11/14/15

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်(၂)မှ အနိုင်ရကိုယ်စားလှယ် ဦးစဇင်ဇော်လင်းနှင့် နိုင်ငံတကာလေ့လာစောင့်ကြည်သူများမှ အငြင်းပွါးရလဒ်များဖြစ်ပေါ်နေသည့် မဲရလ်များနှင့် ပက်သက်၍ ဖြေရှင်းဆောင်ရွက်နေသည်ကို တွေ့ရပုံ

ကျောင်းကုန်းမြို့တွင် မဲစာရင်းရလဒ်များဖြစ်သည့် ပုံစံ ၁၆နှင့် ပုံစံ ၁၆(၁)တို့ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ခဲ့သည်ကို သက်သေများနှင့် တကွ သိရှိရသော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ရှေးရှု့၍ တရားစွဲဆိုခြင်းများ မပြုလုပ်ဘဲ ထွက်ပေါ်ခဲ့သည့်ရလဒ်ကို လက်ခံပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကျောင်းကုန်းမြို့နယ်ရှိ ကိုယ်စားလှယ်လောင်းများထံ ပြောဆို ညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

“အမေစုရဲ့ သဘောထားအရ အမေစုက အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်တဲ့ အတွက်မို့ ဒီကိစ္စကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်လိုက်ပါ ဆိုပြီး သဘောထားပြုတော့ ကျွန်တော်တို့ကလဲ သူတို့က နိုင်တဲ့ရလဒ်ကို အသိမှတ်ပြုတယ်။ သဘောတူတယ်။ မနေ့တုန်းကဆိုရင် (နိုဝင်ဘာလ ၁၃) ဆရာ ဦးဗဟိန်းရယ် (NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း) တိုင်းဥက္ကဋ္ဌ ဒေါက်တာမျိုးညွှန့်ရယ်၊ ကျွန်တော်ရယ် သွားပြီးတော့ အခု ကျောင်းကုန်းရဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သွားတဲ့ ဦးသိန်းထွန်းကို သွားတွေ့တယ်။ အဲ့ဒီမှာ ကျွန်တော်တို့က သူ့ကို အချက်နှစ်ချက် ပြောခဲ့တယ်။ ပထမတစ်ခုကတော့ ဒီလိုမျိုး အနိုင်ရသွားတာကို ကျွန်တော်တို့က အသိမှတ်ပြုတယ်တယ်ပေါ့။ နောက်တစ်ချက်က မဲတွေကို ပြန်ရေတွက်ဖို့ ကျွန်တော်တို့က လုပ်ဆောင်တဲ့အတွက်မို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေက တစ်ရက် နှစ်ရက်လောက်
နောက်ကျသွားတဲ့အတွက် တောင်းပန်တယ်ပေါ့။ တောင်းပန်တယ်ဆိုတာ သူတို့ကို တောင်းပန်တာမဟုတ်ပါဘူး။ ဒီလိုဖြစ်လို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ နှောင့်နှေးခဲ့ရတာကို တောင်းပန်တာပါ”ဟု အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂)မှ အနိုင်ရကိုယ်စားလှယ် ဦးစခင်ဇော်လင်းကပြောသည်။

ကျောင်းကုန်းမြို့နယ်တွင် မဲရုံမဲစာရင်း ရလဒ်များဖြစ်သည့် ပုံစံ ၁၆၊ ပုံစံ ၁၆(၁)တို့ကို ပြင်ဆင်မှုများ ဖြည့်စွက်မှုများကို ပြုလုပ်ထားသည်ကို စာရွက်စာတမ်း သက်သေဓါတ်ပုံများ၊ မဲရုံများတွင် တာဝန်ကျခဲ့သည့် ဆရာ၊ဆရာမများ၏ သက်သေ ထွက်ဆိုချက်များအရ သက်သေ ထင်ရှားခဲ့ပြီး၊ လူကိုယ်တိုင် သက်သေ ထွက်ဆိုပေးခဲ့သော ကျောင်းဆရာတစ်ဦးကို ဖုန်းဖြင့် ခြိမ်းခြောက်မှုများ ရှိနေသောကြောင့် ကျောင်းကုန်းမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ခေတ္တခေါ်ယူ စောင့်ရှောက် ပေးခဲ့ရသေးကြောင်း သိရသည်။

Eleven Media Group

၂၀၁၀ မှာတောင် မဲရုံတစ်ရုံချင်း ရလဒ်အရ ခမောက်အတုတို့၊ ခွပ်ဒေါင်းအတုတို့ကို ရှုံးတယ်။ နောက်တစ်ရက်မှ ဘယ်လိုနိုင်မှန်း မသိ နိုင်သွားတာ။ ခု ၂၀၁၅ မှာဆို USDP ကျိန်းသေရှုံးမှာသိလို့ NLD ဦးဝင်းမြင့်ဆို ကျောက်မြောင်းမှာ လူသိများတဲ့ ၈၈ ကိုပြုံးချို ကို ဒေါပုံရွှေ့ခိုင်းပြီး သူက တာမွေပြည်သူ့လွှတ်တော်မှာ နေရာအလွယ်တကူ ၀င်ယူလိုက် တာတွေ့ရ ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲကြီး၏ အဖြေရလဒ်များ ထွက်ပေါ်ခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲအကြို ကာလများဆီက အများပြည်သူ မျှော်လင့်ခန့်မှန်းခဲ့သည့်အတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင် က အတည်ပြုပြီး အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်များ၏ အမည်စာရင်းများကို ကြေညာပေးလျက် ရှိနေသည်။ တာမွေမြို့နယ်မှ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ် အသီးသီး၏ ရမှတ်အဖြေများကို တာမွေမြို့နယ်အတွင်းရှိ လုပ်သား ပြည်သူများက အဖြေ သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။ အဓိက ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ကြ သည့် ပြည်ခိုင်ဖြိုးနှင့် NLD ပါတီတို့၏ ရလဒ်အဖြေများမှာ NLD ပါတီက ခိုင်လုံမဲ အမှတ်ပြတ်ဖြင့် အငြင်းပွားဖွယ်ရာမရှိ ပြတ်သားစွာ ဖြင့် အနိုင်ရရှိခဲ့ပြီ ဖြစ်သည်။

တာမွေမြို့နယ်အတွင်း နေထိုင်ကြသည့် လုပ်သားပြည်သူများ အနေဖြင့် နိုဝင်ဘာလ ၈ ရက်နေ့ နံနက် မိုးသောက် အလင်းမရောက်မီ နံနက် ၅ နာရီ အချိန်ကတည်းက မိမိတို့ရရှိထားသော နိုင်ငံသားတိုင်းအတွက် အခွင့်အရေး တစ်ခုဖြစ်သည့် ဆန္ဒမဲပေးရန် မဲရုံများသို့ သွားလာ လှုပ်ရှားလျက် ရှိနေကြသည်။

နံနက် ၄ နာရီခွဲအချိန်ကတည်းက တစ်ဦးနှင့်တစ်ဦး သူ့ထက်ငါအရင် လာရောက် တန်းစီလျက် ရှိနေကြသည့် လုပ်သားပြည်သူများအား တွေ့မြင်နေရပြီ ဖြစ်သည်။ မဲရုံသို့ ကိုယ်ကအရင် သူ့ထက်ဦးအောင် သွားရောက် ခဲ့ကြပေမယ့် မဲရုံရှိရာ မရောက်မီ လူ ၁၀၀ လောက်က မိမိထက်အရင် တန်းစီနေနှင့်ပြီးသားကို အဝေးကပင် လှမ်းမြင်နေခဲ့ရသည်။ မဲရုံအ၀င်ဝ ရှေ့ဆုံးက နေရာယူထားသည့် အသက် ၇၀ ခန့်ရှိ အဘွားအိုများက သူတို့ အခုလို ရှေ့ဆုံးက ရောက်အောင် နံနက် ၄ နာရီခွဲလောက် ကတည်းက လာခဲ့ကြသည်ဟုလည်း သိရသည်။ မဲလာပေးကြသည့် ပြည်သူများအနေဖြင့် ဖေးဖေးမမတစ်ဦးနှင့် တစ်ဦးကူညီမှုများ ပေးနေကြသည်ကိုလည်း တွေ့ရသည်။ နံနက် ၆ နာရီ မဲရုံမဖွင့်ခင် အချိန်ကတည်းက စိတ်မှန်းနှင့်ရေတွက်ကြည့် လျှင်လူ ၄၀၀ လောက် က တန်းစီနေနှင့်ပြီးသား ရှိနေသည်။ ၆ နာရီ မဲရုံဖွင့်တော့ မဲပေးကြသည့် ပြည်သူများအနေဖြင့် စည်းကမ်း တကျနှင့် မိမိတို့ နှစ်သက်ရာ ပါတီကို မဲပေးခဲ့ကြသည်။ မဲပေးပြီး မဲရုံမှ ထွက်လာသည့် သူများ၏ မျက်နှာများက ပြုံးရွှင် ပျော်မြူးလျက်ရှိနေကြသည်။ တချို့ မိန်းကလေးများဆိုလျှင် မဲရုံအပြင်ဘက် ရောက်ရောက်ချင်း လက်နှစ်ဖက် မြှောက်တန်း၍ အမေစုကို ပေးခဲ့သည်ဟု အော်ဟစ်မြူးထူးလျက် ရှိနေကြသည်။ နံနက် ၅ နာရီ လောက်က လာတန်းစီကြသည့် မိသားစုတစ်စုသည် ၉ နာရီလောက်မှ မဲပေးခွင့် ရရှိသည်ဟု သိရသည်။ မဲဆန္ဒရှင် လုပ်သားပြည်သူများသည် စိတ်ထဲတွင်တော့ ဘယ်လိုရှိလိမ့်မည်ကို ဝေခွဲရခက်နေပေမယ့် သူတို့ အချင်းချင်း မေးထူးခေါ်ပြော တိုးတိုးတိတ်တိတ် စကားသံများကတော့ အားလုံး အတိုင်ဖောက်ညီစွာ NLD ကိုပဲ မဲပေးကြသည့် သဘောအသွင် ဆောင်လျက်ရှိနေသည်။ မဲပေးပြီး ပြန်ထွက်လာသူနှင့် မဲရုံသို့အ၀င် မဲပေးမည့် သူ တစ်ဦးနှင့်တစ်ဦး အပြုံးချင်း နှုတ်ဆက်ကြခြင်းဖြင့် ဆန္ဒသဘောထားချင်းတူသည့် အသွင်ဖော်ဆောင် လျက် ရှိနေကြသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ် အဖြေများ ထွက်ပေါ်လာရာတွင် တာမွေမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်တွင် ပါဝင်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ဝင်းဆွေသည် NLD ပါတီမှ ဦးဝင်းမြင့်အား ၅၃၄၄၄ မဲ အပြတ်အသတ် ကွာခြားချက်ဖြင့် အရှုံးကြီးရှုံးခဲ့ပြီဖြစ်သည်။ NLD ပါတီမှ ဦးဝင်းမြင့် က ခိုင်လုံရရှိမဲ ၆၀၄၀၈ မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ဒေါ်လဲ့လဲ့ဝင်းဆွေက ၆၉၆၄ မဲ အသီးသီး ရရှိခဲ့ကြပြီး ရာခိုင်နှုန်း အားဖြင့် NLD ပါတီ ဦးဝင်းမြင့်က ၈၅ ဒသမ ၂၄ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးပါတီ ဒေါ်လဲ့လဲ့ဝင်းဆွေက ၉ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ တိုင်းဒေသကြီး လွှတ်တော်တွင် NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ်များကို ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ်များက လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘဲ မဲအပြတ် အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ရွေးကောက်ပွဲ လက်ဝှေ့ကြိုးဝိုင်း ကြီးထဲတွင် တာမွေမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကြံ့ခိုင်ရေး လက်ဝှေ့သမား အကျော်အမော်များကို NLD ပါတီမှ လက်ဝှေ့သမားများက ဒိုင်ပွဲရပ်ဖြင့် အလဲထိုး၍ အနိုင်ရရှိသွားခဲ့သည်။ အစကတည်းက NLD ပါတီ နိုင်ရမည်ဟု မြို့နယ်အတွင်းရှိ နိုင်ငံရေး သဘောတရား ကြွယ်ဝသူများက နားလည် သဘောပေါက်ပြီး ဖြစ်သည်။ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် လောင်းများကို နှစ်ပေါင်းများစွာ အကျောပေးပြီးမှ ယှဉ်ပြိုင်အနိုင်ယူ သွားခဲ့ကြခြင်းလည်း ဖြစ်သည်။ မိမိရရှိ သည့် လစာတစ်လလျှင် ၁၀ သိန်းကို စုပြီး တစ်နှစ်သိန်း ၁၂၀ ကို လမ်းတွေ ခင်းပေးခဲ့သည်၊ တတ်နိုင်လျှင် ဖြစ်နိုင်လျှင် တာမွေမြို့နယ်ကြီးကို ရွှေကွပ်ပေးချင်သည်ဟု ဘယ်လိုပဲ အပြောကောင်းကောင်း မဲဆွယ်စည်းရုံး ခဲ့ကြပေမယ့် တာမွေမြို့နယ်ရှိ ပြည်သူလူထုကြီးကတော့ ရဲဝံ့ပြတ်သားစွာဖြင့် အဖြေပေးခဲ့ပြီဖြစ်သည်။ အစက တည်းက ရုပ်ပျက်ဆင်းပျက် ရှုံးလိမ့်မည်ကို မသိလို့ပဲလား၊ သိရက်သားနှင့် ပါဝင်ယှဉ်ပြိုင် စေခဲ့တာလား။ ပြည်ခိုင်ဖြိုးမှ တာဝန်ရှိသူများကို အံ့သြနေမိသည်ဟု တာမွေ မြို့နယ်မှ အချို့သော နိုင်ငံရေး ကျွမ်းကျင်သူ များက ဝေဖန်ပြောဆိုနေကြသည်။ ရှုံးမည်မှန်းသိရက်နှင့် မသိချင်ယောင်ဆောင်ပြီး ““တာမွေမြို့နယ် အတွင်းရှိ မိဘပြည်သူများအား မေတ္တာရပ်ခံခြင်းနှင့် မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း မူးယစ် ကြီးကြပ်ရေးမှူးများ အသိပေးလိုပါသည်””ဟုဆိုကာ ယခုအချိန်ကာလသည် အမှားအယွင်းမခံသည့် အမှိုက်နှင့်ဒိုက်ကို ရွေးချယ်ရမည့် ကာလ ဖြစ်ကြောင်း မြို့နယ်အတွင်း အနေကြာပြီး ဒီမြေမှာမွေး၊ ဒီရေကိုသောက် ကြီးပြင်းလာ သူ --------- အစမ်းသပ်ခံနိုင်သူ ----- တစ်ဦးဖြစ်သည့်အတွက် ၎င်းပြည် သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းအား အသိသတိ လက်ကိုင်ထား၍ ယုံကြည်စွာ မိမိအသည်းကြားက မဲတစ်ပြားဖြင့် မဲပေးအပ်ပြီး တာဝန်ပေး စေခိုင်းပါရန် လေးစားစွာ တိုက်တွန်းကြောင်း ““မူးယစ်ဆေးစွဲသူများ ပြန်လည် ထူထောင်ရေး အသင်းဟူ၍ မဲဆွယ်စည်းရုံးပေးခြင်းကို ဖေ့စ်ဘုတ်စာမျက်နှာ၌ မရတော့မည့် လူနာအား ၀ိုင်းဝန်း၍ ဆေးထိုး ခဲ့ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တချို့ကလည်း အစ်ကိုနိုင်ပါစေ၊ အစ်မကြီးနိုင်ပါစေဟု မြွေမသေ တုတ်မကျိုး ဖေ့စ်ဘုတ်စာမျက်နှာတွင် နှပ်ကြောင်းပေးကာ ဆေးထိုးခဲ့ကြသည်။ အဆိုပါ မူးယစ်ဆိုသူ တစ်စတလေနှင့် မိတ်ဆွေဟောင်း ပြည်ခိုင်ဖြိုး ရွေး/ကော် အဖွဲ့ခွဲအချို့ ၀န်းရံခဲ့ ကြသော အနှီတာမွေ ပြည်ခိုင်ဖြိုး ဒေါ်လဲ့လဲ့ဝင်းဆွေကြီးသည် ရွေးကောက်ပွဲ၌ တာမွေလူထု၏ ဆန္ဒမဲဖြင့် ဒဏ်ခတ်ခြင်းကိုခံရကာ NLD ဦးဝင်းမြင့်ကို မရှုမလှ ရှုံးနိမ့်ခြင်းသာ သမိုင်းတွင် ခဲ့လေသည်။

တာမွေမြို့နယ်ရှိ ရပ်ကွက် စည်းရုံးရေးမှူးဟောင်းနှင့် လက်ရှိရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန့်စင်ဦးက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍-

““ပြည်ခိုင်ဖြိုးရတဲ့မဲနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရတဲ့ မဲနဲ့ဆိုရင် ရပ်ကွက်တစ်ခုစီမှာ ၁၀ ဆလောက် ကွာ တာပေါ့။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၀ လောက်ရတယ်။

တစ်ခါတည်းတန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို နားထောင်သလိုပဲ၊ မဲလာပေးတဲ့ ပြည်သူတွေရဲ့ အသိစိတ်ထဲမှာ ဒေါ်စုပြောထားသလိုပေါ့ဗျာ။ လူကိုမကြည့်နဲ့။ NLD ကိုသာ ၀န်းရံကြ။ ကျွန်တော်မဲရုံထဲကနေ ကြည့်နေတယ်။ လူတစ်ယောက်မဲပေးတာ တစ်မိနစ်တောင် မကြာဘူး။ တစ်မိနစ်စွန်းစွန်း။ ဒီတုံးဟာ ဘယ်နား မှာရှိတယ်ဆိုတာပဲ တစ်ချက်ကြည့်ပြီး ထုသွားကြတာပဲ။ ကျွန်တော်ကတော့ ဒီလိုပဲမြင်တယ်။ သိပ်မရွေးဘူးဗျ။ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတွေ့ရင် တံဆိပ်ကိုပဲ ဘယ်နားရှိလဲ ရှာလိုက်တယ်။

ကျွန်တော်ကြိုတင်မဲ သွားကောက်တဲ့ အတွေ့အကြုံကို ပြောရမယ်ဆိုရင် အသက် ၈၆နှစ် အဘွားကြီးဆီကို ကြိုတင်မဲ သွားကောက်တယ်။ ကျွန်တော်တို့ ကော်မရှင် အဖွဲ့သွားတယ်။ ဒီအမေကြီးက အသက် ၈၆ နှစ်လည်း ရှိနေပြီ။ တစ်ခါတလေ သူငယ်လည်း ပြန်တယ်။ သူ့ကိုမေးတယ်။ သူ့ရဲ့မိသားစုက။ ဒီမှာ ကျွန်တော်တို့က ဖတ်ပြတာပါတီ ၇ ခု၊ ၈ ခုပေါ့။ ဒေါ်အောင်ဆန်းစုကြည် နာမည်တောင်မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းသမီးကို ပေးမယ်။ အဲဒီလိုလေးပေါ့။ သူလည်း မထုနိုင်ဘူးပေါ့ဗျာ။ သဘောထားမှတ်ချက်ကို ယူပြီးတော့ သူ့သား သမီးပေါ့။ အဲဒီလိုမျိုး မေးတဲ့အခါကျတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး ပါတီကိုပေးမယ်။ သူ့အိမ်သားတွေက ထုပေးလိုက်ရတာပေါ့။ ဒီလိုလေးတွေတော့ ခေါင်းထဲမှာရှိတာပေါ့။

တစ်ချိန်တုန်းက အာဏာရှင်ဆန်ဆန်နဲ့ အုပ်ချုပ်ခဲ့တာတွေရှိတာပေါ့။ တချို့ဆိုရင် ပြည်ခိုင်ဖြိုးမှာလုပ်ပြီးတော့ ဘာမှ မစံစားရဘဲနဲ့ ဘေးရောက်သွားတဲ့လူတွေ၊ တကယ်တမ်းတော်တဲ့ တတ်တဲ့လူတွေကို ဘေးချိတ်ခံပြီးတော့ လုပ်ခဲ့တဲ့လူတွေ၊ ဒါကြောင့် တကယ်တမ်းဖြစ်တဲ့ အခါကျတော့ လူကောင်းတွေ မရှိတော့ဘဲ မဲရှုံးတာရဲ့ အဓိက အချက်လို့ပဲ မြင်တယ်။

သူ့ဟာသူ ဘယ်လောက်ပဲပြောပြော ပြည်သူလူထုက လက်မခံဘူး ဆိုရင်လည်း မဲကဘယ်ရမလဲ။ လုပ်ခဲ့ တာတော့ လုပ်ခဲ့တဲ့ သမိုင်းရှိတာပဲ။ တစ်ခါတလေကျတော့ ဘယ်လောက်ပဲ လုပ်ခဲ့လုပ်ခဲ့ မဲပေးရတဲ့ အခါကျတော့ ပြည်သူလူထုက ပေးရတာလေ။ --- ခင်းပေးခဲ့တယ်။ ကျွန်တော်တို့ --- ဘက်မှာလည်း လမ်းတွေ ခင်းပေးခဲ့တယ်။ ကျွန်တော်တို့ သိတဲ့ဟာတွေလည်း သိတယ်။ ပြည်သူအတွက် ပြည်ခိုင်ဖြိုးက ခင်းပေးတာ လည်းရှိမယ်။ စည်ပင်ကလည်း ခင်းပေးတာရှိမယ်။ ဘာပဲခင်းပေးခင်းပေး နိုင်ငံတော်က ခင်းပေးတာပဲ။ သူ့ရဲ့လုပ်ဆောင်ချက်၊ ကြိုးပမ်းချက် ပါချင်လည်းပါမယ်။ လူတိုင်းပြောတတ်တာပဲ။ ပြောလာပေမယ့် လက်ခံတဲ့ လူက လက်ခံမှဖြစ်မှာလေ။ လက်မခံလို့ ရှုံးတာပေါ့။ လက်ခံလို့ ရှိရင်ရှုံးစရာ အကြောင်း မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်””ဟု ဝေဖန် သုံးသပ်ခဲ့သည်။

