12/16/15

updjc-dec-14-620.jpg ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့ တတိယအကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View Hotel မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့ကကျင်းပစဉ်
Photo:Myo Thant Khaing/RFA

လာမယ့်နှစ် ဇန်န၀ါရီလ ၁၅ ရက်နေ့မတိုင်ခင် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ နိုင်ငံရေးပါတီတွေရဲ့ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၇၀၀ တက်ရောက်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဒီနေ့ အတည်ပြု ဆုံးဖြတ်နိုင် ခဲ့တယ်လို့သိရပါတယ်။

နေပြည်တော် Horizon Lake View Hotel မှာ နှစ်ရက်ကြာ ကျင်းပပြီးနောက် အတည်ပြုဆွေးနွေးနိုင်ခဲ့တာဖြစ်တယ် လို့ မြန်မာ့ငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

"အစိုးရနဲ့ လွှတ်တော်က ၁၅ဝ ကိုကျနော်တို့ လက်ခံတယ်၊ နောက်ပြီးတော့ တပ်မတော်ကလည်း ၁၅ဝ၊ တိုင်းရင်း သားလက်နက်ကိုင်ကလဲ ၁၅ဝ၊ နိုင်ငံရေး ပါတီက ၁၅ဝနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ၅ဝနဲ့ အခြားဖိတ်ကြား ထားတဲ့ ၅ဝ ကို နောက်ဆုံးအားလုံးကတော့ ကျနော်တို့အတည်ပြုလို့ရတယ်၊ အယူအဆ မျိုးစုံရှိတဲ့အတွက် နောက် ဆုံးညှိနှိုင်းတာကိုတော့ ဆရာဦးဥာဏ်ဝင်းတို့ဖက်နေ ဆွေးနွေးပေးတဲ့အတွက် အားလုံးကတော့ သဘောတူတဲ့ အနေအထားပါပဲ"

နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ UPDJC အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်အကြမ်းကို ရေးဆွဲနိုင်ခဲ့ပြီး မနက်ဖြန် နိုင်ငံတော်သမ္မတထံ ပေးအပ်မှာဖြစ် တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်သမ္မတထံကနေ ပြန်လည်ရရှိလာတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူချောအတိုင်း လာမယ့်နှစ် ဇန်န၀ါရီလ ၁၅ရက်နေ့ မတိုင်ခင် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ခေါ်ယူကျင်းပပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲတွေကို ကျင်းပရမှာဖြစ်ပါတယ်။

RFA

 nanlin-620.jpg တကသခေါင်းဆောင် ကိုနန်းလင်းကို တွေ့ရစဉ်
Photo: RFA

တရားခံပြေးအဖြစ် သတ်မှတ်ကြေညာခံထားရတဲ့ တကသကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုနန်းလင်းကို ဒီနေ့ နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးလိုက် တယ် လို့သိရပါတယ်။

သူ့ကို ပန်းပဲတန်းတရားရုံးကိုခေါ်သွားပြီး ရမန်ယူကာ အင်းစိန်ထောင်ကိုပို့လိုက်တယ်လို့သိရကြောင်း တကသပြန် ကြားရေးတာဝန်ခံ ကိုဖိုးသားက RFA ကိုပြောပါတယ်။

"ရန်ကုန်တိုင်းရဲစခန်းက သူ့ကိုလာဖမ်းသွားတယ်လို့သိရတယ်၊ သူ့ကိုခေါ်သွားတာတော့ ပန်းပဲတန်းရဲစခန်း ကို ခေါ်သွားတယ်လို့သိရတယ်၊ ရမန်ယူပြီး အင်းစိန်ထောင်ကိုပို့ လိုက်တယ်၊ သူ့ကိုဖန်းဆီးတာကတော့ ပုဒ်မ ၅ဝ၅ ခနဲ့ပဲဆိုတော့ ယခင်ဖမ်းဆီးထားတဲ့ ကိုပိုင်ရဲသူတို့နဲ့ တစ်ရက်တည်း အမှုစစ်မယ်လို့ သိရပါတယ်"

ကိုနန်းလင်းနဲ့ တကသကျောင်းသားတွေဟာ အခြေခံဥပဒေပုဒ်မ ၄၃၆ ကိုပြင်ပေးဖို့နဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေထွက်သွားဖို့ ဇွန်လ ၃၀ ရက်နေ့ က သိမ်ကြီးဈေးအနားမှာ ဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံ ထားရပါတယ်။

အဲဒီဆန္ဒပြကျောင်းသားတွေထဲက ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဖမ်းမိထားပြီး ကိုနန်းလင်းကို မမိတဲ့အတွက် အစိုးရက သူ့ကို တရားခံပြေးအဖြစ် ကြေညာ ထားခဲ့ရာကနေ အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ကိုဇေယျာလွင်နဲ့ ကိုပိုင်ရဲသူတို့ကို ဒီကနေ့ ပုံမှန်ရုံးထုတ်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ အမျိုးသား ပညာရေးဥပဒေ သပိတ်မှောက်စဉ်က ပါဝင်ခဲ့ပြီး၊ လေးပွင့် ဆိုင်ဆွေးနွေးပွဲ နောက်ပိုင်းမှာ သပိတ်ရပ်နား ခဲ့ကြပါတယ်။ ဒါပေမယ့်နောက် ပိုင်းမှာ အခြေခံ ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကိုဆက်ပြီးဆောင်ရွက် ခဲ့ကြတာဖြစ်ပါတယ်။

RFA


pyitaungsu-hluttaw-620
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေပုံ
Photo: RFA

ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးတွေ၊ ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကို နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေကို လာမယ့် အစိုးသစ်မတိုင်ခင် ပေးအပ်ချီးမြှင့်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နိုင်ငံရေးပင်စင်လို့ ခေါ်နိုင်တဲ့ ချီးမြှင့်ငွေဟာ လက်ရှိ ရရှိနေတဲ့ လစာချီးမြှင့်ငွေ နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းကို တွက်ချက်ပြီး တလုံးတခဲတည်း ပေးအပ် ချီးမြှင့်မယ့်ငွေ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

"ဘယ်လိုနှုန်းနဲ့ တွက်တာလဲဆိုတော့ နောက်ဆုံးရတဲ့လစာကို တာဝန်ထမ်း ဆောင်ခဲ့တဲ့ခုနှစ်၊ ၅ နှစ်သက်တမ်း ဆိုရင် ချီးမြှင့်ငွေက ငွေကျပ် ၁ဝ ဆိုတော့ တာဝန် ထမ်းဆောင်ခဲ့တဲ့နှစ်က ၅ နှစ်ဖြစ်ချင်ဖြစ်မယ်၊ တချို့က ကြားဖြတ်ရွေးကောက်ပွဲ ထဲကဝင်လာတယ်ဆိုရင် ၃ နှစ်ဖြစ်ချင်ဖြစ်မယ်၊ အဲ့ဒါနဲ့မြှောက်လိုက်ရင် ကျပ်သိန်း ၅ဝ၊ ကျပ်သိန်း ၃ဝ၊ အဲ့တော့ အားလုံးဟာ တလုံးတခဲထဲ နိုင်ငံပင်စင်ပေါ့နော်၊ ဒါပဲရပါလိမ့်မယ်"

အဲဒီချီးမြှင့်ငွေ ပေးအပ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့ကစပြီး ပြည်ထောင်စုလွှတ်တော်မှာ လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ သိရပါတယ်။

တစ်လ လစာ ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ ရရှိနေတဲ့ ၀န်ကြီးတစ်ဦးဟာ လုပ်သက် ၅ နှစ်ရှိရင် ကျပ်သိန်း ၁၅၀၊ တစ်လ လစာ ချီးမြှင့်ငွေ ကျပ်၂၅ သိန်း ရရှိနေတဲ့ ဒုတိယ၀န်ကြီး တစ်ဦးဟာ ငွေကျပ် ၇၅ သိန်း၊ တစ်လ ကျပ် ၁၀သိန်း ခံစားခွင့်ရရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တဦးဟာ ငွေကျပ် သိန်း ၅၀ တလုံးတခဲတည်း ရရှိမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေထဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့၊ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေ လည်း ပါဝင်ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ နှစ်ဦးကတော့ လစဉ် ပင်စင်ချီးမြှင့်ငွေ ရရှိနေမှာ ဖြစ်ပြီး အခုချီးမြှင့်မယ့် နိုင်ငံရေး တလုံးတခဲတည်း ပင်စင်ငွေလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေး ၀န်ကြီးနဲ့ လွှတ်တော်မှာ တက်ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေက အစိုးရအဖွဲ့နဲ့ လွှတ်တော် က ပေးအပ်တဲ့ ချီးမြှင့်ငွေ လစာခံစားတာမဟုတ်တဲ့အတွက် တလုံးတည်း တခဲတည်း ချီးမြှင့်ငွေ ရရှိမှာမဟုတ်ဘူးလို့ လည်း သိရပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပင်စင် လို့ခေါ်တဲ့ တလုံးတည်း တခဲတည်း ပင်စင် ချီးမြှင့်ငွေကို လာမယ့်အစိုးရသစ် မတက်ခင်မှာ ချီးမြှင့်ဖို့ စီစဉ်နေပါတယ်။ အဲဒီလိုနိုင်ငံရေး ပင်စင် ပေးအပ်မယ့် အစီအစဉ် အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေအကြား သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ RFA သတင်းထောက် ကိုဝင်းကိုကိုလတ်က စုစည်းတင်ပြထားပါတယ်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေကို နိုင်ငံရေးပင်စင်ကဲ့သို့ တလုံးတခဲထဲချီးမြင့်ငွေ ခံစားခွင့် ပေးလိုက်မယ် ဆိုရင် ငွေစက္ကူတွေရိုက်နှိပ်ပြီး ပေးရ မှာမို့ ငွေကြေးဖောင်းပွပြီး အခြေခံလူထုအတွက် အခက်အခဲတွေပိုလာနိုင်တယ်လို့ စာရေးဆရာ ကျော်ရင်မြင့်က ပြောပါတယ်။

RFA

ရှမ်းပြည်တပ်မတော် မြောက်ပိုင်းနှင့် အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲများ
ဖြစ်ပွားခြင်း မရှိတော့သဖြင့် နေရပ်သို့ ပြန်ကြသည့် မိုင်းရှူးမြို့နယ်
စစ်ဘေးရှောင် စခန်းများမှ ပြည်သူများအား စစ်တပ်က နှင်ထုတ်ခဲ့ကြောင်း
မိုင်းရှူးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူက
အတည်ပြုပြောဆိုသည်။

"မနေ့က ဟိုင်းပါ ဒုက္ခသည်စခန်းက စစ်ဘေးရှောင် ၂၀၀ လောက်က
ရဟန်းသံဃာတော် တစ်ပါးရဲ့ ဦးဆောင်မှုနဲ့ သူတို့ ရွာတွေကိုပြန်တာ စစ်တပ်က
သူတို့ ခွင့်မပြုဘူး။ နောက်နှစ်လလောက်မှ ပြန်လာဆိုပြီး နှင်ထုတ်လိုက်တယ်
ကြားတယ်" ဟု မိုင်းရှူးမြို့နယ် SNLD ပါတီ ဥက္ကဋ္ဌ ဒေါ်နန်းကိန်းခမ်းက The Ladies
News Journal သို့ ပြောသည်။

SSPP / SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီတို့
အကြား တိုက်ပွဲများ ရပ်ဆိုင်းရန်အတွက် နေပြည်တော်တွင် ဒီဇင်ဘာလဆန်းပိုင်းက
ဆွေးနွေးခဲ့ကြပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း မရှိတော့သည့်အတွက် ဟိုင်းပါဒုက္ခသည်
စခန်းမှ စစ်ဘေးရှောင်များမှာ ကုန်းနိမ် ၊ နမ့်ပါမူး စသည့် စစ်ဘေးရှောင်တို့၏
မူလနေရပ် ကျေးရွာများသို့ ဒီဇင်ဘာလ ၁၃ ရက်နေ့က သွားရောက်ခဲ့ခြင်း
ဖြစ်ကြောင်းသိရသည်။

ကုန်းနိမ် ကျေးရွာနှင့် နမ့်ပါမူး ကျေးရွာအနီးတွင် နိုဝင်ဘာလအတွင်းက တိုက်ပွဲများ
ဖြစ်ပွားခဲ့သော်လည်း ယခုအခါ SSA တပ်များမှာ ယင်းကျေးရွာများအနီးတွင်
ရှိမနေတော့သဖြင့် စစ်ဘေးရှောင်များမှာ စစ်တပ်က မောင်းထုတ်မှု အပေါ်
နားမလည်နိုင်အောင် ဖြစ်နေကြောင်း SNLD ပါတီ တာဝန်ရှိသူက ဆိုသည်။

ပြည်ထောင်စုအဆင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်
တပ်မတော် SSPP/SSA နှင့် အစိုးရ စစ်တပ်တို့အကြား အောက်တိုဘာ လဆန်းပိုင်းမှ
နိုဝင်ဘာလ နှောင်းပိုင်းအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကျေးသီး၊
မိုင်းနောင်၊ မိုင်းစံမြို့၊ မိုင်းရှူးမြို့နယ် အတွင်း ဒေသခံ တစ်သောင်းကျော်နေရပ်မှ
စွန့်ခွာထွက်ပြေးခဲ့ရသည်။

လက်ရှိဒေသတွင်း အခြေအနေနှင့် ပတ်သက်ပြီး ရှမ်းလူမှု အဖွဲ့စည်းများကမူ
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ထိန်းချုပ်ထားသည့် ဒေသများတွင်
စစ်ဘေးရှောင်များနေရပ်ပြန်နေနိုင်ပြီ ဖြစ်သော်လည်း အစိုးရတပ်မတော်
ထိန်းချုပ်ထားသည့် ရပ်ရွာများမှာမူ ဒေသခံများ နေရပ်ပြန်နိုင်ရေးအတွက်
အခက်အခဲ ကြုံတွေ့နေရဆဲ ဖြစ်သည်ဟု ဆိုကြသည်။

