12/06/15

 tinoo-national-day-620.jpg ဒီဇင်ဘာ ၆ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ ၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် အဖွဲ့ချုပ်နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်
Photo: Aung Thain Kha/ RFA

၉၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းမှာရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သန္နိဋ္ဌာန်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးတို့ ဖြစ်ကြောင်း အဖွဲ့ချုပ်နာယက ဦးတင်ဦးက အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

"အမျိုးသားပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးလဲပဲကြိုးပမ်း နေပါတယ်၊ ဒီအခြေအနေ ကိုရောက်အောင်အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အခြေခံဖို့ရှိနေပါတယ်၊ ဥက္ကဌဒေါ်အောင်ဆန်းစုကြည် က ပြည်ထောင်စုတည်တံ့ခိုင်မြဲရေးနဲ့ ပြည်သူလူထုအားလုံးသာယာရေး၊ အမျိုးသားရေးစည်းလုံးဖို့နဲ့ စည်းကမ်းရှိမှု တို့အပေါ်မှာ ဆက်ခံပြီးအမျိုးသားရင်ကြားစေ့ရေးကိုတည်ဆောက်ကာ ပြည်ထောင်စုဖက်ဒရယ်၊ ဒီမိုကရေ စီပြည်ထောင်စုဖြစ် ပီပီပြင်ပြင်ကောင် အထည်ပေါ်လာရန် ဆောင်ရွက်နိုင်ကြဖို့ကိုလေးလေးနက်နက် တိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်"

အဖွဲ့ချုပ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လွှတ်တော်အသီးသီးမှာ တာဝန်ထမ်းဆောင်ဖို့အတွက် ဆက်လက်ကြိုးစားအားထုတ်သွားကြဖို့ မှာကြားခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ စာပေလောကအသိုင်းအဝိုင်းတွေ၊ အနုပညာလောကသားတွေ နဲ့ နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက သူတွေကိုလည်း ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

အဲဒီအခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ၉၅ နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် သန္နိဋ္ဌာန် ၄ ချက်ကိုလည်း ဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်ပြီး၊ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင် ၆၀ ခန့်တက်ရောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၄ ရက်နေ့က NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ နှစ်နာရီ ကြာ တွေ့ဆုံခဲ့ကြပါတယ်။

ဒီလိုတွေ့ဆုံခဲ့တဲ့အတွက် အာဏာလွဲပြောင်းရေးဟာ ပိုပြီး အဆင်ပြေ ချောမွေ့လာဖို့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေ က မျော်လင့်နေကြပါတယ်။

RFA
RFA

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု (ဖေဖ၀ါရီ ၁၅၊ ၂၀၁၂)
အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု (ဖေဖ၀ါရီ ၁၅၊ ၂၀၁၂)

မြန်မာနိုင်ငံမှာ အစိုးရသစ် အပြောင်းအလဲကာလ ဒီမိုကရေစီ ဖော်ဆောင်မယ့်အချိန် အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ရွေးချယ်တဲ့အခါ စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူလူထုအတွက် စစ်မှန်တဲ့ တရားမျှတမှု ရဖို့ နဲ့ နောင် အနာဂတ်မှာ ဒီလိုမျိုး တရားမဲ့ပြုကျင့်မှုတွေ ထပ်မလုပ်အောင် အဖြေရှာကြဖို့ အလေးအနက် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ သင်ပုန်းခြေရေးလမ်းစဉ်ကိုရွေးခဲ့မယ်ဆိုရင် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်မလား၊ စနစ်ဆိုးကို ဖြတ်သန်းခဲ့ရသူတွေမှာရော မေ့ပစ်နိုင်ဖို့ အသင့်ရှိနေပြီလားဆိုတဲ့အမြင်တွေကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အပြီး နိုင်ငံအုပ်ချုပ်ရေး အပြောင်းအလဲကာလမှာ တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနဲ့ အာဃာတတရား မိမိမှာ လုံးဝမရှိပဲ အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ဆောက်နိုင်ရေး တပ်မတော် အပါအဝင် အဖွဲ့အစည်း အသီးသီးနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပြီးတဲ့နောက် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လိုသဘောထားကြမလဲဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်လာတာပါ။

မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရမှုတွေအတွက် သက်ဆိုင်သူတွေနဲ့ အဖွဲ့အစည်းအသီးသီးပူးပေါင်းပြီး ကောင်းမွန်တဲ့အဖြေ ဝိုင်းဝန်းရှာဖို့လိုမယ်လို့ သုံးသပ်ပါတယ်။

“သင်ပုန်းခြေရေး ဆိုတာကတော့ အရမ်းခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တဖက်က နစ်နာ တဲ့သူတွေ ဘ၀ပျက်မတက် တကယ်နှစ်ပေါင်းများစွာခံခဲ့ရတဲ့သူတွေဖက်က သင်ပုန်းခြေဖို့အတွက် တော်တော် ခက်ခဲမယ်လို့ ကျနော် ခံစားမိတယ်။ နားလည်မိတယ်။ တဖက်ကလည်း ကျနော်ပြန်ကြည့်တဲ့အချိန်မှာ ဒီဟာက သင်ပုန်းခြေတာမဟုတ်ပဲနဲ့ ဘယ်လိုမျိုးနည်းနဲ့ ကျနော်တို့အကောင်းဆုံး ရှေ့ကို ဆက်သွားနိုင်မလဲဆိုတဲ့ ဦးတည်ချက်နဲ့ သွားတာလည်းဖြစ်နိုင်တယ်။ ခွင့်လွှတ်လို့ရကောင်းရမယ်၊ မေ့ပျောက်လို့မရဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့နော်။ ‘We can forgive but we cannot forget’ ဆိုတဲ့ဟာပေါ့။ ဒီနေရာမှာ ကျနော်တို့ တိုင်းပြည်ကို ရှေ့သွားဖို့အတွက် အမျိုးသားရင်ကြားစေ့ရေးလုပ်တာမှန်တယ်။ ဒါပေမယ့် တဖက်မှာက ကျနော်တို့က အားလုံးမေ့ပစ်လိုက်ပါတော့ ဆိုတဲ့အရာမျိုးက လုပ်လို့ရမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီလူ့အခွင့်အရေးနဲ့ပက်သက်လို့ ထိခိုက်နစ်နာတဲ့လူတွေ အများကြီး ရှိခဲ့ဖူးတယ်။ အဲဒါတွေကို ကျနော်တို့က လုံးဝ အသိအမှတ်မပြုပဲနဲ့၊ ကျဆုံးခဲ့တဲ့သူတွေ၊ သေဆုံးခဲ့တဲ့သူတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့သူတွေနဲ့ ပတ်သက်ပြီး နစ်နာချက်တွေ အပေါ်မှာ အသိအမှတ်ပြုတာ ဝန်ချတောင်းပန်တာ အဲဒီလိုမျိုးအဆင့်မျိုးတွေတော့ ကျနော်တို့ ရှိကိုရှိရမှာဖြစ်ပါတယ်။ နစ်နာတဲ့လူတွေကို ဘယ်လိုမျိုး ကျနော်တို့ ပြန်ပြီးတော့ လုပ်ဆောင်ပေးမလဲဆိုတဲ့ အရာကတော့တော့ ရှိကိုရှိရမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံတဝှမ်း အထူးသဖြင့် စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ နယ်မြေမတည်ငြိမ်မှုတွေနဲ့အတူ တိုက်ပွဲတွေကြား အသက်အန္တရာယ် စိုးရိမ်ကြောက်လန့်လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တိုင်းရင်းသားပြည်သူလူထု အပေါ်ကို စစ်တပ် အပါအဝင် လက်နက်ကိုင်တွေဘက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်မှန်တဲ့တရားမျှတမှု ရစေချင်တယ်လို့ ရှမ်းအခွင့်အရေး မဏ္ဍိုင်က စိုင်းခွန်မိုင်းက ပြောပါတယ်။

“မြန်မာစစ်အစိုးရက ချိုးဖောက်ထားတာ အများကြီးလေ။ IDP ဖြစ်ခဲ့တဲ့ပြည်သူပြည်သားတွေ အားလုံး တရားမျှတစွာ သူတို့အိမ်ကို သူတို့ပြန်နိုင်ဖို့အတွက် ဒါလည်း အမြန်ဆုံးဆောင်ရွက်ပေးပါပေါ့။ နောက်ထပ် အခုဖြစ်နေစဲထဲမှာ မရပ်နိုင်သေးရင်တောင်မှ ဒီလိုနိုင်ငံတကာကနေ ထောက်ပံ့တဲ့ငွေကြေး၊ နောက်ထပ် လှူဒန်းတဲ့ပစ္စည်းတွေလည်း လွတ်လပ်လွယ်ကူစွာ သွားလာနိုင်ဖို့အတွက် ဒါကတော့ အရေးကြီးတယ် IDP အတွက်ပေါ့လေ။ ဆောင်းတွင်းဖြစ်တဲ့အတွက် ဆေးဝါးတွေလည်းလိုတယ်။ ကလေးတွေလည်း ယားနာတဲ့ဟာတွေလည်း အများကြီးရှိတယ်ပေါ့လေ။ ကူညီရလွယ်အောင်လို့ ဒါလည်း အမြန်ဆုံးပို့ပေးစေချင်တယ်၊ ဟုတ်ကဲ့။”

တိုင်းရင်းသားပြည်သူလူထု သာမက မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းလာရေး မျှတတဲ့ တရားရေး စီရင်မှုရဖို့ အရေးနဲ့ ပညာရေး အလုပ်သမားရေး တောင်းဆို

တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားစတဲ့ တက်ကြွလှုပ်ရှားသူ ဒီမိုကရေစီအင်အားစုတွေအပေါ် စစ်အစိုးရအဆက်ဆက် နှိပ်ကွပ်ဖမ်းဆီးထောင်ချပြီး လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေအတွက်လည်း နောင်အနာဂတ်မှာ ဒါမျိုး ထပ်မဖြစ်အောင် ဝိုင်းအဖြေရှာသင့်တယ်လို့လည်း အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ AAPPB ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာက အတိတ်ကဖြစ်ပျက်ခဲ့တဲ့ မတရားမှုတွေကို တရားသဖြင့် ဖြစ်လာအောင် နောက်ပြီးတော့ အနာဂတ်မှာ ဒီလိုမျိုး မတရားမဲ့ ပြုကျင့်မှုတွေမဖြစ်အောင် တားဆီးတာ၊ ဒါကိုက အဖွဲ့ပေါင်းစုံက ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်တယ်။ အဖွဲ့ပေါင်းစုံဆိုတဲ့အခါမှာ အရင်ကျူးလွန်ခဲ့တဲ့သူတွေကော၊ ကျူးလွန်ခံရတဲ့သူတွေကော၊ လက်ရှိ အာဏာရှိတဲ့သူတွေကော ဒီလူတွေအကုန်လုံးပေါင်းစုံပြီးတော့မှပဲ၊ အဖြေတခုခုကို ရှာလို့ရမယ်လို့ ထင်ပါတယ်။ တကယ့် ခိုင်ခိုင်မာမာနဲ့ ကော်မတီတွေ ဖွဲ့ပြီးတော့ စနစ်တကျ ဖြေရှင်းရမယ့်ကိစ္စမျိုးပါ။”

လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကလည်း နောင်လာမယ့် ဒီမိုကရေစီအစိုးရသစ်လက်ထက်မှာ ဒီလိုမျိုး အာဏာပိုင်တွေက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မလုပ်အောင် ထပ်မဖြစ်အောင် ဖြစ်ခဲ့တဲ့သမိုင်းကို မမေ့အောင် လုပ်ဆောင်ပြသင့်တယ်လို့ အကြံပြုပါတယ်။

“ဒီအမှန်တရားကို ဘယ်လိုပြန်လည်တည်ဆောက်ပြီးတော့ တရားမျှတရေးဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ Truth and Reconciliation အပိုင်းကို ကျနော်တို့က ဒီအတိုင်း တဖက်သက်တော့ လုပ်လို့မရဘူးဗျ။ သူတို့ဖက် က ဒါကို ပြန်ပြီးတော့ အသိအမှတ်ပြုတဲ့ကိစ္စမျိုး ၊သို့မဟုတ် ပြန်လည်ဝန်ချတောင်းပန်ပြီး အတိတ်မှာ မှားယွင်းခဲ့တယ်ဆိုတဲ့ အရာတွေကို ပြောပြတဲ့အရာမျိုး ဒါတွေကတော့ ကျနော်တို့လုပ်ဆောင်သင့်တယ်။ ဒါမှသာ လူ့အခွင့်အရေးချိုးဖောက်ခံရပြီး ကျဆုံးသွားတဲ့လူတွေကို ကျနော်တို့ အသိအမှတ်ပြုရာလုပ်မယ်။ တချိန်တည်းမှာပဲ ဒါတွေနောက်တခါ မဖြစ်ဖို့အတွက် နောက်ထပ် တက်လာမယ့် အစိုးရကိုလည်း အမြဲတမ်း သမိုင်းကို သိရှိဖို့အတွက် သမိုင်းမှာ မှားခဲ့တဲ့အမှားကို မမှားယွင်းဖို့အတွက် အမြဲတမ်း လမ်းညွှန်ဖော်ဆောင်ရာရောက်နေမယ်။ လူတိုင်းကလည်း ကျနော်တို့အားလုံး သဘောပေါက်ပြီးတော့ နောက်ထပ်အစိုးရကိုလည်း စောင့်ကြည့်ရာ ရောက်ရှိပါလိမ့်မယ်။”

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီစနစ်ထွန်းကားလာစေဖို့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ မူဝါဒတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အစဉ်တစိုက် ကိုင်စွဲလာတာပါ။ အခုလို အစိုးရအလွှဲအပြောင်းလုပ်ဖို့ ပြင်ဆင်နေတဲ့ကာလအတွင်းမှာတော့ အရင်ကဖြစ်ခဲ့ တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ဘယ်လို သဘောထားမလဲဆိုတာနဲ့ ရှေ့ဆက် ဘယ်လိုလုပ်သွားမလဲဆိုတာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မဆုမွန်/VOA
http://burmese.voanews.com/content/need-to-find-solution-for-prevention-of-human-rights-abuses-in-ethnic-areas/3090898.html

ဂျပန်နိုင်ငံ အလယ်ပိုင်း အီရှီကာဝါစီရင်စုရှိ ၀ါဂျီမာဆိပ်ကမ်းတွင် သစ်သားလှေ တစ်စင်းကို နိုဝင်ဘာ၂၁ ရက်က ဆယ်တင်နေစဉ်

ဂျပန်ကမ်းစပ်များသို့ ခေါင်းပြတ်အရိုးစုများ သို့မဟုတ် ပုပ်ပွနေသော အလောင်းများ တင်ဆောင်လျက် တစ္ဆေလှေစုတစ်စု လာရောက် သောင်တင်နေမှုနှင့် ပတ်သက်၍ ပဟေဠိများ ဖြစ်ပေါ်နေကြောင်း သိရသည်။ ရာသီဥတုဒဏ် ဆိုးဆိုးရွားရွား ခံထားရသော ယင်းလှေများ (အချို့လှေများက ဆိုးဆိုးရွားရွား ပျက်စီးနေပြီး အချို့လှေများက တိမ်းမှောက်နေသည်) တွင် ပြီးခဲ့သော အောက်တိုဘာ နောက်ပိုင်းမှ စပြီး အလောင်း နှစ်ဒါဇင် နီးပါးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။

ယင်း ခနော်နီခနော်နဲ့ လှေများသည် အထီးကျန်ပြီး ဆင်းရဲနိမ့်ကျသော မြောက်ကိုရီးယားနိုင်ငံမှ ရောက်လာခြင်း ဖြစ်သည်ဟု သက်သေအထောက်အထားများ မြင့်တက်လာနေသည်။ ဂျပန်တွင် အင်တာနက် သုံးစွဲသူ အချို့က ယင်းအလောင်းများသည် ဖိနှိပ်သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် အစိုးရလက်မှ လွတ်မြောက်ရန် ထွက်ပြေးခိုလှုံလာသူများ ဖြစ်နိုင်ဟု ခန့်မှန်းခဲ့ကြသည်။ ယင်းအလောင်းများသည် ကံမကောင်း အကြောင်းမလှသော ငါးဖမ်းသမားများ ဖြစ်ဖွယ်ရှိကြောင်း၊ သို့သော် သူတို့သည် ငါးများများ ရရှိစေရန် အစိုးရက စေခိုင်းခံခဲ့ရသောသူများ ဖြစ်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းခဲ့ကြသည်။

နိုဝင်ဘာ ၂၃ ရက်တွင် ရေငုပ်သမားများက ဂျပန်ပင်လယ် (အရှေ့ပင်လယ်) ၌ ရှာဖွေတွေ့ရှိခဲ့သော ရေယာဉ်တစ်စင်းပေါ်တွင် ခေါင်းပါသော အလောင်းတစ်လောင်းနှင့် ခေါင်းပြတ်နေသော အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ဂျပန်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့မှ တာဝန်ရှိသူ ရှုအီချီဟာရှီဇူမီက ပြောကြားခဲ့သည်။ ယင်းလှေကို ကမ်းပေါ်သို့ ဆွဲယူလာသောအခါ လှေထဲ၌ ဦးခွံခြောက်ခုကို ထပ်မံတွေ့ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။ ယင်းလှေပေါ်တွင် တွေ့ရသော ခေါင်းပြတ်များက ၎င်းတို့သည် အချိန်အတိုင်းအတာ တစ်ခုအတွင်း သေဆုံးခဲ့သည်ဟု ဖော်ပြနေကြောင်းလည်း သိရသည်။

ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ကမူ ယင်းလှေများကို တွေ့ရှိမှုသည် အသစ်အဆန်း မဟုတ်ကြောင်း၊ ပြီးခဲ့သော ငါးနှစ်ကျော်ကလည်း ယင်းကဲ့သို့ လှေမျိုး တစ်စင်းထက် ပါဝင်သော ဖြစ်စဉ် ၂၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ သို့သော် အချိန်တိုအတွင်း ယင်းကဲ့သို့ ရုတ်တရက် အစုလိုက် အပြုံလိုက် တွေ့ရှိမှုသည် ပုံမှန်မဟုတ်ကြောင်း ဆိုသည်။

ယခု တွေ့ရှိခဲ့သော လှေအချို့တွင် ကိုရီးယားဘာသာစကား အမှတ်အသားများ တွေ့ခဲ့ရ၍ မြောက်ကိုရီးယား စစ်ဘက် သို့မဟုတ် နိုင်ငံတော် လုံခြုံရေး အဖွဲ့များနှင့် ဆက်နွှယ်မှု ရှိနိုင်ဟု ခန့်မှန်းနေကြခြင်းဖြစ်သည်။

မြောက်ကိုရီးယားအကြောင်း အလွန်အမင်း စိတ်ဝင်စားသော ဂျပန်မီဒီယာများလည်း ယင်းလှေများကို ရှာဖွေတွေ့ရှိခဲ့သော ကမ်းခြေတစ်လျှောက် ယင်းအကြောင်းအရာကို တင်ဆက်နိုင်ရန် သတင်းထောက်များနှင့် ရုပ်သံကင်မရာ သမားများကို ထားရှိခဲ့သည်။ ဂျပန်နိုင်ငံတွင် ယင်းကဲ့သို့ စိတ်ဝင်တစား တုံ့ပြန်မှုသည် အထူးအဆန်း မဟုတ်ဘဲ ကြိုတင်ခန့်မှန်း၍ မရသော အိမ်နီးချင်း ရန်ဘက်နိုင်ငံကို သံသယရှိမှုနှင့် ထိတ်လန့်မှုတို့ကြောင့်ပင် ဖြစ်သည်။

၁၉၇၀ ပြည့်လွန်နှစ်များနှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် မြောက်ကိုရီးယားအေးဂျင့်များသည် မြောက်ကိုရီးယား၏ သူလျှိုများကို ဂျပန်ဘာသာ စကားနှင့် ဓလေ့ထုံးတမ်းများ သင်ကြားပေးရန်အတွက် ဂျပန်ကမ်းရိုးတန်း တစ်လျှောက်တွင် ပြန်ပေးဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။ သို့သော် နှစ်နှင့်ချီ ကြာမြင့်သည်အထိ မြောက်ကိုရီးယားက ယင်းစွဲချက်များကို ငြင်းဆိုခဲ့သော်လည်း ယခုအခါတွင်မူ လက်တစ်ဆုပ်စာ ဂျပန်နိုင်ငံသားများကို ပြန်ပေးဆွဲခဲ့ကြောင်းကိုမူ ၀န်ခံခဲ့သည်။ ဂျပန် တက်ကြွလှုပ်ရှားသူများကမူ ဖမ်းဆီးခံခဲ့ရသူ တစ်ရာကျော်အထိ ရှိနိုင်သည်ဟု ပြောကြားခဲ့သည်။

ဆာဒိုကျွန်းစုအလွန် ရေပြင်တွင် ဒီဇင်ဘာ ၃ ရက်က သစ်သားသင်္ဘော တစ်စင်းတည်း၌ အရိုးစုသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ဂျပန်ကမ်းရိုးတန်းစောင့် တပ်ဖွဲ့က တစ္ဆေလှေများနှင့် မြောက်ကိုရီးယားအကြား ဆက်နွှယ်မှုရှိကြောင်း နောက်ဆုံး အထောက်အထားကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းလှေ အပြင်ဘက်တွင် ကိုရီးယားအက္ခရာတစ်ခု တွေ့ရှိခဲ့ပြီး အတွင်းဘက်တွင် ကွယ်လွန်သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ၏ ပုံနှင့်တူသော တံဆိပ်တစ်ခု ထည့်ထားသည့် ကျောပိုးအိတ် တစ်လုံးကို တွေ့ရှိခဲ့ရသည်ဟု ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဟီရိုမာဆာဆူဇူးကီးက ပြောကြားခဲ့သည်။

ယင်းလှေများသည် မြောက်ကိုရီးယား၏ လက်ရှိခေါင်းဆောင် ကင်ဂျုံအွန်၏ အမိန့်အရ ငါးများများ ရရှိရန်အတွက် နိုင်ငံကမ်းရိုးတန်းမှ အလွန်အမင်း ဝေးကွာသော နေရာအထိ သွားရောက်၍ ငါးဖမ်းထွက်သည့်လှေများ ဖြစ်ဖွယ်ရှိကြောင်း တိုကျိုရှိဝါဆီဒါတက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာ ကျွမ်းကျင်ပညာရှင် တိုရှီမစ်ဆုရှီဂီမူရာက ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် စားနပ်ရိက္ခာ ရှားပါးမှု ဆိုးဆိုးရွားရွား ဖြစ်ပွားနေကြောင်း၊ ယင်းပြဿနာ ကို ဖြေရှင်းရန်အတွက် ငါးများများ ဖမ်းကြရန် ကင်ဂျုံအွန်က ပြီးခဲ့သော နှစ်တွင် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

မြောက်ကိုရီးယား ငါးဖမ်းသမား အားလုံးနီးပါးသည် အစိုးရ သို့မဟုတ် စစ်ဘက်ထိန်းချုပ်မှုအောက်တွင် ရှိကြကြောင်း၊ သူတို့သည် ငါးများများ ဖမ်းမိရန်အတွက် နိုင်ငံကမ်းရိုးတန်းမှ အလွန်အမင်း ဝေးကွာသော နေရာများအထိ သွားရောက်၍ ငါးဖမ်းရန် အမြဲတစေ ဖိအားပေး စေခိုင်းခံခဲ့ရကြောင်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြောက်ကိုရီးယား လေ့လာမှုဆိုင်ရာ တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးဖြစ်သူ ယန်မိုဂျင်က ပြောကြားခဲ့သည်။

အဓိက ပြဿနာမှာ ၎င်းတို့ အသုံးပြုသော ငါးဖမ်းလှေများသည် သက်တမ်းရင့်ပြီး ဟောင်းနွမ်းပျက်စီးနေပြီဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ၎င်းတို့သည် ပင်လယ်ပြင်ထဲ၌ စက်ပိုင်းဆိုင်ရာ သို့မဟုတ် အခြား အကြောင်းများကြောင့် ပြဿနာများ ကြုံတွေ့ပါက ကယ်ဆယ်ရေးကို အကူအညီတောင်းရန် မတတ်နိုင်ဘဲ အန္တရာယ် အလားအလာ အလွန်အမင်း မြင့်မားနေကြောင်း ယန်က ပြောကြားခဲ့သည်။ ယင်းကဲ့သို့ အခြေအနေမျိုးတွင် ၎င်းတို့၏ ငါးဖမ်းလှေများတွင် ပါလာသော လောင်စာနှင့် စားစရာများသည် အလွန်မြန်ဆန်စွာ ကုန်သွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref:AFP
Eleven Media Group

ဖိုးလပြည့်လော်ဘီလော? ဆိုက်ဝါးလော?

တစုံတယောက်က ဖိုးလပြည့်ရေးသည့်စာဖတ်ပြီး ကျနော်ကိုဒီအတိုင်းလာမေးလျှင် ၊ ကျနော်ကတော့ဒါ့ထက်ဆိုးသည်ဟူ၍ပင် ဖြေပေမည် ။

သူ့ရေးထားသည့်စာကိုသေချာဖတ်ပြီးသုံးသပ်လျှင်ဒီအတိုင်းသာအဖြေထွက်ပေသည် ။ သူ့စာထဲတွင် ဆိုက်ဝါးတွေအများကြီးပါလေသည် ။

(၁) ၁၉၆၂ စစ်တပ်ကအာဏာသိမ်းခြင်းကို နယ်ချဲ.က ပဲသွေးထိုးလို့ တိုင်းပြည်မပြိုကွဲရအောင် စစ်တပ်ကပဲချောက်ထဲကျမည့်လက်တလုံးအလိုကယ်တင်ရသလိုလို ။ စစ်တပ်ကမမှား ။ ဒါကပထမ
ဆိုက်ဝါးပင်ဖြစ်ပေသည် ။ ဘယ်သူတွေဘာကြောင့်အာဏာသိမ်းသည်ကတော့ သမိုင်းဖတ်သူတွေသိပေလိမ့်မည် ။ သမိုင်းမဖတ်သူတွေကတော့ အ ပြီးသူများပြောတာယုံကြရန်သာ ။

(၂) ၁၉၉၀ ပြည်ရွေးကောက်ပွဲမှာလည်း အနိုင်ရပါတီနှင့် တပ်မတော်ကြားယုံကြည်မှုမတည်ဆောက်နိုင်၍ တပ်မတော်ကအာဏာသိမ်းရသည်။ပြည်သူကတပ်မတော်ကိုအမြင်စောင်းသည် ဟုပြောသည်။ မှားပြန်ပေပြီ ။ ဒုတိယဆိုက်ဝါး ။
တမင်မလွှဲပေးချင်၍ထပ်မံသိမ်းခြင်းသာ ။
ပြည်သူကအမြင်စောင်းချင်းမဟုတ် ၊ အမြင်မှန်ခြင်းပင် ၊ ပြည်သူအမြင်မှန်မမှန် အခု၂၀၁၅မှာ ထပ်မံသက်သေပြပြီးပေပြီ ။ ကလိမ်ကကျစ် တွေရပ်သင့်ပြီ ၊ စိတ်ရင်းနှင့်အမှန်အတိုင်းဝန်ခံပြီး ပြည်သူရင်ခွင်ထဲဝင်လာလျှင်ပြည်သူကလက်ခံမည်သာ ။ ရိုးသားသင့်ပြီဟုမြင်သည် ။

(၃) ချုပ်မှူးကြီးမှ ရာထူးမှနားသွားချိန်မှစ၍ နိုင်ငံရေး၌ပါဝင်ဆောင်ရွက်ခြင်းမရှိ ။
ထပ်လိမ်ပြန်ပြီဟုပြောရပေမည် ။ မှူးကြီးတောင်ဒီလောက်နိုင်ငံရေးကင်းနေရင် နိုင်ငံရေးနှင့် ဘာမှမဆိုင်သည့် နေရွှေသွေးလေးက ဘယ်သို့အကြောင်းကြောင့်သမိုင်းဝင်ညတွေရေးထိုးချင်ရသနည်းသာမေးရမည်သာ ။
ဒေါ်အောင်ဆန်းစုကြည် ကလည်း ဘာကြောင့် ဘာမှမဆိုင်သည့် မှူးကြီးကိုတွေ့ရမည်နည်း ၊
ကလေးတွေကိုသာ လိမ်ဖို့ကောင်းသည် ။
ထပ်ပြောချင်သည် ရိုးသားပါ ။

" မည်သို့ပင်ဖြစ်စေ အကောင်းဖက်ကိုဦးတည်လာလျှင် အာဃာတတွေဘေးဖယ်ပြီး လက်ခံကြိုဆိုရမည်သာ "

သို့သော် ပုံပြင်တပုဒ်တော့ပြောပြချင်သည် ။ ငယ်ငယ်ကဖတ်ဖူးသည့်ပုံပြင် ။

တခါကရွာတရွာက ရေတွင်းမှာ အမျိုးသမီးလေးငါးယောက်လောက် ရေခပ်နေကြသည် ။

ထိုစဉ် လူငယ်လေးတယောက်က အလွန်လျှင်မြန်သော အရှိန်ဖြင့် ဂွေလှိမ့်လာသည် ။ အလွန်
လည်းကျွမ်းကျင်လှသည် ။

ပထမ အမျိုးသမီးတယောက်က အဲ့ဒါကျမသားပေါ့ ၊ ဂွေ.လှိမ့်အရမ်းတော်တာ ။ ဒီရွာမှာကျမသားထက်တော်တာမရှိဘူး ။

ထိုစဉ် ကောင်လေးတယောက်က သီချင်းတပုဒ်ကိုအသံနေအသံထားကျကျနနဆို၍ ရေခပ်သည့်ရေတွင်းနားကဖြတ်သွားပြန်သည် ။

ဒုတိယအမျိုးသမီးတယောက်က အဲ့ဒါကျမသားလေးလေ ၊ သီချင်းဆိုအရမ်းတော်တာ ၊ အသံကောင်းတာလည်းမပြောနဲ့တော့ ။

နောက်ကောင်လေးတယောက် ထပ်ရောက်လာသည် ။ လက်ထဲကလေးဂွနှင့်သစ်ပင်ပေါ်ကငှက်ကိုပစ်လိုက်သည် ။ ထိသည်၊ငှက်ပြုတ်ကျသည်။

တတိယအမျိုးသမီးကပြောပြန်သည် ။ အဲ့ဒါကျမသားပေါ့လေးပစ်သိပ်လက်တည့်တာ ။

ကောင်လေးတယောက် က ဝတ်ကောင်းစားလှတွေဝတ်ပြီး ကျော့ကျော့မော့မော့နှင့်ရေတွင်းနားကဖြတ်သွားပြန်သည် ။

စတုတ္ထအမျိုးသမီးက စကားဆိုပြန်သည် ။ အဲ့ဒါကျမသားလေးပေါ့ ၊ အရမ်းချောတာလေကြည့်ပါဦး။ဒီရွာမှာကျမသားအချောဆုံး။

နောက်ဆုံးကျန်သည်အမျိုးသမီးကဘာမှမပြော ။

အားလုံးရေခပ်ပြီးရေအိုးတွေရွက်တော့မည်လုပ်တော့ ကောင်လေးတယောက်ပြေးလာသည် ။ နောက်ဆုံးဘာမှမပြောသည့်အမျိုးသမီး၏သားဖြစ်သည် ။

သူမှာဘာမှမထူးခြား ၊ သူ့အမေရွက်မည့်ရေအိုးကိုသာပြေးကူရွက်သွားလေသည် ။

ထိုရေတွင်းနားမှာ အသက်ကြီးကြီးအဘိုးအိုတယောက်ထိုင်နေလေသည် ။

အမျိုးသမီးတွေလည်းအဘိုးအိုကို သူတို့သားလေးတွေ တွေ့မိသေးလာမေးလေသည် ။အဘိုးအိုကအေးဆေးသာပြန်ဖြေသည် ။

ကျုပ်ဒီနားထိုင်နေတာကြာလှပြီ အခုထိတော့

" သားတယောက်သာမြင်မိပေသည် "

အခုလည်း ဒီအတိုင်းသာပင်....

တိုင်းပြည်ဒုက္ခရောက်နေချိန် အလေးအပင်တွေပိနေချိန် ၊ တိုင်းပြည်ဝန်ကိုဝိုင်းထမ်းရမည့်အချိန်တွင်

ဂွေလှိမ့်နေသူတွေ ၊ သီချင်းဆိုနေသူတွေ၊ဝတ်ကောင်းစားလှတွေနဲ့ လမ်းသလားနေတဲ့သူတွေ၊လိုင်စင်ရလောက်လေးတချောင်းနဲ့တောင်ပစ်မြောက်ပစ်ပစ်ခဲ့သူတွေက အခုကျမှ
" သားကိုမြင်သေးလား " ဆိုတော့ ကျုပ်ကတော့ရယ်ချင်သည်သာ ။

မည်သူတွေမည်သို့ပင်လော်ပါစေ။သမိုင်းဖတ်သည့် ကျုပ်ကတော့ တိုင်းပြည်ဝန်တွေကိုအသက်ပေး၊ဘဝပေးထမ်းခဲ့သည့် ရဲဘော်ရဲဘက်တွေ၊ အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ဆိုသောတိုင်းပြည် " သား" တယောက်သာမြင်ပေသည် ။ မကျေနပ်လည်း မတတ်နိုင် ။

NLD ကနေတက်လာမည့် လွှတ်တော်အမတ်တွေကိုယ်စားလှယ်တွေကိုလည်း တခုမေတ္တာရပ်ခံချင်သည်။တိုင်းပြည်အတွက် " အား" ဖြစ်ပါစေ။တိုင်းပြည်ကိုစားမယ့်၊ဝါးမယ့် " ကျား" တွေမဖြစ်ပါစေနဲ့ ။

မည်သို့ပင်ဖြစ်စေကျုပ်ကတော့ " သားတယောက်သာမြင်သည်" ။

အလင်းရောင်

ပုံ=အင်တာနက်



ဒီကနေ့ ရန်ကုန်မြို့ UMFCCI ကုန်သည်စက်မှုလုပ်ငန်းရှင်ကြီးများအသင်းမှာ ကျင်းပတဲ့ ဟောပြောပွဲ မှာ သြစတေးလျနိုင်ငံက ရောက်ရှိနေတဲ့ ဘူမိဗေဒအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကိုက ပြောခဲ့တာပါ။

"နောက်တက်လာတဲ့အစိုးရအနေနဲ့ ဒီဥစ္စာကို ပေါ့ပေါ့တန်တန် စဉ်းစားမှမဟုတ်ပါဘူး၊ အဲ့ဒီတော့ ပထမ သမ္မတတောင်မှပဲ ဒီဥစ္စာကို ရပ်ထားဖို့ဆုံးဖြတ်တဲ့ကိစ္စမှာ နောက်တက်လာမယ့်အစိုးရလည်း အလွယ်တကူ ဒီဟာကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ မထင်ပါဘူး၊ အသိဥာဏ်ရှိရှိနဲ့ ပညာရှင်တွေနဲ့ အသေအချာလေ့လာ ပြီးတော့မှ လုပ်သင့်မလုပ်သင့်ကို တွက်ဆပြီးလုပ်ကြမှာဖြစ်ပါတယ်၊ ကျနော်အနေနဲ့ ဒီဆည်ကြီးကို ဆောက်ဖို့ မဆောက်ဖို့ထက်ကို ဒီဆည်ကြီးဆောက်ဖို့အတွက်ကို ဘာတွေအန္တရာယ်ဖြစ်နိုင်တယ်ဆိုတာကို ကျနော် မီးမောင်းထိုးပြချင်တာပါ၊ အဲ့ဒီအန္တရာယ်တွေ ထိုးပြပြီးတဲ့အခါကျရင် ဒီအန္တရာယ်တွေနဲ့ ကျနော်တို့ရရှိလာမယ့် ရရှိလာမယ့်အကျိုးအမြတ်က ကာမိရဲ့လားပေါ့၊ အဲ့ဒီဟာကို တွက်ချက်ဖို့က ပညာရှင်မျိုးစုံပါဝင်တဲ့လူတွေ ကနေပြီးတော့ သေသေချာချာ ဒီဥစ္စာကြီးကို အချိန်ယူပြီးတော့ လေ့လာဆန်းစစ်ဖို့လိုပါတယ်"

မြစ်ဆုံဆည်တည်ဆောက်မယ်ဆိုရင် သူ့ရဲ့ အရွယ်အစားဟာ အမြင့် ၁၃၉ မီတာရှိတာကြောင့် ဆည်ကြီးစာရင်း ၀င်တဲ့အတွက် သူ့ရဲ့ အရွယ်အစားရဲ့မြေပေါ်သက်ရောက်မှုကြောင့် ငလျှင်လှုပ်နိုင်တဲ့အန္တရာယ်ရှိနိုင်တယ်လို့ ယူဆနိုင်ကြောင်း ပြောပါတယ်။

တည်နေရာဟာလည်း စစ်ကိုင်းပြတ်ရွေ့ကြောအတွင်းမှာ တည်ရှိတာကြောင့် ငလျင်အန္တရာယ် သေချာပေါက်ရှိနိုင် တယ်လို့လည်း ပြောပါတယ်။

ဒေါက်တာချစ်ကိုကိုဟာ ရန်ကုန်တက္ကသိုလ်ကဘူမိဗေဒပညာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး သြစတေးလျနိုင်ငံ New South Wales တက္ကသိုလ်ကနေ ဘူဗိအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါတယ်။

ဘူမိဗေဒအင်ဂျင်နီယာ ဒေါက်တာချစ်ကိုကို ကို RFA သတင်းထောက် မဇာဏီထွဏ်းက တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

( RFA : လွတ်လပ်တဲ့အာရှအသံ )

http://www.rfa.org/burmese

(၁)

ဒေါ်စုနှင့်ဦးသန်းရွှေတွေ့ဆုံသည့်သတင်း
ထွက်ပေါ်လာသည့်အချိန်တွင်
မြန်မာပြည်၏နိုင်ငံရေးရေချိန်မှာ..
စိတ်ဝင်စားစရာအကောင်းဆုံးသို့
ရောက်ရှိနေပြီဖြစ်ကြောင်းတွေ့ရသည်..

လွန်ခဲ့သည့်လ ရွေးကောက်ပွဲအပြီး
ဒေါ်အောင်ဆန်းစုကြည်၏ သမ္မတအထက်တွင်
နေမည်ဟူသော တရားဝင်ကြေငြာခဲ့မှုနှင့်
နိုင်ငံတကာသံတမန်များတစ်ပြိုင်နက်
ခေါ်ယူတွေ့ဆုံမှုအပါဝင်
သူမ၏ လွှတ်တော်အမတ်များအာတိကျစွာကိုင်တွယ်မည့်
အစီအစဉ်တို့ကြောင့် စောင့်ကြည့်နေ
သည့် အာဏာရှင်အနွယ်များအား
စိတ်ကစဉ့်ကလျှားဖြစ်စေသည်...

တစ်ဘက်တွင်လဲ ပြတ်သားမှုမရှိသော
လက်ရှိအစိုးရ၏ စီမံကွပ်ကဲမှု စနစ်ကြီးက
တဖြည်းဖြည်းသိသာလာသည်..
ဦးသိန်းစိန်၏ နောက်တွင်ရှိသောသူများအား
လှုပ်လှုပ်ရှားရှားဖြစ်သွားစေသည်..

ထို့နောက် အားလုံးတွေ့သည့်အတိုင်း
အာဏာရှင်ဟောင်း ဦးသန်းရွှေ၏မြေးသည်
ဒေါ်စုနှင့်တွေ့ဆုံခဲ့ ပြီး မကြာမီဒေါ်စုနှင့်
သမ္မတ ဦးသိန်းစိန်၊
ကာချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့
ဆက်တိုက်တွေ့ဆုံခဲ့ကြပါသည်၊

မကြာမီတွင် လူအများစိတ်ဝင်စားသော
လက်ရှိအစိုးရအပေါ် သြဇာလွှမ်းမိုးခဲ့သူ
ဦးသန်းရွှေနှင့် ဒေါ်စုတို့သည် ဒီဇင်ဘာလ (၄)ရက်နေ့
တွင် (၂) နာရီခွဲကြာခန့်အထိ တွေ့ဆုံဆွေးနွေးခဲ့သည်..

ထိုတွေ့ဆုံမှုအပေါ် ဗိုလ်ချုပ်မှုးသန်းရွှေ၏မြေးဖြစ်သူ
ဖိုးလပြည့်ဖေ့စ်ဘုတ်မှ တွေ့ဆုံဆွေးနွေးသည့်နှစ်ဦး
သဘောတူကြေငြာချက်ကို ထုတ်ပြန်ခဲ့ပါသည်..

ထိုကြေငြာချက်အပေါ်လေ့လာဆန်းစစ်သွားပါမည်...

--------------

(၂)

တိုင်းပြည်အကျိုးကိုထိခိုက်ဆုတ်ယုတ်စေနိုင်
်သည့် အငြိုးအတေးနှင့်အာဃာတတရား
များ မိမိတွင်လုံးဝမရှိ။
အနာဂတ်မြန်မာနိုင်ငံတော်အောင်
မြင်စွာတည်ထောင်နိုင်ရေးနှင့်
တပ်မတော်အပါ အဝင်အဖွဲ့အစည်းအား
လုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်
ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
နှင့်တွေ့ဆုံဆွေးနွေးလို"
(ဒေါ်အောင်ဆန်းစုကြည်)

"ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရရှိခဲ့ပြီး
နောက် မြန်မာပြည်၏အနာဂတ်ခေါင်း
ဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ
အားလုံးလက်ခံရမည့်အမှန်တရားပင်
်ဖြစ်။ သူမအနေဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး
အတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်မည်ဆို
ပါက မိမိအနေဖြင့်တတ်နိုင်သည့်ဘက်မှ
အစွမ်းကုန်ပံ့ပိုးကူညီမည်"
( ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း))

ထိုကြေငြာချက်ကိုလေ့လာမိသည်မှာ
ဒေါ်စုအနေဖြင့် အားလုံးသိကြသည့်အတိုင်း
သူမတွင်အာဃာတဟူ၍မရှိကြောင်း
ဗိုလ်ချုပ်မှုးကြီးသန်းရွှေအား ထင်ရှားစွာ
ပြသလိုခြင်းကိုသိသာစွာတွေ့ရပါသည်..
တစ်ဘက်မှစိုးရိမ်သည်မှာလည်း အာဃာတ
ပင်ဖြစ်ကြောင်းကိုဒေါ်စုကနားလည်
သဘောပေါက်သည့်အနေအထားဖြစ်ပါသည်၊
"တပ်မတော်အပါအ၀င်အဖွဲ့အစည်းအားလုံး
လက်တွဲပါဝင်နိုင်ရေးအတွက်ဗိုလ်ချုပ်မှုးကြီး
သန်ရွှေနှင့်တွေ့ဆုံဆွေးနွေးလို ဟူသောစာသား
အရ တပ်မတော်နှင့် အစိုးရကိုလွှမ်းမိုးနေသော
သည်မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေသာလျှင်
ဖြစ်ကြောင်း သက်သေပြရာရောက်သွားပါသည်..

ဦးသန်းရွှေ၏ကြေငြာချက်ကိုလေ့လာမိသည်မှာ
သူ့အနေဖြင့်လည်း တိုင်းပြည်မှ
ရွေးချယ်ထားသောခေါင်းဆောင်အဖြစ်
ဒေါ်စုအား လက်ခံသည့်အနေအထားကို
တွေသော်လည်း " တိုင်းပြည်ဖွံ့ဖြိုးရေးအတွက်
ဒေါ်စုကအမှန်တကယ်ဆောင်ရွက်မည်ဆိုပါက"
ဆိုသော အသုံးအနှုန်းကိုထည့်သွင်းထားသည်ကို
မြင်ရသဖြင့် တိုင်းပြည်အတွက် အပင်ပန်းခံ
အနစ်နာခံပြီးလုပ်ကိုင်ဆောင်ရွက်နေသည့်ဒေါ်စုလို
လူမျိုးအတွက် ထိုစကားမလိုအပ်ဟု ထင်မိပါသည်...
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းများစွာ
ဘယ်သူတွေတာဝန်မဲ့ခဲ့သလဲ ဆိုသည်ကိုလဲ
သဘောပေါက်စေချင်ပါသည်..

-----------------

(၃)

လေ့လာသုံးသပ်ရလျှင်..

ထိုဆွေးနွေးမှုများသည်..
ဒေါ်စုအမြဲတမ်း ပြောနေသော..
အမျိုးသားရင်ကြားစေ့ရေးအတွက်
အထောက်အကူဖြစ်သောဆွေးနွေးမှုများ
ဖြစ်သလို တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့်
တပ်မတော်၏ အခန်းကဏ္ဍကောင်းမွန်ရေးတို့အတွက်လဲ
အနေအထားအသစ်တစ်ခုဖြစ်ပါသည်..

ဆွေးနွေးမှုအနေအထားအရ..
ဒေါ်စု၏စွမ်းဆောင်မှုနှင့်ဒေါ်စုပြင်ဆင်ထားသည့်
အခင်းအကျင်းကို ကိုအခြေခံထားသည့်..
ထွက်ပေါက်ကို...အာဏာရှင်မှ အလိုက်သင့်
လမ်းလျှောက်သွားခြင်းသာဖြစ်ပါသည်..
တစ်ချို့ မဟာဗျူဟာနှင့်ကစားကွက်များသည်..
ထွက်ပေါက်တစ်ခု ရှိလာမှ အဆင်ပြေချောမွေ့စွာ
ပြီးမြောက်မည်ကို နားလည်သဘောပေါက်မိပါသည်..

နေရွှေသွေးအောင်ဖေ့စ်ဘုတ်တွင်ရေးသားထား
သည်ကို လေ့လာမှုအရလည်း အာဃာတမရှိရေးနှင့်
ပူးပေါင်းဆောင်ရွက်ရေးကို မသိမသာ..
Highlight လုပ်သည့်အနေအထာတွေ့ရပါသည်..
ထိုအနေအထားသည် NLD ပါတီ ၈၀ ရာခိုင်နှုန်းခန့်
အနိုင်ရပြီး အစိုးရကော လွှတ်တော်ကိုပါ..
စိတ်ကြိုက်ဖွဲ့စည်းခွင့် ရရှိသွားပြီးနောက်မှ..
ဖြစ်လာသည့်အနေအထားဖြစ်ကြောင်းကိုလဲ..
သဘောပေါက်မိပါသည်..
အကယ်၍ NLD ပါတီ (၆၀) ရာခိုင်နှုန်းခန့်သာ
အနိုင်ရရှိခဲ့လျှင်မူ လက်ရှိအခြေအနေမျိုးနှင့်
ဆန့်ကျင်ဘက်များဖြစ်လာနိုင်ကြောင်းကိုလည်း
တွေးတောစဉ်းစားမိပါသည်..

-----------------

(၄)

နောက်တစ်ချက်မှာ..

ရွေးကောက်ပွဲလွန်ကာလများနှင့်
အစိုးရသစ်ဖွဲ့စည်းရေးအတွက်..
ပြည်သူအများစုက စိုးရိမ်ပူပန်နေကြသော
အနေအထားဖြစ်ပါသည်..

လေ့လာသူများသိကြသည့်အတိုင်း..
ရွေးကောက်ပွဲအရှုံးအနှိုင်ကို အားလုံးလက်ခံကြသော်လည်း
ချောမွေ့စွာအာဏာလွှဲပေးရေးအတွက်ကိုမူ
ပြည်သူအများက စိုးရွံ့နေကြပါသည်..

အာဏာချောမွေ့စွာမလွဲနိုင်ခြင်း..
အဓိကအကြောင်းအရင်းမှာ..
ယခင်အစိုးရလက်ထက် ပြုလုပ်ထားခဲ့သော
အဂတိလိုက်စားမှု၊ ပြည်သူ့ဘဏ္ဍာအလွဲသုံးစား
လုပ်မှုနှင့်အုပ်ချုပ်သူလူတန်းစားများ၏
ကိုယ်ကြိုးစီးပွားကိစ္စရပ်များသည်..
NLD အစိုးရလက်ထက်တွေင်..
အားလုံးနောက်ကြောင်းပြန်လှည့်ဖေါ်ထုတ်နိုင်သည်ကို
အာဏာရှင်အနွယ်များနှင့် ဆက်စပ်သူများက..
အသည်းအသန် ထိတ်လန့်ခြင်းကိုအခြေခံပါသည်..

NLD အနေဖြစ့်ရွေးကောက်ပွဲကို..
လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရသော်လည်း..
အာဏာလွဲမပေးမီအချိန်အတွင်း..
မဟော်သဓာ သားတရားစီရင်ခန်းကဲ့သို့..
ပြည်သူနှင့်တူသော ကလေးငယ်ကို..
အတင်းဆောင့်ဆွဲကာ အာဏာလွှဲမပေးသော
ဖြစ်စဉ်မျိုးဖြစ်ပွားလာသည့်အခြေအနေကိုလဲ
အဖြစ်ခံမည်မဟုတ်ချေ..

ထို့ကြောင့်ဒေါ်စုအနေဖြင့်...
တိုင်းပြည်တိုးတက်ရေးနှင့်
ပြည်သူများ လူနေမှုဘ၀ အဆင့်မြင့်မားရေးကိုသာ
ရည်ရွယ်ကာ အပြုသဘောဆောင်သော..
ဆွေးနွေးမှုများနှင့် သဘောတူညီချက်များအား
မည်သူနှင့်ဖြစ်စေ လုပ်ဆောင်သွားမည်သာဖြစ်ပါသည်..

ထိုအချက်များကိုကြည့်လျှင်..
ဘက်နှစ်ဘက်၏ ရည်ရွယ်ချက်ကွာဟမှုကို
နှိုင်းယှဉ် နိုင်ပေသည်..

-----------------

(၅)

ဦးသန်းရွှေနှင့်ဒေါ်စုတို့၏တွေ့ဆုံမှုသည်..
နေရွှေသွေးအောင် မှတစ်ဆင့်ဖြစ်လာခြင်းက
ထူးခြားမှုတစ်ခုဖြစ်ပါသည်..

ဦးသန်းရွှေအိမ်သို့ဝင်ထွက်လေ့ရှိသည်ဟု
အများကသိထားသော ပြည်ခိုင်ဖြိုးပူးတွဲဥက္ကဌ
ဦးဌေးဦးကတစ်ဆင့်ဖြစ်စေ ဦးသိန်းစိန် သို့မဟုတ်
ကာချုပ်ကဖြစ်စေ ဆက်သွယ်မှုမရှိခြင်းက ထူးခြားပါသည်..

ပြင်ပလောကသို့သွားလာလေ့မရှိဟု သိရသော..
ဦးသန်းရွှေအနေဖြင့် နှစ်ပေါင်းများစွာအရိုးစွဲနေသည့်..
ဘောတော်ကျ ဘောင်းတော်ညိတ် လုပ်လေ့ရှိသူ
သူ၏ တပည့်များ၏လာရောက် လျှောက်တင်မှုများကို..
ယုံစားမိပြီး မဲအပြတ်အသတ်ရှုံးနိမ့်သွားသည့်..
အချိန်တွင်မှ သူ၏တပည့်များ အားကိုး၍မရမှန်း
သိကာ သူယုံစားသော သူ၏မြေးမှတစ်ဆင့်
ချိတ်ဆက်ဆက်သွယ်ခြင်းဖြစ်နိုင်ပေသည်..
ထိုအချိန်တွင် သူ့အတွက်အခွင့်အရေးမှာ..
သမိုင်းတွင် နာမည်ကောင်းပြန်ရယူရန်ကလွဲ၍
အခြားမရှိပေ..

တစ်ဘက်ကိုကြည့်ပါက ဓနအင်အားကြီးမားသော်လဲ
စည်းရုံးမှုအားနည်းကာ ဖရိုဖရဲဖြစ်နေသော..
ပြည်ခိုင်ဖြိုးပါတီအတွက် ပြန်လည် Reform
လုပ်ရန်အချိန်ယူရမည်ကာလများစွာလဲ..
လိုအပ်နေပေသည်..

ဘယ်လိုပဲပြောပြော..
ဒေါ်စုနှင့်ဦးသန်းရွှေတို့တွေ့ဆုံခဲ့မှုသည်..
ဦးသိန်းစိန် ၊ ကာချုပ်တို့နှင့်တွေ့ဆုံမှု
ထက်ပို၍ ဆုံးဖြတ်ချက်များ ပီပြင်လာသည့်
သဘောကိုတွေ့ရသည်..

ဖိုးလပြည့်၏ ပိုစ့်တွင်လဲ..
"နှစ်ဘက်ခေါင်းဆောင်များ၏ သဘောတူညီချက်အရ..
ထုတ်ပြန်သည်." ဟူသောအရေးအသားသည်..
အနေအထားတစ်ခုကို သိသာထင်ရှားသွားစေသည်..

သမ္မတ အထက်တွင်ဒေါ်စုရှိနေမည်ဟူသော
စကားကို ဝေဘန်သောသူများသည်..
သူတို့သမ္မတအထက်မှ ပုဂိုလ်ကြီးက..
ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားလာတော့မှ..

"ညီငေး ညီငေး" ဖြစ်ကုန်ကြသည်မှာ..
တရားကျဖွယ်ကောင်းလေစွ..

----------------------

(၆)

ဘာပဲဖြစ်ပါစေ..

ကျွန်တော်တို့သည် လူထုခေါင်းဆောင်၏
ဦးဆောင်မှုအောက်တွင် ရှိနေသဖြင့်..
လူထုခေါင်းဆောင် လျှောက်သည့်လမ်းကို..
ပံ့ပိုးပေးမည်သာဖြစ်ပါသည်..

လူထုခေါင်းဆောင်ခင်းကျင်းသော..
မဟာဗျူဟာအခင်းအကျင်းကို.
အမြဲတမ်း စောင့်ကြည့်အကာအကွယ်
ပေးနေမည်သာဖြစ်ပါသည်..

ဦးသန်းရွှေအနေဖြင့်..
သားရွှေအိုးထမ်းလာသည့်
အနေအထားမျိုးကို..
ဦးသန်းရွှေ အခုမှသဘောပေါက်လာသည့်
အချိန်တွင်..
တိုင်းပြည်၏အနေအထားမှာ..
အခွံသာသာဖြစ်နေသည်ကို..
သဘောပေါက်သင့်ပေသည်..

ထိုသို့သောအနေအထားအခင်းအကျင်းကို
သွယ်ဝိုက် စီစဉ်သူမှာ ဒေါ်စုမှတပါး..
အခြားမရှိသည်ကိုလဲ နားလည်ရပေမည်..
အကြောင်းကြောင့်အကျိုးဖြစ်လာသည်..
နေရွှေသွေးအောင်သည်..
ဒေါ်စုထံ အလကားနေသွားစရာအကြောင်းမရှိပေ..

အခုလိုဒေါ်စုနှင့်ပူးပေါင်းဆောင်ရွက်ရမည့်
အခွင့်အရေးမျိုးကို ဟိုယခင်တုန်းကက
လက်မခံပဲ ခေါင်းမာခဲ့သူများအတွက်
ကျွန်တော် ပြည်သူများ...နှစ်ပေါင်းများစွာ..
အားမလိုအားမရ
ဖြစ်ခဲ့ဖူးကြသည်ကိုလဲ နားလည်သင့်ပါသည်..

အလွန်သိချင်နေသည်က..

ဒေါ်စု၏ တိုင်းပြည်ထူထောင်မှုအပေါ်
ဦးသန်းရွှေက ဘယ်လိုပံ့ပိုးမလဲဆိုသည့်
အချက်ပင်ဖြစ်ပါသည်..

ဦးသန်းရွှေအပါဝင်..
အာဏာရှင်အနွယ်များနှင့်
ခရိုနီများ၏လက်ထဲတွင်ရှိသော
ငွေကြေးများသည်...
တိုင်းပြည်ထူထောင်နိုင်စွမ်းရှိသည်အထိ
များပြားလှသည်မှာလဲ ကမ္ဘာသိဖြစ်သည်..
ဦးသိန်းစိန်းအစိုးရ လက်ထက်အထိ
တင်ရှိနေသောအကြွေးစုစုပေါင်းကို
အသာလေးဆပ်နိုင်သည့်အနေအထားပင်..

အခုတလော ခေတ်စားနေသည်က..
ဘီလျံနာများ သူတို့ပိုင်ဆိုင်မှုများစွာကို
ပရဟိတအလုပ်များသို့လှူဒန်းနေချိန်လဲဖြစ်သည်..
ဘီလ်ဂိတ်ဆိုသူသည်ကမ္ဘာကျော်ပရဟိတတစ်ဦးဖြစ်သည်
မကြာသေးခင်ကလဲ ဆော်ဒီမင်းသားတစ်ပါးသည်..
သူပိုင်ဆိုင်သည့် ဘီလျံ (၃၀)ခန့်ကို
လှူဒါန်းမည်ဟုကြေငြာခဲ့သည်..

ကျွန်တော်တို့ဖေ့စ်ဘုတ်ပိုင်ရှင်
ဇူကာဘတ်သည်ပင်..
သူ၏ရှယ်ယာ ၄၅ ဘီလျံဖိုးကို..
လှူဒါန်းမည်ဟု ကတိပြုသည်မှမကြာသေးပေ..

ထိုကမ္ဘာကျော်အလှူရှင်များ၏
ငွေကြေးများသည်...
အာဏာရှင်များကဲ့သို့..
မတရားရရှိသောငွေများမဟုတ်ပဲ..
သူတို့၏အရည်အချင်းကြောင့်
ရရှိသော ငွေကြေးများပင်ဖြစ်လင့်ကစား
သူတို့တွင် မက်မောစိတ်မရှိပဲ..
ပြည်သူအတွက်လှူဒါန်းသည်ကို..
မြန်မာပြည်က အာဏာရှင်နှင့်ခရိုနီများ..
အတုယူသင့်ပါသည်..

ဘာပဲပြောပြော..

သံမဏိလိပ်ပြာကတော့..
အတောင်ပံခတ်သံ တ၀ုန်းဝုန်းမြည်ဟီးကာ..
ပျံဝဲလျှက်ရှိ နေမြဲပေတည်း..

( Pa Yit)

လူထု အာဏာရှင်.။

ဒီနေ့ ဒီအချိန် မြန်မာပြည်မှာ သြဇာရော၊ အာဏာပါ ရရှိထားသူဟာ ဒေါ်အောင်ဆန်းစုကြည်ပဲဆိုတာ ငြင်းမရနိုင်ဘူး။ ရှင်းရှင်းပြောရရင် လက်ရှိအစိုးရထက် အာဏာရှိပြီး
သြဇာကြီးနေပါတယ်။
NLD က အမှိုက်ကောက်ကြမယ်လို့ အမိန့်ပေး နှိုးဆော်ရုံပဲရှိသေးတယ်၊ နိုင်ငံတ၀ှမ်း မြို့အတော်များများမှာ စိတ်ပါလက်ပါ အမှိုက်တွေ စကောက်နေကြပြီလေ..။

အရင်က မာရေကြောရေနဲ့ ကိုယ့်တာဝန်ကိုယ်မကျေနိုင်ရှာတဲ့ စည်ပင်အဖွဲ့တွေတောင် ကြိုတင် သန့်ရှင်းရေးလုပ်နေတာတို့၊ ပူးပေါင်းဆောင်ရွက်မှာတို့ ဖြစ်ကုန်ပြီ။
ကျောင်းတွေ၊ ဆေးရုံတွေ၊ ရုံးဌာနတွေမှာလည်း အမှိုက်တွေ ကောက်နေပြီ။ သေချာသိမ်းနေပြီ။

သေချာတယ် ဒေါ်အောင်ဆန်းစုကြည်ကသာ အားလုံး အိမ်ပြင်ထွက် လမ်းပေါ်တက်ကြမယ်ဟေ့..လို့ အမိန့်ပေးလိုက်တာနဲ့ တပြည်လုံး အုံအုံးကြွက်ကြွက်နဲ့ ၈၈ ကလို လမ်းပေါ်အားလုံး ရောက်လာမှာပဲ.။
လူထုက NLD ထက်တောင်ပိုသွက်၊ ပိုမြင်၊ ပိုပြီး ရှေ့တန်းရောက်နေသေးတယ်.။

ဒေါ်အောင်ဆန်းစုကြည် အာဏာမရသေး၊ သမတ မဖြစ်သေးဘူး၊ လူထုတရပ်လုံးက သူလိုချင်တာ ပေးဘို့ အဆင်သင့်ဖြစ်နေကြပြီ။ ဒေါ်စုကို ယုံကြည်မှုအပြည့်နဲ့..တိုင်းပြည်ကြီး ၀ ကွက်အပ်လိုက်ပြီ.။
အဲဒါ..ပြည်သူက သူတို့ လိုချင်တာ၊ ဖြစ်ချင်တာကို အဲဒီ အသက် (၇၀) ကျော် ခေါင်းဆောင် အဖွားကြီးက လုပ်ပေးနိုင်မယ်လို့ ယုံကြည်မျော်လင့်ထားလို့ဖြစ်တယ်။

ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုအာဏာရှင်ဖြစ်သွားပါပြီ။ အခုမှ ခေါင်းဆောင်နဲ့ နောက်လိုက် ပြည်သူတွေ ရထားတစီးလို ခေါင်းနဲ့ ကိုယ်ထည် ချိတ်ဆက်မိသွားတာပါ။
လိုရာခရီးကို အန္တရာယ်ကင်းကင်း အားကောင်းကောင်းနဲ့ မောင်းနှင်နိုင်ဘို့ပဲ
လိုပါတယ်။
ကိုညို( အော်စလို)

၂၀၁၅ခု နိုဝင်ဘာ ၈ရက်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲသည် လက်ရှိ အစိုးရအပေါ် ပြည်သူများ ကြိုက်ခြင်း၊ မကြိုက်ခြင်းနှင့် အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံခြင်း၊ မထောက်ခံခြင်းများအား ပြတ်ပြတ်သားသား အဖြေထုတ်နိုင်ခဲ့သော ရွေးကောက်ပွဲ ဖြစ်ခဲ့သည်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုများအား နှိမ်နင်း၍ တပ်မတော်သည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိဘဲ နိုင်ငံကို ၂၂နှစ် အုပ်ချုပ်ခဲ့သည်။ ထိုကာလအတွင်း တိုင်းပြည်၏ နိုင်ငံရေးပုံရိပ် ကျဆုံးမှုနှင့်အတူ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများသည် အဘက်ဘက်မှ ယိုယွင်းပျက်စီးခဲ့ရသည်။ ထို့ကြောင့် စစ်အုပ်ချုပ်ရေးခေတ်မှ ရွေးကောက်ခံ နိုင်ငံရေးစနစ်သို့ ပြောင်းလဲ၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲကာ နိုင်ငံကို ငါးနှစ်တာ စီမံအုပ်ချုပ်ခဲ့သည်။ ထိုငါးနှစ်အတွင်း ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်ခဲ့ကြသည့် ထိပ်တန်း ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးများကို ကိုင်တွယ်ဆောင်ရွက်ခဲ့ကြသည်။ မြန်မာ၏ နိုင်ငံရေး အပြောင်းအလဲကြောင့် အမေရိကန် အပါအ၀င် နိုင်ငံတကာမှ အားပေးထောက်ခံမှုများ ရရှိခဲ့ပြီး ကြွေးမြီ အမေရိကန်ဒေါ်လာ ဘီလျံပေါင်းများစွာကိုလည်း လျှော်ပစ်ခဲ့ကြသည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများကိုလည်း တရားဝင် နိုင်ငံရေး နယ်နိမိတ်အတွင်းသို့ သွတ်သွင်းနိုင်ခဲ့ကြသည်။ သို့သော် နိုင်ငံတော်အား တိုးတက်စေရန် စီမံခန့်ခွဲရာတွင် အားနည်း၍ လူထုနှင့်ကင်းကွာသော ဗိုလ်ချုပ်ကြီး ဟောင်းများသည် ငါးနှစ်အတွင်း နိုင်ငံသားများ၏ ထောက်ခံမှုကို စိုးစိမျှမရရှိခဲ့ပေ။ ထိုကြောင့် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မရှုမလှ ပြစ်ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်။ ၂၀၁၆ မတ်လ ၃၁ရက်နေ့ မတိုင်ခင် နိုင်ငံတော် အာဏာကို အနိုင်ရပါတီ လက်ထဲသို့ အပ်ခဲ့ရတော့မည့် လက်ရှိအစိုးရအား ပြည်သူများ မကြိုက်သည့် အချက် ၁၀ချက်ကို တင်ပြအပ်ပါသည်။

(၁) သမ္မတ၏ မိန့်ခွန်းများကို မကြိုက်ပါ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပြည်ထောင်စု လွှတ်တော်၏ တစ်ညီတညွတ်တည်း ရွေးချယ်မှုအရ နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသော သမ္မတကြီး ဦးသိန်းစိန်၏ တိုင်းပြည်သို့ လစဉ် ပြောကြားသော မိန့်ခွန်းများသည် အမှန်စစ်စစ် နိုင်ငံသားများကို မဆွဲဆောင်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သမ္မတ၏ မိန့်ခွန်းများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော ပြည်သူလူထု၏ ဘ၀ကို မထင်ဟပ်နိုင်သောကြောင့် ဖြစ်သည်။ မိန့်ခွန်းပါ စကားလုံးများသည် “စာ” ဆန်၍ သမ္မတကြီး၏ နှလုံးသားထဲမှ ခံစားနေသည့် ပကတိအရှိ တရားအတိုင်း ပြောကြားသော “စကား”များ မဟုတ်သည့်အတွက် လူထု၏ စိတ်ဝင်စားမှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။ အခြားအကြောင်းရင်း တစ်ရပ်မှာ သမ္မတ၏ မိန့်ခွန်းများတွင် အစိုးရ၏ အောင်မြင်စွာ လုပ်ဆောင်နိုင်သော အကြောင်းများကိုသာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး မအောင်မြင်သော ကိစ္စများ၊ အခက်အခဲများကို ပြည်သူလူထုသို့ ပွင့်ပွင့်လင်းလင်း ချမပြသည့်အတွက် လူထု၏ ယုံကြည်မှု ကျဆင်းခဲ့ရခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် သမ္မတ အိုဘားမား၏ တိုင်းပြည်သို့ ပြောကြားသော “နိုင်ငံတော် အခြေပြမိန့်ခွန်း” တစ်ခုတွင် အမေရိကန်ရှိ ကျောင်းသားများ၏ မိဘများအနေဖြင့် ပညာသင်စရိတ် ကြီးမြင့်မှုကြောင့် ညတိုင်း အိပ်မပျော်နိုင် ဖြစ်နေသည်ကို သမ္မတ အနေဖြင့် စာနာနားလည်ကြောင်း ထည့်သွင်းပြောကြားခဲ့သည့်အတွက် မိဘများ၏ အားပေးထောက်ခံမှုကို အပြည့်အ၀ ရရှိခဲ့သည်။

(၂) အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ စကားများကို မကြိုက်ပါ
သမ္မတကြီး ဦးသိန်းစိန်သည် အားကောင်းသော အစိုးရအဖွဲ့ကို ဖွဲ့စည်းရာတွင် ပညာရှင်များနှင့် အရပ်သားများအား တာဝန်ပေးမှု နည်းပါးခဲ့ပြီး တပ်မတော် အစိုးရ လက်ထက်က တာဝန်ယူခဲ့သော စစ်ဗိုလ်ချုပ်ဟောင်း အများစုကိုသာ ၀န်ကြီးနေရာများ ခန့်ထားခဲ့သည်။ ထိုဝန်ကြီးများသည် ပြည်သူလူထု၏ ဘ၀နှင့် ခံစားချက်ကို အမှန်တကယ် နားမလည်သောကြောင့် ပြည်သူအများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော စကားများကြောင့် “ဗီလိန်” ဖြစ်ခဲ့ရပြီး မီဒီယာများ၏ မီးမောင်းထိုးခြင်းကိုလည်း ခံခဲ့ရသည်။
အထူးသဖြင့် မွေးမြူရေး/ရေလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး ၀န်ကြီး ဦးအုန်းမြင့်၏ “ကျွန်တော့်နာမည် ဗိုလ်ချုပ်အုန်းမြင့်ဆိုပြီး နယ်တကာလှည့်ပြီး ပါးရိုက်ရဲတယ်ကွ” ဟူသောစကား၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်၏ “အကြွေးကျေဖို့ဆိုရင် ထမင်းတစ်နပ် လျှော့စားမယ်” ဟူသောစကား၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၏ “ငွေ ၂၀၀၀နဲ့ လောက်အောင်သုံး” ဟူသောစကား၊ သမ၀ါယမ၀န်ကြီး ဦးကျော်ဆန်း၏ “ကြွေးတင်ရင် ပြည်သူဆပ်လိမ့်မယ်” ဟူသောစကား၊ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်၏ “ဆိုက်ကားသမားလည်း သန်းကြွယ်သူဋ္ဌေး ဖြစ်နိုင်တယ်" ဆိုတဲ့စကား၊ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် ဦးဌေးဦး၏ "အိုဘားမား နှစ်ခါလာတော့ နှစ်ခါအနှမ်းခံရတာပေါ့” စကား၊ နိုင်ငံတော် သမ္မတ အကြံပေး ဦးကိုကိုလှိုင်၏ “မီးပြတ်ရင် ဖယောင်းတိုင် ထွန်းနေပေါ့” ဟူသောစကားများသည် ပြည်သူလူထု၏ စိတ်ကို နာကျင်စေခဲ့ပြီး အစိုးရ အဖွဲ့၏ ဂုဏ်သိက္ခာလည်း ကျဆင်းခဲ့ရသည်။

(၃) လက်ပံတောင်းတောင်ကိစ္စ ဖြေရှင်းပုံကို မကြိုက်ပါ
အထက်မြန်မာနိုင်ငံ မုံရွာမြို့ရှိ လက်ပတောင်းတောင်တွင် ကြေးနီစီမံကိန်းကို တရုတ် ၀မ်ပေါင်ကုမ္ပဏီမှ ဒေသခံ တောင်သူလယ်သမားများ၏ မြေယာများကို သိမ်းဆည်းပြီး ထုတ်လုပ်နေသည့် ကိစ္စအား အစိုးရအနေဖြင့် ဖြေရှင်းရာတွင် သိက္ခာကျဆင်းစရာ အများအပြား ဖြစ်ပေါ်ခဲ့သည်။ လက်ပံတောင်းတောင်ရှိ ပြည်သူများနှင့် ဘုန်းတော်ကြီးများ ဦးဆောင်၍ ၀မ်ပေါင်ကုမ္ပဏီအား ဆန္ဒပြရာတွင် အစိုးရ အနေဖြင့် ကြားဝင်စေ့စပ် ညှိနှိုင်းပေးခြင်း အားနည်းခဲ့သလို ရဲတပ်ဖွဲ့ အနေဖြင့်လည်း ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်၍ မိမိနိုင်ငံသားများကို နှိမ်နင်းဖြိုခွင်းခဲ့သည်ဟု တစ်နိုင်ငံလုံးမှ ထင်မြင်ယူဆခဲ့သည်။ အထူးသဖြင့် ဘာသာတရားကို ကိုင်းရှိုင်းသော နယ်မြေတွင် ဆန္ဒပြ သံဃာတော်များသည် မီးခိုးဗုံးကြောင့် သေလောက်အောင် ဒဏ်ရာအနာတရ ရရှိခဲ့ခြင်းသည် နိုင်ငံသားများနှင့် အစိုးရကြား မကျေလည်မှုများကို စတင်ဖြစ်ပေါ်ရန် မြစ်ဖျားခံခဲ့သည်။ ထို့အပြင် ဒေသခံ တောင်သူအမျိုးသမီး ဒေါ်ခင်ဝင်း ရဲတပ်ဖွဲ့၏ သေနတ်ကျည်ဆန် ထိမှန်ပြီး ကွယ်လွန်ခဲ့ရခြင်းသည် ယခုရွေးကောက်ပွဲတွင် လက်ရှိအစိုးရကို ဆန့်ကျင်ရန် အကြောင်းရင်း ဖြစ်ခဲ့သည်။

(၄) ငြိမ်းစုစီဥပဒေကို မကြိုက်ပါ
လွှတ်တော်အသစ်တွင် ၂၀၁၁ခုနှစ်၌ “ငြိမ်းစုစီ” ဟုခေါ်သော ဥပဒေ ပေါ်လာသည်။ ထိုဥပဒေ၏ အဓိပ္ပါယ်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်များ ပါဝင်သော်လည်း ပုဒ်မ(၅)အရ ယင်းအခွင့်အရေးကို မြို့နယ် ရဲတပ်ဖွဲ့မှူးအား ငြင်းပယ်ခွင့် ပေးထားခြင်းဖြစ်သည်။ ထိုကြောင့် နိုင်ငံသားများ အနေဖြင့် မိမိတို့၏ သဘောထားကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိကြောင်း ဖော်ပြထားသော်လည်း လက်ရှိအစိုးရ သက်တမ်းအတွင်း ပြဿနာ အမျိုးမျိုးအား လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခဲ့သည့် နိုင်ငံသားများကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ဖြင့် တရားစွဲဆို၍ ထောင်ဒဏ်၊ ငွေဒဏ်များကို တရားရုံးမှ အပြစ်ပေးအရေးယူခဲ့သည့် အမှုပေါင်း အမြောက်အမြားရှိခဲ့သည်။ သို့သော် သက်ဆိုင်ရာ နယ်မြေအတွင်း ရဲတပ်ဖွဲ့ထံမှ ခွင့်ပြုချက်ရမှသာ ဆန္ဒပြရမည်ဆိုသော အချက်သည် ဒီမိုကရေစီစနစ်ဖြင့် ချီတက်မည်ဆိုသော အစိုးရနှင့် နိုင်ငံသားများ အကြား ခြားနားသည့် နိုင်ငံရေးအမြင် ဖြစ်သွားခဲ့သည်။

(၅) မိုးကျရွှေကိုယ်တွေကို မကြိုက်ပါ
ယခုအစိုးရ သက်တမ်းအတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများကို ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲမည်ဟု ကြွေးကြော်ခဲ့သော်လည်း အစိုးရသည် တပ်မတော်၏ လွှမ်းမိုးမှုကို အံမတုနိုင်ခဲ့ပေ။ ထို့ကြောင့် ဆရာဝန် အများစု တာဝန်ထမ်းရွက်နေသည့် ကျန်းမာရေး ဌာနများတွင် တပ်မတော်မှ အရာရှိများကို အုပ်ချုပ်ရေးပိုင်းတွင် ထိပ်တန်းရာထူးများ ခန့်ရန် “ပြန်တမ်း”များ ထုတ်ပြန်ခဲ့ပြီးနောက် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ၀န်ထမ်းများက “ဖဲကြိုးနက်” လှုပ်ရှားမှုများ ပြုလုပ်ပြီး အစိုးရ၏ လုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြသည်။ ထိုနည်းတူ လျှပ်စစ်ဝန်ကြီးဌာနသို့ အစိုးရမှ တပ်မတော် အရာရှိများ စေလွှတ်ခဲ့သည့် အတွက် အင်ဂျင်နီယာများကလည်း “ဖဲကြိုးပြာ” လှုပ်ရှားမှုများကို လည်းကောင်း၊ ပညာရေး ၀န်ကြီးဌာနသို့ တပ်မတော် အရာရှိများ ခန့်ထားခဲ့သည့်အတွက် ဆရာ၊ ဆရာမများက “ဖဲကြိုးစိမ်း”လှုပ်ရှားမှုများကို လည်းကောင်း၊ တရားရေး ကဏ္ဍတွင် တပ်မတော်မှ အရာရှိများကို ခန့်ထားခဲ့သည့် အတွက် ရှေ့နေများ၊ တရားသူကြီးများက “ဖဲကြိုးဝါ” လှုပ်ရှားမှုများကို လည်းကောင်း ဆောင်ရွက်ခဲ့ကြသည်။ ထိုလှုပ်ရှားမှုများကြောင့် ၀န်ထမ်းများအပေါ် အစိုးရ၏ လစာတိုးပေးခဲ့မှုများမှာ ကျေးဇူးတင် မခံရဘဲ အဟောသိကံ ဖြစ်ခဲ့ရသည်။

(၆)မြေသိမ်းယာသိမ်းတွေကို မကြိုက်ပါ
ယခုအစိုးရ လက်ထက်တွင် စီးပွားရေး စီမံကိန်းများ၊ စက်ရုံများ၊ တံတားကြီးများ၊ စက်မှုဇုန်သစ်များ ဖော်ထုတ်မှုကြောင့် ဓားမဦးချ တောင်သူဦးကြီးများ၏ မြေယာများကို သိမ်းဆည်းခဲ့ရသည်။ ထိုသို့သိမ်းဆည်းရာတွင် ယခင်အစိုးရ၏ နာမည်ဆိုးများကို မဖျောက်ဖျက်နိုင်ခဲ့ဘဲ လက်ရှိမြေယာ လျော်ကြေးများ ပေးရာတွင် တောင်သူလယ်သမားများနှင့် နှစ်ဦးနှစ်ဖက် ကျေနပ်အောင် မဆောင်ရွက်နိုင်ခဲ့သည့် အတွက် မြန်မာနိုင်ငံ၏ ၇၀ရာခိုင်နှုန်းသော လယ်သမားများ၏ မကျေနပ်မှုများကို ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် မိမိ၏လယ်မြေ အသိမ်းခံရမှုကြောင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေမှုလိုမျိုး ပေါ်ပေါက်ခဲ့သည့်အတွက် တစ်နိုင်ငံလုံးမှ လယ်သမားများ၏ အမုန်းကို ရရှိခဲ့သည်။
(၇)လေးပွင့်ဆိုင် တွေ့ဆုံမှုကို ငြင်းပယ်ခဲ့တာ မကြိုက်ပါ
မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး ပြဿနာများကို အတူတကွ ပူးပေါင်းဖြေရှင်းနိုင်ရန် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ တောင်းဆိုမှုဖြစ်သော နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု လွှတ်တော် နာယကများ ပါဝင်သော လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အစိုးရ အဖွဲ့ခေါင်းဆောင် နိုင်ငံတော် သမ္မတမှ ဖြည့်ဆည်းမပေးနိုင်ခဲ့ပေ။ လေးပွင့်ဆိုင် တွေ့ဆုံမှုအစား အစိုးရအဖွဲ့အတွင်းမှ ၆ပွင့်ဆိုင်၊ ၈ပွင့်ဆိုင်၊ ၁၂ပွင့်ဆိုင် စသည်ဖြင့် အယူအဆ အမျိုးမျိုးကို ထုတ်ဖော်ပြောကြား လာသည့်အတွက် အမျိုးသား ညီညွတ်ရေး လေးပွင့်ဆိုင်တွေ့ဆုံမှုမှာ အားပျော့သွားခဲ့ရသည်။ ထိုကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေး ဝေဖန်အကဲဖြတ်သူများက နိုင်ငံတော် သမ္မတတွင် အဓိက တာဝန်ရှိကြောင်း သုံးသပ်အကဲဖြတ်ခဲ့ကြသည်။

(၈)ယာဉ်ကြောပိတ်ဆို့မှုတွေကို မကြိုက်ပါ
အစိုးရသစ်၏ ပေါ်လစီအရ မော်တော်ကားများကို လွတ်လပ်စွာ တင်သွင်းခွင့်ပေးသည့် အတွက် နိုင်ငံသားများက အထူးကျေးဇူးတင်မည်ဟု အစိုးရက ယူဆခဲ့သည်။ သို့သော် အကန့်အသတ်မရှိ ကားများ တင်သွင်းရာတွင် ကြိုတင်စီမံမှု ညံ့ဖျင်းခြင်းကြောင့် ရန်ကုန်မြို့တော်တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့မှုကို လူဦးရေ ၅သန်းမှာ ရင်ဆိုင်နေကြရသည်။ မော်တော်ကား ၀ယ်ယူသူများ အနေဖြင့်လည်း ကားထားစရာ မြေနေရာအလွတ်များ မရှိခြင်းကြောင့် လမ်းဘေးတွင် ဖြစ်သလို ထားရသလို ယာဉ်စည်းကမ်း ချိုးဖောက်မှုကြောင့် ကရိန်းကားများဖြင့် သိမ်းယူဖမ်းဆီးခြင်းများနှင့်လည်း ရင်ဆိုင်နေကြရသည်။ ထို့ပြင် အများပြည်သူ သယ်ယူပို့ဆောင်ရေး စနစ်အား အောင်မြင်အောင် မဖော်ဆောင်နိုင်ဘဲ နိုင်ငံသားများမှာ ဟောင်းနွမ်းအိုမင်းနေသော ဘတ်စ်ကားကြီးများအား စီးနင်းရခြင်း၊ ကားဒရိုင်ဘာနှင့် စပယ်ယာတို့၏ ရိုင်းပြသော ဆက်ဆံရေးများနှင့် ကြုံတွေ့နေရခြင်း၊ စီးနင်းလိုသော ပြည်သူနှင့် ကားအစီးရေ မမျှတခြင်း၊ အသက်အန္တရာယ်နှင့် နီးကပ်ခြင်း၊ ယာဉ်စီးခ ပိုမိုတောင်းခံခြင်းများကို နေ့စဉ်ကြုံတွေ့နေရလျက် ရှိခြင်းကြောင့် အစိုးရအပေါ် ယုံကြည်မှု ကျဆင်းခဲ့ရခြင်း ဖြစ်သည်။

(၉)လျှပ်စစ်မီးပျက်တာကို မကြိုက်ပါ
မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝသည့်အတွက် ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝ ဓာတ်ငွေ့သိုက်များမှ နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီသော ဓာတ်ငွေ့များကို အိမ်နီးချင်း နိုင်ငံများသို့ ရောင်းချပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ကျေးဇူးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လျှပ်စစ်စွမ်းအင်ကို ကောင်းမွန်စွာ အသုံးချလျက်ရှိသည်။ သို့သော် အစိုးရသစ် တက်ခါစတွင် နိုင်ငံအတွင်း၌ လျှပ်စစ်မီး ပြတ်တောက်မှု မရှိစေရန် နှစ်နှစ်အတွင်း ဆောင်ရွက်မည်ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအချိန်အထိ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုများ ရှိနေဆဲဖြစ်သည်။ မီးပြတ်တောက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာနမှ ပြည်သူလူထုအား ကျေနပ်လောက်သော အကြောင်းပြချက် မပေးနိုင်ခြင်းသည်လည်း အစိုးရအတွက် ကျဆုံးမှုတစ်ခု ဖြစ်လာခဲ့သည်။

(၁၀)စီးပွားရေး လိုင်စင်များတွင် ပွင့်လင်းမြင်သာမှု နည်းပါးခြင်းကို မကြိုက်ပါ
မြန်မာနိုင်ငံတွင် ယခင်တပ်မတော် အစိုးရလက်ထက်၌ နိုင်ငံတော်၏ အရေးပါသော စီးပွားရေး လုပ်ငန်းများ လိုင်စင်များ ခွင့်ပြုပေးရာတွင် ဗိုလ်ချုပ်ကြီးများက ယင်းတို့နှင့် နီးစပ်သော လုပ်ငန်းရှင်များကိုသာ ပေးအပ်လေ့ရှိသည်။ ထို့ကြောင့် ယခင်တပ်မတော် အစိုးရ အုပ်ချုပ်သည့် နှစ် ၂၀ကျော် ကာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး လူတန်းစားသစ်ဖြစ်သော “ခရိုနီ”ဟူသော လူတန်းစား ပေါ်ထွက်လာခဲ့သည်။ ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသော အစိုးရသစ်သည် “သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး”ဟူသော ကြွေးကြော်မှုကြောင့် လာဘ်ပေးလာဘ်ယူမှုများကို ရှောင်ရှားကာ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရရှိမည်ဟု အများက ထင်မှတ်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင် အစိုးရအဖွဲ့ အရာရှိကြီးများက စီးပွားရေး လုပ်ငန်းများ ခွင့်ပြုပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိဘဲ မိမိနှင့် နီးစပ်သော စီးပွားရေး အသိုင်းအ၀ိုင်းကိုသာ ခွင့်ပြုပေးခဲ့သည့်အတွက် နိုင်ငံတကာ စီးပွားရေး သမားများနှင့် ပြည်တွင်းမှ လွတ်လပ်စွာ ယှဉ်ပြိုင်လိုသော စီးပွားရေးသမားများက အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်တင် ပြောကြားခဲ့သလို တိုင်းပြည် ဘဏ္ဍငွေ အမြောက်အမြားမှာလည်း ယိုဖိတ်ခဲ့ရသည်။

ဇော်သက်ထွေး
Tomorrow သတင်းဂျာနယ်

ရွေးကောက်ပွဲအနိုင်ရ ပါတီဝင်အမတ်များအနေဖြင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များ၏ နာမည်ကို အလွဲသုံးစားလုပ်ပါက ပြင်းပြင်းထန်ထန်အရေးယူမည်ဟု ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောဆိုခဲ့ကြောင်း NLDပါတီ၏ ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၅ရက်က အစိုးရရုံးစိုက်ရာ နေပြည်တော် ပျဉ်းမနားမြို့ရှိ မေခန်းမတွင် အထက်မြန်မာပြည်ရှိ ရွေးကောက်ပွဲအနိုင်ရ အမတ်များနှင့်တွေ့ဆုံစဉ် ထိုသို့ သတိပေးပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပါတီထဲက အကြီးပိုင်းထဲက တစ်ယောက်ယောက်နာမည်ကိုသုံးပြီးတော့ပေါ့နော်။ တစ်ခုခုလုပ်တာ တွေ့လို့ရှိရင် ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုတာလည်း ပြောတယ်” ဟု တွေ့ဆုံပွဲတွင် ပါဝင်သည့် ပခုက္ကူမြို့နယ်မှ မကွေးတိုင်းလွှတ်တော်အမတ် ဒေါ်ဇင်နီနီဝင်းက တွေ့ဆုံပွဲအပြီးတွင် ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ အမတ်တစ်ဦးချင်းစီအနေဖြင့် တာဝန်ကိုယ်စီ ကျေပွန်ရန်လိုအပ်သလို ပါတီဝင် တိုင်းရင်းသားအမတ်များကမူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံပွဲတွင် ညွှန်ကြားသွားသည်ဟုလည်း ဒေါ်ဇင်နီနီဝင်းက ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အောက်မြန်မာပြည်ရှိ အနိုင်ရအမတ်များအား နိုဝင်ဘာ ၂၈ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် တွေ့ဆုံပြီးနောက် အထက်မြန်မာနိုင်ငံရှိ အနိုင်ရအမတ်များအား ထပ်မံ တွေ့ဆုံခဲ့ခြင်းလည်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် ပါဝင်သည့် NLDပါတီမှ မကွေးတိုင်း၊ အမျိုးသားလွှတ်တော်အမတ်ဖြစ်သူ ဦးအောင်ကြည်ညွှန့်ကလည်း “အဓိက သူပြောသွားတာကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်း၊ တစ်ဦးချင်းဟာ ဘာ့ကြောင့်၊ ဘယ်လိုအောင်မြင်ခဲ့သလိုဆိုတာဟာ ပါတီရဲ့ပုံရိပ်အပေါ်မှာ မူတည်ပြီး အောင်မြင်ခဲ့တဲ့အတွက် ဒီအပေါ်မှာ မထောင်လွှားဖို့နဲ့ ဒီအပေါ်မှာ မာန်မာနမကြီးဖို့ အဓိက ပြောတယ်” ဟု မဇ္ဈိမကို ပြောသည်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၂၅၅ ဦး၊ အမျိုးသားလွှတ်တော် ၁၃၅ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် ၄၇၅ ဦးနှင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၂၁ ဦး စုစုပေါင်း ၈၈၆ ဦးဖြင့် အပြတ်အသတ်အနိုင်ရကာ အစိုးရဖွဲ့စည်းခွင့် ရရှိထားသည်။

Mizzima

လန်ဒန်၊ ဒီဇင်ဘာ ၆ ။ ။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မြေအောက်ဘူတာတွင် ဓားထိုးမှုတစ်ရပ်ဖြစ်ပွား၍ အစွန်းရောက်တိုက်ခိုက်မှုအဖြစ် စိုးရိမ်နေရကြောင်း ရဲဌာနက ပြောသည်။

Leytonstone ဘူတာရုံတွင် ဂရင်းနစ်စံတော်ချိန် ၁၉နာရီထိုးပြီးနောက် တိုက်ခိုက်မှုဖြစ်သည့်အကြောင်း ရဲထံ တိုင်ကြားမှု ရောက်လာခဲ့ခြင်းဖြစ်သည်။

ရဲဌာနက တိုက်ခိုက်သူကို ဖမ်းဆီးရမိသည်။ လူတစ်ဦး ဓားဒဏ်ရာအပြင်းအထန်ရပြီး အခြားနှစ်ဦးလည်း အနည်းငယ်ထိခိုက်သည်။

ဖြစ်ပွားရသည့်အကြောင်းအား ရဲထောက်လှမ်းရေးက စစ်ဆေးလျက်ရှိနေသည်။

တိုက်ခိုက်သူက ဘူတာရုံအတွင်း လူများအား ဓားဖြင့်အခါခါခြိမ်းခြောက်ခဲ့ကြောင်း ရဲကပြောသည်။

"သူကိုင်ထားတဲ့ ဓားက သုံးလက်မလောက်ပဲရှိပါတယ်။ မြေမှာမှောက်လှဲခိုင်းထားတဲ့ လူတစ်ဦးကို ဓားနဲ့ ထောက်ထားတာပါ။ လူတွေက ကြောက်ပြီး ထွက်ပြေးကြတယ်။"ဟု မျက်မြင်တွေ့သူတစ်ဦးက ဘီဘီစီသို့ ပြောသည်။

ဓားထိုးမှုတွင် အပြင်းအထန် ဒဏ်ရာရခဲ့သူမှာ အသက်အန္တရာယ် စိုးရိမ်ရခြင်းမရှိကြောင်းလည်း သိရသည်။
Mizzima

ကမ္ဘာကျော်အဆိုတော် မက်ဒေါနားသည် ယခုသီတင်းပတ် အစောပိုင်းက လန်ဒန်ရှိ O2 Arena တွင် ၎င်း၏ Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ပြီးနောက် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ၎င်း၏ ကားဒိုင်ခွက်ဘောင်တွင် အပြာနှင့်အနီရောင် လျှပ်တစ်ပြက်မီးများ တပ်ဆင်ပြီး ရဲကားပုံစံ တုပပြုလုပ်ကာ မောင်းနှင်ခဲ့မှုဖြင့် စွပ်စွဲခံထားရသည်။