““သူရှုံးမယ်ဆိုတာ မြို့နယ်လူထု အကုန်မြင်ကြပါတယ်။ ၂၀၁၀ မှာတောင် မဲရုံတစ်ရုံချင်း ရလဒ်အရ ခမောက် အတုတို့၊ ခွပ်ဒေါင်းအတု တို့ကိုရှုံးတယ်။ နောက်တစ်ရက်မှ ဘယ်လိုနိုင်မှန်းမသိ နိုင်သွားတာ။ ခု ၂၀၁၅ မှာဆို USDP ကျိန်းသေရှုံးမှာသိလို့ NLD ဦးဝင်းမြင့်ဆို ကျောက်မြောင်းမှာ လူသိများတဲ့ ၈၈ ကိုပြုံးချိုကို ဒေါပုံ ရွှေ့ခိုင်းပြီး သူက တာမွေ ပြည်သူ့လွှတ်တော်မှာ နေရာအလွယ်တကူ ၀င်ယူလိုက်တာ တွေ့ရပါတယ်””ဟု ၂၀၁၀ ရွေးကောက်ပွဲမှ စ၍ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာနေသော တာမွေမြို့နယ်နေ သတင်းစာဆရာ ဦးမျိုးညွန့်မောင်က သုံးသပ်ပြခဲ့လေသည်။

- (ပုံ-၁) တာမွေမြို့နယ်၏ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ (ပုံ-၂) ဒေါ်လဲ့လဲ့ဝင်းဆွေ

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်းပဲ စနစ်တကျ အာဏာလွှဲပြောင်းဖို့တော့ လုပ်နိုင်မယ်လို့ ယုံကြည်ထား တယ်လေ။ ပြည်သူလူထုက စိုးရိမ်တာတွေတော့ ရှိတာပေါ့ကွယ်။ လက်ရှိအစိုးရကို သံသယက ရှိဆဲကိုး ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နိုဝင်ဘာလ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် ၂၀၁၅ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်တို့၏ စာရင်းအားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မထုတ်ပြန် သေးသော်လည်း မဲဆန္ဒနယ်အများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိကာ လွှတ်တော် တွင် နေရာအများစုရရှိပြီး အစိုးရဖွဲ့နိုင်မည့် အခြေအနေတွင် ရှိနေသည်။

သို့သော်လည်း ရွေးကောက်ပွဲရလာဒ်များအရ ပေါ်ထွက်လာမည့် လွှတ်တော်များနှင့် အစိုးရအဖွဲ့တို့ကို လက်ရှိ အာဏာရအစိုးရအဖွဲ့က မည်ကဲ့သို့အာဏာလွှဲပြောင်းပေးမည်ကို သမ္မတဦးသိန်းစိန် က ပြောဆိုထားခြင်းမရှိ သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း အစိုးရအဖွဲ့များ၏ အာဏာလွှဲပြောင်းခြင်းနှင့်ပတ်သက်၍ ရှင်း လင်းသည့် ပြဋ္ဌာန်းချက်များ မပါဝင်သည့်အပေါ် မြန်မာ့နိုင်ငံရေးလေ့လာ သူများနှင့် ၁၉၉၀ရွေးကောက်ပွဲ အတွေ့ အကြုံရှိသူများက စိုးရိမ်မှုများရှိနေပြီး ပြည်သူများအကြား ယင်းကိစ်္စရပ်မှာဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယခုကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှာ ပြည်သူများ၏လွတ်လပ်စွာရွေးချယ်မှုဖြင့် ပြည်သူအများစုလိုလား သည့် နိုင်ငံရေးပါတီက အနိုင်ရခဲ့ခြင်းဖြစ်ရာ ယင်းသို့အနိုင်ရရှိပြီးနောက်ပိုင်း ဆက်လက် လုပ်ဆောင်ရမည့် အာဏာ လွှဲပြောင်းမှုလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိနေသည့် အပေါ် ဝေဖန်ပြောဆိုမှုများနှင့် ပတ်သက်၍ မြန်မာသံတော်ဆင့်မှ စုစည်းဖော်ပြလိုက်ပါသည်။

- ၀ိုင်းမော်

● ဦးနိုင်ငွေသိမ်း (ဥက္ကဋ္ဌ၊ မွန်အမျိုးသားပါတီ)

အမှန်အတိုင်းဆိုရင်တော့ အာဏာကို အဆင်ပြေပြေလွှဲပေးလိုက်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ်လို့ ပြည်သူတွေအားလုံးကတော့ အတိတ်ကသမိုင်းအရ စိတ်ပူနေကြတာ လူတိုင်းလိုလိုပါ ပဲ။ ဒါကတော့ ရှိတော့ ရှိတာပေါ့။ သို့သော်လည်း စစ်တပ်ကလူကြီးကော၊ ဦးသိန်းစိန်အစိုးရရဲ့ လူကြီးတွေပါ ပြောတဲ့စကားအရဆိုရင် တော့ စိတ်မပူရဘူးဆိုတဲ့ အနေအထားမှာရှိပေမယ့်၊ သို့သော်လည်းပဲ သံသယဖြစ်တာပဲဗျ။ အခက်အခဲ က တော့ အရင်အစိုးရက နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ အခြေအနေမှာ တချို့နေရာတွေမှာ ရှင်းလို့မရတဲ့ ကိစ္စ တွေ တော်တော်လေးရှိတယ်။ ဒါကတော့နောက်ကြောင်း ကို ပြန်ကြည့်မယ်ဆိုရင် အချို့လူတွေအတွက် က တော့ ပြောစရာ၊ ဆိုစရာတွေအများကြီးရှိတဲ့အတွက် ကြောင့်မို့လို့ အာဏာမလွှဲပြောင်း ချင်ဘူးလားဆိုတဲ့ သံသ ယက ပြန်ဝင်တယ်။၂၀၀၈ဖွဲ့စည်းပုံကို မပြင် ဘူးဆိုရင် ဘာမှလုပ်လို့ မရပါဘူး။ ၂၀၀၈ မပြင်ဘူးဆိုရင် တိုင်း ပြည်ကတော့ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ဖြစ်လာနိုင်တဲ့ အနေ အထားမရှိဘူး။ ဒါကြောင့်မို့လို့ ၂၀၀၈က၀ိုင်းပြင်ဖို့လိုတယ်။ သိတဲ့ အတိုင်းပဲလေ၊ကိုယ့်လူကိုယ်ခေါ်ပြီး ဆွဲထားတဲ့ဟာလေ။ ပြည်သူ့ဆန္ဒ အတိုင်း ဆွဲခဲ့တာမှ မဟုတ်တာ။ ဒါကြောင့်မို့လို့ဒီပြဿနာက ဘယ်တော့မှလည်းရှင်းနိုင်မှာမဟုတ်ဘူး။ အ ကောင်းဆုံးကတော့ အသစ်ပြန်ရေးတာ အကောင်းဆုံးပါပဲ။

● ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)

အနိုင်ရပါတီကို ပေးရမယ်။ နိုင်ငံတကာကလည်း စောင့်ကြည့်နေတယ်။ အခေါက်ခေါက်အခါခါ ကာချုပ်ကော၊ သမ္မတကောလွှဲပေးမယ် ဆိုတာပြောနေတာပဲ။ ဒီ့ထက် ဆိုးအောင်လုပ်ရင်လည်း တိုင်းပြည်ကဆူရုံပဲရှိမှာပေါ့။ ၉၀ တုန်းကလည်း ခံခဲ့ရတယ်လေ။ တစ်ဖက် သတ်တော့ပြောတာ မဟုတ်ဘူးလေ။ ဒီဟာကတော့ ရွေးကောက် ပွဲမှာတော့ ရှုံးတာနိုင်တာကတော့ရှိမယ်။ နိုင်ငံကြီးသားပီသစွာနဲ့ လုပ်ပေးမယ်လို့ မျှော်လင့်တယ်။ ငါတို့ ရှုံးလို့ မပေးဘူးဆိုရင်တော့ တိုင်းပြည်ရဲ့ကံကြမ္မာပဲပေါ့ဗျာ။ အာဏာလွှဲပြောင်းရေးမှာ အခက်အခဲရှိမယ် မထင်ဘူး။ တစ်ခုတော့ရှိတယ်။ ဖွဲ့စည်းပုံပြင်ရေးမပြင်ရေးမှာ ဒုက္ခရောက်မယ်လို့ မြင်တယ်။ ရှုံးတိုင်းသာ မပေးဘူး ဆိုရင် တော့ ရွေးကောက်ပွဲ မလုပ်နဲ့တော့ပေါ့ဗျာ။ လူတွေကလည်း နှစ်တွေများစွာ အနစ်နာခံခဲ့ပြီး ပုံအောခဲ့တာပဲ။ လူထုဆန္ဒပဲလေ။ ဘယ်တတ်နိုင်မှာလဲ။ လူထုရဲ့ဆုံးဖြတ်ချက်က အဓိကဖြစ်သင့်တယ်။ ဒီယဉ်ကျေးမှုက စသင့်နေပြီ။ ငါနိုင်မှဖြစ်မယ်၊ ငါလုပ်မှ ဖြစ်မယ်ဆိုတာက မဖြစ်သင့်တော့ဘူး။ လူထုရဲ့ ဆုံးဖြတ်ချက်ကို တော့ ဦးစားပေးသင့်တယ်။ ပြဿနာတွေ ကမြောက်မြားစွာဖြစ်နေပြီ။

● ဦးအေးသာအောင် (ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ)

NLD က ၅၀ရာခိုင်နှုန်းကျော်ပြီဆိုရင်တော့ သမ္မတတစ်ယောက်ကိုလည်း တင်မြှောက်လို့ရမယ်။ အစိုးရကို လည်းဖွဲ့လို့ရမယ်။ ဒါပေမဲ့ အခု NLD က တော်တော်များများ အပြတ်အသတ်နိုင်လိုက်တဲ့ အခါကျတော့ နောက်တစ်ခါ SNLD ၊ နောက် ၉၀တုန်းကတော့ ALD အခုတော့ ရခိုင်အမျိုးသားပါတီ။ ၉၀ ရွေးကောက်ပွဲနဲ့ ထပ်တူနီးပါးကျတဲ့ အနေအထားမျိုးတစ်ခုတကျော့ ပြန်ဖြစ်လာတဲ့အခါ တစ်ချို့ကလည်း စိုးရိမ်စိတ်တွေဖြစ်ကြ တယ်။ ရွေး ကောက်ပွဲရလာဒ်ကို အကောင်အထည်မဖော်ဘဲထားမှာလား၊ သို့တည်းမဟုတ် နှောင့်နှေးကြန့်ကြာ အောင်လုပ်မှာလား။ စိုးရိမ်စိတ်တွေရှိကြတယ်။ ကျွန်တော်ကတော့ ဒီလိုမြင်ပါတယ်။ ၉၀ ရွေးကောက်ပွဲ တုန်းက နဲ့အခုအခြေအနေနဲ့မတူတဲ့ အချက်အလက်တွေရှိပါတယ်။ ၉၀ရွေးကောက်ပွဲမှာက ဖွဲ့စည်းပုံအခြေခံဥပဒေမရှိ ပါဘူး။ အခုက အခြေခံဥပဒေရှိတယ်။ ဖွဲ့စည်းပုံအရ လွှတ်တော်ထဲမှာ တပ်မတော်ကိုယ်စားလှယ်၊ လွှတ်တော် အသီးသီးမှာ ၂၅ရာခိုင်နှုန်းရှိတယ်။ ဒါတစ်နည်းအားဖြင့် လွှတ်တော်ကို သိမ်းထားလို့ရနိုင်တဲ့ အနေအထားရှိ တယ်။ နောက်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း လုပ်ပိုင်ခွင့် အတော်အတန်ရှိတဲ့ အခါကြတော့ ဒါဘာပဲဖြစ်ဖြစ် ဒီအနေအထားမှာ ထိန်းထားနိုင်တဲ့ အနေအထားရှိတဲ့အတွက် ရွေးကောက်ပွဲရလဒ်ကို အကောင် အထည်ဖော်လိမ့်မယ်လို့ ထင်တယ်။ လွှတ်တော်ခေါ်ပြီးရင်တော့ အာဏာလွှဲပြောင်းရေးအပိုင်းကတော့ အဆင် ပြေမယ်လို့ ထင်တယ်။

● ဦးပီတာလင်းပင် (၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်)

၂၀၀၈နဲ့ ပတ်သက်ပြီးတော့ လုပ်တဲ့ဟာတွေကို အရင်တုန်းကလည်း လက်မခံဘူး။ အခုလည်း လက်မခံဘူး။ ပြည်သူနဲ့ကိုက်ညီတဲ့ ဒီမိုကရေစီ စနစ်ကိုသွားရမှာ။ ခုကတော့ ပြည်သူ့ဆန္ဒနဲ့ပြည်သူတွေ စိတ်ကြိုက်ရွေးချယ် လိုက်တာပဲ။ အနိုင်ရတာလည်း အပြတ်အသက်ပဲ။ ဒါဘာကိုပြလည်း ဆိုတော့ နှစ်ပေါင်းများစွာ ဒုက္ခဖြစ်နေ တဲ့ပြည်သူတွေဟာ စစ်အာဏာရှင်ကို မလိုချင်ဘူးဆိုတာပြတယ်။ အဲဒီတော့ စစ်အာဏာရှင်က ဘာကိုလုပ်ထား လဲဆိုရင် ၂၀၀၈နဲ့ စစ်တပ်ကအာဏာရှိ အောင်ဆွဲထားတယ်။ အခု ကော်မရှင်မှာဆိုလည်း သူတို့ပဲ။ ဒါကို ပြုပြင ပြောင်းလဲမှာ ဆိုရင်တော့ ဗိုလ်ချုပ်အောင်ဆန်းတို့ ရေးဆွဲခဲ့တဲ့ ၁၉၄၇ အခြေခံဥပဒေကို အခြေခံ ပြီးလုပ်ရမှာ။ အဲဒီအချိန်တုန်းက ဗမာပြည်ဟာ အာရှမှာ အချမ်းသာ ဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ၆၂မှာ တပ်မ တော်စပြီးတော့ အုပ် ချုပ်ကတည်းက တိုင်းပြည်က မွဲသထက်မွဲပြီး ပြည်သူ့ဒီမိုကရေစီ မရှိတော့ဘူး။ အကောင်းဆုံးက သူတို့ သက် တမ်းပြီးတာနဲ့ ကမ္ဘာ့စံချိန်မီတဲ့ ပြည်သူ့ ဒီမိုကရေစီကို တည်ဆောက်ရမယ်။ ပြည်သူပြည်သားတိုင်းသည် တန်း တူအခွင့်အရေးရှိရမယ်။ ခုကျတော့ တပ်မတော်က အကုန်အသာစီး ယူထားတယ်။

● ဒေါက်တာညိုညိုသင်း(ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

အခုရွေးကောက်ပွဲနိုင်ထားတဲ့ NLD အနေနဲ့ နိုင်နိုင်နင်းနင်းဆောင် ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နေရာ တွေအများကြီး အနိုင်ရထားပြီးပြီ။ အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာရှိပြီ။ နောက် သူတို့ရဲ့ ရွေးကောက်ခံ ကိုယ် စားလှယ်တွေကိုလည်း ဘာမလုပ်နဲ့၊ ညာမလုပ်နဲ့ဆိုတဲ့ လိုအပ်တဲ့ အမိန့်ညွှန်ကြား ချက်တွေကိုလုပ်နေ တယ် လေ။ သူ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအတိုင်းပဲစနစ်တကျ အာဏာလွှဲပြောင်းဖို့တော့ လုပ်နိုင် မယ်လို့ ယုံကြည်ထား တယ်လေ။ ပြည်သူလူထုက စိုးရိမ်တာတွေတော့ ရှိတာပေါ့ကွယ်။ လက်ရှိအစိုးရကို သံသ ယကရှိဆဲကိုး။ အဲဒီစိုးရိမ်မှုတွေကိုလည်း တပ်မတော်ဘက်ကကော၊ ဒေါ်အောင်ဆန်းစုကြည် ဘက်ကကော နိုင်နိုင်နင်းနင်း ကာကွယ်သွားနိုင်မယ်လို့ ထင်ပါတယ်။ အရပ်သားအများစုကဒီလောက်နိုင် ထားရင် ၉၀ တုန်း ကလိုမျိုး လုပ်မလားဆိုတဲ့ စိုးရိမ်မှုကတော့ရှိတာပေါ့။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald

ကြံ့ခိုင်ရေးပါတီ အကြီးအကျယ်ရှုံးနိမ့်သွားရစေတဲ့ အဓိကတာဝန်ရှိသူကတော့

ပါတီဥက္ကဌ သမ္မတဦးသိန်းစိန်ပဲဖြစ်ပါတယ်..

တကယ်တော့ သူဟာ တိုင်းပြည်အပြောင်းအလဲကို ပထမဆုံးဦးဆောင်ခွင့်ရခဲ့တဲ့အပြင်

တကယ်စွမ်းဆောင်ရည်ရှိမယ်ဆိုရင် တိုင်းပြည်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်ခွင့်ရခဲ့

တယ်..၅နှစ်ဆိုတဲ့ လုံလောက်တဲ့အချိန်အတိုင်းအတာတစ်ခုကိုရခဲ့တယ်..ဒါပေမဲ့ သူဟာ

အဟောင်းထဲက အစစ်အမှန်ရုန်းမထွက်နိုင်ခဲ့ဘူး...အပေါ်ယံအပြောင်းအလဲတွေကြားမှာ

သာနေခဲ့တယ်..

.
နောက် သူ့ရဲ့မဟာအမှားက ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းဆောင်ရွက်ဖို့

မကြိုးစားပဲ ရုပ်ပြသက်သက်ထားပြီး အတွင်းကိုဝင်မလာနိုင်အောင် ဖယ်ထုတ်ဖို့သာ

အားထုတ်ခဲ့တယ်..တကယ်ဆို ဒေါ်စုကိုလက်တွဲခြင်းနဲ့ သူ့အတွက် နိုင်ငံရေးအကျိုး

အမြတ်ကိုရှာနိုင်ပါလျှက် သူအတ္တကြီးခဲ့တယ်..

.
နောက်တစ်ချက်က ပြည်သူကိုအထင်သေးတာပဲ..ဖုန်းဈေးကျရုံ ကားဈေးကျရုံ ဂျာနယ်

တွေမှာ ရေးခွင့်ရရုံနဲ့ ပြည်သူ့ရဲ့ထောက်ခံမှုကိုရလိမ့်မယ်လို့ အတွေးတိမ်ခဲ့တယ်..

သူ့ရဲ့ပြောင်းလဲမှုတွေဟာ အပေါ်ယံဟန်ပြသက်သက်ပဲဆိုတာ ပြည်သူတွေက ထင်ထင်

ရှားရှားမြင်ခဲ့တယ်..

.
အထင်ရှားဆုံးအချက်တွေက ပြည်သူတွေစက်ဆုပ်ရွံ့ရှာနေပြီး တိုင်းပြည်ကိုဆင်းရဲတွင်း

ပို့ခဲ့တဲ့ လာဘ်ပေးလာဘ်ယူကိစ္စကြီးကို ထိရောက်တဲ့နှိမ်နင်းမှု လုံးဝကိုမလုပ်ခဲ့တာပဲ..

အစပိုင်းမှာ လေသံတွေပစ်ခဲ့ပေမယ့် ဒါဟာ လေသက်သက်ဆိုတာ ပြည်သူကသိခဲ့ရ

တယ်..တကယ်ဆို အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်တာတစ်ခုတည်းနဲ့ကို ဆန္ဒမဲအများ

အပြား သူရယူနိုင်ပါလျှက် သူမလုပ်နိုင်ခဲ့ဘူး..

.
နောက်ပြည်သူတွေရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းတောင့်တနေတဲ့အရာက တရားမျှတမှု..

ဒီအချက်ကိုဖော်ဆောင်ဖို့လည်းသူပျက်ကွက်ခဲ့တယ်..သာဓကအနေနဲ့ ကိုပါကြီး.

ဒေါ်ခင်ဝင်း. ကချင်ဆရာမနှစ်ဦး.သံဃာတွေကိုပစ်ခဲ့တဲ့ မီးလောင်ဗုံး.လယ်သိမ်းပြသနာ

စတဲ့ကိစ္စတွေမှာ သူဆီက တရားမျှတတဲ့ဖြေရှင်းမှုကို ပြည်သူတွေမရခဲ့ဘူး..

