တူရကီနိုင်ငံ၏ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ပါဝင်ပတ်သက်မှု မရှိဟု အမေရိကန် အခိုင်အမာ ပြောကြား

အမေရိကန်ထိပ်တန်း စစ်အကြီးအကဲ တစ်ဦးနှင့် အခြားအာဏာပိုင်များက မဟာမိတ်နိုင်ငံများအကြား တင်းမာနေသော ဆက်ဆံရေးကို လျော့ကျရန်အတွက် တူရကီနိုင်ငံ၌ ဖြစ်ပွားသော စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု၌ အမေရိကန် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ဇူလိုင် ၂၉ ရက်တွင် အခိုင်အမာ ပြောကြားခဲ့ကြသည်။

နေတိုးစစ်အုပ်စုတွင် ရေရှည်လက်တွဲဖော်များ အဖြစ် ရပ်တည်ခဲ့ပြီး အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့ကို တရားဝင်ပူးတွဲ တိုက်ခိုက်နေသည့် အမေရိကန်နှင့် တူရကီတို့သည် မကြာသေးမီ လများအတွင်း ပြင်းထန်သည့် တင်းမာမှုများ ရှိခဲ့သည့်အပြင် ဇူလိုင်လလယ်တွင် ဖြစ်ပွားသော အာဏာသိမ်းမှုကြောင့် တင်းမာမှု ပိုမိုမြင့်တက်လာခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ အမေရိကန်တပ်များ၏ စစ်ဦးစီးမှူးဖြစ်သော ဗိုလ်ချုပ်ကြီး ဂျိုးဆက်ဗိုတယ်က ဇူလိုင် ၂၉ ရက်တွင် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ၌ သူသည် တူရကီ၌ အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ဆက်နွှယ်မှု တစ်စုံတစ်ရာ မရှိကြောင်း ပြောကြားခဲ့ပြီး ယင်းသည် အမေရိကန် စစ်တပ်၏ ရာထူးမြင့် ခေါင်းဆောင်တစ်ဦး အနေဖြင့် လုပ်လေ့လုပ်ထ မရှိသော ကိစ္စတစ်ရပ် ဖြစ်ခဲ့သည်။

“မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ တူရကီရဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုဟာ ကျွန်တော်နဲ့ တစ်စုံတစ်ရာ ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေဟာ ကံမကောင်းမှုသာဖြစ်ပြီး လုံးဝကို တိကျမှုမရှိပါဘူး” ဟု ဗိုတယ်က ပြောကြားခဲ့သည်။

သူက “တူရကီဟာ ဒေသတွင်းမှာ နှစ်များစွာကြာအောင် ထူးခြားပြီး မရှိမဖြစ်တဲ့ လက်တွဲဖော် ဖြစ်ပါတယ်။ IS အဖွဲ့ကို တန်ပြန် တိုက်ခိုက်ရာမှာ ကျွန်တော်တို့ရဲ့ အနာဂတ် လက်တွဲဖော်အဖြစ် မျှော်လင့်ပြီး ဆက်လက် ပူးပေါင်းဆောင်ရွက်တဲ့ တူရကီကို ချီးကျူးလိုပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက် အစောပိုင်းတွင် တူရကီ သမ္မတ ရီဆပ်တေယစ်အာဒိုဂန်က ဗိုတယ်ကို အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့်တိုက်ရိုက် ပတ်သက်နေသည်ဟု ပြောကြားခဲ့ပြီးနောက် ဗိုတယ်၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရှိသူ အဲရစ်ရွှေ့ဇ်က အာဒိုဂန်၏ စွပ်စွဲချက်နှင့် ပတ်သက်၍ “လုံးဝ မှားယွင်းနေပါတယ်” ဟု ပြောကြားလိုက်ခြင်းနှင့်အတူ သမ္မတ ဘာရက်အိုဘားမား၏ အစိုးရအဖွဲ့ကလည်း ၀င်ရောက် ဖြေရှင်းခဲ့သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက အိုဘားမားသည် အာဒိုဂန်ကို နီးကပ်သော မဟာမိတ်တစ်ဦးအဖြစ် သဘောထားကြောင်းလည်း ပြောကြားခဲ့သည်။

“IS အဖွဲ့ကို တိုက်ခိုက်မှု အပါအ၀င် ကျွန်တော်တို့က သမ္မတရဲ့ နိုင်ငံတကာ ဦးစားပေး လုပ်ငန်းစဉ်များစွာမှာ အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်” ဟုလည်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီးက တူရကီနိုင်ငံ၏ မငြိမ်မသက်မှုသည် အမေရိကန်နှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်မှုကို လျော့ကျစေနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပြီးနောက် တစ်ရက်အကြာ ဇူလိုင် ၂၉ ရက်တွင် အာဒိုဂန်က ဗိုတယ်သည် တူရကီ အာဏာသိမ်းရန် စီစဉ်သူများနှင့် ယှဉ်တွဲ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ဒါဇင်နှင့်ချီသော ဗိုလ်ချုပ်များကို ထိန်းသိမ်းမှုတို့က အမေရိကန်နှင့် တူရကီစစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုအပေါ် သက်ရောက်နိုင်ကြောင်း ဗိုတယ်က ပြောကြားခဲ့သည်ဟု အမေရိကန် မီဒီယာများက ဖော်ပြခဲ့သည်။

Writer:
Ref: AFP
Eleven Media Group
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.