12/18/15

 derek-mitchell-620.jpg မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကို တွေ့ရစဉ်
Photo: RFA

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ သက္ကယ်ပြင် မွတ်စလင်ဒုက္ခသည်စခန်းကို ဒီနေ့ သွားရောက်လေ့လာပြီး မွတ်စလင်ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ရခိုင်တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်နိုင်ရေးနဲ့ မွတ်စလင်တွေရဲ့ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ တွေ့ဆုံဆွေးရာမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် ရပ်မိရပ်ဖတစ်ဦး က ပြောပါတယ်။

"ကျနော်တို့လူမျိုးတွေက ဈေးကြီးမှာ ဆိုင် ၁၅ဝ လောက်ရှိတယ်၊ အဲဒီ့ဆိုင်တွေကို ဖွင့်ပြီးတော့ ဈေးကြီး မှာရောင်းနိုင်မယ်ဆိုရင် ရခိုင်မိသားစုတွေနဲ့ ကျနော်တို့နဲ့ ပြန်ပြီးတော့ တဖြည်းဖြည်းနီးစပ်လာမှာဖြစ်တယ်၊ ဒီဆိုင်တွေကို ရောင်းဖို့ သွားလာဖို့အတွက် အဲဒါတွေကိုတောင်းတာရှိမယ်၊ ကျန်းမာရေးဆိုတော့ ကျနော်တို့ နယ်တွေမှာက ကျန်းမာရေးဆေးခန်းရှိတယ်၊ ဆေးကတော့ မလုံလောက်ဘူး၊ ဆရာဝန်တွေလည်းမရှိဘူး၊ ဆရာဝန်နဲ့ ဆေးဝါးတွေရဖို့ စီစဉ်ပေးဖို့အတွက် အကူအညီတောင်းပါတယ်၊ ကျနော်တို့ ၁ဝ တန်းအောင် တဲ့ ကျောင်းသားတွေရှိတယ်၊ တက္ကသိုလ်တက်ဖို့အတွက် အကူအညီတောင်းတာတွေရှိတယ်"

လာမယ့်အစိုးရသစ်အပေါ် မွတ်စလင်တွေရဲ့ အမြင်တွေ၊ ဆန္ဒသဘောထားတွေနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။

အမေရိကန်သံအမတ်ကြီးဟာ ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်း ခေါင်းဆောင်အချို့နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်စလင်တွေအကြား နှစ်ဘက်ပြန်လည်သင့်မြတ်နိုင်ရေးကိစ္စရပ်တွေ၊ ပါတီရဲ့ သဘောထား ရပ်တည်ချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်ခရီးစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီးနဲ့ သံအရာရှိတချို့လည်း လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။

RFA


maungsaungkha-620.jpg
ကဗျာဆရာ မောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူ ကို ရွှေပြည်သာမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီးနောက် တွေ့ရစဉ်
Photo: RFA

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံထားရတဲ့ ကဗျာဆရာမောင်ဆောင်းခ (ခေါ်) ကိုအောင်စည်သူ ကို ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံတရားစွဲဆိုလိုက်ပါတယ်။

ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်းက တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထပ်မံအမှုဖွင့်တာကို တရားရုံးက ဒီကနေ့ လက်ခံလိုက်တယ်လို့ မောင်ဆောင်းခရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"ရွှေပြည်သာမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းဝင်းက မောင်ဆောင်းခကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅ဝ၅(ခ)အရ အရေးယူပေးဖို့ လျှောက်ထားတယ်၊ ဒီနေ့စတင်ပြီးတော့ ရုံးမှာလက်ခံဆောင်ရွက်ပါတယ်၊ ပုဒ်မကတော့ နိုင် ငံတော် အစိုးရကို အကြည်အညိုပျက်စေလိုတဲ့ သဘောမျိုးပေါ့"

ကဗျာဆရာ မောင်ဆောင်းခဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ထိခိုက်တဲ့ ကဗျာရေးသားပြီး Facebook စာမျက်နှာမှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာ တစ်လခွဲဝန်းကျင်ရှိပြီဖြစ်ပါတယ်။

ကဗျာဆရာ မောင်ဆောင်းခ အပြင် ဦးပက်ထရစ်ခွန်ဂျာလီနဲ့ မချောစန္ဒီထွန်း တို့ကိုလည်း နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ကို ထိခိုက်စေတဲ့ ဓာတ်ပုံနဲ့ စာသားတွေFacebook လူမှုကွန်ရက်မှာ တင်ခဲ့တယ်ဆိုတဲ့ စွဲဆိုချက်တွေနဲ့ ဖမ်းဆီးခံထားရပါတယ်။

ကဗျာဆရာ မောင်ဆောင်းခရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင် ကို RFA အဖွဲ့သူ မခက်မာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

အင်တာနက်လူမှုစာမျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံကို ခြေဖြင့်နင်းတဲ့ပုံကို ဖြန့်ဝေတဲ့ အမှုနဲ့ အဖမ်းခံနေရတဲ့ ပက်ထရစ်ခွန်ဂျာလီအပေါ် တရားရှင်လွှတ်ပေးဖို့ တင်ပြချက်ကို တရားရုံးက ပယ်ချလိုက်ပါတယ်။

RFA

ကန်ခမ်စုပေါင်း မြေစာပုံတွင် ကျောက်မျက်ကုမ္ပဏီ တစ်ခုမှ စွန့်ပစ်သောအခြမ်း မြေစာပြတ်ကျမှု ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရစဉ်

အခုရက်ပိုင်းအတွင်း Facebook လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတွေ ထဲမှာတော့ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ တူးဖော်လုပ်ကိုင်နေတဲ့ ဓာတ်ပုံတွေက အထူး ရေပန်းစားနေပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ဖို့အတွက် စက်ယန္တရားကြီးတွေနဲ့ တောင်ကြီးတွေကို ကွေ့ဝိုက်ပြီး တစ်စတစ်စ ဖြိုနေတဲ့ဓာတ်ပုံတွေ၊ နက်ရှိုင်းလှတဲ့ အောက်ခြေအနက်အထိ တူးဖော်နေကြတဲ့ ဓာတ်ပုံတွေက လူမှုကွန်ရက်မှာ အထူးတလည် ပျံ့နှံ့နေပါတယ်။ အဲဒီအထဲမှာ စက်ယန္တရားကြီးတွေ အများကြီးနဲ့ တူးဖော်ကြတဲ့ အတွက် ချိုင့်တွေ ကျင်းကြီးတွေ အရုပ်ဆိုးစွာ ဖြစ်ပေါ်နေတဲ့ ဓာတ်ပုံတွေလည်း ပါပါတယ်။ ဒါ့အပြင် အရွယ်အစားနဲ့ စက်အင်အားကြီးမားတဲ့ ယန္တရားကြီးများစွာကို ဖားကန့်ဒေသကို ပို့ ဆောင်နေတဲ့ ဓာတ်ပုံတွေဟာလည်း လူမှုကွန် ရက်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။ တကယ်တော့ အဲဒီဓာတ်ပုံတွေက ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကို အရှိန် မြှင့်လုပ်ကိုင်လာကြတယ်လို့ မီဒီယာတွေမှာ ဝေဖန်မှုတွေ ရှိလာတဲ့နောက် လူမှုကွန်ရက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။


၁၁၄ ဦး

ဖားကန့်ဒေသမှာ စက်ယန္တရားကြီးတွေနဲ့ အရှိန်အဟုန်မြှင့်ပြီး ကျောက်စိမ်းတူးဖော်နေမှုများ ရှိနေကြောင်း ဒေသခံများရဲ့ ပြောဆိုမှုများကို ကိုးကားပြီး မီဒီယာတွေက ဝေဖန်ထောက်ပြ ရေးသားလာခဲ့တဲ့ နောက်ပိုင်းမှာ ဖားကန့်ဒေသက အဖြစ်အပျက်တွေကို စိတ်ဝင်စားသူ တိုးလာခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့ ၁၁၄ ဦး သေဆုံးခဲ့တဲ့ မြေစာပုံပြိုကျမှု ဖြစ်စဉ်က ဖားကန့်ဒေသမှာ အမှန်တကယ် ဘာတွေဖြစ်နေသလဲ ဆိုတာကို စိတ်ဝင်စားလာစေခဲ့တဲ့ ဖြစ်စဉ်လို့ ဆိုနိုင်ပါတယ်။ ဖားကန့်ဒေသက စည်းကမ်းမဲ့ မြေစာပုံစွန့်ပစ်မှုတွေရဲ့အကျိုးဆက်ကြောင့် မြေစာပုံတွေမှာ ရေမဆေးကျောက် ရှာဖွေသူ ရာနဲ့ချီတဲ့ အသက်တွေကို နုတ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကလည်း ဖားကန့် ဒေသမှာ မြေစာပုံပြိုကျမှုကြောင့် အသက် ဆုံးရှုံးမှုတွေရှိခဲ့ပြီး နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကတော့ ဖားကန့်ဒေသကို လူအများ စိတ်ဝင်စားလာစေတဲ့ အကျိုးသက်ရောက်မှု ရှိလာခဲ့ပါတယ်။


ကိုယ့်လုပ်ကွက်နှင့် နီးတဲ့နေရာ

အဲဒီနောက်မှာတော့ ဖားကန့်ဒေသ မြေစာပုံ ပြိုကျသေဆုံးမှုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာ အရေးကြီးအဆို တင်သွင်းမှုတွေ ရှိလာခဲ့ပါတယ်။ အဲဒီအရေးကြီး အဆိုကိုတော့ ဒီဇင်ဘာ ၇ ရက်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က တင်သွင်းခဲ့တာဖြစ်ပြီး ဖားကန့်ဒေသမှာ မြေစာပုံ ပြိုကျမှုဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ် ။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များကလည်း ပါဝင်ဆွေးနွေး ခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆွေးနွေးရာမှာတော့ တည်ဆဲ ကျောက်မျက်ရတနာဥပဒေမှာ အခြေခံ လူတန်းစားတွေ လုပ်ကိုင်စားသောက် နိုင်ဖို့အတွက် အခွင့်အရေး၊ အကာအကွယ် အစောင့်အရှောက် ပေးထားတဲ့ ဥပဒေပုဒ်မများ မပါတာကြောင့် အခြေခံလူတန်းစား နိုင်ငံသားတွေဟာ ဥပဒေပြင်ပကနေပြီး နားလည်မှုနဲ့သာ လုပ်ကိုင်စားသောက် နေကြရလို့ ဒီလိုအဖြစ်ဆိုးမျိုး ကြုံတွေ့ခဲ့ရခြင်းဖြစ်ပြီး ကျောက်မျက် ဥပဒေတွေဟာ အားနည်းမှု ရှိနေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ အခြားကိုယ်စားလှယ် တစ်ဦးကလည်း ဖားကန့်ဒေသမှာ နေ့ညမပြတ် အတိုင်းအဆ မရှိဘဲ ကျောက်တူးဖော်ခြင်းနဲ့ ပမာဏများပြားတဲ့ စွန့်ပစ်မြေစာတွေကို သတ်မှတ်ထားတဲ့ စုပေါင်းမြေစာပုံဆီသို့ အရောက်မပို့ကြဘဲ ကိုယ့်လုပ်ကွက်နှင့်နီးတဲ့ နေရာတွေများမှာ စွန့်ပစ်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေတယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ကျောက်မျက်တူးဖော်တဲ့ နေရာမှာ အသုံးပြုတဲ့ စက်ယန္တရားကအစ အရေအတွက်တွေ လျှော့ပြီး ကျောက်မျက်ထုတ်လုပ်မှု ပမာဏကိုလည်း နိုင်ငံတော်ရဲ့ ရေရှည်အကျိုး စီးပွားအတွက် ထိန်းချုပ်မှုပြုလုပ်ဖို့ ယင်းလွှတ်တော် ကိုယ်စားလှယ်က တိုက်တွန်းခဲ့ပါသေးတယ်။

အလွန်အကျွံ

အမှန်တော့ လွှတ်တော်ကိုယ်စားလှယ် တွေဆွေးနွေးခဲ့သလို ဖားကန့်ဒေသမှာ အလွန်အကျွံ ကျောက်စိမ်းတူးဖော် မှုတွေကို ပုဂ္ဂလိက ကုမ္ပဏီကြီးတွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံအများစု အတွက်တော့ အကျိုးခံစားမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။ ဝေဖန်သူတွေကတော့ နောင်အစိုးရသစ် တက်လာရင် ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်တာကြောင့် လက်ရှိအစိုးရသက်တမ်း မကုန်ခင်မှာ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော် မှုတွေကို စက်အင်အား၊ လူအင်အားတွေ တိုးချဲ့ပြီး ပြုလုပ်နေကြတယ်လို့ ဆိုကြပါတယ်။ တကယ်တော့ ဖားကန့်ဒေသမှာ အခုလို စက်ယန္တရားကြီးတွေ အသုံးပြုပြီး ကျောက်စိမ်းတူးဖော် လာခဲ့ကြတာဟာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်းမှာတော့ စက်ယန္တရား အသုံးပြုမှုတွေဟာ အလွန်အကျွံ ဖြစ်လာခဲ့ကြောင်း ဒေသခံတွေကို ကိုးကားပြီး မီဒီယာတွေက ရေးသားကြပါတယ်။ ၂၀၁၂ ခုနှစ် အစောပိုင်းကာလများနဲ့ ၂၀၁၄ ခုနှစ် နောက်ပိုင်းကာလများမှာ စက်ယန္တရား အင်အားမှာ ၁၀ ဆကျော်များလာပြီး ယာဉ်ယန္တရား အရေအတွက်မှာလည်း နှစ်နှစ်ကျော်အတွင်း သုံးဆကျော် များလာတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။ ဒါ့အပြင် မြန်မာတရုတ် နယ်စပ်ကနေ စက်ယန္တရားတွေ တင်သွင်းမှုများလည်း ရှိခဲ့ပြီး ဒါတွေနဲ့ ပတ်သက်တဲ့ တိကျတဲ့ အချက်အလက်တွေ မရှိဘူးလို့ ဝေဖန်သူတွေက ဆိုကြပါတယ်။

၃၇ ကြိမ်

တရားဝင် ပြောကြားချက်များမှာ ပါရှိချက်အရတော့ ဖားကန့်မှာ မြေစာပုံပြိုတဲ့ ဖြစ်ရပ်တွေဟာ ၂၀၁၅ အတွင်း ၃၇ ကြိမ် အထိဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်မှာလည်း မြေစာပုံပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒီလို ဖားကန့်ဒေသမှာ မြေစာပုံပြိုကျမှုတွေ အများအပြားဖြစ်ပွား နေတာဟာ စည်းစနစ်တကျ မဆောင်ရွက်မှု တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးသလို ဥပဒေရဲ့ အားနည်းချက်ကြောင့် ဖြစ်သလို ကုမ္ပဏီတွေရဲ့ စည်းကမ်းမဲ့လုပ်ရပ်များနဲ့ အာဏာပိုင်တွေရဲ့ စိစစ်မှု အားနည်းချက်တွေ ကြောင့်ဆိုတာ ငြင်းမရတဲ့ အမှန်တရား ဖြစ်ပါတယ်။ လူတွေရာနဲ့ချီသေတဲ့ အခါကျမှ မြေစာတွေ စနစ်တကျ စွန့်ပစ်ဖို့၊ ကုမ္ပဏီတွေ စည်းကမ်းရှိကြဖို့ ပြောနေတာဟာ သဘာဝမကျပါဘူး။ အရင်ကတည်းက စည်းစနစ်တကျ လုပ်ခဲ့ကြရမှာ ဖြစ်ပါတယ်။ ကျောက်စိမ်းတူးနေကြတဲ့ ကုမ္ပဏီတွေဟာ လိုက်နာရမယ့် စည်းကမ်းတွေ၊ လိုက်နာရမယ့် စီးပွားရေးဆိုင်ရာ ကျင့်ဝတ်တွေ ဘယ်လောက်အထိ လိုက်နာနေကြသလဲဆိုတာ၊ စိစစ်ကြပ်မတ်မှုတွေ ရှိ မရှိ ဆိုတာကိုတော့ မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ဖားကန့်မှာရှိတဲ့ လုပ်ကွက်၊ ကုမ္ပဏီ အရေအတွက်နဲ့ ယန္တရားစီးရေ မည်မျှအသုံးပြု နေတာကို မသိရကြောင်း ပြောကြားခဲ့တဲ့ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းရဲ့ ပြောကြားချက်နဲ့ နှိုင်းဆကြည့်နိုင်ပါတယ်။

တကယ်တော့ ဖားကန့်ဒေသမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်မျိုးတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း တွေ့နေရတဲ့ ဖြစ်ရပ်မျိုးတွေပါပဲ။ အာဏာပိုင်တွေရဲ့ လုပ်ဆောင်ချက် အားနည်းချက်၊ ဥပဒေ စည်းမျဉ်း စည်းကမ်းတွေရဲ့ အားနည်းချက်တွေကြောင့် မဖြစ်သင့်တာတွေ ဖြစ်နေကြရတာတွေဟာ လာမယ့် အစိုးသစ် လက်ထက်မှာတော့ အမှန်တကယ် ပြောင်းလဲပစ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ ဘယ်သူတွေက ဘာတွေ လုပ်နေကြတာလဲ၊ ဘယ်သူတွေက အခွင့်အရေးတွေ အလျှံပယ် ရနေကြတာလဲ၊ စက်အင်အား၊ လူအင်အားသုံးပြီး နေ့ညတူးဖော် နေမှုတွေဟာ ဘယ်လိုအကျိုး သက်ရောက်မှုတွေ ရှိနေသလဲ၊ ကျောက်စိမ်းတူးဖော်မှုက ဘယ်သူတွေ အကျိုးအမြတ် ရနေသလဲ ဆိုတာတွေကို စနစ်တကျ စိစစ်လေ့လာ ဖော်ထုတ်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့လပိုင်းက ထွက်ရှိခဲ့တဲ့ Global Witness ရဲ့အစီရင်ခံစာ တစ်စောင်မှာတော့ မြန်မာနိုင်ငံမှာ ကျောက်စိမ်းထွက်ရှိမှုမှ အမြတ်ထုတ်ခဲ့သူများအနက် မူးယစ်ရာဇာများပါ ပါဝင်နေတာကို ဖော်ပြခဲ့ပြီး ကျောက်စိမ်းတူးဖော်မှုက တစ်နှစ်အတွင်းမှာ ဒေါ်လာ ဘီလျံ ၃၀ ကျော်အထိ ၀င်ငွေရှိနေခဲ့ပေမယ့် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေရဲ့ ပွင့်လင်းမြင်သာမှု အားနည်းမှု ရှိနေကြောင်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဖားကန့်ဒေသမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တွေကို အများပြည်သူတွေ သတိပြုလာမိစေခဲ့တဲ့ မြေစာပုံတွေအောက်မှာ ဆုံးရှုံးခဲ့ရတဲ့ ရာနဲ့ချီတဲ့ လူ့အသက်တွေဟာ ဖားကန့်ဒေသအတွက် အမှန်တရားနဲ့ မျှတမှုကို ဖော်ထုတ်ပေးဖို့အတွက် သတိပေးတဲ့ ခေါင်းလောင်းသံပဲ ဖြစ်ပါတယ်။ ဒီသတိပေးတဲ့ ခေါင်းလောင်းသံကိုတော့ မြန်မာနိုင်ငံသားတိုင်း ကြားနိုင်ကြပါစေ။
Writer:
သစ်ထွဋ်

Eleven Media Group

၂၀၀၃ ခုနှစ် စက်တင်ဘာ ၄ ရက်က ထိုင်ဝမ်ရေတပ် ဖရီးဂိတ်သင်္ဘောမှ မြေပြင်-ဝေဟင်ပစ် ဒုံးကျည်ပစ်ခတ်နေစဉ် (Photo : AFP)

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော လက်နက်များ ရောင်းချမည် ဖြစ်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ရာ တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ကိုယ်ပိုင်အချုပ်အခြာဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လက်နက်များ ရောင်းချရန် အမေရိကန်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့်ထိုင်ဝမ်တို့က ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းကမ်းလှမ်းမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော ကာကွယ်ရေးလက်နက် အရောင်းအ၀ယ် သဘောတူညီချက်တွင် Perry-class ဖရီးဂိတ် သင်္ဘောနှစ်စင်း၊ Javelin တင့်ဖျက် ဒုံးပျံများ၊ TOW2B တင့်ဖျက်ဒုံးပျံများ၊ ကမ်းတက် တိုက်ခိုက်ရေးရေယာဉ် AAV-7 များနှင့် အခြားစစ်လက်နက် ကိရိယာများ ပါဝင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေးဗစ်မက်ကီဘီက ပြောကြားခဲ့သည်။ အမေရိကန် ကွန်ဂရက်က ယင်းအရောင်းအ၀ယ်ကို ရက် ၃၀ အတွင်း ကန့်ကွက်ခြင်း မရှိလျှင် သဘောတူသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

ထိုင်ဝမ်ကို တရုတ်၏ နယ်မြေပိုင်နက် တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ထားသော တရုတ်က ထိုင်ဝမ်ကျွန်းဆွယ် ဖြတ်ကျော် ဆက်ဆံရေး ထိခိုက်မှုကို ရှောင်ရှားရန်အတွက် ယင်းအရောင်းအ၀ယ် သဘောတူညီချက်အား ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ တရုတ်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကျန်ကျဲကွမ်က အမေရိကန်၏ ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုကို ဆန့်ကျင်ကြောင်း ပေကျင်းတွင် အမေရိကန်၏ ဒုတိယအဆင့်မြင့်ဆုံး သံတမန်နှင့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ အမေရိကန်သည် ၂၀၁၀ ပြည့်နှစ်က ထိုင်ဝမ်ကို ဒေါ်လာ ၁၂ ဘီလျံကျော် တန်ဖိုးရှိသော လက်နက်များ ရောင်းချခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ထိုင်ဝမ်၏ F-16 တိုက်လေယာဉ်များ အဆင့်မြှင့်တင်ရေး အတွက် ဒေါ်လာ ၅ ဒသမ ၉ ဘီလျံ တန်ဖိုးရှိသော သဘောတူညီချက်ကို ရရှိခဲ့သည်။ ယင်းအရောင်းအ၀ယ် များကြောင့် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး အမေရိကန်နှင့် နှစ်နိုင်ငံစစ်ဘက် ဖလှယ်ရေး အစီအစဉ်များကို ဆိုင်းငံ့ခဲ့သည်။ ၁၉၇၉ ထိုင်ဝမ်ဆက်ဆံရေး အက်ဥပဒေအရ အမေရိကန်သည် ထိုင်ဝမ်၏ ခုခံကာကွယ် နိုင်စွမ်းအတွက် ထိရောက်သော လက်နက် ပံ့ပိုးပေးမှုများ ဆောင်ရွက်ပေးရန် ကတိပြုထားသည့်အတိုင်း လက်နက်ရောင်းချမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေးဗစ်မက်ကီဘီက ပြောကြားခဲ့သည်။

Ref : AFP
Eleven Media Group


[youtube src="pl36AR2EFzs"/]
"အတိတ်တွေကိုမထားခဲ့နိုင်ရင် အတိတ်ရဲ့ အကျဉ်းသားတွေပဲဖြစ်မယ်"လို့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ နောက်တက်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေနေဖို့ နေရာထိုင်ခင်းအတွက် စည်ပင်ဝန်ထမ်းတွေနဲ့ သူရဦးရွှေမန်း၊ ဒေါ် အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ၀န်ထမ်းတွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။

"မလိုလားအပ်တဲ့ ဝန်ကြီးဌာနတွေ ပေါင်းပစ်မယ်၊ တချို့ဝန်ကြီးဌာနတွေမှာ ဝန်ထမ်းတွေဖောင်းပွနေတယ်။ ဝန်ထမ်းတွေကို စတင်ခန့်အပ်ထဲက သေသေချာချာ စစ်ဆေးရမယ်၊ အရည်အချင်းတွေမြှင့်တင်ပေးရမယ်၊ အောက်က ဝန်ထမ်းတွေကလည်း အထက်လူရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်ဆိုတာ လုံးဝမလိုချင်ဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ပန်းလိုပဲ၊ အခွင့်အရေးယူရင် တာဝန်ယူရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"တပ်ဖက်ကပဲ လာလာ၊ ကြံခိုင်ဖွံ့ဖြိုးရေးဘက်ကဘဲ လာလာ ကျမတို့ ခွဲခြားပြီးမဆက်ဆံဘူး။ ကျမပြော ပြီးပြီ၊ ကျောသားရင်သားမခွဲခြားပဲ ဆက်ဆံဖို့ ၊ လက်ရှိပစ္စုပန်ကိုပဲ ကြိုတင်လုပ်သွားမယ်၊ ကျမတို့ဟာ အကြွေးသမားတွေမဟုတ်ဘူး၊ အတိတ်တုန်းကတော့ ဆရာဇော်ဆိုရင်တော့ အကျဉ်းကျခဲ့ဖူးတယ်။ ဒါပေမယ့် ကျမတို့ဟာ အတိတ်ရဲ့ အကျဉ်းသားတွမဟုတ်ဘူး၊ ကျမပြောချင်တာက အတိတ်ကအတိတ်ပဲထားပစ်ခဲ့ဖို့၊ ကျမတို့ အားလုံးဟာ အတိတ်ရဲ့ အကျဉ်းသားတွေဖြစ်နေမယ် ဆိုလို့ရှိရင် အနာဂတ်ကို ရုန်းထွက်လို့ရမှာမဟုတ်ဘူး။ အဲ့တော့ ကျမတို့ရဲ့ ၀န်ထမ်းတွေကို စိတ်သစ်ဆိုတာ နေ့ချင်းညချင်းမဖြစ်နိုင်ဘူး။ ဒါပေမယ့် လေ့ကျင့်ယူလို့ရတယ်။ လေ့ကျင့်ယူလို့ မရတဲ့ကိစ္စဆိုတာ ဘယ်ဟာမှမရှိဘူး"လို့လည်း သူကဆိုပါတယ်။

DVB TV - 17.12.2015

NLD ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်း။ Photo Credit to NLD Ko Min Thu
NLD ကိုယ်စားလှယ် စွမ်းရည်မြှင့် သင်တန်း။ Photo Credit to NLD Ko Min Thu

၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ၃ ရက်တာတက်နေ ရတဲ့ စွမ်းရည်မြှင့်တင်ရေး သင်တန်းဟာ သူတို့အတွက် အကျိုးရှိစေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်း သွားနိုင်လိမ့်မယ်လို့ သင်တန်း တက်နေတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ က ပြောကြပါတယ်။ ၂၀၁၆ ဇန်န၀ါရီလကုန်ပိုင်းမှာ စတင်မယ့် နောက်တကြိမ် လွှတ်တော်သက်တမ်း အသစ်မတိုင်ခင် NLD ပါတီက အခုလို သင်တန်း ပို့ချနေတာဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်လက်တင်ပြပါမယ်။

၂၀၁၆ လွှတ်တော်သစ်ကို တက်ရောက်ကြမယ့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ပထမဆုံးအသုတ်အဖြစ် ကချင်ပြည်နယ် ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းက NLD လွှတ်တော် ကိုယ်စားလှယ်တွေကို စွမ်းရည်မြှင့်တင်ပေးဖို့ NLD ပါတီဗဟိုက နေပြည်တော်မှာ ရှိတဲ့ ရွှေစံအိမ်ဟိုတယ်မှာ သုံးရက်ကြာ သင်တန်းပေးနေတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၆-၁၇-၁၈ သုံးရက်ကြာ ပို့ချတဲ့ သင်တန်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပို့ချချက်၊ နိုင်ငံတော်ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ အကြောင်းတွေအပါအဝင် လွှတ်တော်တွင်းဆောင်ရွက်ရမယ့် ကိစ္စတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စည်းမျဉ်း စည်းကမ်း ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်း စတာတွေကို ဟောပြော ပို့ချတာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ဘယ်လောက်သိရှိနားလည်ထားသလဲ ဆိုတာနဲ့ ပတ်သက်လို့ စာမေးပွဲသဘောမျိုး စစ်ဆေးဖြေဆိုခဲ့ကြရတာပါ။ NLD လွှတ်တော် ကိုယ်စားလှယ်များ စွမ်းရည်မြင့်သင်တန်းဟာ သူတို့အတွက် အကျိုးရှိပါတယ်လို့ ကချင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

"သင်တန်းကတော့ အားလုံး အကျိုးရှိတဲ့ ပို့ချမှု အစီအစဉ်တွေပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ကျနော်တို့အတွက်က အင်မတန်မှပဲ အကျိုးရှိတယ်လေ။ နောက် ကျနော်တို့ ပါတီ စည်းမျဉ်းစည်းကမ်းတွေ သင်ပေးတယ်။ နောက် ရွေးကောက်ပွဲ ကြေညာစာတမ်း၊ အဲ့တာလေးတွေကို သင်တယ်ဆိုတော့ အားလုံးကတော့ ကျနော်တို့အတွက်ကတော့ အများကြီး ဗဟုသုတနဲ့ အကျိုးရှိတဲ့ အကြောင်းအရာတွေပဲဖြစ်တယ်လေ။"

NLD ဗဟိုက အခုလို သင်တန်းပေးတယ် ဆိုပေမယ့် လွှတ်တော်တွင်း တာဝန် ထမ်းဆောင်ဖို့ ဆိုရင် ဒီထက် ပိုလေ့လာစရာတွေ ရှိနေသေးတယ်လို့ မန္တလေးတိုင်း ချမ်းအေးသာဇံမြို့နယ်မှာ အရွေးခံရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးနိုင်က ဆိုပါတယ်။

" လွှတ်တော်ထဲမှာတော့ ကျနော်တို့က အများကြီး လေ့လာပြီးမှ ဝင်ရမယ်ထင်တယ်။ ကျနော်တို့ ဘာတွေ ဆက်ပြီးတော့ လေ့လာရဦးမယ်ဆိုတာကိုပဲ အစ တစ ဆွဲထုတ်တယ်လို့မြင်တယ်။ အဲ့ဒီ့အပေါ်မှာ ဆက်ပြီးတော့ ကျနော်တို့က ဆက်ပြီးတော့ လုပ်ရမှာပေါ့။ အဲ့တာတော့ ကိုယ့်ရဲ့လေ့လာမှု အပိုင်းပေါ့။ ပြောရရင်တော့ဗျာ အခု လာမယ့် လွှတ်တော်သက်တမ်းကတော့ အားလုံးကလည်း ပြည်သူလူထုကို ကိုယ်စားပြုတဲ့လူတွေဖြစ်ဖို့ ပြည်သူလူထုရဲ့ ဆန္ဒနဲ့ကိုက်ညီတဲ့ ဟာတွေပဲ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။"

လွှတ်တော်ထဲရောက်တဲ့အခါ NLD ရဲ့စွမ်းရည်မြှင့်သင်တန်းကရတဲ့ အသိပညာ ဗဟုသုတတွေ နဲ့ ဒေသခံ ပြည်သူတွေ အကျိုးကို ဆောင်ရွက် သွားမယ်လို့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

" အဓိက တာဝန်ယူဖြေရှင်းရမယ့် အကြောင်းအရာကတော့ အလုပ်အကိုင် အခွင့်အလမ်းပိုင်းဆိုင်ရာနဲ့ ကျန်းမာရေး၊ ပညာရေး အဲ့တာပဲ အဓိကဖြစ်မယ်လို့ ကျနော်ထင်တာပေါ့။ ကျနော်တို့ရဲ့ ဒေသမှာ ကြုံတွေ့နေရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုနဲ့ပတ်သက်တဲ့ အကြောင်းအရာက ပိုပြီးမှ အဓိကကျတာပေါ့။ ပညာရေးအခြေခံရှိမှသာလျင် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့နေရာမှာ စနစ်တကျ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေ ကို ကျနော်တို့က လေ့လာ သင်ယူခွင့်ရမယ်။ ကျန်းမာရေး ကောင်းမွန်မှသာလျှင် ကျနော်တို့ရဲ့ ဖော်ဆောင်ချင်တဲ့ လုပ်ငန်းတွေကို ကျနော်တို့က လုပ်ကိုင်ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျန်းမာရေးကလည်း အဓိက ဖြေရှင်းပေးရမယ့် ကဏ္ဍတွေမှာ ထည့်တဲ့သဘောပေါ့။"

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီထဲက တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက် လာမယ့် ဇန်နဝါရီလ(၁၅)ရက်နေ့လောက်မှာ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ သက်ဆိုင်တဲ့ သင်တန်းတွေ ပို့ချသွားမှာဖြစ်ပါတယ်။ အဲဒီသင်တန်းဟာလဲ သူတို့တိုင်းရင်းသား ကိုယ်စားလှယ်တွေ အတွက် အကျိုးရှိစေမယ်လို့ ကချင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

"ပင်လုံကနေပြီးတော့မှ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုတာ ဖြစ်လာ တာလေ။ ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆိုရင် ဥပဒေပိုင်းဆိုင်ရာ တွေကို ကျနော်တို့က သေသေချာချာ ကြိုတင်ပြင်ဆင်မှု ရှိဖို့အတွက်ကို လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတဲ့အတွက်ကြောင့်မို့လို့ ပါတီကနေမှ ဒါ စနစ်တကျ သင်ကြားပို့ချတဲ့သင်တန်းတွေကို လုပ်ဆောင်ဖို့ရည်ရွယ်တယ်လို့ပြောတယ်။"

နေပြည်တော် ရွှေစံအိမ် ဟိုတယ်မှာ သုံးရက်ကြာ ပို့ချနေတဲ့ သင်တန်းမှာ ရှေ့နေ ဦးကိုနီက ဖွဲ့စည်းပုံဥပဒေနဲ့ ပတ်သက်လို့ ပို့ချပြီး၊ ဘတ်ဂျက် ရေးဆွဲရေးဆိုင်ရာ အကြောင်းတွေကို ဒေါက်တာကျော်ဝင်းနဲ့ ဦးမြင့်သောင်းတို့က ပို့ချတာဖြစ်သလို၊ အဖွဲ့ချုပ်ရဲ့မူဝါဒ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်လို့ ဦးအောင်ကြည်ညွန့်က ပို့ချခဲ့တာပါ။ ဒီဇင်ဘာ ၁၆ ကနေ ၁၈ ရက်ထိ သုံးရက်ကြာသင်တန်းကို ကချင်၊ ရှမ်းနဲ့ မန္တလေးတိုင်း တွေက NLD လွှတ်တော်ကိုယ်စားလှယ် ၁၆၉ ဦး တက်ရောက်နေကြတာဖြစ်ပါတယ်။

ကိုဉာဏ်ဝင်းအောင်/VOA
http://burmese.voanews.com/content/nld-mps-training/3106973.html


NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုတွေ့ဆုံ။ သတင်းဓာတ်ပုံ-Credit to Saw Nimord.
NCA ပါ တိုင်းရင်းသား ၈ ဖွဲ့နဲ့ ဒေါ်စုတွေ့ဆုံ။ သတင်းဓာတ်ပုံ-Credit to Saw Nimord.

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၈ဖွဲ့က
ကိုယ်စားလှယ်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ခရစ္စမတ် လက်ဆောင်ပေးကြသလို ရယူဖို့ထက် အပြန်အလှန် ပေးဆပ်ပြီး
ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းခဲ့သလို NCA လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အကြောင်းကို ရှင်းလင်းခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဒေါ်စုနဲ့အပစ်ရပ်(၈ဖွဲ့) တွေ့ဆုံ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၈ဖွဲ့က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေပြည်တော်မှာ နေ့ခင်း ၁၂နာရီခွဲလောက်ကနေ ၁နာရီခွဲလောက်အထိ တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဓိက ပြောဆိုခဲ့တာတွေကိုတော့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကတော့ အဓိက သူအခြေခံပြောတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးတရပ်အောင်မြင်ဖို့ဆိုရင်တော့ ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တခုတည်းကနေပြီးတော့ တာဝန်ယူပြီး ဆောင်ရွက်လို့မရဘူး။ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရမှာ။ အားလုံး တောင်းတဲ့သူနဲ့ပေးတဲ့သူရဲ့ ဆက်ဆံရေးမျိုး မဟုတ်ပဲ အကုန်လုံးဟာ တန်းတူညီတူနဲ့ဆောင်ရွက်ကြဖို့ပေါ့လေ။

အထူးအားဖြင့်ပြောရင်တော့ ခရစ္စမတ်အကြိုမှာ စကားတခွန်းသူပြောတာကတော့ ခရစ္စမတ်မှာက Giving Gift လက်ဆောင်တွေပေးကြတာ၊ သူများအတွက်ကို ကိုယ်ကပေးတာပေါ့လေ။ ပေးဖို့ပေါ့။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေ က ဆွေးနွေးကြတယ်၊ တွေ့ကြတယ် ဆိုရင် တောင်းတာပဲ စိတ်ဝင်စားတာမျိုး မဟုတ်ပဲနဲ့၊ အပြန်အလှန်ပေါ့ အားလုံးစုပေါင်းပြီးလုပ်ကြဖို့ဆိုတဲ့ဟာ Giving Gift ကိုသူက ပြောသွားတာပါ။”

ဆက်လက်ပြီး တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာမှာ NLD ပါတီက ပါဝင်လက်မှတ် မရေးထိုးရတဲ့ အကြောင်းကိုလည်း ရှင်းလင်းခဲ့တယ်လို့ ပြောပါတယ်။

“ဒီ NCA ကိုလက်မှတ်ရေးထိုးတဲ့အချိန်တုန်းက အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ တက်ရောက်ပြီးတော့ အသိသက်သေအနေနဲ့ လက်မှတ် မရေးထိုးခဲ့တဲ့အကြောင်းကိုလည်းရှင်းပြပါတယ်။ အဓိကကတော့ ဒီလိုမျိုးပေါ့လေ လက်မှတ်ရေးထိုးတဲ့သူနဲ့ မရေးထိုးသူတို့ကြားမှာ ပိုပြီးတော့ နားလည်မှု လွဲသွားစေမှာကို သူစိုးရိမ်တယ်။ ဒါကြောင့်မို့လို့ ဒီလက်မှတ်ရေးထိုးတဲ့အထဲမှာ မပါဝင်ခဲ့တဲ့အကြောင်း အဲဒါကို သူအကျယ်တဝင့် ရှင်းပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့အခုကျန်တဲ့ လက်မှတ် မရေးထိုးသေးတဲ့သူတွေလည်း ပါဝင်လာရေးအတွက်ကို တံခါးကျယ်ကျယ်ဖွင့်ပြီးတော့ ဒါကတော့ ဆောင်ရွက်သွားမယ်ပေါ့။”

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖက်ကတော့ NLD အစိုးရဖွဲ့ချိန်မှာ NCA လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေပါဝင် လက်မှတ်ရေးကို ဆောင်ရွက်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တာဝန်ယူတဲ့အချိန်ကျလို့ရှိရင် လက်မှတ် မရေးထိုးသေးတဲ့သူတွေကိုလည်း သိက္ခာရှိရှိ ပါဝင်နိုင်ရေးအတွက်ကို ဖိတ်ခေါ်ပေးဖို့ အတွက်ကိုလည်း ဒါ ကျနော်တို့က တင်ပြခဲ့ပါတယ်။သို့သော်လည်း ဒီနေ့အချိန်အခါမှာ အသွင်ကူးပြောင်းမှုချောမွေ့စေရေးအတွက်ကို ဒီအတွက်လုံးပမ်းနေရတာဖြစ်တဲ့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ကတော့ လက်တလောအားဖြင့်တော့ လက်မှတ် မရေးထိုးသေးတဲ့သူတွေနဲ့တော့ တွေ့ဆုံဖို့အဆင်မပြေသေးဘူးပေါ့ဗျာ။ အဲလိုတော့ပြောပါတယ်။”

ဒီကနေ့ဆွေးနွေးပွဲမှာ မကြာခင်က ဆွေးနွေးခဲ့ကြတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့သလို ဒီနေ့ဆွေးနွေးပွဲဟာ ၁နာရီလောက်သာ အချိန်ရတာကြောင့် နောက်ပိုင်းမှာ အချိန်ပိုယူပြီး ကျယ်ကျယ်ပြန်ပြန့် ဆွေးနွေးကြဖို့ကိုလည်း သဘောတူခဲ့ကြ ပါတယ်။ နောက်တကြိမ်တွေ့ဆုံဖို့ကိုတော့ ရက်သတ်မှတ်တာမရှိသေးပါဘူး။

ကိုမိုးဇော်/VOA
http://burmese.voanews.com/content/aung-san-suu-kyi-meet-with-cease-fires-8-groups/3106850.html

ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့်ပိပြီး သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ရုပ်အလောင်းတွေကို ရှာဖွေနေကြစဉ် (နိုဝင်ဘာလ၂၄ ရက် ၂၀၁၅)
ဖားကန့်ကျောက်စိမ်းတွင်း စွန့်ပစ်မြေစာပုံပြိုကျမှုကြောင့်ပိပြီး သေဆုံးသွားတဲ့ အလုပ်သမားတွေရဲ့ရုပ်အလောင်းတွေကို ရှာဖွေနေကြစဉ် (နိုဝင်ဘာလ၂၄ ရက် ၂၀၁၅
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာပုံပြိုကျမှု အန္တရာယ်အလွန်ကို ဆိုးရွာလာနေတာကြောင့် မြန်မာအာဏာပိုင်တွေအနေနဲ့ အခြေအနေတွေကို အရေးတကြီးကိုင်တွယ်ဖြေရှင်းပေးဖို့ Global Witness အဖွဲ့ကြီးကတိုက် တွန်းလိုက်ပါတယ်။နောက်တက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရသစ်လက်ထက်မှာ ဖားကန့်ကျောက်စိမ်းလုပ်ငန်းတွေကို ပြန်ပြီးမရတော့မှာ ကိုစိုးရိမ်နေကြတဲ့ ကုမ္ပဏီတွေဟာ လက်ရှိကျောက်စိမ်းတူးဖေါ်မှုတွေကို အဆပေါင်း များစွာမြှင့်တင်လုပ်ဆောင်လာတဲ့အတွက် အခြေ အနေတွေဆိုရွား လာနေကြောင်း ဒေသခံတွေကဗွီအိုအေကို ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကုမ္ပဏီပေါင်း (၅၀၀)ကျော်ဟာ လက်ရှိသူတို့တူးဖေါ်တဲ့လုပ်ငန်းတွေမှာ ကြီးမားတဲ့ စက်ယန္တရားတွေနဲ့ အားပြင်းတဲ့ မိုင်းတွေကို အရှိန်အဟုန် နဲ့အသုံးပြုလုပ်ဆောင်လာ တာကြောင့် ဒေသခံတွေ အနေနဲ့ အသက်ဘေးအန္တရာယ်ကို ထိခိုက်လာမှာကို စိုးရိမ်မကင်းဖြစ်နေကြတာပါ။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပဲ ရတနာရောင်ခြည် ကုမ္ပဏီပိုင် ကျောက်စိမ်းတွင်း မှာ မြေစာပုံထပ်ပြီးပြိုကျတဲ့အတွက် သေဆုံးသူဦးရေအတိအကျ မသိရသေးပေမဲ့ မြေပိသေဆုံးသူတချို့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လက ပဲ အဲဒီကျောက်စိမ်းတွင်းမှာ မြေပြိုကျလို့ လူပေါင်း (၁၁၀)ကျော်သေဆုံးခဲ့တာပါ။ အခုလို ဒေသခံတွေ မြေစာပုံပြိုကျတဲ့အန္တရာယ်တွေရင်ဆိုင်နေရတဲ့အခြေအနေနဲ့ပတ်သက်လို့ အာဏာပိုင်တွေအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးကထုတ်ပြန်တဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းအကြောင်းအစီရင်ခံစာ ရေးသားသူ Juman Kubba ကဗွီအိုအေကိုပြောပါတယ်။

“ဒီအခြေအနေကိုကြည့်ရင် အချိန်ကိုစောင့်မနေပဲ အလျှင်အမြန်အရေးယူဆောင်ရွက်သင့်ပါတယ်။ နောက်ထပ်မြေပြိုကျတဲ့ဖြစ်ရပ်တွေ ထပ်ပြီးမမြင်ရဖို့၊ ဒေသခံပြည်သူတွေရဲ့အသံတွေကို နားထောင်ဖို့အရေးကြီးပါတယ်။ မြေပြိုကျမှုဟာ တရက်ခြားစီလိုဖြစ်နေတာပါ။ လူတွေအနေနဲ့လည်း ထိတ်လန့်နေကြပြီး အရေးယူဆောင်ရွက်တာလည်း မခံရပါဘူး။ ဒါကြောင့် ဒီပြသနာကိုစတင်ကိုင်တွယ်ဖို့ဆိုရင် ဒီမြေစာပုံပြိုကျမှုတွေကိုဖြစ်ပေါ်စေတဲ့ ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းတွေရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေသလဲဆိုတဲ့ စုံစမ်းဖေါ်ထုတ်ဖို့အရေးကြီးပါတယ်။”

အခုလို ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီတွေက ဒီရက်ပိုင်းတွေအတွင်း အင်အားအလုံးအရင်းသုံးပြီး တူးဖေါ်ရေး လုပ်လာတဲ့အတွက် ဒေသခံတွေကလည်း မနေ့က စတင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီအခြေအနေတွေကို ထိန်းနိုင်ဖို့ဆိုရင်ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းကို စနစ်တကျထင်သာမြင်သာနဲ့ စီမံခန့်ခွဲအုပ်ချုပ်ဖို့လိုအပ်နေကြောင်းလည်း Juman Kubba ကပြောပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဒေသခံပြည်သူ (၅၀၀၀) နီးပါးလောက်ပါဝင်တဲ့ ဖါးကန့်ကျောက်စိမ်းတူးဖေါ်ရေးကို ဆန့်ကျင်တဲ့ အဓိကဆန္ဒပြပွဲကြီးဖြစ်ခဲ့တာကို ကျမတို့တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူတို့လိုလားချက်တွေကို ဖြေရှင်းဆောင်ရွက်ပေးမယ့်အစား ဖားကန့်မှာ အခြေအနေတွေဟာ ဆိုးရွားသထက်ဆိုးရွားလာပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီဒေသမှာ လတ်တလောဘာတွေဖြစ်နေသလဲဆိုတာ အရေးတကြီးသုံးသပ်ပြီး ကျောက်စိမ်းတူးဖေါ်တဲ့လုပ်ငန်းကို စီမံခန့်ခွဲအုပ်ချုပ်ဖို့ မဟာဗျူဟာချမှတ်ဖို့ လိုအပ်ပါတယ်။”

၂၀၁၆ခုနှစ် ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ တရားဝင်အာဏာမယူခင် အချိန် လက်ကျန် လပိုင်းတွေအတွင်း လက်ရှိအစိုးရတာဝန်ရှိသူတွေ၊ ခရိုနီစီးပွားရေးသမားတွေနဲ့၊ မြန်မာစစ်တပ်ကတာဝန်ရှိသူတွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေဘက် က သူတို့ရဲ့လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး အိမ်နီးချင်းတရုတ်နိုင်ငံက လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အင်နဲ့အားနဲ့ ကျောက်စိမ်းတွေကို တူးဖေါ်ယူနေကြတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ဖားကန့်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကျိုးတူပူးပေါင်းလုပ်နေကြတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေ တော်တော်များများရှိတယ်။ တချို့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေဆိုရင် အခုရွေးကောက်ပွဲမှာ အနိုင်ရတာသိပ်မပါဘူးဆိုတော့ နောက်တက်လာမယ့်အစိုးရလက်ထက်မှာ သူတို့ရဲ့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေအပေါ်မှာ အတော်လေးကို စိုးရိမ်မကင်းဖြစ်နေကြတယ်။ အစိုးရသစ်လက်ထက်မှာ သူတို့လုပ်ငန်းတွေကို ပြန်ပြီးမရတော့မယ့်အနေအထားပေါ်မှာ စိုးရိမ်နေတာပေါ့။ နောက်ပိုင်းမှာလည်း အခုလို စက်ယန္တာရားကြီးတွေနဲ့ လုပ်ခွင့်မရတော့မယ့်အနေအထားပေါ်စိုးရိမ်နေတာတွေကြောင့် အခုလို တူးဖေါ်နေကြတာဖြစ်တယ်။”

ဖားကန့်ဒေသက ကျောက်စိမ်းလုပ်ငန်းအခြေအနေတွေအပါအ၀င်မြန်မာနိုင်ငံရဲ့ သယံဇာတ ထုတ်လုပ်ရေး လုပ်ငန်းနဲ့ပတ်သက်လို့ ပထမဆုံးအကြိမ် အစီရင်ခံစာ တစောင်ကို အခုလာမယ့်သတင်းပတ်မှာEITI (ခေါ်) သယံဇာတထုတ်ယူမှု ပွင့်လင်း မြင်သာမှု အဖွဲ့ကြီးကထုတ်ပြန်မှာဖြစ်ပါတယ်။ ဒီအစီရင်ခံစာ ဟာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါလိမ့်မယ်လို့ Juman Kubba ကပြောပါတယ်။

အင်ကြင်းနိုင်/VOA
http://burmese.voanews.com/content/hpakant-jade-mine-landslide-global-witness-response/3106585.html

 khun-myinttun-pnlo-620.jpg ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ ဒီနေ့တွေ့ဆုံရာမှာ၊ သူ့အနေနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ စာချုပ်မှာ လက်မှတ်မရေးထိုးတဲ့ အကြောင်းရင်းကို ရှင်းပြခဲ့ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ရုံးခန်းမှာ တိုင်းရင်းသားအဖွဲ့တွေနဲ့ တွေ့ဆုံစဉ် ရှင်းပြခဲ့တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

"အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ NCA လက်မှတ်ရေးထိုးပွဲမှာ NLD ဘာကြောင့် လက်မှတ်မရေးထိုးခဲ့လဲဆိုတာ အဓိကထားပြီးရှင်းပြတယ်၊ တိုင်းရင်းသားတွေ အချင်းချင်းကြားထဲမှာ နားလည်မှု လွဲမှာစိုးတဲ့အတွက် လက်မှတ်မရေးထိုးခဲ့တာလို့ ရှင်းပြခဲ့ပါတယ်၊ လက်ရှိအစိုးရနဲ့ နောင်တက်လာမယ့် အစိုးရကြားထဲမှာ အချိတ်အဆက်မိမိနဲ့ ဆောင်ရွက်နိုင်ခဲ့တယ်၊ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ ဒီနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့အတိုင်း အားလုံးအတူတကွ ပါဝင်လက်တွဲပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်အောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်"

တွေ့ဆုံပွဲကို အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် ဒီကေဘီအေ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

အဲဒီအဖွဲ့ ၈ဖွဲ့ဟာ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ပူးတွဲကော်မတီ အစည်းအဝေးကို တက်ရောက်အပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

RFA

dassk-municipal-620.jpg့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်း တို့ ဒီဇင်ဘာလ ၁၇ ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝန်းထဲကခန်းမမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်
Photo: Myo Thant Khaing/RFA
အစိုးရသစ်လက်ထက်မှာ လက်ရှိဝန်ထမ်းတွေကို အလုပ်ကထုတ်ပယ်တာမျိုး လုပ်မှာမဟုတ်သလို၊ ကျောသား ရင်သား မခွဲခြားဘဲ ဆက်ဆံသွားမှာဖြစ်လို့၊ အစိုးရ၀န်ထမ်းတွေအနေနဲ့ စိတ်မပူကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီကနေ့ လွှတ်တော်အပြီးမှာ နာယက သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းထဲက ခန်းမမှာ ဧည့်ရိပ်သာ တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် လုပ်ကိုင်ဆောင်ရွက်ပေးရတဲ့ ၀န်ကြီးဌာနအသီးသီးက အစိုးရ၀န်ထမ်းတွေ၊ လွှတ်တော်ရုံးတာဝန်ရှိသူတွေ နဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အောက်ခြေ၀န်ထမ်းတွေအနေနဲ့ အထက်လူကြီးတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့၊ အစိုးရဝန်ထမ်းတွေအနေနဲ့ အန်အယ်လ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို ကြောက်ဖို့မလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

RFA

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုးရာတွင် ပါဝင်ခြင်း
မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အာဏာလွှဲပြောင်း
လက်ခံရယူပြီး နောက်ပိုင်း တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး
ဖြစ်စဉ်တွင် အားလုံးပါဝင်ရန် လိုအပ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြား
လိုက်သည်။

နေပြည်တော်တွင် ရောက်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ
ကိုယ်စားလှယ် များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် တို့ ဒီဇင်ဘာ ၁၇ ရက်က တွေ့ဆုံခဲ့ရာတွင်
ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း တွေ့ဆုံ
ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုယ်စားလှယ်များက ပြောသည်။

“လက်မှတ် မထိုးထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဖို့ကတော့ အာဏာ လွှဲပြောင်းရယူပြီးမှ
ဖြစ်နိုင်မယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုတယ်ဆိုပြီး
ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်” ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့်
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS / SSA မှ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

လက်မှတ်ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ဖြစ်သည့် KNU၊
KNLA / PC၊ DKBA ၊ RCSS/SSA ၊ CNF ၊ ALP ၊ PNLO စသည့် အဖွဲ့များနှင့်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ
ပြုလုပ်ရန်အတွက် ပူးတွဲကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန်လည်း အဆိုပါတွေ့ဆုံမှု
တွင် သဘောတူခဲ့သည်ဟု သိရသည်။

“NLD ရဲ့ ပေါ်လစီကို ရှင်းပြတာပေါ့။ ငြိမ်းချမ်းရေးက တကယ်လိုအပ်တယ်။
ဦးစားပေး ဆောင်ရွက်ရမယ့် အထဲမှာ စစ်ပွဲတွေကြောင့် ဒုက္ခတွေဖြစ်နေတဲ့
ကိစ္စလိုမျိုး မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်နေတာကို သူတို့ပြောတာပေါ့။
ဆောင်ရွက်တဲ့ နေရာမှာလည်း အကုန်လုံး ပါဝင်လာနိုင်ဖို့ အရေးကြီးတယ်။
နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုလည်း လိုအပ်တယ် ။ ပါဝင်သင့်တဲ့ ပုဂ္ဂိုလ်တွေ
ပါဝင်ဖို့တော့ လိုအပ်တယ်။ ဒါကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်” ဟု
KNU အထွေထွေ အတွင်းရေးမှုး ဗဒိုကွယ်ထူးဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လက်မှတ် ရေးထိုးခဲ့သည့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တို့၏ တွေ့ဆုံမှုမှာ လာမည့်အစိုးရ
လက်ထက်တွင် ဆက်လက် ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက်
ကောင်းမွန်သည့် အလားအလာ ဖြစ်ကြောင်း RCSS/SSA အကြံပေးနှင့်
ပြည်ထောင်စု အင်စတီကျူ့ မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက မှတ်ချက်ပြု
ပြောဆိုသည်။

“ငြိမ်းချမ်းရေးအတွက် လုပ်မယ်ဆိုရင် ကောင်းတယ်လို့ပဲပြောရမယ် ။ အမြင်မတူလို့
စစ်တိုက်တယ်၊ ရန်ဘက်အဖြစ် ပြုမူတယ်၊ ပူးပေါင်းဆောင်ရွက်မှု မရှိတော့ဘူး
ဆိုတာ တွေက မကောင်းပါဘူး” ဟု ဦးခွန်ဆိုင်းက ပြောသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် KIO ကချင်လွတ်
မြောက်ရေးအဖွဲ့၊ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ ၊ ရှမ်းပြည် တိုးတက်ရေး
ပါတီ၊ တအာင်းပလောင်အဖွဲ့ TNLA / PSLF ၊ ကရင်နီ KNPP ၊ မွန်ပြည်သစ် NMSP
စသည့်အဖွဲ့များ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့မှာ
နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးထားခြင်း
မရှိကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း

Photo – NLD

The Ladies News Journal

မြန်မာ ဆိုရိုးစကားတစ်ခု ရှိတယ်။ အစရှာဖို့ခက်နေတဲ့ အမယ်ဘုတ်ရဲ့ သူ့ချည်ခင်
ဆိုတာပါပဲ။ အရင်တုန်းက ကိုယ်ဝတ်ဖို့ အ၀တ်ကို ကိုယ့်ဘာသာ ဗိုင်းငင့်၊ ၀ါဖန်၊
ရက်ကန်းရက်ရတဲ့ ခေတ်ကို ဖော်ညွန်းတဲ့ အဲဒီစကားမှာ အမယ်ဘုတ်ဆိုတဲ့
အသက်ကြီးကြီး အမျိုးသမီးကြီးရဲ့ အထွေးလိုက်ရှုပ်နေတဲ့ ချည်ခင်ထွေးကြီးဟာ
အစရှာမရတဲ့ အတွက် ဘယ်သူမှ ရှင်းမရဘဲ ဖြစ်နေပါသတဲ့။ ရှုပ်နေတဲ့
ချည်ထွေးကြီးကို ရှင်းဖို့ဆိုရာမှာ အစကိုရှာလို့ရမှ၊ အစဆွဲထုတ်ပြီး ရှင်းမှ ရမှာကိုး။
ဒီနေ့ နိုင်ငံရေး အခင်းအကျင်းမှာလည်း ရှင်းမရအောင် အစကို အထဲထည့်လုံးပြီး
ရှုပ်ထားတဲ့ ချည်ထွေးကြီးတစ်ခု ရှိတယ်။ အဲဒါကတော့ အာဏာပိုင်များ စိတ်ကြိုက်
ဇွတ်ကြီးရေးဆွဲထားတဲ့ အခြေခံဥပဒေ ဆိုတာကြီးပါပဲ။

အဲဒါကြီးကိုသုံးပြီး ပြည်သူတွေ စိတ်ကြိုက် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေ
ကြားထဲ မိုးကျရွှေကိုယ် အစိတ်သားရော ထည့်ပြီး ပြည်သူ့ အလိုကျ လုပ်မရဘဲ
သူတို့အလိုကျ ဖြစ်အောင် လုပ်ဖို့ကြံထားတာ အားလုံး သိတဲ့အတိုင်းပါပဲ။ ဒီတော့
ဒီမိုကရေစီနည်းကျ မဟုတ်တဲ့ ဒီဥပဒေကြီးကို ပြင်ဖို့ဆင်ဖို့ ကျတော့လည်း
ဒီဥပဒေကြီးအရကို ဥပဒေကြီးကို ပြင်ဖို့ တားဆီးထားပြန်ရော။ ဘာနဲ့ တူသလဲ
ဆိုတော့ အိမ်တံခါးဖွင့်ရမယ့် သော့ကိုပါ အိမ်ထဲထည့် သော့ခတ်ထားသလိုပါပဲ။
ပြီးတော့ အိမ်တံခါးကို ဖျက်ပြီး သော့ကို ယူမယ်ဆိုရင် အိမ်ရှင်ဆိုရင်လည်း
ဖောက်ထွင်းမှုနဲ့ အရေးယူမှာပဲဆိုတဲ့ ဥပဒေမျိုးတွေ ထည့်ပြဋ္ဌာန်းပြီး ဒီသော့ကို
ဖွင့်မရအောင် လုပ်ထားတာပါ။ ဒါပေမဲ့ ဒါကို ပြုပြင် ပြောင်းလဲနိုင်ရေးအတွက်
ဒီဥပဒေကြီးကို ပြင်ဆင်ဖို့ ကန့်သတ်ထားတဲ့ ၄၃၆ ဆိုတာကြီးကို ပြင်ဆင်ပေးဖို့
ပြည်သူငါးသန်းကတောင် လက်မှတ် ထိုးကြသေးတာပါပဲ။ ဒါပေမဲ့ ပြည်သူ့
သဘောထား (Pablic Opinion) ကို ဘယ်တုန်းကမှ အလေးမထားခဲ့တဲ့
သူတို့တစ်တွေက ဒီဥပဒေကြီးနဲ့ ပတ်သက်ပြီး လွှတ်တော်ကြီးက တင်လာတဲ့
မဖြစ်စလောက် ပြင်ဆင်မှုလေးတွေတောင် တညီတညွတ်တည်း ပယ်ချခဲ့ကြတာ
လေ။ ဒီတုန်းက သူတို့တွေ ပျော်ပျော်ကြီး လက်ခုပ်တောင် တီးခဲ့ကြတာ
အံ့သြလောက်အောင် မြင်ခဲ့ရသေး။ ဟော၊ အခုတော့ ရွေးကောက်ပွဲ မှာကျ ပြည်သူ
အားလုံးကလည်း တညီတညွတ်တည်း “တီး” ထည့်လိုက်ကြတာ အားလုံး
သိတဲ့အတိုင်းပါပဲ။ (လက်ခုပ်၊လက်ခုပ်)

ဒီတော့ မကြာခဏ ပြောထားတဲ့ ကတိအတိုင်း အာဏာလွှဲမယ် ဆိုရင်တောင်
အမယ်ဘုတ် ချည်ခင် ဥပဒေကြီးအရ ရွေးကောက်ပွဲ အနိုင်ရ ပါတီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ မဖြစ်နိုင်ဘဲ ရှိနေပါတယ်။ အဲဒီအချိန်မှာ ဒေါ်စုက
သမ္မတ မဖြစ်လည်း သူက အနိုင်ရပါတီ ခေါင်းဆောင်အနေနဲ့ သမ္မတ အထက်ကနေ
အစိုးရကို ဦးဆောင်သွားမှာ ဖြစ်ကြောင်း နိုင်ငံတကာကိုပါ အသိပေး ကြေညာ
ခဲ့ပါတယ်။ အဲဒီမှာ ချည်ခင်ရှုပ်အုပ်စုကြီး ပူစပ်ပူလောင် ဖြစ်ကုန်ပြီး
သမ္မတအထက်က ဆိုတာ ဥပဒေနဲ့ မညီဘူးတို့ဘာတို့ ၀ိုင်းအာသံတွေ ညံလာပါတော့
တယ်။ အထူးသဖြင့် ဒီအတောအတွင်းမှာ အနိုင်ရပါတီရဲ့ ရွေးကောက်ပွဲ ရလဒ်တွေ
ကို ကန့်ကွက်ရဦးမယ် ဘာညာ စသဖြင့်ပါ ပြောဆိုနေတဲ့ လက်ရှိပါတီဥက္ကဋ္ဌ
ဦးဌေးဦးအသံက အကျယ်ဆုံးပါပဲ။ အဲဒီအချိန်မှာ အာဏာသိမ်းခံရပြီး ပါတီဥက္ကဋ္ဌ
ကုလားထိုင်က ပူပူနွေးနွေး ဆင်းပေးထားခါစ ဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ကုလားထိုင်
မှာ ဖင်မနွေးသေးတဲ့ ဦးဌေးဦးကို ဘာခေါ်ပြောလိုက်တယ် မသိပါဘူး။ အတော်လေး
ငြိမ်သက်သွားတာ တွေ့ရပါတယ်။ တချို့ကတော့ သမ္မတအထက်က စာဖတ်နေသူ
ကြီးဆီက မက်ဆေ့ခ်ျတစ်ခုခု ဖြစ်မယ်လို့ မှန်းဆကြပါသတဲ့။

ဘာပဲဖြစ်ဖြစ် နိုဝင်ဘာ ၁၉ ရက်နေ့ကတော့ ဖေ့စ်ဘုတ်တစ်ခွင်မှာ “သမိုင်းဝင်မယ့်
ညတစ်ညပဲ” ဆိုတဲ့ မြေးချစ်ကလေး မောင်ရွှေသွေးရဲ့ ဖေ့စ်ဘုတ် စတေးတပ်ကြောင့်
လန့်သူလန့်၊ စိတ်ပူသူ ပူပေမယ့် မကြာခင် တစ်ရက်နှစ်ရက်မှာပဲ အဲဒီညက သူနဲ့
ဒေါ်အောင်ဆန်းစုကြည် တွေ့ဖြစ်တယ် ဆိုတဲ့သတင်း အတည်ပြုချက်တွေ
ကြားရတော့ ကျွန်တော်တို့ အားလုံးအတွက် အမယ်ဘုတ်ရဲ့ချည်ခင်အစကို
(ဆွဲမထုတ်နိုင်သေးတောင်) လှမ်းမြင်လိုက်ရသလို ခံစားရပါတယ်။ ဒါ့အပြင်
ဘာပဲဖြစ်ဖြစ် သမ္မတကြီးနဲ့ ကာချုပ်ကလည်း ဒေါ်စုတောင်းဆိုတဲ့ အတိုင်း ဒီဇင်ဘာ
၂ ရက်နေ့မှာ ဒေါ်စုနဲ့ တွေ့ဆုံခဲ့ကြပြီး ဒီတွေ့ဆုံမှုများ အတိုင်းအတာ တစ်ခုအထိ
ကျေနပ်မှု ရှိကြောင်းကို “သူ့အဆင့်နဲ့သူတော့ ကျေနပ်ပါတယ်၊ ဒါက ပထမအဆင့်
ပေါ့နော်” လို့ အာအက်ဖ်အေ အင်တာဗျူးမှာ ဒေါ်စုက ဖြေသွားပါတယ်။

ဒီလိုနဲ့ နောက်နှစ်ရက်အကြာ ဒီဇင်ဘာ ၄ ရက်နေ့မှာတော့ တပ်ချုပ်ကြီး အငြိမ်းစား
ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နှစ်နာရီခွဲကျော်ကြာ တွေ့ဆုံပြီး
ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ မင်္ဂလာသတင်းကို ထပ်ကြားရ ပြန်ပါတယ်။ ဒါက
သမိုင်းဝင် ဆွေးနွေးပွဲအစစ်ဖြစ်ပြီး နောင် သမ္မတအထက်မှာ နေမှာလို့ ပြောသူနဲ့
လက်ရှိသမ္မတ အထက်က လူကြီးလို့ အားလုံးက ယုံကြည်ထားသူတို့ ဆွေးနွေးတဲ့
ပွဲမို့ပါပဲ။ ဒါပေမဲ့ ကာကွယ်ရေး ၀န်ကြီးဌာနက ဦးသန်းရွှေကို ရည်ညွှန်းပြီး “သူနဲ့
တပ်မတော်နဲ့မှ မဆိုင်တော့တာ” ဆိုတာမျိုး ငြင်းချက်ထုတ်သလို
အစိုးရအဖွဲ့ကလည်း အာဏာ လွှဲပြောင်းရေးနဲ့ မပတ်သက်ပါဘူးလို့ ငြင်းပါတယ်။
ပြီးတော့ မြေးတော်လေး ဖော်ပြထားတဲ့ ဒေါ်စု၊ သူ့အဘိုးနဲ့ သမ္မတကြီးတို့
ငါးထောင်တန် ငွေစက္ကူပေါ် လက်မှတ် ရေးထိုးထားပုံကိုလည်း သမ္မတကြီးက
သူမထိုးပါဘူးလို့ ငြင်းထားပါသေးတယ်။ သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူလည်းဖြစ်
ပြန်ကြားရေးဝန်ကြီးလည်း ဖြစ်သူကလည်း ဦးသန်းရွှေဟာ အာဏာ လွှဲပြောင်းရေးမှာ
သြဇာသက်ရောက်မှု မရှိနိုင်ပါဘူး၊ ရှိရင်လည်း လက်မခံပါဘူး စသဖြင့် ပြောလာတာ
တွေလည်း ဖတ်ရပါတယ်။ ဒီလို ငြင်းချက်ထုတ်တာတွေ ဖတ်ရတော့ ဦးသန်းရွှေဟာ
ဒေါ်အောင်ဆန်းစုကြည်ကို လာတွေ့ခွင့် ပေးဖို့အတွက် ချစ်မြေးကလေးကို
လွှတ်လိုက်တာဟာ အခြေအနေကို အမှန်အတိုင်း သုံးသပ်နိုင်ပုံပေါ်ပြီး အချိန်မီရုံ
ကလေးပဲ ဖြစ်ပုံရတယ်လို့ စဉ်းစားစရာ ဖြစ်ပါတယ်။ တကယ်တော့ သမ္မတ
အထက်က လူကြီးလည်း တချို့ကိစ္စတွေမှာ သူ့စိတ်တိုင်းကျ မဖြစ်ခဲ့တာတွေ
အတော်များခဲ့ပုံပါပဲ။

ပြီးခဲ့တဲ့ ကာလအတွင်းမှာ သမ္မတကြီးရဲ့ အစိုးရဟာ ဒေါ်စုနဲ့ တိုင်းရင်းသား
ဒီမိုကရေစီ အင်အားစုများအား ကြားဖြတ်အစိုးရ အဖြစ် ပြည်သူများက တင်မြှောက်
ကြောင်းဆိုတဲ့ သတင်းကို ဖော်ပြခဲ့လို့ ဘိုင်မွန်းတည့်နေ ဂျာနယ် ထုတ်ဝေသူ၊
အယ်ဒီတာနဲ့ သတင်းထောက်များကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်
နှစ်နှစ် ချခဲ့သလို ကာကွယ်ရေးစက်ရုံကို လျှို့ဝှက်စက်ရုံလို့ သတင်းဖော်ပြခဲ့တဲ့
ယူနတီဂျာနယ် သတင်းထောက်နဲ့ အယ်ဒီတာတွေကို ထောင်ဆယ်နှစ်စီ ချခဲ့ပြီးမှ
သုံးနှစ် ပြန်လျှော့ပေးခဲ့ပါတယ်။ ဒီလိုပဲ အဲလဗင်းနယူးစ်ကိုလည်း တရားစွဲထားတာ
တွေ အတော်များများ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေ မိသားစုကိုရော၊ သူ့ချစ်မြေး
ကလေးကိုရော ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ ပယ်ပယ်နယ်နယ် အပုပ်ချ ဖော်ပြတဲ့
သတင်းတွေကိုတော့ ထိပါး နှောင့်ယှက်မှုမရှိ၊ သတင်းစာ လွတ်လပ်ခွင့် အစစ်အမှန်
ပေးခဲ့ပါတယ်။ ဒါတွေကို သမ္မတ အထက်က လူကြီး မကြိုက်နိုင်ခဲ့မှာ သေချာပေမယ့်
ရွေးစရာမရှိဘဲ သည်းခံနေခဲ့ရပုံ ပေါ်ပါတယ်။

အခုတော့ သမ္မတ ပြောခွင့်ရက ငွေစက္ကူပေါ်မှာ သမ္မတလက်မှတ် မထိုးခဲ့ကြောင်းနဲ့
ဦးသန်းရွှေဟာ အာဏာ လွှဲပြောင်းမှုမှာ သြဇာ မသက်ရောက်နိုင်ကြောင်း ငြင်းဆို
နေလေတော့ ချစ်မြေးလေးကို သာမက ချစ်ဘိုးဘိုးကြီးကိုပါ သိပ်မချစ်နိုင်တော့သလို
လေသံအဖြစ် ပြည်သူတွေနားမှာ ခံစားကြရပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ
အာဏာ လွှဲပြောင်းရေးကို ချောမွေ့စွာ ဖြစ်မြောက်ပြီး အပြောင်းအလဲခရီးကို
လျှောက်ချင်နေပြီဖြစ်တဲ့ ပြည်သူတွေကတော့ သမ္မတအုပ်စုက ဒီလို ပြောလာတာ
ကိုရော၊ တပ်မတော်က ဦးသန်းရွှေကို ရည်ညွှန်းပြီး “သူ”နဲ့ တပ်မတော်နဲ့မှ
မဆိုင်တော့တာ ဆိုတာမျိုး ရင့်ရင့်သီးသီး သုံးနှုန်းလာတာများကို ကြားချင်မယ်
မထင်ပါဘူး။ နိုင်ငံသိ၊ ကမ္ဘာသိ၊ စကြ၀ဠာသိ ဖြစ်ပြီး ဘယ်သူကမှ “ခင်ဗျားတို့
အပေါ်က သူရှိနေသေးတာပဲ မဟုတ်လား” လို့ အတည်ပြု မေးခွန်းထုတ်နေသူ
မရှိပါဘဲနဲ့ ဇွတ်ကြီး ဖြေနေကြတာကလည်း အံ့သြစရာပါပဲ။

ဘာပဲဖြစ်ဖြစ် ဦးရွှေမန်းကတော့ ဦးသန်းရွှေဟာ အာဏာ မရှိတော့တဲ့တိုင် သြဇာ
ရှိနေသေးကြောင်း၊ သြဇာဆိုတာက အာဏာထက် ပိုစူးရှ အသုံးကျကြောင်း တန်ပြန်
ပြောဆိုသံများလည်း ထွက်လာပါတယ်။ ကျွန်တော်တို့ကလည်း ဒီလိုပဲ ယုံကြည်
ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ
ကော်မရှင် လူကြီးမင်း အဆင့်ဆင့်အပေါ် တရားသဖြင့် ဆောင်ရွက်ကြဖို့အတွက်
အာဏာမရှိပေမယ့် သြဇာအလွန်ကြီးလာတဲ့ ပြည်သူ့ ညီညွတ်မှုလှိုင်းကြီးက
သက်ရောက်မှုရှိတာ မြင်ခဲ့ရလို့ပါပဲ။ ဒီအချက်က ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အဓိက
အခန်းက ပါဝင်ခဲ့တယ်လို့ ဆိုချင်ပါတယ်။

ဒီအတောအတွင်း ဘီဘီစီသတင်းဌာနကနေ ဦးသန်းရွှေကို အရေးယူသင့်သလား
ဆိုတဲ့ မေးခွန်းကို လွတ်လပ်အတွေး ဆွေးနွေးဖလှယ်ဖို့ ဖိတ်ခေါ်လိုက်တဲ့အတွက်
ဒါဟာ အာဏာ လွှဲပြောင်းရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်တဲ့ အစီအစဉ်ပဲ
ဆိုပြီး ဘီဘီစီကို ကန့်ကွက်သံတွေ ဖေ့စ်ဘုတ်မှာ ညံခဲ့ပါတယ်။ ဒါပေမဲ့ ဘီဘီစီ
ကတော့ သူ့အစီအစဉ်အတိုင်း ဆက်လုပ်ပြီး စိုးရိမ်သူတို့ရဲ့ အယူအဆကိုပါ
ထည့်သွင်း ဆွေးနွေး လွှင့်ပေးခဲ့ပါတယ်။ ဒီကာလမှာ ဦးသန်းရွှေကို မော်မကြည့်ရဲဘူး
ထင်သူတွေက မခန့်လေးစားလို လုပ်နေကြချိန်၊ သူ့ကို ဝေဖန်လက်ညှိုးထိုးမယ့်
သူများက ကိုယ်တိုင်လည်း မထိုးချင်၊ သူများထိုးမှာကိုတောင် ဒီအချိန်မှာ မလုပ်ပါနဲ့
ဦးဆိုလို့ ကန့်ကွက်နေကြပုံများကတော့ မှတ်တမ်းပြုရမယ့် သမိုင်းတစ်ကွက်
ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ပြည်သူအားလုံးက ဘယ်သူ့ကို ဘယ်
လက်စားချေဖို့ အပြစ်ပေးဖို့ ဆိုတာထက် နွံထဲမှာ အနစ်ကြီးနစ်နေတဲ့ သမိုင်းဘီးကို
ဘယ်လို ၀ိုင်းတွန်းကြမလဲဆိုတာ ပိုစိတ်ဝင်စား၊ စိတ်စောနေကြမှာ သေချာပါတယ်။

ကျွန်တော်ကတော့ အာဏာလွှဲပြောင်းရေးဟာ ချောမောပြီး နိုင်ငံကောင်းဖို့အတွက်
အားလုံး ၀ိုင်းလုပ်ကြမယ့် အချိန်လို့ပဲ မျှော်လင့်မိပါတယ်။ ဘာကြောင့်ဆိုတော့
ဒီလိုဖြစ်အောင် ၀ိုင်းကူညီကြမယ်ဆိုရင် ကူညီကြမယ့် သူများရဲ့သမိုင်း၊ ၀ိုင်းဝန်း
ကြသူများရဲ့ အနာဂတ်၊ ဒီအချိန်မှာ မှန်ကန်စွာ ဆုံးဖြတ် တွက်ချက်တတ်ကြသူများရဲ့
မနက်ဖြန်များဟာ တူညီမျှမျှ လှပသာယာနိုင်မယ်လို့ ယုံကြည်လို့ပါပဲ။ အားလုံး
ကလည်း ဘယ်လိုပဲ အမြင်မတူ အယူအဆ ကွဲစေဦးတော့၊ ဒီလမ်းကပဲ အတူတူ
လက်တွဲထွက်ကြရမှာပဲလို့ သဘောပေါက် နားလည်၊ နေပြီလို့ပဲ အကောင်းဘက်
မြင်ကြည့်မိပါတယ်။ မြေးလေးရော သူ့ဘိုးဘိုးပါ ကျွန်တော်တို့ နိုင်ငံသားတွေ
လျှောက်မယ့် သမိုင်းသစ် တစ်ကွေ့လမ်းမှာ သောင်တင် ကျန်ရစ်သူ ဖြစ်ချင်မှာ
မဟုတ်သလို ကျန်တပည့်ဟောင်း၊ တပည့် တစ်ပတ်ရစ်၊ တပည့် မချစ်တချစ်
များကလည်း အလားတူပဲ ချန်နေချင်ရစ်မယ် မထင်ပါဘူး။

တစ်နည်းအားဖြင့် အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ပဲ ဖြစ်ဖြစ်၊ အဘိုးဘုတ်ရဲ့ ပုဆိုးစုတ်
အပိုင်းပဲ ဖြစ်ဖြစ် ရှုပ်ထွေးအောင်၊ အစရှာမရအောင် တမင်ထွေးလုံး ရစ်ပတ်ထားရာ
ကနေ ဖြေစရာ အစရှာရလာပြီလို့ ထင်စရာပါ။ ဒီကတစ်ဆင့် မကြာမီ အားလုံး
အတူတူ မျှဝေခံစားရမယ့် တကယ့် ခေတ်မီ နိုင်ငံတော်သစ်ကြီး အစစ်ဆီကို
(အတုကြီးဆီက တစ်ဆင့် ဖြစ်ဖြစ်) နိုင်ငံသားအားလုံး အတူ အရောက်သွား
နိုင်ကြမယ်ဆိုတာ စတင်အိပ်မက်ခွင့် ရတော့မှာလို့ ယုံကြည် မျှော်လင့်ခွင့် ပြုပါ
ခင်ဗျား။

ရီနေနိုင်
The Ladies News Journal


ဖားကန့်ဒေသတွင် ကျောက်စိမ်းလုပ်ငန်းခွင်သုံး မြေစာတင် မော်တော်ယာဉ်များ
အပါဝင် ယာဉ်ကြီးများ မြို့အတွင်းသို့ ဖြတ်သန်းသွားလာခြင်း မပြုရန် ဆန္ဒ
ဖော်ထုတ်သူ ခေါင်းဆောင် ၇ ဦးကို ဒေသတွင်းတွင် လှုပ်ရှားနေသည့် ကေအိုင်အေ
တပ်ရင်း ၆ က ခေါ်ဆောင်သွားကြောင်း အမည်မဖော်လိုသူ ဖားကန့် ဒေသခံ
မြို့မျက်နှာဖုံးတစ်ဦးက ပြောသည်။

"ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေပိုင်းက ခေါ်သွားတာ၊ လမ်းတွေပိတ်ပြီး ယာဉ်တွေကို
တားဆီးရကောင်းလားဆိုပြီး ဆန္ဒပြခေါင်းဆောင်တွေကို ခေါ်သွားတာ" ဟု အဆိုပါ
အမည်မဖော်လိုသူ ပုဂ္ဂိုလ်ကပြောသည်။

ပြီးခဲ့သည့် လမှ စတင်၍ ဖားကန့်ဒေသတွင် တရုတ်နိုင်ငံမှ ယာဉ်စီးရေ ထောင်ချီ
ဝင်ရောက် လာခဲ့ပြီးနောက် အဆမတန် ကျောက်စိမ်း ထုတ်လုပ်မှု များပြားလာခဲ့ပြီး ၊
ယာဉ်ပိတ်ဆို့မှုများ ဆိုရွားစွာ ဖြစ်ပေါ်နေကာ ၊ မြေစာစွန့်ပစ်မှုလည်း များပြားလာ
သောကြောင့် ဒေသခံအချို့က ကျောက်စိမ်း လုပ်ငန်းသုံး ယာဉ်များကို မြို့တွင်း
ဖြတ်သန်း သွားလာခြင်းမပြုရန် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

ဦးဇောင်ဘွမ် ၊ ဦးနော်လော် ၊ ဦးဒူးခေါ် ၊ ဦးဇော်တော် ဒေါ်ကရိမ်အပါဝင် စုစုပေါင်း ၇
ဦးကို ကေအိုင်အေတပ်ရင်း ၆ က ဝေခါမှော်ဒေသတွင် ခေါ်ဆောင်သွားခဲ့ခြင်း
ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ အချို့ကလည်း The Ladies News သို့ပြောသည်။

"ဒေသခံတွေက သဘာဝ ပတ်ဝန်းကျင် တအားပျက်စီးပြီး ယာဉ်တိုက်မှုတွေလည်း
တအားဖြစ် ၊ မြေစာပုံတွေလည်း ခဏခဏ ပြိုကျဖြစ်နေလို့ နောက်ထပ် တိုင်းရင်း
သား နယ်မြေက သယံဇာတတွေ စပ်ကူးမတ်ကူး ကာလမှာ ကုန်ခန်းသွားမှာစိုးလို့
ကန့်ကွက်တာကို အခုလိုကန့်ကွက်တဲ့ ကချင်လူမျိုးတွေကို ကေအိုင်အိုက
ခေါ်သွားတာ လူကြားလို့ မကောင်းဘူး" ဟု ဖားကန့် မြို့ခံ မြို့မိမြို့ဖ တစ်ဦးကလည်း
ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ လုံးခင်းရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ကျ
ရဲအရာရှိက ယင်းကိစ္စအပေါ် သိရှိခြင်း မရှိကြောင်းပြောသည်။

ကေအိုင်အို အကြံပေးတစ်ဦးကမူ "ဖမ်းသွားတာ မဟုတ်ပါဘူး။ သူတို့ တားဆီးတဲ့
ပုံစံက တစ်မျိုးဖြစ်နေတဲ့အတွက် ဘယ်လိုလုပ်သင့်တယ် ဆိုတာကို ခေါ်ဆွေးနွေးဖို့
ဆိုပြီး ခေါ်သွားတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ကျန်တော့်ကိုပြောတယ်" ဟု
အတည်ပြုပြောဆိုသည်။

အစိုးရသက်တမ်း ကုန်ဆုံးခါနီး ကာလဖြစ်သည့် ယခုကာလအတွင်း ဖားကန့်ဒေသ
တွင် အတိုင်းအဆမရှိ အလွန်အကျွံ ကျောက်စိမ်း တူးဖော်မှုများ ရှိနေသည့်အတွက်
ဒေသခံ ပြည်သူများက ကန့်ကွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လတ်တလော ကာလအတွင်းမှာပင် စီးရေထောင်နှင့်ချီသည့် တရုတ်နိုင်ငံလုပ်
ယာဉ်ယန္တာရားများမှာ ဖားကန့်ဒေသသို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

(မှတ်ချက် ။ ။ ဖြေဆိုသူဒေသခံများ၏ လုံခြုံရေးအခြေနေအရ နာမည်များကို
အသုံးမပြုခဲ့ခြင်း ဖြစ်သည်။)

သတင်း - စိုင်းထွန်းအောင်လွင်
Photo - Lee Yu Kyung
The Ladies News Journal
https://www.facebook.com/News.TheLadies/?fref=ts



ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရသူ ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလင်းကို ဖမ်းဆီးရမိပြီဖြစ်သဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် အမှုစစ်ဆေးမည် ဖြစ်ကြောင်း ကိုနန်းလင်း၏ မိဘများထံမှ သိရှိရသည်။

“ဒါကိုလုပ်ရင် ဒီလိုဖြစ်တတ်တယ်လို့ ကျွန်တော်တို့ ကတော့ ပြောပြီးသားပါ။ ဒီလို အဖမ်းခံရတော့ ကျွန်တော်တို့အနေနဲ့ သူ့ကို ထောင်ထဲမှာအဆင်ပြေအောင် မိဘအနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးဖို့ပဲ ရှိတော့တာပေါ့” ဟု ကိုနန်းလင်း၏ ဖခင်ဖြစ်သူ ဦးဆန်းလွင်က ပြောသည်။

ကျောင်းသားသုံးဦး၏ အမှုတွဲမှ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌကိုနန်းလင်းအား ပန်းပဲတန်းမြို့နယ် ရဲစခန်းက ဖမ်းဝရမ်း ထုတ်ထားခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီခန့်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ကိုနန်းလင်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့က ပန်းပဲတန်းမြို့နယ် တရားရုံးတွင် ရမန်ယူပြီး အင်းစိန်ထောင်၌ ဖမ်းဆီးထားကြောင်း ဦးဆန်းလွင်ထံမှ သိရသည်။

“ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လုပ်ခဲ့တာပါ။ အပြောင်းအလဲ ကာလမှာ အပြောင်းအလဲ လိုချင်လို့ လုပ်တဲ့သူတွေ ကို ဒီလိုမျိုးကာလမှာ ဖမ်းဆီးတယ် ဆိုတာမျိုးက ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါဘူး” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့ဝင် ကိုရဲဇာနည်ထွန်းက ပြောသည်။အဆိုပါ ကျောင်းသားသုံးဦးဖြစ်သည့် ဇေယျာလွင်၊ ပိုင်ရဲသူ၊ နန်းလင်းတို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ရန်ကုန်မြို့ သိမ်ကြီးဈေးမှ ဆူးလေအထိ ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ခေါင်းဆောင်များ ဖြစ်သဖြင့် ၄င်းတို့ဖြတ်သန်းသွားခဲ့သည့် ကျောက်တံတား မြို့နယ်နှင့် ပန်းဘဲတန်း မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများက ပုဒ်မ ၅၀၅ (ခ) ဖြင့်လည်းကောင်း သက်ဆိုင်ရာရဲစခန်းများက ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုထားခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ပန်းဘဲတန်း တရားရုံးတွင် ၄င်းတို့အား ပုဒ်မ ၅၀၅(ခ)ဖြင့်သာ အမှုစစ်ဆေးနေခြင်း ဖြစ်သည်။

( The Ladies News )

https://www.facebook.com/News.TheLadies/

ဒီဇင်ဘာ၁၇ရက်ညနေ၅နာရီခန့်တွင်လွှတ်တော်အစည်းအဝေးအပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်း တို့ စည်ပင်ဧည့်ရိပ်သာခန်းမတွင် တွေ့ဆုံ ခဲ့ပြီး ''ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါ တာပဲ လိုချင်တယ်ဆိုတာကို လုံးဝမလို ချင်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ ''မလို လားအပ်တဲ့ ၀န်ကြီးဌာနတွေပေါင်းဖြစ် မယ်။ အခိျု့ဝန်ကြီးဌာနတွေမှာ ၀န်ထမ်း တွေ ဖောင်းပွနေတယ်။ ၀န်ထမ်းတွေကို စတင်ခန့်အပ်ကတည်းက သေသေချာချာ စစ်ဆေးရမယ်။

အရည်အချင်းတွေမြှင့်တင် ပေးရမယ်။ အောက်က၀န်ထမ်းတွေက လည်း အထက်လူကြီးရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်ဆိုတာ ကို လုံးဝမလိုချင်ဘူး။ အခွင့်အရေးနဲ့ တာဝန်ဟာ ခေါင်းနဲ့ပန်းလိုပဲ အခွင့်အရေး ယူရင် တာဝန်ယူရမယ်။ တပ်မတော်ထဲ ကလာလာ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးကလာလာ ၀န်ထမ်းက ၀န်ထမ်းပဲ။

ကျောသားရင်သား ခွဲခြားမှာမဟုတ်ဘူး။ အတိတ်တွေကို ထားပစ်ခဲ့မယ်။ အတိတ်တွေကို မထားခဲ့ နိုင်ရင် အတိတ်ရဲ့အကျဉ်းသားတွေပဲဖြစ် မယ်။ ပြည်သူကို ယုံကြည်လို့ နိုင်ငံရေး လုပ်တာ ပြည်သူတွေကို မယုံကြည်ဘဲနဲ့ နိုင်ငံရေးမလုပ်ဘူး။ ပြည်သူပြည်သားတွေ လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်အောင် လုပ်ရမယ်။ ၀န်ထမ်းတွေ စိတ်မပူပါနဲ့။ ၀န်ထမ်းတွေက ကျွန်မတို့ကို ကြောက်ဖို့ မလိုဘူး။ နိုင်ငံကို တိုးတက်အောင်လုပ်နေ တဲ့အချိန်မှာ ပြည်သူတွေအတွက်လုပ်တာ လို့ စိတ်ထဲမှာထားရမယ်''ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် ''အများပြည်သူဆင်းရဲ နေချိန်မှာ ကိုယ်ချမ်းသာနေတာ ဂုဏ်ယူ စရာမဟုတ်ဘူး။ အစိုးရကိုပဲ အားကိုးနေ ခြင်းသည် ဒီမိုကရေစီစိတ်ဓာတ်မဟုတ် ဘူး။ ၀န်ထမ်းများ စိတ်အေးလက်အေးနဲ့ နေပါ။ ဖြုတ်ထုတ်သတ်တာ ကျွန်မတို့ မူဝါဒထဲမှာ မပါဘူး။ ကျွမ်းကျင်မှုမရှိသေး တောင် ကျွမ်းကျင်မှုရှိအောင် လုပ်ဆောင် ပေးမယ်။ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေကို လည်း ကြောက်စရာမလိုဘူး''ဟု ပြော ကြားခဲ့သည်။

ထွန်း(နေပြည်တော်)

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal



အာဆီယံအင်ဂျင်နီယာများအသင်းချုပ်က ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကို ယနေ့နံနက် ရှစ်နာရီခွဲအချိန်တွင် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအနေဖြင့် မြန်မာနိုင်ငံအင်ဂျင်နီယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ အင်ဂျင်နီယာပညာရပ် ပြန့်ပွားရေး၊ အင်ဂျင်နီယာကောင်စီဥပဒေ ပေါ်ပေါက်ရေးနှင့်ပတ်သက်၍ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအတွက်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

( News Watch : စောင့်ကြည့်သတင်းဂျာနယ် )

https://www.facebook.com/NewsWatchJournal


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ၂၀၁၅ ခုနှစ်အတွက် သတင်းစာရှင်းလင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ နိုင်ငံတကာရေးရာနဲ့ ပတ်သက်လို့ အကဲစမ်းမှုတွေ၊ စိုးရိမ်မှုတွေ၊ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာ မြန်မာနိုင်ငံမှာလည်း အစိုးရ၊ စစ်တပ်နဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တဲ့ NLD ခေါင်းဆော်င ဒေါ်အောင်ဆန်းစုကြည်တို့ကြား တည်ငြိမ်တဲ့ အာဏာလွှဲပြောင်းရေးအတွက် ဆွေးနွေးမှုကို စတင်နေတဲ့အကြောင်းအပြင် ခွဲခြားဆက်ဆံခံနေရတဲ့ လူနည်းစုတွေအရေးလည်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားသွားပါတယ်။ အသေးစိတ်ကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘန်ကီမွန်းက ကုလသမဂ္ဂရဲ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကို ဆင်နွှဲခဲ့တဲ့ ၂၀၁၅ နှစ်ချုပ်အဖြစ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီနှစ်အတွင်း ကုလသမဂ္ဂအနေနဲ့ အောင်မြင်မှုတွေနဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ခဲ့ရတယ်လို့ အခုလို ပြောခဲ့ပါတယ်။

“ဒီနှစ် ၂၀၁၅ ခုနှစ်ဟာ အောင်မြင်မှုတွေလည်း  ရှိခဲ့သလို ထိတ်လန့် တုန်လှုပ်စရာတွေနဲ့လည်း ရင်ဆိုင်ရတဲ့ နှစ်ဖြစ်ပါတယ်။  ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မယ့် ကျယ်ပြန့်တဲ့ လေ့လာဆန်းစစ်မှုတွေ၊ ငြိမ်းချမ်းရေးထိန်း လုပ်ငန်းစဉ်တွေနဲ့  အနာဂတ်မှာ ပါဝင်မယ့် အခန်းကဏ္ဍတွေ အပါအဝင် အဖွဲ့စည်းကြီးကို အားဖြည့်ဖို့ ဆက်လက် ဆောင်ရွက်နေပါတယ်။”

