11/17/15

 ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ကော်မရှင် အဖွဲ့ဝင် တွေ က ဘယ်လိုဘယ်ပုံ မဲပေးရမယ် ဆိုပြီး ရွာသားတွေ အပေါ် ဖိအားပေး။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဆီကနေ ရွေးကောက်ပွဲ ရလာဒ်တွေ တရားဝင် ပေါ်ထွက် လာခဲ့တဲ့ နောက် အခုဆို ပြိုင်ဘက် နိုင်ငံရေး ပါတီ တွေ အကြား သက်ဆိုင်ရာ အာဏာပိုင်တွေ ထံ မဲ မသမာမှု နဲ့ စွပ်စွဲ တိုင်ကြားတာတွေ၊ အမှုဖွင့် တရားစွဲတာ တွေ လိုမျိုး နောက်ဆက်တွဲ ဂယက်တွေ ဖြစ်ပေါ် နေပါတယ်။

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းပြင်း မြို့နယ်မှာ ဆိုရင် ကြံ့ခိုင်ရေး ပါတီ က မဲရုံ ၄ ရုံ စလုံးမှာ အနိုင် ရသွားတာဟာ မဲ မသမာမှုတွေ ရှိခဲ့လို့ ဆိုပြီး ကျန် ကိုယ်စားလှယ်လောင်း ၁၂ ယောက် ကနေ စုပေါင်း လက်မှတ် ထိုးကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြား ထားပါတယ်။

ရွေးကောက်ပွဲ နေ့ မှာ ထည့်ကြတဲ့ မဲ တွေ ကို ရေတွက် တဲ့ အခါ NLD ပါတီ က ၁၀ မဲ ရရင် ကြံ့ခိုင်ရေး ပါတီ က ၁ မဲ အချိုးစား ရှိပြီး၊ ကြိုတင် မဲ တွေ မှာတော့ ကြဲခိုင်ရေး ၁၀ မဲ NLD ၁ မဲ ပြောင်းပြန် ဖြစ်သွားတဲ့ အပေါ် သံသယ ဝင် ကြတာ ဖြစ်တယ် လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူ စောလစိုး က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် မဲ ပေးအပြီး ဒေသခံ ကျေးရွာတွေ ဆီကနေ ကောက်ယူ ကြည့်တဲ့ စစ်တမ်းတွေ အရ ကျေးရွာ အုပ်ချုပ်ရေးမှုးတွေ၊ ကော်မရှင် အဖွဲ့ဝင် တွေ က ရွာသားတွေ အပေါ် ဘယ်လိုဘယ်ပုံ မဲပေးရမယ် ဆိုတဲ့ ဖိအားပေးမှု တွေ ရှိကြောင်း တွေ့ရတယ် လို့လည်း စောလစိုး က ပြောပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် မှာ ဆိုရင်လည်း ရခိုင်အမျိုးသားပါတီက အနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကို ပြိုင်ဘက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လွှတ်တော်ကိုယ်စားလှယ် က တရား စွဲဆိုထား ပါတယ်။

နေပြည်တော် ဒက္ခိဏသီရီ မြို့နယ် မှာတော့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ NLD ပါတီ ကိုယ်စားလှယ်ကို မဲရုံမှူးက မဲရုံအတွင်း နှောင့်ယှက်မှုနဲ့ အမှုဖွင့် ထားသလို၊ NLD ဘက်ကလည်း မဲရုံမှူး နဲ့ ကော်မရှင် အဖွဲ့ဝင် တစ်ယောက်ကို မဲရုံအတွင်းမှာ မဲဆွယ်တယ် လို့ စွပ်စွဲပြီး ရဲစခန်းမှာ ပြန် အမှုဖွင့်ထား ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် မထူးမေ နဲ့ သမ္မတ George Bush and ဇနီး Laura Bush
မြန်မာနိုင်ငံက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ်နဲ့ အနိုင်ရလိုက်တာကို ကမ္ဘာ့နိုင်ငံကြီးတွေက ချီးကျူး ဂုဏ်ပြုနေချိန်မှာပဲ အမေရိကန် သမ္မတဟောင်း George W. Bush နဲ့ သမ္မတကတော် Laura Bush တို့ကလဲ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။ တချိန်ထဲမှာပဲ Bush Institute ကဖွင့်လှစ်တဲ့ Liberty and Leadership သင်တန်းမှာ တက်ရောက်ခဲ့သူ ရခိုင်တိုင်းရင်းသူတဦးကလဲ ဒီရွေးကောက်ပွဲမှာ အနိုင်ရရှိသွားပါ။ အပြည့်အစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာ (၈) ရက်နေ့ မြန်မာနိုင်ငံရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တာကြောင့် ဒီရွေးကောက်ပွဲဟာ ပြည်သူတွေ မျှော်လင့်နေတဲ့ အပြောင်းအလဲဆီကို ဦးတည်နေပြီဖြစ်တယ်လို့ သမ္မတဟောင်း George W.Bush နဲ့ သမ္မတကတော် Laura Bush တို့က ပြီးခဲ့တဲ့ရက် အတွင်း ထုတ်ပြန်လိုက်တဲ့ ကြေညာချက် အစမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ ရရှိရေးအတွက် ဆယ်စုနှစ် ပေါင်းများစွာ မမှိတ်မသုန် ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုလဲ ချီးကျူးထားပါတယ်။

သမ္မတဟောင်း George W.Bush ကသူ့ရဲ့ Bush Institute မှာဖွင့်ထားတဲ့ Liberty and Leadership သင်တန်းမှာ မြန်မာနိုင်ငံက လူငယ် ခေါင်းဆောင် ၁၈ ဦးကိုခေါ်ယူပြီး ပထမဦးဆုံးအသုပ်အနေနဲ့ ၂၀၁၄ ခုနှစ်ဇွန်လမှာ ခေါင်းဆောင်မှုသင်တန်း ပေးခဲ့ပါတယ်။ အဲဒီသင်တန်းကို တက်ရောက်ခဲ့တဲ့အထဲ ၂၀၁၅ ရွေးကောက်ပွဲအတွင်း ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှာ ရခိုင်အမျိုးသားပါတီ ANP ရဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရတဲ့ မထူးမေလဲ ပါဝင်ပါတယ်။

သူဟာ (ရခိုင်ပြည်နယ်) ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေအတွက် ကိုယ်စားလှယ်ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သမ္မတဟောင်း George W.Bush က ချီးကျူး ဂုဏ်ပြုတဲ့အပေါ် မထူးမေက ကြိုဆိုလိုက်ပါတယ်။ Bush Institute မှာ သင်ပေးလိုက်တဲ့ Liberty and Leadership သင်တန်းတွေက သူ့ရဲ့နိုင်ငံရေးဘ၀မှာ တိုက်ရိုက်အသုံးဝင်ပြီး အကျိုးပြုတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထူးမေက ဆိုပါတယ်။

“ဟို သမ္မတဟောင်းကိုယ်တိုင်ကပေးတဲ့ Scholarship ဖြစ်တဲ့အခါမှာ တကယ့်ကို Credit မြင့်တယ်။ နောက်တခုက နိုင်ငံရေးမှာ ပါဝင်ဖို့ လျှောက်လှမ်းဖို့ လူတွေကျလို့ရှိရင် ၊ ကိုယ်သာ နိုင်ငံရေးသမားဖြစ်လာမယ် (ဒါမှမဟုတ်) ကိုယ်သာ နိုင်ငံရေးထဲမှာ ပါဝင်လာလို့ရှိရင် အဲဒီက ပေးလိုက်တဲ့ ဘာသာရပ်တွေ အကုန်လုံးက ကျမတို့ အလုပ်လုပ်တဲ့အခါမှာ တကယ့်ကို အသုံးဝင်တယ်။ အထူးသဖြင့် ကျမဆိုလို့ရှိရင် နိုင်ငံရေး ထဲမှာ ထဲထဲဝင်ဝင် ပါဝင်လာအောင် ဒီကရလာတဲ့ ဗဟုသုတတွေ အတတ်ပညာတွေကို အသုံးပြုတတ်အောင် သင်ပေးတဲ့ ဖိုရမ်ကြီးတခု ဖြစ်တယ်ပေါ့နော်။”

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ပညာရေးဥပဒေ ပြင်ဆင်ဖို့ ဆန္ဒထုတ်ဖေါ် တောင်းဆိုတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို အစိုးရက ဖမ်းဆီး တရားစွဲထားဆဲ ဖြစ်ပါတယ်။ အဲဒီထဲမှာ မထူးမေတို့နဲ့အတူ Bush Institute က ဖွင့်တဲ့ခေါင်းဆောင် သင်တန်းကိုတက်သွားတဲ့ ဗကသကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင် (ခေါ်) ဂျိမ်းစ်တို့လဲ ပါဝင်တာပါ။ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ကို လွှတ်ပေးသင့်တယ်လို့ သမ္မတဟောင်း George W.Bush က သူ့ရဲ့ကြေညာချက်ထဲမှာ တောင်းဆိုထားပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ အခုလိုကာလမှာ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ မရှိသင့်တော့ဘူးလို့ မထူးမေးက သုံးသပ်ပါတယ်။

“နိုင်ငံတနိုင်ငံမှာ များသောအားဖြင့် အပြောင်းအလဲတွေနဲ့ လက်ရှိနိုင်ငံအခြေအနေကို ပညာတတ်လို့ခေါ်တဲ့ ကျောင်းသားတွေက ပိုသိတယ်။ ဒီလိုမျိုးပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ လုပ်တဲ့အခါမှာလည်း ကျမတို့သူငယ်ချင်း ဖြိုးဖြိုးအောင်တို့သည် ဒီမိုကရေစီ ပညာရေး မဟုတ်မှန်းကို သိထားတဲ့အတွက် မြန်မာနိုင်ငံ အပြောင်းအလဲနဲ့အတူ ပညာရေးစနစ်ကိုပါ ပြောင်းလဲဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေ ဖြစ်တဲ့အတွက်ကြောင့်၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီကို ဦးတည်နေပြီဆိုလို့ရှိရင် ဒီကျောင်းသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ဆိုတာ မရှိသင့်ဘူး။”

မြန်မာနိုင်ငံဟာ ဒီမိုကရေစီပန်းတိုင်နဲ့ အလှမ်းကွာဝေးနေဆဲ ဖြစ်တာကြောင့် ဒီမိုကရေစီရင့်သန်ဖို့ ဆက်လက်လုပ်ဆောင်စရာတွေ ကျန်နေ သေးတယ်လို့ သမ္မတဟောင်း Bush ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ANP ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထူးမေ ကတော့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ခိုင်မာဖို့လိုတယ်လို့ ပြော ပါတယ်။

“နိုင်ငံတနိုင်ငံက ဒီမိုကရေစီနိုင်ငံအဖြစ် ရှေ့ဆက်သွားမယ်လို့ ကြေညာပြီးထားရင် အဓိက အရေးအကြီးဆုံးက အဲဒီနိုင်ငံမှာ နေကြ တဲ့လူတွေ လုံခြုံဖို့အရေးကြီးတယ်။ ဒါကြောင့်မို့လို့ တရားဥပဒေ စိုးမိုးရေး မဏ္ဍိုင်က ပဓာနအကျဆုံးပဲ။ တချိန်ထဲမှာ နောက်တခုက တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာတဲ့ တောင်းဆိုလာတဲ့ ဒီဖယ်ဒရယ်ဆိုတဲ့ စနစ်တခုကို ချမှတ်ဖို့လိုအပ်တယ်။ လက်တွေ့ ကျတဲ့ ဖယ်ဒရယ်စနစ်၊ တိုင်းရင်းသားများကနေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် ဒါတွေဟာ ဒီမိုကရေနိုင်ငံလို့ ပြောပြီဆိုရင် ဖြစ်ရတော့မယ် ..”

၂၀၁၄ မှာ Bush Institute က စတင်ခဲ့တဲ့ Liberty and Leadership သင်တန်းကို ၂၀၁၅ခုနှစ်အတွက် မြန်မာနိုင်ငံက လူငယ်တချို့ကိုခေါ်ယူ ပြီး တက်ရောက်စေခဲ့ပါတယ်။

ကိုဉာဏ်ဝင်းအောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Abdelhamid Abaaoud ဟာ အကြမ်းဖက်မှုကို အဓိက ကြိုးကိုင်လှုပ်ရှားသူ ဖြစ်တယ်လို့ ပြင်သစ်စုံစမ်းရေးသမားတွေက ပြောပါတယ်။ (Credit: ABC) 
 ပြင်သစ်နိုင်ငံ ​ပဲရစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုကို ​အဓိက ​ကြိုးကိုင်ဦးဆောင်တဲ့ ​လူကတော့ ​အသက် ​၂၇ ​နှစ်အရွယ် ​ဘယ်လ်ဂျီယံ ​နိုင်ငံသား ​ဖြစ်တယ်လို့ ​ပြင်သစ်စုံစမ်းရေး ​အဖွဲ့က ​ပြောပါတယ်။

Abdelhamid ​Abaaoud ​ဟာ ​ပဲရစ်မြို့သာမက ​တခြားဥရောပနိုင်ငံတွေမှာ ​အကြမ်းဖက်မှုတွေ ​လုပ်ဖို့ ​အဓိက ​စီစဉ်သူ ​ဖြစ်နိုင်တယ်လို့ ​ပြင်သစ်ရဲတွေက ​ပြောပါတယ်။

ပဲရစ်မြို့မှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုနဲ့ ​ဆက်စပ်ပြီး ​ပြင်သစ်ရဲတွေက ​နေအိမ်တွေကို ​ဝင်စီးပြီး ​ဖမ်းဆီးမှုတွေ ​လုပ်ခဲ့ပါတယ်။

အဲဒီလို ​ဝင်စီးမှုအတွင်း ​ရော့ကက်လောင်ချာတွေ၊ ​ပိုက်ဆံတွေနဲ့ ​တခြား ​လက်နက်တွေလည်း ​တွေ့ခဲ့ရတယ်လို့ ​ဆိုပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံသားတွေကလည်း ​အကြမ်းဖက်မှုမှာ ​ပါဝင်ခဲ့တာကြောင့် ​ဘယ်လ်ဂျီယံနိုင်ငံမှာလည်း ​ဖမ်းဆီးမှုတွေ ​လုပ်နေပါတယ်။

ဒါပေမဲ့ ​အကြမ်းဖက်မှုမှာ ​ပါဝင်တဲ့ ​၈ ​ယောက်မြောက် ​လူကို ​ဖမ်းဆီးနိုင်ခြင်း ​မရှိသလို ​အဓိက ​ကြိုးကိုင်လှုပ်ရှားသူကိုလည်း ​ဖမ်းဆီးနိုင်ခြင်း ​မရှိသေးပါဘူး။

ပြင်သစ်သမ္မတကတော့ ​IS ​အပေါ် ​လက်တုန့်ပြန်သွားမယ်လို့ ​ကြေညာလိုက်ပြီ ​ဖြစ်သလို ​အမေရိကန်နဲ့ ​ရုရှားကိုလည်း ​ပူးပေါင်းမှုလုပ်ဖို့ ​တိုက်တွန်းလိုက်ပါတယ်။

 ABC Radio Australia
http://www.radioaustralia.net.au/burmese


students-tharyarwaddy-court-620.jpg
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို သာယာဝတီခရိုင် တရားရုံးမှာ မေလ ၁၂ ရက်နေ့က ရုံးထုတ်စဉ်
Photo: Kyaw Zaw Win/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူ ၇ဝ အပေါ်စွဲဆိုထားတဲ့ ပုဒ်မအားလုံးကို ပယ်ဖျက်ပေးဖို့ ပဲခူးတိုင်းတရားလွှတ်တော်ထံ လျှောက်ထားမှုကို တိုင်းတရား လွှတ်တော်က ဒီနေ့ ပယ်ချလိုက်ပါတယ်။

