12/20/15

 pharkant-machinery-620.jpg ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာသယ်ကားတွေအသုံးပြုပြီး ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေမှုကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းကတွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုဖို့အတွက် အကြီးစား တူးဖော်ရေး စက်ယန္တရားတွေ သယ်ယူနေတယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့က ကွင်းဆင်းစစ်ဆေးမယ်လို့ သိရပါတယ်။

ဒီနှစ်အတွင်း ဖားကန့်ဒေသဘက်ကို စက်ယန္တရားတွေသယ်ဆောင်နေတာဟာ တရားဝင် တင်သွင်းတာ ဟုတ်မဟုတ် စစ်ဆေးမှာ ဖြစ်တယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးက ရဲမှူးကြီး ချစ်ဦးက ပြောပါတယ်။

"ဒီဖက်မှာရှိတဲ့ ဖားကန့်ကျောက်တူးတဲ့ရာသီမှာ စက်ယန္တရားကြီးတွေ အဝင်အထွက်နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းနဲ့ အဖွဲ့ပေါ့၊ စစ်ဆေး၊ စိစစ်တယ် ဆိုရင်တော့ တာဝန်ရှိတဲ့သူတွေခေါ်ယူပြီးတော့အဖွဲ့ဥက္ကဌရဲ့အစီအစဉ်နဲ့ ဆောင်ရွက် မှာဖြစ်တယ်၊ ပြည်ထဲရေးက ဗိုလ်ချုပ်အောင်စိုး ပါတယ်၊ နောက်မီးရထား ဒုဝန်ကြီး ပါတယ်၊ နောက်ဒီနယ်မြေခံ တပ်က ဗိုလ်မှူးချုပ်တစ်ယောက်ပါတယ်၊ အဖွဲ့ဥက္ကဌရဲ့ အစီအစဉ်နဲ့ဆောင်ရွက်မှာဖြစ်တယ်"

အခုရက်ပိုင်းအတွင်း သတင်းဋ္ဌာနနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ဖားကန့် ကျောက်စိမ်းတွင်း ဒေသဘက်ကို စက်ယန္တရားကြီးတွေ တရားမဝင် သယ်ဆောင်နေ တဲ့အကြောင်း ရေးသားဖော်ပြလာကြတဲ့အတွက် အဖြစ်မှန် ပေါ်ပေါက်အောင် ကွင်းဆင်းဆောင်ရွက်ဖို့ စုံစမ်းစစ်ဆေးအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ မြစ်ကြီးနား မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက ဦးဆောင်ပြီး ပြည်ထဲရေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး၊ ရထားပို့ဆောင်ရေး စတဲ့ ဝန်ကြီးဋ္ဌာနတွေက ဒုတိယဝန်ကြီးတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ်အဆင့် တပ်မတော် ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်ပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေတာ ဖြစ်ပါတယ်။ ပြည်နယ်တစ်ခုလုံးမှာ မှတ်ပုံတင် ထားပြီးဖြစ်တဲ့ စက်ယန္တရား စုစုပေါင်း ၁၆ စီး သာရှိပြီး၊ ဖားကန့် မြို့နယ် ပါဝင်တဲ့ မိုးညှင်းခရိုင် ကညန ရုံးမှာတော့ အခုအချိန်ထိ မှတ်ပုံတင်ထားတဲ့ စက်ယန္တရားတစ်စီးမှ မရှိဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ စက်ယန္တရားတစ်စီးဟာ ကညန ရုံးစိုက်ရာမြို့တွေမှာ မှတ်ပုံတင်ထားရင် တစ်နိုင်ငံလုံး အသုံးပြုလို့ရတယ်လို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ ယာဉ် နဲ့ စက်ယန္တရား အရေအတွက်ကို လောလောဆယ် အသေးစိတ်မသိရှိရသေးကြောင်း၊ စက်အင်အားသုံးစွဲမှုတွေကို ထိန်းချုပ်ဖို့ စီစဉ် နေကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးတို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က RFA ကို ပြောကြားခဲ့ကြပါတယ်။

RFA

၂၀၁၅ ခုနှစ် ဧပြီလပိုင်းက တွေ့မြင်ရသည် မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်အချို့

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်မှုတွင် ယခင်က အနက်ပေ ၂၀၀ မှ ၃၀၀ ခန့်သာ တူးဖော် ထုတ်လုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် ကျောက်ကြောအခြေအနေအရ အနက် ပေ ၅၀၀ မှ ၁၀၀၀ အထိ တူးဖော်ထုတ်လုပ်လာရကြောင်း သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက နိုင်ငံပိုင်မီဒီယာ၏ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၁၉ ရက်စွဲဖြင့် နိုင်ငံပိုင်မီဒီယာမှ ၎င်း၏ Website နှင့် သတင်းစာများတွင် “ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ခြင်းလုပ်ငန်းများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အပြင် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လူမှုမီဒီယာလုပ်ငန်းများတွင် ဝေဖန်မှုများ ထွက်ပေါ်နေမှုအပေါ် သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းနှင့် တွေ့ဆုံမေးမြန်းခြင်း”ဟူ၍ ဖော်ပြခဲ့သည်။

သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း၏ ဖြေကြားမှုများအတွင်း “၂၀၁၂ ခုနှစ် မေ ၃၁ ရက် မှာ ကျောက်စိမ်းတူးဖော်မှုလုပ်ငန်းများကို ရပ်နားထားခဲ့ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ ပြန်လည် လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်စိမ်းတူးဖော်မှု ရပ်နားကာလ နှစ်နှစ်ကျော် ကြာမြင့်ခဲ့သည့်အတွက် ပြန်လည်တူးဖော်ခွင့်ပြုခဲ့သည့်အခါ တူးဖော်ရေးလုပ်ငန်းများကို ချက်ချင်း စတင်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း၊ ရပ်နားခဲ့သည့်ကာလတွင် ရပ်ထားခဲ့ရသည့် ယာဉ်၊ ယန္တရားများကို ပြန်လည်မွမ်းမံကာ နေရပ်အသီးသီးသို့ ပြန်သွားခဲ့သည့် ကုမ္ပဏီဝန်ထမ်းများကို ပြန်လည်စုစည်းခြင်းကြောင့် ကုမ္ပဏီအများစုသည် လုပ်ငန်းခွင်ပြင်ဆင်ချိန် အနည်းဆုံး ခြောက်လခန့် ကြာမြင့်ခဲ့ကြောင်း၊ မိုးတွင်းကာလ ရောက်ခဲ့သည့်အတွက် အင်အားပြည့် တူးဖော်ထုတ်လုပ်နိုင်မှုမရှိခဲ့ဘဲ ယခု ၂၀၁၅ ခုနှစ် ပွင့်လင်းရာသီရောက်မှသာ လုပ်ငန်းများ ပြန်လည်ပြီး ပုံမှန်လည်ပတ် လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း”သိရသည်။

၎င်းအပြင် ကျောက်စိမ်းတူးဖော်ရာတွင် ယခင်က အနက်ပေ ၂၀၀ မှ ၃၀၀ ခန့်သာ တူးဖော် ထုတ်လုပ်နိုင်ခဲ့ကြသော်လည်း ကျောက်ကြောအခြေအနေအရ အနက်ပေ ၅၀၀ ခန့် မှ ပေ ၁၀၀၀ အထိ တူးဖော် ထုတ်လုပ်လာရခြင်းဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဆက်လက်ဖြေကြားထားသည်။

ကျောက်စိမ်းတူးဖော်ထုတ်လုပ်သည့် လုပ်ငန်းသည် အပေါ်ယံမြေလွှာကို ရှေးဦးစွာ ဖယ်ရှားပြီးမှ ကျောက်ကြောပါ မြေစာကို တူးဖော် ထုတ်လုပ်ရခြင်းဖြစ်သည့်အတွက် အပေါ်ယံမြေစာကို မိုးတွင်းကာလမရောက်မီ အချိန်မီ ဖယ်ရှားနိုင်မှသာ ကျောက်ကြောကို တူးဖော်ရသည့်အတွက် ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာမြှုပ်နှံရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ကုမ္ပဏီများအနေဖြင့် ပွင့်လင်းရာသီရောက်မှသာ အချိန်ကိုက် တွက်ချက်ပြီး တူးဖော်လုပ်ကိုင်ကြခြင်းသာ ဖြစ်ကြောင်း မေးမြန်းမှုအတွင်း ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၃၀ ရက် စာရင်းအရ လုံးခင်း၊ ဖားကန့်ရတနာမြေတွင် တူးဖော်ရေးကုမ္ပဏီ ၆၂၇ ခုကို ပုဂ္ဂလိက လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်နှင့်၊ ကုမ္ပဏီ ၂၃၁ ခု ကို အကျိုးတူလုပ်ကွက် ၃၁၁ ကွက်၊ စုစုပေါင်း ဧရိယာ ၂၂၅၅၈ ဒသမ ၃၀ ဧကို လုပ်ကိုင်ခွင့် ပြုထားကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေဆိုထားသည်။

ကျောက်မျက်ရတနာလုပ်ကွက် လုပ်ကိုင်ခွင့်များကို နိုင်ငံခြားသားများအား လုပ်ကိုင်ခွင့်မပြုထားကြောင်း၊ တိုင်းရင်းသားပိုင်ကုမ္ပဏီ၊ အသင်းများနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များကိုသာ ချထားပေးခြင်းဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်း က ဆက်လက်ဖြေကြားထားသည်။

လုံးခင်း၊ ဖားကန့် ရတနာနယ်မြေကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ္တုတွင်းဝန်ကြီးဌာနမှ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၈ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၈၈/၂၀၀၀၁) ဖြင့် ထုတ်ပြန်သတ်မှတ်ပေးခဲ့ပြီး ဧရိယာအကျယ်အ၀န်း ၁၇၅၂၀၆၄ ဧက ရှိကြောင်း သိရသည်။

၁၉၉၅ ခုနှစ်တွင် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြဋ္ဌာန်းပြီး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံသားပိုင် ကျောက်မျက်ကုမ္ပဏီများကို တူးဖော်လုပ်ကိုင် ရောင်းချခွင့်ပြု ခဲ့ကြောင်း၊ ၁၉၉၅ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိက လုပ်ကွက်များကို တူးဖော်ခွင့်ပြုခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံတော်နှင့် အကျိုးတူ တူးဖော်ထုတ်လုပ်မည့်ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုပ်ကိုင်ခွင့်ပြုရာတွင် သတ်မှတ်လုပ်ကွက်၊ ဖော်ထုတ်လုပ်ကွက်နှင့် နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်ဟူ၍ သုံးမျိုး သတ်မှတ်ထားကြောင်း၊ အဆိုပါ ကျောက်စိမ်းလုပ်ကွက်များကို ၀န်ကြီးဌာနပေါင်းစုံမှ တာဝန်ရှိသူများ အဖွဲ့ဝင်အဖြစ်ပါရှိသော ဦးစီးကော်မတီက လုပ်ကိုင်ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ဈေးပြိုင်စနစ်နှင့် အဆိုပြုလွှာ တင်သွင်းစေပြီး ဈေးအများဆုံး တင်သွင်းသူကိုသာ လုပ်ကိုင်ခွင့်ပြု ခြင်းတွင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေခြင်ဖြစ်ကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းက ဖြေကြားထားသည်။

ဒေသခံများ၏ တောင်းဆိုမှုနှင့် ပြောကြားချက်များအရ လက်ရှိအစိုးရသက်တမ်း ကုန်ခါနီးတွင် ဖားကန့်ဒေသတွင် အရှိန်အဟုန်ဖြင့် ကျောက်စိမ်းတူးနေခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအနေဖြင့် အရေးပေါ်တားမြစ် အရေးယူပေးရန်လိုကြောင်း သိရသည်။

တရုတ်နိုင်ငံလုပ် အင်အားကြီးမားသော ယန္တရားကြီးများ ဖားကန့်ဒေသသို့ ကန်ပိုက်တီးလမ်းကြောင်းမှ နေ့စဉ် ၀င်ရောက်နေပြီး အထိန်းအကွပ်မဲ့ ကျောက်မျက်တူးဖော်နေသည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံများက ပြောကြားထားသည်။

ဒီဇင်ဘာ ၁၈ ရက်စွဲပါ အစိုးရအဖွဲ့၏ ထုတ်ပြန်မှုအရ ကချင်ပြည်နယ် ကန်ပိုက်တီးနယ်စပ်ဒေသတွင် တစ်ဖက်နိုင်ငံမှ ယန္တရားများ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဒေသမှ တစ်ဆင့် ၀င်ရောက်လာခြင်းနှင့်စပ်လျဉ်းပြီး ဖြစ်စဉ်အမှန်ပေါ်ပေါက်လာရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်လေးဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Writer:
အောင်ရဲကို
Eleven Media Group

နိုင်ငံသားတိုင်းက နိုင်ငံ့တာဝန်ကိုခွဲဝေယူကြတယ် ကျမတို့ရဲ့ အဓိက အလုပ်က အမှိုက်ကောက်တဲ့အလုပ် မဟုတ်ပေမယ့် စနစ်တကျစွန့်ပစ်တတ်အောင် ပညာပေးတဲ့ campaign မှာ ကျမတို့ ပါဝင်သင့်တယ် ထင်လို့ ပါဝင်ဖြစ်ပါတယ်။

(ဓာတ်ပုံ- ထွန်းအိန္ဒြာဗိုလ် face book page)

ပထမအချီ ၁၅စက္ကန့်ပိုင်းအတွင်းမှာပင် ထွန်းထွန်းမင်း ရဲ့ လက်သီးချက် ဆိုင်းရပ်စ်မျက်နှာထိလို့် ၂မိနစ် အနားတောင်းခဲ့တဲ့ ဆိုင်းရပ်စ်က ဆက်မထိုးနိုင်တော့လို့ထွန်းထွန်းမင်း ကို အရှုံးပေးလိုက်ရပါတယ် ....ထွန်းထွန်းမင်းအနိုင်ရခဲ့ပေမဲ့ ပရိတ်သတ်တွေ မချင့်မရဲ အားမလို အားမရဖြစ်ပြီး လက်ဝှေ့စင်ဘက်ကို ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ခဲ့ပါတယ်...ဆုပေးပွဲလည်း မလုပ်ဖြစ်ပါဘူး..တစ်ယောက်တစ်ပွဲစီ အနိုင်ရရှိထားကြသူတွေဆိုတော့ ဘယ်သူချန်ပီယံဖြစ်မလဲ ၊ ရှုံးကြွေးကို ဘယ်သူပြန်ဆပ်မလဲဆိုပြီးတော့ ပွဲကောင်းတစ်ပွဲအဖြစ် လက်မှတ်တစ်စောင် ၁သောင်း၊၂သောင်း၊၃သောင်းနဲ့ လက်ဝှေ့ဝါသနာရှင်တွေဟာ လာရောက်အားပေးကြတာပါ။
ထုံခိုင်တွေဟာ တစ်ယောက်စာ လုံလုံလောက်လောက် ထိုင်လို့ မရတဲ့ ကျဉ်းကျပ်တဲ့ နေရာအနေအထားပါ။
ပေးပြီးကြည့်ခဲ့ကြတာပါ...

ပွဲကတော့ ပြီးသွားပြီ ပရိသတ်တွေ စိတ်ကျေနပ်မှု မရှိခဲ့ကြပါဘူး။ဒီပွဲစဉ်တွေ ကိုချန်နယ် 9 မှ ည ၇ နာရီမှာ ပြန်လွင့်မယ်လို့ သိရမြန်မာပြည် အလွတ်တန်းချံပီယံ ထွန်းထွန်းမင်း နဲ့အမေရိကန်နိုင်ငံသား မွေထိုင်း လက်ဝှေ့ကျော် ဆိုင်းရပ်စ်တို့ ရဲ့ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကို ဒီဇင်ဘာ ၂၀ရက်နေ့ နေ့လည် ၂ နာရီအချိန်မင်္ဂလာ တောင်ညွှန့်မြို့နယ် ၊သိမ်ဖြူအားကစားရုံမှာယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီးAIR KBZ က အဓိက ပံ့ပိုးကူညီကာ မြန်မာမီဒီယာဂရု (ပ်)က စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။

ထွန်းထွန်းမင်းနဲ့ ဆိုင်းရပ် တို့ ရဲ့ ၅ ချီစိန်ခေါ်ပွဲမှာသူတို့နှစ်ဦးဟာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့  မှော်စင်ကျွန်း လက်ဝှေ့ရုံမှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး တတိယအချီမှာ ထွန်းထွန်းမင်း အရှုံးပေးခဲ့ရပါတယ်။

ဒါပေမဲ့လည်း ထွန်းထွန်းမင်း ဘက်က မကျေပွဲ ပြန်နွဲဖို့ ပြန်လည်စိန်ခေါ်ခဲ့လို့ ရန်ကုန်မြို့  သုဝဏ္ဏအမျိုးသားအားကစားရုံမှာ ဒုတိယအကြိမ်တွေ့ဆုံရာမှာတော့ ဆိုင်းရပ်စ်ကို ထွန်းထွန်းမင်းအနိုင်ရှိခဲ့ခြင်းဖြစ်ပါတယ်။

အခု တတိယအကြိမ်မြောက် ကတော့ အမေရိကန်လက်ဝှေ့သမား ဆိုင်းရပ်စ်က မကျေပွဲ ပြန်လည်စိန်ခေါ်ခဲ့တဲ့ ပွဲလို့သိရပါတယ်။
ဒီပွဲစဉ်မတိုင်မီ ၅ ချီစိန်ခေါ်ပွဲ ၄ ပွဲစလုံး ပူးတွဲသရေနဲ့ ပြီးဆုံးခဲ့ပါတယ်...၄ချီစိန်ခေါ်ပွဲ ၃ပွဲအနက်မှ ၂ပွဲသာ အနိုင်အရှုံးဖြစ်ခဲ့ပြီး ကျန်တဲ့ပွဲ ၁ ပွဲကလည်း ပူးတွဲ သရေဖြစ်ပါတယ်။

ပထမအချီ ၁၅စက္ကန့်ပိုင်းအတွင်းမှာပင် ထွန်းထွန်းမင်း ရဲ့ လက်သီးချက် ဆိုင်းရပ်စ်မျက်နှာထိလို့် ၂မိနစ် အနားတောင်းခဲ့တဲ့ ဆိုင်းရပ်စ်က ဆက်မထိုးနိုင်တော့လို့ထွန်းထွန်းမင်း ကို အရှုံးပေးလိုက်ရပါတယ်

Posted by Kyaw Soe Htut on Sunday, December 20, 2015
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀။ ။လိပ်ကျွန်းတွင် နိုင်ငံခြားသားစုံတွဲကိုသတ်သည်ဟု စွပ်စွဲခံထားရသည့် မြန်မာနိုင်ငံသားနှစ်ဦးအမှုအတွက် တရားလိုထိုင်းရဲက ထိုင်းတရားရုံးချုပ်သို့အယူခံဝင်နိုင်သည်ဟု မြန်မာစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဇင်ဘာ ၂၀ရက်တွင်မဇ္ဈိမသို့ပြောသည်။

"နိုင်ငံသုံးနိုင်ငံနဲ့ပက်သက်နေပြီး၊ ထိုင်းရဲသိက္ခာနဲ့လည်းဆိုနေတဲ့အတွက် ကျွန်တော်တို့ခရိုင်အဆင့်နိုင်ခဲ့ရင် ဒီအမှုကိုဘန်ကောက်က တရားရုံးချုပ်ကို သူတို့အယူခံဝင်ပါလိမ့်မယ်။ အဲဒီအတွက်နောက် ၉လကနေ ၁နှစ်အထိ ကြာနိုင်သေးတယ်။ အဲဒါတွေပြီးခဲ့ရင်တော့ တရားသေလွတ်နိုင်ပါတယ်။" ဟု ၄င်းကဆိုသည်။

ထိုင်းနိုင်ငံ၏ တရားစီရင်ရေးပုံစံအရ ခရိုင်အဆင့်ဆုံးဖြတ်ချက်များကို ဗဟိုတရားရုံးချုပ်သို့အယူခံဝင်နိုင်ပြီး ယင်းအဆင့်ဆုံးဖြတ်ချက်ကိုလည်း ဘုရင့်တရားလွှတ်တော်သို့ ထပ်မံအယူခံဝင်နိုင်သည်အနေအထားရှိသည်ဟု ဦးအောင်မျိုးသန့်က ပြောသည်။

လက်ရှိတွင် မြန်မာနှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က လူသတ်မှု၊ မုဒိန်းမှု၊ အလောင်းဖောက်ဖျက်မှုအပြင်၊ ၀င်းဇော်ထွန်းကိုမူ တရားမ၀င်ဝင်ရောက်နေထိုင်သည့် ထိုင်း လ.၀.က ဥပဒေဖြင့်ပါ တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုကို ဒီဇင်ဘာလ ၂၄ရက်နေ့တွင် ကော့စမွေခရိုင်တရားရုံးက နောက်ဆုံးအမိန်ချမှတ်မည်ဖြစ်သည်။

"ခရိုင်တရားရုံးက ကျွန်တော်တို့နိုင်တယ်လို့အမိန့်ချခဲ့ရင်တော့ သူတို့တွေအာမခံရဖို့အတွက် သံရုံးနဲ့တိုင်ပင်ပြီး လုပ်ကြမှာ၊ ၀င်းဇော်ထွန်းကိုစွဲထားတဲ့အမှုကလည်း ချုပ်ရက်နဲ့ချေရင် ဘာမှမရှိတော့ဘူး။ ထိုင်းရဲကအယူခံဝင် မယ့်အရာကို ပြန်ပြီးတော့ရင်ဆိုင်ရမယ်။" ဟု မြန်မာသံရုံးစုံစမ်းရေးအဖွဲ့ ၃ခေါင်းဆောင် ဦးထူးချစ်ကပြောသည်။

လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ထိုင်းရဲတင်ပြထားသည့် အသတ်ခံရသူခန္ဓာပေါ်မှတွေ့ရှိရသည့် မျိုးရိုးဗီဇ DNA နှင့် အခြားသက်သေများအရ စွပ်စွဲခံရသူ ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့ကို ပြစ်ဒဏ်ပေးရန် ခိုင်လုံမှုမရှိသဖြင့် ကော့စမွေတရားရုံးတွင် မြန်မာနိုင်ငံဖက်မှ အနိုင်ရရှိနိုင်မည့်အခြေအနေကိုမျှော်မှန်းထားသည်ဟုလည်း မြန်မာသံရုံးအဖွဲ့မှသိရသည်။

"DNA မတူရုံတင်မကဘူး၊ သတ်ခဲ့တယ်ဆိုပြီး ထိုင်းရဲပုံရိပ်ယူထားတဲ့သက်သေပါ ကိုယ်ခန္ဓာအချိုးအစားကို အင်္ဂလန်က ပညာရှင်တွေနဲ့စစ်ဆေးတဲ့အခါ ပုံရိပ်ယူထားတဲ့သူနဲ့ စွပ်စွဲခံရသူပုံစံက လုံးဝကွဲလွဲတယ်၊ ဒါတွေကို တရားရုံးမှာလည်းပို့ထားပြီးသား၊ ထိုင်းရဲကပြောတဲ့ဖြောင့်ချက်ပေးထားတယ်ဆိုတာက အရင်စွပ်စွဲခံရသူဖက်က ခုခံပေးတဲ့သူမရှိချိန်မှာယူထားတဲ့အတွက်တရားမ၀င်ဘူး။" ဟု လက်ရှိ ထိုင်းရဲ၏သက်သေများခိုင်လုံမှုမရှိသည့် အခြေအနေကို ရှေ့နေဦးအောင်မျိုးသန့်က မဇ္ဈိမကိုပြောသည်။

၂၀၁၄နှစ်ကုန်ပိုင်းက ထိုင်းအာဏာသိမ်း အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်က လိပ်ကျွန်းအမှုနှင့်ပက်သက်ပြီး ထိုင်းရဲတပ်ဖွဲ့၏လုပ်ဆောင်ချက်များကို မိမိအနေဖြင့်ယုံကြည်မှုအပြည့်အ၀ရှိသည်ဟု နိုင်ငံခြားခရီးစဉ်တစ်ခုမှ ပြန်လည်ရောက်ရှိသည့်အချိန် လေဆိပ်သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

၂၀၁၄ခုနှစ်၊ စက်တင်ဘာ ၁၅ရက်တွင်စတင်ခဲ့သည့် လိပ်ကျွန်းလူသတ်မှုနှင့်ပက်သက်ပြီး တရားရင်ဆိုင်သည့် ရုံးချိန် ၂၅ခုအပါအ၀င် မြေပြင်ကွင်းဆင်းစစ်ဆေးမှုစုစုပေါင်း ၅၆ကြိမ်အထိပြုလုပ်ခဲ့သည်။

Mizzima

ယခင်အစိုးရ အဖွဲ့ဝင်များ နောက်အစိုးရတွင် ပါဝင်ရန် ကမ်းလှမ်းထားသည် ဆိုခြင်းများမှာ “အရူးစကား” သာ ဖြစ်ကြောင်း NLD ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၉ ရက် ညပိုင်းက The Ladies News Journal ၏ တရားဝင် Facebook စာမျက်နှာတွင် “သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းအား NLD အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားဟု သိရ” ဆိုသော သတင်းတစ်ရပ်ကို ဖော်ပြခဲ့ပြီး အဆိုပါသတင်းနှင့်အတူ NLD အစိုးရသစ်တွင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးများ ဆက်လက် ပါနိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းများနှင့် ပတ်သက်၍ ဦးအောင်မင်းအား ကမ်းလှမ်းထားသည် ဆိုသော ပြောဆိုမှုများမှာ “အရူးစကား” ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဆက်လက်ပါနိုင်မည် ဆိုခြင်းမှာ “အဲတာ ပိုရူးသေးတယ်”ဟု ဦးဝင်းထိန်က ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ ပြောဆိုနေမှုများသည် “ချွန်တွန်း” လုပ်ခြင်းသာ ဖြစ်သည်ဟု ဦးဝင်းထိန်က ဆက်လက် ပြောကြားခဲ့ပြီး ၎င်းတို့၏ ပြင်ဆင်မှု (အစိုးရဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး) သတင်း မထွက်သမျှ ကောလာဟလများ ထွက်နေ မည်ဟု ပြောကြားပါသည်။

“ကျွန်တော်တို့ ပြင်ဆင်နေတာတွေ သတင်းမထွက်သမျှ ကာလပတ်လုံး အဲလို ကောလာဟလတွေ ထွက်နေမှာ ပဲ”ဟု ဦးဝင်းထိန်က ဆိုပါသည်။

ထို့အတူ ထွက်ပေါ်နေသော သတင်းများနှင့် ပတ်သက်ပြီး မသိရှိကြောင်း NLD ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း က ပြောပါသည်။

“ကျွန်တော် လုံးဝ မသိပါဘူးဗျာ” ဟု ဦးဥာဏ်ဝင်းက ဆိုပါသည်။

NLD အစိုးရအဖွဲ့တွင် ယခင်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ပြန်လည် ပါဝင်နိုင်သလားဟူသော မေးမြန်းချက်နှင့် ပတ် သက်ပြီး “ကျွန်တော်က သိပ်မထင်ဘူးဗျ။ သိလည်း မသိဘူး။ အခုချိန်ထိ ဘာမှ မဆုံးဖြတ်ရသေးဘူး”ဟု ဦးဥာဏ် ၀င်းက ယျေဘုယျ အနေဖြင့် ပြောကြားသည်။

ထို့အတူ အခြားသော NLD ဗဟိုအလုပ်အမှုဆောင်များကို မေးမြန်းခဲ့သော်လည်း ၎င်းတို့ မသိရှိကြောင်းနှင့် သတင်းထွက်ပေါ်မှုများသည် ကောလာဟလနှင့် ထင်မြင်ယူဆချက်များသာ ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ကြသည်။
NLD အစိုးရ အဖွဲ့တွင် ပူးပေါင်းပါဝင်ရန် ဦးအောင်မင်းအား ကမ်းလှမ်းထားသည် ဆိုခြင်းနှင့် ပတ်သက်၍ မြန်မာ နိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဋ္ဌာန (MPC) ၏ အထူး အကြံပေး ဦးလှမောင်ရွှေအား မေးမြန်းခဲ့ရာ မသိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

The Ladies News Journal က ဖော်ပြခဲ့သော သတင်းတွင် NLD က ဦးဆောင်ဖွဲ့စည်းမည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစိုးရအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန်အတွက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကို ဒေါ်အောင်ဆန်းစု ကြည်မှ ကမ်းလှမ်းထားကြောင်း နှစ်ဘက်အသိုင်းအ၀န်းထံမှ သိရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေး အစိုးရအဖွဲ့ကို ဖွဲ့စည်းရန် ကြိုးပမ်းနေသည့် NLD အနေဖြင့် ရွေး ကောက်ပွဲ ကာလအပြီးမှ စတင်၍ ၀န်ကြီး ဦးအောင်မင်းနှင့် နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကမ်းလှမ်း ထားခြင်း ဖြစ်သည်ဟု ၀န်ကြီး ဦးအောင်မင်းနှင့် အလွန်နီးစပ်သူ သုံးဦးကလည်း အတည်ပြု ပြောဆိုကြောင်း ဖော်ပြခဲ့ပါသည်။

The Ladies News Journal က ဖော်ပြခဲ့သော သတင်းများနှင့် ပတ်သက်ပြီး ဆက်လက် ထွက်ပေါ်လာသော သတင်းများ အပေါ် မေးမြန်းရာ၌ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အများစုက “မသိရှိကြောင်း” ကိုသာ ပြောကြားခဲ့ပြီး ထွက်ပေါ်နေသော သတင်းများ “မဟုတ်ကြောင်း” ကို အချက်အလက် အတိအကျဖြင့် ဖြေရှင်း ပြောဆိုနိုင်ခြင်း မရှိသည့်အပြင် တာဝန်ယူ ဖြေကြားရန်လည်း တွန့်ဆုတ်ခဲ့ကြသည်။

ထိုအခြေအနေက ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက် မေးမြန်းနိုင်ခွင့် မရှိချိန်၌ NLD တွင် ဒေါ်အောင် ဆန်းစုကြည်နှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး အကြောင်းအချက် ခိုင်မာစွာဖြင့် တာဝန်ယူ ဖြေကြားပေးနိုင်သော ပြောရေးဆိုခွင့်ရှိသူ (spokesperson) လိုအပ်နေကြောင်း ပြဆိုနေခြင်း ဖြစ်ပါသည်။

ဒီဇင်ဘာ လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေတို့ နေပြည်တော်၌ တွေ့ ဆုံခဲ့သည့် သတင်းနှင့် ပတ်သက်၍ NLD ဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန် အပါအ၀င် အခြားသော NLD ဗဟို အ လုပ်အမှုဆောင်အဖွဲ့ဝင်များကို မေးမြန်းခဲ့ရာ ချက်ခြင်း ပြန်လည် ဖြေကြားနိုင်ခြင်း မရှိဘဲ တစ်ရက်အကြာမှသာ မှန် ကန်ကြောင်း ဖြေကြားခဲ့သည်။

