ဝန်ကြီးချုပ်ကို ဖြုတ်ချဖို့ဆိုရင်


ယနေ့အခါမြန်မာနိုင်ငံတွင် အဖွဲ့တဖွဲ့ကိုလိုအပ်သည်ဟူ၍ လည်းကောင်း၊ မလိုအပ်သဖြင့် ဖျက်သိမ်းပစ်ရမည်ဟူ၍လည်းကောင်း အငြင်းပွားနေကြပါသည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ကိုဖြိုးမင်းသိန်းက ထိုအဖွဲ့ကိုမလိုအပ်ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး အဖွဲ့တွင် တက်ကြွလှုပ်ရှားနေကြသူများက လိုအပ်သည်ဟူ၍ ပြောကြားလာခြင်းဖြစ်သည်။ မလိုအပ်ဟုပြောကြားသော ရန်ကုန်တိုင်းဝန်ကြီးချုပ်က နိုင်ငံတော်တွင် မြန်မာနိုင်ငံ သံဃမဟာနာယက(မဟန) အဖွဲ့ရှိနေပြီးဖြစ်သဖြင့် နောက်ထပ်အဖွဲ့တခု ထပ်ရှိ နေဖို့မလိုဟု သူ့ထင်မြင်ချက်ကို ပြောပါသည်။ သူ့ထင်မြင်ချက်ကို ၀န်ကြီးချုပ် ကိုဖြိုးမင်းသိန်းက သံဃနာယကအဖွဲ့အား ၇-၇-၂၀၁၆ နံနက်တွင် ဆရာတော်သံဃာတော်များအား သြ၀ါဒခံယူဖူးတွေ့ရင်း လျှောက်ထားခဲ့သည်ဟု သိရ၏။ အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့(မဘသ)အဖွဲ့ကြီးကလည်း ၀န်ကြီးချုပ် ပြောစကားကို လက်မခံပယ်ချလိုက်ပြီး မဘသမလိုအပ်ဆိုသောစကားကို ပြောကြားခဲ့သည့်အပေါ် တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်ထံသို့ မေတ္တာရပ်ခံလွှာပေးပို့သွားမည်ဟု သိရသည်။ ထိုကိစ္စကို တပတ်အတွင်း မဖြေရှင်းပေးပါက တနိုင်ငံလုံးအတိုင်းအတာနှင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးထောက်ခံမည့် လှုပ်ရှားမှုများပါ ပြုလုပ်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်ကတော့ မဘသ(ဗဟို)၏ တောင်းဆိုချက်ကို တုံ့ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ့၏။ အချို့ကလည်း ဦးဖြိုးမင်းသိန်းကို လူထုကရွေးချယ်ထားသော လွှတ်တော်ကိုယ်စားလှယ်ဖြစ်သဖြင့် လက်မှတ်ရေးထိုးကာရာထူးမှ ဖြုတ်ချမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်တွင် ပြောဆိုနေကြပေ၏။ ယခု ဆောင်းပါးသည် ထိုအဖွဲ့ကြီးလိုအပ်သည်၊ မလိုအပ်သည်ကို ဝေဖန်ပြမည့်ဆောင်းပါးမဟုတ်ပါ။ ၀န်ကြီး ချုပ်တယောက် ဘယ်လိုအာဏာရလာသည်၊ မည်သည့်အခြေအနေတွင် ရာထူးမှဖြုတ်ချ၍ရသည်။ မည်သည့်အခြေအနေတွင် ဖြုတ်ချ၍မရ၊ မည်သို့ဖြုတ်ချရသည်ဆိုသည်များကို ဥပဒေကြောင်းအရ ရှင်းလင်းတင်ပြလိုရင်း ဖြစ်သည်။

လူတော်တော်များများ မရှင်းမလင်းဖြစ်နေသောကိစ္စ၊ သေသေချာချာနားမလည်သောကိစ္စမှာ လွှတ်တော် ကိုယ်စားလှယ်တွေလို ၀န်ကြီးချုပ်သည်လည်း ပြည်သူက မဲဆန္ဒဖြင့် ရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ် သည်ဟု ထင်နေကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင်နိုင်မှ (အရွေးခံရ၍ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူကိုမှ) ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရမည်ဆိုသည်ကား မှန်၏။ သို့သော် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသည့် အချိန်ကစ၍ သူသည် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တော့၊ ဥပဒေပြုရေးဟူသော လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန်မလိုအပ်တော့၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏ အကြီးအကဲ ၀န်ကြီးချုပ်ဖြစ်သွားပြီဖြစ်သည်။ ဤနေရာ၌ မဲဆန္ဒရှင် ပြည်သူလူထု၏လက်မှတ်များကို ကောက်ခံမည်။ ထိုလက်မှတ်များဖြင့် ပြန်လည်ဖြုတ်ချ မည်ဆိုခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှပြန်လည်ရုပ်သိမ်းလိုသောအခါ ပြုလုပ်သည့် Right to Recall ဟူသည့် လုပ်ထုံးလုပ်နည်းဖြစ်သည်။ ထို Right to Recall ဥပဒေပင်သည်လျှင် ဘယ်နှရာခိုင်နှုန်းက လက်မှတ်ရေးထိုးလာလျှင် လက်ခံစဉ်းစားမလဲဟူသည့် ရာခိုင်နှုန်းကိစ္စကို အတိအကျ မဆုံးဖြတ်နိုင်သေးဘဲ ဦးရွှေမန်းလက်ထက်က ဆိုင်းငံ့အဖြစ် ထားခဲ့ရသောဥပဒေ ဖြစ်သည်။ လက်ရှိလက်ခံထားသော မဲဆန္ဒရှင် စုစုပေါင်း၏ (၁)ရာခိုင်နှုန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းချက်ကို တင်ပြရမည်ဟူသည့် ပြဋ္ဌာန်းချက်သည်ပင်လျှင် လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားနိုင်ခြင်းဖြစ်၍ ၀န်ကြီးချုပ်နှင့်မပတ်သက်ပေ။ ရှင်းအောင်ပြောရလျှင် မြန်မာနိုင်ငံတွင် တိုင်း(၇)တိုင်းနှင့် ပြည်နယ် (၇)ခု အတွက် စုစုပေါင်း ၀န်ကြီးချုပ် (၁၄)ယောက်ရှိသည့်အနက်မည်သည့်ဝန်ကြီးချုပ်ကိုမှ လူထုဆန္ဒမဲလက်မှတ်ဖြင့် ဖြုတ်ချခွင့်မရှိချေ။ ၀န်ကြီးချုပ်ကို ခန့်အပ်စဉ်က သမ္မတက နာမည်စာရင်းတင်သွင်းခွင့်ရှိသော်လည်း သမ္မတ ကပင်လျှင် ဖြုတ်ချခွင့်မရှိချေ။ ထို့ထက်အလွန်ပြောရလျှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သော်မျှ ၀န်ကြီးချုပ်တယောက်ကို သူ့သဘောနှင့်သူ ဖြုတ်ချပိုင်ခွင့်အာဏာမရှိချေ။ ၀န်ကြီးချုပ်ကို ဖြုတ်ချပိုင်ခွင့် (စွပ်စွဲပြစ်တင်ပိုင်ခွင့်)အာဏာသည် သက်ဆိုင်ရာတိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်မှာပဲရှိလေသည်။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ဖြုတ်ချပိုင်ခွင့် အာဏာသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှတပါး မည်သူ့ထံတွင်မှ မရှိ၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို ဖြုတ်ချပိုင်ခွင့်သည် မန္တလေးတိုင်းဒေသကြီး လွှတ်တော်မှ တပါးမည်သူ့ထံတွင်မှ မရှိကြောင်း ပြောလိုရင်းဖြစ်သည်။

ဝန်ကြီးချုပ်တယောက်ကို ရာထူးမှဖြုတ်ချလိုပါက လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုပြုနိုင်ကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ပုဒ်မ ၂၆၃ (တိုင်းဒေကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီး တဦးဦးအပေါ် စွပ်စွဲပြစ်တင်ခြင်း)တွင် အောက်ပါအတိုင်းပြဋ္ဌာန်းထား၏။

၂၆၃။ (က) တိုင်းဒေကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီးတဦးဦးအား အောက်ပါ အကြောင်းတရပ်ရပ်ကြောင့် စွပ်စွဲပြစ်တင်နိုင်သည် -

(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊

(၂)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊

(၃) အကျင့်သိက္ခာပျက်ပြားခြင်း၊

(၄) ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီး၏ အရည်အချင်းပျက်ယွင်းခြင်း၊

(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်သည်။

ထိုအချက် (၅)ချက်မှတပါး မည်သည့်စွပ်စွဲချက်နှင့်မှ ၀န်ကြီးချုပ်ကို အရေးယူ၍မရချေ။ ထိုအချက်များ ဖောက်ဖျက်သည်ဟု ကိုယ့်ဘာသာ တဖက်သတ်စွပ်စွဲရုံမျှနှင့်လည်း မရ၊ ၀န်ကြီးတဦးဦး (သို့မဟုတ်) ၀န်ကြီး ချုပ်တဦးကို အထက်ပါကဲ့သို့ စွပ်စွဲမည်ဆိုလျှင် ပထမဆုံး လိုအပ်သည့်အဆင့်မှာ ဥပမာ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ လေးပုံတပုံသော လွှတ်တော်အမတ်များက လက်မှတ်ရေးထိုးပြီး မိမိတို့၏ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ် သည်။ ထို့ကြောင့် ၀န်ကြီးချုပ်ကို မလိုလားသူများသည် ရပ်ကွက်ထဲတွင်လက်မှတ်လိုက်ကောက် နေရုံနှင့်မပြီးဘဲ (ကိုယ်ဖြုတ်ချလိုသည့် တိုင်းဒေသကြီး)လွှတ်တော် အမတ်များ ကိုယ့်ဘက်ပါလာအောင် အရင်ဆုံးကြိုးစားရမည်ဖြစ်သည်။ ဆိုကြပါစို့၊ လူဦးရေ ၁၂၃ ယောက်ရှိသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တွင် ၀န်ကြီးချုပ်ကို စွပ်စွဲပြစ်တင်မည့် အဆိုတခုတင်မည်ဆိုလျှင် အနည်းဆုံးလွှတ်တော်ကိုယ်စားလှယ် ၃၁ ဦး က လက်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဋ္ဌထံ တောင်းဆိုရမည်ဖြစ်သည်။ ထိုသို့ လေးပုံတပုံက တောင်းဆိုရုံနှင့်လည်း ၀န်ကြီးချုပ်သည်ရာထူးမှ ပြုတ်ကျသွားသည် မဟုတ်ချေ။ ဒါသည်ပထမအဆင့်ကို လုပ်နိုင်ရုံသာရှိသေးသည်။ ဒုတိယအဆင့်တွင် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းပြီး စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးရမည်။ ထိုသို့ စုံစမ်းစစ်ဆေးသောအခါ စွပ်စွဲခံရသူ ၀န်ကြီးချုပ်က သူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်လွှတ်၍သော်လည်းကောင်း ချေပခွင့်ပေးရပေမည်။ တတိယ အဆင့်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ရှိချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌကို အစီရင်ခံရမည်။ ထိုအခါ တွေ့ရှိချက်ကို တိုင်းဒေသကြီးလွှတ်တော်တွင်ချပြပြီး မဲခွဲဆုံးဖြတ်မည်။ စတုတ္ထအဆင့် သည် အရေးအကြီးဆုံးအဆင့် Key Point ဖြစ်သည်။ ထိုအချက်မှာ ၀န်ကြီးချုပ်တဦး အပြစ်ရှိမရှိ မဲပေးဆုံးဖြတ်ရာတွင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် အားလုံး၏သုံးပုံနှစ်ပုံက စွပ်စွဲမှုမှန်ကန်သည်ဟု ထောက်ခံ၍ ၀န်ကြီးချုပ်သည် တာဝန်တွင် ဆက်လက်ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ထိုဆုံးဖြတ် ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်ခံရမည်ဟု ပါပေသည်။ နိုင်ငံတော်သမ္မတက စွပ်စွဲခံရသော ၀န်ကြီးချုပ်ကို ရာထူးမှ ရပ်စဲမိန့်ထုတ်ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် ၀န်ကြီးချုပ်တယောက် တကယ်အပြစ်ရှိမရှိ အဆုံးအဖြတ်ပေးမည့် သူမှာလွှတ်တော်အမတ် အားလုံး၏ သုံးပုံနှစ်ပုံ (၆၆ရာခိုင်နှုန်း) ဆိုတဲ့အချက် ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် လူဦးရေ ၁၂၃ ဦးရှိနေသောကြောင့် ထိုအထဲမှ ၆၆ ရခိုင်နှုန်းဖြစ်သော ၈၁ ယောက်က အပြစ်ရှိသည်ဟု မဲပေးမှ ၀န်ကြီးချုပ်က ပြုတ်မှာဖြစ်သည်။ လောလောဆယ်တွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်၌ NLD အမတ် ၉၀ ဦး၊ ကြံ့ခိုင်ရေးအမတ် ၃ ဦး၊ ရခိုင်အမျိုးသားပါတီက တဦး၊ တပ်မတော်သားကိုယ်စားလှယ် ၃၁ ဦးရှိပေသည်။ NLD မှလွဲ၍ အခြားအင်အားစုများမှာ တပ်မတော် ၃၁ + ကြံ့ခိုင်ရေး ၃ + ရခိုင် ပါတီ ၁ = စုစုပေါင်း ၃၅ ဦးသာ ရှိပေသည်။ ထို့ကြောင့် ၀န်ကြီးချုပ်ကိုဖြုတ်ချရန် (စွပ်စွဲပြစ်တင်ရန်) အနည်းဆုံးလိုအပ်သော ၈၁ မဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ရနိုင်ရန်အကြောင်း မမြင်ပါ။

နိုင်ငံရေးသည် မိမိစိတ်ထင်ရာ လျှောက်လုပ်လျှောက်ပြော၍ရသည့် အရာမဟုတ်။ တိကျခိုင်မာသော အချက်အလက်အပေါ်တွင်သာ အခြေခံပြီး စနစ်တကျအလုပ်လုပ်သဖြင့် နိုင်ငံရေးကိုသိပ္ပံဘာသာထဲတွင်ထည့်ပြီး နိုင်ငံရေးသိပ္ပံ (Political Science) ဟု ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ မိမိထင်မြင်ချက်ဖြင့် အကိုးအကား အခြေအမြစ်မရှိလျှောက်ပြောခြင်းသည် အဆုံးသတ်၌ ဘယ်နေရာမှ မရောက်ဘဲ ရှိတတ်သည်။ မှန်ကန်သော အချက်အလက် မှန်ကန်သော ချဉ်းကပ်မှုကသာ ထိရောက်အကျိုးရှိတတ်ပေသည်။ သိပ္ပံနည်းကျတွက်ကြည့်သောအခါ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးချုပ်ကိုဖြုတ်ချနိုင်သောအဖြစ်သည် မရှိသလောက်နည်းကြောင်း တွေ့ရပေလိမ့်မည်။ ဆန္ဒပြမည်၊ လက် မှတ်ရေးထိုးကောက်ခံမည်ဆိုခြင်းတို့မှာ မိမိတို့၏ စိတ်ခံစားချက်အရ ပြုလုပ်၍ရသော်လည်း တိကျသော သက်ရောက်မှုရှိမည်မဟုတ်ချေ။ နိုင်ငံ၏အမြင့်ဆုံးဥပဒေသည် ဖွဲ့စည်းပုံခြေခံဥပဒေ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ ဥပဒေကြောင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ထိုပြဋ္ဌာန်း ချက်အတိုင်းသာသွားမည် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို နားမလည်ပါဘဲ၊ မလေ့လာပါဘဲ၊ မသိရှိပါဘဲ နိုင်ငံရေးဖြစ်စဉ်များတွင်ဝင်ပါ၍ မရ၊ မဖြစ်ပါချေ။ အလွဲလွဲအချော်ချော်သာ ဖြစ်ပေလိမ့်မည်။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်ခန့်အပ်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများဖြစ်ခဲ့သေးသည်။ ရခိုင်ပြည် နယ်လွှတ်တော်၌ အမတ်နေရာ အများစုအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ (ANP) က သူတို့ပါတီမှာ ရခိုင်ပြည်နယ်လွှတ်တော်တွင် အမတ်နေရာအများစု အနိုင်ရရှိခဲ့သောကြောင့် အစိုးရဖွဲ့ရာတွင်လည်း ၀န်ကြီးချုပ်ရာထူးကို သူတို့ပါတီမှဖြစ်ရမည်။ ANP ပါတီဝင်မှ ၀န်ကြီးချုပ်နေရာမရေခဲ့ပါက အစိုးရအဖွဲ့ထဲတွင် မပါဝင်တော့ဘဲ အတိုက်အခံအဖြစ်သာ ရပ်တည်မည်ဟု အရေးဆိုခဲ့ပေသည်။ NLD ပါတီကလည်း ရခိုင် အမျိုးသားပါတီခေါင်းဆောင် ဦးအေးမောင်၏စကားကို ဆန့်ကျင်ကာ NLD ပါတီမှ ဦးညီပုကိုသာ ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ရာထူးကို ခန့်အပ်ခဲ့ပါသည်။ အမှန်တော့ ဒေါက်တာအေးမောင်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို သေသေချာချာမသိဘဲ (သို့မဟုတ်)သိလျက်နှင့် မသိချင် ယောင်ဆောင်ပြီး ၀န်ကြီးချုပ်ရာထူးကို တောင်းခဲ့ခြင်း ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ် ၀န်ကြီးချုပ် (သို့မဟုတ်) တိုင်းဒေသကြီးဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်အဆိုပြုပြီး သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များက ခန့်အပ်ရမည်ဟုဆိုထား၏။ ၀န်ကြီးချုပ် ဖြစ်ထိုက်သည့်သူများ၏ အရည် အချင်းများကိုလည်း ဖွဲ့စည်းပုံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထား၏။ ပုဒ်မ၂၆၁ အရ ၀န်ကြီးချုပ်ဖြစ်မည့် သူသည်-

(၁) အသက် ၃၅ နှစ်ပြည့်ရမည်

(၂) နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားသောသူ၊ မြန်မာနိုင်ငံတွင် အနည်းဆုံး ၁၀ နှစ်အခြေချနေထိုင်ခဲ့သူ၊ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါသတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူ

(၃) ပုဒ်မ ၁၂၁ တွင် ဖော်ပြထားသည့်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်မရှိစေသော ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းမရှိသူ

(၄) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိသူ ဖြစ်ရမည်ဟု သတ်မှတ်ထားပေသည်။ ထိုအရည် အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြသနိုင်လျှင် သမ္မတကအမည်စာရင်းတင်သွင်းလာသူကို ခန့်အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရဟု ပုဒ်မ ၂၆၁ (ဃ) တွင် တိတိကျကျ ရေးသားထားသည်။
ဆိုလိုရင်းမှာ သမ္မတမှ ၀န်ကြီးချုပ်ခန့်မည်။ ထိုသူသည် သတ်မှတ်အရည်အချင်းများနှင့် မကိုက်ညီဟု သက်သေမပြနိုင်ဘဲ ဟိုလူ့မကြိုက်ဘူး ဒီလူ့ခန့်ပါဟုပြော၍မရ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက သမ္မတခန့်မည့် ၀န်ကြီးချုပ်လောင်းကို လွှတ်တော်က အတည်ပြုပေးရုံပဲ ရှိသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက် သည်ဖြစ်စေ ထိုပြဋ္ဌာန်းချက်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် ဖြစ်သည်။ ထိုအခြေခံဥပဒေသည် NLD က ရေးဆွဲခဲ့သောဥပဒေ မဟုတ်ပေ။ တပ်မတော်က ဦးဆောင်ရေးဆွဲခဲ့ပြီး ၉၂ ဒသမ ၄ ရာခိုင်နှုန်းသော ပြည်သူလူထုက အထောက်ခံကြီး ထောက်ခံခဲ့သည်ဟု (ဟုတ်ဟုတ် မဟုတ်ဟုတ်) စစ်အစိုးရက တဖွဖွပြောခဲ့သော အခြေခံဥပဒေကြီး ဖြစ်သည်။ ထိုဥပဒေအရ ၀န်ကြီးချုပ်ကို သမ္မတက ခန့်ခြင်း ဖြစ်ရာ ထိုခန့်အပ်မှုကို သဘောမတူပါက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ထိုပြဋ္ဌာန်းချက်ကို သဘောမတူ လက်မခံ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်အစိုးရက ရေးဆွဲနေစဉ်က ဖြစ်စေ၊ ဦးသိန်းစိန်အစိုးရ သက်တမ်း အတွင်း ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်အတွင်းကဖြစ်စေ ဦးအေးမောင်တို့ အဖွဲ့က ပြင်ဆင်ခြင်း၊ ကန့်ကွက်ခြင်း ပြုရပေမည်။

ထိုစဉ်ကတပ်မှလာသော ၀န်ကြီးချုပ်များလက်ထက်က အလိုတူအလိုပါ ငြိမ်နေကြပြီး NLD အစိုးရမှတင်လာ သော ၀န်ကြီးချုပ် ခန့်အပ်ကာမှ မိမိပါတီဝင်ကို ခန့်အပ်ပါဟူသည် ဥပဒေဘောင်မ၀င်ချေ။ ထိုသို့သော တောင်းဆိုမှုကို ရှမ်းတို့ကလည်း မတောင်းဆိုခဲ့၊ မွန်တို့ကလည်း မတောင်းဆိုခဲ့၊ အခြားတိုင်းရင်းသားများက မတောင်းဆိုဘဲ ရခိုင် အမျိုးသားပါတီမှ တောင်းဆိုခဲ့သည်။ ရခိုင်အမျိုးသားပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သမ္မတကခန့်အပ်ခြင်းကို မိမိတို့ကလက်ခံရမည့် တာဝန်ရှိနေသည်ကို သဘောပေါက်သင့်ပေသည်။ အကယ်၍ ဖြစ်သင့်သည်မှာ နောင်အခါဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်အခါ ၀န်ကြီးချုပ်ခန့်အပ်ခြင်းကို သမ္မတကခန့်အပ်ခြင်းအစား ပြည်နယ်နှင့်တိုင်း လွှတ်တော်များက ခန့်အပ်ခွင့်ပြဋ္ဌာန်းပေးပါဟု အစိုးရ၊ တပ်မတော်တို့အား ဥပဒေဘောင်အတွင်းမှ ပူးပေါင်းတောင်းဆိုသင့်ပေသည်။

ထိုသို့ဆိုသဖြင့် ၀န်ကြီးချုပ်များသည် မည်သို့မျှ ရာထူးမှပြုတ်ကျနိုင်ခွင့်မရှိတော့ဘဲ ထင်ရာစိုင်းကြတော့မည်ဟု ဆိုလိုရင်းမဟုတ်။ အထက်တွင် ဖော်ပြထားသော စွပ်စွဲပြစ်တင်နိုင်စရာအကြောင်း ၅ ချက်မှ တချက်ချက်ကို အမှန်တကယ်ကျူးလွန်ဖောက်ဖျက်ပါက မိမိပါတီဝင်ချင်းဖြစ်စေကာမူ ဥပဒေပြုအမတ်များက ၀န်ကြီးချုပ်ကို ကာကွယ်ပေးမည်မဟုတ်ချေ။ သို့သော် လူတယောက်၊ အဖွဲ့တဖွဲ့က မကျေနပ်၍ ဆန္ဒပြရုံလက်မှတ်ရေးထိုး တောင်းဆိုရုံနှင့် ၀န်ကြီးချုပ်တွင် ဘာမှထိခိုက်မသွားနိုင်ဘူးဆိုတာ ပြောလိုရင်း ဖြစ်သည်။ ယခုအဖြစ်တွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်သည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်းလည်း မဟုတ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းလည်း မဟုတ်၊ အကျင့်သိက္ခာ ပျက်ပြားခြင်းလည်း မဟုတ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းထားသည့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ၀န်ကြီး၏ အရည်အချင်း ပျက်ယွင်းခြင်းလည်းမဟုတ်၊ ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းလည်းမဟုတ်သဖြင့် ၀န်ကြီးချုပ်အပေါ် တရားဝင် အပြစ်တင် စွပ်စွဲစရာရှိလာမည် မဟုတ်ချေ။ နိုင်ငံရေးလုပ်မည်ဆိုလျှင် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်သဘောပေါက်ဖို့တော့ လိုပေလိမ့်မည်။ ထိုသို့ နားလည်ပြီးမှသာ ကန့်ကွက်ခြင်း၊ ဆန့်ကျင်ခြင်း၊ ဆန္ဒပြခြင်း ဘာကိုပဲလုပ်လုပ် အဓိပ္ပာယ်ရှိရှိ လုပ်နိုင်မည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.