ကာစီနိုမြို့တော်မှသည် ပညာရေးမြို့တော်ဆီသို့ (၀ါ) မိုင်ဂျာယန် စိုင်းထွန်းအောင်လွင်


မူလက မိုင်ဂျာယန်သွားဖို့ အစီအစဉ် ကျွန်တော့်မှာ မရှိပါ။ သို့သော် ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်းသို့ သုံးကြိမ်မြောက် ကျွန်တော်ရောက်ဖို့ အကြောင်းဖန်လာပါတယ်။ ပထမတိုက်က သတင်းထောက် တယောက်ကို စေလွှတ်ဖို့ စီစဉ်သော်လည်း စီအီးအို ဖြစ်သူရဲ့ စေခိုင်းမှုကြောင့်ပဲ ကျွန်တော်တစ်ခါမှ မရောက်ဖူးတဲ့ တရုတ်မြန်မာနယ်စပ် ကေအိုင်အေ ထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်ကို ကျွန်တော်သွားရဖို့ အကြောင်းဖန်လာပါတယ်။ သတင်းထောက်တော်တော်များများက ကြိုတင်အကြောင်းကြားစာပို့ထားကြပေမဲ့ မိုင်ဂျာယန်တိုင်းရင်းသား အစည်းအဝေး သတင်းတက်ရောက် ရယူဖို့ ကျွန်တော့်အနေနဲ့ အကြောင်းကြားဖို့ သတ်မှတ်ထားတဲ့ရက်က သွားဖို့ ဆုံးဖြတ်တဲ့ အချိန်မှာ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။ အစည်းဝေး မစခင် သုံးရက်မှ လာဖို့ ဖြစ်လာတာကိုး။ သို့သော်လည်းကံကောင်းထောက်မစွာနဲ့ ဗိုလ်ချုပ်ဂွန်မော်နဲ့ အဆက်အသွယ်ရပြီး လာမဲ့ လမ်းကြောင်းအလိုက် ဆက်သွယ်ရမဲ့ ဖုန်းနံပတ်တွေ ရတာနဲ့ မူဆယ်ကနေတဆင့် မိုင်ဂျာယန်ကို လာဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ မိုင်ဂျာယန်နဲ့ ပတ်သက်လို့ ကျွန်တော်စိတ်ဝင်စားစရာ အချက်လည်း ရှိနေပါတယ်။ ဒါကတော့ မိုင်ဂျာယန်မှာ ကောလိပ်တွေ ကျောင်းတွေ ၊ အကယ်ဒမီတွေ ဖွင့်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိထားတာကြောင့်လည်းဖြစ်ပါတယ်။

အစည်းဝေး စမဲ့ ဇူလိုင်လ ၂၆ ရက်နေ့ မတိုင်ခင် ဇူလိုင် ၂၅ ရက်မနက်မှာတော့ နယ်ခြားဖြတ်သန်းတဲ့ ပတ်စပို့ရတာနဲ့ မိုင်ဂျာယန်ကို ဂျယ်ခေါင်ကနေ တက္ကစီဌားပြီး ဂျယ်ခေါင်ကနေ ထွက်ခွာလာခဲ့ပါတယ်။ မိုင်ဂျာယန်က ကျွန်တော်အရင်က ရောက်ဖူးခဲ့တဲ့ လိုင်ဇာလောက် ခမ်းနားလား စည်ကားသလားလို့ ကျွန်တော် စဉ်းစားမိပါသေးတယ်။ တစ်ခါမှ မသွားဖူးတဲ့ နေရာကို ကျွန်တော်တစ်ယောက်တည်း သွားရပေမဲ့ တရုတ်ပြည်အတွင်းက ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေနေထိုင်ရာ ဒေသတွေကို ဖြတ်သန်းသွားရမှာ ဖြစ်တဲ့အတွက် ခရီးပန်းမှုကြောင့် ငိုက်မြည်းခြင်း မရှိပဲ ဘေးဘီဝဲယာကို ကြည့်လိုက်ငေးလိုက် ဓါတ်ပုံရိုက်လိုက်နဲ့ ၁ နာရီခွဲလောက်သာ ကားစီးရတဲ့ ခရီးစဉ်ကို ကျန်တော် သက်သောင့်သက်သာနဲ့ပဲ ကျော်ဖြတ်လာခဲ့ပါတယ်။ ဂျယ်ဂေါင် မိုင်ဂျာယန်

လမ်းတလျှောက် ဖြတ်သန်းခဲ့တဲ့ မြို့ရွာတွေမှာ စိတ်ဝင်စားစရာ ကောင်းတာကတော့ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေမှာ တရုတ်စာအပြင် ကချင်စာနဲ့ ရှမ်းစာကို တွေ့ရခြင်းပဲဖြစ်ပါတယ်။ အိမ်ပုံစံတွေကိုကြည့်ရင်လည်း ကနှုတ်တွေ ဘုရားခန်းပါတဲ့ အိမ်တွေတွေ့ရင် ရှမ်းမျိုးနွယ်စုတွေရဲ့ အိမ်ဆိုတာ အလွယ်တကူ ခွဲခြားနိုင်သလို ၊ ကချင်စာနဲ့ မနောတိုင်ပုံလေးတွေကပ်ထားတာတွေ့ရင် ကချင်တွေရဲ့ နေအိမ်ဆိုတာ အလွယ်တကူ ခွဲခြားနိုင်ပါတယ်။ ရွာတိုင်းမှာ ကောင်းမွန်တဲ့ လမ်းမတွေ ၊ အိုးအိမ်တိုက်တာအဆောက်ဦးတွေ ခန့်ညားတဲ့ ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားရှိခိုးကျောင်းတွေကိုလည်း လမ်းမှာ တွေ့မြင်ခဲ့ရပါတယ်။ တချိန်တည်းမှာပဲ အတွေးဝင်လာတာက တစ်ချိန်က ဦးနုလက်ထက်မှာ ဆစ်ဆောင်ပဏ္ဏားတို့ မိန်းခွန် ( မံရှီ ) တို့ကို တရုတ်ပြည်ကို ပေးလိုက်တော့ အဲဒီဒေသက ရှမ်းနဲ့ ဂျင်းဖောတစ်ချို့ မြန်မာပြည်ထဲ ပြေးဝင်လာပြီး နေခဲ့တဲ့ ကိစ္စတွေက ဒီနေ့လို အချိန်မျိုးမှာဆိုရင် ဖြစ်ပါ့ဦးမလားဆိုတာပါပဲ။ ရှမ်း ၊ ဂျင်းဖော အပါဝင် ကချင်မျိုးနွယ်စုတွေ နဲ့ တရုတ်မျိုးနွယ်စုတွေ နေထိုင်တဲ့ မန့်လင်ရွာကို ကျော်ဖြတ်လို့ လမ်းဘေးဝဲယာတလျှောက်က ကြံခင်းတွေကို ကြည့်လို့ အတွေးရေယာဉ်ထဲနစ်မြောနေစဉ် ကားသမားက ကားရပ်လိုက်တာကြောင့် ကြည့်လိုက်တော့ တရုတ် မြန်မာ နယ်ခြားဂိတ်ကို ရောက်နေပြီဖြစ်ပါတယ်။

တရုတ်ဂိတ်ကို ဖြတ်အပြီးမှာတော့ မြန်မာဘက်ခြမ်းက ကေအိုင်အေဂိတ်မှာ ကေအိုင်အေ ကို Immigration က တာဝန်ကျအရာရှိကို တိုင်းရင်းသားဆွေးနွေးပွဲ သတင်းလာရောက်ရယူတာ ဖြစ်ကြောင်းအကြောင်းကြားပြီးတဲ့ အခါမှာတော့ အဲဒီ အရာရှိကိုယ်တိုင်ပဲ ကျွန်တော့်ကို ရောက်ရှိကြောင်းအကြောင်းကြားရမဲ့ နေရာကို လိုက်ပို့ခဲ့ပါတယ်။ မိုင်ဂျာယန်မြို့နယ်နိမိတ်ထဲ စရောက်ပြီဆိုတာနဲ့ သတိထားမိတာကတော့ တောင်ခြေနားက ကွင်းပြင်မှာတည်ထားတဲ့ မြို့ထဲမှာ အဆောက်အဦးကောင်းတွေအမြောက်အမြားတွေ့ရတာပါပဲ။ လမ်းတွေကလည်း ကတ္တရာလမ်းတွေခင်းထားသလို လျှပ်စစ်မီးတွေလည်း ရှိပြီး မြန်မာနိုင်ငံက ကျန်တဲ့ မြို့ငယ်တွေနဲ့ ယှာဉ်ရင်တောင် မြို့ပြဖွဲ့စည်းမှုက အတော်အတန်ပိုမိုကောင်းမွန်တဲ့ သဘောကိုတောင်တွေ့ရပါတယ်။ ဒါဟာ တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ ကိုယ့်ဒေသကိုယ် အနည်းငယ် ချုပ်ကိုင်မှု ရထားတာတောင် တိုးတက်မှု ရှိအောင်လုပ်နိုင်တယ်ဆိုတဲ့ အချက်ကို ညွှန်းဆိုရာရောက်ပါတယ်။

ရောက်စနေ့မှာပဲ လမ်းမှာ ယာဉ်ထိန်းရဲနဲ့ သာမန်ရဲတွေကို တွေ့ရပါတယ်။ မိုင်ဂျာယန်မှာ အကောက်ခွန် ၊ ယဉ်ကျေးမှု ၊ စည်ပင် ၊ မီးသတ် ၊ လျှပ်စစ် စိုက်ပျိုးရေးဌာန စသဖြင့်တွေ့ရပါတယ်။ မြို့ကို အုပ်ချုပ်ဖို့ မြို့တော်ဝန်လည်း ရှိတယ်လို့ ကျွန်တေ့်ာကို လိုက်ပို့တဲ့ ကေအိုင်အို Immigration အရာရှိက ပြောပါတယ်။
ဒါပေမဲ့ အဆောက်အအုံကြီးတွေ ဟိုတယ်တွေ အရင်က နာမည်ကျော်ခဲ့တဲ့ ကာစီနိုဆိုင်တွေအများစုကတော့ ပိတ်ထားတာတွေ့ရပါတယ်။ ဒါက စစ်မဖြစ်မှီက မိုင်ဂျာယန်အနေနဲ့ ဘယ်လောက်စည်ကားခဲ့တယ်ဆိုတာ မှန်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ပိတ်ထားတဲ့ အဆောက်အုံ တော်တော်များများဟာ ခမ်းနားလှသလို စီစီတီဗီကင်မရာတွေလည်း ပတ်ပတ်လည်မှာ တပ်ဆင်ထားပါတယ်။

‘မိုင်ဂျာယန်က ၁၉၉၄ မှာ အပစ်ခတ်ရပ်ပြီးမှ မြို့အဖြစ်တည်တာ ရွာဟောင်းက တောင်ခြေနားမှာ အရင်တုန်းကတော့ အိမ်ခြေ ၃၀ လောက်ပဲရှိခဲ့တယ်။ ‘ လို့ ကေအိုင်အို ပြန်ကြားရေးဌာနမှာ ဒုတိယဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်လို ‘ မိုင်ဂျာ ကောင်းမွန်သော ‘ ယန်’ လွင်ပြင် ကောင်းမွန်တဲ့ လွင်ပြင်လို့ အမည်ရတဲ့ မိုင်ဂျာယန်မြို့တည်ထားတဲ့ နေရာမှာ မူလက ကချင်ရွာတစ်ရွာနဲ့ လက်ရှိမြို့တည်ထားတဲ့ နေရာရဲ့ မြောက်ဘက်အစွန်မှာ အုံလုံဆိုတဲ့ ရှမ်းရွာ ရှိခဲ့တယ်လို့ ဒုတိယ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ ဂိတ်ကိုဖြတ်ပြီး သိပ်မကြာခင်မှာပဲ ရှမ်းစာနဲ့ ဆိုင်းဘုတ်တွေကို တွေ့ရပါတယ်။
မိုင်ဂျာယန်က တခေတ်တစ်ခါက ကာစီနိုတွေ ကစားဝိုင်းတွေနဲ့ စည်ကားခဲ့ပြီး စီးပွားကောင်းခဲ့ကြပေမဲ့ စစ်ပွဲတွေပြင်းထန်ခဲ့တဲ့ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ခြောက်ကပ်နေမှာဖြစ်ပေမဲ့ ကေအိုင်အိုရဲ့ အစီစဉ်တရပ်နဲ့ ဒီနှစ်ပိုင်းမှာ အနည်းငယ်တော့ မြို့ဟာ ပြန်လည် ပြန်လည်သက်ဝင်လာတယ်လို့တော့ ဆိုကြပါတယ်။

‘ စစ်ဖြစ်စကဆို လုံးဝ ခြောက်ကပ်သွားတာ ဒီလို လူတောင် သိပ်မမြင်ရဘူး။ ညဘက်ဆို တဘက်ကလည်းပစ် ဒီဘက်က ဈေးနားကနေ နေရာယူပြီး ပြန်ပြစ်တာတွေကလည်း တွေ့နေရတယ်။ အခုက ကျောင်းတွေဖွင့်လာတာကြောင့် အနည်းငယ်တော့ ပြန်စည်လာတယ်။ စစ်မဖြစ်ခင်ခေတ်ကို မမှီသေးဘူးဆိုပေမဲ့လေ။ ‘ လို့ ရှမ်းစားသောက်ဆိုင် ဖွင့်ထားသူ နန်းသိန်းမေက ပြောပါတယ်။
ဆိုင်ခန်းခ အိမ်ဌားခတွေကတော့ စစ်မဖြစ်ခင်ကထက်ဈေးပေါသွားပါတယ်။ တချို့ဘဏ်အဆောက်အဦးတွေဆို ဒီအတိုင်းပစ်ထားတာတွေ့ရပါတယ်။
စစ်ဘေးကြောင့် မိုင်ဂျာယန်ဘက်ကို ထွက်ပြေးလာသူအချို့တွေအနေနဲ့လည်း အဲလို ဆိုင်ခန်းခတွေ ဈေးပေါတာကြောင့် နည်းနည်း တတ်နိုင်သူတွေအနေနဲ့ စခန်းမှာမနေတော့ပဲ ဆိုင်ခန်းနဲ့ အိမ်ခန်းပူးတွဲဌားရမ်းပြီး ဈေးရောင်းကာ မိမိတို့ စားဝတ်နေရေးအတွက် ဖြေရှင်းနေမှုတွေလည်း ရှိပါတယ်။

ကျွန်မယောက်ကျားက ကချင် ၊ ကျွန်မက ရှမ်းကချင် အရင်က နမ်ဆာယန်ဘက်မှာနေတာ။ ၂၀၁၁ စစ်စဖြစ်ဖြစ်ချင်းပဲ အိမ်တွေပါ မီးရှို့ခံရတယ် ။ ပထမ လိုင်ဇာကို ပြေးတယ်။ အဲမှာ သုံလလောက်နေပြီးမှာ ဒီမှာလာနေတာ။ အခု ဆိုင်ဖွင့်တာကတော့ နှစ်နှစ်လောက်ရှိပြီ။ ‘လို့ မိုင်ဂျာယန် မနောကွင်းနားမှာ အကင်ဆိုင်ဖွင့်ထားတဲ့ မဘောက်ရွှယ်က ရှင်းပြပါတယ်။ စုစုပေါင်းရပ်ကွက် ၅ ရပ်ကွက်ရှိတဲ့ မိုင်ဂျာယန်မှာ အရင်ကလောက်မစည်တော့ပေမဲ့ ဈေးကတော့ မနက် ၆ နာရီလောက်ဆိုစဖွင့်ပါပြီ။ အစားအသောက်ရောင်းသူတွေ ၊ ဟင်းသီးဟင်းရွက် ၊သားငါးရောင်းသူတွေ၊ အ၀တ်အထည်အပါဝင် ကုန်စုံရောင်းသူတွေနဲ့ မနက်အစောပိုင်းကိုသာ အဓိက ထားရောင်းကြပြီး ဈေးနားက လဘက်ရည်ဆိုင်တွေက နေ့လည်လောက်ဆိုရင် ပိတ်ကုန်ပါပြီ။ အထည်ဆိုင်တွေနဲ့ ဖုန်းဆိုင်တွေရဲ့ ပိုင်ရှင်အများစုကတော့ တရုတ်လူမျိုးတွေဖြစ်ပါတယ်။ တရုတ်တွေအနေနဲ့ မိုင်ဂျာယန်မှာ ဆိုင်ဖွင့်ပြီး မိုင်ဂျာယန်မှာပဲ နေဖို့ဆိုရင် ဧည့်စာရင်းလိုမျိုးတိုင်ရတယ်လို့ နန်းသိန်းမေက ပြောပါတယ်။ မိုင်ဂျာယန်မှာ သူတို့ စည်ပင်ဌာနအစီစဉ်နဲ့ ရေပေးဝေတဲ့ စနစ်တွေလည်း ရှိသလို လျှပ်စစ်မီးအတွက် မီတာခကတော့ တစ်ယူနစ်ကို ၃ ယွမ်ကောက်ခံပါတယ်။
ရှမ်းခေါက်ဆွဲဆိုင်ဖွင့်ထားသူ အသက် ၄၀ ကျော်အရွယ်ရှိပြီဖြစ်တဲ့ နန်းသိန်းမေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက နမ့်ခမ်းကနေ မိုင်ဂျာယန်မှာ ရှမ်းခေါက်ဆွဲဆိုင် လာဖွင့်ခဲ့သူဖြစ်ပါတယ်။ အထက်မှာ နန်းသိန်းမေ ညွှန်းဆိုတဲ့ ကျောင်းတွေက ယခင်က ကာစီနိုနဲ့ နာမည်ကျော်ခဲ့တဲ့ မိုင်ဂျာယန်ကို ပညာရေးမြို့ဖြစ်အောင် လုပ်ရမယ်ဆိုတဲ့ ကေအိုင်အို နဲ့ ကချင် လူမှု့အသိုင်းဝိုင်းတွေရဲ့ အစီစဉ်နဲ့ ဖွင့်ထားတဲ့ ဖက်ဒရာယ် ဥပဒေဆိုင်ရာ အကယ်ဒမီကျောင်း ၊ မိုင်ဂျာယန် ကောလိပ် ၊ ဆရာအတတ်သင်ကျောင်း ၊ အထက်တန်းအောင်ပြီးသူတွေ အင်္ဂလိပ်စာကို အဆင့်မြင့်မြင့် ဆက်လက်လေ့လာနိုင်ဖို့အတွက် အင်္ဂလိပ်စာအထူးသင်ကြားပေးတဲ့ Intensive English Program သင်တန်းကျောင်းတွေဖြစ်ပါတယ်။

အဲဒီကျောင်းတွေမှာအချို့က နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်မှုရှိပါတယ်။ ဒီနှစ်ပိုင်းမှာ နာမည်ရလာတဲ့ ဖက်ဒရာယ် ဥပဒေ အကယ်ဒမီဆိုရင် ကချင်ပြည်နယ်အတွင်းကသာမက အခြားပြည်နယ်ဒေသတွေက တိုင်းရင်းသားတွေပါ လာရောက်ပညာသင်ကြားနေတာပါ။ အဲဒီကျောင်းမှာ ဖက်ဒရယ် ၊ ဒီမိုကရေစီ ၊ မျိုးနွယ်စုနဲ့ ယဉ်ကျေးမှုအခွင့်ရေးဆိုင်ရာ ဥပဒေပညာရပ် ၊ လူ့အခွင့်ရေး ၊ မြေယာနဲ့ သယံဇတာဆိုင်ရာ မူလမျိုးနွယ်စုတွေရဲ့ အခွင့်ရေးဆိုင်ရာ ဥပဒေ စတဲ့ ဘာသာရပ်တွေအပါဝင် ဘာသာရပ်ပေါင်း ၂၀ ကို သင်ကြားပေးနေပါတယ်။ ကျောင်းကို ကမကထပြုသူတွေထဲမှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်း တက္ကသိုလ်က ပါမောက္ခတွေလည်းပါဝင်ပါတယ်။၂ နှစ်အတွင်း ကျောင်းသားကျောင်းသူ အယောက် ၇၀ လောက်ရှိနေပါပြီ။

‘တိုင်းရင်းသား ၆ မျိုးလောက်တော့ ကျောင်းမှာ ရှိနေပြီ။ လာမဲ့နှစ်တွေမှာ အခြား တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားတွေပါ ကျောင်းကို စိတ်ဝင်တစားလျှောက်ကြဖို့ မျှော်လင့်ထားတယ်။ ‘ လို့ ဖက်ဒရာယ် ဥပဒေအကယ်ဒမီရဲ့ ကျောင်းအုပ် ဦးအောင်ထူးက ပြောပါတယ်။ အဲဒီကျောင်းက ပြီးရင် ဒီပလိုမာရမှာဖြစ်ပါတယ်။ ထူးချွန်သူတွေ အခြားကျောင်းဆက်တက်လိုသူတွေအတွက်လည်း အနောက်နိုင်ငံက ပါမောက္ခတွေကျောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ ကျောင်းဖြစ်တာကြောင့် ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိတဲ့ အကယ်ဒမီကျောင်းလို့ ဆိုနိုင်ပါတယ်။ ကျောင်းဝင်ခွင့်လျှောက်ထားသူတွေဟာ အနည်းဆုံး ဆယ်တန်းအောင်ရမှာဖြစ်သလို အင်္ဂလိပ်စာအရည်အချင်းကလည်း မနိမ့်သူဖြစ်မှ ရမှာပါ။ ကျွန်တော်အဲဒီကျောင်းကို ရောက်သွားတဲ့နေ့မှာ မိုင်ဂျာယန်ရောက် ကေအန်ယူ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်ကလည်း ကျောင်းကို စိတ်ဝင်တစား လာရောက်လေ့လာတာတွေ့ရပါတယ်။
ကျောင်းအဆောက်အုံကတော့ အရင်က စီးကရက်စက်ရုံဟောင်းကို ကျောင်းအဖြစ် ပြန်လည်အသုံးချထားတာဖြစ်ပါတယ်။ မိုင်ဂျာယန်ကောလိပ်မှာတော့ ကျောင်းသား ၊ ကျောင်းသူ အများစုဟာ ကျောင်းအိပ်ကျောင်းစားတွေ ဖြစ်ပါတယ်။

‘ ကောလိပ်က မြန်မာ ဆယ်တန်းအောင်တဲ့သူတွေကော ၊ ကချင် (ကေအိုင်အို ) ကျောင်းကနေ ဟိုက်စကူးအောင်တဲ့လူတွေကိုပါ လက်ခံတယ်။ ‘ လို့ မိုင်ဂျာယန် ရုပ်သံလွှင့်ဌာနက သတင်းထောက်တစ်ဦးက ရှင်းပြပါတယ်။
ကချင်အထက်တန်းကျောင်းတွေမှာတော့ မြန်မာ သင်ရိုးညွှန်းတမ်းတွေသင်ပါတယ်။ လိုင်ဇာက ကျောင်းတကျောင်းက တော့ ကေအိုင်အို ဗဟိုရဲ့ ခွင့်ပြုချက်နဲ့ စမ်းသပ်အနေနဲ့ အိန္ဒိယ သင်ရိုးညွှန်းတမ်းတွေနဲ့ ချိတ်ဆက် သင်ကြားပါတယ်။

မိုင်ဂျာယန်မှာ အထက်တန်းကျောင်းတစ်ကျောင်းလည်း ရှိပါတယ်။ မူလတန်း အလယ်တန်းအဆင့် ကျောင်းတွေလည်း အနီနားက ရွာတွေမှာဖွင့်ထားပါတယ်။ တခြားအရပ်ကနေ အထက်တန်းကျောင်းမှာ ကျောင်းလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်လည်း အဆောင်တွေလည်း ရှိပါတယ်။
ဟိုတယ် အဆောက်အုံတစ်နေရာကို အသုံးပြုပြီးဖွင့်ထားတာကတော့ မိုင်ဂျာယန် ကောလိပ်ဖြစ်ပါတယ်။ ဖွင့်တာ ၈ လ ရှိပါပြီ။ ကချင်လူမှု့အဖွဲ့အစည်းတွေရဲ့ အစီစဉ်နဲ့အတူ တည်ထောင်ထားတာပါ။ ဗိုလ်ချုပ်ဂွန်မော်ကတော့ မိုင်ဂျာယန်ကို ပညာရေးမြို့ ဖြစ်စေရမယ်လို့ ကြွေးကြော်ထားခဲ့ဖူးသလို လွန်ခဲ့တဲ့ နှစ်ကမှ ဖွင့်ခဲ့တဲ့ မိုင်ဂျာယန် ကောလိပ်အတွက် ကျောင်းအကျိုးတော်ဆောင်နဲ့ ကျောင်းဖြစ်မြောက်ရေးကော်မတီမှာ ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။

ကျွန်တော်တို့အဖွဲ့အဲဒီ ကျောင်းကို ရောက်သွားတော့ ကျောင်းအုပ်နဲ့ ကံကောင်းထောက်မစွာတွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကျောင်းသူ ကျောင်းသား ၉၀ လောက်ရှိပြီး အားလုံးဟာ ကျောင်းအိပ်ကျောင်းစားတွေဖြစ်ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ တရားဝင်စာချုပ်စာတမ်းလက်မှတ်ထိုးပြီး ဆောင်ရွက်နေတာ မရှိသေးပေမဲ့ တရုတ်က မန်ရှီတက္ကသိုလ် အပါဝင် ကျောင်းတချို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကျောင်းအုပ်ဖြစ်တဲ့ ဦးခွန်ရှောန်က ရှင်းပြပါတယ်။ ကျောင်းမှာ B.A နဲ့ B.sc ဘာသာတွဲ နှစ်ရပ်ထဲက B.A ကိုသာ သင်ကြားပေးနိုင်ပါသေးတယ်။ နေရာအခက်ခဲအပါဝင် အခက်ခဲတချို့ကြောင့် လက်တွေ့စမ်းသပ်ခန်းတွေ မဖွင့်နိုင်သေးတာကြောင့် ၀ိဇ္ဇာတွဲတွေကိုပဲ အဓိကထားသင်ပေးနိုင်တာလို့ သူက ဆိုပါတယ်။ စာသင်ခန်းတွေဘက်ကို ရောက်ခဲ့ချိန်မှာတော့ အနုပညာအတန်းချိန်ဖြစ်တဲ့အတွက် တချို့ဟာ စန္ဒယားတီးသင်တာ ၊ ဂစ်တာတီးသင်တာတွေ လုပ်နေကြပါတယ်။ စာသင်နှစ်ကတော့ ၄ နှစ်သတ်မှတ်ထားပြီး နိုင်ငံရေး သိပ္ပံ ၊ လူမှု သိပ္ပံ ၊ အင်္ဂလိပ်စာ ၊ စိုက်ပျိုးရေး အပါဝင် မေဂျာ ၇ ခု ရှိပါတယ်။ အကုန်လုံးက နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေကို သင်ပေးတာပါ။ လူ့အဖွဲ့အစည်းမှာလက်တွေ့အသုံးချနိုင်အောင်လို့ အင်္ဂလိပ်စာ ၊ ကချင်စာ ၊ စီမံခန့်ခွဲမှု ၊ ကွန်ပြူတာ စတာတွေကိုတော့ ကျောင်းသားကျောင်းသူတိုင်းက မဖြစ်မနေ တတ်မြောက်အောင် သင်ကြားရပါတယ်။

‘ အဓိကက ကျောင်းကထွက်သွားပြီးရင် အလုပ်အကိုင်မခက်အောင်လို့ပါ။ နောက်နီုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေကို အဓိကထားသင်ရတာဟာ မြန်မာမှာသင်နေတဲ့ သင်ရိုးညွှန်းတမ်းတွေက ကျွန်တော်တို့ ပြည်သူတွေလိုလားတဲ့ သင်ရိုးညွှန်းတမ်းတွေ မဟုတ်လို့ပဲ‘ လို့ ဦးခွန်ရှောန်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်အယ်လ်ဒီ လက်ထက်မှာတော့ ပညာရေးနဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။
ဒါ့အပြင် မိုင်ဂျာယန် ကောလိပ်ကနေ ကျောင်းပြီးသွားပြီး ကျောင်းဆက်တက်ချင်သူတွေ အခက်ခဲမဖြစ်အောင် ကျောင်းပြီးသွားရင် အင်္ဂလိပ်စာကို ၆ လလောက်သီးသန့် သင်ပေးတာ ၊ တခြား ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်းတွေကို လုပ်နိုင်အောင်လေ့ကျင့်ပေးတာတွေကိုလည်း ကျောင်းဘက်ကနေ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။ သူတို့ကောလိပ်ရဲ့ ကျောင်းခွဲဖြစ်တဲ့ စိုက်ပျိုးရေးကျောင်းကို ကေအိုင်အို ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာမှာလည်း ဖွင့်ထားပါတယ်။
‘ အခက်ခဲကတော့ လစာပေးနိုင်တာနည်းတော့ သင်ကြားပေးမဲ့ ဆရာ ဆရာမ အခက်ခဲကြုံရတယ်။ တချို့ကလည်း အစိုးရ အုပ်ချုပ်တဲ့ နေရာမဟုတ်တော့ မလာချင်တာလည်း ပါတာပေါ့လေ။ ‘ လို့ သူက ငြီးတွားပါတယ်။

ဒါပေမဲ့ ကချင် လူမှု့အဖွဲ့အစည်းတွေနဲ့ ကေအိုင်အိုရဲ့ အားပေးမှုတွေကြောင့်ပဲ စေတနာ ၊ ၀ါသနာ ၊ အနစ်နာ နာ ၃ နာ ခံယူပြီး လာလုပ်တဲ့ သူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။ ကိုယ့်တိုင်းရင်းသားတွေရဲ့ အင်စတီကျူးရှင်းကို ကိုယ်ကောင်းအောင်လုပ်ပေးရမယ်ဆိုပြီး အနာဂတ် လူ့စွမ်းအားအရင်းအမြစ်တွေပေါ်ထွက်ရေးအတွက် အနစ်နာခံနေသူတွေကို တွေ့ရတဲ့အတွက်လည်း စာရေးသူအနေနဲ့ ချီးကျူးမိပါတယ်။
ကျောင်းမှာ ကချင်တိုင်းရင်းသားတွေအပြင် ရှမ်းတိုင်းရင်းသားအချို့ကိုလည်း လက်ခံထားပါတယ်။

‘တတ်နိုင်ရင် ဒီထက်တိုင်းရင်းသားပိုများစေချင်တယ်။ လူတွေ စာတတ်မြောက်ဖို့ မှန်မှန်ကန်ကန်တွေးခေါ်တတ်ဖို့၊ ကလဲ့စားချေတာမျိုးမဟုတ်ပဲ လူ့အဖွဲ့အစည်းအတွင်း အေးချမ်းသာယာစွာ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ရည်ရွယ်တယ်။ ‘ လို့ သူက ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တချိန်က ကာစီနိုဝိုင်းတွေနဲ့သာ နာမည်ကျော်ခဲ့တဲ့ မိုင်ဂျာယန်ဟာ စစ်ဖြစ်စ နှစ်တွေတုန်းက ခြောက်ကပ်သွားခဲ့ပေမဲ့ အခုတော့ ကျောင်းတွေနဲ့အတူ ပြန်လည်လှုပ်ရှားသက်ဝင်လာပါပြီ။အရင်တုန်းက စည်ကားမှုနဲ့ အခုပြန်လည်သက်ဝင်လာမှုဟာ အဓိပ္ပာယ်ချင်းလည်းကွာဟပါတယ်။ အရင်တုန်းကလာတဲ့ တဘက်နိုင်ငံက လူတော်တော်များများက ဇိမ်ခံဖို့ ကာစီနိုကစားဖို့ဆိုတာလောက်နဲ့ တခြားလူတွေကလည်း ဆိုင်ဖွင့်ဖို့ အလုပ်လုပ်ဖို့ သက်သက်သာလာခဲ့ကြတာပါ။ အခုတော့ မိုင်ဂျာယန်ကို ရောက်လာသူတွေဟာ ကျောင်းတက်ဖို့ ဆိုတဲ့ ကိစ္စက အဓိကကျလာပါတယ်။

မိုင်ဂျာယန် ကောလိပ်ကျောင်းအုပ် ဦးခွန်ရှောန်ကတော့ ‘ မိုင်ဂျာယန်ဟာ ပညာရေးရဲ့ ရူပါရုံ ၊ ပညာရေးမြို့တော်ဖြစ်ရေးဟာ ကျန်တော်တို့ရဲ့ ရည်ရွယ်ချက်ပါပဲ။ ‘ လို့ ပြောဆိုပါတယ်။

The Ladies News Journal

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.