12/09/15

တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Hua Chunying က IS တို့ တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ်ထုတ်တာကို ဝေဖန်ပြောသွား။

IS အစ္စလာမ်မစ်အဖွဲ့ က တရုတ်ဘာသာနဲ့ လှုံ့ဆော်ရေးသီချင်းတပုဒ် ထုတ်လိုက်တာကို ကြည့်ရင် နိုင်ငံတကာအနေနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာတွေ့ရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ပဲ ပြောသွားပါတယ်။

တရုတ်အဆင့်မြင့်အရာရှိတဦးကတော့ Islam စစ်သွေးကြွမှုတိုက်ဖျက်ရေးမှာ တိုးတက်မှုတွေရှိတယ်လို့ ပြောသွားတာပါ။

IS ရဲ့ media ဌာနပြခဲ့တဲ့ Al Hayat က ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရုံးပိတ်ရက်အတွင်းမှာ တရုတ် Mandarin ဘာသာနဲ့ သီချင်းတပုဒ်ထုတ်ပြီး Muslim ညီအကိုတော်တွေ နိုးထကြလော့လို့ ပြောထားတာပါ။

၎ မိနစ်ကြာတဲ့ အဲဒီသီချင်းထဲမှာ သီဆိုသူအမျိုးသားက ငါဟာ Mujahid ဖြစ်တယ်။ စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း သေဆုံးမှုက ငါ့ရဲ့အိမ်မက်ပဲ၊ ဘယ်တပ်ဖွဲ့ကမှ ငါတို့ကို တားဆီးလို့မရဘူးလို့ စာသားမှာပါ ပါတယ်။ ဒီသီချင်းကို IS က ထုတ်သလားဆိုတာ မှတ်ချက်ပေးလို့မရဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Hua Chunying ကပြောပြီးတော့ ဒီသတင်းကိုကြည့်ရင်တော့ အကြမ်းဖက်မှုက လူသားမျိုးနွယ်တွေအတွက် ဘုံရန်သူဖြစ်တယ်၊ အစွန်းရောက်မှုကို တားဆီးဖို့ အင်တာနက်ကို အသုံးပြုဖို့လိုတယ်ဆိုတာ ထောက်ပြနေတယ်လို့ပြောသွားပါတယ်။

တရုတ်ဟာ လောင်စာဆီအတွက် အရှေ့အလယ်ပိုင်းဒေသကို အားကိုးနေရတာဖြစ်ပြီး သံတမန်ရေးနဲ့ ပတ်သက်လာရင် ကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တခြားနိုင်ငံတွေဖြစ်တဲ့ အမေရိကန် ဗြိတိန် ပြင်သစ်နဲ့ Russia တို့ကို လွှဲထားတာဖြစ်ပါတယ်။

မာလီ၊ ပါရီ နဲ့ Russia လေယာဉ်ကို တူရကီက ပစ်ချတဲ့ ကိစ္စတွေဖြစ်တော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုပြီးပူးပေါင်းဆောင်ရွတ်ကြဖို့ တရုတ်က တိုက်တွန်းခဲ့ပေမယ့် Syria ကိစ္စကို စစ်ရေးနဲ့ ဖြေရှင်းလို့ ရမှာ မဟုတ်ဘူးလို့ အရင်ထဲက ပြောနေပြီး တရုတ်အစိုးရ သတင်းဌာနကလည်း Syria ကို လေကြောင်းတိုက်ခိုက်မှုလုပ်တဲ့ အနောက်နဲ့ Russia ကို သူက ဝေဖန်နေတာ ဖြစ်ပါတယ်။

VOA Burmese
http://burmese.voanews.com

ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို သာယာဝတီမြို့ နယ်တရားရုံးမှာ ဒီဇင်ဘာ ၈ ရက်က ၂၉ကြိမ်မြောက်ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးချိန်းမှာ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူကိုကျော်ကိုကို ကိုပထမဦးဆုံးအကြိမ်အဖြစ်တစ်ပါတည်း ရုံး ထုတ်ခဲ့ပြီး တရားလိုဖြစ်သူရဲမှူးဖုန်းမြင့်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ဒီရုံးချိန်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် တပေါင်းတည်းရုံးထုတ်ခဲ့သည့် ဗကသများအဖွဲ့ ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဒီမိုကရေစီပညာ ရေးသပိတ်ကကျောင်းသားတွေကို လက်ရှိဦးသိန်းစိန် အစိုးရကဖမ်းဆီး ထားတာဖြစ်တာကြောင့် ဒီကိစ္စကို လက်ရှိအစိုးရက ဖြေရှင်းသင့်တယ်လို့ မှတ်ချက်ပေးပြောခဲ့ပါတယ်။


သာယာဝတီထောင်မှာ ဖမ်းခံနေရသောကျောင်းသားများနှင့်ဝန်းရံသူများ ရုံးထုတ်တွင် လက်ရှိအစိုးရသာ ကျောင်းသားများကိုအမြန်ဆုံးလွှတ်ပေးရန် ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကို မှတ်ချက်ပေးပြော(ရုပ်သံ) ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှဖမ်းဆီးခံကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို သာယာဝတီမြို့ နယ်တရားရုံးမှာ ဒီဇင်ဘာ ၈ ရက်က ၂၉ကြိမ်မြောက်ရုံးချိန်းအဖြစ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ရုံးချိန်းမှာ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူကိုကျော်ကိုကို ကိုပထမဦးဆုံးအကြိမ်အဖြစ်တစ်ပါတည်း ရုံး ထုတ်ခဲ့ပြီး တရားလိုဖြစ်သူရဲမှူးဖုန်းမြင့်ကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ ဒီရုံးချိန်းမှာ ပထမဦးဆုံးအကြိမ် အဖြစ် တပေါင်းတည်းရုံးထုတ်ခဲ့သည့် ဗကသများအဖွဲ့ ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဒီမိုကရေစီပညာ ရေးသပိတ်ကကျောင်းသားတွေကို လက်ရှိဦးသိန်းစိန် အစိုးရကဖမ်းဆီး ထားတာဖြစ်တာကြောင့် ဒီကိစ္စကို လက်ရှိအစိုးရက ဖြေရှင်းသင့်တယ်လို့ မှတ်ချက်ပေးပြောခဲ့ပါတယ်။
Posted by Eleven Web TV on Tuesday, December 8, 2015
Eleven Media Group

 tharyarwaddy-602.jpg သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဗကသ ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းသွေးသစ် ကိုရုံးထုတ်လာစဉ်
Photo:Aung Thain Kha/RFA

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူတွေထဲက စာမေးပွဲဖြေဆို မယ့် ကျောင်းသား ၁ ဦး နဲ့ ဆေးရုံ တက် ရောက်နေသူ ၁ ဦးကို သာယာဝတီမြို့နယ်တရားရုံးက ဒီနေ့ အာမခံပေး လိုက်ပြီး ကျန်းမာရေး မကောင်းတဲ့ ဗကသကျောင်းသား ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ကုန် ပြည်သူ့ဆေးရုံ ကြီးမှာ ဆေးကုသဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒီနေ့ သာယာဝတီမြို့နယ်တရားရုံးချိန်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေ့နေ ဒေါ်ခင်ခင်ကျော်က အခုလိုပြောပါတယ်။

"တရားလိုရဲမှူးကို ဆက်စစ်တယ်၊ ပြီးတော့ ဟိုတစ်ပါတ်က အာမခံ ၃ ယောက်လျှောက်တယ်လေ၊ အဲ့ထဲက ၂ ယောက်ရပါတယ်၊ ထက်အောင်က ၁၀ တန်း ကျောင်းသားပေါ့နော်၊ နောက်တစ်ခါကိုတေဇာထွန်း ကျန်းမာရေးနဲ့လျှောက်တာ ရပါတယ်ရှင့်၊ ကိုခင်မောင်ဝင်းကတော့ အာမခံမရ ဘူးပေါ့၊ ဆေးစာတော့ တင်ထားတယ်၊ မပြည့်စုံလို့ဆိုပြီးတော့ ပယ်လိုက်တာပါ၊ နောက်ပြီးဒီနေ့ ၃ ယောက်ထပ်လျှောက် ပါတယ်၊ နောက်ရုံးချိန်းကျရင်တော့ အမိန့်ချပေးမယ်ပေါ့၊ ပြီးတော့ ဒီနေ့ ကျန်းမာရေး မကောင်းလို့ဆိုပြီးတော့ အခုသာယာဝတီဆေးရုံမှာလေ၊ မင်းသွေးသစ်ပါတယ်၊ ထိန်လင်းအောင်ပါတယ်၊ ကိုမြကြီး ရယ်၊ နောက်တစ်ယောက်ရယ်၊ သူတို့ ၄ ယောက် ကိုတော့ ရန်ကုန်ဆေးရုံကြီးကိုလွှဲမှာပါ"

ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကိုလည်း ဒီနေ့ သာယာဝတီတရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့ သပိတ်မှောက်ဆန္ဒပြခဲ့တာကြောင့် သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရာကနေ အာမခံနဲ့ လွတ်မြောက်သူ ဒီနေ့အထိ ၁၈ ဦး ရှိပါတယ်။

ကျောင်းသား ကျောင်းသူနဲ့ ၀န်းရံသူတွေဟာ ဆန္ဒပြမှုကြောင့် တရားစွဲဖမ်းဆီးခံထားရတာ ၈ လနီးပါး ရှိနေပြီဖြစ်ပြီး ကျန်းမာရေးမကောင်းတာကြောင့် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံနေ ရတဲ့ ကျောင်းသားနဲ့ ၀န်းရံသူ ၁၃ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/4-students-prison-hospitalized-12082015115918.html

 pyitaungsu-hluttaw-620 ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ
Photo: RFA

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ ရေးထိုးထားတဲ့ တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ကို ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့် ထားကြောင်း ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

"ကျနော်တို့ငြိမ်းချမ်းရေးစကားစတင်ပြောခဲ့စဉ်က ၁၆ ဖွဲ့နှင့်သာပြောဆို ခဲ့ခြင်းဖြစ် ပါတယ်၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဘက်က အဖွဲ့ ၂၁ ဖွဲ့ တင်ပြ ပြီး နောက်ထပ်အဖွဲ့ ၅ ဖွဲ့ထပ်တိုးလာပါတယ်၊ ကျနော်တို့အစိုးရထံ သို့လည်း တခြား အဖွဲ့ပေါင်းစုံက ငြိမ်းချမ်းရေးစကားပြောလိုကြောင်း၊ NCA စာချုပ်ကို လက်မှတ်ရေးထိုး လာကြောင်း တင်ပြထားတာရှိပါတယ်၊ ကျနော်တို့အနေဖြင့် ၁၆ ဖွဲ့ဖြင့် ပထမတစ်ကြိမ် ဆောင်ရွက်ပြီး အခြေခံကောင်းများရရှိလာ ပါက ကျန်ရှိသည့်အဖွဲ့များနှင့် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားထားပါတယ်၊ ကျန်အဖွဲ့များအတွက် လည်း လမ်းကြောင်းဖွင့်လှစ်ထားကြောင်း တင်ပြအပ်ပါတယ်"

ဒါ့အပြင် ၃ ရက်ကြာကျင်းပခဲ့တဲ့ ပန်ဆန်းညီလာခံမှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က လာမယ့် အစိုးရအသစ် နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ဆန္ဒရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားတဲ့အတွက် အစိုးရသစ်အနေနဲ့ အခုထက်ပိုပြီး အောင်မြင်အောင် ဆောင်ရွက်နိုင် မယ်လို့ ယူဆကြောင်း ဦးအောင်မင်းက ပြောပါ တယ်။

NCA စာချုပ်ကို နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်ထောင်စုလွှတ်တော်ထံ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့က ပေးပို့ခဲ့ တာဖြစ်ပါတယ်။

အဲဒီစာချုပ်အပေါ် မနေ့က လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး ဒီနေ့ ၂ဦး စုစုပေါင်း ၁၄ ဦး ဆွေးနွေးပြီးနောက် ပြင်ဆင် တာမရှိဘဲ အတည်ပြုလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ အစိုးရဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို ပြီးခဲ့တဲ့ အောက်တို ဘာလ ၁၅ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

RFA
http://www.rfa.org/burmese/news/pyitaungsu-hluttaw-approves-nca-12082015113040.html

pyidu-hluttaw-620.jpg
ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်
Photo: RFA
မြန်မာနိုင်ငံရဲ့တရားစီရင်ရေးစနစ်မှာ အဂတိလိုက်စားမှုတွေရှိနေပြီး တရားသူကြီး တွေဟာ တရားသူကြီးချုပ်တွေရဲ့ လွှမ်းမိုးမှုကို ခံနေရဆဲဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ တင်သွင်းတဲ့ တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

အဲဒီအစီရင်ခံစာကို ကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေး က အခုလိုတင်ပြခဲ့တာပါ။

"တရားစီရင်ရေးပိုင်းတွင် အဂတိတရားများလွှမ်းခြုံလျက်ရှိနေသည်ကို တွေ့ရှိရပါတယ်၊ အထက်တရားသူကြီးအဆင့် ဆင့်၏ ကြီးကြပ်မှုဖြင့်ဆောင်ရွက်ရာတွင် အပေးအယူ ကိစ္စများတွင် ကွင်းဆက်များရှိနေတာကို တွေ့ရှိရပါတယ်၊ အလားတူ ဥပဒေဝန်ထမ်း အဆင့်ဆင့်တွင်လည်း ကြီးကြပ်သူဝန်ထမ်းများ သည် ယေဘုယျအားဖြင့် ကွင်းဆက် ရှိနေပြီး နားလည်မှုဖြင့်ဆောင်ရွက်လျက်ရှိနေတာကို တွေ့နေကြရပါတယ်၊ အများအား ဖြင့် ပြစ်မှုများတွင် အဆိုပါ အခြေအနေများ တွေ့ရှိနေရပါတယ်၊ နိုင်ငံတော်အကြီးအကဲ နှင့် ဖွဲ့စည်းပုံအခြေခံကပေးအပ်သော အခွင့်အရေးများ အရ ပြည်ထောင်စုတရား လွှတ်တော် ချုပ်နှင့် ပြည်နယ်တိုင်းဒေသကြီး လွှတ်တော်တရားသူကြီးချုပ်များ သည် ထောက်ခံချက်အသီးသီးဖြင့် တာဝန်ထမ်းဆောင်ခွင့်ရခဲ့ကြသော တရားသူကြီးများသည် တရားသူကြီးချူပ်များ ၏ လွှမ်းမိုးမှုမှ ကင်းလွတ်နိုင်မည်မဟုတ်သည်ကို သုံးသပ်တွေ့ရှိ ရပါတယ်"

ပြည်သူတွေကို အကာအကွယ်ပေးနိုင်မယ့် လွတ်လပ်တဲ့ တရားစီရင်ရေးမဏ္ဍိုင် ဖြစ်ဖို့အတွက် တရားရုံးနဲ့ တရား လွှတ်တော်အဆင့်ဆင့်ကို ဒီမိုကရေစီနည်း နဲ့ ရွေးချယ်ဖို့လိုအပ်ကြောင်းလည်း အစီရင်ခံစာမှာ ထည့်သွင်းတိုက်တွန်း ထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအထိ ကော်မတီထံ ရောက်ရှိလာတဲ့ တိုင်ကြားစာ တစ်သောင်းနှစ်ထောင်ကျော်ရှိပြီး တရားရုံး အဆင့်ဆင့်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် မကျေနပ်တာကြောင့် ပေးပို့တဲ့ တိုင်ကြားစာတွေ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာများ အသနားခံစာများ စိစစ်ဆောင် ရွက်ရေးကော်မတီကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်က စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကော်မတီလည်း ဖြစ်ပါတယ်

RFA
http://www.rfa.org/burmese/news/parliament-point-out-lawsuit-biasses-12082015110403.html


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတကနေ ပေးပို့လာသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက် ပါတယ်။

ဒီ စာချုပ်မှာ ပါဝင် လက်မှတ်မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်း ဆက်လက်ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ အစိုးရဘက်က ပြောဆိုလိုက်ပါတယ်။ နောက် တက်လာမယ့် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်နိုင်မယ်လို့လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ပြောဆို လိုက်ပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းက မေခက ခုလိုပေးပို့ထားပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ကိုပြည်ထောင်စုလွှတ်တော်က ဒီကနေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီလို အတည်ပြူနိုင်ခဲ့တဲ့ ဒီစာ ချုပ်အပေါ်မှာ စာချုပ်ခေါင်းစဉ်အတိုင်း လက်ရှိချိန်ထိ တနိုင်ငံလုံးမပါဝင်သေးတဲ့အပေါ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အပေါ်ကို လွှတ်တော် ကိုယ်စားလှယ်တွေကထောက်ပြဝေဖန် မှုတွေရှိခဲ့ပါတယ်။ ဒီအပေါ်မှာ အစိုးရဘက်က တာဝန်ရှိသူ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကတော့ စာချုပ်မှာ ပါဝင်လက်မှတ်မရေးထိုးနိုင်သေးတဲ့အဖွဲ့တွေကိုလည်းဆက်လက်ပါဝင်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ကတိပေးပြောဆိုခဲ့ပါတယ်။

“NCA မှာပါဝင်သော ရက်ပေါင်း ၆၀၊ ၉၀ ကန့်သတ်ချက်များသည် ပြီးစီးအောင်ဆောင်ရွက်ရန်အတွက်မဟုတ်ပါ။ စတင်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ထားခြင်းသာဖြစ်ပါတယ်။ NCA စတင် ညှိနှိုင်းခဲ့စဉ်ကတည်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လိုလားချက်အရ NCA လက်မှတ်ရေးထိုးမှု ပြီးလျှင်ပြီးချင်း စတင်လုပ်ဆောင်စေလိုသည့်အတွက် အစိုးရအနေဖြင့် လိုက်လျှောဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ NCA စာချုပ်သည် ပြီးပြည့်စုံသော စာချုပ် ဖြစ်ချင်မှ ဖြစ်ပါမယ်။”

စာချုပ်ထဲမှာပါဝင်တဲ့ အချိန်သတ် မှတ်ထားချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြမှုနဲ့ပတ်သက်ပြီး ဦးအောင်မင်းက ခုလိုလွှတ်တော်မှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မဲဆန္ဒနယ် ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာတဲလမ်း က စာချုပ်နဲ့ပတ်သတ်ပြီး ခုလိုထောက်ပြပြောဆိုခဲ့ပါတယ်။

“ရသင့်ရထိုက်သောအခွင့်အရေး ယဉ်ကျေးမှုစာပေများကို အငြင်းအခုံမရှိပဲ ယခုသင့်တော်သည့်အချိန် အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ပေးစေလိုပါတယ်။ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ပါက လက်မှတ်မထိုးသေးသော တိုင်းရင်းသားလက်နက်ကိုင်များကလည်း ကြိုဆိုကြပြီး၊ လက်နက်ကိုင်စရာမရှိပဲ ပါဝင်ကြမှာဖြစ်ပါတယ်။”

ကန်ပက်လက်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကတော့ ငြိမ်းချမ်းရေးရနိုင်ဖို့က ကိုယ်ကျိုးစီးပွားလျော့နိုင်မှ ရနိုင်မှာဖြစ်ကြောင်း ခုလို ထောက်ပြပြောဆိုခဲ့ပါတယ်။

“ကိုယ်ကျိုးစီးပွားစွန့်လွှတ်နိုင်ကြမှသာလျှင် ငြိမ်းချမ်းရေးရရှိမှာဖြစ်ကြောင်း မီးမောင်းထိုးတင်ပြလိုပါတယ်။ လူများစုဖြစ်တဲ့ နောင်တော်ကြီးသဖွယ်ဖြစ်တဲ့ ကျနော်တို့ ဗမာလူထု အကြီးအကဲများကလည်းပဲ သည်းခံခွင့်လွတ်ခြင်းများနှင့် ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို နွေးထွေးတဲ့ အမိပြည်ထောင်စုရဲ့ ရင်ခွင်သို့ ကမ်းလင့်ကြိုဆိုသင့်ပြီဖြစ်ပါကြောင်း အကြံပြုတင်ပြရင်း နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။”

လက်ရှိမှာ ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)နဲ့ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA စတဲ့အဖွဲ့တွေနဲ့ မြန်မာအစိုးရတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ KNU ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ချင်းအမျိုးသား တပ်ဦး CNF၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/ SSA ၊မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး ABSDF နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တို့ ဖြစ်ကြပါတယ်။

လက်မှတ်မထိုးတဲ့အဖွဲ့တွေကတော့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ကချင် လွတ်လပ်ရေး တပ်မတော်(KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)နဲ့ ပလောင်(တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့သုံးဖွဲ့အပြင် အဖွဲ့ ၁၀ဖွဲ့ကျော်လောက် ကဒီစာချုပ်ကို လက်မှတ်မထိုးနိုင်သေးပါဘူး။ ဒီ လက်မှတ်မ ထိုးနိုင်သေးတဲ့အဖွဲ့တွေထဲမှာအချို့ကတော့ သက်ဆိုင်ရာ ပြည်နယ်အဆင့်အထိ အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေလည်းပါဝင်ပါတယ်။

လက်ရှိမှာ အောက်တိုဘာလက တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်ချုပ်ဆိုပြီးနောက် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရဘက်တို့တပ် နေရာချထားရေးအတွက် တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို နှစ်ဖက်ရေးဆွဲလျက်ရှိပါတယ်။ ဒီ့ပြင် အပစ်ရပ်စဲရေးစာချုပ်မှာပါဝင်တဲ့ အချက်တွေဖြစ်တဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲရန် ကော်မတီဖွဲ့ခြင်းနဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲခြင်းတို့ကို လုပ်ဆောင်နေပါတယ်။ ရေးဆွဲနေတဲ့ နိုင်ငံရေးမူဘောင် မူကြမ်းကိုလာမယ့် ဒီဇင်ဘာ ၂၄ ရက်မှာ ချပြမယ်လို့ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ကြေငြာထားပါတယ်။

မေခ /VOA
http://burmese.voanews.com/content/ethnic-nca-pyihtaungsuu-hluttaw-/3093338.html


ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်
ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

ရခိုင်ပြည်နယ် အစိုးရနဲ့ ပြည်နယ်လွှတ်တော်ကို ဦးဆောင်နိုင်ရေး အတွက် အစိုးရသစ်ဖွဲ့မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရခိုင်ပြည်နယ်တွင်း အများစု အနိုင်ရ ရခိုင်အမျိုးသားပါတီက ဦးဆောင်ကော်မတီ တရပ်ကို ပါတီဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းလိုက်ပါတယ်။အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်ကတော့ တိုင်းရင်းသား ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးရေး အတွက် ဆန္ဒရှိပေမယ့် ရက်အတိအကျ မသတ်မှတ်နိုင်သေးတဲ့ အကြောင်း တုံ့ပြန်ပါတယ်။ မသိဂီ င်္ထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ လွှတ်တော်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီက ရခိုင်ပြည်နယ် အစိုးရ ဖွဲ့စည်းနိုင်ရေးနဲ့ ရခိုင်ပြည်နယ် လွှတ်တော် အကြီးအကဲ နေရာတွေ ရရှိရေး အတွက် အစိုးရသစ် ဖွဲ့လာမယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ဆွေးနွေးဖို့ အတွက် ဦးဆောင် ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်တာပါ။ ရခိုင်အမျိုးသား ပါတီဘက်က ပြည်နယ်လွှတ်တော်အမတ်နေရာ ၂၃ နေရာ အနိုင်ရထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဘက်က ၈ နေရာနဲ့ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ ပြည်ထောင်စု အစိုးရဖွဲ့မယ့် NLD ပါတီနဲ့ ညှိနှိုင်းပြီး ရခိုင်အမျိုးသား ပါတီဘက်က ပြည်နယ်အစိုးရနဲ့ လွှတ်တော်ကို ဦးဆောင်နိုင်ဖို့ မျှော်လင့်ထားတဲ့ အကြောင်း ANP ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ခိုင်ဖြိုးဖက်က ပုဂ္ဂိုလ်တွေ၊ တပ်မတော်ဖက်က ခေါင်းဆောင်တွေ၊ နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာတော့ဖြင့် မြန်မာနိုင်ငံရေး အခင်းအကျင်းနဲ့ပက်သက်လို့ပဲဖြစ်ဖြစ် ၊ ခုနလို ပြည်ထောင်စုအစိုးရ ပြန်နယ်အစိုးရဖွဲ့စည်းရေးနဲ့ပက်သက်လို့ဖြစ်ဖြစ် ဆွေးနွေးညှိနှိုင်းတိုင်ပင်လာနိုင်တယ်လို့ပဲ၊ ကျနော်တို့ဖက်ကတော့ ယုံကြည်ပါတယ်။ တကယ်လို့များ ဆွေးနွေးခဲ့ရင် ကျနော်တို့ဖက်ကလည်း outline လေးတွေကို ကျနော်တို့ ဆွေးနွေးထားပြီးသားဖြစ်တာပေါ့နော်။ ဆွေးနွေးမယ့်ကော်မရှင်ကိုလည်းဖွင့်ထားပါတယ်။ ကျနော် ဦးဆောင်ပါတယ်၊ အထွေထွေအတွင်းရေးမှူးပါပါတယ်။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အစိုးရ ဖွဲ့နိုင်တဲ့ အထိ အပြတ်အသတ် အနိုင်ရရှိထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဘက်ကတော့ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်မယ်လို့ ပြောဆိုထားပေမယ့် အခုချိန်ထိတော့ အနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ ဆွေးနွေးမှုတွေ မရှိသေးပါဘူး။ ဆွေးနွေးလိုတဲ့ ဆန္ဒရှိထားပေမယ့် ရက်အတိအကျ မသတ်မှတ်ရသေးတဲ့ အကြောင်း NLD ပြောခွင့်ရ ဦးဝင်းထိန်က ပြောပါတယ်။

“အဲလိုရည်မှန်းချက်တော့ရှိတယ်။ သို့သော်ကျနော်တို့က အခြေအနေအရ အချိန်မရှိလို့ သူတို့နဲ့ပြောဖို့အချိန်လိုသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်မှာနေနေရတယ်၊ တခြားလုပ်စရာရှိတာတွေကို လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ တိုင်းရင်းသားပါတီတွေနဲ့တွေ့ဖို့ကတော့ ဆန္ဒရှိတယ်။ ဒါပေမယ့် အချိန်မသတ်မှတ်ရသေးဘူး။”

ရခိုင်ပြည်နယ်တွင်း အမတ်နေရာ အများစု အနိုင်ရထားတဲ့ ရခိုင်အမျိုးသား ပါတီဘက်ကတော့ အစိုးရသစ်ဖွဲ့မယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်နယ် အရေး ဆွေးနွေးဖို့ စတင်ကမ်းလှမ်းမှာ မဟုတ်ဘူးလို့ ပါတီခေါင်းဆောင် ဒေါက်တာ အေးမောင်က ပြောပါတယ်။ ဒါပေမယ့် NLD ဘက်က ကမ်းလှမ်းလာဖို့ကို အပြည့်အ၀ မျှော်လင့်တဲ့အကြောင်းပြောပါတယ်။

“ကျနော်တို့က ကမ်းလှမ်းဖို့ မရှိပါဘူး။ ကျနော်တို့က ပြည်နယ်လေးတခုရဲ့အနိုင်ရပါတီပဲဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လိုအပ်သလိုပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ့်အနေအထားလည်း ရှိပါတယ်။ သို့သော် ခုနလို မြန်မာနိုင်ငံတခုလုံးကို အပြောင်းအလဲတခုအတွက် ဦးဆောင်နေတဲ့ပါတီဖြစ်လို့ ကျနော်ထင်ပါတယ်၊ တိုင်းရင်းသားပါတီများနဲ့ တရားဝင် သူ့ဖက်က ဆွေးနွေးဖို့အတွက် ကမ်းလှမ်းလာနိုင်တယ်လို့ပဲ၊ ရာခိုင်နှုန်းများများ ကျနော်တို့ ဒါကို နားလည်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့ဖက်က ဆွေးနွေးဖို့အဆင်သင့် ရှိနေပါပြီ။ ကျနော်တို့ဖက်က ကမ်းလှမ်းရတဲ့အနေအထားက အင်မတန်ခက်ပါတယ်။”

အစိုးရသစ်ဖွဲ့မယ့် NLD ပါတီဘက်ကတော့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို အစဉ်တစိုက် အလေးထားတယ်လို့ တစိုက်မတ်မတ် ပြောဆိုထားပါတယ်။ ဒီဇင်ဘာလ ၇ ရက်နေ့က နေပြည်တော်မှာ လွှတ်တော်တက်ရောက်နေတဲ့ တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ နောက်ဆုံး တွေ့ဆုံပွဲမှာလည်း NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေ အနေနဲ့ ဗမာလူမျိုးတွေကိုလည်း တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုကြဖို့၊ အကူအညီပေး ပူးပေါင်းဆောင်ရွက်ကြဖို့ ၊ NLD ကိုလည်း ဝေဖန် အကြံပေးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပေမယ့်အစိုးရသစ် လက်ထက် တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သီးသီးသန့်သန့် ပြောဆိုခဲ့တာ မရှိပါဘူး။

မသိင်္ဂီထိုက်/VOA
http://burmese.voanews.com/content/anp-aim-to-establish-state-government-/3093446.html

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ စက်တင်ဘာလ ၃ ရက်နေ့ကကျင်းပစဉ်
Photo: Aung Thain Kha/RFA

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ကို ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ သတင်း မီဒီယာကောင်စီ အဖွဲ့ဝင် ၂၄ ဦးဟာ လာမယ့် ဒီဇင်ဘာလ ၁၁ ရက်နေ့ မှာ နိုင်ငံတော်သမ္မတရုံးမှာ ကျမ်းသစ္စာကျိန်ဆိုရမှာ ဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီနည်းဥပဒေအရ ကောင်စီဖွဲ့စည်းပြီး ရက်ပေါင်း ၃၀ အတွင်း ကျမ်းကျိန်ရမှာဖြစ်တဲ့အတွက် နည်းဥပဒေအတိုင်း ဆောင်ရွက်ရမှာဖြစ်တယ် လို့ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောပါတယ်။

"ကောင်စီကဖွဲ့ပြီးတော့ ရက် ၃ဝ တွင်း ကျမ်းကျိန်ရမယ်ဆိုတဲ့ နည်းဥပဒေအတိုင်း ၁၁ ရက်နေ့ မနက် ၉ နာရီမှာ ကျမ်းကျိန်ဖို့၊ ကောင်စီဝင်အားလုံးပေါ့၊ အစိုးရနဲ့ ဘာမှ မဆိုင်ဘူး၊ အစိုးရသစ်သည်ဖြစ်စေ၊ ဟောင်းသည်ဖြစ်စေ၊ ဥပဒေထဲကအတိုင်း၊ လွှတ်တော်တို့ သမ္မတပြောင်းတာတို့ ဘာမှမကျိုးသက်ရောက်မှုမရှိဘူး"

သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က အဖွဲ့ဝင် ၂၄ ဦးနဲ့ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး ဥက္ကဌအဖြစ် ဦးခင်မောင်လေး(ခ) ဆရာဖိုးသောကြာ၊ ဒုတိယဥက္ကဌတွေအဖြစ် ဦးဖေဖြင့်၊ ဒေါက်တာ မျိုးသန့်တင်တို့ကို ရွေးချယ် ခန့်အပ်ထားတာဖြစ်ပါတယ်။

သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ သတင်းမီဒီယာဥပဒေပြုစုတာ၊ သတင်းမီဒီယာသမားတွေကြား အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းဆောင် ရွက်တာနဲ့ သတင်းမီဒီယာကျင့်ဝတ်တွေကို စောင့်စည်းလိုက်နာဖို့ သတိပေးဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်းမီဒီယာကောင်စီထဲမှာ သတင်းမီဒီယာသမားတွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သမ္မတရုံးနဲ့ လွှတ်တော်ကို ကိုယ်စားပြုသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သတင်းမီဒီယာကောင်စီကို ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်နေ့က ဖွဲ့စည်းခွင့်ပြုခဲ့တာဖြစ်ပြီး ကောင်စီရဲ့ သက်တမ်းဟာ ၃ နှစ် ကြာမြင့် မှာဖြစ်ပါတယ်။

RFA


yehtut-620.jpg
ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ် ကိုတွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ ကန့်သတ်မှုတွေကို ၆ လ ယာယီ ဆိုင်းငံ့မယ်လို့ အမေရိကန်အစိုးရက မနေ့က ထုတ်ပြန်ကြေညာလိုက်တဲ့အပေါ် မြန်မာအစိုးရက ဝမ်းသာကြိုဆိုကြောင်း သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကိုပြောပါတယ်။

သမ္မတဦးသိန်စိန် အစိုးရလက်ထက်ထဲ ပြုလုပ်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီစဉ် တွေမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ် အတားဆီးဖြစ်နေတဲ့ အခုလို ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေကို ဖယ်ရှားနိုင်ဖို့ကိုဟာ အဓိက ရည်မှန်းချက်ထဲမှာ ပါဝင်ခဲ့တာဖြစ်ကြောင်း၊ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ တိုးတက်တဲ့ အသွင်ကူးပြောင်း ရေးတွေကြောင့် ကန့်သတ်ပိတ်ဆို့မှုအားလုံးကို လုံးဝရုတ်သိမ်းပေးသင့်ကြောင်းလည်း ပြောပါတယ်။

"ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ ပိတ်ဆို့မှုတွေအားလုံး ရုပ်သိမ်းသွားဖို့ဆိုတဲ့ ရည်မှန်းချက်ပါပဲ၊ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ဘယ်လောက်ပဲ နိုင်ငံရေး တည်ငြိမ်မှုရှိသည်ဖြစ်စေ၊ အမေရိကန်ရဲ့ပိတ်ဆို့မှုရှိနေသည့် ကာလ ပတ်လုံး ကျနော်တို့ရဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊ လယ်ယာပစ္စည်းထုတ်လုပ်သူတွေ၊ စက်ရုံ၊ အလုပ်ရုံမှာလုပ်နေ တဲ့ အလုပ်သမားတွေတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခွင့်လမ်း ကအပြည့်အဝရမှာမဟုတ်ဘူး၊ ဒါကြောင့်ကျနော် တို့ကတော့ ရွေးကောက်ပွဲအလွန် ကာလမှာ ပိုပြီးတော့တည်ငြိမ်ပြီးတော့မှ အသွင်ကူးပြောင်းရေးနောက်တစ်ဆင့်ကို ကူးပြောင်းဖို့သေချာနေပြီဖြစ်တဲ့ အတွက်ကြောင့် အပြီးအပိုင်ရုပ်သိမ်းပေးလိုက်တယ် ဆိုရင်တော့ ကောင်းတာပေါ့၊ ၆ လဆိုတော့ ဘာပဲပြောပြောဆက်လုပ်ရမယ့်သူထဲမှာ အခြေအနေ တစ်ခုတော့ရှိနေသေးတာပေါ့"

အမေရိကန် အစိုးရကတော့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပတ်သက်နေတဲ့ ခရိုနီခေါ် လုပ်ငန်းရှင်ကြီးတွေအပေါ် ပစ်မှတ် ထားပိတ်ဆို့ အရေးယူထားဆဲဖြစ် တာကြောင့် အဲဒီခရိုနီတွေ လုပ်ကိုင်ခွင့်ရနေတဲ့ ဆိပ်ခံတံတားတွေ၊ လေဆိပ်တွေကို အမေရိကန် ကုမ္ပဏီတွေ အသုံးမပြုနိုင်ဘဲဖြစ်နေတဲ့အတွက် အခုလို ကုန်သွယ်ရေးဆိုင်ရာ ပစ်မှတ်ထားပိတ်ဆို့ကန့် သတ်မှုတွေကို ၆ လ ယာယီဆိုင်းငံ့တာ ဖြစ်တယ်လို့လည်းဆိုပါတယ်။

အရေးယူပိတ်ဆို့မှုကို အခုလို ယာယီဆိုင်းငံ့လိုက်တာကြောင့် အမေရိကန်အစိုးရက ပုဂ္ဂိုလ်တဦးချင်းစီအလိုက် ပစ်မှတ် ထားပိတ်ဆို့အရေးယူထားသူ စာရင်းထဲ မှာပါတဲ့ စတီဗင်လော (ခေါ်) ဦးထွန်းမြင့်နိုင် ပိုင်တဲ့ Asia World ဆိပ်ကမ်း အပါအ၀င် ဆိပ်ခံတွေ၊ လေဆိပ်တွေကို ကုန်စည်တင်ပို့ခွင့် (၆) လရရှိတော့ မှာ ဖြစ်ပါတယ်

RFA

ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲခံထားရသော (တကသ)အဖွဲ့ဝင် ကျောင်းသား ကိုဇေယျာလွင်အား ဒီဇင်ဘာ ၈ ရက်က ပန်းဘဲတန်းမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြတောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ဒီဇင်ဘာ ၈ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသော (တကသ)အဖွဲ့ဝင် ကျောင်းသား ကိုဇေယျာလွင်က လက်ရှိ အရေးကြီးဆုံးကိစ္စမှာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့သည့် ပါတီအား အာဏာ လွှဲပြောင်း ပေးရေးပင်ဖြစ်ကြောင်း မီဒီယာများအား ပြောကြားသည်။

“အခုအရေးကြီးဆုံး ကိစ္စကတော့ လာမယ့် အာဏာလွှဲပြောင်းရေး ကိစ္စက အရေးကြီးဆုံးပေါ့။ အဲဒီနောက် ပါလာတာကတော့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပေါ့။ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးမှာ အရေးကြီးဆုံးက ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကို တောင်းဆိုပါတယ်။ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မတရားတပ်ထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ အဲဒါမှလည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ပြန်စလို့ရမှာပါ။ အဲဒီနောက်မှာမှ ငြိမ်းချမ်းရေး ကိစ္စတွေ လုပ်ရမှာပေါ့။ နောက်တက် လာမယ့် အစိုးရနဲ့အတူ ကျွန်တော်တို့ ကျောင်းသားတွေ လူငယ်တွေအားလုံးနဲ့ သက်ဆိုင်ရာ ကဏ္ဍတွေမှာ လုပ်သွားရမှာပါ။ နောက်တက်မယ့် အစိုးရအနေနဲ့ လုပ်ရမှာက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မတရား ပုဒ်မတပ် ဖမ်းဆီးတာတွေကို ပယ်ဖျက်ပေးဖို့က အရေးကြီးဆုံးပါပဲ”ဟု ကိုဇေယျာလွင် ဒီဇင်ဘာ ၈ ရက်တွင် မီဒီယာများအား ဆိုသည်။

ဒီဇင်ဘာ ၈ ရက် ရုံးချိန်းတွင် ကျောက်တံတား မြို့နယ်အတွင်း ဆန္ဒပြခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲ ခံထားရသော အမှုအတွက် တရားလိုပြ သက်သေအဖြစ် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးအား စစ်ဆေးမည် ဖြစ်သော်လည်း ၎င်းမှာ လာရောက် နိုင်ခြင်း မရှိသဖြင့် အမှုကို မစစ်ဆေး ဖြစ်ခဲ့ကြောင်း စွပ်စွဲခံရသူတို့၏ ရှေ့နေဦးကျော်ဟိုးက ပြောကြားသည်။

(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအ၀င် အဖွဲ့ဝင် ကျောင်းသားအချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့ မှ စတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေးအတွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုသို့ဆန္ဒပြမှုဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုနန်းလင်းမှာ လွတ်မြောက်နေ၍ တရားခံပြေးအဖြစ် ကြေညာထားကြောင်း သိရသည်။
Writer:
ဝေလင်းအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group

တစ်ခုတော့ပြောမယ် ။
အနာဂါတ်ကိုရိုက်ချိုးတာလား။
လူငယ်တွေကိုရိုက်ချိုးချင်လို့လားဗျာ။
နိုင်ငံတော်ဟာလူငယ်မျိုးဆက်သစ်တွေရဲ့လက်ထဲမှာရှိတယ်။
အနာဂါတ်ဟာခင်ဗျားတို့သားသမီးတွေ တူ တူမတွေ မြေးတွေရဲ့လက်ထဲမှာရှိတယ်နော်။
နိုင်ငံတော်ဖရိုဖရဲဖြစ်တာဟာအတိတ်ကာလရဲ့
ဖန်တည်းခဲ့မှုကြောင့်ဖြစ်တယ်။
ပြည်သူတွေဆင်းရဲဒုက္ခကြုံတွေ့ခဲ့ရတာဟာအတိတ်ကာလကလုပ်ရပ်တွေကြောင့်ဖြစ်တယ်။
ဒါကိုကျွန်တော်တို့လက်တွေ့ခံစားနေရတယ်။
ခံစားမှု အမာရွတ်က ကျွန်တော်တို့တစ်သက်ပါ။
ဒီအမာရွတ်ကိုလည်းရေမနှုးချင်ဘူး။
ဒုတ်နဲ့တော့လာမရိုက်နဲ့ပေါ့။
ဆေးလိပ်မီးနဲ့ လာမတို့နဲ့ပေါ့ဗျာ။
ဒါ့ကြောင့် ဒီလိုဗရမ်းဗတာ စည်းမဲ့ကမ်းမဲ့ ဖရိုဖရဲ
ခါးသီ်းတဲ့လမ်းကြောင်းပေါ်ကိုကျွန်တော်တို့ရဲ့
အနာဂတ်ခေါင်းဆောင်လူငယ်တွေကိုမလျှောက် လှမ်းစေချင်တော့တဲ့ကိုယ်ချင်းစာနာစိတ် ကျွန်တော်တို့မှာရှိတယ်။
ဒါကြောင့် ပညာရေးအားနည်းတဲ့လူငယ်တွေ/ လူကြီးတွေ /ဘွဲ့ရပြီးဦးတည်ချက်ပျောက်နေတဲ့
လူငယ်တွေအတွက်ပရဟိတကိုအခြေခံတဲ့ဘ၀ ရပ်တည်မှုသင်တန်းတွေပေးဖို့ ဒီနေ့ပရဟိတတောင်တော်ပေါ်မှာဗြဟ္မစိုရ် ခြေလှမ်းကိုစခဲ့ပါတယ်။
ဘဘဦးသုခကပြောခဲ့ဘူးတယ်။
" လောကကြီးမှာတရားခံလည်းမဖြစ်လို။
တရားလိုလည်းမဖြစ်လို။
ဘုရားသော်မှ မနေရ။
မင်းက ဘာမို့လဲ " တဲ့။
ဟုတ်ပါတယ်။
မြတ်စွာဘုရားတောင်အများအတွက်ပရဟိတလုပ်တဲ့နေရာမှာ အတိုက်အခံ အနှောက်အယှက်တွေကြုံတွေ့ခဲ့ရတာဘဲ။
ကျွန်တော်လိုဘာမဟုတ်တဲ့သူတစ်ယောက်ကို
နှောက်ယှက်ပိတ်ပင်တာကိုမပြောလိုတော့ပါဘူး။
မာန်နတ်ဆိုတာဘယ်လောကမှာမဆိုရှိနေတာဘဲလေ။
ဒါပေမယ့် ကျွန်တော်မရှင်းတာက . . .
မသာချနေတဲ့ ကျွန်တော့်လိုလူ ။
လူတွေအသက်ကိုကယ်ပေးနေတဲ့ ကျွန်တော် ။
လူငယ်တွေရဲ့အနာဂါတ်ကိုလှပအောင်နိုင်သ လောက်လုပ်နေတဲ့ ကျွန်တော့်လိုကောင် ။
ပရဟိတသာသနာပြုနေတဲ့ ကျွန်တော်ဆိုတဲ့ အကောင်လေးက တိုင်းပြည်အတွက်ပြည်သူအတွက်အစိုးရအတွက်မည်မျှလောက်အန္တရာယ်ရှိနေ ပါသနည်း? ။
မည်မျှလောက်စိုးရိမ်စရာသတ္တ၀ါတစ်ကောင်ဖြစ်နေပါသလဲ ? ။
မည်မျှလောက်ဆိုးသွမ်းလှသောလူဆိုး လူမိုက်ကြီးဖြစ်နေပါသလဲ ? ။
ဘာကြောင့်ကျွန်တော့်နောက်လိုက်နေလဲ။
ဘာကြောင့်ဘာသင်တန်းနေပေးနေတာလဲလို့
ဘေးလူတွေကိုမေးမြန်းနေတာလဲ။
ဘာကြောင့်ဘုန်းကြီးငါးပါးနဲ့လာတာလဲလို့ထင်ယောင်ထင်ဝါးလိုက်မေးနေတာလဲ။
ကျွန်တော်တပည့်နှစ်ယောက်နဲ့မှောင်ရိပ်မခိုဘဲမနက်လင်းလင်းကြီးမှာလာပါတယ်။
ဘာသင်တန်းပေးနေတာလည်းသိရအောင်လာရောက်ကိုယ်တိုင်သင်တန်းထဲဝင်ပြီးနားထောင်ရင်ရပါတယ်။ သင်တန်းတက်ချင်လည်းရပါတယ်။( ရန်ကုန်တုန်းကတော့အသင်းဝင်ပြီးသင်တန်းတက်သွားတဲ့သူတွေရှိတယ်။နောက်သူတို့မသာချတဲ့အလုပ်ကိုဘိန်းစွဲသလိုဖြစ်သွားတယ်။သုဿန်မသွားရင်မနေနိုင်မထိုင်နိုင်ဖြစ်ကုန်တယ်။အဲလိုဖြစ်ကုန်ရင်တော့ကိုယ့်ကိစ္စကိုယ်ရှင်း။တာဝန်မယူဘူး။)
ပဉ္ဇင်းခံသာသနာ့ဘောင်ဝင်တော့လည်းအလှူရှင်လိုလို ဆွမ်းကပ်သလိုလိုနဲ့လာပြီးကျောင်း အပေါက်တံခါးမှာ"ကျော်သူထမင်းစားနေပြီ ဒါဘဲ" လို့စကားပြောစက်နဲ့ဂရုစိုက်လွန်လွန်းပြီးသတင်းတွေပို့နေရတာလဲ။
ခင်ဗျားတို့ရဲ့ခွန်အားတွေ အချိန်တွေ ဖြတ်ထိုးဥာဏ်တွေ တွေးခေါ်မှုတွေ တိုင်းပြည်ရဲ့
ပြည်သူ့ငွေတွေကိုနှမျောတယ်ဗျာ။
ကိုယ်တိုင်ထိပ်တိုက်တိုးလို့မေးပြီဆိုရင် "အထက်ကခိုင်းလို့ပါ။ ကျွန်တော်တို့ကကျော်သူပရိသတ်ပါ" လို့တော့ဓါတ်ပြားဟောင်းကြီးမဖွင့်နဲ့တော့ဗျာ။ အထက်ကလူကြီးတွေရဲ့ဂုဏ်သိက္ခာတွေကိုလည်းသေးသိမ်အောင်မလုပ်ကြနဲ့ပေါ့ဗျာ။
ကျော်သူတောခိုပြီဆိုရင်တရားဝင်ပြောသွားမယ်။
တောဆိုလို့လည်းထင်ယောင်ထင်ဝါးမလုပ်နဲ့ဦး။
ရိပ်ကြီးခိုဖို့တောထဲဝင်ပြီးတရားစခန်းကြွမြန်းတော့ရင်ပြောတာပါ။
အဲဒီအခါကြရင်လည်းခင်ဗျားတို့လိုက်ခဲ့ပေါ့ဗျာ။
တောရိုင်းတိရိစ္ဆာန်အန္တရာယ်တော့ရှိတယ်။
လက်နက်အပြည့်အစုံတော့ယူခဲ့ပေါ့။
ခင်ဗျားတို့ကိစ္စ ခင်ဗျားတို့ရှင်းကြပေါ့နော်။
ကျွန်တော်ကတော့ ကံငါးပါးကိုစောင့်ထိမ်းတယ်။
သတ္တ၀ါအားလုံးကို မေတ္တာထားတယ်။
ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမယ်။
ဒါပါဘဲ ခင်ဗျ ။
ကျန်းမာချမ်းသာစေ ။

ကျော်သူ

တူမောင်ညို – ရွေးချယ်ခံလူထုခေါင်းဆောင်နဲ့ ညစ်ကောက်သော မြေး အဖိုးနှစ်ယောက်
(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅

“လွှတ်တော်ဥက္ကဋ္ဌ၊ မြေး၊ သမ္မတ၊ ကာချုပ်” တို့ကို ဆက်သားအဖြစ်လွှတ်ကာ တီးခေါက် စနည်းနာပြီးတဲ့ ကန့်လန့်ကာ နောက် ကွယ်မှထွက်ပြီး ဒီဇင်ဘာ ၄ ရက်နေ့မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်သန်းရွှေ ဆုံတွေ့ခဲ့ကြပြီ။ ၂ ဒီဇင်ဘာမှာ သမ္မတနဲ့ ကာချုပ်နဲ့တွေ့ တယ်။ ဗိုလ်ရွှေမန်းက သူ့ (ဖဘ) ကနေ (ဒီဇင်ဘာ ၂၊ ၃၊ ၄၊ တွေ့ဆုံမှုများ) ကို မင်္ဂလာဝင်ယူပါတယ်။

ပထမတစ်ချက်က  စစ်အာဏာရှင်၊ နံတ်ပါတ်ဝမ် ဆိုတာ ရာထူးတွေ၊ တာဝန်တွေကနေ အငြိမ်းစားယူချင်ယူမယ်။ ပင်စင်ယူ ချင်ယူမယ်။ အာဏာကိုင်ထားမှုကနေတော့ ဘယ်တော့မှ အငြိမ်းစားမယူဘူး၊ ပင်စင်မယူဘူးဆိုတာကို သက်သေပြလိုက် တာပါ။
ဒုတိယအချက်က ဆရာထက် တပည့်လက်စောင်းထက်ဆိုသလိုပါပဲ ဗိုလ်သန်းရွှေဟာ ဗိုလ်နေဝင်းထက် လက်စောင်းထက်ပါ တယ်။ ဒါကလည်း တခြားအကြောင်းအချက်တွေကြောင့်ထက် ဗိုလ်နေဝင်းရဲ့နေဝင်ချိန်ကို ဇာတ်သိမ်းပေးခဲ့သူဟာ ဗိုလ် သန်းရွှေကိုယ်တိုင်ပဲဖြစ်တယ်မဟုတ်လား။ အခုသူ့အနေအထားက ဗိုလ်နေဝင်းလိုအနေအထားကို ရောက်နေပြီဖြစ်တယ်။ သူ့နေဝင်ချိန်ရောက်နေပြီ၊ ဗိုလ်နေဝင်းအပေါ် သူလုပ်ခဲ့သလို သူ့ထက်သူ လူစွမ်းကောင်းတွေပေါ်လာပြီး ဗိုလ်နေဝင်းအပေါ် သူလုပ်ခဲ့သလို သူ့အပေါ်လုပ်လာမှာ သူကြိုတွက်ထားခဲ့တယ်။ ဒီတော့ ဗိုလ်နေဝင်းလို ကံကြမ္မာမျိုး သူအတိုးမခံနိုင်ဘူး။ သေတဲ့အခါ ကသောကမျောပြာချပြီး တိတ်တဆိတ် ရေမျှောပစ်တဲ့ ဗိုလ်နေဝင်းရဲ့နောက်ဆုံးခရီးကို ဗိုလ်သန်းရွှေ ခါးသီးနေ ပုံပဲ။

“၂၀၀၈ အခြေခံဥပဒေ” ကို သူစိတ်ကြိုက် ဒေါင့်စေ့ကွက်စေ့ အချိန်ယူပြီးရေးခဲ့တာပါ။ “ကာချုပ်” ဆိုတာကို သူစိတ်ကြိုက် ခန့်ပြီး စစ်တပ်ကိုလည်း ကောင်းကောင်းချုပ်ကိုင်ထားနိုင်တာပဲ။ ၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲနဲ့တက်လာတဲ့ သူ့တပည့် သားမြေးတွေရဲ့ငါးနှစ်တာဖြတ်သန်းမှုကို သူသိထားပြီးပြီ။

ဒါ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ (NLD) ပါတီရဲ့ လွှတ်တော်တွင်း/ လွှတ်တော်ပလှုပ်ရှားမှုတွေကို သူကောင်းကောင်းအကဲခတ်ခွင့်ရခဲ့ပြီးပြီ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ဂျိုကာဖဲချပ်ကို သူပိုင်ပိုင်နိုင်နိုင်ဆက်ကိုင်ထားနိုင်မယ်ဆိုရင် သူ့နောင်ရေး ဘက်ပေါင်း စုံ စိတ်အေးရမယ်။ ပြီးတော့ ယနေ့ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ကြားဖြတ်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မဟုတ် တော့ဘူး ၂၀၁၅ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရထားသူဖြစ်တယ်။ ပြည်တွင်းပြည်ပရဲ့မျက်နှာသာပေးမှုက ဒေါ် အောင်ဆန်းစုကြည်ဘက်မှာ ဖြစ်တယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုင်တွယ်နိုင်မယ်ဆိုရင် သွေးစွန်းညစ်ပေနေတဲ့သူ့ပုံရိပ်ကို ဖုံးကွယ်ရုံတင်မကဘူး။ နာမည် ကောင်းပါရနိုင်မှာဖြစ်တယ်။ ဒါ့အပြင် သူသေတဲ့အခါ ကျန်ရစ်မယ့် သူ့သားမြေးမိသားစုနောင်ရေးနဲ့ပိုင်ဆိုင်ထားတဲ့ ဥစ္စာဓနတွေလုံခြုံဘေး ကင်းအတွက်လည်း စိတ်အေးရမှာဖြစ်တယ်။ ဒီနည်းလမ်းဟာ ဗိုလ်သန်းရွှေမိသားစု တကိုယ်ရေတကာယအဖို့ “သားအိုးရွှေထမ်း” တဲ့ကိန်းပေါ့။ ဒါကြောင့် မြေးကို ဆက်သားအဖြစ်သုံးပြီး တဲ့နောက် ကိုယ်တိုင်ထွက်တွေ့တာလို့ ယူဆပါတယ်။

ဗိုလ်သန်းရွှေစဉ်းစားနည်းက “အာဏာ” ကို သူ့စစ်အုပ်စုက (၂၀၀၈ အခြေခံဥပဒေ/စစ်ဗျူရိုကရေစီယန္တယား) အရ ချုပ်ကိုင် ထားနိုင်ရုံတင်မကဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ ပဝါနဲ့ထုတ်ပိုးချည်နှောင်ထားလိုက်မယ်ဆိုရင် ပြည်တွင်းပြည်ပကို နောက်ထပ် ဆယ်စုနှစ် ၂ ခုစာလောက် အေးအေးဆေးဆေး ကျောသပ်ထားနိုင်လိမ့်မယ်လို့ တွက်ထားပုံပါပဲ။

(NLD) ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အစဉ်တစိုက်အလေးထား ပြောဆိုနေတဲ့ “သဟဇာတဖြစ်ရေး၊ ရင်ကြားစေ့ရေး” တို့ဆိုတာ စစ်အာဏာရှင်နဲ့ စစ်အုပ်စုအပေါင်းအပါတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေနဲ့ပိုင်ဆိုင်မှုအဝဝအတွက် သောကင်း ဝေးရေး၊ စိုးရိမ်ပူပန်မှုကင်းရေး၊ စိတ်အေးလက်အေးရှိစေရေးအတွက်ရည်ရွယ်ပြီး ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ ခေါင်းဆောင် က အာမခံချက်ပေးရမယ့် လုပ်ငန်းစဉ်မျိုးလား။

ဗိုလ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် (၄ ဒီဇင်ဘာ) တွေ့ဆုံမှုကို (NLD) ပြောခွင့် ဦးဝင်းထိန်က(RFA)ကို “အင်မတန်ရွှင် လှတဲ့ လေသံနဲ့” အတည်ပြုပါတယ်။ “ပွင့်လင်းမြင်သာမှု”ကို အန္တရာယ်ကင်းဂါထာသဖွယ် မပြတ်ရွတ်ဖတ်လေ့ရှိတဲ့ (NLD) ပါတီကြီးဟာ အခုတော့ တေမိမင်းနှာစေးသလို လုပ်နေပါပေါ့လား။ တိုင်းပြည်နဲ့လူထုကို တိတိကျကျလေးလေးစားတာဝန်သိသိတင်ပြဖို့လိုပါတယ်။

တိုင်းပြည်နဲ့လူထုကတော့ “အမှန်တကယ်ပြောင်းလဲ” ဖို့ ပြတ်ပြတ်သားသား မဲပေးခဲ့ကြပြီးပါပြီ၊ အပြောင်းအလဲတွေ မလာ ခင် လောလောဆယ်မှာတော့ မျက်လှည့်ပွဲကို ငေးမောကြည့်ရှုနေကြရပါတယ်။
(မိုးမခ)


မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် လုံးဝ ပိတ်ဖို့ တိုက်တွန်းတယ်လို့ မစ္စတာ Trump က ပြော။ 


အမေရိကန် နိုင်ငံမှာ ရီပတ်ဘလီကန် ပါတီရဲ့ သမ္မတလောင်း ဖြစ်ဖို့ ကြိုးပမ်းနေတဲ့ Donald Trump က မွတ်ဆလင်တွေကို အမေရိကန်ထဲ ဝင်ခွင့် မပေးဘဲ တားမြစ် သင့်တယ်လို့ ပြောဆို လိုက်တဲ့အတွက် နိုင်ငံရေး အမြင်ချင်း မတူသူတွေရဲ့ ရှုတ်ချ ဝေဖန်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ်။

မွတ်ဆလင် အတော်များများမှာ အမေရိကန်ကို မုန်းတီးစိတ်တွေ ကိန်းအောင်းနေပြီး ဘာကြောင့် ဒီလို ဖြစ်ရတယ် ဆိုတာ အမေရိကန် အာဏာပိုင်တွေ နားလည် သဘောပေါက် နိုင်တဲ့ အချိန်အထိ အမေရိကန် ပြည်သူတွေကို အန္တရာယ်ကနေ အကာအကွယ် ပေးဖို့ လိုတယ်လို့ Donald Trump က ပြောခဲ့ ပါတယ်။

အိမ်ဖြူတော်ကတော့ Donald Trump ရဲ့ စကားဟာ အမေရိကန်ရဲ့ စံနှုန်း တန်ဖိုးတွေနဲ့ ကွဲလွဲနေတယ်လို့ ပြောပါတယ်။

ရီပတ်ဘလစ်ကန် ပါတီကပဲ သူ့ပြိုင်ဖက် Jeb Bush ကလည်း ဒါဟာ စိတ်မမှန်သူ ပြောတဲ့ ပုံမျိုးလို့ ပြောပါတယ်။

အမေရိကန် အစ္စလာမ် ဆက်ဆံရေး ကောင်စီက Nihad Awad ကလည်း မစ္စတာ Trump ရဲ့ ပြောဆိုမှုဟာ ပြဿနာ ဖန်တီးတဲ့ အဓိကရုဏ်း ခေါင်းဆောင် လေသံနဲ့ တူနေတယ်လို့ ဝေဖန် ပြောဆို ခဲ့ပါတယ်။

ကာလီဖိုးနီးယား ပြည်နယ်မှာ မွတ်ဆလင် ဇနီးမောင်နှံရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၄ ယောက် သေဆုံးခဲ့ပြီး ရက်ပိုင်း အကြာမှာ အခုလို မစ္စတာ Trump ရဲ့ ပြောဆိုမှု ပေါ်ထွက် လာတာ ဖြစ်ပါတယ်။

BBC Burmese

အစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည် ဆိုသော်လည်း
အပြည့်အ၀ ဒီမိုကရေစီဆန်သည့် လွတ်လပ်သည့် ကျောင်းသားများ၏
လိုလားချက်များကို အခြေခံသည့် ပညာရေးပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲ
အစိုးရတစ်ရပ် အသက်ဆက်ရှည်ရေးအတွက် ချုပ်ကိုင်ချင်သည့် ပညာရေး
စနစ်ဖြစ်နေကြောင်း မဖြိုးဖြိုးအောင်က ဒီဇင်ဘာ ၈ ရက် သာယာဝတီမြို့နယ်
တရားရုံး ရုံးထုတ်တွင် ပြောကြားခဲ့သည်။

ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးအတွက်
ကြိုးစားခဲ့သည်များ ရှိသော်လည်း ပြုပြင်ပြောင်းလဲသည့် နည်းချင်းကွာခြားသည်ဟု
လည်း မဖြိုးဖြိုးအောင်ကဆိုသည်။

“ကျွန်မတို့က ဒီမိုကရေစီနည်းကျတဲ့ တိုင်းပြည်အတွက် အထောက်အပံ့ဖြစ်စေနိုင်တဲ့
ဒီမိုကရေစီကို အခြေခံတဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲချင်တယ်။ အစိုးရ
ကတော့ အဲ့ဒီလိုမျိုးထက် အသုံးချဖို့အတွက် အစိုးရတစ်ရပ်အသုံးချဖို့ အတွက်
ပညာရေးစနစ် ပြောင်းလဲချင်တယ်။ အဲဒီအပေါ်မှာ ကွာခြားမှုတွေရှိတယ်” ဟု
မဖြိုးဖြိုးအောင်ကပြောသည်။

ဒီမိုကရေစီပညာရေးသပိတ်မှ ကျောင်းသားများနှင့် ၀န်းရံသူ ၇၀ ကို ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နှင့် ၅၀၅(ခ) တို့ဖြင့် တရားစွဲဆိုခံထားရသည့်
ဖမ်းဆီးခံကျောင်းသားများနှင့် ၀န်းရံသူများကို ၂၉ ကြိမ်မြောက် ရုံးချိန်းအဖြစ်
ဒီဇင်ဘာ ၈ ရက်တွင် သာယာဝတီမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အဆိုပါရုံးချိန်းတွင် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သူ ကိုကျော်ကိုကိုလည်း
ပါဝင်လာပြီး သာယာဝတီမြို့နယ် တရားရုံးတွင် ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့သည်။ ၎င်းကို ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ရန်ကုန် အင်းစိန်ထောင်မှ
သာယာဝတီအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး တစ်ဦးတည်း သက်သက်
ခွဲထားသည်ဟုလည်း သိရသည်။

သတင်း - ဇော်မင်းထွန်း
The Ladies News Journal

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.