12/07/15

sspp-ssa-620.jpg ရှမ်းပြည်တပ်မတော် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ နိုဝင်ဘာလ ၁ ရက်နေ့က SSPP/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

အစိုးရတပ် နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်ဆိုင်းဖို့ မနက်ဖြန် နေပြည်တော်မှာ ပြည်ထောင် စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC အဖွဲ့နဲ့ SSPP/SSA တို့ တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲကို SSPP/SSA ဘက်က ခေါင်းဆောင်ငါးဦးတက်ရောက်မယ်လို့ SSPP အဖွဲ့ တာဝန်ရှိသူ ဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။

"UPWC ကနေကြားထဲမှာ ညှိနှိုင်းပြီးတော့ အဲ့မှာတွေ့ဆုံကြတာပါ၊ ဗဟိုကိုယ်စားလှယ် ကနေလွှတ်တာ ၅ ယောက်လောက်ပါပဲ၊ ဆွေးနွေးတဲ့အချက်ကို အကောင်အထည် ဖော်တဲ့နေရာမှာတော့ နှစ်ဦးနှစ်ဖက်အကောင်အထည်ဖော်ရတာပါ၊ တစ်ဖက်ထဲနဲ့တော့ မရဘူးလေ"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ နဲ့ ၂၄ ရက်နေ့တွေကလည်း ရန်ကုန်မြို့မှာ နှစ်ဘက် ဆွေးနွေးခဲ့ကြစဉ် အချက် ၆ ချက် ပါ သဘောတူညီချက်ကို ရရှိခဲ့ပြီး သက်ဆိုင်ရာ ဗဟိုကော်မတီဝင်တွေဆီကို တင်ပြဆွေးနွေးခဲ့ပြီး မနက်ဖြန် နေပြည်တော်မှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အဲဒီအချက် ၆ ချက်ထဲမှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လျှော့ချရပ်ဆိုင်းရေး၊ SSPP/SSA တပ်တွေအနေ နဲ့ မိုင်းနောင်-မိုင်းရှူး ကားလမ်းမြောက်ဘက် ကို ရွှေ့ပြောင်းရမှာဖြစ်သလို၊ ကားလမ်းတောင်ဘက်ခြမ်းမှာရှိတဲ့ အစိုးရတပ်တွေကိုလည်း ပြောင်းရွှေ့ပေးရေး၊ မိုင်းနောင်မြို့မှာ နှစ်ဘက်ဆက်ဆံရေး ရုံးဖွင့် လှစ်ရေးနဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ SSPP/SSA တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံဒုက္ခသည် တစ်သောင်းကျော်လောက် ထွက်ပြေးနေကြရပါတယ်။

RFA
http://www.rfa.org/burmese/news/upwc-discuss-sspp-ssa-12062015104534.html

unfc-620.jpg ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့စဉ်
Photo: Aung Moe Myint/RFA

ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စိန်ခေါ်မှုတွေနဲ့ အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။

ရွေးကောက်ပွဲအပြီး နောက်ဆုံးသိရှိထားတဲ့အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး ခြုံငုံသုံးသပ်နိုင်ဖို့ အတွက် အဖွဲ့ဝင် အဖွဲ့အစည်းရဲ့အမြင်သဘောထားတွေ အပါအ၀င်၊ ပြည်တွင်းက နိုင်ငံရေးပါတီတွေ၊ အနီးကပ် စောင့်ကြည့်နေသူတွေရဲ့ အမြင်သဘောထားတွေကိုစုစည်းပြီး ရှေ့လုပ်ငန်းစဉ်မှာ အကောင်း ဆုံးဖြစ်ဖို့ဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။

"ရွေးကောက်ပွဲအလွန်ကာလမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အလွဲမသွေအသစ်တက်လာမယ့် အစိုးရနဲ့ ဆက်လက်ပြီးတော့ ကောင်းကောင်း မွန်မွန်အတူတကွ ညှိနှိုင်းအဖြေရှာမလဲဆိုတဲ့ကိစ္စကို အဓိက စဉ်းစားနိုင်အောင်လမ်းစတွေရှာနိုင်အောင်လို့ ရည်ရွယ်ပြီးတော့ ကျနော်တို့မျှဝေကြခြင်းပဲဖြစ်ပါတယ်၊ အားလုံးအတူ တကွလက်တွဲဆောင်ရွက်လာကြတဲ့အခြေခံအောက်မှာ အားလုံးအများလူထုတစ်ရပ်လုံးရဲ့အကျိုးစီးပွားကို ကြည့် ပြီးတော့ ဘယ်သူ ဘယ်သူမှ နာစေ၊ သာစေမရှိပဲ၊ မလိုလားကြောင်းကနေအတူတကွ ဘယ်အခန်းကဏ္ဍတွေမှာ ဆက်လက်ပါဝင်နိုင်ကြမလဲဆိုတဲ့ဟာကို အဖြေရှာဖို့ဆိုရင်လဲ မမှားပါဘူး၊ ဒီရည်ရွယ်ချက်ပိုပြီးအဓိကကျပါတယ်"

ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီ ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ရွေးကောက်ပွဲ အပြီး ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို သုံးသပ်ပြခဲ့ပြီး ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် စိန်ခေါ် မှုတွေကို ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

"အရင်တုန်းကတော့ မတူတဲ့လူတွေနဲ့လုပ်နေရတာလေ၊ အခုတူတဲ့လူတွေနဲ့ လုပ်နေတဲ့အခါကျတော့ ဘယ်လိုများ လုပ်ကြမလဲဆိုတဲ့ စိန်ခေါ်မှုအသစ်ပေါ့၊ ဥပမာ အစိုးရသစ်မှာ ဘယ်လောက်ထိလက်တွဲဆောင်ရွက်နိုင်မလဲ၊ နောက် တစ်ခါ ငြိမ်းချမ်း ရေးကိစ္စတွေ၊ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ၊ ငြိမ်းချမ်းရေးကိစ္စတွေ ဘယ်လိုများ ဆက်ပြီးဆောင် ရွက်နိုင်မလဲ၊ ပြီးတော့ ကျနော်တို့အားလုံးမျှော်မှန်းတဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုဘယ်လိုစနိုင်မလဲ၊ အစိုးရသစ် ရဲ့သဘောထား ဘယ်လောက်ရှိ မလဲ၊အပိုင်းတွေအများကြီးရှိပါတယ်"

ဒီနေ့ ဆွေးနွေးပွဲမှာ နိုင်ငံတကာ ပညာရှင်တချို့က သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ မြောက်အိုင်ယာလန်နဲ့ တောင်အာဖရိ က နိုင်ငံတွေက ငြိမ်းချမ်းရေးဖြစ်စဉ် သင်ခန်းစာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေကလည်း သူတို့ရဲ့အမြင် သဘောထားတွေကို ဖလှယ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေတွေ၊ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်း စဉ်တွေမှာ UNFC အနေနဲ့ ပြန်လည်စုဖွဲ့ဖို့ ကိစ္စတွေ အပြင် အစိုးရသစ် အပါအ၀င် မဟာမိတ် နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရမယ့် ရှေ့လုပ်ငန်း စဉ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲက ရရှိလာတဲ့ အချက်တွေကို မနက်ဖြန် စတင်ကျင်းပမယ့် UNFC နှစ်ပတ်လည် မျက်နှာစုံညီကောင်စီ အစည်း အဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေချမှတ် အကောင်အထည်ဖော်နိုင် ဖို့ဆွေးနွေးဆုံးဖြတ်သွားကြမယ်လို့ သိရပါတယ်။

RFA
http://www.rfa.org/burmese/news/unfc-discuss-peace-right-12062015102335.html

susunway-620.jpg
မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို သြဂုတ်လ ၁၇ ရက်နေ့က ပဲခူးမြို့နယ်တရားရုံးရှေ့မှာ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ပြင်ဦးလွင်မြို့နယ် ဧဒင် မိုတယ်မှာ ကျင်းပခဲ့တဲ့ လူ့အခွင့်အရေးဟောပြောပွဲအပြီး ပြင်ဦးလွင် ရဲစခန်းက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်ခွဲက ပြင်ဦးလွင်မြို့နယ်က တောင်သူလယ်သမားအရေးမှာ ဆန္ဒပြခဲ့တဲ့အတွက် အမှုဖွင့်ထားတဲ့အပေါ် ဒီကနေ့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ မစုစုနွေးရဲ့ခင်ပွန်းဖြစ်သူ ကိုမာကီး က ပြောပါတယ်။

"ဖြစ်ခဲ့တဲ့အမှုက လွန်ခဲ့တဲ့တစ်နှစ်ခွဲလောက်က ပြင်ဦးလွင်မှာမစုစုနွေးဦးဆောင်ပြီးတော့ မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂကနေပြီးတော့ ဆန္ဒထုတ်ဖော်ပွဲလုပ်ခဲ့ကြတယ်၊ လုပ်ရတဲ့အကြောင်းရင်းက လယ်ယာမြေ မတရား သိမ်းတဲ့ပိုင်ရှင်ကနေပြီးတော့ သူရဲ့လယ်မြေထဲမှာ လူမိုက်တွေကို ငှားရမ်းထားပြီးတော့ အဲ့လူမိုက်တွေက လယ်သမားတွေကိုခေါ်ပြီးတော့ ရိုက်နှက်မှုတွေဖြစ်ခဲ့ကြတယ်၊ လယ်သမား ၄ ယောက် ဆေးရုံတင် ရတယ်ပေါ့နော်၊ အဲ့တရားခံတွေကို ညမှဖမ်းပြီး မနက်မှာပြန်လွှတ်ပေး လိုက်တယ်၊ အဲ့ကိစ္စကိုလယ်သမားတွေကမကျေနပ်ပဲ ဆန္ဒထုတ်ဖော်မယ်ဆိုပြီး မစုစုနွေးဦးဆောင် ပြီးဆန္ဒပြခဲ့ကြတာ၊ အဲ့ဒါကိုခွင့်ပြုချက်မဲ့ဆန္ဒပြတယ်ဆိုပြီးတော့ သူတို့ အမှုဖွင့်ခဲ့ကြတယ်"

မစုစုနွေးကို ပြင်ဦးလွင်မြို့မ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတာဖြစ်ပြီး ရဲစခန်းက အာမခံပေးမယ့် အခြေအနေ ရှိပေမယ့် မစုစုနွေးက အာမခံယူမှာ မဟုတ်ဘူးလို့ လည်း ကိုမာကီးက ပြောပါတယ်။

အဲဒီဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ပြင်ဦးလွင်မြို့နယ်က မြန်မာနိုင်ငံတောင်သူလယ်သမားသမ္မဂ အဖွဲ့ဝင်တွေနဲ့ လယ်သမား ၈ ဦးလောက်ကိုလည်း တရားမ၀င်စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၈ နဲ့ တရားစွဲခံထားရတယ်လို့ သိရပါတယ်။

မစုစုနွေးအပါအ၀င် အဲဒီတောင်သူတွေကို ဒီဇင်ဘာ ၆ ရက်နေ့ ပြင်ဦးလွင် မြို့နယ် တရားရုံးမှာ အမှုစတင် စစ်ဆေးမယ် လို့ သိရပါတယ်။
RFA
http://www.rfa.org/burmese/news/susunway-arrest-12062015095026.html


“ ပြည့်နှလုံးသား ဆန္ဒအား ဘယ်ဝယ်နားဆီ ဘယ်နားတည် ”


အများသူငါ ရင်တထိတ်ထိတ်နဲ့ မျှော်လင့်တောင့်တခဲ့ရတဲ့ (၂၀၁၅) အထွေထွေရွေးကောက်ပွဲကြီးလည်း အောင်မြင်စွာကျင်းပပြီးစီးလို့  မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူတွေ၊ သမ္ဘာရင့်၊ ၀ါရင့်နိုင်ငံရေးသမားဆိုသူတွေ အားလုံးနီးပါးရဲ့ ခန့် မှန်းထားချက်တွေနဲ့ ဆန့် ကျင်ဘက်အဖြေထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လည်း မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးပါပြီ။

အနိုင်ရပြည်သူ့ ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးရွှေမန်းတို့ ကတော့ အစောဆုံးတွေ့ ကြလို့  ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ သမ္မတကြီးဦးသိန်းစိန်တို့ လည်း စိတ်ပါမပါတော့မသိတတ်ပေမဲ့ (၃) ပတ် လောက် ဒရွတ်ဆွဲနေပြီးမှတွေ့ ခဲ့ကြရပြီးပြီမဟုတ်လား။

အဖြစ်အပျက်တွေက မြန်ဆန်လွန်းတာရော ၀မ်းသာဝမ်းနည်း ခံစားချက်တွေ ရောထွေးနေတာကြောင့် ဒီဆောင်းပါးကို ရေးမယ်ရေးမယ်တေးထားပေမဲ့ တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး။

ပထမဆုံးပြောလိုတာကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အခုလို ပြတ်ပြတ် သားသား အစိုးရဖွဲ့ နိုင်လောက်အောင် မဲမရနိုင်ဘူးလို့ ထင်မြင်သူတွေထဲမှာ စာရေးသူလည်း ပါဝင်ခဲ့တယ် ဆိုတာပါဘဲ။ အမှန်တော့ ဘာအကြောင်းပြချက်တွေရှိရှိ ပြည်သူတွေရဲ့ ခံစားနေရတဲ့ဒုက္ခနဲ့ ခံစားချက်အပေါ် မှန်မှန်ကန်ကန် နားမလည်ခဲ့တာကြောင့် ပြည်သူကို အထင်သေးခဲ့တာပါဘဲ။ ပြည့်နှလုံးသား ဘယ်မှာတည် နေတာကို မမြင်ခဲ့တာပါဘဲ။

ဒါကြောင့် ဒီဆောင်းပါးကနေ အပြောင်းအလဲရဖို့  ရိုးရှင်းပြတ်သားစွာ လူကိုမကြည့်ဘဲ ပါတီအလံကို သာကြည့် မဲပေးခဲ့ကြတဲ့ မြန်မာပြည်သူတိုင်းရင်းသားလူမျိုးအားလုံးကို စားရေးသူရဲ့ အမြင်ေ၀၀ါးမှု့ ၊ ယုံကြည်ချက်နည်းပါး ခဲ့မှု့တွေအတွက် ခွင့်လွှတ်ပေးဖို့  ရှက်ရွံ့ စွာ အနူးညွှတ်တောင်းပန်ခြင်ပါတယ်။

တကယ်တော့ မြန်မာပြည်သူတွေဟာ သူတို့ ဘ၀တွေကို ငရဲတွင်းထဲတွန်းချခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီး တို့ နိုင်ငံမှာ ဘယ်သောအခါမှ တဖန်ပြန်လည်အမြစ်ထွက် ရှင်သန်မလာစေဘို့  လက်နက်ကိုင်ဗိုလ်ကျမှု့တွေကို အဆုံးသတ်သွားစေဖို့  အပြီးတိုင်ရှင်းလင်း သုတ်သင်ပစ်နိုင်အောင် မဲပေးခဲ့ကြတာထင်ရှားပါတယ်။

ပြည်သူတွေဟာ ဘယ်သူ့ ကို အားကိုးယုံကြည်နိုင်တယ်၊ ဘယ်ပါတီဟာ အားထားလို့ ရတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါကြောင့်မို့ လို့ လည်း လူကိုမကြည့်ဘဲ ပါတီအလံကိုသာ ယုံယုံကြည်ကြည် ကြည့်ပြီး၊ ပြည်သူတိုင်းက မိမိပိုင်ဆိုင်ထားတဲ့ မဲတပြားစီကို ထိထိ ရောက်ရောက်အသုံးချလို့  သူတို့ ရဲ့ဆန္ဒကို ထင်ထင်ရှားရှား ထုတ်ဖေါ်ပြသခဲ့ကြတာပါ။

အလွန်လေးစားဖို့ ၊ ဦးညွှတ်အသိအမှတ်ပြုဖို့ ကောင်းတဲ့ အသိဥာဏ်ဦးစီးတဲ့ ဆန္ဒပြင်းထန်မှု့ ပြယုဂ်တခုပါ။
ဒါကိုဘဲ ရွေးကောက်ပွဲမှာရှံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဒုဥက္ကဌ ဦးဌေးဦးက ပြည်သူတွေရဲ့ရွေးချယ်မှု့မှန်မမှန်ဆိုတာကို နောက်နှစ်အနည်းငယ်ကြာမှ သိနိုင်မဲ့သဘောပြောသွား ခဲ့ပါသေးတယ်။

ဝမ်းနည်းစရာကောင်းတာကတော့ အတိုက်အခံနိုင်ငံရေးအင်အားစုတွေထဲက တချို့ ဟာ သူတို့ ဖြစ်စေခြင်တဲ့ ရလာဒ်မဟုတ်ခဲ့တာမို့ ပြည်သူတွေရဲ့ ရွေးချယ်မှု့ကို ၀မ်းမြောက်ဝမ်းသာမဖြစ်ကြဘဲ အသိအမှတ်မပြုတဲ့အပြင် ပြည်သူလူထု မဲပေးမှားယွင်းသယောင်၊ ဒီမိုကရေစီအတွေ့ အကြုံနုနယ်သေးလို့ ပါတီအလံကိုသာကြည့်ပေးခဲ့ တာလို့ ဝေဖန်ခဲ့ကြတာပါဘဲ။

ဒါဟာ ဘာကို ညွှန်ပြနေတာလည်းဆိုရင် စစ်အာဏာရှင်အသိုင်းအ၀န်း၊ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူတွေနဲ့  တကွ ဒီမိုကရေစီအတိုက်အခံနိုင်ငံရေးအင်အားစုအတော်များများဟာ မိဘပြည်သူတွေကို မှန်မှန်ကန်ကန် နားမလည်သေးဘူးဆိုတာပါဘဲ။

တိုင်းရင်းသားရဟန်းရှင်လူမြန်မာပြည်သူတွေက ပါတီအလံကိုရိုးရိုးလေးကြည့်မဲပေးပြခြင်းနဲ့  စာရေးသူအပါအ၀င် အထက်ပါလူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းပေါင်းစုံကို အိမ်မက်တွေကနိုးထဖို့  ပုတ်နိုးခဲ့ပါပြီ။
ကိုယ့်ဥခွံလေးထဲကထွက်ချိန်ရောက်ပြီ ဆိုတဲ့အကြောင်း ခေါင်းလောင်းထိုးနေတာကိုမှ မကြားခြင်ယောင်ပြု၊ မနိုးခြင်ယောင်ဆက်ဆောင်နေအုံးမယ်ဆိုရင် အလွန်မိုက်မဲရာကြပါလိမ့်မယ်။

မနေ့ တုံးကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကန့် လကါနောက်ကွယ်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ တွေ့ ဆုံခဲ့ကြတယ်ဆိုတဲ့ လည်းသတင်းတွေဖတ်လိုက်ရပြန်တယ်။

နှစ်ပေါင်း (၃၀) နီးပါး စနစ်တကျစီမံကိန်းချ စိတ်တိုင်းကြ အသာစီးယူ ကြိုတင်ပြင်ဆင်ပြီးမှာ့ အချိန်ကျလို့ တွေ့ တယ်ပြောပြော၊ ရွေးကောက်ပွဲမှာ ထင်သလိုဖြစ်မလာဘဲ မရှု့မလှရှုံးနိမ့် ခဲ့တာကြောင့် မလွှဲမရှောင်သာတော့လို့ တွေ့ ကြတယ်ပြောပြော ဒီတွေ့ ဆုံခြင်းဟာ သမိုင်းစာမျက်နာအသစ်တချပ်ကို ထပ်လှပ်လိုက်တာပါဘဲ။

ဒီနေရာမှာ တိုင်းပြည်ကိုလမ်းမှန်ပေါ်ရောက်စေလိုတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း အထူးသတိချပ်ရမဲ့အချက် (၅) ချက်ရှိပါတယ်။

စစ်အာဏာရှင်နဲ့ အသိုင်းအ၀ိုင်းကြီးတခုလုံးဟာ …

(၁) တိုင်းပြည်ရဲ့ ငွေကြေးစီးပွားဓနအင်အား တခုလုံးနီးပါးကို ဆယ်စုနှစ် (၃)စုနီးပါး စိတ်တိုင်းကျချယ်လှယ် ဗိုလ်ကျ အသာစီးယူထားပြီးပြီဆိုတာသတိရပါ။
(၂) ပြင်ဆင်ဖို့ လုံးဝမလွယ်အောင်တမင်ရေးခဲ့တဲ့ ၂၀၀ဂ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဥပဒေကြောင်းအရ အခိုင်အမာအကာအကွယ်ယူထားပြီးပြီဆိုတာ သတိပြုပါ။
(၃) သူတို့ ကိုထောက်ခံဘို့ ဘာသာရေး၊ လူမျိုးရေး၊ ဆိုက်ဝါးတွေသုံးပြီး အတွေးအခေါ် အဆိပ်သင့်နေတဲ့ အသိုင်းအ၀ိုင်းကြီးတခု ကိုလည်းမွေးမြူတည်ဆောက်ခဲ့ပြီးပြီဆိုတာလည်းသတိရပါ။
(၄) စစ်တပ်ရဲ စတဲ့လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးကို ရာထူး၊ လုပ်ပိုင်ခွင့်အာဏာ၊ အခွင့်ထူးခံခွင့်တွေနဲ့  ဇိကုပ်ချုပ်ကိုင်ထား ပြီးပြီဆိုတာ သတိပြုပါ။
၅) ကိုယ်ကျင့်သီလနဲ့ စာရိတ္တတွေ အဆုံးမဲ့ပျက်သုဉ်းနေတဲ့ လူ့ ဂျပိုးလူ့ အမှိုက်များစွာကို သြဇာအာဏာရှိတဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးစတဲ့ အဓိကကျတဲ့နယ်ပယ်အသီးသီးမှာ ကျကျနန နေရာပေးအုပ်စီးစေခဲ့ ပြီးပြီဆိုတာ သတိပြုပါ။


ဒါပေမဲ့ စစ်အာဏာရှင်တွေဟာ သက်မဲ့သယံဇာတရုပ်ဝတ္ထုတွေ၊ စီးပွားဥစ္စာတွေ၊ လုပ်ပိုင်ခွင့်အာဏာတွေကို ပြည်သူအလိုမတူဘဲ မတရားသဖြင့်သိမ်းပိုက်နိုင်ပေမဲ့ စနစ်တခုကိုပြောင်းလဲဘို့  အရေးအကြီးဆုံးနဲ့  အဆုံးအဖြတ်ပေးမဲ့ ပဓါနအကျဆုံးအကြောင်းတရားကြီးတခုကိုတော့ စစ်အာဏာရှင်အသိုင်းအ၀ိုင်း အပိုင်မစီးနိုင်ခဲ့ပါဘူး။

အဲ့ဒါကတော့ “ အမှန်တရားကိုမြတ်နိုးတဲ့ တိုင်းသူပြည်သားတွေရဲ့နှလုံးသား ” ပါဘဲ။

အဲ့ဒီလို အခရာကျတဲ့ ပြည့်နှလုံးသားဟာ ဘယ်မှာတည်နေတယ်ဆိုတာ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်ကနေ မဲရလဒ်ပြူးပြူးပြဲပြဲနဲ့  အဖြေသိပြီးတာတောင် ဒီမိုကရေစီအတိုက်အခံအင်အားစုများစွာဟာ ပိုင်ပိုင်နိုင်နိုင် မမြင်နိုင်ခဲ့၊ ဖမ်းဆုတ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။ တချို့ကတော့ အကြောင်းကြောင်းကြောင့် သိနေမြင်နေလျှက်နဲ့ မထင်ရှားသယောင် မျက်နှာလွှဲနေကြဆဲပါ။

နိုင်ငံရေးမှာ ရိုးသားမှု့ကိုအခြေမခံဘဲ ဥာဏ်မဦးစီးဘဲ အဂတိတရား (၄) ပါးနဲ့  မိမိအရေး၊ မိမိအဖွဲ့ အစည်း အရေး၊ မိမိလူမျိုးအရေး၊ မိမိဘာသာအရေး၊ မိမိယုံကြည်ရာဝါဒအရေး၊ မိမိပါတီအရေးတွေကို ပြည်ထောင်စုကြီး အရေး၊ တတိုင်းပြည်လုံးအရေး၊ ပြည်သူလူထုအရေးစတဲ့ ပဓါနကိစ္စရပ်ကြီးတွေရဲ့အထက်မှာ ရှေ့တန်းတင်သူ တိုင်းဟာ နောက်ဆုံးမှာ သမိုင်းအမှိုက်ပုံထဲ ဇေါက်ထိုးဆင်းလို့ ပျက်သုဉ်းခြင်းနဲ့ ဇါတ်သိမ်းရလေ့ရှိတာ သမိုင်းမှာ သာဓက အမြောက်အများရှိပြီးသားပါ။

ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။ အမြင်မမှန်ရင် ရပ်တည်ချက်မမှန်နိုင်သလို၊ အလုပ်အကိုင်လည်း မမှန်နိုင်ပါဘူး။ ဒါတွေဟာ မြန်မာ့နိုင်ငံရေးခရီးကြမ်းကို မလိုအပ်ဖဲ ပေးဆပ်ရမှု့တွေများပြီး မကြာသင့်တဲ့ အချိန်တွေပိုကြာလို့ ဇါတ်မနာသင့်ဘဲနာ၊ ဇါတ်မျှောသင့်ဘဲမျှောစေနိုင်ပါတယ်။

ဒီမိုကရေစီလမ်းမထက်ပေါ်အခြေခိုင်ခိုင်ရပ်လို့ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဖို့  မြန်မာနိုင်ငံနဲ့ ပြည်သူတွေ လျှောက်ရမဲ့လမ်းကအဝေးကြီးကျန်သေးပါတယ်။ အခုမှ ပိုခက်ခဲတဲ့အပိုင်းကို ချည်းနှင်းဝင်ရောက်နေတာပါ။

ကဗျာဆရာမောင်ချောနွယ်ပြောတဲ့ ကိုယ်ပိုင်မေးရိုးမရှိဘဲ သူများကိုထိုးကြိတ်ခြင်သူတွေကို မဖြစ်မနေ မေးရိုးရှိ လာစေဖို့ ဝန်းကျင်ကောင်းတွေ၊ အလေ့အထကောင်းတွေ ဖန်တီးနိုင်ဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆင့်မြင့်နိုင်ငံရေးခရီးစဉ်ကို အသိတရားရှိရှိ ၀ိုင်းဝန်းအားဖြည့်ကြဖို့ လိုပါတယ်။

ဘယ်တုံးကမှ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ၊ ဆွေးနွေးအဖြေရှာလေ့မရှိခဲ့တဲ့ တိုင်းပြည်ဟာ အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး၊ ပြည်သူတွေလိုခြင်ဆန္ဒပြင်းပြနေတဲ့ အပြောင်းအလဲကို အညင်သာဆုံးနည်းလမ်းတွေနဲ့ ရယူနိုင်ဖို ၊့ အပေးအယူအလျှော့အတင်းလုပ်တတ်ဖို့ ၊ ညှိနိုင်းအဖြေရှာတတ်ဖို့ ၊ ခွင့်လွှတ်တတ်ဖို့ ၊ ကိုယ့်အမှားကိုတာဝန်ယူတတ်ဖို့ သင်ကြားရတော့မှာပါ။

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီဖြစ်စဉ်ကြီးကို မလွှဲမသွေဖြတ်သန်းရတော့မှာပါ။ တနည်းအားဖြင့် ရေးရရင် အနတ္တသဘောဘဲမဟုတ်လား။ ခွင့်လွှတ်ခြင်းဟာ ရှုံးနိမ့်သွားတာ မဟုတ်ဘူးဆိုတာနဲ့  ဘယ်လောက် အကျိုးကြီးမားတယ်ဆိုတာ ထင်းရှားစေပါလိမ့်မယ်။

မြန်မာနိုင်ငံသူနိုင်ငံသားတိုင်း ပညာဥာဏ်ဦးစီးသော ဆင်ခြင်တုံတရားနဲ့  တော်လှန်ရေးသတိမြဲနိုင်ကြပါစေ။
မိမိကိုယ်ကိုကိုယ် အမြဲတစေ ဝေန်ဖန်ဆန်းစစ် ပြုပြင်ထုဆစ်နိုင်ကြပါစေ။
ပြည့်နှလုံးသား ဆန္ဒအား ဘယ်မှာနားလို့ ဘယ်မှာတည်နေတာ မျက်ခြေမပြတ်သူတွေ ဖြစ်နိုင်ကြပါစေ။
မွန်မြတ်တဲ့ စေတနာအရင်းခံလို့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းမပေါ် ရိုးသားနှိမ့်ချသောစိတ်များနဲ့  မိမိအကျိုး၊ အများအကျိုးကို မျှတစွာရယူနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဒီဇင်ဘာလ (၅) ရက် ၂၀၁၅ ခုနှစ်

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.