BBC သတင်းထောက် ခရစ္စတိုဖာဂါးနက်စ်နှင့် သီးသန့်အင်တာဗျူး

“၁၉၈၈ မှာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ခဲ့ခြင်းကနေ ကျွန်တော်ရရှိခဲ့တာက မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာလူထုရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ပဲဖြစ်ပါတယ် …”
------ ------ ------ ------ ------ ------

မြန်မာ့ခေတ်သစ်သမိုင်းမှာ အာဏာရှင်စနစ်ကို တတိုင်းပြည်လုံး တော်လှန်ခဲ့ကြသည့် မြန်မာပြည်သူ လူထု၏ ရှစ်လေးလုံး(၈၈၈၈)အရေးတော်ပုံကို ချန်လှပ်ထားလျှင် သမိုင်းသည် မည်သို့မျှ ပြည့်စုံမည် မဟုတ်တော့ပေ။ ရှစ်လေးလုံးအရေးတော်ပုံနှင့် တွဲလျက်သိနေကြသည်ကတော့ ခရစ္စတိုဖာဂါးနက်စ် ဆိုသည့် အမည်ပါပဲ။ ထိုစဉ်တုန်းက မြန်မာပြည်သူများ စိတ်အ၀င်စားဆုံး၊ သတင်းနှင့်ပတ်သက်လျှင် အားကိုး အယုံကြည်ဆုံး သူကလည်း သတင်းသမား ခရစ္စတိုဖာဂါးနက်စ်ပဲ ဖြစ်သည်။

သူသည် မြန်မာပြည်သို့ တိုးရစ်ဗီဇာနှင့် ၀င်ရောက်လာသူဖြစ်သည်။ ထို့နောက် မြန်မာပြည်ကရှေ့နေ သတင်းထောက် 'နေမင်း'နှင့်တွေ့ဆုံကာ ရှစ်လေးလုံးလှုပ်ရှားမှုသတင်းများကိုရယူပြီး လန်ဒန်ရှိ ဘီဘီစီမြန်မာပိုင်းသို့ အသံလွှင့်ရန် သတင်းများပေးပို့ခဲ့သည်။ မြန်မာပြည်တွင် ခေတ္တမျှ နေထိုင်ပြီး အရေးကြီးသော နိုင်ငံရေးသမားများ၊ ကျောင်းသားများနှင့်တွေ့ဆုံကာ ပြန်သွားသည်။ ထို့နောက် ဘင်္ဂလားဒေ့ရှ်မှနေပြီး မြန်မာပြည် သတင်းများကို ဆက်တိုက်ရယူကာ BBC သို့ပေးပြီး ထုတ်လွှင့်စေ ခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံမှာ အရေးကြီးသော အခန်းကဏ္ဍကပါဝင်ခဲ့သူ ခရစ္စတိုဖာဂါးနက်စ်ကို News Watch ဂျာနယ်က ဆက်သွယ် မေးမြန်းချက်များကို ရှစ်လေးလုံးအရေးတော်ပုံ ၂၈ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ဖော်ပြလိုက်ပါသည်။

မေး- မြန်မာနိုင်ငံရေးမှာ သမိုင်းဝင်ဖြစ်ရပ်တခုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်လုဖြစ်ဆဲ အချိန်မှာ မြန်မာနိုင်ငံရဲ့အခြေအနေကို မှတ်မိသလောက် ပြန်ပြောပြပေးပါလား။

