April 2016

ကျုပ်တို့ မြန်မာပြည်ဟာ ဘေးက အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်ဖို့ နှစ်ပေါင်း ၂၀ - ၃၀ အသည်းအသန်ကြိုးစားရဦးမယ်။
သူများတွေ အေးအေးလူလူ လမ်းလျှောက်ရင်း ခရီးပေါက်နေချိန်မှာ နောက်ကျကျန်နေခဲ့ကျုပ်တို့က သူတို့ကိုမီဖို့ ဆယ်စုနှစ်တွေချီပြီးအချိန်ယူရဦးမယ်။ ဒါတောင် သူတို့လမ်းလျှောက်နေချိန် ကျုပ်တို့ အစွမ်းကုန်ပြေးဦးမှ။

အဲ့ဒီလို အစွမ်းကုန်ပြေးရမယ့်ကိစ္စကို ဦးဆောင်စီမံရမှာက အစိုးရနဲ့ လွှတ်တော် ပါ။ အစိုးရနဲ့ လွှတ်တော်ရဲ့ နေရာအများစုကိုလည်း ပြည်သူတစ်ရပ်လုံးရဲ့ လက်သန်းတွေ နဲ့ သွေးသစ်လောင်းပြီးခဲ့ပြီ ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ကလည်း မဟုတ်တာလုပ်ရင် ထောင်ဝင်စာတော့ တွေ့ပေးမယ်လို့ ပြတ်ပြတ်သားသားပြောပြီးပြီ။ ဒီတော့ အစိုးရက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကကိုယ်စားလှယ်တွေဟာ ဟုတ်တာတွေ လုပ်ဖို့ပဲရှိပါတယ်။

ဟုတ်တာတွေကို လုပ်သင့်တဲ့ နည်းလမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်နှစ်သစ်နှုတ်ခွန်းဆက်စကားထဲမှာပြောသွားသလို ခပ်မြန်မြန်နဲ့ အပြေးအလွှား တက်သုတ်ရိုက်ပြီး လုပ်ကြရမှာပါ။

အဲ့ဒီလို ခပ်မြန်မြန် အပြေးအလွှားလုပ်နိုင်ဖို့အတွက်
ရှိသင့်တဲ့ အားနဲ့မာန်လိုပါတယ်
အဲ့ဒီ အားနဲ့မာန်အတွက်
ကောင်းစွာအိပ်စက်ခြင်း၊ ကောင်းစွာနိုးထခြင်း၊ သင့်တင့်သော အစာအဟာရကို မှီဝဲခြင်း၊ သင့်တင့်လုံလောက်သော စရိတ်ရရှိခြင်း စတာတွေအပြင် မဆိုင်တဲ့အလုပ်တွေကိုပါ မလုပ်မိအောင် လျှော့ချနိုင်ဖို့လိုအပ်တယ်။

စည်ပင်ဧည့်ရိပ်သာမှာ လေအေးစက်တွေ တပ်ဆင်ပေးတော့မယ်လို့ သတင်းကြားတော့ ဟုတ်တာမဟုတ်တာအပထား ပျော်မိတယ်။ အဲ့ဒီအပျော်က သူတို့တွေ အေးအေးဆေးဆေး အိပ်စက်အနားယူလို့ရတာမျိုးတစ်ခုတည်းကြောင့်တော့မဟုတ်ဘူး။ သူတို့ရဲ့ ကောင်းစွာအိပ်စက်ခြင်းကတဆင့် ပြန်လည်နိုးထလာမယ့် နေ့သစ်တိုင်းမှာ နိုင်ငံအတွက် အသစ်ဖြစ်လာမယ့် အားတွေကို ကြိုဆိုချင်လို့။

ဟုတ်ပါတယ် ... တပြည်လုံးက ဒုက္ခတွင်းထဲမှာပါ။ ဒါပေမယ့် တပြည်လုံးနဲ့အတူဒုက္ခခံမယ့်သူတွေ ဖြစ်ကြောင်း သက်သေပြတဲ့ပုံစံမျိုးကို ရည်ရွယ်နေတယ်ဆိုရင်တော့ မှားနေပါပြီ။

ဒုက္ခရောက်နေလို့ အပြောင်းအလဲကို တောင့်တခဲ့ကြတာပါ။ အဲ့ဒီအပြောင်းအလဲဟာ အတူတူဒုက္ခခံမယ့် ခေါင်းဆောင်ကို ရွေးချယ်တာမျိုးမဟုတ်ဘူးဆိုတာကိုလည်း သတိရကြစေချင်ပါတယ်။

အကောင်းစားကားကြီးတွေစီး
အကောင်းဆုံးဂေါ့ဖ်ရိုက်တံနဲ့ ဂေါက်ကွင်းမှာ ရိုက်
အကောင်းဆုံး ဆေးပြင်းလိပ်ဖွာ
အကောင်းဆုံး အရက် ဝိုင်တွေ အရသာခံ
အကောင်းဆုံး အဆောင်အယောင်တွေနဲ့ နေခဲ့ကြတဲ့ အခွင့်ထူးခံတွေကို မွဲနေတဲ့ ပြည်သူတစ်ရပ်လုံးက မနှစ်မြို့တာလည်း အမှန်ပါ။

အခွင့်ထူးခံကို ပြည်သူမကြိုက်မှန်းသိလို့ အောက်ခြေသိမ်းတွေလိုက်လုပ်ပြနေစရာလည်း မလိုပါ။

ထိုက်သင့်တဲ့ အခွင့်အလမ်း ခံစားမှုတော့ ရှိရပါမယ်။
ကားနဲ့သွားရမယ့် ခရီးကို ကားသုံး
လေယာဉ်နဲ့သွားရမယ့်ခရီးကို လေယာဉ်သုံး
ရထားနဲ့သွားရမယ့်ခရီးကို ရထားသုံး
ကျန်တဲ့အချိန်မှာ အမြဲတမ်းစိတ်ကို ကြည်လင်အောင်ထားနိုင်ဖို့ ကောင်းမွန်အဆင်ပြေတဲ့ သင့်တင့်သောပတ်ဝန်းကျင်လည်း လိုအပ်ပါတယ်။

သင့်တင့်မျှတတဲ့ အခြေအနေပတ်ဝန်းကျင်မှာ ရနိုင်သမျှအခွင့်အလမ်းတွေအသုံးချပြီး မြန်နိုင်သမျှ အမြန်ဆုံး နိုင်ငံတော်အတွက် အကျိုးရှိမယ့် အပြောင်းအလဲကို ဖော်ဆောင်ဖို့ အစိုးရနဲ့ လွှတ်တော် မှာ တာဝန်ရှိပါတယ်။

မဆိုင်တာတွေလုပ်ပြမနေပါနဲ့
ဖယောင်းတိုင်ထွန်းပြမနေပါနဲ့
ရေပုံးထမ်းပြမနေပါနဲ့
လမ်းလျှောက်ပြမနေပါနဲ့
စက်ဘီးစီးပြမနေပါနဲ့

နိုင်ငံအတွက် အလုပ်လုပ်ဖို့ပဲလိုပါတယ်

ဘယ်လောက်မြန်မြန်လုပ်နိုင်မလဲ စဉ်းစားနေသင့်ပါတယ်။
မြန်မြန်လုပ်နိုင်ဖို့အတွက် ဘာတွေလိုအပ်သလဲစဉ်းစားနေသင့်ပါတယ်။
လိုအပ်တာတွေကို လိုအပ်သလို ထုတ်ဖော်တောင်းဆိုသင့်ပါတယ်။

အမေက တောင်းတာ မကြိုက်ဘူးဆိုပြီး အိတ်စိုက်လုပ်ပြနေစရာမလိုပါ။
ဒါဟာ ကြာရင် အလွဲသုံးစားစနစ်ကို ဦးတည်သွားနိုင်ပါတယ်။ လိုအပ်ရင် တောင်းစေချင်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အသုံးချစေချင်ပါတယ်။ စွတ်ဆက်တောင်းပြီး မဟုတ်တာလုပ်ရင်တော့ ထောင်ထဲမှာ သွားနေရပါလိမ့်မယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်လည်း အတိအလင်းပြောပြီးသားဖြစ်ပါတယ်။ နိုင်ငံအတွက်တော့ နောက်မျိုးဆက်အတွက် လွတ်လပ်စွာထုတ်ဖော်တောင်းဆိုတဲ့ မျိုးစေ့တွေကို ချပေးခဲ့စေချင်ပါတယ်။

ဒါကိုမှ ဒေါ်အောင်ဆန်းစုကြည်က ပိတ်ပင်တယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှားသွားပါလိမ့်မယ်။

ကျုပ်တို့ပြည်မှာ ဘာမဟုတ်တဲ့ ရဲလွင်မြင့်လို အလေနတ်တော က တောင် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်စွာခြိမ်းခြောက်ရဲသေးတာပဲ ....

နိုင်ငံအတွက် အလုပ်လုပ်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရဝန်ထမ်းတွေက လိုအပ်ချက်တွေကို သက်ဆိုင်ရာအဆင့်ဆင့်မှာ ဘာလို့ မတောင်းရဲရမှာလဲ?

ကျုပ်ကတော့ ရှင်းရှင်းပဲ ...
အခွင့်ထူးခံသမားတွေကို နိုင်ငံတော်စီမံခန့်ခွဲခွင့် မပေးအပ်ချင်သလို အောက်ခြေသိမ်းလောက် လုပ်ချင်သူတွေကိုလည်း နိုင်ငံတော်စီမံခန့်ခွဲခွင့် မပေးအပ်ချင်ဘူး။

နောက်မျိုးဆက်တွေအတွက် နိုင်ငံရေးဟာ အောက်ခြေသိမ်းလုပ်ပြီး အတော်လည်း အနစ်နာခံရပါလားဟ ဆိုတဲ့ အတွေးအမြင်မျိုးကိန်းအောင်းသွားရင် နိုင်ငံအနာဂါတ်ကောင်းနိုင်ဖို့မနီးစပ်ပါဘူး ... ။

အနာဂါတ်ကို ငဲ့ပါ
နောက်မျိုးဆက်ကို ငဲ့ပါ ...
လုပ်စရာရှိတာကို မြန်မြန်လုပ်ဖို့ အလွန်အကျွံမဟုတ်တဲ့ သင့်တော်တဲ့ သုံးစွဲမှုတွေအတွက်ဝန်လေးမနေသင့်တဲ့အချိန်လို့ထင်ပါတယ်။

ဖယောင်းတိုင်ကို ကိုကိုလှိုင် တို့ထွန်းပြပြီးပါပြီ
ငပိရည်နဲ့ တို့စရာကိုလည်း ဦးရဲထွဋ်တို့စားပြပြီးပါပြီ
ဟိုလိုဒီလို ဓါတ်ပုံရိုက်တဲ့အလုပ်တွေကိုလည်း ဦးလှဆွေတို့လုပ်ပြပြီးပါပြီ
အနစ်နာခံတဲ့ ဓါတ်ပုံတွေမြင်ချင်ရင် အညောင့်တွေပစ်ပါလို့ ဖြဲအော်တတ်တဲ့ဖေ့စဘုတ်မှာ သွားရှာကြည့်ကြပါ။ ခင်ဗျားတို့ထက်များတဲ့ အနစ်နာခံမှုမှတ်တမ်းဓါတ်ပုံတွေအများကြီးတွေ့ပါလိမ့်မယ်။

ဆိုလိုချင်တာက အထက်ပါ ကိစ္စတွေကို ပြည်သူတစ်ရပ်လုံးကြုံးဖူးတွေ့ဖူးပြီးသားဖြစ်ပါတယ်။ သူများတွေ လုပ်ပြပြီးကြပါပြီ။ ဒါပေမယ့် ငစနူတွေ ဘယ်လိုလုပ်ပြ လုပ်ပြ တပြည်လုံးအတိုင်းအတာနဲ့ လူမွှေးလူတောင်မပြောင်ခဲ့တာကိုလည်း ပြည်သူတရပ်လုံးသိကြပါတယ်။

အပြောင်းအလဲအတွက် အသစ်တွေလုပ်ပေးကြပါ ... လို့ တောင်းဆိုပါရစေ။
ခပ်မြန်မြန် ခပ်သွက်သွက် အလုပ်နဲ့ သက်သေပြကြရမှာမို့ အလုပ်အတွက် လိုအပ်သမျှကို တောင်းဆိုဖို့ အသင့်ရှိနေကြစေချင်ပါတယ်။

လွှတ်တော်နဲ့အစိုးရ တာဝန်ရှိသူများအားလုံး
ကျန်းမာသောကိုယ် ... ချမ်းသာသောစိတ်ဖြင့်
ရရှိအပ်သော အသုံးအဆောင်အခွင့်အရေးများ အပြည့်အဝအသုံးချကာ
နိုင်ငံ့အကျိုးကို အားအင်ပြည့်ဖြိုးစွာ လျင်လျင်မြန်မြန် ထမ်းပိုးနိုင်ကြပါစေဗျာ။

လေးစားလျှက်

အောင်ကြီး
Aung Gyee
Cartoon Credit : မောင်မောင်ဖောင်တိန် နှင့် ဧရာဝတီ


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေရှိ KTV တစ်ခုတွင် သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ဝန်ထမ်းများ အားနှိပ်စက်ကာ ၀န်ထမ်းမိန်းကလေးကို သားမယားပြုကျင့်ခဲ့သည့် အရပ်သားနှစ်ဦးအား မုဒိမ်းမှုအပါအ၀င် ပုဒ်မ ငါးခုဖြင့် စစ်ဆေးနေကြောင်း သိရှိရသည်။

ပြီးခဲ့သည် မတ်လ ၃၀ ရက်နေ့တွင် ချောင်းသာကမ်းခြေရှိ Woody House KTV ၌ အမှတ် ၂၇ ခြေလျင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦးနှင့် အရပ်သားနှစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်ပြီး ဆိုင်ဝန်ထမ်းများအား နှိပ်စက်ကာ ၀န်ထမ်းမိန်းကလေး တစ်ဦးကို အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“အမှုတင်တာပဲ ရှိပါသေးတယ်။ တပ်ရင်းမှူးကိုတော့ စစ်ဘက်ဆိုင်ရာတရားရုံးက စစ်ဆေးတာပါ။ ဒီလိုအမှုတွေဖြစ်လာရင် စစ်စည်းကမ်းနဲ့ အရေးယူမလား တပ်ကိုအရင်မေးရတယ်။ အခုက စစ်စည်းကမ်းနဲ့လည်း အရေးယူထားပြီလို့ သိရတယ်”ဟု ပုသိမ်ခရိုင်တရားသူကြီး ဒေါ်မိုးမိုးအေးက ပြောသည်။

ပုသိမ်ခရိုင်တရားရုံးက ရန်နိုင်အောင်နှင့် အဖော်ပါလာသူ ဝေလင်းတို့အား မေလ ၁၁ ရက်နေ့တွင် စတင် စစ်ဆေးရန်ရုံးချိန်း ပြန်လည်ခေါ်ဆိုထားပြီး ၎င်းတို့ နှစ်ဦးအား ပုသိမ်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ပုသိမ်ခရိုင်တရားရုံးမှ သိရသည်။

“ဒီလုပ်ငန်းတွေကလည်း ဥပဒေကို လက်တစ်လုံးခြား လုပ်ပြီး ဖွင့်လှစ်ထားတဲ့ လုပ်ငန်းတွေဆိုတော့ ဒေသအတွက်လည်း မကောင်းဘူး။ ဒီဆိုင်တွေကို စည်းမျဉ်းစည်းကမ်း အတိုင်း ဖြစ်စေချင်တယ်။ စည်ကမ်းနဲ့ မညီရင်လည်း အရေးယူပေးစေချင်တယ်” ဟု ချောင်းသာအုပ်ချုပ်ရေးမှူး ကိုတေဇာအောင်က ပြောသည်။

မှုခင်းဖြစ်စဉ်ကို စတင်တိုင်ကြားသူမှာ KTV ဆိုင်ပိုင်ရှင် ဖြစ်ပြီး နောက်ပိုင်တွင် လိင်ပိုင်း ဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခံရပြီး အလိုမတူဘဲ သားမယားအဖြစ်ပါ ပြုကျင့်ခံခဲ့ရသူ မိန်းကလေးက တရားလိုအဖြစ် တိုင်ကြားခဲ့ခြင်း ဖြစ်ပြီး ချောင်းသာရဲစခန်းက (ပ) ၃၄/၂၀၁၆၊ ကျင့် ၁၇၂(၁)အရ ရဲစခန်းတွင် အမှုရေးဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်ရပ်အတွက် ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ ရန်နိုင်အောင်နှင့် အဖော်ပါ လာသူ ဝေလင်းတို့အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ၃၇၇ (ဓမ္မတာနှင့်ဆန့်ကျင်သော ကာမဆက်ဆံမှု)၊ ၅၀၆ (ရာဇ၀တ်မှုမကင်းသော ခြောက်လှန့်မှု)၊ ၃၂၃ (သာမန်နာကျင်စေမှု)၊ ၁၁၄ (အားပေးကူညီပူးပေါင်း ကြံစည်မှု) တို့ဖြင့် ပုသိမ်ခရိုင် တရားရုံးက စစ်ဆေးနေပြီး အမှတ် ၂၇ ခြေလျင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စိုးမြင့်ဦးအား စစ်ဘက်ဆိုင်ရာ တရားရုံးက စစ်ဆေးနေကြောင်း ပုသိမ်ခရိုင်တရားရုံးမှ သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


ဧပြီ - ၃၀ - ၂၀၁၆

ရခိုင်ပြည်နယ်ဘက်တွင်ဖြစ်ပွားနေသည့်တိုက်က်ပွဲတွင် (DKBA) တပ်ဖွဲ့ဝင်များ ပူးပေါင်းတိုက်ပွဲဝင်နေသည်ဟု ဗိုလ်မှူးကြီးအဆင့်ရှိ စောဆန်းအောင်က ယနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

၎င်းက ' ကရင်ပြည်နယ်က တိုက်ပွဲတွေမှာ (AA) တပ်ဖွဲ့ဝင်တွေက ကျနော်တို့ဘက်ကနေ ပူးပေါင်းပါဝင်ခဲ့သလို ကျနော်တို့တပ်ဖွဲ့ဝင်တွေကလည်း ဘ၀တူတိုင်းရင်းသားတွေအတွက် ပူးပေါင်းတိုက်ပွဲဝင်နေတာဖြစ်တယ် " ဟု ကရင်အမျိုးသား မီဒီယာ ကို ယနေ့တွင် အတည်ပြုပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်သည်တော်များအချင်းချင်း တိုက်နေကြသည့် တိုက်ပွဲဖြစ်သောကြောင့် အရပ်သားများ ထိလိုက်စေမည့်လုပ်ရပ်များကို လုပ်ဆောင်မည်မဟုတ်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။

(DKBA) နှင့် (AA) တပ်ဖွဲ့ဝင်များသည် ယခင်ကလည်း နယ်စပ်ဒေသများတွင် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ပြောဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ (facebook)


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် ခေါင်းဖြတ် အသတ်ခံရမှုကို သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားကြောင်း ချောင်းသာရဲစခန်းမှ သိရှိရသည်။

ချောင်းသာကြိုးဝိုင်း အကွက်အမှတ် ၃၇ ရှိ အောင်ပင်လယ်ကုန်းအနီး ကရင်မချောင်းအတွင်း ခေါင်းဖြတ် အသတ်ခံထားရသည့် တောဆင်ရိုင်းအထီး တစ်ကောင်အား ဒေသခံ ၀ါးခုတ်လုပ်သား ဦးထွန်းကတွေ့ရှိ အကြောင်းကြားလာသဖြင့် သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးပြီး ဆင်သတ်ဆင်စွယ်ဖြတ်ခြင်း ဖြစ်ကြောင်း တွေ့ရသဖြင့် ဧပြီလ ၂၈ ရက်နေ့က လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ချောင်းသာရဲစခန်းမှ သိရသည်။

“ခေါင်းကိုဖြတ်ပြီး အစွယ်ယူသွားပုံရတယ်။ ပြတ်သွားတဲ့ နှာမောင်းကို ဆင်သေရဲ့ အရှေ့မြောက် ပေနှစ်ဆယ်လောက်မှာ တွေ့တယ်”ဟု ချောင်းသာသစ်တော ကြိုးဝိုင်း အကွက်အမှတ် ၃၅ မှ ၆၇ အထိ တာဝန်ခံဖြစ်သော တောအုပ်ဦးလေးအောင်က ပြောသည်။

ခေါင်းပြတ်သေဆုံးလျက် တွေ့ရှိသော တောဆင်ရိုင်းအထီးမှာ အသက် ၂၅ နှစ်ခန့်ဖြစ်ပြီး အမြင့် ၇ ပေ ၆ လက်မ ၊ ကိုယ်ထည် လုံးပတ် ၁၂ ပေ၊ ခန္ဓာကိုယ် အလျား ၉ ပေ ရှိကြောင်း သစ်တောဦးစီးဌာန တွေ့ရှိချက်တွင် ဖော်ပြပါရှိသည်။

ဆင်မှာစတင်တွေ့ရှိစဉ်ကပင် ဦးခေါင်းပြတ်နေပြီး ညာဘက် တင်ပါးဆုံရိုးတွင် အရှည် ၈ လက်မ အနက် ၃ လက် မ ခန့်ပြတ်ရှဒဏ်ရာ တစ်ခုရှိကာ နှာမောင်းကိုအရင်းမှ ဖြတ်ထားသဖြင့် လူနှင့်ဆင် ပဋိပက္ခဖြစ်ပြီးမှ သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန စစ်ဆေးတွေ့ရှိချက်တွင် ဖော်ပြထားသည်။

သေဆုံးခဲ့သော ဆင်မှာလူတစ်ဦး တစ်ယောက်၏လက်ချက်ဖြင့် သေဆုံးခဲ့ရသောကြောင့် ဖော်ထုတ်အရေး ယူပေးရန် ငွေဆောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ဦးလေးအောင်က ချောင်းသာနယ်မြေရဲစခန်းသို့ တိုင်တန်းလာသဖြင့် (ပ) ၃၉/၁၆၊ သစ်တောနှင့် တောရိုင်း တိရစ္ဆာန်ကာကွယ်ရေး ဥပဒေ ပုဒ်မ ၃၇(က) ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies

(ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်ကို ၂ဝ၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ်)
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်က အင်းလေးကန်စပ်မှာ Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတာကို ဒေသခံ ၃ဝ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။

အင်းလေးကန် ရေထွက်နဲ့ ကျွန်းမျောတွေပေါ်မှာ ဟိုတယ်ဆောက်လုပ်နေတာဖြစ်တဲ့အတွက် အင်းလေးကန်ရဲ့ ဇီဝမျိုးစိတ်တွေ၊ ငှက်တွေနေထိုင်ဖို့ နေရာတွေပျောက်ဆုံးပြီး မျိုးသုဉ်းသွားမှာကို စိုးရိမ်တဲ့အတွက် ကန့်ကွက်တာဖြစ်တယ်လို့ မိုင်းသောက်ကျေးရွာက ဒေသခံ ဦးသာယာက ပြောပါတယ်။

"အဓိက ဆန္ဒဖော်ထုတ်ရခြင်းက အင်းလေးဒေသမှာနေရှိတဲ့ ဇီဝမျိုးစိတ် ငှက်တွေက အဲ့ဒီမှာနေဖို့နေရာတွေမှာ သူတို့ အဲ့ဒီဟိုတယ်ကြီးဆောက်လို့ရှိရင် အဲ့ဒီငှက်တွေနေဖို့ နေရာရှိတော့မှာ မဟုတ်တော့ဘူး၊ ဟိုတယ်လာဆောက်လုပ် ကန့်ကွက်နေရခြင်း မဟုတ်ပါဘူးဗျ၊ သဘာဝမျိုးစိတ်တွေ ပျောက်ပျက်ပြီး ပျက်သုဉ်းသွားမှာ ကျနော်တို့ မလိုချင်လို့ပါဗျ၊ အဲ့ဒီ ဟိုတယ် ဆောက်ချင်ဆောက်ပေါ့ဗျာ၊ ကျွန်းမျှောလေးတွေ မပျက်စီးရအောင် ဘယ်လိုမျိုး ထိန်းသိမ်းပေးမလဲ ဆိုတဲ့ဥစ္စာမျိုး အဲ့လိုမျိုးဖြစ်ချင်လို့ပါဗျ"

Naing Group ကုမ္ပဏီက ဟိုတယ်ဆောက်လုပ်နေတဲ့နေရာဟာ အင်းလေးကန်အနီးမှာဖြစ်ပြီး ဆောက်လုပ်ခွင့်ရထားတဲ့ မြေဧက ၅ဝ ထက် ကျော်လွန်နေတယ်လို့ ပြောပါတယ်။

ဟိုတယ်ဆောက်တဲ့နေရာဟာ ညောင်ရွှေမြို့နယ် မိုင်းသောက်အင်းရွာနဲ့ ဖက်ပုန်းရွာတွေက အဓိကထားအသုံးပြုနေတဲ့ စိမ့်စမ်းရေထွက်ပါ ပါဝင်နေတာ ဖြစ်ပါတယ်။

ဆန္ဒပြတဲ့ ဒေသခံတွေဟာ အင်းလေးကန်ကို သနားဖို့၊ ကျွန်းမျောတွေကို ထိန်းသိမ်းဖို့၊ ဇီဝမျိုးစိတ်တွေ၊ ငှက်တွေကို မျိုးမသုန်းအောင်ကာကွယ်ဖို့နဲ့ အင်းလေးကန်စပ်မှာ ဟိုတယ်တွေ အလိုမရှိကြောင်း စာတန်းတွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

Naing Group ကုမ္ပဏီက ပြီးခဲ့တဲ့နှစ် မေလမှာ လုပ်ငန်းစတင်ခဲ့တာဖြစ်ပြီး ဒေသခံတွေက ကန့်ကွက်နေတဲ့အတွက် လတ်တလောမှာ ရပ်နားထားတာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနဲ့ အဖွဲ့ဟာ ဧပြီလ ၃ဝ ရက်နေ့က Myanmar Veneer ဆန္ဒပြအလုပ်သမားတွေရဲ့ သပိတ်ကို ရပ်နားပြီး ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ သွားရောက်ပြောကြားခဲ့စဉ်။ Photo: Hste Paing Toe/RFA
မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့ ဖါးလင်ပိုးကျောင်းတိုက်မှာ ရောက်ရှိနေတဲ့ စစ်ကိုင်းမြို့က Myanmar Veneer အလုပ်သမားသပိတ်စစ်ကြောင်းက အလုပ်သမားတွေကို နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တာဝန်ရှိသူတွေက သပိတ်ရပ်နားဖို့ပြောကြားခဲ့ပေမယ့် အလုပ်သမားတွေက လက်မခံဘဲ ဆက်လက်ချီတက် ဆန္ဒပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ခုံသမာဓိကောင်စီရဲ့ ကြားနာစစ်ဆေးမှုကို ခံယူမှာဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ လမ်းလျှောက်ဆန္ဒပြမှုကို ရပ်နားမှာမဟုတ်ဘူးလို့ အလုပ်သမားခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။

နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းနဲ့ အဖွဲ့ဟာ နေ့အပူချိန်ပြင်းတာကြောင့် ဆန္ဒပြအလုပ်သမားတွေရဲ့ ကျန်းမာရေးကို စိုးရိမ်တဲ့အတွက် သပိတ်ကို ရပ်နားပြီး ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုခံယူဖို့ သွားရောက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် မေလ ၂ ရက်နေ့မှာ ခုံသမာဓိကောင်စီက စစ်ဆေးဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

Myanmar Veneer စက်ရုံမှာ လုပ်သက်အလိုက် ကျွမ်းကျင်ကြေး၊ လုပ်သက်ခံစားခွင့်၊ ရက်မှန်ကြေး၊ စားစရိတ် ၊ နေစရိတ်၊ အကြိုအပို့စရိတ်တွေကို ခံစားခွင့်ရရှိမယ်ဆိုတဲ့ သဘောတူညီချက်တွေကို အလုပ်ရှင်ဘက်က ဖေါက် ဖျက်တဲ့အတွက် အလုပ်သမားတွေက ဆန္ဒပြတောင်းဆိုကြရာ အလုပ်ရှင်က အလုပ်သမား ၁၇ဝ နီးပါးကို ၃ ကြိမ် ခွဲပြီး အလုပ်ကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

အဲ့ဒီစက်ရုံဟာ အိန္ဒိယနိုင်ငံသားပိုင်တဲ့ စက်ရုံဖြစ်ပြီး အလုပ်သမား ၂ဝဝ ကျော်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

30/4/2016:
၃၀၊၄၊၂၀၁၆ ရက်နေ့ မနက်က၊ ထိုင်းနိုင်ငံတောင်ပိုင်း၊ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်သည့် ၊ ရနောင်းမြို့၊ SIFCO Group ပင်လယ်စာ၊ အအေးခန်း၊စက်ရုံတွင်၊အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမများ၊ စက်ရုံသို့ အလုပ်ဆင်းရန်၊ ကားစောင့်နေစဉ်။ မတော်တဆ၊ ကားတိုက်မှု့ ဖြစ်ပွား ခဲ့သည်၊ အဆိုပါ ကားတိုက်မှု့ကြောင့် ရွေ့ပြောင်းအလုပ်သမ (၃) ဦးပွဲခြင်းပြီး သေဆုံးခဲ့ ပြီး၊( ၁)ဦးမှာ ဆေးရုံတွင်သေဆုးံခဲ့သည်။ (၈) ဦးမှာ အရေးပေါ်လူနာအဖြစ်၊ ဆေးကုသခံယူလျှက်ရှိသည်။ ရနောင်းမြို့အခြေစိုက် ရွေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများမှ ထိုင်းဥပဒေအရ၊ အကူအညီပေးနိုင်ရန်၊ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED)သို့ အကူအညီတောင်းခံခဲ့သည်။FEDအနေနှင့်လိုအပ်သည့် သတင်းအချက်အလက်များပြည့်ပြည်စုံစုံစုဆောင်းထားရန်အကြံပေးပြောကြားခဲ့ပြီး၊ ထိုင်းရှေ့နေတစ်ဦး သွားရောက်ကူညီရန်ပြင်ဆင်လျှက်ရှိသည်။ ရနောင်း ယဉ်တိုက်မူ့တွင် သေဆုံးသွားရှာသော
ကံဆိုးလေသူ ထားဝယ်အမျိုးသမီး ၄ဦး
.................................. ...........

(၁) မဖြူဖြူလွင် . ပြင်းဖြူကြီးရွာ .သရက်ချောင်းမြို့
အဘ ဦးလှလွင် အမိ ဒေါ်ကျင်မွှေး


(၂)မဥမ္မာ
ဝဲကျွန်းဆင်ဆိပ်ရပ်ကွက် . ထားဝယ်မြို့
အဘ ဦးဆုအေး အမိ ဒေါ်ကျင်သိန်း


(၃)မသူဇာ
ကြက်စားပြင်ရပ်ကွက် .ထားဝယ်မြို့
အဘ ဦးကြည်စိန် အမိ ဒေါ်သန်းရှင်
(ကလေး ၂ဦးမိခင်)


(၄)မသက်ခိုင်
ပန်းတပ်အင်းရွာ .လောင်းလုံးမြို့
အဘ ဦးမောင်ထူး အမိ ဒေါ်လှကြည်
( ထူးချစ်)
ဓါတ်ပုံ။ ကိုလင်းဦး။ ရနောင်းမှ ပေးပို့သည်။
အသေးစိတ်အချက်အလက်သိလိုက အဆိုပါအမှု့ ကိုလိုက်လံ ကူညီပေးနေသည့် ကိုဟိန်းထက် ( ၀၈၃၆၄၂၄၅၈၂) သို့ ဆက်သွယ်မေးမြန်နိုင်ပါသည်)။
မှတ်ချက်၊ ရနောင်းမှာ ပေးပို့လာသည့် သတင်းအရ သေဆုံးသူမှာ ( ၅) ဦးဟုသိရသော်လဲ တစ်ချို့ ၏ပြောပြချက်မှာ ( ၄) ဦးဟုသိရသည်။)

30/4/2016:

Four Myanmar female migrant’s factory workers in Ranong, opposite side of Burma, have been killed and eight are seriously injured by car accident on 30, April 2016. Migrants’ community leaders from Rangon contacted to Foundation for Education and Development (FED) in order to provide legal assistance for victims and their families. FED will investigative the case, and will try to support legal assistance to victims and families. FED’s have to contact Myanmar embassy in Bangkok in order to get legal documents for victims’ and families and, we hope that Myanmar authorities will speed up the process.
( Htoo Chit)
Photos; Ko Lin Oo ( Rannong)

Htoo Chit Facebook


မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက္ကော်ရပ်ကွက် အောက်ကျင်းပိုင်းတွင် ဧပြီ ၂၉ ရက်နေ့ ညနေပိုင်းက ရေတွင်းထဲရှိ အမှိုက်များ ဆင်းဆယ်ရာမှ အောက်ဆီဂျင်ပြတ်ကာ လူတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိမ်ဆိပ်နယ်မြေရဲစခန်းမှ သိရှိရသည်။

"ရေတွင်းထဲ အမှိုက်ဆင်းဆယ်ရင်း အောက်ဆီဂျင်ပြတ်ပြီး လူသေတယ်လို့ အုပ်ချုပ်ရေးမှူးဆီက ဖုန်းနဲ့ အကြောင်းကြားလာလို့ သွားစစ်ဆေးတာ အမှိုက်ဆင်းဆယ်တဲ့သူက အသက်ရှူကျပ်လာတယ်လို့ အော်ပြောတော့ သူအစ်မနဲ့ သူ့သားက ကြိုးကိုဆွဲတင်တာ ပြုတ်ကျပြီး အောက်ဆီဂျင် ပြတ်သေဆုံးသွားတာ'' ဟု သိမ်ဆိပ်နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖြစ်စဉ်တွင် ဒေါ်ပုလဲ ၅၀ နှစ် (ဘ) ဦးထွန်းခင် နေအိမ်ခြံဝင်းအတွင်းရှိ လေးပေအကျယ် ကွန်ကရစ်ပိုင်းဖြင့် ပြုလုပ်ထားသော အနက် ၂၄ ပေရှိ ရေတွင်းထဲ၌ အမှိုက်များရှိနေသဖြင့် မောင်တော်စပ်သူ ဦးထွန်းအေး (ခ) ဖိုးချီး ၄၂ နှစ် (ဘ) ဦးထွန်းခင်က အမှိုက်များ ဆင်းဆယ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆင်းဆယ်ရာ ရေတွင်းထဲ၌ အောက်ဆီဂျင် ပြတ်သဖြင့် အသက်ရှူမရကြောင်း အော်ဟစ်ပြောဆိုသဖြင့် အစ်မဖြစ်သူနှင့် သားဖြင့်သူတို့က ကြိုးအားဆွဲတင်ရာ ကြိုးပြတ်ကျသဖြင့် ဦးထွန်းအေးမှာ ရေတွင်းထဲတွင် သေဆုံးသွားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်ဆိပ်နယ်မြေရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/ မဟုတ် သိရှိစေရန် သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၆ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြာင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies


မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းကြီးပေါ်ရှိ ကမ္ဘာကျော်သစ် သားတံတားကြီးဖြစ်သော ဦးပိန်တံတား၏ ရှေးဟောင်းတိုင်လုံးများ ဆွေးမြေ့လာပြီဖြစ်၍ ဧပြီ ၃၀ နေ့က အစားထိုး ပြုပြင်နေသည်ကို တွေ့ရသည်။


"ကျွန်တော်တို့က အင်းလေးကပါ။ ကျွန်တော်တို့ အင်းလေးဒေသ ရိုးရာနည်းနဲ့ ပြုပြင်နေတာပါ။ ဒီအတွက် အင်းသားတွေကိုခေါ်ယူပြီ ကျွန်တော်တို့ဒေသကလိုပြုပြင်ဖို့ တိုင်းအလုံးပေါင်း ၆၀၀ ကျော် အခုချပေးထားပါတယ်”ဟု အင်းသားအဖွဲ့ အလုပ်သမားခေါင်ဆောင် ကိုစိုင်းနော်ထွန်းက ပြောသည်။


အမရပူရမြို့က ဦးပိန်တံတားကြီးဟာ နှစ်ပေါင်း ၁၆၀ ကျော်ပြီဖြစ်ပြီး ရာသီဥတုဒဏ် ရေဒဏ်အမျိုးမျိုးကို နှစ်ပေါင်းများစွာခံခဲ့ရသဖြင့် တံတားကြီး၏တိုင်လုံးအချို့ ဆွေးမြေ့လာသဖြင့် တိုင်အစားထိုးလဲလှယ်ခြင်း၊ ကျမ်းခင်း အသစ်လဲခြင်းများကို စတင်ပြုလုပ်နေပြီး မိုးဦးမကျမီ အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး ရှေးဟောင်းသုတေသနဌာနမှ သိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


စာရေးဆရာလူထုစိန်ဝင်းနေထိုင်ခဲ့သည့်အခန်းပါဝင်သော ရန်ကုန်မြို့လယ်၊ ကုန်သည်လမ်းပေါ်ရှိ မြို့ပြအမွေအနှစ်အဆောက်အအုံ ကို ဆယ်လကြာ အသေးစိတ် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပြီးသည့်နောက် အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြသထားရှိမည်ဖြစ်သည်။


ကျောက်တံတားမြို့နယ်အတွင်း တည်ရှိကာ စီးပွားရေးလုပ်ငန်းများနှင့် လူနေအိမ်ခန်းများပါဝင်ပြီး လက်ရှိတွင် နေထိုင်သူ ၈၀ဦးခန့်ရှိသော အဆိုပါ ကိုလိုနီခေတ်လက်ရာ နှစ်ထပ် အဆောက်အအုံကို ဇူလိုင်လ ၃၁ ရက်နေ့ အထိ အများပြည်သူ ကြည့်ရှုလေ့လာနိုင်မည်ဖြစ်သည်။


“အများမြင်သာတဲ့လမ်းမကြီးပေါ်လည်းဖြစ်၊ ဆရာလူထုစိန်ဝင်းနေထိုင်ခဲ့တဲ့ နေရာလည်းဖြစ်၊ အဆောက်အအုံ ကလည်း ရန်ကုန်မြို့အစောပိုင်းကတည်းက ရှိခဲ့တဲ့ မူလလက်ရာဖြစ်ပြီး ဗိသုကာလက်ရာအားဖြင့်လည်း ကောင်းမွန်ထူးခြားတဲ့အတွက် ရွေးချယ်ခဲ့ကြတာပါ” ဟုရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်ကဆိုသည်။

မန္တလေးအလင်း နေ့စဉ်ထုတ်သတင်းစာ
https://www.facebook.com/mandalayahlindailynewspaper


ပြင်းထန်သော အယ်နီညိုဖြစ်စဉ်ကြောင့် ပုံမှန်မဟုတ်သော ပူပြင်းသည့်ရာသီဥတုဖြစ်ပေါ်ကာ အိန္ဒိယတွင် ဧပြီလအတွင်း သေဆုံးသူ ဦးရေ ၃၀၀ကျော်ထိ ရှိလာပြီ ဟုသိရသည်။

 ထိုကြောင့် အိန္ဒိယနိုင်ငံအစိုးရမှ အပူချိန်ကာကွယ်ရေးလုပ်ဆောင်နေပြီး စီမံချက်အသစ်များချမှတ်ခဲ့ရသည်။


