11/11/15

ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် သုံးရပ်စလုံးတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေတွင် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၁၅၈၈၈ ဦးရှိပြီး မဲရုံပေါင်း ၁၁၃ ရုံရှိရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲရုံပေါင်း ၁၀၆ ရုံတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ မဲဆန္ဒနယ်မြေတွင် ၀င်ရောက်ယှဉ်ပြိုင်နေသည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှာ ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။ ယင်းသို့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒီပဲယင်းမဲဆန္ဒနယ် တစ်နယ်လုံး အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်အား မိမိရှုံးနိမ့်ကြောင်း ဖုန်းဆက်ပြောကြားခဲ့သည်ဟု သိရသည်။

ဒီပဲယင်းမြို့နယ် မဲဆန္ဒနယ်မြေအတွင်း မဲရလဒ်များမှာ

■ ပြည်သူ့လွှတ်တော်

NLD - ၆၁၄၇၂ မဲ
USDP - ၁၇၆၆၁ မဲ
NDP - ၄၃၅ မဲ
တစည - ၅၃၉ မဲ
တောင်သူလယ်သမားပါတီ - ၄၁၃ မဲ

■ အမျိုးသားလွှတ်တော်

NLD - ၆၃၂၁၂ မဲ
USDP - ၁၇၆၆၉ မဲ
NDP - ၆၈၅ မဲ

■ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)

NLD - ၃၅၆၃၉ မဲ
USDP - ၇၆၆၉ မဲ
တစည - ၂၉၂ မဲ
တောင်သူလယ်သမားပါတီ - ၂၈၅ မဲ
ပြည်သူ့ဒီမိုကရေစီပါတီ - ၁၈၄ မဲ

■ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)

NLD - ၂၇၃၈၈ မဲ
USDP - ၉၄၅၂ မဲ
တစည - ၃၁၃ မဲ

တို့ဖြစ်ကြောင်း သိရသည်။

Writer:
ဌေးလှအောင်
Eleven Media Group

 eu-observers-620.jpg ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် Alexander Lambsdorff ကိုတွေ့ရစဉ်

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မညီတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ဥရောပသမဂ္ဂ(အီးယူ)ရဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

အီးယူ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကို သတင်းမီဒီယာတွေကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ရှင်းပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီမှာ EU အဖွဲ့ခေါင်းဆောင် Alexander Lambsdorff က ကြိုတင်မဲနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မိမိတို့ အီးယူအဖွဲ့အနေနဲ့ လက်ရှိအချိန်အထိ စိုးရိမ်မကင်းဖြစ်နေရတာက မဲဆန္ဒနယ်မြေတွေပြင်ပမှာ နေထိုင် တဲ့ ကြိုတင်မဲတွေကိစ္စဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး တွေ့ရှိရတာက ကျွန်တော်တို့ ပြောနေတဲ့ ပွင့်လင်းမြင်သာမှု ရှိရမယ်ဆိုတာနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကို တွေ့ရပါတယ်။ မဲဆန္ဒနယ်မြေအတွင်းက ကြိုတင်မဲပေးသူတွေရဲ့ မဲတွေကိုင်တွယ်ရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဆောင်ရွက်တာကို တွေ့ရပါတယ်”

ဒါ့အပြင် မဲဆန္ဒနယ်မြေတွေ အပြင်မှာနေထိုင်သူတွေပေးတဲ့ ကြိုတင်မဲ စာရင်းတွေ အတိအကျကိုလည်း မသိရဘူးလို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံတွေကို အချိန်မှန်မှန်ဖွင့်နိုင်ခဲ့တဲ့အပြင် မဲရုံမှာ တာဝန်ရှိသူတွေက အချိန်ပြည့်ရှိနေတာကြောင့် မဲရုံတွေနဲ့ မဲပေးတာဟာ ၉၅ ရာခိုင်နှုန်းအထိ ကောင်းမွန်တယ် လို့လည်း ပြောပါတယ်။ ရွေးကောက်ပွဲကို အီးယူအဖွဲ့က လေ့လာသူ ၁၅ဝ လောက်နဲ့ မဲရုံပေါင်း ၅ဝဝ ကျော် ကို လေ့လာစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/eu-observers-election-press-11102015124052.html

 nld-candidates-620.jpg နိုဝင်ဘာလ ၁ဝ ရက်နေ့လည် ညနေ ၆ နာရီ နာရီထိ UEC ကထုတ်ပြန်တဲ့ အနိုင်ရပါတီစာရင်းပြ ပုံစံ

ဒီကနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စာရင်းကို ထုတ်ပြန်ရာမှာ NLD က ၂၉ ဦး ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၂ ယောက် ဦး ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၁ ဦး၊ တသီးပုဂ္ဂကိုယ်စားလှယ်လောင်း အဖြစ် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ( ၉ ) ကနေ ယှဉ်ပြိုင်တဲ့လက်ရှိပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းလည်း အနိုင်ရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၇၈ ဦး နဲ့ ဦးဆောင်နေပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် ၁၄၂ ဦး ရရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ကိုယ်စားလှယ် ၅ ဦး ရရှိနေတာဖြစ်ပါတယ်။

တခြား အနိုင်ရပါတီတွေကတော့

- ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦး နဲ့ ပြည်နယ်လွှတ်တော်မှာ ၄ ဦး

- ၀ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ရှမ်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၂ ဦး

- ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ကချင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂ ဦး

- မွန်အမျိုးသားပါတီက မွန်ပြည်နယ်ကိုယ်စားလှယ် ၁ ဦး ၊

- ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး နဲ့ ချင်းပြည်နယ် အတွက် ကိုယ်စားလှယ် ၁ ဦး တို့အသီးသီးအနိုင်ရနေတာဖြစ်ပါတယ်။

ဒီစာရင်းဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့စာရင်းဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/nld-candidates-249peoples-11102015133636.html


 နိုဝင်ဘာလ ၁ဝ ရက်နေ့ ည ၉ နာရီအထိ RFA ကရရှိထားတဲ့ ကချင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲရလဒ်တွေဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မဲဆန္ဒနယ်တွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်များမှာ -

ပြည်သူ့လွှတ်တော် - ဒေါ်စန်းစန်းအိ ( NLD ) - ၅ဝ၄၁ဝ မဲ

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ( ၆ ) - ဦးမင်းဆွေနိုင် ( NLD ) - ၂၇၈၂၈ မဲ

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ( ၇ ) - ဦးဝင်းဇော် ( NLD ) - ၂ဝ၁ဝ၈ မဲ

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ( ၁ ) - ဦးတင်အေး ( NLD ) - ၂၈၂၃၂ မဲ

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ ( ၂ ) - ဦးကျော်ကျော်ဝင်း ( NLD ) - ၂ဝဝ၅၆

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများမှာ -
ပြည်သူ့လွှတ်တော် - ဦးဝင်းနိုင် ( NLD ) - ၂၄၀၄၈ မဲ

အမျိုးသားလွှတ်တော် - ဒေါက်တာခင်မကြီး ( NLD ) - ၂၅၅၈၀ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးဝေလင်း ( NLD ) - ၉၈၂၈ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဒေါ်မြသွေးစံ ( NLD ) - ၁၃၈၁၄ မဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများမှာ -
ပြည်သူ့လွှတ်တော် - ဦးအင်ထုံခါနော်ဆန် ( NLD ) - ၄၈၉၆၈ မဲ

အမျိုးသားလွှတ်တော် - ဒေါ်ရှီလာနာတောင် ( NLD ) - ၄၉၈၈၂ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဒေါက်တာခက်အောင် ( NLD ) - ၂၅၄၆၃ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးနေဝင်း ( NLD ) - ၂၀၈၀၅ မဲ

ကချင်ပြည်နယ် ဗန်မော်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများမှာ -

ပြည်သူ့လွှတ်တော် - ဦးအောင်သိန်း ( NLD ) - ၂၉၀၄၂ မဲ

အမျိုးသားလွှတ်တော် - ဦးသိန်းလွင် ( NLD ) - ၃၁၀၆၅ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးဇော်သင်း ( ခ ) ဦးအောင်သင်း ( NLD ) - ၁၅၉၈၃ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးထွန်းတင် - ၁၁၆၈၄ မဲ

ကချင်ပြည်နယ် ရွှေကူမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများ -

ပြည်သူ့လွှတ်တော် - ဦးဇာနည်မင်း ( NLD ) - ၂၂၀၅၄ မဲ

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ ( မန်စီ+ရွှေကူ ) - ဦးနိုင်ကိုကို ( NLD ) - ၃၀၉၀၂ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးတင်ဦးယု - ၁၀၇၉၇ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးမြသိန်း - ၁၁၆၇၂ မဲ

ကချင်ပြည်နယ် မန်စီမြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်လောင်းများ -

ပြည်သူ့လွှတ်တော် - ဦးချင်းဖေလင်း ( NLD ) - ၆၆၉၇ မဲ

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၁၂ ( မန်စီ+ရွှေကူ ) - ဦးနိုင်ကိုကို ( NLD ) - ၃၀၉၀၂ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးမင်းမင်း ( NLD ) ၄၄၄၆ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးအေးမင်း ( ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် - SNLD ) - ၄၁၄၁ မဲ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးဝင်းအောင် ( NLD ) ၈၆၃၁ မဲ

အမျိုးသားလွှတ်တော် - ဒေါက်တာခွန်ဝင်းသောင်း ( NLD ) ၉၉၈၅ မဲ

ပြည်နယ်လွှတ်တော် ၁ - ဦးနေဝင်း ( NLD ) ၂၅၈၄ မဲ

ပြည်နယ်လွှတ်တော် ၂ - ဦးစိုင်းအောင်လတ် ( NLD ) ၅၆၈၄ မဲ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးလဂမ်ဇယ်ဂျုံး ( NLD ) - ၁၁၉၈၇ မဲ

အမျိုးသားလွှတ်တော် ဦးဇယ်ခေါင် ( NLD ) - ၁၂၃၅၃ မဲ

ပြည်နယ်လွှတ်တော် ၁ - ဦးဝင်းညွှန့် ( NLD ) - ၆၀၃၆ မဲ

ပြည်နယ်လွှတ်တော် ၂ - ဦးနော်လီ (ခ) ဦးဇခေါင်ခမ်းရယ် ( NLD ) - ၅၄၉၁ မဲ


ကချင်ပြည်နယ် တနိုင်းမြို့နယ်မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးလင်းလင်းဦး ( NLD )

အမျိုးသားလွှတ်တော် - ဦးနောင်နဂျာတန် ( NLD)

ပြည်နယ်လွှတ်တော် ၁ - ဦးလဂျွန်ငန်ဆိုင်း ( USDP ) လက်ရှိကချင်ပြည်နယ်ဝန်ကြီးချုပ်

ပြည်နယ်လွှတ်တော် ၂ - ဦးဇော်ဝင်း ( NLD )

ကချင်ပြည်နယ် မချမ်းဘော့မြို့နယ်မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးနန်မွန်ထင် ( USDP )

အမျိုးသားလွှတ်တော် - မသိရသေး

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးရာဝမ်ဂျုံး ( USDP ) လက်ရှိကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးဆွမ်ဒူနော်အောင် ( USDP )

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးတင့်စိုး ( NLD )

အမျိုးသားလွှတ်တော် - ဦးခင်မောင်မြင့် ( NLD )

ပြည်နယ်လွှတ်တော် ( ၁ ) - ဦး H လအောင် ( NLD )

ပြည်နယ်လွှတ်တော် ( ၂ ) - ဦးလဆိုင်း ( NLD )

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးလမာနော်အောင် ( ကချင်ပြည်နယ်ဒီမိုကရေစီပါတီ - KSDP ) - ၄၃၉ မဲ

ပြည်နယ်လွှတ်တော် ( ၁ ) - ဦးဇော်မိုးနော် ( ကချင်ပြည်နယ်ဒီမိုကရေစီပါတီ - KSDP ) - ၂၁၃ မဲ

ပြည်နယ်လွှတ်တော် ( ၂ ) - ဒေါ်ဂျာဆိုင်းခေါန် ( ကချင်ပြည်နယ်ဒီမိုကရေစီပါတီ - KSDP ) - ၂၀၃ မဲ

ကချင်ပြည်နယ် ချီဖွေမြို့နယ်မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ -

ပြည်သူ့လွှတ်တော် - ဦးဇုန်းတိန့် ( USDP )

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၅ ( ချီဖွေ+ဆော့လော်+အင်ဂျန်းယန် ) - ဦးဇခုန်တိန့်ယိန်း ( တစ်သီးပုဂ္ဂလ ) မှတ်ချက် - ရှေ့ပြေးတယ်လီဖုန်းသတင်းအတည်ပြုချက်မရသေး
ပြည်နယ်လွှတ်တော် ( ၁ ) - ဦးဘီထောဇောင်း ( USDP - လက်ရှိကချင်ပြည်နယ် စိုက်ပျိုးရေးနဲ့ မွေးမြူရေးဝန်ကြီး )

ပြည်နယ်လွှတ်တာ် ( ၂ ) - ဦးဇခုန်ယိမ်းဆောင် ( စည်းလုံညီညွှတ်ရေးနဲ့ ဒီမိုကရေစီပါတီ - လက်ရှိပြည်နယ်လွှတ်တော်ကိုယ်စားလှယ် )

ကချင်ပြည်နယ် ဆော့လော်မြို့နယ် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရရှိသူများ - ( မှတ်ချက် - ရှေ့ပြေးတယ်လီဖုန်းသတင်း အတည်ပြုချက်မရသေး )

ပြည်သူ့လွှတ်တော် - ဦးဟန်းဂေါင်းဇောင်းခေါင် ( USDP - လက်ရှိပြည်သူ့လွှတ်တော် ကိုယ်စားလှယ် )

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်မြေ ၅ ( ချီဖွေ+ဆော့လော်+အင်ဂျန်းယန် ) - ဦးဇခုန်တိန့်ယိန်း ( တစ်သီးပုဂ္ဂလ ) မှတ်ချက် - ရှေ့ပြေးတယ်လီဖုန်းသတင်းအတည်ပြုချက်မရသေး

ပြည်နယ်လွှတ်တော် ( ၁ ) - ဒေါ်လွမ်းလမ့် ( USDP )

ပြည်နယ်လွှတ်တော် ( ၂ ) - မသိရသေး

ပူတာအိုခရိုင်အတွင်းက မြို့နယ် ၅ မြို့နယ်မှာ RFA ကရှေ့ပြေးရရှိထားတဲ့ သတင်းတွေအရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အများစုအနိုင်ရထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ ရွေးကောက်ပွဲ ရလဒ် မဲစာရင်းတွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဒီနေ့ည ၁ဝ နာရီလောက်မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

 ကော်မရှင်ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် အမှတ်(၁) မဲဆန္ဒနယ်အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ ၃ ခုကို ရခိုင်အမျိုးသားပါတီက အနိုင်ရရှိခဲ့ပါတယ်။

ကျန်တဲ့ ပြည်နယ်လွှတ်တော် အမှတ်(၂) မဲဆန္ဒနယ်အတွကို တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်ဇော်ဦးက အနိုင်ရရှိခဲ့ပါတယ်။

စစ်တွေမြို့နယ် မဲရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်

==========
ရခိုင်အမျိုးသားပါတီ - ၄၄၀၂၇
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ - ၁၆၈၁၆

အမျိုးသားလွှတ်တော်
===========
ရခိုင်အမျိုးသားပါတီ - ၄၅၀၈၇
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ - ၁၄၁၉၈

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁)
======================
ရခိုင်အမျိုးသားပါတီ - ၂၁၈၀၉
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ - ၇၆၄၂

ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)
======================
တစ်သီးပုဂ္ဂလ - ၁၃၄၃၈
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ - ၉၁၉၅

ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်
=====================
ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ - ၂၄
ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ - ၁၄

RFA Burmese
https://www.facebook.com/RFA-Burmese

လားရှိုးမှာ ဦးစိုင်းမောက်ခမ်း နိုင်တယ်လို့ မြို့နယ် ကော်မရှင်ပေး
 တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေက ပေးတဲ့ ကြိုတင်မဲတွေနဲ့ ပတ်သက်ပြီး အငြင်းပွား နေတဲ့လားရှိုးမြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အနိုင်ရရှိသွားပါတယ်။

ကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကိုပေးထားတဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေက ပေးပို့လာတဲ့ ကြိုတင်မဲ တွေနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၉ ရက်နေ့က ကန့်ကွက်ထားတဲ့ NLD ပါတီနဲ့ကျားခေါင်းပါတီက ကိုယ်စားလှယ်တွေက နောက်တစ်နေ့ ၁၀ ရက်နေ့မှာ လားရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ် တွေကို သဘောတူ ကြောင်း လက်မှတ်ရေးထိုး ခဲ့ပါတယ်

ရှမ်းပြည်နယ်မြောက်ပိုင်း NLD ပါတီ ဥက္ကဌ ဦးစိုင်းမြင့်မောင်ကတော့ မလျော်ကန်တဲ့ နည်းလမ်းနဲ့ ရတယ်ဆိုတဲ့မဲ အရေအတွက်က ၂၇၀၀ ပဲ ရှိတာကြောင့် ဒီမဲတွေ မပါလည်း ဦးစိုင်းမောက်ခမ်းက နိုင်ပြီးသား ဖြစ်နေလို့ သူတို့လက်ခံလိုက်တာလို့ ပြောပါတယ်။

ဒါပေမဲ့ မနိုင်မှာ စိုးလို့ ကြိုတင် ကာထားတဲ့ ပုံစံ ဆောင်ရွက်ချက်ကိုသာ သူတို့ မကျေနပ်တာလို့လည်း ဦးစိုင်းမြင့်မောင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့မဲရလဒ် အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ ကြံခိုင်ဖွံဖြိုးရေး ပါတီက ၃ သောင်းကျော်ရရှိပြီး NLD ပါတီက ၂ သောင်း ၆ ထောင်ကျော်နဲ့ ကျားခေါင်း ပါတီက ၁ သောင်း ၇ ထောင်ကျော် ရှိတာ တွေ့ရ ပါတယ်။

ဒါကြောင့် NLD နဲ့ကျားခေါင်းပါတီက ကန့်ကွက်ထားတဲ့ ကြိုတင်မဲ ၃၈၀၀ ကျော်ပယ်ခဲ့ရင်တောင် NLD ပါတီ အနေနဲ့ လားရှိုးမြို့နယ် မှာတော့ ကြံခိုင် ဖွံဖြိုးရေးပါတီကို အနိုင်ရမှာ မဟုတ်ပါဘူး။

လားရှိုး မြို့နယ်မှာ NLD ပါတီက ကြံခိုင်ဖွံဖြိုးရေး ပါတီကို ရှုံးပေမဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ မှာတော့ NLD ပါတီက အနိုင်ရရှိပြီး အမျိုးသား လွှတ်တော် မဲဆန္ဒ နယ်မှာ ကျားခေါင်း ပါတီက အနိုင်ရဖွယ် ရှိတယ်လို့ ကျားခေါင်း ပါတီ ကိုယ်စားလှယ်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဟင်္သာတ မြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦး ရှုံးနိမ့်သွား
 ဟင်္သာတမြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ် လောင်းတွေရဲ့ မဲရလဒ်တွေကို နိုဝင်ဘာလ ၁၀ရက်နေ့က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကနေ အတည်ပြု ထုတ်ပြန် ကြေညာခဲ့ရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးဟာ သူဝင်ပြိုင်တဲ့ ပြည်သူ့ လွှတ်တော်နေရာမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးခင်မောင်ရီကို ထောက်ခံမဲ (၅)သောင်းလောက် လျော့ ရခဲ့ပြီး ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဦးဌေးဦးဟာ နဂိုက ပါတီ အထွေထွေ အတွင်းရေးမှူး ဖြစ်သလို ရွေးကောက်ပွဲမှာလည်း သူ့ရဲ့ ဇာတိဖြစ်တဲ့ ဟင်္သာတမှာ ငွေတွေ အများကြီးသုံးပြီး မဲဆွယ်ခဲ့တဲ့ကြားက ရှုံးတယ် ဆိုတော့ သူ့အတွက်ရော ပါတီအတွက်ပါ အတော်လေး အထိနာတယ်လို့ ဆိုရမှာပါ။

အခု ကိုယ်စားလှယ်လောင်းတွေရဲ့ ရွေးကောက်ပွဲ အနိုင် အရှုံး မဲရလဒ် ကို လက်ခံ အတည်ပြုတယ် ဆိုတဲ့ ပုံစံ (၁၉) မှာ လက်မှတ်ရေးထိုးတဲ့ ပွဲကို ဦးဌေးဦး ကိုယ်တိုင် မလာရောက်ခဲ့ပါဘူး။

အလားတူ ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ကြတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ကိုယ်စားလှယ် လောင်းတွေလည်း ကိုယ်တိုင် မလာရောက်ကြပဲ သူတို့ကိုယ်စား ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ မြို့နယ်ကော်မတီဝင် ဦးဌေးဝင်း က ပုံစံ (၁၉)မှာ လက်မှတ်ထိုးပေးခဲ့ပါတယ်။

ဦးဌေးဦးကတော့ တကယ်တမ်းမှာ တရားဝင် မဲရလဒ် ထွက်မလာခင်ကတည်းက သူရှုံးပြီ ဆိုတာကို ဝန်ခံ ပြောခဲ့ပါတယ်။ ဟင်္သာတမြို့ တစ်ခုတည်း မဟုတ်ပဲ မြို့နယ် (၆)မြို့နယ်ပါတဲ့ ဟင်္သာတ ခရိုင်တစ်ခုလုံးမှာပါ ရှုံးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာမှာ ဦးဌေးဦးကို အနိုင်ရခဲ့တဲ့ NLD က ဦးခင်မောင်ရီဟာ ဟင်္သာတမြို့ ဇာတိဖြစ်ပြီး အထက်တန်းပြ ကျောင်းဆရာဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။

ဟင်္သာတခရိုင် မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်တဲ့ ဒုတိယ လည်ယာနဲ့ ဆယ်မြောင်း ဝန်ကြီး ဦးအုန်းသန်းဟာ NLD ကို မဲ (၆)သောင်းလောက် နည်းပြီး ရှုံးခဲ့သလို ကျန်တဲ့ တိုင်းဒေသကြီး နေရာ(၂)ခုမှာလည်း ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက မဲ(၂)သောင်းလောက် နည်းပြီး ရှုံးခဲ့ပါတယ်။

ဧရာဝတီတိုင်းရဲ့ မြို့နယ်ပေါင်း (၂၆)မြို့နယ်က မြို့နယ် တော်တော်များမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြင် အစိုးရ ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ၊ တိုင်းဒေသကြီး ဝန်ကြီးတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရဖို့ကိုလည်း ပါတီက အစောပိုင်းက အတော်လေး မျှော်လင့်ခဲ့တာပါ။

တကယ်တမ်း မဲရလဒ်တွေ ထွက်လာတဲ့အခါမှာတော့ မြို့နယ်တိုင်းလိုလိုမှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဘက်က ရှုံးတယ်ဆိုပြီး NLD က ပြောပါတယ်။

ဒါပေမယ့် မဲဘယ်လောက်နဲ့ နိုင်ခဲ့တာလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

NLDကတော့ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပေမယ့် သူတို့ပါတီရဲ့ မူဝါဒတွေအတိုင်း ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာကတော့ အလုပ်နဲ့ သက်သေပြရဦးမယ့် အခြေအနေမျိုးရှိပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အောင်ပွဲခံနေစဉ်။ 
 ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ အနိုင်ရသူတွေ ကို ကြေညာနေတာမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရရှိနေပါတယ်။ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက အခုအချိန်ထိ အနိုင်ရသူ တစ်ဒါဇင်လောက်ဘဲ ရှိနေသေးတာပါ။ ရွေးကောက်ပွဲ အနိုင်ရသူတွေကို ကြေညာနေတာမှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အကြီးအကဲတွေ ဗိုလ်ချုပ်ကြီးတွေ ၀င်ရောက် ယှဉ်ပြိုင်ကြတဲ့ နေရာတွေကိုတော့ မကြေညာနိုင်သေးတဲ့ အပေါ်မှာလည်း မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။မသိင်္ဂီထိုက် စုစည်း တင်ပြထားပါတယ်။

ဒီကနေ့ ညနေ ၃ နာရီ အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာပေးနေတဲ့ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ် စာရင်းမှာတော့ ပြည်သူ့လွှတ်တော် အမတ်နေရာ ၈၈ နေရာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၇၈ နေရာ အနိုင်ရထားပါတယ်။ လက်ရှိ အာဏာရယူ ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၅ နေရာပဲ အနိုင်ရနေတာပါ။ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်အမတ်နေရာ ၁၆၅ နေရာ ကြေညာထားတဲ့ အထဲမှာ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ၁၄၃ နေရာ အနိုင်ရပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ ၁၂ နေရာ အနိုင်ရထား ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်အမတ် နေရာ ၁၅ နေရာကိုတော့ တခြား ပါတီတွေက အနိုင်ရသွားပါတယ်။

အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို ကြေညာပြီး ၄၅ ရက် အတွင်းမှာ လွှတ်တော်အမတ် ကန့်ကွက်လွှာတွေ တင်ပြီး ကန့်ကွက်နိုင်ပေမယ့် အခုအချိန်ထိတော့ ကန့်ကွက်လွှာတွေ မရှိသေးတဲ့ အကြောင်းလည်း ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တာဝန်ရှိသူက အခုလို ပြောဆိုခဲ့ပါတယ်။

“ ခုနက ကျနော်တို့ ခုံအဖွဲ့နဲ့ ဖွဲ့ပြီး စစ်ဆေးတယ် ဆိုတာက ကျနော်တို့က ကန့်ကွက်လွှာ။ ကျနော်ပြောခဲ့တဲ့ ခုနက ခုံဖွဲ့ဖွဲ့တယ် ဆိုတာက ကန့်ကွက်လွှာတွေ  ငွေကျပ် သုံးသိန်းပေးပြီးတော့ တင်ပြလာတဲ့ ကန့်ကွက်လွှာတွေကို ကျနော်တို့ စိစစ်၊ စစ်ဆေးခြင်းဖြစ်ပါတယ်။ ကန့်ကွက်လွှာ စစ်ဆေးတဲ့အခါမှာ သူတို့က ရှေ့နေ ဌားပြီးတော့ လာပြီးတော့ ထုချေနိုင်ပါတယ်။ ရှေ့နေနဲ့လည်း ထုချေ၊ ကိုယ်တိုင်လည်း ထုချေနိုင်ပါတယ်။ လာပြီးတော့ အများမြင်သာ ဘယ်သူမဆို စစ်ဆေးတဲ့နေရာမှာ အကုန်လုံး လာရောက်ပြီးတော့ ကြည့်ရူနားထောင်လို့ရပါတယ်။ ဆိုတော့ သက်သေတွေလည်း သူတို့ပြနိုင်တဲ့ သက်သေတွေလည်း ပြလို့ရပါတယ်။ သက်သေခံ စာရွက်စာတန်း အထောက်အထားတွေ၊ သက်သေခံချက်တွေကိုလည်း တင်ပြနိုင်ပါတယ်။ အဲဒါတွေကို ကျနော်တို့ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့အညီ ဒီအပေါ်မှာ သက်သေခံချက်တွေ ရယူပြီးတော့ စစ်ဆေးပါတယ်။”

ညနေ ၆ နာရီမှာတော့ အမျိုးသားလွှတ်တော် အနိုင်ရသူ ၃၃ ဦး ကြေညာတာမှာ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ၂၉ နေရာ အနိုင်ရပြီး လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် တသီးပုဂ္ဂလ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူ သမ္မတရုံး ၀န်ကြီး ဦစိုးသိန်း ကယားပြည်နယ် အမျိုးသား လွှတ်တော်မှာ အနိုင်ရပါတယ်။ နောက် ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တနေရာ အနိုင်ရသွားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက ကြေညာသွားပါတယ်။

မဲဆွယ်စည်းရုံးရေး ကာလမှာ အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်တွေ မဲဆွယ် စည်းရုံးမှု လုပ်ငန်းတွေ ကြန့်ကြာခဲ့ရတာတွေ အပေါ် အငြင်းပွားစရာ ဖြစ်ခဲ့ရတဲ့ စစ်တပ် ရေတပ်စခန်းရှိနေတဲ့ ရန်ကုန်တိုင်း ကိုကိုးကျွန်းမှာတော့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေ အားလုံး အနိုင်ရခဲ့ပါတယ်။

အခု လွှတ်တော်အမတ်နေရာ ကြေညာနေတဲ့ အထဲမှာ ဝေးလံ ခေါင်သီ တဲ့ ပြည်နယ်တွေက အမတ်နေရာတွေကို ကြေညာပြီးပေမယ့် စစ်ဗိုလ်ချုပ်ကြီးတွေ ပြည်ထောင်စု ၀န်ကြီးတွေ ၀င်ရောက် ယှဉ်ပြိုင်နေကြတဲ့ နေပြည်တော် မဲဆန္ဒနယ်တွေကို မကြေညာနိုင်သေးပါဘူး။ ဒါပေမယ့် အခု ကြေညာပြီးသလောက် အထိ အခြေအနေတွေ အရ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သမ္မတလောင်း ၂ ယောက် အဆိုပြုနိုင်မယ့် အလားအလာ ရှိနေပြီလို့ သုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက အခုလို ပြောပါတယ်။

“ကျနော်လက်ရှိပေါ့လေ၊ လေ့လာစုံစမ်းသုံးသပ်ကြည့်ရသလောက်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၈၀ လောက်အထိ အနိုင်ရရှိမယ့် အနေအထားကို တွေ့နေရပါတယ်ခင်ဗျာ။ NLD အနေနဲ့ ဒုတိယ သမ္မတလောင်း ၂ ယောက်ကို ရွေးကောက် တင်မြှောက်နိုင်မယ့် အနေအထား ရှိနေပါတယ်ခင်ဗျာ။”

မဲဆန္ဒနယ် အများစုမှာတော့ မဲတွေ ရေတွက်ပြီး ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ပုံစံ ၁၉ နဲ့ အတည်ပြု လက်မှတ်ရေးထိုးပြီးတဲ့ မဲဆန္ဒနယ်တွေ အရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရနေတယ် လို့ ပြောဆိုထားပါတယ်။

ဒါပေမယ့် ရှမ်းပြည်နယ်တွင်းက တချို့မြို့နယ်တွေမှာ ကြိုတင်မဲ ကိစ္စ၊ မဲပုံးတွေ ကိစ္စနဲ့ ပတ်သက်ပြီး မရိုးမသားလုပ်ရပ်တွေ အပေါ် စွပ်စွဲမှုတွေ ရှိနေတာကြောင့် မဲရေတွက်ဖို့ နှောင့်နှေးနေသလို ကချင်ပြည်နယ်တွင်းက သွားရေး လာရေး ခက်ခဲတဲ့ ဒေသတွေက မဲရလဒ်တွေ အတွက်လည်း သီတင်းပတ် နဲ့ချီ စောင့်ဆိုင်းရမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေက ပြောဆိုထားပါတယ်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကာတာစင်တာက ရွေးကောက်ပွဲ လေ့လာစောင့်ကြည်တာတွေနဲ့ပတ်သက်ပြီး နိုဝင်ဘာလ ၁ဝ ရက်နေ့က သတင်းမီဒီယာတွေကို ရှင်းလင်းစဉ်။ ဓါတ်ပုံ - ထက်အာကာ/RFA
ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြတဲ့ ကိုယ်စားလှယ် ဦးရေ ၆ဝဝဝ ကျော်မှာ အမျိုးသမီး ကိုယ်စားလှယ် ၈ဝဝ သာ ပါတဲ့အတွက် ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ အမျိုးသမီးကိုယ်စားလှယ်ဦးရေ ဘယ်လောက် ရွေးချယ်ခံရမလဲဆိုတာကို စောင့်ကြည့်သွားရမယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် ကာတာစင်တာ အဖွဲ့ဝင် အိုင်ယာလန်နိုင်ငံ သမ္မတဟောင်း Mary Robinson က ပြောပါတယ်။

ကာတာစင်တာက ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း လေ့လာစောင့်ကြည်တာတွေကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ဒီကနေ့ သတင်းမီဒီယာတွေကို ရှင်းပြစဉ် အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ အိုင်ယာလန် သမ္မတဟောင်း Mrs. Robinson က အခုလို ပြောကြားခဲ့တာပါ။

"ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းက ရှစ်ရာလောက်သာ ပါတဲ့အတွက် ကိုယ်စားပြုမှု အားနည်းလွန်းတယ်လို့ ပြောရမှာပါ။ ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ ရလဒ်မှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ဘယ်လောက်များ ရွေးချယ်ခံရတယ်ဆိုတာကို စောင့်ကြည့် သွားရမှာ ဖြစ်ပါတယ်”

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ခွဲတွေမှာလည်း အမျိုးသမီးဦးရေ အနည်းငယ်သာ ပါဝင်နေတာကိုတွေ့ရတယ် လို့ ပြောပါတယ်။ ကာတာစင်တာအဖွဲ့ဝင် ၆၂ ဦးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခဲ့တာဖြစ် ပါတယ်။

ကာတာစင်တာကို ၁၉၈၂ ခုနှစ်က အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဂျင်မီကာတာက တည်ထောင် ခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese


လူအများမျှော်လင့်တောင့်တခဲ့ရတဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲကြီးကတော့ အဖုအထစ် အနည်းငယ် မှအပ အိနြေ္ဒသိက္ခာရှိစွာ အောင်အောင်မြင်မြင်ပြီးစီးသွားပါပြီ။ မြန်မာပြည်သူလူထုရဲ့ ဆာလောင်မွတ်သိပ် နေတဲ့ အပြောင်းအလဲအတွက် လိုခြင်ဆန္ဒအာသီသကိုလည်း (၁၉၉၀) ရွေးကောက်ပွဲတုံးကလိုဘဲ အတုံးလိုက် အတစ်လိုက် ထင်ထင်ရှားရှားထပ်တွေ့ ရပြန်ပါတယ်။

တနည်းအားဖြင့်ပြောရရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့ ဒီမိုကရေစီလမ်းမကြီးထက်မှာ ဒုတိယအကြိမ် ခြေလှမ်းတဖက် ထပ်နင်းလိုက်ပြန်တာပါဘဲ။ (၁၉၉၀) ရွေးကောက်ပွဲနဲ့ ပထမအကြိမ်ချခဲ့တဲ့ခြေလှမ်းကိုတော့ စစ်အာဏာရှင်တွေဆွဲချလို့ စစ်ညွှံထဲပြန်ကျပြီး နှစ်ပေါင်း (၂၅) နှစ် ဆင်းရဲဒုက္ခကြီးစွာ ငရဲခံခဲ့ရပြီးပါပြီ။

အခွင့်ထူးခံလူနည်းစုတချို့ ထားစရာမရှိအောင်ချမ်းသာကြွယ်ဝသွားစေပြီး အဖိနှိပ်ခံလူများစုကြီးကတော့ စားစရာမရှိအောင် ဆင်းရဲနုံခြာနိမ့်ကျသွားခဲ့တဲ့ကြားက အခုဒုတိယအကြိမ် မီးပုံထဲကပျံတက်တဲ့ ဖီးနစ်ငှက်လို မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအာသီသကတော့ဖြင့် အံမခန်းလောက်တာမို့ ကမ္ဘာတ၀ှမ်းကတောင် စိတ်ဝင်တစား စောင့်ကြည်နေကြပါပြီ။

ကမ္ဘာဒီမိုကရေစီတတိယလှိုင်းကြီးနဲ့အတူ (၁၉၈၈) ခုနှစ်မှာ သမိုင်းရထားကြီးဟာ ကျယ်လောင်တဲ့ ဥသြသံရှည်ကြီးဆွဲပြီး မြန်မာနိုင်ငံရဲ့ တစ်ပါတီအာဏါရှင်စနစ် ဆန့်ကျင်ရေးမှတ်တိုင်ကို ဆိုက်ရောက်ခဲ့ပါတယ်။ “ရှစ်ရက်၊ ရှစ်လ၊ ရှစ်ဆယ့်ရှစ်၊ သမိုင်းသစ်ကို ဒို့ဖွင့်လှစ်” ဆိုတဲ့ ကြွေးကြော်သံကို ပြည်သူတွေဟာ အားမာန်အပြည့်နဲ့ သံပြိုင်ကြွေးကြော်ခဲ့ကြပါတယ်။ တစ်ပြည်လုံး အတိုင်အတာနဲ့ လူတန်းစားပေါင်းစုံ၊ ကျေးလက်တောင်တန်းဒေသ မကျန်ပါဝင်ခဲ့ကြလို့ တစ်ပါတီစနစ် ချုပ်ငြိမ်းခဲ့ပါတယ်။

အဲဒီနောက်တော့ သမိုင်းရထားကြီးဟာ (၁၉၉၀) ရွေးကောက်ပွဲမှတ်တိုင်၊ (၉၉၉၉) ကိုးလေးလုံးမှတ်တိုင် (၂၀၀၇) ရွှေဝါရောင်မှတ်တိုင်၊ (၂၀၁၀) ရွေးကောက်ပွဲလိမ်မှတ်တိုင်တွေ အစဉ်တိုင်းဆိုက်ရောက်ဖြတ်သန်းခဲ့ ပြီးတဲ့နောက် ပထမအမျိုးသားပြန်လည်သင့်မြတ်ရေးမှတ်တိုင်ကို (၂၀၁၂) ခုနှစ်မှာ ဆိုက်ရောက်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဘောင်းဘီချွတ်အစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်တို့ရဲ့တွေ့ဆုံခြင်းကနေ စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန္နဝါရီလ(၁၃)ရက်နေ့မှာ အဓိကကျတဲ့တိုင်းရင်းသား ခေါင်းဆောင်အချို့နဲ့ ကျောင်သားခေါင်းဆောင်အများစုကို လွှတ်ပေးလိုက်ခြင်းနဲ့ ပထမအမျိုးသားပြန်လည်သင့်မြတ်ရေး ဘူတာရုံကြီးမှာ မြန်မာနိုင်ရဲ့ အဓိကနိုင်ငံရေးအင်အားစု( Stakeholders) တွေ ပြန်ဆုံခဲ့ကြပါတယ်။ တက်သူကတက်၊ ဆင်းသူကဆင်း၊ လမ်းခုလပ်မှာ ပြုတ်ကျတဲ့သူ ပြုတ်ကျ၊ ရထားကျိတ်ခံခဲ့ရတဲ့သူခံရနဲ့ ရှိကြပေမဲ့ သမိုင်းရထားကြီးကတော့သူ့ခရီးစဉ်အတိုင်း မပျက်မကွက် ဆက်လက်ခုတ်မောင်းခရီးနှင်ခဲ့ပါတယ်။။

ပထမပိုင်းမှာတော့ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အတော်အသင့်ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ရေးအုပ်မြစ်ကိုချနိုင်ခဲ့ပါတယ်။ နိုင်ငံပြောင်းလဲရေးမှာ ပါဝင်သင့်ပါဝင်ထိုက်သူ အကုန်မဟုတ်ပေမဲ့ အတိုက်အခံအင်အားစုအတော်များများကို ထောင်တွေထဲက တတိတိလွှတ်ပေးခဲ့တယ်။ မီဒီယာတင်းကျပ်မှု့တွေဖြေလျှော့ပေးခဲ့တယ်။ ပြည်သူတွေမထောက်ခံတဲ့ မြစ်ဆုံဆည်စီမံကိန်းကို ယာယီရပ်ဆိုင်းပေးခဲ့တယ် စတဲ့အပြုသဘောဆောင်တဲ့ခြေလှမ်းတွေကြောင့် သံသယတွေကြားက ထောက်ခံမှု့တချို့ရယူနိုင်ခဲ့တာမဟုတ်လား။

ဒါပေမဲ့ဦးသိန်းစိန်သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေးကာလ အလယ်ပိုင်းနဲ့ နောက်ပိုင်းတွေမှာတော့ အဓိကကျတဲ့ပြောင်းလဲရေးတွေဖြစ်တဲ့ တရားဥပဒေစိုးမိုးမှု့ရှိရေး၊ အဂတိလိုက်စားမှု့တိုက်ဖျက်ရေး၊ မြေယာပြဿနာကိစ္စရပ်တွေမှာ လုံးဝနီးပါး မဖြေရှင်းမပြောင်းလဲနိုင်တဲ့အပြင် လူနည်းစုအခွင့်ထူးခံတွေကိုကာကွယ်ရင်း ဆင်းရဲသားပြည်သူတွေကို သတ်ဖြတ်နှိပ်ကွပ်ဖမ်းဆီးတာတွေပြန်လုပ်၊ မီဒီယာသမားတွေကိုရန်လုပ်ပြီး နောက်ပြန်ဆုတ်သွားခဲ့ပါတယ်။

ပြည်သူလူထုနဲ့ ဦးသိန်းစိန်တို့ ကို ပိုမိုဝေးကွာသွားစေအောင် ကျူးလွန်ခဲ့တဲ့အမှားတွေကတော့ လူမျိုးရေး ဘာသာရေးမုန်းတီးမှု့တွေ မီးလောင်ရာလေပင့်ပြီး သူတို့ ကိုထောက်ခံလာအောင် ညီညွတ်မှု့ပြိုကွဲစေတဲ့ ဘာသာရေးနဲ့ လူမျိုးရေးကို အသုံးချလာမှု့ရယ်၊ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားတွေကို ကတိတွေပေးပြီးမှ နိုင်ငံရေးသိက္ခာမဲ့စွာ ရိုက်နှက်ဖမ်းဆီးထောင်ချခဲ့မှု့တွေပါဘဲ။

နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှားကတော့ NCA လို့ ခေါ်တဲ့ တပြည်လုံးအပစ်ရပ်စာချုပ်ကို သူတို့ သက်တမ်း ကာလအတွင်း ရယူနိုင်တယ်လို့ ပြသခြင်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးမပါဘဲ တချို့ တ၀က်နဲ့ ဒရောသောပါးလက်မှတ်ထိုးစေခဲ့တာပါဘဲ။ ဒါပေမဲ့ လက်မှတ်ထိုးတဲ့နေ့ မှာဘဲ တိုင်းရင်းသား ဒေသအချို့ မှာ ယမ်းငွေ့ တွေပျံ၊ သေနပ်သံတွေညံနေခဲ့တာမဟုတ်လား။ ဒီတော့ အဲ့ဒီအပစ်ရပ်စာချုပ်ဟာ ပြည်တွင်းပြည်ပက အသိအမှတ်ပြုမခံရတဲ့ အနှစ်သာရကင်းမဲ့သော အပစ်မရပ်စာချုပ်ဖြစ်ခဲ့တော့တာပေါ့။

စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့ ဆိုရင် ကျေးဇူးအတင်ခံခြင်တာတို့ လက်ဝါးကြီး အုပ်ခြင်တာတို့ ၊ မိမိအကျိုးစီးပွားအထိမခံခြင်တာတို့ စတဲ့အတ္တမာနတွေ ခွာချလုပ်ဆောင်ရမှာပါ။ ရိုးသားမှု့ကို အခြေခံပြီး တိုင်းပြည်နဲ့ လူမျိုးပေါင်းစုံအကျိုးစီးပွားဖြစ်ထွန်းရေးကို ဦးထိပ်ထားတဲ့ စိတ်စေတနာအပြည့်နဲ့  ဆောင်ရွက်ရမှာပါ။

အတိတ်မှာဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ (၂၀၁၅) ရွေးကောက်ပွဲကြီးပြီးစီးလို့ ပြည်သူလူထုအများစု အားကိုး ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစြုကည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က တနိုင်ငံလုံးအတိုင်းအတာ နဲ့ အနိုင်ရခဲ့ပြန်ပါပြီ။ သမိုင်းရထားကြီးဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယမှတ်တိုင်ထဲကို ဥသြဆွဲလို့ ကမ္ဘာသိမြန်မာသိ ဆိုက်ရောက်လာခဲ့ပါပြီ။

ကျွန်တော်တို့အားလုံးရဲ့ ပခုံးပေါ်ကျရောက်လာတဲ့ နောက်ထပ်သမိုင်းပေး တာဝန်တရပ်ကတော့ အမှားအတွက် စိုးရွံ့သူတွေနဲ့၊ ခံခဲ့ရပေါင်းများလို့ သံသယရှိသူတွေကြားမှာရှိတဲ့ အဟ (gap) ကိုဖြည့်နှိုင်သမျှဖြည့်ပေးပြီး၊ သူတို့အားလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်ကြောင်းပေါ် ရိုးရိုးသားသားတက်လာကြစေဖို့ပါဘဲ။

ငြိမ်းချမ်းရေးသမား ဆရာကြီးဒဂုံတာရာပြောတဲ့ နိုင်ငံရေးမှာ ရန်သူမရှိ မိတ်ဆွေဘဲရှိတယ်ဆိုတဲ့ စကားဟာ အင်မတန်တန်ဘိုးရှိပြီး လေးနက်လှပါတယ်။ နိုင်ငံရေးဆိုတာ လူသားအားလုံးရဲ့အရေးမို့ လူသားအခြင်းခြင်း အပြန်အလှန်မေတ္တာထား၊ အပြန်အလှန်လေးစား၊ အပြန်အလှန်ခွင့်လွှတ်နားလည်လို့  ငြိမ်းချမ်းစွာ အတူယှဉ်တွဲအဖြေရှာကြရမှာမဟုတ်လား။

ဒီနေရာမှာဥပမာပေးလိုတာက အနာ့ပဆုပ်ဆိုတဲ့ ရောဂါဆိုးကြီးစွဲကပ်နေတဲ့ လူနာတစ်ဦးကို၊ နက်ရှိုင်းစွာ လှိုက်စားနေတဲ့ အဲဒီအနာကြီးကို လှီးဖြတ်ပြီးကုလို့မရပါဘူး။ အနာကိုဆေးကြောပြီး၊ ဆေးရည်စိမ်ထားတဲ့ ဂွမ်းလိပ်တွေအနာပေါက်ထဲ သွတ်သွင်းမှူတွေ အကြိမ်ကြိမ်လုပ်ပြီး အသားနုတက်လာအောင် ဖြေးဖြေးခြင်း ကုယူရပါတယ်။ ကုစားလို့မရတဲ့ အသားအဆွေးအမြေ့အစတွေကတော့ အနာဖေးတက်၊ ခြောက်ကပ်ပြီး ကွာကျကုန်တာဓမ္မတာပါ။

အဲဒီလိုပါဘဲ နာတာရှည်နိုင်ငံရေး အနာ့ပဆုပ်ပေါက်နေတဲ့ မြန်မာနိုင်ငံရဲ့ညီညွတ်ရေး ခရီးကြမ်းကြီး သာယာဖြောင့်ဖြူးဖို့၊ ပြည်ထောင်စုစိတ်ဓါတ် ဆေးရည်စိမ်ထားတဲ့၊ အပြုသဘောဆောင်တဲ့လုပ်ကိုင်မှု ဂွမ်းလိပ်တွေ အကြိမ်ကြိမ်ထဲ့သွင်းခြင်းနဲ့ ယုံကြည်မှု၊ ညီညွတ်မှု ဆိုတဲ့အသားနုတွေတက်လာအောင် လုပ်ယူရမှာဖြစ်ပါတယ်။ လုံးဝကုလို့မရတဲ့ အစွန်းရောက် သူတွေ၊ မိုက်မဲသူတွေဟာ အသားပုတ် အသားဆွေးတွေလို ခြောက်ကပ်ပြီး အနာဖေးတက် ကွာကျသွားပါလိမ့်မယ်။

ဒါကြောင့် လက်ရှိအစိုးရ၊ အနိုင်ရပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ တကွ မြန်မာပြည်သူပြည်သား အားလုံးကိုမေတ္တာရပ်ခံလိုတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းခြမ်းရေးဟာ တတိုင်းတပြည်လုံး အရေး၊ အားလုံးရဲ့အရေးဖြစ်တာမို့ ပုဂ္ဂိုလ်စွဲကင်းကင်း၊ အာဃာတရှင်းရှင်း ထားလို့၊ ဒုက္ခပင်လယ်ဝေပြီး ငရဲတွင်းထဲကျသလိုခံစားနေရတဲ့ အားလုံးသောနိုင်ငံသားတွေနဲ့  အမိမြန်မာနိုင်ငံတော်ရဲ့ အကျိုးကိုသာ ရှေ့တန်းတင်ကြဖို့၊ ပြည်ထောင်စု စိတ်ဓါတ်ကို လက်တွေ့ ကျင့်သုံးကြဖို့  အလေးအနက်တိုက်တွန်းလိုပါ တယ်။

သမိုင်းရထားကြီးကတော့ဥသြသံဆွဲလို့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒုတိယဘူတာမှာဆိုက်လို့နေပါပြီ။ သံသယတွေဖျောက်နိုင်ကြပါစေ- သံသယတွေပျောက်နိုင်ကြပါစေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ ကိုယ်တိုင်းပြည်အတွက် ကောင်းသောကံများ ပြုနိုင်ကြပါစေ- အစိုးရနဲ့ ဒီမိုကရေစီအင်အားစု၊ နှစ်ဖက်စလုံး အာဃာတတိမ်သလ္လာကင်းလို့ နိုင်ငံရေးအမြင်ရှင်းကြပါစေ။ သက်ဆိုင်သူအားလုံး အမျိုးသားပြန်လည် သင့်မြတ်ရေး ဒုတိယမှတ်တိုင်မှသည် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေးမှတ်တိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး မှတ်တိုင်များဆီသို့ အတူတကွလိုက်ပါနှိုင်ကြပါစေလို့ ဆန္ဒပြုတိုက်တွန်းလိုက်ရပါကြောင်း။

လေးစားစွာဖြင့်

မင်းကောင်ချစ်
နိုဝင်ဘာလ (၁၀) ရက်နေ့  ၂၀၁၅ ခုနှစ်
Photo and design credit to origin.

ပုံ - နိုဝင်ဘာ ၆ ရက်က သေဆုံးခဲ့သူ မြင်းမူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် ၁ မှ NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်
 နိုဝင်ဘာ ၈ ရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်တွင် တိုင်းဒေသကြီးလွတ်တော် မဲဆန္ဒနယ်အမှတ် ၁ ၌ NLD ပါတီမှ ဦးစိုးမြင့် အနိုင်ရခဲ့သော်လည်း ယင်းပါတီကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲအတိုင်မီရက်ပိုင်းအတွင်းက ကွယ်လွန်သွားခဲ့ခြင်းကြောင့် ဒုတိယမဲများဆုံးရသည့် USDP မှ ကိုယ်စားလှယ်လောင်း အနိုင်ရရှိခဲ့ကြောင်း NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးစံသက်ထွန်းက ပြောသည်။

ပါတီအောင်နိုင်ရေးဆောင်ရွက်ကြရာ နိုဝင်ဘာ ၆ ရက်နေ့က တိုင်းဒေသကြီးလွတ်တော်၊ အမှတ် ၁ မှ ယှဉ်ပြိင်မည့် NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်သည် မြို့တွင်းလှည့်လည် သီချင်းဆိုနေစဉ် နှလုံးသွေးကြောပိတ်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ပါတီအတွက် အားကိုးရတဲ့သူတယောက် ဆုံးရှုံးရသလို ဒီလိုကိစ္စဖြစ်လာတော့ စိတ်မကောင်းဖြစ်ရတယ်။ ပြည်သူက သူ့ကို ပေးခဲ့တဲ့မဲတွေက သူမရှိတော့လို့ ပယ်မဲသတ်မှတ် လိုက်ရပြီး NLD အတွက် ဆုံးရှုံးမှုပဲ”ဟု ၎င်းက ပြောသည်။

အဆိုပါမဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ်တော်အမှတ် (၁) တွင် NLD မှ မဲအရေအတွက် ၂၂၀၀၀ ရရှိပြီး ကိုယ်စားလှယ်လောင်းသေဆုံးခဲ့ခြင်းကြောင့် ပယ်မဲအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ဒုတိယ အများဆုံးဖြစ်သည့် USDP မှာ ၇၈၉၁ မဲဖြင့် အနိုင်ရသွားကြောင်း ဦးစိုးစံသက်ထွန်းက ပြောသည်။

“အောင်နိုင်ရေးလှည့်နေချိန်မှာ သူကိုယ်တိုင် သီချင်းဆိုနေရင်း မြို့မဈေးထောင့် နားအရောက် ရုတ်တရက် နှစ်လုံးသွေးကြောပိတ်သွားတယ်။ ပါတီအနေနဲ့ လူကောင်း တယောက်သာမက မဲဆန္ဒရှင်တွေရဲ့ မဲပြားတွေ ဆုံးရုံးခဲ့ရတယ်”ဟု ဒေါ်နီလာလွင်ကပြောသည်။

မြင်းမူမြို့နယ်တွင် မဲရုံပေါင်း ၅၈ ရုံရှိပြီး ၅၄ ရုံတွင် NLD ပါတီက အပြတ်အသတ် မဲအနိုင်ရရှိခဲ့ကြောင်း၊ မဲရုံ(၁)တွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် NLD မှ ၄၃၇၂၄ မဲ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ၃၃၆၂ မဲ၊ USDP မှ ၁၄၁၈၂ မဲ ရရှိကြောင်း၊ အမျိုးသားလွှတ်တော်တွင် NLD မှ ၄၄၃၂၇ မဲ၊ တောင်သူလယ်သမားတိုးတက်ရေးပါတီ ၂၃၇၆ မဲ၊ USDP မှ ၁၄၈၄၀ မဲ၊ တိုင်းဒေသကြီး (၂) တွင် NLD မှ ၂၁၉၃ မဲ၊ တစညပါတီမှ ၁၆၆၅ မဲ၊ USDP ၇၈၇၁ မဲတို့ ရရှိခဲ့ကြောင်း သိရသည်။

ခိုင်ဆက်ဝေ၊စိုင်းထူးခန့်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လူထုကို နှုတ်ဆက်စဉ်။ (နိုဝင်ဘာ ၉၊ ၂၀၁၅)
အဓိကနိုင်ငံရေး ပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင် ပါတီရဲ့ နာယကဖြစ်တဲ့ ဦးတင်ဦး ဒုတိယသမ္မတ ခန့်အပ်ခံရနိုင်တယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပါတယ်။ တရားဝင်မဲရလဒ်တွေနဲ့ အတည်မပြုရသေးတဲ့ မဲရလဒ်တွေအရ NLD ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရမယ့် အလားအလာတွေ ထွက်ပေါ်နေချိန်မှာပဲ အစိုးရသစ်အတွက် ခေါင်းဆောင် ဖြစ်နိုင်ချေ ရှိသူတွေနဲ့ ပတ်သက်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပေမဲ့ ဦးတင်ဦး ကိုယ်တိုင်ကတော့ တာဝန်ယူမှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

ဦးတင်ဦးကို ဒုတိယသမ္မတ ခန့်အပ်ခံနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း သူ့အနေနဲ့ ဆန္ဒလုံးဝ မရှိကြောင်း နိုင်ငံတကာ သတင်းထောက်တွေကို ဦးတင်ဦးကပြောပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့လည်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သတင်းကတော့ လုပ်ကြံ ထွက်တာတွေကို။ ဒါပေမဲ့ သူက အဲဒီလိုမျိုး ဆန္ဒ လုံးဝမရှိဘူး။”

လက်ရှိထွက်လာနေတဲ့ တရားဝင်ရွေးကောက်ပွဲရလာဒ်တွေအရ NLD အနေနဲ့ လွှတ်တော်မှာ ၈၀%ကျော် အနိုင်ရမယ်လို့ မျှော်မှန်းထားတာကြောင့် အစိုးရဖွဲ့နိုင်မယ့် အနေအထား ရှိမရှိ ဦးဝင်းထိန်ကို ဗွီအိုအေကမေးမြန်းရာမှာ

“အခုကျနော်တို့ ဒီ နိုင်တဲ့မြို့နယ်တွေရဲ့ ပြန်တွက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင် ရဲ့ ကြေညာချက် ကို ကျနော်တို့စောင့်နေတယ်။ ထပ်မံ အတည်ပြုမှာဆိုတော့ ကျနော်တို့ လောလောဆယ် တွက်တဲ့ဟာတွေကတော့ မြို့နယ်ဖက်ကရတဲ့ စာရင်းတွေအပေါ် မူတည်တဲ့အခါကျတော့ ခုနကျနော်ပြောသလိုပေါ့၊ မြို့နယ်တွေ အခြေခံပြီးတော့ ၈၄ % ကျော်တယ် ဆိုလို့ရှိရင် အစိုးရဖွဲ့နိုင်တဲ့ အနေအထားတော့ ရောက်မယ် လို့တော့ ကျနော် ယူဆပါတယ်။ ကိုယ်စားလှယ်ရလဒ်တွေ အတည်ပြုပြီးဆိုလို့ရှိရင် ကျနော်တို့ အစိုးရဖွဲ့တဲ့ အခါမှာ အကဲဖြတ်တွေရွေးမယ်။ အဲဒီအခါကျမှ ကြေညာမှာ၊ အခုတော့ မပြောသေးပါဘူး။”

ဒီအတောအတွင်း ရွေးကောက်ပွဲရလာဒ်တွေနဲ့ပတ်သက်လို့ ကြန့်ကြာမှုတွေ၊ စိန်ခေါ်မှု  အခက်အခဲတွေရှိနေတယ်လို့ အများက ဝေဖန်နေချိန်မှာလာရှိုးမြို့နယ် မဲဆန္ဒနယ်မြေမှာ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ NLD ကိုယ်စားလှယ်လောင်း ပြည်သူ့လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်ရာမှာ အနိုင်အရှုံး အငြင်းပွားနေတာနဲ့ ပတ်သက်လို့ နောက်ဆုံး ရလဒ်အရ ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရသွားကြောင်း လာရှိုးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ တာဝန်ခံ တဦးဖြစ်တဲ့ ဦးမြင့်စန်းဦးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံး အခြေအနေကတော့ ကျနော်တို့ အခု သက်ဆိုင်ရာ ပါတီ ကိုယ်စားလှယ်တွေရယ်၊ နောက် အများသက်သေတွေနဲ့ ကျနော်တို့ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားလှယ် အတွက် ဒေါက်တာစိုင်းမောက်ခမ်း အား အနိုင်ရရှိတဲ့ အကြောင်း၊ နောက် ပြည်သူ့လွှတ်တော် နယ်မြေ မဲဆန္ဒနယ် (၂) ၊နဲ့ ပြည်နယ် လွှတ်တော် အတွက်က ဒေါက်တာလင်းထွဏ် NLD က အနိုင်ရရှိသွားပါတယ် ခင်ဗျာ။ နောက်ကျပြီးရောက်လာတဲ့ ကြိုတင်မဲတွေကို ရေတွက်ပါတယ်ဆိုတဲ့ အချက် ၁ ချက်ရယ်၊ နောက် ကြိုတင်မဲပေးတဲ့အရေအတွက် စုစုပေါင်း ၁၁၈၀၀ ကျော် ဖြစ်နေတဲ့ ဟာလေးတွေ၊ နောက် ပြည်ခိုင်ဖြိုးပါတီကိုပဲ ကြိုတင်မဲလေးတွေက များနေတယ် ဆိုတဲ့ complain လေးတွေ များနေတာဖြစ်ပါတယ်။

ဒီအပေါ်မှာ ကျနော်တို့ နံပတ် ၁ အချက် ကတော့နောက်ကျပြီးရောက်လာတဲ့ ကြိုတင်မဲတွေ ထည့်သွင်းရေတွက်တယ် ဆိုတဲ့အချက်က မှားယွင်းတယ် ဆိုတဲ့ အကြောင်းလေး ပြောချင်ပါတယ်။ ကျနော်တို့ ၄ နာရီ ထိုးပြီးတော့ ၊ ၄ နာရီ မထိုးခင်အချိန်ကတည်းက ကြိုတင်မဲပုံးတွေကို ကျနော်တို့ သက်ဆိုင်ရာ ကြိုတင်မဲ ရေမယ့် အခန်းထဲကို ထည့်ပါတယ်။ သူ့ရဲ့နည်းစနစ်အတိုင်း။ သူ့ရဲ့ နည်းစနစ်က ဒီမှာ ပါတီ ကိုယ်စားလှယ်လောင်းတွေ မီဒီယာတွေ၊ observer တွေနဲ့ လေ့လာချင်တဲ့ပြည်သူတွေကို ဖိတ်ခေါ်ပြီးတော့မှ အများရဲ့ ရှေ့မှာ ကြိုတင်မဲရေတွက်ခြင်းကို ၄ နာရီမှာ စတင်ရေတွက်ခဲ့ပါတယ်ခင်ဗျာ။"

ဒီရလာဒ်ဟာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့ ဦးဝင်းထိန်ကပြောပါတယ်။

“ဒေါက်တာစိုင်းမောက်ခမ်း အနိုင်ရသွားတယ်ဆိုရင်တော့ နောက်မှ ရောက်လာပြီး စည်းကမ်းနဲ့မညီတဲ့ ရောက်လာတဲ့ အပိုမဲစာရင်းတွေကြောင့် ဒေါက်တာ စိုင်းမောက်ခမ်း နိုင်သွားတယ်လို့ ယူဆရတယ်။ အဲဒီအပိုမဲစာရင်းနဲ့ပက်သက်လို့ ကျနော်တို့ NLDက တာဝန်ရှိတဲ့လူတွေ ကန့်ကွက်တယ်လို့ပြောတယ်။ ကန့်ကွက်သော်လည်း အဲဒီက ကော်မရှင်ကနေပြီးတော့ ကန့်ကွက်တာကို လက်မခံပဲနဲ့ ဆက်ပြီးတော့ ရေတွက်တယ်။ ဒါကြောင့်မို့လို့ ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရသွားတယ်လို့ ယူဆရတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရန်ကုန် အပါအဝင် ပြည်နယ် တိုင်းအချို့ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅၀ ကျော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ၅၀ ကျော် စုစုပေါင်း ၁၀၀ ကျော် ကို မနေ့က ကြေညာ ခဲ့ရာမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နေရာ ၉၀ ကျော်နိုင် ထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ပြည်သူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲကို သူတို့ပဲ လုပ်ရမှာလို့ ဒေါ်အောင်ဆန်းစုကြည် ပြော။
 ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ပြည်ထောင်စု လွှတ်တော်မှာ ၇၅% လောက် အနိုင်ရဖို့ မျှော်လင့်တဲ့အကြောင်း ဘီဘီစီ နဲ့ သီးခြား အင်တာဗျူးမှာ ပြောခဲ့ပါတယ်။

နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားသူတွေက လေးစားလိုက်နာပါ့မလား ဆိုတဲ့ အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က "ခေတ်ကပြောင်းသွားခဲ့ပြီ၊ လူတွေလည်း ပြောင်းသွားခဲ့ပြီ၊ လူတွေက နိုင်ငံရေး နိုးကြားမှု ပိုရှိလာခဲ့ပြီ၊ ရွေးကောက်ပွဲ ရလဒ်ကို မလျော်မကန် လုပ်ချင်တဲ့သူတွေ ရှိရင်လည်း လုပ်ဖို့ ပိုပြီး ခက်ခဲသွားပါပြီ" လို့ ဖြေသွားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ် မျှတခဲ့တယ်လို့ ထင်ပါသလားဆိုတဲ့ အမေးကိုတော့ "မျှတလား ဆိုရင်တော့ မမျှတဘူး လို့ ပြောရမယ်၊ လွတ်လပ်သလား ဆိုရင်တော့ ယေဘုယျပြောရင် လွတ်လပ်တယ်လို့ ပြောရပါမယ်။ တချို့ နေရာတွေမှာ ခြိမ်းခြောက်မှုတွေ ရှိခဲ့ပါတယ်။ တပ်မတော်သားတွေဟာ သူတို့ တပ်ဝင်း အတွင်းမှာပဲ မဲပေးခဲ့ကြရတယ်၊ အခြားသူတွေနဲ့အတူ မဲမပေးခဲ့ရပါဘူး" လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေသွားခဲ့ပါတယ်။

အပြောင်းအလဲကို လုပ်ခွင့်မရဘဲ ပိတ်ဆို့ ဟန့်တားခံခဲ့ရမယ် ဆိုရင် နိုင်ငံတကာရဲ့ ဖိအားတွေက ဘယ်လောက်အထိ အရေးပါမလဲ ဆိုတဲ့ အမေးကိုတော့ "နိုင်ငံတကာ ဖိအား ဆိုတာကတော့ အရေးပါပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြည်သူတွေက သူတို့လိုချင်တဲ့ အပြောင်းအလဲကို သူတို့ပဲ လုပ်ရမှာပါ။ ဒီနေ့ ခေတ်လို ကမ္ဘာ့ တစ်နေရာမှာ ဖြစ်တာကို တစ်ဖက်ခြမ်းက ချက်ချင်းသိနိုင်တဲ့ ခေတ်မျိုးမှာတော့ နိုင်ငံတကာ ဖိအား ဆိုတာကလည်း အတိုင်းအတာ တစ်ခုအထိ အရေးပါပါတယ်" ဆိုပြီး ဘီဘီစီနဲ့ အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး လူထုနဲ့တွေ့ဆုံ (နိုဝင်ဘာ ၉၊ ၂၀၁၅)
 အသစ်ပေါ်လာမယ့် လွှတ်တော်တွေကနေ ဘယ်သူ့ကိုပဲ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်သည်ဖြစ်စေ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာကတော့ သူပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူဟာ အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေအားလုံးကို ချမှတ်သွားမှာဖြစ်ပြီး သမ္မတရဲ့ အထက်ကနေ လုပ်ဆောင်သွားမယ်ဆိုတာ ရှင်းပါတယ်လို့ အင်္ဂါနေ့က စင်္ကာပူအခြေစိုက် Channel News Asia CNA သတင်း ဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ သမ္မတမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ ရှိမှာမဟုတ်ဘူး လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ NLD က ပြည်လုံးကျွတ်နီးပါး အနိုင်ရနေတဲ့ရလဒ်တွေ ထွက်လာနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာလည်းဖြစ်ပါတယ်။

အဲဒါဟာ လုပ်ရမယ့် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ ဘယ်လို ဒီမိုကရေစီနိုင်ငံမျိုးမှာမဆို အနိုင်ရ ပါတီရဲ့ခေါင်းဆောင်ဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်တာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တကယ်လို့ ဒီ အခြေခံ ဥပဒေက အဲဒါကို ခွင့်မပြုဘူးဆိုရင် ပုံမှန် ဒီမိုကရေစီနည်းလမ်းအတိုင်း ရှေ့ဆက်သွားနိုင်အောင် လိုအပ်တာတွေ လုပ်သွားရမယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

သူပြောတဲ့ပုံစံနဲ့ လုပ်မယ်ဆိုရင် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေပေါ် သက်ရောက်မှု မရှိဘူးလားဆိုတဲ့ မေးခွန်းကို တော့ ဘာ့ကြောင့် သက်ရောက်ရမှာလည်းလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး မေးခွန်းထုတ်ပါတယ်။ ဘာ့ကြောင့်လည်းဆို အစိုးရအဖွဲ့တခုရှိနေမယ်၊ စနစ်တကျ လည်ပတ်လုပ်ဆောင်မယ်၊ သမ္မတအနေနဲ့ သူ ဘာလုပ်နိုင်တယ်ဆိုတာ အတိအကျ ပြောသွားမှာပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 နိုဝင်ဘာ ၁၀ ရက်။ ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီနဲ့ မေးမြန်းခန်းမှာ သူ့ပါတီက ၇၅ ရာခိုင်နှုန်း အနိုင်ရမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ သမ္မတရဲ့ အထက်မှာ သူရှိမယ်လို့ ပြောခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရအဖွဲ့ရဲ့ အမည်မခံတဲ့ သမ္မတ ဖြစ်လာမယ်လို့ ပြောပြီး၊ အဲဒါကို ဥပမာအနေနဲ့ “နှင်းဆီ ပေမယ့် တခြားအမည်နဲ့ နှင်းဆီ” (A rose by another name) ပေါ့လို့ ရယ်ရယ်မောမော ပြောဆိုသွားပါတယ်။

[soundcloud src="232439607"/]
BBC Burmese
https://www.facebook.com/bbcburmese/

 ဒေါ်အောင်ဆန်းစုကြည်ကို ချင်းရိုးရာဝတ်စုံ လက်ဆောင်ပေးစဉ်။ (စက်တင်ဘာ ၂၀၁၂)
 လမ်းပမ်းဆက်သွယ်ရေး ခက်ခဲပြီး သဘာဝဘေးအန္တရာယ်တွေ နဲ့ တွေ့ကြုံခဲ့တဲ့ ချင်းပြည်နယ်အတွင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်(၈၀) ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ်ပါတီခေါင်းဆောင်တွေကပြောပါတယ်။ ယခင်အာဏာရ ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ဇီုမီးဒီမိုကရေစီ အဖွဲ့ချုပ် ကနေ ကိုယ်စားလှယ်နေရာ (၆)နေရာမှာ အနိုင်ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ချင်းပြည်နယ် ရွေးကောက်ပွဲ ရလဒ် အခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း ထားပြီး အခုလို သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ကိုယ်စားလှယ်နေရာ (၈၀)ရာခိုင်နှုန်းလောက် အနိုင်ရရှိခဲ့တယ်လို့ ချင်းပြည်နယ်NLD ဥက္ကဋ္ဌ ဦးဇီုဘွဲက အခုလိုပြောပါတယ်။

" အခုကျနော်တို့က ၈၀%လောက် အောင်မြင်မှုရခဲ့ပါတယ်။ ပြည်သူလွှတ်တော် ၉ယောက်ထဲမှာ ၈ယောက်ရတယ်။ ပြည်သူ့လွှတ်တော်က တယောက်က သူရအောင်ကိုက ရသွားတယ်။ တယောက်ပဲ ကျနော်တို့ နာတယ်နော်။ အမျိုးသားလွှတ်တော်မှာ ၁၀ယောက် ရတယ်။ ပြည်ထောင်စုလွှတ်တော် ၁၈ယာက်ထဲမှာ ကျနော်တို့ NLD က ၁၂ ယောက် ရတယ်။ "

ချင်းပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဇီုမီးဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ (၆)နေရာလောက် အနိုင်ရရှိခဲ့ပြီး ရွေး ကောက်ပွဲအလွန် ကာလမှာ မဟာမိတ် ပါတီဖြစ်တဲ့ NLDပါတီနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ပူးကျင့်ရှင့် ထန် က ဆိုပါတယ်။

" ကျနော်တို့ သိရသလောက်ဆိုရင် ခြောက်ယောက်က အရွေးခံပြီး ပေါင်းမယ်။ အမျိုးသားလွှတ်တော်မှာ ၂ယောက်၊ ပြည်သူ့လွှတ်တော်မှာ ၂ ယောက်၊ နောက် ပြည်နယ်လွှတ်တော်မှာ ၂ယောက်၊ အဲ့လိုပဲ နှစ်ယောက်၊ နှစ်ယောက်စီပဲ။ ကျနော်တို့က မဟာမိတ်ဖြစ်ပြီးသားဆိုတော့ NLD နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်သွားမယ့်သဘောရှိပါတယ်။"

အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ အခုရွေးကောက်ပွဲမှာ နေရာ(၆)နေရာ အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ်ကြံ့ခိုင်ရေး ပါတီခေါင်းဆောင်တဦးလဲဖြစ် ချင်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီးတဦးလဲဖြစ်တဲ့ ဦးနန်ဇမုန်ကပြောပါတယ်။

"ထန်တလန်မှာတော့ ပြည်နယ် နှစ်ဦးပေါ့။ ကန်ပက်လက်မှာ ကျတော့ ပြည်နယ် တယောက်နဲ့ ပြည်သူ့လွှတ်တော် တယောက်ဖြစ်မယ်။ ပြည်နယ် ကိုယ်စားလှယ်က လေးယောက်ပါ။ အမျိုးသားမှာ တယောက်။ ပြည်သူ့လွှတ်တော်မှာ တယောက်။ "

၂၀၁၀ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်နေရာ အများအပြားအနိုင်ရရှိထားပေမဲ့ ဒီရွေးကောက်ပွဲမှာ ဘာကြောင့်ကိုယ်စား လှယ်နေရာ လျော့ကျ သွားသလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာ ဖြေကြားခဲ့ခြင်းမရှိပါဘူး။

ချင်းပြည်နယ်အတွင်း ရခိုင်လူမျိုးတွေ အများအပြားနေထိုင်တဲ့ ပလက်ဝမြို့နယ်မှာ ရခိုင်အမျိုးသားပါတီကနေ အမျိုး သားလွှတ်တော် ကိုယ်စားလှယ်နှစ်နေရာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်အားကြီးချင်းပါတီတွေဖြစ်တဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီနဲ့ ချင်းပြည်သူ့ပါတီတို့အနေနဲ့ အခု ရွေးကောက်ပွဲမှာ တနေရာမှ အနိုင်ရရှိတာ မရှိခဲ့ပါဘူး။

ချင်းနိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ရွေးကောက်ပွဲအကြိုကာလအတွင်း ပြည်နယ်အစိုးရဖွဲ့စည်းနိုင်အောင်ကြိုးပမ်း သွားဖို့ ဆန္ဒရှိနေခဲ့ပါတယ်။ အခုရွေးကောက်ပွဲမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အာဏာရပါတီအဖြစ် ပြည်နယ်အစိုးရဖွဲ့စည်းရာမှာ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေကို လက်တွဲခေါ်ဆောင်သွား မဲ့ အခြေအနေရှိမရှိကိုတော့ ချင်းပြည်နယ်NLDဥက္ကဋ္ဌ ဦးဇီုဘွဲက အခုလိုပြောပါတယ်။

" ကျနော်တို့ အဖွဲ့ချုပ် တပါတီတည်းက အစိုးရ မဖွဲ့နိုင်ဘူးဆိုရင်တော့ တခြား မဟာမိတ်တွေလည်း ခေါ်ရမှာပေါ့။ အခုက ကိုယ့်ပါတီတခုတည်းနဲ့ အစိုးရဖွဲ့နိုင်တယ်ဆိုတော့ တခြားပါတီနဲ့တော့ မစဉ်းစားလောက်ဘူးလို့တော့ ရှိတယ်။ ကျနော်တို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပေါ်လစီပေါ်မှာပဲ သုံးသပ်ချက်အပေါ် မူတည်ပြီးတော့ ကျနော်တို့ စိစစ်သွားဖို့ အစီအစဉ်ရှိပါတယ်။ "

ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပူးကျင့်ရှင့်ထန်အနေနဲ့ လက်ရှိမဲစာရင်းထုတ်ပြန်နေဆဲ အခြေအနေကြောင့် NLD အနေနဲ့ မဆုံးဖြတ်နိုင်သေးသလို နောင်ရွေးကောက်ပွဲ အလွန်ကာလတွေမှာ ပြည်နယ်အစိုးရ ဖွဲ့စည်းရေး ကိစ္စအတွက် ဆွေးနွေးသွားမယ်လို့ ယူဆကြောင်းအခုလိုပြောပါတယ်။

" အခုမှ ရွေးကောက်ပွဲ ပြီးတယ်ဆိုတော့ ဒါတွေ ကြိုပြီးတော့ ကြိုးစားထားတာတော့ မရှိပါဘူး။ နောက် အခြေအနေအရ စဉ်းစားသွားမှာပါ။ အခုဟာက မဲစာရင်းကို ကြေညာတာလောက်ပဲ ရှိသေးတယ်။ ကျနော်တို့က အစိုးရ ဖွဲ့စည်းဖို့ကျတော့ အဲ့ဒီ့အခါကျတော့ အခြေအနေအရ လုပ်ကြမယ်ထင်တယ်။"

ချင်းပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်ကို ဆိုးဝါးစွာခံနေခဲ့ရသလို သွားလာရေး ခက်ခဲတဲ့ အနေအထားမှာ ရှိနေတယ် ဆိုပေမဲ့ အခုကျင်းပတဲ့ရွေးကောက်ပွဲမှာ တည်ငြိမ်းအေးချမ်းစွာနဲ့ ကျင်းပနိုင်ခဲ့တာပါ။

ချင်းပြည်နယ်အတွင်း နိုဝင်ဘာ(၈)ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ NLDခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေး ပါ တီ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် နိုင်ငံရေးပါတီ(၁၃)ဖွဲ့က ကိုယ်စားလှယ်လောင်း(၂၀၂)ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒီအထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်(၈၀)ရာခိုင်နှုန်းကျော် အနိုင်ရရှိသွားတာလဲဖြစ်ပါ တယ်။

ကိုနိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


ဖြေ ။ ။ သမ္မတ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဆုံးဖြတ်ချက်တွေ အားလုံးကို ကျမကဘဲ ချမှာပါ........ဘာလို့လည်းဆိုတော့ ကျမက ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်မို့လို့ပါဘဲ ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်သာ ကျမတို့က ရွေးချယ်တဲ့သူတစ်ဦး ဖြစ်ပါတယ် ။

မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။

ဖြေ ။ ။ မရှိပါဘူး ....သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊

မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။

ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။

မေး ။ ။ ဒေါ်စုရဲ့ ဆန္ဒအရ သမ္မတအနေနဲ့ အာဏာတစ်ခုမှ မပိုင်ဘူး ဆိုတဲ့အချက်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်မယ် ထင်ပါသလဲ ။

ဖြေ ။ ။ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို ဘာကြောင့်များ ထိခိုက်ရမှာပါလဲ ။ အစိုးရအဖွဲ့ ရှိမယ် ၊ အဲဒီအစိုးရအဖွဲ့ကို ပုံမှန်အတိုင်း စီမံ ခန့်ခွဲ ကြမှာပါ ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း တိတိကျကျ ပြောပြပေးကြမှာပါဘဲ ။

မေး ။ ။ အမိန့်အာဏာခိုင်ခိုင်မာမာနဲ့လုပ်ပုံကိုရော ၊ နောက်ပြီး ပါတီ နဲ့ ပါတီဝင်တွေအပေါ် ဒေါ်စုရဲ့ လက်ရှိ စီမံခန့်ခွဲပုံတွေကို ကြည့်ပြီးတော့ရော တချို့က စိုးရိမ်နေကြပါတယ်......ဒေါ်စုအနေနဲ့ အစိုးရအဖွဲ့ကို သိပ်တင်းတင်းကျပ်ကျပ်ကြီး နဲ့ အာဏာရှင်ဆန်ဆန် ကိုင်တွယ်သွားမလား လို့ပါ ။ အဲဒါကို ဘယ်လို ဖြေကြားချင်ပါသလဲ ။

ဖြေ ။ ။ ကျမတို့အနေနဲ့ အာဏာရှင်အစိုးရ ဖြစ်မလာနိုင်တဲ့ အင်မတန် ရိုးစင်းတဲ့အကြောင်းတစ်ချက်ရှိပါတယ် .....ဘာလို့လည်း ဆိုတော့ ကျမတို့ရဲ့အင်အားဆိုတာ ပြည်သူလူထုမို့လို့ပါဘဲ ။ ကျမတို့တွေ ဒီနေ့ ဒီကာလထိ ရှင်သန်ရပ်တည်လာနိုင်တာ ပြည်သူ့ထောက်ခံမှုကြောင့်ပါ ။ ပြည်သူ့ထောက်ခံမှုကို အားကိုးရတဲ့အစိုးရတစ်ရပ်ဟာ ဘယ်သောအခါမှ အာဏာရှင်ဖြစ်မလာပါဘူး ။

မေး ။ ။ အစိုးရ ဖွဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒေါ်စုအနေနဲ့ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အပေါ် တစ်ချို့က စိုးရိမ်မကင်းဖြစ်နေကြတယ်နော်.....စစ်တပ်ကလည်း လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဆက်ယူထားတုန်းဘဲလေ ။ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သို့မဟုတ် တွဲလုပ်ဖို့ ဘယ်လို စဉ်းစားထားပါသလဲ ။

ဖြေ ။ ။ စစ်တပ်ဘဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းတစ်ခုခုနဲ့ဘဲဖြစ်ဖြစ်ပါ.....ပူးပေါင်းလုပ်ဆောင်တယ် သို့မဟုတ် တွဲလုပ်ကြတယ် ဆိုတာ ရည်မှန်းချက်ကို ရောက်ဖို့ အလုပ်လုပ်ကြတာကို ပြောတာပါ ......ချက်ချင်းလက်ငင်း ဖြစ်လာတတ်တာမျိုး မဟုတ်ပါဘူး ။ အလုပ်လုပ်ခြင်းအားဖြင့် တဖြည်းဖြည်းလေ့လာတည်ဆောက်ရတာပါ ။ သဘောတရားသီအိုရီတွေနဲ့ချည်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ အခြေအနေတွေက ဘယ်လို ဖြစ်ပျက်ပြောင်းလဲနေတယ် ဆိုတာအပေါ်မှာ မူတည်ပါတယ် ။ တင်းတင်းမာမာ အမိန့်တွေ ၊ မြန်မြန်ဆန်ဆန်စည်းကမ်းတွေ ချပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ NLD က တရားဝင်ပြောထားတာရှိပါတယ်...... လွှတ်တော်ထဲက ၂၅ % ဟာ အချိန်တန်ရင် လွှတ်တော်ထဲက ထွက်သွားရမယ် ဆိုတာကိုပါ ....ဘာလို့လည်းဆိုတော့ ဒီလိုဝင်ထိုင်နေတာဟာ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ကိုက်ညီမှု မရှိလို့ပါဘဲ ၊ ဒါပေမယ့် အားလုံး ရင်ကြားစေ့ပြေလည်ဖို့ ရှေ့ရှုပြီး ဒီလမ်းကြောင်း ( ၂၅ % ဘယ်လိုထွက်သွားမလဲ ဆိုတဲ့လမ်းကြောင်း ) ကို ချဉ်းကပ်ဖို့ကိုတော့ ကျမတို့အားလုံး ညှိနှိုင်းဆောင်ရွက်ကြမယ် လို့ တရားဝင် ပြောထားပြီး ဖြစ်ပါတယ် ။

မေး ။ ။ ဒေါ်စုက ဘယ်တော့ ဒီညှိနိုင်ဆွေးနွေးတာကို စမှာလဲ ။ သူတို့ဘက်ကရော ဆွေးနွေးဖို့ကို ဖွင့်ထားပေးသလား ။

ဖြေ ။ ။ ကျမတို့ အစိုးရဖွဲ့ပြီဆိုတာနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သူတို့ ဖွင့်ကို ဖွင့်ပေးရပါလိမ့်မယ် ။
.
Credit : Spring Flowers

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီသာ အစိုးရဖွဲ့နိုင်ခဲ့ရင် ရွေးချယ်ခန့်အပ်လိုက်တဲ့သမ္မတမှာ ဘာလုပ်ပိုင်ခွင့်မှ ရှိမှာမဟုတ်ကြောင်း ချန်နယ်နယူးစ်အေးရှသတင်းဌာနကို ပြောပါတယ်။

အင်္ဂါနေ့က သတင်းဌာနကို ပြောရာမှာ NLD သာအနိုင်ရရင် ရွေးချယ်ထားတဲ့ သမ္မတကို “အခြေခံဥပဒေနဲ့ကိုက်ညီဖို့သက်သက်” ခန့်အပ်မှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
“သူဟာ ပါတီရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီ ပြုမူလှုပ်ရှားဖို့ဖြစ်ပြီး သူ့မှာ ဘာအခွင့်အာဏာမှ မရှိကြောင်း သူ ကောင်းကောင်းသဘောပေါက်ရပါမယ်” လို့ သူက ပြောပါတယ်။
“ယုတ္တိကျကျလုပ်ဆောင်ဖို့ ဒီနည်းလမ်းတစ်ခုတည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အာဏာရပါတီရဲ့ ခေါင်းဆောင်က အစိုးရခေါင်းဆောင်ဖြစ်လာတာပါ။ တကယ်လို့ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်မပြုရင် ကျွန်မတို့က ပုံမှန်ဒီမိုကရေစီနည်းအတိုင်း ဆက်လုပ်နိုင်ဖို့ အစီအစဉ်တွေ လုပ်ရမှာပါ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမကျင်းပခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတရဲ့အထက်မှာ ရှိချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ သူက NLD သာ အနိုင်ရရင် ခန့်အပ်ခံရတဲ့သမ္မတကို သူ ညွှန်ကြားမယ်လို့ ထပ်မံပြောခဲ့ပါတယ်။
သူဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် ညွှန်ကြားချက်အားလုံးဟာ သူ့ဆီကလာမယ်ဆိုတာ ခန့်အပ်ခံရတဲ့သမ္မတက နားလည်ရမယ်လို့ သူက ဆက်ပြောပါတယ်။ ဒါဟာ အစိုးရရဲ့အုပ်ချုပ်မှုအပေါ် ထိခိုက်မှုရှိမှာမဟုတ်ဘူးလို့ သူက အလေးထားပြောပါတယ်။

အဲဒါက အစိုးရရဲ့လုပ်ငန်းတွေအပေါ် ဘယ်လိုလုပ်ထိခိုက်မှာလဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရလည်း ရှိမယ်၊ မှန်မှန်ကန်ကန်လည်း အုပ်ချုပ်မှာဖြစ်တယ်လေ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကို သူ့ကို အတိအကျပြောပြထားမှာပါ” လို့ သူက ပြောပါတယ်။

ဒါဆိုရင် အာဏာရှင်သဘော သက်ရောက်မှာလားလို့ မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ဟာ လူထုရဲ့အားပေးထောက်ခံမှုကနေ အင်အားဖြစ်လာတဲ့အတွက် အာဏာရှင်လမ်းကြောင်းကို ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“ကျွန်မတို့မှာ ပြည်သူလူထုရဲ့ထောက်ခံမှုရှိတဲ့အတွက် လူထုက ထောက်ခံနေသမျှကာလပတ်လုံး ရှင်သန်နေမှာပါ။ နောက်ပြီး လူထုထောက်ခံမှုနဲ့ရပ်တည်နေကြတဲ့ အစိုးရတိုင်းဟာ ဘယ်တော့မှ အာဏာရှင်ဖြစ်မလာကြပါဘူး” လို့ သူက ပြောပါတယ်။

အတိုက်အခံခေါင်းဆောင်ဟာ စစ်တပ်နဲ့တခြားအဖွဲ့တွေနဲ့ လက်တွဲပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။

“စစ်တပ်ပဲဖြစ်ဖြစ်၊ တခြားအဖွဲ့အစည်းပဲဖြစ်ဖြစ် တွဲဖက်အလုပ်လုပ်တာနဲ့ပူးပေါင်းဆောင်ရွက်တာဟာ လုပ်ကိုလုပ်ရမယ့်အရာတစ်ခုပါ။ ညတွင်းချင်းတော့ဖြစ်မလာနိုင်ပါဘူး။ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်လာအောင် ကျွန်မတို့လေ့လာရပါမယ်။ စာအုပ်ကြီးအတိုင်း လုပ်လို့မရပါဘူး ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီတော့ ကျွန်မတို့က အခြေအနေတွေ ဘယ်လိုပြောင်းလဲလာတယ်ဆိုတဲ့အပေါ် မူတည်ပြီး ကိုင်တွယ်ဖြေရှင်းရပါမယ်။ အဲဒါမျိုးကို တင်းတင်းကျပ်ကျပ်၊ မြန်မြန်ထက်ထက်စည်းကမ်းတွေ ချပြီး လုပ်လို့မရပါဘူး။ ၂၅ % ဟာ တဖြည်းဖြည်းနဲ့ ထွက်ခွာပေးရမယ်လို့ NLD ကတရားဝင်ပြောပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါ(၂၅%)က ဒီမိုကရေစီလုပ်နည်းကိုင်နည်းမဟုတ်လို့ပါ။ ဒါပေမယ့် ကျွန်မတို့က ပြန်လည်ပေါင်းစည်းရေးဆီ ဦးတည်တဲ့နည်းလမ်းနဲ့ ညှိနှိုင်းသွားမှာဖြစ်ပါတယ်”

“ကျွန်မတို့အစိုးရဖွဲ့တာနဲ့တပြိုင်နက် ညှိနှိုင်းမှုတွေလုပ်ဖို့ သူတို့တံခါးဖွင့်ရမှာဖြစ်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

စုပြည့်စုံ
Ref: CNA, Nov 10th
.
Credit : Kumudra
Channel News Asia နှင့် DASSK အင်တာဗျူး ကောက်နှုတ်ချက်

Channel News Asia နှင့် DASSK အင်တာဗျူး (ကောက်နှုတ်ချက် )*************************************************************** မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။ဖြေ ။ ။ မရှိပါဘူး ....သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။.Credit : Channel News Asia . ပြန်လည်မျှဝေပေးပါတယ်လေးစားလျက်Martin Swe10-11-2015

Posted by Martin Swe on Tuesday, November 10, 2015
Channel News Asia နှင့် DASSK အင်တာဗျူး (ကောက်နှုတ်ချက် )
မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။

ဖြေ ။ ။ မရှိပါဘူး ....သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊

မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။

ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။
.
Credit : Channel News Asia

ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရဖို့ ဦးတည်လျက်ရှိနေသည့် အတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အနေဖြင့် ပြည်သူဆန္ဒကို အလေးထားအသိအမှတ်ပြုရန် တိုက်တွန်းပြောကြားသည်။

နိုင်ငံတွင် နောက်ဆုံးရွေးကောက်ပွဲတစ်ရပ်အဖြစ် ၁၉၉၀ ရွေးကောက်ပွဲက NLD ပါတီ၏ အနိုင်ရလဒ်ကို ယခင်စစ်အုပ်ချုပ်ရေးက အသိအမှတ်မပြုဘဲရှိခဲ့သည်။

"အချိန်ကာလကလည်း မတူတော့ပါ။ ပြည်သူတွေကလည်း ပြောင်းလဲနေပါပြီ။"ဟု နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲအပြီး ပထမဆုံး အင်တာဗျူးအဖြစ် ဘီဘီစီသို့ ပြောကြားသည်။

ရွေးကောက်ပွဲတွင် အာဏာရပျါတီ ပြည်ခိုင်ဖြိုးက မရှုမလှ မဲများရှုံးလျက်ရှိနေသည်။ NLD ပါတီက ၇၅ ရာခိုင်နှုန်း နိုင်ခြေပေါ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စစ်အာဏာရှင်စနစ်အောက် ဆယ်စုနှစ် ငါးခုစာ ကျရောက်ခဲ့သည့် နိုင်ငံတွင် အာဏာအပြောင်းအလဲဖြစ်ပေါ်စေမည့် ရွေးကောက်ပွဲအပေါ် "မျှတမှု မရှိပေမယ့် လွတ်လပ်ပွင့်လင်းမှုများစွာရှိကြောင်း" ပုံမှန်မဟုတ်ဘဲ ညစ်ကွက်သည့် လှည့်ကွက်များရှိသည့် သတင်းများထွက်ပေါ်နေခြင်းကို ရည်ညွန်းကာ ဖြေကြားခဲ့သည်။

အနိုင်ရပါက အစိုးရဖွဲ့သည့်အခါ သမ္မတတစ်ဦးခန့်အပ်ကာ အစိုးရအဖွဲ့ကို ပဲ့ကိုင်သွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

NLD ပါတီအနိုင်ရခဲ့ပါက ဖွဲ့စည်းပုံနှင့် ညီညွတ်သူအား သမ္မတအဖြစ် ရွေးချယ်ခန့်အပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်က နေအိမ်တွင် Channel NewsAsia သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

Ref: The Telegraph
Mizzima - News in Burmese

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်တွင် သင်တန်းသား ၂၄၀၀ ၀န်းကျင်၏ အငြင်းပွာဖွယ် တပ်မဲများဖြင့် ပြည်ခိုင်ဖြိုးက မဲ ၁၀၀၀ ကျော် အသာရခဲ့ခြင်းကို NLD က ကန့်ကွက်စာ တင်မည် ဖြစ်ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် လွှတ်တော်အရပ်ရပ်၌ ပြည်ခိုင်ဖြိုးက တပ်မဲ အသာဖြင့် အနိုင်ရလဒ်ထွက်ခဲ့ပြီး ပုံစံ ၁၉ ထွက်ရှိပြီ ဖြစ်သော်လည်း ထိုရလဒ်မှာ အငြင်းပွားဖွယ် ဖြစ်နေသဖြင့် NLD က လက်မှတ်မထိုးဘဲကန့်ကွက်ထားကြောင်း သိရသည်။

အငြင်းပွားဖွယ် တပ်မဲဆိုသည်မှာ ရပ်စောက်မြို့နယ်ရှိ တပ်စုမှူးသင်တန်းနှင့် တပ်ခွဲမှူးသင်တန်းများတွင် တက်ရောက်နေသူ သင်တန်းသား
၂၄၀၀ ၀န်းကျင်၏ မဲများ ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းသားများသည် သင်တန်းကာလ ရက် ၁၂၀ သာရှိပြီး ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေများတွင် ကြိုတင်မဲ ထည့်ရမည့်သူများ ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲနေ့တွင် အဆိုပါသင်တန်းသားများ မဲပေးခဲ့သည့်အတွက် ၎င်းတို့၏ ထည့်ဝင်မဲများသည် ရွေးကောက်ပွဲ ဥပဒေ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း သိရသည်။

"အခြေခံ မဲစာရင်းမှာ ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၁၀ အရ ရက်ပေါင်း ၁၈၀ နေထိုင်မှသာ မဲပေးပုံစံ ၁ မှာ ၀င်ခွင့်ရှိတာကို အခုဟာက သင်တန်း သည် ရက်ပေါင်း ၁၂၀ ပဲ ရှိတဲ့အတွက် ဒီဟာကို ကျွန်တော်တို့က ဥပဒေနဲ့ ထောက်ပြမယ်။ ကန့်ကွက်မယ်။ ကျွန်တော်တို့မှာ သက်သေအဖြစ် စာရွက် စာတမ်းတွေ ရှိတယ်။ သူတို့က သင်တန်းသား ဖြစ်တဲ့အတွက် မိခင်နေရပ်မှာ ကြိုတင်မဲ ပေးရတယ်လေ။ ပုံစံ ၁- ၂ နဲ့။ အဲဒီတော့ အဲတာက ကြိုတင်မဲ ပေါ့။ ကျွန်တော်တို့ နယ်မှာတော့ တိုက်ရိုက်လာပေးတာပေါ့။ သူတို့က သူတို့နယ်မှာ ကြိုတင်မဲပေးပြီး ကျွန်တော်တို့ နယ်မှာကျတော့ ကိုယ်တိုင် လာပေး တာလည်း ပါတာပေါ့။ သူတို့က နှစ်နေရာပေးတဲ့ သဘောပေါ့။ သင်တန်းသားက ၂၄၀၀ ရှိတယ်" ဟု NLD မှ ရပ်စောက်မြို့နယ် မဲဆန္ဒနယ် - ၁ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်၏ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဦးအောင်ညွန့်က ပြောပါသည်။

ရပ်စောက်တွင် တပ်ကြိုတင်မဲ ပမာဏအနေဖြင့် ဗထူးမဲရုံ တွင် ၁၄၇၅ မဲ၊ ဗထူးမဲရုံ ၂ တွင် ၂၄၃၆ မဲ၊ အလက ဗထူးမဲရုံ ၃ တွင် ၂၇၆၃၊ တပ်နယ်ဈေး ခန်းမ မဲရုံ ၄ တွင် ၇၃၁ စုစုပေါင်း ၇၄၀၅ ရှိမည်ဟု ကြိုတင် စာရင်းထုတ်ပြန်ထားကြောင်း သိရသည်။ အဆိုပါ ကြိုတင်မဲများအပြင် သင်တန်းသား ၂၄၀၀ ကပါ ရွေးကောက်ပွဲနေ့တွင် မဲပေးခဲ့သဖြင့် အငြင်းပွားဖွယ် ရလဒ် ထွက်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

"ပုံစံ ၁၉ ထွက်လာတဲ့အခါ ပြည်ခိုင်ဖြိုးနဲ့ မဲရရှိမှု ၁၀၀၀ ကျော် ကွာသွားတယ်။ သင်တန်းသားတွေရဲ့ မဲပေးမှုကို မသိခင်မှာတော့ NLD က ပြည်ခိုင်ဖြိုး အသာရပြီး နိုင်ထားတယ်။ သင်တန်းသားတွေမဲ ထည့်တွက်လိုက်တော့ ၁၀၀၀ ကွာသွားတယ်။ ကျွန်တော်တို့ အဲဒီ ၁၀၀၀ နဲ့ပဲ လွှတ်တော် အရပ်ရပ်ရော၊ ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီးနေရာအတွက်ပါ ရှုံးတဲ့ ရလဒ်ထွက်လာတယ်။ ဒါကြောင့် ပုံစံ ၁၉ မှာ ကျွန်တော်တို့ လက်မှတ်မထုတ်ဘူး။ ဒီနေ့ တော့ မြို့နယ် ကော်မရှင်ကို နှုတ်နဲ့ ကန့်ကွက်ခဲ့တယ်။ ပုံစံ ၁၉ ကို မိတ္တူကူးမယ်။ ကူးပြီးတော့ မနက်ဖြန်မှာ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး စာနဲ့ ကန့်ကွက်မယ်"ဟု ဦးအောင်ညွန့်က ပြောကြားခဲ့ပါသည်။

Eleven Media Group



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၉ ရက်နေ့က စပြီး မဲရလဒ်တွေကို ကြေညာ ပေးနေရာမှာ ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်း အထိ လွှတ်တော် ၃ ရပ်အတွက် ၂၈၅ ယောက်ရဲ့ အနိုင်စာရင်း ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီထဲမှာ အန်အယ်လ်ဒီက ၂၄၉ နေရာ နိုင်ပြီး တခြား ပါတီတွေက ၃၆ နေရာ နိုင်ပါတယ်။

ဒီကနေ့ ကြေညာတဲ့ အထဲမှာတော့ ကယားပြည်နယ်မှာ အမျိုးသား လွှတ်တော် အမှတ် ၉ မှာ ဝင်ပြိုင်တဲ့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိမ်းက အနိုင်ရခဲ့ပါတယ်။

ကြိုတင်မဲတွေ ကိစ္စ မကျေမနပ် တိုင်တန်းမှုတွေ ရှိခဲ့တဲ့ လားရှိုးမှာတော့ ဒုတိယ သမ္မတ ဦးစိုင်းမောက်ခမ်း အနိုင်ရသွားတယ်လို့ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံးမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မွန်ပြည်နယ်

တရားဝင် မကြေညာသေးပေမယ့် လေ့လာ စောင့်ကြည့်သူတွေရဲ့ စာရင်းတွေ အရတော့ မွန်ပြည်နယ် ၁၀ မြို့နယ်က ပြည်သူ့လွှတ်တော်မှာ အင်အယ်ဒီက အားလုံး နိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသား လွှတ်တော် ၁ နဲ့ ၂ နှစ်နေရာ ရှိရာမှာ ရေးမြို့က အမျိုးသားလွှတ်တော် ၂ တစ်နေရာမှာပဲ မွန်ပါတီ တခုဖြစ်တဲ့ MNP က ဦးနိုင်သီဟက အနိုင်ရပြီး၊ ကျန်တဲ့နေရာ အားလုံးမှာ အင်အယ်ဒီကပဲ အနိုင် ရပါတယ်။ ပြည်နယ် လွှတ်တော် ၁ နဲ့ ၂ နှစ်နေရာ ရှိရာမှာလည်း အင်အယ်ဒီက အများဆုံးရပါတယ်။

ပြည်နယ် လွှတ်တော် ၁ မှာ အင်အယ်ဒီက ဒေါ်မြသင်္ဂီမော်နဲ့ ယှဉ်ပြိုင်တဲ့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်က ပထမပိုင်း မဲရေတွက် နေတုံးမှာ အသာရခဲ့ပေမယ့် နောက်ဆုံး အပြီးသတ်မှာတော့ ရှုံးသွားပါတယ်။

ပြည်နယ်လွှတ်တော် ၁ နဲ့ ၂ မှာ မွန်ပါတီနှစ်ခုက တစ်ယောက်စီ အနိုင်ရ ပါတယ်။ ပြည်နယ်လွှတ်တော် ၂ မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက မင်းအောင်မွန်က တနေရာ ရသွားပါတယ်။

ကျိုက်ထိုမြို့မှာ ဝင်ပြိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဗိုလ်ချုပ် သက်နိုင်ဝင်း ကတော့ ရှုံးသွားပါတယ်။

ကရင်ပြည်နယ်

ကရင်ပြည်နယ်မှာတော့ အင်အယ်ဒီကနေ ရာအများဆုံးမှာ အနိုင်ရနေပါတယ်။

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပြီးသတ် ရလဒ်ကို အမြန်ဆုံး ကြေညာနိုင်အောင် စီစဉ်သွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲနေ့က မဲရုံအတွင်းပိုင်းနဲ့ မဲရုံပြင်ပမှာ စည်းကမ်း ချိုးဖေါက်ခဲ့တဲ့ ဖြစ်စဉ် ၁၁၉ မှု ရှိခဲ့တယ် လို့လည်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သတင်း မီဒီယာတွေကို ပြောပါတယ်။

ကြာအင်းဆိပ်ကြီး မြို့နယ်မှာ ကြံ့ခိုင်ရေး ပါတီက ပြည်နယ်လွှတ်တော် တစ်နေရာနဲ့ ဖာပွန် မြို့နယ်မှာ တစ်နေရာ နိုင်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

လားရှိုးမြို့ နယ် မဲရလဒ်များကို ထုတ်ပြန်ရာတွင် ပြည်သူ လွှတ်တော်မဲဆန္ဒနယ် တွင် ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာစိုင်းမောက်ခမ်းက အနိုင်ရရှိသွားပါတယ်။ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ( ၁ ) မှာတော့ NLD ကအနိုင်ရ ရှိကာ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ( ၂ ) မှာတော့ ကြံခိုင်ဖွံ့ ဖြိုးရေးပါတီကအနိုင်ရ ရှိတယ် လို့ ပြည်နယ် ကော်မရှင်က ထုတ်ပြန်တဲ့စာရင်းအရသိရှိရပါတယ်။



လားရှိုးမြို့ နယ် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲရလဒ် တွေကို လက်ခံတဲ့အနေ နဲ့  NLD ပါတီနဲ့ SNLD ပါတီကကိုယ်စားလှယ်တွေဟာ ပုံစံ ၁၉ မှာလက်မှတ်ထိုး လိုက်ပါပြီ။
လားရှိုးမြို့ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းမောက်ခမ်းက ၃၀၉၀၉ မဲ NLD က ၂၆၇၂၆ မဲ နဲ့ SNLD က ၁၇၂၇၇ ရရှိတဲ့ အတွက် ဒေါက်တာစိုင်းမောက်ခမ်း ကအနိုင်ရ ရှိသွားပါပြီ။

BBC Burmese
https://www.facebook.com/bbcburmese/



 ဈေးအချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမှတ်တံဆိပ်ပါ အနီရောင် တီရှပ်များကို အမြောက်အပြား ဝယ်ယူသွားကြောင်း NLD က သတိပေးကြေညာချက် ထုတ်ပြန်လိုက်သည်။

အဖွဲ့ချုပ်၏ တီရှပ်၊ နဖူးစီး ၊လွယ်အိတ်များ ဝတ်ဆင်ကိုင်ဆောင်ထားတိုင်း အဖွဲ့ချုပ်ဝင် မဟုတ်နိုင်ဘဲ ထိုသို့ပုဂ္ဂိုလ်များ အစုလိုက် အဖွဲ့လိုက် လှုပ်ရှားမှုများကို လုံခြုံရေး အသိဖြင့် စောင့်ကြည့်ရန်လည်း နှိုးဆော် ထားပါသည်။


၁- လားရှိုးကိစ္စဟာ တမင်လုပ်တာ ဖြစ်မလား။ mntv မှာ ပက်ပက်စက်စက် ရှုံးနေတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းတို့ မဲရေတွက်ပုံကို ကြာရှည်ကြာမောပြတယ်။ နောက်ရက်ကျ ကြိုတင်မဲနဲ့ နိုင်တယ်။ တမင် ဆွပေးနေတာလား စဉ်းစားရကြပ်တယ်။

၂- ဒါပေမယ့် ပြည်သူတွေ အရှုံး မရှိဘူး။ အခု ဖြစ်ရပ်ကို ကြည့်ရင် ကျန်တဲ့ နေရာတွေမှာလည်း ဒီလို ညစ်ဖို့ ကြံစည်ထားတာတွေ ရှိနိုင်တယ်။ ပြည်သူတွေက အလစ်မပေးပဲ ၀န်းရံခဲ့ကြလို့ ဆိုတဲ့ အဖြေထွက်တယ်။ နောက်တစ်ချက်က ပြည်ထောင်စုရွေးကော်သည် တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တာမဟုတ်ဘူး။ ရပ်ကျေးရွေးကော်တွေ၊ မဲရုံအဖွဲ့ဝင်တွေ၊ ပြည်သူတွေက ဥပဒေအတိုင်း ဆောင်ရွက်ခဲ့ကြလို့သာ မျှတတဲ့ အဖြေထွက်လာတာ ဖြစ်တယ်။ ဒါကြောင့် ရွေးကော်ရဲ့ ဘက်လိုက်မှုကို နိုင်ငံတကာကို ချပြပြီးသားဖြစ်သွားတယ်။

၃- လားရှိုးဖြစ်ရပ်မှာ သန်းခေါင်မှ ရောက်လာတဲ့ မဲပုံးတွေကို ဖွင့်ခွင့်ပေးခဲ့တာကိုက အမှား။ ဒါမျိုး ဥပဒေကို ကျော်ပြီးရောက်လာရင် လက်ခံစရာကို မရှိဘူး။ ငြင်းကို ငြင်းရမယ်။ မဲရေပြီး ငါတို့နိုင်လည်း အေးတာပဲ ဆိုတဲ့ အတွေးနဲ့ လက်ခံစရာကို မလိုဘူး။ နောက်ဖြစ်စဉ်တွေမှာ ၀န်းရံသူတွေ ဥပဒေကို သိထားပြီး တိတိကျကျ တောင်းဆိုခြင်းသည် အဓိက ကျတယ်ဆိုတာ သိသင့်တယ်။

၎- နောက်ဆက်တွဲ ညစ်ကွက်တွေ ရှိသေးတယ်။ ဥပမာ- ကုန်ကျစရိတ်တင်ရမယ် ဆိုတဲ့ ကိစ္စ။ သူတို့ သတ်မှတ်တဲ့ရက်မှာ သတ်မှတ်သလောက် ပမာဏကို တင်နိုင်အောင် ကြိုးစားရမယ်။ ကိုယ်တွေက အစစ်အမှန်လုပ်ပေမယ့် စာရင်းဇယားမနိုင်တော့ ညိသွားစရာတွေ ရှိတယ်ဆိုတာ သိထားရမယ်။ တဖက်က စာရင်းအင်းလိမ်တာတွေ ကျွမ်းသူတွေ ပါနေနိုင်တယ်။ ဒါကြောင့် အခုကတည်းက စာရင်းတွေ ပြင်ထားပါ။

၅- နောက် တိုင်လာမယ့် ကိစ္စတွေ ရှိသေးတယ်။ ရွေးကောက်ပွဲမှာ မသမာမှု ရှိပါတယ် ဘာညာ ဆိုပြီး။ ဒိုင်က အလယ်မှာ မရပ်တဲ့အခါ တိုင်လာတဲ့ ကိစ္စတွေမှာ ကိုယ်မှန်လည်း အရှုံးဖြစ်တတ်တယ်ဆိုတာ သိထားပါ။ ကိုယ်ရှုံးရင် ကိုယ့်နေရာကို ဒုတိယလူ တက်လာလိမ့်မယ်။ မပေါ့ပါနဲ့။ ပြည်သူနဲ့ အဆက်အသွယ် မပြတ်ပါစေနဲ့။ မဲရုံကိုယ်စားလှယ်တွေ မှတ်စုတွေကို သေသေချာချာ ပြန်စစ်ဆေးပြီး ပြန်ရေးတင်ခိုင်းပါ။ ထူးခြားဖြစ်စဉ်တွေကို သေသေချာချာ မှတ်တမ်းရှိပါစေ။ ပြည်သူကလည်း ထောက်ခံမှုကို မလျော့ချလိုက်ပါနဲ့။ ဒီသုံးလအတွင်း ဖြစ်လာစရာတွေ အားကြီး ရှိနေပါသေးတယ်။

၆- ပြည်သူ့နိုင်ငံရေးရေချိန်နဲ့ ကိုယ်စားလှယ်တော်တွေ ပူးပေါင်းကာကွယ်မှသာ အစိုးရသစ်ကို အေးအေးချမ်းချမ်း ချောချောမွေ့မွေ့ အသက်သွင်းနိုင်မှာ ဖြစ်ပါတယ်။

သက္ကမိုးညို

[youtube src="P69zfFlBk5Y"/]
နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ၄ နာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လားရှိုးမြို့ကို ရောက်ရှိလာတဲ့ ကြိုတင်မဲကိစ္စနဲ့ပတ်သတ်ပြီး မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးက " ကြိုတင်မဲပုံးက တစ်ဖက်ခန်းမှာ ထားထားတယ်။ observer တွေက အနားမှာရှိနေတယ်။ကြိုတင်မဲပုံးယူလာတဲ့အခါမှာ အချိန် နောက်ကျတယ်။အဲဒီလို ပုံးကြီးရွှေ့လာတာ ညနေ ၄ နာရီနောက်ပိုင်း နောက်ကျလို့တဲ့။ကျွန်တော်ပြောထားတာက လေးနာရီနောက်ပိုင်းမှ ရောက်လာတဲ့ ကြိုတင်မဲဆိုတာ စာအိတ်တွေ။ပုံးကြီးမဟုတ်ဘူး။ စာအိတ်တွေလာတဲ့အခါ ဘာလုပ်ရလဲဆိုတော့ ၁၈- (၁) ဆိုတာနဲ့ မှတ်တမ်းတင်ရတယ်" လို့ ပြောပါတယ်။

Eleven Media Group

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကြိုတင်မဲဖြင့် လားရှိုးမြို့ ပြည်သူ့လွှတ်တော်တွင် အနိုင်ရသွားကြောင်း သိရသည်။ လားရှိုးမြို့နယ်တွင် NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်လောင်းက ကြိုတင်မဲ ၇၃ မဲ၊ SNLD ပါတီ ကိုယ်စားလှယ် လောင်းက ကြိုတင်မဲ ၆ မဲ၊ SNDP ပါတီ ကိုယ်စားလှယ်လောင်းက ကြိုတင်မဲ ၁၂ မဲ ရရှိချိန်တွင် ဒေါက်တာ စိုင်းမောက်ခမ်းက ကြိုတင်မဲ ၃၈၀၀ ရရှိခဲ့ပြီး အဆိုပါ ကြိုတင်မဲများဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် မဲရလဒ် အနှစ်ချုပ် ပုံစံ ၁၉ ကို ထုတ်ပြန်ရာတွင် ဒေါက်တာ စိုင်း မောက်ခမ်းက ၃၀၉၀၉ မဲ၊ NLD ပါတီ ကိုယ်စားလှယ်လောင်းက ၂၆၇၂၆ မဲ၊ SNLD ကိုယ်စားလှယ်လောင်းက ၁၇၂၇၇ မဲ ရရှိကြောင်း ဖော်ပြခဲ့သည်။

ယခု ရွေးကောက်ပွဲတွင် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၀င်ပြိုင်သည့် လားရှိုးမဲဆန္ဒနယ်သည် ကြိုတင်မဲနှင့် ပတ်သက်ပြီး အဆိုးဝါးဆုံး အသုံးပြုခဲ့သည့် ဒေသတစ်ခု ဖြစ်ကာ အဆိုပါ မြို့နယ်၏ လွှတ်တော် အရပ်ရပ်အတွက် ကြိုတင်မဲ ပမာဏ ၁၅၄၆၀ မဲ ရှိခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် ရပ်/ကျေးကော်မရှင်ခွဲက မြို့နယ်သို့ ပေးပို့သည့် မဲပုံးများကို မြို့နယ်သို့ ပို့ဆောင်ခြင်း မလုပ်ဘဲ မိတ္တူဆိုင် တွင် ဖွင့်ဖောက်ခဲ့သည့် ကိစ္စရပ်မှာလည်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ လားရှိုးမဲဆန္ဒနယ်တွင် ဖြစ်ပွား ခဲ့ပါသည်။

ဒေါက်တာ စိုင်းမောက်ခမ်း၏ ကြိုတင်မဲ ကိစ္စနှင့် ပတ်သက်ပြီး NLD နှင့် SNLD လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့သော်လည်း နည်းဥပဒေ ပုဒ်မ ၆၇ (က) အရ ထုတ်ပြန် ခဲ့သော ပုံစံ-၁၈ ကြိုတင်မဲရလဒ်စာရင်းတွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ ကိုယ်စား လှယ်များ၊ အသိသက်သေများနှင့် မြို့နယ် ကော်မရှင် အဖွဲ့ဝင်များက လက်မှတ်ထိုး အတည်ပြုထားပြီး ဖြစ်သဖြင့် ဒေါက်တာ စိုင်းမောက်ခမ်း၏
ကြိုတင်မဲများကို အတည်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၀ ရက် နေ့လည်ပိုင်းက
နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးရှိ မီဒီယာ စင်တာတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များက မေးခွန်းထုတ်ခဲ့ရာ ပြည် ထောင်စု ရွေးကောက်ပွဲ
ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက စိတ်ဆိုးစွာဖြင့် တုန့်ပြန်ခဲ့ပြီး သတင်းစာ ရှင်းလင်းပွဲကိုလည်း ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
.
Eleven Media Group


ွှအတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လူထုကို နှုတ်ခွန်းဆက်။ (နိုဝင်ဘာလ ၉၊ ၂၀၁၅)
ွှအတိုက်အခံပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး လူထုကို နှုတ်ခွန်းဆက်။ (နိုဝင်ဘာလ ၉၊ ၂၀၁၅)

အခု ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ တနိုင်ငံလုံး အတိုင်းအတာ ၈၄ ရာခိုင်နှုန်း အနည်းဆုံး အနိုင်ရထားပြီလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရတဲ့ပမာဏထက် များနိုင်ချေရှိတယ်လို့ ဆိုပါတယ်။ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပေမယ်လို့ တရားမျှတမှု မရှိဘူးလို့လည်း ပြောပါတယ်။ NLD အနေနဲ့ ဒီကနေ့မှာ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခေါ်ယူခဲ့ပြီး၊ အစိုးရဖွဲ့စည်းရေးကိစ္စ အပါအ၀င် အကြောင်းရပ် အတော်များများ ဆွေးနွေးထားတယ် ဆိုပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ဒါပေမယ့် အမျိုးသားရင်ကြားစေ့ရေး အပါအ၀င် ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းမှုဖြစ်ဖို့အတွက် သူတို့မှာ အသေးစိတ် အစီအစဉ်ရှိထားပါတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဗွီအိုအေ ၀ိုင်းတော်သား ကိုသားညွန့်ဦးက ကိုယ်တိုင်တွေ့ဆုံမေးမြန်းထားပါတယ်။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့ တိုင်းနဲ့ ပြည်နယ် ၁၄ ခု စလုံးက ရထားတဲ့ စာရင်းတွေ အပြည့်အစုံတော့မဟုတ်သေးဘူး။ အခုအချိန်ထိ ၈၄ % ကျနော်တို့ရထားပါတယ်။

မေး။ ။ အခုအနေအထားက ၁၉၉၀ ခုနှစ်က အန်ကယ်တို့ရထားတဲ့အနေအထားနဲ့ များမယ့် ပုံစံဖြစ်နေတာပေါ့နော်။

ဦးဉာဏ်ဝင်း။ ။ များမယ့် ပုံစံဖြစ်ပါတယ်။

မေး။ ။ အခုရထားတဲ့ ၈၄% က ဘယ်လောက်ထိခိုင်ခိုင်မာမာဖြစ်နိုင်မလဲ။ ဟိုဖက်က စောဒကတက်လာနိုင်တာတွေ ရှိလာနိုင်လား။

ဦးဉာဏ်ဝင်း။ ။ အဲဒါကတော့ ကျနော်တို့ သေခြာမသိပါဘူးခင်ဗျာ။ ဘာလို့ဆိုတော့ တဖက်က တက်လာဖို့ဆိုတာ သူတို့ လုပ်မှ ကျနော်တို့သိမှာ ။ ကျနော်တို့မပြောနိုင်ဘူး။ ကျနော်တို့ပြောနိုင်တာကတော့ အခု ၈၄ ကို ကျနော်ပြောတာ ။ ဒီထက်လျှော့စရာမရှိပါဘူး။

မေး။ ။နောက်တခုက ကြိုတင်မဲကိစ္စပါ။ တော်တော်များများက ကြိုတင်မဲကိစ္စတွေနဲ့ပက်သက်ပြီးတော့ စိုးရိမ်မှုတွေရှိပါတယ်။အခုရွေးကောက်ပွဲမှာ လားရိုးဖက်မှာတော့ဖြစ်တာကြားတယ်။ တခြားအခြေအနေတွေရော ဘယ်လိုရှိပါသလဲ။

ဦးဉာဏ်ဝင်း။ ။ ကြိုတင်မဲနဲ့ ပက်သက်ပြီးတော့ နေရာအနှံ့အပြားမှာ မကြေလည်တာတွေ တော်တော်များပါတယ်။ ဒါပေမယ့်လို့ သိပ်ထိခိုက်အောင်ဖြစ်တဲ့အဖြစ်မျိုးမရှိဘူး။ လောလောဆယ်တော့ လားရှိးမှာ မပြီးပြတ်သေးတဲ့ ကြိုတင်မဲကိစ္စ ရှိနေပါတယ်။ သူလည်း မပြီးပြတ်သေးတော့ ကျနော်တို့ သိပ်ပြီးတော့ ဝေဖန်ချက်တော့ မပေးချင်ပါဘူး။

မေး။ ။အခု ရွေးကောက်ပွဲလုပ်သွားတာနဲ့ ပက်သက်လို့ အန်ကယ့် သုံးသပ်ချက်ပေါ့။ လွတ်လပ်ပြီးတော့ မျှတတယ်လို့ ပြောနိုင်ပါသလားခင်ဗျာ။

ဦးဉာဏ်ဝင်း။ ။ ကျနော်တို့လွတ်လပ်တယ်။ မျှတမှုတော့မရှိဘူး။ မျှတမှုက ဘယ်မှာ မရှိသလဲဆိုတော့ ကျနော်တို့ voter list တွေ မဲဆန္ဒရှင်စာရင်း ပြုစုတဲ့နေရာမှာ သုံးကြိမ်ထုတ်ပြန်တယ်။ တကြိမ်နဲ့ တကြိမ် system မတူဘူး။ မှားတာလည်း ဆက်တိုက်မှားတယ်။ တော်တော်အံ့သြ ဖို့ကောင်းတယ်။ ကျနော်တို့ ဘယ်သူ့ကိုမှ မစွတ်စွဲချင်ဘူး။ သို့သော် မှားပုံမှားနည်းက နဲနဲ သာမန် ဖြစ်ရိုးဖြစ်စဉ် အများထက် အများကြီးပိုနေတယ်။ ဒါ ကို တရားမျှတမှုကို ဒီအပေါ်မှာ မှုတည်ပြီးတော့ ကျနော်တို့ တရားမျှတပါတယ်လို့ ပြောနိုင်ဖို့ အခြေအနေမရှိပါဘူး။

မေး။ ။အခု အနိုင်ရတဲ့အထဲမှာ ကျနော်တို့သတိထားမသလောက်၊ တိုင်းရင်းသားနယ်မြေမှာ တိုင်းရင်းသားပါတီတွေ တော်တော်များများလည်း အနိုင်ရတာရှိပါတယ်။ ရှမ်းတို့ ရခိုင်တို့ဖက်မှာ ။ ဆိုတော့ ဒီ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေး အန်ကယ်တို့ လွှတ်တော်ထဲမှာ ဘယ်လို အစီအစဉ်များရှိပါသလဲ။

ဦးဉာဏ်ဝင်းနဲ့ မေးမြန်းခန်းအပြည့်အစုံကို အသံဖိုင်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။

သားညွန့်ဦး/VOA
http://burmese.voanews.com/content/election-shows-main-oppositing-in-a-lead/3051447.html

မြန်မာ့အတိုက်အခံခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ၂၀၁၃မှာ တွေ့ဆုံစဉ်။
မြန်မာ့အတိုက်အခံခေါင်းဆောင်နဲ့ တောင်ကိုရီးယား သမ္မတ ၂၀၁၃မှာ တွေ့ဆုံစဉ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တဲ့ အပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အသစ်တက်လာမယ့် အစိုးရအနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တံခါးဖွင့်ဆက်ဆံရေး မူဝါဒတွေ ဆက်လက် ကျင့်သုံးသွားလိမ့်မယ် လို့ မျှော်လင့်တဲ့အကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Cho June-hyuck က ပြောဆိုလိုက်ပါတယ်။

“သမိုင်းဝင် ရွေးကောက်ပွဲ ရလဒ်တွေကနေ မြန်မာအစိုးရအနေနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဆက်ဆံရေး မူဝါဒတွေ ဆက်လက် ကျင့်သုံးသွားနိုင်ဖို့ ကျနော်တို့ အစိုးရက မျှော်လင့်ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံကြား ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိနိုင်ဖို့ အတွက်လည်း မြန်မာအစိုးရနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်” - လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Cho June-hyuck က ဒီကနေ့ နိုင်ငံခြားရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်း ပြောသွားခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/south-korea-welcome-myanmar-elections/3051432.html


 နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ-ANFREL
နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL သတင်းစာရှင်းလင်းပွဲ။ သတင်းဓာတ်ပုံ-ANFREL
ကာတာစင်တာ သတင်းစာ ရှင်းလင်းပွဲ

ပြီးခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ ပြည်တွင်းရော ပြည်ပပါ စောင့်ကြည့်ခွင့်အရဆုံး ရွေးကောက်ပွဲဖြစ်သလို၊ ပြောင်းလဲရေးအတွက် မြန်မာလူထုရဲ့ ပူးပေါင်းပါဝင်မှုဟာ အတော် ချီးကျူးစရာကောင်းတယ် လို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ ကာတာ စင်တာက ပြောပါတယ်။ ရွေးကောက်ပွဲမှာ စိုးရိမ်စရာတွေ ရှိခဲ့ပေမယ့် လို့ ယေဘူယျအားဖြင့်တော့ ငြိမ်းငြိမ်းချမ်းချမ်း ပြီးဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ကာတာစင်တာရဲ့ မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက ဒီအကြောင်း တင်ဆက်ပေးမှာပါ။

ကာတာစင်တာအနေနဲ့တော့ ရွေးကောက်ပွဲရက်အတွင်း နိုင်ငံအ၀ှမ်းက မဲရုံးပေါင်း ၂၄၅ ရုံကို သွားရောက်လေ့လာကြည့်ရှုခဲ့ပြီး၊ အားလုံးလိုလို မှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပုံမှန်အတိုင်းဖြစ်တာ ယေဘူယျ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အခု ရွေးကောက်ပွဲအတွင်းမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူ ၁၂၀၀ နီးပါးနဲ့ ပြည်တွင်းက လေ့လာစောင့်ကြည့်သူ တသောင်းနှစ်ထောင်နီးပါး ရှိခဲ့တာမို့ မြန်မာနိုင်ငံတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အားကောင်းလာမှုနဲ့၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ကာတာစင်တာက လေ့လာရေးအဖွဲ့ကို ဦးဆောင်သူ Jason Carter က ပြောပါတယ်။

“ကျနော်တို့ သွားခဲ့တဲ့ မဲရုံတွေအားလုံးနီးပါးမှာ နိုင်ငံရေးပါတီတွေက မဲရုံကိုယ်စားလှယ်တွေအနေနဲ့ မဲပေးမှုကို စောင်ကြည့်ခွင့်ရထားပါတယ်။ ဒါကြောင့် ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံသမိုင်းမှာတော့ ဒါဟာ စောင့်ကြည့်စစ်ဆေးခွင့်အရဆုံး ရွေးကောက်ပွဲလို့ ဆိုရင် မှားမယ်မထင်ပါဘူး။”

မြန်မာပြည်သူတွေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် မြန်မာလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့၊ ရွေးကောက်ပွဲနေ့မှာ သူုတို့ရဲ့ နိုင်ငံသားအခွင့်အရေးအတွက် တတ်တတ်ကြွကြွ ပါဝင်ခဲ့တာဟာ ထူးထူးကဲကဲ ချီးကျူးစရာ ဖြစ်တယ်လို့ J Carter က ပြောပါတယ်။ မဲရုံတွေကို လေ့လာစစ်ဆေးကြည့်သလောက်လည်း ကြီးကြီးမားမား ပြဿနာမျိုးမရှိခဲ့ဘူးလို့ ပြောပါတယ်။

“ ကျနော်တို့သွားတဲ့ မဲရုံအချို့မှာ ပြသနာအသေးလေးတွေကိုတော့ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း မဲရုံဝန်ထမ်းတွေ အတွေ့အကြုံမရှိတာနဲ့၊ မဲရုံလုပ်သားမလုံလောက်မှုတွေကြောင့်ဖြစ်တယ်လို့ ယူဆပါတယ်။ တခုကတော့ မဲဆန္ဒနယ်ပြင်ပမှာ ပေးခဲ့တဲ့ ကြိုတင်မဲတွေကိစ္စကိုတော့ ကျနော်တို့ စိုးရိမ်မကင်းဖြစ်ပါတယ်။ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေကို စစ်ဆေးကြည့်ရှုခွင့်မရတဲ့အပေါ် စိုးရိမ်မကင်းဖြစ်ရတဲ့အကြောင်းကို ကျနော်တို့ ကာတာစင်တာရော အခြားနိုင်ငံတကာစောင့်ကြည့်သူတွေပါ အစီရင်ခံ ထုတ်ပြန်ခဲ့ပြီးပါပြီ။”

ရွေးကောက်ပွဲကို လာရောက် စစ်ဆေးကြည့်ရှုတဲ့အထဲမှာ Elders လို့ခေါ်တဲ့ နိုင်ငံတကာက ထင်ရှားတဲ့ခေါင်းဆောင်ဟောင်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ကြီးက Mary Robinson လည်း တဦး အပါအ၀င်ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီလို အပြောင်းအလဲတွေ ဖြစ်လာတဲ့အပေါ် မြန်မာလူထုကို အဓိက ချီးကျူးမိတယ်လို့ ပြောပါတယ်။

“ ရွေးကောက်ပွဲနေ့တနေ့တင်မကပါဘူး ဒီမတိုင်ခင် လတွေ နှစ်တွေကတည်းက မြန်မာပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံကြီး အပြောင်းအလဲဖြစ်စေရေး ရှေ့ဆက်သွားနိုင်ဖို့ ထူးထူးကဲကဲ ပိုင်းဖြတ် ပြင်ဆင် ဆောင်ရွက်ချက်အပေါ်မှာ အင်မတန်ကို ချီးကျူးမိပါတယ်။”

ရွေးကောက်ပွဲနေ့မှာ မနက်အစောပိုင်းကတည်းက လာရောက်မဲပေးကြသူတွေနဲ့ တန်းအရှည်ကြီးဖြစ်နေပြီး၊ ရွေးကောက်ပွဲအပေါ် တတ်တတ်ကြွကြွ စိတ်အားထက်သန်နေကြတယ်လို့ နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။ ကာတာ စင်တာအပါအ၀င် နိုင်ငံတကာစောင့်ကြည့်ရေ။အဖွဲ့တွေအနေနဲ့ မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေကို လေ့လာခွင့်မရခဲ့ပေမယ့်လို့။ အခု ရွေးကောက်ပွဲနေ့မှာတော့ တပ်စခန်းတွေထဲက မဲရုံတွေကိုတော့ သွားရောက်ခွင့်ရခဲ့တယ်လို့ J Carter က ပြောပါတယ်။

“ စစ်တပ်တွင်းက မဲရုံတွေကို သွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း စစ်တပ်က မဲရုံ လေး ငါးခုလောက်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာတော့ အတိုက်အခံပါတီအပါအ၀င် ပါတီက ကိုယ်စားလှယ်တွေပါ ရှိနေတာတွေ့ရပါတယ်။ ဖြစ်ရပ်အနည်းအကျဉ်းကလွဲရင်တော့၊ အားလုံးခြုံပြော၇င် စစ်တပ်တွင်းက မဲရုံတွေကို သွားရောက်ကြည့်ရှုခွင့်တွေ ရခဲ့ပါတယ်။”

သူတို့အနေနဲ့ စိုးရိမ်မကင်းဖြစ်တဲ့ အထဲမှာတော့ ပြည်ထာင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ အခု မဲဆန္ဒရလဒ်တွေ ထုတ်ပြန်ပေးမှု နောက်ကျတဲ့အခြေအနေဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း လာမယ့် ရက်တွေအထိ အခြေအနေတွေကိုတော့ ကာတာစင်တာ အနေနဲ့ စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။ ကာတာစင်တာ မြန်မာနိုင်ငံရုံးခွဲကို ၂၀၁၃ ခုနှစ်နှောင်းပိုင်းက စ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ်ကတည်း က ရွေးကောက်ပွဲ ရေရှည် စောင့်ကြည့်မှုတွေ လုပ်ခဲ့ပါတယ်။ အခု ရေတိုစောင့်ကြည့်သူတွေကိုလည်း ရွေးကောက်ပွဲနေ့မှာ တိုင်းနဲ့ပြည်နယ်အားလုံးကို ပို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။


ကာတာစင်တာ သတင်းစာ ရှင်းလင်းပွဲ

EU EOM သတင်းစာရှင်းလင်းပွဲ

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲပေးတဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု မရှိပေမယ့်လို့မဲပေးတဲ့လုပ်ငန်းစဉ်မှာတော့ ကောင်းမွန်တယ်လို့ ဥရောပသမဂ္ဂလေ့လာရေးအဖွဲ့ EU EOM က ပြောလိုက်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတွေမှာ အာဏာရကြံ့ခိုင်ဖွံဖြိုးရေးပါတီအနေနဲ့ မမှန်မကန် လုပ်တာတွေ ရှိခဲ့သလို တစ်ချို့နိုင်ငံရေးပါတီတွေကလည်း ဘာသာရေးကို ရှေ့တန်းတင် မဲဆွယ်ခဲ့တယ်လို့ EU EOM အဖွဲ့ရဲ့ ရွေးကောက်ပွဲနဲ့ပတ်သတ်လို့ ကနေဦးတွေ့ရှိချက်မှာ ပါရှိပါတယ်။ ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ EU EOm အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲအကြောင်းကိုတော့ ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကျင်းပခဲံ့တဲ့ ပါတီစုံရွေးကောက်ပွဲမှာ အပြုသဘောဆောင်ပြီးတော့ မဲပေးတဲ့ လုပ်ငန်းစဉ်မှာလည်း ၉၅ ရာခိုင်နှုန်းက ကောင်းမွန်တယ်လို့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ EU EOM ဥရောပ သမဂ္ဂရွေးကောက်ပွဲလေ့လာရေးအဖွဲ့က ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ကြိုတင်မဲတွေမှာတော့ ပိုပြီး ပွင့်လင်းမြင်သာမှုရှိဖို့လိုတယ်လို့ ဒီအဖွဲ့ရဲ့ လေ့လာရေးမှုးချုပ် Alxender Graf Lambsdorff က တိုက်တွန်းလိုက်ပါတယ်။

“မဲဆန္ဒနယ်ပြင်ပက ကြိုတင်မဲတွေကို မြို့နယ်ကော်မရှင်ရုံးတွေမှာ ရေတွက်နေကြတာကို ဆက်လက်ပြီး အကဲခတ်နေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဒီလိုလုပ်ငန်းစဉ်မျိုးက ပွင့်လင်းမြင်သာမှုမရှိနိုင်ဘူးလို့ ယူဆပါတယ်။ နောက်တခါကျရင်တော့ ဒါတွေကိုပြင်သင့်ပါတယ်။ မဲဆန္ဒနယ်တွင်းက ကြိုတင်မဲရေတွက်တာကတော့ပိုပြီးပွင့်လင်းမြင်သာတာ အကဲခတ်ခွင့်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေနဲ့ မဲရုံတာဝန်ကျသူတွေက လုပ်ထုံးလုပ်နည်းတွေကို သိပ်နားမလည်ကြဘဲ ဘယ်သူတွေက ကြိုတင်မဲပေးခွင့်ရှိတာလဲ၊ မဲပေးပြီး မဲလက်မှတ်တွေကို ဘယ်လိုစံနစ်တကျ သိမ်းဆည်းထားရမလဲ စတာတွေကို စံနစ်တကျ တပုံစံတည်း လုပ်တာမတွေ့ခဲ့ရပါဘူး။ “

ရွေးကောက်ပွဲမကျင်းပခင်မှာ မဲစာရင်းအမှားယွင်းတွေကြောင့် ပြည်သူအများစုက စိုးရိမ်ခဲ့ကြပေမယ့်လို့ တကယ့်ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာတော့ ၇ ရာခိုင်နှုန်းလောက်သာ မှားယွင်းမှု ရှိခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ EU EOM အဖွဲ့ရဲ့ ကနေဦး အစီရင်ခံစာမှာ ပါရှိပါတယ်။ ဒီအဖွဲ့အနေနဲ့ စစ်တပ်နယ်ပယ်တွင်းက မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးမှုတွေမှာ လေ့လာခွင့်ရမယ်လို့ အစောပိုင်းက ကနေဦးပြောကြားခဲ့ပေမယ့် လေ့လာခွင့်မရဘူးလို့ ဆိုပါတယ်။

“ကြိုတင်မဲပေးတာအပါအဝင် စစ်တပ်က မဲပေးပုံတွေကိုလေ့လာဖို့ အကြိမ်ကြိမ် ဆွေးနွေးခဲ့ပေမဲ့ ဝင်ခွင့်မရခဲ့ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာတော့ ကျနော်တို့ထင်ထားတာနဲ့ပြောင်းပြန်ဖြစ်သွားပြီး စစ်တပ်ထဲကမဲရုံတွေကို အကဲခတ်ခွင့်ရခဲ့တဲ့ အပြုသဘောဆောင်တဲ့ ဖြစ်ထွန်းမှုတွေပါဘဲ။ ကျနော်တို့ရဲ့အကဲခတ်တွေနဲ့အတူ တခြားနိုင်ငံတကာအကဲခတ်အဖွဲ့တွေပါ စစ်တပ်ကမဲပေးပုံတွေကို အကန့်အသတ်မရှိ ဝင်ခွင့်ရခဲ့တာကို ဝမ်းမြောက်ကြပါတယ်။ အဓိက အတိုက်အခံပါတီ ရဲ့ မဲရုံကိုယ်စားလှယ်တွေပါအပါအဝင်စစ်တပ်ကတန်းလျားတွေထဲ စံနစ်တကျမဲပေးနေကြတာကိုလည်းအကဲခတ်ခွင့်ရခဲ့ပါတယ်။”

မဲဆွယ်စည်းရုံးမှု ကာလတွေမှာ သမ္မတဦးသိန်းစိန် တရားဝင် ခရီးစဉ်တွေမှာကြံခိုင်ရေး ပါတီအလံ အရောင်တွေနဲ့ ကြိုဆိုနေတဲ့အတွက် နိုင်ငံတော်နဲ့ ပါတီ ကွဲပြားမှုမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ဒါ့အပြင် လက်ရှိ အာဏာရ ပါတီအနေနဲ့ ဟောပြောပွဲတွေမှာမွတ်ဆလင်အုပ်စုတွေကို ဦးတည်တိုက်ခိုက် ပြောကြားခဲ့ပေမယ့်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရေးယူခြင်းမရှိသေးသလို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေနဲ့လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း တပ်မတော်သားတွေနဲ့ တွေ့ဆုံတုန်းက လူမျိုးနဲ့ ဘာသာကို ကာကွယ်စောင့်ရှောက်မယ့် ကိုယ်စားလှယ်တွေကို မဲပေးဖို့ တိုက်တွန်းမှုတွေ ရှိခဲ့တယ်လို့ ဒီအဖွဲ့က ထောက်ပြပြောဆိုလိုက်ပါတယ်။ တစ်ချို့နိုင်ငံရေးပါတီတွေအနေနဲ့ မဘသအဖွဲ့က အမျိုးဘာသာစောင့်ရှောက်ရေးကို ရှေ့တန်းတင်ရာမှာ စိုးရိမ်ဖွယ်ရာ အကြောင်းအရင်းဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲကာလမှာ မီဒီယာတွေရဲ့ သတင်းရေးသားမှု အပိုင်းကိုတော့

“နိုင်ငံပိုင်မီဒီယာတွေက ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတွေ၊ သမ္မတရဲ့ခရီးစဉ်တွေနဲ့ အစိုးရပိုင်းကိုဘဲ သတင်းအဖြစ်ဦးစားပေးဖေါ်ပြတာတွေ့ရပါတယ်။ ပုဂ္ဂလိကသတင်းဂျာနယ်တွေ၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ Social မီဒီယာ လူမှုကွန်ယက်တွေကတော့ မဲဆွယ်စည်းရုံးရေးသတင်းတွေကိုဖေါ်ပြကြတာတွေ့ရပါတယ်။”



ဒီရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ ပါဝင်မှု နည်းနေသေးတဲ့အတွက် အနာဂတ်ရွေးကောက်ပွဲတွေမှာ ဒီ့ထက်ပို ပါဝင်သင့်တယ်လို့ EU EOM အဖွဲ့က တိုက်တွန်းပြောကြားထားပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဒီအဖွဲ့ဝင် ၁၅၀ ဟာ မဲရုံ ၅၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်တွေ ပါဝင်မယ့် အပြီးသတ်အစီရင်ခံစာကို နောက်ပိုင်းမှာ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက်တွေအရ လွှတ်တော်နေရာအများစုကို အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရနေတာလည်း ဖြစ်ပါတယ်။

ANFREL သတင်းစာရှင်းလင်းပွဲ

နိုဝင်ဘာ ၈ရက်နေ့က ကျင်းပခဲ့တဲ့ သမိုင်းဝင် ၂၀၁၅ ရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဟုတ်ပေမယ့်လည်း ဒီရွေးကောက်ပွဲ ဟာ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေးဖြစ်စဉ် တိုးတက်ဖို့ ပထမခြေလှမ်းဖြစ်ဖို့ မျှော် လင့်တယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ ANFREL က ပြောလိုက်ပါတယ်။

၂၀၁၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကို ကိုင်တွယ်တဲ့နေရာမှာ မဲရုံတစ်ခုနဲ့ တစ်ခု မတူညီ တာမျိုး၊ စနစ်မကျတာမျိုးတွေ တွေ့ရသလို စစ်တပ်နယ်မြေတွေမှာ ကြိုတင်မဲပေးတာနဲ့ ပတ်သက်လို့ စောင့် ကြည့်လေ့လာခွင့် မရတာက စိုးရိမ်စရာ ဖြစ်တယ် လို့ ANFREL အဖွဲ့ရဲ့ ဥက္ကဌ Mr.Damaso G. Magbual က ဒီကနေ့ မီကာဆာ ဟိုတယ် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မဲရုံတွေဆီကို သတ်မှတ်ထားတဲ့ အချိန် ကျော်လွန်ပြီးမှ ရောက်တာနဲ့ ကြိုတင်မဲတွေကို ပယ်ဖျက်သင့်သလို ဒီ ကိစ္စတွေနဲ့ ပတ်သက်လို့ ပိုပြီး လေးနက်တဲ့ စုံစမ်းမှုမျိုး လုပ်ဖို့လိုတယ်လို့ ANFREL အဖွဲ့ရဲ့ Mission Director Ichal Supriadi က ပြောပါတယ်။

White Card ကိုင်ဆောင်ထားတဲ့ ရိုဟင်ဂျာတွေအပါအဝင် လူနည်းစု တိုင်းရင်းသားတွေအနေနဲ့ ၂၀၁၀ ရွေး ကောက်ပွဲမှာ မဲပေးခွင့် ရခဲ့ပေမယ့် အခု တစ်ခေါက် ရွေးကောက်ပွဲမှာ မဲပေးခွင့်မရှိတာဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရာ အချို့ဒေသတွေဟာ အရင်ကာလတွေထက်စာရင် သိသာ ထင်ရှားတဲ့ နောက်ကြောင်း ပြန်လှည့် တာမျိုးဖြစ်နေတယ်လို့ ANFREL အဖွဲ့က မြန်မာ့ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြားဖြတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲမှာ နိုင်ငံသားတော်တော်များများ မဲပေးခွင့်ဆုံးရှူံးတာနဲ့ပတ်သက်လို့ ANFREL အဖွဲ့ရဲ့ ဥက္ကဋ္ဌ Mr.Damaso G. Magbual က ပြောပါတယ်။

အခု ရွေးကောက်ပွဲပြီးသွားပေမယ့်လည်း မဲစာရင်းတိကျမှန်ကန်မှုက ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ အတွက် အင်မတန်အရေးကြီးလို့ ANFREL အဖွဲ့က Ichal Supriadi က ပြောပါတယ်။

ANFREL အဖွဲ့ရဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၄၇ယောက်ဟာ ပြည်နယ်နဲ့ တိုင်း ၁၄ခုမှာရှိတဲ့ မဲရုံ ၃၀၀ကျော်မှာ လေ့လာစောင့်ကြည့် ခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကို ဆက်ပြီး လေ့လာစောင့်ကြည့် သွားမှာဖြစ်သလို ရွေးကောက်ပွဲ ရလဒ်နဲ့ အငြင်းပွားမှုတွေကို ဆက်ပြီး စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

သားညွန့်ဦး, မြင့်မြင့်ခိုင်, ထက်အောင်/VOA
http://burmese.voanews.com/content/international-observers-for-myanmar-elections/3051288.html

ရှမ်းပြည်နယ် မြောက်ပိုင်း။
ရှမ်းပြည်နယ် မြောက်ပိုင်း။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်မြို့အတွင်းကို အစိုးရတပ်က လက်နက်ကြီးတွေနဲ့ အပါအ၀င် ဝေဟင်ကပါ ပစ်ခတ်တာတွေရှိနေပြီး မြို့ခံအများစုဟာ ဒီနေ့ နေ့ခင်းအထိ နေအိမ်တွေထဲက အပြင်မထွက်နိုင် တာကြောင့် လောလောဆည် နေအိမ်တချို့ ထိခိုက်ပျက်ဆီးကြောင်း သိရပေမဲ့ လူအထိအခိုက် သတင်းကိုတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ ရှမ်းပြည်တပ်မတော် ၀မ်ဟိုင်းဌာနချုပ်ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ရှမ်းတပ်ဖွဲ့ဖက်က ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအ၀ှမ်း ရွေးကောက်ပွဲတွေကျင်းပပြီး နောက်တရက်မှာပဲ ရက်အတန်ကြာ ငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်အတွင်းမှာ အခုလို ပစ်ခတ် တိုက်ခိုက် တာတွေ ပြန်လည် စတင်ခဲ့တာပါ။ မိုင်းနောင်မြို့အတွင်း ပစ်ခတ် တိုက်ခတ် တာတွေဟာ မနေ့ညပိုင်းက စတင်ပြီး ဒီကနေ့ နေ့ခင်းပိုင်းထိ ဆက်တိုက်ဖြစ် ပွားနေတယ်လို့ မိုင်းနောင်မြို့ခံတဦးက အခုလို ပြောပါတယ်။

“မနေ့ညက ၇ နာရီ ကနေ စတာပေါ့ ။ ၇ နာရီကနေပြီးတော့ စစ်တပ်ကပဲ လက်နက်ကြီးနဲ့ မြို့ထဲနဲ့ မြို့ဆင်ခြေဖုံးတွေကို သေနတ်စပစ်တယ်။ မနက် ၈ နာရီကျတော့ စစ်ရဟတ်ယာဉ် ၂ စီးရောက်လာတယ်ခင်ဗျာ။ ဒီရဟတ်ယာဉ် ၂ စီးကလည်း စစ်သေနတ်တွေနဲ့ မြို့ထဲကို ထပ်မံပစ်ခတ်တယ် ခင်ဗျာ။ ပစ်ခတ်ပြီးတော့ ၈ နာရီ ၃၀ လောက်တော့ ခဏ ရပ်သွားတယ် ခင်ဗျာ။ ၈ နာရီ ၄၅ ကျတော့ စစ်သားတွေ အများကြီး ဆင်းလာပြီးတော့ လမ်းဆုံလမ်းခွတွေကနေပြီးတော့ ပစ်ခတ်တယ် ခင်ဗျာ။ အဲလိုနဲ့ အိုးအိမ်အချို့တွေ အပျက်အစီးတွေရှိတယ်။ နေ့လည် ၁၁ နာရီ တကျော့လောက်က ရဟတ်ယာဉ် ထပ်လာတယ်ခင်ဗျာ။ အဲဒီ ၂ စီးကလည်းပဲ ပစ်ခတ်တာတွေရှိတယ်ခင်ဗျာ။ လူတွေကတော့ အပြင်မထွက်ရဲ ကြတော့ အသေပျောက် စာရင်းကတော့ ဘယ်လိုရှိသလဲတော့ မသိကြဘူးခင်ဗျာ။”

ပစ်ခတ်သံတွေကတော့ နေ့ခင်း ၂နာရီလောက်အထိ မြို့တွင်းက ကြားနေရဆဲဖြစ် တယ်လို့ ပြောပါတယ်။ နေ့ခင်း ၁၀နာရီခွဲလောက်မှာတော့ SSA မြောက်ပိုင်းဌာနချုပ် ၀မ်ဟိုင်းကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်တာတွေ ရှိတယ်လို့ ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA မြောက်ပိုင်းရဲ့ ဒုအတွင်းရေးမှုး စိုင်းခမ်းသီက ပြောပါတယ်။

“၁၀ နာရီ ၁၀ နာရီခွဲခါနီး တစီးက ဗုံးလာကျဲတယ် ခင်ဗျာ။ နောက်တစီး ဟိုက်စကီးနဲ့ ဘုန်းကြီးကျောင်းကို လာပစ်တယ်လေ။ ဘုန်းကြီးကျောင်းလဲ ထိတယ်လေ။ သူတို့ တနေရာထဲ လာပစ်တာပါ။ အထိအခိုက်တော့ မရှိပါဘူး။ ဘုန်းကြီးကျောင်းအုတ်နံရံ လဲပြိုသွားတယ်လေ။ ဆိုင်ကယ်တစီး မီးလောင်တယ်ခင်ဗျာ။ ဗုံးတလုံးက မကွဲဘူး ထင်တယ်။ ကွဲရင်တော့ ဘုန်းကြီးကျောင်း အကုန်လုံးလောင်သွားမှာလေ။

ဘုန်းကြီးကျောင်းမှာ ခိုလှုံနေသူတွေကတော့ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေး တိမ်းရှောင်သွားတယ်လို့လည်း ပြောပါတယ်။

ဒီပစ်ခတ်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စစ်တပ်နဲ့ နီးစပ်သူတချို့က မိုင်းနောင်မြို့က စစ်ဗျူဟာကို SSA ၀မ်ဟိုင်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် တပ်က ပြန်လည် ခုခံခဲ့ရာမှာ ဗိုလ်မှုးတဦး ကျဆုံးခဲ့တယ်လို့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ဖော်ပြထားပါတယ်။

SSA မြောက်ပိုင်းကတော့ သူတို့ဖက်က စတင်တိုက်တာ မရှိကြောင်း ပြောဆိုပါတယ်။

“မဟုတ်ပါဘူး။ ဒါက တခါမှ သူတို့ရဲ့ ဂွင်လည်းမဟုတ်ဘူး၊ ကျနော်တို့နေရာလည်း မဟုတ်ဘူး။ တပ်တွေနဲ့ စစ်တိုက်စရာ အကြောင်းလဲ မရှိပါဘူး။”

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး ပြန်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကလည်း တပ်မတော်အနေနဲ့ ထိုးစစ်ဆင်တာ မရှိကြောင်း ပြောဆိုပါတယ်။

“ကျနော်တို့က စစ်ဆင်ရေး မလုပ်ဘူး ။ ကျနော်တို့တပ်တွေကလေ။ အဓိကတော့ သူတို့က သူတို့ သတ်မှတ်နေရာတွေမှာ မနေဘူးခင်ဗျာ။ အခု မိုင်းအောင်ဆိုတာ သူတို့ ဧရိယာ မဟုတ်ဘူး။ သူတို့ကကျော်ကျော်ပြီးတော့ ကျနော်တို့ စစ်သဘော အရပြောရရင်တော့ ဧရိယာ လုတာပေါ့ဗျာ။ အဲ့ဒီ့သဘောတွေကြောင့်ဖြစ်တာပေါ့ဗျာ။ တချို့နေရာတွေမှာ ကျနော်တို့တပ်တွေကို လာပြီးတော့ ပစ်ခတ်တာတွေရှိတာပေါ့ဗျာ။ ကျနော့ အနေနဲ့ ဒီလောက်ပဲ ပြောနိုင်ပါတယ်။”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ရေးဆွဲရာမှာ အစအဆုံးပါဝင်ခဲ့ပေမဲ့ လက်မှတ်ရေးထိုးရာမှာတော့ မပါဝင်ခဲ့ပါဘူး။ အစိုးရတပ်နဲ့ SSA မြောက်ပိုင်းတပ် အကြားမှာ NCA လက်မှတ်ရေးထိုးတဲ့ အောက်တိုဘာလ ၁၅ ရက်ဝန်းကျင်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့ပြီး ဒီတိုက်ပွဲတွေကြောင့် ဒုက္ခသည် ၄ထောင်လောက် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို ဒီဒေသအတွင်း မှာလည်း ရွေးကောက်ပွဲတွေ ကျင်းပတာကို ပယ်ဖျက်ခဲ့ပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/the-myanmar-government-use-air-strike-to-fight-against-shan-civilian-/3051280.html