Rebel Heart ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်၏ နောက်ဆုံးဖျော်ဖြေပွဲကျင်းပရာ လန်ဒန်မြို့ အရှေ့တောင်ဘက်ရှိ O2 Arena ပြင်ပတွင် ပရိသတ်အချို့က မက်ဒေါနား ရဲကားအတု စီးနေသည့်ပုံ ကို ဓာတ်ပုံရိုက်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

မက်ဒေါနားသည် လန်ဒန်မြို့ အနောက်ပိုင်းရှိ ၎င်း၏နေအိမ်သို့ မြန်မြန်ရောက်ရှိစေရန်အတွက် ယခုကဲ့သို့ ရဲကားအသွင် တုပပြုလုပ်ခဲ့ပုံပေါ်သည်။ မက်ဒေါနားသည် Rebel Heart ကမ္ဘာလှည့်ဖျော် ဖြေပွဲ၏ နောက်ဆုံးဖျော်ဖြေပွဲအဖြစ် O2 Arena တွင် ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ သည်။

“ယာဉ်ကြော ပိတ်ဆို့နေတဲ့အတွက် ဘယ်ကားမှ သွားလို့မရ ဖြစ်နေပါတယ်။ ရုတ်တရက်ဆိုသ လို ကျွန်တော် လျှပ်တစ်ပြက်မီးနဲ့ ကားဟွန်းသံကို ကြားလိုက်ရပါတယ်။ ပြီးတဲ့နောက်မှာတော့ ကျွန်တော် ကားတစ်စီးကို မြင်လိုက်တယ် ရဲအရာရှိတစ်ယောက်ရဲ့ ကားလို့ တွေးထင်မိတယ်။ အဲ့ဒီ ကားဟာ ဟွန်းသံတွေပေးပြီး မောင်းနှင်သွားတယ်” ဟု မျက်မြင်သက်သေတစ်ဦးက The Sun ကို ပြောကြား ခဲ့သည်။

“ယာဉ်မောင်းတွေက တစ်ကယ်ကို စိတ်ညစ်သွားတယ်။ အဲ့နောက် ကျွန်တော် ကားထဲကို လှမ်းကြည့်မိလိုက်တော့ မက်ဒေါနားကို တွေ့လိုက်ရတယ်။ သူမဟာ ကားဒိုင်ခွက်ဘောင်မှာ လျှပ်တစ် ပြက်မီးတွေ တပ်ဆင်ထားတဲ့ ယင်းကားကို မောင်းနေတာကို တွေ့လိုက်ရတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ကားကို လျှပ်တစ်ပြက်မီးများ တပ်ဆင်ကာ မောင်းနှင်မှုသည် ရာဇ၀တ်မှု ပြစ်မှုတစ်ခုဖြစ် ကြောင်းနှင့် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ်ခြောက်လ ချမှတ်ခံရနိုင်ဖွယ် ရှိသည်။

မက်ဒေါနား၏ ကိုယ်စားလှယ်များသည် ယင်းဖြစ်ရပ်နှင့် စပ်လျဉ်း၍ ထင်မြင်ချက် တစ်စုံတစ်ရာ ပြောကြားခြင်း မရှိသေးပေ။

Mizzima

ဒီ ရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင် စစ်အာဏာ ရှင်ဟောင်း၊ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားရောက် တွေ့ဆုံတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီသတင်း ဖြစ်နိုင်သလား၊ ဖြစ်နိုင်တယ်ဆိုရင် ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားတွေ့ခဲ့ရတာလဲ၊ ဒီတွေ့ဆုံမှုကနေ ရှေ့ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး သုံးသပ် ကြည့်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကနေ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို သွားတွေ့တယ်ဆိုတဲ့ သတင်းကို ဒီဇင်ဘာ ၄ ရက်နေ့ ညနဲ့ ၅ ရက်နေ့ မနက်ပိုင်း ဘီဘီစီ မြန်မာပိုင်းကနေ ခုလို ထုတ်လွှင့်ခဲ့ပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ မနေ့ သောကြာနေ့ မွန်းလွဲ ၁ နာရီ ပတ်ဝန်းကျင်က နေပြည်တော် စစ်ဦးစီးဌာနချုပ်ရုံးမှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် ရက်ပိုင်းအတွင်းကပဲ ဗိုလ်ချုပ်မှူးကြီးဟောင်းဟာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့လည်း တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင်ပိုင်း တစ်ချို့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲလို တွေ့ဆုံခဲ့တယ် ဆိုတဲ့သတင်းကို ငြင်းဆိုတာ မရှိပေမယ့် သူတို့အနေနဲ့ အတည်ပြုပြောခွင့် မရှိဘူးလို့ ဆိုပါတယ်။ သူရဦးရွှေ မန်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂ ရက်၊ ၃ ရက်၊ ၄ ရက် တွေ့ဆုံမှုတွေအရ သောကြာနေ့အချိန် ကိုယ့်ပါတီအကျိုးထက် အမျိုးသား အကျိုးစီးပွားကိုကြည့်ပြီး လုပ်ရမယ့်အချိန် ဖြစ်နေပြီဆိုပြီး ရေးသားထား ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုဟာ လက်ရှိ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်စဉ်အတွက် အဓိကကျတဲ့ လိုအပ်ချက်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံး သပ်သူ အများကတော့ ရှုမြင်နေကြပါတယ်” ဆိုပြီး ဖြစ်ပါတယ်။

ပထမဦးဆုံး သုံးသပ်ဖို့ လိုတာကတော့ ဒီသတင်း ဖြစ်နိုင်သလား ဆိုတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့မြေး ကိုနေရွှေသွေးအောင် ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံခဲ့ပါ သေးတယ်။ ဒီသတင်းကို ပြည်တွင်းထုတ် သည်ဗွိုက်စ် အွန်လိုင်းသတင်းနဲ့ ဘီဘီစီသတင်းက ကနဦး ဖော်ပြခဲ့ ပေမယ့် အတည်ပြုနိုင်တဲ့ သတင်းတစ်ပုဒ်အဖြစ် အများက မသတ်မှတ်ခဲ့ပါဘူး။ အင်န်အယ်လ်ဒီ ထိပ်ပိုင်း ခေါင်းဆောင် တစ်ချို့ကလည်း ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့မသိကြောင်း ပြောသလို၊ တစ်ချို့ မဟုတ်ဘူး လို့ ငြင်းဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အပါတ် ကြာသပတေးနေ့ မနက်ခင်း အာရ်အက်ဖ်အေနဲ့ ပုံမှန် တွေ့ဆုံ ခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီသတင်းကို တိုတိုတုတ်တုတ်နဲ့ အတည်ပြုပေးခဲ့ပါတယ်။ အခုသတင်းနဲ့ ပတ်သက်ပြီး ထူးခြားတာကတော့ အရင်တစ်ကြိမ်တုန်းကလို အင်န်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းက ငြင်းချက် ထုတ်တာမျိုး မကြားကြရပါဘူး။ ဒါ့အပြင် ဒီသတင်းထုတ်လွှင့်တာဟာ သတင်းကျင့်ဝတ်ကို အလွန် စောင့်ထိန်း တဲ့ ဘီဘီစီ သတင်းဌာန ဖြစ်နေတာ၊ ရှေ့ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ မြေးဖြစ်သူနဲ့ တွေ့ဆုံထားမှု ရှိနေတာ၊ လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တရားဝင် ရေးသား ချက်နဲ့ အခြား အချက်အလက်တွေကို ခြုံငုံ သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်မှူးကြီးဟောင်း ကို သွားတွေ့ခဲ့တယ်ဆိုတာ ယုံကြည်ရလောက်ပါတယ်။ ဘာအတွက် သွားပြီး တွေ့ဆုံရသလဲဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ကြရအောင်ပါ။

အားလုံးသိကြပြီ ဖြစ်တဲ့အတိုင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ အင်န် အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒါဟာ ပါတီကို မဲပေးတယ် ဆိုတာထက် ဒေါ်အောင်ဆန်းစု ကြည်ကို မဲပေးလိုက်တယ် ဆိုရင်တောင် ပိုပြီး မှန်နိုင်ပါတယ်။ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး နဂိုက တပ်မတော်နဲ့ အစိုးရဘက်က ဘယ်လို သဘောထားမလဲဆိုတာ စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်း သမ္မ တ ဦးသိန်းစိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ရဲ့ ပြောဆိုချက်တွေအရ ဖွဲ့စည်းပုံ အခြေခံဥပ ဒေနဲ့အညီ အာဏာ လွှဲပြောင်းပေးမယ်ဆိုတာ သေခြာသလောက် ရှိသွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ ပြဿနာကြီး တစ်ခုကတော့ ကျန်နေပါသေးတယ်။ အဲဒါကတော့ ဒေါ်အောင် ဆန်းစုကြည် သမ္မတ ဖြစ်ရေးပါ။ တစ်တိုင်းတစ်ပြည်လုံးက ပြည်သူတွေ တစ်ခဲနက် ထောက်ခံလိုက်တဲ့တိုင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံ့အကြီးအကဲ အထွဋ်အထိပ် ရာထူးဖြစ်တဲ့ သမ္မတ တာဝန်ထမ်းဆောင်ခွင့် မရဘူးဆိုတာဟာ အလွန်မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီကိစ္စ တိုင်းပြည်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတဲ့ စစ်ဗိုလ် ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေအတွက် နိုင်ငံတကာအလည်မှာ မျက်နှာပူစရာ ကောင်းတဲ့၊ အရှက်ရစေ မယ့် ကိစ္စကြီးတစ်ခုလည်း ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ တရားမျှ တမှု ရှိစွာနဲ့ သမ္မတဖြစ်ခွင့်ရရေး ကြိုးစားမယ် ဆိုတာကတော့ ယုံမှား သံသယရှိစရာ မလိုပါဘူး။

ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် အဓိကထား စကားပြောရမယ့်သူဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူတစ် ယောက်တည်းရဲ့ သဘောမဟုတ်ဘူး ဆိုတာမျိုး ဝါရှင်တန်ပို့စ် သတင်းစာကို အတိအလင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ဖွဲ့စည်းပုံထဲ ထည့်ခဲ့သူတွေဟာ အရင် စစ်ဗိုလ်ချုပ်(အခု အငြိမ်းစား)တွေ ဖြစ်ကြပါတယ်။ အဓိက ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေပါ။ ဒီအတွက် တပ်ချုပ်နဲ့ တွေ့ဆုံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီကိစ္စ မေးမြန်းဆွေးနွေးတာ လုပ်ကို လုပ်ပါလိမ့်မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နဂို သူ ထုတ်ဖော် ပြောဆိုပြီးသား သဘောထားကိုပဲ ထုတ်ဖော် ပြောဆိုပါလိမ့်မယ်။ ဒီအခြေအနေကနေ တဆင့် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေနဲ့ တွေ့ဆုံဖို့ ဆိုတာမျိုးအထိ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

အာဏာရှင်ဟောင်းကို တွေ့ဆုံတဲ့ နေရာဟာ နေပြည်တော် စစ်ဦးစီးချုပ်ရုံးလို့ ဆိုထားတဲ့အတွက် တပ်ချုပ်ရဲ့ သဘောတူညီချက်နဲ့ တွေ့ဆုံတာမျိုး ဖြစ်ဖို့ များပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အငြိမ်းစား ယူလိုက်ပြီ ဖြစ်ပေမယ့် လက်ရှိအချိန်ထိ နေပြည်တော် တပ်မတော် စစ်ဌာနချုပ် ဧရိယာထဲမှာပဲ နေထိုင်နေသူ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က သူ့ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ)ကိစ္စ ပြောမှာကတော့ အသေအခြာပါပဲ။ ဒါပေမယ့် နှစ်ဖက် ဘယ်အဆင့်လောက်အထိ ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့တယ် ဆိုတာကိုတော့ မသိနိုင်ပါဘူး။ တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က တပ်ချုပ်အပါအဝင် တပ်မတော်ခေါင်းဆောင်တွေနဲ့ အာဏာရှင်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေတို့ကို စည်းရုံး ပြောဆိုနိုင်ခဲ့မယ်ဆိုရင်ဖြင့် သိပ်မဝေးလှတော့တဲ့ အစိုးရသစ် အကူးအပြောင်း မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အကြီးအကဲ သမ္မတ တစ်ယောက်အနေနဲ့ မြင်တွေ့ကောင်း မြင်တွေ့ရနိုင်ပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

Mizzima

[youtube src="qzJlJsQqIsE"/]

အထက်မြန်မာပြည်က NLD ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဘာတွေပြောလိုက်ပါသလဲ အဖွဲ့ ချုပ်ကလူကြီးတွေနာမည်သုံးပြီး အလုပ်လျှောက်ရင် ဘယ်လို အရေးယူမှာလဲ ဒါနဲ့ ပတ်သက်လို့ ပခုက္ကူမြိုနယ် လွှတ်တော်ကိုယ်စားလှယ်မ ဇင်နီနီဝင်းက အခုလို ပြန်ပြောပြပါတယ်။
..................................
BBC Burmese

ယာဘက်ထောင့်ရှိ လက်မှတ်မှ
စပြောပါမည်။ ပုံမှန်ဆို သိပ်မကြီးလှ
သို့ပေမဲ့ အသတ်သည် ထိပ်သို့ပိုတက်ထား၏။
အတင်းနေရာယူတတ်သည့်သဘော။
သို့သော် …
အရောင်မှိန်နေသည်။
ကြာလေလေ မှိန်ဖျော့ပျောက်ကွယ်
သွားတော့မည့် နိမိတ်။

သူ့အောက်မှ လက်မှတ်ရှင်။
သေး၏။ အောက်ရောက်နေသည်။
မလွန်ဆန်နိုင်သည့်သဘော။
လက်မှတ်သည် အစိတ်ပိုင်းနှစ်ခုကွဲနေ၏
စိတ် တွေဝေတတ်သော လက္ခဏာ။

ဝဲဘက်မှ လက်မှတ်။
ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်
ထိုးထားခြင်းဖြစ်သော်လည်း
အရွယ်စားအကြီးဆုံးဖြစ်သည်။
ထို့ပြင်
အားပါသော ရေးချက်ကိုတွေ့ရသည်
စိတ်ခိုင်မာသည်။ အင်အားကြီးသည်။
အနာဂတ်အတွက်
လွှမ်းမိုးအားကောင်းလာတော့မည်။

(Thorn Nay Soe)

ဟို ချာတိတ်လေး စာရေးထားကို သံသယစိတ်နဲ့ ဖတ်ပါတယ်။
သူသက်သေပြတဲ့ သူ့ပိုက်ဆံက ရက်စွဲတွေကို စစ်ဆေးပါတယ်။

ရက်စွဲတွေဟာ လက်မှတ်ထိုးသူမရေးပဲ သူကိုယ်တိုင်ရေးထားတာပါ
မြန်မာပြည်မှာ ၅၀၀၀ တန် စထုတ်တဲ့ နေ့မှာပဲသူ့အဖိုးလက်မှတ်ကို
သူရတယ်လို့ယူဆလို့ ရတဲ့ အနေအထားပါ

ထူးခြားတဲ့ ရက်စွဲလေးတချို.တွေ့ပါတယ် ။
သူ့အဖိုးလက်မှတ်ရက်စွဲ 1-10-2009
ဦးသိန်းစိန်လက်မှတ်ရက်စွဲ 12-05-2012 နဲ.
ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရက်စွဲ 19-11-2015
ဖြစ်ပါတယ်။

သတင်းဓါတ်ပုံ-Aung Myo Naing.

 တရားဥပဒေ စိုးမိုးရေးက အဓိက လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဒီဇင်ဘာလ ၅ ရက်နေ့က NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဟာရွေးကောက်ပွဲမှာ အနိုင် ရရှိခဲ့တဲ့ အထက်မြန်မာပြည်က NLD ကိုယ်စားလှယ် တွေနဲ့ ပျဉ်းမနား မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

တွေ့ဆုံပွဲ အတွင်း ဒေါ်အောင်ဆန်းစုကြည်က ကိုယ်စားလှယ်တွေကို ပြည်သူ့ အကျိုးကို ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ကြောင်း ပခုက္ကူမြို့ လွှတ်တော် ကိုယ်စားလှယ် မဇင်နီနီဝင်းက ဘီဘီစီကို ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးကို နံပတ် ၁ နေရာက ထားပြီး လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကို နံပတ် ၂ အဖြစ် လုပ်ဆောင်မယ် လို့ ပြောကြား ခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ တဲ့ ကိုယ်စားလှယ်တွေက ပြောကြားပါတယ်။

တွေ့ဆုံပွဲ အစမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ နာယက သူရ ဦးတင်ဦးက ဆရာမွေး တပည့်မွေးတာတွေ မလုပ်ဖို့၊ ဆရာ တပည့်မွေးလို့ ဖဆပလ အဖွဲ့ကြီး ပြိုကွဲ ခဲ့ရတာ ဖြစ်တယ်လို့ ဥပမာပေး ပြောကြားခဲ့ ပါတယ်။

လွန်ခဲ့တဲ့ တစ်ပါတ်က ရန်ကုန် မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အောက်မြန်မာပြည်က NLD ကိုယ်စားလှယ် တွေနဲ့ တွေ့ဆုံပွဲ အတွင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က အမတ် လစာ လျော့ချရေး၊ လဘ်ပေးလဘ်ယူ မလုပ်ဖို့ နဲ့ ဥပဒေတွေကို လေ့လာကြဖို့ အတွက်ကိုလည်း တိုက်တွန်း ပြောကြားခဲ့ ပါတယ်။

BBC Burmese
http://www.bbc.com/burmese

နာမည် ပျက် စာရင်းထဲ ထည့်ထားသူ ပိုင်ဆိုင်တဲ့ ဆိပ်ကမ်းကို ဖြတ်ပြီး ကုန်သွယ် တဲ့ လုပ်ငန်း တွေ အပေါ် အမေရိကန် ဘဏ်တွေ ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ မှု တွေ မပြုလုပ် နိုင် ဖြစ်နေရ။

မြန်မာ နိုင်ငံ ကို ချမှတ်ထားဆဲ လက်ကျန် စီးပွားရေး ပိတ်ဆို့ ကန့်သတ် ထားမှုတွေ ကို ပြင်ဆင် ပြောင်းလဲဖို့ အမေရိကန် က ဆောင်ရွက် နေပါတယ်။

မြန်မာ နိုင်ငံ ရန်ကုန် မြို့ရဲ့ အဓိက ဆိပ်ကမ်း ကို ထိန်းချုပ် ထားတဲ့ သူဟာ အမေရိကန် အစိုးရ က နာမည် ပျက် စာရင်းထဲ ထည့်ထားတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ဖြစ်နေတဲ့ အတွက်၊ အမေရိကန် ဘဏ်တွေ အနေနဲ့ အဲဒီ့ ဆိပ်ကမ်းကို ဖြတ်ပြီး ကုန်သွယ် တဲ့ လုပ်ငန်း တွေ အပေါ် ဘဏ္ဍာရေး ဆိုင်ရာ ထောက်ပံ့ မှု တွေ မပြုလုပ် နိုင် ဖြစ်နေရတယ် ဆိုပြီး အမေရိကန် ဘဏ်တွေ က ပြောဆို လာခဲ့တဲ့ နောက်ပိုင်း အမေရိကန် အစိုးရ ဘက်က တုံ့ပြန် ဆောင်ရွက် လာတာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ ကျင်းပ ပြီးစီး ခဲ့တဲ့ ရွေးကောက်ပွဲ နောက်ပိုင်း အမေရိကန် အစိုးရ အနေနဲ့ ကလည်း မြန်မာ နိုင်ငံ နဲ့ကြား စီးပွားရေး ဆက်ဆံ မှု မြှင့်တင် လိုတဲ့ ဆန္ဒ ရှိနေ ပါတယ်။

ဒါ့ကြောင့် မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားဆဲ စီးပွားရေး အရ အရေးယူမှု မူဝါဒ ပြင်ဆင် ပြောင်းလဲ ရေး အပေါ် အတည်ပြု ပေးဖို့ ကွန်ဂရက်စ် လွှတ်တော် ထံ အမေရိကန် နိုင်ငံ ခြားရေးဌာန က တောင်းဆို နေပြီး လာမယ့် သီတင်းပတ် ထဲ စတင် သက်ဝင် လာနိုင်တယ် လို့ သတင်းတွေက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese

တူရကီတပ်တွေ ချီတက်။

အီရတ်နိုင်ငံထဲမှာ တူရကီတပ်တွေဝင်ရောက် တပ်ဖြန့်တာဟာ အချုပ်အခြာ အာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက် လိုက်တာပဲလို့ အီရတ်နိုင်ငံက ပြောပြီး Mosulမြို့နား ရောက်နေတဲ့ တူရကီတပ်တွေကို အမြန်ဆုံးရုတ်သိမ်းပေးဖို့ ဒီကနေ့ စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အီရတ်အစိုးရရဲ့ ခွင့်ပြုချက်မရဘဲ တူရကီတပ်ရင်းတခုနဲ့ အတူ တင့်ကားတွေ လက်နက်ကြီးတွေနဲ့ အီရတ်ပိုင်နက်ထဲကို ဝင်ရောက်လာခဲ့တယ်လို့ အီရတ်ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အတည်ပြုဖော်ပြထားပါတယ်။ ပုံမှန် စစ်ရေးလေ့ကျင့်မှုလုပ်ဖို့အတွက် သူ့ရဲ့တပ်တွေ Mosul Bashiqa ဒေသမှာရောက်နေ တယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

IS စစ်သွေးကြွတွေ ထိန်းချုပ်ထားတဲ့ Mosul မြို့ကနေ 30 ကီလိုမီတာလောက် အကွာ
အီရတ်နိုင်ငံထဲကို တူရကီတပ်တွေ ဝင်ရောက်ခဲ့တာပါ၊ ISစစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အဲဒီနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့အထူးတပ်ဖွဲ့တွေနေရာမှာ ပုံမှန်အတိုင်း တပ်သစ်နဲ့ တာဝန်လွှဲဖို့ ပြောင်းလဲ
တပ်ဖြန့်ချထားတာဖြစ်တယ်လို့ တူရကီသတင်းမီဒီယာတွေက ဖော်ပြပါတယ်။

တူရကီတပ်ရင်းတခုဟာ အီရတ်နိုင်ငံထဲက နယ်စပ်မှာ နေရာယူ တပ်စွဲထားတယ်လို့
အမေရိကန်တာဝန်ရှိသူတွေကလဲ သောကြာနေ့ နှောင်းပိုင်းက အတည်ပြုခဲ့ပါတယ်၊
တူရကီတပ်တွေက စစ်ရေးလေ့ကျင့်နေတာလို့ ပြောသလိုစစ်ရေးလေ့ကျင့်နေပုံရ တယ်လို့
အမည်မဖော်လိုတဲ့ တာဝန်ရှိသူတယောက်က VOA ကိုပြောကြားခဲ့ပါတယ်။

ခုလို တပ်ဖြန့်တဲ့ကိစ္စက IS စစ်သွေးကြွတွေကိုတိုက်ခိုက်ရေး ပူးပေါင်းတပ်တွေရဲ့ အားထုတ်မှုနဲ့ မသက်ဆိုင်ဘဲ တူရကီနဲ့ အီရတ် ၂ နိုင်ငံကြား သဘောတူမှုနဲ့ပဲ ဆိုင်တယ်လို့ အမေရိကန်က ပြောပါတယ်။ တူရကီကတော့ ခုလို သူ့ရဲ့တပ်တွေ အီရတ်နိုင်ငံထဲမှာ ဖြန့်ချဖို့အတွက် အမေရိကန်နဲ့ တခြား ပူးပေါင်းတပ်ဖွဲ့ဝင်နိုင်ငံတွေကို အသိပေးခဲ့တယ်လို့ တူရကီ တာဝန်ရှိသူတွေက ပြောနေပါတယ်၊

VOA Burmese
http://burmese.voanews.com

ပဲရစ်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်အဖွဲ့
  
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်မှုတွေကို ကျုးလွန်ခဲ့တဲ့ အကြမ်းဖက်ကွန်ယက်အဖွဲ့ဟာ ဗြိတိန်နိုင်ငံက လူတချို့နဲ့ ဆက်နွယ်မှုရှိလိမ့်မယ်လို့ သံသယရှိတဲ့အကြောင်း အနောက်နိုင်ငံ အစိုးရအရာရှိ ၂ ဦးက သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ အဓိက ကြိုးကိုင်သူလို့ စွပ်စွဲခံထားရတဲ့ IS အဖွဲ့က စစ်သွေးကြွ အပ်ဒဲ ဟာမစ် အဘာအု (Abdelhamid Abaaoud) နဲ့ ဗြိတိန်နိုင်ငံ ဘာမင်ဟန်အရပ်က လူတော်တော်များများဟာ အဆက်အသွယ် ရှိမယ်လို့ ယူဆရကြောင်း အရာရှိတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သောကြာနေ့က ထုတ်ပြန်တဲ့ Wall Street Journal မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေနဲ့ ဆက်နွယ်သူတွေထဲက အနည်းဆုံး ၁ ယောက်ဟာ ပစ်ခတ်မှုတွေ မလုပ်ခင်မှာ ဗြိတိန်ကို သွားရောက်ခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း Wall Street Journal ကို ပြောဆိုခဲ့ပါတယ်။ ဗြိတိန်နိုင်ငံက တန်ပြန်အကြမ်းဖက်မှု ကိစ္စတွေကို ကိုင်တွယ်ရတဲ့ လန်ဒန်ရဲတပ်ဖွဲ့ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် မပေးခဲ့ပါဘူး။

မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသား အဘာအု ဟာ ဒီနှစ်ဆန်ုးပိုင်းမှာ လန်ဒန်နဲ့ မြောက်ပိုင်း ကီလိုမီတာ ၁၉၀ လောက်က ဘာမင်ဟမ်အထိ သွားရောက် လည်ပတ်ခဲ့တယ်လို့ ယူဆထားပြီး မြို့နှစ်မြို့စလုံးမှာ လူတချို့နဲ့ တွေ့ဆုံပြီး ဗြိတိန်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဆောင်ရွက်ဖို့ ကူညီတာ၊ ဒါမှမဟုတ် စီစဉ်တာမျိုးတွေ ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့အကြောင်းကိုလည်း The Guardian သတင်းစာမှာ ဖော်ပြထားပါတယ်။

အဘာအုကတော့ - လူ ၁၃၀ အထိ သေဆုံးခဲ့ရတဲ့ ပဲရစ်မြို့က ဂီတဖျော်ဖြေပွဲ၊ စားသောက်ဆိုင်တဆိုင်နဲ့ အမျိုးသားအားကစားကွင်းတို့မှာ တိုက်ခိုက်မှုတွေအပြီး ရက်ပိုင်းအကြာ ပြင်သစ်ရဲတွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။

VOA Burmese
burmese.voanews.com

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်
အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ တွေ့ဆုံမှုဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားလာဖြစ်တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူ အမေရိကန် ပါမောက္ခ David Steinberg က ဆိုပါတယ်။ ဒါပေမယ့် တိုင်းရင်းသားပြည်နယ်တွေအတွက် နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအကျိုးအမြတ်ခွဲဝေရေး ကိစ္စဟာ တိုင်းပြည်ရှေ့ခရီးမှာ ကြီးမားတဲ့ စိန်ခေါ်မှုတရပ်ရှိနေသေးတယ်လို့လည်း သုံးသပ်ပါတယ်။ George Town တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ Steinberg ကို ဦးကျော်ဇံသာက မနေ့က တွေ့ဆုံမှုအပေါ် သူ့ရဲ့ အမြင် မေးတဲ့အခါ သူကအခုလိုစပြောပါတယ်။

ဖြေ။ ။ ဒါဟာ သိပ်ကောင်းတဲ့ အလားအလာတရပ်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အရေးကိစ္စ တော်တော် များများမှာ သြဇာလွှမ်းမိုးနေဆဲလို့ ကြားရပါတယ်။ အခုသူဟာ အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ သတင်းတွေအရ အဆင်ပြေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ နှစ်ဘက် ပူးပေါင်း ဆောင်ရွက်ရေး အတွက် သိပ်ကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။



မေး။ ။ ဒီတွေ့ဆုံမှုမှာ ဦးသန်းရွှေအနေနဲ့ သူ့လက်အောက်ကလူတွေကို - ကဲမင်းတို့ဆက်လုပ်ကြပေတာ့ ဆိုပြီး သဘောတူလမ်းဖွင့်ပေးလိုက်ပြီလို့ယူဆပါသလား။

ဖြေ။ ။ အဲဒီအတိုင်းပဲ ကျနော်လဲ အဓိပ္ပါယ်ဖွင့်ဆိုမှာပါ။ အောင်ဆန်းစုကြည်နဲ့ NLD ဟာ အရေးကြီးတဲ့ ကဏ္ဍက ပါရမယ်ဆိုတာကို သူသဘောတူလိုက်တဲ့ သဘောဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချက်ခြင်း ပြုပြင်နိုင်ပြီ ဆိုတဲ့ သဘောတော့ မဖြစ်နိုင်ပါဘူး။ အောက်ခြေကစ အထက်ပိုင်းထိ နှစ်ဘက် ပူးပေါင်း ဆောင်ရွက် နိုင်ကြပြီဆိုတဲ့ သဘောပါ။ သိပ်ကောင်းပါတယ်။



မေး။ ။ ဖွဲ့စည်းပုံ ပြုပြင် ပြောင်းလဲရေး အပြင် တခြား အဓိကကျတဲ့ အတားအဆီးတွေ အခက်အခဲတွေကော ဘာတွေလဲခင်ဗျား။

ဖြေ။ ။ NLD ရဲ့ မူထဲမှာ ပါဝင်တဲ့ အချက်တခုလဲဖြစ် သမ္မတ ဦးသိန်းစိန်ကလည်း ပြောထားတဲ့ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ကိစ္စပါ။ ဘယ်လိုပုံစံလဲဆိုတာ ဘယ်သူမှ အတိအကျ မဖွင့်ဆိုသေးပါဘူး။ ဒါဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး သိပ်အရေးကြီး ပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဖို့ မဖြစ်နိုင်တောင်မှ ဒေသန္တရနဲ့ ပြည်နယ်အစိုးရတွေကို နိုင်ငံရေး အာဏာတချို့နဲ့ စီးပွားရေးအကျိုး စီးပွားခွဲဝေပေးဖို့ ကိစ္စကိုတော့ တနည်းနည်းနဲ့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။



မေး။ ။ ဒီလိုတွေ့ဆုံ သဘောတူညီမှုမျိုး ၁၉၉၀ ပြည့်တုန်းက ဘာကြောင့် မဖြစ်နိုင်ခဲ့တာလဲ ခင်ဗျား။ အဲဒီတုန်းကလည်း NLD ဒီလိုပဲ အနိုင်ရခဲ့တာပဲ မဟုတ်လား။

ဖြေ။ ။ အဲဒီတုန်းက ၁၉၉၀ ပြည့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အငြင်းပွားနေခဲ့ကြပါတယ်။ NLD၊ မြန်မာပြည်သူတွေနဲ့ အမေရိကန် ပြည်စုအပါအ၀င် အားလုံးက အဲဒီရွေးကောက်ပွဲဟာ အာဏာလွှဲပေးဖို့ ကျင်းပတာလား၊ ဖွဲ့စည်းပုံတရပ် ရေးဆွဲဖို့ ကျင်းပတာလား ဆိုတာ အငြင်းပွား နေခဲ့ပါတယ်။

ကျနော် ထင်တာကတော့ ၁၉၈၈ ဖြစ်ရပ်အပြီး အစိုးရဟာ ကတုံကယင်ဖြစ်နေဆဲပါ။ သိပ်ထိန်းချုပ် နိုင်ခြင်း မရှိသေးပါဘူး။ အခုတော့ တိုင်းပြည် ဖွံ့ဖြိုးတာ စတွေ့လာရပြီ၊ ပြုပြင်ရေးတွေ အသက်ဝင်လာပြီ၊ ဆိုတော့ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ပိုပြောလာ ဆိုလာနိုင်ပြီ၊ စစ်တပ်ကိုလဲ သူတို့ကိုယ်တိုင်ပဲ လွတ်လွတ် လပ်လပ် ထိန်းချုပ်ခွင့် ရှိနေဆဲဖြစ်တယ်။ ဒါ့ကြောင့် သူတို့အဖို့ ပိုလုံခြုံမှုရှိတယ်လို့ ခံစားလာရတဲ့ အတွက် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဖို့ လက်ခံ လာတယ်လို့ ထင်ပါတယ်။



မေး။ ။ သူတို့ ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ၊ ဖြစ်ရပ်တွေ အတွက်ကော ခင်ဗျား၊ အောင်ဆန်းစုကြည်က ခွင့်လွှတ်တောင်မှ နှစ်နာခဲ့ရတဲ့ လူထုတွေက ဒီကိစ္စကို ပြန်ဖော်ရင် သူတို့အတွက် လုံခြုံမှုရှိပါ့မလား။

ဖြေ။ ။လုံခြုံပါတယ်။ ဖွဲ့စည်းပုံထဲမှာ ဒါတွေကို သတိကြီးစွာ ထည့်သွင်း ကာကွယ် ထားပါတယ်။ တာဝန်အရ ထမ်းဆောင် လုပ်ဆောင် ခဲ့တာတွေအတွက် အရေးမယူဖို့ ထည့်သွင်းထားပါတယ်။ ဒီဖွဲ့စည်းပုံ တည်မြဲသမျှ သူတို့ လုံခြုံပါတယ်။ စစ်တပ်ကလဲ ဒါဆက်လက် တည်မြဲအောင် လုပ်သွားမှာပါပဲ။



မေး။ ။ ဒီတွေ့ဆုံမှုနဲ့အတူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍဟာ ဆုံးခန်းတိုင်သွားပြီလို့ ယူဆနိုင်ပါမလား။ အောင်ဆန်းစုကြည်နဲ့ ကော ဆက်လက်တွေ့ဆုံသွားဖို့ ရှိလိမ့်အုံးမယ် ထင်ပါသလား။

ဖြေ။ ။ ဦးသန်းရွှေ ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေး ကောင်းနေသမျှတော့ သူဟာ အရေးပါနေအုံးမယ်လို့ ထင်ပါတယ်။ ရှေ့ဆက်သွားတဲ့ ကိစ္စတွေအပေါ် လွှမ်းခြုံပြီး သူက သဘောတူထားသမျှ အောင်ဆန်းစုကြည်နဲ့ သူထပ်တွေ့မတွေ့ ဆိုတာ သိပ်အရေးမကြီးတော့ဘူး ထင်ပါတယ်။ ကျနော်မသေချာတာ တခုက သူ့အနေနဲ့ ကျန်စစ်ဘက် အကြီးအကဲတွေ အပေါ် ဘယ်လောက် သြဇာလွှမ်းမိုးနေသေးသလဲ ဆိုတာပဲဖြစ်ပါတယ်။
VOA
http://burmese.voanews.com/content/suu-kyi-met-than-shwe/3090458.html


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ မြေးဖြစ်သူ ထုတ်ပြန်ချက်တွင် ပါရှိတဲ့ ငွေစက္ကူ ဓာတ်ပုံ- သတင်းဓာတ်ပုံ နေရွှေသွေးအောင် FB။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ မြေးဖြစ်သူ ထုတ်ပြန်ချက်တွင် ပါရှိတဲ့ ငွေစက္ကူ ဓာတ်ပုံ- သတင်းဓာတ်ပုံ နေရွှေသွေးအောင် FB။

မြန်မာစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေနဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့
ဒီဇင်ဘာ ၄ ရက် သောကြာနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုနဲ့ပါတ်သက်လို့
ဦးသန်းရွှေရဲ့မြေး ကိုနေရွှေသွေးအောင်က ၂ ဖက် ခွင့်ပြုချက်နဲ့
သတင်း ထုတ်ပြန်တယ်လို့ ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ
ဖော်ပြထားပါတယ်။

သူ့ရေးသားထားချက်အရ ဆိုရင် ဒီလိုတွေ့ဆုံဖို့ ဒေါ်အောင်ဆန်း စုကြည် ဘက် က ကမ်းလှမ်းခဲ့ပုံ ရပါတယ်၊ တိုင်းပြည်အကျိုး ထိခိုက် ဆုတ်ယုတ်စေနိုင် တဲ့ အငြိုးအတေး နဲ့ အာဃာတ လုံးဝမရှိပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့တယ်လို့ ဆိုထားပါတယ်။

အနာဂါတ်မြန်မာနိုင်ငံ အောင်အောင်မြင်မြင် တည်ထောင်နိုင်ရေး နဲ့ တပ်မတော် အပါအဝင် အဖွဲ့အစည်းအားလုံး နဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်နိုင်ဖို့
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်လို့
ဒေါ်အောင်ဆန်းစုကြည် က ကမ်းလှမ်းခဲ့တယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖက်ကတော့ မြန်မာနိုင်ငံရဲ့ နာဂတ်ခေါင်းဆောင်ဟာ
ဒေါ်အောင်ဆန်းစုကြည် ဖြစ်လာမယ်ဆိုတာ အားလုံးလက်ခံရမည့် အမှန်တရားဖြစ် တယ်လို့ တုံ့ပြန်တယ်လို့ ရေးထားပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက် သွားမယ် ဆိုရင် သူ့ဖက်က အစွမ်းကုန် ပံ့ပိုးကူညီသွားမယ် လို့ ဦးသန်းရွှေက တွေ့ဆုံပွဲ မှာ ပြောကြားခဲ့တဲ့ အကြောင်းကို ၂ ဖက်ခွင့်ပြုချက်အရဆိုပြီး
ကိုနေရွှေသွေးအောင် ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့အဖိုးဖြစ်သူဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်အောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး အနားယူစဉ် အချိန်ကစလို့ အချိန်အထိ နိုင်ငံရေး အုပ်ချုပ်မှုများတွင် လုံးဝ ပါဝင်ပတ်သက်မှု မရှိဘူးလို့လဲ အာမခံ ထားပါတယ်၊ ခုလို
ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့
တွေ့ဆုံပွဲဖြစ် မလာခင် နိုဝင်ဘာလ ၁၉ ရက်နေ့တုန်းက ကိုနေရွှေသွေးအောင်ဟာ
ဒေါ်အောင်ဆန်းစုကြည်ကို အရင်သွားရောက် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/grand-son-of-than-shwe-posted-on-facebook/3090281.html

"တိုင်းပြည်အကျိုးကိုထိခိုက်ဆုတ်ယုတ်စေနိုင်သည့် အငြိုးအတေးနှင့်အာဃာတတရားများ မိမိတွင်လုံးဝမရှိ။ အနာဂတ်မြန်မာနိုင်ငံတော်အောင်မြင်စွာတည်ထောင်နိုင်ရေးနှင့် တပ်မတော်အပါအဝင်အဖွဲ့အစည်းအားလုံးနှင့် လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံဆွေးနွေးလို"

- ဒေါ်အောင်ဆန်းစုကြည်

"ရွေးကောက်ပွဲတွင်တရားဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာပြည်၏အနာဂတ်ခေါင်းဆောင်သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ်လာမည်မှာ အားလုံးလက်ခံရမည့်အမှန်တရားပင်ဖြစ်။ သူမအနေဖြင့်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့်တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုးကူညီမည်"

- ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)

* ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၄-၁၂-၂၀၁၅ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏နေအိမ်၌ နှစ်နာ
ရီခွဲခန့်ကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်ဘက်ခေါင်းဆောင်များ၏ခွင့်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပါသည်။

--------------------------------------------------

ချစ်ခင်လေးစားရပါသော မြန်မာနိုင်ငံတစ်ဝန်းမှီတင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားညီအကိုမောင်နှမများခင်ဗျာ..

ကျွန်တော်တို့၏အမိမြန်မာပြည်သမိုင်းကို ပြန်လည်လေ့လာကြည့်မည်ဆိုလျှင် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရရှိပြီးချိန်တွင် တိုင်းပြည်၏စီးပွားရေး၊လူမှုရေး၊ပညာရေးအခြေအနေသည် အရှေ့တောင်အာရှတွင်အကောင်းဆုံးအနေအထားတွင်ရှိခဲ့ပြီး ဒီမိုကရေစီအနှစ်သာရအပြည့်အဝရရှိသော အုပ်ချုပ်ရေးစနစ်ကိုလည်း လိုက်နာကျင့်သုံးခဲ့သည်ကိုတွေ့ရမည်ဖြစ်ပါသည်။

သို့သော်နယ်ချဲ့များ၏သွေးခွဲအုပ်ချုပ်ခဲ့မှုနှင့် အကြောင်းအမျိုးမျိုးသောပယောဂများကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုတစ်စတစ်စပျက်စီးယိုယွင်းလာပြီး တိုင်းပြည်ပြိုကွဲပျက်သုန်းမည့်အန္တရာယ်ကျရောက်လာသောအခါ ၁၉၆၂ ခုနှစ်တွင်ပါလီမန်ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်မှ တော်လှန်ရေးကောင်စီဦးဆောင်သော အစိုးရယန္တရားဖြင့်အစားထိုးအုပ်ချုပ်ခဲ့ရသည်ကိုအားလုံးအသိပင်ဖြစ်ပါသည်။

မူလအစကတော်လှန်ရေးကောင်စီကို အမေရိကန်ကဲ့သို့သော ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်လေးစားစွာဆက်ဆံခဲ့ကြသော်လည်း ခေတ်နှင့်မလျော်ညီတော့သောစီးပွားရေးစနစ်များကိုအချိန်မီပြောင်းလည်းပြုပြင်နိုင်ခြင်းမရှိခဲ့၍ ပြည်သူလူထု၏အပြင်းအထန်ဆန့်ကျင်တော်လှန်ခြင်းကိုခံခဲ့ရပြီး ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှအုပ်ချုပ်ရေးအာဏာကိုတစ်ဖန်လွှဲပြောင်းရယူခဲ့ပြန်ပါသည်။

၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေရာအနှံ့အပြားတွင် အနိုင်ရခဲ့ပြီးနောက် တပ်မတော်နှင့်အနိုင်ရပါတီခေါင်းဆောင်များကြား ယုံကြည်မှုမတည်ဆောက်နိုင်ခဲ့၍ တပ်မတော်ဘက်ကလည်း ပြည်သူလူထုအမြင်စောင်းမှုခံရ၊ အနိုင်ရပါတီဝင်များလည်းအရေးယူခံခဲ့ရပြီး တိုင်းပြည်သည်လည်းနိုင်ငံတကာပိတ်ဆို့မှုများနှင့် ကြုံကြိုက်ခဲ့ရကာ နှစ်ပေါင်းအစိတ်ခန့်ထပ်မံ၍ တိုင်းပြည်အနေဖြင့်ထိခိုက်နစ်နာခဲ့ရပြန်ပါသည်။

၂၀၁၅ ခုနှစ်တွင်ကျင်းပပြီးစီးပြီဖြစ်သော ရွေးကောက်ပွဲကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင် အစိုးရဖွဲ့နိုင်သောအနေအထားအထိထပ်မံအနိုင်ရခဲ့ပြန်ပါသည်။ ဒီတစ်ကြိမ်တွင်နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် မသင့်မမြတ်ဖြစ်နေခြင်းထက်မာန်မာနများဖယ်ရှားပြီး တွေ့ဆုံတိုင်ပင်ဆွေးနွေးခြင်းကသာ တိုင်းပြည်အတွက်အမှန်တကယ်အကျိုးရှိစေမည်ကို နှစ်ပေါင်းများစွာရရှိခဲ့သောသင်ခန်းစာများနှင့်ယှဉ်ကာ
ကောင်းစွာနားလည်သဘောပေါက်ခဲ့သလို လက်တွေ့တွင်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်အမှန်တကယ်အသုံးချ အကျိုးရှိစေခဲ့ပြီဖြစ်ပါသည်။

ဒီနေရာတွင် ကျွန်တော့်အဖိုးဦးသန်းရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ကျွန်တော့်၏အမြင်ကိုပွင့်ပွင့်လင်းလင်းချပြဆွေးနွေးလိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုအများစုချစ်ခင်လေးစားသောခေါင်းဆောင်တစ်ဦးဖြစ်၍ သူ၏သြဇာအာဏာသက်ရောက်မှုသည် ပြည်သူလူထုအပေါ်အမြဲပင်လွှမ်းမိုးသက်ရောက်မှုရှိမည်ဖြစ်သကဲ့သို့ အဖိုးသည်လည်းပဲနှစ်ပေါင်းနှစ်ဆယ်ခန့် တိုင်းပြည်အုပ်ချုပ်လာသော တပ်မတော်ခေါင်းဆောင်ဖြစ်၍ လက်ရှိအစိုးရခေါင်းဆောင်များသည်လည်း သူ့အပေါ်ဂါရဝတရားနှင့်လေးစားမှုကတော့ အမြဲပင်ရှိနေမည်ဖြစ်ပါသည်။ သူ့အနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက တိုင်းပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် ငြိမ်းချမ်းသိမ်မွေ့စွာတွန်းတင်ပို့ဆောင်ပေးခဲ့ပြီဖြစ်သလို အနားယူစဉ်အချိန်ကတည်းကလည်းယခုအချိန်အထိ နိုင်ငံရေးအုပ်ချုပ်မှုများတွင် လုံးဝပါဝင်ပတ်သက်ခြင်းမရှိသည်ကိုလည်း ကျွန်တော့်အနေဖြင့်အခိုင်အမာပြောနိုင်သကဲ့သို့ နီးစပ်ရာအစိုးရလူကြီးများကိုလည်း စုံစမ်းမေးမြန်းနိုင်ပါသည်။ ထို့အပြင် သူတိုင်းပြည်အုပ်ချုပ်စဉ်အချိန်က တပ်မတော်ခေါင်းဆောင်များအပေါ် လူအထင်လွဲစေရန် ထုတ်လွှင့်ခဲ့သောကောလဟလသတင်းများသည်လည်း ဟုတ်မှန်ခြင်းမရှိကြောင်း အောက်ပါလင့်တွင်ထပ်မံဖြည့်စွက်တင်ပြထားပါသည်။ https://www.facebook.com/photo.php?fbid=1055580051125801&set=a.1041188642564942.1073741835.100000214478693&type=3&theater

ပြည်သူလူထုထောက်ခံမှုရသောခေါင်းဆောင်နှင့် လက်ရှိအစိုးရခေါင်းဆောင်များ၏ ဆရာသမားကဲ့သို့ဖြစ်နေသူတို့၏ တွေ့ဆုံမှုသည်အမှန်တကယ်ပင်အရေးကြီးကြောင်း လူတိုင်းသိပါသည်။ ကံကောင်းခဲ့လှသောကျွန်တော့်အနေဖြင့်နှစ်ရက်အတွင်း ထိပ်သီးခေါင်းဆောင်နှစ်ဦးနှင့်တွေ့ဆုံမှုကို စာဖတ်သူများဗဟုသုတရရှိစေနိုင်ရန်အလို့ငှာ အကျဉ်းချုံးတင်ပြလိုပါသည်။

ထိုနေ့က နိုဝင်ဘာ ၁၉ ရက်နေ့ဖြစ်ပါသည်။ ၁၈ ရက်နေ့ညကကျွန်တော်မနက် ၄ နာရီမှအိပ်ပျော်ခဲ့ပါသည်။ နောက်တစ်နေ့တွင် တစ်ကမ္ဘာလုံး၏ထောက်ခံအားပေးမှုကိုရရှိပြီး ရွေးကောက်ပွဲတွင်လည်းအနိုင်ရရှိထားသည့်ပါတီခေါင်းဆောင်နှင့်တွေ့သည့်အခါ မည်သည့်စကားကိုစပြောရမည်လည်းကို အဖန်ဖန်ပြန်လည်စဉ်းစားနေသောကြောင့်ဖြစ်ပါသည်။ နေပြည်တော်လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်မှသူမနေအိမ်သွားနေသောလမ်းတစ်လျောက်သည် ကျွန်တော့်အတွက်တော့ဘဝတွင်ရင်အခုန်ဆုံးအချိန်တွေထဲကတစ်ခုဆိုတာ စာဖတ်သူများလည်းမှန်းဆနိုင်ပါသည်။ ကောင်းမွန်စွာလက်ခံတွေ့ဆုံမည်ကိုသိသော်လည်း ဘယ်သူ့ကိုမှမတိုင်ပင်ဘဲ မိမိတစ်ယောက်တည်းဆုံးဖြတ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းကြောင့် အန်တီနှင့်တွေ့လျှင်စကားပြောအဆင်ချောပါ့မလားဟူသောအတွေးသည် ကျွန်တော့်အားများစွာပင်ပူပန်စေခဲ့ပါသည်။ ကားပေါ်တွင်စီးနင်းလာရသောလမ်းတစ်လျောက်သည်လည်း အိမ်မက်လိုလိုတကယ်လိုလိုဖြင့် စိတ်လှုပ်ရှားစွာလိုက်ပါခဲ့ရပါသည်။ ဒီလိုနှင့်အန်တီ့အိမ်ရောက်ခဲ့ပါသည်။ ငါးယောက်ခန့်ရှိသောလူများအနက် အဆိုတော်လင်းလင်းနှင့် အန်တီ့ဘေးနားအမြဲပါနေသော ပေါင်ချိန်အသေးစားကဲ့သို့သောဦးကြီးကိုမှတ်မိလိုက်ပါသည်။ အန်တီကဧည့်ခန်းတွင်ရှိနေပါသည်။ အိမ်ရှေ့တံခါးဖွင့်ပြီးရုတ်တရက်သူမကိုတွေ့လိုက်ရသောအခါ ကျွန်တော်တစ်ကိုယ်လုံးရှိန်းတိန်းဖိန်းတိန်းဖြစ်ပြီး ထူပူသွားပါသည်။ "တွေ့ရတာဝမ်းသာပါတယ်အန်တီခင်ဗျာ... သားဖိုးလပြည့်ပါ" ဟုအန်တီ၏မျက်နှာကိုသေချာကြည့်ပြောကာ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။ အန်တီကလည်းတွေ့ရတာဝမ်းသာကြောင်းပြန်ပြောကာ ကျွန်တော့်ကိုထမင်းစားစားပွဲတွင်မျက်နှာချင်းဆိုင်ထိုင်စေပြီး အခြားလူများမရှိစေဘဲစကားဝိုင်းစတင်ခဲ့ပါသည်။ ထူပူစိတ်လှုပ်ရှားနေသောကျွန်တော့်၏ ပထမ ၁၀ မိနစ်ခန့်ကစကားများသည် 'တွေ့ရတာဝမ်းသာကြောင်း' များဖြင့်သာဖန်တရာထပ်နေပြီး ဒါကိုရိပ်မိသောအန်တီကလည်း ကျွန်တော့်ကိုဖိအားလျော့သွားစေရန် ရင်းနှီးပွင့်လင်းစွာဆက်ဆံပြောဆိုပေးခဲ့ပါသည်။

အန်တီနှင့်တစ်နာရီခွဲခန့်တွေ့ဆုံခဲ့ပြီး ထင်တာထက်အများကြီးအဆင်ပြေခဲ့၍ ကြည်နူးစွာပင်အိမ်ပြန်ခဲ့ပါသည်။ နောက်တစ်နေ့နေ့လည်တွင် အဖိုးကိုလည်း အန်တီ၏သဘောထားများကိုလည်းတင်ပြခဲ့ပြီးနောက်လူကြီးက 'တိုင်းပြည်အတွက်သားရွှေအိုးထမ်းကိန်းကြုံလေပြီ' ဟုပြောကြားခဲ့လေရာ ကျွန်တော်လည်းခေါင်းဆောင်နှစ်ဦး အဆင်ပြေတော့မည်ဟု အလွန်ပင်တွေးတောဝမ်းမြောက်ပြီးထိုနေရာတွင်ပင် အဖိုးကိုဦးသုံးကြိမ်ချရှိခိုးကန်တော့ခဲ့ပါသည်။

ဤစာ၌ပထမတစ်ချက်အနေဖြင့် အန်တီနှင့်ကျွန်တော်ပြောခဲ့သော အကြောင်းအရာများအနက် 'ထောက်ခံအားပေးသူနှင့် နောက်လိုက်များ' (Supporters & Followers) အကြောင်းထပ်မံတင်ပြလိုပါသည်။

အားလုံးသိကြသည့်အတိုင်း ပြီးခဲ့သည့်ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း အနီအစိမ်းထောက်ခံသူများအချင်းချင်း အကြီးအကျယ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြပါသည်။ ရင်းနှီးသူများလည်းစိတ်ဝမ်းကွဲရ၊ မိတ်ဆွေများလည်းအယုံကြည်ပျက်ရဖြင့် ဘာကောင်းကျိုးမှမရှိသောရလဒ်များဖြင့် ပြည်သူပြည်သားအချင်းချင်းစိတ်ဝမ်းကွဲမုန်းတီးမများဖြင့်သာအဖတ်တင်ခဲ့ရပါသည်။ ဒီကိစ္စသည် မြန်မာပြည်တွင်ဖြစ်ခဲ့သော ပဋိပက္ခပေါင်းများစွာများထဲမှသာဓကတစ်ခုသာဖြစ်ပါသည်။ တိုင်းပြည်တစ်ခုတည်ထောင်ရာတွင် ခေါင်းဆောင်ချည်းဦးဆောင်နေ၍မရပါ။ တိုင်းပြည်ဦးဆောင်သူများဘယ်လောက်ကောင်းသည်ဖြစ်စေ ပြည်သူများကမညီမညွတ်စိတ်ဝမ်းကွဲပြီး အချင်းချင်းတိုက်ခိုက်နေပါက ဘယ်လိုမှရှေ့သို့သွားနိုင်မည်မဟုတ်ဘဲ ဟင်္သာကိုးသောင်းဇာတ်ပျက်သည့်အဖြစ်အပျက်မျိုးနှင့်သာကြုံတွေ့နိုင်သည်ကို သတိမူရမည်ဖြစ်ပါသည်။ ဒါကြောင့်ယခုကဲ့သို့နှစ်ဘက်ခေါင်းဆောင်များက တိုင်းသူပြည်သားများ၏နောင်အနာဂတ်အကျိုးစီးပွားအတွက် စံပြအတုယူဖွယ်ရာပြန်လည်စည်းလုံးချစ်ကြည်နေစဉ်တွင် ကျွန်တော်တို့နောက်လိုက်များအားလုံးက မရှိခဲ့သောအငြိုးအတေးများကိုဖယ်ရှား သွေးထိုးခဲ့သောကောလဟလများကိုနားမယောင်ဘဲ ခေါင်းဆောင်များ၏ဦးဆောင်မှုနောက်သို့ ချစ်ကြည်စည်းလုံးစွာလိုက်ပါရန်လိုအပ်ပါကြောင်း ဤနေရာမှနေ၍ပြည်သူများအားလုံးသို့ရိုကျိုးစွာတိုက်တွန်းပြောကြားလိုပါသည်။

ဒုတိယတစ်ချက်က သတင်းမီဒီယာများ၏အခန်းကဏ္ဍဖြစ်ပါသည်။မီဒီယာများသည်ပြည်သူလူထု၏ အတွေးအခေါ်ကိုတိုးတက်ပြောင်းလဲပေးနိုင်စွမ်းရှိသည့်အလျောက် ယခုကဲ့သို့နှစ်ဘက်လူကြီးများပြန်လည်ပေါင်းစည်းသင့်မြတ်နေချိန်တွင် ကျွန်တော့်ထံလာရောက်ဆက်သွယ်ကြသည့် ပြည်တွင်းပြည်ပမီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, China Xinhua, Reuters, 7 Days, Mizzima, The Voice, Popular, Messenger, သံတော်ဆင့်, ပြည်မြန်မာ အပါအဝင်မီဒီယာအားလုံးကိုလည်း အပြုသဘောဆောင်သည့်သတင်းများရေးခြင်းဖြင့် အမျိုးသားရင်ကြားစေ့ရေးကို တစ်တပ်တစ်အားကူညီဆောင်ရွက်ပါရန် ခင်မင်စွာမေတ္တာရပ်ခံအပ်ပါသည်။ လူကြီးနှစ်ယောက်တွေ့ဆုံမှုကို မှတ်တမ်းတင်ဓာတ်ပုံရိုက်လိုသော်လည်း အခွင့်အရေးမရခဲ့၍ ခေါင်းဆောင်သုံးဦးအမှတ်တရလက်မှတ်ထိုးထားသော ငွေစက္ကူလေးကိုအမှတ်တရဖော်ပြလိုက်ပါသည်။ ထိုငွေစက္ကူလေး၏ထူးခြားချက်မှာ လက်မှတ်ထိုးထားသောလူကြီးများအားလုံးသည် တိုင်းပြည်ခေါင်းဆောင်နေရာတွင်ရောက်ရှိနေချိန် (သို့) အကြီးအကဲဖြစ်တော့မည့်အချိန်တွင်သာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါသည်။

မိသားစုတစ်စုတွင်ဖခင်သဖွယ်ကဲ့သို့သောနိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်ကိုယူရသည့်တပ်မတော်ခေါင်းဆောင်နှင့် မိခင်ကဲ့သို့သောပြည်သူကိုပြုစုပျိုးထောင်ရမည့် လူထုခေါင်းဆောင်တို့က မိမိတို့သည်တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်အူတုံတည်းဆင်းသည့်သားချင်းများဖြစ်သည်ကိုမေ့လျော့ကာ အချင်းချင်းအပြင်းအထန်ရန်လိုတိုက်ခိုက်ခဲ့ကြသည့်အတွက် သားသမီးများသဖွယ်ဖြစ်သော တိုင်းသူပြည်သားများမှာ ညှိုးငယ်သောမျက်နှာ၊သိမ်ငယ်သောစိတ်ထားတို့ဖြင့် ဝမ်းနည်းကြေကွဲစွာနှစ်ပေါင်းများစွာနေလာခဲ့ရပါသည်။ အမျိုးများသဖွယ်ဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ကလည်းညီညွတ်မှုမရှိခဲ့ကြသည့်အပြင် အိမ်နီးချင်းသဖွယ်ဖြစ်သော ပတ်ဝန်းကျင်နိုင်ငံများကလည်း အချောင်ရဖို့လောက်သာစောင့်ကြည့်နေပြီး ရပ်ကွက်လူကြီးများသဖွယ်ဖြစ်သော အနောက်နိုင်ငံများကလည်း ဖိအားပေးဖို့လောက်သာချောင်းနေသည့်အတွက် မိဘသဖွယ်ပုဂ္ဂိုလ်များမညီမညွတ်ထပ်ဖြစ်နေပါက မြန်မာနိုင်ငံဟူသောမိသားစုကြီးသည် ဆင်းရဲတွင်းနက်သထက်နက်ဖို့သာရှိပါတော့သည်။ ဒီအခြေအနေဆိုးရောက်မလာအောင် ကာကွယ်ရန်ပြည်သူများအားလုံးကတာဝန်ယူဆောင်ရွက်ရမည့်အပြင် နှစ်ပေါင်းများစွာတစ်မျိုးပြီးတစ်မျိုးဆိုးလာသော တိုင်းပြည်ကံဇာတာသည်လည်း အကောင်းဘက်သို့ဦးတည်လာပြီဖြစ်သည်။

စာဖတ်ပရိသတ်အပေါင်းတို့... ယခုအခါတိုင်းပြည်အကြီးအကဲများသည်နိုင်ငံသူနိုင်ငံသားတို့၏ရေရှည်အကျိုးစီးပွားကိုရှေးရှုလျက် မာန်မာနများဘေးချ၍ ရင်းရင်းနှီးနှီးတိုင်ပင်ဆွေးနွေးကာ ကောင်းရာကောင်းကျိုးသယ်ပိုးထမ်းရွက်ခဲ့သည်ကို အားလုံးမျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပါသည်။ ထိုခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ပါးကြည်နူးချမ်းမြေ့စွာဖြင့် တိုင်းပြည်အကျိုးတာဝန်များ ဆထက်တိုး၍ဆက်လက်ထမ်းဆောင်နိုင်ရေးအတွက်ကျွန်တော်တို့တိုင်းသူပြည်သားများကလည်း စည်းစည်းလုံးလုံးချစ်ချစ်ခင်ခင်ပူးပေါင်းကြိုးစားကြပါလျှင် ကျွန်တော်တို့အားလုံမျှော်လင့်နေရသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးသည် မဝေးကွာလှသောလက်တစ်ကမ်းအလိုတွင်ပင်ရောက်ရှိနေပါပြီဟုတိုက်တွန်းပြောကြားရင်း ကျွန်တော်၏စာကိုလည်းဤနေရာတွင်ပင် အဆုံးသတ်နိဂုံးချုပ်အပ်ပါသည်။

Nay Shwe Thway Aung


အငြိမ်းစားဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့  ဒေါ်အောင်ဆန်းစုကြည်
အငြိမ်းစားဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံခဲ့တယ်လို့ NLD ပါတီက ဗွီအိုအေကို အတည်ပြုပါတယ်။ NLD ဘက်ကတော့ အခုအချိန်ဟာ အကဲဆတ်တဲ့ အသွင်ကူးပြောင်းရေး အခြေအနေဖြစ်တာမို့၊ သူတို့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုနေရပါတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကို စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ယခင် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေတို့ တွေ့ဆုံ တယ် ဆိုတဲ့ သတင်းအပေါ်မှာ NLD ဘက်က အတည်ပြု လိုက်ပါပြီ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ နေလည်ပိုင်းက တွေ့ဆုံခဲ့ကြတယ်လို့ NLD ပြောခွင့်ရသူ ဦးဝင်းမြင့်က ဗွီအိုအေကို အတည်ပြုပါတယ်။

" ကျနော်တို့လည်း ဒါကတော့ တွေ့တာတော့ အတည်ပြုလို့ရတယ်ဗျ။ "

မေး။ ။ တခြား ထူးထူးခြားခြားဆွေးနွေးတာ ဘာများရှိတယ်လို့ သိရပါလဲခင်ဗျ။

"အဲ့တာတော့ ကျနော်တို့က တွေ့တဲ့အထဲ ပါမသွားတော့ မသိဘူး။ တွေ့တာတော့ အတည်ပြုလို့ရတယ်။"

နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူတဦးဖြစ်တဲ့ ဦးဝင်းထိန်ကတော့ သူတို့အနေနဲ့ တိုင်းပြည်အကျိုး အတွက် တွေ့ဆုံသင့်သူတွေ နဲ့ တွေ့ဆုံ သွားမှာဖြစ်ပေမယ့်၊ တစုံတရာ အသေးစိတ်ပြောဖို့ ငြင်းခဲ့ပါတယ်။

" အန်ကယ်လ်တို့က ဒီအခြေအနေရောက်အောင် နှစ်ပေါင်း ၂၇ ကြိုးစားခဲ့တဲ့ အခါကျတော့ စကားတွေကို အရမ်းမပြောချင်ဘူး။ တိုင်းပြည်အတွက်ရော အနာဂတ်အတွက်ရော တွေ့သင့်သူနဲ့တွေ့တယ်။ လုပ်သင့်တဲ့သူနဲ့လုပ်တယ်။ အဲ့တာတော့ လုပ်နေမှာပဲ။ ဒါပေမဲ့ လောလောဆယ်ဖြစ်နေတဲ့ဟာတွေကတော့ အန်ကယ်လ်တို့ မပြောကောင်းတယ်။"

မြန်မာနိုင်ငံတွင်းမှာတော့ ဒီသတင်းအပေါ် လူအများစိတ်ဝင်စားမှုရှိနေပြီး၊ လက်ရှိ အာဏာအလွှဲအပြောင်းမှာ အရေးကြီးတဲ့ အခြေအနေတရပ်ဖြစ်မယ်လို့ ယူဆကြ ပါတယ်။ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ ဒီအခြေအနေ မှာ ရွေးကောက်ပွဲ အနိုင်ရ NLD ဖက်က ပွင့်လင်းမြင်သာမှုရှိဖို့ လိုမယ်လို့ ယူဆပါတယ်။

" ရွေးကောက်ပွဲ အလွန်နိုင်ငံရေးမှာ ဗျူဟာသစ် တခုကို စပြီးတော့ ခင်းကျင်းဖို့ပြင်ဆင်ပြီလား လို့တော့ ကျနော်က ထင်မိပါတယ်ဗျ။ လက်ရှိ မြန်မာနိုင်ငံ ရဲ့ အပြောင်းအလဲ တနည်းအားဖြင့်တော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာတဲ့အပိုင်းကို ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေက အစိုးရအပေါ်မှာရော လွှတ်တော်အပေါ်မှာရော တပ်မတော်အပေါ်မှာရော သြဇာရှိခဲ့တယ် ဆိုတာ ငြင်းမရတဲ့အချက်လို့ ကျနော်က မြင်ပါတယ်။

အဲ့သလိုပဲ လက်ရှိ အသွင်ကူးပြောင်းရေး ကာလမှာလည်း တပ်မတော် လက်ရှိအစိုးရ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအပေါ်မှာ သြဇာသက်ရောက်မှု ရှိနေဆဲ ပုဂ္ဂိုလ်တယောက် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံတာဖြစ်ကောင်းဖြစ်နိုင်တယ် လို့ ကျနော်က သုံးသပ်ပါတယ်ခင်ဗျ။

လက်ရှိ အသွင်ကူးပြောင်းရေး ကာလကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ လိုက်ပါ နိုင်အောင် ပြင်ဆင်ဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းအသစ်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ကျနော်က သုံးသပ်ပါတယ်။

မေး ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချဉ်းကပ်မှုတွေ သူ့ရဲ့ ဗျူဟာနဲ့ ပတ်သက်လို့ရော ဒေါက်တာရန်မျိုးသိန်း ဘယ်လိုသုံးသပ်မိပါလဲ။

"သူကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး အဲ့ဒီ့ခေါင်းစဉ်တွေ အောက်ကနေ တပ်မတော် အရာရှိဟောင်းပဲဖြစ်ဖြစ် လက်ရှိ တပ်မတော် အရာရှိကြီးတွေပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ဖို့ ရာနှုန်းပြည့် အဆင်သင့်ရှိနေတာကို တွေ့ရပါတယ်။ အဲ့တော့ သူက အရင်တုန်းက ဘယ်လိုအမှားမျိုးတွေပဲ မှားခဲ့ မှားခဲ့ လက်ရှိအခြေအနေမှာ တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးအတွက် ဆောင်ရွက်မယ့် အဆင်သင့်ရှိတဲ့ လူတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေတဲ့ အနေအထားမျိုး ရှိပါတယ်။

ဒါပေမဲ့ ကျနော် စိုးရိမ်တာကတော့ တဘက်ရဲ့ နိုင်ငံရေးဗျူဟာနဲ့ နိုင်ငံရေး အစီအမံတွေဟာ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ရိုးရှင်းပါ့မလား။ ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသလိုပဲ ပရိယာယ်တွေ လှည့်ကွက်တွေ ကင်းပါ့မလားလို့တော့ ကျနော်က သံသယရှိပါတယ်ဗျ။"

မေး ။ ။ ဟုတ်ကဲ့ နောက်တချက်က အခုလို တွေ့ကြဆုံကြတဲ့ ကိစ္စတွေပေါ့။ ဟိုတလောကဆိုလို့ရှိရင် ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေရဲ့ မြေးနဲ့ လည်း ဒေါ်စု တွေ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက် လို့ တော်တော်လေး လျို့လျို့ဝှက်ဝှက်နဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြတာ တွေ့ရပါတယ်။ ဒေါ်စုဘက် ကရော တဘက်က လူတွေကရော ပေါ့။ ဒီအခြေအနေနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ရော ဒေါက်တာရန်မျိုးသိမ်း ဘယ်လိုမြင်ပါလဲဗျ။ ဖြစ်သင့်၏။ မဖြစ်သင့်၏ပေါ့။

" နိုင်ငံရေးမှာ ပွင့်လင်းမြင်သာမှုရှိသင့်တဲ့အပိုင်းတွေကို မဖြစ်မနေ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ အဲ့တော့ လက်ရှိ ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေနဲ့ တွေ့ဆုံမှုမျိုး ဗိုလ်ချုပ်မှုးကြီးဟောင်း သန်းရွှေရဲ့ မိသားစုဝင် နဲ့ တွေ့ဆုံမှုမျိုးဟာ မဖြစ်မနေ ပွင့်လင်းမြင်သာမှု ရှိရှိ ရှိတဲ့ တွေ့ဆုံမှုမျိုး ဖြစ် သင့်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည် နဲ့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးဖြစ် သူ နေရွှေသွေးအောင် တို့ ပြီးခဲ့တဲ့လ အတွင်း တွေ့ဆုံခဲ့တဲ့နောက်၊ အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသန်းရွှေတို့ တွေ့ဆုံမှုဖြစ်လာတာပါ။

အခု တွေ့ဆုံမှုကို လွှတ်တော်ဥက္ကဋ္ဌဖြစ်တဲ့ သူရဦးရွှေမန်းက စီစဉ်ပေးတယ်လို့ ကြား သိရပေမယ့် သီးခြား အတည်ပြုလို့မရသေးပါဘူး။ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယခင်စစ်အစိုးရ လက်ထက် မှာ နှစ်ကြိမ် ထက် မနည်း တရားဝင် တွေ့ဆုံမှုတွေရှိခဲ့ပေမယ့်၊ ဦးသန်းရွှေ အငြိမ်းစား ယူပြီးနောက်ပိုင်း အကူးအပြောင်းကာလမှာ တရားဝင်တွေ့ဆုံမှုတွေ မရှိခဲ့ပါဘူး။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေတို့ မနေ့ သောကြာနေ့တုန်း က တွေ့ဆုံခဲ့ကြတာနဲ့ ပတ်သက်ပြီး NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကို VOA မြန်မာပိုင်းက ကိုဉာဏ်ဝင်းအောင် က NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေတို့ရဲ့ ဒီတွေ့ဆုံမှုက ဘာကြောင့်ဖြစ်ပေါ် လာရပါသလဲ ဆိုတဲ့အမေးကို ဦးဝင်းထိန်က အခုလိုဖြေပါတယ်။

"ကျနော်တို့က အခု၈၈ ကတည်းက စပြီး တည်ထောင်ခဲ့တယ်။ တည်ထောင် ခဲ့ပြီးတဲ့နောက် အဲ့ဒီ့ကတည်းက အဲ့တုန်းက အစိုးရ နဝတနဲ့ ကျနော်တို့နဲ့က ပြသနာတွေ များကတည်းကိုက အာဏာပိုင်နဲ့ NLD က ဒိုင်ယာလော့ခ် နည်းနဲ့ အဖြေရှာမယ်ဆိုတာကို အဲ့တုန်းကတည်းက တောင်းဆိုခဲ့တာလေ။ ကြားထဲမှာ ပြတ်တောင်း ပြတ်တောင်းရှိ ခဲ့တာတွေလဲရှိတယ်။

အခုကျတော့ မှသာ ရွေးကောက်ပွဲ အဆုံးအဖြတ်ကြောင့် နောင်အနာဂတ်မှာ တာဝန်အလွှဲအပြောင်းရော နောက်ပြီးတော့ တာဝန်ယူရတဲ့အခါမှာ အလွှဲအပြောင်းမှာ ချောချောမွေ့မွေ့ ဖြစ်ဖို့ရယ် အဲ့တာတွေက လည်း ချောချောမွေ့မွေ့ဖြစ်ဖို့ အတွက်က ကျနော်တို့ရဲ့ နိုင်ငံရေး ရည်မှန်းချက်က အမျိုးသား ရင်ကြားစေ့ရေးကိုဦးတည်တဲ့ လှုပ်ရှားမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က အကောင်အထည်ဖော်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အမျိုးသားရင်ကြားစေ့ရေး ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်ကို မူတည်ပြီးတော့မှ ဦးသိန်းစိန်နဲ့ တွေ့တာ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့တာ၊ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့တွေ့တာ အဲ့ဒီ့ရည်ရွယ်ချက်တွေကြောင့် တွေ့တာဖြစ်ပါတယ်လို့။ "

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့။ သူတို့တွေ့ဆုံတဲ့အခါမှာပေါ့နော်။ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးကြတယ်လို့ နားလည်ပါသလဲ။

ဦးဝင်းထိန်။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်ချက် မှန်သမျှဟာ အမျိုးသား ရင်ကြားစေ့ရေး အနာဂတ် ပြည်ထောင်စု ဒီမိုကရေစီ ထူထောင်ရေး ဦးတည်ချက်တွေကို အကောင်အထည်ဖော်ဖို့ရည်ရွယ်ချက်နဲ့ တွေ့တာ။

NLD ပြောခွင့်ရပုဂ္ဂိုလ်ဦးဝင်းထိန်နဲ့ ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကိုလည်း အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ တွေ့ဆုံခဲ့မှု ဦးဝင်းထိန် ပြောဆိုချက်

ကိုသားညွှန့်ဦး, ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/u-than-shwe-meet-with-daw-aung-san-suu-kyi/3090142.html

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်။
အစိုးရ အပြောင်းအလဲ ဖြစ်စဉ်အောင်မြင်ချောမွေ့စေဖို့ အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ဝန်ထမ်း အားလုံးကို လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးပြီး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်နေတယ်လို့ သမ္မတကပြောဆိုလိုက်ပါတယ်။ အစိုးရ အပြောင်းအလဲကို ညင်သာစွာ တာဝန်လွဲပြောင်းပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေ တယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီအပေါ် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က တိုင်ပင်ဆွေးနွေး ခဲ့တယ်လို့လည်းပြောပါတယ်။ လက်ရှိနိုင်ငံရေး အပြောင်းအလဲအပေါ်မှာ နိုင်ငံရေး လေ့လာ ညသုံးသပ်သူတွေနဲ့ လူမှုရေး လုပ်ဆောင်နေသူတွေကတော့ အကောင်းမြင်နေကြတဲ့သဘောရှိပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းကမေခကပေးပို့ ထား ပါတယ်။

ဒီကနေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြည်သူတွေကို ပေးပို့တဲ့ သဝဏ်လွှာ ထဲမှာ အခုလိုပြောကြားထားတာပါ။ အစိုးရ အပြောင်းအလဲ ဖြစ်စဉ် အောင်မြင် ချောမွေ့စေဖို့ အစိုးရအဖွဲ့အစည်းအားလုံးနဲ့ ဝန်ထမ်း အားလုံးကို လိုအပ်တဲ့ ညွှန်ကြားချက်တွေပေးပြီး အစီအစဉ်တွေကို စနစ်တကျ လုပ်ဆောင်နေကြောင်း၊ ဒီလိုဖြစ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံစဉ်က တိုင်ပင်ဆွေးနွေးခဲ့တယ်လို့လည်း သမ္မတကပြောဆိုထားပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာခင်မောင်ညို က အခုလိုပြောပါတယ်။

" မြင်ရတဲ့အခင်းအကျင်းကတော့ အာဏာလွှဲပြောင်းပေးဖို့ သက်ဆိုင်တဲ့ အထက်က အမြင့်ဆုံး သုံးဦးကတော့ အဆင်ပြေတာပေါ့။ သူရဦးရွှေမန်းက ကိုယ်တိုင်ကိုယ်ကျ လွှဲပြောင်းတဲ့ Process ကို လုပ်ရမှာဖြစ်တယ်။ ဒီ Process ကို သူ လုပ်နိုင်မယ် လို့ မျှော်လင့်ရတယ်။ ဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင် ကတော့ ဒီ ၂ရက်နေ့ တွေ့တဲ့အချိန်မှာတော့ ကာကွယ်ရေးဦးစီးချုပ်က သူက သမ္မတကြီး ပုံစံအတိုင်းပဲ ချောမွေ့အောင် လုပ်ပေးမယ် ပြောတယ်။ စိတ်ပူနေတဲ့ သူတွေကတော့ ဖြေလျော့လားဆိုတော့ ပြည်သူတွေကတော့ ပြေလျော့ပါတယ်။ သမ္မတဆိုတာကတော့ အမြင့်ဆုံး အထွဋ်အထိပ်မှာ ရှိတဲ့ ရာထူးဆိုတော့ သူလုပ်ရင်တော့ ဖြစ်နိုင်စရာ အကြောင်း ရှိပါတယ်။

ဦးသန်းရွှေရဲ့ ထွက်ပေါက်က ဒါ အကောင်းဆုံးပဲဖြစ်တယ်။ ဦးသန်းရွှေကတော့ ဒါကို သဘောပေါက်တယ်လို့ ထင်တယ်။ ဦးသန်းရွှေအနေနဲ့က ဦးသိန်းစိန်ကို ထိန်းချုပ်မှုကလည်း ရှိကောင်းရှိမယ်။ ပြောင်းလဲခြင်းက သူကိုယ်တိုင်ကိုက ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံမယ်လို့လဲ ယူဆတယ်။"

ဒီလိုသမ္မတက ပြောဆိုထားပေမယ့် သမ္မတဘက် ကကော ဒေါ်အောင်ဆန်းစုကြည် ဘက်ကပါ ဘယ်လို အသေးစိတ်ဆွေးနွေး သလဲဆိုတာကို ထုတ်ပြန်ပေး ထားတာမရှိပါဘူး။ ဆက်သွယ်မေးမြန်း တာမှာလည်း နှစ်ဖက်စလုံး ကဖြေကြားဖို့ ဆန္ဒမရှိကြပါဘူး။

သမ္မတရဲ့သဝဏ်လွှာထဲမှာ ငြိမ်းချမ်းရေးတည် ဆောက်မှုဖြစ်စဉ်အတွက် အခြေခံကောင်းတွေရှိထားကြောင်း၊ မကြာခင်မှာ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ရေးဆွဲထားတဲ့ နိုင်ငံရေး မူဘောင်ကို အပြီးသတ်ရေးဆွဲနိုင်တော့ မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

ဒီအပေါ်မှာ နိုင်ငံရေး လေ့လာသုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့ ခုလိုသုံးသပ်ပါတယ်။

"သမ္မတ ဦးသိန်းစိန် လုပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က အားနည်းချက်တွေ ရှိလာတယ်။ အဲ့တာ ဘာလဲဆိုတော့ ပထမ တခုကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိတဲ့အထဲက ၈ဖွဲ့ပဲ ဒီဟာကို လက်မှတ်ထိုးမယ်။ NCA စာချုပ်မှာက အပစ်ရပ် လိုက်ပြီး ရုံတင်မကဘူး။ သူက နောက်ဆက်တွဲ လုပ်ရမယ့် လုပ်ငန်းတွေကို သေသေချာချာ သူက အချိန်ဇယားနဲ့ လုပ်ထားတယ်။ အဲ့ဒီ့မှာ နှစ်ပိုင်း ပါတယ်။ တပိုင်းက စစ်ရေး ပါတယ်။ တပိုင်းက နိုင်ငံရေး ဆိုင်တဲ့ အပိုင်း။ စစ်ရေးနဲ့ ဆိုင်တဲ့ အပိုင်းမှာလည်း ၈ဖွဲ့နဲ့ကတော့ သူ အဆင်ပြေတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ပတ်သက်လို့ လုပ်တဲ့ဟာမှာ နောက်ထပ် အမှားတွေ အများကြီးတွေ့ရတယ်။ တကယ်တော့ ရွေးကောက်ပွဲ ပြီးသွားပြီဆိုရင် ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့မှ ဒီပါတီရဲ့ ကိုယ်စားလှယ်ကို လုပ်ရမှာလေ။ NLD ကလည်း ဒါကို သဘောမတူဘူး။ သဘောမတူတော့ ဒီမူဘောင်ဆွေးနွေးပွဲမှာ သူ မပါဘူး။ ဒီမူဘောင်ဆွေးနွေးပွဲကနေပြီးတော့မှ ချမှတ်လိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ Framework တွေ ဘာတွေက အကုန်လုံး နောက်ပိုင်းမှာဆိုရင် အခက်အခဲ တွေ့လာနိုင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တခုလုံး ပြန်သုံးသပ်ရင် NCA စာချုပ် ရလာတာက အောင်မြင်မှု လို့ ပြောလို့ရတယ်။ ချီးကျူးဖို့လည်း ကောင်းတယ်။ "

ဒီလို နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ အပြင် သမ္မတက ပြီးခဲ့တဲ့ ရက်က ဖားကန့်ဒေသ မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုနဲ့ပတ်သတ်ပြီးလည်းထည့်သွင်းပြောဆိုထားပါတယ်။ ဒီကျောက်တူးတဲ့ လုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒတွေ ကို ပြန်လည် သုံးသပ်သွားမယ်လို့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြ ထားပါတယ်။

ဒီပြင် ပြင်သစ်နိုင်ငံတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ခံရမှုအပေါ် ဝမ်းနည်းကြောင်း၊ ကမ္ဘာ့ တည်ငြိမ်မှု ကို ဖျက်ဆီးမယ့် ဘယ်လိုအစွန်းရောက် အကြမ်းဖက်မှုကို မဆို မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာမိသားစုနိုင်ငံတွေနဲ့ အတူ လက်တွဲကာ တွန်းလှန် သွားမယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ဒီလမှာ ပြီးခဲ့တဲ့လတွေလို ပြည်သူဆီ ကို ရေဒီယိုမိန့်ခွန်း မပြောဘဲ သဝဏ်လွှာ သာ ပေးပို့ခဲ့တာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- NLD Chairperson။
ဒေါ်အောင်ဆန်းစုကြည် အထက်မြန်မာပြည် အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ။ သတင်းဓာတ်ပုံ- NLD Chairperson။

အဖွဲ့ချုပ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်ဆောင် မှာဖြစ် သလို၊ အနာဂတ်ကို တည်ဆောက်တဲ့အခါ အာဃာတ ထားဖို့မဟုတ်ပဲ အတိတ် ကို သင်ခန်းစာယူပြီး အများပြည်သူအတွက် ဆောင်ရွက်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရ NLD အမတ်တွေ ကို ပြောဆိုလိုက်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အထက်မြန်မာပြည်က လွှတ်တော်အမတ်တွေနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ၊ နာယက ဦးဆောင်တဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ပျဉ်းမနားမြို့မှာ တွေ့ဆုံချိန် ပြောဆိုလိုက်တာပါ။ အသေးစိတ် မဆုမွန် တင်ပြပေးထားပါတယ်။

ဒီကနေ့ စနေနေ့ ဒီဇင်ဘာလ ၅ရက်နေ့မှာ နေပြည်တော် ပျဉ်းမနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အဖွဲ့ချုပ် နာယက ဦးတင်ဦး တို့ဟာ အထက်မြန်မာပြည်တဝှမ်းက ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်အနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကို အောင်မြင်အောင် လုပ်ဆောင်မှာဖြစ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေကို အဓိက တိုက်တွန်းပြောဆိုခဲ့ တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ဦးဆောင် ပါဝင်ခဲ့သူ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

" အမျိုးသားရင်ကြားစေ့ရေးကို အောင်မြင်အောင် လုပ်မယ်တဲ့။ အတိတ်ဆိုတာ သင်္ခန်းစာယူဖို့တဲ့။ အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ သင်္ခန်းစာယူဖို့။ အာဃာတ ထားဖို့ နောက်ကြာင်းပြန်ပြီး အပြစ်ယူဖို့လည်း မဟုတ်ဘူးတဲ့။ အများပြည်သူ ကို စေတနာ၊ မေတ္တာ၊ ဂရုဏာ ထားရမယ်တဲ့။ ကိုယ်စားလှယ်တွေကို မဲဆန္ဒရှင်တွေ မိဘပြည်သူတွေက မဲပေးထားတာက နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေ အကျိုးစီးပွားအတွက် မဲပေးထားတာတဲ့။ အဲ့တာကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာ သစ္စာထားရမယ်တဲ့။ နိုင်ငံရဲ့အကျိုးအတွက် လုပ်ဖို့က အဓိက ဖြစ်တယ်တဲ့။ အဲ့တာကိုလည်း ပြောပါတယ်။ အဓိက အချက်လေးတွေပေါ့နော်။

နောက်တခုကတော့ ဘာလဲဆိုတော့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် စစ်မှန်တဲ့ ပင်လုံစိတ်ဓာတ်တွေ ထားကြရမယ်တဲ့။ ဒီနေ့ပြောတဲ့ ဟာပေါ့နော်။ ပြည်နယ် တိုင်းတွေက အထက်မြန်မာပြည်က လာတဲ့ ပြည်နယ်၊ တိုင်း ကိုယ်စားလှယ်တွေ ပြောတဲ့ဟာပေါ့။ နောက်တခါ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု ခိုင်ခိုင်မြဲမြဲ အုတ်မြစ်ချခဲ့ဖို့ တာဝန်ရှိတယ်တဲ့။ နောက်တခါ ငြိမ်းချမ်းရေးရဖို့ အပြန်အလှန် နားလည်မှုတွေ ရှိရမယ်။ အပြန်အလှန် လေးစားမှုတွေရှိရမယ်။ အပြန်အလှန် ယုံကြည်မှုတွေလည်း ရှိရမယ်တဲ့။ ပြည်တွင်း ငြိမ်းချမ်းရေး ရမှလည်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံကို အပြည့်အဝရမှာတဲ့ အဲ့တာပြောပါတယ်။

ဒီနေ့က မနက်ပိုင်းက မန္တလေးနဲ့ စစ်ကိုင်းတိုင်း တွေ့တယ်။ ညနေကျတော့ မကွေးရယ်။ ကချင်ရယ် ကယားရယ် ချင်းရယ် ရှမ်းရယ် အဲ့ဒီ့က ကိုယ်စားလှယ်တွေတွေ့တယ်။ ပြည်သူတွေက မဲပေးရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ်တွေနဲ့ပတ်သက်လို့ ဒါ အားလုံး ပြည်နယ် တိုင်း စုံသွားပြီလေ။ နောက်အစီအစဉ်ကတော့ လောလောဆယ် ကျနော် ဘာမှ မသိသေးဘူး။"

အဖွဲ့ချုပ် နာယကဦးတင်ဦးကလည်း အခုလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲ မှာ အပြတ်အသတ် အနိုင်ရခဲ့တာဟာ အဖွဲ့ချုပ် စတင် တည်ထောင်ချိန်ကစလို့ မြန်မာနိုင်ငံတွင်း စစ်မှန်တဲ့ ဒီမိုကရေစီ ထွန်းကားအောင် ခိုင်မာတဲ့မူဘောင်တွေ ချမှတ်ခဲ့ကြတဲ့ ပါတီ ခေါင်းဆောင်တွေရဲ့ စွမ်းဆောင်မှု ကို ပြည်သူ က အသိအမှတ်ပြုတာဖြစ်လို့ မြန်မာပြည်သူတွေရဲ့ မွေးရာပါ ဒီမိုကရေစီကို ပြည်သူ လက်ဝယ်ပြန်ရောက်အောင် စွမ်းဆောင်ပေးကြဖို့ကိုလည်း အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းပြောဆိုပါတယ်။

" ပြည်သူလူထုတရပ်လုံးကို အလုပ်အကျွေးပြုဖို့အတွက် တာဝန်ပေးတဲ့ သဘောတရားကို အလေးအနက် ပြောကြားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ဆက် လုပ်ရမယ့် လုပ်ငန်းတွေမှာ အဆင့်ဆင့် အဆင့်ဆင့်။ ၁၉၉၀၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ဒီနေ့ ၂၀၁၅ခု ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့ အောင်ပွဲ ရခဲ့ပြီး ဖြစ်ပါတယ်။ သို့သော် ဒီအောင်ပွဲသည် အောင်ပွဲ ရနေပြီလို့တော့ မဆိုနိုင်သေးဘူး။ တတိုင်းတပြည်လုံးမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူလူထု အားလုံး ခံစား စံစားနိုင်အောင် လုပ်နိုင်မှ လုပ်ပေးနိုင်မှသာလျင် တကယ် အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

လွတ်လပ်ရေးရတယ်။ ဒါပေမဲ့ လူတွေမှာ လွတ်လပ်ရေးနဲ့ထိုက်တန်အောင် မခံစားရသေးဘူး။ မလုံခြုံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒုတိယ လွတ်လပ်ရေးလို့တောင် ကင်ပွန်းတပ်ခဲ့တာရှိပါတယ်။ အလားတူပဲ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ရှိရင်လည်း ပြည်သူလူထုရဲ့ မွေးရာပါ ပိုင်ဆိုင်ရမယ့် ဒီမိုကရေစီကို ပြည်သူလူထုရဲ့လက်ဝယ်ပိုင်ဆိုင်နိုင်အောင် လုပ်ဆောင်ပေးဖို့အတွက် ဆန္ဒပြင်းပြခဲ့ပါတယ်။"

ဒါ့အပြင် လွှတ်တော်တွင်းမှာ နိုင်ငံတာဝန် ထမ်းဆောင်ရတော့မယ့် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ အဖွဲ့ချုပ်ရဲ့သမိုင်း၊ စည်းမျဉ်းစည်းကမ်း မူဝါဒတွေ နိုင်ငံက ထုတ်ပြန်တဲ့ ဥပဒေ၊ မူဝါဒတွေ ကို ကျေညက်အောင် လေ့လာ ထားရမယ် ဆိုတာကိုလည်း NLD နာယက ဦးတင်ဦးဘက်က လွှတ်တော် အမတ်တွေကို လေးလေးနက်နက် သတိပေး ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေအပေါ် သူမအနေနဲ့ ပါတီကိုကြည့်ပြီး အလံကိုကြည့်ပြီး မဲပေးပါလို့ ပြည်သူလူထုကို ကတိပေးခဲ့တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်တာကိုင်တာ အားမရတာ မသင့်တော်တာ ရှိခဲ့ရင် သူမကိုယ်တိုင် အရေးယူမှာဖြစ်တယ်ဆိုတယ်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံချိန် ပြင်းပြင်းထန်ထန် သတိပေးစကားပြောကြားခဲ့ပါတယ်။

ဒီကနေ့ကတော့ ပျဉ်းမနားမြို့ မေခန်းမမှာ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ် စတဲ့ အထက်မြန်မာပြည်တဝှမ်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်အမတ်တွေနဲ့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း အောက်မြန်မာပြည် အနိုင်ရ ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ခေါ်ယူတွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။

VOA
http://burmese.voanews.com/content/daw-aung-san-suu-kyi-meet-nld-elected-mps-upper-burma-/3090136.html