အစိုးရကို စောင့်ကြည့်ထိန်းမတ်ပေးဖို့ ပြည်သူမှာ တာဝန်ရှိတယ်

ပြီးခဲ့တဲ့ရက်က ရှေ့နေတယောက် ကျွန်တော့်ဆောင်းပါးလေးတွေ သဘောကျလို့ဆိုပြီး ကျွန်တော့်အိမ်ရှာပြီး ရောက်ချလာတယ်။ သူနဲ့ ဟိုအကြောင်းဒီအကြောင်း စကားလက်ဆုံကျရင်း အောက်ခြေပြည်သူတွေ စားဝတ် နေရေးအတွက် အတော်ရုန်းကန်နေရတဲ့အကြောင်းလေး စကားစပ်မိလို့ပြောကြရင်း သူက သူ့အိမ်နားက ကျောင်းသားလေးတဦး ဆံပင်ရှည်နေလို့ ကျောင်းကညှပ်ခိုင်းလိုက်တာ အဲ့ဒါဆံပင်ညှပ်ဖို့မရှိလို့ အိမ်လာပြီး ဆန်သုံးဘူး လာရောင်းတယ်တဲ့။ သူလည်း ဆံပင်ညှပ်ဖို့ပိုက်ဆံ ကုသိုလ်လုပ်ပေးလိုက်ပါတယ်လို့ ပြောပါတယ်။

စကားပြောပြီးလို့ ရှေ့နေကြီးကပြန်သွားပေမယ့် ကျွန်တော့်အတွေးထဲ ရှေ့နေကြီးပြောသွားတဲ့စကားက နားထဲကမထွက်ဘူး။ ယနေ့တိုင်းပြည်ရဲ့ အခြေခံလူတန်းစားတွေက ဒီလိုအခြေအနေကိုဖြစ်နေကြတယ်။ တိုင်းပြည်ရဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ တောင်သူတွေက မိုးလေ၀သ မကောင်းလို့ လယ်ယာလုပ်ငန်း မကောင်းတာ ၅ နှစ်ကျော်ပြီ။ ဒီကြားထဲ သဘာဝဘေးဒဏ်ဖြစ်တဲ့ ရေကြီးမှုတွေက ခံလိုက်ရသေးတော့ တောင်သူတွေဟာ နာလန်ကို မထူနိုင်ကြတော့ဘူး။ အသိမ်းခံရတဲ့ လယ်မြေတွေကလည်း ခုထိမှန်ကန်စွာ ပြန်မရကြသေးဘူး။ ကုန်ဈေးနှုန်းကြီးတဲ့ဒဏ်ကို ပြည်သူတွေ အလူးအလဲခံနေရတုန်း။ ယနေ့အစိုးရသစ် တာဝန်ယူတာ ရက် ၁၀၀ ပြည့်တဲ့အထိ ဒီမိုကရေစီရဲ့အရသာကို ပြည်သူတွေ မခံစားရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက အားကြိုးမာန်တက် နေ့မအားညမနား ဆောင်ရွက်နေကြတာတွေ့မြင်နေရပေမယ့် အောက်ခြေက လွှတ်တော်ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေ ပြည်နယ် တိုင်းဝန်ကြီးချုပ်တွေက ကောင်းမွန်စွာမလှုပ်ရှားနိုင်သေးတော့ လူထုက အားမလိုအားမရ ဖြစ်နေကြပါတယ်။ ရက် ၁၀၀ ဆိုတာ အချိန်တိုတောင်း သေးတာမှန်ပေမယ့် ကျွန်တော်တို့က သူများနိုင်ငံထက် နှစ်ပေါင်း ၅၀ ကျော် နောက်ကျခဲ့တာဖြစ်တဲ့အတွက် သူများတလှမ်းခုန်ရင် ကျွန်တော်တို့က ငါးလှမ်း ခြောက်လှမ်းလောက်ခုန်မှ တော်ရုံပဲရှိဦးမှာပါ။ ဒီအချိန်မှာ ကျွန်တော်တို့က ဘာမူဝါဒမှ ပီပီပြင်ပြင်ချမှတ်ပြီး မဆောင်ရွက်နိုင်ဘဲ စမ်းတ၀ါးဝါးနဲ့ လျှောက်နေလို့မရပါဘူး။ ကျွန်တော်တို့အတွက် အချိန်ဟာ အရမ်းတန်ဖိုးရှိ ပါတယ်။ တရက်စောပြီး အကျိုးရှိအောင်ပေးနိုင်ရင် ပြည်သူအတွက် တရက်စောပြီး အကျိုးခံစားခွင့်ရမှာပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူတွေဘက်ကလည်း ကိုယ့်တိုင်းပြည်အရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုအလွန်နည်းတာတွေ့ရပါတယ်။ မဘသကိစ္စအာရုံရောက်လိုက်သူများနိုင်ငံရေးကိစ္စ အာရုံရောက်လိုက် ဟိုကိစ္စအာရုံရောက်လိုက်နဲ့ ကိုယ့်အိမ်တွင်းရေးကိစ္စကို မေ့နေကြပါတယ်။ ဒါ့အပြင် ပြည်သူတွေရော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာစာရေးဆရာများကပါ မရှိတော့တဲ့ အရင် အစိုးရရဲ့ ညစ်ပတ်အနိုင်ကျင့်ခဲ့တာတွေ မကောင်းခဲ့တာတွေကို ခုချိန်ထိ ပြောလို့ဆိုလို့ ရေးလို့မ၀ကြသေးတာ တွေ့မြင်နေရပါတယ်။

ဒီလို အရင်အစိုးရမကောင်းကြောင်းတွေ စားမြုံ့ပြန်နေလို့ ဘာအကျိုးမှ ထူးလာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အရင်အစိုးရလူကြီးတွေက သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် တာဝန်ယူမှုတာဝန်ခံမှုလုပ်မှာ မဟုတ်တော့ဘူးဆိုတာ အားလုံးသိနေတာပဲ။ ဒါကြောင့် ပြီးခဲ့တာတွေကို သင်ခန်းစာအဖြစ်ယူပြီး အတိတ်မှာပဲ ထားခဲ့ပါတော့။ ဒီအချိန်ဟာ အရင် အစိုးရပေးခဲ့တဲ့ ဒဏ်ရာလေးတပြပြ လုပ်နေရမယ့် အချိန်မဟုတ်တော့ပါ ဘူး။ လက်ရှိအစိုးရနဲ့အတူ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာဘဲ ပြောကြ ဆိုကြဖို့ အချိန်ကျပါပြီ။

ဒီလိုပြည်သူတွေ တိုင်းပြည်အရေးကို စိတ်ဝင်စားမှုနည်းတယ်ဆိုတာဟာလည်း ပြည်သူတွေ အပြစ်မဟုတ်ပါဘူ။ နှစ်ပေါင်း ၅၀ကျော် တသွေးတသံတမိန့်နဲ့ အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ နေခဲ့ရတော့ ပြည်သူတွေ ဟာ တိုင်းပြည်အရေးမှာ ပါဝင်ပတ်သက်ခွင့် မရခဲ့ကြဘူး။ ယူနီဖောင်းမြင်ရင်တောင် ကြောက်ခဲ့ရတော့ တိုင်းပြည်အရေးဟာ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့အသိ အရိုးစွဲသွားသလို ဖြစ်နေခဲ့တာပါ။ နိုင်ငံရေးကို နားမလည်လို့ မသိလို့ မတတ်လို့ မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ စနစ်ပေါင်းများစွာ ဖြတ်ကျော်လာတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင် ရေချိန်မြင့်ပြီးသား ဖြစ်ပါတယ်။

ဒီနေ့ကတော့ ခေတ်ပြောင်းသွားပါပြီ။ ဒီမိုကရေစီ ပြည်သူ့အစိုးရခေတ် ဖြစ်သွားပါပြီ။ ပြည်သူတွေစိတ်ကြိုက် မဲပေးရွေးချယ်လိုက်တဲ့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်။ ငါ့တို့က မဲပေးပြီးတင်မြှောက်လိုက်ပြီ တာဝန်ကျေပြီ ကျန်တာငါတို့အလုပ် မဟုတ်ဘူးလို့ မျက်နှာလွှဲခဲပစ်လုပ်လို့ မရပါဘူး။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ တခုကနေ ရုန်းထွက်နိုင်ဖို့ အစိုးရအားနဲ့တင်မရ ပြည်သူ့အားပါ လိုအပ် ပါတယ်။ ကိုယ့်တိုင်းပြည်ကိုချစ်ရင် ကိုယ့်တိုင်းပြည်အရေးကို စိတ်ဝင်စားရ ပါမယ်။ ကိုယ်မဲပေးရွေးချယ်လိုက်တဲ့ ကိုယ့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေဘာလုပ်နေလဲ ကိုယ့်တိုင်းကိုယ့်ပြည်နယ်က ၀န်ကြီးချုပ် ဘာ လုပ်နေလဲဆိုတာ စိတ်ဝင်စားစွာစောင့်ကြည့်ရပါမယ်။ တိုင်းပြည်ရဲ့အရေး ကိစ္စဟာ တိုင်းရင်းသားပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ကိုယ်တင်မြှောက်လိုက်တဲ့ အစိုးရကောင်းစေချင်တယ်ဆိုရင် အပြုသဘောနဲ့ စောင့်ကြည့်ဝေဖန်ထိန်း ကျောင်းပေးရမှာပါ။ ဝေဖန်တာနဲ့ တိုက်ခိုက်တာ မတူပါဘူး။ ဒါကို ကွဲပြားစွာသိဖို့ လိုပါတယ်။ ကျွန်တော်တို့က ကိုယ့်လုပ်ငန်းမှာခန့်ထားတဲ့ ၀န်ထမ်းတွေတာဝန်မကျေတာ အမှားလုပ်တာကျတော့ စောင့်ကြည့်ဝေဖန်တယ်။ ကိုယ့်ခန့်လိုက်တဲ့အစိုးရ ကိုယ်ရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်ကျတော့ ကိုယ်နဲ့မဆိုင်သလို နေနေကြတယ်။ အဲ့ဒီစိတ်တွေ ပြောင်းလဲဖို့လိုပါပြီ။

ကျွန်တော်တို့ဟာ ကိုယ့်မြို့နယ်အတွက် ကိုယ့်တိုင်းအတွက် ကိုယ့်ပြည်နယ်အတွက် ကျွန်တော်တို့ကိုယ်စား အလုပ်လုပ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ခန့်ထားပေးလိုက်တာပါ။ သူတို့ကိုယ်တိုင်ကိုက ပြည်သူအတွက် အလုပ်အကျွေးပြုချင်လို့ဆိုပြီး ၀င်အရွေးချယ်ခံခဲ့တာ ဖြစ်တယ်။
တာဝန်စတင်ထမ်းဆောင်ကတည်းက ပြည်သူ အကျိုးအတွက် မှန်ကန်စွာဖြင့် တာဝန်ကျေပွန်စွာ အလုပ် အကျွေးပြုပါမယ်လို့ ကျမ်းသစ္စာလည်း ကျိန်ဆိုထားပြီးသားပါ။ ဒီလိုတာဝန်တွေထမ်း ဆောင်ပေးနိုင်ဖို့ အတွက်လည်း ထိုက်သင့်တဲ့ လခတွေ ခံစားခွင့်တွေကို ကျွန်တော်တို့ပြည်သူတွေက ပေးထားတာဖြစ်တယ်။ အဲဒီတော့ကိုယ် တာဝန်ယူထားတာကို တာဝန်ကျေအောင်လုပ်ဖို့က သူတို့တာဝန်စောင့်ကြည့်ဝေဖန် ထိန်းမတ်ပေးရမှာက ပြည်သူတာဝန်ဖြစ်ပါတယ်။

ဒီမိုကရေစီနိုင်ငံတခုမှာ ရှင်းရှင်းပြောရရင် အစိုးရဆိုတာ ပြည်သူ့ကျွန် (Public Servant) ဖြစ်ပါတယ်။ အစိုးရဆိုတာ အခွင့်ထူးခံလူတန်း စားမဟုတ်ဘူး။ အာဏာရှင် မဟုတ်ဘူး။ သူတို့ကိုထိုင်ပြီး ကိုးကွယ်နေဖို့ မလိုဘူး။ မိမိလွှတ်တော်ကိုယ်စားလှယ်တွေ အစိုးရအဖွဲ့ဝန်ထမ်းတွေ ဘာလုပ်နေလဲ အမြဲစောင့်ကြည့် နေရပါမယ်။ ကိုယ့်ဒေသလိုအပ်ချက် ကိုယ့်နိုင်ငံလိုအပ်ချက်တွေ လုပ်ဆောင်ပေးဖို့ ခိုင်းပေးရပါမယ်။ တာဝန် မကျေရင် အမှားလုပ်ရင် ထောက်ပြဝေဖန်ရပါမယ်။ နောက်ဆုံးအဆင့် မိမိရွေးချယ်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တာဝန်မကျေဘူး၊ မတော်မတရားတွေလုပ်လာတယ်ဆိုရင် ဖြုတ်ချလို့ရတဲ့ အခွင့်အရေး ပြည်သူလက်ထဲမှာရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။

ယနေ့အင်တာနက် နည်းပညာခေတ်ကြီးမှာ လူထုအသံကို အစိုးရသိအောင် ပြည်သူသိအောင် တိုက်ရိုက်ပြောလို့ရပါပြီ။ အရင်လို သတင်းစာဂျာနယ်တွေက ပုံနှိပ်ဖော်ပြချိန်ထိ စောင့်စရာမလိုတော့ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့ဝင်လူကြီးတွေ အောက်ခြေ၀န်ထမ်းတွေရဲ့ တာဝန်မကျေတာ အမှားလုပ်တာတွေ တွေ့ရှိပါက အချိန်နဲ့တပြေးညီ ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ ဖော်ပြအသိပေးရပါမယ်။

ဂျာနယ်တိုက်တွေက တရားဝင်ခန့်ထားတဲ့သူမှ သတင်းသမား မဟုတ်ပါဘူး။ ယနေ့ အင်တာနက်နည်းပညာခေတ်ကြီးမှာ ပြည်သူအားလုံးဟာ သတင်းသမားဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ဟာ လက်ရှိ အချိန်မှာ ပြည်သူ့ခံစားချက်ကို အကောင်းဆုံးဖွင့်ချလို့ရတဲ့အထိရောက်ဆုံး နေရာပဲဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူအားလုံးက အချိန်တိုအတွင်း အလွယ်ကူဆုံး ပျံ့နှံ့လွယ်တဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်ကို အကျိုးးရှိစွာ အသုံးချရပါမယ်။

သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အစိုးရအဖွဲ့အား စောင့်ကြည့်ဝေဖန်ပေးဖို့ ပြောထားပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီခေါင်းဆောင်တွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်ပါ။ ဒါကြောင့် ယနေ့မှ စပြီး နိုင်ငံနှင့်နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားအလို့ငှာ ပြည်သူရော စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာကပါ မိမိတင်မြှောက်လိုက်တဲ့ အစိုးရကိုစောင့်ကြည့်၊ ထိန်းမတ်၊ အကြံပြု၊ လမ်းပြအသိပေးရပါမယ်။ ဒါမှသာ တာဝန်ကျေတယ်လို့ သတ်မှတ်ရမှာပါပဲ။ ယနေ့ အွန်လိုင်းပေါ်မှာ မပြောနဲ့မဆိုနဲ့ဆိုပြီး ပိတ်ပင်နေတဲ့ လူတစုကို ထည့်တွက်စရာမလိုပါဘူး။ မပြောရ မဝေဖန်ရဆိုရင် ဒါဟာဒီမိုကရေစီ မဟုတ်ပါဘူး။ ဒီမိုကရေစီနိုင်ငံတခုမှာ လွတ်လပ် စွာရေးသားပြောဆိုခွင့် အခွင့်အရေး နိုင်ငံသားတိုင်းမှာ တန်းတူညီစွာ ရှိပြီးသားပါ။

ဒီလိုအစိုးရကို စောင့်ကြည့်ထိန်းမတ်ပေးတာဟာ မိမိကြိုက်နှစ်သက်လို့ တင်မြှောက်လိုက်တဲ့အစိုးရကို စေတနာထားကူညီပေးရာရောက်သလို အသက်အရွယ်နဲ့မလိုက်အောင် တိုင်းပြည်တာဝန်တွေကို ပင်ပန်း ဆင်းရဲကြီးစွာ ထမ်းဆောင်ပေးနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တဖက် တလမ်းကနေ ပခုံးထမ်းကူညီပေးရာ ချစ်ရာ ရောက်ပါလိမ့်မယ်။ ဒီလိုသာအစိုးရ၊ ပြည်သူ၊ မီဒီယာလက်တွဲညီညီ ကြိုးစားလိုက်မယ်ဆိုရင် ကျွန်တော်တို့အားလုံး လိုချင်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဆီကို အမြန်ဆုံးရောက်ရှိမှာဖြစ်သလို မိမိတို့ ကြိုက်နှစ်သက်လို့ တင်မြှောက်လိုက်တဲ NLD အစိုးရဟာလည်း နိုင်ငံမှာ ရေရှည်ရပ်တည်လို့ရသွားမှာ ဖြစ်ပါတယ်။

ကျော်ကြီး (MDY)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.