11/09/15

[youtube src="3Xyd58qGsCE"/]
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှာ အဖွဲ့ချုပ်ရုံးချုပ်ရှေ့မှာ လူထုကို ပထမဆုံးဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါတယ်။ ငါးမိနစ်ကြာပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ သတ္တိ၊ စည်းကမ်းထိန်းသိမ်းမှုတို့နဲ့ ရွေးကောက်ပွဲကိုဖြစ်မြောက်သွားမှုကို အထူးဂုဏ်ပြုတယ်လို့ လူထုကိုဂုဏ်ပြုစကားပြောခဲ့ပါတယ်။

Eleven Media Group


နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ သမိုင်းဝင်ရွေးကောက်ပွဲကို အတူတကွ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့အတွက် မြန်မာပြည်သူ လူထုနဲ့ နိုင်ငံအတွင်းက အဖွဲ့အစည်းတွေအားလုံးကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က သတင်း ကြေညာချက်တရပ်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံအတွင်းက သန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီစနစ်ဆီကို ပိုမိုနီးစပ်စေဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ ပြီးပြည့်စုံတဲ့အနေအထားဖြစ်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာကို သိထားပေမယ့် ဒါဟာ ရှေ့ကိုတိုးတဲ့အရေးပါတဲ့ ခြေလှမ်းဖြစ်တယ်ဆိုပြီးတော့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြည့်ဝတဲ့ဒီမိုကရေစီနဲ့ အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့အတွက် အရေးပါတဲ့တည်ဆောက်ပုံနဲ့ ခလုတ်ကသင်းတွေ ရှိနေပါသေးတာတွေ့ရပြီး အဲဒီအထဲမှာ လွှတ်တော်ထဲမှာ ရွေးချယ်တင်မြှောက်မခံရဘဲ စစ်တပ်ကနေရာ ယူထားတာ၊ ရိုဟင်ဂျာတွေအပါအဝင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတုန်းက မဲပေးခဲ့ပြီး အခုတကြိမ်မှာမဲပေးခွင့်မရကြတဲ့ အုပ်စုတွေ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ နေထိုင်ခွင့်စတာတွေအပေါ် မူတည်ပြီး ကိုယ်စားလှယ် ဖြစ်ခွင့်မရှိဘူးဆိုပြီး ထင်သလို ဆုံးဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတကာနဲ့ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို စောင့်ကြည့်နေပါတယ်။ မဲရေတွက်မှုတွေကိုလည်း စောင့်ကြည့်နေမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အခုရွေးကောက်ပွဲဟာ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းဖို့အတွက် အရေးပါတဲ့ခြေလှမ်းမို့ နိုင်ငံအတွက် အကောင်းဆုံး ဖြစ်အောင်၊ စည်းလုံးညီညွတ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်ုပ်တို့က အားပေးပါတယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံတည်ငြိမ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ထိန်းသိမ်းထားရေးနဲ့ အလုံးစုံနိုင်ငံရေး အကူးအပြောင်း အတွက် ရွေးကောက်ပွဲအလွန်ကာလဟာ အရေးကြီးပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆက်လက် လုပ်ဆောင်သွားဖို့အတွက် ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးသွားဖို့ သံန္နိဌာန် ချထားကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်ခင်ဗျား။

VOA
http://burmese.voanews.com/content/state-department-welcomes-to-myanmar-election-end-peacefully-/3049584.html


ကန္တာရဝတီတိုင်း(မ်)

ယနေ့ည ၇ နာရီ ဒီးမော့ဆိုမြို့နယ် ကော်မရှင်ရုံးတွင် နိုင်ငံရေးပါတီကိုယ်စား လှယ်များအားလုံးရှေ့တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲရလဒ် ထုတ်ပြန်ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ လွှတ်တော်အားလုံး အနိုင်ရရှိခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးပေါလ်ဆန်းက ၁၉၆၃၁ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးဘိုးရယ်က ၆၅၂၃ မဲရရှိသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးသိန်းအောင်စဲရယ် က ၈၄၆၁ မဲ ၊ ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးစိုးရယ်က ၃၉၉၆ မဲဖြစ်သည်။

ဦးသိန်းအောင်စဲရယ်က " ကျနော်တို့ဒေသဘက်က ရေရှားပါးတယ်။ အဲဒါတွေလုပ်ပေးရမယ်။ ကျန်းမာရေး ၊ ပညာရေး လုပ်ရမယ်။" ဟု ပြောသည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဘောစကို က ၉၂၉၂ မဲ ၊ ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က ဦးဝီလျှံဇော်ထိုက်က ၂၅၄၀ မဲဖြစ်သည်။ သည်။

" ပြည်သူက လုပ်စေချင်တဲ့အရာ ပြည်သူ့သဘောအတိုင်း ကိုယ်ဒေသအတွက် လုပ်ပေးပါမယ်။" ဟု ဦးဘောစကိုက ပြောသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၃ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဘော်ရယ်စိုးဝေ က ၈၁၆၂ မဲ ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဦးကျော်ဆွေ ၃၉၁၇ မဲ ဖြစ်သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးစိန်ထွန်း က ၁၀၀၃၀မဲ နှင့် ပည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဒေါ်မေရီယန် က ၃၃၂၀ မဲ ဖြစ်သည်။

ဒီးမော့ဆိုမြို့နယ်မှ လွှတ်တော်အသီးသီးတွင် အနိုင်ရရှိသွားသည့် NLD ကိုယ်စားလှယ်များဖြစ်သည်။ ဓါတ်ပုံ - ဦးဘောစကို

ကန္တာရဝတီတိုင်း(မ်)
https://www.facebook.com/kantarawaddytimes


၂၀၁၅ ရွေးကောက်ပွဲဟာ ယေဘူယျ အားဖြင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲ ကြိုတင်မဲ ယူရာမှာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတယ်လို့ ကြားသိရတဲ့အတွက် ဒီလုပ်ရပ်တွေအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲနေ့မှာပဲ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့နယ် ကျေးရွာတခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က အိမ်တိုင်းစေ့ ငွေတသိန်း ချေးပေးနေပြီး သူတို့ ပါတီ နိုင်ရင် ပြန်ဆပ်စရာ မလိုဘူးလို့ ပြောခဲ့တယ် ဆိုတဲ့ သတင်းကို ရနေကြောင်း၊ ဒီကိစ္စကို NLD က စုံစမ်း စစ်ဆေးနေပြီး ဒီသတင်းမှန်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေက သူတို့ နှစ်သက်တဲ့ ပါတီကိုပဲ မဲပေးကြဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ ရှိတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်နယ်က မြို့နယ် အတော်များများမှာ အမျိုးသား လွှတ်တော်မှာ ထည့်ရမယ့် မဲစာရွက်တွေကို တိုင်းရင်းသား ရေးရာ ဝန်ကြီး မဲပုံးမှာ မှားထည့်တာမျိုးလို အမှားအယွင်းတွေ တော်တော်များများ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ အပိုင်း၁ မဲရုံနံပတ် ၅မှာလည်း လိုက်ထရပ်ကား ၆စီးနဲ့ မြို့ဝင် မြို့ထွက်ဂိတ် ဝန်ထမ်း တရာလောက် အုပ်စုလိုက် မဲလာပေးတာကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက မသင်္ကာလို့ တားဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီးမှာ လူ ၆၀လောက်ကို မဲပေးခွင့် ရုတ်သိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို စောင့်ကြည့်နေသူတွေကတော့ အုပ်စုလိုက် မဲလာပေးသူတွေဟာ ဒီနယ်မြေမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တဦးနဲ့ ဆက်စပ်မှု ရှိနိုင်တယ် ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

အခုအခါ မဲရလဒ်တွေ စတင် ရေတွက်နေပြီ ဖြစ်ရာမှာ နောက်ဆုံး ရေတွက်ပြီးသွားတဲ့ မဲရလဒ်တွေအရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာ အများအပြားမှာ အနိုင်ရထားတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


အခုမနက်ပိုင်းမှာ သိရှိရချက်အရ ဧရာဝတီတိုင်းအတွင်း မဲရလဒ်အခြေအနေက ဟင်္သာတမှာဆိုရင် မြို့ပေါ်ရပ်ကွက်အားလုံးမှာ အန်အယ်လ်ဒီက မဲ ၁ သောင်းကျော်လောက် အကွာနဲ့ အနိုင်ရနေပါတယ်။

မြောင်းမြမြို့မှာတော့ မဲရုံ ၃၀၀ ကျော်မှာ မဲရုံတ၀က်လောက် မဲရေတွက်ပြီးသွားပြီး မြို့ပေါ် နေရာ ၄ ခုစလုံးမှာ အန်အယ်လ်ဒီက အနိုင်ရနေကာ ညောင်တုန်းမှာလည်း ၄ နေရာစလုံးမှာ အသာရနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဌေးဦးနဲ့ ပြိုင်တဲ့ အန်အယ်လ်ဒီက လွှတ်တော်အမတ်လောင်း ဦးခင်မောင်ရီပြောဆိုတာက မြို့ပေါ်မှာ သူတို့က မဲရလဒ် ၄ သောင်းလောက်နဲ့ အန်အယ်လ်ဒီက သာနေတယ်လို့ ပြောပါတယ်။

မြို့နယ်ကော်မရှင် ဥက္ကဌက မဲရလဒ်က မြို့ပေါ်မှာရော ရွာမှာရော မဲရုံပေါင်း ၂၈၃ ရုံမှာ မဲရုံ ၂၀၀ ကျော်က ရောက်ရှိလာတဲ့ စာရင်းအရ အန်အယ်လ်ဒီက မဲရလဒ် ၅၀၀၀ ကျော်အသာနဲ့ အနိုင်ရနေပါတယ်။

မြန်အောင်မှာတော့ ပြည်ပကလာတဲ့ ကြိုတင်မဲ ၁၀၀ ကျော်လောက်မှာ အန်အယ်လ်ဒီက ရှုံးနိမ့်တယ်လို့ အန်အယ်လ်ဒီ ပါတီက ၀င်ပြိုင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်မောင်လတ်က ပြောပါတယ်။

မကွေးမြို့နယ်မှာတော့ ကျေးရွာပေါင်း ၂၁၆ ရွာ၊ မဲရုံပေါင်း ၂၄၆ ရုံရှိ ရာမှာ ကျေးရွာပေါင်း ၁၆ ရွာလောက်ရှုံးပေမယ့် မကွေးတိုင်းမှာ တော်တော်များများ နိုင်တယ်လို့ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဦးက ဆိုပါတယ်။

ရှမ်းပြည်နယ်မှာတော့ လက်ရှိမှာ အန်အယ်လ်ဒီနဲ့ ကျားခေါင်းက နေရာအတော်များများမှာ အသာစီးရနေပါတယ်။

ရှမ်းပြည် လာရှိုးမြို့မှာတော့ လောက်ကိုင်နဲ့ ကုန်းကြမ်းမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ပြောတာကတော့ ဒီ ၂ မြို့နယ်စလုံးမှာ ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာအားလုံးကို အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

လောက်ကိုင်ရဲ့ မြို့နယ်ရဲ့ ပြည်နယ်လွှတ်တော်မှာ ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ အငြိမ်းစားယူထားတဲ့ ဒုဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် ၀င်ပြိုင်တာ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိဟောင်း ဗိုလ်မှူးကြီး လင်းဇော်ထွန်း ၀င်ပြိုင်တဲ့ မိုင်းဖြတ်မြို့မှာလည်း ကြံ့ဖွံက နိုင်ပါတယ်။

လာရှိုးမြို့ပေါ်မှာတော့ မနေ့ညက အငြင်းပွားစရာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီးတော့ ကျားခေါင်းပါတီနဲ့ အန်အယ်လ်ဒီပါတီက မကြာခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့၊ ကြေညာချက်ထုတ်ပြန်ဖို့ ရှိပါတယ်။

မူဆယ်၊ ဟိုပန်၊ သိန္နီ မှာတော့ ကျားခေါင်း ရှမ်းဒီမိုကရေစီအဖွဲ့ချုပ် အခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ကန္တာရဝတီတိုင်း(မ်)

 ကယားပြည်နယ် မြို့နယ်တိုင်းအမျိုးသားဒီမိုကရေစီကိုယ်စားလှယ်လောင်းများ မဲအရေအတွက် အများဆုံးရရှိနေသည်ဟု ၎င်းပါတီဗဟိုကော်မတီဝင်မှ ကိုသားလေးက ပြောပါသည်။

“ကိုယ်စားလှယ်တွေဆီကရရှိထားတဲ့အဖြေအရဆိုရင် တော်တော်များများက အားကောင်းနေပါတယ်။”ဟု ကိုသားလေးက ပြောသည်။

လွိုင်ကော်မြို့နယ် ၊ ဖရူဆိုမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ ရှားတောမြို့နယ် ၊ မယ်စဲမြို့နယ်ဘက်တွင် ကိုယ်စားလှယ်များ၏ မဲအရေအတွက်ကို သိထားပြီးဖြစ်ရာ အများဆုံးရရှိသည်ဟု ဆိုပါသည်။

ဘော်လခဲမြို့နယ်မှာမူ အဝေးရောက်ကြိုတင်မဲများ များပြာနေသည့်အတွက် အတည်မပြုနိုင်သေးကြောင်း ၊ ဖားဆောင်းမြို့နယ်အတွင် လေးနေရာရှိသည့်အနက် တစ်နေရာထဲတွင်သာ အရေးနိုမ့်နေကြောင်း သိရပါသည်။

“ဘော်လခဲမှာကတော့ ကြိုတင်မဲလို့ယူဆရတဲ့အဝေးရောက်မဲတွေက များပြားတဲ့အတွက် အများတွေ့ရတယ်။ အမှန်ခြစ်တွေလဲ တစ်ထပ်တည်းတူနေကြပါတယ်။” ဟု ကိုသားလေးက ပြောပါသည်။

ကိုယ်စားလှယ်အသီးသီးများသည် ၎င်းတို့ရရှိထားသည့် မဲအရေအတွက်များကို အဝေးရောက်ကြိုတင်မဲများနှင့်ပေါင်းပြီးသွားပြီးဖြစ်သည့်ရလဒ်များဖြင့် သိရှိထားခြင်းဖြစ်ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင် လက်ရှိ ကော်မရှင်ရုံးသို့ မဲရုံ ၈ စာရင်းအရ NLD အဖွဲ့မှ ကိုယ်စားလှယ်လောင်းများ အနိုင်ရနေသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီ (ကယားပြည်နယ်)ပါတီမှ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၅ ဝင်ပြိုင်သူ ဦးရှေးဖဲက ပြောပါသည်။

“အခုချိန်ထိ ကော်မရှင်ကိုတော့ စာရင်းတောင်းလို့မရသေးဘူ။ ၈ ရုံထဲမှာတော့ ဦးသိုးရယ် ၊ ဒေါ်ရှားမူ၊ ဦးပဲ့ဒူ တို့နိုင်နေပါတယ်။” ဟု ဦးရှေးဖဲက ပြောပါသည်။

ယခုအချိန်အထိ ဖရူဆိုမြို့နယ်ကော်မရှင်ရုံးတွင် မဲရုံစာရင်များ အပြည့်မရောက်လာနိုင်သေး သည့်အခြေအနေတွင် ရှိနေဆဲဟု ကော်မရှင်ထံမှ သိရသည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၈) အုပ်စု စုစုပေါင်း (၅၁) အုပ်စုရှိသည့်အနက် အုပ်စုလိုက်အကုန်လုံး NLD မှ အနိုင်ရရှိသွားကြောင်း ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးရုံးခန်းမှ သိရသည်။

“ကျွန်တော်တို့ ရွှေတောင်မြို့မှာ ရပ်ကွက် ကျေးရွာအုပ်စုပေါင်း ၅၁ အုပ်စု မဲရုံပေါင်း (၁၁၂) ရုံ ရှိတယ်။ အပြည့်အစုံတော့ မသိရသေးပါဘူး။ ဒါပေမယ့် အဲဒီမှာ အမြှောက်တပ်၊ကုတင် (၁၀၀) စစ်ဆေးရုံနဲ့ ခလရ(၁၄) စတဲ့နေရာတွေပဲရှုံးပြီး ကျန်တဲ့ မဲရုံတွေအကုန် အနိုင်ရပါတယ်။ အုပ်စုအလိုက်ဆိုရင်တော့ အကုန်လုံးအနိုင်ရပါတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် တွဲဘက်အတွင်းရေးမှူး ဦးဝင်းနိုင်က ပြောသည်။

ရွှေတောင်မြို့နယ် မြို့ပေါ်ရပ်ကွက် (၃) ရပ်ကွက်ရှိပြီး မဲရုံပေါင်း (၁၁) ရုံ ရှိသည့်အနက် ရွှေတောင် ချည်မျှင်နှင့်အထည်စက်ရုံ ၀န်ထမ်းများရှိရာ သရက်တော အမှတ် (၂) ရပ်ကွက်တခုတည်းသာ NLD ပါတီအနေနှင့် မဲမတိမ်းမယိမ်းဖြင့် အနိုင်ရရှိပြီး ကျန်ရှိသော မဲရုံများမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိကြောင်း ရွှေတောင်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ ပြုစုထားသောစာရင်းများအရ သိရသည်။

ကိုလေး(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

ရွေးကောက်ပွဲ အောင်မြင်မှုရှိကြောင်း ကော်မရှင်ကြေညာ (Photo- MOI)
 တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အမှားအယွင်းတွေ ရှိခဲ့ပေမဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ ကနဦး ရလဒ်တချို့မှာတော့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အနိုင်ရတာကိုလည်း တွေ့ကြရတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ပြောပြပေးပါဦးရှင်။

မဲစာရင်းတွေမှာ အမှားအယွင်းတွေ၊ မဲရုံတွေမှာ ပြဿနာတွေ ကြုံခဲ့ရပေမဲ့ တနိုင်ငံလုံး အတိုင်းအတာမှာတော့ ပြောပလောက်အောင် မများခဲ့တာကြောင့် ရွေးကောက်ပွဲဟာ အောင်မြင်မှုရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့တာပါ။ အယောင်ဆောင်မဲပေးတဲ့ အမှု ၄ မှု၊ မဲလက်မှတ်မှားပေးတာ ၁၄ မှု၊ မဲရုံမှူးလက်မှတ် မပါတာ ၃ မှု၊ တရားမ၀င်မဲဆွယ်တာ ၁၂ မှု၊ တခြားအမှု ၁၅ မှု အပါအ၀င် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ၄၈ မှုသာ ရှိခဲ့တာကြောင့် ရွေးကောက်ပွဲ အောင်မြင်မှုရတဲ့အကြောင်း ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ကပြောကြားသွားပါတယ်။

“တနိုင်ငံလုံးမှာရှိတဲ့ မဲရုံအရေအတွက်နဲ့ အချိုးချလိုက်တဲ့ အခါကျတော့ ဖြစ်စဉ်ပေါင်း ၀.၁၁၉ ရာခိုင်နှုန်း၊ မဲရုံ ၁၀၀၀ မှာ ဖြစ်စဉ် ၁ ကြိမ်ပဲရှိတယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်းတဲ့ ရွေးကောက်ပွဲဖြစ်တယ်။ တည်ငြိမ်အေးချမ်းစွာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့တယ် ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပက စိုးရိမ်မကင်း ဖြစ်နေချိန်မှာပဲ ဒီကနေ့ ရွေးကောက်ပွဲ ရလဒ်တွေကို စတင်ထုတ်ပြန်နေပါပြီ။ ဒီကနေ့ ညနေပိုင်း ပထမဆုံးအသုတ် မဲရလဒ်ကို ထုတ်ပြန်ရာမှာတော့ ရန်ကုန်တိုင်းအတွင်းက ၁၂ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အနိုင်ရခဲ့ကြောင်းလည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကြေညာခဲ့တာပါ။

“အခုအချိန်အထိ ကျနော်တို့ ပြည်သူ့လွှတ်တော်က ၁၂ နေရာနဲ့ အမျိုးသား၊ တိုင်းဒေသကြီးက သတင်းရပါတယ်။ ကျနော်တို့ ၀င်လာတဲ့ အနိုင် ၊ အရှုံးရလဒ်တွေကိုတော့ ဆက်လက် သက်မှတ်ထားတဲ့ အချိန်တွေမှာ ထုတ်ပြန်ကြေညာသွားပါမယ်လို့ ပြောကြားလိုပါတယ်။”

NLD ပါတီတာဝန်ရှိသူ တချို့ကတော့ ရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရမယ်လို့ မျှော်လင့်နေကြတာပါ။ ရွေးကောက်ပွဲ ရလဒ်တချို့ကို ထုတ်ပြန်ကြေညာနေတဲ့ ရန်ကုန်မြို့က NLD ပါတီ ရုံးချုပ်ကို ဒီကနေ့ အစောပိုင်း ရောက်လာတဲ့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ လူထုအနေနဲ့ အနိုင်အရှုံးကို ခန့်မှန်းနိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အရိပ်အမြွက် ပြောဆိုခဲ့တာပါ။

“အခုအချိန်မှာဆိုရင် မဲရလဒ်တွေကို တရားဝင် အတည်မပြုရသေးပါဘူး။ ဒါပေမယ့်လည်း အများပြည်သူက ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကိုတော့ သဘောပေါက်ကြပါလိမ့်မယ်လို့ ကျမတို့ထင်ပါတယ်။”

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဒုဥက္ကဋ္ဌ ဦးဌေးဦး ကတော့ ဧရာဝတီတိုင်း ဟင်္သာမြို့က မဲဆန္ဒနယ်မြေမှာ ရှုံးနိမ့်သွားခဲ့သလို၊ ပါတီထိပ်တန်းခေါင်းဆောင် နေရာက ဖယ်ရှားခဲ့ခဲ့ရတဲ့ သူရဦးရွှေမန်းဟာလည်း ရှုံးနိမ့်ခဲ့ပြီး၊ ဒီမဲဆန္ဒနယ်တွေမှာ NLD ပါတီ ကသာ အနိုင်ရခဲ့ကြောင်း ကနဦး ရလဒ်တွေကို ကိုးကားပြီး နိုင်ငံရေး ပါတီတွေက ပြောဆိုခဲ့ကြပါတယ်။

ကိုအောင်လွင်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ကြံခိုင်ဖွံ့ ဖြိုးရေးပါတီက အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်း ဝင်ရောက် ယှဉ်ပြိုင်တဲ့ ရှမ်းပြည်နယ် ကလောမြို့ နယ်က လွှတ်တော် ၃ ရပ်စလုံးမှာ NLD ပါတီ ကအနိုင်ရရှိသွားပြီလို့ NLDပါတီပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာပြုံးကေသီနိုင်ရဲ့ ကိုယ်စားလှယ်က ဘီဘီစီကို ပြောပါတယ်။ နောင်ချို မြို့ နယ်မှာလဲ NLD ကလွှတ်တော် ၃ ရပ်စလုံးမှာ အနိုင်ရရှိသွားပြီလို သတင်းရရှိပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တရားဝင်ရလဒ်တွေ မထွက်သေးပေမယ့် ရွေးကောက်ပွဲကို နိုင်ခဲ့ပြီလို့ယူဆကြောင်း ရှုံးတဲ့သူက သတ္တိရှိဖို့နဲ့ အိနြေ္ဒရှိဖို့လိုအပ်သလို နိုင်တဲ့သူကလည်း စိတ်ကိုနှိမ့်ချပြီး သဘောထားကြီးဖို့လိုကြောင်း ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်အဖြစ် ရွှေဂုံတိုင်ဌာနချုပ်အပေါ်ထပ်ကနေ လူထုကိုမိန့်ခွန်းပြောရာမှာ အခုလိုထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲရလဒ်တွေကို တရားဝင် မကြေညာသေးတဲ့အတွက် သတိနဲ့နေကြဖို့လည်း လူထုကို ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ပါတယ်။

မနေ့က ရွေးကောက်ပွဲအပြီးမှာ သောင်းဂဏန်းရှိမယ့် ရန်ကုန်မြို့ခံတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်းခဲ့ကြပါတယ်။ မနေ့ညက စကားမပြောဖြစ်ခဲ့ဘဲ ဒီကနေ့ မနက်မှာ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သလို အရှုံး အနိုင်အဓိကမဟုတ်ဘဲ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေကို ဂုဏ်ပြုကြောင်း ပြောလိုက်တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အများစု အနိုင်ရနေပါတယ်။

မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကောက်ယူထားတဲ့ စာရင်းအရ ဘီးလင်း၊ ပေါင်၊ ကျိုက်ထိုနဲ့ သထုံမြို့နယ် လေးမြို့နယ်စလုံးက အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ခု စုစုပေါင်းနေရာ ၄ နေရာ စလုံးမှာ အန်အယ်လ်ဒီက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

မော်လမြိုင် နဲ့ သံဖြူဇရပ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် ၂နေရာ စုစုပေါင်း လေးနေရာစလုံးမှာ အန်အယ်လ်ဒီပါတီက အနိုင်ရရှိထားပါတယ်။

ချောင်းဆုံမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂ စုစုပေါင်းနေရာ ၃ နေရာအနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ မှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်၂ စုစုပေါင်းနေရာ ၃ နေရာအနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ မှာ မွန်အမျိုးသားပါတီက အနိုင်ရရှိသွားပါတယ်။

မုဒုံမြို့နယ်မှာ ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကနေ ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁ ကနေ ယှဉ်ပြိုင်ရာမှာ ရှုံးနိမ့်သွားပါတယ်။ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာ စုစုပေါင်းနေရာ ၃ ခုမှာ အန်အယ်လ်ဒီက အနိုင်ရရှိထားပါတယ်။ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ မှာ မွန်အမျိုးသားပါတီက အနိုင်ရရှိတယ်လို့ သိရပါတယ်။

ကျိုက်မရောမြို့နယ်မှာ အန်အယ်လ်ဒီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့အနိုင်ရရှိထားပြီး ပြည်နယ်လွှတ်တော်တွေရဲ့ စာရင်းတွေကို အတိအကျမသိရသေးပါဘူး။

RFA Burmese
https://www.facebook.com/RFA-Burmese


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့တွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်က ရွေးကောက်ပွဲနှင့်ပတ်သက်ပြီြးေ ပာကြားသောမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး မိန့်ခွန်းအပြည့်အစုံကိုဖော်ပြပေးလိုက်ပါသည်။

" အထွေထွေ ရွေးကောက်ပွဲဖြစ်မြောက်ခြင်းဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှု ၊ သတ္တိ ၊စည်းကမ်းထိန်းသိမ်းမှုတွေကြောင့် ဖြစ်မြောက်သွားတာမို့လို့ အထူးပဲ ဂုဏ်ပြုပါတယ် ။ ကမ္ဘာကလည်း ဂုဏ်ပြုပါတယ် ။

တကယ်တော့ ရွေးကောက်ပွဲက နိုင်ခြင်း ရှုံးခြင်းဆိုတာက မဲအရေအတွက်နဲ့ မဆိုင်ပါဘူး ။ ကိုယ် ၀င်ပါတဲ့အခါမှာ ဘယ်လောက် သိက္ခာရှိတယ် ။ ဘယ်လောက် ပြည်သူပေါ်မှာ စေတနာထားလဲဆိုတာနဲ့သာ ဆိုင်ပါတယ် ။

ဒါကြောင့်မို့လို့ ပထမဆုံး ဂုဏ်ပြုရမှာကတော့ ရွေးကောက်ပွဲမှာ သိက္ခာစေတနာ အပြည့်အ၀နဲ့ ၀င်ပြီးတော့ ယှဉ်ပြိုင်ခဲ့ပေမယ့် မဲအရ မနိုင်တဲ့ ပုဂ္ဂိုလ်များက ပထမဆုံး ဂုဏ်ပြုသင့်တယ်လို့ ကျွန်မကတော့ထင်တယ် ။

ပထမဆုံးဆိုပေမယ့် ဒါ ဒုတိယပေါ့ ။ ပထမဦးဆုံးကတော့ ပြည်သူလူထုကို ဂုဏ်ပြုရင်ပြီးပါပြီ ။ ဒုတိယကတော့ သိက္ခာ သမာဓိ စေတနာတို့နဲ့ သတ္တိရှိရှိ မှန်မှန်ကန် ၀င်ပြိုင်ပြီးတော့ မဲအရတော့ မနိုင်ခဲ့ပေမယ့် တကယ့် သိက္ခာအရ အောင်နိုင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတာပါ ။

ကျွန်မတို့ အခုချိန်မှာဆိုရင် မဲရလဒ်တွေကို တရားဝင် အတည်မပြုရသေးပါဘူး ။ဒါပေမဲ့ အများပြည်သူက ဘယ်လိုအခြေအနေမှာ ရှိတယ်ဆိုတာကို သဘောပေါက်ကြပါလိမ့်မယ်လို့ ကျွန်မထင်တယ် ။

ကျွန်မအနေနဲ့ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ ပတ်သတ်လို့ ဂုဏ်ပြုမယ့် အချိန်တော့ မရောက်သေးဘူးလို့ ပြောချင်ပါတယ် ။
ပြည်သူလူထုက ယုံကြည်စွာပေးအပ်တဲ့တာဝန်တွေ ကျေသလား မကျေသလားဆိုတဲ့ အဖြေပေါ်မှပဲ ကျွန်မတို့ အဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေကို ကျွန်မက ဂုဏ်ပြုမှာပါ ။အခုချိန်ကတော့ ဂုဏ်ပြုဖို့ စောပါသေးတယ်လို့ ပြောချင်ပါတယ် ။

ဒါပေမဲ့ ရွေးကောက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဘဘ ဦးတင်ဦးကို ကျွန်မတို့ပြည်သူလူထုအားလုံးကနေပြီးတော့ သြဘာပေးပြီးဂုဏ်ပြုကြပါလို့ ။

( အမှန်တကယ်ကတော့ ကျွန်တော်တို့ရဲ့ကြိုးစားလုံးပန်းမှုနဲ့ ကျွန်တော်တို့ရဲ့ အင်မတန်သိက္ခာရှိစွာတက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးအများကြီးတင်ရမယ်လို့ ပြောရမှာပဲဖြစ်ပါတယ် ။ )

ကျွန်မတို့ ဒီ ၁ ၊ ၂ ၊ ၃ ရက်အတွင်းမှာ ရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ ဘယ်လိုရှိမလဲဆိုတာ သေချာအတိအကျ ပြည်သူလူထုက သိရမှာပါ ။ တစ်ချိန်တည်းမှာ ကျွန်မတို့အားလုံးက သတိရှိဖို့လိုပါတယ်ဆိုတာ ကျွန်မတို့ ပြည်သူတွေ သိပြီးသားလို့ ကျွန်မထင်ပါတယ် ။

သတိဆိုတာ လွန်ကဲတယ်လို့မရှိနိုင်ဘူး ။ ကျွန်မတို့က သတိနဲ့ ရှေ့လမ်းကို လျှောက်ရမှာပါ ။ ကျွန်မတို့ နိုင်ငံအပေါ်မှာ စေတနာထားပြီးတော့ ပြည်သူလူထုအားလုံးပေါ်မှာ ကျောသားရင်သားမခွဲ မေတ္တာထားပြီးတော့ ရှေ့လမ်းလျှောက်သွားချင်ပါတယ် ။

ဒီအချိန်မှာ ရွေးကောက်ပွဲရလဒ်များဟာ တရားဝင်မဖြစ်သေးတော့ ဒါထက်ပိုပြီးတော့ ပြောဖို့ မသင့်တော်သေးပါဘူး ။ဒါပေမဲ့ မပြောလို့ရှိရင်လည်း နားလည်ပြီးသားပြည်သူလူထု ဖြစ်တယ်လို့ကျွန်မပြောချင်ပါတယ် ။

အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ်နေကြပါ ။ ကျွန်မတို့ အမြဲပဲပြောပါတယ် လူဆိုရှုံးတယ် နိုင်တယ်ဆိုတာထက် ဘယ်လို ရှုံးတယ် ၊ ဘယ်လိုနိုင်တယ်ဆိုတာက ပိုပြီးတော့ အရေးကြီးပါတယ် ။

ရှုံးတဲ့သူများဟာ သတ္တိရှိရှိ အိနြေ္ဒရှိရှိနဲ့ ရှုံးနိုင်ရသလို နိုင်တဲ့သူများဟာ ကိုယ့် စိတ်ကိုနှိမ့်ချပြီးတော့ အင်မတန်မှသဘောထားကြီးစွာနဲ့ အနိုင်ကို ရင်ဆိုင်မှ တကယ့်ကို အောင်နိုင်တဲ့သူဖြစ်မှာပါ ။

ဒါကြောင့် အထက်က မနိုင်တဲ့သူတွေ မခံသာအောင်နိုင်မှု ပုံစံနဲ့ ပြုမူ ပြောဆိုဆက်ဆံတာတွေကို ရှောင်ကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံလိုပါတယ် ။
တကယ့်အောင်နိုင်ရေးဆိုတာ တစ်နိုင်ငံလုံးအတွက်ပဲဖြစ်ရပါလိမ့်မယ် ၊ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်တွေ အတွက်မှ မဖြစ်ရပါဘူး ။
ဒါကြောင့် တစ်နိုင်ငံလုံးအတွက်ဖြစ်တဲ့ အောင်နိုင်မှုရဖို့အတွက် ကျွန်မတို့အားလုံးအတူတူ လက်တွဲပြီးတော့ ကြိုးစားသွားကြပါလို့ ကျွန်မအနေနဲ့မေတ္တာရပ်ခံပါတယ် ။

ရွေးကောက်ပွဲရလဒ် ပိုပြီးတော့ တိတိကျကျ သိရတဲ့ အခါကျမှ ကျွန်မတို့ပြောသင့်ပြောထိုက်တာတွေကိုလည်း ထပ်ပြောမှာ ဖြစ်ပါတယ်"

The Ladies News Journal
https://www.facebook.com/News.TheLadies


ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သူတို့ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ ရလာဒ်ကို လက်ခံကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ရီကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ ရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာချက်တွေ မဟုတ်သေးပေမယ့် ကနဦး ရရှိတဲ့ အချက်အလက်တွေအရ သိရှိရတာဖြစ်ပါတယ်။

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ရွေးကောက်ပွဲ ရလာဒ်ကို လက်ခံကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

သူရဦးရွှေမန်းဟာ သူ့ရဲ့ဇာတိဖြူးမြို့နယ်ကနေ ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးသန်းညွန့်ကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှ၊ အုတ်ဖို၊ ပေါင်းတည်ကနေ ပြည်အထိ အန်အယ်လ်ဒီက အများစုအနိုင်ရခဲ့ပြီး ဇီးကုန်းမြို့နယ်မှာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်တဲ့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ ကြိုတင်မဲနဲ့ ရှေ့ကပြေးနေတယ်လို့သိရပါတယ်။ မဲရေတွက်နေဆဲဖြစ်တဲ့အတွက် မသဲကွဲတဲ့ အခြေအနေ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်တဲ့ လက်ရှိ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်းဟာ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါ်ခင်စန်းလှို်င်ကို ရှုံးနိမ့်သွားတယ်လို့သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေက မြို့နယ်အတော်များများမှာ မဲရေတွက်နေဆဲဖြစ်ပြီး ကနဦးရလာဒ်အဆင့်ကို မထွက်လာသေးပါဘူး။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ယှဉ်ပြိုင်တဲ့ အရင်ကမ်းရိုးတန်းတိုင်းမှူး ဦးခင်ဇော်ဦးဟာ ပြိုင်ဖက် အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်ဟိန်းကို ရှုံးနိမ့်သွား ပါတယ်။

မဲရလာဒ်တွေဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်မှ အတည်ဖြစ်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ ဒီကနေ့ညနေပိုင်းမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့သိရပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ရာလဒ်တွေကို ထုတ်ပြန်ပြောဆိုဖို့ နေပြည်တော် နဲ့ ရန်ကုန်မှာ ရုံးခန်းတွေ ဖွင့်လှစ်ပြီး ကြေညာပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 ရှားတောမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်နေရာ အားလုံးတွင် NLD ကိုယ်စာလှယ်လောင်းများ အားလုံးအနိုင်ရရှိသွားသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် ဦးအောင်မင်းအား ဦးအောင်ကျော်စိုးက လည်းကောင်း| ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဒေါ်နန်းနွံ ကို NLD ကိုယ်စာလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းကလည်ကောင်း| ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်နှစ်နေ ရာတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဦးပေါလူ၊ ဦးအေးမောင်တို့ကို NLD ကိုယ်စာလှယ်လောင်း ဦးတီရယ်နှင့်ဦးလှထွေးတို့က |အနိုင်ရရှိသွားသည်။

ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စာလှယ်လောင်း ဒေါ်နန်းနွံကလတ်လောမဲရုံ (၈)ရုံစာရင်းအရ (၇၄၇)မဲရှိပြီး NLD ပါတီကိုယ်စာလှယ်လောင်း ဒေါ်ဝင့်ဝါထွန်းက (၁၅၇၆) မဲနှင့် (၈၁၉) မဲဖြင့် မဲအသာဖြင့်အနိုင်ရရှိသွားခြင်းဖြစ်သည်။

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁ တွင် ပြည်ခိုင်ဖြိုးပါတီ မှဦးပေါလူက (၂၃၂)မဲ ၊ NLD ကိုယ်စာလှယ်လောင်း ဦးတီရယ်က(၈၀၃)မဲဖြစ်သည်။
ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ တွင် ပြည်ခိုင်ဖြိုးပါတီ ဦးအေးမောင်က(၄၃၂)မဲ NLD ပါတီမှ ကိုယ်စာလှယ်လောင်း ဦးလှထွေးက(၇၁၃)မဲဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၇ တွင် တသီးပုဂ္ဂလကိုယ်စာလှယ်လောင်း ဦးအောင်မင်းက (၇၆၆)မဲရရှိပြီး NLD ပါတီကိုယ်စာလှယ်လောင်း ဦးအောင်ကျော်စိုးက (၁၄၃၀)မဲရရှိကာ (၆၆၄)မဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

ဒီကနေ့ နိုဝင်ဘာလ(၉)ရက်နေ့တွင် ရွေးကောကပွဲ နည်းဥပဒေ ၆၆(C)ဖြင့် မဲရုံတိုင်းတွင် လတ်တလောမဲ ရလဒ်များကို ကြေညာထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရှားတောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွင် အနိုင်ရရှိသည့် ဒေါ်ဝင့်ဝါထွန်း မဲဆွယ်ကာလတွင်း မြင်တွေ့ ရစဉ်ဖြစ်သည်။

ဆန်းဖြိုးထွန်း
Kantarawaddy Times
https://www.facebook.com/kantarawaddytimes


 စစ်တွေ၊ နိုဝင်ဘာ ၉

 ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) မှာ တောင်ပြိုကမ်းပြို ဇရပ်ပြိုအောင်ထိ နိုင်ကြောင်း ပုဏ္ဍားကျွန်း အမှတ် (၂) ဆန္ဒနယ်မြေ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစံကျော်လှက ပြောသည်။

“ ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် မကျေညာသေးဘူး။ ရရှိလာတဲ့ ကျေးရွာ၊ ရပ်ကွက် မဲရေတွက်မှုအရ စာရင်းတွေကို ကြည့်တော့ ကျွန်တော်တို့ ပါတီက တောင်ပြို၊ ကမ်းပြိုတောင်မဟုတ်ဘူး။ ဇရပ်ပြိုအောင်ထိ နိုင်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးစံကျော်လှက ပြောသည်။

ပုဏ္ဍားကျွန်း အမျိုးသားလွှတ်တော်တွင် ဦးခင်မောင်လတ်က လည်းကောင်း၊ ပြည်သူ့ လွှတ်တော်တွင် ဦးထွန်းမောင်က လည်းကောင်း၊ ပြည်နယ် အမှတ် (၁) တွင် ဦးအောင်သန်းတင်က လည်းကောင်း၊ ပြည်နယ် အမှတ် (၂)တွင် ဦးစံကျော်လှကသော်လည်းကောင်း အနိုင်ရရှိကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/


 UEC မှာ ၉ ရက်နေ့ နံက် ၉း၃၀ နာရီမှ ၁၀း၁၅ နာရီအထိ အာဆီယံ ရွေးကောက်ပွဲ စောင့်ကြည် လေ့လာသူများနဲ့ ရွေကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးတို့ တွေ့ဆုံဆွေးနွေးပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပါတယ်။ ဒီပွဲမှာ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ကော်မရှင်ကကြေညာမှ အတည်ဖြစ်မယ်ဆိုတဲ့အကြောင်း ဦးတင်အေးက မျက်နှာထား တည်တည်နဲ့ သတိပေးပြောကြား သွားပါတယ်။

ထွန်း (နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/


 နိုဝင်ဘာ ၉ ရက် ၂၀၁၅ ခု

 သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်၌ လွှတ်တော် သုံးရပ်အတွက် အတိုက် အခံပါတီက အားကောင်း သော်လည်း တပ်မှလာသော ကြံ့ခိုင်ရေးပါတီေ ထာက်ခံသည့် ကြိုတင်မဲ တသောင်းကျော်ကြောင့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေပါသည့် အတိုင်းလုပ် ဆောင်ပေးရန် ပြည်ထောင်စုေ ရွးကောက်ပွဲကော်မရှင်ထံတင်ပြတောင်းဆိုလိုက်သည်။

နိုဝင်ဘာ ၈ ရက် ပြည်ထောင်စု တဝှမ်းလုံးကျင်းပသည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ တွင်ပြိုင်ပွဲဝင် ရွေးကောက်ပွဲ ရလာဒ် အများစုမှာ လားရှိုးမြို့ သျှမ်းတိုင်းရင်းသား ဒီကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အမျိုးသားလွှတ်တော်တွင် ထောက်ခံမဲ ၂ ထောင်ကျော် သာနေပြီြး ပည်သူ့ လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အားလုံး ထက် သာကြောင်း ရွေးကောက်ပွဲစောင့်ကြည့်သည့် ခေတ်ပညာတတ်လူငယ် များက ပြောသည်။

“အခုမကောက်မကျစ်ဘဲ ရလာတဲ့ရလဒ်အတိုင်း ရိုးရိုးသားသားသွားမယ် ဆို ရင် ဒီဒေသ တလွှားကတော့ ကျနော်တို့ ကျားခေါင်းပါတီက အနိုင်ရနေ တယ်။ အစက ကြံ့ခိုင်ရေး ကို ကျနော်တို့က မဲ ၁၀၀၀ သာနေတယ်။ ခုကြို တင်မဲထည့်တွက်လိုက်တာနဲ့ကျနော်တို့ထက်၂၀၀၀သာနေတယ်လေ။ နောက်ပြီး အမျိုးသား မှာလည်း အစက ကျနော်တို့က ၂၀၀၀ ကျော်သာ တယ်။ သူ တို့ ကြို တင်မဲ ၃၇၀၀ ထပ်ဖြည့် လိုက်တော့ ကျနော်တို့ထက် ၂၀၀၀ ကျော်မဲသာသွားတယ်။ နောက်ပြီး အမှတ် ၁ နယ်မှာက အစကတည်း က ကျနော်တို့က မဲ ၂၀၀၀ ကျော်သာနေတယ်လေ။ ဒါမယ့် သူတို့ကြိုတင်မဲ ၁၀၀၀ ထပ်ဝင်လာတော့ ကျနော် တို့က ၁၀၀၀ ပိုနေသေးတယ်။ နယ်လုံဝန်ကြီး ဦးအောင်သူ ဝင်ပြိုင်တဲ့နေရာမှာ ကျနော်တို့ ဘက်က ၂၀၀၀ ကျော်မဲသာနေသေးပေမယ့် သူတို့ဘက်က ကြိုတင်မဲ ၂၉၀၀ ထပ်ဖြည့် တော့ ခုထိကျနော်တို့ သေချာတော့မပြောနိုင်သေးဘူး။ ခုမြို့ ထဲမှာတော့ ကြံ့ခိုင်ရေးက ကြိုတင်မဲကိုင်ပြီး နံပတ် ၁ ပြေးနေတယ်။ ကျနော်တို့ SNLD က နံပတ် ၂ နဲ့ NLD နံပတ် ၃ ပြေးနေတယ်။” - စိုင်းဝမ်းလှိုင်းခမ်းကပြောသည်။

သို့သော် ညသန်းခေါင်ချိန် တပ်နယ် မဲဆန္ဒနယ်များမှ ရောက်ရှိလာသည့် ကြိုတင်မဲ ၁၁၈၁၅ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP အား ၎င်းတို့၏ ကိုယ်စားလှယ်လောင်း ၄ နေရာ အတွက်ဖြည့်ဆည်း လိုက်ေ သာကြောင့် တခြားပါတီထက် ထောက်ခံမဲ ၂ ထောင် ကျော် သာသွား ရခြင်းဖြစ်သည်။

လားရှိုးမြို့တွင် အာဏာရအစိုးရ၏ အထင်ကရပုဂ္ဂိုလ်များဖြစ်သည့် ဒုတိယ သမ္မတဒေါက် စိုင်းမောက်ခမ်းက ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် တွင် သျှမ်းပြည်နယ် နယ်စပ်ရေးရာလုံခြုံရေး ဝန်ကြီး တပ်ထွက် ဗိုလ်မှူးကြီးအောင်သူ၊ အမျိုးသားလွှတ်တော် တွင် ဒေါက်တာနန်းကိန်ဖေါင်း တစ် တို့ပါဝင်ယှဉ်ပြိုင်သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 စစ်တွေ၊ နိုဝင်ဘာ ၈

 ရခိုင်ပြည်နယ် မောင်တော မြို့နယ် တောင်ပိုင်း ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေး ပါတီကို ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သည့် လက်ရှိ ပြည်နယ်ဝန်ကြီးချုပ် ဦးမြအောင်သည် ရခိုင် အမျိုးသားပါတီမှ ဦးမောင်အုန်းကို ရှုံးနိမ့်ကြောင်း သတင်း ရရှိသည်။

“ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် မကျေညာသေးဘူး။ ဒါပေမယ့် လက်ရှိ ရရှိတဲ့ မဲစာရင်းတွေ အရ ရခိုင်အမျိုးသားပါတီက ဦးမောင်အုန်းက နိုင်ပြီး ပြည်ခိုင်ဖြိုးက ၀န်ကြီးချုပ် ဦးမြအောင် ရှုံးပါတယ်” ဟု ရခိုင်အမျိုးသားပါတီ မြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက ပြောသည်။

မောင်တောမြို့နယ် တောင်ပိုင်းတွင် ကျန် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တွင်လည်း အခြေအနေကောင်းနေကြောင်း၊ သို့သော် မောင်တောမြို့နယ် မြောက်ပိုင်းတွင် အခြေအနေက နည်းနည်း အားနည်းနေသည်ကိုတွေ့ရကြောင်း သူက ပြောသည်။

မဲစာရင်းရေတွင်နေတုန်းဖြစ်သဖြင့် များမကြာမီ မြို့နယ် ကော်မရှင်က အနိုင်အရှုံးကို ကြေငြာနိုင်ကြောင်း သူက ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews

(ဦးဌေးဦးကို မနေ့က ဟင်္သာတမြို့မှာ မဲပေးအပြီးတွေ့ရစဉ်)
 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပူးတွဲဥက္ကဌ ဦးဌေးဦးက ရွေးကောက်ပွဲမှာ သူရှုံးတဲ့ရလာဒ်ကို လက်ခံကြောင်း ပြောလိုက်ပါတယ်။

ဟင်္သာတခရိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့ပြီး ဦးဌေးဦး ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကလည်း သူရှုံးတာကို လက်ခံကြောင်း နဲ့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောထားပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


စစ်တွေ၊ နိုဝင်ဘာ ၉

မင်းပြားနှင့် မြေပုံမြို့နယ် အမျိုးသားလွှတ်တော်မှ ပါဝင်ယှဉ်ပြိုင်သည့် ဦးအေးသာအောင်သည် အနိုင်ရရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ အခု နယ်တွေက တက်လာတဲ့ မဲတွေကို ရေတွက်မှုကို ကြည့်တဲ့ အခါ အပြတ်နိုင်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲကော်မရှင် အတည်ပြုချက်ကို စောင့်နေပါတယ်” ဟု ဦးအေးသာအောင်က နိရဉ္စရာသို့ ပြောဆိုသည်။

၎င်းပြင် မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ်များ တွင် ရခိုင်အမျိုးသားပါတီက အပြတ်အသတ် အနိုင်ရကြောင်း သူက ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews


စစ်တွေ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော်၊ ပြည်နယ် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အနိုင်ရရှိသွားကြောင်း ရခိုင်အမျိုးသားပါတီမှ ဂွမြို့နယ် အမျိုးသားလွှတ်တော်နေရာတွင် ပါဝင်ယှဉ်ပြိုင်သူ ဦးတင်ညိုက ပြောသည်။

“ ပြည်နယ် နှစ် နေရာ၊ ပြည်သူ့ လွှတ်တော် တစ်နေရာက NLD က အနိုင်ရရှိသွားပါတယ်။ အမျိုးသား လွှတ်တော်နေရာမှာလည်း ဂွမြို့နယ်မှာ ကျွန်တော်ရှုံးပါတယ်။ တောင်ကုတ်နဲ့ သံတွဲက ရေတွက်နေတုန်း ဖြစ်တဲ့ အတွက် ကျွန်တော်နေရာကတော့ မသိရပါဘူး။ ဂွမှာရှုံးနိမ့်ခဲ့တဲ့ အတွက် အခြေအနေလည်း သိပ်မကောင်းတော့ဘူးလို့ ပြောလို့ရပါတယ်” ဟု ဦးတင်ညိုက ပြောဆိုသည်။

ဂွမြို့နယ် ပြည်သူ့လွှတ်တော်တွင် ဦးမြင့်ဝေကလည်းကောင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) တွင် ဦးစိုးဝင်းကလည်းကောင်း၊ ပြည်နယ် လွှတ်တော် အမှတ်(၂) နေရာတွင် ဦးပုကလည်းကောင်း အနိုင်ရရှိသွားကြောင်း သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews


စစ်တွေ၊ နိုဝင်ဘာ ၉

ရသေ့တောင်မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် နှစ်နေရာ တွင် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိကြောင်း ပြည်နယ်လွှတ်တော် အမှတ် (၂) နေရာမှ ၀င်ရောက်ယှဉ်ပြိုင်သူ ဦးဦးသန်းနိုင်က ပြောသည်။

အမျိုးသားလွှတ်တော်တွင် ဦးခင်မောင်လတ်၊ ပြည်သူ့ လွှတ်တော်တွင် ဒေါ်ခင်စောဝေ၊ ပြည်နယ် လွှတ်တော် အမှတ် (၁) တွင် ဦးဖိုးမင်း၊ ပြည်နယ် လွှတ်တော် အမှတ် (၂) တွင် ဦးဦးသန်းနိုင်တို့ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင် မှ အနိုင်အရှုံး စာရင်းကို မထုတ်ပြန်သေးသော်လည်း ရပ်ကျေး ကော်မရှင်များ၏ ရရှိလာသော မဲစာရင်းများကို စုပေါင်း၍ အနိုင်ရရှိကြောင်း သူက ပြောသည်။

Arakan State
https://www.facebook.com/NarinjaraNews

အနိုင်ရ ပါတီ ကို အာဏာ လွှဲ မပေးတဲ့ ဖြစ်ရပ်မျိုးလို သမိုင်း တကျော့ ပြန်မလည် စေရဘူး ဆိုပြီး တော့လည်း ကတိပေး။ 
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ထုတ်ပြန်မယ့် အထွေထွေ ရွေးကောက်ပွဲ ရလာဒ် ကြေညာချက်ကို လိုက်နာကြ ဖို့ လိုတယ် ဆိုပြီး ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ထွက်ပေါ်လာမယ့် ရွေးကောက်ပွဲ ရလာဒ် ကနေ တဆင့် မြန်မာ နိုင်ငံ မှာ ခိုင်မာ တောင့်တင်း တဲ့ ဒီမိုကရေစီ စနစ် တစ်ရပ် တည်ဆောက် သွား နိုင်ဖို့ မျှော်လင့်တယ် ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် က ပြောပါတယ်။

ရွေးကောက်ပွဲနေ့ တုန်းက နေပြည်တော် မှာ မဲပေး အပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က သတင်း မီဒီယာ သမားတွေ ကို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အပြီး အနိုင်ရ ပါတီ ကို အာဏာ လွှဲ မပေးတဲ့ ဖြစ်ရပ်မျိုးလို သမိုင်း တကျော့ ပြန်မလည် စေရဘူး ဆိုပြီး တော့လည်း ကတိပေး ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရွေးကောက်ပွဲမှာ မဲပေးတဲ့ ရာခိုင်နှုန်းများနိုင်ပြီး ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိမယ်လို့ မဲဆန္ဒရှင် အများစုက မျှော်လင့်ထားကြောင်း မဇ္ဈိမက ဦးဆောင်ကောက်ခံထားတဲ့ စစ်တမ်းရလာဒ်အရ သိရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးမလားဆိုတဲ့ မေးခွန်းကို ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက မဲသွားပေးမယ်လို့ ဖြေပါတယ်။

မဲပေးဖို့ စိတ်အားထက်သန်ရတဲ့ အကြောင်းအရင်းတွေရဲ့ နောက်ကွယ်မှာတော့ ဘယ်လိုအကြောင်းအရာတွေရှိလဲဆိုတာလည်း စစ်တမ်းကောက်သူတွေက မေးမြန်းထားရာမှာ နိုင်ငံသားတာဝန် ကျေဖို့ မဲပေးသူ ၃၀%၊ အပြောင်းအလဲလုပ်ဖို့က ၂၇%၊ မဲတိုင်းပေးမှာမို့ ပေးရမယ်လို့ တွေးသူ ၁၆%၊ အစိုးရသစ်ရွေးချယ်ချင်လို့ ပေးသူ ၁၂%၊ ဒီမိုကရေစီအခွင့်အရေးကို အသုံးချဖို့ ပေးသူ ၂ရာခိုင်နှုန်း နဲ့ မိသားစုက တိုက်တွန်းလို့ ပေးသူနဲ့ အဂတိလိုက်စားမှု အဆုံးသတ်ရေးအတွက် ပေးသူ ၁%နှုန်းစီ ရှိပါတယ်။

စစ်တမ်းကို မဇ္ဈိမက ဦးဆောင်ခဲ့ပြီး မလေးရှားအခြေစိုက် Merdeka Center က နည်းပညာ အကြံဥာဏ်ပေးကာ MSRက အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံအနှံ့ ချင်းပြည်နယ်မှအပ ကျန်ပြည်နယ်နဲ့ တိုင်းတွေကို သွားရောက်ပြီး စစ်တမ်းကောက်ယူထားတာဖြစ်ပါတယ်။

- See more at: http://mizzimaburmese.com/article/7201#sthash.EsRx8POM.mjzZORFd.dpuf

ကိုကိုးကျွန်းမြို့နယ်တွင် ကြိုတင်မဲနှင့် မဲဆွယ်စည်းရုံးခွင့်မရရှိခဲ့တဲ့ တပ်တွင်းနယ်မြေများမှ မဲပေးသူတွေရဲ့ မဲတွေကြောင့် အတိုက်အခံပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အမတ်လောင်းအားလုံးရှုံးနိမ့်ခဲ့ပြီလို့ အဲဒီမြို့နယ်ပြည်သူလွှတ်တော် အမတ်လောင်း ဦးဝင်းမင်းက အတည်ပြုသည်။

"ရှုံးပေမယ့်၊ နိုင်တယ်၊ ဒီနေ့ရလာဒ်နဲ့ပက်သက်ပြီး အသိအမှတ်ပြုကြောင်း မဲရုံမှာဘာလက်မှတ်မှမထိုးခဲ့ဘူး။ ကြိုတင်မဲတွေရောက်ကတည်းက မဲရုံးမှူးကစပြီးအမှားတွေလုပ်တယ်။ ရောက်ရောက်ခြင်းစစ်ရမှာမစစ်ဘူး။ နောက်ပြီး ၈နာရီခွဲမှ လက်မှတ်ထိုးခိုင်းတယ်။ မဲလာပေးသူတွေကိုလည်း စစ်တပ်ကကားနဲ့လာပို့ပေးတယ်။" လို့ ၄င်းကဆိုသည်။

ကိုကိုးကျွန်းအခြေစိုက် တပ်မတော်စစ်စခန်းများမှပေးသည့် ကြိုတင်မဲ ၃၅၈မဲတွင်တွင် အများဆုံး ၆မဲသာ NLDရရှိပြီး၊ အနည်းဆုံး ၃မဲအထိပါဝင်သည်။


ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သော်လည်း ယင်းရလာဒ်များနှင့်ပက်သက်ပြီး ဥပဒေများနှင့်ညှိုစွန်းနေသဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးအထိ တင်ပြကာတရားစွဲဆိုသွားမည်ဟုလည်း သူကဆိုသည်။

NLD ပါတီက အနိုင်ရရှိသည့်ပြည်ခိုင်ဖြိုးပါတီအမတ်လောင်းကို ရွေးကောက်ပွဲဥပဒေ ၅၁ (ဂ) မှာတော့ ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိတဲ့ဒေသမှ၊ ကျော်လွန်၍သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ်၊ ရဲတပ်ဖွဲ့ဝင်များက ကြိုတင်မဲပေးလိုပါက ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည် ဆိုသည်။

၅၁ (ဇ)တွင် ကြိုတင်မဲပေးခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ ကိုယ်စားလှယ်၊ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်နှင့် ရွေးကောက်ပွဲလေ့လာသူတို့ ကြည့်ရှုနိုင်တယ်လို့ ပြဌာန်းထားပေမယ့် အဲဒီအချက်အလက်တွေနဲ့မကိုက်ညီလို့ ရွေးကောက် ပွဲကော်မရှင် ခုံရုံးသို့တင်သွင်း တရားစွဲ မည်ဟု ဦးဝင်းမင်းက ပြောသည်။

ကိုကိုးကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်မှာတော့ NLD က ဦးဝင်းမင်းနဲ့၊ ပြည်ခိုင်ဖြိုးက ကာချုပ်ရေ(ငြိမ်း) သူရဦးသက်ဆွေ တို့သာယှဉ်ပြိုင်ပြီး၊ တစ်ခြားတိုင်းလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင်လည်း အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ယင်းနှစ်ပါတီမှကိုယ်စားလှယ်များသာ ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ကိုကိုးကျွန်းမှ ပြည်ခိုင်ဖြိုးနှင့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်တို့ မဲရရှိမှုအခြေအနေ

မဲရုံအမှတ် ၁။

ကြိုတင်မဲပေးသူ -၂၈ဦး

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၂၅မဲ။ (အမျိုးသား)- ၂၄မဲ။ (တိုင်း ၁)- ၂၄မဲ။

NLD (ပြည်သူ့)- ၃မဲ။ (အမျိုးသား)- ၄မဲ။ (တိုင်း ၁)- ၃မဲ။ ပယ်မဲ ၁မဲ

ပုံးမဲ

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၂၄၉မဲ(ပယ်မဲ- ၂၁မဲ)။ (အမျိုးသား)- ၂၅၀မဲ(ပယ်မဲ-၁၆မဲ)။ (တိုင်း ၁)- ၂၅၁မဲ(ပယ်မဲ- ၁၁မဲ)။

NLD (ပြည်သူ့)- ၁၄၁မဲ။ (အမျိုးသား)- ၁၄၀မဲ။ (တိုင်း ၁)- ၁၄၉မဲ။

မဲရုံအမှတ် ၂။

ကြိုတင်မဲပေးသူ -၃၅၈ဦး

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၃၅၁မဲ။ (အမျိုးသား)- ၃၄၅မဲ(ပယ်မဲ- ၈မဲ)။ (တိုင်း ၁)- ၃၅၀မ(ပယ်မဲ- ၃မဲ)ဲ။

NLD (ပြည်သူ့)- ၆မဲ။ (အမျိုးသား)- ၅မဲ။ (တိုင်း ၁)- ၅မဲ။

ပုံးမဲ

ပြည်ခိုင်ဖြိုး (ပြည်သူ့)- ၅၈၆ မဲ(ပယ်မဲ- ၁၅မဲ)။ (အမျိုးသား)- ၅၈၃မဲ(ပယ်မဲ-၁၃မဲ)။ (တိုင်း ၁)- ၅၈၆မဲ(ပယ်မဲ- ၁၀မဲ)။ အခြားပါတီမှ ၂မဲရသည်။

NLD (ပြည်သူ့)- ၉၆မဲ။ (အမျိုးသား)- ၉၈မဲ။ (တိုင်း ၁)- ၉၈မဲ။

ကိုကိုးကျွန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၅၀၀ကျော်သာရှိပြီး မဲရုံအမှတ် ၁နှင့် ၂ နှစ်ခုသာရှိသည်။ ကြိုတင်မဲ ပေးရန်လျှောက်ထားသူ ၃၅၈ဦးရှိသော်လည်း ပြန်လည်ရောက်ရှိလာသည့်ကြိုတင်မဲတွင် မဲလက်မှတ် ၁စောင်မှ ၂စောင်အထိကွာခြားမှရှိနေသည်။
ယင်းအပြင် အရပ်သားများနေထိုင်သည့် နယ်မြေများသာ စည်းရုံးခွင့်ရခဲ့ပြီး တပ်အခြေစိုက် ကန့်သတ်နယ်မြေ ဟုဆိုသည့် နယ်မြေများကို အတိုက်အခံပါတီ NLD အမတ်လောင်းများ စည်းရုံးခွင့်မရရှိခဲ့ပေ။
Mizzima - News in Burmese

ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ စသည့် ဒေသများအပါအ၀င် မြို့နယ် ၁၈ ခုမှ မဲဆန္ဒနယ် ၅၆ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ အနိုင်ရရှိခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ အောင်နိုင်ရေးအဖွဲ့က ယနေ့ နံနက် ၄ နာရီတွင် အတည်ပြု ကြေညာခဲ့သည်။

“ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆန္ဒနယ်တခုမှာရှိတဲ့ မဲဆန္ဒရှင် စုစုပေါင်းရဲ့ တ၀က်ကျော် ထောက်ခံမဲရပြီဆိုတာနဲ့ ကျနော်တို့ကတော့ နိုင်ပြီလို့ ကြေညာပါတယ်။ စာရင်းအတိအကျကိုလည်း ကျနော်တို့ မနက်ပိုင်းမှာ မြို့နယ်တွေကနေ အသေးစိတ်တောင်းယူပြီး စာရင်းပြုစုထားမှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီး NLD ပါတီအောင်နိုင်ရေး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်မှ ပြောသည်။

NLD ပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၁၈ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၁ တွင် ၁၆ နေရာ၊ တိုင်းလွှတ်တော် အမှတ် ၂ တွင် ၁၇ နေရာနှင့် အမျိုးသားလွှတ်တော် ၅ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ NLD ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ ပုသိမ်၊ ငပုတော၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် NLD ပါတီ၏ တိုင်းလွှတ်တော် အမှတ် ၁ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ ဖြစ်ကြောင်း၊ တိုင်းလွှတ်တော်အမှတ် ၂ ကိုယ်စားလှယ်လောင်းများ အနိုင်ရရှိခဲ့သည့် မြို့နယ်များမှာ ငပုတော၊ ကန်ကြီးထောင့်၊ ရေကြည်၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ လပွတ္တာ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူ၊ မြန်အောင်၊ ကြံခင်း၊ ဖျာပုံ၊ ၀ါးခယ်မ၊ ကျုံပျော်၊ ဒေးဒရဲနှင့် ကျိုက်လတ်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

အနိုင်ရခဲ့သည့် အမျိုးသားလွှတ်တော်များမှာ အမျိုးသားလွှတ်တော် အမှတ် ၁ ၊ အမှတ် ၃၊ အမှတ် ၅၊ အမှတ် ၈ နှင့် အမှတ် ၁၀ တို့ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး NLD ပါတီအောင်နိုင်ရေးအဖွဲ့ထံမှ သိရသည်။

Eleven Media Group

တရားဝင် မဲရလဒ် မထွက်သေးပေမယ့် နေရာ အတော်များများမှာ NLD အနိုင်ရထား
၂၀၁၅ ရွေးကောက်ပွဲဟာ ယေဘူယျ အားဖြင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲ ကြိုတင်မဲ ယူရာမှာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတယ်လို့ ကြားသိရတဲ့အတွက် ဒီလုပ်ရပ်တွေအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲနေ့မှာပဲ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့နယ် ကျေးရွာတခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က အိမ်တိုင်းစေ့ ငွေတသိန်း ချေးပေးနေပြီး သူတို့ ပါတီ နိုင်ရင် ပြန်ဆပ်စရာ မလိုဘူးလို့ ပြောခဲ့တယ် ဆိုတဲ့ သတင်းကို ရနေကြောင်း၊ ဒီကိစ္စကို NLD က စုံစမ်း စစ်ဆေးနေပြီး ဒီသတင်းမှန်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေက သူတို့ နှစ်သက်တဲ့ ပါတီကိုပဲ မဲပေးကြဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ ရှိတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်နယ်က မြို့နယ် အတော်များများမှာ အမျိုးသား လွှတ်တော်မှာ ထည့်ရမယ့် မဲစာရွက်တွေကို တိုင်းရင်းသား ရေးရာ ဝန်ကြီး မဲပုံးမှာ မှားထည့်တာမျိုးလို အမှားအယွင်းတွေ တော်တော်များများ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ အပိုင်း၁ မဲရုံနံပတ် ၅မှာလည်း လိုက်ထရပ်ကား ၆စီးနဲ့ မြို့ဝင် မြို့ထွက်ဂိတ် ဝန်ထမ်း တရာလောက် အုပ်စုလိုက် မဲလာပေးတာကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက မသင်္ကာလို့ တားဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီးမှာ လူ ၆၀လောက်ကို မဲပေးခွင့် ရုတ်သိမ်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ကို စောင့်ကြည့်နေသူတွေကတော့ အုပ်စုလိုက် မဲလာပေးသူတွေဟာ ဒီနယ်မြေမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း တဦးနဲ့ ဆက်စပ်မှု ရှိနိုင်တယ် ဆိုပြီး စွပ်စွဲ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

အခုအခါ မဲရလဒ်တွေ စတင် ရေတွက်နေပြီ ဖြစ်ရာမှာ နောက်ဆုံး ရေတွက်ပြီးသွားတဲ့ မဲရလဒ်တွေအရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နေရာ အများအပြားမှာ အနိုင်ရထားတယ်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


 နိုဝင်ဘာ ၉ ရက် ၂၀၁၅ ၊ နံနက် ၀၁ ၀၀ နာရီ

 နိုဝင်ဘာ ၈ ရက် ၂၀၁၅ ပြန်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ကျင်းပသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သျှမ်းပြည်နယ်၌ ကျင်းပ သည့် မြို့နယ် ၄၀ ကျော် အနက် အတိုက်အခံပါတီများဖြစ်သည့် ခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီ SNLD နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် NLD က အပြတ်အသတ် အနိုင်ရဖွယ်ရှိသည်ဟု သိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ သိန္နီ၊ လားရှိုး၊ မိုင်းရယ်၊ နမ့်တူ၊ သီပေါ၊ ကျောက်မဲ၊ သျှမ်းပြည်တောင်ပိုင်း တွင် မိုင်းကိုင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးတို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အနိုင်ရဖွယ်ရှိကြောင်း တက်ကြွလှုပ်ရှားသူပါတီဝင်လူငယ်များကပြောသည်။

“သေခြာတာကတော့ မြောက်ပိုင်း ၅ မြို့နယ်၊ တောင်ပိုင်း ၅ မြို့နယ် ပေါ့။ တခြားတော့ ကြိုတင်မဲ ကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတယ်။ တချို့ဆိုလဲ ဖုန်းခေါ်တာ လုံးဝ မရသေးတော့ ဘာမှ မပြောနိုင်သေးဘူး” - ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က ပြောသည်။

နမ့်ခမ်းမြို့နယ် မှလွဲပြီး ကျားဖြူပါတီ အနိုင်ရမည့်သတင်းကိုမူ ယခုသတင်းရေးသားချိန်အထိမကြားရသေးပေ။

တောင်ကြီးခရိုင် မြို့နယ်အများအပြား၊ တာချီလိတ်ခရိုင် မြို့နယ် အများ အပြား၊ ကျိုင်းတုံခရိုင်မြို့နယ် အများအပြား နှင့် မိုင်းဆတ်ခရိုင်မြို့နယ် အချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရ ဖွယ်ရှိပြီး၊ ထိုအထဲမှ မြို့နယ်တချို့က အစိုးရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရဖွယ်ရှိနေပါသည်။

“ကျနော့်မြို့မှာ မြို့တွင်းဆို သေခြာတယ်။ ဒါပေမယ့် ၀ တပ်ဖွဲ့ ထိန်းချုပ်နယ် ထဲတော့ မပြောတတ်ဘူး။ ကြားထားတာတော့ NLD ကို ပဲ အားလုံးထည့်ပေး တယ်ပြောတယ်” - ဟု ကျားခေါင်းပါတီ ၏ မိုင်းတုံမြို့ နယ် ပြည်နယ် လွှတ်ေ တာ် အမှတ် ၂ အမတ်လည်းဖြစ် ပြိုင်ပွဲဝင် အမတ်လောင်းလဲ ဖြစ်သည့် စိုင်းဝင်းမြတ်ဦး ကပြောသည်။

သျှမ်းပြည်နယ်အတွင်းတွင် မြို့နယ် ၅၅ မြို့နယ် အနက် ၀ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသ ၅ မြို့နယ် နှင့် မိုင်းလားမြို့နယ်၊ လက်ရှိတိုက်ပွဲဖြစ် ပွားေ နသည့် ကျေးသီး၊ မိုင်းရှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပ ခွင့်မရခဲ့ပေ။

ထို့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၃ မြို့နယ် နှင့် ဓနု ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်တို့တွင် ဒေသခံတိုင်း ရင်း သား ပါတီများကသာ အားသာနေပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese



ဘော်လခဲမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အမှတ် ၉ တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် အနိုင်ရရှိသွားသည်။

နယ်ခြားစောင့်တပ် ကြိုတင်မဲအားလုံး အပါအဝင် မဲစာရင်း တစ်ထောင်ကျော်ဖြင့် အနိုင်ရှိထားသည်ဟု သိရသည်။

ကျန်သည့် လွှတ်တော်နေရာများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီမှ အနိုင်ရသွားသည်။

ဘောလခဲမြို့နယ်ပြည်သူ့လွှတ်တော်တွင် ဦးအေးမောင် ၊ အမျိုးသားလွှတ်တော် ၈ တွင် ဦးကျော်သန်း ၊ ပြည်နယ်လွှတ်တော် ၁ တွင် ဦးအေးရွှေ ၊ ပြည်နယ်လွှတ်တော်၂ တွင် ဦးစိုးရယ် တို့ ဖြစ်သည်။

Kantarawaddy Times
https://www.facebook.com/kantarawaddytimes

မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
 ဒီနေ့ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကရင်ပြည်နယ်နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြည်သူ အများအပြားဟာ မဲထည့်ခွင့်မရသူတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ဟာ ကုန်သွယ်စီးဆင်းရာမြို့ဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်က စီးပွားလာရှာသူတွေလည်း ရှိကြပါတယ်။ ဒါ့အပြင် နယ်စပ်မှာပဲ အခြေချနေထိုင်ကြသူတွေလည်း ရှိနေတာပါ။ နိုဝင်ဘာလ ၈ ရကနေ့ ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာတော့ ပြည်သူတွေဟာ ဆန္ဒမဲပေးကြဖို့ မဲရုံတွေဆီ သွားခဲ့ကြပေမယ့် သူတို့ မဲထည့်ခွင့်မရခဲ့ကြကြောင်း အခုလို ပြောပါတယ်။

မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
“တချို့ မဲထည့်တဲ့သူတွေကျတော့ တမိသားစုမှာ တစ်ယောက်တစ်လေလောက်ပဲ ထည့်ရတယ်။ တချို့လူတွေကျတော့ သန်းကောင်စာရင်းရှိရှိကြီးနဲ့ မထည့်ရဘူး။ မှတ်ပုံတင်စိစစ်ပြီးတော့ ထည့်ခွင့်မပြုဘူး။ ဥပမာ-အိမ်ခြေ ၁၀၀ ရှိရင် အိမ်ခြေ ၁၀၊ ၂၀ လောက်ပဲထည့်ရတယ်။ ကျန်တဲ့ ၇၀ လောက်က မထည့်ရဘူး။ အခု ကျနော်တို့ မြေနီကုန်းအပိုင်မှာပဲဖြစ်တယ်။ တရပ်ကွက်လုံးဖြစ်နေတာကတော့ အမှတ် (၄) တရပ်ကွက်လုံးဖြစ်တယ်။ အောင်မြေ…ဘက်မှာလည်း ဖြစ်တယ်။ ရပ်ကွက်တစ်ခုလုံးမှာ အပိုင် (၆) ခုလောက်ရှိတယ်။ အဲဒီ (၆) ခုထဲမှာ အမှတ် (၄) ရုံးတရုံးရှိတယ်။ အဲဒီရုံးတစ်ရုံးထဲမှာ သွားကြည့်တဲ့အခါကျတော့ နာမည်စာရင်းမတွေ့ဘူး။ မတွေ့တော့ နောက်တစ်ခေါက်သွားပြန်ရှာတယ်။ မတွေ့ဘူး။ အခု ရွေးကောက်ပွဲလုပ်တဲ့နေ့ကျပြန်တော့လည်း သန်းကောင်စာရင်းနဲ့ နာမည်စာရင်းသွားရှာတယ်။ မတွေ့ဘူး၊ သန်းကောင်စာရင်းနဲ့ မှတ်ပုံတင်နဲ့သွားတင်ပြတယ်၊ အဲဒါလည်း ထည့်ခွင့်မပြုဘူး၊ အဲလိုမျိုးဖြစ်နေတယ်။”

အခြားနယ်မြို့ကနေ လာရောက်အလုပ်လုပ်သူတစ်ဦးကတော့-

“ကျနော်တို့ မဲစာရင်းနာမည်မပါလို့ မဲထည့်ချင်တာ၊ ထည့်ခွင့်မရလ။ ကျနော် ဒီမှာ နေခဲ့တာ ကြာပြီ။ ကျနော်တို့နာမည်တွေမပါဘူး။ ကျနော် ရွာကို ဖုန်းလှမ်းဆက်ကြည့်တော့လည်း ရွာမှာလည်းမရှိဘူး၊ အဲလိုမျိုးဖြစ်နေတယ်။ အခု မဲရုံမှူးနဲ့ကျနော်သွားတွေ့တယ်၊ မဲရုံမှူးက အသစ်ထပ်လုပ်ပိုင်ခွင့်မရှိဘူး။ နာမည်ပါမှ ထည့်လို့ရမယ်-တဲ့။ အဲဒီလိုမျိုးပြောလို့ ကျနော်တို့ပြန်လာတယ်။ ကျနော်နာမည်သွားကြည့်ပါတယ်။ အမှတ် (၄) ရပ်ကွက်ထဲမှာ ကျနော့နာမည်မပါဘူး။ မပါလို့ လူကြီးတွေကို ကျနော် မှတ်ပုံတင်မိတ္တူနဲ့ စာရွက်တစ်စောင်နဲ့ ကျနော်ပေးလိုက်တယ်။ ဒါလည်း ထပ်မပါလာဘူး။ ဒီလို ဒီလို လိုတယ်၊ လိုအပ်တာကိုသွားပေးလိုက်ဆိုလို့ ကျနော်သွားပေးလိုက်တယ်။ ကျနော့်ဟာ မပါလာဘူး။ ဆန္ဒရှိတဲ့လူတွေက မထည့်ရတဲ့အတွက် မကျေနပ်လို့ ပြန်သွားတဲ့လူတွေရှိတယ်။ ပြောင်းလဲတာ မပြောင်းလဲတာတော့ ကျနော်တို့လည်း နားမလည်ဘူးပေါ့၊ နိုင်ငံရေးက ကျနော်တို့လည်း နားမလည်ဘူး၊ ကျနော်ကတော့ ပြည်သူတစ်ယောက်အနေနဲ့ ပုံစံကိုကြည့်တာပေါ့နော်၊ ……..”

အသက် (၆၀) ကျော်အရွယ် အဖိုးအိုတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အဘနာမည်ကတော့ ဦးသန်းရွှေလို့ခေါ်တာပေါ့နော်၊ ဦးသန်းရွှေတို့ ဒီရွာကိုစတည်တုန်းကတည်းက (၇) အိမ်၊ (၈) အိမ်ကတည်းက ရောက်နေတာပါ။ အဲဒီတုန်းကတည်းကပေါ့နော်- ဒီတံတားကြီးတောင် မလုပ်ရသေးဘူး၊ အိမ်ထောင်စုစာရင်းဆိုလည်း အဲဒီတုန်းကတည်းက (၁၅၀၀) ပေးပြီးလုပ်ထားရတာ၊ …အခါကျတော့လည်း အရင် (၅) ရက်လောက်ကတည်းက ကပ်ပြီ-သွားရှာဆိုတော့လည်း မတွေ့ဘူး။ မတွေ့လို့၊ တစ်ခါ၊ နှစ်ခါ၊ သုံးခါ ရှာလို့မတွေ့လို့ သွားပြောတဲ့အခါကျတော့ ဟိုလိုလို ဒီလိုလိုနဲ့ - အခုကျတော့ မဲကိုမထည့်ရဘူး။ မဲရုံကိုသွားတော့လည်း မထည့်ရဘူးဆိုလို့၊ အခု ဦသန်းရွှေတင်မဟုတ်ဘူး၊ အဲလိုတွေဖြစ်နေတာ အများကြီးရှိသေးတယ်။”

မြဝတီမြို့မှာ အနှစ် ၂၀ ကျော်နေထိုင်နေတဲ့ အသက် (၆၀) အရွယ် အဘွားတစ်ဦးကလည်း မဲထည့်ခွင့်ရခဲ့ပေမယ့် မဲပြား အပြည့်အစုံမရတဲ့အကြောင်း အခုလို ပြောပါတယ်။

“အကြီးက အသက် (၆၀) ရှိပြီ။ အကြီးက (၄) ပြား ရရမှာကို အကြီးကို (၃) ပြားပဲပေးတယ်။ အကြီးက မေးတယ်။ ‘ဟယ်၊ ၃ ပြားဆိုလို့ ရှိလို့ရှိရင် ငါက ၄ ပြားရရမှာလေ’-ဆိုတော့ သူကပြောတယ်၊ အဒေါ်က ဘာလူမျိုးလဲ-တဲ့။ ဟဲ့၊ ငါက - ငါ့ရုပ်က ဘာရုပ်ပေါက်နေလို့လဲ-လို့၊ ငါ ၄ ပြား ရရမှာပေါ့လို့ - ဆိုတော့ ဒီ …ထဲမှာလည်း မပါဘူး-တဲ့။ မပါတော့လည်း မထည့်ရရုံ၊ မထည့်ရရုံဆိုတော့ ငါ ထည့်ချင်တဲ့လူက ဒီအထဲမှာ ပါနေတယ်၊ ဘယ်လိုလုပ်မလဲလို့- နောက်ပြီးတော့ ဒီမှာ နေနေတာ ၁၈ - ၂၀ လောက်ဖြစ်နေပြီ။ အိမ်ထောင်စုစာရင်းတွေရော၊ မှတ်ပုံတင်တွေရော မပါလို့၊ အဲဒီဟာတွေယူပြီးတော့ သွားထည့်ဖို့သွားတဲ့ဟာကို လက်မခံဘူး။ နောက်တစ်ယောက်ကျတော့လည်း မှတ်ပုံတင်ပါသွားတယ်၊ သွားထည့်ဖို့သွားတဲ့ဟာကိုလေ- မရဘူး၊ ကြိုတင်ပြီးမပေးထားလို့-တဲ့။ အဲဒါ ကိုယ့်ရင်ထဲမှာ ကိုယ့်ဟာကိုယ်ထားပြီးတော့ တိတ်တိတ်ဆိတ်ဆိတ် ပြန်-တဲ့။ ညစ်ပတ်တယ်။ ဘာမဲလဲ။”

မြဝတီမြို့ မဲပေးမှုမြင်ကွင်း (ဓာတ်ပုံ-ဗွီအိုအေ)
မြဝတီမြို့ အမှတ် (၄) ရပ်ကွက်က ပြည်သူတစ်ဦးကတော့

“ဟာ- မဲမထည့်ရတော့ ဆန္ဒတောင်ပြမယ်လို့ လုပ်နေကုန်တာ။ တော်တော်များတာပေါ့ကွာ၊ မိသားစုလိုက်တွေ မထည့်ရလို့ လူတွေက အကုန်လုံး ပူညံပူညံတွေ ဖြစ်နေတာပေါ့။ အင်း….ရပ်ကွက်နဲ့ပြောမယ်ဆိုရင်တော့ တဝက်နီးနီးလောက်လို့ ပြောပါတော့ကွာ။”

မဲစာရင်းကို စတင်ကပ်ထားတဲ့အချိန်ကတည်းက မရှင်းမလင်းဖြစ်ခဲ့ရတယ်လို့ မြို့ခံတစ်ဦးကလည်း ဆိုပါတယ်။

“သူတို့က မဲစာရင်းကို ရှုပ်အောင်လုပ်ထားတာ၊ ရှုပ်အောင်လုပ်အောင်လုပ်ထားတော့ လူတွေက တခေါက်သွားကြည့်လည်းမတွေ့၊ နှစ်ခေါက်သွားကြည့်လည်းမတွေ့။ ဒီနေ့ဆိုရင် ခိုင်လုံသွားအောင်ဆိုပြီးတော့ သန်းကောင်စာရင်းတွေရော၊ မှတ်ပုံတင်တွေယူသွားတော့လည်း ခွင့်မပြု။ အဲဒါမျိုးတွေ ဖြစ်ကုန်တာ အကုန်လုံး။”

မဲထည့်ရမယ့်စာရင်းထဲမှာ ပါမပါ ကြည့်ရှုတဲ့အခါမှာလည်း အကြိမ်ကြိမ်သွားပြောရတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေအနေနဲ့ စိတ်ပျက်စရာတွေ ဖြစ်ခဲ့ရကြောင်း၊ ဒါပေမယ့် မဲထည့်ရမယ့်နေ့မှာတော့ သူတို့နာမည်တွေပါမယ်လို့ ယူဆတဲ့အတွက် မဲရုံကို သွားရောက်ခဲ့ပေမယ့် မဲပေးခွင့်မရတာတွေလည်းရှိတဲ့အကြောင်း ဒေသခံတွေက ပြောပြကြပါတယ်ရှင်။

တနိုင်ငံလုံး မဲဆန္ဒ နယ်မြေအသီးသီးက ရွေးကောက်ပွဲရလဒ်တွေကို နိုဝင်ဘာလ (၉) ရက်၊ တနင်္လာနေ့ကစပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသွားမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မနက် (၉) နာရီ၊ နေ့လည် (၁၂) နာရီ၊ ညနေ (၃) နာရီ၊ ညနေ (၆) နာရီ၊ ည (၉) နာရီနဲ့ ည (၁၁) နာရီတို့မှာ ရလဒ်တွေကို ကြေညာမယ်လို့ ကော်မရှင်က ပြောထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း နိုဝင်ဘာလ (၉) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ နေပြည်တော်မှာ နေ့စဉ် ညနေ (၄) နာရီတိုင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ကြေညာထားပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုဝင်ဘာ ၈ရက်၊ ည ၁၀နာရီ။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် အမှတ်(၂)တွင် ယနေ့ညနေ ၄နာရီကျော်မှစ၍ မဲဆန္ဒရှင်များ မဲပေး ထားသည့် ရလဒ်များကို ရေတွက်နေဆဲဖြစ်သော်လည်း ရပ်ကွက်၊ ကျေးရွာအတွင်းရှိ မဲရုံများတွင် ကြိုတင်မဲများ ရေတွက်ပြီးစီး သော်လည်း ဖားအံ မြို့နယ်ကော်မရှင်ရုံး၌ ၈နာရီကျော်အထိ ကြိုတင်မဲရေတွက်မှုမှာ မပြီးစီးသေးကြောင်း ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ – PSDP ၏ စောင့်ကြည့်ရေးကိုယ်စားလှယ်က ပြောသည်။

အဆိုပါကိုယ်စားလှယ် စဘီကျင်ဦးက “မြို့နယ်ကော်မရှင်ရုံးမှာတော့ ကြိုတင်မဲက ရေတွက်လို့ကို မကုန်သေးဘူး။ နိုင်ငံခြား ရောက် ကြိုတင်မဲတွေဖြစ်မလားပဲ။ ဒါပေမဲ့ ရလဒ်ကတော့ ခြင်္သေ့ချည်းပဲ။ ထူးခြားတာက မဲလက်မှတ်ပေါ်က လက်ရေးတွေက တူနေကြတယ်”ဟု ကေအိုင်စီသို့ ည ၈နာရီကျော်က ပြောသည်။

အလားတူ ဖားအံမြို့ မဲဆန္ဒနယ်အမှတ်(၂)ရှိ လှာကမြင်ကျေးရွာ၌မူ ကြိုတင်မဲနှင့် ပြည်သူ့လွှတ်တော်အတွက် မဲများကို ရေတွက် ပြီးသွားသော်လည်း အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း ထိုနေရာသို့ ကိုယ်တိုင်သွားရောက်သတင်းယူနေသူ ကေအိုင်စီသတင်းထောက် စောညွှန့်သောင်းက ပြောသည်။

“ဒီလှာကမြင်မှာ လက်ရှိ ရေတွက်ပြီးသလောက်အထိက ဖလုံ-စဝေါ်က အားကောင်းနေတယ်။ ကြိုတင်မဲကော၊ ဒီနေ့ပေးတဲ့ ပြည်သူ့လွှတ်တော်ကိုတော့ မဲရေပြီးသွားပြီ။ ဆက်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်ကို ဆက်ရေတွက်နေကြ တယ်။ ကြည့်ရတာ ညဥ့်နက်ပိုင်းအထိ ရောက်သွားနိုင်တယ်”ဟု ၎င်းက သတင်းပို့သည်။

သို့သော် ဖားအံမြို့၊ အမှတ်(၃) အထက်တန်းကျောင်းဝင်းအတွင်းရှိ မဲရုံ၌မူ ကြိုတင်မဲအပြင် ပြည်သူ့လွှတ်တော်မဲများ၌ အမျိုးသ သားဒီမိုကရေစီအဖွဲ့ချုပ်-NLD က မဲများနေကြောင်း စောင့်ကြည့်သတင်းယူနေသည့် ကေအိုင်စီသတင်းထောက်တစ်ဦးက ပြော သည်။

ဖားအံမြို့နယ်အနေဖြင့် လောလောဆယ် ခြုံငုံကြည့်လျှင် မဲအများစုမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဖြစ်နေသည်ဟု စောင့်ကြည့်လေ့လာနေသည့် အရပ်ဖက်အဖွဲ့များ၊ ပါတီကိုယ်စား လှယ်များနှင့် မီဒီယာသမားများက ပြောဆိုသည်။

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲများနေသည့် မြို့နယ်များမှာ မြ၀တီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များဖြစ် ကြောင်း ထိုဒေသတွင် သတင်းယူနေသည့် ကေအိုင်စီ နယ်မြေခံသတင်းထောက်များ၏ လက်ရှိ သတင်းပေးပို့ချက်အရ သိရသကဲ့သို့ ကြာအင်းဆိပ် ကြီးမြို့နယ်၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူ PSDP မှ စောတင်လှိုင်က အတည်ပြုပြောဆိုသည်။

ကော့ကရိတ်မြို့နယ် ကော်မရှင်ရုံးတွင် ည ၉နာရီအထိ ကြိုတင်မဲများကို ရေတွက်နေဆဲဖြစ်ပြီး များသောအားဖြင့် အမျိုးသား တိုး တက်ရေးပါတီက မဲများနေပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အနည်းငယ် မဲရရှိနေသော်လည်း မြို့ပေါ် ရပ်ကွက် ၇ခုအနက် ရေတွက်ပြီးစီး ထားသည့် ရပ်ကွက်(၁)မှ (၅)အထိတွင် NLD က မဲများနေသည်ဟု သိရသည်။

ကော့ကရိတ်သတင်းများ ရယူပေးနေသူ ကေအိုင်စီသတင်းထောက် ကဆောဝါးက “ကြိုတင်မဲတွေက ကော့ကရိတ်နဲ့ ကျုံဒိုး ဘက် စစ်တပ်တွေက ရောက်လာတဲ့မဲတွေ များတယ်။ ထူးခြားတာက တိုင်းရင်းသားပါတီက ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ လုံးဝ လာစောင့်ကြည့်မှု မရှိဘူး”ဟု ဆိုသည်။

သို့သော် မြ၀တီမြို့ပေါ်ရပ်ကွက်များ၌ မဲရုံ ၁၇ရုံရှိသည့်အနက် မဲရုံအများစုမှာ NLD သာ လုံးဝ မဲများနေကြောင်း မြို့ခံသတင်း ထောက်များနှင့် စောင့်ကြည့်လေ့လာသူများ၏ ပြောပြချက်အရ သိရသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးက ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုက ရေစီ အထွေထွေ ရွေးကောက်ပွဲတွင် လွှတ်တော်အ သီးသီးမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေး

ကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာမည့် မီဒီယာစင်တာဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၉ရက်နေ့၊ ၁၅း၀၀နာရီအချိန်တွင် ၎င်းတို့၏ရုံး၊ ရုံးအမှတ်(၂၂)၌ ပြုလုပ်သွားမည်ဟု ပုဂ္ဂလိက သတင်းစာ/ ဂျာနယ်နှင့် မီဒီယာများကို ယနေ့ နေ့စွဲဖြင့် ဖိတ်ကြားလိုက်သည်။

 ကေအိုင်စီ
http://kicnews.org


 နိုဝင်ဘာလ(၈) ရက်နေ့ ရက်နေ့မနက် (၆)နာရီမှစတင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရှားတောမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလကိုယ် စာလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြီုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအား (၆၆၂) မဲအသာဖြင့် NLD လွှတ်တော်ကိုယ်စာလှယ်လောင်း ဦအောင်ကျော်စိုး ကအနိုင်ရရှိသွားကြောင်း လက်ရှိ မဲစာရင်းများအရ သိရသည်။

လက်ရှိ ရှားတောမြို့နယ်တွင် မဲရုံပေါင်း(၉)ရုံရှိပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ရာတွင် NLD အမျိုးသားလွှတ်တော် ကိုယ်စာလှယ်လောင်း ဦးအောင်ကျော်စိုးက စုစုပေါင်း(၁၄၂၀)မဲရရှိပြီး တသီးပုဂ္ဂလကိုယ် စာလှယ်လောင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက (၇၅၈)မဲ ရရှိပြီး (၆၆၂)မဲကွာဖြင့် ဦးအောင်မင်းက ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ရှားတောမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)တွင် တသီးပုဂ္ဂလဖြစ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဌေးရယ်၊ လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ ဒေါ်ပိုးမြာ၊ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ဦးရောဘက်ညေးရယ် နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှဦးအောင်ကျော်စိုးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

မျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် NLD ကိုယ်စာလှယ်လောင်းက အနိုင်ရရှိနေသလို ပြည်သူ့လွှတ်တော် ၊ပြည်နယ်လွှတ်တော်တို့တွင်လည်း လက်ရှိအခြေနေအရ အနိုင်ရရှိနေကြောင်းသိရသည်။

ဆန်းဖြိုးထွန်း

Kantarawaddy Times
https://www.facebook.com/kantarawaddytimes


 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ နေရာအများစုမှာ အနိုင်ရနိုင်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ပြောပါတယ်။

အစိုးရဖွဲ့နိုင်ဖို့ဆိုရင် NLD ဟာ အနည်းဆုံး ၆၇ ရာခိုင်နှုန်း နိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

နယ်တွေဘက်က၊ ရွာတွေဘက်ကနေ ဆက်သွယ်ပြောလာတဲ့ သတင်းစကားတွေအရ ၈၀ ရာခိုင်နှုန်းလောက် နိုင်နေတယ်လို့ သိရကြောင်း ဦးဝင်းထိန်က ပြောပါတယ်။

အဲဒီလို နိုင်နေတယ်လို့ ပြောတဲ့အထဲမှာ လားရှိုး၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဥက္ကလာ၊ မရမ်းကုန်း မြို့နယ်တွေ ပါဝင်တယ်လို့ ရွေးကောက်ပွဲနေ့ ညဦးပိုင်းမှာ သူက ပြောပါတယ်။

တချို့နေရာတွေမှာ မဲမသမာမှုတွေရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း လက်ခံရရှိထားကြောင်းလည်း ဦးဝင်းထိန်က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ်မှာ ဒီကနေ့ နေ့လည်က တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ကြိုတင်မဲထုပ်တွေ ရောက်ရှိလာရာမှာ မဲကွာဟတာများနေတဲ့အတွက် နိုင်ငံရေးပါတီတွေက ကန့်ကွက်တာကြောင့် ကော်မရှင်က အဲဒီမဲထုပ်တွေကို ချိတ်ပိတ်လိုက်ပါတယ်။

တောင်ကြီးမြို့နယ် ကော်မရှင်ထံကို ရောက်လာတဲ့ ပြည်သူ့လွှတ်တော် ကြိုတင်မဲထုပ် နှစ်ခုပေါင်းမှာ မဲအရေအတွက် ၉၈၄ မဲရှိပြီး အဲဒီမဲတွေမှာ ပြည်ခိုင်ဖြိုးပါတီက ၉၄၄ ရရှိပြီး ပယ်မဲ၃၆ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၁ မဲ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂မဲ၊ ကျားဖြူ ပါတီက ၁ မဲသာ ရရှိတယ်လို့ ပါရှိတာဖြစ်ပါတယ်။

မဲအလွန်ကွာဟနေတာအပြင် ကြိုတင်မဲတွေကို ထည့်လာတဲ့ အိတ်ကိုကပ်ထားတဲ့ကော်က မခြောက်သေးတဲ့အတွက် ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ် ပအမဖ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLNDနဲ့ ကျားဖြူပါတီကိုယ်စားလှယ်တွေက လက်မှတ်ထိုးကန့်ကွက်ကြပါတယ်။

အဲဒီမဲတွေကို တောင်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။

Photo: Khun Yarar/RFA

RFA Burmese
https://www.facebook.com/RFA-Burmese

 eu-voters-620.JPG အီးယူ ဥရောပသမဂ္ဂ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က နိုဝင်ဘာလ ၈ ရက်နေ့က သတင်းထောက်တွေရဲ့ မေးမြန်းမှုတွေကို ဖြေကြားနေစဉ်

ဆန္ဒမဲတွေကိုရေတွက်တဲ့အချိန်မှာ ပွင့်လင်းမြင်သာမှုရှိရေးဟာ အရေးကြီးကြောင်း အီးယူ ဥရောပ သမဂ္ဂ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာနေတဲ့ အီးယူ အဖွဲ့ရဲ့ လေ့လာရေးလုပ်ငန်းတွေ အကြောင်းကို ဒီကနေ့ နေ့လည်က သတင်းမီဒီယာသမားတွေကို ရှင်းပြစဉ်မှာ မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာမှုရှိရမှာဖြစ်ကြောင်း Mr. Lambsdorff က အခုလို ပြောလိုက်တာပါ။

"ပွင့်လင်းမြင်သာမှုဆိုရာမှာ မိမိတို့ အီးယူလေ့လာစောင့်ကြည့်ရေးအဖွဲ့ဝင်တွေဟာ မဲရုံတွေမှာ မဲရေအတွက်တဲ့အချိန် စောင့်ကြည့်လေ့လာခွင့်ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီ အသီးသီးက ကိုယ်စားလှယ်တွေလည်း အဲဒီလို ရေတွက်တာကို စောင့်ကြည့်ခွင့်ရှိရမှာ ဖြစ်ပါတယ်"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေဟာ ပြည်သူတွေ မဲပေးတာနဲ့ မဲရေတွက်တာကို လေ့လာခွင့်ရရှိတာဖြစ်ပြီး အီးယူအဖွဲ့နဲ့ ကျန်တဲ့လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေ လည်း မဲရုံတွေမှာ စောင့်ကြည့်ခွင့်ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အီးယူလေ့လာစောင့်ကြည့်တဲ့အဖွဲ့ဟာ တပ်မတော်တပ်ရင်းတွေမှာရှိတဲ့ မဲရုံတွေကိုလည်း စောင့်ကြည့်ခွင့် ရတယ်လို့ ပြောပါတယ်။
RFA
http://www.rfa.org/burmese/news/eu-voters-election-11082015102755.html

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပုံးတွေ ဖွင့်ဖောက်နေတာကို တွေ့ရစဉ်။ Photo: Aung Kyaw Moe(NLD)
 ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမဲရုံကနေ သယ်ဆောင်လာတဲ့ မဲပုံးသုံးပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ရုံးအနီးက အဏ္ဏ၀ါဓာတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။

တွေ့ရှိချိန်မှာ မဲပုံး ၃ပုံးထဲက ပြည်သူ့လွှတ်တော်မဲပုံးကို ဖွင့်ထားပြီး မဲစာအိတ်တွေလည်း ပွင့်နေတယ်လို့ သိရပါတယ်။ အဲဒီမဲပုံးတွေထဲမှာပါရှိတဲ့ မဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူကူးတဲ့ဆိုင်တစ်ဆိုင်မှာ ကြိုတင်မဲလို့ ယူဆရတဲ့ မဲလက်မှတ်တွေကို ကော်နဲ့ကပ်နေတဲ့ ဗီဒီယိုဖိုင်ကို အာအက်ဖ်အေ က ကြည့်ရှုရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmeseရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အဏ္ဏဝါဓါတ်ပုံနဲ့ မိတ္တူဆိုင်မှာ နိုဝင်ဘာလ ၈ ရက်နေ့က မဲပုံးတွေ ဖွင့်ဖောက်နေတာကို တွေ့ရစဉ်။ Photo: Aung Kyaw Moe(NLD)
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမဲရုံကနေ သယ်ဆောင်လာတဲ့ မဲပုံးသုံးပုံးကို ရပ်ကျေးမဲရုံဝန်ထမ်းတွေက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးထံ မပို့ဘဲ ရုံးအနီးက အဏ္ဏ၀ါဓာတ်ပုံနဲ့ မိတ္တူဆိုင်မှာ ဖွင့်ဖောက်နေတဲ့အတွက် အန်အယ်လ်ဒီပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။

တွေ့ရှိချိန်မှာ မဲပုံး ၃ပုံးထဲက ပြည်သူ့လွှတ်တော်မဲပုံးကို ဖွင့်ထားပြီး မဲစာအိတ်တွေလည်း ပွင့်နေတယ်လို့ သိရပါတယ်။ အဲဒီမဲပုံးတွေထဲမှာပါရှိတဲ့ မဲလက်မှတ်တွေနဲ့ ပတ်သက်ပြီး မြို့နယ်ကော်မရှင်နဲ့ အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မနေ့ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့က မိတ္တူကူးတဲ့ဆိုင်တစ်ဆိုင်မှာ ကြိုတင်မဲလို့ ယူဆရတဲ့ မဲလက်မှတ်တွေကို ကော်နဲ့ကပ်နေတဲ့ ဗီဒီယိုဖိုင်ကို အာအက်ဖ်အေ က ကြည့်ရှုရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

[youtube src="MeSMiXMq5B8"/]
ကယားပြည်နယ် လွိုင်ကော်မြို့နယ် ကော်မရှင်အဖွဲခွဲရုံးကို ရောက်လာတဲ့ကြိုတင်မဲ ၅၀၀၀ နဲ့ပတ်သတ်ပြီး ဘယ်ကလာတဲ့မဲတွေမှန်းရှင်းရှင်းလင်းလင်းမသိရပဲမှုလအခြေခံမဲစာရင်းနဲ့ကိုက်ညီမှသာလက်ခံမယ်လို့ လွိုင်ကော်မြို့နယ် ဥက္ကဌဖြစ်သူဦးတင်မြင့်ကပြောပါတယ်။ဒီကြိုတင်မဲ၅၀၀၀နဲ့ပတ်သတ်ပြီး မြို့နယ်ကော်မရှင်ဘက်က ရှေ့တန်းထွက်တဲ့တပ်တွေနဲ့ပြည်ပကမဲတွေ ဖြစ်တယ်လို့ ဖြေကြားတယ်လို့ဦးတင်မြင့်ကဆိုပါတယ်
Eleven Media Group

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၀င်ပြိုင်သည့် လားရှိုးမဲဆန္ဒနယ်တွင် မဲပုံးများကို ကော်မရှင်ရုံးသို့ တိုက်ရိုက် သယ်မလာဘဲ ဓါတ်ပုံနှင့် မိတ္တူဆိုင်တွင် ဖွင့်ဖောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မဲပုံးများကို လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာမှ လားရှိုးမြို့နယ် ကော်မရှင်ရုံးသို့ သယ်ဆောင်လာစဉ် လမ်း၌ မိတ္တူဆိုင်တွင် ဖွင့်ဖောက်ခဲ့ခြင်း ဖြစ်ပါသည်။

“ကျွန်တော်က မြို့နယ်ကော်မရှင်ရုံးမှာ ကြိုတင်မဲတွေ ရေတွက်နေတာကို စောင့်နေတာပါ။ အဲ့ဒီ အချိန်မှာ
တစ်ယောက်က ကျွန်တော့်ကို လာခေါ်တော့ လိုက်သွားကြည့်တဲ့ အချိန်မှာ မဲပုံးတွေကို ဖွင့်ဖောက်ထားတာ ဒီလိုတွေ့ရတယ်။ သူတို့ ပြောတာကတော့ ည (၈) နာရီလောက်က ရောက်တယ်လို့ပြောတယ်။ ကျွန်တော် ရောက်သွားတဲ့ အချိန်က (၈) နာရီ (၁၅)မိနစ်လောက်မှာပါ” ဟု လားရှိုးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စားလှယ် အကူတစ်ဦးက ဆိုသည်။

“သူတို့က မိတ္တူကူးမလို့ အဖုံးကို ဖွင့်တယ်လို့ ပြောပါတယ်။ သူတို့က မဲပုံးကို သေချာ မပိတ်ခဲ့တာ။ မဲစာရင်းကတော့ ဟိုမှာ ထွက်လာပြီးသားလို့ ပြောတယ်။ ဘာကို မိတ္တူကူးမလို့လဲ ဆိုတာတော့ မသိဘူး။ သူတို့ လုပ်နည်းက နည်းစနစ် မကျတာပေါ့။ ဒီကိစ္စကို ညှိနှိုင်းရေး ကော်မရှင်နဲ့ ဆုံးဖြတ်မယ်လို့တော့ သိရတယ်” ရှမ်းးတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)မှ ဦးစိုင်းစံမင်းက ပြောကြားခဲ့ပါသည်။

ယခုဖြစ်စဉ်သည် ဒုတိယ သမ္မတတစ်ဦး ၀င်ပြိုင်သည့် မဲဆန္ဒနယ်တွင် ဖြစ်ပွားခြင်း ဖြစ်သဖြင့် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုများ နှင့်ပတ်သက်ပြီး ဝေဖန်စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည့်အပြင် ဥပဒေအရ စံနမူနာပြအနေဖြင့် ပြင်းထန်စွာ အရေးယူရမည့် ကိစ္စဖြစ်ကြောင်း သုံးသပ်မှုများ ရှိပါသည်။

Eleven Media Group

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် ဆက်လက်အောင်ပွဲခံနေ "
7Day News ရုပ်သံ

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးချုပ်ရှေ့တွင် ဆက်လက်အောင်ပွဲခံနေ "7Day News ရုပ်သံ

Posted by 7Day News Journal on Sunday, November 8, 2015

[youtube src="JBsYo4i90Xc"/]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာရွေးကောက်ပွဲရလဒ်ကိုအတူအောင်ပွဲခံရန် လာရောက်စုဝေးသူတွေ ဟာ နေ့လည်ပိုင်းကတည်းက တဖွဲဖွဲရောက်ရှိလာရာကနေညနေပိုင်းလောက်မှာလူရာချီများပြားခဲ့ပါတယ်။ဒါ့အပြင်အခုညပိုင်းမှာလည်းရွေးကောက်ပွဲရလဒ်ကိုအတူအောင်ပွဲခံရန်လာရောက်စုဝေးသူတွေ
ဆက်လက်ရှိ နေဆဲဖြစ်ပြီး အဖွဲ့ချုပ်ရုံးရှေ့မှာ အောင်နိုင်ရေးသီချင်းတွေကို သံပြိုင်သီဆိုခဲ့ကြပါတယ်။ လာရောက်သူတွေမှာ ကြည့်မြင်တိုင်၊ ဒဂုံမြောက်စတဲ့နေရာတွေမှာနေထိုင်သူတွေပါလာရောက်ခဲ့ကြတာဖြစ်ပါတယ်။

Eleven Media Group

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell မန္တလေးမြို့မှာ ရွေးကောက်ပွဲမဲပေးမှုအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅၊ ဓာတ်ပုံ - ရန်ကုန်အမေရိကန်သံရုံး)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell မန္တလေးမြို့မှာ ရွေးကောက်ပွဲမဲပေးမှုအခြေအနေ သွားရောက်ကြည့်ရှုစဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅၊ ဓာတ်ပုံ - ရန်ကုန်အမေရိကန်သံရုံး)



၁၉၉၀ နောက်ပိုင်း အပွင့်လင်းဆုံးနဲ့ အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲလို့ဆိုရမယ့် ဒီကနေ့ ကျင်းပတဲ့လွှတ်တော်ရွေးကောက်ပွဲတွေမှာတော့ နိုင်ငံတကာသံတမန်တွေ ရွေးကောက်ပွဲစောင့်ကြည့်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာလည်း ဒီကနေ့မှာ တောင်ကြီးနဲ့ မန္တလေးမြို့တို့က မဲရုံတွေကို သွားပြီးတော့ စောင့်ကြည့်ခဲ့ပါတယ်။ မန္တလေးကိုအရောက် အမေရိကန်သံအမတ်ကြီး Derek Mitchell က သတင်းထောက်တွေကို အခု ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုလို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

“အခု အချိန်ကတော့ တကယ်ကို ထူးခြားတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ဒီအခိုက်အတန့်က နိုင်ငံရေးသမားတွေအတွက် မဟုတ်ပါဘူး။ တချို့လူတွေက ရွေးကောက်ပွဲနေ့ဆိုတာ နိုင်ငံရေးသမားတွေအတွက်လို့ ထင်ကြပါတယ်။ အဲဒါ မဟုတ်ပါဘူး။ ဒါက ပြည်သူလူထုအတွက် ဖြစ်ပါတယ်။ ပြည်သူတွေဟာ ငါ့ရဲ့ဆန္ဒကို ထုတ်ဖော်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ ထွက်လာကြတာပါ။ နှစ်ပေါင်းများစွာ ဆယ်စုနှစ် ပေါင်းများစွာ မဲပေးခွင့်အတွက် ပြည်သူလူထု ရုန်းကန် ကြိုးစားခဲ့ကြသလို တချို့ဆိုရင် အသက်တောင် စွန့်ခဲ့ကြရပါတယ်။ မဲပေးခွင့်အတွက် ဒီမိုကရေစီရေးအတွက် လူပေါင်းများစွာ ထွက်လာ မဲပေးကြတာဟာဆိုရင် တကယ်ကို ထူးခြားလှပါတယ်။ လူထုရဲ့ အသံ၊ မဲပေးပြီးနောက်ပိုင်း မဲတွေ အားလုံးရေတွက်ပြီးနောက်မှာ ဘယ်လို ရလဒ်မျိုးပဲ ထွက်ပေါ်လာပါစေ လေးစားအသိအမှတ်ပြု ကြမှာပါ။”

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အစီအစဉ်နဲ့ မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ တစ်ခုချင်းစီကို စေလွှတ်ထားပါတယ်။ အမေရိကန်သံရုံးက နိုဝင်ဘာ ၈ ဖြစ်စဉ်တွေကို အနီးကပ်စောင့်ကြည့်လေ့လာနေမှာဖြစ်ပြီး လာမယ့် ဧပြီမှာ အစိုးရသစ်တစ်ရပ် နေရာယူတဲ့အထိ ဖြစ်စဉ်တစ်လျှောက် ဆက်လက်စောင့်ကြည့်သွားမှာ ဖြစ်ပါတယ်လို့လည်း သံအမတ်ကြီး ဒဲရက်ခ်မစ်ချဲလ်က အခုလို ပြောဆိုသွားပါတယ်။

“အမေရိကန် ပြည်ထောင်စုက မဲရုံတွေကို စောင့်ကြည့်တဲ့အဖွဲ့ပေါင်း ၂၃ ဖွဲ့ ပြည်နယ်တိုင်း၊ ဒေသတိုင်းမှာ ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ လေ့လာခဲ့တဲ့ မဲရုံတွေမှာ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်တဲ့ မတူကွဲပြားမှုကို ကိုယ်စားပြုတဲ့ အမျိုးသား၊ အမျိုးသမီးတွေ သူတို့ရဲ့ ဆန္ဒတွေကိုဖော်ထုတ်ခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ ဒါက ရွေးကောက်ပွဲနေ့အတွက် သိပ်ကို ထူးခြားတဲ့အဖြစ်အပျက်ပါ။ ဒါဟာ ရွေးကောက်ပွဲရဲ့ထူးခြားတဲ့၊ ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ လူတိုင်းဟာ တန်းတူအခွင့်အရေး ရှိတယ်၊ အများပြည်သူ အားလုံးရဲ့ဆန္ဒတွေကို ဖော်ထုတ်ခွင့် ရကြပါတယ်။ ဒီကနေ့မှာ အကြောင်းအမျိုးမျိုးကြောင့် မဲပေးခွင့်မရခဲ့သူတွေ ကိုယ့်ရဲ့ဆန္ဒတွေကို မထုတ်ဖော်နိုင်ခဲ့ကြသူတွေလည်း အနာဂတ်မှာ သူတို့ရဲ့ ဆန္ဒကိုအများနည်းတူ ထုတ်ဖော်နိုင်ကြမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအစီအစဉ် တစိတ်တပိုင်းအဖြစ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲဖြစ်သူ ခရစ္စတင်းဘောင်ဝါဟာ ရန်ကုန်တိုင်းဒေသကြီးက မဲရုံအချို့ကို သွားရောက် လေ့လာခဲ့တယ်လို့ အမေရိကန်သံရုံးက ပြောဆိုထားပါတယ်။

VOA
http://burmese.voanews.com/content/derek-mitchell-us-ambassador-to-myanmar-visits-around-mandalay-to-observe-voting-/3048802.html