နိုင်ငံတကာမှာ အောင်မြင်မှုတွေကို မီးမောင်းထိုးပြခဲ့ရာမှာတော့ တိုးတက်မှုရရှိခဲ့တဲ့ မြန်မာနိုင်ငံ အခြေအနေကို အတွင်းရေးမှူးချုပ်က ထောက်ပြခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းနိုင်ရေးအတွက် အစိုးရနဲ့ စစ်တပ်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။  တချိန်တည်းမှာပဲ ခွဲခြား ဆက်ဆံခံနေရတဲ့ တိုင်းရင်းသား အုပ်စုတွေကို အခုလို အသွင်ကူးပြောင်းရေး ဖော်ဆောင်မှုမှာ ပါဝင်လာစေဖို့နဲ့  အုပ်စုအားလုံး ပါဝင်တဲ့ အချေအတင် ဆွေးနွေးမှု စတင်နိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားဖို့ လိုပါတယ်။ ဒီဖော်ဆောင်မှုကို ကုလသမဂ္ဂအပြင် ကျနော်ကိုယ်တိုင်ကလည်း နှစ်ပေါင်းများစွာပဲ ထောက်ခံ အားပေးလာခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ ဆက်လက်ပြီးတော့လည်း အကူညီတွေ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။”

မစ္စတာ ဘန်ကီမွန်းအနေနဲ့ သူ့ရဲ့အတွင်းရေးမှူးချုပ် သက်တမ်းအတွင်း မြန်မာနိုင်ငံကို နာဂစ်တိုက်ခိုက်စဉ် ၂၀၀၈ ခုနှစ်က တခါ သွားရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ တခါ သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ကူညီဆောင်ရွက်ဖို့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗွီဂျေ နမ်ဘီးယားကို  ၂၀၁၀ က ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲတွေကို လေ့လာသူအဖြစ် တက်ရောက်စေခဲ့သလို၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ ကချင်ပြည်နယ် ဒုက္ခသည်အရေး စသည်တို့မှာလည်း ပါဝင် ဆောင်ရွက်ခဲ့ဖို့ မြန်မာနိုင်ငံကို မကြာခဏ စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ လက်ရှိ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီက ကန့်ကွက်မဲမရှိဘဲ နိုဝင်ဘာလ ၁၈ ရက်နေ့က အဆိုပြုချက်မူကြမ်းကို အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီ အတည်ပြုခဲ့တဲ့ မူကြမ်းမှာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၆ မှာ အစိုးရသစ်အဖြစ် တက်လာရေးအတွက် လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ချောမွေ့စွာ အာဏာလွှဲပြောင်းပေးဖို့အပြင် လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း လေးစားလိုက်နာဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေအရေးနဲ့ တခြားကိုးကွယ်တဲ့ ဘာသာဝင်တွေအပြင် တိုင်းရင်းသားလူနည်းစုတွေ ခွဲခြားဆက်ဆံ ခံနေရမှုအပေါ်မှာလည်း အလွန် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း အဆိုပြုချက် မူကြမ်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့နဲ့ မြန်မာအစိုးရကြား အပစ်ရပ် သဘောတူညီမှု ချုပ်ဆိုနိုင်ခဲ့တာကို ကြိုဆိုလိုက်ပေမဲ့ အဲဒီကတဆင့် တခြား လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့ အဖွဲ့တွေနဲ့လည်း ဆက်လက် ဆွေးနွေးသွားဖို့ တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ဖွင့်ခွင့်ကိုလည်း အဆိုပြုချက်မှာ တိုက်တွန်းထားသလို၊ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၁၆ အတွက် ဆက်လက် ကူညီဆောင်ရွက်ရာမှာ ဒေါ်လာ ၁ သန်းကျော် လျာထားဖို့ကိုလည်း ဖော်ပြထားတာ တွေ့ရပါတယ်။ ဒီအဆိုပြုချက်ကိုလည်း အခုလအတွင်း အထွေထွေ ညီလာခံကြီးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

၂၀၀၇ ခုကစလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရာထူးကို စတင် ထမ်းဆောင်ခဲ့သူ မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီနှစ်အတွင်း ကုလသမဂ္ဂ က ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထောက်ပြခဲ့ရာမှာ အရေးကြီးဆုံးကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ ပဲရစ်မှာရရှိခဲ့တဲ့ နိုင်ငံတကာ သဘောတူညီမှုပဲ ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကမ္ဘာကြီးအနေနဲ့ အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ အချက်တွေအနက် တခုကတော့ ဆီးရီးယားပဋိပက္ခကြောင့် ဒုက္ခသည်တွေ ဒီနှစ်အတွင်း တိုးလာတဲ့ အခြေအနေတွေနဲ့ IS, ဘိုကိုဟာရမ်း၊ အယ်ရှာဘတ် အစရှိတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုတွေပင် ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်းအနေနဲ့ ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရာထူးသက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့အတွက်ကြောင့်လည်း ၂၀၁၇ ခုနှစ်ကျရင် သူ့ရဲ့နေရာမှာ အစားထိုး ခန့်အပ်နိုင်ဖို့အတွက်လည်း ကုလသမဂ္ဂအနေနဲ့ အရည်အချင်း ပြည့်မီသူတွေကို အင်္ဂါနေ့ကပဲ လျှောက်လွှာ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။


ဒေါ်လှလှသန်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

အင်တာနက်စည်းကမ်းသတ်မှတ်ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်ဖို့ Wuzhenမှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတ Xi တောင်းဆို။
အင်တာနက်ကို စည်းကမ်းသတ်မှတ် ထိန်းချုပ်ရေး တကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်သမ္မတ ရှီ ကျင့်ဖျင်က တောင်းဆို လိုက်ပါတယ်။

တရုတ်နိုင်ငံက ကမကထ လုပ်ပြီး နိုင်ငံအရှေ့ပိုင်း Wuzhen မြို့မှာကျင်းပနေတဲ့ ကမ္ဘာ့အင်တာနက်ညီလာခံမှာ သမ္မတရှီက ဒီကနေ့ အဲဒီလိုတောင်းဆိုတာပါ။ အင်တာနက်ကို စီမံအုပ်ချုပ်တဲ့စနစ်တရပ် ဖန်တီးရေး နိုင်ငံတိုင်း အတူတကွလုပ်ဆောင်သင့် တယ်လို့ သမ္မတရှီကပြောပါတယ်။

အဲဒီလိုလုပ်တဲ့အတွက် တခြားကိစ္စရပ်အများအပြားအပြင် သတင်းနည်းပညာကို လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ အသုံးချတာကို အဆုံးသတ်စေမယ်၊ ဆိုင်ဘာအင်တာနက်ကနေ စောင့်ကြည့် ထောက်လှမ်းတာနဲ့ ခိုးဝင်တာတွေ ကို တားဆီးနိုင်မယ်၊ သူ့အဆိုအားဖြင့် ဆိုင်ဘာအင်တာနက်မှာ လက်နက်ပြိုင်ဆိုင်တာကို နှိမ်နင်းနိုင်မယ်လို့ မစ္စတာရှီက ပြောပါ တယ်။

အမေရိကန်အခြေစိုက် Microsoft ကုမ္ပဏီနဲ့ တရုတ်နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်ကြတဲ့ Baidu နဲ့ Alibaba တို့အပါအ၀င် ကမ္ဘာ့ အကြီးဆုံး နည်းပညာကုမ္ပဏီတွေက ကိုယ်စားလှယ် ဒါဇင်ပေါင်းများစွာ အခုညီလာခံကို တက်နေပါတယ်။ မဖွယ်မရာဖြစ်တယ် ဒါမှမဟုတ် အဖျက်အမှောင့်ဖြစ်တယ်လို့ ယူဆတဲ့ အင်တာနက်ဝက်ဘ်ဆိုက်တ်တွေကို တရုတ်နိုင်ငံမှာ ပိတ်ပင်ပြီး အင်တာနက် အသုံးပြုတာကို တရုတ်ကွန်မြူနစ်ပါတီက တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတာပါ။

တရုတ်အစိုးရရဲ့ အခုတောင်းဆိုချက်ကို ငြင်းပယ်ကြဖို့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က နည်းပညာ ကုမ္ပဏီတွေကို တောင်းဆိုနေပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်မယ့်၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ပိုဆိုးလာစေ မယ့် နည်းလမ်းတွေနဲ့ တရုတ်အစိုးရဟာ ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စီမံအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ AI အဖွဲ့ကပြောပါတယ်။

VOA Burmese
http://burmese.voanews.com


အမေရိကန်နိုင်ငံခြားရေးဌာနကနေ တိုင်ဝမ်ကို ဒေါ်လာ ၁ ဒဿမ ၈၃ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချမယ့် အစီအစဉ်ကို လွှတ်တော်ကို တရားဝင် အကြောင်းကြားခဲ့ပါတယ်။

ရောင်းချမယ့် လက်နက်တွေထဲမှာ ဖရီးဂိတ်စစ်သင်္ဘော ၂ စင်း၊ တင့်ကားဖျက် မစ်ဇိုင်းဒုံး၊ ကုန်း-ရေ နှစ်သွယ်သွား တိုက်ခိုက်ရေး သံချပ်ကာကားတွေနဲ့ မြေပြင်က ဝေဟင်ပစ် စတင်ဂါဒုံးကျည်တွေ ပါဝင်မယ်လို့ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အစီအစဉ်ကို အမေရိကန်လွှတ်တော်က လေ့လာဆန်းစစ်ဖို့နဲ့ ပယ်ချဖို့အတွက် ရက်ပေါင်း ၃၀ အချိန်ရမှာဖြစ်ပါတယ်။

တိုင်ဝမ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ဆက်ရှိဖို့အတွက် လိုအပ်တဲ့ လက်နက်တွေ ပံ့ပိုးပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အပြောင်းအလဲ မရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် David MaKeeby က ပြောဆိုခဲ့ပါတယ်။

တိုင်ဝမ်ကို လက်အောက်ခံ နယ်မြေတခုအဖြစ် သတ်မှတ်ထားတဲ့ တရုတ်နိုင်ငံကတော့ တိုင်ဝမ်၊ တရုတ်နဲ့ အမေရိကန်ပြည်ထောင်စုအကြား ဆက်ဆံရေးတွေ မထိခိုက်စေဖို့ လက်နက်ရောင်းချမယ့် အစီအစဉ်ကို ဖျက်သိမ်းသင့်ကြောင်း ပြောဆိုထားပါတယ်။

VOA Burmese
http://burmese.voanews.com

  စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့ အားလုံးပါဝင်ဖို့ လိုကြောင်း SNLD က ပြော

ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီက အပစ်ရပ် အဖွဲ့တွေနဲ့ နိုင်ငံရေး ဆွေးနွေးတဲ့ အခါ ကိုင်စွဲရမယ့် မူဘောင်တွေကို သမ္မတ ဦးသိန်းစိန်ကို ပေးအပ်ခဲ့ပါတယ်။

အဆိုပါ မူဘောင်တွေ ရေးဆွဲခဲ့ရာမှာ တိုင်းရင်းသား အဖွဲ့တွေ အားလုံး မပါဝင်ခဲ့တဲ့ အတွက် စိုးရိမ်ပူပန်မှုတွေ ဖြစ်မိကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SLND ပါတီက ပြောပါတယ်။

နောင်လာမဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်လို့ KIA နဲ့ ဝတပ်မတော်တို့က ထုတ်ဖော် ပြောကြားခဲ့တဲ့ အတွက် ပိုမို အဆင်ပြေဖို့ အလားအလာရှိတယ်လို့ SNLD ပါတီ က ပြောပါတယ်။

အင်အားအကြီးဆုံး ဆိုလို့ KNU နဲ့ RCSS/SSA တို့ အဖွဲ့လောက်သာ ပါခဲ့ပြီး အခြား အင်အားကြီး အဖွဲ့တွေ ဖြစ်တဲ့ KIA တို့ ဝ တပ်မတော် တို့ မပါဝင်ခဲ့တဲ့ အတွက် ငြိမ်းချမ်းရေး ဟာ အဆင်ပြေပါ့မလားလို့ စိုးရိမ်မိကြောင်း ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ လူထု ထောက်ခံမှု ရရှိခဲ့လို့သာ ဒီနေ့ အချိန်ထိ ရပ်တည်နေတာ ဖြစ်ပြီး နယ်မြေခြင်း ထိစပ်နေတဲ့ နိုင်ငံတွေကလည်း နောက်ကွယ်ကနေ ထောက်ပံပေးနေတာကြောင့် ငြိမ်းချမ်းရေး အတွက် စိုးရိမ်မိတယ်လို့ ဦးခွန်ထွန်းဦးက ဆက်ပြောပါတယ်။

နောင်လာမဲ့ NLD အစိုးရ အနေနဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေကို ချိန်ဆ တွေးတောပြီး အလုံးစုံပါဝင်တဲ့ ငြိမ်းချမ်းရေးကို ပါးပါးနပ်နပ် ကိုင်တွယ်ဖို့ လိုအပ်တယ် လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese