ကိုဖီအာနန် ကို ခံစားခြင်း

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ကို ရခိုင်ပြည်နယ်အရေး ဖြေရှင်းရန် အကြံပေး ကော်မရှင်ကို ဦးဆောင် ခိုင်းခဲ့ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ပြောင်မြောက်လှသော၊ မည်သူမျှ ထင်မထားသော လုပ်ရပ်တစ်ခု ဖြစ်သည်။

သည်အတွက် ရခိုင်ပြည်နယ် အရေးကို လျစ်လျူရှုခဲ့သည် ဟု သူမကို အပြင်းအထန် ဝေဖန်နေ ကြသည့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများအားလုံး၏ ကြိုဆိုမှုကို ရရှိလိုက်သည်။

အဆိုပါ ကိစ္စကြီးအား သတင်းအစအနမျှပင် ပေါက်ကြားစေခြင်း အလျဉ်းမရှိဘဲ ကိုဖီအာနန်ကို အကူအညီပေးပါရန် သွေးဆောင် စည်းရုံးနိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုဖီအာနန် ဦးဆောင်မည့် ကော်မရှင်သည် UN mandate ဖြင့် မဟုတ်ဘဲ ၎င်း တည်ထောင်ထားသည့် ဖောင်ဒေးရှင်း အမည်ဖြင့် ရောက်ရှိလာခဲ့ခြင်းကိုက ထူးခြားလှပါသည်။

ကိုဖီအာနန်သည် ဒေါ်အောင်ဆန်းစုကြည်၏ “အမှန်တရားကို မြတ်နိုးပြီး တရားမျှတစွာ ဖြေရှင်း လိုသည့်စိတ်” ကို လေးစားယုံကြည်မှု သက်သက်ဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည် ဟု ယုံကြည်ရ သည်။

ယခင်အစိုးရကတော့ ထိုကဲ့သို့ စိတ်ကူး၊ အတွေးအခေါ်မျိုး ခေါင်းထဲတွင် လားလားမျှမရှိ၊ ၎င်းတို့ အတွက်မူ အမေရိကန်ဒေါ်လာ ရှစ်သိန်းကျော်ပေးကာ အမေရိကန်မှ ထိတ်ထိတ်ကြဲ PR ကုမ္မဏီ ကြီးကို ငှားရမ်းပြီး မျက်နှာပေါင်းတင် ခိုင်းယုံလောက်သာ နားလည်ခဲ့ကြသည်။

အသက် ၇၈ နှစ် ရှိပြီဖြစ်သော ဂါနာနိုင်ငံသား ကိုဖီအာနန်သည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၇ မှ ၂ ၀၀၆ အ ထိ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ၂၀၀၁ တွင် နိုဘယ်ငြိမ်းချမ်းရေး ဆုကို ရရှိခဲ့သူ ဖြစ်သည်။

ကုလသမဂ္ဂမှ ထွက်ပြီးနောက် လူ့အသက်ပေါင်း သိန်းချီ ဆုံးရှုံးခဲ့သည့် ကင်ညာ နိုင်ငံရေး အကျပ်အတည်းကြီးကို အောင်မြင်စွာ ၀င်ရောက် ကြားဝင် ဖြေရှင်းနိုင်ခဲ့သည်။ အလားတူ ဆူဒန် အရေး၊ ဇင်ဘာဘွေအရေး၊ အိုင်ဗရီကို့စ် အရေးများတွင် ၎င်း ဦးဆောင်သည့် ကမ္ဘာ့ထင်ရှားသော ခေါင်းဆောင်ဟောင်းများအသင်း The Elders အဖွဲ့ ခေါင်းဆောင်အဖြစ် ပါဝင် ဖြေရှင်းပေးခဲ့သည်။

သို့သော် ၂၀၁၂ ၌ ဖြစ်ပွားခဲ့သော ဆီးရီးယား အကျပ်အတည်းကိုမူ ဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘဲ လက်လျှော့ခဲ့ရသည်။

ကိုဖီအာနန် ဖောင်ဒေးရှင်းကို ၂၀၀၇ က စတင်တည်ထောင်ခဲ့ပြီး ထိုအဖွဲ့အစည်းမှာ ကမ္ဘာတစ်ဝန်း တွင် အစိုးရကောင်းများ ပေါ်ထွက်ကာ ပိုမို တရားမျှတပြီး ငြိမ်းချမ်းသော လူ့ဘောင် ဖြစ်ထွန်းရေး ဦးတည် လှုပ်ရှားခဲ့သော အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။

ယခု ကိုဖီအာနန် ဖောင်ဒေးရှင်း၏ အကြီးအကဲအဖြစ် မြန်မာနိုင်ငံသား ခြောက်ဦးနှင့် ဖောင်ဒေးရှင်း အဖွဲ့ဝင် သုံးဦး၊ ပေါင်း ကိုးဦးပါ ကော်မရှင်ကို ဦးဆောင်မည် ဖြစ်သည်။ အကြံပေး အစီရင်ခံစာကို တစ်နှစ်အတွင်း တင်သွင်းရန်လည်း ရှိနေသည်။

အဆိုပါ ကော်မရှင်၏ တင်ပြချက်များသည် အကြံပေးခြင်း သက်သက်သာ ဖြစ်သည့်အတွက် ပြည်ပမှ ၀င်ရောက်စွက်ဖက်ခြင်း ဟု ပြော၍ လုံးဝ မရသည့် အနေအထားကို ဖန်တီးပေးနိုင်ခဲ့သည်။

လှစိုးဝေ

The Ladies News

ပုံစာ - ဆူဒန် တောင်ပိုင်း ခွဲထွက်ရေး ဆန္ဒခံယူပွဲကို ကြီးကြပ်ပေးနေသော ကိုဖီအာနန် နှင့် အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ
The Ladies News
Labels:

Post a Comment

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို အထောက်အကူဖြစ်စေမည့် ထောက်ပြ ဝေဖန် သုံးသပ်ချက်များကို လာရောက် ရေးသားရင်ဖွင့်နိုင်ပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကို အလွဲသုံးစားပြု၍ ရင့်သီးရိုင်းစိုင်း ရုန့်ရင်းကြမ်းတမ်းစွာ ရေးသားခြင်း၊ ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်း၊ ပုဂ္ဂိုလ်ရေး ထိခိုက်နစ်နာမှုရှိစေရန် တိုက်ခိုက်ရေးသားခြင်း၊ အများပြည်သူ ဖတ် ကြည့် နားဆင်ရန် မသင့်လျော်သည့် link များ လာထည့်ခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် အရေးအသားများ ရေးသားခြင်း၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်စွာ လှုံ့ဆော်သည့် link များ လာထည့်ခြင်းများကို လုံးဝ ခွင့်မပြုပါ။ ..Face book button လေးနှိပ်ပြီးလည်း ရေးနိုင်ပါတယ်

[blogger][facebook]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.