ခေါင်းတွဲလဲလိုက်သော ကြံ့ခိုင်ရေးပါတီ သရ၀ဏ်(ပြည်)

မြန်မာ့မီးရထားမှာ ချွတ်ခြုံကျနေတဲ့ ရထားတွဲဆိုင်းတွေကို ပိုပြီး ဆွဲအားရုန်းအားကောင်းအောင်ခေါင်းတွဲလဲလိုက်သလို ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံ့ ဖြိုးရေးပါတီကလည်း ၂၃.၈.၂၀၁၆ နေ့ မှာ ပြည်ခိုင်ဖြိုးခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်ခဲ့ပါတယ် ။ နဂိုဥက္ကဌဟောင်း ဦးသိန်းစိန် ကို နာယကနေရာကိုပို့ လိုက်ပြီး ဥက္ကအသစ် ဦးသန်းဌေးနဲ့  လူစားလဲခဲ့ပါတယ် ။ ဦးသိန်းစိန် ၊ ဦးဌေးဦးစတဲ့လူဟောင်းတွေကိုတော့ နာယက ဆိုတဲ့ နာမည်လှလှလေးနဲ့  နောက်တန်းကိုပို့ လိုက်ပါတယ် ။ စိတ်ဝင်စားဖို့ ကောင်းတာက ကြံ့ ခိုင်ရေးပါတီမှာဘယ်သူဟာ နည်းပြဆရာ (Coach ) ဖြစ်သလဲဆိုတာပါပဲ ။ ဘာကြောင့်လဲဆိုတော့ကြံ့ခိုင်ရေး ပါတီဥက္ကဌတွေဟာ ဥက္ကဌ ခုံပေါ်မှာသာတက်ထိုင်နေရတယ် အာဏာအပြည့်အ၀ရှိပုံမရပဲ သူတို့ အပေါ်မှာတစ်ယောက်ယောက်ကအုပ်ျုပ်နေတဲ့ပုံစံပေါ်နေလို့ ပါပဲ ။ ဘာ့ကြောင့်ဒီလိုပြောရသလဲဆိုတော့ ဦးသိန်းစိန် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းက ကြံ့ခိုင်ရေးပါတီရဲ့  ဥက္ကဌဟာ သူရဦးရွှေမန်းဖြစ်ပါတယ် ။ ဒါပေမယ့် ဦးရွှေမန်းဟာလဲ ၂၀၁၅ ရွေးကောက်ပွဲနီးကပ်လာတဲ့ ညတစ်ညမှာ သန်းခေါင်ယံအာဏာသိမ်းပွဲနဲ့အတူ ကိုယ့်ကိုဖြုတ်ချတာတောင်ကိုယ်မသိလိုက်ရပဲ ရာထူးကပြုတ်ကျခဲ့ရတဲ့ဥက္ကဌပြုတ်ဘ၀ကိုနောက်နေ့ မှာရောက်ပါရောလားခင်ဗျာ ။ နေ့ မြင်ညပျောက်ဆိုတာဒါပါပဲ ။မင်းခစားကမ်းနားသစ်ပင်ဆိုရင်လဲမမှားပါဘူး ။ အနန္တသူရိယအမတ်ကြီးရဲ့မျက်ဖြေလင်္ကာထဲက “သမုဒ္ဒရာ ရေမျက်နှာထက် ခနတက်သည့် ရေပွက်ပမာ တသက်လျာတည်း “ ဆိုသလိုပဲ စည်းစိမ်တို့ ရာထူးတို့ ဆိုတာ မတည်မြဲတဲ့အရာတွေပါ ။ ဒါတွေကိုတည်မြဲတယ်ထင်ပြီးလောဘ ၊မောဟ ၊ဒေါသဇောတွေကပ်ကြ ၊ ညကြီးမင်းကြီးပါတီရုံးကိုရဲတွေခေါ်ပြီး ၀င်စီးကြ ၊ အာဏာသိမ်းကြဆိုတဲ့ အလုပ်ကိုလုပ်တဲ့သူတွေကို ပြည်သူတွေကမယုံတာတော့အမှန်ပဲဗျ ။ သူတို့ အချင်းချင်းတောင်ချသေးတာ ငါတို့ ပြည်သူတွေကိုအုပ်ချုပ်ရရင်လဲ ငါတို့ ကိုညှာတာမှာမဟုတ်ဘူးလို့ ထင်ကြတာပဲ ။ ၂၀၁၅ ရွေးကောက်ပွဲမှာရှုံးတာ အဲဒိအဖြစ်အပျက်ဟာလဲတစိတ်တပိုင်းပါပါတယ် ။ အဲဒိတော့ ကြံခိုင်ရေးပါတီကြီးမှာ ဗိုလ်ချုပ်ကြီးသိန်းစိန်ဘ၀ကနေ ဦးသိန်းစိန်က ဥက္ကဌဖြစ် ၊ နောက်တော့ ဦးရွှေမန်းဥက္ကဌဖြစ် ၊ ဦးရွှေမန်းကိုညကြီးမင်းကြီးဖယ်ရှားပြီး ဦးဌေးဦး နဲ့ ဦးသိန်းစိန် ပူးတွဲဥက္ကဌတွေဖြစ်ကြ ။ အဲဒိကနေ ပါတီညီလာခံခေါ်ပြီး အမှုဆောင်ရွေးကောက်ပွဲပြန်လုပ်ပါလို့  ဦးရွှေမန်းနဲ့အဖွဲ့  ကတောင်းဆို ။ ဦးရွှေမန်း ၊ သူရဦးအောင်ကိုတို့ ကို ကြံ့ခိုင်ရေးပါတီကထုတ် ။ နောက်ဆုံးတော့ ဦးသန်းဌေးဆိုတဲ့ လူသိနည်းတဲ့ ခေါင်းဆောင်တစ်ယောက်ကို ဥက္ကဌအဖြစ်တင်မြှောက် ။ ဒီဖြစ်စဉ်ဟာ သူ့ အလိုလိုဖြစ်နေတာမဟုတ်ပဲ ကြံ့ခိုင်ရေးပါတီမှာ ဥက္ကထထက်အာဏာကြီးတဲ့ ၊ပါတီ ဥက္ကဌတွေကို လိုသလိုပြောင်းရွေ့ နိုင်တဲ့သူတစ်ယောက်ရှိနေသေးသလိုဖြစ်နေပါတယ် ။ ဥက္ကဌထက်ကြီးတဲ့  ခေါင်းကိုင်ဖခင်ကြီးတယောက်ရဲ့ အလိုဆန္ဒအတိုင်း အရာရာဟာပြောင်းလဲဖြစ်ပေါ်နေရဟန်ရှိပါတယ် ။

အခုတက်လာတဲ့ ပြည်ခိုင်ဖြိုးဥက္ကဌအသစ် ဦးသန်းဌေးဟာလည်းတပ်မတော်ကအငြိမ်းစားယူလာတဲ့ ဗိုလ်မှူးချုပ်ဟောင်းတစ်ယောက်ပါပဲ ။ စွမ်းအင်ဝန်ကြီးဌာန ၊ရထာပို့ ဆောင်ရေးဝန်ကြီးဌာနတို့ မှာ ပြည်ထောင်စုဝန်ကြီးတာဝန်ယူခဲ့ ဖူးပါတယ် ။ သူဟာအရင်က ပြည်ခိုင်ဖြိုးပါတီရဲ့  ဗဟုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး NLD အမတ်ကိုရှုံးခဲ့သူဖြစ်ပါတယ် ။ ကြံ့ ခိုင်ရေးပါတီထဲကလူတွေဟာစကားပြောရင်တော်တော်ထိရောက်တဲ့စကားကိုပြောလေ့ရှိတာသတိထားမိပါတယ် ။ အခုလဲကြာမီက ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ခဲ့ရခြင်းဟာမဲအရနည်းလို့ ဖြစ်တယ်လို့  ပါတီယာယီဥက္ကဌ(ဟောင်း) ဦးဌေးဦးကပြောကြားခဲ့ပါတယ် ။ သွေးထွက်အောင်မှန်တဲ့စကားပါပဲ ။ ဒါပေမယ့်ဘာကြောင့် မဲအရနည်းသလဲဆိုတာတော့ ဦးဌေးဦးဆက်ပြောမသွားပါဘူး ။ မဲအရနည်းတာပြည်သူလူထုကမကြိုက်လို့ပါ ။ ဘာလို့ မကြိုက်လဲဆိုရင် အရင်စစ်အစိုးရလက်ထက်ကအုပ်ချုပ်လာခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေပဲ လူဝတ်လဲ တိုက်ပုံအဖြူလေးဝတ်ပြီး ဘာမှမပြောင်းလဲပဲ နိုင်ငံရေးလောကထဲတကျော့ပြန်ဝင်လာတာကို မနှစ်မြို့ ကြတာပါ ။ အရင်အကျင့်ဟောင်းတွေမပြောင်းလို့ မကြိုက်ကြတာပါ ။ ဦးရွှေမန်းက ပြည်ခိုင်ဖြိုးဥက္ကဌသစ်ရွေးအပြီးမှာဝမ်းမြောက်ကြောင်းသ၀ဏ်လွှာတစ်စောင် ( သူကအစောဆုံးဦးဦဖျားဖျားဒီလိုသ၀ဏ်လွှာပို့ တာပါပဲ ) ပို့ ပါတယ် ။ ဦးရွှေမန်းသ၀ဏ်လွှာထဲမှာ “ပါတီတရပ်လုံး ၊ပါတီဥက္ကဌ ၊ ဒုဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူးနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ တို့ သည် စိတ်ဓာတ်(Mindset) ၊ ခံယူချက် ( Concept ) ၊နှင့် အပြုအမူ ( Behaviour ) ကောင်းများဖြင့် ခေတ်စနစ်နှင့်အညီ ပြည်သူနှင့်နိုင်ငံတော်အကျိုးအတွက်ဆောင်ရွက်ကြမည်ဟုယုံကြည်ပါသည် ။ “ လို့ ရေးထားပါတယ် ။ သူ့ လူတွေအကြောင်းသူသိလို့  အဲဒါတွေတော့ပြောင်းကြ ၊ အဲဒါတွေမပြောင်းရင်တော့လူတွေကလက်ခံမှာမဟုတ်ဘူးလို့ သတင်းစကားပါးဟန်တူပါတယ် ။

ဘာပဲပြောပြောကြံ့ခိုင်ရေးပါတီကတော့ ရှေ့လာမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောင်ပွဲ ၊ ၂၀၂၀ ရွေးကောက်ပွဲကြီးတွေအတွက် သူ့ ရဲ့ ပါတီရထားကြီးကို ခေါင်းတွဲလဲလိုက်ပါပြီ ။ ဒါပေမယ့် မြန်မာ့မီးရထားဌာနက ပြုပြင်ပြောင်းလဲရေးလုပ်သလို တရုတ်နိုင်ငံကထုတ်လုပ်ပြီးဆွဲအားရုန်းအားကျနေတဲ့ ခေါင်းတွဲကနေ နောက်ဆုံး ဂတ်ဘိုတွဲအထိ ချုံးချုံးကျနေတဲ့ ရထားတစီးနေရာမှာ တရုတ်နိုင်ငံလုပ် နောက်ထပ် စက္ကန်းဟန်းခေါင်းတွဲအဟောင်းတလုံးထပ်ချိတ်ပြီး အမြန်ရထားလိုင်းပေါ်တက်ဆွဲလဲ ရထားစီးပြည်သူတွေကတော့ သံလမ်းကမကောင်း ၊ရှော့ဘားတွေမကောင်းလို့ တ၀ုန်းဝုန်းခုန် ၊ တွဲစုတ်တွဲပြတ်တွေနဲ့ ရေမလာမီးမလာ မှောင်မဲနေတဲ့ရထားပေါ်တက်မစီးချင်ကြသလို ပါတီတခုရဲ့ပြုပြင်ပြောင်းလဲရေးဟာလည်း အပေါ်ယံမိတ်ကပ်လိမ်းတာထက် လူတွေရင်ထဲကမကြေနပ်ချက်တွေကို ရှာဖွေဖော်ထုတ်ပြီးပြောင်းလဲရမှာပါ ။လူတွေဟာ စစ်အာဏာရှင်စနစ်ကိုမကြိုက်ဘူး ။ စစ်ဗိုလ်ချုပ်တွေ နိုင်ငံကိုအုပ်ချုပ်ခဲ့လို့ ဆင်းရဲမွဲတေခဲ့တဲ့ခေတ်ကိုမကြိုက်ဘူး ။ စစ်ဗိုလ်ချုပ်တွေကြီးစိုးနေတဲ့ နိုင်ငံရေးပါတီကိုမကြိုက်ကြပါဘူး ။ စစ်မှန်တဲ့ပြုပြင်ပြောင်းလဲရေးဆိုတာ အရပ်သားပညာတတ်တွေကိုနေရာပေးအလေးထားပြီးဖွဲ့ စည်းတဲ့ လူ့ အသိုင်းအ၀ိုင်းပဲဖြစ်သင့်ပါကြောင်း။

သရ၀ဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၂၆.၈.၂၀၁၆
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.