မြန်မာ့အပြောင်းအလဲ စိန်ခေါ်မှု အစိုးရနဲ့လူထု ကျော်လွှားနိုင်ဖို့ ဆန္ဒရှိဟု ကန်သံအမတ်ကြီး သုံးသပ်


အမေရိကန်သံအမတ်ကြီး Scott Marcial နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။
အမေရိကန်သံအမတ်ကြီး Scott Marcial နဲ့ ဗွီအိုအေမြန်မာပိုင်းက ကိုသားညွန့်ဦးတို့ သီးသန့်တွေ့ဆုံမေးမြန်းခန်း။

မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ မကြုံစဖူး လျှင်လျှင်မြန်မြန်ဖြစ်ခဲ့ပေ မယ့်လည်း၊ နှစ်ရှည်တွယ်နေတဲ့ ပြသနာရပ်တွေဖြေရှင်းနိုင်ဖို့ အခက်အခဲတွေ ရှိမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့ မာဆီယယ်က ပြောပါတယ်။ ဒါပေမယ့် အစိုးရရော မြန်မာလူထုမှာပါ ဒီပြသနာတွေကို ရင်ဆိုင်ကျော်လွှားလိုတဲ့ စိတ်ဆန္ဒရှိနေတာတွေ့ရတယ်လို့ သံအမတ်ကြီးကပြောပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲအပေါ်အမြင်၊ ရခိုင်ပြည်နယ်ပြသနာနဲ့ အမေရိကန်သံရုံးဝင်းအတွင်း ပြီးခဲ့တဲ့ အပတ်တုန်းက ဖြစ်ခဲ့တဲ့မတော်တဆမှုတွေနဲ့ပတ်သက်ပြီး သံအမတ်ကြီး စကော့မာဆီယက်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုသားညွန့်ဦး။ ။ ရိုဟင်ဂျာ ကိစ္စမေးချင်ပါတယ်။ ကျနော် သတိထားမိ သလောက် ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံခဲ့တဲ့နောက် ရန်ကုန်မှာရှိတဲ့ သံတမန်အသိုင်းအ၀ိုင်းတွေ - အမေရိကန်သံရုံးလည်း ပါတာပေါ့ - ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို သုံးဖို့ သတိထား ရှောင်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုထဲမှာတော့ အမေရိကန်လွှတ်တော်အမတ်တွေက ဒီလို သူတို့ကိုယ်ပိုင်လူမျိုးအမည်သုံးဖို့ လက်မခံတာဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်လွှတ်တော်နဲ့ အစိုးရအကြား မတူညီတဲ့ ချည်းကပ်ဖြစ်နေတာ ဘာကြောင့်ပါလဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ အဲလိုတော့ မထင်ပါဘူး။ အရင်ဆုံးပြောရရင် လွှတ်တော်ထဲ မတူကွဲပြားတဲ့ လွှတ်တော်အမတ်တွေ ရှိကြပါတယ်။ ဒါကြောင့် ဒါဟာ လွှတ်တော်ထဲက သဘောထားတခု အသံတခုလို့ ပြောရပါမယ်။ လွှတ်တော်ထဲ သဘောထားအမြင်တွေ အများအပြား ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တူညီတဲ့အခြေခံ သဘောထားကတော့ ဒီတိုင်းပြည်ကြီးကို အောင်မြင် ဖွံဖြိုးစေချင်တာပါ။ အစိုးရနဲ့ ရခိုင်ပြည်သူတွေအနေနဲ့ ဖွံဖြိုးမှုနိမ့်ကျတာအပါအ၀င် ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျနော်တို့ဖက်က တတ်အားသရွေ့အကူအညီပေးဖို့ပါ။ ဒါက တကယ့်ကို အရေးကြီးပါတယ်။ အစိုးရနဲ့ ဒေသခံ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အမြစ်တွယ်နေတဲ့ ပြသနာတွေ ကိုဖြေရှင်းသွားနိုင်ဖို့ ကျနော်တို့ အကူအညီပေးချင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ ဒီလာတုန်းကလည်း ဒီနာမည်ကိစ္စ အထိအရှ မခံတဲ့ ပြဿနာမှန်း ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပြောခဲ့ ဆိုခဲ့တာရှိပါတယ်။ ဒါကြောင့် ကျနော်တို့ကတော့ အမြစ်တွယ်နေတဲ့ အခြေခံကျတဲ့ ပြဿနာတွေကို အာရုံထားဖို့ လုပ်နေပါတယ်။ အခု အစိုးရသစ်အနေနဲ့ ရခိုင်ကော်မတီသစ်နဲ့အတူ အခွင့်အလမ်းကောင်းတွေ ပေါ်ထွက်နေပါတယ်။ အခုဆိုရင် နိုင်ငံသား စီစစ်ရေး လုပ်ငန်းတွေ လုပ်နေတာရှိပါတယ်။ ဒါမျိုးတွေကို ကျနော်တို့က အားပေး ကူညီလိုပါတယ်။

ကိုသားညွန့်ဦး ။ ။ အမေရိကန်ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ အခြေအနေကို မေးချင်ပါတယ်။ အခုလာမယ့် နိုဝင်ဘာမှာ အမေရိကန်ရွေးကောက်ပွဲ ကျင်းပမှာပါ။ အဲဒီတော့ လာမယ့်၂၀၁၇ အစိုးရသစ် တက်လာတဲ့အခါမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်မူဝါဒ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာနိုင်စရာရှိပါသလား။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒီအချိန်မှာတော့ အမေရိကန်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ကျနော်အနေနဲ့ မှတ်ချက်ပေးပြောဆိုဖို့ ခက်ခဲပါသေးတယ်။ အခုချိန်မှာ ဒါက တကယ့်ကို နိုင်ငံရေးကိစ္စကြီးဖြစ်နေပြီးတော့ အခုမှ ပါတီညီလာခံတွေ လုပ်နေကြတာပါ။

သမ္မတကိုယ်စားလှယ်လောင်းတွေဖက်က ဘယ်လို သဘောထားရှိမယ် ဘာလုပ်မယ် ဆိုတာ ကျနော်အနေနဲ့ ပြောလို့မရပါဘူး။ ပြောလို့ရတာတခုကတော့ အာရှဒေသနဲ့ အပြည့်အ၀ ထိစပ် ဆက်ဆံသွားဖို့၊ မြန်မာနဲ့ ဆက်လက် ထိစပ်ဆက်ဆံဆောင်ရွက်သွားဖို့ဆိုတာဟာ အမေရိကန်ပြည်ထောင်စုက ပါတီကြီးနှစ်ရပ်စလုံးရဲ့ မူဝါဒဖြစ်ပါတယ်။ ဒါကြောင့် သမ္မတသစ် တက်လာရင်တော့ ဒီမူဝါဒအတိုင်းပဲ ဆက်ရှိနေမယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။

ကိုသားညွန့်ဦး။ ။ နောက်ဆုံး မေးခွန်းကတော့ သံအမတ်ကြီးရဲ့ အတွေ့အကြုံအပေါ် အမြင်ပါ။ သံအမတ်ကြီးအနေနဲ့ အာရှတိုင်းပြည်တွေ နဲ့ နှစ်ပေါင်းများစွာ ထိစပ်ဆက်ဆံခဲ့သူပါ။ အမေရိကန်ရဲ့ အာရှတိုင်းပြည်တွေနဲ့ ဆက်ဆံရေးမှာ တာဝန်ရှိသူဖြစ်ပါတယ်။ သံအမတ်ကြီး အရင် အတွေ့အကြုံတွေအရ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်ပြောင်းလဲမှုအပေါ် ဘယ်လို သုံးသပ်မိပါလဲ။ မြန်မာနိုင်ငံဟာ သူ့ရဲ့အခက်အခဲတွေကို တကယ်ပဲ ကျော်လွှားနိုင်မယ် ထင်ပါလား။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ဒါ တကယ့်ကို အခြေခံကျ တဲ့ မေးခွန်းကြီးပါ။ မြန်မာနိုင်ငံကို ကျနော် ၂၀၀၅ ခုနှစ်က စရောက်ဖူးပါတယ်။ အခု အခြေအနေကို ပြန်ကြည့်ရင် မြန်မာလူထုတွေ ဘယ်လောက် အောင်မြင်မှုရ လိုက်သလဲဆိုတာကို တကယ့်ကို မှတ်မှတ်သားသားဖြစ်ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာတာ၊ လူ့အခွင့်အရေး ကို လေးစား လိုက်နာမှု တိုးလာတာ၊ တခါးပွင့်လာတာတွေဟာ ထူးခြားတဲ့ အောင်မြင်မှုတွေပါ။ ဒါပေမယ့် တဖက်မှာလည်း စိန်ခေါ်ချက်ကြီးကြီးမားမား ရှိနေတုန်းပဲ ဆိုတာ တွေ့ရတယ်။ စစ်အုပ်ချုပ်ရေးအောက်ရောက် ခဲ့ရတဲ့ နှစ်ငါးဆယ် ကာလအတွင်းမှာ မြန်မာပြည်က ဘာမှ ဖြစ်မလာခဲ့ဘူး။ ဒါကို မပြောချင်ပါဘူးလေ။ ဒါကြောင့် နှစ်ပေါင်းများစွာ ရှိခဲ့တဲ့ ပြဿနာတွေကို အခုအချိန်မှာ ကိုင်တွယ်ဖြေရှင်းရမှာပါ။ ဒါကို ကျော်လွှားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။ လွယ်တော့ မလွယ်ဘူး။ အောင်မြင်မယ်ဆိုတာလည်း အာမခံချက်တော့ မရှိဘူး။ အစိုးရနဲ့ လူထုကတော့ အခြေအနေတွေကို ဖမ်းဆုပ်နိုင်ဖို့၊ ပြဿနာတွေ ကို ဖြေရှင်းဖို့ အားအင်အပြည့်နဲ့ လိုလိုလားလားရှိတာ တွေ့ရပါတယ်။ ဒါကို ကျနော် လေးစားမိတယ်။ ထပ်ပြောရရင် ပြဿနာတွေက လွယ်လွယ် နဲ့ ဖြေရှင်းလို့တော့ ရမှာမဟုတ်တော့ လူတွေက ဒါကို စိတ်ပျက်လက်ပျက်ဖြစ် သွားနိုင်ပါတယ်။ ဒါပေမယ့် အခုအခြေအနေကတော့ အခွင့်အလမ်းတွေရှိပါတယ်။ လူတွေလည်း ဒါကို သိကြပါတယ်။

ကိုသားညွန့်ဦး။ ။ အစိုးရနဲ့ တပ်မတော်အကြား ဆက်ဆံရေးအပေါ်မှာရော ဘယ်လိုမြင်လဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ သေချာတာကတော့ဗျာ - သူတို့ဟာ အသွင်ကူးပြောင်းရေးချောချောမွေ့မွေ့ဖြစ်အောင် လုပ်နိုင်ကြသူတွေပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေရှိကြပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင် ဘယ်လို တွေးတောစဉ်းစားနေလဲ အသေအချာတော့ ကျနော် မသိနိုင်ဘူးလေ။ ဒါပေမယ့် အခုလို ပူးပေါင်းဆောင်ရွက်နေကြတဲ့ အပေါ်မှာတော့ အခြားသူတွေလိုပဲ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ငြိမ်းချမ်းရေးလိုမျိုး ကိစ္စတွေမှာ အရပ်ဖက်အာဏာပိုင်တွေရော စစ်ဖက်အာဏာပိုင်တွေရာ ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးပါတယ်။

ကိုသားညွန့်ဦး။ ။ နောက်ဆုံးမေးခွန်းတခုမေးခွင့်ပေးပါ။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သံရုံးဝန်းအတွင်းမှာ မတော်တဆမှုတခုဖြစ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံခြားရေးက သံရုံးကို စာပို့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ရော ဘယ်လို ဖြေရှင်းချင်ပါလဲ။

အမေရိကန်သံအမတ်ကြီး Scott Marcial ။ ။ ကျနော်ထင်တယ် နိုင်ငံတကာမှာ ရှိတဲ့ အခြားသံရုံးတွေလိုပဲ၊ နိုင်ငံတကာမှာရှိတဲ့ အမေရိကန်သံရုံးတွေဟာ ကိုယ့်လုံခြုံရေး အတွက် ကိုယ်တိုင် တာဝန်ရှိပါတယ်။ အခုဒီမှာက မြန်မာ အစိုးရအပေါ်မှာ ကျနော်တို့အတော်လေး အားကိုးရပါတယ်။ အဲဒီအတွက်လည်း အစိုးရကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျနော်တို့မှာလည်း တာဝန်ရှိပါတယ်။ ဒီအတွက် သံရုံးထဲမှာ ပုံမှန်လုပ်နေကြ လုံခြုံရေးလေ့ကျင်မှုလုပ်ပါတယ်။ အခုကိစ္စမှာတော့ ဒီလေ့ကျင့်မှုက သံရုံးလုံခြုံရေးဂိတ်ကိုကျော်ပြီး ပြင်ပကို သွား ဂယက်ရိုက်မိတယ်။ ဒါက ပတ်ဝန်းကျင်ကလူတွေကို အနှောက်အယှက်ဖြစ် သွားစေတယ်။ ဒီအတွက် ကျနော် တောင်းပန်ပါတယ်။ ဒါမျိုး နောက် မဖြစ်စေရပါဘူး။

ကိုသားညွန့်ဦး။ ။ သံအမတ်ကြီး အခုလို အချိန်ပေးပြောဆိုတာ ကျေးဇူး တင်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာဆီယက်ကို ဗွီအိုအေက ကိုသားညွန့်ဦးက တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။
VOA Burmese News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.