11/13/15


ဒီမနက် ပို့စ်တွေ ဖတ်မိတယ်။ တစ်ချို့က (အထူးသဖြင့် လက်ရှိအစိုးရကို ထောက်ခံတဲ့သူတွေက) ပြောတယ်။ အနုပညာရှင်တွေ ကြောင့်နိုင်တာတဲ့။ အနုပညာရှင်တွေက ထွက်ပြောတော့ ဘုမသိ ဘမသိနဲ့ ပြည်သူတွေက ထွက်လာပြီး မဲပေးလို့ တောင်ပြိုကမ်းပြို နိုင်တာတဲ့။ ဒါက အတိုင်းအတာ တစ်ခုအထိ မှန်တယ်။ အကုန်လုံး မမှန်ဘူး။ တစ်နည်းအားဖြင့် ပြောရင် (တစ်ခါက ရေးဖူးတဲ့) logical fallacy တစ်ခုသာ ဖြစ်တယ်။ ဘာကြောင့်နိုင်သလဲလို့ ကိုယ့်ဘာကိုယ် စဉ်းစားကြည့်တယ်။
.
ပြည်သူ့ကျန်းမာရေး လောကမှာ health system strengthening လုပ်တဲ့အခါ မဖြစ်မနေဆွေးနေးရတဲ့ ကိစ္စတစ်ခု ရှိတယ်။ အဲဒါ brain drain ပဲ။ healthcare workforce planning အောက်မှာပါတဲ့ ခေါင်းစဉ်တစ်ခုပါ။ (အဲဒီ စာတမ်းနဲ့ ကျွန်တော် မဟာသိပ္ပံဘွဲ့ ယူခဲ့ပါတယ်။) brain drain ဘာကြောင့်ဖြစ်သလဲလို့ ရှင်းပြတဲ့နည်းတွေထဲမှာ အသုံးများတာက push and pull factors တွေပဲ။ မြန်မာလိုပြောရင်တွေ တိုင်းပြည်ထဲက တွန်းထုတ်လိုက်တဲ့ အခြင်းအရာတွေနဲ့ တစ်ခြားနိုင်ငံက ဆွဲဆောင်နေတဲ့ အရာတွေပါ။ အဲဒီ concept ကို အခြေခံပြီး NLD ဘာကြောင့်နိုင်တာလဲလို့ တွေးကြည့်တယ်။ ပြည်သူ့ကျန်းမာရေးက ရလာတဲ့ အသိတစ်ချို့နဲ့ လတ်တလော ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို ရှုမြင်ကြည့်မိတယ် ဆိုပါစို့။
.

တွန်းအား (push factors) က များနေမလားလို့တောင် တွေးမိတယ်။ တွန်းအားဆိုတာ မဲထည့်တဲ့သူတွေကို USDP ကိုမထည့်ဘဲ တစ်ဖက်ပါတီဘက်ကို တွန်းထည့်လိုက်တဲ့အရာတွေကို ဆိုလိုတာပါ။ ကျွန်တော့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူအများစုဟာ NLD ကို ခြောက်ပစ်ကင်းသဲလဲစင် ပါတီလို့ ထင်ပြီး မဲထည့်တာ မဟုတ်ဘူး။ လက်ရှိအာဏာရပါတီကို စိတ်ကုန်နေလို့ ထည့်တာ အများစုပါ။ စိတ်ကုန်ခဲ့တာ အခုမှ မဟုတ်ဘူး။ နှစ်ရှည်လများ ခါးစည်းခံခဲ့ရတာဆိုတော့ ဒီခံစားချက်တွေက ရင်ထဲမှာ အခြေတည်နေတာ ကြာပြီ။ ဒါတွေက ရွေးကောက်ပွဲ ရောက်တော့ long-term push factors တွေဖြစ်လာတယ်။ (အဲဒါတွေကိုတော့ အားလုံးသိပြီးဖြစ်လို့ မရေးတော့ဘူး။) ဒီကြားထဲ ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ မလုပ်ထိုက်တာတွေ ထလုပ်မိတော့ ပိုဆိုးတယ်။ immediate push factors တွေဆိုပါစို့။ အဲဒါတွေကို ဥပမာ အနည်းငယ် ရေးပါမယ်။
.
(၁) မဲစာရင်း မမှန်တဲ့ကိစ္စ - မဲစာရင်းက သုံးခါလောက် ထုတ်တယ်။ တစ်ခါထုတ်တိုင်း တစ်ခါ ပိုကောင်းလာတယ် ဖြစ်ရမှာ။ ဒါပေမယ့် အဲလို မဖြစ်ခဲ့ဘူး။ (ဘာကြောင့်ဆက်မှားနေသလဲ UEC က အသိဆုံးဖြစ်မယ်။ ကျွန်တော်တို့ကတော့ ရမ်းသမ်း တွေးလို့ပဲ ရတယ်။ ဒါတွေထားပါ) တမင်မှားတာပဲ ဖြစ်ဖြစ်၊ မလုပ်တတ်လို့ပဲ ဖြစ်ဖြစ် ဆက်ခါဆက်ခါ မှားတော့ လူတွေက တင်းလာတယ်။ တင်းလာပြီးတော့ မဲစာရင်းလေးတောင် မှန် အောင်မလုပ်နိုင်တဲ့ သူတွေကို ငါတို့က ဘာကိစ္စ ဆက်အုပ်ချုပ်ခိုင်းရမှာတုန်းတွေ ဖြစ်ကုန်ရော။
.
(၂) နိုင်ငံခြားက ကြိုတင်မဲတွေ အဆင်မပြေဘူး။ အုတ်အော် သောင်းနင်းပဲ။ အဲဒီတော့ ပြည်တွင်းက သူတွေကလည်း ကြိုတင်မဲတွေက စိတ်မချရဘူး။ ငါတို့ ထည့်မှ ဖြစ်မယ် ဖြစ်ကုန်ပြန်ရော။
.
(၃) မဲဆွယ်ကာလမှာ NLD ကို အဆင်မပြေဖြစ်အောင် လုပ်တဲ့ကိစ္စ။ ကချင်မနောကွင်းမှာ ပေးမလုပ်တာတို့၊ ထွန်းအိန္ဒြာဗိုလ်တို့ ကားကို တားထားတာတို့၊ ပြည်သူ့ရင်ပြင်မှာ ပေးမလုပ်တာတို့ဟာ လူထုကို ဆွပေးသလို ဖြစ်တယ်။ မတရားတာကို ဘယ်သူမှ မကြိုက်ဘူး။ အတန်းပညာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ မတရားမှုကို လူတိုင်း ခံစားနားလည်တယ်။ (သွားလိမ်လို့ မရဘူး) အဲဒီတော့ ပြည်သူ့ရင်ပြင်မှာ လုပ်ရင်တောင် မလာဖြစ်မယ့် သူတစ်ချို့က ဒင်းတို့ ဒီလောက်ယုတ်တာ။ ငါတို့တော့ မဖြစ်ဖြစ်အောင် သွားမယ်ဆိုပြီး သင်္ဃန်းကျွန်း မြို့ဦးစေတီကို ပေါက်ချလာကြရော။ သွားမဆွထားရင် ဒီလောက် ဖြစ်ချင်မှ ဖြစ်မယ်။
.
(၄) ပြည်ခိုင်ဖြိုး ပါတီနဲ့ တစ်ချို့တိုင်းရင်းသား ကိုယ်စားလှယ်တွေက ပြောတဲ့ တစ်ချို့မဲဆွယ်ချက်တွေဟာ (အားလုံးကို မဆိုလိုပါ) လူထုအသံကို ရောင်ပြန်မဟပ်ဘူး။ လွဲနေတယ်။ ဖုန်းကိစ္စ ပြောတယ်။ သူတို့ဘက်က ပြောရင် ဖုန်းဈေးကျလာတာ မှန်တယ်။ ဒါပေမယ့် လူထုဘက်က တွေးထားတာက ဒင်းတို့က နဂိုကတည်းက မဖြစ်သင့်တဲ့ ဈေးနဲ့ ရောင်းလာတယ်။ အခုမှ ဈေးကျတာ ငါတို့ ဘာလို့ ကျေးဇူးတင်ရမယ်လဲ။ သူတို့ဘက်က ပြောရင် မြစ်ဆုံကို ရပ်ပေးတာငါတို့။ ငါတို့ကို ကျေးဇူးတင်။ ဒါပေမယ့် လူထုတွေးထားတာက မြစ်ဆုံကို လုပ်တာလည်း မင်းတို့ပဲ၊ အစောကြီးကတည်းက မလုပ်သင့်တာကို လုပ်ခဲ့ပြီး ရပ်လိုက်တော့မှာ ငါတို့က ဘာကို ကျေးဇူးတင်ရမှာတုန်း ဖြစ်ကုန်ရော။ ဒီကြားထဲ အိုဘားမား ၂ ခါလာတော့ ၂ ခါ အနမ်းခံရတာပေါ့တို့ ဘာတို့လျှောက်ပြောတော့ လူတွေက ငတုံးမှ မဟုတ်တာ။ (What Susie says about Sally, says a lot more about Susie than it says about Sally. ဆိုတဲ့ စကားလည်း ရှိတယ်။) အဲဒီတော့ သွားပြီပေါ့။ အပြောခံရတဲ့သူကို အထင်မသေးဘဲ ပြောတဲ့သူကို အထင်သေးတာပေါ့။ အဲဒီလို ကိုယ်ပြောတာနဲ့ လူထုခံစားချက်နဲ့က သဟဇာတ မဖြစ်တော့ ကိုယ့်ကို ဘယ်ကြည်တော့မလဲ။ ကိုယ့်ဘက်ကို ဘယ်လာတော့မလဲ။ တစ်ဖက်ကို တွန်းထုတ်သလို ဖြစ်သွားတာပေါ့။
.
(၅) သတင်းစာနဲ့ အွန်လိုင်း အကောင့်တုတွေက ဖားချက်၊ ဖာချက်၊ အပုပ်ချချက်တွေဟာလည်းပဲ တွန်းအားတွေ ဖြစ်စေခဲ့တယ်။ ရေးတာတွေက လွန်ကျူးတော့၊ တစ်ဖက်စောင်းနင်းဖြစ်တော့၊ လူတွေက ပြန်ရေးရင်း၊ ပြန်တုံ့ပြန်ရင်းနဲ့ ဘယ်ဘက်မှ မပါတဲ့သူတွေကတောင် NLD ဘက်သား ဖြစ်ကုန်ရော။
.
(၆) ကျွန်တော်သာ အစိုးရဘက်က လူသာဆိုရင် ဖမ်းထားတဲ့ ရွေးကောက်ပွဲမကျင်းပခင် ကပ်ရပ်မှာ ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်မယ်။ လူထုဟာ အနိုင်ကျင့်တာကို မကြိုက်ဘူး။ ခံရတဲ့သူဘက်က နာပေးတတ်တဲ့ သဘောရှိတယ်။ ဗိုလ်ခင်ညွန့်ကို မုန်းခဲ့တဲ့ သူတွေကတောင် ဗိုလ်ခင်ညွန့် အကျယ်ချုပ်ဗီဒီယိုဖိုင်ထွက်လာတော့ ၀ိုင်းသနားကြတယ်။ (ကျွန်တော်လည်း အဲဒီတုန်းက ရုတ်တရက် သနားသလိုလို ဖြစ်ခဲ့ဖူးတယ်။ ရေကြည်အိုင်မှာ နှိပ်စက်ခံခဲ့ရတဲ့သူတွေ အကြောင်းတွေးလိုက်မှ အဲဒီသနားစိတ် လျော့သွားတယ်။) အဲဒီလိုပဲ။ ကျောင်းသားတွေကို ဖမ်းတော့ ဒီမိုကရေစီပြောင်းချင်တယ်လို့ ပြောနေတဲ့ အစိုးရဟာ ဒီမိုကရေစီတောင်းနေတဲ့သူတွေကို ဖမ်းတယ်တော့ဆိုပြီး ဒီမိုကရေစီ လိုချင်တဲ့သူတွေက ဘယ်ကြိုက်မလဲ။ အဖမ်းခံရတဲ့ ကျောင်းသားတွေကို သနားတာပေါ့။ ဒီကြားထဲ ကာချုပ်ကြီး ပုံတင်လို့ ဖေ့ဘုတ်သုံးစွဲသူတွေကို ထပ်ဖမ်းတော့ ၀ိုင်းပြီး အစိုးရကို စိတ်ဆိုးတာပေါ့။ စိတ်ဆိုးတော့ USDP ဘက်ကို ဘယ်လာတော့မလဲ။ တစ်ဖက်ကို ယိုင်ပြီပေါ့။
.
(၇) အောက်လမ်းနည်းနဲ့ မဲဆွယ်တဲ့ ကိစ္စ။ လူတွေက ဒါကို မကြိုက်ဘူး။ ဥပမာ အနှေးယာဉ် ဆရာတွေကိုပဲ ကြည့်။ USDP က မြို့နယ် တစ်ချို့မှာ ပိုက်ဆံပေးပြီး ဆိုက်ကားမှာ အလံထောင်ခိုင်းတယ်။ ဒါကို သိတော့ ကျန်တဲ့ အနှေးယာဉ်လုပ်သားတွေက ငါတို့ အသိုင်းအ၀ိုင်းတော့ ထိလာပြီ။ ပိုက်ဆံမရတာ ကိစ္စမရှိဘူး။ ပြည်သူ့ တံတွေးခွက်မှာတော့ မှောက်လျက်အမျောမခံဘူး၊ နာမည် အပျက်မခံနိုင်ဘူး ဆိုပြီး အုံလိုက်ကျင်းလိုက် NLD အလံတွေ နဲ့ ထွက်ချလာကြရော။ သူတို့နဲ့အတူ ဆိုင်ကယ်တွေ၊ ကားပိုင်ရှင်တွေလည်း ထွက်ချလာကြရော။ အဲမှာ ၀က်ဝက်ကွဲကုန်ရော။
.
ဆွဲအားတွေအကြောင်း (pull factors အကြောင်း) ပြောရအောင်။ အကုန်လုံး စုံအောင် ရေးနိုင်မှာ မဟုတ်လို့ နည်းနည်းပဲ ရေးပါရစေ။
.
(၁) အရေးအကြီးဆုံးကတော့ အမေ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ပြည်သူက သူ့ကို ဘယ်လိုမြင်ထားမလဲလို့ တွေးကြည့်ရအောင်။
.
ဗိုလ်ချုပ်အောင်ဆန်းသမီး လို့ မြင်ထားတယ်။ အထူးသဖြင့် အသက်ကြီးပိုင်း တောသူတောင်သားတွေဟာ NLD ကို မဲထည့်ဖို့ ဒီတစ်ချက်နဲ့တင် လုံလောက်တယ်။ လေထိပြီး အိပ်ရာထဲ လဲနေတဲ့ အသက် ၉၀ နားကပ်နေတဲ့ ကျွန်တော့်အဖွား NLD ကို မဲထည့်တာလည်း ဒီအချက်က အဓိကပဲ။
.
အနိုင်ကျင့်ခံရသူလို့ မြင်တယ်။ နိုင်ငံရေးကို သိပ်မသိတဲ့ သူတွေတောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်နဲ့ နှစ်ပေါင်းများစွာ ချုပ်နှောင်ခံထားရတယ်ဆိုတာ သိတယ်။ အဲဒီတော့ သူ့ကို သနားစိတ်ရှိတယ်။ ဗိုလ်ခင်ညွန့်ကို လူမျိုးကိုတောင် သနားခဲ့တဲ့လူမျိုးဟာ မိသားစုနဲ့ ဝေးကွာပြီး အနိုင်ကျင့်ခံရတဲ့ အမေစုကိုဆိုရင် ဘယ်လောက် သနားမလဲ စဉ်းစားလို့ရတယ်။ သနားရင် ၀ိုင်းရံချင်တဲ့စိတ် ကျွန်တော်တို့ လူမျိုးမှာရှိတယ်။
.
အမေစုကို အရည်အချင်းရှိသူလို့ မြင်ထားတယ်။ မြင်လည်း မြင်စရာကောင်းတယ်။ အမေစု ရထားတဲ့ဘွဲ့တွေ တစ်သီ တစ်သန်းကြီးရှိတယ်။ ပေးတဲ့ အဖွဲ့အစည်းတွေကလည်း ဘယ်သူမှ မကြားဖူးတဲ့ တက္ကသိုလ်တွေက မဟုတ်ဘူး။ အမေစုနိုင်ငံခြားသွားတော့ ဘယ်လိုကြိုဆို ဧည့်ခံကြလဲဆိုတာကိုလည်း လူထုက မြင်ထားတယ်။ အဲဒီတော့ အထင်ကြီးလေးစားကြတယ်။ အားကိုးကြတယ်။ အမေသာ ရွေးကောက်ခံရရင် တရုတ်ငယ်ကျွန်ဘ၀က လွတ်ပြီး နိုင်ငံတကာမှာ လူရာသွင်းခံရမယ်ဆိုတာ သိတယ်။
.
လူထုက အမေစုကို ချစ်စရာကောင်းသူလို့ မြင်တယ်။ အမေစုဟာ လူတွေကို လူလို ဆက်ဆံတယ်။ လူပီသအောင် နေတယ်။ လူတွေကို စကားပြောရင် သူတို့ ရင်ထဲမှာ ဖြစ်နေတာတွေ ရောင်ပြန်ဟပ်အောင် ပြောနိုင်တယ်။ ကိုယ်ပြောချင်နေတာတွေကို သူက ကိုယ့်ကိုယ်စား ပြောပေးနေတယ်လို့ ထင်အောင် ပြောနိုင်တယ်။ သူများရေးထားတဲ့ စာတွေကို ဖတ်တာ မဟုတ်ဘူး။။ ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်ခင် ကာလမှာ တက်လာတဲ့ ပုံတွေကလည်း တစ်အားကောင်းတယ်။ ရန်ရန်ချမ်းတင်တဲ့ အနီပင်လယ်ထဲက အ၀ါရောင်လေးဝတ်ပြီး ပြည်သူနဲ့ တစ်သားတည်း ထိုင်နေတဲ့ ပုံတို့၊ ခပ်နွမ်းနွမ်းနဲ့ ညစ်ပေနေတဲ့ လယ်သမကို ဖက်ထားတဲ့ ပုံတို့၊ ၀ိုင်းနမ်းကြတဲ့ပုံတို့၊ လမ်းဘေးက လှမ်းပေးတဲ့ ရေခဲမုန့်ကို စားနေတဲ့ ပုံတို့ (အဲဒီ ရေခဲမုန့်သည်ဟာ တစ်သက်လုံး အမေစု မှ အမေစု မဖြစ်ရင် ကြိုက်သလိုလာပြော)၊ ပြည်သူနဲ့ တူတူ သီချင်းဆိုနေတဲ့ ဗီဒီယိုတို့ဟာ ပြည်သူ့ရင်ဘတ်ထဲကို ရောက်တယ်။ (USDP မှာတော့ အဲလိုပုံတွေ ရှားတယ်)။ ပြီးတော့ အမေစုဟာ ကိုယ့်လူထုနဲ့ ပြောရင် ချိုချိုသာသာပြုံးပြုံးရွှင်ရွှင်နဲ့ (ဒီနေ့ထွက်လာတဲ့ ၅၄ ခြံထဲမှာ အနုပညာရှင်တွေကို ပြောတဲ့ နှုတ်ဆက်စကားဗီဒီယိုကို ကြည့်ပြီးပြီလား။ ဗေလုဝကိုတောင် စစ်သူကြီး မဟာဗေလုဝတဲ့။ နောက်နောင်ပြောင်ပြောင်နဲ့ ဘာပကာသနမှ မပါဘူး။ တစ်အားချစ်ဖို့ကောင်းတယ်)။ ဒါပေမယ့် အမေက နိုင်ငံခြားသွားရင် ခပ်တည်တည်၊ ခပ်မတ်မတ်ပဲ။ body language က အစ ပြောင်းသွားတယ်။ မာန်ရှိသွားတယ်။ ဟိုဖက်က လူတွေက အဲလို မဟုတ်ဘူး။ ပြောင်းပြန်။ ကိုယ်နိုင်ငံထဲ ဆိုရင် ငေါက်ချင်တယ်။ ဟောက်ချင်တယ်။ ခြိမ်းခြောက်ချင်တယ်။ ပါးတောင် ရိုက်ချင်တယ်။ အခမ်းအနားလုပ်ရင် သူများနဲ့ မတူတဲ့ ထိုင်ခုံ အကောင်းစားနဲ့မှ ထိုင်ချင်တယ်။။ ကိုယ့်နိုင်ငံမှာသာ အဲလိုကျယ်နေတာ။ နိုင်ငံခြားသွားရင်တော့ ကုပ်ကုပ်ကုပ်ကုပ်နဲ့။ အသံကလည်း မကျယ်တော့ဘူး။ ဘယ်သူမှ တခမ်းတနား မကြိုလို့ ကိုယ့်ဟာကိုယ် ရထားနဲ့ သွားရတာတောင် public transport လေ့လာချင်လို့ လုပ်သေးတယ်။ (လေ့လာချင်ရင် ဆူးလေလာပြီး အင်းစိန်အထိ ၄၅ ဘတ်စ် စီးကြည့်ပေါ့။ သူများနိုင်ငံကျမှ လေ့လာစရာလိုသလား) ဒါတွေကို ငတုံးငအ မဟုတ်တဲ့ လူထုက မြင်တာပေါ့ဗျာ။ အဲဒီလို နှိုင်းယှဉ်မြင်တတ်တဲ့ သူတွေရဲ့ ရင်ထဲမှာ အဖြူနဲ့ အမည်းဟာ ထင်းနေတာပေါ့ဗျာ။ compare လုပ်တော့ contrast ဖြစ်နေတာပေါ့။ အဲဒီ အမည်းနဲ့ ယှဉ်တော့ လူတွေက အဖြူကို ချစ်တာပေါ့ဗျာ။ ကျွန်တော်ပြောတာတွေ ဘိုစကားလုံးတွေ များနေလို့ ရှေးရိုးစဉ်လာမြန်မာ့စကားနဲ့ ပြောရင် သီလ၊ သမာဓိ၊ ပညာပေါ့ဗျာ။ အဲဒါတွေနဲ့ ပြည့်စုံတယ်လို့ လူထုက ယူဆတော့ အားကိုးချစ်နဲ့ ချစ်ကြတာပေါ့။
.
(၂) အမေစု အပြင် တစ်ခြား ရွေးထားတဲ့ အမတ်တွေကလည်း လူထုက လက်ခံတဲ့သူတွေ အများစုဖြစ်တယ်။ မန္တလေးက ဆရာဦးသန်းဝင်းတို့၊ အမရပူရက ဆရာဦးဇော်မြင့်မောင်တို့လိုလူတွေကြည့်။ ရပ်ကွက်က မြို့က လက်ခံပြီးသား လူတွေ။ အငယ်ပိုင်းကဆိုရင်လည်း ဒိတ်ဒိတ်ကြဲမဟုတ်ရင်တောင် ဘွဲ့ရ ပညာတတ်တွေ။ ဒေသနဲ့ သဟဇာတ ဖြစ်တဲ့သူတွေ။ ဒေသက ဘူဇွာလို့ မခံယူထားတဲ့ သူတွေ။
.
(၃) အနုပညာရှင်တွေရဲ့အား။ ဒီအားက တစ်အားကြီးတယ်။ ဒါကလည်း အမေ့အမြော်အမြင်တွေ ပါတယ်။ အမေဟာ အချုပ်ကလွတ်ပြီး သိပ်မကြာဘူး။ အနုပညာရှင်တွေကို ၅၄ မှာ ခေါ်တွေ့တယ်။ သီချင်း၊ ရုပ်ရှင် စသဖြင့် စုံအောင်တွေ့တယ်။ ကျွန်တော်လည်း အဲဒီတော့မှ ရိပ်မိတယ်။ အမေ ရွေးကောက်ပွဲ ၀င်ဖို့ စဉ်းစားနေပြီလို့။ အဲဒီကတည်းက ကြိုတွေးထားတာ။ ဒီအနုပညာရှင်တွေဟာ အလကား ဆိုပေးတာ။ သူတို့ကိုလည်း ကျေးဇူးတင်ရတယ်။
.
(၄) လူလတ်တန်းစား ပညာတတ်တွေရဲ့ ဆွဲအား။ သူတို့ရဲ့ အခန်းကဏ္ဍကလည်း ဒီအောင်ပွဲမှာ အရေးပါခဲ့တယ်။ သူတို့က တက်တက်ကြွကြွနဲ့ ပါလာတယ်။ ဆိုရှယ်မီဒီယာ သုံးပြီး လုပ်ကြတယ်။ ဘာကြောင့် ဘယ်ပါတီကို မဲထည့်သင့်တယ်လို့ ရေးတဲ့သူတွေက ရေးတယ်။ အဲဒါကို ၀ိုင်းရှယ်ကြတယ်။ NLD ကို မဲထည့်မယ်လို့ စတေးတပ်စ်တင်တဲ့သူက တင်တယ်။ ပရိုဖိုင် ချိန်းတဲ့သူကချိန်းတယ်။ အဲဒါတွေဟာ ကူးစက်တဲ့သဘောရှိတယ်။ ripple effect တွေ ဖြစ်လာတယ်။ အဲဒီလို တက်ကြွခဲ့တဲ့ သူတွေကို ကျေးဇူးတင်မိတယ်။ ဖေ့ဘုတ်ထဲမှာတွေ့နေတဲ့ အကောင့်တစ်ချို့ကို ကျွန်တော်တစ်အားလေးစားမိတယ်။ သူတို့ အသက်မွေးဝမ်းကျောင်းက သက်သက်။ နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး သူတို့ယုံကြည်တဲ့ အမှန်တရားကို အခြေခံပြီး တိုင်းပြည်အတွက် တက်ကြွနေတဲ့ သူတွေ။ အကောင့်အစစ်နဲ့ မကြောက်မရွံ့ လှုံဆော်စည်းရုံးခဲ့သူတွေ။ သူတို့ရဲ့ စကားတွေဟာ အတိုင်းအတာတစ်ခု တာသွားခဲ့တယ်။ ကိုယ့်ထက် ငယ်တဲ့ သူတွေတောင်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ middle class ကို အကျိုးသက်ရောက်မှု ရှိတယ်။ ကိုယ့်အချင်းချင်းပြောတာကို ယုံတဲ့ peer effect တွေလည်း ပါတယ်။
.
(၅) နောက် မဖြစ်မနေထည့်ပြောရမယ့် အချက်က နိုင်ငံခြားက ကြိုတင်မဲပေးတဲ့သူတွေ (အထူးသဖြင့်) စင်ကာပူက ညီအစ်ကို မောင်နှမတွေ။ သူတို့ ညအိပ်စောင့်ပြီး တန်းစီပြလိုက်တာ မြန်မာပြည်က တော်ရုံတန်ရုံလူက မနေနိုင်ဘူး ဖြစ်သွားတယ်။ သူတို့တောင် ဒီလောက်လုပ်တာ ငါတို့လည်း မဲမထည့်လို့ မဖြစ်ချေဘူးဆိုတဲ့ အတွေးမျိုးဝင်သွားတယ်။ ငိုတဲ့ပုံတို့၊ မူးလဲတဲ့ ဗီဒီယိုတို့ မြင်ရတော့ ပိုဆိုးတာပေါ့။ လူပဲဗျာ။ ခံစားတတ်တာပေါ့။ အဲလိုမျိုးဖြစ်ရပ်တွေ တွေ့တော့ နှလုံးသားကို ကျင်စက်နဲ့ တို့ပြီး အနှိုးခံရသလို ဖြစ်တာပေါ့။ တစ်ချို့ဆို အဲဒီတော့မှ မဲစာရင်းသွားစစ်တဲ့သူကစစ် ဖြစ်ကုန်တယ်။ ဒါကို ပြည်သူ့ကျန်းမာရေးလောကမှာ diffusion of ideas ဒါမှမဟုတ် diffusion of innovations လို့ ခေါ်တယ်။ (ဆပ်ပြာနဲ့ လက်ဆေးဖို့၊ ခြင်ထောင်ထောင်အိပ်ဖို့၊ ကွန်ဒုံးသုံးဖို့ စသဖြင့် အမူအကျင့်ပြောင်းလဲရေး စီမံကိန်းတွေမှာ ထည့်စဉ်းစားရတဲ့ သီအိုရီတွေ ဖြစ်ပါတယ်။)
.
အဲဒီတော့ အချုပ်ပြောရရင် ဒီနိုင်ပွဲဟာ NLD က ဆွဲငင်အား ကောင်းလို့လည်း ပါသလို USDP က တွန်းထုတ်လိုက်လို့ တစ်ဖက်မှာ သွားရပ်ကြတာလည်း ပါတယ်။ မဲထည့်တဲ့သူတွေ မှာ အမျိုးမျိုး ရှိတယ်။ တစ်ချို့က ဘယ်ပါတီကိုထည့်မယ်ဆိုတာ သေချာပြီးသား။ တစ်ချို့က ဘယ်ပါတီလည်း ဆိုတာသိပ်မသေချာဘူး။ အဲလို လူတွေကို swing voters လို့ ခေါ်တယ်။ (swing ဆိုတာ ပန်းခြံထဲမှာ ကလေးတွေ စီးတဲ့ ဒန်း။ ဒန်းဟာ ဟိုဘက်ဒီဘက် ယိမ်းတယ်။) ဆွဲအားနဲ့ တွန်းအားတွေဟာ အဲလို swing voters တွေအပေါ်ကို သက်ရောက်မှုရှိတယ်။
.
ကျွန်တော်ဘာလို့ ဒီစာကို ရေးသလဲ။
.
ကျွန်တော်တို့ ရင်ထဲက ပါတီ အောင်နိုင်တာကို စားမြုံ့ပြန်ဖို့ထက်၊ ပေါက်ဖော်လုပ်ဖို့ထက် USDP နဲ့ တစ်ခြားပါတီတွေကို အနာဂတ်မှာ ကောင်းစေချင်လို့ ရေးတာဖြစ်တယ်။ (ဒီလိုရေးလို့ မင်းသစ္စာဖောက်ဆိုပြီး မဆဲကြနဲ့ဦးနော်။ ဆုံးအောင် ဖတ်ပေးပါဦး)။ ဒီမိုကရေစီဟာ တစ်ပါတီတည်းသွားလို့ ရတဲ့ စနစ် မဟုတ်ဘူး။ အဲလိုသွားတာဟာ အသွင်ကူးပြောင်းစမှာ (liberalization နဲ့ democratization ကာလတွေမှာ) လိုအပ်ကောင်းလိုအပ်ပေမယ့် ရေရှည်မှာ ဒီမိုကရေစီ စစ်စစ်ဖြစ်ဖို့ (consolidation ကာလရောက်ရင်) စိန်ခေါ်မှုတွေ ဖြစ်လာနိုင်တယ်။ အမေစု ရှိနေတုန်း ကိစ္စ မရှိပေမယ့် အမေစု မရှိတော့ရင် ဘယ်လို လုပ်မလဲ။ (ကျွန်တော့် တစ်ယောက်တည်း အမြင်ကတော့ အမေစု ရှိနေသရွေ့ NLD ကို စိတ်မပူဘူး။ သဘောထား ကွဲလွဲလည်း ရပါတယ်။) အမေစု မရှိရင် NLD ကို ဘယ်သူထိန်းမလဲ။ NLD အချင်းချင်း ထိန်းရမှာ ဖြစ်သလို ပြည်သူတွေက ထိန်းရလိမ့်မယ်။ အဲဒီလိုပဲ တစ်ခြားပါတီတွေကလည်း ထိန်းရလိမ့်မယ်။ အဲလို ထိန်းဖို့ အရည်အသွေး ပြည့်ဝတဲ့ ပါတီတွေ ဖြစ်နေဖို့ လိုတယ်။ အခုရွေးကောက်ပွဲမှာ USDP နဲ့ အခြားပါတီတွေ ရဲ့ လုပ်ဆောင်ချက်တစ်ချို့ဟာ အမှားတွေ ဖြစ်ခဲ့တယ်။ ဒါတွေကို ပြင်ရလိမ့်မယ်။ ဘာကြောင့်မှားခဲ့တာလဲလို့ ပြောရင် ကျွန်တော့် အမြင်ပြောရရင် ၂ ချက်ကြောင့်ပဲ။ (သဘောထား ကွဲလွဲလည်း ရတယ်)
.
(၁) အရည်အချင်းနဲ့ တွေးမြင်နိုင်စွမ်း လိုအပ်နေသေးလို့။ အဲဒီအတွက် အရည်အချင်းဖြည့်ရမယ်။ အသက် ကြီးကြီး အဘတွေ ချည်းပဲ မဟုတ်ဘဲ သက်လက်ပိုင်း အရည်အချင်းရှိသူတွေနဲ့ အစားထိုးပြီး အရည်အသွေးမြှင့်ထားရမယ်။ အရည်အချင်းဆိုတဲ့ နေရာမှာ IQ တွင်မကဘဲ EQ ကောင်းတဲ့သူတွေလိုတယ်။ socially intelligent ဖြစ်တဲ့သူတွေ လိုတယ်။ လိုချင်တာက မဲ ပြောတဲ့စကားက ရိုက်ပေါက်ဆိုတဲ့ လူတွေကို ရှောင်ဖို့လိုတယ်။
.
(၂) ဒီအချက်က ပိုအရေးကြီးတယ်လို့ ထင်တယ်။ စေတနာ မမှန်ခဲ့လို့။ စေတနာဟာ အတွေးကို ဖြစ်စေတယ်။ အတွေးကြောင့် လုပ်ရပ်တွေ ဖြစ်လာတယ်။ စေတနာဟာ ပင်မ ရေသောက်မြစ်။ အဲဒီလို စေတနာ မမှန်တာကို မှန်အောင်ပြင်ရမယ်။ စေတနာမမှန်တဲ့သူတွေကို စေတနာမှန်တဲ့သူတွေနဲ့ လဲရမယ်။ လူထုရဲ့ နှလုံးအိမ်ထဲရောက်အောင် သွားဖို့နည်းက တစ်လမ်းပဲ ရှိတယ်။ အဲဒါ လူထုကောင်းကျိုးကို တစ်ကယ် စိတ်ဝင်စားပြီး တစ်ကယ်လုပ်ဖို့ပဲ။ ကိုယ့်အကျိုးစီးပွားက ပထမ၊ လူထုက ဒုတိယ ဆိုရင်တော့ အဲဒီနည်းဟာ အလုပ်မဖြစ်ဘူး။ ဒါဟာ ၂၀၁၅ သင်ခန်းစာပဲ။ အဲလိုလူတွေကို လူထုက ချဉ်တယ်ဆိုတာ သဘောပေါက်ပြီး ပြောင်းလဲရလိမ့်မယ်။ အဲဒါကို လက်မခံဘဲ ငါတို့က ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကောင်းစားရေးအတွက် တကယ်လုပ်လာတာကွလို့ တစ်ဖက်သက် ငြင်းနေတုန်းဆိုရင်တော့ ၂၀၂၀ ကျရင် ပိုင်ဆိုင်မှုလေး ချပြပါလို့ပဲ ပြောပါရစေ။ ဒါကို လက်ခံပြီး ပြုပြင်တော့မှသာ ရွေးကောက်ပွဲနီးတိုင်း ပိုက်ဆံပေး၊ ထမင်းကျွေးပြီး လူကြိုက်ခံချင်ယောင်ဆောင်ရတဲ့ ဘ၀က လွတ်မယ်။ လူထု တကယ်လက်ခံအောင် လုပ်ချင်ရင် လူထုတကယ် ချစ်အောင် နေရလိမ့်မယ်။ တကယ်ရိုးသားရလိမ့်မယ်။ You can fool all the people some of the time, and some of the people all the time, but you cannot fool all the people all the time. ဆိုတဲ့ စကားကို သတိရပါ။
.
စာတော်တော် ရှည်နေပြီမို့ နိဂျုံးခုတ်ပါတော့မယ်။ ဒီတစ်ပွဲ ဘယ်သူတွေ ဘာကြောင့်နိုင်၊ ဘာကြောင့်ရှုံးလို့ အတိုချုံးပြောပါဆိုရင် တစ်ခွန်းတည်း ပြောလို့ရပါတယ်။ “ ကံ ” ပါပဲ။
.
ကံ ဆိုတာ ဘာလဲ ဆိုတာ ခင်ဗျားရော ကျွန်တော်ရော သိပါတယ်။ ကံ ဆိုတာ အလုပ် ပါ။
.
.
.
.
(ပါတီအားလုံး အရည်အသွေး ပြည့်ဝပြီး စစ်မှန်သော ဒီမိုကရေစီ စနစ်ဖြင့် ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံတော်ကို အမြန်ဆုံး တည်ဆောက်နိုင်ပါစေ)