ထိုသတ်မှတ်ချက်များအရ အိန္ဒိယတွင် မီးဘေးကာကွယ်ရန် မနက် ၉ နာရီမှ ညနေ၆ နာရီအတွင်း ထမင်းဟင်းမချက်ရန်တားဆီးခဲ့ပြီး ဘာသာရေး အရမီးပူဇော်မှုကိုလည်း တားဆီးထားရကြောင်းသိရသည်။

 ထိုတားဆီးချက်များကိုဖောက်ဖျက်ပါက ထောင်ဒဏ် ၁နှစ်အထိချမှတ်နိုင်သည်ဟု ဥပဒေတစ်ရပ်ထုတ်ပြန်ကြေညာထားကြောင်းသိရသည်။


 အိန္ဒိယ ကျန်းမာရေးဦးစီးဌာန၏ထုတ်ပြန်ကြေငြာချက် အရ ယနေ့အထိ အိန္ဒိယပြည်သူ သန်း ၃၃၀မှာ ပြင်းထန်သောရေပြတ်လပ်မှုဒဏ်ကို ခံစားနေရကြောင်းနှင့် ယခုနှစ် နွေရာသီမှာ အိန္ဒိယနိုင်ငံ၏ရာသီဥတုသမိုင်းတွင် နှစ် ၁၀၀အတွင်း အပူချိန်အပြင်းဆုံးရာသီဥတုဖြစ်ကြောင်း၊ အိန္ဒိယတောင်ပိုင်းဒေသများတွင် လက်ရှိအပူချိန်မှာ ၄၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေသဖြင့် ဒေသအာဏာပိုင်များက နေ့လယ် ၁၁ မှ ၂ နာရီအတွင်း အပြင် မထွက်ရန် တိုက်တွန်းထားကြောင်း Global Times သတင်းဌာနက ဖော်ပြခဲ့သည်။

ဘာသာပြန်-ခန့်ဇင်သူ(china.com)
china.com Myanmar
https://www.facebook.com/china.com.mm


အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဒေသ ၁၁ ခုတွင် နေ့အပူချိန်များ စံချိန်တင်ခဲ့ရာ မန္တလေးမြို့တွင် မေလ၌ ၂၀၁၀ ခုနှစ်က စံချိန်တင်ခဲ့သည့် နေ့အပူချိန်သို့ နီးကပ်ဖွယ်ရှိကြောင်း မိုး/ဇလ (မန္တလေး) အထက်မြန်မာပြည်ညွန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။

“မန္တလေးတိုင်းအတွင်း တချို့ဒေသတွေမှာ စံချိန်တင်အပူချိန် ရောက်ခဲ့တာရှိတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မေ ၂၀ ရက်ကျော်ရင် မုတ်သုန်လေ၀င်ရောက်ဖို့ အလားအလာရှိနေပေမယ့် ဒီရက်အတွင်းမှာ ၄၅ နားလေး ရောက်နိုင်တဲ့ အခြေအနေရှိတယ်”ဟု ၄င်းက ပြောသည်။

မန္တလေးမြို့၏ နေ့အပူချိန်မှတ်တမ်းများအရ ၂၀၁၀ ခုနှစ်က ၄၅ ဒီဂရီစင်တီဂရိတ်ဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ၄၀.၇ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၂ တွင် ၄၂.၅ ဒီဂရီ စင်တီဂရိတ်၊ ၂၀၁၃ တွင် ၄၃.၇ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၄ တွင် ၄၂ ဒီဂရီစင်တီဂရိတ်၊ ၂၀၁၅ တွင် ၄၂ ဒီဂရီစင်တီဂရိတ်ခန့်ရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့နေ့တွေမှာ မိုးတိမ်တောင်တွေရှိတော့ မိုးရွာခဲ့တယ်။ မိုးကလည်း မနက်ပိုင်းပူလိုက် ညနေပိုင်းမှာ ရွာလိုက်ပေါ့။ မိုးမရွာရင် အပူချိန်က မြင့်မှုာပဲ။ ဧပြီ၊ မေလ တွေက နေသွားလမ်းကြောင်းဖြတ်တဲ့အပေါ်မှာ မြန်မာနိုင်ငံကရှိနေလို့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ အပူဆုံးအချိန်တွေပါ”ဟု မိုးဇလ (မန္တလေး) လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။

ခိုင်ဆက်ဝေ
https://www.facebook.com/NewsWatchJournal


၂၁ ရာစု ပင်လုံညီလာခံကိုလပိုင်းအတွင်း ကျင်းပမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြေငြာခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် အရေးပါသည့် ခြေလှမ်းတရပ်အဖြစ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဌေး ( အငြိမ်းစား စစ်သံမှူး ) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် UWSA ၀ တပ်ဖွဲ့ထိပ်သီးခေါင်းဆောင်ဖြစ်သူ ဦးရှောက်မီလျှံဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှာ ဧပြီ ၂၇ နှင့်၂၈ ရက်နေ့က ၀ ဒေသမြို့တော် ပန်ဆန်း ( ပန်ခမ်း )တွင် တွေ့ဆုံခဲ့ပါသည်။

ဝ ဒေသအခြေစိုက် ၀ ရုပ်မြင်သံကြား သတင်းဌာတွင် ဖော်ပြချက်အရ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

' ၂၆ ကတည်းက ရောက်တယ် ။ ၂၇ နဲ့ ၂၈ မှာတွေ့တယ်။ ဦးရှောက်မီလျှံတို့ ဦးကျောက်ကျူံးတန်းတို့လည်းပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ၀ ကလည်း အရေးကြီးတော့ အန်အယ်လ်ဒီကလည်း ကြေငြာထားတော့ လာတွေ့ပြီး ဘာအခက်ခဲရှိနိုင်တယ် ၀ ရဲ့ ရပ်တည်ချက်နဲ့ အခက်ခဲတွေက ဘာဆိုတာ ဆွေးနွေးတဲ့သဘောဖြစ်တယ်။ ငြိမ်းချမ်းရေးအတွက် အထောက်ကူဖြစ်စေတဲ့ ဆွေးနွေးမှုလို့ ပြောချင်ပါတယ်။ ' ဟု ၀ တပ်ဖွဲ့နှင့် နီးစပ်သည့် တရုတ်မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ်တဦးမှ The Ladies News သို့ ပြောဆိုသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် အင်အားအကြီးဆုံးနှင့် ထိန်းချုပ်နယ်မြေအကျယ်ပြန့်ဆုံး လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် စာချုပ်ချုပ်ဆိုခြင်း မရှိသေးသည့်အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အတန်အသင့် သြဇာရှိသည့် အဖွဲ့အစည်းလည်းဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားမှုမရှိသေးသော်လည်း လက်မှတ်ရေးထိုးခြင်းမ ရှိသေးသည့်အဖွဲ့များနှင့် ပြီးခဲ့သည့် မတ်လကအစည်းအဝေးတရပ်ပြုလုပ်ထားပြီး အစိုးရသစ်နှင့် အမြန်ဆုံးနိုင်ငံရေးဆွေးနွေးလိုကြောင်း ကြေငြာချက်ထုတ်ပြန်ထားပါသည်။
လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အခြေနေအရ အပစ်မရပ်သေးသည့်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲရန် ၊ နိုင်ငံရေးအရဆွေးနွေးနေသည့်အဖွဲ့များနှင့် ဆက်လက်ဆွေးနွေးနေမှု စသည့် အပိုင်းနှစ်ပိုင်းရှိနေပြီး နိုင်ငံရေးဆွေးနွေးမည့် ငြိမ်းချမ်းရေး ညီလာခံနှင့်အပစ်မရပ်သေးသည့်အဖွဲ့များ ညီလာခံတွင်ပါဝင်လာရေးတို့မှာ တပြိုင်နက်တည်းဆောင်ရွက်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားပါသည်။

တရုတ်မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ၀ တပ်ဖွဲ့မှာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် ပါဝင်ခွင့်ပြုရန် ငြင်းဆန်ခြင်းခံထားရသည့် MNDAA ကိုးကန့်အဖွဲ့နှင့်လည်း အလွန်နီးစပ်သော မဟာမိတ် ဆက်ဆံရေးရှိသည့် အဖွဲ့အစည်းဖြစ်ပြီး ၀ ၊ ကိုးကန့် ၊ မိုင်းလားစသည့်အဖွဲ့များမှာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်လာသည့် အဖွဲ့အစည်းများလည်း ဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရခြင်းမရှိသေးသော အဖွဲ့များလည်း ဖြစ်ပါသည်။
လေ့လာသူ အချို့ကမူ အပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်ရန် အန်အယ်လ်ဒီအနေဖြင့် တပ်မတော် ၊ တရုတ်နိုင်ငံတို့နှင့်ပါ ပြေလည်ရန်လိုအပ်ကြောင်းဆိုထားပြီး ၀ တပ်ဖွဲ့နှင့် တွေ့ဆုံမှုမှာ အပြုသဘောဆောင်သည့် ခြေလှမ်းအဖြစ် ရှူမြင်သုံးသပ်မှုများရှိနေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ခုနစ်ကလည်း ရန်ကုန်ကို လာရောက်သည့် ၀ ကိုယ်စားလှယ်အဖွဲ့ကိုလက်ခံတွေ့ဆုံခဲ့ဖူးပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲ ကာလကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ၀ လူမျိုးများနေထိုင်ရာ ဒေသရှိ မဲဆန္ဒနယ်များတွင် ၀ တိုင်းရင်းသားများ၏ မဲဖြင့် အန်အယ်လ်ဒီကိုယ်စားလှယ်အချို့မှာ အနိုင်ရရှိခဲ့ဖူးပါသည်။

NLD အစိုးရ ကိုယ်စားလှယ်အဖြစ် ၀ ဒေသသို့သွားရောက်ခဲ့သူ ဦးစိုးဌေးမှာ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး မလေးရှား ၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့တွင် စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။

စိုင်းထွန်းအောင်လွင်

The Ladies News
https://www.facebook.com/News.TheLadies

၃၀.၄.၂၀၁၆) စနေနေ့ဖြစ်စဉ် ရနောင်းမြို့ စဖန်ပလားလမ်း
မြန်မာအလုပ်သမား စီကိုကုမ္မဏီဝန်ထမ်းများ အချိန်မှီအလုပ်ဆင်းနိုင်ရန်အတွက် ကားစောင့်နေစဉ် ကံမကောင်း အကြောင်းမလှဖြစ်ပြီး
အစုလိုက်အပြုံလိုက် ကားတိုက်ခံရ၍ထိုနေရာမှာတင် ပွဲချင်းပြီး(၃)ယာက်သေဆုံး၊ဆေးရုံရောက်ပြီးမှ (၂)ယောက်သေဒါဏ်ရာပြင်းထန် (၁၀)ယောက်က
ဆေးကုသနေတုန်းဟု သတင်းရရှိပါကြောင်း။

U Kyaw Min Htike Facebook


နိရဉ္စရာ၊ ဧပြီလ ၃၀ ရက်

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ပိန္နဲချောင်းကျွန်း ဖဒူချေ၊ အလယ်ရွာနှင့် ပတင်းကျေးရွာတို့ တွင်ရရှားပါးမှု မြင့်တက်နေပြီး ဒေသခံ ပြည်သူများ အထူး ဒုက္ခရောက်နေကြရပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

''ကျွန်တော်တို့ ရွာမှာ ရေရှားနေတာက(၃)လ နီးပါခန့် ရှိနေပါပြီ။ ရွာမှာ ရှိတဲ့ရေတွင်း ရေကန်တွေမှာ ရေလုံးဝ မရှိတော့ဘဲ ခမ်းခြောက် ကုန်ပါပြီ။ ရေတစ်ဗူးရဖို့ အတွက် မိနစ် ၃၀ လောက်သွားရတဲ့ ဖဒူကြီးရွာကို သွားခပ် ရပါတယ်'' ဟု ဖဒူချေရွာမှ ဦးမောင်စိန်လှိုင်မှ နိရဉ္စရာသို့ ပြောသည်။


ဖဒူချေနှင့် အလယ်ရွာမှ ရွာသားများ ဖဒူကြီးရွာသို့ သွားရောက် ခပ်ယူရာတွင်လည်း ရေခပ်သူ အလွန်များသဖြင့် ရေတစ်အိုးရဖို့ တစ်ရက်လုံး အချိန်ကုန်ကြောင်း သူက ဆက်လက် ပြောကြားသည်။

ဖဒူချေကျေးရွာတွင် အိမ်ခြေ ၁၆၀ ကျော်ရှိပြီး ရေကန်တစ်ကန်သာရှိကြောင်း၊ ယခု ၎င်းကန်မှာ ရေခမ်းခြောက်သွားပြီ ဖြစ်ကြောင်း၊ တစ်ခြား ရေတွင်း များလည်း မရှိကြောင်း၊ သက်ဆိုင်ရာသို့ ရေကန်များ တိုးချဲ့ရန် နှစ်စဉ် တင်ပြတောင်းခံထားသော်လည်း လျစ်လျူရှု့ ထားကြောင်း ကျေးရွာသားများက ပြောဆိုသည်။

ရေရှားပါးမှုဒဏ်ကို အလယ်ရွာသူ ရွာသားများလည်း ခံစားနေကြ ရပြီး ဝေးလံသော ဖဒူကြီးရွာသို့ သွားရောက် ခပ်ယူနေကြရသည်။


အလယ်ရွာမှ ဒေသခံမဌေးကြည်က ''ကျွန်မရွာမှ ရေကန် ၄ ကန်ရှိတဲ့အထဲမှာ ၃ ကန်ကတော့ ရေမရှိတော့ဘူး။ တစ်ကန်မှာကတော့ နောက် ၅ ရက် ၆ ရက်လောက် ဆိုရင် ရေခမ်းတော့မှာပါ။ ကျွန်မတို့ရွာမှာက အိမ်ခြေ ၄၀၀ ကျော်လောက် ရှိပါတယ်။အခုတောင် ဖဒူကြီးကို သွားခပ်ရပါတယ်။ သောက်ရေ ကိုကျတော့ အောင်လှပြင် ရွာအထိ သွားခပ်ရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဖဒူကြီးရွာရှိ ရေကန်များကို အနီးအနားရှိ ကျေးရွာများမှ အားကိုးနေကြရသော်လည်း မိုးမရွာဘဲ အပူရှိန် ဆက်လက် မြင့်တက်နေပါက မကြာခင် ရေရှားပါးလာနိုင်ကြောင်း ဖဒူကြီးရွာသား တစ်ဦးက ပြောဆိုသည်။

ပိန္နဲချောင်းကျွန်းထဲမှာရှိတဲ့ ပတင်းရွာတွင်လည်း နှစ်စဉ် နှစ်တိုင်း ရေရှားပါးလျက်ရှိပြီး
ရေကန်လည်း အလုံအလောက် မရှိကြောင်း၊ မိုးကုန်ရင် တောင်ကျစမ်းရေကို အသုံးပြုရပြီး ရေပြတ်လပ်ရှားပါးနေသည်မှာ ၅ လနီးပါးကြာပြီဖြစ်ကြောင်း၊ သောက်ရေကို စက်လှေဖြင့် မိနစ် ၃၀ ခန့် သွားရသည့် လေညှင်းသာ (ခ) စုန်လီနှင်းရွာကို သွားရောက်ခပ်ယူရကြောင်း ဒေသခံဦးမောင်စိန်သန်းမှ နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ပတင်းကျေးရွာမှာ အိမ်ခြေ ၆၀ ကျော်ရှိပြီးတော့ ရေတွင်းတူးဖော်လျင် ဆားဝတ်သာ ထွက်ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ပိန္နဲချောင်း ကျွန်းတွင် နှစ်စဉ်နီးပါး ရေရှားပါးနေသဖြင့် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့် အသေအချာ လေ့လာ ဆန်းစစ်ပြီး ရေရရှိရေးကို အထူးဦးစားပေး ဆောင်ရွက် သင့်ကြောင့် ဒေသခံ ပြည်သူများက ပြောဆိုသည်။

(ဓာတ်ပုံ- ကျော်ကျော်လင်း)
ရွှေရအောင်(တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews

ထိုင်းနိုင်ငံ ရနောင်းမြို့ စဖန်ပလားလမ်း .SIFCO အအေးခန်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေ ဒီနေ့မနက်ပိုင်း အလုပ်ဆင်းဖို့ ကားစောင့်နေစဉ် အစုအပြုံလိုက် ကားတိုက်ခံရမှု ဖြစ်ပွားခဲ့ပါတယ်။

ကားတိုက်ခံရမှုကြောင့် အခင်ဖြစ်နေရာမှာ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦးအရေးပေါ်နဲ့ ၁၀ ဦးကို အတွင်းလူနာအဖြစ် ရနောင်းပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကျော်မင်းထိုက်

DVB TV News

ဆင်စွယ်တွေကို ဝယ်လိုအားများနေဆဲဖြစ်

အာဖရိက တဝန်းမှာ ဆင်တွေကို ခိုးယူ သတ်ဖြတ်မှုတွေ တားဆီးရေး နဲ့ မျိုးတုံးမှု အန္တရာယ် ကာကွယ်ရေး နည်းလမ်းတွေရှာနိုင်ဖို့ အာဖရိက နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ ကင်ညာနိုင်ငံမှာ ဆွေးနွေး နေကြပါတယ်။

ကင်ညာ သမ္မတ အူဟူရူ ကန်ယက်တာ Uhuru Kenyatta က ဆင်တွေ သေဆုံးနေတာဟာ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း သေဆုံးတာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး တရားမဝင် ဆင်စွယ် ရောင်းဝယ်ရေး အဆုံးသတ်အောင် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်ဖို့ Giants Club လို့ ခေါ်တဲ့ ထိပ်သီး ညီလာခံကြီးမှာ တောင်းဆိုလိုက် ပါတယ်။


ဆင်စွယ်ကို လိုချင်လို့ ဂိုဏ်းဖွဲ့ ခိုးယူသတ်ဖြတ်တာ တွေကို ထိထိ ရောက်ရောက် မတားနိုင်ရင် လာမယ့် ၁၀နှစ်အတွင်း အာဖရိက ဆင်တွေ မျိုးတုံး ပျောက်ကွယ် သွားနိုင်တယ်လို့ ကျွမ်းကျင်သူ တွေကပြောနေကြ ပါတယ်။

ကင်ညာ သမ္မတ ကတော့ အာဖရိက ဆင်တွေနဲ့ ကြံ့တွေက ထွက်တဲ့ ပစ္စည်းတွေ ကို ဝယ်လိုအားတွေ ရှိနေသရွေ့ သူတို့ အနာဂတ်ကို ကယ်တင်နိုင်ရေး အောင်မြင်အောင် ဆောင်ရွက်ဖို့ အလှမ်းဝေး နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခေတ်မီ လက်နက် ကိရိယာ အပြည့်အစုံ တပ်ဆင်ပြီး နိုင်ငံတကာ ဈေးကွက်နဲ့ အဆက်အသွယ် ရှိကြတဲ့ ဂိုဏ်းတွေက အာဖရိက တဝန်းမှာ ဆင်အုပ်ကြီးတွေကို ဘယ်မှ ထွက်သွားလို့ မရအောင် ဝိုင်းထားကြပြီး ဆင်တွေကို သတ်ဖြတ်ကြတာ ဖြစ်တယ်။
BBC Burmese


ရလဒ် အဖြေကလည်း ကြောက်စရာ ကောင်းလှတယ်လို့ မစ္စတာ ကန်ယက်တာက ပြောပါတယ်။

ဆင်ကောင်ရေ ခုနှစ်ထောင် နီးပါးကို သတ်ပြီးမှ ရတဲ့ ဆင်စွယ်တန်ချိန် ၁၀၀ကျော်ကို အစည်းအဝေးကြီးပြီးဆုံးတဲ့ နောက်တစ်နေ့ စနေနေ့မှာ မီးရှို့ ဖျက်ဆီးကြမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်တစ်ရာက ရှိတဲ့ဆင်ကောင်ရေဟာ အာဖရိကမှာ ၁၀ရာနှုန်းပဲ ကျန်တော့တယ်လို့ သုတေသန လုပ်သူတွေက ပြောနေကြပါတယ်။

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ပြန်ကြားရေး ၀န်ကြီးဟောင်း ဦးရဲထွဋ်နှင့် NLD အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးသစ် ဒေါက်တာဖေမြင့်တို့အား နိုင်ငံတော်သမ္မတတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပသည့် မတ် ၃၀ ရက်က သမ္မတအိမ်တော်ရှိ သံတမန်ဆောင် ဧည့်ခန်းမတွင် အတူတွေ့ရစဉ် (Photo : Ye Htut Facebook)

အလှူရှင်တွေက ဘုရားတွေမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ လှူဒါန်းမှုပြုတယ်။ ဂေါပက တချို့က ရတဲ့အလှူငွေနဲ့ ဘုရားပွဲကျရင် ဇာတ်ပွဲတွေသွင်း ဘာတွေသွင်း စသည်ဖြင့် လုပ်ကြတယ်။

နောက်ဆုံးဘုရားပွဲပြီးလို့ အငြိမ့်ငှားခ ဘာညာနဲ့ နောက်ဆုံး စာရင်းရှင်းတော့ လိုငွေပြ။ လိုငွေပြတဲ့အခါ 'ဘုရားကြီးထံမှ ရရန် အကြွေး' ဆိုပြီး ဘုရားအပေါ်ကိုတောင် အကြွေးတင်တဲ့ အကြောင်းကို အကြောင်းပြုပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာနန္ဒာမာလာဘိဝံသရဲ့ ဓမ္မစာမျက်နှာမှာ ဘုရားပွဲတွေ ကျင်းပတဲ့အခါ 'ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ' မဖြစ်စေဖို့ ကုသိုလ်စိတ်နဲ့ လုပ်ကြဖို့ သတိချပ်မိကြအောင် တင်ထားပေးပါတယ်။

တစ်ဖက်က ပြန်တွေးကြည့်တော့ ဂေါပကတချို့ လုပ်ပုံက ဘုရားကြောင့် အလှူငွေရတာတောင်မှ ဘုရားအပေါ် ပြန်အကြွေးတင်ခံရတဲ့ အဖြစ်လို့ စဉ်းစားမိတယ်။

မြန်မာနိုင်ငံရဲ့ အဖြစ်ကလည်း ဒီဥပမာလိုပဲ ပြည်သူပိုင်တွေကို အရင်းပြုပြီး လူနည်းစုက လုပ်စား၊ နိုင်ငံ့ဘဏ္ဍာထဲကျတော့ ပေးသင့် ပေးထိုက်တာ ပြန်မပေးလို့ နောက်ဆုံး စာရင်းချုပ်တော့ နိုင်ငံ့ဘဏ္ဍာ ရသင့် ရထိုက်တာ မရဘဲ နှစ်တိုင်းဘတ်ဂျက် လိုငွေပြ၊ ငွေလိုတော့ နိုင်ငံတကာက ချေးငွေပေးရင် လက်ခံပြီး သုံးရတယ်။ သုံးတော့ အကြွေးတင်။ ဘယ်လိုဖြစ်နေသလဲဆိုတော့ နိုင်ငံက ပြည်သူပိုင်တွေကိုလည်း ချရင်းပေးရသေးတယ်။ ကြွေးတင်ခံရတော့လည်း ဒီနိုင်ငံတော်ကြီးပဲ ဆိုတဲ့အဖြစ် ရောက်နေတာပေါ့။

နိုင်ငံမှာ အခွန်နဲ့အခတွေဟာ ဘယ်လောက်အထိ နစ်နာနေတယ်ဆိုတာ Sky Net ရဲ့စာချုပ်နဲ့ Forever Group (MRTV-4) ရဲ့ အခွန်ဆောင်မှု နှစ်ခုကို ကြည့်တာနဲ့တင် သိသာသလို ပြည်သူကို မျက်နှာမူမယ့် ပြည်သူ့အစိုးရ အနေနဲ့လည်း ဒီအခွန်အခတွေဟာ တိုင်းပြည်အမှန်တကယ် နစ်နာမှုရှိလား မရှိလား ခွဲခြမ်းကြည့်နိုင်ပါတယ်။


မိအေးအကြိမ်ကြိမ်နာတဲ့ Sky Net စာချုပ်

၂၀၁၀ ပြည့်နှစ် ဇူလိုင် ၂၈ ရက်မှာ ပြန်ကြားရေးနဲ့ ရွှေသံလွင်မီဒီယာ (Sky Net) တို့ စာချုပ် စချုပ်ပြီးတော့ ၃၃ နှစ်အထိ လုပ်ကိုင်ခွင့်ပေးခဲ့တယ်။

ချုပ်တဲ့အခါ ပထမသုံးနှစ်က အခွန်အခတွေ အကုန်လုံးကို ကင်းလွတ်ခွင့်ပေးတယ်။ အဲဒီသုံးနှစ်ပြီးတော့မှ Sky Net အနေနဲ့ နိုင်ငံတော်ကို အချိုးအတိုင်း အကျိုးအမြတ် စသွင်းဖို့ သတ်မှတ်ပေးခဲ့တယ်။

အကျိုးအမြတ် စသွင်းရမယ့် ပထမ ငါးနှစ်ဆက်တိုက်ကို နိုင်ငံတော်က လေးရာခိုင်နှုန်းပဲရပြီး Sky Net က ၉၆ ရာခိုင်နှုန်းအထိ ယူမယ့်အချိုးနဲ့ စာချုပ်ချုပ်ခဲ့ကြတာ။

ဒုတိယငါးနှစ်ကျ နိုင်ငံတော်က ရှစ်ရာခိုင်နှုန်း၊ တတိယ ငါးနှစ်ကျတော့ ၁၂ ရာခိုင်နှုန်း၊ စတုတ္ထငါးနှစ်ကျတော့ ၁၆ ရာခိုင်နှုန်း၊ ပဉ္စမငါးနှစ်ကျတော့ ၂၀ ရာခိုင်နှုန်း၊ ဆဋ္ဌမ ငါးနှစ်ကတော့ ၂၅ ရာခိုင်နှုန်းရမယ်။

ဆိုလိုတာက စာချုပ်ရဲ့ နောက်ဆုံးသက်တမ်း နှစ် ၃၀ ကိုရောက်မှ နိုင်ငံတော်က ၂၅ ရာခိုင်နှုန်းပဲရမယ်။ Sky Net က ၇၅ ရာခိုင်နှုန်းအထိ ယူမယ့်အချိုးနဲ့ စာချုပ်ခဲ့ကြတယ်။

နိုင်ငံတော်က သုံးနှစ်လည်း ကင်းလွတ်ပေးရတယ်။ စရတော့လည်း လေးရာခိုင်နှုန်းပဲရမယ်။ စာချုပ်ကုန်ဆုံးမယ့် ကာလရောက်တာတောင် ၂၅ ရာခိုင်နှုန်းပဲ နိုင်ငံတော်ကရမယ်။ ပိုဆိုးတာက နိုင်ငံပိုင်မြေတွေ ပစ္စည်းတွေကိုလည်း သုံးခွင့်ပေးရတယ် ဆိုတော့ ပထမစာချုပ်မှာတင် အခါခါနာနေပြီ။

ဒီစာချုပ်ကို ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်လက်ထက် ၂၀၁၄ ခုနှစ်မှာ ပြန်ပြင်ချုပ်ဆိုကြတယ်။ ပြန်ပြင်ချုပ်တော့မှ အရင်ကထက် ဆထက်ထမ်းပိုး ပိုဆိုးပါလေရော။

စချုပ်တဲ့စာချုပ်က Sky Net ရဲ့ ရငွေအပေါ်မှာ နိုင်ငံတော်က ရာခိုင်နှုန်းဘယ်လောက် ရမယ်ဆိုပြီး ချုပ်တာ။ အဲဒီမှာ ရာခိုင်နှုန်းနည်းလို့ ဝေဖန်ခဲ့ကြတာ။ နိုင်ငံတော်ကရမယ့် ရာခိုင်နှုန်းကို တိုးမြှင့်ပြီး ပြင်ချုပ်ဖို့ ထောက်ပြကြတာ။

ဝန်ကြီးဦးရဲထွဋ်လက်ထက် ပြန်ပြင်လည်းချုပ်ရော Sky Net ရဲ့ ၀င်ငွေတွေအားလုံးဟာ နိုင်ငံတော်နဲ့ လုံးဝမသက်ဆိုင်တော့ဘဲ Sky Net က အားလုံးကို ယူခွင့်ရမယ်။ နိုင်ငံတော်ကတော့ နိုင်ငံပိုင်စက်ရုံတွေ၊ စက်တွေ ငှားခပဲ ရတော့တဲ့ စနစ်နဲ့ ချုပ်လိုက်တော့ နိုင်ငံတော်ကပစ္စည်း ငှားစားခပဲရပြီး ဘာအကျိုးအမြတ်မှ Sky Net ဆီက မရတော့တဲ့ စာချုပ်မျိုး ဖြစ်သွားရော။

နိုင်ငံတော်ပိုင် ပစ္စည်းတွေကို ငှားသုံးခအဖြစ် Sky Net ဆီကနေ တစ်လကျပ် ၄၀၄ သိန်းပဲ ရတော့တဲ့အထိ ဆိုးဆိုးရွားရွားထပ်ပြီး နစ်နာသွားခဲ့ရတယ်။

မိအေးကမှ နှစ်ခါပဲနာတာ။ ဒီစာချုပ်ကတော့ စချုပ်ကတည်းက နှစ်ခါသုံးခါနာတယ်။ ၀န်ကြီးဦးရဲထွဋ် လက်ထက် ပြန်ပြင်ချုပ်တော့လည်း အကြီးအကျယ် နစ်နာတယ် ဆိုတော့ ဘယ်နှစ်ခါ နာမှန်းတောင် တွက်မရ တော့လောက်အောင်ပါပဲ။

စတုဒိသာလိုစာချုပ်ဖြစ်မှတော့

နိုင်ငံနစ်နာမှုရှိ မရှိ Sky Net ရဲ့ အနီးစပ်ဆုံးဝင်ငွေနဲ့ Sky Net ဆီက နိုင်ငံတော်ပြန်ရတဲ့ ပစ္စည်းငှားခကို နှိုင်းယှဉ်တွက်ကြည့်တာနဲ့တင် သိမှာပါ။

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက်မှာလုပ်တဲ့ ရှင်းလင်းပွဲမှာ လက်ရှိအမြဲတန်း အတွင်းဝန် ဦးတင့်ဆွေနဲ့ ဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးတို့ကိုယ်တိုင် ပြောခဲ့တာက တစ်နိုင်ငံလုံး Sky Net စက် အရေအတွက်က ၃၂၀၀၀၀ ကျော်ရှိတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တယ်။

အဲဒီအထဲမှာ လှူထားတဲ့စက်တွေလည်း ပါတယ်လို့ ဆိုတဲ့အတွက် အလုံးရေ ၃၀၀၀၀၀ အပေါ်မှာပဲ အရင်တွက်ကြည့်လိုက်ရင် အနီးစပ်ဆုံး ၀င်ငွေကို သိနိုင်ပါတယ်။

Sky Net တပ်ဆင်တဲ့သူတွေကို လက်လှမ်းမီသမျှ မေးကြည့်တဲ့အခါ အများစုက အားကစားလိုင်းတွေပါတဲ့ လစဉ်ကြေး ၁၃၅၀၀ အမျိုးအစားနဲ့ အားကစားလိုင်း မပါရင် လစဉ်ကြေး ၆၃၀၀ လို အမျိုးအစားကို အများဆုံး တပ်ဆင်ကြတာဖြစ်လို့ ပျမ်းမျှယူမယ်ဆိုရင် စက်တစ်လုံး တစ်လ လစဉ်ကြေး ကျပ် ၁၀၀၀၀ နဲ့ပျမ်းမျှယူပြီး တွက်နိုင်ပါတယ်။

တစ်လ စက်တစ်လုံး ကျပ် ၁၀၀၀၀ ဖြစ်တဲ့အတွက် စက်အလုံးရေ ၃၀၀၀၀၀ အတွက်ဆို တစ်လ ကျပ်သိန်းပေါင်း ၃၀၀၀၀ အထိ ရရှိမှာ ဖြစ်သလို တစ်နှစ်ကျပ် ၃၆ ဘီလျံအထိ လစဉ်ကြေး တစ်မျိုးတည်းက ၀င်ငွေရရှိမှာပါ။

ဒါက ၂၀၁၄ ခုနှစ်တုန်းက စက်အလုံးရေဖြစ်ပြီး ၂၀၁၄ ခုနှစ်က ၀င်ငွေပါ။ (ပြန်ကြားရေး ၀န်ကြီးဌာန စက်အလုံးရေ စာရင်းအရ)

အခု ၂၀၁၆ မှာ ကြော်ငြာကုမ္ပဏီ တစ်ခုက ကြော်ငြာထည့်ရင်း မေးမြန်းထားတဲ့ စာရင်းအရဆိုရင် အလုံးရေ ရှစ်သိန်းနီးပါးအထိ ရှိတယ်လို့ ကြော်ငြာဌာနက ပြန်ဖြေပါတယ်။ စာရွက်စာတမ်း သက်သေတော့ မပေးပါဘူး။ နှုတ်နဲ့ဖြေတာလို့ ပြောပါတယ်။

ကြော်ငြာရှင်တွေကို ပြောခဲ့တဲ့ အလုံးရေ ရှစ်သိန်းမှာ လှူထားတဲ့ စက်တွေဘာတွေ အတွက် အလုံးရေ နှစ်သိန်း ပြန်နုတ်ပြီး အလုံးရေ ခြောက်သိန်းပေါ်မှာပဲ လစဉ်ကြေးကို တွက်ကြည့်ရင် တစ်နှစ်ကို ပျမ်းမျှကျပ် ၇၂ ဘီလျံ ရပါမယ်။

ကျပ် ၇၂ ဘီလျံဆိုတာ လစဉ်ကြေး တစ်မျိုးတည်းက ၀င်ငွေဖြစ်ပြီး တခြား ကြော်ငြာခ ရငွေ၊ စက်ရောင်းထားတဲ့ တန်ဖိုးတွေ လုံးဝ မပါသေးပါဘူး။

လက်ရှိ Sky Net ရဲ့ စက်တန်ဖိုးနဲ့တင် တွက်ကြည့်လိုက်ရင် စက်တန်ဖိုး တစ်လုံး ကျပ် ၅၅၀၀၀၊ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၆ ခုနှစ်အထိကို အလုံးရေ ခြောက်သိန်းပဲ တပ်ဆင်ထားတယ်ထားဦး စက်ရောင်းရငွေချည်းပဲ ခြောက်နှစ်အတွင်း ကျပ် ၃၃ ဘီလျံရှိမယ်။

စက်တန်ဖိုးကို ထည့်မတွက်နဲ့ဦး။ လစဉ်ကြေး တစ်မျိုးတည်းကိုပဲကြည့်။ လစဉ်ကြေးမှာတောင် တရားဝင် ထုတ်ပြန်မထားလို့ အလုံးရေ ခြောက်သိန်းနဲ့ တွက်ထားတဲ့ ကျပ် ၇၂ ဘီလျံကိုလည်း အတည်မယူနဲ့ဦး။ တရားဝင် ထုတ်ပြန်ထားတဲ့ အလုံးရေ သုံးသိန်းအပေါ်မှာ တွက်ထားတဲ့ လစဉ်ကြေးကိုပဲ အတည်ယူရင်တောင် တစ်နှစ်အနည်းဆုံး ကျပ် ၃၆ ဘီလျံအထိ ရမှာပဲ။

ဒါပေမဲ့ Sky Net ရုပ်သံလိုင်း ရွှေသံလွင်မီဒီယာကနေ နိုင်ငံတော် ပြန်ရတာက နိုင်ငံပိုင်စက်ခန်း၊ တာဝါတိုင်နဲ့ Bandwidth လို နိုင်ငံပိုင်တွေ ငှားသုံးခ တစ်လ ကျပ် ၄၀၄ သိန်း၊ တစ်နှစ်လုံးမှ ကျပ် ၀ ဒသမ ၄၈ ဘီလျံပဲ ရပါတယ်။

နိုင်ငံတော်ပိုင် ပစ္စည်းတွေကိုပါ ငှားရမ်းသုံးစွဲခွင့်ရပြီး လုပ်ကိုင်နေတဲ့ Sky Net ရုပ်သံလိုင်း ရွှေသံလွင်မီဒီယာက လစဉ်ကြေး တစ်မျိုးတည်းနဲ့တင် အနည်းဆုံး တစ်နှစ်ကျပ် ၃၆ ဘီလျံအထိ ရနေချိန်မှာ နိုင်ငံတော်က တစ်နှစ်မှ ကျပ် ၀ ဒသမ ၄၈ ဘီလျံပဲနေတဲ့ စာချုပ်က နိုင်ငံတော် နစ်နာသလား မနစ်နာသလား စတုဒိသာပေးသလို ပေးထားတဲ့ စာချုပ် ဟုတ် မဟုတ် မြင်နိုင်ကြမှာပါ။

အရင်စာချုပ်နဲ့ ကောက်ရင်တောင် ၂၀၁၄ ခုနှစ်ကဆိုရင် လစဉ်ဝင်ငွေ ကျပ် ၃၆ ဘီလျံရဲ့ လေးရာခိုင်နှုန်းဆို ကျပ် ၁ ဒသမ ၅ ဘီလျံနီးပါး နိုင်ငံတော်က ရဦးမယ်။ ၂၀၁၆ ခုနှစ် ကြော်ငြာဌာနကပြောတဲ့ အလုံးရေနဲ့ တွက်ရင် လစဉ်ဝင်ငွေကျပ် ၇၂ ဘီလျံအပေါ် လေးရာခိုင်နှုန်း ဖြစ်တဲ့အတွက် ကျပ် သုံးဘီလျံ နီးပါးအထိ နိုင်ငံတော်က ရနိုင်သေးတယ်။ ဒါက နိုင်ငံတော်က လေးရာခိုင်နှုန်းပဲရတဲ့ မမျှတတဲ့ အချိုးပေါ်မှာတင် နိုင်ငံတော်ရမယ့် ၀င်ငွေပါ။

နောက် MITV, MNTV နဲ့ Channel 9, Buddha Channel တွေအတွက် တစ်လိုင်းကို တစ်လကျပ် သိန်း ၂၀၀ ပဲ နိုင်ငံတော်ကို သွင်းရတယ်လို့ ကြားသိရတယ်။ တရားဝင် တင်ဒါခေါ်ပြီး ပေးတာမဟုတ်ဘဲ နိုင်ငံတော်က တစ်လိုင်းကျပ်သိန်း ၂၀၀ ပဲ ရတာကိုလည်း မထုတ်ပြန်ခဲ့သလို အဲဒီလိုင်း လေးလိုင်းစလုံးအတွက် လစဉ်ကြေး ကောက် မကောက် မသိရပါဘူး။

လစဉ်ကြေး ကောက်တယ်ထားဦး။ လေးလိုင်းစလုံးအတွက် တစ်လကျပ်သိန်း ၈၀၀ တစ်နှစ် ကျပ်သိန်း ၉၆၀၀ (ကျပ် ၀ ဒသမ ၉၆ ဘီလျံ) ပဲ နိုင်ငံတော်က ရပါမယ်။

နိုင်ငံပိုင်တွေကို သုံးစွဲခွင့်ရပြီး နိုင်ငံတော်နဲ့ ပူးပေါင်းလုပ်ကိုင်တယ်။ လစဉ်ကြေး တစ်မျိုးတည်း တစ်နှစ် အနည်းဆုံး ကျပ် ၃၆ ဘီလျံ အထိဝင်တဲ့ လုပ်ငန်းကနေ နိုင်ငံတော်က ပြန်ရတာက တစ်နှစ်မှ ပစ္စည်းငှားခ ကျပ် တစ်ဘီလျံကျော်ပဲ ပြန်ရတဲ့ စာချုပ်စာတမ်းတွေပါ။

အဓိက အချက်ကတော့ နိုင်ငံတော်နဲ့ ပူးပေါင်းလုပ်ကိုင်တယ်လို့လည်း ဆိုသေးတယ်။ Sky Net ရဲ့ အကျိုးအမြတ်ထဲမှာ နိုင်ငံတော်က ရပိုင်ခွင့်မရှိတော့ဘဲ ပစ္စည်းငှားခပဲ ရတဲ့အတွက် ဒီစာချုပ်ဟာ နစ်နာလား မနစ်နာလား ပြည်ထောင်စုဝန်ကြီး အသစ်ဖြစ်တဲ့ ဒေါက်တာဖေမြင့်အနေနဲ့ ကိုယ်တိုင်သာ တွက်ကြည့်ပြီး နိုင်ငံတော် နစ်နာသလား မနစ်နာသလား ကိုယ်တိုင် ဆုံးဖြတ်ကြည့်ပါ။

ဒီလို စတုဒိသာ စာချုပ်မျိုးတွေ နိုင်ငံထဲမှာ အများအပြား ဖြစ်နေမှတော့ နေပြည်တော်က မီဒီယာမဏ္ဍပ်ကြီး တစ်ခုက အရေးကြီးပုဂ္ဂိုလ်ရဲ့ ကိုယ်ရေးအရာရှိကို ကျပ်သိန်း ၅၀ လက်ဆောင်ပေးတာ မျိုးကတော့ ဘယ်မှာ ဆန်းတော့မှာလဲ။


ထိပ်တန်းအခွန်စာရင်းမှာ ဘာကြောင့်မပါတာလဲ Forever

ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်ကနေ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်အထိ လေးနှစ်ဆက်တိုက် ထိပ်တန်းအခွန်ထမ်း စာရင်းကို ထုတ်ပြန်တယ်။

၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်၊ ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွေမှာ Forever Group အမည်နဲ့ ထိပ်တန်းအခွန်ထမ်း စာရင်းမှာ လုံးဝပါဝင်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၃-၂၀၁၄ စည်းကြပ်နှစ်ရဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဦးစာရင်းကျမှ ပါဝင်လာခဲ့ပါတယ်။

ဒါပေမဲ့ အခုနောက်ဆုံးထုတ်တဲ့ ၂၀၁၄-၂၀၁၅ စည်းကြပ်နှစ်ရဲ့ ထိပ်တန်းအခွန်ထမ်း ၁၀၀၀ ဦးစာရင်းမှာ Forever Group အမည်ဟာ လုံးဝပါမလာဘူး။

ပြောရရင် လေးနှစ်အတွင်းမှာ တစ်နှစ်ပဲ ထိပ်တန်းအခွန်ထမ်း စာရင်းမှာပါပြီး ကျန်တဲ့ သုံးနှစ်က လုံးဝမပါတဲ့ အခြေအနေပါ။

ကျပ်သိန်း ၅၀၀ လောက် ပေးဆောင်ရုံနဲ့ ထိပ်တန်းအခွန်ထမ်း စာရင်းမှာ ပါနိုင်ရက်နဲ့ ဘာကြောင့် မပါတာလဲ။ မေးရတာက Forever Group က ထုတ်လွှင့်နေတဲ့ MRTV-4 ရုပ်သံလိုင်း တစ်လိုင်းထဲက ကြော်ငြာဝင်ငွေအရ မဖြစ်မနေ Forever Group ဟာ ထိပ်တန်း အခွန်စာရင်းမှာ ပါကိုပါရမှာ ဖြစ်လို့လည်း ဘာကြောင့်မပါသလဲ မေးရတာပါ။

MRTV-4 ရုပ်သံလိုင်းမှာ ညနေ ၆ နာရီကနေ ည ၁၀ နာရီ ၁၁ နာရီအထိ လောက်ကိုပဲ ကြော်ငြာဝင်ချိန် ထိုင်တွက်တာ အနည်းဆုံး ကြော်ငြာဝင်ချိန် ကြာမြင့်ချိန်ဟာ တစ်နာရီ ၀န်းကျင်အထိ ရှိပါတယ်။

တစ်ရက်လုံးစာ မတွက်နဲ့ဦး တစ်ရက်ကို ကြော်ငြာရချိန် တစ်နာရီနဲ့ပဲ တွက်ကြည့်ပါ။ ကြော်ငြာခက ၂၀၁၄ တုန်းက နှုန်းနဲ့ပဲတွက်ကြည့် တစ်မိနစ်ကို အနည်းဆုံးကျပ် ငါးသိန်းကနေ အများဆုံးကျပ် ၁၁ သိန်းအထိ ရှိတယ်။ (၂၀၁၅ ကြော်ငြာခက ညနေ ၆ နာရီကနေ ၁၀ နာရီ ၁၁ လောက်အထိဆို တစ်မိနစ် ၁၀ သိန်းလောက်ကနေ ၁၂ သိန်းကျော်အထိ ရှိတယ်)

ဒါတောင် ပြည်တွင်းထုတ်ကုန် ကြော်ငြာခပဲ ရှိသေးတယ်၊ ပြည်ပထုတ်ကုန်နဲ့ ဖက်စပ်ထုတ်ကုန်ဆို ကြော်ငြာခ ပိုရပါသေးတယ်။

အနည်းဆုံးရတဲ့ တစ်မိနစ် ကျပ် ၅ သိန်းနဲ့ပဲတွက်၊ တစ်ရက်ကို ကြော်ငြာချိန် တစ်နာရီနဲ့ပဲတွက်၊ တစ်ရက်ကြော်ငြာခ ရငွေဟာ ကျပ်သိန်း ၃၀၀ ရှိပါတယ်။ တစ်လကို ကျပ်သိန်း ၉၀၀၀၊ တစ်နှစ်ကို ကျပ် ၁၀ ဘီလျံနဲ့အထက် ရပါတယ်။

အနည်းဆုံးရတဲ့ တစ်မိနစ် ကျပ်ငါးသိန်းနဲ့ပဲတွက်၊ တစ်ရက်ကို ကြော်ငြာချိန် တစ်နာရီနဲ့ပဲတွက်၊ တစ်ရက်ကြော်ငြာခ ရငွေဟာ ကျပ်သိန်း ၃၀၀ ရှိပါတယ်၊ တစ်လကို ကျပ်သိန်း ၉၀၀၀၊ တစ်နှစ်ကို ကျပ် ၁၀ ဘီလျံနဲ့အထက် ရပါတယ်။

အနည်းဆုံး ကြော်ငြာခ တစ်မိနစ် ကျပ် ငါးသိန်းနဲ့ အများဆုံး ၁၁ သိန်းကို ပျမ်းမျှယူလိုက်မယ်ဆိုရင် တစ်မိနစ် ပျမ်းမျှကြော်ငြာခ အနေနဲ့ ကျပ် ၈ သိန်းရှိပါတယ်။

တစ်မိနစ် ကြော်ငြာခရငွေ ကျပ် ၈ သိန်းနဲ့ တွက်မယ်ဆိုရင် တစ်ရက်ကို ကြော်ငြာရချိန် တစ်နာရီနဲ့ပဲတွက် တစ်နှစ်ကို ကျပ် ၁၇ ဘီလျံကျော်အထိရမှာ ဖြစ်ပါတယ်။

ဒါဟာ ကြော်ငြာချိန်တစ်ရက် တစ်နာရီ အပေါ်မှာရတဲ့ ကြော်ငြာခ၊ MRTV-4 ရုပ်သံလိုင်း တစ်လိုင်းတည်း အတွက် ၂၀၁၄ ခုနှစ် ကြော်ငြာဈေးနဲ့ ပျမ်းမျှတွက်ထားတာပါ။

Forever Group ဟာ Channel 7 အပါအ၀င် အခြားရုပ်သံလိုင်း တွေကိုလည်း ထုတ်လွှင့်နေတာပါ။ တကယ်တမ်း နေ့စဉ် ကြော်ငြာချိန် အမှန်နဲ့သာ ကြော်ငြာရတဲ့လိုင်း အားလုံးအတွက် တွက်လိုက်ရင် ကြော်ငြာ တစ်မျိုးတည်းက၀င်ငွေ ဘယ်လောက်အထိ ရနေမယ်၊ လစဉ်ကြေးရတာနဲ့ဆို ဘယ်လောက်အထိ ၀င်ငွေရှိနေမယ်ဆိုတာ ခန့်မှန်းနိုင်ကြမှာပါ။

ကြော်ငြာခရငွေပေါ်မှာ ဘယ်သူမဆို ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ကြရပါတယ်။

MRTV-4 ရုပ်သံလိုင်း တစ်လိုင်းတည်းရဲ့ အနည်းဆုံး ကြော်ငြာခရငွေဟာ တစ်နှစ်ကျပ် ၁၀ ဘီလျံကျော်ကနေ အများဆုံး ၁၇ ဘီလျံကျော်ဆိုရင် ကုန်သွယ်လုပ်ငန်းခွန် အနည်းဆုံး ကျပ်သိန်း ၅၀၀၀ ကနေ ကျပ်သိန်း ၈၅၀၀ ကြားအထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကျပ်သိန်း ၅၀၀၀ ကျော်ကနေ ကျပ်သိန်း ၈၅၀၀ ကြားသာ ပေးဆောင်ခဲ့ရင် နှစ်တိုင်း ထိပ်တန်းအခွန်ထမ်း စာရင်းမှာ မဖြစ်မနေ ပါကိုပါရပါမယ်။ အခုဘာကြောင့် မပါလာသလဲဆိုတာ မေးကိုမေးရမှာ ဖြစ်သလို မေးရတဲ့ နောက်ထပ် အကြောင်းရင်းတွေလည်း ရှိပါသေးတယ်။

ဒါတောင် ညနေ ၆ နာရီကနေ ည ၁၂ နာရီ အတွင်းလောက်ရမယ့် ကြော်ငြာခအပေါ် နိုင်ငံတော်ကရမယ့် ကုန်သွယ်လုပ်ငန်းခွန် ပမာဏပဲ ရှိပါသေးတယ်။

Forever Group ဟာ ရွှေသံလွင် မီဒီယာလိုပဲ နိုင်ငံတော်ပိုင် စက်ခန်း၊ တာဝါတိုင်ကအစ နိုင်ငံပိုင်မြေတွေပါ ငှားရမ်းလုပ်ကိုင်ခွင့် ရထားတာ ဖြစ်ပါတယ်။ ဥပမာ- ရေကူးအသံလွှင့်ရုံ ၀င်းထဲမှာဆို မြေ ၂ ဧကကို တစ်ဧက တစ်လ ကျပ်သိန်း ၅၀ နဲ့ ငှားရမ်းခွင့်ရသလို အကယ်ဒမီဆုပေးပွဲ ကျင်းပသွားတဲ့ MEP နေရာကိုလည်း တစ်ဧက တစ်လ ကျပ်သိန်း ၅၀ နဲ့ ငှားရမ်းလုပ်ကိုင်ခွင့် ရထားတဲ့ ကုမ္ပဏီပါ။

ဒါကြောင့် နိုင်ငံပိုင်စက်တွေ၊ နိုင်ငံပိုင်မြေတွေ ငှားရမ်းအသုံးပြု လုပ်ကိုင်ပြီး အကျိုးအမြတ် ဖြစ်နေတဲ့ ကုမ္ပဏီအနေနဲ့ နိုင်ငံတော်ကို အများနဲ့တန်းတူ အခွန်ဆောင်ရမှာပါ။ အခုထိပ်တန်းအခွန် စာရင်းမှာ မပါတဲ့အတွက် ဘာကြောင့်လဲဆိုပြီး မေးတာဟာ မေးသင့်လား၊ မမေးသင့်လား ခွဲခြမ်းနိုင်ကြမှာပါ။

နှိုင်းယှဉ်လို့ရတဲ့ နောက်တစ်ချက်က Sky Net ရုပ်သံလိုင်း ထုတ်လွှင့်နေတဲ့ ရွှေသံလွင်မီဒီယာကတော့ ထိပ်တန်းအခွန်ထမ်း စာရင်းမှာ ထိပ်ပိုင်းကနေ ပါလာတဲ့ အချိန်မှာ Forever Group ပါမလာတာကလည်း ချိန်ထိုးစဉ်းစားလို့ ရပါတယ်။

နောက်တစ်ခုက နောက်ဆုံးထုတ်ပြန်ထားတဲ့ ထိပ်တန်းအခွန်ထမ်းဦးရေ ၁၀၀၀ စာရင်းမှာ FM တွေရဲ့ အခွန်ဆောင်မှုကို ကြည့်လိုက်ရင်လည်း ရွှေ FM ကို လုပ်ကိုင်နေတဲ့ Golden Wave နဲ့ ချယ်ရီ FM ကို လုပ်ကိုင်နေတဲ့ Myanmar Album Media ကုမ္ပဏီတွေ အခွန်စာရင်းမှာ ပါဝင်ခဲ့ပြီး Forever Group က လုပ်ကိုင်နေတဲ့ Mandalay FM၊ ပဉ္စ၀တီ FM အပါအ၀င် ကျန်တဲ့ FM ကုမ္ပဏီတွေ ပါဝင်မလာပါဘူး။

Mandalay FM ဆိုတာ ရွှေ FM၊ ချယ်ရီ FM တို့နဲ့ တန်းတူ FM လိုင်းဖြစ်ပြီး သူများတွေ ထိပ်တန်းအခွန် စာရင်းမှာ ပါသလို Mandalay FM ဘာကြောင့် မပါသလဲဆိုတာလည်း မေးရမှာပါပဲ။

သက်ဆိုင်ရာ အနေနဲ့လည်း နောက်ကျသွင်းလို့ မပါတာလား၊ ဒါမှမဟုတ် အဲဒီလောက် ပမာဏ မဆောင်လို့ မပါလာတာလား စိစစ်သင့်ပါတယ်။

အခွန်ဥပဒေအရလည်း ဘယ်နှစ်က အခွန်ပဲဖြစ်ဖြစ် ပြန်ပြီးစည်းကြပ်ရမှာ ဖြစ်သလို မြန်မာနိုင်ငံမှာ အဲဒီလို ပြန်စစ်ပြီး အခွန်ပြန်ကောက်ခဲ့တဲ့ သာဓကတွေ အများကြီး ရှိပါတယ်။

ဒီနေရာမှာ ပြန်မေးခွင့်ရှိပါတယ်။ ခင်ဗျားတို့ Eleven Media Group ရော အခွန်ဘယ်လောက် ဆောင်လဲဆိုတဲ့ မေးခွန်းပါ။ ဦးသိန်းစိန် အစိုးရလက်ထက် ငါးနှစ်သက်တမ်းအတွင်း EMG နဲ့ Eleven Trading ဟာ ကျပ်သိန်းပေါင်း ၂၀၀၀၀ ကျော် အခွန်ပေးဆောင် ထားသလို နှစ်တိုင်းထုတ်ပြန်တဲ့ ထိပ်တန်း အခွန်ထမ်း စာရင်းထဲမှာလည်း ထိပ်ပိုင်းက အမြဲပါတယ် ဆိုတာပါပဲ။


ဘာဆက်လုပ်မလဲ အစိုးရသစ်ပြန်ကြားရေး

ရုပ်သံစာချုပ်တွေ ပြန်ပြင်ချုပ်တဲ့နေရာမှာ ဦးရဲထွဋ်အနေနဲ့ ဒုဝန်ကြီးတာဝန်ယူစဉ်ရော၊ ပြည်ထောင်စုဝန်ကြီး တာဝန်ယူခဲ့စဉ်ရော တစ်လျှောက်လုံး ပါဝင်ခဲ့တယ်။

ခေတ်ကာလနဲ့ ကိုက်ညီအောင် စာချုပ်တွေ ပြင်ဆင်ဖို့အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်ကနေ ၂၀၁၄ ခုနှစ် သြဂုတ် ၂ ရက်အထိ အစည်းအဝေး ၁၄ ကြိမ် လုပ်ခဲ့ပြီး ပြင်ဆင်ချုပ်ဆို ခဲ့ကြတယ်လို့ သိရတယ်။

ပြင်ချုပ်လိုက်တော့မှပဲ နိုင်ငံတော်က ပစ္စည်းငှားခ၊ ၀န်ဆောင်ခပဲ ရတော့တဲ့ အဖြစ်ပါ။ နစ်နာတာတွေတော့ တွေ့ပြီ။ အစိုးရသစ် ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ဘယ်လို ပြင်ဆင်သွားမလဲ။ ဒီလို နစ်နာမှုမျိုးဟာ တစ်လ နောက်ကျရင် တစ်လ နိုင်ငံတော်ရမယ့် အကျိုးအမြတ် နစ်နာလို့ စောင့်စရာ မလိုဘဲ ပြင်ဆင်သင့်တဲ့ နစ်နာမှုမျိုး ဖြစ်ပါတယ်။

ပြည်သူ့အစိုးရစစ်စစ် လက်ထက်ဖြစ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအသစ် ဦးဖေမြင့်အနေနဲ့ တိုင်းပြည်နစ်နာ တာတွေကို မနစ်နာအောင် ပြင်ဆင်ဆောင်ရွက်ဖို့တော့ တာဝန်ရှိလာတာကလည်း အမှန်ပဲ ဖြစ်သလို ၀န်ကြီးသစ် အနေနဲ့ ရဲရဲလုပ်လို့လည်း ရနေပါပြီ။

ဘာကြောင့် ရဲရဲတင်းတင်း လုပ်လို့ရသလဲဆိုရင် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၅ ရက်က ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြန်ပြင်ချုပ်လိုက်တဲ့ စာချုပ်တွေအရ နိုင်ငံတော်က ရသင့်ရထိုက်တာ နည်းနေတယ်၊ ဘယ်အစိုးရ လက်ထက်ရောက်ရောက် နစ်နာတယ်လို့ ပေါ်ပေါက်ခဲ့ရင် တာဝန်ယူ မယူ ကျွန်တော်ကိုယ်တိုင် မေးမြန်းခဲ့ပါတယ်။

မေးမြန်းတဲ့အခါ အရင်ဒုဝန်ကြီးဟောင်း ဦးပိုက်ထွေးနဲ့ လက်ရှိ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေတို့က တာဝန်ယူ တာဝန်ခံကြောင်း တရားဝင် အာမခံ ဖြေကြားထားပြီးသား ဖြစ်ပါတယ်။

အခုနစ်နာ နေတာကလည်း ရှင်းရှင်းကြီး ပေါ်ပေါက်နေတယ်။ တာဝန်ရှိသူတွေကိုယ်တိုင် တာဝန်ခံမယ်၊ တာဝန်ယူမယ်လို့လည်း အာမခံထားခဲ့ပြီးဖြစ်လို့ ရဲရဲတင်းတင်းနဲ့ ခပ်မြန်မြန် ဆောင်ရွက်လို့ ရနေပါပြီ။


ဘုရားကြီးထံမှရရန် အကြွေးလိုပါပဲလား

Forever Group ရဲ့အခွန်နဲ့ Sky Net စာချုပ်ရဲ့ နစ်နာမှု နှစ်ခုတည်းကို ကြည့်တာနဲ့တင် နိုင်ငံတော်ဟာ နိုင်ငံပိုင်တွေကိုသာ ချပေးထားခဲ့ရပြီး ထိုက်တန်စွာ ပြန်မရလို့ ဘယ်လောက်နစ်နာ နေတယ်ဆိုတာ ထင်ထင်ရှားရှား မြင်နိုင်မှာပါ။

အဲဒီလိုပဲ တခြားမြကျွန်းသာလို ပန်းခြံ၊ ကန်တော်ကြီး၊ အမျိုးသားကန်တော်ကြီး၊ တိရစ္ဆာန်ဥယျာဉ် နိုင်ငံပိုင်စက်ရုံ၊ လုပ်ငန်း၊ မြေကွက်တွေကိုလည်း ပေါပေါလောလော ဈေးလောက်နဲ့ယူပြီး နိုင်ငံတော်ကို ထိုက်တန်စွာ ပြန်မပေးဘဲ လုပ်နေတာတွေကလည်း ဒုနဲ့ဒေးပါပဲ။

ဒါကြောင့်လည်း နိုင်ငံတော်က ထိုက်တန်စွာ ပြန်မရလို့ နိုင်ငံ့ဘတ်ဂျက်က လိုအပ်တာထက် အမြဲပိုပြီး လိုငွေတွေပြ၊ နိုင်ငံတကာ ချေးငွေတွေယူသုံး၊ နိုင်ငံတော်ပဲ ပြန်ပြီး အကြွေးတင်နဲ့ နိုင်ငံ့ဘဏ္ဍာတိုက်ဟာ 'ဘုရားကြီးထံမှ ရရန်အကြွေး' လို ဖြစ်နေတာပါ။

အခု ပြည်သူကို မျက်နှာမူမယ့် ပြည်သူ့အစိုးရ တက်လာပြီဖြစ်တဲ့အတွက် 'ဘုရားကြီးထံမှ ရရန်အကြွေး' လိုဖြစ်နေတဲ့ ပြည်သူ့ဘဏ္ဍာ နစ်နာမှုတွေကို ပြန်လည်စိစစ်ကောက်ခံပြီး ပြည်သူ့အကျိုး ဆောင်ရွက်ရင်း ပြည်သူ့အစိုးရ စစ်စစ်အဖြစ် သက်သေပြဖို့ လိုပါတယ်။

ဒါနဲ့ တစ်လက်စတည်း ပြောလိုတာက အခုဒုတိယသမ္မတ ဦးမြင့်ဆွေ အရင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တာဝန်ယူတုန်းက တင်ဒါခေါ်ခဲ့ပြီး တင်ဒါစည်းမျဉ်းနဲ့ မညီဘဲ Capital Development ကုမ္ပဏီနဲ့ အခြား ကုမ္ပဏီနှစ်ခု တင်ဒါအောင်သွားတဲ့ အိမ်ရာစီမံကိန်းတင်ဒါ ကိစ္စပါ။

အဲဒီတင်ဒါဟာ နိုင်ငံတော်ကရမယ့် အကျိုးအမြတ်ပိုင်းမှာ ကျပ်ငါးဘီလျံ ပျောက်သွားတဲ့တင်ဒါ ဖြစ်ပါတယ်။ အခုထိတော့ ဒုတိယသမ္မတ ဦးမြင့်ဆွေအနေနဲ့ တာဝန်ယူပြီး ဖြေရှင်းပေးတာ မရှိသေးဘူး။ ပြန်စစ်ဖို့တော့ အချိန်မီပါသေးတယ်။

ဘယ်သူတာဝန် ခံခံ မခံခံ ပြည်သူကို တာဝန်ခံမယ့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်း တာဝန်ယူထားပြီ ဖြစ်တဲ့အတွက် ပြန်လည်စိစစ်ပြီး နိုင်ငံတော် မနစ်နာအောင် ဆောင်ရွက်ရင်း ပြည်သူ့ဝန်ကြီးချုပ်အဖြစ် သက်သေပြနိုင်ပါပြီ။

ဒီမိုကရေစီနိုင်ငံတွေမှာ ရေးတာမမှန်ရင် တရားစွဲခံရနိုင်ပါတယ်။ ရေးတာမှန်ကန်ရင်လည်း နိုင်ငံနစ်နာတာတွေ၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနဲ့ မညီဘဲ လုပ်ထားတယ်ဆိုရင် အစိုးရက ဥပဒေစည်းမျဉ်းတွေအရ စုံစမ်းဖော်ထုတ်ပြီး ပြည်သူကို ချပြရပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ကျပ်ငါးဘီလျံနစ်နာတဲ့ တင်ဒါကို ဖော်ထုတ်စိစစ်ရမှာ ဖြစ်သလို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် အနေနဲ့လည်း နိုင်ငံတော်နစ်နာတဲ့ ရုပ်သံစာချုပ်တွေကို ပြန်လည်စိစစ် ပေးရမှာပါ။

အစိုးရအဆက်ဆက် ဘယ်လိုပဲပြောင်းပြောင်း ဥပဒေ၊ စည်းမျဉ်းနဲ့ မညီဘဲ လုပ်ထားတာတွေရှိရင် လက်ရှိအစိုးရကပဲ တာဝန်ယူ၊ တာဝန်ခံပြီး ဖော်ထုတ်ဖြေရှင်း ရမှာပါ။

ဘာကြောင့်လဲဆိုတော့ စစ်အစိုးရ လက်ထက်က ဥပဒေနဲ့မညီဘဲ လုပ်ခဲ့တဲ့ နိုင်ငံနစ်နာမှုတွေကို ဦးသိန်းစိန် အစိုးရက အနည်းအကျဉ်းပဲ ပြင်ဆင်ပေးခဲ့သလို ဦးသိန်းစိန် အစိုးရ လက်ထက်မှာ လုပ်ခဲ့တဲ့ နိုင်ငံ့နစ်နာမှု တွေကိုလည်း အပြည့်အ၀ စိစစ်ဖော်ထုတ်ပေးခြင်း မရှိလို့ စစ်အစိုးရနဲ့ ထူးမခြားနား အစိုးရလို့ သတ်မှတ်ခဲ့ကြပါတယ်။

အခုလည်း အရင်အစိုးရတွေနဲ့ ထူးမခြားနားအစိုးရ မဖြစ်အောင် ဦးသိန်းစိန်အစိုးရ လက်ထက်က နိုင်ငံနစ်နာအောင် လုပ်ခဲ့တာတွေ ပေါ်ပေါက်လာရင် လက်ရှိအစိုးရက တာဝန်ယူ တာဝန်ခံ ဖော်ထုတ်ပြီး နိုင်ငံမနစ်နာအောင် လုပ်ရမှာပါ။ ဒါမှလည်း ဒီမိုကရေစီ အစိုးရ ဖြစ်မှာပါ။


Writer:
မာန်သူရှိန်
Eleven Media Group

 ကျွန်းသစ်
ကချင်ပြည်နယ်မှ တရုတ်ပြည်သို့ တင်ပို့နေသော သစ်လုံးများ (ဓာတ်ပုံ – Foreign Policy)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်တွင် သစ်ထုတ်လုပ်ခြင်းကို တနှစ် လုံးဝ ရပ်ဆိုင်းသွားမည် ဖြစ် ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။

“၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် သစ်တွေလည်း တနှစ်စာလောက် ရှိသေးတယ် တန် ၄ ၊ ၅ သိန်းလောက်ပေါ့။ ဒါကြောင့် ဒီနှစ်ကို လုံးဝ မထုတ်တော့ပါဘူး။ ကျတော်တို့ဌာန အနေနဲ့ ဆုံးဖြတ်တာ။ အစိုးရအဖွဲ့ကို တင်ပြရဦးမယ်။ အခုလို ရပ်လိုက် တဲ့ အရသာကို ကြိုက်လို့ မထုတ်နဲ့ သစ်တောတွေကို ထိန်းဆိုရင်လည်း ထိန်းသွားမယ်ပေါ့။ ရပ်ဆိုင်းပြီး နောက်ပိုင်း ကိုတော့ မသိဘူးပေါ့”ဟု ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက ပြောသည်။

ယခင် အစိုးရလက်ထက် နိုင်ငံတော်၏ လိုအပ်ချက် များခဲ့ခြင်းကြောင့် နိုင်ငံခြားငွေရှာဖွေပေးနိုင်ရန် သစ်ထုတ်လုပ် ခြင်းဖြင့် ၀င်ငွေရှာ လုပ်ကိုင်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းအရာရှိက ဆိုသည်။

“အရင်တည်းကလည်း သစ်ကို အများကြီးထုတ်ရမှာထက် အများကြီးလျှော့ထုတ်လိုက်ပြီ။ လာမယ့် ၂၀၁၆-၂၀၀၁၇ ဘဏ္ဍာရေးနှစ် ဆိုရင် အရင်လျှော့လိုက်တာထက် ခေါက်ချိုးလောက် ထပ်လျှော့ဖို့ပေါ့။ ကျွန်းဆိုရင် အရင်ကထက် ၁၀ ဆလောက် လျှော့ထုတ်ဖို့ကို လုပ်ထားပြီးသား အစီအစဉ်ပါ”ဟု ၎င်းက ဆက်ပြောသည်။

သစ်ထုတ်လုပ်ခြင်းကြောင့် သစ်တောများပြုန်းတီခြင်း မဟုတ်ဘဲ သစ်တောအဓိက ပြုန်းတီးရခြင်းမှာ ထင်းမီးသွေး ထုတ်လုပ်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“သစ်ထုတ်ရင် သစ်တောပြုန်းတယ်ပေါ့။ တကယ်တမ်းပြုန်းတီးတာက တောင်ယာခုတ်တာ၊ ထင်းမီးသွေးက အဓိကပါ။ သို့သော်လည်း လူတွေက သစ်ထုတ်တာပဲမြင်တော့ သစ်ထုတ်တာ လျှော့မယ်ပေါ့”ဟု ဦးစောဂျွန်ရွှေဘက ပြောသည်။

ယခင် ဘဏ္ဍာရေးနှစ်များက ကျွန်းသစ်တန်ချိန် ၆၀,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့သော်လည်း ၅၀,၀၀၀ကျော်သာ ထုတ်လုပ်ခဲ့ပြီး၊ သစ်မာအမျိုးအစားလျှင် ၆၇၀,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားခဲ့သော်လည်း ၅၀၀,၀၀၀ ကျော် ထုတ်လုပ်ခဲ့ကြောင်း၊ အဓိကအားဖြင့် ကျွန်းသစ်ကို လျှော့ချ ထုတ်လုပ်ကြောင်း အစိုးရက ထုတ်ပြန်သော သတင်း အချက်အလက်များအရ သိရှိရသည်။

စစ်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးများနှင့်ရင်းနှီးရယူ၍ သစ်ထုတ်လုပ်ခွင့် ပါမစ်များဖြင့် သစ်တောမြောက်မြားစွာကို ရှင်းလင်းခုတ်ထွင်ပြီး နိုင်ငံခြားတင်ပို့ရောင်းချခြင်းဖြင့် ကြီးပွားချမ်းသာလာသော ကုမ္ဗဏီများစွာရှိခဲ့ပြီး အဆိုပါ ကုမ္ဗဏီကြီးများသည် ယနေ့ထက်တိုင် မြန်မာ့စီးပွားရေးလောကတွင် အင်အားကြီး ထိပ်တန်းကုမ္ဗဏီများအဖြစ် ရပ်တည်၍ လုပ်ငန်းများ လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း သိရှိရသည်

မေစိုးစံ
http://burma.irrawaddy.com/business/2016/04/30/113078.html

ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းလုပ်ကွက်တွေမှာ အသုံးပြုနေတဲ့ စက်ယန္တရားတွေကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဟာ ကချင်ပြည်နယ်က ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ မိုးညှင်းမြို့နယ်ထဲက ရွှေတူးဖော်ရေး လုပ်ကွက်တွေကို သွားရောက်စစ်ဆေး ဖို့ရှိပါတယ်။

ဒီကနေ့ မြစ်ကြီးနားမြို့မှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် အပါအဝင် အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံခဲ့ပြီး မနက်ဖြန် ဖားကန့်ဖက်ကိုသွားမယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးH လအောင်က ပြောပါတယ်။

"ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နဲ့တွေ့မယ်၊ ဖားကန့်ဘက်မှာ မနက်ဖြန်မှာ၊ သန်ဘက်ခါ မိုးညှင်းဘက် ပြန်ဆင်းမယ်၊ မှော်တွေကို ကြည့်ရှု့ပြီးတော့  ပြန်လာမယ် အဲ့ဒါပါပဲ၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ သဘာဝပတ်ဝန်းကျင်တွေတင်ပြဖို့ ရှိပါတယ်၊ ဖားကန့်ဒေသဘက်တွေကို သွားမှာပေါ့လေ"

ဦးအုန်းဝင်းဟာ ဧပြီလ ၂၉ ရက်ကနေ မေလ ၁ ရက် နေ့အထိ ၃ ရက်ကြာခရီးစဉ်မှာ မြစ်ကြီးနား၊ ဖားကန့်နဲ့ မိုးညှင်းမြို့နယ်တွေက မိုင်းတွင်းလုပ်ကွက်တွေမှာ သဘာဝပတ်ဝန်းကျင်ရေးရာကိစ္စတွေကို အဓိကစစ်ဆေး မှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ဘက်ကလည်း ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေ စာပုံကိစ္စတွေကို ပြည်ထောင်စုဝန်ကြီးထံ တင်ပြသွားမယ်လို့ ပြောပါတယ်။

ကချင်ပြည်နယ်အခြေစိုက် အရပ်ဘက်လူမှုအဖွဲ့စည်းတွေက ပြည်ထောင်စုအစိုးရအနေနဲ့ ဖားကန့်မြို့နယ်က စည်းကမ်းဖောက်ဖျက်တဲ့ ကျောက်စိမ်းကုမ္ပဏီတွေကို စစ်ဆေးဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက တောင်းဆိုထားပါတယ်။

RFA Burmese
http://www.rfa.org/burmese

သမ္မတ ကျမ်းကျိန်ပွဲတွင် သမ္မတသစ်၊ ဒုသမ္မတများ နဲ့ ဒေါ်အောင်ဆန်းစုကြည်။ ( မတ် ၃၀၊ ၂၀၁၆)
နိုင်ငံတော် အာဏာထိပ်ပိုင်းမှာ တာဝန်ယူထားသူတွေရဲ့ ရာထူးအစဉ် အလိုက် ဖေါ်ပြထားတဲ့ ပြည်ထောင်စုအင်္ဂါစဉ်ကို မနေ့က နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်အရ သမ္မတ ဦးထင်ကျော်က နံပါတ် (၁) အဲဒီနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံပါတ် (၂) ပြီးမှ ဒုသမ္မတ နှစ်ဦးက အစဉ်လိုက်ရှိနေပါတယ်။ ထူးခြားချက်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က နံပါတ်(၈)နေရာမှာ ရှိနေတာဖြစ်ပါတယ်။ ပြည်ထောင်စု အင်္ဂါစဉ်ကြောင့် စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကြား ယုံကြည်မှု တည်ဆောက်ရေး ထိခိုက်စေမလား။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံပြောပြမှာပါ။

အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးအေးသာအောင်ကတော့ ပြည်ထောင်စု အင်္ဂါစဉ်ဟာ နိုင်ငံတော်ခမ်းအနားတွေမှာ နေရာထိုင်ခင်း သတ်မှတ်မှု အဆင်ပြေအောင် လုပ်တဲ့ သဘောသာဖြစ်တယ်လို့ ယူဆကြောင်း အခုလိုပြောပါတယ်။

"နေရာချထားတဲ့အခါမှာ ဒါတွေကိုသုံးတာပဲ တွေ့တယ်လေ။ ထူးထူးခြားခြား လစာတို့ အကျိုးခံစားခွင့်တို့ ဘာတို့တော့ ဒီလိုဟာမျိုးတော့ ကျနော်လည်း မတွေ့ဘူး။"

မအင်ကြင်းနိုင်။    ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နံပတ်(၈) နေရာ ရောက်သွားတဲ့အခါကျတော့ ပြည်ထောင်စုအင်္ဂါစဉ် ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ တပ်မတော်ဘက်က ငြိုငြင်စရာ များ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်မှုတွေအပေါ်မှာရော ဘယ်လိုမြင်လဲရှင့်။

" ဒါကတော့ ကျနော်တို့လည်း သိပ် မသိဘူးပေါ့လေ။ အရင်တုန်းက ကျနော်ကြုံဖူးတဲ့ အခမ်းအနားတွေမှာကျတော့ သမ္မတ၊ ဒုသမ္မတတွေ လာတယ်။ ပြီးတော့ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေ ပြီးရင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို နေရာချထားပေးတာမျိုး တွေ့ပါတယ်။ အခုတော့ နံပတ်(၈)ကို ရောက် သွား တဲ့ အတွက်တော့ ဘယ်လို အနေအထားရှိမယ်ဆိုတာကို ကျနော်တို့ သိပ်ပြောဖို့ခက်ပါတယ်။"

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်၊ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းကတော့ ပြည်ထောင်စုအင်္ဂါစဉ်ကိစ္စကို တပ်မတော်နဲ့ ကြိုတင်ညှိနှိုင်းပြီး ဆောင်ရွက်တာဖြစ်မယ်လို့ယူဆကြောင်း အခုလိုပြောပါတယ်။

"ကျနော်ထင်တယ်။ အဲ့ဒီ့ဟာကတော့ သူတို့ တွေ့ဆုံညှိနှိုင်းပြီးမှာတော့ သူတို့ဆောင်ရွက်တယ်လို့ပဲ ကျနော်မြင်တယ်လေနော့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ယခင်က မရှိဘူးတဲ့ အဲ့ဒီ့အတိုင်ပင်ခံဆိုတာ အခု အတိုင်ပင်ခံရှိလာတယ်ပေါ့ဗျာ။ နောက် ဒီလွှတ်တော်အပိုင်းကလည်း ဖြစ်လာတယ်။ တပ်ပိုင်းဆိုင်ရာကလည်း သူတို့ဖော်ပြလာတယ်ပေါ့။ သူတို့ နဂိုကတည်းက သဘောတူညီချက်နဲ့ လုပ်တယ်လို့ပဲ ကျနော်မြင်ပါတယ်။"

ဒါပေမဲ့ မြန်မာ့အရေးသုံးသပ်သူ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်က ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg ကတော့ ဒီပြည်ထောင်စုအင်္ဂါစဉ်အသစ်ကြောင့် တပ်မတော်ဘက် ငြိုငြင်စရာဖြစ် လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဒီလိုပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ထားတယ်ဆိုတာ လူမှုရေး နိုင်ငံရေးအရ အဆင့်ဆင့် ဆက်ဆံရာမှာ လွယ်ကူစေဖို့ရည်ရွယ်တဲ့ လုပ်ရိုးလုပ်စဉ် တရပ်ပါ၊ အခက်ကြုံစေဖို့ မဟုတ်ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာ အရေးအကြီးဆုံးက အသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့ဖို့ဖြစ်ပါတယ်။ စစ်တပ်နဲ ASSK ရဲ့NLD အစိုးရတို့အကြား ယုံကြည်မှုဖြစ်ထွန်းရေး သိပ်ကိုအရေးကြီးပါတယ်။ ဒါပေမဲ့ အခုလုပ်လိုက်တဲ့ ကိစ္စတော့ ယုံကြည်မှု ဖြစ်ထွန်းနိုင်မယ့်အခြေအနေ တစုံတရာ မတွေ့ရပါဘူး။"

ဒါအပြင် တပ်မတော်နဲ့ NLD အစိုးရကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရမှာ စိန်ခေါ်မှုတွေ တွေ့လာနိုင်တယ်လို့ ပါမောက္ခ Steinbergက အခုလို ဆက်ပြောပါတယ်။

"တွေ့လာရမယ့် စိမ်ခေါ်မှုတွေကိုပြောရရင် စစ်တက်ကလဲ သူတို့ရသင့်တဲ့ အခန်းကဏ္ဍကို သူတို့ရရှိစေရမယ်၊ NLD နဲ့အရပ်သားတွေ ကလဲ ရွေးကောက်ပွဲနိုင်သူတွေ အဖြစ် သူတို့ရသင့်တဲ့ အခန်းကဏ္ဍကို သူတို့ ရရှိရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်နေရင် အငြင်းအခုံတွေကတော့ ရှိနေမှာပါပဲ။ ဒါပေမဲ့ ဒီအငြင်းပွါးမှုတွေဟာ အကျိုးဖြစ်ထွန်းစေတဲ့ အငြင်းပွါးမှုဖြစ်ဖို့ အပြန်အလှန် ယုံကြည်မှု ရှိဖို့လိုအပ်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့အောင်မြင်မှုကိုလဲ တဖက်က အသိအမှတ်ရမယ် ။ စစ်တပ်ရဲ့အခန်းကဏ္ဍကိုလဲ NLD ဘက်က အသိအမှတ်ပြု ရမှာဖြစ်ပါတယ်။ အဲဒီလိုနည်းနဲ့သာ ယုံကြည်မှုတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အခုလိုကြေညာချက်မျိုးနဲ့ မဖြစ်နိုင်ပါဘူး။"

သမ္မတရုံးရဲ့ Facebook စာမျက်နှာမှာ မနေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက် မှာတော့ ပြည်ထောင်စု အင်္ဂါစဉ်စာရင်းကို ရာထူးအစဉ်လိုက် (၃၈)နေရာဖေါ်ပြထားပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မိုးသီးကြွေမယ့် အခြေအနေ ရှိရင် လယ်ကွင်းတို့ သစ်ပင်အောက် တို့မှာ မနေသင့်ပါ
မြန်မာ နိုင်ငံ တဝန်း မြို့ကြီး ၁၁ မြို့မှာ ဧပြီ ၂၉ ရက်နေ့က အပူချိန် စံချိန် တင်တက် ခဲ့ ပြီး အခု ၅ ရက် အတွင်း ထူးခြား မိုးလေ ဝသ အခြေ အနေ ဖြစ်နိုင် တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒ ဦးစီး ဌာနက သတိပေးချက် ထုတ်ပြန်ထား ပါတယ်။

အဲဒီလို ဖြစ်ခဲ့ရင် မိုးထစ်ချုန်း ရွာတာ လေပြင်း တိုက်တာနဲ့ မိုးသီး ကြွေ မိုးကြိုးပစ်တာ တွေ နိုင်ငံ တဝန်း ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ ၂၉ ရက်နေ့ ကတော့ ရှမ်းပြည်နယ် ဘက်မှာ မိုး ထစ်ချုန်း ရွာပြီး လေပြင်းတွေ တိုက်ခတ်ခဲ့ ပါတယ်။

စံချိန်တင် ပူခဲ့တဲ့ နေရာတခု ဖြစ်တဲ့ နေပြည်တော် မှာတော့ ဧပြီ ၂၉ ရက်နေ့က ထူးခြား မိုးလေဝသ အခြေ အနေ မျိုး မတွေ့ရဘူးလို့ နေပြည်တော်က မိုးလေဝသနဲ့ ဇလ ဗေဒ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင် နိုင်တီယမ်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အခုရက်ပိုင်း အတွင်း မိုးထစ်ချုန်းပြီး လေပြင်းတိုက် မိုးသီးကြွေ တာတွေ ဖြစ်မယ့် အခြေ အနေမျိုး ရှိခဲ့ရင် ခိုင်ခံ့တဲ့ အဆောက် အဦး ထဲ တင်ကြို ဝင်နေကြဖို့နဲ့ လယ်ကွင်းထဲ နေတာ သစ်ပင်အောက် နေတာမျိုး ရှောင်သင့် တယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသ တွေမှာ ပိုပြီး သတိထား သင့်တယ်လို့ လည်း ပြောပါတယ်။

ရာသီဥတု အင်မတန် ပူပြင်းတဲ့ အခါ မိုးတိမ်တောင်တွေ ဖြစ်ပြီး အခုလို ရာသီဥတု အခြေ အနေ မျိုး ကြုံတွေ့ရတတ်ကာ၊ ဇွန်လ မုတ်သုန် မိုးရွာပြီ ဆိုရင်တော့ ခုလို မဖြစ် နိုင်တော့ ဘူးလို့ ဆိုပါတယ်။

မေလ ၁၃ - ၁၄ ရက် အတွင်း မြန်မာ နိုင်ငံ တောင်ပိုင်းကို မုတ်သုန် ဝင်ရောက်နိုင်ပြီး၊ ဇွန်လ ၁၀ ရက်နေ့လောက်မှာတော့ မြန်မာ တနိုင်ငံလုံး မုတ်သုန် ရာသီ ဝင်ရောက်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဦးခေါင်းအစားထိုးခွဲစိတ်မှုကို ကူညီသူ ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov ။
လူ့ ဦးခေါင်းကို အစားထိုးဖို့ အကြံဟာ မဖြစ်နိုင်ဖူးလို့ ထင်ရှားတဲ့ ခွဲစိတ်ဆရာဝန် အများအပြားက တွက်နေကြတုန်းမှာပဲ အီတလီနိုင်ငံသား ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ခွဲစိတ်ဆရာဝန် Sergio Canavero က သူဟာ လာမယ့် ၂၀၁၇ ခုနှစ်မှာ လူ့ဦးခေါင်း အစားထိုး ခွဲစိတ်မှုကို ပထမဆုံး စတင် စမ်းသပ်ဖို့ စီစဉ်ထားဆဲပဲလို့ ပြောကြားလိုက်ပါတယ်။

ကြွက်သားပျက်စီးပြီး အားနည်းတဲ့ ရောဂါတမျိုး ခံစားနေရတဲ့ အသက် ၃၁ နှစ်အရွယ် ရုရှား software ပညာရှင် Valery Spiridonov က သူ့ခွဲစိတ်မှုအတွက် စေတနာနဲ့ အကူညီပေးမှာ ဖြစ်ပါတယ်။ Canavero ရဲ့ အစီအစဉ်အတွက် Mayo ဆေးရုံက အငြိမ်းစား ခွဲစိတ်ဆရာဝန်ကြီး Dr. Michael Sarr အပါအဝင် ဆေးပညာ အသိုင်းအဝိုင်းက ထောက်ခံသူတွေ ရှိနေပါတယ်။

ဒီအစီအစဉ်ဟာ အန္တရာယ် သိပ်ကြီးပေမယ့် သူ့စမ်းသပ်မှုတွေအရ ကျောရိုးက အာရုံကြောမကြီးတွေကို ပြန်ပြီး ဆက်တာဟာ အလုပ်ဖြစ်ကြောင်း တွေ့ရတယ် လို့လည်း သူက ပြောပါတယ်။ Spiridonov ဟာ ရောဂါခံစားနေရတာကြောင့် သူ့ကိုယ်ခန္ဓာက ကြွက်သားတွေကို မလှုပ်ရှားနိုင်သလို သူအသက်ရှည်ဖို့ လမ်းလည်း သိပ်မရှိဘူးလို့ ခန့်မှန်းကြပါတယ်။

ခွဲစိတ်ချိန်ဟာ ၃၆ နာရီလောက် ကြာမြင့်မယ်လို့ ခန့်မှန်းထားပြီး ဖြတ်တောက်ထားတဲ့ သူ့ခေါင်းကို အပူချိန် ၁၂ ဒီဂရီCelsius ဝန်းကျင်မှာ အအေးခံထားမှာပါ။ သူ့ခေါင်းကို ဖြတ်ပြီးတာ နဲ့ ဦးနှောက်သေနေပြီဖြစ်တဲ့ အလှုရှင်ရဲ့ ဦးခေါင်းနဲ့ အမြန်ဆုံး ပြန်ပြီး ဆက်ဖို့ လုပ်မှာ ဖြစ်ပါတယ်။

သူ့ကို တခြားတိရိစ္ဆာန်တွေရဲ့ ဦးခေါင်းတွေကို အစားထိုးကုသပေးခဲ့ဘူးတဲ့ သူတချို့ အပါအဝင် ခွဲစိတ်ဆရာဝန်ပေါင်း တရာနဲ့ တခြား ဆေးဝန်ထမ်း တွေပါတဲ့ အဖွဲ့က အကူညီပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်အပြီးမှာတော့ Spiridonov ကို သီတင်း ၃- ၄ ပါတ်လောက် သတိမေ့ပြီး ကိုမာ ဝင်ရောင်လုပ်ပေးထားမှာ ဖြစ်ပြီး အဲဒီလို လုပ်ထားချိန်မှာ ဆရာဝန်တွေက သူ့ရဲ့ ကျောရိုး အာရုံကြောမကြီးတွေကို ပြန်ဆက်ပြီး အလုပ်လုပ်လာအောင် လုပ်ပေးကြမှာ ဖြစ်ပါတယ်။

ကမ္ဘာတလွှားမှာ တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုး ခွဲစိတ်ကုသမှုတွေ ပုံမှန်လုပ်နေကြပေမယ့် ဦးခေါင်း အစားထိုး မှုကိုတော့ မျောက်တွေမှာပဲ စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီစမ်းသပ်မှုအားလုံးတော့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း သူ့လူနာ Spiridonov ဟာ ခန္ဓာကိုယ် အသစ်နဲ့ အသက်ရှင် နေနိုင်မှာ ဖြစ်သလို ခွဲစိတ်မှုအပြီး တနှစ်အတွင်းမှာပဲ သူဟာ လမ်းပြန်လျှောက်နိုင်မယ်လို့ Canavero က ခန့်မှန်းထားတာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/

 ထိုင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား သန်းနဲ့ချီရှိနေ
ထိုင်းနိုင်ငံရဲ့ ရေထွက်ပစ္စည်းလုပ်ငန်းဆိုင်ရာ အကြီးဆုံး စက်ရုံကြီး တစ်ရုံ ဖြစ်တဲ့ ယူနီယံစက်ရုံက မြန်မာနိုင်ငံက အလုပ်သမားတွေကို ကုန်ကျစရိတ် သက်သက် သာသာနဲ့ ခေါ်ယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ ပါတယ်။

စမွတ်စာခေါန်းခရိုင် မဟာချိုင်း အခြေစိုက် ထိုင်းယူနီယံ ငါးပုဇွန်လုပ်ငန်း စက်ရုံမှာ အလုပ်လုပ်ခွင့်ဗီဇာ သက်တမ်းကုန်တော့မယ့် အလုပ်သမားတွေကို မြန်မာနိုင်ငံကို ပြန်ပို့ပြီးတော့ MOU နှစ်နိုင်ငံ အစိုးရ နားလည်မှုဆိုင်ရာ သဘောတူညီချက်နဲ့ အလုပ်သမားတွေကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် ထိုင်းမှာ ဘတ်ငွေ တစ်သောင်းထက် မကျော်တဲ့ငွေ၊ မြန်မာနိုင်ငံ ဖက်ခြမ်းမှာ ကျပ်ငွေ တစ်သိန်းခွဲထက် မကျော်တဲ့ငွေကို ကောက်ခံနိုင်တယ်လို့ နှစ်ဖက်အစိုးရက အေဂျင်စီ တွေကို ခွင့်ပြုထား ပါတယ်။

အခုလို ထိုင်းယူနီယံ စက်ရုံက ခေါ်ယူတဲ့အတွက် ကုန်ကျစရိတ် တဝက်ကျော် သက်သာသွားတယ်လို့ ရွေ့ပြောင်းအလုပ်သမား အခွင့် အရေးကွန်ရက် MWN အဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်ကျော်က ပြောပါတယ်။

ဗီဇာ ကုန်ကာနီး မြန်မာ အလုပ်သမားတွေကို မြန်မာ နိုင်ငံကို ပြန်ပို့ပေးပြီး ဝန်ဆောင်ခနဲ့ ကုန်ကျ စရိတ်ကို ယူနီယံ စက်ရုံက ပေးတယ်လို့ ဦးအောင်ကျော်က ပြောပါတယ်။

ထိုင်းယူနီယံ စက်ရုံမှာ စက်ရုံခွဲတွေ အများကြီးရှိပြီး အလုပ်သမား နှစ်သောင်းလောက်ရှိတဲ့အတွက် တခြားစက်ရုံတွေလည်း နမူနာယူ လုပ်နိုင်ဖို့ လမ်းစရပြီ လို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

တဖက်မှာတော့ အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် ဗီဇာ သက်တမ်း မကုန်ခင်မှာ မြန်မာနိုင်ငံကို အချိန်မီ မပြန်နိုင်တဲ့သူတွေက နိုင်ငံကူးလက်မှတ်ကို စွန့်လွှတ်လိုက်ပြီး ထိုင်းအစိုးရက ထုတ်ပေးတဲ့ နှစ် နှစ်သက်တမ်းရှိ ပန်းရောင် အလုပ်လုပ်ခွင့် လက်မှတ်ကိုပဲ ကိုင်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

အဲဒီ လက်မှတ်ကိုင်ဆောင်သူ တွေဟာ သူတို့ နေထိုင်ရာ ပြည်နယ်တွေက လွဲပြီး ခရီးသွားလာခွင့်မရနိုင်သလို မြန်မာနိုင်ငံကိုလည်း ပြန်ခွင့် မရှိဘဲ အလုပ်ပြောင်း လုပ်ကိုင်ခွင့်လည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

ထိုင်းငံမှာ တရားဝင်ရော တရားမဝင်ပါ လာရောက် အလုပ်လုပ်နေတဲ့ အလုပ်သမား သုံး သန်းလောက်ရှိမယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

 မြန်မာပြည် မြောက်ပိုင်း ကနေ တောင်ပိုင်း ကို လာတဲ့ ဓါတ်အားလိုင်းက တစ်နေရာမှာ အမှားအယွင်း ရှိ ခဲ့မယ်ဆို ရင် တစ်နိုင်ငံလုံးမှာ မီးပျက်သွားတာ မျိုး ဖြစ်
ပြီးခဲ့တဲ့ ရက်ပိုင်းတွေ မှာ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံ နေရာ အတော်များများမှာ လျှပ်စစ်မီးပြတ်မှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ပါတယ်။

ဧပြီလ ၂၂ ရက်နေ့ နဲ့ ၂၃ ရက်နေ့တွေတုန်းက မြန်မာပြည် အထက်ပိုင်း မှာ ရာသီဥတု ဆိုးဝါး ခဲ့တာကြောင့် ၂၃၀ ကီလိုဝပ် ရှိတဲ့ မဟာ ဓါတ်အားလိုင်းမှာ ချို့ယွင်းမှု တွေ ဖြစ်ပေါ် ခဲ့တာကြောင့် တစ်နိုင်ငံလုံး မီးပျက် ခဲ့တာဖြစ်ကြောင်း ရန်ကုန် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အထွေထွ မန်နေဂျာ အင်ဂျင်နီယာ ဉီးသန့်စင် က ပြောပါတယ်။

မြန်မာပြည် မြောက်ပိုင်း ကနေ တောင်ပိုင်း ကို လာတဲ့ ဓါတ်အားလိုင်းက တစ်နေရာမှာ အမှားအယွင်း ရှိ ခဲ့မယ်ဆို ရင် တစ်နိုင်ငံလုံးမှာ မီးပျက်သွားတာ မျိုး ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်အားပေး စနစ် ချို့ယွင်းမှု ဖြစ်တဲ့ အခါ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ မီးမပျက် ရအောင် အကောင်းဆုံး လုပ်နိုင်မယ့် ပုံစံ က ရန်ကုန်မှာ ဓါတ်အား ဖြန့်ဖြူး တဲ့ စက်ရုံ ၄ ရုံ အပြင် ရန်ကုန်မြို့ ပတ်ဝန်းကျင်မှာ နောက်ထပ် ဓါတ်အားထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက် နိုင်မယ် ဆိုရင် ပြဿနာ တွေ ပြေလည်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

မြန်မာပြည် အထက်ပိုင်းမှာ ရာသီဥတု ဆိုးရွားလို့ ဓါတ်အားလိုင်းမှာ ပြဿနာ တစ်စုံ တစ်ရာ ပေါ်ခဲ့လျှင်လည်း ရန်ကုန်မှာ သီးသန့် ဓါတ်အားပေး စက်ရုံ ရှိတဲ့ အတွက် မြို့ကို အခြေအနေ မပျက် ဓါတ်အားပေး နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန် မြို့ဝန်းကျင်မှာ လျှပ်စစ် ဓါတ်အားထုတ် စက်တွေ ပိုမို တည်ဆောက် မယ်ဆိုလျှင် လည်း ဓါတ်အားပေး စနစ်ဟာ ပိုမို တည်ငြိမ်လာမယ်လို့ ပြောပါတယ်။

ရန်ကုန် မြို့မှာ ဓါတ်အား အသုံးပြုမှု လိုအပ်ချက်ဟာ အမြဲ တိုးမြှင့်လျှက် ရှိနေပြီး ရန်ကုန်ဝန်းကျင်မှာ သဘာဝ ဓါတ်ငွေ့သုံး လျှပ်စစ်အား ထုတ်လုပ်တဲ့ စက်ရုံတွေ တည်ဆောက်နိုင်တာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မြို့က တစ်နိုင်ငံလုံး ဓါတ်အားပေးမှု ရဲ့ ၅၀ ရာခိုင်နှုန်း ကို အသုံးပြုလျှက် ရှိပြီး လက်ရှိ ရန်ကုန်မှာ လျှပ်စစ် ဓါတ်အား ထုတ် နိုင်တာက ၅၀၀ မီဂါဝပ် ရှိပါတယ်။

နောက်ထပ် လျှပ်စစ် ဓါတ်အား ၅၀၀ မီဂါဝပ် ထုတ် နိုင်တဲ့ စက်ရုံ တစ်ခု ရန်ကုန် ဝန်းကျင်မှာ တည်ဆောက် နိုင်မယ်ဆိုလျှင် လျှပ်စစ်ဓါတ်အားပေးမှု ကို တည်ငြိမ်အောင် လုပ် နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဓါတ်အားလိုင်း ပြတ်တောက်မှုတွေကို ပြန်လည် ပြင်ဆင် ခဲ့ပြီ ဖြစ်ပြီးတော့ ရာသီဥတု ဒဏ်ခံခဲ့ရတဲ့ အချို့နေရာတွေ ပြင်ဆင်ဖို့ ကျန်နေသေးတယ်လို့ ပြောပါတယ်။

မဟာဓါတ်အားလိုင်း ကိုတော့ ချက်ချင်း ပြန်လည် ပြင်ဆင်မှု ပြုလုပ် ခဲ့ပြီး ပုံမှန် အတိုင်း ဓါတ်အား ပြန်လည် ပေး နေပြီ ဖြစ်ကြောင်း ရန်ကုန် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အထွေထွမန်နေဂျာ ဉီးသန့်စင် က ပြောကြား ခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Apple အိုင်ဖုန်း အရောင်းကျ
ကမ္ဘာပေါ်မှာ အကျိုးအမြတ်အများဆုံး ကုမ္ပဏီတခုဖြစ်တဲ့ Apple ကုမ္ပဏီဟာ ဒီသီတင်းပတ်တွင်း ရောင်းအား သိသိသာသာ ကျဆင်းသွားပါတယ်။ ဒါဟာ ၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ရောင်းအားကျဆင်းတာဖြစ်တယ်လို့ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Apple ကုမ္ပဏီက ပြောပါတယ်။

တရုတ်စီးပွားရေးကျဆင်းမှုကြောင့် ခုလိုရောင်းအား ကျဆင်းရတာဖြစ်တယ်လို့ ကုမ္ပဏီအကြီးအကဲ Tim Cook က ပြောပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ - ရွေးချယ်စရာ smartphone ဖုန်းတွေ ပို ပိုများလာပြီး ဈေးကွက်မှာ အပြိုင်အဆိုင်ဖြစ်နေတာနဲ့ Apple အနေနဲ့ ပစ္စည်းသစ်တွေ များများမထုတ်နိုင်တာလို တခြား အကြောင်းအချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထောက်ပြကြပါတယ်။

ဒေါ်လာ သန်းပေါင်း ၅ သိန်းကျော် ရင်းနှီးမြှုပ်နှံထားတဲ့ Apple ကုမ္ပဏီအတွက် အခုအခြေအနေက ကြီးမားတဲ့ ဆုံးရှုံးမှုတခု မဟုတ်ပေမဲ့လည်း အကျိုးအမြတ်တွေ နည်းသွားတဲ့အပေါ်မှာ ကုမ္ပဏီတွင်းရင်းနှီးမြှုပ်နှံထားကြသူတွေကတော့ စိုးရိမ်နေကြတာပါ။

ကမ္ဘာတ၀ှမ်း smartphone သုံးတဲ့သူ သန်းပေါင်း ၂ ထောင်ကျော် ရှိပြီး ဒီအထဲက ငါး ယောက်မှာ တယောက်ဟာ Apple ကုမ္ပဏီထုတ် iPhone တွေကို သုံးကြတဲ့သူတွေပါ။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ကုမ္ပဏီသက်တမ်း ၄၀ ပြည့်သွားတဲ့ Apple ကုမ္ပဏီရဲ့ အဓိက အောင်မြင်မှုလည်း ဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုချိန်မှာတော့ အရင်က နောက်ဆုံးထွက် iPhone သစ်တွေကို လူတွေ အကြီးအကျယ် တန်းစီ စောင့်ဝယ်ကြခဲ့ကြတဲ့ iPhone ရဲ့ အရောင်းရဆုံး နေ့ရက်ချိန်တွေ ကုန်ဆုံးလာပုံ ရပါတယ်။

ဒီသီတင်းပတ်တွင်းမှာပဲ Apple ကုမ္ပဏီက သူ့ရဲ့ ရောင်းအားဟာ ၁၃ နှစ်နီးပါး ကာလတွင်း ပထမဆုံးအကြိမ် ကျဆင်းသွားတာလို့ ထုတ်ဖော် ပြောဆိုလိုက်တာဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

လေကြောင်း တိုက်ခိုက်ခံနေရတဲ့ ဆီးရီးယားနိုင်ငံ Aleppoမြို့။ ( ဧပြီ ၂၉၊ ၂၀၁၆)
ဆီးရီးယားနိုင်ငံရဲ့ ဒုတိယမြို့တော် Aleppo ကို ဒီကနေ့မှာလည်း လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်ပါတယ်။ ဆေးရုံတခု ပျက်စီးသွားတဲ့ လေကြောင်း တိုက်ခိုက်မှု တခုဖြစ်အပြီး တရက်အကြာ အခုတိုက်ခိုက်မှုမှာ ဆေးခန်းတခုကို ထပ်ပြီး ထိမှန်ပါတယ်။

ကာလရှည် လူနာတွေနဲ့ သွားဘက်ဆိုင်ရာ ကုသမှုတွေပေးလာတာ ငါးနှစ်ရှိပြီဖြစ်တဲ့ ဆေးခန်းဟာ ဆိုးဆိုးရွားရွား ပျက်စီးသွားပါ တယ်။ ဒဏ်ရာရသူတွေထဲမှာ သူနာပြု တဦးလည်း ပါဝင်ပါတယ်။

Aleppo မြို့ Bab al-Faraj ရပ်ကွက်က ဗလီတခုကို သူပုန်တွေ အမြောက်နဲ့ ပစ်တာကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံး ပြီး ၃၀ ဒဏ်ရာရသွားတယ်လို့ ဆီးရီးယားအစိုးရပိုင် သတင်းဌာနက ပြောပါတယ်။

နောက်ထပ် တိုက်ခိုက်တာတွေရှိလာမှာကို စိုးရိမ်ကြတာကြောင့် သူပုန်တွေ သိမ်းထားတဲ့ ရပ်ကွက်တွေက ဗလီတွေမှာ သောကြာ နေ့ ၀တ်ပြုပွဲတွေကို ရပ်ဆိုင်းထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တိုက်ခိုက်မှုတွေကြောင့် လူ ၅၄ ယောက်သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအခြေအနေ စောင့် ကြည့်လေ့လာရေး အဖွဲ့က ပြောခဲ့ချိန် ကတည်းကဆိုရင် ကြာသပတေးနေ့ဟာ Aleppo မှာ အသေအပျောက် အများဆုံးနေ့ ဖြစ်ပါတယ်။

အစိုးရထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေကို သူပုန်တွေက ဒုံးကျည်တွေ၊ အမြောက်တွေ နဲ့ပစ်ပြီး အစိုးရကလည်း သူပုန်တွေ ရှိတဲ့နေရာတွေကို လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နေတာကြောင့် ဒီသီတင်းပတ်အတွင်း Aleppo မှာ အရပ်သား ၂၀၀ ထက်မနည်း သေဆုံးထားပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုရီးယားနွယ်ဖွား Kim Dong Chul ကို ရုံးထုတ်လာစဉ်။ (ဧပြီ ၂၉၊ ၂၀၁၆)
မြောက်ကိုရီးယားအစိုးရက ဖမ်းဆီးထားတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်နိုင်ငံသား တဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းက မြောက်ကိုရီးယားရဲ့ စစ်ဘက်ဆိုင်ရာ လျှို့ဝှက် အချက်အလက်တွေ ကို သူ ခိုးယူခဲ့ပါတယ်လို့ ၀န်ခံခဲ့တဲ့ အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုရီးယားနွယ်ဖွား Kim Dong Chul ကို ဒီကနေ့မှာပဲ မြောက်ကိုရီးယား တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

မြောက်ကိုရီးယားအစိုးရရဲ့ ၀ါဒဖြန့် နဖူးစည်း စာတမ်းတခုကို သူ ခိုးယူခဲ့ပါတယ်လို့ အမေရိကန်ကျောင်းသား Otto Warmbier က ၀န်ခံခဲ့ပြီး သီတင်းတပတ်အကြာမှာ Chul ရဲ့ ၀န်ခံချက် ထွက်လာတာပါ။

Otto Warmbier ကတော့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရပါတယ်။ လေ့လာစောင့်ကြည့်သူတွေကတော့ သူတို့နှစ်ဦးစလုံးဟာ အတင်းအဓမ္မ ဝန်ခံခိုင်းတာခံ ခဲ့ရတာဖြစ်နိုင်တယ် လို့ ပြောကြပါတယ်။

မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေကို အံတုတဲ့ အနေနဲ့ နျူကလီးယားလက်နက် စမ်းသပ်မှုတွေနဲ့ တာဝေးပစ်ရော့ကတ် ဒုံးကျည် စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ မြင့်မားနေချိန်မှာပဲ အခုလို အမေရိကန်နိုင်ငံသားနှစ်ဦး ကို ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်လိုက်တာဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
http://burmese.voanews.com

[youtube src="2A7ED5XKsB4"/]
ဒေါ်လာငွေဈေးတက်လို့ အီဂျစ်နိုင်ငံတွင်း ကုလားအုတ်ဈေးတွေ စံချိန်တင်လောက်အောင်ထိုးတက်ပြီး ဈေးတွေ ၂ ဆ လောက်ကြီးသွားပါတယ်။ ကုလားအုတ်အရောင်းအ၀ယ်ဈေးကွက်မှာ သီတင်းတပတ်ကို ဒေါ်လာသန်းချီတဲ့ ဝင်နေပါတယ်။ AP သတင်းကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

VOA Burmese
http://burmese.voanews.com

သမ္မတဦးထင်ကျော်ပြီးလျှင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်၏ နံပါတ် ၂ ခေါင်းဆောင်နှင့်အကြီးအကဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြီးမှသာလျှင် ဒုတိယသမ္မတ ၂ ဦးက အသီးသီးနေရာတွင်ရှိနေကြောင်း သမ္မတရုံး၏ ပြည်ထောင်စုအင်္ဂါစဉ် သတ်မှတ်ချက် ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။နိုင်ငံတော်သမ္မတရုံး၏ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက် ထုတ်ပြန်မှုမှာ အောက်ပါအတိုင်းအဖြစ်သည်။

"နိုင်ငံတော်သမ္မတရုံးမှ ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက်"

နိုင်ငံတော်သမ္မတရုံးမှ ဧပြီ ၂၇ ရက်စွဲဖြင့် ပြည်ထောင်စုအင်္ဂါစဉ်သတ်မှတ်ချက်အား ထုတ်ပြန်ခဲ့သည်။ယင်းထုတ်ပြန်ခဲ့သော ပြည်ထောင်စုအင်္ဂါစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

ပြည်ထောင်စုအင်္ဂါစဉ်

၁ နိုင်ငံတော်သမ္မတ
၂ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
၃ ဒုတိယသမ္မတ (၁)
၎ ဒုတိယသမ္မတ (၂)
၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
၆ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
၇ ပြည်ထောင်စုတရားသူကြီးချုပ်
၈ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၉ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ
၁၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ
၁၁ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၁၂ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ
၁၃ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ
၁၄ ပြည်ထောင်စုဝန်ကြီးများ
၁၅ ပြည်ထောင်စုရှေ့နေချုပ်
၁၆ ပြည်ထောင်စုစာရင်းစစ်ချုပ်
၁၇ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ
၁၈ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
၁၉ ဝန်ကြီးချုပ်များ
၂၀ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
၂၁ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)
၂၂ တပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီးများ
၂၃ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ
၂၄ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ
၂၅ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ
၂၆ ဥပဒေကြမ်းကော်မတီ
၂၇ ပြည်သူ့ငွေစာရင်းကော်မတီ
၂၈ လွှတ်တော်အခွင့်အရေးကော်မတီ
၂၉ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ
၃၀ တိုင်းမှူးများ
၃၁ ဒုတိယဝန်ကြီးများ
၃၂ ဒုတိယရှေ့နေချုပ်
၃၃ ဒုတိယစာရင်းစစ်ချုပ်
၃၄ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ
၃၅ နေပြည်တော်ကောင်စီဝင်များ
၃၆ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ
၃၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌများ
၃၈ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးများ

ဧရာဝတီ၊
The Irrawaddy (Burmese Version)

အမှန်အတိုင်းဆိုရလျှင် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သေချာစွာ လေ့လာဖတ်ရှုသူ နည်းသည်။ ထိုကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော အချို့ မြုပ်ကွက်များကို လူအများ သတိမမူမိကြပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၂၁၇တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပြည်ထောင်စု၏ အုပ်ချုပ်မှု အာဏာသည် နိုင်ငံတော် သမ္မတ၌ တည်ရှိသည်။

ဤစကားရပ်ကြောင့် ပြည်ထောင်စုလွှတ်တော်သည် အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အား လည်းကောင်း၊ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအား လည်းကောင်း တာဝန်နှင့် လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မပြုနိုင်ဟု မမှတ်ယူရ။ ထို့ပြင် ယင်းစကားရပ်ကြောင့် တည်ဆဲ ဥပဒေများအရ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်အားဖြစ်စေ၊ သက်ဆိုင်ရာ အာဏာပိုင် ပုဂ္ဂိုလ်တစ်ဦးဦးအားဖြစ်စေ အပ်နှင်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို နိုင်ငံတော် သမ္မတအား လွှဲပြောင်းပေးအပ်သည်ဟုလည်း မမှတ်ယူရဟု ပါရှိသည်။

ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွှတ်တော်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ခန့်အပ်နိုင်ရေး ဥပဒေကြမ်း အဆိုတင်သွင်းခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ပြီး မဲမပေး မထိုင်ဘဲ မတ်တပ်ရပ် ဆန္ဒပြခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက ထိုင်ခိုင်းရသည်အထိ ဖြစ်ခဲ့သည်။ ပြောရလျှင် ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၇သည် ယခင်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတစ်ယောက် ၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန်၏ အပေါ်တွင် နေနိုင်ရန် ထည့်သွင်းရေးဆွဲခဲ့သော ပုဒ်မဖြစ်သည်။ ယခုတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကြီးစိုးထားသော လွှတ်တော်က ထိုပုဒ်မကို အသုံးပြုပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရန် လုပ်ဆောင်လာခြင်းမှာ ဦးသန်းရွှေအဖို့ သူ့အရိုးနှင့်သူ အထိုးခံရခြင်း ဖြစ်သည်။

ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ဦးသန်းရွှေသည် သမ္မတ အတိုင်ပင်ခံ အဖွဲ့ကို လူငါးဦးနှင့် ဖွဲ့စည်းရန် စနစ်တကျ ကြံစည်ခဲ့ပြီးဖြစ်သည်။ ထိုကြောင့်လည်း အတိုင်ပင်ခံ ကောင်စီရုံးပင် နေပြည်တော်၌ ထည့်သွင်းဆောက်လုပ်ထားသည်ကို Tomorrow ဂျာနယ်က လွန်ခဲ့သည့်နှစ်အတွင်း ဖော်ထုတ်ရေးသားခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က ဒုတိယလူဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက သဘောမတူ ကန့်ကွက်ပြီး အဝေးသို့ ထွက်ခွာသွားသဖြင့် ဦးသန်းရွှေ တစ်ယောက် စာဖတ်သူကြီးဘ၀ ရောက်ခဲ့ရခြင်းဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြီးခဲ့သည့် ပြည်ခိုင်ဖြိုးပါတီဝင်များ ကြီးစိုးသော လွှတ်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဥပဒေကြမ်း (သို့မဟုတ်) နိုင်ငံတော် အတိုင်ပင်ခံ ကောင်စီဥပဒေကြမ်းကို တင်သွင်းကြပြီး ဦးသန်းရွှေသည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာမည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လျှို့ဝှက်ရှုပ်ထွေးစွာ ရေးဆွဲထားသော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ဂယ်ပေါက်များကို အမိအရ ရှာဖွေနိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ချီးကျူးရမည် ဖြစ်သည်။ အချို့ကတော့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ်က အဓိက လူတစ်ယောက်ဖြစ်ပြီး ယခုအခါ ပြည်ခိုင်ဖြိုးပါတီမှ အရာကျနေသည့် သူရဦးရွှေမန်း လက်ချက်ဟု ပြောဆိုနေကြသည်။ မှန်သင့်သလောက်တော့ မှန်သည်။ သူရဦးရွှေမန်းသည် ဦးသန်းရွှေ၏ အနီးကပ် လူယုံဖြစ်သဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တမင်ထည့်သွင်းထားသော ဂယ်ပေါက်များကို သိသူဖြစ်သည်။ သို့သော်လည်း တပ်မတော်သား ကိုယ်စားလှယ်များကို ယခုအထိ မစည်းရုံးနိုင်သေးသည်ကတော့ ပြဿနာတစ်ခု ဖြစ်နေသည်။ လွှတ်တော်ချယ်နယ်ကို ယခုအခါ ကြည့်ရှုသူ များပြားလာပြီး တပ်မတော်သား ကိုယ်စားလှယ်များ အနေဖြင့် ဗီလိန်နေရာသို့ တဖြည်းဖြည်း ရောက်ရှိနေကြသည်။ လွှတ်တော်နှင့် အစိုးရ အနေဖြင့် အချို့ အမြီးအမောက် မတည့်သေးသည့် ကိစ္စရပ်များကို အလောတကြီး မလုပ်မိစေရန် သတိချပ်သင့်သည်။ ယခုအချိန်အထိ တပ်မတော်နှင့်လွှတ်တော်၊ တပ်မတော်နှင့် အစိုးရအကြား ယုံကြည်မှု မတည်ဆောက် နိုင်သေးသည်ကိုလည်း တွေ့မြင်နေရသည်။ ထိုကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ထိုင်းနိုင်ငံကဲ့သို့ တပ်မတော်မှ အကြိမ်ကြိမ် အာဏာသိမ်းနိုင်သည့် အရေးကိုလည်း မျှော်တွေးထားသင့်သည်။ ၁၉၃၂ခုနှစ်မှ ၂၀၁၄ခုနှစ်အထိ ၈၂နှစ်အတွင်း ထိုင်းနိုင်ငံတွင် အထွေထွေ ရွေးကောက်ပွဲ ၂၅ကြိမ် ကျင်းပခဲ့ပြီး တပ်မတော်က ၁၉ကြိမ် အာဏာသိမ်းခဲ့ရာ ၁၂ကြိမ် အောင်မြင်ခဲ့သည်။ ထိုင်းနှင့်မြန်မာ မတူညီသည့် အချက်မှာ ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသော်လည်း တောခိုသူပုန်ထမည့်သူ မရှိဘဲ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပါက တောခိုသူပုန်ထမည့် သူများသဖြင့် မြန်မာနိုင်ငံတွင် နောက်တစ်ကြိမ် အာဏာသိမ်းလျှင် ဆီးရီးယားကဲ့သို့ တိုင်းပြည် မီးဟုန်းဟုန်းတောက်သွားမည်ကို စိုးရိမ်မိပါသည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ယခုမှ ပြဋ္ဌာန်းပြီးဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ယခုမှ ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေဖြင့် နိုင်ငံ့အရေးကို မည်သို့ဆောင်ရွက်သွားမည်ကိုလည်း စောင့်ကြည့်ရန် လိုပါသေးသည်။ ထိုသို့သော အခြေအနေတွင် အဆိုပါ ဥပဒေကို ကလေးဆိုးကြီး ဥပဒေဟု အမည်တပ်ကာ တပ်မတော်မှ အာဏာသိမ်းရန် အင်တာနက်ပေါ်တွင် လှုံ့ဆော်နေသူများကလည်း ရှိနေပါသည်။ စာရေးသူ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို လက်ရှိ အခြေအနေထက် မြင့်မားတိုးတက်အောင် စွမ်းဆောင်နိုင်မည့်သူဟု ယုံကြည်မိသည်။ အစိုးရသစ် အနေဖြင့် မည့်သည့်စွမ်းဆောင်ချက်မှ မပြုလုပ်ရသေးမီ အစိုးရသက်တမ်း တစ်လသားသာ ရှိသေးသည့် အချိန်တွင် လက်ဆုပ်လက်ကိုင် မပြနိုင်သေးသော အင်အားစု တစ်ချို့က အမည်မျိုးစုံပေး ကင်ပွန်းတပ်ကာ တိုက်ခိုက်နေခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

စာရေးသူ မေတ္တာရပ်ခံလိုသည်မှာ ရွေးကောက်ခံ ကိုယ်စားလှယ်များရော တပ်မတော်သား ကိုယ်စားလှယ်များပါ နိုင်ငံ့အကျိုးအတွက် လွှတ်တော်အတွင်း စုဝေးနေကြခြင်း ဖြစ်ပါသည်။ နှစ်ဦးနှစ်ဘက် တိုင်းပြည်အကျိုးအတွက် လက်တွဲ ဆောင်ရွက်စေလိုပါသည်။ တစ်ဖက်မှ တင်သော အဆိုတိုင်းကို တစ်ဖက်မှ ကန့်ကွက်ရမည်ဟူသော တရားသေ ပုံသေကားချပ် ဖော်မြူလာဖြင့် ကန့်ကွက်ချည်းနေ၍ တိုင်းပြည်အတွက် အလုပ်မဖြစ်နိုင်ပါ။ တိုင်းပြည်အကျိုးရှိမည့် ကိစ္စများတွင် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ ထိုသို့သော ဆက်ဆံရေး ဖြစ်ထွန်းရန်အတွက် နှစ်ဖက်ခေါင်းဆောင်များ အမြင်ကြည် ညီညွတ်ရန် လိုပါသည်။ ယခု ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ်ခန့်မှ ကန့်ကွက်ခဲ့သည် ဆိုပါလျှင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၁၇သည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရေးဆွဲခဲ့သည့် ဥပဒေ မဟုတ်ပါ။ ဦးသန်းရွှေ အကျိုးကို မျှော်ကိုးပြီး ရေးဆွဲခဲ့သည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံ့အကျိုးကို မျှော်ကိုးပြီး ကောက်စားလိုက်ခြင်းပင် ဖြစ်ပါသည်။ နောက်ဆုံးမတော့ ဘယ်သူမပြုမိမိမှု ဟူသော မြန်မာစကားပုံ အတိုင်းသာ မိမိပြုခဲ့သည့် အကျိုးတရားကို မိမိခံစားရခြင်းသာ ဖြစ်သည်ဟု တရားသဘောဖြင့် နှလုံးသွင်းရင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် တိုင်းပြည်အတွက် မည်သို့လုပ်ကိုင် ဆောင်ရွက်သွားမည်ကိုသာ စောင့်ကြည့်ပြီး တိုင်းပြည်အကျိုးအတွက် လွှတ်တော်ရော အစိုးရကပါ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ၀န်းရံသင့်သည်ဟု ထင်မြင်မိပါတော့သည်။

လက်စောင်းထက်
Tomorow
http://tomorrow.com.mm/?q=articles%2F2485