ရှစ်လေးလုံး သို့မဟုတ် ၀ရှိ၍ ၀ိလုပ်ခဲ့သူများ || ရီနေနိုင် ||

မြန်မာမှာ လူသိများတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ “၀မရှိဘဲဝိမလုပ်ချင်နဲ့” ဆိုတာပါ။ ဆိုလိုရင်းကို မြင်သာထင်သာရှိအောင် တင်စားပြောထားတဲ့ သရော်သံသဲ့သဲ့နဲ့ “ခပ်ပြောင်ပြောင်” စကားလုံးပါပဲ။ (ပြောင်မြောက်တာရော၊ ပြောင်နောက်တာရောပေါ့နော်)။ “၀ိ” ဆိုတာက မြန်မာစာမှာ တစ်လုံးတည်းအနက် မထင်ရှားပါဘူး။ ဒါပေမဲ့ “၀ိ”ဆိုတာကို ရေးမယ်ဆိုရင် တစ်နည်းအားဖြင့် “၀ိလုပ်မယ်” ဆိုရင်တော့ “၀”ရယ်၊ သူနဲ့ဆင်တူ သူ့အပေါ်က တင်ရမယ့် လုံးကြီးတင်ရယ် ၀လုံးပုံနှစ်ခု ရှိမှ ရမှာပေါ့။ အဲဒီနှစ်ခုတည်းမှ “၀” တစ်လုံး လောက်မှ မရှိဘဲနဲ့တော့ “၀ိ”လုပ်ဖို့ မစဉ်းစားနဲ့တဲ့။ ဟုတ်တယ်လေ။ ၀ိဖြစ်ဖို့က “၀”ကို အရင်ရေးရမှာဆိုတော့ ပထမစလုပ်ရမယ့် “၀” မရှိရင် “၀ိ”မဖြစ်တာက သေချာနေတာကိုး။ (ဒီဆိုရိုးစကားကိုပဲ အင်္ဂလိပ်လို ညှပ်ပြောရမှ အရသာရှိတယ် ထင်သူများကတော့ အစ်ဖ် ယူဟက်ဖ်နော့ ဇီးရိုး ဒုန့်ဒူးသည်အိတ်လို့ ဇွတ်ကြီး ဘာသာပြန်ပြီး ပြောချင်လည်း ပြောနိုင်မယ် ထင်ပါတယ်နော်)

ရှစ်လေးလုံး လူထု လှုပ်ရှားမှု အရေးတော်ပုံ ၂၈ နှစ်မြောက်တဲ့ (၈-၈-၂၀၁၆)နေ့မှာ အခမ်းအနား ကျင်းပရာ သင်္ဃန်းကျွန်း ဓမ္မပီယ ဘုန်းကြီးကျောင်းကို ရောက်ခဲ့ပါတယ်။ အဲဒီမှာ ရှစ်လေးလုံးရဲ့ သင်္ကေတအဖြစ် အင်္ဂလိပ်ဂဏန်း ရှစ်လေးလုံးကို လူတစ်ရပ် လောက် ထောင်ထားပြီး အဲဒီရှေ့မှာ အသက်တွေဘ၀တွေနဲ့ ရင်းပြီး ဖြတ်သန်းလာသူတွေ ပြန်တွေ့ကြ၊ ဖက်လှဲတကင်း နှုတ်ဆက်ကြပြီး အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ကြတာပေါ့။ အဲဒီမှာ လောကကြီးကို ခပ်ကြောင်ကြောင်အတွေးနဲ့ သရော်တော်တော် စဉ်းစားနေကျ ကျွန်တော်အနေနဲ့ အင်္ဂလိပ်ဂဏန်း ရှစ်လေးလုံးကို “၀ိ”တွေအဖြစ် ကြည့်မြင်ရင်း “သြော်၊ ရှစ်လေးလုံးဆိုတာက ၀တွေရှိလို့ ၀ိတွေ လုပ်နိုင်ခဲ့သူတွေရဲ့ သမိုင်းပါလား”လို့ စဉ်းစားမိလိုက်တာပါ

ဒီလိုပြောတာဟာ ရှစ်လေးလုံးသမိုင်းကြီးကို သေးသိမ်အောင် နောက်ပြောင်ပြောသလို ဖြစ်နေရင်လည်း တောင်းပန်ပါတယ် ဗျာ။ (အခုကာလမှာက ကျောဘက်ကလာတဲ့ ဆဲရေးခြင်း ကျည်ဆံတွေကို ပိုကြောက်နေရသကိုး)။ တကယ်တော့ ကျွန်တော်ကိုယ်တိုင် က ဒီအရေးတော်ပုံမှာ ဘ၀နဲ့ရင်းပြီး ပါဝင်ခဲ့သူဖြစ်ပြီး ဒီကာလကစလို့ နိုင်ငံရေး လှုပ်ရှားမှုလှိုင်းထဲက ရုန်းမထွက်နိုင်သေးဘဲ ကူးခတ်နေ ရသူတစ်ဦးပါပဲ။ ဒါပေမဲ့ ရှစ်လေးလုံးသမိုင်းကို ပြောတဲ့အခါ ဘ၀နဲ့ရင်းခဲ့ပါတယ်လို့ ပြောရတာတောင် လိပ်ပြာသိပ်မလုံနိုင်ပဲ ဖြစ်ရပါ တယ်။ ကိုယ်တိုင်က သွေးရူးတန်းရူး လုပ်ခဲ့တာမဟုတ်ဘဲ လက်ရှိရာထူးတွေ လုပ်ပိုင်ခွင့်တွေကို ကျောခိုင်းပြီး ယုံကြည်ချက်လမ်းကို လျှောက် ခဲ့တာဆိုရင်တောင် ကိုယ့်ထက်ငယ်တဲ့ ကလေးတွေ လူငယ်ကလေးတွေ အသက်ပေးပြီး စွန့်စား လုပ်ဆောင်သွားခဲ့တာကို မမေ့နိုင်ဘဲ သတိရရင်း ”ကိုယ်က ဘာဟုတ်သေးလို့လဲ”လို့ တွေးမိတတ်လို့ပါပဲ။ တကယ်တော့ ရှစ်လေးလုံးမှာ ပါဝင်ခဲ့သူတွေဟာ လက်ထဲမှာ ယုံ ကြည်ချက်ကလွဲပြီး ဘာမှ ခိုင်ခိုင်မာမာ ဆုပ်ကိုင်ခွင့်ရခဲ့သူတွေ မဟုတ်ပါဘူး။ တစ်ဖက်မှာ ကိုယ်ရင်ဆိုင်ရတာက အာဏာရော လက် နက်ရော ရက်စက်နိုင်မှုတွေကိုပါ ဆုပ်ကိုင်ထားသူတွေကို ရင်ဆိုင်ခဲ့ရတာပါ။

တစ်ဖက်က ကိုယ်ရင်ဆိုင်ခဲ့ရသူတွေက သိပ်ပြတ်သားပါတယ်။ ဘာကြောင့်ဆိုတော့ သူတို့က သူတို့ကိုယ်ကျိုး၊ သူတို့အာဏာ၊ သူတို့ဘ၀ကို ကာကွယ်ရမှာမို့ ဘာမဆို လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး လုပ်လည်း လုပ်ပြခဲ့ကြပါတယ်။ ဒါကြောင့် မူလတန်းကျောင်းသား ကလေးတွေ လက်နက်မဲ့ချီတက်လာတာကိုလည်း ပစ်ရဲခတ်ရဲ၊ သတ်ဖြတ်ဖို့ အမိန့်ပေးရဲ ဖြစ်ခဲ့သလို ဆေးရုံကြီးလိုနေရာကိုတောင် သေနတ်နဲ့ပစ်ရဲရုံမက လက်နက်မဲ့ ပြေးလွှားပုန်းအောင်းနေသူတွေကို သွေးအေးအေးနဲ့ တစ်ယောက်ချင်း ပစ်ခဲ့တာတွေလည်း ရှိခဲ့ပါ တယ်။ ဒီနေရာမှာ ရှစ်လေးလုံးသမိုင်းကို ပြောတဲ့အခါ တပ်မတော်ကို ဖိနှိပ်သူ၊ ရက်စက်သူဘက်မှာထားပြီး ပြောကြတာမို့ ဒီလိုပြော ရတာဟာ မကောင်းသလို တချို့ကလည်း ဒီကနေ အရေးတကြီးဆောင်ရွက်နေတဲ့ အမျိုးသားရင်ကြားစေ့ရေးတို့၊ တပ်ဘက်အရပ်ဘက် လက်တွဲလုပ်ဆောင်ရေးတို့အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေပါ ထိခိုက်မှာ ပူပန်ကြတာလည်း ရှိပါတယ်။

ကျွန်တော့် အယူအဆကတော့ ရှစ်လေးလုံးမှာ တပ်မတော်က ဖိနှိပ်သူရဲ့အခန်းကဏ္ဍက ကပြခဲ့ရတာ ဖြစ်ပေမယ့် တကယ်က အဲဒီကာလက တည်ရှိခဲ့တဲ့ အာဏာရှင်စနစ်အောက်မှာ တပ်မတော်ကိုယ်တိုင်က အဖိနှိပ်ခံ၊ အသုံးတော်ခံအဖြစ် တည်ရှိခဲ့ရတာပါ။ တပ်မတော်ရဲ့ နောက်ကွယ်မှာ သူ့ကိုအသုံးချခဲ့တဲ့ အာဏာရှင်စနစ်ဆိုး ရှိခဲ့ပြီး အဲဒါကို ရင်ဆိုင်ပြီး အပြောင်းအလဲလုပ်ဖို့ ပြည်သူတွေက အရင်းအနှီးကြီးကြီးနဲ့ ပေးဆပ်လုပ်ကိုင်ခဲ့ရတာပါ။ တကယ်တော့ အဲဒီကာလမှာ ပြည်သူတွေဟာ ဖိနှိပ်မှု၊ ရက်စက်မှု၊ စီမံခန့်ခွဲခြင်း ညံ့ဖျင်းမှုတို့ကို လက်မခံနိုင်တော့ဘဲ အပြောင်းအလဲ သိပ်လိုချင်ကြလို့ တစုတစည်းတည်း စွန့်စားလုပ်ဆောင်ခဲ့ကြတာပါပဲ။ ဒီလို စတင် လုပ်ဆောင်ခဲ့ကြပေမယ့် အဲဒီကာလမှာ ကတည်းက အာဏာရှင်နဲ့ တပ်မတော်ကို ပြည်သူက ခွဲမြင်ခဲ့ကြပါတယ်။ တပ်မတော်က အာဏာရှင်လက်က အာဏာကို သိမ်းယူပြီး ပြည်သူ့လက်ထဲ ထည့်ပေးမလားလို့ မျှော်လင့် ယုံကြည်ခဲ့ကြတာလည်း ရှိတယ်။

လှုပ်ရှားမှုရဲ့ အစောပိုင်းရက်တွေမှာ စက်မှုတက္ကသိုလ် နံရံကပ်ပိုစတာတွေမှာ တပ်မတော်ကို အာဏာသိမ်းဖို့ တောင်းဆို ထားတာတွေတောင် ဖတ် ခဲ့ရပါတယ်။ ပြီးတော့ “ပြည်သူ့စစ်သား၊ တို့စစ်သား၊ ပြည်သူ့တပ်မတော်၊ တို့တပ်မတော်”ဆိုတာဟာလည်း ရှစ်လေးလုံးကာလမှာ အလွန် ခေတ်စားတဲ့ ကြွေးကြော်သံတစ်ခု ဖြစ်ခဲ့ပါတယ်။ သြဂုတ်လ ၁၉ရက်နေ့မှာ ဒေါက်တာမောင်မောင် တက်လာပြီး စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်တော့ တပ်မတော်သားတွေက မြို့အနှံ့တပ်စွဲထားရာကနေ ထွက်ခွာတဲ့အခါ ပြည်သူ တွေက ၀မ်းပမ်းတသာ လက်ခုပ်သြဘာ ပေးခဲ့ရုံမက တပ် မတော်သားများကလည်း အပြုံးကိုယ်စီနဲ့ လက်ဝှေ့ယမ်း နှုတ်ဆက်ကြပါတယ်။ အဲဒီကာလမှာ စစ်ကားတွေပေါ်တက်ပြီး အမျိုးသမီးတွေ က ပန်းကုံးစွပ် ဂုဏ်ပြုတဲ့မြင်ကွင်းတွေလည်း မြင်ခဲ့ရဖူးပါတယ်။ ဒါဟာ သြဂုတ် ၈ ရက် နေ့ ပစ်ခတ်မှုတွေ အပါအ၀င် ဒီကာလ ရက်စက်မှုတွေမှာ တပ်မတော်ဟာ ပင်မကျူးလွန်သူ မဟုတ်လို့ ပြည်သူတွေက သဘောထား ကြောင်းနဲ့ ဒါကိုလည်း တပ်မတော်သား များက အပြန်အလှန် နားလည်သဘောပေါက်ကြောင်း ထင်ရှားခဲ့တဲ့ သာဓက တစ်ခုပါပဲ။

ဒါပေမဲ့ ဒါဟာ ယာယီပြေလျော့မှု တစ်ခုသာဖြစ်ခဲ့ပြီး အဖြေမဟုတ်ခဲ့ဘူး။ တပ်မတော်ဟာ သဘောတူသည်ဖြစ်စေ၊ မတူသည် ဖြစ်စေ အာဏာပိုင်တို့လက်ထဲမှာပဲ ရှိနေခဲ့ပြီး တပ်မတော်ရဲ့ နိုင်ငံရေးထွက်ပေါက် အမှန်ကိုလည်း တက်ကြွလှုပ်ရှားသူတွေဘက်က ဖန်တီး ပေးခွင့်မသာခဲ့ပါဘူး။ တပ်မတော်က ခုလိုအသုံးချခံအဖြစ် ပြည်သူကို ပြန်ဆန့်ကျင် ရင်ဆိုင်နေရတာကို သည်းမခံနိုင်တော့တဲ့ တပ်မတော် သား အရာရှိတချို့အပါအ၀င် ကြည်းရေလေ ရဲဘော်များသာ ပြည်သူနဲ့ စွန့်စား ပူးပေါင်းလာခဲ့တာပဲ ရှိခဲ့ပါတယ်။ ဒီလို တပ်မတော်ရဲ့ အခန်းကဏ္ဍကို အာဏာရှင်နဲ့ ပြည်သူကြား ပဋိပက္ခမှာ ကြားနေသူအဖြစ်နဲ့တောင် နေနိုင်အောင် ၀ိုင်းလုပ်ပေးခွင့် မရခဲ့ကြတဲ့ အတွက် နောက်ဆုံးမှာ ၀မ်းနည်းကြေကွဲစရာ သွေးစွန်းရက်တွေ ထပ်ဖြစ်ခဲ့ကြတယ်။ ဒီနေရာမှာ အပြောင်းအလဲကို လိုချင် ခဲ့တဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ဒါဟာ အလွယ်တကူ မဖြစ်နိုင်ဘူးဆိုတာလည်း သိပြီး တစ်ဖက်ကလည်း ဘယ်လောက်အင်အား ကြီး၊ ဘယ်လောက် ရက်စက်တတ်တယ်၊ ဘယ်လို လိမ်လည် ကောက်ကျစ်မှုမျိုးမဆို လုပ်ရဲတယ်ဆိုတာကိုလည်း နားလည်ပြီးသားပါ။ ဒါကြောင့် တကယ်ပြောင်းလဲချင်ရင် ဘယ်လောက် ပေးဆပ်ရမယ်ဆိုတာ သိထားခဲ့ကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကာလက အဆင့်မြင့် ရာထူးတွေမှာ ရှိခဲ့တဲ့အရာရှိကြီးတချို့အပါအ၀င် ၀န်ထမ်းတွေ၊ စည်းကမ်းတင်းကျပ်လှပြီး စွန့်စားရမှု သူများထက် နှစ်ဆ သုံးဆမက ပိုတဲ့ တပ်မတော်သားတွေ၊ နုနယ်သလောက် စိတ်ပြင်းပြတဲ့ ကျောင်းသားကျောင်းသူ ကလေးတွေဟာ သူတို့ရဲ့ ရာထူးတွေ၊ ဘ၀တွေ၊ အသက်တွေ၊ မိဘမောင်ဘွား ဇနီးမယားနဲ့ ပျော်ရွှင်စွာ နေထိုင်ခွင့်တွေကို စွန့်လွှတ်ပြီး ပါဝင်တိုက်ပွဲဝင်ခဲ့တာပါ။

သူတို့တွေဟာ သူတို့ရဲ့ ယုံကြည်ချက်၊ ပြင်းပြတဲ့စိတ်၊ အမှန်တရားကို မြတ်နိုးမှု၊ စွန့်လွှတ်အနစ်နာခံရဲမှုစတဲ့ ”၀လုံး”တွေနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းဆိုတဲ့ “၀ိ”ကို ဖြစ်အောင် ကြိုးစားခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ့်မှာက “၀”ပဲရှိတာမို့ “၀ိ”ဖြစ်အောင် ဘယ် လောက်လုပ်ရဦးမယ်ဆိုတာ မသိလို့မှ မဟုတ်တာပဲ။ တကယ်က မလုပ်ဘဲနေမယ်ဆိုရင် ကိုယ့်ဆီမှာ ရှိပြီးသား ”၀”တွေတောင် ”သုည” ဖြစ်ကုန်ပြီး နောင်မျိုးဆက်တွေမှာ နိုင်ငံတကာအလယ် ပိုအောက်ကျနောက်ကျ ဖြစ်တော့မယ်ဆိုတာကို သိထားခဲ့လို့ လည်း ဖြစ်ပါ တယ်။ တကယ်တမ်း “ဒီမိုကရေစီ အခွင့်အရေးတွေ” ရလာတဲ့အခါကျတော့ ၀ိရောဓိကာလတွေမှာ ဘယ်ဘက်က ရပ်သူပဲဖြစ်စေ၊ ဒီအခွင့်အရေးတွေကို ခံစားခွင့်ရကြတာပါပဲ။ “တစ်ပါတီစနစ်သာ ကောင်းတယ်”လို့ လူသိရှင်ကြား ပြောခဲ့ကြသူတွေရဲ့ သားမြေးတွေဟာ ဒီနေ့ ပါတီစုံရွေးကောက်ပွဲမှာ ကြိုက်ရာပါတီကို မဲပေးခွင့်ရရုံမက ကိုယ်တိုင်လည်း ပါတီထောင်ခွင့်၊ ရွေးကောက်ခံပိုင်ခွင့်တွေ ရနေကြ တာဟာ သက်သေသာဓက တစ်ခုပါပဲ။ ဒီကနေ့ ဒီမိုကရေစီ အင်အားစုတွေကို အားကောင်းမောင်းသန် ဆဲရေးခွင့်ရရာနေရာဖြစ်တဲ့ ဆဲဘုတ် ဆိုတာကြီး အဲလေ ဖေ့စ်ဘွတ်ဆိုတာကြီးကိုကလည်း ဒီမိုကရေစီရဲ့ အသီးအပွင့်တစ်ခုပဲလို့ ပြောရင် ထပ်ဆဲကြတာ ခံရဦးမယ် ထင်တယ်။ တကယ်တော့ တရုတ်ပြည် အပါအ၀င် အာဏာရှင်နိုင်ငံ အတော်များများမှာ ဖေ့စ်ဘွတ်သုံးစွဲခွင့်ကို ပိတ်ပင်ထားတာပါ။ ကျွန်တော်တို့ နိုင်ငံသာ ပြည်သူ တွေက ပြင်းပြင်းပြပြအရင်းအနှီးကြီးကြီး ပေးပြီး တောင်းဆိုမှုတွေကတစ်ဆင့် ပြည်သူထဲမှာ အပါအ၀င် ဖြစ်တဲ့ လုပ်ပိုင်ခွင့် ရှိသူတွေကပါ အပြောင်းအလဲလုပ်ဖို့က မလွဲမသွေ လိုအပ်လာပြီလို့ ယုံကြည်လာအောင် တွန်းအားပေးနိုင်ခဲ့လို့ ဒီနေ့ ဒီနေရာမှာ ဒီလို လွတ်လပ်မှုအတိုင်းအတာတွေနဲ့ ကျွန်တော်တို့ လှုပ်ရှားနေထိုင်ခွင့် ရတာဖြစ်ပါတယ်။

တကယ်တော့ ရှစ်လေးလုံး လူထုအရေးတော်ပုံဟာ သွေးစွန်းရက်တွေနဲ့ အဆုံးသတ်ခံခဲ့ရပေမယ့် ကိုမင်းကိုနိုင် စကားနဲ့ ပြော ရရင် ဒီလှုပ်ရှားမှုကို သေမသွားအောင် ဘ၀တွေ အသက်တွေပေးပြီး လူများစွာက ပေးဆပ်လို့ နှစ်ပေါင်းများစွာ အသက်ဆက်ခဲ့တာပါပဲ။ ဘ၀တွေ အသက် တွေပေးတယ်ဆိုတာ ပြောတော့လွယ်ပေမယ့် အသက်နဲ့လဲပြီး ယုံကြည်ချက်ကို ဖက်တွယ်တိုက်ပွဲဝင်တာဟာ မလွယ် သလို ယုံကြည်ချက်အတွက် မိသားစုပါ နစ်မွန်းဆင်းရဲခံပြီး အကျဉ်းထောင် သံတိုင်တွေကြား ဘ၀သေအောင် ဖိနှိပ်ထားတဲ့ကြား နှစ်ပေါင်းများစွာ တွန်းလှန်နေထိုင်ကြ ရတာဟာလည်း လွယ်တာတော့ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေက ဒီမိုကရေစီ ဆိုတဲ့ “၀ိ”ကိုလုပ် ဖို့ စွန့်စားအရင်းအနှီးလုပ်ခဲ့ရတဲ့ “၀”တွေပါပဲ။ လူမသိသူမသိများစွာရော လူသိထင်ရှားတချို့ပါ ရင်းနှီးမြုပ်နှံပြီး ဒီမိုကရေစီ အုတ်မြစ်လုပ် ခဲ့ရတဲ့ “ပြင်းပြတဲ့ ယုံကြည်ခိုင်မာမှု”ဆိုတဲ့ “၀လုံး”တွေကို တန်ဖိုးမထားချင်လည်း နေပါ။ ”အလကားပါကွာ၊ ကမူးရှူးထိုးနဲ့ မိုက်မိုက်ကန်းကန်း လုပ်ခဲ့ကြပြီး အခုမှ သူရဲကောင်းလုပ်နေကြတာ” ဆိုတဲ့လေသံမျိုး တွေနဲ့ “သုည”တွေအဖြစ်တော့ တန်ဖိုးမချပစ်သင့်ပါကြောင်း မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။

အင်းလေ၊ တကယ်တော့ “သုည”တွေပဲ ဖြစ်ပါဦးတော့ “တစ်”ဆိုတဲ့ ခေါင်းဆောင်ကောင်း တစ်ဦးနောက်မှာ “သုည”များစွာ ရှိနေခြင်းဟာ သုညများလေ တန်ဖိုး တက်လေ မဟုတ်ပါလား ခင်ဗျား။

ရီနေနိုင်
The Ladies News
http://www.theladiesnewsjournal.com/articles/wed-2016-08-10-1319/2905
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.