.
နောက်ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ လေသံကိုအော်ခဲ့ပေမယ့် ဒေါ်စုနဲ့တွှေ့ဆုံဖို့ကို

အကြိမ်ကြိမ်ငြင်းပယ်ခဲ့တယ်..သူ့ရဲ့အစိုးရအဖွဲ့ထဲမှာ အဓိကအတိုက်အခံ NLD ကို

တစ်နေရာမှနေရာမပေးခဲ့တာကြည့်ရင် သူ့မှာ ပူးပေါင်းဆောင်ရွက်လိုစိတ် လုံးဝမရှိ

တာ ထင်ရှားတယ်..၂၀၁၀မှာ အတင်းအကျပ်လုပ်ယူထားတဲ့မဲတွေနဲ့ တိုင်းပြည်အာဏာ

မောင်ပိုင်စီးရေးဇာတ်လမ်းကို ပုံစံတမျိုးနဲကခဲ့ပြန်တယ်..

.
နောက်တစ်ချက်က တိုင်းပြည်အခြေအနေမှန်ကို ရိပ်စားမိနေတဲ့ သူရဦးရွှေမန်း သူရ

ဦးအောင်ကိုတို့လိုလူတွေကို သူ့ပါတီထိပ်ပိုင်းရာထူးတွေထဲကနေ ဖယ်ထုတ်ခဲ့တာတွေ

ကို ကြည့်ရင် သူ့မှာ စစ်မှန်တဲ့ပြောင်းလဲလိုစိတ်မရှိဘူးဆိုတာ ထင်ရှားစေခဲ့ပြန်တယ်..

.
နောက် ဦးရွှေမန်းက သူတို့ပါတီ အကြီးကျယ်ရှုံးနိမ့်နိုင်တယ်လို့ သုံးသပ်ပြနေချိန်မှာ

ကြံ့ခိုင်ရေးပါတီထိပ်သီးတွေက ၈၀% ၇၀% အနိုင်ရမယ်လို့ မှန်းဆနေကြတာဟာ

သူတို့တွေဟာ တစ်တိုင်းပြည်လုံးသိနေတဲ့ အခြေနေမှန်ကိုမသိ..ပြည်သူနဲ့ဘယ်လောက်

ကင်းကွာနေသလည်းဆိုတာ ထင်ရှားနေတယ်..ပြည်သူ့ခံစားချက်နဲ့ကင်းကွာနေသူတွေ

က တိုင်းပြည်ကိုဘယ်လိုပုံနဲ့အုပ်ချုပ်ကြမှာလဲ..

နောက်တစ်ချက် ကြံ့ခိုင်ရေးပါတီကို အရှက်ရစေခဲ့တဲ့ တရားခံတွေကတော့

သမ္မတအနားမှာဝန်းရံနေခဲ့တဲ့ ရေပေါ်ဆီ elite အကြံပေးအဖွဲ့နဲ့ သမ္မတရုံးဝန်ကြီးတွေ

ပါပဲ..

.
နောက်ဆုံး ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူ့ကိုနိဂုံးချုပ်စေခဲ့တဲ့စကားကတော့

#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားပါပဲ..

ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ #ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ကြွေးကြော်သံ

ဟာ ပြည်သူ့ရဲ့ရင်ထဲကမျှော်လင့်ချက် ပြည်သူ့ရဲနှလုံးသားနဲ့ ရင်ခုန်သံတစ်ထပ်တည်း

ကျခဲ့တယ်...#ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့စကားဟာ ပြည်သူတွေရဲ့နှလုံးသားကို

သိမ်းကျုံးဆွဲယူလှုပ်ရှားစေခဲ့တယ်..ဒီစကားကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်

ပါတီကြွေးကြော်သံအဖြစ်ရွေးချယ်ပေးခဲ့တာကိုကြည့်ရင် ဒေါ်စုဟာ လူထုနဲ့အတူ ရင်ခုန်

သံတူတယ်ဆိုတာ ထင်ရှားသက်သေပြခဲ့တယ်...

.
ဒီအချိန်မှာ သမ္မတကြီးရဲ့ #ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားကြောင့် သူဟာ

ပြည်သူရဲ့လိုလားချက် ဆန္ဒကိုမသိ.ပြည်သူ့ရဲ့ခံစားချက်ကို နားမလည် မခံစားတတ်တဲ့

သူတစ်ယောက်ဆိုတာ သက်သေပြလိုက်တာပါပဲ..

#ဘာကိုပြောင်းလဲရမှာလဲ ဆိုတဲ့စကားတစ်ခွန်းဟာ သူနဲ့သူ့ပါတီကို ၂၀၁၅ ရွေးကောက်

ပွဲက နှုတ်ဆက်ထွက်ခွာစေတဲ့ နိဂုံးစကားတစ်ခွန်းပါပဲ..

Thetdwe Aung

ပြင်သစ်တစ်ပြည်လုံးတော့ ဗြောင်းဆန်နေပါပြီ။ အသေခံ ဗုံးခွဲတာရော၊ လူအုပ်ထဲ သေနတ်နဲ့ ဆွဲမွှေ့သွားတာရော ခြောက်နေရာ။ သေသူအရေအတွက်က ခုချိန်ထိကို ၁၅၃ ယောက် ကျော်သွားပြီ။

ဥရောပ တစ်တိုက်လုံး တုန်လှုပ်နေတယ်။ နော်ဝေ၊ အီတလီနဲ့ ယူကေမှာ အစ္စလာမစ် အစွန်းရောက်ကွန်ယက်ကို ဖမ်းလိုက်ပြီး နောက်တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပါ။ နော်ဝေမှာ ဖမ်းလိုက်တဲ့ Ansar al-Islam အစွန်းရောက်အဖွဲ့ခေါင်းဆောင် Krekar အပါအ၀င် သုံးယောက်က နော်ဝေနဲ့ တခြား ဥရောပ နိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ အကွက်ချထားတယ်လို့ အီတလီရဲက စွပ်စွဲထားတယ်။

သွေးချောင်းစီး ပစ်သတ်ပွဲတွေကြောင့် ပြင်သစ် သမ္မတ ဟော်လန်းဒ်က အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီ။ နယ်စပ်ဂိတ်တွေကိုလဲ ပိတ်လိုက်တယ်။ ပါရီမြို့သားတွေကို အိမ်ထဲမှာပဲ နေကြဖို့ ပန်ကြားထားတယ်။ ပါရီမြို့ခံ ရဲနဲ့ မီးသတ် အင်အားကုန်အပြင် နောက်ထပ် စစ်သား ၁၅၀၀ မြို့ထဲကို အင်အားဖြည့်ထားတယ်။

အသေခံ ဗုံးခွဲသမားတွေနဲ့ သေနတ်သမားတွေအားလုံး သေကုန်ပြီလို့ ရဲက ကြေညာပါတယ်။ သေတဲ့ အကြမ်းဖက်သမား ရှစ်ယောက်မှာ ခုနစ်ယောက်က ကိုယ်မှာ ပတ်ထားတဲ့ အသေခံ ဗုံးခါးပတ်တွေ ဖောက်ခွဲပြီး တခြားသူတွေကိုပါ သေရွာခေါ်သွားကြတယ်။

သူ့ဘာသာကို စော်ကားတယ်ဆိုပြီး ၂၀၁၅ ဇန်န၀ါရီလက သေနတ်နဲ့ လာပစ်သတ်သွားတဲ့ Charlie Hebdo မဂ္ဂဇင်းတိုက် နေရာဟောင်းနဲ့ ကပ်ရက် စားသောက်ဆိုင်မှာလဲ စားသောက်နေတဲ့ လူတွေကို သေနတ်နဲ့ ၀င်မွှေ့လွှို အတုံးအရုံး သေကုန်ပါတယ်။

အဆိုးဆုံး ခံရတာက Bataclan ကပွဲရုံမှာပါ။ သေတာ ခုချိန်ထိ ၁၂၀ လို့ ခန့်မှန်းကြတယ်။ ဆေးရုံသယ်သွားတဲ့ ဒဏ်ရာပြင်းလူနာတွေ ရှိသေးတယ်။

The Eagles of Death Metal ဂီတ၀ိုင်း ဖော်ျဖြေနေတုန်း အကြမ်းဖက်သမား သုံးယောက်က လူ ၁၀၀၀ လောက် ရှိမယ့် ပရိသတ်ထဲ AK47 သေနတ်နဲ့ ဆွဲမွေ့တာ ဖြစ်ပါတယ်။ ''အလ္လာဟ် အက္ကဘာ'' (အလ္လာဟ်အရှင်သာ အကြီးမြတ်ဆုံး) လို့ ပါးစပ်က အော်ရင်း လူအုပ်ထဲကို ရိုင်ဖယ်တွေနဲ့ ဆက်တိုက်ပစ်ကြတယ်လို့ အသက်ရှင် လွတ်မြောက်လာသူ တစ်ယောက်က ပြောပါတယ်။

သေနတ်မှန်တဲ့လူတွေ အတုံးအရုံး လဲကျကုန်ချိန်မှာ မသေသေးတဲ့ သူတွေကပါ ကြမ်းပေါ် လှဲပြီး ၀ပ်ချလိုက်ကြတယ်။ သွေးအိုင်ထဲမှာ လဲနေတဲ့ သူတွေကို သေနတ်သမားတွေက သွေးအေးအေးနဲ့ကို ဆက်ပြီး ပစ်သတ်တယ်။

၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကြာတဲ့ လူသတ်ပွဲမှာ သူတို့က သုံးခါလောက်တောင် ကျည်ကပ်တွေ အသစ်ဖြည့်လိုက်သေးတယ်။ လက်နက်မဲ့ ပရိသတ်အုပ်ထဲ စိတ်ပြေနပြေ ဆွဲမွှေ့လိုက်၊ ကျည်ကပ်ကုန်သွားရင် အသစ်ထပ်ဖြည့်လိုက်နဲ့ စိတ်တိုင်းကျ သတ်သွားတာပါ။

Mya Kyay Mon Fb

ပြင်သစ်နိုင်ငံမြို့တော်ပါရီတွင် နိုဝင် ဘာ ၁၃ ရက်က အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားခဲ့ရာ လူ ၁၅၃ ဦး သေဆုံးခဲ့ ရသည်။ ယင်းတိုက်ခိုက်မှုများထဲတွင် အမျိုး သားအားကစားရုံအနီးမှ အသေခံဗုံး ပေါက် ကွဲမှုနှင့် ရော့ခ်တေးဂီတဖျော်ဖြေပွဲ အတွင်းသို့ ၀င်ရောက်ပစ်ခတ်မှုများ ပါဝင်ခဲ့ကြောင်း သိရသည်။

ပါရီမြို့အရှေ့ဘက်ရှိ Bataclan တေးဂီတဖျော်ဖြေပွဲခန်းမထဲသို့ အနက်ရောင် ၀တ်စုံများဝတ်ဆင်ထားပြီး AK-47 သေနတ် များကို ကိုင်ဆောင်ထားသည့် သေနတ် သမား များသည် သွေးအေးအေးနှင့် စနစ်တကျဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြရာ ဖျော်ဖြေပွဲ လာရောက်သူ ရာပေါင်းများစွာသည် အော်ဟစ်ပြေးလွှားခဲ့ကြရကြောင်း သိရသည်။

အမေရိကန်ရော့ခ်တေးဂီတအဖွဲ့ Eagles of Death Metal ၏ ဖျော်ဖြေပွဲကျင်း ပစဉ် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအတွင်း သေနတ်သမားများသည် ပစ်ခတ်မှုများကို ပြုလုပ်နေရင်း ဘုရားသာအမြင့်မြတ်ဆုံးဟု အဓိပ္ပါယ်ရသည့် "အလ္လာဟူ အက္ကဘာ" ဟု အော်ဟစ်ခဲ့ကြကာ ဆီးရီးယားမှ ပြင်သစ်၏ စစ်ရေးကြားဝင်မှု နှင့် ပတ်သက်၍လည်း အပြစ်တင်ခဲ့ကြသည်ဟု မျက်မြင် သက်သေများက ပြောကြားခဲ့သည်။ ထို့ နောက် ရဲများသည် Bataclan ခန်းမကိုဝင်စီး ခဲ့ပြီး တိုက်ခိုက်သူလေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့ ရဲများက ၀င်ရောက် စီးနင်းစဉ် တိုက်ခိုက်သူလေးဦးအနက် သုံးဦးသည် သူတို့၏ အသေခံဗုံးခွဲဝတ်စုံများကို ဖောက်ခွဲခဲ့ပြီး နောက်ဆုံးတစ်ဦးမှာ ရဲတပ်ဖွဲ့ပစ်ခတ် မှုကို ထိမှန်ပြီးနောက်မှ သူ၏ဗုံးခွဲဝတ်စုံမှာ ပေါက်ကွဲခဲ့ ကြောင်းသိရသည်။ Bataclan ခန်းမသည် ဇန်န၀ါရီလက သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ်ခံခဲ့ရသည့် Charlie Hebdo မဂ္ဂဇင်းတိုက်၏ မီတာ ၂၀၀ အကွာတွင် တည်ရှိနေခြင်းဖြစ်သည်။

"သွေးတွေရော၊ အလောင်းတွေရော နေရာတကာမှာ ပြန့်ကျဲနေပါတယ်။ အော် ဟစ်သံတွေလည်းကြားရပါတယ်" ဟု ထိုတေးဂီတဖျော်ဖြေပွဲသို့ လာရောက်သည့် ရေဒီယိုတင်ဆက်သူတစ်ဦးက ပြောကြားခဲ့သည်။

ပါရီမြို့မြောက်ပိုင်းရှိ Stade de France အမျိုးသားအားကစားရုံအနီးတွင်လည်း ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့ပြီး သေဆုံးသူငါးဦးထက်မနည်းရှိခဲ့သည်။ ထိုအားကစားရုံထဲတွင် ပြင်သစ်နှင့်ဂျာမနီ အသင်းတို့၏ ဘောလုံးပွဲကျင်းပနေခဲ့ပြီး ပြင်သစ် သမ္မတဖရန်ဆွာ အော်လွန်းသည်လည်း ထို ဘောလုံးပွဲသို့ လာရောက်ကြည့်ရှု နေခဲ့ကြောင်း၊ သမ္မတကိုမူ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုသုံးခုအနက် တစ်ခုမှာ အသေခံဗုံးကွဲမှုဖြစ်သည်ဟု လုံခြုံရေးများက ပြောကြားခဲ့သည်။

Bataclan ခန်းမအနီးရှိ ကမ္ဘောဒီးယား စားသောက်ဆိုင်တစ်ဆိုင်သည်လည်း တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူများရှိခဲ့သည်ဟု သိရသည်။

သမ္မတဖရန်ဆွာအော်လွန်းသည် နိုင်ငံတစ်ဝန်း၌ အရေးပေါ်အခြေအနေကြေညာ ထားပြီး ယခုသီတင်းပတ်ကုန်ရက်တွင် တူရကီ၌ကျင်းပမည့် G20 ထိပ်သီးအစည်း အဝေးသို့ တက်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်းသိရသည်။

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားကမူ ထိုတိုက်ခိုက်မှုကို မည်သူမည်ဝါ ပြုလုပ်ကြောင်း ပြောကြားရန် စောလွန်းသေးသည်ဟု ဆိုခဲ့သည်။

(Photo; AP/ AFP)
Eleven Media Group

ရွေးကောက်ပွဲကိစ္စများ မပြီးစီးသေးသဖြင့် လာမည့်လများအတွင်း ပြည်သူများ ကိုယ့်စိတ်ကိုယ် နိုင်အောင်ထိန်းကာ ဆူပူလှုံ့ဆော်မှုများကို သတိထားရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားသည်။

လွတ်လပ်တဲ့ အာရှအသံ (RFA) သတင်းဌာန၏ အပတ်စဉ် ကဏ္ဍတစ်ခုဖြစ်သော “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်၏ နိုဝင်ဘာ ၁၂ ရက် မေးမြန်းခန်းတွင် ရွေးကောက်ပွဲအပြီးနှင့် ပတ်သက်၍ ပြည်သူများအား အမှတ်တရစကား ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျေးဇူးတင်တယ်လို့ ပြောချင်တယ်။ အစ်မတို့ ပြည်သူတွေကြောင့် ဒီရွေးကောက်ပွဲဟာ ဖြစ်မြောက်သွားတာ ကျေးဇူးတင်တယ်။ တကယ့်ကိုလည်း အားတက်တယ်။ လေးစားတယ်။ ပြည်သူတွေကို တန်ဖိုးထားတယ်။ ဒါပေမဲ့ သတိပေးချင်တယ်။ ဒီကိစ္စက မပြီးသေးဘူး။ အခုလာမယ့် အပတ်တွေ နှစ်လ၊ သုံးလလောက် အတွင်းမှာ ပြည်သူတွေဟာ ကိုယ့်စိတ်ကိုယ်နိုင်ရမယ်။ ဆူပူအောင် လှုံ့ဆော်မှုတွေကို သတိထားပါ။ ကိုယ့်လမ်း ကိုယ်လျှောက်တဲ့ အခါမှာ ဘေးကနေ အဖျက်တွေ ရန်တွေဖြစ်နိုင်တယ်။ ဒါပေမဲ့ အစ်မတို့ အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှု ထားပြီးတော့၊ နားလည်မှုထားပြီးတော့ အားလုံးလိုချင်တဲ့ ပန်းတိုင်ကို ရောက်တဲ့အထိ တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒါလည်း ပြည်သူလူထု အနေနဲ့ လုပ်နိုင်စွမ်းရှိတယ်လို့ အစ်မလုံးဝ ယုံကြည်တယ်။ အဲဒါကြောင့် တစ်ခွန်းတည်း ပြောရမယ် ဆိုရင်တော့ ကျေးဇူးအထူးတင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့မှ ရှုံးနိမ့်ခဲ့ခြင်းများကို ၀န်ခံပြီး အနိုင်ရသည့် ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်များကို ထုတ်ဖော်ဂုဏ်ပြုခဲ့ခြင်း ဆောင်ရွက်မှုအပေါ် သဘောထားအမြင် သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က သိက္ခာရှိသည့် နိုင်ငံရေး လုပ်ရပ်ဖြစ်ပြီး ရိုးသားသဖြင့် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

ထို့အတူ ရွေးကောက်ပွဲတွင် NLD ပါတီ နေရာအများစု အနိုင်ရရှိခဲ့ခြင်းသည် ပြည်သူများနှင့် ရင်ခုန်သံတူ၍ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပြည်သူတွေနဲ့ နီးစပ်လို့ပဲ။ ပြည်သူတွေနဲ့ NLD ရဲ့ ရင်ခုန်သံဟာ တစ်ထပ်တည်း ဖြစ်နေလို့ပဲလို့ ဒီလိုပဲ မြင်ပါတယ်။ NLD နဲ့ ပြည်သူဟာ ခွဲလို့မရဘူး။ NLD ဆိုတာ ပြည်သူထဲက ပေါက်ဖွားလာတာပဲ။ ပြည်သူတွေ ပါပဲ NLD ထဲမှာရှိတဲ့ အဖွဲ့ဝင်တွေက။ ပြည်သူတွေသက်သက်၊ NLD ကသက်သက် ဒီလိုမရှိပါဘူး။ နောက်ပြီးတော့ ပြည်သူရုန်းကန်ခဲ့ရတယ်။ ပြည်သူခံခဲ့ရတယ်။ ပြည်သူ မျှော်လင့်ခဲ့ကြရတယ်။ ပြည်သူအိပ်မက် မက်ခဲ့ကြရတယ်။ အဲဒီခရီးရှည်ကြီးပေါ့။ နှစ်သုံးဆယ်နီးပါး လျှောက်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ရဲဘော်ရဲဘက်တွေပဲ။ အဲဒီတော့ ဒါကြောင့်ပဲ ပြည်သူက ထောက်ခံတယ်လို့ ယူဆပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အတူ NLD ပါတီ၏ အမှန်တကယ် ပြောင်းလဲဖို့ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အရင်ဆုံးမည်သည့် ကိစ္စများ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်ရန်အတွက် အုပ်ချုပ်ရေးယန္တရားအား ပြောင်းလဲမည်ဖြစ်ပြီး ရွေးကောက်ပွဲရလဒ်အား အကောင်အထည်ဖော်ခြင်းနှင့် ပြည်သူများ၏ ရွေးကောက်ပွဲကတစ်ဆင့် ထုတ်ဖော်ခဲ့သည့် ဆန္ဒကို လေးစားလိုက်နာ အကောင်အထည်ဖော်ရန် ပထမဦးဆုံး အကြီးဆုံး အပြောင်းအလဲ ဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ပြောင်းလဲမှုများကို လူထုအနေဖြင့် မည်သည့်ကာလတွင် သိသိသာသာ မြင်နိုင်မည်နည်းဟု မေးမြန်းမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က “ပထမဦးဆုံး ဒီလို မပြောခင်မှာ အစိုးရဖွဲ့နိုင်ဖို့လိုတယ်။ အစိုးရတစ်ခု ဖွဲ့ပြီးပြီဆိုရင်တော့ တာဝန်အရ ဘယ်အချိန်ကာလ အတိုင်းအတာတွင်းမှာ ဘာလုပ်ပါမယ်ဆိုတာ ပြည်သူလူထုကို ချပြရမှာပေါ့။ ဒါကတော့ စီမံကိန်းအနေနဲ့ အဖွဲ့ချုပ်က စဉ်းစားထားတာ ရှိပါတယ်။ ဘာတွေ ဘာတွေကို ဘယ်အချိန်ကာလ အတွင်းမှာ ဘာလုပ်ပါမယ်။ ဘာလုပ်ပါမယ်ဆိုတာ ဒီလိုပြောရမယ်။ မရေမရာပေါ့နော်။ ဟိုဟာလုပ်ပေးမယ်။ ဒီဟာဖြစ်စေရမယ်။ စီးပွားရေး တိုးတက်စေရမယ်။ ကျန်းမာရေး ပိုကောင်းစေရမယ်။ အဲဒီလို ပြောလို့မရဘူး။ တိတိကျကျ ဒီအချိန်ကာလ အတွင်းမှာ ဒီဟာကို ဦးတည်ပြီး ဒါလုပ်ပါမယ် ဆိုတာကို အဲဒါကိုချပြပေးဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ အစိုးရ ပထမဖြစ်ဖို့ လိုသေးတယ်” ဟု ပြောကြားသည်။

ထိုသို့ အစိုးရဖွဲ့ဖြစ်ရန် မိမိတို့ဘာသာ လုပ်ဆောင်၍မရဘဲ လက်ရှိအစိုးရအဖွဲ့မှ ပါဝင်ပူးပေါင်းရန်လိုပြီး ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်းများ ပထမဆုံးပြီးစီးရန် လိုသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
Eleven Media Group

ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုအနိုင်ရသည့် NLD ပါတီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား တရုတ်က ဂုဏ်ပြုစကားဆိုရန် ရှောင်ဖယ်လျက်ရှိရာ တရုတ်နှင့် ဆက်ဆံရေးသစ် တစ်ဖန်မွေးဖွားရန် အားစိုက်ရမည့် အလားအလာရှိနေသည်။

တရုတ်နိုင်ငံက မြန်မာပြည်သူ အမြောက်အမြား မဲပေးခြင်းမရှိခဲ့သည့် အာဏာရစစ်တပ်ခေါင်းဆောင်များနှင့် ဆယ်စုနှစ်များစွာ နီးစပ်သည့် ဆက်ဆံရေးရှိခဲ့သည်။

မြန်မာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေအနိုင်ရသွားပြီဖြစ်ရာ နှစ်ဆယ့်ငါးနှစ်တာ ရုန်းကန်ခဲ့သည့် နိုင်ငံရေးခရီးကြမ်းတွင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းသို့ စတင်တွန်းတင်နိုင်တော့မည်ဖြစ်သည်။

ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက မြန်မြန်ဆန်ဆန်ပင် ဂုဏ်ပြုစကားပြောသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မယုတ်မလွန်သာ ပြောဆိုလာသည်။

"တရုတ်နိုင်ငံက မြန်မာနီုင်ငံအပေါ် အကူအညီများ ဆက်လက်ပေးသွားမှာပဲဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်ဆံရေးနဲ့ ဆက်ဆံသွားမှာပဲဖြစ်ပါတယ်။"ဟု ရွေးကောက်ပွဲ အနိုင်ရလဒ်ထွက်ပေါ်ပြီးနောက် တရုတ်နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ ဟောင်လီက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုစကားပြောကြားခြင်းနှင့် ပတ်သက်၍ မေးရာတွင် ၎င်းက တိုက်ရိုက်အဖြေမပေးပေ။

"မြန်မာနိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှုများ ဖြစ်ထွန်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကျွန်တော်တို့က ရိုးရိုးသားသား စိတ်ဆန္ဒသဘောထားရှိထားပါတယ်။"ဟုသာ ပြန်လည်အဖြေပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားသည့် မြန်မာနိုင်ငံ ဆိုးဝါးသောစစ်အုပ်စုအစိုးရအတွက် အနောက်အုပ်စုများက ဒဏ်ခတ်ပိတ်ဆို့ထားသော်လည်း အဓိက ကျောထောက်နောက်ခံပြုခဲ့သည့် နိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံက ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရတက်လာပြီး တရုတ်အပေါ် မှီခိုနေရခြင်းမှ ရုန်းထွက်ရန် ကြိုးစားလာပြီး အမေရိကန်နှင့် ဆက်ဆံရေးထူထောင်နိုင်ရန် လုပ်ဆောင်ခဲ့သည်။

တရုတ်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာကို ဒေါ်အောင်ဆန်းစုကြည် ရယူနိုင်မည် ကျိန်းသေလာချိန်တွင် လက်တွေ့ကျကျ ချည်းကပ်မှုများ ပြုလုပ်ထားခဲ့သည်။
Mizzima - News in Burmese


၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး။

၈၈ မျိုးဆက် အင်အားစုတွေအနေနဲ့ နိုင်ငံရေးပါတီတစ်ခု တည်ထောင်သွားဖို့ ရှိတယ်လို့ ကိုကိုကြီးက ဗွီအိုအေ မြန်မာပိုင်း နဲ့ တွေ့ဆုံမေးမြန်းရာ မှာ ပြောလိုက်ပါတယ်။ အတိုက်အခံ ပါတီတစ်ရပ်အနေနဲ့ အစိုးရရဲ့ လုပ်ဆောင်ချက် နဲ့ ပတ်သက်ပြီး၊ မှန်တာကို ထောက်ခံပြီး မှားတာကို ဝေဖန်သွားမှာ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။ ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာကို အသံဖိုင်မှာ အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သားညွန့်ဦး။ ။ အစိုးရဖွဲ့ဖို့တွေ ဘာတွေနဲ့ပတ်သက်ပြီး ၈၈မျိုးဆက်ကို ကမ်းလှမ်းတာမျိုးတွေ ရှိပါသလား။

ကိုကိုကြီး။ ။ မရှိပါဘူး။

သားညွန့်ဦး။ ။ နောက်တခုက ကိုကိုကြီးနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ကိုကိုကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပထမ ကိုယ်စားလှယ်အနေနဲ့ ဝင်ရွေးဖို့ လုပ်တယ်။ နောက် မပါလာဘူးပေါ့။ အဲ့ဒီ့တော့ ကိုကိုကြီးအနေနဲ့ ဘယ်လို ရပ် သွားမလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ပဲ ရပ်သွားမလား။ တခြား စဉ်းစားချက် ဘယ်လိုရှိပါသလဲ။

ကိုကိုကြီး။ ။ ကျနော် ပထမ စဉ်းစားချက်ကတော့ တော်တော် များများ ပြည်သူတွေ ကလဲ မျှော်လင့်တယ်။ ၈၈ခေါင်းဆောင်တွေအနေနဲ့ NLD နဲ့ ပူးပေါင်းဆောင်ရွက် သင့်တယ်။ ဘာကြောင့် မပူးပေါင်း မဆောင်ရွက်သလဲ အစရှိသဖြင့်ပေါ့။ ဆိုတော့ အဲ့ဒီ့အပေါ်မှာ ကျနော်တို့ ကြိုးစားခဲ့တယ်။ သို့သော် ဘာကြောင့်ပဲဖြစ်ဖြစ် ကျနော်တို့ လွန်ခဲ့တဲ့ ၂၈နှစ် နိုင်ငံရေး စလုပ်ကတည်းက ကျနော်တို့ရဲ့ ပုဂ္ဂလိက ကိစ္စတွေ အတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး။

ကျနော်တို့က နိုင်ငံကို အရွေ့တခု ဖြစ်သွားစေချင်တယ်။ ဒီလို လွှတ်တော် ကိုယ်စားလှယ် အဖြစ် လုပ်ဆောင်ခွင့် မရသည့်တိုင်အောင် လူထုမျှော်လင့်တဲ့ ထောက်ခံတဲ့သူတွေ လုပ်ပိုင်ခွင့် ရရှိသွားခြင်းနဲ့ပတ်သက်ပြီးတော့ ကျေန်ာတို့ ဝမ်းသာအားရဖြစ်ပါတယ်။

သားညွန့်ဦး။ ။ ကိုကိုကြီးအနေနဲ့ရော တဦးချင်းအနေနဲ့ဖြစ်ဖြစ် ၈၈အင်အားစု အနေနဲ့ဖြစ်စေ ရှေ့နိုင်ငံရေးမှာ ဘယ်လိုရပ်သွားဖို့ စဉ်းစားချက် ရှိပါသလဲ။

ကိုကိုကြီး။ ။ ဆိုတော့ ကျနော်တို့ ၈၈မျိုးဆက် ခေါင်းဆောင်တွေလို့ ပြောရတာက တကယ်က ၈၈ ချည်းပဲ မဟုတ်ပါဘူး။ အခုကျနော်တို့ အဖွဲ့အစည်းရဲ့ နာမည်ကိုယ်နှိုက်က ၈၈မျိုးဆက်လို့ပဲ ပြောထားတာ။ ကျောင်းသားများ ဆိုတာကို ကျနော်တို့ ဖြုတ်လိုက်တယ်။ အဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီ့ထက်ပိုပြီး ကျယ်ပြန့်တဲ့ သဘောကို အဓိပ္ပါယ်ကို ဆောင်စေချင်လို့ ၉၆၊ ၉လေးလုံး အစရှိသဖြင့် ဒီလူတွေ ဒီလူငယ်တွေ အားလုံးကို စုစည်းနိုင်ဖို့ ကျနော်တို့ ကြိုးစားကြတယ်။

အဲ့တော့ ရေရှည်နိုင်ငံရေးပုံစံနဲ့ ဆိုရင်တော့ ဒီ ၈၈မျိုးဆက်တွေ မျိုးဆက်အသီးသီးပေါ့ စုစည်းပြီးတော့ နိုင်ငံရေးပါတီတခုအဖြစ်နဲ့ရပ်တည်သွားဖို့ ကျနော်တို့ ဆွေးနွေးကြ တာတွေရှိပါတယ်။ အားလုံးတော့ ပါလာမှာ မဟုတ်ဘူးပေါ့။ တချို့လည်း အရပ်ဖက် အဖွဲ့အစည်းပုံစံနဲ့ ဆက်ပြီး ရပ်တည်မယ့် သူတွေလည်း ရှိမယ်။ နိုင်ငံရေးပါတီပုံစံနဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ထားတဲ့သူတွေလည်း ရှိပါတယ်။

သားညွန့်ဦး။ ။ အခုအနေအထားကလည်း လူထုထောက်ခံမှု ရွေးကောက်ပွဲ ရလဒ်ကို ကျနော်တို့ ကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ ပါတီကိုပဲ မဲပေးပါဆိုတော့ လူထုကလည်း အဲ့လိုပဲ ပေးလိုက်ပုံ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သြဇာကလည်း အင်မတန် ကြီးပါတယ်။ ၈၈တွေက ဒီလို ပါတီတရပ် အနေနဲ့ ဖွဲ့လာမယ်ဆိုရင် အင်အားအနေနဲ့ ယှဉ်နိုင်ပါ့မလား။

ကိုကိုကြီး။ ။ ကျနော်တို့က လုပ်နိုင်သလောက် ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသလောက် ဖြည့်စည်းသွားဖို့ လုပ်သွားဖို့ပဲ အဓိက ရည်ရွယ်ပါတယ်။ ကျန်တာကတော့ ကျနော်တို့ နိုင်ငံရေးပါတီ တခုအဖြစ် ရပ်တည်တဲ့အချိန် လူထု ဆန္ဒသဘောထားကို ကောက်ယူတဲ့ ခံယူတဲ့အချိန်မှာ လူထုရဲ့ တုန့်ပြန်မှုအပေါ်မှာပဲ မူတည်ပါတယ်။ ကျနော်တို့ကတော့ အရိုးသားဆုံးနဲ့ အကောင်းဆုံး ကျနော်တို့ ဖြည့်စည်းဆောင်ရွက်သွားဖို့ပဲ ကျနော်တို့ ကြိုးစားသွားမှာပါ။

သားညွန့်ဦး။ ။ နောက်တခုက အတိုက်အခံအင်အားစုတွေနဲ့ပတ်သက်လို့ ၈၈ အပါအဝင်ပေါ့ အင်အားစုတွေအနေနဲ့ NLD အစိုးရအပေါ်မှာ Check and Balance အနေနဲ့ ရပ်သွားမလား။ ပူးပေါင်းသွားမလား ဘယ်လိုအနေအထားမျိုးနဲ့ ရပ်တည်သွားမလဲ။

ကိုကိုကြီး။ ။ ဆိုတော့ ကျနော်တို့က ဓမ္မနဲ့ အဓမ္မ အနေနဲ့ပဲ စဉ်းစား ဆုံးဖြတ်သွားမှာပါ။ ဆိုတော့ ကောင်းတာတွေ တိုးတက်တာတွေ မှန်သမျှကို ကျနော်တို့က ထောက်ခံသွားမယ်။ ပံ့ပိုးသွားမယ်။ နောက်တခါ တချို့ ပြောသင့်ပြောထိုက်တဲ့ အကြံပြုသင့်တဲ့ ဝေဖန်သင့်တာတွေ ရှိရင်လည်းပဲ ကျနော်တို့ မိတ်ဖက် အကြံပေးမှု ပုံစံမျိုးတွေနဲ့ပဲ ဝေဖန်ထောက်ပြတာတွေ အကြံပေးတာတွေ လုပ်သွားမှာပါ။

ကိုကိုကြီးကို ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းခဲ့တာဖြစ်ပါတယ်။ အသံဖိုင်မှာလည်း အပြည့်အစုံ နားဆင်နိုင်ပါတယ်။

သားညွန့်ဦး VOA


နိုင်ငံ၏ အပြောင်းအလဲဖြစ်စဉ်များ၌ လက်ရှိအစိုးရ၏ အာဏာလွှဲပြောင်းမှုနှင့်အတူ ပဋိပက္ခအသွင်ဆောင် သည့်ကိစ္စရပ်များနှင့် အခြေအနေများကို သတိထားသင့်ကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ပြသည်။

ထိုကဲ့သို့ကာလများတွင် ပြည်သူလူထု၏အသံကို အဓိကထားကာ ဆောင်ရွက်လုပ်ကိုင်သင့်ကြောင်း လေ့လာ သူများက ဆိုကြသည်။
''ဒီကာလမှာ တွေ့ရတတ်တာက ပြောင်းလဲမှုကို လိုချင်တဲ့လူရှိသလို၊ ပြောင်းလဲရမှာ ကြောက်တဲ့လူလည်း ရှိတယ်။ အဲဒီ နှစ်ခုကထိပ်တိုက်တွေ့တတ်တယ်။ ပြောင်းလဲရမှာကို အကျိုးယုတ်သွားမလားဆိုတဲ့ စိုးရိမ် စိတ်တွေ ရှိနေတတ်တယ်။ ဥပမာ ပါမောက္ခချုပ်တွေလိုမျိုးပေါ့။ အဓိကတော့ မပြောင်းလဲချင်တဲ့လူတွေကို အကြီးဆုံး၊ အမြင့်ဆုံးဆိုတဲ့ ရာထူးအာဏာတွေ ပေးထားတာ တွေ့ရတတ်တယ်'' ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အတွင်းရေးမှူး ဒေါက်တာအာကာမိုးသူက ပြောသည်။

ထိုကဲ့သို့ ပြောင်းလဲမှုကို မလိုလား သည့် အခြေအနေများသည် အာဏာရှင် ဆန်သည့် တိုင်းပြည်၊ နိုင်ငံအများစုတွင် တွေ့ရလေ့ရှိကြောင်း နိုင်ငံရေးလေ့လာသူ များက ဆိုကြသည်။

''အဓိကတော့ ကိုယ့်တာဝန် ကိုယ် သိရမယ်။ ဒါမှပဲ ဒီမိုကရေစီကို သွားလို့ရ မယ်။ ဥပမာ-အကြောင်းအရာတခုခု ကြောင့် ပြည်သူတွေ ဆန္ဒပြတာကို အချိန်အားလို့ဆန္ဒပြနေတာလို့ပြောတဲ့အပြောမျိုး တွေက ပြည်သူ့ယုံကြည်မှုရဖို့ အားနည်းစေတဲ့အပြုအမူတွေပါ''ဟုနိုင်ငံရေးလေ့လာ သုံးသပ်သူတဦးက သုံးသပ် ပြသည်။

''အသွင်ကူးပြောင်းရေးကာလမှာ အာဏာမလွှဲပြောင်းပေးနိုင်တာတွေ၊ တိုင်းပြည်ကို မတည်ငြိမ်အောင် လုပ်သွားမှာတွေက စိုးရိမ်ရတယ်။ ကြောက်ရတယ်။ အဲဒီကိစ္စတွေက ပဋိပက္ခတွေကို ပိုပြီး ဖြစ်စေနိုင်တယ်။ ပြည်သူတွေဘက်ကလည်း အလွန်အကျွံအောင်ပွဲခံတာမျိုး မဖြစ်သင့်ဘူး။ နောက်တခုက Facebook မှာဆိုရင် အမုန်းစကားတွေ အများကြီးတွေ့ရတယ်။ အမုန်းပွားမှုတွေ ဖြစ်နေတယ်။ အရေးကြီးတာက အဲဒီလို အမုန်း စကားကို ရှောင်သင့်တယ်။ အနိုင်ရတယ်ဆိုပြီး အများအမြင်ကပ်အောင် မနေဖို့လိုတယ်။ တချို့ကိုယ်စားလှယ် တွေကို မကြေညာနိုင်သေးဘူး။ မဲဆွယ်ခွင့်မရတဲ့နေရာတွေမှာ အနိုင်ယူသွားတာတွေက ဘယ်လိုဖြစ် လာနိုင် မလဲ။ ဒီကြားထဲ နှစ်ဖက်က အပြစ်တွေရှာထားကြတာရှိတယ်။ တရားစွဲလာတဲ့အခါ ဘယ်လိုဖြစ်လာဦးမလဲ မသိသေးဘူး''ဟု ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှ Political Education ဆရာတဦးဖြစ်သည့် ကိုထက်အောင်လင်းက သုံးသပ်ပြသည်။

ကနဦးကာလများတွင် ရွေးကောက်ပွဲကော်မရှင်၏ အနိုင်အရှုံးရလဒ်များ ကြေညာမှုအချိန်ကာ ကြာမြင့်ခဲ့လျှင် လည်း ပဋိပက္ခများဆီသို့ ဦးတည်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
ယခု ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲ၌ ပြည်သူ၏ထောက်ခံမှုကို NLD ပါတီမှ ရရှိခဲ့ကြသကဲ့သို့ အဆင်ပြေစွာ ပြီးမြောက်ခဲ့ကြောင်း လူ့ဘောင်သစ် ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌကိုအောင်မိုးဇော်က ပြောသည်။

''ရွေးကောက်ပွဲမှာတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးမြောက်ခဲ့ပါတယ်။
ကျွန်တော်တို့ ထင်တာထက် ပြည်သူက ပိုသိတယ်။ တချို့ ပြဿနာတွေ ဖန်တီးနေတာ ပြည်သူထဲက ဟုတ်ချင်မှဟုတ်မှာပါ။ လက်ရှိ နိုင်ငံရေးအခြေ အနေအောက်မှာ လက်ရှိ အစိုးရကနေ အနိုင်ရပါတီကို အာဏာချောချောမောမော လွှဲပြောင်းပေးဖို့ကိစ္စက အရေးကြီးဆုံးဖြစ်တယ်။ အကယ်၍ အာဏာကို ချောချောမွေ့မွေ့လွဲနိုင်ပြီး နောက်မှာ အခြားနိုင်ငံရေး ပါတီ တွေပဲဖြစ်ဖြစ်၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် လုပ်ရကိုင်ရတာ ပိုပြီးကောင်းမွန်မယ်လို့ ထင်တယ်''ဟု ဦးအောင်မိုးဇော် က ပြောသည်။

မင်းဗညား
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


နိုဝင်ဘာ ၈ ရက် ပါတီစုံရွေးကောက်ပွဲကြီး ကျင်းပပြီးနောက်ပိုင်း ရွေးကောက်ပွဲရလဒ်များအရ NLD အစိုးရဖွဲ့ရန် နီးစပ်လာ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင်းတွင် စိတ်ဝင်စားမှုမြင့်တက်လာကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲရလဒ် ကြေညာချက်များအရ NLD ပါတီမှ အများဆုံး အနိုင်ရနေပြီး အစိုးရသစ်ဖွဲ့ရန် နီးစပ်နေပြီဖြစ်ကြောင်း၊ အဆိုပါအခြေအနေကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်နေသည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးအခြေအနေ တည်ငြိမ်ပြီး စီးပွားရေး ပေါ်လစီကောင်းမွန်လျှင် အရင်းအနှီးအလုံးအရင်းဖြင့် ၀င်ရောက်လာနိုင်ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

''ဒေါ်စုက ဥရောပနိုင်ငံတွေနဲ့လည်း ဆက်ဆံရေးပြေလည်မှုရှိတယ်။ နိုင်ငံတကာက ဒေါ်စုကို ယုံကြည်မှုပိုကြ တယ်။ အခုရက်ပိုင်းအတွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ဖို့ စုံစမ်းမှုတွေများလာတယ်လို့ သိရတယ်။ မြေဈေးတွေလည်း နည်းနည်းလှုပ်ခတ်လာတယ်''ဟု ၎င်းက ပြောသည.်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အလုံးအရင်းဖြင့် ၀င်ရောက်လာစေရန် မြေဈေးကြီးမြှင့်မှုများက အဟန့်အတားဖြစ် စေခဲ့ပြီး ယင်းကဲ့သို့ ဈေးကြီးမှုကို အစိုးရသစ်အနေဖြင့် ထိန်းချုပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ကောင်းမွန်သော ပေါ်လစီများရေးဆွဲပြီး စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဟု ထင်မြင်ကြောင်း စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
''ဒီဘက်က ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တံခါးဖွင့်ပေးလိုက်ရင် ရင်းနှီးမြှုပ်နှံမှုက စီမံကိန်းအကြီးကြီးတွေ ၀င်လာလိမ့် မယ်။ ဒါပေမဲ့ ဒီဘက်မှာ အခြေခံအဆောက်အအုံတွေက အဆင်သင့်မရှိသေးတာတခုပဲ ပြောစရာရှိမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များများဝင်ရောက်လာလေ နည်းပညာကောင်းတွေ များများရလေပါပဲ''ဟု ၎င်းက ပြောသည်။ ၂၀၁၅ အလွန် စီးပွားရေးအလားအလာ ကောင်းမွန်လာမည်ဟု ယူဆရပြီး အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အစိုးရသစ်အနေဖြင့်လည်း ထောက်ပံ့ပေးရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန် ထုတ်လုပ်သူများအသင်းမှ အတွင်းရေးမှူး ဦးအောင်မင်းက ပြောသည်။

