ကျွန်တော်တို့တိုင်းပြည်ရဲ့ ကမောက်ကမ၀န်ထမ်းလစာနဲ့ ပင်စင်လစာများ


'လစာ'ဆိုတော့၊ 'ငွေ'အကြောင်းပဲ ပြောရတော့မှာပေါ့ အယ်ဒီတာရေ။ နိုင်ငံတော်တခုလုံးအတွက်တော့ ရွှေဈေး၊ လောင်စာဆီဈေးနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကို နောက်ခံထားပြီး စဉ်းစားဆောင်ရွက်ကြရမှာပေါ့။

လူအများစုအတွက်တော့၊ 'ငွေ'ဆိုတာ အခြေခံစားသောက်ကုန်ဈေးနှုန်း (Cause of Living) တွေနဲ့ စံထားပြီး တန်ဖိုးဖြတ်ကြရမှာပါပဲ။ ရွှေတွေ၊ ဒေါ်လာတွေထားလိုက်ပါ။ ၀န်ထမ်းတွေရဲ့ လစာဟာ အဲဒီကုန်ဈေးနှုန်းတွေနဲ့ ဘယ်လိုအချိုးကျနေသလဲ။ မနိုင်မနင်းဖြစ်ရအောင် သိပ်ကွာနေသလား။ ကိုယ်တွေ့ကလေးပြောပါ့မယ်။

တနေ့က ကမာရွတ်-ဘူတာရုံလမ်းက ကျွန်တော့်ဖောက်သည် 'စွမ်းထက်'ဆိုတဲ့ ကွန်ပျူတာစာစီစာရိုက်ဆိုင်လေးမှာ အထက်တန်းပြ ဆရာမတယောက်နဲ့ စကားစပ်မိရင်းမေးကြည့်တော့ သူ့လစာက တသိန်းရှစ်သောင်း (ကျပ် ၁၈၀,၀၀၀)တဲ့ခင်ဗျ။ ဘွဲ့ရမူလတန်းပြဆရာ၊ ဆရာမရဲ့ လစာက တသိန်းငါးသောင်း (ကျပ် ၁၅၀,၀၀၀)တဲ့ဗျာ။ ကနေ့ ကုန်ဈေးနှုန်းနဲ့ တော်တော်ကွာဟတာပဲ။ ကောင်းကင်မှာ ကင်းမြီကောက်ထောင်၊ ဒိုက်ဗင်ထိုးပြီး၊ ကျွမ်းပစ်နေတဲ့ ကုန်ဈေးနှုန်းကို ဆရာမလေးတွေအနေနဲ့ လိုက်မမီနိုင်ပါဘူး။ ဒီတော့ဆရာ၊ ဆရာမတွေ ကျူရှင်ပြတာကို လက်မခံနိုင်ပေမယ့် နားလည်ပေးလို့ရပါတယ်။ ပြီးခဲ့တဲ့အပတ် News Watch မှာ ကျွန်တော်ရေးခဲ့သလိုပါပဲ။ ၀န်ထမ်းတွေကို သူတို့တာဝန်ယူထားရတဲ့အလုပ်၊ ထမ်းဆောင်နေတဲ့အဆင့်နဲ့ လိုက်လျောညီထွေတဲ့ လစာတွေ ပေးသင့်တာကြာပါပြီ။ ခိုင်းလည်းခိုင်းပါ။ ကျွေးလည်းကျွေးပါ။ ဒါမှ လာဘ်စားတာတွေလည်း ပျောက်သွားမှာပါ။

၁၉၆၇-၆၈ မှာ ကျွန်တော် အထက်တန်းပြဆရာလုပ်တော့ လစာ ၂၉၇ ကျပ်ရသဗျ။ ရွှေဈေးက ၃၈၀ ပါ။ ၄၀၀ မပြည့်ပါဘူး။ လမ်းဘေးထမင်းဆိုင်လေးတွေမှာစားရင် အသားဟင်း၊ အသီးအရွက်ကြော်၊ ဟင်းချို/ ချဉ်ရည်၊ ငါးပိရည်၊ တို့စရာနဲ့ အ၀စား တကျပ်ခွဲပါ။ ဈေးထဲက ထမင်းဆိုင်ကောင်းကောင်းမှာ ဟင်းကောင်းကောင်း ပုစွန်တုပ်နဲ့စားမယ်ဆိုရင်တော့ တခါပြင် ၃ ကျပ်ခွဲပါ။ ၀ါသနာအရပြောရရင် BE လို့ခေါ်တဲ့အစိုးရ အရက်ဖြူသန့်သန့်က ၁-ပဂ်ကို ပြား ၃၀ ပါ။ အရှေ့တောင် အာရှအထိ နာမည်ကျော်တဲ့ မန္တလေးရမ်ကတလုံးကို ၇ ကျပ်ခွဲပါ။ အဲဒီတုန်းက လူပျိုလူလွတ်ဆိုတော့ အပိုသုံးတွေများတဲ့ ကျွန်တော့်အတွက်တောင်လောက်ငရုံမက ပိုလျှံနေပါသေးတယ်။ မိတ်ဆွေ အိမ်ထောင်ရှင်ဆရာ၊ ဆရာမတွေလည်း သားသမီး ၄-၅ ယောက်နဲ့ ၀၀လင်လင်စားလို့၊ လူတန်းစေ့ဝတ်စားလို့၊ သားသမီးတွေကို ပညာသင်ပေးလို့ ဣနြေ္ဒမပျက် ခဲ့ကြပါဘူး။

ဟုတ်တယ်လေ။ ရွှေဈေး ၃၈၀ နဲ့ တွက်ကြည့်ရင် ကျွန်တော့်လစာက ရွှေသုံးမတ်သားဝယ်လို့ရသဗျ။
ဟိုအထက်တန်းပြဆရာမလေးရဲ့ လစာက တသိန်းရှစ်သောင်းဆိုတော့ ကနေ့ရွှေဈေး ရှစ်သိန်းကျော်နဲ့တွက်ကြည့်ရင် သူ့ခမျာ ရွှေတမတ်သားတောင် မ၀ယ်နိုင်ရှာပါဘူး။

တချို့ဌာနတွေကတော့ နေစရာနဲ့ အခြေခံစားကုန်တွေပါ ထောက်ပံ့နိုင်တော့ အဲဒီဌာနတွေရဲ့ အနိမ့်ဆုံးဝန်ထမ်းတွေဟာ အထက်တန်းပြဆရာ၊ ဆရာမတွေထက် သက်သာချောင်ချိကြမှာပါ။ အဲဒီအတွက် မုဒိတာပွားပါ တယ်။ ဒါပေမဲ့ ပြည်သူ့ဝန်ထမ်းအားလုံး တပြေးညီခံစားကြရစေချင်ပါတယ်။

တပြည်လုံးမှာရှိတဲ့ ဌာနမရွေးဝန်ထမ်းမှန်သမျှကို ထမင်းစားဖို့လုံလောက်တဲ့ ၀န်ထမ်းလစာလောက်တော့ ပေးသင့်ပါပြီ။ အခုပေးနေတဲ့ လစာနန်းထားကို မဆလ၊ န၀တ၊ နအဖနဲ့ ပထမဆုံးအရပ်သား အစိုးရ လက်ထက်အထိ မကြာခဏပြင်ဆင်တိုးမြှင့်ပေးခဲ့တာ တွေ့ခဲ့ကြရပါတယ်။ ကျေးဇူးတင်ပါတယ်။ သာဓုလည်းခေါ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေကို တာဝန်ယူရတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ဘယ်ပေါ်လစီ၊ ဘယ်သီအိုရီတွေနဲ့ ရေးဆွဲခဲ့တာလဲ။ စီမံ/ဘဏ္ဍာဝန်ကြီးဌာနရဲ့ အထက်မှာ ပေါ်လစီချပေးတဲ့ အာဏာရှင်တွေများရှိခဲ့လေသလား။ အစိုးရမင်းများ ကိုယ်ချင်းစာတရားလေး ထားကြပါခင်ဗျာ။

အယ်ဒီတာရေ၊ ခင်ဗျားတို့ရဲ့ News Watch မှာလည်း စိတ်ချမ်းသာရတဲ့ ဖတ်စရာဆိုလို့ 'အင်္ဂလိပ်တို့ တိုင်းပြည်မှာ'ပဲရှိပါတယ်ဗျာ။ အဲဒီဆရာမ မြသဉ္ဇလီနွယ်ရေးတဲ့ ဆောင်းပါးတွေကို ဒီတိုင်းပြည်က အစိုးရမင်းတွေ ဖတ်စေချင်လိုက်တာ။ ကျွန်တော်တို့ဆီမှာ လူမှုဖူလုံရေးဆိုတဲ့ဌာနတော့ ရှိပါရဲ့၊ ၀န်ထမ်းနဲ့ ပင်စင်စားတွေအတွက် ရေတို-ရေရှည် စီမံကိန်းတွေမရှိပါဘူး။ လူမှုဖူလုံရေးဆေးခန်းလေးတွေ ကျဲတိ ကျဲတောက် ဖွင့်ထားပြီး အလုပ်သမားဆေးရုံကြီးဆိုတာကလည်း ရန်ကုန်နဲ့မန္တလေး (၂)မြို့တည်းမှာပဲ ဖွင့်ပေးထားတာပါ။ (ကျွန်တော်မှားရင် ပြင်ပေး ပါ)။ ကျွန်တော်လည်း ဆရာမ မြသဉ္ဇလီနွယ်ကို အားကျလို့မရနိုင်တော့ ''မြန်မာတို့ တိုင်းပြည်မှာ''ဆိုပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်းလိုက်ပါဦးမယ်။

ကဲ၊ ၀န်ထမ်းလစာ ပြီပြီးတော့ ပင်စင်လစာပေါ့ဗျာ။
အဆင့်ကွာခြားလှတဲ့ ၀န်ထမ်းနှစ်ဦးကြားမှာ ပင်စင်လစာ အလွန်အကျွံကွာခြားနေကြပုံကိုလည်း ပြောပါဦးမယ်။
ကျွန်တော့် ယောက်ဖတယောက်ဟာ ၁၉၆၂ တော်လှန်ရေးကောင်စီ ဆိုတဲ့ အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနက နည်းပြဆရာတဦးပါ။ နောက်တော့ ရှေ့ကတယောက် သေမှ နောက်ကလူတွေ ရာထူးတိုးရတဲ့ တက္ကသိုလ်ကိုကြောက်ပြီး ဘဏ်အရာရှိလိုင်းကို ကူးသွားပါတယ်။

ကြီးကြပ်ရေးမှူး၊ လက်ထောက်မန်နေဂျာ၊ မန်နေဂျာနဲ့ လက်ထောက်အထွေထွေ မန်နေဂျာဆိုတဲ့ဘ၀တွေမှာ လုပ်သက် ၃၈ နှစ်ကျော်အောင် ကျင်လည်ခဲ့ပြီး ပင်စင်ယူခဲ့ပါတယ်။ သူဟာ မဆလ၊ န၀တနဲ့ နအဖ လက်ထက်တွေမှာ နိုင်ငံပေါင်း (၆)နိုင်ငံ လောက်သွားခဲ့ရပါတယ်။ ကမ္ဘာ့ဘဏ် (World Bank)၊ အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) နဲ့ မြန်မာနိုင်ငံကို ကူညီလေ့ရှိတဲ့ နိုင်ငံတွေကို အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေတက်ဖို့ သွားရပါတယ်။ ကျွန်တော်တို့ လူပြိန်းအမြင်ကတော့ ကမ္ဘာပတ်ပြီး ပိုက်ဆံချေးနေကြရှာတာပါ။ အဲဒီလိုသွားရင် ဘယ်ဝန်ကြီးလက်ထက်မှာပဲဖြစ်ဖြစ် အစည်းအဝေးတွေမှာ သူပဲဒိုင်ခံရှင်းလင်းတင်ပြရပါတယ်။ သူပဲ အင်္ဂလိပ် စာတတ်တာကိုး။ သူပဲ စာရင်းဇယား ကိန်းဂဏန်းတွေကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်တာကိုး။ မိုးကျရွှေကိုယ်တွေ မ လုပ်တတ်တဲ့အလုပ်တွေကို သူပဲလုပ်ခဲ့ရတာပါ။

အဲဒီ ယောက်ဖကြီးဟာ Assistand General Manager (လက်ထောက်အထွေထွေမန်နေဂျာ) ဆိုတဲ့ ရာထူးကြီးနဲ့ လုပ်သက်ပြည့်နဲ့ သက်ပြည့်ပင်စင်ယူခဲ့ပါတယ်။

တလောကတော့ နိုင်ငံတော်အတွက် နိုင်ငံတကာမှာ ငွေချေးခဲ့တဲ့ ပြည့်သားကောင်း ကျွန်တော့်ရဲ့ ယောက်ဖကြီးဟာ ပင်စင်ထုတ်ရာက အပြန် ထိုင်မှိုင်နေရှာပါတယ်။ အကျိုးအကြောင်းမေးကြည့်တော့ ဌာနတခု က ပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ သူ့ရာထူးနဲ့ယှဉ်ရင် လေးငါးဆင့်လောက် နိမ့်တဲ့သူက သူ့ထက်ပင်စင်လစာ အများကြီးပိုရနေပါတယ်တဲ့။လက် ထောက်အထွေထွေမန်နေဂျာကြီးဟာ ပင်စင်လစာတသိန်းနှစ်သောင်း ကျော်ကျော်လေးပဲရပြီး အဲဒီပြန်တမ်းဝင်အရာရှိမဟုတ်တဲ့ အဆင့်နိမ့်ရာထူးနဲ့ သူက ပင်စင်လစာ တသိန်းခုနစ်သောင်းရပါသတဲ့။
ယောက်ဖကြီးလည်း တောက်တခေါက်ခေါက်နဲ့ မချိတင်ကဲ ကြေကွဲနေရှာပါတယ်။ ကျွန်တော့်စိတ်ထဲကတော့ ပြောနေမိပါတယ်။ 'ခင်ဗျားက နိုင်ငံမှားပြီး လူဖြစ်လာတာကိုး။ အင်္ဂလိပ်တို့တိုင်းပြည်မှာမှ လူသွားမဖြစ်တာကိုး'လို့။

ကဲ၊ ဒီပင်စင်လစာ စာရင်းတွေရေးဆွဲတဲ့၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ၀န်ကြီးရဲ့ အထက်မှာရော၊ ဘယ်ခေတ်က အာဏာရှင်တွေက ဘယ်စနစ်၊ ဘယ်အာဏာနဲ့ စီမံခန့်ခွဲခဲ့ကြတာလဲ။ အစိုးရမင်းများ ပြန်ပြီးစစ်ဆေးကြည့် ကြပါဦး။ ခုတော့ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည်မှာမှမရှိတဲ့ လစာစာရင်းနဲ့ ပင်စင်လစာ စာရင်းကို ဒီတိုင်းပြည်မှာ တွေ့နေရပါတယ်။ တကယ့်ကို ရုပ်ပျက်ဆင်းပျက်နဲ့ ရှက်ဖို့ကောင်းလှပါတယ်။
ဘာကြောင့် အဲသလို ဖြစ်ရလဲဆိုတဲ့ မေးခွန်းကိုဖြေဖို့ ပင်စင်လစာကိုတွက်တဲ့အခါမှာ (အချို့ဌာနတွေ၊ ဥပမာ ဘဏ်)မှာ တည်ကိန်းမှားသွားတဲ့ စနစ်အကြောင်းကို ကျွန်တော့်မှာ သက္ကရာဇ်တွေ၊ အခြေခံအချက်အလက် တွေနဲ့ ကိန်းဂဏန်းတွေ ရှိပါတယ်။ ဌာနတခုတည်းကွက်မပြောချင်လို့ စာလည်းလေးမှာစိုးလို့ ချန်ထားခဲ့တာပါ။

တရားနဲ့ဖြေကြပေါ့ဗျာ။ ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ တွေးကြည့်မယ်ဆိုရင် အရင်ဘ၀က အကုသိုလ်အားကြီးခဲ့လွန်းလို့ အခုဘ၀မှာ ဘုံဆိုးဘုံညံ့တခုကို ရောက်နေရတယ်လို့ပဲ ဖြေကြပါ။

ယူတတ်ရင် ကုသိုလ်ရပါတယ်။

ခန္တီပါရမီ ဆက်တိုင်းမှီ နိုင်ကြပါစေ။

(မင်းသစ်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.