11/30/15


ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တွင် ပါဝင်မည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးအတွက် ပါတီအသီးသီးမှ ကိုယ်စားလှယ်များ အချိုးကျ ထည့်သွင်းရာတွင် လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါဝင်ခွင့်ရမည့် ကိုယ်စားလှယ် အရေ အတွက် နည်းပါးလွန်းကြောင်း NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က နိုဝင်ဘာလ ၂၄ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို အစိုးရဘက်မှ ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ၁၆ ဦးနှင့် နိုင်ငံရေး ပါတီများဘက်မှ ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

““ဒီနေ့အစည်းအဝေးမှာ နိုင်ငံရေး ဟိုဟာနဲ့ ပတ်သက်လို့ ၃ ခုဖွဲ့တယ်တဲ့။ အစိုးရဘက်က ၁၆ ယောက်၊ တိုင်းရင်းသားတွေက ၁၆ ယောက်၊ နိုင်ငံရေးပါတီတွေက ၁၆ ယောက်။ နိုင်ငံရေးပါတီတွေက ၁၆ ယောက်မှာ ဟိုကနှစ်ယောက် ဟိုကတစ်ယောက်။ အန်ကယ်ကတော့ ပြောလိုက်တယ်။ ဒီလိုဖွဲ့တာကို ကျွန်တော်က သဘောမတူဘူးလို့၊ လက်မခံဘူးလို့။ အစိုးရအဖွဲ့ ၁၆ ယောက် ထားလိုက်တော့၊ တိုင်းရင်းသားတွေ ၁၆ ယောက် ထားလိုက်တော့။ နိုင်ငံရေးပါတီတွေက ၉၂ ပါတီရှိတယ်၊ အဲဒီ ၉၂ ပါတီမှာ ရွေးကောက်ပွဲမှာ ဘယ်နှပါတီ နိုင်သလဲ။ ပြည်သူလူထုထောက်ခံမှု မရတဲ့ပါတီကို ခင်ဗျားတို့ ထည့်တွက်မှာလား၊ ကျွန်တော် တို့က နိုင်ငံရေးပါတီကြီးမို့လို့ အဲဒီစကားပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့ဆန်လား””ဟု ဦးဝင်းထိန်က ပြောသည်။

UPDJC ၏ ပထမဆုံးအကြိမ် အစည်းအဝေးကို အောက်တိုဘာလ ၁၆ ရက်တွင် နေပြည်တော်၌ အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒုတိယအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၄ ရက်က ရန်ကုန်မြို့၌ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီတို့ ဆွေးနွေး ခဲ့ခြင်းဖြစ်ကာ နိုင်ငံရေးပါတီ အစုအဖွဲ့မှ UPDJC ၏ ဥက္ကဋ္ဌအဖြစ် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေအားလည်း ကောင်း၊ အတွင်းရေးမှူးအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစိုင်းကျော်ညွန့်အား လည်းကောင်း ရွေးချယ်ခဲ့ကြသည်။

““ကျွန်တော်ဆိုလိုတာက အခုနိုင်ငံရေးပါတီဆိုတာ တည်ဆဲဥပဒေအရ မှတ်ပုံတင်ထားတဲ့ပါတီ။ တိုင်းရင်းသား တွေက ၂၀၁၃ မှာ ပြဋ္ဌာန်းတည်းက မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီလို့ ရေးထားတာ။ အနိုင်ရပါတီလို့ ရေးတာ မဟုတ်ဘူး။ နောက်တစ်ခုက ပြည်သူလူထုမဲ ထည့်လိုက်လို့ နိုင်တဲ့ ပါတီတွေက လွှတ်တော်ကို ရောက်သွားမှာပဲ။ အဲဒီလွှတ်တော်မှ နိုင်တဲ့သူက အစိုးရဖွဲ့နိုင်မှာပဲ။ နဂိုတည်းက တိုင်းရင်းသားတွေက ဒီလိုပဲစဉ်းစားပြီး အဆိုပြုခဲ့တာဖြစ်တဲ့အတွက် မှတ်ချက်ပေးဖို့မရှိဘူး””ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးလှမောင်ရွှေ က ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ရေးဆွဲရန် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်၊ နိုင်ငံရေးပါတီများ စသော အစုအဖွဲ့ ၃ ခုမှ ရွေးချယ်ထားသော ကိုယ်စားလှယ် ၁၆ ဦးစီထဲမှ ကိုယ်စားလှယ် ၈ ဦးစီ ထပ်မံရွေးချယ်ထားသည်။

““အဓိကတော့ ကိုယ်စားပြုမှုပါ။ ပါတီတစ်ခုက လူထုကိုကိုယ်စားပြုဖို့ လိုတယ်လေ။ ရွေးကောက်ပွဲမှာ တစ်နေရာမှ အနိုင်မရတဲ့ ပါတီဆိုရင် သူ့ရဲ့ကိုယ်စားပြုမှုကို ကျွန်တော်တို့က မေးစရာရှိတယ်လေ။ NLD က ပါတီ အချိုးအစားကတော့ ဒီလောက်ပဲရမှာပေါ့ဗျာ။ ကျွန်တော်ထင်တယ် သူအာဏာရပါတီ ဖြစ်လာပြီဆိုရင် အစိုးရဘက်က ကိုယ်စားလှယ် စာရင်းထဲမှာလည်း သူပါလာဦးမှာပဲ””ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦးမှ ဦးဆောင်ကော်မတီဝင် ကိုဆလိုင်းယောအောင် က ပြောသည်။

ဝိုင်းမော်

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald


၂၀၁၅ ရွေးကောက်ပွဲရလဒ်မှ ထွက်ပေါ်လာတော့မည့် အစိုးရသစ်ကို စိုးတထိတ်ထိတ်နှင့်ပင် ပြည်သူများ မျှော်လင့် စောင့်စားနေကြပြီဖြစ်သည်။ ““ပြောင်းလဲချိန်တန်ပြီ””ဟူသော ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင် ယှဉ်ပြိုင်ခဲ့သော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် တောင်ပြိုကမ်းပြို အနိုင်ရလဒ် ထွက်ပေါ်အောင် ပြည်သူလူထုက ရင့်ကျက်သော နိုင်ငံရေး အသိစိတ်ဖြင့် တစ်ခဲနက် မဲပေးခဲ့ကြသည်။ ဆိုရလျှင် စစ်မှန်သော နိုင်ငံရေး ပြောင်းလဲမှုကို လိုလား တောင့်တနေသည့် မြန်မာလူထု၏ ပြင်းပြသော ဆန္ဒကို ဖော်ထုတ်ပြသ လိုက်ခြင်းလည်း ဖြစ်သည်။ ပြည်သူလူထုက လိုလား တောင့်တသော အစစ်အမှန် ပြောင်းလဲရေးဆိုသည်မှာ အုပ်ချုပ်သူ လူတန်းစားအသစ် ပြောင်းလဲပေါ်ပေါက် စေလိုခြင်းဖြစ်သလို အာဏာအရပ်ရပ်ကို မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထုထံမှ အပြည့်အ၀ ဆင်းသက် စေမည့် စစ်မှန်သော ဒီမိုကရေစီစနစ် ဖြစ်ထွန်းစေ လိုခြင်းလည်း ဖြစ်သည်။ သို့အတွက် အုပ်ချုပ်သူ လူတန်းစား များသာမက အုပ်ချုပ်ရေးစနစ်ကိုပါ ပြောင်း လဲနိုင်မှ ပြည်သူလိုလားသော စစ်မှန်သည့် ပြောင်းလဲမှု ဖြစ်ပေ လိမ့်မည်။

တကယ်တမ်းတွင် ယခုရွေးကောက်ပွဲ ရလဒ်တစ်ခုတည်းဖြင့် လက်ရှိကြုံတွေ့နေရသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းများ ပြေလည်ရန် မနီးစပ်နိုင်သေးပေ။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးတို့အတွက် အဓိကကျသော အရာမှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ထောင်နိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ထွက်လာရေးဖြစ်သည်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီ အရေခြုံထားသော စစ်အာဏာရှင် စနစ်ပင်ဖြစ်သဖြင့် ယင်းအခြေခံဥပဒေ အောက်တွင် နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အခွင့်အရေး တန်းတူရည်မျှမှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ညီညွတ်မှု တို့ရှိသော အခြေခံဥပဒေ တစ်ရပ် ဖြစ်လာစေရန် မလွဲမသွေ ပြင်ဆင် ရပေမည်။ ပြင်ဆင် ပြောင်းလဲရေး ဟု ဆိုလျှင် တပ်မတော်၏ သဘောထားကို အရင်ကြည့်ရသည်။ တပ်မတော်က ဆန္ဒရှိပါမှ ပြောင်းလဲပြင်ဆင် နိုင်မည့် အနေအထား ဖြစ်နေသောကြောင့်ပင်။

ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူအပေါင်းက ရွေးချယ် တင်မြှောက် လိုက်သော ပြည်သူ့ ကိုယ်စားလှယ်အားလုံး (၁၀၀ ရာခိုင်နှုန်း) က မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် တညီတညွတ်တည်း ဆန္ဒရှိသည့်တိုင်အောင် တပ်မတော်က (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က) မပြင်လိုပါက စစ်မှန်သော အပြောင်းအလဲဖြစ်ရန် မမြင်ပေ။ လက်ရှိ ရွေးကောက်ပွဲ ရလဒ်မှ ပေါ်ထွက်လာသော အစိုးရသစ်အနေနှင့်လည်း အခြေခံဥပဒေအရ တပ်မတော်နှင့်ပူးတွဲကာ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်ရမည် ဖြစ်သောကြောင့် ကောင်းမွန်၊ သန့်ရှင်းသော အုပ်ချုပ်ရေးကို ပြည်သူများ ရရှိခံစားနိုင်ရေးမှာလည်း တပ်မတော်၏ဆန္ဒ သဘောထားပေါ် မူတည်နေသည်။
နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်များ လွှမ်းမိုးခြယ်လှယ်ခွင့် ပေးထားသော အုပ်ချုပ်ရေး စနစ်များကြောင့် နိုင်ငံနှင့်ပြည်သူမှာ အလွန်တရာ ထိခိုက်နစ်နာခဲ့ရပေသည်။ ယင်းအခြေအနေကို မဖြစ်မနေ ပြောင်းလဲရန် လိုအပ်နေသည်။ အပြောင်းအလဲအတွက် ပြင်းပြလွန်းသော ပြည်သူ့ဆန္ဒကို ဖယ်ရှားဆန့်ကျင်နိုင်သော အခွင့်အာဏာသည် တပ်မတော်၏ လက်ထဲ၌ ရှိနေသကဲ့သို့ ပြည်သူ့ဆန္ဒကို ဖြည့်ဆည်း၍ ကောင်းမွန်သော သမိုင်းမှတ်တိုင်ကို ရေးထိုးနိုင်သော အခွင့်အရေးကလည်း တပ်မတော် ခေါင်းဆောင် လက်ဝယ်၌ ရောက်ရှိနေသည်။
အတိတ်မှ ခါးသီးလှသော နိုင်ငံရေး အတွေ့အကြုံများပေါ်တွင် သင်ခန်းစာယူပြီး နိုင်ငံနှင့် ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်ကာ စစ်မှန်သော မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် တပ်မတော် ခေါင်းဆောင်များ၏ သဘောထားအမြင်များ ပြောင်းလဲ၍ လူထုခေါင်းဆောင်နှင့် လက်တွဲညီညီ ပြုပြင်ပြောင်းလဲရေး ခရီးစဉ်ကို လျှောက်လှမ်းသင့်ပါကြောင်း ...။

အယ်ဒီတာ

၂၅-၁၁-၂၀၁၅
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald




လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးရန်အတွက် ပြုလုပ်ခဲ့သော သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခံရမှု သုံးနှစ်ပြည့် အခမ်းအနားအား ယနေ့ (နိုဝင်ဘာ ၂၉ ရက်) နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ တုံရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ လက်ပံတောင်းတောင်ဒေသခံ ကျေးရွာများမှ တောင်သူအင်အား (၁၀၀) နီးပါး တက်ရောက်ခဲ့ပြီး အခမ်းအနားအား အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ အကြမ်းဖက် ဖြိုခွင်းသည့် အချိန်တွင် သပိတ်စခန်း၌ ရှိနေသည့် ဆရာတော်များ တက်ရောက်ပြီး သြ၀ါဒစကား ပြောကြားခြင်း၊ လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွင်းမှုနှင့် ပတ်သက်၍ ဒေသခံ ၈ ဦးမှ ရင်တွင်း ခံစားချက်များ ပြောခြင်း၊ စီမံကိန်းကြောင့် လတ်တစ်လော ရင်ဆိုင်နေကြရသည့် တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ အခက်အခဲများအား ရင်ဖွင့်ပြောဆိုခဲ့ကြကြောင်းလည်း သိရသည်။

■ စိုးမိုးထွန်း (မုံရွာ)
Eleven Media Group

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.