သတင်း - စိုင်းထွန်းအောင်လွင်
Photo - Sai zawm mong
The Ladies News Journal
Ladies News Journal

ဒီဇင်ဘာ ၁၄ ရက်က ရုပ်သံတွင် ထုတ်လွှင့်ခဲ့သော ဗီဒီယိုမှ ရယူထားသည့် ထိုင်းဘုရင် ဘူမိဘော၏ ဓာတ်ပုံ (Photo:Reuters)

နာမကျန်းဖြစ်နေသော ထိုင်းဘုရင် ဘူမိဘောအဒူလျာဒက်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှု မြင့်တက်နေချိန်တွင် ဘုရင်သည် ပြီးခဲ့သော စက်တင်ဘာ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၁၄ ရက်တွင် လူမြင်ကွင်းသို့ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ နန်းတော်က ဒီဇင်ဘာ ၁၄ ရက် နှောင်းပိုင်းတွင် တရားဝင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံ၌ အသက် ၈၈ နှစ်ရှိ ဘုရင်သည် ၎င်းတက်ရောက် ကုသမှု ခံယူနေသော ဆေးရုံ၌ ပြုလုပ်သော တရားသူကြီးသစ်များ၏ ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် ရွှေပလ္လင်တစ်ခုပေါ် ထိုင်နေသည်ကို မြင်တွေ့ခဲ့ရသည်။

ထိုင်းဘုရင်က ပြီးခဲ့သော သီတင်းပတ်တွင် အသက် ၈၈ နှစ်ပြည့် မွေးနေ့ကျင်းပခဲ့သည့် ယင်းဆေးရုံ၌ အဆိုပါ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထိုင်းဘုရင်သည် အဆုတ်ထဲ ပိုးဝင်မှု အပါအ၀င် နာမကျန်းဖြစ်မှု မျိုးစုံများကို ကုသရန်အတွက် ယင်းဆေးရုံတွင် လနှင့်ချီ ကုသမှု ခံယူနေရသည်။ ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား နန်းသက် အရှည်ဆုံး ဘုရင်ဖြစ်သော ဘူမိဘောအဒူလျာဒက်သည် သဘောထား နက်နက်ရှိုင်းရှိုင်း ကွဲပြားနေသော ထိုင်းနိုင်ငံအတွက် ညီညွတ်ရေး သင်္ကေတတစ်ခု အဖြစ် ရှုမြင်ခံနေရသည်။

ထိုင်းဘုရင်သည် ပြီးခဲ့သော နှစ်နှစ်အတွင်း အချိန်အများစုကို ဆေးရုံတက်လိုက်၊ ဆေးရုံမှ ဆင်းလိုက်ဖြင့် ကုန်ဆုံးခဲ့ရပြီး လူမြင်ကွင်းသို့ ထွက်ခဲ့သည်။ သူ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် အနည်းငယ်ကိုသာ နန်းတော်က ထုတ်ပြန်ပေးခဲ့သည်။ ပြီးခဲ့သော စက်တင်ဘာတွင် နန်းတော်က ထုတ်ပြန်ခဲ့သော ဗီဒီယိုတစ်ခု၌ လူနာထိုင် ဘီးတပ်ကုလားထိုင်တွင် ထိုင်လျက် အားနည်းနေပုံ ပေါ်လွင်သော ထိုင်းဘုရင်သည် ဆေးရုံရှိ ဆိုင်တစ်ဆိုင်သို့ သွားရောက်နေမှုကို တွေ့ခဲ့ရသည်။

ထိုင်းဘုရင်၏ ဆယ်စုနှစ် ခြောက်ခုကြာ အုပ်စိုးလာမှု အဆုံးသတ်သွားပါက နိုင်ငံရေး နက်နက်ရှိုင်းရှိုင်း သဘောထား ကွဲလွဲနေသော ထိုင်းနိုင်ငံ၏ အနာဂတ်အတွက် နိုင်ငံသား အများစုက စိုးရိမ်နေကြသည်။ ဘူမိဘောသည် သူ၏အုပ်စိုးမှု တစ်လျှောက် အာဏာသိမ်းရန် ကြိုးပမ်းမှု သို့မဟုတ် အာဏာသိမ်းမှု အကြိမ် ၂၀ နီးပါး ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သောနှစ် မေက ရွေးကောက်ခံ ယင်လက်ရှင်နာဝပ် အစိုးရ ရာထူးမှ ဖြုတ်ချခံခဲ့ရပြီး စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်။ ထိုင်းဗိုလ်ချုပ်များက အခြေခံ ဥပဒေ ပြန်လည် ရေးဆွဲပြီးချိန်နှင့် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ပြီးချိန်တွင် အရပ်သားများထံ အာဏာလွှဲပေးမည်ဟု ကတိပြုထားသည်။ သို့သော် ထိုင်းစစ်တပ်သည် ဘုရင်စနစ်ကို ကာကွယ်ပေးသူဟူသော အကြောင်းပြချက်ဖြင့် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားပြီး ရှင်နာဝပ်မိသားစုက နိုင်ငံရေး လောကထဲ ပြန်မ၀င်ရောက်နိုင်စေရန် လုပ်ဆောင်နေသည်ဟု ဝေဖန်သူများက စွပ်စွဲခဲ့ကြသည်။
Writer:
Ref:AFP
Eleven Media Group

ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ပန်းပဲတန်းမြို့နယ် တရားရုံးရှေ့တွင် ဒီဇင်ဘာ ၁၅ ရက်က တွေ့ရစဉ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြ တောင်းဆိုမှုကြောင့် အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင် ကိုဇေယျာလွင်နှင့် ကိုပိုင်ရဲသူတို့အား ဒီဇင်ဘာ ၁၅ ရက်တွင် ပန်းဘဲတန်းမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် ပုဒ်မ-၅၀၅ (ခ) ဖြင့်ပန်းဘဲတန်းမြို့နယ် တရားရုံး၌ တရားစွဲခံထားရသော (တကသ)အဖွဲ့ဝင် ကျောင်းသားနှစ်ဦး အမှုတွင် တရားလိုပြသက်သေအဖြစ် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား စစ်ဆေးခဲ့ပြီး ရုံးချိန်းကို ဒီဇင်ဘာ ၂၉ ရက်သို့ ချိန်းဆိုခဲ့သည်။

“ဒီနေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ယောက်ကို စစ်တာပါ။ သူမြင်တာ တွေ့တာတွေကို ထွက်ဆိုသွားပါတယ်။ ကျောင်းသားတွေ ပြောဆိုသွားတာကိုပဲ ထွက်ဆိုသွားပါတယ်။ သိပ်ထူးထူးခြားခြားတော့ မပါပါဘူး” ဟု ကိုဇေယျာလွင်၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ရုံးချိန်းအပြီးတွင် ပြောကြားသည်။

အဆိုပါ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် တရားလိုပြ သက်သေအဖြစ် ကိုးဦးတင်ပြထားပြီး ငါးဦးစစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၅၀၅ (ခ) ဖြင့်တရားစွဲဆို ခံထားရသည့် ကိုဇေယျာလွင်က “နောက်တက်လာမယ့် NLD အစိုးရ လက်ထက်မှာ ကျွန်တော်တို့ကို ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ဒီမိုကရေစီနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်ဘူးလို့ ပြောထားတာ ရှိပါတယ်။ နောက်တက်လာမယ့် အစိုးရ ကျရင်တော့ နိုင်ငံရေး အကျဉ်းသား ကိစ္စတွေကို မရှိအောင်တော့ လုပ်ဆောင်လိမ့်မယ်လို့ ယူဆပါတယ်။ လက်ရှိအစိုးရက ပြန်လွှတ်ပေးမယ် ဆိုရင်လည်း သူ့ရဲ့အကျိုးစီးပွားပေါ်မှာ မူတည်ပြီးတော့ ဆုံးဖြတ်မယ်လို့ ထင်ပါတယ်။သူတို့လွှတ်ပေးလို့ အကျိုးအမြတ် ရမယ်ဆိုရင် သူလွှတ်မှာပဲ။ ကျွန်တော့်အနေနဲ့ကတော့ လက်ရှိအစိုးရကိုတော့ အရမ်းကြီး မမျှော်လင့်ဘူး” ဟု ရုံးချိန်းအပြီးတွင် ပြောကြားသည်။

(တကသ) ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ အပါအ၀င် အဖွဲ့ဝင်ကျောင်းသား အချို့နှင့် ပြည်သူများ ပူးပေါင်း၍ ပြီးခဲ့သည့် ဇွန် ၃၀ ရက်က ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးရှေ့မှ စတင်ကာ ကျောက်တံတားမြို့နယ် မြို့တော်ခန်းမရှေ့အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရေး အတွက် လမ်းလျှောက်ဆန္ဒပြခဲ့ရာ ကိုဇေယျာလွင်၊ ကိုနန်းလင်း၊ ကိုပိုင်ရဲသူတို့ကို ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ)တို့ဖြင့် ပန်းဘဲတန်းမြို့နယ် တရားရုံးနှင့် ကျောက်တံတားမြို့နယ် တရားရုံးတို့၌ တရားစွဲဆိုထားပြီး တရားခံပြေးအဖြစ် ကြေညာထားသည့် ကိုနန်းလင်းအား ဒီဇင်ဘာ ၁၅ ရက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။


Writer:
ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း
Eleven Media Group

၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် လွှတ်တော်တွင်းမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထွက်သွားပေးရန် ဆန္ဒပြခဲ့ခြင်းကြောင့် တရားခံပြေးအဖြစ် သတ်မှတ်ခြင်းခံထားရသည့် တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ (တကသ) ကျောင်းသား ခေါင်းဆောင် ကိုနန်းလင်းကို ယနေ့(ဒီဇင်ဘာ ၁၅ ရက်) မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဖမ်းဆီးသွားကြောင်း တကသ အဖွဲ့ဝင် ကျောင်းသား ကိုဖိုးသားက အတည်ပြု ပြောကြားသည်။

ကိုနန်းလင်းကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းအား ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ရမန်ယူကာ အင်းစိန်ထောင်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ဓာတ်ပုံ - Nan Lin (Facebook)

Eleven Media Group

(၁)

EMG ကပါတဲ့ဖါးကန့်သတင်းကိုဖတ်ပြီး
အံကြိတ်မိတဲ့အထိ..

၂၀၁၂ ကထက် စက်ယန္တရားအင်အား
(၁၀) ဆများလာတယ်ဆိုတဲ့ တူးဖေါ်မှု..

တစ်ခါမှမမြင်ဘူးတဲ့..
မြင်းကောင်ရေ (၉၀၀၀) ကျော်တဲ့
စက်ယန္တရားတွေပါရောက်နေပြီး..
မြေလှန်တူးဆွပြီး..
ဖါးကန့်တစ်နယ်လုံးဗြောင်းဆန်နေတဲ့
သတင်း..

စက်ယန္တရားစီးရေ..
နှစ်သောင်းကျော်တဲ့အထိ..
သုံးစွဲပြီး တူးနေတယ်...
ဆိုတဲ့ အနေအထား..

နေစဉ့်အခေါက်ပေါင်း..
ထောင်သောင်းချီပြီး..
၂၄ နာရီပတ်လုံး..
ကဲ့ယူနေကြတယ်..
ဆိုတဲ့ ကမ်းကုန်မှု..

သတ္တုတွင်းဝန်ကြီး..
ကချင်ပြည်ဝန်ကြီးချုပ်တို့
မသိဘူး..ဆိုတဲ့..
ဖါးကန့်ရဲ့..
စက်ယန္တရားအင်အား....

ဖါးကန့်ဒေသမှာ.တာဝန်ကျတဲ့
တာဝန်ရှိသူတွေ..
အချိန်တိုအတွင်းမှာ..
သိန်းသောင်းချီ ပိုက်မိတယ်..
ဆိုတဲ့ အသံတွေ.......

ဘပြောင်နဲ့ သက်ဆိုင်ရာဝန်ကြီးတွေရဲ့
သိသိသာသာ.ကို..
ပိတ်နေတဲ့ ပါစပ်..

အပြင်လူတွေမသိတဲ့..
ကန့်လန့်ကာနောက်ကွယ်က..
ကျောက်စိမ်းဈေးကွက်ကြီးတွေ..

မသိချင်ယောင်ဆောင်ပေးမှုရဲ့
နောက်ကွယ်က...
အပေးအယူတွေ...
အလဲအထပ်တွေ...

တရုတ်ဘက်ကို..
နေ့စဉ် ကားအစီးပေါင်းမရေနိုင်အောင်
ပို့နေတယ်ဆိုပေမဲ့..
ဒီဘက်က မပေးပဲနဲ့တော့..
တရုတ်က ယူချင်တိုင်းယူလို့..
မရဘူးလေ....ဆိုတဲ့..အတွေး....

တစ်ချိန်မှာ..
လောဘဇောတိုက်နေတဲ့...သူတွေကြောင့်.
.ဖါးကန့်ပျောက်သွားနိုင်တယ်..
ဆိုတဲ့ သုံးသပ်မှုတွေ...

--------------------------------

(၂)

အဲဒီမှာ..
ဘာကိုသွားသတိရသလဲ...ဆိုတော့..

တို့မြေ..တို့ရေကို..
တစ်လက်မ အထိမခံဆိုပြီး..
ကျွေးကြော်နေတဲ့..
ရဲမိုး ဦးဆောင်တဲ့...
Online ထဲက လေစစ်ဗိုလ်တွေ..

ဦးသိန်းစိန်ကို အမေရိကန်က
ငပေါအဖွဲ့တစ်ဖွဲ့..
တရားစွဲတယ်ဆိုတုန်းက..
အမျိုးချစ်တယ်မခံဘူး ဆိုပြီါ်..
သောက်ရမ်းကို ထဖြဲနေတဲ့..
မှူးဇော် အစရှိတဲ့..
ပြောင်ဘုရင်ရဲ့ ကျွန်ယုံတော်တွေ..

အမျိုးချစ်လှချည်ရဲ့ဆိုပြီး..
ခွက်ပျောက်နေတဲ့..
ခွက်ခံမျိုးချစ် ငပိန်းတွေ..

အဲဒီလူတွေ...
ဘယ်မှာသွားသေနေကြလဲ..
ဆိုတဲ့...အတွေး..

ရေမဆေးကျောက်
တစ်တုံးစီ...
ပါးစပ်ထဲ အဆို့ခံနေရလို့..
စောက်ပေါက်တွေ ပိတ်နေကြတာလား..

လို့တောင် စဉ်းစားမိသေးတယ်..

--------------------------------

(၃)

နောက်ဆုံး..
ထွက်လာတဲ့အဖြေက..

ရှင်းရှင်းလေး..

သွားတာတောင်ရိုးရိုးမသွားပဲ..
နောက်လူအတွက်..
အခွံပဲထားခဲ့ချင်တဲ့..
အောက်တန်းကျတဲ့စိတ်..

ရှိသမျှ အကုန်..
အိတ်နဲ့လွယ်သွားမယ်ဆိုတဲ့..
ခွေးထက်မိုက်တဲ့စိတ်..

ဒေါ်စုကသင်ပုန်းချေမှာပဲ..
ဒါ့ကြောင့် အခုရသလောက်ယူမှာပဲ..ဆိုတဲ့
အလိုလိုက် အမိုက်စော်ကားတဲ့စိတ်..

ဒီလိုနိမ့်ကျတဲ့စိတ်တွေ
ထိပ်ပိုင်းကနေ..
အောက်ပိုင်းအထိ..
ရှိနေလို့ပဲ..လို့ယူဆတယ်..

ခင်ဗျားတို့..
ပြန်တွေးကြည့်ရင် ရှက်သင့်တယ်..

တစ်တိုင်းပြည်လုံး..
အခြေခံကအစ ပြင်သင့်တာကို
ပြင်ဆင်ဖို့အတွက်
အမယ်အိုက သူကိုယ်တိုင်
အမှိုက်ကောက်နေတဲ့အချိန်မှာ..

ခင်ဗျားတို့က...
ရသလောက် ခိုးနေတယ်..

ရသလောက် အိတ်ထဲထည့်နေတယ်..

ခင်ဗျားတို့ကို..
နောက်ဆုံးသတိပေးချင်တာက..

တစ်နေ့ကို..
တစ်နာရီလောက်ပဲဖြစ်ဖြစ်..

လူစိတ်လေးတော့ မွေးပေးပါ..လို့..၊

( Pa Yit)

Photo - Eleven Media Group

တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၊ဒုတိယနေ့ (photo-Nyo Ohn Myint (MPC)
တတိယအကြိမ်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၊ဒုတိယနေ့ (photo-Nyo Ohn Myint (MPC)

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး ဒုတိယနေ့မှာ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ပါ အရေးကြီးတဲ့ အချက် ၃ချက်ကို ညှိနှိုင်းသဘောတူညီခဲ့ပါတယ်။ ဒီကနေ့ ဆုံးဖြတ်ချက်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့် ကိုယ်စားလှယ်အစုအဖွဲ့ကို မူလက အစုအဖွဲ့ ၃ ဖွဲ့နဲ့ ၃ ပွင့်ဆိုင်သတ်မှတ်ခဲ့ရာက အခုအခါမှာ အစုအဖွဲ့ ၅ ဖွဲ့ ပါဝင်တဲ့ ၅ ပွင့်ဆိုင်ဆွေးနွေးဖို့ နဲ့ တပ်မတော်က တပွင့် အဖြစ်ပါဝင်ဖို့ သဘောတူခဲ့ကြပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်မူကြမ်းရေးဆွဲရာမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ဒီလ အစောပိုင်းက ဆုံးဖြတ်နိုင်ခဲ့ပြီး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့် ကိုယ်စားလှယ် အရေအတွက်နဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်ရမယ့် ပုံစံကို ဒီကနေ့ ပြီးဆုံးတဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC တတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကိုယ်စားလှယ်ပါဝင်မှု အချိုးအစားသတ်မှတ်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဖက်က အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့၊ နိုင်ငံရေးပါတီအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့အဖြစ် ၃ပွင့်ဆိုင်ဆွေးနွေးဖို့ လျာထားသတ်မှတ်ခဲ့ရာက အစိုးရဖက်က အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ကတစုစီ၊ နိုင်ငံရေးပါတီတွေက တစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ က တစုအဖြစ် ၅ ပွင့်ဆိုင်ဆွေးနွေးဖို့ တင်ပြတာတွေ ရှိခဲ့ပါတယ်။

ဒီကနေ့ ညှိနှိုင်းဆုံးဖြတ်ခဲ့တဲ့ အခြေအနေကို မြန်မာနိုင်ငံငြိမ်းချမ်းရေး စင်တာက အထူးအကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ဒီကနေ့နောက်ဆုံးမှာ ကျနော်တို့ NLD တက်ရောက်လာတဲ့အဲဒီထဲက ဦးဉာဏ်ဝင်း တို့က လည်း ညှိပေးပြီးတော့ အနာဂတ်မှာ အစိုးရ၊ လွှတ်တော်တွေကတော့ NLD ဦးဆောင်တဲ့ဘက်က ကျနော်တို့ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် သူတို့ဘက်က အရေအတွက်ကို ညှိနှိုင်းပြီးတော့ ကျနော်တို့ အလျှော့ပေးလိုက်တဲ့အတွက်ကြောင့် နောက်ဆုံးတော့ သဘောတူညီချက်တခုထွက်လာတယ်။ အဲဒါကတော့ အစိုးရနဲ့ လွှတ်တော် ၂ ဖွဲ့ပေါင်းက ၁၅၀၊ နောက်တပ်မတော် ၁၅၀ ၊ EU ကို ၁၅၀၊ နိုင်ငံရေးပါတီ ၁၅၀ နဲ့ ဖိတ်ကြားရမယ့် အစု ၅၀ နဲ့ တိုင်းရင်းသားခေါင်းဆောင် ၅၀ ဆိုပြီးတော့ နောက်ဆုံး ဒါနဲ့တော့ ကျနော်တို့ သဘောတူခဲ့ကြပါတယ်။”

နိုင်ငံရေးဆွေးနွေးပွဲမှာ ဆုံးဖြတ်ချက် ချမှတ်ရမယ့် ပုံစံကိုတော့ အခုလို သဘောတူခဲ့ကြောင်း ဆက်ပြောပါတယ်။

“ဒီဆုံးဖြတ်ချက်ကတော့ ယေဘုယျကျနော်တို့ ဆုံးဖြတ်ချက်ကတော့ ဒီအစုတစုချင်းစီကနေပြီးတော့ သဘောတူညီချက်တခုစီရမယ်။ ပြီးတော့ အစုအားလုံးရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်ရမယ်ဆိုတဲ့ decision making ကိုပေါ့ ဆောင်ရွက်ထားတာရှိတယ်ခင်ဗျာ။”

ဆွေးနွေးပွဲမှာပါဝင်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက လက်ရှိ ဆုံးဖြတ်ထားတဲ့ မူဘောင်တွေကိုတော့ နောင်အစိုးရအနေနဲ့ ပြုလွယ်ပြင်လွယ်ရှိအောင် နဲ့ NCA ခေါ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေ လက်မှတ်ရေးထိုးလာရင် ပါဝင်လာနိုင်အောင်လည်း ခြွင်းချက်ထား သဘောတူခဲ့ကြောင်းလည်း ပြောပါတယ်။

“ကိုယ်စားလှယ် အရေအတွက်ရွေးချယ်ခြင်း အပါအ၀င်ပေါ့၊ ဆွေးနွေးမယ့် အကြောင်းအရာအပါအ၀င် ဒီဟာတွေအကုန်လုံးကို မူဘောင်ထဲမှာကတော့ နောင်အစိုးရ လာတဲ့အခါကျရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖြစ်လာရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ ဒါ ညှိနှိုင်းပြီးတော့မှ ပြင်ဆင်ပြောင်းလဲလို့ရပါတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြီးတော့ ကျနော်တို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူုဘောင်တခုလုံးကို ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျှောညီထွေ ပြင်ဆင်ခွင့်၊ ပြင်ဆင်ရမယ်ဆိုတာကို ခြွင်းချက်အနေနဲ့ ကျနော်တို့ မှတ်ချက်အနေနဲ့ထားပြီးတော့ သဘောတူခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ ကျနော်တို့ ညီနောင်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ နောက်ထပ် ဒီ NCA မှာပါဝင်ပြီး လက်မှတ်ရေးထိုးနိုင်အောင် အဲဒီနောက်ပိုင်းမှာလည်း အဲဒီအခြေအနေနဲ့ လိုက်လျှော ညီထွေတဲ့ ပြင်ဆင်ပြောင်းလဲမှု ကို လုပ်နိုင်မယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။”

ဒီကနေ့ ဆွေးနွေးပွဲ အပေါ်မှာ ဦးခွန်မြင့်ထွန်းက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့ ဒီနေ့ဆွေးနွေးပွဲမှာပေါ့လေ ကျနော်တို့ ဆွေးနွေးနိုင်ခဲ့တဲ့အထဲမှာ ကျနော်တို့ ကောင်းတဲ့ ရလဒ်တခုကတော့ ဒီ တည်စဲ အစိုးရနဲ့ နောက်တက်လာမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကြားမှာ နိုင်ငံရေးဆွေးနွေးမှုနဲ့ ပတ်သက်ပြီးတော့မှ ချိတ်ဆက်ပြီးတော့မှ ဆောင်ရွက်လိုက်နိုင်တယ်။ ဒါကျနော်တို့ အမျိုးသားရင်ကြားစေ့ရေးအတွက် အင်မတန်ကောင်းတဲ့ အလားအလာကောင်းတရပ်၊ ဖြစ်စဉ်တရပ်လို့ ကျနော်တို့ပြောချင်ပါတယ်။”

ပြီးဆုံးသွားတဲ့ အစည်းအဝေးက ဆုံးဖြတ်တဲ့ နိုင်ငံရေးမူဘောင်တွေကို မနက်ဖြန်မှာ ကျင်းပမယ့် JICM ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာညှိနှိုင်းအစည်းအဝေးမှာ ထပ်မံတင်ပြပြီး အတည်ပြုချက်ရယူမှာဖြစ်သလို ဒီအစည်းအဝေးက အတည်ပြုချက်ကို နိုင်ငံတော်သမ္မတထံကို အပ်နှံမှာ ဖြစ်ပါတယ်။

လက်ရှိ မူကြမ်းရေးဆွဲထားတဲ့ တနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ NCA စာချုပ်ပါ သဘောတူညီချက်အတိုင်း လက်မှတ်ရေးထိုးပြီး ရက် ၉၀ အတွင်းဖြစ်တဲ့ လာမယ့် ဇန်န၀ါရီလ ၁၄ ရက် မတိုင်မီမှာ ကျင်းပနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီဆွေးနွေးပွဲကိုတော့ လက်ရှိအစိုးရသက်တမ်းအတွင်းမှာ စတင်ဖို့ကို ဆုံးဖြတ်ထားတာလည်း ဖြစ်ပါတယ်။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/the-second-day-of-updjc-thrid-meeting-/3103632.html


ရှမ်းပြည်နယ်တွင်းက ဘိန်းစိုက်ခင်းများ။
ရှမ်းပြည်နယ်တွင်းက ဘိန်းစိုက်ခင်းများ။

့မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ၃ နှစ်ဆက်တိုက် တန့်နေပေမဲ့ နောင်တက်လာမယ့် အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာန UNODC ကပြော လိုက်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း တချို့နေရာတွေမှာ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ် ရောင်းဝယ်မှုက အဓိက စီးပွားရေးလိုဖြစ်နေတာကြောင့် ဒီကိစ္စကို ဖြေရှင်းဖို့က ဒေါ်အောင်ဆန်းစုကြည် အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးဖြစ်ပါတယ်။

ဒီပြဿနာတွေကို နေ့ချင်း ညချင်း ဖြေရှင်းလို့ မရပါဘူး လို့ UNODC ရဲ့ အရှေ့တောင်အာရှ နဲ့ Pacific ရေးရာ အကြီးအကဲ Jeremy Douglas က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ ပြောကြား သွားခဲ့တာဖြစ်ပါတယ်၊

ရှမ်းပြည်နယ် မြောက်ပိုင်းဖက်မှာဆိုရင် ဘိန်းစိုက်ပျိုးမှု ၁၄ ရာခိုင်နှုန်း တိုးလာနေတယ်လို့လဲ ပြောကြားခဲ့ပါတယ်။ဘိန်းထုတ်လုပ်မှု တိုး လာသလို မြန်မာပြည်သူတွေကြားမှာလည်း မူးယစ်ဆေးဝါး သုံးစွဲမှုတွေ တိုးလာပြီး အာဏာပိုင်ရဲ့ အရေးယူ လုပ်ဆောင်မှု အပေါ်မှာ အားမလို အားမရ ဖြစ်ရတယ်လို့လည်း မူးယစ်ဆေးဝါး အသုံးပြုမှု ဆန့်ကျင်ရေး လှုပ်ရှားဆောင်ရွက်သူတို့က ပြောပါတယ်။

မြန်မာနိုင်ငံဟာ Afghanistan နိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်နေဆဲဖြစ်ပြီး ၂၀၁၅ ခုအတွင်း မြန်မာနိုင်ငံမှာ ဘိန်းတန်ချိန် ၆၄၇ တန် ထွက်ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြပါတယ်။ တိုက်ပွဲတွေကြောင့် မတည်မငြိမ်ဖြစ်နေတာနဲ့ ဘိန်းစိုက်ပျိုးမှု ဆက်စပ်နေတာကိုလဲ အစီရင်ခံစာ မှာ ထောက်ပြပါတယ်။

စစ်ဘေးရှောင် တောင်သူတွေ သူတို့နေရပ်တွေ ပြန်လာတဲ့အခါ တခြား အစားထိုးသီးနှံတွေ စိုက်စရာမရှိတဲ့အတွက် ဘိန်းကိုပဲ စိုက်ပျိုးကြတာ ဖြစ် တယ်လို့ UNODC ကဆိုပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းနဲ့ ဘိန်းဖြူသာမက စိတ်ကြွအများဆုံး ထုတ်လုပ်တဲ့နိုင်ငံလဲဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနရဲ့ အခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

VOA
http://burmese.voanews.com/content/opium-in-myanmar/3103510.html

ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းတုန်းက ဖားကန့်ဒေသတွင်းက မြေစာပုံပြိုလို့ လူ တစ်ရာကျော် သေဆုံးခဲ့ရတဲ့ နေရာနားမှာ မြေစာပုံ ထပ်ပြိုကျပြီး ရေမဆေးကျောက် ရှာဖွေတဲ့လူတွေပျောက်ဆုံးနေလို့ ကူညီကယ်ဆယ်ရေးတွေ အပူတပြင်း ရှာဖွေနေဆဲဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။ ဒီနှစ်အတွင်းမှာ လူရာနဲ့ချီသေဆုံး ပျောက်ဆုံးခဲ့ရတဲ့ မြေစာပုံပြိုကျမှုတွေဟာ ဆက်တိုက် ဆိုသလိုဖြစ်ပွားနေတာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူဘက်က ဘေးအန္တရာယ် ကင်းရှင်းရေး ကို အထူးသတိထားဆောင်ရွက် သင့်တယ်လို့လည်း အကြံပြုကြပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ကမ္ဘာအဆင့်မှီအရည်အသွေးရှိတဲ့ ကျောက်စိမ်းတွေ ထွက်ရှိရာ မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသထဲက ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင်တွေမှာ ကျောက်စိမ်းတူးဖော်ရာက ထွက်ရှိလာတဲ့ စွန့်ပစ်မြေစာပုံတွေ ပြိုကျလို့ လူရာနဲ့ချီပျောက်ဆုံး၊ သေဆုံးခဲ့ရတဲ့အကြိမ်ရေက ဒီနှစ်အတွင်းမှာကို အနည်းဆုံး (၅)ကြိမ်လောက်ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ရက်နေ့တုန်း ကလည်း ဖားကန့်ဒေသထဲ မြေစာပုံပြိုကျလို့ လူပေါင်း ၁၂၀နီးပါး သေဆုံး ခဲ့ပြီး ပျောက်ဆုံးသူ တစ်ရာကျော်လောက်ရှိခဲ့လို့ ဒီနှစ်အတွင်း အဆိုးရွားဆုံးမြေစာပုံပြိုကျမှုအဖြစ် ပြောဆိုနေကြတာပါ။

ဒီအနေအထားမှာပဲ မနေ့တနင်္လာနေ့တုန်းက အဲ့ဒီ့ပြိုကျခဲ့တဲ့ မြေစာပုံနား မှာပဲ နောက်ထပ်မြေစာပုံပြိုကျခဲ့ပြီး အခုအချိန်အထိ မြေပြိုကျမှုထဲ ပါသွားသူ ဘယ်နှစ်ဦးရှိတယ် ဆိုတာကို မသိသေးသလို သေဆုံးသူအလောင်းတွေကို တူးဖော်လို့မရသေးဘူး လို့ ဖားကန့်ဒေသခံ သတင်းသမား တစ်ဦးဖြစ်တဲ့ ဦးဇော်မိုးထက်က ပြောပါတယ်။

“မနေ့တုန်းကဖြစ်တာက ဟိုတလောက တစ် သုံးလုံး ကုမ္ပဏီ ကနေ မြေစာပြိုပြီးတော့ လူ ၁၀၀ ကျော် သေတဲ့နေရာနဲ့ ကပ်ရပ်ပဲ။ အဲဒီဟာနဲ့ တစ်ပုံနဲ့အတူတူပဲ။ လောလောဆယ်ကတော့ အလောင်းက ရှာမရသေးဘူးခင်ဗျ။ မနေ့က ညနေအထိတော့လေ။ ကျောက်စိမ်းလုပ်ငန်းက စွန့်ပစ်တဲ့မြေစာပုံတွေမှာ ရေမဆေးမရှာဖို့ တားဖို့ကတော့ နဲနဲခက်မယ် ထင်တယ်အမ။ အခုပြိုကျသွားတဲ့ဟာကလည်း အဲ့ဒီလို မြေစာဖော်နေရင်း နဲ့ မြေစာပြိုနေတဲ့ အပုံမှာ ရှာနေရင်းနဲ့ မြေစာပြိုတဲ့ထဲပါသွားတာ။”

မြေစာပုံပြိုကျလို့ သေဆုံး၊ ပျောက်ဆုံးရတဲ့လူအများစုဟာ မြန်မာနိုင်ငံအနှံ့ကနေ ဖားကန့်ကို လာရောက်ပြီး စွန့်ပစ်မြေစာပုံတွေမှာ ကျောက်တွေကို လိုက်လံရှာဖွေပြီး လုပ်ကိုင် စားသောက်နေသူတွေဖြစ်ပါတယ်။

ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ငန်းခွင်တွေထဲ မြေစာပုံတွေ ပြိုကျခဲ့တဲ့လို့ လူရာနဲ့ချီသေဆုံးခဲ့ရတဲ့ အပေါ် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေဘက်က စက်ယန္တယားကြီးတွေ တူးဖော်ပြီး လုပ်ကိုင်နေ တဲ့ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းခွင် လုံခြုံရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ သတိပေးတိုက်တွန်းမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

စွန့်ပစ်မြေစာပုံတွေကို သတ်မှတ်စံချိန်မှီ အမြင့်ပေတွေသတ်မှတ်ဖို့ ဒေသခံတွေ အပါအဝင် ရေမဆေးကျောက် ရှာဖွေသူတော်တော်များများ မှီတည် လုပ်ကိုင်နေရတဲ့ မြေစာပုံ စွန့်ပစ်နေရာ အတွက် စနစ်တကျဆောင်ရွက်ပေး သင့်ပါတယ်လို့ ဖားကန့်ဒေသက သတင်းသမား ဦးဇော်မိုးထက်က ပြောပါတယ်။

“အဲဒီမှာ ရေမဆေးကျောက် ရှာဖွေစားသောက်နေရတဲ့ ဒေသခံတွေ ရှိတယ်လေ။ အဲဒီလူတွေက ဒီအလုပ်ပဲ လုပ်ရတာကို။ ကျနော်အကြံပြု ထားတာက နှစ်ဦး၊ နှစ်ဖက်လုံး က အပေးအယူတွေ လုပ်မှ ဖြစ်မှာပဲ။ ဘာဖြစ်လို့ဆိုတော့ ရေမဆေးကျောက် ရှာဖွေတဲ့လူတွေဖက်ကလည်း ဘာလဲဆိုရင် သတ္တုတွင်းဝန်ကြီးဌာန နဲ့ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရမယ်ပေါ့နော်။ နောက်ပြီးတော့တခါ အဲဒီအာဏာပိုင် အဖွဲ့အစည်းတွေက ဘာလုပ်ပေးရမလဲ ဆိုတော့ ရေမဆေးကျောက် ရှာဖွေတဲ့လူတွေကို အသက်ဘေးအန္တရာယ် ကင်းကင်း ရှာဖွေနိုင်ဖို့ အတွက် မြေစာပုံတွေကို သတ်မှတ် အမြင့်၊ သတ်မှတ်အကျယ်၊ နောက်ပြီးတော့ သက်မှတ် ကုမ္ပဏီပေါ့နော် သတ်မှတ်မြေစာပုံပေါ့နော်။

တူးတဲ့ ကုမ္ပဏီကများပြီး သူတို့ သတ်မှတ်ထားတဲ့မြေစာပုံက အရမ်းနည်းနေတဲ့ အခါကျတော့ ကုမ္ပဏီ ဆယ်ခုလောက်က ပစ်ရင် ကုမ္ပဏီ တခုကို မြေစာပုံတာက အစီးနှစ်ဆယ်ပဲ ထားဦး ဆယ်ခုဆို အစီးနှစ်ရာက သွားနေပြီ။ အစီးနှစ်ရာရဲ့ နှစ့်ဆယ့်လေးနာရီ ပစ်တဲ့အားက ဒီမြေစာပုံက အကြီးကြီးဖြစ် လာနိုင်တယ်။ အဲ့သလို စုပုံပြီး ပစ်တဲ့အတွက် ရေမဆေးကျောက် ရှာတဲ့သူတွေက ဒီလိုနေရာတွေမှာပဲ စု စု လာကြတာကိုး။ ရေမဆေးကျောက် ရှာတဲ့သူတွေအတွက် မြေစာပုံကြီးတွေက အမြင့်ကြီး မဖြစ်ရင် အသက်အန္တရာယ် ကင်းကင်းနဲ့ ရှာလို့ရတယ်။ နောက်ဆုံး ဖြစ်ခဲ့ဦးတောင်မှ ဒီလို အစုလိုက် အပြုလိုက် သေဆုံးမှုတွေ နည်းပါးသွားမယ်လို့ ကျနော်ကတော့ အကြံပြုချင်ပါတယ်။ '

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီပေါင်း ၅၀ ကျော် ရှိသလို မြေစာပုံပြိုကျတာကတော့ ဒီနှစ် ဇန်န၀ါရီလ ၇ ရက်နေ့ကတကြိမ်၊ မတ်လ ၆ရက်နေ့က တကြိမ်နဲ့ မတ်လ ၃၀ရက်နေ့က တကြိမ်နဲ့ စက်တင်ဘာလ ၂ရက်နေ့က တကြိမ် နဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကတကြိမ် ငါးကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှာ မြေပြိုကျလို့ သေဆုံးသူ ရာနဲ့ချီရှိခဲ့တဲ့အပေါ် သက်ဆိုင်ရာ ကုမ္ပဏီ နဲ့ မြန်မာအစိုးရအနေနဲ့ တာဝန်ယူသင့်တယ်လို့ မြန်မာ့ကျောက်စိမ်း လုပ်ငန်းနဲ့ပတ်သက်လို့ အစီရင်ခံစာ ထုတ်ပြန်ထားတဲ့ Global Witness အဖွဲ့က ပြောဆိုထားပါတယ်။ နိုဝင်ဘာမြေပြိုကျမှုနဲ့ပတ်သက်ပြီး သေဆုံးခဲ့ရသူတွေအတွက် အမေရိကန်အပါအဝင် သံရုံးတွေဘက်က ဝမ်းနည်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီရက်ပိုင်းအတွင်းမှာကို ကချင်ပြည်နယ် ကျောက်စိမ်းတူးဖော်ရေးအတွက် မြေစာသယ်ကားအများအပြားကို ဖားကန့်ဒေသဘက်ကို ပို့ဆောင်နေသလို လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလအတွင်းမှာ ကျောက်စိမ်း တူးဖော်တာတွေကို အရင်နဲ့ မတူဘဲ စက်ယန္တယားကြီးတွေ အများအပြားသုံးပြီး အလွန်အကျွံတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောဆိုနေကြချိန်လည်းဖြစ်ပါတယ်။

မဆုမွန်/VOA
http://burmese.voanews.com/content/phar-khant-jade-/3103484.html

 opium-620.jpg ဘိန်းစိုက်ခင်းတစ်ခုမှ ဘိန်းပင်များကို တွေ့ရစဉ်
Photo: Nay Thwae/ RFA

မြန်မာနိုင်ငံမှာ ဘိန်းစိမ်းထုတ်လုပ်မှုဆက်လက်မြင့်မားနေတဲ့ ပြသနာဖြေရှင်းရေး ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မယ့် အစိုးရသစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လိမ့်မယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးအဖွဲ့ UNODC က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

အခု ၂ဝ၁၅ ခုနှစ်အတွင်း မြန်မာပြည်ကနေ ဘိန်းစိမ်း တန်ချိန် ၆၅ဝ ခန့်ထွက်မယ်လို့ ကုလက ခန့်မှန်းထားပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် အများဆုံးထွက်တဲ့ပမာဏဖြစ်ပါတယ်။ မြန်မာပြည်တဝှမ်း ဘိန်းစိုက်မြေ ပမာဏကတော့ မနှစ်ကနည်းတူ ဟက်တာ ၅ သောင်းခွဲကျော်ရှိတယ်လို့ ဆိုပါတယ်။

ဘိန်းစိုက်တေင်သူတွေအနေနဲ့ တခြားအစားထိုးသီးနှံ စိုက်ပျိုးစရာလည်း မရှိဖူးလို့ ကုလအရာရှိတစ်ဦးကပြောပါ တယ်။ မြန်မာပြည်ဟာ ဘိန်းတင်မက Methamphetamine စိတ်ကြွဆေးဝါးလည်း အဓိကထုတ်လုပ်နေတဲ့ နိုင်ငံ တစ်ခုဖြစ်ပါတယ်

RFA


ywat-sit-rcss-ssa-620.JPG
RCSS/SSA ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ကိုတွေ့ရစဉ်
Photo: RFA

ရှမ်းပြည်နယ်ထဲမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နဲ့ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက် ပြီး ဒီကနေ့ မနက် ၁၀ နာရီခွဲမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ဗိုလ်ချူပ် ဘီထူး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့အဖွဲ့တို့ ၃ နာရီကြာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဆွေးနွေးပွဲအပြီးမှာ RCSS ခေါင်းဆောင် ဒုဗိုလ်ချူပ်ကြီး ကသူတို့ RCSSနဲ့ TNLA အဖွဲ့တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် က ရှမ်းဘာသာနဲ့ ပြောဆိုထားတာကို ဗိုလ်မှူး စိုင်းမိဏ်း က မြန်မာဘာသာနဲ့ ပြန်လည်ပြောပြ တာကတော့

"ကျနော်တို့တော့ တွေ့ဆုံဆွေးနွေးပြီးတော့ အဖြေရှာဖို့ပါ ယခုအချိန်မှာဆိုရင် ကျနော်တို့ ရန်သူတွေလည်း မဟုတ်ကြပါဘူး ကျနော် တို့ ပြန်ပြီးတော့ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်၊ အရင်သမိုင်းထဲမှာလည်း ကျနော်တို့ ဒီကြားမှာ ရန်သူတွေလည်း လုံးဝမရှိခဲ့ကြပါဘူး ကျနော်တို့ အခုနယ်မြေထဲမှာ အခြေအနေ အရကော ကျနော်တို့ သူတို့ရှိတဲ့ နေရာလည်း သိပါတယ်၊ ဒါပေမယ့် ကျနော်တို့ သွားတိုက်တာ လုံးဝမရှိသေးပါဘူး သူတို့ပဲ လာတိုက်နေတာ ရှိပါတယ်။ ဘာကြောင့် ကျနော်တို့ကို တိုက်ရလည်းဆိုတာကို ဒီနေ့ထိတောင်မှ ကျနော်တို့မေးခွန်းတွေ ဖြစ်နေပါသေးတယ် ကျနော်တို့ အဲ့နယ်မြေထဲမှာလည်း နေခဲ့ပါတယ် အမြဲတမ်း ကျနော်တို့ အဆက်အသွယ်တွေလည်း ရှိခဲ့ပါတယ် ဘာကြောင့် ကျနော်တို့ကို တိုက်တယ်ဆိုတာ အခုအချိန် ထိတော့ နားမလည်သေးဘူးပေါ့ အခုအခြေအနေမှာ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ သိလိုတာတော့ နှစ်ချက်ပါပဲ အဓိကကတော့ (၁) ဘာကြောင့်မိုလို့ ကျနော်တို့ အဖွဲ့အစည်းတွေကို တိုက်ရသလဲ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေများရှိမလဲ၊ နောက်ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထားတဲ့ကိစ္စ အဲ့ဒါကို ပြန်လွတ်ပေးဖို့ ဘာကြောင့်ဖမ်းရလဲ ဒီအချက်နှစ်ချက်ပါပဲ"

ဒီဆွေးနွေးပွဲကနေ UNFC အဖွဲ့နဲ့ RCSS အဖွဲ့ကြား ယုံကြည်မှုတွေနဲ့ နားလည်မှုတွေ ရရှိခဲ့တယ်လို့ UNFC တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော် က ပြောပါတယ်။

"အထူးသဖြင့် ဒီ RCSS က အခုက တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ် NCA ကို လက်မှတ် ထိုးထားပြီးဖြစ်တယ် ကျနော်တို့ UNFC မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကြတော့ လက်မှတ် မထိုးသေးဘူး။ ဒါပေမယ့် ဒီ NCA ကြောင့် ကျနော်တို့ကြားမှာ အဟန့်အတားတွေ မဖြစ်စေရဘူး NCA သည် ကျနော် တို့ကြားကစည်း မဟုတ်ဘူး ကျနော်တို့ကြားက တံတိုင်းမဟုတ်ဘူး ကျနော်တို့ဟာ ယခင်အတိုင်းပဲရှိတယ် ယခင်အတိုင်းပဲ ကျနော်တို့ က ညှိနှိုင်းအဖြေရှာ ပြီးတော့မှ ပူးပေါင်းဆောင်ရွက်တဲ့ နည်းနာနဲ့ ကျနော်တို့အတူတကွ သွားရမှာဖြစ်တယ်၊ UNFC ဖက်က ရပ်တည်ချက်ကတော့ ကျနော်တို့ NCA ကို လက်မှတ် မထိုးထား နိုင်သေးသော်ငြားလည်းပေါ့နော် လက်မှတ် မထိုးရသေးသော်ငြားလည်းပဲ ကျနော်တို့က NCA ကို ကျော်ဖြတ်ရမည့် အဆင့်တစ်ခု အနေနဲ့ ကျနော်တို့ ကတော့ မြင်တယ် NCA အဆင့်ကို ကျော်ဖြတ်ပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့ဟာ နိုင်ငံရေးဖြစ်စဉ်မှာ အတူတကွ သွားရမည့် ကျနော်တို့ လုပ်ဖော်ကိုင် ဖက်တွေ ဖြစ်ကြပါတယ်"

ဒီကနေ့ ဆွေးနွေးပွဲကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ကြားဝင်ဆွေးနွေးပေး ဖို့ တာဝန်ပေးအပ်ထားတဲ့ ဗိုလ်ချူပ် ဘီထူး၊ ဦးထွန်းဇော်နဲ့ နိုင်ရွန်တိန်း တို့ပါဝင်ပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS အဖွဲ့ကတော့ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ် အပါအ၀င် ဗိုလ်မှူးကြီး စိုင်းငင်းနဲ့ ဗိုလ်ကြီး စိုင်းဝမ်း တို့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

RFA

 myanmar-china-border-trade-fair-620.jpg တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က ၁၅ ကြိမ်မြောက် နှစ်နိုင်ငံ ကုန်စည်ပြပွဲ ကျင်းပနေစဉ်
Photo: JBC Website

ဒီနေ့ တရုတ်မြန်မာနယ်စပ် ကျယ်ဂေါင်မြို့မှာ ၁၅ ကြိမ်မြောက် ၂ နိုင်ငံ ကုန်စည်ပြပွဲ စတင်ကျင်းပနေပြီး မြန်မာနိုင်ငံက ကုန်သည်တွေလဲ ကုန်ပစ္စည်း အမျိုးမျိုး ပြသရောင်းချနေကြပြီး လာရောက်ကြည့်ရှုသူ နည်းပါးတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နိုင်ငံတကာ ကုန်စည်ပြပွဲကျင်းပတဲ့ နေရာမှာ ဒီနေ့မနက်ကစလို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ တက်ရောက်ပြီးတော့ စတင်ဖွင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံက ကုန်သည်တွေ အရင်နှစ်တွေကအတိုင်း ပြသရောင်းချသလို ပြပွဲလာရောက်ကြည့်ရှုသူတွေလဲ နည်းပါး လာတဲ့အကြောင်း မြန်မာကျောက် ကုန်သည်တစ်ဦးဖြစ်တဲ့ ကိုထင်ကျော်က ပြောပြပါတယ်။

"ဆိုင်ခန်း ၄၀ ကျော်ပေါ့ တိုင်းရင်းဆေးတို့၊ ကျောက်မျက်ရတနာပြခန်းတို့ သစ်သီးတို့ ပဲပြောင်းနှမ်းတို့ ဆန်စပါးတို့ မူဆယ်အခြေစိုက် ကုန်စည်ဒိုင်တွေပေါ့ စားသောက်ကုန်လဲ တခန်းတလေ ပါတယ်။ ဆပ်ပြာမှုန့်တို့လဲ ပါတယ်။ ပုံမှန်ပါပဲ နယ်စပ်ကုန်စည်ပြပွဲက အေးနေတာ ၂နှစ် ၃နှစ်ရှိပီလေ ကြည့်ရတာ နှစ်တိုင်း ဒီဆိုင်ခန်းတွေ ဆိုတော့ တော်ရုံတန်ရုံလဲ မလာဖြစ်ကြတော့ဘူး ထင်ပါတယ်။ ထူးထူးခြားခြား ပြတာ မရှိတော့လေ တချို့လဲ ရောင်း ပါတယ်။ ထူးထူးခြားခြားပြ တာလဲ မရှိတော့လေ တချို့လဲ ရောင်းပါတယ် ဒါပေမဲ့ လာကြော်ငြာတာတော့ ပိုများ တာပေါ့"

၂၀၀၆ ခုနှစ်ဝန်းကျင်လောက်ကတော့ မြန်မာနိုင်ငံက ကုန်သည်တွေ ပြခန်းပေါင်း ၁၀၀ လောက်နဲ့ ခင်းကျင်းပြ သ ရောင်းချနိုင်ခဲ့ပေမဲ့ ၂၀၁၀ ခုနှစ် ကျော် ကာလ နောက်ပိုင်း တဖြည်းဖြည်းနဲပါးလာသလို ကုန်စည်ပြပွဲကို လာရောက် ကြည့်ရှုသူတွေလဲ တဖြည်းဖြည်း နည်းပါးလာတယ်လို့သိရပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး နဲ့ စက်ရိယာပစ္စည်းမျိုးစုံလဲ ပြသထား တာတွေ့ရပါတယ်။

ပြပွဲမှာ ခင်ကျင်းပြသထားတဲ့ ကုန်ပစ္စည်းတွေကို လက်ငင်းရောင်းချပေးတာတွေရှိသလို ကုမ္ပဏီအချင်းချင်း ဆွေးနွေး ညှိနှိုင်းပြီး စာချုပ်တွေနဲ့ ရောင်းဝယ်ကြ တာတွေလဲ ရှိတယ်လို့သိရပါတယ်။

အခုကုန်စည်ပြပွဲကို ဒီနေ့ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ပြသကြမှာဖြစ်ပါတယ်။ အခုလို ၂ နိုင်ငံကုန် စည်ပြပွဲကို ၂၀၀၀ ခုနှစ်ကနေ စတင် ပြီးတော့၂ နိုင်ငံ ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ကျင်းပလာ တာဖြစ်ပါတယ်။

RFA

မှော်ဘီမြို့နယ် သံန္ဓပင်ကျေးရွာ မြို့ဝင်ဂိတ်အနီးရွှေညဝါဆရာတော်သည် တပည့်များနှင့်အတူ ဒီဇင်ဘာ ၁၅ ရက် ညနေ ၄ နာရီအချိန်ခန့်က အမှိုက်ကောက်နေသည်ကို တွေ့ရစဉ်

ဓါတ်ပုံ - နေမင်းခ
( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal

ပျဉ်းမနား ပေါင်းလောင်း (၂) ရပ်ကွက် ချယ်ရီမေ KTV တွင် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁ နာရီအချိန်ခန့်က ယခင်က သိကျွမ်းဖူးသော ဇမ္ဗူသီရိမြို့နယ်နေသူ ရန်နောင်စိုး(အသက် ၃၃နှစ်) နှင့် စကားများရန်ဖြစ်ရာမှ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံး ဦးစီး (၁) မှ ရဲအုပ် ၃ ဦး ဓါးဖြင့်အခုတ်ခံခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပျဉ်းမနားမြို့ ဘောဂ၀တီရပ်ကွက် ၁၉ လမ်းတွင်ရှိသော ချယ်ရီမေ ကေတီဗီဆိုင်တွင် ရဲအုပ်ထွန်းမင်းလတ်၊ ရဲအုပ်စိုးမိုးဝင်း၊ ရဲအုပ်ဇော်သောင်းထိုက်တို့ ရောက်ရှိနေစဉ် ရန်နောင်စိုးက လာရောက်စကားပြောကြောင်း၊ ယင်းသို့စကားပြောရာမှ ရန်နောင်စိုးမှ ရဲအုပ် ဇော်သောင်းထိုက်အား ပုလင်းဖြင့်ရိုက်မည်ပြုရာ အနားရှိ ရဲအုပ်ထွန်းမင်းလတ်၊ ရဲအုပ်စိုးမိုးဝင်း၊ ရဲဒုတပ်ကြပ် သက်ထွန်းအောင်တို့က ဖြန်ဖြေပေးခဲ့ကြောင်း၊ ရန်နောင်စိုးမှ စိန်ခေါ်ကာ အပြင်ထွက်သွားခဲ့ပြီး မကြာမီ ရဲအုပ် ဇော်သောင်းထိုက်တို့ရှိရာ ကေတီဗီအခန်း အမှတ် ၂၁၄ သို့ ရန်နောင်စိုးနှင့် အမည်မသိ လူ ၇ ဦးတို့ တုတ်များဓါးများဖြင့် ၀င်ရောက်တိုက်ခိုက်မှုပြုခဲ့ကြကြောင်း သိရသည်။

“စဖြစ်တာကတော့ ရန်နောင်စိုးနဲ့ ရဲအုပ် ဇော်သောင်းထိုက်တို့ စကားများရန်ဖြစ်ကြတယ်။ စကားများပြီး ရန်နောင်စိုး အပြင်ကို ထွက်သွားတယ်။ သိပ်မကြာဘူး ဓါးတွေ တုတ်တွေနဲ့ လူငယ် ရှစ်ယောက် ပြန်ရောက်လာပါတယ်။ အစောင့်ကို ရဲကိုအကြောင်းမကြားနဲ့ပြောပြီး ကေတီဗီထဲဝင်ပြီး တံခါးတွေ မှန်တွေကို တုတ်တွေနဲ့ ရိုက်ပြီး ရဲအုပ်သုံးယောက်ကို ဓါးနဲ့ဝင်ခုတ်တာပါ”ဟု ၎င်းက ပြောသည်။

ဓါးခုတ်ခံရသူ ရဲအုပ်သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး နေပြည်တော် ခုတင် ၁၀၀ ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ တရားခံများမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်းနှင့် လက်ရှိတွင် အဆိုပါအမှုအတွက် (ပ)၅၉၆/၂၀၁၅ ပုဒ်မ ၃၂၅/၃၂၆ နဲ့ အမှုဖွင့်ထားပြီး ထွက်ပြေးလွတ်မြောက်နေသူများကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်လျက်ရှိကြောင်း ဒုရဲမှူးတင်ဌေးထံမှ သိရသည်။

ထွန်း(နေပြည်တော်)
( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်မှ ရေဘေးကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့ရမည့် ရွာပေါင်း ၁၂ ရွာတွင် မပါဝင်သည့် အထဲရွာမှ အိမ်ထောင်စုများ ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ကျေးရွာသစ် စတင်ပြောင်းရွှေ့ နေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ရွာကို ပြည်ထဲရေး စာရင်း မပေါက်ဘူးဆိုပြီး အစိုးရ အထောက်အပံ့ မရဘူး။ အရပ်ဘက် အဖွဲ့အစည်း အလှူရှင်တွေလှူလို့ အဆင်ပြေတာ။ကျွန်တော်တို့ ရွာသစ်ပြောင်းဖို့ အစောပိုင်းက မြေနေရာမရှိဘဲ လမ်းဘေးမှာ နေုကြရတာ။ နောက်မှ ကလေးလွင်ပြင် ရေဘေးကူညီထောက်ပံ့ရေးက အစစအရာရာ ကူညီလို့ မြေနေရာ ရတယ်။ ခုအိမ်တွေ ဆောက်ပေးမယ့် အလှူရှင်ပါရအောင် ကလေးလွင်ပြင်ကပဲ ကူညီပေးတာပါ” ဟု အထဲရွာတာဝန်ခံ ဦးထက်ရှားက ပြောသည်။

ရေဘေးသင့်ခဲ့သည့် ကလေးမြို့နယ် အတွင်းမှ ကျေးရွာများအနက် အိမ်ခြေ ၂၈ အိမ် ရှိသည့် ကလေးမြို့နယ်၊ စခန်းကြီး ကျေးရွာအုပ်စု၊ အထဲရွာကို အစိုးရအစီအစဉ်ဖြင့် ထောက်ပံ့သည့် ရေဘေးသင့် ပြန်လည် ထူထောင်ရေး အကူအညီကို ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။

“ပြည်ထဲရေး စာရင်းမပေါက်လို့။ အထဲရွာက ပြည်ထဲရေး စာရင်းမပေါက်လို့ အိမ်ဆောက်ပေးတဲ့ စာရင်းထဲ မပါတာပါ။ အိမ်ဝင်းနေရာ မြေထိုးမြေညှိဖို့မြေထိုးစက် တော့ ကူညီပေးခဲ့ပါတယ်" ဟု ကလေးခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက ဆိုသည်။

ကျေးရွာအဖြစ် ပြည်ထဲရေးတွင် စာရင်းတင်ရန်အတွက် အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၅၀ ရှိရန် လိုသည်ဟု ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

“တကယ်တော့ ရေဘေးသင့် ပြည်သူတွေချင်း အတူတူ အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမှာပါ။ အထဲ ရွာသားတွေမှာ စားစရာ၊ နေစရာ မရှိဖြစ်နေလို့ကျွန်တော်တို့ ကလေးလွင်ပြင် ရေဘေး ကူညီ ထောက်ပံ့ရေးက မြေနေရာ အလှူရှင်တွေ၊ အိမ်ဆောက်ပေးမယ့် အလှူရှင်တွေရှာပြီးအကျိုးဆောင်နေတာပါ။ ခုဆို နေအိမ် ၂၈ လုံး ဆောက်ဖို့ မြန်မာနိုင်ငံ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပညာရှင်တွေရဲ့ ရေဘေးအလှူကိုရပါပြီ´လို့ ကလေးလွင်ပြင်က ဦးတင်ဇော်ညွှန့်က ပြောသည်။

အဆိုပါ ကျေးရွာမှ မိသားစုများ ပြောင်းရွှေ့ နေထိုင်နိုင်ရေးအတွက် ကလေးမြို့မှ ရေဘေးသင့်များအား ကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည့်ကလေးလွင်ပြင် ရေဘေး ကူညီထောက်ပံ့ရေး အဖွဲ့က အဓိက ကူညီပေးနေခြင်းဖြစ်ပြီး တောဓလေ့ ချစ်သူများ အွန်လိုင်းဂရု၊ဒိန်းမတ်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ မေတ္တာဝါဒီ ပရဟိတ အဖွဲ့နှင့် ပင်လုံဆေးရုံကြီး (ရန်ကုန်) တို့၏ စုပေါင်းအလှူဖြင့် ရွာအသစ် အတွက် မြေနေရာ ဝယ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရွာသစ်အား ကလေး- တမူး ကားလမ်း အရှေ့ဘက်၊ လိုက်ကလေးတောင် ရွာသစ်၏ အရှေ့ဘက်တွင် နေရာချထားပြီး ဒီဇင်ဘာလ ၁၂ ရက်တွင် အထဲရွာမှ အိမ်ထောင်စု များ စတင်ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း သိရသည်။

( The Ladies News Journal )

https://www.facebook.com/News.TheLadies/



" လက်ရှိ ပြည်တွင်း Cease fire (အပစ်ခတ် ရပ်စဲရေး) ကို ဘယ်လိုမြင်လဲ။ ဒုက္ခသည်အပေါ် ဘယ်လို Impact (အကျိုးသက်ရောက်မှု)ဖြစ်စေနိုင်လဲ။ ဒုက္ခသည်ကို ဂယက်ရိုက် မှုတွေဖြစ်လားဆိုတဲ့ဟာတွေကိုတော့ သူမေးသွားပါတယ်" လို့ ကရင်နီဒုက္ခသည်ပင်မကော်မတီ အတွင်းရေးမူး ၂ နော်ထူးလွဲက ပြန်လည်ပြောပြပါတယ်။

လက်ရှိတွင် ဒုက္ခသည်အနေဖြင့် ပြည်တွင်းသို့ ပြန်လည်နေရာချထားရန် မဖြစ်နိုင်သေးသော်လည်း ဒုက္ခသည်အတွက် UNHCR မှ လမ်းပြမြေပုံ (Road Map)များကို ချထားပေးခြင်း နှင့် ကရင်နီ ဒုက္ခသည် ပင်မကော်မတီဖက်မှ ကြိုတင်ပြင်ဆင်မှု လမ်းပြမြေပုံအကြမ်းကို စတင်ရေးဆွဲနေပြီ ဖြစ်ပါတယ်။

လက်ရှိတွင် ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်းတွင် လူဦးရေ တစ်သောင်းနှစ်ထောင်နီးပါး ခိုလှုံလျက်ရှိနေပါတယ်။

( Kantarawaddy Times )

https://www.facebook.com/kantarawaddytimes

ဓါတ်ပုံ- ဟိုင်းပါဘုန်းကြီးကျောင်းရောက် စစ်ပြေးဒုက္ခသည်များ

သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း စစ်ဘေးရှောင် များ နေရပ် ပြန်သည်ကို အစိုးရတပ်မတော်စစ်ကြောင်းက တားမြစ်၍ စစ်ေ ဘးေ ရှာင်စခန်းသို့ ပြန် လည်နှင် ထုတ်ခဲ့သည် ဟု ဒေသခံများကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် နေပြည်တော်အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့နှင့် ဒီဇင်ဘာလဆန်း ပိုင်းက တွေ့ဆုံဆွေးနွေး သည့်နောက်ပိုင်း တိုက်ပွဲသံငြိမ်လာသည့်အတွက် မိုင်းရှူးမြို့နယ် ဟိုင်းပါရွာမသို့ တိမ်း ရှောင်လာသည့် အိမ်ခြေ / မိသားစု ၁၃၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိ ကုန်းနိမ်ရွာမှ ရွာသားများ ဒီဇင်ဘာ ၁၃ ရက်နေ့က နေရပ်ပြန်ကြရာ ဒေသအတွင်း ရောက်ရှိ လှုပ်ရှား နေသည့် အစိုးရတပ်မတော် စစ်ကြောင်းက တားမြစ်ခြင်းဖြစ်သည်။

“သေနတ်သံငြိမ်နေပြီဖြစ်လို့ နေရပ်ပြန်ကြတာလေ။ အိမ်ရောက်တော့ ကျနော် တို့ရဲ့ နွားတွေကို သတ်စားထားတဲ့ အရိုးတွေအပုံလိုက်ဘဲ။ ကျနော် တို့ကို လည်း ဘုန်းကြီး ကျောင်း ကိုခေါ်ပြီး တန်းစီထိုင်ခိုင်းတယ်။ တပ်အကြီးအကဲ ကမေးတယ်။ ခင်ဗျားတို့ကို ဘယ်သူခေါ်လို့ ပြန်လာတာလဲ- တဲ့။ မခေါ်ဘဲ နဲ့ ပြန်မလာနဲ့။ စခန်းမှာပြန်သွားနေ ၊ နောက် ၂ လ လောက်ကျမှခေါ်မယ်- လို့ပြောတယ်။ ကျနော်တို့ကို နှစ်နာရီကျော်ကြာ ငုတ်တုတ်ထိုင်ခိုင်းတယ်။ ပြီး မှ ပြန်လွှတ်တယ်။ တော်သေးလို့ လူကိုဘာမှမလုပ်တာ” - ဟု ဟိုင်းပါ သို့ ပြန်လာသည့် ကုန်းနိမ်ရွာသား တဦးက ပြောသည်။

စစ်ဘေးရှောင်များအား ကူညီပေးနေသည့် မိုင်းရှူးမြို့ ရပ်မိရပ်ဖ တဦးကလည်း - “ဒီကနေ့က ရက်ကောင်းရက်မြတ်လေ။ ဟိုင်းပါရွာနဲ့ သိပ်မဝေးတဲ့ ဝမ့်ကောင်းရွာဟောင်း မှာ မြေကွက်ရိုက်ပြီး သူတို့နေဖို့ ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့မှ စတင်စီစဉ်ပေးနေပြီ” - ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

ကုန်းနိမ်ရွာသူရွာသားများသည် ပလောင်လူမျိုးများဖြစ်ကြပြီး မိသားစု ၁၃၀ ကျော်တွင် ကျွဲ ၂၆၂ ကောင်၊ နွား၂၃၉ ကောင်၊ ၀က် ၂၈၉ ကောင်၊ ကြက် ၁၁၇ ကောင်၊ ဆိုင်ကယ် ၁၉ စီး၊ ဆန်စက် ၆ လုံး၊ စပါးတင်းပေါင်း ၅၀၀ ကျော်၊ ပြောင်းတင်းပေါင်း ၁၀၀၀ ကျော် ရွာတွင်ပစ်ထားကာ ဟိုင်းပါ ရွာမသို့ စစ်ဘေးရှောင်ကြကြောင်း၊ ထိုပစ္စည်းများ ပျက်စီးဆုံးရှုံးေ သာကြောင့် ဘ၀ပြန်လည်ထူထောင်နိုင်ရေးအတွက် အခက်အခဲအများအပြား ကြုံေ နကြောင်း ရွာအကြီး အကဲများက ပြောသည်။

ပြည်ထောင်စုအဆင့် အပစ်ရပ်ထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည် တပ် မတော် SSPP/SSA အား အောက်တိုဘာ ၆ ရက်နေ့မှစ၍ နိုဝင်ဘာလ နှောင်းပိုင်းအထိ မြန်မာအစိုးရ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ သည်။

ထိုးစစ်ဆင်မှုကြောင့် ကျေးသီး၊ မိုင်းနောင်၊ မိုင်းစံမြို့၊ မိုင်းရှူးမြို့နယ် အတွင်း ဒေသခံ တသောင်းကျော်နေရပ်မှ စွန်ခွါခဲ့ရသည်။

သျှမ်းပြည်တပ်မတော် ထိန်းချုပ်ထားသည့် ရွာဘက်တွင် စစ်ဘေးရှောင် များနေရပ်ပြန်နေနိုင်သော်လည်း အစိုးရတပ်မတော် ထိန်းချုပ်ထားသည့် ရပ်ရွာများမှာမူ ဒေသခံများနေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲ ကြုံတွေ့နေရဆဲဖြစ်သည်။

( Panglong )
https://www.facebook.com/Panglong.burmese



ဇူလိုင်လ(၂၀)ရက်နေ့က စမ်းချောင်းမြို့နယ် ရဲစခန်းရှေ့၌ ရိုင်းပြစွာဆဲရေးခဲ့သူ ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်ကို ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် စမ်းချောင်းမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် ၃ လ ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်အား ပြစ်ဒဏ်ချမှတ်ရာတွင် ပြစ်မှုပုဒ်မ ၂၉၄(က) ညစ်ညမ်းစွာဆဲဆိုမှုအတွက် ထောင်ဒဏ် ၃ လ၊ ပြစ်မှုပုဒ်မ ၂၉၅(က) သာသနာညိုးနွမ်းစေမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ ပြစ်မှုပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောက်ယှက်မှုဖြင့် ထောင်ဒဏ် ၁ နှစ် အသီးသီးချမှတ်ခဲ့ခြင်း ဖြစ်သည်။

ခင်မောင်မြင့်(ခ)မော်လ၀ီဟာဖိတ်သည် ၂၀၀၉ ခုနှစ် ကစတင်၍ စိတ်ကယောင်ခြောက်ခြားရောဂါကြောင့် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် နှစ်ပတ်ခန့် ဆေးကုသမှု ခံယူရကြောင်း၊ ယင်းနောက် စိတ်ရောဂါဆေး သောက်နေစဉ်အတွင်၌ပင် ဗိုလ်တထောင် အစ္စလာမ်ဘာသာရေး ကျောင်းတွင် သင်ကြားရေးဆရာအဖြစ် သင်ကြားခဲ့ကာ ၂၀၁၅ မေလတွင် တဖန်ပြန်လည် စိတ်ဖောက်ပြန်လာသောကြောင့် တာဝန်မှ ရပ်စဲခဲ့ရသည်ဟု ဆိုသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal


ဆေးရုံများနှင့် အများပြည်သူသွား လာရာနေရာအဆောက်အအုံများ ၀င်ရောက်ရာတွင် ခေါင်းမြီးခြုံထည်များဖြစ်သည့် မွတ်စလင်အမျိုးသမီးဝတ်စုံ ဘူခါနှင့် နီကတ်တို့ကို ၀တ်ဆင်ဝင်ရောက်မှု တားမြစ်သည့်ဥပဒေတရပ် အီတလီနိုင်ငံ လွမ်ဘာဒီဒေသတွင် ပြဋ္ဌာန်းခဲ့သည်။ အီတလီနိုင်ငံတွင် မွတ်စလင်အမျိုးသမီးများ ခေါင်းမြီးခြုံ ၀တ်ဆင်မှုကို ပထမဦးဆုံးတားမြစ်သော ဥပဒေဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်က ပါရီမြို့တွင် ဂျီဟတ်သမားများ တိုက်ခိုက်မှုခံရပြီးနောက် အီတလီတွင် ယခုကဲ့သို့ ကန့်သတ်သည့်ဥပဒေကို လတ်တလော ပြဋ္ဌာန်းခဲ့ရခြင်းဖြစ် သည်ဟု လွမ်ဘာဒီမြို့တော်အုပ်ချုပ်ရေးမှူးရောဘတ်တိုမာရိုနီက ပြောခဲ့သည်။

လက်ရှိ ဥပဒေပြဋ္ဌာန်းချက်ကို လေးစားလိုက်နာမှုမရှိကြကြောင်း ထောင်နှင့်ချီသော မွတ်စလင်အမျိုးသမီးများ သည်။ ယင်းတို့မျက်နှာများကို လုံးဝဖုံးကွယ်ထားသည့် ခေါင်းမြီးခြံများဖြင့် အနှောင့်အယှက်ကင်းစွာ သွားလာ နေကြ၍ ယင်းတို့အား မည်သူမည်ဝါဟူ၍ ခွဲခြားမရကြောင်း Lombard အဖွဲ့ချုပ်အတွင်းရေးမှူး ပေါဂရီမာက ပြောသည်။

ထို့ကြောင့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်တွင် အတည်ပြုအကောင်အထည်ဖော်မည့် ယင်းဥပဒေအရ သက်ဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်များက မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်ရသူများအား အများပြည်သူသွားလာရာ အဆောက်အအုံများသို့ မ၀င်ရောက်ရန် တားဆီးခံရမည်ဖြစ်သည်။

ယခုပြဋ္ဌာန်းချက် အရ မွတ်စလင်ခေါင်းမြီးခြုံများသာမက ခေါင်းဆောင်ခမောက်နှင့် အခြားခေါင်းစွပ်များလည်း ပါဝင်သည်။

ယင်းဥပဒေပြဋ္ဌာန်းချက်ကို လွမ်ဘတ်ဒေသဆိုင်ရာကောင်စီတွင် မဲခွဲဆုံးဖြတ်ရာ၌ ဘာသာရေးစေ့ဆော်မှု အကြောင်းပြချက်တခုဖြင့် လူတယောက်၏မျက်နှာကို ဖုံးကွယ်မှုအတွက် အကြောင်းပြစရာအချက်တရပ် မဟုတ်ကြောင်း ဒေသဆိုင်ရာကောင်စီက ရှင်းလင်းချက်ထုတ်ခဲ့သည်။

ဒေသဆိုင်ရာအဆောက်အအုံများ အတွင်း လုံခြုံရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ၁၅၂/၁၉၇၅ ဥပဒေပုဒ်မ ၅ တွင် ဘာသာရေးရိုးရာအစဉ် အလာနှင့် ဓလေ့ထုံးစံများသည် ခြွင်းချက်တရပ်အတွက် အကြောင်းပြချက်မဟုတ်ကြောင်း ယင်းဥပဒေပြဋ္ဌာန်း ချက်က ဖွင့်ဆိုထားသည်။

မကြာသေးမီ သီတင်းပတ်ကမူ အီတလီနိုင်ငံ၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးလှုပ်ရှားမှုများအကြောင်း ချီးကျူး ခဲ့ရသည်။ အီတလီတွင် မသင်္ကာသူများ၏ ကိုယ်ရေးမှတ်တမ်းများကိုစုဆောင်းပြီး နိုင်ငံမှ နှင်ထုတ်သည်။ အကြမ်းဖက်လှုံ့ဆော်သူများကို ထောင်ချပစ်သည်။

 အီတလီသည် နိုင်ငံတွင်း၌ မာဖီးယားဂိုဏ်းကဲ့သို့ မူးယစ် ရာဇာတို့အဖွဲ့နှင့် တိုက်ခိုက်နှိမ်နင်းရသော အတွေ့အကြုံများရှိခဲ့၍ အကြမ်းဖက်သမားများကို နှိမ်နင်းရာ၌ အတွေ့အကြုံရခဲ့သည်။

(News Watch)
https://www.facebook.com/NewsWatchJournal

မြန်မာဆန်စက် (ကျိုက်လတ်မြို့)

ပြည်တွင်း စပါးဈေး မကြုံစဖူး ဈေးတက်နေတာကြောင့် ထိုင်းနိုင်ငံကနေ ဆန်တင်သွင်းဖို့ စဉ်းစားနေကြတဲ့ အကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းက ပြောဆိုပါတယ်။ နိုင်ငံတွင်း အရန်ဆန် ထားရှိဖို့၊ တပ်မတော် ရိက္ခာဆန်ကို အပြည့်အ၀ ပေးသွင်းဖို့နဲ့ တရုတ်နယ်စပ် ကို တင်ပို့နေတဲ့ ပမာဏကလည်း များတာကြောင့် လက်ရှိ စပါးဈေးကတော့ ကျမယ့် အလားအလာ မရှိသေးဘူလို့လည်း ဆန်စပါး အသိုင်းအ၀ိုင်းက ပြောဆိုပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။

စပါးပေါ်ချိန် နှစ်စဉ် ဒီဇင်ဘာလမှ စပါးဈေးကျလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ စပါး တင်း ၁၀၀ကို ၆ သိန်းကျော် ဈေးပေါက်နေတာကြောင့် ပြည်တွင်း ဆန်ကုန်သည်တွေ တွက်ခြေမကိုက်ဖြစ်ကြရပြီး ပြည်ပကနေ လုံးတီးဆန် တင်သွင်းဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးနဲ့ ဆန်စပါး လုပ်ငန်းရှင်တွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြည်တွင်း စပါးဈေးတက်တာကြောင့် ထိုင်းနိုင်ငံကနေ လုံးတီးဆန် တင်သွင်းရေးကို မူအားဖြင့် သဘောတူခဲ့ပေမယ့်လောလောဆယ်တော့ ၀ယ်ယူမယ့် အစီအစဉ် မရှိသေးတဲ့ အကြောင်းလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“စပါးဈေးက မြင့်နေတာပေါ့။ ဆန်ကြမ်း စပါးဈေးက ၆သိန်းနီးပါး ဖြစ်နေတာ့။ သင်္ဘောတင်တဲ့ သူတွေက တွက်ခြေမကိုက်ဘူးပေါ့။ ဆန်စပါးဈေးက ကမ္ဘာမှာတော့ ကျနေတဲ့ အပိုင်းမှာရှိတာပေါ့။ အခုကတော့ လိုအပ်ရင် ထိုင်းဘက်က သွင်းဖို့ မူအားဖြင့် သဘောတူထားပါတယ်။ လောလောဆယ်ကတော့ ချက်ချင်း ကောက်သွင်းမှာတော့ မဟုတ်သေးဘူးပေါ့။ အဓိကကတော့တစ် အစိုးရက ခွင့်ပြုပေးဖို့ လိုတယ်။ နှစ်ကတော့ အခွန်ဘယ်လောက် ကောက်မလဲပေါ့။ ဒီနှစ်ကုန်ပြီဆိုရင်ပဲ အေအီးစီက စတော့မယ်ပေါ့နော်။ စပြီဆိုရင် သူတို့ဆီက ဆန်ဝင်လာရင် ကျွန်တော်တို့ အနေနဲ့က လက်ခံရမယ့် အပိုင်းရှိတယ်။ အဲဒီမှာ အခွန်ကို ဘယ်လောက်ကောက်မလဲ ဆုံးဖြတ်ရမယ့် အပိုင်းရှိတယ်။”

ပြီးခဲ့တဲ့ နှစ်က အစိုးရဘက်က နိုင်ငံအတွက် အရံ ဆန် မထားခဲ့ပေမယ့် ဒီနှစ်မှာ ရာသီဥတု အခြေအနေ အရ အရံ ဆန် ပြန်လည်ထားရှိရေး၊ နောက် အစိုးရသစ် အပြောင်းအလဲ ကာလမှာ တပ်မတော်ကို ပေးသွင်းရမယ့် ရိက္ခာဆန် ပေးသွင်းရမယ့် အခြေအနေတွေကလည်း ပြောင်းလဲလာတာကြောင့် ပြည်တွင်း စပါးဈေးကတော့ ကျဖို့ အလားအလာ မရှိသေးဘူးလို့လည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းရဲ့ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အခုနေ ဈေးအမြင့်ဖြစ်နေတဲ့အတွက် အရံဆန်သာ ထွက်ဝယ်လိုက်ရင် ဒီထက်ပိုပြီး တွက်သွားနိုင်တယ်။ တက်သွားတဲ့အခါကျရင် စားသုံးသူပြည်သူတွေအတွက် အခက်အခဲဖြစ်လာနိုင်တာကို ချိန်ညှိပြီး စဉ်းစားရမယ်။ တရုတ်ကတော့ ကိုက်သေးတယ်။ သူက အမြတ်အများကြီး မဟုတ်သော်လည်း တရုတ်နယ်စပ်က ယူနန်ပြည်နယ်ကနေ ၀ယ်တဲ့အခါကျတော့ အခြားနိုင်ငံက ၀ယ်သလို သင်္ဘောလမ်းကြောင်း မရှိဘူးပေါ့။ ကားနဲ့ တိုက်ရိုက် ယူနန်ပြည်နယ်ထဲ ပို့တာဆိုတော့ သူတို့က ပိုပေးတာပေါ့။ နောက်တစ်ချက်ကတော့ တပ်မတော် ရိက္ခာပေါ့။ ခုနကပြောတဲ့ ဦးပိုင်တို့ အမ်အီးစီတို့က တင်သွင်းရမယ့် supplier တွေကို ဒီဘက်ဂျက်မတိုင်ခင် သွင်းဖို့ တွန်းအားပေးတာကြောင့်ပေါ့။အရင်တုန်းကတော့ အကြွေးမှတ်ထားကြပြီး၊ နောက်မှ ဖြည်းဖြည်း သွင်းကြတယ်။ အခုကျတော့ အစိုးရအဖွဲ့ အြေ့ပာင်းအလဲနဲ့ ဆိုတော့ စာရင်းစစ်မယ် ဘာညာနဲ့ဆိုတော့ ဒါကလည်း ဒုတိယအချက်အနေနဲ့ဝယ်လိုအားများသွားတဲ့ အကြောင်းဖြစ်တယ်။”

မြန်မာနိုင်ငံ အတွက် အရံဆန်က တန်ချိန် ၁ သောင်း ၄ ထောင်၊ ဆန်အိတ် ၂ သိန်း ၈ သောင်းလိုအပ်မှာ ဖြစ်ပြီး အခုစပါးဈေး တက်နေချိန်မှာတော့ ၀ယ်ယူနိုင်မယ့် အနေအထားမရှိသေးဘဲ နွေစပါးပေါ်ချိန်မှသာ ၀ယ်ယူရမယ့် အနေအထားရှိတယ်လို့လည်း ဆန်စပါး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။ လောလောဆယ် အနေအထားမှာတော့ တရုတ်နယ်စပ်ကို တင်ပို့ရောင်းချနေမှုက ဆန်ကြမ်း တတန်ကို ဒေါ်လာ ၄၀၀ နီးပါး ရရှိနေတာကြောင့် ကုန်သည်တွေ အတွက် တွက်ချေကိုက်နေတဲ့ အနေအထား ဖြစ်သလို ပြည်တွင်း စပါးစိုက်တောင်သူတွေ အတွက်လည်း စပါးဈေး အမြင့်ရတာကြောင့် တွက်ချေကိုက်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ ပြည်တွင်း ဆန်ဈေးကတော့ ငွေကြေးဖောင်းပွမှု တခြားကုန်ပစ္စည်းဈေးတွေနဲ့ လိုက်ပါပြီး ဈေးတက်နေပေမယ့် သိသိသာသာကြီး ဈေးတက်တဲ့ အနေအထား မရှိသေးတဲ့ အကြောင်းလည်း ဆန်စပါး အသိုင်းအ၀ိုင်းက သုံးသပ်ပါတယ်။


သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မြန်မာ မယ်စကြာဝဠာအလှမယ် မေဘရဏီသော် Las Vegas မြို့ကိုရောက်ရှိ (Miss Universe)

အမေရိကန်ပြည်ထောင်စုမှာကျင်းပတဲ့ Miss Universe ကမ္ဘာ့ မယ်စကြာဝဠာအလှ မယ်ပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း (၈၁)နိုင်ငံက အလှမယ်တွေနဲ့ယှဉ်ပြိုင်ဖို့သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သွားမှာဖြစ်တယ် လို့ မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော်က ဗွီအိုအေကိုပြောပါတယ်။ National Costume နိုင်ငံအလိုက်ဝတ် စုံပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ Queen of the Ka Yan လို့အမည်ပေးထားတဲ့ ကယန်းဝတ်စုံဟာလည်း လူအများစိတ်ဝင်စား ခံနေရတယ် လို့လည်း မေဘရဏီသော်ကဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

(၆၄)ကြိမ်မြောက် မယ်စကြာဝဠာပြိုင်ပွဲပြုလုပ်တဲ့ အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့ကို ဒီဇင်ဘာလ (၂)ရက်နေ့ကတည်းက မြန်မာမယ်စကြာဝဠာအလှမယ် မေဘရဏီသော် ရောက်ရှိပြီး ပြိုင်ပွဲဝင်ဖို့ စခန်းဝင်ပြင်ဆင်နေတာပါ။ ဒီဇင်ဘာလ (၂၀)ရက်နေ့မှာ ကျင်းပတော့မယ့် ပြိုင်ပွဲကြီးအတွက် သူ့အနေနဲ့ ယုံကြည်မှုအပြည့်နဲ့ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်အောင် ကြိုးစားနေကြောင်း မေဘရဏီသော်က ဗွီအိုအေကိုအခုလို ပြောပါတယ်။

“ညီမက ဒီဇင်ဘာ (၂)ရက်နေ့ရောက်ပါတယ်။ ဒီအတွက်လည်း တော်တော်လေးပြင်ဆင်ခဲ့တယ်ဆိုတော့ အခက်အခဲတွေသိပ်ပြီးမရှိဘူးပေါ့။ အဓိကကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရမှာပေါ့နော်။ ညီမတို့လူမျိုးတွေလည်း အကောင်းဆုံးကြိုးစားရင်တော့ သူတို့နဲ့ရင်ဘောင်တန်းနိုင်မယ်လို့ ကျမထင်ပါတယ်။”
မေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံမေဘရီဏီသော်ရဲ့ ကယန်းဝတ်စုံ
National Costume နိုင်ငံအလိုက်ဝတ်စုံပြိုင်ပွဲအတွက် ပြင်ဆင်ထားတဲ့ ကယန်းဝတ်စုံကို မယ်စကြာဝဠာ ပြိုင်ပွဲစီစဉ်သူတွေ အထူးစိတ်ဝင်စားနေကြောင်းလည်းသူက ဆိုပါတယ်။

“သူတို့အနေနဲ့ကြိုက်ကြတယ်။ အခြားဝတ်စုံတွေဆိုရင် ကြီးတယ်။ ဒါပေမဲ့ ပေါ့တယ်ပေါ့နော်။ ညီမ၀တ်စုံကြတော့လေးတယ်။ ကြည့်လိုက်ရင်တော့ တကယ့်ကို ပေါ့ပေါ့ပါးပါးပုံစံမျိုးနဲ့ လေးလဲလေးတယ်၊ နောက်ပြီးတော့ ၀တ်တဲ့ပုံစံ လည်ပင်းတွေ၊ ခြေထောက်တွေအစ ဒီဇိုင်နာက အသေးစိတ်ကို လုပ်ထားတာပါ။ အပေါ်ဝတ်စုံမှာဆိုရင် ကျောက်သေးသေးလေးတွေထိုးတာပါတယ်။ သေသေချာချာကြည့်မယ်ဆိုရင် ၀တ်စုံရဲ့အပေါ်ပိုင်း မှာ မြန်မာနိုင်ငံရဲ့မြေပုံ ထိုးထား တာကိုတွေ့ရပါလိမ့်မယ်။”

နှစ်ပေါင်းထောင်ချီ ၀တ်ဆင်ခဲ့ကြတဲ့ ကယန်းတိုင်းရင်းသူတွေရဲ့ ရိုးရာ ၀တ်စုံကို ခေတ်နဲ့အညီ ဖန်တီးချုပ်လုပ်ထားပြီး ၀တ်စုံတန်ဖိုးဟာ အမေရိကန်ဒေါ်လာ တသောင်းကုန်ကျတယ်လို့ဆိုပါတယ်။ ဒါအပြင် ၀တ်စုံနဲ့အတူ ကိုင်ဆောင်ထားတဲ့ ကယန်းရိုးရာဂစ်တာ ကိုလည်း ၂၄ ကာ ရက် ရွှေ ပြားနဲ့ပြုလုပ်ထားပါတယ်။

ဒီနှစ်မှာ မယ်စကြာဝဠာအဖွဲ့အစည်းပိုင်ရှင်တွေ အပြောင်းအလဲဖြစ်ခဲ့တဲ့အတွက် မြန်မာအလှမယ်တဦးအနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲတချို့ကိုလည်း မေဘရဏီသော်ကအခုလိုပြောပါတယ်။

“ဒီနှစ်မှာ တခုခက်ခဲသွားတာရှိတယ်။ Miss Universe က ပိုင်ရှင်ပြောင်းသွားတယ်လေ။ စိန်ခေါ်မှုတွေက တခုနဲ့တခုမတူဘူးဖြစ်နေတယ်။ အဲတော့ ညီမအနေနဲ့ ဘယ်လိုအချိန်မှာ ဘယ်လိုလာမယ်ဆိုတာ စိတ်ပူရတာပေါ့။ တော်တော်ကိုစိတ်ထိန်းပြီး ပြိုင်ရတာပေါ့။”

မြန်မာနိုင်ငံအနေနဲ့လည်း အရင်တုန်းက ကမ္ဘာ့ မယ်စကြဝဠာပြိုင်ပွဲမှာ ၁၉၅၉ ခုနှစ်ကပါဝင်ခဲ့တဲ့အလှမယ်ဟာ ဒေါ်သန်းသန်းအေးဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်နေပါတယ်။ ၁၉၆၀ တုန်းကတော့ ဒေါ်မြင့်မြင့်မေဖြစ်ပြီး သူကတော့ ကမ္ဘာ့မယ်စကြဝဠာပြိုင်ပွဲမှာ Miss Congeniality ဆုကို ရရှိခဲ့ပါတယ်။ ၁၉၆၁ ခုနှစ်မှာ မြန်မာအလှမယ် ဒေါ်မြင့်မြင့်ခင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် နှစ်ပေါင်း ၅၂နှစ်အကြာ၂၀၁၃ ခုနှစ်မှာ မြန်မာ အလှမယ် မိုးစက်ဝိုင် စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ ၂၀၁၄ ခုနှစ်မှာ အလှမယ် သျှားထွဋ်အိန္ဒြာ နဲ့ အခု ၂၀၁၅ခုနှစ်အတွက် အလှမယ် မေရဏီသော်က ပါဝင်ယှဉ်ပြိုင်နေပါတယ်။


အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

TNLA တပ်ရင်း (၄၃၄) နဲ့ အစိုးရ တပ်က (၇၇) တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့.....

PSLF/TNLA တအာင်း ပလောင် တပ်ဖွဲ့တွေ နဲ့ အစိုးရ တပ်တွေ အကြား တနင်္လာ နေ့မှာ တိုက်ပွဲတွေ ထပ်မံ ဖြစ်ပွား ခဲ့ပါတယ်။

TNLA တပ်ရင်း (၄၃၄) နဲ့ အစိုးရ တပ်က (၇၇) တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြတာ လို့ TNLA ဘက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ညနေပိုင်း မှာတော့ အစိုးရတပ် ဘက်ကနေ ရဟတ်ယာဉ် ၂ စီးနဲ့ TNLA ဘက်ကို ၁ နာရီ ကျော်ကြာ သွားရောက် ပစ်ခတ် တိုက်ခိုက် ခဲ့တယ်လို့ ကြေညာ ချက်ထဲမှာ ဖေါ်ပြ ထားပါတယ်။

တိုက်ပွဲတွေ အတွင်း TNLA ဘက်က ထိခိုက် ကျဆုံးမှု မရှိဘဲ၊ အစိုးရ တပ်ဖက် က အခြေ အနေ ကိုတော့ မသိရ ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ဖြစ်ရတာဟာ TNLA ဘက်က တပ် လှုပ်ရှား မှုတွေ ရှိခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။

အခုလို လှုပ်ရှား နေရတာ ဟာ လူထုနဲ့ တွေ့ဆုံဖို့၊ မူးယစ် ဆေးဝါး တိုက်ဖျက်ဖို့ စတာတွေ အတွက် ဖြစ်တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ မိုက်အိုက်ကျော် က ပြောပါတယ်။

နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးမှ တိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး ပြေလည်မှု ရမှာ ဖြစ်တယ်လို့ မိုင်အိုက်ကျော်က ပြောပါတယ်။

တနိုင်ငံလုံး တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA ကို လက်မှတ် မထိုး နိုင်ခဲ့တဲ့ ကိစ္စဟာ အခု အစိုးရ လက်ထက်မှာ ဘာမှ ထပ်ပြီး တိုးတက်လာ ဖို့ မရှိဘူး လို့လည်း ပြောကြားသွား ပါ တယ်။

BBC Burmese
http://www.bbc.com/burmese

တရုတ်လူ့အခွင့်အရေးရှေ့နေ Pu Zhiqiangတရုတ်လူ့အခွင့်အရေးရှေ့နေ Pu Zhiqiang

အထင်ကရ လူ့အခွင့်အရေးရှေ့နေဖြစ်တဲ့ Pu Zhiqiang ကို ထောက်ခံသူ အုပ်စုတစုဟာ ဘေဂျင်းမြို့တော် တရားရုံးအပြင်ဘက်မှာ တနင်္လာနေ့က စုဝေး ရောက်ရှိခဲ့ကြပါတယ်။ အမှုစစ်နေတဲ့ အဲဒီတရားရုံးအပြင်ဘက်မှာ အာဏာပိုင်တွေအနေနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်မှုများရှိခဲ့ပြီး ဆန္ဒပြသူတွေနဲ့ သံတမန်တွေလည်း တွန်းထိုးခြင်းခံခဲ့ကြရပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေနဲ့ အနောက်အင်အားကြီးနိုင်ငံတို့ထံကနေ ပြစ်တင်ဝေဖန်မှုများထွက်ပေါ်ခဲ့တဲ့ လူသိများတဲ့ အခြေအတင်အငြင်းပွားဖွယ်ရာ ဖြစ်နေတဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အမှုနဲ့ပတ်သက်လို့ ပြစ်မှုထင်ရှားတွေ့ရှိရင် Pu အနေနဲ့ထောင်ဒဏ် (၈) နှစ် ကျခံရဖွယ်ရှိပါတယ်။

သူ့ရဲ့ပြစ်မှုကတော့ ဆိုရှယ်လ်မီဒီယာပေါ်မှာ အစိုးရနဲ့အစိုးရအရာရှိတွေကို ပြစ်တင်ဝေဖန်မှုတွေ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ အမှုစစ်ဆေးရာမှာ တနင်္လာ နေ့က (၃) နာရီကျော် ကြာခဲ့ပါတယ်။ အမှုစစ်ဆေးစဉ် Pu က သူအပြစ်မရှိကြောင်း အလေးအနက်ဆက်လက်ပြောကြားပြီး သူရဲ့အခုလို အွန်လိုင်း တင်ပြချက်တွေဟာ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ကို အာမခံချက်ပေးထားတဲ့ တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကာအကွယ်ပေးထားတာ ဖြစ်ကြောင်း ပြောခဲ့တယ်လို့ သူရဲ့ရှေ့နေ Mo Shaoping ကပြောကြားခဲ့ပါတယ်။

အခုလို အထင်ကရ တရုတ်ရှေ့နေ Pu Zhiqiang ကို လူမျိုးရေး အမုန်းတရားပွားမှုနဲ့ ရန်စဖို့ လှုံ့ဆော်မှုဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့ အကြောင်း မနေ့က အမေရိကန်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရပုဂ္ဂိုလ် John Kirby ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ တရုတ် အာဏာပိုင်တွေ အနေနဲ့ မစ္စတာ ပူကို ပြန်လွှတ်ပေးပြီး တရုတ်အစိုးရအနေနဲ့ အခြေခံ ပြည်သူ့အခွင့်အရေးတွေကိုလေးစားလိုက်နာပြီး တရုတ်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နိုင်ငံတကာလူ့အခွင့်စံထားချက်တွေအရ အာမခံချက်ပေးထားတဲ့အတိုင်း တရားမျှတတဲ့ တရားစီရင်မှုကို ပြုလုပ်သင့်ကြောင်း တိုက်တွန်း ထားပါတယ်။
တရုတ်လူ့အခွင့်အရေးရှေ့နေ ပူကိ ရုံးထုတ်တဲ့တရားရုံးမှာ သူ့ကိုထောက်ခံသူနဲ့ ရဲတွေကို မြင်တွေ့ရစဉ်။









ဒါ့အပြင် အမှုစစ်ဆေးတဲ့ တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေနဲ့ သံရုံးအမှုထမ်းတွေအပါအ၀င် တရုတ်နဲ့ နိုင်ငံတကာ လေ့လာ သူများ ကိုယ်ထိလက်ရောက်နှောင့်ယှက်ခံရတာနဲ့ပတ်သက်ပြီး အံသြသင့်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ် John Kirby က ပြောကြားခဲ့ပါတယ်။

VOA Burmese
http://burmese.voanews.com

တပ်ပြေးမှုနဲ့ စစ်ခုံရုံးအတင်ရမယ့် တပ်ကြပ် Bowe Bergdahl
   
အာဖဂန်နစ္စတန်မှာ ရောင်းရင်းရဲဘော်တွေကို အန္တရာယ်ကျရောက်စေပြီး တပ်ပြေးမှုနဲ့ တပ်ကြပ် Bowe Bergdahl ကို စစ်ခုံရုံးတင်ဖို့ အမေရိကန်စစ်တပ်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။

ဘက်ဂ်ဒယ်လ်ဟာ တာလီဘန်တို့ရဲ့အကျဉ်းသားအဖြစ် ငါးနှစ်ကြာနေခဲ့ရပြီးနောက် ကျူးဘားနိုင်ငံ Guantanamo ပင်လယ်အော်ရှိ အမေရိကန် အကျဉ်း ထောင်မှာ ဖမ်းဆီးထားတဲ့ တာလီဘန် (၅) ဦးတို့နဲ့ ပြီးခဲ့တဲ့နှစ် ဖလှယ်ခဲ့လို့ ပြန်လွှတ်မြောက်လာသူဖြစ်ပါတယ်။ သူ့ကိုပြစ်မှုထင်ရှားတွေ့ရှိရင် ဘက်ဂ်ဒယ်လ်ဟာ စစ်အကျဉ်းထောင်မှာ ထောင်ဒဏ်တသက်ကျခံရမှာဖြစ်ပါတယ်။

ဒီနှစ်စောစောပိုင်းက တရားရုံးမှာ ဘက်ဂ်ဒယ်လ်ရဲ့စစ်ဘက်တရားခံရှေ့နေ အဖွဲ့က သူ့ကို အသေးအဖွဲပြစ်မှုနဲ့အရေးယူသင့်ကြောင်း ရာထူးလျှော့ချပြီး ထောင် ဒဏ် ခေတ္တချကာ စစ်တပ်က နာမည်ပျက်နဲ့ထုတ်ပစ်သင့်ကြောင်း အကြံပေးခဲ့ပါတယ်။

ဘက်ဂ်ဒယ်လ်အနေနဲ့ တာလီဘန်ကိုအားပေးသူမဟုတ်သလို သူ့ကိုလိုက်လံရှာဖွေစဉ် အမေရိကန်စစ်သားတွေလည်း သေဆုံးခြင်းမရှိခဲ့ကြောင်း သူတို့ကပြောပါတယ်။ ဒါ့အပြင် တာလီဘန်တို့ရဲ့ နှိပ်စက်မှုကိုခံခဲ့ရတယ်လို့ သူရှေ့နေတွေကပြောပါတယ်။ ဒါပေမဲ့ စစ်ဘက်ဆိုင်ရာ အစိုးရရှေ့နေ တွေကတော့ တပ်ကြပ် ဘက်ဂ်ဒယ်လ်ပျောက်ဆုံးစဉ် သူ့ကို စစ်သားတွေကရှာဖွေခဲ့ရာမှာ တာလီဘန်အကြမ်းဖက်သမားတွေရှိတဲ့ အာဖဂန်နစ္စတန် ဒေသတွေကို သွားရောက်ခဲ့တဲ့အတွက်ကြောင့် အန္တရာယ်ရှိစေခဲ့တယ်လို့ ပြန်လည် ချေပခဲ့ပါတယ်။


VOA Burmese
http://burmese.voanews.com