ဒေါ််အောင်ဆန်းစုကြည် မြောက်ကိုရီးယားကိုသွားသင့် မသွားသင့်

 

၂၀၁၆ သည် ဒေါ်အောင်ဆန်းစုကြည်အတွက် အလွန် အလုပ်များသော နှစ်တနှစ်ဖြစ်သည် ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးကိုလက်ခံရယူပြီးနောက် နိင်ငံခြားရေးဝန်ကြီးဌာန နှင့်သမ္မတရုံးဝန်ကြီးဌာနများတွင် ၀န်ကြီးတာဝန်များကိုလည်းထမ်းဆောင်သည် ။ ထို့နောက်ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဌ လာအိုနိုင်ငံသို့  သမ္မတကြီးဦးထင်ကျော်နှင့်အတူ အလုပ်သဘောချစ်ကြည်ရေးခရီးသွားရောက်သည် ။ ထို့ နောက်ထိုင်းနိုင်ငံသို့ အလည်အပါတ်ချစ်ကြည်ရေးခရီးသွားရောက်ခဲ့သည် ။ ထိုခရီးစဉ်အတွင်း ထိုင်းနိုင်ငံတွင်ရောက်၇ှိနေသော မြန်မာရွေ့ ပြောင်းအလုပ်သမားများနှင့် တွေ့ ဆုံခဲ့သည် ။ ထိုင်းမှပြန်လာပြီးမကြာမီ ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးနှစ်ခုဖြစ်သော တရုတ်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုမှ တရားဝင်ချစ်ကြည်ရေးခရီးလာရောက်ပါရန်ဖိတ်ကြားချက်ကိုလက်ခံရရှိသည် ။ အမေရိကန်ပြည်ထောင်စုသို့  စက်တင်ဘာလထဲတွင်လည်းကောင်း ၊တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့  သြဂုတ်လအတွင်းတွင်လည်းကောင်း သွားရောက်ရန်အကြမ်းဖျင်းစီစဉ်ထားသည်ဟု သတင်းများကြားသိရသည် ။ မကြာသေးမီရက်ပိုင်းအတွင်းကလည်း လာအိုနိုင်ငံတွင်ပင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးကျင်းပသည် ။ ထိုအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒေသတွင်းနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ၊ အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှနိုင်ငံခြားရေးဝန်ကြီးများတက်ရောက်ကြသည် ။ထိုအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် လူသစ်ဖြစ်သော်လည်း အားလုံးကစိတ်အ၀င်စားဆုံးဖြစ်သည် ။ နိုင်ငံခြားရေးဝန်ကြီးများအားလုံးကအရေးအယူလာရောက်နှုတ်ဆက်ရသည် ။ လူမှန်နေရာမှန်ရောက်လာသည့်သဘော ။ ရေမြင့်၍ကြာတင့်ဆိုသလို ဒေါ်အောင်ဆန်းစုကြည်၏အရှိန်အ၀ါဖြင့် မြန်မာနိုင်ငံရော ၊အာဆီယံအသင်းကြီးပါ ပို၍လူရိုသေရှင်ရိုသေဖြစ်လာရသည့်သဘောဖြစ်သည် ။ 

ထိုအစည်းအဝေးပွဲကြီးအတွင်း နိုင်ငံခြားရေးဝန်ကြီးပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံနှုတ်ဆက်စကားပြောကြရာတွင် ထူးခြားသည့်တွေ့ ဆုံပွဲတခုကိုလည်းသတိထားမိပေသည် ။ ထိုပွဲမှာအခြားမဟုတ်တကမ္ဘာလုံးက လူဆိုးကြီးဟုသတ်မှတ်ထားကြသော မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကိုလာရောက်တွေ့ ဆုံနှုတ်ဆက် စကားပြောခြင်းဖြစ်သည် ။ ထိုသို့ တွေ့ ဆုံရာတွင် ထူးခြားမှုအဖြစ်မြောက်ကိုရီးယားတာဝန်ရှိသူက ဒေါ်အောင်ဆန်းစုကြည်အားအချက်နှစ်ချက်ကိုအဓိကထား၍ပြောသွားသည် ။ ပထမအချက်မှာ မြောက်ကိုရီးယားသို့ ဒေါ်အောင်ဆန်းစုကြည်လာရောက်လည်ပါတ်ဖို့  တရားဝင်ချစ်ကြည်ရေးခရီးဖိတ်ကြားခြင်းဖြစ်သည် ။ မြောက်ကိုရီးယားသည် တကမ္ဘာလုံးနှင့်တယောက် အမြဲရန်စောင်နေသောနိုင်ငံဖြစ်ရာ သူက စိတ်လိုလက်ရဖိတ်ခံရသောကမ္ဘာ့ခေါင်းဆောင်မှာ များများစားစားမရှိချေ ။ထိုအထဲကမှ ဒေါ်အောင်ဆန်းစုကြည်မှာ ထူးထူးခြားခြားရွေးချယ်ဖိတ်ကြားခံရခြင်းဖြစ်သည် ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖိတ်ကြားချက်ကို လက်ခံပါသည်ဟုလည်း အကြောင်းမပြန် ၊ ချစ်ကြည်ရေးခရီးသွားရောက်မည်မဟုတ်ဟုလည်းယတိပြတ်ကြေငြာချက်ထုတ်ပြန်၍ငြင်းခြင်းမျိုးမလုပ်ပဲ ရေလိုက်ငါးလိုက်သာအခြေအနေကိုကြည့်နေပုံရသည် ။ မြောက်ကိုရီးယားဘက်ကပြောသောဒုတိယအချက်မှာ ကမ္ဘာ့ကုလသမဂ္ဂတွင် ယခင်အတိုင်း မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံအား အကာအကွယ်ပေးရန်ဖြစ်သည် ။ ထိုစကားမှာလည်းထူးခြားပါသည် ။ ယခင်အတိုင်းဟုဆိုသဖြင့် ယခင်အစိုးရ (ဦးသန်းရွှေလက်ထက် ၊ ဦးသိန်းစိန်အစိုးရလက်ထက် တို့ တွင် ) မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံအား သံတမန်ရေးဆိုင်ရာ အကာအကွယ်များပေးခဲ့သည် ဟုဝန်ခံသည့်သဘောဖြစ်သည် ။ အပြန်အလှန်အားဖြင့် မြောက်ကိုရီးယားကဘာတွေပြန်ပေးခဲ့သလဲဆိုတာတော့စိတ်ဝင်စားစရာဖြစ်သည် ။

မြောက်က်ကိုရီးယားသည် နိုင်ငံတကာဇာတ်ခုံပေါ်ဝယ် ကုလသမဂ္ဂနှင့်အမေရိကန်ပြည်ထောင်စုအပါအ၀င်နိုင်ငံအတော်များများ၏အရေးယူပိတ်ဆို့မှုကိုခံနေရသောနိုင်ငံဖြစ်သည် ။ ကုလသမဂ္ဂတွင်မြောက်ကိုရီးယားဘက်မှရပ်တည်ကာကွယ်ပေးသောနိုင်ငံမှာတကမ္ဘာလုံးပေါင်းလိုက်မှ လက်ငါးချောင်းပင်ပြည့်မည်မဟုတ်ချေ ။ထိုအထဲကမှမြန်မာနိုင်ငံသည်မြောက်ကိုရီးယား၏မဟာမိတ်မည်သို့ ဖြစ်နေသနည်း ။ သူတော်ချင်းချင်းသတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ဆိုသလိုပင် မြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံသည် မည်သို့ မည်ပုံ မိတ်ကောင်းဆွေကောင်းတွေဖြစ်ကုန်ကြသလဲဆိုတာလည်း အံ့သြစရာဖြစ်လေသည် ။     
           ယခင်ကမြောက်ကိုရီးယားနှင့်မြန်မာနိုင်ငံသည် ပြဒါးတလမ်းသံတလမ်းဖြစ်သော်လည်း ၁၉၈၈ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပွဲပြီးသည့်နောက် မြန်မာနှင့်မြောက်ကိုရီးယားသည် တဂိုဏ်းတည်းဖြစ်သွားတော့သည် ။ အီရန် ၊ မြောက်ကိုရီးယား ၊ မြန်မာ အစိုးရများကို မိစ္ဆာဝင်ရိုးတန်းနိုင်ငံများဟုကမ္ဘာကခေါ်ဝေါ်သမုတ်ခဲ့ကြသည် ။ မြောက်ကိုရီးယားတွင် မိတ်ဆွေနိုင်ငံများများစားစားမရှိသလို ထိုစဉ်ကမြန်မာနိုင်ငံစစ်အစိုးရတွင်လည်း သူတို့ ကိုဆေးဖော်ကြောဖက်လုပ်မည့်သူမှာ တရုတ် ၊ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ သာကျန်တော့လေသည်။ မြန်မာစစ်အစိုးရအတွက်ထိုသုံးနိုင်ငံမှာ သူတို့ အတွက်နောက်ဆုံးအားထားရာ ခံကတုတ်များဖြစ်သည် ။ သံတမန်ရေးအရလည်းကောင်း စစ်ရေးအရလည်းကောင်း သူတို့ ၏ အားကိုးအားထားပြုရာနိုင်ငံများဖြစ်လာပါသည် ။ စင်စစ်ထိုသုံးနိုင်ငံသည်လည်း မြန်မာစစ်အစိုးရ နှင့် မြန်မာပြည်သူလူထုအပေါ်တွင်စေတနာရှိလွန်းသဖြင့် ကျောထောက်နောက်ခံပြုနေခြင်းမဟုတ် ။ မြန်မာထံမှ ရရန်ရှိသောအကျိုးအမြတ်ပေါင်းများစွာအတွက် ပေါင်းသင်းဆက်ဆံနေခြင်းဖြစ်သည် ။ အထီးကျန်နေသော မြန်မာအစိုးရနှင့် အဆက်အဆံလုပ်ခြင်းဖြင့် အိမ်နီးချင်းဖြစ်သောတရုတ်ပြည်အတွက် မြန်မာထံမှရနိုင်သောအကျိုးအမြတ်များမှာ မကုန်နိုင်အောင်ပင်ဖြစ်သည် ။ သဘာဝဓာတ်ငွေ့  ၊ သစ်တော ၊ ကျောက်စိမ်း ၊ ပတ္တမြား ၊ နီလာ စသည့် အဖိုးတန်ရတနာများ ကိုမှောင်ခိုဈေးဖြင့်ပေါပေါပဲပဲရနိုင်သည် ။မြန်မာ့ကမ်းရိုးတန်းမှငါးများကို မှောင်ခိုငါးဖမ်းစက်လှေများဖြင့်အတိုင်းအဆမရှိစီးပွားဖြစ်ဖမ်းဆီးနိုင်သည် ။  ဖွတ်မှစကာ ကျွဲ နွား ဆင်အဆုံး မြန်မာနိုင်ငံမှတောရိုင်းတိရိစ္ဆာန်အကောင်ပေါင်းစုံကိုတရုတ်ပြည်မှ သူခိုးဈေးဖြင့် အတားမရှိ ၊အဆီးမရှိယူနိုင်သည် ။ တရုတ်နိုင်ငံမှထွက်သော အညံ့ စားထုတ်ကုန်အမျိုးမျိုးကိုနယ်စပ်ကုန်သွယ်ရေးမှတဆင့်မြန်မာပြည်သို့  တင်သွင်းရောင်းချနိုင်သည် ။ ဥရောပနှင့် အမေရိကမှလက်မခံသော အပေါစားထုတ်ကုန်များမှာမြန်မာနိုင်ငံမှလွဲ၍မည်သည့်နိုင်ငံကိုမှတရုတ်ကတင်သွင်းရောင်းချ၍ရသည်မဟုတ် ။ နောက်ဆုံးအဆင့်အနေဖြင့် သစ်ခုတ်ခြင်း ၊ရွှေတူးခြင်း ၊ကြေးနီတူးခြင်း ၊ကျောက်တူးခြင်းလုပ်ငန်းများကို တရုတ်ကုမ္မဏီများကမတန်တဆဈေးဖြင့် မြန်မာနိုင်ငံထဲဝယ်လုပ်ကိုင်ခွင့်ရရှိခဲ့ပါတော့သည် ။ ယုတ်စွအဆုံးတရုတ်တို့ မြန်မာနိုင်ငံမှ အမြတ်ထွက်ပုံမှာ သူတို့ နိုင်ငံတွင် တအိမ်ထောင်ကလေးတယောက်မူဝါဒကြောင့် ယူစရာမယားရှားလာသောကွက်လပ်ကို မြန်မာနိုင်ငံမှ မိန်းကလေးများကိုလူမှောင်ခိုတင်ပို့ ၍ဖြေရှင်းလာနိုင်ခြင်းဖြစ်သည် ။ ထိုအရာများအတါက်တရုတ်အစိုးရကပြန်ပေးဆပ်ရသည်မှာဈေးပေါလွန်းပါသည် ။ မြန်မာအစိုးရသို့  အတိုးနှုန်းမသက်သာလှသောချေးငွေများထုတ်ချေးခြင်းနှင့် ကုလသမဂ္ဂတွင် မြန်မာနိုင်ငံအားကာကွယ်ပေးခြင်းဖြစ်သည် ။ 

          ရုရှားနှင့်မြောက်ကိုရီးယားသည် မြန်မာနိုင်ငံထံ၌တရုတ်လို တိုက်ရိုက် စီးပွားရေးလုပ်ကွက်များပွင့်လန်းနေသည်တော့မဟုတ်ချေ ။နိုင်ငံခြင်းအိမ်နီးချင်းမဟုတ်တာလဲပါမည်ဖြစ်သည်။ ပထ၀ီနယ်နိမိတ်အနေအထားအရဝေးကွာလွန်းသောကြောင့်တရုတ်နိုင်ငံလိုတော့လက်တဆုံးနှိုက်ခွင့်မသာခဲ့ပေ ။ သို့ သော် မြောက်ကိုရီးယားနှင့် ရုရှားသည် မြန်မာထံမှ ကြီးစွာသောအကျိုးအမြတ်ကိုရခဲ့ကြသည်သာဖြစ်သည် ။ ထိုအကျိုးအမြတ်မှာကား အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂမှ မြန်မာနိုင်ငံအား လက်နက်တင်ပို့ ရောင်းချခြင်းကို ကန့်သတ်ပိတ်ပင်ထားသည်ဖြစ်ရာ မြန်မာသည်တရုတ်၊ရုရှား နှင့်မြောက်ကိုရီးယား တို့ ထံမှစစ်လက်နက်ပစ္စည်းများဝယ်ယူခဲ့ရသည် ။ တရုတ်နှင့်ရုရှားထံမှ တရားဝင်စစ်ရေးအဆက်အဆံပြုကာဝယ်ခဲ့ရသော်လည်း  မြောက်ကိုရီးယားနိုင်ငံနှင့်လက်နက်တင်ပို့ရောင်းဝယ်ခွင့်ကို ကမ္ဘာ့ ကုလသမဂ္ဂကပိတ်ပင်ထားသောကြောင့်လျှို့ ဝှက်ဆက်ဆံခဲ့ရခြင်းဖြစ်သည် ။ ထို့ ကြောင့်ပင် ၁၉၈၃ ခုနှစ်မှစကာ သံတမန်ဆက်ဆံရေးဖြတ်တောက်ထားခဲ့သော မြောက်ကိုရီးယားနိုင်ငံနှင့် မြန်မာစစ်အစိုးရသည် လျှို့ ဝှက်ဆက်ဆံမှုများရှိလာခဲ့အပြီးတွင် ပြောင်ပြောင်တင်းတင်း သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်သည့်အဆင့်သို့ ရောက်ခဲ့ပါတော့သည် ။ မြောက်ကိုရီးယားထံမှမြန်မာစစ်ခေါင်းဆောင်များသည် မြေအောက်လိုဏ်ခေါင်းတူးဖော်သည့်နည်းပညာအပါအ၀င် အဆင့်မြင့်နည်းပညာနှင့် စစ်လက်နက်မှောင်ခိုရောင်းဝယ်ခြင်းများရရှိခဲ့ဟန်ရှိပေသည် ။ မြောက်ကိုရီးယားအနေနှင့်လည်းတကမ္ဘာလုံးကအဆက်အဆံမရှိချိန်တွင် မြန်မာနိုင်ငံနှင့်မိတ်ဆွေအဖြစ်ဆက်ဆံရခြင်း ၊ မည်သူကမျှမ၀ယ်ယူသော သူတို့ နိုင်ငံလုပ်စစ်လက်နက်ပစ္စည်းများကိုရောင်းချနိုင်ခြင်း ၊စစ်ရေးနည်းပညာများ ပံ့ပိုးပေးနိုင်ခြင်းဆိုသည့်အကျိုးထူးများကိုခံစားရရှိခဲ့ပေ၏ ။ အမေရိကန်နှင့်အနောက်အုပ်စုက စီးပွားရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုတားဆီးပိတ်ပင်ထားသည့်အချိန်တွင် မြန်မာစစ်အစိုးရသည် ရုရှား၊တရုတ် ။မြောက်ကိုရီးယားတို့ နှင့်နီးစပ်ပါတ်သက်မိသွားခြင်းဖြစ်သည် ။

      အမှန်စင်စစ် အများသိသည့်အတိုင်းမြောက်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအပေါ်မိတ်ဆွေမပီသသောလုပ်ရပ်ကြီးတခုကိုလုပ်ခဲ့ဖူးသည်မှာ ကမ္ဘာသိဖြစ်သည် ။ ၁၉၈၃ ခု အောက်တိုဘာလ ၉ ရက်နေ့ ကဖြစ်သည် ။ မြန်မာနိုင်ငံတွင်ချစ်ကြည်ရေးအလည်အပါတ်ရောက်ရှိနေသော တောင်ကိုရီးယားနိုင်ငံမှ သမ္မတ ချန်ဒူးဝမ်နှင့် ၀န်ကြီးအဖွဲ့ မြန်မာနိုင်ငံသို ရောက်ရှိနေခိုက်ဖြစ်သည် ။ အစီအစဉ်အရ သမ္မတချန်ဒူးဝမ် နှင့်အဖွဲ့ သည် ရန်ကုန်မြို့ အာဇာနည်ဗိမာန်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ကြီးများ၏ ဂူဗိမာန်သို့ လာရောက်ပန်းခွေချ ဂါရ၀ပြုမည့်အစီအစဉ်လည်းပါဝင်ပေ၏ ။ ထိုစဉ်က တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံများသည် တနိုင်ငံနှင့်တနိုင်ငံခေါင်းဆောင်များကိုလုပ်ကြံသတ်ဖြတ်ရန်ကြံစည်အားထုတ်နေကြသော နိုင်ငံများဖြစ်သည် ။ ၁၉၆၈ ဇန်န၀ါရီလ (၂၁)ရက်နေ့ တွင် မြောက်ကိုရီးယားကတောင်ကိုရီးယားသမ္မတပတ်ချုံဟီးကိုလုပ်ကြံသတ်ဖြတ်ရန်Blue House Raid ဟုအမည်ရသော အကြမ်းဖက်တိုက်ခိုက်မှုတခုကိုမြောက်ကိုရီးယားကွန်မန်ဒိုများကပြုလုပ်ခဲ့ကြသည် ။တောင်ကိုရီးယားသမ္မတနေထိုင်ရာ အိမ်ပြာတော် ( Blue House )ကို မြောက်ကိုရီးယားများကစီးနင်းတိုက်ခိုက်ကြခြင်းဖြစ်သည်။ သို သော်မအောင်မြင်ခဲ့ပေ ။မြောက်ကိုရီးယားဘက်မှကွန်မန်ဒို ၂၉ ဦးကျဆုံး ( တဦးကိုယ့်ကိုယ်ကိုယ်သတ်သေ ) ပြီး တဦးကိုလက်ရဖမ်းမိခဲ့သည် ။တောင်ကိုရီးယားဘက်မှစစ်သည်၂၆ ယောက်သေဆုံးပြီး ၆၆ ယောက်ဒဏ်ရာရသည်။ တောင်ကိုရီးယယားဘက်မှဝင်ကူသောအမေရိကန်စစ်သား ၄ ဦးကျဆုံးသည်။   တောင်ကိုရီးယားတို့ကလက်တန့်ပြန်သည့်အနေနှင့် ၁၉၆၈ ခု ဧပြီလ တွင် တောင်ကိုရီးယားမှအထူးတပ်ဖွဲ့ ဝင် (၃၁)ယောက်ဖြင့်ဖွဲ့ စည်းထားသော Unit 684  ဆိုသည့်တပ်ဖွဲ့ တဖွဲ့ သည် တောင်ကိုရီးယားသမ္မတပတ်ချုံဟီး၏တိုက်ရိုက်အမိန့်ဖြင့်  မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆောင် ကိုသွားရောက်လုပ်ကြံဖိုစီစဉ်ခဲ့ဖူးသော်လည်း အကောင်အထည်မဖော်ဖြစ်ခဲ့ပေ ။

ထိုသို့ နှစ်နိုင်ငံခေါင်းဆောင်များကိုအပြန်အလှန်လုပ်ကြံရန်ကြိုးစားဖူးသောနိုင်ငံနှစ်နိုင်ငံသည် ၁၉၈၃ တွင်မြန်မာနိုင်ငံတွင်လာဆုံကြခြင်းဖြစ်သည် ။ တောင်ကိုရီးယားသမ္မတကိုလုပ်ကြံရန်ချောင်းနေသောမြောက်ကိုရီးယား အာဏာရှင်အစိုးရသည် မြန်မာနိုင်ငံသို့ တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်လာရောက်မည်ဆိုသောအခါအကြိုက်တွေ့ သွားသည် ။ ထိုစဉ်ကမြန်မာနိုင်ငံ၌ထောက်လှမ်းရေးခေါင်ဆောင် မျက်မှန်ကြီးတင်ဦးမှာလည်းရာထူးမှပြုတ်ကျကာစဖြစ်၍ ထောက်လှမ်းရေးသတင်းများလျော့ရဲကာလုံခြုံရေးအကျိုးပေါက်ဆုံးဖြစ်နေသည် ။ ကမ္ဘာပေါ်တွင်တောင်ကိုရီးယားသမ္မတကိုလုပ်ကြံရန်အလွယ်ကူဆုံးနေရာသည် မြန်မာနိုင်ငံရန်ကုန်မြို့ ဖြစ်ကြောင်း ရွေးချယ်လိုက်ခြင်းဖြင့် မြန်မာတနိုင်ငံလုံးကို မြောက်ကိုရီးယားတို့ ကစော်ကားလိုက်ခြင်းဖြစ်ပါသည် ။ လုပ်ကြံမှုသည် သူတို့ ထင်သည်ထက်ပင်လွယ်နေပါသေးသည် ။ တောင်ကိုရီးယားသမ္မသည်ကံကောင်းလွန်းသဖြင့်မသေခြင်းဖြစ်ပြီး မြောက်ကိုရီးယားလုပ်ကြံရေးသမားသုံးဦးမှာလည်းအစီအစဉ်ညံ့ဖျင်းလွန်းအားကြီးသောကြောင့်သာ မြန်မာလုံခြုံရေးတပ်ဖွဲ့ များလက်တွင်အမိခံလုက်ရခြင်းဖြစ်သည် ။ အာဇာနည်ဗိမာန်သို့ တရက်ကြိုတင်ပြီးခေါင်မိုးတွင် ဗုံးသုံးလုံးသွားထောင်သောအခါ မည်သည့်အတားအဆီးအနှောက်အယှက်မှမရှိပဲ ခပ်လွယ်လွယ်ပင်ဗုံးထောင်နိုင်ခဲ့ခြင်းကလည်းလုံခြုံရေးမည်မျှပေါ့လျော့ခဲ့သည်ကိုညွှန်ပြခဲ့လေသည် ။ တောင်ကိုရီးယားဝန်ကြီးများကားတန်းဖြင့်ရှေ့ပြေးရောက်လာကြခြင်းကို သမ္မတချန်ဒူးဝမ်ရောက်လာသည်ထင်ပြီးအဝေးထိန်းခလုပ်ဖြင့်ဗုံးခွဲလိုက်ရာ အာဇာနည်ဗိမာန်အတွင်းရောက်ရှိနေသောသူများမှာပြင်းထန်ကျယ်လောင်သောဗုံးပေါက်ကွဲမှုနှင့်အတူအတုန်းအရုန်းသေကြေကြလေသည် ။ ထိုဖြစ်စဉ်တွင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးအပါအ၀င် မြန်မာကိုရီးယားစုစုပေါင်း ၂၁ ဦးသေဆုံးပြီး ၄၆ ဦး ဒဏ်ရာရကြသည် ။ ကျူးလွန်သူဖြစ်သော မြောက်ကိုရီးယားစစ်တပ်မှဗိုလ်မှူးကင်မင်ချူး ၊ ဗိုလ်ကြီးဇင်ဘို နှင့်အခြားဗိုလ်ကြီးတယောက် စုစုပေါင်းသုံးယောက်ကကျူးလွန်ခဲ့ကြခြင်းဖြစ်သည် ။ ဇင်ဘိုကိုဖမ်းဆီးရာတွင် မြန်မာတပ်မတော်သားသုံးဦးကိုခုခံပစ်သတ်ခဲ့ပြီး သူကိုယ်တိုင်လည်းအသေပစ်ခတ်ဖမ်းဆီးခံခဲ့ရသည် ။ကင်မင်ချူးက လက်ပစ်ဗုံးဖြင့်သူ့ ကိုယ်သူသတ်သေရာ မသေပဲ လက်တဖက်ပြတ်ခဲ့သည် ။ထို့ နောက်အင်းစိန်ထောင်တွင် ထောင်ဒဏ်တသက်တကျွန်းကျခံရသည် ။ တတိယလူမှာ သေဒဏ်ချမှတ်ခံရသည် ။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီးဦးနေ၀င်းက မြောက်ကိုရီးယား၏မြန်မာ့မြေတွင်လာပြီး စော်ကားသောလုပ်ရပ်ကိုသည်းမခံနိုင်သဖြင့် မြောက်ကိုရီးယားသံရုံးကို ၂၄ နာရီအတွင်းပိတ်သိမ်းကာ မြန်မာ့မြေမှထွက်ခွာကြရန်နှင့် မြောက်ကိုရီးယားရှိမြန်မာသံရုံးကို ပိတ်သိမ်းထွက်ခွာ၍ နှစ်နိုင်ငံသံတမန်အဆက်အသွယ်ဖြတ်တောက်ရန်ချက်ခြင်းကြေငြာခဲ့သည် ။ ထိုအဖြစ်အပျက်သည် ယခုအချိန်မှရေတွက်ကြည့်လျှင် (၃၃) နှစ်ပဲရှိပါသေးသည် ။ သမိုင်းသည်လတ်ဆတ်နေဆဲသာဖြစ်ပါသည် ။ မဆွေးမြေ့သေးပါ ။မြောက်ကိုရီးယားတို့ မြန်မာ့မြေ၀ယ်လာရောက်၍ အကြမ်းဖက်တိုက်ခိုက်ခဲ့သောကြောင့် မြန်မာ့တပ်မတော်သားသုံးဦးအပါအ၀င် မြန်မာအရပ်သားများတိုင်းတပါးသားလက်ချက်ဖြင့်သေဆုံးခဲ့ကြရခြင်းသည် ဒဏ္ဍာရီပုံပြင်မဟုတ်ပဲဖြစ်ရပ်မှန်ဖြစ်ပါသည် ။ ထိုသို့ သော မိမိနိုင်ငံ၏အမျိုးဂုဏ်ဇာတိဂုဏ်ကိုအောက်ဆုံးအဆင့်အထိ နင်းချေစော်ကားခဲ့သော နိုင်ငံနှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့သည်မှာအလွန်မှန်ကန်ပါသည် ။

သို့ သော် မြန်မာစစ်အစိုးရသည် ထွေးပြီးသားတံတွေးကိုပြန်မျိုပါသည် ။ မိမိနိုင်ငံနှင့်လူမျိုးကိုအကျိုးမပေးသောမြောက်ကိုရီးယားတို့ နှင့် သံတမန်အဆက်အသွယ်ပြန်လုပ်ပါသည် ။ လုပ်ပိုင်ခွင့်ကိုတလွဲသုံးကာအမျိုးဂုဏ်ဇာတိဂုဏ်ကိုအောက်ဆုံးသို့ ချနင်းလိုက်သောလုပ်ရပ်လည်းဖြစ်ပါသည် ။ ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားသို့ မြန်မာတပ်မတော်အစိုးရ၏ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ လျှို့ ဝှက်သွားရောက်ခဲ့ရာ ထိုမြန်မာကိုယ်စားလှယ်အဖွဲ့ ကိုဦးဆောင်သူမှုာ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဖြစ်သည် ။ သူရရွှေမန်းနှင့်အရာရှိများသည် ထိုစဉ်ကမြောက်ကိုရီးယားလေတပ်အခြေစိုက်စခန်း ၊ဒုံးကျဉ်စက်ရုံ ၊ ရေဒါစခန်းများ သို့ သွားရောက်လေ့လာခဲ့ကြပါသည် ။ ထို့နောက်ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် ထိုစဉ်ကမြောက်ကိုရီးယားစစ်တပ် (KPA) အကြီးအကဲ ဗိုလ်ချုပ်ကမ်ကောက်ဆစ်နှင့် စစ်ရေးပူးပေါင်းဆောင်၇ွက်မှု နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြပါသည် ။ ဆိုရလျှင် မြန်မာနှင့်မြောက်ကိုရီးယားတို့ လျှို့ ဝှက်ပြန်လည်ဆက်သွယ်ခြင်းမှသည် တရားဝင်သံတမန်ပြန်လည်ဆက်သွယ်ခြင်းအထိ အဓိကအချက်မှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိစ္စများသာဖြစ်သည် ။ မြောက်ကိုရီးယားသည် ကမ္ဘာကအော်ကြောလန်ရသောနိုင်ငံဖြစ်သည် ။ မိမိနိုင်ငံ၏စစ်တပ်ကြီးကို ဒုံးပျံများပစ်လွှတ်လိုက် ၊ညူကလီးယားလက်နက်များခြိမ်းခြောက်ပြလိုက်ဖြင့် စစ်အင်အားတိုးချဲ့သထက်တိုးချဲ့နေသော်လည်းလက်တွေ့ တွင်မိမိနိုင်ငံသူနိုင်ငံသားများကိုထမင်း၀၀မကျွေးနိုင်ပဲဆင်းရဲငတ်ပြတ်နေသောနိုင်ငံဖြစ်သည် ။ တပ်မတော်အင်အားရှိသော်လည်း တိုင်းပြည်မှာ မ၀ရေစာစားနေ၀တ်နေသုံးနေကြရသောနိုင်ငံဖြစ်သည် ။ ထိုစနစ်ကို မြန်မာနိုင်ငံသည် သတိပြုရှောင်ရှားကြရမည်ဖြစ်သည် ။အတုမခိုးဖို့ လိုမည်ဖြစ်သည်။ မြန်မာနိုင်ငံမှစစ်အာဏာရှင်များလက်ထက်က မြောက်ကိုရီးယားနှင့်ဆက်ဆံသည်မှာ စစ်ရေးအမီအခို ရလိုသောကြောင့်သာဖြစ်ဟန်ရှိသည် ။ စစ်ရေးမှတပါးမြောက်ကိုရီးယားထံမှ သိက္ခာရှိသောနိုင်ငံရေး ၊အောင်မြင်သောစီးပွားရေး ၊ ဂုဏ်ယူဖွယ်ရာ ပညာရေးမည် သည့်အရာမှ ရနိုင်ဖွယ်ရာမမြင်ပါ ။မြန်မာသည် မြောက်ကိုရီးယားနှင့်မည်သို့ မည်ပုံလျှို့ ဝှက်အရှုပ်တော်ပုံစာချုပ်များရှိထားခဲ့သည်ဆိုခြင်းကို ယခုအခါ ဒီမိုကရေစီဘက်တော်သားဖြစ်နေပြီဆိုသော သူရဦးရွှမန်းသည်(ဒီမိုကရေစီဘက်သားအစစ်ဖြစ်ခဲ့လျှင်) တိုင်းပြည်ကိုမှန်မှန်ကန်ကန်ပြောကြားသင့်ပြီဖြစ်သည် ။ 
        သမ္မတဦးထင်ကျော်တက်လာကာစက ပြည်ပခရီးစဉ်အဖြစ်ရုရှားနိုင်ငံသို့ ထွက်သွားတာသတိထားမိပေသည် ။ ရုရှား ၊တရုတ် ၊ မြောက်ကိုရီးယားဆိုသောနိုင်ငံများသည် မြန်မာပြည်သူလူထုနှင့်ပါတ်သက်ဆက်ဆံသည်ထက် မြန်မာ့တပ်မတော်ခေါင်းဆောင်များနှင့် ဗြောင်တမျိုး ၊လျှို့ ဝှက်စာချုပ်များချုပ်၍တဖုံ စစ်ရေးဆက်ဆံမှုများရှိထားခဲ့ကြတာဖြစ်သည် ။ ထို့ကြောင့်ပင်တပ်မတော်၏သဘောထားကိုမလွန်ဆန်နိုင်သဖြင့် သမ္မတကြီးဦးထင်ကျော်သည် ရုရှားနိုင်ငံသို့ မလွဲမကင်းသာသွားရောက်ရခြင်းဖြစ်သလောဟုထင်မြင်မိပါသည် ။ ထိုစစ်ရေးပါတ်သက်မှုဖိအားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ရုရှားနှင့်မြောက်ကိုရီးယားနိုင်ငံများသို့ ပါ စေလွှတ်လိုသော နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းတခုလည်းဝိုင်းဝန်းဖော်ဆောင်လာစရာရှိပေသည် ။ မည်သို့ ဆိုစေ မြန်မာနိုင်ငံသားများအမှောင်ခေတ်က ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးတိုက်ပွဲအတွက် ကျဉ်းထဲကြပ်ထဲ၌သွေးချောင်းစီးအောင်တိုက်ပွဲဝင်ခဲ့ကြရာတွင် ထိုနိုင်ငံသုံးနိုင်ငံကတော့မြန်မာ ပြည်သူလူထု၏မျက်နှာထက် အာဏာကိုဆုပ်ကိုင်ထားခဲ့သောလက်တဆုပ်စာလူတစုမျက်နှာကိုသာကြည့်ကာ မိမိအကျိုးအတွက်မိမိဆောင်ရွက်သွားကြတာကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရကောင်းကောင်းကြီးသဘောပေါက်လိမ့်မည်ဟုထင်မြင်ယူဆမိပါကြောင်း ။ 

သရ၀ဏ်(ပြည်) 
 
စောင့်ကြည့်ဂျာနယ်
၁၂.၈.၂၀၁၆

COMMENTS

Name

art,1,article,1301,cartoon variety,22,crime,66,culture,1,documentary,7,Entertainment,8,health,32,history,2,international,7339,interview,219,knowledge,8,Live,8,LocalNews,15684,news,2842,opinion,764,photos,203,poem,116,satires,39,song,12,speech,12,sports,139,statement,59,technic,55,translate,34,video,1068,voice,76,
ltr
item
dawnmanhon: ဒေါ််အောင်ဆန်းစုကြည် မြောက်ကိုရီးယားကိုသွားသင့် မသွားသင့်
ဒေါ််အောင်ဆန်းစုကြည် မြောက်ကိုရီးယားကိုသွားသင့် မသွားသင့်
https://lh3.googleusercontent.com/-OMkTV1hgWxs/V61pPvID7bI/AAAAAAAAYlo/LMaYA8USHwA/%25255BUNSET%25255D.png
https://lh3.googleusercontent.com/-OMkTV1hgWxs/V61pPvID7bI/AAAAAAAAYlo/LMaYA8USHwA/s72-c/%25255BUNSET%25255D.png
dawnmanhon
http://www.dawnmanhon.com/2016/08/blog-post_424.html
http://www.dawnmanhon.com/
http://www.dawnmanhon.com/
http://www.dawnmanhon.com/2016/08/blog-post_424.html
true
4976479704313592870
UTF-8
Loaded All Posts Not found any posts VIEW ALL Readmore Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share. STEP 2: Click the link you shared to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy