လိုင်စင်မဲ့ကားများကြောင့် လိုင်စင်မဲ့သွားနိုင်သည့် ရဟန်း၊သံဃာအချို့၏ အန္တရာယ်

ယနေ့ထွက် News Watch journal ပါ ဆောင်းပါး-

လွန်ခဲ့သော (၁၀)ရက်ခန့်က သတင်းစာ၊ဂျာနယ်များ၏ ခေါင်းစီးပိုင်းမှာ အထူးသတင်းအဖြစ် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း(၂)ကျောင်းမှ လိုင်စင်မဲ့ကားများ ဖမ်းစီးရမိခြင်းဆိုပြီး ဖော်ပြ ရေးသားခဲ့ကြတာကို မိမိအပါအဝင် အများပြည်သူတို့ ဖတ်မိကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဒီသတင်းဟာဆိုရင် ပုံနှိပ်မီဒီယာမှာသာလျှင်မဟုတ်ပဲ အင်တာနက်စာမျက်နှာများမှာလည်း အတော်လေးကို ဟိုးလေးတစ်ကျော် ဖြစ်ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး လူတွေရော၊ ရဟန်းသံဃာတွေပါ အမျိုးမျိုးသော ထင်မြင်ယူဆချက်တွေ ရေးခဲ့ကြ၊ပြောခဲ့ကြပြီး ငြင်းကြ၊ခုံကြနဲ့ ဘာသာခြားတို့၏ ကဲ့ရဲ့ပြစ်တင် ရှုတ်ချစရာ အကွက်တစ်ခုဖြစ်သွားပါတယ်။

အမှန်တကယ်လည်း လိုင်စင်မဲ့ကားတွေရဲ့ အရောင်းအဝယ် ဈေးကွက်ဖြစ်ထွန်းရာ နေရာမှာ ဘုန်းကြီးကျောင်း အတော်များများပဲ ဖြစ်ပါတယ်။ မန္တလေးမြို့ရှိ စာပေမသင်၊ ရဟန်းသံဃာမထား လူပုဂ္ဂိုလ်များနဲ့ တရုန်းရုန်း နေလေ့ရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ လိုင်စင်မဲ့ကားတစ်စီး အရောင်းတည့်လျှင် ငါးသောင်းနှုန်းနဲ့ ကိုယ်ကျိုးစီးပွားရှာနေတဲ့ ဘုန်းကြီးတွေ ဒုနဲ့ဒေး ရှိပါတယ်။ ဒီလို တရားမဝင် လိုင်စင်မဲ့ကား ရောင်းဝယ်ရေးတွေကို ဘုန်းကြီးကျောင်းတွေမှာ အကာအကွယ်ယူ အခြေချပြီး လုပ်စားနေကြတာဟာ ယခုမှ မဟုတ်ပါဘူး။ ဟိုးအရင် အစိုးရတွေလက်ထက်ကတည်းက အခြေတည်ခဲ့တဲ့ လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ပွဲစားကားပိုင်ရှင်တွေဟာ ဆိုရင်လည်း အကျင့်ပျက်ခြစားမှုကြောင့် ရာထူးကနေ အထုတ်ခံခဲ့ရတဲ့ ရဲမှူးကြီးတွေ၊ ဗိုလ်မှူးကြီးတွေ အစရှိတဲ့ အကောင်ကြီးကြီး အမြှီးရှည်ရှည်တွေ များပါတယ်။ ဆိုင်ရာပိုင်ရာတွေနဲ့ ပေါင်းစားပြီး ဒီလိုလုပ်ငန်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ ဒါတွေကို တစ်ချိန်က သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အိပ်ချင်ယောင်ဆောင်နေခဲ့ပြီး ယခုအစိုးရသစ်လက်ထက်မှသာ ဟိုးလေးတစ်ကျော် လူသိရှင်ကြား ဖြစ်လာတာပါ။

လိုင်စင်မဲ့ကားတွေကို တစ်စီးငါးသောင်းနှုန်းနဲ့ အခကြေးငွေယူပြီး ကျောင်းထဲမှာ အထားခံတဲ့ ဘုန်းကြီးတွေ ထက်ဆိုးတဲ့ သင်္ကန်းဝတ်တွေ ရှိပါသေးတယ်။ ဒါကတော့ ဒီလိုင်စင်မဲ့ကားတွေ အဝင်များတဲ့ မြဝတီနယ်စပ်ကနေ သက်ဆိုင်ရာ မြို့အထိ လမ်းခရီးမှာ အဖမ်းအစီးတွေကို အခွန်ရှောင်ဖို့ ကားပေါ်မှာ မိန့်မိန့်ကြီးလိုက်ထိုင်ကြတဲ့ ထိုင်ကိုယ်တော်ကြီးတွေပဲ ဖြစ်ပါတယ်။ အသွားအပြန် ခရီးတစ်ခေါက်ကို တစ်သိန်းနီးပါး ပေးရတယ်လို့ မိမိနဲ့နီးစပ် တဲ့ ပွဲစားတွေက ပြောပြလို့ ကြားသိရပါတယ်။ ဒီလိုမျိုး အခွန်ရှောင်ဖို့ ထိုင်ကိုယ်တော်လုပ်ရင်း နှစ်ကြာလာတော့ ဒီထက်တဆင့်တက်ပြီး ရရှိထားတဲ့ ပိုက်ဆံတွေနဲ့ လိုင်စင်မဲ့ကားဝယ်ရာမှာ ရှယ်ရာထည့်၊ ရရှိလာတဲ့အမြတ်ငွေနဲ့ ကိုယ်ပိုင်လိုင်စင်မဲ့ကားတွေ တစ်စီးပြီးတစ်စီးဝယ်ကာ ဘုန်းကြီးကားပွဲစားလုံးလုံး ဖြစ်သွားတဲ့ သူတွေလည်း မျက်မြင်ကိုယ်တွေ့ အများကြီးရှိပါတယ်။ အကျိုးဆက်ကတော့ (ပစ္စည်းမာတု ဤနှစ်ခု၊ ဘိက္ခုသေမင်း ဓားနှစ်စင်း) ဆိုသလိုပဲ လက်ထဲမှာ စိတ်ကြိုက်သုံးနိုင်တဲ့အထိ ငွေပိုငွေလျှံလေးတွေ ရှိလာတော့ လူပျံတော်ဘဝကို ရောက်ရှိ သွားကြတာလည်း မနည်းလှပါဘူး။

ယခုလို အစိုးရသစ်လက်ထက်မှာ ပြတ်ပြတ်သားသား လိုင်စင်မဲ့ကားကိစ္စ အရေးယူဆောင်ရွက်မှုကို မိမိအနေနဲ့ ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။ သို့သော် လူကြားကောင်းအောင် သတင်းစာ၊ဂျာနယ် စာမျက်နှာများမှာ ဖတ်ကောင်းရုံလောက်အဖြစ် ကွက်ကြားမိုးရွာသလို နေရာရွေးပြီး အရေးယူဆောင်ရွက်မှာကိုလည်း မိမိအနေနဲ့ မလိုလားပါဘူး။ ဒါကြောင့် ဒီထက်ပိုပြီး သေသေချာချာ စုံစမ်းစီစစ်ကာ မြောက်များစွာ ကျန်ရှိနေသေးတဲ့ လိုင်စင်မဲ့ကား ရောင်းဝယ်ရေးတွေကို မည်သူမျက်နှာမှမထောက် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပါတယ်။ ဒီမှောင်ခိုကားပြဿနာကို ကိုင်တွယ်နေတဲ့ အရာရှိတွေအနေနဲ့လည်း မိမိတို့အရေးယူဆောင်ရွက်ချိန်မှာ ရဟန်းသံဃာတွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကို အားနာပြီး မိမိတို့အလုပ်ကနေ ရှောင်လွဲသွားတာမျိုး၊ အိပ်ချင်ယောင်ဆောင်နေတာမျိုး လုံးဝ (လုံးဝ)ကို မလုပ်သင့်ပါဘူး။ နိုင်ငံ့ဥပဒေနဲ့ မလွတ်ကင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမဆို ဥပဒေအတိုင်း အရေးယူဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် တရားဥပဒေစိုးမိုးတဲ့ နိုင်ငံတော်ကောင်းတစ်ရပ်ကို ပုံဖော် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
တစ်ဖက်မှာလည်း တစ်ချို့သော ရဟန်းသံဃာတွေအနေနဲ့ ယခုလို လိုင်စင်မဲ့ကားတွေကို မိမိတို့ ကျောင်းဝင်းအတွင်းမှာ အခကြေးငွေယူပြီး လက်ခံထားရှိတာတို့၊ ခေါက်ကြေးယူပြီး လိုင်စင်မဲ့ကားပေါ် ထိုင်ကိုယ်တော် လုပ်ပေးတာတို့၊ မိမိတို့ကိုယ်တိုင် လိုင်စင်မဲ့ကားတွေကို ရောင်းခြင်းဝယ်ခြင်း ပြုလုပ်တာတို့ဟာ ဝိနည်းဥပဒေနဲ့ မညီညွတ်ဘူးဆိုတာ မေ့လျော့နေရင် ပြန်လည်အမှတ်ရစေဖို့ သတိပေးအပ်ပါတယ်။ မိမိတို့ရဲ့ ဝိသမလောဘကို မထိန်သိမ်းနိုင်မှုကနေတဆင့် မဆင်မခြင် မပြုလုပ်အပ်တာတွေကို ပြုလုပ်နေကြခြင်းဟာ အခြားအခြားသော ရဟန်းသံဃာကောင်းတွေရဲ့ ဂုဏ်ကျေးဇူးတို့ကို ထိခိုက်အောင် ညိုးမှိန်အောင် ပြုလုပ်နေတာနဲ့ အတူတူပဲဆိုတာ သတိပြုဆင်ခြင်ဖို့ လိုအပ်ပါတယ်။

ဘုရားရှင်လက်ထက်တုန်းက အရှင်ဓနိယဆိုတဲ့ ရဟန်းတစ်ပါးရှိခဲ့ဖူးပါတယ်။ အဲဒီရဟန်းဟာ ကျောင်းဆောက်ဖို့အတွက် သူ့မိတ်ဆွေ သစ်တောစာရေးကြီးဆီမှာ ဘုရင်ပိုင်တဲ့ သစ်တွေကို အလှူခံပါတယ်။ စာရေးကြီးက ”အရှင်ဘုရား လှူဖို့သစ်တွေ မရှိပါဘူး၊ မြို့ပြုပြင်ဖို့ သိမ်းထားတဲ့ သစ်တွေပဲ ရှိပါတယ်။ ဘုရင်က လှူလိုက်ပါလို့ အမိန့်ရှိရင် တပည့်တော် လှူဖို့အသင့်ပါ”ဆိုပြီး ပြောပါတယ်။ ဒီအခါမှာ အရှင်ဓနိယက ခပ်တည်တည်နဲ့ ”ငါ့ကို ဘုရှင်က လှူပြီးပြီ”လို့ လိမ်ညာပြောဆိုပြီး ဘုရင့်သစ်တွေကို ယူသွားပါတယ်။ မကြာခင်မှာပဲ သစ်တွေပျောက်မှုနဲ့ သစ်တောစာရေးကြီး ဖမ်းဆီးခံလိုက်ရပါတယ်။ ဒါကို ကြားသိလိုက်ရတဲ့ အရှင်ဓနိယက ဘုရင့်ထံသွားပြီး ”အရှင်မင်းကြီး ဘိသိက်ခံစဉ်က မြက်၊ ထင်း၊ ရေများကို ရဟန်းပုဏ္ဏားတို့အား ပေးလှူပါတယ်”လို့ ပြောဖူးသောကြောင့် ဒီသစ်တွေ ယူတာပါလို့ ရှင်းပြပါတယ်။

အဲဒီအခါမှာ ဘုရင်ကြီးက ”ထိုစကားမှာ တောထဲ၌ ပိုင်ရှင်မရှိသော မြက်၊ ထင်း၊ ရေတို့ကို ရည်ရွယ်ပြောဆို သော စကားဖြစ်ပါတယ်။ ယခုလို ပိုင်ရှင်ရှိပြီးသား အဖိုးတန်တဲ့သစ်တို့ကို မဆိုလိုပါ။ ကိုယ်တော်ဟာ အရက်သမားလက်ထဲ ရောက်ပြီးဖြစ်နေပါလျက် အမွေးတွေက တန်ဖိုးရှိနေတဲ့အတွက် တစ်စုံတစ်ယောက်က ပြန်ဝယ်လိုက်လို့ သတ်စားမခံရတဲ့ သိုးကလေးကဲ့သို့ ဘုရားရှင်၏ အရေအမွေးတော်ကြာင့် သတ်လောက်သော အပြစ်မှ လွတ်ရပါတယ်။ နောင်ကို ဒီလိုမကျူးလွန်မိပါစေနဲ့”လို့ ပြောပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

ဒီအကြောင်းကို ဘုရားရှင်လည်းသိရော မောဃပုရိသ- အလကားယောကျာင်္းလို့ ကဲ့ရဲ့ပြီး ”ဘယ်ရဟန်း မဆို ရွာမှဖြစ်စေ၊ တောမှဖြစ်စေ ပိုင်ရှင်တို့ မပေးအပ်သော လူ့ပစ္စည်းဥစ္စာကို ခိုးလိုသောစိတ်ဖြင့် ယူလျှင်၊ အောက်ထစ်ဆုံး တစ်မတ် သို့မဟုတ် တစ်မတ်တန်လောက်တဲ့ ပစ္စည်းဥစ္စာကို ခိုးယူလျှင် အစိုးရမင်းတို့က နိုင်ငံ့ဥပဒေအတိုင်း စီရင်လိုက စီရင်နိုင်တယ်။ ဒါ့အပြင် အဲဒီရဟန်းလည်း ပါရာဇိကကျ၍ ရဟန်းကောင်းတို့နှင့် ပေါင်းသင်းဆက်ဆံခွင့်မရှိ”လို့ ဘုရားရှင်က ဒုတိယပါရာဇိက သိက္ခာပုဒ်ကို ပညတ်ခဲ့ပါတယ်။
ဒီနေရာမှာ ပါရာဇိကကျတယ်ဆိုတာ ကျူးလွန်သူရဟန်းကိုယ်တိုင် သိက္ခာမချပါပဲ အလိုအလျောက် ရဟန်းအဖြစ်မှ လူအဖြစ်ကို ရောက်ရှိသွားတာကို ဆိုလိုပါတယ်။ အဲဒီလိုပါရာဇိကကျသွားတဲ့ ရဟန်းဟာ ဒီဘဝတစ်သက်တာမှာ ဘယ်တော့မှ ရဟန်းပြန်ဖြစ်အောင် ပြုလုပ်လို့မရတော့ပါဘူး။ ဥပမာအနေနဲ့ ပြောရမယ် ဆိုရင် နှစ်ခြမ်းကွဲသွားတဲ့ ကျောက်ဖြာကြီးကို ဘယ်လောက်ကောင်းတဲ့ ကော်တွေနဲ့ ပြန်ကပ်ပါစေ နဂိုအတိုင်း ပြန်မရတော့သလို၊ ဦးခေါင်းပြတ်ပြီးသေနေတဲ့ လူသေကောင်ကို ဦးခေါင်းပြန်ဆက်ပေးပြီး အသက်ရှင်အောင် ပြုလုပ်လို့မရတော့သလို ပါရာဇိကကျပြီးတဲ့ ရဟန်းဟာ သီလတည်းဟူသော ဦးခေါင်းပြတ်ကျသွားလို့ ဒီဘဝမှာ ဘယ်တော့မှ ရဟန်းပြန်မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ခိုးခြင်းအမှုကို ကျူးလွန်တဲ့ ရဟန်းဟာ သင်္ကန်းဝတ်ထား ပေမယ့် ရဟန်းမဟုတ်တော့လို့ သက်ဆိုင်ရာ အစိုးရမင်းတို့က ထိုက်သင့်တဲ့အရေးယူမှုတွေကို ပြုလုပ်နိုင်တယ်လို့ ဘုရားရှင်က မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အဋ္ဌကထာတွေမှာ ခိုးမှုမြောက်ခြင်း အကြောင်းတရား (၂၅)ပါးဆိုပြီး ဖွင့်ဆိုထားပါသေးတယ်။ အဲဒီခိုးခြင်း (၂၅)ပါးထဲက တစ်ပါးပါးဟာ ရဟန်းတွေကို ပါရာဇိကကျစေနိုင်ပါတယ်။ ထို(၂၅)ပါးထဲက ဒီနေရာ သက်ဆိုင်တဲ့၊ ခိုးမှုမြောက်နိုင်တဲ့ အကြောင်းတရားဟာ သင်္ကေတဝီတိနာမန- ကင်းခွန် ကောက်ရာအရပ်ကို ရှောင်လွှဲ၍ အခွန်မပေးပဲသွားခြင်း ပဲဖြစ်ပါတယ်။ ဆိုလိုရင်းက အကောက်ခွန်ဌာနကို မြစ်ဆိပ်၊ ကားဆိပ်၊ ရွာတံခါး၊ မြို့တံခါး၊ နယ်စပ်တို့မှာ ထားရှိပြီး ဝင်လာသမျှ ကုန်ပစ္စည်းတို့ကို အခွန်ကောက်ရမည်ဟု အစိုးရမင်းတို့က သတ်မှတ်ထားသော အရပ်ဒေသကို ဆိုလိုပါတယ်။ အဲဒီအကောက်ခွန်ဌာနကို ကျော်ဖြတ်ပြီး ငါးပဲ- ငါးပဲထက်အလွန် ထိုက်တန်သော ပစ္စည်းဥစ္စာကို ခိုလိုသောစိတ်နဲ့ (အခွန်မပေးပဲ အချောင်ရလိုသော စိတ်နဲ့) ရှောင်ကွင်းသယ်ဆောင်ခဲ့ရင် အကောက်ခွန်ဌာနကို ခြေနှစ်လှမ်းမျှ ကျော်ရုံနဲ့ အဲဒီရဟန်းဟာ ပါရာဇိကကျပါတယ်။ ဒါ့ကြောင့် အခွန်ရှောင်လွှဲထားတဲ့ လိုင်စင်မဲ့ကားတွေကို အရောင်းအဝယ်ပြုလုပ်ခြင်းဟာ စာပေကျမ်းဂန်အရဆိုရင် ဒုတိယပါရာဇိကနဲ့ ငြိစွန်းနိုင်ပါတယ်။ ဒီတန်ဖိုးမရှိတဲ့ လိုင်စင်မဲ့ကားတွေဟာ အင်မတန်မွန်မြတ်ကာ ရခဲလှတဲ့ မိမိတို့၏ ရဟန်းဘဝကို လိုင်စင်မဲ့ဖြစ်အောင်၊ ရဟန်းအတု ရဟန်းအယောင်တွေ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ မမေ့မလျော့သင့်ပါဘူး။ ဒီသိက္ခာပုဒ်နဲ့ ပတ်သက်လို့ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ရဟန်းတို့ထံကို ရထား၊ကား၊သဘောင်္ စသည်တို့အပေါ်မှာ လူတို့က အကောက်ခွန် မပေးရအောင် ကုန်ပစ္စည်းတွေ လာအပ်လို့ မိမိတို့က ဝှက်ထားပေး၊ ဖုံးကွယ်ထား ပေးလျှင်လည်း အပြစ်သင့်နိုင်တယ်လို့ မှတ်ချက်ပေးထားကာ ဒီလောက်ထိ ထိရှလွယ်ကြောင်း နူးညံ့ကြောင်း သတိပေးထားတာကို ဖတ်မှတ်လေ့လာဖူးပါတယ်။

ဒါ့ကြောင့် လိုင်စင်မဲ့ကားတွေကို အခွန်တိမ်းရှောင်ပြီး ရောင်းခြင်းဝယ်ခြင်း ပြုလုပ်နေတဲ့ သင်္ကန်းဝတ်တွေ ကို သက်ဆိုင်ရာအစိုးရက လုပ်သင့်လုပ်ထိုက်တာ စီရင်သင့်စီရင်ထိုက်တာကို ဥပဒေအတိုင်း စီရင်နိုင်ပါတယ်။ သင်္ကန်းပတ်ထားလို့ အားနာပြီး၊ ကြောက်ပြီး ခွင့်လွှတ်မပေးသင့်ပါဘူး။ ဒီလိုပုဂ္ဂိုလ်တွေကို ခွင့်လွှတ်ပေးလိုက်ရင် သာသနာအတွက်ရော တိုင်းပြည်အတွက်ပါ များစွာ ထိခိုက်နစ်နာစေပါတယ်။ အခြားအခြားသော အယူဝါဒ မတူသူတွေရဲ့ ကဲ့ရဲ့ပြစ်တင်ခြင်းကို ခေါင်းငုံ့ခံရစေဖို့ အကြောင်းတရားကိုလည်း ဖြစ်စေပါတယ်။ သာသနာတော်မှာ လည်း ဒီလို ညစ်နွမ်းပျက်စီးနေတဲ့ အလဇ္ဇီရဟန်းတွေ မရှိသင့်ပါဘူး။ သင်္ကန်းဝတ်ထားလို့ အရေးမယူမှန်းသိရင် နောင်အခါမှာ လူဆိုး၊ သူခိုးတွေဟာ မိမိတို့သာသနာအတွင်း ယုတ်မာသော အကြံအစီတွေနဲ့ ဝင်ရောက်လာပြီး ခိုးဆိုးလုယက် ကုန်ကြပါလိမ့်မယ်။ ဒါကြောင့် တရားဥပဒေနဲ့ ငြိစွန်းနေတဲ့ မည်သူ့ကိုမဆို ခွင့်လွှတ်မပေးသင့်ပဲ၊ ဘုရားရှင်၏ အရေတော်ဖြစ်တဲ့ သင်္ကန်းတော်ကို ဝတ်ရုံထားပြီး ကျင့်ဝတ်နဲ့အညီ မနေတဲ့သူတွေကို ထိုက်သင့်တဲ့ ပြစ်ဒဏ်မျိုး ချမှတ်ပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာလျှင် သာသနာတော်ကြီးဟာ စင်ကြယ်စွာနဲ့ နှစ်ပေါင်း ငါးထောင်မက တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ မိမိတို့၏ တစ်ဘဝစာ ကောင်းစားမည့် မဆင်မခြင်လုပ်ရပ်များကြောင့် မိမိတို့အပါအဝင် နိုင်ငံ့ဂုဏ်သိက္ခာ၊ သာသနာတော်ကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ နောင်လာမည့် အနာဂတ်တွင် မကျူးလွန်ကြပဲ ဘဝကို ရိုးသားစွာ ဖြတ်သန်းကြဖို့ တိုက်တွန်းအပ်ပါတယ်။
-ဓမ္မသုတေသီ(မန္တလေး)

ကျမ်းကိုး။ ။ ပါရာဇိကဏ်ပါဠိတော်၊ ပါရာဇိကဏ်ပါဠိတော် နိဿယ၊ အရှင်ဇနကာဘိဝံသ (ဘုရားဥပဒေတော်ကြီး)

COMMENTS

Name

art,1,article,1316,cartoon variety,22,crime,68,culture,1,documentary,8,Entertainment,8,health,33,history,2,international,7543,interview,221,knowledge,8,Live,8,LocalNews,16062,news,2842,opinion,767,photos,203,poem,116,satires,39,song,12,speech,12,sports,146,statement,59,technic,57,translate,34,video,1068,voice,76,
ltr
item
dawnmanhon: လိုင်စင်မဲ့ကားများကြောင့် လိုင်စင်မဲ့သွားနိုင်သည့် ရဟန်း၊သံဃာအချို့၏ အန္တရာယ်
လိုင်စင်မဲ့ကားများကြောင့် လိုင်စင်မဲ့သွားနိုင်သည့် ရဟန်း၊သံဃာအချို့၏ အန္တရာယ်
https://4.bp.blogspot.com/-GOkZywHHn7U/V3iugfjEYoI/AAAAAAAAYAo/GDUTl3bwLLw-tNNO7APqRFc_xY8A3oDFACLcB/s640/q1.jpg
https://4.bp.blogspot.com/-GOkZywHHn7U/V3iugfjEYoI/AAAAAAAAYAo/GDUTl3bwLLw-tNNO7APqRFc_xY8A3oDFACLcB/s72-c/q1.jpg
dawnmanhon
http://www.dawnmanhon.com/2016/07/blog-post_54.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/07/blog-post_54.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy