NCA အတိုင်း ငြိမ်းချမ်းရေးရဖို့ သွားရမယ်လို့ပြော



 myattunoo-620.jpg ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်မှာ ဇူလိုင်လ ၂၀ ရက်နေ့ကကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး ရှင်းလင်းနေစဉ်
Photo: Myo Zaw Ko/ RFA
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပါ ပြဌာန်းချက်တွေအတိုင်း မသွားရင် ငြိမ်းချမ်းရေး ရရှိဖို့ အလှမ်းဝေးသွားမယ် လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ဒီကနေ့ ပြော ပါတယ်။

ရန်ကုန်မြို့ ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ UNFC ခေါင်းဆောင်တွေက တပ်မတော်အပါအ၀င် လက်နက်ကိုင်အဖွဲ့အားလုံး အပစ်ခတ်ရပ်စဲရေးကို တပြိုင်တည်းကြေညာဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆိုတာနဲ့ဆက်စပ်ပြီး မေးမြန်းရာမှာ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ဖြေကြားခဲ့ တာဖြစ်ပါတယ်။

"သူတို့အချင်းချင်းလည်းဆွေးနွေးပြီးတော့ သဘောတူညီထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ကြီးမှာ ကျနော်တို့အားလုံး လက်မှတ်ထိုးခဲ့ကြပြီးတော့ အမှန်တကယ် ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ဒီအပေါ်မှာ အခြေခံပြီးတော့ Political Dialogue ကိစ္စတွေ ဆက်သွားရမှာဖြစ်ပါတယ်၊ ဒီလုပ်ငန်းစဉ်အတိုင်း မလုပ်ဘူးဆိုရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးမယ့် အနေအထားမျိုးရှိပါတယ်၊ ကျနော်တို့သွားနေတာ ပါတီစုံဒီမိုကရေစီလမ်းကြောင်းဖြစ်ပါတယ်၊ ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ လက်နက်ကိုင်ဆောင်ထားပြီး ဒီမိုကရေစီတောင်းလို့မရဘူး၊ အခွင့်အရေး ဆိုတာ တောင်းလို့မရဘူး၊ ငြိမ်းချမ်းရေးဆိုတဲ့လုပ်ငန်းကို သွားကိုသွားရမယ်၊ ငြိမ်းချမ်းရေးအတွက် လမ်းကြောင်း ကြီးက ပေါ်နေပြီဖြစ်တဲ့အတွက် ဒီလမ်းကြောင်းအတိုင်းပဲ သွားနိုင်ဖို့လိုအပ်ပါတယ်ဆိုတာ ရှင်းလင်းတင်ပြခဲ့ ပါတယ်"

အရင်အစိုးရ နဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ တို့ ရေးဆွဲထားတဲ့ NCA စာချုပ်မှာ အပစ်ရပ်လက်မှတ်ရေးထိုးပြီး မှ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။

လာမယ့် ဇူလိုင်၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းကျင်းပမယ့် မိုင်ဂျာယန်ညီလာခံဟာ ၂၁ ရာစုပင်လုံညီလာခံအပေါ် ထိခိုက်လာမှာကို စိုးရိမ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က KNU ခေါင်းဆောင်တွေနဲ့တွေ့ဆုံရာမှာ ပြောကြား ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့အကြား သီးခြားဆွေးနွေး သဘောတူထားတာ မရှိသေးကြောင်းနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ တပ်မတော် သဘောထားတူညီသလို ဆက်ဆံရေး ကောင်းမွန်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အနီး မိုင်းယော်ကျေးရွာမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ နှစ်ဦးဟာ မူးယစ်ဆေးဝါးသယ်ဆောင်သူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားပြီး သူတို့နှစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး ခုံရုံးဖွဲ့စစ်ဆေးနေသလို အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း တပ်မတော်ဘက်က ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ ကွန်ပျူတာကျောင်းသား မောင်ဂွမ်ဆိုင်းအောင် သေဆုံးခဲ့တာဟာ မတော်တဆ ပစ်ခတ်မိခဲ့တာဖြစ်ပြီး တပ်မတော်သားက ပစ်ခတ်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ဘူးလို့လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။
RFA
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.