ထိုအချိန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ မြေး ကိုနေရွှေသွေးအောင်တို့ တွေ့ဆုံစဉ်ကလည်း အဆိုပါ သတင်းကို NLD ဗဟိုအလုပ်အမှုဆောင်များက အတည်ပြု ပြောကြားနိုင်ခဲ့ခြင်း မရှိ သည့်အပြင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်က ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုနေရွှေ သွေးအောင်တို့ တွေ့ဆုံသည့် သတင်းမဟုတ်ကြောင်း လွဲမှား ပြောဆိုခဲ့ပါသည်။

သို့သော် သတင်းထွက်ပေါ်ပြီး ငါးရက်အကြာ နိုဝင်ဘာ ၂၆ ရက်တွင် RFA သတင်းဋ္ဌာနက ထုတ်လွှင့်ခဲ့သော “ဒေါ် အောင် ဆန်းစုကြည်နှင့် ဒီမိုကရေစီ ခရီးကြမ်း” အစီအစဉ်တွင် ကိုနေရွှေသွေးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က အတည်ပြု ပြောကြားခဲ့ပါသည်။

ရွေးကောက်ပွဲအပြီး NLD ပါတီနှင့် နိုင်ငံရေး ကောလာဟလ သတင်းများထွက်ပေါ်မှုမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ကိုနေရွှေသွေးအောင်တို့ တွေ့ဆုံမှုအပြီး ပြည်ထောင်စု လွှတ်တော်နာယ က သူရဦးရွှေမန်း နိုင်ငံရေး အသာရပြီးချိန် နောက်ပိုင်း ပိုမို ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထို့သို့ နိုင်ငံရေး ကောလာဟလ သတင်းများ ပိုမို ထွက်ပေါ်လာချိန်တွင် နေပြည်တော်တွင်ရှိသော ဦးတေဇ ပိုင်ဆိုင် သည့် ရွှေစံအိမ်ဟိုတယ် ၌ NLD လွှတ်တော် ကိုယ်စား လှယ်များကို စွမ်းရည်မြင့် သင်တန်းပေးခဲ့ ပြီး ထိုအခြေအနေပေါ် မူတည်၍ NLD ပါတီ အနေဖြင့် ခရိုနီများထံမှ စပွန်ဆာ ယူသင့်၊ မယူသင့်နှင့် ပတ်သက်ပြီး ပြည်သူအကြား ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်မှာပင် စွမ်းရည်မြင့် သင်တန်းကို အဓိကစီစဉ်ခဲ့သော သင်တန်းဆရာနှစ်ဦးဖြစ်သည့် ဦးမျိုးရန် နောင်သိန်း နှင့် ဦးကိုနီတို့၏ VOA သတင်းဋ္ဌာနသို့ ပြောကြားခဲ့သော စကားများက ပြည်သူလူထုအကြား ဝေဖန် စရာများ ဆက်လက်ဖြစ်စေခဲ့ပါသည်။

ဦးတေဇပိုင် ရွှေစံအိမ်ဟိုတယ်တွင် သင်တန်းပေးရန် NLD က အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်ဟု ဦးမျိုးရန် နောင်သိမ်းက ဧရာဝတီသတင်းဋ္ဌာနကို ပြောကြားခဲ့ပြီး ကိုယ်စားလှယ် ၂၀၀ ကျော်ကို သင်တန်းပို့ချ ရန်အတွက် နေပြည်တော်တွင် ရွှေစံအိမ်ဟိုတယ်သာ နေရာဆံ့ကြောင်း VOA သတင်းဋ္ဌာနသို့ ဦးမျိုးရန်နောင်သိန်းက ပြော ကြားခဲ့သည်။

“… တခါတလေကျလို့ရှိရင် အားလုံး အမျှော်အမြင်ရှိရှိနဲ့ စဉ်းစားကြဖို့လိုမယ်လို့ ကျွန်တော် မြင်တာပဲ။ အရင်တုန်းက အမှားတွေ ပြုလုပ်ခဲ့တယ် ဆိုရင်တောင်မှ မှန်ကန်တဲ့ လမ်းကြောင်းကိုလျောက်မယ်ဆိုရင် ကြိုဆိုကြရမှာပဲ။ အဲ့တော့ ကျွန်တော်တို့ အစိုးရ ဖြစ်လာခဲ့လို့ဖြစ်ရင် ဒီမြန်မာပြည် စီးပွားရေးဖွံ့ဖြိုးဖို့အတွက် အဓိက ကျောထောက်နောက်ခံအင်အားသည် စီးပွားရေးလုပ်ငန်းရှင်တွေပဲ။ လက်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေ အများစုသည် ခရိုနီဖြစ်ခဲ့ကြတာချည်းပဲ။ အဲ့တော့ ကျွန်တော်တို့ အစိုးရလက်ထက်မှာ ခရိုနီမဖြစ်ရင် ပြီးတာပဲ။ ပြီးတော့ ကျွန်တော်တို့အစိုးရလက်ထက်မှာ လုပ်သမျှအားလုံးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံ မှုရှိအောင် လုပ်ရမယ်။ အဓိက အရမ်းအရေးကြီးတယ်။ ဒီလုပ်ငန်းရှင်တွေ ခရိုနီကနေ အသွင်ပြောင်းသွားမယ့် လုပ်ငန်းရှင် တွေဟာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ မြန်မာနိုင်ငံ အကျိုးရှိအောင် လုပ်ပေးဖို့အတွက်က ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်ဗျ" ဟု ဦးမျိုးရန်နောင်သိန်းက VOA သတင်းဋ္ဌာနသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ သင်တန်းကို ဦးဆောင်ပို့ချခဲ့သည် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကလည်း “ခရိုနီနဲ့ ကျွန်တော်တို့ ပတ်သက်တယ်လို့ စွပ်စွဲရင်တော့ အဲ့ဒီ့စွပ်စွဲချက်ကိုတော့ ကျွန်တော်တို့က ငြင်းရလိမ့်မယ်။ ဘာကြောင့်တုန်း ဆိုတော့ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က သင်တန်းပေးတာပါ။ သင်တန်းပေးတယ်ဆိုတာ ကျွန်တော်တို့ အရွေး ခံရတဲ့ လွှတ်တော်အမတ်တွေ တိုင်းပြည်အကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် ကျနော်တို့ သင်တန်းပေးတာပါ။ သင်တန်းပေးတယ် ဆိုတော့ အနယ်နယ်အရပ်ရပ်က လွှတ်တော်အမတ်တွေကို ကျွန်တော် တို့က ခေါ်ပြီးတော့ စုစည်းရတယ်။ နေရာထိုင်ခင်း စီစဉ်ပေးရတယ်။ သင်တန်းပေးဖို့အတွက် သင်တန်းခန်းမတွေ လိုအပ်တယ်။ ကျွန်တော် တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အဲ့ဒီ့အခြေအနေ အဲ့ဒီ့ facility ပေးနိုင်တဲ့ အနေ အထားမရှိဘူး။ ဒါ လူတိုင်းသိပါတယ်။ ကျွန်တော်တို့ပါတီက အင်မတန်မှ ဆင်းရဲပါတယ်။ ကျွန်တော် တို့ ရုံးခန်းလေးကလည်း ကျဉ်းကျဉ်းလေးပါ။ ဒီလိုတနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဖို့ လိုအပ်တဲ့အခါကျတော့ ကျွန်တော်တို့ အဆင်ပြေတဲ့နေရာမှာ လုပ်ရတာပါပဲ" ဟု VOA သတင်းဋ္ဌာ နသို့ ဖြေကြားခဲ့သည်။

ဦးမျိုးရန်နောင်သိန်းနှင့် ဦးကိုနီတို့၏ ပြောစကားများနှင့်အတူ NLD နှင့် ခရိုနီများအကြား ဆက်ဆံရေးအပေါ် ဝေဖန်မှုများ ပိုမို ထွက်ပေါ်လာချိန်တွင် ဦးအောင်မင်းအား NLD အစိုးရအဖွဲ့တွင် ပူးပေါင်း ပါဝင်ရန် ဒေါ်အောင် ဆန်းစုကြည်က ကမ်းလှမ်းထားကြောင်းနှင့် NLD အစိုးရအဖွဲ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှ ၀န်ကြီးများ ပါဝင်မည်ဆိုသော သတင်းများ ဆက်လက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

NLD အစိုးရအဖွဲ့တွင် ဦးအောင်မင်းနှင့် အခြားသော ၀န်ကြီးများ ပူးပေါင်း ပါဝင်ရန် ကမ်းလှမ်းထားသည် ဆိုသော ပြောဆိုချက်များမှာ “အရူးစကားများ” ဖြစ်သည်ဟု ဦးဝင်းထိန်က တုံ့ပြန်ခဲ့သော်လည်း NLD အစိုးရသစ်တွင် သူ ရဦးရွှေမန်း ပါဝင်ရန် အလားအလာ ရှိကြောင်း ဦးဝင်းထိန်က ဒီဇင်ဘာ ဒုတိယပတ်တွင် ထုတ်ဝေခဲ့သော The Voice Weekly ဂျာနယ်တွင် ပြောကြားခဲ့ပါသည်။

“ဒီလူဟာ (သူရဦးရွှေမန်း) အရည်အချင်းလည်းရှိတယ်။ သတ္တိလည်းရှိတယ်။ အရှုံးကိုလည်း သိက္ခာရှိရှိ လက်ခံနိုင်တဲ့ပုဂ္ဂိုလ် ဆိုတာ အားလုံးလည်းသိတယ်။ သို့သော် နောင်လာမယ့် အစိုးရမှာ သူရဦးရွှေမန်းကဏ္ဍ တစ်ခုတည်းတော့ ထည့်ပြောလို့တော့ မရပါဘူး။ ကျွန်တော် အထက်က ပြောခဲ့သလို အနာဂတ် ဒီမိုကရေစီ ထူထောင်ရေးမှာ အသုံးဝင်မယ့် USDP က ပုဂ္ဂိုလ်တွေရော၊ တိုင်းရင်းသားထဲက ပုဂ္ဂိုလ်တွေရော စဉ်းစားတဲ့ အခါမှာ သူရဦးရွှေမန်း ပါကောင်းပါနိုင်ပါတယ်။ ပါဖို့က အလားအလာ ရှိပါတယ်”ဟု ဦးဝင်းထိန်က The Voice Weekly သို့ ပြောကြားခဲ့သည်။

ထို့အပြင် “NLD အစိုးရသစ်မှာ USDP ဘက်က စိတ်ကောင်းစေတနာကောင်း ရှိတဲ့သူတွေ ပြန်ပါမယ်လို့ အပြင်မှာ သတင်းတွေထွက်နေတာ ဘာကြောင့်လဲ ခင်ဗျ” ဟုသော The Voice Weekly ဂျာနယ်၏ မေးမြန်း ချက်ကို ဦးဝင်းထိန်က ပြန်လည် ဖြေကြားရာ၌ “ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည် သင့်မြတ် ရေး မူဝါဒကြောင့်လည်း ဖြစ်သလို သူရဦးရွှေမန်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားတဲ့ စာတွေအရ နောင်လာမယ့် အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေကိုလည်း ထည့်သွင်းစဉ်းစားထားတယ် ဆိုတဲ့ တင်ပြချက်က ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားကို မူတည်ပြီးမှ တင်ပြတဲ့ အခါကျတော့ အမျိုးသားပြန်လည်ရင်ကြား စေ့ရေးနဲ့ တိုင်းရင်းသားတွေနဲ့ နားလည်မှုရဖို့ ဆိုတာက USDP တင်မကဘူး။ တိုင်းရင်းသားထဲက အနာဂတ် ဒီမိုကရေစီ ထွန်းကားဖို့အတွက် အထောက်အကူပြုမယ့် ပုဂ္ဂိုလ်တွေကိုလည်း ကျွန်တော်တို့ စဉ်းစားမယ်လို့တော့ လျာထားပါတယ်” ဟု ပြောဆိုခဲ့ပါသည်။

ဒီဇင်ဘာ ၁၈ ရက်က RFA သတင်းဌာနသို့ ဖြေကြားခဲ့သော ဦးဝင်းထိန်၏ ပြောစကားများအရ လက်ရှိ တာဝန်ယူနေသော ၀န်ကြီးများ NLD အစိုးရသစ်တွင် ပြန်ပါရန် ရာနှုန်းနည်းကြောင်း ၎င်း၏ အမြင်အနေဖြင့် ပြောကြားခဲ့ပြီး သူရဦးရွှေမန်းကို နိုင်ငံတာဝန်များ ပြန်လည် ပေးအပ်ဆိုပါက သိက္ခာရှိသည့် နေရာမျိုးတွင် စဉ်းစားရမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

"သူ့အတွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က မဆုံးဖြတ်ရသေးပါဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ သိသလောက်က ပြောရမယ်ဆိုရင်တော့ ဦးရွှေမန်းကို ပြန်ပြီးတော့ နိုင်ငံနဲ့ တာဝန်ပေးအပ်မယ်ဆိုရင်တော့ သိက္ခာရှိတဲ့ နေရာမျိုးမှာ စဉ်းစားရမယ်လို့ ကျွန်တော် ယူဆတယ်"ဟု ဦးဝင်းထိန်က RFA သို့ ပြောကြားခဲ့ပါသည်။

ဦးအောင်မင်း အပါအ၀င် ယခင်အစိုးရအဖွဲ့မှ ၀န်ကြီးအချို့ကို NLD အစိုးရတွင် ပါဝင်ရန် ကမ်းလှမ်းမှု ရှိနေသည် ဆိုသော သတင်းများသည် ဦးဝင်းထိန် အင်တာဗျူး၏ နောက်ဆက်တွဲ ဂယက်အနေဖြင့် ဆက်လက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ တွေ့ဆုံပြီးနောက် သူရ ဦးရွှေမန်း နိုင်ငံရေး အသာရခဲ့ပြီး ၁၅ ရက်အကြာတွင် ထပ်မံ ထွက်ပေါ်လာသော သတင်းဖြစ်ပါသည်။


Writer : နေထွန်းနိုင်နှင့် သတင်းအယ်ဒီတာအဖွဲ့
Eleven Media Group

ပေကျင်း၊ ဒီဇင်ဘာ ၂၀ ။ ။ တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျင်းပြည်နယ်ရှိ စက်မှုနယ်မြေတွင် မြေပြိုမှုတစ်ရပ်ဖြစ်ပွားရာ အဆောက်အအုံပေါင်း ၂၂ ခုခန့် ပြိုကျသွားခဲ့သည်။

လူ ၉၀၀ ခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး အပျက်အစီးအပြိုအပျက်များအတွင်း ဒဏ်ရာအနည်းအကျဉ်းသာ ရရှိသူ လူလေးဦးကို ဆွဲထုတ်ကယ်တင်ခဲ့ရကြောင်း ဒေသအာဏာပိုင် အဖွဲ့က ပြောသည်။ သေကျေပျက်စီးမှုသတင်း ယခုအချိန်အထိ မသိရသေးပေ။

ပိတ်မိနေသူများအား ကယ်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်လျက်ရှိနေကြောင်း ရှန်ကျင်းမီးသတ်တပ်ဖွဲ့က ပြောသည်။

ပြိုကျအဆောက်အအုံများတွင် အလုပ်သမားများနေထိုင်ရာ တန်းလျားနှစ်ခုလည်း ပါဝင်ကြောင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန CCTV က ထုတ်လွှင့်ခဲ့သည်။

မြေပြိုမှုကြောင့် စတုရန်းမီတာ နှစ်သောင်း အကျယ်အဝန်းတွင် မြေများ ဖုံးလွှမ်းသွားရကြောင်း ပြည်သူ့လုံခြုံရေးဗျူရိုမှ မီးသတ်တပ်ဖွဲ့က အွန်လိုင်းတွင် ကြေညာခဲ့သည်။

မြေပြိုမှု မဖြစ်ခင် လူအများစုကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီးခဲ့ကြောင်း ရှန်ကျင်း ပြည်သူ့လုံခြုံရေးဗျူရိုမှ လက်ထောက်အကြီးအကဲက CCTV သို့ ပြောခဲ့သည်။

မြေပြိုမှုဖြစ်ရာသို့ မီးသတ်အင်အား ၁၅၀၀ ခန့် ရောက်ရှိနေကြောင်း ဒေသအစိုးရ၏ တရားဝင် အွန်လိုင်းဘလော့တွင် ရေးသားဖော်ပြထားသည်။

ယခု မြေပြိုကျခြင်းသည် လွန်ခဲ့သည့် နှစ်နှစ်က ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြေကြီးများ တူးပြီး အနီးတွင် စည်းကမ်းမဲ့စွာ စုပုံထားရာမှ ပြိုကျလာခြင်းဖြစ်ကြောင်း ဌာနေမီဒီယာများတွင် ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်းက ရှီကျန်းပြည်နယ်တွင် မြေပြိုမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ၌ လူပေါင်း ၂၅ ဦး သေဆုံးခဲ့ရသည်။

Mizzima

ပြင်သစ် လေကြောင်း လိုင်းက လေယာဉ် တစ်စင်းပေါ် မသင်္ကာ ဖွယ်ရာ အထုပ်တစ်ခု တွေ့ ခဲ့ရတဲ့ အတွက်၊ ကင်ညာ နိုင်ငံ မွန်ဘာဆာ မြို့ လေဆိပ်မှာ ဆင်းသက် ခဲ့ရပါတယ်။

အခုဆို လေယာဉ်ပေါ် လိုက်ပါ လာတဲ့ ခရီးသည် တချို့ကို ကင်ညာ အာဏာပိုင်တွေ က စစ်ဆေး မေးမြန်း နေပါတယ်။

မောရေးသျှပ်စ် ကနေ ပဲရစ် ကို ပျံသန်းတဲ့ Boeing Triple Seven လေယာဉ် ကို မွန်ဘာဆာ မှာ အရေးပေါ် ဆင်းသက်ဖို့ လေယာဉ်မှုးတွေက တောင်းဆို ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ့ လေယာဉ်ပျံရဲ့ အိမ်သာခန်းထဲမှာ ဗုံး ဖြစ်နိုင်တယ် လို့ ယူဆရတဲ့ အထုပ်ကို ကျွမ်းကျင်သူတွေ စမ်းသပ် နေကြတယ် လို့ ကင်ညာ ရဲတပ်ဖွဲ့က ပြောပါတယ်။

BBC Burmese

နေမင်းရဲ့ အလင်းရောင်သည်လည်း ×××မနေ့ကနဲ့မတူ ×××မနေ့ကလို မပူတော့ပြီ ×××အားသစ်အင်သစ်တွေ ဆောင်ကြဉ်းပေးခဲ့လို့ ငါသည် ×××အချစ်အတွက်တဖန်မွေးဖွားခဲ့ပြီ ~~~~~

ငယ်ငယ်လေးကတည်းက ခုချိန်ထိ မက်မက်စက်စက်နားထောင်တဲ့ အိပ်ရာဝင်တေးတွေက စိုင်းထီးဆိုင် ဆိုပြီး ဆရာစိုင်းခမ်းလိတ်ရေးတဲ့ သီချင်းတွေ။
အဘွားခြံကြီးက မျက်နှာစာ ပေ ၁၅၀ အရှည် ပေ ၂၀၀ လောက်ရှိတယ်။အိမ်ကြီးကို ခြံအလယ်ကောင်မှာဆောက်ထားတယ်။အဝင်တံခါးမကြီးကနေ အိမ်ကြီးအထိရောက်သွားတဲ့လျှောက်လမ်းကို လမ်းလျှောက်ပင်လို့ခေါ်တဲ့ ဘိုကတော်မျက်ခုံးပင်တွေစိုက်ထားတယ်။ညနေ ၃နာရီခွဲလို့ ကျောင်းကပြန်လာရင် ခြံကြီးထဲမှာ မြင်နေကျ ကြားနေကျ ရနေကျ ရနံ့ အငွေ့အသက်တွေကို ခုချိန်ထိမမေ့နိုင်သေးဘူး။အဘွားရဲ့မွေးစားသားက အဲဒီအချိန်ဆို တိတ်ကြိုးခွေ အဝိုင်းကြီးကြီး (ဓာတ်ပြားခေါ်မလား) နဲ့ဖွင့်ရတဲ့ ရက်ကော်တာကြီးနဲ့ စိုင်းထီးဆိုင်သီချင်းတွေ အသံကုန်ဖွင့်ထားရင်း လမ်းလျှောက်ပင်တွေကို ရေလောင်း ခြံအရှေ့ပိုင်းတခြမ်းလုံးက မြေကြီးတွေကို ရေဖျန်းထားလေ့ရှိတယ်။ခြံတံခါးဖွင့်ဝင်လိုက်တာနဲ့ ရလိုက်တဲ့မြေသင်းနံ့ ကြားလိုက်ရတဲ့ ထီးဆိုင်ရဲ့အသံ ရင်ကိုစွဲငြိစေခဲ့တဲ့အာရုံတွေ ဘာကြောင့်မှန်းမသိ ခုချိန်ထိ နှမြောတသဖြစ်မိတုန်း။

~~~ရောင်နီကို ကြိုလင့်တဲ့ပန်းကလေးတွေ××× အချစ်ဆုံးရဲ့ အနံ့အသက်ကိုယူခဲ့ပြီ ×××နေဝင်ချိန် အိပ်တန်းတက်ငှက်ကလေးတွေ ×××အချစ်ဆုံးရဲ့ သတင်းစကားကိုဆောင်ခဲ့ပြီ ~~~

ဆရာစိုင်းခမ်းလိတ်က ၆၉လမ်း(မန်းလေးတက္ကသိုလ် အရှေ့ဘက်လမ်း) သိပ္ပံလမ်းအနီး မဟာမြိုင်ထဲမှာနေတယ်။ကျွန်တော်တို့က ၆၂လမ်း သိပ္ပံလမ်းတောင်ဘက်မှာနေတယ်။မြို့သစ်အိမ်ကနေ မဟာမြိုင်ထဲက အဒေါ့်အိမ်ကိုသွားရင် ဆရာ့အိမ်ရှေ့ကနေဖြတ်သွားရတယ်။မကျဉ်းမကျယ် နှစ်ထပ်တိုက်ကလေးနဲ့ ရှမ်းစာတွေရေးထားတဲ့ ဆရာ့အိမ်လေးကို တမေ့တမောငေးကြည့်တယ်။ငါ အကြိုက်ဆုံးတေးရေးဆရာကြီးက ဒီအိမ်လေးထဲမှာ နေတာပါလားလို့။နှစ်ပေါင်းများစွာ အခေါက်ပေါင်းမရေတွက်နိုင်အောင် ဆရာအိမ်ရှေ့က ဖြတ်တိုင်း မမေ့မလျော့ငေးကြည့်တာပဲ။
ဆိုင်ကယ်မဝယ်နိုင်သေးခင် စက်ဘီးစီးနေရတဲ့ အချိန်တွေတုန်းက ဆရာ့အိမ်ရှေ့ကဖြတ်မိရင် အမြဲအမှတ်ရမိတဲ့သီချင်းတပုဒ်ရှိတယ်။
~~~စက်ဘီးလေးကိုစီး ×××အချစ်ကလေးကိုတင်ရင်း ××ကိုယ်သွားရတာလေ ××အင်မတန်ပျော် စကြဝဠာအဆုံးထိ××× သွားကြမလား××× အချစ်က မေးတယ် ××တကယ် တကယ် တကယ် ×××သိပ်မောသွားသလား မောင်ရယ်တဲ့ ×××မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူး ~~~
တယောက်တည်း စက်ဘီးနင်းရင်းဆိုတာပေါ့။

အဝတ်တွေတပုံကြီး မီးပူတိုက်စရာရှိရင်လည်း ကိုယ်ကတော့ သီချင်းလေးတအေးအေးနဲ့တိုက်တာပဲ။
~~~ဒီတောင်ကို ဖြိုမယ် မြင့်မိုရ် မို့လား ~~~

တခါတလေမှာ ဆရာက သူ့ကားအဖြူလေးပေါ်မှာ ခွေးလေးတွေတင်ပြီး မောင်းသွားတာမြင်ရင်လည်း သဘောတကျနဲ့ လိုက်ငေးတာပဲ။ဆေးရုံတွေမှာ ဆရာ့ဇနီး ဒေါက်တာ့ကို တွေ့ရင်လည်း ငေးကြည့်တာပဲ။facebook မှာ ဆရာ့သမီးအငယ်နဲ့ fri ဖြစ်နေတော့ ဆရာတို့ဇနီးမောင်နှံပုံလေးတွေတင်ရင်လည်း သဘောတကျနဲ့ like ပေးတာပဲ။
ဘဝမှာ အဆင်မပြေတဲ့အချိန်တွေ တဘက်လူကို စိတ်ဆိုးစိတ်နာ ဖြစ်ရချိန်တွေ အသွားသာရှိပြီး အပြန်မရှိ ဆက်ဆံခံရချိန်တွေမှာ ဆရာ့သီချင်းတွေကို နားထောင်လိုက်ရရင် စိတ်ကို ဖြေသာရာရစေတယ်။

~~~လူတယောက်ရဲ့ ကောင်းကွက်ကြည့်ပဲ××× လိုချင်လို့တော့မရဘူးရယ်××× ဒွန်တွဲတဲ့ဆိုးကွက်လည်းပါမယ် ×××အံဝင်ခွင်ကျ ဆုတောင်းသမျှ ပြည့်စုံအောင်××× ဘယ်ဘုရားမှ မစွမ်းနိုင်ဘူး ×××နီးစပ်တာနဲ့ ရောင့်ရဲကြရတာလဲ မင်းအသိပါပဲ~~~
မှတ်မှတ်ရရ အဖြစ်အပျက်ရှိသေးတယ်။တရုတ်ပြည်ကနေ စွယ်တော်ပင့်လာတဲ့အချိန် အခု အသုံးမပြုတော့တဲ့ လေယာဉ်ကွင်းအဟောင်းမှာ စွယ်တော်ကို အခမ်းအနားနဲ့ကြိုကြရတယ်လေ။အဲဒီနေ့ညနေက အဒေါ့်အိမ်ကနေ မောင်နှမတတွေ စက်ဘီးကိုယ်စီနင်းလို့ မြို့သစ်အိမ်ပြန်ကြတာ။ဆရာ့အိမ်နားရောက်တော့ သိပ္ပံလမ်းဘက်ကနေ လူတွေပြေးလာကြတယ်။အော်လည်းအော်လာကြတယ်။ပြေးဟေ့ ပြေးဟေ့ နောက်မှာ ဆင်ကြီးလိုက်လာလို့တဲ့။ဟင်! ဆင်ကြီးတဲ့ ဘယ်က ဆင်ကြီးပါလိမ့်လို့ ရှေ့ဆက်နင်းရမှာလား နောက်ပြန်လှည့်ရမှာလား တွေဝေနေမိကြတယ်။မြို့ကြီးပြကြီး လမ်းမကြီးပေါ်ဆင်ကြီးလိုက်လို့ဆိုတော့ ယုံရခက်ကြီးပေါ့။လူတွေကတော့ပြေးကြတာများ ၆၉ လမ်းမကြီးမှာ ဖုန်တွေများထလို့။အဟုတ်ဗျ သိပ္ပံလမ်း နဲ့ ၆၉လမ်းဒေါင့်မှာ မြေကွက်လပ်ကြီးရှိတယ်။အဲဒီကွက်လပ်ကြီးထဲမှာ ဘာလုပ်ထားမှန်းမသိတဲ့ ကျင်းအကြီးကြီးရှိတယ်။ပြေးရင်း လွှားရင်း ဆင်ကြီးလည်း အဲဒီကျင်းကြီးထဲပြုတ်ကျပါလေရော။စွယ်တော်ပင့်ဖို့ကို လေယာဉ်ကွင်းထဲမှာ ဆင်ကြီးက နေပူခံပြီး တနေကုန်နီးပါးစောင့်နေရတာ။နေကပူ ဗိုက်က ဆာမှာပေါ့။ဆင်ကြီး စိတ်နောက်ပြီးထွက်ပြေးလာတာ။လမ်းမကြီးပေါ်ရောက်တော့ ကားတွေ ဆိုင်ကယ်တွေမြင်ပြီး လန့်ပြေး လူတွေက ဆင်ကြီးမြင်ပြီးလန့်ပြေးနဲ့ ဆရာတို့အိမ်နားက ကျင်းကြီးထဲ ဆင်ကြီးကျသွားတော့မှပဲ အပြေးတွေရပ်ကြတော့တယ်။အမှတ်တရပါပဲ။
ဆရာရေးတဲ့သီချင်းတွေ ကျွန်တော့်မှတ်ဥာဏ်အရ သီချင်းခေါင်းစဉ်တွေ အလုံးစုံမသိပေမယ့် နားထောင်မိသမျှ သီချင်းသံစဉ် စာသားတွေ အားလုံးကို နှစ်သက်တယ်။ညတိုင်း ဆရာ့သီချင်းတွေနားထောင်ပြီး အိပ်ရာဝင်လေ့ရှိတယ်။ကျွန်တော့အတွက်တော့ ဘယ်တော့မှမရိုးနိုင်တဲ့ သီချင်းတွေ။
~~~လူဆိုတာ ×××ကိုယ့်အကြောင်းနဲ့ကိုယ် ×××နေရာတိုင်း တယောက်အကြိုက်××× မလိုက်နိုင်ဘူး ~~~

ဆရာနေမကောင်းဘူးလို့ကြားတယ်။
အမြန်ဆုံးနေကောင်းသက်သာပါစေ။
မန္တလေးရောက် ရှမ်းတယောက် အသက်ရာကျော်ရှည်ပါစေ။

ယု အိ မွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD မှ ၂၀၁၅ရွေးကောက်ပွဲ အနိုင်ရ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောသန်းထွဋ်အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန်းကံညွန့်က တရားလိုပြု၍ ဖားအံမြို့နယ်၊ ဥပဒေရုံး၏ အကြံပြုချက်နှင့်အညီ ရွေး ကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ခ)အရ ယခုလ ၁၄ရက်နေ့က တရားစွဲဆိုလိုက်သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲနေ့တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈(ခ)အရ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးနိုင်စေရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသော်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးဦး ကိုသော်လည်းကောင်း တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်ခြင်းပြုခဲ့ကြောင်း မန်းကံညွန့်က စောသန်း ထွဋ်အား ဖားအံမြို့၊ မြို့မရဲစခန်းသို့ နိုဝင်ဘာ ၂၁ရက်နေ့တွင် တရားလိုပြု တိုင်တန်းခဲ့ခြင်းဖြစ်သည်။

မန်းကံညွန့်က “ရွေးကောက်ပွဲနေ့တုန်းက ကျနော်တို့က အဓိက ထပ်တိုးမဲရုံတွေဖြစ်တဲ့ မဲသနတို့ ကော့်ဟဲတို့ ဟတ္တလိုက်မဲရုံတို့ ကို သွားစစ်တာပေါ့နော်။ အဲ့မှာ ဦးစောသန်းထွဋ်ကလည်း လာပြီးစောင့်ကြည့်တယ်။ အဲ့မှာသူနဲ့အတူ ABSDF ကျောင်းသားတပ် မတော် ကားတစ်စီးပါလာတယ်။ သူက လက်နက်ကိုင်တပ်ဖွဲ့ရဲ့ကားကို အသုံးပြုတဲ့အတွက် လက်နက်ကိုင်ပါလာသည်ဖြစ်စေ၊ မပါလာသည်ဖြစ်စေ ခြိမ်းခြောက်ခံရတဲ့ သဘောမျိုးဖြစ်တဲ့အတွက် အဲ့ဒီ ၅၈(ခ)နဲ့ ကျနော် တရားစွဲထားတာပါ״ဟု ကေအိုင်စီသို့ ဒီဇင်ဘာ ၁၇ရက်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၅၈(ခ)အရ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုဖြစ်စေ၊ မဲဆန္ဒရှင်ကိုဖြစ်စေ ရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ခြင်းမပြုနိုင်အောင် ခြိမ်းခြောက်ခြင်းပြုသည် ဆိုသည့်ပြစ်မှုမျိုးမြောက်သည့် အနေ အထားဖြင့် တရားစွဲဆိုခဲ့သော်လည်း တရားသူကြီး၏ ချမှတ်သည့်အတိုင်း နာခံသွားမည်ဟုလည်း မန်းကံညွန့်က ဖြည့်စွက် ပြော သည်။

ယမန်နေ့က မန်းကံညွန့်အား ဖားအံမြို့နယ်တရားရုံးက ကြားနာစစ်ဆေးမှုပြုခဲ့ပြီး ပထမရုံးချိန်းကို ယခုလ ၁၆ရက်နေ့တွင် ပြု လုပ်ခဲ့ကာ လက်ရှိတွင်လည်း တရားစွဲခံရသူ စောသန်းထွဋ်မှာ ယခုလ ၁၄ရက်နေ့တွင် ဖားအံမြို့မရဲစခန်း၌ အာမခံလုပ်ထားရပြီး ဒီဇင်ဘာလ ၁၈ရက်နေ့တွင်လည်း မနက် ၁၀နာရီခန့်တွင် တတိယအကြိမ် ရုံးချိန်းကို ထပ်မံ ချိန်းဆိုထားကြောင်း သိရသည်။

စောသန်းထွဋ်က “ကျနော်က အဲ့ဒီဝါးဘိုးတော၊ တကောင်ဘိုး(ရွာ)တွေမှာ မဲရုံစိစစ်ဖို့ တာဝန်ရှိတယ်။ အဲ့ဒီမဲရုံစိစစ်တဲ့အချိန်မှာ ABSDF က ကျနော့်အစ်ကိုကားနဲ့သွားဆုံတယ်။ နှုတ်ဆက်တယ်။ ဝတ်ကြီးမဲရုံ၊ တကောင်ဘိုးမဲရုံတို့သွားတော့ ဝတ်ကြီးမဲရုံ မရောက်ခင်မှာ သူနဲ့တစ်ကြိမ်သွားဆုံတယ်။ အနောက်မှာ ABSDF ကားကိုသူတွေ့တယ်။ သုံးခါလောက်ဆုံဖြစ်တော့ လက်နက် ကိုင်အဖွဲ့အစည်းနဲ့ NLD ယှဉ်ပြီး သွားတယ်။ ဒီလိုယှဉ်သွားတာက သူ့ကို ကျနော်က တိုက်ရိုက်ခြိမ်းခြောက်တာ မဟုတ်သော် လည်း သွယ်ဝိုက်သောနည်းနဲ့ ခြိမ်းခြောက်တယ်ဆိုပြီး မနေ့က သူ တရားရုံးမှာ ထွက်ဆိုတယ်״ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တရားစွဲဆိုခံထားရသည့် ဦးစောသန်းထွဋ်အနေဖြင့် တရားဥပဒေဘောင်အတွင်း၌ပင် ရင်ဆိုင်ဖြေရှင်းသွားမည်ဟု လည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာ ထပ်တိုးမဲရုံများဖြစ်သည့် တံတားဦးကျေးရွာမဲရုံ၊ တကောင်ဘိုးကျေးရွာမဲရုံ၊ မဲသန၊ ကော်ဟဲ၊ ကျုံထော်၊ တကောင်ဘိုး(မြိုင်)၊ ဟတ္တလိုက်ကျေးရွာမဲရုံများမှာ ယခင် ၂၀၁၀ရွေးကောက်ပွဲတွင် လုံခြုံရေးကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ယခုနှစ် ရွေးကောက်ပွဲတွင်မူ ထပ်တိုးမဲရုံအဖြစ် ရွေးကောက်ပွဲမတိုင်ခင် ရက်ပေါင်း ၄၀အလို၌ ဖွင့်လှစ်နိုင်ခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေနှင့်လည်း ထိစပ်လျက်ရှိသည်။


(KIC News)

http://kicnews.org/



ကော့ကရိတ်မြို့နယ် ဒေါနတောင်လမ်းဟောင်းရှိ အလယ်ဘိုတဲနှင် အောက်ဘိုတဲလမ်းပိုင်းတွင် အလုပ်လုပ်နေသော လမ်းပြင် လုပ်သား ၂၃ဦးက ၎င်းတို့ရရှိမည့် လုပ်အားခ ၁၄သိန်းကျော်ကို မရရှိသေးသည့်အတွက် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် ယင်းအ လုပ်သမားများက ကော့ကရိတ်မြို့ ဆောက်လုပ်ရေးရုံးရှေ့သို့ သွားရောက်စုရုံးကာ တိုင်ကြားမှုဖြစ်ပွားခဲ့သည်။

ယခုလို တိုင်ကြားရသည့်အပေါ် လမ်းလုပ်သားခေါင်းဆောင်ဦးတိုးကြီးက “ကျနော်တို့လုပ်အားခကို ၁၅ရက်တစ်ခါ ရှင်းပေးဖို့ ပြောထားတာရှိတယ်။ အဲဒီတော့ ကျနော်တို့ စောင့်လာတာ အခု တစ်လကျော်သွားပြီ။ ကျနော်တို့လည်း စားသောက်ရေး အခက်ခဲ တော်တော်ကြုံနေရလို့ အခုလို ရောက်လာတာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လမ်းလုပ်သားများကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ရက်နေ့က စတင် အလုပ်ခိုင်းစေခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းကြီးကြပ်သူ ကိုထွန်းနိုင်မှ ၃၈ရက်စာ လုပ်ခ မပေးသဖြင့် စားသောက်ရေး အခက်အခဲများ တွေ့ကြုံရခြင်းဖြစ်ကြောင်း လာရောက်တိုင်ကြား သူ လမ်းလုပ်သားများက ဆက်ပြောသည်။

လမ်းဖောက်လုပ်ရေးအတွက် ခေါ်ယူသော လုပ်သားများကို တစ်ရက်နေ့စားခ စားရိတ်ငြိမ်း အမျိုးသားတစ်ဦးလျှင် ၄၅၀၀ကျပ် နှင့် မိန်းကလေးတစ်ဦးလျှင် ၃၅၀၀ကျပ်ဖြင့် ခေါ်ယူလုပ်ဆောင်စေခဲ့သည်။

အလုပ်သမားများ၏ တိုင်ကြားမှုအပေါ် ကော့ကရိတ် ဆောက်လုပ်ရေးအင်ဂျင်နီယာဌာန တာဝန်ရှိသူ AE ဦးမြင့်သောင်းက “အခု ဖြစ်နေတဲ့ကိစ္စက အလုပ်သမားတွေရဲ့ကြီးကြပ်သူကို လုပ်အားခငွေတွေ ပေးချေပြီး ဖြစ်ပေမယ့် ယခုလို ဖြစ်လာတဲ့အပေါ် မှာ ကျနော့်အနေနဲ့ အလုပ်သမားတွေရဲ့အခက်အခဲကို အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းဖြေရှင်းပေးသွားပါ့မယ်”ဟု ပြောဆို သည်။

ထိုသို့ စားသောက်ရေးအခက်အခဲဖြစ်ကာ ဆောက်လုပ်ရေးရုံးရှေ့သို့ စုရုံးရောက်ရှိနေသည့် အလုပ်သမား မိသားစုများကို ကော့ ကရိတ်မြို့ အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက ထမင်းဗူးများ၊ ရေသန့်ဗူးများ ဝေငှကူညီပေးခဲ့ကြသည်။

လက်ရှိတွင် ကော့ကရိတ်ဆောက်လုပ်ရေးရုံး တာဝန်ရှိသူများက အလုပ်သမားများနှင့် အလုပ်ကြီးကြပ်သူတို့အကြား ဝင်ရောက် ညှိနှိုင်းပေးခဲ့သဖြင့် ဒီဇင်ဘာလ ၁၆ရက်နေ့တွင် ပြေလည်သွားပြီးဖြစ်သော်လည်း လုပ်အားခ အပြည့်အဝ ရရှိသွားခြင်းရှိမရှိကိုမူ နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်းမရှိသလို အလုပ်သမားများအနေဖြင့် ၎င်းတို့နေထိုင်သည့် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးလေးကျေးရွာအုပ်စု ကျောက်ပုံကျေးရွာသို့  ပြန်သွားပြီးဖြစ်ကြောင်း သိရသည်။


(KIC News)

http://kicnews.org/


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆန်ယာမြို့၌ ဒီဇင်ဘာ ၁၉ ရက် ညပိုင်း က မယ်ကမ္ဘာ(၂ဝ၁၅) ပြိုင်ပွဲကိုကျင်းပရာ အသက် ၂၃ နှစ် အရွယ်ရှိ စပိန်အလှမယMireia Lalaguna Royo က သရဖူဆု ဆွတ်ခူးရရှိ ခဲ့သည်။

ဒုတိယဆုကို ရုရှားအလှမယ်ကရရှိပြီး တတိယဆုကို အာဆီယံ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားအလှမယ်က ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၁၄ နိုင်ငံမှ အလှမယ်များ ယှဉ်ပြိုင် ခဲ့ကြပြီး မြန်မာနိုင်ငံမှ အလှမယ် ခင်ရတနာသိန်းမြင့် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော်လည်း ဆုရရှိခြင်းမရှိကြောင်း သိရသည်။


(မြန်မာ့အလင်း)

https://www.facebook.com/MYANMAALINNNEWS





တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်ဥရောပရေးရာဝန်ကြီးဌာနနှင့်တရားရေးဝန်ကြီးဌာန ၀န်ကြီးဟောင်း ပြင်သစ်လွှတ်တော်နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mrs. Elisabeth Guigou ဦးဆောင်သောအဖွဲ့သည် ကော်မတီဆောင် I-12 တွင် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီကလာရောက်တွေ့ဆုံရာ ဥက္ကဋ္ဌမှ ကော်မတီ အစည်းဝေးခန်းမတွင် လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ရခိုင်ပြည်နယ် မောင်တောမြို့အနီးက စစ်ဆေးရေးဂိတ်တစ်ခုမှာ  မြန်မာနယ်ခြား စောင့်တပ်ဖွဲ့က ပစ်ခတ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့က ရိုဟင်ဂျာ တစ်ဦး သေဆုံးခဲ့ကြောင်း ကုလားတန်သတင်းဌာနက မနေ့က ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းမှာ ဖေါ်ပြထားပါတယ်။

သေဆုံးသူ ကိုမောင်မောင် ခေါ် မိုဟာမက် မူဆာဆိုသူဟာ အသက် ၂၃ နှစ်ရှိပြီး အဲဒီနေ့က ဗောလိဈေးကနေ ဘူးသီးတောင်ကို ကုန်ပစ္စည်းတွေနဲ့အတူ ခရီးသည် တင်ကားတစ်စင်းနဲ့ လိုက်ပါသွားခဲ့ကြောင်း၊ စစ်ဆေးရေးဂိတ်မှာ နယ်ခြားစောင့်တပ်ဖွဲ့က ငွေတောင်းခံရာကနေ သေဆုံးသူနဲ့ အချင်းများခဲ့ကြကြောင်း၊ အဲဒီအချိန်မှာ ရခိုင်လူမျိုး ဘတ်စ်ကားမောင်းသူက ကားကိုမောင်းထွက်ပြေးခဲ့တဲ့အတွက် နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၆ ဦးက ဆိုင်ကယ်တွေနဲ့ လိုက်လာ ပြီး မောင်နှမရွာအနီးမှာ ကားကိုမိတဲ့အခါ ကိုမောင်မောင်ကို  ပစ်သတ်သွားကြတာဖြစ်ကြောင်း စသဖြင့် ကုလားတန်သတင်းမှာ ပါရှိပါတယ်။

သေဆုံးသူကို မောင်တောဆေးရုံ ပို့ပြီး ဆရာဝန်စစ်ချက်ရယူကာ ဒီဇင်ဘာလ ဂ ရက်နေ့က ဘူးသီးတောင်မြို့မှာ သင်္ဂြိုလ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ သေနတ်နဲ့ ပစ်ခတ်သတ် ဖြတ်ခဲ့တဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့အရာရှိကို အရေးယူပေး ဖို့အတွက် သက်ဆိုင်ရာမိသားစုက မောင်တောရဲစခန်းမှာ တိုင်ကြားအမှုဖွင့် ထားကြောင်းလည်း သိရပါတယ်။ BNI နဲ့ မဇ္ဇိမသတင်းဌာနတွေက ထပ်ဆင့်ဖြန့်ဝေတဲ့ အခုသတင်းနဲ့ ပတ်သက်ပြီး မြန်မာ အာဏာပိုင်တွေထံက တစ်စုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပါဖူး။


(RFA Burmese)
RFA

ရှမ်းပြည်နယ် အတွင်းမှ မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊ မိုင်တောင်ရှိ စစ်ဘေးရှောင်
စခန်းများတွင် စစ်ဘေးရှောင်များ အတွက် ဆေးဝါးများနှင့် အဝတ်အထည်များ
ဆက်လက် လိုအပ်နေသေးကြောင်း ရှမ်းလူအခွင့်အရေး လှုပ်ရှားသူများထံမှ
သိရှိရသည်။

“ဆေးဝါးနဲ့ ဆန်၊ ဆီ၊ ဆားတွေက အဓိက လိုအပ်ပါတယ်။ မကြာခင်မှာ ဆန်နဲ့ ဆီ၊
ဆားတွေက ပြတ်လပ်တော့မယ်။ ဆန်၊ ဆီ၊ ဆား မပြတ်သေးခင် အမြန်ဆုံး
ကူညီပေးဖို့ လိုအပ်နေပါတယ်” ဟု စစ်ဘေး ဒုက္ခသည်များအား ကူညီပေးနေသူ
မိုင်းရှူးမြို့ခံ ဒေါ်နန်းကောင်ခမ်းက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များ၏ ကျေးရွာတွင် အစိုးရစစ်တပ်များက တပ်စွဲထားမှုတွေ
ရှိနေသေးပြီး စစ်တပ်၏ ဖိအားပေးမှုများကြောင့် နေရပ်တွင် ပြန်လည် အခြေမချ
နိုင်သေးကြောင်း ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းအချို့ထံ မှ သိရသည်။

“ဒီရှမ်းပြည်နယ်မှာရှိတဲ့ စစ်ဘေးသင့် ပြည်သူတွေ အတွက်ကတော့ ကူညီမှုတွေ
ဆက်လက် လိုအပ်နေပါတယ်။ တချို့ ကျတော့လည်း ကိုယ့်ရွာကိုယ် ပြန်ကြတယ်။
ရွာရောက်တော့ အခြေအနေက မကောင်းတော့ စစ်ဘေးရှောင် စခန်းကိုပဲ
ပြန်လာကြပါတယ်” ဟု နန်းခုံပရဟိတအသင်းမှ အဖွဲ့ဝင် ကိုခင်သန်းက ပြောသည်။

မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊ မိုင်တောင် ဒေသများရှိ စစ်ဘေးရှောင် စခန်းများတွင် နေထိုင်ရသည့် ကလေးသူငယ်များမှာ ဝမ်းပျက် ဝမ်းလျှောမှုများလည်းရှိပြီး
ပညာ သင်ကြားခွင့်လည်း မရရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မိုင်းရှူး၊ ဟိုက်ပါ၊ ဝမ်ဝ၊
မိုင်တောင်ဒေသရှိ စစ်ဘေး ဒုက္ခသည် စခန်းများတွင် စစ်ဘေးရှောင် ပြည်သူ
ခြောက်ထောင်ကျော် ရှိနေသေးကြောင်း သိရသည်။

သတင်း - MMK
Photo – Ko Shwe Aung Thinn
The Ladies News Journal

ဖားကန့်ဒေသ ကျောက်စိမ်း ဇာတ်လမ်းတွေကတော့ တစ်နေ့တစ်မျိုး မရိုးနိုင်အောင်
ပါပဲ ။ နှစ်စဉ်နှစ်တိုင်း အဲဒီ ဒေသနားမှာ တိုက်ပွဲတွေဖြစ်လိုက် ၊ ကျောက်စိမ်း
အဆမတန် တူးဖော်မှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးပြီး ရေကြီး
မြေပြိုလိုက် ၊ မြေစာပုံတွေ ပြိုကျပျက်စီးလို့ လူတွေ မြောက်မြားစွာ သေကြေ
ပျက်စီးလိုက် ဖြစ်တာတွေ အပါဝင် ကိစ္စရပ်တွေက အများအပြားပါပဲ ။
ခုလတ်တလောမှာလည်း ယာဉ်ယန္တရား ထောင်နဲ့ချီ ဖားကန့်ဒေသကို တရုတ်နိုင်ငံ
ဘက်ကနေ အဆမတန် ရောက်လာတယ် ။ စက်ကြီးတွေကိုသုံးပြီး ကျောက်စိမ်းတွေ
ကို အဆမတန် တူးဖော်နေတာကြောင့် ဒေသခံတွေ ကိုယ်တိုင် မြေသယ်ကားတွေ
အပါဝင် ယာဉ်ကြီးတွေကို တားဆီးမှုတွေ ပြုလုပ်နေတဲ့ သတင်းနဲ့ နောက်ထပ်
ကျောက်စိမ်း မြေစာပုံပြိုကျလို့ လူတွေ သေဆုံးတဲ့ သတင်းတွေလည်း ထွက်လာ
ပြန်ပြီ။

သတင်းနှစ်ပုဒ်က တစ်ခုစီလို ထင်ရပေမယ့် ဆက်စပ်မှု ရှိပါတယ်။
တရုတ်နိုင်ငံဘက်က လိုင်စင်မဲ့ မော်တော်ယာဉ်တွေ အပါဝင် ထောင်နဲ့ချီတဲ့
ယာဉ်ယန္တရားတွေ ကလည်း ဒီအစိုးရ သက်တမ်း မကုန်ခင် စပ်ကူးမတ်ကူး ကာလမှာ
ထောင်နဲ့ချီကို ရောက်လာတာ၊ ပြီးတော့ ကျောက်မိုင်းတွေ အဆမတန် ခွဲပြီး
တူးဖော်မှုတွေ လုပ် ၊ မြေစာတွေပုံ မြင့်လာတဲ့ မြေစာပုံတွေက ပြိုကျ၊ လူတွေသေ
ဆိုတဲ့ ကိစ္စတွေက ဆက်စပ် ဖြစ်ပေါ်နေခဲ့တာဖြစ်ပြီး ဒေသခံတွေကလည်း
စိုးရိမ်မူအပြည့်နဲ့ ယာဉ်တွေကို မြို့ထဲ ပေးမဖြတ်ဖို့ တားဆီးတာတွေ လုပ်လာခဲ့တာ
ဖြစ်ပါတယ်။ အစိုးရသက်တမ်း ကုန်ခါနီးလေလေ နေ့မအား ညမနား တူးဖော်မှုတွေ
က များလာလေလေ ဆိုပြီးတော့လည်း ဒေသခံတွေက ပြောဆိုတာ တွေ့ရပါတယ်။

အလဲဗင်းမီဒီယာနဲ့ The Ladies News တို့က ဖော်ပြခဲ့တဲ့သတင်းတွေကို ခြေရာ
ခံကြည့်မယ် ဆိုရင် တရုတ်နိုင်ငံက ယာဉ်ယန္တာရားတွေက ဦးဇခုံတိန့်ယိန်းရဲ့
နယ်ခြားစောင့်တပ်တွေနဲ့ အစိုးရ ထိန်းချုပ်ထားတဲ့ ကန်ပိုက်တီ နယ်စပ်ကနေ
တစ်ဆင့် အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်သန်းကာ ဖားကန့်အထိ
ရောက်လာပြီး အစိုးရသက်တမ်း မကုန်ခင် တူးနိုင်သမျှ အကုန်တူးတော့မယ်၊
သယ်နိုင်သမျှ အကုန်သယ်တော့မယ် ဆိုတဲ့ သဘောနဲ့ လုပ်နေကြပုံတွေကို
ဒေသခံတွေနဲ့ မေးမြန်း ရေးသားထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေက
ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာ တာဝန်ရှိသူတွေဘက်က တစ်ယောက်မှ
တိတိကျကျ ထုတ်ဖော်ဝန်ခံတာတော့ မတွေ့ရသေးပါဘူး။

တကယ်တော့ ဖားကန့်ဒေသက ကျောက်စိမ်းတွေဟာ ကမ္ဘာပေါ်မှာ အရည်အသွေး
အကောင်းဆုံး ကျောက်စိမ်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျောက်စိမ်းကို
အမြတ်တနိုးထားတဲ့ တရုတ်တွေအနေနဲ့ ရှေးအစဉ်အဆက် ကတည်းက ဖားကန့်
ဒေသက ကျောက်စိမ်းတွေကို ၀ယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ် ၊
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ် ကာလတစ်လျှောက်လုံးနဲ့ န၀တ ၊ နအဖ အစိုးရ
လက်ထက် တစ်လျှောက်ကနေ အခုလက်ရှိ အချိန်အထိကိုပဲ ၀ယ်ယူနေကြတာပါ။

ယုတ်စွအဆုံး ပြောရရင် အစိုးရဘက်ကပဲ ဖြစ်ဖြစ် အစိုးရနဲ့ နီးစပ်တဲ့ ကုန်သည်တွေ
ဆီကပဲ ဖြစ်ဖြစ် ၊ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ နဲ့ နီးစပ်သူတွေ အဆုံး
အားလုံးဆီက ကျောက်စိမ်းတွေက တရုတ်နိုင်ငံကို ရောက်သွားတာ ချည်းပါပဲ။
ပြည်တွင်းစစ်နဲ့ သယံဇာတ ခွဲဝေရေး ချိတ်ဆက်မှုက ဖားကန့်ဒေသ တစ်ခုကို
ကြည့်ရင်ပဲ သိသိသာသာ ကွက်ကွက်ကွင်းကွင်း မြင်နေရပါတယ်။ လောလောဆယ်
တူးနေတဲ့ ကုမ္ပဏီတွေကို ကြည့်ရင်ပဲ အစိုးရ ၊ စစ်တပ်တို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေ
ပါသလို ၊ ပြည်သူ့စစ် နယ်ခြားစောင့် လုပ်ထားတဲ့ အဖွဲ့တွေရဲ့ ကုမ္ပဏီတွေ ၊ UWSA
“၀” တပ်ဖွဲ့ရဲ့ ကုမ္ပဏီတွေလည်း ပါဝင်တာ တွေ့ရပါတယ်။

ယခင် ခေတ်ကာလတွေ တုန်းကတော့ သမားရိုးကျ ပုံမှန်အနေထား လောက်သာ
တူးခဲ့ပေမယ့် ဒီဘက် နောက်ပိုင်း ခေတ်တွေမှာတော့ ယာဉ်ယန္တာရားတွေ
အဆမတန်သုံးပြီး တူးဖော်မှုတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုကလည်း
မြင့်တက်လာတဲ့အတွက် မြေပြိုတာ ရေကြီးတာတွေက မဆန်းသလို တောင်
ဖြစ်လာနေပါပြီ။

အခုဖြစ်စဉ်ကတော့ တော်တော်လေးကို ထူးတယ်လို့ ဆိုရမှာပါ။ လပိုင်းအတွင်း
စက်ယန္တရား ထောင်ချီ ရောက်လာတယ် ၊ ကျောက်မိုင်းတွေ အဆမတန်ခွဲမှုတွေ
ပြုလုပ်လာတယ်၊ မြေစာတင်ကားတွေ နင်းကန်သွားတဲ့ အတွက် လမ်းပိတ်ဆို့မှုတွေ
ဖြစ်လာတယ်၊ ကလေးတွေ ကျောင်းသွားရင်တောင် လမ်းတွေကလည်း ကျဉ်းတဲ့
အတွက် ကမ်းပါးယံဘေးက ကပ်ပြီးသွားရတယ်ဆိုတဲ့ အဆင့်အထိ ဖြစ်လာခဲ့တာပါ။
ထူုးခြားတာကတော့ အစိုးရ သက်တမ်း လက်ကျန် ကာလအတွင်း အရှိန်မြှင့်
ကျောက်စိမ်း တူးဖော်မှုကို ကချင် ပြည်နယ်အစိုးရ အနေနဲ့ လုံးဝ မသိရှိဘူးဆိုပြီး
စစ်ထောက်လှမ်းရေးဟောင်း ရဲမိုး အယ်ဒီတာ လုပ်နေတဲ့ မြန်မာ ရီဗျူးဆိုတဲ့
ဂျာနယ်မှာ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အစိုးရ အနေနဲ့ ဒီလိုကိစ္စမျိုး
တကယ် မသိရှိဘူးဆိုရင် ဒါဟာ တော်တော်ကို ဆိုးရွားတဲ့ အခြေနေလို့ ဆိုရမှာပါ။

ပထမဆုံး ယာဉ်ယန္တာရားတွေ စရောက် လာပုံကိုပဲ ကြည့်ပါဦး။ ကန်ပိုက်တီ
နယ်စပ်ဆိုတာ အစိုးရနဲ့ ဦးဇခုံတိန့်ယိန်းတို့ရဲ့ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထား
တဲ့ နယ်မြေပါ။ အဲဒီကနေမှတစ်ဆင့် ဆဒုံး ၊ ၀ိုင်းမော် ၊ မြစ်ကြီနားစတဲ့ အစိုးရ
ထိန်းချုပ်နယ်မြေတွေကို ဖြတ်ပြီးမှ ဖားကန့် ဒေသကို ရောက်တာပါ။ စရဖ ၊ စစစ ၊
ရဲတပ်ဖွဲ့ ၊ သတင်းတပ်ဖွဲ့လို အဖွဲ့တွေကလည်း ဒီထောင်နဲ့ချီတဲ့ ယာဉ်တွေ ယန္တာရား
တွေကို မြင်တာနဲ့ သတင်းပို့မှာ မလွဲဧကန် ပါပဲ ။ ဘာကြောင့်လဲဆိုရင် ဒီထောင်နဲ့
ချီတဲ့ ယာဉ် ယန္တရားတွေက အကုန်လုံး လိုင်စင်မဲ့ ယာဉ်ယန္တာရားတွေ ဖြစ်နေတာ
ကြောင့်ပါပဲ ။ ဒါကတစ်ချက်ပါ။ မြစ်ကြီးနား မြို့ခံတွေ တော်တော်များများကတော့
ဒီယာဉ်တွေက အာဏာပိုင်တွေကို ငွေပေးပြီးမှ ဖြတ်သန်း သွားတယ် ဆိုတာကို
လည်း ယုံကြည်နေကြပါတယ်။ ( တချို့ဆိုရင် တစ်စီး ၁၀ သိန်း ပြည်နယ်ကို
ပေးထားတယ်လို့တောင် စွပ်စွဲသံတွေ ကြားနေရတာပါ)

နောက် ဒီယာဉ်ယန္တရားတွေ လာတုန်းက ဖားကန့်နဲ့ ကာမိုင်းကြားမှာ မိုင်နဲ့ချီ
ရှည်လျားတဲ့ ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့သေးတယ်လို့လည်း ဆိုကြပါတယ်။
ဒါလည်း သတင်းမရဘူးလားဆိုပြီး ထပ်မေးခွန်း ထုတ်ချင်စရာပါ။ အဲဒီယာဉ်တွေ
ယန္တာရားတွေ ရောက်လာပြီး တစ်လနီးပါး ကြာလာမှသာ မြို့ခံတွေအနေနဲ့
မြေစာတွေ စုပုံတာ များလာတာ ၊ ကျောက်မိုင်းတွေ အလွန်အကျွံ ခွဲလာတာ ၊
မြောက်မြားစွာသော ကားတွေ ဖားကန့်ကို စုပုံရောက်ရှိ လာတဲ့အတွက် ကားလမ်း
ပိတ်မှုတွေ ဖြစ်လာတာ ၊ ကလေးတွေ ကျောင်းသွားရင် ကားတွေကို ရှောင်ပြီး
ကမ်းပါးအစပ်တွေက ခြေလှမ်းပြီး သွားရတဲ့အတွက် မတော်တဆဖြစ်မှုတွေ များလာ
တာတွေကြောင့် ဘယ်သူရဲ့ တိုက်တွန်းချက်မှ မပါဘဲ ဆန္ဒပြတားဆီးမှုတွေ ပြုလုပ်
လာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကျောက်တွေကို အခုလို စပ်ကူးမတ်ကူး
ကာလမှာ အဆမတန် တူးဖော်မှုတွေကြောင့် ပြည်နယ်သူ ပြည်နယ်သားတွေ
အတွက် ထိထိရောက်ရောက် မဖြစ်ဘဲ သယံဇာတတွေ ကုန်ခန်းသွားမှာ စိုးရိမ်တာ
ကြောင့်လည်း ပါပါလိမ့်မယ်။ ဒီ သမ္မတဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်းမှာကိုပဲ
ဖားကန့်ဒေသမှာ ယာဉ်ယန္တာရားက ၁၀ ဆ ပိုမိုများပြားလာတယ်လို့လည်း
ဆိုထားတာ တွေ့ရပါတယ်။

တလောကပဲ ကျောက်စိမ်း အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ Global Witness ကတော့
ဖားကန့်ရဲ့ အခြေနေက အလွန်ကို ဆိုးရွားနေပြီ ဖြစ်တဲ့အတွက် ဒီကိစ္စကို
အရေးတကြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုတယ်လို့ ပြောလာတာလည်း တွေ့ရပါတယ်။
အခုလို အလောသုံးဆယ် မချိမဆန့် တူးဖော်နေရတဲ့ အကြောင်းအရင်းတွေထဲမှာ
မကြာခင် တက်လာတော့မယ့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်မှာ
ကျောက်စိမ်း ကုမ္ပဏီတွေအနေနဲ့ ပြန်တူးဖော်ခွင့် မရတော့မှာ စိုးရိမ်တဲ့အတွက်
လည်း ဖြစ်နိုင်ပါတယ်။

နောက်ပြီတော့ အန်အယ်လ်ဒီ အစိုးရလက်ထက်ကျရင်
အခွန်တွေ ပိုမိုပေးဆောင်ရဖွယ် ရှိလာတာကလည်း တစ်ချက်ပါပဲ။ တကယ်လို့
နောက်အစိုးရ လက်ထက် နိုင်ငံရေး ဆွေးနွေးပွဲကနေ တစ်ဆင့် ပြည်နယ်တွေကို
သယံဇာတ ခွဲဝေခွင့်တွေ အခွန်ကောက်ခံပိုင်ခွင့်တွေ ပိုပေးဖို့ စတဲ့ ဖွဲ့စည်းပုံပါ
အချက်တွေကို ပြင်ဆင်နိုင်ခဲ့ရင် ဒေသခံပြည်သူတွေက ကျောက်စိမ်း လုပ်ငန်းရဲ့
အကျိုးကို ခံစားရတော့မှာ စိုးရိမ်နေလို့လား ဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။

ကချင်ပြည်နယ်အစိုးရတို့ ၊ အာဏာပိုင်တို့က မသိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။
အစိုးရပဲဖြစ်ဖြစ် ကုမ္ပဏီပဲဖြစ်ဖြစ် ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ကုမ္ပဏီပဲ
ဖြစ်ဖြစ် ရောင်းရင် တရုတ်ကိုပဲ ရောင်းရတာပါ။ ဘယ်သူ့ ခွင့်ပြုချက်မှ မရဘဲနဲ့တော့
ဒီထောင်နဲ့ချီတဲ့ လိုင်စင်မဲ့ ယာဉ်ယန္တာရားတွေက ဖားကန့်ဒေသကို ရောက်လာစရာ
အကြောင်းကို မရှိပါဘူး။ အခုဖားကန့်မှာ ဖြစ်နေတဲ့ ကျောက်စိမ်း အလွန်အကျွံ
တူးဖော်မှုဟာ ပြည်သူပိုင် သယံဇာတ အလွဲသုံးစားပြုခြင်း နဲ့ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး ဆိုင်ရာ ရာဇဝတ်မှုခင်းကြီး တွေလည်း ဖြစ်ပါတယ်။

နောက်တစ်ချက်က တွင်းထွက် သယံဇာတ ပွင့်လင်းမြင်သာမှု ဆိုင်ရာ စံနှုန်းသတ်မှတ်ချက်ဖြစ်တဲ့ EITI စံနှုန်း သတ်မှတ်ချက်တွေ ထွက်မလာသေးခင်မှာ ရသမျှ ယူထားဆိုတဲ့ စိတ်နဲ့ လုပ်နေကြတာလည်း ဖြစ်ပါတယ်။ ဖွဲ့စည်းအခြေခံ ဥပဒေအရ ကြည့်မယ်ဆိုရင်လည်း နောက်ကြောင်းပြန် သက်ရောက်မှု မရှိစေရဆိုတဲ့ ကိစ္စက ၂၀၀၈ ဖွဲ့စည်းပုံ စတင်သက်ရောက်တဲ့ ကာလမတိုင်မီ အချိန်ကာလတွေကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။

နောက်ဆုံး သတင်းတွေအရ ဆန္ဒပြပြီး ကားတန်းတွေကို တားဆီးခဲ့သူတွေကို ဒေသ
အာဏာပိုင်တွေက တားဆီးခဲ့သလို၊ ကေအိုင်အိုကလည်း ဆန္ဒပြ ခေါင်းဆောင်အချို့
ကို ခေါ်ယူသွားတယ်လို့ သတင်းတွေလည်း ထွက်လာပါတယ်။ ကေအိုင်အို ဘက်
ကတော့ လုပ်နည်းလုပ်ဟန် မှားနေတဲ့အတွက် ခေါ်ယူဆွေးနွေးဖို့ဆိုပြီး ပြောနေတာ
တွေ ရှိပေမယ့် ဒီကျောက်စိမ်း အလွန်အကျွံတူးတဲ့ ကိစ္စတွေ ဖြစ်လာ ၊ ဆန္ဒပြမှုတွေ
ဖြစ်လာကတည်းက အစိုးရဘက်က ရဲတို့ တပ်တို့ပါ ငြိမ်နေတာကလည်း စိတ်ဝင်စား
စရာပါ။ မီဒီယာတွေ အော်လွန်းတဲ့အတွက် အဲဒီကို ရောက်နေတဲ့ ယာဉ်ယန္တရားတွေ
က တရားဝင် ဟုတ်မဟုတ် စစ်ဆေးမယ်ဆိုပြီး အစိုးရဘက်က အသံထွက်လာတာ
လည်း တွေ့ရပါတယ်။

Global witness စာတမ်းပါ ကုမ္ပဏီစာရင်းတွေ အရဆိုရင် အာဏာရှင်ဟောင်း
မိသားစုတွေ ၊ ခရိုနီတွေနဲ့ ၊ စစ်ဘုရင်၊ ဘိန်းဘုရင်တွေပါ ဖားကန့်ဒေသ
ကျောက်စိမ်းတွင်းတွေကို ပိုင်ဆိုင်နေကြောင်းပါ။

စိုင်းထွန်းအောင်လွင်

The Ladies News Journal


ဘရူနိုင်းဘုရင် ဘရူနိုင်းဘုရင်

ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ ဘရူနိုင်းနိုင်ငံဟာ ဒီနှစ်ဧပြီလအစောပိုင်းတုန်းက အစ္စ လာမ်ဘာသာရေး အယူဆအရ လူတယောက်ကို ကျောက်တုံးနဲ့ မသေမချင်းထုသတ်နိုင်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ကမ္ဘာတလွှားက ဝေဖန်မှုတွေလုပ်နေချိန်မှာပဲ နောက်ထပ်ဥပဒေတခုကို ထုတ်ပြန်လိုက်ပါတယ်။
ခရစ္စမတ်ပါတီဆင်နွှဲမယ့် ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်တယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ခုလိုတားမြစ်တာဟာ အစ္စလာမ်ဘာသာထက် တခြားဘာသာတွေ ပြန့်ပွားဖို့ကို တားမြစ်တာလို့ ဘရူနိုင်းနိုင်ငံသာသနာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘရူနိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင် ဦးရေဟာ အကြမ်းအားဖြင့် နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာရှိနေတာပါ။
ဘရူနိုင်းနိုင်ငံအစိုးရ သတင်းထုတ်ပြန်ချက်မှာ အစ္စလာမ်နိုင်ငံတွေမှာ နေထိုင်ကြတဲ့ တခြားဘာသာဝင်တွေအနေနဲ့ နိုင်ငံရဲ့ချမှတ်တဲ့ ဥပဒေအောက်မှာ နေထိုင်ကြရမယ်လို့ ဖော်ပြထားတာပါ။
bummmစီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ခရစ္စမတ်ပွဲတော်ကာလမှာ အများပြည်သူ ထင်သာမြင်သာဖြစ်အောင် အလှဆင်ပြသထားတာတွေကို ပြန်လည်ဖြုတ်ချရမှာဖြစ်ပြီး အခုချမှတ်ထားတဲ့ ဥပဒေအတိုင်း ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးချမှတ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေကို အသက် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရူနိုင်းဘုရင် ဟာဆန်နာဘော်လ်ကီယာရဲ့ ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်သွားမယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ကာဗာရေ့ခ်ျသတင်းမှာ ဖော်ပြပါတယ်

DVB
http://burmese.dvb.no/archives/127682

ကချင်ပြည်နယ် ဖားကန့်ဒေသ မှော်စီဇာမှော်ရှိ လုပ်ကွက်အချို့ကို ၂၀၁၅ ခုနှစ် နှစ်ဦးပိုင်းက တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကချင်ပြည်နယ်၌ ဖားကန့်ကိစ္စအပါအ၀င် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးရာတွင် ပွင့်လင်းမြင်သာမှုရှိရေး ဦးစားပေးဆောင်ရွက်သင့်ကြောင်း ကချင်ပြည်နယ်အခြေပြု ကချင်တိုင်းရင်းသားပါတီများက တိုက်တွန်းပြောကြားသည်။

ကချင်ပြည်နယ်တွင် ပြည်နယ်အခြေပြု တိုင်းရင်းသားပါတီများမှာ ပြည်နယ်လွှတ်တော်တွင် နေရာအနည်းငယ်သာ အနိုင်ရရှိခဲ့ပြီး အများစုမှာ ရှုံးနိမ့်သဖြင့် ၎င်းတို့ပါတီများအနေဖြင့် NLD ပါတီက အစိုးရတစ်ရပ် ဖွဲ့စည်းလာပါက ကချင်ပြည်နယ်တွင် မည်သည့်ပြဿနာများကို စတင်ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း The Daily Eleven သတင်းစာ၏ မေးမြန်းမှုအပေါ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“တန်းတူညီမျှရရှိဖို့ စီးပွားရေးတွေကိုလည်း အကုန်လုံး တစ်ပြေးတည်းဖြစ်ဖို့ လိုတာပေါ့။ ဥပမာ ကျွန်တော်တို့ ဖားကန့်နယ်မြေမှာဆိုရင် တခြား ကချင်မဟုတ်တဲ့သူတွေ က လွှမ်းမိုးပြီးမှ ချုပ်ကိုင်နေတဲ့ဟာမျိုး ဖြစ်တယ်။ ဒေသခံတွေက ဘာမှအကျိုးမရှိဘူး။ စီးပွားရေးတွေကို တန်းတူအခွင့်အရေး ပေးရမယ်။ ဒီစီမံကိန်းတွေကို ဖြန့်ပြီးမှ လုပ်ပေးရမယ်။ လွန်ခဲ့တဲ့အချိန်က ပါတီကြီးတစ်ခုက အကုန်လုံး လက်ဝါးကြီးအုပ်ပြီး လုပ်ကိုင်နေတဲ့အခြေအနေမျိုး ဖြစ်တယ်။ ဒါကြောင့် ဒီဟာမျိုးပဲဖြစ်တယ်။ သူတို့နဲ့ပတ်သက်တဲ့ စီးပွားရေးသမားတွေပဲ ရတဲ့ဟာမျိုးဖြစ်တယ်။ ပွင့်လင်းပြီးမှ မြင်သာမှုရှိတဲ့ ယှဉ်ပြိုင်မှုလုပ်နိုင်မယ့် စီးပွားရေးမျိုးဖြစ်စေချင်တယ်”ဟု ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ထို့ပြင် ကချင်ပြည်နယ်တွင် ရွှေတူးဖော်ရေး၊ ကျောက်စိမ်းနှင့် ပယင်းတူးဖော်ရေးလုပ်ငန်းများကို ခရိုနီလုပ်ငန်းရှင်များက ကြီးစိုးနေကြောင်း၊ ခရိုနီလုပ်ငန်းရှင်များ အနေဖြင့် ဒေသခံများ တစ်နိုင်တစ်ပိုင် လုပ်စားရမည့်အပေါ်တွင် ငွေအင်အား၊ ယန္တရားအင်အားနှင့် အစိုးရလုပ်ပိုင်ခွင့်တို့ဖြင့် စိုးမိုးထားသည်ကို ဒေသခံများအတွက် NLD က ဖွဲ့စည်းမည့်အစိုးရအနေဖြင့် ကောင်းမွန်မျှတ လုပ်ဆောင်ပေးရန်လိုကြောင်း ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်အထွေထွေအတွင်းရေးမှူး ဦးစီစီနော်ဂျာက ပြောကြားသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအချိန်မှာ ကျွန်တော်တို့ရဲ့ပြည်သူလူထုတွေ နောက်ပြီးတော့ တောင်သူလယ်သမားတွေ လယ်ယာတွေ အများကြီး အဓမ္မသိမ်းထားတာကိုလည်း NLD အနေနဲ့ မှန်ကန်မျှတစွာ သူတို့ လက်ထဲကို ပြန်ပြီးတော့ အပ်နှံနိုင်မယ်။ နေရာတွေကို လုပ်ပိုင်ခွင့်ပေးမယ်ဆိုရင် ပြည်သူလူထုတွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်စားသောက်လို့ရမယ်။ NLD ကိုလည်း အများကြီးဝန်းရံပြီးတော့ အားကိုးလာလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ အဲဒီသုံးခုကိုတော့ NLD ကို အကြံပေးချင်ပါတယ်”ဟု ဦးစီစီနော်ဂျာက ပြောကြားသည်။

ထို့အတူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာ (ဒေါက်တာတူးဂျာ) က ကချင်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍအားလုံးကို ကိုင်တွယ်ရမည်ဖြစ်သော်လည်း လတ်တလော NLD က ဖွဲ့စည်းမည့် အစိုးရအနေဖြင့် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စနစ်တကျဖြစ်စေရန်နှင့် မြန်မြန်ဖြေရှင်းပေးရန် လိုကြောင်း ပြောကြားသည်။

“သဘာဝသယံဇာတ ကိစ္စပေါ့ဗျာ။ သယံဇာတပိုင်ရှင်တွေက ပြည်သူတွေ ဖြစ်တယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားမပါဘဲနဲ့ သံယဇာတတွေ ခိုးယူထုတ်ရောင်းစားနေတဲ့ဟာကို တားမြစ်ရမယ်။ စနစ်တကျ ကိုင်တွယ် ဖြေရှင်းရမယ်။ အခုလက်ရှိ ဖားကန့်မှာ အားလုံးလည်း ကြားနေရတာပေါ့။ ဖားကန့်မှာက အခုက ဒီမြေပြိုတော့ ရေမဆေးကျောက် ကောက်တဲ့သူတွေ အများကြီး မြေပိပြီး သေကုန်တာတွေရှိတယ်။ ဒါတွေကိုလည်း စနစ်တကျ သင်္ဂြိုဟ်တာတို့ စနစ်တကျ ဖြေရှင်းပေးတာတို့တွေမှာလည်း အားနည်းချက်တွေ အများကြီးရှိတယ်။
ပြီးလို့ရှိရင် အခုကုမ္ပဏီတွေက သူတို့လည်း အလုအယက် လုပ်နေကြတယ်။ သူတို့က ယန္တရားတွေအသုံးပြု။ ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ တော်တော်လေး လုပ်နေကြတယ်။ အဲဒါကလည်း ပြောမယ်ဆိုရင် ပြည်သူအကျိုး ပါတာမဟုတ်ဘူး။ ကုမ္ပဏီတွေက လက်ရှိအစိုးရနဲ့ စာချုပ်ထားတာဆိုတော့ လက်ရှိအစိုးရ သက်တမ်းမကုန်ခင် ရသမျှလုပ်နေတဲ့သဘော ရှိတယ်။ ဒါတွေက အထိန်းအကွပ်မရှိ ကိုယ်လုပ်ချင်တဲ့အပိုင်း ကိုယ်လုပ်နေတာ တွေ့ရတယ်။ ဒါနောက်ဆုံးကျတော့ ပြည်သူပဲ နာတယ်လေ။
အဲဒီတော့ မြေပေါ်မြေအောက် သယံဇာတတွေကိုလည်း ပြည်သူအကျိုးအတွက် ဖြစ်စေချင်တယ်” ဟု ဦးမနာမ်တူးဂျာက ပြောကြားသည်။

ထို့ပြင် NLD အနေဖြင့် ရေရှည်ဆောင်ရွက်ရမည့် နိုင်ငံရေးပြဿနာဖြစ်သည့် ပြည်တွင်းစစ်နှင့် ဖက်ဒရယ်အရေးကိစ္စကိုလည်း မေ့မထားရန်လိုကြောင်း ကချင်ပါတီများက အကြံပြုပြောကြားသည်။

ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၈ နေရာ၌ NLD ပါတီက ၁၂ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက သုံးနေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က တစ်နေရာ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီက တစ်နေရာနှင့် အမျိုးသားလွှတ်တော် ၁၂ နေရာတွင် NLD ပါတီက ၁၀ နေရာ၊ တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီက တစ်နေရာ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်က တစ်နေရာ အသီးသီးအနိုင်ရရှိထားသည်။

အလားတူ ကချင်ပြည်နယ်လွှတ်တော် ၃၆ နေရာတွင် NLD ပါတီက ၂၂ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ခုနစ်နေရာ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီက သုံးနေရာ၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)က တစ်နေရာ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က နှစ်နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက တစ်နေရာတို့ဖြစ်ပြီး ဗမာ၊ ရှမ်း၊ လီဆူနှင့် ရ၀မ်တိုင်းရင်းသား ကိုယ်စားလှယ်လေးဦးနေရာတွင်လည်း NLD ပါတီက အနိုင်ရှိထားသည်။


Writer:
ကျော်ဇင်ဝင်း

အသက်ငါးနှစ်အရွယ် ကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သော စစ်ပြေး ကျော်ကျော်မိုး အား စစ်ဘက်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကာ အရပ်ဘက်တရားရုံး၌ စတင်စစ်ဆေးသွားမည်ဖြစ်ရာ ပထမအကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာ ၂၃ ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲခန့်က စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် (မီးလောင်ကွင်း) တွင် နေထိုင်သော မ.... (အသက် ၅ နှစ်)သည် အိမ်နောက်ဘက်တွင်ရှိ သော ချုံပုတ်သို့ အိမ်သာတက်ရန် သွားရောက်စဉ် တပ်ပြေးတစ်ဦးဖြစ်သူ အိမ်နီးချင်းနေ ဦးကျော်ကျော်မိုး၊ အသက် ၅၀၊ (ဘ) ဦးကြည်ထွန်း၊ ခမရ ၃၇၈ မှ ကလေးငယ်အား ပါးစပ်ပိတ်ပြီး ချုံထဲသို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ကြောင်းနှင့် နောက်ပိုင်း ပြေးထွက်လွတ်မြောက်လာပြီး မိခင်ဖြစ်သူအား တိုင်တန်းသဖြင့် မိခင်ဖြစ်သူက သမီးအား စစ်ဆေးကြည့်ရာ သွေးများနှင့် ဒဏ်ရာများကို တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား အကူအညီတောင်းခံခဲ့ရာ သက်ဆိုင်ရာမှ လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကျူးလွန်ခံရသော ကလေးငယ်အား စစ်တွေဆေးရုံသို့ ချက်ချင်းတင်ပို့ ကုသမှုခံယူခဲ့ပြီးနောက် သုံးရက်အကြာတွင် ဆေးရုံးမှ ဆင်းခွင့်ရခဲ့ကြောင်း သိရှိရသည်။

ထိုဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာ တရားရုံးမှ ကျော်ကျော်မိုးအား နိုဝင်ဘာ ၁၇ ရက်က စစ်ပြေးမှုအပါအ၀င် တပ်မတော်ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်ခြင်းတို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့ ကြောင်း၊ ယင်းနောက် နယ်မြေခံရဲသို့ ဒီဇင်ဘာ ၉ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ အဆိုပါနေ့က ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့ရာတွင် ၃၇၆/၃၇၇ ဖြင့် တရားစွဲဆိုခဲ့သော်လည်း ယခုအခါတွင် စစ်တွေမြို့၊ မြို့မရဲစခန်းမှ (ပ) ၂၃၄/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၁၁/၃၇၆/၃၇၇ တို့ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။ သန်းလှိုင်(စစ်တွေ)
Eleven Media Group

ပင်လောင်မြို့နယ်ရှိ တီကျစ်ကျောက်မီးသွေးတို့အား ၂၀၁၄ ခုနှစ် နိဝင်ဘာလ အတွင်းက တွေ့ရစဉ်

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်တွင် ကျောက်မီးသွေးတွင်းများ တူးဖော်နေမှုကြောင့် ဘေးထွက်ဆိုးကျိုး ဒဏ်များကို တီကျစ် ဒေသခံများ ဆိုးရွားစွာ ခံစားနေရကြောင်း တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်ထိ (၃) ရက် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ရှမ်းပြည်နယ် လူထု၏ အော်သံ ဆွေးနွေးပွဲ ဒုတိယရက်တွင် ရှမ်းပြည်နယ်တွင်း မြေယာနှင့် သဘာဝ သယံဇာတ အရေးများကြောင့် တွေ့ကြုံခံစားခဲ့ရသော ပြဿနာရပ်များကို ခေါင်းစဉ်အလိုက် ဖြစ်စဉ်များ ဖတ်ကြားရာတွင် လူမှု အဖွဲ့အစည်းများနှင့် ဒေသခံများက ဖတ်ကြားသွားခဲ့သည်။

“ရှမ်းပြည်နယ်မှာ သတ္တုတွင်းဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်။ ကျောက်မီးသွေး တူးရာကနေ ထွက်လာတဲ့ ရေဆိုးရေညစ်တွေ ရှိတယ်။ ဒီရေဆိုး ရေညစ်တွေကို ရေစုပ်စက်ကြီးတွေနဲ့ တင်ပြီး အပေါ်ချောင်းကို စုပ်တင်တယ်။ အပေါ်ချောင်းက တဆင့် လယ်ကို သွင်းရတယ်။ လယ်ကိုသွင်းတော့ သီးနှံထွက်နှုန်း ကျတာတွေ၊ သီးနှံက ကြာကြာ အထားမခံဘူး။ ကြက်သွန်ဖြူဆို အရင်က တစ်နှစ်လုံး ထားတယ်။ အခုက ၆ လ မခံဘူး။ ဒီရေတွေက ဘီလူးချောင်းက တစ်ဆင့် အင်းလေးကန်ကို ၀င်သွားတယ်။ အင်းလေးကန် ရောက်သွားရင် အမျိုးမျိုး ဖြစ်နိုင်တယ်။ မီးခိုးတွေ မြေယာသီးနှံပေါ် ကျရင်လည်း ပျက်စီး ဆုံးရှုံးရတယ်။ ကျန်းမာရေးဆိုင်ရာ ပြဿနာ အပြင် စီးပွားရေးနဲ့ လူမှုရေးတွေလည်း ခံစားနေရတယ်” ဟု မြန်မာလူထု မဟာမိတ်အဖွဲ့ (MPA) မှ ကိုဝင်းရှိန်းမြတ်က ပြောကြားသည်။

“တီကျစ်မှာ ခုလောလောဆယ် သိသိသာသာ ဖြစ်နေတာ လမစေ့၊ ပေါင်မစေ့ မွေးဖွားတာတွေ၊ သားပျက် သားလျောတာတွေ၊ လူတွေ၊ တိရစ္ဆာန်တွေမှာ တွေ့လာတယ်ပေါ့။ ကလေးတွေမှာ အဆုတ်နဲ့ ပတ်သက်တာတွေပေါ့။ ကျန်းမာရေး ဌာနက ပြောပိုင်ခွင့် မရှိဘူး ပြောတယ်။ ကျွန်တော်တို့ အနီးတစ်ဝိုက် ကျန်းမာရေး အခြေအနေ သိချင်တယ် ဆိုတော့ သူတို့က ပြောတယ် ကောင်းတယ်တဲ့။ ကောင်းတယ်ဆိုပြီး ပြီးခဲ့တဲ့ ၂၀၁၄ က တစ်လထည်းမှာ ၂၈ ယောက် သေသွားတာ ရှိတယ်။ တချို့လူဆို ဘာရောဂါမှန်း မသိဘူးလေ။ ဆေးရုံရောက်မှ သေသလို၊ အိမ်မှာလည်း သေတယ်။ ဒီ ၂၀၁၅ ခုနှစ် ၉ လပိုင်း ၁၀ လပိုင်းမှာ တစ်ခေါက်ထပ်ဖြစ် ပြန်တယ်။ ဒါဆို ဒေသက ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေ ရှိတာပေါ့။ ဒါကို သက်ဆိုင်ရာကို တင်ပြ ပြောပြတယ်။ ဒါပေမဲ့ သူတို့က ထဲထဲဝင်ဝင် မလုပ်ပေးဘူးလို့ မြင်တယ်” ဟု ပင်လောင်းမြို့နယ် တီကျစ်ကျေးရွာမှ စိုင်းသန်းဝင်းက ပြောကြားသည်။

၂၀၀၂ ခုနှစ်တွင် PNO၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် KBZ နှင့် ဧဒင်တို့ လေးဦးစပ်ပေါင်းကာ ရှမ်းရိုးမ နဂါး-ကုမ္ပဏီ အမည်ဖြင့် တီကျစ်တွင် ဧကပေါင်း - ၅၄၄ ကျောက်မီးသွေး တူးဖော်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် “ဧဒင်စွမ်းအင် သဘာဝရင်းမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး” ကုမ္ပဏီလီမိတက် အမည်ဖြင့် တီကျစ်တွင် ၈၂၄ ဧက ဆက်လက် လုပ်ကိုင်နေကြောင်း သိရသည်။ ထို့ပြင် အသေးစား လုပ်ကွက်များစွာ ရှိကြောင်း၊ ၂၀၁၄ ဒီဇင်ဘာတွင် သက်တမ်းကုန်သွားသော်လည်း ဆက်လက် တူးဖော်နေသည်များလည်း ရှိသေးကြောင်း၊ ဒေသခံများ စိုက်ပျိုးထားသော သီးနှံများကို စည်းကမ်းမဲ့ စားသောက်သဖြင့် သွားပြောရာတွင် ခိုက်ရန် ဒေါသဖြစ်ပွားမှုများ ရှိကြောင်း ၎င်းက ပြောကြားသည်။

တီကျစ်တွင် ရွာပေါင်း ခုနစ်ရွာမှ ကိုးရွာထိ ထိခိုက်နစ်နာမှု ရှိကြောင်း၊ လက်ရှိ မိုင်းတွင်းကို တောင်ဘက် အရပ်တွင် ရွှေ့ပြောင်း တိုးချဲ့ရန် ရှိသေးကြောင်း၊ သတ်မှတ်ထားသော နေရာအထိ၊ တီကျစ် တောင်ဘက် တစ်မိုင်တွင် မီးသွေးချောင်းရွာနှင့် တပ်ကုန်းရွာ နှစ်ရွာတို့ပါ ရွေ့ရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။ အစိုးရ ထုတ်ပြန်ချက် စာရင်းဇယားအရ တီကျစ်အောက်ခြေတွင် ၂၂ ဘီလျံတန် ရှိသော မြန်မာနိုင်ငံတွင် အကြီးဆုံး ကျောက်မီးသွေးတွင်း ဖြစ်ကြောင်း၊ လက်ရှိ ထုတ်ယူနေသည်မှာ တစ်ဘီလျံတန်ပင် မပြည့်သေးကြောင်း၊ နောက်ထပ် ၂၁ ဘီလျံတန် ရှိသေးသဖြင့် ဆက်လုပ်လျှင် တီကျစ်သည် အင်းပြင်သဖွယ် ဖြစ်သွားနိုင်ကြောင်း ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သော စာတမ်းများအရ သိရသည်။
Writer:
စည်သာ (တောင်ကြီး)
Eleven Media Group

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရှုံးနှိမ့်ခဲ့သောမွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာန၏ လက်ရှိ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၏ ၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စား လှယ်ဖြစ်သူ ဦးမျိုးချစ်က သန်လျင် မြို့နယ်မှ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးအား တရားစွဲဆိုမှုကို တရားရုံး၌ ထွက်ဆိုချက်ပေးရာတွင် ကျောက်တန်းရဲစခန်း၌ ထွက်ဆိုခဲ့သည်များနှင့် ကွဲလွဲနေ၍ ဒေါ်အေးမြမြမျိုး၏ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပုဒ်မ ၁၉၃ မမှန်မကန် ထွက်ဆိုမှုဖြင့် တရားရုံးသို့ ပြန်လည် လျှောက်ထား ခဲ့ကြောင်း ကျောက်တန်းမြို့နယ် NLD ပါတီ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီဇင်ဘာ ၁၄ ရက်တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရုံးချိန်း၌တရားလိုဖြစ်သူ ဦးမျိုးချစ်က ထွက်ဆိုရာတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် စီးလာသောကားတွင် ဆရာတော်များ ပါလာသည့်အတွက် NLD မှ မဲဆွယ်နေသော ဆိုင်ကယ်များက လမ်းဖယ်ပေးခဲ့သည်ဟု ထွက်ဆိုချက်မှာ ကျောက်တန်းမြို့ မရဲစခန်းတွင် ထွက်ဆိုချက်များနှင့် ကွဲလွဲနေသည့်အပေါ် ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

““ဒီနေ့တရားလိုကို စစ်တယ်ပေါ့နော်။ တရားလိုက စခန်းမှာ ထွက်ဆိုထားတဲ့အမှုနဲ့ တရားရုံးမှာ ထွက်ဆိုထား တဲ့အမှု ကွဲလွဲတယ်။ အဲဒီလို ထွက်ဆိုတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ရဲ့ရှေ့နေက ပြန်ပြီး ၁၉၃ နဲ့ မမှန်မကန် ထွက်ဆိုမှုကို တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။ ရဲစခန်းမှာ အမှုဖွင့်ထားတုန်းက လမ်းပိတ်ဆို့တယ်ပေါ့။ ကျွန်မတို့က ဘာမှလည်း ကျူးလွန်တာ မဟုတ်ဘူး။ တရားဥပဒေဘောင်အတွင်းက မြို့နယ်ကော်မရှင်ရဲ့ ခွင့်ပြုချက် အတိုင်း လုပ်ခဲ့တာဆိုတော့ ကျွန်မနိုင်သွားခြင်းအပေါ်မှာ အနောင့်အယှက် ဖြစ်အောင်လို့ပေါ့””ဟု NLD အနိုင်ရ ကျောက် တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး က ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ကာလအတွင်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်နှင့် အဖွဲ့သည် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာ အရှေ့ကျောင်းတိုက် ဓမ္မာရုံတွင် ဟောပြောမှု ပြုလုပ်ပြီး ကြာကန်ကျေးရွာသို့သွားရာ NLD ပါတီဝင်များက ပိတ်ဆို့ခဲ့သည့်အတွက် ရွာတောင်ပိုင်းသို့ ပြန်ထွက်ခဲ့ပြီး တောင်ဘက်ဘုန်းကြီးကျောင်း၏ မျက်နှာချင်းဆိုင်တွင်လည်း ဆိုင်ကယ်အစီး ၅၀ ဖြင့် ပိတ်ဆို့ထားခြင်းကြောင့် ပိတ်ဆို့ထားသည့် ကားတစ်စီးတွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးကို တွေ့ရသဖြင့် ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်တွင် ပုဒ်မ ၁၄၃ မတရား တားဆီးမှုဖြင့် ဦးအုန်းမြင့်၏ ကိုယ်စားလှယ် ဦးမျိုးချစ်က တရားလိုပြု အမှုဖွင့်ခဲ့ချိန်က ကျောက်တန်းမြို့မ ရဲစခန်းတွင် ထွက်ဆိုချက်များနှင့် ဒီဇင်ဘာ ၁၄ ရက်က ကျောက်တန်းမြို့နယ် တရားရုံးတွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရုံးချိန်း၌ ထွက်ဆို ချက်များ ကွဲလွဲခဲ့ခြင်းဖြစ်သည်။

““တိုင်ကြားသူတရားလိုကို စစ်တာပေါ့။ ကျွန်တော်တို့က အဲဒါနဲ့ ပတ်သက်ပြီး တရားရုံးဘက်ကို လျှောက်ထား ခဲ့တာရှိတယ်။ အရေးယူပေး ဖို့ပေါ့။ လျှောက်လွှာတင်ထားတာတော့ လက်ခံထားတာပေါ့။ နောက် တစ်ချိန်းကျမှ လျှောက်လွှဲချက် ပေးပြီးမှ ဆုံးဖြတ်ပေးမှာပေါ့”” ဟု ဒေါ်အေးမြမြမျိုးဘက်မှ ကူညီ ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ရှေ့နေ များကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။

အဆိုပါ တရားစွဲဆိုမှုအတွက် ပထမအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၁၁ ရက်က ကျောက်တန်းမြို့နယ် တရားရုံး၌ ပြုလုပ်ခဲ့ပြီး ယင်းရုံးချိန်းတွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးမှာ အာမခံရယူခဲ့ပြီး ၎င်းတို့၏ တတိယအကြိမ် ရုံးချိန်းကို ဒီဇင်ဘာ ၂၁ ရက်သို့ ချိန်းဆိုထားသည်။

မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald