တူရကီအာဏာသိမ်းပွဲနှင့် စစ်ဘက် အရပ်ဘက်ဆက်ဆံရေး

မြင်ရသော ဓာတ်ပုံတပုံကြောင့် စိတ်ချမ်းသာရသည်။ ဓာတ်ပုံထဲတွင် နိုင်ငံတော်၏အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်သို့ လာရောက်လေ့လာကြည့်ရှု သည့်သတင်းနှင့်အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဒေါ်အောင် ဆန်းစုကြည်နှင့်တွဲ၍ မြင်ရသောကြောင့်ဖြစ်သည်။ သာမန်တွဲ၍ မြင်ရခြင်းပင်မဟုတ်၊ စစ်သမိုင်းပြတိုက်သို့ လာရောက်သော အရပ်သားနိုင်ငံရေးခေါင်းဆောင်တဦးကို တပ်မတော်မှ အမြင့်ဆုံးရာထူးယူထားသူတဦးက ခရီးဦးကြိုဆိုကာ လိုက်ပါရှင်းလင်းပြသသောဓာတ်ပုံဖြစ်သဖြင့် အဓိပ္ပာယ်များစွာရှိသော ဓာတ်ပုံတပုံပင် ဖြစ်ပါ သည်။ ဒီမိုကရေစီတိုက်ပွဲပြင်းထန်နေသော ၁၉၈၈-၂၀၁၂ ကာလများက

အတိုက်အခံခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်တဦး၏ ဤသို့သောဓာတ်ပုံမျိုးကို မြင်တွေ့ရဖို့ စိတ်ကူးထဲမှာပင် မဖြစ်နိုင်သလောက် ရာခိုင်နှုန်းနည်းပါးလေသည်။ ယခုအခါ အိပ်မက်တို့ စတင်အကောင်အထည်ပေါ်လေပြီဟု ဆိုသော်ရနိုင်ပါ၏။ သွားလိုသောခရီးဆုံးသို့မူ မရောက်သေး၊ သို့သော် သွားရမည့်လမ်းကြောင်းပေါ်သို့ ရောက် နေပြီဟူ၍ ယူဆနိုင်ပါ၏။ အကယ် စင်စစ် မြန်မာနိုင်ငံဝယ် တပ်မတော်သည် သီးခြားရပ်တည်နေသည့် အဖွဲ့ အစည်းဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ တပ်မတော်သည် နိုင်ငံခြားရေးနှင့် ငွေစက္ကူမရိုက်နှိပ်သည်မှလွဲ၍ အစိုးရတရပ်ရှိရမည့် လိုအပ်ချက်အားလုံး သူတို့မှာရှိနေအောင် လုပ်ဆောင်ထားပြီးဖြစ်သည်။ အစိုးရတွင် နိုင်ငံပိုင်အသံလွှင့်ရုံ (MRTV)ရှိသလို တပ်မတော်တွင် မြ၀တီရုပ်မြင်သံကြားရှိ၏။

အစိုးရတွင် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာရှိသလို တပ်မတော်တွင် မြ၀တီသတင်းစာရှိ၏။ အစိုးရတွင် ပညာရေးဝန်ကြီးဌာန လက်အောက်ခံ စက်မှုတက္ကသိုလ်ရှိသလို တပ်မတော်တွင် တပ်မတော်နည်းပညာတက္ကသိုလ်ရှိ၏။ အစိုးရ လက်အောက်တွင် ဆေးတက္ကသိုလ်ရှိသလို တပ်မတော်လက်အောက်တွင် တပ်မတော်ဆေးတက္ကသိုလ် ရှိသည်။ အစိုးရတွင် နိုင်ငံပိုင်မြန်မာ့စီးပွားရေးဘဏ်ရှိသလို တပ်မတော်တွင် မြ၀တီဘဏ်ရှိသည်။ အစိုးရတွင် ၀င်ငွေရပေါက်ရလမ်းရှိသော စီးပွားရေးလုပ်ငန်းများရှိသလို တပ်မတော်တွင် စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း(MEC) စသည်များရှိသည်။ ယခင်က ဦးနေ၀င်း၏ မဆလအစိုးရလက်ထက်အထိ တပ်မတော်စာရင်း အင်းများကို အရပ်ဘက်စာရင်းစစ်အဖွဲ့မှ စစ်ဆေးသည်။ ယခုသော် ၁၉၈၈ မှစကာ တပ်မ တော်စာရင်းအင်းများကို တပ်မတော်မှ စာရင်းစစ်များမှပင်စစ်သည်။ ဤသို့ဖြင့် တပ်မတော်သည် မည်သူကမျှ မတိုက်တွန်းရဘဲ အုပ်ချုပ်ရေး(အစိုးရ)၏ လက်အောက်မှ သီးခြားကင်းလွတ်သော အဖွဲ့တဖွဲ့အဖြစ်သို့ ရောက် မှန်းမသိရောက်လာလေသည်။ နိုင်ငံတကာတွင် ကာကွယ်ရေးဝန်ကြီးသည် တပ်ပိုင်းဆိုင်ရာကိစ္စများတွင် ရာထူး အကြီးဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီးအထက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှိနေသည်။ ကာကွယ်ရေးဝန်ကြီးသည် တပ်ချုပ်၏လက်အောက်သို့ ရောက်နေသည်။ တပ်မတော်၏ ကိစ္စအ၀၀ သည် နိုင်ငံတော်သမ္မတနှင့် လုံးဝမပတ်သက်တော့ဘဲ တပ်သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုမှ ကင်းလွတ် နေလေသည်။

ထိုသို့ ကင်းလွတ်ခွင့်ရအောင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀(ခ)တွင် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုတမျိုး၊ ပုဒ်မ ၂၀(ဂ)တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ အကြီးအကဲဖြစ်သည်ဟူ၍တဖုံ ထည့်သွင်းဖော်ပြထားလေသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတ၏သြဇာသည် တပ်မတော်အပေါ် မရှိသလောက်ဖြစ်နေလေသည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်ဟု ရေးထားပြန်ပါသည်။ ကျွန်တော့်အမြင်တွင် ပုဒ်မ ၂၀(ခ)(ဂ)တို့သည် ပုဒ်မ ၅၈ နှင့် ဆန့်ကျင်ဖီလာ (Contra-) ဖြစ်နေသည်ဟု ထင်ပါသည်။

အကယ်၍ ပုဒ်မ ၅၈ တွင် ပြဋ္ဌာန်းထားသလို နိုင်ငံတော်သမ္မတသည် နိုင်ငံသား အားလုံး၏ အထွတ်အထိပ်နေရာတွင် ရရှိသည်ဟူသည့် ပြဋ္ဌာန်းချက်ကိုသာ အတည်ယူလျှင် လက်နက်ကိုင် တပ်ဖွဲ့အားလုံး၏ အကြီးအကဲသည်လည်း နိုင်ငံတော်သမ္မတပင်ဖြစ်ရပေမည်။ ထိုအခါ ပုဒ်မ၂၀(ခ)တွင် ပြဋ္ဌာန်း ထားသည့် တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲစီရင်ဆောင်ရွက်ပိုင်ခွင့်ရှိ သည်ဆိုသည့်ဥပဒေမှာလည်း တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို သမ္မတ၏သဘော တူညီချက် နှင့်အညီ လွတ်လပ်စွာစီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည် ဟုဖြစ်သင့်ပေသည်။ သို့သော် ဤသို့မဖြစ်ခဲ့။ ထို့ကြောင့် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တ၀န်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာရရှိသည်ဟု ရေးထားသော်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တ၀န်းလုံးဆိုရာ တွင် တပ်မတော်မပါသလို ဖြစ်နေပါသည်။ အကယ်၍ ပါသည်ဆိုသော်ငြားလည်း အထွတ်အထိပ်ဆိုသည်မှာ လည်း စီမံခန့်ခွဲခွင့်မရှိသော အထွတ်အထိပ်သဖွယ်ဖြစ်နေပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် ဖြစ်ပါသည်။ အရပ်သားသမ္မတက တပ်မတော်အပေါ် အာဏာသက် ရောက်မှုမရှိသလောက်ဖြစ်နေခြင်း၊ တပ် နှင့်သမ္မတ ကင်းလွတ်နေခြင်းတို့ ဖြစ်နေပါသည်။

ဤအချက်များကြောင့် တပ်မတော်သည် အရပ်သားအစိုးရနှင့် ခပ်ကင်းကင်း ခပ်တန်းတန်း ဖြစ်နေစေပါသည်။ တပ်ကိစ္စကို သမ္မတက၀င်မပါ၊ အစိုးရကိစ္စကို တပ်က၀င်မပါရအောင် အခြေခံဥပဒေကစည်းခြားထားရာ တမြေထဲတရေတည်း တနိုင်ငံတည်းဖြစ်သော်လည်း မြန်မာနိုင်ငံတွင် အရပ်ဘက်နှင့်စစ်ဘက်ဟူ၍ စည်းခြား ထားသလိုဖြစ်နေပါသည်။

စစ်ဘက်ဆိုင်ရာအခမ်းအနားများတွင် အရပ်ဘက်ခေါင်းဆောင်ကို ဖိတ်လေ့မရှိ (ဥပမာ တပ်မတော်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို မဖိတ်ခဲ့သဖြင့် မတက်ရောက်ခဲ့)သလို အရပ်ဘက် အခမ်းအနားများတွင်လည်း စစ်ဘက်ခေါင်းဆောင်များ ရောက်လာလေ့မရှိပါ။ ဤသို့ နှစ်ဦးနှစ်ဖက် ခပ်တန်း တန်းဖြစ်နေကြပါသည်။ နိုင်ငံတကာတွင်တော့ (ဥပမာ အမေရိကန်ပြည်ထောင်စုတွင်) သမ္မတသည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး၏ စစ်သေနာပတိဖြစ်သည်။ သူ့လက်အောက်တွင် ကာကွယ်ရေးဝန်ကြီးရှိသည်။ ကာကွယ်ရေးဝန်ကြီးလက်အောက်တွင် ကြည်း၊ ရေ၊ လေ ကာကွယ်ရေးဦးစီးချုပ်များရှိသည်။ အရပ်သား အစိုးရ၏စီမံခန့်ခွဲမှုကို စစ်ဘက်က လိုက်နာဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံဝယ် ဤကဲ့သို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကြောင့် တပ်ဘက်ဆိုင်ရာတွင် အာဏာအရှိဆုံးပုဂ္ဂိုလ်မှာ သမ္မတမဟုတ်ဘဲ ကာကွယ်ရေးဦးစီးချုပ်ဖြစ် နေပါသည်။ ဤအခြေအနေတွင် တပ်ချုပ်အနေနှင့်ဒေါ်အောင်ဆန်းစုကြည်လို သမ္မတ မဟုတ်သော နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်တယောက် တပ်မတော် စစ်သမိုင်းပြတိုက်သို့ လာရောက်လည်ပတ်ခြင်းကို ကိုယ်တိုင် မကြိုဆိုဘဲ သူ့လက်အောက်မှ ဒုတိယတပ်ချုပ်၊ သို့မဟုတ် အခြားတပ်မတော် အရာရှိတဦးဦးအား ကြိုဆို ဧည့်ခံလိုက်လံရှင်းပြခိုင်း၍ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်လာလျှင် တပ်ချုပ်က ဧည့်ခံရမည်ဟုလည်း စည်းကမ်းဥပဒေ ထုတ်ထားတာမဟုတ်ပါ။ ထိုအခြေအနေတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မည်သူ၏ တိုက်တွန်းမှုမှမပါဘဲ သူ့သဘောနှင့်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖော်ဖော်ရွေရွေ လက်ခံတွေ့ဆုံကာ လိုက်ပါရှင်းပြခြင်းသည် ချီးကျူးဖွယ်ကောင်းသော လုပ်ရပ်ဖြစ်သည်။ မည် သည့်အကြောင်းကြောင်း ထိုသို့ လုပ်သည်ဖြစ်စေ အရပ်ဘက်စစ်ဘက်ဆက်ဆံရေးတွင် အေးခဲနေသောရေခဲမှတ်ကို စတင်ဖြိုခွဲပစ်လိုက်သော လုပ်ရပ်ဖြစ်ပါသည်။ ထိုသို့ အေးစက်မှုကို ဖြိုခွဲစေရန် စတင်ကမ်းလှမ်းသည့်သဘောဖြင့် တပ်မတော်စစ်သမိုင်း ပြတိုက်ကိုမှ တကူးတက လာလည်သော ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကျယ်မှုကိုလည်း အသိအမှတ်ပြုရ ပေမည်။ လက်ခုပ်တီးခြင်း၊ လက်ဆွဲနှုတ်ဆက်ခြင်းတို့မှာ လက်တဖက်တည်းဖြင့်လုပ်၍မရကြောင်း အားလုံး အသိပင်ဖြစ်သည်။

တပ်မတော်နှင့်အရပ်ဘက်ရေခဲမှတ်ပြိုကျသွားခြင်းအထိမ်းအမှတ်ကို သိသာစေသော အချက်မှာ မကြာခင်က ကျင်းပပြုလုပ်ခဲ့သော (၆၉)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတက်စဖူး တက်ရောက်အလေးပြုခဲ့သည့်ကိစ္စဖြစ်သည်။ ထို့ထက်ပို၍ ရေခဲတံတိုင်းများအရည်ပျော်လာပါက ပိုမိုနွေးထွေးသော ပူးပေါင်းဆောင်ရွက်မှုမျိုးပေါ်လာမည်ဟု မျှော်လင့်ရပေသည်။ ထိုသို့တိုးတက်မှုဖြစ်လာစေရန်အတွက် ဗိုလ်သင်တန်းဆင်းပွဲစသော တပ်မတော်ဘက်မှ အခမ်းအနားများတွင် သမ္မတကြီးဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို ပိုမိုဖိတ်ခေါ်သင့်သလို သမ္မတ ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ဘက်မှလည်း တပ်မတော်နှင့်ပတ်သက်သော အခမ်းအနားများ၊ နေရာဌာန များကို မကြာခဏသွားရောက်သင့်ပါသည်။

မကြာသေးမီရက်များအတွင်းက တူရကီနိုင်ငံတွင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုတခု ဖြစ်ပွားခဲ့သေးသည်။ ထိုမအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် လူ ၁၉၄ ဦးခန့် သေဆုံးပြီး တပ်ဖွဲ့ဝင်၂,၈၃၉ ဦး အပါအ၀င် လူ ၃,၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သိရသည်။ တူရကီစစ်တပ်မှ အာဏာသိမ်းမှု မအောင်မမြင်ဖြစ်ခဲ့ရခြင်းတွင် စစ်တပ်အတွင်းမှာပင် အာဏာသိမ်းမှုကို ဆန့်ကျင်သူများရှိနေခြင်း၊ ပြည်သူ လူထုက စစ်အာဏာသိမ်းမှုကိုမထောက်ခံခြင်းက အဓိကကျခဲ့သည်။ တင့်ကားထဲမှ စစ်သားများကို လူအုပ်က အတင်းဆွဲထုတ်ခဲ့ကြသောမြင်ကွင်းကို သတင်းဌာနတခုက ထုတ်လွှင့်ပြသခဲ့ပြီး ထိုသို့လုပ်ဆောင်ခဲ့သော အရပ်သားအဘိုးအိုတဦးကို ဘာကြောင့်ထိုသို့လုပ်ခဲ့သလဲဟု သတင်းထောက်ကမေးမြန်းရာတွင်-
''အစိုးရလုပ်တာတွေကို စစ်တပ်က မကြိုက်သလို၊ ကျုပ်တို့လည်း မကြိုက်ပါဘူး၊ ဒါပေမဲ့ တူရကီမှာ ဒီမိုကရေစီကိုထိပါးစေမယ့် အာဏာသိမ်းတာမျိုးတော့ လက်သင့်မခံနိုင်ဘူး။ ဒါ့ကြောင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တာပါ''ဟု ဖြေကြားခဲ့သည်။ သူပြောသည်မှာ မှတ်သားစရာ ကောင်းသည်။

