အာဇာနည်နေ့တွင် သွေးလှူဒါန်းခဲ့သည့် လေးစားဖွယ်ရာ တပ်မတော်သားဟောင်းကြီး ဦးအောင်ငြိမ်းအေး


ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရွှေတိဂုံဘုရားလမ်းပေါ်တွင်ရှိသော အမျိုးသား သွေးလှူဘဏ်ဌာနတွင် ယနေ့ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့နှင့် ၀ါဆိုလပြည့်နေ့တိုက်ဆိုင်သဖြင့် ရည်ရွယ်ချက် အသီးသီးဖြင့် သွားရောက်သွေးလှူဒါန်းသူ အများအပြားရှိနေခဲ့ပြီး ၎င်းသွေးလှူရှင်များထဲတွင် လေးစားဖွယ်ရာ တပ်မတော်သားဟောင်းကြီးတဦးအား တွေ့မြင်ခဲ့သည်။

ထိုသူမှာ ဘယ်လက်နှင့် ညာခြေထောက်တို့တွင် ချို့ယွင်းနေသော တပ်ကြပ်ကြီးဟောင်းတဦးဖြစ်ပြီး ဗိုလ်ချုပ်နှင့် အာဇာနည်ရဲဘော်များကို လေးစား၍ သွေးလာ၍လှူဒါန်းခြင်းဖြစ်သည်ဟု သူကဆိုသည်။

“ကျွန်တော်က ဗိုလ်ချုပ်ကို လေးစားတယ်။ အားကျတယ်။ အဲဒီအတွက် သွေးလှူရခြင်းဖြစ်တယ်။ ကိုယ်လက်အင်္ဂါက ချို့ယွင်းနေတော့ အခက်အခဲရှိတယ်။ သွေးလှူခါနီး စစ်ဆေးတော့ သွေးတိုးနေတယ်။ လှူလို့မရဘူးဆိုတော့ အရမ်းဝမ်းနည်း မိတယ်။ နောက်တနေ့ လှူမယ်ဆိုပြီး ဆရာဝန်ကြီးနဲ့ တွေ့ပြီးတော့ အကျိုးအကြောင်းပြောတယ်။ ဆေးသောက်ပြီး ခဏနေပြန်စစ်တော့ လှူနိုင်တဲ့ အခြေအနေရောက်တယ်”ဟု တပ်ကြပ်ဟောင်း ဦးအောင်ငြိမ်းအေး (ခ) အောင်ဆန်းမင်းက ပြောသည်။

ကိုယ်လက်အင်္ဂါမသန်စွမ်းသည့်ကြားမှပင် အာဇာနည်များအားရည်စူး၍ လူအုပ်ကြားမှအတင်းတိုး၍ သွေးလှူဒါန်းခဲ့သူ ဦးအောင်ငြိမ်းအေးသည် အာဇာနည်ဗိမာန်သို့လည်း နှစ်စဉ်မပျက် သွားရောက်အလေးပြုသည်ဟု ဆိုသည်။

တပ်ကြပ်ဟောင်းကြီး ဦးအောင်ငြိမ်းအေးသည် ၁၉၇၈ ခုနှစ် ၁၁ လပိုင်းတွင် ဖြစ်ပွားခဲ့သော ၁၀ ရက်ကြာ ကိုးကန့်တိုက်ပွဲတွင် ရန်သူစစ်သားများ၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာများရရှိကာ ယာ မျက်စိ၊ ဘယ် လက်မောင်းရိုးနှင့် ညာ ခြေထောက်တို့ ချို့ယွင်းခဲ့ရကြောင်း ၎င်းကပြောသည်။

ကျော်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.