''၂၀၁၇ နောက်ပိုင်းမှာ မြန်မာစီးပွားရေးလုပ်ငန်းဟာ တိုးတက်အောင် ကောင်းမွန်လာမယ့် အနေအထား ရှိတယ်။ ၂၀၁၈ မှာ AEC ၀င်လာရင်လည်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် SME လုပ်ငန်းတွေကို လုပ်ငန်းပြပြီး ငွေချေးလို့ရအောင် ကူညီပေးသင့်တယ်''ဟု ၎င်းက ပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့သော်လည်း ငွေကြေးအလုံးအရင်းနှင့် မြှုပ်နှံသည့် စီးပွားရေးလုပ်ငန်းများ မျှော်မှန်းထားသကဲ့သို့ မ၀င်ရောက်ခဲ့ကြောင်း၊ ဒေါ်စု အနေဖြင့် နိုင်ငံတကာမှ လေးစားရသည့် ပုဂ္ဂိုလ်ဖြစ်သောကြောင့် ၎င်း၏အစိုးရသစ် လက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုကြသည်။

မေလှိုင်းသူ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မိကျောင်းကန် သပိတ်စခန်းကို ကူညီခဲ့သူ ကိုဝေဠု ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဧပြီလ ၈ ရက်နေ့ က ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်စဉ်။ Photo: Kyaw Zaw Win/ RFA
စစ်တပ်ကသိမ်းထားတဲ့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်ရပ်ကွက်က အိမ်ခြံမြေ ပြန်ပေးဖို့ မြို့တော်ခန်းမရှေ့မှာဆန္ဒပြခဲ့ကြတဲ့ပြည်သူတွေထဲက အသက် ၇၀ ကျော် အမျိုးသမီးတွေ အပါအဝင် ၁၃ ယောက်ကို ဒီနေ့မှာ ထပ်ပြီး စည်ပင်သာယာ ဥပဒေနဲ့ ထောင်ဒဏ် ၃ လစီချမှတ် လိုက်ပါတယ်။

သူတို့ကို ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပုဒ်မ ၁၈ နဲ့ ထောင် ၄ လစီချမှတ်ထားပြီး သားဖြစ်တဲ့အတွက် ဒီနေ့ထပ်ပေးလိုက်တဲ့ ပြစ်ဒဏ်နဲ့ဆိုရင် တစ်ယောက်ကို ထောင် ၇ လ စီဖြစ်သွားတဲ့အကြောင်း မိချောင်းကန်ရပ်ကွက်မှာအိမ်ကွက်အသိမ်းခံထားရ သူတစ်ယောက်ဖြစ်တဲ့ ဒေါ်မိက RFA  ကိုပြောပါတယ်။

"ထောင် ၇ လဖြစ်သွားတာပေါ့၊ ဒေါ်စောသိန်းဆို ၇ဝ ကျော်တယ်၊ ဒေါ်ပုဆိုလည်း ၇ဝ နီးပါးပဲ၊ သပိတ်သိမ်းတာကတော့ ၂၆ ရက်၊ ၂လ၊ ၂ဝ၁၅ ပေါ့၊ အဲ့ချိန်မှာအန်တီတို့ ကတော့ ထောင်ထဲမှာပေါ့၊ အဲ့ကနေရုံးချိန်းတွေနဲ့လုပ်ပြီးတော့မှ နောက်တစ်ယောက်က ထွက်သွားတဲ့အတွက်၊ ၁ဝ လပိုင်း ၇ ရက်နေ့က ထောင်ကျသွားတာ"

ဒီနေ့ ထောင်ချခံရသူတွေဟာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ဖြစ်တယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ဦးခင်မောင်ဝင်းနဲ့ ဦးခင်မောင်မြင့်ဆိုသူ အသက် ၆၀ နဲ့ ၇၀ ကျော် အမျိုးသားနှစ်ဦးဟာလည်း တရားရင်ဆိုင်နေရဆဲဘဲလို့ ပြောပါတယ်။

အဲဒီမိချောင်းကန်ပြည်သူတွေရဲ့ အိမ်ခြံမြေပြန်ပေးဖို့ တောင်းဆိုသပိတ်တိုက်ပွဲကို အားပေးကူညီလို့ ထောင် ၁ နှစ်ချခံလိုက်ရတဲ့ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုဝေဠုဟာ ဒီနေ့မှာပဲ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေပြန်လွတ်လာပါတယ်။

RFA Burmese
http://www.rfa.org/burmese


မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေ အောင်အောင်မြင်မြင် ကျင်းပတာလို တိုးတက်ဖြစ်ထွန်းမှုတွေ တွေ့ရပေမဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေကြောင့် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုတွေ ချမှတ် ထားတာကိုတော့ ချက်ခြင်းရုပ်သိမ်းဖို့ မရှိသေးဘူးလို့ အမေရိကန် က ပြောဆို လိုက်ပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေ ကို စောင့်ကြည့်ရဦးမှာ ဖြစ်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Mark Toners က သောကြာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

 “မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့ တာဟာ ကောင်းမွန်တိုးတက်တဲ့ ခြေလှမ်းဖြစ်ပေမဲ့ - ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ မှုတွေကို ဆက်လုပ် - မလုပ် ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် မှာ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို ရုပ်သိမ်းဖို့ရာ မရှိသေးဘူးတဲ့အကြောင်း - ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုသွားခဲ့တာပါ။

ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ အတိုက်အခံ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ယှဉ်ပြိုင်ခွင့်ရှိပေမဲ့ သမ္မတဖြစ်ခွင့်မရှိတဲ့ ကြိုတင် ကန့်သတ်ချက်တွေ ရှိနေတာ၊ ပြီးတော့ လွှတ်တော်ထဲမှာ ရွေးကောက်တင်မြှောက်မထားတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေ ပါရှိနေတာဟာ ဒီမိုကရေစီနည်းလမ်းနဲ့ ဆန့်ကျင်နေတယ်ဆိုပေမဲ့ - မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ၊ ဆက်လက်လုပ်ဆောင်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့နဲ့ ရခိုင်ပြည်နယ်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ - မြန်မာအစိုးရကို အမေရိကန်က တိုက်တွန်းသွားမှာပါလို့လည်း မစ္စတာ Toners က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

သောကြာနေ့အထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်မဲရလဒ် ထုတ်ပြန်ချက်အရ မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးချိန် မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မဲအများစုနဲ့ အနိုင်ရရှိထားတာပါ။

အစိုးရဖွဲ့နိုင်မယ့် အရေအတွက်အထိ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်ရရှိထားတဲ့ NLD ပါတီ အနေနဲ့ ဒုတိယသမ္မတလောင်း ၂ ဦးအတွက် အမည်စာရင်း တင်သွင်းခွင့်လည်း ရရှိတော့မှာပါ။

လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ်တွေက တင်သွင်းမယ့်သူတဦး အပါအ၀င် ဒုတိယသမ္မတလောင်း ၃ ဦးထဲက သမ္မတတဦး ရွေးချယ်ရမှာ ဖြစ်တဲ့ အတွက်လည်း NLD က သမ္မတတစ်ဦး တင်မြှောက်ခွင့် ရနိုင်မယ့် အလားအလာတွေ ရရှိထားတာပါ။

၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ သမ္မတအဖြစ် တာဝန်ယူခွင့် မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ရွေးကောက်ပွဲမှာ သူ့ပါတီနိုင်ရင် သမ္မတအထက်မှာ တာဝန်ယူမယ်လို့ မကြာသေးခင်ကပဲ ပြောဆိုထားပါတယ်

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ဒုက္ခသည်တချို့ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တွေ့ရစဉ်။ Photo: Kan Thar/ RFA
 ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်နဲ့ ကျေးသီးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့  ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ လေးထောင်ကျော် ရှိပြီး အဲ့ဒီထဲက ၁၅ဝ ကျော်ဟာ လားရှိုးမြို့ အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းမှာ ခိုလှုံနေကြရပါတယ်။

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကြောင့် ပြီးခဲ့တဲ့ သုံးလေးရက်ကတည်းက ထွက်ပြေးလာတာလို့ ဝမ်ဆော့ကျေးရွာသူ မနန်းရွှေလူက ပြောပါတယ်။

"ရွာနားမှာစစ်ပွဲတွေဖြစ်ခါကျတော့ လက်နက်ကြီးနဲ့ ရွာထဲပစ်လာခါကျတော့ အဲ့ဒါကြောင့် ထိမှာစိုးလို့ ရောက် လာကြတာရှင့်၊ သမီးတို့ကတော့ ဖြစ်တာနဲ့ထွက်လာတာ ၁ဝ ရက်နေ့မနက် ၂ နာရီခွဲကတည်းက ထလာ ရတာရှင့် တချို့လူတွေကလည်း ကိုယ်ပိုင်ကားနဲ့ပေါ့၊ တချို့လူတွေကလည်း လိုင်းကားနဲ့လာကြတာများတယ်၊ ပြီးတော့ မရောက်သေးတဲ့လူတွေကျတော့ တီဝိုင်အိုအဖွဲ့ကနေတဆင့် သူတို့ကားလွှတ်တာရှိတယ်၊ ဒီနေ့ရောက် မယ်လို့ ထင်တာပဲရှင့်"

မိုင်းရှူးမြို့နယ် ဝမ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ ရက်နေ့က တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာဖြစ်ပြီး အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေသူ ၁၅ဝ ကျော်သွား ပြီဖြစ်ပါတယ်။

မနေ့က ထပ်မံထွက်ပြေးလာသူ ၅ဝ ကျော်ကို လားရှိုးမြို့က ရှမ်းလူငယ်အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေက သွားရောက်ခေါ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ ပူးပေါင်း ဆောင်ရွက် ကြဖို့ အရေးကြီး။
မြန်မာ ပြည်သူတွေ ရဲ့ ဆန္ဒကို ထင်ဟပ် စေတဲ့ အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ပေါ်ပေါက် လာဖို့ အရေးကြီးတယ် ဆိုပြီး အမေရိကန် သမ္မတ အိုးဘားမား နဲ့ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည် တို့ တယ်လီဖုန်း ကနေ တဆင့် ဆက်သွယ် စကား ပြောခဲ့ ကြတယ် ဆိုပြီး အိမ်ဖြူတော် က ထုတ်ပြန် ပါတယ်။

ခေါင်းဆောင် ၂ ဦး ဆွေးနွေး ကြတဲ့ အထဲမှာ ရွေးကောက်ပွဲ ရလာဒ် တွေ တရားဝင် အပြီးအစီး ထွက်လာ ခဲ့တဲ့ နောက်ပိုင်း နိုင်ငံရေး ပါတီ တွေ အနေနဲ့ အဲဒီ့ ရလာဒ် အပေါ် လေးစား လိုက်နာကာ အစိုးရသစ် ပေါ်ထွန်း လာရေးမှာ ပူးပေါင်း ဆောင်ရွက်ဖို့ လိုကြောင်းလည်း ပါဝင်ပါတယ်။

NLD ပါတီ ရဲ့ ရွေးကောက်ပွဲ အောင်နိုင် မှု အတွက် အမေရိကန် သမ္မတ အိုဘားမား က ဒေါ်အောင်ဆန်းစုကြည် ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီး ဂုဏ်ပြု စကား ပြောဆိုတုန်း ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမား ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် ဆီကိုလည်း ဖုန်း နဲ့ သီးခြား ဆက်သွယ်ပြီး အလားတူ အကြောင်း အရာ တွေကို ဆွေးနွေး ခဲ့တယ် လို့ ဆိုပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရဲ့ အောက်တိုဘာ ၁၃ ရက် သောကြာနေ့ က အထိ ထုတ်ပြန် ပေးခဲ့တဲ့ တရားဝင် မဲ အနိုင်အရှုံး စာရင်း တွေ အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ အမျိုးသားလွှတ်တော် ၁၃၆ နေရာ နဲ့ ပြည်သူ့ လွှတ်တော် ၂၄၇ နေရာ ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စု လွှတ်တော် မှာ စုစုပေါင်း ၃၈၃ နေရာ ရရှိ ထားပြီ ဖြစ်တဲ့ NLD ပါတီ ဟာ တပါတီတည်း သီးသန့် အစိုးရ ဖွဲ့နိုင်ဖို့ အနည်းဆုံး လိုအပ်တဲ့ ခုံနေရာ အရေအတွက် ကိုလည်း ကျော်လွန် ရရှိ ခဲ့ပြီ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထား။
အမေရိကန် ရဲ့ ဘဏ္ဍာ အခွန် ဝန်ကြီး ဌာန က မြန်မာ နိုင်ငံ ဆိုင်ရာ မြောက်ကိုရီးယား သံအမတ် Kim Sok Chol ကို နာမည်ပျက် စာရင်း ထဲ ထည့် သွင်း လိုက် ပါတယ်။

သံအမတ် မစ္စတာ ကင်မ် ဟာ အမေရိကန် က ပိတ်ဆို့ ကန့်သတ်မှု တွေ ပြုလုပ် ထားတဲ့ Komid လို့ ခေါ်တဲ့ မြောက်ကိုရီးယား လက်နက် ကုမ္ပဏီ အတွက် ကြားဝင် ညှိနှိုင်း ဆောင်ရွက် ပေးသူ တစ်ဦး ဖြစ်တယ် လို့ အမေရိကန် အစိုးရ က စွပ်စွဲ ထားပါတယ်။

Komid ကုမ္ပဏီဟာ မြောက်ကိုရီးယား အစိုးရပိုင် သတ္တု တူးဖော်ရေး ကုမ္ပဏီ ဖြစ်ပြီး အမေရိကန် ကတော့ မြောက်ကိုရီးယား ရဲ့ ထိပ်ဖူးတပ် ဒုံးကျည် နဲ့ ပတ်သက်တဲ့ ပစ္စည်း တွေ အပါအဝင် တခြား စစ် လက်နက် ပစ္စည်း အမျိုးစားတွေ အမြောက်အများ ထုတ်လုပ် တင်ပို့ရာမှာ အဓိက နေရာ က ရှိတဲ့ အဖွဲ့အစည်း အဖြစ် ယူဆ ထားတာ ဖြစ်ပါတယ်။

ဒီ တခေါက် အမည်ပျက် စာရင်းထဲမှာ မြန်မာပြည် ဆိုင်ရာ သံအမတ် နဲ့ အတူ Komid ကုမ္ပဏီ က နောက်ထပ် အရာ ရှိ ၂ ဦး လည်း ပါဝင် ပါတယ်။

BBC Burmese
http://www.bbc.com/burmese


ဓားစာခံ အမြောက်အများကို ဖမ်းထားပြီး အကြမ်းဖက်သမားတွေ သိမ်းပိုက် ထားတဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က ဂီတရုံကို ရဲတွေက ၀င်ရောက် စီးနင်းရာမှာ အခု ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ အကြမ်းဖက် သမားတွေ က မောင်း ပြန်သေနတ်တွေ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ တပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမေရိကန်တီးဝိုင်းတခုက ဖျော်ဖြေနေတဲ့ အဲဒီဂီတရုံ တနေရာတည်းမှာတင် လူ အနည်းဆုံး ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေကြားထဲမှာ သေနတ်သမား ၂ ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လူ တထောင်ခန့် ကြည့်ရှုနေတဲ့ ဒီကပွဲရုံမှာ ရုရှား လုပ် Kalashnikov မောင်းပြန် သေနတ်တွေ နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး - လူအများအပြား ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ပေမဲ့ ဘယ်နှစ်ယောက်လောက် ဓားစာခံအဖြစ် ဖမ်းဆီးခံရတယ်၊ သတ်ဖြတ်ခံရတယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုတွေဟာ ဘယ်သူ့လက်ချက်ဆိုတာ အခုထိ မသိရသေးပါဘူး။
ပြင်သစ်သမ္မတ Francois Hollande ကတော့ - နယ်စပ်တွေကို ပိတ်ပစ်လိုက်သလို - ပထမဆုံး တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာပဲ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
ဒီလို နယ်စပ်ကို ပိတ်ထားလိုက်တာဟာ ၂၁ ရာစု ဥရောပမှာ ပထမဦးဆုံး လုပ်ရပ်ဖြစ်ပါတယ်။


အမေရိကန်သမ္မတ အိုဘားမား ကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဖြစ်နိုင်တဲ့ နည်းပေါင်းစုံနဲ့ ကူညီဖို့ အဆင်သင့်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတုန်းကလည်း  ဗြိတိန်ဝန်ကြီးချုပ် David Cameron ကလည်း - သူတို့အနေနဲ့ တတ်နိုင်သလောက် ကူညီသွားမှာဖြစ်ပြီး၊ ပြင်သစ်ပြည်သူ တွေ အတွက် ဆုတောင်းပေးနေပါတယ်လို့ ပြောဆို ခဲ့သလို၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း ဒီတိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီးတော့ - ဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

ပြင်သစ်က အိမ်ရှင်အဖြစ် ကျင်းပပြီး ဂျာမနီအသင်းနဲ့ ဘောလုံးကန်နေချိန် - ပဲရစ်မြို့မြောက်ဘက်က အမျိုးသားအားကစားကွင်းအနီး စားသောက်ဆိုင် တခုမှာ ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွင်း လူတော်တော်များများ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှုကြောင့် အားကစားကွင်းအတွင်းကလည်း ကြားခဲ့ရပြီး ဒီဘောလုံးပွဲမှာ ပြင်သစ်သမ္မတ Francois Hollande လည်း သွားရောက် ကြည့်ရှုနေပြီး၊ သူ့ကို ရဲတွေက ခေါ်ထုတ်သွားခဲ့သလို၊ ဘောလုံးပွဲကို ရပ်လိုက်တဲ့အခါမှာလည်း ပရိသတ်တွေဟာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပဲရစ်က အတိုက်ခိုက်ခံလိုက်ရတဲ့ စားသောက်ဆိုင်။(နိုဝင်ဘာ ၁၃၊ ၂၀၁၅)
 သေနတ်သမားတွေက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ နေရာတချို့မှာ သေနတ်နဲ့ပစ် ဗုံးဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့ပြီး၊ မြို့တော်ရဲ့ ဘတ်တာကလန် ပြပွဲရုံမှာ ဓားစာခံတွေကို ထိန်းထားတယ်လို့ ပြင်သစ်အရာရှိတွေက ပြောဆိုခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အယောက် ၄၀ ထက်မနည်း သေဆုံးခဲ့ပြီး၊ ဒါဇင်နဲ့ချီ ဓားစာခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ အစောပိုင်း သတင်းတွေ မှာ ဖော်ပြကြပါတယ်။

အနည်းဆုံး သေနတ်သမား ၁ ဦးကနေ မြို့တော်ရဲ့ ၁၀ လမ်းမှာရှိတဲ့ စားသောက်ဆိုင် တခုမှာ မောင်းပြန်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောဆိုပါတယ်။

နောက်ထပ် တိုက်ခိုက်မှုတခုကတော့ ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ ဂျာမနီအသင်းနဲ့ ဘောလုံးပွဲကျင်းပရာ အမျိုးသား အားကစားကွင်းအနီး စားသောက်ဆိုင်တခုမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ဒီဘောလုံးပွဲကို ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန် လည်း သွားရောက်ကြည့်ရှုနေပြီး၊ ပေါက်ကွဲမှုကြောင့် ထွက်ခွာခဲ့ရပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မတဟာ လောလောဆယ် အရေးပေါ် အစည်းအဝေး တရပ် ကျင်းပနေတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ - ပဲရစ်မြို့မှာ ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ကြမယ့် - ကုလသမဂ္ဂကနေ ကြီးမှူးကျင်းပတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ မတိုင်ခင် ရက်သတ္တပတ်အလိုမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 IS လူသတ်သမား Jahidi John သေဆုံး
အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ရဲ့ ဗီဒီယို တွေထဲက ခေါင်းဖြတ် လူသတ်သမား ဂျီဟာဒီ ဂျွန် ကို အမေရိကန် နိုင်ငံက ဒရုန်းနဲ့ တိုက်ခိုက်မှု လုပ်ခဲ့စဉ် ထိမှန် သေဆုံး ခဲ့ပြီ ဖြစ်ကြောင်း စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဗြိတိန် နိုင်ငံသား ဂျီဟာဒီ ဂျွန် တစ်ဖြစ်လဲ မိုဟာမက် အမ်ဝါဇီ သေဆုံးခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် စစ်ဘက် အကြီးတန်း အရာရှိ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဂျီဟာဒီ ဂျွန် ကို တိုက်ခိုက် နိုင်ခဲ့တာနဲ့ ပါတ်သက်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က အမ်ဝါဇီ ဟာ ရက်စက် ကြမ်းကြုတ်တဲ့ လူသတ်သမား ဖြစ်ပြီး သူ ဗြိတိန် နိုင်ငံက ကယ်ဆယ်ရေး ဝန်ထမ်းကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဗီဒီယို ကို မြင်တွေ့ခဲ့ရတာ အလွန် တုန်လှုပ်ခဲ့ရ ကြောင်း ပြောပါတယ်။

ဗြိတိန်၊ ဆီးရီးယား နိုင်ငံတွေ အပါအဝင် တကမ္ဘာလုံးက အပြစ်မဲ့သူတွေကို အန္တရာယ် ပေးမဲ့ သူ ဖြစ်ပြီး အခုလို တိုက်ခိုက်မှုဟာ မိမိကိုယ်ကို ခုခံ ကာကွယ်တာ ဖြစ်လို့ မှန်ကန်တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ပါတယ်။

IS အဖွဲ့က အရေးပါတဲ့ ဂျီဟာဒီ ဂျွန် ကို တိုက်ခိုက် နိုင်ခဲ့တဲ့ အတွက် IS အဖွဲ့အပေါ်မှာ စိတ်ဓါတ် ရေးရာ အရ အောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း ဝါရှင်တန်မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

B-52 အမေရိကန် ဗုံးကျဲလေယာဉ်။
တောင်တရုတ်ပင်လယ်အတွင်း နယ်မြေ အငြင်းပွါးမှုဖြစ်ပွါးနေတဲ့ ကျွန်းစုအနီး ဒီသီတင်းပတ် အစောပိုင်းက အမေရိကန်တပ်ရဲ့ဗုံးကြဲလေယာဉ် B-52 ၂ စင်း ပျံသန်းသွားချိန်မှာ တရုတ်မြေပြင်ထိန်းချုပ်ရေးစခန်း ဘက်က နှုတ်အားဖြင့် ၂ ကြိမ် သတိပေးလာတယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေကပြောပါတယ်။

အမေရိကန်လေတပ်အခြေစိုက်စခန်း Guam ကနေB-52 ဗုံးကြဲလေယာဉ်တွေဟာ Spartley ကျွန်းစုအနီးနိုင်ငံတကာလေပိုင်နက်အတွင်း ပုံမှန်ပျံသန်းမှုတွေကို နိုဝင်ဘာလ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ ပင်တဂွန်ပြောခွင့်ရ Bill Urgan ကမနေ့ ကြာသပတေးနေ့ ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေကို အမြဲတမ်း လိုက်နာပျံသန်းတဲ့ ဒီလေယာဉ် ၂ စင်းဟာ ဘယ်လို အနှောင့်အယှက်မှ မရှိဘဲ ပုံမှန်အတိုင်းဆက်လက် ပျံသန်းသွားခဲ့ တယ်လို့လည်း သူက ဆိုပါတယ်။

ရေကြောင်းလေကြောင်းဆိုင်ရာလွပ်လပ် သွားလာပျံသန်းခွင့် ကိုအကြောင်းပြပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာနဲ့လုံခြုံရေးကို လျှော့တွက်တဲ့ လုပ်ရပ်မျိုးကို ဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei က ဒီကနေ့ သောကြာနေ့မှာပြောပါတယ်။ ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ တိုင်ဝမ်၊ ဗီယက်နမ်နဲ့ တရုတ်တို့အကြား နယ်မြေပိုင်ဆိုင်မှုအငြင်းပွါးနေတဲ့

တောင်တရုတ်ပင်လယ်တွင်း အမေရိကန်တပ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ် အတိုင်းလွပ်လပ်စွာ ကင်းလှည့် ပျံသန်းနေခဲ့တာပါ။ နောက်သီတင်းပတ်အတွင်း ကျင်းပမယ့် အာရှ ပစိဖိတ် ထိပ်သီးညီလာခံအတွင်း တောင်တရုတ်ပင်လယ်အရေး တင်းမာမှုတွေတိုးလာ နေတဲ့ကိစ္စကို အသားပေးဆွေးနွေးကြမယ်လို့ ယူဆရပါတယ်။ ဒီထိပ်သီး ညီလာခံကို အမေရိကန်သမ္မတ ဘရက်အိုဘားမား တက်ရောက်ဖို့ရှိပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲပေးခွင့် ဆုံးရှုံးသူတွေ ရှိခဲ့
မဲပေးခွင့် ရတဲ့ အရည်အချင်းနဲ့ ပြည့်စုံ ကိုက်ညီ ပါလျက် နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲ မှာ မဲပေးခွင့် မရခဲ့လို့ ဆိုပြီး မြင်းခြံမြို့ ကနေ ပထမဆုံး အဖြစ် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ကို တရားစွဲ အမှုဖွင့် လိုက် ပါပြီ။

မြင်းခြံ ရွေးကောက်ပွဲ စောင့်ကြည့် ရေး အဖွဲ့နဲ့ မြို့မိ မြို့ဖ တွေက ကူညီ ပေးခဲ့ပါ လျက် နဲ့ မြို့နယ် ကော်မရှင် က လျစ်လျူရှု ခဲ့မှု အပေါ် မဲပေးခွင့် ဆုံးရှုံးသူ ကိုယ်တိုင် တရားစွဲ လိုက်တာပါ။

မြင်းခြံ အမှတ် ၁၇ ရပ်ကွက် က ဒေါ်ဌေးဌေးမြင့် က သူနဲ့ အတူနေ ၂ ယောက် ပထမ အကြိမ် မဲစာရင်း မှာ မပါဝင်လို့ ကော်မရှင် မှာ လျှောက်ထား ခဲ့ပေ မယ့် နိုဝင်ဘာ ၂ ရက် နေ့ထိ ပါမလာသေး လို့ ရပ်ကွက် ကော်မရှင် ကို ထပ်မံ လျှောက်ထား ခဲ့တော့ မဲပေးခွင့် ရမယ် ဆိုပြီး ကတိပြု လိုက်တယ် လို့ သိရ ပါတယ်။

ရွေးကောက်ပွဲ နေ့မှာ မဲပေးခွင့် မရလို့ စာရင်းနဲ့ ပြန်စစ်ကြည့် တော့ ငယ်စာရင်း မှာ ပါတဲ့ အတွက် ညနေ ၄ နာရီ မထိုးခင် မဲရုံပေါက် အမြန် သွားဖို့ လွှတ်လိုက် ပေမယ့် ည ၁၂ နာရီထိ မဲ ပေးခွင့် မရ ခဲ့လို့ ခုလို တရားစွဲ တာလို့ ဒီကိစ္စ ကို မဲပေးဖို့ အချိန် ကနေ တရားစွဲဖို့ ထိ လိုက်ပါ ကူညီပေးခဲ့တဲ့ မြင်းခြံ စည်ပင် သာယာ ကော်မတီ အဖွဲ့ဝင် ဒေါက်တာ ဝင့်သူ က ပြောပါတယ်။

မြင်းခြံနယ် မှာ ဒီလို မဲပေးခွင့် ဆုံးရှုံးသူ ရာဂဏန်း ရှိ တယ် လို့လည်း ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

အမေရိကန်သံအမတ်ကြီး Derek Mitchell ကို နိုဝင်ဘာ ၁၃ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ Photo: Win Ko Ko Latt/ RFA
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ကနဦးအဆင့်သာဖြစ်ပြီး စိန်ခေါ်မှုတွေ အများအပြား ရှိနေသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။

ဒီနေ့ နေပြည်တော်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်အေးနဲ့ တွေ့ဆုံအပြီးမှာ အမေရိကန်သံအမတ်ကြီးက သတင်းမီဒီယာသမားတွေ ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"ရွေးကောက်ပွဲဟာ အများပြည်သူတွေရဲ့ ဆန္ဒကို ထင်ဟပ်ကြောင်းနဲ့ ငြိမ်းချမ်းစွာ ပြီးဆုံးသွားတာဟာ အားလုံးမျှော် လင့်ထားတဲ့အတိုင်း ဖြစ် လာကြောင်း ဒီရွေးကောက်ပွဲဟာ လာမယ့် ပြုပြင်ပြောင်းလဲရေးအတွက် ကနဦး အဆင့်ဖြစ်ကြောင်း၊ မိမိအနေနဲ့ ကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ ဆွေးနွေးတဲ့အထဲမှာ ရွေးကောက်ပွဲအတွင်း ဖြစ်ပေါ် ခဲ့တဲ့ တိုင်တန်းထားတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ကြောင်း" ပြောခဲ့တာဖြစ် ပါတယ်။

ဒါ့အပြင် ဘယ်နိုင်ငံက ရွေးကောက်ပွဲမဆို အားလုံးပြီးပြည့်စုံပြီး အပြစ်ကင်းတဲ့ ရွေးကောက်ပွဲဆိုတာ မရှိကြောင်း နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခက်အခဲပေါင်းစုံကြားကနေ အောင်မြင်အောင် ကျင်းပနိုင်ခဲ့တာဖြစ် တယ်လို့လည်း အမေရိကန်သံအမတ်က ကော်မရှင်ကို ဂုဏ်ပြုပြောဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးနဲ့ တွေ့ဆုံခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ဒုတိယ သံအမတ် Ichiro Maruyama ကလည်း လာမယ့် အစိုးရသစ်ဟာ ပြည်သူတွေရွေးချယ်ပေးခဲ့တဲ့ အစိုးရဖြစ်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ အကူအညီတွေ ပိုပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သတင်းမီဒီယာ သမားတွေကို ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese

ပြင်သစ်နိုင်ငံပဲရစ်မြို့ မှာ ယနေ့ ညပိုင်း(မြန်မာစံတော်ချိန်မနက်ပိုင်း) ဗုံးကွဲ မှုနှင့် အကြမ်းဖိုက်တိုက်ခိုက်ခံရမှုများကြောင့် သေဆုံးသူ ၁၅၃ဦးကျော်သွားပြီဖြစ်သည်။
ထို့ကြောင့် ပြင်သစ်သမ္မတ အော်လန်ဒ်က တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာ ထားပြီး ပြင်သစ်ကို ၀င်လာနိုင်သည့် နယ်စပ်ဂိတ်များကို ပိတ်ထားလိုက်သည်။
ပဲရစ်မြို့ လယ်ခေါင်က Bataclan ကဇတ်ရုံမှာတင် အကြမ်းဖက်သမားများကြောင့် သေဆုံးသူ အနည်းဆုံး ၁၀၀ ရှိကြောင်းသိရသည်။
ပြဇာတ်ရုံကို အကြမ်းဖက်သမားတွေက ၀င်ရောက်စီးနင်းပြီး လူတွေကို ကြမ်းပေါ်လှဲခိုင်းကာ သေနတ်နှင့်ပစ်ကြောင်း အသက်ဘေးကလွှတ်လာသူ မျက်မြင်သက်သေတွေက ပြောသည်။

ထို့အပြင် သေနတ်သမားများက လူ ၆၀ ခန့် ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားကြောင်း လည်းသိရပါသည်။
တခြားသေဆုံးသူများကတော့ မြို့ လယ်ခေါင်စားသောက်ဆိုင်မှာ အသေခံဗုံးခွဲမှနှင့် သေနတ် နှင့်ပစ်ခတ်ရမှုတို့ ကြောင့်ဖြစ်ပါသည်။
ယခုအခါ ပဲရစ်မှာမြို့သူ မြို့သားတွေကို အာဏာပိုင်တွေက တံခါးတွေပိတ်
အိမ်ထဲမှာပဲနေခိုင်းပြီး လုံခြူံရေးတပ်သား ၁၅၀၀ ကို တစ်မြို့ လုံးအနှံ့ ချထားလိုက်ပါသည်။
အမေရိကန်ပြည်ထောင်စုကတော့ သည်သတင်းအတွက် ၀မ်းနည်းထိခိုက်ကြရပြီး သူ၏မဟာမိတ်ပြင်သစ်နိုင်ငံနှင့်အတူ ရပ်တည်တိုက်ပွဲဝင်သွားမည်ဟု ကြေညာလိုက်ပါသည်။

ကိုးကား စီအန်အန်၊ ဘီဘီစီသတင်းများ

7Day News Journal

 ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံ နဲ့ အန်အယ်ဒီ အမှတ်တံဆိပ်တွေနေရာအနှံ့တွေ့ရ
ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၃ နာရီအချိန် ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်ပေါင်း အနိုင်ရကိုယ်စားလှယ် စုစုပေါင်း ၃၆၉ ဦး ရှိနေပြီ ဖြစ်တာကြောင့် အစိုးရဖွဲ့ရန် လိုအပ်တဲ့ ကိုယ်စားလှယ်ထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။

တပါတီတည်း အစိုးရဖွဲ့နိုင် ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ် (၃၂၉) ဦး လိုအပ်တာ ဖြစ်ပါတယ်။

လက်ရှိအာဏာရ အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ပြည်သူ့လွှတ်တော်မှာ ၂၈ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁၂ နေရာ သာရရှိထားပါသေးတယ်။

BBC Burmese
http://www.bbc.com/burmese


 ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်၊ ၁၃၇၇ ခုနှစ် သီတင်းကျွတ် လဆုတ် ၁၁ ရက် တနင်္ဂနွေနေ့။

မြန်မာနိုင်ငံသူ နိုင်ငံသားအများစုကြီးတို့၏ (လက်နက် စွဲကိုင်မထားသော၊ သေနတ်တချက်မဖောက်သော) တော်လှန်ရေးနေ့ ထူးနေ့မြတ်ကြီးပင် ဖြစ်ပါသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နောက် ပိုင်းတွင် ပြည်သူလူထု၏ရင်ထဲက ဆန္ဒအစစ်အမှန် ဘာဆိုသည်ကို တရားဝင်ဖော်ထုတ်လှစ်ဟပြသခွင့်ရလိုက်သည့်နေ့ လည်း ဖြစ်ပါသည်။ ''ငါတို့က လမ်းတွေဖောက်၊ တံတားတွေဆောက်၊ ကားသွင်းခွင့်တွေပေး၊ ကျပ် ၁၅၀၀ တန် ဖုန်းတွေ ရောင်းပေးထားတာ၊ ပြည်သူလူထုက ငါတို့ဘက်မှာပဲ အမြဲရှိလိမ့်မယ်''ဟု ပကတိအခြေအနေနှင့် လွဲမှားခံယူထားကြ သူများအတွက်လည်း တကယ့်အမှန်တရားကို ဘွားဘွားကြီးတွေ့ရှိလက်ခံ လိုက်ရသောနေ့ ပင် ဖြစ်ပါတော့သည်။

ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းတင်သွင်းထားသူများမှာ ဗိုလ်ချုပ်ကြီး(ငြိမ်း)များ၊ ၀န်ကြီး ဒုဝန်ကြီး(ငြိမ်း)များ၊ ညွှန်ချုပ်ဦးဆောင်ညွှန်မှူး(ငြိမ်း)များ၊ ကုမ္ပဏီပိုင်ရှင် ထိတ်ထိတ်ကြဲသူဌေးသူကြွယ် ခရိုနီ ကြီးများ၊ လူသိများ၍ ထင်ရှားသူများချည်းသာဖြစ်ကြပါသည်။ ဒီချုပ်မှ ကိုယ်စားလှယ်လောင်းများ အမည်စာရင်း ထွက်လာတော့ အများစုမှာ လူမသိသူများဖြစ်နေကြပါသည်။ လူငယ်၊ လူရွယ်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များ အရေအတွက်က များပါသည်။ သို့သော် အမျိုးသမီးကိုယ်စားလှယ်လောင်းများထဲတွင် ငယ်ရွယ် ချောမောလှပသူတွေ တော်တော်များများပါရှိနေသည်မို့ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ 'ဘယ်သူလေးကို ပဲ မဲပေးတော့မယ်'၊ 'ဘယ်သူလေးကို ၀န်းရံကြ၊ ဒုန်း ဒုန်း' စသည်ဖြင့် တက်လာကြ၍ အချို့က 'ဘာအရည် အချင်းမှမရှိဘဲ ရုပ်ပြမဲတောင်းမယ့်ဟာတွေ'၊ 'ဒီကြွက်စုတ်လေးတွေ၊ နှံပြည်စုတ်လေးတွေက ခြင်္သေ့ကြီးကို တက်ခွပ်မလိုတဲ့ ခ်ခ်ခ်'ဆိုသည့် သရော်စာတွေ ပလူပျံသွားခဲ့ပါသေးသည်။ သူတို့၏ ပြိုင်ဘက်ကိုယ်စားလှယ် လောင်းကြီးများမှာမူ အသက်၊ ရာထူး၊ လုပ်သက်တွေက ချိုးကပ်နေပြီးဖြစ်၍ ပါးရည်နပ်ရည်ရှိပြီး စားရည်ဝနေ သူများ (မှားလို့) အတွေ့အကြုံကြွယ်ဝနေသူများ ဖြစ်ကြရာသည် မနူးမနပ်လေးတွေတော့ နယ်ရုပ်လေးတွေလို ထိုးအကျွေးခံလိုက်ရပါပြီဟု ထင်မြင်ယူဆကာ သနားသူက သနားမိကြပါ၏။

ယခုတော့မူ ပြည်သူလူထုအများစု၏ရင်ထဲမှာ ဘာတွေရှိသည်၊ ဘယ်သူတွေကို နှစ်လိုမျှော်လင့်နေကြသည်၊ ဘယ်သူတွေကို ရွံရှာစက်ဆုပ်နေကြသည်ဆိုသည်တို့ကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟဖော်ထုတ်ပြလိုက်ကြပါပြီ။ တကယ့် အကောင်ကြီးကြီးများ ဗုန်းခနဲ ဗုန်းခနဲ အလဲထိုးခံလိုက်ရပါပြီ။
အခြားတဖက်ကလည်း အနုနည်းနှင့် စည်းရုံးဆွဲဆောင်သည်။ တသက်နှင့်တကိုယ် မရောက်ဘူးသောဒေသ (အထူးသဖြင့် မြို့ငယ်များ၊ ကျေးလက်များ)သို့သွားကာ ဒေသခံပြည်သူများအပေါ် ချစ်ပြလိုက်သည်မှာ ကိုယ် အမတ်ဖြစ်၊ ၀န်ကြီးဖြစ် ကုန်ကုန်ပြောရလျှင် လူဖြစ်လာရသည်မှာပင် သည်ဒေသအတွက် သက်သက်ဖြစ် သယောင် ပြောဆိုကုန်ကြပါတော့သည်။ တောသူတောင်သားတွေခမျာ ''အကြီးအကဲဆိုတာကြီးတွေကို ခုမှ အရှင်လတ်လတ် မြင်ဖူးကြတာ၊ လက်ဆွဲ နှုတ်ဆက်ဖူးကြတာ၊ အတူတွဲပြီး ဆယ်လ်ဖီရိုက်လို့လည်းရတယ်။ တရွာလုံးလည်း လင်းထိန်ဖြောင့်ဖြူးလို့၊ မူလတန်းကျောင်းအသစ်နှင့် ရွာဦးကျောင်းက ဆွမ်းစားဇရပ် အသစ်ကြီးနှင့်။ သိမ်အသစ်ကြီးကလည်း ဟီးလို့။ အစိုးရ=မင်းများ၊ စေတနာကြီးလိုက် ကြတာနော်။ သူတို့ ကျေးဇူးတွေ ဆပ်မကုန်အောင်ပါပဲ။ လာမယ့် ရွေးကောက်ပွဲကျရင် အဲဒီလူကြီးတွေကိုပဲ ထည့်ကြမဟဲ့''ဟူ၍ တွေးတောယူဆနေကြလိမ့်မည်ဟု ထိုလူကြီးများက တဖက်သတ်ခံယူထားခဲ့ကြပါသည်။ ''ဟိုပါတီကဟာတွေ ဘယ်တုန်းက လမ်းခင်းပေးဘူးလဲ၊ သစ်ပင်စိုက်ပေးဘူးလဲ။ ပြောတော့ လူ့အခွင့်အရေးတဲ့၊ လက်တွေ့ကျ ဘာများလာလုပ်ပေးလို့လဲ''ဟုလည်း စည်းရုံးကြပါသေးသည်။