ဖြေ- အခြေအနေက အချိန်မရွေးပေါက်ကွဲနိုင်တဲ့ အခြေအနေဆိုတာ ကျွန်တော် ရန်ကုန်ကို ရောက်ရောက်ချင်းပဲ ခံစားမိတယ်။ ၁၉၅၀ ၀န်းကျင်က ချမ်းသာတဲ့နိုင်ငံတခုကို ဆင်းရဲမွဲတေပြီး သူများနောက်လိုက် နိုင်ငံတခုဖြစ်အောင်လုပ်ပစ်လိုက်တဲ့ စစ်ဗိုလ်ချုပ်များရဲ့ အကျင့်ပျက်ခြစားမှု၊ ရက်စက်ပြီး သနားကြင်နာကင်းမဲ့မှုတွေအပေါ် လူထုက အပြင်းအထန် စက်ဆုပ်နေကြတယ်။ ၂၅ နှစ်လောက် စီမံခန့်ခွဲမှုအလွဲတွေနဲ့ အုပ်ချုပ်ခဲ့တဲ့အပြင် ၁၉၈၇ မှာ ငွေစက္ကူတရားမ၀င် ကြေညာတာတွေ တခုပြီးတခု လုပ်ခဲ့တယ်။ ၈၈ အရေးတော်ပုံရဲ့ ရှေ့ပြေးလို့ပြောလို့ရတဲ့ ကျောင်းသားသပိတ်တွေကိုလည်း ရက်ရက်စက်စက် ဖိနှိပ်ခဲ့တယ်။ အဲဒါကြောင့် လူထုက ဒေါသထွက်နေပြီး အပြောင်းအလဲကို အသည်းအသန် လိုလားနေခဲ့ကြတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆူနာမီကြီးဖြစ်တော့မယ်ဆိုတာ ကျွန်တော် အာရုံရနေတယ်။

မေး- နောက်လာမယ့်လပိုင်းတွေမှာ သွေးချောင်းစီးမှုတွေ၊ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေ ဖြစ်လာမယ်ဆိုတာကိုရော ကြိုတင်တွေးမြင်မိခဲ့ပါသလား။

ဖြေ- ကျွန်တော် သေချာပေါက်သိနေတာကတော့ လူထုဒေါသက ပေါက်ကွဲထွက်တော့မယ်ဆိုတာပါ။ ဒါပေမဲ့ အပြောင်းအလဲကို တကယ်တမ်း ဖော်ဆောင်နိုင်မယ့် အင်စတီကျုးရှင်းတွေကို စစ်တပ်က ဖျက်ဆီးပစ်လိုက်တယ်။ အဲဒီတော့ ဒီဆန္ဒပြမှုတွေ ဘယ်လောက်အထိ ဆက်ဖြစ်မလဲ။ သပိတ်သမားတွေအနေနဲ့ ဘယ်လောက်ထိ တောင့်ထားနိုင်မလဲဆိုတာ ကျွန်တော် မစဉ်းစားနိုင်ဘူး။ အဲဒီမှာ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာရော သန်းနဲ့ချီတဲ့လူတွေ လမ်းပေါ်ထွက်လာတော့ ကျွန်တော် အံ့အားသင့်မိသလို ၀မ်းသာပျော်ရွှင်မိတယ်။ ဒီတော်လှန်ရေးကြီးကို စစ်ဗိုလ်ချုပ်များက ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပုံတွေကိုလည်း အံ့အားသင့်မှင်သက်မိတယ်။ သာမန်ပြည်သူတွေရဲ့ ကုပ်ကျောကို ခွစီးပြီး ချမ်းသာကြွယ်ဝသွားတဲ့ ဗိုလ်ချုပ်တွေက ပြည်သူ့ဘ၀ကို ဘာတခုမှ ဂရုမစိုက်ခဲ့ဘူး။ အထူးသဖြင့် တပ်မတော်ထိပ်ပိုင်းက ဗိုလ်ချုပ်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အံ့သြတုန်လှုပ်မိတယ်။ ဘာလို့လဲဆိုတော့ တချို့ တပ်မတော်သားတွေဆိုရင် အရေးတော်ပုံကြီးမှာ ဒီမိုကရေစီဘက်တော်သားတွေဘက်က ပူးပေါင်းပါဝင်ခဲ့ကြတယ်။ အဲဒီတော့ သူတို့ဟာ လက်နက်မဲ့ ပြည်သူတွေကိုသာမက (ဒီမိုကရေစီဘက်တော်သား) တပ်မတော်သားတွေဘက်ကိုပါ သေနတ်ပြောင်းကို လှည့်လိုက်တာပေါ့။ ဒါဟာ အင်မတန် စက်ဆုပ်ရွံရှာစရာကောင်းပါတယ်။ ဒီလို တုန်လှုပ်ချောက်ချားစရာ ရာဇ၀တ်မှုကြီးတွေကို ကျုးလွန်ခဲ့ကြတဲ့ ဗိုလ်ချုပ်တယောက်တလေမှ တရားခွင်ကို မရောက်ခဲ့တာ ပိုပြီး စက်ဆုပ်ဖို့ကောင်းပါတယ်။

မေး- ခင်ဗျားအတွက် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ အမှတ်အရဆုံးဖြစ်ရပ်က ဘာဖြစ်မလဲ။

ဖြေ- ၁၉၈၈ မှာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ခဲ့ခြင်းကနေ ကျွန်တော်ရရှိခဲ့တာက မြန်မာပြည်သူတွေရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာနဲ့ မြန်မာလူထုရဲ့ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ပဲဖြစ်ပါတယ်။ လူကြီးလူငယ် ယောက်ျားမိန်းမ ရဟန်းသံဃာနဲ့စစ်သား၊ ဘ၀ပေါင်းစုံက မြန်မာပြည်သူတွေ လမ်းပေါ်ထွက်ကာ အကြင်နာတရားကင်းမဲ့ပြီး လိုအင်လောဘကြီးမာတဲ့ စစ်တပ်နဲ့ရင်ဆိုင်ပြီး အသက်စွန့်ခဲ့ကြတယ်။ လူထုက သူတို့အရေးအတွက် ရဲရင့်ပြတ်သားမှု၊ သန္နိဋ္ဌာန်ခိုင်မာမှုကို ပြသခဲ့ကြတယ်။ သူတို့ရဲ့ သတ္တိရှိမှု၊ အကြောက်တရားကင်းမဲ့မှုနဲ့ သူတို့ယုံကြည်ရာရရှိဖို့ လုံးဝ သန္နိဋ္ဌာန်ခိုင်မာမှုတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ ယနေ့မြန်မာနိုင်ငံမှာ ရှစ်လေးလလုံးစိတ်ဓါတ်က အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မသိမီလိုက်သူတွေကြားမှာတောင် ယနေ့တိုင် ရှင်သန်နေဆဲဆိုတာကို ကျွန်တော် လုံးဝယုံကြည်တယ်။ ဒီ ရှစ်လေးလုံးစိတ်ဓါတ်ကို ဘယ်နိုင်ငံရေးသမား ဘယ်ဗိုလ်ချုပ်ကြီးတွေကမှ ဖျောက်ဖျက်ပစ်လို့ ရမှာမဟုတ်ပါဘူး။

မေး- အဲဒီတုန်းက မစ္စတာဂါးနက်စ်က ဘီဘီစီမှာ ဘာတာဝန်ယူထားတာလဲဗျ။ မြန်မာပြည်သူ တွေကြားမှာ ခရစ္စတိုဖာဂါးနက်စ်ဆိုတာ ရှစ်လေးလုံးအရေးတော်ပုံနဲ့တတွဲတည်း မှတ်မိနေတဲ့ နာမည်တခုဆိုတာကို ခင်ဗျား သတိပြုမိသလား။ အဲဒီကာလမှာ သတင်းထောက်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ အမှတ်ရစရာတွေလည်း သိပါရစေ။

ဖြေ- အဲဒီတုန်းက ကျွန်တော်က သတင်းထောက်ပေါက်စလေးတယောက်ပါ။ ဒီထက် ဘာမှမပိုဘူး။ မြန်မာ့အရေးကျွမ်းကျင်သူလည်း မဟုတ်ခဲ့ဘူး။ ဒါ့အပြင် စာနယ်ဇင်းအတတ်ပညာမှာလည်း ဘာအတွေ့အကြုံမှရှိတာမဟုတ်ဘူး။ ဦးနေမင်းဆိုတဲ့ ရန်ကုန်က ရှေ့နေတယောက်ကနေ သူ့အသက်အန္တရာယ်ကို မမှုဘဲ လူထုအုံကြွမှုသတင်းတွေကို ပေးပို့ခဲ့တယ်။ ဒီအတွက် သူလည်း တော်တော်ပေးဆပ်ခဲ့ရပါတယ်။ ကျောင်းသားလူငယ်တွေနဲ့ တခြားခေါင်းဆောင်တွေကိုတော့ သူတို့ရဲ့ စွန့်လွှတ်စွန့်စားမှုအတွက် ချီးကျုးဂုဏ်ပြုရမှာပါ။ ကျွန်တော်က ကျွန်တော့်အလုပ်ကို ဆက်လုပ်နိုင်ခဲ့ပေမယ့် သူတို့တွေကတော့ ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ခံခဲ့ရတယ်လေ။ အဲဒီအတွက် ဒီနေ့ထိတိုင် ကျွန်တော်မှာအပြစ်ရှိသလို ခံစားနေရတုန်းပဲ။ ဒါပေမဲ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံဖြစ်စဉ်ကို ကျွန်တော် သတင်း စတင်ထုတ်လွှင့်ချိန်မှာတော့ ကျွန်တော့်သတင်းတွေကို ဘီဘီစီကတဆင့် ကျယ်ကျယ်ပြန့်ပြန့် နားထောင်ကြတယ်ဆိုတာ သိပါတယ်။ ဒီသတင်းတွေကတဆင့် မြန်မာပြည်အနှံ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ပြည်သူတွေ သိခွင့်ရခဲ့တယ်။ ရုတ်တရက်ဆိုသလိုပဲ တချို့ရက်တွေမှာ သတင်းပေါင်း ဒါဇင်နဲ့ချီပြီး ပေးပို့ဖြစ်ခဲ့တယ်။ ဖြစ်ပျက်သမျှ အလုံးစုံ ကားချပ်ကြီးတခုလုံးကို မြင်တွေ့ခွင့်ရသလို သိခွင့်ရခဲ့ကြတယ်။ နိုင်ငံအနှံ့ ဆန္ဒပြမှုတွေ အရှိန်အဟုန်ရခဲ့ခြင်းမှာ ဒါဟာ တွန်းအားတရပ်ဖြစ်ခဲ့ပါတယ်။

မေး- အဲဒီတုန်းက အင်တာနက်၊ အီးမေးလ်လို နည်းပညာတွေ မထွန်းကားသေးဘူး။ ဖေ့စ်ဘုတ်၊ တွစ်တာလို လူမှုကွန်ရက်တွေလည်းမရှိခဲ့တော့ ကိုယ့်သတင်းတွေ လူအများဆီရောက်ဖို့အတွက် လုပ်ကိုင်ရတဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိခဲ့သလဲ။

ဖြေ- ဒီလူမှုကွန်ရက်တွေမပေါ်ခင်ကတည်းက ကျွန်တော်ဟာ ဖေ့စ်ဘုတ်၊ တွစ်တာဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ဦးနေ၀င်းအာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်ကစလို့ နှစ်ပေါင်းများစွာပေါ့ မြန်မာပြည်သူတွေ သတင်းငတ်နေခဲ့ကြတယ်။ အဲဒီမှာ ချက်ချင်းဆိုသလို ဘီဘီစီသတင်းတွေကတဆင့် မြန်မာပြည် တနံတလျားက နေ့စဉ်သတင်းတွေ လျှပ်တပြက်သတင်းတွေကို သိခွင့်ရခဲ့ကြတယ်။ မြောက်ဘက်က လူတွေ အရှေ့၊ အနောက်နဲ့တောင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကြားသိနားလည်ခဲ့ကြတယ်။ ဒီလိုနဲ့ တော်လှန်ရေးကြီး အရှိန်အဟုန်ရခဲ့တယ် ဆိုပါတော့ဗျာ။

မေး- ရှစ်လေးလုံးအရေးတော်ပုံသည် ဘယ်အဖွဲ့အစည်း အသင်းအဖွဲ့က နောက်ကွယ်ကကြိုးကိုင် လှုံ့ဆော်ခဲ့တာလဲ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့လက်ချက်ဆိုတဲ့ စွပ်စွဲချက်တချို့လည်း ရှိတယ်။ ဒီဟာ ဘယ်လောက်ထိ မှန်ကန်မှုရှိသလဲ။

ဖြေ- ဒီတော်လှန်ရေးကြီးမှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခဲ့ပါတယ်။ ဒီအတွက် ဘယ်အသင်းအဖွဲ့ တဖွဲ့တည်းကမှ ငါတို့စခဲ့တာဆိုပြီး ပြောလို့မရနိုင်ပါဘူး။ ကျွန်တော်ပြောနိုင်တာကတော့ မဆုတ်မနှစ်တဲ့ ဇွဲလုံ့လနဲ့ သတ္တိပြောင်ပြောင်နဲ့ ပါဝင်ခဲ့တဲ့ ဦးနေမင်းရဲ့အခန်းကဏ္ဍက လုံးဝ အရေးပါခဲ့ပါတယ်။ သူ့အကြောင်းကို မှန်ကန်သင့်မြတ်စွာ ဖော်ပြခြင်းမခံရသေးတာနဲ့ သူ့ရဲ့ပါဝင်မှု ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာကို ကောင်းကောင်းမသိကြသေးတာကိုတော့ ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ တကယ်ဆိုရင် သူ့ရုပ်တုအလယ်မှာထားလို့ သူ့နာမည်နဲ့ ရင်ပြင်တခု မြန်မာပြည်မှာ ထားရှိသင့်တယ်။

မေး- အဲဒီတုန်းက အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ပြည်သူတွေကို အညှာတာမဲ့ ချေမှုန်းခဲ့တာတွေမြင် တော့ ဘယ်လိုဖြစ်ခဲ့သလဲ။ သတင်းသမားတယောက်ရဲ့ဘ၀မှာ ဒီထက်ရက်စက်ကြမ်းကြုတ်တဲ့ သွေးချောင်းစီး မှုမျိုး ကြုံတွေဖူးသလား။

ဖြေ- စစ်တပ်ရဲ့ ရက်စက်မှုအပေါ် ကျွန်တော် အံ့အားသင့်သလို တုန်လှုပ်ချောက်ချားမိပါတယ်။ ယနေ့ထိတိုင်ပါပဲ။ ဗြိတိသျှနဲ့ ဂျပန်တွေဆီကနေ လွတ်လပ်ရေးအရယူပေးခဲ့တဲ့ ဗမာ့တပ်မတော်ကို အများပြည်သူ လေးစားအားကိုးခဲ့ကြတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ လူထု အမုန်းဆုံး အဖွဲ့အစည်းကြီးဖြစ်သွားတယ်။ ၁၉၈၈ မြန်မာနိုင်ငံရဲ့အဖြစ်နဲ့ အခြားစစ်တပ်တွေရဲ့ ရိုင်းစိုင်းကြမ်းတမ်းမှုနဲ့ နှိုင်းယှဉ်ဖို့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ရှစ်လေးလုံးမှာ လူဘယ်နှယောက် သေခဲ့သလဲဆိုတာ ဒီနေ့အထိ ဘယ်သူမှ အတိအကျ မသိဘူး။ စနစ်တကျနဲ့ သေချာစေ့ငတဲ့ စုံးစမ်းစစ်ဆေးမှု မလုပ်နိုင်သရွေ့ ဒါကို မသိနိုင်ဘူး။ ဒါကြောင့် ဒီလို စုံစမ်းစစ်ဆေးမှုမျိုးလုပ်သင့် တယ်လို့ ကျွန်တော် ထင်တယ်။ မြန်မာပြည်သူတွေအနေနဲ့ ရှစ်လေးလုံးဖြစ်ရပ်တွေကို ဖော်ထုတ်ရာမှာ တသီးပုဂ္ဂလအရရော အဖွဲ့အစည်းလိုက်ပါ ပါဝင်ကြဖို့လိုပါတယ်။

မေး- ရှစ်လေးလုံးမှာအလွှာပေါင်းစုံက မြန်မာပြည်သူအားလုံးအာဏာရှင်ကို ဖြုတ်ချဖို့ လမ်းပေါ်ထွက် ခဲ့ကြတယ်။ ဘ၀ပေါင်းများစွာ စတေးခဲ့တယ်။ ဒီမိုကရေစီအတွက် အသက်ပေါင်းများစွာ လူမသိ သူမသိသေဆုံးခဲ့ရတယ်။ ဒီလောက်ထိပေးဆပ်ခဲ့ပြီးမှ မြန်မာနိုင်ငံအနေနဲ့ နောက်ထပ် နှစ် ၂၀ ကျော်ကြာပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရတဲ့အဖြစ်နဲ့ပတ်သက်လို့ ဘယ်လိုထင်ပါသလဲ။

ဖြေ- တနေ့တော့ မြန်မာနိုင်ငံမှာဒီမိုကရေစီထွန်းကားလိမ့်မယ်လို့ ကျွန်တော် အမြဲယုံကြည်ခဲ့တယ်။ ဒီထက် ရှေ့ဆက်တက်ဖို့ပဲရှိပါတယ်။ လက်ရှိမှာလည်းလမ်းကြောင်းမှန်ကိုသွားနေတာ ကျွန်တော်တို့ မြင်နေရတယ်။

မေး- နောက်ဆုံးအနေနဲ့မေးချင်တာကတော့ လက်ရှိ NLD အစိုးရက ကြိုးပမ်းနေတဲ့ ပြည်တွင်းငြိမ်းချမ်း ရေးနဲ့ ၂၁ ရာစုပင်လုံညီလာခံနဲ့ပတ်သက်လို့ ဘယ်လိုထင်မြင်ယူဆပါသလဲ။ ဘယ်လောက်ရာခိုင်နှုန်း အထိ အောင်မြင်နိုင်ခြေရှိသလဲ။ အစိုးရအနေနဲ့ အရေးတကြီးလုပ်ဆောင်ရမှာက ဘာတွေဖြစ်မလဲ။ ကျေးဇူးတင်ပါတယ်။

ဖြေ- တိုင်းရင်သားဒေသတွေမှာ တကယ်စစ်မှန်ပြီးတည်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့ အမှန်တကယ် လိုအပ်ပါတယ်။ Level အဆင့်ဆင့်မှာ လူ့အခွင့်အရေးနဲ့ အခြားအခွင့်အရေးများကို လေးစား လိုက်နာမှုရှိဖို့အတွက် အများကြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးပြီးတဲ့နောက်မှာလည်းတရားမျှတမှုနဲ့ ရေရှည်တည်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် လုံးဝမေ့ထားလို့မရတဲ့အရာတခုကတော့ ရှစ်လေးလုံးတော်လှန်းရေးနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ အရေးကြီးပါတယ်။ လွတ်လပ်ပြီးပွင့်လင်း မြင်သာမှုရှိတဲ့ ထောင်စုံတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့လိုပါမယ်။ ဒါမှပဲ ဒီသမိုင်းအမှန် ဘာတွေဖြစ်ခဲ့သလဲ ပြည်သူတွေ သိနိုင်မယ်။ ကိုယ်ချစ်ခင်တဲ့လူတွေ ဘာဖြစ်သွားမှန်းမသိနိုင်တဲ့ တိုင်းပြည်၊ လူတွေ ပစ်သတ်ခံရ၊ ပျောက်ဆုံးသွားရပြီး ဒီအတွက် မျှတတဲ့ တရားစီရင်မှုကိုလည်းမရရှိနိုင်တဲ့ နိုင်ငံ၊ လူအစုလိုက်အပြုံလိုက်သတ်တဲ့လူတွေ ထိုက်သင့်တဲ့ပြစ်ဒဏ်မခံရဘဲလူအရေအတွက် ဘယ်လောက်သေဆုံးခဲ့သလဲအတိအကျ မသိနိုင်တဲ့နိုင်ငံတခုဟာ အမြဲတမ်းမတည်မငြိမ်ဖြစ်နေမှာ ပါပဲ။ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရခဲ့တုန်းက ၈၈ အရေးအခင်းအတွက် တရားမျှတမှုရှာဖွေဖို့လိုကြောင်းပြောခဲ့ပါတယ်။ သူကလည်း ဖြစ်ရပ်မှန်အတိုင်းလူတွေသိဖို့ အရေးကြီး ကြောင်းပြောပါတယ်။ ဒါကြောင့် ဒီအတိုင်းရပ်တည်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် တိုက်တွန်းပါတယ်။

(ဥက္ကာဦး မေးမြန်းသည်။)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.