“ လူ့အသက်ကို ဖက်နဲ့မထုတ်အားတဲ့မြို့တော်များ ”


ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်ထဲမှာ စာရေးသူရဲ့ နောင်တော်ကြီး ရုတ်တရက်ဆုံးပါး သွားတာမို့ မြန်မာနိုင်ငံကို ကတိုက်ကရိုက်ပြန်ခဲ့ရတယ်။ တမြန်မနှစ်ကမှ ဘဝခရီးဖေါ်ဆုံးပါးလို့ စိတ်ထောင်းကိုယ်ကျေ ဖြစ်နေရဆဲမှာ အခုတခါထပ်ပြီး လက်ကတုံးဝှေးတချောင်းလို အားထားရတဲ့ သားကြီးဩရဿတယောက် လူ့လောကကို အချိန်မတိုင်ခင် စွန့်ခွာသွားတာမို့ ကြီးမားတဲ့ သောကတွေနဲ့ ကျေကွဲဝမ်းနည်းနေဆဲ မိခင်အိုအတွက် သီးသန့်အချိန်ပေး အားပေးနှစ်သိမ့်ရင်း ရတတ်သမျှ အချိန်လေးအတွင်း တွေ့မြင်မှတ်သားမိတာလေးတွေကို စာဖတ်သူတွေကို မျှဝေဖို့ ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်။

အကိုကြီးရဲ့ရက်လည်ဆွမ်းကို မှီနိုင်အောင်လို့  စာရေးသူရဲ့မိဘအိမ်က မန္တလေးမှာရှိတော့ ရန်ကုန် အောင်မင်္ဂလာကားဂိတ်ကနေ မန္တလေးကို အဝေးပြေးဘတ်စ်ကားစီးပြီး ညတွင်းချင်း ခရီးနှင်ခဲ့ရပါတယ်။ ရန်ကုန်မှာနေတဲ့ ကျောင်းနေဖက် အလွန်ရင်းနှီးတဲ့သူငယ်ချင်းတယောက်က မြို့ထဲကနေ ကားဂိတ်ကို သူကိုယ်တိုင်မောင်းပို့လို့ ရန်ကုန်မြို့ရဲ့လမ်းမတွေကို ဇူလှိုင်လရဲ့ မိုးဖွဲဖွဲအောက်မှာ လျှပ်တပျက်ပြန်တွေ့ခွင့်ရခဲ့တယ်။

ရန်ကုန်မြို့သူမြို့သားတွေဟာ သူတို့ရဲ့အသက်ကို ဖက်နဲ့တောင်မထုတ်နိုင်ကြတော့တဲ့အခြေအနေကို အထိတ်တလန့်တွေ့ခဲ့ရပါတယ်။ ကားကြီးတွေက ကားငယ်တွေကိုမညှာ၊ ကားငယ်တွေက ကားကြီးတွေမကြောက်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု့ ဆိုတာ ဗလာနတ္ထိ (စည်းကမ်းလိုက်နာတဲ့သူဆို ခရီးသွားလို့မရတဲ့အခြေအနေကိုး) နီးနီးဖြစ်နေပြီလေ။ လူ့ အဖွဲ့ စည်းကြီးတခုလုံးလိုလို နှစ်ပရိစ္ဆေဒကြာညောင်းစွာ အုံနဲ့ ကျင်းနဲ့  အကျင့်ပျက်လာတာက ဂိတ်ဆုံးကို ရောက်နေတော့ မှန်မှန်ကန်ကန်နဲ့ လူကူးမျဉ်းကျားက လမ်းကူးတဲ့သူကို စည်းမဲ့ကမ်းမဲ့ မောင်းနှင်နေတဲ့ ယာဉ်မောင်းသမားက အော်ဟစ်ဆဲရေးပြီး လမ်းမကူးတတ်ဖူးလားလို့ ပြောဆို ငေါက်ငမ်းခံရတဲ့ ခေတ်ဖြစ်လို့နေပြီ။

ဆင်းရဲသားအများပြည်သူအတွက် ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းတွေဖြစ်တဲ့ အဓိပတိ၊ မထသ၊ ဟီးနိုး (ဘီအမ်) ဘတ်စ်ကားတွေဟာ တကားနဲ့တကား သေရေးရှင်ရေးတမျှ အသက်လုမောင်း၊ ရပ်ခြင်သလို နောက်ကားကျော်မတက်နိုင်အောင်ပိတ်ရပ်၊လူကူးမျဉ်းကျားမှာလည်းရပ် မီးပွိုင့်မှာလည်း ရပ်ချင်သလိုရပ်ပြီး မိမိကျေးဇူးရှင်ခရီးသည်တွေရဲ့ အသက်အန္တရာယ်ကို လုံးဝငဲ့ကွက်ခြင်းမရှိဘဲ အတင်းမောင်းချ ၊ ဇွတ်ဆင်းခိုင်းကြတာ အလွန်ဝမ်းနည်းစွာတွေ့ရတယ်။

သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်တွေဆိုတာ ကားကြိုကားကြားထဲ သက်စွန့်ဆံဖြား အဆူအဆဲခံပြီး ဖြတ်သန်းကူးလူးသွားလာနေကြရတယ်။ ခရီးသည်လုပ်သားပြည်သူ တွေအပေါ်မှာ ကားစပယ်ယာတွေနဲ့ ကားမောင်းဆရာတွေရဲ့ ဆက်ဆံရေးကလည်း အလွန်ရိုင်းပျကြတယ်။ ညစ်ညမ်းပြီး နားမခံသာတဲ့ အသုံးအနှုန်းတွေ ပေါ့ပေါ့ပါးပါးနဲ့  လှိုင်လှိုင်ကြီးသုံးစွဲနေကြတာဟာ လူ့အရိုင်းအစိုင်းတွေလိုပါဘဲ။ အခမဲ့ကူညီမောင်းပို့သူတောင်အဲ့ဒီလိုမဆက်ဆံသင့်ပါဘူး။

ဒီအခြေအနေကို ထင်ရှားအောင် ဥပမာပေးရရင် ရန်ကုန်မြို့မှာနေထိုင်သွားလာရှာဖွေ စားသောက်ရတဲ့ အောက်ခြေပြည်သူတွေရဲ့ဘဝတွေဟာ စစ်မြေပြင်ရှေ့တန်းက မြေမြုပ်မိုင်းကွင်းထဲ အသက်စွန့်ဖြတ်သန်းရတဲ့ လူတွေရဲ့ဘဝတွေလို့ အသက်အန္တရာယ်နဲ့ အလွန်နီးကပ်စွာ သေမင်းနဲ့ အလောင်းအစားပြုပြီး ရုန်းကန်ရှင်သန်နေရတဲ့ ဘဝတွေနဲ့တူလှတယ်။

အဲ့ဒီအကြောင်းတွေကို လိုက်ပို့တဲ့ သူငယ်ချင်းနဲ့ ပြောဖြစ်တော့ သူက ရီကျဲကျဲနဲ့ ငါတို့ပြည်သူတွေဟာ ဒီလို မလုံခြုံတဲ့ဘဝတွေနဲ့အသားကျပြီး စည်းကမ်းမလိုက်နာနိုင်ဘဲ ဖြစ်သလို ကြုံသလို နေထိုင်သွားလာ ရှင်သန်ကြရတာပါကွာလို့ ပြောရှာပါတယ်။ ဒါပေမဲ့ မြင်သာတာတခုကတော့ စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ တိုင်းပြည်ဟာယိုယွင်းသထက်ယိုယွင်းပျက်ဆီးလာပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲနဲ့တက်လာတဲ့ စစ်ဘောင်းဘီချွတ်အရပ်သားတပိုင်းအစိုးရလက်ထက်မှာတော့ မီးကုန်ယမ်းကုန် စည်းပျက်ကမ်းပျက်ဖြစ်ရာမှာ ရေချိန်အမြင့်ဆုံးကိုရောက်ရှိခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

အဲ့ဒီနောက်တော့ ဝင်လမ်းထွက်လမ်းတွေရှူပ်ထွေးပြီး၊ လမ်းညွှန်ဆိုင်းဘုတ်တွေမပြည့်မစုံ၊ အဝေးပြေးဘတ်စ်ကားကြီးတွေအန္တရာယ်ကင်းစွာ လူတင်၊ ကုန်တင်နိုင်ဖို့ လိုအပ်တဲ့ ဆိုက်ကပ်ရာအဆောက်အအုံနေရာတွေ စနစ်တကျမရှိ၊ ကားအရေအတွက်နဲ့ ကားကွင်းအကျယ်အဝန်းက မမျှတာမို့ ဘဲ ကုလားအုပ်ကို ပုလင်းထဲထည့်သွပ်သလို ဖြစ်နေတဲ့၊ ဖြစ်သလို တည်ဆောက်ထားတဲ့ အောင်မင်္ဂလာကားကြီးကွင်းကို ရောက်ခဲ့ပါတော့တယ်။

မိုးဖွဲဖွဲလေးရွာနေတဲ့ရာသီဥတုနဲ့ ညအမှောင်အောက်မှာ မပြန်လမ်းမကြီးလို့ နံမည်ကြီးလှတဲ့ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးပေါ်မှာ စာရေးသူလည်း ရောမရောက်ရင် ရောမလိုကျင့်ဆိုသလို ကိုယ့်အသက်ကို ဖက်နဲ့မထုတ်အားတော့ဘဲ မန္တလာမင်းကားမောင်းဆရာလက်ထဲ ဝကွက်အပ်လို့ ဘုရားစာ မပြတ်ရွတ်ဖတ်ရင်းလိုက်ပါခဲ့ပါတယ်။

မန္တလေးကို မနက် ၆ နာရီလောက်မှာ ရောက်ရှိခဲ့ပြီး ကားဆိုက်တာနဲ့ အပေါက်ဝမှာ ခြေချစရာမရှိအောင် ပြုံတိုးစောင့်နေကြတဲ့ ဆိုင်ကယ်တက္ကစီသမားလေးတွေနဲ့ စတွေ့ရတော့တာပါဘဲ။ တကယ်တော့ ဆိုင်ကယ်တက္ကစီဆိုတာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆို ဆိုင်ကယ်တက္ကစီဆိုတာ လမ်းမကြီးတွေပေါ်မှာ ပြေးဆွဲတာမဟုတ်ဘဲ လမ်းတိုလေးတွေထိပ်မှာ ခရီးတိုပို့ဆောင်ကြတာများသလို ကားတွေအလွယ်တကူမသွားနိုင်တဲ့လမ်းတွေမှာ ပြေးဆွဲ ကြတာများပါတယ်။ မြန်မာနိုင်ငံက ဆိုင်ကယ်တက္ကစီတွေတင်မက တခြားဆိုင်ကယ်တွေကတော့ မန္တလေးလမ်းမကြီးတွေပေါ်မှာ လူတင်မက ကုန်တွေပါ မတန်တဆတင်ပြီး မောင်းချင်သလို မောင်းနှင်နေကြတာကို တွေ့ရတယ်။

မန္တလေးမှာ ခဏနေစဉ်အတွင်း အံ့အားသင့်စဖွယ်တွေ့ရတဲ့အထဲမှာ ဆိုင်ကယ်တစီးကို လူရှစ်ယောက်စီးပြီး လမ်းပေါ်သွားလာနေတာပါဘဲ။ မောင်းသူယောကျာင်္းကြီးရှေ့မှာ ကလေးနှစ်ယောက်ကိုတင်၊ သူနောက်မှာ သားသည်အမေတယောက် ကလေးတယောက်ခါးထစ်ခွင်ထားပြီး သူတို့နောက်မှာ မိန်းကလေးတယောက်က မတ်တတ် ပ်လို နောက်ဆုံးမှာက မိန်းမတယောက်က ကလေးချီပြီးလိုက်လာတာလေ။

မန္တလေးရဲ့ လမ်းဆုံလမ်းခွတိုင်းလိုလိုမှာ ရပ်၊ ကြည့်၊ သွား ဆိုတဲ့ ဆိုင်းဘုတ်တွေစိုက်ထူထားပါတယ်။ ဒါပေမဲ့ ဆိုင်ကယ်သမားတွေကော၊ ကားမောင်းသူအများစုဟာ မရပ်ဘူး၊ မကြည့်ဘူး၊တခါထဲခေါင်းထိုးဝင်ပြီး သွားနေကြတော့တာပါဘဲ။ တချို့ဆိုင်ကယ်သမားတွေဆိုတာ လမ်းဆုံလမ်းခွတွေကိုဖြတ်မောင်းတာများ .. ဘေးနှစ်ဖက်မှာ မျက်စေ့ကာတပ်ထားခံရတဲ့ စစ်မြင်းတွေ ကြိမ်တို့ခံရလို့ ရှေ့ကရန်သူဆီ အပြင်းချီတက်သလို .. တဟုန်ထိုးမောင်းဝင်မောင်းထွက်လုပ်ကြတာ .. အလွန်ကြောက်စရာကောင်းတယ်။ ကိုယ့်အသက်ကိုနည်းနည်းလေးမှ တန်ဘိုးမထားကြသလို အကြောက်အလန့်လည်းမရှိကြဘူး။

စာရေးသူထင်တာမမှားရင် ခန့်မှန်းခြေ ၆၀ % လောက်သော ဆိုင်ကယ်သမားတွေဟာ လိုင်စင်ရှိပုံမရဘူး။ ကြည့်လိုက်ရင်သိသာပါတယ်၊ ဆယ်ကျော်သက်အရွယ်လေးတွေမောင်းကြတယ်၊ ဘုန်းတော်ကြီးတွေ ဆိုင်ကယ်မောင်းတာလည်းတွေ့ရတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လုံးဝနားမလည်ဘဲ ဆိုင်ကယ်မောင်းနေကြတာ အလွန်သိသာပါတယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲမောင်းတယ်၊ ဆောင်းပြန်တော့လည်း မေးသိုင်းကြိုးမတတ်ကြဘူးလေ။

တချို့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိုနားလည်ပုံရပေမဲ့ သိသိကြီးနဲ့ စည်းကမ်းပျက်ကြတယ်။ လူ့အဖွဲ့အစည်းကြီးတခုလုံး ဗရမ်းပတာနဲ့ တအုံလုံး စည်းကမ်းပျက် အကျင့်ပျက်နေတော့ အတော်အတန်စည်းကမ်းလိုက်နာချင်သူတွေလည်း ရောယောင် စည်းကမ်းပျက်သွားတာပေါ့။ မြို့လယ်မဟုတ်တဲ့ ဆင်ခြေဖုံးတွေဆိုတာ ကိုယ့်အသက်ကိုရော၊ သူများအသက်ကိုပါ တန်ဘိုးမထားတဲ့ လမ်းသုံးစွဲသူတွေနဲ့ ပြည့်နှက်နေတော့တယ်။ အဆိုးဆုံးကတော့ ညပိုင်းအချိန်တွေဘဲ။ မီးပွိုင့်မရှိ ယာဉ်ထိန်းရဲမရှိ၊ မီးမလုံလောက်တော့ စစ်တလင်းပြင်ကြီးလိုဘဲ မောင်းနှင်သွားလာနေကြတာ။

စာရေးသူဟာ နိုင်ငံပေါင်းစုံကို လှည့်လည်သွားလာဖူးပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့ အာဖရိက၊ တရုပ်၊ အိန္ဒိယ အရှေ့တောင်အာရှ နိုင်ငံများစွာရောက်ဖူးတွေ့ဖူးခဲ့ပေမဲ့ မန္တလေးမြို့လောက် စည်းကမ်းပျက်စွာ ဆိုင်ကယ်မောင်းနေတာမျိုး မတွေ့ခဲ့မိပါဘူး။ ကြောက်မက်ဖွယ်ကောင်းအောင် အကျင့်ပျက်နေတာ တွေ့ခဲ့ရတယ်။ စာရေးသူ မိဘအိမ်က အိမ်သား ၅ ဦး အနက် ၃ ဦးဟာ စည်းကမ်းမဲ့မောင်းနှင်တဲ့ ဆိုင်ကယ်တွေနဲ့တိုက်မိလို့ ခြေကျိုး၊ ညှပ်ရိုးကျိုးပြီး ထိခိုက်ဒါဏ်ရာရခဲ့ဘူးတယ်။

အဲ့ဒီလို လူတိုင်းဘဝကို မလုံခြုံအောင် အန္တရာယ်ပြုနေယုံမက တန်ဘိုးရှိတဲ့ လူ့အသက်တွေကို ဆုံးရှုံးစေ၊ ဒုက္ခိတဖြစ်စေတဲ့ စည်းကမ်းပျက်မှု့တွေ၊ စည်းကမ်းလိုက်နာလို့မရနိုင်တဲ့ အခြေအနေကို ပြုပြင်ပြောင်းလဲဖို့ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု့ လှုံ့ဆော်စည်းရုံး ပညာပေးရေး ကမ်ပိန်းကြီးတွေ ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ရေရှည် လုပ်ဖို့လိုပါတယ်။ အဲ့ဒါအပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပျက်စေကြောင်း အောက်ပါအခြေခံအကြောင်းတရားတွေကို ထည့်သွင်းစဉ်းစားပြီး အစိုးရနဲ့ပြည်သူလက်တွဲရင်း အဖြေရှာရမှာဖြစ်ပါတယ်။

၁) လမ်းကူးအတားအဆီးအကာအရံ မလုံလောက်မှု့
၂) မီးပွိုင့် အရေအတွက်နှင့် အချိန်အချိတ်အဆက် မကိုက်ညီမှု့
၃) လမ်းဘေးပလက်ဖေါင်းများပေါ်တွင် ဈေးဆိုင်များ ကျူးကျော်ဖွင့်ထားမှု့
၎) ယာဉ်မောင်း ဆိုင်ကယ်မောင်းလိုင်စင် ထုတ်ပေးရေးအတွက် အရည်အသွေးမြှင့်တင်ရန်လိုအပ်မှု့
၅) လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းထိန်းသိမ်းကြပ်မတ်ရေးဆိုင်ရာ ဝန်ထမ်းမလုံလောက်မှု့
၆) ဆိုင်ကယ်မောင်းနှင်ရေးလမ်းကန့်သတ် စည်းခြားမှု့အားနည်းခြင်း
၇) ဆိုင်ကယ်နံပါတ်နှင့် အဝိုင်းပြားထုတ်ပေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများလိုက်နာမှု့လျှော့ရဲခြင်း
၈) ဆိုင်ကယ်ဦးထုတ် အရည်အသွေးနိမ့်ကျမှု့
၉) ဆိုင်ကယ်ရပ်နားထားရှိရေး စည်းစနစ်မကျမှု့
၁၀) ဆိုင်ကယ်ရောင်းချရေးဆိုင်များ ဆိုင်ရာစည်းမျဉ်းလျော့ရဲမှု့
၁၁) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့် အညီ ပြင်ဆင်ပြဌာန်းလိုအပ်မှု့
၁၂) လမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လမ်းပြလမ်းညွှန်ဆိုင်းဘုတ်များ မပြည့်စုံ မလုံလောက်မှု့

ကျွန်တော်တို့နိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှု့ စနစ်ဆိုးအောက် နှစ်ပေါင်း ၅၀ ကျော် ရုပ်ပိုင်း စိတ်ပိုင်း အကျင့်စာရိတ္တနဲ့ စည်းကမ်းလိုက်နာမှု့တွေ အဖက်ဖက်က ကဏ္ဍစုံမှာ ကြောက်ခမန်းလိလိ ကျဆင်း ယိုယွင်းခဲ့တာဆိုတော့ ပြုပြင်ပြောင်းလဲတဲ့အခါမှာ အာဏာစက်၊ ဥပဒေစက်တွေ ထိထိရောက်ရောက် အသုံးပြုရမှာဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေကို သုံးသပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အရွေးကောက်ခံအစိုးရဟာ နိုင်ငံကို ပြုပြင်ပြောင်းလဲကုသရမဲ့ ရောဂါဒါဏ်ရာအထွေထွေထဲက တိုင်းပြည်ရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု့အရှိဆုံး အဓိကပြဿနာ ဒါဏ်ရာတွေကိုသာ ဦးတည်ကုစားကယ်တင်နေရချိန်ဆိုတော့ ထိခိုက်ရှနာ ဒါဏ်ရာတွေကို အလေးအနက် မကုစားနိုင်သေးတဲ့ အချိန်ဖြစ်ဟန်တူပါတယ်။

နောက်တခု အရေးအကြီးဆုံးအချက်က လူအများရဲ့ အသိအမြင် ဗဟုသုတ၊ အကျင့်သီလ အတွေးအခေါ် စည်းကမ်းလိုက်နာလာအောင် ပညာပေးစည်းရုံးရာမှာ လူတိုင်းလူတိုင်းက သူတပါးတွေ အကျင့်ပျက်တာ၊ စည်းကမ်းပျက်တာကို ထိမ်းကျောင်းတည့်မတ်ရင်း မိမိကိုယ်တိုင်က စည်းကမ်းလိုက်နာဖို့ အကျင့်ကောင်းတွေမွေးမြူ ကျင့်သုံးဖို့လိုပါတယ်။

စစ်အစိုးရကိုဖြစ်ဖြစ်၊လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအစိုးရကိုဖြစ်ဖြစ်၊ ပြည်သူလူထုအပေါ်မှာဖြစ်ဖြစ် အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုမှု့၊ ထိန်းကြာင်းမှု့ပြုရာမှာ သတိမမေ့အပ်တာက မှားယွင်းနေတာတွေကို လက်ညိုးထိုးပြောဆိုဝေဖန်မှု့တိုင်းမှာ မိမိရဲ့လက်သုံးချောင်းက မိမိကိုယ်ကို ညွှန်ပြနေတာမို့ မိမိကိုယ်တိုင်က ဥပဒေတွေကို လိုက်နာကျင့်ကြံရဲ့လား၊ စည်းကမ်းလိုက်နာနေရဲ့လားဆိုတာ အမြဲတမ်း ပြန်လည်ဆန်းစစ်ဖို့ အလွန်အရေးကြီးပါတယ်။ လူတဦးချင်းစီက စည်းကမ်းကောင်းပြီး၊ ဥပဒေတွေကို လေးစားလိုက်နာပါမှ နိုင်ငံတ၀ှမ်းလုံးမှာ ဥပဒေစိုးမိုးမှု့ရှိနိုင်မှာပါ။


လေးစားစွာဖြင့်
(မင်းကောင်းချစ်)
ဇူလှိုင်လ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.