သို့သော် တောသူတောင်သားလက်တွင် အင်တာနက်လိုင်းပေါ်တက်နိုင်သည့် မိုဘိုင်းလ်ဖုန်းရှိပါသည်။ စာနယ်ဇင်းအပါအ၀င် မီဒီယာတွေကလည်း ပျံ့နှံ့မြန်လိုက်သမှ။ သည်တောသူတောင်သားတွေသည် ရန်ကုန်မှာ ဘယ်လို၊ မန္တလေးမှာ ဘယ်ပုံ၊ တောင်ကြီးမှာ မည်သို့ဆိုသည်သာမက အမေရိကန်မှ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊ ရုရှာမှာ၊ တရုတ်မှာ အကုန်သိနေကြသူတွေပင် ရှိပါသည်။ သူတို့အပေါ် အပေါ်ယံပါးစပ်လေးနှင့် ချစ်ပြတာ၊ မဲဆွယ်ချိန် မဲပေးချိန်နှစ်လလောက်ပဲ ချစ်ပြတာလား။ တကယ့်စိတ်ရင်း အမှန်လားဆိုသည်ကိုလည်း ခွဲခြား တတ်ကြပါသည်။
သူတို့တွေဘက်က လူနှင့်ငွေနှင့် အခွင့်အရေးနှင့်ဖိ၍ တရကြမ်းထိုးစစ်ဆင်နေကြချိန်မှာ ဒေါ်အောင်ဆန်းစု ကြည်ဘက်က ခံစစ်ပြင်လိုက်ပါပြီ။ သူသွားနိုင်သမျှ တိုင်း/ပြည်နယ်တွေသို့ ကိုယ်တိုင်အရောက်သွားကာ သူ့ ကိုယ်စားလှယ်လောင်းတွေကို မိဘပြည်သူရင်ခွင်မှာ အပ်နှံခဲ့ပါသည်။ အဓိကစကားကြီးနှစ်ခွန်းကိုလည်း ရောက်လေရာမှာ ပြောခဲ့ပါသည်။ 'ပြောင်းလဲချိန်တန်ပြီ'ရယ်၊ 'လူကိုမကြည့်ပါနှင့် ပါတီကိုပဲကြည့်ကြပါ၊ ဒီတခါ ကျွန်မတို့ ပါတီအနိုင်ရမှ အာဏာရှင်စနစ်ကို တွန်းလှန်နိုင်မှာမို့ပါ'ရယ်ပဲ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏စကားကြီးနှစ်ခွန်းသည် တက်တက်စင် မှားနေကြောင်း၊ လက်ရှိအစိုးရ စတက်လာက တည်းကပင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေခဲ့သည်ကို တွေ့မြင်ကြားသိနေပါလျက် ယခုမှ ပြောင်းလဲချိန် တန်ပြီဟု ထအော်နေခြင်းမှာ ဘာကြောင့်၊ ညာကြောင့်ဟု ချေဖျက်ကြသလို လူကိုမကြည့်ဘဲ အဆင့်အတန်း မရှိ၊ အရည်အချင်းမရှိတဲ့သူတွေကို မဲပေးလိုက်ရင် အဲဒီပါတီကြီး ဟာ . . . ဟုလည်း ရှုတ်ချခဲ့ကြပါသည်။ သူတို့ ပြောတာကို ဟုတ်ယောင်၊ မှန်လိမ့် အထင်ေ၀၀ါးသွားသူအချို့ရှိခဲ့ကြသော်လည်း ပြည်သူအများစုကြီးကတော့မူ ဘယ်သူပြောတာကမှန်သည်ဆိုခြင်းကို နားလည်လက်ခံခဲ့ကြပါသည်။ ယင်းသို့ နားလည်လက်ခံခဲ့ကြခြင်း၏ အကျိုးဆက်ကိုလည်း နိုဝင်ဘာလ ၈ ရက်မှာ အသည်းကြားမှ မဲပြားတွေနှင့် ပြသလိုက်ကြပါပြီ။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့က ပုဒ်မ ၅၉(စ)ကို ပြင်နိုင်ရမည်။ ပုဒ်မ ၅၉(စ)ကို ပြင်နိုင်ဖို့က ပုဒ်မ ၄၃၆ ကို အရင်ဆုံးပြင်ရမည်။ ပုဒ်မ ၄၃၆ ကို ပြင်နိုင်ရန်မှာ လွှတ်တော်ကိုယ်စားလှယ်အရပ်သား(အားလုံး)နှင့် တမတ်သား(ထဲကအနည်းဆုံးတယောက်)သဘောတူထောက်ခံမှ ဖြစ်မည်။ တမတ်သားထဲက တယောက်ခွဲ ထွက်လာပြီး ဆန္ဒပြုသည်ဆိုခြင်းမှာ လူမသေဘူးသောအိမ်မှ မုန်ညင်းဆီတောင်းခိုင်းသလို ဖြစ်နေပါတော့ သည်။ သည်လောက် ခိုင်လုံတောင့်တင်းလှသော ခံတပ်ကြီးကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုမှ ကျော်ဖြတ် ဖောက်ထွင်း မသွားနိုင်ပါ။

ကျွန်တော်အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်လေးစား မြတ်နိုးသူအားလုံးမှာလည်း သည်အတွက် စိတ်မကောင်းဖြစ်မိကြပါသည်။ လူထုချစ်မြတ်နိုးသော လူထုခေါင်းဆောင်ကို နိုင်ငံအကြီးအကဲအဖြစ် မတွေ့မြင် နိုင်ခြင်းအတွက်လည်း များစွာမှ ထိခိုက်ခံစားခဲ့ရပါသည်။ ဒီချုပ်ဘက်က လူတွေ သည်လိုခံစားကြရလေ သူတို့ ဘက် ပိုအရသာတွေ့လေ ဖြစ်ခဲ့ကြပါသည်။
လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စာရေးဆရာကိုတာ၏ 'ဖြန့်ထွက်တွေးခြင်း'ဆိုသော စာအုပ်ကို ဖတ်ခဲ့ဖူးပါသည်။ ဖတ်နေစဉ်က ''ဟာ ဟုတ်သားပဲ၊ ဒီနေရာမှာ လူတွေက ဒီလိုတွေးနေကျပဲဆိုတော့ ငါလည်း ဒီလိုပဲ ၀င်တွေး လိုက်မိတာပေါ့။ ဟော ဟိုဘက်က လှည့်တွေးလို့လည်း ရတယ်ဆိုတာ မေ့သွားတာကိုး''ဟု ဆင်ခြင်မိခဲ့သော် လည်း ဖတ်ပြီးတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့ပါသည်။ ကျွန်တော်သည်လည်း ဖြန့်ထွက်တွေးသူတဦး မဟုတ်ဘဲ လူသာမန်တဦးပီပီ သမားရိုးကျသာတွေးနေမိခဲ့ပါသည်။

ကျွန်တော့်လို လူအားလုံး၏အတွေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ရိုက်ချိုးဖောက်ထွက်ပြလိုက်ပါသည်။ ''ဒီချုပ်ကို ကိုယ်စားပြုနိုင်တဲ့ လူတယောက်ကို သမ္မတအဖြစ် တင်မြှောက်မှာဖြစ်ပါတယ်။ ဒါပေမဲ့ အစိုးရ နှင့်ပတ်သက်တဲ့ ကိစ္စရပ်တွေကို ကျွန်မကပဲ ဆုံးဖြတ်ချက်တွေချသွားမယ်။ အစိုးရအဖွဲ့ကို ကျွန်မကပဲ ဦးဆောင်မယ်။ ဒီချုပ်ရဲ့မူဝါဒနှင့်ကိုက်ညီတဲ့ လူတယောက်ကို သမ္မတတင်မြှောက်သွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ မှာ ကျွန်မတို့နိုင်မယ်လို့ ပြောတာမဟုတ်ပါဘူး။ နိုင်ခဲ့ရင်လို့ ပြောတာပါ။ တကယ်လို့ ဒီချုပ်နိုင်လို့ အစိုးရဖွဲ့နိုင်မယ်ဆိုရင် ကျွန်မအနေနှင့် သမ္မတရဲ့ အထက်မှာ ရှိနေမယ်။ ရိုးရိုးလေးပါပဲ''ဟု ၅-၁၁-၂၀၁၅ ရက်က သူ၏နေအိမ်ခြံဝင်းအတွင်း ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲဝံ့ပြတ်သားစွာ ပြောကြားခဲ့ပါ သည်။ ကြားရသူအားလုံး 'ဟာ'ခနဲ 'ဟင်'ခနဲ ဖြစ်သွားကြပါတော့သည်။ အားလုံးက သမ္မတဖြစ်ဖို့ဆိုတာကိုပဲ စုပြုံတွေးနေမိကြချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအထက်နေဖို့ကို စဉ်းစား စီစဉ်ပြီးခဲ့ပါပြီ။ ဘာ ၅၉ (စ)တွေ၊ ဘာ ၄၃၆ တွေမှ ပြင်နေစရာမလိုတော့ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း သမ္မတအထက်မှာ မည်သူမျှ မရှိစေရဆိုသည့်အချက် မတွေ့မိပါ။ လက်ရှိကာလတွင်လည်း အာဏာခွဲဝေပိုင်ဆိုင်မှုအရ ကြည့်ပါ လျှင် သမ္မတထက်ပင် တပ်ချုပ်က ပါဝါပိုကြီးနေပါသေးသည်။ မလိုသူတွေကတော့ ပြောကြပါဦးမည်။ ''သည် မိန်းမကြီး သမ္မတအရူးထက် ပိုမြင့်တဲ့ရောဂါရသွားပြီထင်တယ်''ဟူ၍ အမနာပ ပြောကြလိမ့်မည် ထင်ပါသည်။

ကျွန်တော်တို့ကတော့မူ ဒေါ်အောင်ဆန်းစုကြည်၏ဖြစ်အောင်၊ ရအောင်လုပ်မယ်ဆိုသည့် စိတ်ဇွဲကိုလည်း ကောင်း၊ လူသာမန်တွေနှင့် အထူးကွာခြားလှစွာ တွေးခေါ်စဉ်းစားတတ်ပုံကိုလည်းကောင်း၊ လေးစားမြတ်နိုး မိသလို လူထုချစ်မြတ်နိုးသော ခေါင်းဆောင်ကို နိုင်ငံတော်၏ ဦးသျှောင်နေရာမှာ တွေ့မြင်ခွင့်ရတော့မည်ဟု တွေးမိတိုင်း တစိမ့်စိမ့် ကြည်နူးဝမ်းသာမိပါတော့သည်။

မှန်ဘီလူး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အများစု အနိုင်ရပြီး အစိုးရဖွဲ့စည်းနိုင်မယ့် အခြေနေမှာ ရှိနေပါပြီ။ တိုင်းရင်းသားဒေသတွေ အပါအ၀င် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် NLD ပါတီ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့အပေါ်နဲ့ နောက်(၅) မှာ ထွက်ပေါ်လာမယ့် အစိုးရသစ်အပေါ် အမြင်တွေနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းနှင့် မေးမြန်းဖြစ်ခဲ့ပါတယ်။

မေး ။ ။ နိုင်ဝင်ဘာ (၈)ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ဘာများသုံးသပ်ချင်လည်း ခင်ဗျ။

ဖြေ ။ ။ ပထမ တစ်ချက်အနေနဲ့ကတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( NLD) အနေနဲ့ ဒီရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားတဲ့အတွက် ကျွန်တော်တို့ ကျားဖြူပါတီကနေ ၀မ်းမြောက်စွာ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့ ဒီလောက် တောင်ပြိုကမ်းပြို နိုင်ခဲ့ သလဲဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးရဲ့ စိတ်ထဲမှာ အပြောင်းအလဲကို လိုချင်နေပြီ။ ဒီမိုကရေစီစနစ်ကို သွားချင်ပြီ ဆိုတာ လုံးလုံးလျားလျား ပြည်သူရဲ့ သဘောထားကို ဖော်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒါပြည်သူရဲ့ သဘောဆန္ဒပဲ။ ရှင်းရှင်းပြောရရင် ပြီးခဲ့တဲ့ အုပ်ချုပ်ရေး စနစ်ကို မကြိုက်တော့ဘူး။ အုပ်ချုပ်ရေး စနစ်သစ်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကို သွားချင်ပြီ ဆိုတာကို ဖော်ပြလိုက်တာပဲ။ ပြည်သူတွေက အပြောင်းအလဲကို လိုချင်တဲ့အတွက် NLDကို တောင်ပြိုကမ်းပြို မဲပေးခဲ့ကြတာပဲလေ။ ပြောချင်တာက NLDတော့ မဲအပြတ်သတ်နဲ့ အနိုင်ရခဲ့ပြီ။ တိုင်းရင်းသားတွေ ဒေသမှာလည်း NLD ကိုပဲ မဲပေးခဲ့ကြတယ်။ တိုင်းရင်းသား ဒေသတွေမှာ ကျွန်တော်တို့ကို ထိုက်သင့်သလောက်ပဲ မဲပေးခဲ့ကြတယ်။ အဲ့ဒါကလည်း ဘာဖြစ်လို့လည်းဆိုရင် NLD သာအနိုင်ရရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲဆန္ဒပေးခဲ့ ခြင်းပဲ ဖြစ်ပါတယ်။

မေး ။ ။ လက်ရှိထွက်ပေါ်လာတဲ့၊ UEC ကထုတ်ပြန်နေတဲ့ စာရင်းတွေအရတော့ NLD က အပြတ် အသတ် အနိုင်ရခဲ့တယ်ပေါ့။ တောင်ပြိုကမ်းပြို နိုင်ခဲ့တယ်လို့ ပြောလို့ရမှာပေါ့။ ဒါကလည်း ပြည်သူတွေအနေနဲ့ လူ ကို ကြည့်ရွေးတာမဟုတ်ပဲ ပါတီကိုပဲ ကြည့်ရွေးတာ၊ တစ်ပါတီ အာဏာရှင် စနစ်မျိုး ဖြစ်နေတယ် ဆိုတဲ့ ဝေဖန်သံ တွေလည်း ကြားနေရတယ်ပေါ့။ ဒီအပေါ်မှာလည်း နည်းနည်းသုံးသပ်ပေးပါဦး။ အန်ကယ်ကော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ တစ်ပါတီစနစ်ပုံစံမျိုးတော့ မဖြစ်နိုင်ဘူး။ သွားနေတဲ့ ပုံစံကလည်း ပါတီစုံ ဒီမိုကရေစီ စနစ်ပဲလေ။ ပြည်ခိုင်ဖြိုး အနေနဲ့ကတော့ စစ်မှန်တဲ့ အတိုက်အခံ ပုံစံမျိုး လုပ်ပေးဖို့တော့ လိုတာပေါ့။ ဒီလည်း အများ ကြီး မနိုင်ဘူး။ လွှတ်တော်အမတ်(၁)နေရာပဲ နိုင်တယ်ဆိုပေမယ့် တိုင်းပြည်ကောင်းစားဖို့အတွက် တို့ကတော့ အ ပြုသဘောနဲ့ ဝေဖန်သွားမှာပဲ။ အပြုသဘောနဲ့ ထောက်ပြသွားမှာပဲ။

မေး ။ ။ ပြည်ခိုင်ဖြိုးအနေနဲ့ကကော အဲဒီလို အတိုက်အခံ ပါတီတစ်ခုအနေနဲ့ ရပ်တည်မယ့် အနေအထား တွေ့ ရလားဗျ။

ဖြေ ။ ။ ဒါကတော့ သက်ဆိုင်တဲ့ ပါတီရဲ့ သဘောထားပေါ်မှာလည်း မူတည်တာပေါ့။ ဒါပေမယ့် အန်ကယ်တို့ တော့ အားပေးချင်တယ်ဗျာ။ ဒီမိုကရေစီစနစ်မှာ (၅)နှစ်တစ်ကြိမ်ပဲလေ။ NLD အစိုးရဖွဲ့ပြီးတော့ တိုင်းပြည် အုပ်ချုပ်ကြည့်ပါဦး။ ဘယ်လောက်ဖြစ်လာမလဲ။ ဖြစ်လာရင် အတိုက်အခံပါတီတွေက အပြုသဘောနဲ့ ဝေ ဖန် ထောက်ပြရမှာပဲလေ။ ပြီးခဲ့တဲ့ (၅) နှစ်ကလည်း NLDက အတိုက်အခံအနေနဲ့ လုပ်လာခဲ့ပြီးပြီပဲ။ ပြီးခဲ့တဲ့ န.၀. တ၊ န.အ.ဖ တို့တော့ ထားလိုက်ပါတော့။ ရွေးကောက်ပွဲက တက်လာတာမှ မဟုတ်ပဲ။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရဆိုရင် (၅)နှစ် သက်တမ်းပဲ ရှိတယ်လေ။ NLDက အတိုက်အခံ လုပ်လာပြီးပြီ။ ခုတစ်ခါ NLD က အစိုးရဖြစ်မယ်။ ပြည်ခိုင်ဖြိုးက ပြန်ပြီးတော့ အတိုက်အခံ ပြန်လုပ်ရမှာပေါ့။

မေး ။ ။ NLD အစိုးရ တက်လာပြီဆိုရင်ကော လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးပြဿနာတွေကို လျော့ချနိုင်ပါ့မလား။ သူတို့အနေနဲ့ လက်နက်ကိုင် ပဋိပေက္ခကို ဖြေရှင်းနိုယ်မယ်လို့ မြင်းလာ ခင်ဗျ။

ဖြေ ။ ။ အန်ကယ်တို့က တိုက်တွန်းမှာပဲလေ။ တိုင်းရင်းသားတွေ အားလုံးကော ပြည်သူလူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေးကို မျှော်လင့်နေတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည် တွင်းစစ်ကြီးက အရမ်းကို ကြာသွားပြီလေ။ နှစ်ပေါင်း(၆၀)ကျော်သွားပြီ။ (၇၀)နားကပ်နေပြီ။ ဒီလက်နက်ကိုင် ပဋိပေက္ခက ရပ်သင့်ပြီဗျ။ ရပ်ပြီးတော့ စားပွဲဝိုင်းမှာ ဆွေးနွေးသင့်ပြီဗျ။ လက်နက်နဲ့ ဖြေရှင်းလို့မရဘူး။ စားပွဲ ၀ိုင်းမှာ နိုင်ငံရေး နည်းနဲ့ပဲ ဖြေရှင်းသင့်တယ်။ တိုင်းရင်းသားတွေရဲ့ ခံစားချက်ကိုအလေးထားပြီးတော့ စစ်မှန် တဲ့ ဖက်ဒရယ်ပြည်ထောင်စုရအောင် လုပ်ရမယ်။ ဖက်ဒရယ်ပြည်ထောင်စုရရင်တော့ ငြိမ်းချမ်းရေးရမယ်လို့ တို့ကတော့ ယုံကြည်တယ်လေ။ NLD က အစိုးရသစ်ဖွဲ့မယ်ဆိုရင် သူက ပိုပြီးတော့တောင် ပြည်သူရဲ့ ဆန္ဒ အစစ်အမှန်နဲ့ရွေးကောက်တင်မြောက်လို့ ရတဲ့အစိုးရဆိုရင် ပိုပြီးတော့တောင် လုပ်ရတာ လွယ်မယ်လို့ ထင် တယ်လေ။

မေး ။ ။ ရွေးကောက်ပွဲ ရလဒ်တွေကတော့ ထွက်လာပြီပေါ့နော်။ ဒီရလဒ်တွေအရဆိုရင် မကြာခင်မှာ လက်ရှိအစိုးရအနေနဲ့ အာဏာလွှဲ ပြောင်းပေးရတော့မှာပေါ့။ အဲဒီ အာဏာလွှဲပြောင်းပေးရေးမှာကော ဘယ်လိုအဟန့်အတားမျိုးတွေ ကြုံရနိုင်လဲ ခင်ဗျ။

ဖြေ ။ ။ သမ္မတကြီးကလည်း ကတိပေးပြီးပြီ။ငြိမ်းချမ်းစွာ အာဏာလွှဲပေးမှာပဲလေ။ မလွှဲပေးလို့ လည်းမရ ဘူးလေ။ ဒီအခြေခံဥပဒေအရ။ (၉၀) ခုနှစ် ရွေးကောက်ပွဲကို သွားမတွက်နဲ့ ၊ ၁၉၉၀ က အခြေခံဥပဒေမှ မရှိပဲ။ဒါအခြေခံဥပဒေရှိတယ်လေ။ အခြေခံဥပဒေရှိတဲ့အတိုင်းက လွှဲပေးရမှာပဲ။မလွှဲပေးလို့မှမရတာ။ သာ မန်ပြည်သူတွေကတော့ စိုးရိမ်မှာပေါ့လေ။

မေး ။ ။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLDပါတီက လိုလားနေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စမှာကော သူတို့အစိုးရ လက်ထက်မှာ အောင်မြင်နိုင်ပါ့မလား။ ဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။

ဖြေ ။ ။ တစ်ချို့ဟာတွေတော့ လုပ်လို့ရမှာပေါ့။ အဓိက ဟာက ဒီ ၄၃၆ လိုဟာမျိုးကတော့ တပ်မတော်ကို စည်းရုံးရမှာပေါ့။ တပ်မတော်မပါဘူး၊ ၂၅ ရာခိုင်နှုန်းရဲ့ ဆန္ဒမပါဘူးဆိုရင် သိမ်မလွယ်ဘူး။ တစ်ချို့ဟာ တွေ တော့ ပြင်နိုင်တာပေါ့။ ဒါပေမယ့် တစ်ချို့ ပုဒ်မတွေ တော့ ခက်နေတာပေါ့။

မေး ။ ။ ရွေးကော်ပွဲရလဒ်တွေအရေတော့ NLDပါတီက အစိုးရဖွဲ့ခွင့်ရသွားပြီပေါ့နော်။ အဲဒီတော့ လာမယ့် (၅)နှစ်မှာ တက်လာမယ့် အစိုးရသစ်အဖွဲ့ကို ဘယ်လို အကြံပြုစကားတေါ ပြောချင်လဲ၊ သူတို့အနေနဲ့ ဘယ်လိုအပိုင်းတွေကိုအဓိကထား ပြုပြင် ပြောင်းလဲ သင့်တယ်လို့ထင်လဲ။

ဖြေ ။ ။ NLD အစိုးရ ဖြစ်လာပြီဆိုရင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေက ၀င်လာတော့မယ်လို့တော့ ထင်တယ်ဗျ။တိုင်းပြည်ကတော့ ပိုပြီးတော့ ဖွံ့ဖြိုးသွားမယ်လို့တော့ ထင်တယ်။ ဒါပေမယ့် တက်လာမယ့်အစိုးရကို အကြံပေးချင်တာက အများစုဖြစ်တဲ့ တောင်သူလယ်သမားတွေ တောနေလူတန်းစားတွေ ချမ်းသာမှ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာဗျ။ အဲတော့ တိုင်းပြည်ချမ်းသာဖို့ဆိုရင် ကျေးလက်ကို ပိုပြီးတော့ ဖွံ့ဖြိုးအောင် အများကြီး လုပ်ဆောင်ရမယ်ဗျ။

စိုက်ပျိုးရေး ကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမယ်။ စက်မှုလက်မှု ကဏ္ဍလည်း ဖွံ့ဖြိုးရမှာပေါ့။ တစ်ခြား ကဏ္ဍတွေမှာလည်း ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရမှာပေါ့။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စရပ်တေါမှာတော့ ပထမဆုံးတိုက်တွန်းချင်တာက ငြိမ်းချမ်းရေးရအောင် မြန်မြန်လုပ်ပေးပါ။ နောက်တစ်ခါ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု ပုံစံဖြစ်အောင် မြန်မြန်လုပ်ပေးပါ။ တက်လာမယ့် အစိုးရအနေနဲ့ပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒါပဲ တိုက်တွန်းချင်တယ်။ ငြိမ်းချမ်းရေး ရအောင် မြန်မြန်လုပ်ပေးပါ။ တိုင်းရင်းသားတွေ လိုလားနေတဲ့ ဖက်ဒရယ်ပြည်ထောင်စု အစစ်အမှန် ရအောင်လည်း လုပ်ပေးပါ။

ခုဟာက ဖက်ဒရယ်ပြည်ထောင်စုဆိုပြီး ဗဟိုကနေပဲ ချုပ်ကိုင်နေတဲ့ဟာမျိုးတွေ တို့က မလိုချင်ဘူး။ တိုင်းရင်းသားတွေက။ ဗဟိုက ချုပ်ကိုင်ရမယ့် ကာကွယ်ရေး၊ လုံခြုံရေး၊ ငွေရေး ကြေးရေးတွေလောက်ပဲ လုပ်ပြီးတော့ ကျန်တဲ့အပိုင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့်ပေးသင့်တယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားစာပေတွေ တိုင်းရင်းသားကောလိပ်တွေ အကုန်လုံး လုပ်ပေးရမှာ။တို့ကတော့ ဖက်ဒရယ်ကို သွားချင်တယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ချို့တည့်တဲ့ ပြည်သူတွေကို ပံ့ပိုးကူညီရတာ ဘာဖြစ်လည်း။ ကိုယ် ပြည်သူတွေပဲ။ လုပ်နိုင်ကိုင်နိုင်တဲ့ ပြည်နယ်တွေ ပိုပြီးတော့ ဖွံ့ဖြိုးသွားမယ်။ အဲဒါပဲ အနိုင်ရပါတီကို တိုက်တွန်းချင်တယ်။

Mizzima - News in Burmese

အစာငတ်ခံ ဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်းအား နိုဝင်ဘာ ၁၃ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ တွေ့ရစဉ် (ဓာတ်ပုံ-သီဟ)

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် ထောင်အတွင်း ရက်ပေါင်း ၂၀ ကျော်ကြာ အစာငတ်ခံ ဆန္ဒပြနေသည့် ဗကသများ အဖွဲ့ချုပ်မှ ကိုအောင်မှိုင်းဆန်းအား နိုဝင်ဘာ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီခန့်က သာယာဝတီ အကျဉ်းထောင်မှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာကြောင်း သိရသည်။

၎င်းနှင့်အတူ အစာငတ်ခံ ဆန္ဒပြနေသော ၀န်းရံပြည်သူ ကိုမျိုးမြတ်စံလည်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“ကျွန်တော် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို ရောက်လာတာဟာ ကျွန်တော့်သဘော ဆန္ဒနဲ့မဟုတ်ပါဘူး။ ကျွန်တော် ဆေးကုသမှု မခံယူပါဘူး။ ဘာလို့လဲဆိုတော့ ဆေးကုသမှု ခံယူလိုက်ရင် အစာငတ်ခံဆန္ဒပြတာ ရပ်တန့်သွားမှာ မို့လို့ပါ။ ကျွန်တော် ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ စမ်းသပ်မှု တွေလည်း ပြုလုပ်ပြီးပါပြီ။ ကျွန်တော်သကြားဓာတ် နည်းတာပဲရှိတာပါ။ ကျွန်တော်ကလည်း အစာငတ်ခံ ဆန္ဒပြတာဟာ အကန့်အသတ်မဲ့ ပြနေတာ မဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း သတ်မှတ်ချက်ရှိတယ်။ အချိန်ကာလ တစ်ခုကို ရောက်ရင်တော့ ဒီအစာငတ်ခံ ဆန္ဒပြတာကို ရပ်မှာပါ။ အခုချိန်ထိတော့ ကျွန်တော်အစာငတ်ခံ ဆန္ဒပြတာကို မရပ်တန့်ပါဘူး” ဟု ကိုအောင်မှိုင်းဆန်းမှ ပြောကြားသည်။

ဝန်းရံပြည်သူ တစ်ဦးဖြစ်သည့် ကိုမျိုးမြတ်စံက “ကျွန်တော်ကတော့ အစာငတ်ခံ ဆန္ဒပြတာကို မရပ်တန့်ပါဘူး။ ဆေးကုသမှု လည်းမခံယူပါဘူး။ ဆေးကုသမှု ခံယူလိုက်ရင် အစာငတ်ခံဆန္ဒပြတာ ရပ်လိုက်သလို ဖြစ်မှာစိုးလို့ပါ။ ကျွန်တော်က ကိုအောင်မှိုင်းဆန်းကို ၀န်းရံတာဖြစ်တဲ့အတွက် ဒီဆန္ဒပြမှုရပ်တန့်မှုဟာ ကိုအောင်မှိုင်းဆန်းရဲ့ သဘောဆန္ဒပါပဲ” ဟု ပြောကြားသည်။

ဗကသများ အဖွဲ့ချုပ် (မန္တလေးခရိုင်) မှ ကိုအောင်မှိုင်းဆန်းသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြခြင်းကို အောက်တိုဘာ ၂၃ ရက်မှ စတင်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက်ထိဆိုလျှင် ရက်ပေါင်း ၂၂ ရက်ထိ ရှိလာပြီဖြစ်သည်။

သာယာဝတီ အကျဉ်းထောင်အတွင်း အစာငတ်ခံ ဆန္ဒပြမှုအား ကိုအောင်မှိုင်းဆန်းမှ စတင်ပြီးနောက် ဗကကများ အဖွဲ့ချုပ်နှင့် ၀န်းရံပြည်သူများ ဖြစ်ကြသော ကိုသန်းထိုက်၊ ကိုမာနော်၊ ကိုဆွေလင်းထွန်း၊ ကိုကျော်စွာလင်း၊ ကိုမျိုးထက်ပိုင်၊ ကိုဖြိုးဓန၊ ချစ်လင်းသိုက်နှင့် ကိုမျိုးမြတ်စံ တို့ကလည်း အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်သော ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်းသည် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ဗကသများ အဖွဲ့ချုပ်မှ ကျောင်းသားများ၊ ၀န်းရံပြည်သူများသည် သာယာဝတီ အကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရပြီး အစိုးရ၏ တရားစွဲဆိုမှုကြောင့် သာယာဝတီမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင် နေရသည်မှာ ၈ လ ကျော် ကြာမြင့်လာပြီဖြစ်သည်။

ထို့ပြင် တရုတ်သံရုံးရှေ့ ဆန္ဒပြမှုကြောင့် အင်းစိန်ထောင်တွင် ထာင်ဒဏ်ကျခံနေရသည့် ကိုတင်ထွဋ်ပိုင်ကလည်း ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးအတွက် နိုဝင်ဘာ ၂ ရက်မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြ တောင်းဆိုနေကြောင်း သိရသည်။
Writer:
ကြည်နိုင်၊ သီဟအောင်
Eleven Media Group

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲခံထားရသူ ဦးခွန်ဂျာလီအား နိုဝင်ဘာ ၁၃ ရက်က လှိုင်မြို့နယ် တရားရုံးထုတ်တွင် တွေ့ရစဉ်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲခံရသူ ဦးခွန်ဂျာလီသည် ကျန်းမာရေး မကောင်းသောကြောင့် အာမခံပေးရန် လျှောက်ထားသော်လည်း လှိုင်မြို့နယ်တရားရုံးမှ အာမခံကို လေးကြိမ်မြောက် ပယ်ချလိုက်ကြောင်း သိရသည်။

ကာကွယ်ရေး ဦးစီးချုပ် ဓာတ်ပုံအား ခြေထောက်ဖြင့် နင်းထားသည့်ပုံကို ဖေ့စ်ဘွတ်တွင် တင်သည့် အတွက်ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးမင်းထွဋ်၏ အမှုဖွင့် တရားစွဲဆိုခြင်းကို ခံထားရသူ ကချင်အမျိုးသား ဦးခွန်ဂျာလီကို နိုဝင်ဘာ ၁၃ ရက် က ရုံးထုတ်ပြီး တရားလိုပြသက်သေ ဗိုလ်ကြီးတစ်ဦးအား နှစ်ဖက်အပြန်အလှန် မေးမြန်းသည်။

လှိုင်မြို့နယ် တရားရုံးက ချိန်းဆိုသော ယင်းရုံးချိန်းတွင် တရားလိုပြသက်သေ တစ်ဦးဖြစ်သူ ဗိုလ်ကြီးအောင်ခိုင်ဖြိုးက ယင်းဓာတ်ပုံကို ဦးခွန်ဂျာလီ၏ Patrick Kum Jan Lee ၌ အောက်တိုဘာ ၉ ရက် နံနက်အစောပိုင်း ၁၂ နာရီတွင် တွေ့ရှိခဲ့ကြောင်း၊ ထို့နောက် မွန်းတည့် ၁၂ နာရီတွင် ယင်းပုံကို ပြန်လည်ဖျက်ခဲ့ကြောင်း ဥပဒေအရာရှိ မေးသည်ကို ပြန်လည်ဖြေကြားခဲ့သည်။ သို့ရာတွင် ယင်းကဲ့သို့ ပြန်ဖျက်ခဲ့သော်လည်း ၎င်း၏ လက်ကိုင်ဖုန်းကို ပြန်လည်ရှာဖွေရာ ဓာတ်ပုံဖိုင်များထဲတွင် ယင်းဖိုင်ကို တွေ့ရှိခဲ့ကြောင်းနှင့် ဓာတ်ပုံတွင် Arakan Times ဟု ရေစာဖြင့် ရေးသားဖော်ပြထားမှုမှာလည်း ပြုပြင်ထားခြင်း ဖြစ်နိုင်ပြီး ယင်းဓာတ်ပုံကို ဦးခွန်ဂျာလီ အကောင့်က တင်ခြင်းဖြစ်ကြောင်း ဦးခွန်ဂျာလီ၏ရှေ့နေ မေးမြန်းသည်များကို ရုံးတော်၌ ထွက်ဆိုသည်။

“ကျွန်တော့်အမှုသည်က ကျန်းမာရေး မကောင်းလို့ အာမခံလျှောက်တာပါ။ ဒါပါနဲ့ဆို ကျွန်တော် အကျိုးဆောင်လုပ်တဲ့ အကြိမ်ကသုံးကြိမ်၊ ရုံးထုတ်တုန်းက တစ်ကြိမ်နဲ့ဆို လေးကြိမ်ရှိပါပြီ။ တရားသူကြီးက အထူးနဲ့ အထွေထွေဥပဒေ ဖြစ်တဲ့အတွက်ရယ် ပြစ်မှုက ထောင်သုံးနှစ်အထိ ချလို့ရတယ်ဆိုတဲ့ အတွက်ရယ် အာမခံ ပယ်ချပါတယ်” ဟု ဦးခွန်ဂျာလီ၏ရှေ့နေ ဦးအယ်ခွန်ရင်းက ပြောကြားသည်။

“ကျွန်မအမျိုးသားက လေတစ်ခါဖြတ်ဖူးတယ်။ အခု ရာဇ၀တ်သားလည်း မဟုတ်ပါဘဲနဲ့ ထောင်ထဲမှာ နေနေရတော့ ကျန်းမာရေး မကောင်းဘူး ဖြစ်နေတယ်။ ကျောတွေ အောင့်တယ်လို့ပြောတယ်။ ဒါ့ကြောင့် အာမခံ လျှောက်တာကို အာမခံမရဘူး။ ဧရာဝတီတိုင်း ကန်ကြီးထောင့်က ပြည်ခိုင်ဖြိုးပါတီဝင် တစ်ယောက်လည်း ဒီလိုအမှုနဲ့ပဲ တရားစွဲခံရပေမယ့် အာမခံရသွားတယ်။ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးလို့ ဆိုပေမယ့် အဲဒီလိုမဟုတ်ဘူး ဖြစ်နေတယ်။ ဒီဥပဒေ တစ်ခုတည်းတောင် ဘာလို့အာမခံရတာ၊ မရတာ မတူတာလဲဆိုတာ တော်တော်သိချင်နေတဲ့ မေးခွန်းပဲ” ဟု ဦးခွန်ဂျာလီ၏ ဇနီးဖြစ်သူ ငြိမ်းချမ်းရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

ယင်းအမှုတွင် တရားလိုပြသက်သေ ရှစ်ဦးတင်ထားပြီး လက်ရှိတွင် နှစ်ယောက်ကို စစ်ဆေးမေးမြန်း ခဲ့ပြီးဖြစ်ကာ လာမည့် နိုဝင်ဘာ ၂၃ ရက်တွင် ခေါ်ဆိုသော ရုံးချိန်း၌ လိုပြသက်သေ နောက်နှစ်ယောက်ကို ထပ်မံ ခေါ်စစ်ပေးရန် ဦးခွန်ဂျာလီ၏ အကျိုးဆောင် ရှေ့နေက ရုံးတော်သို့ တင်ပြထားကြောင်း သိရသည်။

Writer:
သက်မင်း

Eleven Media Group


NLD ထောက်ခံသူများ။
NLD ထောက်ခံသူများ။

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ နောက်ဆုံး ထုတ်ပြန်ကြေညာခဲ့တဲ့ မဲရလဒ်တွေအရ အဓိကအတိုက်အခံ နိုင်ငံရေးပါတီကြီးတခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရဖွဲ့နိုင်မယ့်အထိ မဲအပြတ်အသတ်နဲ့ အနိုင်ရရှိသွားပါတယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် NLD ပါတီအနေနဲ့ မြန်မာ့နိုင်ငံရေးမှာ သြဇာ လွှမ်းမိုးနေတဲ့ စစ်တပ်နဲ့ ဆက်ဆံရမယ့် ကိစ္စအပါအ၀င် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဘာတွေများ ရှိနေပါသလဲ ဆိုတာကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နောက်ဆုံးမဲရလဒ်
နောက်ဆုံးမဲရလဒ်
ဒီကနေ့ မွန်းလွဲပိုင်းအထိ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာရာမှာတော့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၃၈ နေရာ၊ အမျိုးသား လွှတ်တော် မှာ နေရာ ၁၁၀ နဲ့ တိုင်းဒေသကြီး လွှတ်တော်နေရာတွေမှာ ၄၀၁ နေရာ အထိ ရရှိထားတဲ့ အတွက် အစိုးရဖွဲ့နိုင်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ဒေါ်မြင့်ကြည် ကတော့ နောက်ထပ် ထုတ်ပြန် ကြေညာ ရမယ့် နေရာတချို့ ကျန်နေသေးပေမဲ့ မဲရလဒ် ၈၀ ရာခိုင်နှုန်းကျော် အတည်ပြုပြီး ဖြစ်တဲ့ အကြောင်း နေပြည်တော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
" ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နဲ့ တိုင်းရင်းသားလွှတ်တော်တွေမှာ စုစုပေါင်း ကျမတို့ နောက်ထပ် ၁၈၀ ဦးပဲ ကျန်ပါတော့တယ်။ အခု ၈၂.၉၂ ရာခိုင်နှုန်း မဲရလဒ်ကတော့ ကြေညာပြီးဖြစ်ပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။"

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်တွေ အရ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ အတွက် တိုင်းပြည်မှာ လက်တွေ့ အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း လူထုကြားမှာ မျှော်လင့်နေကြပါတယ်။
"အရမ်းကျေနပ်ပြီးတော့ အရမ်းပျော်ပါတယ် အန်တီ။ အရမ်းကိုလည်း ပီတိဖြစ်တယ်။ အန်တီတို့ မျှော်လင့်နေတာလည်း ကြာပြီပေါ့နော်။ ဘယ်လိုခေါ်မလဲ အကြောက်အရွံ့ကင်းကင်း စည်းကမ်းဘောင်နဲ့ လွတ်လွတ်လပ်လပ် နေချင်နေတာ ကြာပြီ စိုးရိမ်စိတ်မရှိပဲ ဟုတ်လား။"
" ကျနော်တို့က တိုင်းပြည်က အများကြီး နောက်ကျခဲ့တယ်လေ။ အဲ့တော့ ဒီအောင်မြင့်မှုက တဆင့် တကယ့် ဘယ်လိုခေါ်မလဲ အနည်းဆုံးတော့ ဒီအရှေ့တောင်အာရှမှာ တကယ့်ထိပ်တန်းရောက်လာတဲ့ နိုင်ငံတနိုင်ငံ မကြာခင် ဖြစ်လာလိမ့်မယ်လို့ပဲ ယူဆတာပေါ့နော်။ ကြိုးလည်း ကြိုးစားရမှာပဲ။"
ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့ ကတော့ ဒီမိုကရေစီကို ဦးတည်တဲ့ အပြောင်းအလဲတွေ လုပ်မယ်လို့ ကတိပေးထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်မယ့် အခွင့်အလမ်းတခုပါ။

မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကတော့ လွှတ်တော်တွင်းမှာ အများစုဖြစ်လာမယ့် NLD အနေနဲ့ လုပ်ပိုင်ခွင့် အများအပြား ရ လာတော့မှာ ဖြစ်တယ်လို့ AFP သတင်းဌာန နဲ့ မေးမြန်းခန်းမှာ ပြောဆိုသွားပါတယ်။
“NLD လွှမ်းမိုးထားတဲ့ လွှတ်တော် ဖြစ်လာမယ့်အတွက်၊ လိုချင်တဲ့ ဥပဒေတွေကိုလည်း အတည်ပြုနိုင်တော့မှာပါ။ ညွန့်ပေါင်း အစိုးရလည်း ဖွဲ့စရာ မလိုပါဘူး။ ဒီလိုဥပဒေတွေ ချမှတ်ရာမှာ တဖက်နဲ့ ဆက်ဆံစရာ လိုမှာမဟုတ်ပေမဲ့ အသွင်ကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့ အတွက်ကတော့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလမှာ အားလုံးပါနေဖို့ လိုပါတယ်။”

NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ သမ္မတဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းထားပြီး၊ အားလုံးကလည်း အဆိုပြုချက်ကို လက်ခံ ထားကြတာပါ။
အစိုးရသစ်ကို ဦးဆောင်နိုင်တော့မယ် NLD ပါတီရဲ့ ခေါင်းဆောင် တဦးအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ ပြေပြေလည်လည် ဆက်ဆံနိုင်ဖို့က အရေးကြီးလိမ့်မယ်လို့လည်း အကဲခတ်တွေက ယူဆထားကြပါတယ်။

မြန်မာ့အရေး ကျွမ်းကျင်သူ Richard Horsey ကတော့ စစ်တပ်အတွက်တော့ အခုနောက်ဆုံး ရွေးကောက်ပွဲ ရလဒ်ဟာ စိန်ခေါ်မှု တခု ဖြစ်မယ်လို့ သုံးသပ်ပါတယ်။
“အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ရောက်လာတဲ့ အချိန်မှာ အခြေခံဥပဒေက အထူးအခွင့်အာဏာ အပ်နှင်းထားတဲ့ စစ်တပ်အနေနဲ့ သြဇာ အရှိန်အ၀ါကောင်းကောင်းနဲ့ လေးစားခံရတဲ့ အခြေအနေမျိုး ဆက်ထိန်း ထားနိုင်အောင် ဘယ်လိုပုံစံပြောင်းမလဲ ဆိုတာက စစ်တပ်အတွက် စိန်ခေါ်မှုလို့ ကျနော်ကတော့ ယူဆပါတယ်။”

ကာကွယ်ရေး ဦးစီးချုပ်နဲ့ သမ္မတတို့ကတော့ ရွေးကောက်ပွဲ ရလဒ်တွေကို လေးစား လိုက်နာမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ အာဏာလွှဲပြောင်းရေးဖြစ်အောင် လုပ်မယ်လို့လည်း ကတိပြုထားကြတာပါ။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ လက်ထက်က ရေးဆွဲခဲ့တဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည် ဟာ အစိုးရအကြီးအကဲ သမ္မတတဦးအဖြစ် တာဝန်ယူခွင့် မရှိပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ကတော့ သမ္မတတာဝန် မယူနိုင်ပေမဲ့ သမ္မတ အထက်ကနေ တာဝန်ယူသွားမှာ ဖြစ်တယ်လို့လည်း ပြောဆိုထားတာ ဖြစ်ပါတယ်။
အောင်လွင်ဦး/VOA
 http://burmese.voanews.com/content/final-elections-results-for-nld/3056232.html