စင်ကာပူအိမ်ရှင်၏ နှိပ်စက်သတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့သည့် ဇိုမီး တိုင်းရင်းသူ ရုပ်အလောင်းအား မွေးရပ်မြေသို့ ပြန်လည် ပို့ဆောင်

ကလေး၊ သြဂုတ်(၁၅)ရက်။

စင်္ကာပူနိုင်ငံတွင် အိမ်အကူလုပ်ခဲ့ပြီး အိမ်ရှင်များနှိပ်စက် ခံရသဖြင့် သေဆုံး ခဲ့သည့် ချင်းပြည်နယ်၊ တီးတိန် မြို့နယ်၊ ဒိမ်ပီးရွာမှ ဇိုမီး တိုင်းရင်းသူတစ်ဦး၏ ရုပ်အလောင်းအား သြဂုတ်လ ၁၅ ရက်နေ့တွင် ဇာတိမြေသို့ ပြန်လည် သယ်ယူသွားကြောင်း သိရှိရသည်။

အသက်(၂၄)နှစ်အရွယ်ရှိ သေဆုံးသူ မ……. သည် စင်္ကာပူနိုင်ငံသို့ ၂၀၁၅ ခုနှစ်၊ မေလ(၁၅)ရက်တွင် ရောက်ရှိခဲ့ပြီး အိမ်ရှင် များ၏ နှိပ်စက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ ဇူလိုင်(၂၆)ရက် တွင် သေဆုံးခဲ့သဖြင့် ရုပ်အလောင်းအား သြဂုတ်လ (၁၄ )ရက် ၊ညနေတွင် ကလေးမြို့သို့ သယ်ဆောင်ခဲ့ကြောင်း စင်္ကာပူနိုင်ငံရှိ ဇိုမီး လူမှုရေးအဖွဲ့မှ သိရသည်။

စင်္ကာပူရဲများ၏ စစ်ဆေးချက်အရ သေဆုံးသူသည် သေဆုံးချိန်တွင် ခန္ဓာကိုယ်အလေးချိန်မှာ ပေါင်(၄၀) သာ ရှိတော့ပြီး လည်ပင်းတွင် ဖိညစ်ခံရထားသည့် ညိုမည်းဒဏ်ရာတွေ့ရပြီး ဆံပင်များမရှိတော့ကြောင်း သိရသည်။

သူမ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်သည့် အိမ်မှာ စင်ကာပူရဲအုပ်တစ်ယောက်၏ အိမ်ဖြစ်ပြီး၊ ထိုသူ၏ ဇနီးနှင့် ယောက္ခမတို့က မ ...... ကို ညင်းဆဲခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုနည်းတူစွာ အဆိုပါ အိမ်ထောင်ဦးစီးဖြစ်သူ စင်ကာပူရဲအုပ်က သူ၏ ဇနီးနှင့် ယောက္ခမတို့၏ အမှုကို ဖုံးကွယ်နိုင်ရန် အိမ်စင်္ကြ့တွင် တပ်ထားသည့် CCTV ပါ ဖျောက်ဖျက်ခဲ့မှုဖြင့် တရားရုံးက ပြစ်မှုစွဲချက်တင်ထားကြောင်း သိရှိရသည်။
အိမ်ရှင်များကိုလည်း စင်္ကာပူအစိုးရမှ အရေးယူစစ်ဆေးနေကြောင်း စင်္ကာပူ ဇိုမီးလူမှုရေးအဖွဲ့ထံဖုန်းဖြင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“တိုင်းတစ်ပါးမှာသွားအလုပ်လုပ်ရပေမယ့် ဖျားနာလို့ ဆုံးသွားတာ မဟုတ်ဘဲ သူတစ်ပါး နှိပ်စက်ခံရပြီးဆုံးသွားတဲ့ ညီမလေးအတွက် မချိတင်ကဲခံစားရတယ်။ သူ့မှာ သားလေးတစ်ယောက်လည်း ကျန်ခဲ့တယ်။ ကျွန်တော်တို့ မောင်နှမလည်း ငယ်ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တော့ ကျန်ခဲ့တဲ့ကလေးရဲ့အနာဂတ်အတွက်လည်း ခံစားရတယ်။” ဟု သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးပေါင်ရှန်းမုန် က ပြောသည်။

“ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအနေနဲ့ သူများနိုင်ငံမှာ အလုပ်သွား လုပ်တော့မယ်ဆိုရင် ကိုယ်သွားမယ့် နိုင်ငံမှာ ကူညီပေးနိုင်မယ့် ကိုယ့်လူမျိုးတွေ၊ အဖွဲ့အစည်းတွေရှိလားဆိုတာကို ကြိုတင်လေ့လာပြီးမှ သွားစေချင်ပါတယ်။” ဟု ဇိုမီးအမျိုးသမီးအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူဒေါ်ကျိန်စမ်းဒိန်က ပြောသည်။

စင်္ကာပူနိုင်ငံရှိ မြန်မာသံရုံးသို့သွားရောက်အကူအညီတောင်း၍ အလောင်းပြန်လည်သယ်ဆောင်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ရန်ကုန်၊မန္တလေးနှင့် ကလေးမြို့မှ နာရေးကူညီမှုအသင်းများမှ အဆင့်ဆင့်ကူညီ ပို့ဆောင် ပေးကြကြောင်း သိရသည်။

The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.