12/23/15
dassk-aungmin-620.jpg
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ MPC အဖွဲ့ဝင်တွေ ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြစဉ်
Photo: NLD Chairperson Facebook
လာမယ့် ဇန်န၀ါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ဝန်ကြီး ဦးအောင်မင်းတို့ နေပြည်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးအဆောင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
မြန်မာငြိမ်းချမ်းရေးစင်တာအဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တယ်လို့ ဒီဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောပါတယ်။
"သူတို့ဘက်က တင်ပြတာကတော့ အပစ်ခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သူတို့လုပ်ဆောင်ခဲ့တာတွေ၊ နောင်အလားအလာတွေ အထူးသဖြင့် ဇန်နဝါရီလ ၁၂၊ ၁၃၊ ၁၄ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ညီလာခံလုပ်မယ့်ကိစ္စတွေ တင်ပြတာပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးအောင်မင်း ခေါင်းဆောင်တဲ့အဖွဲ့ပေါ့ MPC ကအဖွဲ့ အခုထိလုပ်ဆောင်မှုတွေကို အသိမှတ်ပြုတယ်၊ တန်ဖိုးထားတယ် နောက်အစိုးရကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေထဲက ကောင်းမွန်တဲ့အချက်တွေကို အခြေခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်၊ လက်ရှိ MPC ရဲ့ အနေအထားကိုလည်း ပြန်လည်သုံသပ်သွားမယ်ပေါ့ အဲ့ဒါတွေဆွေးနွေးပါတယ်"
လာမယ့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို နေပြည်တော်မှာ ကျင်းပမှာဖြစ်ပြီး အဲဒီညီလာခံမှာ အစိုးရ၊ လွှတ်တော် ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်စုစုပေါင်း ၇၀၀ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
တက်ရောက်ခွင့်ရမယ့် ကိုယ်စားလှယ်တွေကို ဖိတ်ကြားဖို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီရဲ့ အစည်းအဝေးကို လာမယ့်ဇန်နဝါရီလ ၅ ရက်နေ့မှာ ရန်ကုန်မြို့မှာ ကျင်းပပြီး ဖိတ်ကြားမယ့်သူတွေရဲ့စာရင်းကို ထုတ်ပြန်မယ်လို့ သိရပါတယ်။
RFA
parliament-620.jpg နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် မေလ ၂၇ ရက်နေ့က လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။
Photo: RFA
ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေသုံးစွဲခွင့်ပြုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အတည်ပြုပြဌာန်းလိုက်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာဖို့အတွက် လိုအပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။
"ဒီလိုဥပဒေအသစ်နဲ့ ပြောင်းလဲတာတွေ ရင်းနှီးမြှုပ်နှံမှုတွေဟာ အခုထက်ပိုလာဖို့ ကျနော်တို့ မျှော်လင့်ရတာပေါ့၊ ကနဦးဥပဒေအရ ရင်းနှီးမြှုပ်နှံမှုဟာ နှစ်ပိုင်းစဉ်းစားလို့ရပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ရင်းနှီးမြှုပ်နှံ မှုတွေရှိသလို တိုင်းဒေသကြီး ပြည်နယ်အတွက်လည်း ရင်းနှီးမြှုပ်နှံမှုကို အထူးပြုရမယ့်ဟာတွေရှိတယ်၊ ရင်းနှီးမြှုပ်နှံမှုကနေရမယ့် ရလဒ်တွေဟာ အထူးသဖြင့် အလုပ်အကိုင်အခွင့်အရေးတွေ၊ စီးပွားရေး အခွင့်အရေးတွေ တိုးတက်ဖို့လိုတာပေါ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာရင် ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးအတွက် တင်မကပါဘူး လူမှုရေးလည်းပါတယ် နည်းပညာလည်းပါတယ် ဈေးကွက်လည်းပါတယ်"
ဒီဥပဒေတွေဟာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်မယ့် ဥပဒေဖြစ်ပါတယ်။
ဒီဥပဒေအတိုင်း မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုများလာအောင် ပြည်ထောင် စုအစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့လည်း ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။
RFA
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဒီဇင်ဘာ ၂၂
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သားရွဲကျေးရွာမှ ရွာသားများပိုင် ဘုံမြေ တစ်ခုအား စစ်မှုထမ်းဟောင်းအဖွဲ့မှ ဆိုင်းဘုတ်ထောင်ရာမှ ရွာသားနှင့် စစ်မှုထမ်းဟောင်း အဖွဲ့တို့ကြား ပြသနာ ဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။
မြေနေရာအကျယ်အဝန်းမှာ တစ်ဧကခန့်ရှိပြီး သားရွဲကျေးရွာသားများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သော မြေဖြစ်ကြောင်း အဆိုပါကျေးရွာနေ ဦးခင်မောင်လှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ယင်းမြေပေါ်တွင် ပေါက်တောမြို့နယ်မှ စစ်မှုထမ်းဟောင်းအဖွဲ့က သူတို့ပိုင်သည့် မြေဟု ဆိုကာ မကျူးကျော်ရန် ဆိုင်းဘုတ်လာ ထောင်ထားရာမှ ရွာသားများနှင့် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေကြသည်ဟု သိရသည်။
“ကျွန်တော်တို့ရဲ့ဘိုးဘွားမြေကို စစ်မှုထမ်းဟောင်းက ဒီနေ့ဒီအချိန်ကျမှပဲ ငါတို့ မြေဆိုပြီးတော့ လာလုပ်ပါတယ်။ စစ်မှုထမ်းဟောင်းမြေဆိုပြီးတော့ ကျွန်တော်တို့လည်း တစ်ခါမှလည်း ကြားသိရတာ မရှိဘူး။ ကျွန်တော်တို့ ဆီကို အခုနက ပြောသလို စစ်မှုထမ်းဟောင်း က ပိုင်ဆိုင်တယ်ဆိုတဲ့ အထောက် အထားလေးတွေလည်း ဒီနေ့ထက် တိုင်အောင် မတွေ့ရှိရပါဘူး” ဟု သူက ဆိုသည်။
စစ်မှုးထမ်းဟောင်းအဖွဲ့က ရွာသားပိုင် မြေပေါ် ဆိုင်းဘုတ်ထောင်ထားခြင်း အပေါ် ဖြေရှင်းပေးရန် ပေါက်တောမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆို ထားသော်လည်း အကြောင်းမထူးသေးဟု ဒေသခံများက ဆိုသည်။
“ကျွန်တော်တို့ရဲ့ကျေးရွာပိုင်နက်မြေကို ကျွန်တော်တို့က လိုချင် တယ်။ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီလည်း တင်ပြပြီးပြီ။ ဒါကြောင့် သက်ဆိုင် တဲ့၊ တတ်နိုင်တဲ့၊ အကြံဥာဏ် ပေးနိုင်တဲ့သူတွေ နဲ့ နှီးနှော တိုင်ပင်ပြီးတော့ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားမယ်”ဟု အဆိုပါကျေးရွာမှ ဦးမောင်စောညွန့်က ဆိုသည်။
နိရဉ္စရာမှ အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်ရာ တာဝန်ရှိသူတစ်ဦးက ယခုကိစ္စကို ပြေလည်အောင်ဖြေရှင်း ပေးသွား မည်ဟု ပြောဆိုသည်။
(Arakan State)
https://www.facebook.com/NarinjaraNews
အမေရိကန်ရဲ့အလှမယ် တစ်ဦးဖြစ်တဲ့ Destiny Velez ဟာ မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကြောင့် သူမရရှိထားတဲ့ Miss Puerto Rico ၂၀၁၅ အလှမယ်ဆုကို အကန့်အသတ်မရှိ ရပ်ဆိုင်းခံလိုက်ရပါတယ်။
သူမပိုင် လူမှုကွန်ယက်မီဒီယာ Twitter ကနေတဆင့် မွတ်ဆလင် ဆန့်ကျင်ရေး မှတ်ချက်အချို့ကို ရေးသားဖော်ပြပြီးတဲ့ နောက်ပိုင်းမှာ Miss America Organization အဖွဲ့ကနေ သူမရဲ့ အလှမယ်ဆုကို အကန့်အသတ်မရှိ တနင်္ဂနွေနေ့က ရပ်ဆိုင်း လိုက်တာ ဖြစ်ပါတယ်။
ရုပ်ရှင်ရိုက်ကူးသူ Michael Moore ရဲ့ နယူးယောက် Trump Tower ရှေ့မှာ ငါတို့အားလုံးဟာ မွတ်ဆလင် ဖြစ်တယ်ဆိုတဲ့ “ We all are Muslim” ဆိုင်းဘုတ်ကို ကိုင်ပြီး ဆန္ဒပြမှုက သူမကို ဒေါသပိုစေခဲ့ပြီး ချက်ချင်းဘဲ သူမရဲ့ Twitter ကနေ တဆင့် မွတ်ဆလင် ဆန့်ကျင်ရေး စကားလုံးတွေနဲ့ တုန့်ပြန်ရေးခဲ့တယ်လို့ ဆိုပါတယ်။
သူမရဲ့ ရေးသားချက်တွေထဲမှာ မွတ်ဆလင်တွေဟာ အမေရိကန်ရဲ့ ဖွဲ့စည်းပုံကို အကြမ်းဖက်ရေးနဲ့ ဂတ်စ်တွေနေရာ အတွက် အသုံးပြုနေသလို မွတ်ဆလင်တွေ ဘာတွေ လုပ်ခဲ့သလဲဆိုရင် လောင်စာဆီ၊ ဒီတိုင်းပြည်အတွက် အကြမ်းဖက်မှုနဲ့ တစ်ခြား အရာများစွာကို ထောက်ပံ့ပေးခဲ့တယ်လို့ ရေးသားပါတယ်။
ဒါ့ပြင် မွတ်ဆလင်တွေကို ဂျူးတွေ၊ ခရစ်ယာန်တွေနဲ့ မနိုင်းယှဉ်ပါနဲ့။ ဂျူးနဲ့ ခရစ်ယာန်တွေမှာ အကြမ်းဖက်မှု ပြုလုပ်ဖို့ သူတို့ရဲ့ ကျမ်းစာတွေမှာ ရေးသားထားတာ ဘာမှ မရှိဘူးလို့လဲ ရေးသားဖော်ပြထားပါတယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ အလှမယ် Miss Puerto Rico ဝေဖန်မှုတွေ ထွက်လာတဲ့ အတွက် သူမရဲ့ Twitter ပိတ်လိုက်တယ်လို့ သိရပါတယ်။
(Arakan State)
https://www.facebook.com/NarinjaraNews
မန္တလေးမြို့တွင်း အုပ်စုလိုက် ဆိုင်ကယ်ရှေ့ဘီး၊ နောက်ဘီး ထောင်ကာ မောင်းနှင်မှု များအား တိုင်ကြားလာပါက ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) မှ သိရသည်။
“တိုင်ကြားမှု ရှိလာရင်တော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နယ်မြေ ရဲတပ်ဖွဲ့တို့နဲ့ ပူးပေါင်း ဖမ်းဆီးမှုများ ပြုလုပ်သွားမယ်” ဟု အမှတ် ၃ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးကံသိန်းက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ပြောသည်။
ဆိုင်ကယ် ထောင်မောင်းနှင်သူများမှာ ကျောင်းနေရွယ် လူငယ်များဖြစ်နေခြင်း၊ အုပ်စုလိုက် လုပ်ဆောင်ခြင်း ကြောင့် ဖမ်းဆီးမှုများ ပြုလုပ်မည်မဟုတ်ဘဲ ပညာပေးခြင်းများကိုသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း အမှတ် ၃ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။
“ရဲတပ်ဖွဲ့တွေက ထိန်းသိမ်းမှု လုပ်ဆောင်တာမျိုးထက် မိဘတွေကလည်း ကိုယ့်သားသမီးတွေကို အပြင်မှာ ဘယ်လို နေထိုင်ပြုမူ နေသလဲဆိုတာ ကြည့်ပြီးထိန်းသိမ်းဖို့ လိုတယ်” ဟု အမှတ် ၁၄ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး ရဲမှူးသိန်းဦးက ပြောသည်။
မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ် အ၀င်လမ်းဝန်းကျင်၊ မန္တလေးတိရစ္ဆာန် ဥယျာဉ် ၀န်းကျင်၊ ကန်တော်ကြီး ပတ်လမ်း တစ်လျှောက်နှင့် လမ်းနေရာ ကျယ်ဝန်းသော နေရာများတွင် ဆိုင် ကယ်ရှေ့ဘီးထောင် မောင်းနှင်မှုများကို ပြုလုပ်လျက်ရှိပြီး အသံဆူညံခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း မြို့ခံများထံမှ သိရသည်။
(Ladies News Journal)
https://www.facebook.com/News.TheLadies/
နေပြည်တော်
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ နှင့် အတူ ဗဟိုအလုပ်အမှု့ ဆောင် ဦးဝင်းထိန်၊ ဒေါက်တာဇော်မြင့် မောင်၊ ဗဟိုကော်မတိဝင် ဦးနိုင်ငံလင်း၊ ဦးဖြိုးဇေယျာသော်နှင် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ တက်ရောက်ခဲကြပြိး လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာကိစရပ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်းဆိုင်ရာကိစ္စရပ်များ၊အကြိုနိုင်ငံရေးဆွေးနွေးပွဆြိုင်ရာညှိနှိုင်းရေးဆိုင်ရာကိစ္စများနှင့် ပါတ်သက်ပြိးနှစ်ဘက်အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ ကြသည်။
(News Watch)
https://www.facebook.com/NewsWatchJournal
ကရင်လူမျိုးများနှင့် သက်ဆိုင်သည့် ရိုးရာ၊ ယဉ်ကျေးမှု မှတ်တမ်းရုပ်ရှင်ကို ကရင်(ဖလုံး)ကပြား သြစတြေးလျား ရုပ်ရှင်မင်းသမီး တက်စနီးမ်ရော့ခ် (Tasneem Roc)က မှတ်တမ်းတင် ရိုက်ကူးလျှက်ရှိသည်ဟု မြန်မာနိုင်ငံသို့ မိဘများနှင့်အတူ အလည်အ ပတ် ရောက်ရှိနေသည့် သူမက ကေအိုင်စီသို့ ယမန်နေ့က ပြောဆိုလိုက်သည်။
ရန်ကုန်မြို့၊ အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ် ၅၂၄ (၉ လွှာ)၌ ယမန်နေ့ ညနေ ၃နာရီခွဲမှ ၅နာရီခွဲအထိ ပြုလုပ် သည့် မင်းသမီး Tesneem အား ပြည်တွင်းရှိ ကရင်အနုပညာရှင်များက ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတွင် သူမက ကေအိုင်စီသို့ ထုတ်ဖော် ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။
“ကျမအနေနဲ့  ငယ်စဉ်ကတည်းက ကရင်အမျိုးသားဖခင်ဖြစ်သူရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို စိတ်ဝင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကစပြီး သြစတြေးလျား၊ ဆစ်ဒနီမြို့မှာ လုပ်ခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲတွေကို အင်္ဂလိပ်လို အခမ်းအနားမှူး လုပ်ခဲ့ရ ပါတယ်။ အဲ့ဒီထဲက ကျမ မှတ်တမ်းတင်ရိုက်ကူးတာ စလုပ်ခဲ့ပါတယ်။ အခုလည်း နယ်စပ်နဲ့ ပြည်တွင်းက နှစ်သစ်ကူးပွဲတော်နဲ့ ယဉ်ကျေးမှုဆိုင်ရာတွေကို မှတ်တမ်းတင်ရိုက်ကူးသွားမှာပါ။ လာမဲ့နှစ်မှာ ဒီမှတ်တမ်းရုပ်ရှင်ကို ပြီးစီးဖို့ မျှော်လင့်ထားတယ်”ဟု သူမက ပြောသည်။
အဆိုပါ မှတ်တမ်းရုပ်ရှင်ကို သြစတြေးလျားရှိ တီဗီရုပ်သံလိုင်း တစ်ခုခု သို့မဟုတ် အွန်လိုင်းမှတဆင့် ထုတ်လွှင့်သွားရန် ရည် ရွယ်ထားသည့်အပြင် သူမအနေဖြင့် သြစတြေးလျားတွင် အောင်မြင်မှုရထားပြီးဖြစ်၍ အနာဂတ်တွင် အမေရိကန် ဟော်လိဝုဒ် ရုပ်ရှင်လောကသို့ သွားရောက်လုပ်ကိုင်ရန် ဆန္ဒရှိသလို မြန်မာပြည်တွင်လည်း အနုပညာလုပ်ငန်းများ လုပ်ကိုင်ရန် စိတ်အား ထက်သန်ကြောင်း Tesneem က ဆက်ပြောသည်။
မင်းသမီး Tesneem Roc အား ကြိုဆိုဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရန်ကုန်ရှိ ကရင်အနုပညာရှင် ဟက်ကက်က “သူဟာ အနုပညာရှင်တဦးဖြစ်တယ်။ နောက်ပြီး သူမက ဖခင်ကရင်အမျိုးသားနဲ့ မိခင် စကော့ဒစ်ရှ်လူမျိုးက မွေးဖွားလာတဲ့ မြန် မာနွယ်ဖွားတစ်ဦးလည်းဖြစ်တော့ သူ့ကို ကရင်အနုပညာရှင်တစ်ဦးလို့ ခံယူတယ်။ ဒီတော့ ပြည်တွင်းကို ရောက်နေတဲ့အချိန် ကျနော်တို့ ကရင်အနုပညာရှင်တွေက ဂုဏ်ပြုကြိုဆိုပွဲလေး အခုလို လုပ်ပေးတာ ဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါကြိုဆိုဂုဏ်ပြုပွဲသို့ ကရင်အနုပညာရှင်များဖြစ်ကြသည့် ဟက်ကက်၊ ကဗျာဘွဲ့မှူး၊ စောအောင်မျိုး၊ စကောကရင် တေးသံ ရှင် သက်မြတ်နိုး စသည့် ကရင်အနုပညာရှင်များ အပါအဝင် သတင်းမီဒီယာများ စုစုပေါင်း ၃၀ဦးခန့် တက်ရောက်ခဲ့ကြသည်။
