ဒီမိုကရေစီ သက်ဆိုးရှည်စေဖို့

ဇူလိုင်လ ၃ရက်နေ့က သြစတြေးလျနိုင်ငံမှ သူငယ်ချင်းတယောက်က ဖေ့စ်ဘွတ်ပေါ်တွင် အောက်ပါအတိုင်း ပြောလာပေ၏။

''ဒီနေ့ Australia နိုင်ငံ အစိုးရရွေးချယ်ပွဲမှာ မဲပေးခဲ့ရတယ်။ မြန်မာပြည်လို တံဆိပ်တုံးလည်းမနှိပ်ရ၊ ကိုယ်ကြိုက်တဲ့ပါတီ အမည်လေးဘေးက လေးထောင့်ကွက်ထဲမှာ ခဲတံလေးနဲ့အမှတ်ခြစ်လိုက် ရုံပါပဲ။ မဲစာရင်းမပါလို့ ငိုစရာလည်းမလို ဓာတ်ပုံပါတဲ့သက်သေခံ ကတ်ပြားပြပြီး နေရပ်လိပ်စာပြလိုက်ရင် မဲပေးခွင့်ရပါတယ်။ နိုင်ငံသားတိုင်း မဲပေးရမယ်၊ ပျက်ကွက်ရင် ဒဏ်ငွေဆောင်ရမယ်တဲ့လေ၊ မဲရုံညနေ ၆ နာရီပိတ်ပြီး အခုမဲတွေရေတွက်နေတာကို TV ကနေမြင်နေရပြီး ကြိုတင်မဲဆိုတာတွေ ကားကြီးတွေနဲ့လည်း ရောက်မလာကြပါဘူး။ နိုင်ငံရေး ကျွမ်းကျင်သူတွေကတော့ အနိုင်ရမယ့်ပါတီကို ခန့်မှန်းပြောဆိုနေကြတာ ကိုလည်း မြင်နေရပါတယ်။ ဘယ်ပါတီနိုင်မှာလဲ မကြာမီ သိရတော့မှာပါ။ အနိုင်ရပါတီခေါင်းဆောင်ကို ရှုံးတဲ့ ပါတီခေါင်းဆောင်က Congratulations လုပ်တာလည်း ဒီမိုကရေစီနိုင်ငံရဲ့ အလေ့အကျင့်တခုပါပဲ''ဟု ရေးသား ထားလေသည်။ ထိုအခါ ကျွန်တော်တို့သိရသည်မှာ သူများနိုင်ငံက ရွေးကောက်ပွဲများနှင့် ဒီမိုကရေစီအလေ့ အထများ ဖြစ်သည်။ လူတိုင်းလွယ်ကူစွာ မဲပေးနိုင်ရန် ဆောင်ရွက်ထားခြင်း၊ နိုင်ငံသားတိုင်း မဲပေးရမည့်တာဝန် ကို ထမ်းဆောင်ချင်လာအောင် မဲမပေးသူ ဒဏ်ငွေဆောင်ရမည့်စနစ်ဖြင့် ထိန်းချုပ်ထားတာကိုလည်း သတိပြု မိသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် လူပြောများလှသော ကြိုတင်မဲစနစ်ကိုလည်း ကင်းဝေးအောင် ဆောင်ရွက်ထားကြတာလည်း အတုယူစရာကောင်းသည်။ စင်စစ်မြန်မာနိုင်ငံသည်ကား ၁၉၆၂ မှစကာ နှစ်ပေါင်းငါးဆယ်ခန့် ဒီမိုကရေစီအလေ့ အထများ ပျက်သုဉ်းခဲ့သည်ဖြစ်ရာ အရာရာသည် စည်းကမ်းတကျ မဖြစ်ဘဲ ဖရိုဖရဲဖြစ်နေဆဲသာ ဖြစ်သည်။ တိုင်းသူပြည်သားများဘက်ကရော၊ အစိုးရဘက်ကရော ဒီမိုကရေစီ မဆန်သော အပြုအမူအကျင့်အကြံတို့ ရှိနေသေးတာ မကြာခဏတွေ့ရလေသည်။

ဒီမိုကရေစီ၏ဆန့်ကျင်ဘက်မှာ အာဏာရှင် စနစ်ဖြစ်ရုံသာမက၊ ဒီမိုကရေစီ၏ဆန့်ကျင်ဘက်မှာ လူအုပ်ဖြင့် အကြမ်းဖက်ရမ်းကားသော မော့ဘိုကရေစီဝါဒ (Mobocracy) ဖြစ်သည်။ လူအများစုဖြင့် ရမ်းကားခြင်းကို ဒီမိုကရေစီဟုမခေါ်ဘဲ မော့ဘိုကရေစီ (Mobocracy) ဟု ခေါ်သည်။ မော့ဘိုကရေစီကို ဒေါက်တာဘဟန် (M.A.,Phd., D.Litt) ပြုစုသော အင်္ဂလိပ်မြန်မာအဘိဓာန်၌ ၁။ ရုန်းရင်းခတ်ပြုသူတို့ ထကြွသူလူစု၊ ရုန်းရင်း ခတ်ပြုသူတို့ ထကြွသူလူစုအုပ်ချုပ်ခြင်း၊ ရုန်းရင်းခတ်ပြုသူတို့ ထကြွသူလူစု အုပ်ချုပ်နည်း။ ၂။ လူညံ့စု၊ အောက်တန်းစားလူစု၊ တရားမရှိ ဓားမရှိလူစုဟု ရေးသားထားပါသည်။ Webster’s New Collegiate Dictionary တွင် mobocracy ကို 1: rule by the mob 2: the mob as a ruling class ဟု ရေးသား ထားပါသည်။ ဒီမိုကရေစီ၏ ဆန့်ကျင်ဘက်သည် မော့ဘိုကရေစီဖြစ်ပါသည်။ မော့ဘိုကရေစီအားကောင်း လာလျှင် ဒီမိုကရေစီပျောက်ကွယ်တတ်ပါသည်။ ထို့ကြောင့် ဒီမိုကရေစီ၏ဆန့်ကျင်ဘက်မှာ အာဏာရှင်စနစ် တခုတည်းသာမဟုတ်ဘဲ မော့ဘိုကရေစီဝါဒလည်း ပါဝင်ပါသည်။ မော့ဘိုကရေစီဆိုသည်မှာ အဘယ်နည်းဟူမူ ပြဿနာတရပ် အငြင်းပွားမှုတရပ်၊ ဖြစ်လာလျှင် ဥပဒေကြောင်းအရ နည်းမှန်လမ်းမှန် ယဉ်ယဉ်ကျေးကျေး အေးအေးချမ်းချမ်းမဖြေရှင်းဘဲ သွေးဆူနေဆဲအခိုက်ဝယ် လူအုပ်ဖြင့် ဥပဒေပြင်ပမှ စိတ်လိုက်မာန်ပါ ဖြေရှင်းကြ သောလုပ်ရပ်ဖြစ်သည်။ ထိုလုပ်ရပ်မျိုးသည် ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ပညာတတ်ပေါများသော၊ ယဉ်ကျေးသော လူ့အသိုင်းအ၀ိုင်းတို့တွင် အဖြစ်နည်းသည် (သို့မဟုတ်) လုံးဝမဖြစ်သလောက်နီးပါးရှိသည်။ ခါးပိုက်နှိုက် တယောက်ကို လူအုပ်က၀ိုင်းရိုက်သဖြင့် သေသွားသောအဖြစ်မျိုး၊ ယာဉ်တိုက်မှုတခုဖြစ်ပွားရာတွင် ကားမောင်း သူကို လူအုပ်က၀ိုင်းရိုက်တာမျိုး အင်္ဂလန်၊ ဂျာမဏီ၊ ပြင်သစ် စသော ဒီမိုကရေစီရင့်ကျက်နေသောနိုင်ငံများမှာ တွေ့ရလေ့ရှိမည်မဟုတ်ပါ။ ထိုအဖြစ်မျိုးသည် ပညာရည်နိမ့်ကျသောနိုင်ငံများတွင် အဖြစ်များပါသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ အီရတ်၊ လစ်ဗျား၊ လိုက်ဘေးရီးယား၊ ရ၀မ်ဒါ၊ ဆိုမာလီ စသော နိုင်ငံများတွင် အဖြစ်များပါသည်။ ခြွင်းချက်အဖြစ် အမေရိကန်ပြည်ထောင်စု ဖာဂူဆန်မြို့ကလေးတွင် ဆယ်ကျော်သက် လူမည်းကောင်လေးတယောက်ကို ရဲကပစ်သတ်ခဲ့သောကြောင့် လူအုပ်ဖြင့် ဆူပူအကြမ်းဖက် မှု ဖြစ်ပွားခဲ့သေးသည်။

သို့သော် ထိုကိစ္စမျိုးသည် မြန်မာနိုင်ငံတွင်လည်း တစတစနှင့် ဖြစ်ပွားလာပါသည်။ ထိုသို့ဖြစ်ရသော အဓိက အကြောင်းအချက်မှာ ဥပဒေစိုးမိုးမှုအားနည်းခြင်း၊ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေခြင်း၊ ရဲတပ်ဖွဲ့သည် အားကိုးလောက်ဖွယ်မရှိခြင်း၊ ဗျူရိုကရေစီယန္တရားအဆင့်ဆင့်တွင် အဂတိလိုက်စားမှုကြီးမားစွာ အမြစ်တွယ် နေခြင်း၊ တိုင်းသူပြည်သားများ ပညာရေးတွင် နိမ့်ကျခြင်းတို့ဖြစ်သည်။ ဥပမာ ယာဉ်တိုက်မှုတခုဖြစ်သည် ဆိုပါစို့၊ ယာဉ်မောင်း၏အမှားကြောင့် လူများစွာ(သို့မဟုတ်) လူအချို့ အသက်သေခဲ့သည် ဆိုပါစို့။ ဒီမိုကရေစီထွန်းကား သော ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် လုပ်လေ့ရှိသောအလုပ်မှာ ရဲကိုဖုန်းဆက်ခေါ်ခြင်း ဖြစ်သည်။ ရဲက ထိုဖြစ်စဉ်ကို သတင်းတိုင်ကြားချက်လက်ခံရရှိသည်နှင့်တပြိုင်နက် အရေးပေါ်လူနာတင်ယာဉ်ကိုပါ လှမ်း၍အကြောင်းကြား ခေါ်ယူပါမည်။ အချို့ ရဲဌာနများတွင် အရေးပေါ်လူနာတင်ယာဉ်ပါ ပူးတွဲထားရှိပါသည်။ အခင်းဖြစ်ရာသို့ရောက် လျှင် လူနာကို ဆေးရုံသို့လည်းကောင်း၊ သေဆုံးပြီးဖြစ်လျှင် ရင်ခွဲရုံသို့လည်းကောင်း ပို့ပါမည်။ အမှုဖြစ်သော ကားဆရာကို ရဲစခန်းသို့ခေါ်၍ စစ်ချက်ယူပါမည်။ အာမခံပေး၍ရသောအမှုဆိုလျှင် အာမခံပေးပါမည်။ အမှုကို တော့ တရားရုံးသို့ ပို့ဆောင်ပြီး ဥပဒေကြောင်း အရစစ်ဆေးစီရင်ပါမည်။ လူသေသော်လည်း ဒရိုက်ဘာ၏ အပြစ်မဟုတ်ဘဲ သူ့ကိုယ်သူသတ်သေရန် ကားအောက်သို့ဝင်ခြင်း၊ လမ်းဖြတ်မကူးရနေရာဖြစ်သော ဟိုင်းဝေး လမ်းမလိုနေရာမျိုးတွင် လမ်းဖြတ်ကူး၍သေ ခြင်းမျိုးဖြစ်လျှင် ကားဆရာကို အမှုမှအပြစ်မရှိဟုဆုံးဖြတ်၍ ကွင်းလုံးကျွတ် လွှတ်ပါမည်။ ပေါ့ဆမှုကြောင့် လူသေခဲ့သောပြစ်မှုဖြစ်လျှင် ကားဆရာကို ထိုက်သင့်သော ပြစ်ဒဏ်စီရင်ပါမည်။ ဤကဏ္ဍတွင် ဥပဒေလမ်းကြောင်းအတိုင်းသာ သွားသည်ဖြစ်၍ ဒရိုက်ဘာထွက်ပြေးခြင်း၊ ရပ်ကွက်ထဲမှ လူများဝိုင်းရိုက်ခြင်း စသောကိစ္စများ ဖြစ်ပေါ်လာစရာမရှိတော့ပေ။ ခါးပိုက်နှိုက်တယောက်၊ သူခိုး တယောက် ဖမ်းမိရာတွင်လည်း ဤနည်းနှင်နှင် ဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သူခိုးမိလျှင် ရဲလက်အပ်လိုက် ခြင်းသာရှိပြီး မည်သူကမျှ ၀ိုင်းဝန်းရိုက်နှက်ခြင်း၊ ဆွမ်းကြီးလောင်းခြင်း စသော ဥပဒေမဲ့လုပ်ရပ်များတွင် မပါဝင် ကြပေ။

ဘာသာရေးကိစ္စများတွင်လည်း ဤနည်းနှင်နှင်ဖြစ်သည်။ မည်သည့်ဘာသာမှဖြစ်စေ ပတ်ဝန်းကျင်ပြည်သူလူထု နားမခံသာအောင် ကျယ်လောင်သော အသံချဲ့စက်များဖြင့် ဖွင့်လှစ်နေပြီဆိုလျှင် တားမြစ်ရမည်က ရဲတပ်ဖွဲ့၏ တာဝန်ဖြစ်သည်။ ဥပဒေအရ ခွင့်ပြုမထားသည့် ဘာသာရေးအဆောက်အဦတခု ရပ်ထဲရွာထဲတွင် ပေါ်ပေါက် နေပြီဆိုပါက ရဲကို အကြောင်းကြားရုံပဲဖြစ်သည်။ ထိုအခါ ရဲတပ်ဖွဲ့သည် ဥပဒေနှင့်အညီ ဆောက်လုပ်ခြင်း ဟုတ်မဟုတ် စစ်ဆေးကြည့်ရှုပြီး ဥပဒေနှင့်မကိုက်ညီပါက ထိုအဆောက်အဦပိုင်ရှင်ကို တရားစွဲခြင်း၊ တရားရုံးမှ ဖျက်သိမ်းမိန့်ထုတ်ခြင်းတို့ လုပ်ရပေမည်။ မိမိမကြိုက်သော အဆောက်အဦတခုပေါ် လာသည်နှင့် လူအုပ်နှင့် ၀ိုင်းဖျက်ကြခြင်းသည် မိမိကိုယ်၌က အမျိုးဘာသာကို ချစ်သည့်စိတ်ဖြင့်လုပ်သည့်တိုင် ဥပဒေမဲ့လူအုပ်ဖြင့် ရမ်းကားသောဝါဒ မော့ဘိုကရေစီဆီသို့ ဦးတည်သွားနိုင်ပါသည်။ သို့သော် မော့ဘိုကရေစီမဖြစ်အောင် တားဆီး ရာ၌ ဥပဒေ၀န်ထမ်းများဘက်ကလည်း လာဘ်မစားဘဲ၊ အချိန်မဆွဲဘဲ မည်သူ့မျက်နှာမှမကြည့်ဘဲ ဥပဒေ မျက်နှာကိုသာကြည့်၍ ပြတ်ပြတ်သားသား ရိုးရိုးသားသားဆောင်ရွက်ကြရမည်ဖြစ်သည်။ မျက်နှာကြီးသူကို တမျိုး၊ မျက်နှာမွဲကိုတမျိုး၊ အာဏာရှိသူကိုတမျိုး၊ အာဏာမရှိသူကိုတမျိုး အမျိုးမျိုးကွဲပြားနေ၍မဖြစ်၊ ဥပဒေ အထက်တွင် ကြောက်ရမည့် လူပေါ်လူဇော်တစုရှိနေ၍မဖြစ်ပေ။ ကျွန်တော်တို့နိုင်ငံတွင် လူအုပ်နှင့်ရမ်းကား သော အဖြစ်တော်တော်များများ၏ နောက်ကွယ်တွင် ရဲတပ်ဖွဲ့အပါအ၀င် ဥပဒေဘက်တော်သားများ၏ မပြတ်သားမှုများ၊ အချိန်ဆွဲမှုများ၊ ကြိုးနီစနစ်များကြောင့်လည်း ပါဝင်ပေသည်။ ခရစ်ယာန်ဘာသာဝင်များ၏ ဘုရားကျောင်းသို့ ဗုဒ္ဓဘာသာဝင်များက ကျူးကျော်ဝင်ရောက်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲသို့ ခရစ်ယာန်က ၀င်သည်ဖြစ်စေ၊ မူဆလင်ဗလီထဲသို့ ဟိန္ဒူက အတင်းဝင်ဖျက်သည်ဖြစ်စေ၊ ဗုဒ္ဓဘာသာက ဗလီကို ဖျက်သည်ဖြစ်စေ အဓိကကြည့်ရမည်မှာ မည်သည့်ဘာသာက မည်သည့်ဘာသာကို လုပ်သည်ဟူ၍ မဟုတ်ဘဲ ပိုင်နက်ကျူးလွန်မှု၊ လူအုပ်ဖြင့်ဆူပူရမ်းကားမှု၊ ခြိမ်းခြောက်မှု၊ အကျိုးပျက်စီးစေမှု စသည်တို့ကို ကျူးလွန်မှုရှိမရှိ ကိုသာ စဉ်းစားဆုံးဖြတ်ရမည်ဖြစ်သည်။ လူတယောက်ကို ဖမ်းလျှင်လည်း မည်သည့်ဘာသာဝင်ဖြစ်စေ ရာဇ၀တ်မှုကျူးလွန်လျှင် ရဲရဲဝံ့ဝံ့ဖမ်းဆီးရပေမည်။ ထိုသို့မပြုဘဲ ဥပဒေအရဆောင်ရွက်ရန် နှောင့်နှေးကြန့်ကြာ နေခဲ့လျှင် လူစုဖြင့် သောင်းကျန်းသောဝါဒမှ ဘယ်သောအခါမှ ပျောက်ပျက်သွားမည်မဟုတ်ချေ။ ရဲများဘက် ကလည်း လူတယောက်ကိုဖမ်းချုပ်ရာ၌ ချစ်ခြင်းမုန်းခြင်း၊ အထက်အမိန့်အရ ဟုတ်ဟုတ် မဟုတ်ဟုတ်လုပ်ခြင်း၊ ဘက်လိုက်ခြင်းမပါဘဲ၊ ဥပဒေအရသာဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ပြန်လွှတ်ပေးခြင်းတို့ကို ပြုသင့်သည်။ ထိုအခါ မြန်မာနိုင်ငံတွင်ကြားရတတ်လေ့ရှိသော (အထူးသဖြင့် ရခိုင်ပြည်နယ်မြို့များတွင် ဖြစ်တတ်သော) ရဲစခန်းကို လူအုပ်ဖြင့် သွားရောက်ဝိုင်းဝန်းအရေးဆိုခြင်းမျိုး ပပျောက်သွားမည်ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ မကြာသေးခင်ရက်များက ၀န်ကြီးချုပ်သည် ဆိုင်ကယ်စီးလာစဉ် ဆိုင်ကယ်ဦးထုပ် မဆောင်းမိသဖြင့် ယာဉ်ထိန်းရဲကလေးက ဒဏ်ငွေရိုက်သည်ကို ၀န်ကြီးချုပ်ဖြစ်သူက စိတ်မဆိုးဘဲ ကြည်ကြည်ဖြူဖြူ ဒဏ်ငွေဆောင်သွားခြင်းသည် နိုင်ငံ့ခေါင်းဆောင်များ လိုက်နာအပ်သော ဒီမိုကရေစီပြယုဂ် ဖြစ်သည်။ ကျွန်တော်တို့နိုင်ငံတွင် တပ်မတော်ခေါင်းဆောင်ဟောင်းတဦးက ဖေ့စ်ဘွတ်ပေါ်တွင် မျိုးဆက်သစ် တပ်မတော်ခေါင်းဆောင်များအား ဆုံးမသြ၀ါဒစကားများကို ရေးသားထား၏။ ထိုသြ၀ါဒအမှာစကားများကို ဂျာနယ်တစောင်က ပြန်လည်ကူးယူ ပုံနှိပ်ဖော်ပြခဲ့အပြီးတွင် ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်းအထိ ပြစ်ဒဏ်ချ၍ရသော တပ်မတော်အားပြိုကွဲစေမှုဖြင့် တပ်မှတရားစွဲခဲ့ပေ၏။ တဆင့်စကား ပြန်လည်ဖော်ပြသော ဂျာနယ်အယ်ဒီတာချုပ်နှင့် သတင်း ထောက်အား အရေးယူတရားစွဲ(နောက်တော့ တောင်းပန်ညှိနှိုင်းပြီး အမှု ရုပ်သိမ်း)ခဲ့သော်လည်း ထိုစကားများကို အရင်ဆုံးပြောခဲ့သူ (ဖေ့စ်ဘွတ်တင်ခဲ့သူ) အငြိမ်းစားတပ်မတော် အရာရှိကြီးမှာမူကား မည်သည့်အမှုနှင့်မျှ တရားစွဲခံရသည်မကြားမိပေ။ ဥပဒေ၏အောက်တွင် ဂျာနယ်လစ်များ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ သာမန်တိုင်းသူပြည်သားများ ရှိနေသော်လည်း တရားဥပဒေအထက် တွင် ထိုစစ်ဗိုလ်ချုပ်ကြီးရှိသေးသည့်သဖွယ် ဖြစ်ပါပေ၏။ အမှန်မှာ ကျွန်တော်သည် မောင်ဘ၏မကောင်း ကြောင်း ဝေဖန်သည့်စကားကို မောင်မြအားပြော၏။ မောင်မြက ထိုစကားကို အများသိအောင်ပြောဆိုခဲ့လျှင် ထိုအမှုတွင် အဓိကကျူးလွန်သူမှာ ထိုစကားကို စတင်ပြောကြားခဲ့သော ကျွန်ုပ်သာလျှင်ဖြစ်သင့်၏။ ကျွန်ုပ် စကားကို တဆင့်ပြန်ပြောသော မောင်မြ၌ အပြစ်မကျရောက်သင့်ပေ။တကယ်ဆိုလျှင် မိမိပြောစကားကြောင့် တစုံတယောက်တရားစွဲခံရသည်ဆိုလျှင် ထိုသူ့တွင်အပြစ်မရှိကြောင်း တရားစွဲခြင်းစွဲလျှင် မိမိကိုသာစွဲသင့် ကြောင်းကို မူလစကားပိုင်ရှင်က လူကြီးလူကောင်းဆန်ဆန် တာဝန်ယူတာဝန်ခံကာ ရှင်းလင်းပြောကြားရမည် ဖြစ်သည်။ တရားစွဲသူကလည်း ဒုတိယလူထက် ပထမလူကိုအဓိကထား၍ ဥပဒေအရဖြေရှင်းသင့်ပါသည်။ ဒီမိုကရေစီတရားစီရင်ရေး၌ ကွက်ကျားမိုး မရွာစကောင်းပေ။ ဥပဒေဆိုသော ထီးရိပ်အောက်၌ အားလုံးတန်းတူ အကာအကွယ်ရသင့်ပေသည်။

အမေရိကန်ပြည်ထောင်စုတွင် ဟီလာရီကလင်တန်သည် နိုင်ငံ၏ လက်ရှိသမ္မတဘားရက်အိုဘားမားနှင့် ပါတီ တခုတည်းမှလာသူဖြစ်သည်။ သူကိုယ်တိုင်လည်း သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်တော့မည့်သူဖြစ် သည်။ ယခင်ကလည်း အမေရိကန်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ ယခင် သမ္မတဘေလ်ကလင်တန်လက်ထက်ကလည်း ဟီလာရီသည် သမ္မတကတော်(First Lady) ဖြစ်ခဲ့သူဖြစ်သည်။ ထိုသို့သော ဂုဏ်သရေရှိသူ၊ အာဏာရအသိုင်းအ၀ိုင်းနှင့် နီးစပ်သူသော်မှ ဥပဒေအရာတွင် ခြွင်းချက်မရ၊ ဥပဒေအထက်ကနေ၍ မရဘဲ ဟီလာရီနိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်က အစိုးရကိစ္စများကို ကိုယ်ပိုင် အီးမေးလ်ဖြင့် အသုံးပြုဆက်သွယ်ခဲ့မှုအတွက် F.B.I ခေါ် ပြည်ထောင်စုရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေး ခဲ့လေသည်။ တကယ်ဆိုလျှင် သမ္မတဟောင်းကလင်တန်မျက်နှာ၊ လက်ရှိ သမ္မတဘားရက်အိုဘားမား မျက်နှာ၊ သမ္မတအသစ်ဖြစ်လာနိုင်သော ဟီလာရီကလင်တန်ကိုယ်တိုင်၏ မျက်နှာ၊ အာဏာရဒီမိုကရက်တစ်ပါတီ၏ မျက်နှာတို့ဖြင့် ဟီလာရီကလင်တန်သည် ဥပဒေ၏မျက်နှာသာပေးမှုကိုရနိုင်ပါ၏ (ရသင့်ပါ၏)။ သို့သော် ဒီမိုကရက်တစ်အလေ့အထများ ထွန်းကားသည့်တိုင်းပြည်မို့ ဤမျက်နှာသာပေးမှုမျိုးအားလုံးကိုဘေးချိတ်ကာ No one is above the law ဆိုသည့် ဆောင်ပုဒ်ကိုအပြောမဟုတ်ဘဲ လက်တွေ့တကယ် အကောင်ထည်ဖော် ပြီး ဟီလာရီကလင်တန်အား ခေါ်ယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဟီလာရီကလည်း ကျွန်တော်တို့တွေ့ကြုံဖူးသော လူမျိုးတွေလို ငါ့ကို ဘာထင်သလဲတို့၊ ငါ့ယောက်ျားဘယ်သူဆိုတာ သိသလားတို့၊ ခုသမ္မတ က ငါ့မိတ်ဆွေတို့၊ ငါသမ္မတဖြစ်ရင် နင်တို့သိမယ်ဟဲ့တို့ စသော ရူးနှမ်းသည့်စကားများကို တခွန်းမှမပြောဘဲ F.B.I ၏ စစ်ဆေးမှုကို ကြည်ဖြူစွာ လက်ခံခဲ့ပေသည်။ ဒါသည်ပင် ဒီမိုကရေစီ၏ အလေ့အထဖြစ်သည်။ ရိုးသားစွာယှဉ်ပြိုင်ကစား ကြရာတွင် အစိုးရဘက်ကရော၊ ပြည်သူလူထုဘက်ကရော လက်နက်ကိုင်အဖွဲ့အစည်းများဘက်ကရော မည်သူကမျှ အသာစီးကြေးကြော ဟန်ဒီကက်(Handicap) မယူဘဲ တရားမျှတစွာ တန်းတူယှဉ်ပြိုင်ကစား ကြခြင်းမှာ ဒီမိုကရေစီ၏ သရုပ်သကန်ပေါ်လွင်ပါသည်။ မြန်မာနိုင်ငံတွင်မူကား ထိုအပြုအမူမျိုးသည် ရှားပါး နေဆဲသာ ဖြစ်၏။

ကျွန်တော်တို့နိုင်ငံသည် အာဏာရှင်စနစ်၊ လူအုပ်ဖြင့် ရမ်းကားသောစနစ်များဖြင့် အသားကျနေသည်မှာ နှစ်ပေါင်းများစွာတိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့မကောင်းသည့်ဘက်တွင် အသားကျနေသောစနစ်ကြောင့် အချို့ကိစ္စများတွင် ဥပဒေကို ချိုးဖောက်နေပါလျက် ချိုးဖောက်သူကိုယ်တိုင်က ဥပဒေကိုချိုးဖောက်ခြင်းဟုပင် မသိကြတော့ပေ။ မသိကြခြင်းမှာ ပြည်သူလူထုဘက်ကရော အစိုးရဘက်ကပါဖြစ်သည်။ ထို့ကြောင့် ရုပ်ရှင် နှင့်ဂီတခိုးကူးခွေများကို တရားဝင်သဖွယ် ရှော့ပင်းစင်တာများမှာပါ ရောင်းချနေခြင်း၊ လမ်းဘေးတွင် ပေါပေါပဲပဲ ရနိုင်ခြင်း၊ ခါးပိုက်နှိုက်တယောက်၊ သူခိုးတယောက်မိလာလျှင် တရားရုံးက အပြစ်ရှိသည်မရှိသည် မဆုံးဖြတ် ရသေးမီ ၀ိုင်းဝန်းရိုက်နှက်ကြခြင်း၊ ကားတိုက်မှုတခုဖြစ်လျှင် ယာဉ်မောင်းကို ၀ိုင်းဝန်းရိုက်နှက်ကြခြင်း၊ ယာဉ်မောင်းကလည်း တိုက်ပြီးထွက်ပြေးခြင်း၊ လူတဦးကို ရဲစခန်းကဖမ်းထားလျှင် လူအုပ်အသာစီးရပါက လွှတ်ပေးရန် ၀ိုင်းဝန်းတောင်းဆိုကြခြင်း၊ သူတပါး၏ အဆောက်အဦကို လူအုပ်ဖြင့်ဝင်ရောက်ဖျက်ဆီးကြခြင်း၊ သူတပါးပိုင်နက်ထဲသို့ လူအုပ်ဖြင့် ကျူးကျော်ဝင်ရောက်၍ မိမိလိုလားသော ဘာသာရေးအဆောက်အဦများ ဆောက်ခြင်း၊ မဆိုင်သူကိုဖမ်းချုပ်ခြင်း၊ သက်ဆိုင်သူကိုမဖမ်းခြင်း၊ မဆိုင်သူကိုတရားစွဲခြင်း၊ သက်ဆိုင်သူကို တရားမစွဲခြင်း၊ လုပ်ငန်းရှင်များအခွန်ရှောင်ခြင်း၊ ကျူးလွန်သူကိုလွှတ်ပေးခြင်း၊ ပြည်သူ့ရဲလက်ချက်ဖြင့် စစ်ဆေး ခံရသူ သေဆုံးခြင်း၊ မကျူးလွန်သူကို ထောင်ချခြင်း၊ ဥပဒေနှင့်မညီဘဲ ဖမ်းဆီးခြင်း၊ ဥပဒေနှင့်မညီဘဲ လွှတ်ပေးခြင်း၊ လာဘ်စားခြင်း၊ ဘာသာရေး ကိုအကြောင်းပြု၍ ကိုယ်ကျိုးရှာခြင်း၊ ဘာသာရေးကို နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချခြင်း၊ တရားခံမပေါ်သော လူသတ်မှုများ များပြားနေခြင်း စသောကိစ္စများစွာ ဖြစ်ပေါ်နေပေသည်။ အဓိက,ကတော့ ဒီမိုကရေစီ၏အားသာချက်ဖြစ်သော ဥပဒေအထက်တွင် မည်သူမျှမရှိ ဟူသည့် လွတ်လပ်မျှတသည့်တရားစီရင်ရေးစနစ်ကို တိတိကျကျ အကောင်အထည်မဖော်နိုင်သေးခြင်း ဖြစ်သည်။

ဒီမိုကရေစီစနစ်တွင် တာဝန်နှင့်အခွင့်အရေးသည် ယှဉ်တွဲလျက်ပါရှိ၏။ ပြည်သူလူထုဘက်က တာဝန်ဖြစ်သည့် မှန်မှန်ကန်ကန်အခွန်ဆောင်ခြင်း၊ ဆန္ဒမဲပေးခြင်း၊ အမှိုက်စနစ်တကျပစ်ခြင်း၊ အများနှင့်သက်ဆိုင်သော နေရာ များတွင် တိုးဝှေ့မနေဘဲ စနစ်တကျတန်းစီခြင်း၊ ဥပဒေကို လေးစားလိုက်နာခြင်း၊ လူအုပ်ဖြင့်မရမ်းကားခြင်းတို့ကို ဆောင်ရွက်ဖို့လိုသလို အစိုးရဘက်ကလည်း ရွေးကောက်ပွဲတွင် ရှုံးသူက နိုင်သူကို မုဒိတာပွားခြင်း၊ ချီးကျူး ဂုဏ်ပြုခြင်း၊ မနှောင့်ယှက်ခြင်း၊ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊ နိုင်သူကလည်း ရှုံးသူကိုလေးစားခြင်း၊ ဥပဒေအရာ တွင် အားလုံးတန်းတူဖြစ်ခြင်း၊ ရွေးကောက်ပွဲတွင်မဲပေးခွင့်ရှိသူ အားလုံးလွယ်လွယ်ကူကူ မဲပေးနိုင်ရေးဆောင် ရွက်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်မှ ဘက်မလိုက်ခြင်း၊ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်နှိမ်နင်း ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုတာဝန်ခံမှုရှိခြင်း၊ စတုတ္ထမဏ္ဍိုင်ကို လေးစားခြင်း၊ မိမိအဖွဲ့အစည်း အတွင်းမှ လူတယောက် ဥပဒေချိုးဖောက်လျှင် ကာကွယ်မပေးဘဲ ဥပဒေအတိုင်းဆောင်ရွက်ခြင်းတို့ကို ပြသရမည်ဖြစ်သည်။ ထိုသို့သော ဒီမိုကရေစီအလေ့အထမျိုးသည် မြန်မာနိုင်ငံ၌ တိုင်းသူပြည်သားဘက်က ရော၊ အစိုးရနှင့်တပ်မတော်ဘက်ကပါ အလေ့အကျင့်နည်းနေသေး၏။ ထိုအကျင့်များ တိုးပွားလာမှသာ မြန်မာ နိုင်ငံ၌ ဒီမိုကရေစီ သက်ဆိုးရှည်ပေလိမ့်မည်။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.