12/26/15

သဒဏ်ချမှတ်ခံ မြန်မာလူငယ် နှစ်ဦးအမှုကို တရားမျှတစွာ စီရင်ပေးဖို့နဲ့ ချက်ချင်းလွှတ်ပေးဖို့ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မှာ ဒီနေ့မနက်ပိုင်းက လူဦးရေ ထောင်ချီ အမှတ် ၁ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ချီတက် ဆန္ဒပြသူတွေက “မတရားဖမ်းဆီးခံ မြန်မာနိုင်ငံသားနှစ်ဦး ချက်ချင်းလွှတ်…ချက်ချင်းလွှတ်” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – စည်သူမောင်
By ဒီဗွီဘီ
http://burmese.dvb.no/archives/128497

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီဆိုတာ နိုင်ငံတော်မှာ အရေးပေါ် အခြေအနေကြုံလာရင် အာဏာသိမ်းနိုင်တဲ့ အဖွဲ့ပါ။ အဲဒီလို အရေးပေါ် အခြေအနေနဲ့ ကြုံလာတဲ့အခါမှာ နိုင်ငံတော် သမ္မတဟာ ကာလုံနဲ့ ညှိနှိုင်းပြီး အရေးပေါ် အခြေအနေကြေညာပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်လို့ရပါတယ်။ ပြည်နယ်တိုင်းတွေအလိုက် အာဏာကို ကာချုပ်ဆီကို အပ်လို့ရသလို တနိုင်ငံလုံး အချုပ်အချာအာဏာကိုလည်း အပ်လို့ ရပါတယ်။ တကယ်လို့ ကာလုံ လူမစုံဘူးဆိုရင် ကာချုပ်၊ ဒုကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ ညှိပြီး လုပ်လို့ ရပါသတဲ့။

ဒါပေမယ့် လူတွေ ပါဝင်တာ ပြန်ကြည့်လိုက်တော့
ကာချုပ်ဘက်မှ ကာလုံအဖွဲ့ဝင်များ
-----------------------------------
၁. တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
၂. ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၃. ကာကွယ်ရေးဝန်ကြီး (ကာချုပ်ခန့်)
၎. ပြည်ထဲရေးဝန်ကြီး (ကာချုပ်ခန့်)
၅. နယ်စပ်ရေးရာဝန်ကြီး (ကာချုပ်ခန့်)
၆. ဒုသမ္မတ တယောက် (တပ်မတော်မှ အမည်တင်သွင်းသူ)

သမ္မတဘက်မှ ကာလုံအဖွဲ့ဝင်များ
----------------------------------
၁. သမ္မတ
၂. ဒုသမ္မတ (လွှတ်တော်မှ အမည်စာရင်းတင်သွင်းသူ)
၃. ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၎. အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၅. နိုင်ငံခြားရေးဝန်ကြီး

ဒီတော့ ကာလုံအစည်းအဝေးမှာ သမ္မတနဲ့ ကာချုပ် သဘောမတိုက်ဆိုင်လို့ မဲခွဲရင်တောင် ကာချုပ်အလိုအတိုင်း ဖြစ်မှာပါ။ သမ္မတက အမိန့်မထုတ်စေချင်ဘူး၊ ကာချုပ်က ထုတ်စေချင်လို့ မဲခွဲရင် ဘယ်စကားက တည်မှာလဲ။ နိုင်ငံတော် အာဏာသည် သမ္မတလက်မှာလား၊ ကာချုပ်လက်မှာလား။ နိုင်ငံတော်၏ အထွတ်အထိပ်သည် သမ္မတ ဆိုတာ ဟုတ်ပါ့မလား။

အခု ပိုဆိုးတာက အသစ်ထုတ်မယ့် ကာလုံဥပဒေ မူကြမ်းမှာ သမ္မတသည် သဘာပတိနေရာမှာပဲနေပြီး မဲမပေးရဘူး။ မဲညီမှ ပေးရမယ်ဆိုတော့ စစ်တပ်လက်ထဲကို အာဏာအလုံးစုံအပ်လိုက်တာနဲ့ အတူတူပါပဲ။ ထည့်သွင်းထားသော လူများသည် ကာချုပ်ဘက်မှ ၆ယောက်ထည့်ထားတာတောင် အားမရပဲ နိုင်ငံတော်နဲ့ ဆိုင်သော ဆုံးဖြတ်ချက်ကို ကာချုပ်သာ ဆုံးဖြတ်လို့ ရအောင် လုပ်ထားတာပါ။

တကယ်လို့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်၊ တပ်မတော်က တိုက်လို့ မနိုင်ပါဘူးဆိုပြီး တဖြည်းဖြည်း နောက်ဆုတ်ပေးလာ၊ ကာလုံအစည်းအဝေးခေါ်ပါ၊ နိုင်ငံတော် အချုပ်အခြာအာဏာကို ထိပါးနေပါပြီ ဆိုပြီး တင်ပြ။ ပြီးရင် ????

ပိုဆိုးတာက (DVB သတင်းအရ ) ကာချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး သုံးယောက်ကပဲ အစည်းအဝေးခေါ်ပြီး သမ္မတကို တင်ပြလို့ ရတယ်ဆိုတာ မူကြမ်းမှာ ပါနေတယ်…တဲ့။ ပြီးပေါ့။

သမ္မတသည် နိုင်ငံတော်၏ အထွတ်အထိပ်ဖြစ်သည်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၈နဲ့ ကာလုံဥပဒေမူကြမ်းနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်သော ဥပဒေတွေကို ပြဌာန်းလို့ မရပါဘူး။ ပြဌာန်းရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ရာ ရောက်သွားပါလိမ့်မယ်။

ဒါကြောင့် ကာလုံဥပဒေ မူကြမ်း ဆိုတာကြီးကို ကန့်ကွက်ပါတယ်။

Credit သက္ကမိုးညို

[youtube src="EkMGdm14O-Y"/]
မင်္ဂလာပါရှင့်...
သမီးက အခုလက်ရှိမြန်မာပြည်မှာနေပါတယ် မြန်မာလူမျိုးပါရှင်။

သမီးပြောချင်တာက ထိုင်းဘုရင်ကြီးနှင့်တကွ ထိုင်းလူမျိုးအားလုံးတို့ရှင် အခုသမီးတို့မြန်မာနိုင်ငံ မြန်မာလူမျိုးတွေအားလုံး၊ အကုန်လုံး အရမ်းကိုဝမ်းနည်းကြကွဲနေရပါတယ်။ အဲဒီကလေးနှစ်ယောက်ကိစ္စနဲ့ပတ်သက်ပီးတော့၊ အားလုံးကသိကြတဲ့အတိုင်း အဲဒီကလေးနှစ်ယောက်ဟာ ဒီလောက်
အပြစ်ကြီးကို လုံးဝကျူးလွန်မှာမဟုတ်ဘူး။ သူတို့သတ်တာမဟုတ်ဘူးလို့ သမီးတို့အားလုံးယုံကြည်ပါတယ်။

ဘုရင်ကြီးရှင် သနားဂရုဏာတော် ထားပြီးကူညီပေးတော်မူပါ ထိုင်းလူမျိုးတွေကလည်း ကူညီပေးကြပါ၊ ကျွန်မတို့ဟာ အိမ်နီးချင်းနိုင်ငံတွေပါ၊ အချင်းချင်းလည်း ချစ်ကြပါတယ်၊ ထိုင်းလူမျိုးတွေ စိတ်ကောင်းရှိတယ်၊ သဘောကောင်းတယ်၊ ထိုင်းယဉ်ကျေးမူတွေလည်းလှပတယ်ဆိုတာ ထိုင်းမှာနေခဲ့ဖူးတဲ့သမီး သိပါတယ်၊ သူတို့လေးနှစ်ယောက်ဟာ လူသတ်သမားလုံးဝမဟုတ်ပါဘူး၊ အခုဆိုရင်သူတို့ဟာ ကြီးမားတဲ့ အပြစ်ဒဏ် သေဒဏ်တောင်းပေးထားခံရပါတယ်။

အဲဒါကြောင့် ဘုရင်မင်းမြတ်ကလည်းသနား ကရုဏာထားပီး ကူညီပေးစေချင်ပါတယ်၊ ထိုင်းလူမျိုးတွေကလည်း ဝိုင်းဝန်းကူညီပေးကြပါ (သမီးထိုင်းစကားပြော သိပ်မတော်ပါဘူးရှင်)

သမီးတို့အားလုံး အရမ်းကိုဝမ်းနည်းနေရပါတယ်၊ သူတို့နှစ်ယောက်ကို လုံးဝမလွှတ်ပေးရင်
တောင်၊ သေဒဏ်မချပဲ သက်သက်ညှာညှာ လုပ်ပေးစေချင်ပါတယ်၊ ဒီလောက်ပါပဲရှင့် ကျေးဇူးတင်ပါတယ်ရှင်။

Ven U Kundala

ကျောင်းသား တချို့ ကို ရုံးထုတ် ချိန် မှာပဲ အမှုသစ် တွေ နဲ့ ထပ်ထပ်ပြီး တရားစွဲ တာမျိုး တွေ ပြုလုပ် နေ။
 
အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ခဲ့ကြတဲ့ အဖမ်းဆီးခံ ကျောင်းသား တွေ ကို အကြိမ်ကြိမ် အခါအခါ ရုံးထုတ် စစ်ဆေး ပြီး အချိန် ဆွဲ နေတာ ဟာ အစိုးရ အာဏာ ပိုင် တွေ က နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေကြတာ ဖြစ်တယ် ဆို ပြီးတော့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ က ဝေဖန် လိုက် ပါတယ်။

အစိုးရ ဘက် က လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာ တာမျိုး ဒါမှဟုတ် အမှုတွေ ကို ရုတ်သိမ်း ပေးတာ မျိုး ပြုလုပ် မှ အမှု ကိစ္စ ပြီးပြတ် နိုင်လိမ့်မယ် အနေထား မျိုး ဖြစ် နေ တယ် ဆိုပြီး ဗကသ ရဲ့ ပြောခွင့်ရ ကိုအောင်နေပိုင် က ဘီဘီစီ ကို ပြောပါတယ်။

လောလောဆယ် မှာတော့ ဖမ်းဆီးခံ ကျောင်းသား တချို့ ကို ရုံးထုတ် ချိန် မှာပဲ အမှုသစ် တွေ နဲ့ ထပ်ထပ်ပြီး တရားစွဲ တာမျိုး တွေ ပြုလုပ် နေတာ မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက် နေ့ကလည်း ဗကသ ဥက္ကဌ ကျော်ကိုကို အပါအဝင် ခေါင်းဆောင် ၃ ဦး ကို လသာ ရဲတပ်ဖွဲ့မှုးကနေ ပုဒ်မ ၁၈ နဲ့ အမှုသစ် ထပ်တိုး ခဲ့တယ် လို့ ကိုအောင်နေပိုင် က ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေး ချို့ယွင်းနေလို့ ရန်ကုန် ဆေးရုံကြီး မှာ တက်ရောက် နေရတဲ့ ကျောင်းသား တချို့ ကို လည်း အာဏာပိုင် တွေ ရဲ့ ဖိအားကြောင့် ဆေးရုံ တာဝန် ရှိသူတွေ က ဆေးရုံ က ဆင်းခိုင်း ခဲ့တဲ့ အတွက် ထောင်ထဲ ကို ပြန်လည် ရောက်ရှိ သွားရတယ် လို့လည်း ကိုအောင်နေပိုင် က ဆိုပါတယ်။

အမျိုးသား ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး ချီတက် ဆန္ဒပြပွဲမှာ ပါဝင် ခဲ့သူတွေ ကို အာဏာပိုင် တွေ က ဆက်လက် ဖမ်းဆီး နေဆဲ လည်း ဖြစ်တာ မှာ ခရစ္စမတ်စ် နေ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းတုန်းက ဗကသ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ အဖွဲ့ခွဲက အထွေထွေ အတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူး ကို မြန်မာနိုင်ငံ အထူး သတင်း ရဲတပ်ဖွဲ့က ဖမ်းဆီး ခဲ့ပါတယ်။

ပထမတော့ အမရပူရ ရဲစခန်းမှာ ထိန်းသိမ်း ထားခဲ့ပြီး အခု နောက်ဆုံး သတင်းတွေ အရ အိုးဘို အကျဉ်း ထောင်မှာရောက် ရှိနေတယ်လို့ မန္တလေး ခရိုင် ကျောင်းသား သမဂ္ဂ တာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ခိုင်ဆက်ဝေ ။

မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်းနိုင်ငံတရားရုံးမှ
သေဒဏ်ချမှတ်လိုက်ခြင်းကြောင့် ကန့်ကွက်သည့်အနေဖြင့် ဒီဇင်ဘာ ၂၅-ရက်၊ည၇-နာရီခန့်က မန္တလေးမြို့ကျုံးဘေးတလျောက်တွင် သံဃာတော်များနှင့် လူအင်အား
၁၀၀ ခန့် ဖယောင်းတိုင် ထွန်းညှိကိုင်ဆောင်ကာ ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်ဖေါ်သူများသည် လမ်း ၈၀-နှင့် ၂၆ လမ်းထောင့်မှ စ၍ အရှေ့ဘက်၆၆-လမ်းအထိ ကျုံးဘေးအတိုင်း ဖယောင်းတိုင်ထွန်းညှိကာ လမ်းလျှောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံသားနှစ်ဦးက ဥပဒေမဲ့စွာ တရားစီရင်ခြင်းခံရတယ်။အဲဒါကို
တရားမျှတစွာ ပြန်ပြီးတရားစီရင် ပေးဖို့ လုပ်တာဖြစ်တယ်။အဲဒါက
ထိုင်းအစိုးရနဲ့ မြန်မာနိုငံအစိုးရကိုလည်း
ပါတယ်။ထိုင်းအစိုးရတရားစီရင်မှုအပေါ်မှာ ပြင်းထန်တဲ့ စောဒကတက်မှုလုပ်ဖို့တောင်းဆိုတာ။”ဟု ဆန္ဒထုတ်ဖေါ်မှုတွင် ဦးဆောင်ပါဝင်သည့် ရွှေဝါရောင် ဆရာတော်ဦးသောဘိတ က မိန့်ကြားသည်။