မြန်မာပြည်သို့ အလည်အပတ်ရောက်ရှိနေသည့် ရုပ်ရှင်မင်းသမီး Tasneem သည် ဖခင်ဖြစ်သူ ဆွေမျိုးများရှိရာ ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြမြို့နယ်နှင့် ကရင်ပြည်နယ် ဖားအံမြို့၊ ဖာပွန်မြို့နယ်အတွင်းရှိ ဒေါက်တာတီသံပြာတက္ကသိုလ်နှင့် မော်လ မြိုင်မြို့များသို့ သွားရောက်မည်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းတစ်ခုနှင့် နယ်စပ်တွင်ပြုလုပ်မည့် ကရင်နှစ်သစ်ကူး ပွဲတော်သို့လည်း ပါဝင်တက်ရောက်သွားမည်ဟု မိသားစုဝင်များထံမှ သိရသည်။
ရုပ်ရှင်မင်းသမီး Tasneem သည် ရုပ်ရှင်ဇာတ်ကား ၇ကားတွင် ပါဝင်ရိုက်ကူးခဲ့ပြီး သူမ ပါဝင်သရုပ်ဆောင်ခဲ့သည့် ရုပ်သံဇာတ် လမ်းတွဲ ၁၁ခုအနက် East West 101 ခေါ် Drama ရုပ်သံဇာတ်လမ်းတွဲ၌ အနုပညာ ထူးချွန်ဆု များစွာ ရရှိခဲ့သည်။
(KIC News)
http://kicnews.org/
ATM ကတ်ကို ကိုင်ဆောင်အသုံးပြုနေတဲ့ ကိုအိမ့်မှူးဇော်က အရေးတကြီးငွေလိုတာနဲ့ ATM စက်ဆီကို အပြေးအလွှားသွား စက်ထဲကို ကတ်ထည့်ပြီး ငွေထုတ်တာ ငွေထွက်မလာဘဲ မိမိကတ်ထဲမှာရှိတဲ့ငွေတွေ သုညပြသွားခဲ့ပါတယ်။
''ကျွန်တော် နေမကောင်းလို့ ဆေးခန်းသွားပြမလို့ ပန်းဆိုးတန်းအလယ် ဘလောက်မှာရှိတဲ့ KBZ ATM ထုတ်ဖို့လုပ်တော့ ဘဏ်ရှေ့က ATM စက်မှ မီးမလာတဲ့အတွက် အနီးက CB ATM မှာထုတ်တော့ ငွေမလောက်လို့ ၀န်ဆောင်မှုမရရှိနိုင်သေးပါဘူး။ အဲဒါနဲ့ ကျွန်တော်လည်း မျက်နှာချင်းဆိုင်မှာရှိတဲ့ ဧရာဝတီဘဏ်ဘေးက ATM စက်မှာ ထပ်ထုတ် ကြည့်ပါတယ်။ မရဘူး၊ ပထမတော့ စက်က အလုပ်လုပ်နေပါသေးတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာတဲ့အထိ ငွေကထွက် မလာပါဘူး။ ပြီးတော့ ဘာစာတွေပေါ်လာလဲဆိုတော့ ယခုဆက်သွယ်ရန် အဆင်မပြေပါသဖြင့် နောက်တကြိမ် ထပ်မံ ကြိုးစားကြည့်ပါတဲ့။ ဟုတ်ကဲ့။ ငွေက ထွက်မလာပါဘူး။ ကတ်ပဲ ပြန်ထွက်လာပါတယ်။ ဒါနဲ့ ရွှေဘုံသာလမ်းအပေါ်ဘလောက်က KBZ ATM စက်မှာ သွားပြန်စစ်ကြည့် လိုက်ပါတယ်။ ကတ်ထဲမှာ ပိုက်ဆံ လုံးဝ မရှိတော့ဘူး''
ဒီဖြစ်ရပ်ကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖွင့်ချရေးသားလိုက်တဲ့အခါမှာတော့ သူ့လိုပဲ ကတ် Error ဖြစ်တဲ့သူတွေရှိတယ်ဆိုတာ သိလိုက်ရတယ်လို့ ကိုအိမ့်မှူးဇော်က ပြောပြပါတယ်။
''အဲဒီလိုဖြစ်ပြီး နောက်တနေ့မှာ ပန်းဆိုးတန်း KBZ ကို သွားတယ်။ ပြီးတော့ ကတ်ဌာနကိုဖုန်းဆက်ပြီး မေးခိုင်းတော့ CB စက်က ဖြတ်သွားတာတဲ့။ ဒါနဲ့ ကျွန်တော် CB ကိုသွားပြီး Complain တက်ရမလားဆိုတော့ သူတို့ ဖြေရှင်းပေးပါမယ်ပြောတယ်။ ဒါပေမဲ့ သူတို့စက်မဟုတ်တဲ့အတွက် MPU ကနေတဆင့်ပြောပြီး စစ်ရမှာဖြစ်တဲ့အတွက် တပတ် ၁၀ ရက် စောင့်ခိုင်းပါတယ်''
ကတ် Error ဖြစ်လာတဲ့အခါ ချက်ချင်းပြန်ဖြေရှင်းပေးနိုင်တဲ့ဌာနတွေ မရှိတဲ့အချက်က ပြဿနာရှိတယ်လို့ ကိုအိမ့်မှူးဇော်က ပြောပါတယ်။
''သူတို့ပြောတယ်လေ E-commerce တို့၊ E-banking တို့ လုပ်မယ်။ အဲဒီအခါကျရင် International Bank တွေနဲ့ အလုပ်လုပ်လို့ အခုလိုဖြစ်ရင် တပတ် ၁၀ ရက် စောင့်ခိုင်းလို့ မရဘူးလေ။ ဒါကြောင့် ပြဿနာဖြစ်ရင် ချက်ချင်းပြန်ဖြေရှင်းပေးနိုင်တဲ့ ဌာနတခု ထားသင့်တယ်''
ဒီကိစ္စမှာ သက်ဆိုင်ရာဘဏ်က တပတ်အကြာမှာ ငွေပြန်ရအောင်လုပ်ပေးခဲ့ပေမယ့် သူ့နေရာမှာ အလောတကြီးငွေ လိုနေတဲ့လူတယောက်ဖြစ်ခဲ့မယ်ဆိုရင် ပြဿနာဟာ ပိုမိုကြီးထွားသွားနိုင်ပါတယ်လို့ ကိုအိမ့်မှူးဇော်က သတိပေးပြောကြား ခဲ့ပါတယ်။ ဒီဖြစ်စဉ်ကတော့ လွန်ခဲ့တဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပဲဖြစ်ပါတယ်။
(News Watch)
https://www.facebook.com/NewsWatchJournal
''ရွှေမန်းဆီသို့ xxx တခါတ ခေါက်ပင် ရောက်စေချင်သည် xxx ကျုံးတော်ပတ်လည် မြမြို့ရိုး ပြအိုးပဉ္စင် စုံလင်ပေသည် မြန်မာစံဌာနီ သာယာပါပေ့သည် xxx ရေရိပ်ရေအောက်ဆီ နေခြည်တောက်ကာ အလွန်ပဏ္ဍာ ရလှသည် xxx ''
တေးရေးဆရာ မန္တလေးဦးဘသိန်းနဲ့ အဆိုတော် မစိမ်းစိမ်းသီဆိုပြီး အခုအခါမှာတော့ အဆိုတော်များ ပြောင်းလဲ သီဆို ယင်း မရိုးနိုင်တဲ့ 'ရွှေမန်းဆီသို့' ဆိုတဲ့ မန္တလေးမြို့သို့ တခေါက်ရောက်ခဲ့ပြန်ပါပြီ။ တကယ်တော့ မန္တလေးမြို့က ကျွန်တော့်အတွက် ရင်ခုန်ရသည့်မြို့တမြို့ဖြစ်သည်။ ရှေးယခင်ကတည်းက ကျွန်တော်လေးစား ရသည့် စာရေးဆရာများ၊ ဂီတ အနုပညာရှင်မြောက်မြားစွာရှိနေပြီး ရှေးဟောင်းလက်ရာများ မပျောက်မပျက် မြင်တွေ့နေရသည့် မြို့တော်မဟုတ်ပါလား။ မန္တလေးကိုရောက်တိုင်း ကျုံးနှင့်မန္တလေး တောင်တော်ကြီးကို မြင်လိုက်ရကတည်းက အဆိုပါ သီချင်းလေးကို တိုးတိုးလေးညည်းမိနေတော့သည်။ မန္တလေးကို မကြာခဏ ရောက်ရသည်မဟုတ်ပေမယ့် အရင်အခေါက်တွေရောက်သည့်အခါ တိုင်းကလည်း ကိုယ့်ကိစ္စနှင့် ကိုယ့်အလုပ်တွေနှင့်ဆိုတော့ ကိုယ်သွားချင်သည့် နေရာတွေကို နှံ့နှံ့စပ်စပ် မရောက်ဖြစ်သေး။ အားမလို အားမရမှုတွေနှင့် ပြန်လာခဲ့ရသည်ချည်းဖြစ်သည်။ ဒီတခေါက်လည်း အကြောင်းမဲ့ ရောက်ရခြင်းတော့ မဟုတ်ပြန်။ ကျွန်တော့်အဖေကျန်းမာရေးကိစ္စကြောင့် ရောက်ဖြစ်ခဲ့ခြင်းပါ။
ဒီတခေါက် အဆင်ပြေချင်တော့ ဖေဖေ့အတွက် ဆေးတွေ၊ ဘာတွေပြပြီး တရက်က အပိုလိုဖြစ်နေသည်။ ဒါ့နဲ့ပဲ မန္တလေးကို ရောက်ကတည်းက အစစအရာရာ အကူအညီပေးသည့် ကားဆရာလေးကိုလှမ်းခေါ်ပြီး ရောက်ချင်တဲ့နေရာတွေသွား ဖြစ်ပါတော့သည်။
ပထမဆုံးရောက်ဖြစ်သည့်နေရာက မြန်မာတို့၏ နောက်ဆုံးထီးနန်း တည်ရှိရာ မန္တလေးကျုံးအတွင်းဘက်က ''မြနန်းစံကျော် ရွှေနန်းတော်ကြီးဆီကိုရောက် ဖြစ်သည်။ အရင်ဆုံး မြေနန်းပြသာဒ်တော်ကြီးကိုဝင်၊ ပြီးတော့ မှန်နန်းတော်ကြီးကို ၀င်ပြီးမှ နန်းမြင့်မျှော်စင်ကနေပြီး နန်းတော်ကြီးတခုလုံးကို ခြုံကြည့်မိသည်။ သြော် မြန်မာ စံဌာနီ…အမှန်ပါပဲ။ မြန်မာတို့ စံမြန်းခဲ့ရာဌာနီကြီးပေါ့။ အသီးသီးအ သန့်သန့်နှင့် ခံ့ခံ့ထည်ထည် နန်းဆောင်များ ကိုကြည့်ခြင်းအားဖြင့် တချိန်ကမြန်မာ လူမျိုးများ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် အဆင့်မြင့်မြင့် နေထိုင် လာခဲ့ကြတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါရဲ့။
ဒီနန်းအဆောက်အအုံးတွေက တချိန်တခါက မြန်မာတို့ရဲ့ ယဉ်ကျေးမှုအစဉ်အလာ မြင့်မားမှု၊ ကြွယ်ပိုးကြွယ်ဝနိုင်မှုတွေကို ထင်သာမြင်သာရှိစေခဲ့သည်။ ဒါကြောင့်လည်း နိုင်ငံခြားသားတွေကို ဖမ်းစားနိုင်သည့် ယဉ်ကျေးမှုလက်ရာလေးတွေ မြင်တွေ့နိုင်တာပေါ့။ ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ။ ဒီနေရာလေးကပဲ မြန်မာတို့ရဲ့ နောက်ဆုံးမင်းဆက်ကို ကြက်ကလေး ငှက်ကလေးဖမ်းသလို ဖမ်းသွားခဲ့ကြတာပဲ။ အဲဒီလို စိတ်မကောင်းစွာနှင့် အတွေးက၀င်လာတော့ ဒီနန်းမြို့ရိုးကြီးက ဆရာမြို့မငြိမ်း စပ်ခဲ့တဲ့သီချင်းထဲကလို ခေတ်မီမီ ကမ္ဘာကြည့်ကြည့် မြင်နိုင်ဖို့အတွက် တားမြစ်ထားသည့် အုတ်ရိုးကြီးများလားလို့ တွေးမိပြန်ရဲ့။ အခု တော့ ဒီနေရာလေးက မြန်မာလူမျိုးတွေနှင့် နိုင်ငံခြားသားတွေ လေ့ လာစရာ ပြတိုက်တခုသာဖြစ်နေရှာလေပြီ။ ကျွန်တော်တို့တွေ ဂုဏ်ယူရမှာလား။ သိမ်ငယ်ရမှာလား။ ဝေခွဲမတတ်လေပြီ။
ဘယ်လိုပင်ဖြစ်နေပါစေ၊ ကျွန်တော်တို့ မြန်မာစံဌာနီကြီးကတော့ သီချင်းစာသားထဲကအတိုင်း မန္တလေး တောင်တော် နန်းမြို့ရိုးနဲ့ သာယာလှပါပေသည်။ ဒီလိုနှင့် မြတ်စွာဘုရားဟောကြားခဲ့သည့် သုတ်၊ အဘိဓမ္မာ၊ ၀ိနည်း၊ အဋ္ဌကထာ၊ ဋီကာများကို ကျောက်စာချပ်ပေါင်း ၁၇၇၄ ချပ် ပြုလုပ်ပြီး စေတီများအတွင်း ထည့်သွင်း ထားသည့် အဘိဓမ္မစေတီတော်ကြီး၊ သုဓမ္မာရွှေဇရပ်တော်ကြီးများနဲ့ ကျောက်တော်ကြီးစေတီ၊ မဟာအတုလ ဝေယံ(အတုမရှိ)ကျောင်းတော်ကြီးနှင့် ကျွန်းတိုင်လုံးပေါင်း ၁၅၀ ခန့်နှင့် ကျွန်းသားရှေးဟောင်းလက်ရာများဖြင့် ပြည့်နှက်နေသည့် ရွှေနန်းတော်ကျောင်းကို ရောက်ဖြစ်ခဲ့ပါသည်။ ရွှေနန်းတော်ကျောင်း၏ အရှေ့က ဈေးတန်း လေးမှာတော့ မြန်မာ့ ရိုးရာလက်ရာများဖြစ်သည့် ရုပ်သေးရုပ်ကလေးများကို အစီအရီခင်းကျင်းရောင်းချ နေသည်ကိုမြင်ရတော့ မြန်မာ့ရိုးရာစစ်စစ်လက်ရာများကို ဂုဏ်ယူဖွယ်မြင်ရပြန်သည်။
ဒီလိုအဆောက်အအုံ ကြီးကြီးမားမားတွေ ဂုဏ်ယူဖွယ်ရာယဉ်ကျေးမှုလက်ရာတွေက မြန်မာတို့ရဲ့ရွှေခေတ်ကို အထင်အရှားပြသနေတာပဲလေ။ ဒီလိုဂုဏ်ယူမှုတွေ၊ ကြည်နူးမှုတွေနဲ့ ကျုံးနံဘေး ၁၂ လမ်းကနေ ဂေါဝိန်ဆိပ် ကမ်းကိုအသွားလမ်းမှာ ဒေသခံကားသမားလေးရဲ့စကားက ကျွန်တော့်ရင်ဝကို ဆောင့်ကန်လိုက်သလို ခံစားလိုက်ရသည်။
''အခုဆို အစ်ကိုရယ် ကျုံးပတ်ပတ်လည်မှာ မြန်မာတွေမရှိတော့ဘူး။ မယုံရင် အစ်ကိုဆင်းကြည့်လိုက်လေ။ အကုန်လုံး တရုတ်ဆိုင်တွေချည်းပဲ''တဲ့။ ကျွန်တော်တောင် ဒီလောက်ခံစားနေရရင် ဒေသခံတွေအဖို့ ဘယ် လောက်ရင်နာနာနှင့်ပြောသလဲဆိုသည်ကို ကျွန်တော်ခန့်မှန်းမိပါသည်။ သူပြောတာလည်း ဖြစ်နိုင်သည်။ ကျွန်တော် နန်းမြို့ရိုးထဲကို ၀င်ကြည့်တုန်းကဆို မြန်မာစကားမပြောသည့် ၀မ်စွေ့တွေ မြောက်မြားစွာ မြင်တွေ့ ခဲ့ရသည်။ ဒီလိုနှင့် ဂေါဝိန်ဆိပ်ကမ်းက နိုင်ငံခြားသားများကို ကြိုဆိုသည့်နေရာကို ရောက်ဖြစ်ခဲ့ပြန်တော့ ဒေသတွင်းမှ သွင်းကုန်ထွက်ကုန်များကို တင်ပို့ကုန်သွယ်ပေးနေသည့် သင်္ဘောအကြီးအသေးလေးတွေနှင့် အတူ နေရောင်ကိုအန်တုလို့ ထမ်းပိုးသယ်ဆောင်ကြသည့် ဆိပ်ကမ်းအလုပ်သမားများကို တွေ့မြင်နိုင်သည်။ ဒါပေမဲ့ မြစ်ကမ်းတလျှောက် ဆိပ်ကမ်းနှင့် ဟာမိုနီမဖြစ်သည့် တဲငယ်လေးတွေကိုလည်း မြင်တွေ့ရပြန်ပါသည်။
''အစ်ကို အဲဒါတွေက ကျူးတွေပေါ့''တဲ့။ ဒေသခံကားသမားလေးက သိမ်ငယ်စွာနှင့်ပြောလေသလားလို့ ထင်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြားသားတွေ အဓိက၀င်ထွက်နေသည့်ဆိပ်ကမ်းမှာ ဒီမြင်ကွင်း တွေကို မြင်တွေ့နေရတော့ ဒေသခံတယောက်အနေနှင့် ဘယ်လိုမှ ဂုဏ်ယူနိုင်လိမ့်မယ်မထင်ပါဘူး။ ဒါပေမဲ့ သူတို့ကို ဒီနေရာကနေ နှင်ထုတ်လိုက်ပြန်တော့ သူတို့အတွက်နေရာကို ဘယ်လိုအစားထိုးပေးရပါ့။ ဒီကိစ္စ ကလည်း နောင်တက်လာမယ့် အစိုးရသစ်အတွက် စိန်ခေါ်မှုတရပ်အဖြစ် ပါဝင်လိမ့်မယ်လို့ ထင်မိပါသည်။ ၀မ်းနည်းစရာကောင်းသည်က မန္တလေးကျုံးမြို့ရိုးတ၀ိုက်မှာတော့ နိုင်ငံခြားသားအများစု နေရာယူနေပြီး မိမိ နိုင်ငံသားဖြစ်သူတွေကတော့ ကျူးကျော်များအဖြစ် နေနေကြရသည်။
ကျွန်တော် စိတ်မကောင်းစွာနဲ့ဘဲ ဆိပ်ကမ်းပေါ်တက်ပြီး ကမ်းနားလမ်းတလျှောက် ကားလေးကိုမောင်းစေပြီး ကျောက်စိမ်းဘုရားကို ဆက်လက်ထွက်ခွာလာခဲ့သည်။ ဆိပ်ကမ်းတနေရာမှာတော့ ကရ၀ိက်ဖောင်ပုံစံ အဆင့်မြင့်သင်္ဘောကြီးတစီးကို တွေ့မြင်ရပြီး မြစ်ကမ်းအလှများ ကြည့်ရှုလိုသူဧည့်သည်များအတွက် စတင်ပြေးဆွဲနေပြီဖြစ်ပါသတဲ့။ အဲဒီမြစ်ကမ်းရဲ့ တဖက်တချက်မှာတော့ မြစ်ဆိပ်မှာအ၀တ်လျှော်နေကြသည့် အမျိုးသမီးများကို ဟိုနားတစု ဒီနားတစု တွေ့မြင်နိုင်ပါသည်။ ကမ်းနားလမ်းတလျှောက်မှာတော့ ဒေသထွက် ဖရဲသီးအကြီးကြီးတွေကို ရောင်းချနေတာတွေ့ရသည်။ ကမ်းနားတလျှောက် သောင်ပြင်ပေါ်တွေမှာလည်း အစီအရီ စိုက်ပျိုးထားသည့် စိုက်ခင်းများကို တွေ့မြင်ရသည်။ သောင်ခုံက မြေနုတွေနဲ့ဆိုတော့ စိုက်ခင်းများက စိမ်းစိုလှသည်။ သောင်ပြင်ကျယ်ကြီးပေါ်မှာ ကားလမ်းမလို လမ်းကျယ်တခုဖောက်လုပ်ထားပြီး အလှစီးကား များ သွားလာနေတာလည်း မြင်တွေ့နေရသည်။
''ဒီနေရာက ဖရဲနဲ့ အခြားသီးနှံတွေလည်း စိုက်ပျိုးကြပါတယ်။ ဖရဲကတော့ အဓိကလို ဖြစ်နေတယ်။ ဒါပေမဲ့ အစ်ကိုရယ်၊ တကယ် အဓိကကျတဲ့နေရာတွေမှာတော့ တရုတ်တွေချည်းပါပဲ။ သူတို့ကတော့ နည်းပညာ အသစ်တွေနဲ့ စက်ပစ္စည်းအကောင်းစားတွေနဲ့ပေါ့။ ခေါင်သီးတွေကို သူတို့ဆီတင်ပို့ပြီး သူတို့မကြိုက်တဲ့ အသီးတွေပဲ ဒီမှာရောင်းချကြတာ'' ဒေသခံကားသမားလေးက သူ့ဒေသအတွက် အတော်ကိုမချင့်မရဲဖြစ် နေပုံရသည်။
ဒီလိုနဲ့ ကျွန်တော်တို့ ကျောက်စိမ်းဘုရားကိုရောက်တော့ နေမွန်းတည့်ကျော်နေပါပြီ။ ဒီ'ဝေရောစန'လို့ အမည်တွင်တဲ့ ကျောက်စိမ်းစေတီတော်ကြီးကတော့ မြစ်ငယ်မြို့နဲ့ စစ်ကိုင်းမြို့ကို ဖြတ်သွားတဲ့ကားလမ်းပေါ် မှာ တည်ရှိတာပါ။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်ကြောင်း ကမ္ဘာ့ ပထမဦးဆုံးသော ကျောက်စိမ်း စေတီတော်မြတ်ကြီးအဖြစ် ကမ္ပည်းမော်ကွန်းရေးထိုးနိုင်ခဲ့ပါသည်။ ဒီကျောက် စိမ်းစေတီတော်ကြီးကို မုခ်ဦးကအစ စေတီအဆုံး အကုန်လုံးက ကျောက်စိမ်းနဲ့အတိ တည်ထားတော်မူခဲ့ ပါသည်။ ဒေသခံများ၏အဆိုအရ စေတီ၏ အထက်ပိုင်းရောက်လေ အရည်အသွေးကောင်းတဲ့ ကျောက်စိမ်း တွေနှင့် ပြုလုပ်လေတဲ့။ ပြီးတော့ အံ့သြစရာကောင်းတာက ဒီစေတီတော် ကြီးကို အလှူရှင်မိသားစု တစုတည်းက ကုသိုလ်ပြုထားခြင်းဖြစ်သတဲ့။ ဒီလောက်ဆိုရင် အလှူရှင်တွေရဲ့ ချမ်းသာကြွယ်ဝမှု၊ သဒ္ဓါတရား ထက်သန်မှုတွေကို သိရှိနိုင်သည် မဟုတ်ပါလား။
ဒီ'ဝေရောစန'ကျောက်စိမ်းစေတီတော်ကြီး၏ ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားနှင့် ရေစက်ချအလှူတော်မင်္ဂလာကိုတော့ ၅-၆-၂၀၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်သည်။ အဆိုပါ စေတီတည်ရှိရာ တ၀ိုက်တွင်လည်း မန္တလေးမြို့မှ ကျောက်စိမ်းအရောင်းပြခန်းများ ပြောင်းရွှေ့ထားရှိရန် အဆောက်အအုံများ ဆောက်လုပ်လျက်ရှိနေကြောင်း ဒေသခံကားဆရာက ပြောပြသည်။
ဘုရားရင်ပြင်တော်ပရိဝုဏ်အနီး ကွင်းပြင်ကြီးထဲမှာတော့ ပွဲဈေးတန်းဆိုင်ခန်းလေးများက အစီအရီပြန့်ကျဲလို့။ အမှတ်တရကျောက်စိမ်း ပစ္စည်းလေးများ၊ ဒေသထွက်အစားအစာများ ရောင်းချနေကြသည်။ကျွန်တော်တို့တွေ ဘုရားကိုဖူးပြီးလို့ ကားပေါ်ပြန်ရောက်တော့ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ ကျွန်တော်တို့ ကားရှိရာသို့ စုဝေး ရောက်ရှိလာပြီး ဈေးရောင်းချနေပါတော့သည်။ မကြာခင်ဘဲ တောင်းရမ်းကြသည့် ကလေးငယ်များ၊ အသက်ကြီးအဘွားအိုများလည်း အစုလိုက်အပြုံလိုက် ရောက်ရှိလာပြန်ပါသည်။
ဒေသခံ ခေါင်းရွက်ဗျပ်ထိုးဈေးသည်တဦးက-