Htet Nay Lin Oo
[full-post]

soehlaing-student-620.JPG
မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသား ကိုစိုးလှိုင် ကို နိုဝင်ဘာလ ၁၂ ရက်နေ့က ရုံးထုတ်လာစဉ်
Photo: Hset Paing Toe/RFA

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ မြင်းခြံထောင်မှာ အစာငတ်ခံဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသား ကိုစိုးလှိုင်နဲ့ ကိုစည်သူမြတ် တို့နှစ်ယောက်ကို ထောင်အာဏာပိုင်တွေက နှိပ်စက်ညှင်းပမ်းခဲ့တယ်လို့ အဲဒီကျောင်းသားတွေက ဒီနေ့တရားရုံးချိန်းထွက်ချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သူတို့က အစာငတ်ခံဆန္ဒပြတာကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ခေါင်းကိုစောင် နဲ့အုပ်ပြီး ရိုက်နှက်တိုက်ပိတ်လိုက်သလို၊ သောက်ရေပါဖြတ်လိုက်တယ်လို့ နှိပ်စက်ခံရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မုံရွာနည်းပညာတက္ကသိုလ်က ကိုစိုးလှိုင်က အခုလိုပြောပါတယ်။

"၆ ရက်နေ့မနက် ၄ နာရီလောက်မှာ အကျဉ်းထောင်ကနေထုတ်ပြီးတော့ ကျနော့်ကို တိုက်ထဲမှာသီးခြားထားပါ တယ်၊ တိုက်ထဲကိုထည့်တဲ့အခါမှာ ကျနော့်ကို ညှိ့သကျည်းကို အုတ်ခဲနဲ့ရိုက်ခံရတယ်ဗျ၊ အထဲကိုထည့်တဲ့အခါမှာ လည်း တရွတ်တိုက်ဆွဲပြီးတော့ထည့်တယ်၊ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကျနော်တို့ကို ရေတစ်လီတာလောက်ပဲ ရတယ်၊ ၈ ရက်နဲ့ ၉ ရက်မှာ ရေလုံးဝမရလို့ ကျနော်တို့ အစာငတ်ခံဆန္ဒပြတာကို ရပ်နားလိုက်ပါတယ်"

ရေပါဖြတ်လိုက်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ အစာငတ်ခံဆန္ဒပြတာကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ရပ်လိုက်ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ကို တရားစွဲထားတာကို ၈ လကြာအောင် စစ်ဆေးနေပေမယ့် ခုထိမဆုံးဖြတ်နိုင်သေးတဲ့ အခြေအနေကိုလည်း ဝေဖန်ထောက်ပြကြပါတယ်။

ကိုစိုးလှိုင်ဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်ထဲမှာ ပါခဲ့သူဖြစ် ပါတယ်။ သူ့ကို မြင်းခြံနည်းပညာတက္ကသိုလ်ရှေ့မှာ နိုင်ငံတော်အလံအစား ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့တဲ့အမှုနဲ့ စွပ်စွဲဖမ်းဆီးထားတာဖြစ်ပါတယ်။ အဲဒီနေ့က မြင်းခြံမှာ သူမရှိခဲ့ဘူးလို့လည်း ပြောဆိုထားပါတယ်။ ကိုစည်သူမြတ် ဟာ ဒီမိုကရေစီပညာရေးသပိတ်မှောက် တောင်းဆိုမှုမှာပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/torture-hunger-strik-students-11122015105503.html

dassk-celebrities-620.jpg
ရန်ကုန်မြို့ အမှတ်(၅၄)တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ နိုဝင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု အောင်နိုင်ရေးမှာ ပါဝင်ကူညီခဲ့ကြတဲ့ အနုပညာရှင်တွေ တွေ့ဆုံကြစဉ်
Photo: NLD Chairperson Facebook

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပါဝင်ကူညီခဲ့တဲ့ အနုပညာရှင်တွေနဲ့ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ တွေ့ဆုံ ခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲဟာ အောင်နိုင်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို ကြိုဆိုတဲ့ တွေ့ဆုံပွဲဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရွေးကောက်ပွဲမှာ အနုပညာရှင်တွေ ပါဝင်ခဲ့တာဟာ ပါတီရွေးကောက်ပွဲအောင်နိုင်ရေး သက်သက်မဟုတ် ဘဲ နိုင်ငံအပြောင်းအလဲမှာ ပါဝင်ခဲ့ကြတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒါ့ပြင် NLD ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျေးဇူးတင်ရမယ့်သူတွေထဲမှာ ပန်းရဲ့လမ်းတေးဂီတအဖွဲ့လည်း ပါဝင်သလို နိုင်ငံတဝှမ်းက ဆိုက္ကားသမားတွေလည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/dassk-thanks-trishaw-men-11122015110648.html

ayemaung-interview-620.jpg ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့ သူ့နေအိမ်မှာ တွေ့ရစဉ်

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဥက္ကဌနေရာမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပါတီဥက္ကဌတစ်ဦးဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပါတီကနေနှုတ်ထွက်မှာမဟုတ်ဘဲ လက်ရှိနေရာမှာပဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

"ဥက္ကဌ နှုတ်ထွက်ရမယ်၊ အထွေထွေအတွင်းရေးမှူး နှုတ်ထွက်ရမယ်ဆိုတာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာနဲ့ ဘာမှမဆိုင်ဘူး၊ ကျနော်တို့ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်၊ အဲ့လိုလွှတ်တော်ကိုယ်စားလှယ်လောင်းဟာ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ ရှုံးနိမ့်စေကာမူ ပါတီကနှုတ်ထွက်စရာ လုံးဝမလိုပါဘူးလို့ ကျနော်တို့ အတိအလင်းပြောကြားလိုပါတယ်၊ ဥက္ကဌကလည်း ဥက္ကဌနေမှာရှိမယ်၊ အထွေထွေအတွင်းရေးမှူးကလည်း အထွေထွေအတွင်းရေးမှူးနေရာမှာ ဆက်လက်ပြီးရှိမှာပါ"

