11/21/15

ရုရှားနိုင်ငံက ပြင်သစ်နိုင်ငံနှင့်တသားတည်းရှိကြောင်း ပြသသည့်အနေနှင့် လွန်ခဲ့သော ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့သော ပါရီအကြမ်းဖက်တိုက်ခိုက်မှုတွင် သေဆုံးခဲ့သော ရဲတပ်ဖွဲ့၏လုံခြုံရေးခွေး ဒီဇယ် (Diesel)ကို အမှတ်တရ ရှိနေစေရန်ရည်ရွယ်၍ ခွေးပေါက်ကလေးတကောင် လက်ဆောင်ပါးလိုက်သည်။

ဒေါ့ဘရီးနီးယား (Dobrynia) ဟု ခေါ်တွင်သော ခွေးပေါက်ကလေးကို ရုရှားအစိုးရက ပြင်သစ်နိုင်ငံ၏အကြမ်းဖက်တိုက်ဖျက်ရေးတွင် တာဝန်ထမ်းဆောင်စေရန် ပါရီသို့ ပို့လိုက်ပြီးဖြစ်ကြောင်း သိရသည်။ ဘယ်လ်ဂျီယံသိုးထိန်းခွေးအမျိုးအစား ဒီဇယ်လ်သည် ပါရီ အစုလိုက်အပြုံလိုက် အကြမ်းဖက်သတ်ဖြတ်မှုကြီး၏ အဓိကလက်သည် အက်ဘ်ဒယ်လ်ဟာမစ်အာဘုဒ်ဆိုသူ ပုန်းအောင်းနေသော ပါရီမြို့ စိန့်ဒန်းနစ်အရပ်ရှိ တိုက်ခန်းကို ၀င်ရောက်စီးနင်းစဉ် သေဆုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါ စီးနင်းမှုအတွင်း ဒီဇယ်သည် အသေခံဗုံးခွဲသူများ ၀တ်စဉ်သော ချပ်ဝတ်အကျီ င်္ကို အနံ့ခံရန် ရဲတပ်ဖွဲ့ဝင်များ၏အရှေ့မှ ၀င်ရောက်စဉ် အသေခံဗုံးခွဲသမား၏ ဖောက်ကွဲမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ဒီဇယ်သေဆုံးမှုကို ပြင်သစ်ပြည်သူများက ဂရုဏာသက်လျက်ရှိကြောင်း သိရသည်။

ခွေးပေါက်ကလေး ဒေါ့ဘရီးနီးယားကို ဒီဇယ်ကဲ့သို့ လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်သည်အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဟု ဆိုသည်။ရုရှားဝန်ကြီး ဗလာဒီမြာကိုလိုကော့ဇက်ဗ်ကလည်း “တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့ရတဲ့ ဒီဇယ်ရဲ့နေရာမှာ အစားထိုးဖို့ ဒေါ့ဘရီးနီးယားကို လက်ခံပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု စာရေးသားပေးပို့ခဲ့သည်။

ပုံ ၁ - အကြမ်းဖက်မှုတွင် သေဆုံးခဲ့ရသော ပြင်သစ် SWAT အဖွဲ့ဝင်ခွေး ဒီဇယ်
ပုံ ၂ - ဒီဇယ်ကို အမှတ်ရစေရန်ရည်ရွယ်၍ ရုရှားက လက်ဆောင်အဖြစ်ပေးပို့သော ခွေးပေါက်ကလေး ဒေါ့ဘရီးနီးယား
ပုံ ၃ - ဒီဇယ်လ် မသေဆုံးမီ မိနစ်ပိုင်းက တာဝန်ထမ်းဆောင်နေသည်ကို တွေ့ရပုံ

Ref ; Daily Mail
လင်းလင်း(ကညက)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ရာ ကမ္ဘာတလွှားမှ လေ့လာစောင့်ကြည့်သူများပင် အံ့သြမှင်သက် ဖြစ်ခဲ့ရသည်။ ထိုသို့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်နေကြသည့် နိုင်ငံများတွင် မြန်မာတို့၏ အိမ်နီးချင်းဖြစ်သလို ကမ္ဘာ့စူပါပါဝါ အမေရိကန်ကိုပင် အန်တုလာနိုင်သည်ဟု ရှုမြင်ခံနေရသည့် စီးပွားရေးအင်အားကြီး တရုတ်ပြည်လည်း အပါအ၀င်ဖြစ်သည်။ သို့ဖြစ်၍ ၂၀၁၅ အလွန် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်ပြီး တရုတ်၏ သဘောထားအမြင်ကို လေ့လာသိရှိနိုင်စေရန်အလို့ငှာ The New York Times တွင် ဖော်ပြပါရှိသည့် With Aung San Suu Kyi’s Rise, China and Myanmar Face New Relationship ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားလိုက်ပါသည်။

တရုတ်နိုင်ငံသည် မြန်မာပြည်၏ အာဏာအလုံးစုံနီးပါးကို ချုပ်ကိုင်ထားခဲ့သည့် ဗိုလ်ချုပ်ကြီးများကို နှစ်ပေါင်းများစွာ ထောက်ခံကာ ပံ့ပိုးခဲ့ကြသည်။ သို့တိုင် ယခုနှစ်တွင်မူ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်အစိုးရသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရနိုင်ခြေရှိသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အစိုးရရုံးစိုက်ရာ မြို့တော်ဘေဂျင်းသို့ ဖိတ်ကြားကာ တရုတ်သမ္မတ စီကျင်းပင်နှင့် တွေ့ဆုံစေခဲ့သည်။ ဇွန်လအတွင်း သွားရောက်ခဲ့သည့် အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်ကို အရေးထားရမည့် နိုင်ငံတခုအဖြစ် ရှုမြင်ပြီး လေးစားသမှုဖြင့် သိမ်မွေ့ယဉ်ကျေးစွာ ပြုမူဆက်ဆံခဲ့သည်ကို တွေ့ရသည်။ စိုးရိမ်သူအချို့က ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရုတ်အစိုးရအား ဒီမိုကရေစီစံနှုန်းများအကြောင်း သို့မဟုတ် ၁၁ နှစ်ကြာ အကျဉ်းချခံခဲ့ရသည့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တရုတ်လူမျိုး စာရေးဆရာ Liu Xiaobo နှင့် ပတ်သက်ပြီး ပြောဆိုနိုင်ဖွယ်ရှိသည်ဟု ပူပန်ခဲ့ကြသော်လည်း ပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။ သို့နှင့်တိုင် တရုတ်အနေဖြင့် မြန်မာပြည်တွင် မကြာမီပေါ်ထွက်လာတော့မည့် ရွေးကောက်ခံ အစိုးရသစ်လက်ထက်တွင် မြန်မာနှင့် ဆက်ဆံရေးသစ်တရပ် ထူထောင်ရန် ဆောင်ရွက်နိုင်မည်လား ဆိုသည်မှာမူ စိတ်ဝင်စားဖွယ်ဖြစ်သည်။

မြန်မာပြည်မှ သာမန်ပြည်သူများသည် တရုတ်အား ကျွန်းသစ်နှင့် ကျောက်မျက်ရတနာကဲ့သို့ တန်ဘိုးရှိ သဘာဝသယံဇာတများကို ထုတ်ယူရန် အကြီးအကျယ်စိတ်ဝင်စားနေသော၊ ပိုက်လိုင်းများ တည်ဆောက်ရန် မြေယာများကို နိုင်လိုမင်းထက် လုယက်နေသော၊ ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ဆည် တည်ဆောက်ခွင့်ရရန် အသည်းအသန်ကြိုးပမ်းနေသော မြောက်အရပ်က အင်အားကြီး အိမ်နီးချင်းအဖြစ် ရှုမြင်နေကြသည်။စစ်တပ်သြဇာလွှမ်းမိုးမှုရှိသည့် မြန်မာအစိုးရသည်ပင် တရုတ်ကို ယခင်လို အခွင့်အရေးသိပ်မပေးတော့။ မြန်မာအစိုးရသည် တရုတ်က တစိတ်တပိုင်း တည်ဆောက်ပြီးနေပြီဖြစ်သည့် မြစ်ဆုံဆည်စီမံကိန်းကို ဆိုင်းငံ့ခဲ့ရာ ဘေဂျင်းအစိုးရအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့သည်။ ဆိုရလျှင် မြန်မာအစိုးရ အမေရိကန်ဘက်ဆီသို့ သိသိသာသာချဉ်းကပ်သွားခဲ့သည်မှာ ပြီးခဲ့သည့် လေးနှစ်တာကာလကတည်းက ဖြစ်၏။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အထွေထွေရွေးကောက်ပွဲတွင် ၄၉၁ နေရာအနက် အများစုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့သည်။ ကော်မရှင်ကမူ တရားဝင်ရလဒ်များကို ဖြည်းဖြည်းချင်း ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲရလဒ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီးသည့်နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဘေဂျင်းအစိုးရအနေဖြင့် မြန်မာ့ရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့သည့်အတွက် ၀မ်းမြောက်မိပါကြောင်း၊ မြန်မာပြည်ကို ဆက်လက်ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း တည်ငြိမ်သော အမူအယာဖြင့် ပြောကြားခဲ့သည်။ လက်ရှိအချိန်ထိ တရုတ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်နေဆဲဖြစ်သည်။ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကလည်း မြန်မာအနေဖြင့် တရုတ်ပြည်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr. Wang နှင့် တရုတ်ပြည်တောင်ပိုင်းတွင် တွေ့ဆုံခဲ့စဉ် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမှန်စင်စစ် အဆိုပါနိုင်ငံခြားရေးဝန်ကြီးနှစ်ဦး၏ သံခင်းတမန်ခင်းဆန်သော အပြုအမူများနောက်ကွယ်တွင် တရုတ်ပြည်အတွက် မနှစ်မြို့ဖွယ်ရာအခြေအနေ ရှိနေပါသည်။ မြန်မာသည် အစဉ်အလာအားဖြင့် ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလာခဲ့သည့်နိုင်ငံ ဖြစ်သည်။ သို့တစေ အမေရိကန်နှင့် အခြားအနောက်နိုင်ငံတို့က ဆယ်စုနှစ်နှစ်စုကျော် စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ခဲ့ရာ အကျိုးဆက်အနေဖြင့် မြန်မာသည် တရုတ်ဘက်သို့ ပိုမိုနီးကပ်သွားခဲ့သည်။ သို့ဖြစ်ရာ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးခဲ့သည့် အစဉ်အလာသည်လည်း ပြောင်းလဲခဲ့ရသည်။ မည်သို့ဆိုစေ ပြီးခဲ့သည့် ၂၀၁၁ ကတည်းကစပြီး စစ်တပ်သြဇာလွှမ်းမိုးမှုရှိသည့် မြန်မာအစိုးရသည် အမေရိကန်ဘက်သို့ ချဉ်းကပ်သွားခဲ့သည်။ သို့တစေ လူ့အခွင့်အရေးတိုးတက်မှုနှင့် တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်နိုင်ရေးတို့နှင့် ပတ်သက်လျှင်ကား ၀ါရှင်တန်အစိုးရ မျှော်မှန်းထားသလောက် ဖြစ်မလာသေးပါ။ မြန်မာအစိုးရအနေဖြင့် ယခုကဲ့သို့ တရုတ်ဘက်မှ အမေရိကန်ဘက်ဆီသို့ ချဉ်းကပ်သွားခဲ့သည့်မှာ လူထုနှစ်သက်မှု မရှိသည့် မြစ်ဆုံစီမံကိန်းအပါအ၀င် အထူးသဖြင့် တရုတ်အစိုးရ၏ နိုင်လိုမင်းထက်ဆန်သော နည်းဗျူဟာအချို့ကြောင့်ဟု ဆိုရပါလိမ့်မည်။ ယင်းတို့မှာ အနောက်ကမ္ဘာ၏ လိုလားမှုနှင့် သွေဖယ်ဆန့်ကျင်လျက်လည်း ရှိသည်။ မြန်မာအနေဖြင့် တရုတ်အစိုးရနှင့် ယခင်အတိုင်း ခရီးဆက်လိုခြင်း မရှိကြောင်း ညွှန်ပြခဲ့ပြီး ဖြစ်၏။

အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ နှစ်ကြိမ်တိုင် သွားရောက်ခဲ့သော်လည်း တရုတ်ခေါင်းဆောင် မစ္စတာ စီကျင်းပင်ကမူ သမ္မတအဖြစ် တက်လာခဲ့သည့် ၂၀၁၂ ခုတည်းက ယခုအချိန်အထိ တခေါက်မျှပင် မရောက်ရှိသေးရာ ယင်းသည် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေး အေးစက်နေမှုကို ပြောပြနေသည့် သင်္ကေတဖြစ်သည်။ “မြန်မာက တရုတ်ကို သူနဲ့ထိုက်တန်တဲ့ လေးစားမှုရှိကြောင်း မပြတော့ဘူး၊ လက်ရှိအစိုးရဟာ အနောက်ကမ္ဘာနဲ့ သိပ်နီးကပ်သွားပြီလို့ တရုတ်တို့ ခံစားနေရလောက်တယ်” ဟု မဇ္ဈိမနှင့် ဂန္ဓာလတို့ ဆုံဆည်းရာ စာအုပ် (Where China Meets India: Burma and the New Crossroads of Asia) ကို ရေးသားခဲ့သည့် ဒေါက်တာသန့်မြင့်ဦးက ပြောသည်။ နောက်တက်လာမည့် မြန်မာအစိုးရအသစ်သည် အမေရိကန်အပါအ၀င် နိုင်ငံအားလုံးနှင့် ဆက်ဆံရေးပိုမိုတိုးတက်လာရန် အစွမ်းကုန် ကြိုးပမ်းလိမ့်မည်ဖြစ်ကြောင်း အထူးသဖြင့် အင်အားကြီးမားပြီး ကြွယ်ဝချမ်းသာသည့် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်တွင် တရုတ်သည် “One Belt, One Road” ခေါ် မြန်မာပြည်ကို ဖြတ်သန်းကာ ရထားလမ်း၊ ကားလမ်းနှင့် ပိုက်လိုင်းများကို ငွေကြေးစိုက်ထုတ်ပြီး တည်ဆောက်မည့် စီမံကိန်းကို မြန်မာက စိတ်အားထက်သန်မှု မပြခဲ့သည့်အတွက် စိတ်ပျက်ခဲ့သည်။ ယင်းသည် တရုတ်ကို အရှေ့တောင်အာရှနှင့် အာရှအလယ်ပိုင်းအပါအ၀င် ကမ္ဘာ့ဒေသအများစုနှင့် ချိတ်ဆက်ပေးမည့် စီမံကိန်းဖြစ်သည်။ သို့သော် မြန်မာပြည်သူတို့သည် ယင်းကမ်းလှမ်းမှုကို ဖွံ့ဖြိုးမှုနိမ့်ကျနေသည့် မိမိတိုင်းပြည်၏ စီးပွားရေးကို တိုးတက်စေမည့် စီမံကိန်းအစား တရုတ်က မြောက်ပိုင်းနယ်စပ်ကို ဖောက်ဖျက်ကျော်လွန်လာမှုအဖြစ် ရှုမြင်ခဲ့ကြသည်ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။ “မြန်မာအနေနဲ့ နယ်စပ်တွေကို ဖွင့်လှစ်ဖို့နဲ့ ပတ်သက်ပြီး တွန့်ဆုတ်မှုတွေ ရှိနေခဲ့တာ ကြာပါပြီ။ လုံခြုံရေးကိစ္စ ပူပန်မှုတွေကြောင့် ဖြစ်သလို ကမ္ဘာလောကကြီးနဲ့ ဆက်ဆံဖို့အတွက် ပိုပြီးစိတ်လှုပ်ရှားနေလို့လည်း ဖြစ်ပါတယ်” ဟု ဆက်လက်ပြောပြသည်။

မကြာသေးခင်ကဆိုလျှင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီး လမ်းကြောင်းလွဲအောင် ပြုလုပ်ခဲ့သဖြင့် တရုတ်သည် မြန်မာအစိုးရအတွက် အကူအညီမဖြစ်စေသည်မှာ ထင်ရှားခဲ့သည်။ အရပ်သားအမည်ခံ မြန်မာအစိုးရခေါင်းဆောင်များသည် မြောက်ပိုင်းတွင် ဆယ်စုနှစ်ကြာ ဖြစ်ပွားနေခဲ့သည့် ပဋိပက္ခများကို အဆုံးသတ်နိုင်ရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အလားအလာကောင်းရန်အတွက် ကြိုးပမ်းသည့်အနေဖြင့် တနိုင်ငံလုံး အပစ်ရပ်ရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေခဲ့ခြင်း ဖြစ်၏။ တရုတ်သည် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့အား နှစ်ပေါင်းများစွာ ထောက်ပံ့နေခဲ့သည်။ မြန်မာပြည်မြောက်ပိုင်းတွင် သြဇာလွှမ်းမိုးမှုရှိရန်နှင့် နယ်စပ်မှတဆင့် တရုတ်တောင်ပိုင်း ယူနန်ပြည်နယ်သို့ ၀င်ရောက်နေသည့် ကျွန်းသစ်နှင့် အခြားကျောက်မျက်ရတနာများကို ဆက်လက်အမြတ်ထုတ်နိုင်ရန်အတွက် ဖြစ်သည်။ မူးယစ်ဆေးဝါး၊ တွင်းထွက်ပစ္စည်းများနှင့် တိရစ္ဆာန်များကို ရောင်းဝယ်ဖောက်ကားနေကြသည့် သောင်းကျန်းသူများနှင့် ရာဇ၀တ်မှုကျူးလွန်သည့် ကွန်ယက်များသည် နှစ်နိုင်ငံအကြား လွတ်လပ်စွာ လှုပ်ရှားသွားလာလျက်ရှိ၏။ ပြီးခဲ့သည့်လတွင် ‘၀’ နှင့် ကချင်လက်နက်ကိုင်အဖွဲ့တို့သည် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ချုပ်ဆိုသည့် အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် ငြင်းဆန်ခဲ့သည်။ မြန်မာပြည်ရှိ အနောက်တိုင်း သံတမန်တို့က တရုတ်သည် ရွေးကောက်ပွဲတွင် မည်သူအာဏာရသည်ဖြစ်စေ နိုင်ဖဲတချပ်အဖြစ် ဆက်ကိုင်ထားနိုင်ရေးအတွက် အဆိုပါလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ကို အပစ်ရပ်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်း မပြုလုပ်ရန် တွန်းအားပေးနေကြောင်း ပြောဆိုခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနကမူ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့သည် ဘေဂျင်းမှ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေသည်ဆိုသည့်အပေါ် ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလှုပ်ရှားမှု ကာလအတွင်း နိုင်ငံခြားရေးရာကိစ္စများကို ပြောဆိုခဲ့ကြခြင်း မရှိခဲ့သလို တရုတ်အကြောင်းသည်လည်း ဆွေးနွေးစရာကိစ္စတခု မဟုတ်ခဲ့ပေ။ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်ခရီးစဉ်အတွင်း သံတမန်ဆန်စွာ ပြုမူဆက်ဆံခဲ့သော်လည်း တရုတ်ခေါင်းဆောင်များအကြား လူကြိုက်များခြင်း မရှိသလို သူ့အပေါ် ယုံကြည်မှုလည်း မရှိကြကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ တရုတ်ပညာရှင်တဦးက ပြောကြားသည်။ “တရုတ်က ဒေါ်အောင်ဆန်းစုကြည်ကို သဘောမကျပါဘူး။ မကြိုက်ရတဲ့ အကြောင်းပြချက်တွေလည်း ရှိပါတယ်” ဟု တရုတ်တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ Jinan တက္ကသိုလ်မှ ပါမောက္ခတဦးဖြစ်သူ Lin Xixing က ဆိုသည်။ “သူ့ဖခင်က ဒုတိယကမ္ဘာစစ်အတွင်းမှာ တရုတ်တပ်မတော်ကို ဂျပန်က တိုက်ခိုက်ရာမှာ ကူညီခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အနောက်အုပ်စုနဲ့ နီးစပ်မှု ရှိနေခဲ့တယ်။ သူဟာ အိန္ဒိယမှာ ကြီးပြင်းခဲ့တယ်။ ပြီးတော့ ဥရောပက နိုင်ငံခြားသားနဲ့ လက်ထပ်ခဲ့တယ်လေ” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

သို့တစေ တရုတ်ခေါင်းဆောင်များသည် နှစ်နိုင်ငံဆက်ဆံရေးကို လက်တွေ့ကျကျရှုမြင်ရန် တိမ်းညွှတ်လာခြင်း ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံသည် အခြားအရာအားလုံးထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပိုမိုလိုအပ်နေပြီး တရုတ်သည် ယင်းကို ပံ့ပိုးပေးနိုင်မည့် အကောင်းဆုံးအနေအထားတွင် တည်ရှိနေကြောင်း Mr. Lin က ဆိုသည်။ ထို့အပြင် သူက ဒေါ်အောင်ဆန်းစုကြည်သည် စံပြပုဂ္ဂိုလ်ထက် နိုင်ငံရေးသမား ပိုဆန်လာသည်ဟုလည်း သုံးသပ်ပြောဆိုခဲ့သည်။ “ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်နဲ့ ဆက်ဆံရေးကို ခိုင်မာအောင် တည်ဆောက်ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ တိုင်းပြည်စီးပွားရေးကို ကောင်းမွန်လာအောင်လုပ်ဖို့ လိုအပ်လို့ပါ။ သူ့ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေဟာ ဆင်းရဲချို့တဲ့ကြသူတွေပါ။ သူသာ တိုင်းပြည်စီးပွားရေးကို ပိုမိုကျပ်တည်းလာစေခဲ့မယ်ဆိုရင် မဲပေးခဲ့တဲ့ပြည်သူတွေက စိတ်ရှည်သည်းခံပေးကြတော့မှာ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

လင်းလင်း(ကညက)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

“အမေစုပုံကိုထိုးရင် ကျွန်တော်လည်း အမေ့အတွက် ပါရမီဖြည့်တဲ့ အနေနဲ့လက်ခကို သုံးဆယ်ရာခိုင်နှုန်း လျှော့ယူပါတယ် . . ”
------ ------- ------ ------

ရွေးကောက်ပွဲအလွန်ကာလတွင် ဆယ်ကျော်သက်များအနေဖြင့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၏ပုံတူ တက်တူးထိုးမှု ပိုမိုများပြားလာကြောင်းသိရသည်။ ''လာထိုးတဲ့အထဲမှာ လူငယ်တွေများပါတယ်။ ရွေး ကောက်ပွဲမတိုင်ခင်တုန်းကလည်း လာထိုးကြပေမယ့် ရွေးကောက်ပွဲအလွန်ကာလမှာတော့ အမေစုပုံကို လာထိုးတဲ့လူငယ်တွေ ပိုများလာတယ်။ တနေ့ကို လေးယောက်လာထိုးရင် တယောက်နှစ်ယောက်က အမေစုပုံကို ထိုးလာတာကိုတွေ့ရတယ်။ အမေစုပုံကိုထိုးရင် ကျွန်တော်လည်း အမေ့အတွက် ပါရမီဖြည့်တဲ့ အနေနဲ့လက်ခကို သုံးဆယ်ရာခိုင်နှုန်း လျှော့ယူပါတယ်''ဟု တာမွေမြို့နယ်ရှိ Redindian Tattoostudio မှ တက်တူးဆရာ ကိုဥာဏ်နိုင်မင်းက ပြောသည်။

လူငယ်များသည် ယခင်က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံတူဓာတ်ပုံထိုးသူများရှိခဲ့သော် လည်း ရွေးကောက်ပွဲအကြိုကာလနှင့် ရွေးကောက်ပွဲအလွန်ကာလ ယခုရက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူတက်တူးထိုး သူများပြားလာကြောင်းနှင့် တက်တူးပုံအရွယ်အစားပေါ်မူတည်၍ ဈေးနူန်းအစားစားရှိပြီး အနိမ့်ဆုံး ခြောက်သောင်းခွဲရှိကြောင်း သိရသည်။

''အမေစုပုံကို ထိုးပေးရတဲ့အချိန်မှာ အရမ်းစိတ်လှုပ်ရှားတယ်။ သာမန် ပုံတွေကို ထိုးပေးတဲ့အခါမှာ ၅၀ ရာခိုင်နှုန်းအနုပညာဈာန် သွင်းရုံနဲ့ရပေမယ့် ကမ္ဘာကလည်းသိတဲ့ မြန်မာပြည်သူ ပြည်သားတွေချစ်တဲ့ လူထုခေါင်းဆောင်ပုံကို ထိုးတဲ့အခါမှာ ရာနှုန်းပြည့်အား ထည့်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မတူမှာကြောက်တယ်။ အဲဒီအတွက် ထိုးနေတဲ့အချိန်မှာ ပျော်လည်းပျော်သလို ဖိအားလည်းရှိပါတယ်''ဟု ၎င်းက ဆက်ပြောပြသည်။

''ကျွန်တော်ထိုးတာ ဘယ်သူမှ မြှောက်ပေးလို့မဟုတ်ပါဘူး။ အမေစုကို ချစ်လို့ပါ။ တက်တူးထိုးတုန်းက နာကျင်မှုဒဏ်ကို ရဲရဲခံပြီး ထိုးခဲ့တာပါ။ မှန်ကြည့်တိုင်း ပျော်မိတယ်။ ၀မ်းသာကြည်နူးမိတယ်။ အခုလိုထိုးရတာ နောက်ဆုံးထွက်သက်အထိ အမေ့ကိုလေးစားချင်လို့ပါ''ဟု ဒေါ်အောင်ဆန်းစုကြည်ပုံတူ တက်တူးညာဘက် ရင်အုံတွင် ထိုးထားသည့် မောင်ဝေယံမင်းက ပြောသည်။

နေမင်းခ

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အားလုံး အတူ ပူးပေါင်း ပြီး လက်ရှိ လုပ်ဆောင် နေကြတာတွေ ထက် ၂ ဆ တိုး ဆောင်ရွက် ကြမယ်။
အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို တိုက်ခိုက် ချေမှုန်းရေးမှာ ကမ္ဘာတလွှားက နိုင်ငံတွေ အားလုံး ပါဝင် ကြဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီကနေ ကန့်ကွက်မယ့်သူ မရှိ တခဲနက် ဆုံးဖြတ် လိုက် ပါတယ်။

ဆီးရီးယားနဲ့ အီရတ် နိုင်ငံထဲက IS အဖွဲ့ တွေကို ကိုင်တွယ်ရာမှာ အားလုံး အတူ ပူးပေါင်း ပြီး လက်ရှိ လုပ်ဆောင် နေကြတာတွေ ထက် ၂ ဆ တိုး ဆောင်ရွက် ကြဖို့ လည်း လုံခြုံရေး ကောင်စီ ဆုံးဖြတ် ချက် မှာ တိုက်တွန်း ထားပါတယ်။

ဒီ ဆုံးဖြတ်ချက် ချနိုင်ဖို့ မူကြမ်းကို ပြင်သစ် နိုင်ငံက တင်သွင်း ခဲ့တာ ဖြစ်ပြီး IS အဖွဲ့ ကြောင့် ကမ္ဘာကြီး ပေါ်မှာ နိုင်ငံတကာ ရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဟာ မကြုံစဖူး အခြိမ်းခြောက် ခံနေရပြီ လို့ ဆိုထားပါတယ်။

ပဲရစ်မြို့တော် အတိုက်အခိုက် ခံခဲ့ရတာ သီတင်း တစ်ပတ် တင်းတင်း ပြည့် ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက် ညနေနှောင်းပိုင်း မှာ တော့ သေဆုံးခဲ့ကြရသူ အယောက် ၁၃၀ အတွက် ရည်စူးပြီး ပဲရစ် ရဲ့ လမ်းတွေ ပေါ်မှာ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ် ခဲ့ကြပါတယ်။

လူ အသေအပျောက် အများဆုံး ဖြစ်ခဲ့ရတဲ့ ဘာတာကလော်န် ဂီတရုံ ခန်းမ ရှေ့ အပါအဝင် ပစ်မှတ် ထားခံခဲ့ရတဲ့ ဘားဆိုင်တွေ စားသောက် ဆိုင် တွေ အရှေ့မှာ လူတွေ စုဝေး ခဲ့ကြပြီး စတင် တိုက်ခိုက် ခံခဲ့ရတဲ့ ဒေသ စံတော်ချိန် ညနေ ၈နာရီ မိနစ် ၂၀ အချိန် မှာတော့ လူအုပ် တွေ ဆီ ကနေ တိုင်ပင် မထားပဲ လက်ခုပ်သံတွေ ထွက်ပေါ် လာပါတယ်။

အာဏာရှင် အုပ်စိုးသူတွေ၊ ပြည်ပ ကျူးကျော်သူတွေ ကို ခုခံ အောင် နိုင်ခဲ့ပြီး ပြင်သစ်ပြည် လွတ်မြောက်ရေး ကို ဖော်ကျူး ထားတဲ့ နိုင်ငံတော် သီချင်း လာ မာဆေယေးစ် ကိုလည်း တချို့ သီကြွေး ကြပါတယ်။

ပြင်သစ် ယဉ်ကျေးမှုကြီး ဆက်လက် ၀င်းလက် တောက်ပ နေဦးမယ် ဆိုတာ ကို ပြသဖို့ ဒီ အချိန်မှာ အသံတွေ ဆူညံနေ ပါစေ၊ မီးရောင်တွေ ထိန်ညီး နေပါစေ ဆိုပြီး ပြင်သစ် ယဉ်ကျေးမှု ရဲ့ အထင်ကရ ဦးစီးဦးဆောင် ပုဂ္ဂိုလ်တွေ က အစောပိုင်း ကတည်းက ဆော်ဩ နေခဲ့ကြ ပါတယ်။

ပဲရစ် တိုက်ခိုက် ခံခဲ့ရတာမှာ စုစုပေါင်း လူ အယောက် ၁၃၀ သေဆုံး ခဲ့ရပြီး လူ ၉၀ ကိုလည်း အထူး ကြပ်မတ် ကုသ ပေးနေရဆဲ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ရင်းနှီးသည့် ဆက်ဆံရေး မတည်ဆောက် ခဲ့သည့် အကြောင်းရင်း တစ်စိတ်တစ်ပိုင်းကြောင့် မြန်မာနိုင်ငံ ရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီအနိုင်ရရှိခြင်းက ဂျပန်နှင့် ၎င်း၏ ကုမ္ပဏီများအတွက် မြန်မာနိုင်ငံတွင်း မသေချာမှုအချို့ ကြုံတွေ့နေစေမည်ဟု စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှု အတိုင်းအတာက အံသြဖွယ် ဖြစ်သော်လည်း ဂျပန်အစိုးရတာဝန်ရှိသူများက ပြောဆိုခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်ဖွယ်ရာရှိသည်ဟု စိတ်သက်သာရာ ရမိသည်ဟု ဆိုသည်။

၁၈၈၅-၁၉၈၆ ခုနှစ် ကျိုတိုတက္ကသိုလ်တွင် ဧည့်ပညာတော်သင် အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်တွင် ရှိစဉ်က ဂျပန်လုပ်ငန်းရှင် အသိုင်းအ၀ိုင်း အတွင်း သူမကို သိသူ အနည်းငယ်သာ ရှိခဲ့သည်။ အာဘေးက လက်ရှိ စစ်တပ်ကျောထောက် နောက်ခံ မြန်မာသမ္မတ ဦးသိန်းစိန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိသော် လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန် ရင်းနှီးမှု မဖော်ဆောင် ထားခဲ့ပေ။

၂၀၁၃ ခုနှစ်တွင် ဂျပန်က မြန်မာအား စီးပွားရေး အကူအညီများ ပြန်လည် စတင်ပေးခဲ့ပြီး ၂၀၁၃ နှင့် ၂၀၁၄ အကြားတွင် အတိုးနည်း ချေးငွေ ၁.၅ ဘီလီယံ ခန့် ပေးအပ်ခဲ့သည်။ ဇူလိုင်လအတွင်း ဦးသိန်းစိန်နှင့် တိုကျို အစည်းအဝေးပွဲတစ်ခုတွင် ချေးငွေများ ထပ်မံပေးအပ်ရန် အာဘေးက ကတိပြုထားခဲ့သည်။

ဂျပန်ရင်းနှီးမြှုပ်နှံသူများက ရန်ကုန်တွင် အပူငွေ့ဓာတ်အား စက်ရုံ တည်ဆောက်ရာတွင် ကူညီခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့် တင်ခြင်း၊ အဓိက မြို့ကြီးများတွင် ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ များ တည်ဆောက်ခြင်းတို့ လုပ်ဆောင်နေကြသည်။ ရန်ကုန်အရှေ့တောင် ဘက် စက်မှုဇုန်တွင် ဟက်တာ ၂,၄၀၀ ကျယ်ဝန်းသည့် သီလ၀ါ အထူး စီးပွားရေးဇုန် ဖော်ဆောင်ခြင်းက အရေးအပါဆုံး ဖြစ်သည်။

စက်တင်ဘာလအတွင်း ပထမအသုတ် ဖွင့်ပွဲ အခမ်းအနား တက်ရောက်ရန် ဂျပန်ဘဏ္ဍာရေးဝန်ကြီး တာရိုအာဆိုက သီလ၀ါသို့ သွားရောက်ခဲ့သည်။ ထိုသို့ ဖော်ဆောင်ရာတွင် ထိုနေရာရှိ လူများကို ရွှေ့ပြောင်း နေရာချ ထားခဲ့သောကြောင့် ဝေဖန်မှုအချို့ ကြုံတွေ့ခဲ့ရသည်။

”အကြီးစား လုပ်ငန်းစီမံချက်တွေကို ဆန့်ကျင်မှု ၊ ဆန္ဒပြမှုတွေ ပိုမိုများပြား လာဖို့ ရှိပါတယ်။ ဆန့်ကျင်သူတွေကတော့ NLD က အရင်အစိုးရထက် သူတို့ စကားတွေ ပိုမိုနားထောင်လိမ့်မယ်လို့ ထင်နေကြတယ်” ဟု Institute of Developing Economies တက္ကသိုလ်မှ လေ့လာဆန်းစစ်သူ နိုရီယူကီ အိုဆာဒါက ပြောကြားခဲ့သည်။

“သူတို့စကားတွေ နားထောင်ပေးဖို့ NLD မှာ ဖိအားကြီးကြီးမားမား ကြုံတွေ့ ရလိမ့်မယ်” ဒေါ်အောင်ဆန်းစုကြည် နှင့် NLD တို့က နိုင်ငံခြား အရင်းအနှီး များနှင့် မည်မျှ ရင်းနှီးလိမ့်မည်နည်းဟု ကျွမ်းကျင်သူများက မရေမရာ ရှိနေကြသည်။

“NLD က နိုင်ငံခြား လုပ်ငန်းများနဲ့ ဘယ်လောက် ထိတွေ့ဆောင်ရွက် ချင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ သတင်းအချက်အလက် အနည်းငယ်သာ ရှိပါတယ်”ဟု အစိုးရနှင့် ပတ်သက် ဆက်နွှယ်နေသည့် ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်းမှ လေ့လာဆန်းစစ်သူ တာရှီဟီရို မီဇူတာနီက ဆိုသည်။

ဂျပန်နှင့် မြန်မာအကြား ယမန်နှစ်ကမှ စတင်အကျိုးသက်ရောက်သည့် ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် တစ်ခု ရှိထားသည်။ ဂျပန် ရင်းနှီးမြှုပ်နှံမှု များအား အကာအကွယ်ပေးပြီး စီးပွားရေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ ပိုမိုပွင့်လင်းလိမ့်မည်ဟု အဆိုပါ သဘောတူညီချက်ကို မျှော်လင့်မှုများလည်း ရှိနေသည်။

PKT

The Ladies News Journal

၂၀၁၅ခု ရွေးကောက်ပွဲ။ ထိုရွေးကောက်ပွဲတွင် ကျွန်မအနေဖြင့် ကျွန်မထောက်ခံသောပါတီကြီးတခု၏ ကိုယ်စားလှယ်လောင်းအတွက် မဲရုံကိုစောင့်ကြပ်ကြည့်ရှုပေးရသောကိုယ်စားလှယ်အဖြစ်ပါဝင်ခဲ့သည်။ တိုင်းပြည်၏ နိုင်ငံရေးစနစ်အပြောင်းအလဲမှာ လက်ရှိအာဏာရပါတီသမ္မတက ပြောင်းလဲပြီးနေပြီဟု ဆိုခဲ့သလို အတိုက်အခံပါတီကြီး၏ရွေးကောက်ပွဲဝင်ကြွေးကြော်သံမှာတော့ ပြောင်းလဲချိန်တန်ပြီဟု ဆိုခဲ့သည်။

ပြောင်းလဲနေပြီဟုဆိုဆို၊ ပြောင်းလဲချိန်တန်ပြီဟုဆိုဆို ကျွန်မတို့မြန်မာပြည်အတွက် နိုင်ငံရေးစနစ်အသစ် တခုဆီကို တိတိကျကျ၊ ထင်ထင်ရှားရှား၊ သိသိသာသာ၊ မှတ်ကျောက်တင်လောက်အောင် ပြောင်းကို ပြောင်းမှဖြစ်တော့မည်ဆိုသည်အချက်ကိုမူ မည်သူမှ ငြင်းချက်မထုတ်စေချင်။ ထိုကြောင့်ပင် ရွေးကောက် ပွဲတွင် ယခင်အချိန်ကာလများကလို တသင်း၊ တဖွဲ့၊ တအုပ်စုကြီးစိုးပြီး ထင်တိုင်းကျဲတတ်သည့် Hard power ကိုချည်းသာအသုံးချအုပ်စိုးသည့်အစိုးရမျိုးပေါ်ထွက်မလာစေရန် မျှတမှုနှင့် လွတ်လပ်မှုအတွက် မဲရုံတခုကို စောင့်ကြပ်ကြည့်ရှုရန်တာဝန်ရှိသည်ဟုယူဆသဖြင့် တထောင့်တနေရာမှ ကိုယ်တိုင်ပါဝင် တာဝန်ယူခဲ့မိသည်ဟုသာဆိုကြပါစို့။
ရွေးကောက်ပွဲနေ့ဖြစ်သော နိုဝင်ဘာလ(၈)ရက်နေ့ နံနက်ခင်းကား ရာသီဥတုသာသာယာယာရှိလှသည်။ မုန်းတိုင်းရှိသည်။ မိုးရွာနိုင်သည်ဟုဆိုသော်ငြား ထိုနေ့နံနက်ခင်းမှာ ကောင်းကင်မှာလည်းကြည်ကြည်လင် လင်ရှိသလို မိုးလည်းမရွာ။ လေလည်းမတိုက်။ မြူမှုန် နှင့်ငွေ့လည်းမရှိ။ မြန်မာပြည်အနေဖြင့် ဆောင်းရာသီ သို့ချင်းနင်းဝင်ရောက်နေပြီဖြစ်သော်လည်း ကျွန်မနေထိုင်သော ရန်ကုန်မြို့တော်၏ ရာသီဥတုမှာ အေးလည်း မအေး၊ ပူလည်းမပူ။ နေသာထိုင်သာရှိသောရာသီဥတုရှိနေခဲ့သည်။
ထိုနေ့ နံနက်ခင်းမှာ ကျွန်မတို့ရပ်ကွက်ဖြစ်သော ရန်ကုန်မြို့။ စမ်းချောင်းမြို့နယ်၊လင်းလွန်းတောင်ရပ်ကွက်၏ မဲရုံများရှိရာ အမှတ်(၄) အထက်တန်းကျောင်းဆီသို့ မဲရုံကိုယ်စားလှယ်များ နံနက် (၄)နာရီအရောက်ချီတက် ခဲ့ကြသည်။ အံ့သြစရာကောင်းသည်က ကျွန်မတို့ရောက်ချိန်မှာပင် မဲဆန္ဒပေးကြမည့် ပြည်သူတွေ တန်းစီနေ ကြချေပြီ။ (တို့ပြည်သူတွေ မဲပေးဘို့ အတော်စိတ်အားထက်သန်ကြတာဘဲ။ ၀ိရိယကောင်းချက်ကလည်း တို့များမရောက်ခင်တောင် ရောက်နေကြပါလား။ တော်လိုက်ကြတာ။)ဟုအောင်းမေ့ရင်း မဲရုံများရှိရာ အထက်တန်းကျောင်းတွင်းရှိ မဲရုံခန်းများအတွင်းသို့ဝင်ရောက်ခဲ့သည်။

ကျွန်မက လင်းလွန်းတောင်ရပ်ကွက်၏ မဲရုံအမှတ်(၄)မှာ တာဝန်ကျခဲ့သည်။ ကျွန်မရောက်ရှိချိန်မှာ မဲရုံမှုး ဆရာမများလည်း ၀တ်စုံပြည့်နှင့် အဆင်သင့်ရောက်နေကြပြီ။ မိမိတို့ရောက်ရှိသည်နှင့် တပြိုင်နက် အလုပ် တာဝန်ကိုစတင်ရချေပြီ။ မဲရုံမှုးဆရာမအား( ဆရာမရေ-ကြိုတင်မဲပုံး လက်ခံထားပြီနော်။)ဟုဆိုတော့ သူမက သူမ၏ အလုပ်စားပွဲအောက်မှာချထားသော ကြိုတင်မဲပုံးကြီးကိုပြသည်။ အိုကေ။ မဲရေတွက်ခြင်း မပြုရသေး သော်လည်း ကြိုတင်မဲများများစားစားရှိပုံမရ။ နောက်ဆုံး မဲရုံပိတ်ချိန် ညနေ၄-၀၀နာရီအချိန်တင် ကြိုတင်မဲ များကို စတင်ရေတွက်ရာ မဲပေးနိုင်သူ(၈၂၄)ယောက်အနက်မှ ကြိုတင်မဲ (၄၂)မဲ ပေးခဲ့ကြကြောင်းတွေ့ရှိရပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီမှ (၁၀)မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ မဲ၃၀) ၊ အခြားပါတီမှ (၁)မဲ၊ ပယ်မဲ (၁)မဲ ရရှိခဲ့သဖြင့် အငြင်းပွားဖွယ် ပြသနာတစုံတရာမရှိခဲ့.။ ပြောရလျှင်တော့ ၂၀၁၀ခုရွေးကောက်ပွဲပြုလုပ်စဉ်က ကြိုတင်မဲနှင့် အနိုင်ယူခဲ့သော အချင်းများဖွယ်ရာကိစ္စ များရှိခဲ့သဖြင့် ကြိုတင်မဲကောက်ခံခြင်းကိစ္စကိုစောင့်ကြည့်ရာမှာ ပေါ့ပေါ့တန်တန်သဘောမထားခဲ့။ ကျွန်မတို့ ရပ်ကွက်မှာ ကြိုတင်မဲကောက်ယူခဲ့သောနိုင်ဝင်ဘာ(၇)ရက်နေ့ကပင် မဲရုံကိုယ်စားလှယ်တို့က ကြိုတင်မဲ ပေးကြမည့် နေအိမ်တိုင်းသို့လိုက်ပါစောင့်ကြည့်ခဲ့သည်။ မယုံကြည်ဘူး၊ ယုံကြည်ပါသည်မရှိ။ ပုထုစဉ်လူ သားတိုင်းမှာ အတ္တနှင့်ဘက်လိုက်မှုရှိတတ်သည်မို့ ကြိတင်မဲပုံးများ ညအိပ်ရပ်နားရာကော်ရှင်ရုံးရှေ့မှာလည်း ရပ်ကွက်မှကိုယ်စားလှယ်လူငယ်များကညအိပ်စောင့်ကြပ်ခဲ့ကြသည်။ ကျွန်မတို့ရပ်ကွက်မှ ကြိုတင်မဲံ့ပုံးကို ရွေးကောက်ပွဲနှင့် ဘာမျှမသက်ဆိုင်သော ဘုန်းကြီးကျောင်းအထိ သယ်ယူသွားသည်ဆိုသော ရန်ကုန်တိုင်း အတွင်းနယ်မြေတခုမှာဖြစ်ခဲ့သည့် ဖြစ်ရပ်မျိုးကိုအဖြစ်မခံနိုင်။ ဒီနေရာမှာ ကြားဖြတ်၍ မဲရုံကိုယ်စားလှယ်အဖြစ်မည်သူတွေပါဝင်နိုင်သနည်း။ မဲရုံတခုအတွက်ရွေးကောက် ပွဲမှာပါဝင်ယှဉ်ပြိုင်မည့် ပါတီတိုင်း၏ကိုယ်စားလှယ်လောင်းများက မိမိပါတီဝင်ဖြစ်သည်ဖြစ်စေ၊ ပါတီဝင် မဟုတ်သည်ဖြစ်စေ မိမိယုံကြည်သူကို မဲရုံကိုမိမိကိုယ်စားစောင့်ကြည့်ရန်ကိုယ်စားလှယ်အဖြစ် တာဝန်အပ် နှင်းနိုင်ပါသည်။ ကျွန်မတို့မဲရုံမှာ လက်ရှိအာဏာရပါတီ၏ကိုယ်စားလှယ်ကိုကိုယ်စားပြုသော မဲရုံကိုယ်စား လှယ်များကိုမတွေ့ရသည်ကလည်း ထူးခြားချက်တခုဖြစ်နေသည်။ ထားပါတော့။ အာဏာရပါတီအတွက် စိတ်ချလက်ချနေနိုင်ရန် အကြောင်းအချက်တွေရှိကောင်းရှိနေမည်။

မဲရုံဖွင့်လှစ်ချိန်က နံနက် ၆-၀၀နာရီ။ မဲရုံကို မဲရုံခန်းမှမဲရုံမှုး၏ စားပွဲပေါ်မှစားပွဲတင်နာရီ၏အချိန် အတိုင်း စတင်ဖွင့်လှစ်သည်။ ကျွန်မတို့ မဲရုံကိုယ်စားလှယ်များကလည်း မိမိတို့၏လက်ပတ်နာရီများကို မဲရုံမှုးဆရာမ ၏ စားပွဲပေါ်မှစားပွဲတင်နာရီမှအချိန်အတိုင်း မိမိတို့နာရီများကိုလည်း မိနစ်အတိအကျတိုက်လိုက်ကြသည်။ မဲရုံပိတ်သိမ်းချိန်ကို အချင်းများစရာမရှိစေရန်ရည်ရွယ်သည်။ ငါးမိနစ်အလို၊ တမိနစ်အလိုတွင် မဲပေးလိုသည့် ပြည်သူတဦးတလေရောက်ရှိလာချိန်မှာ မဲပေးခွင့် ရှိသေးသလား။ မရှိတော့ဘူးလားဆိုသည့် အငြင်းပွားဖွယ် ကိစ္စမျိုးမဖြစ်ရန်အထူးရည်ရွယ်သည်ဆိုပါတော့။ မဲရုံဖွင့်ချိန်၊ မဲရုံပိတ်သိမ်းချိန်သည် မဲရုံမှုး၏စားပွဲမှနာရီချိန် အတိုင်းသာလျှင်စံအဖြစ်သတ်မှတ်ရမည်။ လက်တွေ့တွင်မူ ရပ်ကွက်ကော်မရှင်က မဲရုံပိတ်ပြီဟုဆိုချိန်မှာ ကျွန်မတို့၏ မဲရုံအမှတ် (၄)မဲရုံမှ နာရီက ညနေ၄-၀၀နာရီထိုးရန် ငါးမိနစ်တိတိလိုနေသေးသည်။ ရပ်ကွက်ကော်မရှင်၏လက်အောက်မှာ အထက် တန်းကျောင်းတကျောင်းထဲအတွင်းတွင် မဲရုံးလေးရုံရှိနေခဲ့ရာ မဲရုံများအလည်မှာ ကော်မရှင်ရုံးခန်းရှိသည်။ ငါးမိနစ်ဆိုသောအချိန်သည် မဲဆန္ဒရှင်အနည်းဆုံးငါးယောက်ခန့်မဲပေးနိုင်ရန်လုံလောက်သောအချိန် ဖြစ်သည်။ နောင်အခါ မဲရုံပိတ်သိမ်းချိန်အတွက် အချင်းများမှုများကိုရှောင်ရှားနိုင်ရန် အချိန်တိကျအောင် မည်သို့ဆောင်ရွက်သင့်သနည်းဆိုသည်ကိုကော်မရှင်ကတိတိကျကျ သတ်မှတ်နိုင်အောင်ကြိုးစားသင့် သည်။ မဲရုံမဖွင့်မီ ကြိုတင်မဲလက်ကျန်မဲလက်မှတ်စာအုပ်များကိုစစ်ဆေးကြရခြင်းမှာလည်း မဲရုံတာဝန်ကျသူ အား လုံး၏တာဝန်ဖြစ်သည်။ မြန်မာပြည်တွင်းမှာနေထိုင်သူများ၏ ကြိုတင်မဲတိုင်းသည် မဲရုံမဖွင့်မီမှာပင် သက် ဆိုင်ရာမဲရုံးမှုးထံအပ်နှံပြီးဖြစ်နေရမည်။ နိုင်ငံရပ်ခြား ကြိုတင်မဲများသည် မဲရုံမပိတ်သိမ်းမီ ၄-၀၀နာရီ မတိုင် ခင်ရောက်ရှိရမည်ဖြစ်သည်။ မဲရုံပိတ်သိမ်းပြီး မဲရှုံးမည်ဟုယူဆမှရောက်ရှိလာသော ကြိုတင်မဲဆိုသည်မှာ ရွေးကောက်ပွဲဥပဒေ၏သတ်မှတ်ဥပဒေနှင့်တော့ လုံးဝမကိုက်ညီ။ မဲရုံတွင် မဲရုံမှုးဆရာ-ဆရာမများသည် သာအာဏာပိုင်ဖြစ်၍ အခြားအာဏာရှိသူတဦးဦး၏အမိန့်အာဏာများကလွှမ်းမိုးလာပြီး သန်းခေါင်၊ သန်းလွဲ ချိန်ကျမှရောက်ရှိလာသော ကြိုတင်မဲများကိုထဲ့သွင်းရေတွက်စေခြင်းမျိုးကို သက်ဆိုင်ရာ မဲရုံတာဝန်ရှိသူ အားလုံးကလုံးဝကန့်ကွက်၊ တားဆီး၊ ပယ်ဖျက်ရမည့်ကိစ္စသာဖြစ်သည်။ မဲရုံတွင်မဲရုံမဖွင့်မီကပင် ကြိုတင်မဲပေးခဲ့သောမဲစာရင်းစာအုပ်မှအသုံးပြုခဲ့သော မဲပြားစာအုပ်ရွက်ရေကို စစ်ဆေးကြရသည်။ ပုံစံ (၁၃)ကိုဖြည့်ကြသည်။ အခက်အခဲမရှိ။ ယခုရွေးကောက်ပွဲမှာ တပါတီအာဏာရှင် စနစ်အောက်မှရွေးကောက်ပွဲမဟုတ်။ ပါတီပေါင်းများစွာပါဝင်ယှဉ်ပြိုင်သောရွေးကောက်ပွဲဖြစ်နေ၍ မဲရုံ စတင်ဖွင့်လှစ်ချိန်မှာရှိသော မဲပြားအရေအတွက်၊ မဲပေးသူများအသုံးချခဲ့သည်အရေအတွက်၊ လက်ကျန် မဲပြားအရေအတွက်မှာ ပိုခြင်း၊ လိုခြင်းမရှိ၊ ကွက်တိဖြစ်နေရမည်။ ဤသည်မှာအတိအကျလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။ ပြည်သူလူထု၏ မဲဆန္ဒပေးမှုကား တည်တည်ငြိမ်ငြိမ်၊ တက်တက်ကြွကြွရှိလွန်းသည်။ စည်းကမ်းလည်းရှိကြ သည်။ မည်သူကမည်သူ့ကိုမှ ကျောက်ခွမတက်။ ဘတ်စကားတိုးစီးနေခြင်းမဟုတ်ဘဲ တိုင်းပြည်ကိုအုပ်ချုပ် မည့်အစိုးရရွေးချယ်ပွဲ( သို) အုပ်ချုပ်ရေးစနစ်ရွေးချယ်ပွဲဖြစ်ကြောင်း လူတိုင်းသဘောပေါက်ဟန်တူသည်။ နံနက်၆-၀၀နာရီမှ ၇-၀၀နာရီ အကြား ပထမတနာရီမှာ လူဦးရေ( ၁၀၅)ယောက် မဲရုံအတွင်းဝင်ခဲ့သည်။ ဤ မဲဆန္ဒရှင်ဝင်နှုန်းမှာ ဒုတိယနာရီ၊ တတိယနာရီများအထိ စံချိန်တူဝင်ရောက်ခဲ့ကြောင်းတွေ့ရှိရ၍ မဲဆန္ဒရှင် ပြည်သူလူထု၏ စည်ကမ်းရှိမှုကို မချီးကျူးဘဲမနေနိုင်။

ဒု-မဲရုံမှုးဆရာမက သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များ၊ မကျန်းမာသူဟု မဲပေးသူ ရပ်ကွက်သူ၊ ရပ် ကွက်သားအချင်းချင်းကအာမခံပေးသူများကို တန်းမစီခိုင်းတော့ဘဲ အလျင်အမြန်မဲပေးနိုင်စီစဉ်ပေးသည်။ မည်သူကမှ အတွန့်မတက်။ မကျေနပ်မဖြစ်။ ဒု-မဲရုံမှုးဆရာမသည် လုပ်သင့်လုပ်ထိုက်သည့်အချက်ကို လုပ်ဆောင်ခြင်းဟုသာသဘောထားလက်ခံကြသည်။ ရာထူးတစုံတရာကြောင့် အခွင့်အရေးပေးခဲ့ခြင်းမျိုး မဟုတ်ဘဲ လူ့အဖွဲ့အစည်းမှာအခြေအနေနှင့်အချိန်အခါအရ ဦးစားပေးရမည့်သူတွေရှိနေတတ်သည်ကို လူယဉ်ကျေးတိုင်းနားလည်သည်။ ဒါတွေကိုကြည့်ပြီး ကျွန်မကတော့ (တို့ပြည်သူတွေဟာ ပရမ်းပတာ ပြည်သူတွေမဟုတ်ဘူး။ တကယ်ကို ချစ်စရာကောင်း လာက်အောင်စည်းကမ်းရှိရှိ၊ တာဝန်သိသိနေတတ် သူတွေပါလား။)ဟုဂုဏ်ယူမိသည်။ မဲရုံတွင် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အတွက် ပထမရွေးချယ်မဲထဲ့ရသည်။ ဒုတိယမဲပုံးမှာ အမျိုးသား လွတ်တော်အတွက်။ တတိယမှာတိုင်းဒေသကြီးလွတ်တော်။ စတုတ္ထမဲပုံးက တိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက်ကိုယ်စားလှယ်မဲပုံး။ မဲပေးခြင်းမှန်ကန်သော်လည်း မဲပုံးလွဲထဲ့သူတွေရှိခဲ့သည်။ ထိုကြောင့် ပယ်မဲသတ်မှတ်ခြင်းခံခဲ့ကြရသည်။ အချို့သောမဲရုံများမှာတော့ မဲပုံးမှားယွင်းထဲ့ခဲ့သောမဲများကို ပယ်မဲဟု မသတ်မှတ်ကြောင်းလည်းကြားသိရပြန်သည်။ ထိုကိစ္စမှာ ဆန္ဒမဲပြားမထဲ့မီကပင်သတိထားရမည်မှာ မဲဆန္ဒရှင်၏တာဝန်။ သို့တည်းမဟုတ် မဲရုံတာဝန်ကျ ၀န်ထမ်းများက မဲဆန္ဒရှင်များကို ရှင်းပြရန်တာဝန်ရှိသည်။ မတတ်နိုင်။ ကိုယ်က မဲရုံကိုယ်စားလှယ်မျှသာ။ ထိုအရာအတွက် မဲဆန္ဒရှင်များကိုထောက်ပြပြောဆိုရန်အခွင့်အရေးမရှိခဲ့။ နောင်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်တိုင်းသတိထားစေချင်သည်။ ဘယ်ပါတီက ဘယ်ကိုယ်စားလှယ်ကို မဲဆန္ဒပေးပေး။ မိမိ၏ဆန္ဒ မဲပြားအချည်းနှီးမဖြစ်ရန်သတိထားစေချင်သည်။ မဲရုံအတွင်းမှာတော့ မဲရုံဝန်ထမ်းများမှာအခြားတာဝန်များ လည်ရှိနေသည်မို့ သတိပေးနိုင်ချင်မှပေးနိုင်မည်။ ကျွန်မကိုယ်တိုင်ပါဝင်စောင့်ကြည့်ခဲ့သော မဲရုံမှာ ဆန္ဒမဲပေးခွင့်ရှိသူ စာရင်းအရ (၈၂၄)ဦးတိတိရှိသည်။ ကြိုတင်မဲ (၄၂)ဦး။ မဲရုံသို့လာရောက်ပေးသူ (၅၃၀)ဦးရှိသည်။ စုစုပေါင်း (၅၇၂)ဦးမဲပေးခဲ့ကြသည်။ ရွေး ကောက်ပွဲကော်မရှင်မှထုတ်ပြန်သောမဲစာရင်းအရတွက်လျှင် (၂၅၂)ဦးမဲလာမပေးဟုယူဆနိုင်သည်။ သို့သော် ထိုမျှမများနိုင်။ ကျွန်မအနေဖြင့် ရပ်ကွက်ထဲမှာ နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းလေးဆယ်နီးပါးရှိခဲ့ပြီ။ ရပ်ကွက်နေပြည် သူအားလုံးလိုလိုကိုမျက်နှာမစိမ်း။ မည်သည့်မိသားစုကမည်သူမဲလာပေးပြီးပြီ။ မည်သူတော့ မပေးသေး ဆိုသည်အချက်ကအစသိနိုင်လောက်အောင်ထောက်ပြပြောနိုင်သည်။ လူဦးရေ (၂၅၂)ယောက် မဲလာ မပေးဟုဆိုခြင်းထက် ရွေးကောက်ပွဲကော်မရှင်က အိမ်ထောင်စုစာရင်း ပုံစံ၆၆/၆ကို အသုံးပြုခဲ့၍ သေဆုံးသူ၊ အရပ်ဒေသပြောင်းရွေ့သွားသူ ၊နိုင်ငံရပ်ခြားရောက်ရှိနေသူများ မဲစာရင်းတွင်ပါဝင်နေခြင်းသာဖြစ်နိုင်သည်။ မဲရုံမပိတ်မီ ၃နာရီ၄၅မိနစ်ခန့်တွင် အမေရိကန်နိုင်ငံကာတာစင်တာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ များ ရောက်ရှိလာပြီး မဲရေတွက်ပြီး၊ ပါတီတခုစီမှကိုယ်စားလှယ်တဦးစီရရှိသော မဲပြားများချိတ်ပိတ်သိမ်း ဆည်းပြီးချိန် ည၁၁-၀၀နာရီအထိ စောင့်ကြည့်လေ့လာသွားခဲ့သည်။ သူတို့က ( မဲလာပေးသော်လည်း မဲပေး ခွင့်မရရှိခဲ့သူရှိပါသလား။)( မဲရုံစောင့်ကြည့်သူများအနေဖြင့် မဲရုံကိုစောင့်ကြည့်လေ့လာနိုင်ရန် သင်တန်း ဘယ်နှစ်ရက်တက်ရောက်ခွင့်ရခဲ့သလဲ။)ဆိုသည့် အချက်များကိုမေးမြန်းခဲ့သည်။ ကျွန်မတို့မဲရုံအမှတ်(၄)မှာတော့ မဲလာရောက်ပေးပြီး မဲပေးခွင့်ဆုံးရှုံးခဲ့သူမရှိ။ စမ်းချာင်းမြို့နယ်၊ အမှတ်(၄) အထက်တန်းကျောင်းဝင်းအတွင်းရှိ မဲရုံလေးရုံအနက် မဲရုံတရုံမှာတော့ တဦးရှိခဲ့သည်။မိသားစုလေးဦးရှိရာ ချွေးမဖြစ်သူ၏အမည် မဲစာရင်းမှာမပါဝင်ဘဲကျန်ရစ်ခဲ့သည်။ မဲဆန္ဒရှင်က ရပ်ကွက်ကော်မရှင်ကို ( ကျွန်မ တို့ပြည်သူလူထုက စားဝတ်နေရေးအတွက် ကိုယ့်အလုပ်ကိုယ်လုပ်နေရတာ။ မဲစာရင်းစစ်တာ ကျွန်မ တို့ပြည်သူလူထုရဲ့အလုပ်မဟုတ်ဘူး။ နိုင်ငံသားတိုင်းမဲစာရင်းမှာပါဝင်အောင်လုပ်ရမှာက ကော်မရှင်ရဲ့ တာဝန်။ ဟောဒီမှာအိမ်ထောင်စုစားရင်းနဲ့မှတ်ပုံတင်ပါလာတယ်။ ကျွန်မ မဲပေးခွင့်ရချင်တယ်။)ဟု တောင်း ဆိုခဲ့သည်။ သူမ၏တောင်းဆိုမှုကို ကျွန်မလည်းသဘောတူသည်။ ဒါကိုရပ်ကွက်ကော်မရှင်က မဲပေးခွင့် ရရှိရန် ဖြေရှင်းပေးခဲ့သဖြင့် ပြသနာတစုံတရာမရှိခဲ့။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းများရရှိသော ဆန္ဒမဲမဲများကိုရေတွက်အပြီး မဲရုံမှုးနှင့် မဲရုံဝန်ထမ်း များက ကိုယ်စားလှယ်တဦးချင်းစီရရှိခဲ့သော မဲများကို အိတ်တခုစီတွင်ထဲ့သွင်းခြင်း၊ ပယ်မဲများကို သီးခြား အိတ်တလုံးတွင်း ထဲ့သွင်းခြင်း၊ အိတ်များပေါ်တွင် ကိုယ်စားလှယ်လောင်းတဦးချင်း၏အမည်များကို ရေး မှတ်ခြင်း၊ နံရံပေါ်တွင် တာလီမှတ်သားခြင်း၊ ထိုသို့ရေးမှတ်ရာတွင် Swab pen အဆင့်မရှိခြင်း၊ ရှိသော် လည်း မှင်ကုန်သွားခြင်း၊ မလုံလောက်ခြင်းကြောင့် ညကြီးမင်းကြီးအပြင်ထွက်ကာ ရှာဖွေဝယ်ယူနေရခြင်း များကြောင့်အချိန် မိနစ်(၄၀)ခန့် မဲဆက်လက်ရေတွင်ရန်မဖြစ်နိုင်တော့ဘဲရပ်တန့်သွားရာ ကာတာစင်တာမှ လေ့လာစောင့်ကြည့်သည့်ခေါင်းဆောင်က ( ခင်ဗျားတို့ မဲရေတာ ဘာကြောင့်ရပ်သွားတာလဲ။ အခု ခင်ဗျား တို့ ဘာဆက်လုပ်ကြမှာလဲ။)ဟုမေးမြန်းခဲ့သည်။ ကျွန်မအနေဖြင့်မူ အခြားသောဒိမိုကရေစိနိုင်ငံမှရွေးကောက်ပွဲများတွင် မဲများကိုမည်သို့ရေတွက်ကြသည်။ မည်သို့မှတ်သားကြသည်ကိုလည်း အတွ့အကြုံမရှိခဲ့သဖြင့် မိမိတိုင်းပြညှ် မဲရုံမှုးဆရာမများ ပင်ပင်ပန်းပန်း အားထုတ်လုပ်ကိုင်နေကြသည့်အပေါ်အတွန့်မတက်ခဲ့။ ကာတာစင်တာမှ လေ့လာစောင့်ကြည့်သူများက တော့ ထိုအဖြစ်ကိုအံ့အားသင့်နေပုံရသည်။ အမျိုးသားလွတ်တော်ကိုရေတွက်ရာတွင် လာရောက်မဲဆန္ဒပေးသူ (၅၃၀)ဦးရှိခဲ့သော်လည်း မဲပုံးကိုဖေါက်၍ ကိုယ်စားလှယ်တဦးချင်းစီကို ခွဲခြားရေတွက်ပြီး ရလဒ်ကိုပြန်လည်ပေါင်းရာ (၅၂၉)မဲသာတွေခဲ့ရသည်။ တကယ်တော့မဲရုံးမှုးဆရာမမှာ အမျိုးသားလွတ်တော်ကိုရေတွက်ချိန်တွင် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သဖြင့် မဲပုံးထဲရှီ စုစုပေါင်းမဲပြားအရေအတွက်ကိုမရေတွက်တော့ဘဲ ကိုယ်စားလှယ်တဦးချင်းစီကိုသာ ခွဲခြားရေ တွက်ပြီး ရလဒ်ကိုပေါင်းရာ ဆန္ဒမဲတမဲအနုတ်ပြနေခြင်းဖြစ်သည်။ ထိုအတွက် မဲပြားတပြားက ဘယ်ရောက်နေသလဲ။ ဘယ်ရောက်သွားသလဲဆိုသည်ကို အစအဆုံးပြန်လည် ၍ ရေတွက်ရမလိုဖြစ်သွားခဲ့သည်။ သို့သည် မဲရုံမှုးဆရာမမှာ အလွန်ပင်ပန်နေပြီဖြစ်သဖြင့် နောက်တကြိမ် ထပ်မံရေတွက်ရန် မတိုက်တွန်းတော့ဘဲ တိုင်းဒေသကြီးမဲပုံးကို ဆက်လက်ရေတွက်ချိန်တွင်မှ အမျိုးသား လွတ်တော်အတွက်ပေးရမည့်ဆန္ဒမဲပြားမှာ တိုင်းဒေသကြီးမဲပုံးထဲ မှားယွင်းထဲ့သွားကြောင်းသိရပါတော့ သည်။ နောက်နောင်တွင် မဲရုံမှုးများအနေဖြင့် မဲပုံးတပုံးကို မဲပုံးတွင်းရှိ ဆန္ဒမဲအားလုံးမည်ရွေ့၊ မည်မျှရှိ သည်ကို ပထမဦးစွာရေတွက်ရန်သတိထားရမည်ဟုသာအကြံပြုလိုသည်။ မဲရေတွက်ရာမှာ ညနေ၄-၀၀နာရီ မဲရုံပိတ်သိမ်းသည်နှင့် ကြိုတင်မဲများကိုပထမဦးစွာရေတွက်ခဲ့သည်။ ကိုယ် စားလှယ်တဦးစီရရှိသော မဲများကို ပြီးသည်နှင့် ချိတ်ပိတ်သိမ်းဆည်းသည်။ ပါတီတခုစီက ကိုယ်စားလှယ် တိုင်းကြည့်ရှုခွင့်ရှိသည်။ ကြိုတင်မဲများကို မဲရုံပိတ်သိမ်းပြီးရေတွက်၊ ချိတ်ပိတ်လိုက်ခြင်းဖြင့် နောက်ကျမှ ရောက်ရှိလာသော နောက်ကျကြိုတင်မဲများတရားဝင်မည်မဟုတ်။ ကျွန်မတို့မဲရုံမှာတော့ ကြိုတင်မဲကိစ္စမှာ ရှင်းလင်းပြီးပွင့်လင်းမြင်သာရှိခဲ့သည်ဟုဆိုနိုင်သည်။ ညသန်းခေါင်မှရောက်လာသောကြိုတင်မဲ ထုတ်ကြီး များနှင့်ကင်းဝေးခဲ့သည်မှာ မဲဆန္ဒရှင်ပြည်သူများရော၊ မဲရုံဝန်ထမ်းများရော၊ ပါတီစောင့်ကြည့် ကိုယ်စားလှယ် များအတွက်ပါကံကောင်းလှသည်ဟုဆိုရတော့မည်ထင်မိသည်။ သို့သော် မဲများရေတွက်ချိန်မှာ မဲဆန္ဒရှင် အနည်းဆုံး(၁၀)ဦး၏ရှေ့မှောက်မှာ သက်သေအဖြစ်ထားရှိရေ တွက်ကြရမည်ဆိုသည့်အချက်ကို မဲဆန္ဒရှင်များကိုယ်တိုင် မသိနားမလည်ခဲ့၍ ပြီးပြည့်စုံမှုမရှိခဲ့။ ကော်မရှင် လူကြီးများက မဲရုံများတည်ရှိရာကျောင်းဝင်းတံခါးကိုညနေလေးနာရီတိတိမှာ ပိတ်လိုက်သည်မှာလည်း မဲဆန္ဒရှင်များ ၀င်ရောက်ခွင့်၊ မဲရေတွက်ခြင်းကို ကြည့်ရှုလေ့လာခွင့်မရရှိခဲ့သည့် အကြောင်းတခုဖြစ် နေပါမည်။ နောက်နောင်ကျင်းပသောရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များ မဲရုံပိတ်သိမ်းချိန် မဲရေတွက်ရာမှာ ပါဝင်စောင့်ကြည့်ရမည်ကို သိရှိနားလည်ပြီး ပိုမိုပူးပေါင်းပါဝင်ကြရန်လိုအပ်ပါလိမ့်မည်။ ပယ်မဲများကိုသတ်မှတ်ရာမှာ မဲရုံမှုး၏အဆုံးအဖြတ်သည်အတည်ဖြစ်သည်ဟု စည်းကမ်းချက်ရှိသည်။ သို့သော်သက်ဆိုင်ရာကိုယ်စားလှယ်အတွက် တံဆိပ်တုံးထုရာတွင် တံဆိပ်တုံးရာကသက်ဆိုင်ရာနေရာ တွင်အလယ်ကျကျ၊ ထင်ထင်ရှားရှားဝင်သော်လည်း ဘေးနံခမ်းတွင်တံဆိပ်တုံးအစွန်မှ မှင်ပြန့်သွားပြီးလေး ထောင့်ကျကျမှင်ရာက အခြားကိုယ်စားလှယ်၏အကွက်တွင်အနည်းငယ်ရောက်သွားသည်ကို ပယ်မဲသတ် မှတ်ခြင်းမှာသိပ်တော့အဓိပ္ပာယ်မရှိဟုယူဆသည်။

ပါတီနှစ်ခု၏ ကိုယ်စားလှယ်နှစ်ဦးအတွက် တံဆိပ်တုံးထုထားခြင်း၊ ကိုယ်စားလှယ်တဦးတည်းအတွက် မထင်ရှားဘူးဟုယူဆသဖြင့် တံဆိပ်တုံးနှစ်ထပ်နှိပ်ခြင်း၊ ကိုယ်စားလှယ်အများအပြားအတွက် တံဆိပ်တုံး ထုမဲဆန္ဒပေးထားခြင်းများကိုပယ်မဲသတ်မှတ်ခြင်းမှာ စည်းမျဉ်းအရလက်ခံရမည်ဖြစ်သည်။ တံဆိပ်တုံးမှင်မ ခြောက်သဖြင့် မဲပြားစာရွက်ကိုခေါက်ချိုးခေါက်လိုက်ချိန်မှာ တဖက်ချမ်းကိုမှင်အနည်းငယ်စွန်းထင်းသွားမှုမျိုး ကိုပယ်မဲဟုသတ်မှတ်ခြင်းမျိုးမှာလည်းသိပ်အဓိပ္ပယ်မရှိ။ ကျွန်မတို့မဲရုံမှာ ဆီတမျိုးမျိုးစွန်းထင်းခဲ့သည့်မဲပြားကို ပယ်မဲအဖြစ်သတ်မှတ်ခဲ့သည်။ ထိုကြောင့် နောက် နောင်ကျင်းပမည့်ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များအနေဖြင့် မိမိထောက်ခံသောကိုယ်စားလှယ်အား နစ်နာမှုမရှိစေရန် မိမိ၏လက်များကို သန့်သန့်ရှင်းရှင်း ဖြစ်နေစေရန်လိုအပ်မည်။ ရွေးကောက်ပွဲရွေးနေ့က ကျွန်မတို့ မဲရုံတွင် မဲရုံမှုးများက မဲများကိုရေတွက်ပြီးမှ ကိုယ်စားလှယ်အသီးသီး ရရှိခဲ့သောဆန္ဒမဲအရေအတွက်စာရင်းပုံစံ (၁၆)ကို စောင့်ကြည့်ကိုယ်စားလှယ်များအား လက်မှတ်ရေးထိုး ခိုင်းရမည့်အစား မဲမရေတွက်မီကပင် ကိန်းဂဏန်းမဖြည့်ရသေးဘဲ သက်သေအဖြစ် လက်မှတ်ကြိုတင်ရေး ထိုးခိုင်းခဲ့သည့်အဖြစ်မျိုးရှိခဲ့သည်။ ကျွန်မကတော့ ( ဆရာမ-မဲတွေကိုမှ မရေတွက်ရသေးတာ။ ကျွန်မ လက်မှတ်မထိုးပါရစေနဲ့။)ဟု ငြင်းဆိုခဲ့သည်။ မဲရုံဝန်ထမ်းများအနေဖြင့် စစ်အစိုးရလက်အောက်မှာ နှစ်ငါး ဆယ်ကျော်ကြာမျှ လုပ်ထုံးလုပ်နည်းကို ကျာ်လွန်၍အလွယ်လုပ်တတ်သည့် အလေ့အထများဟုထင်မိသည်။ လုံးဝမဖြစ်သင့်။ ခြုံငုံပြောရလျှင် ပြီးစီးခဲ့ပြီဖြစ်သောရွေးကောက်ပွဲနေ့တွင် ကျေးလက်ဒေသများကမဲ ရုံများ၊ တိုင်းရင်းသား ဒေသများတွင် မျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု မည်မျှရှိခဲ့သည်ကိုမသိနိုင်သေည်လည်း ကျွန်မ တာဝန်ယူခဲ့ရသောမဲရုံတွင်မူ အခြေအနေအားဖြင့် ဆိုးဆိုးရွားရွားအငြင်းပွားဖွယ် ပြသနာတစုံတရာမရှိခဲ့ဘဲ လက်ခံနိုင်သောအနေအထားရှိခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်လူကြီးများအနေဖြင့်လည်းကောင်း၊ မဲရုံမှုးဆရာ-ဆရာမများ၊ မဲရုံဝန်ထမ်းများ၊ ၊ ပါတီကိုယ်စားလှယ်လောင်းများ၏ကိုယ်စား မဲရုံကိုစောင့်ကြပ်ရကြည့်ရှုရသည့်မဲရုံကိုယ်စားလှယ်များ၊ မဲဆန္ဒရှင်များအားလုံး ပါတီစုံဒီမိုကရေစီစနစ်အောက်မှာ ရွေးကောက်ပွဲတခုကို မျှတခြင်း၊ လွတ်လပ်ခြင်း၊ မြင်သာထင်သာရှိခြင်းနှင့် အတူ နိုင်ငံတခုလုံးလုံးအတွက် သတ်မှတ်စည်းကမ်းချက်များတပြေးညီစနစ် တကျဖြစ်စေရန်လိုအပ်ချက်များကို ထပ်မံလေ့လာသင်ယူရဦးမည်ဟုသာ ကျွန်မ၏ရွေးကောက်ပွဲနေ့ ဒိုင်ယာရီမှတ်တမ်းကိုတင်ပြရင်း မှတ်ချက်ပေးပါရစေ။

(မယ်ငွေဥ)
.
Credit : မယ်ငွေဥ[full-post]

ပြည်သူများသာ ဒုက္ခရောက်ပြီး အကျိုးမရှိသည့် စစ်ပွဲများ ရပ်တန့်နိုင်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တင်ပြခဲ့သည်ဟု ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ဗဟိုကော်မတီဝင် ဦးစ၀်နော်လိတ်က နိုဝင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

ရှမ်းပြည်နယ် အတွင်း၌ အစိုးရတပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေမှုများနှင့် ပတ်သက်ပြီး အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးနှင့် ဦးစ၀်နော်လိတ်တို့သည် မူလက နေပြည်တော်တွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း နေပြည်တော်တွင် မတွေ့ဖြစ်ဘဲ နိုဝင်ဘာ ၂၀ ရက်တွင် ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု ဦးစိုင်းနော်လိတ်၏ ပြောပြချက်အရ သိရသည်။

တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ဦးစိုင်းနော်လိတ်က “အဓိက ကတော့ အစစအရာရာ ညှိနှိုင်းဖို့ ကော်မတီလေးဖွဲ့ပြီးတော့ ပြန်လာဖို့ ဖိတ်တာပါ။ ကျွန်တော်ကတော့ တင်ပြတာတော့ ရှိတယ်။ အခုလတ်တလော ဖြစ်နေတဲ့ တိုက်ပွဲက ကြာလည်းကြာပြီ လူထုတွေလည်း ဒုက္ခရောက်ပြီ။ ဘာမှလည်း အကျိုးမရှိဘူး။ မြန်မြန်လေး ညှိနှိုင်းပြီးတော့ ရပ်တန့်ပေးဖို့ တင်ပြတယ်။ ဒီအတိုင်းလည်း ပြောလို့မရဘူး။ ကျွန်တော်တို့ ဒီဒေသက နိုင်ငံတော်အနေနဲ့ သဘောထားကြီးစွာနဲ့ မိခင်တပ်ရင်းကို ပြန်လည် ဆုတ်ခွာပေးဖို့ အဲဒါမှ ငြိမ်းချမ်းသွားမှာလို့ ကျွန်တော်က တင်ပြခဲ့တယ်။ ဦးခင်မောင်စိုးကတော့ ကျွန်တော်တို့ အကောင်းဆုံး ပြန်ဖြစ်အောင် ညှိနှိုင်းပေးပါမယ်တဲ့။ ဒါပေမဲ့ ခင်ဗျားတို့ ကော်မတီလေးဖွဲ့ပြီးတော့ ရွေးချယ်ပြီး ပြန်လာပါတဲ့။ အဲဒီအချိန်မှာ ဦးသိန်းဇော်ရယ်၊ ဦးအောင်မင်းရယ်၊ သူရယ်ပြန်ပြီးတော့ ဆွေးနွေးမယ်။ သမ္မတလည်းပဲ ပြန်ပြီးတော့ တင်ပြမယ်။ အဲဒီလို ပြောပါတယ်” ဟု ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ် အဖွဲ့တို့၏ တွေ့ဆုံမှုကိုလာမည့် တနင်္လာနေ့ နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်၌ ပြုလုပ်လိုသည်ဟု အစိုးရဘက်က အဆိုပြုခဲ့သည်ဟု ဦးစ၀်နော်လိတ်က ဆိုသည်။

“ပြန်တွေ့ဖို့က နောက်အပတ်ထဲမှာ။ သူတို့ကတော့ လာမယ့် တနင်္လာနေ့ တွေ့ချင်တယ်။ အဲဒီရက်ဆိုရင် သမ္မတနဲ့လည်း တင်ပြဖို့ အဆင်ပြေတယ်တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ ရောက်နိုင် မရောက်နိုင် ဆိုတာက ကျွန်တော်တို့က လူရွေးရမှာ။ ပြီးတော့ ခရီးကလည်း ဝေးတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရနှင့် SSPP တို့သည် ၂၀၁၂ခုနှစ် ဇန်န၀ါရီ ၂၈ ရက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ထားခြင်း ဖြစ်သော်လည်း သုံးနှစ်ကျော်ကာလအတွင်း တိုက်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် ပါဝင်လက်မှတ် မထိုးသေးသည့် SSPP နှင့် အစိုးရ တပ်မတော်အကြား ပြီးခဲ့သည့် အောက်တိုဘာ လဆန်းမှ စတင်ကာ ပြင်းထန်သည့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်သား အများအပြား ထိခိုက် သေဆုံးခဲ့ပြီး တိုက်ပွဲများကြောင့် ဒေသခံ တစ်သောင်းကျော် စစ်ဘေးဒုက္ခ ကြုံတွေ့နေကြရပြီး စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
Writer:
အောင်ဇော်ထွန်း
Eleven Media Group

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ထောင်ခြောက်တွင် မိနေသည် ဟု လေ့လာသူ အများအပြားက ယူဆထားပြီး ထိုဥပဒေနှင့်အညီ လှုပ်ရှားနိုင် ရန် သူမ၏ အားထုတ်မှုအပေါ် စိုးရိမ်မှုများ ရှိနေသည်။

“သမ္မတအထက်တွင် ရှိနေမည်” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ စကားမှာ အာဏာရှိနေဆဲ စစ်တပ်ကို မသက်မသာဖြစ်စေပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် ခက်ခဲသွားစေသည်ဟု ဝေဖန်မှုများ ရှိနေသည်။

ဝါရှင်တန် အခြေစိုက် ဒီမိုကရေစီမြှင့်တင်ရေးအဖွဲ့ ပရောဂျက် ၂၀၄၉ အင်စတီကျုမှ ကယ်လီကာရီကမူ ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြား ချက်သည် အနောက်နိုင်ငံများကို ကသိကအောက် ဖြစ်စေသော်လည်း မဲဆွယ်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် သူ၏ ခေါင်းဆောင်မှုကို ယုံကြည်စွာ ထည့်သွင်းတွက်ချက်နိုင်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးမှု ဖြစ်သည် ဟု ဆိုသည်။

ကယ်လီကာရီက “တကယ်တော့ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အခြေခံ ဥပဒေအတိုင်း အလုပ်ဖြစ်အောင် သူ လုပ်ဆောင်တာကို သူက ဒီမိုကရေစီ မကျဘူးလို့ ပြောလို့မရပါဘူး။ အခြေခံဥပဒေ သတ်မှတ်ချက်ထဲမှာ ဒီမိုကရေစီ နည်းလမ်းကျ အလုပ်လုပ်နိုင်မယ့် နည်းလမ်းကို ရှာခဲ့တာပါ။ တစ်နိုင်ငံလုံးက ပြည်သူတွေက NLD ကို အစိုးရ ဖြစ်စေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ အထက်စီးဆန်သည့် ပုံပေါ်နေသော်လည်း သူ့တွင် တိုင်းပြည်ကို ဦးဆောင်ရန် တစ်နိုင်ငံလုံး က ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်ရှိနေသည်။

ကယ်လီကာရီက “သူ့ကို သမ္မတမဖြစ်အောင် ဦးတည်ထားတဲ့ မမျှတတဲ့ အခြေခံဥပဒေ ကို ရှောင်ကွင်းပြီး ဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာတာလို့ လူအများစုက ယူဆထားပါတယ်။ ဒီဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည် က ခေါင်းဆောင် ရာထူးမယူဘဲ နောက်ဆုတ်ခဲ့ရင် လူထုက မကျေမနပ် ဖြစ်ကြမှာပါ” ဟု ပြောကြားခဲ့သည်။

အစိုးရအဖွဲ့ခေါင်းဆောင် နေရာတွင် တစ်ဆင့်ခံ ကိုယ်စားလှယ်တစ်ဦး ထားရှိ အုပ်ချုပ်သည့် အယူအဆမှာ အသစ်အဆန်း မဟုတ်ပေ။ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဟု ဖော်ပြခံရသည့် အိန္ဒိယနိုင်ငံတွင် ၂၀၀၄ မှ ၂၀၁၄ အထိ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော သြဇာမရှိသည့် စီးပွားရေးပညာရှင် မန်မိုဟန်ဆင်းကို အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒိက နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဟု ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူခံထားရသည်။

ပြီးခဲ့သည့် နှစ်က စစ်အာဏာသိမ်းမှုတွင် ဖြုတ်ချခံရသည့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ်ထရာသည် အစ်ကိုဖြစ်သူ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာ၏ ဟန်ပြကိုယ်စားလှယ် ဖြစ်သည်ဟု ရှုမြင်ခံ ရသည်။ သက်ဆင်မှာ ၂၀၀၆ တွင် ဖြုတ်ချခံခဲ့ရပြီးနောက် ခြစား မှုနှင့် ထောင်ဒဏ်ချမှတ်ခံရခြင်းကို ရှောင်ရှားနိုင်ရန် ပြည်ပတွင် နေထိုင် လျက်ရှိသည်။

ယင်လတ်၏ ဖြူထိုင်းပါတီ မဲဆွယ်ပွဲတွင် “သက်ဆင်က စဉ်းစားပြီး ဖြူထိုင်း က ဆောင်ရွက်တယ်” ဟူသော ဆောင်ပုဒ်ကို အသုံးပြုခဲ့သည်။

ထိုနည်းတူစွာ ကိုယ်ပိုင် ကိုယ်ရည်ကိုယ်သွေးဖြင့် ထင်ရှားသည့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုပင်လျှင် IDP-S ပါတီခေါင်းဆောင် သမ္မတဟောင်း မေဂါဝတီ ဆူကာနိုပူထရီအား နာခံရသူဟု ရှုမြင်ခံရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ သူ၏ ခေါင်းဆောင်မှု ပုံစံ အပေါ် မေးခွန်းထုတ်မှုများ ပေါ်ပေါက်စေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် သည် တင်းမာသည့် ခေါင်းဆောင်မှုပုံစံ ရှိသည်ဟု အချို့ကဆိုသည်။

လန်ဒန်တက္ကသိုလ်မှ အရှေ့ဘက်အာရှ နိုင်ငံရေးနည်းပြ မိုက်ကယ်ဘူလာက မြန်မာနိုင်ငံရေးတွင် စစ်တပ်က အခြေခံဥပဒေအရ အာဏာရှိနေဆဲဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်ဟု ဆိုသည်။ မိုက်ကယ်ဘူလာက “ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အနားမှာ ဗဟိုချုပ်ကိုင်တဲ့ အာဏာထားရှိတဲ့ အာဏာရှင်အသွင် ပေါ်နေပါတယ်။ ဒါပေမဲ့ အရင်စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဦးသိန်းစိန်တို့နဲ့တော့ လုံးဝ ကွာခြားပါတယ်။ သူ့ကို အကဲမဖြတ်ခင် အစိုးရကို ဘယ်လိုမောင်းနှင်မလဲဆိုတာ စောင့်ကြည့်ကြပါစို့” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ၏ အထက်တွင် ကာလုံရှိနေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၂၀၃) မှာ နိုင်ငံတော် သမ္မတ သည် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမည်လို့ ပါဝင်သည်။ ပါတီများမှ လွှတ်တော်အမတ်များကို ပြည်သူက ရွေးချယ်ခြင်း ဖြစ်ပြီး အနိုင်ရရှိသည့် ပါတီက လွှတ်တော်အမတ်များက ဒုသမ္မတ ၃ ဦးအား မဲခွဲဆုံးဖြတ်ကာ မဲအများဆုံးရသူကို သမ္မတအဖြစ် တင်မြောက်ပြီး ကျန် ၂ ဦးမှာ ဒုသမ္မတများအဖြစ် ဆက်လက်တည်ရှိနေပြီး သမ္မတက ၄င်း၏ အစိုးရအဖွဲ့ဝင်များကို လွှတ်တော်သို့ တင်ပြရပြီး လွှတ်တော်များမှ အတည်ပြုမှသာ အစိုးရဖွဲ့ခြင်း လုပ်ငန်း ပြီးစီးသည်။

KHTun

Ref - The Dilemma of Suu Kyi's mandate

The Ladies News Journal[full-post]

mitch-mcconnell-620 အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် Mitch McConnell ပုံ

မြန်မာနိုင်ငံမှာ လက်ရှိအာဏာရအစိုးရက ရွေးကောက်ပွဲရလဒ်တွေကို လေးစားလိုက်နာပြီး အေးအေးချမ်းချမ်း အာဏာလွှဲပြောင်းပေးမယ်ဆိုရင် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုမိုဖြည်လျှော့ပေးဖို့ Republican ပါတီဝင် အထက်လွှတ်တော်အမတ် နှစ်ဦးက တိုက်တွန်းလိုက်ကြပါတယ်။

အခုလ ၈ ရက်နေ့က အောင်အောင်မြင်မြင် ပြီးဆုံးသွားတဲ့ ရွေးကောက်ပွဲအတွက် ချီးကျူးဂုဏ်ပြုတဲ့ အဆိုပြုလွှာကို အထက်လွှတ်တော်အမတ် Mitch McConnell နဲ့ အထက်လွှတ်တော်အမတ် John McCain တို့က မနေ့က တင်သွင်းခဲ့ကြပါတယ်။

အဲ့ဒီအဆိုပြုလွှာမှာ ရိုဟင်ဂျာ မွတ်စလင်တွေကို ဆန္ဒမဲပေးခွင့် မပြုခဲ့တာကလွဲရင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောနိုင်တာ တွေ့ခဲ့ကြရကြောင်း၊ စနစ်တကျ မြန်မြန်ဆန်ဆန် အာဏာလွှဲပြောင်းနိုင် ခဲ့ရင် နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေးအတွက် အရှိန်တိုးမြှင့် ကြိုးပမ်းသွားဖို့ အားပေးကြောင်း ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်ရာမှာ Mr McConnell ဟာ အရေးပါတဲ့ အထက်လွှတ်တော် ကိုယ်စားလှယ် ဖြစ် ပါတယ်။

RFA
http://www.rfa.org/burmese/news/us-candidate-senate-11202015211641.html


 အာဏာချုပ်ကိုင်ထားသည့် ရေပေါ်ဆီအုပ်ချုပ်သူ လူတစ်စုအား ပြည်သူလူထုက မဲပုံးများမှတစ်ဆင့် ဖြုတ်ချခြင်းမျိုး မည်သည့်နိုင်ငံတွင်မှ မပေါ်ပေါက်ခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံသည် ထိုကဲ့သို့ နိုင်ငံအဖြစ် ထွက်ပေါ်လာခဲ့သည်။ ၁၉၉၀ တွင် NLD က ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ပုံစံမှာ ယခု နိုဝင်ဘာ ၈ ရွေးကောက်ပွဲ အနိုင်ရပုံနှင့် အလွန်တူညီခဲ့သည်။ ထိုအချိန်က ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရန် စစ်တပ်က ငြင်းဆိုခဲ့သည်။