''စည်တာကတော့ အရမ်းပဲ ဆရာရေ။ အခုချိန်က နေ့လယ်ပိုင်း ကြီးဖြစ်နေလို့။ မနက်ပိုင်းတွေနဲ့ ညနေပိုင်း တွေမှာပိုပြီး လူစည်တယ်။ ဒီဈေးသည်တွေကတော့ ဒီနားတ၀ိုက်က ဒေသခံဈေးသည်တွေပါပဲ။ ဘုရားကြီးဖွင့်ကတည်းက လာရောင်းနေကြတာလေ''
အထူးအဆန်းလေးများဆို ရှေ့ဆုံးကအပြေးအလွှားကြည့်ချင်သူများနှင့် ပွဲဈေးတန်းလေးတွေမှာ ပျော်မွေ့ တတ်တဲ့ မြန်မာတို့ရဲ့ဝါသနာနဲ့အတူ ဒေသခံတွေ စားဝတ်နေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းလေး ရလာတာက ၀မ်းသာစရာပါ။ ဒါပေမဲ့ ကမ္ဘာ့ပထမဦးဆုံးသော ခမ်းနားလှသည့် ကျောက်စိမ်းဘုရားနှင့် မကြာမီ ရောက်ရှိလာတော့မည့် ကျောက်စိမ်းဈေးကွက် ဆိုင်ခန်းများ၊ ဘုရားခြေတော်ရင်းမှာ နေပူခံ ပီနန် မိုးကာစများ၊ ထရံများ ကာရံထားသည့် ဈေးဆိုင်တန်းလေးများနှင့် တောင်းရမ်းစားသောက်နေသည့် လမ်းပျော် ကလေးများနှင့် သက်ကြီးရွယ်အိုများ မြင်ကွင်းအစုံကို ခြုံငုံကြည့်လိုက်ရင် သံဝေဂတခုတော့ ရလောက်ပါရဲ့။
တနေ့တာအတွက် လည်ပတ်ခြင်းအမှုကိုသိမ်းပြီး တည်းခိုရာ မန္တလေးစက်မှုဇုန်ဖြစ်သည့် ပြည်ကြီးတံခွန်မြို့နယ် ရတနာဘုံမြို့သစ်က နေအိမ်ကိုပြန်ရောက်ပြီး အိမ်ရှင်ကျွန်တော့်တူလေးနှင့် စကားလက်ဆုံ ကျပြန်တော့ သူကလည်း ၀မ်းနည်းပက်လက်နှင့် ''တရုတ်တွေကတော့ မပြောပါနဲ့တော့အစ်ကိုရာ၊ ဒီစက်မှုဇုန်ထဲမှာတောင် အဓိကကျတဲ့ ထောင့်ကွက်တွေနဲ့ အကွက်အကွင်းကောင်းတဲ့နေရာတွေမှာ တရုတ်တွေချည်းပဲ''တဲ့။
သြော် မြန်မာစံဌာနီတဲ့လား
ရွှေမန္တလေးရယ်။ ၀မ်စွေ့ ၀မ်စွေ့၊ နိဟောင် နိဟောင်လို့ပဲ ရွတ်လိုက်ချင်ပါတော့သတည်း။
မင်းယွန်း(ခေတ္တရာ)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
ရှမ်းပြည်နယ် လွိုင်လင်ခရိုင် မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်တွင်းက စစ်ပြေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် ဒေသထဲမှာ တပ်စွဲထားတဲ့ အစိုးရတပ်မတော်စစ်ကြောင်းတွေ ချက်ချင်းဆုတ်ခွာပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ကို အစိုးရတပ်က ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကစပြီး အပြင်းအထန်ထိုးစစ်ဆင်မှုကြောင့် မြို့နယ် ၂ ခုထဲက ပြည်သူ ၃ ထောင်ကျော် စစ်ဘေးရှောင်တိမ်းနေရာမှာ ၂ လကျော် ၃ လနီးပါး ရှိခဲ့ပေမယ့် ဒီနေ့ထိ အိမ်မပြန်နိုင်ကြသေးပါဘူး။
စစ်ရှောင်စခန်းကနေ လယ်ယာစိုက်ခင်းပြန်ကြည့်တဲ့ ဒေသခံပြည်သူတချို့ အစိုးရတပ်ရဲ့ ပစ်ခတ်ခြိမ်းခြောက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တာရှိသလို အစုလိုက်အိမ်ပြန်သွားတဲ့ ကုန်းနိမ်ရွာသား ၅၀ ကျော်ကို နေပူထဲမှာ ၂ နာရီကြာ ဒူးထောက်လက်မြှောက်ခိုင်းပြီး ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ ဒါ့အပြင် ကျေးရွာခြံမြေအနီးမှာမြေမြှုပ်မိုင်းတွေ မြှုပ်ထားတာကြောင့် လည်း ရွာသားတွေအနေနဲ့ အိမ်ပြန်ဖို့ အခက်အခဲရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောပါတယ်။
ဒေသတွင်း တိုက်ပွဲတွေရပ်စဲဖို့ အစိုးတပ်နဲ့ ရှမ်းပြည်တပ်မတော်တို့ နှစ်ဖက်လုံး ပဋိပက္ခဖြစ်ပွားရာဒေသကနေ ဆုတ်ခွါပေးဖို့ ဒီလဆန်းပိုင်းက ရန်ကုန်မြို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနဲ့ သဘောတူချက်ရထားပေမယ့်လည်း ဒီနေ့ထိ စစ်တပ်က ဆုတ်ခွာသွားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
လက်ရှိ မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်ထဲမှာ အစိုးရတပ်ရင်း ၁၈ ခုက စစ်စခန်းပေါင်း ၂၀ ကျော် တိုးချဲ့ချထားကြောင်း၊ စစ်ရှောင်စခန်းက ပြည်သူတွေ အိမ်မပြန်နိုင်တဲ့အတွက် ရိတ်သိမ်းချိန်လွန် သီးနှံ စိုက်ခင်း ဧကထောင်ချီ ပျက်စီးကာ တနှစ်တာစားဝတ်နေရေး အခက်အခဲတွေ့ကြုံဖွယ်ရှိတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသွားပါတယ်။
By နန်းမြနဒီ/DVB
http://burmese.dvb.no/archives/128020
ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)ဖြင့် ကိုဇေယျာလွင်နှင့်
ကိုပိုင်ရဲသူတို့ အမှုတွဲမှ ကိုနန်းလင်းအား ထပ်မံဖမ်းဆီးမိခြင်းကြောင့် အမှုအားအစမှ
ပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနှင့် ကိုနန်းလင်းတို့အား ဒီဇင်ဘာလ ၂၂ ရက်နေ့၊
နံနက်ပိုင်းတွင် ရုံးထုတ်ခဲ့ သော်လည်း ကိုနန်းလင်းမှာ ဒီဇင်ဘာလ ၁၅ ရက်က
ဖမ်းမိခြင်းဖြစ်ပြီး ၎င်းတို့အမှုတွဲအား စစ်ဆေး သည့် တရားသူကြီး အပြောင်းအလဲ
ကြောင့် ယနေ့ရုံးချိန်းတွင် စစ်ဆေးခြင်းမရှိဘဲ ဇန်န၀ါရီ ၅ ရက် ရုံးချိန်းတွင်
တရားသူကြီးအသစ်ဖြင့် အစမှပြန်လည် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ ရုံးချိန်းက ကိုနန်းလင်း ပြန်ပါလာတဲ့အတွက် အစကပြန်စစ်မယ်လို့
ရုံးချိန်းပြန်ချိန်းလိုက်တာပါ။ တရားသူကြီးက ဒီနေ့နှုတ်ဆက်ပွဲလုပ်တော့ မစစ်ဖြစ်ဘူး။
တရားသူကြီး ပြောင်းသွားတာက အစက ပြန်မစစ်လည်းရတယ်။ အခုက
စွပ်စွဲခံရသူ အသစ်ရောက်လာတော့ သူကတစ်ခါမှ မစစ်ရသေးဘူး။ အဲဒီတော့
အစကပြန်မစစ်လို့ မရဘူး။ ဥပဒေသဘောအရ တရားခံရဲ့ ကွယ်ရာမှာ အမှုစစ်လို့
မရဘူး ဆိုတော့ အစကပြန်မစစ်လို့မရဘူး” စွပ်စွဲခံ ကျောင်းသားခေါင်းဆောင်
ကိုဇေယျာလွင်၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
၎င်းတို့ သုံးဦးမှာ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးနှင့် တပ်မတော်သား လွှတ်တော်
ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း နုတ်ထွက်ပေးရေး အတွက် ဇွန်လ ၃၀ ရက်က
ခွင့်ပြုချက်မယူဘဲ သိမ်ကြီးဈေးမှ မြို့တော် ခန်းမရှေ့သို့ လမ်းလျှောက်ဆန္ဒထုတ်
ဖော်ခဲ့သည့်အတွက် ပန်းဘဲတန်းမြို့နယ်နှင့် ကျောက်တံတား မြို့နယ်
အုပ်ချုပ်ရေးမှူးများက ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
“၇ လပိုင်း ၁ ရက်နေ့လောက် ကတည်းက ၅၀၅(ခ)နဲ့ ၀ရမ်းထုတ်ခံထားရတယ်။ နှစ်ယောက်ဖမ်းမိတယ်။ ကျွန်တော် ကျန်ခဲ့တယ်။ ကျန်ခဲ့တဲ့ဆိုပေမယ့် အပြင်မှာ
လှုပ်ရှားမှုတွေ လုပ်နေတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ ဖမ်းမိတယ်။ ကျွန်တော်အပြင်မှာ
လှုပ်ရှားနေတယ်။ ဒါက ကျွန်တော့်အလုပ်၊ သူတို့က အစောကတည်းက မဖမ်းဘဲ
ခုမှဖမ်းတယ်။ ဖမ်းရမှာ သူတို့အလုပ်ပဲ။ ဒါလုပ်ရင် ထောင်ကျနိုင်တယ် ဆိုတာ
သိတယ်။ ဒီအပေါ်မှာ အထူးအထွေ ခံစားမှုတော့ မရှိပါဘူး” ဟု ဖမ်းဆီးခံ
ကျောင်းသား ခေါင်းဆောင် ကိုနန်းလင်းက ပြောသည်။
အဆိုပါအမှု၏၂၀၁၆ ဇန်န၀ါရီလ ၅ ရက်နေ့ ရုံးချိန်းတွင် ကျောက်တံတားမြို့နယ်မှ
တရားလိုပြ သက်သေအား စစ်မေးမည်ဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်မှ တရားလိုပြ
သက်သေများကိုမူ ဒီဇင်ဘာလ ၂၉ ရက် ရုံးချိန်းတွင် တရားသူကြီးအသစ်ဖြင့်
စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်း - MMK
The Ladies News Journal
စိုးရဖွဲ့နိုင်သည်အထိ ပြတ်ပြတ်သားသားအနိုင်ရခဲ့သော NLD ပါတီကို ရှောရှောရှူရှူ အာဏာလွှဲ ပေးဖို့ပြောသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ဖြစ်ပါသည်။ သဘောထားကောင်းလွန်း ၍၊ စေတနာ ရေစီးကမ်းပြို၍ အာဏာလွှဲပေးခြင်း ဖြစ်သည်ဟု မယူဆသင့်ပေ။ ဒီမိုကရေစီကို တပ်တပ်မက်မက် လိုလားပါက ၂၀၀၈ ဖွဲ့စည်းပုံကို ရုပ်သိမ်းကာ ဒီမိုကရေစီစံချိန်နှင့် ကိုက်ညီသောဖွဲ့စည်းပုံ တစ်ခုရေးဆွဲ လိုက်လျှင် စေတနာမှန်သည်ဟု ဆိုရမည် . . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အာဏာလွှဲပြောင်းပေးမည်ဟု လက်ရှိသမ္မတ ဦးသိန်းစိန်က ကမ္ဘာသိ ကြေညာ ပြီးနောက် ကာကွယ်ရေး ဦးစီးချုပ်ကလည်း အနိုင်ရပါတီကို အသိအမှတ်ပြုကြောင်းနှင့် ထိုပါတီမှ ဖွဲ့စည်းလိုက်သော အစိုးရနှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်၊၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း ဆောင်ရွက်သွားမည်ဟု ပြောဆို သွားလေသည်။ ထို့ကြောင့် မြန်မာပြည်သူများ စိုးရိမ်နေသည့် ၁၉၉၀ ပြည့် ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲ ရလဒ် အကောင်အထည် မဖော်ပေးသည့် အဖြစ်မျိုး၊ စစ်တပ်က အာဏာသိမ်းမှာ စိုးရိမ်သည့် စိတ်မျိုး လျော့ကျသွားကြသည်။ မည်သို့ပင်ဖြစ်စေ ယခုအခါတွင် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် ၁ နာရီကျော် ကြာဆွေးနွေးခဲ့သလို သမ်္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့ တွေ့ဆုံမှုတွင် ရလဒ်ကောင်းများ ဖြစ်ပေါ်လာ မည်ဖြစ်ကြောင်း ပြောဆိုသွားလေသည်။ အုပ်ချုပ်ရေး အာဏာ ပိုင်များနှင့် တွေ့ဆုံခြင်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အခြေအနေကောင်း၊ အဖြေကောင်းများ ရရှိလာသည်ဟု ဆိုရပေမည်။
ပို၍ ထူးခြားသော တွေ့ဆုံမှုမှာ မြန်မာနိုင်ငံ၏ ဒုတိယ စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေနှင့် တွေ့ဆုံခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်ကြီး ၂ ဦး အနက်ဗိုလ် သန်းရွှေမှာ အာဏာကို ဆယ်စုနှစ် ၃ ခု နီးပါး မလွတ်တမ်း ကိုင်စွဲပြီး သူတို့အကျိုးစီးပွားကို လုံးဝအကာ အကွယ်ပေးသည့် ထိန်းကျောင်းမှုများ၊ ဖွဲ့စည်းပုံများ၊ ဆက်ခံသူများဖြင့် စည်းကမ်း ပြည့်ဝသော ဒီမို ကရေစီ၏ ပဲ့ကိုင်ရှင်ကြီးဖြစ်နေသဖြင့် ပို၍အရေးပါ၊ ပို၍စိတ်ဝင်စားစရာ ကောင်းနေပါသည်။ ဗိုလ်သန်းရွှေ သည် ယနေ့အစိုးရကိုရော စစ်တပ်ကိုပါ ယခုအထိ ချုပ်ကိုင်နိုင်စွမ်း ရှိသူအဖြစ် မြန်မာပြည်သူ များကရော နိုင်ငံတကာကပါ ယူဆထားကြသည်။ မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာပြည်သူများ၏ ခံစားချက်ကို အပြည့်အ၀ နားလည်မှု မရှိသည့် နိုင်ငံခြားမီဒီယာများကမူ ထင်မြင်ချက် အမျိုးမျိုးပေးကြသည်။ ကောင်းမွန်ပြီး အကျိုးရှိသည့် တွေ့ဆုံပွဲဟု ကင်ပွန်းတပ်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်သန်းရွှေ တို့ တွေ့ဆုံမှုမှာ မကောင်းသော အရာမဟုတ်ပေ။ မတွေ့ဆုံခြင်း ထက်တွေ့ဆုံခြင်းက ပိုကောင်းပါသည်။ ဗိုလ်သန်းရွှေ၏ မြေးတော်သူ (မြန်မာပြည်သူများကြားတွင် နှာခေါင်းရှုံ့ခံရသူနှင့် ကောလာဟလ သတင်းများ အရနာမည်ဆိုးနှင့် ကျော်ကြားသူ) နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့်က ကြားခံလုပ်ကာ သူက ဒေါ်အောင်ဆန်းစုကြည်နှင့် အရင်တွေ့ဆုံပြီးနောက် ဗိုလ်သန်းရွှေနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ထိုတွေ့ဆုံပွဲ၌ ဖိုးလပြည့်က သူ၏အမှတ်တရ အဖြစ် ၅၀၀၀ တန်ငွေ စက္ကူပေါ်၌ ဒေါ်အောင်ဆန်းစုကြည်၏ လက်မှတ်ကိုပင် ရယူထားလိုက်လေသည်။ ထိုငွေစက္ကူပေါ်တွင် ဗိုလ်သန်းရွှေ၏ ၂၀၀၉ခု နှစ်ရက်စွဲဖြင့် ထိုးထားသော လက်မှတ်၊ ဦးသိန်းစိန်၏ ၂၀၁၂ ရက်စွဲ ဖြင့် ထိုးထားသောလက်မှတ်၊ ယခုနိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၅ ရက်နေ့စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ရေးထိုးထားသော လက်မှတ်များ ကိုလည်း တွေ့ရလေသည်။ ထို ၅၀၀၀ တန် ငွေစက္ကူမှာ ငွေစက္ကူတန်ဖိုးထက် ထိုလက်မှတ်များမှာ တန်ဖိုးကြီးသည်ဟု ဆိုရမည်။ တစ်နေ့လေလံပွဲ လုပ်လျှင် ဒေါ်လာသန်းနှင့်ချီ၍ပင် တန်ဖိုးရှိမည်ဟု ထင်ရလေသည်။ သို့သော် မြန်မာနိုင်ငံ ငွေကြေး ဥပဒေအရဆိုလျှင်မူ ငွေစက္ကူပေါ် လက်မှတ်ရေးထိုးခြင်းသည် ဥပဒေနှင့် ငြိစွန်း၊ မငြိစွန်းကို ဥပဒေများအရ သိနိုင်လေသည်။ ငွေစက်္ကူကို စုတ်ဖြဲခြင်းမပြုရ၊ စာရေးခြင်းမပြုရ ဆိုသောဥပဒေ သတ်မှတ်ချက်များရှိလျှင် ဥပဒေနှင့်ငြိစွန်းနေမည်ကား အမှန်ပေ။ ထို့ကြောင့် ဥပဒေအထက်တွင် ရှိသူများနှင့် ဥပဒေအောက်ရှိသော ပြည်သူများကြား ကွာဟမှုကား ရှိသေးသောကြောင့် ဖိုးလပြည့်မှာ ထိုဥပဒေနှင့်ငြိစွန်း၊ မငြိစွန်းကား မပြောနိုင်ပေ။ လက်မှတ်ရေးထိုး သူများကလည်း မသိ၍လား။ တမင်သိလျက်ဖြင့်လား။ အားနာ၍လားမသိပေးထို ၅၀၀၀ တန်ငွေစက္ကူမှာမူ ပိုင်ရှင်အတွက် တန်ဖိုးတစ်ခု ရှိနေပါသည်။
မြန်မာနိုင်ငံ၏ သမိုင်းမှာ စစ်အာဏာရှင်တို့၏ ရက်စက်စွာ နှိပ်ကွပ်မှုများဖြင့် အလွန်အရုပ်ဆိုး အကျည်းတန် ခဲ့ပါသည်။ စစ်အာဏာရှင်တို့သည် သူတို့၏ လက်ကိုင်တုတ် စစ်ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေးတို့ကို ဖွဲ့စည်းကာ ဂျာမနီမှ ဂက်စတာပို၊ ဂျပန်မှကင်ပေတိုင်တို့လို ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်ခဲ့လေသည်။ ပြည်သူတစ်ရပ်လုံး ထိုသည်ကို နားလည်ဖို့၊ ခွင့်လွှတ်ဖို့၊ သင်ပုန်းချေဖို့မှာ မလွယ်လှ ပေ။ ဖက်ဆစ်များကြောင့် နုရင်ဘာ့တ်လို စစ်ခုံရုံးဖြစ်ပေါ် လာရခြင်းမှာလည်း အထင်ကရရှိခဲ့ပါသည်။ ထိုသို့ စစ်ခုံရုံး တည်ထောင်ရခြင်းမှာ အဆန်းတကြယ်မဟုတ်တော့။ လောကပါလ ၏ ပြယုဂ်လည်းဖြစ်ပေသည်။ ကမ္ဘာပေါ်ရှိ အာဏာရှင်နိုင်ငံများ၊ စစ်အာဏာရှင်စနစ်နှင့် ထိုစနစ်ကို ဖယ်ရှားပစ်လိုက်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားသော နိုင်ငံများတွင် ဒီမိုကရေစီ ဘက်တော်သားများက လုပ်သင့်လုပ်ထိုက် သည်ကို လုပ်ဆောင်ကြလေသည်။ သို့သော် နိုင်ငံတစ်ခုတွင် စနစ်သစ်တစ်ခုကို တည်ဆောက် တော့မည် ဆိုပါက အမျိုးသားစည်းလုံး ညီညွတ်ရေးမှာ အလွန်အရေးကြီး၏ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံ ရှိသော နိုင်ငံတွင် တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်ဖို့လိုသည်။ ထို့ပြင် တိုင်းပြည်အုပ်ချုပ် ထားသူများနှင့်လည်း ညှိနှိုင်းဆွေးနွေး တိုင်ပင်ဖို့လိုပါသည်။ ယခု ဗိုလ်သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့၏။ တွေ့ဆုံမှုတွင် အများစုခန့်မှန်းချက်အရ သူရဦးရွှေမန်း၏ ကြားဝင်မှုမှာ အဓိကကျလေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်စစ် အာဏာရှင်ဟောင်းနှင့် ယခုစစ်တစ်ပိုင်း အစိုးရတို့ အပါအ၀င်တွေ့ သင့်တွေ့ထိုက်သူများကို တွေ့ဆုံရေးအတွက် ဦးရွှေမန်း၏ သဘောထား၊ အကြံပြုချက်ကို လေးလေး နက်နက် လက်ခံပုံရလေသည်။ ဗိုလ်သန်းရွှေနှင့် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာသော သတင်းများအရ ယခင်က အဖြစ်များကို အာဃာတမထားဘဲ ခွင့်လွှတ်သည်ဟု သိရသလို ဗိုလ်သန်းရွှေကလည်း တိုင်းပြည် အကျိုးအတွက် တတ်နိုင်သလောက် ကူညီမည်ဟု ပြောဆိုသွားကြောင်းလည်း သိရလေသည်။ ထိုအခြေ အနေမျိုးကား ယနေ့လို ကာလမျိုးတွင် စောလွန်းသေးသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သော NLD လို ပါတီမျိုးလက်ထဲ အာဏာအပ်ဖို့မှာ အစိုးရိမ်ကြီးသော စစ်အုပ်စုအဖို့ မလွယ်လှပေ။ ၁၉၉၀ ပြည့်နှစ်က အာဏာမအပ်ခဲ့သည်မှာ သာဓက ဖြစ်လေသည်။ စစ်အုပ်စုသည် သူတို့ အကျိုးစီးပွားနှင့် “စစ်မျိုးနွယ် အာဏာဆက်ခံရေး အတွက်သာ တစ်လျှောက်လုံး ကြိုးပမ်း အားထုတ်ခဲ့ကြပါသည်။ နောက် ၅ နှစ် အာဏာယူခဲ့သော ပြည်ခိုင်ဖြိုးအစိုးရ လက်ထက် တွင်လည်း ယခင်စစ်အစိုးရ ထက်သိသာ ထင်ရှားသော အပြောင်းအလဲများ မရှိခဲ့ပေ။ ၁၉၉၀ ပြည့်နှစ်က သူတို့အတွက် ဥပဒေအရ အကာအကွယ် ပြုထားနိုင်ခြင်း မရှိသောကြောင့် အာဏာကိုဆက်သိမ်း ထားကြ ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအား စနစ်တကျ ရေးဆွဲပါတော့သည်။ သူတို့အတွက် အလုံခြုံဆုံး စာချုပ်တစ်ခုရှိမှသာလျှင် အပေးအယူ ကိစ္စများကို စနစ်တကျနှင့် အခိုင်အမာ ဆောင်ရွက်နိုင် မည့်။ ရေရှည်တွင် မလိမ့်တပတ်နည်းဖြင့် အာဏာမယူနိုင်ကြောင်းလည်း သူတို့ သဘောပေါက်ကြပါသည်။ ၂၀၁၀ ကလိုတစ်ပါတီတည်း ပန်းဝင်၍မရနိုင်။ ကြိုတင်မဲများဖြင့် တောင်ပြိုကမ်းပြို အနိုင်မရနိုင် သည်ကို လည်း သဘောပေါက်ကြ၏ မပြေးသော်ကန်ရာရှိ NLD သာ (၂၀၁၅ တွင် အနိုင်ရခြင်းမျိုး) အနိုင်ရသွားလျှင် သူတို့အတွက် အာမခံချက် တစ်ခုရှိမှဖြစ်ပေမည်။ ထိုသည်ကို ဗိုလ်သန်းရွှေနှင့် သူ၏စစ်အုပ်စုက ကောင်း ကောင်းပြင်ဆင် ထားခဲ့သည်။ အရေးအကြီးဆုံးမှာ သူတို့သြဇာအောက်တွင် အမြဲရှိနေသည့် စစ်တပ်ကို ထိန်းချုပ်ထားရေး ဖြစ်သည်။ ထိုသည်ကိုလည်း စနစ်တကျ စီမံထားခဲ့လေသည်။ သူတို့ နောက် ဆက်ဆံသူ များသည် သူတို့ သဘောထားနှင့် မကွဲသောသူများ ဖြစ်ဖို့ကိုလည်း လေ့ကျင့် သင်ကြားထားပြီးဖြစ်သည်။
ထို့ကြောင့် ယခုရွေးကောက်ပွဲတွင် လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်သည် အထိ ပြတ်ပြတ်သားသား အနိုင်ရခဲ့သော NLD ပါတီကို ရှောရှောရှူရှူ အာဏာလွှဲ ပေးဖို့ပြောသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ဖြစ်ပါသည်။ သဘောထားကောင်းလွန်း၍၊ စေတနာရေစီးကမ်းပြို၍ အာဏာလွှဲပေး ခြင်းဖြစ်သည်ဟု မယူဆသင့်ပေ။ ဒီမိုကရေစီကို တပ်တပ်မက်မက် လိုလားပါက ၂၀၀၈ ဖွဲ့စည်းပုံကို ရုပ်သိမ်းကာ ဒီမိုကရေစီ စံချိန်နှင့် ကိုက်ညီသော ဖွဲ့စည်းပုံတစ်ခု ရေးဆွဲလိုက်လျှင် စေတနာမှန်သည်ဟု ဆိုရမည်။ သို့သော် ထိုသို့ဖြစ်ဖို့မှာ ဝေးသေး၏။ ဗိုလ်သန်းရွှေသည် သူအာဏာသိမ်းထားစဉ် အကြီးအကဲ တစ်ယောက်အဖြစ် တိုင်းပြည်ကို ဘာကြောင့် တိုးတက်ဖွံ့ဖြိုးအောင် မလုပ်ခဲ့သလဲဟု မေးလိုက်ချင်ပါသည်။ မည်သို့ပင်ဖြစ်စေ ယခုကဲ့သို့ ဗိုလ်သန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပွဲမှာ အမှန်တကယ် စေတနာပါသော တွေ့ဆုံပွဲ ဖြစ် လျှင် ကောင်းပေလိမ့်မည်။ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ပေးမည်။ ပြင်ပေးဖို့လည်း သူအတတ် နိုင်ဆုံး တိုက်တွန်းမည်ဟု ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ကတိပေး အာမခံလိုက်ပါသလား။ ထိုသို့ လုပ်လိမ့်မည်ကား မဟုတ်ပေ။ ၂၀၀၈ ဖွဲ့စည်းပုံသည် သူတို့အကျိုး စီးပွားကို အကာအကွယ် ပေးထားသော တံတိုင်းကြီး ဖြစ်နေသောကြောင့် ထိုတံတိုင်းကြီးကိုဖြိုဖို့ ဒေါ်အောင်ဆန်း စုကြည်တို့ ကြိုးစားကြရ ပေတော့မည်။
ထက်မြက်
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
အင်အားကြီးအာဏာရ ကြံ့ဖွံ့ပါတီ မှိန်ဖျော့ကျဆုံးပြီဆိုတဲ့ အခါ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ထီးထီးမားမား ကျန်နေမှာက (၁) ပြည်သူလူထု (၂)လူထု အများစုထောက်ခံတဲ့ NLD ပါတီ (၃) လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ (၄) စစ်တပ်ဆိုတဲ့ အခန်းကဏ္ဍတွေပဲ ကျန်ရစ်နေမှာဖြစ် တယ်ဆိုတာ ကာချုပ်က ကြိုမြင်လိုက်ပြီလို့ ယူဆရတယ် . . .
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လူထုဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ဖို့ ပြင်ဆင်နေတုန်းပါ။ အစိုးရသစ်တောင်မှ မဖွဲ့ရသေးဘူး။ လေ့လာ စောင့်ကြည့်မယ်ဆိုတဲ့ အဖွဲ့တွေဆီက အသံတွေထွက်လာတယ်။ တိုင်းပြည်ကို ဘယ်လောက်ထိန်းနိုင်မလဲ။ ဘယ်လောက် လုပ်နိုင်မလဲဆိုတာ ပူးပေါင်းပံ့ပိုး ကူညီလုပ်ဆောင်ပေးမယ့် အဖွဲ့ထက်စာရင် ဘာတွေဖြစ်လာမလဲ ဆိုတာကို အပြစ်ရှာ ရှုထောင့်တွေကနေပြီး တသီးတခြား ဝေဖန် အပုပ်ချဖို့ ဆည်ဝက ဗျိုင်းတွေလိုပဲ ကြိုတင် စောင့်ကြည့် နေသူတွေကလည်းရှိသေး။ ဒီကြားထဲမှာ အကျင့်ပျက်ခြစားမှု ပြဿနာတွေကို NLD အစိုးရသစ်က ကိုင်တွယ် နိုင်ပါ့မလားဆိုတဲ့ အသံတွေကလည်း ဟိုနေရာကထွက်လာ ဒီနေရာက ထွက်လာ နဲ့ပေါ့။ စစ်ဗိုလ်ချုပ်ကြီးတွေက တိုင်းပြည်ကို မွဲပြာကျအောင် စစ်အစိုးရ လက်ထက် အဆက်ဆက်မှာ ၅၃ နှစ်ကြာအောင် နည်းမျိုးစုံနဲ့ ဒုက္ခပေးသွားကြတဲ့ထဲမှာ အကျင့်ပျက် ခြစားမှုတွေဆိုတာက သက်တမ်းရင့်နေပါပြီ။ လူမမာရုပ်ခန်္ဓာ ကြီးကို ကင်ဆာရောဂါအမြစ်တွေပျံ့နှံ့ ပြီး တွယ်ကပ်ဖဲ့စားသလိုမျိုး အကျင့်ဆိုး အကျင့်ပျက်တွေနဲ့ ၀န်ထမ်းယန္တရားကြီးထဲမှာ သံချေးတက် ပျက်စီးယိုယွင်းနေတာ ၅၃ နှစ် ကြာခဲ့ပါပြီ။ အဲဒီအပျက်အစီး ပြာပုံကြီးကို NLD အစိုးရသစ် က မြေကောင်းယာကောင်းနဲ့ သီးနှံတွေ ဝေေ၀ ဆာဆာ စိုစိုပြည်ပြည် ဖြစ်လာအောင် ချက်ချင်းကြီး နေ့ချင်းညချင်း အကောင်အထည်ဖော်ဖို့ဆိုတာ မလွယ် လှသေးတဲ့အကြောင်း ကိုယ်ချင်းစာစိတ်ထားပြီး ပြည်သူလူထု အများစုဘက်က သည်းခံနားလည် ခွင့်လွှတ် ပေးကြရင်တော့ ဒေါ်အောင်ဆန်းစုကြည်အတွက် အသက်ရှူပေါက်ကလေး နည်းနည်းပါးပါး ရနိုင်မှာပါ။ စဉ်းစားကြည့်ကြပါ။ သူ့ခမျာလာမယ့် ဧပြီ ၂၀၁၆ ခုနှစ်ကျမှစပြီး အိမ်ဆွေးအိမ်အို အိမ်ပျက်ကြီးနဲ့တူတဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ စစ်အာဏာချုပ်ကိုင် ထားခဲ့ကြတဲ့ အကျင့်ပျက် ခြစားသမားအများစု လက်ထဲက လွှဲပြောင်းရယူရမှာပါ။
ဖုန်းဆိုးမြေနဲ့တူတဲ့ ဒီခြံဒီမြေခြတွေစားပြီး တစ်စစီ တဖဲ့ဖဲ့တဖွဲဖွဲ ပြိုကျ နေတဲ့ ဒီအိမ်ပျက်ကြီးကို ရှင်းလင်း ခုတ်ထွင်ပေါင်းသင် ရေလောင်းပြီး လူမြင်သူမြင်ကောင်းတဲ့ အိမ်တစ် ဆောင် ဖြစ်အောင် NLD အစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အတော့်ကို ဘက်ပေါင်းစုံက ကြိုးစားအား ထုတ်လုပ် ယူကြရဦးမှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့က နိုင်သွားတယ်။ တို့တစ်တွေကတော့ မဲရှုံးတယ်။ မဲရှုံးတဲ့အဖွဲ့တွေ တပ်ပေါင်းစုပုံစံမျိုး အစုအဖွဲ့လုပ်ပြီး အနိုင်ရ NLD ပါတီကြီးနဲ့ NLD အစိုးရသစ်ကို နိုင်ငံရေးအရ ၀ိုင်းပြီးတိုက်ကွက် ဆင်ကြရအောင်လို့ ကြံစည် လုပ်ကိုင်ကြရင်တော့ အဲဒီအဖွဲ့အစည်း မှန်သမျှဟာ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး မေးခွန်းထုတ်ကြရမယ့် အချိန်ရောက်နေပြီ ဖြစ်ပါတယ်။ တို့တစ်တွေဟာ ကြံ့ဖွံ့တွေလား။ ဒါမှမဟုတ် ဒီမိုကရက်တစ် အင်အားစုတွေလား ဆိုတာ မိမိ တို့ကိုယ်မိမိ ခွဲခွဲခြားခြား ပြန်ပြီးမေးခွန်း ထုတ်သင့်ပြီဖြစ်တယ်။ နိုဝင်ဘာ ၈ ရက် ၊၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးလို့ ဘာမှမကြာခင် ရက်ပိုင်းထဲမှာပဲ သမ္မတ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ အနိုင်ရ NLD ပါတီ အပါအ၀င် တခြားမဲရှုံး ပါတီတွေက ကိုယ်စားလှယ်တွေကို ရန်ကုန်မှာ တွေ့ဆုံ ခဲ့သေး တယ်။ ဦးသိန်းစိန်ဟာ မဲခွက်ခွက်လန်အောင် ရှုံးသွားတဲ့၊ မရှုမလှ နိမ့်ကျသွားတဲ့သူ့ရဲ့ ကြံ့ဖွံ့ပါတီနဲ့ တခြားမဲရှုံး ပါတီတွေကို အားပေးစကား ပြောသယောင်ယောင်နဲ့ အရှုံးသမားတွေ အချင်းချင်း အားငယ်စိတ် မထားဘဲ ပြန်ပြီး အင်အားစုစည်းကြဖို့ ခံစစ်ကနေပြီး ထိုးစစ်ပြန်ဆင်ချင်တဲ့ သဘောကို သူ့ရင်ထဲမှာ သိုဝှက် မထားဘူးလို့ ဘယ်သူမှ ယတိပြတ် မပြောနိုင်ပါဘူး။
ရွေးကောက်ပွဲ မဲရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာနေတုန်းမှာပဲ NLD က မဲအပြတ်အသတ် နိုင်သွားပြီဆိုတာ အားလုံးသိလိုက်ကြရတဲ့ ရက်ပိုင်း အတောအတွင်းမှာပဲ ထူးခြားဖြစ်စဉ်တစ်ခု ရှိလာပါသေးတယ်။ အဲဒါကတော့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ရုံးချုပ်မှာ ကြည်းရေလေ ထိပ်တန်း စစ်ဘက်အရာရှိကြီး တွေကို ခေါ်ပြီး အစည်းအဝေးထိုင်ရင်း ဖွင့်ပြောလာတဲ့ စကားထဲမှာ ကြည်းတပ်ရယ်၊ ရေတပ်ရယ်၊ လေတပ် ရယ်၊ လက်ရုံးတပ်ရယ်လို့ မခွဲခြားဘဲ အားလုံးစည်းရုံးကြဖို့ စစ်စည်းကမ်းကို လိုက်နာကြဖို့၊၂၀၀၈ ဖွဲ့စည်းပုံ ကို ကာကွယ်ကြဖို့ ဆိုတဲ့သဘောမျိုးတွေ ဖွင့်ပြောတာ ပါလာခဲ့တယ်။ နောက်အသစ် ဖွဲ့စည်းတော့မယ့် အစိုးရသစ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြရမယ်လို့လည်း သူကသူ့ရဲ့တစ်ဖက် အရာရှိကြီးတွေကို ထုတ်ဖော် ပြောလာပါတယ်။ စစ်တပ်နဲ့ စစ်တပ်ထွက်တွေ အများစုရောထွေးပြီး စစ်တပ်ကို ကျောထောက် နောက်ခံ ပြု ရင်း ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့တဲ့ အာဏာရကြံ့ဖွံ့ ပါတီကြီးမှာ ထိပ်ပိုင်း ဗဟိုကော်မတီဝင်ပိုင်းတွေ အချင်းချင်း အာဏာလုပွဲ ဖြစ်ခဲ့တာကတစ်ကြောင်း၊ အဲဒီပါတီကြီးကပဲ မရှုမလှ ခွက်ခွက်လန်အောင် မဲရှုံးသွားခဲ့ရပြီ ဆိုတာကတစ်ကြောင်း၊ စတဲ့အကြောင်းအရာ အမျိုးမျိုးမှာ နောက်ထပ်အသစ် တက် လာတော့မယ့် ဒီမိုကရက်တစ် အင်အားစု အများဆုံးပါဝင်တဲ့ NLD အစိုးရသစ် ပေါ်လာပြီဆိုတာနဲ့ ကြံ့ဖွံ့ ပါတီကြီး ဆိုတာဟာလည်း သဘာဝတရားအရ မှေးမှိန်သွားတော့မှာ ဖြစ်တယ်ဆိုတာ ကာချုပ်အနေနဲ့ ရွေးကောက်ပွဲ ရလဒ်ပေါ် ကြည့်ပြီး အလိုလို သုံးသပ်မိလိုက်ဟန် တူပါတယ်။
အင်အားကြီးအာဏာရ ကြံ့ဖွံ့ပါတီ မှိန်ဖျော့ ကျဆုံးပြီဆိုတဲ့အခါ မြန်မာ့နိုင်ငံရေး ဖြစ်စဉ်မှာ ထီးထီးမားမား ကျန်နေမှာက
(၁) ပြည်သူလူထု
(၂) လူထုအများစု ထောက်ခံတဲ့ NLD ပါတီ
(၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့
(၄) စစ်တပ်ဆိုတဲ့ အခန်းကဏ္ဍတွေပဲ ကျန်ရစ်နေမှာဖြစ်တယ်ဆိုတာ ကာချုပ်က ကြိုမြင်လိုက်ပြီ လို့ ယူဆရတယ်။ စစ်အာဏာသိမ်းကာလ အဆက်ဆက် ၅၃ နှစ်တာ အတောအတွင်းမှာ ပြည်သူလူထုရဲ့ ဆက်ဆံရေးဟာ အာဏာရ စစ်အစိုးရတွေနဲ့ မဲရှုံးကြံ့ဖွဲ့အစိုးရ အပေါ်မှာအပြင် ခါးသီးနာကျင်ခဲ့ရသမျှ စိတ်ခံ စားမှု အာရုံတွေအရ စစ်တပ်နဲ့ပါ ရင်းနှီးနွေးထွေးမှု ကင်းဝေး အေးစက်နေသေးတယ် ဆိုတာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေးဆထားပုံရပါတယ်။ လတ်တလော ရွေးကောက်ပွဲ ရလဒ်ကို ကြည့်ရင်ပဲ ပြည်သူလူထု အများစုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြီးတော့ NLD ဟာ ဆက်ဆံရေး နွေးထွေး ရင်းနှီး နီးကပ်မှု အင်အားပိုကြီးမားနေတယ်။ ကြံ့ဖွံ့အစိုးရ မရှိတော့တဲ့အခါမှာ ကြံ့ဖွံ့ပါတီဟာလည်း အခြေ ယိုင်နဲ့ သွားခဲ့ပြီဖြစ်လို့ သီးခြားရပ်တည် နေရမှာက စစ်တပ်ဖြစ်တယ်။ လက်ရှိ စစ်တပ်ဟာ မြန်မာနိုင်ငံရဲ့ ၅၃ နှစ်ကြာအတောအတွင်း ပြည်သူ လူထုအပေါ်မှာ မြေသိမ်းယာသိမ်း ကိစ္စတွေအပါအ၀င် နိုင်ထက်စီးနင်း လုပ်ခဲ့မိသမျှတွေနဲ့ ပတ်သက်လို့ ပြန်လည် ချေဖျက်နိုင်ဖို့လုပ်ကွက် လုပ်ရပ်ကောင်းတွေကို ပြန်လုပ်ပြနိုင် ဖို့လည်း ကာချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆန္ဒရှိလာပုံရတယ်။ ဘယ်နိုင်ငံမှာမဆို ပြည်သူ လူထုနဲ့ နိုင်ငံရေးပါတီတွေ၊ ပြည်သူလူထုနဲ့ စစ်တပ်ဆက်ဆံရေး ဟာ နွေးထွေးရင်းနှီး ယုံကြည်စိတ်ချ သဟဇာတမျှဖို့ အရေးကြီးတာကိုလည်း လက်ရှိ မြန်မာစစ်တပ်ရဲ့ ကာချုပ်က သတိသံဝေဂ ရသင့်သလောက်တော့ ရထား တဲ့ပုံပါပဲ။ ဒါကြောင့် လောလောဆယ် အနေအထားမှာ သီးခြားပုံစံမျိုး ဖြစ်နေသေးတဲ့ သူ့ရဲ့စစ်တပ်က တပ်မှူးကြီးများကို သူဖွင့်ဟ ပြောခဲ့တာကတော့ ကြည်း၊ ရေ၊ လေရယ် လက်ရုံးတပ်ရယ်လို့ မခွဲခြားကြဖို့ ပါပဲ။ စည်းကမ်းရှိကြဖို့၊ အမိန့်နာခံတတ်ကြဖို့၊ ဒါကတော့ စစ်တပ်တိုင်းရဲ့ထုံးစံပဲ။ အခိုင်မာ အပြင်းထန်ဆုံး စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိန်းချုပ်ထားတဲ့ စစ်တပ်။ ထိန်းသိမ်းရတာ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲ အုပ်ချုပ်မှု စနစ်အရ လွယ်ကူလိမ့်မယ်လို့ အကြမ်းအားဖြင့် ထင်နိုင်လောက်တယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ လက်တွေ့အပိုင်းမှာတော့ ခက်ခဲတဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေ၀င်း လက်ထက်မှာ ၀ါရင့်သမ္ဘာရင့် တပ်မှူးကြီးတချို့ကို ထုတ်ပယ်ခဲ့တာတွေ ရှိခဲ့ဖူးတယ်။ ရာထူးက အနားပေးခဲ့ ရတာတွေရှိခဲ့တယ်။ အကျဉ်းထောင်ထဲပို့တဲ့အထိ အရေးယူခဲ့ရတာတွေရှိတယ်။ စစ်တပ်ထဲမှာပဲ လက်နက် ကိုင်တပ်မ၊ တပ်ရင်းတွေကို အသုံးပြုပြီး ခါးပိုက်ဆောင် ဒေါက်တိုင်အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ စစ်ထောက်လှမ်းရေးနဲ့ အမျိုးသားထောက်လှမ်းရေးတွေကို အရေးယူရတာ၊ ဖျက်သိမ်းရတာ၊ အသစ်ပြန် လည် ဖွဲ့စည်းရတာတွေရှိခဲ့တယ်။ န.၀.တ နဲ့ န.အ.ဖ စစ်အစိုးရ လက်ထက်မှာကျတော့ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်ကို ဖြုတ်ချပြီး ကာချုပ်အသစ် ခန့်အပ်တာတို့ ရှိခဲ့တဲ့အပြင် ဗိုလ်ချုပ်ကြီးတချို့ကို အပြောင်းအလဲ အဖယ်အရှား အနားပေးအရေးယူ ခဲ့ရတာတွေထဲမှာ စူပါအာဏာပါဝါသမားလို့ ဆိုရမယ့် ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့အဖွဲ့ ကိစ္စမျိုးတွေကအစ၊ လက်ရှိ ကာချုပ်အနေနဲ့ အတွေ့အကြုံ အသိအမြင်တွေ စုံလင်ခဲ့ပြီဖြစ်တယ်။ စစ်တပ်ထဲမှာပဲ ရာထူးကြီးသမားတွေအတွက် လက်ရှိရှိ ရင်းစွဲရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်ထူးခံဝေမျှ ခံစားခွင့်ပေးမှုတွေနဲ့အတူ ၂၀၀၈ ဖွဲ့စည်းပုံ ပေါ်လာပြန်တဲ့အခါမှာ ဆရာ ကောင်းရင် တပည့်တွေနေရာရဆိုတဲ့ ကဏ္ဍသစ်တစ်ခုက ပေါ်ပေါက်လာပြန်တယ်။ အဲဒါကတော့ ရွေးကောက်ပွဲမှာ ခက်ခက်ခဲခဲဇွဲနပဲနဲ့ ၀င်ပြီးအရွေးခံစရာ လုံးဝမလိုဘဲ၊ ပြည်သူလူထုရဲ့ မဲဆန္ဒအရ မဟုတ်ဘဲ လွှတ်တော်တွေထဲကို တပ်မတော်သား ကိုယ်စားလှယ်ဆိုတဲ့ ခေါင်းစဉ်နဲ့အတူဝင်ပြီး နေရာယူလို့ ရနိုင်ပြန်တဲ့ မိုးကျရွှေကိုယ် အခွင့်ထူးခံ ကဏ္ဍသစ်တစ်ရပ် ရှိလာခဲ့ပြန်တယ်။
စစ်တပ်ထဲမှာတုန်းက အထက် အောက် အမိန့်ပေးကွပ်ကဲမှု အဆင့်ဆင့်အရ အမိန်နာခံတတ်မှု ရှိခဲ့ကြသူတချို့ဟာ အာဏာရ ကြံ့ဖွံ့ ပါတီကြီးထဲကို ယူနီဖောင်းချွတ်ဘ၀နဲ့ ရောက်သွားကြပြန်တဲ့အခါမှာ အာဏာရဲ့ အရသာကြောင့် နေရာ လုမှုတွေ ၊ဖယ်ရှားမှုတွေအတွက် အထက်အောက် အချင်းချင်း စည်းရုံးညီညွတ်မှုတွေ ပျက်ပြား ခဲ့ကြပြန် တယ်။ စည်းကမ်း အတင်းကျပ်ဆုံးဆိုတဲ့ စစ်တပ်က ဆင်းသက် လာခဲ့ကြသူတွေဟာ ပြည်သူလူထုရဲ့ အရွေးချယ်ခံစရာမလိုဘဲ အလိုအလျောက် လွှတ်တော်တွေထဲ ရောက်သွားကြတဲ့အခါမှာ စောင့်ထိန်း အပ်တဲ့ စည်းကမ်း၊ ဂုဏ်သိက္ခာဆိုတာကို အလေးအနက် မထားကြတော့ဘဲ လျော့ရဲပေါ့ဆ သွားကြတာမျိုး တွေလည်း ရှိခဲ့တယ်။ လွှတ်တော်ထဲမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆန္ဒပြု လျှို့ဝှက်စက်ခလုတ်ကို သက်ဆိုင်ရာ ကာယကံရှင် ကိုယ်စားလှယ်က မနှိပ်ဘဲ အဲဒီကိုယ်စားလှယ်ကိုယ်စား မိမိသဘောနဲ့ မိမိ စက်ခလုတ်နှိပ်လိုက်တဲ့ အပြုအမူမျိုးတွေကြောင့် လွှတ်တော်ထဲမှာ ““လက်ပွား”” တွေ ရှိနေပြီလို့ ဝေါဟာရ တစ်မျိုးဟာ ပြည်သူလူထုကြားမှာ ပျံ့နှံ့ခဲ့ရတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးတွေ အပါအ၀င် ကြည်းရေလေတပ်အား လုံးကို တာဝန်ယူ ကွပ်ကဲနေရတဲ့ လက်ရှိ ကာချုပ်ကတော့ သူလုပ်ရမယ့် လုပ်ငန်းစဉ် မှန်သမျှကို ပုံမှန် ထမ်းဆောင်ရင်း ဗိုလ်လောင်း သင်တန်းဆင်းပွဲတွေမှာ ကာချုပ်မှန်သမျှ ပြောနေကျသြ၀ါဒ စကားအရ ပြောသင့် ပြောထိုက် တာတွေကို ပြောဆို မှာကြားတဲ့အခါ ပြည်သူ့အကျိုးကို သယ်ပိုးပေးဖို့၊ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ကြဖို့ အစရှိတာတွေကိုလည်း မှာကြားနေပါတယ်။ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်တဲ့အခါမှာ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွက် ကောင်းကင်ယံ ထက်ကနေပြီး စစ်လေယာဉ်တွေ ပျံသန်းဗုံးကြဲ ပစ်ခတ်တဲ့ ဒဏ်ကြောင့် ကိုယ့်အိုးကိုယ့်အိမ်ကို စွန့်ခွာရင်း သေဘေးကင်းလွတ်ရာကို ပြေးလွှား ပုန်းအောင်း နေကြရရှာတဲ့ စစ်ဘေးသင့်ဒေသက စစ်ဘေးရှောင် မိသားစုတွေအတွက်လည်း ကာချုပ်ကြီးအနေနဲ့ အမြန်ဆုံး ထည့်သွင်းစဉ်းစား သုံးသပ်ပြီး ညှာတာ သနားကရုဏာထား ပေးနိုင်မယ်ဆိုရင်ဖြင့် အဟောဝတ ကောင်းပါလေစွ ကောင်းလေစွလို့ ငြိမ်းချမ်းရေး မင်္ဂလာစကား ဆိုလိုက်ရကြောင်းပါခင်ဗျား။
ဆောင်းဝင်းလတ်
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
တွေ့ဆုံဆွေးနွေးရန် အခွင့်အလမ်းဖြစ်သည့် ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ဖန်တီးပေးသူမှာ ပြည်သူများပင်ဖြစ်သည် ဆိုသည့် အချက် ဖြစ်သည်။ ပြည်သူလူထုကြီးသည် သူရဲကောင်းကို ရွေးချယ် ထားသည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ဖြင့် သမိုင်းအလှည့် အပြောင်းကို ရွေးချယ်ထားသည်။ သူရဲကောင်းသည် သမိုင်းကို ရှေ့တန်းသို့ တွန်းတင်ရန် ဦးဆောင် တိုက်ပွဲဝင်ရမည်ပင် ဖြစ် ...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြေယာသည် တောင်သူ လယ်သမားများ အသက်ရှင် ရပ်တည်ရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်သည့် ရုပ်ဝတ္ထုပင်ဖြစ်သည်။ ကမ္ဘာမြေကြီး ဆိုသည့် ရုပ်အပေါင်းအစုကြီးထဲမှ တောင်သူ တစ်ဦးအတွက် အစိတ်အပိုင်းတစ်ခုကို သူအသက် ရှင်သန်မှုအတွက် အသုံးချ လုပ်ကိုင်ရခြင်း ဖြစ်သည်။ တောင်သူတို့သည် မြေယာပေါ်တွင် အခြားကုန်ထုတ် ကိရိယာ ရုပ်ဝတ္ထုပစ္စည်းများ၊ ကျွဲနွား လူအင်အားစသဖြင့် သက်ရှိ ရုပ်စွမ်းအင် များဖြင့် ပေါင်းစပ်ကာ ဆန်စပါးစသဖြင့် ကုန်ထုတ်လုပ်မှုကို လုပ်ကိုင်ကြသည်။ ထွက်ရှိလာသော ထုတ်ကုန် များကို ဈေးကွက်၌ ရောင်းချပြီး ရရှိသည့်ငွေများဖြင့် ၎င်းတို့ အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်သော အရာဝတ္ထုများ ၀ယ်ယူရ သည်။ တောင်သူတို့၏ အသက်သွေးခဲ ဖြစ်သော မြေယာများကို အဓမ္မသိမ်းပိုက်ခံ လိုက်ရသည်ဆိုလျှင် ၎င်း၏ကုန်ထုတ်လုပ်မှု ဘ၀ကြီးတစ်ခုလုံး ပျက်စီးသွားခြင်း၊ ဘ၀ပျက်သွားခြင်းပင် ဖြစ်သည်။ သူပိုင်ဆိုင်သော ရုပ်ဒြပ်များထဲမှ အရေးပါဆုံး မြေယာသိမ်းပိုက် ခံလိုက်ရသည်။ ထိုမြေယာမှရရှိ သော ထွက်ကုန်များ ရောင်းချပြီး သူလိုအပ်သော ရုပ်ဝတ္ထုပစ္စည်းများ ဖြည့်တင်းရေး ဆုံးရှုံးသွားရသည်။ ဤသို့သော အခြေအနေတွင် သူ၏စိတ်တွင် ဒေါမနဿ ဝေဒနာ များဖြစ်သည်။ ဒေါသ၊ နာကြည်းမှု၊ ၀မ်းနည်းမှု ကြေကွဲမှု၊ စိုးရိမ်သောက၊ ဗျာပါဒ၊ မကျေနပ်မှု၊ လက်တုံ့ပြန်လိုခြင်း စသဖြင့် စိတ္တဇနာမ်များ ဖြစ်ပေါ်လာမည်မှာ သဘာဝပင်ဖြစ်သည်။ သူ၏လယ်များ မတရားသိမ်းပိုက် ခံလိုက်၍ ဖြစ်ပေါ်လာသော စိတ္တဇနာမ်များဖြစ်သည်။ လယ်အသိမ်းမခံရလျှင် စပါးပေါ်ချိန်၊ မိုးလေမဖျက်၊ သီးနှံအထွက် ကောင်းပါက ပျော်ရွှင်၊ ၀မ်းမြောက်၊ ပီတိ စသဖြင့် သောမနဿ ဝေဒနာများသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ မိမိတို့ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာသော လယ်ယာမြေများကို မတရားသိမ်းပိုက် ခံရမှုကြောင့် ဒေါသမထွက်ရ၊ မနာကြည်းရ၊ ခွင့်လွတ်ရမည်၊ သည်းခံရမည်၊ အာဃာတမထားရဆိုလျှင် မည်သို့ စိတ်ထားရမည်နည်း။ ဆုံးရှုံးသွားသော လယ်ယာမြေများ ပြန်လည် ရရှိပါမည်ဆိုလျှင် ဒေါသနာကြည်းမှု၊ အမုန်းတရား၊ အာဃာတ၊ အငြိုးအတေးများ အလိုလိုပြေလျော့ သွားမည်ပင်ဖြစ်သည်။ မည်မျှပင် ဆုံးရှုံးသော်လည်း အငြိုးအတေးနှင့် အာဃာတမထားနိုင်လျှင် ဘုရားလောင်း ဝေဿန္တရာ စိတ်ဓာတ်ပင်ဖြစ်သည်။ သို့သော် လူတိုင်းနီးပါးသည် ပုထုဇဉ်များပင်ဖြစ်၍ ဘုရားဆုပန်(ဆုကြီးပန်) များမဟုတ်ကြပါ။
မျက်စိတစ်ဖက်ဆုံးရှုံးလျှင် မျက်စိတစ်လုံး ပြန်ဖောက်ပေးရမည် ဆိုသည်ကို ဥပဒေအတိုင်း ဖြစ်ရမည့်ခေတ် အခြေအနေမဟုတ်။ သို့သော် လယ်တစ်ကွက် ဆုံးရှုံးခဲ့ရလျှင် လယ်တစ်ကွက်အစား ပြန်ရမှသို့မဟုတ် သင့်လျော်သည့် လျော်ကြေးရမှသာ တရားမျှတမည်ဖြစ် သည်။ ဒေါသထွက်ခြင်း၊ မုန်းခြင်းစသည့် ဒေါမနဿ ဝေဒနာများသည် သူ၏အသက်ရှင် ရပ်တည်ရေးအတွက် မရှိမဖြစ် ရုပ်ဝတ္ထုပစ္စည်းများ မဆုံးရှုံးပါက ဖြစ်ပေါ်စရာ မရှိ။ မြန်မာပြည်တွင် လယ်ယာမြေသန်းနှင့်ချီ အတိဒုက္ခရောက်ရသည်။ သူတို့လက်တွေ့ဘ၀များ ဖျက်ဆီး ခံရမှုအတွက် ခွင့်လွှတ်မှုနှင့် စွန့်လွှတ်မှု နှစ်ခုစလုံး တောင်းဆိုခံရသည်မှာ ထပ်မံမတရားမှုပြုရာ ကျသွားပြန် သည်။ သူတို့အတွက် တစ်နည်းတစ်ဖုံ တရားမျှတမှုကို ပြန်လည်ရရှိမှသာလျှင် သူတို့၏ ခွင့်လွှတ်မှု၊ အငြိုးအတေးနှင့် အာဃာတစွန့်လွှတ်မှုတို့ကို တောင်းခံသင့်သည်။ ဤသို့မဟုတ်ခဲ့ ပါမူ မြေယာမတရား အနိုင်ကျင့် သိမ်းပိုက်သူများအတွက် ရှေ့နေ လိုက်ပေးသကဲ့သို့ပင် ဖြစ်နေပြီး မြေဖုတ် ဘီလူးကြီးများ၏ အကျိုး တော် ဆောင်များ ဖြစ်သွားမည်သာ ဖြစ်သည်။ တောင်သူလယ်သမားများနှင့် မြေယာအတင်းအဓမ်္မ သိမ်းပိုက်သူတို့ကြား က အငြိုးအတေးနှင့် အာဃာတတရားများ ပြေလျော့ရန် အကောင်းဆုံး နည်းလမ်းကား ၎င်းတို့ မတရား သိမ်းပိုက်ထားသော မြေယာများကို မူလပိုင်ရှင် တောင်သူ များအား ပြန်ပေးရန် သို့မဟုတ် လျော်ကြေးပေးရန်သာ ဖြစ်သည်။ အာဃာတနှင့် အငြိုးအတေးများအပြင် အခြားစိတ္တဇနာမ် မျိုးစုံနှစ်ဖက် ကြားတွင် မရှိစေရန်အတွက် ထိုအာဃာတနှင့်အငြိုးအတေး များ ဖြစ်ပေါ်စေသည့် ပင်ရင်း အကြောင်းအရာကို ရပ်တံ့ပေးလိုက် ရန် ဖြစ်သည်။ မတရားမှု၊ အနိုင်ကျင့်စော်ကားမှု၊ ဖိနှိပ်မှု၊ တစ်ဖက်သတ် ကိုယ်ကျိုးကြည့်မှု၊ အဓမ္မမှုများ စသဖြင့် ကျူးလွန်သူဘက်မှ ရပ်တန့်လိုက်ပါမှ အာဃာတ အငြိုးအတေးများ ပြေလျော့ ရပ်တန့် သွားမည်သာ ဖြစ်သည်။ သူတို့ကို ရပ်တန့်ပေးဖို့ ပြောပေးပါဟုသာ တောင်းဆို သင့်ပေသည်။
မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲအတွင်း အနစ်နာခံ ဒုက္ခဆင်းရဲခံ ခဲ့ရမှုများကို စွန့်လွှတ်မှု၊ ပေးဆပ်မှုဟု မသုံးလို၊ ရွေးချယ်မှုဟုသာ သုံးမည်ဟုဆိုခဲ့သည်။ နိုင်ငံရေးသမားတစ်ဦး၊ နိုင်ငံရေး ထိပ်တန်းတစ်ဦး အတွက်ကား အလွန် တောက်ပြောင်သော စကားဖြစ်သည်။ အလွန်သင့်လျော်၍ အလွန်လေးစားအပ်သော စကားဖြစ်သည်။ အခြားသော နိုင်ငံရေး သမားများအတွက် အတုယူဖွယ်စံပြပင် ဖြစ်တော့ သည်။ ပြည်သူ့ရှေ့ဆောင် နိုင်ငံရေးသမားများအဖို့ကား ပြည်သူလူထုဘ၀ကြီး ကောင်းစားရေးအတွက် ထိုသို့အနစ်နာခံ ဒုက္ခဆင်းရဲခံပေး ဆပ်ရမှုသည် သူတို့၏ မြင့်မြတ်သော ရွေးချယ်မှုပင် ဖြစ်သည်မှာ သွေးထွက်အောင်ပင် မှန်ကန်လှ၏။ သို့သော် တောင်သူဦးကြီးများ လယ်ယာမြေ မတရားသိမ်းပိုက်ခံရမှုကား တောင်သူဦးကြီးတို့၏ ရွေးချယ်မှု မဟုတ်ပေ။ အလားတူ ပြည်သူလူထုကြီး ဖိနှိပ်ခံရမှု၊ အနိုင်အထက်ပြု ခံရမှုများသည်ကား ပြည်သူလူထုကြီး၏ ရွေးချယ်မှု မဟုတ်သည်ကား သေချာလှသည်။ စစ်အာဏာရှင်စနစ် အဆက်ဆက် အားလည်း ပြည်သူတို့ ရွေးချယ်ခဲ့ သည်မဟုတ်။ ၂၀၀၈ အခြေခံဥပဒေသည်လည်း ပြည်သူလူထုတို့ ရွေးချယ်မှုမဟုတ်။ အဆင်းရဲဆုံး တိုင်းပြည် အဆင်းရဲဆုံး ပြည်သူဘ၀များကို ပြည်သူတို့ ရွေးချယ် ခဲ့သည်မဟုတ်။ ပြည်သူလူထုကြီးသည် နှစ်ပေါင်းများစွာ လက်နက်အာဏာဖြင့် အတင်းအကျပ် လက်ခံခိုင်းခံခဲ့ရ ခြင်းဖြစ်သည်။ ပြည်သူ လူထုကြီးသည် ၎င်း တို့နှစ်သက်ရာ ဘယ်အရာမျှ ရွေးချယ်ခွင့်မရှိ။ ရွေးချယ်မှုပြုရန်ကား အိပ်မက်ပင် မမက်ရဲခဲ့။ ပြည်သူလူထုကြီး နစ်နာဆုံးရှုံး ရမှုများ ဒုက္ခဆင်းရဲညွန်တွင်း နစ်ဆင်းနေရမှုများ၊ ဘက်ပေါင်းစုံ နိုင်ထက်ကလူ ပြုခံရမှုများ သည်ကား ပြည်သူလူထု၏ ရွေးချယ်မှု လုံးလုံး မဟုတ်သည်ကိုကား သတိချပ်သင့်ပေ၏။ မြန်မာစကားပုံတစ်ခု၌ ““ပြုသူအဟောင်း ဖြစ်သူအသစ်”” ဟူ၍ရှိသည်။ မြန်မာပြည်သူများအပေါ် စစ်အာဏာရှင် အဆက်ဆက်၏ ကျူးလွန်မှုများသည် ပြုလုပ်သူများအဖို့ကား ပြုလုပ်ပြီးသွားပြီဟူ၍ အဟောင်းဟု ယူဆကောင်းယူဆကြမည်။ သို့သော်ခံရသူ ပြည်သူများကား ဆက်လက်ခံစားရလျက်ပင် ရှိသေးသည့်အတွက် အသစ်ပင်ဖြစ်နေတော့ သည်။ တောင်သူဦးကြီးများ၏ လယ်ယာများကို အဓမ္မ သိမ်းပိုက်ခဲ့သည်မှာ ကြာခဲ့ပြီဆိုပြီး သိမ်းပိုက်သူဘက်က အဟောင်းဟု တစ်ဖက်သတ်ယူဆမည်။ လယ်ယာမြေ အဓမ္မသိမ်းပိုက်ခံရသူ တောင်သူဦးကြီးများကား လယ်ယာမြေ ပြန်မရသရွေ့ သိမ်းပိုက်ခံနေရရာ နေ့စဉ်ပြန်ရနိုးနိုးဖြင့် အသစ်ပင်ဖြစ်နေတော့မည်။ သိမ်းလိုက်ခံရ သူတို့ဘက်က ကိုယ်စားပြုပြီး လယ်ယာမြေ စုံစမ်းရေး ကော်မရှင်မှ လူကြီးတစ်ဦးက ““ရေစက်ချသာလှူလိုက် ပေတော့””ဟု ပြောဆိုခဲ့သည်။ မိမိဘက်က တောင်သူတို့ဘက်ကဟု ထင်ရသည့် သူတို့က ဘာပြောကြမလဲဟု ရင်တမမ စောင့်ကြည့်နေရသည်။
ပြည်သူလူထုကြီးသည် မိမိတို့၏ရွေးချယ်မှု မဟုတ်ဘဲ လက်နက်၊ အာဏာတို့ဖြင့် အတင်းအကျပ် လက်ခံခိုင်း သည်တို့ကို အစဉ်အမြဲ ခေါင်းငုံခံခဲ့သည်ကား မဟုတ်ပေ။ အခွင့်အရေးရလျှင် ရသလို အသွင်သဏ္ဌာန် ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံတို့ဖြင့် ဆန့်ကျင်ကြသည်။ ၁၉၈၈ ခုနှစ်တွင် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်း မကျန် ကျေးလက်တောရွာ အနှံ့အပြားပါမကျန် ဆန့်ကျင်အုံကြွကြသည်။ လူထုတိုက်ပွဲ နည်းလမ်းကို လူထုကြီး ကိုယ်တိုင် ရွေးချယ်မှုဖြင့် ၀င်ရောက်လာခြင်းဖြစ်သည်။ စစ်အာဏာရှင်များသည် ၎င်းတို့ကို ၀ိုင်းရံကာကွယ် ပေးသော စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး စသဖြင့် ယန္တရားပေါင်းစုံဖြင့် ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်။ သို့သော် အာဏာရှင်ကို လက်မခံသော လူထုဆန္ဒကိုကား မနှိမ်နင်းနိုင်တော့ပေ။ စစ်တပ်မှ အာဏာသိမ်းပြီး ကျင်းပသော ၁၉၉၀ ရွေးကောက်ပွဲတွင် လူထုကြီးက ပြတ်သားစွာ ရွေးချယ်မှု ပြုလုပ်ပေးခဲ့သည်။ NLD ပါတီအား ၈၀ ရာခိုင်နှုန်းကျော် တောင်ပြိုကမ်းပြို ရွေးချယ်ပေးခဲ့သည်။ ၉၀ ရွေးကောက်ပွဲရလဒ် အဟောသိကံ ဖြစ်ခဲ့ရပြီး စစ်အာဏာရှင်စနစ် စစ်စစ်ဖြင့် နှစ် ၂၀ ကျော် ဖိနှိပ်အုပ်ချုပ်ခံခဲ့ရသည်။ သို့သော် ခေါင်းငုံ့ခံခဲ့ သည်ကားမဟုတ်။ ကြိုးကြားကြိုးကြား တိုက်ပွဲများဖြင့် ဖိနှိပ်မှုပြင်းထန်နေသော ကာလများအတွင်းမှာပင် ၂၀၀၇ ရွှေဝါရောင်သံဃာ့ အရေးအခင်းကြီးတွင် ပြည်သူလူထုကြီး သိန်းနှင့်ချီ ပူးပေါင်းပါဝင်လာကြသည်။ အကြမ်းဖက်၊ ပစ်ခတ်ဖြိုခွဲခံ၊ ချေမှုန်းခံရ နိုင်သည်ကို သိသော်လည်း ပြည်သူ လူထုကြီးသည် မိမိဘာသာ ရွေးချယ်မှုဖြင့် ၀င်ရောက် လာကြခြင်းဖြစ်သည်။ ယခု ၂၀၀၅ ရွေးကောက်ပွဲတွင်လည်း ပြည်သူလူထုကြီးသည် ပြတ်ပြတ် သားသား ရွေးချယ်ပေးခဲ့ ပြန်ပေသည်။ မြန်မာလူထုကြီး၏ ရွေးချယ်မှု သမိုင်းကို ပြန်ပြောင်းကြည့်လျှင် မည်မျှပင် ဖိနှိပ်ခံရသည်ဖြစ်စေ လိုအပ်လာသည့်အချိန်တွင် အသက်သွေးချွေး၊ ဘ၀များပေးဆပ်ပြီး နှလုံးသားဖြင့် ရွေးချယ်မှု လုပ်ကိုင်တတ်ကြသလို တချို့အခြေအနေများတွင် ဦးနှောက်ဖြင့် ရွေးချယ်မှုကိုလည်း လုပ်ခဲ့သည်ကို သတိမလွတ်စေလို၍ ဖြစ်သည် ...... ။
....................
[ ဆောင်းပါးအပြည့်အစုံကို ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ်သတင်း အတွဲ (၄)၊ အမှတ် (၄၁) တွင်ဖော်ပြပါသည် ]
မြန်မာသံတော်ဆင့်သတင်းဌာန - https://www.facebook.com/myanmarherald
များမကြာမီကာလအတွင်း ၂၀၀၈ အခြေခံဥပဒေအရ လွှတ်တော်သစ်နဲ့ အစိုးရသစ် ပေါ်ပေါက်လာတော့မှာ ဖြစ် ပါတယ်။ မြန်မာနိုင်ငံတော်ကို အထွေထွေ ချွတ်ခြုံကျစေခဲ့သော စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့ ရွေးကောက်ပွဲမှာ အတိုက်အခံ NLD ပါတီ အနိုင်ရတဲ့ ယခုအချိန်ဟာ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
NLD အစိုးရသစ် ကိုင်တွယ်ဖြေရှင်းရမည့် ပြဿနာတွေက များပြားလှပါတယ်။ ငြိမ်းချမ်းရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး၊ မြေယာပြဿနာ၊ ဆင်းရဲမွဲတေမှု ပြဿနာ၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး၊ ရခိုင်ပြည်နယ်ကိစ္စ စသည်ဖြင့် အလွန်ရှုပ်ထွေးပြီး ထိလွယ်ရှလွယ် ပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖန်တီးခဲ့တာဟာ စစ်အာဏာရှင်များသာ ဖြစ်တယ်ဆိုတာကို အင်အားစု အသီးသီးက နားလည်သဘောပေါက်ဖို့ လိုပါတယ်။
ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး အခင်းအကျင်းကို ပြန်ကြည့်မယ်ဆိုရင် အခြေခံဥပဒေ ပြင်ဆင်ရေး ဇွန်၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာမဲခွဲ ဆုံးဖြတ်ရာ၌ အရေးကြီးဆုံးဖြစ်တဲ့ ပုဒ်မ၄၃၆(က) နဲ့ (ခ) ပြင်ဆင်ခြင်း မပြုနိုင်ခဲ့ပါဘူး။ အခြေခံဥပဒေရဲ့ သော့ချက်ပုဒ်မတွေ ပြင်ဆင်ဖို့ စစ်တပ်က တခဲနက် ကန့်ကွက်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ အကြိုကာလတွေမှာ ကာချုပ်က အာဏာရပါတီကို မဲပေးဖို့ တပ်မတော် သားတွေကို တလျှောက်လုံး သွယ်ဝိုက် မိန့်ခွန်းပေးခဲ့ပါသေးတယ်။ ဒါဟာ လွှတ်တော်ထိုင်ခုံ ၂၅ ရာခိုင်နှုန်း အလိုအလျှောက် ရယူထားတဲ့ စစ်တပ်က နိုင်ငံရေးကနေ ဆုတ်ခွာမှာ မဟုတ်ဘူးဆိုတာ ပြသလိုက်တာ ဖြစ်ပါ တယ်။ တနည်းအားဖြင့် စစ်တပ်က မထောက်ခံရင် မည်သည့်အရာမှ ပြောင်းလဲ၍မရ၊ မြန်မာနိုင်ငံရဲ့ အနာဂတ် ကို ဆုံးဖြတ်နိုင်သူဟာ စစ်တပ်သာဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာရပါတီနဲ့ သမ္မတက ထောက်ခံအားပေးနေတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ရဲ့ အငြင်းပွားဖွယ် လှုပ်ရှားမှုတွေဟာလည်း မြန်မာ့နိုင်ငံရေးကို ပိုမို ရှုပ်ထွေးစေပါတယ်။ ရွေးကောက် ပွဲ ကာလအတွင်း မဘသ ဆရာတော်အချို့က အာဏာရပါတီကို မဲပေးဖို့ အကြီးအကျယ် ညွှန်းဆိုမှုများ ပြုလုပ် ခဲ့ပြီး ပြိုင်ဘက် အတိုက်အခံပါတီကို သိက္ခာချမှုတွေ လုပ်ခဲ့တာဟာ ၄င်းတို့ရဲ့ ရပ်တည်ချက်ကို ထင်ဟပ်စေပါ တယ်။ တစ်နည်းအားဖြင့် မဘသနဲ့ အာဏာရပါတီကြားက ချိတ်ဆက်မှုကို ပေါ်လွင်စေပါတယ်။
မည်သို့ပင်ဖြစ်စေ အပြောင်းအလဲကို အာသာငန်းငန်း လိုလားနေတဲ့ လူထုဟာ NLD ပါတီကို အနိုင်ပေးလိုက်ပြီ ဖြစ်ရာ စနစ်ဆိုးကို မြေမြှုပ်ပြီး စနစ်သစ် မွေးဖွားရန် အရေးတကြီး လိုအပ်နေသည့် ယနေ့အချိန်တွင် NLD အစိုးရရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို စစ်တပ်သာမက မဘသ အဖွဲ့အစည်း အနေနဲ့လည်း ကူညီရန် သာရှိပြီး တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဟန့်တားနှောက်ယှက် ဖျက်ဆီးမည်ဆိုပါက ယင်းအဖွဲ့အစည်း များဟာ လူထုဆန္ဒကို ဆန့်ကျင်တဲ့၊ တိုင်းပြည်ရဲ့ အနာဂါတ်ကို ဖျက်ဆီးတဲ့ ခေတ်သစ် သမိုင်းတရားခံများသာ ဖြစ်ပါကြောင်း MID NEWS မှ မီးမောင်းထိုးပြ လိုက်ရပါတယ်။
Media Initiatives for Democracy
https://www.facebook.com/myanmardemocracy.org/?fref=nf
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်းက ပြည်သူလူထုအများ ဝေဖန်နေကြတဲ့ “တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ” ပြဿနာအကြောင်း ရှင်းလင်းမှု နည်းနည်း လုပ်ခဲ့ပါတယ်။ သူရှင်းလင်းတာကို အတိုချုပ်ပြောရရင် အခုလို တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပေးဖို့ကိစ္စ ဖြစ်ပေါ်လာတာဟာ အရင်အစိုးရက ဥပဒေ ပြဌာန်းပေးခဲ့လို့ ဖြစ်တဲ့အကြောင်း၊ အဲဒီ ချီးမြှင့်ငွေ ခံစားမယ့် သူတွေဟာလည်း လွှတ်တော်အမတ်တွေချည်းပဲ မဟုတ်တဲ့အကြောင်း၊ ပြည်သူတွေက လွှတ်တော်ဘက်ကို ဝေဖန်တာ များနေလို့ သူ့အနေနဲ့ ရှင်းလင်းရတာ ဖြစ်ကြောင်း ပြောပါတယ်။ လွှတ်တော် အစည်းအဝေးမှာ နာယက သူရဦးရွှေမန်း ဘာတွေ ပြောခဲ့သလဲ၊ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေ ပြဿနာဟာ ဘယ်လို ဖြစ်တည်လာသလဲ၊ ဒါနဲ့ ပတ်သက်ပြီး ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲဆိုတာ ဒီကနေ့ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။
လွှတ်တော်ထဲမှာ အခုကိစ္စ ရှင်းလင်းရတဲ့အကြောင်း နာယက သူရဦးရွှေမန်းက ခုလို ပြောပါတယ်။ “အခုလည်း ဒီကိစ္စကို စာပေးနိုင်ဖို့ သက်ဆိုင်ရာဌာနက ပုံစံတွေ ပေးပို့ပြီး လွှတ်တော် ကိုယ်စားလှယ်တွေက မိမိနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပေးဖို့ တောင်းခံ ဆောင်ရွက်နေတာက ဒီလိုဝေဖန်ပြောဆိုမှုတွေနဲ့ ရှင်းလင်းရတဲ့ အခြေအနေ ပေါ်လာတာလို့ ယူဆပါတယ်၊ နောက်ဆုံး ရှင်းလင်းချင်တာက လွှတ်တော် ကိုယ်စားလှယ်တွေပဲ မဟုတ်ပါဘူး နိုင်ငံတော်မှာ ပြီးခဲ့တဲ့ ငါးနှစ်ကာလအတွင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ကြပြီး တင်ပြခဲ့တဲ့ ဥပဒေများမှာ အကျုံးဝင်တဲ့ ပုဂ္ဂိုလ်အားလုံး ခံစားခွင့်ရရှိတာ ဖြစ်ပါကြောင်း လွှတ်တော်အပိုင်းက ရှင်းလင်းသင့်တဲ့ အခြေအနေကို တင်ပြခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
သူရဦးရွှေမန်းက ဆက်ပြီး “တကယ်တော့ အခုပြောနေကြတဲ့ တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရကြမှာ လွှတ်တော် ကိုယ်စားလှယ်များတင် မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၆ ခုနှစ် မတ်လအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့၊ နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတများအပါအဝင် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အဆင့် ပုဂ္ဂိုလ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနဲ့ ကောင်စီဝင်များ အားလုံး ပါဝင်ပါတယ်” လို့ ရှင်းပါတယ်။ အဓိပ္ပါယ်ကတော့ ဒီတလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေကိစ္စ အရင်အစိုးရက ပြဌာန်းပေးခဲ့တဲ့ ဥပဒေအရ လုပ်ရတာ၊ အကောင်အထည် ဖော်တော့လည်း အစိုးရအဖွဲ့ဘက်ကနေ အကောင်အထည် ဖော်နေတယ်၊ ဒါကြောင့် လွှတ်တော်ဘက်ကိုချည်းပဲ ဝေဖန်နေတာဟာ မမှန်ဘူး၊ မဖြစ်သင့်ဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။
မှန်ပါတယ်။ သူရဦးရွှေမန်းပြောသလို ဒီလို တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေ ရယူခံစားကြရမယ့်ကိစ္စ အရင်စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြဌာန်းပေးခဲ့တာပါ။ ဒါပေမယ့် လက်ရှိ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ အဲဒီ ဥပဒေတွဲကို ဒီအတိုင်း ထားခဲ့တာ မဟုတ်ပါဘူး။ ရှေ့ပိုင်းမှာ အခု ပြောဆိုနေတဲ့ ဥပဒေတွဲတွေထဲက တစ်ခုဖြစ်တဲ့ “ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနဲ့ စားရိတ်များဆိုင်ရာ ဥပဒေ” နအဖ ဥပဒေအမှတ် ၆/၂၀၁၁ ကို ပြင်ဆင်တဲ့ သာဓက ရှိခဲ့ပါတယ်။ အားလုံး မှတ်မိကြပါဦးမယ်။ အဲဒီ ဥပဒေအရ ပြည်ထောင်စုအဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေကို လစာ တစ်လ ကျပ် ၃ သိန်း ရယူဖို့ ပြဌာန်းထားပါတယ်။ ပြည်နယ်နဲ့ တိုင်းအဆင့်ကို ကျပ် ၂ သိန်း ပြဌာန်းထားပါတယ်။ ဒါကို ပြည်ထောင်စု လွှတ်တော် အမတ်တွေက ပြည်ထောင်စုအဆင့် အမတ်တွေကို တစ်လ ကျပ် ၁၀ သိန်း၊ ပြည်နယ်နဲ့ တိုင်းအဆင့်ကို ကျပ် ၅ သိန်းဆိုပြီး ၃ ဆ လောက် တိုးမြှင့် သတ်မှတ်ဖို့ ဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။ ဒီလို တိုးမြှင့် သတ်မှတ်ချက်ကြောင့်ပဲ အမတ်ပေါင်း ၁၀၀၀ ကျော်ရဲ့ လစာဟာ ဘတ်ဂျက်ထဲမှာ ၃၀၀ ရာခိုင်နှုန်း၊ တစ်နည်း ၃ ဆလောက် မြင့်တက်သွားစေခဲ့ပါတယ်။ အဲလို အချိန်တုန်းကတော့ လွှတ်တော်အမတ်တွေဟာ ကိုယ့်လစာ ကိုယ်တိုးမြှင့် ရယူဖို့ ဥပဒေကို ပြင်ဆင်ခဲ့ကြပါတယ်။
အဲဒီ ဥပဒေအတွဲထဲမှာ ဟောသည် တူညီတဲ့ စာပိုဒ်တွေ ပါပါတယ်။ “ဤဥပဒေကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းသည့် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်သည်” ဆိုပြီး ပါပါတယ်။ အဲဒီ ပြဌာန်းချက်နဲ့အညီ အမတ်တွေဟာ ကိုယ့်လစာ ကိုယ် ၃ ဆ ကျော် တိုးယူဖို့ ပြင်ခဲ့ကြပြီးပါပြီ။ အခု တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင်ချီးမြှင့်ငွေနဲ့ ပတ်သက်ပြီးတော့ရော မပြင်သင့်ဘူးလား၊ ဒါမှမဟုတ် မဖြည့်စွက်သင့်ဘူးလား။ ကြည့်ကြရအောင်ပါ။
တွက်ကြည့်လိုက်ရင် ဒီနှုန်းအတိုင်း ချီးမြှင့်ငွေတွေပေးရင် ပြည်ထောင်စု အဆင့်ရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အမတ်တွေအတွက် တိုင်းပြည် ဘဏ္ဍာငွေထဲက ကျပ်ငွေ ၂ ဘီလျံခွဲလောက် သုံးရမယ့် သဘောပါ။ ပြည်နယ်နဲ့ တိုင်းအဆင့် အမတ်တွေအတွက် ကျပ်ငွေ ၁ ဒသမ ၆၅ ဘီလျံလောက် သုံးရပါမယ်။ အမတ် အားလုံးပေါင်းအတွက် စုစုပေါင်း ပေးရမယ့်ငွေဟာ ကျပ်ငွေ ၄ ဘီလျံကျော်ကျော် လိုမယ့်သဘောပါ။ နည်းတဲ့ ငွေမဟုတ်ပါဘူး။ နောက် သမ္မတနဲ့ အစိုးရအဖွဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေကိုပါ ပေးရင် လူနည်းပေမယ့် လစာငွေများတာကြောင့် နောက်ထပ် ကျပ် ၁ ဘီလျံကျော် ကုန်ပါဦးမယ်။ အားလုံးပေါင်းလိုက်ရင် ကျပ်ငွေ ၅ ဘီလျံကျော်ပါ။
ကျန်တာကတော့ အခု ဝိုင်းဝန်း ဝေဖန်နေကြသလိုပါပဲ။ ဒီ ၅ ဘီလျံကျော်သော ငွေတွေကို အစိုးရ ဘတ်ဂျက်ကနေ စိုက်ပြီးပေးရမယ်၊ တစ်နည်း ပြည်သူတွေရဲ့ အိတ်ထောင်ထဲကနေ စိုက်ထုတ်ပြီး ပေးရတဲ့ သဘောပါ။ အစိုးရ ဘတ်ဂျက် လိုငွေက များ၊ တိုင်းပြည်ကလည်း ဆင်းရဲ၊ အဲလို ပေးရရင် ငွေဖေါင်းပွပြီး ပြည်သူတွေ ထပ်ပြီး အခက်အခဲဖြစ်ရမယ့် အခြေအနေလည်း ရှိနေတာကြောင့် မယူသင့်ဘူးလို့ ပြောနေ ဝေဖန်နေကြတာပါ။ အမတ်တွေ ကိုချည်းပဲ ဝေဖန်နေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်သူလူထု အကျိုးအတွက် ဒီငွေ မပေးရအောင် လုပ်နိုင်တာက သူရဦးရွှေမန်းနဲ့ လက်ရှိ ပြည်ထောင်စုအဆင့် အမတ်တွေမှာ တာဝန် အရှိဆုံးပါ။ ကိုယ့်လစာကိုယ် သုံးဆလောက် တိုးခဲ့တာ လုပ်တုန်းကလို အခု တလုံးတခဲတည်းသော နိုင်ငံရေး ပင်စင် ချီးမြှင့်ငွေကိုလည်း မယူသင့်သေးကြောင်း ဥပဒေ ပြင်ဆင်တာ၊ ဖြည့်စွက်တာ တစ်ခုခု လုပ်ဖို့ပါပဲ။ ပြည်သူတွေ မထောက်ခံလို့ မဲမရခဲ့တဲ့ အမတ်တွေဟာ တာဝန်က အနားယူကာနီးမှာ ပြည်သူတွေရဲ့ အကျိုးကို တစ်ခုခု လုပ်ပေးသွားသင့်ပါတယ်။
ဒီလိုမှမဟုတ်ရင် အမတ်တွေကို ရွေးကောက်ပွဲမှာ ရှုံးပြီး လွှတ်တော်ထဲက မထွက်ခွာခင် ပြည်သူ့ဘဏ္ဍာထဲကနေ ရယူ၊ ငွေထုတ်ပိုက်ပြီး ထွက်သွားကြတဲ့ သဘော ဖြစ်နေပါဦးမယ်။ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီးရင်း ဆန့်ကျင်သူတွေ ဖြစ်သွားကြပါလိမ့်မယ်။ ဒါကို အဓိက လုပ်ကိုင်ရမှာဟာ ပြည်ခိုင်ဖြိုးအမတ်တွေပဲ ဖြစ်တာကြောင့် အခု လုပ်ရပ်အပေါ် မရှက်ကြဘူးလားလို့ပဲ ထပ်ပြီး မေးလိုက်ချင်ပါတော့တယ်။
စည်သူအောင်မြင့်
Mizzima - News in Burmese -
နယူးယောက်၊ ဒီဇင်ဘာ ၂၂ ။ ။ ဟောလီဝုဒ် နာမည်ကျော်မင်းသား နီကိုလပ်စ် ကေ့ဂ်ျသည် ရှားပါးသည့် ဒိုင်နိုဆော ဦးခေါင်းခွံ တစ်ခုကို ကန်ဒေါ်လာ ၂၇၆,၀၀၀ ထိပေးကာ ၀ယ်ယူထား ခဲ့သော်လည်း ယခုအခါ ယင်းမှာ မူရင်းပိုင် ရှင်ထံမှ ခိုးယူခံထားရသည့် ပစ္စည်းဖြစ်နေခြင်းကြောင့် အစိုးရလက်သို့ အပ်ရန် သဘောတူလိုက်သည်။
ယင်းဦးခေါင်းခွံကို မင်းသားကေ့ခ်ျက အမေရိကန် အာဏာပိုင်များထံသို့ အပ်နှံသွားမည်ဖြစ် သဖြင့် မူလပိုင်ရှင် မွန်ဂိုလီယား အစိုးရထံသို့ ပြန်လည် ပို့ဆောင်ပေးသွားနိုင်တော့မည် ဖြစ်သည်။
မန်ဟက်တန်ရှိ အမေရိကန် ရှေ့နေချုပ်ရုံးသည် ပြီးခဲ့သည့်သီတင်းပတ်က အဆိုပါ သက်တမ်း ကြာမြင့်နေပြီဖြစ်သည့် ဦးခေါင်းခွံကို ပြန်လည်ရယူရန် အမှုဖွင့်ခဲ့သည်။ ယင်းကို မွန်ဂိုလီးယားသို့ ပြန်ပို့ ပေးသွားမည်ဖြစ်သည်။
အမှုဖွင့်ရာတွင် ဦးခေါင်းခွံ ပိုင်ဆိုင်သူ အမည်စာရင်းတွင် ကေ့ဂ်ျကို ဖော်ပြထားခဲ့ခြင်း မရှိသော် လည်း ယင်းကို မင်းသားကေ့ခ်ျက ၂၀၀၇ ခုနှစ် မတ်လက I.M Chait ပြတိုက်မှ ၀ယ်ယူထားခဲ့ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
"National Tresure" ရုပ်ရှင်ကား၏ မင်းသားဖြစ်သူ ကေ့ဂ်ျမှာ ယခုကိစ္စနှင့် ပတ်သက်၍ အပြစ် ကျူးလွန်ထားခဲ့သည်ဟု စွပ်စွဲပြောကြားခြင်း မခံခဲ့ရပဲ ၎င်းသည် အဖြစ်မှန်ကို သိရှိပြီးနောက် တာဝန်သိ စွာဖြင့် အစိုးရထံသို့ အပ်နှံရန် သဘောတူခဲ့သည်ဟု အမေရိကန် အာဏာပိုင်များက ပြောသည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယင်းဦးခေါင်းခွံသည် မွန်ဂိုလီးယားမှ တရားမ၀င် သယ်ဆောင် ထားခဲ့သည့် ရှေးဟောင်းပစ္စည်းတစ်ခု ဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ကေ့ဂ်ျက ယခုကဲ့သို့ အပ်နှံ ရန် သဘောတူခဲ့ခြင်း ဖြစ်သည်။
Mizzima -
သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်း အဝေး (နေပြည်တော်) MOI
သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြု ကော်မတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အသွင် ကူးပြောင်းရေးအဖွဲ့တို့အကြား ပထမအကြိမ် ညှိနှိုင်း အစည်း အဝေး (နေပြည်တော်) MOI
၂၀၁၆ခုနှစ်မှာ သမ္မတအာဏာကို လွှဲပြောင်းတဲ့ အခမ်းအနားကျင်းပနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDနဲ့ သမ္မတဦးသိန်းစိန်အစိုး ရနှစ်ဘက် ကိုယ်စားလှယ်တွေ အင်္ဂါနေ့က နေပြည်တော် မှာ တွေ့ဆုံခဲ့ကြပါတယ်။ အာဏာလွှဲပြောင်းရေး အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်အစိုးရတာဝန်ရှိသူတွေ ပြီးခဲ့တဲ့သတင်းပတ် က တွေ့ဆုံဆွေးနွေးခဲ့တဲ့ရလဒ်ကို အကောင်အထည်ဖေါ်တဲ့အနေနဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ ဆောင်ရွက်နိုင်ရေး နှစ်ဘက်ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း သမ္မတရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကဗွီအိုအေကိုပြောပါတယ်။ဆက်သွယ်မေးမြန်းထားတဲ့မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။
ဒီဇင်ဘာလ (၂၂)ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ NLD ပါတီရဲ့ အသွင်ကူးပြောင်းရေးအဖွဲ့နဲ့ လက်ရှိအစိုးရဘက်က နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက်အကူပြုကော်မတီတို့ကြား ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြတာပါ။ အဲဒီမှာဆွေးနွေးတဲ့အဓိကအကြောင်းအရာတွေနဲ့ပတ်သက်လို့ သမ္မတရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုအခုလိုပြောပါတယ်။
“အစိုးရဘက်ကဆိုရင် ကျနော်တို့ နိုင်ငံတော်အကြီးအကဲ တာဝန်လွှဲပြောင်းမှု အထောက်အကူပြုကော်မတီ၊ NLD ဘက်ကဆိုရင် ဒေါ်စုဖွဲ့ထားတဲ့ အသွင်ကူပြောင်းရေးအဖွဲ့ ဒီနှစ်ဖွဲ့တွေ့တာပါ။ ပြီးခဲ့တဲ့ တပတ်ကျော်က ကျနော်တို့ ဒေါ်စုနဲ့မိတ်ဆက်သဘောမျိုးတွေ့ပြီးပြီ။ အခုဟာကတော့ အဖွဲ့နှစ်ဖွဲ့အကြား officially နေပြည်တော်ရုံး မှာမနေ့ ကတွေ့ခဲ့ကြတာဖြစ်ပါ တယ်။ ဒါကလည်း ပထမဆုံးအကြိမ်ညှိုနှိုင်းဆွေးနွေးပွဲပါ။ အဓိကအားဖြင့် နှစ်ပိုင်းဆွေးနွေးဖြစ်ပါတယ်။ နံပါတ်တစ်ကတော့ ကျနော်တို့ နိုင်ငံတော် အကြီးအကဲ တာဝန်လွှဲပြောင်း တဲ့အခမ်းအနားပေါ့၊ အဲဒါကို သမ္မတအိမ်တော်မှာ ကျင်းပနိုင်ဖို့လျာ ထားချက်ပါ။ ဒုတိယအပိုင်းကတော့ ၀န်ကြီးဌာနတွေ စနစ်တကျလွှဲပြောင်းနိုင်ဖို့ လုပ်ငန်းစဉ်အဲဒါတွေကိုဆွေးနွေးပါတယ်။”
ဒုတိယအကြိမ်အစည်းအဝေးကိုတော့ နှစ်ဘက်ညှိနှိုင်းပြီးဆက်လက်ပြုလုပ်သွားဖို့ရှိတယ်လို့ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကိုပြောပါတယ်။
နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းမယ့် အခမ်းအနားကို ၂၀၁၆ခုနှစ် မတ်လအကုန်ပိုင်းမှာ ကျင်းပနိုင်မယ်လို့ ယူဆကြောင်းနဲ့ အာဏာလွှဲပြောင်းရာမှာ အဓိကကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှုတွေကို မြန်မာ့နိုင်ငံရေးေ လ့လာသုံး သပ်နေ သူဒေါက်တာရန်မျိုးသိမ်းကအခုလိုပြောပါတယ်။
“အာဏာလွှဲပြောင်းတဲ့အခမ်းအနားက အရင်တကြိမ်ကလုပ်ခဲ့တဲ့ အစဉ်အလာအရ ကြည့်မယ်ဆိုရင် ၂၀၁၆ခုနှစ် မတ်လ (၃၁)ရက်မှာဖြစ်ဖို့အလားအလာများ တယ်လို့ထင်ပါတယ်။ ပထမဆုံးကတော့ ကျနော်တို့ ၀န်ကြီးဌာနအလိုက် လွှဲပြောင်းတဲ့နေရာမှာ ၀န်ကြီးဌာနတခုချင်းစီရဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရော၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေရော အဲဒါတွေနဲ့ပတ်သက်တဲ့ အသေးစိတ် စာရင်းဇယား၊ နောက်ပေးရန်ရှိ ရရန်ရှိမယ့် အသေးစိတ်စာရင်းဇယားတွေ ကိုလွှဲပြောင်းရမှာဖြစ်တဲ့အတွက်ကြောင့် ကျနော့်အမြင်အရတော့ အတော့ကိုအချိန်ယူပြီးတော့ အချိန်ပေးပြီးတော့ စနစ်တကျလွှဲပြောင်းနိုင်မှသာ NLD အစိုးရအနေနဲ့ မျက်နှာကောင်းရနိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်ခင်ဗျ။”
အစိုးရသစ်ကိုလွှဲပြောင်းဖို့ ၀န်ကြီးဌာနအလိုက် ပိုင်ဆိုင်မှုတွေ၊ လက်ရှိဘတ်ဂျက်အရ သုံးထားတဲ့ ငွေတွေအားလုံးကို သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဌာနတွင်း စာရင်းစစ်တွေနဲ့ ပြန်စစ်နေ တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေနဲ့တွေ့ဆုံမေးမြန်းခန်း မှာ ပြောဆိုထားပါတယ်။ လက်ရှိအစိုးရရဲ့ (၅)နှစ်စီမံကိန်းတွေကို ဆက်လုပ်မလား၊ မလုပ်ဘူးလားဆိုတာကတော့ နောင်တက်လာမယ့် အစိုးရရဲ့အဆုံးအဖြတ်ပေါ်မှာ မူတည်မှာဖြစ်တယ်လို့ သူကဆိုပါတယ်။
မနေ့ကဆွေးနွေးပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အသွင်ကူးပြောင်းရေး အဖွဲ့ခေါင်းဆောင် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်နဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးအောင်နဲ့ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာအောင်သူတို့ တက်ရောက်ခဲ့ကြပါတယ်။ အစိုးရဘက်ကတော့ သမ္မတဦးသိန်းစိန်ဖွဲ့စည်းထား တဲ့ နိုင်ငံတော်အကြီးအကဲတာဝန် လွှဲပြောင်းမှု အထောက် အကူပြု ကော်မတီရဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ကော်မတီဝင်တွေဖြစ်တဲ့ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်း၊ ဆောက် လုပ်ရေးဝန် ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အုန်း နဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့ တက်ရောက်ခဲ့ကြပါတယ်။
VOA
http://burmese.voanews.com/content/power-transfer-committees-meeting/3115036.html
နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ဝ တပ်ဖွဲ့ ဖိတ်ကြားခံရ
ဇန်နဝါရီလ ၁၂ ရက်နေ့မှာ အပစ်ရပ် အဖွဲ့တွေနဲ့ ကျင်းပ ပြုလုပ်မယ့်နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ 'ဝ' တပ်ဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဖိတ်ကြား ခဲ့ပါတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဇော် ဦးဆောင်တဲ့ အဖွဲ့က 'ဝ' တပ်ဖွဲ့ရဲ့ ဌာနချုပ် ဖြစ်တဲ့ ပန်ဆန်း ကို ဒီဇင်ဘာလ ၁၉ ရက်နေ့က သွားရောက်ပြီး ဖိတ်ကြားခဲ့တာ ဖြစ်ပါ တယ်။
'ဝ'တပ်ဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဦးရှောက်မင်လျံ ဦးဆောင်တဲ့ အဖွဲ့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး နဲ့ တိုင်းရင်းသား အရေး တွေ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
'ဝ' တပ်ဖွဲ့က နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်ဖို့ အစိုးရရဲ့ ဖိတ်ကြားမှုကို ကျေးဇူးတင် ကြောင်း တုံ့ပြန်ခဲ့ပေမယ့် ဆွေးနွေးပွဲကို တက်ရောက်မယ် မတက်ရောက်ဘူး တိကျ တဲ့ အဖြေ ကိုတော့ မပေးသေးဘူး လို့ ဆိုပါတယ်။
အစိုးရရဲ့ ဖိတ်ကြားချက် အပေါ် 'ဝ' တပ်ဖွဲ့အတွင်းမှာ ပြန်လည် ဆွေးနွေး ရဦးမှာ ဖြစ်တာကြောင့် အဖြေမပေးသေးတာ ဖြစ်ကြောင်း 'ဝ'တပ်ဖွဲ့ တာဝန် ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
'ဝ' တပ်ဖွဲ့ဟာ ငြိမ်းချမ်းရေး စာချုပ်မှာ လက်မှတ် မရေး ထိုးဘူးလို့ ကြေညာခဲ့ပေမယ့် နိုင်ငံရေး ဆွေးနွေးပွဲကို တက်ရောက်မယ်လို့ ပြောခဲ့ဘူး တာကြောင့် ဆွေးနွေးပွဲ ကို တက်ရောက် နိုင်ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။
အပစ်အခတ် ရပ်စဲရေးမှာ လက်မှတ် မရေးထိုး ရသေးတဲ့ အဖွဲ့တွေထဲက ရခိုင် တပ်မတော် AA နဲ့ ကိုးကန့် တပ်ဖွဲ့ MNAA တို့ကလွဲပြီး ကျန်တဲ့ အဖွဲ့တွေ အားလုံး ကိုလည်း နိုင်ငံရေး ဆွေးနွေးပွဲ တက်ရောက်ဖို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ဖိတ်ကြား ထားကြောင်း သိရှိရ ပါတယ်။
BBC Burmese
http://www.bbc.com/burmese
Ramadi မြို့ကို ပြန်သိမ်းပိုက်ရေး တိုက်ပွဲပြင်းထန်နေ
အီရတ်တပ်ဖွဲ့တွေဟာ IS စစ်သွေးကြွတွေ သိမ်းယူထားတဲ့ ရာမာဒီမြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့ ကြိုးစားနေတာမှာ ဒီကနေ့ အင်္ဂါနေ့မှာတော့ အီရတ်တပ်ဖွဲ့တွေနဲ့ စစ်သွေးကြွတွေကြား ရာမာဒီမြို့လယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
အစိုးရအဆောက်အအုံ တခု အနီးတ၀ိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပြီး လေကြောင်းကနေ စစ်ကူဝင်တိုက်ပေးနေတယ်လို့ အီရတ်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးဌာန ပြောခွင့်ရပုဂ္ဂိလ် Sabah-al-Numani က ပြောပါတယ်။ ရှေ့ဆက်တိုးနိုင်ဖို့ ကြိုးစားနေတဲ့ အီရတ် တပ်ဖွဲ့တွေက လမ်းဘေးထောင်ဗုံးတွေကိုလည်း ရှင်းလင်းနေကြပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်လေယာဉ်တွေကနေ ရာမာဒီမြို့ဆင်ခြေဖုံးက IS စစ်သွေးကြွတွေကို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။
ပြီးခဲ့တဲ့ မေလက ရာမာဒီမြို့ကို လက်လွှတ်လိုက်ရတာဟာ အီရတ်အစိုးရနဲ့ အီရတ်တပ်ဖွဲ့တွေ အတွက်တော့ ဆုံးရှုံးမှုဖြစ်ပါတယ်။ ဘက်ဂဒတ်မြို့ အနောက်ဘက် ကီလိုမီတာ ၁၀၀ လောက်မှာ ရှိတဲ့ ရာမာဒီမြို့ကို ပြန်သိမ်းယူနိုင်ဖို့ ကြိုးပမ်းနေတာတွေနဲ့ ရာမာဒီမြို့မှာရှိတဲ့ စစ်သွေးကြွတွေကို အထောက်အကူပေးနေတဲ့ လမ်းကြောင်းတွေကို ဖြတ်တောက် နိုင်ဖို့ ဆောင်ရွက်နေတာတွေကတော့ လပေါင်းများစွာ ကြာမြင့်နေပါပြီ။
ရာမာဒီမြို့ ပြန်လည် သိမ်းယူနိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်မှုတွေကိုတော့ ပြီးခဲ့တဲ့လက စတင်ခဲ့တာ ဖြစ်ပါတယ်။
VOA Burmese
http://burmese.voanews.com
ဂျပန်နဲ့ တရုတ် အငြင်းပွားဖွယ် ရေပြင်
အာရှ စီးပွားရေး အင်အားကြီး ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကြား ကာလရှည် ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင် အတွင်းက လူမနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက်တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က ရေယာဉ် တစင်းကို တွေ့ရှိခဲ့ရတယ်လို့ ဂျပန်က ပြောဆိုပါတယ်။
ဂျပန်ဘက်က Senkaku လို့ ခေါ်ပြီး တရုတ်ဘက်က Diaoyu လို့ ခေါ်တဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေနားမှာ သဘောင်္တစင်း ခုတ်မောင်းနေတဲ့ ဓာတ်ပုံကို ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန် ကမ်းခြေစောင့်တပ်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းစုတွေ အနီးမှာ လက်နက် တပ်ဆင်ထားတဲ့ တရုတ် ကမ်းခြေစောင့်တပ်က သဘောင်္တစင်း ခုတ်မောင်းနေတာ ပထမဆုံး အကြိမ် ဖြစ်တယ်လို့ ဂျပန် ကမ်းခြေစောင့်တပ်ရဲ့ ပြောခွင့်ရ အမျိုးသမီးက ပြောပါတယ်။
ဒီဒေသတ၀ိုက်မှာ တခြား တရုတ် သဘောင်္ သုံးစင်းတို့လည်း ခုတ်မောင်းနေတာကို တွေ့ခဲ့ပါတယ်။ ဂျပန်တို့က သူတို့ ရေပိုင်နက်လို့ သတ်မှတ်ထားတဲ့ ဒေသကို ချိုးဖောက်ဝင်ရောက်တဲ့ အထိတော့တရုတ် သဘောင်္တွေနီးနီးကပ်ကပ် ခုတ်မောင်းခဲ့တာ မရှိပါဘူး။
VOA Burmese
http://burmese.voanews.com
ဆေးဝါးအတုတွေ သိမ်းဆည်းရမိ
Interpol နိုင်ငံတကာရဲတပ်ဖွဲ့က မြန်မာနိုင်ငံ အပါအ၀င် အာရှနိုင်ငံပေါင်း ၁၃ နိုင်ငံကို လွှမ်းခြုံပြီး ပြုလုပ်ခဲ့တဲ့ စီမံချက်အတွင်း အမေရိကန် ဒေါ်လာ ၇ သန်း တန်ဖိုးရှိတဲ့ ဆေးဝါးအတုတွေ သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတကာရဲတပ်ဖွဲ့ကပြောပါတယ်။
Interpol အဖွဲ့ရဲ့ ဒေသတွင်း ဆေးဝါးအတု ဟန့်တားတိုက်ဖျက်ရေး အစီအစဉ်အတွင်း ပဋိဇေ၀ဆေး၊ သွေးတိုးကျဆေး ဆေးပြားတွေနဲ့ ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးတွေအထိ ဆေးဝါးအတုပေါင်းစုံကို ရာနဲ့ချီတဲ့ ဆေးဆိုင်တွေ ဈေးတွေ၊ အင်တာနက် အွန်လိုင်းကနေ ကနေ တဆင့် ရောင်းချနေတာတွေကို ဖော်ထုတ်နိုင်ခဲ့တာပါ။
နိုင်ငံတကာ ရဲတပ်ဖွဲ့က တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ရဲတပ်ဖွဲ့နဲ့ ဆေးဝါးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီတွေ ပူးပေါင်းပါဝင်တဲ့ ဆေးဝါးအတု တိုက်ဖျက်ရေး စီမံချက်ဟာ ရာဇ၀တ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ တရားမ၀င် ဆေးဝါးထုတ်လုပ်မှုတွေကို ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး စီမံချက်ကာလအတွင်း လူပေါင်း ၈၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Operation Storm VI လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးက ရာဇ၀တ်ဂိုဏ်းတွေ ပါဝင် ပတ်သက်နေပြီး လူထုကျန်းမာရေးကို အန္တရာယ်ပြုစေတဲ့ ဆေးဝါးထုတ်လုပ်မှုတွေနဲ့ လူတွေရဲ့ လုံခြုံစိတ်ချရမှုအတွက် ရည်ရွယ် လုပ်ဆောင်တာ ဖြစ်တယ်လို့ Interpol ကမ္ဘာ့ကျန်းမာရေး လုံခြုံစိတ်ချစေရေးဌာန အကြီးအကဲ Aline Plancon က ပြောပါတယ်။
စီမံချက်ပြုလုပ်ခဲ့တဲ့ တိုင်းပြည်တွေကတော့ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ် နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
လှေစီးပြေးဒုက္ခသည်တွေကိုလွှဲပြောင်းပေးစဉ်။
ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့က ဘင်္ဂလားဒေရှ့်နိုင်ငံသား လှေစီးပြေးဒုက္ခသည်တွေကို ကူညီရေးစခန်းတွေကို အပြီး ပိတ်သိမ်းလိုက်ပြီလို့ လဝက ဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို လွှဲပြောင်းပေးဖို့ နောက်ဆုံးကျန်ရှိနေတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၂၈ ဦးဟာ စခန်းကနေ ထွက်ပြေးသွားခဲ့တဲ့နောက် အခုလို ပိတ်သိမ်းလိုက်တာလို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။
မောင်တောခရိုင် တောင်ပြိုလက်ဝဲမြို့မှာ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ဒီနှစ် ဇွန်လကုန်ပိုင်းလောက်က စတင်ပြီး မိခင်နိုင်ငံရင်းကို လွှဲပြောင်းပေးခဲ့ရာက ဒီဇင်ဘာလ ၂ ရက်နေ့က နောက်ဆုံးအကြိမ်အဖြစ် လှေစီးပြေးဒုက္ခသည် ၄၈ ယောက်ကို လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးအကြိမ် လွှဲပြောင်းပြီးတဲ့နောက် ဒုက္ခသည် ၂၈ ဦးကျန်ရှိကြောင်း စာရင်း ထုတ်ပြန်ခဲ့ပေမယ့် အခုအခါမှာတော့ စခန်းမှာ လူမရှိတော့တာကြောင့် ပိတ်သိမ်း လိုက်ပြီဖြစ်ကြောင်းမောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစောနိုင်က ပြောပါတယ်။
“အခုကတော့ Boat people တွေက တယောက်မှ မရှိတော့ဘူးခင်ဗျ။ လွှဲပြောင်းစရာတော့ ကုန်သွားပြီခင်ဗျ။ အခုကျနော်တို့ သန့်ရှင်းရေးတွေ ဘာတွေ IOM က လာပြီးလုပ်ပေးတာတွေရှိပါတယ်။ နောက် UNHCR က ရှင်းလင်းရေးတွေ အကုန် လာလုပ်တာရှိပါတယ်။”
နောက်ဆုံး လွှဲပြောင်းဖို့ ကျန်ရှိနေသူ ၂၈ ဦးဟာ ကူညီရေးစခန်းကနေ ထွက်ပြေးသွားခဲ့တာ ဖြစ်တယ်လို့ ဦးစောနိုင်က အခုလို ပြောပါတယ်။
“လက်ခံမယ်။ လက်မခံဘူးပေါ့။ အဲလိုမျိုးတွေတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် သူတို့ကလည်း မစောင့်နိုင်တော့ဘူးလေ။ ၂၈ ယောက် ကလည်း ကြာလှပြီ နောက်ပြီး ၆ လကျော် လာပြီမို့လို့လေ။ ဒီ Camp ထဲမှာ သူတို့မစောင့်နိုင်တဲ့အခါတော့ သူတို့က ပြေးမှာပဲ။ စောင့်ဆိုင်းနေတဲ့ ကာလပေါ့ အဲဒီ စောင့်ဆိုင်းနေတဲ့ကာလမှာပဲ သူတို့ပြေးသွားကြတာလေ။”
မောင်တောခရိုင်အတွင်းက ဒေသခံတွေအနေနဲ့လည်း ဒီ လှေစီးပြေးဒုက္ခသည်တွေ ထွက်ပြေးသွားတဲ့ အပေါ် လုံခြုံရေးအတွက် စိုးရိမ်စရာမရှိဘူးလို့လည်း ဦးစောနိုင်က ဆက်ပြောပါတယ်။
“လုံခြုံရေးကတော့ ဘာမှ စိတ်ပူစရာမရှိဘူးခင်ဗျ။ သူတို့ပြေးတာကလည်း သူတို့ဘာသူတို့ ဟိုဘက်ကို လည်းပြေးသွားပြီ။ နောက် ဟိုဘက်ကိုလည်း ရောက်တယ် ဆိုတာ ကျနော်တို့ သတင်းအရကော သိရှိရတယ်ပေါ့နော်။ ကျနော်တို့ဘက်မှတော့ ဘာမှမရှိတော့ဘူး။ မရှိတော့ လုံခြုံရေးက ဘာမှစိတ်ပူစရာတော့ မရှိပါဘူး။”
လှေစီးပြေး ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေကို ရခိုင်ပြည်နယ် မောင်တောဒေသ အနီးမှာ ၂၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီးမှာ ၇၀၀ ကျော်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကမ်းလွန်ပင်လယ်ပြင်မှာ ၁၀၀ ကျော်ကို မြန်မာရေတပ်က တွေ့ရှိခဲ့ရာက စစ်ဆေးပြီးတဲ့နောက် မောင်တောခရိုင်ကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးရမိတဲ့အထဲမှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တချို့လည်း ပါဝင်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။
မြန်မာအစိုးရအနေနဲ့ တောင်ပြိုလက်ဝဲမြို့မှာ ကူညီရေးစခန်းတွေ ဖွင့်လှစ်ပြီး ထိန်းသိမ်းထားတဲ့ လှေစီးပြေးဒုက္ခသည်တွေထဲက ဘင်္ဂလားဒေရှ့်နိုင်ငံသားလို့ အတည်ပြုလို့ရတဲ့ ဒုက္ခသည် ပေါင်း ၇၇၇ ယောက်ကို ဇွန်လကနေ ဒီဇင်ဘာလအထိ ၇ ကြိမ်ခွဲပြီး ပြန်လည် ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
သိင်္ဂီလင်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် အနိုင်ရ
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မသမာမှုတွေကို တိုင်ကြားနိုင်တဲ့ နောက်ဆုံး သတ်မှတ်ရက် အခု ရက်ပိုင်းမှာ ပြည့်ပါတော့မယ်။
နိုဝင်ဘာ ၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တိုင်ကြားထားတဲ့ ကန့်ကွက်လွှာတွေကို နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၂ ရက်နေ့က ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ကြားနာ စစ်ဆေးခဲ့ပါတယ် ။
အခု ဒီဇင်ဘာ တတိယပတ် အထိ တစ်နိုင်ငံလုံး အတိုင်းအတာ အရ တိုင်ကြားမှု ကန့်ကွက်လွှာပေါင်း ၁၇ မှု ရှိပြီး စစ်ဆေး နေတာကတော့ လေးမှု ရှိပြီလို့ ရွေးကောက်ပွဲ ခုံရုံးဌာန တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုင်ကြားတာက အများဆုံး ဖြစ်တယ်လို့ တိုင်ကြားထားသူတွေ ထဲက တစ်ယောက် ဖြစ်တဲ့ မကွေးတိုင်း ဒေသကြီး အမျိုးသား လွှတ်တော် မဲဆန္ဒနယ် ၁၂ က ဦးလှဆွေက ပြောပါတယ်။
ကြားနာ စစ်ဆေးမှုကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ဆက်လက် ပြုလုပ်ဦးမှာ ဖြစ်ပြီး အခု လက်ခံရရှိထားတဲ့ ကန့်ကွက်လွှာ ၁၇ ခု အပြင် နောက်ထပ် ကန့်ကွက်လွှာတွေ ထပ်မံ ရောက်ရှိ လာနိုင်သေးတယ်လို့ ရွေးကောက်ပွဲ ဆိုင်ရာ အရာရှိက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
တကသကျောင်းသားတွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်လာစဉ်
Photo: Aung Thain Kha/RFA
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ ဒီကနေ့ မန္တလေးမြို့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာကြပါတယ်။
အိုးဘိုထောင်ထဲမှာ ၅ လ ကျော်ကြာနေထိုင်ခဲ့ရကြောင်း ရတနာပုံ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒု-ဥက္ကဌ ကိုအောင်ဆန်းဦး က ပြောပါ တယ်။
"ထောင်ထဲမှာ ကျနော်တို့ အရေးကြီးတဲ့နေ့တွေမှာ သတင်းတွေ အဖြတ်ခံရတယ်၊ ဥပမာ ရွေးကောက်ပွဲ ကြေညာ တဲ့နေ့တွေမှာ ရလဒ်တွေကို သတင်းဖြတ်ခံရတယ်၊ NCA လက်မှတ်ထိုးတဲ့အချိန်မှာ ထောင်ထဲမှာ သတင်းစာတွေ သွင်းလို့မရဘူး၊ နောက်တစ်ခုက အကျဉ်းထောင် လက်စွဲဥပဒေကို ကျနော်တို့ဖတ်ခွင့်မရဘူး၊ ကျနော်တို့က ဘာလို့ဖတ်ခွင့်မရဘူးလဲမေးတော့ ထောင်ထဲမှာ မင်းတို့အကျဉ်းသားဖြစ်သွားရင် လူ့အခွင့်အရေးဆိုတာ မရှိတော့ဘူးလို့ အပြောခံရတယ်"
ပြီးခဲ့တဲ့ ဇွန်လ ၂၆ရက်နေ့က ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူး၊ ကိုဥာဏ်လင်းထက်နဲ့ ကိုနိုင်ရဲဝေတို့ဟာ ရတနာပုံတက္ကသိုလ် မုခ်ဦးရှေ့မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြပြီး "စစ်တစ်ပိုင်းအစိုးရ ကျဆုံးပါစေ" ဆိုတဲ့ စာသားကို ဆေးမှုတ်ပြီး ရေးသားခဲ့ကြလို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ ကိုအောင်ဆန်းဦး၊ ကိုဂျစ်တူးနဲ့ ကိုဥာဏ်လင်းထက်တို့ ၃ ဦး ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပြီး ကိုနိုင်ရဲဝေ ကတော့ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လ ပြစ်ဒဏ်ကျန်နေသေးတာကြောင့် မလွတ်မြောက်သေးဘူးလို့ သိရပါတယ်။
အခုလို ကျောင်းသား၃ ဦး ပြန်လွတ်လာပေမဲ့၊ နောက်ထပ် ကျောင်းသား ၃ ယောက် တရားစွဲခံခဲ့ရပါတယ်။
၂၀၁၄ ခုနှစ်အတွင်း အမျိုးသားပညာရေး ဥပဒေ ကန့်ကွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တဲ့ တကသအဖွဲ့ဝင် ကိုစည်သူမောင်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခတို့ ၃ ယောက်ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့က အုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ တကသ ခေါင်းဆောင် ကိုနန်းလင်းကို ရုံးထုတ်စဉ်မှာ ဒဂုံအရှေ့ပိုင်းမြို့နယ်ရဲမှူးက လာရောက် အကြောင်းကြားသွားတာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ကိုစည်သူမောင် က ပြောပါတယ်။
"ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲမှူးကနေပြီးတော့ ပန်းဘဲတန်း တရားရုံးကိုလာပြီးတော့ ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဦးလှဌေးရဲ့ ခွင့်ပြုချက်နဲ့ ပုဒ်မ ၁၈ ဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကျနော်ရယ်၊ ကိုနန်းလင်းနဲ့ ကိုမင်းသုခရယ် ၃ ယောက်ကို တရားစွဲရတဲ့အကြောင်း လာပြောတယ်၊ သူတို့တရားရုံးတင်ပြီးသွားရင် ရုံးရှေ့ကိုဆင့်ခေါ်စာ သူတို့ပို့မယ်၊ ကျနော်တို့အနေနဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းကို လာပြီးဆင့်ခေါ်မယ်ဆိုရင်တော့ သွားဖို့မရှိဘူး၊ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး အရင်ကတည်းက ဒါဟာ ဒီမိုကရေစီနစ်နဲ့ မကိုက်ညီတဲ့ ပုဒ်မတစ်ခုဖြစ်တယ်ဆိုတာ ကန့်ကွက်ထားပြီးဖြစ်တယ်"
နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြောင်း ပြဌာန်းထားတဲ့အတွက် သွားရောက် တရားရင်ဆိုင်မှာ မဟုတ်ကြောင်း ကိုစည်သူမောင်ကပြောပါတယ်။
ပြန်လည်လွတ်မြောက်လာတဲ့ ရတနာပုံကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ကိုအောင်ဆန်းဦးကို RFA သတင်းထောက် မမိုးကလျာဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
pharkant-machin-620.jpg
ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း လုပ်ကွက်တွေမှာ အသုံးပြုဖို့ အကြီးစားစက်ယန္တရားတွေ တင်သွင်းနေ တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းကို ဒီကနေ့ သွားရောက်စစ်ဆေးခဲ့ပါတယ်။
ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းက ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို သွားရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယရဲမှူးကြီး မြင့်ထူးက ပြောပါ တယ်။
"ဒီနေ့ ဝန်ကြီးနဲ့အဖွဲ့က မြစ်ကြီးနားကနေ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကို သွားပြီးစစ်ပါတယ်၊ စစ်ဆေးတာ နှစ်ရက်လောက်ရှိပါပြီ၊ ဒါကတော့ ဝန်ကြီးတို့ အစီအစဉ်ပါပဲ၊ ကျနော်တို့ သူတို့ရဲ့လာရောက်စစ်ဆေး တဲ့အပေါ် ထုတ်ပြန်သွားမှာဖြစ်ပါတယ်"
ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း၊ အကောက်ခွန်စတဲ့ဋ္ဌာနတွေက ဝန်ထမ်းတချို့ကို မေးမြန်းခဲ့သလို အဲ့ဒီ စခန်းမှာ ရပ်နားထားတဲ့ ယန္တရားတချို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေးစခန်းကနေ ယာဉ်စက်ယန္တရားအစီးရေ ၈၈၀ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဋ္ဌာန ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဒီဇင်ဘာ ၁၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာ မှာ ပြောကြားထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ဦးဆောင်တဲ့အဖွဲ့ဟာ ယာဉ်စက်ယန္တရားတင်သွင်းမှုနဲ့ ဆက်စပ်နေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို မနေ့က မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် မလိခရိပ်သာမှာ ခေါ်ယူမေးမြန်းခဲ့ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသဘက်ကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေ စခန်းနဲ့ မန္တလေး၊ ရန်ကုန်စတဲ့ လမ်းကြောင်းတွေကနေ ယာဉ်၊ စက်ယန္တရားတွေကို တင်သွင်းနေသလို စစ်ကိုင်း တိုင်းဒေသကြီး ချင်းတွင်းမြစ်ကြောင်းကနေတဆင့် ခန္တီး-လိုင်ဆိုင်း-တာမခံ လမ်းကြောင်းဘက်ကနေလည်း သယ်ယူနေတာဖြစ်ပါတယ်။
RFA
dawkhinwin-620.jpg
၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လိပ်ခွံတောင်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ဒေါ်ခင်ဝင်း ဈာပနမှာ လွမ်းသူ့ပန်းခွေတွေကို တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခမှာ သေနတ်မှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာမှာရှိတဲ့ ဒေါ်ခင်ဝင်း ရဲ့ နေအိမ်ခြံဝန်းထဲမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၁ နှစ်ပြည့်အဖြစ် လက်ပံတောင်းတောင်နားက လိပ်ခွံတောင်ကို ချီတက်လမ်းလျှောက်ခဲ့ကြ ပြီး ဒေါ်ခင်ဝင်းရဲ့အုတ်ဂူမှာ ပန်းခွေချတဲ့ အခမ်းအနားလည်း ပြုလုပ်ခဲ့တယ်လို့ ဒေါ်ခင်ဝင်းရဲ့ မိသားစုဝင်တစ်ဦးဖြစ် တဲ့ ကိုဟန်ဝင်းအောင်က ပြောပါတယ်။
"နံနက် ၈ နာရီကနေ အခမ်းအနားကို စတင်ကျင်းပခဲ့ပါတယ်၊ ၁ နာရီလောက်မှ အခမ်းအနား ပြီးဆုံးသွားပါတယ်၊ ပြီးတော့ အမေကျဆုံးခဲ့တဲ့နေရာဖြစ်တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ အနီးစပ်ဆုံး လိပ်ခွံတောင်ကို သွားပြီးတော့ ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ ကျနော်တို့ အဲ့နေရာကို ချီတက်လမ်းလျှောက်ခဲ့ပါတယ်၊ ပြီးတော့ အမေ့အုတ်ဂူကို သွားပြီးတော့ ပန်းခွေချတဲ့အခမ်းအနား ပြုလုပ်ခဲ့ပါတယ်"
အဲ့ဒီအခမ်းအနားမှာ အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ သ၀ဏ်လွှာတွေနဲ့ ကဗျာဆရာတွေက ပေးပို့တဲ့ကဗျာတွေကို ဖတ်ကြားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က တာဝန်ရှိသူတွေ၊ သစ်ပင်ချစ်သူများအဖွဲ့၊ မုံရွာနိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့၊ မုံရွာနဲ့ တောင်ငူခရိုင် ဗကသအဖွဲ့ဝင်တွေ၊ မုံရွာလက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီက တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ စုစုပေါင်း လူဦးရေ ၃၀၀ ကျော်လောက် တက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။
ဒေါ်ခင်ဝင်းဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း လယ်ယာမြေလျော်ကြေးမယူထားတဲ့ ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေအကြား ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခမှာ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
RFA
 una-conference-620 ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ မဟာမိတ်အဖွဲ့တွေရဲ့ ညှိနှိုင်းဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ စတင်ကျင်းပစဉ်
Photo: RFA
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA က လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လာမယ့် လွှတ်တော်အသစ်မှာ ဆွေးနွေးရမယ့် အကြောင်းအရာတွေကို တိုင်ပင်ဖို့အတွက် UNA အစည်းဝေးကို ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
UNA အဖွဲ့ဝင်ပါတီတွေအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထားဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ပြောပါတယ်။
"ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ဖို့ကိစ္စရယ်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ကိစ္စများရယ် ဒီကိစ္စများအားလုံးသည် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တဆက်တည်းဖြစ်နေတယ်၊ လွှတ်တော်ထဲမှာ ဒါတွေကိုဖော်ဆောင်နိုင်ဖို့ ဖွဲ့စည်းပုံပြင်ဖို့၊ ပယ်ဖျက်သင့်တဲ့ ဖွဲ့စည်းပုံတွေကို ပယ်ဖျက်ဖို့ UNA အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ်တွေက ပူးပေါင်းဆောင်ရွက်ပြီးတော့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေ မှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"
လာမယ့်လွှတ်တော်အသစ်မှာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ရဲ့ အဖွဲ့ဝင်ပါတီတွေဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁၅ ဦး၊ မွန်အမျိုးသားပါတီက ကိုယ်စားလှယ် ၁ ဦး၊ ဇို မီးဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂ ဦး စုစုပေါင်း ကိုယ်စားလှယ် ၄၀ တို့ တက်ရောက်မှာဖြစ်ပါတယ်။
ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေကို ရခိုင်အမျိုးသားပါတီက ၂၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၂၀ ဦး၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်က ၃ ဦးနဲ့ မွန်အမျိုးသားပါတီက ၂ ဦး စုစုပေါင်း ၄၇ ဦး တက်ရောက်မှာဖြစ်ပါတယ်။
UNA ကို ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက်၊ ရခိုင် အမျိုးသားပါတီ စတဲ့ တိုင်းရင်းသားပါတီ ၈ ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ရခိုင်မျိုးချစ်ပါတီ အစရှိတဲ့ နိုင်ငံရေးပါတီ ၆ ပါတီက လည်း UNA အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်လွှာ တင်ထားတယ်လို့ သိရပါတယ်။
RFA