11/26/15


child-abuse-620.jpg
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်ခြံဝင်းမှာ ၈နှစ်အရွယ် ကလေးငယ်ကို အိမ်ဖော်အမျိုးသမီး ဒေါ်သန်းနွဲက လက်ပြန်ကြိုးတုပ်နေတာကို တွေ့ရစဉ်
ဓါတ်ပုံ - ကိုစည်သူ

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော်ရဲ့ နေအိမ်မှာ မွေးစားကလေးငယ်တစ်ဦး လက်ပြန်ကြိုးတုပ် ရိုက်နှက်ခံရတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာတင်ခဲ့တဲ့ ကိုစည်သူဆိုသူကို ဗဟန်းမြို့နယ်ရဲစခန်းက ဒီနေ့ ခေါ်ယူမေးမြန်းတယ်လို့ သိရပါတယ်။

ဗဟန်းမြို့နယ်တရားရုံးမှာ မျက်မြင်သက်သေအဖြစ် စစ်ဆေးခံပေးဖို့လည်း မြို့နယ်ရဲစခန်းမှူးက မေတ္တာရပ်ခံ လိုက်တယ်လို့ မေးမြန်းခံရသူ ကိုစည်သူက ပြောပါတယ်။

"ကလေးကို ၉ နာရီထိုးကတည်းက ရိုက်ပြီးတော့ နေလှမ်းတာ နေ့ခင်း ၂ နာရီလောက်အထိပေါ့၊ ကလေး ကို နေလှမ်းရင်းနဲ့ သီချင်းဆိုခိုင်းထားသေးတယ်ဗျ၊ ၁၉ ရက်နေ့မှာ ကလေးကို တစ်ကိုယ်လုံးချွတ်ပြီးတော့ ရိုက်တယ်ပေါ့ဗျာ၊ စခန်းမှူးကတော့ ကျနော့်ကို ဒီနေ့တစ်ခုပြောလိုက်တယ်၊ ဒီအမှုကို တရားရုံးကို စွဲတင်ပြီး သွားပြီပေါ့နော်၊ တရားရုံးက တရားလိုပြ သက်သေတစ်ယောက်အနေနဲ့ ကျနော့်ကို ခေါ်မယ်ဆိုရင် တစ်ကြိမ်တစ်ခါ အစစ်ခံပေးဖို့ ကျနော့်ကိုပြောထားပါတယ်၊ အဲ့ဒါကိုလည်း ကျနော့်ကို ကြိုတင်အကြောင်းကြား မယ်လို့ပြောပါတယ်"

မစုဝေ အမည်ရှိ ၈နှစ်အရွယ် ကလေးငယ်ကို နေအိမ်ခြံဝင်းထဲမှာ နေ့စဉ်ရိုက်နှက်နေတာ ရက်ပေါင်း ၂၀ ခန့် ကြာနေပြီဖြစ်ပြီး နေ့စဉ်ရိုက်နှက်သူဟာ အိမ်ဖော်အမျိုးသမီး ဒေါ်သန်းနွဲ့သာဖြစ်တယ်လို့ ကိုစည်သူက ပြောပါတယ်။

မစုဝေကို ဒေါ်သန်းနွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက်နေ့မှာ လက်ပြန်ကြိုးတုပ်နေတာကို ကိုစည်သူက ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်မှာ တင်ခဲ့တာကြောင့် သတင်းမီဒီယာသမားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒေါ်သန်းနွဲ့ကို ကလေးသူငယ်ပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

နှိပ်စက်ခံရတဲ့ ကလေးငယ်ကို အိမ်ရှင်ဖြစ်သူ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကျော်နုမော် က ငွေကျပ်ဆယ်သိန်းပေးပြီး ပြီးခဲ့တဲ့စက်တင်ဘာလက ခေါ်ယူမွေးစားခဲ့တာဖြစ်တယ်လို့ အဲဒီအမှုကို လိုက်ပါကူညီပေးနေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးက ပြောပါတယ်။

RFA
http://www.rfa.org/burmese/news/child-abuse-11252015111735.html

ရှမ်းပြည်နယ် အတွင်းမှာ တိုက်ပွဲတွေကြောင့် လူတွေ အိုးအိမ်စွန့် ထွက်ပြေးနေရ
ကုလ သမဂ္ဂက သတ်မှတ်ထားတဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့နဲ့ တိုက်ဆိုင်ပြီး ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ အမျိုးသမီးတွေအပေါ် အစိုးရ စစ်တပ်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပိုဆိုး လာတယ်လို့ ပြောပါတယ်။

တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရကြားမှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးပြီ ဆိုတဲ့ အချိန်မှာပဲ အမျိုးသမီးတွေ အပေါ်ကျူးလွန်မှုတွေက ပြီးခဲ့တဲ့ နှစ်ကထက် သိသိသာသာ ပိုဆိုး လာတယ်လို့ ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ စိုင်းခွန်းမိုင်က ပြောပါတယ်။

SSPP/SSA ရှမ်းပြည် တိုးတက်ရေးပါတီ ရှမ်းပြည် တပ်မတော် မြောက်ပိုင်းကို အစိုးရ တပ်တွေ ထိုးစစ်ဆင်နေချိန်မှာ ရှမ်းပြည်နယ် အတွင်း စစ်အင်အားတွေ တိုးချဲ့ လာနေတဲ့ အတွက် စစ်သားတွေ ရှမ်းပြည်နယ်ကို အများအပြား ရောက်လာပြီး အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်မှုတွေ ဖြစ်နေတယ် လို့လည်း သူက ပြောပါတယ်။

၂၀၁၅ ခုနှစ် ဧပြီလ နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ် ၈ ခုကို မှတ်တမ်းတင်ပြီး ကျုးလွန်ခံရတဲ့ အမျိုးသမီးတွေ၊ ကျူးလွန်သူတွေ အပါအဝင် ဖြစ်ရပ် တစ်ခုစီအတွက် အသေးစိတ် အချက်အလက်တွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ အနေနဲ့ သူတို့ မတရားပြုကျင့် ခံကြရတာတွေကို တရားဥပဒေအရ ဖြေရှင်းနိုင်အောင် တိုင်ကြားဖို့ရာ သူတို့ကို ပြန်လည် သက်ရောက်လာမယ့် ဆိုးကျိုးတွေ အန္တရာယ် တွေကို ကြောက်ရွံ့တာက တစ်ကြောင်း အသက် အန္တရာယ်ကို စိုးရိမ်တာက တစ်ကြောင်းကြောင့် မတိုင်ရဲကြတာ များတယ်လို့ စိုင်းခွန်းမိုင်က ပြောပါတယ်။

တိုင်တန်းမှု တချို့ ရှိခဲ့ပေမဲ့ အဲဒါတွေကို အပြစ်ပေးတဲ့ အခါ ကျူးလွန်သူကို လူရှေ့မှာ ပါးရိုက်ပြတာလောက်ပဲ အပြစ်ပေးတာမျိုးနဲ့ တပ်ရွှေ့ပြောင်းတာမျိုးလောက်ကိုသာ လုပ်တဲ့ အတွက် တကယ်တန်း ဘယ်လို အပြစ်မျိုး ပေးတယ် ဆိုတာ မသိရတော့ဘူးလို့ သူက ပြောပါတယ်။

တချို့ အမျိုးသမီးတွေက အရှက်တကွဲ မဖြစ်အောင် ရေငုံ နှုတ်ပိတ်နေကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီလို ကျူးလွန်သူတွေကို ချက်ချင်း တားဆီးဖို့ မလွယ်ကူပေမဲ့ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးအတွက် လက်မှတ်ရေးထိုး ထားတဲ့ မြန်မာနိုင်ငံမှာ ဒီဖြစ်ရပ်တွေ မဖြစ်ရအောင် နိုင်ငံတကာ အနေနဲ့ စောင့်ကြည့်ပြီး မြန်မာအစိုးရကို ပြစ်တင် ပြောဆိုသင့်တယ်၊ ကျူးလွန်သူတွေကို ဥပဒေ အရ အရေးယူသင့်တယ် လို့လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် က တောင်းဆိုထားပါတယ်။

BBC Burmese
http://www.bbc.com/burmese

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကိုတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
 ကချင်ပြည်နယ် ဖားကန့်မြို့နယ် နန့်ယားကျေးရွာအထွက်မှာ ဒီကနေ့မနက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ လုံခြုံရေးတပ်ဖွဲ့တစ်ဦးထံက လက်ပစ်ဗုံးပေါက်ကွဲတာကြောင့် တပ်သားတစ်ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဖားကန့်ခရီးစဉ်မှာ လုံခြုံရေးတာဝန်နဲ့ အတူလိုက်ပါလာတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးချစ်ဦးက ပေါက်ကွဲမှုဖြစ်တဲ့အခြေအနေကို အခုလိုပြောပါတယ်။

"ခလရ ၁ဝ၂ က လမ်းလုံခြုံရေးယူဖို့ဆိုပြီးတော့ ကားပေါ်အထွက်မှာ ရင်ဘတ်မှာချိတ်ထားတဲ့ လက်ပစ်ဗုံးက ဖြူးထည့်ထားတော့ ပြုတ်ကျပြီးတော့ ကွဲတာဖြစ်ပါတယ်၊ လက်ပစ်ဗုံးကွဲပြီးတော့ တစ်ယောက်သေတယ်ပေါ့၊ ကျန်တဲ့လေးယောက် ဒဏ်ရာရတယ်လို့ အကြမ်းဖျင်းသိရပါတယ်၊ ကားပေါ်တက်တဲ့အချိန် စုမိလျှက်နဲ့ သုံးယောက်လေးယောက် ဒဏ်ရာရကုန်တာဖြစ်ပါတယ်"

ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ဖားကန့် ခရီးစဉ်လုံခြုံရေးအတွက် မိုးကောင်း-ဖားကန့် ကားလမ်းမတစ်လျှောက် လုံခြုံရေးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်တဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေဟာ ဖားကန့်မြို့နယ် ဆိုင်းအောင်ကျေးရွာအနီးက ကမ်ခမ်စုပေါင်းမြေစာပုံပြိုကျတဲ့နေရာကို မနေ့ကသွားရောက် စစ်ဆေးခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

တူရကီနဲ့ဆီးရီးယား နှစ်နိုင်ငံကြားနယ်စပ်မှာ ရုရှား Su-24 တိုက်လေယာဉ် ပစ်ချခံရ (နိုဝင်ဘာ ၂၄၊ ၂၀၁၅)
 ရုရှားတိုက်လေယာဉ်ကို တူရကီကပစ်ချလိုက်တာဟာ ကြိုတင်စီစဉ်ထားတဲ့ ရန်စမှုတခုဖြစ်ပုံရပြီး ရုရှားအနေနဲ့ကတော့ တူရကီနဲ့ စစ်ဖြစ်မှာမဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဒီကနေ့ပြောပါတယ်။

ဒီဖြစ်ရပ်ကြောင့် တူရကီနဲ့ဆက်ဆံရေးကို ရုရှားအနေနဲ့ ပြန်စဉ်းစားဖို့ ဖြစ်လာတယ်လို့ Lavrov ကပြောပါတယ်။ ဒီကနေ့ တူရကီ နိုင်ငံကိုသွားဖို့ စီစဉ်ထားတာကို သူက ပယ်ဖျက်လိုက်ပေမဲ့ တူရကီနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ပြောဆိုပြီး လာမယ့်ရက်တွေ အတွင်းတွေ့ကြဖို့ သဘောတူထားကြပါတယ်။

တူရကီအနေနဲ့ မိတ်ဆွေအိမ်နီးချင်း ရုရှားနိုင်ငံနဲ့ ဆက်ဆံရေး အဆင်ပြေဖြစ်ဖို့ရည်ရွယ်ချက် မရှိပါဘူးလို့ တူရကီနိုင်ငံခြားရေး ၀န်ကြီး Amhet Davugoglu က လွှတ်တော်အမတ်တွေကို ပြောပါတယ်။

တူရကီတိုက်လေယာဉ်တွေက ရုရှားတိုက်လေယာဉ်ကို ပစ်ချလိုက်တာဟာ ကိုယ့်နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်တာသက်သက်ပဲ ဖြစ်ပြီး ရုရှားနဲ့ ပဋိပက္ခတိုးဖြစ်လာမှာကို မလိုလားဘူးလို့ တူရကီသမ္မတ Recep Tayyip Erdogan က ဒီကနေ့ ပြောပါတယ်။

ရုရှားတိုက်လေယာဉ်ဟာ ဆီးရီးယားနိုင်ငံထဲမှာ ပျက်ကျသွားတာဖြစ်ပေမဲ့ အင်္ဂါနေ့မှာ လေယာဉ်ကို ပစ်ချချိန်တုန်းက တူရကီ လေ ပိုင်နက်ထဲမှာ ရှိနေတုန်းပဲဖြစ်တယ်လို့ အစ္စတန်ဘူလ်မြို့တော်မှာကျင်းပတဲ့ အခမ်းအနားတခုမှာ သမ္မတ Erdogan ကပြောသွားပါ တယ်။ လေယာဉ်ဟာ နယ်စပ်ကို ၂ ကီလိုမီတာထိကျော်ပြီး ၁၇ စက္ကန့်လောက်ကြာအောင် ၀င်လာခဲ့တာကြောင့် တူရကီတပ်ဖွဲ့ တွေက ၁၀ ကြိမ်သတိပေးခဲ့ပေမဲ့ လျစ်လျူရှုခဲ့တယ်လို့ တခြား တူရကီတာဝန်ရှိသူတွေကပြောပါတယ်။

ရုရှားတို့ကတော့ လေယာဉ်ဟာ ဆီးရီးယား လေပိုင်နက်ထဲကနေ လုံးဝ ထွက်မသွားဘူးလို့ အခိုင်အမာ ပြောနေပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

 မော်စကိုမြို့က တူရကီ သံရုံးရှေ့မှာ ဆန့်ကျင် ဆန္ဒပြကြ။
 တူရကီက ပစ်ချခဲ့တဲ့ ရုရှား စစ်လေယာဉ်ရဲ့ အသက်ရှင် ကျန်ရစ်တဲ့ လေယာဉ်မှူးက တူရကီဘက်က ပစ်မချမီ သတိပေးခဲ့တာမျိုး မရှိဘူးလို့ ပြောလိုက်ပါတယ်။

သူ့လေယာဉ်ဟာ တူရကီ လေပိုင်နက်ထဲကို ဘယ်လိုနည်းနဲ့မှ မဝင်ခဲ့ဘူးလို့လည်း လေယာဉ်မှူး ကွန်စတန်တင် မူရက်ခ်တင် Konstantin Murakhtin က ရုရှား တီဗီနဲ့ တွေ့ဆုံရာမှာ ပြောဆို သွားပါတယ်။

ကပ္ပတိန် မူရက်ခ်တင်ကို ကယ်တင်ဖို့ အထူး တပ်ဖွဲ့တွေ ပါဝင်တဲ့ ၁၂ နာရီကြာ ကယ်ဆယ်ရေး အစီအစဉ်ကို လုပ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။

သူနဲ့အတူ လေထီးခုန် ဆင်းခဲ့တဲ့ တွဲဖက် လေယာဉ်မှူးကတော့ သူပုန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအဖြစ်ကြောင့် တူရကီနဲ့ ရုရှား အကြား တင်းမာမှုတွေ မြင့်တက်နေပြီး၊ တူရကီနဲ့ စစ်ရေး ဆက်ဆံမှု အားလုံးကို ရုရှားဘက်က ဖျက်သိမ်း လိုက်ပါတယ်။ အမေရိကန်၊ အီးယူနဲ့ ကုလသမဂ္ဂ တို့ကတော့ အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့ တောင်းဆို ထားပါတယ်။

သမ္မတ ပူတင်က ဒီအဖြစ်ဟာ နောက်ကျောကနေ ဓားနဲ့ ထိုးတဲ့ လုပ်ရပ်ပဲလို့ ပြောဆိုခဲ့ပြီး ဆိုးရွားတဲ့ အကျိုးဆက်တွေ ကြုံရမယ်လို့လည်း သတိပေးခဲ့ပါတယ်။

မော်စကို မြို့မှာလည်း တူရကီသံရုံး ရှေ့မှာ ဆန့်ကျင် ဆန္ဒပြသူတွေက သံရုံးကို ကျောက်ခဲတွေ၊ ကြက်ဥတွေနဲ့ ပစ်ပေါက် ဆန္ဒပြ ခဲ့ကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ရုရှား လေယာဉ် အားလုံးကို ပိတ်ပင်လိုက်တယ်လို့ ယူကရိန်း ဝန်ကြီးချုပ် ပြော။
 ယူကရိန်း နိုင်ငံက ရုရှား လေယာဉ် အားလုံးကို သူ့လေပိုင်နက်ထဲ ဝင်ထွက်ခွင့် ပိတ်ပင်လိုက်ပြီး ရုရှား ဆီက ဓာတ်ငွေ့လည်း ဝယ်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

ရုရှားက ခွဲထုတ်ခဲ့တဲ့ ယူကရိန်း နယ်ဟောင်း ခရိုင်းမီးယား ဒေသမှာ လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုအတွက် နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီးနောက် အခုကိစ္စ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

အခု သီတင်းပတ် အကုန်က ခရိုင်းမီးယား ဒေသမှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် စေခဲ့တဲ့ ပေါက်ကွဲမှုတွေ အတွက် မော်စကိုက ယူကရိန်း အစိုးရကို အပြစ်တင် ခဲ့ပါတယ်။

ယူကရိန်း အစိုးရကတော့ အမျိုးသားရေး ဝါဒီတွေနဲ့ တာတာ ခွဲထွက်ရေး သမားတွေရဲ့ လက်ချက်လို့ ပြောပါတယ်။

ရုရှား စွမ်းအင် ကုမ္ပဏီကြီး ဂက်ဇ်ပရွမ် Gazprom က ယူကရိန်းဘက်က ဓာတ်ငွေ့ဖိုး ကြိုတင် ပေးချေမှုတွေ မရှိတော့တဲ့အတွက် ဓာတ်ငွေ့ ပေးပို့မှုတွေကို ရပ်ပစ် လိုက်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ကတော့ ယူကရိန်းက ခရိုင်းမီးယား နယ်နဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်း ခဲ့ပါတယ်။ ယူကရိန်းနဲ့ အီးယူ တို့အကြား သဘောတူထားတဲ့ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် စတင် အသက်ဝင်မယ့် ဇန်နဝါရီ လက စပြီး ရုရှားက ယူကရိန်း ထုတ်ကုန်တွေကို ပိတ်ပစ်မယ်လို့ ခြိမ်းခြောက် နေချိန်မှာ ယူကရိန်းက ခရိုင်းမီးယားနဲ့ ကုန်သွယ်မှုကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

မြန်မာစကားပုံမှာ ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆိုတဲ့ စကားအတိုင်း ဖွတ်အရှင်ထွက် ထွက်သွားတဲ့ အချိန်မှ အရင်က လေးစားခဲ့သူတွေ ခြတောင်ပို့ ဖြစ်မှန်းမသိ ဖြစ်နေတာ ယနေ့လတ်တလော ကိုယ်တွေ့ပါ။ ရွေးကောက်ပွဲ အကြိုကာလ ဒေါ်ညိုညိုသင်းကို ဗဟိုအောင်နိုင်ရေး အဖွဲ့က ရွေးချယ်ခြင်း မရှိခဲ့မှုအပေါ် ကျွန်တော်အပါအဝင် အများသူငှာ မချင့်မရဲ အားမလို အားမရဖြစ်ခဲ့ကြရတာပါ.. ။ ကိုယ်တိုင် ဖုန်းဆက်ပြီး တာဝန်ရှိလူကြီးတဦးကို မေးမြန်းခဲ့ရတဲ့ အထိထောက်ခံခဲ့တာပါ။ ထိုစဉ်က ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် အဖွဲ့ချုပ်လူကြီးတဦးရဲ့ ဖြေရကြပ်ခဲ့ပုံကိုလည်း ယခုတိုင်မမေ့ခဲ့ပါ။
အဖွဲ့ချုပ်လူကြီးတွေ အမုန်းခံ ဖြေရှင်းခဲ့ရတာပါ။ ယနေ့တော့ ပါတီအပေါ် သစ္စာရှိမှုက မည်မျှမှန်မမှန်၊ အရေးကြီးမကြီး ဒေါ်ညိုညိုသင်းရဲ့ လုပ်ရပ်တွေနဲ့ အစွယ်ဖွေးဖွေးတွေ အတိုင်းသား ပေါ်လာပါပြီ။

ဒီကနေ့ အဖြေက ရှင်းပါပြီ။ အဖွဲ့ချုပ် အပေါ် သစ္စာရှိမှုကို ကြည့်ပြီး ဗဟန်းမြို့နယ် ကိုယ်စားလှယ်လောင်း အတွက် အမေစု ရွေးချယ်ခဲ့တာ မှန်မမှန် ယနေ့ ဆေးပေါင်းခတဲ့ ညမတိုင်မှီမှာ ဘီလူးခေါင်းဆောင်းတွေ ခေါင်းစွပ်ကျွတ်တဲ့ နေ့ရက်တွေအဖြစ် မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါပြီ။ နိုင်ငံရေး အချိုးအကွေ့တခုမှာ မြောင်းထဲကို အုံလိုက်ကျင်းလိုက် ကျကျန်ခဲ့တာကတော့ ထင်ပေါ်ကျော်ကြားလိုမှုနဲ့ အာဏာအတွက် မစင်အိုင်ထဲက အိုင်ပျက်ငါးတွေအဖြစ် နာမည်သေ၊ နိုင်ငံရေးသေ၊ သမိုင်းကြွေခဲ့ပါပြီ။

ဗဟန်းပြည်သူ့ လွှတ်တော်အမတ် ဦးထွန်းမြင့်နဲ့ ဦးစိုးညွှန့် (တော်ဝင်နှင်းဆီ) တို့အား အထူးလေးစား ဂုဏ်ယူလျှက်..

ဒီမိုဝေယံ

မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးခံထားရတဲ့ ၈၈ ကရင်မျိုးဆက် ကျောင်းသားအစည်းအရုံး ဥက္ကဌ ဦးစောမောင်ကြီးနဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်သားတစ်ဦးကို ကရင်ပြည်နယ် ဘားအံမြို့နယ်တရားရုံးက ထောင်ဒဏ်၂ နှစ်စီ ကျခံဖို့ ဒီနေ့ အမိန့်ချလိုက်ပါတယ်။

DKBA အဖွဲ့ကနေ ထွက်ပြေးလာတဲ့ တပ်သား စောအယ်စေးကို ဘားအံမြို့က ၈၈ ကရင်မျိုးဆက် ကျောင်းသား အစည်းအရုံး ရုံးခန်းမှာ လက်ခံထားတာကြောင့် အခုလို ပြစ်ဒဏ်ချခံရတာဖြစ်တယ်လို့ ဦးစောမောင်ကြီး ရဲ့ဇနီး ဒေါ်နန်းမြရီက ပြောပါတယ်။

"မတရားအသင်း ဆက်သွယ်မှုနဲ့ ထောင်ဒဏ်နှစ်နှစ် ချလိုက်ပါတယ်၊ နှစ်ယောက်ပါ၊ ဗိုလ်မှူ စောဆန်းအောင် တို့အဖွဲ့က စောအယ်စေး တစ်ယောက်၊ ဆက်သွယ်တာတော့ မရှိပါဘူး၊ ဗိုလ်မှူးဆန်းအောင်းတို့ဖွဲ့က ကလေး တစ်ယောက်က ကျမတို့ရုံးမှာ ရောက်နေတော့ ကျမတို့က နှစ်ရက် သုံးရက်လက်ခံမိတယ်လေ၊ အဲ့ကလေးက တိုက်ပွဲဖြစ်လို့ ကြောက်လန့်ပြီးတော့ ပြေးလာတယ်လို့တော့ပြောတယ်၊ ကျမတို့ရုံးမှာရောက်လာတော့ သူက DKBA အဖွဲ့ကလို့လည်း မပြောပါဘူး၊ ဒုက္ခရောက်နေတဲ့သူကို ကျမတို့က ကူညီလက်ခံတာပဲဖြစ်ပါတယ်၊ အဲ့ဒါ ဒီကလေးကို လက်ခံတဲ့အမှုနဲ့ပါ"

ဦးစောမောင်ကြီးနဲ့ တပ်သား စောအယ်စေးတို့ကို ပြီးခဲ့တဲ့ သြဂုတ်လက ဘားအံမြို့မ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး အာမခံမပေးဘဲ တောင်ကလေးအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဦးစောမောင်ကြီးဟာ အရင်က ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူမှာ ပါဝင်ခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်မှာ အဖွဲ့ကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/88-karen-gen-dkba-soldier-jail-11252015105042.html

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီကိုယ်စားလှယ် ဦးထွန်းမြင့်နဲ့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့်တို့ကို မမှန်မကန်စွပ်စွဲရေးသားထားတဲ့ လက်ကမ်းစာစောင်ဖြန့်ဝေမှုနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ဗဟန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။

တော်ဝင်နှင်းဆီ စားသောက်ဆိုင်ပိုင်ရှင် ဦးစိုးညွန့် ထုတ်ဝေခဲ့တဲ့ လက်ကမ်းစာစောင်မှာ သူနဲ့ပတ်သက်ပြီး မမှန်မကန်ရေးသားထားတာတွေ ပါနေတဲ့အတွက်ကြောင့် တရားစွဲတာလို့ ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ပြီးခဲ့တဲ့ရွေးကောက်ပွဲကာလ မဲဆွယ်စည်းရုံးတဲ့အချိန်တုန်းက အောက်တိုဘာလဆန်းမှာ တော်ဝင်နှင်းဆီဆိုင် ဦးစိုးညွန့် အောင်နိုင်ရေးအဖွဲ့က အန်တီ့အပေါ်မှာ မမှန်မကန်စွပ်စွဲရေးသားချက်တွေ ရေးပြီးတော့ ဗဟန်းတစ်မြို့နယ်လုံးကို ဖြန့်တယ်လေ၊ အဲ့စာအုပ်ထဲမှာပါတဲ့ တချို့ကိစ္စတွေက အန်တီလုံးဝမသိသေးတာ၊ ဥပမာအားဖြင့် ဥပဒေအရ အရေးတကြီးဖြေရှင်းဖို့လိုတဲ့ အချက်တွေပါနေတယ်"

"ဘာကြောင့် ဦးထွန်းမြင့်ကို မဲပေးရပါသလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ လက်ကမ်းစာစောင်ကို ဦးစိုးညွန့်က ရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးစဉ်က ဖြန့်ဝေခဲ့တာလို့ သိရပါတယ်။

အဲဒီထဲမှာ ဦးစိုးညွန့်က လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ငွေကျပ် ၁၀ သိန်းလှူဒါန်းခဲ့ကြောင်းနဲ့ အန်အယ်လ်ဒီပါတီရဲ့ ထောက်ခံအားပေးမှုနဲ့ အဲဒီရွေးကောက်ပွဲတုန်းက ဗဟန်းမြို့နယ်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာညိုညိုသင်းနဲ့ ဦးမြင့်ကြည်တို့ လွှတ်တော်တွင်းကို ရောက်ရှိခဲ့ကြောင်း ရေးသားထားတယ်လို့ ပါရှိကြောင်း ဒေါ်ညိုညိုသင်းက ပြောပါတယ်။

အဲဒီလက်ကမ်းစာစောင်ကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလမှာ ဦးစိုးညွန့်က ဗဟန်းမြို့နယ်ထဲမှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာညိုညိုသင်းရဲ့ တိုင်ကြားမှုကို ဗဟန်းမြို့နယ် ရဲစခန်းက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ နဲ့ အမှုဖွင့်ထားပြီး တိုင်ကြားခံရသူတွေထံ တရားဝင် အကြောင်းကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/dr-nyonyothin-lawsuit-11252015104850.html

ကိုဖြိုးဓနအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် နိုဝင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သက်မင်း)

ထောင်တွင်း အစာငတ်ခံဆန္ဒပြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေရသော ဗကသကျောင်းသား ကိုဖြိုးဓနမှာ အာမခံရရှိပြီး ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၅ ရက် နံနက် ၁၁ နာရီအချိန်ခန့်က ၎င်းဆေးကုသမှုခံယူနေရသော ရန်ကုန်ဆေးရုံကြီးမှ ဆရာဝန်ခွင့်ပြုချက်ဖြင့် ဆင်းခွင့်ရခဲ့ပြီး သောက်ဆေးသောက်နေရသေးသော်လည်း ကျန်းမာရေးမှာမူ ပြန်လည်ကောင်းမွန်လာပြီဟု သိရသည်။

“ဆရာဝန်ကြီး round လှည့်အပြီးမှာ ဆင်းခွင့်ပြုလို့ ဆင်းလာတာပါ။ အိမ်ကလည်း ညကတည်းက ခေါ်နေပြီ။ ညတုန်းကခေါ်နေတုန်းက ဆင်းဖို့ ပြောကြည့်ပေမယ့်မရလို့ အခုမှ ဆင်းလာတာ။ ကျန်းမာရေးအခြေအနေကတော့ အူမကြီးမှာ အနာဖြစ်ခဲ့တဲ့အတွက် ဆေးသောက်နေရတယ်။ အဲဒီဆေးတွေ နှစ်ပတ် ဆက်သောက်ရမယ်။ တခြားအခြေအနေတွေကတော့ အားနည်းနေတော့ လမ်းလျှောက်ရင် ကြွက်တက်တာမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ တရားရုံးက အာမခံပေးလိုက်ပြီး အပြင်မှာ ပြန်နေရပြီဆိုတော့ ထောင်ထဲမှာ လိုဆေးဝါးကုသမှု အဆင်မပြေတဲ့ အခြေအနေတွေ မရှိတဲ့အတွက် သိပ်တော့ ကိစ္စမရှိနိုင်ပါဘူး”ဟု ၎င်း၏ ကျန်းမာရေးအခြေအနေကို ကိုဖြိုးဓနက ပြောကြားသည်။

နိုဝင်ဘာ ၂ ရက်ကတည်းက ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် သာယာဝတီတရားရုံး ရုံးထုတ်တွင် ကိုဖြိုးဓန၏ အမေဖြစ်သူက ဆေးကုသရန်ပြောဆိုမှုကြောင့် အစာငတ်ခံခြင်းကို မရပ်နားဘဲ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရွှေဝါရောင်သံဃာတော်များ အပါအ၀င် အဖွဲ့အစည်းအသီးသီး၏ မေတ္တာရပ်ခံချက်ကြောင့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံးလွှတ်ပေးရန် အစာငတ်ခံဆန္ဒပြမှုကို ဗကသကျောင်းသား ကိုအောင်မှိုင်းဆန်း အပါအ၀င် အစာငတ်ခံဆန္ဒပြသူ ခုနစ်ယောက်စလုံးက ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“တကယ်တော့ နိုင်ငံသားအခွင့်အရေးအရ တောင်းဆိုမှုတွေ ပြုလုပ်လို့ နိုင်ငံရေးအကျဉ်းသားဖြစ်ရတာပါ။ ရာဇ၀တ်မှုတွေ ပြုလုပ်လို့ ထောင်ထဲရောက်ရတာ မဟုတ်ဘူး။ ဒီမိုကရေစီကျင့်သုံးနေတဲ့ အစိုးရဆိုရင် နိုင်ငံရေးအကျဉ်းသားတွေဖြစ်အောင် မဖမ်းသင့်ဘူး။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို ပျက်သုဉ်းစေတာပဲ။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ဖက်ဆစ်စနစ်ပုံစံပဲ။ ကျွန်တော်တို့က ပြန်လွှတ်ပေးရေးဆိုပြီး တောင်းစရာကို မလိုတာ။ စကတည်းကကို မဖမ်းသင့်ဘူး။ ကျွန်တော်တို့ အခု hunger ရပ်လိုက်တယ်ဆိုပေမယ့် ယာယီရပ်ဆိုင်းမှုပဲ။ ထောင်တွင်းမှာ ဒီနည်းနဲ့ ဆန့်ကျင်စရာရှိလို့သာ ဒီနည်းနဲ့ ဆန့်ကျင်လိုက်တာပါ။ နောက်လည်း နိုင်ကျဉ်းလွတ်မြောက်ရေးအတွက် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လှုပ်ရှားဖို့ စဉ်းစားထားပါတယ်”ဟု ကိုဖြိုးဓနက ဆက်လက်ပြောကြားသည်။
Writer:
သက်မင်း
Eleven Media Group


နိုဝင်ဘာ ၉ ရက်က NLD ရုံးရှေ့တွင် မဲရလဒ်များ စောင့်ဆိုင်းကြည့်ရှုနေကြသည့် အားပေးထောက်ခံသူ ပြည်သူများအား တွေ့ရစဉ်

ပြီးခဲ့တဲ့ ၂၁၀၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးက ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ ဘာလဲဆိုတာကို အထင်အရှားဆုံး ပြသခဲ့တဲ့ ဖြစ်ရပ်ကြီး တစ်ခုပါ။

ရွေးကောက်ပွဲရဲ့ မဲဆန္ဒနယ် အများစုမှာ အမှန်တကယ် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ မဲဆွယ်စည်းရုံးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ပြည်သူလူထုက အမှန်တကယ်ကို ပြောင်းလဲမှုကို လိုချင်နေကြပြီဆိုတာ ပြသခဲ့တဲ့ မငြင်းနိုင်တဲ့ အမှန်တရားပဲ ဖြစ်ပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် နှစ်ကာလရှည်များစွာ လိုအပ်နေတဲ့ ပြောင်းလဲတိုးတက်မှုတွေကို NLD က ဆောင်ကြဉ်းပေးနိုင်မယ်လို့ မျှော်လင့်ကြလို့ အခုလို ရွေးကောက်ပွဲမှာ ပြည်သူတွေက ပြတ်ပြတ်သားသား မဲပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် NLD ကသာ အမှန်တကယ် ပြောင်းလဲမှုတွေကို ဖော်ဆောင်လမ်းပြပေးနိုင်မယ်လို့ ယုံကြည်ကြလို့ NLD အပေါ် ပြည်သူတွေက ပုံအပ်ခဲ့ကြတာ ဖြစ်ပါတယ်။


■ ကြာခဲ့ပြီ

တကယ်တမ်း ပြန်ကြည့်မယ်ဆိုရင် အမှန်တကယ် ပြောင်းလဲမှုကို ပြည်သူလူထုတွေ မျှော်လင့်နေခဲ့ကြတာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ အချက်အချာကြတဲ့ ပထ၀ီ အနေအထား၊ ပိုင်ဆိုင်ထားတဲ့ သယံဇတများ၊ ဒေသတွင်းမှာ အဆင့်အတန်းတစ်ခု ရှိနေခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပေမယ့် ကိုယ်ကျိုးရှာ လူတစ်စုက အာဏာရှင်စံနစ်ကို မှီတွယ် အသက်သွင်း အုပ်ချုပ်ခဲ့ကြလို့ နယ်ပယ်စုံ ကဏ္ဍတွေမှာ အောက်ကျနောက်ကျ ဖြစ်ခဲ့ရခြင်းက ပြည်သူ အများစုကို နာလိုခံခက် ဖြစ်စေခဲ့ပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အပါအ၀င် ကဏ္ဍ အသီးသီးမှာ တိုးတက်ပြောင်းလဲမှုတွေထက် ဟန်ပြပြုပြင် ပြောင်းလဲရေးတွေ ကြီးစိုးခဲ့ခြင်း၊ ဆောင်ရွက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေက အောက်ခြေအထိ မရောက်ရှိခဲ့ခြင်း၊ တိုင်းပြည်ကို မျက်နှာမထောက် ကိုယ်ကျိုးရှာ သမားတွေကို ဖော်ထုတ်အရေးယူဖို့ ပျက်ကွက်ခဲ့ခြင်း အပါအ၀င် အမှန်တကယ် မထိရောက်တဲ့ စီမံခန့်ခွဲမှု အလွဲပေါင်းများစွာက ပြည်သူတွေ မျှော်လင့်နေတဲ့ တိုးတက်ပြောင်းလဲလိုတဲ့ ဆန္ဒတွေကို မနှစ်သိမ့်ပေးနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ မဲဆန္ဒနယ် အများစုမှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာပဲ ဖြစ်ပါတယ်။


■ အလားအလာကောင်း

လက်ရှိမှာတော့ ရွေးကောက်ပွဲမှာ NLD က အများစုနိုင်ပြီး အစိုးရဖွဲ့ခွင့်၊ သမ္မတ တင်မြှောက်ခွင့်တွေ ရရှိနေပြီ ဖြစ်ပေမယ့် အများစိုးရိမ်မှုတွေ ရှိနေတာကတော့ အာဏာအလွှဲအပြောင်းဟာ တည်ငြိမ်အေးချမ်း စနစ်တကျ ဖြစ်ပေါ်လာရေး ဖြစ်ပါတယ်။ ဒီလို တည်တည်ငြိမ်ငြိမ်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော် နာယကတို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံပြီး တွေ့ဆုံနိုင်ဖို့အတွက် သက်ဆိုင်သူများသို့ စာပေးပို့ တောင်းဆိုခဲ့ရာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်မှာတော့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလည်း လက်ရှိအစိုးရဟာ အာဏာလွှဲပြောင်းရေးကို သတ်မှတ်ချိန်အတွင်း မဖြစ်မနေ လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ အာဏာလွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး အဓိက တာဝန်ရှိကြတဲ့ နိုင်ငံတော် သမ္မတနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံပြီး တည်ငြိမ်အေးချမ်းစွာ အာဏာလွှဲပြောင်းရေးအတွက် တရားဝင် ကတိပေးထားမှုတွေ ရှိနေတာကြောင့် NLD ကို မဲပေးခဲ့ကြတဲ့ ပြည်သူတွေအတွက် အလားအလာကောင်းတွေ ရှိနေပြီပဲ ဖြစ်ပါတယ်။ တကယ်တော့ ပြည်သူတွေရဲ့ အပြောင်းအလဲ မျှော်လင့်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့ဆိုတာ လွယ်တဲ့ကိစ္စရပ် မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အလွဲပေါင်းများစွာနဲ့ အသားကျနေမှုများကို အမှန်တကယ် ပြုပြင်ပြောင်းလဲဖို့ဆိုတာ အချိန်ယူဖို့ လိုပါတယ်။ တကယ့် မပြောင်းမဖြစ် အခြေခံကျကျ ပြုပြင်ပြောင်းလဲမှုတွေကို အချိန်တိုအတွင်း ထိထိရောက်ရောက် ပြောင်းလဲရမှာဖြစ်ပြီး အချိန်ယူပြီး ပြောင်းလဲရမယ့် ကိစ္စရပ်တွေမှာလည်း အချိန်ယူရဖို့ ရှိပါတယ်။ အရေးကြီးတာက ပြည်သူတွေဟာ စိတ်ရှည်ကြဖို့ လိုသလို ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဖြစ်လာမယ့် ပြုပြင်ပြောင်းလဲမှုတွေဟာ အရင်တုန်းကလို မဟုတ်ဘဲ ပွင့်လင်းမြင်သာမှုပေါ်မှာသာ အခြေခံပြီး ဖြစ်ပေါ်လာမှာ ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး ဘယ်အခြေအနေ ရောက်နေပြီဆိုတာ ပြည်သူတိုင်း သိခွင့်ရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် လာမယ့် ဒီမိုကရေစီ အစိုးရသစ် လက်ထက်မှာ ပြည်သူတွေဟာ ယခင်က အသားကျနေကြတဲ့ အကြောက်တရားတွေကို တွန်းလှန်ဖို့ လိုအပ်ပါတယ်။ ကောင်းကောင်းမစားရမှာ၊ ကောင်းကောင်းမ၀တ်ရမှာ၊ ကောင်းကောင်းမနေရမှာ၊ ရာထူးကောင်းကောင်း မရမှာကို ကြောက်နေကြရပြီး အစဉ်အဆက် အဂတိ လိုက်စားခြင်းဖြင့် တိုင်းပြည်ကို ပျက်စီးယိုယွင်းစေခဲ့တဲ့ စနစ်ဟောင်းကြီးကို တွန်းလှန်ကြဖို့ပါ။ ဌာနဆိုင်ရာ အသီးသီးမှာ အထက်အဆင့်ဆင့် ကြောက်နေရပြီး အဆင့်ဆင့် ဝေမျှစားကြတဲ့ အကန်းအစဉ်ကြီးတွေကိုလည်း စွန့်လွှတ်ဖို့သင့်ပြီ ဖြစ်ပါတယ်။ အရပ်သားပြည်သူတွေ အနေနဲ့လည်း ကိစ္စရပ်တိုင်းမှာ အဆင်မပြေမှာ၊ လွယ်လွယ်ကူကူ မပြီးမှာတွေကို ကြောက်ရွံ့ပြီး လာဘ်ထိုးကြရတဲ့ အလေ့အကျင့်တွေကို ရှောင်ကြဉ်သင့်ပါပြီ။ နိစ္စဓူဝ စားဝတ်နေရေး ဖိစီးမှု အကြောက်တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေကြရတဲ့ ပြည်သူ အများစုအတွက် လာမယ့် ဒီမိုကရေစီခေတ်သစ်က ဆီးကြိုနေပါပြီ။ ဒီမိုကရေစီ စနစ်ဟာ လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ တန်းတူညီမျှမှုတွေကို မဖြစ်မနေ ဖော်ဆောင်ရတာမို့ အကြောက်တရားတွေကို ကိုးကွယ်နေစရာ မလိုတော့ပါဘူး။ နိုင်ငံသားတိုင်းဟာ မည်သူကမှ ကြောက်အောင် ခြောက်လှန့်ထားခြင်းမှ ကင်းလွတ်တဲ့ လွတ်လပ်ခြင်းနဲ့အတူ တရားမျှတခြင်းနဲ့ တန်းတူညီမျှမှုတွေ ရရှိအောင်လို့ ဒီမိုကရေစီ အစိုးရတွေက မဖြစ်မနေ ဖော်ဆောင်ဖန်တီးပေးကြရမှာ ဖြစ်ပါတယ်။

ဒီလို အကြောက်တရားတွေ ကြီးစိုးနေရတဲ့ခေတ်က လွတ်မြောက်ဖို့၊ ပြည်သူတွေအတွက် ကောင်းခြင်းတွေကို ယူဆောင်ပေးဖို့အတွက် ပြီးခဲ့တဲ့ ရွေးကောက်ပွဲကနေ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ကို ပြည်သူတွေက ရွေးချယ်ထားပါပြီ။ ဒီအတွက် ပြည်သူတွေ အနေနဲ့ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင် မဲပေးခဲ့ကြသလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ရဲ့ ဆောင်ရွက်မှုတွေမှာလည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။

တကယ်တော့ ပြည်သူအများစုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကတည်းက အကြောက်တရားကို တွန်းလှန်ပြီး ကိုယ်မဲပေးချင်တဲ့သူကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ၀ါဒဖြန့်မှု၊ ဘာသာရေးမှိုင်းတိုက်မှု၊ ခြိမ်းခြောက်မှု၊ ငွေပေးမဲဆွယ်မှုအချို့ ရှိနေတဲ့အထဲက မကြောက်မရွံ့ NLD ကို မဲပေးခဲ့ကြခြင်းက သက်သေပဲ ဖြစ်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က တိုင်းပြည်ကို စီမံခန့်ခွဲတဲ့ အခါမှာ ပြည်သူတွေကလည်း ရွေးကောက်ပွဲတုန်းကလိုပဲ အကြောက်တရားတွေကို တွန်းလှန်ပြီး NLD နဲ့အတူ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

လာမယ့် ဒီမိုကရေစီစစ်စစ် နိုင်ငံတော်ကြီး တည်ဆောက်ကြတဲ့အခါ NLD နဲ့ ပြည်သူတွေအတွက် ပေါ်ထွက်လာမယ့် စိန်ခေါ်မှုတွေကိုလည်း ရဲရဲရင့်ရင့်နဲ့ အတူဖြတ်သန်းသွားကြမယ် ဆိုရင်ဖြင့် နိုင်ငံနဲ့ နိုင်ငံသားတွေအတွက် သားရွှေအိုးထမ်းလာတဲ့ကိန်း ဆိုက်ပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Writer:
သစ်ထွဋ်
Eleven Media Group

ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ သတင်းဓာတ်ပုံ

ကချင်ပြည်နယ်ဖားကန့်ဒေသက စွန့်ပစ်မြေစာပုံပြိုကျရာမှာ ပိမိသေဆုံးသူတွေ ရှာဖွေတာကို ဒီကနေ့ နေ့ခင်းမှာ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လောလောဆည်ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း ၁၁၄လောင်းရှိပြီး မရှာဖွေနိုင်တဲ့ရုပ်အလောင်း ဆယ်ဂဏန်းလောက် ထပ်မံကျန်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်းက စွန့်ပစ်မြေစာပုံပြိုကျတာဟာ ဒီလ ၂၁ရက်နေ့ဖြစ်ပွားခဲ့ပြီး မြေစာပိ သေဆုံးသူတွေကို ၄ရက်ကျော် ရှာဖွေခဲ့တဲ့နောက်ဒီနေ့ ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။

ဒီလို ရပ်ဆိုင်းလိုက်ကြောင်းကို ဖားကန့်မြို့က ဒေသခံ စာနယ်ဇင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က အခုလို ပြောပါတယ်။

“ဒီကနေ့ ၁၂ နာရီမှာ ရပ်လိုက်တာ ဆက်ရှာတာလည်း အဆင်မပြေနိုင်တော့ဘူး ။ စက် မောင်းတဲ့ စက်သမားလေးတွေကော၊ ဒေသခံတွေရော၊ ဒီမှာ ဖားကန့်တနယ်လုံးမှာရှိတဲ့ NGO အဖွဲ့အစည်းတွေကော လုပ်ရကိုင်ရတာလည်း ပြောမယ်ဆိုရင် အရမ်းအရိအရွဲ အနံအသက် တွေဖြစ်လာတဲ့အခါကျတော့ သိပ်တော့မကောင်းဘူးဗျာ။ အရင်နေ့ကလိုမျိုး အားကျိုးမာန်တက်ကြီးလည်း ရှာလို့မရတော့ဘူးဖြစ်နေတာ။ နောက်ပြီး အပေါ်ထုကို ရောက်သွားတဲ့အခါကျတော့ မြေစာထုက ထူသွားပြီလေ အကိုရဲ့၊ ထူတဲ့ weight ကြောင့် ပိုပြီးတော့ ပိအားများတယ်။ ပိအားများတဲ့အတွက် အထဲက ရုပ်အလောင်းတွေက ပျက်စီး မှုပိုပြီးတော့များမယ်၊ နောက်ပြီးတော့ တခါ၊ ကော်ပြီဆိုတဲ့အချိန်ကျတော့ မြေစာထု ထူတဲ့အတွက် စက်တွေက အားပိုထည့်ရတယ်။ အားပိုထည့်တော့ဗျာ အကုန်လုံး ပြတ်ပြီးတော့ ပါလာတာ မျိုးတွေ ဆိုတဲ့အခါကျတော့ ဆက်ကော်လို့ မသင့်တော့ဘူးဗျာ ။ ပေါ်လာတဲ့ရုပ်အလောင်းတွေကလည်း ရုပ်ပျက်ဆင်းပျက်တွေဖြစ်မှာ ဖြစ်တဲ့အတွက် အလောင်းပိုင်ရှင်လည်း ဘယ်လိုမှ ကြည့်လို့ရူလို့ရမှာ မဟုတ်ဘူးလေ။

ဒီကနေ့ ရှာဖွေတာရပ်ဆိုင်းချိန်မှာ ရုပ်အလောင်းပေါင်း ၁၁၄ လောင်းရရှိထားတာဖြစ်ပါတယ်။

ရှာဖွေတာရပ်ဆိုင်းချိန်မှာ ပြိုကျတဲ့ ဘော်လုံးကွင်း တကွင်းစာလောက်ရှိတဲ့ မြေစာပုံရဲ့ တ၀က်ကျော်လောက်သာရှိတာကြောင့် ဆက်လက်ရှာဖွေရင် ဒီထက်ပိုမိုများပြားလာနိုင်မယ်လို့လည်း ခန့်မှန်းပြောဆိုပါတယ်။

“ရုပ်လုံး တ၀က်စာ ကျော်ကျော်လောက်ဖော်ပြီးပြီပေါ့နော်။ အောက်ခြေကနေတွက်မယ်ဆိုရင်။ အခုဆက်ရှာလို့ တော့ မတွေ့စရာအကြောင်းမရှိဘူးလေ။ ဒီဟာက တဲအလုံး ၇၀ ကျော် ၈၀ နီးပါး ပါသွားတာအကိုရဲ့ အနည်းဆုံးတော့ အဲဒီထဲမှာ သေတဲ့လူ ၂၀၀ လောက်ရှိမှာပဲဗျာ။ အခု ၁၀၀ လောက်တွေ့တယ်ဆိုရင်တော့ ၈၀ လောက်ကျန်တယ်ဗျာ ကျနော်တို့တွက်တာကလေ။”

မြေစာပုံပိပြီး သေဆုံးသွားသူတွေရဲ့ မိသားစုဝင်တွေကိုကချင်ပြည်နယ်အစိုးရ၊ ဌာနဆိုင်ရာနဲ့ ကျောက်မျက်ကုမ္ပဏီတွေက ကရုဏာကြေးထောက်ပံပေးခဲ့တယ်လို့လည်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံးက ဒုဦးစီးမှုး ဒေါ်နီလာမြင့်က ပြောပါတယ်။

“ကချင်ပြည်နယ်အစိုးရအဖွဲ့ကတော့ သေဆုံးတဲ့လူ ၁ ဦးချင်းကိုပေါ့။ တဦးကို ၁ သိန်းနှုန်းရှင့်။ ပြီးတဲ့အခါကျတော့ ပြည်နယ် လ၀က၊ လ၀က ကျတော့ ၂ သိန်း ၊ လူကယ်ပြန်ကတော့ နာမည် အမည်စာရင်းသိတဲ့ ၈၃ ဦးအတွက် ၁ ဦးကို ၁ သိန်းနှုန်းနဲ့ ၈၃ သိန်း ၊ ပြီးတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက အမည်သိတဲ့လူပေါ့။ ၈၃ ဦးအတွက်ပဲ ၈၃ သိန်း ။ ကျောက်မျက်လုပ်ငန်းရှင်များအသင်းက လည်း ၁ ဦးကို ၃ သိန်းနှုန်းနဲ့ရှင့် ။ အဲဒီမှာကျတော့ ကုမ္ပဏီတွေအကုန်ပါတယ်ရှင့်။ မနေ့က လက်ရောက်ကတော့ ၇၄ ဦး စာရင်းထည့်ပြီးပြီ ၈၃ ဦး ပြည့်သွားပြီးနောက်ပိုင်းလည်း သူတို့ ပေါ်လာခဲ့ရင်တော့ ထုတ်ပေးသွားဖိှု့ရှိတယ်ရှင့်။”

ကချင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်ကတော့ ဒီလို အဖြစ်မျိုးတွေ ထပ်မံမဖြစ်ပွားစေဖို့အတွက် အမျိုးသားလွှတ်တော်မှာ အရေးကြီးအဆိုတင်သွားဖို့ ပြင်ဆင်နေပါတယ်။

“အခုဖြစ်တဲ့အနေအထားမျိုးနောင်မဖြစ်နိုင်ဖို့အတွက် အရေးကြီးအဆိုအနေနဲ့ တင်နိုင်ဖို့အတွက်တော့ ပြင်ဆင်နေပါတယ်။ ဒါကရေရှည်အတွက်တော့ စီမံကိန်း စီမံချက်တွေနဲ့ စနစ်တကျတူးဖော် ဖို့နဲ့ ၊ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း ဖို့အတွက်ပေါ့။ ဒီပတ်ဝန်းကျင်နဲ့ပက်သက်တဲ့ဟာကို ထိန်းသိမ်းတဲ့ ကဏ္ဍ ပိုင်းမှာ အားနည်းခဲ့တာကတော့ နှစ်ပေါင်း ၂၀ ကျော်လောက်ရှိလာပြီဆိုတော့ အခုဒါကို ချက်ချင်းဖြေရှင်းဖို့အတွက်က တော်တော်လေးအခက်အခဲရှိနိုင်တယ်။”

ဒီတပတ်အတွင်းမှာတော့ လွှတ်တော်တွေ ရပ်နားထားတာကြောင့် လာမယ့် တနင်္လာနေ့မှာ တင်ပြနိုင်ဖို့ကြိုးစားသွားမယ်လို့လည်း ဦးခက်ထိန်နန်က ပြောပါတယ်။

ဒေသခံတွေကတော့ အစိုးရ၊ ကျောက်မျက်ကုမ္ပဏီတွေနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေ ပူးပေါင်းဆောင်ရွက်မှသာ ဒီလို အဖြစ်ဆိုးမျိုးတွေ ရှောင်လွှဲနိုင်မယ်၊ လောလောဆယ် အန္တရာယ်ရှိတဲ့နေရာမှာ နေထိုင်သူတွေကို ဖယ်ရှားစေဖို့နဲ့ မြေစာပုံတွေကို ရေမဆေးကျောက်ရှာဖွေသူတွေကို မထိခိုက်စေဖို့ စွန့်ပစ်သင့်တယ်လို့လည်း အကြံပြုကြပါတယ်။

ဖားကန့်ဒေသမှာ ဒီလို စွန့်ပစ်မြေစာပုံတွေပြိုကျမှုဟာ နှစ်တိုင်းလိုဖြစ်ပျက်နေတာဖြစ်ပြီး ဒီနှစ်အတွင်းမှာဆိုရင် အနည်းဆုံး ၅ကြိမ်ဖြစ်ပွားခဲ့ရာမှာ ဒီတကြိမ်ပြိုကျမှုကတော့ သေဆုံးသူ အများဆုံးလည်း ဖြစ်ပါတယ်။

မိုးဇော်/VOA
http://burmese.voanews.com/content/hpa-kan-finding-stop-today/3073154.html

မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA
 ကာလအတန်ကြာဖြစ်ပွားနေခဲ့တဲ့ စစ်ရေးပဋိပက္ခတွေ ဖြေလျှော့နိုင်ရေးအတွက် မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/SSA ခေါင်းဆောင်တွေနဲ့ မြန်မာအစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီတွေ ရန်ကုန်မြို့မှာ (၂)ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေး အရှိန်လျှော့ချရေး တပ်ပိုင်းဆိုင်ရာနေရာချထားရေးအပါအ၀င် အချက် (၆) ချက်ပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေထိုင်း အခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ အဖွဲ့နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့ အကြား နိုဝင်ဘာ (၂၃) ကနေ (၂၄) ရက်နေ့ ညအထိ (၂)ရက်သာတွေ့ဆုံမှု ကနေရ ရှိတဲ့သဘောတူညီချက်ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာ က အကြီးတန်းအရာရှိ ဦးလှမောင်ရွှေ ကအခုလိုပြောပါတယ်။

“နှစ်ဖက်ပြန်တင်ပြပြီး ဆက်လုပ်မယ်ဆိုတော့ ကျနော်မြင်တာကတော့ ရလဒ်တော့ကောင်းမယ်။ တယောက်နဲ့ တယောက် နားလည်မှု လွဲနေတာတွေကိုလည်း ပြန်ပြီးတော့ တည့်ပေးနိုင်တယ်။ ပြီးတော့ အတူတူ ပူးတွဲဆောင်ရွက်ဖို့ ကိစ္စတွေ မူလတန်းကျောင်းနဲ့ အစိုးရ အထက်တန်းကျောင်း ၁၇ ကျောင်း ယာယီပိတ်ထားတာကို နှစ်ဖက်ပူးပေါင်းပြီး ပြန်ဖွင့်ဖို့၊ စစ်ရှောင်တဲ့သူတွေကို ပြန်လည်နေရာချထားဖို့ အဲလိုမျိုးပူးပေါင်းဆောင်ရွက်တဲ့ဟာတွေရှိတယ်။”

နှစ်ဖက်အဖွဲ့အကြားတွေ့ဆုံမှုမှာ လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို လျှော့ချရပ်ဆိုင်းရေးကို ဦးတည်ဆောင်ရွက်ဖို့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်တို့အကြား ၂၀၁၂ ခုနှစ် ဇန်န၀ါရီ(၂၈)ရက်မှာ ရေးထိုးထားတဲ့ ငြိမ်းချမ်းရေး သဘောတူစာချုပ်အတိုင်း နှစ်ဖက်ညှိနှိုင်းပြီး ဆက်လက်အကောင်အထည်ဖေါ်သွားဖို့ တိုက်ပွဲကာလ အတွင်း ပိတ်ထားရတဲ့ကျောင်း (၁၇) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ စစ်ပြေးရှောင်တွေနေရပ်ရင်းပြန်နိုင်ဖို့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်နဲ့ အစိုးတို့ပူးပေါင်းလုပ်ဆောင်ဖို့ ပဋိပက္ခဖြစ်ပွားနေတဲ့ မိုင်းနောင်မြို့မှာ ဆက်ဆံရေးရုံးထားရှိဖို့နဲ့ SSPP တပ်ဖွဲ့ တွေအနေနဲ့ မိုင်းရှူး၊ မိုင်းနောင်ကားလမ်း မြောက်ဖက်ခြမ်းမှာရွှေ့ပြောင်းနေထိုင်ဖို့နဲ့ ကားလမ်းတောင်ဖက်ခြမ်းမှာရှိနေတဲ့ ထိပ်တိုက်ရင်ဆိုင်နေရတဲ့ မြန်မာ့တပ်မတော်စစ်ကြောင်းတွေကို နေရာပြောင်းရွှေ့ဖို့အချက် (၆) ချက် ကို ယေဘူယျ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေကို ၅ ရက်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကိုတင်ပြပြီး အကောင်အထည်ဖော်သွားရမယ်လို့ သဘောတူစာချုပ်မှာဖေါ်ပြထားပါတယ်။

ဆွေးနွေးပွဲ ပထမရက်မှာ မြောက်ပိုင်းရှမ်းပြည်တပ်မတော်အနေနဲ့ မိုင်းရှူး ၊ မိုင်းနောင်ကားလမ်းမြောက်ဖက်ခြမ်းဘက်ကို တပ်ရုပ်သိမ်းရမယ်ဆိုတဲ့အချက်အပေါ် အခြေအတင်ဆွေးနွေးခဲ့ပြီး သဘောတူညီမရရှိခဲ့တဲ့အခြေအနေကနေ အခုလို အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သဘောတူညီထားတဲ့အချက်တွေအပေါ် SSPP/SSA ဘက်ရဲ့သဘောထားကို မေးမြန်းခဲ့ပေမယ့်လဲ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူး။

နိုဝင်ဘာ ၂၃ ဆွေးနွေးပွဲ ပထမရက်မှာ တပ်ဆုတ်ပေးရမဲ့ တောင်းဆိုချက်နဲ့ပက်သက်ပြီး မြောက်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ ဗဟိုကော်မီတီအစည်းအဝေးမှာဆုံးဖြတ်သွားရမယ်လို့ SSPP ဒုတိယအတွင်းရေးမှူးစိုင်းခမ်းသီကနေ ဗွီအိုအေ ကိုပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်အဖွဲ့ကို မော်တော်ကားလမ်းတောင်ဖက်ခြမ်းကနေဆုတ်ခွာဖို့ တောင်းဆိုတာဟာ SSPP ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းနဲ့ စီးပွါးရေးလုပ်ကွက်ကိုဖြတ်တောက်တဲ့အနေနဲ့ လုပ် ဆောင်တယ်လို့ရှု့မြင်ကြောင်း ရှမ်းပြည်အရေးလေ့လာသူ ရှမ်းသံတော်ဆင့်အယ်ဒီတာချုပ်စိုင်းမိန်းက အခုလို သုံးသပ်ထားပါတယ်။

“ဒီစာချုပ်ထဲမှာ တွေ့ရှိရတာကတော့ မိုင်းရှူး၊ မိုင်းနောင်မြို့ရဲ့ တောင်ဖက်ခြမ်း ကားလမ်းကို ဆုတ်ပေးရမယ်ဆိုတဲ့ဟာက ရှမ်းပြည်တပ်မတော် SSPP/SSA ရဲ့ တော်ဖက်ခြမ်း အသက်ရှူလမ်းကြောင်းလို့ ကျနော်တို့မြင်မိတယ်။ ဘာလဲဆိုတော့ ဒီတာဆန်ဖူးပြဿနာဆိုတဲ့ဟာကလည်း မြန်မာအစိုးရတပ်မတော်အနေနဲ့ ကြည့်လို့ရှိရင် အဲဒီလောက်အရေးပါ အရာရောက်တဲ့ ဒေသတော့ မမြင်မိဘူးလေ။ အစိုးရတပ်မတော်အနေနဲ့ SSPP အပေါ် ဖြတ် ၄ ဖြတ် အသစ်ပုံစံနဲ့ တောင်ဖက်ခြမ်းကို ထပ်ဖြတ်တဲ့ ပုံစံပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စီးပွားရေးမှာ ခနောက်စိမ်းလုပ်ကွက်တွေ၊ သတ္တုတွင်းလုပ်ကွက်တွေ နောက်ပြီးတော့ ဒီတောင်ဖက်ပိုင်းနဲ့ ပေါင်းကူးဆက်ဆံတဲ့ လမ်းကြောင်းတွေကို ပိတ်ထားလိုက်တဲ့သဘောလို့ပဲ မြင်မိတယ်။”

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းက မြောက်ပိုင်းရှမ်းပြည်တပ်မတော် ထိန်းချုပ်ရာ တန့်ယန်းမြို့နယ် ထဲက လွယ်လန်းဒေသ နဲ့ ၂၀၁၄ခုနှစ်မှာ တာဖါဆောင်းကူတို့ဆိပ်ဒေသကို ဖယ်ရှားပေးဖို့ မြန်မာတပ်မတော်ဘက်ကတောင်းဆိုချက်ကို SSPPဘက်က လက်မခံခဲ့လို့ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွါးခဲ့ပါသေးတယ်။

တပြည်လုံးအတိုင်းအတာအပစ်ခတ်ရပ်စဲရေးNCAစာချုပ်လက်မှတ်ရေးထိုးဖို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ ငြင်းဆန်ခဲ့တဲ့နောက်ပိုင်း အောက်တိုဘာလဆန်းကနေစပြီး မြန်မာ့တပ်မတော်နဲ့ စစ်ရေးပဋိပက္ခတွေ တင်းမာ စွာဖြစ်ပွါးခဲ့ပါတယ်။

အခုလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းရှူးမိုင်းနောင် ကျေးသီးဒေသက ကျေးရွာသား(၈၀၀၀) ကျော်ဟာစစ်ဘေးတိမ်းရှောင်နေရသလို ဒေသအတွင်းစာသင်ကျောင်း(၁၇)ကျောင်းဟာလဲပိတ်ထားရပါတယ်။

နိုင်ကွန်းအိမ် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


 ဆီးရီယားနိုင်ငံတွင်းမှာ ဗုံးကြဲတိုက်ခိုက်နေတဲ့ ရုရှဗုံးကြဲလေယဉ်တစ်စီးကို တူရကီတိုက်လေယဉ်က ပစ်ချလိုက်ပြီးနောက်ပိုင်း ရုရှသမ္မတ ပူတင်က တူရကီအနေနဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ပေးဆပ်ရမယ်လို့ ပြောလိုက်ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က ရုရှလေယဉ်ဟာ တူရကီနိုင်ငံပိုင်နက်ထဲ ၀င်ရောက်ခဲ့တာဖြစ်ပြီး အချုပ်အခြာကို ချိုးဖေါက်တာဖြစ်ကြောင်း ရုရှနဲ့ဆက်ဆံရေး မပျက်လိုကြောင်း ပြောပါတယ်။

ရုရှဗုံးကြဲလေယဉ်မှာပါတဲ့ လေယဉ်မှူး ၂ ဦးမှာ တစ်ဦးက ဆီးရီးယားတပ်တွေက ကယ်တင်လိုက်နိုင်ပြီး နောက်တစ်ဦးက ဆီးရီယားနိုင်ငံနဲ့ တူရကီနယ်စပ်မှာအခြေပြုတဲ့ တာ့ခ်သူပုန်တွေက သတ်လိုက်တယ်လို့ ဆိုပါတယ်။

ရုရှအဆိုအရ သူတို့ဗုံးကြဲလေယဉ်ကို ပစ်ချချိန်က ဆီးရီယားနိုင်ငံပိုင်နက်ထဲမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ရုရှဟာ အိုက်အက်စ်အစ္စလမ်အကြမ်းဖက်အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို ဗုံးကြဲနေတယ်လို့ ပြောပေမယ့် တူရကီနဲ့ ဆီးရီးယားနယ်စပ်မျဉ်းနားမှာ အိုက်အက်စ်အဖွဲ့တွေ မရှိဘဲ ဆီးရီးယားအစိုးရကို တိုက်နေတဲ့ တာ့ခ်သူပုန်တွေသာရှိကြောင်း အဲဒီသူပုန်တွေဟာ တူရကီနိုင်ငံရဲ့ ညီအကိုရင်းတွေဖြစ်ကြောင်းလည်း တူရကီသမ္မတက ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့က တူရကီနိုင်ငံမြို့တော် အန်ကာရာက ရုရှားသံရုံးရှေ့မှာ တူရကီနိုင်ငံသားတွေ ဆန္ဒပြကြစဉ် - ဓါတ်ပုံ AFP

RFA Burmese
https://www.facebook.com/RFA-Burmese

ရုရှား တိုက်လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)
    မော်စကို၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ)

    ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu က ပစ်ချခံရသည့် ရုရှား တိုက်လေယာဉ် Su-24 မှ လေယာဉ်မှူး တစ်ဦးအား ကယ်ဆယ်နိုင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ လေယာဉ်မှူး အား ရုရှားနှင့် ဆီးရီးယား တပ်ဖွဲ့များ ပူးပေါင်း၍  ကယ်ဆယ်နိုင်ခဲ့ပြီး အကြမ်းဖက်မှု နှိမ်နင်းရေး ရုရှား လေတပ် တည်ရှိရာ ဆီးရီးယားရှိ Hmeimim လေတပ်စခန်းသို့ ပို့ဆောင်ထားကြောင်း Shoigu ၏ ပြောကြားချက်အား ကိုးကား၍ တာ့စ် သတင်းဋ္ဌာန မှ ဖော်ပြခဲ့သည်။

ရုရှား တိုက်လေယာဉ် Su-24 တိုက်ခိုက် ခံရပြီးနောက် လေယာဉ်မှူး နှစ်ဦး စလုံး လေယာဉ်မှ ခုန်ထွက် နိုင်ခဲ့သော်လည်း လေယာဉ်မှူး တစ်ဦးမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် မြေပြင်သို့မရောက်ခင် သေဆုံး ခဲ့ကြောင်း ကနဦး အတည်ပြုချက်များ အရ သိရှိရသည်။

ရုရှား နိုင်ငံ၏ တိုက်လေယာဉ် Su-24 သည် ဆီးရီးယားရှိ IS စစ်သွေးကြွ အကြမ်းဖက် အုပ်စုအား တိုက်ခိုက် ရန် တူရကီ နိုင်ငံပိုင် နယ်မြေ နှင့် တစ်ကီလိုမီတာခန့် အကွာအဝေး၌ ရှိချိန်တွင် တူရကီ နိုင်ငံ တိုက်လေယာဉ် ၏ ပစ်ခတ်မှုကို ခံခဲ့ရသဖြင့် ပျက်ကျခဲ့ကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com


 ကမ္ဘာ့အကြီးဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီ Microsoft ဟာ ဦးအိုက်ထွန်းပိုင် ရွှေတောင်အုပ်စုကုမ္ပဏီတွေ နဲ့ အိုင်တီနည်းပညာ ဆော့ဖ်ဝဲလ် ရောင်းချဖို့ သဘောတူညီချက် ရပြီဖြစ်ကြောင်း Financial Times သတင်းစာက ဒီကနေ့ ဖေါ်ပြလိုက်ပါတယ်။

ဦးအိုက်ထွန်းဟာ ဆောက်လုပ်ရေးအပြင် အာမခံလုပ်ငန်း ရန်ကုန်မြို့က Junction Square တည်ဆောက်ရေး စတာတွေကိုပိုင်ဆိုင်သူလို့သိရပြီး သူဟာ တစ်ချိန်က အမေရိကန်အစိုးရက မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားမှုနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး သံသယရှိခံရသူတစ်ဦးဖြစ်ပါတယ်။ ဦးအိုက်ထွန်းက အဲဒီကိစ္စဟာ အဲဒီအချိန်က တိုင်းပြည်ဟာ မပွင့်လင်းသေးတဲ့အပြင် မနာလိုမှုတွေ ကောလဟာလတွေသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

တစ်ချိန်က ဦးအိုက်ထွန်း တည်ထောင်ခဲ့တဲ့ အာရှဓနဘဏ် ဟာလည်း အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့အရေးယူခဲ့ဖူးပြီး အဲဒီဘဏ်ဟာ မူးယစ်ဆေးဝါးနဲ့ရတဲ့ငွေတွေကို ငွေဖြူလုပ်တယ်လို့ သံသယရှိပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၄ခုနှစ် အာရှဓနဘဏ်ဖျက်သိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေး ပိတ်ဆို့မှုကို ပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်ကုမ္ပဏီ Microsoft က အခုသူတို့ပြုလုပ်မယ့် စီးပွားရေးလုပ်ငန်းသဘောတူညီချက်ဟာ မြန်မာနိုင်ငံမှာ ဒုတိယအများဆုံး ငွေပမာဏဖြစ်ပြီး အလားတူ အိုင်တီဆော့်ဖ်ဝဲလ် နည်းပညာမြှင့်တင်ရေး လုပ်ငန်းကို ဦီးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်နဲ့လည်း လုပ်ကိုင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဦးအောင်ကိုဝင်းဟာလည်း စစ်အစိုးရလက်ထက်တုန်းက စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေး အတူလုပ်တယ်ဆိုပြီး ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူတဲ့စာရင်းမှာပါခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတဲ့အခါမှာ ပိတ်ဆို့မှု ပျက်ပြယ်သွားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese


နိုဝင်ဘာ ၂၅ ရက် ၂၀၁၅

သျှမ်းပြည်တောင်ပိုင်းလွယ်လင်ခရိုင် မိုင်းရှူး-မိုင်းနောင်မြို့ကြား ကားလမ်းတောင်ဘက် ခြမ်း ရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများအားလုံးမြောက်ဘက်ခြမ်း သို့ ၅ ရက် အတွင်း တပ်ဆုတ်ပေးရ မည် ဟု ဆွေးနွေးချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၂၃ - ၂၄ ရက်နေ့ တွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဒုဥက္ကဌ ဗိုလ်ချုပ်ခေး တိုင်း ဦးဆောင်သောအဖွဲ့ နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းေ ရး ဖေါ်ဆောင် ရေးလုပ်ငန်းကော်မတီအဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပါ အချက်ကြီး ၃ ချက်၊ သဘော တူညီချက် ၆ ချက် ပါရှိသည်။

အဆိုပါမှတ်တမ်း တွင် အစိုးရတပ်မတော် သည် SSPP/SSA ဝမ်ဟိုင်းဌာန ချုပ်အား ထိုးစစ် ဆင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟုပါရှိသည်။

သဘောတူညီချက် ၆ ချက်အနက် - “တတိယ အချက်တွင် SSPP/SSA တပ်ဖွဲ့ဝင်များ အနေဖြင့် မိုင်းနောင် - မိုင်းရှူး ကားလမ်း မြောက်ဘက်ခြမ်း တွင် ရွှေ့ပြောင်း နေထိုင်ရန် နှင့် မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင် ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မ တော် စစ်ကြောင်းများကို လည်း ရွှေ့ပြောင်း နေရာချထားရန်” - ဆိုသည့်အချက်ပါရှိသည်။

အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA အားဆက်သွယ်သော် လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

“ဒီအချက်ကို ကြည့်မယ်ဆိုရင် သျှမ်းတပ်တွေက မိုင်းနောင် - မိုင်းရှူး ကား လမ်းမြောက် ဘက်ခြမ်း ကို ၅ ရက် အတွင်း ပြောင်းရမယ်။ တောင် ဘက်ခြမ်း မှာ မနေရဘူးလို့ပြောတာ။ အစိုးရ တပ်က တော့ ထိပ်တိုက် ဖြစ်နေတဲ့ တပ်ေ တွ နေရပ်ပြန်ပြီး တပ်အသစ် လာနေခိုင်း မယ် - ဆိုတဲ့ သဘောဘဲ - ဟု လား ရှိုး မြို့နေ တော်လှန်ရေးသမားဟောင်း (ဦး) ပူလွယ်စိုင်း ဆိုင်က ပြောသည်။

ယမန်နှစ် ၂၀၁၄ အောက်တိုဘာ ၂ ရက်မှ ၆ ရက်နေ့ အထိ တာဖါဆောင် တံတားတိုက်ပွဲ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တပ်နှစ်ဘက်စလုံး ရုပ်သိမ်းရမည်ဟု ညွှန်ကြားသော် လည်း ယနေ့တိုင် တာ့ဖါဆောင်တံတား တွင် အစိုးရတပ်မတော် အခြေချ နေထိုင်ဆဲဖြစ် သည်။

ယခုနှစ် အောက်တိုဘာ ၆ ရက်မှ ယနေ့အထိ အစိုးရတပ်မတော် မှ သျှမ်ြး ပည် တပ်မတော် အား ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော် နေရပ်မှ ထွက်ခွာက မိုင်းရှူး၊ လဲချား၊ ကျေး သီး၊ မိုင်းရယ်၊ လားရှိုး၊ တောင်ကြီး မြို့သို့ တိမ်းရှောင်ခိုလှုံနေရပါသည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese


 လာမည့် လပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင် ဖွဲ့စည်းမည့် အစိုးရသစ်သည် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် အာရုံစိုက် လုပ်ဆောင်သွားမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် မကြာသေးမီနှစ်များက စီးပွားရေး ပြုပြင်ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့သော်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပြောင်းလဲမှုများ နှေးကွေးနေသေးသည်။

သို့သော် ထိုအခြေအနေမှာ ပြောင်းလဲတော့မည်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံ မက်ကွာရီတက္ကသိုလ်မှ ရှောင်တာနယ်က ဆိုသည်။

ယင်းက “စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ အခြေအနေတွေ မကောင်းပါဘူး။ ဒါကြောင့် ဒီကဏ္ဍကို အာရုံစိုက်ပြီး စီးပွားရေးမူဝါဒတွေ ချမှတ်တာက လယ်သမားတွေနဲ့ ကျေးလက်လူထုရဲ့ဘ၀ကို ပိုမိုကောင်းမွန်စေမှာပါ။ ဒီကဏ္ဍမှာ တကယ်ကို အာရုံစိုက် ဆောင်ရွက်တာ မြင်ရမှာပါ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းအနက် ၇၀% ခန့်မှာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို မှီခိုနေရသည်။ ယင်းတို့အနက် အများစုမှာ အကြွေးများပြားစွာ တင်ရှိခြင်းနှင့် ကြုံတွေ့နေရသည်။ ဒေသအဆင့် ချေးငွေ စနစ် ကောင်းမွန်ခြင်းမရှိသဖြင့် လယ်သမား အများအပြားမှာ ငွေတိုးပေးသူများ လက်တွင်းသို့ ကျဆင်းနေရသည်။ မြန်မာ့ စိုက်ပျိုးမွေးမြူရေးဘဏ်ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းက လယ်သမားများ ချေးငွေရယူရန် လွယ်ကူလာစေပြီး အစိုးရ၏ စည်းမျဉ်း ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တိုးတက်မှုများ ရှိလာစေနိုင်သည်ဟု ဆိုသည်။

နိုင်ငံ၏ စီးပွားရေးကို စစ်တပ်နှင့် ခရိုနီများက ထိန်းချုပ်ထားသဖြင့် NLD အစိုးရသစ်က ပြုပြင်ပြောင်းလဲမှု ပြုလုပ်နိုင်ခြင်းရှိမရှိ စိုးရိမ်လျက်ရှိသည်။ စစ်တပ်က ထိန်းချုပ်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှာ ဘီယာ လုပ်ငန်း၊ ကျောက်မြတ်လုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အပါအ၀င် လုပ်ငန်းအများအပြားတွင် ၀င်ရောက် လုပ်ကိုင်လျက်ရှိပြီး အဆိုပါ ကုမ္ပဏီများမှာ အမေရိကန်အစိုးရ၏ အမည်ပျက်စာရင်းတွင် ပါဝင်လျက်ရှိသည်။

နိုင်ငံတကာအကူအညီ ပေးရေးနှင့် ငွေချေးသည့်အဖွဲ့အစည်းများ ဖြစ်သော ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် USAID တို့က မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေးအစီအစဉ်များ ချမှတ်လျက်ရှိပြီး ၂၀၁၆ နှင့် ၂၀၁၇ တွင် စတင်ရန် စီစဉ်ထားသည်ဟု လေ့လာသူများကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲမတိုင်မီ စည်းရုံးရေးဟောပြောမှု များတွင် လယ်သမားများ တောင်သူများကို မိမိ၏ မြေပေါ်တွင် မိမိကြိုက်ရာ စိုက်နှံခွင့် ရှိစေမည်ဟု ကတိစကား ထားရှိခဲ့သည်။

KHTun
The Ladies News Journal
https://www.facebook.com/News.TheLadies


 ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တစ်ပေါင်းတည်း စစ်ဆေးရန် အမိန့်ချထားသည့်
ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုရင်ဆိုင်နေရသည့် ကျောင်းသားနှစ်ဦး၏ အမှုအား
တစ်ပေါင်းတည်း စစ်ဆေးနေသည့် သုံးကြိမ် မြောက်ရုံးချိန်းတွင် တရားလိုပြ
သက်သေတစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့ နှစ်ဦး၏အမှုအား
နိုဝင်ဘာလ (၂၄)ရက် နံနက် ၁၀ နာရီက ရုံးထုတ် စစ်ဆေးခြင်းဖြစ်ပြီး အဆိုပါ
အမှုအတွက် ကျောက်တံတား မြို့နယ် အုပ်ချုပ်ရေးမှူး တင်ပြထားသည့်
တရားလိုပြ သက်သေငါးဦးအနက် ယခုရုံးချိန်းအထိ စစ်ဆေးပြီးသည့်
တရားလိုပြ သက်သေသုံးဦး ရှိပြီဖြစ်ကြောင်း တရားရင်ဆိုင်နေရသည့် ကျောင်းသား
တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်၏ ရှေ့နေဦးကျော်ဟိုးထံမှ သိရသည်။

“ဒီနေ့ ကျောက်တံတားအမှုမှာ တရားလိုသုံးဦး စစ်ဆေးပြီးပြီ။ နှစ်ယောက်ပဲ
ကျန်တော့တယ်ပေါ့။ ပန်းဘဲတန်းအမှုမှာ သက်သေကိုးယောက်မှာ သုံးဦး
စစ်ဆေးပြီးပြီပေါ့။ ဒီနေ့က ဟောတဲ့ပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး
စစ်တာပေါ့။ ကျောက်တံတား အမှုကတော့ မြန်မြန်ပြီးနိုင်တယ်”ဟု ဦးကျော်ဟိုးက
ပြောသည်။

ကျောင်းသားနှစ်ဦး၏ အမှုမှာ ကျောက်တံတားမြို့နယ် တရားရုံးနှင့် ပန်းဘဲတန်း
မြို့နယ်တရားရုံးနှစ်ခု တွင် သီးခြားစီ စစ်ဆေးနေရာမှ ဖမ်းဆီးခံ ကျောင်းသားနှစ်ဦး၏
အမှုမှာ ဖြစ်စဉ်တူညီခြင်း၊ စွဲဆိုထားသည့် ပုဒ်မတူညီခြင်းများကြောင့် နှစ်ရုံးတစ်ရုံး
ပေါင်းစစ်ဆေးရန် ရန်ကုန်အနောက်ပိုင်းခရိုင်မှ ခရိုင် တရားသူကြီးက
အောက်တိုဘာလ ၂၆ ရက်က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ တစ်ပေါင်းတည်း စစ်ဆေးခြင်းအား ပြန်လည်စိစစ်ပေးရန် တိုင်းတရား
လွှတ်တော်သို့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် မိသားစုဝင်များက တင်ပြရန်
စီစဉ်နေကြောင်း သိရသည်။

“ ရှေ့နေကို လျှောက်လွှာရေးထားတာတော့ ပြပြီးပြီ။ ဒီနေ့ပဲ တိုင်းတရားလွှတ်တော်
ကို ပြန်လည် စိစစ်ပေးဖို့ တင်ပြသွားမှာပါ” ဟု ကိုဇေယျာလွင်၏ အဒေါ်ဖြစ်သူ
ဒေါ်ဝင်းဝင်းလှိုင်က ပြောသည်။

အဆိုပါ ကျောင်းသားနှစ်ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ပေးရေးနှင့်
လွှတ်တော်တွင်း ရောက်ရှိနေသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်
၂၅ ရာခိုင်နှုန်း နုတ်ထွက်ပေးရန် ဇွန်လ ၃၀ ရက် ညနေပိုင်းက သိမ်ကြီးဈေးမှ
မြို့တော်ခန်းမရှေ့အထိ ခွင့်ပြုချက်မတင်ဘဲ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့်
အတွက် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုပေးရန် ကျောက်တံတား
မြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်တို့မှ အုပ်ချုပ်ရေးမှူးတို့က ဇူလိုင်လ ၁ ရက်တွင်
မြို့နယ် တရားသူကြီးများထံသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့သို့ ချိန်းဆိုထားပြီး စစ်ဆေးရန်
ကျန်သည့် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှစ်ဦးကို ဆက်လက် စစ်ဆေးသွားမည်
ဖြစ်ကြောင်း ပန်းဘဲတန်းမြို့နယ် တရားရုံးမှ သိရသည်။

သတင်း - MMK
The Ladies News Journal
https://www.facebook.com/News.TheLadies


မော်စကို ၊ ၂၅-၁၁-၂၀၁၅

ရုရှားလေတပ် သည် ဆီးရီးယားနိုင်ငံ တစ်ဝန်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ၏စခန်း ၄၇ဝ ကျော်ကို လွန်ခဲ့သော နှစ်ရက်အတွင်း ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၂၃ ရက်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ထားကြောင်း Press TV သတင်းတစ်ရပ် အရ သိရသည်။

ရုရှား တိုက်လေယာဉ် များသည် အလက်ပို ၊ ဒမတ်စကပ် ၊ အီဒလစ် ၊ လာတာကီးယား ၊ ဟွန်းစ်နှင့် ဒေးအယ်လ်ဇော် ပြည်နယ်တို့ အတွင်းရှိ ISIS အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့၏ စခန်းပေါင်း အနည်းဆုံး ၄၇၂ ခုခန့် အပေါ်သို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ် အီဂေါကို နာရှန်ကော့ဗ် က ပြောကြားသည်။


ရုရှားလေတပ် ၏ လေကြောင်း တိုက်ခိုက်မှုသည် ISIS အစ္စလာမ်မစ် စစ်သွေးကြွ များ ထိန်းချုပ်ထားသည့် ရေနံချက် စက်ရုံများ အတွင်းရှိ ရေနံစိမ်းများအား တင်ဆောင် ထားသော လောင်စာဆီ တင်ယာဉ် ၁ဝဝဝ ကိုလည်း မီးလောင် ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ ရုရှားလေယာဉ် အားလုံးသည် လာတာကီးယား ပြည်နယ်အနီးရှိ Khmeimim လေတပ် အခြေစိုက် စခန်းသို့ ပြန်လည် ရောက်ရှိ ခဲ့ပြီ ဖြစ်ကြောင်း နာရှန်ကော့ဗ် က ပြောကြားသည်။

ထို့အပြင် ရုရှားလေတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ရက်ခါမြို့ အနောက်တောင်ပိုင်း ၁၅ ကီလိုမီတာ အကွာတွင် တည်ရှိသည့် အဓိက ရေနံဆိပ်ကမ်း တစ်ခုလည်း ပျက်စီးခဲ့ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

PyiChitThar
http://www.pyichitthar.com


 ဆီးရီးယားနယ်စပ်အနီး တူရကီတို့ပစ်ချလိုက်တဲ့ ရုရှား စစ်လေယာဉ်ပေါ်က လေယာဉ်မောင်းနှစ်ဦးကို ကယ်တင်ဖို့ လိုက်ရှာခဲ့တဲ့ ရုရှားစစ်ရဟတ်ယာဉ် တစ်စင်းပေါ်ပါ လေယာဉ်မောင်း တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

အဆိုပါ ရုရှား ရဟတ်ယာဉ်ကို ဆီးရီးယား မြောက်ပိုင်းက သူပုန်တွေ ပစ်လိုက်တဲ့ အမြောက်ထိမှန်ပြီး မြေပြင်ကို အရေးပေါ် ဆင်းသက်နေတုန်း လေယာဉ်မောင်းတစ်ဦး သေဆုံးသွားတာလို့ ရုရှားစစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး Sergey Rudskoy က ပြောပါတယ်။

တူရကီတို့ ပစ်ချလိုက်တဲ့ ရုရှား စစ်လေယာဉ်ပေါ်က လေယာဉ်မောင်း နှစ်ဦးကတော့ မြေပြင်ကို လေထီးနဲ့ ဆင်းသက်ခဲ့အပြီးမှာ မြေပြင်ကနေ ပစ်ခတ်ခဲ့မှုကြောင့် လေယာဉ်မောင်း နှစ်ဦးထဲက အနည်းဆုံး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Rudskoy က ပြောပါတယ်။

အခုလို တူရကီနဲ့ ဆီးရီးယားနယ်စပ်က ဝေဟင်မှာ ရုရှားစစ်လေယာဉ်တစ်စင်းကို တူရကီက ပစ်ချခဲ့အပြီး နေတိုးအတွင်းရေးမှူးချုပ်Jens Stoltenberg က နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ တူရကီဘက်ကနေ တစည်းတလုံးတည်း ရပ်တည်သွားမယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

တူရကီအစိုးရက ခေါ်ယူတဲ့ အရေးပေါ်အစည်းအဝေး ကျင်းပအပြီးမှာ မစ္စတာ Stoltenberg က နေတိုးမဟာမိတ်နိုင်ငံတွေဆီက ရတဲ့သုံးသပ်ချက်တွေအရ ရုရှားစစ်လေယာဉ်ဟာ တူရကီလေကြောင်း ပိုင်နက်ထဲ ၀င်လာတယ်ဆိုတာကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

ရုရှားအစိုးရကတော့သူတို့ရဲ့ စစ်လေယာဉ်ဟာ ဆီးရီးယား လေကြောင်းပိုင်နက်ထဲမှာပဲ နေခဲ့ကြောင်းနဲ့ တူရကီလေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်တာမျိုး မလုပ်ခဲ့ဘူးလို့ အခိုင်အမာ ပြောနေပါတယ်။

တူရကီသမ္မတ Recep Tayyip Erdogan က ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့ နယ်စပ်ကို ကာကွယ်ပိုင်ခွင့်အတိုင်း လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

တူရကီက သူတို့ရဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ အိုဘားမားကလည်း ကာကွယ်ပြောဆိုသွားပါတယ်။

ရုရှားလေယာဉ်ကို ပစ်ချခဲ့တဲ့အတွက် ဆိုးဝါးတဲ့နောက်ဆက်တွဲ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ပူတင်က သတိပေးလိုက်ပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်သမားတွေရဲ့ အပေါင်းအဖော်တွေက နောက်ကြောကနေ ဒါးနဲ့ထိုးခဲ့တာလို့ သူကဖော်ညွန်း ပြောဆိုသွားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese/

[youtube src="D2Lw5MqNx88"/]
တူရကီ လေတပ်တိုက်လေယာဉ်ရဲ့ ပစ်ချခံခဲ့ရပြီးနောက်ပိုင်း ရုရှားလေယာဉ်မှူး နှစ်ဦး လေထီးနဲ့ ခုန်ထွတ်လာတာကို ဆီးရီးယားသူပုန်အဖွဲ့က လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့တဲ့ ဗွီဒီယို ရုပ်သံ မှတ်တမ်းဖြစ်ပါတယ်။


၂၅.၁၁.၂၀၁၅ရက်နေ့ ၀၁၁၀ အချိန်တွင် ရန်ကုန်လေဆိပ်မှ တရုတ်နိုင်ငံ ဟောင်ကောင်လေဆိပ်သို့ ထွက်ခွာသွားသော Dragon လေကြောင်း ခရီးစဉ်အမှတ် KA-251 လေယာဉ်အမျိုးအစား A-321 လေယာဉ်အမှတ် BHTF သည် ရန်ကုန်လေဆိပ်မှ ထွက်ခွာပြီး (၁၅)မိနစ်ခန့် ပျံသန်းပြီးနောက် ငှက် နှင့်တိုက်မိပြီး လေယာဉ်၏ အရှေဘက် ဘယ်ဘက့်မှန် ကွဲအက်သွားသဖြင့် ရန်ကုန်လေဆိပ်သို(၀၁၄၀) ချိန့် ပြန်လည်ဆင်းသက်ခဲ့ ပြီး ခရီးစဉ်အား ဖျက်သိမ်းခဲ့ပါသည်။

Aviation Police-YGN
https://www.facebook.com/Aviation-Police-YGN

သေဆုံးသူတွေရဲ့ မိသားစုတွေ အခင်းဖြစ်ပွားရာနေရာကို ရောက်လာစဉ် (Credit: AFP) 
 တူနီးရှား ​သမ္မတရဲ့ ​အစောင့်တွေကို ​တင်ဆောင်လာတဲ့ ​ကားတစ်စီး ​ပေါက်ကွဲခဲ့ရာက ​သမ္မတအစောင့် ​၁၂ ​ယောက်သေဆုံးပြီး ​၁၆ ​ယောက် ​ဒဏ်ရာ ​ရရှိခဲ့ပါတယ်။

ကားထဲမှာ ​ဗုံးထောင်ထားပြီး ​ပေါက်ကွဲခဲ့ဟန် ​ပေါက်တယ်လို့ ​ယူဆနေကြပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ​ပတ်သက်ပြီး ​ဘယ်အဖွဲ့အစည်းကမှ ​တာဝန်ယူကြောင်း ​ဝန်ခံထားတာ ​မရှိပေမယ့် ​တူနီးရှား ​အစိုးရက ​၂၀၁၁ ​ခုနှစ်နောက်ပိုင်း ​အာဏာရှင် ​Zine ​El ​Abidine ​Ben ​Ali ​ကို ​ရာထူးကနေ ​ဖြုတ်ချပြီးတဲ့နောက် ​အစ္စလာမ်မစ်အဖွဲ့တွေရဲ့ ​တိုက်ခိုက်မှုကို ​ခံခဲ့ရတာ ​ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက ​နိုင်ငံခြားသားတွေကို ​ပစ်မှတ်ထားတဲ့ ​တိုက်ခိုက်မှု ​နှစ်ခုကိုတော့ ​IS ​အဖွဲ့က ​သူတို့ရဲ့ ​လက်ချက်ဖြစ်တယ်လို့ ​ဝန်ခံထားပါတယ်။

တူနီးရှားနိုင်ငံရဲ့ ​မြို့တော် ​Tunis ​မြို့လည်မှာ ​ဗုံးပေါက်ကွဲမှု ​ဖြစ်ပွားပြီးတဲ့နောက် ​အရေးပေါ် ​အခြေအနေနဲ့ ​ကာဖြူးအမိန့်တွေ ​ချမှတ်ထားကြောင်းလည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

တူရကီက ပစ်ချလိုက်တဲ့ ရုရှားလေယာဉ် (Credit: ABC)
 တူရကီနိုင်ငံက ​ပစ်ချခဲ့တဲ့ ​ရုရှားစစ်လေယာဉ်ပေါ် ​လိုက်ပါသွားတဲ့ ​ရုရှား ​လေယာဉ်မောင်းသမား ​တစ်ယောက် ​သေဆုံးသွားပြီး ​နောက်တစ်ယောက်ရဲ့ ​ကံကြမ္မာကိုတော့ ​မသိရသေးပါဘူး။

တူရကီဘက်က ​ပြောဆိုချက်အရ ​သူတို့ရဲ့ ​ဝေဟင်ပိုင်နက်ထဲ ​ဝင်လာတဲ့ ​ရုရှား ​စစ်လေယာဉ်ကို ​၅ ​မိနစ်အတွင်း ​၁၀ ​ကြိမ် ​သတိပေးချက် ​ထုတ်ပြန်ခဲ့ပြီးမှ ​ပစ်ခတ်ခဲ့တာလို့ ​ဆိုပါတယ်။

ရုရှားအစိုးရကတော့ ​ဆီးရီးယား ​ဝေဟင်ပိုက်နက်မှာ ​ရောက်နေတုန်း ​တူရကီက ​ပစ်ချတာ ​ဖြစ်ပြီး ​တူရကီရဲ့ ​လုပ်ရပ်ဟာ ​နောက်ကျောကို ​ဓားနဲ့ ​ထိုးတဲ့ ​လုပ်ရပ်ဖြစ်ပြီး ​လက်တုန့်ပြန်မှုတွေ ​ကြုံရနိုင်တယ်လို့ ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​ပြောပါတယ်။

တူရကီက ​ပစ်ချလိုက်တဲ့ ​လေယာဉ်ဟာ ​ဆီးရီးယားနိုင်ငံထဲကို ​ပျက်ကျသွားပြီး ​လေယာဉ် ​ပျက်ကျတဲ့ ​နေရာဟာ ​ဆီးရီးယား ​သူပုန်တွေ ​ထိန်းချုပ်ထားတဲ့ ​ဒေသဖြစ်ပါတယ်။

ရုရှားလေယာဉ်ဟာ ​IS ​ကို ​တိုက်ခိုက်တာမဟုတ်ပဲ ​ဆီးရီးယား ​သမ္မတကို ​ဆန့်ကျင်တဲ့ ​သူပုန်တွေက ​တိုက်ခိုက်ကြောင်း ​ပြသနေတာလို့လည်း ​ပြောဆိုနေကြပါတယ်။

လေယာဉ်ပေါ် ​လိုက်ပါသူ ​ရုရှား ​လေယာဉ်မောင်းသမား ​နှစ်ဦးစလုံးက ​လေယာဉ် ​မပေါက်ကွဲခင်မှာ ​လေထီးနဲ့ ​ခုန်ချနိုင်ခဲ့ပါတယ်။

ဆီးရီးယား ​သူပုန်တပ်ဖွဲ့ ​တစ်ဖွဲ့ဖြစ်တဲ့ ​Turkmen ​ကတော့ ​သူတို့နယ်ထဲ ​ရောက်လာတဲ့ ​ရုရှားလေယာဉ် ​မောင်းသမား ​နှစ်ယောက်စလုံးကို ​သတ်ပစ်လိုက်ပြီလို့ ​ဆိုပါတယ်။

ဒါပေမဲ့ ​တူရကီ ​အစိုးရကတော့ ​ရုရှား ​လေယာဉ်မောင်းသမား ​တစ်ယောက် ​အသက်ရှင်နိုင်တယ်လို့ ​ပြောပါတယ်။

ရုရှားကလည်း ​လေယာဉ် ​မောင်းသမား ​တစ်ယောက် ​သေဆုံးပြီဆိုတာကို ​ပြောဆိုပြီး ​နောက်တစ်ယောက်ရဲ့ ​ကံကြမ္မာကို ​မသိရသေးဘူးလို့ ​ဆိုပါတယ်။

ရုရှား ​သမ္မတ ​ဘလာဒီမီယာ ​ပူတင်က ​လေယာဉ်ဟာ ​ဆီးရီးယားနယ်ထဲ ​တစ်ကီလိုမီတာ ​ဝင်ပြီးမှ ​ပစ်ခတ်ခံရတာ ​ဖြစ်ပြီး ​ပစ်ချတဲ့လူဟာ ​အကြမ်းဖက်သမားတွေနဲ့ ​အလိုတူ ​အလိုပါတွေပဲ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဒီလို ​ပြစ်မှုမျိုးကို ​ရုရှားက ​သီးခံမှာ ​မဟုတ်ဘူးလို့ ​ပြောလိုက်ပါတယ်။
တူရကီ ​သမ္မတကတော့ ​ရုရှားအနေနဲ့ ​အရင်တုန်းကလည်း ​တူရကီနယ်ထဲ ​ဝင်ရောက်တာမျိုး ​ရှိပေမယ့် ​တူရကီက ​ခေါင်းအေးအေးထားပြီး ​ပစ်ခတ်မှုတွေ ​မလုပ်ခဲ့ဘူးလို့ ​ပြောဆိုထားပါတယ်။
ရုရှားဘက်က ​တုန့်ပြန်နိုင်တဲ့ ​အလားအလာနဲ့ ​တူရကီဘက်ကလည်း ​အလျှော့မပေးတဲ့ ​အလားအလာကြောင့် ​နှစ်ဘက်စလုံး ​စိတ်အေးအေးထားပြီး ​ပြဿနာကို ​ဖြေရှင်းကြဖို့ ​ကမ္ဘာ့ခေါင်းဆောင်တွေက ​တိုက်တွန်းလိုက်ပါတယ်။
တူရကီကလည်း ​နေတိုးအဖွဲ့ရဲ့ ​အရေးပေါ် ​အစည်းအဝေးလုပ်ဖို့ ​ပြောဆိုလိုက်သလို ​နေတိုးကလည်း ​သူ့ရဲ့ ​အဖွဲ့ဝင် ​တူရကီဘက်က ​ရပ်တည်လိုက်ပါတယ်။

ပြင်သစ် ​သမ္မတကတော့ ​မကြာခင်မှာ ​ရုရှား ​သမ္မတနဲ့ ​တွေ့ဆုံဖို့ရှိပြီး ​ဒီတွေ့ဆုံမှုအတွင်း ​IS ​ကိုသာ ​ပစ်မှတ်ထားတဲ့ ​တိုက်ခိုက်မှုမျိုးကို ​လုပ်ဖို့ ​တိုက်တွန်းမယ်လို့ ​ဆိုပါတယ်။

IS ​ကို ​တိုက်ခိုက်နေတဲ့ ​အနောက်တိုင်းနိုင်ငံနဲ့ ​ဆီးရီးယား ​အစိုးရကို ​တိုက်ခိုက်နေတဲ့ ​သူပုန်တပ်ဖွဲ့ ​မှန်သမျှကို ​တိုက်ခိုက်နေတဲ့ ​ရုရှားအကြား ​တင်းမာမှုတွေ ​ဖြစ်ပွားပြီးတဲ့နောက် ​IS ​အဖွဲ့ကိုသာ ​တိုက်ပြီး ​တခြား ​သူပုန်တပ်ဖွဲ့ကို ​မတိုက်ဖို့ ​ရုရှားကို ​ပြောဆိုမှာ ​ဖြစ်ပါတယ်။

ရုရှား ​နိုင်ငံခြားရေး ​ဝန်ကြီး ​Sergei ​Lavrov ​ကတော့ ​တူရကီ ​ခရီးစဉ်ကို ​ဖျက်သိမ်းလိုက်သလို ​တူရကီနိုင်ငံကို ​သွားမလည်ဖို့လည်း ​ရုရှားနိုင်ငံသားတွေကို ​ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံသားတွေ ​တူရကီကို ​မလည်ပတ်တော့ရင်တော့ ​တူရကီရဲ့ ​ခရီးသွားလာရေး ​လုပ်ငန်းမှာ ​ထိခိုက်နစ်နာမှုတွေ ​များနိုင်ကြောင်းလည်း ​သိရပါတယ်။

သြစတြေးလျ ​ဝန်ကြီးချုပ် ​Malcolm ​Turnbull ​ကလည်း ​ဒီကိစ္စကို ​အနီးကပ် ​စောင့်ကြည့်နေပြီး ​ပြဿနာကို ​ခေါင်းအေးအေးထားပြီး ​ဖြေရှင်းကြဖို့ ​တိုက်တွန်းထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese


မေး - အာဏာလွှဲပြောင်းပေးရေး ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘယ်အချိန် တွေ့မှာပါလဲ။

ဖြေ - ဒီဇင်ဘာလထဲမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပြီးဆုံးတဲ့အခါ ကျွန်တော်တို့ တွေ့ဆုံမှာပါ။

မေး - ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် သမ္မတဖြစ်ခွင့်ရဖို့အတွက် အခြေခံဥပဒေပုဒ်မ ၅၉(စ)ကို ပြင်ဆင်ဖို့ ဆန္ဒရှိပါသလား။

ဖြေ - ဒါက ကျွန်တော်တစ်ဦးတည်း ဆုံးဖြတ်လို့ မရပါဘူး။ အခြေခံဥပဒေ ပြင်ဆင်မှုဆိုင်ရာ ကိစ္စအားလုံးကို ပုဒ်မ ၁၂ အရ လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်ရမှာပါ။ ကျွန်တော်က ဒီအတွက် တိုက်ရိုက် တာဝန်မရှိပါဘူး။

မေး - ဒါပေမဲ့ ကာကွယ်ရေးဦးစီးချုပ် အနေနဲ့ ပြင်ဆင်လိုပါသလား။ လွှတ်တော်အမတ် ၂၅% ကို စစ်တပ်က ရယူထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲမှာ ကြီးကြီးမားမား အနိုင်ရခဲ့တဲ့အတွက် သမ္မတဖြစ်ခွင့် ရှိတယ်လို့ ယူဆပါသလား။

ဖြေ - ကျွန်တော်တို့ဥပဒေတွေက တစ်ဦးတစ်ယောက်အတွက် ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ ပြောင်းလဲမယ်ဆိုရင် လုပ်ငန်းစဉ်အတိုင်း လုပ်ရပါမယ်။

မေး - ဒါဆိုရင် အခြေခံအားဖြင့် ငြင်းပယ်တာပေါ့။ သူ့ (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတဖြစ်ခွင့် မပြုနိုင်ဘူးလား။

ဖြေ - ကျွန်တော် ငြင်းပယ်တာ မဟုတ်ပါဘူး။ ဒါက တရားဥပဒေအတိုင်းပါ။

မေး - နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲဆောင်ရွက်မှာပါလား။

ဖြေ - အရေးကြီးတာက ကျွန်တော်တို့နိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားပါ။

မေး - သူနဲ့ လက်တွဲလုပ်နိုင်မယ်လို့ ထင်ပါသလား။

ဖြေ - ဘာလို့ မလုပ်နိုင်ရမှာလဲ။

မေး - သူ့ကို ယုံပါသလား။

ဖြေ - တိုင်းပြည်အတွက် ရလဒ်ကောင်းမယ်ဆိုရင် ကျွန်တော်တို့ လက်တွဲဆောင်ရွက်နိုင်ပါတယ်။ လက်တွဲ ဆောင်ရွက်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူလုပ် ညှိနှိုင်းဖို့ အခက်အခဲ ရှိပါသလား။

ဖြေ - ရလဒ်ကောင်းတွေ ရှိမယ်ဆိုရင် ညှိနှိုင်းလို့ ရပါတယ်။

မေး - အရပ်ဘက်အုပ်ချုပ်ရေးကို အာဏာပိုပေးသင့်တယ်လို့ ထင်ပါသလား။

ဖြေ - နိုင်ငံအခြေအနေ တည်ငြိမ်မယ်ဆိုရင် တစ်နေ့ကျ ခင်ဗျားပြောသလို ကျွန်တော်တို့ ဆောင်ရွက်မှာပါ။

မေး - ဒါဆို နိုင်ငံတည်ငြိမ်မယ်ဆိုရင် အရပ်သားအစိုးရကို အာဏာပိုပေးဖို့ ဆန္ဒရှိတယ်ပေါ့။

ဖြေ - ဟုတ်ပါတယ်။

မေး - နိုင်ငံတည်ငြိမ်တာကို ဘယ်လိုလက္ခဏာတွေ သတ်မှတ်ထားပါလဲ။

ဖြေ - နံပါတ်တစ်က တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခပါ။ ကျွန်တော်တို့ နိုင်ငံမှာ စစ်မှန်တဲ့ လုံးဝငြိမ်းချမ်းရေး လိုပါတယ်။ နံပါတ်နှစ်က ပါတီစုံဒီမိုကရေစီစနစ် ရင့်ကျက်မှုပါ။ နံပါတ်သုံးက တိုင်းရင်းသားတွေနဲ့ အစိုးရကြား ပိုမို ကောင်းမွန်တဲ့ နားလည်မှုလိုပါတယ်။

မေး - တိုင်းရင်းသား တပ်ဖွဲ့ ၈ ဖွဲ့ကပဲ အစိုးရနဲ့ အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ထိုးထားတယ်နော်။ အခြားအဖွဲ့တွေ လက်မှတ်ထိုးဖို့ လိုနေတယ်ပေါ့။

ဖြေ - ဟုတ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးမှာ အခြားအဖွဲ့တွေ ပါဝင်ဖို့ လိုနေပါတယ်။

မေး - ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံရဲ့ ဆက်ဆံပုံအပေါ် ဝေဖန်နေကြတာကို ဘယ်လိုမြင်ပါလဲ။

ဖြေ - ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ကျွန်တော်တို့ ခွင့်မပြုပါဘူး။ သူတို့က ဘင်္ဂါလီတွေပါ။ ကျွန်တော်တို့ တိုင်းရင်းသား မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ငံသား မဟုတ်ပါဘူး။ သူတို့က ဘင်္ဂလားဒေ့ရှ်ကပါ။

မေး - ကျန်ရှိနေတဲ့ အမေရိကန် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းစေချင်ပါသလား။

ဖြေ - ပိတ်ဆို့မှုတွေ ရုပ်သိမ်းတာ ကောင်းပါတယ်။

မေး - အခြေခံဥပဒေပုဒ်မ ၄၃၆ အကြောင်း ပြောချင်ပါတယ်။ ဒီပုဒ်မအရ အခြေခံဥပဒေ ပြင်မယ်ဆိုရင် လွှတ်တော်အမတ် ၇၅% ရဲ့ ထောက်ခံမှု လိုပါတယ်။ စစ်တပ်က လွှတ်တော်အမတ်နေရာ ၂၅% ရယူထားတဲ့အတွက် အခြေခံဥပဒေပြင်တာကို ဗီတိုအာဏာနဲ့ တားဆီးခွင့်ရနေပါတယ်။ ဒီတော့ NLD က ပြတ်ပြတ်သားသား အနိုင်ရအပြီးမှာ အခြေခံဥပဒေကို ပိုမိုလွယ်ကူစွာ ပြင်ဆင်နိုင်ဖို့ ဒီပုဒ်မကို ပြင်ဆင်လိုပါသလား။

ဖြေ - ကျွန်တော်တို့ တပ်မတော်က အခြေခံဥပဒေကို တင်းတင်းမာမာ ဆွဲကိုင်ထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ ရင့်ကျက်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဖြည်းဖြည်းမှန်မှန် ပြောင်းလဲဖို့ လိုပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ အသင့်မဖြစ်သေးပါဘူး။

မေး - အရပ်ဘက်ကို အာဏာပိုမိုပေးအပ်ရာမှာ အေးအေးချမ်းချမ်း ရှိစေဖို့ ဘာတွေလိုပါသလဲ။

ဖြေ - ဒါက ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေအပေါ် လူထုရဲ့ နားလည်မှုအပေါ် မူတည်ပါတယ်။ အချို့ နိုင်ငံတွေက ဒီမိုကရေစီပြောင်းလဲရာမှာ ပြသ၁နာတွေ ကြုံရပါတယ်။

မေး - အရှေ့အလယ်ပိုင်းနဲ့ အာရပ်နွေဦးလို ဆိုလိုချင်တာလား။

ဖြေ - အရှေ့အလယ်ပိုင်း နိုင်ငံတွေက အဆိုးဆုံး ဥပမာတွေပါ။ ကျွန်တော်တို့မှာ ဒီမိုကရေစီ အတွေ့အကြုံ အနည်းငယ်ပဲ ရှိပါတယ်။ ရလဒ်ကောင်းဖို့အတွက် စိတ်ရှည်ဖို့ လိုပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ မြန်မြန်ဆန်ဆန် ပြောင်းလဲဖို့ ခက်ခဲပါတယ်။

မေး - ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ မဲလာပေးကြတဲ့ပုံစံအပေါ် အထင်ကြီးမိပါသလား။

ဖြေ - လက်ရှိအစိုးရက ပြည်သူ့ဆန္ဒကို မဖြည့်ဆည်းနိုင်ဘူးလို့ ထင်ပါတယ်။ အခု ပြည်သူတွေက သူတို့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်မယ်ထင်တဲ့ သူကို ရွေးခဲ့ပါတယ်။ ရွေးချယ်ခံရသူက ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပဲ ရှိပါတယ်။

မေး - ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အခါ စစ်သားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းဆိုမှာလား။

ဖြေ - ကျွန်တော် အဲဒီကိစ္စအတွက် စိတ်မပူပါဘူး။

မေး - အရင်နှစ်များစွာက ဖြစ်ခဲ့တာတွေအတွက် သင့်မှာ တာဝန်မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင်တွေအပေါ် ထိခိုက်စေခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေအတွက် နောင်တရတာမျိုး မြင်မိပါသလား။

ဖြေ - အဲဒီအတွက် ကျွန်တော့်မှာ တာဝန်မရှိပါဘူး။ အရင် နိုင်ငံရေးအခြေအနေကြောင့် ဖြစ်ရတာပါ။

မေး - အစိုးရသစ်နဲ့ ဆွေးနွေးတဲ့အခါ ဘာတွေက တားမြစ်စည်းတွေ ဖြစ်မလဲ။ အလျှော့မပေးနိုင်တာက ဘာတွေ ဖြစ်မလဲ။

ဖြေ - ကျွန်တော် စကားပြောဖို့၊ မေးခွန်းတွေဖြေဖို့၊ ဆွေးနွေးဖို့ ပြင်ဆင်ထားပါတယ်။ ကန့်သတ်ချက် မရှိပါဘူး။ ဘာအကြောင်းအရာမဆို ကျွန်တော် ဆွေးနွေးမှာပါ။

မေး - ဒါပေမဲ့ ၅၉(စ)ကို ပြင်ဖို့တောင်းဆိုရင် ဘယ်လိုပြောမလဲ။

ဖြေ - ကျွန်တော့်ရဲ့အမြင်ကို ရှင်းပြမှာပါ။

မေး - ရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ကြားဝင်တာမျိုး မရှိဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကို ကတိပေးနိုင်မလား။

ဖြေ - ကျွန်တော်တို့ ရွေးကောက်ပွဲက လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲပါ။ အစိုးရအာဏာလွှဲပြောင်းပေးဖို့ သမ္မတကြီးကလည်း သဘောတူပြီးသားပါ။ ဒါက မှန်ကန်တဲ့အရာဖြစ်ပြီး သမ္မတကြီးရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ။

KHTun

ကိုးကား - Washington Post
The Ladies News Journal
https://www.facebook.com/News.TheLadies


 ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိအချိန် ရှေ့ဆက်မည့် ခြေလှမ်းများကို ဖြည်းဖြည်းနှင့် မှန်မှန် ပြုလုပ်သွားရန် လိုအပ်သည်ဟု မြန်မာ့နိုင်ငံရေးနှင့် နီးစပ်သူများက ပြောကြားလျက်ရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံတမန်ဟောင်းတစ်ဦးဖြစ်သူ ရာဂျစ်ကေဘာသီယာက “မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန် မသေချာမှုတွေ၊ အထိမခံတာတွေနဲ့ ပြောင်းလဲမှုတွေ ရှိနေပါတယ်။ အာဏာခွဲဝေမှု ပြုလုပ်မယ့် အချိန်ဖြစ်တဲ့အတွက် အခု စတင်နေပြီဖြစ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ရှိလာမှာပါ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ စစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်တဲ့အခါမှာ မြင်ကွင်းက ရှင်းရှင်းလင်းလင်း ဖြစ်လာမှာပါ” ဟု The Stateman မဂ္ဂဇင်းတွင် ရေးသားခဲ့သည်။

အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) ၏ ဂျင်နရယ်ဒါရိုက်တာဟောင်းဖြစ်သူ ရာဂျစ်က NLD သည် ရွေးကောက်ပွဲတွင် ၈၀% အနိုင်ရခဲ့သော်လည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ဖြေရှင်းစရာ ပြသ၁နာများစွာ ရှိနေသည်ဟု ဆိုသည်။

ရာဂျစ်ဘာသီယာက “သူက တရားဝင် သတ်မှတ်ထားတဲ့ သမ္မတ ဖြစ်ချင်ပေမယ့် ဖြစ်လို့မရတော့ အစိုးရအဖွဲ့ကို လက်တွေ့ ဦးဆောင်သူ သမ္မတ ဖြစ်ချင်တယ်။ စစ်တပ်က အခြေခံဥပဒေ အကြောင်းပြချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် သမ္မတအဖြစ် လက်မခံသလို သတ်မှတ်မထားတဲ့ သမ္မတအဖြစ် လက်ခံဖို့လည်း ပြသ၁နာရှိနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အရင်ဆုံး နှစ်ဖက်ဆွေးနွေးဖို့ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

သမ္မတကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်ခန့်ထားရန်မှာလည်း ရှင်းလင်းသည့် လုပ်ငန်းစဉ် မဟုတ်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။ “သူ ကြိုက်တဲ့သူကို ခန့်နိုင်ပေမယ့် တကယ်က အဲဒီလောက် မရိုးရှင်းပါဘူး။ စစ်တပ်က ဆန့်ကျင်မှု ပြုလုပ်နိုင်တာက ခက်ခဲတဲ့ အမှန်တရားပါ” ဟု ယင်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ အများစု အနိုင်ရထားသည့် NLD က ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက် ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ ကိုယ်စားပြု၍ သမ္မတလောင်း ၂ ဦး ရွေးချယ်ခွင့် ရရှိမည်ဖြစ်သည်။ လွှတ်တော် ၂ ရပ်လုံးတွင် ၂၅% စီ နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ စုပေါင်း၍ သမ္မတလောင်းတစ်ဦး တင်ခွင့်ရမည်ဖြစ်သည်။

NLD သည် အများစု ပါတီအဖြစ် လုပ်ပိုင်ခွင့် ကြီးကြီးမားမား ရရှိထားသဖြင့် စစ်တပ်ကိုယ်စားလှယ်များက တင်သွင်းသည့် သမ္မတလောင်းသည် သမ္မတဖြစ်လာမည်မဟုတ်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။

“NLD က ငြင်းဆန်ရင် စစ်တပ်က အခက်တွေ့မှာပါ” ဟု “အိန္ဒိယ-မြန်မာဆက်ဆံရေး ၊ ပြောင်းလဲနေသော ကောက်ကြောင်း” စာအုပ်ကို ရေးသားခဲ့သည့် ရာဂျစ်ဘာသီယာက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် အခြားပြသ၁နာတစ်ရပ်မှာ အစိုးရအဖွဲ့ကို မည်သို့ မောင်းနှင်မည်၊ လုပ်ငန်းတာဝန်များကို မည်သို့ ခွဲဝေမည်၊ စာရင်းများကို ဒေါ်အောင်ဆန်းစုကြည်၊ စစ်တပ်နှင့် ဘုံစာရင်းအဖြစ် ခွဲခြားခြင်း ပြုမပြု စသည်တို့ ဖြစ်သည်ဟု ရာဂျစ်ဘာသီယာက ဆိုသည်။

ဒေလီမြို့ ဂျမီယာမီလီယာ တက္ကသိုလ်၊ အရှေ့မြောက်ပိုင်း လေ့လာရေးစင်တာမှ ဒါရိုက်တာ ဆန်ဂျိုင်းဟာဇာရီကာက “စစ်တပ်က အလွန်အာဏာရှိနေပါတယ်။ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ကို လေးစားမယ်လို့ စစ်တပ်က ပြောနေပေမယ့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဂရုတစိုက်နဲ့ ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်သင့်ပါတယ်” ဟု ပြောကြားလိုပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကလည်း ဂရုတစိုက် လုပ်ရမယ့်ကိစ္စပါ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်တွင် အနိုင်ရပါတီ ခေါင်းဆောင်အနေဖြင့် အစိုးရအပေါ် ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မည်သို့ ထိန်းချုပ်မည်ဆိုသည်နှင့် အားလုံးက လက်ခံမည့် နေရာတစ်ခုကို မည်သို့ရယူမည် ဆိုသည်မှာ အရေးကြီးသည်ဟု ပြောကြားသည်။

လွှတ်တော်နှစ်ရပ်နှင့် စစ်တပ်က ရွေးချယ်လိုက်သည့် သမ္မတလောင်းများ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံမှုရှိ၊မရှိ စစ်ဆေးသည့် သီးခြားကော်မတီတစ်ခုရှိပြီး လွှတ်တော်ဥက္ကဋ္ဌ ၂ ဦးနှင့် ဒုဥက္ကဋ္ဌ ၂ ဦးတို့ ပါဝင်သည်။ ရာဂျစ်ဘာသီယာက “ဒီကော်မတီဝင် ၄ ဦးလုံးကို ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်နိုင်ပါတယ်။ ဒီကော်မတီက ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသား ခင်ပွန်းက ကွယ်လွန်သွားပြီဖြစ်ပြီး သား ၂ ဦးကို မွေးဖွားစဉ်ကတည်းက လန်ဒန်မြို့ မြန်မာကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံသားအဖြစ် မှတ်ပုံတင်ခဲ့ခြင်းကြောင့် သမ္မတအဖြစ် အရည်အချင်း ပြည့်စုံတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် အခြေအနေက အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်” ဟု ပြောကြားသည်။

“တကယ်လို့ နှစ်ဖက်လုံး ဆွေးနွေးညှိနှိုင်းလိုစိတ်ရှိပြီး လောဘမကြီးဘူးဆိုရင် အလုပ်ဖြစ်မှာပါ” ဟု ရာဂျစ်ဘာသီယာက ပြောကြားခဲ့သည်။

KHTun
Ref : The Stateman
The Ladies News Journal
https://www.facebook.com/News.TheLadies