အစိုးရတရပ် ကောင်းတာ၊ မကောင်းတာက တပိုင်းဖြစ်သည်။ စစ်အာဏာသိမ်းခြင်းဖြင့် တိုင်းပြည်ပိုကောင်းလာနိုင်စရာမရှိဟု တူရကီပြည် သူများ ယုံကြည်ကြသည်။ သူတို့နိုင်ငံသည် အတိတ်က သုံးကြိမ်တိတိ အာဏာသိမ်းမှုကြုံခဲ့ရသည်။ အာဏာ သိမ်းပြီးသောအခါ တိုင်းပြည်အတွက် ကောင်းလာတာထက် ပိုဆိုးသွားတာပဲ မြင်ခဲ့ရသည်။ ဒါ့ကြောင့် ယခု အကြိမ်(၄)ကြိမ်မြောက် အာဏာသိမ်းမှုဖြစ်ပွားသောအခါ လူတွေက လက်ရှိအစိုးရကိုမကြိုက်သော်လည်း စစ်အာဏာရှင်စနစ်ကို လက်သင့်မခံလိုကြခြင်း ဖြစ်သည်။ တကယ်တော့ စစ်အာဏာသိမ်း၍ ပိုကောင်းလာ သောနိုင်ငံဆိုသည်မှာ တကယ့်ကို ရှားတောင့်ရှားပါးဖြစ်သည်။ ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။ ကျွန်တော်တို့၏ အိမ်နီးချင်းထိုင်းနိုင်ငံ တွင်မူကား စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်ပင် ကြုံခဲ့ရဖူးသည်။ ထိုသို့ မကြာခဏ အာဏာသိမ်းခဲ့သော်လည်း ယခုအချိန်အထိ ထိုင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် မတည်မငြိမ် အခြေ အနေမှာပင် ရှိသေးသည်။ ပို၍ထူးခြားကောင်းမွန်လာခြင်း မရှိသေးပေ။ ထိုင်းနိုင်ငံတွင် ၁၉၃၂ မှ စကာ ယနေ့အချိန်အထိ စစ်အာဏာသိမ်းမှု(၁၉)ကြိမ် ဖြစ်ပွားခဲ့ပြီး ထိုအထဲတွင် (၇)ကြိမ်သည် မအောင်မြင်သော အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး (၁၂)ကြိမ်မှာ အောင်မြင်ခဲ့သည်။ နောက်ဆုံးအာဏာသိမ်းခဲ့ခြင်းမှာ ၂၀၁၄ တွင် ဖြစ်သည်။

ထိုင်းနိုင်ငံလောက် မများသော်လည်း မြန်မာနိုင်ငံတွင်လည်း စစ်အာဏာသိမ်းရန် ကြံစည်မှုလေးကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ကြိမ်မှာအောင်မြင် ခဲ့သည်။ ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၇ နှင့် ၁၉၈၈ နှစ်များတွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းရန် ကြိုးစားမှုများဖြစ်ပွားခဲ့သည်။ ၁၉၅၈ ၀န်ကြီးချုပ်ဦးနု၏လက်ထက်တွင် တပ်မတော်မှ အာဏာသိမ်းမှုများဖြစ်ပွားမည်ဟု ၀န်ကြီးချုပ်ဦးနုထံ သတင်းများရောက်လာသည်။ ဦးနုက သူ၏ကိုယ်တိုင်ရေး ဘ၀မှတ်တမ်းဖြစ်သော တာတေစနေသားဟူသည့် စာအုပ်စာမျက်နှာ ၃၀၁ တွင် ထိုစဉ်က အခြေအနေကို ဤသို့ ဖော်ပြခဲ့သည်။

''အစိုးရရှေ့နေရဲ့ထောက်ခံချက်အရ အထူးအရေးပေါ်အာဏာကိုသုံးပြီး ရ/သုံးခန့်မှန်းခြေစာရင်း(ဘတ်ဂျက်)ကို ၀န်ကြီးချုပ်ဦးနုက အတည်ပြုလိုက်တယ်။ အဲဒီလို အတည်ပြုလိုက်တာဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်နေတယ်လို့အကြောင်းပြပြီး စစ်တပ်က အာဏာသိမ်းဖို့ တည်မြဲ(ဖဆပလ)တွေက တိုက်တွန်းတယ်။ စစ်တပ်က သဘောတူတယ်။ အဲဒီအချိန်မှာ ဦးနုဟာ မန္တလေးက ရန်ကုန်ကို ဧရာဝတီမြစ်တလျှောက်သင်္ဘောနဲ့ စုန်ဆင်းလာတုန်းရှိသေးတယ်။ စစ်တပ်အာဏာ သိမ်းဖို့စီစဉ်နေတယ်ဆိုတဲ့သတင်းကို ရထားတဲ့အတွက် ပြည်ထဲရေးဝန်ကြီးဗိုလ်မင်းခေါင်ဟာ ၀န်ကြီးချုပ်ပြန်ရောက်ရောက်ချင်း ၀န်ကြီးချုပ်နဲ့တွေ့ပြီး အဲဒီနေ့ညမှာပဲ အာဏာသိမ်းလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောပြတယ်။ အဲဒီနောက် ၀န်ကြီးချုပ် ထွက်ပြေးချင်ရင် ထွက်ပြေး နိုင်ဖို့အတွက် လေယာဉ်ပျံအဆင်သင့်လုပ်ထားတယ်လို့လည်း ၀န်ကြီးချုပ်ကို အစီရင်ခံတယ်။ဝန်ကြီးချုပ်က 'သူဟာ တရားခံမဟုတ်ဘူး။ ဘာဖြစ်လို့ထွက်ပြေးရမှာလဲ'လို့ ပြန်ပြောပြီး လေယာဉ်ပျံအစီအစဉ်ကို ဖျက်ခိုင်း လိုက်တယ်။ အဲဒီနောက် စစ်တပ်က ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်ကို မတွေ့ တွေ့အောင်ရှာ ပြီးခေါ်ခဲ့ဖို့ ၀န်ကြီးချုပ်က ဗိုလ်မင်းခေါင်ကို အမိန့်ပေးလိုက်တယ်။ ညနေ (၆)နာရီလောက်ရှိတော့ ၀န်ကြီး ဗိုလ်မင်းခေါင်ရောက်လာပြီး ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ကိုတွေ့ရအောင် သူမျိုးစုံ ကြိုးစားတယ်။ ဒါပေမဲ့ ရှာမတွေ့တဲ့အကြောင်းကိုလည်း ၀န်ကြီးချုပ်ကို အစီရင်ခံတယ်။ အာဏာသိမ်းဖို့အတွက် မန္တလေးမှာထားတဲ့ တပ်ရင်းတရင်းဟာ ရန်ကုန်ကိုရောက်မလာသေးတဲ့အတွက် အဲဒီနေ့ညမှာ အာဏာမသိမ်း ဖြစ်သေးဘူးလို့လည်း အစီရင်ခံတယ်။ နောက်တနေ့မနက် (၉)နာရီလောက်မှာ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ ၀န်ကြီးချုပ်နဲ့လာတွေ့ကြတယ်။ တွေ့တွေ့ချင်းအချိန်ဖြုန်းမနေဘဲ ၀န်ကြီးချုပ်က အာဏာမသိမ်းကြနဲ့ အာဏာသိမ်းတာဟာ စစ်တပ်လည်း နာမည်ပျက်မယ်၊ တိုင်းပြည်လည်း နာမည်ပျက်တယ်။ အဲဒီတော့ နောက်(၆)လကြာရင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပြုရင် စစ်တပ်ကိုသူအာဏာလွှဲပေးမယ်။ အဲဒီလိုအာဏာလွှဲပေးဖို့အတွက် လွှတ်တော်ကိုခေါ်လိုက်မယ်။ လွှတ်တော်ကျင်းပတဲ့နေ့မှာ သူဝန်ကြီးချုပ်ရာထူးကထွက်ပြီး လွှတ်တော်က ဗိုလ်ချုပ်ကြီးနေ၀င်းကို ၀န်ကြီးချုပ် အဖြစ် ရွေးကောက်တင်မြှောက်အောင် သူအဆိုတင်သွင်းမယ်လို့ပြောပြီး သူပြောတဲ့အချက်တွေကို ၀န်ကြီးချုပ် ဦးနုဟာ စာရွက်တရွက်ပေါ်မှာ ရေးပေးလိုက်တယ်။ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ဟာ ဗိုလ်ချုပ်နေ၀င်းကိုမေးပါရစေဦးဆိုပြီး ဦးနုပေးတဲ့စာရွက်ကို ယူသွားတယ်။ ညနေ (၂)ချက်တီးလောက်ရှိတဲ့အခါ သူတို့ပြန်လာကြပြီး ဗိုလ်ချုပ်ကြီးနေ၀င်းက သဘောတူပါတယ်လို့ စကားပြန်တယ်''ဟု ရေးသားထားလေသည်။ ဤမှတ်တမ်းအရ ၁၉၅၈ တွင် တပ်မတော်မှ အာဏာသိမ်းရန်အစီအစဉ်ရှိခဲ့ပြီး ဦးနုမှ အနုနည်းဖြင့် အာဏာလွှဲ ပေးခဲ့သောကြောင့် အကြမ်းဖက်အာဏာသိမ်းမည့်အစီအစဉ် ပျက်ခဲ့ရခြင်း ဖြစ်သည်။ ၁၉၆၂ တွင်တော့ အများ သိသည့်အတိုင်း လက်ထိလက်ရောက်အာဏာသိမ်းပွဲဖြစ်ခဲ့ပါသည်။

တိုင်းပြည်ချောက်ထဲကျတော့မှာမို့ ကယ်တင်သည့်အနေနှင့် အာဏာသိမ်းရသယောင်ပြောပြီး တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တို့ဖြင့် တိုင်းပြည်ကို (၂၆)နှစ်အုပ်ချုပ်ခဲ့ပါသည်။ ထိုသို့ရှိစဉ် ၁၉၇၇ တွင် ဗိုလ်ကြီးအုန်းကျော်မြင့်နှင့် အရာရှိ တချို့မှ ဗိုလ်ချုပ်နေ၀င်းကို လုပ်ကြံဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစဉ်ခဲ့ရာ မအောင်မြင်သဖြင့် ဗိုလ်ကြီး အုန်းကျော်မြင့် သေဒဏ်ပေးခြင်းခံရပါသည်။ ၁၉၈၈ စက်တင်ဘာ (၁၈)ရက်တွင် ရှစ်လေးလုံးအရေးတော်ပုံ ဆန္ဒပြမှု အရှိန်မြင့်တက်နေဆဲဝယ် တပ်မတော်က အာဏာသိမ်းခဲ့ကာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့(န၀တ)အစိုးရ (နောင်တွင် နိုင်ငံတော်အေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ/နအဖ) အဖွဲ့များ ဖြင့် နိုင်ငံကို ၂၀၁၀ အထိ (၂၂)နှစ်အုပ်ချုပ်ခဲ့ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံဝယ် အောင်မြင်သော စစ်အာဏာ သိမ်းမှု နှစ်ကြိမ်သာရှိခဲ့သော်လည်း ပထမအကြိမ်တွင် (၂၆)နှစ်ကြာ အာဏာကိုဆုပ်ကိုင်ခဲ့ပြီးခဲ့ပြီး ဒုတိယ အကြိမ်တွင် (၂၂)နှစ်ကြာကာ စုစုပေါင်းစစ်အာဏာရှင်လက်အောက်တွင် မြန်မာနိုင်ငံသည် (၄၈)နှစ် ကြာမြင့် ခဲ့ရပါတော့သည်။

ဦးနုပြောခဲ့သလိုပင် စစ်အာဏာသိမ်းသည်ဆိုခြင်းမှာ မည်သည့်အကြောင်းကြောင့် အာဏာသိမ်းသည်ဖြစ်စေ စစ်တပ်အတွက်လည်း နာမည်ပျက်စေပြီး တိုင်းပြည်အတွက်လည်း နာမည်ပျက်စေပါသည်။ စစ်အာဏာရှင် ခေတ်အောက်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတိုးတက်လာသည်က ရှားပါသည်။ အဖက်ဖက်မှ ချွတ်ခြုံကျခဲ့သည်က များပါသည်။ ထိုစဉ်က နိုင်ငံခြားတိုင်းပြည်များသို့သွားလျှင်ပင် မြန်မာပြည်မှဆိုသည်နှင့် မျက်နှာငယ်ကြရသည်။ အာဏာသိမ်းထားသော အစိုးရမို့ နိုင်ငံခြားတိုင်းပြည်များကလည်း မလေးစားကြပေ။

စီးပွားရေးပိတ်ဆို့မှုများကိုလည်းခံရသဖြင့် တိုင်းပြည်စီးပွားရေးမှာလည်း သဘာဝသယံဇာတများကို တရုတ်သို့ ဈေးပေါပေါဖြင့်ရောင်းချခြင်းမှတပါး လောက်လောက်လားလား အခြားစီးပွားရေး ဘာမှမရှိချေ။ ထို့ကြောင့် အာဏာသိမ်းသည်ဆိုလျှင်ဖြင့် ပြည်သူလူထုက မရှုမလှခံထားရသဖြင့် ကြောက်ရွံ နေချေပြီ။ ထိုအချိန်တွင် အရပ်သားအစိုးရတက်လာပြီဆိုသော်ငြား တပ်မတော်က အာဏာသိမ်းမှာကို ပြည်သူလူက အကြောက်ကြီး ကြောက်နေကြပေသည်။ တူရကီက လူတွေ စစ်အာဏာသိမ်းတာကို အလိုမရှိသလိုမျိုး၊ ထိုင်းကလူတွေ စစ်အုပ်ချုပ်ရေးကိုမလိုလားကြသလိုမျိုး၊ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တဖန်ပြန်ဖြစ်လာမှာကို ပြည်သူ လူထုအားလုံးက မလိုလားပါ။ တတ်နိုင်လျှင် နိုင်ငံရေးနှင့်စီးပွားရေးမှ တပ်မတော်ထွက်ခွာသွားသည်ကိုသာ မြင်လိုပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောခဲ့သလို တပ်မတော်က စစ်တန်းလျားသို့ ပြန်သွားတာကိုပဲ မြင်လို တွေ့လိုလှပါသည်။ ထိုသို့ဖြစ်ဖို့ဆိုလျှင် အရပ်ဘက်စစ်ဘက်ဆက်ဆံရေးကောင်းဖို့ လိုအပ်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်ရှိလှသော ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံကို သတင်းစာမှာတွေ့ တော့ ၀မ်းသာမိခြင်းဖြစ်သည်။ ဓာတ်ပုံထဲမှာ ချစ်ကြည်ရုံမျှမက အပြင်တွင်ပါ ချစ်ခင်ရင်းနှီးကြပြီး စစ်မှန်သော ဒီမိုကရေစီစနစ်ဆီသို့ ဦးတည်လျှောက် လှမ်းနိုင်ကြပါစေသတည်း။

သရ၀ဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.