လျှောက်ထားမှု နှစ်ပတ်မြောက်တဲ့နေ့မှာ ပဲခူးတိုင်းတရားလွှတ်တော် တရားသူကြီးက ပယ်ချလိုက်တာဖြစ်တယ် လို့ ကျောင်းသားတွေရဲ့အမှုကို ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

"ဒီနေ့က နှစ်ပတ်မြောက်နေ့ဆိုတော့ ကျိန်းသေချပြီးဆိုတော ကျနော်သိတဲ့အတွက်ကြောင်း ဖုန်းဆက်မေးပါ တယ်၊ မေးတဲ့အခါကျတော့ သူကပြောပါတယ်၊ ၁၂ နာရီလောက်မှာ အမိန့်ချပြီးသွားပါတယ်ခင်ဗျ၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်က ကျောင်းသားတွေဘက်က ရှုံးတယ်၊ အပယ်ခံလိုက်ရတယ်၊ လက်မခံဘူးပေါ့နော်"

တိုင်းတရားလွှတ်တော်က ပယ်ချလိုက်ပေမယ့် နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထား လို့ရသေးကြောင်းနဲ့ မနက်ဖြန်ရုံးချိန်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဝန်းရံသူတွေရဲ့ သဘောထား ကို မေးမြန်းသွားမယ်လို့ ပြောပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ဥပဒေမဲ့အစုအဖွဲ့မှာပါဝင်မှု စတဲ့ ပုဒ်မ ၅ ခုနဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသား ၊ ကျောင်းသူနဲ့ဝန်းရံသူ ၇ဝ ရှိပြီး လက်ရှိ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၅၃ ဦးရှိပါတယ်။

မတ်လအတွင်း ပေါ်ပေါက်လာမယ့် အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေ သေချာပေါက် လွတ်မြောက်မယ်လို့ ယုံကြည်ကြောင်း ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/reject-students-appeal-11162015113321.html

 aunghmaingsan-student-620.jpg
 အစာငတ်ခံဆန္ဒပြတဲ့ ဗကသကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ကို တွေ့ရစဉ်

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် အစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ဆန္ဒပြမှုရပ်တန့်ဖို့အတွက် ဦးဝင်းတင် ဖောင်ဒေးရှင်းအပါအ၀င် အဖွဲ့အစည်း ၉ ဖွဲ့က မေတ္တာရပ်ခံလိုက်ပါတယ်။

ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ် မပြီးခင်အထိ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့အတွက် အစာငတ်ခံဆန္ဒပြမှုကို ယာယီရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ က ကိုတင်မောင်ဦး က ပြောပါတယ်။

"ဘယ်လိုရည်ရွယ်ချက်လဲဆိုတော့ အကုန်လုံးက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို မျှော်လင့်နေတယ်၊ တဆက်တည်းမှာပဲ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်စေချင်ကြတယ်၊ လွတ်စေချင်တဲ့အတွက်ကြောင့်မို့ နယ်အားလုံးက နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းလာတယ်၊ ဒါနဲ့စပ်လျဉ်းပြီးတော့ ဒီကနေတစ်ခုခုဖြစ်မှာကို စိုးရိမ်တယ်၊ ဒါကြောင့်မို့ စိုးရိမ်ပူပန်မှုတွေအားလုံးကို လျော့ချဖို့အတွက် ဒီကိစ္စကို အလေးနက်အာရုံထားလို့ ရအောင်လို့ သူတို့ကို ငြိမ်းချမ်းစွာအာဏာ လွှဲပေးတဲ့အထိရွှေ့ပေးပါလို့ တောင်းဆိုတာ"

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း၊ Generation Wave၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက် စတဲ့ အဖွဲ့အစည်း ၉ ခုက ဒီနေ့ ကြေညာချက်ထုတ်ပြီး မေတ္တာရပ်ခံတာဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ဆန့်ကျင်တာကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားaခါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအ၀င် ၇ဦးဟာ သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံဆန္ဒပြနေတာဖြစ်ပြီး ကိုအောင်မှိုင်းဆန်းနဲ့ ကျောင်းသား နှစ်ဦးဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံနေရပါတယ်။

သူတို့ကို နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကလည်း အစာငတ်ခံဆန္ဒပြနေတာကို ရပ်တန့်ဖို့ ဦးဝင်းထိန်ကတဆင့် မေတ္တာရပ်ခံခဲ့ပါတယ်။

RFA
http://www.rfa.org/burmese/news/request-stop-students-hunger-strike-11162015113152.html

 mine-shu-refugees-620.jpg ရှမ်းပြည်နယ် မိုင်းရှုးမြို့က ဘုန်းကြီးကျောင်းတစ်ခုမှာ စစ်ပြေးဒုက္ခသည်တွေကို တွေ့ရစဉ်

ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့ဘက် ၅ မိုင် ၀န်းကျင်အကွာ၊ လခြမ်းတောင်အနီးမှာ အစိုးရတပ် ခလရ ၁၅ နဲ့ ကေအိုင်အေတပ်ရင်း ၅ တို့အကြား မနေ့ကစပြီး တိုက်ပွဲဖြစ်ပွားရာမှာ၊ အစိုးရတပ်က အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ တောင်ကြောတွေဆီ မသွားဖို့ ဒေသခံတောင်သူတွေကို ဒီကနေ့ အသိပေးထားတယ်လို့ မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောပါတယ်။

"သေနတ်သံတွေကြားနေရတယ်၊ အဲ့ဘက်ကို သွားလေ့သွားထရှိတဲ့ တောင်သူတွေအတွက် အန္တရာယ်ရှိမှာစိုးရိမ်လို့ အသိပေးထားပါတယ်၊ ကျနော်တို့ဘက်ကတော့ လိုအပ်တဲ့ ရဲတပ်ဖွဲ့နဲ့ပေါင်းပြီးတော့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ ညပိုင်းတော့ မြို့ပြည်သူလူထုတွေ အေးအေးချမ်းချမ်းနေအောင် လှည့်ကင်းလှည့်ဖို့ တာဝန်ပေးထားပါတယ်"

ဒီကနေ့ မနက်အစောပိုင်းအထိ မိုးညှင်းဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ဝင် ဦးဆန်းအောင် က ပြောပါတယ်။

အခုညနေပိုင်း ၅ နာရီအထိ ရရှိတဲ့သတင်းတွေအရ အဲ့ဒီတိုက်ပွဲဖြစ်ပွားရာနေရာမှာ အစိုးတပ်မတော်သားတွေ ကို ကေအိုင်အေတပ်ဖွဲ့က အင်အားနှစ်ရာကျော်လောက်နဲ့ ဝိုင်းထားတဲ့အတွက် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် လေတပ်စခန်းက လေယာဉ်ပစ်ကူတွေ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့သိရပါတယ်။

ဒီအတွင်း ရှမ်းပြည်နယ် မိုင်းရှုးမြို့ကို တိမ်းရှောင်လာခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ဟာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့နေရပ်ကို မပြန်နိုင်သေးတဲ့အတွက် စားနပ်ရိက္ခာ အခက်အခဲနဲ့ ကြုံတွေ့လာနိုင်ကြောင်း မိုင်းရှုးမြို့နယ်အုပ်ချုပ်ရေးဌာနက ပြောပါ တယ်။

တိုက်ပွဲတွေ မရပ်တန့်နိုင်သေးလို့ နောက်ထပ်ဒုက္ခသည်တွေ ဆက်ရောက်လာကြဦးမယ်ဆိုရင် စားနပ်ရိက္ခာလှူဒါန်းပေးကြဖို့ လိုအပ်လာလိမ့်မယ်လို့ မိုင်းရှုးမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်က ပြောပါတယ်။

"လောလောဆယ်တော့ လုံလောက်ပါတယ်၊ အစိုးရကလည်း ပေးထားတာရှိပါတယ်၊ အဖွဲ့တွေကလည်း လှူထားတာရှိသေးတယ်လေ၊ အခုနေကတော့ လုံလောက်ပါတယ်၊ ရက်သိပ်မကြာရင် အဆင်ပြေမှာပါ၊ ရက်ကြာသွားရင်တော့ နည်းနည်းတော့ရှာဖို့လိုမှာပေါ့"

အောက်တိုဘာလ ၆ ရက်နေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေ တစ်နေ့တစ်ခြား ပြင်းထန်လာနေရာမှာ၊ နိုဝင်ဘာလဆန်း ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပါဝင်လာတယ်လို့ ဦးမျိုးညွန့်က ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း အစိုးရတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်တပ်မတော်တို့ မိုင်းရှုးမြို့နယ်နဲ့ ကျေးသီးမြို့နယ်အစပ်က ဝမ်ဆော့ရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်၊ အရင်က ဝမ်ဆော့ရွာမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်အများစုဟာ မိုင်းရှုးမြို့ပေါ်ကို ရောက်ရှိလာခဲ့ကြတာပါ။

RFA
http://www.rfa.org/burmese/news/kachin-shan-state-battle-11162015113554.html


 အကြမ်းဖက် သမားတွေကို နှိမ်နင်းရာမှာ သူတို့ရဲ့ ငွေကြေး အထောက်အပံ့တွေကို ဖြတ်တောက်ဖို့နဲ့ ထောက်လှမ်းရေး သတင်းတွေကို အချင်းချင်း ဝေမျှဖို့ ကမ္ဘာ့ ခေါင်းဆောင်တွေ သဘောတူခဲ့ ကြတယ်လို့ ယူကေ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောပါတယ်။

သောကြာနေ့က ပဲရစ်မြို့ တိုက်ခိုက်မှုဟာ အားလုံး ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို မီးမောင်း ထိုးပြလိုက်တာပဲလို့ တူရကီမှာ ပြုလုပ်တဲ့ စက်မှုထိပ်သီး နိုင်ငံ ၂၀ (ဂျီ ၂၀) အစည်းအဝေးမှာ မစ္စတာ ကင်မရွန်းက ပြောပါတယ်။

အစောပိုင်းကတော့ မစ္စတာ ကင်မရွန်းက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဆုံခဲ့ပြီး IS အဖွဲ့ကို နှိမ်နင်းဖို့နဲ့ ဆီးရီးယား စစ်ပွဲ ကိစ္စတွေကို ဆွေးနွေး ခဲ့ကြပါတယ်။

ဆီးရီးယား အရေးအပေါ် ထားရှိတဲ့ ရုရှားနဲ့ အနောက်နိုင်ငံတွေ အကြား ရပ်တည်ချက်က အတော်လေး ကွဲပြားနေပေမယ့် အခုတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကို အားလုံးက လက်ခံ လိုက်ကြပြီလို့ သူက ပြောပါတယ်။

သောကြာနေ့ ညက ပဲရစ်မြို့မှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဂီတဖျော်ဖြေပွဲ ခန်းမ တို့ကို တိုက်ခိုက်မှုတွေကြောင့် လူ ၁၂၉ ယောက် သေဆုံး ခဲ့ရပါတယ်။

BBC Burmese
http://www.bbc.com/burmese


 ပြင်သစ် နိုင်ငံအနှံ့ စီးနင်း ရှာဖွေမှုတွေ အတွင်း အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေလို့ သံသယရှိတဲ့ လူပေါင်း ၂၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ဒါဇင်ချီတဲ့ လက်နက်တွေကို သိမ်းဆည်း မိခဲ့တယ်လို့ ပြင်သစ် အရာရှိတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ညက ဘားဆိုင်၊ စားသောက်ဆိုင်နဲ့ ဂီတဖျော်ဖြေပွဲ ခန်းမတွေ တိုက်ခိုက် ခံခဲ့ရလို့ လူ ၁၂၉ ဦး သေဆုံးခဲ့ရပြီးနောက် အခုလို ရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင် လိုက်တာပါ။

ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ် မြို့မှာလည်း ရဲတွေက စီးနင်း ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိုလန်ဘိခ် ရပ်ကွက်မှာ ပစ်ခတ်သံနဲ့ ပေါက်ကွဲသံတွေ ကြားခဲ့ ကြရပါတယ်။

စစ်သွေးကြွ ၂ ယောက်ရဲ့ ညီအစ်ကို တော်စပ်သူ တစ်ယောက်ကိုတော့ ဘယ်လ်ဂျီယံ ရဲတွေက ပြန်လွှတ်ပေးခဲ့ပါတယ်။ မိုဟာမက် အက်ဘ်ဒီစလမ် Mohammed Abdeslam ဆိုသူကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး သူ့အစ်ကို တစ်ယောက် ဖြစ်တဲ့ ဘရာဟင် Brahim Abdeslam ဆိုသူက တိုက်ခိုက်မှုတွေအတွင်း သေဆုံးခဲ့ကာ တခြား အစ်ကို တစ်ယောက် ဖြစ်တဲ့ ဆာလာ Salah ကတော့ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

အခု သီတင်းပတ်အကုန်က ဘယ်လ်ဂျီယံမှာ ဖမ်းဆီးခဲ့တဲ့ ၇ ယောက်ထဲမှာ အခု လွှတ်ပေးခဲ့တဲ့ မိုဟာမက် အပါအဝင် ပြန်လွှတ်ပေးခဲ့သူ ၅ ယောက် ရှိသွားပါပြီ။

ပြင်သစ် နိုင်ငံမှာတော့ ဒီကနေ့ တနင်္လာနေ့ ဒေသစံချိန် နေ့လည် ၁၂ နာရီတိတိမှာ သေဆုံးသူတွေကို ရည်စူးပြီး နိုင်ငံအနှံ့ တစ်မိနစ်တာ ငြိမ်သက် ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

(စစ်ပြေးဒုက္ခသည်ကလေးတဦးပုံ)

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ကျေးသီး နယ်အတွင်း “ သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်အား မြန်မာ့တပ်မတော်မှ ဂျက်လေယာဉ် အကြိမ်ကြိမ် အသုံးပြုကာ တိုက်ခိုက်မှုကြောင့် ပြည်ထောင်စုအဆင့် တည်ဆောက်ထားသည့် ငြိမ်းချမ်းရေး အာမခံချက်မရှိတော့ဘူး” ဟု ပြောရေးဆိုခွင့် က ပြောသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ် နှင့် ဌာနချုပ် လုံခြုံရေးတပ်စခန်းများအား ယနေ့ နိုဝင် ဘာ ၁၄ ရက်နေ့ တွင် အစိုးရတပ်မတော်မှ ရုရှားလုပ် MIG 29 ဂျက်တိုက် လေယာဉ် ၃ စီးဖြင့် တိုက်ခိုက် နှစ်ကြိမ်တိုက်ခိုက်ကြောင်း ၊ အောက်တိုဘာ ၆ ရက်နေ့မှစ၍ ယနေ့အထိ ရုရှားလုပ် MI 35 ဖြင့် ၅ ကြိမ် တိုက်ခိုက်ကြောင်း ၊ အများအားဖြင့်လူနေရပ်ရွာအား အဓိကထားပစ်ခတ်တိုက်ခိုက်သဖြင့် လူထုကြောက် လှန့်ကြကြောင်း သျှမ်းပြည်တပ်မတော် SSPP/SSA ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဆု ကပြောသည် ။

“ လူထုကြောက်လှန့်အောင် အစိုးရတပ်က ဂျက်လေယာဉ်တွေနဲ့ ပစ်ခတ်ခြောက်လှန့်တယ် ။ ဒါက ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ကျနော်တို့ တပ်မတော် အနေနဲ့ ဒီငြိမ်းချမ်းရေးက အာမခံ မရရှိတော့ဘူး ။ လူထုကို အဓိက ထားပစ်ခတ်ခြောက်လှန့်တယ် ။ အခု စစ်ဘေး ဒုက္ခသည်က ကျနော် တို့ထိန်းချုပ်တဲ့ နယ်မြေအတွင်း လူဦးရေ စာရင်း အရတသောင်းကျော်က နေရပ်ကနေ စွန့်ခွာ နေရပြီ ။ ဒီနေ့လဲ ကျနော်တို့ တပ်စခန်းနဲ့ ဝမ့်ဆော့ရွာကို ပစ်ခတ်တိုက်ခိုက်တယ် ။ ဒုက္ခသည် ထောင် ဂဏန်းက တခြားကို ရှောင်တိမ်းထားလို့ပေါ့ ” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် ၂၀၁၂ ခုနှစ်က သျှမ်းပြည် မြို့တော် တောင်ကြီး၌ နေပြည် တော်အစိုးရ နှင့် ပြည်နယ်အဆင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆို ထား သည့် သျှမ်း တပ်မတော်ဖြစ်သည် ။

ထို့အပြင် သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ရေးဆွဲရာတွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် ပူးတွဲခဲ့ပါသည် ။ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် အားလုံး ပါဝင်ရမည် ၊ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ မကျန်စေရ - မူ ကို လက်ခံသည့် တိုင်း ရင်းသားလက်နက်ကိုင်တပ်မတော် ၁၃ ခု တွင် SSPP/SSA လည်း ပါဝင်သည် ။ အစိုးရက တိုင်းရင်းသား များ၏ အားလုံး ပါဝင်ရေးမူကို လက်မခံခဲ့ပေ ။

ထို့ကြောင့်အဖွဲ့ ၁၃ ခု က လက်မှတ်ရေးထိုးရန် အဆင်သင့်မရှိသေးဘူးဟု အကြောင်း ပြန်ပြီးနောက် အစိုးရ တပ်မတော်က သျှမ်းပြည်တပ်မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့ အထိ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သျှမ်းပြည်တပ်မတော် ဘက်က ပြောဆိုပါသည် ။

သျှမ်းသံတော်ဆင့်

“ပထမအချက်က သြဂုတ် ၁၂ ရက်နေ့တုန်းက ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့လက်နက်ကိုင်အင်အားတွေနဲ့ ၀င်ရောက်သိမ်းပိုက်ပြီးတော့မှ ဥက္ကဋ္ဌနေရာဖယ်ရှားမှုလုပ်တဲ့လုပ်ရပ်ဟာ ပြည်ခိုင်ဖြိုးပါတီရှုံးရတဲ့ အဓိကအချက် . . .”
------ ------ ------ ------

ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ သူရဦးအောင်ကို (ချင်းပြည်နယ်၊ ကန်ပက်လက်မဲဆန္ဒနယ်) ကို လွှတ်တော်ထဲ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ရာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သူရဦးအောင်ကိုက အောက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့သည်။

''ပြီးတဲ့ရွေးကောက်ပွဲရလဒ်ကတော့ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးသားပါ။ ဒီရလဒ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲဖြစ်သလို မြန်မာပြည်သူတွေရဲ့အောင်ပွဲလို့လည်း ပြောလို့ရပါတယ်။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ဒီလောက်ကြီးတော့ အပြတ်အသတ်ရှုံးနိမ့်လိမ့်မယ်လို့ မထင်ခဲ့ပါဘူး။ သို့သော်လည်း ဒါတွေဟာ ပြည်သူတွေရဲ့အဆုံးအဖြတ် ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အဆုံးအဖြတ်ကို လက်ခံရမှာပေါ့။ အခုလို ပြည်ခိုင်ဖြိုးပါတီ တဖက်သတ်ရှုံးသွားရတဲ့ အကြောင်းအရာတွေ များစွာရှိပါတယ်။

ပထမအချက်က သြဂုတ် ၁၂ ရက်နေ့တုန်းက ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို ရဲတပ်ဖွဲ့လက်နက်ကိုင်အင်အားတွေနဲ့ ၀င်ရောက်သိမ်းပိုက်ပြီးတော့မှ ဥက္ကဋ္ဌနေရာဖယ်ရှားမှုလုပ်တဲ့လုပ်ရပ်ဟာ ပြည်ခိုင်ဖြိုးပါတီရှုံးရတဲ့ အဓိကအချက် ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အောက်တိုဘာလကတည်းက ပါတီညီလာခံအဆင့်ဆင့် ကျင်းပပြီးတော့မှ အောက်ခြေမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးပြည်နယ် ပါတီကော်မတီ၊ ဗဟိုကော်မတီတွေကို ဒီမိုကရေစီနည်းကျနဲ့ ရွေးချယ်တင်မြှောက်ခဲ့ပါတယ်။ ဗဟိုအလုပ်အမှုဆောင် ကောင်မတီ CEC တခုတည်းကိုသာ ဗဟိုချုပ်ကိုင်မှုနဲ့ဆက်ပြီး တာဝန်ပေးခဲ့တာပါ။

ဒါကြောင့် ပြည်ခိုင်ဖြိုးပါတီဟာ ပထမအကြိမ် ပါတီညီလာခံပြီးကတည်းက ပြည်သူ့ပါတီဖြစ်ခဲ့ပါတယ်။ အမြုတေပါတီမှ ပထမအကြိမ် ပါတီညီလာခံအပြီးမှာ ပြည်သူ့ပါတီစစ်စစ် ဖြစ်သွားခဲ့ပါတယ်။ ပြည်သူ့ ပါတီဖြစ်တဲ့အခါမှာပါတီတွင်း ဗဟိုကော်မတီ ဖြစ်ဖြစ်၊ CEC ဖြစ်ဖြစ်၊ ဥက္ကဋ္ဌနေရာဖြစ်ဖြစ် ပြင်ဆင်ပြောင်းလဲချင်ရင် ပါတီအခြေခံစည်းမျဉ်းနဲ့ ညီအောင် လုပ်ရပါမယ်။ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ကိုက်ညီအောင် လုပ်ရပါမယ်။ ဒါကြောင့် ဘာပဲလုပ်ချင်ချင် ပါတီဗဟိုကော်မတီအစည်းအဝေး ခေါ်ရပါမယ်။ ပြီးရင် ပါတီညီလာခံ ခေါ်ရပါမယ်။ ခေါ်ပြီးမှ ဥက္ကဋ္ဌနဲ့ CEC အပြောင်းအလဲ လုပ်ရပါမယ်။ ဒါမှ ဒီမိုကရေစီကျင့်စဉ်နဲ့ ကိုက်ညီပါမယ်။ ခုတော့ အဲဒီလိုမလုပ်ခဲ့ပါ။ အဲဒီဟာသည် ပထမနဲ့ အဓိကပါတီ ရှုံးနိမ့်ရတဲ့ အကြောင်းတရား ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ပြည်သူ့ပါတီဖြစ်တဲ့အတွက် ပြည်သူ့အကျိုးလုပ်ရပါမယ်။ ခုတော့ အဲဒါတွေမလုပ်ခဲ့ပါဘူး။ ပထမသက်တမ်း လွှတ်တော်အတွင်းမှာ ပြည်သူအကျိုးစီးပွားထက် လူပုဂ္ဂိုလ်တဦးတယောက် အဖွဲ့အစည်းတခုရဲ့အကျိုးစီးပွားကို ကာကွယ်တဲ့အနေအထားမျိုး ပိုပြီး လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါတွေကို တနိုင်ငံလုံးက သိနေပါတယ်။ သူတို့တွေသာ မသိကြတာပါ။ ဒါဟာ ပြည်ခိုင်ဖြိုး ရှုံးနိမ့်ရခြင်းရဲ့ ဒုတိယအချက်ဖြစ်ပါတယ်။
တတိယအချက်ကတော့ NLD ခေါင်းဆောင်က တဦးတည်းပါ။ ဒေါ်အောင်ဆန်းစုကြည် တဦးထဲပါ။ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နှစ်ယောက် ဖြစ်နေပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရော၊ သူရ ဦးရွှေမန်းရော၊ ထိပ်သီးခေါင်းဆောင်ပေါ့။ သူတို့နောက်မှာမှ ပထမတန်းခေါင်းဆောင်တချို့ ရှိပါတယ်။ ခေါင်းဆောင်နှစ်ယောက် နေရာခွဲဝေမှု၊ ညီညွတ်မှုမရှိတာ တွေ့ရပါတယ်။ ခေါင်းဆောင်နှစ်ယောက် ညီညွတ်မှုမရှိရတဲ့ကြားထဲမှာ ပထမတန်းခေါင်းဆောင်အချို့ထဲမှာလည်း သမ္မတလုပ်ချင်သူ၊ သမ္မတရောဂါ ထ နေသူတွေ ရှိနေပါတယ်။ ဒါကြောင့် ထိပ်သီးခေါင်းဆောင်နှစ်ယောက် စိတ်ဝမ်းကွဲပြားအောင် သွေးထိုးသွေးခွဲကြတယ်လို့ ပါတီဝင် အောက်ခြေက သုံးသပ်ကြပါတယ်။ အကယ်၍ ထိပ်သီးခေါင်းဆောင်နှစ်ယောက် အပြန်အလှန်တိုက်ခိုက်ကြပြီး မှောက်ရက်လဲသွားရင် ပထမတန်းထဲမှာရှိတဲ့ ပုဂ္ဂိုလ်တချို့က ဖျာလိပ်ပိုက်ပြီး စောင့်နေကြသူတွေရှိပါတယ်။ သဘောပြောရရင် ပွဲလန့်တုန်း ဖျာခင်းကြမယ်ပေါ့။ သူတို့က သမ္မတနေရာကို မျှော်နေကြသူတွေပေါ့ဗျာ''ဟု သူရဦးအောင်ကိုက ပါတီရှုံးခဲ့ရတဲ့ အကြောင်းကို News Watch သို့ ပြောကြားခဲ့သည်။

သူရဦးအောင်ကိုက ဆက်လက်ပြောကြားရာတွင် ''ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့ပါတီစစ်စစ်ဖြစ်အောင် ပြန်လည်ဖွဲ့စည်းရပါမယ်။ ပုံရိပ်မကောင်းတဲ့ ကိုယ်ကျိုးစီးပွားကြည့်ချင်သူတချို့ ထိပ်ပိုင်းမှာရှိနေပါတယ်။ အဲဒါကို ဖယ်ရှားရပါမယ်။ လူငယ်၊ လူလတ်၊ ပညာတတ်တွေနဲ့ ပြန်လည်ဖွဲ့စည်း ရပါမယ်။ ပြီးရင် အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်အောင် တည်ဆောက်ရပါမယ်။ ဒါမှ နောက် ၅ နှစ် ပြည်သူကြား ပြန်ရောက်ပါမယ်။ မပြင်ရင် ပုံရိပ်မလှ ရှုံးနိမ့်နေဦးမှာ ဖြစ်ပါတယ်''ဟု ဆိုသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာကိစ္စ မေးမြန်းရာတွင် အယူခံတက်မည် မဟုတ်ကြောင်း၊ ၎င်းအနေနှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ်က ၂၀၁၅ ခုနှစ် သြဂုတ် ၁၂ ရက်မှာ ဖယ်ရှားခြင်းခံခဲ့ရကြောင်း၊ မိမိ ကိုယ်ကို ပါတီဝင်ရောဟုတ်သေးရဲ့လားလို့ သဲသဲကွဲကွဲ မသိရသေးပါကြောင်း၊ ဒါကြောင့် ပြည်ခိုင်ဖြိုးရဲ့တာဝန်တွေ မရှိတော့ဘူးလို့ သတ်မှတ်ထားပါကြောင်း၊ သို့သော်လည်း နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးအတွက် ဖော်ဆောင်မယ့် မည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်မဆို ကမ်းလှမ်းလာပါက နိုင်ငံအကျိုးအတွက် ဆောင်ရွက်ဖို့အစီအစဉ်ရှိပါကြောင်း သူရဦးအောင်ကိုက News Watch သို့ ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ရဟာ ပါတီစည်းကမ်းနဲ့ မကိုက်ညီပဲ ပါတီဥက္ကဌနေရာ အပြောင်းအလဲလုပ်လိုက်တာကြောင့်ရော ပါတီထိပ်ပိုင်းခေါင်းဆောင် (၂)ဦးကြား တာဝန်ခွဲဝေမှုနဲ့ ညီညွတ်မှုတွေ မရှိတာကြောင့်ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ဖူးသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက သုံးသပ်လိုက်ပါတယ်။သူရဦးအောင်ကို ....ကို မသင်းသီရိက နေပြည်တော်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ရိုက်ကူး - မျိုးသန့်ခိုင်/RFA
Posted by RFA Burmese on Monday, November 16, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လာမည့် အစိုးရသစ်နှင့် စေ့စပ်ညှိနှိုင်းရေးများ ပြုလုပ်လိုနေကြကြောင်း ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပြီးနောက် ပြောဆိုခဲ့ကြသည်။

လက်ရှိအာဏာရအစိုးရက အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တို့နှင့် အပစ်ရပ်စဲရေး တွန်းအားပေးလုပ်ဆောင်ခဲ့သော်လည်း လက်နက်ကိုင် ၈ ဖွဲ့ကသာ လက်မှတ်ရေးထိုးခဲ့ကြပြီး ကချင်၊ ၀နှင့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ အပါအ၀င် အဓိက လက်နက်ကိုင်အဖွဲ့တို့က ငြင်းဆန်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD က ပြီးခဲ့သည့် သီတင်းပတ်အကုန် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးဖြစ်သည်။ ရွေးကောက်ပွဲရလဒ်များက ဆယ်စုနှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် လမ်းခင်းပေးလိမ့်မည်ဟု လက်မှတ်မရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့များက DPA သတင်းဌာနသို့ ပြောဆိုခဲ့သည်။

”ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စတင်ဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်။” ဟု ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောကြားလိုက်သည်။

”ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ နောက်အစိုးရကို ကျွန်တော်တို့ သံသယ မရှိပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ဦးလနန်က ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုပြောဆိုရင်း DPA သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရတပ်များနှင့် ရှမ်းပြည်နယ်တပ်မတော် SSA တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် လူထောင်ပေါင်းများစွာတို့က နေအိမ် စွန့်ခွာခဲ့ရသည်ဟု မီဒီယာ သတင်းအစီရင်ခံစာများက ဆိုပါသည်။

”ကျွန်တော်တို့က တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူညီချက်ကို မယုံကြည်လို့ NCA ကို လက်မှတ် မထိုးခဲ့တာပါ။ ဒါကြောင့်မို့ဘဲ အစိုးရတပ်တွေက ကျွန်တော်တို့ကို အပြင်းအထန် တိုက်ခိုက်နေတာပါလို့ ကျွန်တော်ထင်တယ်။” ဟု SSA အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးစိုင်းလက ပြောကြားခဲ့သည်။

”ဒါပေမယ့် NLD ခေါင်းဆောင်တဲ့ အစိုးရနှင့်တော့ ကျွန်တော်တို့ အဆင်ပြေမှာပါ။ သူတို့နှင့် စကားပြောဖို့ ကျွန်တော်တို့ အဆင်သင့်ပါဘဲ။” ဟု SSA အဖွဲ့ခေါင်းဆောင် က ပြောကြားခဲ့သည်။ ဆွေးနွေးပွဲများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့လုံး ပါဝင်ဖို့ အစိုးရက သဘောမတူညီသရွေ့ လက်နက်ကိုင်အဖွဲ့ အချို့က အောက်တိုဘာလ သဘောတူညီချက်တွင် လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့ကြသည်ဟု လက်နက်ကိုင်တို့၏ တပ်ပေါင်းစု အဖွဲ့ဖြစ်သည့် UNFC ၏ အဆိုအရ သိရှိရသည်။

သက်ဆိုင်ရာ နယ်မြေများတွင် တိုက်ပွဲများ ကြိုကြားဆက်လက်ဖြစ်ပွားနေသည့် ဒေသများရှိ လက်နက်ကိုင် အဖွဲ့ ၆ဖွဲ့ ပါဝင်ရန် အစိုးရက ငြင်းဆန်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့များတွင် အင်အားအကြီးဆုံး ၀ တပ်ဖွဲ့က NLD အောင်ပွဲရရှိခြင်းကို လက်ခံကြိုဆိုကြောင်း စနေနေ့က ပြောကြားလိုက်ပါသည်။

PKT

Ref - DPA
The Ladies News Journal

ဓာတ်ပုံ - မင်းကိုနိုင်ဖေ့စ်ဘွတ်ခ်။  
ဓာတ်ပုံ - မင်းကိုနိုင်ဖေ့စ်ဘွတ်ခ်။

နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မဲအပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီရလဒ်ဟာ မြန်မာ့နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းဖို့အတွက် ပြည်သူလူထုက တာဝန်အပ်နှင်းလိုက်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက) ဦးမင်းကိုနိုင်က ပြောပါတယ်။  ဦးမင်းကိုနိုင်ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့ သမိုင်းဝင်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရခဲ့တယ်။ ဒီရလဒ်က မဲပေးခဲ့ကြတဲ့ ပြည်သူတွေဆန္ဒက ဘာကို ညွှန်းဆိုတာလဲ။
“ဓမ္မနဲ့ အဓမ္မ အားပြိုင်တာပါပဲ။ ကျနော်တို့ပြည်သူတွေက ဓမ္မဆိုတဲ့ တရားမျှတမှုဘက်က အပြည့်အ၀ရှိတယ်ဆိုတာ ပြသလိုက်တာပါပဲ။”

ရွေးကောက်ပွဲအကြိုနဲ့ ကျင်းပခဲ့တဲ့ အခြေအနေကို ကြည့်ရင် လွတ်လပ်သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကံသေကံမ ပြောနိုင်လား။
“ဒါက ကျနော်တို့က အပြုခံစိတ်နဲ့ ကြည့်မယ်ဆိုရင် သူတို့လုပ်ပေးတာကြီးက လွတ်လပ်ရဲ့လား၊ တရားမျှတရဲ့လားလို့ မေးရတာပေါ့။ ကျနော်တို့က အပြုခံစိတ်နဲ့ မကြည့်ဘူး။ ကျနော်တို့ကိုယ်တိုင်ကိုက ဒါကို တရားမျှတအောင် ငါတို့ ရုန်းကန်မယ်၊ အားစိုက်မယ်။ လွတ်လပ်အောင် ငါတို့ပဲ ကြိုးစားမယ်ဆိုပြီး အားလုံးညီလို့ ဒီရလဒ်ထွက်လာတာဗျ။ တကယ်လို့သာ ကျနော်တို့ သူတို့လုပ်ပေးတဲ့အတိုင်း ပစ်ထားပြီးတော့ မဲတပြားတည်း သွားထည့်ရုံလောက်နဲ့တော့ မရဘူး။ အားလုံးက ၀ိုင်းပြီးတော့ စောင့်ကြည့်သင့်တာ စောင့်ကြည့်တယ်၊ ထိန်းသင့်တာကိုထိန်းတယ်၊ ဖော်ထုတ်သင့်တာကို ဖော်ထုတ်တယ်၊ တောင်းဆိုသင့်တာကို တောင်းဆိုတယ်။ ဒါပေမယ့် ဒါတွေအားလုံးဟာ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြလို့၊ လူလည်းညီခဲ့ကြလို့ ဒီအခြေအနေ ရလာတာ။”

ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီနဲ့အတူ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေ နိုင်တာတွေ့တယ်။ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အဖွဲ့ အလားအလာက ဘယ်လိုဖြစ်နိုင်သလဲ။
“အဲဒီအဖွဲ့ထဲမှာတော့ တကယ့် ဒီမိုကရေစီကို တန်ဖိုးထားတဲ့ ခေါင်းဆောင်တွေ၊ လူထုရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေ ရောက်သွားတာပေါ့။ ဒါပေမယ့်ဗျာ သိတဲ့အတိုင်းပဲ၊ ၁၁ ဦးရှိတယ်ဗျာ၊ ၆ ဦးကတော့ သူက တပ်ကပဲ ခန့်ထားတဲ့လူတွေ ဖြစ်နေတယ်ဗျာ။ အဲဒါကြောင့် မဲခွဲလို့ရှိရင်တော့ လူထုကိုယ်စားလှယ်တွေက ၅ ယောက်ပဲ ရှိတဲ့အတွက်ကြောင့် လူထုရွေးထားတာ မဟုတ်တဲ့သူတွေဘက်က ၆ ယောက်ကတော့ အမြဲ အသာစီးရနေမှာပဲ။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဟာ ပြီးပြည့်စုံတဲ့ ပြောင်းလဲခြင်းကို ရောက်တာမဟုတ်ဘူး။ ကျနော်တို့က လက်ဂျစ်တယ်မေစီ (Legitimacy) ခေါ်တဲ့ တရားဝင်ဖြစ်မှု၊ အများကနေ နှင်းအပ်လိုက်တယ်ဆိုတဲ့ အခွင့်၊ အဲဒီဟာတွေကို သက်သေပြပြီးတော့ ဆက်သွားရမှာဗျ။”

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားတွေဟာ လာမယ့် ဧပြီလဆန်းမှာ အစိုးရသစ်လွှတ်တော်မှာ ပူးပေါင်းဆောင်ရွက်သင့်သလား၊ မဲအများစုရတဲ့ အနေနဲ့ သီးခြားစီ သွားသင့်သလား၊ ဘယ်လိုမြင်ပါသလဲ။
“ဒါက ဉာဏ်အမြော်အမြင်ရှိတဲ့သူတိုင်း နားလည်ပြီးသားပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့သွားမှာကိုက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကိုးဗျ။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီရေးလည်း ပြောနေတဲ့အချိန်မှာ တဘက်က ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ရေးကလည်း တတွဲတည်း ပါနေတယ်။ ဒါကြောင့် ကျနော်ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ ပါလာတဲ့အခါမှာ သူတို့နဲ့ အပြည့်အ၀ကို ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကျနော်ယုံကြည်တယ်။ ဖြစ်လည်း ဖြစ်ကြမှာပါ။ ဒီအနေအထားဟာ လွှတ်တော်ထဲမှာလည်း ဆက်ပြီးတော့ မဟာမိတ်၊ ဒီစကားထက်ပိုပြီးတော့ အနှစ်သာရ ပြည့်စုံစေချင်သေးတယ်။ တကယ့်ရဲဘော်ရဲဘက်စိတ်နဲ့ လက်တွဲကြပါလိမ့်မယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ ၈၈ မျိုးဆက် (ငြိမ်းပွင့်) တို့က အရင်က လွှတ်တော်ပြင်ပနိုင်ငံရေး လုပ်ခဲ့ကြတယ်။ အခု အန်အယ်လ်ဒီက အတိုက်အခံပါတီ မဟုတ်တော့ဘဲ အနိုင်ရပါတီ၊ အာဏာရပါတီ ဖြစ်တော့မယ်။ ဆိုတော့ လွှတ်တော်တွင်း နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို အရင်လိုပဲ ချိတ်ဆက်မလား။
“ကျနော်တို့က နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ပဲ ကြည့်ကြမှာပဲလေ။ ရိုးရိုးသားသား အမြင်မတူတဲ့အခါတွေ ကျရင်တော့ ကျနော်တို့ ငြင်းခုန်ရင် ငြင်းခုန်ကြမှာပေါ့။ ဒါပေမယ့် ကျနော်တို့ရဲ့ပုံသဏ္ဌာန်က မိတ်ဘက်ပုံသဏ္ဌာန်ပဲ ရှိကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ဗျာ ပြည်သူလူထုရွေးထားတဲ့ ကိုယ်စားလှယ်တွေ ကိုယ်တိုင်က ဘယ်လောက်လုပ်ခွင့်ရပြီးလို့လဲ ဆိုတာလည်း တဘက်မှာ မေးခွန်းရှိသေးတယ်ဗျ။ အဲဒီတော့ သူတို့က ရသင့်ရထိုက်တဲ့ အာဏာတွေ၊ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ ရလာပြီဆိုတဲ့ အချိန်ကျရင် လွှတ်တော်ထဲမှာလည်း ဖက်ဒရယ်နဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးစားသလို လွှတ်တော်အပြင်ကလည်း ဒီဦးတည်ချက်ပဲ သွားကြရမှာပဲ။ ဆိုတော့ ကျနော်ကတော့ မြင်ပါတယ် ကြီးမားတဲ့ ပြဿ   နာ မရှိပါဘူးလို့။ တချို့ကိစ္စတွေမှာတော့ ကျနော်တို့ မတူညီရင်လည်း ညှိကြတာပေါ့၊ ဆွေးနွေးကြတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည်က သမ္မတကို သူက ကိုင်တွယ်ထိန်းကျောင်းမယ်လို့ ပြောဆိုချက်အပေါ် ဒီမိုကရေစီနိုင်ငံတချို့က မီဒီယာတွေမှာ စိုးရိမ်တယ်ဆိုတဲ့ ဝေဖန်ချက်တွေ ထွက်ရှိတယ်။ ဒီအပေါ် ဦးမင်းကိုနိုင် သဘောထားက ဘယ်လိုရှိသလဲ။
“အေး၊ အဲသလိုပြောတော့ ဒါက ထူးခြားတဲ့ဖြစ်စဉ်လို ဖြစ်နေတာပေါ့။ ဒါပေမယ့် ကျနော်တချက် ပြန်ထောက်ပြဦးမယ်လေ၊ သူ့တယောက်တည်း (ဒေါ်အောင်ဆန်းစုကြည်) ကိုပဲ သမ္မတမဖြစ်အောင်လို့ လုပ်ထားတဲ့ ထူးခြားဖြစ်စဉ်ကိုလည်း ပြောကြဦးလေ။ ဆိုလိုတာက ဒါဟာ အကြောင်းမဲ့ဖြစ်လာတာ မဟုတ်ဘူး။ သူ့တယောက်တည်းကို ကန့်သတ်ပြီးတော့ ချထားခဲ့လို့ ပြောလာတဲ့ ထူးခြားဖြစ်စဉ် ဖြစ်နေတယ်။”

၁၉၉၀ ပြည့် ရွေးကောက်ပွဲရလဒ်တုန်းက တရုတ်နိုင်ငံက ပထမဆုံး အသိအမှတ်ပြုပေမယ့် နောက်ပိုင်းမှာ စစ်အစိုးရကို ထောက်ခံတယ်။ အခုအခြေအနေက အဲဒီပုံစံမျိုး ပြန်သွားမလား။ နိုင်ငံတကာ အခြေအနေက ပြောင်းလဲနေပြီလား။
“ဒီလိုဗျာ ကျနော်တို့က ကျနော်တို့နိုင်ငံအကြောင်း ပြောကြရင် ရုတ်တရက်ပြောရင် ဒေသတွင်းအကြောင်းလိုပဲ ဖြစ်နေတာပေါ့။ ဒါပေမယ့် Regional ခေါ်တဲ့ ဒေသတခုလုံးဆိုင်ရာ အကြောင်းထဲကနေ ပြေးမလွတ်ပါဘူး။ ကျနော်တို့ အိမ်နီးချင်းအကြောင်းတွေလည်း ပြောရမယ်၊ အာဆီယံတွေရဲ့ အနေအထားကိုလည်း ပြောကြရမှာပဲ။ အဲဒီတော့ ကျနော်တို့ ဒီဘက် ၁၉၈၈ ကစပြီးတော့ လှုပ်ရှားလာကတည်းကတော့ ပြောရရင်တော့ အိမ်နီးချင်းတွေနဲ့ အာဆီယံတွေရဲ့ ကျနော်တို့တိုင်းပြည်အပေါ်မှာ ထားခဲ့တဲ့ သဘောထား၊ သူတို့ရဲ့ ပြုမူဆောင်ရွက်ချက်တွေက အင်မတန်မှ ပြန်သုံးသပ်စရာ ရှိပါတယ်။ ကျနော်တို့ သဘောမတူတာတွေလည်း အင်မတန်ရှိတယ်ပေါ့။ ဒီစစ်အစိုးရ သက်ဆိုးရှည်ရေးအတွက် ရပ်တည်ပေးခဲ့ကြတဲ့ နိုင်ငံတွေ၊ ဒေသတွင်း အဖွဲ့အစည်းတွေ အများအပြားရှိပါတယ်။ ဒီကနေ့ကတော့ လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့တော့ အင်မတန် ကွာခြားသွားပြီဗျ။ ပြောကြရင်တော့ ကမ္ဘာကြီးရဲ့ အနေအထားကိုက ခွင့်မပြုတော့ဘူးဗျ၊ အဲလို အာဏာရှင်ဘက်ကို ဆက်ပြီးတော့ သက်ဆိုးရှည်ချင်တယ်ဆိုရင်။ ကျနော်တို့က လက်တွဲကြမယ်ဆိုတာက တကယ်ပြုပြင်ပြောင်းလဲဖို့ ယုံကြည်တဲ့သူတွေ လက်တွဲကြရမယ်။ အဲဒီတော့ ပြန်ချုပ်လိုက်ရင်တော့ အိမ်နီးချင်းတွေမှာရှိတဲ့ အင်အားကြီးနိုင်ငံတွေရော၊ ဒေသတွင်းက နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကရောက ကျနော်တို့ရဲ့ မှန်ကန်တဲ့ အပြောင်းအလဲကိုပဲ သူတို့ ယုံယုံကြည်ကြည် လိုက်ပါဖို့သင့်တယ်။ ကျနော်တို့အတွက် ဒီအင်အားက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ လိုတယ်ဗျ။”

လွန်ခဲ့တဲ့ အောက်တိုဘာလလယ်က တပြည်လုံးအပစ်ရပ်စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က အစိုးရနဲ့ လက်မှတ်ထိုးတယ်။ ခု နိုင်ငံရေးမူဘောင် ရေးဆွဲချိန်ပေါ့။ အနိုင်ရပါတီက အပြတ်အသတ် နိုင်ခဲ့လေတော့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လိုအလားအလာရှိမလဲ။
“သူက ဘာမဆိုပေါ့နော် နောက်လာမယ့် အခင်းအကျင်းမှာရှိတဲ့ အပြောင်းအလဲအားလုံး၊ လုပ်ငန်းစဉ်အားလုံး နိုင်ငံရေးမူဘောင်လည်းပါမယ်၊ အဲဒီအကုန်လုံးဟာ ဟောဒီ ပြီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ရလဒ်နဲ့ မလွဲမသွေ ချိတ်ဆက်ထားရမယ်။ ဒါမှသာလျှင် ကျနော်တို့က မှန်ကန်တဲ့ အပြောင်းအလဲရောက်မယ်။ ချောမွေ့တဲ့ အပြောင်းအလဲရောက်မယ်။ ဒီရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ပြီး၊ ငြင်းဆန်ပြီး၊ မေ့လျော့ပြီးတော့ သွားတဲ့ လုပ်ငန်းစဉ်မျိုးက ဘယ်လုပ်ငန်းစဉ်မျိုးမှ အလုပ်ဖြစ်မှာလည်း မဟုတ်ဘူး၊ ဒီလိုသွားလို့လည်း မရဘူး။”

ဗမာပြည်နိုင်ငံရေးဖြစ်စဉ်မှာ တပ်မတော်မပါဘဲ မဖြစ်ဘူးလို့ ထောက်ပြချက်ရှိသလို ပြည်သူက အခရာကျတယ်ဆိုတဲ့ ပြောဟောချက်ရှိတယ်။ လက်ရှိအခင်းအကျင်းမှာ မြန်မာပြည်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ ဘယ်လိုမျိုးခေါင်းဆောင်တွေက အရေးပါနေလဲ။
“နံပါတ် ၁ က လူတွေရဲ့ စိတ်အခံတွေကို ပြောင်းလဲကြဖို့ဗျ။ ဆိုလိုတာက ဖိနှိပ်ချုပ်ချယ်မယ်၊ အခွင့်ထူးခံမယ်ဆိုတဲ့ အတွေးနဲ့ဆိုရင်တော့ ဘယ်အင်အားစု၊ ဘယ်အဖွဲ့အစည်းကိုမှ ဆက်ပြီးတော့ လက်တွဲလို့ ဒါ လက်တွေ့မှာ မဖြစ်နိုင်ဘူးဗျ။ ခုန စိတ်ထားတွေ ပြောင်းပစ်ရမယ်။ အဓိကက ဘာလဲဆိုတော့ ပြန်လည်ရင်ကြားစေ့ရေး၊ ကျနော်တို့ ပြောခဲ့၊ အော်ခဲ့၊ တောင်းခဲ့တာလည်း ကြာပြီဗျာ၊ ဒီကနေ့ထိလည်း တကယ်မရဘူး။ မရဘူးဆိုတာ ဘာကြောင့်လဲဆိုတော့ အကြောယူထားတဲ့ ကိစ္စမျိုးမှာ သာယာတာမျိုး၊ လက်မလွှတ်ချင်တာမျိုးကို မရဘူးဗျ။ တချိန်မှာဖြင့်ရင် အားလုံးဟာ တန်းတူညီမျှတဲ့ အခွင့်အရေးပဲ ရှိရမယ်ဆိုတဲ့ ပန်းတိုင်လည်းရှိရမယ်။ ကြားကာလတခုမှာ ဘယ်လောက်ထိ ဒါတွေကို လျှော့ပေးသွားမယ်ဆိုတာလည်း ရှိရမယ်။ အဲဒီတော့ အဲဒါတွေ အားလုံးဟာ ကောင်းပြီ တချိန်က မဖြစ်ခဲ့ဘူး။ ဒီနေ့ဖြစ်ကိုဖြစ်ရမယ်၊ ဘာကြောင့်ဖြစ်ရမလဲဆိုတော့ ကျနော်တို့ အမြဲတမ်းပြောတယ်။ ဒီရွေးကောက်ပွဲက ရလိုက်တာ Legitimacy ဗျာ၊ တရားဝင်ဖြစ်မှုဗျာ။ အများစုကနေ တခဲနက်ကြီး ထောက်ခံပေးလိုက်တယ်။ ပြည်လုံးကျွတ် ထောက်ခံပေးလိုက်တဲ့ ကိုယ်စားလှယ် ဖြစ်နေတယ်ဗျာ။ ဒါကြောင့်မို့ ဒီမှာ ဒေါ်အောင်ဆန်းစုကြည်နေရာမှာ တခြားပုဂ္ဂိုလ်ဖြစ်လည်း ကျနော် ဒီစကားပြောမှာပဲ။ ပြည်သူတရပ်လုံးက ပြည်လုံးကျွတ် တခဲနက် ထောက်ခံပေးလိုက်တဲ့ ခေါင်းဆောင်မှုကိုတော့ အသိအမှတ်ပြုပါ။ အဲဒီရွေးကောက်ပွဲရလဒ်ကိုတော့ လေးစားပါ။ အဲဒီအခြေခံနဲ့ သွားရင်တော့ ရတယ်။”

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့ကို တွေ့ဆုံဖို့ လွန်ခဲ့တဲ့ရက်ပိုင်းက တောင်းဆိုတယ်။ အကြောင်းပြန်ချက်တွေကို ကြည့်ရသလောက် အခြေအနေတွေက ကောင်းမနေဘူးလား။ ဘယ်လိုသုံးသပ်မိလဲ။
“ကျနော်တို့ပြည်သူတွေလည်း အသည်းတထိတ်ထိတ်နဲ့ တကယ့်စွန့်စားခန်းကို ကြည့်နေရသလိုပဲ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေက ပရိသတ်မဟုတ်ဘူးဗျ၊ တကယ်ကျတော့။ ဒီရဲ့ဖြစ်လာမယ့် ကောင်းကျိုးဆိုးမွေ အကုန်လုံးကို ကျနော်တို့ပြည်သူတွေက ခံစားကြရမှာ။ ဆိုတဲ့အခါကျတော့ ဒီပုဂ္ဂိုလ်တွေ ဘယ်လိုပုံစံတွေ့မယ်ဆိုတာတော့ ပြည်သူတွေက မသိဘူး။ ဆိုလိုတာက လေးပွင့်ဆိုင်တွေ့မှာလား၊ တယောက်ချင်းတွေ့မှာလား ဆိုတာကိုရော။ ပြည်သူတွေ လိုချင်တာက ရလဒ်ကိုဗျာ။ အဲဒီရလဒ်က နံပါတ် ၁ လုံလောက်တဲ့ အချိန်အတွင်းမှာ ထွက်ရမယ်၊ မဟုတ်လို့ရှိရင် အချိန်နှောင်းသွားတာမျိုး လုံးဝမရဘူးနော်။ နောက်ပြီးတော့ ထွက်လာတဲ့ရလဒ်၊ သဘောတူညီချက်ပေါ့နော် အဲဒါကလည်း ပြည်သူအားလုံး ၀မ်းမြောက်ဝမ်းသာရှိပြီးတော့ ဒါဆိုရင်တော့ ငါတို့ ညီညီညွတ်ညွတ်နဲ့ နောက်ထပ်ရုန်းကန်ကြမယ်၊ လိုက်ပါကြမယ်ဆိုတာမျိုး ဖြစ်လာရမယ်။ အဲဒီတော့ ပြည်သူတွေ စိတ်ပျက်သွားလောက်တဲ့ အချိန်ဆွဲမှုမျိုး မဖြစ်ရဘူး။ ပြည်သူတွေ လက်မခံနိုင်လောက်တဲ့ ရလဒ်ပျက်ပြယ်တာမျိုးလည်း မဖြစ်ရဘူး။ ဒါ အရေးကြီးဆုံးပဲဗျ။”

အခု ဒေါ်အောင်ဆန်းစုကြည် ခေါ်ထားတဲ့ ဆွေးနွေးပွဲတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ပိတ်ထားတဲ့ ပုဒ်မပြင်ဆင်ရေးကိစ္စတွေ ဆောင်ရွက်လို့ မရနိုင်ဘူးလား။
“ကျနော်ပြောချင်တာက သမ္မတဟာ ဘယ်သူဖြစ်ရမယ်ဆိုတာက တပိုင်းဗျ။ သမ္မတ တယောက်ရဲ့လုပ်ပိုင်ခွင့်၊ သူ့မှာ ရှိသင့်ရှိထိုက်တဲ့ အာဏာ အပြည့်ရှိရဲ့လားဆိုတာကို ကျနော်က နံပါတ် ၁ အရင်ပြောချင်တာ။ ဒီဖွဲ့စည်းပုံက ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ခုနမေးထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ၁၁ ဦး အဲဒါက သမ္မတထက် တကယ်အမြင့်မှာ ရှိနေတာနော်။ ကျန်တဲ့ကိစ္စတွေက ဖြစ်လာမယ်လို့ ပြောကြတာပဲ ရှိသေးတယ်။ အခုဟာက စာထဲမှာ ချည်ပြီးတုပ်ပြီး ရေးထားတယ်။ သမ္မတအထက်မှာရှိနေတယ် ဒီ ၁၁ ဦး။ ၁၁ ဦးမှာ ၆ ဦးက စစ်တပ်ကနေ ခန့်တဲ့လူ။ ဟော ဆိုတဲ့အခါကျတော့ အဲဒီမှာတင်ကိုက သမ္မတဟာ တစုံတရာရဲ့အောက်မှာ ရှိနေတယ်ဆိုတာ ခင်ဗျားတို့ပေါ်တယ်။ နောက်တခုဗျာ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သမ္မတကနေပြီးတော့ မတိုက်ပါနဲ့၊ ရပ်ထားပါလို့ ပြောတဲ့အချိန်မှာ စစ်တပ်က သွားတိုက်နေတယ်ဗျာ။ ဆိုတော့ အဲဒီလိုမျိုး နာခံမှုမရှိတဲ့ စစ်တပ်နဲ့ အပေါ်မှာရှိနေရမယ့် သမ္မတကိုတော့ အရင်ပြင်သင့်တယ်။ ဆိုတော့ သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေ အပြည့်အ၀ရှိတဲ့ စနစ်ရောက်မှ ဘယ်သူဖြစ်သင့်တယ်ဆိုတာကို ကျနော်က ပိုပြီးတော့ စိတ်ဝင်စားတယ်။”

အန်အယ်လ်ဒီက အပြတ်အသား အနိုင်ရပေမယ့် တပ်က မီးစိမ်းမပြရင် ရှေ့မတိုးနိုင်၊ နောက်မဆုတ်နိုင် လိပ်ခဲတည်းလည်း ဖြစ်နိုင်တာတွေနဲ့ ပတ်သက်လို့ ဖြေရှင်းစရာနည်းလမ်း ဒီထက်ကောင်းတာ ဘာတွေရှိလဲ။
“ဒီလိုဗျာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ တရားတခု၊ တိုင်းပြည်တခုမှာ ဖြစ်ကိုဖြစ်ရမယ့် အပြောင်းအလဲတခုကို လူပုဂ္ဂိုလ်တဦးတယောက်ရဲ့သဘောထားကြောင့် နှောင့်နှေးတယ်တို့၊ ကြန့်ကြာတယ် ဆိုတာကတော့ မဖြစ်သင့်ဘူးဗျ။ အဲဒါကြောင့်ပြောတာပေါ့၊ လူတယောက်ပေါ်မှာပုံပြီးမှ စဉ်းစားရတဲ့ စဉ်းစားနည်းတွေက သိပ်ခက်ခဲတယ်ဗျ။ အဲဒီတော့ လိုချင်တာကတော့ စုပေါင်းဦးဆောင်မှု၊ စုပေါင်းတာဝန်ခံမှု ဖြစ်လာအောင် ဘက် ၂ ဘက် ဖြစ်နေရင်လည်း အဲဒီ ဘက် ၂ ဘက်ကနေပြီးတော့ အတူလက်တွဲပြီးတော့ တာဝန်ယူနိုင်တဲ့ ဆုံးဖြတ်ချက်တခုမျိုးကို ရအောင်တော့ ရှာသင့်နေပြီ၊ ညှိနှိုင်းဆွေးနွေးပြီးတော့။ ကျနော်တို့ဆီမှာက ဒီယဉ်ကျေးမှုကို တကယ်အမှန်တော့ မရောက်သေးပါဘူး။ အခုမှ ကျနော်တို့ ကြိုးစားနေတာ၊ ကြိုးစားဆိုတဲ့နေရာမှာ ခုနပြောသလို ရွေးကောက်ပွဲရလဒ်က ဒါက ခိုင်မာတဲ့ သက်သေပါ။ လေးစားရမယ့်ကိစ္စပါ။”

၁၉၉၀ ပြည့် ပါတီစုံရွေးကောက်ပွဲတုန်းကလည်း အန်အယ်လ်ဒီ နိုင်ခဲ့တယ်။ အာဏာမရဘဲ ပါတီခေါင်းဆောင်တွေ ဖမ်းခံရပြီး ပါတီကို ချည့်နဲ့အောင် လုပ်ခံရတယ်။ အခုလည်း နိုင်တာကရော စိတ်ချရပါ့မလားလို့ အများပြည်သူ စိုးရိမ်မှုတွေအပေါ် ဘယ်လိုပြောချင်ပါသလဲ။
“ဒါတွေအားလုံးက ဒီတိုင်းပြည်မှာ အရေးပါတဲ့ အပြောင်းအလဲအပေါ်မှာ သြဇာညောင်းနေကြတဲ့၊ အင်အားကိုယ်စီ ရှိနေကြတဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီတော့ အတိတ်ကဟာက အင်မတန်ခါးသီးပြီးတော့ ရုပ်ဆိုးအကျည်းတန်လှပါတယ်။ အဲဒီလူတွေက ဒီနေ့မှာ သမိုင်းမှာ ၀န်ခံသည်ဖြစ်စေ၊ မ၀န်ခံသည်ဖြစ်စေဗျ အဆိုးရွားဆုံး တရားခံတွေထဲမှာ ပါတယ်ဗျ။ အဲဒီလို ပြုမူခဲ့တဲ့လူတွေအားလုံး။ ပြည်သူက ရွေးလိုက်တဲ့ ကိုယ်စားလှယ်တွေကို လွှတ်တော်ထဲ ပို့ရမယ့်အစား ထောင်ထဲပို့တယ်ဆိုတာက အင်မတန် ရိုင်းစိုင်းကြမ်းတမ်းပါတယ်။ အခု ကျနော်တို့ဖြစ်ရမှာက လူမှန်နေရာမှန် ဖြစ်ရမယ့်ခေတ်ကို ရောက်ပါပြီ။”

၂၀၁၀ ရွေးကောက်ပွဲတုန်းက ပြည်ခိုင်ဖြိုးပါတီက မဲအများဆုံးနိုင်တယ်။ အခုပွဲမှာ အတိုက်အခံ အန်အယ်လ်ဒီက နိုင်တယ်။ ဒီတော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပါတီစုံစနစ် ရှင်သန်အားကောင်းအောင် ပါတီကြီးတရပ်အနေနဲ့ ဘယ်လိုရှေ့ဆက်လှမ်းသင့်သလဲ။
“ဒီလိုပါ၊ ဘယ်ရွေးကောက်ပွဲပဲဖြစ်ဖြစ်ပေါ့ဗျာ။ နိုင်တဲ့သူ၊ ရှုံးတဲ့သူ ရှိမှာပဲ။ နိုင်တဲ့သူက ဘာကိုရသွားတာလဲဆိုတော့ တာဝန်ဗျ၊ တာဝန်ထမ်းဆောင်ခွင့်ကို ရသွားတာ။ ရှုံးတဲ့သူက ဘာလဲဆိုတော့ ပြန်လည်သုံးသပ်ခွင့်ကို ရရမယ်ဗျ။ အဲဒီလိုတော့ ရှိရလိမ့်မယ်။ တာဝန်ထမ်းဆောင်တယ်ဆိုတာ ပျက်နေတာတွေကို သူပြင်ရမှာပေါ့ဗျာ။ ကောင်းတာကို ပိုပြီးကောင်းအောင်လုပ်ရမယ်၊ ဒါ လူတိုင်းသိပြီးသားကိစ္စ။ အဲဒီတော့ ရှုံးတဲ့လူတိုင်းဟာ ငါ ဘာကြောင့်ရှုံးတာလဲ ဆိုတာကိုတော့ ကျကျနန သုံးသပ်ရမယ်။ ကျနော်ပြောချင်တာဗျာ ဘောလုံးပွဲမှာ အုပ်စုပွဲက ထွက်သွားတဲ့ အသင်းလိုပေါ့ဗျာ။ သူများတွေ ဆက်ကန်နေလိမ့်မယ်။ သူတို့ရဲ့ အားနည်းချက်၊ အားသာချက်တွေကိုလည်း ကိုယ်က ပရိသတ်အနေနဲ့ကြည့်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာကြောင့်ရှုံးရသလဲဆိုတာ သုံးသပ်ပေါ့။ ဒီအခွင့်အရေးကိုမှ မသုံးတတ်ဘူးဆိုရင်တော့ အနာဂတ်မရှိဘူးနော်။”

အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို နိုင်ငံရဲ့ ဖက်ဒရယ်ပြည်ထောင်စု အဖြေရှာရာမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ကြဖို့ တိုက်တွန်းချင်လဲ။
“သူက ၂ ပိုင်းရှိတယ်ဗျာ။ တကယ့်နိုင်ငံရေးပေါ်လစီကိစ္စတွေ သပ်သပ်ရှိမယ်။ တပိုင်းက သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ဖြည့်တာရှိမယ်။ ဆိုလိုတာက သဘာဝဘေးအန္တရာယ်တို့ ဘာတို့လိုဟာမျိုးတွေ၊ နောက်ပြီးတော့ တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ဧရာဝတီ အစ်ရှူးလိုဟာမျိုး။ အဲဒါတွေ အကုန်လုံးက အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အားကောင်းမောင်းသန်မှုကြောင့်ပဲ ထိန်းနိုင်ခဲ့၊ သိမ်းနိုင်ခဲ့ကြတာပဲ။ တခုပဲရှိတယ်၊ သူ့မှာ အားလုံးပြီးပြည့်စုံတဲ့ ကွန်ရက်ကြီးကတော့ မရသေးဘူးဗျ၊ ကြိုးလည်းကြိုးစားနေကြတာပဲ။ ဒါကြောင့်မို့လည်း အားနည်းချက်ဆိုတာကတော့ သဘာဝကျကျ ရှိနေတုန်းပဲ။ ဒါပေမယ့် သေချာတာကတော့ သူက ဒီခေတ်လူငယ်တွေပေါ့နော်၊ သူတို့က လွတ်လွတ်လပ်လပ် လုပ်ချင်တယ်၊ အမိန့်ပေးတာကို မကြိုက်ဘူး။ ဒါပေမယ့် အလုပ်ဖြစ်အောင်တော့ ပူးပေါင်းဆောင်ရွက်ချင်တဲ့စိတ်တွေ ရှိတယ်။ အဲဒီလူငယ်အများးစုက အရပ်ဘက် လူ့အဖွဲ့အစည်းတွေထဲမှာ ရှိကြတယ်။ ကိုယ်တိုင်ထောင်ထားတာလည်း ရှိတယ်။ ကျနော်က အင်အားနည်းတာ၊ များတာကို ပဓာန မရေတွက်ဘူး။ သူတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေပေါ့ အဲဒါတွေကိုကျတော့ အားလုံးဆုံချက်တနေရာ ရှိသင့်တယ်။ ကျနော်ပြောတာ ဆုံချက်ပဲ၊ ဗဟိုဦးဆောင်မှု မဟုတ်ဘူး။ ဟိုအပေါ်ကနေ ထိန်းချုပ်ထားတာမျိုး မဟုတ်ဘူး။ အဲဒီအတွက် လူငယ်တွေဟာ ကွန်ယက်တွေကို ကိုယ်ကိုယ်တိုင် ဖွဲ့သင့်ကြတယ်။ အဲဒီကွန်ရက်ဟာ ပြိုင်တူရုန်းထဖို့၊ တနေရာက မ လိုက်တာနဲ့ ပိုက်ကွန်ကြီးတခုလုံး ပါလာတာမျိုးပေါ့။ အဲဒီပုံစံမျိုးနဲ့ သွားရင်ရတယ်။”

မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ လပိုင်းအတွင်း သူ့အစီအစဉ်အတိုင်း ကျင်းပတော့မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပါတီက ပုဂ္ဂိုလ်တွေ၊ ပြည်သူလူထုတွေ၊ ဒီဖြစ်စဉ်က နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး ပေါ်တာပေါ့နော်၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘာပြောစရာရှိမလဲ။ ဘာတွေဆောင်ရွက်ဖို့ရှိမလဲ။
“ခင်ဗျားမေးခွန်းထဲမှာ မပါတဲ့ဟာကိုပဲ ကျနော်က ထောက်ပြရမယ်။ ရွေးကောက်ပွဲရလဒ်။ ရွေးကောက်ပွဲရလဒ်ကို ချန်လှပ်ပြီးတော့ စဉ်းစားတာမျိုးက ဘယ်အရေးကြီးတဲ့ အစ်ရှူးမှာမှ မဖြစ်သင့်ဘူး။ အဲဒီတော့ ငြိမ်းချမ်းရေး လုပ်ချင်သလား၊ ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ပါ။ ဘာဖြစ်လို့လဲ။ သူက နောင်အခါမှာ အာဏာသုံးရပ်ကို ပါရတော့မယ်လေ။ အဲဒီလူတွေနဲ့ သဘောတူညီမှု မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ လက်တွေ့ကျမလဲ။ ကျနော်ပြောတာ အဲဒါပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးလုပ်တာ မကောင်းဘူးလားမေးရင် ကောင်းတယ်။ သို့သော် ဖြစ်သင့်ဖြစ်ထိုက်၊ ပါသင့်ပါထိုက်တဲ့ တရားတွေတော့ ပါရလိမ့်မယ်။ ဒါမှလည်း အရှည်ကောင်းမှာပေါ့ဗျာ။ အခုလတ်တလော ငါရှိတုန်းမှာ ငါက တပိုင်းထားမယ်၊ ကျန်တာ ငါမသိဘူးဆိုလို့ မရဘူး။ ဒါကြောင့်မို့လို့ အခုလာမယ့် တွေ့ဆုံဆွေးနွေးပွဲတွေဟာ အချိန်မီအတွင်းမှာ ဖြစ်လည်းဖြစ်ရမယ်။ ပြီးလို့ရှိရင် အရေးကြီးတဲ့ အချက်တွေအတွက် သဘောတူညီချက်တွေတော့ ထွက်လာရမယ်။ ကျနော်ပြောတဲ့ဟာက ပြီးပြည့်စုံတဲ့ဟာ မဖြစ်သေးရင်နေပါ။ သက်ပြင်းချချင်ပြီဗျာ လူတွေ၊ ပြည်သူလူထုကြီးက သက်ပြင်းချချင်ကြပြီ။ ပြီးတော့မှ ယုံကြည်စိတ်နဲ့ နောက်ထပ်လိုက်ပါဖို့ ပြည်သူလူထုက စောင့်နေကြပါတယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ အရေးကြီးတဲ့ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ အားလုံးဟာ ပြည်သူလူထုအပေါ်မှာ အမြော်အမြင်တရား ထားပြီးတော့ အမြန်ဦးဆောင်ပြီးတော့ အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့ ဖြေရှင်းကြဖို့ ကျနော် အားလုံးကိုယ်စား တိုက်တွန်းချင်တယ်။”
အေးနိုင်/DVB
[full-post]

[soundcloud src="233293802"/]
ဒီနေ့ ကျင်းပတဲ့ နောက်ဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပြန်လည်အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ်တွေအားလုံး တက်ရောက်ကြပါတယ်။
ပြန်လည်ရွေးချယ်မခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲရလဒ်အပေါ် သဘောထားတွေနဲ့ လွှတ်တော်အသစ်အပေါ် မျှော်လင့်ချက်တွေကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် က စုစည်းတင်ပြထားပါတယ်။
RFA

 dr-ayemaung-620.jpg အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးမှာ အနိုင်ရသွားတာဟာ တိုင်းရင်းသားပါတီတွေရဲ့ ယုံကြည်မှုကို လျော့နည်းသွားစေတယ်လို့ ပြောကြပါတယ်။

အန်အယ်လ်ဒီ အပြတ်အသတ် အနိုင်ရသွားတာဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ပြည်နယ်တွေမှာ ပြင်ဆင် ထားတဲ့ ခံစစ်ကြောင်းကို ချိုးဖျက်လိုက်တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် က ဒီကနေ့ နေပြည်တော်လွှတ်တော်ခန်းမမှာ RFA ကို ပြောပါတယ်။

အစိုးရဖွဲ့တဲ့အခါ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုကို ထင်ဟပ်မယ်ဆိုရင် အဲ့ဒီယုံကြည်မှု ပြန်ရနိုင်မယ်လို့ ယူဆကြောင်းလည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာဗညားအောင်ကလည်း အန်အယ်လ်ဒီ အနေနဲ့ အများစုနိုင်သွားတာ ဝမ်းသာပေမယ့် စိုးရိမ်စရာအခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားနိုင်ငံရေးပါတီတွေဟာ ပြည်နယ်တွေမှာ သူတို့ကိုယ်စားပြုမှု အားကောင်းပြီး ပြည်နယ် အစိုးရတွေ ဖွဲ့နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်နယ်အသီးသီးမှာ အများစုအနိုင်ရဖို့ မျှော်လင့်ထားကြတာဖြစ်ပြီး အန်အယ်လ်ဒီက ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးအပြင် တစ်နိုင်ငံလုံးမှာ ၈ဝ% အနိုင်ရခဲ့တာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/nld-party-ethnic-confidence-11162015065006.html

 pyithu-hluttaw-nov16-620.jpg ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို နိုဝင်ဘာလ ၁၆ ရက်နေ့ က တွေ့ရစဉ်

၂ဝ၁၅ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကျန်ရှိနေသေးတဲ့ လွှတ်တော်သက်တမ်း ကာလအတွင်းမှာ နိုင်ငံတော်နဲ့ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် သစ္စာရှိစွာနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ကြ ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ သူရဦးရွှေမန်းက အခုလိုတိုက်တွန်းပြောကြားလိုက် တာဖြစ်ပါတယ်။

"ယနေ့လွှတ်တော်ထဲရှိ ကျနော်အပါအဝင်ကိုယ်စားလှယ်တချို့ဟာ ရွေးကောက်ပွဲမှာမဲရှုံးလို့ ဒုတိယအကြိမ် လွှတ်တော်ကို ပြန်လာစရာအကြောင်းမရှိသော်လည်း ကျန်ရှိကာလလွှတ်တော်သက်တမ်းအတွင်းမှာ ကျနော်တို့ပြည် သူ့ကိုယ်စားလှယ်များရဲ့ တာဝန်ဝတ္တရားများအပေါ် သစ္စာရှိရှိ မှန်မှန်ကန်ကန် ဆောင်ရွက် ပြီး နိုင်ငံတော်နှင့်ပြည်သူ များအတွက်လုပ်ဆောင်သွားကြရအောင်၊ ဒါကြောင့် ကိုယ်စားလှယ်များ အနေဖြင့် ဆောင်ရွက်ခွင့်ရရှိစဉ်ကာလ အတွင်း ပြည်သူ့အကျိုး စီးပွားအတွက် စေတနာဖြင့် ဝီရိယ ထားဆောင်ရွက်ကြရအောင်၊ တိုက်တွန်းရင်း နှုတ်ခွန်း ဆက်သလိုက်ပါတယ်"

ဒါ့အပြင် ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့တဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဂုဏ် သိက္ခာ၊ ပြည်ထောင်စုအစိုးရရဲ့ဂုဏ်သိက္ခာနဲ့ တိုင်းပြည်ဂုဏ်သိက္ခာကို မြင့်မားစေကြောင်းနဲ့ ရွေးကောက်ပွဲ အဆင်ပြေအောင်မြင်စေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းတွေ တာဝန်ရှိသူတွေ နဲ့ ပြည်သူတစ်ရပ်လုံး ကို ပြည်သူ့လွှတ်တော်က အထူးဂုဏ်ပြုပါကြောင်းလည်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် ပြန်လည်ကျင်းပမယ့် လွှတ်တော်အသစ်ဟာလည်း ပထမအကြိမ်ထက် အရည်အသွေးနဲ့ အရည်အချင်း ပါ ပြည့်စုံပြီး နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပိုမိုဆောင်ရွက်နိုင်စေဖို့ လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း က ပြောပါတယ်။

လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၀၀ ကျော်ထဲမှာ အများစုက နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အရွေးမခံရသူတွေက အများစုဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/shwemann-speech-parliament-11162015035421.html

ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေ စစ်ကြောင်းချီတက်စဉ်။
ကချင်ပြည်နယ်  မိုးညှင်းမှာမြို့အနီးမှာ အစိုးရတပ်နဲ့ ကချင်တပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒီကနေ့ နေ့ခင်းဖက်မှာတော့ အစိုးရဖက် ကလေကြောင်းက ရဟတ်ယာဉ်နဲ့ အနည်းဆုံး ၃ကြိမ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘာကြောင့်တိုက်ခိုက်တယ်ဆိုတာ တိတိကျကျ မသိရသေးသလို နှစ်ဖက်တပ်တွေအကြားမှာတော့ ညှိနှိုင်းတာတွေ မရှိသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းက သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မိုးညှင်းမှာ ဒေသအတွင်းဖြစ်ပွားတဲ့တိုက်ပွဲကတော့ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းလောက် က စတင်ခဲ့တာဖြစ်ပြီး မနေ့ည တညလုံးလို လက်နက်ကြီးတွေ နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာက ဒီနေ့ နေ့ခင်း မှာတော့ လေကြောင်းကပါ ပစ်ခတ် တိုက်ခိုက် လာတာဖြစ်ပါတယ်။ ဒီကနေ တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို  မိုးညှင်းမှာ မြို့ခံတယောက်က အခုလို ပြောပါတယ်။

“တိုက်ပွဲကဖြစ်နေတာ၊ ခုနက ခုနက မကြာသေးပါဘူး။ ဟိုက်စကီး ၂ စီး ဆင်းလာပြီး ဝဲပြီးမှ လာပစ်သွားတယ်။ အရှေ့တောင်ဖက်မှာ ပါ။ နဲနဲတော့ လှမ်းပါတယ်။ ကျနော်တို့နဲ့တော့။ အခုဈေးကနေလည်း လှမ်းမြင်ရတယ်။ အဲဒီတောင်ပေါ်ကို ဟိုက်စကီးနဲ့ လာပစ်တာတွေကတော့ ဈေးထဲကနေ ကြည့်ရင် မြင်နေရတယ်။  အဲဒီတောင်ပေါ်ကို ကျနော်တို့  ဈေး ကတော့ တောင်ကမ်းပါး ရံနားလေးမှာ ဆိုတော့ တောက်လျှောက် အပေါ် ကနေကြည့်ရင်တော့ မြင်တော့မြင်နေရတယ်။

ဟုတ်တယ် တနင်္ဂနွေနေ့လည်ကမှ စဖြစ်တာ။ လက်နက်ကြီး သံတွေ သေနတ်သံတွေကတော့ တောက်လျှောက် ကျနော်တို့ဆီကတော့ ကြားနေရတာပဲ။ ညပိုင်းဆိုတော့ ခုနတုန်းကဆိုရင် ဟတ်စကီး ၂ စီးနဲ့လာတဲ့အခါကျတော့ ဟတ်စကီး ၂ စီးက ချတဲ့အသံတွေဆိုရင် မြေကြီးပါ တုန်တာတွေ ဘာတွေ ကျနော်တို့က ကြားနေရတယ် ဒီကနေ အဲဒီလောက်တော့ကြားနေရတယ်။”

ပထမအကြိမ် လေကြောင်းက တိုက်ခိုက်တာကတော့ နေ့ခင်း ၁နာရီလောက် မှာဖြစ်ပြီး အနည်းဆုံး ဗုံး ၈လုံးလောက် ချ ခဲ့ကြောင်း ပြောပါတယ်။
ညနေ ၃နာရီခွဲ ဒုတိယအကြိမ်အဖြစ် ရဟတ်ယာဉ်၂စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံး၂၀ကျော် ထပ်မံကြဲချခဲ့ပါတယ်။ ညနေ ၅နာရီဝန်းကျင်မှာတော့ တိုက်လေယာဉ်၂စင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

" ၁ နာရီလောက်က တကြိမ် အခုက တတိယအကြိမ်ပေါ့ အခုအကြိမ်နဲ့ဆိုရင် ပထမဆအကြိမ်က ဟိုက်စကီး နှစ်စင်းနဲ့ လာတာ၊ ဒုတိယအကြိမ်ကလည်း ဟိုက်စကီးနှစ်စင်းနဲ့ပါ။ အခုအကြိမ်ကတော့ လေယာဉ်နဲ့ လာတိုက်တယ်ခင်ဗျ။ အခုလည်း ချသွားတယ် ဗုံးတလုံးကို၊ လေယာဉ် ကိုတော့ မြင်ရတယ် ခင်ဗျ။ လေယာဉ်တွေက ကောင်းကင်မှာဆို မြင်ရတယ်ခင်ဗျ။ ကျနော်တို့ မိုးညှင်းကနေဆို တမြို့လုံး မြင်ရတယ်ခင်ဗျ။ ဗုံးကွဲတာတော့ မမြင်ရဘူးခင်ဗျ။ ကျနော်တို့က တောင်ကွယ်နေတော့လေ။ မမြင်ရဘူး။ ဗုံးချတာပဲ မြင်ရတာ။ "

တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ မိုးညှင်းမြို့အရှေ့တောင်ဖက် ၄မိုင်ကျော် အကွာလောက် မှာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အစိုးရနဲ့ ကချင်တပ်ဖွဲ့အကြား ညှိနှိုင်းတာ မရှိသေးဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကတော့ ပြောပါတယ်။

" ၁၄ရက်နေ့ကစပြီး  ကျနော်တို့ရဲ့ စခန်းငယ်တွေကို ဝင်သိမ်းတယ်။ မနေ့တုန်းကတော့ ပြင်းပြင်းထန်ထန် လုပ်တယ်။ ဒီနေ့ကတော့ လေယာဉ် အပါပေါ့နော်။ လေကြောင်းကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ သူတို့လုပ်နေကြတယ်။ ဒါ ပြင်းပြင်းထန်ထန် စစ်ဆင်တဲ့သဘောပါ။ ဒီကိစ္စပေါ်မှာ နှစ်ဘက်ပြောဆိုနေကြတာတော့ မရှိသေးဘူး။ အခုထက်ထိ ဘာမှ လုပ်တာ မရှိသေးဘူး။"

တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းအပေါ်မှာတော့ ကချင်တပ်ဖွဲ့ဖက်က အခုလို
သုံးသပ်ပြောဆိုပါတယ်။

"အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ သတိပေးလာတာ တခုရှိတယ်။ နိုဝင်ဘာလ ၁၃ရက်နေ့ ညမှာ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA အဖွဲ့ဝင် ငါးဦးက လာပြီးတော့ ပစ်ခတ်ပါတယ် ဆိုပြီး အပြစ်တင် ပြောဆိုတာမျိုး ရှိတယ်ခင်ဗျ။ အမှန်တကယ်က ကျနော်တို့တပ်ဘက်က အဲ့ဘက်မှာ လှုပ်ရှားတာမျိုးမရှိဘူးဗျ။ မရှိတဲ့ မဖြစ်တဲ့ဖြစ်စဉ်တခုကို တိုက်ပွဲအတုအသွင်သဏ္ဍာန်ဖန်တီးတယ်။ ဖန်တီးပြီးတော့ ၁၄ရက်နေ့ကစပြီးတော့ မိုးညှင်းဘက်မှာ ရှိတဲ့ ကျနော်တို့ရဲ့ ရှေ့တန်းစခန်းတွေကို ထိုးစစ်ဆင်တယ်။

အဓိကကတော့ တပ်မဟာ ၈ကို သူတို့ဘက်ကနေပြီးတော့ အမြစ်ပြတ်ရှင်းလင်းချင်တဲ့သဘောပါ။ အဲ့တာကြောင့် သူတို့စစ်ဆင်ရေးလုပ်တယ်လို့ ကျနော်နားလည်ပါတယ်။"

လောလောဆည်မှာတော့ အထိအခိုက်အကျအဆုံးသတင်းကို မသိရသေးကြောင်း ပြောပါတယ်။

၏မိုးညှင်းဒေသ တိုက်ပွဲနဲ့ပတ်သက်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တစုံတရာ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းနောင်၊ မိုင်းရှုး၊ ကျေးသီးဒေသ ဖက်တွေမှာလည်း အစိုးရတပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အကြားမှာ ဒီရက်ပိုင်း အတွင်း တိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့သလို
လေကြောင်းက တိုက်ခိုက်တာတွေပါရှိခဲ့ပါတယ်။ ရှမ်းပြည်နယ်တွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာတော့ ရှမ်းတပ်ဖွဲ့က လာရောက်တိုက်ခိုက်တာကြောင့် ပြန်လည်တိုက်ခိုက်တာဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသလို ရှမ်းတပ်ဖွဲ့ကလည်း သူတို့ဖက်က သွားရောက်တိုက်ခိုက်တာမရှိကြောင်း ငြင်းဆိုထားပါတယ်။

မိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ အစ္စလာမ်မစ်နိုင်ငံအဖွဲ့ IS စစ်သွေးကြွတွေရဲ့ သောကြာနေ့ တိုက်ခိုက်မှုတွေဟာ ဆီးရီးယားနိုင်ငံထဲကနေ အစီအစဉ်ချ လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ် Manuel Valls က ပြောကြားလိုက်ပါတယ်။

ပြင်သစ်နဲ့ တခြား အီးယူနိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ် အသစ်တွေ လုပ်ဖို့ စီစဉ်နေတယ်လို့ အာဏာပိုင်တွေက ယုံကြည်ကြောင်း သူက ပြောကြားပါတယ်။

ပြင်သစ်နိုင်ငံတ၀န်းမှာ တနင်းလာနေ့ မနက်အစောပိုင်းက သံသယရှိတဲ့ စစ်သွေးကြွတွေအပေါ် ရုတ်တရက် ၀င်ရောက်တိုက်ခိုက် စီးနင်းမှု အကြိမ်ပေါင်း ၁၅၀ လုပ်ခဲ့တယ်လို့လည်း မစ္စတာ Valls က ပြောပါတယ်။

Bataclan ကပွဲရုံခမ်းမ နဲ့ အနီးနားက စားသောက်ဆိုင်တစ်ခု၊ the Stade de France ဘောလုံးကွင်း တို့မှာ IS တို့လက်ချက် ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့လို့ လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့ပါတယ်။

ပြင်သစ်နိုင်ငံကတော့ အခုလို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ IS အဖွဲ့ရဲ့ လွတ်မြောက်နေတဲ့ အဖွဲ့ဝင်တွေနဲ့ ကြံရာပါတွေကို ဖော်ထုတ်ရှာဖွေနိုင်ဖို့ အကြီးအကျယ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်စ်ဆဲလ် မြို့ မှာ မွေးဖွားတဲ့ အသက် ၂၆ နှစ် အရွယ် Salah Abdeslam ဆိုသူကို အဓိက သံသယရှိသူအဖြစ် ရဲတွေက ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပေါ်အပြီး နောက်ပိုင်းမှာ Salah Abdeslam လိုက်ပါလာတဲ့ ကား ကို ပြင်သစ်ရဲတွေက ရပ်တန့် စစ်ဆေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်လို့ ပြောဆိုထားတဲ့ IS စစ်သွေးကြွတွေရဲ့ဆီးရီးယားနိုင်ငံထဲက ခြေကုပ်မြို့ ရာခါကို ပြင်သစ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဟာ သာမန် အကြမ်းဖက် အုပ်စုတစ်ခုမဟုတ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် မစ္စတာ Valls က ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


တူရကီနိုင်ငံ အင်ကာရာမြို့မှာ ဖြစ်ခဲ့တဲ့ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်မှုတွေ၊ ပြင်သစ်နိုင်ငံ အတိုက်အခိုက် ခံခဲ့ရတာတွေဟာ လွဲမှားတဲ့ အတွေးအခေါ်ပေါ်မူတည်ပြီး ယဉ်ကျေးတဲ့ ကမ္ဘာကြီးတခုလုံးကို တိုက်ခိုက်တာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

စက်မှုထိပ်သီးနိုင်ငံ ၂၀ ရဲ့ အစည်းအဝေးတက်ဖို့ တူရကီနိုင်ငံကို ရောက်လာတဲ့ အမေရိကန် သမ္မတ အိုဘားမားက တူရကီသမ္မတ Recep Tayyip Erdoğan နဲ့ တွေ့တုန်းမှာ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ အိုဘားမားဟာ တူရကီနိုင်ငံမှာ ရုရှားသမ္မတ ပူုတင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ဆီးရီးယားစစ်ပွဲနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။

ပြင်သစ်မြို့ အတိုက်အခိုက်ခံခဲ့ရတဲ့ နောက်ပိုင်း ဆီးရီးယား ပဋ္ဋိပက္ခကို ပိုပြီးတော့ အရေးတကြီးသဘောထား ဖြေရှင်းသင့်တယ်ဆိုတဲ့ အချက်အပေါ် နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်ကနေ ထုတ်ပြန်ပါတယ်။

အစောပိုင်းတုန်းကလည်း ဥရောပ ကောင်စီဥက္ကတ Donald Tusk ဆီးရီးယားထဲမှာ သဘောထား မတင်းမာတဲ့ သူပုန်အုပ်စုတွေကိုပါ ပစ်မှတ်ထားပြီ ရုရှားကနေ ဗုံးကြဲခဲ့တဲ့အတွက် ဥရောပကို ၀င်ရောက်ကြဖို့ ကြိုးစားကြတဲ့ ဒုက္ခသည်အရေအတွက် တိုးတက်များပြားလာတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တူရကီနိုင်ငံမှာ ကျင်းပတဲ့ စက်မှု အင်အားကြီး နိုင်ငံ ၂၀ ညီလာခံအတွက် တက်လာကြတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ပါရီမြို့ အတိုက်အခိုက်ခံရတဲ့ အကြောင်းကိုပဲ အဓိကထား ပြောကြပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese


 ပထမ အကြိမ်ပြည်သူ့ လွှတ်တော် ၁၃ ကြိမ်မြောက် အစည်းအဝေး စတင်တဲ့ ဒီနေ့ မှာပါပဲ ဒေါ်အောင်ဆန်းစုကြည် က NLD ပါတီ ကိုယ်စား လှယ်တွေကို လွှတ်တော်ဝန်းအတွင်းမှာ ရှိတဲ့ I-12 အဆောင်မှာတွေ့ ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ ဆုံရာမှာလက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ NLD ပါတီက အစိုးရဖွဲ့ လာတဲ့အခါ ၀န်ကြီး ဒုဝန်ကြီးတွေ ဖြစ်ဖို့ စိတ်ကူးမယဉ်ကြနဲ့ လို့ ပြောဆိုလိုက်တဲ့အကြောင်းပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က ဘီဘီစီကိုပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ရှမ်းမြောက်ပိုင်းတပ် ရှေ့တန်းစစ်စခန်း။
 ၂၀၁၅ ရွေးကောက်ပွဲ ကာလမှာ တိုက်ပွဲတွေယာယီငြိမ်သက်နေခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဘက်မှာ မြန်မာ့ တပ်မတော် နဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် SSPP/SSAတို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါး လာနေပါတယ်။ ဒီတိုက်ခိုက်မှုမှာမြန်မာ့ တပ်မတော်ကနေ လေကြောင်းအကူသုံးပြီး ပစ်ခတ်ခဲ့တယ်လိုကမြောက်ပိုင်း ရှမ်းပြည် တပ်မတော်ဘက်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒီလိုဖြစ်ပွါးနေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ဒေသခံ(၈၀၀၀) နီးပါးဟာ စစ်ဘေး လွတ်ရာဒေသမှာ ဒုက္ခသည်အဖြစ်တိမ်းရှောင်နေရသလို ဒီဒုက္ခသည်အရေးကိစ္စကို နိုင်ငံတကာ အပါအ၀င် ပြည်တွင်းအစိုးရနဲ့အတိုက်အခံပါတီတွေကလဲစိတ်ဝင်စားမှုအားနည်းပြီးလစ်လျှူရှု့နေတယ်လို့ ရှမ်းလူ့အခွင့် အရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုမှုတွေလဲရှိနေပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုသတင်း ပေးပို့ထားပါတယ်။

ရွေးကောက်ပွဲအလွန်နှစ်ရက်ကတည်းက စတင်ဖြစ်ပွါးနေတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်SSPP/SSAတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဟာ အခုဆို ပိုမိုပြင်းထန်လာနေပါတယ်။

ဒီကနေ့ နေလယ်ပိုင်းမှာ မြန်မာ့တပ်မတော်ကနေ စစ်လေယာဉ်တွေနဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော် အခြေပြုရာ မိုင်းရှူးမြို့နယ်အတွင်းဒေသတွေကို ပြင်းပြင်းထန်ထန်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက အခုလိုပြောပါတယ်။

မနေ့ကလဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ မြန်မာတပ်မတော်ကနေခြေကုတ်ရယူထားတဲ့ ၀မ်လွေ့အနီးက လွယ်ဖွေတောင်ကုန်းတခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SSPPနဲ့နီးစပ်သူတဦးကပြောပါတယ်။

ဒီကနေ့ဖြစ်ပွါးနေတဲ့ပစ်ခတ်တိုက်ခိုက်မှုရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးပေမဲ့ မနှေုက လွယ်ဖွေးတောင်ကုန်းတိုက်ပွဲမှာ SSPPဘက်က ထိခိုက်မှုရှိခဲ့သလို မြန်မာ့တပ်မတော်ဘက်က တဦးကျဆုံးခဲ့ပြီး လက်နက်တလက်သိမ်းဆည်းရခဲ့တယ်လို့ ဗိုလ်မှူးကြီးစိုင်းလက အတည်ပြုပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာ(၁၀)ရက်နေ့နဲ့(၁၂)ရက်နေ့မှာလဲ မြောက်ပိုင်းရှမ်းပြည်တပ်မတော် အခြေပြုရာ ၀မ်လွေနဲ့ ၀မ်ဆော့ဒေသ ဘက်ကို လေကြောင်း အကူတွေနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့ ဒီကနေ့မှာအပြင်ထန်ဆုံး ထိုးစစ် ဆင်လာခဲ့တယ်လို့လဲ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

တပြည်လုံးအတိုင်းအတာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးNCAလက်မှတ်ရေးထိုးဖို့အဆင့်သင့်မဖြစ်သေးတဲ့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ကို အောက်တိုဘာလ(၆)ရက်နေ့ကစပြီး မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်လာ ခဲ့တာပါ။

နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲကာလအတွင်း တိုက်ပွဲတွေယာယီငြိမ်သက်ခဲ့ပေမဲ့ နိုင်ဝင်ဘာ(၁၀)ရက်နေ့ကနေ ဒီကနေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွါးလာခဲ့ပါတယ်။

အခုလိုနှစ်ဖက်တပ်ဖွဲ့တွေအကြားဖြစ်ပွါးနေတဲ့တိုက်ပွဲတွေကြောင့် ကျေးသီး မိုင်းရှူးမြို့နယ်အတွင်းက ၀မ်ဟိုင်း ၀မ်ဆော့ ၀မ်လွေ မိန်းအမ်အစရှိတဲ့ ကျေးရွာတွေက ဒေသခံရွာသားတွေစစ်ဘေးလွတ်ရာကို တိမ်းရှောင် နေရ ပါတယ်။

လက်ရှိစစ်ပြေးဒုက္ခသည်တွေရဲ့အခြေအနေနဲ့ပက်သက်လို့ စစ်တမ်းကောက်ယူထားတဲ့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က တာဝန်ရှိသူတဦးဖြစ်သူ ယိင်းဟန်ဖက စစ်ပြေးဒုက္ခသည်တွေအနေနဲ့ ကျေးသီးမြို့နယ်က ၀မ်ဝဘုန်းကြီးကျောင်း မိုင်းရှူးမြို့နယ် ဟိုင်းပါဒုက္ခသည်စခမ်း မိုင်းရှူးမြို့ကဘုန်းကြီးကျောင်း လဲချားမြို့နယ် လားရှိုးမြို့နယ်ဘက်တွေမှာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်အရေ အတွက်(၈၀၀၀)ကျော်ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ကစာရင်းပြုစုထားပါတယ်။

ရှမ်းပြည်နယ်ဒေသအတွင်း စစ်ရေးပဋိပက္ခအတွင်း ဒုက္ခသည်အရေးကိစ္စကို နိုင်ငံ့တကာ အပါအ၀င် အစိုးရ ဘက်ကရော အတိုက်အခံပါတီဘက်ကပါ စိတ်ဝင်စားမှုအားနည်းပြီးလစ်လျှူရှု့နေတဲ့အခြေအနေမှာရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ က တာဝန်ရှိသူတဦးဖြစ်သူ ယိင်းဟန်ဖကအခုလိုပြောပါတယ်။

မြောက်ပိုင်းရှမ်းပြည်တပ်မတော်ဟာ ၂၀၁၂ နှစ်ဦးပိုင်းမှာ မြန်မာ အစိုးရနဲ့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ် ရပ်စာချုပ်ချုပ်ဆိုထားတဲ့ အဖွဲ့ဖြစ်ပေမဲ့ ၂၀၁၅ခုနှစ် NCAအပစ်ရပ်စာချုပ်ကိုလက်မှတ်ရေးထိုးဖို့ အဆင်သင့် မဖြစ်သေး ကြောင်းထုတ်ပြန်ပြီးနောက်ပိုင်း တိုက်ပွဲတွေစတင်ဖြစ်ပွါးလာ ခဲ့ပါတယ်။

နှစ်ဖက်တပ်ဖွဲ့အကြားတိုက်ပွဲဖြစ်ပွါးနေခဲ့လို့ ရှမ်းပြည်နယ် မိုင်းရှူး ကျေးသီး တန့်ယန်း မိုင်ပန်မြို့နယ်တွေက သိန်းနဲ့ချီတြဲ့ပည်သူတွေ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ဆုံးရှုံးခဲ့သလို ဒေသခံကျေးရွာသား (၈၀၀၀)နီးပါးဟာ စစ်ဘေးတိမ်းရှောင်နေရဆဲအခြေအနေမှာရှိနေပါတယ်။

သတင်းအပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


နိုင်ကွန်းအိန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ၁၆ အောက်တိုဘာ ၂၀၁၅

 တရုတ် နိုင်ငံ shanghaiist အွန်လိုင်းသတင်းမှာဖေါ်ပြထားတဲ့ နှစ်သစ်မှာဗီယက်နမ် နိုင်ငံသု ဇနီးမယားတွေကို အထူးလျှော့ ဈေးနဲ့  ရောင်းနေပြီဆိုတဲ့ ကြော်ငြာဖြစ်ပါတယ်၊

အမေရိကန် ဒေါ်လာ ၆၀၀၀ နဲ့ အပျိုစင် ဇနီးတွေကို ရက်ပေါင်း (၉၀)အတွင်း အိမ်အရောက် ပို့ ပေးနေပါပြီ-တနှစ်မပြည့်ခင် ထွက်ပြေးခဲ့ရင် သင့်အတွက် နောက်တဦး စီစဉ်ပေးပါမည် အပိုကြေး မပေးရပါ။

၂၀၁၅ ခုနှစ် နှစ်ကုန်မှာ အထူးလျှော့ဈေး ဒေါ်လာ၁၅၀၀ ကျော်နဲ့  ဦးရာလူ ယူ စနစ်နဲ့  အွန်လိုင်းကနေ ရောင်းခဲ့တာ တလအတွင်း အမျိုးသမီးပေါင်း ၂၅၀၀ ဟာ အွန်လိုင်းပေါ်မှာ ကြေငြာခဲ့တယ်လို့  ရေးသားထားပါတယ်။

တရုတ်နိုင်ငံမှာ ယောက်ကျားဦးရေ များလွန်နေတာကြောင့် ဇနီးမယား ရှာရအလွန်ခက်လို့  ဗီယက်နမ် နိုင်ငံကနေ တရုတ်နိုင်ငံကို အမျိုးသမီးတွေကို လူပွဲစားတွေကတဆင့် တင်ပို့ ခဲ့ကြပါတယ်။

အမျိုးသမီးဦးရေရဲ့  ၆၀ ရာခိုင်နှုံးက ထွက်ပြေး ဒါမှမဟုတ် လူပွဲစားတွေ ဖမ်းမိရင် သူတို့ ပါ ဗီရက်နမ် နိုင်ငံကို ပြန်အပို့ ခံကြရတာပါ။

Social Action for Women - SAW
Community Organization


 ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ)အပြင် အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့် ဖမ်းဆီးခံထားရသည့် မချောစန္ဒီထွန်းကို မအူပင်မြို့နယ် တရားရုံးတွင် နိုဝင်ဘာ ၁၆ ရက်က လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ဝတ်ဆင်ထားသော ယူနီဖောင်း သည် ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ထားသည့် ထမီအရောင်နှင့် ဆင်တူသည်ဟု လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ရေးသားဖော်ပြခဲ့ခြင်းကြောင်း မချောစန္ဒီထွန်းကို တပ်မတော်ကိုယ်စား ပုသိမ်အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ ပထမတန်း စစ်ရေးဦးစီး အရာရှိ ဒုတိယ ဗိုလ်မှူးကြီး ကျော်ထင်က တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဒုတိယမြောက်ရုံးချိန်တွင် အသရေဖျက်မှုကို ပါထပ်တိုးစွဲဆိုခဲ့ခြင်းဖြစ်သည်။

အီလတ်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၄(ဃ)ဖြင့် ဖမ်းဆီးခံခဲ့ရသည့်မချောစန္ဒီထွန်း ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် ပုဒ်မပြောင်းလဲစွဲဆိုခဲ့ပြီး အသရေဖျက်မှုပုဒ်မ ၅၀၀ ဖြင့် ပါထပ်မံတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မအူပင်နည်းပညာတက္ကသိုလ်မှ B.Tech(EC)ဖြင့် ဘွဲ့ရထားသူမချောစန္ဒီထွန်းသည် မအူပင်ခရိုင်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ဖေဖော်ဝါရီလအတွင်းကပေါ်ပေါက်ခဲ့သည့် ကျောင်းသားသပိတ်စစ်ကြောင်းတွင် လိုက်ပါ၍ အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယင်းနောက်ပိုင်းတွင် ကျောင်းသားသမဂ္ဂမှနှုတ်ထွက်၍ မအူပင်မြို့နယ် NLDပါတီသို့ဝင်ရောက်ကာ ပါတီအောင်နိုင်ရေးလုပ်ငန်းများ ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူလည်းဖြစ်သည်။

သတင်း -ဇော်မင်းထွန်း
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရပ်နားထားတဲ့ လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ပြန်စတာမှာ လွှတ်တော်သစ် အကူးအပြောင်း အဆင်ပြေ ချောမွေ့စေရေး စေတနာ ထား ဆောင်ရွက် သွားကြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော် အမတ်တွေကို တိုက်တွန်းပါတယ်။ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပါတယ်။

အခုလွှတ်တော် အစည်းအဝေးတွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ရလဒ်တွေ အရ ပေါ်လာမယ့် လွှတ်တော် သက်တမ်းအသစ်မတိုင်ခင် ၂၀၁၀ ရွေးကောက်ပွဲအရ ဖွဲ့စည်းထားတဲ့ လွှတ်တော်တွေရဲ့ နောက်ဆုံး အစည်းအဝေးပါ။

ရွေးကောက်ပွဲ ရလဒ်တွေအရကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့မှာ အမတ်အရေအတွက် အများစုနဲ့ ပြတ်ပြတ်သားသား အနိုင်ရထားတဲ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်အများစုမှာလည်း အနိုင်ရပါတယ်။

အခုရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ချောချောမွေ့မွေ့ ကျင်းပနိုင်ခဲ့တဲ့အတွက် သမ္မတ ဦးသိန်းစိန်ကိုရော၊ ဒေါ်အောင်ဆန်း စုကြည်ကိုပါ နိုင်ငံတကာက ချီးကျူး ဂုဏ်ပြုကြပါတယ်။

ဒီရွေးကောက်ပွဲပြီးသွားတာတောင်မှပဲ လွှတ်တော်ကိုယ်စားလှယ် ၂၅% ကို စစ်တပ်က ယူထားဆဲပါပဲလို့ အမေရိကန်သမ္မတရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေးပုဂ္ဂိုလ် Ben Rhodes က ကြာသပတေးနေ့မှာပြော ပါတယ်။ မြန်မာနိုင်ငံမှာ အရပ် သားအုပ်ချုပ်ရေးကို အပြည့်အ၀အသွင်ကူးပြောင်းဖို့ရာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တခု လိုအပ်တယ်ဆိုတာ လွန်ခဲ့တဲ့နှစ်တွေ အတွင်း တသမတ်ထဲ ပြောထားပါတယ်လို့ Ben Rhodes ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ မပြီးဆုံးသေးတာကြောင့် NLD ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုထိန်းချုပ်ပြီး လာမယ့်သီတင်းပတ်တွေ၊ လတွေအတွင်း ဘယ်လို လှုံ့ဆော်မှုမျိုးမဆို ပေါ် ပေါက်လာရင် ထိန်းသိမ်း ရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

အစိုးရသစ် ဖွဲ့စည်းပြီးတဲ့နောက် NLD အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ရှင်းလင်း တိကျတဲ့ အချိန်ဇယားကို ချပြသွားမယ် လို့လဲ ဒေါ်အောင်ဆန်းစုကြည် က ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ရန်ကုန်၊ နိုဝင်ဘာ ၁၆

 ရခိုင်ပြည်နယ် စစ်တွေမြို့၊ စက်ရုံစု ရပ်ကွက်၊ မီးလောင်းပြင်တွင် နေထိုင်သော မိန်းခလေးငယ် တစ်ဦးအား တပ်မတော်မှ ထွက်ပြေးနေသူ တစ်ဦးမှ မုဒိမ်းမှု ဖြစ်ပွားခဲ့သည်မှာ ဟုတ်မှန်ကြောင်း အမှတ် (၁) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းမိန်းခလေးငယ်မှာ ဦးမြင့်ထွန်းသမီး အသက် (၅) နှစ်အရွယ် မ+++ ဖြစ်ကြောင်း ပြောကြားသည်။

သူမသည် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် အိမ်နောက်ဘက်သို့ နောက်ဖေးသွားစဉ် တပ်ထွက် တစ်ဦးဖြစ်သူ ကျော်ကျော်မိုးမှ ခြုံပုတ်တစ်ခုသို့ အတင်းဆွဲသွင်းကာ မုဒိမ်းပြုကျင့်ခဲ့သည်ဟု တာဝန်ရှိ ရဲအရာရှိက ပြောကြားသည်။

“ ကျွန်တော်တို့ သတင်းရတာနဲ့ ချက်ချင်းသွားဖမ်းပါတယ်။ အခု အမှတ် (၁) မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပါတယ်။ တရားဥပဒေနဲ့ အညီ တရားစွဲဆိုသွားပါမယ်။ အခုတော့ စစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု သူက ပြောဆိုသည်။

မုဒိမ်းမှုကျူးလွန်သူဟု စွပ်စွဲခံထားရသူ ကျော်ကျော်မိုး၏ ကိုယ်ပိုင်အမှတ်မှာ (တ/၃၈၆၀၁၉) ဖြစ်ပြီး မြောက်ဦး အခြေစိုက် ခမရ(၃၇၈)မှ ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်ကတည်းက တပ်မှ ထွက်ပြေးနေသူ ဖြစ်ကြောင်း၊ စစ်တွေမြို့စက်ရုံစုရပ်ကွက်ရှိ မီးလောင်ပြင်မှာနေထိုင်သူဖြစ်ကြောင်း သိရသည်။

ရဲစခန်းမှ ပ-၂၃၄၊ ပုဒ်မ-၃၇၆နဲ့ အမှုဖွင့်ထားပြီး ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူရန် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေ လူထု အတွင်းမကျေနပ်မှုများ ပေါ်ပေါက်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်က မြို့မ ရဲစခန်းရှေ့တွင် စုရုံးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

နယ်စပ်ရေးရာ ၀န်ကြီးနှင့် မြို့မိ မြို့ဖများ ရဲစခန်းသို့ ရောက်ရှိလာပြီး ၀ိုင်းဝန်းဖြေရှင်းသောကြောင့် ညနေ ၉ နာရီကျော်တွင် လူစု ကွဲသွားခဲ့သည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Credit: Reuters)
ကုလသမဂ္ဂရဲ့ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဒီတစ်ပါတ်အတွင်း ​မြောက်ကိုရီးယား ​နိုင်ငံကို ​လည်ပတ်ဖို့ ​ရှိတယ်လို့ ​သိရပြီး ​ကိုရီးယား ​နှစ်နိုင်ငံအကြား ​ဆက်ဆံရေး ​တိုးတက်လာဖို့ ​မျှော်လင့်နေကြပါတယ်။

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူး ​တာဝန်ယူစဉ်အတွင်း ​ဘန်ကီမွန်းအတွက် ​ပထမဦးဆုံးသော ​မြောက်ကိုရီးယား ​ခရီးစဉ်ဖြစ်ပြီး ​ဒီခရီးစဉ်ကြောင့် ​တောင်နဲ့ ​မြောက် ​ကိုရီးယားအကြား ​ဆက်ဆံရေး ​တိုးတက်လာနိုင်တယ်လို့ ​သုံးသပ်ကြပါတယ်။

မြောက်ကိုရီးယားရဲ့ ​နျူကလီးယား ​စမ်းသပ်မှုတွေနဲ့ ​ပတ်သက်ပြီး ​စိုးရိမ်မကင်း ​ဖြစ်ကြတုန်းမှာပဲ ​မကြာသေးခင်တုန်းကပဲ ​မြောက်ကိုရီးယားက ​အရှေ့ဘက် ​ကမ်းရိုးတန်းဒေသမှာ ​ကန့်သတ်နယ်မြေအထိ ​သတ်မှတ်လိုက်တဲ့အတွက် ​အဲဒီဒေသမှာ ​လက်နက်တွေ ​စမ်းသပ်နိုင်တယ်လို့ ​သုံးသပ်နေကြပါတယ်။

မေလတုန်းကလည်း ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးက ​မြောက်ကိုရီးယား ​နယ်စပ်မြို့ ​တစ်မြို့ကို ​သွားရောက်ဖို့ ​စီစဉ်ခဲ့ပေမယ့် ​လည်ပတ်မယ့်ရက် ​မရောက်ခင်မှာပဲ ​မြောက်ကိုရီးယားက ​ဖိတ်ခေါ်ချက်ကို ​ရုပ်သိမ်းခဲ့ပါတယ်။

ဘန်ကီမွန်းဟာ ​တောင်ကိုရီးယား ​နိုင်ငံခြားရေး ​ဝန်ကြီးဟောင်း ​ဖြစ်ခဲ့ပြီး ​တောင်နဲ့မြောက် ​ကိုရီးယားအကြား ​ရင်ကြားစေ့ရေးကို ​လိုလားသူ ​ဖြစ်သလို ​မြောက်ကိုရီးယားရဲ့ ​နျူကလီးယား ​ကိစ္စကိုလည်း ​ဖြေရှင်းလိုသူ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese