11/15/15

 theinsein-620.jpg နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီက ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်

အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံးလုပ်နည်းများနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေးသွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မူမရှိကြဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီက ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ကြစဉ် အသွင်ကူးပြောင်းရေး ချောမွေ့စေဖို့ ဆောင်ရွက်သွားမယ်လို့ အခုလို ပြောပါတယ်။

"ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းကာလအတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ ပြဌာန်းထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေး ကို ချောမွေ့အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်၊ သို့သော်ငြားလည်းပဲ ဆောင်ရွက်ရန်ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်ထံကို သက်မှတ်ချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်"

ဒါ့အပြင် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့ ပါတီတွေအနေနဲ့လည်း အပြန်အလှန် ထိန်းကျောင်းတဲ့ ဖြစ်စဉ်အားကောင်းဖို့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်ဆောင်ကြဖို့နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ တွေပြုလုပ်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဆက်လက်ပူးပေါင်းပါဝင်ကြဖို့အတွက် တိုက်တွန်းသွားပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို လက်ရှိမဲရလာဒ်တွေအရ အစိုးရဖွဲ့ဖို့ သေချာနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ စတဲ့ပါတီပေါင်း ၈၆ ပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုတက်ရောက်လာတဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက NLD ပါတီ စတင်တည်ထောင်ချိန်ကတည်းက ကိုင်စွဲလာတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့မူကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တွေ့ဆုံပွဲအပြီးမှာ ဦးဥာဏ်ဝင်း က နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အနေနဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေ ဖို့ ဆောင်ရွက်ပေးမယ်၊ အားလုံးကလည်း ဝိုင်းကူကြပါလို့ ပြောတာကြောင့် ကြီးမားတဲ့ အခက်အခဲတွေ့မယ်လို့ မမြင်မိကြောင်း RFA ကိုပြောပါတယ်။

"သမ္မတကြီးက အာဏာလွှဲပြောင်းရေး၊ အစိုးရအဖွဲ့ပြောင်းလဲရေးအတွက် ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ပေးမယ်၊ အားလုံးဝိုင်းကူညီကြပါဆိုပြီး ဒီလိုပြောတာ အဲ့ဒီတော့ ဒီပြောစကားကတော့ ကြိုဆိုရမှာပဲလေ၊ အခုအနေနဲ့ ဆက်စပ်တွေမယ်ဆိုရင် သိပ်ကြီးမားတဲ့အခက်အခဲတော့ မတွေ့နိုင်ဘူးလို့ထင်တယ်၊ အခုအထိတော့ တပ်မတော်ကတွေ့ဖို့ သဘောတူပြီးသား၊ အဲ့ဒီတော့ အဓိကတော့ သမ္မတနဲ့တွေ့တာ ပိုပြီးတော့ အရေးကြီးမယ်လို့ထင်တယ်၊ ဒီကနေဆက်စပ်ပြီး တပ်မတော်နဲ့တွေ့တဲ့ကိစ္စက ဆက်စပ်သွားမယ်လို့ ကျနော် အဲ့ဒီလိုထင်ပါတယ်"

တက်ရောက်လာတဲ့ပါတီတွေက ရှမ်းပြည်နယ်က စစ်ပွဲတွေရပ်ဆိုင်းရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်း သား ကျောင်းသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး စတဲ့အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။

RFA
http://www.rfa.org/burmese/news/president-utheinsein-speech-11152015081755.html


 အိန္ဒိယ ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာဂန္ဒီသည် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီက သမိုင်းဝင် လွှတ်တော် ရွေးကောက်ပွဲများတွင် နိုင်ငံနှင့် အ၀ှမ်း အောင်ပွဲ ခံလိုက်ခြင်း အတွက် ၀မ်းမြောက် ဂုဏ်ယူကြောင်း ယနေ့ ထုတ်ဖော်ပြောဆို လိုက်ပါသည်။

ဒီမိုကရေစီအရေးအတွက် သူမ၏ ကာလရှည်ကြာရုန်းကန်ခဲ့မှုနှင့် ခိုင်မြဲသည့် ဆုံးဖြတ်ချက်ပြတ်သားမှုကို ဂန္ဒီက သတိရနေခဲ့ပြီး ကွန်ဂရက်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား နက်ရှိုင်းသည့် ဆက်ဆံရေးကိုလည်း အလေးအနက်ထားခဲ့သည်။

ယင်းရွေးကောက်ပွဲများက မြန်မာနိုင်ငံတွင် နောက်ကြောင်း မပြန်သည့် ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းတစ်ခု ဖွင့်လှစ်ပေးလိမ့်မည်ဟု ဆိုနီယာဂန္ဒီ မျှော်လင့်ကြောင်း ထုတ်ဖော်ပြသခဲ့သည်။

”သမိုင်းဝင်အောင်မြင်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို ဂုဏ်ယူပါတယ်။ သူမရဲ့ အောင်မြင်မှုက မြန်မာနိုင်ငံအတွက် ခေတ်သစ် တစ်ခု မှတ်တမ်းတင်ခဲ့ပါပြီ။ သူမအတွက် အကောင်းဆုံး ဆန္ဒပြုပါတယ်။” ပါတီ၏ ဒုတိယ ဥက္ကဌ ရာဟူးဂန္ဒီက ပြောဆိုခဲ့သည်။

”သူမရဲ့ ဦးဆောင်မှုအောက်မှာ အိန္ဒိယနှင့် မြန်မာတို့ ပိုမိုနီးကပ် လာမယ် လို့ ကျွန်တော်မျှော်လင့်ပါတယ်။” ဟု ကွန်ဂရက်ပါတီ၏ ဒုတိယဥက္ကဌက တွစ်တာတွင် ပြောဆိုသွားခဲ့သည်။

PKT
The Ladies News Journal
https://www.facebook.com/News.TheLadies


News Update 15-11-2015

ဆီးရီးယားနိုင်ငံတွင်းက အကြမ်းဖက် သူပုန်အုပ်စုများအား စတိုက်ခိုက်ရန် ပြင်သစ်နိင်ငံက တိုက်လေယာဉ်တင်သင်္ဘော The Charles de Gaulle i တစ်စီး ကို နိုဝင်ဘာလ ၁၈ရက်နေတွင် စေလွတ်မည်ဖြစ်ကြောင်း ကြေငြာ လိုက်ပါ သည်။

ဥရောပတခွင် အကြီးဆုံးလေယာဉ်တင် သင်္ဘောပေါ်တွင် နု ကလီးယား ထိပ်ဖူး တပ်ဒုံးကျည်များအပြင် တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၄၀နဲ့  အတူတိုက် လေယာဉ် ၁၂စီး နှင့် မဟာမိတ် နေတိုးတပ်များ၏ စစ်အင်အားကို ဖြည့်တင်း ပေးမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတရုံး ထုတ်ပြန်ချက်တွင် ဖေါ်ပြ ထားသည်။

လတ်တလော ဆီးရီးယား သူပုန်များအား နေတိုး မဟာမိတ်များ၏ ထိုးစစ်တွင် ပြင်သစ် အထူးတိုက်ခိုက်ရေးတပ် သား ၂၀၀၀ ခန့်  ပါဝင်ဆင်နွဲလျှက်ရှိပြီး၊ လေကြောက်တိုက်ခိုက်မှု ၂၇၁ ကြိမ်တွင် ISIS သူပုန် ၄၅၀ ကိုရှင်းလင်းနိုင် ကြောင်း ဖေါ်ပြထားပါသည်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW


myintlwin-usdp-620.jpg
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကို နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ်

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) မှာ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော် ကိုယ်စာလှယ် ဦးမြင့်လွင်ရဲ့ ယာဉ်တန်းဟာ မနေ့ ညနေ သုံးနာရီအချိန်က တာမိုးညှဲကနေ ကွတ်ခိုင်ကိုလာတဲ့လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရပါတယ်။

အပစ်ခတ်ခံရချိန်မှာ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကတော့ ကွတ်ခိုင်မြို့ကိုရောက်ရှိနေပြီး နောက်မှာ ကျန်ခဲ့တဲ့ သူစီးနေကြကား အပစ်ခံရတာဖြစ်ပြီး လုံခြုံရေးလိုက်ပေးသူ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောပါတယ်။

"မနက်က ကျနော်တို့ တာမိုးညဲကနေပြီးတော့ကားနဲ့ ညနေ ၁ နာရီ ၄၅ လောက်ထွက်လာတယ်ပေါ့၊ ၅ မိုင်ခွဲလောက် ရောက်တဲ့နေရာမှာ ကျနော့်တို့ ခါတိုင်းစီးတဲ့ကားနဲ့ ကျနော့် တပည့်နှစ်ယောက်က ကျနော်ကားစီးပြီးတော့မှ ၃ နာရီခန့်လောက်ရှိမယ်၊ ပြောပြချက်အရက ပစ်ခတ်တိုက်ခိုက်တဲ့ အဖွဲ့က ကားမတားပဲနဲ့ ဒီအတိုင်းပဲ လမ်းဘေးနဲ့ အပေါ်ကနေ ပစ်ချတာ၊ မြင်တော့မမြင်ဘူး ဒါပေမဲ့ ကြားတာကတော့ သူတို့ယူဆတာ ကတော့ ကေအိုင်အေလား၊ ပလောင်အဖွဲ့လားတော့ မသိဘူးတဲ့"

ဒဏ်ရာရခဲ့ရတဲ့ တာမိုးညှဲ ပြည်သူ့စစ်နှစ်ဦး အားချန်းနဲ့ အားဖေတို့ နှစ်ဦးကို တာမိုးညှဲဆေးရုံကနေ ရွှေလီမြို့  မန်စီဆေးရုံမှာ ဆေးကုသပေးနေပြီး ဒဏ်ရာပြင်းထန် တယ်လို့လည်း သိရပါတယ်။

ဦးမြင့်လွင်ဟာ တာမိုးညှဲပြည်သူ့စစ် ခေါင်ဆောင်တစ်ဦးဖြစ်ပြီး (၂ဝ၁ဝ) ရွေးကောက်ပွဲတုန်းက ကြံခိုင်ရေးပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။

အခု ၂ဝ၁၅ ရွေးကောက်ပွဲမှာလည်း ကြံခိုင်ရေးပါတီကနေ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဦးမြင့်လွင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကွတ်ခိုင်မဲဆန္ဒနယ် အမှတ် (၂) မှာ ကြံခိုင်ရေးပါတီ၊ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တအာင်း(ပလောင်)အမျိုးသားပါတီနဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
RFA
http://www.rfa.org/burmese/news/usdp-candidate-shoot-11152015071305.html


 ရွေးကောက်ပွဲမှ အနိုင်ရရှိသည့်ပါတီအား သတ်မှတ်ချိန်အတွင်း လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ အာဏာ လွှဲပြောင်း ပေးမည်ဖြစ်၍ ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်စရာမလိုကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး၌ နိုဝင်ဘာ ၁၅ ရက်နေ့က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားခဲ့သည်။

“ ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းကာလအတွင်းမှာ တည်ဆဲဥပဒေများ၊နည်းပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွား မှာဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဒုတိယအကြိမ်လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြား မှာဖြစ်ပါတယ်။ လွှတ်တော်များအနေနဲ့ ဆောက်ရွက်ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးသည့်အခါမှာ ပေါ်ပေါက်လာမဲ့ အစိုးရအဖွဲ့သစ်ကို သတ်မှတ်ချိန် အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်ပါတယ်။” သမ္မတဦးသိန်းစိန်ကပြောကြားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု မရှိစေဘဲ တည်တည်ငြိမ်ငြိမ်၊ချောချောမွေ့မွေ့ ဖြစ်စေရန် ဆောင်ရွက်သွားမည်ဟုလည်းြ သမ္မတဦးသိန်းစိန်က ထပ်လောင်းပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံရေးပါတီ ၈၀ ကျော်တက်ရောက်ခဲ့ကြပြီး ပါတီ တစ်ခု အား လေးမိနစ်စီ ဆွေးနွေးခွင့်ပြုခဲ့ရာ မြစ်ဆုံစီမံကိန်း ရာသက်ပန် ရပ်ဆိုင်းရေး၊NCA ကိစ္စ၊ တိုက်ပွဲများဖြစ်ပွါးနေခြင်းကိစ္စ၊ကျောင်းသားများနှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေဒများ ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

သမ္မတဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံ (Photo by President website)
 အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်ကို စနစ်တကျ တာဝန်လွှဲပြောင်းပေးမယ်လို့လည်း ကတိပြုသွားပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိန်က အဲဒီလိုပြောသွားတာပါ။ တွေ့ဆုံပွဲမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုသားညွန့်ဦးက အပြည့်အစုံ ပြောပြပါမယ်။

သမ္မတ ဦးသိန်းစိန်နဲ့ နိုင်ငံရေးပါတီပေါင်း ၈၄ ပါတီက ကိုယ်စားလှယ်တွေ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ တွေ့ဆုံတဲ့ အဓိက ဆွေးနွေးပွဲကတော့ ရွေးကောက်ပွဲအပြီးမှာ အာဏာအလွှဲအပြောင်းချောချောမွေ့မွေ့ဖြစ်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့ဆုံတာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲရလဒ်အတိုင်း အာဏာအလွှဲအပြောင်းလုပ်သွားမယ်ဆိုတာကိုလည်း ဦးသိန်းစိန်က နိုင်ငံရေးပါတီခေါင်းဆောင်တွေကို ကတိပေးပြောဆိုသွားပါတယ်။

“ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကျန်ရှိနေသေးတဲ့ အစိုးရ သက်တမ်းကာလ အတွင်းမှာ တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ပြဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ပြီး အသွင်ကူးပြောင်းရေးကို ချောမွေ့အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒုတိယအကြိမ် လွှတ်တော်များ စတင်ကျင်းပဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ လွှတ်တော်များအနေ နဲ့ ဆောင်ရွက်ရန် ရှိသည်များကို အဆင့်ဆင့် ဆောင်ရွက်ပြီးတဲ့အခါမှာ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့သစ်ထံကို  သက်မှတ်အချိန်အတွင်း စနစ်တကျ တာဝန်လွှဲပြောင်းပေး အပ်သွားမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိန်ပူပန်မှုမရှိစေဖို့နဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ချောချောမွေ့မွေ့ဖြစ်စေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ထပ်မံပြောကြားလိုပါတယ်။”

အစိုးရသက်တမ်း ၅ နှစ်တာကာလအတွင်း ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်သမျှကို သူတို့ ဆောင်ရွက်နိုင်ခဲ့သလိုပဲ လာမယ့်ရွေးကောက်ခံ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒေသ ပထဝီအနေအထားအရ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ သမ္မတ ဦးသိန်းစိန်ကတိုက်တွန်းခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲအပြီးကာလမှာ နိုင်ငံရေးပါတီတွေနဲ့ ဒါဟာ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုဖြစ်သလိုပဲ ရွေးကောက်ပွဲအနိုင်ရပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ အကူးအပြောင်းချောမွေ့ရေး အတွက် တွေ့ဆုံလိုတယ်ဆိုပြီးတော့ တောင်းဆိုထားချိန်မှာ နိုင်ငံရေးပါတီအားလုံးနဲ့ အခု သူ တွေ့ဆုံခြင်းဖြစ်ပါတယ်။

သူတို့အစိုးရအနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ မကြာမကြာ အခုလိုမျိုးတွေ့ဆုံခဲ့ပြီးတော့ အကြံဥာဏ်ယူ ဆောင်ရွက်ခဲ့သလိုပဲ အခုဒီ အကူးအပြောင်း ကာလချောမွေ့စေနိုင်ရေးအတွက် နိုင်ငံရေးပါတီတွေရဲ့ အမြင်ကို ရယူဖို့ဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။

ရေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စား တက်ရောက်လာတဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းကတော့ NLD အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်ပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အဲဒီအစည်းအဝေးမှာ ကတိပေးပြောဆိုခဲ့ပါတယ်။

ကျန်နိုင်ငံရေးပါတီအချို့ကတော့ လက်ရှိ ကျင့်သုံးနေတဲ့ နိုင်ငံခြားရေး မူဝါဒအတိုင်း အစိုးရသစ်အနေနဲ့ ဆောင်ရွက်သွားဖို့ တိုက်တွန်းခဲ့သလိုပဲ နိုင်ငံရေးပါတီအချို့ ကတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မှုတွေ သတိထားမိပါတယ်။

ငြိမ်းချမ်းရေးနဲ့ပတ်သက်လုပ်တော့ လာမယ့် ဇန်နဝါရီလအတွင်းမှာ ပဏာမ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။ အခုဒီ အစည်းအဝေးပွဲမှာတော့ သမ္မတဦးသိန်းစိန် အပြင် အစိုးရ အဖွဲ့ ၀န်ကြီးတချို့ တက်ရောက်လာတာကိုလည်း တွေ့ရပါတယ်။

သားညွန့်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 မြန်မာနိုင်ငံရွေးကောက်ပွဲမှာ ပြောစမှတ်တင်လောက်အောင် အောင်ပွဲခံ ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်လားမားက ဂုဏ်ပြု ချီးကျူးလိုက်ပါသည်။

သူ၏ အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာလူထု ၏ မျှော်လင့်ချက် စိတ်ကူးများကို ဖြည့်ဆည်းနိုင်လိမ့်မည် ဟု ဒလိုင်းလားမားက ဆိုပါသည်။

" လူတွေရဲ့ သူ့ အပေါ်ယုံကြည် သက်ရောက်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူတို့ ရဲ့ မျှော်လင့်ချက်များ စိတ်ကူးစိတ်သန်းများကို ဖြည့်ဆည်းပေးနိုင် ပါလိမ့်မယ်" သူ၏ ဂုဏ်ပြုချီးကျူးသည့် သဝဏ်လွှာမှာ ဒလိုင်းလားမားက ပြောကြားထား၏

" သည်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မှတ်တိုင် တခုဖြစ်ပါတယ်။ မြန်မာမှာ ဒီမိုကရေစီထွန်းကားလာဖို့  စိတ်စေတနာနဲ့ ကမ္ဘာတလွှားက
အားပေးထောက်ခံခဲ့ ပါတယ်။ ပါတီတွေအားလုံး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို လုပ်နိုင်တဲ့  အခွင့်အလမ်းတွေကို ဖန်တီးနိုင်ပါလိမ့်မယ်။ ဗုဒ္ဒဘာသာ မိတ်ဆွေတဦး အနေနဲ့  သည်အရာကို တိုင်းပြည်က လူမှုအသိုင်းအ၀ိုင်း အလွှာအားလုံးဆီကို ရောက်အောင်လုပ်ပါလို့ ဘုန်းကြီးက သတိပေးပါရစေ "

ထို့ ပြင် ရှေ့ လျှောက် မြန်မာနိုင်ငံတိုးတက်ဖို့ နှင့်ပြည်သူပြည်သားများ တိုးတက်ဖွံဖြိုး ရေးကြိုးပမ်းရာမှာ ကြုံလာရမည့် စိန်ခေါ်မှုပြသာနာတွေကို
ရင်ဆိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြံခိုင်ပါစေဟု တိဘက်ဘုန်းကြီး ဒလိုင်းလားမားက ဆုတောင်းမေတ္တာပို့ သခဲ့ပါသည်။

လင်းလင်း
The Ladies News Journal
https://www.facebook.com/News.TheLadies


 မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရပါတီ ကျဆုံးခြင်းက ဇင်ဘာဘွေနိုင်ငံတွင်လည်း တစ်နေ့နေ့တွင် သမ္မတ မူဂါဘီနှင့် သူ၏ ပါတီလက်အောက်မှ လွတ်မြောက်မည်ဟု ပြဆိုနေခြင်းဖြစ်သည်ဟု Welshman Ncube ဦးဆောင်သည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး ဇင်ဘာဘွေအတိုက်အခံလှုပ်ရှားမှုအဖွဲ့ (Zimbabwe’s opposition Movement for Democratic Change - MDC) က ပြောကြားလိုက်ပါသည်။

Welshman Ncube က မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဂုဏ်ယူစရာ သတင်းစကား တစ်ရပ် ဖြစ်ကြောင်း ကျူးဘီက ပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း နိုင်ငံနှင့်အ၀ှမ်း အနိုင်ရခဲ့ပြီး ဖြစ်သည်။ သို့သော် စစ်တပ်က ရွေးကောက်ပွဲရလဒ်များကို လျစ်လျူရှုခဲ့ပြီး အာဏာကို နည်းမျိုးစုံဖြင့် ပုံစံပြောင်း ဆက်လက် ဆုပ်ကိုင်ထားခဲ့သည်။

”အဆုံးသတ်တွင် လူထုအာဏာကသာ လွှမ်းမိုးလိမ့်မည်” ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အောင်ပွဲက ပြသနေသည်ဟု Welshman Ncube က ပြောသည်။ ”ပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း သမ္မတမူဂါဘီရဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုအောက်မှာ လူတွေက ထိခိုက်ခံစားရ ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုဟာ အဆုံးသတ်မှာ လူထုအာဏာကသာ အနိုင်ရလိမ့်မယ်လို့ ဇင်ဘာဘွေလူထုကို သတိပေးလိုက်တာပါဘဲ” ဟု Welshman Ncube က ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ဇင်ဘာဘွေသည် ဗြိတိသျှကိုလိုနီတို့ထံမှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၈၀ ခုနှစ်မှ စ၍ ဇင်ဘာဘွေသည် မူဂါဘီ၏ ခေါင်းဆောင်မှုအောက်တွင် နေထိုင်ခဲ့ရခြင်းဖြစ်သည်။

PKT
Ref - New Zimbabwe
The Ladies News Journal
https://www.facebook.com/News.TheLadies


ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့အတူ မြန်မာပြည်ရဲ့ နိုင်ငံရေးစနစ်အပြောင်းအလဲတစ်ခုကို နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေ လက်တွဲပြီး ကြိုးစားခဲ့တာ ခုဆို လမ်းခုလပ်ရောက်နေပါပြီ။ စနစ်ကိုပြောင်းလဲဖို့ ကြိုးစားမှုနဲ့အတူ အဲဒီကြိုးစားမှုကြောင့် ပြောင်းလဲလာတဲ့ စနစ်နဲ့ လိုက်လျောညီထွေနေနိုင်ဖို့ ကြိုးစားသူတွေဖက်မှာလည်း မိမိတို့ရဲ့ အရိုးစွဲနေတဲ့ အကျင့်စရိုက်ပြောဆိုပြုမူပုံတွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ စံသတ်မှတ်မှုမရှိပေမယ့် နိုင်ငံကောင်းဖို့အတွက် ကျွန်တော်တို့မှာ ကိုယ်စီကိုယ်ငှ ပြောင်းလဲသင့်တာလေးတွေ ရှိနေပါတယ်။

အဲဒီထဲက တစ်ခုကို ဆွဲထုတ်ပြရမယ်ဆိုရင် မြန်မာပြည်သူအများစုရဲ့ တပ်မတော်အပေါ်ထားတဲ့ သဘောထားအမြင်ပဲ ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်းပါပဲ။ တပ်မတော်ဟာ အာဏာကိုချုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ အသုံးချခံဖြစ်နေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ တိုင်းပြည်ရဲ့ အကြီးမားဆုံး အင်အားစုဖြစ်တဲ့ တပ်မတော်ရဲ့ အမိန့်နာခံမှု၊ အဲဒီအချက်ပေါ် အခြေခံတဲ့ စစ်သည်တိုင်းရဲ့ ကျင့်ဝတ်သိက္ခာ၊ အဲဒါတွေကို အလွဲသုံးစားလုပ်ခံခဲ့ရတာ နှစ်ပရိစ္ဆေတများစွာ ကြာလာတဲ့နောက်ပိုင်းမှာ တပ်မတော်ဟာ မြန်မာနိုင်ငံမှာ လူမုန်းအခံရဆုံး အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။

အစုအဖွဲ့ထဲက တစ်ဦးချင်းစီရဲ့ ပြုမူလုပ်ဆောင်ချက်ဟာ အဖွဲ့အစည်းတစ်ခုလုံးအပေါ် အတိုင်းအတာတစ်ခုထိ သက်ရောက်မှုရှိသလို အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပုံရိပ်ဟာလည်း သူ့ထဲမှာ ပါဝင်နေတဲ့ တစ်ဦးတစ်ယောက်ချင်းစီအပေါ် သက်ရောက်မှုရှိနေပါတယ်။ အဲဒီလို အပြန်အလှန်သက်ရောက်မှုရှိနေတဲ့ အနေအထားဟာလည်း သူ့ကိုထိန်းကျောင်းမောင်းနှင်တဲ့ စနစ်အပေါ်မှာ ရာနှုန်းပြည့် မှီခိုနေပါတယ်။ စနစ်မကောင်းခဲ့တဲ့အတွက် တပ်မတော်ရဲ့ ပုံရိပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ မြောင်းထဲရောက်ခဲ့ရပါတယ်။ အဲဒီရဲ့ဆိုးကျိုးကို တပ်မတော်သားတိုင်း ခံစားနေခဲ့ရပါတယ်။ ပြည်သူ့အချစ်တော်ဘ၀ကနေ ပြည်သူ့ချဉ်ဖတ်ဖြစ်သွားပြီး အာဏာရှင်ရဲ့ လက်ပါးစေ၊ စစ်ခွေးစတဲ့ ရှုံ့ချပြစ်တင်မှုတွေကို မချိမဆန့် ခံစားခဲ့ကြရပါတယ်။ သူတို့တင်မကပဲ သူတို့ရဲ့ မိသားစုဝင်တွေပါ အဲဒီဒဏ်ရာတွေကို မလိုချင်ပဲ ပိုင်ဆိုင်ခဲ့ကြရပါတယ်။ ဒီလိုအခြေအနေတွေဟာ စစ်အာဏာရှင်တွေအတွက် အာဏာလက်မလွှတ်ရဖို့ တပ်မတော်ကို ဆက်အသုံးချစရာ အကြောင်းပြချက်တစ်ခု ဖြစ်နေခဲ့ပါတယ်။ အဲလိုနဲ့ အာဏာရှင်စနစ် သက်ဆိုးရှည်လာတဲ့အခါ ပြည်သူအများစုဟာ တပ်မတော်သားတွေကို ပြည်သူထဲက ပြည်သူအဖြစ်တောင် မမြင်နိုင်တော့ပဲ ရွံရှာမုန်းတီးလာခဲ့ကြပါတယ်။

တကယ်တော့ တပ်မတော်သားတွေဟာ အထက်ကပေးလာသမျှ အမိန့်အတိုင်း တသွေမတိမ်းလိုက်နာနေရသူတွေပါ။ အဲဒီအမိန့်ကို လိုလိုလားလား နာခံနိုင်ဖို့ သူတို့အတွက် အဓိကတွန်းအားက နိုင်ငံနဲ့ပြည်သူကို ကာကွယ်နေတယ်ဆိုတဲ့ ခံယူချက်ပဲဖြစ်ပါတယ်။ အဲဒီခံယူချက်နဲ့အတူ လေ့ကျင့်သင်ကြားလာခဲ့ရတဲ့ တပ်မတော်သားတွေဟာ အမိန့်နာခံမှုနဲ့ အသားကျလာတဲ့အခါ ပေးအပ်လာတဲ့ အမိန့်ရဲ့ တရားခြင်း၊ မတရားခြင်းကို စောဒတက်နိုင်စွမ်း မရှိတော့ပါဘူး။ အမိန့်နာခံခြင်းသည်သာ သူတို့ရဲ့တာဝန်၊ သူတို့ရဲ့ ဂုဏ်သိက္ခာဖြစ်လာခဲ့ပါတယ်။ ပြည်သူ့အတွက် အသက်စွန့်ရဲတဲ့သူတွေရဲ့ အမိန့်နာခံခြင်းကို ခုတုံးလုပ်ပြီး ပြည်သူနဲ့ ရန်တိုက်ပေးခဲ့တယ်လို့ ပြောရင် မှားမယ်မထင်ပါဘူး။

တကယ်တော့ တပ်မတော်သားအများစုဟာ တခြားနိုင်ငံဝန်ထမ်းတွေထက် တိုင်းပြည်ကို ပိုချစ်တဲ့သူတွေ ဖြစ်ကြပါတယ်။ တော်ရုံစိတ်ဓာတ်နဲ့ အသက်ရင်းရဲဖို့ဆိုတာ မလွယ်ပါဘူး။ အဲဒီလိုရင်းရဲသလောက် တဖက်မှာလည်း ပြည်သူဆီက ချစ်ခြင်းမေတ္တာကို သူများထက် ပိုတောင့်တမက်မောကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ ကိုယ်ချစ်သလောက် ပြန်အချစ်မခံရတဲ့အခါ လူတိုင်းနာကျည်းတတ်ကြပါတယ်။ အဲဒီနာကျည်းမှုတွေကပဲ ပြည်တွင်းစစ်မှာ တိုင်းရင်းသားတွေကို စိတ်ဒဏ်ရာတွေပေးခဲ့သလို ပြည်တွင်းစစ်နဲ့အတူ စစ်အာဏာရှင်စနစ်ကိုလည်း သက်ဆိုးရှည်စေခဲ့ပါတယ်။

ပြည်တွင်းစစ်ဆိုတာ စနစ်ကြောင့် ဖြစ်ရတာပါ။ သူလိုချင်တဲ့စနစ်နဲ့ ကိုယ်လိုချင်တဲ့စနစ် မတူညီလို့ ဒါမှမဟုတ် အပေးအယူမျှတမှုမရှိတဲ့အခါ စစ်ဖြစ်ကြရပါတယ်။ လက်နက်ကိုင်ချင်းတိုက်တဲ့ပွဲမှာ ဘယ်ဖက်ကလွန်တယ်လို့ တဖက်သတ်ကောက်ချက်ဆွဲလို့မရပါဘူး။ နှစ်ဖက်စလုံးမှာ အကြောင်းပြချက် ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် စစ်ပွဲကြာရှည်လာတဲ့အခါ စစ်ဘေးဒဏ်ခံစားခဲ့ရတဲ့ သာမန်ပြည်သူတွေရဲ့ ဘေးဒုက္ခနဲ့ နာကျည်းစိတ်ကို အဲဒီနှစ်ဖက်စလုံးရဲ့ အကြောင်းပြချက်တွေက ဖာထေးလို့မရတော့ပါဘူး။ စစ်ဖြစ်ရာဒေသတွေဟာ တိုင်းရင်းသားဒေသတွေ ဖြစ်တဲ့အတွက် ခံတိုက်တဲ့ လက်နက်ကိုင် တော်လှန်ရေးသမားတွေထက် သွားတိုက်တဲ့ တပ်မတော်သားတွေက ပိုမုန်းတီးခံရပါတယ်။ မုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလည်း အများကြီး ရှိနေပါတယ်။ ရွာမီးရှို့တာ၊ ပေါ်တာဆွဲတာ၊ သူပုန်ထင်ပြီး ပစ်သတ်တာ စတာတွေအပြင် မုဒိန်းမှုစတဲ့ ပြစ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ မရှိဘူးလို့ ငြင်းမယ်ဆိုရင် ရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေလည်း တပုံကြီးရှိနေပါတယ်။ ယုတ္တိကျကျ ဆင်ခြင်သုံးသပ်ကြည့်ရင်တောင် သားမယားနဲ့ လပေါင်းများစွာ ထိတွေ့ဆက်ဆံမှုမရှိတဲ့ ရှေ့တန်းရောက် တပ်မတော်သားတချို့ဟာ စစ်ဖြစ်ရာဒေသတွင်းက သားမယားနဲ့ နီးနီးကပ်ကပ် နေခွင့်ရတဲ့ လက်နက်ကိုင်တော်လှန်ရေးသမားတွေထက် မုဒိန်းမှုဖြစ်နိုင်ချေ ပိုများပါတယ်။

အဲဒီလိုဖြစ်ရပ်တွေကြောင့် တပ်မတော်သင်တန်းကျောင်းတွေမှာ ကျင့်သုံးတဲ့ One for All စနစ်လိုပဲ တစ်ယောက်မကောင်းရင် အားလုံးဟာ အပြစ်တင်ခံရပါတော့တယ်။ ဒီအချက်တွေဟာ တပ်မတော်သားတွေကို ပြည်သူမုန်းတီးဖို့ လုံလောက်တဲ့ အကြောင်းပြချက်တွေလို့ ပြောရင် မမှားပါဘူး။ ဒါပေမယ့် ပြောင်းလဲချိန်တန်ပြီလို့ ပြောကြတဲ့အခါ အရင်ကလိုပဲ တပ်မတော်ကို အပြစ်ထိုင်တင်နေရင်း သူ့ဘာသာသူ ပြောင်းလဲလာမယ့် အချိန်ကို ထိုင်စောင့်ကြမလား၊ ပြည်သူဖက်ကနေ စတင်ပြီး နွေးနွေးထွေးထွေး လက်ကမ်းကြိုဆို ပြောင်းလဲယူမလားဆိုတဲ့ မေးခွန်းတစ်ခု ရှိနေပါတယ်။

တပ်မတော်သားအများစုဟာ သာမန်ပြည်သူတွေလိုပဲ စနစ်ဆိုးရဲ့အောက်မှာ မချိမဆန့် ရုန်းကန်နေကြရတာပါ။ သူတို့ကို မှီခိုနေတဲ့ မိသားစုဝင်တွေရဲ့ ဘ၀ကလည်း အပြင်ကအောက်ခြေပြည်သူတွေလိုပဲ ဆိုးရွားလှပါတယ်။ အကျင့်ပျက်ချစားမှုအောက်မှာ တခြားဝန်ကြီးဌာနတွေထက် ဘတ်ဂျက်ပိုရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က အရာရှိ၊အရာခံ၊အကြပ် စစ်သည်တွေရဲ့ဘ၀ဟာ ဒီနေ့ထိ ထူးမခြားနားလှပါဘူး။ လစာရိက္ခာအနည်းငယ်ပိုရပေမယ့်လို့ တရိပ်ရိပ်ထိုးတက်လာနေတဲ့ ကုန်ဈေးနှုန်းအောက်မှာ အသက်နဲ့ရင်းပြီး ၂၄နာရီ တာဝန်ထမ်းဆောင်နေကြရတဲ့ သူတို့ရဲ့ဘ၀က တောက်ပြောင်မလာနိုင်ခဲ့ပါဘူး။ ကြီးပွားနေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစ်စုအတွက် စတေးခံနေရတဲ့ အောက်ခြေ တပ်မတော်သားတွေရဲ့ဘ၀ဟာ ဆယ်စုနှစ်နှစ်ခုကျော် စာနာသူကင်းမဲ့ခဲ့ရပါတယ်။

အရပ်ဖက်ပြောင်းလဲတဲ့ စနစ်မကျင့်သုံးခင်အထိ အောက်ခြေတပ်မတော်သားတွေအဖို့ သက်ပြည့်ပင်စင်ကလွဲပြီး တပ်မတော်ကထွက်ချင်ရင် အသေထွက်၊ အပြတ်ထွက်၊ အရူးထွက်၊ စစ်ပြေးထွက် အဲလေးမျိုးပဲ ရှိခဲ့ပါတယ်။ စစ်သက်ဆယ်နှစ်ပြည့်ရင် ထွက်ခွင့်ရှိတယ်ဆိုတဲ့ စစ်မှုထမ်းဥပဒေက ခုချိန်ထိ အသက်မ၀င်သေးပါဘူး။ ကျွန်ဝယ်ရာ အဆစ်ပါဆိုသလို အဲဒီအောက်ခြေတပ်မတော်သားတွေရဲ့ အိမ်ထောင်ဖက်ရဲမေတွေဟာလည်း ရှေ့တန်းစစ်မြေပြင်မှာ အသက်အန္တရာယ် ကြုံကြိုက်လာတဲ့အခါ လင်သားတွေနဲ့အတူ သေနတ်ကိုင်တိုက်ခဲ့ရပါတယ်။ နောက်တန်းမှာလည်း အများစုဟာ အရာရှိမိသားစုတွေရဲ့ အိမ်တော်ပါကျွန်ဘ၀နဲ့ ရပ်တည်နေရပါတယ်။ ရှေ့မတိုးသာ၊ နောက်မဆုတ်သာ မချိမဆန့်ရပ်တည်နေရတဲ့ သူတို့ဘ၀မှာ အဓိပ္ပါယ်ရှိစွာ ရှင်သန်ဖို့အတွက် တိုင်းပြည်အတွက်ပေးဆပ်နေတယ်ဆိုတဲ့ ခံယူချက်လေးတစ်ခုတည်းနဲ့ မာန်တင်းနေကြတာပါ။ လက်တကမ်းမှာ မြင်နေရတဲ့ အဆင်ပြေကြီးပွားနေတဲ့ တပ်မတော်သားတချို့ကို ကြည့်ပြီး ပြစ်တင်ဝေဖန်လိုသူတွေအနေနဲ့ လက်တကမ်းထက် ဝေးဝေးကြည့်မှ မြင်နိုင်မယ့် စုတ်ပြတ်သတ်နေတဲ့ ဘ၀တွေကို မြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်စေချင်ပါတယ်။

လစာတစ်သိန်းကျော်ပေးမယ်၊ ရိက္ခာပေးမယ်၊ ပေါင်တစ်ရာကျော်အလေးကို ထမ်းပြီး လနဲ့ချီမနားတမ်း တောင်တက်တောင်ဆင်းသွားရမယ့် အလုပ်ကို လုပ်နိုင်မလားလို့ သာမန်ပြည်သူတွေကို မေးရင် ခေါင်းခါမယ့်လူတွေချည်းပါပဲ။ ညစ်ပတ်ပေရေပြီး ဖြစ်သလိုနေထိုင်စားသောက်ရမယ့် အခြေအနေတွေ မပါသေးပါဘူး။ အခန့်မသင့်ရင် ခြေပြတ်လက်ပြတ် မျက်စိကန်း အသက်ပါဆုံးရှုံးရမယ့် အခြေအနေတွေ မပါသေးပါဘူး။ ဒီလစာ၊ ဒီခံစားခွင့်လေးနဲ့ အဲလိုအလုပ်မျိုးကို ဂုဏ်ယူစွာလုပ်နေသူတွေဟာ တပ်မတော်သားတွေ ဖြစ်ကြပါတယ်။ သူတို့ကို ကိုယ့်ရဲ့ သွေးသားရင်းခြာအဖြစ် ရှုမြင်ကြည့်ပါ။ ကိုယ့်သွေးသားကို အဲဒီအခြေအနေမျိုးမှာ မြင်ရက်ပါ့မလား။

တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတချို့မှာ ခွဲတမ်းချပေးတဲ့ ရိက္ခာတွေကို အဆင့်ဆင့် အလွဲသုံးစားလုပ်တဲ့အတွက် ရဲဘော်သစ်လေးတွေဟာ အပြင်လူဆိုရင် နှာခေါင်းရှုံ့လောက်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို ဖြစ်သလို စားသောက်နေကြရပါတယ်။ တခါတလေ အထက်အရာရှိက ဖော်ရှိုးလုပ်ပြဖို့ စားရိပ်သာမှာ တ၀ိုင်းတည်း လာစားတဲ့နေ့လောက်ပဲ ကောင်းကောင်းစားရပါတယ်။ မြိုမကျနိုင်တဲ့လူသစ်တွေကို မြိုကျလာအောင် ခေါင်းထဲရိုက်သွင်းတဲ့ စနစ်အမှားတစ်ခုက စစ်သားဆိုတာ အစားအသောက် ဂျီးများခွင့်မရှိဘူး။ ငါတို့လည်း ဒီဘ၀ကတက်လာတာ။ ဒီလိုမျိုးစားသောက်ခဲ့ရတာ။ မင်းတို့ သင်တန်းမှာ ဒီဟာတွေ မ၀င်နိုင်ရင် ရှေ့တန်းမှာ ဘယ်လိုလုပ်စစ်တိုက်မလဲ။ အဲဒီသြ၀ါဒတွေကြားမှာ မုန်ညှင်းရွက်ရေလုံပြုတ်၊ သဲတရှပ်ရှပ်ငါးခြောက်၊ ယင်မနားငါးပိနဲ့ အမဲရွတ်တွေကို ရဲဘော်သစ်တွေ အံကြိတ်ဝါးနေရတုန်းပါပဲ။ ဒီခလေးတွေကို ကိုယ့်သွေးသားအဖြစ် မြင်ကြည့်ပါ။ ဘယ်လောက်သနားစရာကောင်းသလဲ။ ခုနောက်ပိုင်း သင်တန်းကျောင်းတွေရဲ့ အခြေအနေ မဆိုစလောက် ပြန်ကောင်းလာတယ်ဆိုပေမယ့် ရှိသင့်ရှိထိုက်တဲ့ အဆင့်အတန်းကို မရောက်နိုင်သေးပါဘူး။

တပ်မတော်ကထွက်လာတဲ့အချိန်မှာ တချို့အရာရှိတွေလို အရပ်ဖက်မှာ နေရာကောင်းမရနိုင်လို့ အပြင်မှာ လုပ်ကိုင်စားသောက်မတတ်ပဲ ဘ၀ပျက်နေတဲ့ စစ်မှုထမ်းဟောင်းတွေ တပုံကြီးရှိနေပါတယ်။ စစ်တပ်ကိုအကြောင်းပြပြီး နိုင်ငံရဲ့သယံဇာတတွေကို အလွဲသုံးစားလုပ်နေတဲ့ ဦးပိုင်လိုမျိုး အဖွဲ့အစည်းတွေ ပြစ်တင်ဝေဖန်နေတဲ့အချိန်မှာ သူတို့ရဲ့ ဒဏ်ကို သာမန်ပြည်သူလို ပြန်မပြောရဲ၊ ဆန္ဒမပြရဲကြတဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ဘ၀ကို စာနာဖို့မမေ့ပါနဲ့။ စစ်အာဏာရှင်တွေ ဆက်ရှင်သန်နိုင်ဖို့ တပ်မတော်ကို ခုတုံးလုပ်၊ ပြည်သူတွေကြား ၀ါဒမှိုင်းတိုက်နေတဲ့ လက်တစ်ဆုပ်စာ စစ်မှုထမ်းဟောင်းတွေကို ကြည့်ပြီး တခြားစစ်မှုထမ်းဟောင်းတွေရဲ့ ရင်ဘတ်ထဲ ၀င်ကြည့်ဖို့ မတွန့်သွားပါနဲ့။ ခင်ဗျားတို့လိုပဲ သူတို့ဟာ တိုင်းပြည်ကို အင်မတန်ချစ်မြတ်နိုးပြီး တိုးတက်စေချင်သူတွေပါ။

စစ်အစိုးရခေတ်မှာ အရပ်သားပြည်သူတွေထက် ပိုမိုကောင်းမွန်တဲ့ ပညာရေးကို တပ်မတော်အရာရှိတွေ ရခဲ့ကြပါတယ်။ ဒါပေမယ့် ခိုင်မာမှုမရှိတဲ့ ပေါ်လစီတွေကြောင့် တိုင်းပြည်ဘဏ္ဍာတွေ အများကြီးသုံးပြီး ပညာတော်သင်လွှတ်ခံရတာကနေ ပြည်တော်ပြန်လာခဲ့တဲ့ တပ်မတော်သားပညာရှင်တချို့ဟာ သူတို့တတ်မြောက်လာတဲ့ ပညာရပ်တွေနဲ့ နိုင်ငံကို အကျိုးပြန်ပြုရမယ့်အစား ရှေ့တန်းမှာ သေနတ်ကိုင် တိုက်ပွဲဝင်နေကြတာတွေ ရှိပါတယ်။ နောက်တန်းမှာ ဖက်တိတ်အင်ချက်တွေ ဖြစ်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်နေလို့ ထည့်မရေးတော့ပါဘူး။ အဲဒီလိုနေရာမှန်လူမှန် မဖြစ်လို့ စိတ်လေလွင့်နေရတဲ့ တပ်မတော်အရာရှိတချို့ရှိနေပါတယ်။ နောင်တချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်ရမယ့် ပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ကို ပညာရှင်အဖြစ်မမြင်ပဲ မုန်းတီးစရာ စစ်အာဏာရှင် လက်ပါးစေတွေအဖြစ် ရှုမြင်နေရင် တိုင်းပြည်အတွက် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အလဟသဆုံးရှုံးသွားပါလိမ့်မယ်။ အဲဒီပုဂ္ဂိုလ်တွေကို နိုင်ငံအတွက် အကျိုးပြုခွင့်ပေးပြီး ဆုံးရှုံးနေတဲ့ ပြည်သူ့မေတ္တာကို ပြန်လည်ပိုင်ဆိုင်ခွင့် ပေးသင့်ပါတယ်။

အာဏာနိုင်ငံရေးကို အားဖြည့်ဖို့ ၀ါရင့်တပ်မတော်အရာရှိကြီးတွေကို အရပ်ဝတ်လဲစေခဲ့တဲ့အတွက် ယနေ့တပ်မတော်မှာ မျိုးဆက်ပြတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အထင်ရှားဆုံး သာဓကကို ပြရရင် ပြီးခဲ့တဲ့ လောက်ကိုင်စစ်ပွဲနဲ့ ခုဖြစ်နေတဲ့ ရှမ်းပြည်နယ်ထဲက စစ်ပွဲတွေမှာ တပ်မတော်ဖက်က လိုအပ်တာထက် ပိုမိုအကျဆုံးများနေခဲ့ပါတယ်။ စစ်ရေးအတွေ့အကြုံ လုံလုံလောက်လောက် မရှိတဲ့၊ မြေပြင်အနေအထားကို အကျွမ်းတ၀င်မရှိတဲ့ တာဝန်ရှိသူတွေဆီက ဆင်းလာတဲ့ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အမိန့်မျိုးအောက်မှာ ယနေ့ချိန်ထိ ရှမ်းပြည်နယ်အတွင်း အသက်စွန့်သွားရတဲ့၊ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားရတဲ့ တပ်မတော်သားတွေ အများအပြား ရှိနေပါတယ်။ ကျဆုံးသွားသူတွေထဲမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထိရောက်ဆုံး အထောက်အကူပြုနိုင်တဲ့ ပညာရှင်အရာရှိစစ်သည်တွေ ပါသွားနိုင်ပါတယ်။ သူတို့ကိုလေ့ကျင့်ပျိုးထောင်ပေးဖို့ သုံးစွဲခဲ့ရတဲ့ နိုင်ငံ့ဘဏ္ဍာနဲ့ သူတို့ကို ဒီအနေအထားထိ မြေတောင်မြှောက်ပေးခဲ့ရတဲ့ မိဘတွေအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

ပြည်တွင်းစစ် သက်ဆိုးရှည်နေသမျှ စစ်ဘေးသင့်ဒေသတွေက ဒေသခံတိုင်းရင်းသား ပြည်သူတွေရဲ့ ဘ၀ဟာ နလံပြန်ထူနိုင်မယ့် လမ်းမမြင်ပါဘူး။ လက်နက်ကိုင်တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့တွေထဲက တိုင်းရင်းသားလူငယ်တွေရဲ့ အနာဂတ်ဟာလည်း လမ်းပျောက်နေအုန်းမှာပဲ။ သူတို့အားလုံးဟာ တိုင်းပြည်သာ တကယ်ငြိမ်းချမ်းသွားရင် အဖိုးတန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဖြစ်လာမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ အင်မတန် အကဲဆတ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေမှာ ကြားဝင်ဖြန်ဖြေမယ့် နိုင်ငံရေးအင်အားစုတွေ အနေနဲ့ ဘက်မလိုက်ပဲ မှန်မှန်ကန်ကန် ရပ်တည်ဆုံးဖြတ်နိုင်ဖို့ လိုပါတယ်။ ခုအစိုးရလက်ထက်မှာ လုပ်နေသလိုမျိုး ငြိမ်းချမ်းရေးကို ပွဲစားနည်းနဲ့သာ ဆက်လုပ်နေမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးဟာ နာတာရှည် ဆက်ဖြစ်နေအုန်းမှာပါပဲ။

ဘယ်နိုင်ငံမှာမဆို ကာကွယ်ရေးဝန်ကြီးဌာနဘတ်ဂျက်ဟာ တခြားဝန်ကြီးဌာနတွေထက် ပိုများပါတယ်။ နိုင်ငံတစ်ခုစီနဲ့ စစ်အင်အားနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်ပြီး ပမာဏကွာသွားတာပါ။ အကျင့်ပျက်ခြစားနေတဲ့ တိုင်းပြည်တွေမှာတော့ တပ်မတော်သားအများစုဟာ တခြားအရပ်ဖက်ဝန်ထမ်းတွေလိုပဲ အရိုးအရင်းပဲ ကိုက်နေကြရပါတယ်။ တပ်မတော်အသုံးစရိတ်လျှော့ချမယ်လို့ စဉ်းစားရင် ဒါဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ချင်ပါတယ်။ တကယ်လုပ်သင့်တာက တပ်မတော်ရဲ့ လက်ရှိအသုံးစရိတ်ကို အလေအလွင့် နည်းသထက်နည်းပါးအောင်၊ တပ်မတော်သားတိုင်း ထိုက်တန်တဲ့လစာခံစားခွင့် ရရှိအောင်၊ ခိုင်မာတဲ့ ဘ၀အာမခံချက်ရှိအောင် ဥပဒေတွေနဲ့ ဖန်တီးပေးခြင်းကသာ လက်တွေ့ကျသော ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။

အဲဒီလိုမျိုး တပ်မတော်အတွက် အကျိုးရှိတဲ့ အဆိုပြုချက်တွေကို တပ်မတော်သားကိုယ်စားလှယ်တွေထက် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကသာ တင်သွင်းနိုင်ရင် တပ်မတော်နဲ့ ပြည်သူတသားတည်းပြန်ဖြစ်လာမယ့် အချိန်မှာ လွှတ်တော်ထဲ လူပိုဖြစ်လာမယ့် တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စစ်တန်းလျားပြန်မယ့်နေ့ရက်ဟာ မကြာခင်ဆိုက်ရောက်လာမှာ သေချာပါတယ်။ အဲဒီလို အခင်းအကျင်းတွေဖြစ်လာဖို့ လွှတ်တော်ပြင်ပက ဒီမိုကရေစီအင်အားစုတွေ၊ သူတို့ကိုထောက်ခံတဲ့ ပြည်သူတွေဟာ တပ်မတော်သားတွေနဲ့ အပြုသဘောဆက်ဆံရေးတွေ တိုးတက်လာအောင် ခုကတည်းက ကြိုးပမ်းဆောင်ရွက်သွားကြမယ်ဆိုရင်၊ တပ်မတော်သားတွေကလည်း စစ်အာဏာရှင်ဟောင်းတွေရဲ့ အရိပ်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူထဲက ပြည်သူတွေအဖြစ် တသားတည်းဖြစ်အောင် ကြိုးစားသွားကြမယ်ဆိုရင် အာဏာနိုင်ငံရေးမှာ ဘက်မလိုက်ပဲ ပြည်သူ့ဖက်ကရပ်တည်မယ့် ပြည်သူ့တပ်မတော်ကြီးကို ကျွန်တော်တို့ မကြာခင် ပိုင်ဆိုင်ခွင့် ရလာလိမ့်မယ်လို့ မျှော်လင့်ရင်း နိဂုံးချုပ်ပါတယ်။
[ads-post]
ဘွရှင်(Myat Thein Tun)
အယ်ဒီတာချုပ်
ဝံသာနု[full-post]

လွှတ်တော်တွေခေါ်ယူပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ်ကို အာဏာလွှဲပြောင်းပေး သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပြု ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ သမ္မတက အခုလို ပြောကြားလိုက်တာပါ။

သမ္မတက “တာဝန်တွေအားလုံးကို နောက်လာမယ့် အစိုးရသစ်ဆီ စနစ်တကျ အစီအစဉ်အတိုင်း လွှဲပြောင်းသွားမှာပါ။ ဘာတခုမှ စိုးရိမ်စရာမလိုအောင် သိမ်မွေ့ပြီး တည်ငြိမ်တဲ့ အကူး အပြောင်းကာလ ဖြစ်စေရပါမယ်လို့ ကျနော်တို့ကတိပေးပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်မရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုလည်း ကျနော်ခေါ်တွေ့ချင်ပါတယ်။ နောက်ပိုင်းမှာ ဒီမိုကရေစီစနစ်ဟာ အသက်ဝင်လာပါလိမ့်မယ်။”

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက “ကျနော်တို့ပါတီအနေနဲ့ ဒီနေ့အထိ လက်ကိုင်ထားတာကတော့ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးပါပဲ။ လာမယ့်အနာဂတ်ကာလမှာလည်း ငြိမ်းချမ်းစွာနဲ့ ဒီပေါ်လစီကို ရှေ့ဆက် အကောင်အထည်ဖော်သွားမယ်”လို့ ပြောပါတယ်။

ရန်ကုန်ပြည်သူ့လွှတ်တော်ခန်းမမှာ ပြုလုပ်တဲ့ ဒီတွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၉၁ ပါတီထဲက ၈၆ ပါတီက ကိုယ်စားလှယ် ၂ ဦးစီ တက်ရောက်ခဲ့ပါတယ်။

DVB TV News

ရွေးကောက်ပွဲကြီးကို အခက်အခဲများကြားမှ အနိုင်ရရှိခဲ့ဟု ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ အလွတ်သတင်းထောက် ကိုပါကြီး၏ဇနီး မသန္တာက NewsWatch သို့ ပြောသည်။

“အစ်မရဲ့ မွေးရပ်ဇာတိလည်းဖြစ်တယ်။ ၁၉၈၈ ကတည်းက အိမ်မဲမှာ NLD ပါတီဝင်။ ဒါပေမယ့် အစ်မ ထောင်ကျတာတွေကြောင့် ကိုယ့်ဇာတိနဲ့ ဝေးသွားပေမယ့် ပြည်သူလူထုနဲ့ မဝေးတော့ ပြည်သူလူထုနဲ့ ဆက်ဆံရတဲ့ အပိုင်းမှာတော့ အခက်အခဲမရှိဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ ရှိတဲ့အခက်အခဲကတော့ တစ်နိုင်ငံလုံးဖြစ်ခဲ့တဲ့ အခက်အခဲပေါ့။ ဥပဒေတွေ အတားအဆီးတွေနဲ့ တနေ့တမျိုး မရိုးရအောင် ကျော်ဖြတ်ရတာ။ နောက်ပြီး အထက်နဲ့ အောက်နဲ့ ဥပမာ မြို့နယ်ရွေးပွဲကော်မရှင်က ညွှန်ကြားတာ ရပ်ကျေးရွေးကောက် ပွဲကော်မရှင်က မလုပ်တာမျိုးတွေ အဲဒါမျိုးတွေက အများကြီး ရင်ဆိုင်ရတယ်။ နောက် အစ်မတို့ရဲ့ ဧရာဝတီတိုင်းက ဘာသာရေး၊ လူမျိုးရေး ဖြစ်အောင် ဆွတဲ့ စာတွေ ဝေတာအများဆုံးဖြစ်တဲ့တိုင်းဆိုတော့ အစ်မ ဧရာဝတီတိုင်းမှာ အများဆုံး ကြုံတယ်ပေါ့။ ကျန်တာကတော့ အများနဲ့တူသော အခက်အခဲပါပဲ။ သီးသန့် အခက်အခဲတော့မရှိပါဘူး” မသန္တာကပြောသည်။

အိမ်မဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ မသန္တာက မဲအရေအတွက် ၃၉၄၂၈ ဖြင့် ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းကို မဲအရေအတွက် ၄၀၀၀ ၀န်းကျင် အသာဖြင့် အနိုင်ရရှိခဲ့ကြောင်း အိမ်မဲမြို့နယ်တွင် မဲဆန္ဒနယ်မြေ ၄ နေရာစလုံး အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

"၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရစေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ကြားတဲ့ အမွမ်းတင်ခံရမှုဟာ ဦးဆောင်မှုပေးရာမှာ သူမရဲ့ အရည်အချင်း လုပ်ကိုင်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေနိုင်ပြီး လူ ၅၁ သန်းရှိတဲ့ နိုင်ငံမှာ မတည်ငြိမ်မှု ကဏ္ဍသစ်တစ်ခုကို ဖန်တီးနိုင်ပါတယ်
" စတျူးဝပ်လီဗင်ဝါ့သ် မက်ကလပ်ချီ
ဒေါ်စုဟာ နေအိမ်အကျယ်ချုပ် ၁၅ နှစ်နေခဲ့ရပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေလည်း ခံခဲ့ရပါ တယ်။ နှစ်စဉ်လူ့အခွင့်အရေး ရပ်တည်ကာကွယ်သူတွေရဲ့ အမည်မှတ်တမ်းမှာ ဒေါ်စုရဲ့အမည်ဟာ ဒက်စ်မွန် တူးတူး၊ မာတင်လူသာ ကင်းဂျူနီယာနှင့် မဟတ္တမဂန္ဒီတို့ရဲ့အမည်တွေနဲ့အတူ ဖော်ပြခံရလေ့ ရှိပါတယ်။ အခု ဆိုရင် အသက် ၇၀ ရှိပြီဖြစ်တဲ့ ဒေါ်စုဟာ အကြွင်းမဲ့ အာဏာရှင်ဆန်တဲ့ စစ်အုပ်ချုပ်ရေးကနေ နိုင်ငံကို လွတ်မြောက်ဖို့ လူကြီးဘ၀ရဲ့အချိန်အများစုမှာ ကြိုးပမ်းလှုပ်ရှားရင်း ရလာမဲ့ ပန်းတိုင်တစ်ခုရဲ့ စပ်ကူးမတ်ကူး ကာလတစ်ခုအတွင်း ရှိနေပါပြီ။

နိုဝင်ဘာ ၁၃ က တရားဝင်ရလဒ်တွေအရ ဒေါ်စုရဲ့ NLD ပါတီက လွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေ ရာ ၆၄၄ နေရာအနက် ၃၆၉ နေရာအထိ ရရှိပြီးပါပြီ။ ဒါဟာ မြန်မာမဲဆန္ဒရှင်တွေဟာ ဒေါ်စုအပေါ် ဘယ်လောက် လေးစား ကြည်ညိုတယ်ဆိုတာ ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် ပြသနာတစ်ခုတော့ ရှိပါတယ်။ ဒေါ်စုအပေါ် နိုင်ငံက အလွန်အကျွံ လေးစားကြည် ညိုမှုဟာ အထွဋ်အထိပ်ကို ရောက်ခဲ့ပြီဖြစ်လို့ နိုဘယ်ဆုရှင် ဖြည့်ဆည်းမပေးနိုင်တဲ့ မျှော်လင့်ချက်တွေလည်း ရှိလာမှာ ဖြစ်တဲ့အကြောင်း လေ့လာသူအချို့က ဆိုပါတယ်။ ဒါ့အပြင် ဒေါ်စုရဲ့ ကျော်ကြားတဲ့ အမွမ်းတင်ခံရမှု က အစိုးရသစ်ကို ဦးဆောင်ဖို့ကြိုးစားရာမှာ သူမကို အထီးကျန်စေနိုင်သလို လက်လွတ်စပယ် ဆုံးဖြတ်ချက် တွေလည်း ချစေနိုင်ပါတယ်။

ကမ္ဘာတစ်ဝန်းက ဒေါ်စုကို ချီးကျူး ဂုဏ်ယူကြောင်းဖော်ပြတဲ့ သတင်းစကားတွေက ဒေါ်စုရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ကို ပိုပြီး ကြီးကျယ်စေပါလိမ့်မည်။ ဒါဟာ ကောင်းတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူးလို့ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်တဲ့အတွက် ထောင်ထဲမှာ ၁၁ နှစ်နေခဲ့ရတဲ့ ဒီမိုကရေစီ အရေးတက်ကြွလှုပ်ရှား သူ ခင်ဇော်ဝင်းက ပြောပါတယ်။ အိန္ဒိယနှင့် တရုတ်နိုင်ငံကြီး နှစ်ခုကြားမှာ ရှိနေတဲ့ မြန်မာရဲ့ အနာဂတ်အုပ် ချုပ်မှုကို အိမ်နီးချင်းနိုင်ငံတွေအပြင် အမေရိကန်နဲ့ တခြား အနောက်နိုင်ငံတွေကလည်း အနီးကပ် စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ သမ္မတ ဘားရက်အိုဘားမားဟာ မြန်မာနိုင်ငံရဲ့အထီးကျန်မှုကို အဆုံးသတ်အောင် အဓိက လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၂ က မြန်မာနိုင်ငံကိုလာရာမှာ ဒေါ်စုနဲ့ စစ်ဘက် ကျောထောက်နောက်ခံ သမ္မတ ဦးသိန်းစိန်တို့ကို တွေ့ဆုံခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ကတော့ အိုဘားမားက ဒေါ်စုဆီဖုန်းခေါ်ခဲ့ပြီး သူမရဲ့ အောင်မြင်မှုက ငြိမ်းချမ်းကြွယ်ဝမှုဆီ ဦးတည်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ ကိုင်တွယ်မှုအပေါ် ဦးသိန်းစိန်ကိုလည်း ချီးကျူးခဲ့ပါတယ်။

အာဏာရလာပြီးတဲ့နောက် သူတို့ရဲ့နိုင်ငံကို ဦးဆောင်ဖို့ ရုန်းကန်ခဲ့ရတဲ့ တော်လှန်ရေး သူရဲကောင်း တွေရဲ့ သာဓကတွေနဲ့ သမိုင်းမှာ ပြည့်နေခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ သမ္မတလို လုပ်ဆောင်နိုင်မလား နောက်ကွယ်ကနေပဲ ဦးဆောင်နိုင်မလား တိတိကျကျ မသိရသေးပါဘူး။ ၂၀၀၈ ခုနှစ်က စစ်အစိုးရဟာ နိုင်ငံ ခြားသား ဇနီးခင်ပွန်း ဒါမှမဟုတ် နိုင်ငံခြားသား ပတ်စပို့ကိုင်ထားတဲ့ သားသမီးရှိတဲ့သူ ဘယ်သူမဆို သမ္မတရာ ထူး ထမ်းဆောင်ခွင့်ကနေ တားမြစ်ထားတဲ့ အခြေခံဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒေါ်စုရဲ့ ကွယ်လွန်သူ ခင်ပွန်းက ဗြိတိသျှပတ်စ်ပို့ ကိုင်ခဲ့သလို သားနှစ်ဦးကလည်း ဗြိတိသျှပတ်စ်ပို့တွေ ကိုင်ထားတာပါပဲ။

အဲဒီ အခြေခံဥပဒေက စစ်တပ်အတွက် ပါလီမန်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ချန်ထားပေးပါ တယ်။ အခြေခံဥပဒေကို ပြောင်းလဲဖို့ ဒေါ်စုနဲ့ ထောက်ခံသူတွေအတွက် မဖြစ်နိုင်စရာ မဟုတ်တောင် အခက် အခဲ ဖြစ်စေမှာပါ။ မကြာသေးခင်က ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ဒေါ်စုနဲ့ သူ့ရဲ့ NLD ဟာ ဒေါ်စုအာဏာရ ရေးအပေါ် ကန့်သတ်ချက်တွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာနဲ့ ကြိုးစား အဖြေရှာကြပါတယ်။ မရေမရာ အနေအထားပါ။ တကယ်လို့ ဒေါ်စုဟာ အစိုးရအဖွဲ့ကို တရားဝင် ဦးဆောင်နိုင်တယ်ဆိုတာ ကြီးမားတဲ့ မဲဆန္ဒ ရှင်တွေက သေချာမသိရင် သူတို့မဲမပေးဘဲနေမလား၊ ဒါမှမဟုတ် NLD ကို မဲမပေးဘဲနေမလား။

ဒီလိုသံသယတွေဖယ်ရှားဖို့ ဒေါ်စုဟာ သူသာ ဦးဆောင်မည်ဆိုတာ မဲဆွယ်မှုနောက်ဆုံး သီတင်းပတ် တွေမှာ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ "ကျွန်မတို့မှာ သမ္မတအဖြစ် NLD ကိုကိုယ်စားပြုဖို့ ကြိုတင် ပြင်ဆင်ထားသူ တစ်ဦးရှိတယ်ဆိုတာ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောထားတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်အားလုံးကိုတော့ ကျွန်မက ချမှတ်မှာပါ" ဟု နိုဝင်ဘာ ၄ က ရန်ကုန်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ဒေါ်စုက ပြောကြားခဲ့သည်။

ဒီလိုစီစဉ်ထားမှုရဲ့ တရားဝင်မှုနဲ့ ပတ်သက်လို့ မေးမြန်းတဲ့အခါ သမ္မတရဲ့အထက်မှာ ရှိတဲ့လူတစ် ယောက်နဲ့ ပတ်သက်လို့ အခြေခံဥပဒေက ဘာမှပြောမထားဘူးလို့ ဒေါ်စုက ပြန်ဖြေပါတယ် ယင်းနဲ့ပတ်သက်၍ အခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါက ဥပဒေပဲ သူကဥပဒေအထက်မှာ ရှိတဲ့သဘော ရုတ်တရက်ပြောလိုက်တာက သူတစ်လျှောက်လုံး ပြောနေတာနဲ့ ဆန့်ကျင်နေတယ်လို့ ၀ါရှင်တန် ဂျောဂ်ျ တောင်းတက္ကသိုလ်က မြန်မာနဲ့ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဒေးဗစ်စတိုင်းဘာ့ဂ်က ပြောသည်။

လေ့လာသူတစ်ချို့ကလည်း ဒေါ်စု၏ ဦးဆောင်မယ်လို့ ကတိပြုချက်က တရားရုံးတွင် အရေးယူမှုမှဖြစ် စေ၊ တိုက်ရိုက် အာဏာသိမ်းသည်ဖြစ်စေ စစ်တပ်က စွက်ဖက်လာမည်ကို စိုးရိမ်နေသည်။ ဒေါ်စု သမ္မတမဖြစ်ရေးအတွက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ အခြေခံဥပဒေကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဋ္ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ခင်ဇော်ဝင်းက ပြောသည်။ ၁၉၉၀ ပြည့်နှစ်က ဒေါ်စု၏ပါတီက ရွေးကောက်ပွဲ တွင် အပြတ်အသတ်နိုင်သည့် ရလဒ်များကို စစ်တပ်က ပယ်ချခဲ့သည်။ သူမရဲ့ အမှားတစ်ခုခုနဲ့အတူ ဒါမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်နိုင်ပါတယ်လို့လည်း ခင်ဇော်ဝင်းက ဆိုပါတယ်။ အလားအလာတွေကတော့ နည်းပါ တယ်။ ဒါပေမဲ့ သူတို့အဲဒီမှာ ရှိနေသေးတယ်ဟု ၎င်းက ပြောသည်။

အရွယ်ရောက် လူငယ်ဘ၀က ဒေါ်စုဟာ ပြည်ပမှာ နေထိုင်ခဲ့ပါတယ်။ ဗြိတိန်က ဘွဲ့ရပါတယ်။ အဲဒါမ တိုင်ခင် မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ အိန္ဒိယနဲ့ နီပေါတို့မှာ နေထိုင်ခဲ့ပါတယ်။ သူမကိုယ်တိုင်ရဲ့ပြောပြချက်အရတော့ ဒေါ်စုဟာ နိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုထဲကို မတော်တဆနီးပါး ရောက်လာခဲ့တာလို့ ဆိုပါတယ်။ ၁၉၈၈ မှာ မကျန်းမာတဲ့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံကို လာရောက်ချိန်မှာ စစ်တပ်ကို ဆန္ဒပြမှုတွေနဲ့ ကြုံနေခဲ့ပါတယ်။ အဲဒီအချိန်က ဆန္ဒပြမှုတွေကို ရက်စက်စွာနှိမ်နင်းတာ တွေ့ရ တော့ နိုင်ငံရေးလှုပ်ရှားမှုမှာ ပါဝင်ချင်စိတ်တွေ ပြင်းပြလာတယ်လို့ ဆိုပါတယ်။

၁၉၉၀ ပြည့်နှစ် အမျိုးသား ရွေးကောက်ပွဲမှာ မဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက် အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်က ရလိုက်တော့ စစ်အစိုးရက အံ့သြသွားတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေဟာ ရလဒ်ကိုပယ်ဖျက်ပြီး ဒေါ်စုကို နေအိမ်အကျယ်ချုပ် ချခဲ့တယ်။ နောက်တစ်နှစ်မှာ နိုဘယ်ကော်မတီက ဒေါ်စုကို ငြိမ်းချမ်း ရေး နိုဘယ်ဆုနဲ့ ဒေါ်လာ ၁ ဒသမ ၃ ပေးခဲ့တယ်။ ဒေါ်စုက မြန်မာပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေး ဖောင်ဒေးရှင်းအတွက် ရည်ရွယ်ခဲ့တယ်။

နေအိမ်အကျယ်ချုပ်ကြောင့် ဒေါ်စုဟာ နိုဘယ်ဆုပေးပွဲ အခမ်းအနားကို မတက်ရောက်နိုင်ခဲ့ဘူး။ ဒါပေ မဲ့ ၂၀၁၂ မှာ အော်စလိုမှာ နိုဘယ်ဆုယူ မိန့်ခွန်း ပြောနိုင်ခဲ့တယ်။ သူမရဲ့ လွတ်လပ်မှုအပေါ် ကန့်သတ်ချက် တွေကို ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာ ပြန်ပြောပြခဲ့တယ်။

သူမနဲ့ လက်တွဲ ဆောင်ရွက်ဖူးသူတွေကတော့ ဒေါ်စုဟာ မမောမပန်း၊ မကြောက်မရွံ့၊ ခေါင်းမာ၊ ရံဖန် ရံခါ မင်းဧကရာဇ်ဆန်တယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ ဒေါ်စုဟာ နိုင်ငံအတွက် ဘ၀ကို မြုပ်နှံထားတဲ့ သူဆိုတာကိုတော့ ဘယ်သူမှ သံသယမရှိပါဘူး။

၁၉၉၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ ဒေါ်စုဟာ နေအိမ်အကျယ်ချုပ်ကနေ လွတ်လာပါတယ်။ အဲဒီအခ်ျိန်မှာ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်ဟာ ကင်ဆာရောဂါကြောင့် သေခါနီးဆဲဆဲပါ။ ဒါပေမဲ့ ဒေါ်စုဟာ ဗြိတိန်ကို မပြန်ဖို့ ရွေးချယ်ခဲ့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အစိုးရက ပြန်ပြီးဝင်ခွင့်မပေးမှာကို ဒေါ်စုက စိုးရိမ်လို့ပါ။ မိုက်ကယ်ဟာ ၁၉၉၉မှာ ဆုံးသွားပါတယ်။

မသီတာဟာ စာရေးဆရာနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက် ပွဲအတွင်း မဲဆွယ်စည်းရုံးရေး လက်ထောက်တစ်ဦးအဖြစ် ဒေါ်စုနဲ့ အလုပ် လုပ်ဖူးပါတယ်။ ၁၉၉၂က သူမရဲ့ The Sunflower စာအုပ်ထဲမှာ သူတို့ရဲခေါင်းဆောင်ပေါ် မြန်မာပြည်သူထားတဲ့ ပိုလွန်တဲ့ မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ မသီတာက ရေးခဲ့ပါတယ်။ ပြီးတော့ ဒေါ်စုကိုလည်း လက်ခုပ်သြဘာသံတွေရဲ့ အကျဉ်းသားဆို ပြီး သရုပ်ဖော်ခဲ့ပါတယ်။

သူ့မှာ ပြည်သူတွေပြောတာနားထောင်ဖို့ အချိန်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတိုင်းက သူပြောတာ နားထောင်ချင်ကြတာကိုးဟု မသီတာက ဆိုသည်။

သူသာ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရင် အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့ ပွင့်လင်းမြင်သာမှုက မြင့်မားလာ မှာပါ။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်မတို့ သေချာပြောနိုင်ပါတယ်ဟု မသီတာက ဆိုသည်။ မဲဆွယ်စည်းရုံးမှု ကာလအတွင်း ဒေါ်စုသည် ဝေးလံသော အရပ်ဒေသများအထိ သွားရောက်ကာ သူမအား လေးစားသည့် ထောက်ခံသူများကို မိန့်ခွန်း ပြောခဲ့သည်။

ဝေဖန်သူများကလည်း လူနည်းစု အထူးသဖြင့် မွတ်စလင်များကို ကိုယ်စားလှယ်လောင်းအဖြစ်မှ ချွင်းချန်ခဲ့သဖြင့် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း NLD မှ ၀င်ပြိုင်ရန် ကြိုးပမ်းမှုကို ပယ်ချခဲ့သဖြင့် ယင်းကျောင်းသားများကို စိတ်ပျက်စေခဲ့သည်။

NLD ဟာ ဒီမိုကရက်တစ်ကျတဲ့ ပါတီမဟုတ်ပါဘူးဟု စတိုင်းဘာ့ဂ်က ဆိုသည်။ သူ့မှာ အနီးကပ် အကြံပေးရယ်လို့ မရှိပါဘူး။ ဘေးမှာ သူဘာပြောပြော လုပ်မဲ့လူတွေ ၀ိုင်းနေတာ။ သူနဲ့သဘောမတူကြောင်း ပြရဲတဲ့သူဆို မောင်းထုတ်တာဟုလည်း ၎င်းက ဆိုသည်။

အမျိုးသား ရင်ကြားစေ့ရေး အစိုးရတစ်ရပ်ကို ဖွဲ့စည်းရန် မျှော်လင့်တယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်က ဒေါ်စုက မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ NLD ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်၊ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ဆီကို ဒေါ်စုက စာရေး ပြီး ရင်ကြားစေ့ရေးအ စည်းအဝေးတစ်ခုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။

သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့က ရွေးကောက်ပွဲရလဒ်ကို လေးစားမယ်လို့ ပြောကြားထားပါ တယ်။ ဒေါ်စုဟာ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းမဲ့ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပြီး ဒေါ်စုရဲ့ သဘောတူညီမှုမပါ ဘဲ ဗျူရိုကရက်တွေက ဆုံးဖြတ်ချက်တွေချမှာ သံသယရှိတယ်လို့ ခင်ဇော်ဝင်းက ဆိုပါတယ်။

အနာဂတ်နဲ့ ပတ်သက်လို့ သံသယတွေရှိသော်လည်း ဒေါ်စုနဲ့ သူ့နိုင်ငံဟာ သူ့ကို ဆက်ပြီး အံ့သြစေ မယ်လို့ ခင်ဇော်ဝင်းက ၀န်ခံပါတယ်။ နိုင်ငံရဲ့အရင်းအမြစ်တွေကို ခိုးယူဖို့ အာဏာသုံးတဲ့နိုင်ငံတစ်ခုမှာ ကျွန်တော်တို့ ဒီလောက်အကြာကြီး နေနေကြာတာ။ ခင်ဗျားက စပြီး ယုံကြည်မှု ဆုံးရှုံးမှာပဲဟု ရွေးကောက်ပွဲ အပြီး နောက်ရက်တွင် အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့ပါတယ်။ မနေ့ကတော့ ဒါက စပြီး ပြောင်းပါပြီလို့ ၎င်းက ပြောသည်။

Mizzima [full-post]


❖ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မိမိထံသို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၁၀၀၀ နာရီမှ ၁၁၃၀ နာရီအချိန်ထိ ပြည်သူ့လွှတ်တော်၌ လာရောက်တွေ့ဆုံခဲ့သည်။

❖ မိမိအား ရွေးကောက်ပွဲနှင့် ပတ်သက်၍ နှစ်သိမ့်အားပေးခဲ့သလို ဒီမိုကရေစီနည်းလမ်းကျကျ ရွေးကောက်ပွဲရလာဒ်ကို ဆောလျင်စွာ လက်ခံခဲ့မှုအား လေးစားဂုဏ်ပြုပါကြောင်း၊

❖ လွှတ်တော်များအတွင်း လွှတ်တော်ရေးရာကိစ္စရပ်များကို အောင်မြင်အဆင်ပြေစွာ ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း၊

❖ ပြည်ခိုင်ဖြိုးပါတီနှင့် အခြားပါတီကိုယ်စားလှယ်များနှင့်အတူ ဒီမိုကရေစီလုပ်ငန်းများ အောင်မြင်အဆင်ပြေစွာ ဆောင်ရွက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

❖ ဒေါ်အောင်ဆန်းစုကြည်၏ တွေ့ဆုံဆွေးနွေးရန် တောင်းဆိုမှုကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ ၀၉၀၀ နာရီအချိန်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

(သူရဦးရွှေမန်း ဖေ့ဘုတ်မှ ကူးယူဖော်ပြသည်)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အသေခံ ဗုံးခွဲမှုနဲ့ သေနတ်နဲ့ ပစ်ခတ် အကြမ်းဖက်မှု တွေကို နေရာ ၆ နေရာမှာ ဆက်တိုက် ဆိုသလို ပြုလုပ်ခဲ့ရာမှာ လူပေါင်း ၁၂၉ ယောက် သေဆုံးခဲ့ပြီး ၃၅၂ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

အဲဒီအထဲက ၉၉ ယောက်ဟာ အသက်အန္တရာယ် စိုးရိမ် ရလောက်အောင် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိထား ကြသူတွေ ဖြစ်ကြပါတယ်။

အခု တိုက်ခိုက်မှုဟာ အကြမ်းဖက်မှု ပုံသဏ္ဍန်သစ်ပါလား။

ဘီဘီစီ သတင်းထောက် လောရင့်စ် ပီတာ နဲ့ ဖရန့်ဂါ့ဒါနာ တို့ရဲ့ သတင်း ရေးသားချက်တွေကို အခြေခံပြီး တင်ပြပေးပါမယ်။

အခု တိုက်ခိုက်မှုဟာ ၂၀၀၄ ခုနှစ် စပိန် မဒရစ် မီးရထား ဗုံးခွဲမှု နောက်ပိုင်းမှာ ဥရောပ အတွက် အဆိုးဝါးဆုံးဖြစ်ရပ် ဖြစ်ပါတယ်။

ပြင်သစ်ဟာ ဇန်နဝါရီလတုန်းက ရှာလီ အက်ဘ်ဒူ မဂ္ဂဇင်းတိုက်ကို အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့စဉ် ကတည်းက လုံခြုံရေး အရ တပ်လှန့် ထားခဲ့တာပါ။

အဲသလို တပ်လှန့်ထားတဲ့ ကြားက အခုဖြစ်ရပ်ကို မကာကွယ် မတားဆီးလိုက်နိုင်တာဟာ ဥရောပ လုံခြုံရေး စနစ်တခုလုံးကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ထူးခြား ထင်ရှားတဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက် တာမျိုး မဟုတ်ဘဲ အခုလို ကြုံရာကျဘမ်း အရပ်သား နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက် လာမယ်ဆိုရင် ကာကွယ် ဟန့်တား နိုင်ပါ့မလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

ဒါ့အပြင် ဘာ့ကြောင့် ပြင်သစ်မှာ အခုလို ဖြစ်ရသလဲ ဆိုတာဟာလည်း မေးခွန်းတခု ဖြစ်ပါတယ်။

ဆီးရီးယား အီရတ်တို့မှာ စစ်ပွဲ ဆင်နွှဲနေတဲ့ အိုက်အက်စ် အဖွဲ့ထဲကို ပြင်သစ်က သွားရောက်ပူးပေါင်းတဲ့ ပြင်သစ် မွတ်ဆလင် အရေအတွက်ဟာ ၅၀၀ ကျော်ရှိပါတယ်။

တခြားဥရောပနိုင်ငံတွေထက် ပိုမို များပြားတဲ့ အရေအတွက် ဖြစ်ပါတယ်။

ဒါ့အပြင် ပြင်သစ်ဟာ ဆီးရီးယား ၊ အီရတ်တို့မှာ ရှိတဲ့ အိုက်အက်စ် အစ္စလာမ်နိုင်ငံအဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ရာမှာ ပါဝင်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် အိုင်အက်စ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုကို ခံရတယ်လို့ ယူဆဖွယ်ရှိပါတယ်။
ဒါ့အပြင် အခုတိုက်ခိုက်မှုကို ကြည့်ရင် အစ္စလာမ်နိုင်ငံအဖွဲ့ အိုင်အက်စ်ရဲ့ နည်းဗျူဟာ ပြောင်းလဲ လာသလား လို့လည်း စဉ်းစားစရာ ရှိပါတယ်။

အရင်က အိုက်အက်စ်ဟာ အရှေ့အလယ်ပိုင်းမှာ နေရာစိုးမိုး ခြေကုတ်ယူရေးကို အဓိက ဗျူဟာ သတ်မှတ် လုပ်ဆောင် ခဲ့ပါတယ်။
အခုအခါမှာတော့ သူတို့ဟာ ဥရောပနဲ့ တခြား ဒေသတွေကိုပါ စစ်မြေပြင်သဖွယ် သဘောထား တိုက်ခိုက် လာတာ ဖြစ်နိုင်ပါတယ်။

အမေရိကန် ဦးဆောင်တဲ့ ညွန့်ပေါင်း တပ်ဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်ကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ လုပ်လာချိန်မှာ သူတို့ဟာ တိုက်ခိုက်ရေး ပုံစံကို တိုးချဲ့ ပြောင်းလဲ လာတာ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဇွန်လထဲမှာတုန်းက တူနီးဆီးယား ကမ်းခြေမှာ ကမ္ဘာလှည့်ခရီးသွား တွေကို သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့ရာမှာ ဗြိတိသျှ ခရီးသွား ၃၀ အပါအဝင် လူ ၃၈ ယောက်သေဆုံးခဲ့ပါတယ်။

အောက်တိုဘာလမှာ တူရကီနိုင်ငံ အန်ကာရာမှာ အိုင်အက်စ် ရဲ့ အသေခံ တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၂ ယောက်သေဆုံးခဲ့ပါတယ်။

အောက်တိုဘာနှောင်းပိုင်းမှာပဲ ဆိုင်းနိုင်း ကျွန်းဆွယ်ပေါ်မှာ ရုရှားလေယာဉ် ပျက်ကျခဲ့ပြီး လူပေါင်း ၂၂၄ ယောက်သေဆုံး ခဲ့တာကိုလည်း အိုက်အက်စ်က သူတို့ တိုက်ခိုက်တာလို့ ဆိုခဲ့ပါတယ်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဘေရွတ် တောင်ပိုင်းမှာရှိတဲ့ လူ ၄၄ ယောက် သေဆုံးတဲ့ ဗုံးခွဲ တိုက်ခိုက်မှုကိုလည်း အိုင်အက်စ်က သူတို့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတော့ အိုက်အက်စ်ရဲ့ တိုက်ခိုက်ရေး နည်းဗျူဟာ ချဲ့ထွင် ပြောင်းလဲ လာသလား၊ အဲသလို ပြောင်းလဲ လာရင် ဥရောပ တိုင်းပြည်တွေရဲ့ လုံခြုံရေး စနစ်ဟာ အကာအကွယ် ပြုနိုင် ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ် လာတယ်လို့ ဘီဘီစီ သတင်းထောက်တွေက သုံးသပ် ထားပါတယ်။

BBC Burmese

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် လွှတ်တော်တွင် အများစု ပါတီအဖြစ် ရပ်တည်ရန် လုံလောက်သည့် အမတ်အရေအတွက်ကို အနိုင်ရခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ကြေညာလိုက်ပြီဖြစ်သည်။ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပမာဏကို စောင့်ကြည့်လေ့လာသူများနှင့် အာဏာရ ကြံ့ခိုင်ရေးပါတီတို့အပြင် NLD ကိုယ်တိုင်က အံ့အားသင့်ခဲ့ရသည်။

NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်နှင့် ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ ဦးဥာဏ်ဝင်းက “ကျွန်တော်တို့ ၆၀% လောက် အနိုင်ရမယ်လို့ ထင်ထားပေမယ့် တကယ်တော့ ၈၀% လောက် အနိုင်ရခဲ့ပါတယ်” ဟု စထရိတ်တိုင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးနှင့် နေခဲ့ရခြင်းက ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်စေခဲ့သည့် အချက်ဖြစ်သည်ဟု ယင်းကဆိုသည်။ “မြန်မာပြည်သူတွေက စစ်တပ်အုပ်ချုပ်တာ မလိုချင်ပါဘူး။ ဒါမျိုး မနှစ်သက်ပါဘူး။ ဒီလို အုပ်ချုပ်ခံရတာ နှစ် ၆၀ ရှိနေပါပြီ” ဟု ဦးဥဏ်ဝင်းက ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ဦးစားပေးကိစ္စရပ်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတ ဦးသိန်းစိန် ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံ ဆွေးနွေးရေး ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ဆိုသည်။ ထိုဆွေးနွေးပွဲမှာ လာမည့်ရက် သတ္တပတ်အတွင်း ဖြစ်လာဖွယ်ရှိသည်။

ဦးဥာဏ်ဝင်းက “ဒီတွေ့ဆုံပွဲက အလွန့်အလွန် အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီမှာ အခြားပါတီတစ်ခုကို ၊ အထူးသဖြင့် အတိုက်အခံပါတီကို အာဏာလွှဲပေးတဲ့ အတွေ့အကြုံ မရှိပါဘူး။ ဒါကြောင့် အပြောင်းအလဲတွေ ချောမွေ့ဖို့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းနိုင်လိုတာပါ” ဟု ပြောကြားသည်။ လက်ရှိအချိန်တွင် မရေရာသူမှုများနှင့် စိုးရိမ်မှုများ ရှိနေသေးသည်ဟု ဦးဥာဏ်ဝင်းက ၀န်ခံခဲ့သည်။

“ဘာဖြစ်လာမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ တပ်ချုပ်က ရွေးကောက်ပွဲရလဒ်ကို လေးစား လိုက်နာမယ်လို့ ၂ ခါ ၊ ၃ ခါ ပြောထားပါတယ်” ဟု ဦးဥာဏ်ဝင်းက ပါတီရုံးချုပ်၌ ပြုလုပ်သည့် အင်တာဗျူးတွင် ပြောကြားသည်။

ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရဖွယ်ရှိသည်မှာ ထင်ရှားလာချိန် ယခုရက်သတ္တပတ် အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံ ဆွေးနွေးရန် မေတ္တာရပ်ခံသည့် စာများကို သမ္မတ ၊ ကာကွယ်ရေးဦးစီးချုပ် နှင့် လွှတ်တော်ဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့သည်။

ဦးဥာဏ်ဝင်းက “စစ်တပ်၊ ဒါမှမဟုတ် လက်ရှိအစိုးရဟာ ကျွန်တော်တို့နဲ့ ဆက်သွ
ယ်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲ အနိုင်ရတဲ့အတွက် ကျွန်တော်တို့ဘက်က စတင်ဆွေးနွေး ရမယ်လို့ ပါတီဥက္ကဋ္ဌက ပြောပါတယ်။ ဒါကြောင့် သူက ဒီစာ ၃ စောင်ကို ရေးခဲ့တာပါ” ဟု ပြောကြားသည်။ ပါတီ၏ ဦးစားပေး လုပ်ငန်းစဉ်များတွင် ဖက်ဒရယ်ပြည်ထောင်စုကို ထင်ဟပ်မည့် အခြေခံဥပဒေ ပြောင်းလဲရေး ပါဝင်သည်ဟု ဆိုသည်။

ထို့အပြင် NLD သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများကို ဦးတည်သွားမည်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။ ရွေးကောက်ပွဲ အနိုင်ရ အမတ်များက လွှတ်တော်တွင် သမ္မတကို ရွေးချယ်တင်မြှောက်ပြီး ထိုသမ္မတက ၀န်ကြီးများကို ခန့်အပ်ပြီးသည့်အခါ ၂၀၁၆ မတ်လကုန်တွင် အစိုးရအဖွဲ့သစ် စတင်တာဝန်ထမ်းဆောင်မည် ဖြစ်သည်။

KHTun

The Ladies News Journal

ရှစ်လေးလုံး အရေးတော်ပုံကာလမှာ တစ်ပြည်လုံး လမ်းပေါ်ထွက်ခဲ့ကြသလို အခု ၂၀၁၅ မှာ မဲပေးနိုင်သူတိုင်း မဲရုံကို ထွက်လာကြတာ . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

“ပြောင်းလဲချိန်တန်ပြီ”ဆိုတဲ့ ကြွေးကြော်သံနှင့်အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ မဲရုံများ ဆန္ဒမဲများအရ NLD က နိုင်နေပါတယ်။ ဒါပေမဲ့လည်း ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုကြေညာ ပေး တာကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

မဲရုံများစာရင်းအရ ဒီချုပ်က နိုင်နေပါပြီ။ ရွေးကောက်ပွဲ ကော်မရှင် ရဲ့ ကြေညာအတည်ပြုမှုပဲ လိုတော့တာ ဖြစ်ပါတယ်။

စစ်အစိုးရဟာ မဆလမှသည် တစည ပြောင်းလဲခဲ့ပါတယ်။ တစညဟာ ရန်ပုံငွေပဲရှိပြီး လူမရှိတဲ့ ပါတီကြီး တစ်ခုလို ဖြစ်သွားခဲ့ပါတယ်။ ၂၀၁၀ မှာတော့ အထိုက်အလျောက် ရခဲ့ဖူးပါသေးတယ်။

၂၀၁၅ မှာတော့ ပါတီပေါင်း ၉၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ပါတယ်။ အဓိက ပြိုင်ဘက် ပါတီကတော့ လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD တို့ အဓိက အားပြိုင်တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးဟာ လက်ရှိအာဏာရ ပါတီလည်းဖြစ်၊ အစိုးရလည်း ဖြစ်လေတော့ အာဏာအား၊ ငွေအား၊ လူအား အတောင့်တင်းဆုံး ဖြစ်ပါတယ်။ ကိုယ်စားလှယ်များရဲ့ ကုန်ကျစရိတ်ကို ပါတီက ကျခံပါတယ်။ တစ်ဖက်က ဒီချုပ်ကတော့ ဘယ်သူ့ ဘယ်ကိုယ်စားလှယ်မှ ထောက်ပံ့နိုင်ခြင်းမရှိပါ။ ကိုယ်စားလှယ်များက မိမိတို့ အရွေးခံမည့် ပြည်သူများထဲမှ ကောက်ခံကြရ တာ ဖြစ်ပါတယ်။ မောင်မိုးသူရဲ့ ဘော်ဒါ စာရေးဆရာ တချို့လည်း NLD က ကိုယ်စားလှယ်အဖြစ် အရွေးခံပါတယ်။ သူတို့အတော် ရုန်းကန်ကြရပါတယ်။

ဒီလို ဒီလိုနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ မှာ နိုင်ငံအ၀န်း ကျင်းပပါတော့တယ်။

အထွေထွေ ရွေးကောက်ပွဲကြီး ဖြစ်မြောက်ခြင်းဟာ ပြည်သူလူထုရဲ့ နိုင်ငံရေး နိုးကြားမှု၊ သတ္တိရှိမှု၊ စည်းကမ်း ထိန်းသိမ်းမှုကြောင့် ဖြစ်လို့ ပြည်သူလူထုကို အထူးဂုဏ်ပြုကြောင်း ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြား ခဲ့ပါတယ်။

ပြည်သူလူထုရဲ့ စိတ်အား ထက်သန်မှုကတော့ အံ့သြကုန်နိုင်ဖွယ်ပါပဲ။ ယခုမှ အသက် ၁၈ နှစ်ပြည့်လို့ ပထမဆုံးရွေးကောက်ပွဲကို မဲဆန္ဒပေးကြရတဲ့ လူငယ်လူရွယ်များ စိတ်အား ထက်သန်မှုကို ရုပ်မြင် ဖန်သားပြင်ပေါ်မှာ တစ်ပြည်လုံးက လူငယ်လူရွယ်တွေ တက်ကြွတာကို တွေ့ကြရတဲ့အပြင် သက်ကြီး ရွယ်အိုများ၊ လူတွဲနှင့် လာရသူတွေမှ အများကြီး အများကြီး ပါဝင်လာတာကို တွေ့ရပါတယ်။ အဲဒီ မြင်ကွင်းကို တွေ့ရတော့ မောင်မိုးသူ သဘောပေါက်သွားပါတယ်။ ဘာသဘောပေါက် သွားသလဲဆိုတော့ ရှစ်လေးလုံး အရေးတော်ပုံကာလမှာ တစ်ပြည်လုံး လမ်းပေါ်ထွက်ခဲ့ကြသလို အခု ၂၀၁၅ မှာ မဲပေးနိုင် သူတိုင်းမဲရုံကို ထွက်လာကြတာကိုးလို့ပါပဲ။ မဲဆန္ဒပေးကြသူများဟာ တက်ကြွစိတ်အား ထက်သန်တယ်၊ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ရှိကြတာကို တွေ့ရပါတယ်။

ဒီနေရာမှာ အထူးအံ့သြစရာ ရှိတာကတော့ တစ်ပြည်လုံးအနှံ့ အင်အား တောင့်တင်းလှပါတယ် ဆိုတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပါတီပူးတွဲဥက္ကဋ္ဌဦးဌေးဦး မျှော်လင့်ထားသလို၊ ယုံကြည်ထားသလို ၈၀ ရာနှုန်း မဲမရတဲ့အပြင် အပြတ်အသတ် ရှုံးနိမ့်တာပဲ ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် လောင်းဟာ တစ်မဲမှမရဘဲ ၀ မဲ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရခြင်းပါပဲ။ ဒါကို ထောက်ရှုရင် ပြည်ခိုင်ဖြိုးဟာ ယုံကြည်ချက်နှင့် စည်းရုံးထားတဲ့ ပါတီဝင်တွေ ရှိမနေဘူးဆိုတာ အထင်အရှားပြသ လိုက်တာပဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD ကတော့ အနိုင်ရသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရေး ဝေဖန် သုံးသပ်သူများကတော့ NLD ဟာ ၂၀၀၈ အခြေခံဥပဒေအရ ဒေါ်အောင်ဆန်း စုကြည်က သမ္မတဖြစ်လာခွင့် မရှိပါဘူး။ ဒေါ် အောင်ဆန်း စုကြည်ကတော့ သမ္မတမဖြစ်သည့်တိုင် အစိုးရကို ဦးဆောင်ပြီး ဖွဲ့စည်းမယ်လို့ ပြောထားတာ ရှိပါတယ်။

တစ်ချိန်တည်းမှာ လွှတ်တော်ထဲမှာ ရွေးကောက် တင်မြှောက်စရာ မလိုဘဲ အလိုအလျောက် ရောက်ရှိနေတဲ့ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာနှုန်းကိုလည်း ဒီအတိုင်းပဲ ဆက်ထားမှာလို့ ဆိုပါတယ်။

အဲဒီ ၂၅ ရာနှုန်းက စစ်တပ် ကိုယ်စားလှယ်များဟာ ပူးပေါင်းစရာ သူ့ရဲ့အဓိက လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ တစ်ပါတီတည်း ဖြစ်တဲ့ ပြည်ခိုင်ဖြိုးက လွှတ်တော်ထဲကို အင်မတန်နည်းတဲ့ အရေအတွက်နဲ့ ရောက်လာ လေတော့ ဘာလုပ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အနိုင်ရဖို့ များနေတဲ့ ဒီချုပ်ကလည်း ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော် စည်းရုံးခဲ့တာလေ။ မဲဆန္ဒရှင် တွေကတော့ တစ်ခဲနက် ဆန္ဒမဲတွေပေးပြီး ပြောင်းလဲဖို့ လိုလားကြောင်း ပြောင်းလဲချင်လှပါပြီလို့ ပြသလိုက်ကြပါပြီ။

ဒီတော့ ပြောင်းလဲဖို့ တာဝန်က NLD ရဲ့ ကိုယ်စားလှယ်များရဲ့ တာဝန်ဖြစ်လာ ပါတော့တယ်။

အစိုးရသစ် ပြောင်းလဲစရာတွေက အများကြီး အများကြီး ဖြစ်နေပါတော့တယ်။

နှစ်ပေါင်း ၅၀ ကျော် မြန်မာနိုင်ငံဟာ ဆင်းရဲတွင်းနစ်ခဲ့ပြီး နိမ့်ကျပျက်စီး သွားခဲ့ကြတာတွေကတော့-

၁။ စီးပွားရေး၊
၂။ ကျန်းမာရေး၊
၃။ ပညာရေး၊
၎။ တရားစီရင်ရေး၊
၅။ စီမံအုပ်ချုပ်ရေး၊
တို့ဖြစ်ပါတယ်။

အဲဒါ အဲဒါတွေအားလုံးဟာ ပြုပြင်ပြောင်းလဲဖို့ အရမ်းအရမ်း လိုအပ်နေတာတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံလို့ အားလုံး အသိအမှတ် ပြုထားကြပါတယ်။ ဒါပေမဲ့ လယ်တွေ ယာတွေကို အသိမ်းခံရလို့ အိမ်နီးနားချင်း နိုင်ငံတွေ ကို ရွှေ့ပြောင်း လုပ်သားများအဖြစ် သွားရောက် လုပ်ကိုင်နေကြရတာ ၄-၅-၆ သန်းအထိ ရှိတယ်လို့ ဆိုပါတယ်။ အသိမ်းခံ လယ်မြေတွေ ပြန်လည် ရလိုမှုနှင့် တိုက်ပွဲဝင် တောင်းဆိုမှုတွေ အများကြီး အများကြီး ရှိနေပြီး ဖမ်းဆီး ထောင်ချတဲ့နည်းနှင့် ဖြေရှင်းခဲ့တာတွေ့ရ။

တောင်သူလယ်သမားများ လယ်ယာမြေ ပြန်လည်ရရှိရေး၊ တောင်သူ လယ်သမားများ လယ်ယာလုပ်နိုင်ရေး၊ နောက်ခေတ်မီတိုးတက်တဲ့ လယ်ယာစိုက်ပျိုးရေးကို ပြုစုပျိုးထောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဗီယက်နမ် နိုင်ငံဟာ စိုက်ပျိုးရေးမှာ ခေတ်မီစွာ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ဆန်ထုတ်လုပ်မှုမှာ ရှေ့ဆုံး ရောက်နေပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်မှုကို မြှင့်တင်ပြီး တောင်သူ လယ်သမားများကို ပြည်တွင်းမှာ ပြန်လည်ရောက်ရှိအောင် လုပ်ကြရမှာဖြစ်ပါတယ်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံတစ်ခုတည်းမှာပဲ ၄ သန်းလောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ စက်ရုံ အလုပ်ရုံတွေမှာ လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ ရရှိတဲ့ လစာဝင်ငွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံများက ၀န်ထမ်းများရဲ့ လစာဝင်ငွေဟာ ကွာဟနေပြီး ဆန္ဒပြမှု တောင်းဆိုမှုများ ဖြစ်ပွားနေပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေထဲမှာ ငါးဖမ်းရေလုပ်သားများ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်း လုပ်သားတွေထဲမှာ မြန်မာရွှေ့ပြောင်း လုပ်သားတော်တော်များများ ပါဝင်နေတာကို တွေ့ရ ပါတယ်။ အဲဒီငါးဖမ်း လုပ်သားတွေရဲ့ လုပ်ခလစာများဟာ မျှတရဲ့လား၊ ရပ်တည်နိုင်တဲ့ အနေအထားရှိရဲ့ လားဆိုတဲ့ ပြဿနာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများကိစ္စဟာ မြန်မာနိုင်ငံရဲ့ လူသားရင်းမြစ် ဆုံးရှုံးမှု ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တစ်ခုတည်းရှိ ရွှေ့ပြောင်း လုပ်သားတွေဟာ မလေးရှားနိုင်ငံမှာလည်း မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အများကြီး အများကြီးပါ။ ရာဘာ စိုက်ပျိုးရေးခြံတွေ၊ စက်ရုံတွေမှာ အများကြီး ဖြစ်ပါတယ်။ အဲဒီရွှေ့ပြောင်း လုပ်သားတွေဟာလည်း မြန်မာနိုင်ငံ ရဲ့ လူသားရင်းမြစ် ဆုံးရှုံးမှုပဲ ဖြစ်ပါတယ်။

ဒီကြားထဲမှာ တရားမ၀င်ရွှေ့ပြောင်း လုပ်သားတွေကို အကြောင်းပြုပြီး လူကုန်ကူးမှုများလည်း အများကြီး အများကြီး တွေ့ရှိရပါတယ်။ အင်ဒိုကျွန်းတစ်ခုမှာ ဖမ်းမိထားတဲ့ လူကုန်ကူးခံရတဲ့ မြန်မာ များ မြန်မာပြည် ပြန်ရောက်အောင် စီစဉ်ပေးရတဲ့ လူကုန်ကူးခံရတဲ့ မြန်မာ များ မြန်မာပြည် ရောက်အောင် စီစဉ်ပေးရတဲ့ သတင်းတွေ လည်း တွေ့ရှိရပြီးဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာတော့ မြန်မာများဟာ ပေါ်လီတက်ဆိုတဲ့ ကျောင်းတွေတက် အဲဒီက ဒီပလိုမာရတော့ စင်ကာပူနိုင်ငံက အဲဒီ ဒီပလိုမာရသူများကို P.R ပေးပြီး အလုပ်ပေးလိုက်တော့ မြန်မာကျောင်းသူ ကျောင်းသားတွေဟာ စင်ကာပူ ပေါ်လီတက် တုန်းကလည်း ကုန်ကျစရိတ်တွေ ခံခဲ့ရပြီး သင်ကြားရတာပါ။ အဲဒီက ဒီပလိုမာရပြီး P.R စင်ကာပူ အလုပ်ရလေတော့ မြန်မာနိုင်ငံအတွက် လူသားရင်းမြစ် ဆုံးရှုံးမှုဟာ ငွေရောလူပါ ဆုံးရှုံးတဲ့အတွက် မိအေး ၂ ခါနာ ဖြစ်ရပါတယ်။

ကိုရီးယားမှာလည်း မြန်မာတရားဝင် လုပ်သားတွေ ရှိပါတယ်။

ထိုနည်းတူဂျပန်မှာလည်း ရှိပါတယ်။

အဲဒီဆုံးရှုံးရတဲ့ လူသားရင်းမြစ်တွေကို ဘယ်လိုပြုပြင် ပြောင်းလဲကြရမလဲဆိုတာ ““ပြောင်းလဲရမည့် ကိစ္စတွေထဲက တစ်ခုဖြစ်ပါတယ်””

● ရှေ့အပတ် ပညာရေး ပြုပြင်ပြောင်းလဲရေး ရေးပါ့မယ်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald[full-post]


အစိုးရသစ်အား ချောမွေ့စွာ အာဏာ လွှဲပြောင်းနိုင်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေးအရ အမှုရင်ဆိုင်နေရသူများကို အမြန်ဆုံး လွှတ်ပေးရန် လက်ရှိ အစိုးရအား နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ယနေ့အချိန်သည် အထွေထွေ ရွေးကောက်ပွဲကြီးအား အောင်မြင်စွာ ဆောင်ရွက် ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် တိုင်းပြည်၏ နောက်ငါးနှစ် သက်တမ်းအတွက် အစိုးရသစ်မှ တာဝန်ယူ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထိုသို့ နောင်ငါးနှစ်အတွက်
တာဝန်ယူမည့် အစိုးရသစ်အား အဆင်ပြေ ချောမွေ့စွာ အာဏာလွှဲပြောင်းရေးအတွက် ယခင် နိုင်ငံရေးအရ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ၊ အမှု ရင်ဆိုင်နေရသော အချုပ်သားများအား အမြန်ဆုံး လွှတ်ပေးရန် အလေးအနက် တိုက်တွန်းကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေးအရ ချုပ်နှောင်ခံထားရပြီး အမှု ရင်ဆိုင်နေရသူများသည် အဓိကအားဖြင့် လက်ရှိ အစိုးရနှင့် သဘောထား ကွဲလွဲမှုအတွက် ဖမ်းဆီးထားခြင်းဖြစ်ရာ အာဏာ မလွှဲပြောင်းမီ လွှတ်ပေးခြင်းသည် လက်ရှိ အစိုးရ၏ စိတ်ကောင်း စေတနာကောင်းများကို ပြသရာ ရောက်သည့်အပြင် ပြည်သူများ၊ နိုင်ငံတကာ မြန်မာ့နိုင်ငံရေး စောင့်ကြည့်သူများ၏ လေးစား အသိအမှတ်ပြုမှုကိုလည်း ခံစားရမည် ဖြစ်ပါကြောင်းလည်း ဖော်ပြထားသည်။

အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို ဆန့်ကျင် ဆန္ဒပြခဲ့သဖြင့် မြင်းခြံ အကျဉ်းထောင်တွင် အချုပ်ကျခံနေရပြီး အမှု ရင်ဆိုင်နေရသော ကိုစည်သူမြတ်နှင့် ကိုစိုးလှိုင်တို့ နှစ်ဦးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၆ ရက်တွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်အတွက် အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့ကြရာ ထောင်ဝန်ထမ်းများက ရိုက်နှက်မှု၊ ရေဖြတ်မှုများကြောင့် နိုဝင်ဘာ ၉ ရက်တွင် အစာငတ်ခံ ဆန္ဒပြခြင်းအား ရပ်တန့်ခဲ့ရကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုဖြစ်စဉ်အား နိုဝင်ဘာ ၁၁ ရက်တွင် တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သော်လည်း အချိန်နောက်ကျနေပြီဟု အကြောင်းပြကာ အမှုကို လက်မခံခဲ့ကြောင်းနှင့် ထို့ကြောင့် အစိုးရ အနေဖြင့် ထိုသို့ အကျဉ်းထောင်တွင်း အကြမ်းဖက် ရိုက်နှက်ခြင်းနှင့် ရေဖြတ်ခြင်းအား အမြန်ဆုံး အရေးယူပေးရန်နှင့် ထိုအချုပ်သားများ၏ ကျန်းမာရေးအား အထူးဂရုပြု ဆောင်ရွက်ပေးရန် AAPP က ကြေညာချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။

နိုင်ငံရေး အကျဉ်းသားများအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီကပင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် လိုလားလျက်ရှိပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇူလိုင်အတွင်းကလည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ အကြံပြုစာ ပေးပို့ခဲ့ကြောင်း သိရသည်။
Writer:
ဇာလီမြင့်ဦး

Eleven Media Group

Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်အား ပြည်ပ ထွက်ခွာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လ၀က အရာရှိ ရန်လင်းစိုးက လေဆိပ်၌ ပိတ်ပင် တားဆီးခဲ့ကြောင်း သိရသည်။

ဒေါက်တာ သန်းထွဋ်အောင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ပသို့ ထွက်ခွာရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် တားဆီးခံခဲ့ရခြင်း ဖြစ်ကာ လေဆိပ်မှ လှည့်ပြန်ခဲ့ရကြောင်း သိရပါသည်။

ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်ခြင်းကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာန၏ ညွှန်ကြားချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဋ္ဌာနက ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက Eleven Media Group ကို ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသော အမှုကိစ္စနှင့် စပ်လျဉ်းပြီး ယင်းကဲ့သို့ ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

"ဒါဟာ မြန်မာနိုင်ငံမှာ ဥပဒေမဲ့ လုပ်ရပ်တွေ ရှိနေတယ်ဆိုတာကို ပြဆိုလိုက်တာပဲ။ ပုဒ်မ ၅၀၀ လို အမှု သေးသေးနဲ့ တရား ရင်ဆိုင်နေရလို့ ပြည်ပ ထွက်ခွာခွင့် ပိတ်တယ်ဆိုတာ တစ်ခါမှ မကြားဖူးဘူး။ မြန်မာမှာလည်း မရှိဘူး။ ကမ္ဘာမှာလည်း မရှိဘူး။ နောက်ပြီး အမှုရုံး ချိန်းကိုလည်း ပုံမှန်သွားတယ်။ တရားစွဲခံရထားတဲ့ ဒေါက်တာ သိန်းမြင့်က ပြည်ပ ထွက်ခွာခွင့် ရထားတယ်။ ဒီအချိန်ရောက်မှ ဒီလို ပိတ်ပင် တားဆီးခဲ့တာဟာ ဥပဒေမဲ့ လုပ်ရပ်တစ်ခုပါပဲ။ ဒီအတွက် ပြန်ကြားရေးဝန်ကြီးဋ္ဌာန ၀န်ကြီး ဦးရဲထွဋ်မှာရော၊ ပြည်ထဲရေးနဲ့ လ၀က ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုရော တာဝန်ရှိတယ်။ တစ်ချိန်ချိန်မှာ ဥပဒေကြောင်းအရ ကျွန်တော်တို့ ရင်ဆိုင်သွားမယ်" ဟု
ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

"အထူးသဖြင့် ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေဟာ မဲပေးပြီး ရွေးချယ်ထားတဲ့ အစိုးရတစ်ခု လွယ်လွယ်ကူကူ ဖြစ်မလာနိုင်တာကို ပြသနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ခါးတောင်းကျိုက် မဖြုတ်ကြပါနဲ့ဦး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အာဏာလွှဲပြောင်းရေး ကိစ္စတွေလည်း လွယ်လွယ်ကူကူ ဖြစ်မလာနိုင်သေးဘူးဆိုတာ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေက သက်သေပြနေပါတယ်" ဟု ဒေါက်တာ သန်းထွဋ် အောင်က ဆက်လက် ပြောကြားခဲ့ပါသည်။

Eleven Media Group


သူငယ်ချင်း တယောက်က ဖုန်းဆက်လာသည်။ အခု မြန်မာပြည်တွင် ဆရာ လုပ်လိုသူများ ဖေါင်းပွလာနေပြီး ဖေါခြင်းသောခြင်း အကြံညဏ်များကို ဆည်ကာတာကြီး ကျိုးပေါက်လာသည့်အလား ဒလဟော ပေးကုန်ကြပြီဟု ဆို၏။

မိမိပင် အောက်တွင် ရေးထားသမျ လွှင့်ပြစ်ရမည့် ကိန်း ဆိုက်နေချေပြီ။သို့သော် အရေးကြီးသည်က ကိုယ့်ကိုကိုယ် လိပ်ပြာသန်ဘို့ပင်။ အကြောင်းကား မိမိသည် ဆရာကြီး လည်း မဟုတ်ပဲ သာမြင်ညောင်ည တဦးသာဖြစ်နေသောကြောင့်ပင်တည်း။

ပြည်သူထဲမှ ပြည်သူတဦး ဖြစ်၍ မိမိ ထင်ရာ မြင်ရာများကိုတော့ ရေးရပေအုန်းမည်။

နိုဝင်ဘာ ၁၃ ရက်နေ့ နေစွဲ နဲ့ NLD က ရှေ့ လုပ်ငန်းစဉ်များကို ထုတ်ပြန်ပါတယ်။ နိုင်ငံတော်သစ် ပေါ်ပေါက်ရေး အတွက် အင်မတန်မှ အားရစရာ ကောင်းပါတယ်။

ဒီအတွက် ပြည်သူများ ဘက်ကလည်း တတ်နိုင်သမျ ပြောင်းလဲကြဘို့ လိုပါတယ်။

ပြောင်းလဲချိန်တန်ပီ ဆိုတဲ့ အတွက် အရင်ကလို အခွန် ရှောင်တာ တိမ်းတာတွေ နည်း အမျူိးမျိုးနဲ့ မလုပ်ကြပါနဲ့။ အခွန် ပေးသင့်တာ ပေးဆောင်ကြပါ။
ဒီငွေတွေနဲ့ ပညာရေး ကျန်းမာရေး ကဏ္ကတွေမှာ ရင်းနှီး မြှုပ်နှံရပါလိမ့်မယ်။

တရားဥပဒေ စိုးမိုးမှု ရှိရေး ရပ်ကွက် ကျေးရွာ မြို့ နယ်တွေမှာ ရာဇ၀တ်မှု ဟန့်တားရေး ကိုယ်ထူ ကိုယ်ထ အဖွဲ့ တွေ ဖွဲ့ ပြီး ရဲ အဖွဲ့ နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါ။ နိုင်ငံခြားမှာလည်း Neighbourhood Watch လို Crime Stopper အဖွဲ့ အစည်းတွေ ရှိပြီး ရဲ အဖွဲ့ ကို အကူအညီ ပေးကြပါတယ်။

အကျင့်ပျက် ချစားမှု တိုက်ဖျက်ရေး အတွက်က အရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်များ ဦးစီးပြီး မိမိတို့ဒေသများမှာ မြို့ နယ်အတွင်း ရှိ လူလေးစားခံရတယ့် ရပ်မိ ရပ်ဖ များနဲ့ ခုံသမာဓိ ရုံးလို အဖွဲ့ ဖွဲ့ပြီး အကျင့်ပျက် ၀န်ထမ်းများကို ခေါ်ယူ သတိပေးခြင်း ၊ မရပါက သက်သေ အထောက်အထားများနဲ့ သက်ဆိုင်ရာသို့ လွှဲအပ်ပေးခြင်း စသည့် ခြေလှမ်း အသေးစားများနဲ့ အရင် စသင့်ပါတယ်။

အကြီးတမ်း ချစားမှုများကို သက်ဆိုင်ရာ ၀န်ကြီးဌာန အလိုက် စုံစမ်း စစ်ဆေး ဖေါ်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူဘို့ လိုပါတယ်။

ဒီအတွက် ၀န်ထမ်းများရဲ့ သက်သာ ချောင်ချိရေး အတွက် နိုင်ငံပိုင် လုပ်ငန်းများမှ ရတဲ့ အမြတ်ငွေတွေ မှ ပံ့ပိုး ပေးသွားဘို့လည်း လိုအပ်သည့် အပြင် နိုင်ငံပိုင် လုပ်ငန်းများမှ ၀န်ထမ်း များအား အစုရှယ်ယာများ ရောင်းချပေးနိုင်က အကောင်းဆုံးပ ဖြစ်ပါတယ်
တခု ၀မ်းသာမိသည်က ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ အစိုးရ အဖွဲ့ထဲမှာ ဘယ်ဝန်ကြီးကိုမှ လာဒ်စားခွင့် ပြု မှာ မဟုတ်တဲ့အတွက် ၀န်ကြီး လုပ်သူ ကိုယ်တိုင် လာဒ်မစားရမှတော့ ၀န်ကြီးက သူ့ အောက်က ညွှန်ချု ပ်တွေ လာဒ်စားတာ ကြည့်နေမှာ မဟုတ်ပါဘူး။ ညွှန်ချူ ပ်တွေ လာဒ်မစားရတော့ သူ့ လက်အောက်က ညွှန်မှုးတွေ ဌာနမှုးတွေ ပွဲတော်တည်နေတာ ခွင့်ပြု မှာ မဟုတ်ပါဘူး။ ဒီလို အဆင့်ဆင့် ထိမ်းကွပ်သွားမယ်ဆိုရင် ဒီ အကျင့်ဆိုးကြီးဟာ တဖြေးဖြေး နဲ့ ပျောက်ကွယ်သွားမှာ ဖြစ်ပြီး ကုန် ထုတ်လုပ်မှုတွေ တဟုန်ထိုး တိုးတက် ဖွံ့ ဖြိုးလာမှာ အမှန်ပါပဲ။

ပြည်သူများက လည်း အလွယ်တကူ လာဒ်ပေးပြီး ကိစ္စ အမြန် ပြီးလိုတဲ့ အကျင့်ကို ပြောင်းလဲချိန်တန်ပါပြီ။

အရှုံးပေါ်နေတဲ့ နိုင်ငံပိုင် လုပ်ငန်းများကို သေချာစွာ စီစစ်ပြီး ပုဂ္ဂို လိကများအား လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးခြင်းသည်သာ အမျိုးသား စက်မှု လုပ်ငန်းများ
ဖွံ့ ဖြိုးလာစေရေး အတွက် ပထမ ခြေလှမ်း ဖြစ်ပါတယ်။ တဦးတည်း မလုပ်ကိုင် နိုင်က နိုင်ငံခြား ကုမ္ပဏီ များ နဲ့ ဖက်စပ် လုပ်ကိုင်ခွင့် ပေးရမှာ ဖြစ်ပါတယ်။

ဒီအတွက် အရေးတကြီး လိုအပ်နေတဲ့ ပွင့်လင်း မြင်သာမှု ရှိတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးရေး ဥပဒေတွေကို အမြန်ဆုံး ပြဌာန်းသွားရန် လိုအပ်နေပါတယ်။

ဒီနေရာမှာလည်း မိမိတို့ ပြည်တွင်း အလုပ်သမားများဘက်က တရားမျတတဲ့ လုပ်ခ၊အကျိုးခံစစားခွင့်၊ အပန်းးဖြေ အနားယူခွင့်၊ မီးဖွားခွင့်၊ အလုပ်သမား သမဂ္ဂ ဖွဲ့ စည်းခွင့် စတာတွေ ခံစားနိုင်အောင် တဘက်က ဥပဒေ နဲ့ အကာအကွယ် ပေးသွားရမှာလည်း ဖြစ်ပါတယ်။

အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ပြုတဲ့ နေရာမှာ အစိုးရ ဘက်မှ အနည်းငယ် ၀င်ထိနိးချူ ပ်ခွင့်တော့ ရှိထားဘို့ လိုပါတယ်။ သို့ မဟုတ်က ထစ်ကနဲ ဆို သပိတ်မှောက်နေပါက မည်သို့မျ ရှေ့ ဆက်၍ မရတော့တဲ့ သာဓက တွေ နိုင်ငံတကာမှာ အများကြီး ကြုံနေရပါတယ်။

မည်သို့ပင် ဖြစ်စေ အရေးကြီးဆုံးက တိုင်းပြည် တည်ငြိမ်မှူရှိရေးသည် အရေးကြီးလှသော အချက်ပင်။ သို့မှသာ နိုင်ငံတကာတွင် မျက်နှာပန်း ပွင့်ပြီး ရင်းနှီးမြှုပ်နှံလိုသူများရဲ့ paradise နိဗ္ဗာန်ဘုံ ဖြစိလာပါလိမ့်မယ်။

NLD အစိုးရ အဖွဲ့ အနေဖြင့် ၎င်းတို့ အပေါ် ပုံကျလာနေသော တိုင်းပြည်လူထုရဲ့ မျော်လင့်ချက်များ ပြည့်ဝရေး လာမယ့် ၅ နှစ်အတွင်း အစွမ်းကုန် ကြိုး စားကြမည်မှာ ယုံမှးားသံသယ ရှိစရာ မလိုပေ။

မိမိတို့ အနေဖြင့်မူ ကာလကြာမြင့်စွာက ပျောက်ဆုံးခဲ့ရသော မိမိကိုယ် တန်ဘိုးထားခြင်းများ ပြန်လည်ရရှိကာ အသက်ကို လွတ်လွတ်လက်လပ် ရှု့ခွင့်ရကြတော့မည်ဆိုသည့် အချက်ကား မလွဲဧကန်ပင် ဖြစ်ပါတော့တယ်။

HSW
BrainWave ဉာဏ်လှိုင်း

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီ သောင်ပြိုကမ်းပြို အနိုင်ရတော့ ပြည်သူလူထု ဝမ်းသာပျော်မြူးကြသလို အမေရိကန် သမ္မတ အိုဘားမားနဲ့ အစိုးရလည်း ဝမ်းမြောက်အားရတယ် ဆိုရင် ယုံလိုက်ပါ။ မကြာခင် ရက်ပိုင်းအတွင်း အိုဘားမားဟာ အရှေ့တောင်အာရှကို လာဖို့ ရှိတယ်။ ဖိလိပိုင်မှာ အစည်းအဝေးတက်ပြီး၊ လာအိုကိုလည်း ပထမဆုံးသွားရောက်တဲ့ အမေရိကန်သမ္မတ အဖြစ် အလည်သွားဖို့ ရှိတယ်။ ဒီခရီးစဉ်နဲ့အတူ မြန်မာနိုင်ငံကိုလည်း အလည်တစ်ထောက် ဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အခုအချိန်မှာ မြန်မာပြည်ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးအတွက် တော်တော် အရေးကြီးနေပါတယ်။ သမ္မတ အိုဘားမားနဲ့ တစ်ချိန်က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ရဲ့ မြန်မာနိုင်ငံ ပေါ်လစီအပြောင်းအလဲ ဘယ်လောက် ထိရောက်အောင်မြင်မှု ရှိသလဲဆိုတာ လက်တွေ့စမ်းသပ်တဲ့ ပွဲလည်း ဖြစ်တာကြောင့်ပါ။ သိကြတဲ့အတိုင်း ဟီလာရီ ကလင်တန်ဟာ လာမယ့် ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲ ဝင်ဖို့ ဒီမိုကရက်ပါတီမှာ ရှေ့ဆုံးက ကိုယ်စားလှယ်လောင်း ဖြစ်နေတာကြောင့် သူ့အတွက် အမှတ်ကောင်းကောင်း ရနိုင်တဲ့ အောင်မြင်မှု ဖြစ်နေပါတယ်။

ပြီးတော့၊ အမေရိကန်ရဲ့ အာရှပေါ်လစီမှာ တရုတ်နဲ့ မြောက်ကိုရီးယားကို ဟန့်တားဖို့ လုပ်ဆောင်တဲ့အခါ မြန်မာနိုင်ငံဟာ အချက်အချာ အနေအထားရှိပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားနဲ့ မြန်မာစစ်အစိုးရရဲ့ ညူကလီးယား အဏုမြူ ပူးပေါင်းလုပ်ဆောင်မှုတွေကို တော်တော် သံသယ ရှိနေတယ်လေ။

အခုလို NLD သောင်ပြိုကမ်းပြို အနိုင်ရလိုက်ခြင်းကြောင့် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက နှစ်ထောင်းအားရ ဖြစ်ကြတယ်။ လက်ရှိသမ္မတ ဦးသိန်းစိန်ကိုရော အနာဂတ်မှာ သမ္မတအထက်က အုပ်ချုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ဆီကိုရော အိုဘားမားက တယ်လီဖုန်းဆက်ပြီး congratulations ဂုဏ်ပြုစကား ပြောပါတယ်။ ဥရောပသမဂ္ဂကလည်း ဂုဏ်ပြုပြီးပါပြီ။

ဦးတင်အေးရဲ့ ရွေးကော်က တရားဝင် အတည်ပြုချက်တောင် မထွက်ခင် အဲဒီလို မအောင့်နိုင် မအီးနိုင် ကြိုတင် ဂုဏ်ပြုကြတာဟာ သံတမန်နည်းလမ်းအရ သတင်းပါးလိုက်ခြင်း တစ်မျိုးပါပဲ။ တစ်ကမ္ဘာလုံး အသိအမှတ်ပြုပြီးပြီနော်၊ မင်းတို့ လိမ်ဖို့ မကြိုးစားနဲ့လို့ ပြောလိုက်တာပါ။

ဒါပေမယ့်လည်း၊ တစ်သက်လုံး အမျိုးမျိုး ခိုးဆိုးလိမ်လည်လာတဲ့ အရေခြုံစစ်အစိုးရဟာ အာဏာကို တရားဝင် မလွှဲမချင်း တစ်နည်းနည်းနဲ့ ကလိမ်ကျနိုင်တာကို အားလုံး သတိနဲ့ စောင့်ကြည့်နေရဆဲပါပဲ။ ဒါကြောင့်၊ အိုဘားမား မြန်မာပြည်ကို တတိယအကြိမ် လာရောက်ပြီး ရွေးကောက်ပွဲရလဒ် ခိုင်မာအောင် လုပ်စေချင်တဲ့ သဘောရှိပါတယ်။ (သုံးခေါက်လာတော့ သုံးခါ အနမ်းခံရတာပေါ့လို့ ဦးဌေးဦး ပြောစရာ ဖြစ်ဦးမယ်။)

ရွေးကောက်ပွဲရလဒ်ကို လေးစားပြီး NLD ဦးဆောင်တဲ့ အစိုးရ တက်လာရင် ကမ္ဘာ့နိုင်ငံတွေက အကူအညီတွေ ပုံအော ဝင်လာမှာကို ကြိုတင် မြင်နေရပါပြီ။ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အလွန်ချစ်ခင်လေးစားသူ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေဟာ ပွင့်လင်းမြင်သာတဲ့ အစိုးရလက်ထဲကို အကူအညီတွေ ပေးအပ်ဖို့ စိတ်အားတွေ ထက်သန်နေကြပြီ။

ဟိုနေ့က ဂျပန်သံမှူးကြီး မာရုယာမလည်း ဂျပန် ODA အကူအညီတွေ ပိုပြီး ပေးအပ်မယ်လို့ မြန်မာဘာသာနဲ့ သေသေချာချာ ပြောသွားတာ ကြားလိုက်တယ် မဟုတ်လား။ (မြန်မာစကားတတ်တဲ့ မာရုယာမနဲ့ မြန်မာလူမျိုး ဒီမိုကရေစီ လှုပ်ရှားသူတွေကို သွေးခွဲရန်တိုက်ခဲ့တဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့က ဟောပြောပွဲတစ်ခုကို ကျနော် တက်ခဲ့ရသေးတယ်။) ဂျပန်ဟာ ဟိုအရင်ကတည်းက ODA ပေးချင်နေတာကို ဒီမိုကရေစီ မရခင် မပေးဖို့ ကန့်ကွက်ခဲ့ကြပါတယ်။ ခုတော့ ရွှေလမ်းငွေလမ်း ပွင့်ပါပြီ။

နိုင်ငံခြားအကူအညီတွေ အဆများစွာ ဒလဟော ဝင်လာမယ့်အပြင် လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူတွေက ညီညီညာညာ ကြိုးစားမယ်ဆိုရင် မြန်မာ့ရွှေခေတ်ကို လှမ်းမျှော်ကြည့်လို့ မြင်နိုင်ပြီပေါ့။

ဒါပေမယ့်၊ ဒီရွေးကောက်ပွဲရလဒ်ကို တစ်စုံတစ်ရာ မသမာမှု လုပ်ပြီး ပြည်သူ့လက်ကို အာဏာမအပ်ဖူးဆိုရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်က တော်တော် ဆိုးဝါးလိမ့်မယ်။ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယားလို ဘယ်နိုင်ငံနဲ့မှ အဆက်အဆံ မရှိတဲ့ အထီးကျန်တိုင်းပြည် ဖြစ်သွားစေနိုင်တယ်။

မြန်မာနိုင်ငံကို နှစ် ၅၀ ကျော် သွေးစုပ်အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ဟောင်းကြီးတွေ ဒီတစ်ခါတော့ ပြည်သူတွေကို ငဲ့ညှာပြီး အသာတကြည် အာဏာလွှဲပေးဖို့ ဆုတောင်းကြရဦးမှာပါ။ ဆုတောင်းတိုင်း ပြည့်စေချင်တာ ဒီတစ်ခါ အပြင်းပြဆုံးပါပဲခင်ဗျာ။

Min Myat Maung[full-post]


IS အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုဟာ ပြင်သစ်နိုင်ငံကို စစ်ကြေညာလိုက်တာ ဖြစ်တယ်လို့ ပြင်သစ်သမ္မတ François Hollande က ပြောကြားလိုက်ချိန်မှာပဲ အကြမ်းဖက်သမားတွေ ရန်ကနေ ၀ိုင်းဝန်းကာကွယ်ဖို့ လူထုကြားမှာ နိုးကြားမှုတွေ ရှိနေတယ်လို့ ပြင်သစ်ရောက် မြန်မာတွေက ဗွီအိုအေကို ပြောပါတယ်။

သောကြာနေ့ညက ပဲရစ်မြို့လယ် လူစည်းကားတဲ့နေရာ (၆) နေရာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပဲရစ်မြို့မှာ နေထိုင်နေကြတဲ့ မြန်မာတချို့ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ပဲရစ်မြို့မှာ IS အကြမ်းဖက်သမားတွေ အဓိကပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့နေရာတွေဟာ ပြင်သစ်လူငယ်တွေ အသွားအလာ အများဆုံးနေရာ ဖြစ်တယ်လို့ ပဲရစ်မြို့မှာနေထိုင်တဲ့ ကိုထွေးက ပြောပါတယ်။

“ဘောလုံးကွင်းရှိတဲ့နေရာကို တိုက်တာကတော့ ရှင်းတယ်လေ။ အဲဒီမှာ François Hollande ရှိနေတယ်။ အဲဒီ ဘောလုံးပွဲကြည့်နေလို့ တိုက်တာပေါ့။ ကျန်တဲ့နေရာက အကုန်လုံးက ပြင်သစ်လူငယ်လေးတွေပဲ။ စတိတ်ရှိုးတခုမှာ တိုက်လိုက်တာ။ အဲဒီရပ်ကွက်ဟာ ပြင်သစ်ရပ်ကွက်၊ ပြင်သစ်ချာတိတ်တွေပဲ သွားတဲ့ရပ်ကွက်။ သူတို့ အဲဒီနေရာကို တမင် ရွေးတိုက်တာ။”

အကြမ်းဖက် တိုက်ခိုက်မှုကြီးအပြီး စနေနေ့က လမ်းတွေပေါ်မှာ လူအသွားအလာ နည်းပါးခဲ့တယ်လို့လည်း ကိုထွေးက ပြောပါတယ်။

“လုံခြုံရေးကတော့ နေရာအနှံ့ပါပဲ။ ရဲတွေက ချထားတယ်လေ။ အခု ကျနော်က မနက် အလုပ်သွားတာပေါ့။ အလုပ်သွားတော့ လူတွေက အရမ်းကို ရှင်းနေတယ်။ မနက်ပိုင်းအလုပ်ကနေ ညနေပိုင်း အလုပ်ကူးတော့လည်း လူက သိပ်မရှိဘူး။ အရေးပေါ် လုံခြုံရေးအခြေအနေ ထုတ်ပြန်ထားတဲ့ အခါကျတော့ လူတွေကို အိမ်ထဲမှာပဲ နေခိုင်းထားတယ် အဲဒါကြောင့်။”

မေး - အကြမ်းဖက် တိုက်ခိုက်မှုတွေက ခဏခဏ ဖြစ်နေတဲ့အပေါ်မှာ ပြင်သစ်နိုင်ငံသားတွေပေါ့နော် ကိုထွေးတို့ကို ဘယ်လို ယူဆသလဲရှင့်။

ဖြေ - “ပြင်သစ်ကလေ ဥရောပမှာ ဂျူးတွေ အများဆုံး ခိုလှုံတဲ့ နိုင်ငံလည်းဖြစ်တယ်။ မူဆလင်တွေ အများဆုံးနေတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်တခုက ပြင်သစ်က နိုင်ငံတကာရေးရာ ၀င်ရောက် စွက်ဖက်တဲ့အခါကျတော့ ဒီလိုမျိုး တုံ့ပြန်မှုတွေကတော့ ခံရတာပဲ။ နည်းနည်းတော့ စိတ်ပျက်တာပေါ့။ ကျနော်တို့အနေနဲ့ကတော့ နိုင်ငံခြားသားတွေပဲလေ။ နည်းနည်း အနေရ ကျပ်တယ်။”

အခုလို IS စစ်သွေးကြွအဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပြင်းပြင်းထန်ထန်ဒဏ်ရာရသူတွေကို ပဲရစ်မြို့သူမြိုသားတွေက ၀ိုင်းဝန်ကူညီနေကြတဲ့အပြင် အကြမ်းဖက်အန္တရာယ်ကို ၀ိုင်းဝန်ကာကွယ်ဖို့ နိုးကြားမှုတွေ ရှိနေတယ်လို့ ပဲရစ်မြို့က Science Po တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကိုအောင်ခန့်က ပြောပါတယ်။

“ပြင်သစ်က ကြောက်လို့ရှိရင် ဒါ ရှုံးတယ်ဆိုပြီးတော့ မကြောက်ဘူး ဆိုပြီးတော့ အပြင်ထွက်ကြ၊ ကိုယ် လုပ်စရာရှိတာ လုပ်ကြ၊ အကူအညီပေးကြသူတွေကတော့ အကုန်လုံး ရှိပါတယ်။ ဆေးရုံက မနိုင်လောက်တဲ့အထိတောင် သွေးအလှူရှင်တွေ အများကြီး ရောက်ကြတယ်လို့ ကြားတယ်။”

လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တာကတော့ ညဖက်လူစည်းကားတဲ့နေရာဖြစ်တဲ့ ဘာတာကလန် ဂီတ ဖျော်ဖြေပွဲ ခန်းမထဲမှာ ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို မနီးမဝေးမှာနေထိုင်တဲ့ ကိုအောင်ခန့် အခုလိုပြောပြပါတယ်။

“ဒီတီးဝိုင်းက ည ၈ နာရီလောက်ကတည်းက စတယ်ပေါ့။ အဲဒီမှာ လူတွေက အထဲမှာ ကျင်းပတဲ့အခန်းက လူ အယောက် ၅၀၀ လောက် ဆံ့တယ်။ ရှင်တဲ့လူတွေက ပြန်ပြောတာပေါ့နော်။ အဲဒီကို လူ ၄ ယောက်လောက် ၀င်လာတယ်တဲ့။ AK-47 တွေနဲ့ အကုန်ဝင်လာတာတဲ့။ ဘာမှ စကားလည်း မပြောဘူး။ အော်တာဟစ်တာလည်း ဘာမှ မကြားရဘူး။ ဒီအတိုင်းပဲ ပစ်ချလိုက်တာပဲလို့ ကျနော် ကြားတယ်။ တချို့လူတွေဆိုရင် အထဲမှာ ပိတ်မိပြီးတော့ ထွက်တောင် ထွက်လို့မရဘူးတဲ့။ ဘာလို့လဲဆိုရင် လူ အသေအရမ်းများလို့ တံခါးပေါက်ကိုတောင် မရောက်နိုင်ဘူးလို့ ပြောတယ်။ အဲဒီမှာ ခဏပုန်းနေရတယ်တဲ့။ နောက် ရဲတွေက ချက်ခြင်း ၀င်လာတော့ ရဲတွေကိုလည်း ထပ် ပစ်တယ်လို့ ကျနော် ကြားတယ်။”

လွန်ခဲ့တဲ့ (၁၀) လလောက်ကလည်း ပြင်သစ်နိုင်ငံမှာ ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းတိုက်အပါအ၀င် ဂျူး လူမျိုးပိုင်ကုန်စုံဆိုင်တခုမှာလည်း အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာပါ။ ပြင်သစ်နိုင်ငံဟာ လူ့အခွင့်အရေးကို ရှေ့တန်းတင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် အကြမ်းဖက်သမားတွေက ဒီအပေါ်မှာ အသုံးချနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေတာပါ။ အခုလို ထိတ်လန့်စရာ အခြေအနေတွေ ရှိနေပေမဲ့လည်း ပဲရစ်မြို့သူမြို့သားတွေကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်ကို သူတို့အနေနဲ့ ကြောက်ရွံ့သွားမှာ မဟုတ်ဘူးလို့ ပြောကြပါတယ်ရှင်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/myanmar-in-paris/3058298.html


တကယ်တော့ ပြင်သစ်နိုင်ငံမှာ အခုလို နောက်ဆုံး အကြမ်းဖက်တိုက်ခိုက်ခံရတာက ၁၀ လပဲ ရှိပါသေးတယ်။ အဲဒီတုန်းက ရှာလီ အက်ဘ်ဒို မဂ္ဂဇင်းကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုအခါလည်း တိုက်ခိုက်ခံရပြန်ပါပြီ။ ပြင်သစ်နဲ့ ဥရောပ လုံခြုံရေးက စိုးရိမ်စရာ ရှိနေပါပြီလို့  သုံးသပ်မှုတွေ လည်းထွက်ပေါ်လာနေပါပြီ။

ဘီဘီစီအာရပ်ရေးရာ အယ်ဒီတာ Sebastain Usher သုံးသပ်တာကတော့ အခုလို ပြင်သစ်မှာ ဖြစ်ပွားခဲ့တာက သိပ်ကြီးမားခဲ့ပေမယ့် တိုက်ခိုက်ခံရမှုအကြောင်းရင်းမှာတော့ အိုက်အက်စ်နဲ့ ဆပ်စပ်နေတာ ထင်ရှားတယ်လို့ ပြောပါတယ်။ အိုက်အက်စ်တွေဘက်ကလည်း သူတို့လက်ချက်ဆိုပြီး ဒီနေ့ထုတ်ပြန်ချက် တစ်ခု ထုတ်လိုက်ပါတယ်။

အာရပ်၊ ပြင်သစ် နဲ့ အင်္ဂလိပ်လို ရေးထားတဲ့ အစ္စလာမ္မစ်နိုင်ငံအဖွဲ့ အိုက်အက်စ်က ကြေညာချက်မှာ သူတို့က ပြင်သစ်ကို စစ်ကြေညာတာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို လူ ၈ ဦးက လုပ်ဆောင်ခဲ့တာလို့ ပြောပေးမယ့် အသေးစိတ်ကိုတော့ မပြောထားပါဘူး။

အစ္စလာမ္မစ်တွေက ပြင်သစ်ကို တိုက်ခိုက်ဖို့ ချောင်းနေခဲ့တာ ကြာပါပြီ။
ပြင်သစ်ဟာ အစ္စလာမ္မစ် ဂျီဟတ်ဝါဒီတွေကို တိုက်ခိုက်နေတဲ့ အနောက်နိုင်ငံအုပ်စုထဲမှာ အင်အားအကောင်းဆုံးနဲ့ တိုက်ခိုက်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့် ပြင်သစ်ရဲ့ ရပ်တည်ချက်က အနောက်အာဖရိကမှာ သူ့ရဲ့ ကိုလိုနီနိုင်ငံတွေ၊ အရင် ကိုလိုနီဟောင်း နိုင်ငံတွေနဲ့ ဆက်နွယ်မှုတွေလည်း ရှိနေပါတယ်။

တကယ်တော့အ ခုလို ပဲရစ်မြို့တော် တိုက်ခိုက်ခံရတာက ပြင်သစ်အပြင် ဥရောပလုံခြုံရေးအတွက်ပါ စိုးရိမ်စရာ ရှိနေပြီလို့ ဘီဘီစီ ဥရောပသတင်းထောက် ဒေမီယန် ဂရာမက်တစ်ကတ်စ်ကလည်း သုံးသပ်ပါတယ်။
ဥရောပထဲမှာ ဒါမျိုးတွေ မဖြစ်အောင် အရင်ကတည်းက ဂရုတစိုက် စောင့်ကြည့်တာတွေ၊ ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမယ့် အခုတိုက်ခိုက်မှုကတော့ အငိုက်မိသွားတဲ့ သဘော တွေ့ရပါတယ်။ အကြမ်းဖက်သမားတွေက ဒီလို ပုံစံမျိုးကို မွန်ဘိုင်း နဲ့ တခြားနေရာတချို့မှာ အသုံးပြုခဲ့ပါတယ်။ အခုအခါ ဥရောပအနေနဲ့ အဖြေထုတ်ရမယ့် မေးခွန်းတွေ ရှိနေပါတယ်။ အခု တိုက်ခိုက်သူတွေထဲမှာ ပြင်သစ်နိုင်ငံသားတွေ ပါသလား။ သူတို့က ဘယ်လို စီစဉ်နိုင်ခဲ့တာလဲ။ ဆီးရီးယားနဲ့ ဆက်စပ်သလား။ ဘာကြောင့် သူတို့ကို ကြိုတင် မကာကွယ်နိုင်ခဲ့လဲ။ အခုလို ပြင်သစ်မှာ တိုက်ခိုက်ခံရတာက တခြားဥရော ပနိုင်ငံတွေအတွက် ဘယ်လောက် စိုးရိမ်စရာ ဖြစ်နေပြီလဲ။ ဒါကို ဘယ်လို နှိမ်နင်းတိုက်ဖျက်မလဲ စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာ ထွက်ပေါ်နေပါတယ်။

ပြင်သစ်တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဗြိတိသျှဝန်ကြီးချုပ်ကလည်း သူတို့ နာကျင်မှုဟာ ကျွန်တော်တို့ နာကျင်မှုပါလို့ ပြောခဲ့ပါတယ်။ ဗြိတိန်ရဲ့ လုံခြုံရေးအခြေနေကိုလဲ အမြင့်ဆုံးတပ်လှန့် ထားဖို့ နဲ့ လုံခြုံရေးပြင်ဆင်မှုဘယ်လောက်လုပ်ထားထား ခြိမ်းခြောက်ခံ နေရဆဲပါလို့ ဒေးဗစ်ကွန်မရွန်းက စနေနေ့ ကလုပ်ခဲ့တဲ့  ကော်ဘရာ အရေးပေါ် လုံခြုံရေးအစည်းအဝေးမှာပြောကြားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အနေနဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေကို တိုက်ခိုက်နေတဲ့ ရှေ့တန်းစစ်မျက်နှာကနေ နောက်ဆုတ်မယ့် သဘောလည်း မတွေ့ရဘူး။

ဗီယက်နာမြို့က ဆီးရီးယားအရေး ဆွေးနွေးပွဲကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီး လောရန့် ဖက်ဗြု(စ်)ကတော့ အခု တိုက်ခိုက်မှုတွေရှိနေတာကြောင့်ပဲ ပြင်သစ်အနေနဲ့ အကြမ်းဖက်မှုနဲ့ အိုက်အက်စ်အဖွဲ့ကို တိုက်ခိုက်ဖို့ လိုအပ်နေလို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပဲရစ်မြို့ တိုက်ခိုက်မှု ကျူးလွန် ခဲ့တဲ့ တတိယမြောက် သေနတ် သမား အုပ်စု ထွက်ပြေး လွတ်မြောက် သွား ခဲ့တယ် ဆိုတဲ့ အယူအဆ အပေါ် အခြေခံပြီး စုံစမ်း မှု တွေ ပြုလုပ် နေ။ 
 ပဲရစ်မြို့ တိုက်ခိုက်မှု တွေ နဲ့ ဆက်စပ်ပြီး ဘယ်လ်ဂျီယမ် နိုင်ငံ ဘရပ်စ်ဆဲလ်စ် မြို့မှာ ရဲ တပ်ဖွဲ့ က လူ ၃ ယောက်ကို ဖမ်းဆီး လိုက်ပါတယ်။

အတိုက်အခိုက် ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ အနီး ဘယ်လ်ဂျီယမ် နံပါတ်ပြား တပ်ထားတဲ့ ပိုလို ကား အမည်းရောင် ကို တွေ ခဲ့ရတဲ့ နောက် အခုလို ဖမ်းဆီးမှု တွေ လုပ်ဆောင် ခဲ့တာ ဖြစ်တယ် လို့ ဘယ်လ်ဂျီယမ် တရားရေး ဌာန က ပြောပါတယ်။

အဲဒီ့ ကားကို ငှားရမ်းခဲ့ သူ ကို ဘရပ်စ်ဆဲလ် မှာ နေထိုင်တဲ့ တခြားသူ ၂ ဦး နဲ့ အတူ ဘယ်လ်ဂျီယမ် နယ်စပ် အနီး တခြား ကားတစ်စင်းထဲ တွေ့ ခဲ့ရတဲ့ နောက် ဖမ်းဆီး ခဲ့တာ ဖြစ်ပါတယ်။

အခု ဖမ်းဆီး မိထားသူ တွေ ဟာ အခင်း ဖြစ်ရာ သောကြာ ညနေ ခင်း အချိန် ပဲရစ် မှာ ရှိနေသလား ဆိုတာ စမ်းစစ် နေတယ် ဆိုပြီး ဘယ်လ်ဂျီယမ် ဝန်ကြီးချုပ် ချားလ်စ် မီရှဲ က ပြောတယ်လို့ ဘယ်လ်ဂျီယမ် မီဒီယာ တွေ မှာ ဖော်ပြ နေပါတယ်။

ပဲရစ်မြို့ တိုက်ခိုက်မှု ကျူးလွန် ခဲ့တဲ့ တတိယမြောက် သေနတ် သမား အုပ်စု ထွက်ပြေး လွတ်မြောက် သွား ခဲ့တယ် ဆိုတဲ့ အယူအဆ အပေါ် အခြေခံပြီး စုံစမ်း မှု တွေ ပြုလုပ် နေကြတာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် က ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese


 အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း လစ်ဗျားနိုင်ငံက IS စစ်သွေးကြွခေါင်းဆောင် သေဆုံးသွားတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ ပစ်မှတ်ဟာ အီရတ်နိုင်ငံသား အယ်လ်ကိုင်းဒါးအဖွဲ့ဝင် Abu Nabil ဖြစ်တယ်လို့ အမေရိကန် ပန်တဂွန်စစ်ဌာနချုပ်ရဲ့ ပြောခွင့်ရ Peter Cook က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

Nabil ဟာ လစ်ဗျားနိုင်ငံက IS အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်ပြီး၊ သူဟာ အခုနှစ်အစောပိုင်းက Coptic ခရစ်ယာန်ဘာသာဝင်တွေကို သတ်ဖြတ်ခဲ့တာကို ပြထားတဲ့ ဗွီဒီယိုဖိုင်မှာ ပြောထားတဲ့သူလည်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

Nabil သေဆုံးမှုကြောင့်၊ လစ်ဗျားနိုင်ငံမှာ IS အဖွဲ့ရဲ့ ရည်မှန်းချက်တွေလုပ်ဖို့ အင်အားတွေလည်း လျော့ကျသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ IS အဖွဲ့ဝင်သစ် စုဆောင်းတာတွေ၊ စခန်းသစ် တည်ဆောက်တာတွေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြင်ပကနေ တိုက်ခိုက်ဖို့ အစီအစဉ်တွေပါ ပါဝင်တယ်လို့ Cook က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ပြင်သစ် နိုင်ငံ မှာ သေဆုံး ခဲ့ရ သူတွေ အတွက် နိုင်ငံတော် အဆင့် ဝမ်းနည်းဖွယ် နေ့ ၃ ရက် သတ်မှတ် ထားပါတယ်။

ဒဏ်ရာရသူ တွေ လည်း ၃၅၂ ယောက်ရှိပြီး အဲဒီ့ ထဲက ၉၉ ယောက်ဟာ စိုးရိမ် ရတဲ့ အနေ အထား မှာ ရှိတယ် လို့ ပြင်သစ် အာဏာပိုင် တွေက ထုတ်ဖော် ပြောပါတယ်။

နိုင်ငံတလွှား စစ်တပ် နဲ့ ရဲ တွေ ပိုမို တိုးမြှင့် ချထား နေပြီး ပဲရစ် မှာ လူစုလူဝေး နဲ့ ဆန္ဒပြမှု တွေ၊ အားကစား ပွဲ တွေ အားလုံး ကို ပိတ်ပင် ထားပါတယ်။

မီးရောင်တွေ နဲ့ ထိန်ထိန်ငြီး နေကြ နာမည်ကျော် အိုင်ဖယ် မျှော်စင် ကိုလည်း အမှောင်ချ ထားပြီး အများသူငါ ဝင်ရောက် ခွင့် ပိတ်ပင် ထားပါတယ်။

ဒဏ်ရာ ရသူတွေ အတွက် သွေးလှူဒါန်းဖို့ စောင့်ဆိုင်း နေကြတဲ့ ပဲရစ် မြို့သူ မြို့သား တွေ နဲ့ လူတန်းရှည် ကြီး တွေ ဖြစ်ခဲ့ ကြပါတယ်။

တနင်္လာနေ့ မှာ ကျောင်းတွေ ပြန်ဖွင့် နိုင်မယ် လို့ ပြည်ထဲရေး ဝန်ကြီး ဘယ်နား ခတ်ဇ်နက်ဗ် က ပြောပြီး မနက်ပိုင်း ကျောင်းတွေ အားလုံးမှာ တစ်မိနစ် ငြိမ်သက် ကြမယ် လို့ ဆိုပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ သမ္မတ ဖရော်န်ဆွာ အိုလော်န့် ပြော။ 
 ပြင်သစ် နိုင်ငံ ပဲရစ် မြို့တော် မှာ ပြီးခဲ့တဲ့ သောကြာ နေ့ ညနေ ခင်း က တုန်လှုပ် ဖွယ် ဖြစ်ပေါ် ခဲ့တဲ့ ပစ်ခတ်မှု တွေ နဲ့ ဗုံး ဖောက်ခွဲ တိုက်ခိုက် မှု တွေ ကို ကျူးလွန် ခဲ့ ကြသူတွေ ဟာ အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင် ခဲ့ကြတာ ဖြစ်တယ် လို့ ဒီ ဖြစ်ရပ် တွေ အပေါ် စုံစမ်း နေကြတဲ့ ပြင်သစ် အစိုးရ ရှေ့နေ တွေ က ပြောပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အဖွဲ့ က ကြေညာ ထားပါတယ်။

တိုက်ခိုက်မှု ကျူးလွန် ခဲ့ကြ သူ ၇ ဦး သေဆုံး ခဲ့ ကြတယ် လို့ ပြင်သစ် အစိုးရ ရှေ့နေ ဖရော်န်ဆွာ မိုလင် က ပြောပါတယ်။

သူတို့ အားလုံး ဟာ ကလပ်ရှ်ရှိနိကော့ဖ် အမျိုးအစား သေနတ် တွေ အပါအဝင် အသေခံ ဗုံးခွဲ ကိုယ်ကြပ် အင်္ကျီတွေ ဝတ်ဆင် ထား ကြပါတယ်။

တိုက်ခိုက် မှု တွေ ကြောင့် သေဆုံးခဲ့ ရသူ စုစုပေါင်း ၁၂၉ ယောက် ရှိပါတယ်။

သေနတ် သမားတွေ ဝင်ရောက် စီးနင်းပြီး လူအုပ်ထဲ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဘာ့ထာကလော်န် ဂီတပွဲ ခန်းမ မှာတင် ၈၉ ယောက် သေဆုံး ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ခိုက်သူတွေ ထဲ က တစ်ဦး ဟာ ပဲရစ် ဆင်ခြေဖုံး အရပ် က ဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်ဖူးကြောင်း မှတ်တမ်း ရှိသူ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံကူး စာအုပ် တစ်ခုကို အသေခံ ဗုံးခွဲခဲ့သူတွေ ထဲက တစ်ဦး ရဲ့ အနီး တွေ့ခဲ့ရပါတယ်။

သောကြာနေ့ အကြမ်းဖက်မှု တွေ ဟာ ပြင်သစ် နိုင်ငံ အပေါ် IS တွေ က စစ် ပွဲ ဆင်နွှဲ လာတာ ဖြစ်ပြီး ပြင်သစ် ဘက်က လည်း အညှာအတာ မရှိ တုန့်ပြန် မှာ ဖြစ်တယ် လို့ ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ပါရီမြို့တော်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ကို တွေ့ရစဉ် နိုဝင်ဘာ ၁၄၊ ၂၀၁၅ 
 ပြင်သစ်သမ္မတ Francois Hollande က သူတို့အပေါ် စစ်ပွဲဆင်နွှဲတယ်လို့ သတ်မှတ်လိုက်တဲ့ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုအတွက် တာဝန်ရှိသူတွေကို ပြင်သစ် အာဏာပိုင်တွေက စနေနေ့မှာ အပူတပြင်း လိုက်လံရှာဖွေ နေကြသလို၊ အခုလို ရှုပ်ထွေးတဲ့ တိုက်ခိုက်မှုတွေ လုပ်ဖို့ စီစဉ်သူတွေဟာ နောက်ထပ်တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်နေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

သောကြာနေ့ ညပိုင်းမှာ ပြင်သစ်နိုင်ငံ ပါရီမြို့တလွှား နေရာ ၆ နေရာမှာ  လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ရပြီး လူပေါင်း ၃၅၀ လောက် ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာလို့ IS စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ အကြမ်းဖက်သမား ၈ ဦးသေဆုံးခဲ့တယ်လို့ ပြောပေမဲ့ အကြမ်းဖက်သမားတွေ နောက်ထပ် ရှိမရှိ သေသေချာချာ မသိရသေးသလို၊ သူတို့ရဲ့ အစွယ်အပွားတွေ ပါရီမြို့တဝိုက် ပုန်းခိုနေမနေကိုလည်း ဘယ်သူမှ မသိကြသေးပါဘူး။

ပြင်သစ် သမ္မတ Francois Hollande ကလည်း ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးချိန်ကစပြီး အသေအပျောက် အများဆုံးဖြစ်ရပ်ဖြစ်သလို ဒါဟာ IS စစ်သွေးကြွတွေရဲ့ လက်ချက်လို့  အပြစ်တင်ခဲ့ပါတယ်။ ဆီးရီးယားနဲ့ အီရတ်မှာ caliphate အစ္စလာမ်နိုင်ငံ ထူထောင်ဖို့ ဒီအကြမ်းဖက် အဖွဲ့က ကြိုးစားနေတာကို ဝိုင်းဝန်းဖိနှိပ်ဖို့ ကြိုးစားသူတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး ဒီအထဲမှာ ပြင်သစ်က ထိပ်ဆုံးက ပါနေတာမို့ ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ တိုက်ခိုက်သူတွေဟာ ပြင်သစ်နိုင်ငံသားတွေ ဟုတ်မဟုတ် သူတို့ရဲ့ အစွယ်အပာါးတွေ နောက်ထပ် တိုက်ခိုက်ဖို့ စောင့်နေမှု ရှိမရှိ သိရအောင် အာဏာပိုင်တွေက ကျိုးစားရှာဖွေနေဆဲပဲလို့ ပြင်သစ်နိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့ အရာရှိတဦးက ပြောပါတယ်။ နောက်ထပ် တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင်လည်း အစောင့်တွေ တိုးချထားတာပါ။

အမေရိကန် သမ္မတ အိမ်ဖြူကတော့ သမ္မတ Barack Obama ဟာ တူရကီက G - 20 ထိပ်သီးအစည်းအဝေး မသွားခင် စနေနေ့က သူ့ရဲ့နိုင်ငံတော် လုံခြုံရေး အဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ အိုဘားမားနဲ့ လက်ထောက်တွေက  အခု ပါရီက အတိုက်ခိုက်ခံရမှုမှာ IS အဖွဲ့ နောက်ကွယ်က ရှိနေတယ်ဆိုတဲ့ ပြင်သစ်ထောက်လှမ်းရေးတွေရဲ့ တွေ့ရှိချက်အတွက် ကန့်ကွက်စရာမရှိကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အခုအချိန်မှာ အိုင်အက်စ်တွေရဲ့ ခြိမ်းခြောက်မှု တော့ မရှိသေးဘူးလို့ သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com



 ပဲရစ်မြို့ ကို အကြမ်းဖက် တိုက်ခိုက် တာဟာ သူတို့ အားလုံး အပေါ် တိုက်ခိုက် တာပဲ ဖြစ်တယ် ဆိုပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ တွေ အားလုံး က ကြေညာ ချက် ထုတ်ပြန် ပါတယ်။

ပြင်သစ်ပြည်ကြီး ဘေးကင်း လုံခြုံဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင် ကြမယ် ဆိုပြီး တော့လည်း ကတိပေး ပြောဆို ထားပါတယ်။

အီတလီ နဲ့ ဘယ်လ်ဂျီယမ် အပါအဝင် နိုင်ငံတချို့ ကလည်း ပြင်သစ် နဲ့ နယ်စပ် တွေ မှာ လုံခြုံရေး တိုးမြှင့် လိုက် ပါတယ်။

ပိုလန် နိုင်ငံ မှာတော့ ဥရောပ ရေးရာ ဝန်ကြီး နေရာကို ဆက်ခံ တော့မယ့် ကော်န်ရတ် ရှီမန်စကီး က အခုလို အကြမ်းဖက်မှု မျိုး တွေ ကြောင့် ပိုလန် အနေနဲ့ ဥရောပ သမဂ္ဂ က သတ်မှတ် ထားတဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တွေ ကို အချိုးအစား ကိုယ်တာ အတိုင်း လက်ခံ ရယူရေး မူ ကို လက်သင့် မခံ နိုင်တာ ဖြစ်တယ် ဆိုပြီး ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ပဲရစ် မြို့တော် ကို တိုက်ခိုက် မု ဟာ အရိုင်းအစိုင်း တွေ ရဲ့ အပြအမူ အကြမ်းဖက် လုပ်ရပ် ဖြစ်တယ် လို့ ဆိုပြီး လူသား တို့ရဲ့ ယာက်ကျေးမှု အဆောက်အဦ ကို စိန်ခေါ် ထိုးနှက် ချက်လည်း ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီ့ တိုက်ခိုက်မှု တွေ အပေါ် စုံစမ်းရေး မှာ ရုရှား အစိုးရ အနေနဲ့ ပြင်သစ် နဲ့ အနီးကပ်ဆုံး ပူးတွဲ ဆောင်ရွက် သွားမယ် လို့လည်း သမ္မတ ပူတင် က ကတိ ပေး ပါတယ်။

တခါ၊ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က လည်း ဒီလုပ်ရပ် ဟာ ယာဉ်ကျေးမျု အမှောင်ကျ နေတဲ့ ဥရောပ အလယ်ခေတ် လုပ်ရပ် ဖြစ်သလို ခေတ်သစ် ဖက်ဆစ် ဝါဒ လည်း ဖြစ်တယ် ဆိုပြီး ပြင်းပြင်း ထန်ထန် ရှုတ်ချ ခဲ့ ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အိန်ဂလာ မာ့ခဲလ် က တော့ အစွန်းရောက် တွေ က တိုက်ခိုက် လာတဲ့ ဥရောပ ရဲ့ စံတန်ဖိုး တွေကို ပြင်သစ် နဲ့ အတူ သွေးစည်း ညီညွတ် စွာနဲ့ လက်တွဲ ကာကွယ် သွားမယ် လို့ ဆိုပါတယ်။

ဗြိတိန် ဝန်ကြီး ချုပ် ဒေးဗစ် ကင်မရွန် ကလည်း ကျူးလွန် သူတွေ ကို ကြမ်းကြုတ်တဲ့ လူသတ်သမား တွေ ဆိုပြီး ရှုတ်ချ ပါတယ်။ ဒါ့အပြင် ပဲရစ် မြို့တော် အကြမ်းဖက် ခံရတာ ဟာ ဥရောပ တလွှား ၁၀ စုနှစ် အတွင်း အဆိုးဝါးဆုံး ဖြစ်ရပ် လို့ လည်း ပြောကာ သေဆုံးသူတွေ ထဲ ဗြိတိန် နိုင်ငံသား တွေ ပါဝင် နိုင်တယ် လို့ ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


သောကြာနေ့ ပဲရစ်တိုက်ခိုက်မှုနောက်ပိုင်း ပြင်သစ်မှာကျင်းပမယ့်အားကစားပွဲတွေကို လုံခြုံရေးအရ ရွေ့ဆိုင်း လိုက်ပြီဖြစ်ပါတယ်။

ပြင်သစ်နဲ့ဂျာမနီကစားခဲ့ကြတဲ့ ချစ်ကြည်ရေးဘောလုံးပွဲကျင်းပရာ Stade de France ကွင်းကြီးကိုတိုက်ခိုက်ဖို့အသေခံဗုံးခွဲသမား၃ဦး ဘောလုံးကွင်းကြီးအပြင်ဖက်မှာ ပေါက်ကွဲမှုအတွင်းသေဆုံး ခဲ့ပါတယ်။

အကြမ်းဖက်သမားတွေတိုက်ခိုက်ခဲ့တဲ့အဓိကပစ်မှတ်တွေထဲမှာ Stade de France ဘောလုံးကွင်းကြီးလည်းတစ်ခုပါဝင်ပါတယ်။ကွင်းအပြင်မှာ ပေါက်ကွဲမှုဖြစ်ချိန်က ပြင်သစ်သမ္မတ Francois Hollande လည်းဘောလုံးကွင်းကြီးထဲ ဘောလုံးပွဲကြည့်နေပါတယ်။

အဲဒီပွဲမှာ အိမ်ရှင်ပြင်သစ် ကမ္ဘာ့ချန်ပီယံဂျာမနီကို ၂ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ပွဲအပြီးမှာ အပြင်ထွက်လို့မရတဲ့အတွက် ပရိတ်သတ်တွေ ကွင်းထဲဝင်ပြီး အခြေနေကိုစောင့်နေခဲ့ရပါတယ်။ လာမယ့်အင်္ဂါနေ့မှာ လန်ဒန် ဝင်ဘလေကွင်းမှာကစားမယ့် ပြင်သစ်နဲ့ အင်္ဂလန်အသင်း ချစ်ကြည်ရေးပွဲကိုတော့ ကစားမယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပြောထားပါတယ်။ ကမ္ဘာအနှံ့အပြားမှာပြုလုပ်တဲ့ အားကစားပွဲတွေမှာ ပြင်သစ်မှာ သေဆုံးခဲ့တဲ့ အပြစ်မဲ့သူတွေ အတွက် ဝမ်းနည်းချင်းအထိမ်းမှတ်များပြုလုပ်ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

 shan-refugees-620.jpg ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ်

ရှမ်းပြည်နယ် မိုင်းရှူး၊ ကျေးသီး၊ လဲချားနဲ့ မိုင်းနောင်မြို့နယ်တွေမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သောင်းခွဲလောက်ရှိပြီး အဲဒီထဲက ဒုက္ခသည်တစ်ထောင်လောက်ကို ကျောက်မဲမြို့က အဆင့်မြင့် သက်ကြီးစောင့်ရှောက်ရေးစင်တာမှာ ခိုလှုံနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

လဲချားမှာ ဒုက္ခသည်တစ်ထောင်လောက်ရှိနေပြီး လဲချားကနေ ထွက်ပြေးလာသူတွေ ကျောက်မဲရောက်တဲ့အခါ အဆင်သင့်နေထိုင်နိုင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ကျောက်မဲမြို့ အဆင့်မြင့်သက်ကြီးစောင့်ရှောက်ရေးစင်တာ အဖွဲ့ဝင် ကိုစိုင်းသန်းမောင် က ပြောပါတယ်။

"အိပ်ဖို့နေရာကလည်း ကျယ်ကျယ်ဝင်းဝင်းရှိပါတယ်၊ ထောင်ဂဏန်းအထိ လက်ခံလို့ရပါတယ်၊ ကျွေးမွေးဖို့လည်း လုပ်ငန်းရှင်တွေဘက်ကို အကူအညီတောင်းထားတာရှိပါတယ်၊ ကျန်းမာရေးရော ဆရာဝန်တွေရော အကူအညီတောင်းထားတာရှိပါတယ်၊ စစ်ဘေးဒုက္ခသည်တွေကို နေရာပေးကူညီဖို့ ပြင်ဆင်ပေးထားပါတယ်"

မိုင်းရှူးမြို့နယ် ၀မ်ဆော့ကျေးရွာနဲ့ ကျေးသီးမြို့နယ် ဟိုက်ပါကျေးရွာတွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၆ရက် နေ့က တိုက်ပွဲတွေ စတင်ဖြစ်ပွားနေတာဖြစ်ရာ ထွက်ပြေးနေသူ ၄ထောင်လောက်ရှိပါတယ်။

အဲဒီထဲက ဒုက္ခသည် ၁၀၀ ကျော်ဟာ လားရှိုးမြို့က အောင်မင်္ဂလာမန်ဆူရှမ်းကျောင်းကို ရောက်ရှိနေပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ရက် နေ့ကစပြီး မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/government-army-sspp-ssa-conflict-villagers-flee-11142015112657.html

 peace-&-justice-myanmar-620.JPG ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ နိုဝင်ဘာလ ၁၄ ရက်နေ့က Peace & Justic Myanmar အဖွဲ့က ရွေးကောက် ပွဲ စောင့်ကြည့်လေ့လာမှု တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာစဉ်
Photo: Kyaw Zaw Win/RFA

ရွေးကောက်ပွဲနေ့မှာ ရန်ကုန်နဲ့ စစ်ကိုင်းဒေသကြီး၊ ချင်းနဲ့ ရခိုင်ပြနယ်တွေမှာ စောင့်ကြည့်လေ့လာ ခဲ့တဲ့ အောက်ချင်းငှက် လေ့လာစောင့်ကြည့်ရေးအဖွဲ့က သူတို့တွေ့ရှိချက်တွေကိုသတင်းမီဒီယာတွေကို ရှင်းပြခဲ့ပါတယ်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်က ဒိုင်းမွန်းကွန်ဒိုမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။

အဖွဲ့ရဲ့ တွေ့ရှိချက်အရ ရွေးကောက်ပွဲနေ့က မဲပေးသူတွေဟာ သူတို့ပေးခဲ့တဲ့မဲကို လျှို့ဝှက်စွာ မဲပေးခွင့်မရခဲ့ဘူး လို့ အောက်ချင်းငှက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ ညှိနိုင်းရေးမှူး ဦးသိန်းသန်းအောင်က ပြောပါတယ်။

"စောင့်ကြည့်လေ့လာတဲ့ကိစ္စတွေမှာ ၆ဝ ရာခိုင်နှုန်းခန့်သာ လျှို့ဝှက်စွာမဲပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်၊ မဲပေးရင်း တန်းစီရင်း စောင့်ရင်းနဲ့ မဲရုံထဲမှာ မလိုအပ်ဘဲနဲ့ လူတွေ တအားများသွားနဲ့ နေရာမျိုးတွေရှိပါတယ်၊ မဲပေးခန်းတွေ သေချာစွာ မစီစဉ်ထားတာကိုလည်း တွေ့ရပါတယ်၊ ဒါမျိုးတွေဟာ လျှို့ဝှက်စွာမဲပေးတာကို အဟန့်အတားဖြစ်ရပါတယ်"

ဒါပေမဲ့ ဘယ်နေရာတွေမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ဖေါ်မပြောဆိုပါဘူး။

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုအတွင်းက မြို့နယ် ၂၇ ခုက မဲရုံ ၃၅၀ ကို လေ့လာချက်အရ မဲရုံထက်ဝက်ကျော်မှာ မဲရုံဖွင့်ချိန်အမီ မဲဆန္ဒရှင်စာရင်းတွေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကပ်မထားဘူးလို့လည်း ပြောပါ တယ်။ တချို့ကျေးရွာတွေမှာဆိုရင် နိုင်ငံရေးပါတီတွေဟာ မဲဆွယ်စည်းရုံးခွင့်မပြုတော့တဲ့ နိုဝင်ဘာ ၇ ရက်နေ့အထိ၊ တစ်အိမ်တက်ဆင်း မဲဆွယ်တာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ၊ ပိုစကာတွေ မဖြုတ်သေးတာတွေ တွေ့ခဲ့ ရတယ်လို့လည်း သိရပါတယ်။

အလားတူ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း ကလည်း ရွေးကောက်ပွဲအတွင်း ရပ်ကွက်၊ ကျေးရွာအုပ်စုတွေက ကော်မရှင်အဖွဲ့ခွဲတွေနဲ့ မဲရုံအဖွဲ့ဝင်အများစု ဟာ ရွေးကောက်ပွဲ ဥပဒေတွေ ၊ နည်းဥပဒေတွေ လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြောဆိုခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင် မရွှေရည်က ရပ်ကျေးကော်မရှင်အဖွဲ့ ခွဲတွေရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"ကျမတို့ရဲ့ Focus က ၂ဝ၁၅ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် ရပ်ကျေး အဆင့်ဆင့်က သတ်မှတ်ထားတဲ့ နည်းဥပဒေအပေါ် ဘယ်လိုချဉ်းကပ်လဲ ဘယ်လိုလုပ်ဆောင်လဲ ဆိုတာ စောင့်ကြည့်လေ့လာတဲ့အဖွဲ့ဖြစ်ပါတယ်၊ ချဉ်းကပ်တဲ့အပေါ်မှာ သူတို့ဆောင်ရွက်တဲ့အခါ အဆင်မပြေမှုတွေတော့ရှိတယ်၊ ဘယ်အပိုင်းရယ်လို့တော့ အဓိကမဟုတ်ဘူး၊ ရပ်ရွာရဲ့အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲမှုတွေရှိတာပေါ့"

ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းက ရွေးကောက်ပွဲကာလအတွင်း ကြိုတင်မဲပေးတဲ့ ၃၂၃ နေရာ၊ ရွေးကောက်ပွဲနေ့မှာ မဲရုံပေါင်း ၁၃၇ ရုံနဲ့ မြို့နယ်အတွင်းက ရွေးကောက်ပွဲကော်မရှင်ရုံးတွေမှာ လေ့လာစောင့်ကြည့်ခဲ့တာ လို့ ပြောပါတယ်။

Horn Bill Organization အဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုချမ်းလျန်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းတွေမှားယွင်းခဲ့လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးကလည်း သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ကာကွယ်ပြောဆိုခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/elections-watch-organizations-press-11142015105825.html