လမ်းလျှောက်သူများသည် We Ask For Justice ၊ Free Them Justice Now ၊စသည့်ဗီနိုင်းဆိုင်းဘုတ်များ ဖြင့် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း၊မြန်မာနှင့် ထိုင်းနိုင်ငံဘက်မှ
အစိုးရတာဝန်ရှိသူများထံ ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

“တရားစီရင်မှုကို ပြန်ပြီးလုပ်ကိုလုပ်ရမယ်။လူငယ်လေးနှစ်ယောက်ဟာ
သေဒဏ်ပေးလို့မရဘူးဆိုတာ ပြောခြင်တယ်။သေဒဏ်ပေးခဲ့မယ်ဆိုရင်
မြန်မာနိုင်ငံအစိုးရနဲ့ ထိုင်းအစိုးရက ဥပဒကို ကျူးလွန်တယ်လို့
သုံးသပ်ရလိမ့်မယ်။”ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

တက်ကြွလှုပ်ရှားသူ ဒေါ်အမာနီက ပြောကြားရာတွင်“ ပြည်တွင်းမှာရော
ပြည်ပမှာလည်းအ နှိမ်ခံရတယ်။ ပြည်ပမှာပိုစိုးတယ်။ ဒီနေ့ သတင်းကြားရတာကတရား မ၀င်မြန်မာ အလုပ်သမားတွေကို စပြီးဖမ်းနေတယ်လို့ ကြားရတယ်။ဒါတွေကိုဘယ်လိုကာကွယ်ပေးမလဲ ဆိုတာ မေးခွန်းထုတ်ရလိမ့်မယ်။”ဟု ဆိုသည်။

ပြစ်ဒဏ်စီရင်ခြင်းခံရသူနှစ်ဦးအတွက် ၆၆-လမ်း ကျုံးထောင့်တွင် ၂-မိနစ်
ငြိမ်သက်စွာ ဆုတောင်းခဲ့ကြပြီး နောက် စုရပ်ဖြစ်သို့ ပြန်လာခဲ့ကြကြောင်း၊
အလားတူ ယနေ့ မွန်းလွဲ ၂-နာရီခန့်ကလည်း အိမ်တော်ရာစေတီတွင်
သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ က ဆုတောင်းဝတ်ပြုခဲ့ ကြသည့်အပြင်
ရွှေဖြူပလာဇာအနီးတွင် တက်ကြွ လှုပ်ရှားသူ သုံးဦး က Free Them Justice Nowဗီနိုင်းများဖြင့် ဆန္ဒထုတ်ဖေါ်ခဲ့ကြောင်း သိရသည်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

အရပ်သားအစိုးရကို လွှမ်းမိုးထားမယ့် ကာလုံဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၁ ရက် က အမျိုးသားလွှတ်တော်မှာ စတင်ဖြန့်ဝေခဲ့ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းတခုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ စတင်ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ဥပဒေကြမ်းပါ သတ်မှတ်ချက်တွေအရ သမ္မတဟာ ကာလုံမှာ သဘာပတိအဖြစ်ပဲ ရှိနေပြီး မဲပေးခွင့်လည်း မရဘူးလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။

“ကာလုံ ၁၁ ယောက်မှာ စည်းဝေးလုပ်ရင် သမ္မတက သဘာပတိလုပ်ရမယ်ဗျာ။ သဘာပတိက မဲပေးခွင့် မရှိဘူး။ ကျန်တဲ့သူတွေပဲ မဲပေးရမယ်လို့ ပြောတယ်။ ကျန်တဲ့သူဆိုတဲ့အတွက် တပ်မတော်ဘက်က ၆ မဲ ဖြစ်နေတာပေါ့။ ကျန်တာက ၄ မဲပဲ ကျန်တာပေါ့။ မဲတူမှ သမ္မတ သဘာပတိက မဲပေးရမယ်ဆိုတော့ မဲက တူစရာ ရှိပါ့မလားဗျာ။”

အဖွဲ့ဝင် ၁၁ ယောက်ပါ ကာလုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာချုပ်ကခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး ၃ ယောက်နဲ့ တပ်ဘက်ကတင်မယ့် ဒုသမ္မတ တယောက် အားလုံး ၆ယောက် ပါဝင်ပါတယ်။

ကျန် ၅ ယောက်က သမ္မတ၊ ဒုသမ္မတတယောက်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ၁ ယောက်တို့ ဖြစ်ပါတယ်။

ဒီဥပေဒကြမ်းကို အခု ကျန်နေသေးတဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း အပြီးသတ် အတည်ပြုဖို့ အကြောင်းရှိတယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

တခါ အခု ဖြန့်ဝေလိုက်တဲ့ ကာလုံဥပဒေမူကြမ်းထဲမှာ တိုင်းပြည်ထဲ အရေးပေါ် အခြေအနေ ကြေညာတဲ့အခါ သမ္မတ မသိဘဲ ကြေညာလို့ရအောင် ထည့်သွင်းရေးဆွဲထား တယ်လို့လည်း ပြောပါတယ်။

“အရေးပေါ်စီမံဖို့ လိုလို့ရှိရင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကပဲ ကျန်တဲ့သူတွေ သိစရာ မလိုဘဲ အစည်းအဝေးခေါ်ပြီးတော့ သမ္မတကို တင်ပြလို့ ရတယ်။ အရေးပေါ်စီမံဖို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌတွေပါ အစည်းအဝေးခေါ်စရာ မလိုဘူးပေါ့ဗျာ။”

ဒီဥပဒေအတိုင်း အတည်ပြုလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်လောက် အခွင့်အာဏာ မရှိသလို ဖြစ်သွားနိုင်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အငြိမ်းစားယူမယ့် သမ္မတကို အကာအကွယ်ပေးထားတဲ့ ဥပဒေကြမ်းတခု လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။

DVB

ပြည်၊ ဒီဇင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်ရှေ့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ကိုးနာရီချိန်ခန့်က ငါးနှစ်တာတာဝန်ထမ်းဆောင်ပြီး တစ်သက်စာပင်စင်လစာယူမည့် လွှတ်တော်ကိုယ်စားလှယ်များအလိုမရှိ၊ ရှုံချကြောင်း ဆန္ဒထုတ်ဖော်မှုကို ပြုလုပ်သွားခဲ့ကြောင်းသိရသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ပြည်သူ့အထောက်အကူပြုကွန်ရက်(ပြည်) ကဦးဆောင်ခဲ့တာဖြစ်ပြီး ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့တွေ ပင်စင်ပေးမည့်ကိစ္စလုံးဝအလိုမရှိ၊ ပြည်သူ့ဘဏ္ဍာတွေကိုသုံးချင်လိုသုံးတဲ့ အစိုးရအလိုမရှိ၊ တို့ငွေတွေကို တို့လက်ခံပဲ အလွဲသုံးစား မလုပ်ပါနဲ့၊ ငှားနှစ်တာတာဝန်ထမ်းဆောင်ရုံနှင့် ပင်စင်ရကောင်းသလား အစရှိသည့် စာသားများရေးသားဖော်ပြထားသည့် ဗီနိုင်းဆိုင်းဘုတ်များကို ကိုင်ဆောင် ကြွေးကြော်မှုများကို ပြုလုပ်သွားခဲ့သည်။
“ ပင်စင်ယူမဲ့ကိစ္စကိုလုံးဝသဘောမတူပါဘူး။ ကန့်ကွက်တဲ့အကြောင်းဆန္ဒပြပါတယ်။ ဒီလိုမျိုးငါးနှစ်သာတာဝန်ထမ်းဆောင်ပြီး ပင်စင်ရကောင်းဆိုရင် မြန်မာနိုင်ငံမှာဝန်ထမ်းတွေအများကြီး ရှိတယ်။ တပ်မတော်သားတွေအများကြီးရှိတယ်။ ရဲတပ်ဖွဲ့တွေတွေမှာကော ငါးနှစ်နဲ့ပင်စင်ပေးမဲ့ ဥပဒေရှိပါသလား မေးချင်တယ်။ လွှတ်တော်သက်တမ်းအတွင်းမှာ သူတို့ပြည်သူအတွက်ဘာတွေ လုပ်နေကြတာလည်းလို့ မေးလို့ရှိရင် လွှတ်တော်တွင်းမှာ ခေါင်းညိမ့်၊ အိပ်ငိုက်၊ ပြည်သူ့အတွက်ဘာမှ မလုပ်ခဲ့ပါဘူး။ လူထုထဲမှာလူထုအသံတွေရှိတယ်။ ဆင်းကြည့်မှရပါမယ်။ အခန်းထဲမှာဖေ့ဘွတ်သုံး၊ စာဖတ်နေရုံနဲ့မရဘူး နောက်တက်လာမဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြောချင်တယ် လူထုမျက်နှာကိုကြည့် ကြပါ။” ဟု ဆန္ဒထုတ်ဖော်ပွဲအားဦဆောင်ခဲ့သူ ကိုဇော်ဦးက ပြောသည်။
ထို့အပြင် လွှတ်တော်သုံးရပ်ရှိလွှတ်တော်ကိုယ်စားလှယ်စာရင်းများ ၎င်းတို့အားခံစားခွင့်ပေးမည့် ငွေကြေးအမောက်များကို တွက်ချက်ပြထားပြီး ပြည်သူ့ငွေတွေသဘောမတူဘူး၊ မပေးနိုင်ဘူး ဆိုသည့် စာသားကပါ ဆိုင်ဘုတ်ကိုလည်း ဆန္ဒဖော်ထုတ်ရာနေရာတွင် ချည်နှောင်ပြသခဲ့ခြင်းများလည်းပြုလုပ်သွားခဲ့သည်။
“ နိုင်ငံတော်သမ္မတကိုအဓိကထားပြီးပြောချင်ပါတယ်။ လွှတ်တော်ထဲကိုရောက်နေတဲ့ ကိုယ်စားလှယ်တွေအားလုံးကို ပြေချင်တာကတော့ ပြည်သူ့ဘဏ္ဍာငွေထဲကစီးဆင်းသွားတဲ့ငွေတွေကို သူတို့စားရက်ပါသလားဆိုတာမေးချင်တယ်။ သူတို့တွေမှာခံစားခွင့်တွေများစွာရှိတယ်။ အောက်ခြေလူတန်းစားတွေမှာ ဒီလိုခံစားခွင့်တွေမရခဲ့ဘူး။ ဒါကြောင့်နိုင်ငံရေးပင်စင်တောင်းတာကို လုံးဝကန့်ကွက်တယ်။ ရှုံ့ချပါတယ်။” ဟု ဆန္ဒဖော်ထုတ်ရာတွင်ပါဝင်ခဲ့သည့် ကိုညီညီကပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နာရီဝက်ခန့်ပြုလုပ်ခဲ့ပြီး ကြိုတင်ခွင့်ပြုချက်တောင်းခံရရှိထားပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆန္ဒပြမှုနှင့်ပတ်သက်၍ ပြည်မြို့ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲအုပ်ဇော်မင်းနိုင်က ကြိုတင်ခွင့်ပြုမိန့်တောင်းခံထားသလို ခွင့်ပြုမိန့်လဲကျထားပြီးဖြစ်၍ အရေးယး တရားစွဲဆိုရန်မရှိပါဘူးဟု ပြောဆိုခဲ့သည်။

K3(pyay)
Credit ပြည်သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဥက္ကဌ) ဒေါ်အောင်ဆန်းစုကြည်က အနှေးယာဉ်လုပ်သားဆိုက်ကားဆရာကြီးများအား ဂုဏ်ပြုပွဲကို ဒီဇင်ဘာ ၂၆ရက်တွင် ရန်ကုန်မြို့| ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ၌ ပြုလုပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုကို ကမ္ဘာက အံ့အားသင့်ခဲ့ကြောင်း| ၄င်းအနေနှင့် ကမ္ဘာက အံအားသင့်ရသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို လိုချင်ကြောင်း ပြောကြားခဲ့သည်။

The Street View
Photo..လင်းလင်းအောင်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)


ကချင်ပြည်နယ်၊ ဖားကန့်ဒေသက စက်ယန္တရားကြီးကိစ္စ လာရောက်စစ်ဆးနေတဲ့ အစိုးရရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ မြေပြင်ကို ကွင်းဆင်းစစ်ဆေးတာမဟုတ်ဘဲ စာရွက်ပေါ်က ကိန်းဂဏန်းတွေကိုပဲ တိုက်ဆိုင်စစ်ဆေးနေတာလို့ ဖားကန့်က ရွေးကောက်ခံကိုယ်စားလှယ် ဦးတင်စိုးက စွပ်စွဲပြောကြားလိုက်ပါတယ်။

“ရှိနေတဲ့ကားတွေကို အမှန်အတိုင်းပြတာ မဟုတ်ဘူး၊ အများကြီး စာရင်းလျှော့ပြတာ၊ သူတို့က ကိုယ်တိုင်သွားကောက်တာ မဟုတ်ဘူး၊ ကုမ္ပဏီမှာ ယန္တရားတွေ ဘယ်လောက်ဘယ်လောက် ရှိတယ်ဆိုတာ အဲ့ဒါကို တင်ပါဆိုပြီးတော့ ပြောတာ၊ ပြောတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးကနေတဆင့် တင်သွားတာ၊ ကျနော်တောင်လိုက်ကြည့်လိုက်သေးတယ်၊ ရှိတာက နှစ်ရာကျော်၊ သုံးရာကျော် ရှိတယ်ဗျာ၊ ဘယ်လောက်ပြလဲ ၂၀ ကျော်၊ ၃၀ ကျော်ပြတယ်ဗျာ။”

ပြီးခဲ့တဲ့ ရက်ပိုင်းက လာစစ်နေတဲ့အချိန်မှာ ကာဒတွေကို ချုံတွေကြား ဖွက်ထားကြတယ်လို့လည်း ပြောပါတယ်။

ဖားကန့်မှာ ကျောက်မျက်တူးနေကြတဲ့ ကုမ္ပဏီတွေဟာ ရွေးကောက်ပွဲပြီးကတည်းက စက်ယန္တရားအင်အား အဆမတန်သုံးပြီး တူးဖော်နေကြတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက် အစိုးရက ၀န်ကြီးတဦးခေါင်းဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခု ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။

ကချင်ပြည်နယ် ကန်ပိုက်တီးဒေသ နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ယာဉ်၊ ယန္တရား အစီးရေ ၈၈ဝ တရားဝင် တင်သွင်းခွင့်ပြုခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါါတယ်။

သတ္တုတွင်းဝန်ကြီးဌာနရဲ့ စာရင်းဇယားတွေအရ ဖားကန့်နဲ့ လုံးခင်းမှာ ကုမ္ပဏီပေါင်း ၈၅၀ ကျော်ကို စုစုပေါင်းဧရိယာ ၂၂၅၅ ဒသမ ၃ဝ ဧက လုပ်ကိုင်ခွင့်ပြုထားကြောင်း သိရပါတယ်။

By ရွှေအောင်/DVB
http://burmese.dvb.no/archives/128430

[youtube src="jZ5I02FEyNw"/]

မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ထိုင်းတရားရုံး က သေဒဏ်ချမှတ်လိုက်တဲ့အတွက် ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့ မှာ မြန်မာနိုင်ငံသားတွေ ဒီဇင်ဘာ ၂၄ရက်နေ့ ဆန္ဒပြခဲ့ကြ ပါတယ်။

RFA


ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ မြန်မာလူငယ် ၀င်းဇော်ထွန်းနဲ့ ဝေဖြိုးတို့ကို ထောင်ပြောင်းမှာ ဖြစ်ပါတယ်။

ကော့စမွိုင်အကျဉ်းထောင်ကနေ လုံခြုံရေး ပိုမိုတင်းကျပ်တဲ့ နခေါင်ဆီသာမာရတ်ထောင်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

လုံခြုံရေးအကြောင်းပြချက်ကြောင့် ပြောင်းရွှေ့ရမယ့်ရက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပါဘူး။

ကောစမွိုင်အကျဉ်းထောင်က သေဒဏ်ကျခံတဲ့သူတွေကို ထားရှိဖို့ အခြေအနေမရှိတဲ့အတွက် တခြားအကျဉ်းထောင်ကို ပြောင်းရွှေ့ရမယ်လို့ ကောစမွိုင်အကျဉ်းထောင် အကြီးအကဲနဲ့ စကားပြောခဲ့တဲ့ မြန်မာ ၂ ဦးအရေး ဆောင်ရွက်ပေးနေတဲ့ အင်ဒီဟောရဲ့ ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

လုံခြုံရေး ပိုမိုကောင်းမွန်တဲ့အကျဉ်းထောင်ကို ရောက်ရင်တော့ သူတို့ ၂ ဦးကို ချည်နှော်င်ထားတဲ့ ခြေကျဉ်းတွေကိုလည်း ဖြုတ်ပေးမယ်လို့ ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/128441


သေဒဏ် ချမှတ်ခံထားရသည့် လိပ်ကျွန်း လူသတ်မှု အယူခံ တက်ရောက်နိုင်ရေးအတွက် အစိုးရ အနေဖြင့် လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၂၅ ရက်တွင် လိပ်ကျွန်းအမှုနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုတွင် ပြစ်မှု ကျူးလွန်သူများအဖြစ် စွပ်စွဲခံရသူ ရခိုင်လူငယ် နှစ်ဦးအား ဒီဇင်ဘာ ၂၄ ရက်တွင် ထိုင်းခရိုင် တရားရုံးက သေဒဏ် ချမှတ်လိုက်သည့်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် များစွာစိတ်မကောင်း ဖြစ်မိကြောင်း၊ အမှုအား စစ်ဆေးရာတွင် ရဲလုပ်ငန်းစဉ် စနစ်မကျမှု၊ မှုခင်းဆရာဝန် လိုက်ပါဆောင်ရွက်မှု အားနည်းခြင်း၊ သက်သေခံ ပစ္စည်းများ၊ လူသက်သေ မပြနိုင်မှု ၊ ဒီအင်န်အေ စစ်ဆေးမှုတို့သည် ပြည့်စုံလုံလောက်မှု မရှိဘဲ လိုအပ်ချက်များ ရှိနေသည်ဟု နိုင်ငံတကာ ဥပဒေ ပညာရှင်များနှင့် ထိုအမှုကို လေ့လာစောင့်ကြည့် နေသူများက ဝေဖန် ထောက်ပြနေသည်မှာ အထင်အရှားဖြစ်ကြောင်း ယင်းကြေညာချက်တွင် ရေးသားထားသည်။

ထို့ပြင် ထိုင်းနိုင်ငံ တရားရုံးမှ ယခုကဲ့သို့ ပြစ်ဒဏ် ချမှတ်လိုက်သည့်အတွက် မြန်မာနိုင်ငံသားနှစ်ဦး အဆင့်ဆင့် အယူခံ သွားရောက်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ကူညီ ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ အနေဖြင့် ဆက်လက် ကူညီ ဆောင်ရွက်ပေးရန်၊ လိုအပ်သော ဥပေဒပိုင်းဆိုင်ရာ အကြံဥာဏ်များကို လည်းကောင်း၊ လိုအပ်သော ငွေကြေးကို လည်းကောင်း ၀ိုင်းဝန်း ကူညီကြရန်နှင့် နိုင်ငံတော် အစိုးရပိုင်းမှလည်း ကူညီဆောင်ရွက်ပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်းထားသည်။

ဆက်လက်၍ အစိုးရ အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း နှစ်နိုင်ငံ အစိုးရ အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို အခြေခံ၍ အကာအကွယ် ပေးရန်နှင့် လိပ်ကျွန်း လူသတ်မှု သေဒဏ် ချမှတ်လိုက်မှုအပေါ် လက်မခံနိုင်သည့် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းသံရုံးကို ဆန္ဒပြရာတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို မထိခိုက်ဘဲ နိုင်ငံကြီးသား ပီသစွာ ဆန္ဒပြကြမည် ကိုလည်း အထူးကြိုဆိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လိပ်ကျွန်းအမှုနှင့် ပတ်သတ်သည့် သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

Eleven Media Group


ဓာတ်ပုံ - Bangkok Post ဓာတ်ပုံ - Bangkok Post

မြန်မာပြည်သူတွေရဲ့ ခံစားချက်နဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထောက်ထားပြီး မြန်မာလူငယ်ဦးရဲ့ သေဒဏ်အပေါ် ထိုင်းအစိုးရက ပြန်သုံးသပ် လုပ်ဆောင်ပေးဖို့ မြန်မာအစိုးရက ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဦးဝင်းမောင်က ထိုင်းဝန်ကြီးချုပ် ရုံးဝန်ကြီး ပန်နာဒါနဲ့တွေ့ဆုံခဲ့ပြီး မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ သတင်းစကားကို အခုလို တဆင့်ခံပြောကြားခဲ့တာလို့ သမ္မတရုံးညွှန်ကြားရေးမှူးရဲ့ အင်တာနက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ်အနေနဲ့ အကျဉ်းကျနေတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကူညီစောင့်ရှောက်ပေးဖို့ ပြောကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာသံအမတ်နဲ့ ထိုင်းဝန်ကြီးတို့ တွေ့ဆုံပွဲမှာ ထိုင်းဝန်ကြီးက မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတာတွေနဲ့ ပတ်သက်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က မြန်မာပြည်သူတွေဟာ “၀င်း” နဲ့ “ဇော်” တို့အတွက် တရားမျှတမှုကို တောင်းဆိုနေခြင်းသာ ဖြစ်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေကို ဒုက္ခပေးတာမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း ပြန်ပြောခဲ့ပါတယ်။

တခါ ထိုင်းဘက်က ထိုင်းရဲ့ လက်ရှိအုပ်ချုပ်ရေးစနစ်အရ ထိုင်းတွေဆန္ဒပြတာကိုပင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့အတွက် မြန်မာတွေဆန္ဒပြမှာကို ထိန်းပေးဖို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

မြန်မာသံအမတ်က ထိုင်းမှာရှိတဲ့ မြန်မာလူမှုအဖွဲ့ခေါင်းဆောင်တွေကတဆင့် ဆန္ဒပြတာတွေ မလုပ်ဖို့ ပြောဆိုထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေးရဲ့ အင်တာနက်စာမျက်နှာမှာ မြန်မာလူငယ်နှစ်ဦး သေဒဏ်ချမျတ်ခံရမှုနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တရားဥပဒေ ကြောင်းအရ တရားရုံးအဆင့်ဆင့် ရေဆုံးရေဖျားအထိ လုပ်ဆောင်သွားမယ်လို့ ရေးသားဖော်ပြထားပါတယ်။

မနှစ် နှစ်ကုန်ပိုင်းက ထိုင်းတောင်ပိုင်းမှာ ဗြိတိသျှလူငယ်နှစ်ဦး အသတ်ခံရမှုနဲ့ အမှုရင်ဆိုင်ခဲ့ကြရတဲ့ တရားခံ ဇော်လင်းနဲ့ ဝေဖြိုး (ခေါ်) ၀င်းဇော်ထွန်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက ဒီဇင်ဘာ၂၄ရက်မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/128438

[youtube src="wi0wEdl-SQQ"/]
ဂျပန်မှာ ဆန္ဒပြကြရာ မြန်မာလူမျိုး၂ဦးအတွက်ဘာတွေတောင်းဆိုခဲ့ပါသလဲ
ဗွီဒီယို .....ကိုထွန်းဝေ

ဖားကန့်မြို့နယ်၊ ဆိပ်မူအုပ်စု အတွင်းရှိ ကန်ခမ် စုပေါင်းမြေစာပုံမှာ ဒီဇင်ဘာ (၂၅) ရက် ညနေပိုင်းက ပြိုကျမှု ထပ်မံဖြစ်ပေါ်ခဲ့ရာ မြေစာပုံ တွင် ကျောက်ရှာနေသော ရေမဆေးသမားများ မြေစာပိ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၂၅) ရက် ညနေ (၄) နာရီ ၀န်းကျင်အချိန် ကန်ခမ် စုပေါင်းမြေစာပုံရှိ မိုက်ကျဲမြေစာပုံ အခြမ်းတွင် ပြိုကျခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း ဒီဇင်ဘာ (၁၄) ရက်နေ့ကလည်း ထွန်းတောက်ဇမ္ဗူ ကုမ္ပဏီမှ မြေစာစွန့်ပစ်သော အခြမ်းတွင် ပြိုကျမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခု ညနေပိုင်း ကားနားခါနီး ငါးနာရီ ၀န်းကျင်လောက်မှာ မြေစာပုံ ပြိုကျပြန်တယ်။ မိုက်ကျဲ မြေစာပုံ အခြမ်းမှာ ပြိုကျတာပါ။ အရင်တစ်ခါ ပြိုကျတဲ့ မြေစာပုံနဲ့ တစ်ဆက်တည်းပဲ။ ရေမဆေး တော်တော်များများ ပါသွားတယ်လို့သိရတယ်။ ဘယ်နှစ်ဦးဆိုတာ မသိရသေးဘူး” ဟု ဆွတ်အောင် ကျေးရွာမှ ကိုမြင့်ဆွေက ပြောကြားသည်။

အဆိုပါ ကန်ခမ် စုပေါင်းမြေစာပုံမှာ မကြာခဏ မြေပြိုကျမှု ဖြစ်ပေါ်နေပြီး နိုဝင်ဘာလ အတွင်းက (၁၁၄) လောင်း ရှာတွေ့ခဲ့သည့် တစ်သုံးလုံး စွန့်ပစ်မြေစာပုံ ပြိုကျမှုမှာလည်း ကန်ခမ် စုပေါင်းမြေစာပုံအတွင်း ပါရှိသည်။

ဖားကန့်ဒေသတွင် ကုမ္ပဏီကြီးများ မြေစာစွန့်ပစ်ရန် စုပေါင်းမြေစာပုံ (၁၁) ပုံရှိပြီး မြေစာပုံ ကွင်းဆင်းအဖွဲ့၏ စစ်ဆေးမှုအရ မားဆား စုပေါင်းမြေစာပုံ၊ မော်မောင်းဘွမ် စုပေါင်းမြေစာပုံ၊ ကုလားမှော် စုပေါင်းမြေစာပုံ၊ ရွာဟောင်း စုပေါင်းမြေစာပုံ၊ အထက် မက်လင်ချောင် စုပေါင်းမြေစာပုံ တို့မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဘေး အန္တရာယ် ဖြစ်ပေါ်နိုင်သည့် အနေအထားတွင် ရှိနေသည်။

(ပုံစာ - နိုဝင်ဘာ ၂၁ ရက်တွင် ဖြစ်ပွားခဲ့သော ဖားကန့်ဒေသရှိ စွန့်ပစ်မြေစာပုံ ပြိုကျမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက ရှာဖွေမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်)
Eleven Media Group

လိပ်ကျွန်းလူသတ်မှုမှာ သက်သေအထောက်အထားခိုင်လုံမှုမရှိဘဲ မြန်မာအလုပ်သမားလူငယ် ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့ စီရင်ချက်ဟာ ဒေသခံအာဏာပိုင်နဲ့ ဒေသတွင်း သြဇာညောင်းသူတွေရဲ့ သိက္ခာအတွက် ဆုံးဖြတ်လိုက်တာလို့ လူမှုကွန်ရက်က စီအက်စ်အိုင်အယ်လ်အေ အကောင့်ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါက ဒီဗွီဘီကို ပြောပါတယ်။

စီအက်စ်အိုင်အယ်လ်အေဟာ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်တဲ့ သဲလွန်စတွေ ဆွဲထုတ်ရင်း လူသိများလာတဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုဖြစ်ပြီး လက်ရှိ ကြည်ရှုသူ ပရိသတ်ပေါင်း ၆ သိန်းကျော် ရှိနေပါတယ်။

စီအက်စ်အိုင်အယ်လ်အေ အကောင့်ပိုင်ရှင် ဒေးဗစ် ပရမုခ် အနန္တဆီလ်ပါကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ကော့စမွီခရိုင်တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ် ဘယ်လိုမြင်ပါသလဲ။

“ကျနော့်အနေနဲ့ကတော့ ဘာမှမအံ့သြမိပါဘူး၊ အောက်ခြေတရားရုံးတွေက ဒီလိုပဲ လုပ်နေကျ၊ ဒေသတွင်း အာဏာပိုင်တွေ၊ သြဇာကြီးမားသူတွေက အောက်ခြေတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ၀င်ရောက်စွက်ဖက်နိုင်တော့ သေချာတယ် မှားဖမ်းထားတဲ့ လူငယ် ၂ ယောက်ကို လွှတ်ပေးမှာမဟုတ်ဘူး၊ လွှတ်ပေးလိုက်ရင် ရဲတပ်ဖွဲ့ရော၊ ခရိုင်တည်ငြိမ်အေး ချမ်းရေးကောင်စီ (လက်ရှိအစိုးရ) ကိုရော၊ အာဏာပိုင် အဖွဲ့တွေရော မျက်နှာပျက် စရာတွေ ဖြစ်နေတယ်။ တဘက်မှာ ခရိုင်တည်ငြိမ်အေးချမ်းရေးကောင်စီမှာလည်း တခြားပြဿ နာတွေ ဖြေရှင်းရမှာတွေ အများကြီးရှိသေးတယ်၊ ဒါကြောင့် ဒီကလေး ၂ ယောက်ကို လွှတ်ပေးမှာမဟုတ်ဘူးလို့ ကျနော်ထင်ထားတယ်လေ။ လက်ရှိအခြေအနေမှာ ဆင်းရဲသားရွှေ့ပြောင်း အလုပ်သမားလေး ၂ ယောက်ထက် သူတို့ရဲ့ နာမည်တွေ၊ ဂုဏ်သိက္ခာတွေက ပိုပြီး အရေးကြီးနေတယ်။”

ကော့စမွီခရိုင် တရားရုံးရဲ့ စီရင်ချက်ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကောင်းဖို့အတွက် အကာအကွယ်ပေးနေတာများလား။

“မဟုတ်ပါဘူး၊ နိုင်ငံ့သိက္ခာ နိုင်ငံ့ပုံရိပ်ကို အကာအကွယ်ပေးတာထက် ဒေသတွင်း လက်ရှိအာဏာရှိသူတွေ ရဲတွေက သူတို့သိက္ခာအတွက် လုပ်နေတာ။ သူတို့က နိုင်ငံအတွက်ပြောပြီး သူတို့ကိုယ်သူတို့ ကာကွယ်နေတာ၊ နယ်မြေတွင်း သြဇာအာဏာရှိသူတွေကပါ ဒီအမှုမှာ ပါဝင်ပတ်သက်နေတာ၊ ရဲတပ်ဖွဲ့က လူမှားပြီးဖမ်းတာ မဟုတ်ပါဘူး ဆိုတာကိုပြချင်တာ၊ ဒီအန်အေကိစ္စမှာ ဒေါက်တာဖွန်းထစ်ကိုယ်တိုင်က လက်မခံဘူးဆိုတာတောင်မှ ခုလို စီရင်ဆုံးဖြတ်လိုက်တာလေ၊ တရားခံအဖြစ် စွပ်စွဲခံရတဲ့ မြန်မာလူငယ် ၂ ယောက်နဲ့ စာလိုက်ရင် သူတို့မှာ ငွေရှိတယ်၊ သေနတ်ရှိတယ်၊ အာဏာရှိတယ်၊ ဒါပေမယ့် ဒါဟာ အောက်ခြေတရားရုံးအဆင့်မှာပဲ စွက်ဖက်လို့ရမယ်၊ နောက်ထပ် အဆင့်မြင့်တရားရုံး (အယူခံရုံး) နဲ့ အဆင့်အမြင့်ဆုံး (တရားလွှတ်တော်ရုံး) မှာတော့ ဒေသအာဏာပိုင်တွေ သွားပြီးစွက်ဖက်လို့မရဘူး၊ ကလေးတွေက နောက်ထပ် ၂ ဆင့်ထိ အယူခံဝင်လို့ ရသေးတယ်။”

အဲဒီ ၂ ဆင့်မှာကော လွှတ်မြောက်နိုင်ဖို့ အခြေအနေရှိပါသလား။

“ရှိပါတယ်၊ ကျနော် လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှုတခုကို ပြန်ပြောပြချင်တယ်။ ရှယ်လီအန်း (Sherry Ann) ဆိုတဲ့ ထိုင်းအမေရိကန် ကပြားမလေး အသတ်ခံခဲ့ရတဲ့အမှုပါ၊ အဲဒီတုန်းက လူ ၆ ယောက်ကို တရားခံအဖြစ် ဖမ်းဆီးပြီး သေဒဏ်အပြစ်ပေးခဲ့တယ်။ အမှန်က လူမှားပြီးဖမ်းတာဖြစ်တယ်။ အပြစ်ပေးခံရသူတွေဟာ အဆင့်မြင့်တရားရုံးထိ အဆင့်ဆင့်တက်ပြီး အယူခံဝင်ခဲ့တဲ့အတွက် နောက်ဆုံး ၆ ယောက်စလုံး ပြန်လွတ်လာခဲ့တယ်။ ဒီခိုတောင်အမှု (လိပ်ကျွန်းအမှု) ကိုလည်း တချို့က ဒုတိယ ရှယ်လီအန်းအမှုလို့တောင် တင်စားပြောဆိုကြတယ်၊ ဒါကြောင့် မြန်မာလူငယ် ၂ ယောက် အနေနဲ့ စိတ်မပျက်ဖို့ ပြောချင်ပါတယ်။ ဒါဟာအစပိုင်းပဲရှိပါသေးတယ်၊ ရှေ့ဆက်ရင်ဆိုင်ရမယ်၊ နောက်ထပ်တရားရုံးတွေမှာ အတွေ့အကြုံတွေ အများကြီးယူရဦးမယ်။”

စီအက်စ်အိုင်အယ်လ်အေအနေနဲ့ ထိုင်းလူမျိုး တယောက်ဖြစ်ပြီး လိပ်ကျွန်းလူသတ်မှုမှာ မြန်မာအလုပ်သမား ၂ ယောက်ဘက်ကနေ ရပ်တည်ပြောဆိုနေတဲ့အပေါ် ထိုင်းလူမျိုးတွေက ထိုင်းအာဏာပိုင်တွေက ဘယ်လိုပြောဆိုကြပါသလဲ။

“ကန့်ကွက်တဲ့လူလည်း ရှိပါတယ်၊ ထောက်ခံတဲ့လူလည်းရှိပါတယ်၊ ခြိမ်းခြောက်တာတွေလည်း ခံရပါတယ်။ ကိုယ့်လူမျိုးဘက်ကမနေဘဲ မြန်မာဘက်ကို အရေးပေးတာတို့၊ ၀တ္တရားနှောင့်ယှက်တာတို့၊ ကိုယ့်နိုင်ငံကိုယ် နာမည်ပျက်အောင်လုပ်တယ်တို့ ဘာညာပေါ့ဗျာ။ ကျနော့်ဘက်ကနေ ထောက်ခံတဲ့လူကတော့ ပိုများတယ်ဗျ၊ ဒါပေမယ့် ကျနော်ကတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးဆိုပြီး မူတည်ပြီးလုပ်နေတာ မဟုတ်ပါဘူး။ တရားမျှတမှု နဲ့ အမှန်တရားက အဓိကပါ။ အမှန်တရားဟာ အမှန်တရားပါပဲ။”

အခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ နောက်ထပ်ကော ဘာများပြောစရာရှိပါသေးလဲ။

“လူငယ် ၂ ယောက်ဘက်က လူတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့ ဆက်ပြီးရင်ဆိုင်ပါလို့ ပြောခင်ပါတယ်။ ကျနော့်ဖေ့စ်ဘွတ်ခ်ပေါ်က ထိုင်းလူမျိုးအများစုကလည်း မြန်မာလူငယ် ၂ ယောက်ဘက်က ရပ်တည်ကြတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေဆိုင်ရာ ဗဟုသုတတွေ ရှာဖွေလေ့လာထားသင့်ပါတယ်။ အာဏာပိုင်တွေ၊ ရဲတွေက ခြိမ်းခြောက်တာ ချော့မော့တာတွေကို အလွယ်တကူ လက်မခံပါနဲ့၊ ကိုယ့်မှာ အသိပညာမရှိရင် ဥပဒေနားမလည်ရင် အလွယ်တကူ လူမှားဖမ်းဆီးခံရသူ ဖြစ်တတ်ပါတယ်။
ဝင်း နဲ့ ဇော်တို့ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနိုင်ပါတယ်

DVB

ပထွေးကိုအဖေခေါ်လဲ
ပထွေးက သားမတော်
နယ်ကျော်လို့ တပြည်တရွာလွှား
ထိုင်းနိုင်ငံ ရောက်လို့သွား
လုပ်လုပ်စားစားနေနိုင်ဖို့
လူတကာ အောက်ကိုကျို့
သူတို့ပြည်မှာနေရတာ
တန်းတူခွင့်ရေး မပေးပါ
မတန်မရာ ခိုင်းစေပြီး
လုပ်အားခကို တအားလှီး
သည်းညည်းခံပြီး လုပ်ပေးလဲ
တစိတ်ဖြစ်ရင် တအားမဲ
အန်ကိုခဲ မဟန်ပါလဲ
မာန်ဇွဲနဲ့ တေတေပေပေ
နေရပါတဲ့ မြန်ပြည်က
ပြောင်းရွှေ့လာကြတဲ့လုပ်သားများ…။
ဒီကြားထဲ လိပ်ကျွန်းကလူသတ်မှု
အမှုမပေါ် လက်သည်မပေါ်တော့
မတော်မလျှော် ကံချော်ပြီးဆွဲမိဆွဲရာ
မြန်မာလုပ်သားနှစ်ယောက်မှာ
လူသတ်တရားခံဖြစ်သွားရတော့တာ
DNA စစ်ဆေးရာ
မြန်ပြည်လုပ်သားနဲ့မတူကြောင်း
ထပ်လောင်းအခါခါ စစ်ဆေးရာ
အသေချာတွေ့ရှိပါလဲ မတရားစွပ်စွဲပြီး
မိုက်မိုက်မဲမဲ သေဒဏ်ပေးလိုက်တာပဲ…။
ဒါ…ဘာကိုပြောပါသလဲ
မျက်နှာမွဲရာ ဟင်းဖတ်မပါ
ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ
မြေနိမ့်ရာလှံစိုက် သူ့လူသူ့အကြိုက်
သူလိုက်နေတဲ့ အမှောင်တိုက်ဖုံးတဲ့မတရားရုံး…။
ဒါ… တဦးတယောက်အတွက်မဟုတ်
မြန်မာတအုပ်လုံး သိမ်းကျုံးပြီးမတော်မတရား
စော်ကားလိုက်တဲ့လုပ်ရပ်
အဟုတ်မှတ်သွားအောင်
ကမ္ဘာ့တရားဘောင်ခွင်သို့
အမှန်တင်ပြသင့်ကြောင်း
အကြံကောင်းပေးလိုက်ရတယ်ဗျို့…။

တက္ကသိုလ်ဘုန်းကြွယ်(ဒီဇင်ဘာ ၂၄ ၁၅)

ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားကနေ ရုံးမြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ် ချမှတ် လိုက်တဲ့ ဖြစ်ရပ်နဲ့  ပါတ်သက်ပြီး အဲဒီအမှု စဖြစ်စဉ် ကာလတုန်းက ရဲချုပ် တာဝန်ယူခဲ့သူ Gen. Somis Poompanmoung စုံမက် ဖုဖန်မွန့်  (ယခုအနားယူ) က တရားခံတွေ ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ရဲတပ်ဖွဲ့အနေနဲ့ အတင်းအကျပ် ညှင်းပန်းနှိပ်စက်ပြီး ၀န်ခံခိုင်းခဲ့ခြင်း မရှိဘူးလို့ ထိုင်းအခြေစိုက် သတင်းမီဒီယာတွေကို ပြောဆိုပါတယ်။

ထိုစဉ်က သူကိုယ်တိုင် သွားရောက် ကြည့်ရူ့ ခဲ့တာပါ-အွန်လိုင်းတွေမှာ ရေးသားနေကြသလို မှားယွင်း ဖမ်းဆီးတာအတင်း အကြပ် ၀န်ခံခိုင်းခဲ့တာမရှိခဲ့ကြောင်းသတင်းထောက်တွေ ကို ပြောသွားခဲ့ပါတယ်။

အွန်လိုင်းနဲ့ လူမှုကွန်ယက်မီဒီယာတွေမှာ ရေးသားမှုတွေကြောင့် လူတွေ ထင်ယောင် ထင်မှား ဖြစ်နေကြတာဖြစ်ပြီး အဲဒီသတင်းတွေက အခြေအမြစ် မရှိဘူးလို့ အခုအခါမှာ အငြိမ်းစားယူလိုက်ပြီဖြစ်တဲ့ ထိုင်းရဲချုပ်ဟောင်းက ပြောဆိုပါတယ်။

သေဒဏ်ချမှတ်ခြင်းခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကတော့ ရဲတပ်ဖွဲ့က ညှင်းပန်းလွန်းတဲ့အတွက် ကျူးလွန်ကြောင်း လက်မှတ်ထိုးခဲ့ရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

The Ladies News Journal

Ref - Kapook

ထိုင်းရဲချုပ်ဟောင်း Gen. Somis Poompanmoung Photo - ( Kapook )

The Ladies News Journal

လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချလိုက်တဲ့ အပေါ် ပြန်လည် ဆုံးဖြတ်ပေးဖို့ ထိုင်းသံရုံး အနီးက ပြည်လမ်းမပေါ်မှာ ဆန္ဒပြတဲ့နေရာကို အနုပညာရှင်တွေလည်း ရောက်လာပါတယ်။

ဒီအထဲမှာ အဆိုတော်မေခလာနဲ့ ခင်ပွန်း ကိုရန်ကျော်တို့လည်း ရောက်ရှိလာတာကို ဓာတ်ပုံတွေမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဆိုတော်မေခလာကလည်း သေဒဏ်ဆုံးဖြတ်ချက်ကြောင့် ဘာတခုမှ မလုပ်နိုင်သလို သီချင်းသွားဆိုတော့လည်း စိတ်မပါတဲ့အကြောင်း သူရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

“ကျမ ဒီနေ့ ဘာ အလုပ်မှ မလုပ်နိုင်ပါ၊ သီချင်းသွားဆိုတော့လည်း စိတ်မပါ၊ ရင်ထဲမှာ တင်းကျပ်ပြီး မျက်ရည်ကျပြီး တချိန်လုံး ငိုချင်နေတယ်။ ကျမတို့ မြန်မာလူမျိုးကို ဘာလို့ ဒီလောက် နှိမ်ချင်တာလည်း၊ ကျမ ကလေး တယောက်လို အော်ဟစ်ပြီး အားလုံး ကြားအောင်တောင်းဆိုချင်ပါတယ်။”လို့ မေခလာက ရေးသားထားပါတယ်။
လက်ရှိသမ္မတကြီး ဦးသိန်းစိန်နဲ့ အာဏာမရရှိသေးပေမယ့် လူအများ ကြည်ညို လေးစားတဲ့ နိုဘယ်ယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ ၀ိုင်းပြီး ကူညီပြောပေးကြဖို့ မေခလာက တောင်းဆိုထားပါတယ်။

အပြစ်မရှိတဲ့ ကလေး နှစ်ယောက် အခုလို သေဒဏ်အထိ ချမှတ်ခံရတာ ရက်စက် လွန်းရာရောက်ပြီး မြန်မာပြည်သား တွေအတွက် သိက္ခာတရားပါ ကျစေကြောင်း၊ ဆင်းရဲလို့ တိုင်းတပါးမှာ ဝမ်းစာရှာစား နေရတဲ့အထဲ အခုလို မတရားစော်ကားခံရတာ ကိုယ့်လူမျိုး အတွက် ယူကျုံးမရ စိတ်မချမ်းသာ ဖြစ်ရကြောင်း၊ ကျမတို့ ကလေးနှစ်ယောက်ကို ကယ်ပေးပါလို့ မေခလာက အနူးအညွတ်တောင်းပန်ထားပါတယ်။
ဓာတ်ပုံ – ကောင်းထက်ကျော်

DVB
http://burmese.dvb.no/archives/128338



ပြီး ခဲ့တဲ့ ဒီဇင်ဘာ (၂၄) ရက်နေ့က လိပ်ကျွန်းလူသတ်မှုရဲ့ စွပ်စွဲဖမ်းဆီးခံ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းလို့ အမည်ရှိတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွီခရိုင်က သေဒဏ်ပေးလိုက်တဲ့သတင်းဟာ အခုဆို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတင်သာမက CNN , BBC စတဲ့ကမ္ဘာကျော်သတင်းဌာနကြီးတွေမှာတောင်ဖေါ်ပြရလောက်အောင် ဟိုးလေးတကျော်ဖြစ်နေပြီ။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေးမဏ္ဍိုင်ကြီး ဘယ်လောက်ယိမ်းယိုင်ချို့ ယွင်းနေတယ်ဆိုတာ ကမ္ဘာကိုသိအောင် ထင်ထင်ရှားရှား သက်သေပြလိုက်တာပါဘဲ။
တကယ်တော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံနှစ်နိုင်ငံလုံးဟာ … တိုင်းပြည်ရဲ့အိမ်ဦးခန်းမှာ လက်နက်ကိုင်စစ်တပ်က ဥပဒေအထက်မှာ တရားဝင်နေရာယူခွင့်ရှိတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။
ယိမ်းယိုင်ချိနဲ့ နေတဲ့တရားစီရင်ရေးမဏ္ဍိုင်ရှိပြီး တရားဥပဒေမစိုးမိုးတဲ့တိုင်းပြည်တိုင်းမှာ နိုင်ငံတွင်းနေထိုင်ကြတဲ့ သက်ရှိလူသားတွေမှ ဘ၀လုံခြုံမှု့မရှိတာမဟုတ်ဘူး။ သက်မဲ့သယံဇာတ ရုပ်ပစ္စည်းတွေလည်း မလုံခြုံဘူး။
နယ်စပ်စည်းရိုးလည်းမလုံခြုံဘူး။ နိုင်ငံအချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှု့လည်းမလုံခြုံဘူး။ ဘာမှမလုံခြုံဘူး။
ပြည်တွင်းမှာ နိုင်ငံသားအခြင်းခြင်းညီညွတ်မှု့မရှိရင်၊ မငြိမ်းချမ်းရင်၊ ပြည်သူက အစိုးရကို မကြည်ဖြူရင် ဘယ်ကိစ္စမှာမဆို အရှုံးနဲ့ သာရင်ဆိုင်ရလိမ့်မယ်။ အိမ်နီးခြင်းမှမဟုတ်ဘူး ဘယ်နိုင်ငံကိုမဆို အောက်ကျို့ပေါင်းရလိမ့်မယ်။ ဘယ်သွားသွားမျက်နှာငယ်ရလိမ့်မယ်။
နောက်ဆုံးကုန်ကုန်ပြောရရင် … အခုလက်ရှိအာဏာပိုက်ထားတဲ့ အာဏာရှင်တွေ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ဘ၀တောင်မလုံခြုံဘူး။ မနက်ဖန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမပြောနိုင်ဘူး။ တရားဥပဒေမစိုးမိုးရင် ဇါတ်တူသားစားတဲ့အနိဌာရုံတွေ အာဏာသိမ်းမှု့တွေ အချိန်မရွေးပေါ်ပေါက်လာမှာဘဲ။

ဒီနေရာမှာ မြန်မာနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံသားတွေ အတွေးမမှားဘို့ က … ဒီလို လိပ်ကျွန်း လူသတ်မှု့အပေါ် အထောက်အထားမခိုင်လုံဘဲ မှားယွင်းစွာစီရင်ဆုံးဖြတ်မှု နဲ့ အခြားအလားတူ နှစ်နိုင်ငံစလုံးနဲ့ ဆက်စပ်ဖြစ်ပျက်နေတဲ့ အနိဌာရုံတွေ၊ မတရားမှု့တွေဖြစ်လာတဲ့အခါတိုင်း အဓိကအရင်းခံအကြောင်းတရားကိုမမြင်မိဘဲ … မြန်မာလူမျိုး နဲ့ ထိုင်းလူမျိုးကြားမှာ မုန်းတီးမှု့အညိုးအာဃတတွေ မကြီးထွားလာစေဘို့ သတိထားရမယ်။ ဘယ်လူမျိုးမှာမဆို လူဆိုးလူယုတ်မာတွေ အမြောက်အများရှိသလို … လူကောင်းသူကောင်းတွေလည်း ထုနဲ့ ဒေးရှိတယ်ဆိုတာ သတိရှိဖို့ လိုတယ်။ ၀ါးလုံသိမ်းယမ်းသလို အဆင်ခြင်မဲ့ မမုန်းတီးဖို့ အမုန်းတွေမဖြန့် ဖြူးမိဘို့ သတိပြုသင့်တယ်။
နှစ်နိုင်ငံလုံးက လူ့ ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေရဲ့ လုပ်ရပ်နဲ့ ရာဇ၀ါတ်မှု့တွေကြောင့် နှစ်ဖက်တိုင်းပြည်နဲ့ ရိုးသားတဲ့ပြည်သူတွေကို သိမ်းကျုံးစော်ကားရန်လုပ်မုန်းတီးတာဟာ အလွန်မိုက်မဲတဲ့လုပ်ရပ်ဖြစ်တယ်။
အဲ့ဒီလိုမျိုးအခြေအနေကို အခွင်းကောင်းယူပြီး နှစ်နိုင်ငံလုံးက လူ့ ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေနဲ့ သူတို့ ကိုထောက်ခံနေတဲ့နောက်လိုက်တွေအပြင်၊ အစွန်းရောက်အမျိုးသားရေးဝါဒီတွေ၊ အသိဥာဏ်မဦးစီးဘဲ အမျိုးထိမချိအောင်နာတတ်သူတွေက မြန်မာနိုင်ငံသားတွေ နဲ့  ထိုင်းနိုင်ငံသားတွေ အပြန်အလှန်ပိုမုန်းတီးလာအောင် အမျိုးသားရေးအလံတွေတလူလူလွင့်လို့ သူတို့ လူနည်းစု အကျိုးစီးပွားကာကွယ်ဖို့ အသုံးချလာနေပြီ။

အဲ့ဒီအန္တရာယ်ကြီးကို သတိပြုရှောင်ရှားကြပါ။ နှစ်နိုင်ငံစလုံးကပြည်သူတွေပေါင်းပြီး အဓိကအရင်းခံ အကြောင်းတရားဖြစ်တဲ့ နိုင်ငံနှစ်ဖက်စလုံးက တရားရေးမဏ္ဍိုင်ပျက်ဆီးမှု့၊ တရားဥပဒေမစိုးမိုးမှု့၊ အကျင့်ပျက်ခြစားမှု့ ၊ လူ့ ဂျပိုး၊ စစ်ဂျပိုး၊ ခရိုနီဆိုးတွေကိုသာ ဦးတည်ဆန့် ကျင်ကြပါ။

မိမိတို့ သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေကို အမှန်တရားကိုဖေါ်ထုတ်နိုင်ဖို့ မှားယွင်းနေတဲ့အုပ်ချုပ်ပုံစနစ်၊ ယိမ်းယိုင်ချိနဲ့ နေတဲ့တရားစီရင်ရေးစနစ်ကို ပြင်ဆင်ပြောင်းလဲစေဖို့ ဝိုင်းဝန်းဖိအားပေးကြ၊ တွန်းအားပေးကြပါ။ ဒါမှသာ နှောင်ကို အလားတူအနိဌာရုံတွေ၊ မတရားမှု့တွေထပ်မံ မပေါ်ပေါက်လာတော့မှာဖြစ်တယ်။
အဲ့ဒီလို့ မဟုတ်ရင်တော့ ဒုတိယ တတိယ … စသဖြင့် မဆုံးနိုင်တဲ့ ဇော်လင်းတွေ၊ ၀င်းဇော်ထွန်းတွေ ပေါ်လာအုံးမှာပါ။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဒီဇင်ဘာလ (၂၅) ရက်နေ့  ၂၀၁၅ ခုနှစ်

[youtube src="KWgVeWodURE"/]

ထိုင်းနိုင်ငံ လိပ်ကျွန်း မှာ မြန်မာနိုင်ငံသား ၂ ဦးကို သေဒဏ် ချမှတ်လိုက်တဲ့အပေါ် ပြန်လည်သုံးသပ်ပေးဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ရှိ ထိုင်းသံရုံးကိုသွားရောက် တောင်းဆိုခဲ့ကြပါတယ်။ ဒီသတင်းကို ဦးဇော်ဇော်လှိုင် တိုကျိုကနေ ပေးပို့ထားပါတယ်။
DVB TV –

ဆောင်းဦးလှိုင် – တေးရေး၊ အဆိုတော်
“နိမ့်ပါးနေရင် ဖိနှိပ်ရက်စက်ခံရမယ်၊ ဘဝအခြေအနေ အသိပညာ၊ အတတ်ပညာဉာဏ်တွေမြင့်မားအောင် ကြိုးစားကြရမယ်၊ ကိုယ့်လူမျိုးအချင်းချင်းတောင် လုပ်ပိုင်ခွင့်၊ နေရာ၊ အာဏာ၊ ပါဝါ မြင့်မားသူတွေက နိမ့်ပါးတဲ့ အောက်ခြေလူတန်းစားပြည်သူများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းဆဲခဲ့၊ ညှဉ်းဆဲလျက်ပါ၊ (တောင်သူကြီး ဒေါ်ခင်ဝင်းကို မှတ်မိကြမှာပါ)
တခြားနိုင်ငံ၊ တခြားလူမျိုးက တို့တတွေအပေါ် အခန့်သင့်ရင်သင့်သလို နှိပ်စက်နေဦးမှာ…
တို့တတွေ သူတို့လက်ခုပ်ထဲရောက်နေတာ တို့တိုင်းပြည် ဆင်းရဲနိမ့်ကျနေလို့ပါ…
လူငယ်လေးနှစ်ဦး၊ တရားသဖြင့် စီရင်ဆုံးဖြတ်မှုများ ရရှိခံစားနိုင်ကြပါစေ…

ဒါရိုက်တာ ကြည်ဖြူသျှင်
လိပ်ကျွန်း လူသတ်မှူနဲ့ပတ်သတ်ပြီး အခုလို စီရင်ချက်ချတဲ့အပေါ် ကျမတို့လည်း စိတ်မကောင်းဖြစ်ရပါတယ်။ ပြစ်ဒဏ်ကျခံရတဲ့ လူငယ်နှစ်ယောက်ရဲ့ မိဘတွေ၊ မိသားစုဝင်တွေရဲ့ ပူဆွေးသောကကိုလည်း ကိုယ်ချင်းစာကြတဲ့အတွက် မြန်မာနိုင်ငံသားအားလုံး “လက်သည်းဆိတ်. . .လက်ထိပ်နာ “ဆိုသလို အသည်းနာကြပါတယ်။ ဒါပေမယ့် ကျမတို့တွေ သတိထားရမှာက ကျမတို့ မကျေနပ်တာ မတရားတဲ့ “ထိုင်းလူမျိုးတရားသူကြီး ရဲ့ တရားစီရင်မှူကိုပါ”။ ဒီအတွက်မှားနေသူ တရားသူကြီးကို တိုက်ရိုက်ထောက်ပြပြောဆိုပြီး ဆန္ဒထုတ်ဖော်ကြပါ။ ဖြစ်နိုင်ရင် တရားသူကြီးနာမည်နဲ့ဆန္ဒဖော်ထုတ်ပါ။
ဒီအမှူကြောင့် မဆိုင်တဲ့ “ထိုင်း” လူမျိုးတွေကို ရိုင်းပျစွာ မပြောမိဖို့က အရမ်းကို အရေးကြီးပါတယ်။ ကျမတို့မြန်မာပြည်မှာတောင် အတိတ်က စစ်အစိုးရတဲ့ စနစ်ဆိုးတွေကြောင့် တိုင်းရင်းသားတွေရင်ထဲမှာ ဗမာ ဆို စစ်သားပဲ မြင်ဘူးတော့ရောပြီး အမုန်းခံရသလိုဖြစ်ခဲ့တဲ့အတွက်၊ ကျမတို့မှာ တိုင်းရင်းသား နဲ့ ဗမာကြား ယုံကြည်မှူရအောင်မနည်း တည်ဆောက်ခဲ့ရပါတယ်။
ဒါကြောင့် ကျမတို့ မြန်မာနိုင်ငံသားတွေဟာလည်း ယဉ်ကျေးတဲ့လူမျိုးအဖြစ် ကျမတို့ရဲ့ဆန္ဒကို အဆင့်ရှိရှိဖော်ထုတ်ကြပါစို့။”
လိပ်ကျွန်းလူသတ်မှု အစွပ်စွဲခံ လူငယ်နှစ်ယောက် အတွက်၊ ဆန္ဒထုတ်ဖော်ခြင်း၊ ဆုတောင်းပေးခြင်းများဖြင့် ဝိုင်းဝန်းကူညီကြပါစို့လို့ ဆန္ဒပြုရင်း. . . .”

ဦးကိုကိုကြီး – ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း
“တရားသဖြင့်ဖြစ်ပါစေ”
ကျနော်တို့နိုင်ငံသားနှစ်ယောက် လိပ်ကျွန်းလူသတ်မှုစွဲချက်နဲ့ သေဒဏ်ချမှတ်ခံရတယ်ဆိုတဲ့သတင်းဟာ ကျနော်တို့အတွက် တော်တော် အံ့သြမိပါတယ်။ အမှုစစ်ဆေးစဉ်မှာကတည်းက အားနည်းချက်၊ ချို့ယွင်းချက်တွေနဲ့၊ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကလည်း ထောက်ပြကန့်ကွက်နေတဲ့ကြားက ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်တယ်ဆိုတာ ထိုင်းတရားစီရင်ရေးအပေါ်မှာပါ မေးခွန်းထုတ်ရမှာပါ။
နိုင်ငံတော်တာဝန်ရှိသူတွေအနေနဲ့လဲ ပြည်သူတွေရဲ့အခွင့်အရေး၊ လုံခြုံရေး၊ တရားမျှတစွာ ဆက်ဆံခံရရေးအတွက် ပြည်တွင်းမှာရော၊ ပြည်ပမှာပါ တာဝန်ရှိပါတယ်။
၁၉၉၄ ခုနှစ်တုန်းက (UAE) အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံမှာ ဖိလစ်ပိုင်အိမ်ဖော်ဖြစ်သူ ဆာရာ ဘာလာဘာဂမ် Sarah Balabagan က အိမ်ရှင် အာလ်မာ မိုဟာမက် အယ်လ်ဘာလူရှီ ( Almas Mohammed Al-Baloushi ) ကို ဓားနဲ့ ၃၄ ချက်ထိုးသတ်ခဲ့ပါတယ်။ အဓမ္မပြုကျင့်တာကြောင့်လို့ထုခြေပါတယ်။ တရားရုံးက သေဒဏ်ချမှတ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံတွင်း ဝိုင်းဝန်းတောင်းဆို ဆန္ဒပြမှုတွေကြောင့်ရော၊ နှစ်နိုင်ငံညှိနှိုင်းမှုတွေနဲ့ ၁၉၉၆ မှာ ပြန်လွတ်လာခဲ့ပါတယ်။ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ပြည်ပမှာပဲ ဖြစ်ဖြစ် တရားမျှတစွာ၊ ဂုဏ်သိက္ခာရှိစွာ ဆက်ဆံခံရရေးဟာ ကျနော်တို့အားလုံးမှာတာဝန် ရှိပါတယ်။”

ဦးမြအေး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
“ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုအတွက် ကျနော်တို့ မြန်မာနိုင်ငံသားနှစ်ယောက်ကို သေဒဏ်အပြစ်ပေးလိုက်တယ်ဆိုတဲ့ သတင်းကြားပြီး စိတ်ထိခိုက်မိပါတယ်။ တဆက်တည်း ၁၉၉၀ လွန်နှစ်တွေက ကျနော်ထောင်ထဲရှိတုန်း ဖီလစ်ပိုင်အမျိုးသမီး ဖလော်ကွန်တန်ပလာစီယွန်ရဲ့ စင်ကာပူမှာဖြစ်တဲ့ဖြစ်ရပ်ကို ပြန်သတိရမိပါတယ်။ သူက စင်ကာပူသွားပြီး အိမ်ဖော်လုပ်တယ်။ အိမ်ရှင်ကိုသတ်တယ်။ စင်ကာပူက သေဒဏ်ပေးတယ်။ အဲဒီ့မှာ ဖိလစ်ပိုင်အစိုးရနဲ့ သူ့နိုင်ငံသားတွေက ဖလော်ကွန်တန် သေဒဏ်က လွတ်မြောက်ရေးအတွက် ပြင်းပြင်းထန်ထန်ကြိုးစားတယ်။
ဖိလစ်ပိုင်အလုပ်သမားဝန်ကြီးက သူ့မှာတာဝန်ရှိတယ်ဆိုပြီး ဝန်ကြီးရာထူးက နုတ်ထွက်တယ်။ ဖလော်ကွန်တန်မလွတ်ပါဘူး။ ဒါပေမယ့် ဖိလစ်ပိုင်တွေရဲ့ အဆင့်ဆင့်တာဝန်ယူမှု တာဝန်ခံမှုနဲ့ နိုင်ငံသားတွေအပေါ်မှာ အယုတ်အလတ် အမြတ်မရွေး အကာအကွယ်ပေးစောင့်ရှောက်မှုကိုတော့ တကမ္ဘာလုံး မြင်အောင်ပြနိုင်ခဲ့ပါတယ်။ အခုဒီဓာတ်ပုံကိုမြင်တော့ ကျနော်တို့နိုင်ငံသားတွေ ပြည်တွင်းမှာလည်း ဦးချရ၊ ပြည်ပမှာလည်း ဦးချရနဲ့ အရောင် မွဲနေတဲ့မြန်မာလို့ အခေါ်ခံရတော့မှာလားလို့ မေးချင်ပါတယ်။ ကျနော်တို့ရဲ့ နောက်မျိုးဆက်ကို ကျားအစစ်လည်း ရှိခိုးရ၊ ကျားရုပ်လည်း ရှိခိုးရဆိုတဲ့ ဘဝမျိုးမှာ ထားခဲ့ရမှာလား။ နိုင်ငံအားကောင်းဖို့ ဖြူနီပြာဝါ မခွဲခြားဘဲ နိုင်ငံသားတိုင်းကို အကာအကွယ်ပေးနိုင်တဲ့ အခြေအနေရောက်အောင် ကြိုးစားဖို့ လိုအပ်နေပါပြီ။ အခုမတရားစီရင်ခံရတဲ့ ဒီလူငယ်လေးနှစ်ယောက်အတွက် မားမားမတ်မတ်ရပ်တည်ပေးရင်း တာဝန်ရှိရှိ ကြိုးစားပေးကြပါလို့ အားလုံးကို တိုက်တွန်းပါတယ်။
မှတ်ချက် – ကာယကံရှင်တွေရဲ့ ဖေ့ဘွတ်ခ်အကောင့်တွေမှာ ဖော်ပြထားတာကို ပြန်လည်စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

DVB
http://burmese.dvb.no/archives/128372


ထိုင်း-ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်း (ဓာတ်ပုံ - Khaosod) ထိုင်း-ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်း (ဓာတ်ပုံ - Khaosod)

ရန်ကုန်ရှိ ထိုင်းသံရုံးရဲ့ လုံခြုံရေးကို မြန်မာအစိုးရဘက်က စောင့်ရှောက်ပေးရမှာ ဖြစ်ပြီး ဆန္ဒပြမှုကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်မှာမဟုတ်ဘူးလို့ ထိုင်း – ဒုဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က ရန်ကုန်မြို့ ထိုင်းသံရုံးရှေ့မှာ မြန်မာလူငယ်နှစ်ဦးအမှု တရားမျှတစွာ ပြန်လည်စစ်ဆေးပေးဖို့ မြန်မာနိုင်ငံသားတွေ လာရောက်ဆန္ဒပြခဲ့တာနဲ့ ပတ်သက်ပြီး ထိုင်း-ဒုဝန်ကြီးချုပ်လည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရ၀စ် ၀ုန်းဆုဝမ်းက အခုလို ပြောကြားလိုက်တာလို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဆန္ဒပြနေကြတာဟာ တရားရုံးရဲ့ စီရင်ချက်နဲ့သာ သက်ဆိုင်တဲ့အတွက် ၂ နိုင်ငံဆက်ဆံရေးပေါ် စိုးရိမ်စရာမရှိကြောင်း၊ သူ့အနေနဲ့ ထိုင်း-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးပေါ်မှာလည်း ယုံကြည်စိတ်ချကြောင်း ဒီနေ့မနက် ထိုင်းစစ်မှုထမ်းဟောင်းများ ဂေဟာမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေ အမြောက်အမြား ၀င်ရောက်လုပ်ကိုင်နေတာကြောင့် လက်ရှိဆန္ဒပြမှုတွေမှာ ထိုင်းရောက် မြန်မာအလုပ်သမား တွေ ပါဝင်လာမှာကို စိုးရိမ်ကြောင့်ကြမှု ရှိမရှိဆိုတာကိုလည်း သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

ဒီအပေါ် ထိုင်းဒုဝန်ကြီးချုပ်က ထိုင်းတရားရုံးအနေနဲ့ ဥပဒေလမ်းကြောင်းအတိုင်း အဆင့်တိုင်း သွားနေတာဖြစ်ကြောင်း၊ မြန်မာဘက်က ပိုမိုသဘောပေါက်ဖို့အတွက် မြန်မာသံရုံးနဲ့ ဆက်သွယ်ရမယ့်ကိစ္စကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တာဝန်ဖြစ်ကြောင်း၊ နယ်မြေအရပ်ရပ်က လုံခြုံရေးကိစ္စကိုတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေက ဆောင်ရွက်နေတယ်လို့ ဖြေကြားသွားပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဦးကို သေဒဏ်ပေးလိုက်တဲ့ လိပ်ကျွန်းအမှု စီရင်ဆုံးဖြတ်ချက်အပြီးမှာ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း အ၀င်အထွက် ဂိတ်တွေမှာ လုံခြုံရေး၊ စစ်ဆေးရေးတွေ ပိုမိုတင်းကျပ်ထားပါတယ်။

DVB
http://burmese.dvb.no/archives/128427

ထိုင်းနိုင်ငံက လိပ်ကျွန်းလူသတ်မှုအတွက် သေဒဏ်ချမှတ်ခံလိုက်ရတဲ့ မြန်မာ၂ ဦးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေရဲ့ ခံစားချက်ကို အပြည့်အ၀နားလည်တယ်လို့ ထိုင်းမော်ဒယ်နဲ့ မင်းသမီး လိလိပါးနိပက်က လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်မှာရေးပါတယ်။

တရားမျှတမှုကိုရှာဖွေရာမှာ အတူရပ်တည်ပေးဖို့ မြန်မာတဦးက သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားလိုက်တာကို ပြန်လည်တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

အာဏာမရှိတဲ့ ပြည်သူတဦးဖြစ်တဲ့အတွက် အစိုးရရေးရာတွေမှာ ဆောင်ရွက်မပေးနိုင်တာကို နားလည်ဖို့လည်း သူက ပြောဆိုထားပါတယ်။

“ကျမဟာ မတရားမှုမှန်သမျှ ရှုတ်ချနေမှာပါ၊ အခုဖြစ်နေတဲ့ အမိန့်ကိုလည်း လုံးဝလက်မခံပါဘူး၊ သက်သေ အထောက်အထား မခိုင်လုံဘဲ သေမိန့်ချမှုဟာ နောက်ကွယ်မှာ ဘာတွေရှိမလဲ ကျမတို့ အရမ်းသိချင်ပါတယ်” လို့ လိလိပါးနိပက်က ရေးပါတယ်။

ထိုင်းရှေ့နေအဖွဲ့ကလည်း မြန်မာနိုင်ငံသား ၂ ဦးဘက်က လိုက်ပါဆောင်ရွက် ပေးနေသလို သက်သေမခိုင်လုံဘဲ ချမှတ်သမျှကို လက်ခံမှာ မဟုတ်သလို အရေးကြီး ကိစ္စကို အမြန်ဖြေရှင်း နိုင်ပါစေလို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။

“ထိုင်းပြည်သူများကိုယ်စား ကျမအားလုံးကို ဒီကနေတောင်းပန်လိုက်ပါတယ်ရှင်၊ ကျမတို့ ထိုင်းပြည်သူတွေကလည်း မြန်မာပြည်သူဘက်က ရှိနေပါတယ်။ အဲဒါကြောင့်မို့ ထိုင်းအလံနဲ့ အမုန်းစကားများဟာလည်း စိတ်ထဲက အရမ်းခံစားရလို့ ပေါ်ထွက်လာ တယ်ဆိုတာ ကျမ အရမ်းနားလည်ပါတယ်။ ဒါပေမယ့် နှစ်ဖက်ပဋိပက္ခများ မဖြစ်စေလိုလို့ အလံနဲ့ ဆဲရေးတဲ့ပုံများ မလုပ်ကြဖို့ တောင်းပန်ပါရစေရှင်၊ အားလုံးလည်း ကျမအပေါ် ခွင့်လွှတ်နားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ သူက ရေးပါတယ်။

DVB
http://burmese.dvb.no/archives/128391


ခရစ်စမတ်နေ့ ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်မှု သတင်းဓာတ်ပုံများ

ထိုင်းနိုင်ငံ လိပ်ကျွန်း လူသတ်မှုနဲ့ သေဒဏ်ကျခံဖို့ ပြစ်ဒဏ် ချမှတ်ခံ လိုက်ရတဲ့ မြန်မာ အလုပ်သမားနှစ်ဦးရဲ့ အမှုကို ပြန်လည် စစ်ဆေးပေးဖို့ ပြစ်ဒဏ်ကနေ ချက်ချင်းလွတ်မြောက်စေဖို့ ရန်ကုန်မြို့ ထိုင်းနိုင်ငံ သံရုံးအနီး လူထောင်နဲ့ချီ ဆန္ဒ ထုတ်ဖော်ခဲ့ကြ ပါတယ်။ မြန်မာနှစ်ယောက်ကို လူသတ်မှုနဲ့ စွပ်စွဲပြီး သေဒဏ်ချမှတ်တာဟာ အပြစ်ရှိကြောင်း သက်သေခိုင်လုံလို့ မဟုတ်ပဲ တမင်ရည်ရွယ်တာသာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ထိုင်းနိုင်ငံရဲ့ တရားရေးကို ပြစ်တင် ရှုံ့ချခဲ့ကြပါတယ်။ ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးရှေ့က ဆန္ဒပြပွဲ အကြောင်း ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ကိုစည်သူက အကြောင်းစုံပြောပြမှာပါ။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သတ်ပြီးတော့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ ကို ထိုင်းနိုင်ငံ ကော့စမွေ တရားရုံး ကနေ သေဒဏ် ကျခံစေဖို့ အမိန့် ချလိုက်တဲ့အပေါ်မှာ မြန်မာလူထုက မကျေမနပ်ဖြစ်ပြီး ဒီကနေ့ ရန်ကုန်မြို့ ပြည်လမ်းနဲ့ မနော်ဟရီလမ်းထောင့် ထိုင်းနိုင်ငံ သံရုံးအနီးမှာ လူပေါင်းထောင်နဲ့ချီ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

" ရင်ထဲမှာ ဘယ်လောက်ခံစားခဲ့ရသလဲဆိုတာ တညလုံး ငိုရတာ။ အဲ့ဒီ့အတွက်ကြောင့် ကျမတို့ မကျေနပ်လို့ ဒီနေရာကို လာပြီးတော့ နော် ဘယ်သူ့ကိုမှ ဒုက္ခပေးခြင်း မဟုတ်ဘူး။ ကျမတို့ရင်ထဲက ခံစားချက်ကို လာဖော်ပြတာပဲရှိတယ်။"

" တရားမျှမျှတတ နဲ့ သူတို့ကို ပြန်ပြီး စိစစ်စေချင်တယ်။ ဒါ နှစ်ဦးနှစ်ဘက် ကောင်း သွားတာပေါ့။ ဒါ နှစ်ဦးနှစ်ဘက်အတွက်ကိုပြောနေတာ။ ကျနော်တို့နိုင်ငံ အတွက် နိုင်ငံပုံရိပ်တွေ အရမ်းနစ်နာလွန်းအားကြီးတယ်။ ထိခိုက်လွန်း အားကြီးတယ်ဗျာ။"

ဒါကတော့ ဆန္ဒထုတ်ဖော်တဲ့နေရာက ပြောဆိုသံတွေကို အခုလိုကြားခဲ့ကြရတာပါ။

သေဒဏ်ချမှတ်ခံရတာနဲ့ ပတ်သတ်လို့ သက်ဆိုင်ရာရှေ့နေရှေ့ရပ်တွေက အယူခံဝင်ဖို့ ပြင်ဆင်နေကြပေမဲ့ ထိုင်းနိုင်ငံတရားရုံးရဲ့ အခုလုပ်ရပ်ဟာ လုံးဝ တရားမျှတမှုမရှိကြောင်း ဆန္ဒထုတ်ဖော်သူတွေက တညီတညွှတ်တည်း ရှုံ့ချခဲ့ကြတာပါ။ မြန်မာအလုပ်သမားနှစ်ဦးဟာ သေဒဏ်ပေးလောက်တဲ့ အပြစ်မရှိဘူး ဆိုတာ ယုံကြည်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ကနေ လာရောက် ဆန္ဒထုတ်ဖော်တဲ့ ဦးလှထွန်းက ပြောပါတယ်။

" မြန်မာနိုင်ငံသားနှစ်ယောက်ကို ထိုင်းနိုင်ငံက လက်လွယ်စပါယ် တရားစီရင် လိုက်တဲ့ အပေါ်မှာ ပြည်သူတယောက်အနေနဲ့ မခံမရပ်နိုင်တဲ့အတွက် ငြိမ်းချမ်းစွာနဲ့ ထိုင်းသံရုံးရှေ့မှာ လာရောက်ပြီးတော့ တရားမျှတစွာ ပြန်လည်ဆောင်ရွက်ပေးဖို့ ထိုင်းဘုရင်နဲ့တကွ ထိုင်းနိုင်ငံမှာ ရှိတဲ့ တာဝန်ရှိသူအပေါင်းကို လာရောက်တောင်းဆိုကြခြင်း ဖြစ်ပါတယ်။"

ထိုင်းနိုင်ငံ သံရုံးရှိတဲ့ မနော်ဟရီလမ်းကို မနက်ခင်းကတည်းက ရဲတပ်ဖွဲ့ အတားအဆီးတွေနဲ့ စောင့်ကြပ်ခဲ့ပြီး မနော်ဟရီလမ်းကို ပိတ်ထားခဲ့တာပါ။ မနက် (၁၁) နာရီမတိုင်ခင်မှာ လူ (၁၀၀)လောက် စတင်စုဝေးခဲ့ရာကနေ တဖြည်းဖြည်း နဲ့ ထောင်နဲ့ ချီလာတဲ့ လူအုပ်ဟာ မနော်ဟရီ လမ်းထိပ် ပြည်လမ်းမရဲ့ တဖက်ခြမ်းကိုနေရာယူလိုက်တာကြောင့် ကားအသွားအလာတွေကို ပိတ်ထားခဲ့ရပါတယ်။ နေ့လည်ပိုင်းမှာ လူအနည်းငယ်ကို အသုတ်လိုက် သံရုံးရှေ့ အထိ သွားခွင့်ပေးခဲ့ပါတယ်။ ဒီဆန္ဒထုတ်ဖော်တာကို ကြိုတင်ခွင့်ပြုချက် တစုံတရာ ယူတာမျိုးမရှိခဲ့ပဲ လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်မှုကြောင့် စုဝေးရောက်ရှိ လာခဲ့ကြတာဖြစ်ပါတယ်။

မြန်မာလူထုတွေတောင်းဆိုတဲ့ အချက်အလက်တွေ ထုတ်ပြန်ချက်တွေကို ထိုင်းအစိုးရကို အသိပေးသွားမယ်လို့ ထိုင်းသံရုံးတာဝန်ရှိသူတွေက ဆန္ဒပြသူတွေကို ပြောလိုက်ပါတယ်။

အခုလို သေဒဏ်ချမှတ်ခံရတာဟာ အမှုအပေါ်မှာ မြန်မာအစိုးရရဲ့ တာဝန်ယူမှု အားနည်းခဲ့တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဘသက်အောင်က အခုလိုဝေဖန်ပါတယ်။

"ကျနော်တို့ အခုဒီဖြစ်စဉ်က ကျနော်တို့နိုင်ငံရဲ့အစိုးရကပေါ့နော် ဒီလိပ်ကျွန်း လူသတ်မှုမှာ ကျနော်တို့ နိုင်ငံသားနှစ်ယောက်အပေါ်မှာ တာဝန်ယူမှု၊ အကာအကွယ်ပေးမှုက အားနည်းတယ်။ အဓိကဖြစ်ပေါ်လာရတဲ့အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကြောင့် ဒီလူငယ်လေးတွေက တဖက်နိုင်ငံမှာ ရွှေ့ပြောင်း Migrants ဘဝနဲ့ အလုပ်သမား ဘဝကို ရောက် သွားကြတယ်။ အဲ့ဒီ့မှာ အလုပ် သွားလုပ်တဲ့အခါမှာ ကျေန်ာတို့ နိုင်ငံသားနှစ်ယောက် အနေနဲ့ ဓားစာခံအနေနဲ့ ထိုင်းတရားရေးစီရင်ရေးက တဖက်နိုင်ငံရဲ့ Pressure ရှိလို့ ဓားစာခံ လုပ်လိုက်တဲ့အပေါ်မှာ ကျနော်တို့အနေနဲ့ လုံးဝ လက်မခံပါဘူး။ နိုင်ငံသားဖြစ်တဲ့ ဒီကလေးနှစ်ယောက် ကိုလည်း အစိုးရဖြစ်တဲ့ သမ္မတဦးသိန်းစိန်က ဒီကလေးနှစ်ယောက်ကို အကာအကွယ်ပေးဖို့ သူ့မှာ တာဝန်ရှိပါတယ်။"

လူသတ်မှုတရားခံတွေအဖြစ် စွပ်စွဲခံရတဲ့ မြန်မာနှစ်ယောက် အမှုကို ပြန်လည် စစ်ဆေးဖို့ သေဒဏ်ပြစ်ဒဏ်ကနေ ချက်ချင်းလွတ်မြောက်စေဖို့ ရန်ကုန်မြို့အပြင် မန္တလေး၊ ပဲခူး ၊ မြ၀တီ၊ မြိတ် စတဲ့နေရာတွေမှာလည်း ဆုတောင်းတာတွေ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

သေဒဏ် ချမှတ်ခံခဲ့ရတဲ့ မြန်မာနှစ်ဦး အမှုကို လာမယ့် သတင်းပတ်အတွင်း အယူခံဝင်ရာမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက လိုက်ပါကူညီမယ်လို့လည်း ဆိုထားပါတယ်။၂၀၁၄ ခုနှစ် စက်တင်ဘာကတည်းက လူသတ်မှုနဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ မြန်မာနှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့ပြီး မနေ့က ၂၀၁၅ ဒီဇင်ဘာလ (၂၄) ရက်နေ့ မှာ ကော့စမွေ တရားရုံးကနေ သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

တဆက်တည်းမှာပဲ အခုလို ထိုင်းနိုင်ငံ တရားရုံးတခုက သေဒဏ် ချမှတ်လိုက်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးရဲ့အမှုကို သေချာပြန်လည်စစ်ဆေးပေးဖို့နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့က ထိုင်းသံရုံးကို သွားရောက်ဆန္ဒပြရင်း ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ဆီကို အိပ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်းနိုင်ငံ ကော့စမွေ တရားရုံးက မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးကို မနေ့က သေဒဏ်ချမှတ်အပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ ထိုင်းသံရုံးရှေ့ ဒီကနေ့ သွားရောက် ဆန္ဒပြခဲ့ကြကြောင်း ညီညွတ်သောတိုင်းရင်းသားများအဖွဲ့-ဂျပန်က ဦးဇော်မင်းခိုင်က ရှင်းပြပါတယ်။

ထိုင်းဘုရင်မင်းမြတ်နဲ့ ထိုင်းဝန်ကြီးချုပ်ထံ အိပ်ဖွင့်ပေးစာတွေကို ထိုင်းသံရုံးက တဆင့် ပေးပို့ခဲ့ကြောင်း ဆန္ဒပြရာမှာပါဝင်ခဲ့သူ ဦးသန်းဆွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
ထိုင်း လူသတ်မှု စီရင်ချက် ဂျပန်ရောက်မြန်မာတွေ ထိုင်းသံရုံးရှေ့ ဆန္ဒပြ

ကိုစည်သူ, ကိုဉာဏ်ဝင်းအောင်/ VOA
http://burmese.voanews.com/content/protest-in-front-of-the-thai-embassy-in-yangon/3118389.html


ထိုင်းသံရုံးရှေ့ မနော်ဟရီလမ်းအား ဝဲဘက်ယာက်ဘက် လုံခြုံရေးသံဆူးကြိုးများ ပိတ်ထားသည့်အတွက် ဆန္ဒပြသူများက လမ်းအတွင်း သံရုံးရှေ့သို့ ဝင်ခွင့်တောင်းဆိုခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက သံဃာတော်များအား သံရုံးရှေ့၌ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခွင် ပြုနေပြီး ဆန္ဒထုတ်ဖော်သူများကိုလည်း ၅ ဦးစီ တန်းစီဝင်ရောက်ခွင့်ပြု ၁ နာရီကြာ ခွင့်ပြုမည်ဟု သိရသည်။

ဆရာတော်ဦးရက္ခဝံသနှင့် သံဃာတော်၊ လူပုဂ္ဂိုလ် ၁၀ဦး ခန့်တို့ကလည်း ထိုင်းသံရုံးထဲသို့ ဝင်ရောက်ကာ ထိုင်းသံအမတ်နှင့်တွေ့ဆုံ၍ အိပ်ဖွင့်ပေးစာတစောင် ပေးပို့မည့်အကြောင်း တွေ့ဆုံဆွေးနွေးရာ သံအမတ်မှတဆင့် ပေးပို့ရန် သဘောတူညီခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများက ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆိုခဲ့ကြကြောင်းလည်း သိရသည်။


(News Watch)

https://www.facebook.com/NewsWatchJournal



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ရန်ကုန်မြို့ ၅၄ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ခရစ္စမတ် ဓမ္မတေးသီဆိုမှုများကို အဆိုတော်နဲ့အနုပညာရှင်တွေက လာရောက်ပြီး ဖျော်ဖြေခဲ့ပါတယ်။

လူထုခေါင်းဆောင်ကလည်း ဓမ္မတေးသီဆိုပြီး ခရစ္စမတ်ကိုကြိုဆိုခဲ့တဲ့ အနုပညာရှင်တွေကိုလည်း ပြန်လည်ဧည့်ခံခဲ့ပါတယ်။







(News Watch)
https://www.facebook.com/NewsWatchJournal


လိပ်ကျွန်းလူသတ်မှု စီရင်ချက်ကို ကန့်ကွက်သည့်အနေဖြင့် ဒဂုံမြို့နယ် မနော်ဟရီလမ်းရှိ ထိုင်းသံရုံးရှေ့ ၌ ဆန္ဒပြရန်သွားရောက်ကြသူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မနော်ဟရီလမ်းထိပ်မှစ၍ ၀င်ခွင့်ကို ပိတ်ထားသည်။

ဆန္ဒပြသူ (ခန့်မှန်း) လူ ၃၀၀-၅၀၀ ခန့် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်တွင်သာ ဆန္ဒထုတ်ဖော်ခွင့်ရကြပြီး ၎င်းတို့မှ ကမ္ဘာမကြေသီချင်းကို သံပြိုင်သီဆိုကြနေကြောင်းလည်း သိရသည်။

နောက်ဆုံးကြားသိရသည်မှာ ဆန္ဒပြသူများအနက်မှ ထိုင်းဘာသာနှင့် အင်္ဂလိပ်ဘာသာစကား ပြောဆိုတက်သူ ၁၅ ဦးကိုသာ ထိုင်းသံရုံးရှေ့မှောက်၌ ဆန္ဒပြခွင့်ပြုရန် တာဝန်ကျရဲမှူးနှင့် ညှိနှိုင်းလျက်ရှိသည်ဟု ဆိုသည်။


(News Watch)

https://www.facebook.com/NewsWatchJournal


လိပ်ကျွန်းလူသတ်မှုတွင် ပြစ်ဒဏ်ချမှတ်ခံရသူများကို သေဒဏ်မှ ပယ်ဖျက်ပေးရန် ထိုင်းအစိုးရအား မြန်မာအစိုးရမှ ပြတ်ပြတ်သားသား တောင်းဆိုပေးရန် မြန်မာအမျိုးသားရေးကွန်ရက် အပါအ၀င် အမျိုးသားတက်ကြွလှုပ်ရှားသူများက ထိုင်း သံရုံးရှေ့တွင် ဆန္ဒပြမှုအား ထိုင်းသံရုံးမှဝန်ထမ်းများက ပြက်ရယ်ပြုခဲ့ကြောင်း သိရသည်။

''ကျွန်တော်က ထိုင်းအစိုးရကို ဆန္ဒ လာပြတာကို ထိုင်းသံရုံးထဲက ၀န်ထမ်းတွေ က ရယ်နေကြတယ်။ ကျွန်တော်တို့က ဟာသ လာလုပ်နေတာ မဟုတ်ဘူး။ ရင်ဘတ်ကြီးနဲ့ခံစားပြီး လာလုပ်နေတာပါ။ ဒီနေ့ ဇော်လင်းနဲ့ ၀င်းဇော်ထွန်းဟာ ကွင်းလုံးကျွတ် လွတ်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် သေဒဏ်လို့ဆိုတဲ့ ပြစ်ဒဏ်ကြီးက ထိုင်းအစိုးရရဲ့ အတွင်းသရုပ်မှန်ကို ဖော်ပြလိုက်သလိုပဲ။ ဘယ်တော့ဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေက ခံဖက်ကဖြစ်နေတယ်။ အဲဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့အသက်ကို ကယ်တင်ဖို့ ထိုင်းအစိုးရအား ပြတ်ပြတ်သားသား တင်းတင်းမာမာ တောင်းဆိုပေးပါ''ဟု ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် မြန်မာအမျိုးသားကွန်ရက်မှ အတွင်းရေးမှူး ကိုနောင်တော်လေးက ပြောသည်။

ယခုကဲ့သို့ သေဒဏ်ပေးခဲ့မှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အား ထိုင်းအစိုးရအနေဖြင့် စိန်ခေါ်ခြင်းဖြစ်ပြီး မြန်မာအစိုးရမှ ပြင်းပြင်းထန်ထန် တုံ့ပြန်သင့်ကြောင်းနှင့် ယခု ပထမအကြိမ်တွင် ခေါင်းငုံ့ငြိမ်ခံမည်ဆိုပါက ထိုင်း ရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၏ လူမှုဘ၀လုံခြုံမှုအတွက် စိုးရိမ်စရာဖြစ်လာကြောင်း ၎င်းကဆိုသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို ဒီဇင်ဘာ ၂၄ ရက် ညနေ ၃ နာရီ မိနစ် ၂၀ ခန့်တွင် မြန်မာအမျိုးသားရေးကွန်ရက်အပါအ၀င် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ အင်အား ၂၀ ခန့်က ဒဂုံမြို့နယ်၊ မနော်ဟရီ လမ်းပေါ်ရှိ ထိုင်းသံရုံးရှေ့တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ရပ်နားခဲ့သည်။

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ၀င်းဇော်ထွန်းတို့အား ထိုင်း ကော့စမွီခရိုင်တရားရုံးတွင် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ သေဒဏ်ချခဲ့မှုအပေါ်တွင် အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။


(The News Watch)

https://www.facebook.com/NewsWatchJournal


ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကနေ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ သတိထားပြီး သွားလာကြဖို့ ထိုင်းဘာသာနဲ့ သတိပေးကြေငြာချက် ကို ထုတ်ပြန်ခဲ့ပါတယ်၊

ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံသားနှစ်ဦး လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံထားရတာနဲ့ ပတ်သက်လို့ ဆန္ဒပြကြမှာဖြစ်တယ် မလိုအပ်ပဲ မိမိကိုယ်ကို ထိုင်းလူမျိုးအဖြစ် မပြသဖို့ လိုတယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားသည်။


(The Ladies News)

https://www.facebook.com/News.TheLadies/


လာမယ့်နှစ်ဆန်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတ Barack Obama ရဲ့ ဖိတ်ကြားချက်ကို အာဆီယံခေါင်းဆောင်တွေက လက်ခံခဲ့ကြတယ်လို့ သမ္မတအိမ်ဖြူ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

သမ္မတ အိုဘားမားက ပြီးခဲ့တဲ့လ အာရှကို သွားရောက်စဉ်အတွင်း အာဆီယံ ဆယ်နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့တာ ဖြစ်ပြီါ် ဒီဖိတ်ကြားချက်ကို လက်ခံတဲ့ အတွက် သမ္မတက ဝမ်းမြောက်ကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲ ကျင်းပမယ့် ရက် အတိအကျကိုတော့ မပြောသေးပါဘူး။

ဂျပန် ကျိုတိုသတင်းမှာတော့ ဖေဖေါ်ဝါရီလ ၁၅ နဲ့ ၁၆ ရက်တွေမှာ ဖြစ်နိုင်တယ်လို့ အာဆီယံ အရာရှိတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီါ် ရေးသားထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်ထဲမှာ နယ်မြေပိုင်ဆိုင်မှု အတွက် တရုတ်ရဲ့ အတင့်ရဲ လုပ်ဆောင်မှုတွေအတွက် အာဆီယံ အဖွဲ့က ညီညီညွတ်ညွတ် ရင်ဆိုင်ဖို့ အမေရိကန်နိုင်ငံက စိတ်အားထက်သန်နေတာပါ။

ဘရူနိုင်း၊ မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ် အာဆီယံ အဖွဲ့ဝင် ၄ နိုင်ငံဟာTPPT ပစိဖိတ်ရပ်ဝန်း ကုန်သွယ်ဖက်နိုင်ငံ ၁၂ နိုင်ငံ ထဲမှာ ပါဝင်နေတာ ဖြစ်ပြီး ဒီကုန်သွယ် သဘောတူညီချက်ဟာ ကြီးထွားလာနေတဲ့ တရုတ်ကို တန်ပြန်နိုင်ဖို့ စီးပွါးရေးနဲ့ လုံခြုံရေး အတွက်အာရှဒေသကို ဦးစားပေးတဲ့ သမ္မတ အိုဘားမားရဲ့ မူဝါဒမှာ အဓိကသော့ချက်တခု ဖြစ်ပါတယ်။

အခုလို ကယ်လီဖိုးနီးယား ပြည်နယ်ကို ရွေးချယ်တာဟာ ဒီနေရာဟာ ၂၀၁၃ ခုနှစ်တုန်းက တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ အိုဘားမားတို့ကြား အလွတ်သဘောတွေ့ဆုံမှု ပြုခဲ့ပြီး အမေရိကန် တရုတ် ဆက်ဆံရေး အတွက် လမ်းကြောင်းသစ် ထွင်နိုင်တဲ့ နေရာလည်း ဖြစ်နေတာပါ။


(VOA Burmese)

http://burmese.voanews.com/