“ ကျပ်တီးကုန်းဖုန်းဆိုးမြေမှသည် ... ရွှေသီးမဲ့မြေကြီးဖြစ်လာဖို့ ”


မြေဆီမြေသားခမ်းခြောက်နေတဲ့ ကျပ်တီးကုန်း ဖုန်းဆိုးမြေကို ပြူပြင်ထွန်ယက်စိုက်ပျိုးရတဲ့ အလုပ်ဟာ လယ်ကောင်းမြေသန့်ကို ဓါးမဦးချ လုပ်ကိုင်ရတာထက် ပိုမိုခက်ခဲ ပင်ပမ်းကြမ်းတမ်းမယ်ဆိုတာ လူတိုင်း အလွယ်တကူ နားလည်နိုင်ပါတယ်။

အဲ့ဒီလိုဘဲ မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်ဆိုးရဲ့ လက်မဲကြီးအောက်မှာ ရာစုနှစ်ဝက်ကျော် ရုပ်ပိုင်းစိတ်ပိုင်း အကျင့်သီလပိုင်း အဖက်ဖက်ကချွတ်ခြုံကျပြီး ပျက်သုဉ်းနိုင်ငံအဆင့်ရောက်ခဲ့ရလို့ ဖုန်းဆိုးမြေပမာဖြစ်ခဲ့ရတဲ့ တိုင်းပြည်ကို ပြန်လည်ပြုပြင်ထူထောင်ရတဲ့အလုပ်ဟာ အလွန်ခက်ခဲ ကြမ်းထော်မှာ အသေအခြာပါဘဲ။

ဗူးလေးရာဖရုံဆင့်ဆိုသလို ပြောင်းလဲရမဲ့အလုပ်ကို ပိုမိုခက်ခက်စေမဲ့ စိမ်ခေါ်မှု့ကြီးကတော့ အပြောင်းအလဲ ကို မလိုက်ပါချင်တဲ့ အင်အားစုတွေဟာ အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာသာမက တပ်မတော် အရာရှိအရာခံအချို့အပါအဝင် နိုင်ငံဝန်ထမ်းများ စီးပွားရေးသမား၊ သာမာန်ပြည်သူတချို့ထဲမှာ လည်း ထင်ထင်ရှားရှားရှိနေဆဲဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

တပါတီအာဏာရှင်စနစ်နဲ့စစ်အာဏာရှင်စနစ်မှာအခွင့်ထူးခံခွင့်ရခဲ့ကြလို့ တိုင်းပြည်ဘဏ္ဍာတွေ ပြည်သူပိုင် ဓနဥစ္စာတွေနဲ့ ကြီးပွားချမ်းသာနေသူတွေဟာ အပြောင်းအလဲကို ခြေထိုးပြီး ဒရွတ်တိုက်ဆွဲ နေကြတာတွေ ကဏ္ဍအသီးသီးမှာ အားလုံး မြင်တွေ့နေကြရတာပါ။

အဲ့ဒါအပြင် သွက်သွက်ခါအောင်မှားယွင်းနေပြီး ပြင်ဆင်စရာတွေတင်းကျမ်းပြည့်နှက်နေတဲ့ ဥပဒေရေးရာ၊ အုပ်ချုပ်ရေးရာ၊ တရားစီရင်ရေးရာ စတဲ့အာဏာသုံးရပ်ကို ဒီမိုကရေစီစနစ်နဲ့ကိုက်ညီအောင် ပြင်ဆင် ပြောင်းလဲနိုင်ဖို့ ပြည်သူတင်မြှောက်ထားတဲ့ NLD အစိုးရသစ်မှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်မရှိပါဘူး။ အယင်သမ္မတဟောင်းလည်းဖြစ်၊ စစ်ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးသိန်းစိန်ကိုယ်တိုင် သဘာပတိ လုပ်ပြီး စစ်အာဏာရှင်တွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ထားရင်း ပြည်သူလိုလားတဲ့ ၁၀၀% တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစနစ်ကို အလွယ်တကူမရောက်နိုင်အောင် ကန့် သတ်ရေးဆွဲထားခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဟာ NLD အစိုးရကို ချုပ်နှောင်ထားတယ်ဆိုတာ အခုတော့ ပြည်သူတိုင်းလိုလို သိလာကြပါပြီ။

ရွေးကောက်ခံစရာမလိုဘဲ လွတ်တော်ထဲမှာ အမိန့် သားထိုင်နေတဲ့ ၂၅ % သော တပ်မတော်သား အမတ်တွေနဲ့ မဖြစ်မနေပြင်ဆင်ရမဲ့ ဥပဒေတွေကိုပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅% ကျော်က ပြင်ဆင်ရန်သဘောတူဖို့ လိုတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးဝန်ကြီးဌာနတွေကို ကာကွယ်ရေးဦးစီးချုပ်ကသာ ခန့် အပ်ရမယ်ဆိုတာတွေဟာ NLD အစိုးရလုပ်ရမဲ့ အပြောင်းအလဲကို ဒရွတ်ဆွဲလိုက်နေတဲ့ အရာတွေဘဲမဟုတ်လား။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေးရမှ လွတ်တော်ထဲက တပ်မတော်သား အမတ်တွေထွက်ခွာမယ်ဆိုတာကြောင့်ရယ်၊ ပြည်တွင်းစစ်မရှိမှ နိုင်ငံရေးတည်ငြိမ်ပြီး စီးပွားရေးလုပ်နိုင်မှာမို့  (၂၁) ရာစု ပင်လုံညီလာခံကို အပူတပြင်းခေါ်ယူလို့ ငြိမ်းချမ်းရေးရအောင် အင်တိုက်အားတိုက် ဆောင်ရွက်စီမံနေတာဖြစ်ပါတယ်။

ဒီဆောင်းပါးကိုရေးရခြင်း ရည်ရွယ်ချက်ကတော့ ပြီးခဲ့တဲ့လပိုင်းတုံးက စာရေးသူ မြန်မာနိုင်ငံကို ခေတ္တ ပြန်စဉ်မှာ မိတ်ဆွေအပေါင်းအသင်းများနဲ့ တွေ့ ဆုံဆွေးနွေးဖြစ်တဲ့ အကြောင်းအရာတွေအနက်က မြန်မာနိုင်ငံကို တတိယကမ္ဘာနိုင်ငံအဆင့်ကနေ ပထမတန်းစားနိုင်ငံဖြစ်အောင် ဘယ်လိုပြုပြင် ဆောင်ရွက်ကြမလဲ ၊ အထူးသဖြင့် ငွေကြေးဘဏ္ဍာကို ဘယ်လိုရှာဖွေကြမလဲ၊ အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံတွေထဲက အခြေခံကစတည်ဆောက်ခဲ့ရတဲ့ စင်္ကာပူနိုင်ငံဟာ ဘယ်လိုဆောင်ရွက်ခဲ့သလဲ .. ဆိုတဲ့ မေးခွန်းတွေကြောင့်ပါဘဲ။

ရွှံ့တောညွှံတောအပြည့်နဲ့ကျွန်း၊ အစားအစာနဲ့ရေတောင်ဝယ်သောက်နေရတဲ့ ဘာမှမထွက်တဲ့ကျွန်းကို ၁၉၆၅ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အာရှကျားတကောင်ဖြစ်သွားအောင် စင်္ကာပူဖခင် လီကွမ်ယူး ဘယ်လိုလုပ်ကိုင်သွားတယ်၊ သူဘယ်လိုငွေရှာသွားတယ်ဆိုတာကို လေ့လာကြည့်ရအောင်။

မလေးရှားနိုင်ငံရဲ့ အစွန့်ပစ်ခံကျွန်းပေါက်စ၊ ဗြိတိသျှကိုလိုနီအုပ်စိုးသွားဖူးတဲ့ မလက္ကာပင်လယ် ရေလက်ကြားမှာ တည်ရှိနေတဲ့ ဇီးရွက်အရွယ် နိုင်ငံငယ်လေးကို လီကွမ်ယူးဟာ ဇီးရိုးကနေ ဟီရိုးဘဝရောက်အောင်၊ ရှင်သန်ဖွံ့ဖြိုးလာအောင် နိုင်ငံတကာလူ့အခွင့်အရေးစံ၊ ကိုယ်ကျင့်သီလစံတွေနဲ့ ကိုက်ညီမှု့ရှိတဲ့ နည်းလမ်းတွေသာမက မကိုက်ညီဘဲ သွေဖည်တဲ့ နည်းလမ်း (၂) ရပ်လုံးကို အသုံးပြုသွားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းမှာ ရွှေငွေရတနာအဟောင်း မှောင်ခိုဈေးကွက်နဲ့ စာရေးသုံး ကော် အရောင်းအဝယ် စတဲ့အလုပ်စုံလုပ်ဖူးပြီးတဲ့အပြင် ရိုက်တာ၊ အေပီစတဲ့ မဟာမိတ်သတင်းဌာနတွေကထုတ်လွှင့်တာတွေ ဖမ်းယူနားထောင်ပြီး ဂျပန်တွေရဲ့ဝါဒဖြန့်ချိလှုံ့ဆော်ရေးသတင်းဌာနမှာ ဘာသာပြန်အဖြစ် ဆောင်ရွက်ခဲ့ တဲ့နောက် စစ်အပြီးမှာ လန်ဒန်မြို့ ကိန်းဘရစ်ခ်ျ တက္ကသိုလ်ကနေ ဥပဒေဘွဲ့ကို ထူးထူးချွန်ချွန်ရခဲ့တဲ့ လီကွမ်ယူးဟာ သူတို့ကို လိုလားမှု့မရှိတဲ့ မလေးရှား၊ အင်ဒိုနီးရှားလို အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုကြားမှာ စင်္ကာပူနိုင်ငံကို သုညဘဝကနေ ခက်ရာခဲဆစ်တည်ဆောက်ခဲ့ရတာပါ။

ဗြိတိသျှကိုလိုနီခေတ်မှာ ဒေသအတွင်းမှာ သင်္ဘော ဆိပ်ကမ်းကောင်းတာမို့ ပင်လယ်ရပ်ခြား ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အခြာကျနေခဲ့လို့ စီးပွားဖြစ်ထွန်းခဲ့ပေမဲ့ စစ်ပြီးတော့ ဗြိတိသျှတွေဆုတ်ခွာသွားတဲ့အခါ စီးပွားရေးမကောင်းတော့ဘဲ အလုပ်လက်မဲ့ စင်္ကာပူနိုင်ငံသား ၃ သန်းနီး ကို အလုပ်အကိုင်ပေးနိုင်ဖို့အတွက် တခုထဲသောအဖြေက လူ့လုပ်အားပေါ် အထူးအခြေပြုရတဲ့ စက်မှု့လုပ်ငန်းတွေထူထောင်ဖို့ဆိုတာပါဘဲ။

မိတ်ဖက်သဘောမဆောင်တဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အနေအထားရပ်တည်ချက်ဟာလည်း လီကွမ်ယုနဲ့ စင်္ကာပူကို အာရပ်နိုင်ငံတွေကြားမှာရက်တည်သွားတဲ့ အစ္စရေးလ်နိုင်ငံကျင့်သုံးတဲ့ မော်ဒယ်ပုံစံဖြစ်တဲ့ ဖွံ့ဖြိုးပြီးသားနိုင်ငံတွေကို ဆွဲဆောင်ပြီး ဆက်စပ် ဆောင်ရွက်ရတဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်းအတွေ့ အကြုံကို လက်ခံကျင့်သုံးဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

သူ့နိုင်ငံသားတွေရဲ့ ထမင်းအိုးတည်ပေးနိုင်ဖို့နဲ့ စင်္ကာပူကို စက်မှု့နိုင်ငံအဖြစ်ပြောင်းလဲဖို့အတွက် ဖွံ့ဖြိုး ပြီးသားနိုင်ငံတွေက နိုင်ငံစုံကော်ပိုးရေးရှင်းတွေ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေ ဝင်ရောက်လာချင်အောင် နိုင်ငံရေးတည်ငြိမ်ပြီး အေးချမ်းလုံခြုံမှုရှိတဲ့၊အကျင့်ပျက်ခြစားမှု့အနည်းဆုံးဖြစ်ဖို့  အလုပ်သမားသမဂ္ဂတွေ ထံက ဖိအားလျော့ပါးစေဖို့ ၊ ခိုင်မာတဲ့ ငွေကြေးစနစ်နဲ့ ဘဏ်လုပ်ငန်းတွေ၊ကျွမ်းကျင်လုပ်သားတွေရှိဖို့၊ လမ်းတံတား၊ ဆိပ်ကမ်း၊ လေဆိပ်စတဲ့ အခြေခံအဆောက်အဦးတွေရှိတဲ့ ဝန်းကျင်အခြေအနေတွေကို ခိုင်ခိုင်မာမာ ဖန်တီးတည်ဆောက်ဖို့ လိုအပ်လာခဲ့တော့တယ်။

အဲ့ဒိလိုအပ်ချက်တွေရလာစေဖို့ လီကွမ်ယူးဟာ သူ့ရဲ့အစိုးရအဖွဲ့ကို ပညာရှင်တွေ အကျော်အမော် အီလစ် တွေနဲ့အခိုင်အမာဖွဲ့စည်းပြီး “ ပီအေပီ” လို့နံမည်ရှိတဲ့ သူရဲ့ပါတီကို အားအကောင်းဆုံးဖြစ်အောင် အတိုက်အခံပါတီတွေကို နည်းမျိုးစုံနဲ့နှိပ်ကွပ်ပြီးချည့်နဲ့အောင်လုပ်ခဲ့တယ်။

နိုင်ငံရေးတည်ငြိမ်ဖို့နဲ့ အေးချမ်းလုံခြုံဖို့ တိုင်းသူပြည်သားတွေ စည်းကမ်းကောင်းလာဖို့အတွက် လီကွမ်ယူး ဟာ အာဏာရှင်ဆန်ဆန်ခေါင်းဆောင်မှု့နဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်ဖြေရှင်းခဲ့တယ်။ လူမျိုးရေးမုန်းတီးမှု့တွေနဲ့ အဓိကရုန်းတွေကို ပြတ်ပြတ်သားသားနှိပ်ကွပ်ခဲ့တယ်။

လူတွေစည်းကမ်းလိုက်နာလာအောင် ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေတွေပြဌာန်းပြီး ဆောင်ရွက်ရာမှာ လည်း လူဘုံအလယ်မှာအရှက်ခွဲတဲ့ အပြစ်ဒါဏ်၊ ကြိမ်ဒါဏ်စတဲ့ လူ့ဂုဏ်သိက္ခာကို ထိပါးတဲ့ အပြစ်ပေး အရေးယူမှု့တွေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့တယ်။

အကျင့်ပျက်ခြစားမှု့ကိုတိုက်ဖျက်ရာမှာလည်း လီကွမ်ယူးဟာ သူနဲ့ သူ့လူတွေအတွက် လာဘ်စားဘို့မလိုဘဲ ချမ်းသာကြွယ်ဝနေအောင် မြင့်မားတဲ့လစာနဲ့ခံစားခွင့်တွေပေးအပ်ထားပြီး အကျင့်ပျက်ခြစားမှု့ပေါ်ပေါက်ခဲ့ ရင်လည်း မညှာမတာ အပြစ်ပေးအရေးယူခဲ့တယ်။ တခါကဆို သူ့နဲ့ရင်နှီးတဲ့ အစိုးရအဖွဲ့ဝင် ၀န်ကြီးတပါးဟာ လာဘ်စားမှု့နဲ့ရင်ဆိုင်ရတဲ့အခါ မျက်နှာသာမပေးဘဲ တရားစွဲအပြစ်ဒါဏ်ခပ်ခဲ့တာကြောင့် အဲ့ဒီပုဂ္ဂိုလ်ဟာ အရှက်ရပြီး သူ့ သိက္ခာအတွက် သေကြောင်းကြံသွားခဲ့ရတယ်။ ဒါပေမဲ့ လီကွမ်ယူးရဲ့ မိသားစုဝင်တွေဟာ စင်္ကာပူရဲ့ နံမည်ကြီး စီးပွားရေးလုပ်ငန်းအတော်များများကို ပိုင်ဆိုင်ထားကြတယ်။

ဘာသယံဇာတမှမရှိတဲ့အပြင် အစားအစာနဲ့ရေတောင် နိုင်ငံပြင်ပကတင်သွင်းနေရတဲ့နိုင်ငံငယ်လေးကို ငွေပင်ငွေရင်းတွေစီးဝင်လာစေဘို့ အတွက် ခေတ်ပညာတတ်ပြီး ချမ်းသာဖို့ ဘာမဆိုလုပ်ရဲတဲ့ လီကွမ်ယူးဟာနိုင်ငံတကာဘဏ်လုပ်ငန်းတွေ၊ ဘဏ္ဍာငွေကြေးအင်စတီကျူတွေ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့တွေ ကိုဆွဲဆောင်ယုံသာမက တကမ္ဘာလုံးက အထူးသဖြင့် အာရှနိုင်ငံတွေက အကျင့်ပျက်စီးပွားရေးသမား၊ အကျင့်ပျက်နိုင်ငံရေးသမား၊ အုပ်ချုပ်သူအာဏာရှင်တွေရဲ့ လုယက်ခိုးယူထားတဲ့ ဥစ္စာဓနငွေကြေးတွေကို လုံခြုံစိတ်ချစွာ သိုမှီးသိမ်းဆည်းနိုင်ရာ၊ ငွေကြေးခ၀ါချရာ ဗဟိုဌာနဖြစ်အောင်စီမံခဲ့တယ်။

အုပ်ချုပ်ရေး စနစ်ယိုယွင်းနေတဲ့ နိုင်ငံတွေဆီက အဲ့ဒီလိုငွေကြေးတွေ သူ့ နိုင်ငံထဲ အတားအဆီးမရှိဝင်ရောက်နိုင်ဖို့ ၊ စီးဆင်းလည်ပတ်နိုင်အောင် နိုင်ငံအခြင်းခြင်းချုပ်ဆိုရတဲ့ အကျင့်ပျက်ခြစား စီးပွားရေးသမား၊ ခြစားနိုင်ငံရေးသမား ၀ရမ်းပြေး၊ ရာဇ၀တ်သားများ ပြန်လည်အပ်နှံရေးသဘောတူညီချက် (Extradition Treaty) ကို မချုပ်ဆိုခဲ့ လက်မှတ်မထိုးခဲ့ပါဘူး။

ဇီးရွက်လောက်သာရှိတဲ့ ကျွန်းနိုင်ငံပေါက်စလေးပေါ်မှာ ပြည်တွင်းပြည်ပ ရိုးရိုးကူးသန်းရောင်းဝယ်ရေးဘဏ် (၁၁၁) ခုနဲ့ ရင်းနှီးမြုပ်နှံမှု့ဘဏ် (၄၉) ခု အပြင် စင်္ကာပူအခြေစိုက် ကိုယ်စားလှယ်ရုံးဖွင့်ထားတဲ့ ဘဏ် (၄၅) ခုတောင်ရှိပြီး ပိုင်ဆိုင်မှု့နဲ့ လည်ပတ်ငွေကြေးပမာဏ ဒေါ်လာ ဘီလျှံ ၃၅၀ အထိ ရှိနေတာမို့ စင်္ကာပူဟာ အခုဆို အာရှရဲ့ အကြီးဆုံးနဲ့ ဖွံ့ ဖြိုးမှု့အမြန်ဆုံးငွေကြေးဆိုင်ရာ ဗဟိုဌာနတွေထဲမှာ တခုအပါဝင်ဖြစ်နေခဲ့ပါပြီ။

စက်မှု့ကဏ္ဍဖွံ့ ဖြိုးဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ကျွမ်းကျင်လုပ်သားတွေ၊ လူသားအရင်းအမြစ်တွေ လုံလောက်စွာ ရရှိနိုင်အောင် တိုးပွားလာနိုင်အောင် စင်္ကာပူအစိုးရဟာ အသက်မွေးဝမ်းကျောင်းအတတ်ပညာ ( Vocational Training)၊ နည်းပညာသင်ကျောင်းတွေ ( Technical Institutes & Schools) အမြောက်အများဖွင့်လှစ်ပေးခဲ့ယုံမက၊ လိုအပ်တဲ့လူဝင်မှု့ကြီးကျပ်ရေးဥပဒေတွေ ပြဌာန်းလို့  နိုင်ငံရပ်ခြားက ထိပ်တန်းပညာရှင်တွေ၊ ဆင်းရဲတဲ့အိမ်နီးချင်းနိုင်ငံတွေက ကျွမ်းကျင်လုပ်သားတွေကို ဆွဲဆောင်ခေါ်ယူခဲ့တာဟာ အခုဆို စင်္ကာပူလူဦးရေရဲ့ သုံးပုံတစ်ပုံ တောင်ရှိနေပါပြီ။

လီကွမ်ယူးဟာ သူ့ တိုင်းပြည်စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ဖို့  အခြေခံအဆောက်အအုံတွေ တည်ဆောက်ရာမှာ စင်္ကာပူရဲ့ ပထ၀ီဝင်နိုင်ငံရေးအနေအထားအရ ပင်လယ်ဆိပ်ကမ်းနဲ့  လေကြောင်းလမ်းအချက်အခြာကျမှု့ကို မိမိရရ အသုံးချဖို့ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်း၊ ကုန်တင်ကုန်ချ ဆိပ်ကမ်းနဲ့ နံမည်ကျော် ချန်ဂီလေဆိပ်ကို ကြီးကျယ်ခမ်းနားစွာတည်ဆောက်ခဲ့တယ်။ မိုးပျံလမ်းတံတားတွေ၊ သယ်ယူပို့ ဆောင်ရေးအတွက် မြေအောက်ရထား၊ မိုးပျံရထား၊ နှစ်ထပ်ဘတ်စ်ကားတွေနဲ့  အဆင်ပြေချောမွေ့ အောင်စီမံတယ်။ လိုအပ်တဲ့စွမ်းအင်နဲ့ လျှပ်စစ်ဓါတ်အတွက် အင်ဒိုနီးရှားနဲ့  ညှိနှိုင်း အပေးအယူလုပ်ပြီး ရေနံချက်စက်ရုံတွေ ရေနံလှောင်ကန်တွေကို ကျွန်းမကြီးပေါ်၊ ကျွန်းရံတွေပေါ်၊ လူလုပ်ဖို့ မြေကျွန်းတွေအပေါ်တည်ဆောက်ခဲ့သလို၊ လျှပ်စစ်ဓါတ်အားအလုံအလောက်ကို ပြည်တွင်းမှာထုတ်လုပ်ဖို့ သဘာဝဓါတ်ငွေ့ အားသုံးတာဘိုင်ကြီးတွေ၊ အမှိုက်ကနေစွမ်းအင်ထုတ်တဲ့စက်ရုံတွေ (Waste-To-Energy Plant)၊ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မှု့အလုပ်ရုံတွေကို စီမံကိန်းချ တည်ဆောက်ခဲ့တယ်။

ကဲအခု မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကိစ္စဘက်ကို ပြန်လည်သုံးသပ်ကြည့် ရအောင်။ ကျွန်တော်တို့  နိုင်ငံဟာတခြားနိင်ငံတွေနဲ့ နှိုင်းယှဉ်ရင် နိုင်ငံအရွယ်အစား၊ လူဦးရေ၊ နောက်ခံ သမိုင်းကြောင်း၊ ယဉ်ကျေးမှု့၊ ဓလေ့ထုံးစံ၊ ရေမြေတောတောင်သဘာဝနဲ့ ပထ၀ီနိုင်ငံရေး အခြေအနေတွေ အစစအရာရာမတူညီတာမို့ စင်္ကာပူပုံစံဖြစ်ဖြစ်၊ အင်ဒိုနီးရှားပုံစံကိုဖြစ်ဖြစ် ပုံသေကားချပ်၊ လှေနံဒါးထစ်မှတ်ပြီး မလိုက်ဘဲ သုံးလို့ရမဲ့အပိုင်းတွေခေတ်နဲ့ လျှော်ညီ၊ မြန်မာနိုင်ငံအတွက် ကိုက်ညီမှု့ရှိတဲ့နည်းနာတွေကိုတော့ မွေးစားသင့်တာတွေမွေးစား၊ သုံးသင့်တာတွေသုံးရမှာ အသေအခြာပါဘဲ။

ဒါကြောင့်လည်း ပြီးခဲ့တဲ့ ဇူလှိုင်လ ၂၉ ရက်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ လုပ်ရင်း ထုတ်ပြန်ခဲ့တဲ့ ပြည်သူတွေရွေးကောက်လိုက်တဲ့ NLD အစိုးရသစ်ရဲ့ စီးပွားရေးမူဝါဒ (၁၂) ချက်ကိုကြည့်ရင်အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားအားလုံးသာတူညီမျှရေး၊ လူငယ်မျိုးဆက် သစ်များစွမ်းရည်ပြည့်ဝလာရေး၊ နိုင်ငံသားအားလုံးပါဝင်ရေးစတဲ့ အခြေခံတွေပေါ်မှာ ပြည်သူကိုဗဟိုပြု ထားပြီး၊ အောက်ဖေါ်ပြပါ မြန်မာနိုင်ငံရေးအခြေအနေလိုအပ်ချက်တွေနဲ့  ပြည်သူ့ ဆန္ဒကို အထင်ဟပ်ဆုံး အချက်တွေဖြစ်တဲ့
၁) ပွင့်လင်းမြင်သာတဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်လိုအပ်ချက်
၂) အသေးစားနှင့်အလတ်စား တိုင်းရင်းသားလုပ်ငန်းရှင်များကြီးထွားဖွံ့ ဖြိုးလာစေရန်လိုအပ်ချက်
၃) လူ့ အရင်းအမြစ်များဖွံ့ ဖြိုးရေးလိုအပ်ချက်
၎) အခြေခံစီးပွားရေးအဆောက်အအုံများ လိုအပ်ချက်
၅) အလုပ်အကိုင်အခွင့်အလမ်းဖန်တီးရေးလိုအပ်ချက်
၆) လယ်ယာစက်မှု့ကဏ္ဍဖွံ့ ဖြိုးရေး လိုအပ်ချက်
၇) ဈေးကွက်စီးပွားရေးစနစ်ကို လွတ်လပ်၍မျှတစွာ ထွန်းကားရေး၊ တရားဥပဒေစိုးမိုးရေး လိုအပ်ချက်
၈) မှန်ကန်သော ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှု့ရှိရန် လိုအပ်ချက်
၉) သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး၊ ယဉ်ကျေးမှု့အမွေအနှစ်များစောင့်ရှောက်ရေး လိုအပ်ချက်
၁၀) မျှတသောအခွန်စနစ်နှင့် ပုဂ္ဂလိကပိုင်ဆိုင်မှု့ကို အကာအကွယ်ပေးနိုင်သော ဥပဒေလိုအပ်ချက်
၁၁) အသိဥာဏ်ပစ္စည်းပိုင်ဆိုင်မှု့ အကာအကွယ်ပေးရန် လိုအပ်ချက်
၁၂) ကမ္ဘာကြီး၏ ပြောင်းလဲလာသောအခြေအနေများနဲ့ လိုက်လျောညီထွေစွာ စီးပွားဖြစ်ထွန်းအောင်ဆောင်ရွက်နိုင်ရေး လိုအပ်ချက် … စတာတွေပါဘဲ။

နိဂုံးချုပ်အနေနဲ့ အရေးအကြီးဆုံးကိုပြောရရင် ပြည်သူတွေအကျိုးအတွက်ရေးဆွဲထားတဲ့ စီးပွားရေးမူဝါဒ ဆိုတာနဲ့ လက်တွေ့ အကောင်အထည်ဖေါ်နိုင်မှု့ဆိုတာ ၀ိဇ္ဖာ (အသိ) နဲ့ စရဏ (အကျင့်) တထပ်ထဲကျ ဖို့  လိုတယ်ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတရားတော်နဲ့ ပြောရရင် မှန်ကန်တဲ့မူဝါဒတွေကို မှန်ကန်စွာလိုက်နာ ကျင့်ကြံ အကောင်အထည်ဖေါ်နိုင်မှသာ ကျပ်တီးကုန်းဖုန်းဆိုးမြေကို ရွှေသီးမဲ့မြေကြီးဖြစ်လာအောင် ပြောင်းလဲနိုင်မှာ ဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
သြဂုတ်လ (၁၁) ရက်နေ့  ၂၀၁၆ ခုနှစ်

Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.