ငရဲမှ ရုန်းထွက်ရာဝယ်

ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၁၊ မျိုးညွန့် (popular news) ဆောင်းပါး

အထဲဝင်လို့ မရရင် အပြင်ထွက်တွေ့မယ်ဟု ဆိုလိုက်သည်။ ဇွန် ၂၃ ရက် ထိုင်းနိုင်ငံ မဟာချိုင်တွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် စောင့်ဆိုင်းနေကြသော မြန်မာ ရွှေ့ပြောင်းလုပ်သားများ ထိုင်း အစိုးရ စီစဉ်ထားသည့် ခန်းမထဲသို့ ၀င်ခွင့်မရခြင်းအပေါ် ဒေါ်စု၏ တုံ့ပြန်ချက် ဖြစ်သည်။
ခန်းမပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်ကို ခဏ မြင်ရဖို့အရေး၊ လူထုခေါင်းဆောင်၏အမှာစကားကို ကြားရဖို့အရေး မိုးထဲလေထဲ စောင့်ဆိုင်းနေကြသော မြန်မာလုပ်သားများမှာ နည်းနည်းနောနော မဟုတ်။ ဒံပေါက် တစ်ထုပ် လည်း ရတာ မဟုတ်၊ နေ့စားခလည်း ရတာ မဟုတ်။ ခရီးစရိတ် အကုန်ခံ၊ တစ်ရက်တာ လုပ်ခ အဖြတ်ခံလို့။ ပြည်သူနှင့် တွေ့ဖို့ရာ အမြဲတမ်း တက်ကြွနေသူနှင့် ဒေါ်စုနှင့် တွေ့ဖို့ရာ ထာဝစဉ် မျှော်လင့်နေကြသူ ပြည်သူများ။

ထိုမြင်ကွင်းမြင်ရတော့ တက်ကြွစိတ်နှင့် အတူ အသက် ၇၁ နှစ်ကျော်ပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဘယ်လောက် ပင်ပန်းရှာလိုက်မလဲဟု အတွေးဝင်မိသည်။အပျော်ခရီးထွက်လာခြင်း မဟုတ်။ နိုင်ငံကို ကိုယ်စားပြု ဆွေးနွေးရ၊ ညှိနှိုင်းရ၊ ပြောရဟောရ။သို့သော် ပင်ပန်းတာကို ပင်ပန်းတယ်ဟု မထင်။ဇွန် ၂၅ ရက်၊ လမ်းနံဘေး ဆီးကြို မေတ်္တာ ပို့နေသော မြန်မာလုပ်သားများကို မြင်ရတော့ မူလသတ်မှတ် အစီအစဉ်ထဲမှာ မပါသော်လည်း ပြည်သူတို့ထံ အရောက်သွားလို့ နှုတ်ခွန်း ဆက်သပြန်သည်။
တွေ့ပြန်တော့လည်း ကြီးကြီးကျယ်ကျယ် ဘာမှမပြော။ အထက်စည်းမှ မိန့်ခွန်းချွေသည့် ပုံစံမဟုတ်။ အဝေးရောက် သားသမီးများကို ခေတ္တ တွေ့ဆုံခိုက် မိခင်တစ်ယောက်က မှာကြားနေသလို။ လိမ်လိမ်မာမာ နေကြနော်၊ အားမငယ်နဲ့၊ သူ့အချိန်နဲ့သူ ဖြစ်လာအောင် အမေတို့ ကြိုးစားအားထုတ်ပေးမယ်တဲ့။

မြန်မာ့ လူမှုပတ်ဝန်းကျင်တွင် ၇၁ နှစ် အရွယ်မှာ ဘုရားသွား ကျောင်းတက်၊ တရား ဘာဝနာ ပွားများ၊ သားတွေ မြေးတွေ သိုက်သိုက်ဝန်းဝန်းဖြင့် ဘ၀၏ နေ၀င်ချိန်ကို သက်သောင့်သက်သာ ဖြတ်သန်းကြသည့် အရွယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကတော့ ခါးကျိုးမတတ်လုပ်၊ မီးပွင့်မတတ် စဉ်းစား။ နေ့ရှိသရွေ့ အချိန်တိုင်းသည် တိုင်းပြည်ကို လမ်းကြောင်းတစ်ခုပေါ်သို့ ရောက်အောင် ဘယ်လို ဆွဲတင်မလဲ။နှစ်နှစ်ခြိုက်ခြိုက်တောင် အိပ်ပျော်ပါ့မလား မသိ။

သို့သော် ၁၉၈၈ ခုနှစ် အောင်ဆန်းစုကြည် အဖြစ် ပြည်သူတို့၏ရှေ့ စတင် ရောက်ရှိစဉ်က တွေ့ခဲ့ရသည့် ပုံစံအတိုင်း ယနေ့တိုင် တက်ကြွဆဲ။ မမောဆဲ မပန်းဆဲ။ တိုင်းပြည် အတွက် ဇွဲနဲပဲကြီးဆဲ။ ဒေါ်အောင်ဆန်းစုကြည်၏ ထိုသို့သော ပုံရိပ်ကို မြင်ရတော့ ကျွန်တော်တို့ ပြည်သူတွေကရော ဘယ်လိုလဲဟု ကိုယ့်ပေါင် ကိုယ်လှန်ထောင်း ကြည့်ချင်လာသည်။
ဒီချုပ်ကို ပုံအောလို့ လက်သန်းကို မင်တို့ ပြန်လာခဲ့ရုံဖြင့် ပြည်သူတို့၏ တာဝန်ကျေသွား ရော့လေသလား။ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို၊ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ဟစ်ကြွေးလိုက်ရုံဖြင့် တာဝန် ကျေပြီဟု ယူဆနိုင်ပါသလား။ နှစ်ပေါင်းများစွာ မလျှော်မဖွပ် အညစ်ပေါ် အညစ်ထပ်နေသော လက်နှီးစုတ်တစ်စလို ဖြစ်နေသည့် တိုင်းပြည်ကို ပြန်လည် လျှော်ဖွပ်ရာတွင် အစိုးရတစ်ရပ် တည်းဖြင့် လုံလောက်ပြီဟု ထင်မြင်မိပါ သလားဟု မေးခွန်းထုတ်မိသည်။

ကျွန်တော်တို့ ပြည်သူများမှာ နှစ်များစွာကြာ လောကဓံပေါင်းသောင်းခြောက် ထောင်ဖြင့် ခါးသက်ခဲ့သည်။ သို့သော် ဖိနှိပ်မှု ပေါင်းများစွာကို ကြုံတွေ့ခဲ့ကြရသော်ငြား ပြည်သူတို့၏ ဒီမိုကရေစီ စိတ်ဓာတ်ကို စစ်ဝါဒီများက ရိုက်ချိုး ဖျက်ဆီး၍ မရအောင် ကြံ့ကြံ့ခံခဲ့ကြသည်။ ထိုစိတ်ဓာတ်ကြောင့်ပင် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီ ခရီး အတွက် မဟာဗျူဟာမြောက် ခြေတစ်လှမ်းကို လှမ်းနိုင်ခဲ့ကြသည်။ ပြည်သူအများ ယုံကြည် အားထားခြင်း ခံရသလို က်္ဘာ့အဆင့် နိုင်ငံရေး ခေါင်းဆောင်များနှင့် တစ်တန်းတည်း ရှိသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ခေါင်းဆောင် ကောင်းတစ်ယောက် ရှိနေခြင်းနှင့် ပြည်သူတို့၏ ပြင်းပြသော ဒီမိုကရေစီ စိတ်ဓာတ်သည် အနာဂတ်သို့ ချီရန် မရှိမဖြစ် လိုအပ်သော ကိရိယာတန်ဆာပလာများပင် ဖြစ်သည်။

လှေလည်း အဆင်သင့်၊ လှော်တက်လည်း အဆင်သင့်။ သို့သော် မလှော်လျှင်တော့ မရွေ့။လှော်ပြန်လျှင်လည်း တစ်ယောက်တစ်ပေါက် လှော်ချင်သလို လှော်နေပါက အားစိုက် သလောက်လည်း ရွေ့မှာ မဟုတ်။ ညီညာမှု ရှိရန် လိုသည်။ ဟိုလိုလို ဒီလိုလိုဖြင့် ရေသာ မခိုမိကြဖို့ လိုသည်။ ထိုသို့ဆို၍ ဒေါ်အောင်ဆန်း စုကြည် ပြောသမျှ အစိုးရအဖွဲ့ လုပ်ဆောင်သမျှ သင့်မြတ်လှကြောင်းပါဟု အရာရာကို သင့်မြတ်လိုက်ရန် ဆိုလိုခြင်းတော့ မဟုတ်။ဝေဖန်ရေး ဆိုသည်မှာလည်း လိုအပ်သည်။သို့သော် ဝေဖန်ရေး ဆိုသည်မှာ ဆီလို အပေါက်ရှာ အပြစ်ရှာနေခြင်း မဟုတ်တာ သေချာ၏။

ယနေ့ မြန်မာနိုင်ငံ၏ အခြေအနေမှာ တစ်စိတ်တစ်ဒေသသာ ရရှိသေးသော ဒီမို ကရေစီကို ယခုထက် ပို၍ ပို၍ ရရှိလာအောင် ရုန်းကန်နေရခြင်းနှင့် ရုပ်ရောစိတ်ပါ တစ်စစီ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည် ဆက်စပ်ရေး ဖြစ်သည်။ ထို နှစ်ပိုင်းမှာ တစ်ခုနှင့် တစ်ခုလည်း အပြန်အလှန် ဆက်စပ်နေသည်။ထားတော့။
ပထမအပိုင်း ဖြစ်သော တစ်စိတ် တစ်ဒေသမှသည် ပြည့်ဝ ဒီမိုကရေစီသို့ သွားရာ ခရီးတွင် မြင်နေရပြီ ဖြစ်သော ထောင်ချောက်နှင့် မမြင်ရသေးသော ထောင်ချောက်တို့သည် လည်း အစီအရီ ရှိနေသည်။ မြင်နေရသော ထောင်ချက်ဆိုသည်မှာ အကဲစမ်းလာနေသော လူမျိုးဘာသာ အကြောင်းပြ အကြမ်းဖက် လိုမှုပင် ဖြစ်သည်။
၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲလွန် ကာလတွင် လူမျိုးဘာသာ အကြောင်းပြ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ မြို့ကြီးအချို့ မီးဟုန်းဟုန်း တောက်ခဲ့ရသည်။ ငါတို့မြို့ ဘယ်တော့ မီးတောက်မလဲ၊ ပြည်သူအများ ကျီးလန့်စာ စားခဲ့ရသည်။ အခုပဲ တိုင်းပြည် ပျက်တော့ မလို၊ အခုပဲ လူမျိုးပျောက်တော့ မလို၊ အခုပဲ ဗုဒ္ဓဘာသာ မြန်မာမှာ ကွယ်ပတော့ မလိုဖြင့် လိမ်ညာ ၀ါဒဖြန့်ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် လူမျိုးဘာသာ အသုံးချ အောက်လမ်း နိုင်ငံရေးမှာ ဗြောင်ကျကျ ထွက်ပေါ်လာခဲ့သည်။ သို့သော် ပြည်သူတို့တွင် နိုင်ငံရေး ကျပ်မပြည့်သော ရောဂါမရှိကြောင်း သက်သေပြခဲ့သည်။

လူမျိုးဘာသာ အသုံးချ လိမ်ညာဝါဒ ဖြန့်မှုမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီက စည်းရုံးရေး လက်နက် ဖြစ်ခဲ့သော်လည်း ယခုအခါမှာတော့ တိုင်းပြည်၏ အနာဂတ်ကို ဖျက်လိုဖျက်ဆီးလုပ်လိုသည့် လက်နက်ပုန်း ဖြစ်လာသည်။ ယင်းလက်နက်ပုန်းကို လိမ်္မာ ပါးနပ်စွာ ရှောင်ရှားရန်နှင့် ခုခံ ကာကွယ်ရန်မှာ ပြည်သူတို့၏ တာဝန်ပင် ဖြစ်သည်။
နောက်ထပ် အရေးကြီးသော တာဝန်မှာ တစ်စစီ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည် ဆက်စပ်ရာတွင် ပြည်သူတစ်ဦးချင်းစီ၏အား ထည့်ဝင်ရေးပင် ဖြစ်သည်။ မည်သို့ ထည့်ဝင် ရမည်နည်။ မတရားမှုများကို ဆန့်ကျင်ခြင်း နည်းဖြင့် ထည့်ဝင်နိုင်သလို ကိုယ့်တာဝန် ကိုယ်ယူခြင်း နည်းသည်လည်း တိုင်းပြည်၏အရွေ့အတွက် သဲတစ်ပွင့်ပင် ဖြစ်သည်။
တစ်ချိန်တုန်းကတော့ အစိုးရဆိုတာလည်း သူ့ဘာသာ အာဏာသိမ်းအုပ်ချုပ်၊ ပြည်သူကို ကျွန်သဖွယ် ပြုမူ၊ ပြည်သူ့ဘဏ္ဍာ ငါတို့ဟာဟု သဘောထား။ ပြည်သူကလည်း အစိုးရဆိုတာ ငါတို့နဲ့ ဘာမှမဆိုင်ဟု သိမှတ်ခြင်းနှင့် အတူ ရရင်ရသလို လုပ်မယ် ဆိုသည်မှာလည်း ဘ၀ပေး အသိသဖွယ် ဖြစ်လာခဲ့သည်။
ယခုအခါမှာတော့ ကိုယ်ကိုယ်တိုင် တင်မြှောက်ထားသည့် အစိုးရ။ ကိုယ့်အစိုးရနှင့် အတူ အနာဂတ် ဆိုတာကိုလည်း တွေးတတ်စ ပြုပြီမို့ ငါ့ နိုင်ငံတော် ဆိုသည့် စိတ်ဓာတ်သည် လည်း အတောင်မပေါက်သေးဟု ဆိုတောင် အကောင်တော့ ပေါက်နေလောက်ပြီဟု ထင်၏။

ငါ့နိုင်ငံတော်တွင် ငါ့နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် ပြဋ္ဌာန်း ဥပဒေ အတိုင်း စိတ်ထက်သန်စွာ အခွန်ပေးကြခြင်းသည် တစ်ဦးချင်းစီ၏ ထည့်ဝင်အား တစ်ခုပင် ဖြစ်သည်။ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်အကျိုးကို ကြည့်ကာ လာဘ်မပေး၊ ကိုယ်ကိုယ်တိုင်လည်း လာဘ်မယူ၊ လာဘ်ပေးလာဘ်ယူ တွေ့ရှိပါ ကလည်း ကိုယ်နဲ့မဆိုင်ဟု သဘောမထားကာ ဖော်ထုတ်ခြင်းသည် ထည့်ဝင်အားတစ်မျိုးပင် ဖြစ်သည်။ နောက်ထပ် ထည့်ဝင်ရမည့်အား တစ်ခုကတော့ တရားသဖြင့် ပြဋ္ဌာန်းထားသော အများပြည်သူ လက်ခံသင့်၊ လက်ခံနိုင်သော ဥပဒေဖြစ်ပါက ယင်း ဥပဒေဘောင်အတွင်း နေထိုင်ခြင်းနှင့် ဥပဒေ ပြင်ပ နေထိုင်မှုများ တွေ့ရှိပါက ငါနဲ့ မဆိုင်ဟု သဘောမထားဘဲ ဆန့်ကျင် ကန့်ကွက်ခြင်း ဖြစ်သည်။ အားလုံးကို တစ်ခွန်းတည်း ချုပ်ဆိုရသော် တစ်ဦးချင်းစီ၏စိတ်တွင်းသို့ ခေတ်ဆိုးကြီးက ရိုက်သွင်းထား သော ရလို့ လုပ်သည်ဆိုသော အကျင့်ဆိုးကို မြေလှန်ပစ်ရေးပင် ဖြစ်သည်။

တွေ့ရာနေရာ အမှိုက်ပစ်နေခြင်းမှာ ရလို့ လုပ်နေခြင်း ဖြစ်သည်။ လာဘ်မပါလျှင် ဘောပင် မင်ကုန်သွားခြင်းမှာ ရလို့လုပ်နေခြင်းဖြစ်သည်။ကိုယ့်အမျိုးသားချင်း မညှာမတာ၊ ဥပဒေပါ အခွင့်အရေးအတိုင်း မပေးဘဲ လုပ်သားများဆီမှ ရရင် ရသလို အချောင်နှိုက်နေခြင်းမှာလည်း ရလို့ လုပ်နေခြင်း ဖြစ်သည်။ ကိုယ်ကိုယ်တိုင်မှ စပြီး ရလို့ လုပ်နေသော ဇာတ်ထုပ်မှာ မနည်း။အကျင့်ဆိုးကြီးက လွှမ်းမိုးမှု အားကောင်း လေတော့ ရလို့ လုပ်နေခြင်းဟု မထင်မိဘဲ ရလို့ လုပ်နေကြသည်။

သို့သော် တိုင်းပြည်ကို ရှေ့သို့ ခက်သွက် သွက် ရွေ့လိုလျှင်တော့ ထိုအကျင့်ဆိုးကြီးကို ကိုယ်စီကိုယ်င ပြင်ကြရန် လိုသည်။ ဘယ်နှယောက် ပြင်နိုင်သလဲ၊ ဘယ်လောက်ထိ ပြင်နိုင်သလဲသည် တိုင်းပြည်အရွေ့နှင့် တိုက်ရိုက် အချိုးကျမည်သာ ဖြစ်သည်။ (ယင်းမှာ အစိုးရကောင်းခြင်း၊ မကောင်းခြင်းနှင့် မဆိုင်)
ထိုအကျင့်ဆိုးကြီးကို ကိုယ်စီကိုယ်င အတတ်နိုင်ဆုံး ပြင်နိုင်ခဲ့သည့်တိုင် အညစ်ပေါ် အညစ်ထပ်နေသော လက်နှီးစုတ်ကြီးမှာ ချက်ချင်း မဖြူသွားနိုင်သည်ကိုလည်း အထူး သတိချပ်စေလိုပါသည်။ အစိုးရ စွမ်းဆောင်ရည် လည်းကောင်း၊ ပြည်သူတို့၏ ထည့်ဝင်အားသည် လည်း ကောင်းသည့်တိုင် နှစ် ၅၀ ကျော်ကြာ ငရဲမှာ လူးခဲ့ရသော တိုင်းပြည်သည် ငါးနှစ်တာ အချိန်အတွင်း နိဗ်္ဗာန်ရွှေပြည်သို့ မရောက်နိုင် ကြောင်း ရဲရဲတွေးထားကြဖို့ လိုသည်။

အစိုးရရော ပြည်သူပါ ညီညာစွာ လှော်ခတ်ခဲ့လျှင် ယခု ငါးနှစ်သည် အပြောင်း အလဲ၏ အရသာ ချိုမြိန်ကြောင်း မြည်းစမ်းခွင့် ရသည့် အဆင့်၊ နောင်ထက် ငါးနှစ် ကာလမှသာ အာရှတွင် မြန်မာသည်လည်း ကျားတစ်ကောင် ဖြစ်လာပြီဟု ကြွေးကြော်နိုင်လိမ့်မည် ထင်၏။

ထိုသို့ ကြွေးကြော်နိုင်ရန်အတွက် နောက်ထပ် ထမ်းဆောင်ရမည့် ပြည်သူတို့၏တာဝန်မှာ ၂၀၁၅ ကဲ့သို့ပင် ၂၀၂၀ ရွေးကောက် ပွဲတွင်လည်း ဒီချုပ်ကို ပုံအောရေးပင် ဖြစ်သည်။

မျိုးညွန့် (Popular News)
ပြည်သူ့အရေး
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.