင့် ဖေ့စ်ဘွတ်ခ်ကို သုံးစွဲလာကြသည်။ သုံးစွဲသူတို့၏အလိုအရ ဖေ့စ်ဘွတ်ခ်သည်အပျင်းပြေသဘောဆောင်လာသည်။ ဖေ့စ်ဘွတ်ခ်သည် အလုပ်သဘောဆောင်လာသည်။ စွဲလမ်းလွန်းသူများအတွက် ဖေ့စ်ဘွတ်ခ်သည် မသုံးရမနေနိုင် လောက်သည့်အထိ ဖြစ်လာသည်။ စစ်အစိုးရလက်အောက်တွင် နှစ်ပေါင်း များစွာလွတ်လပ်စွာပြော ရေးဆိုခွင့်ကိုဖိနှိပ်ခံခဲ့ရသည့် လူထုအထွက် ဖေ့စ်ဘွတ်ခ်သည် ထွက် ပေါက်တစ်ခုဖြစ်လာသည်။ ထိုမှတစ်ဖန် ဖေ့စ်ဘွတ်ခ်သည် စိတ် ထွက်ပေါက်တို့ လွန်ကျူးရာအရပ် ဒေသသဖွယ်ဖြစ်လာခဲ့သည်။ အယူအဆမတူသူတို့ကို ပျစ်ပျစ်နှစ်နှစ်ဆဲဆိုမှုမှာ မမြင်ချင်မှ အဆုံးပင်ဖြစ်သည်။ ပြင်ပတွင် လူချင်းတွေ့ရန်ခက်ခဲလှသည့် လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလည်းကောင်း ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် မြင်မကောင်းအောင် စော်ကားမော်ကားပြုကြသည်။ အဆိုပါအခြေအနေကို အရှိန်တန့်လိုက်သည်က တပ်မတော်ဖြစ်သည်။ သူတို့ကို စော်ကားမှုများကိုသည်း မခံတော့ကြောင်း ဥပဒေကြောင်းမှ ပြသတော့သည်။
ထို့ပြင် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သမ္မတကို အပုပ်ချသည်ဟု အထင်ရောက်စေမည့် ကဗျာစာသားတစ်ခု ရေးသားခဲ့သည့် မှော်ဘီ NLD လူငယ်တစ်ဦးကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မည်ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦး ဇော်ဌေးက အောက်တိုဘာလ ၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့အစည်းအချို့က နေ အိမ်သို့ လာရောက်မေးမြန်းရှာဖွေ မှုများ ပြုလုပ်ခဲ့ရာ အဆိုပါလူငယ် ကဗျာဆရာ မောင်ဆောင်းခမှာ ယနေ့အထိ တိမ်းရှောင်နေရဆဲဖြစ်သည်။
‘‘ဒီကိစ္စတွေနဲ့တရားစွဲပြီဆိုရင်တော့ ဥပဒေရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဘူးဆိုတဲ့အတိုင်း အယုတ်အလတ်၊ ကျားမ၊ရာထူး၊ ဌာနမရွေး လူတိုင်းကို ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုမဟုတ်ဘဲ သူကတော့ရာထူးရှိလို့ဆိုပြီး မျက်နှာလွှဲရင်တော့ ဒါကပြည်သူအတွက် မတရားတဲ့ ဥပဒေဖြစ်မှာပဲ’’ဟု တစ်သီးပုဂ္ဂလကိုယ်စား လှယ်လောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြသည်။
ဖေ့စ်ဘွတ်ခ်နှင့် ပတ်သက်ပြီး အထင်ရှားဆုံး ဥပမာမှာ ဖေ့စ် ဘွတ်ခ်ဝန်ကြီးဟုပင် နာမည်ကြီး သည့် ပြန်ကြားရေးဝန်ကြီး ဦးရဲ ထွဋ်ပင်ဖြစ်သည်။ သမ္မတ၏ ပြော ရေးဆိုခွင့်ရှိသူ၏ ဇနီးသည် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ဒေါ်အောင်ဆန်း စုကြည်ကို သိက္ခာကျစေရန် ပြု ပြင်ထားသည့် ဓာတ်ပုံကို မျှဝေမိသဖြင့် ဦးရဲထွဋ်က ဒေါ်အောင် ဆန်းစုကြည်ကို လူချင်းတွေ့ကာ တောင်းပန်ခဲ့ရသည်။
ယခုကဲ့သို့ ဖေ့စ်ဘွတ်ခ်အမှု များပေါ်ပေါက်လာသည့်အခါ သူ ၏ ဖြစ်ရပ်ကို ပြန်တူးဆွခံနေရ သည်။
NLD ကို ဖေ့စ်ဘွတ်ခ်ပေါ်မှ ခပ်ကြမ်းကြမ်းဝေဖန်မှုများ ပြု လုပ်လေ့ရှိသည့် ပြည်ခိုင်ဖြိုးအ မတ် ဦးလှဆွေလည်း ယခုအချိန် တွင် သတိထားရတော့မည်ဖြစ် သည်။
‘‘အဟတ်ခံရတာ (တိုက် ခိုက်ခံရခြင်း)လေးခါရှိပြီ။ ကျွန် တော့်အကောင့်ကို အတုလုပ်ထား တာ ခြောက်ခုတောင်ရှိတယ်’’ဟု ဦးလှဆွေက ပြောသည်။
အစိုးရနှင့် တပ်မတော်အား စော်ကားသူများကို အမှုဖွင့်ခြင်း အား ရဲစခန်းများက လက်ခံခဲ့ပြီးနောက် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် စော်ကားမှုများနှင့်ပတ်သက်၍အမှုဖွင့်ခြင်းများ ပေါ်ပေါက်လာပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အင်္ဂလိပ်မယား၊ ကုလားယူထား သော အမျိုးဖျက်မဟု ပုတ်ခတ် ပြောဆိုမှုပြုလုပ်ခဲ့ သော ဟိုင်းကြီးကျွန်းမှ ဆယ်အိမ်မှူးဦးသန်းဇော်ထိုက်(ခ) မုန့်လုံးကြီးကိုအသရေဖျက်မှုပုဒ်မ (၅၀၀) ဖြင့် NLD ပါတီက တရားစွဲဆိုခဲ့သည်။ဒုတိယတစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကိုဖိုတိုရှော့ဖြင့် ညစ်ညမ်းပုံဖန်တီးကာ လူမှုကွန်ရက် ပေါ်တင်ခဲ့သည့်ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းကို အောက်တိုဘာ ၁၇ ရက် က ဒီချုပ်ပါတီဝင်တစ်ဦးမှ အမှုဖွင့်ခဲ့သည်။ သူသူအမည်ဖြင့် အကောင့်တွင် တင်ခဲ့ခြင်းဖြစ်ပြီး ထိုအကောင့်ပိုင်ရှင်မှာ မိမိဖြစ်သည်ဟု ဦးသန်းထွန်းက ၀န်ခံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တောင်းပန်ပါက ကျေ အေးပေးမည်ဟူသည့် NLD၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့သည်။
‘‘ဖေ့စ်ဘွတ်ခ်ပေါ်က ကိစ္စတွေကို ဒီလိုအမှုလိုက်ဖွင့်နေတာအဖြေတစ်ခုတော့မဟုတ်ဘူး။ အမှန်ကပြည်သူကိုကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရမှာ။ ဘယ်အဆင့်ကိုကျော်ပြီး တင်တာတော့ မသင့်ဘူးဆိုတာမျိုးပေါ့’’ဟု ၂၀၀၉ က အီလက်ထရွန်နစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဖြင့် ထောင် ၁၅နှစ်ချမှတ်ခံခဲ့ရသူမလှလှဝင်း(၂၀၁၃တွင်သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာ)ကပြောသည်။
သို့သော် ဖေ့စ်ဘွတ်ခ်ပေါ်မှ ဖော်ပြမှုများကို အရေးယူနိုင် သည့် ဥပဒေနှစ်ခုအထိပင် ရှိနေ သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေနှင့် ဦးသိန်းစိန်လက်မှတ်ရေးထိုးပြဋ္ဌာန်းထား သောဆက်သွယ်ရေးဥပဒေတို့ဖြစ် သည်။
7day daily
ဓာတ်ပုံ− အေအက်ဖ်ပီ
ရွေးကောက်ပွဲ ကျင်းပရန် နှစ်ပတ်သာ လိုတော့ချိန်တွင် Glo-bal Witness အဖွဲ့က အမေရိကန်ဒေါ်လာ ဘီလီယံဆယ်ချီ၍ရသော မြန်မာ့ကျောက်စိမ်းထုတ်လုပ်မှုလုပ်ငန်းများကို စစ်ဗိုလ်ချုပ်ဟောင်းကြီးများ၊ မူးယစ်ရာဇာများနှင့် ခရိုနီကုမ္ပဏီများ၊လက်နက်ကိုင်များက ထိန်းချုပ်လုပ်ကိုင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
‘ကျောက်စိမ်း-မြန်မာနိုင်ငံ ၏ ကြီးမားသည့် နိုင်ငံတော်လျှို့ ၀ှက်ချက်’ အမည်ရှိ Global Witness ၏ တစ်နှစ်ကြာ စုံစမ်း ဖော်ထုတ်ထားသော အစီရင်ခံစာ တွင် မြန်မာနိုင်ငံ၏ ကျောက်စိမ်း ထုတ်လုပ်မှုသည် ၂၀၁၄ တစ်နှစ် တည်းမှာပင် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံထိရှိကြောင်း ဆိုသည်။ ယင်းကိန်းဂဏန်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ထက်ဝက်ခန့်ရှိပြီး ကျန်းမာရေးအသုံးစရိတ်၏ ၄၆ ဆရှိပါသည်။ သို့သော် ဒေသခံ ပြည်သူများ အကျိုးကျေးဇူးများစွာ ခံစားရပေ။
ဓာတ်ပုံ− အေအက်ဖ်ပီ
အင်္ဂလန်နိုင်ငံ အခြေစိုက် Global Witness သည် ပဋိပက္ခ များ၊ ခြစားမှုများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများ စုံစမ်းဖော်ထုတ်နေသော အဖွဲ့အစည်းဖြစ်သည်။
        အစီရင်ခံစာတွင် ဖော်ပြသည်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ အာဏာရပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ၀န်ကြီးဦး အုန်းမြင့်နှင့် ဦးမောင်မောင်သိမ်းတို့ အပါအ၀င် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ပုဂ္ဂိုလ်များ၏ မိသားစုများသည် ကျောက်စိမ်း လုပ်ငန်းတွင် အဓိကလုပ်ကိုင်နေ သူများဟု ဖော်ပြထားသည်။ ထို့အပြင် အမေရိကန်နိုင်ငံက ပိတ်ဆို့ အရေးယူထားသည့် မူးယစ်ရာဇာ ဝေရှောက်ခန်သည် နာမည်ခံကုမ္ပဏီအများအပြားမှတစ်ဆင့် ဤလုပ်ငန်းတွင်လွှမ်းမိုးထားနိုင်သည့် အခန်းကဏ္ဍကို ယူထားသည်။ တစ်ချိန်တည်းမှာပင် မြန်မာ စစ်တပ်ကလည်း ကိုယ်ပိုင်လုပ်ငန်းစုကြီးများမှ အမြတ်ဝေစုကြီးကြီးကို ရယူထားသည့်အပြင် ကချင်ပြည်နယ်အတွင်း အရာရှိများကလည်း ခြိမ်းခြောက်ငွေညှစ်တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည်ဟုဆိုသည်။
‘‘မြန်မာပြည်က ကျောက် စိမ်းလုပ်ငန်းဟာ ခေတ်သစ်သမိုင်း မှာသဘာဝသယံဇာတတွေကို အ ကြီးမားဆုံး ခိုးယူလုယက်မှုကြီးလို့ ဆိုကောင်းဆိုနိုင်ပါတယ်။ ၂၀၁၁ ကစလို့ တံဆိပ်ပြောင်းတပ်ထား တဲ့ အစိုးရက သူတို့ဟာ အတိတ် က ရက်စက်တဲ့ စစ်အုပ်ချုပ်ရေး စနစ်၊ ခရိုနီစနစ်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စာမျက်နှာကို လှန် လိုက်တော့မယ်လို့ ကမ္ဘာကိုကြေ ညာခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ အဖိုးတန်ဆုံးသဘာဝအရင်းအမြစ်ဖြစ်ပြီး စွဲမက်စရာ အရည်အသွေးနဲ့ တောက်ပတဲ့ကျောက်မျက်ရတနာဖြစ်တဲ့ ကျောက်စိမ်းကဏ္ဍမှာတော့ လက်တွေ့အခြေအနေက တစ်မျိုးတစ်ဖုံဖြစ်နေပါတယ်’’ဟု Global Witness မှ လေ့လာသုံးသပ်သူ ဂျူမန်ခတ်ဘာက ပြောကြားသည်။
အစီရင်ခံစာကို ဖတ်ကြားနေသူတစ်ဦး  ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
‘‘ဒီလိုအလွန်ကြီးမားပြီး ညစ် ပတ်ထားတဲ့ လုပ်ငန်းကို စစ်ဗိုလ် ချုပ်ဟောင်းတွေ၊ အမေရိကန်က ပိတ်ဆို့အရေးယူထားတဲ့ ဘိန်းရာ ဇာတွေနဲ့ သေနတ်ကိုင်ထားတဲ့သူ တွေက ဆက်ပြီးထိန်းချုပ်ထားကြ ပါတယ်။ နာမည်ခံကုမ္ပဏီနဲ့ နာ မည်ခံပိုင်ရှင်တွေရဲ့ နောက်ကွယ် ကနေ ဒီရေပေါ်ဆီတွေက ကြီးမား တဲ့ အမြတ်တွေကို ထုတ်ယူနေကြ တယ်။ ဒါပေမဲ့ ဒေသခံတွေက တော့ အခွင့်အရေးချိုးဖောက်ခံနေ ရပြီး သူတို့ရဲ့ သဘာဝအရင်းအ မြစ်အမွေအနှစ်တွေဟာသူတို့ခြေ ထောက်အောက်ကနေ လုယက် ခံနေရတာကို ဒီအတိုင်းကြည့်နေ ရတယ်’’
ကျောက်စိမ်းလုပ်ငန်းတွင် အများဆုံးရင်းနှီးလုပ်ကိုင်သည့် စစ်ဗိုလ်ချုပ်ဟောင်းများသည်၎င်း တို့၏ လုပ်ငန်းများကို တရားဝင် ထုတ်ဖော် ပြောကြားထားခြင်း၊ သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိ ဟု GW က ဆိုသည်။
သို့သော် သမ္မတရုံး ညွှန် ကြားရေးမှူး ဦးဇော်ဌေးကမူ ယခု အစိုးရသည် EITI ကို အကောင် အထည်ဖော်နေသော အစိုးရအဖြစ် ပွင့်လင်းမြင်သာမှုကို ပြန် လည်ထိန်းကျောင်းလုပ်ကိုင်နေ ကြောင်း၊ ယနေ့ခေတ်တွင် ခရိုနီ၊ ဦးပိုင်အပါအ၀င်မည်သည့်ကုမ္ပ ဏီကိုမျှ သီးခြားအခွင့်အရေး မ ပေးထားကြောင်း တုံ့ပြန်ဖြေကြား ခဲ့သည်။
‘‘အရင်တုန်းက ပါမစ်တစ် စောင် တောလုံးပြောင်ဆိုတာမျိုး တွေ မရှိခဲ့ဘူးလားမေးရင် ရှိခဲ့မှာ ပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ မရတော့ပါဘူး။ ဦးပိုင်ဆိုရင် လည်း အခုဆိုရင် သီးခြားအခွင့် အရေးမရတော့ပါဘူး။ ခရိုနီတွေ  လည်း အလားတူပါပဲ။ သတ်မှတ် ထားတဲ့ ဥပဒေလုပ်ထုံးလုပ်နည်း တွေနဲ့အညီ လုပ်ဆောင်နေကြပါ တယ်။ ဦးပိုင်က ရရှိတဲ့ အကျိုးအ မြတ်တွေကို စစ်သည်မိသားစုတွေ သက်သာ ချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေတယ်ဆိုတာ သိရပါတယ်။ အရင်တုန်းက စစ် အုပ်ချုပ်ရေးမှာ အခွင့်ထူးခံခရိုနီတွေ ကြီးစိုးခဲ့ပေမယ့် ဒီဘက် ခေတ်မှာ ဥပဒေနဲ့အညီ ပွင့်လင်း မြင်သာမှုရှိရှိ လုပ်ဆောင်နေပါ ပြီ။ ဦးပိုင်တို့၊ MEC တို့ဆိုရင် အ ခွန်အများဆုံးပေးဆောင်တဲ့ ထိပ် ဆုံးလုပ်ငန်းတွေမှာ ပါဝင်နေတာ တွေ့နိုင်ပါတယ်။ ခြုံလိုက်ရင် ဥပ ဒေနဲ့အညီ ဆောင်ရွက်ကြရတဲ့ ခေတ်ရောက်လာပြီ၊ EITI အဖွဲ့ ၀င်ဖြစ်လာပြီ။ ဒါက အစိုးရဘက်  က ဆောင်ရွက်နေတာ။ ဆက် လက်ပြီးတော့ ပြောရမယ်ဆိုရင် ဒီနယ်မြေဒေသ ငြိမ်းချမ်းဖို့၊ လက် နက်ကိုင်တွေ ထိန်းချုပ်ထားရာက နေ ဥပဒေနဲ့ထိန်းချုပ်နိုင်တဲ့အခြေ အနေရောက်ဖို့ အဓိကအချက်ဖြစ် တယ်ဆိုတာ တွေ့နိုင်ပါတယ်။အ တိုချုပ်ပြန်ပြောရရင် ငြိမ်းချမ်း ရေးအဓိကပါပဲ’’ ဟု သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။
ကျောက်စိမ်းလုပ်ငန်းမှ ဘီ လီယံနှင့်ချီ၍ ဆုံးရှုံးမှုများရှိနေ ခြင်းကို သုံးသပ်ဖြေကြားရာတွင် ပထ၀ီနိုင်ငံရေးအရ တရုတ်နိုင်ငံ နှင့်ဆက်စပ်နေခြင်း၊ နယ်စပ်မျဉ်း တစ်လျှောက် လက်နက်ကိုင်အဖွဲ့ များရှိနေခြင်း၊ နယ်စပ်မှ ကျောက် စိမ်း၊ သစ်၊ မူးယစ်ဆေးဝါး အပါ အ၀င် တရားမ၀င်မှောင်ခိုကုန်ကူး မှု ကြီးကြီးမားမားရှိနေခြင်းတို့ကို သိရှိထားသည်ဟု ဦးဇော်ဌေးကဆိုသည်။
လက်နက်ကိုင်တိုက်ပွဲများ ကြောင့် တရားဥပဒေမစိုးမိုးနိုင်၊ နယ်စပ်မထိန်းချုပ်နိုင်သဖြင့် တ ရုတ်နိုင်ငံယူနန်ပြည်နယ်ထဲတွင် ကျောက်စိမ်းများ အောက်ဈေးဖြင့်အမြတ်ထုတ်ခံနေရခြင်းဖြစ်ကြောင်း၊ ယင်းကို ဘီလီယံဒေါ်လာ ဘစ်ဇနက်ဟုခေါ်ကြောင်း၊ အခြေခံ အကြောင်းတရားမှာ လက်နက်ကိုင် အဖွဲ့အစည်းများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း ၎င်းကဆို သည်။
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ၊ ယခု မွေးရေ၀န်ကြီး ဦးအုန်းမြင့်၊ ပြည်ခိုင်ဖြိုး အတွင်းရေးမှူးဟောင်း ဦးမောင်မောင်သိမ်း၊ လူကယ်ပြန် ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၊ဆက် သွယ်ရေးနှင့် သတင်းအချက်အ လက်နည်းပညာဝန်ကြီးဌာန ဒုတိ ယ၀န်ကြီး၊ ကာကွယ်ရေးဝန်ကြီး ဌာန ညွှန်ကြားရေးမှူးဟောင်း ဦးသန်းဝင်းတို့သည် ကျောက်စိမ်းမှ ငွေအမြောက်အမြားရနေကြောင်း GW ကဆိုသည်။
ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီ၏ လုပ်ကွက်ကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ − မင်းဇေယျ)
ဦးသန်းရွှေ၊ ဦးမောင်မောင် သိမ်းနှင့် ဦးအုန်းမြင့်တို့၏ မိသား စုများသည် လုပ်ပိုင်ခွင့်များစွာကို ချုပ်ကိုင်ကာ ၎င်းတို့အားလုံးသည် ၂၀၁၄ ကျောက်စိမ်းအရောင်းပြပွဲ (အစိုးရတရားဝင်ကျောက်စိမ်းအ ရောင်းပြပွဲ)တွင် အခွန်မဆောင် မီ ရောင်းချငွေဒေါ်လာသန်း ၂၂၀ နှင့် ၂၀၁၃ အရောင်းပြပွဲတွင်ကန် ဒေါ်လာ ၆၇ သန်းရရှိခဲ့ကြသည်။ ဦးသန်းရွှေမိသားစုပါဝင်နေသည် ဟု Global Witness က ယုံကြည် ထားသည့် အခြားကုမ္ပဏီတစ်ခု သည် ၂၀၁၃ နှင့် ၂၀၁၄ အရောင်း ပြပွဲနှစ်ခုပေါင်းတွင် ဒေါ်လာသန်း  ၁၅၀ ဖိုး ထပ်မံရောင်းချနိုင်ခဲ့သည်။
ထို့အပြင် မူးယစ်ရာဇာတစ် ဦးမှာ အမေရိကန်အစိုးရက ဒေါ် လာ နှစ်သန်းဆုကြေးငွေ ထုတ်ခြင်း ခံထားရသည့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေးပါတီမှ ဝေ ဆူးကျန်ဖြစ်သည်။ ခရိုနီကုမ္ပဏီ များတွင် ဦးအိုက်ထွေး၏ အဲဗား ၀မ်းနားကုမ္ပဏီ၊ KBZ ဂရု(ပ်)၊ အေးရှားဝေါလ်နှင့်ထူးဂရု(ပ်) တို့ ပါဝင်သည်ဟုဆိုသည်။
ကျောက်စိမ်းလုပ်ငန်းတွင် တပ်မတော်မှ တစ်ဦးချင်းစီပါဝင် သည့်အပြင် စစ်တပ်ပိုင်ကုမ္ပဏီ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လည်းပါဝင်သည်။
မွေးရေ ၀န်ကြီး ဦီးအုန်းမြင့် မီဒီယာသို့ ပေးထားသည့်လက်ကိုင်ဖုန်းသို့ 7Day က ခေါ်ဆိုသော်လည်းဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
ကုမ္ပဏီများ၏ ရုံးဖုန်းနံပါတ် များကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ကုမ္ပဏီသုံး ခုမှာ ဆက်သွယ်ခွင့်မရခဲ့ဘဲ KBZ ကုမ္ပဏီကိုသာ ဆက်သွယ်မေး မြန်းခွင့်ရခဲ့သည်။
‘‘လုံးဝ ထိန်းချုပ်ထားတာမရှိပါဘူး။ စလုပ်ခဲ့ကတည်းက ကျောက်စိမ်းလုပ်ငန်းကို တရား ၀င်ရောင်းချလုပ်ကိုင်ခဲ့ပါတယ်။ အခွန်ဆောင်ပြီး ရလာတဲ့ ငွေနဲ့ ဘဏ်လုပ်ငန်းတွေ လုပ်တာပါ။ ဘာမှ လျှို့ဝှက်ထားတာ မရှိပါ ဘူး။ ပွင့်လင်းမြင်သာမှုကို အ သားပေးလုပ်ကိုင်နေတဲ့အတွက် GW ကိုလည်းကျွန်တော်တို့ကိုယ် တိုင် အချက်အလက်တွေ ရှင်းပြ ပြီးပေးခဲ့တာပါ။ အများနည်းတူ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုပါ’’ဟု KBZ  အကြီး တန်းအုပ်ချုပ်မှု ဒါရိုက်တာဦးညို မြင့်ကပြောသည်။
‘‘ကျောက်စိမ်းက ရရှိတဲ့ ပိုက်ဆံတွေကနေ ၁ ရာခိုင်နှုန်း လောက်ကိုပဲ ကချင်ပြည်နယ်အ တွက် ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံအဆောက်အ အုံအတွက်အသုံးချမယ်ဆိုရင် တောင် ကချင်ပြည်နယ်ကို အခု လက်ရှိနဲ့ လုံးဝမတူအောင်ပြုလုပ် နိုင်ပါတယ်။ ဒါပေမဲ့ ဒီကထွက်တဲ့ အကျိုးအမြတ်တွေ အားလုံးက လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့  လူနည်းစုဆီကိုပဲ ရောက်နေတယ်’’ ဟု ကချင်ပြည်နယ်မှ ဒေသခံတစ် ဦးကပြောသည်။
ဒေသခံများ အကျိုးခံစား ခွင့်မရှိခဲ့သော ကျောက်စိမ်းလုပ် ငန်းမှ သဘာဝပတ်ဝန်းကျင်ထိ ခိုက်မှုများနှင့်သဘာဝဘေးအန္တ ရာယ်ကပ်ဆိုးများကို ဒေသခံပြည် သူများ ယနေ့အချိန်အထိ ခံစား နေရဆဲဖြစ်သည်ဟု GW ဆန်းစစ်မှုက ထောက်ပြထားသည်။ ကျောက်စိမ်းတူးဖော်သည့် ပတ် ၀န်းကျင်တွင် လူသေဆုံးသည်အ ထိ အန္တရာယ်များလည်းကြုံတွေ့ ရသည်ဟု ဆိုသည်။
‘‘ဒီပိုက်ဆံတွေဘယ်ရောက် သွားလဲဆိုတာ ပြည်သူတွေအနေ နဲ့ အစိုးရကို မေးသင့်ပါတယ်။ ဘယ်နေရာမှာ သုံးလိုက်တာလဲ မေးကြပါ’’ဟု GW  အရှေ့တောင် အာရှဒါရိုက်တာ မစ္စတာမိုက်ဒေး ဗစ်ကပြောသည်။
တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွင် KIO/KIA ပါဝင် ပတ်သက်မှုရှိသော်လည်း ၎င်းတို့ ၏ အချက်အလက်များရရှိခြင်းမရှိ ခဲ့ဟု GW ကဆိုသည်။ KIO/KIA ဘက်မှ ကျောက်စိမ်းမှ မည်မျှရရှိ သည်ဟု အတိအကျမသိရှိသော် လည်း ၎င်းတို့ဒေသတွင် လုပ်ကိုင် နေသော ကုမ္ပဏီများသည် ထုတ် လုပ်မှု၏ ၁၀ ရာခိုင်နှုန်းခန့်ကို KIO/KIA ဘက်သို့ အခွန်ပေး ဆောင်ရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါအချက်အလက်များ ရရှိရန် GW သည် သုတေသန စုံစမ်းလေ့လာမှုကို တစ်နှစ်ကြာပြုလုပ်ခဲ့ပြီး ဒေသခံများ၊ မြန်မာအစိုးရ၊ တရုတ်အစိုးရ ထုတ် ပြန်ချက် အချက်အလက်များ၊ ကုမ္ပဏီများကို တွေ့ဆုံမေးမြန်းမှု များပြုလုပ်ခဲ့သည်ဟုဆိုသည်။
‘‘ဒီအစီရင်ခံစာမှာ နာမည် တပ်ဖော်ပြထားတဲ့ လူပုဂ္ဂိုလ်တွေ အပေါ် အမေရိကန်က ပိတ်ဆို့ ထားတာတွေ၊ သယံဇာတအရင်း အမြစ် ထုတ်ယူမှုလုပ်ငန်း ပြုပြင် ပြောင်းလဲရေးတွေမှာ အမေရိ ကန်က ဦးဆောင်ပါဝင်နေတာ တွေက ကျောက်စိမ်းလုပ်ငန်းက နေ စစ်တပ်၊ ခရိုနီနဲ့ မူးယစ်ရာဇာ တွေကို ဆွဲထုတ်ဖို့ အမေရိကန် အတွက် ထူးခြားတဲ့အခြေအနေ တစ်ရပ် ဖန်တီးပေးထားသလို ဖြစ်ပါတယ်။ နိုဝင်ဘာ ရွေး ကောက်ပွဲကနေ ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးတွဲဆောင်ရွက်တဲ့ အခါ ဒီအချက်ကို အမေရိကန်အ နေနဲ့ ဦးစားပေးဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ဂျူမန်ခတ်ဘာက ပြောသည်။
http://www.7daydaily.com/story/49355
 ကျွန်တော့်ကို ဂျာနယ်များကမေးကြသည်။ ယခုမကြာခင်က ဖြစ်ပေါ်နေသော အွန်လိုင်းပေါ်တွင် စာတွေ၊ ကဗျာ တွေရေး၊ ဓာတ်ပုံတွေတင်မှုဖြင့် လူတွေကို ဖမ်းဆီးအရေးယူနေသည်ကို ဘယ်လိုမြင်ပါသနည်း၊ ဘာသဘောပါ နည်းဟူ၍ ဖြစ်သည်။ သူတို့ ရည်ရွယ်မေးမြန်းကြသည်များ ကတော့ မကြာသေးမီရက်ပိုင်းက ဖေ့စ်ဘွတ် စာမျက်နှာပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ဓာတ်ပုံကို ပူးတွဲတင်ထားလိုက်ပြီး ဒေါ်အောင်ဆန်းစု ကြည်၏ ထဘီအရောင်ကိုကြိုက်သဖြင့် တပ်မတော်၏ ၀တ်စုံအရောင် ကို အစိမ်းနုရောင်ပြောင်းလဲခြင်းဖြစ်သလားဟု သရော်လှောင်ပြောင်ရေး သားထားသော မချောစန္ဒီထွန်း(ခေါ်)ချစ်သမီးကို အီလက်ထရွန်နစ် ဥပဒေ ဖြင့် ဖမ်းဆီးချုပ်နှောင်ခဲ့မှု၊ ကာကွယ်ရေးဦးစီးချုပ်ပုံကိုပင် ခြေဖြင့်နင်းကာဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်တင်မှုဖြင့် ဦခွန်ဂျာလီကို ထပ်မံဖမ်းဆီးအရေးယူခဲ့မှု၊ ငါ့ရဲ့ -- မှာသမ္မတကြီးပုံတက်တူးနဲ့ ငါ့ချစ်ဇနီးဟာ ငါနဲ့ လက်ထပ်ပြီးမှ ငါ့ကိုအော့နှလုံးနာလို့မဆုံး စသည့် ကဗျာကိုအွန်လိုင်း တွင်ရေးသားခဲ့မှုဖြင့် ကဗျာဆရာမောင်ဆောင်းခအား အထူးရဲတပ်ဖွဲ့မှ လာရောက်စုံစမ်းနေ၍ နေအိမ်မှ တိမ်းရှောင်နေရသည့်သတင်းများကို ရည်ညွှန်းကာ မေးကြခြင်းဖြစ်ကြောင်း ကျွန်တော်သိပါသည်။ ကျွန်တော်သည် ဤကိစ္စတွင် ဘက်နှစ်ဖက်လုံးကိုပြောဖို့လိုသည်ဟု ယူဆမိပါသည်။ ပြုလုပ်သူကာယကံရှင်ဘက်နှင့်အရေးယူသည့် အစိုးရဘက် ကို ပြောစရာများရှိလာပါသည်။
ပြုလုပ်သူဘက်ကိုအရင်ဆုံးပြောပါမည်။ ဒီမိုကရေစီဘိုးအေကြီးဟု အမည်ရသော အင်္ဂလန်နိုင်ငံတွင် လွတ်လပ်ခွင့်နှင့်ပတ်သက်၍ ဆိုရိုးစကား တခွန်းရှိပါသည်။ ''သင်၏ တုတ်ကောက်ကို လွတ်လပ်စွာဝှေ့ယမ်းနိုင် ပါသည်။ သို့သော်အခြားသူများ၏ ဦးခေါင်းကိုမထိခိုက်မိပါစေနှင့်''ဟူ၍ ဖြစ်သည်။ လူတယောက်သည်မိမိ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိပါသည်။ ဒါသည် လူတိုင်း၏မွေးရာပါ အခွင့်အရေးဖြစ်သည်။ သို့သော် သင်ပြုမူလိုက်သော လွတ်လပ်သည့်အပြုအမူသည် သူတပါးအား မထိခိုက်စေရဟူသော သဘောဖြစ်သည်။ ထိုဆိုရိုးစကားလေးသည် လွတ်လပ်မှုနှင့်ပတ်သက်၍ တိုတိုနှင့်ထိထိ အရှင်းပြနိုင်ဆုံး ဆုံးမစာ ဖြစ်မည်ထင်သည်။ ထိုစံချိန်နှင့် ချိန်ထိုး၍ကြည့်လိုက်သောအခါ ကျွန်တော်တို့သည် Facebook ပေါ်ရှိ မိမိပိုင်စာမျက်နှာတွင် မိမိကြိုက်သော ပုံ၊ မိမိကြိုက်သောစာများကို စိတ်ကြိုက်ကိုယ်ပိုင်ရေးပိုင်ခွင့်ရှိ၏။ သူများ ရေးထားသည်များကို like ခွင့်၊ share ခွင့် ရှိပေ၏။ ကာယကံရှင် သဘောတူလျှင် Tag ခွင့်ရှိပါသည်။ ကိုယ့် Friend များကလည်း ကိုယ့် Wall ပေါ်တွင် ထိုသို့ ပြုမူခွင့်ရှိ၏။ ဒါသည် လူတယောက်ချင်း၏ လွတ် လပ်ခွင့်ဖြစ်သည်။ သို့သော်ကျွန်တော်တို့သည် သူတပါးကိုအသရေဖျက် ခွင့်မရှိပါ၊ စော်ကားခွင့်မရှိပါ၊ ရိုင်းပြခွင့်မရှိပါ။ ဖေ့စ်ဘွတ်ကို ဈေးအိမ်သာ နံရံလို သဘောထားကာ ရေးချင်တာတွေပေါက်ကရ လျှောက်ရေးခွင့် မရှိပါ။ အရာရာတွင်တာဝန်ယူမှု၊ တာဝန်ခံမှုဟူသည် ရှိရပါသည်။
ကျွန်တော်သည် နိုင်ငံရေးအရ သမ္မတကြီးဦးသိန်းစိန်ကို မကြိုက်ပါ၊ သို့သော် ထိုသို့နိုင်ငံရေးအရ မကြိုက်သည်နှင့် ဦးသိန်းစိန်ဓာတ်ပုံတပုံကို Photo Shop ဖြင့် ပြုပြင်ကာ ခွေးကိုယ်နှင့်လူခေါင်းကြီးလုပ်တာမျိုးတော့ ဘယ်တော့မှလုပ်မည် မဟုတ်ပါ။ သူများက ထိုသို့လုပ်လာလျှင်လည်း ကျွန်တော်သည် မည်သည့်အခါမျှ like လုပ်ခြင်း၊ share လုပ်ခြင်းပြုမည် မဟုတ်ပါ၊ Delete လုပ်ပစ်မည်ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုလည်း ကျွန်တော်သည် ထောက်ခံသူတယောက် မဟုတ်ပါ။ သို့သော် ကိုယ်မကြိုက်ရုံနှင့် သူ့ကိုစော်ကားခွင့် မရှိပါ။ ဆောင်း ပါးများရေးရာတွင်ပင် အချက်အလက် (facts and figures ) များအရသာ ဝေဖန်ခွင့်ရှိပါသည်။ လူတယောက်ကို အခြေအမြစ်မရှိဘဲ မည်သူက မည်သူ့ကိုမှ စော်ကားခွင့်မရှိပါ။ လူတယောက်သည် မိမိလိင်တံပေါ်တွင် မိမိနှစ်သက်သောပုံကို ဆေးမင်ကြောင်ထိုးခွင့်ရှိပါသည်။ သို့သော် ငါ့ရဲ့ လိင်တံပေါ်မှာမောင်ဖြူရဲ့ပုံကို ထိုးထားတယ်၊ မောင်နီရဲ့ပုံကို ထိုးထားတယ်ဟု လူသိရှင်ကြား ပြောကြားခွင့်မရှိပါ။ ထိုသို့လုပ်ခြင်းသည် ဘောင် ကျော်သော ရိုင်းစိုင်းမှုသာ ဖြစ်သည်။ အသရေဖျက်မှု ဖြစ်သည်။ သူရဲကောင်းဖြစ်ချင်၍ စတန့်ထွင်မှုမျိုးသာ ဖြစ်သည်။ မည်သူ့မှအကျိုး မရှိပါ။ တပ်မတော်ကာချုပ်ဓာတ်ပုံကို ခြေဖြင့်နင်း၍ ထိုပုံကို facebook တင်ခြင်းမှာလည်း ထိုနည်းနှင်နှင်ပင်၊ လူတယောက်ကို မကြိုက်ခွင့်ရှိ၏၊ သို့သော် စော်ကားခွင့်မရှိချေ။ အဖွဲ့တဖွဲ့အပေါ်တွင်လည်း ထိုနည်းနှင်နှင်ဖြစ်သည်။ ကျွန်တော်တို့သည် ဒူးရင်းသီးမကြိုက်လျှင် ငါသည် ဒူးရင်းသီးကို တစက်မျှမကြိုက်ဟု ပြောခွင့်ရှိသည်။ သို့သော် ဒူးရင်းသီးသည် အရူးများ စားသော အစားအစာဖြစ်သည်ဟု ပြောခွင့်မရှိပါ။ မပြောသင့်ပါ။ ထိုသို့ ပြောကြားမှုသည် ကိုယ့်လမ်းလျှောက်တုတ်ကို လွတ်လပ်စွာဝှေ့ယမ်းရုံတင်မက လမ်းသွားလမ်းလာများ၏ ဦးခေါင်းများကိုပါ လိုက်ရိုက်နေသလိုရှိ ပေ၏။ ဖေ့စ်ဘွတ်ပေါ်တွင် ပေါ်ပေါက်လာသောအချို့ စာသားများ၊ ဓာတ်ပုံများသည် ဒူးရင်းသီးကိုငါမကြိုက်အဆင့်သာမက ဒူးရင်းသီးကြိုက်သူများသည် အဆင့်အတန်းမရှိသူ အရူးအနှမ်းများဖြစ်သည်ဟု ပြောပေါက်မျိုးကို (Emotion) အရ စိတ်မထိန်းနိုင်ဘဲ ပြောနေရေးနေ၊ တင်နေ ကြသည်များကို တွေ့နေရဆဲ ဖြစ်သည်။ ဒါကပြုသူများဘက်က ဖြစ်သည်။
အရေးယူသူများဘက် (၀ါ) အစိုးရဘက်ကလည်း ပြောစရာဖြစ်နေသည် များရှိပါသည်။ ၂၀၁၅ ရွေးကောက်ပွဲနီးလာသောအခါ ပြင်းထန်သော ဖိနှိပ်မှုများ၊ ဘက်လိုက်မှုများကို မသိမသာ (တခါတရံသိသိသာသာ) ပြုမူနေသည်များလည်း မငြင်းနိုင်အောင် တွေ့လာရပါသည်။ အထက်က ဖော်ပြခဲ့သော Facebook စည်းမစောင့်မှုကိစ္စမျိုးကို ဥပဒေအရအရေးယူရာတွင် အဓိက ပြောစရာနှစ်ချက်ရှိလာပါသည်။ ပထမအချက်မှာ ဒီမိုကရေစီ ဘက်တော်သားများ (NLD ဘက်တော်သားဟုထင်ရသူများ) အပေါ် ဥပဒေအရအရေးယူရာတွင် လိုတာထက်ပို၍ပြင်းထန်နေလွန်းခြင်း ဖြစ်သည်။ ဖေ့စ်ဘွတ်ပေါ်တွင်လူတယောက်အပေါ် သိက္ခာကျစရာ post တခုကိုတင်လျှင် ဂုဏ်သိက္ခာထိပါးခံရသူသည် ထိုဖေ့စ်ဘွတ်မှရေးသားချက်များကို သက်သေသက္ကာယ screenshot ရိုက်၍ တရားရုံးတွင် အသရေဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် ဦးတိုက်လျှောက်ထားစွဲဆိုရပေမည်။ တပ်မတော်ကို အသရေဖျက်လျှင် တပ်မတော်တွင်ရာထူးအကြီးဆုံးဖြစ်သော တပ်ချုပ်ကဖြစ်စေ၊ သူတရားဝင်ကိုယ်စားလှယ်လွှဲပေးသူကဖြစ်စေ တရားစွဲရပါမည်။ ကြားထဲမှ တယောက်က ဖုန်းဆက်တိုင်သဖြင့် ရဲက လာဖမ်းခြင်းသည် ဥပဒေလုပ်ထုံးလုပ်နည်းကို ကျော်နေပါသည်။ ဥပဒေတွင် တရားရုံးက ပြစ်မှုထင်ရှားပြစ်ဒဏ်စီရင်ချက် အချမခံရသေးသမျှ အားလုံးသည် အပြစ်မရှိသူများ၊ အပြစ်ကင်းစင်သူများသာ ဖြစ်သည်။ လူတယောက်ကို ရာထူးကြီးတပ်မတော်အရာရှိတယောက်က ဖုန်းဆက်အမှုဖွင့်ရုံဖြင့် အပြစ်ရှိသည့်သဖွယ် အားလုံးက ၀ိုင်းဝန်းပြုမူ၍ မရပါ။ တဖန် အသရေဖျက်မှုဖြင့် တရားစွဲရမည့်အမှုကို အီလက်ထရွန်နစ်ပုဒ်မဖြင့် အရေးယူသင့်မယူသင့်သည် စစ်တပ်ရော၊ ရဲတပ်ဖွဲ့ရော ဆုံးဖြတ်ရမည့်ကိစ္စ မဟုတ်၊ မြို့နယ်ဥပဒေအရာရှိက ဆုံးဖြတ်ရမည့်ကိစ္စ ဖြစ်သည်။ အီလက်ထရွန်နစ်ပုဒ်မဆိုသည်မှာ အွန်လိုင်းကိုအသုံးပြု၍ ဘဏ်မှငွေလိမ်ထုတ်ခြင်း၊ သူတပါး website များကို ဖောက်ထွင်းဝင်ရောက်ခြင်း၊ သူတပါး website များ၊ Facebook account များ၊ အီးမေးလ်များကို Hacking ပြုလုပ်ခြင်း၊ အွန်လိုင်းမှခြိမ်းခြောက်ငွေညှစ်ခြင်း၊ နည်းပညာ အသုံးပြု၍ ရာဇ၀တ်မှုကျူးလွန်ခြင်းစသည့် Cyber Crime ဟု နိုင်ငံတကာ ကခေါ်ဆိုကြသည့်အမှုများနှင့်သာ ပတ်သက်ပါသည်။ ယခုဖမ်းဆီးခံထားရသော မချောစန္ဒီထွန်းနှင့် ဦးခွန်ဂျာလီတို့ ကျုးလွန်သည်မှာ Cyber ခေါ်သည့် ရာဇ၀တ်မှု မဟုတ်ပါ။ အသရေဖျက်မှုသာ ဖြစ်ပါသည်။ ဆက်သွယ်ရေးဥပဒေတို့၊ အီလက်ထရွန်နစ်ပုဒ်မတို့သည် မဆီမဆိုင် အမည်တပ်ခံထားရသလို ဖြစ်နေပါသည်။ အသရေဖျက်မှုသည် အာမခံပေး၍ရသောအမှု ဖြစ်ပါသည်။ ထောင်ပြင်ပမှ အမှုရင်ဆိုင်စေရပါမည်။
နောက်ထပ်ထောက်ပြလိုသောအချက်တချက်မှာ တပ်မတော်အပါအ၀င် အစိုးရသည် ပြစ်မှုများကိုအရေးယူကိုင်တွယ်ရာတွင် စံနှုန်းနှစ်မျိုး ( Double Standard ) ဖြင့် ကိုင်တွယ်ဆောင်ရွက်နေမှု ဖြစ်သည်။ ထိုအချက်သည် လူကြီးလူကောင်း မဆန်ပါ။ ရှက်စရာကိစ္စတခု ဖြစ်ပါ သည်။ အွန်လိုင်းပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဝေဖန်အပုပ်ချသော စာများ၊ လုပ်ကြံထားသောဓာတ်ပုံများ ပလူပျံနေ သော်လည်း အီလက်ထရွန်နစ်ပုဒ်မဖြင့် အရေးယူရန်ဝေးစွ၊ အသရေဖျက်မှုနှင့်ပင် အရေးမယူတာလည်း ဥပဒေ၏ စံနှုန်းနှစ်မျိုးကို မီးမောင်းထိုးပြသလို ဖြစ်နေပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး အပုပ်ချတိုက်ခိုက်နေသော Myanmar Express (National Defence League)၊ ပြည်သူ့အာဏာစသော ဖေ့စ်ဘွတ်အကောင့်များကို အစိုးရသည် အရေးယူရန် စိတ်ဝင်စားမှုတစုံတရာမပြပါ။ ၂၀၁၄ ဇွန်လ အတွင်းက ပြည်ထောင်စုဝန်ကြီးတပါး၏ဇနီးက ဒေါ်အောင်ဆန်းစုကြည်ကို သိက္ခာချသော ဓာတ်ပုံတပုံကို သူ့ဖေ့စ်ဘွတ်တွင်တင်ခဲ့ကာ အစစ်အမှန်မဟုတ်သဖြင့် နောက်ရက်တွင် ပြန်လည်ဖြုတ်ချသွားသော လုပ်ရပ်တခုလည်း ပေါ်ပေါက်ဖူးရာ ထိုအမှုတွင် အီလက်ထရွန်နစ်ပုဒ်မကို အသုံးချခွင့် မရခဲ့ချေ။ ၀န်ကြီးကတော်လုပ်ကြံတင်ခဲ့သောပုံတွင် ဒေါ်အောင်ဆန်းစုကြည်သည် မူဆလင်အမျိုးသမီးများဝတ်ဆင်သော ခေါင်းဆောင်း (hijab) ကို ၀တ်ဆင်ထားသောပုံဖြစ်ပြီး မူဆလင်အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည်ကို သရဖူတခု ဆောင်းပေးနေပုံ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို မူဆလင်များနှင့် တွဲဖက်မြင်စေရန် လုပ်ကြံ ဖန်တီးခဲ့ခြင်းဖြစ်သည်။ သူ့ဇနီး၏လုပ်ရပ်အတွက် ၀န်ကြီးက Facebook တွင် တောင်းပန်ခဲ့သော်လည်း အီလက်ထရောနစ်ပုဒ်မဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းတော့ မရှိပေ။ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းက ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံကို ညစ်ညမ်းပုံ ဖန်တီးကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့ခြင်း၊ Brighton မြို့၏ အဆောက်အအုံတခုတွင် ဒေါ်အောင်ဆန်းစုကြည်ပုံ ဂရပ်ဖစ်တီပုံ အဆောက်အအုံအပြည့် ရေးဆွဲထားခြင်းကို မူဆလင်ဗလီပေါ်တွင် ရေးဆွဲထားသယောင် ပြုမူထားသော (အမှန်မှာ Brighton တော်ဝင်နန်းတော်ပုံသာဖြစ်သည်) ဓာတ်ပုံတပုံကို လွှတ်တော်အမတ် ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေက ပြန် Share ခဲ့ရုံမက ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထင်ယောင်မြင်မှားဖြစ်အောင် မှတ်ချက်ရေးသားခဲ့မှု၊ တဖန် ဒေါ်အောင်ဆန်းစုကြည် အစ္စလာမ်ဘာသာဝင်များအား လက်အုပ်ချီနေသည့်လုပ်ကြံဓာတ်ပုံကိုတင်ခဲ့သော အကောင့်ပိုင်ရှင်မှာလည်း မည်သူကမျှ အီလက်ထရွန်နစ်ပုဒ်မဖြင့် မဖမ်းဆီးပါ။ အစ္စလာမ်ဘာသာဝင်များ၏ ဘက္ကဒီးအစ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်မှ ထုတ်ပြန်ချက်ဟူသော သ၀ဏ်လွှာအတုတစောင် ဖေ့စ်ဘွတ်တွင် တက်လာရာ မည်သည့်ရဲအရာရှိကမျှ အရေးယူရန် စိတ်မ၀င်စားပါ။ တိုင်သူ တရားလိုမရှိသဖြင့် အမှုမတည်ဆောက်နိုင်ဟု ဆင်ခြေပေးနိုင်သော်လည်း တိုင်လည်း ဘာမှအရေးမယူမှာသိနေသဖြင့် မည်သူကမျှ အလုပ်ပျက်ခံ မတိုင်ကြားခြင်း ဖြစ်သည်။ အရေးယူမည်ဟုအာမခံလျှင် အမှုဖွင့်တိုင်ကြားမည့်သူများစွာ ရှိပါသည်။ ဥပမာအားဖြင့် NLD ပါတီ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြံ့ခိုင်ရေးပါတီဝင်များ၏ ကိုယ်ထိလက်ရောက် နှောင့်ယှက်မှုများကို သက်ဆိုင်ရာ ရဲစခန်းများတွင်အမှုဖွင့် တိုင်ကြားသော်လည်း ထိုအမှုမျိုးသည် ရဲနှင့်မဆိုင်၊ ရွေးကောက်ပွဲကော်မရှင်နှင့်သာ ဆိုင်သည်ဟု ဘော်လီဘောပုတ်ပါသည်၊ ကော်မရှင်ကလည်း ဤအမှုမျိုးသည် သူတို့နှင့် မဆိုင်ရဲစခန်းတွင်တိုင်ပါဟု တဖန် လွှဲချကြပြန်သည်။ အချို့ ဖြစ်ရပ်များတွင် ကာယကံမြောက် ထိုးကြိတ်ရိုက်နှက်မှုမျိုးပင်ပါဝင်ရာ ရဲစခန်းမှ သူတို့နှင့်မဆိုင်ဘူးဟုဆိုခြင်းမှာ အံ့သြစရာကောင်းလှသည်။ အငြိမ်းစားရဲ အရာရှိကြီးတဦးကမူ ထိုကဲ့သို့ ပါတီဆိုင်းဘုတ်ဖျက်ခြင်း၊ လူကိုရန်ရှာခြင်း တို့သည် အနည်းဆုံးအကျိုးဖျက်ဆီးမှုမြောက်သဖြင့် ရဲက လက်ခံအမှုဖွင့်ပေးရကြောင်း၊ အမှုကိုဖွင့်မပေးဟု ငြင်းပယ်သောရဲဝန်ထမ်းကို ဥပဒေအရ ပြန်လည်တရားစွဲခံရနိုင်ကြောင်း DVB Debate တခုတွင် ရှင်းပြသွားတာ မှတ်သားလိုက်ရပေသည်။ ဆိုင်းဘုတ်ဖျက်တာပင် အကျိုးးဖျက်ဆီးမှုနှင့်အရေးယူ၍ရလျှင် မူးယစ်ရမ်းကားဆဲဆိုခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်းများသည် ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ နာကျင်စေမှု၊ ကာယိနြေ္ဒ ပျက်စီးစေမှုစသည်တို့နှင့် အရေးယူနိုင်ရမည်ဖြစ်သည်။ အရေးယူမပေးခဲ့သော ရဲများအတွက် ရဲချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးကို ခန့်အပ်ခဲ့သော ကာကွယ်ရေးဦးစီးချုပ်တို့သည် အပြည့်အ၀တာဝန်ရှိ ပေ၏။ ဥပဒေသည် တဦးတယောက်တည်းအတွက်မဟုတ် နိုင်ငံသား အားလုံးအတွက်သာ ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၈) ပုဒ်မ ၃၄၇ တွင် နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့ပြင်ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်ဟု ရေးသားထားရာ အွန်လိုင်းအသရေဖျက်မှုများ၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင် အချို့ပါတီဝင်များ၊ ပုဂ္ဂိုလ်များအတွက် ဆတ်ဆတ်ခါအောင်နာနေပြီး အချို့ပုဂ္ဂိုလ်များ၊ အချို့ပါတီများ စော်ကားခံနေရသည်များကို မျက်စိမှိတ်နေခြင်းသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ရာရောက်နေပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် သမ္မတကြီးဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ကျမ်းကျိန်ထားသူများဖြစ်ရာ ပုဒ်မ၃၄၇ကို လိုက်နာရန် တာဝန်ရှိပေသည်။ ငါတို့လူဆို မဖမ်းနဲ့၊ သူတို့လူဆို ဖမ်းဆိုပြီး လုပ်၍မရပေ။
ယခုအခါ ၂၀၁၅ နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲကြီး နီးသထက်နီးကပ်လာရာ ရှုံးမှာကိုကြောက်လာသော လူပုဂ္ဂိုလ်အချို့၏ ကယောင်ကတမ်းစကားသံများလည်း နားနှင့်မဆံ့အောင် တနေ့တမျိုး ပျံ့လွင့်လာချေသည်။ ရန်ကုန်တိုင်းတွင် အစိမ်းရောင်လွှမ်းရမည်၊ အနီရောင်ဆိုသည်မှာ အာဇာနည်ဗိမာန်တွင် ဇင်ဘိုနှင့် ကင်မင်ချူးတို့ ဗုံးဖောက်သဖြင့် အနီရောင်(သွေးရောင်)လွှမ်းသောသင်္ကေတဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးမြညိမ်းက သုဝဏ္ဏမြို့ ဦးစေတီအနီး ဘောလုံးကွင်းတွင် အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီ၌ ပြောကြားခဲ့၏။ မိမိပါတီ မဲဆွယ်ရာတွင် ကွယ်လွန်ပြီးသား အာဇာနည်တို့ကို ထည့်သွင်းပုတ်ခတ်စရာအကြောင်း မရှိချေ။ တဖန်မြန်မာပြည်တွင် မြန်မာ့အချုပ်အခြာအာဏာကို စော်ကား၍ ဗုံးလာခွဲခဲ့သော ဇင်ဘိုနှင့်ကင်မင်ချူးတို့၏ မြောက်ကိုရီးယားနိုင်ငံနှင့် သံခင်းတမန်ခင်းပြန်ဆက်သည်မှာလည်း ဦးမြညိမ်းတို့ပါတီမှ ခေါင်းဆောင်များပါသော အစိုးရဖြစ်နေ၍ အံ့သြရပေသည်။ စာရေးဆရာပြည်ထောင်စု ဒုဝန်ကြီးတပါးကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်ကတည်းက မှုန်တေတေ စကားနည်းသူဖြစ်၍ ကြည့်မရကြောင်း၊ အိန္ဒိယတွင်ဆုံစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် ဗမာတွေကိုသိပ်မုန်းတာပဲဟု ပြောကြား ကြောင်း၊ သေသူကိုသက်သေတည်၍ လက်စဖျောက် အသရေဖျက်သည့် သတင်းက အွန်လိုင်းမှာရော၊ ဂျာနယ်မှာရော ပျံ့နှံ့နေပါသည်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် ထိုစကားကိုပြောခဲ့၍ မကျေနပ်လျှင် လွန်ခဲ့သော နှစ်သုံးလေးဆယ်ကတည်းက ရှင်းဖို့ကောင်းသည်။ ဘာ့ကြောင့် တသက်လုံးဘာမှမပြောဘဲ ငြိမ်နေကာ အခုမှ အိုးမလုံအုံပွင့်လာပါသလဲ။ ဟုတ်တော့ကော ကလေးအရွယ် လူမမယ်ဘ၀ကပြောခဲ့သော (ပြောသည်ဟုပင် သက်သေမပြနိုင်သော) စကားတခွန်းကိုဘာကြောင့် ရေးကြီးခွင်ကျယ် ဇာတ်ကြောင်းလှန်နေသလဲဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ကျောင်းသူဘ၀က မှုန်တေတေဖြစ်ကာ စကားနည်းခြင်းသည် မည်သူ့ကိုမည်သို့ ထိခိုက်ပါစေသလဲ။ ယခုအခါ အသရေ ဖျက်မှုမြောက်သော တောင်ရောက်မြောက်ရောက်စကားများ ပေါများလှပေ၏။ အမေရိကန်သမ္မတအိုဘားမား မြန်မာပြည်သို့နှစ်ခါလာတော့ နှစ်ခါအနမ်းခံရတာပဲ အဖတ်တင်တယ်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်အား စောင်းမြောင်းအတင်းတုတ်သူက တုတ်သည်။ ထိုပုဂ္ဂိုလ်သည် နိုင်ငံတကာယဉ်ကျေးမှု (အထူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှု) ကို သိဟန် မတူ။ မိမိစိတ်နှင့်နှိုင်းပြီး အနမ်းဟူသမျှ တဏှာပေမနှင့်သာ ကြည့်ဟန် တူ၏။ အနောက်တိုင်းတွင် ဦးလေးနှင့်တူမ၊ မအေနှင့်ဦးရီး၊ မိတ်ဆွေအချင်းချင်း ချစ်ခင်စိတ်ဖြင့် ပါးကိုနမ်းကြတာ ယဉ်ကျေးမှုထုံးစံတခုဖြစ်ပါ၏။ နိုင်ငံခြားသားများသည် ထိုသို့နမ်း၍ နှုတ်ဆက်လိုက်ရ၍လည်း ငါတော့ ဘယ်သူ့ကိုနမ်းရသည်ဟု အောက်တန်းကျစွာ အသားယူတမ်းတ ကြွေးကြော်နေကြသည် မဟုတ်ပါ။ လူ့ယဉ်ကျေးမှုတခုသာ ဖြစ်ပါသည်။ ထိုထက်ပို၍ ဘာမှမရှိပါ။ ပြောစရာမရှိရှာကြံပြောကြခြင်းဖြစ်ပေ၏။ အချို့ကလည်း NLD အာဏာရလျှင် ကုလားတိုင်းပြည်ဖြစ်သွားမည်ဟု ဘာသာရေးမှိုင်းတိုက်ကြသည်။ နိုင်ငံရေးအတွက် ဘာသာရေးကို ခုတုံးလုပ်ကြ၏။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက လက်သံပြောင် ပြောင်နှင့် ဘုန်းကြီးများကိုရိုက်နှက်ခဲ့ကြသူများမှာ ယခုအမျိုးဘာသာ ချစ်ပြနေသော အာဏာရပါတီမှပုဂ္ဂိုလ်များပင် ဖြစ်သည်။ လက်ပံတောင်း တောင်သပိတ်စခန်းတွင် သံဃာတော်များ မီးလောင်ဗုံးဆက်ကပ်ခံရခြင်းမှာလည်း ထိုလူများလက်ချက်ပင်။ သူခိုးကလူဟစ် ယခုအခါ NLD ကြောင့် သာသနာပျက်မလို ပြန်လည်စွပ်စွဲနေကြပြန်၏။ အချို့ကလည်း တသက်လုံး ဘာအလုပ်မှ တိုင်းပြည်နှင့် လူမျိုးအတွက်မလုပ်ခဲ့ဘဲ ယခုမှထ၍ နောက်ငါးနှစ်သူတို့ကိုအုပ်ချုပ်ခွင့်ပြုလျှင် စင်ကာပူလိုဖြစ် အောင်လုပ်ပြမည်ဟု ဆိုပြန်သည်။ လာဘ်စားသူအစိုးရအရာရှိတယောက်ကို အရင်ဆုံးစင်ကာပူမှာလို ထောင်ချပြသင့်ပါသည်။ ယခုတော့ သူတို့ စကားကို ယုံသူမရှိပါ။ ရွေးကောက်ပွဲနီး၍ ဒံပေါက်ကျွေးခြင်း၊ တနေ့ သုံးထောင်ပေးကာ တက်ရောက်စေခြင်း၊ ကွန်ကရစ်လမ်းခင်းပေးမည်ဟု မက်လုံးပေးခြင်း၊ ဆိုလာပြားများပေးခြင်း၊ မှတ်ပုံတင်လုပ်ပေးမည်ဟု မဲဆွယ်ခြင်း၊ ၀န်ထမ်းများကြိုတင်မဲကိုစုဆောင်းခြင်း၊ ဆန့်ကျင်ဘက် ပါတီစည်းရုံးရေးယဉ်တန်းများကိုနှောင့်ယှက်ခြင်း၊ ပြိုင်ဘက်ပါတီကိုယ် စားလှယ်ဆိုင်းဘုတ်များကို ဖျက်ဆီးခြင်း၊ မိမိအဖွဲ့ကို ဝေဖန်ဆန့်ကျင်သူများကို ပုဒ်မအမျိုးမျိုးတပ်၍ ဖမ်းဆီးအရေးယူခြင်း၊ ပြိုင်ဘက်အဖွဲ့ ဟောပြောရန် နေရာကောင်းမှန်သမျှ သော့ပိတ်ထားခြင်း၊ ပြိုင်ဘက်အဖွဲ့ အလွယ်တကူမသွားရောက်နိုင်ရန် ရေကြောင်း၊ လေကြောင်း လမ်းကြောင်းများ ပိတ်ဆို့ထားခြင်း (ဥပမာကိုကိုးကျွန်း)၊ မိမိအဖွဲ့သားများ ဥပဒေကို ဖောက်ဖျက်ကျူးလွန်လျှင် လျစ်လျူရှုနေခြင်း၊ ပြိုင်ဘက်ပါတီ ခေါင်းဆောင်အပေါ် ငယ်ကျိုးငယ်နာ ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်ခြင်းစသည့် အပြုအမူများ အရှိန်အဟုန်မြှင့်ကာ ပေါ်လာနေပြီဖြစ်သည်။
ထိုအပြုအမူများသည် ပယောဂ၀င်၍ပူးကပ်နေသော ဖုတ်ပြိတ္တာ တစ္ဆေသရဲများကို ဘုန်းတော်ကြီးစသော အထက်လမ်းပုဂ္ဂိုလ်များက ကမ္မ၀ါ စသော ဘုရားစာများကိုရွတ်ဖတ်လိုက်သောအခါ ပူးကပ်သူသည် အသား တဆတ်ဆတ်တုန်လှုပ်လာသဖြင့် ပယောဂမှန်လျှင်တုန်ဆင်းလတ္တံ့ဟူသော ရှေးစကားနှင့်အညီ ရွေးကောက်ပွဲနီးလာတိုင်း၊ နိုင်ငံတိုင်းတွင် ဖြစ်လေ့ရှိသော အာဏာလက်မလွတ်ချင်သူတစု၏ ရှုံးတော့မှာမို့ မဲတော့ မည့်စရိုက်လက္ခဏာများသာ ဖြစ်ပါကြောင်း။
သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင် မြို့နယ် ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဒေသခံ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ ခေါင်းဆောင် တစ်ဦး အတိုက်အခိုက် ခံခဲ့ရတာ နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင် ကို အကြောင်းကြား ထားပေမယ့် အခု အချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်တာ မျိုး မရှိသေးဘူး လို့ NLD ပါတီ ဘက်က ပြောပါ တယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က မအူပင် မြို့နယ်၊ ရေလဲကလေး ကျေးရွာ မှာ လူတစ်ဦးက ဒေါက်တာ နေဇင်လတ် ကို NLD ပါတီ ဝင် ဖြစ်ခြင်းကြောင့် တိုက်ခိုက် တာ ဖြစ်တယ် ဆိုတဲ့ သိသာစေတဲ့ စကားမျိုး သုံးစွဲ ရိုက်နှက် ခဲ့တာ လို့ မျက်မြင် သက်သေ တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။
အခုလို တိုက်ခိုက် ခဲ့သူဟာ အခင်း ဖြစ်ပွားရာ ရေကလေး ကျေးရွာရဲ့ ရပ်/ကျေး ဖွံဖြိုး တိုးတက်ရေး အထောက် အကူပြု အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးစိန်လှိုင် ဖြစ်တယ် လို့ စွပ်စွဲပြီး ရဲစခန်းမှာလည်း အမှုဖွင့် ထားပါတယ်။
ရွေးကောက်ပွဲ အကြို ပါတီတွေ မဲဆွယ် စည်းရုံးနေတဲ့ ကာလ မှာ ဧရာဝတီ တိုင်း ထဲ အခုလို NLD ပါတီဝင်တွေ ကိုယ်ထိ လက်ရောက် အတိုက်အခိုက် ခံ ခဲ့ရတာ မျိုး အရင်ကလည်း ၃ ကြိမ် ဖြစ်ပေါ် ခဲ့ဖူးပြီး ရန်စ လှုံ့ဆော် တာတွေလည်း တွေ့ကြုံ နေရတယ် လို့ ဧရာဝတီ တိုင်း ဒေသကြီး ရဲ့ NLD ရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင် ဒေါက်တာ ဦးမျိုးညွန့် က ဆိုပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဒလဆိပ်ကမ်းနှင့် ဘုန်းကြီးလမ်းစံပြ ဆိပ်ကမ်းတို့ကို ဆက်သွယ်တံတားထိုးမည့် စီမံချက်တွင် ဖျက်သိမ်းရမည့် အိမ်ခြေ ၆၀ ကျော်ရှိဟု အာဏာပိုင်များက ထုတ်ပြန်ထားသော်လည်း တကယ်တမ်းတွင် အိမ်ခြေနှစ်ရာခန့် ပါဝင်ကြောင်းနှင့် ဖျက်သိမ်းရမည့်အထဲတွင် လူနေအိမ်များအပါအ၀င် ဗုဒ္ဓရုပ်ပွားတော်၊ ဘုန်းကြီးကျောင်း တကျောင်းနှင့် စာသင်ကျောင်းနှစ်ကျောင်း ပါဝင်နေကြောင်း ဒလမြို့နယ် ဒေသခံများနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူရုံးမှ သိရှိရသည်။
တံတားတည်ဆောက်ရာတွင် ဗိုလ်မင်းရောင်လမ်းမတလျှောက် စည်ပင်ပိုင် မြေ ပေ ၅၀ အပြင် လမ်း၏ ၀ဲ၊ ယာ ၁၅ ပေအထိ စုစုပေါင်း ပေ၆၅အထိ တိုးချဲ့ယူသွားမည်ဖြစ်ရာ စီမံကိန်းအတွက်ယူမည့် ၁၅ပေတွင် မလွတ်ကင်း သည့် အိမ်များ၊ ဈေးဆိုင်များ ပါဝင်နေကြောင်းသိရသည်။ ''တံတားဆောက်မယ်ဆိုတာကကို ဘုန်းကြီးကျောင်း မှာခေါ်ပြီး အစည်းအဝေးလုပ်ပါတယ်။ အဒေါ်တို့အိမ်ဆိုရင် အရှေ့က ဆိုင်တဆိုင်လုံး စီမံကိန်းနဲ့မလွတ်လို့ ဖျက် ပေးရမယ်။ ဒါပေမဲ့ နစ်နာကြေးပြန် ပေးမယ်ဆိုတဲ့နေရာမှာ ကိုးသိန်းပေးမယ်လို့ ပြောပါတယ်။ အဒေါ်တို့ ဆောက်တုန်းက သိန်း ၂၀ လောက်ကုန်ထားတာပါ။ အဲဒီကိုးသိန်းကိုတောင် အထက်ကိုတင်ပြ ရဦးမယ်လို့ အစည်းအဝေးမှာ အာဏာပိုင်တွေက ပြောပါတယ်။ တကယ်လို့ နစ်နာကြေးမရရင် ဒီနေရာက လုံးဝဖယ်ပေးမှာ မဟုတ်ပါဘူး''ဟု ဒလမြို့နယ် ကမာက ဆစ်ရပ်ကွက် အမှတ်(၈၁)မှ ဒေါ်ခင်ဌေး ၀င်းက News Watch ဂျာနယ်သို့ ပြောသည်။ တံတားအား တည်ဆောက်ရန် သက်ဆိုင်ရာအာဏာပိုင်များက ယခုလအတွင်း စီမံကိန်း နှင့် မလွတ်ကင်းသည့် အိမ်ပိုင်ရှင်များနှင့် ခေါ်ယူဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ နစ်နာကြေးပေးမည်ဟု ဒေသခံများအား ပြောကြားခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့ပေးမည့် နစ်နာကြေးမှာ မမျှတကြောင်း ဒေသခံများက ဆိုသည်။
''ဒီမှာ နေတာသိပ်တော့မကြာသေးဘူး။ နှစ်နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်မတို့အိမ်က တအိမ်လုံးကို မလွတ် ဘူး။ နစ်နာကြေးပေးမယ်လို့တော့ ပြောတယ်။ ဘယ်လောက်ပြန်ပေးမယ်လို့တော့ မပြောသေးဘူး။ ပြန်မပေးရင် တော့ ဒုက္ခရောက်ကုန်မှာပေါ့။ ဖျက်သိမ်းရမယ့်အထဲမှာ စာသင်ကျောင်း နှစ်ကျောင်းနဲ့ ဘုန်းကြီး ကျောင်း တကျောင်းပါတယ်''ဟု ဒလမြို့နယ် ကျောက်တိုင်ရပ်ကွက်မှ မအာဇာနည်က ပြောသည်။
အဆိုပါ တံတားကို ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် နာရီစင်မှစတင်ကာ ဗိုလ်မင်းရောင်လမ်းမတလျှောက် ဒလဆိပ်ကမ်းမှတဆင့် ဘုန်းကြီးလမ်း စံပြဆိပ်ကမ်းအထိ တည်ဆောက်ရန် စီစဉ်နေကြောင်း ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမျိုးဝင်းစိုးက News Watch ဂျာနယ်သို့ ပြောသည်။
''စီမံကိန်းမှာဖျက်ရမယ့် အိမ်အကြီးတွေက လမ်းဘေး ၀ဲ၊ ယာ အားလုံး ၆၈ လုံးလောက်ရှိတယ်။ စည်ပင်ပိုင်မြေ ပေ ၅၀ ကိုဖယ်ပြီး ၁၅ ပေပဲယူတဲ့အခါမှာ တချို့အိမ်တွေဆို မျက်နှာစာပဲပါတာရှိတယ်။ တချို့ခြံလေးပဲ ပါတာရှိ တယ်။ တချို့သုံးလေးပေလောက်ပဲ ပါတာရှိတယ်။ တချို့ကျတော့ အိမ်တခြမ်းလုံး ပါတာရှိတယ်။ လျော်ကြေး ကျတော့ ဆောက်လုပ်ရေးကလုပ်တာပါ။ အလုံး နှစ်ရာဆိုတာက ကျွန်တော်ပြောပြမယ်။ ဆိပ်ကမ်းမြေလို ဟာမျိုးမှာ ၀ါးတဲလေးနဲ့ လာဆောက်နေတာရှိတယ်။ အဲဒါကိုလည်း စည်ပင်အနေနဲ့ ငါးသောင်းကနေ ၁၀ သိန်း အထိ လျော်ကြေးပေးမယ်လို့ ပြောတယ်။ သူတို့ ပြောင်းရွှေ့ဖျက်သိမ်းစရိတ်ပေးမယ်ဆိုတာရှိတယ်။ ရှိတဲ့ဟာကို အဲဒီ လိုဟာတွေ ထည့်တွက်နေရင်တော့ရာကျော်ရှိမှာပေါ့။ သူတို့က အခိုင်အမာ အိမ်မှ မဟုတ်တာ။ တချို့ကျ တော့လည်း အခုမှ တဲတွေလာဆောက်တာတွေရှိတယ်။ အများကြီး ဖြစ်လာတယ်။ ဗိုလ်မင်းရောင် လမ်းမကြီး နာရီစင်ကနေပြီး ဈေးလမ်းတည့်တည့်ကြီး ကမ်းနားရောက်တဲ့အထိပဲ။ မလွတ်တဲ့ ဘုရားတို့၊ ဘုန်းကြီးကျောင်း တို့၊ စာသင်ကျောင်းတို့ ပါဝင်နေတယ်။ အဲဒါကိုကျတော့ ဌာနအလိုက် ဘတ်ဂျက် ပြန်တင်ရမှာပေါ့။ ပညာရေး ကိုလည်း ပညာရေးဝန်ကြီး၊ သာသနာဆိုလည်း သာသနာရေးဝန်ကြီးဌာနကို ပြန်တင်ပေါ့။ ဘုန်းကြီးကျောင်းက တကျောင်း၊ စာသင်ကျောင်းကနှစ်ကျောင်း ပါဝင်နေတယ်''ဟု ဒုဦးစီးမှူးဦးမျိုးဝင်းစိုးက ဆက်ပြောသည်။
တံတားကြီး တည်ဆောက်ရာတွင် တံတား၏ ၀ဲ၊ ယာ နှစ်ဖက်ရှိ စီမံကိန်းနှင့် မလွတ်ကင်းသည့် အိမ်ခြေများ ဖျက်သိမ်းရမည်ဖြစ်ပြီး ၎င်းတို့အထဲတွင် အမက(၉) အလယ်တန်းကျောင်းခွဲနှင့် အထက(၂) အထက်တန်း ကျောင်း၊ ကမာကဆစ် အနောက်ကျောင်းတိုက်နှင့် အောင်တော်မူ ဘုရားကြီးတို့ ပါဝင်နေကြောင်းနှင့် တံတား နှင့်မလှမ်းမကမ်းရှိ ခြံ၊ မြေဈေးကွက်များ တဟုန်ထိုးဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။
နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ၊ ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အစာငတ်ခံဆန္ဒပြသော ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မိုင်းဆန်းတို့၏ လုပ်ရပ်အား ထောက်ခံခြင်းနှင့် ထိုသူများအားလုံး ပြန်လွှတ်ပေးရန် တကိုယ်တော်ချီတက်လမ်းလျှောက်ဂုဏ်ပြုခြင်းကို အောက်တိုဘာ ၂၃ ရက် မနက် ၇ နာရီ ၃၀ မိနစ်တွင် ပဲခူးမြို့မှစတင်၍ သာယာဝတီ အကျဉ်းထောင်အထိ ချီတက်ဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ကိုနိုင်နိုင်အောင်က News Watch သို့ ပြောသည်။
“လက်ရှိအစိုးရဖြစ်တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရသော ကျောင်းသားများနဲ့ ၀န်းရံပြည်သူတွေကို ဒီအစိုးရ လက်ထက်မှာပဲ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ဒီနေ့မှာပဲ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မိုင်းဆန်းက ဒီနေ့ သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြတဲ့အတွက် သူ့ကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အခုလို တကိုယ်တော် ချီတက်လမ်းလျှောက်ရတာ ဖြစ်တယ်”ဟု ပဲခူးမြို့တွင်နေထိုင်သော တကိုယ်တော်လမ်းလျှောက်ချီတက်သူ ကိုနိုင်နိုင်အောင်က ပြောသည်။
တကိုယ်တော် စတင်လမ်းလျှောက်ချီတက်ချိန်တွင် ပဲခူးမြို့ အမှတ်(၂)စခန်းမှူး ဦးစိန်လွင်မှ တားမြစ်ခဲ့သော်လည်း ဆက်လက်ချီတက်ခဲ့ကြောင်း ၄င်းက ပြောသည်။
“ကျွန်တော် စထွက်တဲ့အချိန်မှာ ပဲခူးမြို့ အမှတ် ၂ စခန်းမှူးဦးစိန်လွင်က မသွားဖို့တားတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ကျွန်တော်မေးတော့ သူ မဖြေနိုင်ဘူး။ ဒါကြောင့် ကျွန်တော်တို့ ဆက်သွယ်လာခဲ့တယ်။ ဒီလိုလမ်းလျှောက်တာ ပုဒ်မ ၁၈ ကို အယုံအကြည်မရှိတဲ့အတွက် ခွင့်ပြုမိန့်လည်း မတင်ဘူး”ဟု ၄င်းက ပြောသည်။
သာယာဝတီအကျဉ်းထောင်သို့ အရောက်တွင် ဗကသအလံအား အစာငတ်ခံဆန္ဒပြသော ဖမ်းဆီးခံထားရသော ကျောင်းသားများနှင့် ၀န်းရံပြည်သူများအား ပေးအပ်ဂုဏ်ပြုသွားမည်ဟုလည်း သိရသည်။
နောင်လေး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
 ကျောက်​စိမ်း​လုပ်​ငန်း​က ​ရ​တဲ့ ​ငွေ​ကြေး​တွေ ​ဘယ်​ရောက်​ကုန်​သ​လဲ​ဆို​တာ​ဟာ Global Witnesss ​က​ထုတ်​တဲ့ ​အ​စီ​ရင်​ခံ​စာ​မှာ ​မေး​ခွန်း ​ထုတ်​ထား​တာ ​ဖြစ်​ပါ​တယ်။
၂၀၁၄ ​ခု​နှစ်​မှာ ​တ​ရုတ် ​နိုင်​ငံ​ကို ​ကျောက်​စိမ်း ​ရောင်း​ရ​ငွေ​ဟာ ​အ​မေ​ရိ​ကန် ​ဒေါ်​လာ ၁၂ ​ဘီ​လျံ ​ရှိ​ပြီး ​တ​နိုင်​ငံ​လုံး​ထွက်​ရှိ​တဲ့ ​တန်​ဖိုး​ဟာ ​ဒေါ်​လာ ၃၁ ​ဘီ​လျံ​ရှိ​တယ်​လို့ ​အဲ​ဒီ​အ​စီ​ရင်​ခံ​စာ​မှာ ​ဖော်​ပြ​ထား​ပါ​တယ်။
ဗိုလ်​ချုပ်​မှူး​ကြီး​ဟောင်း ​သန်း​ရွှေ​မိ​သား​စု၊ ​ပြည်​ထောင်​စု ​ကြံ​ခိုင်​ရေး​နဲ့ ​ဖွံ​ဖြိုး​ရေး ​ပါ​တီ ​မှာ ​အ​ထွေ​ထွေ​အ​တွင်း​ရေး​မှူး ​တာ​ဝန်​ယူ​ခဲ့​တဲ့ ​ဗိုလ်​ချုပ်​ဟောင်း​မောင်​မောင်​သိန်း၊ ​လက်​ရှိ ​မွေး​မြူ​ရေး ​နဲ့ ​ရေ​လုပ်​ငန်း ​ဝန်​ကြီး ​ဦး​အုန်း​မြင့် ၊ ​လူ​မှု​ဝန်​ထမ်း ​ကယ်​ဆယ် ​ရေး​နဲ့ ​ပြန်​လည် ​နေ​ရာ ​ချ​ထား​ရေး ​ဒု​ဝန်​ကြီး ​ဦး​ဘုန်း​ဆွေ၊ ​ဆက်​သွယ်​ရေး​နဲ့ ​သ​တင်း ​အ​ချက်​အ​လက် ​နည်း​ပ​ညာ ​ဌာ​န ​ဒု​ဝန်​ကြီး ​ဦး​ဝင်း​သန်း ​တို့​ဟာ​လည်း ​ကျောက်​စိမ်း ​က​ဏ္ဍ​က​နေ ​ဝင်​ငွေ ​အ​မြောက် ​အ​မြား ​ရ​ခဲ့ ​တယ်​လို့ ​ဖော်​ပြ ​ပါ​တယ်။
ဗိုလ်​ချုပ်​မှူး ​ကြီး​ဟောင်း ​သန်း​ရွှေ​မိ​သား​စု​ပိုင်​တဲ့ ​ကြိုင်​အင်​တာ​နေ​ရှင်​နယ်​ကု​မ္န​ဏီ​နဲ့ ​မြန်​မာ​နိုင်​ဂ​ရု​တို့​က ​အ​များ​ဆုံး​လို့ ​ဆို​ပါ​တယ်။ ​ဝ​ပြည် ​သွေး​စည်း ​ညီ​ညွတ်​ရေး ​တပ်​မ​တော်​ကို ​ငွေ​ကြေး ​အ​များ​ဆုံး ​ထောက်​ပံ့​ပေး​နေ​တဲ့ ​ဝေ​ရှောက်​ခန်း​နဲ့ ​ကေ​အိုင်​အေ ​က​ချင်​လွတ်​လပ်​ရေး​တပ်​မ​တော်​တို့​က​လည်း ​အ​ကျိုး​အ​မြတ်​အ​များ​အ​ပြား ​ရ​နေ​တယ်​လို့ ​ဆို​ပါ​တယ်။
စစ်​ပွဲ၊ ​လယ်​သိမ်း​မြေ​သိမ်း​မှု​တွေ​နဲ့ ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင် ​ပျက်​စီး​မှု​တွေ​ဟာ​လည်း ​ကျောက်​စိမ်း​အ​ရောင်း​အ​ဝယ် ​အ​မြတ်​အ​စွန်း​တွေ​နဲ့ ​ဆက်​စပ်​နေ​တယ်​လို့ ​ဆို​ပါ​တယ်။
ဒီ​အ​စီ​ရင်​ခံ​စာ​ကို ​အ​စိုး​ရ​မှတ်​တမ်း​တွေ​ဆီ​က​နေ ​အ​များ​ဆုံး​ရ​ခဲ့​တာ ​ဖြစ်​ပြီး၊ ​ကျောက်​စိမ်း​လုပ်​ငန်း​နဲ့ ​ပတ်​သက် ​ဆက်​စပ်​သူ ​လူ​အ​ယောက် ၄၀၀ ​ကျော်​ကို ​မေး​မြန်း​ခဲ့​သ​လို ​တ​နှစ်​ကျော်​ကြာ ​သု​တေ​သ​န​ပြု ​လေ့​လာ​ပြီး​မှ ​ပြု​စု​ခဲ့​တာ​လို့ Global Witnesss ​ရဲ့ ​အာ​ရှေ​ဒ​သ​ဆိုင်​ရာ ​ညွှန်​ကြား​ရေး​မှူး ​မိုက်​ဒေး​ဗစ်​က ​ဘီ​ဘီ​စီ​ကို ​ပြော​ပါ​တယ်။
BBC Burmese
http://www.bbc.com/burmese/burma/2015/10/151023_jade
နိုင်ငံရေးအကျဉ်းသားဟောင်းလူရွှင်တော်ဇာဂနာမှာ စစ်အုပ် ချုပ်ရေးအလွန် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ ငါးနှစ်တစ် ကြိမ်ရွေးကောက်ပွဲများ ပုံမှန်ကျင်းပတော့မည့်အချိန်တွင် နိုင်ငံရေးဖြတ်သန်းမှုအားကောင်းခဲ့သည့် ၎င်းကို လွှတ်တော်အတွင်း နိုင်ငံရေး (သို့မဟုတ်) အစိုးရအဖွဲ့ အတွင်း ၀င်ရောက်တာဝန်ယူမည် ဟု ခန့်မှန်းမှုများရှိခဲ့ပြီး ၎င်းထံသို့ ကမ်းလှမ်းမှုအချို့ရှိခဲ့သော်လည်း အနုပညာအလုပ်ကိုသာ လုပ်ကိုင်မည်ဟု ၎င်း၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။ ယခု ၂၀၁၅ ရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ်နှစ်ပတ်ကျော်ကျော်သာလိုတော့ချိန်တွင် ၁၉၈၈ မှစ၍ မြန်မာ့နိုင်ငံရေးလှုပ်ရှားရုန်းကန်မှုတစ်လျှောက်လုံး ခေတ်အဆက်ဆက်အာဏာရှင်အစိုးရကို ဝေဖန်ခြင်း၊ ပြက်လုံးထုတ်ခြင်း၊ သရော်ခြင်းတို့ကြောင့် မကြာခဏဆိုသ လို  ထောင်ဒဏ်နှစ်ရှည်လများ ကျခံခဲ့ရသည့် လူရွှင်တော် ဇာဂနာအား မျက်မှောက်မြန်မာ့နိုင်ငံရေးရာများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပထမဆုံးအနေနဲ့ လက်ရှိကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးမှုတွေမှာ  ကတိတွေဖော ဖောသီသီပေးတာနဲ့ ပတ်သက်လို့ ဦးသူရဘယ်လိုမြင်မိပါသလဲ။
သေချာတာကတော့ မြန်မာ ပြည်နိုင်ငံရေးလောကမှာ စာအုပ် တစ်အုပ်လွှမ်းမိုးတယ်။ အဲဒီစာ အုပ်က How to win an election?ဆိုတဲ့ စာအုပ်။ လွန်ခဲ့တဲ့ တစ်နှစ် ခွဲ ၂ နှစ်လောက်က မြန်မာပြည်ကိုရောက်လာတယ်။ ဒါက ဟိုးတုန်း ကတည်းကရှိပြီးသား။ ဆော့ခရေးတီးတို့ ၊ ပလေတိုတို့ရဲ့ ဂိုက် (လမ်းညွှန်ချက်)တွေကို ပြန်ပေါင်းထုပ်ပြီး ထွက်လာတာ။ အခုဒီရွေးကောက်ပွဲမှာ USDP ရော၊ NLD ရော၊ ကိုယ်စားလှယ်လောင်းတွေရော ဒီစာအုပ်ထဲကအတိုင်း အများစုလိုက်လုပ်နေတာ။ ဥပမာ စက်ဘီးစီးပြီးထွက်ကြတာ၊ သီချင်းဆိုပြီး ဟောကြတာ။ ခုနကပြောတဲ့ Promise တွေ။ အဲဒီစာအုပ်ထဲမှာလည်း Promise တွေပေးခိုင်းတယ်။ ဒါ ပေမဲ့ စိုးရိမ်စရာကောင်းတာက ကတိထက်ဖြားယောင်းတာကို ကြောက်တာ။ ကျွန်တော်တို့မြင်နေကြတာက ဒံပေါက်ထုပ်တစ်ထုပ်၊ တီရှပ်တစ်ထည်တို့ ဒါပဲမြင်တယ်။ ကျွန်တော်တို့ မမြင်နိုင်တဲ့ဟာတွေရှိတယ်။ ဘီလီယံနဲ့ ချီပြီး ထုတ်သုံးနေတဲ့ ပါတီတွေရှိတယ်။ တကယ်ပြန်စဉ်းစားကြည့်ရင် စည်းရုံးရေးစင်ရှေ့ကို ရောက်လာတဲ့လူက တစ်နိုင်ငံလုံးရဲ့ ၃၀ ရာ ခိုင်နှုန်းတောင်မရှိဘူး။ တစ်နိုင်ငံလုံးရဲ့ ၇၀ ရာခိုင်နှုန်းမဲပေးခွင့်ရှိသူဟာ သူတို့အိမ်တွေမှာ သူတို့ အလုပ်သူတို့လုပ်နေတာ။ အဲဒီလို လူတွေဆီကို ရောက်နေတဲ့ ပိုက်ဆံတွေက ဘီလီယံနဲ့ ချီနေတယ်။ အဲဒီလို မဲဆွယ်တာကို ပိုကြောက်တယ်။ အဲဒီနည်းကို သုံးတဲ့သူတွေရှိနေတော့ အဲဒီနည်းနဲ့ ရသွားခဲ့ရင် ကြောက်စရာကောင်းတယ်။ ကျွန်တော်တော့ အန္တရာယ်တစ်ခုလို့ပဲ မြင်တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက လာမယ့်ရွေးကောက်ပွဲမှာ ၉၀ ရွေးကောက်ပွဲတုန်းကလိုပဲ အပြတ်အသတ်အနိုင်ရသွားနိုင်မယ့် အနေအထားမျိုး ဖြစ်လာနိုင်ပါသလား။
တစ်ခါတလေ ကိုယ့်ရှေ့ မှာ လူအုပ်စုကြီးကိုတွေ့ရရင်၊ မြင် ရရင်နိုင်ပြီ ထင်တယ်။ ကျွန်တော် တို့လည်း ၈၈ တုန်းက လူအုပ်စုကို မြင်တော့ နိုင်ပြီထင်ခဲ့တယ်။ ဒါပေမဲ့ မနိုင်ခဲ့ပါဘူး။ ၂၀၀၇ တုန်းက လည်း ကျွန်တော်တို့ လူအုပ်စုကို မြင်တယ်။ လူက စုမိလာတဲ့အခါ အင်အားကြီးလို့ ထင်သွားတယ်။ အဲဒါ စိတ္တဗေဒနည်းအရတော့ ဒါအဖြေအစစ်အမှန်မဟုတ်ဘူး။ NLD က ၅၁ ရာခိုင်နှုန်းရမှသာ အစိုးရဖွဲ့လို့ရမယ်။ ရရင်ပြဿနာ မရှိဘူး။ မရရင်ပြဿနာရှိလာပြီ။ ထို့နည်းတူ USDP ကျတော့ ၂၆ ရာခိုင်နှုန်းရရင် အိုကေပြီလို့ သူတို့ပါးစပ်က ထုတ်ပြောတယ်။ ဘာလို့ဆို သူတို့က တပ်မတော်ထိုင်ခုံကို ယူထားပြီးသားဆိုတော့ ၂၆ ကို ၂၅ နဲ့ပေါင်းရင် ၅၁ ဖြစ်သွားပြီ။ ဒါဆို ရင် တိုင်းရင်းသားပါတီတွေကို ထည့်မတွက်တော့ဘူးလား။ ရခိုင် ဆို အင်မတန်အင်အားကောင်း တယ်။ ရှမ်းမှာဆို ကျားဖြူနဲ့ ကျား ခေါင်းက အင်မတန်အင်အား ကောင်းတယ်။ အဲဒီနေရာတွေမှာ NLD နဲ့ USDP တို့က နိုင်ပါ့မလား။ ကျွန်တော်တို့ တော်တော်တော့ စဉ်းစားရမယ်။ ပြည်ပမဲက ဘယ် အတိုင်းအတာအထိ ရမယ်ဆိုတာ မသေချာသေးဘူး။ အဲဒီတော့ အ ပြတ်အသတ်နိုင်ဖို့ တော်တော် ခက်ခက်ခဲခဲပြိုင်ရမယ်။ ရန်ကုန် တိုင်းမှာ ၄၄ နေရာစလုံး နိုင်နိုင် တယ်။ မန္တလေးမှာ ၂၀ နေရာစလုံး နိုင်နိုင်တယ်။ ၆၄ နေရာစလုံးရမယ်။ ဟုတ်ပြီ။ ကျန်တဲ့နေရာတွေ နိုင်နိုင်မလားလို့မေးရင် ကျွန်တော်အာမမခံနိုင်ဘူး။ ကျွန်တော် ကိုယ့်စကားကိုယ်တာဝန်ယူပြီးပြောရရင် NLD ၅၁ ရာခိုင်နှုန်းစလုံးနိုင်ဖို့ မလွယ်ဘူး။
သမာသမတ်ကျကျပြောရ ရင် ပြည်နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပါတီတွေကိုလည်း ကြည့်ရ မယ်။ သူ့နယ်မှာသူအုပ်ချုပ်ချင် မှာပဲ။ အဲဒီမှာ ထပ်စိုးရိမ်တာက ညွန့်ပေါင်းအစိုးရဖြစ်သွားမလား။ ညွန့်ပေါင်းဖြစ်လာရင်တော့ သေ ချာသွားတာက ဗီတိုအာဏာသည် တပ်မတော်မှာသာရှိတော့တယ်။ အဲဒီတော့ တပ်မတော်ကသာ လွှတ်တော်ကြီးကို ခြယ်လှယ်သွားနိုင်လိမ့်မယ်။ တပ်ကို ပေါင်းနိုင်တဲ့  စည်းရုံးနိုင်တဲ့သူက ဆရာကြီး လုပ်တော့မှာပဲ။ နောက်တစ်ချက် က ကျွန်တော်တို့ တစ်ခါတလေ လျှော့တွက်တာတွေရှိတယ်။ စစ် တုရင်ခုံပေါ်မှာ အားလုံးမထင် မှတ်တဲ့အရပ်ကို ခုန်နိုင်တာ မြင်း တစ်ကောင်ပဲရှိတယ်။ ဖျက်မြင်း လို့လည်း ပြောကြတယ်။ အဲဒီမြင်း က သူရဦးရွှေမန်းပဲ။ ဖြစ်နိုင်ခြေတွေကို အကုန်တွေးကြည့်တော့ ပြည်နယ်တွေ အားကောင်းလာမယ်။ NLD လည်း လုံလောက်တဲ့ ခုံမရနိုင်ဘူး။ ထိုနည်းတူ USDP လည်းမရဘူး။ သို့သော် ကိန်းသေထားရမှာက တပ်မတော်။ ၂၅ ရာခိုင်နှုန်းက ဘယ်လိုမှ ရှောင်မရတဲ့ ဗီတို။ တပ်ကိုစည်းရုံးနိုင်တဲ့ ပါတီခုံရမှာပဲ။ ညွန့်ပေါင်းတော့ ကျွန်တော်မကြိုက်ဘူး။ ၅၈ ခုနှစ်တုန်းကလို အိမ်စောင့်အစိုးရဆိုတာ တက်လာရင်တပ်က ၀င်လာမှာကြောက်တယ်။
ပြည်ခိုင်ဖြိုးအကွဲအပြဲဟာ ဇာတ်`ညွှန်းဆိုပြီး ဦးအပါအ၀င် နိုင်ငံရေးလေ့လာသူတချို့က တစ်လျှောက် လုံးပြောလာတယ်။ ဒါပေမဲ့ ဦးရွှေမန်းဥက္ကဋ္ဌရာထူးနေရာက ဖယ်ရှားခံလိုက်ရတဲ့နောက်ပိုင်းမှာ ဒီ အကွဲအပြဲဟာ အမှန်တကယ်ဖြစ် လာတယ်လို့ ယူဆမှုလည်းရှိလာ ခဲ့ပါတယ်။ ဦးသူရက ဘာကြောင့် အခုထိ ဒါကို ဇာတ်ညွှန်းလို့ ယုံကြည်နေတာပါလဲ။
သေချာတာက အရပ်သား အချင်းချင်းချစ်တာထက် သူတို့ အချင်းချင်းချစ်တာ ပိုတယ်။ အဲဒီ လူတွေက ခွဲရစိတ်ရတာခက်တယ်။ ခုတင်ချင်းကပ်လျက်အိပ်ခဲ့တဲ့သူ တွေ။ အသက်ချင်းတောင်ပေး ထားတာ။ တစ်ခါတစ်ရံမှာ နိုင်ငံ ရေးကို နိုင်ငံရေးလိုပဲ စဉ်းစားစေ ချင်တယ်။ အရေးကြီးတာ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးအနေအထား ကိုပဲ ကြည့်သင့်တာ။ ဦးရွှေမန်း သည် NLD နဲ့ နည်းနည်းနီးကပ် တယ်ဆိုရင် လူတွေအကုန်လုံး အာရုံလှည့်စားလို့ရနိုင်တာ။ ဒီ မြင်းလေးတစ်ကောင် ခုန်လိုက် တာနဲ့ အကုန်ခါယမ်းသွားတာ။ အရင်ကတည်းက ဦးသိန်းစိန်က ဦးရွှေမန်းနောက်မှာပဲ ရပ်ရတာ။ အဲဒါကို ဦးရွှေမန်းကို နာယကပေး ပြီး ဦးသိန်းစိန်ကို သမ္မတပေးလိုက်ခြင်းနဲ့ ကျောင်းတော်က ရန်စရှိ သယောင်ယောင်လုပ်လိုက်တာ။ အဲဒါ ဇွန်ဇူးရဲ့ နည်းဗျူဟာပဲ။ တကယ်ပြောရင် 'Art of War' ဒါ ဦးသန်းရွှေလုပ်ခဲ့တာ။ ဒီနှစ်ယောက်မတည့်သလိုဖြစ်မှ လူစိတ်ဝင်စား မှာ။ မတည့်သလိုဖြစ်အောင်လုပ် ရင်း ဒီလိုသန်းခေါင်ယံအာဏာ သိမ်းပွဲလေးတစ်ပွဲလောက် ရွေး ကောက်ပွဲမတိုင်ခင် ရွှေ့လိုက် မယ်လုပ်တော့ ကျွန်တော်တို့ အ တိုက်အခံဘက်က လူတွေပါယမ်း သွားတာ။ အန်တီ့ခရီးစဉ်ပါ ရပ် သွားတာ။ ဦးရွှေမန်းကိုပဲ သနားရ တော့မလိုလို၊ တကယ်တော့ အ တူတူပဲ။ အခု ဦးရွှေမန်းက အရာ ကျသွားလို့လား။ ဥက္ကဋ္ဌကြီး၊ နာယ ကကြီးပဲ။ NCA လက်မှတ်ရေးထိုးပွဲ တုန်းကလည်း သူတို့တွေချစ်ချစ် ခင်ခင် ဟီးဟီးဟားဟားပဲလုပ်နေ တာပဲ။ ဦးဌေးဦးကလည်း ဦးရွှေ မန်းကို ကျော်ပြီး လမ်းတောင်ကျော်မလျှောက်ရှာဘူး။ ကျွန်တော်တို့ မြင်နေတာပဲ။ သေချာတာက ဘာမှဖြစ်မသွားဘူး။ သို့သော် အများပြည်သူက အဲဒါကို မြင်မနေဘူး။ သူ (ဦးရွှေမန်း)ဘယ်လိုမှ Depression မရှိဘူး။ သူ့လှုပ်ရှားမှုက ပိုတောင်အရှိန်ကောင်းသွားသေးတယ်။ ထိုနည်းတူ သူရဦးအောင်ကိုပါ ပျောက်သွားတာ။ ဒါပေမဲ့ ဦးအောင်ကို ဟိုနေ့က သူတို့ရုံးချုပ်အစည်းအဝေးမှာတောင်ပါနေတာပဲ။ သူတို့ကစားကွက်မှာ မျောမသွားဖို့ပဲ။ သူ (ဦးရွှေမန်း)က အရေးကြုံရင် ထုတ်သုံးဖို့ အကောင်းဆုံး Piece တစ်ခုပဲ။
ရွေးကောက်ပွဲမှာ NLD သာ ခုံနေ ရာအများစုနိုင်ခဲ့မယ်ဆိုရင် NLD က တင်မယ့် ဒုသမ္မတလောင်းဟာ ဘယ်သူလို့ ထင်ပါသလဲ။
ကျွန်တော်ကိုယ်တိုင်ကို ဘာဖြေရမှန်းမသိဘူး။ သူလည်း ထုတ်မပြနိုင်ဘူး။ ထားပါတော့။ ဦးဝင်း ထိန်ပေါ့။ ဦးဝင်းထိန်ဟာ အသက် အရွယ်နဲ့ ကျန်းမာရေးအရ မဖြစ် နိုင်ဘူးဆိုရင် အခု ဦးတင်ဦးတောင် ခရီးစဉ်တွေဖျက်ရပြီ။ ကျန်းမာ ရေးမကောင်းတဲ့အတွက် ကျွန် တော်စဉ်းစားကြည့်တာ မတွေ့ ဘူး။ ဒါပေမဲ့ ဒီနေ့အထိ NLD က ဒါကို တိတိလင်းလင်းမပြောဘူး။ အဲဒီလိုကို မှန်းထားတဲ့သူ မှန်းထားပုံမရှိဘူး ထင်တယ်။ အန်တီကိုယ် တိုင်က သူကိုယ်တိုင်မဖြစ်နိုင်ဘူး ဆိုတာ သိတယ်။ ဒါပေမဲ့ ဘယ်သူ ရှိလဲဆိုတော့လည်း မရှိပြန်ဘူး။ အဲဒါကြောင့် အဲဒီအချက်က တစ် ဖက်က ထိုးနှက်စရာလိုဖြစ်လာ တာပေါ့။ တစ်ဖက်က ပါတီကျ တော့ ကျွန်တော်တို့ဆီမှာ ဘယ် သူရှိပါတယ်ပြောနိုင်တယ်။ အ ကုန်ရှိတယ် သူတို့မှာက။ သူတို့ပါ တီဥက္ကဋ္ဌ ဦးသိန်းစိန်လည်း ဖြစ်နိုင်တယ်။ ဦးဌေးဦးလည်း ဖြစ်တယ်။ ဦးတင်နိုင်သိန်းလည်း ဖြစ်နိုင် တယ်။ တင်ချင်တာ တင်လို့ရ တယ်။ တပ်မတော်ကလည်း တင် မယ့်သူတွေရှိနေတယ်။ သူတို့နှစ် ဖွဲ့စလုံးမှာ လုပ်ပိုင်ခွင့်ရှိနေတယ်။ အခုတွေ့နေရတဲ့ NLD ကိုယ်စား လှယ်အားလုံးထဲမှာလည်း ဒုတိယ သမ္မတနေရာကို Candidate အ ဖြစ်နဲ့ အမည်စာရင်းတင်သွင်းနိုင် တဲ့ လူမတွေ့ဘူး။ အားလုံးစိတ် ၀င်စားစရာကောင်းနေတာက အဲဒါပဲ။
တကယ်လို့ ပြည်ခိုင်ဖြိုးကသာ ဆက်ပြီးအာဏာရပြီး ဦးသိန်းစိန်သာ သမ္မတထပ်ဖြစ်လာမယ် ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေက ဘာတွေဆက်ဖြစ်လာနိုင်လဲ။
အစိုးရဘက်ခြမ်းမှာလည်း ကျွန်တော်သိသလောက်တော့ အခုလောလောဆယ် Phase 1 ပဲလို့ ပြောနေတုန်း။ အခုချိန်ထိ ပြောနေတုန်း။ ကျွန်တော်တို့က Phase 2, 3 လာဦးမယ့် သဘော တွေမြင်နေရတယ်။ အခု ဖြေ လျှော့တဲ့အဆင့်ပဲရှိသေးတယ်။ 2 ကျမှ Democratic Transition ကိုစမှာ။ သဘောအားဖြင့်တော့ USDP ဗျူဟာအရ ဦးသိန်းစိန်ပဲ ဆက်ပြီး အစိုးရအဖွဲ့ဆက်လုပ်ဦး မယ့်အမြင်ကို မြင်တယ်။ ကျွန် တော်တို့ ဘယ်လောက်ပဲ ခါးသီး တယ်ပြောပြော နောက်ဆုံး ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို လက် ခံလိုက်ရတာပဲ။ ကျွန်တော်တို့တင်မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင်လည်း ၂၀၁၂ မှာ ဒါကို ကျမ်းကျိန်ပြီး သွားခဲ့ရတာပဲ။ဘယ်လောက်ပဲ ခါးသီးတယ်ပြော ပြော ၁၉၉၀ ရွေးကောက်ပွဲရလဒ် လည်း အလိုအလျောက်လေးပဲ ပယ်ဖျက်လိုက်ရတာပဲ။ ပိုဆိုးတာ က ၄၆၃ ကို လက်မှတ်ဝိုင်းထိုး လိုက်ရတာ။ ၄၃၆ မပြင်လည်း (ရွေးကောက်ပွဲ)၀င်မယ်ဆိုတော့ လည်း ဒါကို ခါးသီးစွာနဲ့ လက်ခံ လိုက်ရတာပဲ။ ကျွန်တော်တို့က လက်မှတ်ထိုးခဲ့တာ ရူးသလိုလို၊ ပေါသလိုလိုနဲ့ ကမ်ပိန်းလုပ်ပေး တာလည်း ရှက်စရာဖြစ်တယ်။ ကျွန်တော်တို့ ဘယ်လောက်ပဲ ခါး သီးသီး၊ ဘယ်လောက်ပဲရွံ့ရှာရှာ အဖြစ်မှန်အတိုင်း လက်ခံရမယ် ဆိုရင်တော့ သူတို့ပြန်လာလိမ့် မယ်။ သူတို့ နည်းမျိုးစုံနဲ့ ပြင်ဆင် ထားကြတယ်။ နည်းမျိုးစုံနဲ့ရ အောင် လုပ်မှာ။ အဲဒီဇာတ်ညွှန်း က ဘယ်လောက်ပဲမုန်းတီး သူတို့ ပြန်ရောက်လာမှာ ၇၅ ရာခိုင်နှုန်း လောက်ပဲ။
တကယ်လို့ ဒီချုပ်က အပြတ်အ သတ်နိုင်လို့ အစိုးရသာ ဖွဲ့ခွင့်ရခဲ့ မယ်ဆိုရင် အာဏာလွှဲပြောင်းမှု နဲ့ ဖြတ်သန်းရမယ့် နိုင်ငံရေးအနေ အထားက ညင်သာချောမွေ့မှုရှိ နိုင်ပါသလား။
တကယ်လို့သာ တွေးကြည့်ရင်တော့ အဲဒါကတော့ ချောချောမွေ့မွေ့ဖြစ်မှာပါ။ လက်ခံနိုင်လောက်အောင်တော့ အားလုံး ၀ိုင်းလုပ်ရမယ်။ Landslide နိုင်နိုင်တဲ့ NLD က လူတွေပိုပြီး သတိ ထားရမယ်။ ကျွန်တော်တို့ တိုင်း ပြည်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်က မစဉ်းစားချင်တော့ဘူး။ ကိုယ့်ဘ၀ရပ်တည်ရေးအတွက် လုပ်နေရ တာကိုး။ အဲဒီလိုလူအများစုရှိနေ တယ်။ အဲဒါကြောင့် ဟစ်တလာ ပေါ်လာတာ။ ဟစ်တလာဟာ အဲဒီလူအများစုကိုသုံးပြီး Nationalist (အမျိုးသားရေးဝါဒီ)ဖြစ်လာတာ။ ဒီမှာ အဲဒီလိုအမျိုးသားရေးဝါဒီ တွေ ပေါ်လာမှာကို ကြောက်တာ။ ကျွန်တော်ဘယ်သူ့မှမစော်ကား ပါဘူး။ ဘာသာရေးအရ အဲဒီလို Nationalist တွေထောင် တက် လာတာ။ ထိုနည်းတူ တိုင်းရင်း သားတွေထဲမှာလည်း Nationalist တွေရှိလာတယ်။ အခု မဲဆွယ်ပွဲ တချို့မှာ ပြောနေတာတွေက တော်တော်ကိုအစွန်းရောက်ပြီး Nationalist ဆန်ဆန်ပြောနေတာ တွေတွေ့ရတယ်။ ဒါကိုအကြောင်းပြပြီးတော့ တစ်ခုခုဆိုရင် ပြည် ထောင်စုကြီး ပြိုကွဲပါလိမ့်မယ်ဆို ပြီးတော့ သူတို့ထက်ပိုပြီး ဆရာကျတဲ့သူတွေက အချိန်မရွေးဝင်သွား နိုင်တယ်။ ဘယ်ပြဿနာမဆို သေနတ်နဲ့ ဖြေရှင်းမယ့်လူတွေက နောက်ဆုံးကျတော့ ဆရာကြီး တွေ။ သူတို့က စကားမပြောဘူး။ ပြောင်းလဲချိန်တန်ပြီတို့၊ ပြောင်းလဲချိန်မတန်ဘူးလို့ကို မသိဘူး။ ပြောင်းလဲတယ်ဆိုရင် သေနတ် ပြောင်းလဲပြီး ၀င်လာမှာ။ အဲဒီလူ တွေကို ကြောက်တယ်။ ကျွန် တော်တို့ Constitution အရကို ၀င်လာနိုင်တယ်။ NLD အကုန်နိုင်ရင်လည်း ညင်ညင်သာသာဖြစ် လာဖို့က တပ်မတော်ကိုတော့ ကိန်းသေထားပြီးတော့ စည်းရုံးဖို့ လိုတယ်။ အဲဒါကတော့ NLD ဘက်မှာ ပရိယာယ်ရှိမယ်လို့ ကျွန် တော်ထင်ပါတယ်။ တကယ်လို့ အန်တီ့စကားကို အကုန်နားထောင်ပြီးလုပ်ရင်တော့ ပြေလည်မယ်။ အဲဒီလို မဟုတ်ဘဲ ဟိုအစထောင် ဒီအစထောင်ဆိုရင်တော့ (သေ နတ်)ပြောင်းတွေ လဲသွားလိမ့် မယ်။
အခုရွေးကောက်ပွဲနီးလာတာနဲ့ အမျှ တပ်၊ အစိုးရနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကို အပုပ်ချနာ မည်ဖျက်တယ်ဆိုတဲ့ အကောင့် တွေကို အီလက်ထရွန်နစ်ဆက် သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေတွေနဲ့ အရေးယူမှုတွေရှိလာတာဟာ လက် ရှိအစိုးရအနေနဲ့ ဘယ်လိုခြေလှမ်း နေတယ်လို့ ထင်ပါသလဲ။
ကျွန်တော်အဲဒါပွဲတွေမှာလည်း ပြောတယ်။ ဂျာနယ်တွေ မှာလည်း ဆောင်းပါးရေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင် တာနက်သုံးလို့ ၁၅ နှစ်သုံးခါနဲ့ ၄၅ နှစ်ချခံထားရတာ။ အခုအဲဒီပုဒ်မ ကို ဖျက်ထားသလားဆိုတော့ မ ဖျက်သေးဘူး။ တစ်ဝက်လျှော့ထားတာ။ ခုနစ်နှစ်ကျန်သေး တယ်။ သတိထားကြပါလို့ ပြော တယ်။ မြန်မာစာတတ်တဲ့ ၀န် ထမ်းကို ဖေ့စ်ဘွတ်ခ်က ခန့်တယ် ဆိုတော့ ဘာလို့ခန့်လဲလို့ လူတွေ က တွေးတယ်။ ဒါပေမဲ့ ကျွန်တော်က ဒါကိုသံသယ၀င်လို့ အရမ်းကာရောမရေးကြနဲ့ သတိထားကြပါ လို့ ကျွန်တော်ပြောတယ်။ လုပ် လိမ့်မယ်လို့ ထင်တယ်။ ထင်တဲ့ အတိုင်းလုပ်တယ်။ တစ်ဖက် တည်း မလုပ်ဘူး။ နှစ်ဖက်လုပ် တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုရှုတ်ချတဲ့ ကန်ကြီးထောင့်ကလူကို လုပ်တယ်။ တကယ်တော့ အဲဒီ ကိစ္စတွေက အဲဒီလူတွေက စတာ မဟုတ်ဘူး။ တကယ်စတဲ့လူတွေ က ပျောက်ကုန်တယ်။ ကျွန်တော် တို့ဆီမှာ အဲဒီပြဿနာပဲ။ ထူးထူး ခြားခြား ဒီရက်ပိုင်းမှာဆို ၁၇ ယောက် အကောင့်နာမည်ပြောင်း သွားတယ်။ အစိုးရကို တရစပ်စော်နေတဲ့လူတွေ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အင်္ကျီနဲ့ ဒေါ် အောင်ဆန်းစုကြည်ရဲ့ ထဘီကို လုပ်တယ်ဆိုတဲ့ ချစ်သမီးဆိုတာ မတိုင်ခင် တစ်ယောက်လုပ်ထား ပြီးသား။ အဲဒီလူက ပျောက်သွား တယ်။ အဲဒီလူက ထိုင်းကလူ။ သူ က ထိုင်းလာလိုက်၊ ဧရာဝတီတိုင်းကိုလာလိုက်လုပ်တယ်။ ပြီးရင် ထိုင်းပြန်ရောက်ရင် အဲဒါမျိုးတွေ ရေးတယ်။ ဟောနောက်တခြား နာမည်ပြောင်းလိုက်ပြန်ရော။ သူ တို့တွေဟာ သူ့လူကိုယ့်ဘက်သားများ ၀င်လုပ်နေလားဆိုတာ သတိ ထားရတယ်။ ဒီလိုလှည့်စားမှုတွေ ကို အပြစ်မရှိတဲ့ Innocent ဖြစ် တဲ့ လူတွေ ချစ်သမီးတို့ ခံလိုက်ရ တာမျိုးဖြစ်နေမလား ကျွန်တော့် စိတ်ထဲမကောင်းဘူး။ လုပ် တုန်းက စလုပ်တဲ့သူတွေ တာဝန် ယူရမှာပေါ့။ သူတို့ထွက်ပြော လေ။ သူတို့ တခြားနိုင်ငံမှာနေနေ တာပဲ။ ဒီဘက်က လူတွေလည်း မတရားရေးနေတာပဲ။ အန်တီ့ကို  ရေးနေတာ။ အခုနမူနာအားဖြင့် ကန်ကြီးထောင့်ကလူကို ဖမ်းပြတယ်။ တော်ပါတော့ မလုပ်ကြပါနဲ့တော့လို့ နှစ်ဖက်စလုံးကို တောင်းပန်ချင်တယ်။ နောက်ထပ်ရွေးကောက်ပွဲပြီးရင် ပိုများလာနိုင်သေးတယ်။ မေ့နေမှာစိုးလို့။ မတ်လ ၃၀ ကျမှ အာဏာလွှဲမှာပါ။ အာဏာမလွှဲသေးဘူး။ ခဏနေကြပါဦး။ လွှဲတာကလည်း တော်ကြာနေ ဘယ်ဘက်လက်နဲ့ ညာဘက်လက်လွှဲတာဆိုရင် ပိုတောင်ခံရဦးမယ်။
၂၀၁၂ နောက်ပိုင်း ဒေါ်အောင် ဆန်းစုကြည်ရဲ့ နိုင်ငံရေးခြေလှမ်း တွေအပေါ်မှာ ဦးသူရအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ။
သူ့အပေါ် မြင်တဲ့အမြင်က တော့ မပြောင်းလဲပါဘူး။ ဒါပေမဲ့ အန်တီ့အသက်အရွယ်က ကြီးလာ ပြီ။ အသက် (၇၀)ဆိုတာ မြန်မာ့ ဓလေ့ဆိုရင် အမေအိုကြီးပေါ့။ သူ့ကိုဘာလို့ အဲဒီလောက်အပင်ပန်း ခံခိုင်းနေတာလဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ တခြားလူတွေမရှိ ကြတော့ဘူးလား။ သူ့ကို တအား သနားနေတယ်။ ကိုယ်လည်း ဒီ တာဝန်သွားမယူနိုင်တဲ့အတွက် မကျေနပ်ပါဘူး။ အန်တီမှမလုပ် ရင် NLD က တစ်ထောင်ကုန်သောကိုယ်စားလှယ်တွေကို မေးချင် တယ်။ ခင်ဗျားတို့ ခြေတွေ၊ လက် တွေ၊ ပါးစပ်တွေမရှိကြဘူးလား။ တော်ကြာ ရခိုင်ကပြန်တာမကြာ ဘူး။ ဒီမနက် တာချီလိတ်သွားရ ပြန်ပြီ။ ဒီလောက်လုပ်လာတဲ့အခါ မှာ ပင်ပန်းလာရင် အမှားပါနိုင် တယ်။ အချိန်မရွေးကိုယ့်ကိုယ် ကိုယ်ဘယ်လောက် ကျန်းမာ တယ်ပြောပြော ပြဿနာတက် လာနိုင်တယ်။ အဲဒီကျဘယ်လို လုပ်ကြမလဲ။ ကျွန်တော်တို့တိုင်း ပြည်မှာ ဒီမိုကရက်တစ်အိုင်ကွန် က အန်တီတစ်ယောက်တည်းရှိ တယ်။ ဒီတာဝန်ကို လွှဲပြောင်းယူ ဖို့အတွက် တကယ်လို့ တစ် ယောက်တည်းမနိုင်ရင် တွဲယူကြ ပေါ့။ အန်တီ့အားကို တစ်ယောက်တည်းနဲ့ဘယ်နိုင်မလဲ။ သူ့လောက်လည်း နိုင်ငံတကာဖစ်ဂါရှိတဲ့ သူမှမရှိတာ။ အဲဒီလို ဘာလို့မလုပ်နိုင် ကြလဲဆိုတဲ့ မချိတင်ကဲစိတ်နဲ့ ကိုယ့်အမေတစ်ယောက်လိုသ ဘောထားလို့ သူလဲသွားမှာ စိုးရိမ်တယ်။ အန်တီကတော့ သူ့ရဲ့ ခေါင်းမာတဲ့ဆုံးဖြတ်ချက်နဲ့ နိုဝင် ဘာ ၆ ရက်နေ့အထိကို မနားတမ်းအလုပ်လုပ်ဦးမယ်လို့ ထင်တယ်။
ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲကော်မရှင်ရဲ့ အတည် ပြုချက်အတိုင်း ရလဒ်ကိုလက်ခံ မယ်လို့ ပြောတဲ့ သူ့သဘောထားကို ယုံကြည်နိုင်ပါသလား။
သူပြောတာတကယ်ပဲဖြစ်ပါ လိမ့်မယ်။ ဒါပေမဲ့ တခြားတစ် ဖက်မှာကျတော့ တပ်ကလူတွေ ကို ဟိုတုန်းက သုံးယောက်ပေါင်း လို့ ဆယ်တန်းမအောင်ဘူးလို့ ပြောခဲ့ကြတယ်။ အခု အဲဒီလိုမ ဟုတ်တော့ဘူး။ အဲဒါကို နည်း နည်းလေးသတိပြုဖို့လိုလာပြီ။ ဒီ ဘက်နောက်ပိုင်းမှ သူတို့ဘက်က အများကြီးပြုပြင်သွားခဲ့ပြီ။ ဒီပလို မေစီလည်း နားလည်၊ နိုင်ငံတကာဆက်ဆံရေးလည်း နားလည်၊ Communication လည်း သိပ်ကောင်း။ ဘယ်လိုလူတွေကို ဘယ်လိုပေါင်းရမလဲသိသွားပြီ။ ရွေးကောက်ပွဲလုပ်ဖို့ ခြောက်လလောက်လိုတော့မှ စာနယ်ဇင်းကောင်စီကိုခေါ်ပြီး စကားပြောတာမျိုးတို့၊ အဲဒီလူတွေနဲ့လည်း တည့်အောင် ပေါင်းလိုက်တာပဲ။ စည်းရုံးရေးလည်း နားလည်တယ်။ သူတို့မှာ မမြင်နိုင်တဲ့ မျှော်မှန်းထားပြီးသား လမ်းတွေရှိတယ်။ တပ်မတော်သည် ကိန်းသေဖြစ်တဲ့အတွက် ဘာလာလာဒေါင်းတယ်။ ဒါကြောင့် ကျွန်တော်တို့လက်ခံပါတယ်လို့ ပြောလို့ရတာပေါ့။ သူတို့ကသာမပေါင်းချင်ဘူးဆိုရင် NLD လည်း ခုံမရတော့ဘူး။ USDP လည်းမရနိုင်ဘူး။ အားလုံးထဲမှာ ပြိုင်စရာမလိုဘဲနိုင်နေတာက သူတို့ပဲ။ သူပြောတဲ့စကားထဲမှာလည်း သူတို့လုပ်တာမဟုတ်ဘူး။ ရွေးကောက်ပွဲကော်မရှင်က လက်ခံရင်လို့ သူက စကားခံထားပြီးသား။ ဦးတင်အေးကိုလွှဲထားတာ။ ဦးတင်အေးလည်း Same Boat ပဲ။ ဗိုလ်ချုပ်ကြီးပဲလေ။
အခုရွေးကောက်ပွဲကိုကော ဦးသူရက ဘယ်လိုပြက်လုံးထုတ်ချင်လဲ။
ကျွန်တော်အမှန်တိုင်းပြောရင် ရွေးကောက်ပွဲအကြောင်း ခေါင်းထဲပြက်လုံးမထွက်ဘူး။ ဘာသွားစိတ်ကူးရလဲဆိုတော့ ကျွန်တော်တို့အရင်တုန်းက နှစ်ကိုယ့်တစ်စိတ်ကကြသလိုပေါ့။ တစ်ခြမ်းက ယောက်ျား၊ တစ်ခြမ်းက မိန်းမပေါ့။ ဒီဘက်ကဖက်လိုက် ဟိုဘက်ကပြန်ဖက်နဲ့ တစ်ယောက်တည်းက လုပ်ပြတော့ လူတွေက ရယ်ကြတာပေါ့။ ဒီရွေးကောက်ပွဲလည်း နှစ်ကိုယ့်တစ်စိတ်ကတဲ့ ရွေးကောက်ပွဲ။ ဒီဘက်တစ်ခြမ်း က ၂၅ ရာခိုင်နှုန်းသေချာနေတဲ့ တပ်မတော်နဲ့ ဒီဘက်ခြမ်းက အစိမ်းရောင်ကြံ့ဖွံ့နဲ့ နှစ်ကိုယ့် တစ်စိတ်ပေါင်းကနေတာပေါ့။
ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/story/49286
ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ် မိန့်ခွန်းမှ
“ကျွန်မတို့က အဂတိလိုက်စားမှုကို ထိန်းဖို့ဆိုတာ ကျွန်မ အမြဲပဲ ပြောပါတယ်။ သုံးခုလိုပါတယ်လို့။ နံပါတ်တစ်က မှန်ကန်တဲ့ ဥပဒေတွေလိုတယ်။ ဥပဒေအရကို ထိန်းထားရမယ်။ ဥပမာဆိုရင် အဂတိလိုက်စားမှု ဒီလို အခြေအနေမှာ ဒီလိုအဂတိ လိုက်စားရင် ဘယ်လို ဒဏ်ပေးမယ်ဆိုတာ ဥပဒေက တိတိကျကျ သတ်မှတ်ထားမယ်။ အဲဒါ နံပါတ်တစ်။ နံပါတ်နှစ်ကလည်း အဂတိလိုက်စားမှုအထဲမှာ ကျွန်မတို့ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းတွေ အများကြီး ပါဝင်နေတယ်။”
“အဲဒါတွေ စရတဲ့ အကြောင်းရင်းက ၀န်ထမ်းများက လခနဲ့ ရပိုင်ခွင့်တွေဟာ မလုံလောက်လို့ စတာပါ။ အဲဒီတော့ လုံလုံလောက်လောက်လည်း ပေးရမယ်။ ၀န်ထမ်းတွေဟာ သိက္ခာရှိရှိနဲ့ နေနိုင်အောင်လို့လည်း ပေးထားရမယ်။ ဒီလို သိက္ခာရှိရှိနဲ့ နေနိုင်အောင် ပေးထားလျက်နဲ့ အဂတိလိုက်စားရင် ဥပဒေအရ အရေးယူနိုင်ဖို့လည်း ပြင်ထားရမယ်။ တတိယ အချက်တစ်ခု လိုသေးတယ်။ အဲဒါကတော့ ကျွန်မတို့ ပြည်သူတွေအားလုံးနဲ့လည်း ဆိုင်တယ်။ အဂတိလိုက်စားမှုကို ပြည်သူတွေထဲကလည်း အားလုံးကို ၀ိုင်းပြီးတော့ ဆန့်ကျင်ပေးရမယ်။ ဆန့်ကျင်ပေးရမယ် ဆိုတာ ကျွန်မဒီလိုပြောလိုတာပါ။ ကျွန်မတို့ရဲ့ လူ့အသို
င်းအ၀န်းမှာ အဂတိ လိုက်စားတဲ့ သူတွေကို ရှုတ်ချတာ။ အဂတိ လိုက်စားတဲ့ သူတွေကို ဒါမလုပ်သင့်ဘူးဆိုတာကို အားလုံး နားလည်အောင် လုပ်ပေးရမှာ ပြည်သူတွေမှာ တာဝန်ရှိတယ်”
“ကျွန်မတို့ လွတ်လပ်ရေးရပြီး ကာလခေတ်မှာ ဒီမိုကရေစီစနစ်ကို သုံးနေတုန်းကပေါ့။ အစိုးရအဖွဲ့ဝင်တွေ အဂတိ လိုက်စားတယ်ဆိုတာ လုံးဝမရှိဘူး။ ကျွန်မ ငယ်ငယ်တုန်းက မှတ်မိသေးတယ်။ ဒုဝန်ကြီး တစ်ယောက်ကနေပြီးတော့ အဂတိလိုက်စားမှုနဲ့ အလုပ်ကနေ ပြုတ်သွားတယ်။ အဲဒါကို တစ်တိုင်းပြည်လုံး အံ့အားသင့်တယ်။ အစိုးရအဖွဲ့ဝင်တစ်ယောက်က အဂတိလိုက်စားတယ်ဆိုတာ ပြည်သူတွေက မကြားဖူးဘူး။ မဖြစ်နိုင်တဲ့ ကိစ္စလို့တောင် ယူဆကြတယ်။ အခုခေတ်ဆိုရင် ဘယ်သူတွေပဲ အဂတိလိုက်စားစား ဘယ်သူကမှ အံ့အား မသင့်တော့ဘူး။ ဒါလုပ်နေကျ ကိစ္စကြီးလို ဖြစ်နေတယ်။ ပြည်သူတွေကလည်း ၀ိုင်းထိန်းရမယ်။ အဂတိလိုက်စားမှုကို ငါတို့လက်မခံဘူး။ အဂတိလိုက်စားတဲ့ ဘယ်သူပဲဖြစ်ဖြစ် ဘယ်လောက်ပဲမြင့်မြင့် ဥပဒေ အရ အရေးယူရမယ်ဆိုတာ ပြည်သူတွေကလည်း နားလည်ရမယ်။”
“လာဘ်ပေးလာဘ်ယူဆိုတာ ယူတဲ့သူရှိသလို ပေးတဲ့သူလည်း ရှိတယ်။ လာဘ်ပေးတဲ့ အလုပ်ကိုလည်း မလုပ်ကြပါနဲ့လို့။ မှန်မှန်ကန်ကန် အခွင့်အရေးတွေ ယူပါ။ မမှန်မကန် အပိုယူချင်လို့ လာဘ်ထိုးတဲ့ လာဘ်ပေးတဲ့ကိစ္စ မလုပ်ပါနဲ့။ လာဘ်ယူတဲ့သူ ရှိတာဟာ လာဘ်ပေးတဲ့သူ ရှိလို့လည်း ရှိပါတယ်။ အဲဒါကြောင့် ကျွန်မတို့အားလုံး ၀ိုင်းပြီးကြိုးစားမှသာ ဒီစနစ်ကြီးကို ပြောင်းနိုင်မှာပါ”
The Ladies News Journal
https://www.facebook.com/News.TheLadies
 ရွေးကောက်ပွဲနေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်ကနေ နိုဝင်ဘာလ ၇ ရက်နေ့ အတွင်း ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဝင်တွေဆီက ကြိုတင်မဲတွေ ကောက်ခံမယ့် ကိစ္စမှာ မဲမသမာမှုတွေ ဖြစ်လာနိုင်တယ် လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။ ဒါ့အပြင် သက်သေခံ မဲလက်မှတ်ကိစ္စမှာလဲ မဲမသမာမှု ဖြစ်လာမှာကို စိုးရိမ်မိကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေက ပြောနေတာပါ။ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။
နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်ခင် တရက် အလိုထိ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေ ကြိုတင်မဲပေးရမယ် လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ မဲရုံတွေကို စောင့်ကြည့် လေ့လာမယ့်သူ ဦးရေ တစ် သောင်း ဝန်းကျင်သာရှိပြီး အဲဒီလူတွေ ကြိုတင်မဲပေးနိုင်မယ့် ကာလကို ၁၀ ရက်အထိသတ်မှတ်ပေးထားတာဟာ သံသယ ၀င်စရာဖြစ်နေတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်ရေး လွတ်လပ်သော စေတနာ့ဝန်ထမ်းအဖွဲ့ပြောခွင့်ရသူ ဦးရွှေဘက ထောက်ပြ ပါတယ်။
"ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီး စောင့်ကြည့်မယ့် အဖွဲ့တွေ၊ စောင့်ကြည့်မယ့် လူတန်းစားတွေ နဲ့ ပတ်သက်ပြီး ကြိုတင်မဲ ပေးရမယ်ဆိုပြီးတော့ သူတို့က သတ်မှတ်ပေး လိုက်တာရှိတယ်။ ဆိုတော့ အဲ့ဒီ့မဲရုံလုပ်ငန်း စောင့်ကြည့်မယ် သူတွေကို ကြိုတင်မဲ ကာလကို သူပေးတဲ့ကာလသည် ဆယ်ရက်တိတိဖြစ်နေတယ်။  တကယ်တမ်း ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေက ကြိုတင်မဲပေးမယ့်ဟာကို နိုဝင်ဘာလ ၆ရက်နဲ့ ၇ရက်ပဲ သတ်မှတ်ပြီး ၂ရက် ပဲ ပေးထားတယ်။ စုစုပေါင်းမှ မဲရုံစောင့်ကြည့်မယ့်သူက သောင်းဂဏန်းလေးပဲ ရှိတယ်။ တပြည်လုံး အတိုင်းအတာနဲ့ပြန်ပြီး အဲ့သလို စောင့်ကြည့်မယ့်သူကို ကြည့်လိုက်မယ်ဆိုရင် တရပ်ကွက်မှာ ရှိလှမှ သုံးလေးငါးယောက်ပဲ ရှိတယ်။ အဲ့တာကို ဆယ်ရက်တိတိတောင် အချိန်ယူပြီး ပေးလိုက်တယ်ဆိုတော့ လက်ရှိ မဲစာရင်းထဲမှာ လုံးဝ မရှိ၊ မပါပဲနဲ့ ပါဝင်လာတဲ့လူတန်းစားတွေ နောက်တခါ နာမည်ထပ်တဲ့လူတန်းစားတွေ ဆိုတော့ အဲ့ဒီ့သွားတဲ့ လမ်းကြောင်းပေါ်မှာ မသမာမှုနဲ့ ပေါ်လာတဲ့လမ်းကြောင်းတွေကို ဖွင့်ထားတယ်လို့ ကျနော်ကမြင်တယ်။"
ဒါ့အပြင် မဲရုံတွေမှာ တာဝန်ကျမယ့် မဲရုံဝန်ထမ်းတွေဟာလဲ ရွေးကောက်ပွဲနေ့ မတိုင်ခင် နိုဝင်ဘာ ၆-ရက်နဲ့ ၇-ရက်တွေမှာ ကြိုတင်မဲ ပေးကြ ရမှာဖြစ်ပါတယ်။ အခုဆိုရင် မဲရုံမှာတာဝန်ထမ်းဆောင်မယ့် ၀န်ထမ်းအရေအတွက်ကို လိုအပ်တာထက် ပိုခန့်ထားတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်ပေါ်နေတာပါ။ ၂၀၁၀ ရွေးကောက်ပွဲ တုန်းကလဲ မဲရုံဝန်ထမ်းတွေ မဲနှစ်ခါပေးခဲ့ကြတဲ့ ဖြစ်ရပ်တွေ ရှိကြောင်း ဦးရွှေဘက သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး အခုလို ပြောပါတယ်။
"အဲ့ဒီ့ ၂၀၁၀တုန်းက ကျေန်ာတို့ မဲရုံကိုယ်စားလှယ် ဝင်လုပ်တဲ့အချိန်တုန်းက မဲရုံထဲမှာ တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေ က ကြိုတင်မဲ ပေးပြီးသားဆိုတာ ကျနော်တို့က မသိခဲ့ဘူး။ မသိတော့ အဲ့ဒီ့ ကျနော်တို့ တာဝန်ကျတဲ့ မဲရုံတွေမှာပဲ မဲရုံပိတ်ခါနီးကျတော့ မဲရုံမှူးကိုယ်တိုင်က ဘာပြောလဲဆိုတော့ ဟေ့ မင်းတို့ မဲပေးမယ့်သူတွေ မဲရုံမပိတ်ခင် မဲပေးကြတော့ မဲပေးကြတော့ဆိုတဲ့ စကားကို ကျနော်တို့ ရှေ့မှာပြောတယ်။ သူတို့ကိုယ်တိုင် မဲထပ်ပေးတာကို ကျနော်တို့ကိုယ်တိုင် တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ထွက်လာတဲ့သတင်းက အဲ့ဒီ့လူတွေ အားလုံးက ကြိုတင်မဲပေးပြီးသားပါလို့။ အဲ့ဒီ့လူတွေက မဲနှစ်ထပ်ပေးခဲ့တယ်ဆိုတာကို ကျနော်တို့ တွေ့ခဲ့ရတာပေါ့။ အဲ့ဒီ့ ၂၀၁၀ တုန်းက။"
ပြီးခဲ့တဲ့ ဇူလိုင် သြဂုတ်လတွေတုန်းက ရေဘေးဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေ အလွယ်တကူ မဲပေးနိုင်အောင် သက်သေခံ မဲလက်မှတ်တွေ ထုတ်ပေးမယ်လို့ အစိုးရက အစောပိုင်းမှာ ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ အဲဒီ သက်သေခံ မဲလက်မှတ်တွေကို တပြည်လုံး အတိုင်းအတာ အရ ထုတ်ပေးသွားမယ် လို့ ကြေညာခဲ့ပါတယ်။ ဒီလို သက်သေခံ မဲလက်မှတ်နဲ့ မဲပေးကြမယ့် ကိစ္စမှာလဲ မဲမသမာမှု ဖြစ်လာမှာကို စိုးရိမ် မိကြောင်း ဦးရွှေဘက ပြောပါတယ်။
"အဲ့ဒီ့သက်သေခံလက်မှတ်ဆိုတာ ဓာတ်ပုံ မပါဘူး။ ဓာတ်ပုံမပါတဲ့ သက်သေခံလက်မှတ်ကို ဒီလူ၊ ဒီလူ ဟုတ်ပါတယ်လို့ သက်သေခံပေးနိုင်တဲ့ အတိုင်းအတာ မရှိဘူး။ အဓိက ကတော့ ဒီမဲစာရင်းသည် သူ့မဲမှန်ပါတယ်ဆိုတာကို သက်သေခံနိုင်ဖို့က နံပတ် တစ်ပဲ။ ဒါပေမဲ့ အဲ့ဒီ့မဲပြားသည် သက်သေခံနိုင်တဲ့အပိုင်းမှာ ဘယ်လိုမှ မရှိဘူး။
ဥပမာ တောင်ဥက္ကလာ မှာနေပြီးတော့ လေးငါးရှစ်ထောင်လောက် ပိုနေတယ်။ သောင်းဂဏန်းအထိ ပိုနေတဲ့နေရာတွေရှိတယ်။ အဲ့ဒီ့လိုပိုနေတဲ့ဆိုကတည်းက ကျနော်တို့ မသိတဲ့သူတွေဖြစ်နေတယ်။ ဆိုတော့ မသိတဲ့သူတွေဆီကို အဲ့ဒီ့မဲပြားက ထွက်သွားမယ်။ မမြင်ဖူးတဲ့သူတြွေ့ဖစ်နေတယ်ဆိုတာ ကျနော်တို့က ဘာအထောက်အထားမှ မရှိဘူး။ မရှိပဲနဲ့ အဲ့ဒီ့သက်သေခံလက်မှတ်ကြီးက ဝင်လာရင် ကန့်ကွက်လို့လဲ မရဘူး။ နောက်တဆင့်ဆိုးတာက အဲ့ဒီ့သက်သေခံလက်မှတ် မပါရင်တောင် ပေးလို့ရပါတယ်တဲ့ ဆိုတော့ ကျနော်တို့ စိုးရိမ်စရာတွေက သိပ်များတယ်။ အခုအချိန်မှာ မဲရုံထဲမှာ တာဝန်ချထားမယ့်သူတွေ အရေအတွက်တွေက အရမ်းကိုများနေတယ်။ တိကျတဲ့သတ်မှတ်ချက် မရှိဘူး။ အဲ့ဒီ့မဲရုံမှာ တာဝန်ကျတဲ့သူက မဲနှစ်ထပ်ပေးမယ်ဆိုရင် လူတွေ အဲ့ဒီ့မှာ ပိုပြီး များလေလေ မဲနှစ်ထပ်ပေးဖို့ ကြိုးစားမယ့် လူတန်းစားက များလေလေ ဆိုတာ ကျနော်တို့ တွေ့နေရတယ်ဗျ။"
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ ရွေးကောက်ပွဲကော်မရှင် ဗဟိုရဲ့ တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။
ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုများအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် မိမိတို့ကြိုက် နှစ်သက်သည့် မည်သည့်ပါတီမဆို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပေးထားကြောင်းနှင့် မဲပေးပိုင်ခွင့်နှင့်ပတ် သက်၍ တစုံတရာချုပ်ကိုင်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိုင်းရဲတပ် ဖွဲ့မှူး ရဲမှူးကြီး ၀င်းဗိုလ်က News Watch ဂျာနယ်သို့ ပြောသည်။
''ရဲဝန်ထမ်းတွေနဲ့ သူ့ရဲ့မိသားစု တွေအနေနဲ့လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိတာပေါ့။ ဘယ်ပါတီကိုပေးပါ။ ဘယ်ပါတီကိုမပေးပါနဲ့ ဘာမှမပြောဘူး။ အဓိက,က ကျွန်တော်တို့က ဘာစီစဉ်ပေးရမလဲဆိုတော့ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကျွန်တော်တို့ပဲ စိစစ်ပေးရတာ။ လုံးဝကျန်လို့မရဘူး။ အကုန် ပေး။ ဘယ်သူ့ကိုပေးပါ မပြောဘူး။ မဲပေးရဖို့ပဲလိုတယ်။ ရွေးကောက်ပွဲလုပ်တဲ့နေ့မှာ တာဝန်ကျလို့ လုံးဝမအားတဲ့ ရဲဝန်ထမ်းတွေဆိုရင်ကြိုတင်မဲပေး။ အဲဒီအတွက်လည်း ကျွန်တော်တို့ ကြိုတင်လျှောက် ထားမယ်။ သူ့လုပ်ထုံးလုပ်နည်းအတိုင်းပဲလုပ်မယ်။ တာဝန်ကျလို့ မပေးလိုက်တာမျိုးအဖြစ် မခံနိုင်ဘူး'' ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၃၀၁၃ ဦးရှိပြီး တမြို့နယ်လျှင် ရဲတပ်ဖွဲ့အင်အား အရာရှိ ၁၅ ဦးနှင့် အခြားအဆင့် ၈၁ ဦး စုစုပေါင်း မြို့နယ် ရဲစခန်းတခုတွင် ရဲတပ်ဖွဲ့ ၉၆ ဦးရှိကြောင်း သိရပြီး ၎င်းရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရွေးကောက်ပွဲတွင် မိမိတို့ ကြိုက်နှစ်သက်သည့်ပါတီအား လွတ် လပ်စွာ မဲပေးခွင့်ရှိကြောင်း သိရသည်။
''မဲပေးတဲ့နေရာမှာ အခုခန့်ထားတဲ့ အထူးရဲတွေရော၊ ရဲတပ်ဖွဲ့တွေရော ဘာမှ မကန့်ကွက်ဘူး။ ကျွန် တော်တို့က ဘယ်ပါတီနိုင်၏၊ ဘယ်သူရှုံး၏ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့အနေနဲ့က ရွေးကောက်ပွဲ လွတ်လပ်မယ်။ တရားမျှတမယ်။ အေးအေးချမ်းချမ်းနဲ့ ပြီးမြောက်မယ်။ အဓိက,က ဒါပဲ။ နိုင်တာ၊ ရှုံးတာသည် ပြည်သူတွေက မဲနဲ့ ဆုံးဖြတ်သွားလိမ့်မယ်။ ဒီပေါ်မှာ ဘာမှကန့်ကွက်မှုမရှိဘူး။ ကျွန်တော် ကိုယ်တိုင်လည်း မဲစာရင်းမှာ နာမည်ပါ,ပါတယ်''ဟု ရဲမှူးကြီးဝင်းဗိုလ်က ဆက်လက်ပြောသည်။
ရွေးကောက်ပွဲ လုံခြုံရေးအဖြစ် လက်ရှိခန့်ထားသည့် အထူးရဲများအနေဖြင့် မိမိတို့ မြို့နယ်အတွင်း၌ တာဝန်ကျသည့်အတွက် မိမိမြို့နယ်တွင် လွတ်လပ်စွာ မဲပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့အား မဲပေးပိုင်ခွင့် နှင့်ပတ်သက်၍ တစုံတရာချုပ်ကိုင်ထားမှုမရှိကြောင်းနှင့် လွတ်လပ်စွာ မဲပေးနိုင်ကြောင်း ရဲမှူးကြီးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲရုံပေါင်း ၅၄၉၅ ရုံရှိပြီး ရွေးကောက်ပွဲအား နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းများအနေဖြင့် လွတ်လပ်စွာ မဲပေးခွင့်ရှိ ကြောင်း သိရသည်။
လင်းလင်းအောင်၊ နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ဂန့်ဂေါမှာ ပေါတောတော မဲဆွယ်တဲ့ ကြံ့ဖွတ်အမတ်မင်းရဲ့ စကားတွေကို အူတက်မတတ် ရယ်ကြတယ်။ သူတို့ အုပ်ချုပ်လိုက်တဲ့ ၅ နှစ်အတွင်းမှာ ဘယ်လောက်တောင် တိုးတက်လာသလဲဆိုတာ သာဓကတွေ ထုတ်ပြတယ်လေ။ အရင်တုန်းက ဖုန်းတစ်လုံးတောင် မရှိတဲ့ရွာမှာ လူတိုင်း ဖုန်းကိုင်နိုင်ပြီ၊ ဆိုင်ကယ်တွေ စီးနိုင်ပြီ၊ ဒါဟာ သူတို့ လုပ်ပေးလို့ ပြောင်းလဲ တိုးတက်လာတာ မဟုတ်လားတဲ့။
ပြီးတော့၊ ရွာကလူတွေ ခေါင်းလျှော်ရည်နဲ့ လျှော်နိုင်လို့ မိန်းမတွေ သန်းတုတ်မနေရတော့ဘူး၊ ဓာတ်ဆီမီးခြစ်တွေနေရာမှာ ဂက်စ်မီးခြစ်တွေ သုံးနိုင်လာတာ သူတို့ စွမ်းဆောင်ပေးခဲ့တာတဲ့။ (အံ့ဩကုန်နိုင်ဖွယ် ဒဂယ်ဂျီးကို အဲဒီအတိုင်း သူပြောသွားတာပါဗျာ၊ ဘုရားစူးရပါစေရဲ့။)
အရှေ့တောင်အာရှမှာ မွဲဖော်မွဲဖက် ကမ္ဘောဒီးယားတောင် လက်ကိုင်ဖုန်းတွေ၊ ဆိုင်ကယ်တွေနဲ့ ဖြစ်နေတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကပါ။ ကျနော်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့မို့ သေသေချာချာ ပြောနိုင်ပါတယ်။ သူတို့က အခုကျမှ ငါတို့သာလျှင် စွမ်းဆောင်နိုင်တယ်လို့ ကြမ်းပိုးကို လိပ်ဖြစ်အောင် ဇွတ်ပြောနေကြတာ။ ဂက်စ်မီးခြစ်ကိုင်နိုင်တာကို ဂုဏ်ယူစရာ ဖြစ်အောင် ပြောရဲတဲ့ အစွမ်းသတ္တိကလည်း မသေးဘူးခင်ဗျ။
တစ်လောလေးကပဲ၊ အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေလှပါတယ်ဆိုတဲ့ ဆာဟာရ သဲကန္တာရဒေသက အီသီယိုပီးယားမှာ လျှပ်စစ်ရထားအသစ်ကြီးတွေ ပထမဆုံး ပြေးဆွဲတဲ့ သတင်းဓာတ်ပုံကို ကြည့်ပြီး မြန်မာတွေ ရင်ထုမနာ ဝမ်းနည်းကြတာ မှတ်မိသေးလား။ ငတ်မွတ်ခေါင်းပါးတဲ့နေရာမှာ ကမ္ဘာကျော်တဲ့ အီသီယိုပီးယားတောင် ငါတို့ရဲ့ သယံဇာတ ပေါကြွယ်ဝတဲ့ ရွှေနိုင်ဂံဂျီးကို ကျော်တက်သွားပါလား ဆိုပြီး ငိုကြတယ်လေ။
အထင်မကြီးပါနဲ့၊ အီသီယိုပီးယားက ရထားစနစ်ဟာ တရုတ်လုပ် အပေါစားပါ။ ကျနော်တို့ မြန်မာနိုင်ငံက ဗိုလ်ချုပ်ကြီးတွေဆိုရင် ဂျပန်လုပ် ရထားစနစ်ကိုတောင် အလကားဖြစ်အောင် လုပ်ပစ်ခဲ့တဲ့ စွမ်းရည်အပြည့်ရှိတယ်။
ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ စစ်ပြန်ဂျပန်ကြီးတွေရဲ့ ညစာစားပွဲတစ်ခုကို ကျနော် တက်ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက မြန်မာပြည် စစ်မြေပြင်မှာ တိုက်ပွဲဝင်ခဲ့ရတဲ့ ဂျပန်စစ်သားဟောင်းကြီးတွေနဲ့ ဂျပန်ရောက် မြန်မာ ကျောင်းသူကျောင်းသားတွေ အတူတူ စုဝေးပြီး ပျော်ပျော်ရွှင်ရွှင် စားသောက်ရင်း အတိတ်ဆိုးကို ဖြေဖျောက်ပစ်တဲ့ ပွဲတစ်ခုပါပဲ။
အဲဒီပွဲမှာ ခေါင်းဖြူဖြူ ဂျပန်အဖိုးကြီး နှစ်ယောက်နဲ့ ကျနော် စကားပြောဖြစ်ခဲ့ကြတယ်။ သူတို့ နှစ်ယောက်စလုံး စစ်သားမဟုတ်ဖူး၊ စစ်ပြန်မဟုတ်ဖူး။ တစ်ယောက်က JNR ရထား¬ကုမ္ပဏီက အင်ဂျင်နီယာ၊ (အရင်ခေတ်တုန်းက အစိုးရပိုင် JNR က ခုခေတ်မှာ JR ဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီ လေးခုအဖြစ် ပြောင်းလဲခဲ့ပါတယ်။) နောက်တစ်ယောက်က ဟီးနိုး မော်တာကုမ္ပဏီက အင်ဂျင်နီယာ ဖြစ်ပြီး သူတို့ နှစ်ယောက် မြန်မာပြည်မှာ တာဝန်ကျရင်း ခင်မင်ရင်းနှီးခဲ့ကြတာလို့ ပြောပါတယ်။ ခုတော့ အငြိမ်းစားတွေပေါ့။
သူတို့ဟာ စစ်ပြီးခေတ်ကျမှ မြန်မာနိုင်ငံမှာ အလုပ်လုပ်ခဲ့ရသူတွေပါ။ ဂျပန်အစိုးရက မြန်မာနိုင်ငံကို စစ်လျော်ကြေးပေးတဲ့ အစီအစဉ်တွေမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတယ်လို့ သိရတယ်။ ရထားအင်ဂျင်နီယာကြီးက ရန်ကုန် မြို့ပတ်ရထားစနစ်ကို စတင် အကောင်အထည်ဖော်တဲ့ စီမံကိန်းမှာ တာဝန်ကျခဲ့တယ်။ နောက်တစ်ယောက်ကတော့ ရန်ကုန်မြို့တွင်း ဟီးနိုးဘတ်စ်ကားတွေ ပြေးဆွဲတဲ့ ခေတ်မီ သယ်ယူပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်ခဲ့ရသတဲ့။
ရထားအင်ဂျင်နီယာကြီးက တာမွေ၊ ဘောက်ထော်၊ ကံဘဲ့၊ ပါရမီ၊ ရေကူး၊ တံတားကလေး၊ ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်း စတဲ့ ဘူတာစဉ်တွေ ခုထိ အလွတ်ရွတ်ပြနိုင်တယ်။ အဲဒီတုန်းက ရန်ကုန်မြို့ပတ်ရထားဆိုတာ အပြာနုရောင်ပေါ်မှာ အဖြူစင်းနဲ့ တောက်ပပြောင်လက်တဲ့ ဒီဇယ်ရထား အသစ်ကြီးတွေ သိပ်လှတာပဲလို့ လွမ်းတသသ ပြောပြပါတယ်။ ဆုဂေါခု ခိရေးအိ၊ ဆုဂေါခု ခိရေးအိ (အရမ်းလှတယ်၊ အရမ်းလှတယ်) လို့ အဝေးကို ငေးကြည့်ရင်း သူပြောပြတာနဲ့ပဲ ကျနော်လည်း မျက်စိထဲ မြင်ယောင်ပြီး အားရပီတိ ဖြစ်ရတာပေါ့။
ခုခေတ်လို တစ်ပတ်ရစ် အဟောင်းတွေ မဟုတ်ဖူး၊ စက်ရုံက ထွက်လာတဲ့ အသစ်စက်စက်တွေတဲ့။ ဒီဇယ်ရထားကြီးတွေ ပြေးဆွဲနေရင်းနဲ့ လျှပ်စစ်ရထားအဖြစ် ပြောင်းလဲသွားဖို့ အစီအစဉ်လည်း ရှိတယ်လို့ ပြောပြတယ်။ ဂျပန်အစိုးရ အကူအညီနဲ့ ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းလည်း လုပ်ဆောင်နေလို့ လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်လုပ်နိုင်ပြီဆိုရင် အခု ဂျပန်နိုင်ငံမှာလို လျှပ်စစ်ရထားတွေ အစားထိုးမယ့် စီမံကိန်းဆိုတော့ ကျနော်လည်း ငိုချင်တာပေါ့ဗျာ။
ဂျပန်တစ်ပြည်လုံးကို ဖြန့်ကျက်ထားတဲ့ ရထားစနစ်ဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလေ။ ဘယ်နေရာ ဘယ်အရပ်ကိုမဆို ရထားနဲ့ သွားနိုင်တယ်။ တစ်ခြားနိုင်ငံက လူတွေအနေနဲ့ တိုယိုတာ၊ ဟွန်ဒါ၊ နိဆန် စတဲ့ မော်တော်ကားတွေပဲ သိကြတော့ ဂျပန်ကို ကားနိုင်ငံလို့ အထင်မှားကြတယ်။ အမှန်ကတော့ ရထားနိုင်ငံပါ။ JR, Tobu, Seibu စတဲ့ မြေပေါ်ရထား၊ ချီကတတ်ဆု မြေအောက်ရထားတွေ ယက်ကန်းယှက် ပြေးဆွဲပြီး ရထားတွေသာ ဂျပန်ပြည်သူတွေရဲ့ အဓိက သယ်ယူပို့ဆောင်ရေး စနစ်ဖြစ်ပါတယ်။
အဲဒီလို ခေတ်မီ ကောင်းမွန်ပြီး ထိရောက်မြန်ဆန်တဲ့ ဂျပန်ရထားစနစ်ကို မြန်မာနိုင်ငံမှာ ဖော်ဆောင်ပေးဖို့ သူတို့ လုပ်ခဲ့ကြပေမယ့်၊ စစ်ဗိုလ်တွေ အုပ်ချုပ်တော့ အကုန်လုံး သဲထဲရေသွန် ဖြစ်ကုန်တာပဲ။
ဟီးနိုးအင်ဂျင်နီယာကြီးက ရန်ကုန်မြို့စွန်က ထောက်ကြံ့မှာ တာဝန်ကျခဲ့တယ်။ အဲဒီမှာ ရန်ကုန်မြို့တွင်း ပြေးတဲ့ ဟီးနိုးဘတ်စ်ကားကြီးတွေရဲ့ ဂိတ်ဆုံးနဲ့ ပြုပြင်ထိန်းသိမ်းရေး စခန်းရှိတယ်။ ဂျပန်အင်ဂျင်နီယာကြီး နှစ်ယောက်က သူတို့ရဲ့ မြန်မာပြည်အတွေ့အကြုံကို အောက်မေ့သတိရပြီး ပြောပြကြတဲ့အခါ မြန်မာလူမျိုးတွေ သဘောကောင်းတာ၊ ဖော်ရွေတာ၊ ကူညီတာစတဲ့ ကောင်းကွက်တွေချည်း ပြောတာပါ။
ဂျပန်လူမျိုးတွေရဲ့ ထုံးစံအတိုင်း မြန်မာစစ်အစိုးရ ဆိုးဝါးတယ်၊ ညံ့ဖျင်းတယ်လို့ တိုက်ရိုက်မပြောပေမယ့် သူတို့ စကားတွေထဲမှာ တစ်စတစ်စ ပေါ်လာတယ်။ (မြန်မာလူမျိုးတွေ ရေသာခိုပြီး အလုပ်မလုပ်ဘဲ လစာအချောင်လိုချင်တဲ့အကြောင်းလည်း အရိပ်အမြွက်ပြောကြတယ်။)
သူတို့ ဂျပန်တွေက စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ဖို့ အစီအစဉ်တွေကို စစ်ဗိုလ်တွေက တစ်ချက်လွှတ် အမိန့်အာဏာနဲ့ ပယ်ဖျက်ပစ်တယ်။ ဟီးနိုးဘတ်စ်တွေ ရေရှည် ပြေးဆွဲနိုင်အောင် သုံးလတစ်ကြိမ် ဆီလဲ၊ ဆီထိုး၊ လိုအပ်တာ အစားထိုး ပြုပြင်တဲ့ ဂျပန်တွေရဲ့ စနစ်ကို ညွှန်ချုပ် ဗိုလ်မှူးကြီးက ဖျက်သိမ်းပစ်တယ်။ (အဲဒီခေတ်က ဗိုလ်မှူးဆိုတာ ခုခေတ် ဗိုလ်ချုပ်နဲ့ အဆင့်တူ၊ စစ်တပ်တစ်ခုလုံးမှာ ဗိုလ်ချုပ်ဆိုတာ နေဝင်းဆိုတဲ့ တစ်ယောက်တည်းပဲ ရှိတယ်တဲ့။)
အဲဒီလို မလိုအပ်ပဲ ပြုပြင်တာတွေဟာ ပြည်သူပိုင်ပစ္စည်းတွေ ငွေတွေကို အလဟဿ ဖြုန်းတီးတယ်ဆိုပြီး ပျက်မှ ပြင်တဲ့ စနစ်ကို သုံးခိုင်းတော့ ဂျပန်တွေ ပက်လက်လန်ပါလေရော။ ဂျပန်ဘာသာနဲ့ အိဂျိ (維持) ဆိုတဲ့ ပြုပြင်ထိန်းသိမ်းရေးဟာ အသက်တမျှ အရေးကြီးကြောင်း ဘယ်လိုပဲ ရှင်းပြရှင်းပြ ဘူးတစ်လုံးနဲ့ ခေါင်းခါနေပြန်တော့ လက်လျှော့လိုက်ရတယ်။
မြန်မာစစ်ဗိုလ်ကြီးများရဲ့ အမြင်မှာ ဂျပန်တွေက သူတို့ ကုမ္ပဏီထုတ် စက်ပစ္စည်းတွေ ရောင်းရအောင် ဂွင်ဖန်နေတယ်လို့ပဲ မြင်ပုံရတယ်။ အမှန်မှာတော့ ဂျပန်ကုမ္ပဏီတွေလည်း အကျိုးအမြတ်ကို လိုချင်လို့ စီးပွားရေးလုပ်ငန်း လုပ်တာပါ။ ဒါဟာ သဘာဝပဲ။ ဂျပန်အဖိုးကြီးတွေ ကိုယ်တိုင်လည်း ထုတ်ပြောပါတယ်။ နောင်မှာ ပြည်သူလူထု လိုအပ်ချက်အရ တိုးချဲ့ပြေးဆွဲရင် လက်ရှိ အသုံးပြုနေတဲ့ အမျိုးအစားတူ ဂျပန်ဘတ်စ်တွေ၊ ရထားတွေပဲ မြန်မာအစိုးရက ထပ်ပြီး ဝယ်ယူလိမ့်မယ်လို့ ဂျပန်အစိုးရက မျှော်လင့်တယ်။ (သူတို့နိုင်ငံလိုပဲ ရန်ကုန်ပြီးရင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ စစ်တွေ စတဲ့ မြို့ကြီးတွေမှာ တိုးချဲ့လာရင် ဂျပန်ကုမ္ပဏီတွေ ထောပြီလေ။)
ဟီးနိုးကားကြီးတွေကို စစ်လျော်ကြေးအဖြစ် အလကားပေးပြီးတဲ့ နောက်ပိုင်းမှာ လိုအပ်လာမယ့် ဂျပန်လုပ် တာယာကအစ စက်ပစ္စည်းအစိတ်အပိုင်းတွေ နောက်ဆက်တွဲ ရောင်းချင်တဲ့ ရည်ရွယ်ချက်လည်း ရှိပါတယ်။
သူ့စက်ပစ္စည်းတွေကို သူ့နေရာနဲ့သူ့အချိန်နဲ့ အစားထိုး ပြုပြင်ထိန်းသိမ်းမှ ရေရှည် သုံးစွဲနိုင်ပြီး တိုင်းပြည်အကျိုးရှိမှာပေါ့။ ဒါပေမယ့်၊ မြန်မာစစ်ဗိုလ်တွေက ဈေးကြီးတဲ့ ဂျပန်ပစ္စည်းကို မသုံးဘဲ တွင်ခုံမှာ လုပ်ပြီး အစားထိုးခိုင်းတယ်။ တာယာတွေ ပါးလာရင် ရာဘာကို ပေါင်းတင်ပြီး ပြန်သုံးခိုင်းတယ်။ ပြည်တွင်းဖြစ်တွေနဲ့ ကြံဆောင်နိုင်တဲ့ သူတို့ရဲ့ စွမ်းရည်ကိုလည်း လက်မ ထောင်ပြီး ကြွားကြသေးတယ်။
ဒါပေမယ့်၊ ရေရှည်မှာ ဘယ်လိုမှ တောင့်မခံနိုင်တော့ဘဲ အကုန်လုံး ပျက်စီးခြင်း ငါးပါးဆိုက်သွားရော။ ၁၉၈၀ ခုနှစ်လောက်မှာ မြန်မာပြည်ကို အလည်သွားတဲ့အခါ သူအလုပ်လုပ်ခဲ့တဲ့ ထောက်ကြံ့စခန်းဟာ နှစ် ၂၀ အတွင်းမှာပဲ ကားသင်္ချိုင်းကြီးအဖြစ် ဟီးနိုးကား အဟောင်းအပျက်တွေ စုပုံထားတာတွေ့တော့ သူငိုမိတဲ့အကြောင်း အဲဒီဂျပန်အင်ဂျင်နီယာကြီးက ပြောပြတယ်။ ဂျပန်တောင် ငိုမှတော့ မြန်မာလူမျိုး ကျနော်ကတော့ နှမျောလွန်းလို့ လဲသာ သေလိုက်ချင်တော့တယ်။
မြန်မာစစ်ဗိုလ်ချုပ်တွေက မဖြစ်စလောက် အောင်မြင်မှုလေးတွေကို ပုံကြီးချဲ့ ကြွားဝါနေကြတယ်။ လက်ကိုင်ဖုန်း သုံးနိုင်တာ၊ ရှမ်ပူနဲ့ခေါင်းလျှော်နိုင်တာ၊ ဂက်စ်မီးခြစ် သုံးနိုင်တာတွေကို သူတို့ လုပ်ဆောင်ပေးခဲ့တဲ့ မဟာ့မဟာ ပြောင်းလဲ တိုးတက်မှုကြီးတွေ ဆိုပြီး ဂုဏ်ယူနေတော့ ရင်မောရပါတယ်။ တစ်ကယ်စစ်မှန်တဲ့ ပြောင်းလဲတိုးတက်မှုဆိုတာ ဘာလဲလို့ သူတို့ကိုယ်တိုင်လည်း သိပုံမရဘူး။
၁၉၈၈ ခုနှစ်၊ စစ်တပ်က ဒုတိယအကြိမ် အာဏာသိမ်းပြီးတဲ့ ခေတ်ကိုပဲ ပြန်ကြည့်ပါ။ အဲဒီအချိန်က စပြီး ယနေ့အထိ ကာလအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံက ကိုယ်ပိုင် ဆက်သွယ်ရေးဂြိုဟ်တု ၆ လုံး လွှတ်တင်ခဲ့ပြီးပါပြီ။ မြန်မာပြည်က ရုပ်မြင်သံကြားလိုင်းတွေဟာ အဲဒီ ထိုင်းဂြိုဟ်တုတွေကို သုံးနေရတာ။ မြန်မာပြည်မှာ စက်မှုဇုံဂျစ်ကားဆိုတဲ့ ချောက်တိချောက်ချက်တွေနဲ့ ဗိုလ်ချုပ်တွေ ဂုဏ်တက်နေချိန်မှာ ထိုင်းကတော့ အိဆူဇူးနဲ့ တိုယိုတာ စက်ရုံခွဲတွေ တည်ထောင်ပြီး Made in Thailand မော်တော်ကားတွေကို ပြည်ပတင်ပို့ ရောင်းချနိုင်ပါပြီ။
မြန်မာပြည်သူတွေက အဝိုင်းလေးလည်တဲ့ အင်တာနက်နဲ့ အချိန်တွေ ကုန်နေကြတုန်း သူများနိုင်ငံတွေမှာတော့ မြန်နှုန်းမြင့် broadband အင်တာနက်တွေနဲ့ ဖလန်းဖလန်း ဖြစ်နေတာကို သိကြပါ။ ဂက်စ်မီးခြစ် သုံးနိုင်တာလေးကိုပဲ ဂုဏ်ယူရမယ့် အစိုးရထက် ပြည်သူ့ဘဝကို အမှန်တကယ် ပြောင်းလဲတိုးတက်စေမယ့် ဒီမိုကရေစီအစိုးရကိုသာ အသိဉာဏ်ရှိရှိ ရွေးချယ်ဖို့ တိုက်တွန်းလိုက်ပါရစေ။
"အဟောင်းပြုတ်မှ အဟုတ်ပြောင်းမှာပါ"
Min Myat Maung
https://www.facebook.com/minmyat.maung.3/posts/503250433168607?fref=nf
aunghmaingsan-620.jpg ဖမ်းဆီးခံထားရတဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းကို တွေ့ရစဉ်
ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် ပြန်လွှတ်ပေးဖို့အတွက် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက ထောင်တွင်းမှာ ဒီနေ့ကစပြီး အစာငတ်ခံဆန္ဒပြနေပါတယ်။ ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် ထောင်အာဏာပိုင်တွေက သီးသန့်တိုက်ခန်းကိုပြောင်းရွှေ့ထားတယ်လို့ ကိုအောင်မှိုင်းဆန်းရဲ့ ဇနီးဖြစ်သူ မလဲ့လဲ့နွယ်က ပြောပါတယ်။
"သူ့ကိုတိုက်ခွဲထားတယ်လို့ကြားတယ်၊ အစာငတ်ခံဆန္ဒပြမယ်၊ ထောင်ထဲမှာတိုက်ခွဲ ထားတာကတော့ အာဏာပိုင်တွေရဲ့လုပ်ထုံးလုပ်နည်းပေါ့နော်၊ တစ်ဖတ်က စိုးရိမ်ရ တာကတော့ သူ့ကိုတစ်ဦးထဲခွဲထားရင် သူရဲ့ကျန်းမာရေးကိုမသိရတော့ဘူး၊ သူရဲ့ရဲဘော်တွေနဲ့ ပေါင်းမထားတော့ ကျမတို့ သတင်းအချက်အလက်တွေ မရနိုင်တော့ဘူးပေါ့နော်၊ လုပ်ထုံးလုပ်နည်းလို့ပြောပေမယ့် ကျမရဲ့အမျိုးသား အနေနဲ့ကတော့ စိုးရိမ်ရတာပေါ့"
အဲဒီလိုဆန္ဒပြမှုမှာ ကျန်တဲ့ ကျောင်းသား ကျောင်းသူတွေနဲ့ ဝန်းရံသူတွေလည်း ပါဝင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ကိုအောင်မှိုင်းဆန်းက ဖမ်းဆီးခံထား ရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုခဲ့ပြီး ဒီနေ့ စတင်ဆန္ဒပြတာဖြစ်ပါတယ်။
အဲဒီဆန္ဒပြတာကို မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပြီး ပဲခူးမြို့က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုနိုင်နိုင်အောင်ကလည်း ထောက်ခံတဲ့အနေနဲ့ ပဲခူးမြို့ကနေ သာယာဝတီအကျဉ်းထောင်ရှေ့ကို တစ်ကိုယ်တော် ချီတက်လမ်း လျှောက်နေပါတယ်။
RFA
http://www.rfa.org/burmese/news/student-leader-aunghmaingsan-hunger-strike-prison-10232015132034.html
khinaungmyint-usdp-mdy-campaign-620.jpg မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ အောက်တိုဘာလ ၂၃ ရက်ေန့က ကျင်းပတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂၀ ဦးကို မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာ ဦးခင်အောင်မြင့် ကိုတွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံွ့ဖြိုးရေးအသင်းက ဦးဆောင်ရေးဆွဲခဲ့တာဖြစ်ပြီး ဥပဒေနဲ့အညီအာဏာကို စွန့်လွှတ်ဖို့အတွက် ဦးဆောင် ရေးဆွဲခဲ့တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
မန္တလေးခရိုင် ၅ မြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း ၂၀ ဦးကို ဒီနေ့ မန္တလေးမြို့ လူထုဟစ်တိုင်ကွင်းမှာ မိတ်ဆက်ပေးခဲ့ တာဖြစ်ပြီး အဲဒီအခမ်းအနားမှာ ဦးခင်အောင်မြင့်က ပြောခဲ့ တာ ဖြစ်ပါတယ်။
"ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်သူရေးဆွဲခဲ့လဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကရေးဆွဲခဲ့ တာဖြစ်ပါတယ်၊ ပြုပြင်ပြောင်းလဲရေး အစက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်၊ ဖွဲ့စည်းပုံ အခြေခံ ရေးဆွဲတဲ့ပုဂ္ဂိုလ်များဟာ ကိုယ်ကျိုးစွန့်ဖို့အတွက်ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ မိမိတို့ကိုင်စွဲတဲ့အာဏာကို စွန့်လွှတ်ဖို့၊ ဥပဒေနဲ့အညီ စွန့်လွှတ်ဖို့ရေးဆွဲခဲ့တာဖြစ်ပါတယ်၊ မိမိတို့အာဏာရရှိဖို့အတွက် ရေးဆွဲခဲ့တာ မဟုတ်ကြောင်း အတိလင်းပြောကြားလိုပါတယ်"
ဒါ့အပြင် လွှတ်တော်ထဲမှာ တစ်ပါတီအာဏာရှင်စနစ် မဖြစ်ရအောင် ထိန်းကျောင်းဖို့ အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်နေရ တာဖြစ်ပြီး ဒီမိုကရေစီစနစ် ရင့်ကျက်ချိန်မှာ တဖြည်းဖြည်းလျော့နည်း သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မန္တလေးခရိုင်အတွင်းမှာ ချမ်းအေးသာစံ၊ ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံနဲ့ ပြည်ကြီးတံခွန် မြို့နယ်တွေပါဝင်ပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ၀င်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေကို ဦးခင်အောင်မြင့်က မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို ပါတီဝင် လေးထောင်ကျော် တက်ရောက်ခဲ့ပြီး မန္တလေးမြို့အတွင်းမှာ ယာဉ်တန်းတွေနဲ့လည်း လှည့်လည်မဲဆွယ်ခဲ့ကြပါတယ်။
ဦးခင်အောင်မြင့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် ၈ ကနေ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး သူ့မဲဆန္ဒနယ်ထဲမှာ ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့နယ်တွေ ပါဝင်ပါတယ်။
မန္တလေးတိုင်းအတွင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် ပါတီပေါင်း ၂၀ လောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တွေ စုစုပေါင်း ၄၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြ မှာဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/usdp-campaign-ukhinaungmyint-mandalay-10232015125157.html
ဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်ပွဲ ခရီးစဉ်အဖြစ် ၇၀ ကျော် ကာလ အတွင်း ကချင်၊ ကယား၊ မွန်နှင့် ရခိုင် ပြည်နယ်များသို့ သွားရောက်ခဲ့ပြီး မြို့ပေါင်း ၅၀ ကျော် နှင့် ခရီးအကွာအဝေး မိုင် ၇၀၀၀ နီးပါး ခရီးသွား ခဲ့ပြီး ဖြစ်သည်။
မကြာသေးခင် ရက်ပိုင်းအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်သည် ၃ ရက်ကြာ ရခိုင်ခရီးစဉ်ကို ငြိမ်းချမ်းစွာနှင့် အောင်မြင်စွာ အဆုံးသတ်နိုင် ခဲ့သည်။ ၂၀၀၂ နောက်ပိုင်း ပထမဆုံး သွားရောက်ခဲ့သည့် ခရီးစဉ် က ဒေါ်အောင်ဆန်းစုကြည်သည် ဝေဖန်တိုက်ခိုက်မှုအချို့နှင့် ရင်ဆိုင်နေ ရသည့်တိုင် ရခိုင်ဒေသတွင် လူထုထောက်ခံမှုကို အများအပြား ရရှိနေဆဲ ဖြစ်ကြောင်း ပြသနိုင်ခဲ့သည်။
တောင်ကုတ်မြို့ NLD ဥက္ကဋ္ဌ ဦးထွန်းကြည်က “၁၉၉၀ ရွေးကောက်ပွဲတုန်းက ရခိုင်မှာ NLD ဟာ လူကြိုက်များခဲ့ပါတယ်။ အခုလည်း NLD က လူကြိုက် များဆဲ ဖြစ်ကြောင်း လူအုပ်ကြီးက ရှင်းရှင်းလင်းလင်း ပြသခဲ့တာပါပဲ” ဟု ပြောကြားခဲ့သည်။
ထိုနည်းတူစွာ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ ရခိုင်ပြည်နယ် ခရီးစဉ် နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအေးသာအောင်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမ၏ ပါတီအတွက် မည်သည့်ပြည်နယ်တွင်မဆို မဲဆွယ်ခွင့်ရှိသည် ဟု ပြောကြားလိုက်သည်။
“အခုအချိန်မှာ ကျွန်တော်တို့ဟာ ပါတီစုံ ဒီမိုကရေစီစနစ်ဆီ သွားနေကြ တာပါ။ ဒီအချိန်အတွင်းမှာ ပါတီခေါင်းဆောင်တစ်ဦးဟာ ပါတီအတွက် ပါဝင် ကိုယ်စားပြု ကိုယ်စားလှယ်တွေအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေး မဲဆွယ်ခွင့် ရှိပါတယ်” ဟု ဦးအေးသာအောင်က နိရဉ္စရာ သတင်းဌာန သို့ ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဟောပြောမှုမှ အဓိကအချက်များကို ကိုးကား၍ “တောင်ကုတ်မှာ လုပ်ခဲ့တဲ့ ဟောပြောပွဲမှာ NLD က ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့ရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဆောင်ရွက် မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောကြား ခဲ့ပါတယ်” ဟု တောင်ကုတ်မြို့ NLD မှ ဦးထွန်းကြည်က ဆိုသည်။
မြိုအမျိုးသားဒီမိုကရေစီပါတီ အတွင်းရေးမှူး ဦးဌေးဝင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ကြိုဆိုကြောင်း ပြောကြား ခဲ့သည်။
သို့သော် ရခိုင်ပြည်နယ်၏ အခြေအနေမှာ ရခိုင်တိုင်းရင်းသားများကြား အမျိုးသားရေး စိတ်ဓာတ် မြင့်မားလာမှုကြောင့် များစွာပြောင်းလဲ ခဲ့ပြီး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြ မှုများ ပြုလုပ်မည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး စွန့်စားရမှုများသည့် ခရီးစဉ်အဖြစ် လေ့လာသူများက မှတ်ယူ ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ခရီးစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ဒေသခံ မဘသ ဘုန်းကြီးများက ပြောကြားခဲ့သည်။ ခရီးစဉ်ကို သံတွဲမြို့၌ ကန့်ကွက်ဆန္ဒပြရန် အခြားဒေသမှ လူအချို့က ခရီးစဉ် မတိုင်မီ ၂ ရက်တွင် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် လူမျိုးရေး တင်းမာမှုများ ဖြစ်ပေါ် လာမည်ကို စိုးရိမ်မှုများရှိသော်လည်း ကမန်တိုင်းရင်းသား အများစု ပါဝင် သည့် မွတ်ဆလင်များနှင့် ရခိုင်တိုင်းရင်းသားများက လူထုဟောပြောပွဲများသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ အတူတကွ မေးခွန်းများ မေးခဲ့ကြသည်။ ထိုအချက်က ရခိုင်ဒေသနေ ဘာသာခြားများအကြား မုန်းတီးမှု အမှန်တကယ် ရှိမရှိ စောင့်ကြည့်သုံးသပ်ဖွယ်ရာ ဖြစ်သည်ဟု အတူလိုက် ပါသွားသည့် နိုင်ငံခြားသတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။
သံတွဲမြို့မှ ကိုအေးခိုင်က “သူ ရခိုင်ပြည်နယ်ကို လာတဲ့အတွက် အလွန် ၀မ်းသာပါတယ်။ ဗုဒ္ဓဘာသာနဲ့ မွတ်ဆလင်ကြား ပြသ၁နာနဲ့ ပတ်သက်ပြီး သူ ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပြီး NLD ကို မဲပေးမည်ဟု ဆိုသည်။ ကလာဘတ်ရွာမှ ဦးဇန်မောင်က ဗုဒ္ဓဘာသာ အကျိုးစီးပွားများကို ကာကွယ်မည်ဟု ကတိပြုထားသည့် ရခိုင်အမျိုးသား ပါတီ (ANP) ကို မဲပေးမည်ဟု ဆိုသော်လည်း NLD က နိုင်ငံကို ပြုပြင်ပြောင်းလဲ ရန် ပိုမို အခွင့်အလမ်းသာနေသည်ဟု ပြောကြားခဲ့သည်။
ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် လူ့အဖွဲ့အစည်းများကြား တင်းမာမှုများ ရှိနေခြင်းနှင့် အစွန်းရောက် အမျိုးသားရေးဝါဒီများ၏ ၀ါဒဖြန့်ထားမှု တို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် ၏ လူထုဟောပြောပွဲများတွင် အများဆုံး မေးမြန်းခံရသည့် မေးခွန်းမှာ NLD အစိုးရ ဖွဲ့ဖြစ်ပါက မြန်မာနိုင်ငံသည် မွတ်ဆလင် နိုင်ငံတစ်ခု ဖြစ်သွားမည်လား ဆိုသည့် မေးခွန်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က တောင်ကုတ်မြို့တွင် ထိုမေးခွန်းကို ဖြေကြားရာ၌ NLD ကို ဆန့်ကျင်သည့် စနစ်တကျ ၀ါဒဖြန့်မှုများသာ ဖြစ်သည် ဟု ပြောကြားခဲ့ပြီး “ကျွန်မ နိုင်ငံအနှံ့မှာ ဒီမေးခွန်းကို အမေးခံရပါတယ်။ အမှန်တကယ်က ဒီမိုကရေစီနိုင်ငံဆိုတာ လူထုဆန္ဒမပါဘဲ ဘာမှ လုပ်လို့ မရပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မှန်ကန်စွာ မဲပေး ပါလို့ တောင်းဆိုနေတာပါ” ဟု ဖြေကြားခဲ့သည်။
ဒေသခံ မွတ်ဆလင်တစ်ဦးကမူ ခွဲခြားဆက်ဆံခံနေရမှုများအား NLD က မည်သို့ ကိုင်တွယ်မည်ကို မေးမြန်းခဲ့သည်။ အထိခိုက်မခံ အတိန်းအစောင်း မခံသည့် မေးခွန်းများကို ဖြေကြားရာတွင် ပြောကြားလေ့ရှိသည့် အတိုင်း ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေ အတိုင်း ဆောင်ရွက် မည်ဟု ဖြေကြားခဲ့သည်။
သူမက ဆက်လက်၍ နိုင်ငံတစ်ခု ဒေသတစ်ခု တည်ထောင်ရန် ညီညွတ်မှုနှင့် ငြိမ်းချမ်းရေးက အဓိက အခြေခံများဖြစ်သည်ဟု ပြောကြား ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားများမှာ ရိုးရှင်းသော်လည်း သက်ရောက်မှုများရှိကြောင်း တွေ့ရသည်။
“လူတွေက မွတ်ဆလင် နိုင်ငံ မဖြစ်ချင်တဲ့အတွက် အရင်က NLD ကို မဲပေးရမှာ ကြောက်ကြတယ်။ အခုတော့ ဒါဟာ မမှန်ဘူးဆိုတာ လူတွေ နားလည်မယ်လို့ ထင်ပါတယ်” ဟု ဟောပြောပွဲသို့ တက်ရောက် သူ ဒေါ်ဌေးဌေးဝင်းက ပြောကြားသည်။ ခရီးစဉ် နောက်ဆုံးရပ်နားရာ ဂွမြို့ တွင် လူထုက ဒေါ်အောင်ဆန်းစုကြည် မရောက်မီကတည်းက လမ်းမပေါ် တွင် အဆိုအကများဖြင့် ကြိုဆိုနေကြပြီ ဖြစ်သည်။
ရခိုင်ရိုးမ ခရီးသွား ဘတ်စ်ကားများပေါ်တွင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း ဗီဒီယိုများ ပြသနေကြသည်။ NLD ဂွမြို့နယ် ဥက္ကဋ္ဌ ဦးစိန်အေးကျော် က ဗမာလူမျိုးကြီး မူဝါဒများကို ပြောင်းလဲရန် NLD အနိုင်ရဖို့ လိုအပ်သည်ဟု ပြောကြားခဲ့ပြီး အခြေခံဥပဒေကို ပြင်ဆင် ရမည်ဟု ပြောကြားခဲ့သည်။
ထို့အတူ ဂွမြို့ ခံ ရခိုင် အမျိုးသမီးငယ် တစ်ဦးကလည်း “သူက တိုင်းပြည် ရဲ့စနစ်ကို ပြောင်းလဲပေးနိုင်တဲ့ မိခင်ပါ။ အာဏာရှင်စနစ်ကို ကျွန်မတို့ ထပ်မလိုချင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ် ခရီးစဉ်က NLD ၏ နိုင်ငံရေး အရ လွှမ်းမိုးနိုင်မှုကို ဦးမော့စေခဲ့သည်။ ရခိုင်မဲဆန္ဒနယ်များ အားလုံးတွင် NLD နှင့် ယှဉ်ပြိုင်မည့် ANP ပါတီ ၏ ဗဟို အမှုဆောင်ကော်မတီဝင် ဦးတင်အောင်ကျော်က “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က ထင်ထား တာထက် အောင်မြင်တယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ ရခိုင်မှာ NLD က နေရာအများစု ရမယ်လို့ မဆိုနိုင်ပါဘူး။ ကျွန်တော်တို့ ANP က အင်အားကောင်းတဲ့အတွက် NLD ကို စိုးရိမ်စရာ မလိုပါဘူး” ဟု ပြောကြား ခဲ့သည်။
KHTun
The Ladies News Journal
[youtube src="t65m1gCGuxI"/]
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေက ရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်ပြီး၊ ဒီလုပ်ငန်းတွေကို နောက်ကွယ်ကနေ ချုပ်ကိုင်ထားသူတွေထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ၀န်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါတဲ့ အချက်တချို့ကို RFA သတင်းထောက် ကိုသီဟထွန်းက ကောက်နှုတ် တင်ပြထားပါတယ်။
မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်း များရဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား ။ (ဓာတ်ပုံ -NLD မိတ္ထီလာ)
မန္တလေးတိုင်းဒေသကြီး NLD ကိုယ်စားလှယ်လောင်း များရဲ့ ပြည်သူနဲ့မိတ်ဆက်ပွဲ အလှပြကား ။ (ဓာတ်ပုံ -NLD မိတ္ထီလာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မန္တလေးတိုင်း လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေမှာ အနှောက်အယှက် တချို့ ရှိနေတယ်လို့ NLD ပါတီ မန္တလေးတိုင်းအောင်နိုင်ရေးအဖွဲ့က ပြောပါတယ်။ ကိုယ်စားလှယ်လောင်း တွေရဲ့ ဗီနိုင်း-ဆိုင်းဘုတ်တွေလဲ အဖျက်ဆီးခံနေရတယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်မှာ NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်စိုးရဲ့ မဲဆွယ် စည်းရုံးရေးခရီး ကို ဒေသခံ တချို့က နှောက်ယှက်တာတွေ ရှိတယ်လို့ NLD ပါတီ မန္တလေးတိုင်း အောင်နိုင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေလှက ရှင်းပြပါတယ်။
" ပျော်ဘွယ်ကို လာနှောင့်ယှက်တာ ပထမ တကြိမ်တုန်းကကျတော့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါမှာ လူအုပ်စုနဲ့ပေါ့ ဘေးကနေ လိုက်ပြီးတော့ အသံတွေ အမူအယာတွေနဲ့ နှောင့်ယှက်တယ်။ အမျိုးသမီးလေးတွေကိုလည်း မဖွယ်မရာ သဘောမျိုးပေါ့လေ ပြောဆိုတာတွေ အသံအမူအယာတွေ ပြတာတွေရှိတယ်။ နောက် ကျနော်တို့ မဲဆွယ်စည်းရုံးရေးသွားတဲ့လူတွေ ရဲ့ ကြားထဲကို ဆိုင်ကယ်တွေနဲ့ ဝင်ပြီးတော့ သွားရေးလာရေးကို အနှောင့်အယှက်ဖြစ်အောင် ဟန့်တားနှောင့်ယှက် တာမျိုးတွေ လုပ်တယ်။ မဲဆွယ်စည်းရုံးရေးသွားတဲ့အခါမှာ သတင်းလိုက်ယူတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ နယ်ထိန်းတွေ၊ SP တွေ ပါတယ်ပေါ့။ အဲ့တာကို သူတို့က မထိန်းပေးဘူး။ နောက်ပိုင်းကျလို့ရှိရင် ပြသနာတွေ အကျယ် အကျယ်ဖြစ်လာလို့ရှိရင် မသင့်တော်ဘူး ဆိုပြီး ကျနော်တို့ ကော်မရှင်ကို တိုင်လိုက်ပါတယ်။
နောက်ပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ် ပတ်ဝန်းကျင်လောက်က ကျနော်တို့ မဲဆွယ် စည်းရုံးရေး သွားတဲ့အခါ ကျနော်တို့ အဖွဲ့ဝင်ထဲက နှစ်ယောက်ကို လင်မယားနှစ်ယောက် ကနေ တုတ်နဲ့ လိုက်ရိုက်တာမျိုးတွေ လုပ်တယ်လို့ပြောတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ တရားစွဲထားတယ်။ ပျော်ဘွယ်နယ်ပဲ။"
မန္တလေးတိုင်း မိတ္ထီလာမြို့နယ်နဲ့ နေပြည်တော် ဇမ္ဗူသီရီမြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေဟာလဲ မဲဆွယ်စည်းရုံးရေး သွားချိန်မှာ နှောင့်ယှက် တာတွေနဲ့ ကြုံရတယ်လို့ ဦးရွှေလှကပြောပါတယ်။
"မိထ္ထီလာနယ်မှာတော့ တပ်မတော် ချည်မျှင်နဲ့ အထည်စက်ရုံ အဲ့ဒီ့နေရာမှာတော့ အရင်တုန်းကကျတော့ ပြည်သူ့ချည်မျှင်နဲ့ အထည်စက်ရုံ ပေါ့။ စစ်အစိုးရ မတက်ခင်တုန်းက ကျနော်တို့ မိတ္ထီလာကနေ တောင်ကြီးသွားလို့ရှိရင် ဝန်ထမ်းအိမ်ယာနဲ့ ရပ်ကွက်ရှိတယ်ခင်ဗျ။ အဲ့ဒီ့ရပ်ကွက်ထဲကို ကျနော်တို့ မိထ္ထီလာက တိုင်း၊ ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ကိုကို သွားပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမယ် အုပ်ချုပ်ရေးမှူးတွေရယ် စက်ရုံက မဲဆွယ်စည်းရုံးခွင့် မရှိဘူးဆိုပြီး ဟန့်တားတာ ရှိတယ်ခင်ဗျ။ ဒါက ကျနော်တို့ စက်ရုံလုပ်သားတွေ အလုပ်လုပ်နေတာနဲ့ မသက်ဆိုင်တဲ့ ရပ်ကွက် လူနေရပ်ကွက်၊ ဝန်ထမ်းအိမ်ယာပေါ့။ အိမ်ယာတွေဘက်ကို ဝင်ပြီး စည်းရုံးတာဖြစ်တဲ့အတွက် စက်ရုံနယ်နမိတ်ဖြစ်တဲ့ အတွက် ကျနော်တို့ စည်းရုံးခွင့်ရှိတယ်။ စည်းရုံးခွင့် ပေးပါဆိုတာကို လုံးဝ ခွင့်မပြုဘူးခင်ဗျ။ "
မန္တလေးကျုံးမြောက်ဖက် လူမြင်ကွင်းမှာ ဘယ်သူမှန်း မသိရသေးသူတွေ က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ဗီနိုင်းတွေကို လာချိတ်ဆွဲခဲ့တာမျိုး ရှိကြောင်း မန္တလေးတိုင်း NLD အောင်မြေသာဇံမြို့နယ် ဘဏ္ဍာရေးမှူး ကိုဂျင်းနား(ခေါ်) ကိုခင်မောင်ထွေးက ပြောပါတယ်။
"ကျူံးမြောက်ဘက်မှာ ရှိတဲ့ အဖွဲ့ချုပ် မြို့နယ်ရုံး နဲ့ မျက်စောင်းထိုးလေးပေါ့ ကျုံးကာထားတဲ့ သံဗန်းမှာ လာချည်သွားတယ်ဗျ။ ဘာသာရေးမှိုင်းတိုက် တဲ့ဟာတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည် မိသားစုပုံပေါ့နော်။ သူ့သားတွေ ပသိုင်းမွှေးတွေနဲ့ပုံပေါ့ ပြောရင်တော့ အစ္စလာမ်ဘာသာပုံ ပေါက်နေတဲ့ဟာကို ယူထားပြီးတော့မှ ခေါင်းစီးက ဘာတပ်လိုက်လဲဆိုတော့ ဒေါင်းယောင်ဆောင်သော ကျီးမ ဆိုပြီးတော့ ဗီနိုင်းရဲ့အပေါ်မှာ ခေါင်းစဉ်တပ်လိုက်တယ်။ အောက်မှာ ဓာတ်ပုံအားဖြင့် ၈ ပုံလောက် ပါမယ်။ အဲ့ဒီ့ ၈ပုံလောက်မှာ အဓိက က တိုင်းတပါးသားကို ယူထားတယ်ပေါ့နော်။ နောက်တခါ သူ့သားတွေရဲ့ ပသိုင်းတွေနဲ့ပုံကို ပြထားပြီးတော့မှ ကျနော်တို့နိုင်ငံကြီးက ဒါကြီးကို ယုံစားမယ်ဆိုရင် ဘာသာတွေ ပျောက်သွားမယ်ဆိုတာကို အဲ့တာကို ရေးပြီးတော့မှ ချိတ်ထားတာ။ မနက်စောစော ချိတ်သွားတယ်ဗျ။ အဲ့တာလေ။"
မန္တလေးတိုင်း တခုလုံးကို ခြုံကြည့်ရင်တော့ NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ကြော်ညာ ဆိုင်းဘုတ်တွေ အဖျက်ဆီးခံနေရတယ်လို့ ဦးရွှေလှကပြောပါတယ်။
" တခြားနှောင့်ယှက်တာတွေက ကျတော့ တခြားကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ်တွေ ဗီနိုင်းတွေကို လိုက်ဖျက်တာတော့ အများဆုံး ဖြစ်တယ်ခင်ဗျ။ အဲ့တာကတော့ ကျနော်တို့ မန္တလေးမြို့ပေါ်မှာတင် ပုသိမ်ကြီးမြို့နယ် ဖြစ်တယ်။ မဟာအောင်မြေနယ်ဖြစ်တယ်ပေါ့။ တခြားနယ်တွေလည်း အဲ့လို ဖြစ်တယ်။ သာစည်ဘက်လည်း ဖြစ်တယ်။ နေရာတိုင်းလိုလို တော်တော်များများမှာ ဖြစ်ကြတယ်။ ဒါပေမဲ့ အဲ့ဒီ့ဟာကတော့ လူကိုယ်တိုင်ကတော့ မတွေ့ရဘူးပေါ့။ ညတွေ ဘာတွေ လူမမြင်နိုင်တဲ့ အချိန်တွေမှာ လာပြီးတော့ နှောင့်ယှက်တာ။ "
မန္တလေးတိုင်းမှာ NLD ကိုယ်စားလှယ်လောင်း ၁၀၄ ဦးဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါ တယ်။
ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/nld-elections-/3019851.html