"ခင်မောင်ရင် ပြောပြမယ်….ထင်တာတွေ အကုန်လုံးမှားလိမ့်မယ်"

မြန်မာနိုင်ငံစစ်စရိတ် GDP ရဲ့ ၅၀% ကျော် ဆိုရင် ၃.၃ ဘီလျံဆိုတော့ ဂျပန်ရဲ့ ၄.၆ ဘီလျံနဲ့ မတိမ်းမယိမ်းပဲလေ။ ဒါပေမယ့်၊ စစ်လက်နက်ချင်း၊ စစ်သည်တွေရဲ့ အသုံးအဆောင်ကိရိယာချင်း၊ စားနပ်ရိက္ခာချင်း၊ စစ်သည်မိသားစုတွေရဲ့ စားဝတ်နေရေး အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားတာ ဘာကြောင့်လဲ။ ကာကွယ်ရေးစရိတ်ဆိုတဲ့ ဘဏ္ဍာငွေတွေ ဘယ်သူ့အိတ်ထောင်ထဲ ရောက်သွားသလဲ တပ်မတော်သားတွေကိုယ်တိုင် မေးကြည့်သင့်တယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ လိုအပ်တာထက် ပိုများနေတယ်။ အခု ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်သည်အင်အားအဆင့် ၂၁ နဲ့ တပ်ဖွဲ့ဝင် ၂ သိန်းခွဲရှိတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၁၃ နဲ့ စစ်သည် ၄ သိန်းကျော်ရှိတယ်။ ဒီနေရာမှာ မြန်မာက ဂျပန်ထက်သာတယ်ဆိုတာ သဘောပေါက်။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် စစ်စရိတ်ကို အများကြီး လျှော့ချနိုင်ပြီး အဖက်ဖက်က ခေတ်နောက်ကျနေတဲ့ နိုင်ငံနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနိုင်ပါမယ်။
ကွန်မန့်ရေးသူများရဲ့ ကျေးဇူးကို ထုတ်ဖော်ချီးကျူးပါရစေ။ ကျနော်ရေးတဲ့ ပို့စ်တွေမှာ ကွန်မန့်ရေးဖို့ အမြဲတိုက်တွန်းတာဟာ ကျနော့ကို ချီးမွမ်းစေချင်လို့ မဟုတ်ရပါဘူး။ အများရဲ့ ထင်မြင်ယူဆချက်ကို သိချင်လို့ လမ်းဖွင့်ပြီး နားစွင့်ကြည့်တာပါ။

ကွန်မန့်တွေကို ဖတ်ကြည့်တဲ့အခါ ဘယ်နေရာမှာ နားမရှင်းသလဲ၊ ဘယ်နေရာမှာ နားလည်မှုလွဲသလဲဆိုတာ ကွဲကွဲပြားပြားသိရပါတယ်။ အသေးအဖွဲလောက်ကို ပြန်ပြီး ဖြေရှင်းမနေပေမယ့်၊ တော်တော် လွဲမှားနေရင်တော့ သေသေချာချာ ပြန်ရေးဖို့ လိုတာပေါ့။

မကြာခင်က ရေးလိုက်တဲ့ "ကမ္ဘာ့ထိပ်တန်းဖာနိုင်ငံ" အကြောင်းမှာ တချို့ နားမရှင်းတဲ့နေရာတွေ ရှိတယ်။ စာရှည်မှာစိုးလို့ သိပ်မဆိုင်တဲ့ အကြောင်းအရာတချို့ကို ချုံ့ပြီးရေးလိုက်တော့ အဲဒီလို မရှင်းမလင်း ဖြစ်သွားရတာပါ။ ဒါပေမယ့်၊ တချို့လူတွေက ဆဲစရာအကြောင်းရှာနေပုံ ရတယ်။ မဖြစ်စလောက် ဗဟုသုတလေးနဲ့ လျှောက်မရေးနဲ့တွေ ဘာတွေ ပတ်ရမ်းကုန်ရော။

ဥပမာ၊ ကာကွယ်ရေးစရိတ်ကိစ္စမှာ ပြောစရာတွေ အများကြီးရှိတာ ချန်ထားခဲ့ရလို့ နားလည်မှု လွဲတာလေးတွေ ပြန်ရေးရပါဦးမယ်။ မြန်မာစစ်အစိုးရရဲ့ ကိန်းဂဏန်းတွေအရ ကာကွယ်ရေး အသုံးစရိတ် တနည်းအားဖြင့် စစ်စရိတ် ၅၀% မကျော်ဘူးလို့ ထောက်ပြသူတွေရှိတယ်။ ပြဿနာက နိုင်ငံတကာ ငွေကြေးနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်း အများစုဟာ စစ်အစိုးရရဲ့ စာရင်းဇယားတွေကို အယုံအကြည်မရှိကြဘူး။ တချို့တွေက ၇၀% ကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းပေမယ့်၊ ကျနော်က မယုတ်မလွန် ၅၀% ကျော်လို့သာ ရေးခဲ့တာပါ။ (စစ်အစိုးရရဲ့ စာရင်းတွေကို ကျနော်မယုံကြည်နိုင်တာတော့ ခွင့်လွှတ်ကြပါ။)

နောက်တစ်ချက်က ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်က GDP ရဲ့ ၁ ရာခိုင်နှုန်း မကျော်စေရအောင် ဥပဒေနဲ့ ကန့်သတ်ထားပြီး၊ ဂျပန်တပ်မတော်ဆိုတာ မရှိဘဲ ကာကွယ်ရေးတပ်ဖွဲ့သာရှိတယ်လို့ သိထားကြတယ်။ ဒီတော့ မြန်မာအများစု စိတ်ထဲမှာ ဂျပန်စစ်တပ်ဆိုတာ ပါချီပါချဲ့လေးလို့ ထင်နေကြတယ်။

တကယ်တော့၊ ဂျပန်နိုင်ငံမှာ အခြေခံဥပဒေအရ စစ်တပ်ဆိုတာ မရှိဘူး။ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (ဂျေးတိုင်း 自衛隊 ) ပဲ ရှိပါတယ်။ ဒါပေမယ့်၊ အများထင်သလို မည်ကာမတ္တမဟုတ်ဘဲ သိပ်မကြာသေးခင် ၂၀၀၅ ခုနှစ်လောက်ထိ ကမ္ဘာ့တတိယ စစ်အင်အားအကြီးဆုံး ဖြစ်ပါတယ်။ ဟာ…ဟင်…ဟယ် ဟုတ်ပါ့မလားကွယ်။ (အဲဒီအချက်ဟာ လူတိုင်းမျက်စိလည်လို့ ရှင်းပြပါရစေ။)

ဂျပန်အစိုးရဟာ နောင်ကျမှ ဂျပန်ပြည်သူတွေရဲ့ ဆန္ဒအရ စစ်အင်အားကို လျှော့ချလို့ တတိယကနေ ပဉ္စမ၊ အခုလက်ရှိ သတ္တမနေရာအထိ ရောက်သွားခဲ့တာပါ။ ဒါပေမယ့်၊ လိုအပ်ရင် ဂျပန်ဟာ ကမ္ဘာ့စစ်အင်အား တတိယနေရာကို အချိန်မရွေး ပြန်ယူလို့ရတယ်ဆိုတာ သိစေချင်ပါတယ်။

ကာကွယ်ရေးစရိတ်က GDP ရဲ့ ၁% မကျော်ဘဲ ဘယ်လိုလုပ်ပြီး စစ်အင်အားကြီးနိုင်ငံ ဖြစ်ရသလဲဆိုတော့ ဂျပန်ရဲ့ ကုန်ထုတ်လုပ်မှုနဲ့ နိုင်ငံတကာကုန်သွယ်ရေး ပိုငွေဟာ အဆမတန် များပြားလွန်းလို့ ဖြစ်ပါတယ်။ ဘီလျံနာသူဌေးကြီး ဘီလ်ဂိတ်စ်ရဲ့ ဝင်ငွေ ၁% နဲ့ မာစီးဒီးကား ၁၀ စင်း ဝယ်နိုင်ပေမယ့်၊ ကုန်ထမ်းသမား ကိုဖိုးပြားရဲ့ ဝင်ငွေ ၁% ဟာ စက်ဘီးတောင် မဝယ်နိုင်တဲ့ သဘောပါပဲ။ ဂျပန် GDP ရဲ့ ၁ ရာခိုင်နှုန်းဟာ ဒေါ်လာ ၄.၆ ဘီလျံ ရှိပြီး မြန်မာလို ဆင်းရဲတဲ့နိုင်ငံရဲ့ GDP စုစုပေါင်း ၆.၆ ဘီလျံနဲ့ ယှဉ်ပြီး တွက်ကြည့်ပါ။

မြန်မာနိုင်ငံစစ်စရိတ် GDP ရဲ့ ၅၀% ကျော် ဆိုရင် ၃.၃ ဘီလျံဆိုတော့ ဂျပန်ရဲ့ ၄.၆ ဘီလျံနဲ့ မတိမ်းမယိမ်းပဲလေ။ ဒါပေမယ့်၊ စစ်လက်နက်ချင်း၊ စစ်သည်တွေရဲ့ အသုံးအဆောင်ကိရိယာချင်း၊ စားနပ်ရိက္ခာချင်း၊ စစ်သည်မိသားစုတွေရဲ့ စားဝတ်နေရေး အဆင့်အတန်းချင်း မိုးနဲ့မြေလို ကွာခြားတာ ဘာကြောင့်လဲ။ ကာကွယ်ရေးစရိတ်ဆိုတဲ့ ဘဏ္ဍာငွေတွေ ဘယ်သူ့အိတ်ထောင်ထဲ ရောက်သွားသလဲ တပ်မတော်သားတွေကိုယ်တိုင် မေးကြည့်သင့်တယ်။

ပြီးတော့၊ ဂျပန်ရဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ကန့်သတ်ထားတဲ့ တိုက်လေယာဉ်နဲ့ ဒုံးကျည်တွေကလွဲလို့ ကျန်တာအားလုံး မိတ်ဒ်အင်ဂျပန် ပြည်တွင်းဖြစ်တွေချည်းပဲ။ ကျနော်တို့ မြန်မာ့တပ်မတော်က တရုတ်လုပ် စစ်သည်တင်ယာဉ်တစ်စင်း ဝယ်တဲ့ငွေပမာဏနဲ့ ဂျပန်က မစ်ဆုဘိရှီ စစ်ထရပ်ကားနှစ်စင်း ဝယ်လို့ရတယ်။ ဈေးသက်သာတာပေါ့ ပြည်တွင်းဖြစ်ကိုး။

ဂျပန်စစ်တပ်ဟာ ခေတ်မီ လက်နက်အင်အား တောင့်တင်းရုံမကဘူး။ လေ့ကျင့်ရေးမှာလည်း တိုက်စွမ်းအားအပြည့်ရှိတယ်ဆိုတာ ယုံလိုက်စမ်းပါ။ ကျနော်တို့ မြန်မာ့တပ်မတော်တောင် ဂျပန်ဆီက စစ်ပညာသင်ခဲ့ရတာ မမေ့လိုက်နဲ့ဦး။

နှစ်စဉ်၊ ဖူဂျီတောင်ခြေရင်းက ဂေါ်တင်းဘဆိုတဲ့အရပ်မှာ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ စစ်ရေးလေ့ကျင့်ပွဲရှိတယ်။ တကယ့်လက်နက်အစစ်၊ ကျည်ဆံအစစ်တွေနဲ့ စစ်ဆင်ရေးစွမ်းရည်ပြတာ အံ့မခမ်းပါပဲ။ ခေတ်မီ အမြောက်၊ ဒုံးကျည်၊ တင့်ကား၊ ရဟတ်ယာဉ်တွေနဲ့ ဝုန်းဒိုင်းကျဲ ဆော်တာ ကြောက်ခမန်းလိလိပါဗျာ။

ကွန်မန့်ရေးသူအတော်များများ ပြောကြတာ တစ်ခုကတော့ မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိနေလို့ စစ်အင်အား၊ စစ်စရိတ်ကို လျှော့လို့ မဖြစ်ဖူးလို့ စောဒက တက်ကြတယ်။ ကျနော်သိမီသလောက် မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ စစ်ရေး၊ နိုင်ငံရေးတင်းမာတဲ့အခြေအနေမျိုး မရှိခဲ့ပါဘူး။

တရုတ်နဲ့လည်း ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ။ တရုတ်ရဲ့ ဒုံးကျည်တွေကို မြန်မာ့တပ်မတော်က ဆီပုလင်းတစ်လုံးနဲ့ပဲ အောင်မြင်စွာ ဖြေရှင်းခဲ့တာ ပြည်သူတွေအားလုံး သိကြပါတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ထဲက နယ်မြေတွေ တရုတ်ကို အလီလီဖဲ့ပေးခဲ့ရတာပဲ။

ပြီးတော့ တရုတ်နဲ့ စစ်အင်အားချင်း ယှဉ်နိုင်ဖို့ဆိုတာ မြန်မာ့ GDP အားလုံး တစ်ပြားမကျန်သုံးတောင် မလိုက်နိုင်ဘူး။ ရှင်းနေတာပဲ။ အရေးကြီးတဲ့အချက်ကတော့ တရုတ်ဆီက ဝယ်တဲ့လက်နက်နဲ့ တရုတ်ကို ဘယ်လိုမှ ပြန်တိုက်လို့ မရဘူး။ တရုတ်နဲ့ စစ်ဖြစ်လို့ ဒုံးကျည်လိုရင် တရုတ်ဆီက ပြန်ဝယ်လို့ ရပါ့မလား။ ရုရှားကရော ရောင်းပေးမှာလား။ အဲလို ယုတ္တိသဘောနဲ့တောင် မစဉ်းစားဘဲနဲ့ အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ တည်ရှိလို့ စစ်အင်အား လျှော့လို့မရဘူး တွေးနေရင် တော်တော်လွဲနေပြီ။

ပညာတတ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေက နှစ်နိုင်ငံပြဿနာတွေကို ဖြေရှင်းရာမှာ စစ်ရေးနည်းလမ်းကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး၊ နိုင်ငံရေးနည်း၊ သံတမန်ရေးနည်းတွေနဲ့သာ ဖြေရှင်းကြတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်၊ ပါလီမန်ဒီမိုကရေစီခေတ်မှာ စစ်ရေးတည်ဆောက်ဖို့ထက် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ မြင့်မားပြီး နိုင်ငံရေးဩဇာရှိဖို့ ကြိုးစားခဲ့ကြတယ်။

မြန်မာနိုင်ငံက အတော်ဆုံးလူတွေကို နိုင်ငံတကာ ဆက်ဆံရေးအတွက် အသုံးချတယ်။ ထူးချွန်ထက်မြက်တဲ့ ဦးသန့်ကို ကမ္ဘာ့ကုလသမဂ္ဂမှာ သံတမန်အဖြစ် စေလွှတ်တာဝန်ပေးခဲ့တာ အဲဒါကြောင့်ပဲ။ အင်အားကြီးနိုင်ငံတွေနဲ့ ပြဿနာဖြစ်ရင် သံတမန်နည်းလမ်းတွေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်အောင် အတော်ဆုံးလူကို ရွေးချယ်ထားတာ ပညာရှိတွေရဲ့ အမျှော်အမြင်ပါ။ စစ်ရေးနဲ့သာ ဖြေရှင်းရင် နောက်တစ်ခါ ကျွန်ဖြစ်တာ ကြာလှပေါ့။

ပြီးတော့၊ လူအများမသိကြတာက ဂျပန်ဟာ မြန်မာနိုင်ငံလို အင်အားကြီးနိုင်ငံနှစ်ခုကြားမှာ ရှိတာတောင် မဟုတ်ဖူး။ ဂျပန်ဆိုတာ ရန်စွယ်ပတ်လည် ဝိုင်းနေတဲ့နိုင်ငံပါ။ စကားကုန်ပြောရမယ်ဆိုရင် သူ့နိုင်ငံတစ်ဝိုက်မှာ ဂျပန်နဲ့ စစ်မဖြစ်ဖူးတဲ့နိုင်ငံ မရှိဘူး။

တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေလို့ အားပြိုင်မှုတွေ မကြာခဏ ဖြစ်တယ်။ နယ်မြေအငြင်းပွားမှုကနေ စစ်ဖြစ်မလို တင်းမာခဲ့တာလည်း အကြိမ်ကြိမ်ပဲ။

ရုရှားတိုက်လေယာဉ်တွေ ဂျပန်လေကြောင်းပိုင်နက်ထဲကို ဝင်လာလို့ သတိပေးပစ်ခတ်တာမျိုးတွေ ရှိခဲ့တယ်။ ရုရှားကလည်း သူ့ရဲ့ ခေတ်မီ MiG တိုက်လေယာဉ်တွေ စွမ်းအားသိအောင် ဂျပန်နဲ့ အမေရိကန်ဖက်စပ် ထုတ်လုပ်တဲ့ F တိုက်လေယာဉ်တွေကို လာလာပြီး ယှဉ်လေ့ရှိတယ်။ တိုက်လေယာဉ်ချင်း အကြိတ်အနယ် ယှဉ်ပြီး ပျံသန်းရင်း သတိပေးမီးကျည်ဖောက်တယ်။ ခုချက်ချင်း လေပိုင်နက်က မထွက်ရင် တကယ်ပစ်ချမယ်လို့ ဖြစ်ခဲ့တာတွေ ရှိခဲ့တယ်။ မြန်မာပြည်မှာ ဒါမျိုးကြားဖူးလား။

တရုတ်နဲ့လည်း စစ်ရေးတင်းမာတာ ခဏခဏပဲ။ လွန်ခဲ့တဲ့ သုံးနှစ်၊ ၂၀၁၃ ခုနှစ်က တကယ်ကို ချတော့မလို ဖြစ်ခဲ့သေးတယ်။ ထိုင်ဝမ်နားက ဆန်းခေါခုဆိုတဲ့ ကျွန်းကို သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတာ ကြာပြီ။ တရုတ်ဘာသာနဲ့ ဒိုင်းအိုးယုဆိုတဲ့ ကျွန်းနားကို တရုတ် ဖရီဂိတ်စစ်သင်္ဘော ဝင်လာလို့ ဂျပန်ရေတပ်က ပိတ်ဆို့တားဆီးတယ်။ ဂျပန်ရေတပ် ဖျက်သင်္ဘောနဲ့ စစ်ရဟတ်ယာဉ်ကို တရုတ်ဖရီဂိတ်စစ်သင်္ဘောက ရေဒါပစ်မှတ်ချိန်တဲ့အထိ ဖြစ်ခဲ့တာပါ။ Radar target locked ဆိုတာကို ဂိမ်းကစားသူတွေလည်း သိမှာပေါ့။ ပစ်မှတ်ကို ရေဒါနဲ့ အသေစွဲထားပြီးပြီမို့ ခလုတ်နှိပ်ပြီး ပစ်ဖို့ပဲကျန်တော့တယ်။

တရုတ်ပြည်မ အနီးကမ်းရိုးတန်းမှာ ယာဉ်တင်ဒုံးကျည်တပ်ဖွဲ့ကို တပ်ရွှေ့နေရာယူတယ်။ အဲဒီလို တင်းမာတဲ့အခြေအနေမှာ အိုကီနာဝါမှာ ရှိတဲ့ အမေရိကန် တပ်ပေါင်းစု ဗိုလ်ချုပ်ကလည်း စစ်ဖြစ်ရင် ဂျပန်ဖက်က ကူမယ်လို့ ပြောရတဲ့အထိ ဖြစ်ခဲ့ကြတယ်။

နောက်ပြီးတော့၊ တကယ့်အန္တရာယ်က ငပွကြီးလေ။ ဘယ်သူရှိရဦးမှာလဲ၊ မြောက်ကိုရီးယားပေါ့။ မြောက်ကိုရီးယားက ဒုံးကျည်တွေ ဂျပန်ပင်လယ်ပြင်ထဲကို မကြာမကြာ စမ်းသပ်ပစ်ခတ်တယ်။ ကျနော်ဂျပန်မှာ ရှိတုန်း တစ်ညတော့ ဂျပန်ပေါ်ကို ကျော်ဖြတ်ပြီး မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်ခတ်လို့ ရုတ်ရုတ်သဲသဲ ဖြစ်ကြသေးတယ်။ မြောက်ကိုရီးယားမှာ ညူကလီးယားအဏုမြူလက်နက်ရှိတယ်လို့ သံသယရှိထားတော့ ပိုပြီး စိုးရိမ်ကြောက်လန့်ကြတာပေါ့။

ကျနော်ဆိုလိုချင်တာကတော့ မြန်မာနိုင်ငံပဲ အင်အားကြီးနှစ်နိုင်ငံကြားမှာ ရှိတာမဟုတ်ဖူး၊ ဂျပန်လည်းပဲ တကယ့် ဆူပါမိုက်တီးတွေနဲ့ ယှဉ်နေရတဲ့နိုင်ငံပါ။ ဒါပေမယ့်၊ စစ်အသုံးစရိတ်ကို လိုတာထက် မပိုအောင် လျှော့ထားနိုင်တော့ ပညာရေး၊ ကျန်းမာရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုပြီး အသုံးပြုနိုင်တယ်။ ပြည်သူလူထု အကျိုးရှိတယ်။

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အင်အားဟာ လိုအပ်တာထက် ပိုများနေတယ်။ အခု ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်သည်အင်အားအဆင့် ၂၁ နဲ့ တပ်ဖွဲ့ဝင် ၂ သိန်းခွဲရှိတယ်။ မြန်မာနိုင်ငံကတော့ အဆင့် ၁၃ နဲ့ စစ်သည် ၄ သိန်းကျော်ရှိတယ်။ ဒီနေရာမှာ မြန်မာက ဂျပန်ထက်သာတယ်ဆိုတာ သဘောပေါက်။ မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရင် စစ်စရိတ်ကို အများကြီး လျှော့ချနိုင်ပြီး အဖက်ဖက်က ခေတ်နောက်ကျနေတဲ့ နိုင်ငံနဲ့ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲနိုင်ပါမယ်။

ဒီလောက် ရှည်ရှည်ဝေးဝေး ရှင်းပြရင် နားဝင်မယ်ထင်ပါရဲ့ဗျာ။

(နောက်တစ်ခုက ဂျပန်နိုင်ငံမှာ ပြည့်တန်ဆာတွေ ပေါများနေဆဲပဲလို့ ပြောကြပါတယ်။ ဟုတ်ပါတယ်။ ကျနော်ဆိုလိုတာက ဂျပန်အမျိုးသမီးတွေ ပြည့်တန်ဆာလုပ်တာ နည်းပါးသွားပြီလို့ ပြောချင်တာပါ။ ရှိတော့ရှိတယ်၊ နည်းတယ်။ တခြားလူမျိုးပြည့်တန်ဆာတွေက ပိုများပါလိမ့်မယ်။ ပြီးတော့၊ ဂျပန်ဟာ အပြာကား (အောကား) ထုတ်လုပ်မှု ဒုတိယအများဆုံးနိုင်ငံမို့ ပြည့်တန်ဆာနည်း တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ တချို့က ကျနော့ကို လှောင်ကြပြောင်ကြတယ်။ အဲဒီ အယူအဆက လုံးဝ လွဲမှားနေတယ်၊ မဆိုင်ဘူး၊ တခြားစီပါခင်ဗျာ။ အောင်မယ် အောကားရိုက်တာ လွယ်လွယ်မှတ်နေသလား။ သေသေချာချာ ရှင်းပြရင် 18+ တွေ ရေးရမှာမို့ မျက်စိရှက်သူများကို အားနာပါတယ်။ ဒါပေမယ့်၊ တကယ်ကို စစ်စစ်ပေါက်ပေါက် နှိုက်နှိုက်ချွတ်ချွတ် "‪#‎ဗဟုသုတသက်သက်‬" သိချင်သူတွေ တောင်းဆိုရင်တော့ ရေးလိုက်ပါဦးမယ်လေ။ ဖတ်ချင်ရင် ကွန်မန့်လေးနဲ့ ပြောပေါ့နော်။ :P )

Min Myat Maung Facebook
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.