ပါတီဥက္ကဌ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒေသခံတွေဘက်က ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပဋိပက္ခအသွင်နဲ့ အမုန်းပွားအောင် ပြောဆိုရေးသားမှုတွေရှိနေတဲ့အပြင် ပါတီအပေါ်
ဂယက်ရိုက်မှုတွေ ရှိလာတာကြောင့် အခုလိုကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။

ဒေါက်တာအေးမောင်နဲ့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေနဲ့ သက်ဆိုင်မှုမရှိကြောင်းလည်းကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/dr-ayemaung-anp-president-11122015105252.html

theinsein-phone-620.jpg  
ဖုန်းပြောနေတဲ့ သမ္မတ ဦးသိန်းစိန်ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာသမ္မတ ဦးသိန်းစိန်ကို ဒီနေ့ မနက် ၈ နာရီခွဲက တယ်လီဖုန်းဆက် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ သမိုင်ဝင် အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ကို ချီးကျူးဂုဏ်ပြုကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်မှုဟာ သမ္မတကြီးအနေနဲ့ ဂုဏ်ယူရမယ့် သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန် ရဲဝံ့စွာဖော်ဆောင်ခဲ့ တဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေဟာ မြန်မာနိုင်ငံအတွက် ထူးခြားပြောင်မြောက်တဲ့ အနာဂတ် ကို ဖော်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း အမေရိကန်သမ္မတအိုဘားမားက ပြောကြားခဲ့တယ်လို့ သမ္မတပြောခွင့် ရသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

တပြိုင်နက်တည်းမှာပဲ တရုတ်အစိုးအနေနဲ့လည်း မြန်မာနိုင်ငံမှာ ထူးခြားအရေးပါတဲ့ အထွေထွေရွေးကောက်ပွဲ ကြီး ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ခင်တဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားမယ်ဆိုတာ တရုတ်အစိုးရအနေနဲ့ ယုံကြည်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဒီကနေ့ ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ယူနန်ပြည်နယ်၊ ကျင်ဟောင်းမြို့မှာ တွေ့ဆုံစဉ် အခုလို ပြောခဲ့တာလို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။

စိတ်ရင်းကောင်းတဲ့ အိမ်နီးချင်းမြန်မာနိုင်ငံကို စည်းလုံးညီညွတ်ပြီး တည်ငြိမ်အေးချမ်းသာယာဖွံ့ဖြိုးတဲ့ နိုင်ငံတခုအဖြစ် တရုတ်နိုင်ငံက ရိုးသားစွာမြင်လိုကြောင်း၊ မြန်မာနိုင်ငံက အဖွဲ့အစည်းအားလုံး အတူလက်တွဲပြီး ဖွံ့ဖြိုးတိုးတက်မယ့် လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံဖွံ့ဖြိုးရေး အသွင်ကူးပြောင်းမှုမှာ တရုတ်အစိုးရအနေနဲ့ ဆက်လက်ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို ချစ်ကြည်ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးမူဝါဒကို ပြောင်းလဲမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/us-obama-praise-theinsein-elections-11122015100934.html

ဟာသသရုပ်ဆောင် ဗေလုဝကိုလည်း နာမည်ထုတ်ဖော်ပြီး ကျေးဇူး တင်ခဲ့ပါသေးတယ်။
"ဗေလုဝ ဘယ်မှာလဲ။ တနေရာမှာ ပြဿနာတက်နေပြီဆိုရင် စစ်သူကြီး ဗေလုဝ လွှတ်လိုက်ဆိုပြီး ခိုင်းရတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
အမေစု {12.11.2015} အမေ့နေအိမ်မှာ အနုပညာရှင်များကျေးဇူးတင်စကားပြောကြားတဲ့ပွဲမှာ ပြောခဲ့တာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က ရန်ကုန်မြို့ အမှတ် (၅၄)တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်
အဖွဲချုပ် ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားမှု . အောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကဒီချုပ် အောင်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အနုပညာရှင်များကို ကျေးဇူးတင်ကြောင်း ပြောကြားကာ
၂၀၁၂ ခုနှစ်ထဲက ကူညီဆောင်ရွက်ခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့ကို ဖြင့် အထူး ကျေးဇူးတင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

National League for Democracy


အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်။ နိုဝင်ဘာလ ၁၂ ရက်နေ့ ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ရန်ကုန်မြို့ နေအိမ်တွင် ရွေးကောက်ပွဲအောင်နိုင်တစ်လျှောက် အဖွဲ့ချုပ်အောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာရှင်များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
Posted by National League for Democracy on Wednesday, November 11, 2015


 နိုဝင်ဘာလ ၁၂ ရက် ၂၀၁၅

 သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ ရွေးကောက်ပွဲတွင် မဲစာရင်း မပါဝင်သည့် တရုတ်လူမျိုး များ ကြံ့ခိုင် ရေး ပါတီတွင် မဲထည့်ပေးသည့်ပြသနာရှိသဖြင့် ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေး ပါတီများက ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံပဲ ကန့်ကွက်ခဲ့ကြသည်ဟုသိရသည်။

အဆိုပါတရုတ်များကို ဒေသတွင်းအာဏာပိုင်များက မဲထည့်ခွင့်ပေးခဲ့ခြင်ြး ဖစ်ကြောင်း ကန့် ကွက် သည့်ပါတီများကပြောသည်။

“ကျမတို့လည်း အထောက်အထားတွေနဲ့ တကွ ကန့်ကွက်လွှာတင်တယ်ပေါ့ေ နာ်။ တရုတ် တွေ က အများကြီးပဲ မဲစာရင်းတွေလည်းမပါဘူး။ ဘယ်ကလာ တဲ့သူတွေ မှန်း လည်း မသိဘူး။ နာမည်နဲ့ မဲစာရင်းလည်းမကိုက်ဘူး။ အသ က်ပြည့်တာတွေကော မပြည့်တာတွေကော မဲထည့်နေကြတာ။သက်သေတွေ ရှိ တယ်။ ”- ဟု ကွတ်ခိုင်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း
ဒေါ်နန်းထွေးမှုံက ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းမှရရှိသော မဲရလဒ်များကို လက်မခံ- ကန့်ကွက်သည့် အနေဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်များအနက် NLD ၊ SNLD ၊ တအာင်းပလောင်အမျိုးသားပါတီတွေမှ ကိုယ်စားလှယ်လောင်း များက မဲရလဒ်လက်ခံကြောင်း ပုံစံ ၁၉ တွင် အတည်ပြု လက်မှတ်ရေးထိုးခြင်း မရှိကြောင်း သိရသည်။

တာမိုးညဲဒေသဘက်တွင် ထိုသို့သော အမည်စာရင်းမဲ့ တရုတ်လူမျိုး အများ အပြား ပြည်ခိုင်ဖြိုးပါတီကိုမဲပေးခဲ့ကြပြီး ၊ နမ့်ဖက်ကာ ဒေသတွင် မူ ဒေသ တွင်း ပြည်သူ့စစ်များက မဲရုံလုံခြုံရေးအတွက်ဟု ဆိုကာ ပြည်ခိုင်ဖြိုး ပါတီ ၀င်မဟုတ်သော အခြားနိုင်ငံရေးပါတီများမှမဲရုံကိုယ်စား လှယ် တာဝန် ယူနေ သူများအား ခြိမ်းခြောက်မောင်းထုတ်မှုများပြုလုပ် သည့် အထောက် အထား များလည်းရှိနေကြောင်း ကန့်ကွက်နေသည့် ပါတီများက ပြောသည်။

“မဲရုံတချို့မှာဆိုရင်လည်း မဲရုံစောင့်တာဝန်ကျ ပါတီကိုယ်စားလှယ်ေ တွ ကို ပြည်သူ့စစ်တပ်ဖွဲ့က မဲရုံတွင်းဝင်ခွင့်မပေးဘူး။ ပြည်သူ့စစ်တွေကဘဲ မဲရုံ စောင့်ကြပ်ပြီး မဲလာည့်တဲ့သူတွေကို မဲထည့်ပုံထည့်နည်း လက်ေ တွ့ပြသပြီးတော့ မဲထည့်ပေးတာတွေရှိတယ်။ မဲရုံစောင့် ပါတီကိုယ်စား လှယ်တွေက တွေ့တာ”- ဟု ကန့်ကွက်သည့် ပါတီများမှ မဲရုံလုံခြုံရေး တာဝန်ကျသူ ပုဂ္ဂိုလ်တဦးကပြောသည်။

ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်တွင် ဒေသတွင်း ပြည်သူ့စစ်ခေါင်းဆောင် များဖြစ်ကြသော ဦးတီခွန်မြတ် ၊ ဦးမြင့်လွင် တို့က ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု ကာ ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြပါသည်။

ထိုဒေသတွင် ယှဉ်ပြိုင်သည့် သျှမ်းပါတီ တခုမျှ အောင်နိုင်ခြင်းမရှိခဲ့ပေ။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ည ၉ နာရီတွင် ပြည်သူ့လွှတ်တော်အနိုင်ရ ၃၁ ဦးစာရင်းကို ထပ်မံကြေညာရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၂၁ နေရာ ထပ်မံရရှိသည်။ ထို့အပြင် အမျိုးသားလွှတ်တော်အတွက် အနိုင်ရသော ၂၂ နေရာစာ ထပ်မံကြေညာရာ ဒီချုပ်က ၁၅ ဦး ထပ်မံရရှိသည်။

ဒီချုပ်က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း ၃၆ နေရာထပ်မံရရှိသည်။ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၃၂၇ နေရာရရှိထားပြီး၊ အစိုးရဖွဲ့ရန်လိုအပ်သော ပြည်ထောင်စုလွှတ်တော်နေရာကို ရရှိရန် တစ်ဦးသာ လိုတော့သည်။

မူလက ရွေးကောက်ပွဲမကျင်းပဖြစ်သော နေရာ ၇ နေရာသာရှိသည်ဟု သိရှိထားသော်လည်း ယနေ့ည ကော်မရှင်က ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာ ၉ နေရာရှိခဲ့သည်ဟု ကြေညာသည့်အတွက် အစိုးရဖွဲ့ရန်မှာ ယခင်တွက်ချက်ထားသော ၃၂၉ ဦးထက်လျှော့သွားပြီး ၃၂၈ ဦး(အတိအကျဆိုရလျှင် ၃၂၇.၅ ဦး)ရလျှင် တစ်ပါတီတည်းဖြင့် အစိုးရဖွဲ့ရန် လုံလောက်သွားပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ဒီချုပ်က ၃၂၇ ဦးရရှိထား၍ တစ်ဦးသာလိုတော့သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ရလဒ်မကြေညာရသေးသောနေရာ ၈၂ နေရာရှိသေးသည်။

7Day News Journal

အခုရရှိထားတဲ့ မဲစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြှောက်နိုင်ပြီလို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။

ဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။

ရိုက်ကူး - ကျော်ဇောဝင်း/RFA

ဦးကိုနီနဲ့ မေးမြန်းချက် အပိုင်း(၁)အခုရရှိထားတဲ့ မဲစာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြှောက်နိုင်ပြီလို့ ရှေ့နေကြီး ဦးကိုနီက ပြောပါတယ်။ဦးကိုနီကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။ရိုက်ကူး - ကျော်ဇောဝင်း/RFA

Posted by RFA Burmese on Thursday, November 12, 2015

hlaswe-bulatt-620.jpg
[youtube src="c_BEXQy0bak"/]
 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေ ကို နိုဝင်ဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်

ကြံ့ခိုင်ဖွံ့ဖြိုးရွေးပါတီအနေနဲ့ ပါတီတွင်း ပြုပြင်ပြောင်းလဲရေးတွေ ၃ လအတွင်း မလုပ်ဘူးဆိုရင် နိုင်ငံရေး ကို ကျောခိုင်းပြီး စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။

ဒီကနေ့ RFA နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံမေးမြန်းရာမှာ ဦးလှဆွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ အားနည်းချက်ကြောင့် ရှုံးနိမ့်တာလို့ ပြောပါတယ်။

"ကြံ့ခိုင်ရေးပါတီဟာ တကယ့်ကို ပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုတယ်၊ အခုက ပြောင်းလဲတယ် ပြောင်းလဲ တယ်ပြောပြီးတော့ ဒီလူတွေချည်းပဲ၊ လူကြီးပိုင်းကတော့ CEC ပိုင်းကတော့လေ၊ ကျနော်တို့က ဒါကအစ သူတို့သေချာပြုပြင်နိုင်မလား၊ ဒီ ၃ လလောက် ကျနော်တို့ စောင့်ကြည့်မှာပေါ့၊ ဒီ ၃ လလောက်မှာ ပြောင်းလဲမှု ဟာ အားရကျေနပ်လောက်စရာ ဖြစ်တယ်လို့ယူဆရင် ကျနော်ကဆက်ပြီးတော့ နိုင်ငံရေးလုပ်မယ်၊ တကယ်လို့ ပြောင်းလဲမှုဟာ တို့ကနဲ ဆိတ်ကနဲလေးပဲလုပ်သွားတယ်၊ နာမည်ခံပဲလုပ်တယ်ဆိုရင် ကျနော်ကတော့ ကိုယ်ဘာသာ စီးပွားရေးပဲလုပ်တော့မယ်"

ပါတီတွင်း ပြုပြင်ပြောင်းလဲရေး လိုအပ်နေကြောင်းကို ဦးသူရရွှေမန်း ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူခဲ့စဉ်ကတည်းက အစည်းအဝေးမှာ သူတင်ပြခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိအနိုင်ရနေတဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းတွေထဲမှာ အနည်းဆုံး ၁ဝ ယောက်လောက်ဟာ ဥပဒေနဲ့ငြိစွန်းတာကြောင့် ကိုယ်စားလှယ်အဖြစ်ကနေ ပျက်ပြယ်သွားဖွယ်ရှိတယ်လို့လည်း ပြောပါတယ်။ ဘယ်လိုအမှုတွေနဲ့ ဘယ်လိုပုံစံတွေလည်းဆိုတာတော့ မသိရပါဘူး။

ဘူးလက် ဦးလှဆွေဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဆော မြို့နယ် ထီးလင်း စတဲ့မြို့နယ်တွေကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်တာဖြစ်ပြီး အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ဦးပြူးလွင်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/hlaeswe-speak-usdp-reform-need-11122015071019.html

[youtube src="VoE8_AnYNK0"/]
ဧရာတီတိုင်း ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာတွေအတွက် မဲစာရင်းအငြင်းပွားမှု ဖြစ်ပေါ်နေပြီး၊ ရှံးနိမ့်သွားတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပုံစံ ၁၉ မှာ လက်မှတ်မထိုးဘဲ၊ မဲတွေကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားပါတယ်။

RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ်။ (ဇွန် ၁၁၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ တွေ့ဆုံစဉ်။ (ဇွန် ၁၁၊ ၂၀၁၅)

တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ရဲ့ ပြန်လည် သင့်မြတ်ရေးကို ထောက်ခံ ပံ့ပိုး သွားမှာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု ဆက်လုပ်သွားပါမယ်လို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီး Wang Yi ကပြောလိုက်ပါတယ်။

“မြန်မာနိုင်ငံ အပေါ် ချစ်ကြည်ရင်းနှီးတဲ့ မူဝါဒတွေကို တရုတ်နိုင်ငံက ဆက်ပြီး ကျင့်သုံးသွားမှာပါ။ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရေး လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်တဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆက်ပြီး ထောက်ခံအားပေးသွားမှာပါ။ နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့အတွက် မြန်မာနိုင်ငံနဲ့ အတူတကွ လုပ်ဆောင်ချင်ပါတယ်။” လို့Lancang-Mekong မြစ် ပထမ အကြိမ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ၀န်ကြီး Wang Yi ကပြောပါတယ်။

အဲဒီအစည်းအဝေးကို မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်လည်း တက်ရောက်ပါတယ်။ မြန်မာ့ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ တည်တည်ငြိမ်ငြိမ်နဲ့ ပြီးသွားတဲ့ အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက သူ့ကို ပြောတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ မိတ်ဆွေ အိမ်နီးချင်းနိုင်ငံအဖြစ် တရုတ်နိုင်ငံအနေနဲ့ ၀မ်းမြောက်တဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲတွေ ချောချောမွေ့မွေ့ ပြီးဆုံးသွားတာကို တရုတ်နိုင်ငံက ကြိုဆိုပါတယ်လို့ တရုတ်နိုင်ငံ ခြားရေးဝန်ကြီး Wang Yi ကပြောပါတယ်။

VOA
http://burmese.voanews.com/content/china-will-support-myanmar-reconcilization/3054672.html


ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ Francois Hollande သတင်းစာရှင်းလင်းပွဲ။ (ဇွန် ၂၆၊ ၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်သမ္မတ Francois Hollande သတင်းစာရှင်းလင်းပွဲ။ (ဇွန် ၂၆၊ ၂၀၁၂)

ပြင်သစ်သမ္မတက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဖြင့် ဆက်သွယ် ရွေးကောက်ပွဲ အောင်မြင်မှု အပေါ် ဝမ်းမြောက်ကြောင်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ ပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံရေးနဲ့ ဘာသာရေး တင်းမာမှုတွေ လျော့ကျစေဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို လည်း ပြင်သစ်နိုင်ငံက သတိထား စောင့်ကြည့်နေ ပါတယ်လို့လည်း ပြင်သစ် သမ္မတက ပြောဆိုခဲ့တဲ့ အကြောင်း ပြင်သစ်နိုင်ငံ သံရုံးက ထုတ်ပြန်ထားပါတယ်။

အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ခဲ့တဲ့အပေါ် ဝမ်းမြောက် ပါကြောင်းနဲ့ ဆက်လက် ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖွံ့ဖြိုးလာစေရေး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခိုင်မာ ပြတ်သားတဲ့ အခန်းကဏ္ဍနဲ့ စိတ်ဓာတ်ကို ချီးကျုးဂုဏ်ပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံဟာ မြန်မာပြည်သူလူထုရဲ့ဆန္ဒကို လေးစားလိုက်နာပြီး နိုင်ငံရေးနဲ့ ဘာသာရေး တင်းမာမှုတွေ လျှော့ကျလာစေဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလားတဲ့ ဆက်လက်ဆောင်ရွက်ရမယ့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စရပ်တွေကို သတိကြီးစွာထားပြီး စောင့်ကြည့်နေပါကြောင်းနဲ့ အဲဒီကိစ္စရပ်တွေကို ယုံကြည်စွဲမြဲ စွာ လုပ်ဆောင်ရမယ်ဆိုတာာနဲ့ပတ်သက်ပြီး အားလုံးက လေးစား လိုက်နာရပါမယ်လို့ ပြင်သစ်သမ္မတက ပြောပါတယ်။

အစိုးရသစ် တရပ် ဖွဲ့စည်းလာနိုင်ခြေ ရှိတဲ့ အထိ အမတ်နေရာ အများစု အနိုင်ရရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ အစိုးရသစ် ဖွဲ့စည်းနိုင်ရေး အာဏာလွှဲပြောင်းရယူနိုင်ဖို့အတွက် စီစဉ်နေပြီး အစိုးရသစ် အဖြစ် တာဝန်ယူချိန်မှာ နိုင်ငံရေး အကျဉ်းသားတွေ အရေး အလေးထားမယ်လို့လည်း ပါတီ ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“ဟုတ်ကဲ့ ကျနော်တို့ဖက်မှာလည်း ဆွေးနွေးညှိနိုင်းမှုတွေတော့ရှိပါတယ်။ သို့သော်လည်းပဲ အကြောင်းကြောင်းကြောင့် ဒီအသေးစိတ်ကိုတော့ ပြောခွင့်မရှိလို့ ကျနော်တို့ဖက်ကလည်းဆွေးနွေးနေကြတယ်ဆိုတဲ့ အချက်ပဲပြောပါရစေ။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ကျနော်တို့ NLD က ခေါင်းဆောင်အများစုဟာ အကျဉ်းသားဘ၀ကနေပြီးတော့မှ ဒီအနေအထားကို ရောက်လာကြတာပါ။ အဲတော့ အခုလက်ရှိ ဦးသိန်းစိန်အစိုးရကနေပြီးတော့မှ ဖမ်းဆီးပြီး အကျဉ်းချခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ပက်သက်လို့ ကျနော်တို့ ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး။ အလေးအနက် ထားပြီး စဉ်းစားရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီလောက်ပဲ ပြောပါရစေ။”

ဒီကနေ့မှာဘဲ သမ္မတ ဦးသိန်းစိန်ကလည်း ၀န်ကြီးများ အစည်းအဝေး ခေါ်ယူပြီး တက်လာမယ့် အစိုးရသစ်ကို လုပ်ငန်း တာဝန်တွေ စနစ်တကျ လွှဲပြောင်းပေးနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တယ်လို့လည်း သမ္မတ ရဲ့ ပြောခွင့်ရ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို ပြောပါတယ်။ သမ္မတ၊ လွှတ်တော် နာယကနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ခွင့်ပေးဖို့ အများစု အနိုင်ရ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကိုလည်း မနေ့ကဘဲ အားလုံးတို့က သဘောတူလိုက်တာကြောင့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရေးနဲ့ အာဏာအလွှဲအပြောင်းကာလ တည်ငြိမ်ရေးအပေါ်မှာ အပြုသဘောဆောင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာနေပါတယ်။

VOA
http://burmese.voanews.com/content/frence-congratulated-daw-aung-san-suu-kyi/3054658.html


စစ်တွေ၊ နိုဝင်ဘာ ၁၂

ယခင် တပ်မတော်သား တစ်ဦးဖြစ်သည့် နေ၀င်းအောင်အား တပ်မတော် စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ပြီးနောက် ရဲတပ်ဖွဲ့မှ အသက် ၈ နှစ်အရွယ် မိန်းခလေးငယ် တစ်ဦးအား မုဒိမ်းပြုကျင့်မှုဖြင့် အရပ်ဘက် တရားရုံးတွင် ဆက်လက် တရားစွဲဆိုရန် စီစဉ်နေသည်ဟု သိရသည်။

ခမရ ၃၅၄ တပ်ရင်းမှ တပ်သား နေ၀င်းအောင်အား စစ်ခုံရုံးမှ တပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်များချမှတ်ပြီးနောက် နိုဝင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်တွေထောင်သို့ ပို့ဆောင်ပြီးနောက် ထိုသို့ တရားစွဲဆိုရန် ရဲက စီစဉ်ခြင်း ဖြစ်သည်။

နေ၀င်းအောင်သည် စက်တင်ဘာလ ၂၁ ရက်နေ့က စစ်တွေမြို့ ဓည၀တီရပ်ကွက်တွင် နေထိုင်သူ အသက် ၈ နှစ်အရွယ် မဌေးဌေးစံအား မုဒိမ်းကျင့်မှုဖြင့် စွပ်စွဲခံထားရသည်။

“သူ့ကို ရဲစခန်းမှာ မုဒိမ်းမှုနဲ့ အမှုဖွင့်ထားပါတယ်။ မြို့မရဲစခန်းကပဲ ထပ်ပြီးတော့ တရားစွဲဆိုသွားပါမယ်။ သူ့ကို တရားစွဲဆိုနိုင်တဲ့ အထောက် အထားတွေ ရဲလက်ထဲမှာ ရှိပါတယ်။ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်”ဟု ရဲအုပ်အေးခင်မောင်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

တရားစွဲရာ၌ ဥပဒေနှင့်အညီဖြစ်ရန် မြို့နယ်ဥပဒေအရာရှိထံ အကြံပြုချက် တင်ထားရပြီး အကြံတောင်းခံချက် ကျပြီးမှသာ တရားစွဲဆိုသွားမည်ဟု သိရသည်။

မုဒိမ်းကျင့်ခံရသူ မဌေးဌေးစံ အသက် ၈ နှစ်သည် ဆေးကုသမှု ခံယူနေစဉ် အောက်တိုဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ရန်ကင်း ကလေး ဆေးရုံတွင် သူ၏ နာတာရှည် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

ဓါတ်ပုံ--ဆရာသန်းထွန်း face book
စံမောင်သန်း
Arakan State
https://www.facebook.com/NarinjaraNews

နိုဝင်ဘာ ၁၂ ရက် ည ၉ နာရီ ကြေငြာချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး မှာ အန်အယ်လ်ဒီက ၂၁ ဦး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးမှာ အန်အယ်လ်ဒီ ၁၅ ဦးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက် ညနေ ၆ နာရီ ထိ ကော်မရှင်ရဲ့ ကြေငြာချက်ကတော့ ပြည်သူ့လွှတ်တော်အတွက် ၂၇၄နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၃၃ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၄၉၄ ယောက်အနိုင်စာရင်း ကြေငြာပြီးသွားပြီဖြစ်ပါတယ်။

ဒီထဲမှာ အန်အယ်လ်ဒီပါတီက ပြည်သူ့လွှတ်တော်မှာ ၂၁၇ ယောက်၊ အမျိုးသားလွှတ်တော်မှာ ၁၁၀ ယောက်နဲ့ တိုင်းဒေသကြီးလွှတ်တော်အတွက် ၃၈၂ ယောက်အနိုင်ရထားပါတယ်။ အန်အယ်လ်ဒီပါတီအနေနဲ့က တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်ဖို့ဆိုရင် လွှတ်တော် ၂ ရပ်ပေါင်းတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ၃၃၃ ယောက်စာ အနိုင်ရရမှာဖြစ်ပါတယ်။ တချို့ကတော့ ၃၂၉ လို့ ဆိုကြပါတယ်။

လက်ရှိ ကြော်ငြာပြီးတဲ့ ရလာဒ်အရ အန်အယ်လ်ဒီဟာ ပြည်ထောင်စုလွှတ်တော်အတွက် ၃၂၇ နေရာ ရပြီးသားဖြစ်နေပါပြီ။ နောက်ထပ်ကြော်ငြာဖို့က ၈၂ နေရာ ကျန်နေပြီး ဒီထဲက အန်အယ်လ်ဒီဟာ ၆ နေရာ ထပ်နိုင်ရင် တပါတီတည်းနဲ့ အစိုးရဖွဲ့နိုင်မှာဖြစ်ပါတယ်။ အန်အယ်လ်ဒီဟာ အစိုးရဖွဲ့နိုင်ဖို့ လုံးဝ စိတ်ချသွားရတဲ့အနေအထားဖြစ်နေတာကို တွေ့နေရပါပြီ။ BBC Burmese



ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ မှ ၁၂-၁၁-၂၀၁၅ ရက်နေ့ (၂၁း၀၀)ချိန် ထုတ်ပြန်သည့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အနိုင်ရစာရင်း။

Union Election Commission

 မဲရလဒ်တွေအတွက် အန်အယ်ဒီကို ဂုဏ်ပြုကြောင်း ကာချုပ်က ပြောခဲ့။
သမိုင်းဝင် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲရဲ့ ရလဒ်တွေအရ ပေါ်ထွက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြု လိုက်ပါတယ်။

ရွေးကောက်ပွဲလွန် ကာလမှာ တပ်မတော် အနေနဲ့ အစိုးရသစ်နဲ့ လက်တွဲပြီး အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် စည်းရုံးရေး ကော်မတီ ဗဟိုဦးစီး ကော်မတီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

အခုချိန်အထိ မဲရလဒ် ထက်ဝက်လောက် တရားဝင် ကြေညာခဲ့ပြီး ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၈၀ ရာခိုင်နှုန်းလောက် အနိုင်ရနေပါတယ်။

နိုင်ငံတကာက ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တွေ ကလည်း နိုဝင်ဘာ ၈ရက်နေ့ ရွေးကောက်ပွဲနဲ့ မဲရေတွက်ပုံ တွေကို အတည်ပြု ထောက်ခံချက် ပေးခဲ့ ကြပါတယ်။

မဲရလဒ်တွေမှာ အနိုင်ရ ဦးဆောင် နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီ ပါတီကို ဂုဏ်ပြုကြောင်းလည်း သမ္မတ ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ထုတ်ပြန် ခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ဒီကနေ့ ကြာသပတေးနေ့မှာ သမ္မတ ဦးသိန်းစိန်ကို ဖုန်းဆက်ပြီး လွတ်လပ် မျှတတဲ့ သမိုင်းဝင် ရွေးကောက်ပွဲအတွက် ဂုဏ်ယူကြောင်း ပြောကြား ခဲ့တယ်လို့ အစိုးရ ပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ဒီကနေ့ညနေ ၃ နာရီအချိန်ထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်အသီးသီးမှာ အပြတ်အသတ် အနိုင်ရတာကို ပြနေပါတယ်။

ပြည်သူ့လွှတ်တော်မှာ NLD က ၁၉၆ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၂၃ နေရာ၊ ကျန်ပါတီအသီးသီး က ၂၄ နေရာရထားပါတယ်။ အမျိုးသားလွှတ်တော်မှာ NLD က ၉၅ နေရာ၊ USDP က ၁၀ နေရာ၊ ကျန်ပါတီအသီးသီးက ၁၁ နေရာရထားပါတယ်။

တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေမှာ NLD က ၃၆၇ နေရာ၊ USDP က ၃၆ နေရာနဲ့ ကျန်ပါတီအသီး သီးက ၂၇ နေရာရထားပါတယ်။ ဒီကနေ့ညနေ ၃ နာရီအထိဆိုရင် ပြည်သူ့လွှတ်တော်အတွက် စုစုပေါင်းအမတ်နေရာ ၂၄၃ နေရာ ကြေညာပြီးသွားပြီမို့ နောက်ထပ် နေရာ ၈၀ ကျော်အတွက်ပဲ ကြေညာဖို့ကျန်ပါတော့တယ်။ အမျိုးသားလွှတ်တော်အတွက် ၁၁၆ နေရာ ကြေညာပြီး ဖြစ်တာကြောင့် နောက်ထပ် နေရာ ၅၀ လောက်အတွက်ပဲ ကြေညာဖို့ကျန်ပါတော့တယ်။

NLD ဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်အတွက် စုစုပေါင်းလွှတ်တော်အမတ်နေရာ ၂၉၁ နေရာ ရနေပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် လွှတ်တော်နှစ်ရပ်ကနေ ဒုတိယသမ္မတ တဦးစီ စုစုပေါင်းနှစ်ဦးကို ရွေးချယ်ဖို့၊ စစ်တပ်ကိုယ်စားလှယ် တွေဘက်ကတင်တဲ့ ဒုတိယသမ္မတတဦးအပါအ၀င် စုစုပေါင်း ဒုတိယသမ္မတသုံးဦးထဲကနေမှ သမ္မတကို ရွေးချယ်ဖို့၊ အစိုးရသစ် ကို ဦးဆောင် ဖွဲ့စည်းဖို့ အတော်လေးကို အလားအလာကောင်းနေပြီလို့ ဆိုရမှာပါ။

NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ အနုပညာ ရှင်တွေကို ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းက သူ့ရဲ့နေအိမ်မှာ ဒီကနေ့တွေ့ဆုံပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/election-result-thrusday-nld-win-the-landslide-victory-/3054534.html


 ဒီကနေ့ ညနေ ၆ နာရီအထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာတဲ့ မဲရလဒ် စာရင်းတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်နေရာအတွက် ၁၉၆ ဦး ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၃၈၂ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၉၅ ဦး အနိုင်ရရှိနေပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၃ ဦး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွက် ၅၄ ဦးနဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ၁ဝ ဦး အနိုင်ရနေပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော်အတွက် ၁၂ ဦး ၊ တိုင်းဒေသကြီးအတွက် ၂၆ ဦးနဲ့ အမျိုးသားလွှတ်တော်အတွက် ၃ ဦးအနိုင်ရထားပါတယ်။

ရခိုင်အမျိုးသားပါတီက ပြည်သူ့လွှတ်တော်အတွက် ၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၂ ဦးနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၃ ဦး အနိုင်ရရှိနေပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁ ဦး ၊ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်သူ့လွှတ်တော်အတွက် ၁ ဦး ၊ တိုင်းဒေသကြီးအတွက် ၂ ဦးနဲ့ အမျိုးသား လွှတ်တော်အတွက် ၂ ဦး အနိုင်ရရှိနေပါတယ်။

ဒါ့အပြင် ဝ ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီ၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) ၊ ကိုးကန့်ဒီမိုကရေစီနဲ့ ညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၁ ဦးစီ အနိုင်ရရှိနေပါတယ်။

ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၃ဝ ရှိပေမယ့် ရွေးကောက်ပွဲမကျင်းပတဲ့ မဲဆန္ဒနယ် ၇ နေရာရှိတဲ့အတွက် ၃၂၃ နေရာမှာသာ ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်ပြီး လက်ရှိထုတ်ပြန် ကြေညာမှုတွေအရ ၂၄၃ ဦးကို အတည်ပြုပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က ပြောပါတယ်။

ဒါ့အပြင် လက်ရှိအတည်ပြုပြီးတဲ့ ကိုယ်စားလှယ်အရေအတွက်အရ အန်အယ်လ်ဒီပါတီက ၆ဝ ရာခိုင်နှုန်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၇ ရာခိုင်နှုန်း ရရှိထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


 မြန်မာနိုင်ငံ၏ အရေးကြီးဆုံးရွေးကောက်ပွဲတစ်လျှောက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်အောင်နိုင် ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့်
အနုပညာရှင်းများကို ကျေးဇူးတင်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
က နိုဝင်ဘာ ၁၂ ရက်တွင် ၎င်း၏နေအိမ်၌ တွေ့ဆုံ၍ ကျေးဇူးတင်ကြောင်း
ပြောကြားခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲတွင် ပါဝင်ပေးသည့် အနုပညာရှင်များ
သည် ရွေးကောက်ပွဲအတွက် မဟုတ်ဘဲ နိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း
ပြောင်းလဲရန် အတွက်ဟုသာ စိတ်ထဲထားစေချင်ကြောင်း အနုပညာရှင်များ
နိုင်ငံရေးတွင် မပါဝင်လျှင် ရသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ
ပါဝင်ရမည်ဆိုသည့် တာဝန်သိစိတ်ဓာတ်ရှိရန် အရေးကြီးသည်ဟုလည်း
ပြောကြားခဲ့သည်။

“နောက်အနုပညာရှင် တွေရဲ့ အနေအထားက တခြားလူတွေနဲ့မတူဘူး ။
အနုပညာရှင်ဆိုတာက လူသားတွေရဲ့နုတဲ့ စိတ်ဓာတ်ကို တူးဆွနိုင်တယ် ။
ကောင်းတဲ့ဘက်ကိုလည်း ခေါ်သွားနိုင်တယ် ။ ဆိုးတဲ့ဘက်ကိုလည်း
ခေါ်သွားနိုင်တယ် ။ အခုဒီနိုင်ငံမှာဆိုရင် ပြောင်းလဲချိန်တန်ပြီလို့ပြောတယ် ။
တကယ်ပဲ ပြောင်းလဲချင်ပြီ အစိုးရတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး ။
စနစ်တစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး ။ နိုင်ငံကိုလည်း ပြောင်းလဲ ချင်တယ် ။
လူမှုရေးစနစ်တွေမှာလည်း ပိုပြီးတော့ ကောင်းအောင် လုပ်ချင်တယ် ။
အဲ့လိုလုပ်လို့ရမယ်လို့လည်း ယုံကြည်တယ် ။ တခြားနိုင်ငံတွေမှာ မလုပ်သေးတဲ့
ဟာလည်း လုပ်ကြည့်ချင်တယ် ။ ဥပမာဆိုရင် တချို့တွေက ပြောတယ် ၊ မေတ္တာကို
အခြေခံတဲ့ နိုင်ငံရေးဆိုတာ ဒါမဖြစ်နိုင်ဘူးပေါ့ ။ နိုင်ငံရေးဆိုတာ ဒီလိုမဟုတ်ဘူး
ဆိုပေမယ့် တခြားနိုင်ငံတွေမှာ ဒါကိုဖြစ်အောင် မလုပ်နိုင်ရင် ကိုယ့်နိုင်ငံမှာ
ဖြစ်အောင် မလုပ်နိုင်ဘူးလားဆိုတဲ့ အဲ့လိုစိတ်ဓာတ်နဲ့ ကျွန်မတို့ နိုင်ငံက
တခြားနိုင်ငံနဲ့ မတူဘူး တစ်မူထူးပြီးတော့ ကောင်းတဲ့နိုင်ငံမျိုး ဖြစ်စေချင်တယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အနုပညာရှင်များ၏ ကဏ္ဍသည် အင်မတန်မှ အရေးကြီးကြောင်း အနုပညာရှင်များ
ဘက်က နိုင်ငံရေးမဟုတ်ဘဲ သာမန်လူများ လက်ခံနိုင်သည့် ပုံစံဖြင့် ဆွဲဆောင်ရန်
အခွင့်အရေး အများကြီးရှိကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းကြောင့်လည်း
အများကြီး အောင်မြင်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ရွေးကောက်ပွဲ ကာလမှာဆိုရင် တစ်ခါတလေ တချို့နေရာတွေမှာ ပြည်သူလူထုက
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သိပ်ပြီးတော့ စိတ်ဝင်စားမှုမရှိဘူးဆိုတဲ့
နေရာတွေလည်း ရှိခဲ့တယ် ။ အဲလိုဆိုရင်တော့ စစ်ကူအဖြစ်နဲ့ ဘယ်သူ့ကို
လွှတ်လိုက်ပါ ဆိုပြီးတော့ ကမန်းကတန်း အနုပညာရှင်တွေကို ချည်းကပ်ပြီးတော့
စစ်ကူအဖြစ်နဲ့လွှတ်ရတယ် ။ အနုပညာရှင်တွေက ပြည်သူလူထုကို စွဲဆောင်တဲ့
နေရာမှာ အင်မတန်မှ ထိရောက်တယ် ။ နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆိုင်တယ် ။
အဲ့လိုလုပ်ပေးတာ နိုင်ငံအတွက် အကောင်းဆုံး လက်ဆောင်ပဲလို့ ယူဆတယ်” ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies


မြန်မာနိုင်ငံ၏ အရေးကြီးဆုံး ရွေးကောက်ပွဲတစ်လျှောက် အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် အောင်နိုင် ရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ရာတွင်
ကျေးဇူးတင်ရမည့် အုပ်စုတစ်ခုမှာ မြန်မာနိုင်ငံမှ ဆိုက်ကားဆရာ များ
ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။


အနုပညာရှင်းများနှင့် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၂ ရက်တွင်
၎င်း၏နေအိမ်၌ တွေ့ဆုံ၍ ကျေးဇူးတင်ကြောင်း ပြောကြားရာတွင် ဤသို့ ထည့်သွင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မ ကျေးဇူးတင်ရမယ့် အုပ်စုတစ်ခုလည်း ရှိသေးတယ် ။ အဲဒါကျွန်မတို့နိုင်ငံက
ဆိုက်ကားသမားတွေပဲ ။ ဒါပေမဲ့ များလွန်းတော့ တွေ့ဖို့ဆိုတာ အားလုံးကိုစုံပြီး
တွေ့ဖို့ ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာ အဲ့ဒါကိုတော့ စဉ်းစားနေတယ်။ တကယ်ကို
ဘယ်သွားသွား ဆိုက်ကားလေးတွေမှာ NLD အလံလေး တစ်လူလူလွှင်ထားလို့ရှိရင်
အရမ်းစိတ်ထဲမှာ ကြည်နူးတာပဲ ။ ဒါတကယ့် ပြည်သူရဲ့ထောက်ခံမှုဆိုတာ ဒါပဲလို့
သဘောပေါက်တယ် ။ ဆိုက်ကား နင်းတယ်ဆိုတာ တစ်နေ့လုပ်မှ တစ်နေ့
စားရတာ။ တစ်နေ့လုပ်မှ တစ်နေ့စားရတော့ ကျွန်မကော့မှုးမှာ တုန်းက
လူတစ်ယောက် ပြောတာ သိပ်သဘောကျတယ်။ ကိုယ့်ထမင်း ကိုယ်စား
အမေစုသားဆိုတာ သူတို့ဟာ သူတို့ထမင်း သူတို့စားပြီးတော့ ကူညီနေတာ” ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies

အမေရိကန်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်။ (စက်တင်ဘာ ၁၉၊ ၂၀၁၂)
 အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ မြန်မာစံတော်ချိန် ကြာသပတေးနေ့ မနက်ပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ကို တယ်လီဖုန်းဆက်ပြီး ချီးကျူး ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

ရွေးကောက်ပွဲ တရားဝင်ရလဒ်ကို အားလုံးက လေးစားလိုက်နာရေး အရေးကြီးတဲ့ အကြောင်းနဲ့ လူထုရဲ့ဆန္ဒကို ထင်ဟပ်တဲ့၊ အားလုံးပါဝင်ပြီး ကိုယ်စားပြုမှုရှိတဲ့ အစိုးရမျိုးဖွဲ့စည်းရေး ညီညွတ်ရေးစိတ်ဓာတ်အခြေခံနဲ့ အတူတကွ လုပ်ဆောင်သွားရေး ခေါင်းဆောင်နှစ်ဦး ဆွေးနွေးကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲနဲ့ အစိုးရသစ်တရပ် ဖွဲ့စည်းတာတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပိုပြီး ငြိမ်းချမ်း၊ ပိုပြီးသာယာဝပြောတဲ့ အနာဂတ် တည်ဆောက်ရေး ကြိုးပမ်းမှုမှာ အရေးပါတဲ့အဆင့်တရပ်ဖြစ်တယ် လို့ သမ္မတအိုဘားမားက မှတ်ချက်ပြုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မြန်မာရွေးကောက်ပွဲအတွက် APHR ကြေညာချက်။
 မြန်မာနိုင်ငံက သမိုင်းဝင်ရွေးကောက်ပွဲမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပါဝင်ခဲ့ကြတဲ့ မြန်မာလူထုကို အရှေ့တောင်အာရှဒေသတ၀န်း လွှတ်တော် ကိုယ်စားလှယ်တွေက ချီးကျူးဂုဏ်ပြုပါကြောင်း လူ့အခွင့်အရေးဆိုင်ရာ အရှေ့တောင်အာရှဒေသ လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ APHR က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် တစောင် ထုတ်ပြန်ပြီး ပြောထားပါတယ်။

လူထုကို အစစ်အမှန်ဗဟိုပြုတဲ့ အာဆီယံအ၀န်းအ၀ိုင်းမှာ မြန်မာနိုင်ငံက အသစ်ရွေးကောက်တင်မြှောက်ခံရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကြိုဆိုဖို့ စောင့်မျှော်နေပါတယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။

ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ တည့်မတ်မှန်ကန်မှုကို ထိခိုက်စေတဲ့ အားနည်းချက် တချို့ရှိခဲ့ပေမဲ့လည်း နိုဝင်ဘာလ ၈ ရက်နေ့မှာ မြန်မာ လူထုအများအပြားက တခဲနက် မဲပေးတာကို တွေ့ရတဲ့အပေါ် အားရမိတယ်လို့ APHR အဖွဲ့ကပြောပါတယ်။

ဒီလိုမျိုး မဲဆန္ဒရှင်အရေအတွက် အများအပြားက စိတ်အားထက်သန်စွာနဲ့ မဲပေးကြတာဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်း အတော်ကြာတုန်းက တည်ရှိခဲ့ဖူးတဲ့ ဒီမိုကရေစီကို လိုလားတောင့်တမှုရဲ့ ပြယုဂ်ပဲဖြစ်ပါတယ်လို့ ဆိုပါတယ်။

အခြေခံလွတ်လပ် ခွင့်တွေကို ထိန်းချုပ်တဲ့ဥပဒေတွေ ရှိနေသေးတာ၊ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အထူးသဖြင့် လူမျိုး စုဒေသတွေမှာ ဖြစ်တာတွေကို အပြစ်ပေးအရေးမယူနိုင်ဘဲ ကင်းလွတ်ခွင့်ရနေတာ စတဲ့ စိန်ခေါ်မှုတွေ အပြည့်ရှိနေသေးတာကို လည်း APHR အဖွဲ့ကထောက်ပြပါတယ်။

ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်တာမှာ လုပ်ဖော်ကိုင်ဖက် မြန်မာလွှတ်တော် ကိုယ်စားလှယ် တွေနဲ့ အတူတကွရပ်တည်သွားဖို့ အသင့်ရှိ ပါတယ်လို့လဲ ပြောပါတယ်။ လာမယ့်လတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်လိုပဲ ငြိမ်းချမ်းစွာ ရှေ့ဆက်သွားနိုင်ပြီး လူ့အခွင့်အရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ထောက်ခံအားပေးဖို့အတွက် အစိုးရသစ်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်နေပါတယ်လို့ APHR ဥက္ကဌ မလေးရှားလွှတ်တော်ကိုယ်စားလှယ် Charles Santiago လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


နိုဝင်ဘာလ ၁၂ ရက် ၂၀၁၅

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA က ရွေးကောက်ပွဲအနိုင်ရသည့် NLD ပါတီအား ၀မ်းမြောက်စွာ ကြိုဆိုလိုက်ကြောင်း ကြေငြာချက်တရပ် ထုတ်ပြန်လိုက်သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရရှိမှုသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်နိုင်သည့် ခြေလှမ်းအဖြစ် မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။

အခုလို အစိုးရအဖွဲ့ဖွဲ့နိုင်လောက်တဲ့အထိ ပြတ်ပြတ်သားသား အနိုင်ရတာ ဟာ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တာကြောင့် ပြည်သူတွေ ရဲ့ အောင်မြင်မှုလို့ မှတ်ယူတယ်။ ဒါ့အပြင် အစိုးရ ဖြစ်ရင် တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း အကောင်ထည်ဖော်ပေးနိုင်လိမ့်မယ် လို့ မျှော်လင့်တဲ့ အတွက် ခုလို ကြိုဆိုရတာပါ - TNLA အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ တာအိုက်ကျော် က ပြောသည်။

NLD အမျိုးသား ဒီိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ ကြေငြာစာ တမ်း တွင် ဖော်ပြထားသည့် တိုင်းရင်းသားအရေး ပြည်တွင်း ငြိမ်းချမ်းရေး တိုင်း ရင်းသား ပြည်သူအားလုံး အေးချမ်းစွာ တူယှဉ်တွဲ နေထိုင်ရေးကို အာမခံ ချက်ပေးနိုင်မည့် ဖွဲ့စည်းပုံတရပ် ပေါ်ပေါက်လာရေး၊ ပြည်သူလူထုအား တရား မျှတစွာ အုပ်ချုပ်မဲ့ အုပ်ချုပ်ရေး စနစ်တရပ်ပေါ်ပေါက်လာရေး ကဲ့သို့သော ကိစ္စရပ်များကို အောင်မြင်စွာအကောင်ထည်ဖော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ထား ကြောင်း TNLA ကြေငြာချက်တွင် ဖော်ပြထားသည်။

TNLA အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီး ကို ငြိမ်းသတ်ဖို့၊ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိဖို့အတွက် နိုင်ငံရေးေ ဆွးနွေးပွဲတွင် NLD က ဖွဲ့စည်းမည့် အစိုးရနှင့်အတူ ပူးပေါင်းဖြေရှင်းသွားဖို့ အသင့်ရှိနေသည်ဟုလည်း ပါရှိပါသည်။

သျှမ်းသံတော်ဆင့် / စိုင်းထွန်းအောင်လွင်
https://www.facebook.com/Panglong.burmese

ဓါတ်ပုံ- မိုင်းတုံ ကျားခေါင်းပါတီမှ စည်းရုံးရေးဆင်းစဉ်က မဲပေးလေ့ကျင့်နေသော ၀ တပ်သားတဦး
နိုဝင်ဘာလ ၁၂ ရက် ၂၀၁၅

သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံ မြို့နယ်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀ တိုင်းရင်းသားများ၏ ဆန္ဒမဲဖြင့်သာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် က ပြည်သူ့လွှတ်တော် (၁) နေရာ၊ ပြည်နယ် လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ပုံပါကျင်ဘက်က ၀ တိုင်းရင်းသား တသောင်းကျော်လောက်ဟာ အန်အယ်လ်ဒီ ပါတီကို မဲပေးခဲ့ကြ တာလေ။ ဒါကြောင့် NLD က ပြည်သူ့လွှတ်တော်မှာပါ အနိုင်ရသွားတာ - SNLD ကျားခေါင်း ပါတီဝင် စိုင်းဝင်းမြတ်ဦးက ပြောသည်။

စိုင်းဝင်းမြတ်ဦးသည် ကျားခေါင်းပါတီမှ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန်ဒနယ်အမှတ် ၁ တွင်ယှဉ်ပြိုင်ရာ ၂၀၈၃ မဲရရှိပြီး NLD မှ ဦးဆန်းဝင်းအောင်ခေါ် ဦးအောင်အောင်က ၆၁၆၆ မဲရရှိခဲ့သည်။

တောင်ပိုင်း ၀ ခေါ် ပုံပါကျင် နားကောင်းမူးဒေသသို့ ရောက်ရှိအခြေချနေထိုင်သည့် UWSA တောင်ပိုင်း ၀ တပ်သည် အစိုးရက တောင်းဆိုညွန်ကြားသော နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ငြင်းဆန်သဖြင့် တပ်မတော်နှင့် ၀ တပ်ဖွဲ့အကြားတင်းမာမှုဖြစ်ပွါးခဲ့ရာ ၂၀၁၀ ရွေးကောက်ပွဲက မဲပေးခွင့် မရခဲ့ကြပေ။

သျှမ်းသံတော်ဆင့် / စိုင်းအောင်ဆိုင်း
https://www.facebook.com/Panglong.burmese


ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဥာဏ်ဝင်းတို့ အနိုင်ရရှိခဲ့သော
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့ နယ်တွင် ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုများနှင့်
မဲသမာမှုများ ရှိခဲ့ကြောင်း ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့သည့် ပါတီ ကိုယ်စားလှယ်လောင်း
များက ပြောကြားလိုက်သည်။

ဇီးကုန်းမြို့နယ်သည် အထွေထွေ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၉ ရက် ညနေပိုင်း
တွင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ မဲရလဒ်များကို တရားဝင်ထုတ်ပြန်
ကြေညာခဲ့ပြီး လွှတ်တော်(၃)ရပ်လုံးတွင် ပြည်ခိုင်ဖြိုးပါတီမှ အနိုင်ရရှိခဲ့ခြင်း
ဖြစ်သည်။

“၈ ရက်နေ့မှာ အဓိက ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာကတော့ ဒီကျွန်တော်တို့ အင်္ကျီအဖြူ၊
ဦးထုပ်အဖြူ ယူနီဖောင်း တွေနဲ့ပေါ့နော်။ USDP ပါတီကနေပြီးတော့ မဲရုံရဲ့
ကိုက်(၅၀၀)အတွင်းမှာရော၊ မဲရုံပရဝုဏ် အတွင်းမှာရော ဝင်ရောက် လှုပ်ရှားတာတွေ
တွေ့တယ်။ သူတို့ အဲဒီလိုမျိုးတွေ သွားဖို့လာဖို့ အခက်အခဲ ရှိတဲ့သူတွေကို
အကူညီပေးတဲ့ သဘောမျိုးနဲ့ မဲပေးဖို့ စည်းရုံးပြီးတော့ ခေါ်လာတယ်။ တကယ်တော့
ဥပဒေနဲ့မညီတဲ့ ကိစ္စတွေ ကျွန်တော်တို့ ကြုံတွေ့ရတယ်။ မြို့နယ်ကော်မရှင်ကို
အကြောင်းကြားတယ်။ တိုင်လည်း တိုင်တယ်ပေါ့။ ဒါပေမယ့် တားမပေးခဲ့ပါဘူး” ဟု
ပြည်သူ့လွှတ်တော် နေရာတွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ်မှ
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဦးသက်နိုင်ဦးက ပြောသည်။

ကြိုတင်မဲများတွင်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား
မဲထည့်ရန်အတွက် မသမာသော နည်းများကို အသုံးပြုခဲ့ကြောင်း ရှုံးနိမ့်ခဲ့သည့်
လွှတ်တော်ကိုယ်စားလှယ် လောင်းများက ပြောသည်။

“၆ ရက်နေ့ နယ်မြေတွေကို ဆင်းပြီးတော့ ကြိုတင်မဲယူတဲ့ အခါမှာ ဦးဥာဏ်ဝင်းကို
ပေးမှာလား။ ဦးဥာဏ်ထွန်းကို ပေးမှာလား၊ ဘယ်ပါတီကို ပေးမှာလဲလို့ မေးပါတယ်။
ကျွန်တော့်ရှေ့မှာပဲ တွေ့တယ်။ ကျွန်တော်က ပြောတယ်။ နာမည်စုံ အောင်ပြော၊
လမ်းပြပြီးတော့ မပေးနဲ့။ ဒါမှမဟုတ် တံဆိပ်ကိုပြ၊ ဒီ့ပြင်ပါတီတွေကိုလည်း
စုံအောင်ပြော ဆိုတော့ မပြောဘဲနဲ့ သူတို့ပါတီတစ်ခုတည်းကိုပဲ ပြောတယ်။
အဲလိုမျိုး လမ်းကြောင်းပြပြီး ပြောပြောပြီး လုပ်လိုက်တာ အများကြီးပဲ။ ပြီးတော့
ကြိုတင်မဲရယူမယ့် ရှေ့ကနေ ကြိုသွားပြီး မဲဆွယ်တာ တွေကိုလည်း သူတို့ကလုပ်
တယ်။ ကျွန်တော်တို့ အဲဒါနဲ့ပတ်သက် ပြီး ရဲစခန်းကိုလည်း တိုင်ထားတယ်” ဟု
တောင်သူလယ်သမား ဖွံဖြိုးတိုး တက်ရေးပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သူ
ဦးမောင်မောင်ဦးက ပြောသည်။

ဇီးကုန်းမြို့နယ်တွင် မဲလိမ်၊ မဲညစ်မှု၊ မဲမသမာမှုများနှင့် ပတ်သက်ပြီး ဆက်လက်
စုံစမ်းဖော် ထုတ်သွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အား
တိုင်ကြားသွားမည်ဖြစ်ပြီး NLD ဗဟိုနှင့်လည်း ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်
ကြောင်း ဇီးကုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၂)နေရာတွင်
ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဒေါ်ခင်ငြိမ်းငြိမ်းအိက ပြောသည်။

“မဲရုံဖွင့်တဲ့ အချိန်ကလည်း အင်္ကျီအဝါ ဦးထုပ်အဖြူနဲ့ ပရဟိတအဖွဲ့ဆိုပြီးတော့
မဲရုံကိုလှည့်ပတ်ပြီးတော့ ဆိုင်ကယ်နဲ့ ကြိုပို့လုပ်ပြီးတော့ သွင်းပါတယ်။ ဒုမဲရုံမှူးက
လက်ညိုးထိုးပြီးတော့ ဒီဟာကို ရိုက်ဆိုပြီးတော့ မဲထည့်ခိုင်းပါတယ်။ ကျွန်တော်နဲ့
စောင့်ကြည့် အဖွဲ့ သွားပြောပေမဲ့ ကျွန်တော် တို့ ကွယ်ရာမှာ သူတို့ဆက်လုပ်ပါ
တယ်” ဟု ဇီးကုန်းမြို့နယ် ကန်ကလေးကျေးရွာ မဲရုံအမှတ်(၁)တွင် စောင့်ကြည့်
ခဲ့သည့် မဲရုံကိုယ်စားလှယ် ဦးတင်လှိုင်က ပြောသည်။

ဇီးကုန်းမြို့နယ်ရှိ နေရာ(၄)နေရာလုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီက အနိုင်ရရှိခဲ့ပြီး ကရင် တိုင်းရင်းသား ကိုယ်စားလှယ်နေရာတွင်သာ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိခဲ့ကြောင်း ရွေးကောက် ပွဲကော်မရှင်မှ
သိရသည်။

ဇီးကုန်းမြို့နယ်တွင် မဲပေးနိုင်သူ ၅၃,၀၇၆ ဦးရှိပြီး မဲပေးခွင့်ရှိသူ၏ ၈၂.၅၃ ရာခိုင်နှုန်း
အထိ မဲလာရောက်ပေးခဲ့ ကြကြောင်း သိရသည်။

သတင်း -MMK
The Ladies News Journal
https://www.facebook.com/News.TheLadies




ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်(ဖိုးလပြည့်) က
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးသိန်းစိန်ကို ယုံကြည်သည်ဟု
ရေးသား၍ ကြိုတင်မဲပေးခဲ့သည်ကို ၎င်း၏ ဖေ့စ်ဘွတ်ပေါ်တွင် တင်ခဲ့သည်နှင့်
ပတ်သက်၍ သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်က
တိုက်ရိုက် ဝေဖန်လိုက်သည်။

"အမှန် သူလိုလူ က ကြိုတင်မဲ မပေးသင့်ဘူး။ မဲရုံမှာပေးသင့်တယ်လို့ မြင်ပါတယ်” ဟု
ဦးရဲထွဋ်၏ ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန် ရေးသားထားသည်။

ထို့အတူ ကြိုတင်မဲပေးချင်သူ မည်သူမဆို သက်ဆိုင်ရာ ကော်မရှင်တွင်
လျှောက်ထား၍ ရကြောင်း၊ သို့သော် သင့်မသင့် စဉ်းစားရမည်ဖြစ်သည်ဟုလည်း
ဦးရဲထွဋ်က ဆိုထားသည်။

“သမ္မတကအစ နိုင်ငံသားတစ်ဦးအနေနဲ့သမိုင်းဝင်လက်သန်းကို မှင်တို့ခံဖို့
ကိုယ်တိုင်မဲပေးတယ်၊ လူငယ်လေးက အခွင့်အရေးကို အလွဲသုံးတယ်၊ ပြီးတော့
အရှက်မရှိ ဓာတ်ပုံရိုက်တင်တယ် ။ မလုပ်သင့်ဘူး ။ ဒါကို သူ့အရှေ့မှာလည်း
ပြောရဲပါတယ်” ဟု ဦးရဲထွဋ်က ရေးသားထားသည်။

ဦးရဲထွဋ်၏ ရေးသားချက်နှင့်ပတ်သက်၍ Jack Son အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူက
မှန်တာပေါ့ ဦးရဲထွဋ်၊ အရှိန်အဝါ မကုန်သေးလို့လား-ဘဝမြင့်ရောဂါ ကျန်နေသေးလို့
လား...အခုခေတ်ကပြောရင်-*ဒို့ခေတ်ရောက်ပြီ ဟု မှတ်ချက်ပြု ရေးသားထားသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies


 မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည့်အပေါ် အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား က ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက သမ္မတ အိုဘားမားကနေ မြန်မာသမ္မတ ဦးသိန်းစိန်ကို တယ်လီဖုန်းကနေတဆင့် - “သမိုင်းဝင် လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း” ပြောဆိုခဲ့တယ်လို့ မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများစုနဲ့ လောလောဆယ် ရှေ့ဆုံးက အနိုင်ရရှိနေတာဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့ မဲရလဒ်တွေအရ အစိုးရတရပ် ဖွဲ့နိုင်ဖို့အတွက် NLD အနေနဲ့ ၃၈ နေရာသာ အနိုင်ရရှိဖို့ လိုတော့တာလည်း ဖြစ်ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီးတဲ့ တချိန်တည်းမှာပဲ မျှော်လင့်ချက်တွေကတော့ အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ လက်ရှိ ရလဒ်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပဲ ဦးဆောင်နေပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ရေးဌာန အပါအ၀င် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍနေရာတွေမှာ စစ်တပ်ကပဲ ဆက်လက် ထိန်းချုပ်ထားမယ်ဆိုရင်တော့ ဒါတွေဟာ မဖြစ်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲကို တကယ် ဖော်ဆောင်ချင်တယ်ဆိုရင် နောက်တက်မယ့် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအတွင်း အရေးကြီးတဲ့ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနဲ့ နယ်စပ်လုံခြုံရေး ကဏ္ဍတွေမှာ စစ်တပ်က ထိန်းချုပ်ထားတာကို ပြင်ဆင်သင့်တယ်လို့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်မှုဆောင် ညွှန်ကြားရေးမှူး Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်နဲ့ မညီညွတ်ပါဘူး။ စစ်တပ်အနေနဲ့ ကာကွယ်ရေး၊ ရဲ၊ နယ်စပ်လုံခြုံရေး၊ ပြည်ထဲရေးတို့ကို ဆက် ထိန်းချုပ်မထားသင့်ပါဘူး။ ရွေးကောက်ခံတဲ့ အစိုးရသစ်ကသာ တာယူဝန်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့က စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း အဓိက ၀န်ကြီးဌာနတွေကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို လွှဲပြောင်းပေးသင့်ပါတယ်။ ပြည်သူတွေကို ဒီဌာနတွေကို စစ်တပ်အောက်မှာ မထားလိုကြတော့တဲ့အတွက် အခုလို အာဏာရ USDP ပါတီကို ရွေးကောက်ပွဲကနေ အသိပေးလိုက်တာ ဖြစ်ပါတယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဖို့ တောင်းဆိုတာကို သမ္မတက လက်ခံခဲ့တဲ့အပေါ်မှာလည်း Brad Adams က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ အချိန်တွေတော့ ပြန်မရနိုင်တော့ပါဘူး။ တကယ်တော့ ဒီအရင်ကတည်းက တွေ့သင့်ပါတယ်။ သမ္မတ၊ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့အနေနဲ့ လူထုက အမှန်တကယ် ဘာလိုချင်တယ်ဆိုတာလည်း သိသင့်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ လုပ်သင့်တာလည်း ကြာပါပြီ၊ စစ်အာဏာရှင်စနစ်လည်း ဆယ်စုနှစ်နဲ့ချီပြီး မရှိသင့်ပါဘူး။ ဒါတွေက ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ အခုအချိန်မှာ လုပ်နိုင်တာက ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့ တာဝန်သိသိ ဆောင်ရွက်ဖို့ပါ။ ဒါတွေကို စလုပ်ဖို့ကတော့ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာလိုပဲ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် အုပ်ချုပ်ခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွှတ်ပေးသင့်ပြီးလို့လည်း Brad Adams က ပြောဆိုလိုက်ပါတယ်။

“ကျောင်းသားတွေကို ပြန်လွှတ်ပေးသင့်ပါတယ်။ မလွတ်နိုင်ရင်တောင်မှ သူတို့အပေါ် ချမှတ်ထားတဲ့ စွဲချက်တွေကို မပယ်ဖျက်နိုင်ရင်တောင်မှ အာမခံနဲ့ ပြန်လွှတ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောက်တွေဟာ အတော်ပဲ အခြေအနေဆိုးရွားပြီး၊ ကျန်းမာရေး စောင့်ရှေက်မှုကလဲ အားနည်းပါတယ်။ အခု လက်ရှိ ရွေးကောက်ပွဲ အခြေအနေတွေအရ လက်ရှိ အစိုးရကို ပြည်သူတွေက မလိုချင်တော့ဘူးဆိုတာ ပြလိုက်ပါပြီ။ လက်ရှိ အစိုးရကို မယုံကြည်ဘူးဆိုတာ ပြလိုက်ကြပါပြီ။ အစိုးရသစ် တက်လာတဲ့အချိန်အထိ အချိန်ဖြုန်းမနေသင့်ပါဘူး။”

အစာငတ်ခံဆန္ဒပြနေကြတဲ့ ဗကသ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့တုန်းက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြရာကနေ ဖမ်းဆီးထိမ်းသိမ်းခံရတာဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီကလည်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကနေ ရွေးကောက်ပွဲမှာ တရားလွတ်လပ်ပြီး မျှတမှုမရှိကြောင်း၊ လူနဲစုတချို့ မဲပေးခွင့်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ရှားဖောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 အကျဉ်းထောင်တွင်း ထိန်းသိမ်းခံနေရစဉ် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ အခြေအနေဟာ စိုးရိမ်စရာ ရှိနေပါတယ်။ ဒီကနေ့ ရုံးထွက်မှာ အစာငတ်ခံဆန္ဒပြသူတဦး အခြေအနေဆိုးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်ရပါတယ်။ အထိန်းသိမ်းခံ ကျောင်းသားတွေရဲ့ လွတ်မြောက်ရေး အခြေအနေနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အထိန်းသိမ်းခံ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ဦးဆောင်ပြီး ဖမ်းဆီးခံကျောင်းသားတွေ အသုတ်လိုက် အစာငတ်ခံ ဆန္ဒပြနေကြတာ အခုဆို အချို့က ၁၀ ရက် ကျော်လာပါပြီ။ ဒီကနေ့ သာယာဝတီရုံးထုတ်ချိန်မှာတော့ ဗကသကျောင်းသားတဦးဖြစ်တဲ့ ကိုဖြိုးဓနချစ်လင်းသိုက် ဟာ ကျန်းမာရေးအခြေအနေ ဆိုးလာတာကြောင့် ရန်ကုန်ဆေးရုံကြီးအထိ ပို့ဆောင်လိုက်ရတယ်လို့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုရှိန်းရာဇာထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ဆိုရင် ကိုဖြိုးဓနချစ်လင်းသိုက်က ၀မ်းအမဲတွေ သွားတယ်ပေါ့နော်။ သူက အစာအိမ်ရောဂါလည်းရှိတယ်။ အစာအိမ်သွေးကြောပေါက်တာလို့ ကျနော်တို့ကတော့ ယူဆတယ်။ အခုဆိုရင် ရန်ကုန်ဆေးရုံကြီးကို သူ့ကို လွှဲပြောင်းနေတယ်ပေါ့နော်။ ဆိုလိုချင်တာ ကျန်းမာရေးအရ ကျနော်တို့ စိုးရိမ်မှုရှိပါတယ်။ ကိုဖြိုးဓနချစ်လင်းသိုက်ပေါ့နော်။ သူက တောင်ငူတက္ကသိုလ်ကပေါ့နော်။ သူ့ကို သာယာဝတီထောင်ကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲနေပါတယ် အခု ရန်ကုန်ဆေးရုံကြီးကို သွားတဲ့ လမ်းမှာပဲ ရှိသေးတယ်ပေါ့နော်။”

အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတဲ့ အဲဒီကျောင်းသားတွေကို မတ်လ ၁၀ ရက်နေ့ လက်ပံတန်းမြို့မှာ လုံခြုံရေးတပ်တွေနဲ့ ပိတ်ဆိုပြီး အင်အားသုံး ဖမ်းဆီးထိမ်းသိမ်းခဲ့တာပါ။ အဲဒီအထဲမှာ ကျောင်းသားအချို့ပဲ လွတ်မြောက်သေးပြီးတော့ ကျောင်းသားခေါင်းဆောင်ပိုင်း အတော်များများကတော့ ဖမ်းဆီးခံထားရဆဲ ရှိပါတယ်။ သူတို့ကို တရားရုံးထုတ် စစ်ဆေးနေပေမဲ့ တရားရုံးကြားနာမှုတွေ အသေအချာ မရှိသေးပါဘူး။ ဒီကြားထဲမှာပဲ ထိန်းသိမ်းခံကျောင်းသားအချို့က နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ဆိုပြီး အခုလို အစာငတ်ခံ ဆန္ဒပြလာကြတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရမှု ရှိလာတာကြောင့်၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အနည်းအကျဉ်းတော့ မျှော်လင့်စရာ ရှိလာတယ်လို့ ကိုရှိန်းရာဇာထွန်းက ပြောပါတယ်။

“အများကြီး မဟုတ်ပေမဲ့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဘာလို့ မျှော်လင့်လဲဆိုတော့ ပုံမှန် နိုင်ငံရေးလုပ်ငန်းစဉ် တခုအရလည်း ရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရသစ်တရပ် ထွက်လာရင်၊ ပေါ်လာရင်ပေါ့နော် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်လေ့ရှိတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ အမြဲတမ်း တိုက်ပွဲဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအများစုနဲ့ နိုင်တယ်ဆိုတော့ ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်၊ ဖြေရှင်းလိမ့်မယ်လို့ ကျနော်ကတော့ မြင်တယ်။ ပြီးတော့ ကျနော်တို့နဲ့နီးစပ်တဲ့ ကျနော်တို့နဲ့ ရင်းနှီးတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒီကိစ္စကို ဆောင်ရွက်ပေးပါမယ်ဆိုတာမျိုး ကျနော်တို့ကို နှုတ်ကတိပြောဆိုဆွေးနွေးထားတာ ရှိပါတယ်။ အဲဒါကြောင့် ကျနော်တို့ အတိုင်းအတာတခုထိ မျှော်လင့်ထားပါတယ်။”

သမတဦးသိန်းစိန်အစိုးရအနေနဲ့ သူ့လက်ထက်တွင်း နိုင်ငံရေးအကျဉ်းသား အတော်များများကို လွှတ်ပေးခဲ့သလိုပဲ၊ ဒီလူတွေနဲ့အတူ ရာဇ၀တ်အကျဉ်းသား အများအပြားကိုပါ လွှတ်ပေးတာကြောင့် မြန်မာနိုင်ငံမှာ ရာဇ၀တ်မှုတွေ ထူပြောလာတယ်လို့ ဝေဖန်မှုတွေ ခံနေရတာပါ။ တဘက်မှာတော့ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကိုလည်း သမ္မတ ဦးသိန်းစိန်အစိုးရ တရားဝင် အသိအမှတ်ပြု လက်ခံတာ မရှိပါဘူး။ လက်ရှိအားဖြင့်ဆိုရင် ကျောင်းသားတွေ တတ်ကြွလှုပ်ရှားသူတွေနဲ့ လယ်သိမ်းယာသိမ်းကိစ္စတွေမှာ ဆန့်ကျင်လှုပ်ရှား ဆောင်ရွက်သူတွေ စုစုပေါင်း နှစ်ရာဝန်းကျင် ထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။

ကိုသားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com