မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိတွင် ၁၀ ရာခိုင်နှုန်း ကျော်လာပြီ ဖြစ်သဖြင့် တရားလွန် မြင့်တက်မှု မဖြစ်စေရေး ထိန်းကျောင်းရန် လိုအပ်ဟု ဆို

ရန်ကုန်မြို့ မြို့နယ်တစ်ခု အတွင်းရှိ ညနေဈေးတန်းကို ဇူလိုင်လ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လက်ရှိ အချိန်တွင် ၁၀ ရာခိုင်နှုန်းကျော် ရှိလာပြီဖြစ်ကြောင်း၊ တိုင်းပြည်၏ GDP တက်လာပါက ငွေကြေးဖောင်းပွမှုကို ပြန်ကာမိကြောင်း၊ သို့သော်လည်း ငွေကြေး ဖောင်းပွမှု တရားလွန် မမြင့်တက်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဦးသန်းလွင်က ပြောကြားခဲ့သည်။

“ငွေကြေးဖောင်းပွမှုက တက်လာတာ မှန်တယ်။ ၁၀ ရာခိုင်နှုန်း ကျော်လာပြီ။ ငွေကြေးဖောင်းပွမှု တက်တိုင်း ကောင်းတယ် မကောင်းဘူး သုံးသပ်တယ်။ တိုင်းပြည်ရဲ့ GDP တိုးတက်လာတယ်ဆို ငွေကြေး ဖောင်းပွမှုကို ပြန်ကာမိတယ်။ GDP ရှစ်ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း တိုးတက်တယ်။ ငွေကြေးက ၁၁ ရာခိုင်နှုန်းဆို သိပ်မထောင်းသာဘူး။ ဘာလို့ဆို GDP က တက်နေတာကိုး” ဟု ဦးသန်းလွင်က ပြောကြားခဲ့သည်။

“စီးပွားရေးတက်ရင် ငွေကြေးဖောင်းပွမှု လိုက်မီအောင် လစာစရိတ်တွေ အထိုက်အလျောက် တက်ရတာ ရှိတယ်။ အထည်အလိပ် လုပ်ငန်းတွေ ဘာပဲပြောပြော လစာလေးတွေ တက်တာတွေ့တယ်။ အလုပ်သမား ရှားပါးမှုကြောင့် အလုပ်သမားတွေအတွက် ဖယ်ရီစနစ်ပါ လုပ်ပေးနေတယ်။ အများအားဖြင့် နိုင်ငံခြား ရောက်ကုန်တာကိုး။ ပြည်ပကနေ ပြန်လာတဲ့လူတွေ ရှိတယ်။ လစာကောင်းကောင်း ပေးခေါ်တာ ရှိတယ်။ လိုအပ်ချက်ကြောင့် တက်လာတတ်လာတာပေါ့။ တစ်ဖက်က ဖောင်းပွမှုဖြစ်တိုင်း မကောင်းဘူး ဆိုတာ ချက်ချင်းပြောလို့ မရဘူး။ Deflation ဖြစ်ရင်တော့ ပြန်တည့်မတ်လာဖို့ ငါနှစ်လောက် ကြာတယ်။ Inflation ဖြစ်တာက ချက်ချင်း ကုစားလို့ ရတယ်။ ဗီယက်နမ်မှာ ဖြစ်တော့ အစိုးရ ဘတ်ဂျက်ကို ဇီးရိုးပြလိုက်တာ Inflation ချက်ချင်း ထိုးကျသွားတယ်။ ငွေကြေး ဖောင်းပွတာလည်း တရားလွန် မတက်ဖို့ပဲ လိုတယ်” ဟု ဘဏ်လုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် ဦးသန်းလွင်က သုံးသပ် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် ဇွန်လအတွင်း တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၂ ဒသမ ၁၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ တစ်နှစ်ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း ၁၁ ဒသမ ၉၅ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက ဆက်လက် မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်း အဖွဲ့မှ ထုတ်ပြန်ထားသည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ပထမ ကာလတို (၅)နှစ် စီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ) ကာလတွင် တိုးတက်ခဲ့ခြင်းကြောင့် ဒုတိယ ကာလတို ငါးနှစ် စီမံကိန်း (၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်)တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျစေရေးအတွက် ဘဏ္ဍာရေး မူဝါဒ၊ ငွေကြေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် နိုင်ငံခြားငွေထိန်းချုပ်ရေး မူဝါဒများအပေါ် အခြေခံ၍ ငွေကြေးဖောင်းပွမှုနှုန်း ထိန်းချုပ်ရေး ကိစ္စရပ်များအား မဖြစ်မနေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ADB ၏ “အာရှ၏ အလားအလာ အစီရင်ခံစာ-၂၀၁၆” က မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
Writer:
နီလာ
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.