ရန်ကုန်က ပိုကီမွန်သားကောင်များ


ဓာတ်ပုံ-နစ်ကီ
သည်ရက်ပိုင်းထဲ လမ်းမများပေါ်မှာ လက်ဝါးပြင်ပေါ်ဖုန်း တင်ပြီး ခေါင်းငိုက်စိုက်ဖြင့် လမ်းလျှောက်လာတဲ့ လူအုပ်နှင့် တိုးလျှင် သင်ဘေးကပ်ပေးနေဖို့လို ပါလိမ့်မည်။ အခန့်မသင့် လျှင် ၀င်တိုက်ခံရနိုင်ပါသည်။

သူတို့တွေက အကောင်ဖမ်းသည့်လူတွေဖြစ်၏။ ရန်ကုန်မြို့ထဲတွင် ယင်းသို့ အကောင်ဖမ်းသူများ ရက်ပိုင်းအတွင်း ပြည့်နှက်လာပါ၏။ အထင်ကရလမ်းမကြီးတွေပေါ် ပန်းခြံများနှင့် လူစည်ကားသည့်နေရာများတွင် ထိုကဲ့သို့ခေါင်းငိုက်စိုက်ဖြင့် ပတ်ဝန်းကျင်ကို သတိမထားမိသည့် လူအများကြီး တွေ့ရပါလိမ့်မည်။ တကယ်တော့သူတို့အားလုံးက မကြာသေးမီက ကမ္ဘာတစ်ဝန်းရှိ လူအများအ ကြိုက်တွေ့နေသည့် ဂိမ်းတစ်မျိုးကို သဲကြီးမဲကြီး ကစားနေကြခြင်း ဖြစ်ပါသည်။

‘‘ဒီနေ့ ဘယ်နှကောင်ရပြီးပြီလဲ’’

‘‘အဲဒီကောင်ကို ဖမ်းရတာ တော်တော်ခက်တယ်။ သုံးခါလောက်ဖမ်းယူရတယ်’’

သင်ရောက်ရှိရာ နေရာပတ်ဝန်းကျင်တွင် ထိုသို့သောစကားသံများ ကြားရပါက မထိတ်လန့်ပါနှင့်။ ယင်းစကားသံများက ပိုကီမွန်ဂိုးဟုခေါ်သည့် မိုဘိုင်းဖုန်းဂိမ်းတစ်မျိုးကို ကစားသူများ ပြောဆိုကြသည့်စကားများသာ ဖြစ်ပါသည်။

ကမ္ဘာ့အနောက်ခြမ်းရှိ အမေရိကန်ပြည်ထောင်စုမှ တီထွင်လိုက်သော ပိုကီမွန်ဂိုးအမည်ရှိ မိုဘိုင်းဂိမ်းကို သြဂုတ် ၆ ရက်နေ့ ကစပြီး မြန်မာပြည်၌ ဆော့ကစား ခွင့်ရကတည်းက ရက်ပိုင်းအတွင်းလူကြီး၊ လူငယ်များအကြား ပျံ့နှံ့မှုနှုန်းမြန်ဆန်ခဲ့သည်။ ဆော့ကစားသူအရေအတွက် အတိအကျမသိရသေးသော်လည်း ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံ၊ မြို့တော်ခန်းမနှင့် လမ်းဘေးပလက်ဖောင်းများတွင် အနည်းဆုံးလူ လေး၊ ငါး၊ ခြောက်ယောက်စုပြုံကာ မိုဘိုင်း ဖုန်းကိုယ်စီပွတ်၍ ပါးစပ်ကလည်း တစ်စုံတစ်ရာကို ကျေနပ်ဟန်(သို့မဟုတ်) ဒေါသထွက်ဟန်ဖြင့် ရေရွတ်နေသည့် မြင်ကွင်းများကိုကြည့်ရှုကာ ယင်းဂိမ်းကို လူကြီး၊ လူငယ်မရွေး စွဲလမ်းနှစ်သက်နေသည်ကို တွေ့မြင်ရနိုင်သည်။ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်၌လည်း ပိုကီမွန်များက နေရာယူ ထား၏။

ဂိမ်းထဲမှ သားကောင်များသည် အပြင်ပတ်ဝန်းကျင် တွင် အမှန်တကယ်ရှိသယောင် ဖန်တီးထုတ်လုပ်ထားပြီး သားကောင်များကို ဘောလုံးများဖြင့်ပစ်၍ ဖမ်းဆီးရခြင်းဖြစ် သည်။ သားကောင်များမှာ ဘေးနားဝန်းကျင်အနှံ့တွင် ရှိနေ နိုင်သည်။ သို့သော် ထိုင်ရာမထ ဆော့ကစား၍မရပေ။ ဂိမ်းအမည်ထဲတွင်ပါဝင်သည့် “Go” ဟူသော စကားလုံးအတိုင်း လျှောက်သွားနေရန် လိုအပ်သည်။ ပြဿနာက လမ်းမပေါ် ထွက်၍ မိမိဖမ်းဆီးရမည့် အကောင်ငယ်များအားမိုဘိုင်းဖုန်း ကို မလွတ်တမ်းကြည့်၍ ရှာဖွေနေရသည်ဖြစ်ရာ ကားအ သွားအလာများသည့်နေရာများ၊ လူထူထပ်သည့်နေရာများ တွင်တော့ ကစားသူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။

အချိန်မရွေး ကားတိုက်နိုင်ခြေများပြီး၊ လုယက်မှုကျူးလွန်လိုသူများအတွက်လည်း အလွန် လွယ်ကူနေ သည့် အခြေအနေများဖြစ်နေသည်။ မိမိကားပေါ် ထိုင်နေလျက်နှင့်ပင် ကားတံခါးဆွဲဖွင့်ကာ လုယက်ရန်ကြိုးပမ်းမှု ကြုံနေရသည့် ရန်ကုန်မြို့တွင် ပိုကီမွန်ကစားသူများအတွက်တော့ မမြင်နိုင်သည့် အန္တရာယ်များ ရှိနေပါသည်။

တည်နေရာမြေပုံကို အခြေခံ၍ ထုတ်လုပ်ထားသည့် အတွက် ဂိမ်းကစားသူကိုယ်တိုင် လမ်းများပေါ်တွင် ကိုယ်တိုင်လမ်းလျှောက်၍ သားကောင်ရှာဖမ်းခြင်း၊ သားကောင်တွေ့ ချိန်တွင် ပစ်ဖမ်းရန် ဘောလုံးစုဆောင်းခြင်းနှင့် အရည်အသွေးတိုးတက်ရန် သတ်မှတ်ထားသောနေရာ (Gym)များတွင်သာတိုက်ခိုက်ရခြင်း စသည့်အချက်များက ယင်းဂိမ်း၏ဆွဲဆောင်မှုပင်ဖြစ်သည်ဟု ပြည်တွင်းရှိဆော့ကစားသူ အချို့က မှတ်ချက်ပြုသည်။

သို့ရာတွင် ယင်းဂိမ်းဆော့ကစားရန် ရင်းနှီးရသည့် ကုန်ကျစရိတ်က မနည်းပေ။ အင်တာနက် (Mobile Data)ကို အချိန်ပြည့်ဖွင့်ထားရန်လိုအပ်သည်။ တည်နေရာမြေပုံကို ကြည့်ရှုရသည့်အတွက် GPS စနစ်ကို ကောင်းမွန်စွာ ထောက်ပံ့ပေးသော နောက်ဆုံး ပေါ်စမတ်ဖုန်းများဖြစ်ရန်လို သည်။ တစ်ခဏအတွင်း ဖုန်းဘက်ထရီ အကုန်မြန်သော ကြောင့် Power Bank အပိုတစ်ခုဆောင်ထားသင့်သည်။ ယင်းတို့မှာ အခြေခံလိုအပ်ချက်မျှသာဖြစ်၏။ပြီးခဲ့သည့် ဇူလိုင်အတွင်းက ပိုကီမွန်ဂိုးဂိမ်းအား ရွေးချယ်ထားသော နိုင်ငံများတွင် စတင်ကစားခွင့်ရရှိခဲ့ပြီး အချိန်တိုအတွင်းအောင်မြင်မှုရရှိခဲ့သည်။ အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံ များတွင် ပိုကီမွန်၏အောင်မြင်မှုမှာ လက်ရှိအချိန်အထိ ရပ်တန့်မည့် အရိပ်အယောင်မရှိသေးဘဲ ယင်းဂိမ်းအက် ပလီကေးရှင်းက ဒေါင်းလုတ်ပြုလုပ်သူစာရင်းတွင် ထိပ်တန်းအဆင့်ရှိနေဦးမည်ဟု နိုင်ငံတကာမီဒီယာများက သုံးသပ် ထားကြသည်။

သို့သော် လမ်းလျှောက်ရင်း သားကောင်ဖမ်းရသည့် ပိုကီမွန်ဂိုးသည် အကောင်းဘက်ကချည်း နာမည်ကျော်နေ ခြင်းမျိုးလည်းမဟုတ်ပေ။

ပိုကီမွန်ဂိမ်း၏ ဆိုးကျိုးကြောင့် လမ်းပေါ်တွင် ခလုတ် တိုက်ခြင်းမှအစ၊ ယာဉ်မတော် တဆဖြစ်မှုအလယ်၊ အသက်သေ ဆုံးမှုဖြစ်သည်အဆုံး ဖြစ်ပွား လျက်ရှိသည်။ လက်ဖ၀ါးပေါ်ရှိ ဂိမ်းကို အာရုံစူးစိုက်နေချိန်တွင် မိုဘိုင်းဖုန်းများအား လုယက်၍ပြေးထွက်သွားသည့်ဖြစ်ရပ်များ လည်း ရှိနေသည်။ အနီးစပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၌ ပိုကီမွန်ဂိမ်းနှင့်ပတ်သက် ၍ ဆော့ကစားသူများအား သတိ ရှိစေရန် တိုက်တွန်းနှိုးဆော်စာကို သြဂုတ် ၆ ရက်တွင် ရဲတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

‘‘ဒီမှာ ဘာလုပ်လို့ရမလဲဆို တော့ ရှင်းရှင်းပြောရင် ဘာမှလုပ်လို့မရဘူး။ အစိုးရအာဏာပိုင် အဖွဲ့အစည်းက ဒီလိုထုတ်ပြန် သတိပေးတာ လောက်ပဲရမယ်။ သတိထားဖို့လောက်ပဲ ထုတ်ပြန် လို့ရမယ်။ ဒါပေမဲ့လည်း အသက် ဉာဏ်စောင့်ဆိုသလိုပဲ ကိုယ့် အန္တရာယ်ကိုယ် ကြည့်ရှောင်ရမှာပေါ့’’ဟု အွန်လိုင်းဒစ်ဂျစ်တယ် ဈေးကွက်ကျွမ်းကျင်သူ ကိုပြည့် ဖြိုးနိုင်က ပိုကီမွန်ဂိမ်းဆော့ကစား သူများအား သတိပေးသည်။

စင်ကာပူရဲတပ်ဖွဲ့၏ သတိ ပေးထုတ်ပြန်ချက်တွင် အချက် ခုနစ်ချက်ပါဝင်ပြီး အဓိကအားဖြင့် ပိုကီမွန်ရှာဖွေနေစဉ် သတိအ မြဲရှိရန်၊ လမ်းလျှောက်လျှင် ဘေး ပတ်ဝန်းကျင်ကြည့်ရှုရန်၊ မည် သည့်ယာဉ်ကိုမဆို မောင်းနှင်ရင်း ပိုကီမွန်အသုံးမပြုရန်၊ ကလေးငယ်များ၏ အသက်အန္တရာယ်မရှိ စေရေး ပညာပေးဆွေးနွေးရန်၊ အခြားသောအွန်လိုင်း ရာဇ၀တ်မှု များမဖြစ်ပွားရန်၊ ကြိုတင်ကာ ကွယ်ထားရန် စသည့်အချက်များ ကို ထည့်သွင်းထားသည်။

ပိုကီမွန်ဂိမ်း ကိုယ်တိုင်က လည်း ကားမောင်းနေရင်း ဂိမ်းမဆော့ရန်၊ ကစားနေစဉ် ဘေးအန္တရာယ်ရှိသောနေရာများသို့ ၀င်ရောက်ခြင်းမပြုရန်၊ ဂိမ်းအတွက်အချိန်ပြည့် အရန်သင့်ဖြစ်နေစေရန်နှင့် ပတ်ဝန်းကျင်အား သတိပြု နေထိုင်ရန် စသည့်အချက်တို့ကို ဂိမ်းဖွင့်ချိန်နှင့် ဆော့ကစားနေစဉ် အတွင်း မကြာခဏ သတိပေးနေ ၏။

ယင်းကဲ့သို့ ဂိမ်း၏လုပ် ဆောင်ချက်တစ်ခုအနေဖြင့် ဆော့ကစားသူအား သတိပေးမှုပြုလုပ် နေသော်လည်း နေ့စဉ်နီးပါး ပိုကီမွန်ဂိမ်းကြောင့် ဒုက္ခရောက်ကြသူများ အများအပြားပင်ရှိနေသည်။

ပြည်တွင်း၌ ပိုကီမွန်ဂိမ်းကို နှစ်ခြိုက်စွဲလမ်း၍ လမ်းပေါ်ထွက် သားကောင်လိုက်ဖမ်းနေသူအ များအပြားရှိသကဲ့သို့ပင် ယာဉ် မောင်းနှင်သူများကလည်း ဂိမ်း ဆော့ကစားသူများ၏ သတိမမူ ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မတော်တဆဖြစ်မှုများအတွက် စိုးရိမ်မှုများရှိနေသည်။

‘‘အစ်ကိုတို့ဆီမှာက လမ်းသွားရင်း ဂိမ်းဆော့တယ်။ ဖေ့စ်ဘွတ်ခ်သုံးတယ်။ ကားဟွန်းတီး ရင် မကြိုက်ကြဘူး။ ကိုယ်ကိုယ်တိုင်ကျတော့ စည်းကမ်းမလိုက် နာဘူး။ တစ်ခုခုဖြစ်ရင် ယာဉ် မောင်းတွေပဲ အေ ရးယူခံရတာ’’ဟု တက္ကစီယာဉ်မောင်း ကိုဇော် အောင်က ၄င်း၏ အတွေ့အကြုံ ကို ဖွင့်ဟသည်။

ပိုကီမွန်ဂိမ်း ပြည်တွင်းသို့ ရောက်ရှိလာပြီး ရက်ပိုင်းအတွင်း အသက်အရွယ်မရွေး စိတ်ဝင်စား မှုမြင့်တက်နေချိန်တွင် စီးပွားရေးလုပ်ငန်းအချို့က အခွင့်အရေးကို အမိအရအသုံးချကြသည်။ ၎င်းတို့၏လုပ်ငန်းများကို ပိုကီမွန်နှင့် ဆွဲဆောင်ခြင်း၊ ဆော့ကစားသူများ အား ဈေးလျှော့ပေးခြင်း စသည့်အစီအစဉ်သစ်များကို ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် ကြော်ငြာထားကြ ၏။

လက်ဖ၀ါးတစ်ခုစာခန့်သာ ရှိသော မိုဘိုင်းစမတ်ဖုန်းတစ်လုံး က အသုံးပြုသူ၏ လုပ်ငန်းတာဝန် အလုံးစုံကို ပြီးမြောက်စေသည့် ကောင်းကျိုးများကို စွမ်းဆောင် ပေးနိုင်ပြီး တစ်ဖက်တွင်လည်း ထွက်ပေါ်လာသမျှသော အက် ပလီကေးရှင်း၊ ဂိမ်း စသည့်ထုတ် ကုန်များနောက် မျောပါရင်းအသက်အန္တရာယ် ထိခိုက်သည်အ ထိ နည်းပညာ၏ ဆိုးကျိုးကိုခံစား နေကြရသည်။

‘‘နိုင်ငံခြားမှာကတော့ ဖြစ်ပြီးပြီ။ လမ်းလျှောက်နေရင်း သစ်ပင်နဲ့ဝင်ဆောင့်တယ်။ လမ်းလျှောက်နေရင်း ရပ်ထားတဲ့ကားကို ၀င် တိုက်တယ်။ လမ်းလျှောက်နေ ရင်း ကားလမ်းပေါ်ရောက်သွားလို့ ကားက ၀င်တိုက်တယ်။ လမ်းလျှောက်နေရင်း ခလုတ်တိုက်လဲ တယ်။ လမ်းလျှောက်နေရင်း လှေကားပေါ်က ချော်ကျတယ်။ သေ ချာတာက ခုနေမသေသေးတောင် တစ်နေ့ ပိုကီမွန်ကြောင့် သေတဲ့ သူတော့ ပေါ်လာမှာ’’ဟု ကိုပြည့်ဖြိုးနိုင်က ဆိုသည်။

ထို့အပြင် ဂိမ်းကစားသူ၏ တည်နေရာ (တစ်နည်းအားဖြင့်) GPS ကို အချိန်ပြည့်ဖွင့်ထားရခြင်း ကြောင့် အသုံးပြုသူ၏ အချို့ သော ကိုယ်ရေးအချက်အလက် များ လုံခြုံမှုမရှိနိုင်ကြောင်း နည်း ပညာနှင့် အကျွမ်းတ၀င်ရှိသူတစ် ဦးက သုံးသပ်သည်။

နိုင်ငံတကာသတင်းစာမျက် နှာများတွင်လည်း ပိုကီမွန်ဂိမ်းထုတ်လုပ်သူ၏ ကိုယ်ရေးမှတ် တမ်းများနှင့် ယင်းဂိမ်းအသုံးပြုသူ များ၏ သတင်းအချက်အလက် လုံခြုံမှုဆိုင်ရာများအတွက် မေးခွန်းထုတ်ရေးသားနေကြသည်။ သို့သော် ယင်းကဲ့သို့ ရေးသားဖော်ပြချက်များတွင် ပိုကီမွန်ဂိမ်းမှတစ်ဆင့် ပေါက်ကြားမှုကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ လေ့လာစောင့်ကြည့်နေရသည့်အဆင့်တွင်သာ ရှိသည်။

နည်းပညာ၏ ကောင်းကျိုးနှင့် ဆိုးကျိုးက အလွှာပါးပါးလေး သာခြား၏။ အသုံးပြုသူက နှစ်ခုထဲမှ တစ်ခုကိုရွေးချယ်နိုင်သည်။ ပိုကီမွန်ဂိမ်းအား စွဲလမ်းသူက လမ်းမထက်တွင် ဆက်လက်ဆော့ ကစားနေမည်သာဖြစ်သည်။

လက်ရှိ ပိုကီမွန်ဂိုဂိမ်းဆော့ ကစားသူ ကိုမင်းဆက်ပိုင်က အောက်ပါအတိုင်း အကြံပြုပြော ဆိုသည်။

‘‘မြန်မာနိုင်ငံမှာ ပလက်ဖောင်းတွေကလည်း မကောင်း၊ယာဉ်မောင်းရော၊ လမ်းလျှောက် တဲ့လူပါ စည်းကမ်းမရှိတာမို့ လမ်းပေါ်ထွက်ဆော့တဲ့အခါ နည်းနည်းတော့ ဆင်ခြင်စေချင်ပါတယ်။ ကျွန်တော်ကတော့ phone screenကို အမြဲဖွင့်ထားပြီး vibrate ဖွင့်ထားတယ်။ လမ်းလျှောက်နေရင်းပိုကီမွန်တွေ့ရင်တောင် လမ်း ဘေးစိတ်ချရတဲ့နေရာကို ဆင်းပြီး မှ ဖမ်းပါတယ်’’

မြန်မာနိုင်ငံတွင် ရက်ပိုင်း အတွင်း လူတွေ ပိုကီမွန်ဂိမ်းနှင့် လမ်းမများပေါ်ရောက်လာကြ သော်လည်း အခြားနိုင်ငံများမှာလိုတော့ မတော်တဆဖြစ်ပွားမှု များ၊ လုယက်မှုများ၊ သေဆုံးမှု များမရှိသေးပေ။

သို့သော် ပိုကီမွန်ကြောင့် ဖြစ်ပွားရမည့် မတော်တဆမှုများ တွင်တော့ မည်သူမျှ ပါဝင်လိုမည် မဟုတ်ချေ။

ပျော်စရာဂိမ်းတစ်ခုက တစ်ဖက်တွင်လည်း အန္တရာယ်ရှိနေသည်ကိုတော့ သတိပြုရန်လိုပါ သည်။

ထက်အာကာကျော်
http://www.7daydaily.com/story/72597
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.