အချိန်မရွေး၊ နေရာမရွေး၊ လူမရွေး သားကောင်ဖြစ်သွားနိုင်သည်



ရန်ကုန်မြို့တော်၏ မလုံခြုံမှုက မည်သည့်အချိန်၊ မည်သည့်နေရာတွင်၊ မည်သူမဆို သားကောင်ဖြစ်သွားနိုင်သည့် အနေအထား ဖြစ်သည်။

ရန်ကုန်မြို့လယ်တွင် အိမ်ကြီးအိမ်ကောင်းဖြင့် နေသူများလည်း မလွတ်ပါ။ မြို့တော်ခန်းမ အနီးတွင်လည်း ဖြစ်သွားနိုင်သည်။

မှောင်ရီတရော အချိန်တွင် လမ်းလျှောက်ရင်း နောက်မှ လူတစ်ဦး ကပ်ပါလာလျှင် ကိုယ်ကိုယ်တိုင်မှလွဲ၍ အားကိုးစရာများစွာ မရှိလှပါ။ မြင်ရ၊ ကြားရသည့် လုယက်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှုများကလည်း မလုံခြုံခြင်း ဒီဂရီကို အရှိန်မြှင့်ပေးနေသည်။

လောလောလတ်လတ် ခံစားလိုက်ရသူတစ်ဦးမှာ မြို့တော်ဝန် ရုံးထိုင်ရာ ရန်ကုန်မြို့တော် ခန်းမအနီးတွင်ပင် ဖြစ်သည်။

(၁)

ပြေပြစ်လှသည့် အသက် ၂၁ နှစ်အရွယ် မေဖြူအောင်၏ မျက်နှာတွင် နွမ်းလျဟန်တို့က ကြီးစိုးနေသည်။ မိဘများကတော့ နာလန်ထစ သူမ၏ ဆေးရုံခုတင်တစ်ဖက် တစ်ချက်တွင် နေရာယူထားသည်။ သူမမှာ အကျီခပ်ပွပွနှင့် ဘောင်းဘီတိုဖြင့် ခုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

ပြီးခဲ့သည့် ရက်ပိုင်းလေးက လူစိမ်းတစ်ဦးနှင့် ထိပ်တိုက်ဆုံခဲ့ရသူမို့ သူမက ရှေ့တွင် ရောက်ရှိ တွေ့ဆုံမေးမြန်းသူကိုပင် အကဲခတ်ဟန်ဖြင့် စူးစမ်းသည်။ ဆေးရုံက ဆင်းမည့် ရက်တွင်ပင် သူမကို တွေ့ဆုံမေးမြန်းခွင့် ရသည်။

သူမမှာ မြို့လယ်ကောင်ဟု ခေါ်နိုင်သည့် သူမ အဆောင်အနီးလည်း ဖြစ်သည့် မြို့တော်ခန်းမဘေးတွင် လူဆိုးတစ်ဦး၏ ဓားထိုးလုယက်မှုကို ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ည ၉ နာရီ ဆိုသည်မှာ ရန်ကုန်မြို့တော် အတွက်တော့ ညဥ့်နက်သည်ဟု ဆိုလို့ပင် မရသေးပေ။ ဇွန်လ ၂၁ ရက်နေ့က။

လုယက်မှုသတင်းများ ခပ်စိပ်စိပ် ထွက်ပေါ်လာတိုင်း ကြောက်ရွံ့မှု ခံစားရသော်လည်း သူမကိုယ်တိုင် ပါဝင်လာမည်ဟု တစ်ကြိမ်တစ်ခါမျှ မတွေးခဲ့ဖူးကြောင်း သူမက ဆိုလိုက်သည်။
“ဒဏ်ရာက သက်သာပါတယ်။ ဘေလုံးကို ထိသွားတယ်လို့ ပြောတယ်” ဟု သူမကတော့ ဘယ်ဘက်နံရိုးကို ခပ်ဖွဖွ ထိကိုင်ရင်း တီးတိုးရေရွတ်သည်။

ကတောက်ကဆ ဖြစ်ထားသည့် ချစ်သူကို အဆောင်ရှေ့တွင် ချန်ထား၍ သူမ ထွက်ခွာလာခဲ့ခြင်းမှာ ယင်းဖြစ်ရပ်၏ အစဖြစ်သည်။ ညအိပ်ရပ်ထားသည့် ကားများကြောင့် ဘေးတစ်ဖက်တစ်ချက် ပလက်ဖောင်း တစ်လျှောက်တွင် မှောင်ရိပ်ကျနေသည်။ အမြဲတစေ လူစည်ကား ဆူညံနေတတ်သည့် ‘အမိုးကြီး’ လက်ဖက်ရည်ဆိုင်မှာလည်း တိတ်ဆိတ်နေပြီ။ ခပ်ဝေးဝေးလည်း မသွားလိုသော သူမက လက်ဖက်ရည်ဆိုင် မျက်နှာချင်းဆိုင် ပလက်ဖောင်းတွင် ခေတ္တထိုင်ဖို့ ရွေးချယ်လိုက်သည်။

သူမရွေးချယ်မှုမှာ မှားယွင်းသည်ကို သိပ်မကြာခင် သူမကိုယ်တိုင် သိလိုက် သည်။

နောက်ကျောဘက်က လမ်းလျှောက် သူတို့၏ ခြေသံကိုလည်း သူမထိုင်ရင်း ကြားနေရသည်။ လမ်းမှာ လူရှင်းသည်ဟု ဆိုနိုင်သော်လည်း ဖြတ်သန်းသူ တစ်ဦးစ နှစ်ဦးစ ရှိနေသည်။ သို့သော် မိုဘိုင်းလ်ဖုန်းကို အာရုံစိုက်နေသဖြင့် ဖြတ်လျှောက်သူ အားလုံး၏ ခြေသံကိုတော့ နားမစွင့်နိုင်ကြောင်း သူမက နောင်တရဟန်ဖြင့် ဆိုသည်။
“ထိုင်နေရင်း အလွန်ဆုံး ၁၀ မိနစ်လောက် အကြာမှာ အဲဒီလူက နောက်ကနေ နှုတ်ခမ်းကို ပိတ်ပြီး ဖုန်းလုတာ” ဟု သူမက ကြောက်ရွံ့သံတို့ဖြင့် တီးတိုးဆိုသည်။

ကြောက်ရွံ့မှု၊ ထိတ်လန့်မှု၊ အံသြမှု၊ လွတ်မြောက်လိုမှု စသည့် ခံစားချက်အစုံတို့ တစ်ပြိုင်တည်း ဝင်ရောက်လာသည့် အခါတွင် မေဖြူအောင် တစ်ယောက် အော်ဟစ်ရန်ပင် မေ့လျော့နေသည်။ ထိုအနေအထားကို ခပ်လှမ်းလှမ်းက တစ်စုံတစ်ယောက် မြင်နိုင်ပါသော်လည်း ချစ်သူနှစ်ဦး ကျီစယ်နေသည် သို့မဟုတ် ရန်ဖြစ်နေသည်ဟုပင် အထင်မှားနိုင်သေးသည်။

လုယက်သူမှာ သူမလက်ထဲက မိုဘိုင်းလ်ဖုန်းကို ပစ်မှတ်ထား၍ လုယူလိုက်နိုင်သော်လည်း ကျေနပ်မည့် အနေအထား မရှိသေးပေ။ ပိုက်ဆံအိတ် ထည့်ထားသည့် ကျောပိုးအိတ်ကို အတင်းဆွဲယူရန် ထပ်မံကြိုးစားပြန်သည်။ အချိန်မှာ မိနစ်ပိုင်းမျှသာ ဖြစ်ပေမည်။

ခန္ဓာကိုယ်ကို သိုင်းလွယ်ထားသည့် ကျောပိုးအိတ်ကြောင့် လူဆိုးမှာ အလွယ်တကူ လုယူရန် အခွင့်မသာတော့ဘဲ ၎င်း၏ ရည်ရွယ်ချက်ကို ထွက်ပြေးခြင်းဖြင့် အဆုံးသတ်လိုက်သည်။
“မအော်လိုက်မိဘူး။ ဓားနဲ့ ထိုးသွားတာလည်း မသိလိုက်ဘူး။ နာလို့ ပြန်ငုံကြည့်မှ ဓားနဲ့ တန်းလန်းဖြစ်နေတာ” ဟု သူမက ဆိုသည်။

လမ်းဘေးတွင် အလွယ်တကူ ရောင်းချနေသည့် မီးဖိုချောင်သုံး ခပ်ပါးပါး သုံးလက်မအရွယ် ဓားမှာ သူမကိုယ်တွင် တဆုံးစိုက်ဝင်ထားသည်။ ယင်းဒဏ်ရာများကြောင့်ပင် မေဖြူအောင်မှာ ဆေးရုံတွင် ခြောက်ရက်ကျော်ကြာ ကုသခဲ့ရသည်။

လူရှင်းသည့် လမ်း၊ လူပြတ်သည့် အချိန်ကို အခွင့်ကောင်း ယူသွားသူမှာတော့ တန်ဖိုး ကျပ်တစ်သိန်းကျော်သာ ရှိသော လက်ကိုင်ဖုန်းတစ်လုံးကို လုယူ၍ ထွက်ပြေးသွားချေပြီ။ မြို့တော်ခန်းမနံရံတွင် တပ်ထားသော လုံခြုံရေး ကင်မရာတို့လည်း ထင်သလောက် အလုပ်ဖြစ်ဖွယ် မရှိလှ။ လုယက်သူ၏ မျက်နှာကို တိတိကျကျ ထုတ်ဖော်မပေးနိုင်ကြောင်း သူမက ညည်းတွားသည်။ ကင်မရာကို သူမကိုယ်တိုင် မမြင်ရသော်ငြား ရဲတပ်ဖွဲ့များက ပြောဆိုချက်ကို ကိုးကား၍ ဆိုသည်။
“ကင်မရာက ပျက်နေတယ်။ ဝါးဝါးလေးပဲ မြင်ရတယ်။ မသဲကွဲဘူးတဲ့။ သူက အရှိန်နဲ့ပြေးသွားတာ ဆိုတော့…” ဟု မေဖြူအောင်က ညည်းချင်းထုတ်သည်။

လမ်းမများပေါ်တွင်မှ ဖြစ်ပျက်နေသည် မဟုတ်ပါ။ နေအိမ်အတွင်းတွင်လည်း မလုံခြုံသော ရန်ကုန်မြို့ကြီး ဖြစ်နေသည်။

(၂)

ဒေါ်ခင်သန်းနွဲ့မှာ အသက် ၇၃ နှစ် အရွယ်ရှိ အမျိုးသမီးကြီးတစ်ဦး ဖြစ်သည်။ မမေဖြူအောင် ဖုန်းလုခံရပြီး နောက်သုံးရက်အကြာ ဇွန်လ ၂၄ ရက်နေ့ ညပိုင်းအချိန် မတော်တွင် စမ်းချောင်းမြို့နယ်က သူမ၏ နေအိမ်တွင် လုယက်သူနှင့် ထိပ်တိုက်ကြုံဆုံခဲ့ရသူလည်း ဖြစ်သည်။

ခပ်အေးအေး နေတတ်ပြီး ရိုးဟန်ရှိသည့် သူမကတော့ ထိုဖြစ်စဉ်ကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုသည်။ အနီးရှိ အသက် ၄၀ ကျော်အရွယ် သူမ၏ သမီးဖြစ်သူကတော့ သူ့အတွက် လူစိမ်းတစ်ဦး ဖြစ်နေသော သတင်းထောက်ထံမှ လိပ်စာကတ် တောင်းယူရင်း ခပ်စိမ်းစိမ်း အကဲခတ်သည်။

ဒေါ်ခင်သန်းနွဲတို့ နေအိမ်မှာ အမြဲတစေ စည်းကားနေသည့် အာရှတော်ဝင်အနီး ဗဟိုလမ်းမှ ဘေးလမ်းသွယ်ထဲသို့ ၁၀ မိနစ်ခန့် လမ်းလျှောက်၍ ဝင်ရသည်။ ဘေးတစ်ဖက်တွင်လည်း ဆောက်လုပ်စ ဆောက်လုပ်ရေး လုပ်ငန်းကြီး တစ်ခုလည်း ရှိနေသည်။ နေအိမ်မှာ ရေနံချေး ဝနေသည့် သစ်သားနှစ်ထပ်အိမ် ဖြစ်သည်။ ဒေါ်ခင်သန်းနွဲ့မှာ တစ်ဦးတည်း နေထိုင်သူ မဟုတ်။ ခင်ပွန်း၊ သားသမီး၊ သမက်တို့ဖြင့် ထိုအိမ်တွင် တစ်စုတစ်စည်းတည်း နေထိုင်သူလည်း ဖြစ်သည်။

“ဘုရားစင် မီးရောင်အောက်မှာ လူရိပ်တွေ့လိုက်ရတယ်။ အစကတော့ အိမ်က သား ထင်မိတာ။ နာမည်ခေါ်လိုက်တော့မှ သူက ဒီဘက်ရောက်လာပြီး အန်တီ့ ခေါင်းကို ထုတော့တာပဲ” ဟု ဒေါ်ခင်သန်းနွဲ့က အဖြစ်အပျက်ကို တွေးဆရင်း ဆိုသည်။

ခိုးသူမှာ ပစ္စည်းခိုးရန် လာရောက်သော်လည်း လူမိသွားသဖြင့် ရည်ရွယ်ချက် ပြောင်းလဲခဲ့၍ ဒေါ်ခင်သန်းနွဲ့ကို အသက်အန္တရာယ် ပြုခဲ့ဟန် ရှိသည်။

တရစပ် ထုရိုက်နေသည့် လက်များကို ဟန့်တားသည့်အနေဖြင့် ဆုပ်ကိုင်ခဲ့မိသည့် လက်ကောက်ဝတ် နှစ်ဖက်မှာ ပိန်လှီနေသည်ကို ဒေါ်ခင်သန်းနွဲ့က သတိပြုမိသည်။ တန်ပြန်ခုခံရင်း နှုတ်မှ ဘေးအခန်းရှိ သားကို အကူအညီ တောင်းလိုက်ရာတွင် လူဆိုးမှာတော့ ထုရိုက်မှုအစား နောက်ကျောပြင် အထက်ပိုင်းကို ဓားဖြင့် သုံးချက်ဆက်တိုက် ဆင့်ထိုးလေတော့သည်။

ထုရိုက်စဉ်က ခေါင်းငုံ့တိမ်းရှောင်ထားသည့်အပြင် အုပ်ဆောင်းသဏ္ဍာန် ရှိသည့် ခြင်ထောင်ကြောင့်လည်း အလွယ်တကူ ဓားထိုး၍ မရခဲ့ခြင်းက ဒေါ်ခင်သန်းနွဲ့အတွက် ကံကောင်းသွားခဲ့သည်။
“သူခိုးဆိုတာတော့ လူမိရင် ထွက်ပြေးကြတာပဲ ကြားဖူးတာ။ ခု သူခိုးက လူမိရင် ဓားပြဖြစ်တာ” ဟု သေမင်းခံတွင်းဝက လွတ်မြောက်ခဲ့ရသည်ဟု သူမက ဆိုသေးသည်။

ဒဏ်ရာများကြောင့် ဒေါ်ခင်သန်းနွဲ့မှာ ငါးရက်ခန့် ဆေးရုံတွင် ကုသမှု ခံယူခဲ့ရသည်။ သူမမှာ ခွဲစိတ်ထားသည့် ဒဏ်ရာအရှိန်ကြောင့် လည်ဂုတ်မှာ လှုပ်ရှားဖို့ရာ ခက်နေသေးသည်။

တကယ်တမ်း ၎င်းနေအိမ်မှာ သာမန်တော့ မဟုတ်။ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦး နေထိုင်သည့် အိမ်ဖြစ်သည်။ ဦးဘိုဘိုဦးမှာ တိုင်းရေးပြည်ရာ ကိစ္စများကြောင့် ထိုနေ့က အိမ်တွင်မရှိဘဲ နေပြည်တော်တွင် ရောက်ရှိနေခဲ့သည်။ ဒေါ်ခင်သန်းနွဲ့မှာမူ ဦးဘိုဘိုဦး၏ ယောက္ခမ ဖြစ်သည်။

သို့သော် နှုတ်ပိတ်ရန် ကြိုးစားခဲ့သူ လူဆိုးမှာတော့ ထိုအချက်ကို ယင်းအချိန်က သိဟန်မတူ။

(၃)

မမေဖြူအောင်ကို လုယက်သူ၊ ဒေါ်ခင်သန်းနွဲ့ကို တိုက်ခိုက်ခဲ့သူ နှစ်ဦးလုံးမှာတော့ ရာဇဝတ်ဘေး ပြေးလွတ်နေဆဲ။ နှစ်ဦးလုံးမှာတော့ ပစ္စည်းခိုး၊ လုရာမှ တစ်ဆင့် လူ့အသက်ကို ဒုက္ခပေးခဲ့သူများ ဖြစ်သည်။

ထပ်မံ၍ အုပ်အော်သောင်းတင်း လူများ အာရုံစိုက်ခံလိုက်ရသည့် လုယက်မှု တစ်ခုကလည်း တရားခံ မမိသေးသည့် စာရင်းထဲတွင်လည်း ပါဝင်သေးသည်။ ကြည့်မြင်တိုင်မြို့နယ် ဦးလူနီလမ်းရှိ နေအိမ်မှ ကလေးငယ်ကို ဓားစာခံပြု၍ ကျပ်သိန်း ၅၀ တောင်းယူသည့် မှုခင်းဖြစ်သည်။

သက်သေအချို့၏ နှုတ်ထွက်စကားဖြင့်သာ ရေးဆွဲထားရသည့် ပုံကြမ်းဖြင့်သာ တရားခံကို တိုက်ဆိုင်ရှာဖွေနေရာသည်မှာ ခက်ခဲနေကြောင်း ကြည်မြင်တိုင် မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးက ညည်းတွားပြောဆိုသည်။ ယင်းကြောင့်ပင်လျှင် အချိန်နှစ်လကျော် ကြာသည်အထိ အမှုမှာ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိပေ။

သို့ဆိုလျှင် တရားခံ ရှာဖွေရာတွင်လည်း ရဲတပ်ဖွဲ့ဝင်များတွင် အခက်အခဲရှိနေမှာ မလွဲနိုင်သည့် အချက်ပင် ဖြစ်သည်။

ဒေါ်ခင်သန်းနွဲ့၏ သားမက်ဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး အဆိုအရ လူဦးရေ ၁၂၀၀ တိုင်းတွင် ရဲတစ်ယောက်နှုန်းဖြင့်သာ တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။ ပြည်သူများအတွက် လုံလောက်သည့် လုံခြုံရေး မပေးနိုင်သည်ကို ယင်းစကားအရ ညွှန်းဆိုနေသည်။



ရဲတပ်ဖွဲ့ကတော့ တစ်နိုင်ငံလုံးရှိ ရဲတပ်ဖွဲ့ဝင် ကိန်းဂဏန်းကို လုံခြုံရေး အကြောင်းပြ၍ ထုတ်ပြန်ပေးနိုင်ခြင်း မရှိသော်လည်း တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ အပြောအရ ရန်ကုန်တိုင်းဒေသကြီးတွင် ရဲအင်အား ၈၀၀၀ ခန့် ရှိကြောင်း အကြမ်းဖျင်း သိရသည်။

“ရဲအင်အား မရှိတာလည်း ပါတယ်။ လမ်းတွေကလည်း One Way တွေ ဖြစ်နေတာကြောင့် ကင်းလှည့်ပေမယ့် ထွက်တဲ့နေရာကို ပြန်ရောက်ဖို့တော့ ၁၅ မိနစ်လောက် ကြာတယ်” ဟု ကျောက်တံတားမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရင်ဖွင့်သည်။

ယင်းရဲစခန်းမှာ မမေဖြူအောင် လုယက်တိုက်ခိုက်ခံရသော နေရာနှင့် တစ်ဘလောက်သာ ခြားသည်။

ရဲတပ်ဖွဲ့ဝင်များတွင် အင်အားမလုံလောက်ခြင်း တစ်ခုတည်းကသာ ပြဿနာအဖြစ် ရှိနေသည်တော့ မဟုတ်သေး။

ပတ္တရောင် လှည့်ရာတွင် ဖြစ်စေ၊ လူဆိုးဖမ်းရာတွင်ဖြစ်စေ အသုံးပြုနိုင်သည့် ကား၊ ဆိုင်ကယ်၊ စက်ဘီး မလုံလောက်သည့်အပြင် နည်းပညာ ချိတ်ဆက်မှုလည်း မရှိကြောင်း လွှတ်တော်အမတ် ဦးဘိုဘိုဦးကတော့ ကရုဏာသက်ဟန်ဖြင့် ဆိုသေးသည်။

“တစ်နိုင်ငံလုံးက လမ်းတွေကို ဗဟိုဆာဗာက ကြည့်နိုင်တာမျိုး မရှိဘူး။ ရန်ကုန်က မြို့နယ်တစ်မြို့နယ်တောင် မလုပ်နိုင်သေးပါဘူး။ ကျွန်တော်တို့ အချိန်တစ်ခု ယူရပါဦးမယ်” ဟု သူက ဆိုထားသည်။

ကွက်လပ်များ ရှိနေသည့် ရဲတပ်ဖွဲ့များမှာလည်း စိတ်သွားတိုင်းတော့ ကိုယ်မပလှပါ။ ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့်လည်း ပြည်သူများလည်း တစ်နွယ်ငင် တစ်စင်ပါ ဖြစ်ရပြန်သည်။

ရက်သတ္တပတ် တစ်ပတ်အတွင်းတွင် လုယက်၊ ခိုးယူမှုကြောင့် ဒဏ်ရာအသီးသီး ရခဲ့သူများကို တွေ့ဆုံအပြီးတွင် ရန်ကုန် ညနေသည် မှောင်ရိပ်စ ပျိုးလာသည်။ ဒေါ်ခင်သန်းနွဲ့၏ နေအိမ်မှ ဗဟိုလမ်းထိ ခရီးမှာ လူတိတ်ဆိတ်လှသည်။

မိုးခပ်ဖွဲဖွဲ ကျလာသည်။

ဘေးလွယ်အိတ် အတွင်းက အေးစက်စက် သံကိုယ်ထည် တစ်ခုကို စမ်းလိုက်မိသည်။ ထိုအရာကို သတိအနေအထားဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။

သားကောင်များကို တွေ့ဆုံမေးမြန်း ပြန်လာခဲ့သူ ကိုယ်တိုင် သားကောင်တစ်ယောက် ဖြစ်လာနိုင်သည်။

ဆုံးဖြတ်ချက်တစ်ခုကို ခပ်မြန်မြန်ချပြီး အငှားယာဉ်တစ်စီးကို လက်ပြတားလိုက်သည်။

(၄)

ကိုကျော်စွာသည် သင်္ဃန်းကျွန်းမြို့နယ်မှ အငှားယာဉ်မောင်းတစ်ဦး ဖြစ်သည်။ ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့က မင်္ဂလာဒုံ မြို့နယ်တွင် အငှားယာဉ်မောင်းတစ်ဦး ကားပေါ်တွင် အသတ်ခံလိုက်ရသည့် သတင်းကြောင့် အတော်တုန်လှုပ်ခဲ့ကြောင်း ဖွင့်ဟသည်။
“ယောက်ျားရော၊ မိန်းမရော ဒီဘက်ခေတ်မှာ မလွယ်တော့ဘူး ညဘက် တက္ကဆီ ထွက်ရင်တော့ တော်တော်သတိထားရတယ်။ ခရေပင် လမ်းခွဲလိုမျိုး လာငှားတယ်ဆိုရင် မဖြစ်နိုင်တဲ့ ဈေးကို ပြောပြီး ဖြတ်ချရတာ” ဟု စိုးရိမ်သံစွက်ရင်း သူက ဆိုသည်။

ခရီးသည်တစ်ဦးသာ ငှားရမ်းပါက ပြဿနာ မရှိလှဟု ဆိုနိုင်သော်လည်း ရံဖန်ရံခါတွင် ထိုလူတစ်ဦးတည်းကပင် နောက်ဖက်မှ ဓားဖြင့်ခြိမ်းခြောက်၍ ငွေ၊ ပစ္စည်း တောင်း၍ အနုကြမ်း စီးသည်ကိုလည်း တက္ကစီမောင်းသူတို့ စိုးရိမ်တတ်ကြသည်။

အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်နေသော်လည်း ညဥ့်နက်နက်တွင် ခရီးသည် အုပ်စုလိုက် ကားငှားတိုင်း စိုးရိမ်မှုမှာ တစ်ဆက်တည်း ပါလာသည်ဟု ကိုကျော်စွာက ဆိုသည်။

တက္ကစီမောင်းသူများက ကျူးလွန်သည့် အမှုများကို ကြိုကြားကြိုကြား သတင်းစာများတွင် ပါတတ်သေးသည်။ ခရီးသည်ကို ညစ်ညမ်းရုပ်ရှင် ဖွင့်ပြသည့် ယာဉ်မောင်းများ၊ ပစ္စည်းလုသည့် ယာဉ်မောင်းများ၊ မုဒိမ်းကျင့်သည့် ယာဉ်မောင်းများ အထွေထွေ စုံလင်နေသည်။

ငွေတောင်း၊ ပစ္စည်းလုသည့် အဆင့်မှ ပြစ်မှုမဟုတ်ဘဲ မဖွယ်မရာ ပြောဆို၊ ထိပါးခြင်းကလည်း ပြစ်မှုဆိုင်ရာ ဥပဒေနှင့် ညိနေသေးသည်။ အမျိုးသမီး အများစုကတော့ အရှက်၊ အကြောက်ကို ရှေ့တန်းတင်ကြသဖြင့် အမှုဖွင့်၊ တရားစွဲရန် ဝန်လေးကြသည်။ ယင်းကြောင့် ကျူးလွန်သူများ ကိုယ်တိုင်ကလည်း ပြစ်မှုဟု မသတ်မှတ်ကြတော့။

“ဒီလိုလူတွေကို ထိထိရောက်ရောက် တိုင်ရမှာ။ မဟုတ်ရင် ကျန်တဲ့ လူကောင်းတွေပါ ရောပြီး အပြစ်မြင်ခံရတာ” ဟု သူက စိတ်ပျက်လက်ပျက် ဖွင့်ဟသည်။

ယခုတွင်တော့ ခရီးသည်နှင့် တက္ကစီသမားများ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အကဲခတ်ကြလေပြီ။

ကိုကျော်စွာကမူ တက္ကစီစီးသည့် ခရီးသည်များမှာ ယာဉ်မောင်းအပြင် ကားနောက်ခန်းတွင် တစ်စုံတစ်ယောက် ရှိ၊ မရှိ ဦးစွာ စစ်ဆေးသင့်သည်ဟု ဆိုသည်။ လမ်းကြုံထပ်တင်သည့် ခရီးသည်များကို လက်မခံသင့်ဘဲ ပြင်ပလမ်းပေါ်မှ အငှားယာဉ်များထက် ဂိတ်ထိုးထားသည့် အငှားယာဉ်များကို ဦးစားပေး ငှားစီးရန်လည်း သူက အကြံပေးထားသည်။

ခရီးသည်အနေနှင့် ကားနံပါတ်နှင့် ဒက်ရှ်ဘုတ်ပေါ်က တက္ကစီယာဉ်မောင်း အထောက်အထားတို့ကိုလည်း လိုလိုမယ်မယ် မှတ်ထားသင့်ပြီး ရင်းနှီးသူတစ်ဦးကို အကြောင်းကြားခြင်းကလည်း အသုံးဝင်မည့် အနေအထားတွင် ရှိသည်။

ညဥ့်နက်ပိုင်းတွင် အမှောင်ရိပ်ကို အားကိုးကြသည့် ဒုစရိုက်သမားများကြောင့် မှောင်ရိပ်ကို ရှောင်ရန် ရဲအရာရှိ အမျိုးသမီးတစ်ဦးက အကြံပေးသည်။

(၅)

မှောင်ရိပ်။
မှောင်ရိပ်ကို ရှောင်ပါက ရန်ကုန်တွင် သွားသွားလာလာပင် ပြုနိုင်မည် မဟုတ်တော့။

ရန်ကုန်မြို့တော်၏ နေရာတိုင်း၊ လမ်းတိုင်းမှာ မီးရောင်အပြည့်ဖြင့် ထိန်ထိန်ညီးနေသည်တော့ မဟုတ်လှပါ။ ထိုမှောင်ရိပ်သမ်းနေသော လမ်းများထက်တွင် မဖြစ်မနေ လျှောက်လှမ်းနေရသည့် သူများ၏ စိတ်တွင်လည်း စိုးတထင့်ထင့် ရှိပေလိမ့်မည်။ သို့သော် ရှောင်ရှား၍ မရ။

မည်သူမဆို၊ မည်သည့်နေရာမဆို မှုခင်းဖြစ်ပွားနိုင်သည်ဟု ရဲတပ်ဖွဲ့ဝင်များက ဆိုသည်။

“ဖြစ်တိုင်း ရဲလာတိုင်မယ်ဆိုရင် ရဲတွေ နေစရာတောင် မရှိဘူး။ ကိုယ်တိုင်ကလည်း ဆင်ခြင်ရမယ်။ ရဲတွေလည်း နတ်ဘုရားမှ မဟုတ်တာ” ဟု အသက် ၃၀ အရွယ်ရှိ အမျိုးသမီး ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ထိုသို့ဆိုလျှင် လမ်းမထက်က၊ နေအိမ်ထဲက မလုံခြုံနေရသူတို့ အားကိုးရာမှာ မိမိကိုယ်သာ ရှိပေတော့သည်။ တစ်ဒင်္ဂ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်သည့် တစ်ကိုယ်ရေ ခုခံပစ္စည်းများ ဖြစ်သည့် ငရုတ်ရည်ဆေးဘူး၊ ကျင်စက်။ သို့သော်လည်း ယင်းအရာများမှာ စတိုးဆိုင်များ၊ ဆူပါမားကက်များတွင် တွင်တွင်ကျယ်ကျယ် မရောင်းချကြပေ။ နိုင်ငံခြားမှတစ်ဆင့် တင်သွင်းရောင်းချသည့် အွန်လိုင်းရှော့ပင်း အချို့သာ ရောင်းချကြသည်။

ထိုကဲ့သို့ တစ်ပွဲထိုး ပစ္စည်းများ၏ အာမခံချက်ကို စိတ်မချနိုင်သူများအကြား ခုခံကာကွယ်နိုင်ပြီး ပြန်လည်တိုက်ခိုက်နိုင်သည့် ကိုယ်လုံသင်တန်းများကလည်း ရှိနေသေးသည်။ သားကောင်မဖြစ်စေရန် ကာကွယ်နိုင်ရန် လိုအပ်သလို ပြစ်မှုကျူးလွန်သူများ ထပ်ကာတလဲလဲ ပြစ်မှုမကျူးလွန်စေရန်လည်း လိုအပ်ချက် ရှိသေးသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က လက်ရှိ အသုံးပြုနေသည့် အကျဉ်းထောင်စနစ်ကို ဝေဖန်သည်။

“ခါးပိုက်နှိုက်ကနေ သူခိုး၊ သူခိုးကနေ ဓားပြဖြစ်လာတဲ့ System (စနစ်) ကို ပြောင်းရမှာ” ဟု ၎င်းက ဆိုသည်။ ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးသည့်စနစ် မဟုတ်ဘဲ ပြန်လည် ပြုပြင်ထိန်းသိမ်းရေးစနစ်ဖြင့် လုပ်ဆောင်စေလိုသည်ဟု သူက ဆိုသေးသည်။

သို့သော် တိုင်းဒေသကြီးလွှတ်တော် အနေဖြင့် ယင်းအကြောင်းအရာ ဆွေးနွေးနိုင်မည် မဟုတ်ဘဲ ပြည်ထောင်စုအဆင့်သာ လုပ်ဆောင်နိုင်ကြောင်း ဖွင့်ဟသည်။

နိုင်ငံခြားခရီးသွားများ အတွက် အင်တာနက် စာမျက်နှာများတွင် ရှာဖွေပါက ရန်ကုန်မှာ ခရီးသွားရန် လုံခြုံသောနေရာဟု ရေးသားကြလေ့ ရှိသည်။

သို့သော် နေအိမ်ပေါ်မှ မလုံခြုံမှု၊ လမ်းပေါ်မှ မလုံခြုံမှု၊ ဘတ်စ်ကားများပေါ်မှ မလုံခြုံမှု၊ တက္ကစီပေါ်မှ မလုံခြုံမှု၊ တိုက်ကြီးတာကြီးနှင့် နေလျှင်ပင် မလုံခြုံမှု စသည်၊ စသည်တို့က ငါးသန်းကျော်သော သာမန်မြို့နေ ပြည်သူများ၏ စိတ်လုံခြုံမှုကို နှိပ်စက်က လူပြုနေသည်။

(၆)

ရန်ကုန်မလုံခြုံမှု၏ သားကောင်များကို တွေုံ့မေးမြန်းပြီးနောက် မလုံခြုံမှု ပုံရိပ်မှာ ကပ်ပါလာဆဲ။

များစွာမဝေးလှသော အိမ်ပြန်ချိန်များတွင် ငရုတ်ကောင်းဆေးရည်ဘူးကို သတိဖြင့် ဆောင်ထားရဆဲ။

နေ့စဉ်တက်ရသည့် ရုံးမှာ မမေဖြူအောင် လုယက်ခံရသည့် မြို့တော်ခန်းမအနီး ဖြစ်သည်။ ထိုတင်မကသေး။ နေ့စဉ် အသွား၊ အပြန် လုပ်နေရသည့် တိုက်ခန်းမှာလည်း ဒေါ်ခင်သန်းနွဲ့ နေထိုင်ရာ စမ်းချောင်းမြို့နယ် အတွင်းပင် ဖြစ်သည်။

အိမ်ပြန်ချိန်တိုင်းတွင် အထပ်မြင့်တိုက်ခန်းသို့တက်ရာ အထပ်တိုင်း လှေကားမီး မရှိသည့် လှေကားထောင့်ချိုး တစ်နေရာရာတွင် တစ်စုံတစ်ဦး ရှိနိုင်သေးသည်။ နေအိမ်ထဲတွင် တစ်စုံတစ်ယောက် ဝင်ရောက်နေနိုင်သေးသည်။

အတွေးပေါင်းစုံဖြင့် စိတ်က ပူပန်လွန်းလှသည်။

နောက်ထပ်သားကောင် ဘယ်သူဖြစ်မည် ဆိုသည်ကို ရင်တထိတ်ထိတ်ဖြင့် စိုးရိမ်နေရဆဲ။

လမ်းမထက်က အမျိုးသမီးတစ်ဦးလား။ အိမ်တွင်းထဲမှာ နေထိုင်တဲ့ သက်ကြီးရွယ်အို တစ်ဦးလား။ အမျိုးသားတစ်ဦး သို့မဟုတ် ကလေးငယ်တစ်ဦးလား။

ရန်ကုန်မြို့တော်၏ မလုံခြုံမှုက ကိုယ်ကိုယ်တိုင်ပင် အချိန်မရွေး သားကောင်ဖြစ်သွားနိုင်သည့် အနေအထား။

မြတ်နိုးခင်

===================
The Voice
http://www.thevoicemyanmar.com/index.php/article/…/11307-acm
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.