သို့သော် ယခုတစ်ကြိမ် NLD က အလားတူ တောင်ပြိုကမ်းပြို အနိုင်ရမှုကို စစ်တပ်က သဘောထားကြီးစွာ လက်ခံရမည့်အသွင် မြင်တွေ့ရသည်။

ရွေးကောက်ပွဲတွင်အရှုံးကြီး ရှုံးသွားသည့် အုပ်ချုပ်နေသူများ အလွန်တည်ငြိမ်စွာ ရှိနေသည့် အကြောင်းရင်းမှာ မေးခွန်းထုတ်စရာ ဖြစ်သည်။ ထိုသို့ တည်ငြိမ်စွာ ရှိနေခြင်းမှာ NLD က တောင်ပြိုကမ်းပြို အနိုင်ရခြင်းသည် ရှုံးနိမ့်သူမရှိသော အနိုင်ရမှုဖြစ်ပြီး သမိုင်းတွင် ပထမဆုံးဆိုနိုင်သည်။

NLD အနိုင်ရခဲ့သော်လည်း စစ်တပ်သည် ၂၀၀၈ အခြေခံဥပဒေပါ ယင်း၏ နိုင်ငံရေး လွှမ်းမိုးနိုင်မှုကို ဆက်လက် ကာကွယ်ထားနိုင်သည်။ စစ်တပ်သည် လွှတ်တော်တွင် အမတ်နေရာ ၂၅ % ရယူထားသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားသား သား ၂ ဦးရှိသဖြင့် သမ္မတဖြစ်ခွင့် မရှိသည့်အပြင် စစ်တပ်က ထိန်းချုပ်ထားသည့် ကဏ္ဍများတွင် သမ္မတက သြဇာလွှမ်းမိုးနိုင်မည် မဟုတ်ပေ။ ကာကွယ်ရေးနှင့် ပြည်ထဲရေးကဲ့သို့ လုံခြုံရေးနှင့် သက်ဆိုင်သော ၀န်ကြီးဌာနများကို စစ်တပ်က ချုပ်ကိုင်ထားသည်။

ထိုသို့ စီစဉ်ထားမှုမှာ အာဏာရှင်စနစ်မှ ကူးပြောင်းသည့် နိုင်ငံများတွင် ထူးထူးခြားခြား ဖြစ်ရပ်မဟုတ်ပေ။

အာဏာ လက်လွှတ်ရတော့မည့် အာဏာရှင်များသည် ယင်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် စီစဉ်ဆောင်ရွက်လေ့ ရှိကြသည်။ တစ်ခါတစ်ရတွင် အာဏာရှင်များသည် ဒီမိုကရေစီ ရွေးကောက်ပွဲများ ပြုလုပ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် အာဏာ ဆက်လက်ကိုင်ဆွဲထားနိုင်ရန် ကြိုးစားကြသည်။

အာဏာရှင်စနစ် ပြုတ်ကျခြင်းဆိုသည်မှာ အာဏာရှင်များ ပြုတ်ကျခြင်းဟု မဆိုလိုဘဲ အာဏာရှင်များက အာဏာရှင်နည်းလမ်းများ အသုံးပြုမှု ရပ်ဆိုင်းခြင်းကို ဆိုလိုသည်။

အာဏာရှင်စနစ်မှ ကူးပြောင်းစ ရွေးကောက်ပွဲများမှာ ဒီမိုကရေစီစံနှုန်း ပြည့်ဝလေ့မရှိဘဲ မြန်မာနိုင်ငံတွင်လည်း ထိုအတိုင်းပင် ဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် ပမာဏမှာ အံ့အားသင့်ဖွယ် ဖြစ်ခဲ့သည်။

ကွဲပြားခြားနားသည့် မြင်ကွင်းတစ်ခုမှာ တဖြည်းဖြည်း ပုံပေါ်လာသည်။ NLD ၏ အနိုင်ရမှုမှာ ပါတီအတွက်သာမက မြန်မာနိုင်ငံသား အားလုံးအတွက် လက်ခံနိုင်ဖွယ်ဖြစ်ပြီး အကျိုးရှိကြောင်း အံ့ဖွယ် တွေ့ရသည်။ မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ကြံ့ခိုင်ရေးပါတီ၏ အရပ်သားတစ်ပိုင်း အုပ်ချုပ်ရေး ၂၀၁၁ တွင် အစားထိုးခဲ့သော်လည်း အပေါ်ယံမျှသာ ဖြစ်ပြီး ကွာခြားမှု ကြီးကြီးမားမား မရှိခဲ့ပေ။

ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့သဖြင့် စစ်တပ်မှာ ယင်းတို့နှင့် အဆင်ပြေမှု မရှိသော အရပ်ဘက်ဝတ်စုံကို စွန့်ခွာ၍ သက်တောင့်သက်သာရှိသော အစိမ်းရောင် စစ်ဝတ်စုံကို ပြန်လည်ဝတ်ဆင်နိုင်မည် ဖြစ်သည်။ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရန်အတွက် စစ်တပ်က ထဲထဲဝင်ဝင် ကြားဝင်ဆောင်ရွက်မှုမျိုး မရှိခဲ့သည့်အတွက် NLD က တောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်း ဖြစ်ပြီး ထိုအချက်မှာ ဒီမိုကရေစီ ရှုထောင့်အရ ကျေနပ်စရာဖြစ်သည်။

ကြံ့ခိုင်ရေးပါတီ အမတ်များအနေဖြင့် လွှတ်တော်တွင် ပါတီကိုယ်စားပြုခွင့် မရသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်သည့် နေရာများ ရှိနေသေးသည်။ ယင်းတို့သည် အုပ်ချုပ်ရေးကဏ္ဍ ဗျူရိုကရေစီ ရာထူးများ မျှော်မှန်းနိုင်ပြီး ဖွံ့ဖြိုးလာမည့် စီးပွားရေးတွင် ကိုယ်ပိုင်လုပ်ငန်းများဖြင့် အကျိုးအမြတ် ရနိုင်သည့်အပြင် အနိုင်ရသည့် NLD ပါတီဘက်သို့ ကူးပြောင်းခြင်းလည်း ပြုလုပ်နိုင်သည်။

တိုင်းရင်းသား ဒေသများတွင် NLD က အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး ဒေသခံ တိုင်းရင်းသားပါတီများမှာ ကြံ့ခိုင်ရေးပါတီကဲ့သို့ပင် အရှုံးနှင့် ကြုံတွေ့ခဲ့ ရခြင်းမှာ ဒေသခံများအတွက် အကျိုးရှိနိုင်သော တန်ပြန်ဆောင်ရွက်မှုများ ပေါ်ပေါက်လာနိုင်သည်။ အစိုးရနှင့် စစ်တပ်တို့မှာ ဗမာလူမျိုးများ အဓိက လွှမ်းမိုးထားသည့် အဖွဲ့အစည်းများအဖြစ် ရှုမြင်ခံထားရသည်။

အကယ်၍ NLD သည် တိုင်းရင်းသား ဒေသများမှ မဲများဖြင့် လွှတ်တော်တွင် အများစုပါတီအဖြစ် ရပ်တည်နိုင်ပါက ကွဲပြားခြားနားသော လူမှုအဖွဲ့အစည်းများ အားလုံး ပါဝင်ခွင့်ရမည့် နိုင်ငံတစ်ခု တည်ထောင်ရန် နိုင်ငံရေးအရ တွန်းအားဖြစ်စေမည် ဖြစ်သည်။ လူနည်းစု တိုင်းရင်းသားပါတီများ အနေဖြင့်လည်း မည်သည့် တိုင်းရင်းသားပါတီမျှ မမျှော်လင့်ဖူးသည့် ပမာဏဖြင့် လူထုထောက်ခံမှုကို ရရှိထားသည့် NLD ပါတီဖြင့် ချိတ်ဆက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။

မြန်မာ ရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို အနိုင်ရခြင်းကြောင့် အံ့အားသင့်ဖွယ် ပေါ်ပေါက်လာသည့် အခြေအနေ တစ်ခုမှာ မြန်မာနိုင်ငံရေး သည် နိုင်ငံရေးပါတီများ မဟာမိတ်ဖွဲ့မှုက ပုံဖော်မည် မဟုတ်ဘဲ NLD နှင့် စစ်တပ်၏ ပူးပေါင်းဆောင်ရွက်မှုကသာ ပုံဖော်သွားမည့် အချက်ဖြစ်သည်။

မြန်မာ့ နိုင်ငံရေးတွင် မဟာမိတ်ဖွဲ့မှုနှင့် ပူးပေါင်းမှုများမှာ ရှုပ်ထွေးပြီး ရွေးကောက်ပွဲအပြီး အာဏာခွဲဝေမှုမှာ ရှုပ်ထွေးမှုများ ကြုံရနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားခဲ့ရသည်။ မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေး ရှုပ်ထွေးမှုများကြောင့် ထိုအခြေအနေမှာ ရှောင်လွှဲ၍ မရနိုင်ဟု ယူဆထားကြသည်။ သို့သော် ယခုအခါ ထိုသို့ ရှုပ်ထွေးသည့် ပုံစံကို NLD ပါတီ၏ မိုးပြို ကမ်းပြို အနိုင်ရရှိမှုကြောင့် ကျော်လွှားနိုင်မည် ဖြစ်သည်။ အင်အားအကြီးဆုံး အဖွဲ့အစည်း ၂ ခုဖြစ်သည့် စစ်တပ်နှင့် NLD ပါတီတို့ ထိပ်တိုက်တွေ့ပြီး တစ်ချိန်တည်းတွင် ယှဉ်တွဲဆောင်ရွက်ရန် တွန်းအားဖြစ်လာသည်။

ယခုအခါ အရေးပါသည့် မေးခွန်းမှာ NLD နှင့် စစ်တပ်သည် အစိုးရလုပ်ငန်းများတွင် အဆင်ပြေစွာ တွဲဖက် ဆောင်ရွက်နိုင်ခြင်း ရှိမရှိ ဖြစ်သည်။ အကယ်၍ ထိုသို့ ဆောင်ရွက်နိုင်ခဲ့ပါက ရှုံးနိမ့်သူမရှိသော တောင်ပြိုကမ်းပြို အနိုင်ရမှု၏ အကျိုးကို သာမန်နိုင်ငံသား အားလုံး ပျော်ရွှင်စွာ စံစားရမည်ဖြစ်သည်။

KHTun
Graphic - Financial Times
The Ladies News Journal
https://www.facebook.com/News.TheLadies


 ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရာထူးကနေ အငြိမ်းစား ယူထားပြီ ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး ဟောင်း ဦးသန်းရွှေရဲ့ မြေး ဖြစ်သူ ကို နေရွှေသွေးအောင် ခေါ် ဖိုးလပြည့်တို့ တွေ့ ဆုံခဲ့ကြတဲ့ ဖြစ်ရပ် ဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စစ်တပ်နဲ့ အကြား ဆက်ဆံရေး တိုးမြင့် ခိုင်မာအောင် တည်ဆောက်တဲ့ လုပ်ရပ် အနေနဲ့ သုံးသပ် နေကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် က နေအိမ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက် ကြာသာပတေး နေ့ ညနေ ၇ နာရီ ကျော် အချိန်မှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်တယ်လို့ နှစ်ဘက် သတင်းရပ်ကွက် ကနေ ဘီဘီစီကို အတည်ပြု ပါတယ်။

ဒါပေမယ့် ဘာတွေ ပြောဆို ခဲ့ကြ သလဲ ဆိုတာ ကိုတော့ ဘယ်ဘက်ကမှ ထုတ်ပြန် မပေးပါဘူး။

NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရရှိ ထားပေမယ့် စစ်တပ်နဲ့ကြား ဆက်ဆံရေး တိုးမြင့် ကောင်းမွန်မှလည်း မြန်မာ့ နိုင်ငံရေးရဲ့ အာဏာ အပြောင်းအလဲ ဟာ ချောမွေ့ ညင်သာမှု ရှိမှာ ဖြစ်တယ် လို့ ရန်ကုန် က ဘီဘီစီ သတင်းထောက် ဂျိုနာဖစ်ရှာ က ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese

ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်။ Photo: RFA
 အစိုးရ၀န်ကြီးဌာနတွေက လွှတ်တော်ကို ကတိပေးထားတဲ့ လုပ်ငန်း ၈၄ ခုကို လက်ရှိအစိုးရလက်ထက်မှာ အပြီးသတ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိတဲ့အတွက် ပယ်ဖျက်ပေးဖို့ဆိုပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက လွှတ်တော်ထံတင်ပြတောင်းဆိုထားတာကို ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ်အများစုက ဒီနေ့ ကန့်ကွက်ဆွေးနွေးကြပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ပယ်ဖျက်ဖို့ ထောက်ခံမဲများတဲ့အတွက် ပယ်ဖျက်လိုက်ပါတယ်။

အစိုးရအသစ်ပြောင်းတိုင်း ပေးထားတဲ့ ကတိတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဟာ မဖြစ်သင့်ကြောင်း ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက အခုလိုကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။

"ဒီမိုကရေစီခေတ်တွင် အစိုးရက အမြဲတမ်းအပြောင်းအလဲဖြစ်နေမည်မှာ ဓမ္မတာဖြစ်ပါတယ်၊ အစိုးရပြောင်းတာနဲ့ မိမိတို့၏ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များကို ပယ်ဖျက်တာမဖြစ်သင့်ပါ၊ နိုင်ငံတော်အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်ပါတယ်၊ ကြားကာလတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုဝန်ကြီးများမရှိသော်လည်း ဝန်ကြီးဌာနတိုင်းတွင် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ချုပ်များ ဆက်လက်တာဝန်ထမ်းဆောင်နေ၍ ကြားကာလ အတွက် ၄င်းတို့ကိုတာဝန်ခံစေပြီး နောင်အစိုးရလက်ထက်တွင် ဆက်လက်ဆောင်ရွက်သင့်ပါတယ်၊ နောက် အစိုးရပြောင်းတာနဲ့ ပေးထားတဲ့ ကတိကဝတ်များ ပယ်ဖျက်ခဲ့လျှင် နောင်အစိုးရလက်ထက်များမှာလည်း ဒီလိုပဲလုပ်လာမှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ပြည်သူ့ လွှတ်တော် အစိုးရရဲ့ အာမခံချက်များ၊ ကတိများနဲ့ တာဝန်ခံချက်များစိစစ်ရေးကော်မတီထံ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်းမှာ ကတိပြုထားပေမယ့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ လုပ်ငန်း ၈၄ ခု ရှိကြောင်းနဲ့ အဲဒါတွေကို ပယ်ဖျက်ပေးဖို့ အစီရင်ခံစာတင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒါနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဒီကနေ့ ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနဲ့ဆောက်လုပ်ရေးဝန်ကြီးဌာန စတဲ့ ၀န်ကြီးဌာနတွေနဲ့ သက်ဆိုင်တဲ့ ဆေးရုံ၊ ကျောင်း လမ်းတံတား၊ လယ်ယာမြေ စတဲ့လုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး အဲဒီဝန်ကြီးဌာနတွေက ကတိပေးထားတာဖြစ်ပြီး အဲဒါတွေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 စေတီပုံကြောင့် ဗီယက်နမ်လေကြောင်းလိုင်း တောင်းပန်ခဲ့
 ဗီယက်နမ် လေကြောင်းလိုင်း မဂ္ဂဇင်း မျက်နှာဖုံး ဓာတ်ပုံရှင် မော်ဒယ် အမျိုးသမီးရဲ့ ဂါဝန် အောက်အနားမှာ စေတီ ဘုရားပုံ ပါရှိခဲ့မှုနဲ့ ပတ်သက်ပြီး လေကြောင်းလိုင်းက တောင်းပန် လိုက်ပါတယ်။

အဲဒီ မဂ္ဂဇင်း မျက်နှာဖုံးဟာ ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံက ဖေ့စ်ဘွတ်၊ တွစ်တာ စတဲ့ လူမှု ကွန်ရက် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့ခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပေါ်ပေါက် ခဲ့ပါတယ်။

ဗီယက်နမ် လေကြောင်းလိုင်း မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ ဗီယက်နမ် အမျိုးသမီး တစ်ယောက်က ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားပြီး ဂါဝန်ရှည် အောက်အနားမှာ ရွှေတိဂုံ စေတီ ပုံရိပ်ကို ထည့်သွင်း ထားတာ ဖြစ်ပါတယ်။

လေကြောင်းလိုင်းက ထုတ်ပြန်တဲ့ တောင်းပန်စာမှာ လူအများ ယုံကြည် ကိုးကွယ်ရာ တစ်ခုကို အလေးအနက် မထားမိသလို ဖြစ်ခဲ့ရမှုအတွက် တောင်းပန်ကြောင်းနဲ့ မဂ္ဂဇင်းတွေကိုလည်း ပြန်လည် သိမ်းယူခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဝါရှင်တန် ဒီစီမြို့မှာ မနေ့ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်ပယ် အသီးသီးက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်။
ရွေးကောက်ပွဲမှာ အမတ်နေရာ အများစု အနိုင်ရထားတဲ့ NLD ပါတီဖွဲ့စည်းတဲ့ အစိုးရသစ် တက်လာရင် မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ တိုင်းရင်းသားအရေး၊ လူ့အခွင့်အရေးနဲ့ လူမှုစီးပွားရေး ပြဿနာတွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကိုင်တွယ်မလဲ၊ နိုင်ငံခြားရေးရာမှာကော ဘယ်လို အပြောင်းအလဲရှိလာနိုင်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၀ါရှင်တန် ဒီစီမြို့မှာ မနေ့ကျင်းပပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ နယ်ပယ် အသီးသီးက မြန်မာ့အရေးကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်ပြီး သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို တက်ရောက် သတင်းယူခဲ့တဲ့ ကိုရဲခေါင်က ပြောပြပေးပါမယ်။

အရှေ့အာရှ မူဝါဒရေးရာ လေ့လာရေး စင်တာကနေ ဦးစီးပြီး ၀ါရှင်တန် ဒီစီမြို့က Brooking Institution မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့ အရေး ဆွေးနွေးပွဲ မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အကြီးတန်း သံတမန်ဟောင်း Priscilla Clapp၊ မြန်မာ့အရေး လှုပ်ရှားသူ ဦးအောင်ဒင်၊ မြန်မာ့အရေး သုံးသပ်သူ နိုင်ငံ တကာရေးရာ ပညာရှင် Renaud Egreteau နဲ့ စီးပွားရေး ပညာရှင် Lex Rieffel တို့က ဦးဆောင်ပြီး ဆွေးနွေး ခဲ့ကြတာပါ။

တိုင်းရင်းသား အရေးမှာ NLD အစိုးရဟာ ရာနှုန်းပြည့် မအောင်မြင်သေးတဲ့ လက်ရှိ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ရမှာဖြစ်ပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းအပြင်၊ အခြား တိုင်းရင်းသား ပါတီတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေကိုပါဝင် နိုင်အောင် လုပ်လိမ့်မယ်လို့ Priscilla Clapp က သုံးသပ်ခဲ့ပါတယ်။

”လက်ရှိမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အမြောက်အမြားရှိနေသလို၊ အဖွဲ့ငယ်တွေ ထပ်ကွဲထွက်နေတာ တွေ့ရပါတယ်။ သူတို့ရဲ့ နိုင်ငံရေးအရ တရားဝင်ဖြစ်မှုကို တိုင်းရင်းသား ပါတီတွေနဲ့ မြှင့်တင်ရမှာပါ။ တိုင်းရင်းသား ပါတီတွေရဲ့ အရေးပါမှုကို ရွေးကောက်ပွဲမှာ မြင်ခဲ့ရပြီးပါပြီ။ ကျွန်မ အမြင်ကတော့ ငြိမ်းချမ်းရေးရအောင် ဘယ်လိုပုံစံနဲ့ လုပ်မလဲ ဆိုတာထက်၊ ဒီလုပ်ငန်းစဉ်ကို အနှောက်အယှက်ပေးမယ့် ခြိမ်းခြောက်မှုတွေကိုပါ။ အထူးသဖြင့် ၀နဲ့ ကိုးကန့်တို့လို့ အဖွဲ့တွေဟာ တရုတ်ရဲ့ စွက်ဖက်မှုနဲ့ ရှမ်းပြည်နယ်ကနေ ခွဲထုတ်ပြီး၊ သီးခြားပြည်နယ်တောင်းဖို့ ကြိုးပမ်းမှုဟာ NLD ဦးဆောင်မယ့် အစိုးရသစ် အတွက် မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက် ရအောင် ညှိနှိုင်းတဲ့နေရာမှာ ကြီးမားတဲ့ အနှောက်အယှက်ဖြစ်စေပါတယ်။”

မြန်မာနိုင်ငံမှာ ဘင်္ဂလီလို့ ခေါ်တဲ့ ရိုဟင်ဂျာတွေရဲ့ ပြဿနာကို NLD အစိုးရက ဘယ်လို ဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးအောင်ဒင်ကတော့ တိုင်းရင်းသား အဖြစ် လက်ခံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်ပြုရေး နှစ်ပိုင်းရှိတဲ့အနက် NLD အစိုးရဟာ ဒုတိယအချက်ကို လက်ခံကောင်း လက်ခံနိုင်ပေမယ့်၊ နိုင်ငံတကာ က တောင်းဆိုတဲ့ အတိုင်း လုပ်ပေးမယ့် အခြေအနေတော့မရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် လာမယ့်နှစ် မတ်လမှာ အသစ်ပြန်လည် စတင်မယ့် လွှတ်တော်မှာ NLD ပါတီနဲ့ စစ်တပ် ကိုယ်စားလှယ်တွေရဲ့ အားပြိုင်မှုဟာ အဓိက အချက် ဖြစ်လာမယ့် အပြင်၊ အဲဒီလို အခြေအနေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အခန်းကဏ္ဍ ဟာ အရေးပါလာမယ် လို့ Wooddrow Wilson နိုင်ငံတကာ လေ့လာရေး စင်တာက ပညာရှင် Renaud Egreteau က ပြောပါတယ်။

”အမတ်နေရာ အများစု အနိုင်ရနိုင်အောင် မဲပေးခဲ့ကြတဲ့ ပြည်သူတွေမှာ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ရှိနေမှာဖြစ်တဲ့အတွက် အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်နဲ့ လွှတ်တော်မှာ များပြားလှတဲ့ လုပ်ဆောင်စရာတွေ ရှိနေမှာပါ။ NLD အနေနဲ့ ရှိနေတဲ့ အထဲက ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ပြီး၊ လွတ်လပ်မှုကို မြှင့်တင်ပေးတဲ့ ဥပဒေတွေနဲ့ အစားထိုးတာကို စလုပ်ပါလိမ့်မယ်။ အချို့သော ကြိုးပမ်းချက်တွေဟာ စစ်တပ် ကိုယ်စားလှယ်တွေက သူတို့ရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်တယ် ဆိုပြီး၊ ပြင်းပြင်းထန်ထန် ကန့်ကွက်တာ ကြုံရလိမ့်မယ်။ အဲဒီလို အခြေအနေမှာ အဆုံးအဖြတ်ပေးမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ အခန်းကဏ္ဍက အရေးပါလာမှာဖြစ်ပါတယ်။”

ဒါ့အပြင် NLD ဦးဆောင်တဲ့ အစိုးရသစ် တာဝန်ယူလိုက်ပြီးတဲ့နောက် ၂၀၂၀ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေ ဘယ်လို ပြောင်းလဲ သွားနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး ပညာရှင် Lex Rieffel က အခုလိုသုံးသပ် ပြောပြပါတယ်။

”NLD ပါတီအနေနဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး အရ စေ့စပ် ညှိနှိုင်းမှု တွေ အောင်မြင်ပြီး ရွေးကောက်ပွဲ မဲဆွယ်စဉ်က ကတိတွေအတိုင်း လုပ်ပေးနိုင်ခဲ့တယ် ဆိုပါစို့။ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အစိုးရထိန်းချုပ်မှု မကင်းတဲ့ ရောယှက်ထားတဲ့ ပုံစံနဲ့ပဲ ဆက်ရှိနေပါမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကနေ ငွေကြေးတွေ အမြောက်အများ ၀င်လာမယ်။ မိုဘိုင်းဖုန်း သုံးစွဲမှုတိုးလာမယ်။ ဒါပေမယ့် လျှပ်စစ်ဓါတ်အား တိုးပြီးသုံးနိုင်ဖို့ အခက်အခဲဖြစ် လာမယ်။ အငြင်းပွားမှုတွေကို ထိထိရောက်ရောက် ဖြေရှင်းပေးနိုင်မယ့် တရားစီရင်ရေးစနစ်လို institution တွေ ဆက်ပြီး လိုနေဆဲ ဖြစ်လိမ့်မယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံလို အခြေအနေမျိုးထက် ဘင်္ဂလားဒေ့ရှ်လို ရုန်းကန်နေရဆဲ အခြေအနေမျိုးမှာပဲ ရှိနေလိမ့်မယ်။”

ဒါ့အပြင် NLD ပါတီအနေနဲ့ လွှတ်တော်မှာ အရေးတကြီး ဆွေးနွေးငြင်းခုန် ရမှာ ကတော့ ၀န်ကြီးဌာနတွေအတွက် ဘတ်ဂျက်သတ်မှတ်တဲ့ ကိစ္စ၊ ရှိပြီးသား နိုင်ငံသား ဥပဒေနဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အမျိုးစောင့်ဥပဒေလို အငြင်းပွားဖွယ် ဥပဒေတွေကို ဘယ်လို ကိုင်တွယ်ဆုံးဖြတ်မလဲ ဆိုတာ ဖြစ်ပါတယ်။

 ပြည်ထောင်စု လွှတ်တော်နဲ့ ပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်တွေ အကြား အာဏာ ခွဲဝေမှု ကိစ္စကလဲ NLD အနေနဲ့ ဆုံးဖြတ်ရမယ့် ကိစ္စတစ်ခုဖြစ်တယ် လို့ ပညာရှင်တွေက သုံးသပ် ပြောဆိုခဲ့ကြပါတယ်။

ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ရှမ်းပြည်နယ်က တိုက်ပွဲတွေကြောင့် လူအမြောက် အမြား နေရပ်စွန့်ခွာထွက်ပြေး
 SSPP/ SSA ရှမ်းပြည် တိုးတက်ရေး ပါတီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို အစိုးရတပ်ဖက်က ထိုးစစ်ဆင် တိုက်ခိုက် နေတာတွေ ရပ်ဆိုင်းမယ်လို့ တပ်မတော် ဘက်က ပြောကြောင်း SSPP က ပြောပါတယ်။

မတိုက်ခိုက်ဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်(ရလခ)က သူ့ရှေ့တန်း တပ်တွေကို ညွှန်ကြားလိုက်ကြောင်း အစိုးရ တပ်ဖက်က SSPP/ SSA ကို နိုဝင်ဘာ ၁၉ ရက်နေ့က ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အပစ်ရပ်ပြီးဆွေးနွေးကြဖို့ကိုလည်း အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဦးစီး အရာရှိ G1 က SSPP/SSA ကို ဖုန်းဆက်ခဲ့တဲ့ အပြင် ငြိမ်းချမ်းရေး တာဝန်ခံ လျှပ်စစ်ဝန်ကြီး ဦးခင်မောင်စိုး ကလည်း ဖုန်းဆက်ခဲ့တယ်လို့ SSPP/ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဆုက ဘီဘီစီကို အတည်ပြုပြော ပါတယ်။

တနင်္လာနေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့လည်း အစိုးရဘက်က ကမ်းလှမ်းခဲ့ ပါတယ်။

အစိုးရ ဘက်က ဖုန်းဆက်အကြောင်းပြီးတဲ့နောက်မှာ တိုက်ပွဲတွေ မဖြစ်ပေမဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ရှေ့တန်းတပ်ဖွဲ့တွေ အားလုံးကို အသိပေး အကြောင်းကြားဖို့ကတော့ အချိန်ယူရဦးမယ်လို့ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာလည်း အစိုးရတပ်တွေ နောက်တန်း မူလနေရာကို ပြန်ဆုတ်သွားဖို့နဲ့ အရပ်သားတွေကို အကူအညီပေးဖို့ တို့ကို အဓိကထား တောင်းဆို သွားမယ်လို့ ဗိုလ်မှူးစိုင်းဆု ကပြောပါတယ်။

အစိုးရဘက်က ချိန်းထားတဲ့ တနင်္လာနေ့မှာ တွေ့ဆုံကြဖို့ ကိစ္စကို SSPP/ SSA အဖွဲ့အတွင်းမှာ ဆွေးနွေးပြီးမှ အကြောင်းပြန်မယ်လို့ ဗိုလ်မှူးစိုင်းဆုက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

 ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာ ဒုက္ခသည်စခန်းမှာ ခိုလှုံနေသူတွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA
 အခြေခံပညာကျောင်းသားသမဂ္ဂ-အကသ အဖွဲ့ဝင်တွေက ရှမ်းတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ စမ်းချောင်းမြို့နယ်မှာ ဒီနေ့ ရန်ပုံငွေရှာအလှူခံတာကို အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုချက်ယူဖို့ ပြောဆိုတားမြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အခြေခံပညာကျောင်းသားသမဂ္ဂ ပြန်ကြားရေးတာဝန်ခံ ကိုစစ်မင်းနိုင်က RFA ကို အခုလိုပြောပါတယ်။

"စမ်းချောင်မြို့နယ် ထွေအုပ်က ကျနော်တို့ကို ခွင့်ပြုချက်ယူဦးပေါ့နော်၊ ကျနော်တို့ကလည်း မေးလိုက်တယ်လေ ကထိန်တွေဘာတွေကျတော့ရောလို့ အဲ့လိုမျိုး ခွင့်ပြုချက်ယူရမှာလားဆိုတော့ ကထိန်တွေဆိုလို့ရှိရင်လည်း ခွင့်ပြုချက်ယူရတယ်တဲ့၊ အနောက်ကနေ ဓါတ်ပုံလိုက်ရိုက်တယ်၊ အဲ့လူတွေကိုမေးတာ ဘာမှတော့မလုပ်ဘူး သူတို့လိုက်ကြည့်တာပါလို့ ပြောတယ်၊ ကျနော်တို့ အလှူခံထွက်နေတုန်းပါ"

အကသအဖွဲ့အနေနဲ့ ရန်ကုန်မြို့မှာ ၃ ရက်ကြာအလှူခံမှာဖြစ်ပြီး ရလာတဲ့ငွေကြေားတွေနဲ့ပစ္စည်တွေကို ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်- ဗကသ ကနေတဆင့် ဒုက္ခသည်တွေဆီပို့ ပေးမယ်လို့ ပြောပါတယ်။

ဗကသများအဖွဲ့ချုပ်ကလဲ အဲဒီ ရှမ်းပြည်နယ်က စစ်ပြေးဒုက္ခသည်ကူညီရေးအတွက် ရန်ကုန်မြို့မှာ အလှူခံပြီး သွားပို့ကြမယ်လို့ ကြေညာထားပါတယ်။ အလားတူ ဗကသများအဖွဲ့ချုပ် မန္တလေးခရိုင် ကျောင်းသားသမဂ္ဂကလည်း စစ်ပြေးဒုက္ခသည်တွေအတွက် မန္တလေးမြို့မှာ အလှူခံထွက်နေပြီး၊ ဒီနေ့အထိ ကျပ်ငွေ ၂ သိန်း ၃ သောင်းကျော်နဲ့ အဝတ်အစားတွေလက်ခံရရှိထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

 နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုဝင်ဘာလ ၉ ရက်နေ့က ကော်မရှင် ဥက္ကဌ ဦးတင်အေး ရွေးကောက် ပွဲ မဲရလဒ်တွေကို ကြေညာစဉ်။ Photo: Win Ko Ko Latt/ RFA
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဖို့ ကျန်နေတဲ့ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေအတွက် မဲဆန္ဒနယ်မြေ ၁၁ နေရာမှာ NLD က ၅ ဦး၊ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ၃ဦး၊ လီဆူအမျိုးသားဖံွ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က ၂ဦးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ၁ဦး အနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ညနေမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ၂နေရာအတွက် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မဲဆန္ဒနယ်မှာ လီဆူအမျိုးသား ဖံွ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ) ကိုယ်စားလှယ် ဦးအာမိုးဆီ၊ နောင်မွန်းမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးဂျီဖုန်ဆားရ် တို့ အနိုင်ရရှိပါတယ်။

အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် ခေါင်လန်ဖူး ၊ နောင်မွန်း ၊ မချမ်းဘော့၊ ဆွမ်ပရာဘွမ် နဲ့ ပူတာအို မဲဆန္ဒနယ် အမှတ် ၁မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကိုယ်စားလှယ် ဦးဂျေယောဝူ တို့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အတွက် နောင်မွန်းမဲဆန္ဒနယ် ၁မှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ဦးချန်တန်ခင် ၊ နောင်မွန်းမဲဆန္ဒနယ် ၂မှာ ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ဦးမဘုဒဂုဏ်၊ ခေါင်လန်ဖူး မဲဆန္ဒနယ် (၁) မှာ လီဆူအမျိုးသားဖံွ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)က ဦးရွှေလေး၊ ခေါင်လန်ဖူးမဲဆန္ဒနယ် ၂မှာ အန်အယ်လ်ဒီပါတီက ဦးအားခီဆာတို့ အနိုင်ရရှိတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၈ နေရာရှိရာမှာ ကျန်နေတဲ့ ဗမာ၊ လီဆူ၊ ရှမ်း၊ ရ၀မ် စတဲ့ နေရာ ၄နေရာမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်တွေက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကော်မရှင်ရဲ့ထုတ်ပြန်ကြေညာချက်တွေအရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၃ ရှိရာမှာ  အန်အယ်လ်ဒီပါတီက ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နေရာရှိရာမှာ ၁၃၅ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၆၃၀ ရှိရာမှာ ၄၇၅ ဦး နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ၂၉ နေရာ ရှိရာမှာ ၂၁ ဦး အနိုင်ရရှိထားတာဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲဆန္ဒနယ် စုစုပေါင်း ၁၁၅၀ မှာ ကျင်းပခဲ့ရာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၈၈၆ ဦး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်မှာ ၃၀ဦး၊ အမျိုးသားလွှတ်တော်မှာ ၁၂ဦး၊ တိုင်းဒေသကြီး /ပြည်နယ်လွှတ်တော်မှာ ၇၄ ဦး နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ဦး စုစုပေါင်း ၁၁၈ ဦး အနိုင်ရထားပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၉၁ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကော်မရှင်ကထုတ်ပြန်ကြေညာချက်တွေအရ ပါတီ ၂၀ ကျော်သာ ရွေးကောက်ခံရပါတယ်။

RFA Burmese
http://www.rfa.org/burmese

သမ္မတ အိုဘားမားက Kuala Lumpur မြို့က town hall တွေ့ဆုံပွဲ။ (နိုဝင်ဘာ ၂၀ ၊ ၂၀၁၅)
 အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးအစည်းအဝေးပွဲတွေအတွက် မလေးရှားနိုင်ငံမှာ ရောက်နေတဲ့ အမေရိကန် သမ္မတ Barack Obama က မြန်မာနိုင်ငံလို ဒေသတွင်းနိုင်ငံတွေမှာ လူ့အခွင့်အရေး ဒီမိုကရေစီရေး ထွန်းကားအောင် ၀ိုင်းဝန်းကြိုးပမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် အတူတကွ မားမား မတ်မတ် ရပ် ဆောင်ရွက်ကြဖို့၊ အထူးသဖြင့် မကြာသေးခင် သီတင်းပတ်တွေ က မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ လူထုကို ချီးကျုးလိုတဲ့အကြောင်း၊ သမ္မတ အိုဘားမားက Kuala Lumpur မြို့က town hall တွေ့ဆုံပွဲအတွင်း သောကြာနေ့ကပဲ ပြောဆိုခဲ့တာပါ။

ပိုမိုငြိမ်းချမ်းသာယာပြီး ဒီမိုကရေစီနည်းကျတဲ့ မြန်မာနိုင်ငံအဖြစ် အသွင်ကူးပြောင်းနိုင်မယ့် အရေးကြီးတဲ့ ခြေလှမ်း တလှမ်း လည်း ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတ အိုဘားမား ရောက်နေတဲ့ အာဆီယံညီလာခံကို တက်ရောက်ဖို့ မြန်မာသမ္မတ ဦးသိန်းစိန်လည်း မလေးရှားနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မာလီနိုင်ငံ Bamako မြို့တော်မှာ ဟိုတယ်တိုက်ခိုက်မှု။ (နိုဝင်ဘာ ၂၀၊ ၂၀၁၅)
 သောကြာနေ့ မာလီနိုင်ငံ Bamako မြို့တော်မှာ အနည်းဆုံး လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ဟိုတယ်တိုက်ခိုက်မှုကို အယ်လ်ကိုင်ဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ အဖွဲ့ ၂ ခုက လုပ်ဆောင်တာလို့ ကြေညာခဲ့ပါတယ်။ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ်မစ် Maghreb - AQIMနဲ့ El Moura bitoune အဖွဲ့တွေက သူတို့ဟာ Bamako က နိုင်ငံခြားသားတွေ အများဆုံး လာရောက်တဲ့ Radisson Blu ဟိုတယ်ကို ပစ်မှတ်ထားပြီး ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တဦးကလည်း AQIMအဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်မယ်လို့ အဓိက သံသယရှိ ကြောင်း ပြောပါတယ်။

ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေ ကြိုကြားကြိုကြား ပေါ်ထွက်လာနေချိန်မှာပဲ မာလီ အထူးတပ်ဖွဲ့ဝင်တွေက နာရီပေါင်းများစွာ တခန်းဝင်တခန်းထွက် လိုက်လံ ရှင်းလင်းခဲ့တဲ့နောက် သောကြာနေ့ ညနေစောင်းလောက်မှာ ဟိုတယ် တိုက်ခိုက်မှု ပြီးဆုံးသွားပါတယ်။

သေဆုံးသူတွေထဲမှာ လာရောက်တိုက်ခိုက်သူ အနည်းဆုံး ၃ ဦးထက်မနည်း ပါနေနိုင်တယ်လို့ မာလီ အာဏာပိုင်တွေက ပြောပါတယ်။ အဆောက်အဦး ကြမ်းပြင်တွေ ပေါ်မှာ သေဆုံးနေသူတွေကို မြင်ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ပြည်တွင်းလုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီး Salif Traore ကတော့ စစ်သားတွေ ဟိုတယ်ထဲ ရှာဖွေမှုတွေ ပြီးဆုံးသွားရင် သေဆုံးသူ စုစုပေါင်း ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကို တရားဝင် ထုတ်ဖေါ်ပြောဆိုမှာ ဖြစ်ကြောင်း ပြောပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင် သေနတ်သမားတွေဟာ ဓါးစာခံ ၁၇၀ လောက်အထိ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အဲဒီထဲကမှ အမေရိကန် ၆ ယောက် အပါအဝင် လူပေါင်း ၈၀ လောက်ကို ပြန်လွှတ်ပေးခဲ့တယ် လို့ဆိုပါတယ်။ အခု ဓါးစာခံ တယောက်မှ မရှိတော့ဘူးလို့ မာလီအရာရှိတွေက ပြောခဲ့သလိုအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ဒီဟော်တယ်တိုက်ခိုက်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 ဓားစာခံ ၃၀ သာ လွတ်မြောက်လာသေး။
 မာလီ နိုင်ငံ၊ ဘာမာကို မြို့တော်မှာ အမေရိကန်က ပိုင်ဆိုင်တဲ့ ဟိုတယ် တစ်လုံးကို အစ္စလာမ္မစ် စစ်သွေးကြွတွေက ဝင်စီးပြီး လူ ၁၇၀ လောက်ကို ဓားစာခံ အဖြစ် ဖမ်းဆီး ထားရာမှာ မာလီ အထူးတပ်ဖွဲ့တွေက အဲဒီ ဟိုတယ်ထဲကို ဝင်ရောက် ရှင်းလင်း ခဲ့တယ်လို့ သိရပါတယ်။

အဖမ်းခံထားရတဲ့ လက်ကျန် ဓားစာခံတွေ မရှိတော့ဘူးလို့ ပြောပေမယ့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။

အစောပိုင်းကတော့ လူ ၃ ဦး သေဆုံးပြီး စစ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တွေ၊ လေကြောင်းလိုင်း ဝန်ထမ်းတွေ အသုံးများတဲ့ Radisson Blu လို့ ခေါ်တဲ့ အဲဒီ ဟိုတယ်ကို သေနတ် သမားတွေက အစ္စလာမ္မစ် အယူဝါဒတွေ ကြွေးကြော်ပြီး ပစ်ခတ် ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ရဲ့ လက်ချက် မဖြစ်နိုင်ပေမယ့် အာဖရိက အနောက် မြောက်ပိုင်းက အစ္စလာမ် အစွန်းရောက် ဝါဒီတွေ ပါဝင် ပတ်သက်ဖွယ် ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

“ အမျိုးသားရေးသူငယ်နာ (သို့ ) နှစ်တစ်ရာက ၀က်သက်နာ ”

လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော်တုံးက အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ခေတ်မှာ တိုင်းတပါးသားလူမျိုးခြား ရဲ့ဖိနှိပ်အုပ်ချုပ်မှု့အောက်ကနေ ရုန်းထွက်ဖို့ ကျိုးပမ်းစဉ်ကာလ အစပိုင်းမှာတော့ ဇာတိသွေး ဇာတိမာန်တွေ၊ ၀ံသာနုရက္ခိတတရားတွေ၊ အမျိုးသားရေးစိတ်နိုးကြားမှု့တွေဟာ အဖိနှိပ်ခံမြန်မာလူမျိုးတွေကို စုစည်းရာမှာ အရှိန်အဟုန်ကြီးစွာ တွန်းအားဖြစ်စေခဲ့ပါတယ်။
“ဗမာပြည်သည် တို့ ပြည် … ဗမာစာသည်တို့ စာ … ဗမာစကားသည်တို့ စကား ” ဆိုတဲ့ ဒို့ ဗမာ အစည်းအစည်းအရုံးရဲ့ ကြွေးကြော်သံဟာ သူ့ ကျွန်မခံလိုတော့တဲ့ မြန်မာလူမျိုးတွေရဲ့ သွေးကို ဆူဝေပွက်လျှံစေခဲ့တယ်မဟုတ်လား။

ဒါပေမဲ့ မြန်မာနိုင်ငံလို လူမျိုးငယ်စုများစွာနဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံကို နယ်ချဲ့ ဘီလူးရန်ကလွတ်မြောက်ဖို့ ဆိုတာ မြန်မာလူမျိုးတမျိုးထဲ ကျိုးပမ်းလို့ အရာမထင်နိုင်ဘူး၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးပါဝင်မှာ့၊ စုစည်းညီညွတ်မှာ့ ထိရောက်အောင်မြင်နိုင်မယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုးတက်တဲ့အမြင်ရှိတဲ့ အဲဒီခေတ်က လူကြီး လူငယ်ခေါင်းဆောင်တွေဟာ နောက်ပိုင်းမှာ အဲ့ဒီအချက်ကို ကောင်းကောင်း သဘောပေါက်လာခဲ့ကြတယ်။
ဒါကြောင့် (၁၉၃၀) ပြည့်နှစ် နောက်ပိုင်းမှာ.. ဒို့ ဗမာအစည်းအစည်းအရုံးရဲ့ ကြွေးကြော်သံရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို “ဗမာလူမျိုးအတွက်တင်မဟုတ်ပဲ ဗမာပြည်မှာနေထိုင်တဲ့ လူမျိုးစုအားလုံးအတွက်” ဆိုတဲ့ အယူအဆကို ပြန်လည်ဖွင့်ဆို စည်းရုံးခဲ့ကြရတယ်။

ဒါပေမဲ့လည်း နှစ်ပေါင်းရာချီပြီး ခေတ်ပညာမတတ်ဘဲ ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေခဲ့ရတာ ကြောင့်အပြင် မြန်မာ့သမိုင်းရဲ့ အလွန်မြန်ဆန်စွာ ပြန်လည်နိုးကြားလာတဲ့ကာလ (Renaissance periodး ၁၉၁၀~၁၉၄၀) အတွင်းမှာ ကိုယ့်ဥခွံထဲကမထွက်ဘဲ ရှေးရိုးစွဲ အစဉ်လာစွဲပြင်းထန်သူတွေ ကြားမှာ ဘာသာခြား၊ လူမျိုးခြားမုန်းတီးမှု့ကိုအခြေခံပြီး လူမျိုးပေါင်းစုံ လူ့ အဖွဲ့ အစည်းနဲ့ သဟဇာတ မရှိတဲ့ အမျိုးသားရေးသူငယ်နာလို့ ခေါ်ရမဲ့ အစွန်းရောက်လူမျိုးကြီးဝါဒ (racial chauvinism) ၀က်သက်နာကြီး စွဲငြိကပ်ရောက် ကူးစက်ပြန့် နှံ့ ခဲ့ဘူးတယ်။
အဲ့ဒီနောက် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီး အမျှော်အမြင်ကြီးမားတဲ့ခေါင်းဆောင် မြန်မာ့လွတ်လပ်ရေး ပိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရိုးသားရဲရင့်တဲ့ ဦးဆောင်မှု့အောက်မှာ အမျိုးသားရေးသူငယ်နာ-အစွန်းရောက်လူမျိုးကြီးဝါဒ-၀က်သက်နာဟာ ခေတ္တခဏ ငုပ်လျှိုးပျောက်ကွယ်သွားခဲ့တယ်။

ကံမကောင်း အကြောင်းမလှခြင်တော့ လွတ်လပ်ရေးမရခင် တနှစ်အလိုလေးမှာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေလုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်။ လွတ်လပ်ရေးရပြီးတဲ့နောက် ပါလီမန်ဒီမိုကရေစီခေတ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုဖို့  ကျိုးပမ်းရာက အမျိုးသားရေး သူငယ်နာ-အစွန်းရောက်လူမျိုးကြီးဝါဒ-၀က်သက်နာဟာ တကျော့ပြန်ခေါင်းထောင်လာခဲ့ပြန်တယ်။
ပြီးတော့ ပြည်ထောင်စုဖွားသားချင်းတွေကိုပေးခဲ့တဲ့ ပင်လုံကတိက၀တ်ကိုပါ ချိုးဖေါက်ခဲ့တာမို့  အဲ့ဒီကနေ ရှိရှိသမျှ တိုင်းရင်းသားပေါင်းစုလက်နက်ကိုင်ပြီး ပြည်ထောင်စုအစိုးရကို တော်လှန်ခဲ့တော့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကြီးတောက်လောင်ဝါးမျိုခဲ့တာ ဒီကနေ့ ထိတိုင် မဟုတ်လား။
ပိုကံဆိုးသွားစေတာက (၁၉၆၂) ခုနှစ်မှာ တောမီးလောင်တောကြောင်လက်ခမောင်းခပ်ဆိုသလို နိုင်ငံရေးအင်အားစုတွေ မညီမညွတ်မှု့ကြောင့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာရသွားစေခဲ့ရာက အစွန်းရောက်ဗိုလ်ကျ လူမျိုးကြီးဝါဒ ၀က်သက်နာဟာ မြန်မာလူမျိုးတွေသာမက၊ တိုင်းရင်းသားလူမျိုးငယ်စုများကြားမှာတောင် ( ဥပမာ ရှမ်းလူမျိုးငယ်တွေကြားမှာ ပအို့ လူမျိုးနဲ့ တခြားရှမ်းလူမျိုးငယ်စုများကြားက ပဋိပက္ခ) နက်နက်ရှိုင်းရှိုင်း ကူးစက်ပြန့် ပွားခဲ့တယ်မဟုတ်လား။
ဂျပန်ဖက်ဆစ်စနစ်လို ရက်စက်ကြမ်းကျုတ်တဲ့ မြန်မာစစ်အာဏာရှင်စနစ်ကို တွန်းလှန်ဖို့ ရှစ်လေးလုံးအရေးတော်ပုံကြီး ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားတဲ့အခါ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘုံရန်သူကို စုပေါင်းတွန်းလှန်နေတုံးမှာတော့ အမျိုးသားရေးသူငယ်နာ အစွန်းရောက်လူမျိုးကြီးဝါဒ ၀က်သက်နာဟာ ပြန်လည်ငုပ်လျှိုးသွားခဲ့ရတယ်။
ဟောအခု မျက်မှောက်အချိန်အခါသမယမှာ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့  အမျိုးသားရေး သူငယ်နာ ၀က်သက်ကြီးပေါက်လို့  တကျော့ပြန်ကူးစက်နေတာ တော်တော်ပြင်းထန်ဆိုးဝါးတဲ့ အဆင့်ကိုရောက်လို့ နေပြီ။ ဒီတခါပေါက်တဲ့ ၀က်သက်ကြီးက သူတို့ အာဏာလက်မလွှတ်ရေးအတွက် စစ်အာဏာရှင်နဲ့ အနွယ်တော်တွေက ရခိုင်နယ်စပ်က ဘင်္ဂလီလူမျိုးခြားကိစ္စကို ခုတုံးလုပ်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ နိုးဆွပေးလို့  လူထုကြား ကူးစက်ပြန့်ပွားစေခဲ့တာပါ။ အမှန်တကယ်က ရခိုင်နယ်စပ်က ဘင်္ဂလီလူမျိုးခြားကိစ္စဆိုတာ တရားဥပဒေစိုးမိုးမှု့ရှိရင် လွယ်လင့်တကူ ဖြေရှင်းလို့ ရပါတယ်။

ကျွန်တော်တို့ မြန်မာပြည်သားတွေအတွက် ချစ်တာနဲ့ နှစ်တာကို ဂဃဏန ကွဲပြားဖို့ လိုသလို၊ ဘုရားဟောနဲ့ ညီတဲ့ အမျိုးသားရေးစိတ်နဲ့ အစွန်းရောက်လူမျိုးကြီးဝါဒ(အမျိုးသားရေးသူငယ်နာ) ကို ကျကျနန ခွဲခြားတတ်ဖို့ သိပ်အရေးကြီးနေပါပြီ။
အမျိုးမာန်တို့ … ဇာတိမာန်တို့ …မျိုးချစ်စိတ် ဆိုတာတွေဟာ… မှန်မှန်ကန်ကန်ထားတတ်ဖို့ လိုတယ်။ စစ်မှန်တဲ့မျိုးသားရေးဆိုတာ ဘယ်အချိန်မှာ ဒါကို ထိန်းချုပ်ထားမယ်၊ ဘယ်အချိန်မှာ ဒါကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချမယ်ဆိုတာနားလည်ဖို့ ပါပဲ။

အမျိုးသားရေးဝါဒီတွေ အစွန်းရောက်ပြီဆိုရင် လူသားမျိုးနွယ်စုအားလုံးအတွက် သိပ်အန္တရာယ်ကြီးတယ်။ ဂျာမန်အမျိုးသားရေးဝါဒီ ဟစ်တလာဟာ နာဇီဝါဒနဲ့ ဒုတိယကမ္ဘာစစ်ကြီးတောက်လောင်စေခဲ့သလို … ကိုယ်ကိုကိုယ် နေဘုရားရဲ့သားတော်တွေလို့ ယုံကြည်ကြတဲ့ ဂျပန်လူမျိုးတွေရဲ့ အစွန်းရောက်အမျိုးသားရေးဝါဒဟာ… ဖက်စစ်စနစ်ကို မွေးဖွားပြီး လူ့ အသက်ပေါင်းများစွာကိုဖျက်ဆီးခဲ့တယ်မဟုတ်လါး။
မြတ်စွာဘုရားရှင်ရဲ့ ဆွေတော်မျိုးတော်…သာကီဝင်မင်းတွေဟာ အမျိုးမာန် ဇာတိမာန်အလွန်ကြီးတယ်။ သူတို့ အမျိုးကို တခြားဘယ်အမျိုးဇါတ်နဲ့ မှ မနှောခြင်ကျဘူး။ ဒါကြောင့် သူတို့ က အမျိုးညံ့တယ်..နိမ့်ကျ တယ်လို့ သတ်မှတ်ထားတဲ့ ကျွန်မကမွေးဖွားလါတဲ့ ၀ိဋဒူပမင်းသားလေး ထိုင်တဲ့နေရာကို ယုတ်ညံ့သွားတယ်လို့ ယူဆပြီး နွားနို့နဲ့ ဆေးကြောသန့် စင်တဲ့ အမျိုးမာန်၊ ဇာတိမာန်ကြီးမှု့ အစွန်းရောက်မှု့က သာကီဝင်မင်းတွေကို ကလေးကစ …လူကြီးအထိ မျိုးတုန်းအောင်သုတ်သင်သတ်ဖြတ်ခြင်း ခံခဲ့ရတာမဟုတ်လါး။
တကမ္ဘာလုံးအရေးနဲ့ တနိုင်ငံထဲအရေး ရွေးရရင် တကမ္ဘာလုံးအရေးကိုဦးစားပေးရမှာဖြစ်တယ်။ တမိသားစုလုံးအရေးနဲ့ မိသားစုဝင်တချို့ အရေးရွေးရမယ်လည်း တမိသားစုလုံးအရေးကို ရှေ့တန်း တင်ရမှာမဟုတ်လား။ ဒီလိုပါဘဲ ပြည်ထောင်စုတခုလုံးအရေးနဲ့ လူမျိုးတမျိုးအရေး နိုင်းယှဉ်လာခဲ့ရင်လည်း ပြည်ထောင်စုတခုလုံးအရေးကိုသာ အလေးထားရှေ့ရှု့ကြရမယ်ဆိုတာ နှလုံးသားအသိနဲ့ လက်ခံကျင့်သုံးနိုင်ဖို့ လိုပါတယ်။
အမျိုးဘာသာသာသနာကိုချစ်တာ အသာထားလို့ ကိုယ့်သားသမီးတောင်မှန်မှန်ကန်ကန် မချစ်တတ် တဲ့မိဘတွေအများကြီးရှိပါတယ်။ ချစ်တာနဲ့ နှစ်တာမကွဲပြားတဲ့မိဘတွေတစ်ပုံကြီးမဟုတ်လား။ အရပ်ထဲ ကလေးချင်းချင်း ကစားရင်းရန်ဖြစ်တဲ့အခါ ၊ သားသမီးကိုမျက်စိစုံမှိတ်ချစ်တဲ့မိဘတွေဟာ ဘယ်သူမှန်တယ်၊ဘယ်သူမှားတယ်ဆိုတာစဉ်းစားဆင်ခြင်လိုစိတ်လဲမရှိဘူး ၊ ကိုယ့်သားသမီးကမှားတာသိရင်တောင် အကာကွယ်ပေးရပ်တည်ကြတယ်မဟုတ်လါး။ အမှန်တရားကိုမျက်ကွယ်ပြုပြီး ကိုယ့်ဥမှကိုယ့်ဥ မျက်နှာလိုက်ဆုံးဖြတ်တာဟာ ချစ်တာမဟုတ်ပါဘူး ။

ကိုယ့်သားသမီးကိုအမှားနဲ့ အမှန်ခွဲခြားတတ်အောင်၊ အမှန်တရားကိုစောင့်ရှောက်တတ်အောင် မသင်ကြား မဆုံးမဘဲဘက်လိုက်ကာကွယ်တာဟာ သားသမီးကိုဖျက်ဆီးတာဘဲ၊ နှစ်တာဘဲ၊ သူတို့ ရဲ့ နှလုံးသားကို အဆိပ်ခပ်ပေးလိုက်တာနဲ့ အတူတူဘဲ။ ဒီကလေးတွေကြီးပျင်းလာတဲ့အခါ မတရားမှု့၊ မကောင်းမှု့တွေ ဆက်ကျုးလွန်နေမှာအသေအခြာဘဲ ။
အဲ့ဒီလိုပါဘဲအမျိုးဘာသာသာသနာကိုမှန်ကန်တဲ့နည်းလမ်းတွေနဲ့ ချစ်တတ်ဖို့ ကာကွယ်စောင့်ရှောက်တတ်ဖို့ လိုပါတယ်။
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းအတူယှဉ်တွဲနေထိုင်ဖို့  အရေးတကြီးမဖြစ်မနေ လိုအပ်နေတဲ့လူ့ အဖွဲ့ စည်းကြီးတစ်ခုမှာ၊ လူမျိုးတမျိုး၊ ဘာသာတစ်ရပ်ထဲကိုသာ ကာကွယ်စောင့်ရှောက် ဖို့ (၂၀၁၅) ရွေးကောက်ပွဲမတိုင်ခင်လေး အချိန်ကိုက်မှာ အားလုံးအငြင်းပွားရမဲ့ ညီညွတ်မှု့ပြိုကွဲစေတဲ့ မျိုးစောင့်ဥပဒေဆိုတာတွေကို တက်သုတ်ရိုက်ပြဌာန်းခဲ့တာဟာလုံးဝမရိုးသား ဘူးလို့ပြောရမှာဖြစ်သလို၊ တခြားလူမျိုးတွေ၊ တခြားဘာသာဝင်တွေကို ရှိဟန်မတူသယောင် လုံးဝဂရုမစိုက်ဘဲ လုပ်ဆောင်ခဲ့ကြတာဟာ ၀မ်းနည်းစရာလည်းအလွန်ကောင်းပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီအစိုးရတစ်ရပ်ရှိလါရင်အများဆန္ဒနဲ့ အညီလိုအပ်တဲ့ဥပဒေမှန်သမျှဒီမိုကရေစီစံနှုန်းတွေအတိုင်းပြဌာန်းနိုင်ပါတယ်။
တိုင်းပြည်ကိုစစ်ညွှံထဲကဆွဲတင်နိုင်အောင်၊ အမျိုးဘာသာသာသနာကိုလည်း မှန်မှန်ကန်ကန် စောင့်ရှောက်နိုင်အောင်၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် စစ်လှောင်ချိုင့်နဲ့ တူတဲ့ (၂၀၀၈) နာဂစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေကြီးကိုပြင်ဆင်နိုင်အောင်လာမဲ့ အထွေအထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနိုင်ရပြီး ပြည်သူ့ အစိုးရပေါ်ပေါက်လာနိုင်အောင် အားလုံးညီညီညွတ်ညွတ်နဲ့  အားထုတ်ရမဲ့အချိန်မှာ အခြင်းခြင်းစိတ်ဝမ်းကွဲစေနိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာကိုရှေ့တန်းတင်လါတာဟာ ခဲတစ်လုံးနဲ့ ငှက်သုံးကောင်ကိုပစ်လိုက်တဲ့ စစ်ကျုငုတ်တွေရဲ့ယုတ်မာပက်စက်ပြီး မဟာဗျုဟာကြတဲ့လှည့်ကွက်တိုက်ကွက်ပါ ။

(၁) ပြည်သူလူထုကြား၊ သံဃာထုကြား၊ တိုင်းရင်းသားလူမျိုးအခြင်းခြင်းကြား စည်းလုံးညီညွတ်မှု့ ပြိုကွဲစေရေး

(၂) လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှု့ယုံကြည်ကိုးစားမှု့ကျဆင်းစေရေး

(၃) တိုင်းပြည်ကို စစ်ကျွန်ပြုထားတဲ့ (၂၀၀၈) နာဂစ်ဖွဲ့ စည်းပုံ အခြေခံဥပဒေကြီးကို ထိထိရောက်ရောက် မပြင်ဆင်နိုင်ဘဲ အချိန်ဆွဲထားနိုင်ရေး … စတာတွေပါဘဲ။
တစ်ကယ်ဘဲအမျိုးဘာသာသာသနာကိုစောင့်ရှောက်ခြင်တယ်၊ ထိမ်းသိမ်းကာကွယ်ခြင်တယ်ဆိုရင် တရားဥပဒေစိုးမိုးမှု့ အမှန်တကယ်ရှိလာဖို့ ၊ (၂၀၀၈) ဖွဲ့ စည်းပုံအခြေခံဥပဒေကို အများဆန္ဒနဲ့ အညီ ပြင်ဆင်နိုင်အောင် ဆောင်ရွက်နိုင်မဲ့ ပြည်သူ့ အစိုးရတရပ်ပေါ်ထွန်းလာဖို့ လိုပါတယ်။ ဒီမိုကရေစီအစိုးရတရပ် ရှိလာတဲ့အခါ၊ တရားဥပဒေစိုးမိုးတဲ့အခါ လူတိုင်းလူတိုင်း၊ လူမျိုးတိုင်းလူမျိုးတိုင်း ဘာသာတိုင်းဟာ မျှမျှတတနဲ့ ဥပဒေရဲ့အကာအကွယ်အောက် စောင့်ရှောက်မှု့တွေရရှိကြမှာပါ။

ဒီ့အတွက်ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ မိမိနဲ့ မိမိဝန်းကျင်မှာ တနေ့ တခြား ကူးစက်ပြန့် ပွား လှိုက်စားနေတဲ့ အမျိုးသားရေးသူငယ်နာ (အစွန်းရောက်လူမျိုးကြီးဝါဒ) ၀က်သက်နာကြီး ကင်းကင်းရှင်းရှင်း ပျောက်ကွယ်သွားနိုင်အောင် ပြည်ထောင်စုစိတ်ဓါတ်နဲ့  အပြန်အလှန်ကူညီဖေးမကြရင်း ပင်လုံစိတ်ဓါတ်တွေ ပြန်လည်မွေးဖွား စုပေါင်းကုစားရမှာဖြစ်ပါတယ်။
နိဂုံးသပ်ရရင် မကြာခင်မှာ အစိုးရတာဝန်ကိုလွှဲပြောင်းရယူတော့မဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်မဲ့ အရပ်သားဒီမိုကရေစီအစိုးရနဲ့ လက်တွဲပြီး ပဉ္စမနိုင်ငံတော်သစ်တည်ဆောက် ရေးမှာ ပြည်ထောင်စုသားတိုင်း နိုင်ရာဝန်ထမ်းရွက်ကြရင်း အဆိပ်ပြင်းတဲ့ အမျိုးသားရေးသူငယ်နာ ကုစားရာမှာလည်း တဒေါင့်တနေရာက ပါဝင်အားဖြည့်ကြဖို့  မေတ္တာရပ်ခံ နိုးဆော်လိုက်ရပါကြောင်း ။ ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
နိုဝင်ဘာလ (၂၀) ရက်နေ့ ၂၀၁၅ ခုနှစ်[full-post]

၈၈ လူထုအရေးတော်ပုံတွင် ကျဆုံးခဲ့ပြီး ၂၇နှစ်တိုင်တိုင် အမျှပေးဝေခြင်း မပြုခဲ့ရသည့် မ၀င်းမော်ဦးအား ၄င်းကျဆုံးသည့် ၂၈ပြည့် အခမ်းအနားနေ့တွင် အမျှပေးဝေသွားမည်ဖြစ်ကြောင်း မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက ပြောသည်။

“နဂိုကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ နိုင်ရင် မ၀င်းမော်ဦးအတွက် အမျှအတန်း ပေးဝေမယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါကြောင့် သူကျဆုံးခဲ့တဲ့ ၂၈နှစ်ပြည့် နှစ်ပတ်လည် ဖြစ်တဲ့နေ့မှာ ကျွန်တော်တို့ မိသားစုတွေ အနေနဲ့ အမျှဝေသွားမှာပါ”ဟု မ၀င်းမော်ဦး၏ ဖခင် ဦးဝင်းကြူက ပြောသည်။

မ၀င်းမော်ဦးသည် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၉ရက်က ဖြစ်ပွားခဲ့သော ၈၈ အရေးတော်ပုံတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံအား ကိုင်ဆောင်ကာ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြရာတွင် စစ်အစိုးရ၏ ပစ်ခတ်မှုကြောင့် နေရာတွင်ပင် သေဆုံးခဲ့ရသည်။ ၄င်း၏ တောင်းဆိုမှုဖြစ်သည့် ဒီမိုကရေစီ ရရှိမှသာ ၄င်း၏နာမည်အား ခေါ်ဆိုကာ အမျှပေးဝေရန် ဖခင်ဖြစ်သူ ဦးဝင်းကြူထံ ကတိတောင်းခံခဲ့သည့် အတွက် ပြီးခဲ့သည့် ၂၇နှစ်တိုင်တိုင် ၄င်း၏ကတိအတိုင်း အမျှပေးဝေခြင်း မပြုခဲ့သော်လည်း နိုဝင်ဘာ ၈ရက်က ကျင်းပသည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများစု အနိုင်ရရှိခဲ့သည့် အတွက် ယခုကဲ့သို့ အမျှပေးဝေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းကြူက ဆိုသည်။
မ၀င်းမော်ဦး၏ အမျှပေးဝေခြင်း အခမ်းအနားကို ၂၀၁၆ခုနှစ် စက်တင်ဘာ ၁၉ရက်ဖြစ်သော ၂၈နှစ်ပြည့် အခမ်းအနားနေ့တွင် ၄င်း၏နေအိမ်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုလူသစ်
Tomorrow

ပြည်သူလူထုအားလုံး သို့လော သို့လော ဖြစ်နေကြသည်။
ကျွန်တော်တို့လည်း မြန်မာနိုင်ငံ၏ သမ္မတအသစ် ဘယ်သူဖြစ်နိုင်မလဲ ဆွေးနွေးငြင်းခုံနေကြရသည်။
လက်ရှိ တရားဝင် ကြေငြာချက်များအရ လွှတ်တော် သုံးရပ်စလုံးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထိန်းချုပ်ခွင့် ရရှိသွားပြီးဖြစ်သည်။ လက်စောင်းထက် အပါအ၀င် ပြည်တွင်းပြည်ပ နိုင်ငံရေး လေ့လာသူများက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မဲအများဆုံးနိုင်မည်။ သို့သော် ပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းရင်းသားပါတီများလည်း အထိုက်အလျောက် မဲများရကြမည်။ အထူးသဖြင့် တိုင်းရင်းသားပါတီများက အမျိုးသားလွှတ်တော်ကို ထိန်းချုပ်နိုင်မည်ဟု တွက်ဆချက်များ မှားယွင်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်ခရီးတွင် ပါတီငယ်များကို မဲပေးမည့်အစား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ မဲပေးရန်နှင့် လူကိုမကြည့်ပဲ ပါတီကိုကြည့် မဲပေးရန်ဟူသော မဟာဗျူဟာ အောင်မြင်ခဲ့သည်။ ထိုကြောင့် ယခုအခါ ရွေးကောက်ပွဲ ရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် အနိုင်ရထားသည့် အရေအတွက်အရ လွှတ်တော်နှစ်ရပ်လုံးကို ထိန်းချုပ်နိုင်ရုံသာမက အစိုးရအဖွဲ့ကိုလည်း စိတ်ကြိုက်ဖွဲ့စည်း နိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် အစိုးရ သတင်းစာများကပါ ရေးသားဖော်ပြခဲ့ကြသည်။ လက်ရှိအစိုးရမှ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရအဖွဲ့အား ၂၀၁၆ခု မတ်လ ၃၁ရက်နေ့ နောက်ဆုံးထား၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာလွှဲပြောင်းပေးရမည်ဖြစ်ရာ အနာဂတ် မြန်မာနိုင်ငံကို ဦးဆောင်မည့် သမ္မတ မည်သူဖြစ်မည်ကို မြန်မာနိုင်ငံသား အားလုံးနှင့် နိုင်ငံတကာကပါ စိတ်ဝင်စားမှုများ မြင့်တက်လာခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ မဖြစ်နိုင်တော့သည့် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်သေးမီ စပ်ကြားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီမှ ရွေးချယ်သည့် သမ္မတကသာ နောက်ငါးနှစ် သက်တမ်းကို စီမံအုပ်ချုပ်သွားရမည် ဖြစ်သည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဖက်ဖက်က စဉ်းစားပြီး ရွေးချယ်တင်မြှောက်မည့် သမ္မတ ဖြစ်ဖွယ်ရှိသော လူပုဂ္ဂိုလ်များ၏ အကြောင်းများလည်း လက်ရှိနိုင်ငံရေး နယ်ပယ်တွင် ကောလာဟလ သတင်းစကားများ ပျံ့နှံ့လျက်ရှိသည်။ ရေရာသေချာမှု မရှိသေးသော သမ္မတလောင်းများ အမည်စာရင်းနှင့် ပတ်သက်၍ နိုင်ငံရေး လေ့လာသူများကြားတွင် ၀ိဝါဒကွဲပြားစရာများ ရှိနေသော်လည်း အောက်ဖော်ပြပါ လူပုဂ္ဂိုလ် ၇ဦးသည် သမ္မတအဖြစ် စဉ်းစားနိုင်သော အခြေအနေ၊ အချက်အလက်များဖြင့် နီးစပ်နေသည့်အတွက် မြန်မာ့အရေး စိတ်ဝင်စားသူများ လေ့လာအကဲဖြတ်နိုင်ရန် တင်ပြလိုက်ပါသည်။

ထိုလူပုဂ္ဂိုလ် ၇ဦးမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ၀င်ဆန့်သော (၁) စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ထွန်းသက်၊ (၂) ဒေါက်တာသန့်မြင့်ဦး၊ (၃) ဒီချုပ်ပါတီအား ဆယ်စုနှစ် သုံးစုနီးပါး ဦးဆောင်လာခဲ့ပြီး စစ်ရေးအမြင်ဖြင့်လည်း ပြည့်စုံသော အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦး၊ (၄) အငြိမ်းစားဗိုလ်ကြီး ၀င်းထိန်၊ ပါတီအား သစ္စာရှိပြီး တတ်သိပညာရှင်များထဲတွင် ပါဝင်သော (၅) ဒေါက်တာ တင်မျိုးဝင်း၊ (၆) ဦးထင်ကျော်နှင့် (၇) သုံးခွပြည်သူ့လွှတ်တော် အမတ် ဒေါ်စုစုလွင်တို့ ဖြစ်သည်။ ဖော်ပြပါ ထိုပုဂ္ဂိုလ် ၇ဦးအနက် ၅ဦးမှာ ဒီချုပ်ပါတီဝင်များဖြစ်ပြီး ၂ ဦးမှာ အပြင်လောကမှ ပညာရှင်များ ဖြစ်နေသည်။ ထိုပုဂ္ဂိုလ်များ၏ ဘ၀ဖြတ်သန်းမှုနှင့် အရည်အသွေးများကို တတ်နိုင်သမျှ စုစည်းဖော်ပြလိုက်ပါသည်။

(၁) ဒေါက်တာအောင်ထွန်းသက်
မြန်မာ့ပညာရေး လောကတွင် ထင်ရှားသော ဒေါက်တာ အောင်ထွန်းသက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေး တက္ကသိုလ်မှ B.Comဘွဲ့ရရှိခဲ့ပြီး Brighton တက္ကသိုလ်၊ Warwick တက္ကသိုလ်၊ Manchester တက္ကသိုလ်နှင့် Marburg တက္ကသိုလ်များမှ Ph.Dဘွဲ့ အပါအ၀င် စီးပွားရေးဘွဲ့လွန် ပညာများကို ရရှိခဲ့သည်။ ၁၉၆၆မှ ၁၉၉၂ခုနှစ်အထိ မြန်မာနိုင်ငံ၌ အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၀မှ ၂၀၀၀ခုနှစ်အတွင်း ယူနီဆက် အပါအ၀င် အဖွဲ့အစည်းများစွာ၌ အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ခုနှစ်အထိ အီတလီနိုင်ငံ တူရင်မြို့ရှိ ကုလသမဂ္ဂ ၀န်ထမ်းများ ကောလိပ်တွင် ကျောင်းအုပ်ကြီး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ လောလောဆယ်တွင် မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင် အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ ကုလသမဂ္ဂ ဌာနေရုံး၏ ၀ါရင့်အကြံပေး အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ဒေါက်တာ အောင်ထွန်းသက်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြပွဲများတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိဘဲ မြန်မာနိုင်ငံအား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခွင့်ပြုသော အချိန်တွင် မြန်မာနိုင်ငံ၌ Workshopများ၊ Seminar များတွင် ထင်ရှားကျော်ကြားလာခြင်း ဖြစ်သည်။ ဒေါက်တာ အောင်ထွန်းသက်သည်  Academic ဆန်ပြီး နိုင်ငံရေးနှင့် ပတ်သက်၍ သဘောထားမှာ ပျော့ပြောင်းပြီး လစ်ဘရယ်ဆန်သော မူဝါဒရှိသည်။ သူ၏ အားကောင်းချက်မှာ မြန်မာနိုင်ငံသားများကို Capacity Building လုပ်ရန် စိတ်အားထက်သန်ခြင်း ဖြစ်သည်။
သို့သော် ဒေါက်တာ အောင်ထွန်းသက်သည် လက်ရှိအစိုးရနှင့် သော်လည်းကောင်း၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် သော်လည်းကောင်း နီးကပ်သော ဆက်ဆံရေး ရှိသည့်အပြင် ယခုအစိုးရ လက်ထက် စီးပွားရေး စီမံကိန်းများ ထူးထူးခြားခြား အောင်မြင်မှု မရှိခြင်းကြောင့် သမ္မတဖြစ်ခွင့် ရာခိုင်နှုန်း အတော်နည်းပါးလျက်ရှိသည်။

(၂) ဒေါက်တာ သန့်မြင့်ဦး
မြန်မာနိုင်ငံ၏ သမိုင်းတွင် ဂုဏ်သတင်း ကျော်ကြားသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ မြေးဖြစ်သည်။ ၁၉၆၆ခု ဇန်န၀ါရီ ၃၁ ရက်နေ့တွင် မွေးဖွားခဲ့သည့်အတွက် မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းခဲ့သော ခေါင်းဆောင်များ၏ မျိုးဆက်များထဲတွင် အငယ်ဆုံးဟု ဆိုနိုင်သည်။ ဒေါက်တာ သန့်မြင့်ဦး၏ဖခင် ဦးတင်မြင့်ဦးမှာ အမေရိကန် ပြည်ထောင်စု ကော်နက်တီကက်ပြည်နယ်၊ Fairfield တက္ကသိုလ်မှ သင်္ချာပါမောက္ခ ဖြစ်သည်။ ဒေါက်တာ သန့်မြင့်ဦးမှာ ကင်းဘရစ် တက္ကသိုလ်မှ သမိုင်းဘာသာရပ်ဖြင့် ပါရဂူဘွဲ့ကို ၁၉၉၆ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် Foreign Policy မဂ္ဂဇင်းတွင် ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်း၌ ဒေါက်တာသန့်မြင့်ဦး အမည်အား ဖော်ပြခြင်း ခံခဲ့ရပြီး Prospect မဂ္ဂဇင်းတွင်  ၂၀၁၄ခုနှစ် ကမ္ဘာ့တွေးခေါ်ရှင် ၅၀ထဲ၌ ပါဝင်ခဲ့သည်။ Yangon Heritage Trust၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။
ဒေါက်တာသန့်မြင့်ဦး အနေဖြင့် ဒီမိုကရေစီ လှုပ်ရှားရုန်းကန်မှု သမိုင်းတစ်လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် မရှိသည့်အပြင် သမ္မတဖြစ်ရန် သတ်မှတ်ထားချက်နှင့် ကွဲလွဲနိုင်ခြေရှိသောကြောင့် သမ္မတအဖြစ် ရေပန်းစားသည့် စာရင်းမှ ပယ်ဖျက်ရပေလိမ့်မည်။

(၃) အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး
အာဏာရှင် ဗိုလ်ချုပ်ကြီး နေ၀င်း၏ လက်ထက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ခဲ့ခြင်း၊ ဘ၀သက်တမ်းတစ်လျှောက် ရိုးသားနှိမ့်ချစွာ နေထိုင်ခြင်း၊ ၁၉၈၈ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ဒီချုပ်ပါတီတွင် တစိုက်မတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့ခြင်း၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သစ္စာစောင့်သိခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ တာဝန်ကို မဟာဗျူဟာမြောက် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူရဦးတင်ဦးအား သမ္မတအဖြစ် ရွေးချယ်လျှင် တစ်နိုင်ငံလုံးမှ အံ့သြမည် မဟုတ်ပေ။ ထို့ပြင် နိုင်ငံတော် သမ္မတအဖြစ် သတ်မှတ်ရာတွင် အရေးကြီးဆုံး အချက်ဖြစ်သော စစ်ရေးအမြင်လည်းရှိသူ တစ်ဦးဖြစ်သည်။  သို့သော် သူရဦးတင်ဦး၏ အသက်မှာ ၈၉နှစ်ထဲသို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းသည် ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း တတိယအပတ် သင်တန်းဆင်းဖြစ်ပြီး ၁၉၄၆ခုနှစ် မှစတင်၍ တပ်မတော်တွင် ၀န်ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ခုနှစ်  မတ်လ ၆ရက်တွင် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရာထူးမှ အတင်းအဓမ္မ အနားပေးခြင်း ခံခဲ့ရပြီး ၁၉၇၇ခုနှစ်တွင် ထောင်ဒဏ်ခုနှစ်နှစ် အပြစ်ပေးခြင်းခံခဲ့ရသည်။ ၁၉၈၈ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ တပ်မတော် အစိုးရ လက်ထက်အတွင်း အင်းစိန်ထောင်၌ လည်းကောင်း၊ နေအိမ်အကျယ်ချုပ်ဖြင့် လည်းကောင်း ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ သူရဦးတင်ဦးအား နိုင်ငံတော်၏ အမြင့်မားဆုံးဖြစ်သည့် သမ္မတရာထူးအား အပ်နှင်းရန် အတွက် အသက်အရွယ်သည် ကြီးစွာသော အဟန့်အတား ဖြစ်နေသည်။

(၄) အငြိမ်းစား ဗိုလ်ကြီးဝင်းထိန်
စစ်တက္ကသိုလ် အပတ်စဉ် ၅မှ ဆင်းသော တပ်မတော် အရာရှိ တစ်ဦးဖြစ်ပြီး စစ်တက္ကသိုလ်တွင် အောင်စစ်သည်ဆု၊ စာပေထူးချွန်ဆုနှင့် လေ့ကျင့်ရေး ထူးချွန်ဆု ၃ဆုလုံးကို ရရှိခဲ့သူဖြစ်သည်။ ဗိုလ်ကြီး ၀င်းထိန်သည်လည်း သူရ ဦးတင်ဦးကဲ့သို့ ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှု၌ ပတ်သက်ခဲ့၍ တပ်မတော်မှ ထုတ်ပယ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။ ၁၉၈၈ခုနှစ်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ၀င်ရောက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး ၁၉၉၅မှ ၉၆အထိ ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၆ခုနှစ်တွင် ABCသတင်းဌာနနှင့် ရုပ်သံအင်တာဗျူး ပြုလုပ်ခဲ့သည့်အတွက် ဒုတိယအကြိမ် ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြန်သည်။ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၌ မိတီ်္ထလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးချယ်ခံခြင်း မရှိပေ။ သမ္မတဖြစ်ရန် ရေပန်းစားမှု စာရင်းတွင် ပါဝင်နေသော်လည်း အသက်အရွယ်အရ ၇၄ နှစ် ရှိနေပြီဖြစ်သည့် အတွက် သမ္မတ တာဝန် ပေးရန် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် များစွာစဉ်းစားရပေလိမ့်မည်။

(၅) ဒေါက်တာတင်မျိုးဝင်း
အသက် ၆၄နှစ် ရှိပြီဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာတင်မျိုးဝင်းသည် ဒီချုပ် အနိုင်ရရှိပြီးသည့်နောက် သမ္မတ ဖြစ်လာနိုင်သည်ဟူသော သတင်းများ တောမီးပမာ ပျံ့နှံ့ခဲ့သည်။ ဒေါက်တာတင်မျိုးဝင်းသည် ဒီချုပ်တွင် ပါတီစတင်ထောင်စဉ် ကတည်းက ကျောင်းသားများ လှုပ်ရှားမှု ကြီးကြပ်ရေးကော်မတီ SCSမှ ကူးပြောင်းရောက်ရှိလာသူ တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်လည်းဖြစ်သည်။ ၁၉၈၉ခုနှစ်တွင် တပ်မတော် ထောက်လှမ်းရေး၏ အပြစ်ရှာ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၁၁/၉၂ဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျစဉ်အတွင်း အိမ်ထဲသို့ ၀င်ထွက်ခွင့်ရသူ သုံးဦးအနက် တစ်ဦးဖြစ်သည်။ ထိုသုံးဦးမှာ စာရေးဆရာ ဦးသိန်းဖေမြင့်၏သား ဦးခွန်သာမြင့်၊ စာရေးဆရာ မင်းသုဝဏ်၏သား ဦးထင်ကျော်နှင့် ဒေါက်တာ တင်မျိုးဝင်းတို့ ဖြစ်သည်။ ဒေါက်တာ တင်မျိုးဝင်း၏ ထူးခြားချက်မှာ ဒီချုပ်ပါတီ၏ ရွေးကောက်ပွဲတိုင်း ပါဝင်ခဲ့ခြင်း မရှိသော်လည်း ယခုအခါ ပါတီ၏ ကျန်းမာရေးကွန်ရက် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ သမ္မတအဖြစ် ရေပန်းစားမှုနှင့် ပတ်သက်၍ အစောပိုင်း ကာလတွင် ဒေါ်အောင်ဆန်းစုကြည် တာဝန်ပေးပါက လုပ်မည်ဟု ပြောဆိုသော်လည်း နောက်ပိုင်းတွင် မည်သည့် မီဒီယာ၏ မေးမြန်းမှုကိုမှ ဖြေကြားမည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထား သူဖြစ်သည်။

(၆) ဦးထင်ကျော်
ဒီချုပ်ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရင်းနှီးဆုံးနှင့် ယုံကြည်စိတ်အချရဆုံး လူနည်းစုထဲတွင် ဦးထင်ကျော်လည်း တစ်ဦး အပါအ၀င် ဖြစ်သည်။ ဦးထင်ကျော်သည် မြန်မာနိုင်ငံ၏ ဂန္တ၀င် စာရေးဆရာကြီး ၁၉၉၀ ဒီချုပ်ရွေးကောက်ခံ ကိုယ်စားလှယ် ဆရာ မင်းသုဝဏ်၏ သားဖြစ်သည်။ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ် တစ်လ တစ်ရက်တိတိ ငယ်ရွယ်သူ ဖြစ်သော်လည်း မက်ဒရစ်ကျောင်း (ဒဂုံ-၁)တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ခုနှစ်တွင် စီးပွားရေး တက္ကသိုလ်၌ ပညာသင်ကြားခဲ့ပြီး မဟာစီးပွားရေးဘွဲ့ကို ရရှိခဲ့သည်။ ရန်ကုန် ကွန်ပျူတာဌာန၏ ပထမဆုံး ပညာတော်သင်အဖြစ် အင်္ဂလန်သို့ သွားရောက် ပညာဆည်းပူးခဲ့သည်။ ၁၉၉၂ခုနှစ်တွင် ၀န်ထမ်းအဖြစ်မှ နုတ်ထွက်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီချုပ်ပါတီသို့ ရောက်ရှိသွားသည်။ ဦးထင်ကျော်သည် ဖခင်ဖြစ်သူ၏ ကလောင်ခွဲဖြစ်သော ဒလဘန်း အမည်ဖြင့် စာပေများလည်း ရေးသားခဲ့သည်။
လက်ရှိသမ္မတ ဖြစ်နိုင်သူထဲတွင် ဒေါ်အောင်ဆန်းစုကြည် ယုံကြည်စိတ်ချရသောလူ အဖြစ်လည်းကောင်း၊ မိသားစု မျိုးရိုးသမိုင်းကြောင့် လည်းကောင်း၊ ရိုးသားဖြောင့်မတ်သော စိတ်ထား ရှိ၍လည်းကောင်း စသည့် အရည်အချင်းများကြောင့် အများဆုံး ထင်ကြေးပေးခံရသူ တစ်ဦး ဖြစ်လာခဲ့သည်။ သို့သော် ဦးထင်ကျော်သည် နိုင်ငံရေးအရ ဆွေးနွေးဝေဖန်မှုများ၊ ဟောပြောမှုများ၊ ဒီချုပ်ပါတီ၏ နိုင်ငံရေး ပေါ်လစီများနှင့် ထဲထဲဝင်ဝင် မရှိခြင်းကြောင့် နိုင်ငံရေး အကဲခတ်သမားများက ဖြစ်နိုင်ခြေ မရှိဟု သုံးသပ်ထားသည်။

(၇) ဒေါ်စုစုလွင်
ဒေါ်စုစုလွင်သည် ဒီချုပ်ပါတီ စတင်ထူထောင်စဉ်က ပါဝင်ခဲ့သော ဗိုလ်မှူးကြီး မောင်လွင်၏ သမီးဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်သည် ဗိုလ်မှူးချုပ် အောင်ရွှေ (ဒီချုပ်ဥက္ကဋ္ဌဟောင်း)၊ ဗိုလ်မှူးကြီး ကြည်မောင် (ကွယ်လွန်)၊ ဗိုလ်မှူးကြီး ကျော်စိုး (ကွယ်လွန်)၊ ဗိုလ်မှူးကြီး မြဟန်တို့နှင့် အတူတူဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင်၏ မျိုးရိုးသည် ပညာတတ် မျိုးရိုးများဖြစ်ပြီး အစ်ကို အကြီးဆုံး ဦးကျော်မှာ ထိုခေတ်က လုပ်သားများကောလိပ် ကျောင်းအုပ်ကြီး ဖြစ်သည်။ ညီဖြစ်သူ ဗိုလ်မှူးကြီး မောင်ချိုမှာ ဦးနေ၀င်း လက်ထက် သက်တမ်းရင့် စက်မှု(၁)၀န်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အခြားတစ်ဦးမှာ စီးပွားရေး တက္ကသိုလ်မှ ဒေါက်တာမောင်ရှိန် ဖြစ်သည်။ ဗိုလ်မှူးကြီး မောင်လွင် ကိုယ်တိုင်လည်း မဆလခေတ်တွင် ဗဟိုကော်မတီဝင်၊ ဒုဝန်ကြီးမှစ၍ ဒုတိယ ၀န်ကြီးချုပ် အဖြစ် ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ဒီချုပ် စတင်ဖွဲ့စည်းစဉ်က ဗိုလ်မှူးကြီး မောင်လွင်မှာ မျိုးချစ်ရဲဘော်ဟောင်းများ အဖွဲ့တွင် ပါဝင်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီချုပ်ပါတီထဲသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် ပါတီ၏ အာဏာအရှိဆုံး ဖြစ်သော အလုပ်အမှုဆောင်ထဲတွင် တစ်ဦးအပါအ၀င် ဖြစ်ခဲ့သည်။ သမီးဖြစ်သူ ဒေါ်စုစုလွင်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ မဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ဆရာ မင်းသုဝဏ်၏ သားဖြစ်သူ ဦးထင်ကျော်နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၉၀မှ စတင်ကာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့တွင် ပညာရေးစီမံကိန်း အရာရှိအဖြစ် ၂၀၀၅ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၀၅ခုနှစ်တွင် နုတ်ထွက်ခဲ့ပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သင်တန်းနှင့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်သည့် သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
၂၀၁၁ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပါတီ၏ အရေးပါသောသူ ဖြစ်လာခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၆ရက်နေ့တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားသောအခါ ပါတီရပ်တည်ရေးအတွက် အပြည့်အ၀ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဒီချုပ်ပါတီက ပြန်လည်မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သောအခါ မိဘများ၏ ဇာတိမြို့ဖြစ်သော သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပသော ရွေးကောက်ပွဲ၌လည်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြတ်ပြတ်သားသား အရွေးချယ်ခံရပြန်သည်။ ဒေါ်စုစုလွင်အား နိုင်ငံရေး နယ်ပယ်တွင် သတိပြုမိသူ နည်းပါးသော်လည်း ယခုအခါ ဒီချုပ်က ရွေးချယ်မည့် သမ္မတဖြစ်နိုင်သူ ရေပန်းစားမှုထဲတွင် ထိပ်ဆုံးသို့ ရောက်ရှိလာသည်။
အဘယ်ကြောင့်ဆိုသော် ဒေါ်စုစုစုလွင်သည် ရန်ကုန် တက္ကသိုလ်လောကမှ ပညာတတ် တစ်ယောက်ဖြစ်ခြင်း၊ မိဘမျိုးရိုးမှာ ကောင်းသတင်းဂုဏ်ရှိပြီး နိုင်ငံတော် အုပ်ချုပ်ရေး အသိုင်းအ၀ိုင်းနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သူဖြစ်ခြင်း၊ ဒေါ်စုစုလွင်နှင့် ခင်ပွန်းဖြစ်သူ ဦးထင်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် သစ္စာစောင့်သိသူများဖြစ်ခြင်း၊ မာန်မာနထောင်လွှားမှု မရှိခြင်းများကြောင့် ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရွေးချယ်မည့် သမ္မတလောင်း စာရင်းများထဲတွင် ဒေါ်စုစုလွင်မှာ အဖြစ်နိုင်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဝေဖန်သုံးသပ် ရေးသားလိုက်ပါသည်။

လက်စောင်းထက်
( Tomorrow သတင်းဂျာနယ်ပါ ဆောင်းပါး )
Tomorrow