မအောင်မြင်သော အာဏာသိမ်းမှုနှင့် တူရကီ၏ နိုင်ငံရေးအလားအလာ


ဇူလိုင် ၁၅ ရက်ညမှာ စစ်အာဏာသိမ်းမှုနဲ့ တူရကီနိုင်ငံရဲ့ အရပ်သားအစိုးရကို ဖြုတ်ချဖို့ကြိုးပမ်းမှုက မအောင်မြင်ခဲ့ပါဘူး။ တူရကီလုံခြုံရေးတပ်တွေက အာဏာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ ဒီတော့ “တူရကီ စစ်အာဏာသိမ်းမှုဟာ ဘာကြောင့် မအောင်မြင်ရသလဲ” ဆိုတာနဲ့ “တူရကီနိုင်ငံမှာ ရှေ့ဆက်ပြီး ဘာဖြစ်လာမလဲ” ဆိုတဲ့ မေးခွန်းနှစ်ခု ပေါ်ထွက်လာပါတယ်။

Seizing Power ဆိုတဲ့ အာဏာသိမ်းမှုတွေနဲ့ ပတ်သက်တဲ့ ကမ္ဘာကျော်စာအုပ်ကို ရေးခဲ့တဲ့ ပညာရှင်တစ်ဦးဖြစ်တဲ့ နူနီဟောဆင်းကတော့ တူရကီစစ်အာဏာသိမ်းမှု မအောင်မြင်ရခြင်းကို ဆုံးဖြတ်တဲ့အချက်က အာဏာသိမ်းမှု စီစဉ်သူတွေရဲ့ စစ်အင်အား ဒါမှမဟုတ် စစ်တပ်အတွင်းက ထောက်ခံမှု ဟုတ်ပုံမရဘူးလို့ ဆိုပါတယ်။

သူက သူတို့ အောင်မြင်မယ်ဆိုတာကို လူတွေယုံကြည်အောင် လုပ်နိုင်စွမ်းမရှိမှုက အဆုံးအဖြတ် ပေးတာပဲလို့ ဆိုတယ်။ မီဒီယာတွေကတစ်ဆင့် လုပ်ရတတ်တဲ့ ဒီအာဏာသိမ်းမှုဟာ အောင်မြင်ရမယ်လို့ ထင်သွားအောင် ပုံဖော်နိုင်စွမ်းဟာ အာဏာသိမ်းမှုတွေမှာ အရေးကြီးပါတယ်။ အခြေခံသဘောအရ ဒီအာဏာသိမ်းမှု အောင်မြင်မယ်လို့ထင်သွားရင် လူတွေက အဲဒီအာဏာသိမ်းမှုကို ပူးပေါင်း ထောက်ခံလာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကဖြစ်နိုင်ရင် သေနတ်တွေရဲ့ အခြားတစ်ဘက်မှာ မရပ်တည်လိုကြလို့ပါ။ အာဏာသိမ်းမှုကို စီစဉ်သူတွေဟာ လူတွေ အဲဒီလိုထင်မြင်လာအောင် မဖန်တီးနိုင်ခဲ့ကြပါဘူး။ သူတို့ ကျရှုံးခဲ့ရပါတယ်။

■ အာဏာသိမ်းမှုတွေ မအောင်မြင်တတ်တဲ့ သမိုင်းပုံစံခွက်ထဲက တူရကီ

တူရကီအာဏာသိမ်းမှုနဲ့ပတ်သက်ရင် နားလည်ရမယ့် ပထမဆုံးအချက်က အာဏာသိမ်းမှုကို စီစဉ်သူတွေဟာ တစ်ဖက်က စစ်ရေးအရ ခုခံလာမယ့် နယ်မြေတွေကို မဖျက်ဆီးနိုင်ခဲ့တာပါ။ တူရကီဝန်ကြီးချုပ် ဘင်နယ်လီယီဒီရင်က အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေမှာ လူပေါင်း ၂၆၅ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ကြောက်မက်ဖွယ်ပါပဲ။ ဒါပေမဲ့ ပဋိပက္ခ အကြီးအကျယ်ဖြစ်ခဲ့တဲ့ အစ္စတန်ဘူနဲ့ အင်ကာရာမြို့တစ်လျှောက် ရှိနိုင်တဲ့ တင့်ကားတွေနဲ့ တပ်ဖွဲ့ဝင်တွေ အရေအတွက်ရဲ့ အဖျားအနားတောင် မရှိပါဘူး။

တကယ်တော့ အာဏာသိမ်းမှုကို ထောကခံသူတွေဟာ သူတို့ရဲ့ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ဖို့ မကြိုးစားခဲ့ပါဘူး။ အဲဒီနောက်မှာ နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရမယ်ဆိုရင်တောင် လက်နက်ချဖို့ ဆန္ဒရှိနေတဲ့ အဖွဲ့တွေ ရှိနေပါတယ်။

အာဏာသိမ်းတယ်ဆိုတဲ့ အချက်တစ်ခုလုံးကို ခြုံကြည့်ရင် စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းဟာ ပြည်တွင်းစစ်မဖြစ်ဘဲ အစိုးရကို ဖြုတ်ချဖို့လုပ်တာပါ။ အာဏာသိမ်းသူတွေဟာ လူတွေတည်ငြိမ်နေတဲ့ အနေအထားတစ်ရပ်ကိုပဲ ထိန်းချုပ်လိုကြပါတယ်။ ယေဘုယျသဘောအရ အစိတ်စိတ်အမြွှာမြွှာကွဲပြီး သွေးထွက်သံယိုမှုတွေ ဆက်တိုက်ဖြစ်ပွားမယ့် အနေအထားမျိုးကို မလိုလားပါဘူး။ အဓိပ္ပာယ်ကတော့ အာဏာသိမ်းမှုတွေမှာ နိုင်မယ်ထင်ပုံရတဲ့ဘက်ကို ၀င်ပေါင်းလိုက်ကြတာပါ။ အုပ်စုကွဲပြီး တစ်ဖက်နဲ့တစ်ဖက် အသေအကျေ စစ်တိုက်ကြတာမျိုး မဟုတ်ပါဘူး။

အာဏာသိမ်းမှုတွေမှာ ဘယ်ဘက်က နိုင်မယ်ဆိုတဲ့ ထင်မြင်ချက်ဟာ တကယ်ကို အရေးပါပါတယ်။ တကယ်လို့ တူရကီအာဏာသိမ်း ခေါင်းဆောင်တွေဟာ သမ္မတရီဆပ်တေယစ်အာဒိုဂန်ကို မဖြစ်မနေ ဖြုတ်ချရတော့မယ်ဆိုတဲ့ ထင်မြင်ချက်ကို လူတွေလက်ခံလာအောင် ဖန်တီးနိုင်ရင် တူရကီလုံခြုံရေးတပ်တွေအတွင်းက အာဒိုဂန်ကို စာနာထောက်ထားသူတွေတောင်မှ သူတို့ကို ဆန့်ကျင်မှာ မဟုတ်တော့ပါဘူး။

စစ်တပ်ထဲမှာ အာဏာသိမ်းမှုတစ်ခု စဖြစ်ရင် အုပ်စုလေးတစ်စုက စပါတယ်။ အများစုကို လွှမ်းမိုးနိုင်ဖို့ကြိုးစားတဲ့ လူအနည်းအကျဉ်းလေးပါ။ သွေးသောက်ရဲဘော် ရဲဘက် အမာခံ တစ်စုလေးသာဖြစ်ပါတယ်။ အဲဒီအနေအထားမှာ တပ်ထဲက အများစုဟာ အရင်ဆုံးအနေနဲ့ အလယ်မှာ ရပ်နေကြပါတယ်။ အဲဒီလို ခြံစည်းရိုးခွထိုင်နေတဲ့လူတွေဟာ သူတို့နိုင်မယ်ထင်တဲ့ဘက်ကို ရွေးချယ်တတ်ကြပါတယ်။ အဲဒီတော့ ကိုယ့်ဘက်က နိုင်ရမယ်လို့ ထင်မြင်သွားအောင် ဖန်တီးနိုင်ဖို့ အရေးကြီးတာပါပဲ။ တူရကီအာဏာသိမ်းမှုကို စီစဉ်သူတွေ အဲဒီလို မလုပ်နိုင်ခဲ့ကြပါဘူး။

ကိုယ့်ဘက်က နိုင်မယ်လို့ လူတွေထင်သွားအောင် ဖန်တီးဖို့ အရေးကြီးတဲ့ နည်းလမ်းတစ်ရပ်က အသံလွှင့်မီဒီယာတွေကို ထိန်းချုပ်ဖို့ပါပဲ။ ခင်ဗျားတို့အနေနဲ့ ရေဒီယိုနဲ့ ရုပ်သံဌာနတွေကို ရသွားရင် အစိုးရအဖွဲ့ဟာ ပြုတ်ကျသွားပြီလို့ ခင်ဗျားတို့ လူတိုင်းကို ပြောနိုင်ပြီလေ။ အဲဒီအခါ တပ်ထဲက ခြံစည်းရိုးခွထိုင် နေဆဲလူတွေက အာဏာသိမ်းမှုဟာ အောင်မြင်ပြီလို့ ထင်သွားရင် သူတို့ ခင်ဗျားဘက်ကို ပါလာပါလိမ့်မယ်။

ရရှိတဲ့ သတင်းတွေအရကတော့ အဲဒီလို မလုပ်နိုင်ခဲ့ပါဘူး။ သမ္မတ အာဒိုဂန်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရုပ်သံကြေညာချက်တစ်ရပ်ကို ထုတ်လွှင့်ဖို့ စီစဉ်နိုင်ခဲ့ပါတယ်။ အာဒိုဂန်ဟာ ဆဲလ်ဖုန်းကိုအသုံးပြုပြီး Skype ကတစ်ဆင့် စီစဉ်နိုင်ခဲ့တာပါ။ အတိုက်အခံတွေအပါအ၀င် အဓိကနိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ လူသိရှင်ကြားပဲ အာဏာသိမ်းမှုကို ဆန့်ကျင်လိုက်ကြပါတယ်။

ပိုပြီးအရေးကြီးတဲ့အချက် ဖြစ်နိုင်တာက အာဏာသိမ်းမှုကို စီစဉ်သူတွေဟာ သူတို့ဆီက မက်ဆေ့ခ်ျတွေကို ဖြန့်ထုတ်ဖို့ အင်မတန် ညံ့ဖျင်းခဲ့ကြတာပါ။ သူတို့ဟာ CNN Turk လိုမျိုး မီဒီယာတွေကို သိမ်းနိုင်ခဲ့တယ်ဆိုပေမယ့် သူတို့ရဲ့ မက်ဆေ့ခ်ျတွေကို ထုတ်လွှင့်ဖို့ ထိထိရောက်ရောက် အသုံးမချခဲ့ပါဘူး။

“အာဏာသိမ်းတပ်တွေဆီကနေ ဘာ ရှင်းရှင်းလင်းလင်း ကြေညာချက်မှ မရဘူး။ ဘယ်ခေါင်းဆောင်မှ ရုပ်သံကနေ ပေါ်မလာဘူး။ တကယ့် သဘောထားကြေညာချက်တွေလည်း မရဘူး” လို့ အာဏာသိမ်းတဲ့အချိန်မှာ တူရကီရောက်နေတဲ့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်က ပါမောက္ခဇေနက်တူဖက်ချီက သူ့ရဲ့ Twitter မှာ ရေးထားတာတွေ့ရပါတယ်။

အာဏာသိမ်းမှုကို စီစဉ်သူတွေဟာ သူတို့အပြည့်အ၀ ထိန်းချုပ်နိုင်ပြီလို့ လူတွေထင်သွားအောင် မလုပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် တပ်ထဲက များပြားတဲ့အင်အားတွေ သူတို့ဘက် ပါလာအောင်လည်း မလုပ်နိုင်တော့ပါဘူး။

■ အာဏာသိမ်းမှု ကျရှုံးခဲ့ပြီးတဲ့နောက် ဘာဖြစ်မလဲ

အာဏာသိမ်းမှုတွေ ကျရှုံးသွားရင် သစ္စာဖောက်တဲ့ တပ်ဖွဲ့ဝင်တွေကို အစိုးရက အကြီးအကျယ် အကြမ်းဖက်နှိပ်ကွပ်မယ့် အိပ်မက်ဆိုးတွေ ပေါ်လာပါလိမ့်မယ်။ အာဒိုဂန်ရဲ့ ပြင်းထန်တဲ့ ပြောကြားချက်အရ ဒါမျိုး ဖြစ်နိုင်ဖို့ ပိုများပါတယ်။ သူက အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဂူလင်လှုပ်ရှားမှုမှာပါတဲ့ သူ့ရဲ့နိုင်ငံရေး အတိုက်အခံတွေအပေါ် အပြစ်ပုံချခဲ့ပါတယ်။ အာဒိုဂန်က သူတို့အနေနဲ့ တူရကီနိုင်ငံကို သစ္စာဖောက်တဲ့အတွက် တန်ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ ရုပ်သံက ထုတ်လွှင့်တဲ့မိန့်ခွန်းမှာ သတိပေးထားပါတယ်။

ဒါပေမဲ့ တစ်ခုရှိတာက အစိုးရအနေနဲ့ တပ်ထဲကလူတွေကို သတ်ဖြတ်မှုတွေ စပြီး လုပ်လိုက်တာနဲ့ လက်ရှိအာဏာသိမ်းမှုမှာ မပါဝင်တဲ့ စစ်တပ်က အရာရှိတွေတောင် သူတို့ကိုလည်း တစ်နေ့နေ့မှာ အစိုးရက သတ်မှာပဲလို့ ကြောက်လန့်သွားနိုင်ပါတယ်။

အဲဒီလို တပ်တွင်းမှာ သုတ်သင်မှုတွေ လုပ်မယ်ဆိုရင် အဲဒီ သုတ်သင်မှုတွေကို တုံ့ပြန်မှုအနေနဲ့ နောက်ထပ် အာဏာသိမ်းမှုတစ်ရပ် ဖြစ်ပေါ်လာနိုင်ပါတယ်။ အဲဒါကို တန်ပြန် အာဏာသိမ်းမှုလို့ ခေါ်ဆိုပါတယ်။ အစိုးရတွေက ဒါမျိုးတွေကိုသိပါတယ်။ ယေဘုယျ သဘောအရ ပါးနပ်တဲ့အစိုးရတွေဟာ အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ တပ်ထဲကလူတွေကို အစုလိုက်အပြုံလိုက် သုတ်သင်တာမျိုးထက် တပ်ရဲ့ အရေးပါတဲ့နေရာတွေမှာ သူတို့ရဲ့သစ္စာခံတွေကို နေရာချထားလိုက်တာမျိုးနဲ့ပဲ တုံ့ပြန်တတ်ပါတယ်။

ဒါပေမဲ့ အစုလိုက်အပြုံလိုက် သုတ်သင်တာမျိုး မလုပ်ဘူးလို့လည်း မဆိုနိုင်ပါဘူး။ ဒါပေမဲ့ အာဒိုဂန်ရဲ့ ဒေါသတကြီး ပြောကြားချက်ကိုကြည့်ပြီး တကယ့်တကယ်မှာ သူ ဘာလုပ်မယ်ဆိုတာမျိုးကိုလည်း မှန်းဆလို့မရပါဘူး။ ဘာပဲဖြစ်ဖြစ် ပိုသိမ်မွေ့ပြီး ပိုဆိုးရွားတဲ့ အကျိုးဆက်အနေနဲ့ တူရကီ ဒီမိုကရေစီကို အကြီးအကျယ် ထိခိုက်လာစေမယ့် အလားအလာ ရှိပါတယ်။ လုံးဝအာဏာရှင်စနစ်ကို ကူးပြောင်းသွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

အခုအထိ နှစ်အတန်ကြာအတွင်း အာဒိုဂန်ဟာ သူ့အတိုက်အခံတွေကို ပိုပြီးအသက်ရှူကျပ်အောင်လုပ်ဖို့နဲ့ သူ့လက်ထဲမှာ အာဏာပိုပြီးခိုင်မြဲလာအောင်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ တူရကီရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို နှိပ်ကွပ်ခဲ့တယ်။ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ သမ္မတလက်ထဲမှာ အန္တရာယ်ကြီးလောက်တဲ့ ပမာဏအထိ အာဏာခိုင်ခိုင်မာမာရှိအောင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြောင်းအလဲတွေလုပ်ဖို့ တွန်းအားပေးခဲ့တယ်။

အရင်က တူရကီရဲ့ ဒီမိုကရေစီအင်စတီ ကျူးရှင်းတွေဟာ အာဒိုဂန်ကိုဟန့်တားဖို့ အင်အားအလုံအလောက် ရှိပုံရပါတယ်။ ၂၀၁၅ ခုနှစ် ဇွန်လက ရွေးကောက်ပွဲတစ်ခုမှာ အာဒိုဂန်ရဲ့ပါတီ ရှုံးနိမ့်ခဲ့ပါတယ်။ တူရကီပြည်သူတွေရဲ့ ကြီးမားတဲ့အစိတ်အပိုင်းက ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီး သူ့ကိုယ်သူ အာဏာတွေပိုပေးဖို့ အာဒိုဂန်ရဲ့ အဆိုပြုချက်ကို ပယ်ချခဲ့ကြပါတယ်။

ဒါပေမဲ့ အခုလိုအာဏာသိမ်းဖို့ ကြိုးပမ်းမှုဟာ အနေအထားတွေကို ပြောင်းလဲသွားစေနိုင်ပါတယ်။ အခုလို အာဏာသိမ်းမှုကြောင့် အာဏာရှင်ဗီလိန်ဆိုတဲ့ အရင်က အာဒိုဂန်ရဲ့ ရုပ်ပုံလွှာဟာ တူရကီဒီမိုကရေစီကို ကာကွယ်သူကြီးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။အခုအာဏာသိမ်းမှုက ပြည်သူတွေအနေနဲ့ နိုင်ငံ မတည်မငြိမ်ဖြစ်မှာကို စိုးရိမ်စိတ်တွေ ဖြစ်ပေါ်လာအောင် ဖန်တီးနိုင်လိုက်ပါတယ်။ ဒါကြောင့် အာဒိုဂန်ရဲ့ အာဏာရှင်ဆန်တဲ့ ကစားကွက်တွေကို ပြည်သူတွေအနေနဲ့ ပိုပြီး လိုလိုလားလား လက်ခံလာတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းမှုဟာ တူရကီနိုင်ငံရေးကို အာဒိုဂန်က လုံးဝ လွှမ်းမိုး ပစ်လိုက်ဖို့အတွက် လမ်းရှင်းပေးလိုက်သလိုပါပဲ။ တူရကီမှာ အရာရာကို ဆုံးဖြတ်ဖို့ တစ်ဦးတည်းသော နိုင်ငံရေးသမားအနေနဲ့ သူ့ကိုယ်သူ မရှိမဖြစ် အနေအထားဖြစ်အောင် ဖန်တီးဖို့ရာ သူလိုလားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲမှုတွေလုပ်ဖို့ အခုအာဏာသိမ်းမှုက ပိုပြီးလွယ်ကူသွားစေနိုင်ပါတယ်။

Writer:
နရီမင်း

============

Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.